ကပ်ပါပေ့ မြို့စားရယ် (၂)

အဲဒီနေ့မှာ သေတဗျမြို့ တစ်မြို့လုံး နံနက် မိုးလေး လင်းတာနဲ့ ကျွက်ကျွက်ညံနေလေရဲ့။ ဟိုနေရာလည်း ရုံးစုရုံးစု ဒီနေရာလည်း ရုံးစုရုံးစုနဲ့ လူတွေ ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် စုပြီး ကျွတ်ထိုးနေကြတယ်။ နောက်တော့ လူစုလိုက်ကြီး မြောက်စူးစူးကို အကုန် ဦးတည်သွားနေကြတယ်။ ဦးတည်ဆို မြောက်ဘက်စူးစူးက ယင်းတိုက်တောထဲမှာ ရဟန္တာတစ်ပါးဟာ နောက်ပါ ရဟန်း (၅၀၀) နဲ့အတူ ရောက်ရှိနေတယ်လို့ သတင်းကြားကြလို့ပါပဲ။ မဇ္ဈိမဒေသမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီလို့ သတင်းကြားကတည်းက နာမည်သတင်း မွှေးလာခဲ့တဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေရဲ့ ဂုဏ်သတင်းကြောင့် မြို့ရွာအသီးသီးက လူတွေဟာ ဖူးချင် တွေ့ချင် မြင်ချင်နေကြတာ တစ်ပိုင်းကို သေလို့။ အခု တကယ် ကြွလာပြီ ဆိုတော့ ရတဲ့အခွင့်အရေး ဘယ်လက်လွှတ်ခံကြမလဲ။ အပြေးအလွှားကို သွားဖူးဖို့ စုရုံးနေကြပြီလေ။ ကြွမယ့် ကြွလာတော့လည်း မယ်မယ်ရရ ပုဂ္ဂိုလ် မဟုတ်ပြန်ဘူး။ စကားအရာမှာ၊ စာအရာမှာ၊ ပရိယာယ်အရာမှာ အင်မတန်မှ ကျွမ်းကျင် လိမ္မာတယ်လို့ နာမည်ကြီးတဲ့ ကုမာရကဿပ မထေရ်ပါပဲ။

နံနက်စောစော ပါယာသိမြို့စားကြီး လေသာဆောင် ပြတင်းကနေ လှမ်းကြည့်လိုက်တော့ တစ်မြို့လုံး ရုတ်ရုတ်ကျွက်ကျွက် ဖြစ်နေတာ တွေ့သွားတယ်။ ဒါနဲ့ သူရဲ့ မင်းစေ (စကေရီတယ်ရီ) ကို ခေါ်မေးတယ်။ ဒီတော့ မင်းစေကလည်း သူသိသလောက် မချွင်းမချန် လျှောက်တော့တာပေါ့။ ဒီတော့ မြို့စားကြီးက စဉ်းစားတယ်။
အင်း … ငါ့ကောင်တွေတော့ ဒုက္ခပဲ။ ဟိုဘုန်းကြီးက စကားတတ်မှတတ်နဲ့။ ငါ့လူတွေကလည်း ဝေးလေးဝါးလားဆို သိပ်ဖြစ်။ အခုလည်း ဘာရယ်မဟုတ်ဘူး။ လူစည်တော့ ပျော်ပြီး လိုက်ကုန်ကြပြီ။ ဟိုဘုန်းကြီး တစ်ခွန်းနှစ်ခွန်း ပြောလိုက်တာနဲ့ ငါ့လူတွေက ကြွေပြီး အယူဝါဒတွေ လွဲမှားကုန်တော့မယ်။ အစကတည်းက ဝါဒက မခိုင့်တခိုင်။ မဖြစ်ချေဘူး။ ငါမှ မကယ်ရင် အားလုံး အယူတွေ တလွဲရောက်ကုန်ပြီး ဒုက္ခတွေ့ကုန်တော့မယ်။
ပထမ သူ့မြို့သူမြို့သားတွေ အပေါ် ကရုဏာ သက်မိတယ်။ နောက်တော့ ဟို ဘုန်းကြီးကို ဒေါသ ထွက်မိတယ်။ သူ အသေအချာ ပြန်စဉ်းစားလိုက်တော့ ဒေါသရဲ့ အရင်းခံက မနာလိုမှု ဣဿာ ဖြစ်နေတာ သူ တွေ့လိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ်လေ “ငါ တားမှ တော်ရာ ကျတော့မယ်” ဆိုတဲ့ အတွေးနဲ့အတူ မြို့ထဲက လူတွေကို မင်းစေကနေတဆင့် စကား သွားပါးခိုင်းလိုက်တယ်။ မြို့စားကြီးလည်း အတူတကွ လိုက်မှာမို့ အားလုံး မသွားကြသေးဘဲ မြို့စားအလာကို စောင့်ပေးကြပါလို့ သွားပြောခိုင်းလိုက်တယ်။ မသွားနဲ့ ဆိုပြီး တားလို့ ဘယ်ဖြစ်မလဲ။ ဒီတော့ အချိန်ဆွဲရုံပဲ ရှိမှာပေါ့။ လူတွေ ယင်းတိုက်တောထဲ မသွားခင် မြို့စားကြီးက ဖျောင်းဖျပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

