အဖက်တင်၍ ကျန်ခဲ့သည် (၂)

ဦးဇင်းလေး၏ မွေးရပ်ရွာသည် ကျောင်းနဲ့ နီးသောကြောင့် မိဘများ ဝင်၍ထွက်၍။ တစ်ပတ်လျှင် တစ်ခါမျှ လာလည်ကြသည်။ လာတွေ့ကြသည်။ တစ်ခါတစ်ရံ ဆွမ်းချိုင့် လာပို့ကြသည်။ တစ်ခါတစ်ရံ သန့်ရှင်းရေး ဝေယျာဝစ္စ လာလုပ်ပေးကြသည်။ မိဘများကလည်း ကိုယ့်သားလေး ရဟန်းဘဝမို့ ဂုဏ်ယူကြသည်။ မကျေမချမ်း ဖြစ်နေသူမှာ အဘိုးတစ်ဦးတည်းသာ။ အဘိုးဖြစ်သူကလည်း အသက်ကြီးပြီမို့ မြစ်ကို မြင်ချင်လှသည်။ ဦးဇင်းလေးကလည်း မြေးဦး။ မိန်းမယူခိုင်းကာမှ ဘုန်းကြီးဝတ်သွားသည်။ သာသနာ့ဘောင်မှာ ပျော်နေပြီ ဆိုတော့လည်း မတားရက် မဆွယ်ရက်။ လူထွက်တရား မဟောချင်။ ရပ်ဆွေရပ်မျိုး ရွာသားတချို့ကလည်း ကျောင်းသို့ မကြာခဏ ဝင်ထွက်၍ လိုအပ်သည်များ ကူညီပေးကြသည်။ သူတို့ရောက်တော့လည်း ဧည့်ခံရသည်က အမော။ ဒီလိုနှင့် ကာလတွေ ရှည်ကြာလာတော့ ဧည့်သည်စကား နားထောင်ရသည်ကပင် ဝတ္တရားတစ်ခု ဖြစ်လာသည်။ သူတို့ ပြောကြလျှင်လည်း ရပ်အကြောင်း ရွာအကြောင်း။ တရားဓမ္မဘက် ယောင်လို့မှ မလှည့်။ အထူးသဖြင့် ဟစ် (hit) ဖြစ်နေသော ခေါင်းစဉ်မှာ ရွာဖျက်၍ ရပ်ကွက်တည်မည့် ကိစ္စ။ နေပြည်တော်ဟူသော ပရဝုဏ်အတွင်းတွင် ထန်းတပင်ရွာလည်း ပါနေသည်။ ထန်းတပင်ရွာနှင့် အနီးဆုံး ရွာများဖြစ်သော ကြာပင်ရွာသည် ရွှေကြာပင်ရပ်ကွက်ကြီး ဖြစ်သွားပြီး ကျွန်းတက်ပဲ့ရွာမှာ ဟိုတယ်ဇုံကြီး ဖြစ်သွားခဲ့လေပြီ။ အလယ်ခေါင်တွင် ရှိနေသော ထန်းတပင်ရွာသာ ရွာအဖြစ်ဖြင့် ကျန်ရှိနေသေး၏။ ထိုကြောင့် မျှော်လင့်ချက်က မဝေးတော့ပြီ။

ယခင်က ကြာပင်ရွာကို မြို့ပြစနစ်ပြုစဉ်က ရွာတွင်းနေသူ တစ်အိမ်ထောင်လျှင် မြေကွက်တစ်ကွက် ပြန်ပေးခဲ့သည်။ မူလရှိခဲ့သော ရွာကြီးကို မြေလှန် ဖျက်ပစ်ခါ စနစ်ကျအောင် ပေ ၄၀ × ၆၀ အကွက်များ ပုံဖော်၍ တစ်အိမ်ထောင်တစ်ကွက်နှုန်း လျှော်ပေးခဲ့ခြင်း ဖြစ်သည်။ တည်နေရာကိုတော့ အားလုံး မဲနှိုက်ကြရသည်။ တစ်နှစ်ကြာသောအခါ လမ်းမကြီးဘေး ဝဲယာရှိ မြေကွက်များသည် သိန်းထောင်ချီတန်သည်အထိ ဈေးကောင်းလာတော့သည်။ ထိုအဖြစ်ကို မြင်၍ ကြား၍ အားကျနေကြသူများမှာ ထန်းတပင်သားများပင်။ သူတို့မြေများ အကွက်ဖော်လျှင် မည်သို့ မည်မျှ ရကြမည်ဟု မြိန်ရည်ရှပ်ရည် ပြောနေကြတော့သည်။ အိမ်ထောင်တစ်စုလျှင် မြေတစ်ကွက် ရခဲ့သည်ဆိုသောထုံး ရှိသောကြောင့်ပင် ယခင်က အိမ်ထောင်စု တစ်ရာမပြည့်သော ထန်းတပင်ရွာသည် ယခုအခါ အိမ်ထောင်စု ၄၅၀ ပင် ကျော်ချေပြီ။ ယခင်က အိမ်ခြေ ၁၅၀ မပြည့်သော ရွာသည် ယခုအခါ အိမ်လေးပေါင်း ၄၀၀ ကျော် ရှိလာသည်။ နေထိုင်၍ ရခြင်း မရခြင်းကို အပထားကာ အိမ်ဟု သမုတ်လို့ ရသလောက်သာ ဆောက်လုပ်ထားကြသည်။ အစိုးရအား အိမ်ဟု စာရင်းတင်ရန် အားခဲထားကြတော့သည်။ ထိုသတင်းများ အားလုံးသည် ဦးဇင်းလေး၏ နားအတွင်း မဆံ့အောင်ပင် အမြဲလိုလို ကြားနေရတော့သည်။ သူလည်း ထန်းတပင်သားတစ်ဦးမို့ စိတ်ဝင်တစား ရှိခဲ့သည်အမှန်။

သူ၏ မိဘများမှာ ဆင်းရဲကြသော တောင်သူများ ဖြစ်သည်။ ဘိုးဘွားလက်ငုတ်လက်ရင်း မြေတချို့ ရှိ၍သာ ခံသာသည်။ သို့သော် မြေတချို့ဆို၍ လယ်မြေဧကများစွာဟု မယူဆစေချင်။ ရွာမှ မိနစ် (၃၀)၊ (၄၅) မိနစ်လောက်သွားမှ ရောက်နိုင်သောနေရာ။ နေအိမ်နှင့် နီးနီးနားနားရှိ မြေများမှာ ငှားစိုက်ဖို့ပင် မတတ်နိုင်ကြသူများ။ သူသည် ရဟန်းမဝတ်ခင်ကပင် မိဘကို လုပ်ကျွေးပြုစုလိုသူတစ်ဦး ဖြစ်သည်။ တတ်နိုင်သလောက်လည်း ရှာကျွေးခဲ့သည်။ ယခုလို ရွာမှ မြို့ဖြစ်တော့မည် ဆိုတော့ သူ့မိဘတွေလည်း တင့်တောင်းတင့်တယ် ဖြစ်စေချင်လှသည်မှာ သားတစ်ယောက်၏ စေတနာ။ မိဘများမှာ ကိုယ့်သားရဟန်း လူထွက်မည်စိုး၍ တွေ့တိုင်း အဆင်ပြေကြောင်း ပြောသည်။ စိတ်မပူရန် ပြောသည်။ အပြင်ပန်း စိတ်ပူမပူတော့ မသိ။ စာကျက်သော အကြိမ် လျော့လာသည်။ ငိုင်မှိုင်နေသောအချိန် တိုးလာသည်။ ရွာမှသူများနှင့် စကားလက်စုံ ကျသောအချိန်လည်း လိုသည်ထက် ပိုလာသည်။ ယခင်က နားထောင်ရုံသက်သက်မှ ယခုအခါ သူ သိချင်သည်များကိုပါ မေးမြန်းစုံစမ်းလာသည်။ ရွာထဲမှ ရွယ်တူသူငယ်ချင်းများလည်း တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်ကြတော့သည်။ အိမ်ထောင်တစ်စုတိုးလျှင် မြေတစ်ကွက်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် တွက်ခြေကိုက်သည်ဟု ယူဆကြသည်။ တချို့မှာ ယာယီ အိမ်ထောင်ပြုကြသည်ဟုပင် ကြားနေရပြီ။

