ရေးတော့အမှန် ဖတ်တော့အသံ (ဖတ်ထုံး)

ကျနော်တို့ မြန်မာစာမှာ “ရေးတော့အမှန် ဖတ်တော့အသံ” ဆိုတဲ့ ဆိုရိုးလေး ရှိပါတယ်။ ဘာလို့ ဒီစကားရပ် ပေါ်လာသလဲလို့ ပြန်စမ်းစစ်ကြည့်ရင် ကျနော်တို့ မြန်မာစာမှာ ရေးတဲ့ အတိုင်း ဖတ်လို့ မရတာကြောင့်ပါ။ ဥပမာ ရန်ကုန် ဆိုတဲ့ စကားလုံးကို ကျနော်တို့ ဘယ်လို ဖတ်မလဲ။ ဆင်ကြီး ဆိုတာကိုကော ဘယ်လို ဖတ်မလဲ။ ကလေးက အစ ဖတ်တတ်ပါတယ်။ ရန်ဂုန်၊ ဆင်ဂျီး လို့ ဖတ်ကြတယ်။ ကျနော် သိသလောက် ငယ်ငယ်ကတည်းက အခုအချိန်ထိ သင်ရိုးညွှန်းထဲမှာ ဘာကြောင့် အဲဒီလို ပြောင်းဖတ်ရသလဲ ဆိုတာ ကျနော်တို့ မသင်ခဲ့ရပါဘဲနဲ့ မြန်မာတွေ ဘာလို့ အဲဒီလို ဖတ်တတ်နေကြသလဲ။ ဒီမေးခွန်းကို မစဉ်းစားဖြစ်ခင်က ကျနော် တွေးမိတဲ့ အတွေးက “မြန်မာစာမှာ ရေးတာ တစ်မျိုး ဖတ်တော့ တစ်ခြား။ ဘာလို့ အဲဒီလောက် ဖရိုဖရဲ နိုင်နေရသလဲ” ဆိုတဲ့ မေးခွန်းကို တွေးနေမိတယ်။ ကိုယ့်ဘာသာစကားကို အထင်မသေးရက်တော့ စည်းမျဉ်းစည်းကမ်း ရှိကောင်းရဲ့ ဆိုပြီး လိုက်ရှာတော့လည်း တော်တော်နဲ့ ရှာယူခဲ့ရတယ်။

မြန်မာ့အာ၊ မြန်မာ့လျှာနဲ့ လိုက်ဖက်ညီညီ အသံပြောင်း အသံလွှဲ လုပ်တဲ့ နည်းကို လူကြီးတွေတင် မကဘဲ ကလေးတွေကအစ ဘာသင်တန်းမှ မတတ်ဘဲ အလိုလို တတ်မြောက်နေကြတယ်။ ဘာဖြစ်လို့ အဲဒီလို ပါးနပ်စွာနဲ့ မူလရေးထားတဲ့ အတိုင်း မဟုတ်ဘဲ သင့်လျော်တဲ့ အသံတစ်ခုကို ပြောင်းပြီး ဖတ်တတ်နေကြသလဲ။ ဘာဖြစ်လို့ အဲဒီလို အလိုအလျောက် ကျင့်သားရပြီး ဖြစ်နေကြသလဲ။ ဒါ လေ့လာသင့် လေ့လာအပ်တဲ့ အကြောင်းရပ် ပညာရပ်တစ်ခုပါ။ ကျနော်တို့ မြန်မာပြည်ဖွားတွေ အလိုအလျောက် ပြောင်းတတ်နေပေမယ့် မြန်မာစကားကို သင်ယူနေတဲ့ နိုင်ငံခြားသားတွေက ဘာလို့ အဲဒီလို ပြောင်းဖတ်တာလဲလို့ မေးရင် ကျနော်တို့ ဖြေလေ့ရှိတဲ့ စကားတစ်ခွန်း ရှိတယ်။ “ရေးတော့အမှန် ဖတ်တော့အသံ” တဲ့။ အဲလို ပြောတာ ကြားလိုက်တော့ စည်းမရှိ ကမ်းမရှိ ဖတ်ချင်သလို ဖတ်နေသလား ထင်ရတယ်။ တကယ်တော့ မဟုတ်ပါဘူး။ မြန်မာစာမှာ အသံပြောင်းလဲပုံ စည်းမျဉ်းလေး ရှိပါတယ်။ ရန်ကုန်လို့ ရေးပြီး ဖတ်တဲ့အခါ ကုန်ကို ဂုန် လို့ ပြောင်းပြီး ရန်ဂုန်လို့ ဘာကြောင့် ဖတ်ရသလဲ ဆိုတာ စည်းမျဉ်းနဲ့တကွ ရှင်းပြပေးချင်ပါတယ်။


