လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၁)

29 January 2018

"ရှင်ဥပဂုတ်ဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ရှိတာ မဟုတ်ဘူး။ အဲဒီ မဟာယာနတွေရဲ့ ထွင်လုံးပဲ။ ထေရဝါဒ မှန်ရင် မကိုးကွယ်သင့်ဘူး။ မရှိခိုးသင့်ဘူး။"

ဒီစကားတွေကို ထေရဝါဒ စစ်စစ်ပါ သန့်သန့်ပါ ဆိုတဲ့ လူတွေ မကြာခဏ ပြောလေ့ရှိကြပါတယ်။ ထေရဝါဒ စစ်စစ်ပါ ဆိုတဲ့ စာရေးဆရာတွေကလည်း ပုံစံမျိုးစုံနဲ့ ဝေဖန်ပြီး ရေးခဲ့ကြတယ်။ အဲဒါတွေ ငယ်ငယ်ကတည်းက နားရည် ဝနေခဲ့တာ။ မနေ့က ရှင်ဥပဂုတ်အကြောင်း ရှင်းပြပေးပါဦး ဘုရားလို့ တောင်းဆိုလာမှ ငယ်ငယ်က ရှိခဲ့တဲ့ အာသီသတစ်ခုကို ပြန်သတိရမိတယ်။ "ရှင်ဥပဂုတ်ဟာ မဟာယာနရဲ့ ဇာတ်လမ်းတစ်ပုဒ် ဆိုရင် မဟာယာနတွေကရော ရှင်ဥပဂုတ်ကို ဘယ်လိုမြင်သလဲ" ဆိုတာ သိချင်ခဲ့တဲ့ အာသီသပါ။ ဝိဝါဒ ဖြစ်တဲ့အခါမှာ ဘက်မလိုက်မိဖို့ သိပ်အရေးကြီးပါတယ်။ တကယ်ဆို ငယ်ငယ်ကတည်းက ထေရဝါဒဘက်က တင်ပြတဲ့ စာတွေချည်း ဘက်လိုက်ပြီး ဖတ်ခဲ့ရတာ။ ဒါကြောင့် ဘက်မျှသွားအောင် မဟာယာနရဲ့ ကျမ်းစာတွေမှာ မှတ်တမ်းတင်ထားတဲ့ ရှင်ဥပဂုတ်အကြောင်းကို လိုက်လံဖတ်ရှုခဲ့ပါတယ်။


စာဖတ်သူ အနေနဲ့လည်း ဘက်မျှပြီး တွေးနိုင်သွားအောင် ဒီစာကို အပိုင်း (၃) ပိုင်း ခွဲပြီး တင်ပြပါ့မယ်။ မဟာယာနကျမ်းစာလာ ရှင်ဥပဂုတ် အကြောင်းကို အပိုင်း (၁) အနေနဲ့ အရင်ဆုံး ဖော်ပြပါ့မယ်။ နောက်မှ ထေရဝါဒ ကျမ်းစာလာ ရှင်ဥပဂုတ် အကြောင်းကို အပိုင်း (၂) အနေနဲ့ ရေးပြီး အပိုင်း (၃) မှာမှ ဝိဝါဒပေါ် အခြေခံပြီး စာရေးသူရဲ့ သုံးသပ်အမြင်လေး တင်ပြချင်ပါတယ်။ စာဖတ်သူ အနေနဲ့လည်း ပထမ အပိုင်း နှစ်ပိုင်းကို အခြေခံပြီး များများ စဉ်းစားပါ။ များများ သုံးသပ်ပါ။ မှန်ခြင်း မှားခြင်းက အရေးမကြီးပါဘူး။ သုံးသပ်ရာမှာ အချက်အလက် စုံဖို့ပဲ အရေးကြီးတာပါ။

(၁) မဟာယာနကျမ်းလာ ရှင်ဥပဂုတ္တ (Upagupta)

ရှင်ဥပဂုတ္တဟာ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခု ဖြစ်တဲ့ သဗ္ဗတ္ထိဂိုဏ်း (Sarvāstivāda) မှာ အင်မတန်မှ ကျော်ကြား ထင်ရှားတဲ့ ရဟန္တာတစ်ပါး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဓမ္မာသောက မင်းကြီး လက်ထက်မှာ သဗ္ဗတ္ထိ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ လေးဆက်မြောက် ဂိုဏ်းချုပ်ဆရာတော် အနေနဲ့ တာဝန် ထမ်းဆောင်ပါတယ်။ သူရဲ့ အရှေ့ ဂိုဏ်းချုပ် သုံးပါးက (၁) ရှင်မဟာကဿပ၊ (၂) ရှင်အာနန္ဒာ၊ (၃) ရှင်သာဏကဝါသီ တို့ ဖြစ်ပါတယ်။  ရှင်မဟာကဿပ နဲ့ ရှင်အာနန္ဒာတို့ သက်တော်ထင်ရှား ရှိစဉ်တုန်းမှာ သံဃာဂိုဏ်း မကွဲသေးလို့ သဗ္ဗတ္ထိဂိုဏ်း ဆိုတာလည်း မပေါ်သေးပါဘူး။ ဒါပေမယ့် သဗ္ဗတ္ထိဂိုဏ်းသားတွေက ဒီနှစ်ပါးကို ကြည်ညိုလွန်းလို့ရယ် သူတို့ရဲ့ လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံကြတဲ့ ဂိုဏ်းဂဏ ဖြစ်တာကြောင့်မို့ သူတို့ရဲ့ အဦးအစ ခေါင်းဆောင်တွေ အဖြစ်နဲ့ သတ်မှတ်ထားခဲ့ကြတာပါ။

