လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

ကျမ်းစာများကပြောသော ရှင်ဥပဂုတ်အကြောင်း (၂)

31 January 2018



(၂) ပါဠိကျမ်းဂန်လာ ရှင်ဥပဂုတ္တ (Upagutta)

ရှင်ဥပဂုတ္တ အကြောင်းကို သင်္ဂါယနာ (၆) ကြိမ်တိတိ တင်ခဲ့ကြတဲ့ တိပိဋကဝင် ပါဠိကျမ်းကြီးတွေမှာ လုံးဝ မတွေ့ရပါဘူး။ ပါဠိတော်တွေမှာ အပြင် ရှင်မဟာဗုဒ္ဓဃောသ ပြန်လည် တည်းဖြတ်တော်မူထားတဲ့ အဋ္ဌကထာကျမ်းတွေမှာလည်း လုံးဝ မပါတာ အံ့ဩစရာပါ။ ဒါပေမယ့် နောက်နောက်ပိုင်းမှာ အဲဒီ အဋ္ဌကထာတွေကို အဓိပ္ပာယ် ပြန်ဖွင့်တဲ့ ဋီကာကျမ်း တချို့နဲ့ သဒ္ဒါကျမ်း တချို့မှာ ရှင်ဥပဂုတ္တရဲ့ နာမည်နဲ့ အကြောင်းတစ်စွန်းတစ်စ ပါလာတာ စပြီး တွေ့ရတယ်။ ထူးခြားတာက ရှင်ဥပဂုတ္တရဲ့ ဘဝ အကြောင်းကို ရှင်းပြပုံမျိုးနဲ့ လုံးဝ လုံးဝ မတွေ့ရတာပါပဲ။ ဒါက သင်္ဂါယနာဝင် ကျမ်းကြီး ကျမ်းခိုင်တွေမှာ လုံးဝ မပါဘူး ဆိုတဲ့ အကြောင်းပါ။

ရှင်ဥပဂုတ္တ အကြောင်း အစောဆုံး ဖော်ပြခဲ့တဲ့ ကျမ်းနာမည်က လောကပညတ္တိကျမ်းလို့ ခေါ်ပါတယ်။ အဲဒီကျမ်းကို ၁၁ ရာစု အကုန်ပိုင်းနှင့် ၁၂ ရာစု အစောပိုင်းကြားလောက်မှာ ပြုစုခဲ့တယ်လို့ ယူဆကြပါတယ်။ ပြုစုတဲ့သူက မြန်မာနိုင်ငံ သထံုပြည်က ရှင်သဒ္ဓမ္မဃောသ မထေရ် ဖြစ်ပါတယ်။ သူက လောကပညတ္တိကျမ်းကို ပါဠိလို ရေးသားထားတာမို့ ထေရဝါဒ ရဟန်းတော်အဆက်ဆက် သူ့ကျမ်းကို မှီးပြီး ရှင်ဥပဂုတ္တအကြောင်းကို ရေးသားကြတယ်။ ပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်အရ အဲဒီ ပါဠိ လောကပညတ္တိကျမ်း (Lokapaññatti) ကိုယ်နှိုက်က သက္ကဋ လောကပညတ္တိကျမ်း (Lokaprañapti) ကို ပါဠိဘာသာ ပြန်ဆိုထားတယ်လို့ ဆိုပါတယ်။ ဝမ်းနည်းစရာ ကောင်းတာက လက်ရှိကာလမှာ သက္ကဋဘာသာနဲ့ လောကပညတ္တိကျမ်းကို ရှာမတွေ့နိုင်တော့ပါဘူး။ ဒါပေမယ့် တရုတ်ဘာသာမူ (佛说立世阿毗昙论) ကိုတော့ တွေ့နိုင်ပါသေးတယ် (တချို့အခန်းတွေ မပါဘူး)။ ပါဠိဘာသာကနေ ပြင်သစ်ဘာသာ ပြန်ဆိုထားတဲ့ La Lokapaññatti et les idées cosmologiques du bouddhisme ancien ကိုလည်း ရနိုင်ပါသေးတယ်။

လောကပညတ္တိကျမ်း ပါဠိမူဟာ ရှင်ဥပဂုတ္တအကြောင်း ပါဠိလို ရေးသားထားတဲ့ ကျမ်းဂန်တွေထဲမှာ အစောဆုံး၊ အပြည့်စုံဆုံးနဲ့ တစ်အုပ်တည်းသော ကျမ်းစာလို့ ပြောရပါလိမ့်မယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျန်တဲ့ ကျမ်းတွေ အားလုံးက သူ့ကိုပဲ ပြန်ပြီး ညွှန်းထားကြလို့ပါ။ ရှင်ဥပဂုတ္တ အကြောင်းကို မြန်မာဘာသာနဲ့ ရေးထားတဲ့ ကျမ်းပေါင်းများစွာ ရှိပါတယ်။ အစောဆုံးက ဦးကုလား မဟာရာဇဝင်တော်ကြီးပါ။ နောက်ပြီးတော့ မှန်နန်းရာဇဝင်၊ ဇိနတ္ထပကာသနီကျမ်း၊ မဟာဝင်ဝတ္ထုတော်ကြီး၊ ပဉှာဗျာကရဏ အဋ္ဌတိံသကျမ်းနဲ့ ပေါရာဏဒီပနီကျမ်းတို့ ဖြစ်တယ်။ အဲဒီ မြန်မာဘာသာပြန် ကျမ်းအားလုံးဟာ လောကပညတ္တိကျမ်း တစ်မျိုးတည်းကိုပဲ မှီးပြီး ရေးထားကြတာ။ မဟာဝင်ဋီကာ၊ စူဠဝင်ဋီကာကျမ်း စတဲ့ ဋီကာကျမ်းတွေမှာလည်း ရှင်ဥပဂုတ္တအကြောင်းကို လောကပညတ္တိကျမ်းက မှီးငြမ်း ရေးသားထားကြတယ်။ ဒါကြောင့် လောကပညတ္တိကျမ်း တစ်အုပ်တည်းကိုပဲ လေ့လာကြည့်ရင် လုံလောက်နိုင်စရာ ရှိသွားပါတယ်။

