တစ်ကလုတ် တစ်ကလုတ်


ခွေးထက်မိုက်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲဆိုရေရွတ်နေသော ဆရာသမား၏ အနီးသို့ မျက်နှာငယ်လေးနှင့် ချဉ်းကပ်ရင်း “ဆရာ၊ ကျော်ဘာမှားလုပ်မိလို့လဲ ဆရာရယ်” ဟု မပွင့်တပွင့် မေးလိုက်သည်။ ဒေါက်စိုးက ခေါင်းမော့ကြည့်ရင်း”မင့်း ပြောတာ မဟုတ်ပါဘူးကွာ” ဟု နှစ်သိမ့်၏။ “ဒါဆို ဆရာက ဘယ်သူ့ကို မကျေမနပ် ဖြစ်နေရတာလဲ” ဟူသော အမေးကို “ကိုယ့်ကိုယ်ကိုယ်ပါကွာ” ဟု ဖြေရင်း ဒေါက်စိုးတစ်ယောက် စားပွဲပေါ်မှ စာအုပ်များကို စူးစူးရဲရဲ ကြည့်နေလေတော့သည်။

ဆေးရုံတစ်ရုံတွင် ဖြစ်သည်။ ဆရာဝန်ကြီး round လှည့်နေ၍ ဆေးရုံထဲ လူများ ရှင်းလင်းနေ၏။ အမှန်ဆိုရသော် ထိုဆေးရုံမျိုးသည် ဆရာဝန်ကြီး round လှည့်သည်ဖြစ်စေ မလှည့်သည် ဖြစ်စေ ပုံမှန်အားဖြင့် ဧည့်သည် မရှိသလောက်ပင်။ ဆရာဝန်ကြီး ရောက်တော့မည် ဖြစ်၍ ကိုဆွေတစ်ယောက် ရေးလက်စ စာကို ရပ်ထားပြီး ကုတင်ပေါ်တွင် လှဲလျက် အသင့်စောင့်နေတော့သည်။ ခဏနေ ဆရာဝန်ကြီး ရောက်လာ၍

“ဗျို့ ကိုဆွေ၊ ဘယ်လိုလဲ ဒီနေ့ နေသာထိုင်သာ ရှိရဲ့လား။”
“ရှိပါကောလား ဆရာရယ်။ ကျန်းမာရေး ကောင်းတာနဲ့ အားနေတဲ့ အချိန်တွေ စာထိုင်ရေးနေတာ ဆြာ။”
“ဟေ ဟုတ်လှပါလား။ ဘာများ ရေးသတုန်းဗျ။”
“ဝတ္ထုရှည်တစ်ပုဒ် ဆိုပါတော့ ဆြာ”
ကိုယ့်လူနာအကြောင်း ကိုယ်သိ၍ ဘာမှ မထူးဆန်းသော မျက်နှာပေးနှင့်
“တယ် ဟုတ်ပါလား။ ဘာအကြောင်းတုန်းဗျ။”
“ဗိဿနိုးက ပန်ထွာဘုရင်မကြီးနဲ့ မွန်ဂိုဘုရင် ဂူဗလိုင်ခမ်တို့ အယုဒ္ဓယမှာ စစ်ခင်းကြတုန်းက ဘုရင်မကြီးရဲ့ ကိုယ်ရံတော်တပ်က သူရဲကောင်း ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်း ရေးနေ …”
ပြောသော စကားပင် မဆုံးသေး။ “အေး ကောင်းတယ် ကောင်းတယ်” ဟု ဖြတ်ပြောရင်း ဆရာဝန်ငယ်များကို လိုအပ်သည်များ မှာကြားပြီး တခြား ကုတင်သို့ ကူးသွားလေတော့သည်။