ရှင်ဥပဂုတ္တရဲ့ အကြောင်းကို သက္ကဋဘာသာနဲ့ ရေးသားထားတဲ့ ကျမ်းစာ အနှံ့အပြားမှာ တွေ့ရနိုင်ပါတယ်။ သက္ကဋကျမ်းစာတွေအပြင် တရုတ်နဲ့ တိဗက် ကျမ်းစာတွေမှာလည်း အများအပြား တွေ့ရတယ်။ အဲဒီ ကျမ်းစာတွေထဲမှာက ဒိဗျာဝါဒါန (Divyāvadāna) ကျမ်းမှာ အတော်စုံစုံလင်လင် ဖော်ပြထားပါတယ်။ တရုတ်ဘာသာကျမ်းတွေဖြစ်တဲ့ အသောကရာဇာဝါဒါန (Asokarājāvadāna) ကျမ်းနဲ့ အသောကရာဇသုတ္တန် (Asokarāja Sūtra) မှာလည်း ရှင်ဥပဂုတ္တရဲ့ ဇာတ်ကြောင်း အတော်များများ တွေ့ရပါတယ်။ ရှင်ဥပဂုတ္တအကြောင်း အစောဆုံး တွေ့ရတဲ့ ကျမ်းစာကတော့ အပဒါနဇာတက (Avadānaśataka) ကျမ်းမှာ ဖြစ်ပါတယ်။ ရှင်ဥပဂုတ္တ အကြောင်းကို ဖော်ပြရာမှာ အတိတ်ဘဝ ဇာတ်ကြောင်း၊ ဗျာဒိတ်ခန်း နဲ့ အသောကမင်းလက်ထက် စသဖြင့် အမျိုးစုံအောင် တွေ့နိုင်တယ်။

တစ်နေ့သောအခါ ဂေါတမဘုရားရှင်ဟာ ရှင်အာနန္ဒာတို့နှင့်အတူ မဓုရာမြို့ (ဒီအချိန်အထိ Mathura လို့ပဲ ခေါ်ဆဲပါ။ Uttar Pradesh ရဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်) ကို ကြွချီတော်မူတယ်။ ဥရုမုဏ္ဍတောင်ခြေ ရောက်တဲ့အခါမှာ တောင်ကို လက်ညှိုးထိုးပြီး ရှင်အာနန္ဒာကို မိန့်တော်မူပါတယ်။ "ငါဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း တစ်ရာကျော် ကြာတဲ့အခါမှာ မဓုရာမြို့က နံ့သာကုန်သည်ရဲ့သား ဥပဂုတ္တအမည်ရတဲ့ သူငယ်ဟာ သာဏကဝါသီ (Sāṇakavāsin) မထေရ်ရဲ့ ထံတော်ပါးမှာ ရဟန်းခံပြီး ရဟန္တာအဖြစ်ကို ရောက်လိမ့်မယ်။ ရှင်သာဏကဝါသီဟာ ဒီဥရုမုဏ္ဍတောင်ပေါ်မှာ ကျောင်းတော်တည်ဆောက်ပြီး ရှင်ဥပဂုတ္တဟာ သူ့ဆရာရဲ့ အရိုက်အရာကို ဆက်ခံပြီး ဒီတောင်မှာပဲ ဆက်ပြီး သာသနာပြုလိမ့်မယ်။  ရှင်ဥပဂုတ္တ ကိုယ်တိုင် အရဟတ္တဖိုလ်ကို ရရှိတဲ့အပြင် တပည့်ပေါင်း များစွာကိုလည်း ရဟန္တာဖြစ်အောင် သွန်သင်ဆုံးမ သွားပြီး ငါဘုရားရဲ့ သာသနာ့အမွေကို ဆက်ခံကြပါလိမ့်မယ်။" တရုတ်ကျမ်းဖြစ်တဲ့ အသောကရာဇာဝါဒါနကျမ်းမှာတော့ "ရှင်ဥပဂုတ္တဟာ ငါ့ဘုရား သာသနာမှာ ဝိပဿနာ သင်ကြားပေးတဲ့ ဆရာတွေထဲမှာ အသာဆုံး အမြတ်ဆုံး ဖြစ်တယ်" လို့ အပို ဖော်ပြထားပါတယ်။ မှတ်ချက် ။   ။ ပါဠိတော် ကျမ်းဂန်များအရ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတမှာ ဘုရားရှင် မဓုရာမြို့ကို ကြွချီကြောင်း ပြဆိုထားတယ်။ ဒါပေမယ့် ဗျာဒိတ်ပေးကြောင်း တစ်စုံတရာ မတွေ့ရပါဘူး။

နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာ ရှင်ဥပဂုတ္တရဲ့ အတိတ်ဇာတ်လမ်း တစ်ပုဒ်ကို ဖော်ပြထားတယ်။ တစ်ခုသော ဘဝက ဥရုမုဏ္ဍတောင်ပေါ်မှာ မျောက်မင်း ဖြစ်ပါသတဲ့။ ဒီမျောက်မင်းဟာ အသက်ရလာတော့ သူ့ထက်ငယ်တဲ့ သန်မာတဲ့ မျောက်ငယ်တစ်ကောင်ရဲ့ အာဏာလုခြင်းကို ခံရတာကြောင့် တစ်ကောင်တည်း ထွက်ပြေးလာရတယ်။ တစ်နေရာ အရောက်မှာ ပစ္စေကဗုဒ္ဓ အပါး (၅၀၀) ကို ဖူးမြင်ရတာကြောင့် စားစရာ သောက်စရာတွေ ရှာဖွေဆက်ကပ် လှူဒါန်းပါတယ်။ ပစ္စေကဗုဒ္ဓ အရှင်မြတ်တွေဟာ ဆွမ်းကိစ္စ ပြီးကြတော့ အဲဒီ နေရာမှာပဲ တရားရှုမှတ်ပြီး သမာပတ် ဝင်စားကြတယ်။ ဒါကို မျောက်မင်းက မြင်တော့ သဘာကျပြီး သူပါ အတုယူ တရားထိုင်တော့တယ်။ ပစ္စေကဗုဒ္ဓ အရှင်မြတ်တွေဟာ သမာပတ်က ထတော့ သူတို့ရဲ့ သက်တမ်းက ကုန်ပြီလို့ သိတာနဲ့ လေထဲကို ကြွတက်ပြီး လေထဲမှာပဲ ခန္ဓာမီးလောင်ကျွမ်းရင် ပရိနိဗ္ဗာန် စံတော်မူကြတယ်။ မျောက်မင်းဟာ စိတ်မကောင်းကြီးစွာနဲ့ပဲ အဲဒီ နေရာကတော့ စွန့်ခွာလာခဲ့တယ်။

နောက်တစ်နေရာ ရောက်တော့ ပုဏ္ဏား (၅၀၀) ကို ထပ်တွေ့တယ်။ သူတို့ အဲဒီ ပုဏ္ဏား ငါးရာကိုလည်းပဲ အသီးတွေ ရေတွေ ရှာပေးပြီး လှူဒါန်းတယ်။ သူတို့တွေ စားသောက်ပြီးတော့ မျောက်မင်းကပဲ ဦးဆောင်ပြီး ပစ္စေကဗုဒ္ဓတွေ လုပ်သလို တရားထိုင်ပါတော့တယ်။ အဲဒီ ပုဏ္ဏား ငါးရာဟာ မျောက်မင်း ငြိမ်သတ်ပြီး တရားထိုင်နေတာကို မြင်တော့ မျောက်မင်းရဲ့ ငြိမ်းချမ်းမှုကို အားကျပြီး သူတို့လည်း မျောက်မင်းလို အတုခိုးပြီး တရားထိုင်တော့တယ်။ မကြာခင်မှာပဲ ပုဏ္ဏား ငါးရာဟာ အသိထူး ဉာဏ်ထူးတွေ ရပြီး ပစ္စေကဗုဒ္ဓတွေ ဖြစ်ကုန်ကြတယ်။ မျောက်ဘဝနဲ့တောင် ဝိပဿနာကို ဒီလို လမ်းညွှန်ပြနိုင်ခဲ့တဲ့ ရှင်ဥပဂုတ္တဟာ လူဘဝ ရဟန်းဘဝ ရဟန္တာအဖြစ်နဲ့ ကမ္မဋ္ဌာနစရိယ ကောင်းတစ်ပါး ဖြစ်ကြောင်း ချီးမွမ်းပြောဆိုတဲ့ အတိတ် ဇာတ်လမ်း တစ်ပုဒ်ပေါ့။

