သေမင်း၏ ခေါ်ရာသို့

အား … မဆွဲနဲ့၊ လွှတ် … လွှတ်
တီ တိ တီး တီ တီ …..
ဖုန်းမြည်သံလိုလို နားထဲ ကြားယောင်မိ၍ ကျမ ဇဝေဇဝါ ဖြစ်သွားသည်။ ကြောက်စိတ်ကြောင့် အားရပါးရ အော်နေမိရာမှ  တင်းတင်းကြပ်ကြပ် မှိတ်ထားမိသော မျက်စိကို အသာအယာ ဖွင့်ကြည့်လိုက်မိရာ မိုးစင်စင်လင်း၍ နေပေသည်။ ရုတ်တရက် မိမိ၏ ဘေးဘယ်ညာကို ဖျက်ကနဲ သတိထားကြည့်မိသည်။ အခုလေးတင် ကျမအား အတင်းဆွဲနေသော အရိပ်မဲကြီးလည်း မရှိမှန်း သိတော့မှ ကျမ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ အော် … ကျမ နေ့ခင်းကြောင်တောင် အိပ်မက်နေတာကိုးဟု သက်ပြင်းချ၍ အခုမှ ရယ်နိုင်တော့သည်။ နောက်မှ ဖုန်းလာနေသည်ကို သတိရမိ၍ ဖုန်းရှိရာသို့ ပြေးရပါတော့သည်။ ‘ဟယ် အမေကြီး’ ဟု ရုတ်တရက် အော်လိုက်မိသော ကျမအသံကို ကြားရသောကြောင့်ဟု ထင်သည်။ မောင်လေးမှာ ဖုန်းရှိရာသို့ အတင်း ပြေးလာနေသည်။ အမေနှင့်အဖေ ခရီးထွက်သွားသည်မှာ တစ်လလောက်ရှိပြီ။ မောင်လေးမပြောနှင့် ကျမလည်း လွမ်းနေမိသည်။ ပို၍ သတိရနေသည်မှာ အဖေကြီး နေမကောင်း၍ ဖြစ်သည်။ မောင်လေးမှာ ဖုန်းကို အတင်းလုနေ၍ ကျမမှာ သူမမီအောင် ခြေဖျားထောက် ပြောနေရသည်။
မေကြီး၊ ဖေကြီး နေကောင်းလား
အင်း ……. သက်သာပါတယ်အေ၊ ဒါပေမယ့်
ဘာ ဒါပေမယ့်တုန်း မေကြီးရဲ့
ဒါပေမယ့် အခု သင်္ဘော ဆက်မထွက်ဘူးလေ၊ ရွာမှာ ကမ်းကပ်ပြီး နားနေတာ တစ်ပတ်ကျော်ပြီ
ကောင်းတာပေါ့ မေကြီးရယ်၊ ဖေကြီး အနားရတာပေါ့
အင်း နင့်အဖေလည်း ငါ နားချနေရတာ မောလှပြီကွယ်။ အခုတော့ သူလည်း နားချင်နေပုံရတယ်။ ဒါကြောင့် သင်္ဘောနောက် မလိုက်တော့ဘဲ ပြန်လာတော့မလားလို့
ကောင်းတယ် မေကြီး၊ ကျန်းမာရေးက ပိုအရေးကြီးပါတယ်
အရေးတော့ကြီးတာပေါ့ကွယ် ညီးအတွက်ကလည်း အရေးကြီးတယ်မဟုတ်လား
အိုး မေကြီးကလဲ၊ မေကြီးဖေကြီးတို့ထက် ဘာမှ ပိုအရေးမကြီးပါဘူး
အေးပါ ယောက်ျားမရခင်တော့ ဒါမျိုးတွေ ကြားရတာပါပဲ
ထားပါ မေကြီးရယ်၊ ဘယ်တော့ ပြန်လာမလဲ
ပြန်ချင်တယ် ဒါပေမယ့် နင့်အဖေ ကျန်းမာရေးက ကားကြမ်းစီးဖို့ မဖြစ်နိုင်သေးဘူး။ သူ အဲလောက် မမာသေးဘူးလေ၊ ဒါကြောင့် အနားယူဦးမယ်တဲ့
မေကြီးတို့ အခု ဘယ်မှာလဲဟင်
မော်ကျွန်းနားက တံငါရွာလေးတစ်ရွာမှာ