ရက်အနည်းငယ် ကြာသောအခါ ဦးဇင်းလေး မရိုးမရွ ဖြစ်နေလေပြီ။ စာမကျက်တော့။ ယခင် ရှိခဲ့သော သဒ္ဓါတရားများ ကြက်ပျောက်ငှက်ပျောက် ပျောက်ချေတော့မည်။ သူအား ထောက်လှမ်းစုံစမ်းကြည့်ရာ လူထွက်ချင်စိတ်များက ကဲနေသည်။ သို့သော် သူသည် စဉ်းစားချင့်ချိန်တတ်သူ ပီပီ ဝေခွဲမရဘဲ ဖြစ်နေသည်။ လူထွက်ရုံသက်သက်ဖြင့် မြေကွက်မရနိုင်သည်မှာ သေချာသည်။ မိဘရမည့် မြေကွက်ကို မက်မောနေစရာလည်း အကြောင်းမရှိ။ မိဘများမှာ ငယ်သေးသည်။ သူတစ်ပါး မြေကွက်ရတော့မည် ဆို၍သာ ဂဏာမငြိမ်ဖြစ်ရသည်။ ကိုယ်ကိုယ်တိုင်ကျ မသေချာ။ မသေချာသည် မဟုတ်။ လုံးဝ မဖြစ်နိုင်။ အိမ်ထောင်ခွဲမှ ရမည်။ အိမ်ထောင်ခွဲဖို့ ဆိုသည်မှာ အိမ်ထောင်ပြုမှ အိမ်ထောင်ခွဲနိုင်မည် မဟုတ်လော။ ထိုကြောင့် သူလုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ထောင်ပြုရန်ပင် ဖြစ်သည်။ အိမ်ထောင်မပြုချင်၍ ရဟန်းဝတ်လာသော လူတစ်ယောက်သည် မိန်းမလိုချင်၍ လူထွက်သည်ဟုလည်း အပြောမခံနိုင်။ မာနက ခံနေသည်။ မူလက ယူမည်ဟု ကမ်းလှမ်းထားသော မိန်းကလေးသည်လည်း ပြန်လက်ခံလိမ့်မည် မဟုတ်။ မည်သို့ လုပ်ရမည်နည်း။ မိန်းမယူမည်ဟု ပြောရန် အပြောသာ လွယ်၏။ ဘယ်နေရာမှ ရှာရမည်နည်း သူမသိ။ သို့နှင့် လအနည်းငယ် ကြာသွားပြန်သည်။

တစ်နှစ်ခွဲသာ ကုန်လွန်ခဲ့သည်။ ရွာကလည်း မြို့မဖြစ်သေး။ ရွာသားများ၏ မျှော်လင့်ချက်ကလည်း မခန်းသေးပေ။ ထိုအတူပင် ဦးဇင်းလေး၏ စိတ်ထဲတွင် မျှော်လင့်ချက်ရှိသေး၏ ဟု စွဲမြဲ ယုံကြည်ထားပုံရသည်။ ထို့ကြောင့်ပင် လုံးဝအောင့်မထားတော့ဘဲ ဆရာတော်အား သွားရောက်လျှောက်ထားတော့သည်။ ဆရာတော်မှ ခွင့်မပြုပေ။ မာန်မဲလွှတ်လိုက်သောကြောင့် အောင့်သက်သက်ဖြင့် ပြန်လာရသည်။ လက်ကတော့ မလျှော့ချင်။ သို့နှင့် ဒုတိယအကြိမ် တတိယအကြိမ် သွားလျှောက်ပြန်တော့သည်။ ဆရာတော်အား ချစ်ကြောက်ရိုသေသောကြောင့် စကားအပိုလည်း မပြောရဲ။ စောဒကလည်း မတက်ရဲပေ။ တစ်နေ့တော့ ဆရာတော်က ဘာကြောင့် လူထွက်ချင်ရတာလဲ ဟု မေးရာ အမှန်အတိုင်းကလည်း မဖြေရဲပေ။ ကြောက်ကြောက်နှင့် “အီကြာကွေး စားချင်လို့ပါ ဘုရား” ဟု ပြန်ဖြေသောကြောင့် ဝါးလုံးကွဲ ဝိုင်းရယ်လိုက်ကြသေးသည်။ ဆရာတော်ကို လျှောက်နေလျှင် လူထွက်ရတော့မည် မဟုတ်ကြောင်း သူ နားလည်သွားသော အချိန်တွင် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချ၍ သူ့ဦးလေးကို ဖုန်းဆက်ခေါ်လိုက်သည်။ ရတဲ့ အင်္ကျီတစ်ထည် လုံချည်တစ်ထည် ယူပြီး ကျောင်းကို လာခဲ့ပါ ဟူ၍။

အတိုချုပ်ပြောရလျှင် ဆရာတော် မသိအောင် သူ လူထွက်လိုက်လေပြီ။ လူမထွက်ခင် သုံးရက်လောက်အလိုမှ စ၍ တခြားသူတို့အား စကားသိပ်မပြောတော့ပေ။ သူနှင့် စကားပြောလျှင် သူ့ကို ဖြောင်းဖြမည် စိုး၍လား မသိ။ သူ့ဦးလေး ကျောင်းလာသည်သာ သိလိုက်ရသည်။ ဖုန်းဆက်ခေါ်သည်ကိုပင် မသိ။ ခဏကြာတော့ ပုဆိုးစွပ်ကြယ်ဖြင့် လာကန်တော့မှ လူထွက်ပြီဖြစ်ကြောင်း သိတော့၏။ တားမြစ်ချိန်ပင် မပေးတော့ချေ။ သူလိုလူမျိုးသည် လူကောင်းတစ်ယောက်ဖြစ်သည်။ လူ့လောကအလယ်လည်း ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်လိမ့်မည်ဟု မြဲမြဲမြံမြံ ယုံကြည်မိသောကြောင့် ထွေထွေထူးထူး ပြောမနေတော့ပါ။ ကိုယ်ရွေးတဲ့လမ်းကို ဘယ်လိုပဲဖြစ်ဖြစ် သတ္တိရှိရှိ ဆက်လျှောက်ရဲရန်သာ လိုကြောင်း ဆုံးမရုံသက်သက်သာ။ သာသနာတော်အတွက်ကား ဆုံးရှုံးမှုကြီး တစ်ခုပင်။ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည် မမြဲကြောင်း အမှန်လက်တွေ့ မြင်တွေ့ရလေပြီ။ ရဟန်းသီလကို အင်မတန် မြတ်နိုး၍ သေသေဟု စောင့်ထိန်းခဲ့ဖူးသော သူတစ်ဦးသည် ယခုအခါ စွပ်ကြယ်ပုဆိုးစုတ်ဖြင့် မိမိအား ကန်တော့နေလေသည်။ မည်သည့်အရာများက သူ၏ ရဟန်းဘဝကို ဖျက်ဆီးလိုက်ကြပါသနည်း။ အနှစ်ချုပ်ရလျှင် လောဘ ဦးစီးသော ကိလေသာများပင် မဟုတ်ပါလော။

