ကပ်ပါပေ့ ပီကေရယ်

လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၃)

02 February 2018



(၃) သုံးသပ် ထင်မြင်ချက်

အပိုင်း (၁) နဲ့ အပိုင်း (၂) ဖတ်ပြီး သွားပြီဆိုရင်တော့ ရှင်ဥပဂုတ္တနဲ့ ပတ်သက်ပြီး တင်ပြချက်တွေကို စုံသင့်သလောက် စုံအောင် ဖတ်ရှုပြီးပြီလို့ ယူဆရပါပြီ။ မဟာယာန အုပ်စု ဖြစ်တဲ့ သက္ကဋကျမ်းစာ၊ တရုတ်ကျမ်းစာနဲ့ တိဗက်ကျမ်းစာ တွေရဲ့ အုပ်စုက တစ်စု ဖြစ်ပြီး၊ ထေရဝါဒ အုပ်စု ဖြစ်တဲ့ ပါဠိကျမ်းစာက တစ်အုပ်စု အဲဒီလို နှစ်အုပ်စု ခွဲပြီး လေ့လာတင်ပြ ထားတာပါ။ မဟာယာန အုပ်စုမှာ မှတ်တမ်းတင်ကြတဲ့ နိုင်ငံ၊ ဘာသာစကားတွေက အမျိုးမျိုး ကွဲကြပေမယ့် သူတို့ ရေးသားထားတဲ့ ဇာတ်လမ်းဇာတ်အိမ်က အခြေခံအားဖြင့် တူညီနေတာ တွေ့ရပါတယ်။ တချို့တလေ ကွဲလွဲမှုတော့ ရှိကြတာပေါ့။ ထေရဝါဒ ကျမ်းစာ အုပ်စုမှာကျတော့ တကယ်တမ်း လေ့လာစရာက တစ်အုပ်တည်း ရှိတဲ့အကြောင်း တင်ပြခဲ့ပြီးပါပြီ။

ပါဠိကျမ်းစာ ဖြစ်တဲ့ လောကပညတ္တိကျမ်းကို အခြေခံပြီး ထေရဝါဒ အုပ်စုဘက်က ရှင်ဥပဂုတ္တအကြောင်းကို ကိုးကား ပြောဆိုကြတဲ့အကြောင်း အပိုင်း (၂) မှာ ပြောပြီးပါပြီ။ အဲဒီ လောကပညတ္တိကျမ်းကလည်း သက္ကဋ ကျမ်းစာကနေ ကူးယူထားတယ်လို့ ဆိုကြပေမယ့် သက္ကဋကျမ်းစာရဲ့ မူရင်း ပြုစုသူ၊ စာပြုခုနှစ်ကို မသိရတဲ့အပြင် အခုလက်ရှိကာလမှာ ရှာလို့လည်း မတွေ့တော့ဘူး။ တရုတ်မူ လောကပညတ္တိကျမ်းကိုတော့ တွေ့နိုင်ပါသေးတယ်။ ဒီတော့ လောကပညတ္တိကျမ်းဟာ အခုဆိုရင် တရုတ်မူနဲ့ ပါဠိမူ နှစ်မျိုးပဲ တွေ့ရတော့တာပါ။ လောကပညတ္တိကျမ်းရဲ့ မူလအရင်းအမြစ်က သက္ကဋကျမ်းပါလို့ ဆိုပေမယ့် အင်မတန် ထူးဆန်းဖို့ ကောင်းတာက သူ့ရှေ့ရှေ့ ထွက်ခဲ့သမျှ သက္ကဋကျမ်းစာတွေမှာ ဖော်ပြထားတဲ့ ရှင်ဥပဂုတ္တ အကြောင်းနဲ့ လုံးဝလုံးဝ မတူတာကို တွေ့မြင်ရပါလိမ့်မယ်။ မူလ သက္ကဋမူ လောကပညတ္တိကျမ်းက ဘယ်ကဘယ်လို ကိုးကားပြီး တင်ပြထားသလဲ ဆိုတာကိုလည်း မသိရပြန်ဘူး။

အဲဒီ အုပ်စုကြီး နှစ်စုမှာ ရှင်ဥပဂုတ္တအကြောင်း တင်ပြရာမှာ တူတာတွေ တချို့တလေ ရှိသလို မတူကွဲပြားနေတာလည်း အများအပြား ရှိနေပြန်တယ်။ မတူတာတွေကို မပြောခင်မှာ တူတာတွေကို အရင်ဆုံး စာရင်းတင်ကြည့်ကြရအောင်။ (၁) ရှင်ဥပဂုတ္တဟာ တန်ခိုးရှင် ရဟန္တာတစ်ပါး ဖြစ်တယ်။ (၂) အသောကမင်း* လက်ထက်မှာ ထင်ရှားခဲ့တယ်။ (၃) ဂေါတမဘုရားရဲ့ ဗျာဒိတ်တော်ကို ရရှိခဲ့သူ ဖြစ်တယ်။ (၄) မာရ်နတ်နဲ့ တန်ခိုး ပြိုင်ခဲ့ကြတယ်။ (၅) အသေကောင်ပုပ်ကို လည်ပင်းမှာ ဆွဲပေးပြီး မာရ်နတ်ကို အနိုင်ယူခဲ့တယ်။ (၆) မာရ်နတ်ဟာ ဘုရားရှင်အပေါ် ကြည်ညိုစိတ် ဝင်လာတယ်။ (၇) ရှင်ဥပဂုတ္တရဲ့ တောင်းပန်မှုကြောင့် မာရ်နတ်ဟာ ဘုရားရှင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖန်ဆင်းပြခဲ့တယ်။ ဒီ အချက် ခုနစ်ချက်ဟာ မဟာယာနရော ထေရဝါဒကပါ လက်ခံကြတဲ့ အချက်တွေ ဖြစ်ပါတယ်။

မတူတဲ့ အချက်တွေကို ဆက်လေ့လာကြည့်ရအောင်။ (၁) ဘုရားရှင်ရဲ့ ဗျာဒိတ်ကို ရတာချင်း တူပေမယ့် ဗျာဒိတ်ထဲမှာ ပါတဲ့ အကြောင်းအချက်တွေ လုံးဝ ကွဲပြားနေကြတယ်။ (၂) အထူးခြားဆုံးက နောက်နှစ်ပေါင်း ဘယ်လောက်ကြာရင် ... ဆိုပြီး ပြောတဲ့အခါမှာ ခုနှစ် နှစ်မျိုးက နှစ်ပေါင်း (၁၀၀) ကျော် ကွာနေတယ်။ ** ဒီအချက်ကို နောက်ပိုင်းမှာ အသေးစိပ် ဆွေးနွေးပါ့မယ်။ (၃) မာရ်နတ်နဲ့ တန်ခိုးပြိုင်ခဲ့ကြတာ တူပေမယ့် တန်ခိုးပြပုံချင်း မတူညီကြဘူး။ (၄) မာရ်နတ်ရဲ့ နှောက်ယှက်ရတဲ့ အကြောင်းအရင်းလည်း မတူကြပါဘူး။ (၅) ပါဠိကျမ်းထဲမှာ အသေကောင်ပုပ်ကို ဆွဲပေးလိုက်တဲ့အခါ မာရ်နတ်ဟာ သိကြား၊ နတ်မင်းတွေနဲ့ ဗြဟ္မာတွေကို ချွတ်ပေးဖို့ အကူအညီ သွားတောင်းခဲ့တယ်။ သက္ကဋကျမ်းစာတွေမှာတော့ အဲဒါ မပါပါဘူး။ (၆) ပါဠိကျမ်းထဲမှာ မာရ်နတ်ဟာ ဘုရားဆု ပန်ခဲ့တယ်။ သက္ကဋကျမ်းမှာ မပါ။

ကျမ်းစာတွေကို လေ့လာကြည့်တဲ့အခါမှာ သက္ကဋကျမ်းတွေဟာ လူတစ်ယောက်ရဲ့ ဘဝကို မွေးရာကနေ သေရာအထိ မှတ်တမ်းတင်ထားသလို အရွယ်အပိုင်းအခြားနဲ့ ကဏ္ဍစုံအောင် ဖော်ပြထားတာ တွေ့ရပါတယ်။ လောကပညတ္တိကျမ်းမှာတော့ မဟာစေတီ အလှူပွဲမှာ ရှင်ဥပဂုတ္တနဲ့ ပတ်သက်တဲ့ အစိတ်အပိုင်း လောက်ကိုပဲ ကွက်ပြီး ဖော်ပြထားခဲ့တာပါ။ ဒါကြောင့် သက္ကဋကျမ်းမှာပဲ ပါတဲ့ အရေးကြီးတဲ့ အချက်တချို့ကို စာရင်းပြုစု ပြပါမယ်။ (၁) ရှင်ဥပဂုတ္တရဲ့ မွေးရက်မြေနဲ့ မိဘအကြောင်း၊ (၂) ရှင်ဥပဂုတ္တရဲ့ ရဟန်းမဖြစ်ခင် ငယ်ဘဝအကြောင်း၊ (၃) ရှင်ဥပဂုတ္တရဲ့ ရဟန်းခံ ဘဝနဲ့ ဆရာ ရှင်သာဏကဝါသီ အကြောင်း၊ သူတို့ရဲ့ သံဃာ့ဂိုဏ်းအကြောင်း၊ (၄) ရဟန္တာဖြစ်ပြီး နောက်ပိုင်း နေထိုင်ပုံနဲ့ ဝိပဿနာ သင်ကြားပြသခဲ့ပုံ အကြောင်း၊ (၅) သဗ္ဗတ္ထိဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာပုံ၊ (၆) အသောကမင်းနဲ့ ပထမဆုံး တွေ့ဆုံကြပုံအကြောင်း၊ (၇) အသောကမင်းနဲ့ သာသနာပြု ဆက်လက်ဆောင်ရွက်ပုံ၊ (၈) နောက်ဆုံး ပရိနိဗ္ဗာန်စံဝင်ပုံ။ ဒီအကြောင်းအချက်တွေဟာ မဟာယာန ကျမ်းစာတွေမှာသာ တွေ့ရပြီး ပါဠိကျမ်းစာမှာ လုံးဝလုံးဝ မပါပါဘူး။ ဒီအချက်တွေပေါ် မူတည်ပြီး လူတစ်ယောက်ရဲ့ မွေးဖွားရာကနေ သေဆုံးခြင်းအထိ သူရဲ့ အတ္ထုပ္ပတ္တိကို ကောင်းကောင်း ဖော်ပြပေးနိုင်ပါတယ်။

ကျနော့်အနေနဲ့ အထူးပြု စဉ်းစားမိတဲ့ အချက်က ဘာလဲ ဆိုတော့ မဟာယာနကျမ်းက ပြောတဲ့ ရှင်ဥပဂုတ္တနဲ့ လောကပညတ္တိကျမ်းက ပြောတဲ့ ရှင်ဥပဂုတ္တဟာ တစ်ဦးတည်းရော ဟုတ်ရဲ့လား ဆိုတဲ့ အချက်ပါ။ ဘာလို့ အဲဒီလို ပြောသလဲ ဆိုတာ သိရအောင် ဗျာဒိတ်ပေးတဲ့ အခန်းတွေကို ပြန်လေ့လာကြည့်ပါ။ သက္ကဋကျမ်းတွေရဲ့ ဗျာဒိတ်ပေးခန်းမှာ "ငါဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း (၁၀၀) ကျော် ကြာတဲ့ အခါမှာ ...." လို့ ပြောထားပေမယ့် လောကပညတ္တိကျမ်းမှာက နှစ်ပေါင်း (၂၀၀) ကျော် ကြာတဲ့ အခါမှာ လို့ ပြောပါတယ်။ လူအများ ထင်ယောင်ထင်မှားနဲ့ သိသလို မသိသလိုဖြစ်နေတဲ့ အချက်တစ်ခု ရှိပါတယ်။ အိန္ဒိယနိုင်ငံ သမိုင်းမှာ အသောက ဆိုတဲ့ နာမည်နဲ့ မင်း နှစ်ပါး ရှိပါတယ်။ တစ်ပါးက ရက်စက် ကြမ်းကြုတ်လွန်းလို့ အသောက ရဲ့ ရှေ့မှာ ကာလာ (ကြမ်းကြုတ်သော) ဆိုတာ ထည့်ပြီး ကာလာသောကမင်း လို့ မှတ်တမ်းတင်ကြတယ်။ နောက်တစ်ပါးကတော့ တရားသဖြင့် အုပ်ချုပ်တဲ့အတွက် ဓမ္မာသောကမင်း ဆိုပြီး မှတ်တမ်း တင်ကြပါတယ်။ စေတီပေါင်း (၈၄၀၀၀) တည်တယ် ဆိုတဲ့ မင်းက ဓမ္မာသောကမင်း (သိရီဓမ္မာသောက) ပါ။ သူတို့ နှစ်ပါးရဲ့ မင်းဖြစ်တဲ့ ကာလဟာ အနှစ်တစ်ရာ ကျော်ကျော်လေးပဲ ကွာခြားတယ်။ ကာလာသောကမင်းဟာ 395BC ကနေ 367BC အထိ မင်းပြု အုပ်ချုပ်ပြီး ဓမ္မာသောကမင်းကတော့ 268BC ကနေ 232BC အထိ အုပ်ချုပ်ပါတယ်။

နောက်ထပ် တိုက်တိုက်ဆိုင်ဆိုင် တူနေတဲ့အချက်က နှစ်ပါးစလုံးဟာ ပါဋလိပုတ်မြို့မှာ နန်းစံကြပါတယ်။ အိန္ဒိယသမိုင်းမှာ ကာလာသောကမင်းဟာ ပထမဆုံးအနေနဲ့ ပါဋလိပုတ်မြို့မှာ နန်းတည်ခဲ့တဲ့ ရှင်ဘုရင်ပါ။ ရာဇဂြိုဟ်ကနေ ရွှေ့ခဲ့တာ ဖြစ်ပါတယ်။ နောက်ထပ် ထူးထူးခြားခြား တိုက်ဆိုင်ပြန်တာက နှစ်ပါးလုံး နန်းတက်စဉ် ကာလအတွင်းမှာပဲ သင်္ဂါယနာတင်ခဲ့ကြတယ်။ ကာလာသောကမင်း နန်းတက်ပြီး ၁၀ နှစ်အကြာ သာသနာနှစ် (၁၀၀) 394BC မှာ ဒုတိယသင်္ဂါယနာ တင်ပါတယ်။ ဒါပေမယ့် သင်္ဂါယနာတင်ပွဲဟာ ပါဋလိပုတ်မှာ လုပ်တာမဟုတ်ဘဲ ဝေသာလီမှာ ကျင်းပတာ ဖြစ်ပြီး ကာလာသောကမင်းကလည်း သင်္ဂါယနာတင်ပွဲရဲ့ မင်းဒါယကာလည်း မဟုတ်ပါဘူး။ တတိယသင်္ဂါယနာ (259BC) ကိုတော့ သိရီဓမ္မာသောကမင်းကြီး ကိုယ်တိုင် ဦးဆောင်ပြီးတော့ ပါဋလိပုတ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ရှင်ဥပဂုတ္တရဲ့ ဇာတ်လမ်းတွေကို ပြန်ကြည့်လိုက်မယ် ဆိုရင် (၁) အသောကမင်း နဲ့ တွေ့တာ ပါတယ်။ (၂) ပါဋလိပုတ်မြို့ မှာ လို့လည်း ပါတယ်။ (၃) သင်္ဂါယနာ တင်ပြီးတဲ့ အချိန် လို့လည်း ပါတယ်။ ဒီအချက် သုံးချက်နဲ့တင် ချိန်ထိုးကြည့်ရင် စာထဲပါတဲ့ အသောကမင်းဟာ ကာလာသောကမင်းလား၊ ဓမ္မာသောကမင်းလား ဆိုတာ ဝေခွဲဖို့ အတော်ကြီး ခက်ခဲနေပါတယ်။ ဒါပေမယ့် ဗျာဒိတ်မှာ ပါတဲ့ မတူတဲ့ သက္ကရာဇ်နဲ့ ချိန်ထိုးလိုက်တဲ့အခါမှာ ရှင်းရှင်းကြီး ပေါ်လာတယ်။ ကာလာသောကမင်းဟာ ဘုရာရှင်း ပရိနိဗ္ဗာန် စံပြီး နှစ်ပေါင်း (၉၀) အကြာမှာ မင်းဖြစ်လာခဲ့သူပါ။ ဓမ္မာသောကမင်းကတော့ ဘုရားရှင် ပရိနိဗ္ဗာန် စံပြီး နှစ်ပေါင်း  (၂၁၇) နှစ်အကြာမှာမှ မင်းဖြစ်လာတာပါ။ ဒါကြောင့် သက္ကဋကျမ်းထဲက ပြောတဲ့ အသောကမင်း ဆိုတာက ကာလာသောကမင်းကို ဆိုလိုတာ ဖြစ်ပြီး ပါဠိမူက ပြောတဲ့ အသောကမင်းဟာ ဓမ္မာသောကမင်းကို ဆိုလိုတာ ဖြစ်တယ်လို့ ကောက်ချက်ချနိုင်ပါတယ်။

အဲဒီ နှစ်တွေအပြင် နောက်ထပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အချက်တစ်ချက်က ရှင်ဥပဂုတ္တရဲ့ ဆရာ၊ ရှင်သာဏကဝါသီ အကြောင်းပါ။ ရှင်သာဏကဝါသီ မထေရ်ဟာ ရှင်အာနန္ဒာရဲ့ တပည့်ဖြစ်ပြီး သဗ္ဗတ္ထိဂိုဏ်းရဲ့ သုံးဆက်မြောက် ဂိုဏ်းချုပ်ဖြစ်ကြောင်း ဖော်ပြခဲ့ပြီးပါပြီ။ ဒုတိယမြောက် ဂိုဏ်းချုပ်ဟာ ရှင်အာနန္ဒာပါ။ တကယ်လို့သာ ရှင်ဥပဂုတ္တဟာ ဓမ္မာသောကမင်း လက်ထက်မှာ ရှိနေတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမယ်ဆိုရင် အဲဒီ အချိန်မှာ ရှင်သာဏကဝါသီ မထေရ်ဟာလည်း သက်ရှိထင်ရှား ရှိနေရပါဦးမယ်။ ဒီတော့ ရှင်အာနန္ဒာရဲ့ တပည့် ဖြစ်ပါလျက်နဲ့ ဓမ္မာသောကမင်းကြီးလက်ထက် အထိ သက်ရှိ ထင်ရှား ရှိနေဦးမယ် ဆိုရင် ရှင်သာဏကဝါသီ မထေရ်ရဲ့ သက်တော်ဟာ (၂၀၀) ကျော်နေလောက်ပြီ။ ဒါကြောင့် ယုတ္တိမရှိလှဘူး။ ရှင်သာဏကဝါသီ မထေရ်ကို ထေရဝါဒ ပါဠိကျမ်းဂန်တွေမှာ သမ္ဘူတ သာဏဝါသီမထေရ် လို့ မှတ်တမ်းတင်ကြပါတယ်။ အဲဒီ သမ္ဘူတ သာဏဝါသီမထေရ်ရဲ့ ဥပဇ္ဈာယ်ဆရာဟာ ရှင်အာနန္ဒာ ပါပဲ။ နောက်ပြီး မဓုရာမြို့သားလို့ မှတ်တမ်းတင်ထားပါတယ်။ ဒီသမ္ဘူတ သာဏဝါသီမထေရ်ဟာ ဒုတိယသင်္ဂါယနာ တင်ပွဲမှာ အင်မတန်မှ အရေးပါ အရာရောက်ခဲ့တဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ပါတယ်။ သင်္ဂါယနာတင်ပြီး သံဃာတွေကို ပြန်လည်စိစစ်တဲ့ သံဃဝိနိစ္ဆယဂိုဏ်းရဲ့ ခေါင်းဆောင်ရှစ်ပါးထဲက တစ်ပါးအပါအဝင်ပါ။ ဒါကြောင့် ရှင်ဥပဂုတ္တရဲ့ဆရာ ရှင်သာဏကဝါသီ (ရှင်သမ္ဘူတ သာဏဝါသီ) မထေရ်ကို လေ့လာခြင်းအားဖြင့်လည်း ရှင်ဥပဂုတ္တဟာ ကာလာသောကမင်း လက်ထက်မှာ သက်ရှိထင်ရှား ကျော်ကြားခဲ့တဲ့ ရဟန္တာတစ်ပါးလို့ ဆုံးဖြတ်ရမှာပါ။

ဒါဆို ထေရဝါဒတွေ ယုံကြည်နေကြတဲ့ လောကပညတ္တိကျမ်းက ရှင်ဥပဂုတ္တကရော။ ဓမ္မာသောကမင်း လက်ထက်မှာ နောက်ထပ် ရှင်ဥပဂုတ္တ တစ်ပါး ရှိနေသေးတာကော မဖြစ်နိုင်ဘူးလား။ ကျနော်လည်း မပြောတတ်တော့ပါဘူး။ စိတ်ထဲမှာ ရှိတဲ့ စကားကို လွတ်လွတ်လပ်လပ် ပွင့်ပွင့်လင်းလင်း ပြောရမယ် ဆိုရင်တော့ မြန်မာပြည်မှာ ပြန်နှံ့နေတဲ့ ရှင်ဥပဂုတ္တ အကြောင်းဟာ အင်ကြီး အတုကြီး လို့ပဲ ပြောရမယ် ထင်တယ်။ မွေးခြင်း၊ သေခြင်း (ပရိနိဗ္ဗာန်စံခြင်း)၊ နေထိုင်ခြင်း၊ ရှင်သန်ခြင်း ဘာမှ ခိုင်ခိုင်လုံလုံ မပါရှိတဲ့ ရှင်ဥပဂုတ် အကြောင်းလို့ပဲ ပြောရတော့မယ်။ သက္ကဋကျမ်းစာ အရ ပြောရမယ် ဆိုရင် ဘီစီ ၄ ရာစု၊ ကာလာသောကမင်း လက်ထက်မှာ ရှင်ဥပဂုတ္တ ဆိုတဲ့ ရဟန္တာ အရှင်မြတ်တစ်ပါးဟာ ဥရုမဏ္ဍတောင်မှာ သီတင်းသုံးခဲ့ပြီး ဝိနည်းအရာမှာ စံထားလောက်အောင် နေထိုင်ကျင့်ကြံသွားခဲ့တယ်။ ဝိပဿနာ တရားတွေကိုလည်း ထွန်းကားအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ အဆုံးတစ်နေ့မှာ သင်္ခါရတရားတို့ရဲ့ ဓမ္မတာအတိုင်း ဥရုမဏ္ဍတောင်မှာပဲ ပရိနိဗ္ဗာန် စံဝင်သွားခဲ့ပါတယ်။ နောက်တစ်ကြိမ် အတည်ပြုပြီး ထပ်ပြောချင်တာက သဗ္ဗတ္ထိဂိုဏ်းဝင် ဖြစ်တဲ့ ရှင်ဥပဂုတ္တဟာ ထေရဝါဒ စစ်စစ် တစ်ဦးပါ။