နောက်တစ်လအကြာတွင်လည်း စာရေးမပြတ်သော ကိုဆွေအား မြင်ရသောအခါ
“ကိုဆွေ၊ ခင်ဗျား ဝတ္ထုက မပြီးသေးဘူးလား။”
“ဒါ နောက်တစ်အုပ် ဆရာ။ အရင် ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်းက ပြီးပြီ။”
“အော် အေးအေး၊ အခုကော ဘာအကြောင်း ရေးသတုန်း” ဟု မေးရင်း လူနာကို စမ်းသပ်မှု ပြုလုပ်နေ၏။
“ပင်းယမင်းခေါင်နဲ့ နောင်တလင်းရတနာသိုက် အကြောင်း ရေးနေတာ ဆြာ”
ဒီလိုနဲ့ နှစ်တွေ ချီလာတယ်။ ကိုဆွေကတော့ စာရေးမပြတ်။ သူ့စားပွဲပေါ်လည်း ဗလာစာအုပ်ပုံကြီး ဟီးလို့။ တာဝန်ကျ သူနာပြုကို မေးကြည့်တော့လည်း တစ်နေ မြင်လိုက်တိုင်း စာရေးနေတာပဲ ဆရာတဲ့။ ကျမတို့တောင် သူ့ကို ဘောပင်အသစ် ဝယ်ဝယ်ပေးနေတာ ငါးခါ ရှိပြီတဲ့။

ဒီလိုနဲ့ ဇွဲကောင်းကောင်းနဲ့ စာရေးနေတဲ့ ကိုဆွေကို ဒေါက်စိုးတစ်ယောက် အတော် စိတ်ဝင်စားသွားတယ်။ အခု ရေးနေတာ (၇) အုပ်မြောက် လုံးချင်း ဝတ္ထု ဆိုပဲ။ စားပွဲပေါ် ပုံထားတဲ့ ဗလာစာအုပ်တွေပဲ အအုပ် (၃၀) လောက် ရှိမယ်။ ဒါနဲ့ မသင်္ကာနဲ့ တစ်ရက်တော့ စားပွဲပေါ်က စာအုပ်တစ်အုပ် ဆွဲကောက်ယူကြည့်လိုက်တယ်။ အချိန်မရတာနဲ့ ပထမ စာမျက်နှာ ဖတ်ကြည့်ပြီး နောက်စာမျက်နှာတွေကော စာပါ မပါ အမြန်ပဲ လှန်လှော ကြည့်လိုက်တော့ တစ်အုပ်လုံးမှာ စာအပြည့် တွေ့လိုက်ရတော့ အတော်ကြီး အံ့အားသင့်သွားတယ်။ လူတစ်ယောက်ကို အထင်သေးလိုက်မိတာ ဆိုပေမယ့် သူ့လူနာအကြောင်း သူအသိဆုံးကိုး။ ဒါနဲ့ပဲ သေချာအောင် “မင်းဝတ္ထုတွေ ငါ ဖတ်ချင်လို့ကွာ ခဏငှားအုံး” ဆိုပြီး ရေးလက်စ တစ်အုပ်ကလွဲလို့ အကုန် မ လာခဲ့တော့တယ်။

အဲဒီ စာအုပ်တွေ လှန်လှောကြည့်ရင်းနဲ့ ကိုယ့်နဖူးကိုယ် ရိုက်ပြီး “ခွေးထက် မိုက်တဲ့ကောင် ခွေးထက် မိုက်တဲ့ကောင်” လို့ ရေရွတ်နေတော့တာပေါ့။ တပည့်ကျော်ကတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲနေသလဲ အခုထိ နားမရှင်းသေးဘူး။ ကိုယ့်ဆရာ ဖတ်နေတဲ့ စာအုပ်တွေကို လှန်းကြည့်လိုက်တော့ ခေါင်းစဉ်တွေက အလန်းစားတွေ။ အယ်လ်-ခမ် တိုက်ပွဲနှင့် ချစ်ပန်ထွာ၊ နောင်တလင်းသိုက်မှာ ခရီးတစ်ထောက်၊ ခရိုန်မှ အာဘင်သို့၊ လင်းတစ်လှည့် ယုန်တစ်လှည့် စသဖြင့် စသဖြင့်။ တပည့်ကျော်က စာအုပ်တွေကြည့်ရင်း “ဘယ်သူ ရေးထားတာလဲ ဆရာ” ဟု မေးလိုက်သည်။ “ငါ့လူနာ ကိုဆွေလေ” ဟူသော အဖြေ ကြားရ၍ ဒေါက်စိုးကို မျက်လုံးပြူးထွက်မတတ် ကြည့်ရင်း “အထဲမှာ ဘာတွေ ရေးထားတာလဲ ဆရာ”။ ဒေါက်စိုးသည် အယ်လ်-ခမ် တိုက်ပွဲ စာအုပ်ကို ကောက်ကိုင်ပြီး ပထမ စာမျက်နှာကို ကြည့်ရင်း အကျဉ်းချုပ် ရှင်းပြနေတော့သည်။