ထိုသို့ လူထွက်ပြီး တစ်လပင် မကြာလိုက်ချေ။ မြေတစ်ကွက်ရရန် စီမံကိန်းအား အကောင်အထည် ဖော်သောအားဖြင့် အိမ်ထောင်ပြုလေသည်။ ယူသော မိန်းကလေးကို မြင်ဖူးတွေ့ဖူးသည်မှာ ၂ ပတ်ပင် မပြည့်သေး။ အိမ်ထောင်ပြုခြင်း ဆိုသည်မှာ ကံတူ၍ ဆုံကြခြင်းသာ ဖြစ်ချေသည်။ ထိုက်တန်ခြင်း မထိုက်တန်ခြင်း ဟူ၍ ပြောစရာမရှိ။ လောကအတန်းပညာလည်း အခြေခံမရှိသော မောင်စိုးမင်းသည် ဆိုင်ကယ် ကယ်ရီဆွဲ၍ အသက်မွေးဝမ်းကျောင်း၏။ အမျိုးသမီးမှာ အိမ်မှာနေ၍ ဓာတ်ဆီ ရောင်းကြောင်း ကြားသိရသည်။ အထိုက်အလျောက် အဆင်ပြေကြကြောင်း ကြားသိရသောအခါ ဝမ်းသာမိသည်မှာ အမှန်။ သို့သော် ရွာသည် မြို့ ဖြစ်မလာသေးပေ။ သူ လူထွက်ပြီး တစ်နှစ်ကျော် အကြာ ကျောင်းတွင် အလှူရှိ၍ သူရောက်လာခဲ့သည်။ ယခင်က ပြည့်ဖြိုးဖြူဖွေးနေသော သူ၏ ပုံပန်းသဏ္ဌာန်မှာ ယခုအခါ မဲကပ်၍ နေလေပြီ။ အဆင်ပြေလားဟု မေးလျှင်လည်း ရယ်ကျဲကျဲဖြင့် ခေါင်းညိတ်ပြရုံသာ။ သူနှင့် တွေ့လျှင် အင်မတန်မှ မေးချင်သော မေးခွန်းတစ်ခု ရှိနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က ဇွတ်တရွတ် လူထွက်ခဲ့ခြင်းအပေါ် မိမိဖာသာ မည်သို့ သုံးသပ်မည်နည်း ဟူ၍။ သို့သော် မမေးဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မမေးဘဲ သူ့ဖာသာ ဝန်ခံခဲ့သောကြောင့်ပင်။ တစ်ညက သူ အိမ်မက်ယောင်သည့်အကြောင်းကို ပြောပြသောအခါ သူ၏ဘေးတွင် ထိုင်နားထောင်နေကြသူများအားလုံး ဝါးကနဲ ဖြစ်သွားကြတော့သည်။

တပည့်တော် တစ်ညက အိပ်နေလျက်နဲ့ ပါးစပ်က ကယောင်ကတမ်း လျှောက်ပြောနေမိတာဘုရား၊ မိန်းမက ကြားတော့ တပည့်တော်ကို လည်ပင်းညှစ်ပြီး လှုပ်နှိုးတယ် ဘုရား။ နင် ငါ့ကို ဘာပြောတယ်၊ နင် ငါ့ကို ဘာပြောတယ် ဆိုပြီး ပွစိပွစိနဲ့ တပည့်တော်ကို မရမက နှိုးပါရော ဘုရား။ တပည့်တော်လည်း အိပ်ချင်မူးတူးနဲ့ ဘာဖြစ်နေတာလဲ လို့ ပြန်ဟောက်လိုက်သေးတယ်။ တပည့်တော် ဟောက်လိုက်မှ ဆဲနေရာကနေ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ငိုပါလေရော။ ငါ ဘာပြောမိလို့လဲဟာ ဆိုပြီး အတင်းမေးယူရတယ် ဘုရား။ သူ ပြောပြမှ ကိုယ့်ဖာသာ ယောင်နေတာ ကိုယ်သိရတယ်ဘုရား။ တပည့်တော်က တောက်ခေါက်ပြီး ပြောသတဲ့ ဘုရား။ တောက် … တစ်နှစ်ကျော်တောင် ရှိသွားပြီ။ မြေကွက်ကလည်း မရသေးဘူး။ အခုတော့ မိန်းမတစ်ယောက်ပဲ အဖတ်တင်နေပါရော့လား” ဟူ၍။

တောမီးကြီးဖြစ်ရန် မီးမှုန်းမီးမွှားမှ စတင်ရသကဲ့သို့
ငရဲမီးဖြစ်ရန်လည်း ကိလေသာ အမှုန်အမွှားမှပင် စတင်ကြရ၏။
အကုသိုလ်ကို သေးသည်ငယ်သည်ဟူ၍လည်း မပေါ့ဆသင့်။

အဖက်တင်၍ ကျန်ခဲ့သည် (၁)

နေ့ခင်းနေ့လယ် ပူလွန်းအားကြီးသောကြောင့် အပူသက်သာအောင် တံခါးပေါက်များ ပိတ်ထားရာမှ တံခါးခေါက်သံကြား၍ ထ ဖွင့်လိုက်သည်။ တံခါးခေါက်သူက ဦးဇင်းတစ်ပါး။ အထဲသို့ ကြွဖို့ ဖိတ်ခေါ်လိုက်သည်။ ရဟန်းတို့၏ လောကဝတ်အရ ဝါအကြီးအငယ်သိအောင် စ မေးပြီး ပဋိသန္ဓာရစကားဖြင့် ဧည့်ခံနေရသည်။
နုပ် ။    ။ အရှင်ဘုရား၊ ဘယ်နှဝါရပါပြီလဲ ဘုရား။
ဧည့် ။    ။ တပည့်တော် တစ်ဝါပဲ ရပါသေးတယ်။
နုပ် ။    ။ မှန်ပါ။ အရှင်ဘုရား ဘယ်ကျောင်းကပါလဲ ဘုရား။
ဧည့် ။    ။ တပည့်တော် အောက်ကျောင်းကပါ။ ဆရာတော်ကို လျှောက်ပြီး ဒီမှာ သီတင်းသုံးမလို့ နေရာလာကြည့်တာ ဘုရား။
အောက်ကျောင်းဆိုသည်မှာ ဤကျောင်းနှင့် ၁၅ မိနစ်လောက် လျှောက်ရသော အကွာအဝေးမှာ တည်ရှိသော ကျောင်းတစ်ကျောင်း။ လက်ရှိကျောင်းထိုင်ဆရာတော်၏ ဆရာသမားကျောင်းလည်း ဖြစ်သည်။ အောက်ကျောင်းဟု ခေါ်ရခြင်းမှာ ထိုကျောင်းသည် တောင်အောက်တွင် ရှိ၍ စာရေးသူ နေထိုင်သော ကျောင်းမှာ တောင်ပေါ်တွင် တည်ရှိသောကြောင့်တည်း။ အောက်ကျောင်း ဆရာတော်မှာ ကိုယ့်ဆရာသမားလည်း ဖြစ်သောကြောင့် ကြွလာသော ဧည့်သည် ဦးဇင်းအား အလိုက်သင့်ပင်
နုပ် ။    ။ ဆရာတော်ခွင့်ပြုရင်တော့ သီတင်းသုံးလို့ ရပါတယ်ဘုရား။ အရှင်ဘုရား ကျောင်းကို လေ့လာချင် လေ့လာဦးပေါ့။
ဧည့် ။    ။ မှန်ပါ။ တပည့်တော် လျှောက်ကြည့်လိုက်ပါဦးမယ် ဘုရား။
နုပ် ။    ။ ဟော ဟိုဘက်ကျောင်းမှာ ဆရာတော်တစ်ပါး ရှိတယ် ဘုရား။ သွား နှုတ်ဆက် ဂါရဝ ပြုလိုက်ပါဦး။
ဟု ညွှန်လိုက်သောကြောင့် ထိုဦးဇင်းမှာ ဆရာတော်ရှိရာသို့ ကြွသွားတော့သည်။
ဒီလိုနှင့် နောက်နှစ်ရက် ကြာတော့ ထိုဦးဇင်းလေး ပြောင်းလာခဲ့သည်။ သူနှင့် စာရေးသူမှာ အသက်အားဖြင့် မကွာလှသောကြောင့် မကြာခင်မှာပင် ရင်းနှီးခင်မင်၍ ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်သွားကြလေသည်။ မိမိတို့ကျောင်းနှင့် အနီးကပ်ဆုံး ရှိနေသော ရွာမှာ ထန်းတပင်ရွာ ဖြစ်သည်။ နောက်မှ သိလိုက်ရသည်ကား ထိုဦးဇင်းသည် ထိုရွာသား ဖြစ်သည်။ ဘွဲ့နာမည်ကား ဦးဉာဏိန္ဒ။ သူ့ကို လွယ်လွယ် ဦးဉာဏိန် ဟုပင် ခေါ်ကြသည်။