စိတ်ဝင်စားစရာ ကောင်းတဲ့ နောက်ထပ် မေးခွန်းတစ်ခုက ရှင်ဥပဂုတ္တအကြောင်းကို ဘာလို့ ပါဠိကျမ်းဂန်တွေမှာ မတွေ့ရတာလဲ ဆိုတာပါ။ ရှင်ဥပဂုတ္တဟာ ကာလာသောကမင်း လက်ထက်မှာ ရှင်သန်ခဲ့တာ မှန်ရင် ဒုတိယသင်္ဂါယနာတင် ကာလနဲ့ တတိယသင်္ဂါယနာတင် ကာလာ နှစ်ခုကြားထဲမှာလို့ ပြောရမှာပါ။ ပိဋက ပါဠိကျမ်းဂန်တွေဟာ ဘုရားရှင် သက်ရှိထင်ရှား ရှိတဲ့ အချိန်ကနေ စပြီး ပထမသင်္ဂါယနာတင်  ကာလအထိ အတော်ကြီးကို ပြည့်စုံအောင် မှတ်တမ်းတင်ထားတာပါ။ သာသနာအတွက် အရေးကြီးတဲ့ ပုဂ္ဂိုလ်တိုင်းကို မလွတ်ရအောင် မှတ်တမ်းတင်တဲ့အပြင် ဘာသာရေး၊ နိုင်ငံရေး ဖြစ်ရပ်တွေကိုပါ အတိအကျ မှတ်တမ်းတင် ထားခဲ့ပါတယ်။ အဲဒီနောက် နှစ်တစ်ရာစာ ခုန်ကျော်ပြီး ဒုတိယ သင်္ဂါယနာတင်ကို မှတ်တမ်း တင်ပါတယ်။ ဒုတိယ သင်္ဂါယနာတင် မှတ်တမ်းမှာလည်း ပထမပိုင်းလောက် အသေးမစိပ်တော့ဘူး။ ဥပမာ ရှင်သမ္ဘူတ သာဏဝါသီ မထေရ် အကြောင်းဆိုရင် သင်္ဂါယနာနဲ့ ပတ်သက်သလောက်ပဲ ပါတော့တယ်။ အဲဒါပြီးတဲ့နောက် နောက်ထပ် နှစ်ပေါင်း (၁၃၀) ခုန်ကျော်ပြီး တတိယ သင်္ဂါယနာတင်ကို မှတ်တမ်း တင်ပြန်တယ်။ အဲဒီနောက် (၉) တိုင်း (၉) ဌာန သာသနာပြု လွှတ်ပြီးတဲ့ နောက်မှာတော့ ပါဠိပိဋကတ်တော်ကို ထပ်မံ ဖြည့်စွပ်ခြင်း လုံးဝ မရှိတော့ပါဘူး။ မပြင်မဖြည့်ဖို့ သဘောတူခဲ့ကြတာပါ။ ပြောမယ်ဆိုရင် (250 BC) နောက်နောက်ပိုင်း ဖြစ်ရပ်တွေကို ပိဋကပါဠိတော်ထဲမှာ လုံးဝလုံးဝ မတွေ့ရတော့ပါဘူး။ ဒါကို ကြည့်မယ်ဆိုရင် ဒုတိယ နဲ့ တတိယ သင်္ဂါယနာတင် ကြားထဲမှာ ပေါ်ပေါက်ခဲ့တဲ့ ရှင်ဥပဂုတ္တ ဟာ ဘယ် သင်္ဂါယနာတင်နဲ့မှ ပတ်သက်မှု မရှိတာကြောင့် မှတ်တမ်းတင် မခံခဲ့ရဘူးလို့ ဆုံးဖြတ်လို့ ရပါတယ်။ မြောက်ပိုင်းသာသနာ မဟာယာနဂိုဏ်းသားတွေကတော့ ဒုတိယသင်္ဂါယနာ စတင်ကတည်းက ခွဲထွက်လာကြတာဆိုတော့ သူတို့ကတော့ သူတို့ အထင်ကြီးတဲ့သူ မှန်သမျှကို ဖြည့်စွက် ရေးသားသွားခဲ့ကြတာပါပဲ။ ဒါကြောင့်လည်း သက္ကဋကျမ်းစာတွေဟာ ဗုဒ္ဓဘာသာရဲ့ အစောပိုင်း ခေတ်ကာလတွေကို လေ့လာဖို့အတွက် အချက်အလက် ပိုပြီး ထောက်ပံ့ပေးနိုင်ခဲ့ကြတယ်။

သက္ကဋကျမ်းစာ ထဲက ရှင်ဥပဂုတ္တနဲ့ ပါဠိကျမ်းစာ ထဲက ရှင်ဥပဂုတ္တဟာ မတူဘူး ဆိုရင် ဘယ် ရှင်ဥပဂုတ္တက အစစ်ဖြစ်မလဲ။ ဘယ်ကျမ်းစာကို အတည်ယူမလဲ ဆိုတာကို စဉ်းစားရတော့မယ်။ တချို့တချို့သော သူတွေက ပြောကြတယ်။ ရှင်ဥပဂုတ် ဆိုတာ မဟာယာနတွေရဲ့ ထွင်လုံးပါတဲ့။ မဟာယာန ကျမ်းစာတွေမှာတော့ ရှင်ဥပဂုတ္တအကြောင်းကို ကကြီး ကနေ အ အထိ၊ ပြည့်စုံအောင် မှတ်တမ်း တင်ခဲ့ကြတာပဲ။ ဇာတ်ဆရာတွေ ပါးစပ်ထဲ ရောက်သွားရင် ကြမ်းပိုးတောင် လိပ်ဖြစ်ကြရတာလေ။ ကဲ အခုလောက်ဆိုရင်ဖြင့် စာရှုသူလည်း ဆုံးဖြတ်တတ်လောက်ပါပြီ။ မဟာယာနတွေက ထွင်တာလား၊ ဘယ်သူတွေက ထွင်နေတာလဲ။ ကိုယ်တိုင်ပဲ ဆက်ပြီး တွေးဆကြပါတော့။

မှတ်ချက် ။   ။ အထက်မှာ ရေးခဲ့တဲ့ သက္ကရာဇ်တွေဟာ ပညာရှင် အမျိုးမျိုးက ကြံဆမှု အမျိုးမျိုး ကွဲပြားတာကြောင့် ခုနှစ်တွေကလည်း အယူအဆ အမျိုးမျိုးနဲ့ မတူကြပြန်ဘူး။ အများဆုံး နှစ်ပေါင်း ၄၀ လောက်ထိ အကွဲအလွဲ ရှိပါတယ်။

ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၂)

31 January 2018



(၂) ပါဠိကျမ်းဂန်လာ ရှင်ဥပဂုတ္တ (Upagutta)

ရှင်ဥပဂုတ္တ အကြောင်းကို သင်္ဂါယနာ (၆) ကြိမ်တိတိ တင်ခဲ့ကြတဲ့ တိပိဋကဝင် ပါဠိကျမ်းကြီးတွေမှာ လုံးဝ မတွေ့ရပါဘူး။ ပါဠိတော်တွေမှာ အပြင် ရှင်မဟာဗုဒ္ဓဃောသ ပြန်လည် တည်းဖြတ်တော်မူထားတဲ့ အဋ္ဌကထာကျမ်းတွေမှာလည်း လုံးဝ မပါတာ အံ့ဩစရာပါ။ ဒါပေမယ့် နောက်နောက်ပိုင်းမှာ အဲဒီ အဋ္ဌကထာတွေကို အဓိပ္ပာယ် ပြန်ဖွင့်တဲ့ ဋီကာကျမ်း တချို့နဲ့ သဒ္ဒါကျမ်း တချို့မှာ ရှင်ဥပဂုတ္တရဲ့ နာမည်နဲ့ အကြောင်းတစ်စွန်းတစ်စ ပါလာတာ စပြီး တွေ့ရတယ်။ ထူးခြားတာက ရှင်ဥပဂုတ္တရဲ့ ဘဝ အကြောင်းကို ရှင်းပြပုံမျိုးနဲ့ လုံးဝ လုံးဝ မတွေ့ရတာပါပဲ။ ဒါက သင်္ဂါယနာဝင် ကျမ်းကြီး ကျမ်းခိုင်တွေမှာ လုံးဝ မပါဘူး ဆိုတဲ့ အကြောင်းပါ။

ရှင်ဥပဂုတ္တ အကြောင်း အစောဆုံး ဖော်ပြခဲ့တဲ့ ကျမ်းနာမည်က လောကပညတ္တိကျမ်းလို့ ခေါ်ပါတယ်။ အဲဒီကျမ်းကို ၁၁ ရာစု အကုန်ပိုင်းနှင့် ၁၂ ရာစု အစောပိုင်းကြားလောက်မှာ ပြုစုခဲ့တယ်လို့ ယူဆကြပါတယ်။ ပြုစုတဲ့သူက မြန်မာနိုင်ငံ သထံုပြည်က ရှင်သဒ္ဓမ္မဃောသ မထေရ် ဖြစ်ပါတယ်။ သူက လောကပညတ္တိကျမ်းကို ပါဠိလို ရေးသားထားတာမို့ ထေရဝါဒ ရဟန်းတော်အဆက်ဆက် သူ့ကျမ်းကို မှီးပြီး ရှင်ဥပဂုတ္တအကြောင်းကို ရေးသားကြတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အဲဒီ ပါဠိ လောကပညတ္တိကျမ်း (Lokapaññatti) ကိုယ်နှိုက်က သက္ကဋ လောကပညတ္တိကျမ်း (Lokaprañapti) ကို ပါဠိဘာသာ ပြန်ဆိုထားတယ်လို့ ဆိုပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက လက်ရှိကာလမှာ သက္ကဋဘာသာနဲ့ လောကပညတ္တိကျမ်းကို ရှာမတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် တရုတ်ဘာသာမူ (佛说立世阿毗昙论) ကိုတော့ တွေ့နိုင်ပါသေးတယ် (တချို့အခန်းတွေ မပါဘူး)။ ပါဠိဘာသာကနေ ပြင်သစ်ဘာသာ ပြန်ဆိုထားတဲ့ La Lokapaññatti et les idées cosmologiques du bouddhisme ancien ကိုလည်း ရနိုင်ပါသေးတယ်။

လောကပညတ္တိကျမ်း ပါဠိမူဟာ ရှင်ဥပဂုတ္တအကြောင်း ပါဠိလို ရေးသားထားတဲ့ ကျမ်းဂန်တွေထဲမှာ အစောဆုံး၊ အပြည့်စုံဆုံးနဲ့ တစ်အုပ်တည်းသော ကျမ်းစာလို့ ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့ ကျမ်းတွေ အားလုံးက သူ့ကိုပဲ ပြန်ပြီး ညွှန်းထားကြလို့ပါ။ ရှင်ဥပဂုတ္တ အကြောင်းကို မြန်မာဘာသာနဲ့ ရေးထားတဲ့ ကျမ်းပေါင်းများစွာ ရှိပါတယ်။ အစောဆုံးက ဦးကုလား မဟာရာဇဝင်တော်ကြီးပါ။ နောက်ပြီးတော့ မှန်နန်းရာဇဝင်၊ ဇိနတ္ထပကာသနီကျမ်း၊ မဟာဝင်ဝတ္ထုတော်ကြီး၊ ပဉှာဗျာကရဏ အဋ္ဌတိံသကျမ်းနဲ့ ပေါရာဏဒီပနီကျမ်းတို့ ဖြစ်တယ်။ အဲဒီ မြန်မာဘာသာပြန် ကျမ်းအားလုံးဟာ လောကပညတ္တိကျမ်း တစ်မျိုးတည်းကိုပဲ မှီးပြီး ရေးထားကြတာ။ မဟာဝင်ဋီကာ၊ စူဠဝင်ဋီကာကျမ်း စတဲ့ ဋီကာကျမ်းတွေမှာလည်း ရှင်ဥပဂုတ္တအကြောင်းကို လောကပညတ္တိကျမ်းက မှီးငြမ်း ရေးသားထားကြတယ်။ ဒါကြောင့် လောကပညတ္တိကျမ်း တစ်အုပ်တည်းကိုပဲ လေ့လာကြည့်ရင် လုံလောက်နိုင်စရာ ရှိသွားပါတယ်။

ဂေါတမဘုရားရှင်ရဲ့ ဗျာဒိတ်ပေးခန်းကို လောကပညတ္တိကျမ်းမှာ ဒီလို ရေးထားပါတယ်။ ရာဇဂြိုဟ်ပြည်မှာ ဘုရားရှင် ဆွမ်းခံကြွတော်မူတဲ့ အချိန်ဖြစ်ပါတယ်။ ၇ နှစ်သားအရွယ် ရှိတဲ့ ပိယဒဿီ သတို့သားဟာ မြေမှုန့်ကစားနေရင်း ဘုရားရှင်ကို ဖူးမြင်ရတော့ ကြည်ညိုစိတ် ဖြစ်လာတာကြောင့် ဆွမ်းလောင်းချင်စိတ် ပေါ်လာတယ်။ ဘုရားရှင်ကလည်း အလိုက်သင့် သပိတ်တော် ခံပေးလိုက်တော့ သူ့လက်ထဲ ဆော့နေတဲ့ မြေမှုန့်တွေကို လောင်းလှူလိုက်တယ်။ သပိတ်တော်နဲ့ ခံယူအပြီး ပြုံးတော်မူတဲ့ ဘုရားရှင်ကို ရှင်အာနန္ဒာက မြင်တော့ အကြောင်းကို မေးလျှောက်လိုက်တယ်။ "ငါဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း ၂၀၀ ကျော် ကြာတဲ့အခါမှာ သိရီဓမ္မာသောကမင်းဟာ ပါဋလိပုတ်မြို့မှာ ထီးနန်းစိုးစံလိမ့်မယ်။ အဲဒီ မင်းကြီးဟာ ငါဘုရားအပေါ်မှာ အင်မတန် ကြည်ညိုတာကြောင့် သာသနာပြု လုပ်ငန်းနဲ့တကွ စေတီပေါင်းများစွာ တည်ထား ကိုးကွယ်လိမ့်မယ်။ ပြီးတော့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် တိုင်တိုင် မဟာစေတီမှာ ပူဇော်ပွဲကြီး အကြီးအကျယ် ကျင်းပပါလိမ့်မယ်။ အဲဒီ ပွဲကို မာရ်နတ်က ဖျက်လိုဖျက်ဆီး လုပ်တဲ့အခါမှာ ရှင်ဥပဂုတ္တ ကိသနာဂ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ တန်ခိုးဖြင့် မာရ်နတ်ကို ဆုံးမပါလိမ့်မယ်။ ဒီ ပိယဒဿီ သတို့သားဟာ အဲဒီ ရှင်ဥပဂုတ္တ အလောင်းအလျာလေးပါပဲ။" လို့ ဗျာဒိတ် ပေးတော်မူပါတယ်။ ဒါက ရှင်ဥပဂုတ္တရဲ့ အတိတ်ဘဝက ဇာတ်ကြောင်းပေါ့။

သိရီဓမ္မာသောက မင်းကြီးဟာ စေတီပေါင်း (၈၄၀၀၀) ကို တည်ထားပြီးတဲ့ အခါမှာ အလှူပွဲကြီး အကြီးအကျယ် လုပ်ဖို့ စိတ်ကူးတော်မူတယ်။ ဒါကြောင့် မဟာစေတီမှာ ပန်း၊ ဆီမီး၊ နံ့သာနဲ့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် ပူဇော်ပြီး ရဟန်းသံဃာကို ဆွမ်းကပ်လှူ၊ လာသမျှ ပရိသတ်ကို ကျွေးမွေးလှူဒါန်းမယ်လို့ စီစဉ်တော်မူပါတယ်။ မင်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လို အတွေးဝင်လာသလဲ ဆိုတော့ သူ ဒီလောက် အကြာကြီး ကောင်းမှု လုပ်နေတဲ့ အတောအတွင်း မာရ်နတ်က တစ်နည်းမဟုတ် တစ်နည်းနဲ့ အဖျက်အမှောက်တွေ လုပ်လာမှာပဲ လို့ တွေးတယ်။ ဒါနဲ့ ပါဋလိပုတ်မြို့က သံဃာ့နာယကအဖွဲ့ကို ဦးတင်လျှောက်ထားတယ်။ သူ အလှူလုပ်နေတဲ့ ကာလအတွင်း မာရ်နတ်ရဲ့ အနှောက်အယှက်ကို ကာကွယ်ပေးဖို့ပါ။ မထေရ်ကြီးတွေကလည်း ကာကွယ်ပေးပါမယ်လို့ ကတိပေးတော် မူလိုက်ကြတယ်။

သံဃာထုက စည်းဝေးပြီး မာရ်နတ်ကို နှိမ်နင်းဖို့ တာဝန်ယူမယ့်သူကို ရှာကြရတော့တာပေါ့။ အကြီးဆုံး မထေရ်ကြီးက ကတိသာ ပေးလိုက်တာ။ သူကလည်း မစွမ်းဘူး။ ဒီတော့ သူ့အောက် ငယ်တဲ့ မထေရ်ကို တာဝန်ယူဖို့ လွှဲလိုက်တယ်။ အဲဒီရဟန်းကလည်း မစွမ်းတော့ သူ့အောက်ငယ်တဲ့သူကို ထပ်လွှဲရော။ ဒါနဲ့ ၇ နှစ်သား ကိုရင်လေးဆီ ရောက်သွားတယ်။ (စာရှည်မှာစိုးလို့ တချို့ ချန်ထားခဲ့ပါတယ်) အဲဒီ ကိုရင်လေးက သူလည်း မာရ်နတ်ကို မနိုင်ပါဘူး။ နိုင်မယ့်သူတော့ သူ သိပါတယ် ဆိုပြီး ရှင်ဥပဂုတ္တကို ညွှန်လိုက်တယ်။ အဲဒီမှာ ကိုရင်လေး လျှောက်ပုံက "တောင်သမုဒ္ဒရာထဲမှာ ရေထုကို ခွင်းပြီး ရတနာပြသာဒ်နဲ့ သီတင်းသုံးနေတော်မူတဲ့ ကိသနာဂ ဥပဂုတ္တထေရ်က စွမ်းဆောင်နိုင်ပါလိမ့်မယ်။" လို့ ဆိုပါတယ်။

အတိုချုပ် ပြောရရင် ရဟန်းနှစ်ပါး တောင်သမုဒ္ဒရာကို လွှတ်ပြီး ရှင်ဥပဂုတ္တကို ပင့်စေပါတယ်။ ရောက်တော့ သံဃာအဖွဲ့ကနေပြီး ရှင်ဥပဂုတ္တကို မာရ်နတ်ထိန်းဖို့ တာဝန်ပေးလိုက်တယ်။ အသောကမင်းက ရှင်ဥပဂုတ္တကို မြင်တော့ ရုပ်ဆိုးဆိုး ပိန်ညောင်ညောင်နဲ့မို့ အဟုတ်စွမ်းတာလား သိရအောင် ဆင်ပြောင်ကြီးနဲ့ စမ်းသပ်တယ်။ နောက်တော့မှ စိတ်ချလက်ချ ယုံသွားတယ်ပေါ့။ အသောကမင်းဟာ စေတီပေါင်း (၈၄၀၀၀) ပူဇော်ပွဲကို မဟာစေတီမှာ ကျင်းပပါတယ်။ ပြီးတော့ ဂင်္ဂါမြစ်ကမ်းတလျောက် ဆီမီးတွေ ညှိထွန်းပြီး ဘုရားရှင်ကို ပူဇော်တော်မူတယ်။ ရဟန်းသံဃာတော်အပြည့် လူပရိသတ်အပြည့်နဲ့ ပူဇော်ပွဲကြီးကို ချိမ့်ချိမ့်သဲ ကျင်းပပါတော့တယ်။ လောကပညတ္တိကျမ်းအရ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက် ကျင်းပတယ်လို့ ဆိုပါပေမယ့် မြန်မာပြန် ဇိနတ္ထပကာသနီကျမ်းမှာတော့ ခုနစ်လ၊ ခုနစ်ရက် လို့ပဲ ရေးသားထားတယ်။

အလှူပွဲနေ့မှာ မာရ်နတ်နဲ့ ရှင်ဥပဂုတ္တတို့ ပညာပြိုင်ကြတယ်။ မာရ်နတ်က မီးငြိမ်းအောင် မုန်တိုင်း ဖန်တီးတယ်။ ရေမိုး၊ သဲမိုး၊ ခဲမိုးတွေ ရွာချတယ်။ ရှင်ဥပဂုတ္တက ကာကွယ်လိုက်တယ်။ မာရ်က ဆီမီးစင်ကို တိုက်လှဲမယ်ဆိုပြီး ကျွဲကြီးကို ဖန်ဆင်းပြီး ခွေ့မယ်လုပ်တော့ ရှင်ဥပဂုတ္တက ကျား ဖန်ဆင်းပြီး ပြန်လည် တိုက်ခိုက်တယ်။ မာရ်နတ်က ခေါင်း (၇) လုံးနဲ့ နဂါးလို ဖန်ဆင်းရင် ရှင်ဥပဂုတ္တက ဂဠုန်လို ဖန်ဆင်းတယ်။ မာရ်နတ်က ဘီလူးလို ဖန်ဆင်းရင် သူ့ထက်ကြီးတဲ့ ဘီလူးဖြစ်အောင် ဖန်ဆင်းပြီး မာရ်နတ်ကို အနိုင်ယူတယ်။ နောက်တော့ မာရ်နတ်က သူမနိုင်မှန်းသိတော့ အချိုသပ်တဲ့ အနေနဲ့ လူငယ်လို ဖန်ဆင်းပြီး ရှင်ဥပဂုတ္တကို လာပြီး ကန်တော့တယ်။ အဲဒီတော့ ရှင်ဥပဂုတ္တက ပုပ်ဟောင်ပြီး လောက်တွေတက်နေတဲ့ ခွေးသေကောင်ပုပ်ကို လည်ပင်းမှာ ဆွဲပေးလိုက်တယ်။ ပြီးတော့ ဘယ်သူမှ ချွတ်လို့ မရပါစေသတည်းလို့ အဓိဋ္ဌာန်လိုက်တယ်။ မာရ်နတ်က သိကြားမင်းဆီ ပြေးပြီး အချွတ်ခိုင်းတယ်။ တခြား တန်ခိုးကြီး နတ်တွေကို အချွတ်ခိုင်းတယ်။ ဗြဟ္မာကြီးတွေကို အချွတ်ခိုင်းတယ်။ ဘယ်သူမှ ချွတ်မပေးနိုင်မှန်း သိမှ ရှင်ဥပဂုတ္တဆီ ပြန်လာပြီး သူမှားပါပြီ ဆိုပြီး ဝန်ချတောင်းပန်တယ်။

ရှင်ဥပဂုတ္တလည်း ခွေးသေကောင်ပုပ်ကို ချွတ်ပေးလိုက်ပြီး မာရ်နတ်ကို ခါးပန်းကြိုးနဲ့ တောင်ကြီးတစ်တောင်မှာ ချည်ထားလိုက်တယ်။ အသောကမင်းရဲ့ အလှူပြီးမှ ပြန်လွှတ်ပေးမယ်ပေါ့။ အလှူပြီးတဲ့အခါမှာ ရှင်ဥပဂုတ္တက ဖမ်းချုပ်ထားတဲ့ မာရ်နတ်ကို သွားတွေ့ပါတယ်။ မာရ်နတ်က မထေရ်ကို တွေ့တဲ့အခါမှာ အပြစ်တင်ရင်း ငြီးငြူရှာတယ်။ ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းက သူအနေနဲ့ ဘုရားရှင်ကို နည်းမျိုးစုံနဲ့ နှောက်ယှက် ဒုက္ခပေးဖူးပါတယ်။ ဒါပေမယ့် ဘုရားရှင်ဟာ ဘယ်တုန်းကမှ သူ့ကို နာကျင်အောင် ဒဏ်ခတ် အပြစ်ပေးခြင်း မရှိခဲ့ဖူးဘူး။ သူရဲ့ တပည့်သား သာဝကတွေကျတော့ သူ့လို မေတ္တာကရုဏာ မထားနိုင်ဘဲ သူတစ်ဖက်သားကို နှိပ်စက်ကလူ ပြုနေကြတော့တယ်။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူး တယ်ကြီးမားလှပါလားလို့ တမ်းတပြီး ဘုရားဆု ပန်လိုက်တယ်။ ရှင်ဥပဂုတ္တဟာ မာရ်ကို ကျော့ကွင်းက လွှတ်ပေးပြီး ဘုရားရှင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖူးတွေ့လိုကြောင်းနဲ့ ဖန်ဆင်းပြဖို့ မာရ်နတ်ကို တောင်းခံတော့ မာရ်နတ်ကလည်း ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကို ဖန်ဆင်းပြခဲ့တယ်။