ဒိဗျာဝါဒါနကျမ်းမှာ ရှင်ဥပဂုတ္တရဲ့ လက်ရှိဘဝ ဇာတ်လမ်းတွေကို အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ရှင်ဥပဂုတ္တရဲ့ ဆရာဖြစ်မယ့် ရှင်သာဏကဝါသီ မထေရ်ဟာ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်ကို သိနှင့်နေခဲ့တယ်။ နောက်ပြီး မဓုရမြို့က နံ့သာကုန်သည် ဂုတ္တဟာ ရှင်ဥပဂုတ္တရဲ့ အဖေ ဖြစ်လာလိမ့်မယ် ဆိုတာလည်း သိနှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရှင်သာဏကဝါသီ မထေရ်ဟာ နံ့သာကုန်သည် ဂုတ္တဆီကို သွားတွေ့ခဲ့တယ်။ တကယ်လို့ ဂုတ္တအနေနဲ့ သားမွေးခဲ့ရင် ရှင်သာဏကဝါသီက သူ့ဆီ အကြောင်းကြားဖို့ သူ့ဆီ လွှတ်ပေးဖို့ သူ့ဆီ တပည့်ခံဖို့ ကတိတောင်းပါတယ်။ ကုန်သည် ဂုတ္တကလည်း လွယ်လွယ် ကတိပေးလိုက်တယ်။

ဒီလိုနဲ့ သားတစ်ယောက် မွေးလာတော့ ဂုတ္တက မစွန့်ချင်တော့ဘူး။ သူ့ စီးပွားရေး လုပ်ငန်းအတွက် ဆက်ခံမယ့် အမွေခံသားက လိုသေးတာကိုး။ ဒါကြောင့် မသိချင်ယောင် ဆောင်နေလိုက်တော့တယ်။ ရှင်သာဏကဝါသီ မထေရ်ကလည်း အဘိဉာဉ်နဲ့ ကြည့်လိုက်တော့ အဲဒီ ကလေးက ဥပဂုတ္တ ဖြစ်မယ့်သူ မဟုတ်မှန်း သိလို့ မသိသလိုပဲ ငြိမ်နေလိုက်တယ်။ ဒီလိုနဲ့ သား နောက်တစ်ယောက် ထပ်မွေးပြန်တယ်။ အဖေ ဖြစ်သူကလည်း မပေးရက်ဘူး။ မထေရ်ကြီးကလည်း ဥပဂုတ္တ မဟုတ်မှန်းသိလို့ မတောင်းဆိုဘူး။ နောက် တတိယမြောက်သား မွေးမှ မထေရ်ဟာ ဥပဂုတ္တလေးမှ သိလို့ ကုန်သည် ဂုတ္တနဲ့ လာတွေ့ပါတယ်။ ဦးဂုတ္တက ဒီသားကိုလည်း မပေးချင်ဘူး။ ကတိပေးထားတာလည်း ရှိလေတော့ မသက်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ရတယ်။ ဒါပေမယ့် ချွင်းချက်တော့ ရှိတယ်။ အရှုံးအမြတ် မရှိရင် ပေးမယ် တဲ့။

ဒီလိုနဲ့ ဥပဂုတ္တလေး အရွယ်ရလာတော့ မိဘရဲ့ လက်ငုတ်လက်ရင်း စီးပွားရေးကိုပဲ လိုက်လာခဲ့တယ်။ တစ်နေ့တော့ ရှင်သာဏကဝါသီ မထေရ်ဟာ နံ့သာဆိုင် ကြွလာပြီး ဥပဂုတ္တလေးကို လာတွေ့ပါတယ်။ တွေ့ပြီး ဝိပဿနာ ရှုမှတ်နည်းကို သင်ကြားပေးတယ်။ လောဘနဲ့ အခြေတည်ရတဲ့ စီးပွားရေးသမား တစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ လောဘဇောတိုက်ရင်း စိတ်တွေ ညစ်နွမ်းနေတာကို မြင်နိုင်အောင် ဝိပဿနာ သင်ကြား ပေးခဲ့တယ်။ စိတ်ကို ဖြူစင်အောင် ကြည်လင်အောင် တည်ငြိမ်အောင် ဝိပဿနာနဲ့ ဘယ်လို ရှုမှတ်ရမယ် ဆိုတွေပါ ကျကျနန သွန်သင်ပေးခဲ့တယ်။ ဥပဂုတ္တလေးကလည်း ဆရာမထေရ် သင်ကြားပေးတဲ့အတိုင်း အသေအချာ ကြိုးစားရှုမှတ်လိုက်တာ စိတ်တွေ တည်ငြိမ်လာပြီး ကြည်လင်တဲ့အဆင့် ဖြူစင်တဲ့အဆင့် ရလာတယ်။ ဒီအခါမှာ သီလ ဆိုတာရဲ့ အရေးပါမှုကိုလည်း ထင်မြင်လာတယ်။