တစ်နေ့ စကားထိုင်ပြောကြရင်း သူ၏ ရဟန်းဝတ်ရသည့် အကြောင်းအရင်းကို မေးလိုက်မိသည်။ သူကတော့ ခပ်အေးအေးပင် ပြန်ဖြေသည်မှာ သူ့အဖိုးက မိန်းမပေးစားမည်ဟု ဆိုသောကြောင့် ဘုန်းကြီးဝတ်ခဲ့သည် ဟု။ သူ့အဖိုးကိုလည်း မငြင်းသာ။ မိန်းမလည်း မလိုချင်။ ထိုကြောင့် ပရိယာယ်ဖြင့် မိန်းမမယူခင် ဒုလ္လဘရဟန်းခံဦးမည်ဟု ပြော၍ ထွက်လာခြင်း ဖြစ်သည်။ ရဟန်းဝတ်ပြီး များမကြာမီ သဒ္ဓါတရားဖြစ်၍ အပြီးတိုင် ဝတ်တော့မည်ဟု ဆုံးဖြတ်ကာ မော်လမြိုင် ဖားအောက်ရိပ်သာသို့ ထွက်သွားတော့သည်။ ယခု စာရေးသူနှင့် စတွေ့သောအချိန်သည် ဖားအောက်ရိပ်သာမှ ပြန်လာခါစ ဖြစ်သည်။ ဦးဉာဏိန်မှာ ငယ်စဉ်က အတန်းကျောင်း လေးတန်းအထိသာ နေဖူးသောကြောင့် ပါဠိစာများ ဖတ်ဖို့ သင်ဖို့ ခက်ခဲနေသည်။ ပရိတ်ကြီး (၁၁) သုတ်ပင် အလွတ်ရရန် သူ့အတွက် မလွယ်လှ။ သို့သော် ဝီရိယကြီးသူ ဖြစ်၍ နေ့တိုင်းနေ့တိုင်း တစ်နေ့ လေးကြောင်းလောက်စီ အရ ကျက်မှတ်သောကြောင့် ပရိတ်ကြီး (၁၁) သုတ်ကို အာဂုံဆောင်နိုင်ခဲ့ပြီ။ အခြေခံမကောင်းသည့်အပြင် ဉာဏ်လည်း နုံ့နှေးသောကြောင့် သာမာန်သူကဲ့သို့ ခရီးမတွင်လှ။ ပရိတ်ကြီး ရပြီးသောအခါ စာသင်တိုက်သွားမည်ဟု အားခဲပြီး သဒ္ဒါကြီး သုတ်စဉ်ကို ကြိုးစား၍ ကျက်မှတ်တော့သည်။ စာရေးသူမှာ သူ၏ ကြိုးစားအားထုတ်မှုကို အင်မတန် လေးစားမိသည်။ ခရုငယ်ကဲ့သို့ တစ်ရွေ့ရွေ့ပင် ဖြစ်လင့်ကစား တစ်ရက်ကလေးမှ မခိုမကပ်။ တအိအိပင် ရှေ့သို့ ချီနေခဲ့၏။

စကားစပ်မိ၍ ဖားအောက်ရိပ်သာမှ ပြန်ခဲ့ရသော အကြောင်းအရင်းကို မေးမိရာ ကံကြမ္မာ၏ ကျီစားမှု၊ ကိလေသာ၏ ရိုက်ပုတ်မှုကို နားလည်သဘောပေါက်မိ၍ ဓမ္မသံဝေဂ ရလိုက်သည်။ ဦးဉာဏိန်သည် ဖားအောက်ရိပ်သာတွင် နောက်ထပ် ၂ နှစ် ၃ နှစ်အထိ နေဦးမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ သမထ ဝိပဿနာ လုပ်ငန်းစဉ်များလည်း ထိုက်သင့်သလောက် အဆင်ပြေသောကြောင့်လည်း နေရတာ ပျော်သည်ဟု သူက ပြောသည်။ ထိုသော် အဆင်ပြေနေပါလျက် ဘာကြောင့် ပြန်လာရသနည်း။ ထိုအဖြေကို သူကပင် ဆက်ပြောသည်။ တစ်နေ့ ရိပ်သာရှိ သီတင်းသုံးဖော်ရဟန်းများ စု၍ ကျိုက်ထီးရိုးဘုရားဖူးသွားရန် စီစဉ်ကြသည်။ ထိုအစီအစဉ်တွင် သူလည်း လိုက်ပါမည့်သူ တစ်ဦးအနေဖြင့် စာရင်းသွင်းလိုက်သည်။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ စုရပ်အဖြစ် ကြိုစောင့်နေကြရန် အဖွဲ့မှ သတင်းပို့ခဲ့သည်။ ထိုသွားမည့် နေ့ရက်တွင် ရိပ်သာမှ ငှားထားသော ပစ္စည်းပစ္စယများအပြင် အခန်းစသည်တို့ကိုပါ မနက်ခပ်စောစောကပင် ရိပ်သာအုပ်ချုပ်ရေး ရုံးခန်းသို့ ပြန်အပ်လိုက်သည်။ ထိုသို့ သပိတ်တစ်လုံး သင်္ကန်းသုံးထည်ဖြင့် ကျိုက်ထီးရိုးဘုရား ဖူးရတော့မည် ဟူသော မျှော်လင့်ချက်ကို ပိုက်လျက် စုရပ်သို့ အချိန်မီ အရောက်သွားခဲ့သည်။ သို့သော် မည်သူကပဲ လွဲသည်မသိ။ စုရပ်နေရာတွင် ကားလည်းမရှိ။ စောင့်သူလည်း မရှိ။ အသေအချာ စုံစမ်းကြည့်မှ ဘုရားဖူးသွားမည့်သူများအားလုံး လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထွက်သွားခဲ့လေပြီ။ သူတစ်ယောက်တည်း မယောင်မလည် ကျန်ခဲ့၏။

သူ့ခမျာ ပြောရမည်လည်း ရှက်။ ရိပ်သာသို့ ပြန်ရမည်လည်း ရှက် နှင့် ဘာလုပ်ရမည်မသိ။ နောက်တော့ သူဆုံးဖြတ်လိုက်သည်။ ရိပ်သာကို ကျောခိုင်းလျက် မော်လမြိုင်ဘူတာကြီး ရှိရာအရပ်သို့သာ ဦးတည်ပြီး လမ်းလျှောက်ထွက်လာခဲ့တော့သည်။ ပိုက်ဆံလည်း မကိုင်သောကြောင့် တစ်ပြားမှ မပါ။ ဘူတာရောက်လျှင် ဘာဆက်လုပ်မည်နည်း။ သူ မတွေးရဲသေး။ နေပြည်တော်အထိ လမ်းလျှောက်သွားဖို့ကလည်း မလွယ်။ ဒီတော့ ဘူတာကြီးသို့သာ ဦးတည်ခဲ့ရသည်။ ဘူတာကြီး လက်မှတ်ရုံနား ရောက်လာတော့ သူ့ခမျာ ဝေ့ဝေ့လည်နှင့်။ ရဟန်းဟူသည် ပစ္စည်းလေးပါးဒါယကာထံမှ လွဲ၍ အခြားသူဆိုလျှင် ဘာလိုချင် ညာလိုချင်ဆိုတာလည်း ပြောပိုင်ခွင့်မရှိ။ လိုချင်တာကတော့ မော်လမြိုင်-နေပြည်တော် ရထားလက်မှတ်တစ်စောင်။ ကာလပေါက်ဈေးအရ ဈေးမကြီးသော်လည်း လှူမည့်သူမရှိ၊ ပိုက်ဆံက မကိုင်။ သို့နှင့် ကြံရာမရ၊ အရဲစွန့်ရုံသာ ရှိတော့၏။ လက်ထဲတွင် ပိုင်ဆိုင်မှုပြစရာ သပိတ်တစ်လုံးနှင့် သင်္ကန်းတစ်ထည်။ လက်မှတ်ရုံနှစ်ရုံ ရှိရာ ရုံအမှတ် (၁) တွင် သူသူကိုယ်ကိုယ် ဝင်ရောက်တန်းစီလိုက်သည်။ ပင်ကိုယ်ကပင် အရှက်အကြောက်ကြီးသောသူဖြစ်သောကြောင့် ပို၍ ကိုယ်ချင်းစာမိသည်။ ခေတ်အခါက ဘယ်နေရာဖြစ်ဖြစ် ငွေခင်း၍ လျှောက်ကြရသည် မဟုတ်လော။ သူ့အကြောင်းကို ပြောပြနေစဉ်မှာပင် အင်မတန် မျက်နှာငယ်နေမည့် သူ့ပုံစံကို မြင်ယောင်နေမိသည်။ တစ်လုံးသော သပိတ်ကို လွယ်လျက် တစ်ထည်တည်းသော သင်္ကန်းကို ပိုက်လျက်။