၁။ အက္ခရာ ခွဲတမ်း

မြန်မာအက္ခရာတွေမှာ အသံနုအက္ခရာနဲ့ အသံရင့်အက္ခရာ ဆိုပြီး နှစ်မျိုးနှစ်စား ရှိပါတယ်။ ဘယ်အက္ခရာတွေက အသံရင့်လဲ၊ ဘယ်ဟာတွေက အသံနုလဲ ဆိုတာ ခွဲခြားပြီး သိမယ်ဆိုရင် အသံပြောင်းခြင်း ဥပဒေသကို နားလည်လွယ်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ များသောအားဖြင့် အသံနုကလေ အသံရင့်ကို ပြောင်းသွားတတ်လို့ပါ။

သံနု အက္ခရာ ကိုးလုံး ရှိပါတယ်။
က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ တို့ ဖြစ်တယ်။ သဒ္ဒါဝေါဟာရနဲ့ ဆိုရင် အဃောသ အက္ခရာစုလို့ ခေါ်ပါတယ်။

အဲဒီ ၉ လုံးက လွဲရင် ကျန် အက္ခရာတွေက သံရင့် အက္ခရာ တွေပါ။ စုစုပေါင်း ၂၉ လုံး ရှိပါတယ်။

ဂ၊ ဃ၊ င၊ ဇ၊ စ်၊ ည၊
ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊
ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ။ အဲဒီ ဗျည်း (၁၈) လုံးနဲ့
အ၊ အာ၊ ဣ၊ ဤ၊ ဥ၊ ဦ၊
ဧ၊ အဲ၊ သြ၊ သြော်၊ အို၊ စတဲ့ သရ (၁၁) လုံး စုစုပေါင်း (၂၉) လုံးဟာ သံရင့်အက္ခရာတွေ ဖြစ်တယ်။

၂။ အနက်တူရာ အက္ခရာများ

အထက်မှာ ဖော်ပြထားတဲ့ အသံနု အက္ခရာနဲ့ အသံရင့် အက္ခရာ ယှဉ်တွဲပြီး ရှိလာတဲ့အခါမှာ တိုက်ခိုက်မှု ဖြစ်လာပြီး အသံပြောင်းကြရတယ်။ လောကသဘာဝအတိုင်း အသံနုတွေကပဲ လိုက်ပြောင်းပေးရတယ်။ ဒါကြောင့် အသံပြောင်းတဲ့အခါမှာ အသံနုတွေ ဖြစ်တဲ့ က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ အက္ထရာတွေကပဲ ပြောင်းတယ်။ ပြောင်းတဲ့အခါမှာလဲ အရမ်းမဲ့ ပြောင်းချင်သလို ပြောင်းသွားတာ မဟုတ်ဘဲ အနက်ချင်း တူရာ တူရာကိုပဲ ပြောင်းတယ်။ အခြား အက္ခရာကို ပြောင်းလေ့ မရှိဘူး။ အနက်တူတဲ့ အက္ခရာတွေက
သံနု က ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် ဈ အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ်၊
သံနု ကနေ သံရင့် အဖြစ် ကို ပြောင်းသွားရတယ်။