မြို့စားကြီးပါ လိုက်မယ်ဆိုတော့ အားလုံးက စောင့်နေကြရပြီပေါ့။ အမောတကောနဲ့ ပြေးလာတဲ့ မြို့စားကြီးကို အားလုံးက အံ့အား သင့်နေကြတယ်။ ကိုယ်ပိုင် အယူဝါဒတစ်ခုနဲ့ မာန်တက်နေတဲ့ လူတစ်ယောက်က တခြား ဝါဒရှင်တစ်ယောက်ကို တွေ့ဖို့ အဲဒီလောက်ပဲ စိုင်းပြင်းနေရသလား ဆိုတဲ့ အတွေးတွေကို သူ့ကို ကြည့်နေကြတယ်။ မြို့စားကြီးကလည်း သူ့အကြံနဲ့ သူကိုး။ အားလုံးကို စည်းရုံးပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမယ့် အဲဒီ အတွေးက လမ်းမှာ ပြေးလာရင်း တဖြည်းဖြည်းနဲ့ ပြေလျော့လာတယ်။ ဟိုအရင်ကတည်းက ဗုဒ္ဓရဲ့ ဂုဏ်သတင်းနဲ့ အရှိန်အဝါ၊ တရားတော်ရဲ့ ခိုင်မာမှု နဲ့ ပြတ်သားမှု တွေကို ကြားသိဖူးပြီးသား ဖြစ်တဲ့ မြို့စားကြီး အနေနဲ့ အခုလို ကြုံတောင့်ကြုံခိုက်မှာ ဟိုဘုန်းကြီးရဲ့ အမြင်နဲ့ ဖလှယ်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေ တဖွားဖွား ပေါ်လာနေတယ်။ “ကျွန်တော်မျိုးတို့ ဗုဒ္ဓရဲ့ သားတော် ကုမာရကဿပ မထေရ်ကို ဖူးချင်လို့ စောင့်နေတာ ကြာပါပြီ မြို့စားကြီး။ မြို့စားကြီးလည်း လိုက်မယ်ဆိုတော့ အရှေ့ကနေ ဦးဆောင်ပြီး ကြွတော်မူပါ” ဆိုတဲ့ ဖိတ်ခေါ်သံကို ရောက်ရောက်ချင်း ကြားလိုက်ရတော့ ဘာမှတောင် မပြောလိုက်ရတော့ဘဲ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ယင်းတိုက်တောဆီကို လူစုလိုက် ချီတက်ကြပါတော့တယ်။