ရှင်ဥပဂုတ္တ အကြောင်းကို လောကပညတ္တိကျမ်းမှာ ဖော်ပြထားတာဟာ အခုဆို ကုန်သလောက်ပါပဲ။ အသေးစိပ် အချက်အလက်တချို့ကိုတော့ ချန်ထားခဲ့ပြီး ဖတ်ချင်ရင် ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ ကျမ်း နောက်ဆုံးပိုင်းနားမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီ လောကပညတ္တိကျမ်းမှာ ရှင်ဥပဂုတ္တနဲ့ ပတ်သက်ပြီး ငယ်စဉ်ဘဝ အကြောင်းနဲ့ နေ့စဉ် လှုပ်ရှားနေထိုင်မှု အကြောင်း လုံးဝ ဖော်ပြထားတာ မပါပါဘူး။ အဓိကက အသောကမင်းကြီးရဲ့ မဟာစေတီ ပူဇော်ပွဲနဲ့ ဆက်စပ်သလောက်ပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှင်ဥပဂုတ္တ ဘယ်လို ပရိနိဗ္ဗာန် စံသလဲ (သို့) လုံးဝ မသေဘဲ တောင်သမုဒ္ဒရာမှာ သီတင်းသုံးနေသလား စတာတွေကို လုံးဝ ဖော်ပြထားခြင်း မရှိဘူး။ ဒါကြောင့် ခိုင်မာတဲ့ ကျမ်းစာအထောက်အထားအရ လုံးဝ မသိနိုင်ဘူးလို့ ဆိုရမှာပဲ။ ရှင်ဥပဂုတ္တရဲ့ ငယ်ဘဝနဲ့ ပတ်သက်ပြီး သိနိုင်တဲ့ ဇာတ်လမ်းသုံးမျိုး ရှိပါသေးတယ်။ အဲဒါတွေက ကျမ်းဂန် အထောက်အထား မရှိတာကြောင့် ဇာတ်သဘောဆန်ဆန်ပါပဲ။ ဇာတ်လမ်းပမာ နားဆင်စရာပေါ့။

ပထမဇာတ်လမ်းက ဘုရားရှင် ပရိနိဗ္ဗာန် စံပြီး နှစ်နှစ်ရာ အလွန် ရာဇဂြိုဟ်ပြည်ကနေ စရပါ့မယ်။ ရာဇဂြိုဟ်အနီးက ရွာကြီးတစ်ရွာမှာ တံငါသည်တစ်ယောက်ဟာ ရွှေရောင်ငါးကြီးတစ်ကောင် ဖမ်းမိလာတယ်။ ငါးကြီးက သေနေပေမယ့် သူ့ဗိုက်ထဲမှာ လှုပ်နေတာ မြင်ရတော့ ငါးကြီး တစ်ခုခုကို မျိုထားတာဖြစ်မယ် ဆိုပြီး ဗိုက်ခွဲကြည့်ကြတယ်။ ဗိုက်လည်း ခွဲလိုက်ရော အထဲမှာ အင်မတန် ချစ်စရာ ကောင်းတဲ့ မွေးကင်းစ ကလေးမလေး တစ်ယောက်ကို တွေ့တယ်။ ဒီသတင်းကို ရာဇဂြိုဟ် ဘုရင်က ကြားတော့ သမီးလေးမြင်တာနဲ့ ချစ်ခင်စိတ်ဖြစ်ပြီး သမီးတော်အဖြစ် မွေးစားလိုက်တယ်။ ဘုရင်မှာက သားသမီး မထွန်းကားဘူး။ ဒီတော့ သမီးအရင်းလို ချစ်ရှာပြီး အဲဒီ ကလေးမကို မစ္ဆဒေဝီ (ငါးမင်းသမီး) လို့ နာမည်ပေးလိုက်တယ်။ မစ္ဆဒေဝီဟာ ရုပ်ရည် အင်မတန် ချောမောလှပပေမယ့် အတိတ်ဘဝက အကုသိုလ်ကံကြောင့် ပါးစပ်က အပုပ်နံ့ ထွက်နေတယ်။ ဘယ်လောက်ပဲ ဆေးဆေး၊ ဘယ်လိုပဲ ကုကု အနံ့က မပျောက်ဘူး။ ကြီးလာလေ ပိုချောလာလှလာလေ၊ အပုပ်နံ့က ပိုပျင်းလာလေ ဖြစ်လာတယ်။ နောက်ဆုံး ဘုရင်ကြီးလည်း စိတ်ပျက်ပြီး မစ္ဆဒေဝီကို ဖောင်ပေါ်တင်ပြီး ရေမျောချလိုက်တော့တယ်။

ဖောင်ဟာ ရေထဲမျောပါရင်း တိုင်းပြည်တစ်ပြည်ရောက်လို့ ကမ်းကပ်လိုက်ရင် အဲဒီတိုင်းပြည်က ဘုရင်တွေဟာ မစ္ဆဒေဝီရဲ့ အလှကြောင့် တော်ကောက်ကြတယ်။ မကြာပါဘူး။ အနံ့မခံနိုင်တာနဲ့ မြစ်ထဲ ပြန်မျောခံရပြန်တာပဲ။ ဒီလိုနဲ့ မျောလိုက် ဆယ်ခံရလိုက်နဲ့ မျောနေလိုက်တာ ရသေ့ကြီး ဥပကို တွေ့ထဲအထိပဲ။ ရသေ့ကြီး ဥပဟာ ဆယ်ယူပြီး သူ့သမီးတစ်ယောက်လို စောင့်ရှောက်ရှာတယ်။ ထူးဆန်းတာက ရသေ့ကြီးဆီလည်း ရောက်ရော မစ္ဆဒေဝီရဲ့ အနံ့ဆိုးတွေ အားလုံး ပျောက်သွားတယ်။ ရသေ့ကြီးက မစ္ဆဒေဝီကို သမီးအရင်းလို စောင့်ရှောက်နေပေမယ့် မစ္ဆဒေဝီကတော့ ရသေ့ကြီးကို ရာဂစိတ်နဲ့ တွယ်တာနေမိတယ်။ ကာမစပ်ယှက်မှု လုံးဝမရှိပေမယ့် အဲဒီ တွယ်တာစိတ်ကြောင့် မစ္ဆဒေဝီမှာ ကိုယ်ဝန်ရလာခဲ့တယ်။ နောက်တော့ သားလေးတစ်ယောက် မွေးဖွားလာပြီး ရသေ့ကြီး ဥပရဲ့ စောင့်ရှောက်မှု (ဂုတ္တ) အောက် နေထိုင်ရလို့ ကလေးငယ်ကို ဥပဂုတ္တ လို့ မှည့်ခေါ်ကြတယ်။ ကလေးဟာ တောထဲမှာ ကြီးပြင်းရပြီး ပင်ကိုယ်သဘာဝကိုပဲ ရိုင်းစိုင်းပြီး ခက်ထန်ကြမ်းတမ်းတယ်။

သမီး မစ္ဆဒေဝီနဲ့ ဥပဂုတ္တတို့ရဲ့ ရှေ့ရေးကို ကြိုတင် သိမြင်နေတဲ့ ရသေ့ကြီးက ရာဇဂြိုဟ်ကို ပြန်ကြဖို့ အကြံပြုတယ်။ ဒါနဲ့ မစ္ဆဒေဝီနဲ့ ဥပဂုတ္တတို့ဟာ ရာဇဂြိုဟ်ပြည်ကို ပြန်လာကြပြီး သတင်းကြားတဲ့ ဘုရင်ကြီးကလည်း သမီးတော်အဖြစ် ပြန်လည် လက်ခံလိုက်တယ်။ ဘုရင်ကြီးမှာ ထီးနန်းအရိုက်အရာအတွက် ဆက်ခံမယ့်သူ မရှိသေးတာကြောင့် ဥပဂုတ္တကို မြင်တဲ့အခါမှာ သူ့မြေးတော် အဖြစ်နဲ့ အိမ်ရှေ့စံ ရာထူးကို အပ်နှင်းဖို့ ရည်ရွယ်ထားမိတယ်။ ဒီသတင်းကို သမီးတော် မစ္ဆဒေဝီကို ပြောပြတော့ မစ္ဆဒေဝီက လုံးဝ သဘောမတူဘူး။ ဥပဂုတ္တဟာ တစ်နေ့ ရဟန္တာ ဖြစ်လာလိမ့်မယ်လို့ ရသေ့ကြီးက ပြောဖူးထားတာကြောင့် ဥပဂုတ္တကို ရဟန်းပဲ ဖြစ်စေချင်သတဲ့။ ဒါနဲ့ သားအဖနှစ်ယောက် စကားများကြတော့ တန်ခိုးကြီး နတ်တစ်ပါးက ရောက်လာပြီး ဥပဂုတ္တလေးကို မ ချီပြီး မိုးပေါ် ပျံတက်သွားတယ်။ မိုးပေါ်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားတဲ့ ဥပဂုတ္တလေးဟာ သေမလား ရှင်မလား မသိတဲ့ သူ့ဘဝကို သံဝေဂရပြီး အနိစ္စသညာနဲ့ တရားမှတ်လိုက်တာ မိုးပေါ်မှာတင်ပဲ အဘိဉာဉ်ရ ရဟန္တာ ဖြစ်သွားတယ်။ သူမျက်စိမှိတ်ပြီး သမာပတ်ဝင်စားရာကနေ ဖြုတ်ပြီး မျက်စေ့ဖွင့်ကြည့်လိုက်တော့ သူဟာ သမုဒ္ဒရာရဲ့ အပေါ်မှာ ရောက်နေပြီ။ ဒါနဲ့ သူလည်း နတ်ရဲ့ လက်ထဲကနေ ရုန်းထွက်ပြီး သမုဒ္ဒရာထဲမှာ အခန့်သင့် မြင်နေရတဲ့ ကြေးပြသာဒ်ပေါ် သွားပြီး သတင်းသုံးနေလိုက်တော့တယ်။ အခုအချိန်ထိ ရာသက်ပန်ပဲ ဆိုပါတော့။

ဒုတိယဇာတ်လမ်းဟာ ၁၉၃၀မှာ ရန်ကုန် မောင်မောင်စိုး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ရှင်ဥပဂုတ် ဆိုတဲ့ ဇာတ်ကားက လာပါတယ်။ မစ္ဆဒေဝီကို သမီးတော်အဖြစ် မွေးစားပြီး ပါးစပ်က အနံ့ဆိုးထွက်တဲ့ အထိ အတူတူပါပဲ။ အခုလို အနံ့ဆိုး ထွက်တာကြောင့် ပင်လယ်စောင့်နတ်က ပြုစားထားလို့ ဖြစ်ရမယ်ဆိုတာ ယုံကြည်တဲ့ အတွက်ကြောင့် ဘုရင်ကြီးဟာ ကြေးပြသာဒ်ကြီးတစ်ဆောင် လုပ်ပြီး ပြသာဒ်ပေါ်ကို လှူဖွယ် စားဖွယ် ပစ္စည်းတွေ တင်စေပါတယ်။ ပြီးတော့ "ပင်လယ်စောင့်နတ်ကြီးကို ပူဇော်ပါတယ်။ သမီးတော်ကို အကောင်းပကတိ ဖြစ်အောင် စောင့်ရှောက်တော်မူပါ" ဆိုပြီး မြစ်ထဲ မျောချ ပူဇော်လိုက်တယ်။ ကြေးပြသာဒ်ကြီး ပင်လယ်ထဲ ရောက်လောက်ပြီ ဆိုတဲ့ အချိန် (၁၆ နှစ်အရွယ်) မှာပဲ မစ္ဆဒေဝီရဲ့ ပါးစပ်က အနံ့အသက်ဟာလည်း ပျောက်ကင်းသွားတယ်။ ဒါနဲ့ ဘုရင်နဲ့ သမီးတော် မစ္ဆဒေဝီတို့ဟာ သံဃာတွေ ပင့်ဖိတ်ပြီး အလှူကြီး ပြုလုပ် လှူဒါန်းကြတယ်။

ရာဇဂြိုဟ်ရဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဥပ အမည်ရှိတဲ့ သတို့သားတစ်ယောက်ဟာ ကျောင်းသားအနေနဲ့ ပညာသင်နေတယ်။ သူက မစ္ဆဒေဝီရဲ့ သတင်းတွေ ကြားနေရတော့ အင်မတန်မှ မြင်ဖူးချင်နေတယ်။ မတွေ့ခင်ကတည်းက အရူးအမူး စိတ်ဝင်စားနေတယ်။ ဒါကြောင့် အလှူပွဲနေ့မှာ မစ္ဆဒေဝီကို အနီးကပ် ကြည့်ရအောင် သူဟာ ဘုန်းကြီး ဟန်ဆောင်ပြီး ဆွမ်းခံ သံဃာတန်းနဲ့ လိုက်ပါသွားတယ်။ ဥပနဲ့ မစ္ဆဒေဝီ အနီးကပ် တွေ့ကြတဲ့အခါမှာ မစ္ဆဒေဝီကလည်း မြင်ရတဲ့ ဥပ အပေါ် အတိုင်းမသိ တပ်မက်စိတ် ဖြစ်လာတယ်။ ဥပ ရဲ့ အမူအရာတွေကလည်း မမှန်တာကြောင့် မစ္ဆဒေဝီဟာ သူ့ကို သံသယ ဝင်လာပြီး လက်ကို အတင်း ဖမ်းဆုပ်ထားတော့တယ်။ အဖမ်းဆုပ်ခံထားရတဲ့ ဥပ ကလည်း မလုံမလဲ ဖြစ်ပြီး အတင်းရုန်းလို့ အလှူပွဲနေရာကနေ ထွက်ပြေးသွားတယ်။ ဒါကို အဝေးက မြင်နေရတဲ့ လုံခြုံရေးတွေက မသင်္ကာလို့ ဥပ နောက်ကို တကောက်ကောက်လိုက်ပြီး အခြေအနေကို လိုက်အကဲခတ်ကြတယ်။

အဲဒီလို လက်ကို ဆုပ်ကိုင်ပြီး တပ်မက်စိတ် ဖြစ်ကြရုံနဲ့ မစ္ဆဒေဝီမှာ ကိုယ်ဝန်ရလာတယ်။ ဒါကို ဘုရင်သိတော့ သမီးကို မေးစစ်တယ်။ သမီးကလည်း စာရိတ္တ ဖောက်ပြားမှု မရှိကြောင်း ငြင်းတယ်။ နောက်ပြီး သံသယရှိတဲ့ ဥပ ကိုလည်း ဖမ်းဆီးပြီး မေးစစ်ပြန်တယ်။ ဥပ အနေနဲ့လည်း မစ္ဆဒေဝီကို မြင်ဖူးရုံ မြင်ဖူးတာကိုး။ နောက်ဆုံး ဘယ်လိုမှ မေးစစ်လို့ မရတော့ ဘုရင်ကြီးက စိတ်ဆိုးပြီး ဥပ ကို သေဒဏ်ပေးတယ်။ မစ္ဆဒေဝီကို နယ်နှင်ဒဏ် အနေနဲ့ တောထဲ ပစ်ဖို့ အမိန့်ချလိုက်တယ်။ ဥပကို သေဒဏ်ပေးမယ့် နေ့မှာ သူ့ သူငယ်ချင်းက သတင်းကြားလို့ လာကယ်တယ်။ ဒါပေမယ့် မအောင်မြင်ဘဲ သူပဲ အသတ်ခံလိုက်ရတယ်။ သူသေတော့ ချက်ချင်းပဲ နတ်ဖြစ်သွားပြီး သေဒဏ်ပေးခံရမယ့် သူငယ်ချင်း ဥပ ကို သတိရသွားတယ်။ ဒါနဲ့ နောက်တစ်ခါ နတ်တန်ခိုးနဲ့ လာကယ်ပြီး မစ္ဆဒေဝီ ရှိတဲ့ တောထဲကို ပို့ပေးလိုက်တယ်။ ဥပ နဲ့ မစ္ဆဒေဝီ တောထဲမှာ အတူနေကြရင်း ဥပဂုတ္တလေးကို မွေးဖွားတယ်။ ထူးဆန်းတာက ဥပဂုတ္တဟာ ပုံမှန်မဟုတ်ဘဲ နားပေါက်ကနေ မွေးဖွားလာတာ ဖြစ်တယ်။

ထူးထူးခြားခြား နားကနေ သားကလေးမွေးတဲ့ မစ္ဆဒေဝီ အကြောင်းဟာ မကြာခင်မှာပဲ ရာဇဂြိုဟ်မှာ ပျံ့နှံ့သွားတယ်။ ဒီသတင်းကို ကြားတော့ ဘုရှင်ကြီးဟာ ထီးမွေနန်းလျာအတွက် မစ္ဆဒေဝီတို့ မိသားစုကို ပြန်ခေါ်ဖို့ စီစဉ်တော့တယ်။ အဲဒီအချိန်မှာ ဥပ နေခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ကလည်း ဒီသတင်းကို ကြားတယ်။ သူတို့ သားလေး ဥပဂုတ္တဟာ တော်တန်ရုံကလေး မဟုတ်ဘူး ဆိုတာလည်း သိတော့ ကလေးကို သူ့ကျောင်းမှာ ခေါ်ယူစောင့်ရှောက်မယ် ဆိုတဲ့ အကြံနဲ့ မစ္ဆဒေဝီတို့ဆီ လိုက်လာကြတယ်။ ဘုရင်နဲ့ ဘုန်းကြီး ဆုံကြတော့ ကလေး လုကြပြီပေါ့။ တစ်ယောက်က အိမ်ရှေ့အရာပေးပြီး ဘုရင်ဖြစ်စေချင်တယ်။ နောက်တစ်ယောက်က တရားစာပေ သင်ကြားပေးပြီး ရဟန္တာ ဖြစ်စေချင်တယ်။ သူတို့နှစ်ယောက် အခြေအတင် လုနေတဲ့ အချိန်မှာ ဥပ ကို ကယ်ပေးခဲ့တဲ့ နတ်သား သူငယ်ချင်း ပေါ်လာပြီး အကြံတစ်ခု ပေးတယ်။ "ဒီတောထဲက တစ်နေရာမှာ ကန်တစ်ကန် ရှိတယ်။ အဲဒီ ကန်ထဲ ပစ်ချလိုက်တဲ့ ကလေးဟာ သူအနာဂတ်ဖြစ်ရမယ့် လူကြီးဘဝအတိုင်း လူကြီးဖြစ်ပြီး ရေပေါ် ပြန်ပေါ်လာလိမ့်မယ်။ အဲဒီတော့ မင်းမြောက်တန်ဆာနဲ့ ပေါ်လာရင် ဘုရင်ကြီးက ခေါ်သွားပေါ့။ ရဟန်းဝတ်နဲ့ ပေါ်လာရင် ဘုန်းကြီးက ခေါ်သွားပေါ့လို့" အကြံပေးတယ်။

နတ်သား အကြံပေးတဲ့အတိုင်း ဥပဂုတ္တလေးကို ရေကန်ထဲ ပစ်ချလိုက်တာ ရဟန်းဝတ်နဲ့ ပြန်ပေါ်လာတော့တယ်။ ရိုးရိုး ရဟန်းတောင် မဟုတ်ဘဲ အဘိဉာဉ်ရ ရဟန္တာ အဖြစ်နဲ့ ပြန်ပေါ်လာတာ ဖြစ်တယ်။ အဲဒီတော့ ဘုရင်ကြီးလည်း အရှုံးပေးပြီး ပြန်ကြွသွားတယ်။ စောင့်ရှောက်စရာ မလိုတော့တာကြောင့် ဘုန်းတော်ကြီးလည်း ပြန်ကြွသွားပါတယ်။ အဲဒီအချိန်မှာ ရှင်ဥပဂုတ္တဟာ ဘယ်မှာ သီတင်းသုံးရင် ကောင်းမလဲလို့ စိတ်ကူးလိုက်တဲ့အခါ အာရုံထဲမှာ ကြေးပြသာဒ်ကြီး ပေါ်လာတယ်။ သူ့အမေ ငယ်ငယ်က ပင်လယ်စောင့်နတ်ကို ပူဇော်ထားတဲ့ ကြေးပြသာဒ်ဟာ အခုဆို တောင်သမုဒ္ဒရာအလယ်မှာ ရောက်နေတာပေါ့။ ဒါနဲ့ ရှင်ဥပဂုတ္တလည်း အဲဒီ ကြေးပြသာဒ်ကို ကြွသွားပြီး ရာသက်ပန် သီတင်းသုံးနေပါတော့တယ်။

လာအိုနဲ့ ထိုင်းမှာ ခေတ်စားတဲ့ နောက်ဇာတ်လမ်းတစ်မျိုး ရှိပါသေးတယ်။ အဲဒီ ဇာတ်လမ်းမှာ ရှင်ဥပဂုတ္တရဲ့ အမေဟာ ငါးကနေ မွေးတာ မဟုတ်ဘဲ သူကိုယ်တိုင်က ရေသတ္တဝါက မွေးတာ ဖြစ်နေတယ်။ နောက်ပြီး အထူးခြားဆုံးက ရှင်ဥပဂုတ္တရဲ့ အဖေဟာ ဥပ မဟုတ်ဘဲ ဂေါတမ ဘုရားရှင် ဖြစ်နေတဲ့ အချက်ပါပဲ။ ဂေါတမ ဘုရာရှင်ဟာ တစ်နေ့အခါမှာ ဂင်္ဂါမြစ်ရေထဲ သူရဲ့ သုတ်သွေးတွေကို ဆေးကြော သန့်စင်တယ်။ အဲဒီ အချိန်မှာ ရေသူမ တစ်ယောက် (ငါး၊ နဂါး ဇာတ်လမ်း သုံးမျိုးကွဲ) ဟာ အဲဒီ သုတ်သွေးတွေကို မျိုစားပြီး ကိုယ်ဝန်ရပါတော့တယ်။ နောက်တော့ ဥပဂုတ္တလေးကို မွေးဖွားပြီး အရွယ်ရောက်တဲ့အခါမှာ ဘုရားရှင်ဆီမှာ ရဟန်းခံရင်း တရားကျင့်စေပါတယ်။ ရဟန္တာဖြစ်ပြီးတဲ့နောက် တောင်သမုဒ္ဒရာ အောက်ထဲမှာ ရာသက်ပန် သီတင်းသုံး နေပါတော့တယ်။ (ဒီဇာတ်လမ်းဟာ ထေရဝါဒ ရှုထောင့်၊ ဝိနည်းရှုထောင့်ကနေ ကြည့်ရင် မဖြစ်နိုင်ဆုံး ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ဒါပေမယ့် အခုချိန်ထိ လာအိုနဲ့ ထိုင်း တချို့ဒေသတွေမှာ ဒီအတိုင်း ယုံကြည်နေကြဆဲပါ။)

ကိုးကား -
1. On the Versions of the Upagupta Legend: Episode of Māra's Conversion (Yamasaki Kazuho)
2. The Legend and Cult of Upagupta - John S Strong
၃။ ဇိနတ္ထပကာသနီကျမ်း - ကျီးသဲလေးထပ်ဆရာတော်
၄။ ဓမ္မရေးရာ ပဒေသာပေါင်းချုပ် - ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ)

ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၁)

29 January 2018

"ရှင်ဥပဂုတ်ဆိုတာ ထေရဝါဒ ဗုဒ္ဓဘာသာမှာ ရှိတာ မဟုတ်ဘူး။ အဲဒီ မဟာယာနတွေရဲ့ ထွင်လုံးပဲ။ ထေရဝါဒ မှန်ရင် မကိုးကွယ်သင့်ဘူး။ မရှိခိုးသင့်ဘူး။"

ဒီစကားတွေကို ထေရဝါဒ စစ်စစ်ပါ သန့်သန့်ပါ ဆိုတဲ့ လူတွေ မကြာခဏ ပြောလေ့ရှိကြပါတယ်။ ထေရဝါဒ စစ်စစ်ပါ ဆိုတဲ့ စာရေးဆရာတွေကလည်း ပုံစံမျိုးစုံနဲ့ ဝေဖန်ပြီး ရေးခဲ့ကြတယ်။ အဲဒါတွေ ငယ်ငယ်ကတည်းက နားရည် ဝနေခဲ့တာ။ မနေ့က ရှင်ဥပဂုတ်အကြောင်း ရှင်းပြပေးပါဦး ဘုရားလို့ တောင်းဆိုလာမှ ငယ်ငယ်က ရှိခဲ့တဲ့ အာသီသတစ်ခုကို ပြန်သတိရမိတယ်။ "ရှင်ဥပဂုတ်ဟာ မဟာယာနရဲ့ ဇာတ်လမ်းတစ်ပုဒ် ဆိုရင် မဟာယာနတွေကရော ရှင်ဥပဂုတ်ကို ဘယ်လိုမြင်သလဲ" ဆိုတာ သိချင်ခဲ့တဲ့ အာသီသပါ။ ဝိဝါဒ ဖြစ်တဲ့အခါမှာ ဘက်မလိုက်မိဖို့ သိပ်အရေးကြီးပါတယ်။ တကယ်ဆို ငယ်ငယ်ကတည်းက ထေရဝါဒဘက်က တင်ပြတဲ့ စာတွေချည်း ဘက်လိုက်ပြီး ဖတ်ခဲ့ရတာ။ ဒါကြောင့် ဘက်မျှသွားအောင် မဟာယာနရဲ့ ကျမ်းစာတွေမှာ မှတ်တမ်းတင်ထားတဲ့ ရှင်ဥပဂုတ်အကြောင်းကို လိုက်လံဖတ်ရှုခဲ့ပါတယ်။