တန်းစီရင်းမှာပင် သူ့အလှည့် ရောက်လာတော့သည်။ လက်မှတ်စာရေးမှ ဘယ်ကို ကြွမလဲ ဘုရား ဟူသော အမေးကိုပင် နေပြည်တော်ဟု ဖြေရသည်မှာလည်း မရဲတရဲ။ ရဟန်းရက်ချုပ် ကတ်ပြားကို စာရေးအား ထိုးပေးလိုက်စဉ် စာရေးက “လေးထောင် ကျပါမယ်ဘုရား” ဟု ပြောပြီး ကတ်ပြားကို လှမ်းယူလေသည်။ “ဒကာကြီး” ဟု မပွင့်တပွင့် ခေါ်လိုက်သော စကားသံကြား၍ စာရေးကြီးက ခေါင်းမော့ကြည့်၏။ “ဦးဇင်းက ပိုက်ဆံမကိုင်တော့ ငွေလေးထောင်တော့ မရှိဘူး ဒကာကြီး။ လက်ထဲမှာတော့ သင်္ကန်းတစ်ထည်ရှိတယ်။” ဟု ပြောရင်း ထိုသင်္ကန်းကို စာရင်းကြီးအား ထိုးပေးလေတော့သည်။ “ဒီဘုန်းကြီး အလုပ်ရှုပ်ရတဲ့အထဲ” ဟု အတွေးရောက်သွား၍လား မသိ။ စိတ်ဆိုးမာန်ဆိုးဖြင့် “အရှင်ဘုရားသင်္ကန်းကို တပည့်တော်က ဘာလုပ်ရမှာလဲ” ဟု အော်ပြောပြီး ယူထားသော ကတ်ပြားကိုပါ ပြန်ထိုးပေးလိုက်သည်။ မျက်နှာပူလိုက်မည့် ဖြစ်ခြင်း။ ခေါင်းငိုက်စိုက်ချကာ စင်္ကြံပလက်ဖောင်းဘေးရှိ ခုံတန်းလျားပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့သည်။ ဘာတတ်နိုင်မည်နည်း။ ကားဂိတ်သွားလျှင်လည်း ထိုသို့နှင်နှင် အဟောက်ခံရနိုင်သေးသည်။ တစ်နည်းသာ ရှိတော့သည်။ လမ်းလျှောက်ပြန်ရုံသာ။ အပြည့်ဖြည့်လာသော ရေဗူးမှ ရေ အဝသောက်ပြီး ထိုင်ခုံပေါ်တွင် အားမွေးနေသည်။ နေပြည်တော်သို့ လမ်းလျှောက်ပဲ ပြန်တော့မည် ဟုလည်း ဆုံးဖြတ်ချက်ချပြီးလေပြီ။

စိတ်ပျက်လက်ပျက်နှင့် တန်းလျားတွင် ထိုင်နေသည်မှာ ကြာလိုကြာမှန်းပင် သတိမထားမိတော့။ နာရီဝက်လောက် ကြာမည် ထင်သည်။ ထိုနာရီဝက်အတွင်း သူ့ကို အကဲခတ် သတိထားမိနေသူမှာ ရုံအမှတ် (၂) မှ စာရေးကြီးပင်။ လက်မှတ်ဝယ်သူများ ရှင်းသွားသောအခါ ထိုစာရေးကြီး အနားသို့ ချဉ်းကပ်လာသည်။ အနားရောက်သော် ကြမ်းပြင်ပေါ် ထိုင်ချလျက် ဦးချကန်တော့သည်။ ထိုနောက် လက်နှစ်ဘက် ကမ်းလျက် “နေပြည်တော်အသွား လက်မှတ်အတွက် တပည့်တော်ကို လှူခွင့်ပြုပါဘုရား” ဟု လျှောက်ထားပြီး ရထားလက်မှတ်ကို ဆက်ကပ်လေ၏။ ထိုအခါမှသာ ဦးဇင်းလေးမှာ တိတ်တခိုး ဟင်ချနိုင်ပြီး မျက်နှာလည်း ကြည်လင်လာတော့သည်။ သူ့အကြောင်း ပြောပြပြီး ခဏနားနေစဉ်မှာပင် စာရေးသူတွေ မေးစရာလေး ပေါ်လာသည်။ ၎င်းမှာ ဆွမ်းကိစ္စပင်။ သူ ဘူတာကို ခပ်စောစောရောက်သည်။ နေ့ဆွမ်းဘုဉ်းချိန်တွင် ရထားစီလျက်ပင်။ သူ ပြောပြသမျှ နားလည်ထားသည်မှာ သူ့လက်ထဲတွင် ရေဗူးတစ်ဗူးသာ ရှိသည်။ သပိတ်သည်လည်း ဗလာ။ စားစရာ မပါ။ ဆွမ်းကိစ္စ မည်သို့ စီစဉ်မည်နည်း။ အင်မတန် စိတ်ဝင်စားမိသည်။ သူ့ကို မေးကြည့်သောအခါ သူဖြေပုံမှာ အလွန် သတ္တိကောင်းလှသည်။ “တပည့်တော်က ရထားလက်မှတ်အတွက်ပဲ ပူတာပါ။ ဆွမ်းကိစ္စကို ခေါင်းထဲကို မထည့်ဘူး။ တစ်ရက်တလေ ဆွမ်းမစားရလို့ သေသွားမှာမှ မဟုတ်ဘဲ။ ရေဗူးကို ရေအပြည့်ထည့်ထားတယ်လေ။ ဗိုက်ဆာရင် ရေသောက်မှာပေါ့ဘုရား” တဲ့။ ကိုယ်သာဆိုရင် သူ့လောက် သတ္တိကောင်းနိုင်ပါ့မလားဟု တွေးမိရင်း သူ့ကို မချီးကျူးဘဲ မနေနိုင်။ သီလကို ရှေ့တန်းတင်ထားသော သူ၏ သတ္တိ၊ သီလ၏ တန်ခိုးကြောင့်ပင် လမ်းခရီး ရထားပေါ်တွင် ဆွမ်းကပ်မည့်သူနှင့် မကြောင့်ကြခဲ့ရပေ။

ဆရာတော်ကြီးတစ်ပါး၏ အဆုံးအမကို သတိရမိ၏။

ကိုယ်က သတ္တိရှိရှိနဲ့ သီလကို စောင့်ထိန်းဖို့ပဲ လိုတာပါ။
လိုအပ်ရင် ကိုယ်ရဲ့ သီလက ပြန်စောင့်ရှောက်ပါလိမ့်မယ်။