ကုမာရကဿပ မထေရ်ရဲ့ ကြည်ညိုဖွယ် ရုပ်အဆင်းနဲ့ သပ္ပာယ်လှတဲ့ အသွင်သဏ္ဍာန်ကြောင့် မြင်လိုက်ရုံနဲ့ပဲ အားလုံးလိုလိုဟာ ကြည်ညိုသဒ္ဓါပွားပြီး ထိုင်ရှိခိုးကြတော့တယ်။ ပါယာသိမြို့စားကတော့ အရှေ့ဆုံး သင့်လျော်တဲ့ တစ်နေရာမှာ ထိုင်နေရင်း နှုတ်ဆက်စကားနဲ့ အတူ အလ္လာပ၊ သလ္လပ စကားတချို့ ပြောပြီး သံဃာတွေကို ကြည့်လိုက်၊ သူ့ ပရိသတ်ကို အကဲခတ်လိုက်နဲ့ပဲ ခပ်ဆိတ်ဆိတ် နေနေတယ်။ တချို့သော ပရိသတ်က ကိုယ်ရဲ့ အမည်နာမ၊ မျိုးရိုးဇာတိကို ထုတ်ဖော်ပြောပြီး ကိုယ့်ဖာသာ မိတ်ဆပ်ရင်း စကားစမြည် ပြောနေကြတယ်။ တချို့ကတော့ အေးအေးသာကြည် သူများ ပြောတဲ့ စကားကိုပဲ နားထောင်နေကြတယ်။ မြို့စားကြီးမှာတော့ “ငါ့ကောင်တွေတော့ ပါသွားတော့မှာပဲ” ဆိုတဲ့ အတွေးနဲ့ စကားပြောနေကြတဲ့ သူတွေကို စိတ်ထဲကနေ ငြူစူနေမိတယ်။ စိတ်ထဲက စိုးရိမ်တကြီးနဲ့ ဖြစ်နေတဲ့ ကြားထဲက ဝါဒပြိုင်ချင်တဲ့ မာနလေးက ထောင်ထောင်ပြီး ထွက်လာတယ်။
ဒီကိုယ်တော် နာမည်ကတော့ ကြီးပါ့။ တကယ်ကော တော်မှာမို့လား။ တကယ်တော်မတော်၊ တတ်မတတ် စမ်းကြည့်မှ သိမယ်။ ဟုတ်တိုင်းကျော်၊ ကျော်တိုင်းဟုတ် မဟုတ် ငါ့ဝါဒကို တင်ပြပြီး ဆန်းစစ်ကြည့်မယ်။ အသားလွတ် နာမည်ကြီးတာ ဆိုရင်လည်း ငါ့ဝါဒဟာ ခိုင်မာသထက် ခိုင်မာလာပြီး ယုံကြည်သူလည်း တိုးလာတာပေါ့”
ဆိုတဲ့ အတွေးကြောင့် နှုတ်က စကားလုံးတွေ ပွင့်အန် ထွက်လာတယ်။
အရှင်၊ အရှင်ခွင့်ပြုမယ်ဆိုရင် စကားနည်းနည်း ပြောချင်ပါတယ်။
ဒကာ မြို့စား၊ ပြောနိုင်ပါတယ်။ ပြောပါ။

ဘုန်းကြီးဆီက ခွင့်ပြုချက် ရတယ် ဆိုရင်ပဲ မြို့စားကြီးဟာ သူရဲ့ စမ်းသပ်ချက်တွေ၊ ယုံကြည်မှုတွေ၊ အယူဝါဒတွေကို တစ်ခုပြီးတစ်ခု ခင်းကျင်းပြသပါတော့တယ်။ မြို့စားရဲ့ စကား အဆုံးမှာ ပြောလိုက်တဲ့ မထေရ်ရဲ့ စကားကြောင့် မြို့စားကြီးက ကြောင်စီစီနဲ့ ကြည့်နေမိတယ်။
ဒကာ မြို့စား၊ အဲဒီလို ပြောလေ့ရှိတဲ့ လူကို ငါ မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးပါဘူး။ အသင် ပြောလို့သာ ဒါ ပထမဆုံး ကြားဖူးခြင်းပါ။ အသင်ရဲ့ အယူဝါဒက ထူးဆန်းလိုက်တာ
မထေရ်ရဲ့ စကားကို ကြားပြီး ကြောင်အန်းအန်း ဖြစ်နေတုန်းမှာပဲ မထေရ်က ဆက်ပြောပါတယ်။
ဒကာ မြို့စား၊ တမလွန်လောက မရှိဘူးလို့ သင် ပြောခဲ့တယ်။ အဲဒီ အယူနဲ့ ပတ်သက်ပြီး ခိုင်မာပြီး အားကိုးလောက်တဲ့ အထောက်အထားများ ရှိပါရဲ့လား
ဒီလိုများ မေးမှ မေးလာပါ့မလားလို့ တွေးနေမိတဲ့ မြို့စားတစ်ယောက် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေနဲ့ ကိုယ်တော်ကို မလှုပ်နိုင်အောင် ဖိပစ်လိုက်မယ် ဆိုတဲ့ စိတ်ကူးပီတိနဲ့
ဘာပြောကောင်းမလဲ၊ သိပ်ရှိတာပေါ့” လို့ အားရပါးရ ဖြေလိုက်တယ်။
ကဲ ရှိရင် လျှောက်စမ်းပါဦး။ တကယ်ပဲ ဘယ်လောက်တောင် ခိုင်မာသလဲဆိုတာ ငါ သိချင်တယ်
မထေရ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဝမ်းပမ်းတသာ ရှိလှတဲ့ မြို့စားကြီးဟာ သူရဲ့ သုတေသန တစ်စိတ်တစ်ပိုင်းကို စပြီး ပြောပြပါတော့တယ်။ ငရဲကို အမှန်တကယ် ရောက်နိုင်မယ့် ငမိုက်သား လူရမ်းကားတွေကို ငရဲရောက်ရင် သူ့ကို အကြောင်းကြားဖို့ မှာလိုက်တဲ့ အကြောင်းနဲ့ ငရဲပြည်က သတင်းတစ်စွန်းတစ်စ ရလိမ့်နိုးနိုး အမျှော်ကြီး မျှော်ခဲ့ရပုံတွေကို လျှောက်တင်လိုက်ပြီး
အရှင်၊ အခုလို ငရဲသားတွေဆီကနေ နည်းနည်းလေးတောင်မှ သတင်း ပြန်မကြားရတာကို ကြည့်လိုက်ရင်ကိုပဲ ပရလောက ဆိုတာ တကယ် မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒီလောက် ခိုင်မာနေတဲ့ အထောက်အထားတွေ ရှိနေပါလျက်နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ လက်ရှိ အယူဝါဒကို စွန့်လွှတ်နိုင်ပါ့မလဲ ဘုရား