စာဖတ်သူ အနေနဲ့လည်း ဘက်မျှပြီး တွေးနိုင်သွားအောင် ဒီစာကို အပိုင်း (၃) ပိုင်း ခွဲပြီး တင်ပြပါ့မယ်။ မဟာယာနကျမ်းစာလာ ရှင်ဥပဂုတ် အကြောင်းကို အပိုင်း (၁) အနေနဲ့ အရင်ဆုံး ဖော်ပြပါ့မယ်။ နောက်မှ ထေရဝါဒ ကျမ်းစာလာ ရှင်ဥပဂုတ် အကြောင်းကို အပိုင်း (၂) အနေနဲ့ ရေးပြီး အပိုင်း (၃) မှာမှ ဝိဝါဒပေါ် အခြေခံပြီး စာရေးသူရဲ့ သုံးသပ်အမြင်လေး တင်ပြချင်ပါတယ်။ စာဖတ်သူ အနေနဲ့လည်း ပထမ အပိုင်း နှစ်ပိုင်းကို အခြေခံပြီး များများ စဉ်းစားပါ။ များများ သုံးသပ်ပါ။ မှန်ခြင်း မှားခြင်းက အရေးမကြီးပါဘူး။ သုံးသပ်ရာမှာ အချက်အလက် စုံဖို့ပဲ အရေးကြီးတာပါ။

(၁) မဟာယာနကျမ်းလာ ရှင်ဥပဂုတ္တ (Upagupta)

ရှင်ဥပဂုတ္တဟာ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲတစ်ခု ဖြစ်တဲ့ သဗ္ဗတ္ထိဂိုဏ်း (Sarvāstivāda) မှာ အင်မတန်မှ ကျော်ကြား ထင်ရှားတဲ့ ရဟန္တာတစ်ပါး ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံ ဓမ္မာသောက မင်းကြီး လက်ထက်မှာ သဗ္ဗတ္ထိ ဗုဒ္ဓဘာသာဂိုဏ်းရဲ့ လေးဆက်မြောက် ဂိုဏ်းချုပ်ဆရာတော် အနေနဲ့ တာဝန် ထမ်းဆောင်ပါတယ်။ သူရဲ့ အရှေ့ ဂိုဏ်းချုပ် သုံးပါးက (၁) ရှင်မဟာကဿပ၊ (၂) ရှင်အာနန္ဒာ၊ (၃) ရှင်သာဏကဝါသီ တို့ ဖြစ်ပါတယ်။  ရှင်မဟာကဿပ နဲ့ ရှင်အာနန္ဒာတို့ သက်တော်ထင်ရှား ရှိစဉ်တုန်းမှာ သံဃာဂိုဏ်း မကွဲသေးလို့ သဗ္ဗတ္ထိဂိုဏ်း ဆိုတာလည်း မပေါ်သေးပါဘူး။ ဒါပေမယ့် သဗ္ဗတ္ထိဂိုဏ်းသားတွေက ဒီနှစ်ပါးကို ကြည်ညိုလွန်းလို့ရယ် သူတို့ရဲ့ လမ်းစဉ်အတိုင်း လိုက်နာကျင့်ကြံကြတဲ့ ဂိုဏ်းဂဏ ဖြစ်တာကြောင့်မို့ သူတို့ရဲ့ အဦးအစ ခေါင်းဆောင်တွေ အဖြစ်နဲ့ သတ်မှတ်ထားခဲ့ကြတာပါ။

ရှင်ဥပဂုတ္တရဲ့ အကြောင်းကို သက္ကဋဘာသာနဲ့ ရေးသားထားတဲ့ ကျမ်းစာ အနှံ့အပြားမှာ တွေ့ရနိုင်ပါတယ်။ သက္ကဋကျမ်းစာတွေအပြင် တရုတ်နဲ့ တိဗက် ကျမ်းစာတွေမှာလည်း အများအပြား တွေ့ရတယ်။ အဲဒီ ကျမ်းစာတွေထဲမှာက ဒိဗျာဝါဒါန (Divyāvadāna) ကျမ်းမှာ အတော်စုံစုံလင်လင် ဖော်ပြထားပါတယ်။ တရုတ်ဘာသာကျမ်းတွေဖြစ်တဲ့ အသောကရာဇာဝါဒါန (Asokarājāvadāna) ကျမ်းနဲ့ အသောကရာဇသုတ္တန် (Asokarāja Sūtra) မှာလည်း ရှင်ဥပဂုတ္တရဲ့ ဇာတ်ကြောင်း အတော်များများ တွေ့ရပါတယ်။ ရှင်ဥပဂုတ္တအကြောင်း အစောဆုံး တွေ့ရတဲ့ ကျမ်းစာကတော့ အပဒါနဇာတက (Avadānaśataka) ကျမ်းမှာ ဖြစ်ပါတယ်။ ရှင်ဥပဂုတ္တ အကြောင်းကို ဖော်ပြရာမှာ အတိတ်ဘဝ ဇာတ်ကြောင်း၊ ဗျာဒိတ်ခန်း နဲ့ အသောကမင်းလက်ထက် စသဖြင့် အမျိုးစုံအောင် တွေ့နိုင်တယ်။

တစ်နေ့သောအခါ ဂေါတမဘုရားရှင်ဟာ ရှင်အာနန္ဒာတို့နှင့်အတူ မဓုရာမြို့ (ဒီအချိန်အထိ Mathura လို့ပဲ ခေါ်ဆဲပါ။ Uttar Pradesh ရဲ့ မြို့တစ်မြို့ ဖြစ်ပါတယ်) ကို ကြွချီတော်မူတယ်။ ဥရုမုဏ္ဍတောင်ခြေ ရောက်တဲ့အခါမှာ တောင်ကို လက်ညှိုးထိုးပြီး ရှင်အာနန္ဒာကို မိန့်တော်မူပါတယ်။ "ငါဘုရား ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်း တစ်ရာကျော် ကြာတဲ့အခါမှာ မဓုရာမြို့က နံ့သာကုန်သည်ရဲ့သား ဥပဂုတ္တအမည်ရတဲ့ သူငယ်ဟာ သာဏကဝါသီ (Sāṇakavāsin) မထေရ်ရဲ့ ထံတော်ပါးမှာ ရဟန်းခံပြီး ရဟန္တာအဖြစ်ကို ရောက်လိမ့်မယ်။ ရှင်သာဏကဝါသီဟာ ဒီဥရုမုဏ္ဍတောင်ပေါ်မှာ ကျောင်းတော်တည်ဆောက်ပြီး ရှင်ဥပဂုတ္တဟာ သူ့ဆရာရဲ့ အရိုက်အရာကို ဆက်ခံပြီး ဒီတောင်မှာပဲ ဆက်ပြီး သာသနာပြုလိမ့်မယ်။  ရှင်ဥပဂုတ္တ ကိုယ်တိုင် အရဟတ္တဖိုလ်ကို ရရှိတဲ့အပြင် တပည့်ပေါင်း များစွာကိုလည်း ရဟန္တာဖြစ်အောင် သွန်သင်ဆုံးမ သွားပြီး ငါဘုရားရဲ့ သာသနာ့အမွေကို ဆက်ခံကြပါလိမ့်မယ်။" တရုတ်ကျမ်းဖြစ်တဲ့ အသောကရာဇာဝါဒါနကျမ်းမှာတော့ "ရှင်ဥပဂုတ္တဟာ ငါ့ဘုရား သာသနာမှာ ဝိပဿနာ သင်ကြားပေးတဲ့ ဆရာတွေထဲမှာ အသာဆုံး အမြတ်ဆုံး ဖြစ်တယ်" လို့ အပို ဖော်ပြထားပါတယ်။ မှတ်ချက် ။   ။ ပါဠိတော် ကျမ်းဂန်များအရ အင်္ဂုတ္တရနိကာယ်၊ ပဉ္စကနိပါတမှာ ဘုရားရှင် မဓုရာမြို့ကို ကြွချီကြောင်း ပြဆိုထားတယ်။ ဒါပေမယ့် ဗျာဒိတ်ပေးကြောင်း တစ်စုံတရာ မတွေ့ရပါဘူး။

နောက်ထပ် ဇာတ်လမ်းတစ်ပုဒ်မှာ ရှင်ဥပဂုတ္တရဲ့ အတိတ်ဇာတ်လမ်း တစ်ပုဒ်ကို ဖော်ပြထားတယ်။ တစ်ခုသော ဘဝက ဥရုမုဏ္ဍတောင်ပေါ်မှာ မျောက်မင်း ဖြစ်ပါသတဲ့။ ဒီမျောက်မင်းဟာ အသက်ရလာတော့ သူ့ထက်ငယ်တဲ့ သန်မာတဲ့ မျောက်ငယ်တစ်ကောင်ရဲ့ အာဏာလုခြင်းကို ခံရတာကြောင့် တစ်ကောင်တည်း ထွက်ပြေးလာရတယ်။ တစ်နေရာ အရောက်မှာ ပစ္စေကဗုဒ္ဓ အပါး (၅၀၀) ကို ဖူးမြင်ရတာကြောင့် စားစရာ သောက်စရာတွေ ရှာဖွေဆက်ကပ် လှူဒါန်းပါတယ်။ ပစ္စေကဗုဒ္ဓ အရှင်မြတ်တွေဟာ ဆွမ်းကိစ္စ ပြီးကြတော့ အဲဒီ နေရာမှာပဲ တရားရှုမှတ်ပြီး သမာပတ် ဝင်စားကြတယ်။ ဒါကို မျောက်မင်းက မြင်တော့ သဘာကျပြီး သူပါ အတုယူ တရားထိုင်တော့တယ်။ ပစ္စေကဗုဒ္ဓ အရှင်မြတ်တွေဟာ သမာပတ်က ထတော့ သူတို့ရဲ့ သက်တမ်းက ကုန်ပြီလို့ သိတာနဲ့ လေထဲကို ကြွတက်ပြီး လေထဲမှာပဲ ခန္ဓာမီးလောင်ကျွမ်းရင် ပရိနိဗ္ဗာန် စံတော်မူကြတယ်။ မျောက်မင်းဟာ စိတ်မကောင်းကြီးစွာနဲ့ပဲ အဲဒီ နေရာကတော့ စွန့်ခွာလာခဲ့တယ်။

နောက်တစ်နေရာ ရောက်တော့ ပုဏ္ဏား (၅၀၀) ကို ထပ်တွေ့တယ်။ သူတို့ အဲဒီ ပုဏ္ဏား ငါးရာကိုလည်းပဲ အသီးတွေ ရေတွေ ရှာပေးပြီး လှူဒါန်းတယ်။ သူတို့တွေ စားသောက်ပြီးတော့ မျောက်မင်းကပဲ ဦးဆောင်ပြီး ပစ္စေကဗုဒ္ဓတွေ လုပ်သလို တရားထိုင်ပါတော့တယ်။ အဲဒီ ပုဏ္ဏား ငါးရာဟာ မျောက်မင်း ငြိမ်သတ်ပြီး တရားထိုင်နေတာကို မြင်တော့ မျောက်မင်းရဲ့ ငြိမ်းချမ်းမှုကို အားကျပြီး သူတို့လည်း မျောက်မင်းလို အတုခိုးပြီး တရားထိုင်တော့တယ်။ မကြာခင်မှာပဲ ပုဏ္ဏား ငါးရာဟာ အသိထူး ဉာဏ်ထူးတွေ ရပြီး ပစ္စေကဗုဒ္ဓတွေ ဖြစ်ကုန်ကြတယ်။ မျောက်ဘဝနဲ့တောင် ဝိပဿနာကို ဒီလို လမ်းညွှန်ပြနိုင်ခဲ့တဲ့ ရှင်ဥပဂုတ္တဟာ လူဘဝ ရဟန်းဘဝ ရဟန္တာအဖြစ်နဲ့ ကမ္မဋ္ဌာနစရိယ ကောင်းတစ်ပါး ဖြစ်ကြောင်း ချီးမွမ်းပြောဆိုတဲ့ အတိတ် ဇာတ်လမ်း တစ်ပုဒ်ပေါ့။

ဒိဗျာဝါဒါနကျမ်းမှာ ရှင်ဥပဂုတ္တရဲ့ လက်ရှိဘဝ ဇာတ်လမ်းတွေကို အတော်လေး ပြည့်ပြည့်စုံစုံ ဖော်ပြထားပါတယ်။ ရှင်ဥပဂုတ္တရဲ့ ဆရာဖြစ်မယ့် ရှင်သာဏကဝါသီ မထေရ်ဟာ ဘုရားရှင်ရဲ့ ဗျာဒိတ်တော်ကို သိနှင့်နေခဲ့တယ်။ နောက်ပြီး မဓုရမြို့က နံ့သာကုန်သည် ဂုတ္တဟာ ရှင်ဥပဂုတ္တရဲ့ အဖေ ဖြစ်လာလိမ့်မယ် ဆိုတာလည်း သိနှင့်ပြီး ဖြစ်ပါတယ်။ ဒါကြောင့် ရှင်သာဏကဝါသီ မထေရ်ဟာ နံ့သာကုန်သည် ဂုတ္တဆီကို သွားတွေ့ခဲ့တယ်။ တကယ်လို့ ဂုတ္တအနေနဲ့ သားမွေးခဲ့ရင် ရှင်သာဏကဝါသီက သူ့ဆီ အကြောင်းကြားဖို့ သူ့ဆီ လွှတ်ပေးဖို့ သူ့ဆီ တပည့်ခံဖို့ ကတိတောင်းပါတယ်။ ကုန်သည် ဂုတ္တကလည်း လွယ်လွယ် ကတိပေးလိုက်တယ်။

ဒီလိုနဲ့ သားတစ်ယောက် မွေးလာတော့ ဂုတ္တက မစွန့်ချင်တော့ဘူး။ သူ့ စီးပွားရေး လုပ်ငန်းအတွက် ဆက်ခံမယ့် အမွေခံသားက လိုသေးတာကိုး။ ဒါကြောင့် မသိချင်ယောင် ဆောင်နေလိုက်တော့တယ်။ ရှင်သာဏကဝါသီ မထေရ်ကလည်း အဘိဉာဉ်နဲ့ ကြည့်လိုက်တော့ အဲဒီ ကလေးက ဥပဂုတ္တ ဖြစ်မယ့်သူ မဟုတ်မှန်း သိလို့ မသိသလိုပဲ ငြိမ်နေလိုက်တယ်။ ဒီလိုနဲ့ သား နောက်တစ်ယောက် ထပ်မွေးပြန်တယ်။ အဖေ ဖြစ်သူကလည်း မပေးရက်ဘူး။ မထေရ်ကြီးကလည်း ဥပဂုတ္တ မဟုတ်မှန်းသိလို့ မတောင်းဆိုဘူး။ နောက် တတိယမြောက်သား မွေးမှ မထေရ်ဟာ ဥပဂုတ္တလေးမှ သိလို့ ကုန်သည် ဂုတ္တနဲ့ လာတွေ့ပါတယ်။ ဦးဂုတ္တက ဒီသားကိုလည်း မပေးချင်ဘူး။ ကတိပေးထားတာလည်း ရှိလေတော့ မသက်သာတဲ့အဆုံး ခေါင်းညိတ်လိုက်ရတယ်။ ဒါပေမယ့် ချွင်းချက်တော့ ရှိတယ်။ အရှုံးအမြတ် မရှိရင် ပေးမယ် တဲ့။

ဒီလိုနဲ့ ဥပဂုတ္တလေး အရွယ်ရလာတော့ မိဘရဲ့ လက်ငုတ်လက်ရင်း စီးပွားရေးကိုပဲ လိုက်လာခဲ့တယ်။ တစ်နေ့တော့ ရှင်သာဏကဝါသီ မထေရ်ဟာ နံ့သာဆိုင် ကြွလာပြီး ဥပဂုတ္တလေးကို လာတွေ့ပါတယ်။ တွေ့ပြီး ဝိပဿနာ ရှုမှတ်နည်းကို သင်ကြားပေးတယ်။ လောဘနဲ့ အခြေတည်ရတဲ့ စီးပွားရေးသမား တစ်ယောက်အနေနဲ့ တစ်နေ့တစ်နေ့ လောဘဇောတိုက်ရင်း စိတ်တွေ ညစ်နွမ်းနေတာကို မြင်နိုင်အောင် ဝိပဿနာ သင်ကြား ပေးခဲ့တယ်။ စိတ်ကို ဖြူစင်အောင် ကြည်လင်အောင် တည်ငြိမ်အောင် ဝိပဿနာနဲ့ ဘယ်လို ရှုမှတ်ရမယ် ဆိုတွေပါ ကျကျနန သွန်သင်ပေးခဲ့တယ်။ ဥပဂုတ္တလေးကလည်း ဆရာမထေရ် သင်ကြားပေးတဲ့အတိုင်း အသေအချာ ကြိုးစားရှုမှတ်လိုက်တာ စိတ်တွေ တည်ငြိမ်လာပြီး ကြည်လင်တဲ့အဆင့် ဖြူစင်တဲ့အဆင့် ရလာတယ်။ ဒီအခါမှာ သီလ ဆိုတာရဲ့ အရေးပါမှုကိုလည်း ထင်မြင်လာတယ်။

စီးပွားရေးကလည်း ကောင်း၊ အရွယ်ကလည်း ကောင်း ဆိုတော့ မြို့မှာ နာမည်လည်း ကြီးလာတာပေါ့။ အဲဒီမြို့က ဝါသဝဒတ္တာ (Vāsavadattā) ဆိုတဲ့ ပြည့်တန်ဆာက ဥပဂုတ္တလေးကို ကြိုက်ကြွေနေတာပေါ့။ သူက တွေ့ချင်လွန်းလို့ နည်းမျိုးစုံနဲ့ ကြိုးစားပေမယ့် ဥပဂုတ္တကလည်း လုံးဝ အတွေ့မခံဘူး။ ရှောင်နေခဲ့တယ်။ ဒါပေမယ့် တစ်နေ့တော့ ဝါသဝဒတ္တာ ဟာ ဒုစရိုက်မှုတစ်ခုကြောင့် ခြေ၊ လက်၊ နှာခေါင်း၊ နားရွက် ဖြတ်ပြီး အပြစ်ပေးခံရတယ်။ အားလုံး ဖြတ်ပြီး သုသာန်မှာ ပစ်ထားကြတာပေါ့။ ဥပဂုတ္တလေးဟာ အဲဒီ သတင်းကြားတော့မှ သုသာန်ကို သွားပြီး ဝါသဝဒတ္တာကို နောက်ဆုံးအနေနဲ့ သွားတွေ့ခဲ့တယ်။ ဥပဂုတ္တဟာ ဝါသဝဒတ္တာကို တွေ့တဲ့အခါမှာ နာကျင်မှုတွေကြားက ဝေဒနာကို ဝိပဿနာရှုဖို့ သင်ကြားပြသပေးလိုက်တယ်။ သင်ကြားရင်း သုသာန်ထဲမှာပဲ သူရော ဝိပဿနာရှု၊ ဝါသဝဒတ္တာရော ဝိပဿနာရှုကြတယ်။ အဲဒီ သုသာန်မှာပဲ ဝါသဝဒတ္တာဟာ သောတာပန် တည်ပြီး ဥပဂုတ္တလေး အနာဂါမ် တည်ပါတယ်။ အဲဒီအချိန်က ဥပဂုတ္တလေးရဲ့ အသက်က (၁၇) နှစ်လို့ ဆိုပါတယ်။

သား ဥပဂုတ္တလေးဟာ အနာဂါမ်ဖြစ်သွားပြီ ဆိုတော့ အဖေဂုတ္တဟာလည်း မတားမြစ်နိုင်တော့ဘူး သာသနာ့ဘောင်ထဲကို ဝင်ခွင့် ပြလိုက်ပါတယ်။ ဒီလိုနဲ့ ဥပဂုတ္တလေးဟာ ရှင်သာဏကဝါသီ မထေရ်ကို ဥပဇ္ဈာယ်ပြုပြီး ဥရုမုဏ္ဍတောင် နဋဘဋိကတောရမှာ သာမဏေဘဝ ရောက်ရှိခဲ့တယ်။ ဒီမှာ သိရမှာက ရှင်သာဏကဝါသီ မထေရ်ဟာ သဗ္ဗတ္ထိဂိုဏ်းရဲ့ လက်ရှိ ဂိုဏ်းချုပ် ဖြစ်ပါတယ်။ ဥပဂုတ္တကလည်း သူ့ရာထူး ဆက်ခံနိုင်မယ့် အမျိုးကောင်းသား ရယ်လို့ သိနေတာကြောင့် မွေးကတည်းက ထိန်းသိမ်း စောင့်ရှောက် သွန်သင်နေခဲ့တာ ဖြစ်ပါတယ်။ သာသနာ့ဘောင်ထဲ ရောက်ပြီးတော့လည်း ဝိပဿနာကို ဆက်လက် သင်ကြားပြသ ပေးခဲ့တာကြောင့် အဘိဉာဉ် (၆) ပါးနဲ့တကွ ရဟန္တာအဖြစ်ကို မကြာခင်ပဲ ရရှိပါတယ်။ ရှင်ဥပဂုတ္တဟာ ကိုယ့်ကိစ္စ ပြီးတဲ့အခါမှာ သာသနာပြုလုပ်ငန်း စတင်တဲ့အနေနဲ့ တခြားသော ရဟန်းယောဂီတွေကို ဝိပဿနာ တရား အားထုတ်နည်း သင်ကြား ပြသပေးတယ်။

ဒီလို သင်ကြား ပြသပေးတဲ့အခါမှာ ယောဂီတွေကို မာရ်နတ်က လာလာပြီး နှောင့်ယှက်တော့တယ်။ ယောဂီတွေ အဆင်မပြေ ဖြစ်နေတာကို သတိထားမိတော့ ရှင်ဥပဂုတ္တဟာ အဘိဉာဉ်ကို ကြည့်ရှုလိုက်တယ်။ မာရ်နတ် နှောင့်ယှက်နေတာ တွေ့တော့ ပညာပေးမှ ဖြစ်မယ် ဆိုပြီး ပန်းကုံးတစ်ကုံး မာရ်နတ်ကို ကမ်းပေးလိုက်တယ်။ မာရ်နတ်ရဲ့ ခေါင်းမှာ စွပ်ပေးတယ်။ မာရ်ကလည်း ပန်းကုံးပဲ ထင်ပြီး လက်ခံတယ်။ ပန်းကုံးဟာ သူ့အသားနဲ့ ထိတာနဲ့ ခေါင်းပေါ်မှာ မြွေသေကောင်ပုပ်၊ လည်ပင်းမှာ ခွေးသေကောင်ပုပ်၊ ပခုံးတစ်ဖက်တစ်ချက်မှာ လူသေကောင်ပုပ် အနေနဲ့ တွဲလဲ ချိတ်နေကြတော့တယ်။ မာရ်နတ်နဲ့ တန်ခိုးလောက်နဲ့ ဖယ်ရှားလို့လည်း မရပြန်ဘူး။ အတော်လေး စိတ်ဆင်းရဲပြီး ဘုရားရှင်ကို သတိရလာတယ်။ ဘုရားရှင် သက်ရှိထင်ရှား ရှိစဉ်က ကောသမ္ဗီပြည်မှာ မာရ်နတ်က ဒုက္ခပေးဖူးခဲ့တာကိုး။ မာရ်နတ်က ဘယ်လိုတွေးသလဲ ဆိုတော့ အော် ရှင်ဥပဂုတ္တထက် အဆပေါင်းများစွာ စွမ်းတဲ့ ဘုရားဟာ သူ့ကို ဒုက္ခပေးတာတောင်မှ ဘာမှ မတုန့်ပြန်ဘဲ မေတ္တာရှေ့ထားတော်မူတယ်။ တယ်လည်း မေတ္တာကြီးသကိုး လို့ ပြန်အောက်မေ့ရင် ဘုရားပေါ် ကြည်ညိုစိတ်တွေ တဖွားဖွား ပေါ်လာတော့တယ်။ ဒီလိုနဲ့ ရှင်ဥပဂုတ္တကို နောက်မလုပ်တော့ကြောင်း တောင်းပန်တော့ သူ့လည်ပင်းက အကောင်ပုပ်တွေ ပျောက်ကုန်ပါတယ်။ ရှင်ဥပဂုတ္တကလည်း မာရ်ကို သူတွေ့ဖူးခဲ့တဲ့ ဘုရားရှင်ရဲ့ ရုပ်ပုံတော်အတိုင်း ဖန်ဆင်းပြဖို့ တောင်းဆိုတယ်။ ဒါနဲ့ မာရ်ဟာ ဘုရားရှင်နဲ့ ပုံတူ ဖန်ဆင်းပြခဲ့တယ်။