အင်း ရွာလေးဆိုတော့ အရေးရယ်အကြောင်းရယ် ဆေးဝါးကိရိယာ ဘယ်ရှိမလဲ မေကြီးရဲ့
အင်း လောလောဆယ် နင့်ဖေကြီးက ဆရာဝန်မတွေ့ချင်ဘူး၊ နင်တို့ကို မြင်ချင်နေတာတဲ့လေ၊ နောက်ပြီး သူ့ မြေးလေးကိုလည်း တဖွဖွ မေးနေတာ
မေကြီးတို့ အဲ့မှာ ကြာဦးမှာလားဟင်
၁၀ ရက် နှစ်ပတ်လောက်တော့ နားဦးမလားလို့၊ နင့်အဖေ နည်းနည်း မာမာချာချာ ရှိမှ ရန်ကုန် ပြန်လာမယ်
ဒါဆို သမီးတို့ အဲဒီကို လာခဲ့မယ်လေ
———————
ကျမ အဖေက တံငါသည် အကြီးစားပေါ့။ ငါးဖမ်းသင်္ဘော အလတ်စားတစ်စီးနဲ့ ပင်လယ်ရေလတ်ပိုင်းထဲ ငါးဖမ်းထွက်လေ့ ရှိတယ်။ ပိုပြီး ကြပ်မတ်နိုင်အောင် ဆိုပြီး သင်္ဘောထွက်တိုင်း ဖေကြီးကိုယ်တိုင်ပဲ ကြီးကြပ်ပြီး ထွက်လေ့ရှိတယ်။ ဖေကြီး ရန်ကုန်မှာကတည်းက ကျန်းမာရေး မကောင်းဖြစ်နေတာ။ ငါးဖမ်းချိန်လည်း ရောက်နေတာက တစ်ကြောင်း၊ နောက်ပြီး ကျမရဲ့ မင်္ဂလာပွဲအတွက် ပိုက်ဆံများများ ရှိထားချင်တာက တစ်ကြောင်းမို့ သူ့ ကျန်းမာရေးကို ပဓာန မထားတော့ဘဲ ထုံးစံအတိုင်း ပင်လယ်ထဲ ထွက်သွားခဲ့တယ်။ ဒါပေမယ့် မေကြီးက စိတ်မချတော့ တစ်ခုခုဖြစ်ရင် ပြုစုရအောင် ဆိုပြီး မေကြီးပါ သင်္ဘောပေါ် ပါသွားလေရဲ့။ အခု ပင်လယ်ထဲတောင် မရောက်သေးဘဲ မော်ကျွန်းမှာတင် သောင်တင်နေတယ်ဆိုတော့ ဖေကြီး တော်တော်လေး မကျန်းမာလို့ ဖြစ်မယ်။ ကျမ မောင်လေး အကြီးဆုံးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးထားတာ (၃) လတောင် မပြည့်သေးဘူး။ ဖေကြီးက သူ့မြေးလေးကိုလည်း တအားသတိရနေပုံပဲ။ ကိုယ့်အဖေလုပ်တဲ့သူက တွေ့ချင်နေမှတော့ သူ့ကိုလည်း အားပေးရင်း၊ အနီးကပ်ပြုစုဖို့ သွားတွေ့ကြတာပေါ့ ဟုဆုံးဖြတ်လိုက်ပြီး ကျမတို့ ဖေကြီးတို့ရှိရာ မော်ကျွန်းသို့ သွားဖို့ စီစဉ်လိုက်ပါတော့သည်။ ကျမတို့ ဆိုတာ အိမ်မှာ ကျန်ခဲ့တဲ့ မောင်လေးအကြီးကောင်ရယ်၊ သူ့မိန်းမရယ်၊ တူတော်မောင် ပုစိကွေးရယ်၊ မောင်ငယ်လေးရယ်၊ ကျမရယ် စုစုပေါင်း (၅) ယောက်ပေါ့။ ကျမတို့ တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ရှိနေရင် ဖေကြီး ပျော်ပြီး မြန်မြန် ကျန်းမာလာမှာပါ။