၃။ အသံပြောင်းလဲခြင်း အကြောင်းရင်း

မီးများရင် မီးနိုင်တယ်။ ရေများရင် ရေနိုင်တယ်တဲ့။ အဲဒီလိုပါပဲ။ သံနုအက္ခရာထက် သံရင့်အက္ခရာထက် အသံရှိန်ပိုပြင်းတယ်။ ပိုအားကောင်းတယ်။ ဒါကြောင့် အသံ နုတဲ့ အားသေးတဲ့ အက္ခရာက အသံပြင်းတဲ့ အားကောင်းတဲ့ အက္ခရာနား သွားကပ်တဲ့အခါမှာ အားကြီးတဲ့ ဒါဏ်ကို မခံနိုင်ဘဲ အလိုအလျောက် သဘာဝချင်းတူတဲ့ အားကောင်းတဲ့ အက္ခရာအဖြစ် ပြောင်းလဲသွားရတယ်။ ဒါမှ ရွတ်ဖတ်တဲ့ အခါမှာ လျှာခလုတ် မတိုက်ဘဲ လျှောခနဲ ထွက်လာနိုင်မှာပါ။ ဒါမှလည်း မြန်မာ့လျှာ၊ မြန်မာ့အာနဲ့ ကိုက်ညီသွားတယ်။

၎။ အသံပြောင်းလဲခြင်း စည်းမျဉ်း

သံရင့်ဗျည်း (သို့) ဗျည်း+ သံရင့်သရ (သို့) ဗျည်း + သံရင့်အသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ သက်ဆိုင်ရာ အသံတွေ လိုက်ပြောင်းသွားရတယ်။
သံရင့်ဗျည်း – ဂ၊ ဃ၊ င၊ ဇ၊ ဈ၊ ည၊ ဒ၊ ဌ၊ န၊ ဗ၊ ဘ၊ မ၊ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ ။
သံရင့်သရ – အ၊ အာ၊ ဣ (အိ)၊ ဤ (အီ)၊ ဥ (အု)၊ ဦ (အူ)၊ ဧ (အေ)၊ အဲ၊ သြ (အော)၊ သြော် (အော်)၊ အို ။
သံရင့်အသတ် – ~င်၊ ~ဉ်၊ ~ည်၊ ~န်၊ ~မ်၊ ~ယ်၊ ~ိန်၊ ~ိမ်၊ ~ုန်၊ ~ုမ်၊ေ~ာင်၊ ~ိုင်၊ ~ုံ ။

ဥပမာနဲ့ ရှင်းပါ့မယ်။
သုံးခု ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ သုံးဃု လို့ ဖတ်ပါတယ်။ ပြန်ပြီး စမ်းစစ်ကြည့်ရအောင်။ သုံး ဆိုတာ ( သ + ~ုံ + ~း ) ပေါင်းထားတာပါ။ အဲဒီမှာ သံရင့်အသတ် ပါနေတာကြောင့် “ခု” မှာ ပါတဲ့ ခကွေး ဟာ သူရဲ့ တွဲဖက် ဖြစ်တဲ့ သံရင့် “ဃ” အက္ခရာကို ပြောင်းသွားပြီး ဃု လို့ ဖတ်ရပါတယ်။ ဒါကြောင့် သုံးဃု လို့ ဖတ်ရတယ်။
ထင်သာအောင် နောက်ဥပမာတစ်ခု ပြပါဦးမယ်။
လူကြီး ကို ကျနော်တို့ ဖတ်တဲ့ အခါမှာ လူဂြီး လို့ ဖတ်ပါတယ်။ ကျနော်တို့ ဓါတ်ခွဲကြည့်ရအောင်။ လူ ဆိုတာ (လ + ~ူ) ပေါင်းထားတာပါ။ သံရင့်သရ ပါနေတာကြောင့် ကကြီးကနေ ဂငယ် ပြောင်းသွားပြီး လူဂြီး လို့ ဖတ်ရပါတယ်။
နောက်ပြီး
ရန်ကုန် => ရန်ဂုန်
မန္တလေး => မန်းဒလေး
ဘယ်ကိုသွားမလဲ => ဘယ်ဂိုသွားမလဲ
ကြိုးစားစမ်းပါ => ကြိုးဇားဇမ်းဗာ
ဈေးတောင်းခေါင်းရွက် => ဈေးဒေါင်း ဃောင်းရွက်
သူပဲ ငါပဲ => သူဗဲ ငါဗဲ
အင်္ကျီ => အင်းဂျီ
တံဆိပ်ခေါင်း => တံဇိပ်ဃောင်း