ဂေါတမဘုရားရှင်ရဲ့ ဗျာဒိတ်ပေးခန်းကို လောကပညတ္တိကျမ်းမှာ ဒီလို ရေးထားပါတယ်။ ရာဇဂြိုဟ်ပြည်မှာ ဘုရားရှင် ဆွမ်းခံကြွတော်မူတဲ့ အချိန်ဖြစ်ပါတယ်။ ၇ နှစ်သားအရွယ် ရှိတဲ့ ပိယဒဿီ သတို့သားဟာ မြေမှုန့်ကစားနေရင်း ဘုရားရှင်ကို ဖူးမြင်ရတော့ ကြည်ညိုစိတ် ဖြစ်လာတာကြောင့် ဆွမ်းလောင်းချင်စိတ် ပေါ်လာတယ်။ ဘုရားရှင်ကလည်း အလိုက်သင့် သပိတ်တော် ခံပေးလိုက်တော့ သူ့လက်ထဲ ဆော့နေတဲ့ မြေမှုန့်တွေကို လောင်းလှူလိုက်တယ်။ သပိတ်တော်နဲ့ ခံယူအပြီး ပြုံးတော်မူတဲ့ ဘုရားရှင်ကို ရှင်အာနန္ဒာက မြင်တော့ အကြောင်းကို မေးလျှောက်လိုက်တယ်။ "ငါဘုရား ပရိနိဗ္ဗာန် စံဝင်ပြီး နှစ်ပေါင်း ၂၀၀ ကျော် ကြာတဲ့အခါမှာ သိရီဓမ္မာသောကမင်းဟာ ပါဋလိပုတ်မြို့မှာ ထီးနန်းစိုးစံလိမ့်မယ်။ အဲဒီ မင်းကြီးဟာ ငါဘုရားအပေါ်မှာ အင်မတန် ကြည်ညိုတာကြောင့် သာသနာပြု လုပ်ငန်းနဲ့တကွ စေတီပေါင်းများစွာ တည်ထား ကိုးကွယ်လိမ့်မယ်။ ပြီးတော့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် တိုင်တိုင် မဟာစေတီမှာ ပူဇော်ပွဲကြီး အကြီးအကျယ် ကျင်းပပါလိမ့်မယ်။ အဲဒီ ပွဲကို မာရ်နတ်က ဖျက်လိုဖျက်ဆီး လုပ်တဲ့အခါမှာ ရှင်ဥပဂုတ္တ ကိသနာဂ အမည်ရှိတဲ့ မထေရ်တစ်ပါးဟာ တန်ခိုးဖြင့် မာရ်နတ်ကို ဆုံးမပါလိမ့်မယ်။ ဒီ ပိယဒဿီ သတို့သားဟာ အဲဒီ ရှင်ဥပဂုတ္တ အလောင်းအလျာလေးပါပဲ။" လို့ ဗျာဒိတ် ပေးတော်မူပါတယ်။ ဒါက ရှင်ဥပဂုတ္တရဲ့ အတိတ်ဘဝက ဇာတ်ကြောင်းပေါ့။

သိရီဓမ္မာသောက မင်းကြီးဟာ စေတီပေါင်း (၈၄၀၀၀) ကို တည်ထားပြီးတဲ့ အခါမှာ အလှူပွဲကြီး အကြီးအကျယ် လုပ်ဖို့ စိတ်ကူးတော်မူတယ်။ ဒါကြောင့် မဟာစေတီမှာ ပန်း၊ ဆီမီး၊ နံ့သာနဲ့ ခုနစ်နှစ် ခုနစ်လ ခုနစ်ရက် ပူဇော်ပြီး ရဟန်းသံဃာကို ဆွမ်းကပ်လှူ၊ လာသမျှ ပရိသတ်ကို ကျွေးမွေးလှူဒါန်းမယ်လို့ စီစဉ်တော်မူပါတယ်။ မင်းကြီးရဲ့ စိတ်ထဲမှာ ဘယ်လို အတွေးဝင်လာသလဲ ဆိုတော့ သူ ဒီလောက် အကြာကြီး ကောင်းမှု လုပ်နေတဲ့ အတောအတွင်း မာရ်နတ်က တစ်နည်းမဟုတ် တစ်နည်းနဲ့ အဖျက်အမှောက်တွေ လုပ်လာမှာပဲ လို့ တွေးတယ်။ ဒါနဲ့ ပါဋလိပုတ်မြို့က သံဃာ့နာယကအဖွဲ့ကို ဦးတင်လျှောက်ထားတယ်။ သူ အလှူလုပ်နေတဲ့ ကာလအတွင်း မာရ်နတ်ရဲ့ အနှောက်အယှက်ကို ကာကွယ်ပေးဖို့ပါ။ မထေရ်ကြီးတွေကလည်း ကာကွယ်ပေးပါမယ်လို့ ကတိပေးတော် မူလိုက်ကြတယ်။