ရှင်ဥပဂုတ္တဟာ အရဟတ္တဖိုလ် ရပြီးနောက်ပိုင်းလည်း နဋဘဋတောရမှာ အရညကင်ဓုတင် ဆောက်တည်ပြီး ရာသက်ပန် သီတင်းသုံး သွားခဲ့ပါတယ်။ နဋဘဋတောရ တည်ရှိတဲ့ ဥရုမုဏ္ဍတောင်ဟာ ဆိုရင် အင်မတန် တောနက်ပြီး သားရဲတိရစ္ဆာန်ကအစ ရှိတာကြောင့် လူသူ အရောက်အပေါက် အင်မတန် နည်းပါတယ်။ ရှင်ဥပဂုတ္တဟာ ဓမ္မသင်ကြား ပြသမှုမှာ အောင်မြင်နေတာကြောင့် သူရဲ့ ဆရာ ရှင်သာဏကဝါသီဟာ ကျောင်းတိုက်ကို ရှင်ဥပဂုတ္တကို လွှဲအပ်တော်မူပြီး ကက်ရှ်မီးယားဘက်ကို ထွက်ခွာသွားပါတယ်။ ရှင်ဥပဂုတ္တဟာ တရားဓမ္မတွေ ဝိပဿနာတရားတွေကို သင်ကြားပြသရင်း ခြိုးခြံနေထိုင်ခြင်း၊ ရသမျှနဲ့ ရောင့်ရဲခြင်း၊ အစားအသောက်တွင် မမက်မောခြင်း စတဲ့ တောရဆရာတော်တွေရဲ့ ထုံးအတိုင်း စံနမူနာ နေထိုင်သွားခဲ့တယ်။

ရှင်ဥပဂုတ္တဟာ ဝိပဿနာ သင်ကြားပြသရာမှာ ဆရာကောင်းတစ်ပါး ဖြစ်တာကြောင့် သူရဲ့ သင်ကြားပြသနဲ့ ပတ်သက်တဲ့ သာဓကတွေကို မဟာယာနကျမ်းစာတွေမှာ နေရာအနှံ့အပြား တွေ့နိုင်ပါတယ်။ သူရဲ့ စံပြုထိုက်တဲ့ အနေအထားတွေ အကြောင်းကိုလည်း သက္ကဋကျမ်းစာတွေ တရုတ်တိဗက်ကျမ်းစာတွေမှာ အတော်များများ တွေ့နိုင်တယ်။ နောက်ပိုင်း တတိယမြောက် ဂိုဏ်းချုပ်ဖြစ်တဲ့ ဆရာ ရှင်သာဏကဝါသီ မထေရ် တောထွက်သွားတဲ့နောက်မှာ ရှင်ဥပဂုတ္တမထေရ်ကို သဗ္ဗတ္ထိဂိုဏ်းရဲ့ စတုတ္ထမြောက် ဂိုဏ်းချုပ်အဖြစ်နဲ့ တင်မြောက်ခဲ့ကြပါတယ်။

အသောကမင်းကြီးနဲ့ စပြီး တွေ့ပုံကို ဒီလို မှတ်တမ်းတင်ထားပါတယ်။ ရဟန္တာပေါင်း (၁၈၀၀၀) နဲ့ ဥရုမုဏ္ဍတောင်မှာ သီတင်းသုံးနေတဲ့ ရှင်ဥပဂုတ္တ အကြောင်းကို အသောကမင်းကြီး ကြားတော်မူတဲ့အခါမှာ အင်မတန်မှ ဖူးတွေ့လိုတယ်။ ဒါကြောင့် အသောကမင်းဟာ မဓုရာအထိ သွားတွေ့ဖို့ ကြံစည်လေရဲ့။ ဒါကို အတွင်းဝန်က သဘောမတူပါဘူး။ သဘောမတူဆို ပါဋလိပုတ်ကနေ မဓုရာကို အဝေးကြီး သွားရမှာကိုး။ နောက်ပြီး အန္တရာယ်လည်း များတာကြောင့် တားမြစ်ပါတယ်။ ဒါနဲ့ ရှင်ဥပဂုတ္တကို ပါဋလိပုတ် ကြွလာဖို့ ပင့်လျှောက်တော့တာပေါ့။ ရှင်ဥပဂုတ္တကို လှေနဲ့ ပါဋလိပုတ်ကို ကြွလာပြီး မင်းကြီးကိုယ်တိုင် လှေဆိပ်မှာ လာရောက် စောင့်ကြိုပါတယ်။ အဲဒီအချိန်မှာ အသောကမင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ပြီးပြီလို့ ယူဆရမှာပါ။ တရုတ်ကျမ်းမှာတော့ ရှင်ဥပဂုတ္တရဲ့ စွမ်းဆောင်မှုကြောင့် အသောကမင်းဟာ ဗုဒ္ဓဘာသာ ဖြစ်ခဲ့ရတယ်လို့ အမွှမ်းတင်ထားပါတယ်။ အသောကမင်းနဲ့ တွေ့ကြတဲ့အခါမှာ သာသနာရေး ကိစ္စတွေ ဆွေးနွေးကြပြီး စေတီတည်ချင်ကြောင်း ရှင်ဥပဂုတ္တကို လျှောက်တယ်။ ရှင်ဥပဂုတ္တကလည်း အဘိဉာဉ်နဲ့ ကြည့်ပြီး ဘုရားရှင်နဲ့ ရှင်မဟာမောဂ္ဂလန်လို့ အဂ္ဂသာဝကကြီးတွေ မဟာသာဝကကြီးတွေရဲ့ ဓာတ်တော်တွေ အများအပြား မထိန်းမသိမ်းရသေးဘဲ ရှိသေးကြောင်း မင်းကြီးကို ပြန်ပြောပါတယ်။ ဒါနဲ့ ရှင်ဥပဂုတ္တရဲ့ အကူအညီနဲ့ ဓာတ်တော်တွေကို ပြန်ရှာပြီး စေတီပေါင်းများစွာ တည်တော်မူပါတယ်။

ရှင်ဥပဂုတ္တဟာ သူ့ကို ဆက်ခံမယ့် ရှင်ဓီတိက (Dhītika) ကို ရဟန်းဖြစ်ချိန်ကနေ စပြီး အသေအချာ သွန်သင်ပြသ ပေးခဲ့တယ်။ သူမရှိတော့တဲ့အချိန်မှာ ပဉ္စမမြောက် ဂိုဏ်းချုပ်အဖြစ်နဲ့ ရှင်ဓီတိကကို လျာထားတာပါ။ ရှင်ဓီတိကလည်း ဉာဏ်စဉ်တွေ အဆင့်ဆင့်တက်ပြီး ရဟန်းကိစ္စ ပြီးဆုံးပြီ (ရဟန္တာ ဖြစ်ပြီ) ဖြစ်ကြောင်း ဆရာ့ကို ကြေညာနိုင်ခဲ့တယ်။ ဒီသတင်းကို ကြားရပြီတဲ့နောက်မှာ ရှင်ဥပဂုတ္တဟာ သူရဲ့ သက်တမ်းကို ကြည့်လိုက်တော့ (၇) ရက်ပဲ ကျန်ရှိပါတော့တယ်။ ဒါကြောင့် သူရဲ့ တပည့်သာဝကတွေကို သူ ဘယ်နေ့မှာ ပရိနိဗ္ဗာန် စံဝင်တော့မည့် အကြောင်း အများသိအောင် ကြေညာလိုက်တယ်။ သတ်မှတ်တဲ့ နေ့ရက်မှာ ရဟန္တာပေါင်း (၁၀၀၀၀) နဲ့ သာဝက ယောဂီပေါင်းများစွာဟာ ရှင်ဥပဂုတ္တမထေရ်ကို နောက်ဆုံး ဖူးမျှော်ဖို့ ရောက်ရှိနေကြတယ်။ ရှင်ဥပဂုတ္တဟာ ပရိသတ်ကို တရားဟောကြားပါတယ်။ အချိန်စေ့တဲ့အခါမှာ မိုးပေါ်ကို ပျံကြွပြီး တန်ခိုးပါဋိဟာ ပြပြီး ခန္ဓာမီးလောင်ကျွမ်းပြီး ပရိနိဗ္ဗာန် စံဝင်သွားတယ်။ တပည့် ရဟန္တာ အပါး (၁၀၀၀) လည်း ရှင်ဥပဂုတ္တ ပရိနိဗ္ဗာန် စံဝင်ပြီး ပြာကျသွားတာနဲ့ သူတို့လည်း ပရိနိဗ္ဗာန် စံဝင်ကုန်ကြတယ်။ ရှင်ဥပဂုတ္တရဲ့ ကြွင်းကျန်ခဲ့တဲ့ ဓာတ်တော်များကို ဓာတုစေတီ တည်ထားကိုးကွယ်ခဲ့ကြပါတယ်။ အခု ရှင်ဥပဂုတ္တရဲ့ ပရိနိဗ္ဗာန် စံဝင်တဲ့အကြောင်းကို အသောကရာဇာဝါဒါနကျမ်းမှာ အသေးစိပ် ဖော်ပြရေးသားထားပါတယ်။

အပိုင်း (၁) အနေနဲ့ အနှစ်ချုပ်ရမယ် ဆိုရင် (၁) ရှင်ဥပဂုတ္တ ဆိုတာ သမိုင်းအရ အမှန်တကယ် တည်ရှိခဲ့ဖူးတဲ့ ပုဂ္ဂိုလ်တစ်ဦး ဖြစ်ပါတယ်။ (၂) အသောကမင်းလက်ထက် သဗ္ဗတ္ထိဂိုဏ်းရဲ့ ဂိုဏ်းချုပ်တစ်ဦး ဖြစ်ပါတယ်။ (၃) ရှင်ဘုရင်ကိုယ်တိုင် အင်မတန် ကြည်ညိုကြောင်း မှတ်တမ်းတင်ထားတယ်။ (၄) တစ်သက်တာလုံး ရှင်မဟာကဿပ မထေရ်ကြီးလို တောရဆောက်တည်သွားတဲ့ အရညကင် ဓုတင်ဆောင် ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ်။ (၅) အနေအထိုင် သိပ်သည်းပြီး ရောင့်ရဲတင်းတိမ် ခြိုးခြံနေထိုင်သွားတယ်။ ဆိတ်ငြိမ်ရာကို နှစ်သက်ပြီး လူမှုအရှုပ်အထွေးတွေနဲ့ ကင်းကင်းရှင်းရှင်း နေတော်မူခဲ့တယ်။ (၆) မဟာယာန အစဉ်အဆက်က ရှင်ဥပဂုတ္တကို အင်မတန် ကြည်ညိုပြီး ဝိပဿနာ သင်ကြားပြသတဲ့ နေရာမှာ သူမတူအောင် စံထားထိုက်တဲ့ ပုဂ္ဂိုလ်အဖြစ် လက်ခံကြတယ်။ (၇) သူရဲ့ သွန်သင်ပြသမှုကြောင့် ဘာသာပြောင်းလာတဲ့သူ အများအပြား ရှိကြောင်း၊ ရဟန္တာအများအပြား မွေးထုတ်ပေးနိုင်ကြောင်း ယုံကြည်ကြတယ်။ (၈) အဆုံးတစ်နေ့မှာ လူသားတစ်ယောက်လိုပဲ သေခြင်းတရားနဲ့ ရင်ဆိုင်တွေ့ပြီး ပရိနိဗ္ဗာန် စံဝင်သွားခဲ့တယ်။ (၉) အသိသင့်ဆုံးအချက်က သဗ္ဗတ္ထိဂိုဏ်းဆိုတာ ဂိုဏ်းကြီး (၁၈) ဂိုဏ်းထဲမှာ ထေရဝါဒ အုပ်စုထဲကပါ။ သက္ကဋမှတ်တမ်းထဲပါလို့ မဟာယာနပဲလို့ ဆုံးဖြတ်ဖို့ အတော် ခက်ပါလိမ့်မယ်။

နောက် အပိုင်း (၂) အနေနဲ့ ထေရဝါဒ ဗုဒ္ဓဘာသာ ကျမ်းစာတွေအနေနဲ့ ရှင်ဥပဂုတ္တ အကြောင်းကို ဘယ်လို မှတ်တမ်းတင်ခဲ့သလဲ ဆိုတာ ဆက်ပြီး တင်ပြပါ့မယ်။

ကိုးကား -
1. Buddhist Saints in India : A Study in Buddhist Values & Orientations - Reginald A. Ray
2. The Legend and Cult of Upagupta - John S Strong
3. A History of Mindfulness - Bhikkhu Sujato
4. Upagupta, the Fourth Buddhist Patriarch, and High priest of Acoka - L. A. Waddell

ငရဲသွား သဘင်သည်များ

26 January 2018

ဘုရားရှင် ရာဇဂြိုဟ်ပြည် ဝေဠုဝန်ကျောင်းမှာ သီတင်းသုံးနေတဲ့ အချိန်မှာ တာလပုဋ လို့ အမည်ရတဲ့ ဇာတ်ဆရာကြီး တစ်ယောက်က ဘုရားရှင်ဆီ လာပြီး မေးခွန်းတစ်ခု မေးလျှောက်တယ်။

"အရှင်ဂေါတမ၊ လူအများကို ပျော်ရွှင်အောင် ဖျော်ဖြေတတ်တဲ့ သဘင်သည်တွေဟာ သေလွန်ပြီးတဲ့နောက် ပဟာသနတ် ဖြစ်တယ်လို့ သဘင်ဆရာ အစဉ်အဆက်က ပြောဆိုနေကြပါတယ်။ အဲဒီစကားက မှန်ပါသလား။"

"အို တာလပုဋ၊ အဲဒီ မေးခွန်း ငါ့ကို မမေးနဲ့" လို့ တားမြစ်တော်မူတယ်။ (တာလပုဋ အနေနဲ့ နားဝင်မချိုနိုင်တဲ့ အဖြေမျိုး ဖြစ်နေလို့ တားမြစ်ပါတယ်)

ဒါပေမယ့် တာလပုဋကလည်း မမေးနဲ့ဆိုမှ ပိုမေးချင်တာမျိုး ဆိုတော့ ပယ်နေတဲ့ကြားက သုံးကြိမ်သုံးခါ မရမက မေးနေတော့တယ်။ ဒီတော့ လေးကြိမ်မြောက်အမေးမှာ ဘုရားရှင်လည်း အဖြေပေးရတော့တာပေါ့။
"အို တာလပုဋ၊ နဂိုကတည်းကမှ ရာဂ၊ ဒေါသ၊ မောဟ မကင်းကြတဲ့ လူတွေကို ရာဂ၊ ဒေါသ၊ မောဟ ဖြစ်စရာ အာရုံမျိုးစုံနဲ့ ဖြားယောင်းသွေးဆောင်နေတဲ့ သဘင်သည်တွေဟာ မူလ ငြိမ်နေ ငြိမ်းနေတဲ့ မီးတွေကို တောက်လောင်လာအောင် ဆွပေးသလို ဖြစ်နေတယ်။ ဒါကြောင့် သဘင်သည်တွေ သေတဲ့အခါမှာ နတ်ပြည်မဟုတ်ဘူး ပဟာသငရဲကို ရောက်ကြရလိမ့်မယ်။ သဘင်သည်တွေ သေရင် နတ်ပြည်ရောက်မှာပဲလို့ ယုံကြည်နေတာဟာ လွဲမှားတဲ့ အယူမှား မိစ္ဆာဒိဋ္ဌိပဲ။ အဲဒီလို မိစ္ဆာအယူ ရှိတဲ့သူဟာ ငရဲ၊ တိရစ္ဆာန် ဒီလားရာ ဂတိ နှစ်မျိုးပဲ ရှိတော့တယ်။" (ဒီခေတ်လို ဝေ့လည်ကြောင်ပတ်ပြီး နှစ်သိမ့်မနေပါဘူး)
လို့ ဖြေကြားလိုက်တော့ တာလပုဋဟာ ချုံးပွဲချငိုပါတော့တယ်။

"ရှေးဆရာကြီးတွေက မဟုတ်မတရား လှည့်ဖြားပြောတာတွေကို ယုံမှားမိခဲ့လို ငိုရတာပါဘုရား" လို့ ပြန်လျှောက်ပြီး ဘုရားရှင်ထံမှာ ရဟန်းပြုသွားပါတော့တယ်။

သံယုတ္တပါဠိ၊ သဠာယတနဝဂ်၊ တာလပုဋသုတ် ကနေ ထုတ်နှုတ်ထားတာပါ။ ဒီသုတ်ကို အပေါ်ယံ နားလည်ထားရင် သဘင်သည် (အနုပညာရှင်) မှန်သမျှ အကုန် ငရဲ ကျမယ်လို့ ထင်မြင်ယူဆတတ်ကြတယ်။ သေသေချာချာ ပြန်ဖတ်ကြည့်ပါ။ ဘုရားရှင်က တီးမှုတ်ကခုန်၊ သရုပ်ဆောင်ဖျော်ဖြေနေတဲ့ အတွက် ငရဲကျမယ်လို့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမယ့် တီး ဆို က စတဲ့ သဘင်အတတ်တွေဟာ အများအားဖြင့် ကုသိုလ်ရေးဘက်ကို အားမပေးကြတာ အမှန်ဘဲ။ ရှားရှားပါးပါး "ပညာ" ဆိုတဲ့ ကုသိုလ်ရေးဘက် အားပေးတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေလည်း ရှိသေးတာပေါ့။ ဒါကြောင့် လူတွေ ရာဂ ဖြစ်လာအောင်၊ ဒေါသတွေ ထွက်လာအောင်၊ အယူ အမြင်တွေ မှားသွားအောင် လုပ်နေတဲ့ အများစုသော သဘင်သည်တွေဟာ ပဟာနငရဲပဲ ရောက်ကြရလိမ့်မယ်လို့ ဆိုလိုတာပါ။

ဒုတိယအနေနဲ့ သတိထားရမှာက အကုသိုလ်တွေကို အားပေးနေပါလျက်နဲ့ ငါတို့လုပ်တာ ကုသိုလ်ပါလို့ ကိုယ့်ကိုယ်ကိုယ် ကလိန်ဉာဏ်ဆင်ပြီး ညာနေရင်လည်း ငရဲ၊ တိရစ္ဆာန် တစ်ခုခုပဲ လားကြရမယ်လို့ ဟောထားပါသေးတယ်။ ကိုယ်ရဲ့ ဘဝပေး အခြေအနေအရ အသက်မွေးမှုဟာ အကုသိုလ် အလုပ်တွေ ဖြစ်ချင် ဖြစ်နေတတ်ပါတယ်။ ဥပမာ တံငါသည်လို လူမျိုးတွေ၊ မုဆိုးတွေ၊ တောင်သူတွေ (ပိုးမွှားတွေကို သတ်ဖြတ်နေကြရလို့)၊ သားသတ်သမားတွေ၊ .... ။ စတဲ့သူတွေဟာ အကုသိုလ်တွေ လုပ်နေကြတာကို ငါတို့ မလွှဲသာလို့သာ လုပ်ကြရတာ၊ အကုသိုလ်တွေပါလားလို့ သံဝေဂ ရနေရင် ကုသိုလ်စိတ် အထိုက်အလျောက် ဖြစ်နေကြတာမို့ ရှောင်နိုင်တဲ့တစ်နေ့ သူတို့ ရှောင်ဖို့ ကြိုးစားကြဦးမှာပါ။ တကယ်လို့ အဲဒီလူတွေက ငါတို့က အကုသိုလ် လုပ်နေတာမှ မဟုတ်တာ၊ တောင်သူဆိုတာ ထမင်းရှင် ကျေးဇူးရှင်ကွ စတဲ့ မဟုတ်မတော် ကုသိုလ်အဖြစ်နဲ့ မြင်နေကြပြီ ဆိုရင်ဖြင့် အဲဒီ အယူမှားဟာ မူလလုပ်ထားတဲ့ အကုသိုလ်ထက်ကို ပိုဆိုးနေပါလိမ့်မယ်။ အဲဒီလိုလူမျိုးဟာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကို ဘယ်တော့မှ ရှောင်ရှားဖို့လည်း ကြိုးစားတော့မှာ မဟုတ်သလို သံဝေဂ ရဖို့လည်း မဖြစ်နိုင်တော့တာကြောင့် သေလွန်ရင် ငရဲ တိရစ္ဆာန်ပဲ ဖြစ်ရလိမ့်မယ်လို့ ဘုရားရှင်က မိန့်မှာထားတာပါ။

ဒါကို မောင်းထောင် ဦးကျော်လှက သိပ်ကျေနပ်ပုံ မရဘူး။ ဒါကြောင့် သူရေးတဲ့ သံချိုမှာ တောင်သူ ကုန်သည်တွေဟာ သဘင်သည်တွေထက် သာ ဆိုးသေးတယ် ဆိုပြီး ကဗျာရေးပါတော့တယ်။

ဒုစရိုက် ပြုမိုက်ကာ အရွှင်ကြံ၍၊
ဘဝင်ကံ အမြွက်တေးရယ်နှင့်၊
သဘင်ဉာဏ် အသက်မွေးသူတို့၊
ယှက်ထွေးပုံ စာနာချင့်ရင်ဖြင့်၊
ကျမ်းဂန်နှင့်ထောင့်ဖီလာ။
မလိမ္မာ အိမ်ရာထောင်ကြ၊
လူ့ဘောင်မှာ ဒုလ္လဘောရယ်လို့၊
ကောင်းသောဉာဏ် ကုန်သွယ်၍၊
ကောင်းအောင်ကွယ် တောင်သူလုပ်ပေမယ့်၊
ဗုဇ္ဈတိ လိုတော်ကျအောင်ပ၊
ဓမ္မကထာကျမ်းရယ်က၊
ရဟန္တာ နှုတ်တော်မြွက်ခဲ့၊
ကျမ်းထွက်သေချာ။
ကျင့်သမ္မာ အာဇီဝငယ်နှင့်၊
မှီကြရန် အသက်မွေးရမတဲ့၊
ဤမျှမှန် ဓမ္မစက်ပေးခဲ့၊
ရုပ်သေးကို ရှောင်ခွာ၍၊
ကောင်းစွာပင် တောင်သူလုပ်သော်လည်း၊
သမ္မာညီ ဝါဒီချုပ်ပါမှ၊
မဟုတ်ရင် မူအပိုပ၊
အကုသိုလ် ဒုကိုချင်းတော့၊
ဘယ်သင်းမှ မသက်သာ၊
နရက်ရွာ လွတ်ခဲ။
သိပညာ စာအရှိငယ်နှင့်၊
ပါဠိထင်ထင် မြွက်ပါလို့၊
အနက်ကို ဝေဖန်ညှိလိုက်လျှင်၊
ဝိသမံ မတည်ဟောပေတဲ့၊
ဤလောဘမူကြောင့်၊
ပေးအလှူ ဖြောင့်မရိုးပေဘူး၊
တောင်းတင်းမျိုး အထွေထွေနှင့်၊
ကန်သင်းခြေ နင်းလေဖိသည့်အပြင်၊
တအိအိရေကို ယူသည့်၊
ကိုတောင်သူ ဒိန္နဒါန်နှင့်၊
အရင်းမှန် ငွေတစ်မက်၊
တစ်ကျပ်ပါ ရုဠှီတင်၍၊
လေးချိန်ခွင် လည်ဆယ်ကြံကြ၊
ဝါဏိဇံ မောင်မုသားတို့၊
စားကြ တစ်ပုံစီမို့၊
ထုံဝသီ လွယ်လွယ်ပ၊
ကုန်သွယ်ကာ လယ်ယာဖြင့် လုပ်နိုင်ဘူး၊
အရုပ်ကို ကြိုးစံုတပ်ပါလို့၊
သမ္ဖပ္ပလာဉာဏ်နှင့်၊
ကဗျာသံ အရွှင်သွယ်၍၊
သဘင်သည် ဧကန်လုပ်ရပါတော့၊
ကျုပ်တို့ မသကာကျရင်ဖြင့်၊
ပဟာသနယ့်သလောက်ပါပဲ၊
ကယ်ထောင့် ဉာဏ်အမူနှင့်၊
ငါ တောင်သူ ငါကုန်သည်ဟု၊
ရွာယုံဖွယ် ကွက်စုံရိုက်ပါလို့၊
လက်ကုန်နှိုက် ဗရချာမောင်တို့က၊
သမ္မာယောင် ဟန်ဆောင်ပြုပြန်၍၊
သမုဒယံ ခုခံလို့ မကြွားချင်နှင့်၊
အမှု မမှန်လျှင်၊
ဘယ်သူ့အကြံမှ မတရားပါဘူး၊
စတုအပါယံမှာ ပြုသဟာကံနှင့်၊
လားရလိမ့်မယ်ကွယ် ... မှားကြဆင်ကွဲ။
(မောင်းထောင် ဦးကျော်လှ)