ဖေကြီး ကျမတို့ကို မြင်တော့ လူမမာရုပ်တောင် မပေါက်တော့ပါဘူး၊ တအားကို ပျော်နေလိုက်တာ။ သူ့မြေးလေးကိုချီပြီး ပျော်လို့ မော်လို့။ ကျမတို့ ရောက်နေတာ တစ်ပတ်လောက် ရှိရင်ပဲ ဖေကြီး တော်တော် ကျန်းမာနေပြီ။ နောက် သုံးရက်နေရင် ရန်ကုန်ကို အားလုံး ပြန်ကြမယ်လို့ ဖေကြီးက အားရပါးရ ပြောနေပါပြီ။ အကြီးကောင်ကတောင် ဖေကြီးကို စ လိုက်သေးတယ်။ ဖေကြီးကလည်း အားလုံး မပြန်လို့ ဘယ်သူက နေခဲ့မှာမို့တုန်း ဆိုတော့ မင်း ဒီမှာ ပျော်ရင် မင်းနေခဲ့ပေါ့ကွ၊ ဟား ဟား ဟား ဟု ရယ်မောလိုက်စဉ် ကျမမှာ ချက်ချင်း လိုက်မရယ်နိုင်ခဲ့ပေ။ ထို စကားလုံးများက ကျမ၏ တစ်ကိုယ်လုံးကို တက်ဖိလိုက်သလို လေးလေးပင်ပင် ခံစားလိုက်ရတော့သည်။ နောက်မှ အားရပါးရ ရယ်မောနေကြသော ဖေကြီးနှင့်မောင်လေးကို ကြည့်နေရင်း နည်းနည်း ပေါ့ပါးသွားသည်။
တတွီတွီ တဂွီဂွီ နှင့် ကျွီကျွီ ကျွတ်ကျွတ် မြည်နေသော ရေဒီယိုကို ဖေကြီး အာရုံစိုက် နားထောင်နေစဉ် ကျမ ဖေကြီးဘေးနား ဝင်ထိုင်လိုက်သည်။
ဖေကြီး ရေဒီယိုကလည်း ကြွက်ဝင်နေတာကျနေတာပဲ နားထောင်လို့လည်း မရဘဲနဲ့
အော် သမီးရယ် ဒါလေး နားထောင်စရာ ရှိတာပဲကို၊ ဒါနဲ့ သမီးကို ဗဟုသုတ ပြောရဦးမယ်၊ ဒီဘက်ပိုင်းက လူတွေက ဒါကို ရေဒီယိုလို့ မခေါ်ဘူး၊ လေဒီယိုလို့ ခေါ်တယ်
ဟင် ဘာလို့တုန်း ဖေကြီးရဲ့၊ ထူးထူးဆန်းဆန်း
သူတို့ အကြောင်းပြချက်နဲ့တော့ ဟုတ်သား သမီးရဲ့၊ အသံတွေက ရေထဲက လာတာမှ မဟုတ်ဘဲ၊ လေထဲက လာတဲ့ဟာကို လေထဲက ယူဖမ်းမှတော့ လေဒီယိုပဲ ဖြစ်သင့်တာပေါ့၊ ရေဒီယို မဖြစ်နိုင်ဘူး ဆိုပြီး သူတို့က ဇွတ်ငြင်းကြတယ် သမီးရဲ့၊ ဟား ဟား ဟား
အဟိ သူတို့ တွေးတာလည်း မမှားဘဲနော့
အေးပေါ့ သူတို့မှ RADIO ရေဒီယိုဆိုတဲ့ အသံကို ယူထားတယ်လို့မှ မသိကြဘဲကိုကွယ်
ဟော ဟော ဖေကြီး သေချာ နားထောင်၊ နေ့ခင်းပိုင်း မုန်တိုင်းရှိတယ်တဲ့နော်
ခဏ ခဏ တိတ်တိတ်လေးနေ
….. ……
အိုး သမီးရယ် ပင်လယ်ထဲမှာ တစ်နာရီ မိုင် (၆၀) ဆိုတာ ဘာရှိမှာတုန်း။ ဖေကြီးတို့ အရင်က ဒီထက် ကြမ်းတာတွေတောင် ဖြတ်လာခဲ့ရတာပဲ
ဖေကြီးကတော့ ဟုတ်တာပေါ့၊ သမီးက အခု ဘယ်လေမှ မတိုက်တာတောင် မူးနောက်နေတာ။ တနေကုန် သင်္ဘောပေါ်မှာပဲဆိုတော့ ရောက်စထက်တော့ နေသားကျလာပါပြီ။