သံဃာထုက စည်းဝေးပြီး မာရ်နတ်ကို နှိမ်နင်းဖို့ တာဝန်ယူမယ့်သူကို ရှာကြရတော့တာပေါ့။ အကြီးဆုံး မထေရ်ကြီးက ကတိသာ ပေးလိုက်တာ။ သူကလည်း မစွမ်းဘူး။ ဒီတော့ သူ့အောက် ငယ်တဲ့ မထေရ်ကို တာဝန်ယူဖို့ လွှဲလိုက်တယ်။ အဲဒီရဟန်းကလည်း မစွမ်းတော့ သူ့အောက်ငယ်တဲ့သူကို ထပ်လွှဲရော။ ဒါနဲ့ ၇ နှစ်သား ကိုရင်လေးဆီ ရောက်သွားတယ်။ (စာရှည်မှာစိုးလို့ တချို့ ချန်ထားခဲ့ပါတယ်) အဲဒီ ကိုရင်လေးက သူလည်း မာရ်နတ်ကို မနိုင်ပါဘူး။ နိုင်မယ့်သူတော့ သူ သိပါတယ် ဆိုပြီး ရှင်ဥပဂုတ္တကို ညွှန်လိုက်တယ်။ အဲဒီမှာ ကိုရင်လေး လျှောက်ပုံက "တောင်သမုဒ္ဒရာထဲမှာ ရေထုကို ခွင်းပြီး ရတနာပြသာဒ်နဲ့ သီတင်းသုံးနေတော်မူတဲ့ ကိသနာဂ ဥပဂုတ္တထေရ်က စွမ်းဆောင်နိုင်ပါလိမ့်မယ်။" လို့ ဆိုပါတယ်။

အတိုချုပ် ပြောရရင် ရဟန်းနှစ်ပါး တောင်သမုဒ္ဒရာကို လွှတ်ပြီး ရှင်ဥပဂုတ္တကို ပင့်စေပါတယ်။ ရောက်တော့ သံဃာအဖွဲ့ကနေပြီး ရှင်ဥပဂုတ္တကို မာရ်နတ်ထိန်းဖို့ တာဝန်ပေးလိုက်တယ်။ အသောကမင်းက ရှင်ဥပဂုတ္တကို မြင်တော့ ရုပ်ဆိုးဆိုး ပိန်ညောင်ညောင်နဲ့မို့ အဟုတ်စွမ်းတာလား သိရအောင် ဆင်ပြောင်ကြီးနဲ့ စမ်းသပ်တယ်။ နောက်တော့မှ စိတ်ချလက်ချ ယုံသွားတယ်ပေါ့။ အသောကမင်းဟာ စေတီပေါင်း (၈၄၀၀၀) ပူဇော်ပွဲကို မဟာစေတီမှာ ကျင်းပပါတယ်။ ပြီးတော့ ဂင်္ဂါမြစ်ကမ်းတလျောက် ဆီမီးတွေ ညှိထွန်းပြီး ဘုရားရှင်ကို ပူဇော်တော်မူတယ်။ ရဟန်းသံဃာတော်အပြည့် လူပရိသတ်အပြည့်နဲ့ ပူဇော်ပွဲကြီးကို ချိမ့်ချိမ့်သဲ ကျင်းပပါတော့တယ်။ လောကပညတ္တိကျမ်းအရ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက် ကျင်းပတယ်လို့ ဆိုပါပေမယ့် မြန်မာပြန် ဇိနတ္ထပကာသနီကျမ်းမှာတော့ ခုနစ်လ၊ ခုနစ်ရက် လို့ပဲ ရေးသားထားတယ်။

အလှူပွဲနေ့မှာ မာရ်နတ်နဲ့ ရှင်ဥပဂုတ္တတို့ ပညာပြိုင်ကြတယ်။ မာရ်နတ်က မီးငြိမ်းအောင် မုန်တိုင်း ဖန်တီးတယ်။ ရေမိုး၊ သဲမိုး၊ ခဲမိုးတွေ ရွာချတယ်။ ရှင်ဥပဂုတ္တက ကာကွယ်လိုက်တယ်။ မာရ်က ဆီမီးစင်ကို တိုက်လှဲမယ်ဆိုပြီး ကျွဲကြီးကို ဖန်ဆင်းပြီး ခွေ့မယ်လုပ်တော့ ရှင်ဥပဂုတ္တက ကျား ဖန်ဆင်းပြီး ပြန်လည် တိုက်ခိုက်တယ်။ မာရ်နတ်က ခေါင်း (၇) လုံးနဲ့ နဂါးလို ဖန်ဆင်းရင် ရှင်ဥပဂုတ္တက ဂဠုန်လို ဖန်ဆင်းတယ်။ မာရ်နတ်က ဘီလူးလို ဖန်ဆင်းရင် သူ့ထက်ကြီးတဲ့ ဘီလူးဖြစ်အောင် ဖန်ဆင်းပြီး မာရ်နတ်ကို အနိုင်ယူတယ်။ နောက်တော့ မာရ်နတ်က သူမနိုင်မှန်းသိတော့ အချိုသပ်တဲ့ အနေနဲ့ လူငယ်လို ဖန်ဆင်းပြီး ရှင်ဥပဂုတ္တကို လာပြီး ကန်တော့တယ်။ အဲဒီတော့ ရှင်ဥပဂုတ္တက ပုပ်ဟောင်ပြီး လောက်တွေတက်နေတဲ့ ခွေးသေကောင်ပုပ်ကို လည်ပင်းမှာ ဆွဲပေးလိုက်တယ်။ ပြီးတော့ ဘယ်သူမှ ချွတ်လို့ မရပါစေသတည်းလို့ အဓိဋ္ဌာန်လိုက်တယ်။ မာရ်နတ်က သိကြားမင်းဆီ ပြေးပြီး အချွတ်ခိုင်းတယ်။ တခြား တန်ခိုးကြီး နတ်တွေကို အချွတ်ခိုင်းတယ်။ ဗြဟ္မာကြီးတွေကို အချွတ်ခိုင်းတယ်။ ဘယ်သူမှ ချွတ်မပေးနိုင်မှန်း သိမှ ရှင်ဥပဂုတ္တဆီ ပြန်လာပြီး သူမှားပါပြီ ဆိုပြီး ဝန်ချတောင်းပန်တယ်။