“ဝတ္ထု အစမှာကကွာ ပန်ထွာဘုရင်မကြီးကို မွန်ဂိုဘုရင် ဂူဗလိုင်ခမ်က စစ်ကြေငြာပြီး အယုဒ္ဓယကို လာဖို့ ခေါ်သတဲ့။ ဒါနဲ့ ပန်ထွာက သူရဲ့ လက်ရုံး သူရဲကောင်း ဖြစ်တဲ့ အယ်လ်ဗထူးကို သူတို့ သွေးမကြောင်ကြောင်း ပြဖို့ သွားတိုက်ချေ ဆိုပြီး အမိန့်ပေး စေလွှတ်သတဲ့။ ဒီတော့ အယ်လ်ဗထူးက တပ်ထွက်မိန့်ခွန်းတွေ အားရပါးရ ပြောပြီး ပြည်သူအပေါင်းရဲ့ အားပေးထောက်ခံမှု အပြည့်နဲ့ စစ်ချီတယ်ပေါ့ကွာ။ ဘုရင်မကြီး ကိုယ်တိုင် ထွက်ပြီး နှုတ်ဆက်တာဆိုတော့ အင်မတန် ခန်းနားကြီးကျယ်တာပေါ့”

“ဟာ ဆရာ့အရူးက တယ် ဟုတ်ပါလား။ ဘာတွေ ဆက်ဖြစ်သေးတုန်း ဆရာ”
” အင်း …. မပြောပါရစေနဲ့တော့ကွာ” ဟု စိတ်ပျက်လက်ပျက် ပြောရင်း စာအုပ်အကုန်လုံးအား တပည့်ကျော်အား ထိုးပေးလေသည်။
“မင်း ငပြူးအိမ်ကို သိတယ်မလား”
“ဆရာ့ ငယ်သူငယ်ချင်း ဟို လွှတ်တော်အမတ်ကို ပြောတာမလား ဆရာ။ သိတာပေါ့”
“အေးကွာ ဒီစာအုပ်တွေ သူ့ကို သွားပေးလိုက်။ ပြီးရင် ငါမှာတာကို ပြော။ ဒီစာအုပ်အကုန်လုံး ပြီးအောင်ဖတ်လို့ ပြောလိုက်။ မင်းတို့ သင်ခန်းစာ ယူစရာတွေ အများကြီးပါတယ် လို့ ပြောလိုက်”
“ဟာ ဆရာကလည်း ကျော်လည်း ဖတ်ချင်တာပေါ့။ မဖတ်ရတောင် ဇာတ်လမ်း အကျဉ်းလေး ပြောပြပေါ့ ဆရာရယ်”
“ကဲ မရှည်နဲ့ကွာ။ အခု သွားပေးလိုက်။ လမ်းရောက်မှ ကိုယ့်ဖာသာ ဖတ်ကြည့်။”

ဆရာဖြစ်သူက ကိုယ့်နဖူးကိုယ်ရိုက်ပြီး ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲရလောက်အောင် ဒီစာအုပ်က ဘာရေးထားလို့လဲ။ ဗိုလ်ချုပ် အယ်လ်ဗထူးက ဗိဿနိုးကနေ စစ်ချီပြီး ဘာတွေ ဆက်ဖြစ်ကုန်ပါလိမ့်။ ဘယ်လိုများ ရေးထားမှာပါလိမ့်။ အရူးရေးထားတဲ့ စာအုပ် အအုပ် (၃၀) ကျော်ကို သင်ခန်းစာယူရအောင် ဆိုပြီး အမတ်မင်းတစ်ယောက်ကို ဖတ်ကြည့်ခိုင်းတယ် ဆိုတော့ ဘာတွေ ပါလို့တုန်း။ ဒီလိုနဲ့ပဲ အံ့အားသင့်စွာနဲ့ပဲ မနေနိုင်တဲ့ အဆုံး စာအုပ်များကို လမ်းမှာပင် လှန်လှော ဖတ်ရှုပြီး သတ်သေချင်စိတ်တောင် ပေါ်သွားတော့သည်။ အကြောင်းမှာ စာအုပ်ခေါင်းစဉ်မှာ တခမ်းတနား မည်သို့ပင် ရှိစေ ဗိုလ်ချုပ် အယ်လ်ဗထူး မြို့က ထွက်ပြီး နောက်စာမျက်နှာမှ စ၍ စာအုပ်ဆုံးသည်အထိ တစ်ကလုတ် တစ်ကလုတ် ဟုသာ ရေးထား၍ပင်။