၅။ အသံမပြောင်းလဲခြင်း စည်းမျဉ်း

သံနုဗျည်း (သို့) ဗျည်း + သံနုအသတ် တွေရဲ့ နောက်က အသံနုဗျည်းတွေ လိုက်ရင် အသံနုအတိုင်းပဲ မပြောင်းဘဲ ဖတ်ရပါတယ်။
သံနုဗျည်း – က၊ ခ၊ စ၊ ဆ၊ တ၊ ထ၊ ပ၊ ဖ၊ သ ။
သံနုအသတ် – ~က်၊ ~စ်၊ ~တ်၊ ~ပ်၊ ~ိတ်၊ ~ိပ်၊ ~ုတ်၊ ~ုပ်၊ေ~ာက်၊ ~ိုက် ။

သံရင့်ဗျည်း နဲ့ သံနုအသတ်နဲ့ တွဲလိုက်တဲ့အခါမှာ သံရင့်ဗျည်း ဖြစ်ပေမယ့် အသံနုနဲ့ အသတ်ခံရတဲ့အတွက် အသံနုသွားရတယ်။ ဒါကြောင့် သူတို့နောက်က လိုက်တဲ့ အသံနု အက္ခရာတွေနဲ့ လိုင်းတူသွားတာကြောင့် ပြောင်းစရာ မလိုတော့ပါဘူး။ ဥပမာလေးတွေ ကြည့်ကြည့်ပါ။
ဘက်တော်သား => ဘက်တော်သား
ကျိုက်ထီးရိုး => ကျိုက်ထီးရိုး
တိုးတက်ရေး => တိုးတက်ရေး
ချစ်စိတ် => ချစ်စိတ်
လက်ဖက်ရည် => လက်ဖက်ရည်
ထိပ်ဆုံးသို့ => ထိပ်ဆုံးသို့

အသံပြောင်းခြင်း ဆိုင်ရာမှာ ကျနော် နားမလည်သေးတာ၊ မသိသေးတာ၊ အထောက်အထား ရှာမတွေ့သေးတာ တချို့ ရှိပါသေးတယ်။
ဥပမာ ဗာဒံ လို့ ရေးထားပြီး ဘာလို့ ဗံဒါ လို့ ဖတ်ကြသလဲ။ ဘယ်လို ဥပဒေသကို သုံးသွားသလဲ ဆိုတာ ကျနော် မသိပါဘူး။
နောက်တစ်ခုက ဘားအံ လို့ အရေးထားတဲ့ အသံရင့် အက္ခရာကို ဖတ်တဲ့အခါမှာ အသံနု ဖြစ်တဲ့ ဖားအံ လို့ အသံထွက်ပါတယ်။ အဲဒါတွေအပြင် တခြား အများရီး ရှိနေနိုင်ပါသေးတယ်။ အဲဒါတွေက ဘယ်သို့သော ဥပဒေသတွေကို လိုက်နာပြီး ရွတ်ဖတ်ရသလဲ။ ဒါမှမဟုတ် ချွင်းချက်တွေလား ဆိုတာ ကျနော်ဖြင့် ရှာဖွေဆဲပါ။ သိနှင့်ပြီးသူ ရှိရင်လည်း ဝေမျှခဲ့ပါဦးလို့ တောင်းဆိုရင်း …..


One Reply to “ရေးတော့အမှန် ဖတ်တော့အသံ (ဖတ်ထုံး)”

Leave a Reply

Your email address will not be published. Required fields are marked *