မိမိကိုယ်ကို အလွဲသုံးစားလုပ်ခြင်း

ကျွန်တော်တို့တတွေဟာ ဘဝဆိုတာကို စတင်ပိုင်ဆိုင်ရကတည်းက နောက်ဆုံး စွန့်လွှတ်ရတဲ့အချိန်အထိ စက္ကန့်မပြတ် အလုပ်တွေ လုပ်နေကြရတယ်။ အလုပ်တွေ၊ အလုပ်တွေ။ စက္ကန့်တိုင်း ပြတ်တယ်ရယ်လို့ တကယ်ကို မရှိခဲ့ပါဘူး။ သေချာပြန်စဉ်းစားကြည့်တော့ ဘဝတစ်ခုရဲ့ အစအဦးဆုံး လုပ်ခဲ့ရတဲ့အလုပ် ဘာဖြစ်မလဲ။ ဘဝတစ်ခုဆိုတာ မိခင်ဝမ်းတွင်းကနေ အပြင်ရောက်တဲ့ အချိန်ကို စ ရေမယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပထမဆုံး ဘာလုပ်ခဲ့သလဲ။ ကိုယ်ကိုယ်တိုင် ပထမဆုံး စလုပ်တဲ့ အလုပ်ကတော့ အသက်ရှူခြင်းပဲ ဖြစ်မယ်ထင်တယ်။ ဒါဆို ဘဝရဲ့ နိဂုံး နောက်ဆုံးမှာကော ဘာနဲ့ အဆုံးသတ်ကြမလဲ။ ဒါလည်း အသက်ရှူခြင်းပဲ ဖြစ်လိမ့်မယ်။ ဒါဆို အသက်ရှူတာနဲ့ စပြီး အသက်ရှူတာနဲ့ပဲ အဆုံးသတ်ရမယ့် ကျွန်တော်ဘဝတို့ရဲ့ ကြားကာလတွေမှာ အသက်ရှူကြရမှာတော့ တူညီနေကြပေမယ့်၊ အသက်ရှူရင်း ဘာတွေလုပ်ကြသလဲ ဆိုတာက အဲဒီလူကို အသက်ရှူချောင်အောင် လုပ်ပေးနိုင်သလို၊ အသက်ရှူကြပ်သွားအောင်လည်း လုပ်ပစ်လိုက်နိုင်တယ်။ ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ကြသလဲ။
ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအဝိုင်းကြားမှာ ရှင်သန်ကြီးထွားရတော့ အဲဒီ ပြဋ္ဌာန်းချက်ကြီးက ကျွန်တော်တို့ရဲ့ ဘဝကို ပုံသွင်းလာခဲ့တယ်။ တချို့ကတော့ ပုံပျက်သွားပြီး တချို့ကတော့ အရောင်တက်လာတယ်။ တကယ်တမ်းတော့ ပြဋ္ဌာန်းချက်ဆိုတာ ကန့်သတ်ချက်ပါပဲ။ Condition ပေါ့။ အဲဒီ ကန့်သတ်ချက်တွေနဲ့ အသားကျသွားတဲ့ လူတွေကတော့ အဲဒီကန့်သတ်ချက်တွေကိုက သူတို့ဘဝရဲ့ ရွှေစည်းမျဉ်း ဖြစ်လာတယ်။ ဘဝပေး ကန့်သတ်ချက်တွေကို လက်မခံနိုင်တဲ့ လူတွေကတော့ ပိုပြီး အဆင်ပြေနိုင်မယ့် ကန့်သတ်ချက်တစ်ခုကို ရှာဖွေကြတယ်။ မတူညီတဲ့ ကန့်သတ်ချက်နဲ့ ကန့်သတ်ချက်အပေါ်ထားတဲ့ မတူညီတဲ့ နားလည်မှုတွေကြောင့် လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားကုန်ကြတယ်လို့ ယူဆမိတယ်။ အဲဒီ ကန့်သတ်ချက်တွေထဲမှာ လူတွေကို အလွှမ်းမိုးနိုင်ဆုံး (ပုံအသွင်းနိုင်ဆုံး နဲ့ အယုံအသွင်းနိုင်ဆုံး) ကန့်သတ်ချက်ဟာ ဘာသာရေးပဲ ဖြစ်လိမ့်မယ် ထင်တယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ အယူသီးတဲ့ လူမျိုးတွေ မဟုတ်ကြပေမယ့် အတ္တကြီးတဲ့ လူမျိုးတွေ ဖြစ်နေကြတာတော့ ဝမ်းနည်းစရာပါ။ တကယ်တမ်းတော့ အယူသီးတာနဲ့ အတ္တကြီးတာရဲ့ ရလဒ်ဆိုးကျိုးတွေဟာ သိပ်တော့ မကွာခြားပါဘူး။ လူအများကို ထိခိုက်စေနိုင်တာချည်းပဲ။ အတ္တကြီးတဲ့လူမျိုးလို့ ပြောလို့ မနာလိုက်ပါနဲ့။ ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဖာသာကိုယ် ဖြေကြည့်ပါ။ ကျွန်တော်တို့၊ ခင်ဗျားတို့ အလှူတစ်ခုလုပ်တယ်။ အဲဒီအလှူဟာ ဘယ်သူ့အတွက် လုပ်ပါသလဲ။ ဘယ်သူအရင်ရဖို့ လုပ်ပါသလဲ။ ကိုယ် ကုသိုလ်ရဖို့က အရင်လုပ်ကြတာ များပါတယ်။ ကိုယ့်ရဲ့ နောက်ဘဝ ကောင်းစားဖို့ လုပ်ကြတာ များပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ ဆွေမျိုး၊ စသဖြင့်ပေါ့။ အစာရေစာ ရှားပါးတဲ့လူတွေကို လှူတဲ့လူနဲ့ ဘုရားစေတီမှာ လှူတဲ့လူ ဘယ်ဒင်းက များသလဲ။ ဘာလို့ များသလဲ။ ရှင်းပါတယ်ဗျာ။ ဘုရားစေတီမှာ ကိုယ်ရဲ့ နောက်ဘဝကောင်းစားဖို့ လှူနေကြတာကတော့ တစ်ပုံတစ်ပင်ပဲ။ အများစုက ယူချင်လို့ ပေးနေကြတယ်။ ပေးချင်လို့ ပေးနေတယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ဘာဖြစ်လို့ မမွေးနိုင်ကြသလဲ။ ကျွန်တော် အဲဒီမေးခွန်းကို တော်တော်ကြီး စဉ်းစားဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်တို့အတွက် ကန့်သတ်ချက်ကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ အဲဒီ အခြေအနေကောင်းတွေကို သိအောင် ကြိုးစားစေချင်တယ်။ သိမှ မြင်နိုင်မယ်။ သိမြင်မှ တန်ဖိုးထားမယ်။ တန်ဖိုးထားမှ လုပ်မယ်။ အဲဒီလို အလုပ်မျိုးမှ တန်ဖိုးရှိနိုင်တယ်။ အခု လူအများစုက လုပ်တော့ လုပ်ပါတယ်။ ဒါပေမယ့် ဂဃနဏ မသိဘူး။ ဒီတော့ လုပ်သမျှက တန်ဖိုးမရှိတဲ့ အလုပ်တွေ ဖြစ်နေတယ်။ ရလဒ်အနေနဲ့ကတော့ ရှိမှာပေါ့။ တန်ဖိုးရှိတဲ့ ရလဒ်တစ်ခု ဖြစ်မလာဘူး။ ရလဒ်အပေါ် တန်ဖိုးမထားနိုင်ရင် အဲဒီအလုပ်ကိုလုပ်တဲ့ ကိုယ့်ကိုယ်ကိုကော တန်ဖိုးထားနိုင်ပါဦးမလား။ ဘာသာရေးဆိုတာ ကျွန်တော်တို့အတွက် ကိုးကွယ်ရာပါ။ “ကိုး” ဆိုတာ ယုံကြည်ကိုးစားဖို့နဲ့ “ကွယ်” ဆိုတာက အကာအကွယ်ပါ။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာဟာ ကျွန်တော်တို့ ယုံကြည်ကိုးစားနိုင်တဲ့ ဘာသာတစ်ခု ဖြစ်ရမယ့်အပြင် ဘဝဒုက္ခကနေ အကာအကွယ်ပေးနိုင်တဲ့ ဘာသာတစ်ခုလည်း ဖြစ်ရမယ်။ ကိုယ်လိုချင်သလို “ကိုး” ကားပြီး ကိုယ့်ကို “ကွယ်” ဖုံးနေမယ့် ဘာသာရေးမျိုးတော့ မဖြစ်သင့်ပါဘူး။ မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ကိုယ့်ကိုယ်ကို အလွဲသုံးစား လုပ်နေတာနဲ့ အတူတူပဲပေါ့။

လွမ်းတော့ လွမ်းမိပါတယ်

လွမ်းတယ် ဆိုတဲ့ စကားလုံးကို ကျွန်တော့အနေနဲ့ သုံးဖို့ သိပ်မသင့်လျော်တော့ပါဘူး။ ဒါပေမယ့်လည်း အလွမ်းဓါတ်ခံ ရှိထားတဲ့သူဆိုတော့ လွမ်းတာကို လွမ်းတယ်လို့ပဲ ဝန်ခံရမှာပဲ။ ဘာတွေကို လွမ်းသလဲဆိုတော့ သက်ရှိသက်မဲ့ အစုံပေါ့။ အဲဒါတွေထဲက လွမ်းတာ တစ်ခုကို ထုတ်ပြရရင်တော့ ဟောဒီ ဘလော့ဂ်ကိုပါ။ PK ဘလော့ဂ်ကို ပစ်ထားလိုက်တာလဲ အခုဆို နှစ်နှစ်ကျော်သွားခဲ့ပြီ။ တစ်ခါတလေ ရန်ကုန်၊ မန္တလေးရောက်လို့ အင်တာနက်သုံးဖို့ အဆင်ပြေခဲ့ရင် ကိုယ့်ဘလော့ဂ်ကိုကိုယ် သွားသွားကြည့်မိတယ်။ အလွမ်းပြေပေါ့။ အခုအချိန်ထိ စာလာဖတ်နေတဲ့ သူတွေ တွေ့ရတော့ ကျေနပ်မိတာ အမှန်ပါ။ အဲဒီလို သွားသွားကြည့်နေမိလို့လား မသိဘူး။ သံယောဇဉ် အရှိန်က ပြေမသွားဘူး။
လွမ်းတယ်ဆိုကတည်းက သံယောဇဉ် ထားနေမိလို့ပါ။ သက်ရှိအပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ သက်မဲ့အပေါ်မှာ ရှိတဲ့ သံယောဇဉ်နဲ့ ဘာမှ သိပ်မကွာဘူးလို့ ကျနော်ကတော့ ထင်တယ်။ ကွာတာ တစ်ခုပဲရှိမယ်။ သက်မဲ့အပေါ် သံယောဇဉ် ထားရတာ တုန့်ပြန်မှုအား မရှိသလောက်ပါ။ တုန့်ပြန်မှုအား နည်းလေလေ ခံစားမှု လျှော့လေလေလို့ ဆိုကြတယ်။ ဒါပေမယ့် အဲဒီ သက်မဲ့အပေါ် ထားတဲ့ သံယောဇဉ်တွေထဲမှာ ဘလော့ဂ်အပေါ် ထားမိတဲ့ သံယောဇဉ်ဟာ ခံစားမှု အပေးနိုင်ဆုံးလို့ ယူဆမိတယ်။