စီးပွားရေးကလည်း ကောင်း၊ အရွယ်ကလည်း ကောင်း ဆိုတော့ မြို့မှာ နာမည်လည်း ကြီးလာတာပေါ့။ အဲဒီမြို့က ဝါသဝဒတ္တာ (Vāsavadattā) ဆိုတဲ့ ပြည့်တန်ဆာက ဥပဂုတ္တလေးကို ကြိုက်ကြွေနေတာပေါ့။ သူက တွေ့ချင်လွန်းလို့ နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့် ဥပဂုတ္တကလည်း လုံးဝ အတွေ့မခံဘူး။ ရှောင်နေခဲ့တယ်။ ဒါပေမယ့် တစ်နေ့တော့ ဝါသဝဒတ္တာ ဟာ ဒုစရိုက်မှုတစ်ခုကြောင့် ခြေ၊ လက်၊ နှာခေါင်း၊ နားရွက် ဖြတ်ပြီး အပြစ်ပေးခံရတယ်။ အားလုံး ဖြတ်ပြီး သုသာန်မှာ ပစ်ထားကြတာပေါ့။ ဥပဂုတ္တလေးဟာ အဲဒီ သတင်းကြားတော့မှ သုသာန်ကို သွားပြီး ဝါသဝဒတ္တာကို နောက်ဆုံးအနေနဲ့ သွားတွေ့ခဲ့တယ်။ ဥပဂုတ္တဟာ ဝါသဝဒတ္တာကို တွေ့တဲ့အခါမှာ နာကျင်မှုတွေကြားက ဝေဒနာကို ဝိပဿနာရှုဖို့ သင်ကြားပြသပေးလိုက်တယ်။ သင်ကြားရင်း သုသာန်ထဲမှာပဲ သူရော ဝိပဿနာရှု၊ ဝါသဝဒတ္တာရော ဝိပဿနာရှုကြတယ်။ အဲဒီ သုသာန်မှာပဲ ဝါသဝဒတ္တာဟာ သောတာပန် တည်ပြီး ဥပဂုတ္တလေး အနာဂါမ် တည်ပါတယ်။ အဲဒီအချိန်က ဥပဂုတ္တလေးရဲ့ အသက်က (၁၇) နှစ်လို့ ဆိုပါတယ်။

သား ဥပဂုတ္တလေးဟာ အနာဂါမ်ဖြစ်သွားပြီ ဆိုတော့ အဖေဂုတ္တဟာလည်း မတားမြစ်နိုင်တော့ဘူး သာသနာ့ဘောင်ထဲကို ဝင်ခွင့် ပြလိုက်ပါတယ်။ ဒီလိုနဲ့ ဥပဂုတ္တလေးဟာ ရှင်သာဏကဝါသီ မထေရ်ကို ဥပဇ္ဈာယ်ပြုပြီး ဥရုမုဏ္ဍတောင် နဋဘဋိကတောရမှာ သာမဏေဘဝ ရောက်ရှိခဲ့တယ်။ ဒီမှာ သိရမှာက ရှင်သာဏကဝါသီ မထေရ်ဟာ သဗ္ဗတ္ထိဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ် ဖြစ်ပါတယ်။ ဥပဂုတ္တကလည်း သူ့ရာထူး ဆက်ခံနိုင်မယ့် အမျိုးကောင်းသား ရယ်လို့ သိနေတာကြောင့် မွေးကတည်းက ထိန်းသိမ်း စောင့်ရှောက် သွန်သင်နေခဲ့တာ ဖြစ်ပါတယ်။ သာသနာ့ဘောင်ထဲ ရောက်ပြီးတော့လည်း ဝိပဿနာကို ဆက်လက် သင်ကြားပြသ ပေးခဲ့တာကြောင့် အဘိဉာဉ် (၆) ပါးနဲ့တကွ ရဟန္တာအဖြစ်ကို မကြာခင်ပဲ ရရှိပါတယ်။ ရှင်ဥပဂုတ္တဟာ ကိုယ့်ကိစ္စ ပြီးတဲ့အခါမှာ သာသနာပြုလုပ်ငန်း စတင်တဲ့အနေနဲ့ တခြားသော ရဟန်းယောဂီတွေကို ဝိပဿနာ တရား အားထုတ်နည်း သင်ကြား ပြသပေးတယ်။