မှတ်ချက် ။ ယခင် ဖတ်ဖူးသော ဟာသအား အနည်းငယ် မွန်းမံထားသည်။

ဘာကြောင့် ဖိနပ်စီးကြတာလဲ


ကျောင်းသား ဘဝက မြန်မာစာမှာ မဟောသဓာ အကြောင်း သင်ရတယ်။ အမရာကို ခေါ်ပြီး ပြန်အလာ၊ လမ်းမှာ စီးဖို့ ဆိုပြီး ဖိနပ်တစ်ရံ ပေးထားတယ်။ အမရာက မစီးဘဲ ကိုင်လာခဲ့တယ်။ ဗွက်အိုင်ထဲ ဖြတ်ကူးရတော့မယ် ဆိုမှ ဖိနပ် ကောက်စီးတယ်။ ဒါကို မဟောသဓာက ဘာကြောင့်လဲ လို့ မေးတော့ လမ်းပေါ်မှာက ဆူးငြောင့်တွေ မြင်ရလို့ ရှောင်နိုင်တယ်။ စီးစရာ မလိုပါဘူး။ ဗွက်အိုင်ထဲကျတော့ အန္တရာယ်ကို မမြင်ရလို့ ကာကွယ် ရပါတယ်လို့ ပြန်ဖြေသတဲ့။ မဟောသဓာက ဒီအမျိုးသမီး ပညာရှိပါ ပေတယ်လို့ ချီးကျူးရှာတယ်။ အမှန်အတိုင်း ဝန်ခံရရင် အဲဒီအရွယ်တုန်းက မဟောသဓာက အမရာကို ဘာကြောင့် ချီးကျူးသလဲ စဉ်းစားလို့ကို မရခဲ့ဘူး။

ပွဲလမ်းသဘင် အလှူမင်္ဂလာ ရှိလို့ ဝတ်ကောင်း စားလှတွေဝတ်၊ ဖိနပ်အကောင်းစားတွေ စီးပြီး ပွဲဝင်ကြတယ် ဆိုရင်ပဲ ကိုယ့်အဝတ်အစားလေး ရေစိုမှာတောင် ကြောက်ကြရတယ်။ ဟော ဗွက်အိုင်ထဲများ ဖြတ်လျှောက်ရတော့မယ် ဆိုရင် ဖိနပ်ကို အရင် ချွတ်။ ကြိုးနဲ့ချည်။ လည်ပင်းမှာဆွဲ။ ပြီးမှ ဗွက်အိုင်ထဲ ဖြတ်ကူး။ ဒါက အင်မတန်မှ လက်တွေ့ ကျတဲ့ ကိစ္စပါပဲ။ ရန်ကုန်သားတွေက မန္တလေးသားတွေကို ပြောတဲ့ စကားတစ်ခွန်း ရှိတယ်။ မန္တလေးသားတွေက သေရမှာ မကြောက်ဘူး။ ရေစိုမှာတော့ သေရမှာထက် ပိုကြောက်တယ် တဲ့။ ဒီစကားက အလကား နေရင်း ဖြစ်လာတာတော့ မဟုတ်ပါဘူး။ မန္တလေးမှာ ကားမောင်းရင် ဆိုင်ကယ်တွေ စက်ဘီးတွေ သတိထားရတယ်။ ပုံမှန် ဆိုရင်တော့ ကားလာနေမှန်း သိရင် သူတို့ ဖြတ်ဝင်လေ့ ဇွတ်တိုးလေ့ မရှိဘူး။ ဒါပေမယ့် တစ်ခုတော့ သတိထားဗျ။ သူတို့က ဗွက်ရှောင်ပြီ ဆိုရင်တော့ ကားလာလား ဘာလာလား စိတ်မဝင်စားတော့ဘူး။ ရေမစိုဖို့ အရေး ကားရှေ့လည်း ဝင်တိုးဖို့ ဝန်မလေးကြဘူး။ ဒါကြောင့် ရေစိုမှာကို သေရမှာထက် ပိုကြောက်သတဲ့လေ။