ဟူ၍

(ဆက်ရန်)

ခွက် ခွက် ခွက်ဋီကာ

ငယ်ငယ်က သမိန်ပေါသွပ်တို့လို ကာတွန်းတွေ ဖတ်ရင် ခွက် ခွက် စာလုံးကို မြင်တာနဲ့ တစ်ဦးက တစ်ဦးကို ထိုးနေပြီလို့ လူတိုင်း သိကြတယ်။ ခွက် ဆိုတဲ့ မြည်သံက မျက်နှာကို လက်သီးလို့ ထိုးလိုက်ရင် မျက်နှာပြင်နဲ့ လက်သီးနဲ့ ထိလို့ မြည်တဲ့အသံကို ကိုးစားပြုခဲ့တယ်။ တုတ်နဲ့ ရိုက်ရင်လည်း ဒီအတိုင်းပေါ့။ ခွက် ဆိုတာနဲ့ တုတ်နဲ့ ဆော်ပလော်တီးခံလိုက်ရပြီလို့ နားလည်သွားကြတယ်။ ခွက် ဆိုတာ တခြားဘာအဓိပ္ပါယ်မှ မရောရှက်တဲ့ မြည်သံပေါ့။ နောက်ထပ် တစ်ခု။ ခွက် ဆိုတဲ့ စကားလုံးကို လူတွေ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်။ အရည်တစ်မျိုးမျိုး၊ အဖတ်တစ်မျိုးမျိုးကို ထည့်စရာ။ အိုးခွက်ပန်းကန်ပန်းကန်ခွက်ယောက် ရေခွက် စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင်တော့ ထည့်စရာပစ္စည်း။ ရွှေနဲ့ လုပ်ထားတော့ ရွှေခွက်၊ ကြေးနဲ့လုပ်ထားတော့ ကြေးခွက်၊ ကြွေနဲ့ လုပ်ထားတော့ ကြွေခွက်၊ အုန်းမှုတ်နဲ့ လုပ်တော့ အုန်းမှုတ်ခွက်၊ ရေထည့်သုံးတော့ ရေခွက်၊ အစာထည့်တော့ စားခွက်၊ စသည် စသည်။ ထည့်စရာကို ဘာကြောင့် ခွက်လို့ ခေါ်သလဲ ကောက်ချက်မချခင် ခွက်ရဲ့ မူလအဓိပ္ပါယ်ကို ကြည့်ကြည့်ရအောင်။ မြန်မာအဘိဓာန် စာမျက်နှာ (၇၁) မှာ ခွက် – နဝိ၊ မျက်နှာပြင် ချိုင့်ဝှမ်းသော။ န – ၁၊ ချိုင့်ဝှမ်းသောနေရာ။ ဒါကို ကြည့်ခြင်းအားဖြင့် ခွက် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်မှာ ချိုင့်တယ် ဆိုတဲ့ အနက် ပါနေတယ်။ ဒါကြောင့် ချိုင့်ဝှမ်းနေသော ထည့်စရာကိုလည်း ခွက် လို့ ခေါ်ရသတဲ့။

ခွက်ပုန်းချသည်၊ ခွက်ပုန်းသောက်သည် ဆိုတဲ့ ဝေါဟာရက အများမသိအောင် ခိုးလုပ်တဲ့ သဘော။ အရက်သမား ဝေါဟာရက ဆင်းသက်လာတာပေါ့။ ကိုယ်အရက်သောက်တာ သူများ မသိစေချင်တော့ ရေနွေးခရားအိုးထဲ ရေနွေးကြမ်း မထည့်ဘဲ အရက်ထည့်ထားတယ်။ အများရှေ့မှာတော့ ရေနွေးအိုး ငှဲ့ပြီး အိန္ဒြေရရ သောက်နေတာပေါ့။ အများက ရေနွေးကြမ်းလို့ ထင်တယ်။ တကယ်သောက်နေတာက အရက်။ အဲဒီလို လုပ်ရပ်ကို ခွက်ပုန်းချတယ်၊ ခွက်ပုန်းသောက်တယ် လို့ ခေါ်တယ်။ နောက်ပိုင်းတော့ သူများမသိအောင် ခိုးလုပ်ရင်ပဲ ခွက်ပုန်းချတယ်၊ ခွက်ပုန်းသမား၊ အဲ့သလို သုံးလာကြတော့တယ်။

ခွက်စောင်းခုတ်တယ် ဆိုတာကျတော့ ဘာခွက်လဲ စဉ်းစားကြည့်မိတယ်။ အတူတူနဲ့ အနူနူ၊ ဘဝတူချင်းကို ပြဿနာလာရှာတယ် ဆိုတဲ့ အနက်မျိုး။ ဒါက သူတောင်းစား ဝေါဟာရ။ သူတောင်းစားအချင်းချင်း လုရာကနေ ပြဿနာတက်တော့ တစ်ယောက်နဲ့တစ်ယောက် ပြန်ချစရာ လက်နက်က ကိုယ်တောင်းစားနေရတဲ့ ခွက်ပဲ ရှိတာကိုး။ ဒီတော့ သူတို့ချင်း သူတို့ ရန်ဖြစ်ရင် ခွက်စောင်းနဲ့ ခုတ်ကြတယ်၊ ခေါက်ကြတယ်။ ဒါကြောင့် ခွက်စောင်းခုတ်တယ် ဆိုတာက သူတောင်းစားအချင်းချင်း ရန်ဖြစ်တာကို ခေါ်တာပါ။ နောက်ပိုင်းတော့ အကျင့်မကောင်းတဲ့ သူအချင်းချင်း ရန်ဖြစ်ရင် ပြဿနာတက်ရင် ခွက်စောင်းခုတ်တယ်လို့ သုံးလာကြတော့တယ်။ အဆင့်မရှိတဲ့သူ နိမ့်ကျတဲ့သူ သီလမရှိတဲ့သူ အချင်းချင်း ရန်ဖြစ်မှ သုံးနှုန်းတာပါ။ ဒီထက် ရင့်ရင့်သီးသီး ပြောချင်ရင်တော့ စားမာန်ခုတ်တယ်၊ စားခွက်လုတယ် စသဖြင့် ခွေးနဲ့ နှိုင်းပြောကြတယ်။ နောက်နောက်ပိုင်းတော့ သူတောင်းစားလို့ ဆဲချင်ရင် ခွက်ခုတ် လို့ ဆဲလာကြတယ်။ ဆံပင်တွေ ဖိုသီဖတ်သီ ကိုးယိုးကားယားနဲ့ ဆိုရင် ခွက်ခုတ်ကေလို့ သုံးကြတယ်။ သူတောင်းစားကေ ပေါ့။

ခွက်နေတဲ့အရာ ချိုင့်နေတဲ့အရာ မဟုတ်ပေမယ့် ခွက်နဲ့ သဏ္ဌာန်တူလို့ ခွက်နဲ့ ယှဉ်တွဲ သုံးတာလည်း ရှိသေးတယ်။ ဥပမာ ကြာခွက်။ ချိုင့်နေတာတော့ မဟုတ်ဘူး။ ကြာပွင့်ကနေ အသီးသီးလာတော့ ကြာသီးလို့ မခေါ်ဘဲ ခွက်နဲ့ တူတာကြောင့် ကြာခွက်လို့ သုံးတယ်။ နောက်တစ်ခုက အုတ်ခွက်ဘုရား။ ခွက်နဲ့ တူသလားဆိုတော့ မတူဘူး။ ထည့်လို့ရလောက်အောင် အလွန်ပဲ ချိုင့်နေသလား ဆိုတော့လည်း အဲ့သလောက်လည်း မချိုင့်ဘူး။ ဒါပေမယ့် ရွှံ့ကို ချိုင့်ခွက်အောင် လုပ်ပြီး ဘုရားပုံ ဖော်ထားလို့ အုတ်ခွက်ဘုရားလို့ သုံးနှုန်းပြန်တယ်။