ဒီလို သင်ကြား ပြသပေးတဲ့အခါမှာ ယောဂီတွေကို မာရ်နတ်က လာလာပြီး နှောင့်ယှက်တော့တယ်။ ယောဂီတွေ အဆင်မပြေ ဖြစ်နေတာကို သတိထားမိတော့ ရှင်ဥပဂုတ္တဟာ အဘိဉာဉ်ကို ကြည့်ရှုလိုက်တယ်။ မာရ်နတ် နှောင့်ယှက်နေတာ တွေ့တော့ ပညာပေးမှ ဖြစ်မယ် ဆိုပြီး ပန်းကုံးတစ်ကုံး မာရ်နတ်ကို ကမ်းပေးလိုက်တယ်။ မာရ်နတ်ရဲ့ ခေါင်းမှာ စွပ်ပေးတယ်။ မာရ်ကလည်း ပန်းကုံးပဲ ထင်ပြီး လက်ခံတယ်။ ပန်းကုံးဟာ သူ့အသားနဲ့ ထိတာနဲ့ ခေါင်းပေါ်မှာ မြွေသေကောင်ပုပ်၊ လည်ပင်းမှာ ခွေးသေကောင်ပုပ်၊ ပခုံးတစ်ဖက်တစ်ချက်မှာ လူသေကောင်ပုပ် အနေနဲ့ တွဲလဲ ချိတ်နေကြတော့တယ်။ မာရ်နတ်နဲ့ တန်ခိုးလောက်နဲ့ ဖယ်ရှားလို့လည်း မရပြန်ဘူး။ အတော်လေး စိတ်ဆင်းရဲပြီး ဘုရားရှင်ကို သတိရလာတယ်။ ဘုရားရှင် သက်ရှိထင်ရှား ရှိစဉ်က ကောသမ္ဗီပြည်မှာ မာရ်နတ်က ဒုက္ခပေးဖူးခဲ့တာကိုး။ မာရ်နတ်က ဘယ်လိုတွေးသလဲ ဆိုတော့ အော် ရှင်ဥပဂုတ္တထက် အဆပေါင်းများစွာ စွမ်းတဲ့ ဘုရားဟာ သူ့ကို ဒုက္ခပေးတာတောင်မှ ဘာမှ မတုန့်ပြန်ဘဲ မေတ္တာရှေ့ထားတော်မူတယ်။ တယ်လည်း မေတ္တာကြီးသကိုး လို့ ပြန်အောက်မေ့ရင် ဘုရားပေါ် ကြည်ညိုစိတ်တွေ တဖွားဖွား ပေါ်လာတော့တယ်။ ဒီလိုနဲ့ ရှင်ဥပဂုတ္တကို နောက်မလုပ်တော့ကြောင်း တောင်းပန်တော့ သူ့လည်ပင်းက အကောင်ပုပ်တွေ ပျောက်ကုန်ပါတယ်။ ရှင်ဥပဂုတ္တကလည်း မာရ်ကို သူတွေ့ဖူးခဲ့တဲ့ ဘုရားရှင်ရဲ့ ရုပ်ပုံတော်အတိုင်း ဖန်ဆင်းပြဖို့ တောင်းဆိုတယ်။ ဒါနဲ့ မာရ်ဟာ ဘုရားရှင်နဲ့ ပုံတူ ဖန်ဆင်းပြခဲ့တယ်။

ရှင်ဥပဂုတ္တဟာ အရဟတ္တဖိုလ် ရပြီးနောက်ပိုင်းလည်း နဋဘဋတောရမှာ အရညကင်ဓုတင် ဆောက်တည်ပြီး ရာသက်ပန် သီတင်းသုံး သွားခဲ့ပါတယ်။ နဋဘဋတောရ တည်ရှိတဲ့ ဥရုမုဏ္ဍတောင်ဟာ ဆိုရင် အင်မတန် တောနက်ပြီး သားရဲတိရစ္ဆာန်ကအစ ရှိတာကြောင့် လူသူ အရောက်အပေါက် အင်မတန် နည်းပါတယ်။ ရှင်ဥပဂုတ္တဟာ ဓမ္မသင်ကြား ပြသမှုမှာ အောင်မြင်နေတာကြောင့် သူရဲ့ ဆရာ ရှင်သာဏကဝါသီဟာ ကျောင်းတိုက်ကို ရှင်ဥပဂုတ္တကို လွှဲအပ်တော်မူပြီး ကက်ရှ်မီးယားဘက်ကို ထွက်ခွာသွားပါတယ်။ ရှင်ဥပဂုတ္တဟာ တရားဓမ္မတွေ ဝိပဿနာတရားတွေကို သင်ကြားပြသရင်း ခြိုးခြံနေထိုင်ခြင်း၊ ရသမျှနဲ့ ရောင့်ရဲခြင်း၊ အစားအသောက်တွင် မမက်မောခြင်း စတဲ့ တောရဆရာတော်တွေရဲ့ ထုံးအတိုင်း စံနမူနာ နေထိုင်သွားခဲ့တယ်။

ရှင်ဥပဂုတ္တဟာ ဝိပဿနာ သင်ကြားပြသရာမှာ ဆရာကောင်းတစ်ပါး ဖြစ်တာကြောင့် သူရဲ့ သင်ကြားပြသနဲ့ ပတ်သက်တဲ့ သာဓကတွေကို မဟာယာနကျမ်းစာတွေမှာ နေရာအနှံ့အပြား တွေ့နိုင်ပါတယ်။ သူရဲ့ စံပြုထိုက်တဲ့ အနေအထားတွေ အကြောင်းကိုလည်း သက္ကဋကျမ်းစာတွေ တရုတ်တိဗက်ကျမ်းစာတွေမှာ အတော်များများ တွေ့နိုင်တယ်။ နောက်ပိုင်း တတိယမြောက် ဂိုဏ်းချုပ်ဖြစ်တဲ့ ဆရာ ရှင်သာဏကဝါသီ မထေရ် တောထွက်သွားတဲ့နောက်မှာ ရှင်ဥပဂုတ္တမထေရ်ကို သဗ္ဗတ္ထိဂိုဏ်းရဲ့ စတုတ္ထမြောက် ဂိုဏ်းချုပ်အဖြစ်နဲ့ တင်မြောက်ခဲ့ကြပါတယ်။