ရှေးရှေးတုန်းက အဝေးရပ်မှာ ရှိတဲ့ မိတ်ဆွေတစ်ယောက်ကို နေကောင်းလားလို့ လှမ်းမေးလိုက်ရင် အေး ကောင်းတယ် ဆိုတဲ့ အဖြေကို တစ်လလောက်နေမှ ရချင် ရမယ်။ အေး ကောင်းတယ် ဆိုတဲ့ အဖြေကို ရတဲ့ အချိန်မှာ အဲဒီ မိတ်ဆွေက သေကောင်းလည်း သေသွားလောက်ပြီ။ ဒါတွေကို ကျော်လွှားဖို့ ဆက်သွယ်ရေး နည်းပညာတွေ တိုးတက်လာလိုက်တာ။ အခုဆိုရင် မိုင်ထောင်ချီ ဝေးလည်း စက္ကန့်ပိုင်းအတွင်း “အေး နေကောင်းတယ်” လို့ ဖြေနိုင်လာခဲ့ကြပြီ။ ဒါပေမယ့် လူတွေ စကားမပြောတတ်ကြတော့ဘူး။

ဆိပ်ကမ်းမှာ ကုန်ထမ်းနေတဲ့ လုပ်သားတွေ မြင်တော့လည်း ဒီအတွေးက ဝင်လာပြန်ရော။ သူတို့ ကုန်ထမ်းရင် ကိုယ်ဗလာနဲ့ ထမ်းတာ များတယ်။ အင်္ကျီကို တစ်ဘက် ပုခုံးပေါ် တင်လို့။ ပုခုံးတစ်ဘက်နဲ့ ကုန်တွေ ထမ်းကြတယ်။ ချွေးရွှဲရင်တော့ အင်္ကျီနဲ့ သုတ်ကြလေရဲ့။ ကုန်ရဲ့ အလေးချိန်ကြောင့် သူတို့ ပုခုံးသားတွေ မနာဖို့ထက် အင်္ကျီ မညစ်ပတ်ဖို့၊ အင်္ကျီ မပျက်စီးဖို့က သူတို့အတွက် ပိုပြီး အရေးကြီးနေကြတယ်။ သူတို့ကို မြင်တိုင်း ကိုယ့်ကိုယ်ကိုယ် မေးခွန်းတစ်ခု မေးနေမိတယ်။ လူတွေ အင်္ကျီကို ဘာလို့ ဝတ်ကြတာလဲ။ လူတွေ ဘာအတွက်ကြောင့် ဖိနပ် စီးကြတာလဲ။

သုခကို ဆွဲဆောင်နိုင်ကြသူများ

လိပ်ပြာတွေကို သိပ်ချစ်တဲ့ လူတစ်ယောက် ရှိသတဲ့။ သူက လိပ်ပြာလေးတွေကို သူ့အနားမှာပဲ အမြဲ ရှိနေစေချင်တာလေ။ ဒါနဲ့ သူက လိပ်ပြာဖမ်းနည်းပေါင်းစုံ လေ့လာပြီး တန်ဆာပလာတွေနဲ့ တောထဲသွားပြီး ဖမ်းတော့တာပေါ့။ သူ့ခြံထဲမှာ လိပ်ပြာတွေနဲ့ ပြည့်နေချင်တာကိုး။ လိပ်ပြာတွေကို ခြံထဲလည်း လွှတ်လိုက်ရော သိပ်မကြာပါဘူး၊ လိပ်ပြာ အားလုံး ပြန်ပြေးကုန်ကြတယ်။ ဒီလိုနဲ့ အဲ့ဒီလူကြီးက လိပ်ပြာတွေ သွားဖမ်းလိုက်၊ လိပ်ပြာတွေ ပြန်ပြေးလိုက်နဲ့ လုံးချာလည်လိုက်နေတော့တယ်။

သူ့လိုပဲ လိပ်ပြာချစ်တဲ့ နောက်ထပ်တစ်ယောက် ရှိသေးတယ်။ သူက လိပ်ပြာတွေကို သိပ်ချစ်တယ်။ ဒါပေမယ့် ရှေ့ကလူလို လိပ်ပြာတွေကို သွားဖမ်းမနေဘူး။ သူ့ခြံထဲမှာပဲ တကုတ်ကုတ်နဲ့ အလုပ်ရှုပ်နေတယ်။ ဘာလုပ်နေတာလဲ ဆိုတော့ ပန်းပင်လေးတွေ အရောင်စုံ စိုက်နေတာ။ ပန်းပင်လေးတွေက ပန်းတွေလည်း ပွင့်ရော လိပ်ပြာလေးတွေ ခေါ်စရာ မလိုဘဲ သူ့သူ ရောက်လာကြတယ်။ ဖမ်းစရာ မလိုဘူး။ ချုပ်စရာ မလိုဘူး။ သူ့သူပဲ နေ့တိုင်းနေ့တိုင်း ပန်းပွင့်လေးတွေ ရှိရာမှာ ရစ်ဝဲနေကြတော့တယ်။