ခွက်နဲ့စတဲ့ ကြိယာဝိသေသနတချို့ရဲ့ မူလအရင်းအမြစ်ကို အခုထိ နားလည်လို့ မရဘူး။ ဥပမာ ခွက်ခွက်လန်။ အများဆုံး သုံးတာကတော့ ခွက်ခွက်လန်ရှုံးတယ် လို့ သုံးကြတယ်။ ခွက်ခွက်လန်နိုင်တယ် ဆိုတဲ့ အသုံးတော့ မတွေ့ဖူးဘူး။ ခွက်ခွက်လန်မှားတယ်ပဲ ရှိတယ်၊ ခွက်ခွက်လန်မှန်တယ်လို့ မရှိဘူး။ ခွက်ခွက်လန် ဆိုတာ အလွန်အကွျံ နဲ့ အနက်အတူတူပဲ။ ဒါပေမယ့် ခွက်ခွက်လန်ကို မကောင်းတဲ့ဘက်မှာပဲ သုံးတာ တွေ့ရတယ်။ ခွက်ခွက်လန် ဆိုတဲ့ ဝေါဟာရမှာ ပါတဲ့ ခွက်ရဲ့ ဆိုလိုရင်းက ဘာဖြစ်မလဲ။ ကျနော် မသိတာ အမှန်ပဲ။ နောက်ထပ် မသိတဲ့ တစ်လုံးက ခွက်ထိုးခွက်လန်။ သူလည်းပဲ အဓိပ္ပါယ်က ခွက်ခွက်လန်နဲ့ မကွာလှဘူး။ အလွန်အမင်း၊ အလွန်အကွျံလို့ အနက်ရတယ်။ ဒါပေမယ့် ခွက်ထိုးခွက်လန် ရှုံးတယ်လို့ အသုံးမရှိဘူး။ ခွက်ထိုးခွက်လန် ရယ်တယ် လို့ပဲ သုံးကြတယ်။ ခွက်ထိုး နဲ့ ခွက်လန်၊ နှစ်လုံး ခွဲကြည့်ရင် ခွက်ဆိုတာ ရေခွက်လို ဟာမျိုးကို ဆိုမလား။ တစ်လုံးက ထိုးတယ်၊ ထိုးလိုက်တော့ လန်တယ်။ အားရပါးရ ရယ်တယ်ဆိုတဲ့ သဘောပဲ။ ခန္ဓာကိုယ်ကို ယိုင်ထိုးပြီး လဲကျမတက် ရယ်ရင် ခွက်ထိုးခွက်လန်ရယ်တယ် လို့ သုံးကြတယ်။ အဲ့ဒီမှာ ပါတဲ့ ခွက် ဆိုတာ ထည့်စရာကို ဆိုလိုသလား။ စဉ်းစားစရာပါပဲ။

ဒီနှစ်ပေါင်း ငါးဆယ်ကျော်လောက် အတွင်းမှာမှ ခေတ်စားလာတဲ့ ဝေါဟာရတစ်ခုက ခွက်ထိုးခွက်လန်တရား တဲ့။ ဘာဖြစ်မယ် ထင်လဲ။ ဘယ်သူ့ကိုမှ စော်ကားလိုစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ လူတွေ သုံးတဲ့ ဝေါဟာရကို စာရေးမှတ်သားတဲ့ သဘောပါ။ မြန်မာနိုင်ငံရဲ့ ဝိပဿနာ သမိုင်းမှာ အင်မတန်နှိုင်းယှဉ်ဖို့ခက်အောင် ကျော်ကြားခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး။ အခုလက်ရှိအထိပဲ သူ့ရဲ့ နည်းနာနိဿယနဲ့ တစ်နိုင်ငံလုံးမက၊ တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးနေတဲ့ ဝိပဿနာဆရာတော်ကြီးပါ။ အဲ့ဒီ ဆရာတော်ကြီးရဲ့ တရားကို မလိုသူတချို့က ခွက်ထိုးခွက်လန်တရား လို့ ကွယ်ရာမှာ ကင်ပွန်းတပ်ကြသတဲ့။ မြင်လောက်ပြီလားမသိ။ ဆရာတော်ကြီးရဲ့ တပည့်သားမြေးတွေက တရားဟောတဲ့အခါမှ ခွက်တွေကို အသုံးပြုလေ့ရှိကြတယ်။ တရားဟောပလ္လင်ရဲ့ ရှေ့မှာ ခွက်တွေ မှောက်ထားတယ်။ ခွက်တွေကို တစ်လုံးချင်းစီ လက်ညိုးထိုး (သို့) တုတ်နဲ့ ထိုး ပြပြီး ဒါကို ရုပ်လို့မှတ်၊ ဒါကို သညာလို့ မှတ်၊ စသဖြင့်ပေါ့။ နောက်ပြီး ခွက်ကလေး လှန်လှန်ပြပြီး ဒါက ဘာတဲ့ ဒါက ဘာတဲ့၊ စသဖြင့် ပြောတော့ မလိုသူတချို့က ဆရာတော်ကြီးရဲ့ တရားကို ခွက်ထိုးခွက်လန်တရားတဲ့။ မှတ်ကရော။ ဟုတ်တယ်ဗျ။ မိုးကုတ်တရားပါတဲ့။

ချိုင့်နေတဲ့အရာတွေကို ခွက်လို့ အသုံးပြုတာထက် မခွက်ဘဲ မချိုင့်ဘဲနဲ့ ခွက်နဲ့ တွဲသုံးတဲ့ ဝေါဟာရကလည်း ရှိသေးရဲ့။ မျက်ခွက် တဲ့။ ဟုတ်တယ်၊ မျက်နှာကို ခပ်ရင့်ရင့် ပြောတော့ မျက်ခွက်လို့ ပြောတယ်။ မျက်ခွက်ကိုက ရှစ်ခေါက်ချိုးနဲ့ …. စသဖြင့်ပေါ့။ ရင့်ရင့်သီးသီး ပြောတာ။ အဲ့ဒီမှာ ထူးဆန်းတာက မချိုင့်တဲ့အပြင် ခုံးတောင် နေသေး။ ဘာလို့လား ခွက်နဲ့ တွဲသုံးကြသလဲ နားမလည်ဘူး။ ရှိစေတော့။ နောက်ပိုင်းနောက်ပိုင်း လူတွေက စကားပြောတာ ရင့်သတဲ့ ရင့်လာတော့ မျက် ဆိုတဲ့ စာလုံးတောင် မပါတော့ဘူး။ အခွက်ကိုက အချိုးမပြေဘူး ဆိုတဲ့ အသုံးမျိုးတွေ။ မျက်ခွက်ကနေ “မျက်” ပြုတ်ပြီး ခွက်ပဲ ကျန်တယ်။ အခွက်လာမပြောင်နဲ့နော် ဆိုတဲ့ စကားရပ်မှာလည်း အခွက် ဆိုတာ မျက်နှာကို ကိုယ်စားပြုလာတယ်။ နောက်တော့ ပိုပြီး ရင့်ရင့်သီးသီးနဲ့ စောက် ပါ ထည့်သုံးလာတယ်။ စောက်ခွက် တဲ့။ ကျောက်ပေါက်ရာ မျက်နှာနဲ့ သူကို ကျောက်ပေါက်ခွက် စဖြင့် သုံးလာတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခွက် ဆိုတာ ထည့်စရာတင် မကတော့ဘဲ မျက်နှာ ကိုပါ ကိုယ်စားပြုလာတယ်။