ရှင်ဥပဂုတ္တလည်း ခွေးသေကောင်ပုပ်ကို ချွတ်ပေးလိုက်ပြီး မာရ်နတ်ကို ခါးပန်းကြိုးနဲ့ တောင်ကြီးတစ်တောင်မှာ ချည်ထားလိုက်တယ်။ အသောကမင်းရဲ့ အလှူပြီးမှ ပြန်လွှတ်ပေးမယ်ပေါ့။ အလှူပြီးတဲ့အခါမှာ ရှင်ဥပဂုတ္တက ဖမ်းချုပ်ထားတဲ့ မာရ်နတ်ကို သွားတွေ့ပါတယ်။ မာရ်နတ်က မထေရ်ကို တွေ့တဲ့အခါမှာ အပြစ်တင်ရင်း ငြီးငြူရှာတယ်။ ဘုရားရှင် သက်တော်ထင်ရှား ရှိတုန်းက သူအနေနဲ့ ဘုရားရှင်ကို နည်းမျိုးစုံနဲ့ နှောက်ယှက် ဒုက္ခပေးဖူးပါတယ်။ ဒါပေမယ့် ဘုရားရှင်ဟာ ဘယ်တုန်းကမှ သူ့ကို နာကျင်အောင် ဒဏ်ခတ် အပြစ်ပေးခြင်း မရှိခဲ့ဖူးဘူး။ သူရဲ့ တပည့်သား သာဝကတွေကျတော့ သူ့လို မေတ္တာကရုဏာ မထားနိုင်ဘဲ သူတစ်ဖက်သားကို နှိပ်စက်ကလူ ပြုနေကြတော့တယ်။ ဘုရားရှင်ရဲ့ ဂုဏ်ကျေးဇူး တယ်ကြီးမားလှပါလားလို့ တမ်းတပြီး ဘုရားဆု ပန်လိုက်တယ်။ ရှင်ဥပဂုတ္တဟာ မာရ်ကို ကျော့ကွင်းက လွှတ်ပေးပြီး ဘုရားရှင်ရဲ့ ပုံပန်းသဏ္ဌာန်ကို ဖူးတွေ့လိုကြောင်းနဲ့ ဖန်ဆင်းပြဖို့ မာရ်နတ်ကို တောင်းခံတော့ မာရ်နတ်ကလည်း ဘုရားရှင်ရဲ့ ပုံသဏ္ဌာန်ကို ဖန်ဆင်းပြခဲ့တယ်။

ရှင်ဥပဂုတ္တ အကြောင်းကို လောကပညတ္တိကျမ်းမှာ ဖော်ပြထားတာဟာ အခုဆို ကုန်သလောက်ပါပဲ။ အသေးစိပ် အချက်အလက်တချို့ကိုတော့ ချန်ထားခဲ့ပြီး ဖတ်ချင်ရင် ကျီးသဲလေးထပ်ဆရာတော်ရဲ့ ဇိနတ္ထပကာသနီ ကျမ်း နောက်ဆုံးပိုင်းနားမှာ ဖတ်ရှုလေ့လာနိုင်ပါတယ်။ ဒီ လောကပညတ္တိကျမ်းမှာ ရှင်ဥပဂုတ္တနဲ့ ပတ်သက်ပြီး ငယ်စဉ်ဘဝ အကြောင်းနဲ့ နေ့စဉ် လှုပ်ရှားနေထိုင်မှု အကြောင်း လုံးဝ ဖော်ပြထားတာ မပါပါဘူး။ အဓိကက အသောကမင်းကြီးရဲ့ မဟာစေတီ ပူဇော်ပွဲနဲ့ ဆက်စပ်သလောက်ပဲ ဖော်ပြထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ရှင်ဥပဂုတ္တ ဘယ်လို ပရိနိဗ္ဗာန် စံသလဲ (သို့) လုံးဝ မသေဘဲ တောင်သမုဒ္ဒရာမှာ သီတင်းသုံးနေသလား စတာတွေကို လုံးဝ ဖော်ပြထားခြင်း မရှိဘူး။ ဒါကြောင့် ခိုင်မာတဲ့ ကျမ်းစာအထောက်အထားအရ လုံးဝ မသိနိုင်ဘူးလို့ ဆိုရမှာပဲ။ ရှင်ဥပဂုတ္တရဲ့ ငယ်ဘဝနဲ့ ပတ်သက်ပြီး သိနိုင်တဲ့ ဇာတ်လမ်းသုံးမျိုး ရှိပါသေးတယ်။ အဲဒါတွေက ကျမ်းဂန် အထောက်အထား မရှိတာကြောင့် ဇာတ်သဘောဆန်ဆန်ပါပဲ။ ဇာတ်လမ်းပမာ နားဆင်စရာပေါ့။