စဉ်းစားကြည့်ရအောင်။

လူတွေအားလုံးလိုလို စိတ်ချမ်းသာမှု၊ စိတ်အေးချမ်းမှုကို လိုချင်ကြတယ်။ ကောင်းကျိုးတွေချည်းပဲ ခံစားစံစားချင်ကြတယ်။ ဒါတွေကို ရဖို့ ဘယ်လိုလုပ်ကြမလဲ။ လူအများစုက လိပ်ပြာလိုချင်လို့ လိုက်ဖမ်းနေတဲ့ ပထမလူရဲ့ လမ်းစဉ်ကို ကျင့်သုံးကြတာ များတယ်။

သုခကို ဖမ်းဆုတ်ယူဖို့ပဲ ကြိုးစားကြတယ်။ ဒီတော့ ဘိန်းသမား၊ ဆေးသမားနဲ့ သောကသမား အဖြစ်နဲ့ပဲ အဆုံးသတ်သွားကြရတယ်။ ပိုက်ဆံချမ်းသာတာကို သုခလို့ ထင်တဲ့သူလည်း  ပိုက်ဆံနောက်  တကောက်ကောက်  လိုက်နေတော့တာပဲ။ သုခကိုရအောင် အတင်းအကြပ် လုပ်ယူလို့ ရကောင်းရမယ်။ ဒါပေမယ့် အချိန်တိုအတွင်း ပြန်ပျောက်သွားမှာပဲ။ နောက်ဆုံးတော့ လိပ်ပြာဖမ်းတဲ့ လူလို ဖမ်းလာလိုက် ပြန်ပြေးသွားလိုက်နဲ့ ဘဝဆုံးရော။

ဒီတော့ ဘယ်လိုလုပ်ရမလဲ။ လိပ်ပြာချစ်တဲ့ ဒုတိယလူလို လုပ်ရမယ်။ သုခတွေ အလိုအလျောက် အကျိုးပေးနိုင်မယ့် ပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးရမယ်။ စိတ်ချမ်းမြေ့မှုတွေ တာရှည် တည်တံ့နိုင်မယ့် ပတ်ဝန်းကျင်တစ်ခု တည်ဆောက်ပေးရမယ်။ ဘယ်လို တည်ဆောက်မလဲ။

မြတ်စွာဘုရားက မဏ္ဍိုင်ကြီး ၃ ခု ချပြထားပြီးသားပါ။
– ဒါနပြုခြင်းဟာ ရုပ်ဝတ္ထုတွေကို ဆွဲဆောင်နိုင်တယ်။
– သီလဆောက်တည်ခြင်းက ကျန်းမာခြင်း၊ အသက်ရှည်ခြင်း၊ လူမုန်းနည်းခြင်း၊ ဂုဏ်သိက္ခာရှိခြင်း စတဲ့ ဓမ္မသဘောတွေကို ဆွဲဆောင်နိုင်တယ်။
– ဘာဝနာကတော့ စိတ်တည်ငြိမ်ခြင်း၊ စိတ်အေးချမ်းခြင်း၊ ပူပင်သောကနည်းခြင်းကအစ ဒုက္ခငြိမ်းခြင်းအထိ သုခသဘောတွေကို ဆွဲဆောင်နိုင်ပါတယ်။

ဒီတော့ သုခဆိုတာကို တကူးတက သွားရှာနေရမှာလား။ တကူးတက မရအရ လုယက်နေရမှာလား။ ဒါမှမဟုတ် သုခတွေ အကျိုးပေးနိုင်လောက်တဲ့ ရုပ်ပတ်ဝန်းကျင်၊ စိတ်ပတ်ဝန်းကျင် တည်ဆောက်ရမလား ဆိုတာ စဉ်းစားကြည့်ကြပေါ့။