လူငယ်တွေ သုံးနေကြတာ ရှိသေးတယ်။ ငါ့လာပြီး ခွက်မကျနဲ့ ဆိုတာလို။ ဒီမှာ ခွက်က ဘယ်က ဆင်းသက်လာမှန်း မသိပေမယ့် ခွက်မကျနဲ့ ဆိုတာက အချောင်မနှိုက်နဲ့။ ဖျံမကျနဲ့ ဆိုတဲ့ သဘောလို့ ယူဆတယ်။ နောက်ဆုံးအနေနဲ့ ဆွေးနွေးကြည့်ချင်တာက ဖဲခွက်စား (ပဲခွက်စား ?) ဆိုတဲ့ ဝေါဟာရပါ။ ရှေးခေတ်က အနုပညာသည်တွေကို ဖဲခွက်စား (ပဲခွက်စား ?) ဟု ခေါ်ကြတယ်။ ဟိုးရှေးရှေးက ပဒေသရာဇ်စနစ် လက်ထက်က အနုပညာသည် (အထူးသဖြင့် သဘင်ပညာသည်) တွေကို နှိမ်ခဲ့ကြတယ်။ တချို့ခေတ်တွေမှာ သူတောင်းစားသာသာ ဆက်ဆံကြတာလည်း ရှိတယ်။ အနုပညာကြေးကို သူတောင်းစားပေး ပေးခဲ့ကြတော့ ပဲစေ့ (ပိုက်ဆံ) တွေပဲ ပြည့်နေတဲ့ ခွက်နဲ့ လုပ်စား (နေထိုင်စားသောက်) ကြရလို့ ပဲခွက်စားလို့ ခေါ်ခဲ့ကြတာ ဖြစ်မယ်။ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ အတွေ့ ဆိုတဲ့ ဇာတ်ကားမှာ သဘင်သည်တွေကို လူတွေက အထင်သေးကြောင်း လှစ်ပြထားတယ်။ ဖဲခွက်စား ဆိုတဲ့ ဝေါဟာရထက် ပဲခွက်စား ဆိုတာကို ပိုသဘောကျမိတယ်။ ဒါပေမယ့် အခုချိန်ထိ ဘယ်စာလုံး မှန်သလဲ၊ အရင်းအမြစ်ကဘာလဲ၊ အထောက်အထား ရှာမတွေ့ပါဘူး။ ကျနော် ဖတ်မှတ်ရသလောက် မတွေ့သေးတာပါ။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ထဲမှာလည်း ပါပါတယ်။ ပဲခွက်စား အကြောင်း။

နိဂုံးချုပ် ပြောရရင် မြန်မာစာမှာ ခွက် ဆိုတာ ချိုင်းဝှမ်းသော ထည့်စရာ၊ မျက်နှာ (ဘန်း) ဆိုတဲ့ အဓိပ္ပါယ်တွေ အပြင် ကျနော် မပြောဘဲ ချန်ထားခဲ့တာက အလေးချိန်နဲ့ ပမာဏကို ပြတဲ့ အနက်လည်း ရှိပါသေးတယ်။ အလေးချိန်ကို ပြရင် တစ်ခွက် ဆိုတာ တစ်ပိဿာ နဲ့ ညီမျှပါတယ်။ ပမာဏနဲ့ ပြမယ်ဆိုရင်တော့ တစ်ခွက် ဆိုတာ ပြည်ဝက်၊ နို့ဆီဗူး (၄) လုံးနဲ့ ညီမျှပါတယ်။ နှစ်ခွက်ကို တစ်ပြည်ပေါ့။ ချိန်ဝန် (အလေးချိန်) နဲ့ ချင့်ဝန် (ပမာဏ) လို့ သုံးပါတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်နဲ့ သက်ရောက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်လာတော့တာပါပဲ။ အထက်မှာ တင်ပြခဲ့သလို မျက်ခွက် ဆိုတဲ့ ဝေါဟာရမှာ မျက် ဆိုတာ ပျောက်ပြီး ခွက် တစ်လုံးတည်းနဲ့ မျက်နှာကို ကိုယ်စားပြုလာတာမျိုးပေါ့။ စာလုံးအရင်းအမြစ် အဘိဓာန်အတွက် ကုန်ကြမ်းရလိုရငြား ရေးသား ဖော်ပြလိုက်ပါတယ်။

မြန်မာတို့၏ အချိန်ဝေါဟာရများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် အများသူငါ ဗဟုသုတရအောင်၊ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းပြီးသား ဖြစ်အောင် စက်နာရီအချိန်နဲ့ မြန်မာဝေါဟာရ တွဲပြီး တင်ပြပေးလိုက်ပါတယ်။
သတိထားရမှာ တစ်ခုက အရုဏ်တက်ချိန်ဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလွဲ ရှိပါတယ်။ အခု တင်ပြမယ့် ဥပမာမှာ အရုဏ်တက်ချိန် နံနက် ၅ နာရီ ကို မူတည်ပြီး တွက်ချက်သွားမှာပါ။ အရုဏ်တက်ချိန်ဟာ အကြမ်းဖျင်းအားဖြင့် ၃ ရက်ကို တစ်မိနစ် အတိုးအလျော့ ရှိပါတယ်။ ဒါကြောင့် အရုဏ်အချိန်ပေါ်မူတည်ပြီး တခြားအချိန်တွေလည်း အပြောင်းအလဲ ရှိပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ စက်နာရီ မပေါ်ခင် နေနာရီကို သုံးကတည်းက ရှိနေခဲ့တဲ့ ဝေါဟာရတွေ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စက်နာရီနဲ့ ယှဉ်တွဲဖော်ပြတဲ့အခါမှာ အတိအကျ ရဖို့ကတော့ မလွယ်ဘူး။ အနီးစပ်ဆုံး အကြမ်းဖျင်း မှတ်သားထားရုံသက်သက်သာ တင်ပြလိုက်ပါတယ်။
 နံနက် ၀၄:၃၀ – ရောင်နီပေါ်ချိန်
နံနက် ၀၅:၂၀ – ဝေလီဝေလင်း၊ ကျီးမနိုးတနိုး

နံနက် ၀၅:၂၄ – နေထွက်ချိန်
နံနက် ၀၅:၃၀ – လင်းအားကြီး
နံနက် ၀၅:၄၀ – နေထွက်တပြူ
နံနက် ၀၆:၀၀ – မိုးစင်စင်လင်း
နံနက် ၀၉:၀၀ – နေထန်းတစ်ဖျား
နံနက် ၀၉:၃၀ – ဆွမ်းခံပြန်
နံနက် ၁၀:၃၀ – ဆွမ်းစားချိန်
နံနက် ၁၁:၀၀ – နေမွန်းလပ်
နေ့ ၁၂:၀၀ – နေမွန်းတည့်
နေ့ ၀၁:၀၀ – နေမွန်းတိမ်း
နေ့ ဝ၁:၃၀ – နေမွန်းလွဲ
ညနေ ၀၃:၃၀ – ညနေစောင်း
ညနေ ၀၄:၃၀ – ညနေအေး
ညနေ ၀၅:၀၀ – နေဝင်ဆည်းဆာ
ညနေ ၀၅:၂၀ – နေဝင်ဖြိုးဖျ
ညနေ ၀၅:၃၀ – နေဝင်ရီတရော
ညနေ ၀၅:၄၀ – နွားရိုင်းသွင်းချိန်
ညနေ ၀၅:၅၀ – ညီအကို မသိတသိ
ညနေ ၀၆:၀၀ – နေဝင်မိုးချုပ်
ညနေ ၀၆:၃၀ – ညချမ်း
ည ၀၇:၃၀ – သူငယ်အိပ်စက်
ည ၀၉:၀၀ – သက်ကြီးခေါင်းချ
ည ၁၀:၃၀ – ညဉ့်ဦးတွန်ချိန်
ည ၁၁:၀၀ – လုလင်ပြန်
ည ၁၂:၀၀ – သန်းခေါင်ယံ၊ သန်းခေါင်ကြက်တွန်
ည ၁၂:၃၀ – ကြယ်မြီးတောင်
ည ၀၃:၀၀ – ကြက်ဦးတွန်
နံနက် ၀၄:၀၀ – လင်းကြက်ဆော်ချိန်
နံနက် ၀၅:၀၀ – အရုဏ်တက်