လျှောက်ထားအပြီးမှာ ငါကွ ဆိုတဲ့ မျက်နှာပေးနဲ့ ခန့်ခန့်ကြီး ထိုင်နေလိုက်တယ်။ မြို့စားကြီးရဲ့ အလိုတော်ရိတွေကတော့ အားရကျေနပ်လှတဲ့ အမူအရာနဲ့ ထောက်ခံတဲ့ သဘောဆောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။ အယူနုံ့ရှာတဲ့ သူတွေကတော့ ရဟန္တာ ကိုယ်တော်မြတ်ကို ကြည့်လိုက်၊ သူတို့ မြို့စားကြီးရဲ့ အမူအရာကို ကြည့်လိုက်နဲ့ပဲ ထိုင်နေကြတယ်။ ကြားနေ သမားတွေကတော့ ခပ်ငြိမ်ငြိမ်ပဲ ဘာတွေ ဖြစ်လာဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ မထေရ်ရဲ့ နှုတ်ထွက်စကားကို ငံ့လင့်နေကြတယ်။
အို ဒကာ …..”
ဆိုတဲ့ ကြည်လင်အေးမြပြီး ပရိသတ်ကို လွှမ်းမိုးနိုင်စွမ်းတဲ့ အသံထွက်လာတော့ အားလုံးရဲ့ အကြည့်ဟာ အသံရှင် မထေရ်မြတ်ကြီးဆီမှာ ဆုံဆည်းသွားကြတယ်။

အို ဒကာမြို့စား၊ ဒါဆို သင့်ကို ငါ ပြန်ပြီး မေးရပါဦးမယ်။ သင် သိသလို၊ အဆင်ပြေသလို ဖြေနိုင်ပါတယ်။ သူခိုးတစ်ယောက်ကို ဖမ်းမိလို့ မင်းချင်းတွေက သင့်ကို လာဆက်သကြပြီ။ ခိုးသူကို ပြစ်ဒါဏ် ဘယ်လို စီရင်မလဲလို့ သင့်ကို အမိန့် တောင်းခံလာရင် သင်က ဒီလို အမိန့်ထုတ်ပြန်လိမ့်မယ်။ အဲဒီ သူခိုးကို ခေါင်းတုံးရိတ်၊ လက်ပြန်ကြိုး တုပ်ကြပြီး “ဒီလူဟာ သူခိုးပါ” လို့ လမ်းဆုံလမ်းဂွ တိုင်းမှာ မောင်းခတ်ကြေငြာရမယ်။ ဒီနောက် သင်္ချိုင်းထုတ်ပြီး ခေါင်းဖြတ် သတ်လိုက်ကြတော့လို့ အသင့်အနေနဲ့ ပြစ်ဒါဏ်ကို ဒီလို စီရင်လိမ့်မယ်။
အာဏာသားတွေ အနေနဲ့လည်း ချမှတ်ထားတဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ဖို့ သုသာန်ကို အခေါ်အထုတ် သင်္ချိုင်းအရောက်မှာ သူခိုးက ဒီလို တောင်းပန်လိမ့်မယ်။