ပထမဇာတ်လမ်းက ဘုရားရှင် ပရိနိဗ္ဗာန် စံပြီး နှစ်နှစ်ရာ အလွန် ရာဇဂြိုဟ်ပြည်ကနေ စရပါ့မယ်။ ရာဇဂြိုဟ်အနီးက ရွာကြီးတစ်ရွာမှာ တံငါသည်တစ်ယောက်ဟာ ရွှေရောင်ငါးကြီးတစ်ကောင် ဖမ်းမိလာတယ်။ ငါးကြီးက သေနေပေမယ့် သူ့ဗိုက်ထဲမှာ လှုပ်နေတာ မြင်ရတော့ ငါးကြီး တစ်ခုခုကို မျိုထားတာဖြစ်မယ် ဆိုပြီး ဗိုက်ခွဲကြည့်ကြတယ်။ ဗိုက်လည်း ခွဲလိုက်ရော အထဲမှာ အင်မတန် ချစ်စရာ ကောင်းတဲ့ မွေးကင်းစ ကလေးမလေး တစ်ယောက်ကို တွေ့တယ်။ ဒီသတင်းကို ရာဇဂြိုဟ် ဘုရင်က ကြားတော့ သမီးလေးမြင်တာနဲ့ ချစ်ခင်စိတ်ဖြစ်ပြီး သမီးတော်အဖြစ် မွေးစားလိုက်တယ်။ ဘုရင်မှာက သားသမီး မထွန်းကားဘူး။ ဒီတော့ သမီးအရင်းလို ချစ်ရှာပြီး အဲဒီ ကလေးမကို မစ္ဆဒေဝီ (ငါးမင်းသမီး) လို့ နာမည်ပေးလိုက်တယ်။ မစ္ဆဒေဝီဟာ ရုပ်ရည် အင်မတန် ချောမောလှပပေမယ့် အတိတ်ဘဝက အကုသိုလ်ကံကြောင့် ပါးစပ်က အပုပ်နံ့ ထွက်နေတယ်။ ဘယ်လောက်ပဲ ဆေးဆေး၊ ဘယ်လိုပဲ ကုကု အနံ့က မပျောက်ဘူး။ ကြီးလာလေ ပိုချောလာလှလာလေ၊ အပုပ်နံ့က ပိုပျင်းလာလေ ဖြစ်လာတယ်။ နောက်ဆုံး ဘုရင်ကြီးလည်း စိတ်ပျက်ပြီး မစ္ဆဒေဝီကို ဖောင်ပေါ်တင်ပြီး ရေမျောချလိုက်တော့တယ်။

ဖောင်ဟာ ရေထဲမျောပါရင်း တိုင်းပြည်တစ်ပြည်ရောက်လို့ ကမ်းကပ်လိုက်ရင် အဲဒီတိုင်းပြည်က ဘုရင်တွေဟာ မစ္ဆဒေဝီရဲ့ အလှကြောင့် တော်ကောက်ကြတယ်။ မကြာပါဘူး။ အနံ့မခံနိုင်တာနဲ့ မြစ်ထဲ ပြန်မျောခံရပြန်တာပဲ။ ဒီလိုနဲ့ မျောလိုက် ဆယ်ခံရလိုက်နဲ့ မျောနေလိုက်တာ ရသေ့ကြီး ဥပကို တွေ့ထဲအထိပဲ။ ရသေ့ကြီး ဥပဟာ ဆယ်ယူပြီး သူ့သမီးတစ်ယောက်လို စောင့်ရှောက်ရှာတယ်။ ထူးဆန်းတာက ရသေ့ကြီးဆီလည်း ရောက်ရော မစ္ဆဒေဝီရဲ့ အနံ့ဆိုးတွေ အားလုံး ပျောက်သွားတယ်။ ရသေ့ကြီးက မစ္ဆဒေဝီကို သမီးအရင်းလို စောင့်ရှောက်နေပေမယ့် မစ္ဆဒေဝီကတော့ ရသေ့ကြီးကို ရာဂစိတ်နဲ့ တွယ်တာနေမိတယ်။ ကာမစပ်ယှက်မှု လုံးဝမရှိပေမယ့် အဲဒီ တွယ်တာစိတ်ကြောင့် မစ္ဆဒေဝီမှာ ကိုယ်ဝန်ရလာခဲ့တယ်။ နောက်တော့ သားလေးတစ်ယောက် မွေးဖွားလာပြီး ရသေ့ကြီး ဥပရဲ့ စောင့်ရှောက်မှု (ဂုတ္တ) အောက် နေထိုင်ရလို့ ကလေးငယ်ကို ဥပဂုတ္တ လို့ မှည့်ခေါ်ကြတယ်။ ကလေးဟာ တောထဲမှာ ကြီးပြင်းရပြီး ပင်ကိုယ်သဘာဝကိုပဲ ရိုင်းစိုင်းပြီး ခက်ထန်ကြမ်းတမ်းတယ်။