ဒါကို ဖတ်မိတော့ မဟုတ်မခံတဲ့ မန်လည်ဆရာတော်ကြီးက လူတွေ အသိမှားမှာ စိုးရိမ်တာကြောင့် ပြန်လည်ချပတဲ့ အနေနဲ့ သံချိုတစ်ပုဒ် ရေးသားတော်မူခဲ့ပြန်တယ်။

အမှားပြုရင်ဖြင့်၊ လားမှု အပါယ်တူပ၊
ဘယ်ဘယ်လူ မတူရပေဘူး၊
ကမ္မငယ် ဒါရဒါနဲ့မို့၊
မသွေလှန် ဧကန်ဖြစ်ပေလိမ့်၊
လမ်းစင်စစ် အမှန်ပင်။
သို့ကထဲ၊ ထူးကွဲပံု တကယ်ဆိုတော့၊
သူ့အလို မှုနဂို မတူကြအောင်ပ၊
ရူးပျော်အောင် သဘာဝတွေနှင့်၊
ရာဂဆို ကိလေမီးတို့ကို၊
ထိန်ညီးအောင် ဘယ်လိုမြိုက်သည့်ပြင်၊
စရိုက်တွေ ကိုယ်ကိုရံလို့၊
မိစ္ဆာဉာဏ် မောမူစိတ်မှာဖြင့်၊
မှောင်ပိတ်အောင် သန်းခေါင်ထက် ကဲကြရော့၊
ပွဲမျှသဘင်။
သူမဆွလေမှ၊ သူဆွလျှင် ဘလောင်ဆန်လို့၊
ပုထုဇဉ် ဉာဏ်မြင်ကန်းသူတို့မှာ၊
ရော်ရမ်းကာ ဘာမထင်ပ၊
ဇာတ်သဘင် ပုံပြင်ကောက်လိုက်လျှင်၊
နတ်ဝင်ကို ဗုံနှင့်မြှောက်သည့်နှယ်၊
ပင့်ထောက်ကူ အမှုတွဲငယ်နှင့်၊
သဘင်သည် လူရင်ရွဲတို့မှာ၊
အားပေးသူ ဥပဒေနှင့် မလွဲတာမို့၊
သည်အကြံ သည်ကံနှင့် မြဲကြရင်ဖြင့်၊
ချုပ်စဲကာ ခန္ဓာကြွေတော့၊
အောက်သံမြေ ဝီစိပုန်းမှာလ၊
အော်အုံအောင် သဘင်ဟန်သို့၊
သင်းသန္တာန် ခံရမြဲငယ်ဟု၊
ကျမ်းထဲမှာ ဧကန်ဖော်လို့၊
မြတ်ရှင်တော် စိန္တေစောငယ်က၊
ဟောမုချ ရွှေခွန်းတင်၊ မွမ်း သဘင်သည်များ။
ထို့အတူ ... ကုန်ရောင်းကုန်ဝယ်လူနှင့်၊
လယ်တောင်သူ နွယ်ဇာတိတို့မှာ၊
ကြိမ်တစ်ခါ အဒိန္နာကံ မုသာ တကယ်ငြိသော်လည်း၊
ဝီစိမှာ ခံရနက်သည်ဟု၊
ဘယ်ကျမ်းစာ လာမထွက်ပါဘူး၊
ရွှင်သည့်မောင် ဝီစိကောင်ထောင်တစ်သက်ကယ်တို့၊
မတူသာ တူသာအောင်၊ ဉာဏ်ရှာ၍ ဘက်ပြန်ခဲ့၊
သက်မွေးဉာဏ် ယဉ်ဟန်ရှိတယ်လို့၊
ရှက်ပြေရုံ သက်သေ မလုံကြံ ပရိငယ်နှင့်၊
ခိုးသေဖော် လာမညှိချင်နှင့်၊ ကွယ် ... မျိုးဝီစိသွား။

 သံချိုများကို "မြန်မာစာပေတိုက်ပွဲများ - မေမြို့မိုးကြည်" စာအုပ်မှ ကူးယူဖော်ပြပါသည်။

အလှူရေစက်

23 December 2017

 
အလှူရေစက် လက်နဲ့ မကွာလို့ မြန်မာစကားပုံအနေနဲ့ ပြောကြပါတယ်။ အဲဒီမှာ အလှူရေစက် ဆိုတာက ပါဠိလို ဒက္ခိဏောဒက လို့ ခေါ်တယ်။ အဓိပ္ပာယ်က "အလှူနဲ့ စပ်ယှဉ်တဲ့ရေ" တဲ့။ နားလည်အောင် နည်းနည်း ရှင်းပြပါ့မယ်။ ဒါန တစ်ခု ပြုတယ် ဆိုကြစို့။ စာအုပ် လှူတယ်ပေါ့။ စာအုပ် လှူတဲ့အခါမှာ ကိုယ်လှူမယ့် စာအုပ်ကို အလှူရှင့် လက်ထဲ ထိုးအပ်ဖို့ ထည့်လှူဖို့ လွယ်တယ်။ ရိုရိုသေသေ ဒူးတုပ်ပြီး လှူရင် သက္ကစ္စဒါန ဖြစ်တယ်။ သင်္ကန်းဆိုလည်း ဒီအတိုင်းပဲ၊ အလှူရှင်ကို ရိုရိုသေသေ လေးလေးလေးစားစား လှူလို့ လွယ်တာကိုး။ ကဲ ဆိုကြပါစို့။ ဗီဒိုကြီး တစ်လုံး လှူမယ် ဆိုရင်ကော၊ သို့မဟုတ် ကျောင်းတစ်ဆောင် ဓမ္မာရုံတစ်ရုံ လှူမယ် ဆိုရင်ကော။ ဒီလို ကျတော့ အလှူရှင်ရဲ့ လက်ထဲ ထိုးအပ်ဖို့ လက်ရောက် အပ်ဖို့ ခက်တော့တာပေါ့။

ဒါကြောင့်မို့လို့ အလှူပစ္စည်းတွေရဲ့ ကိုယ်စား ရေကို အစားထိုးခဲ့ကြတယ်။ ရေသန့်သန့်နဲ့ ဆိုရင် သန့်ရှင်းသော လှူဖွယ်ပစ္စည်းလို့ ယူဆလို့ ရတာပေါ့။ ဒါကြောင့် အဲဒါကို အလှူရေလို့ ခေါ်ပါတယ်။ ရှေးရှေးက ရေစက်ချတဲ့ ပုံက ဒီခေတ်နဲ့ နည်းနည်း ကွဲပါတယ်။ စောနက ပြောခဲ့ပြီးပြီ။ လှူဖွယ်ပစ္စည်းကို ကိုယ်တိုင် လက်ရောက် အပ်နှံလှူဒါန်းတယ်။ ကြီးများတဲ့ များပြားတဲ့ လှူဖွယ်တွေ အတွက်ကျတော့ လှူဖွယ်ပစ္စည်းအစား ရေကို ကိုယ်စားထားတယ်။ အဲဒီနောက် အလှူခံ ပုဂ္ဂိုလ်ရဲ့ လက်ထဲကို ထည့်တယ်ဆိုတဲ့ သဘောနဲ့ အလှူရေကို အလှူခံ ပုဂ္ဂိုလ်ရဲ့ လက်ထဲ လောင်းထည့်ပေးပါတယ်။ အဲဒါ ရေစက်ချတာပါပဲ။ ဒီခေတ်လို ရေစက်ခွက်ထဲ လောင်းထည့်တာ မဟုတ်ပါဘူး။ အလှူခံပုဂ္ဂိုလ်က လက်ခံပြီး အဲဒီလက်ထဲကို အလှူရှင်က အလှူရေ လောင်းချပေးပါတယ်။ အဲဒီလို လှူတဲ့ အကြောင်း ဇာတ်တွေ အများကြီးပါ။ ဥပမာက ဗိမ္မိသာရမင်းကြီးက ဝေဠုဝန်ကျောင်းတော်အား ဘုရားရှင်ကို လှူတဲ့အခါ၊ အနာတပိဏ်သူဋ္ဌေးက ဇေတဝန်ကျောင်းတော်ကို လှူတဲ့အခါ နဲ့ ဝေဿန္တရာမင်းက ဇာဠီနဲ့ကဏှာစိန်တို့ကို ဇူဇကာပုဏ္ဏားထံ လှူတဲ့ အခါမှာ လက်ပေါ် ရေသွန်းလောင်းပြီး လှူကြောင်း အဋ္ဌကထာကျမ်းတွေမှာ ဆိုထားပါတယ်။

ဒီခေတ် ရေစက်ချပုံက လွဲသလား ဆိုတော့လည်း မလွဲပါဘူး။ သာဓကတချို့ ပြပါမယ်။ ဘုရားရှင်ကို ဆွမ်းစားပင့်လို့ ကြွတဲ့အခါမှာ ဆွမ်းဘုဉ်းမပေးခင် ရေစက် အရင်ချတယ်လို့ ဆိုပါတယ်။ ဘယ်လို ချသလဲ ဆိုတော့ ဘုရားရှင်ရဲ့ သပိတ်တော်ထဲကို အလှူရေအဖြစ် စီမံထားတဲ့ ရေတွေ လောင်းသွန်ထည့်ပြီး ရေစက်ချပါသတဲ့။ ဘုရားရှင် မကြွရင်လည်း ဝါအကြီးဆုံး မထေရ်ရဲဘ သပိတ်ထဲကို ရေစက်သွန်းချပြီး လှူပါသတဲ့။ ဒီမှာ ရေက စားဖွယ်သောက်ဖွယ်ခဲဖွယ် အားလုံးကို ကိုယ်စားပြုတဲ့ သဘောပေါ့။ ဒါတွေ အားလုံးကို မထေရ်ကြီးအား လှူပါ၏ ဆိုတဲ့ သဘောနဲ့ မထေရ်ကြီးရဲ့ သပိတ်ထဲကို အလှူရေစက် လောင်းချပေးတာပါ။ ဓမ္မပဒ အဋ္ဌကထာ စူဠပန်ဝတ္ထုမှာ ဖော်ပြထားပါတယ်။ ဒီခေတ်မှာတော့ သပိတ်အစား ရေစက်ခွက်ရယ်လို့ သီးသန့် ပြုလုပ်ထားကြတာပါ။

ဒီတော့ ဘာကြောင့် ရေစက်ချသလဲ ဆိုတာကို နားလည်ရင် ရေစက်ချတာနဲ့ မချတာ ဘာကွာသလဲ ဆိုတာ မှန်းဆရ လွယ်သွားပါပြီ။ ဘာအကျိုးထူးသလဲ ဆိုတာနဲ့ ပတ်သက်ပြီး စူဠဝါအဋ္ဌကထာမှာပါတဲ့ သာဓက ဝတ္ထု တစ်ခု ပြပါဦးမယ်။ ကျောင်းတစ်ကျောင်းကို သင်္ကန်းတွေ အများကြီး လာလှူပါသတဲ့။ သင်္ကန်းတွေကို ရဟန်းတချို့ လက်ထဲ လှူပြီး တခြားရဟန်းဆီမှာ အလှူရေစက်ချ လုပ်တယ်။ ဖြစ်ချင်တော့ အဲဒီကျောင်းမှာ သံဃာနှစ်ဖွဲ့ ကွဲနေကြတယ်။ သင်္ကန်းလက်ဝယ် အလှူခံရတာက တစ်ဖွဲ့၊ ရေစက်ချပေးတာက တစ်ဖွဲ့ ဖြစ်နေတယ်။ လက်ဝယ်ရတဲ့ အဖွဲ့က ရထားတဲ့ သင်္ကန်းတွေကို ခွဲမပေးချင်ဘူး။ နောက်ဆုံး အဓိကရုဏ်းဖြစ်ပြီး ဝိနည်းအဆုံးအဖြတ် ခံယူကြရတယ်။ နောက်ဆုံး ရေစက်ချပေးတဲ့ အဖွဲ့ကလည်း လက်ဝယ်အလှူခံရတာနဲ့ အတူတူ ဖြစ်မို့ တစ်ဝက်စီ ခွဲစေ ဆိုပြီး အဆုံးအဖြတ် ပေးပါတယ်။
ဒီတော့ အချုပ်ပြောရရင် ရေစက်ချတယ် ဆိုတာ ကိုယ်လက်ထဲ ရှိတဲ့ ရေ (အလှူ) ကို အလှူခံ ပုဂ္ဂိုလ်ဆီ အမျှင်မတန်းဘဲ ပြတ်ပြတ်သားသား ချသွန်လှူဒါန်းခြင်းရဲ့ ပြယုဂ်ပါပဲ။ ဒီခေတ်မှာက အလှူကြီးတွေ လုပ်ရင် ဆုတောင်း၊ ရေစက်ချ၊ အမျှဝေ ဆိုတဲ့ အစဉ်အတိုင်း လုပ်နေကြမို့ တစ်ခုချင်းစီရဲ့ အနှစ်သာရကို ဝေဝေဝါးဝါး ဖြစ်နေကြတာ။ ဗုဒ္ဓဝင်ပါတာ ဖတ်ဖူးမယ် ထင်ပါတယ်။ ဗောဓိပင်အောက် သဗ္ဗညုတဉာဏ်ရဖို့ တရားကျင့်နေတဲ့ ဘုရားအလောင်းတော်ကို မာရ်နတ်က နည်းမျိုးစုံနဲ့ ချိန်းခြောက်ပြုစားနေခဲ့တယ်။ ခဏနေတော့ ဘုရားအလောင်းတော်ဟာ ပထဝီမြေကြီးကို လက်နဲ့ ထိပြီး "ငါ ဘုရားဖြစ်ဖို့ ပြုခဲ့တဲ့ ကုသိုလ်တွေနဲ့ ချသွန်ခဲ့တဲ့ ရေစက်တွေ ဘယ်လောက်များခဲ့သလဲ ဆိုတာ ဒီပထဝီမြေကြီးအား သက်သေပြုပါတယ်" လို့လည်း ဆိုလိုက်ရော မြေငလျင် အကြီးအကျယ် လှုပ်ပါလေရော။ မာရ်နတ်နဲ့ အပေါင်းပါတွေလည်း အဲဒါနဲ့ ကြောက်ပြီး အကုန် ပြေးကုန်ကြတယ်။ ဒါကြောင့် တချို့ ရေစက်ချတဲ့ အခါမှာ "အကျွန်ုပ် ချသွန်အပ်သော ဤရေစက်နှင့် ဤမြေကြီးသည် သက်သေအရာ၌ တည်ပါစေသား" လို့ ထည့်ရွတ်တတ်ကြပါတယ်။

ဒါက အလှူရေစက်အကြောင်း အကျဉ်းချုပ် ဖော်ပြတာပါ။ အရှည်ဖတ်ချင်ရင် "မဟာသုတဒီပနီကျမ်း အတွဲ (၃) စာ (၂၂၂) - ဘဒ္ဒန္တ ကုဏ္ဍလ (လယ်တီ)" မှာ လေ့လာကြည့်နိုင်ပါတယ်။

ရေစက်ချတယ် ဆိုတာ ဗုဒ္ဓဘာသာရဲ့ မူပိုင် ထုံးတမ်းစဉ်လာတစ်ခု မဟုတ်ပါဘူး။ ရှေးခေတ် နတ်ကိုးကွယ်မှုကနေ ဆင်းသက်လာတဲ့ ထုံးတမ်းတစ်ခုလို့ ယူဆပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံအနှံ့အပြား ဘာသာအသီးသီး ခေတ်အဆက်ဆက်မှာ ရေစက်ချတဲ့ အခမ်းအနားမျိုးတွေ ရှိနေလို့ပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာရဲ့ ရေစက်ချပုံနဲ့ အယူအဆပိုင်းကတော့ ပြုပြင်ထားတဲ့ ဗုဒ္ဓဘာသာ ထုံးတမ်းတစ်ခု လို့ပဲ ပြောရမယ် ထင်တယ်။ ရေစက်ချတဲ့ အစီအစဉ်ကို အင်္ဂလိပ်လို့ Libation လို့ ခေါ်ပါတယ်။ ဗဟုသုတ ရအောင် wiki link နဲ့ ဓာတ်ပုံတချို့ တွဲတင်ပေးလိုက်ပါတယ်။

အစစအရာရာ အဆင်ပြေကြပါစေ။


https://en.m.wikipedia.org/wiki/Libation

တစ်ကလုတ် တစ်ကလုတ်

14 July 2017


ခွေးထက်မိုက်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲဆိုရေရွတ်နေသော ဆရာသမား၏ အနီးသို့ မျက်နှာငယ်လေးနှင့် ချဉ်းကပ်ရင်း "ဆရာ၊ ကျော်ဘာမှားလုပ်မိလို့လဲ ဆရာရယ်" ဟု မပွင့်တပွင့် မေးလိုက်သည်။ ဒေါက်စိုးက ခေါင်းမော့ကြည့်ရင်း"မင့်း ပြောတာ မဟုတ်ပါဘူးကွာ" ဟု နှစ်သိမ့်၏။ "ဒါဆို ဆရာက ဘယ်သူ့ကို မကျေမနပ် ဖြစ်နေရတာလဲ" ဟူသော အမေးကို "ကိုယ့်ကိုယ်ကိုယ်ပါကွာ" ဟု ဖြေရင်း ဒေါက်စိုးတစ်ယောက် စားပွဲပေါ်မှ စာအုပ်များကို စူးစူးရဲရဲ ကြည့်နေလေတော့သည်။

ဆေးရုံတစ်ရုံတွင် ဖြစ်သည်။ ဆရာဝန်ကြီး round လှည့်နေ၍ ဆေးရုံထဲ လူများ ရှင်းလင်းနေ၏။ အမှန်ဆိုရသော် ထိုဆေးရုံမျိုးသည် ဆရာဝန်ကြီး round လှည့်သည်ဖြစ်စေ မလှည့်သည် ဖြစ်စေ ပုံမှန်အားဖြင့် ဧည့်သည် မရှိသလောက်ပင်။ ဆရာဝန်ကြီး ရောက်တော့မည် ဖြစ်၍ ကိုဆွေတစ်ယောက် ရေးလက်စ စာကို ရပ်ထားပြီး ကုတင်ပေါ်တွင် လှဲလျက် အသင့်စောင့်နေတော့သည်။ ခဏနေ ဆရာဝန်ကြီး ရောက်လာ၍

"ဗျို့ ကိုဆွေ၊ ဘယ်လိုလဲ ဒီနေ့ နေသာထိုင်သာ ရှိရဲ့လား။"
"ရှိပါကောလား ဆရာရယ်။ ကျန်းမာရေး ကောင်းတာနဲ့ အားနေတဲ့ အချိန်တွေ စာထိုင်ရေးနေတာ ဆြာ။"
"ဟေ ဟုတ်လှပါလား။ ဘာများ ရေးသတုန်းဗျ။"
"ဝတ္ထုရှည်တစ်ပုဒ် ဆိုပါတော့ ဆြာ"
ကိုယ့်လူနာအကြောင်း ကိုယ်သိ၍ ဘာမှ မထူးဆန်းသော မျက်နှာပေးနှင့်
"တယ် ဟုတ်ပါလား။ ဘာအကြောင်းတုန်းဗျ။"
"ဗိဿနိုးက ပန်ထွာဘုရင်မကြီးနဲ့ မွန်ဂိုဘုရင် ဂူဗလိုင်ခမ်တို့ အယုဒ္ဓယမှာ စစ်ခင်းကြတုန်းက ဘုရင်မကြီးရဲ့ ကိုယ်ရံတော်တပ်က သူရဲကောင်း ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်း ရေးနေ ..."
ပြောသော စကားပင် မဆုံးသေး။ "အေး ကောင်းတယ် ကောင်းတယ်" ဟု ဖြတ်ပြောရင်း ဆရာဝန်ငယ်များကို လိုအပ်သည်များ မှာကြားပြီး တခြား ကုတင်သို့ ကူးသွားလေတော့သည်။

နောက်တစ်လအကြာတွင်လည်း စာရေးမပြတ်သော ကိုဆွေအား မြင်ရသောအခါ
"ကိုဆွေ၊ ခင်ဗျား ဝတ္ထုက မပြီးသေးဘူးလား။"
"ဒါ နောက်တစ်အုပ် ဆရာ။ အရင် ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်းက ပြီးပြီ။"
"အော် အေးအေး၊ အခုကော ဘာအကြောင်း ရေးသတုန်း" ဟု မေးရင်း လူနာကို စမ်းသပ်မှု ပြုလုပ်နေ၏။
"ပင်းယမင်းခေါင်နဲ့ နောင်တလင်းရတနာသိုက် အကြောင်း ရေးနေတာ ဆြာ"
ဒီလိုနဲ့ နှစ်တွေ ချီလာတယ်။ ကိုဆွေကတော့ စာရေးမပြတ်။ သူ့စားပွဲပေါ်လည်း ဗလာစာအုပ်ပုံကြီး ဟီးလို့။ တာဝန်ကျ သူနာပြုကို မေးကြည့်တော့လည်း တစ်နေ မြင်လိုက်တိုင်း စာရေးနေတာပဲ ဆရာတဲ့။ ကျမတို့တောင် သူ့ကို ဘောပင်အသစ် ဝယ်ဝယ်ပေးနေတာ ငါးခါ ရှိပြီတဲ့။

ဒီလိုနဲ့ ဇွဲကောင်းကောင်းနဲ့ စာရေးနေတဲ့ ကိုဆွေကို ဒေါက်စိုးတစ်ယောက် အတော် စိတ်ဝင်စားသွားတယ်။ အခု ရေးနေတာ (၇) အုပ်မြောက် လုံးချင်း ဝတ္ထု ဆိုပဲ။ စားပွဲပေါ် ပုံထားတဲ့ ဗလာစာအုပ်တွေပဲ အအုပ် (၃၀) လောက် ရှိမယ်။ ဒါနဲ့ မသင်္ကာနဲ့ တစ်ရက်တော့ စားပွဲပေါ်က စာအုပ်တစ်အုပ် ဆွဲကောက်ယူကြည့်လိုက်တယ်။ အချိန်မရတာနဲ့ ပထမ စာမျက်နှာ ဖတ်ကြည့်ပြီး နောက်စာမျက်နှာတွေကော စာပါ မပါ အမြန်ပဲ လှန်လှော ကြည့်လိုက်တော့ တစ်အုပ်လုံးမှာ စာအပြည့် တွေ့လိုက်ရတော့ အတော်ကြီး အံ့အားသင့်သွားတယ်။ လူတစ်ယောက်ကို အထင်သေးလိုက်မိတာ ဆိုပေမယ့် သူ့လူနာအကြောင်း သူအသိဆုံးကိုး။ ဒါနဲ့ပဲ သေချာအောင် "မင်းဝတ္ထုတွေ ငါ ဖတ်ချင်လို့ကွာ ခဏငှားအုံး" ဆိုပြီး ရေးလက်စ တစ်အုပ်ကလွဲလို့ အကုန် မ လာခဲ့တော့တယ်။