အင်း ဟုတ်တယ် သမီးတို့က အစိမ်းသက်သက်တွေဆိုတော့ မလွယ်ဘူး။ မိုင် (၆၀) နှုန်းက ဘာမှ မရှိဘူးဆိုပေမယ့် လှိုင်းတော့ တော်တော်လေး ထတယ်။ ဒီတော့ သင်္ဘောကတော့ အတော်လေး လူးလိမ့်မယ်။ လှိုင်းမူးတာ ကားမူးတာထက် ဆိုးတယ် သမီးရဲ့။ ကဲ ဖေကြီးကို ပဲ့ထိန်းဦးသာခေါင် သွားခေါ်ပေး
ဦးသာခေါင်မှာ ဖေကြီး၏ ညွှန်ကြားချက်ကြောင့် သင်္ဘောကို ကျောက်ချထားရာမှ ကမ်းနားသို့ ကပ်နိုင်သမျှ ကပ်နေလေသည်။ စိတ်တိုင်းကျပြီ ဆိုလျှင် ကမ်းပေါ်ရှိ လူနှစ်ဖက်လောက် ရှိသော သစ်ပင်၏ ပင်စည်တွင် သင်္ဘောကို အသေအချာ ကြိုးတုတ်ထားလိုက်သည်။
ကဲ သမီး၊ မေကြီးဆီသွား ဆေးသေတ္တာထဲမှာ အမူးအမော် ပျောက်ဆေးတွေ ဘာတွေ ရှိလဲ သေချာ စစ်ဆေးထားပါဦးလို့ သွားပြော၊ ပြီးရင် သမီးတို့ မောင်နှမတွေ မနက်ကတည်းက ဆေးကြိုသောက်ထားကြ၊ ကြားလား
ဟုတ် ဖေကြီး၊ အကြီးကောင်က seaman ဆိုတော့ သူက မမူးတတ်လောက်ပါဘူးနော့
အေး မလိုရင်လည်း မသောက်နဲ့ပေါ့ကွယ်။ အော် နောက်ပြီး life jacket တွေ၊ ဘောကွင်းတွေ အဆင်သင့်ရှာထား၊ ပြီးတော့ အလေးအပင် သေတ္တာတွေ၊ ပစ္စည်းတွေ၊ ဆီပေပါတွေ သင်္ဘောဝမ်းထဲ အခုကတည်းက ထည့်ထားခိုင်းလိုက်
ကဲ ဖေကြီး နားလိုက်ဦး၊ လိုအပ်တာတွေ မေကြီးကို စီစဉ်ခိုင်းလိုက်မယ်လေ နော်
အေး အေး သွား သွား
နေ့ခင်း ထမင်းစားပြီးချိန် အားလုံး ကိုယ့်အခန်းကိုယ် အနားယူနေချိန်တွင် လေသည် တဖြည်းဖြည်း ပြင်း၍ပြင်း၍ လာနေပြီ။ ထိုစဉ် တစ်ချက်လောက် ဆောင့်တိုက်လိုက်သော လေကြောင့် ကျမတို့ အိပ်နေရာမှ အားလုံး လန့်နိုးလာကြသည်။ အခန်းပြင် ထွက်ကြည့်လိုက်တော့ ဖေကြီးမှာ ခါးကြီးထောက်လျက် သူ့ လူများကို ဟိုဟာခိုင်း ဒီဟာခိုင်း ခိုင်းနေလေသည်။ တစ်ယောက်နှင့်တစ်ယောက်မှာ မဝေးကွာလှသော်လည်း လေကြောင့် တော်တော်လေး အော်ပြောမှ ကြားရတော့သည်။ ဖေကြီး ဘာတွေ ပြောနေလဲဟု နားစိုက်ထောင်နေရင်း ‘ဟ ဒီလေက တစ်နာရီ မိုင် (၆၀) ဘယ် က မတုန်းဟ’ ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရ၍ တုန်ကနဲ ဖြစ်သွားသည်။ ထိုနောက် ဖေကြီးက ကျမကို မြင်၍ ကျမအနားသို့ လှမ်းလာနေပြီး ‘ကဲ မင်းတို့ မောင်နှမတွေ အားလုံး လာကြ’ ဟု တစ်နေရာမှာ စုရန် လက်ဟန်ပြ၍ အော်ခေါ်လိုက်သည်။
ကဲ မေကြီးရေ၊ လေက ကြည့်ရတာ ဒီထက် ဆက်ပြင်းလာနိုင်တယ်။ လိုရမယ်ရ သားတို့ သမီးတို့ကို Life Jacket တွေ ဝတ်ပေးထားလိုက်ပါလား