သမီး မစ္ဆဒေဝီနဲ့ ဥပဂုတ္တတို့ရဲ့ ရှေ့ရေးကို ကြိုတင် သိမြင်နေတဲ့ ရသေ့ကြီးက ရာဇဂြိုဟ်ကို ပြန်ကြဖို့ အကြံပြုတယ်။ ဒါနဲ့ မစ္ဆဒေဝီနဲ့ ဥပဂုတ္တတို့ဟာ ရာဇဂြိုဟ်ပြည်ကို ပြန်လာကြပြီး သတင်းကြားတဲ့ ဘုရင်ကြီးကလည်း သမီးတော်အဖြစ် ပြန်လည် လက်ခံလိုက်တယ်။ ဘုရင်ကြီးမှာ ထီးနန်းအရိုက်အရာအတွက် ဆက်ခံမယ့်သူ မရှိသေးတာကြောင့် ဥပဂုတ္တကို မြင်တဲ့အခါမှာ သူ့မြေးတော် အဖြစ်နဲ့ အိမ်ရှေ့စံ ရာထူးကို အပ်နှင်းဖို့ ရည်ရွယ်ထားမိတယ်။ ဒီသတင်းကို သမီးတော် မစ္ဆဒေဝီကို ပြောပြတော့ မစ္ဆဒေဝီက လုံးဝ သဘောမတူဘူး။ ဥပဂုတ္တဟာ တစ်နေ့ ရဟန္တာ ဖြစ်လာလိမ့်မယ်လို့ ရသေ့ကြီးက ပြောဖူးထားတာကြောင့် ဥပဂုတ္တကို ရဟန်းပဲ ဖြစ်စေချင်သတဲ့။ ဒါနဲ့ သားအဖနှစ်ယောက် စကားများကြတော့ တန်ခိုးကြီး နတ်တစ်ပါးက ရောက်လာပြီး ဥပဂုတ္တလေးကို မ ချီပြီး မိုးပေါ် ပျံတက်သွားတယ်။ မိုးပေါ်ကို ယက်ကန်ယက်ကန်နဲ့ ပါသွားတဲ့ ဥပဂုတ္တလေးဟာ သေမလား ရှင်မလား မသိတဲ့ သူ့ဘဝကို သံဝေဂရပြီး အနိစ္စသညာနဲ့ တရားမှတ်လိုက်တာ မိုးပေါ်မှာတင်ပဲ အဘိဉာဉ်ရ ရဟန္တာ ဖြစ်သွားတယ်။ သူမျက်စိမှိတ်ပြီး သမာပတ်ဝင်စားရာကနေ ဖြုတ်ပြီး မျက်စေ့ဖွင့်ကြည့်လိုက်တော့ သူဟာ သမုဒ္ဒရာရဲ့ အပေါ်မှာ ရောက်နေပြီ။ ဒါနဲ့ သူလည်း နတ်ရဲ့ လက်ထဲကနေ ရုန်းထွက်ပြီး သမုဒ္ဒရာထဲမှာ အခန့်သင့် မြင်နေရတဲ့ ကြေးပြသာဒ်ပေါ် သွားပြီး သတင်းသုံးနေလိုက်တော့တယ်။ အခုအချိန်ထိ ရာသက်ပန်ပဲ ဆိုပါတော့။

ဒုတိယဇာတ်လမ်းဟာ ၁၉၃၀မှာ ရန်ကုန် မောင်မောင်စိုး ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးတဲ့ ရှင်ဥပဂုတ် ဆိုတဲ့ ဇာတ်ကားက လာပါတယ်။ မစ္ဆဒေဝီကို သမီးတော်အဖြစ် မွေးစားပြီး ပါးစပ်က အနံ့ဆိုးထွက်တဲ့ အထိ အတူတူပါပဲ။ အခုလို အနံ့ဆိုး ထွက်တာကြောင့် ပင်လယ်စောင့်နတ်က ပြုစားထားလို့ ဖြစ်ရမယ်ဆိုတာ ယုံကြည်တဲ့ အတွက်ကြောင့် ဘုရင်ကြီးဟာ ကြေးပြသာဒ်ကြီးတစ်ဆောင် လုပ်ပြီး ပြသာဒ်ပေါ်ကို လှူဖွယ် စားဖွယ် ပစ္စည်းတွေ တင်စေပါတယ်။ ပြီးတော့ "ပင်လယ်စောင့်နတ်ကြီးကို ပူဇော်ပါတယ်။ သမီးတော်ကို အကောင်းပကတိ ဖြစ်အောင် စောင့်ရှောက်တော်မူပါ" ဆိုပြီး မြစ်ထဲ မျောချ ပူဇော်လိုက်တယ်။ ကြေးပြသာဒ်ကြီး ပင်လယ်ထဲ ရောက်လောက်ပြီ ဆိုတဲ့ အချိန် (၁၆ နှစ်အရွယ်) မှာပဲ မစ္ဆဒေဝီရဲ့ ပါးစပ်က အနံ့အသက်ဟာလည်း ပျောက်ကင်းသွားတယ်။ ဒါနဲ့ ဘုရင်နဲ့ သမီးတော် မစ္ဆဒေဝီတို့ဟာ သံဃာတွေ ပင့်ဖိတ်ပြီး အလှူကြီး ပြုလုပ် လှူဒါန်းကြတယ်။

ရာဇဂြိုဟ်ရဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ဥပ အမည်ရှိတဲ့ သတို့သားတစ်ယောက်ဟာ ကျောင်းသားအနေနဲ့ ပညာသင်နေတယ်။ သူက မစ္ဆဒေဝီရဲ့ သတင်းတွေ ကြားနေရတော့ အင်မတန်မှ မြင်ဖူးချင်နေတယ်။ မတွေ့ခင်ကတည်းက အရူးအမူး စိတ်ဝင်စားနေတယ်။ ဒါကြောင့် အလှူပွဲနေ့မှာ မစ္ဆဒေဝီကို အနီးကပ် ကြည့်ရအောင် သူဟာ ဘုန်းကြီး ဟန်ဆောင်ပြီး ဆွမ်းခံ သံဃာတန်းနဲ့ လိုက်ပါသွားတယ်။ ဥပနဲ့ မစ္ဆဒေဝီ အနီးကပ် တွေ့ကြတဲ့အခါမှာ မစ္ဆဒေဝီကလည်း မြင်ရတဲ့ ဥပ အပေါ် အတိုင်းမသိ တပ်မက်စိတ် ဖြစ်လာတယ်။ ဥပ ရဲ့ အမူအရာတွေကလည်း မမှန်တာကြောင့် မစ္ဆဒေဝီဟာ သူ့ကို သံသယ ဝင်လာပြီး လက်ကို အတင်း ဖမ်းဆုပ်ထားတော့တယ်။ အဖမ်းဆုပ်ခံထားရတဲ့ ဥပ ကလည်း မလုံမလဲ ဖြစ်ပြီး အတင်းရုန်းလို့ အလှူပွဲနေရာကနေ ထွက်ပြေးသွားတယ်။ ဒါကို အဝေးက မြင်နေရတဲ့ လုံခြုံရေးတွေက မသင်္ကာလို့ ဥပ နောက်ကို တကောက်ကောက်လိုက်ပြီး အခြေအနေကို လိုက်အကဲခတ်ကြတယ်။

အဲဒီလို လက်ကို ဆုပ်ကိုင်ပြီး တပ်မက်စိတ် ဖြစ်ကြရုံနဲ့ မစ္ဆဒေဝီမှာ ကိုယ်ဝန်ရလာတယ်။ ဒါကို ဘုရင်သိတော့ သမီးကို မေးစစ်တယ်။ သမီးကလည်း စာရိတ္တ ဖောက်ပြားမှု မရှိကြောင်း ငြင်းတယ်။ နောက်ပြီး သံသယရှိတဲ့ ဥပ ကိုလည်း ဖမ်းဆီးပြီး မေးစစ်ပြန်တယ်။ ဥပ အနေနဲ့လည်း မစ္ဆဒေဝီကို မြင်ဖူးရုံ မြင်ဖူးတာကိုး။ နောက်ဆုံး ဘယ်လိုမှ မေးစစ်လို့ မရတော့ ဘုရင်ကြီးက စိတ်ဆိုးပြီး ဥပ ကို သေဒဏ်ပေးတယ်။ မစ္ဆဒေဝီကို နယ်နှင်ဒဏ် အနေနဲ့ တောထဲ ပစ်ဖို့ အမိန့်ချလိုက်တယ်။ ဥပကို သေဒဏ်ပေးမယ့် နေ့မှာ သူ့ သူငယ်ချင်းက သတင်းကြားလို့ လာကယ်တယ်။ ဒါပေမယ့် မအောင်မြင်ဘဲ သူပဲ အသတ်ခံလိုက်ရတယ်။ သူသေတော့ ချက်ချင်းပဲ နတ်ဖြစ်သွားပြီး သေဒဏ်ပေးခံရမယ့် သူငယ်ချင်း ဥပ ကို သတိရသွားတယ်။ ဒါနဲ့ နောက်တစ်ခါ နတ်တန်ခိုးနဲ့ လာကယ်ပြီး မစ္ဆဒေဝီ ရှိတဲ့ တောထဲကို ပို့ပေးလိုက်တယ်။ ဥပ နဲ့ မစ္ဆဒေဝီ တောထဲမှာ အတူနေကြရင်း ဥပဂုတ္တလေးကို မွေးဖွားတယ်။ ထူးဆန်းတာက ဥပဂုတ္တဟာ ပုံမှန်မဟုတ်ဘဲ နားပေါက်ကနေ မွေးဖွားလာတာ ဖြစ်တယ်။

ထူးထူးခြားခြား နားကနေ သားကလေးမွေးတဲ့ မစ္ဆဒေဝီ အကြောင်းဟာ မကြာခင်မှာပဲ ရာဇဂြိုဟ်မှာ ပျံ့နှံ့သွားတယ်။ ဒီသတင်းကို ကြားတော့ ဘုရှင်ကြီးဟာ ထီးမွေနန်းလျာအတွက် မစ္ဆဒေဝီတို့ မိသားစုကို ပြန်ခေါ်ဖို့ စီစဉ်တော့တယ်။ အဲဒီအချိန်မှာ ဥပ နေခဲ့ဖူးတဲ့ ဘုန်းကြီးကျောင်းက ဆရာတော်ကလည်း ဒီသတင်းကို ကြားတယ်။ သူတို့ သားလေး ဥပဂုတ္တဟာ တော်တန်ရုံကလေး မဟုတ်ဘူး ဆိုတာလည်း သိတော့ ကလေးကို သူ့ကျောင်းမှာ ခေါ်ယူစောင့်ရှောက်မယ် ဆိုတဲ့ အကြံနဲ့ မစ္ဆဒေဝီတို့ဆီ လိုက်လာကြတယ်။ ဘုရင်နဲ့ ဘုန်းကြီး ဆုံကြတော့ ကလေး လုကြပြီပေါ့။ တစ်ယောက်က အိမ်ရှေ့အရာပေးပြီး ဘုရင်ဖြစ်စေချင်တယ်။ နောက်တစ်ယောက်က တရားစာပေ သင်ကြားပေးပြီး ရဟန္တာ ဖြစ်စေချင်တယ်။ သူတို့နှစ်ယောက် အခြေအတင် လုနေတဲ့ အချိန်မှာ ဥပ ကို ကယ်ပေးခဲ့တဲ့ နတ်သား သူငယ်ချင်း ပေါ်လာပြီး အကြံတစ်ခု ပေးတယ်။ "ဒီတောထဲက တစ်နေရာမှာ ကန်တစ်ကန် ရှိတယ်။ အဲဒီ ကန်ထဲ ပစ်ချလိုက်တဲ့ ကလေးဟာ သူအနာဂတ်ဖြစ်ရမယ့် လူကြီးဘဝအတိုင်း လူကြီးဖြစ်ပြီး ရေပေါ် ပြန်ပေါ်လာလိမ့်မယ်။ အဲဒီတော့ မင်းမြောက်တန်ဆာနဲ့ ပေါ်လာရင် ဘုရင်ကြီးက ခေါ်သွားပေါ့။ ရဟန်းဝတ်နဲ့ ပေါ်လာရင် ဘုန်းကြီးက ခေါ်သွားပေါ့လို့" အကြံပေးတယ်။