ကိုယ့်ဘလော့ဂ်ကိုကိုယ် ဝင်ကြည့်ဖြစ်တိုင်း ပို့စ်အဟောင်းတွေ ပြန်ပြန်ပြီး ဖတ်ဖြစ်တယ်။ လွမ်းစရာပို့စ်တွေ ပါသလို ပျော်စရာပို့စ်တွေလည်း ပါတယ်။ ကြေကွဲစရာ ပို့စ်တွေလည်း ဖတ်ဖြစ်သလို ကြည်နူးစရာ ပို့စ်တွေလည်း ချန်မထားခဲ့ဘူး။ ပို့စ်အများစုက ကိုယ့်ဘဝဇာတ်ကြောင်းတွေပဲ ဆိုတော့ အတိတ်လွမ်းချင်းကြီး ငြီးနေရသလိုပါပဲ။ စာရေးတာ ဝါသနာပါတော့ ဘလော့ဂ်ပြန်ရေးဖို့ စိတ်ကူးနေခဲ့မိတာတော့ ကြာပါပြီ။ အင်တာနက် အဆင်မပြေတာလည်း မရေးဖြစ်တဲ့ အကြောင်းတစ်ခုပါ။ နောက်တစ်ခု အရင်လို လွတ်လွတ်လပ်လပ် ရေးနိုင်ပါဦးမလား၊ ရေးခွင့်ရှိပါဦးမလား ဆိုတဲ့ အတွေးကလည်း ပိတ်ကာနေခဲ့တယ်။ ကိုယ်က လွတ်လွတ်လပ်လပ် ရေးပါပြီတဲ့၊ စာဖတ်တဲ့သူက “သူကဘာကြီးဟဲ့” ဆိုတဲ့ အတွေးနဲ့ လွတ်လွတ်လပ်လပ်ကော ဖတ်နိုင်ပါဦးမလား။ တွေးမိတာတော့ အများကြီးပါ။ စာရေးသူကို စာရေးသူတစ်ယောက် အနေနဲ့ ဘလော့ဂါကို ဘလော့ဂါ တစ်ယောက် အနေနဲ့ အမြင်ထားပြီး စာဖတ်တာ ပိုကောင်းလိမ့်မယ်လို့ ထင်မိတယ်။ စာဖတ်သူတွေလည်း အဲလိုပဲ ခံယူနိုင်ကြလိမ့်မယ်လို့ မျှော်လင့်ပြီး ဘလော့ဂ်ကို စာရေးဖြစ်ပါပြီ။ အားတင်းပြီးတော့ပေါ့။
နှစ်နှစ်ကျော်ကြာ ခွဲခွာခဲ့တဲ့ ဘလော့ဂ်ကို ပြန်ပြီး အသက်သွင်းလိုက်ခြင်း ပါပဲ။ အရင်က ပီကေပဲဖြစ်ဖြစ် အခု ပီကေပဲဖြစ်ဖြစ် ပီကေကို ပီကေလို့ပဲ သဘောထားပြီး ပို့စ်များကို ရံဖန်ရံခါ တင်ဖြစ်မှာပါ။ ကိုယ်သိထားတဲ့ အသိတွေလည်း ဝေမျှချင်တယ်။ ကိုယ်ခံစားဖူးတဲ့ ခံစားမှုတွေကိုလည်း ဝေမျှချင်တယ်။ ကိုယ့်ရဲ့ ပျော်ရွှင်မှုတွေကိုလည်း ဝေငှချင်ပါတယ်။
အားလုံး မင်္ဂလာနှစ်သစ်မှာ စိတ်သွားတိုင်း ကိုယ်ပါလို့၊ ကိုယ်သွားတိုင်းလည်း စိတ်ပါ ကြပါစေလို့ ဆုတောင်းရင်း …