အသောကမင်းကြီးနဲ့ စပြီး တွေ့ပုံကို ဒီလို မှတ်တမ်းတင်ထားပါတယ်။ ရဟန္တာပေါင်း (၁၈၀၀၀) နဲ့ ဥရုမုဏ္ဍတောင်မှာ သီတင်းသုံးနေတဲ့ ရှင်ဥပဂုတ္တ အကြောင်းကို အသောကမင်းကြီး ကြားတော်မူတဲ့အခါမှာ အင်မတန်မှ ဖူးတွေ့လိုတယ်။ ဒါကြောင့် အသောကမင်းဟာ မဓုရာအထိ သွားတွေ့ဖို့ ကြံစည်လေရဲ့။ ဒါကို အတွင်းဝန်က သဘောမတူပါဘူး။ သဘောမတူဆို ပါဋလိပုတ်ကနေ မဓုရာကို အဝေးကြီး သွားရမှာကိုး။ နောက်ပြီး အန္တရာယ်လည်း များတာကြောင့် တားမြစ်ပါတယ်။ ဒါနဲ့ ရှင်ဥပဂုတ္တကို ပါဋလိပုတ် ကြွလာဖို့ ပင့်လျှောက်တော့တာပေါ့။ ရှင်ဥပဂုတ္တကို လှေနဲ့ ပါဋလိပုတ်ကို ကြွလာပြီး မင်းကြီးကိုယ်တိုင် လှေဆိပ်မှာ လာရောက် စောင့်ကြိုပါတယ်။ အဲဒီအချိန်မှာ အသောကမင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ပြီးပြီလို့ ယူဆရမှာပါ။ တရုတ်ကျမ်းမှာတော့ ရှင်ဥပဂုတ္တရဲ့ စွမ်းဆောင်မှုကြောင့် အသောကမင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ရတယ်လို့ အမွှမ်းတင်ထားပါတယ်။ အသောကမင်းနဲ့ တွေ့ကြတဲ့အခါမှာ သာသနာရေး ကိစ္စတွေ ဆွေးနွေးကြပြီး စေတီတည်ချင်ကြောင်း ရှင်ဥပဂုတ္တကို လျှောက်တယ်။ ရှင်ဥပဂုတ္တကလည်း အဘိဉာဉ်နဲ့ ကြည့်ပြီး ဘုရားရှင်နဲ့ ရှင်မဟာမောဂ္ဂလန်လို့ အဂ္ဂသာဝကကြီးတွေ မဟာသာဝကကြီးတွေရဲ့ ဓာတ်တော်တွေ အများအပြား မထိန်းမသိမ်းရသေးဘဲ ရှိသေးကြောင်း မင်းကြီးကို ပြန်ပြောပါတယ်။ ဒါနဲ့ ရှင်ဥပဂုတ္တရဲ့ အကူအညီနဲ့ ဓာတ်တော်တွေကို ပြန်ရှာပြီး စေတီပေါင်းများစွာ တည်တော်မူပါတယ်။