နတ်သား အကြံပေးတဲ့အတိုင်း ဥပဂုတ္တလေးကို ရေကန်ထဲ ပစ်ချလိုက်တာ ရဟန်းဝတ်နဲ့ ပြန်ပေါ်လာတော့တယ်။ ရိုးရိုး ရဟန်းတောင် မဟုတ်ဘဲ အဘိဉာဉ်ရ ရဟန္တာ အဖြစ်နဲ့ ပြန်ပေါ်လာတာ ဖြစ်တယ်။ အဲဒီတော့ ဘုရင်ကြီးလည်း အရှုံးပေးပြီး ပြန်ကြွသွားတယ်။ စောင့်ရှောက်စရာ မလိုတော့တာကြောင့် ဘုန်းတော်ကြီးလည်း ပြန်ကြွသွားပါတယ်။ အဲဒီအချိန်မှာ ရှင်ဥပဂုတ္တဟာ ဘယ်မှာ သီတင်းသုံးရင် ကောင်းမလဲလို့ စိတ်ကူးလိုက်တဲ့အခါ အာရုံထဲမှာ ကြေးပြသာဒ်ကြီး ပေါ်လာတယ်။ သူ့အမေ ငယ်ငယ်က ပင်လယ်စောင့်နတ်ကို ပူဇော်ထားတဲ့ ကြေးပြသာဒ်ဟာ အခုဆို တောင်သမုဒ္ဒရာအလယ်မှာ ရောက်နေတာပေါ့။ ဒါနဲ့ ရှင်ဥပဂုတ္တလည်း အဲဒီ ကြေးပြသာဒ်ကို ကြွသွားပြီး ရာသက်ပန် သီတင်းသုံးနေပါတော့တယ်။

လာအိုနဲ့ ထိုင်းမှာ ခေတ်စားတဲ့ နောက်ဇာတ်လမ်းတစ်မျိုး ရှိပါသေးတယ်။ အဲဒီ ဇာတ်လမ်းမှာ ရှင်ဥပဂုတ္တရဲ့ အမေဟာ ငါးကနေ မွေးတာ မဟုတ်ဘဲ သူကိုယ်တိုင်က ရေသတ္တဝါက မွေးတာ ဖြစ်နေတယ်။ နောက်ပြီး အထူးခြားဆုံးက ရှင်ဥပဂုတ္တရဲ့ အဖေဟာ ဥပ မဟုတ်ဘဲ ဂေါတမ ဘုရားရှင် ဖြစ်နေတဲ့ အချက်ပါပဲ။ ဂေါတမ ဘုရာရှင်ဟာ တစ်နေ့အခါမှာ ဂင်္ဂါမြစ်ရေထဲ သူရဲ့ သုတ်သွေးတွေကို ဆေးကြော သန့်စင်တယ်။ အဲဒီ အချိန်မှာ ရေသူမ တစ်ယောက် (ငါး၊ နဂါး ဇာတ်လမ်း သုံးမျိုးကွဲ) ဟာ အဲဒီ သုတ်သွေးတွေကို မျိုစားပြီး ကိုယ်ဝန်ရပါတော့တယ်။ နောက်တော့ ဥပဂုတ္တလေးကို မွေးဖွားပြီး အရွယ်ရောက်တဲ့အခါမှာ ဘုရားရှင်ဆီမှာ ရဟန်းခံရင်း တရားကျင့်စေပါတယ်။ ရဟန္တာဖြစ်ပြီးတဲ့နောက် တောင်သမုဒ္ဒရာ အောက်ထဲမှာ ရာသက်ပန် သီတင်းသုံး နေပါတော့တယ်။ (ဒီဇာတ်လမ်းဟာ ထေရဝါဒ ရှုထောင့်၊ ဝိနည်းရှုထောင့်ကနေ ကြည့်ရင် မဖြစ်နိုင်ဆုံး ဇာတ်လမ်း တစ်ပုဒ်ပါပဲ။ ဒါပေမယ့် အခုချိန်ထိ လာအိုနဲ့ ထိုင်း တချို့ဒေသတွေမှာ ဒီအတိုင်း ယုံကြည်နေကြဆဲပါ။)

ကိုးကား -
1. On the Versions of the Upagupta Legend: Episode of Māra's Conversion (Yamasaki Kazuho)
2. The Legend and Cult of Upagupta - John S Strong
၃။ ဇိနတ္ထပကာသနီကျမ်း - ကျီးသဲလေးထပ်ဆရာတော်
၄။ ဓမ္မရေးရာ ပဒေသာပေါင်းချုပ် - ဓမ္မာစရိယ ဦးအေးနိုင် (ဘီအေ)