အဲဒီ စာအုပ်တွေ လှန်လှောကြည့်ရင်းနဲ့ ကိုယ့်နဖူးကိုယ် ရိုက်ပြီး "ခွေးထက် မိုက်တဲ့ကောင် ခွေးထက် မိုက်တဲ့ကောင်" လို့ ရေရွတ်နေတော့တာပေါ့။ တပည့်ကျော်ကတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲနေသလဲ အခုထိ နားမရှင်းသေးဘူး။ ကိုယ့်ဆရာ ဖတ်နေတဲ့ စာအုပ်တွေကို လှန်းကြည့်လိုက်တော့ ခေါင်းစဉ်တွေက အလန်းစားတွေ။ အယ်လ်-ခမ် တိုက်ပွဲနှင့် ချစ်ပန်ထွာ၊ နောင်တလင်းသိုက်မှာ ခရီးတစ်ထောက်၊ ခရိုန်မှ အာဘင်သို့၊ လင်းတစ်လှည့် ယုန်တစ်လှည့် စသဖြင့် စသဖြင့်။ တပည့်ကျော်က စာအုပ်တွေကြည့်ရင်း "ဘယ်သူ ရေးထားတာလဲ ဆရာ" ဟု မေးလိုက်သည်။ "ငါ့လူနာ ကိုဆွေလေ" ဟူသော အဖြေ ကြားရ၍ ဒေါက်စိုးကို မျက်လုံးပြူးထွက်မတတ် ကြည့်ရင်း "အထဲမှာ ဘာတွေ ရေးထားတာလဲ ဆရာ"။ ဒေါက်စိုးသည် အယ်လ်-ခမ် တိုက်ပွဲ စာအုပ်ကို ကောက်ကိုင်ပြီး ပထမ စာမျက်နှာကို ကြည့်ရင်း အကျဉ်းချုပ် ရှင်းပြနေတော့သည်။

"ဝတ္ထု အစမှာကကွာ ပန်ထွာဘုရင်မကြီးကို မွန်ဂိုဘုရင် ဂူဗလိုင်ခမ်က စစ်ကြေငြာပြီး အယုဒ္ဓယကို လာဖို့ ခေါ်သတဲ့။ ဒါနဲ့ ပန်ထွာက သူရဲ့ လက်ရုံး သူရဲကောင်း ဖြစ်တဲ့ အယ်လ်ဗထူးကို သူတို့ သွေးမကြောင်ကြောင်း ပြဖို့ သွားတိုက်ချေ ဆိုပြီး အမိန့်ပေး စေလွှတ်သတဲ့။ ဒီတော့ အယ်လ်ဗထူးက တပ်ထွက်မိန့်ခွန်းတွေ အားရပါးရ ပြောပြီး ပြည်သူအပေါင်းရဲ့ အားပေးထောက်ခံမှု အပြည့်နဲ့ စစ်ချီတယ်ပေါ့ကွာ။ ဘုရင်မကြီး ကိုယ်တိုင် ထွက်ပြီး နှုတ်ဆက်တာဆိုတော့ အင်မတန် ခန်းနားကြီးကျယ်တာပေါ့"

"ဟာ ဆရာ့အရူးက တယ် ဟုတ်ပါလား။ ဘာတွေ ဆက်ဖြစ်သေးတုန်း ဆရာ"
" အင်း .... မပြောပါရစေနဲ့တော့ကွာ" ဟု စိတ်ပျက်လက်ပျက် ပြောရင်း စာအုပ်အကုန်လုံးအား တပည့်ကျော်အား ထိုးပေးလေသည်။
"မင်း ငပြူးအိမ်ကို သိတယ်မလား"
"ဆရာ့ ငယ်သူငယ်ချင်း ဟို လွှတ်တော်အမတ်ကို ပြောတာမလား ဆရာ။ သိတာပေါ့"
"အေးကွာ ဒီစာအုပ်တွေ သူ့ကို သွားပေးလိုက်။ ပြီးရင် ငါမှာတာကို ပြော။ ဒီစာအုပ်အကုန်လုံး ပြီးအောင်ဖတ်လို့ ပြောလိုက်။ မင်းတို့ သင်ခန်းစာ ယူစရာတွေ အများကြီးပါတယ် လို့ ပြောလိုက်"
"ဟာ ဆရာကလည်း ကျော်လည်း ဖတ်ချင်တာပေါ့။ မဖတ်ရတောင် ဇာတ်လမ်း အကျဉ်းလေး ပြောပြပေါ့ ဆရာရယ်"
"ကဲ မရှည်နဲ့ကွာ။ အခု သွားပေးလိုက်။ လမ်းရောက်မှ ကိုယ့်ဖာသာ ဖတ်ကြည့်။"

ဆရာဖြစ်သူက ကိုယ့်နဖူးကိုယ်ရိုက်ပြီး ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲရလောက်အောင် ဒီစာအုပ်က ဘာရေးထားလို့လဲ။ ဗိုလ်ချုပ် အယ်လ်ဗထူးက ဗိဿနိုးကနေ စစ်ချီပြီး ဘာတွေ ဆက်ဖြစ်ကုန်ပါလိမ့်။ ဘယ်လိုများ ရေးထားမှာပါလိမ့်။ အရူးရေးထားတဲ့ စာအုပ် အအုပ် (၃၀) ကျော်ကို သင်ခန်းစာယူရအောင် ဆိုပြီး အမတ်မင်းတစ်ယောက်ကို ဖတ်ကြည့်ခိုင်းတယ် ဆိုတော့ ဘာတွေ ပါလို့တုန်း။ ဒီလိုနဲ့ပဲ အံ့အားသင့်စွာနဲ့ပဲ မနေနိုင်တဲ့ အဆုံး စာအုပ်များကို လမ်းမှာပင် လှန်လှော ဖတ်ရှုပြီး သတ်သေချင်စိတ်တောင် ပေါ်သွားတော့သည်။ အကြောင်းမှာ စာအုပ်ခေါင်းစဉ်မှာ တခမ်းတနား မည်သို့ပင် ရှိစေ ဗိုလ်ချုပ် အယ်လ်ဗထူး မြို့က ထွက်ပြီး နောက်စာမျက်နှာမှ စ၍ စာအုပ်ဆုံးသည်အထိ တစ်ကလုတ် တစ်ကလုတ် ဟုသာ ရေးထား၍ပင်။

မှတ်ချက် ။ ယခင် ဖတ်ဖူးသော ဟာသအား အနည်းငယ် မွန်းမံထားသည်။

ဘာကြောင့် ဖိနပ်စီးကြတာလဲ

12 July 2017


ကျောင်းသား ဘဝက မြန်မာစာမှာ မဟောသဓာ အကြောင်း သင်ရတယ်။ အမရာကို ခေါ်ပြီး ပြန်အလာ၊ လမ်းမှာ စီးဖို့ ဆိုပြီး ဖိနပ်တစ်ရံ ပေးထားတယ်။ အမရာက မစီးဘဲ ကိုင်လာခဲ့တယ်။ ဗွက်အိုင်ထဲ ဖြတ်ကူးရတော့မယ် ဆိုမှ ဖိနပ် ကောက်စီးတယ်။ ဒါကို မဟောသဓာက ဘာကြောင့်လဲ လို့ မေးတော့ လမ်းပေါ်မှာက ဆူးငြောင့်တွေ မြင်ရလို့ ရှောင်နိုင်တယ်။ စီးစရာ မလိုပါဘူး။ ဗွက်အိုင်ထဲကျတော့ အန္တရာယ်ကို မမြင်ရလို့ ကာကွယ် ရပါတယ်လို့ ပြန်ဖြေသတဲ့။ မဟောသဓာက ဒီအမျိုးသမီး ပညာရှိပါ ပေတယ်လို့ ချီးကျူးရှာတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအရွယ်တုန်းက မဟောသဓာက အမရာကို ဘာကြောင့် ချီးကျူးသလဲ စဉ်းစားလို့ကို မရခဲ့ဘူး။

ပွဲလမ်းသဘင် အလှူမင်္ဂလာ ရှိလို့ ဝတ်ကောင်း စားလှတွေဝတ်၊ ဖိနပ်အကောင်းစားတွေ စီးပြီး ပွဲဝင်ကြတယ် ဆိုရင်ပဲ ကိုယ့်အဝတ်အစားလေး ရေစိုမှာတောင် ကြောက်ကြရတယ်။ ဟော ဗွက်အိုင်ထဲများ ဖြတ်လျှောက်ရတော့မယ် ဆိုရင် ဖိနပ်ကို အရင် ချွတ်။ ကြိုးနဲ့ချည်။ လည်ပင်းမှာဆွဲ။ ပြီးမှ ဗွက်အိုင်ထဲ ဖြတ်ကူး။ ဒါက အင်မတန်မှ လက်တွေ့ ကျတဲ့ ကိစ္စပါပဲ။ ရန်ကုန်သားတွေက မန္တလေးသားတွေကို ပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ မန္တလေးသားတွေက သေရမှာ မကြောက်ဘူး။ ရေစိုမှာတော့ သေရမှာထက် ပိုကြောက်တယ် တဲ့။ ဒီစကားက အလကား နေရင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ မန္တလေးမှာ ကားမောင်းရင် ဆိုင်ကယ်တွေ စက်ဘီးတွေ သတိထားရတယ်။ ပုံမှန် ဆိုရင်တော့ ကားလာနေမှန်း သိရင် သူတို့ ဖြတ်ဝင်လေ့ ဇွတ်တိုးလေ့ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ သတိထားဗျ။ သူတို့က ဗွက်ရှောင်ပြီ ဆိုရင်တော့ ကားလာလား ဘာလာလား စိတ်မဝင်စားတော့ဘူး။ ရေမစိုဖို့ အရေး ကားရှေ့လည်း ဝင်တိုးဖို့ ဝန်မလေးကြဘူး။ ဒါကြောင့် ရေစိုမှာကို သေရမှာထက် ပိုကြောက်သတဲ့လေ။

ရှေးရှေးတုန်းက အဝေးရပ်မှာ ရှိတဲ့ မိတ်ဆွေတစ်ယောက်ကို နေကောင်းလားလို့ လှမ်းမေးလိုက်ရင် အေး ကောင်းတယ် ဆိုတဲ့ အဖြေကို တစ်လလောက်နေမှ ရချင် ရမယ်။ အေး ကောင်းတယ် ဆိုတဲ့ အဖြေကို ရတဲ့ အချိန်မှာ အဲဒီ မိတ်ဆွေက သေကောင်းလည်း သေသွားလောက်ပြီ။ ဒါတွေကို ကျော်လွှားဖို့ ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာလိုက်တာ။ အခုဆိုရင် မိုင်ထောင်ချီ ဝေးလည်း စက္ကန့်ပိုင်းအတွင်း "အေး နေကောင်းတယ်" လို့ ဖြေနိုင်လာခဲ့ကြပြီ။ ဒါပေမယ့် လူတွေ စကားမပြောတတ်ကြတော့ဘူး။

ဆိပ်ကမ်းမှာ ကုန်ထမ်းနေတဲ့ လုပ်သားတွေ မြင်တော့လည်း ဒီအတွေးက ဝင်လာပြန်ရော။ သူတို့ ကုန်ထမ်းရင် ကိုယ်ဗလာနဲ့ ထမ်းတာ များတယ်။ အင်္ကျီကို တစ်ဘက် ပုခုံးပေါ် တင်လို့။ ပုခုံးတစ်ဘက်နဲ့ ကုန်တွေ ထမ်းကြတယ်။ ချွေးရွှဲရင်တော့ အင်္ကျီနဲ့ သုတ်ကြလေရဲ့။ ကုန်ရဲ့ အလေးချိန်ကြောင့် သူတို့ ပုခုံးသားတွေ မနာဖို့ထက် အင်္ကျီ မညစ်ပတ်ဖို့၊ အင်္ကျီ မပျက်စီးဖို့က သူတို့အတွက် ပိုပြီး အရေးကြီးနေကြတယ်။ သူတို့ကို မြင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခု မေးနေမိတယ်။ လူတွေ အင်္ကျီကို ဘာလို့ ဝတ်ကြတာလဲ။ လူတွေ ဘာအတွက်ကြောင့် ဖိနပ် စီးကြတာလဲ။

သုခကို ဆွဲဆောင်နိုင်ကြသူများ

08 July 2017

လိပ်ပြာတွေကို သိပ်ချစ်တဲ့ လူတစ်ယောက် ရှိသတဲ့။ သူက လိပ်ပြာလေးတွေကို သူ့အနားမှာပဲ အမြဲ ရှိနေစေချင်တာလေ။ ဒါနဲ့ သူက လိပ်ပြာဖမ်းနည်းပေါင်းစုံ လေ့လာပြီး တန်ဆာပလာတွေနဲ့ တောထဲသွားပြီး ဖမ်းတော့တာပေါ့။ သူ့ခြံထဲမှာ လိပ်ပြာတွေနဲ့ ပြည့်နေချင်တာကိုး။ လိပ်ပြာတွေကို ခြံထဲလည်း လွှတ်လိုက်ရော သိပ်မကြာပါဘူး၊ လိပ်ပြာ အားလုံး ပြန်ပြေးကုန်ကြတယ်။ ဒီလိုနဲ့ အဲ့ဒီလူကြီးက လိပ်ပြာတွေ သွားဖမ်းလိုက်၊ လိပ်ပြာတွေ ပြန်ပြေးလိုက်နဲ့ လုံးချာလည်လိုက်နေတော့တယ်။

သူ့လိုပဲ လိပ်ပြာချစ်တဲ့ နောက်ထပ်တစ်ယောက် ရှိသေးတယ်။ သူက လိပ်ပြာတွေကို သိပ်ချစ်တယ်။ ဒါပေမယ့် ရှေ့ကလူလို လိပ်ပြာတွေကို သွားဖမ်းမနေဘူး။ သူ့ခြံထဲမှာပဲ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတယ်။ ဘာလုပ်နေတာလဲ ဆိုတော့ ပန်းပင်လေးတွေ အရောင်စုံ စိုက်နေတာ။ ပန်းပင်လေးတွေက ပန်းတွေလည်း ပွင့်ရော လိပ်ပြာလေးတွေ ခေါ်စရာ မလိုဘဲ သူ့သူ ရောက်လာကြတယ်။ ဖမ်းစရာ မလိုဘူး။ ချုပ်စရာ မလိုဘူး။ သူ့သူပဲ နေ့တိုင်းနေ့တိုင်း ပန်းပွင့်လေးတွေ ရှိရာမှာ ရစ်ဝဲနေကြတော့တယ်။

စဉ်းစားကြည့်ရအောင်။

လူတွေအားလုံးလိုလို စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုကို လိုချင်ကြတယ်။ ကောင်းကျိုးတွေချည်းပဲ ခံစားစံစားချင်ကြတယ်။ ဒါတွေကို ရဖို့ ဘယ်လိုလုပ်ကြမလဲ။ လူအများစုက လိပ်ပြာလိုချင်လို့ လိုက်ဖမ်းနေတဲ့ ပထမလူရဲ့ လမ်းစဉ်ကို ကျင့်သုံးကြတာ များတယ်။

သုခကို ဖမ်းဆုတ်ယူဖို့ပဲ ကြိုးစားကြတယ်။ ဒီတော့ ဘိန်းသမား၊ ဆေးသမားနဲ့ သောကသမား အဖြစ်နဲ့ပဲ အဆုံးသတ်သွားကြရတယ်။ ပိုက်ဆံချမ်းသာတာကို သုခလို့ ထင်တဲ့သူလည်း  ပိုက်ဆံနောက်  တကောက်ကောက်  လိုက်နေတော့တာပဲ။ သုခကိုရအောင် အတင်းအကြပ် လုပ်ယူလို့ ရကောင်းရမယ်။ ဒါပေမယ့် အချိန်တိုအတွင်း ပြန်ပျောက်သွားမှာပဲ။ နောက်ဆုံးတော့ လိပ်ပြာဖမ်းတဲ့ လူလို ဖမ်းလာလိုက် ပြန်ပြေးသွားလိုက်နဲ့ ဘဝဆုံးရော။

ဒီတော့ ဘယ်လိုလုပ်ရမလဲ။ လိပ်ပြာချစ်တဲ့ ဒုတိယလူလို လုပ်ရမယ်။ သုခတွေ အလိုအလျောက် အကျိုးပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရမယ်။ စိတ်ချမ်းမြေ့မှုတွေ တာရှည် တည်တံ့နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပေးရမယ်။ ဘယ်လို တည်ဆောက်မလဲ။

မြတ်စွာဘုရားက မဏ္ဍိုင်ကြီး ၃ ခု ချပြထားပြီးသားပါ။
- ဒါနပြုခြင်းဟာ ရုပ်ဝတ္ထုတွေကို ဆွဲဆောင်နိုင်တယ်။
- သီလဆောက်တည်ခြင်းက ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ လူမုန်းနည်းခြင်း၊ ဂုဏ်သိက္ခာရှိခြင်း စတဲ့ ဓမ္မသဘောတွေကို ဆွဲဆောင်နိုင်တယ်။
- ဘာဝနာကတော့ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်း၊ ပူပင်သောကနည်းခြင်းကအစ ဒုက္ခငြိမ်းခြင်းအထိ သုခသဘောတွေကို ဆွဲဆောင်နိုင်ပါတယ်။

ဒီတော့ သုခဆိုတာကို တကူးတက သွားရှာနေရမှာလား။ တကူးတက မရအရ လုယက်နေရမှာလား။ ဒါမှမဟုတ် သုခတွေ အကျိုးပေးနိုင်လောက်တဲ့ ရုပ်ပတ်ဝန်းကျင်၊ စိတ်ပတ်ဝန်းကျင် တည်ဆောက်ရမလား ဆိုတာ စဉ်းစားကြည့်ကြပေါ့။


အိမ်နီးချင်းအသစ်

24 November 2016


ဒီနေ့ ရပ်ကွက်ထဲ အင်မတန်မှ စည်ကားနေတယ်။ ဘာလို့လဲဆိုတော့ ကျနော့ ဘေးအိမ်မှာ လူသစ်တစ်ယောက် ပြောင်းလာလို့ပဲ။ သူ ပြောင်းလာဖို့အတွက် ပြင်ဆင်နေကြတာလေ။ လူတော့ အတော်စည်သား။ လူသစ် ပြောင်းလာမယ်ဆိုတာ ကျနော်တို့ ကြိုသိပါတယ်။ အရင်နေ့တွေ ကတည်းက ပြင်ကြဆင်ကြနဲ့ ဆိုတော့ တွက်မိပြီးသား။ လူအသစ် ရောက်လာတော့မယ် ဆိုတာ။ ပုံမှန်အားဖြင့်တော့ ကျနော်တို့ဆီ ပြောင်းလာရင် နေ့ခင်းမှ ရောက်ကြတယ်။ လာရင်လည်း အိမ်ရှင်နဲ့အတူ ဧည့်သည်တွေပါ အတူတူပဲ လာကြတယ်လေ။ ဒါကလည်း ထုံးစံလို ဖြစ်နေပြီ။ တခြားတွေမှာ အိမ်ပြောင်းပြီဆိုရင် အိမ်ရှင်က အရင် ပြောင်းလာပြီး နေသားတကျ ဖြစ်အောင် အရင် လုပ်ကြတယ်။ ပြီးတော့မှ ဧည့်ခံပွဲတွေ ဘာတွေ လုပ်တာပေါ့။ ဒီရပ်ကွက်ကတော့ အဲ့ဒီလို မဟုတ်ပဲ။ အိမ်ရှင်ပြောင်းလာတာနဲ့အတူ ဧည့်သည်တွေပါ ပါလာတာပဲ။ ပြောင်းပြောင်းလာချင်း ဧည့်သည်တွေနဲ့ တစ်ပါတည်းပဲ။ လူတွေ တအားစည်ကားလွန်းတော့ ကျနော်လည်း အဝေးတစ်နေရာက လှမ်းကြည့်နေမိတယ်။ အိမ်ရှင်ကိုတော့ မတွေ့ရသေးဘူး။ အိမ်ရှင်က တစ်ယောက်တည်း ဒီမှာ ခွဲပြီး လာနေတာဆိုတော့ သူ့မိသားစုဝင်တွေက ဘယ်စိတ်ကောင်းကြမလဲ။ သဘောမတူပေမယ့်လည်း တားမရနိုင်တော့ အိမ်သစ် နေရာသစ်ကို သူတို့ ကိုယ်တိုင်ပဲ လိုက်ပို့ပေးခဲ့ကြတယ်။ သူနဲ့အတူ အိမ်အသစ်ကို ပါလာကြတဲ့ သူတွေကို သတိထားကြည့်ကြည့်တော့လည်း တချို့က စိတ်မကောင်းကြဘူး။ တချို့ကျတော့ ပျော်လို့ ရွှင်လို့။

ဒါနဲ့ ကျနော်တို့ ရပ်ကွက်အကြောင်း နည်းနည်းလေး ပြောပြဦးမယ်။ ကျနော်တို့ဆီမှာ အများစုက တစ်အိမ်တစ်ယောက်ပဲ နေကြတယ်ဗျ။ နှစ်ယောက်နေတာတောင် အတော်ကြီး ရှားပါတယ်။ ပြောင်းလာပြီဆိုမှ စိတ်ကြိုက် ဒီဇိုင်းနဲ့ တိုက်ကလေးတွေ ဆောက်ကြတယ်။ စိတ်ကြိုက်ဒီဇိုင်းဆိုတာလည်း အများစုက သူ့မိသားစုတွေရဲ့ စိတ်ကြိုက်က ခပ်များများပါ။ ကျနော်တို့ ရပ်ကွက်က သူဌေးရပ်ကွက် မဟုတ်သလို ဆင်းရဲသားရပ်ကွက်လည်း မဟုတ်ဘူး။ အတိအကျ ပြောရရင် ဆင်းရဲချမ်းသာ မခွဲခြားတဲ့ ရပ်ကွက်ပါ။ ဆင်းရဲတဲ့သူတွေလည်း ရှိသလို ကျိကျိတက် ချမ်းသာခဲ့တဲ့ သူတွေလည်း ရှိတယ်။ အာဏာရှိဖူးတဲ့ လူတွေ နေသလို လက်လုပ်လက်စား နင်းပြားတွေလည်း နေနေကြတာပဲ။ ဟိုးလွန်ခဲ့တဲ့ တစ်ပတ်ကမှ သူဌေးကြီးတစ်ယောက် ပြောင်းလာသေးတယ်။ သူအရင် နေခဲ့တဲ့အိမ်က အတော်ကြီးကို ခန်းခန်းနားနား ဆိုပဲ။ ဒါပေမယ့် ကျနော်တို့ ရပ်ကွက်ထဲမှာတော့ သူက ဖြစ်သလို နေဖြစ်ရုံ မိုးလုံလေလုံလေးပဲ နေတာ။ မော်ကြွားချင်စိတ်လည်း ရှိတော့ပုံ မပေါ်ပါဘူး။ ဒါ ကျနော်တို့ ရပ်ကွက်ရဲ့ ထူးခြားချက်ပဲဗျ။ ဗိုလ်ချုပ်တွေ ဗိုလ်မှူးတွေလည်း ပြောင်းလာတတ်တယ်။ သူတို့ အရင်က ဘယ်လောက်ပဲ မောက်မာမောက်မာ ဒီရပ်ကွက်မှာတော့ သူတို့တွေဟာ အေးအေးကုတ်ကုတ်ပဲ နေကြတယ်။ နေရာအာဝါသရဲ့ အရှိန်ကြောင့် ဖြစ်မလားပဲ။

ကျနော်ရဲ့ အရှေ့ဘက်၊ အနောက်ဘက်နဲ့ တောင်ဘက်မှာ နေနေတဲ့သူတွေ ရှိတယ်။ မြောက်ဘက်မြေကွက်လပ်က လွတ်နေတာ ကြာပေါ့။ အခုတော့ ပိုင်ရှင် ရောက်လာပြီ။ ကျနော်က အခုဆို အသက်က ၅၃ ပေါ့။ တစ်ယောက်တည်းနေလာတာ ဆိုတော့ စကားပြောဖော်လေးတော့ လိုချင်သား။ ဒီနေ့ အသစ်ပြောင်းလာတဲ့သူကို အကဲခတ်နေရတယ်။ ယောကျ်ားလား မိန်းမလား ဆိုတာ။ ယောကျ်ားလေးဆိုရင်တော့ ကောင်းမယ်လေ။ ကိုယ့်လို ၄၀ ကျော် ၅၀ နားဆို ပိုကောင်းမလားပဲ။ ဘာဘာညာညာ တိုင်ပင်လို့ ရတာပေါ့။ သတိထားမိသလောက်တော့ ယောကျ်ားလေး ဖြစ်မယ် ထင်တယ်။ ဘာလို့ဆိုတော့ သူနဲ့အတူ ပါလာတဲ့ သူတွေ တိုးတိုး တိုးတိုး ပြောနေတာ ကြားရတယ်။ အရက်သမား ဆိုလားပဲ။ အင်း ... အရက်သမား ဆိုရင်တော့ ယောကျ်ားလေးပဲ ဖြစ်တော့မပေါ့။ အရက်သမားနဲ့ အိမ်ချင်းကပ် ဖြစ်ရတာ သိပ်တော့ မဟန်ဘူး။ ဒါပေမယ့် ဒီကို ပြောင်းလာပြီးရင် အရက်တော့ ပြတ်သွားကြတာပဲ။ ဘယ်သူဖြစ်ဖြစ်ပါလေ။ ဒီမှာက တစ်သားတည်းပဲ။