ရှင်ဥပဂုတ္တဟာ သူ့ကို ဆက်ခံမယ့် ရှင်ဓီတိက (Dhītika) ကို ရဟန်းဖြစ်ချိန်ကနေ စပြီး အသေအချာ သွန်သင်ပြသ ပေးခဲ့တယ်။ သူမရှိတော့တဲ့အချိန်မှာ ပဉ္စမမြောက် ဂိုဏ်းချုပ်အဖြစ်နဲ့ ရှင်ဓီတိကကို လျာထားတာပါ။ ရှင်ဓီတိကလည်း ဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ပြီး ရဟန်းကိစ္စ ပြီးဆုံးပြီ (ရဟန္တာ ဖြစ်ပြီ) ဖြစ်ကြောင်း ဆရာ့ကို ကြေညာနိုင်ခဲ့တယ်။ ဒီသတင်းကို ကြားရပြီတဲ့နောက်မှာ ရှင်ဥပဂုတ္တဟာ သူရဲ့ သက်တမ်းကို ကြည့်လိုက်တော့ (၇) ရက်ပဲ ကျန်ရှိပါတော့တယ်။ ဒါကြောင့် သူရဲ့ တပည့်သာဝကတွေကို သူ ဘယ်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော့မည့် အကြောင်း အများသိအောင် ကြေညာလိုက်တယ်။ သတ်မှတ်တဲ့ နေ့ရက်မှာ ရဟန္တာပေါင်း (၁၀၀၀၀) နဲ့ သာဝက ယောဂီပေါင်းများစွာဟာ ရှင်ဥပဂုတ္တမထေရ်ကို နောက်ဆုံး ဖူးမျှော်ဖို့ ရောက်ရှိနေကြတယ်။ ရှင်ဥပဂုတ္တဟာ ပရိသတ်ကို တရားဟောကြားပါတယ်။ အချိန်စေ့တဲ့အခါမှာ မိုးပေါ်ကို ပျံကြွပြီး တန်ခိုးပါဋိဟာ ပြပြီး ခန္ဓာမီးလောင်ကျွမ်းပြီး ပရိနိဗ္ဗာန် စံဝင်သွားတယ်။ တပည့် ရဟန္တာ အပါး (၁၀၀၀) လည်း ရှင်ဥပဂုတ္တ ပရိနိဗ္ဗာန် စံဝင်ပြီး ပြာကျသွားတာနဲ့ သူတို့လည်း ပရိနိဗ္ဗာန် စံဝင်ကုန်ကြတယ်။ ရှင်ဥပဂုတ္တရဲ့ ကြွင်းကျန်ခဲ့တဲ့ ဓာတ်တော်များကို ဓာတုစေတီ တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ အခု ရှင်ဥပဂုတ္တရဲ့ ပရိနိဗ္ဗာန် စံဝင်တဲ့အကြောင်းကို အသောကရာဇာဝါဒါနကျမ်းမှာ အသေးစိပ် ဖော်ပြရေးသားထားပါတယ်။

အပိုင်း (၁) အနေနဲ့ အနှစ်ချုပ်ရမယ် ဆိုရင် (၁) ရှင်ဥပဂုတ္တ ဆိုတာ သမိုင်းအရ အမှန်တကယ် တည်ရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ (၂) အသောကမင်းလက်ထက် သဗ္ဗတ္ထိဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ဦး ဖြစ်ပါတယ်။ (၃) ရှင်ဘုရင်ကိုယ်တိုင် အင်မတန် ကြည်ညိုကြောင်း မှတ်တမ်းတင်ထားတယ်။ (၄) တစ်သက်တာလုံး ရှင်မဟာကဿပ မထေရ်ကြီးလို တောရဆောက်တည်သွားတဲ့ အရညကင် ဓုတင်ဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ (၅) အနေအထိုင် သိပ်သည်းပြီး ရောင့်ရဲတင်းတိမ် ခြိုးခြံနေထိုင်သွားတယ်။ ဆိတ်ငြိမ်ရာကို နှစ်သက်ပြီး လူမှုအရှုပ်အထွေးတွေနဲ့ ကင်းကင်းရှင်းရှင်း နေတော်မူခဲ့တယ်။ (၆) မဟာယာန အစဉ်အဆက်က ရှင်ဥပဂုတ္တကို အင်မတန် ကြည်ညိုပြီး ဝိပဿနာ သင်ကြားပြသတဲ့ နေရာမှာ သူမတူအောင် စံထားထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် လက်ခံကြတယ်။ (၇) သူရဲ့ သွန်သင်ပြသမှုကြောင့် ဘာသာပြောင်းလာတဲ့သူ အများအပြား ရှိကြောင်း၊ ရဟန္တာအများအပြား မွေးထုတ်ပေးနိုင်ကြောင်း ယုံကြည်ကြတယ်။ (၈) အဆုံးတစ်နေ့မှာ လူသားတစ်ယောက်လိုပဲ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့ပြီး ပရိနိဗ္ဗာန် စံဝင်သွားခဲ့တယ်။ (၉) အသိသင့်ဆုံးအချက်က သဗ္ဗတ္ထိဂိုဏ်းဆိုတာ ဂိုဏ်းကြီး (၁၈) ဂိုဏ်းထဲမှာ ထေရဝါဒ အုပ်စုထဲကပါ။ သက္ကဋမှတ်တမ်းထဲပါလို့ မဟာယာနပဲလို့ ဆုံးဖြတ်ဖို့ အတော် ခက်ပါလိမ့်မယ်။

နောက် အပိုင်း (၂) အနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းစာတွေအနေနဲ့ ရှင်ဥပဂုတ္တ အကြောင်းကို ဘယ်လို မှတ်တမ်းတင်ခဲ့သလဲ ဆိုတာ ဆက်ပြီး တင်ပြပါ့မယ်။

ကိုးကား -
1. Buddhist Saints in India : A Study in Buddhist Values & Orientations - Reginald A. Ray
2. The Legend and Cult of Upagupta - John S Strong
3. A History of Mindfulness - Bhikkhu Sujato
4. Upagupta, the Fourth Buddhist Patriarch, and High priest of Acoka - L. A. Waddell