အင်း ဝတ်ပေးတာတော့ ဟုတ်ပါပြီ၊ တကယ်တော့ (အသက်ကယ်) အင်္ကျီက နှစ်ထည်တည်း ရှိတာ
ဒါဆိုလည်းဟာ သမီး နှစ်ယောက်ကို ဝတ်ပေးထားလိုက်ပေါ့၊ အကြီးကောင် မင်းက အတွေ့အကြုံရှိတယ်။ ညီလေးကို မင်း တာဝန်ယူပြီး သေချာစောင့်ရှောက်ထား။ ကဲ သမီးတို့ ဝတ်ထားကြ။ ဘာမှ မစိုးရိမ်နဲ့၊ ပင်လယ်ထဲဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်။ သမီးတို့ အတွေ့အကြုံ ရတာပေါ့ ဟုတ်လား၊ ကြောက်မနေနဲ့။ ပင်လယ်ဆိုတာ မာန်တုန်း ခဏရယ်။ စိတ်အေးအေးထား ဟုတ်လား။
ဖေကြီးက ဘယ်လိုပဲ နှစ်သိမ့်နှစ်သိမ့် ကျမကတော့ တော်တော်လေး ကြောက်နေခဲ့ပြီ။ အကြီးကောင်က သူ့မိန်းမကို နှစ်သိမ့်အားပေးရင်း အင်္ကျီ ဝတ်ပေးနေသည်။ မေကြီးကတော့ ကျမကို ဝတ်ပေးရင်း အားပေးနေရှာသည်။ ထိုနောက် ကျမတို့ ခေါင်တိုင်တုတ်တုတ် ရှိရာသို့ ကပ်ပြီး တိုင်နားမှ မခွာဘဲ တိုင်ဖက်လျက် အသေအချာ နေရာယူထားကြပါပြီ။
ဖေကြီး ပြောသလိုပါပဲ။ လေမှာ ပြင်းသည်ထက် ပိုပို၍သာ ပြင်းလာပါသည်။ လေပြင်းများမှာ အဆက်မပြတ် တိုက်နေသည့်အပြင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် ဝင်လာသော လေရူးများက သာ၍ပင် ဆိုးနေသည်။ အရပ်တစ်မျက်နှာတည်းမှ တိုက်နေခြင်း မဟုတ်ဘဲ တောင်ဘက်က ဆောင့်တိုက်လိုက်၊ အနောက်ဘက်မှ ဆောင့်တိုက်လိုက်နှင့် ကြောက်စိတ်ကြောင့် မျက်ရည်များပင် ဖြိုင်ဖြိုင်ကျနေပြီ။ သစ်ပင်တွင် ကြိုးနှင့်တုတ်ထားသော နွားရိုင်းကြီး နှောင်ကြိုးမှ လွတ်မြောက်ရန် အလူးအလဲ ရုန်းကန်နေသကဲ့သို့ သင်္ဘောကြီးမှာလည်း မမှောက်ရုံတမယ် လူးလွန့်နေတော့သည်။ ကျမတို့အားလုံး ကြမ်းပြင်ပေါ်တွင် ကောင်းကောင်း ရပ်တည်ရာ မရတော့ပေ။ လေလှိုင်းလုံးများအပြင် ရေလှိုင်းများပင် တလိမ့်လိမ့် တက်လာပြီဖြစ်သောကြောင့် လဲကျလိုက် ပြန်ထလိုက်ဖြင့် အသက်ပင် မနည်းဝအောင် အနိုင်နိုင် ရှူနေရသည်။ တိုင်ကို လက်ဖြင့် အတင်းဖက်တွယ်ထားသောကြောင့် ထင်သည်။ လက်မောင်းနှစ်ဘက်လုံးနှင့် ရင်ဘတ်မှာ အတော်လေး နာနေပြီ။ ထိုသို့ ကိုယ့်အသက်ကို မနည်းသတိထားနေရ၍ ပတ်ဝန်းကျင်ကို သတိမထားဖြစ်ခဲ့။ သတိရ၍ ခေါင်းမေ့ကြည့်ရာ ဖေကြီးမှာ ရေထဲလေထဲ သူ့တပည့်များနှင့် အလုပ်ရှုပ်နေသည်။ ကမ်းပေါ်ကို လှမ်းကြည့်လိုက်၊ လေထဲ လွှင့်ပါလာသော သစ်တိုသစ်စကို ရှောင်လိုက်၊ တပည့်များကို အော်ပြောလိုက်နှင့် အားလုံးကို ဝါးတားတားသာ မြင်ရတော့သည်။ ထိုစဉ် လေပြင်းပြင်းတစ်ချက် ပင့်တိုက်လိုက်ရာ ဂျုန်း … ဟူသော အသံ၏ အဆုံးတွင် ဖေကြီးလည်း ကြမ်းပြင်ပေါ် ညွတ်ခွေကျသွားသည်ကို မြင်လိုက်ရ၍ ကျမ သူ့ဆီ အတင်းမရမက လေးဖက်ထောက်ကာ အရောက်သွားလိုက်သည်။ ဖေကြီး ပါးစပ်မှ ‘သွားပြီ သွားပြီ’ ဟူသော အသံသာ မရေမရာ ကြားနေရသည်။ ဖေကြီးဆီ ရောက်ဖို့ လက်တကမ်းအလိုမှာပင် ကျမ၏ တစ်ဘဝလုံးကို လွှင့်ထွက်သွားအောင် ဆောင့်တိုက်ပစ်လိုက်သော လေပြင်းကြောင့် ဖေကြီးပြောသော ‘သွားပြီ’ ၏ အဓိပ္ပာယ်ကို ကျမ နားလည်သွားတော့သည်။
ကျမတို့ သင်္ဘောနှင့် ကြိုးချည်ထားသော လူနှစ်ဖက်လောက်ရှိသည့် သစ်ပင်ကြီး လေတိုက်၍ ကျိုးပျက်ယိုင်လဲသွားခဲ့လေပြီ။ ချည်ထားသော ကြိုးလည်း ပြေ၍ လေယူရာတိမ်း ယိမ်းထနေတော့သည်။ အထက်အောက်မှ ရိုက်ပုတ်နေကြသော ရေလှိုင်းလေလှိုင်းတို့၏ ဒဏ်ကို ဒီသင်္ဘော ဘယ်လောက်ကြာကြာ ခံနိုင်မှာတဲ့တုန်း။ နဂိုက ကျမတို့မှာ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်သလိုသာ ရှိခဲ့ရာမှ ယခုအခါ ရေဗူးထဲ ထည့်၍ ခလောက်ခံနေရသလို။ ကျမ ဘာဆို ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့၊ အံကျိတ်၍သာ အနားရှိ အရာတစ်ခုခုကို အတင်းအကျပ် ဖက်ထားမိသည်။ ထို ဖက်ထားသောအရာသည် မည်သည့်အရာနည်း။ ကျမ မသိတော့။ လူအများကြီးက ကျမကို ဝိုင်းရိုက်နေကြသကဲ့သို့ ကျမ တစ်ကိုယ်လုံးလည်း အတော်လေး နာကျင်နေပြီ။ ငါ သေလို့မဖြစ်ဘူး ဟူသော မာန်ကလွဲ၍ ကျမမှာ ဘာမှ မရှိတော့။ ထိုမာန်သည်ပင် တဖြည်းဖြည်းနှင့် ယုတ်လျော့နေပြီ။ ကျမ တစ်ခုတည်းသာ တွေးနေမိတော့သည်။ ကျမစိတ်ကို လွှတ်ချလိုက်လျှင် အားလုံးပြီးသွားမလား။ ဒါဆို ဒီနာကျင်မှုတွေ ဘယ်ရှိလောက်တော့မလဲဟု တွေးရင်း တင်းတင်းဖက်ထားသော လက်နှစ်ဖက်သည် သူ့အလိုလို တဖြည်းဖြည်း ပြေကျနေလေပြီ။ လွှတ်ချလိုက်သည် ဆိုလျှင်ပင် လေထဲ ဝဲကနဲဆိုသလို ရေလှိုင်း၏ ခေါ်ရာသို့ လွှင့်ပါသွားတော့သည်။ ကျမ ဘာမှ မသိချင်တော့ပါ။ ဘာမှလည်း မသိတော့ပါ။
(ဆက်ရန်)