ဒီရပ်ကွက်မှာ နေနိုင်ဖို့ စည်းကမ်းချက်တွေ သက်မှတ်ထားတာ ရှိတယ်ဗျ။ ဘယ်သူတွေ သက်မှတ်ခဲ့တာလဲ ဆိုတာတော့ ကျနော်လည်း မသိဘူး။ ကျနော်ထက် အရင်စောရောက်တဲ့ ဘကြီးတွေကို မေးကြည့်တော့ သူတို့လည်း မသိကြဘူး။ ဟိုးအရင့်အရင်ကတည်းက ရှိနေတာပဲတဲ့။ ဒီစည်းကမ်းတွေက သဘာဝတရားနဲ့ မဆန့်ကျင်ပေမယ့် လောဘသားတွေကတော့ နှာခေါင်းရှုံ့ကြတာပဲ။ သူတို့က သဘာဝတရားနဲ့ ဖီလာကန့်လန့် နေခဲ့ကြတာကိုး။ ဘယ်လိုပဲဖြစ်ဖြစ်ပါ။ တစ်နေ့နေ့ ဒီကိုပြောင်းလာတော့မယ်ဆိုရင် ဒီစည်းကမ်းတွေက တစ်သဝေမတိမ်း လိုက်နာကြရမှာပဲ။ စည်းကမ်းတွေက
(၁) ဒီရပ်ကွက်ထဲမှာ နေမယ့်အိမ် / တိုက်ဟာ တစ်ထပ်ထက် ပိုဆောက်ခွင့်မရှိဘူး။
(၂) တစ်အိမ်ကို တစ်ယောက်တည်း နေရမယ်။ (တချို့ရပ်ကွက်တွေမှာ နှစ်ယောက် သုံးယောက် ပေးနေပေမယ့် ဒီမှာတော့ တစ်ယောက်တည်းပဲ နေခွင့်ရှိတယ်)
(၃) လူတစ်ကိုယ်စာ လှဲ​လျောင်းဖို့ကလွဲလို့ ဘာပရိ​ဘောဂမှ ထားခွင့်မရှိဘူး။
(၄) နေဖို့ အခွင့်ရပြီး (အလွန်ဆုံး) တစ်ပတ်အတွင်း မဖြစ်မနေ ပြောင်းလာနေရမယ်။
(၅) ဒီရပ်ကွက်မှာ နေသမျှ လူတွေအားလုံး ဆင်းရဲချမ်းသာ မခွဲခြားဘဲ တစ်သားတည်း နေကြရမယ်။
(၆) ဟိုးအရင်က ရှိခဲ့သမျှ အာဏာပါဝါ စည်းစိမ်ဂုဏ်သိမ်တွေကို ခဝါချပြီး သူလိုကိုယ်လို နေနိုင်ရမယ်။
(၇) ဒီရပ်ကွက်ထဲ ဝင်နေပြီ ဆိုတာနဲ့ အရင့်အရင် ရှိထားသမျှ ပိုင်ထားသမျှ ဥစ္စာအာဏာ အကုန်လုံး ပျက်ပြယ်သွားပြီလို့ နားလည်ထားရမယ်။
(၈) ကိုယ့်အိမ်ရှေ့မှာ ကိုယ့်နာမည်ပါတဲ့ ဆိုင်းဘုတ် ချိပ်ဆွဲထားရမယ်။ (အိမ်နံပါတ်တွေတော့ ရှိပါတယ်။ ရှာလို့ ပိုလွယ်အောင် ဖြစ်မယ်)

ဖတ်ကြည့်ပေါ့ဗျာ။ လောဘသားတွေအတွက် လက်ခံဖို့ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ဒါပေမယ့် လက်ခံရတာပါပဲ။ ဟော .. ပြောရင်းဆိုရင်း အိမ်သစ်မှာ ထားဖို့ ဆိုင်းဘုတ်ကြီး မ လာကြပြီဗျ။ အိမ်ရှင်နဲ့ အခုထိ မတွေ့သေးပေမယ့် သူဘယ်သူဘယ်ဝါဆိုတာ ဆိုင်းဘုတ်ကို ကြည့်ရင် သိနိုင်တယ်လေ။ ကျ​နော်လည်း စပ်စပ်စုစုနဲ့ ​ရေးထားတဲ့စာ​တွေကို ​ငေး​မောဖတ်ရှု​နေရင်း ....
ဆိုင်းဘုတ်မှာ ရေးထားတာက

ကိုကိုထွေး
(၃၁) နှစ်

အဖက်တင်၍ ကျန်ခဲ့သည် (၂)

07 April 2016

ဦးဇင်းလေး၏ မွေးရပ်ရွာသည် ကျောင်းနဲ့ နီးသောကြောင့် မိဘများ ဝင်၍ထွက်၍။ တစ်ပတ်လျှင် တစ်ခါမျှ လာလည်ကြသည်။ လာတွေ့ကြသည်။ တစ်ခါတစ်ရံ ဆွမ်းချိုင့် လာပို့ကြသည်။ တစ်ခါတစ်ရံ သန့်ရှင်းရေး ဝေယျာဝစ္စ လာလုပ်ပေးကြသည်။ မိဘများကလည်း ကိုယ့်သားလေး ရဟန်းဘဝမို့ ဂုဏ်ယူကြသည်။ မကျေမချမ်း ဖြစ်နေသူမှာ အဘိုးတစ်ဦးတည်းသာ။ အဘိုးဖြစ်သူကလည်း အသက်ကြီးပြီမို့ မြစ်ကို မြင်ချင်လှသည်။ ဦးဇင်းလေးကလည်း မြေးဦး။ မိန်းမယူခိုင်းကာမှ ဘုန်းကြီးဝတ်သွားသည်။ သာသနာ့ဘောင်မှာ ပျော်နေပြီ ဆိုတော့လည်း မတားရက် မဆွယ်ရက်။ လူထွက်တရား မဟောချင်။ ရပ်ဆွေရပ်မျိုး ရွာသားတချို့ကလည်း ကျောင်းသို့ မကြာခဏ ဝင်ထွက်၍ လိုအပ်သည်များ ကူညီပေးကြသည်။ သူတို့ရောက်တော့လည်း ဧည့်ခံရသည်က အမော။ ဒီလိုနှင့် ကာလတွေ ရှည်ကြာလာတော့ ဧည့်သည်စကား နားထောင်ရသည်ကပင် ဝတ္တရားတစ်ခု ဖြစ်လာသည်။ သူတို့ ပြောကြလျှင်လည်း ရပ်အကြောင်း ရွာအကြောင်း။ တရားဓမ္မဘက် ယောင်လို့မှ မလှည့်။ အထူးသဖြင့် ဟစ် (hit) ဖြစ်နေသော ခေါင်းစဉ်မှာ ရွာဖျက်၍ ရပ်ကွက်တည်မည့် ကိစ္စ။ နေပြည်တော်ဟူသော ပရဝုဏ်အတွင်းတွင် ထန်းတပင်ရွာလည်း ပါနေသည်။ ထန်းတပင်ရွာနှင့် အနီးဆုံး ရွာများဖြစ်သော ကြာပင်ရွာသည် ရွှေကြာပင်ရပ်ကွက်ကြီး ဖြစ်သွားပြီး ကျွန်းတက်ပဲ့ရွာမှာ ဟိုတယ်ဇုံကြီး ဖြစ်သွားခဲ့လေပြီ။ အလယ်ခေါင်တွင် ရှိနေသော ထန်းတပင်ရွာသာ ရွာအဖြစ်ဖြင့် ကျန်ရှိနေသေး၏။ ထိုကြောင့် မျှော်လင့်ချက်က မဝေးတော့ပြီ။

ယခင်က ကြာပင်ရွာကို မြို့ပြစနစ်ပြုစဉ်က ရွာတွင်းနေသူ တစ်အိမ်ထောင်လျှင် မြေကွက်တစ်ကွက် ပြန်ပေးခဲ့သည်။ မူလရှိခဲ့သော ရွာကြီးကို မြေလှန် ဖျက်ပစ်ခါ စနစ်ကျအောင် ပေ ၄၀ × ၆၀ အကွက်များ ပုံဖော်၍ တစ်အိမ်ထောင်တစ်ကွက်နှုန်း လျှော်ပေးခဲ့ခြင်း ဖြစ်သည်။ တည်နေရာကိုတော့ အားလုံး မဲနှိုက်ကြရသည်။ တစ်နှစ်ကြာသောအခါ လမ်းမကြီးဘေး ဝဲယာရှိ မြေကွက်များသည် သိန်းထောင်ချီတန်သည်အထိ ဈေးကောင်းလာတော့သည်။ ထိုအဖြစ်ကို မြင်၍ ကြား၍ အားကျနေကြသူများမှာ ထန်းတပင်သားများပင်။ သူတို့မြေများ အကွက်ဖော်လျှင် မည်သို့ မည်မျှ ရကြမည်ဟု မြိန်ရည်ရှပ်ရည် ပြောနေကြတော့သည်။ အိမ်ထောင်တစ်စုလျှင် မြေတစ်ကွက် ရခဲ့သည်ဆိုသောထုံး ရှိသောကြောင့်ပင် ယခင်က အိမ်ထောင်စု တစ်ရာမပြည့်သော ထန်းတပင်ရွာသည် ယခုအခါ အိမ်ထောင်စု ၄၅၀ ပင် ကျော်ချေပြီ။ ယခင်က အိမ်ခြေ ၁၅၀ မပြည့်သော ရွာသည် ယခုအခါ အိမ်လေးပေါင်း ၄၀၀ ကျော် ရှိလာသည်။ နေထိုင်၍ ရခြင်း မရခြင်းကို အပထားကာ အိမ်ဟု သမုတ်လို့ ရသလောက်သာ ဆောက်လုပ်ထားကြသည်။ အစိုးရအား အိမ်ဟု စာရင်းတင်ရန် အားခဲထားကြတော့သည်။ ထိုသတင်းများ အားလုံးသည် ဦးဇင်းလေး၏ နားအတွင်း မဆံ့အောင်ပင် အမြဲလိုလို ကြားနေရတော့သည်။ သူလည်း ထန်းတပင်သားတစ်ဦးမို့ စိတ်ဝင်တစား ရှိခဲ့သည်အမှန်။

သူ၏ မိဘများမှာ ဆင်းရဲကြသော တောင်သူများ ဖြစ်သည်။ ဘိုးဘွားလက်ငုတ်လက်ရင်း မြေတချို့ ရှိ၍သာ ခံသာသည်။ သို့သော် မြေတချို့ဆို၍ လယ်မြေဧကများစွာဟု မယူဆစေချင်။ ရွာမှ မိနစ် (၃၀)၊ (၄၅) မိနစ်လောက်သွားမှ ရောက်နိုင်သောနေရာ။ နေအိမ်နှင့် နီးနီးနားနားရှိ မြေများမှာ ငှားစိုက်ဖို့ပင် မတတ်နိုင်ကြသူများ။ သူသည် ရဟန်းမဝတ်ခင်ကပင် မိဘကို လုပ်ကျွေးပြုစုလိုသူတစ်ဦး ဖြစ်သည်။ တတ်နိုင်သလောက်လည်း ရှာကျွေးခဲ့သည်။ ယခုလို ရွာမှ မြို့ဖြစ်တော့မည် ဆိုတော့ သူ့မိဘတွေလည်း တင့်တောင်းတင့်တယ် ဖြစ်စေချင်လှသည်မှာ သားတစ်ယောက်၏ စေတနာ။ မိဘများမှာ ကိုယ့်သားရဟန်း လူထွက်မည်စိုး၍ တွေ့တိုင်း အဆင်ပြေကြောင်း ပြောသည်။ စိတ်မပူရန် ပြောသည်။ အပြင်ပန်း စိတ်ပူမပူတော့ မသိ။ စာကျက်သော အကြိမ် လျော့လာသည်။ ငိုင်မှိုင်နေသောအချိန် တိုးလာသည်။ ရွာမှသူများနှင့် စကားလက်စုံ ကျသောအချိန်လည်း လိုသည်ထက် ပိုလာသည်။ ယခင်က နားထောင်ရုံသက်သက်မှ ယခုအခါ သူ သိချင်သည်များကိုပါ မေးမြန်းစုံစမ်းလာသည်။ ရွာထဲမှ ရွယ်တူသူငယ်ချင်းများလည်း တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်ကြတော့သည်။ အိမ်ထောင်တစ်စုတိုးလျှင် မြေတစ်ကွက်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် တွက်ခြေကိုက်သည်ဟု ယူဆကြသည်။ တချို့မှာ ယာယီ အိမ်ထောင်ပြုကြသည်ဟုပင် ကြားနေရပြီ။

ရက်အနည်းငယ် ကြာသောအခါ ဦးဇင်းလေး မရိုးမရွ ဖြစ်နေလေပြီ။ စာမကျက်တော့။ ယခင် ရှိခဲ့သော သဒ္ဓါတရားများ ကြက်ပျောက်ငှက်ပျောက် ပျောက်ချေတော့မည်။ သူအား ထောက်လှမ်းစုံစမ်းကြည့်ရာ လူထွက်ချင်စိတ်များက ကဲနေသည်။ သို့သော် သူသည် စဉ်းစားချင့်ချိန်တတ်သူ ပီပီ ဝေခွဲမရဘဲ ဖြစ်နေသည်။ လူထွက်ရုံသက်သက်ဖြင့် မြေကွက်မရနိုင်သည်မှာ သေချာသည်။ မိဘရမည့် မြေကွက်ကို မက်မောနေစရာလည်း အကြောင်းမရှိ။ မိဘများမှာ ငယ်သေးသည်။ သူတစ်ပါး မြေကွက်ရတော့မည် ဆို၍သာ ဂဏာမငြိမ်ဖြစ်ရသည်။ ကိုယ်ကိုယ်တိုင်ကျ မသေချာ။ မသေချာသည် မဟုတ်။ လုံးဝ မဖြစ်နိုင်။ အိမ်ထောင်ခွဲမှ ရမည်။ အိမ်ထောင်ခွဲဖို့ ဆိုသည်မှာ အိမ်ထောင်ပြုမှ အိမ်ထောင်ခွဲနိုင်မည် မဟုတ်လော။ ထိုကြောင့် သူလုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ထောင်ပြုရန်ပင် ဖြစ်သည်။ အိမ်ထောင်မပြုချင်၍ ရဟန်းဝတ်လာသော လူတစ်ယောက်သည် မိန်းမလိုချင်၍ လူထွက်သည်ဟုလည်း အပြောမခံနိုင်။ မာနက ခံနေသည်။ မူလက ယူမည်ဟု ကမ်းလှမ်းထားသော မိန်းကလေးသည်လည်း ပြန်လက်ခံလိမ့်မည် မဟုတ်။ မည်သို့ လုပ်ရမည်နည်း။ မိန်းမယူမည်ဟု ပြောရန် အပြောသာ လွယ်၏။ ဘယ်နေရာမှ ရှာရမည်နည်း သူမသိ။ သို့နှင့် လအနည်းငယ် ကြာသွားပြန်သည်။

တစ်နှစ်ခွဲသာ ကုန်လွန်ခဲ့သည်။ ရွာကလည်း မြို့မဖြစ်သေး။ ရွာသားများ၏ မျှော်လင့်ချက်ကလည်း မခန်းသေးပေ။ ထိုအတူပင် ဦးဇင်းလေး၏ စိတ်ထဲတွင် မျှော်လင့်ချက်ရှိသေး၏ ဟု စွဲမြဲ ယုံကြည်ထားပုံရသည်။ ထို့ကြောင့်ပင် လုံးဝအောင့်မထားတော့ဘဲ ဆရာတော်အား သွားရောက်လျှောက်ထားတော့သည်။ ဆရာတော်မှ ခွင့်မပြုပေ။ မာန်မဲလွှတ်လိုက်သောကြောင့် အောင့်သက်သက်ဖြင့် ပြန်လာရသည်။ လက်ကတော့ မလျှော့ချင်။ သို့နှင့် ဒုတိယအကြိမ် တတိယအကြိမ် သွားလျှောက်ပြန်တော့သည်။ ဆရာတော်အား ချစ်ကြောက်ရိုသေသောကြောင့် စကားအပိုလည်း မပြောရဲ။ စောဒကလည်း မတက်ရဲပေ။ တစ်နေ့တော့ ဆရာတော်က ဘာကြောင့် လူထွက်ချင်ရတာလဲ ဟု မေးရာ အမှန်အတိုင်းကလည်း မဖြေရဲပေ။ ကြောက်ကြောက်နှင့် "အီကြာကွေး စားချင်လို့ပါ ဘုရား" ဟု ပြန်ဖြေသောကြောင့် ဝါးလုံးကွဲ ဝိုင်းရယ်လိုက်ကြသေးသည်။ ဆရာတော်ကို လျှောက်နေလျှင် လူထွက်ရတော့မည် မဟုတ်ကြောင်း သူ နားလည်သွားသော အချိန်တွင် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချ၍ သူ့ဦးလေးကို ဖုန်းဆက်ခေါ်လိုက်သည်။ ရတဲ့ အင်္ကျီတစ်ထည် လုံချည်တစ်ထည် ယူပြီး ကျောင်းကို လာခဲ့ပါ ဟူ၍။

အတိုချုပ်ပြောရလျှင် ဆရာတော် မသိအောင် သူ လူထွက်လိုက်လေပြီ။ လူမထွက်ခင် သုံးရက်လောက်အလိုမှ စ၍ တခြားသူတို့အား စကားသိပ်မပြောတော့ပေ။ သူနှင့် စကားပြောလျှင် သူ့ကို ဖြောင်းဖြမည် စိုး၍လား မသိ။ သူ့ဦးလေး ကျောင်းလာသည်သာ သိလိုက်ရသည်။ ဖုန်းဆက်ခေါ်သည်ကိုပင် မသိ။ ခဏကြာတော့ ပုဆိုးစွပ်ကြယ်ဖြင့် လာကန်တော့မှ လူထွက်ပြီဖြစ်ကြောင်း သိတော့၏။ တားမြစ်ချိန်ပင် မပေးတော့ချေ။ သူလိုလူမျိုးသည် လူကောင်းတစ်ယောက်ဖြစ်သည်။ လူ့လောကအလယ်လည်း ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်လိမ့်မည်ဟု မြဲမြဲမြံမြံ ယုံကြည်မိသောကြောင့် ထွေထွေထူးထူး ပြောမနေတော့ပါ။ ကိုယ်ရွေးတဲ့လမ်းကို ဘယ်လိုပဲဖြစ်ဖြစ် သတ္တိရှိရှိ ဆက်လျှောက်ရဲရန်သာ လိုကြောင်း ဆုံးမရုံသက်သက်သာ။ သာသနာတော်အတွက်ကား ဆုံးရှုံးမှုကြီး တစ်ခုပင်။ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည် မမြဲကြောင်း အမှန်လက်တွေ့ မြင်တွေ့ရလေပြီ။ ရဟန်းသီလကို အင်မတန် မြတ်နိုး၍ သေသေဟု စောင့်ထိန်းခဲ့ဖူးသော သူတစ်ဦးသည် ယခုအခါ စွပ်ကြယ်ပုဆိုးစုတ်ဖြင့် မိမိအား ကန်တော့နေလေသည်။ မည်သည့်အရာများက သူ၏ ရဟန်းဘဝကို ဖျက်ဆီးလိုက်ကြပါသနည်း။ အနှစ်ချုပ်ရလျှင် လောဘ ဦးစီးသော ကိလေသာများပင် မဟုတ်ပါလော။

ထိုသို့ လူထွက်ပြီး တစ်လပင် မကြာလိုက်ချေ။ မြေတစ်ကွက်ရရန် စီမံကိန်းအား အကောင်အထည် ဖော်သောအားဖြင့် အိမ်ထောင်ပြုလေသည်။ ယူသော မိန်းကလေးကို မြင်ဖူးတွေ့ဖူးသည်မှာ ၂ ပတ်ပင် မပြည့်သေး။ အိမ်ထောင်ပြုခြင်း ဆိုသည်မှာ ကံတူ၍ ဆုံကြခြင်းသာ ဖြစ်ချေသည်။ ထိုက်တန်ခြင်း မထိုက်တန်ခြင်း ဟူ၍ ပြောစရာမရှိ။ လောကအတန်းပညာလည်း အခြေခံမရှိသော မောင်စိုးမင်းသည် ဆိုင်ကယ် ကယ်ရီဆွဲ၍ အသက်မွေးဝမ်းကျောင်း၏။ အမျိုးသမီးမှာ အိမ်မှာနေ၍ ဓာတ်ဆီ ရောင်းကြောင်း ကြားသိရသည်။ အထိုက်အလျောက် အဆင်ပြေကြကြောင်း ကြားသိရသောအခါ ဝမ်းသာမိသည်မှာ အမှန်။ သို့သော် ရွာသည် မြို့ ဖြစ်မလာသေးပေ။ သူ လူထွက်ပြီး တစ်နှစ်ကျော် အကြာ ကျောင်းတွင် အလှူရှိ၍ သူရောက်လာခဲ့သည်။ ယခင်က ပြည့်ဖြိုးဖြူဖွေးနေသော သူ၏ ပုံပန်းသဏ္ဌာန်မှာ ယခုအခါ မဲကပ်၍ နေလေပြီ။ အဆင်ပြေလားဟု မေးလျှင်လည်း ရယ်ကျဲကျဲဖြင့် ခေါင်းညိတ်ပြရုံသာ။ သူနှင့် တွေ့လျှင် အင်မတန်မှ မေးချင်သော မေးခွန်းတစ်ခု ရှိနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က ဇွတ်တရွတ် လူထွက်ခဲ့ခြင်းအပေါ် မိမိဖာသာ မည်သို့ သုံးသပ်မည်နည်း ဟူ၍။ သို့သော် မမေးဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မမေးဘဲ သူ့ဖာသာ ဝန်ခံခဲ့သောကြောင့်ပင်။ တစ်ညက သူ အိမ်မက်ယောင်သည့်အကြောင်းကို ပြောပြသောအခါ သူ၏ဘေးတွင် ထိုင်နားထောင်နေကြသူများအားလုံး ဝါးကနဲ ဖြစ်သွားကြတော့သည်။

"တပည့်တော် တစ်ညက အိပ်နေလျက်နဲ့ ပါးစပ်က ကယောင်ကတမ်း လျှောက်ပြောနေမိတာဘုရား၊ မိန်းမက ကြားတော့ တပည့်တော်ကို လည်ပင်းညှစ်ပြီး လှုပ်နှိုးတယ် ဘုရား။ နင် ငါ့ကို ဘာပြောတယ်၊ နင် ငါ့ကို ဘာပြောတယ် ဆိုပြီး ပွစိပွစိနဲ့ တပည့်တော်ကို မရမက နှိုးပါရော ဘုရား။ တပည့်တော်လည်း အိပ်ချင်မူးတူးနဲ့ ဘာဖြစ်နေတာလဲ လို့ ပြန်ဟောက်လိုက်သေးတယ်။ တပည့်တော် ဟောက်လိုက်မှ ဆဲနေရာကနေ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ငိုပါလေရော။ ငါ ဘာပြောမိလို့လဲဟာ ဆိုပြီး အတင်းမေးယူရတယ် ဘုရား။ သူ ပြောပြမှ ကိုယ့်ဖာသာ ယောင်နေတာ ကိုယ်သိရတယ်ဘုရား။ တပည့်တော်က တောက်ခေါက်ပြီး ပြောသတဲ့ ဘုရား။ တောက် ... တစ်နှစ်ကျော်တောင် ရှိသွားပြီ။ မြေကွက်ကလည်း မရသေးဘူး။ အခုတော့ မိန်းမတစ်ယောက်ပဲ အဖတ်တင်နေပါရော့လား" ဟူ၍။



တောမီးကြီးဖြစ်ရန် မီးမှုန်းမီးမွှားမှ စတင်ရသကဲ့သို့
ငရဲမီးဖြစ်ရန်လည်း ကိလေသာ အမှုန်အမွှားမှပင် စတင်ကြရ၏။
အကုသိုလ်ကို သေးသည်ငယ်သည်ဟူ၍လည်း မပေါ့ဆသင့်။