“”အကိုကြီးတို့ရယ်၊ ကျနော်က သေရတော့မယ့်သူပါ။ မသင်ခင်လေး ကျနော့် မျက်နှာကို မိဘ၊ သားမယားကို သွားပြပါရစေလား။ ပြီးတော့ ကျနော် ဖွက်ထားတဲ့ ပစ္စည်းတွေရဲ့ နေရာကိုလည်း သူတို့ကို ပြောပြခဲ့ချင်ပါတယ်။ ကျနော် မှာစရာ ရှိတာတွေ မှာပြီးပြီးချင်း ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ ကျနော့်ကို သနားသောအားဖြင့် ဒီ နောက်ဆုံး ဆန္ဒလေးကို ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။” လို့ တောင်းပန်လာခဲ့ရင် အဲဒီ သူခိုးကို မြို့စားအနေနဲ့ သွားခွင့်ပေးမလား။ ဒါမှမဟုတ် တကြော်ကြော် အော်ဟစ်တောင်းခံနေတာကို လစ်လျူရှုပြီး သူခိုးကို သတ်ပစ်လိုက်ကြမလား။ ဘယ်လို သဘောရသလဲ ဒကာမြို့စား။

အို အရှင်၊ ပြစ်မှုကျူးလွန်ထားတဲ့ အဲဒီ သူခိုးကို ဘာကြောင့် သွားခွင့်ပြုနိုင်မလဲ။ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိပါဘူး အရှင်။ သတ်ပစ်ဖို့သာ ရှိပါတယ် ဘုရား။

ဒကာမြို့စား၊ သင် အသေအချာ စဉ်းစားကြည့်ပါ။ သူခိုးဟာ လူသားတစ်ယောက်ပါ။ သူ့ကို သတ်မယ်ဆိုတဲ့ အာဏာသားဟာလည်း လူသားတစ်ယောက်ပါပဲ။ လူသားအချင်းချင်းတောင် ပြစ်မှုအရ ကျခံနေရတဲ့ ဒီ ရာဇဝတ်ကောင် သူခိုးကို သွားခွင့် မပြုနိုင်တာကို ထောက်ချင့်ပြီး သင်ရဲ့ ဒုစရိုက် ငမိုက်သားတွေဟာ သင့်ဆီ ပြန်လာပြီး အကြောင်းကြားဖို့ ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရနိုင်ပါ့မလဲ။

ဒကာမြို့စား၊ သင့် ငရဲသား ဥပမာတစ်ခုတည်းနဲ့ သင်ရဲ့ အယူအဆဖြစ်တဲ့ တမလွန်ဘဝ မရှိဆိုတဲ့ ဝါဒကို စွန့်လွှတ်သင့်ပါပြီ။ စွန့်လွှတ်ပါတော့။

အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာကြောင့် မထေရ်မြတ်ရဲ့ အမေးကို ပါယာသိမြို့စား ဘယ်လိုများ ပြန်ဖြေမလဲ ဆိုပြီး ပရိသတ် အားလုံးက စိတ်ဝင်တစား မျှော်လင့်နေကြတယ်။ မြို့စားရဲ့ အလိုတော်ရိတချို့က မျက်နှာငယ်လေးတွေနဲ့ မြို့စားရဲ့ ချေပချက် နှုတ်ထွက်စကားကို မျှော်လင့်လင့်နဲ့ မြို့စားကြီးကို ကြည့်နေကြတယ်။ ဒီအချိန်မှာ ပါးပြင်းထောင်နေတဲ့ မြွေဟောက်တစ်ကောင်လို မာန်နည်းနည်းမှ မလျှော့ဘဲ ပြတ်ပြတ်သားသားပဲ ပြန်လည် ဖြေကြားလိုက်တယ်။

အရှင်၊ အရှင်ရဲ့ ဥပမာဟာ သိပ်ကို ပိရိလွန်းပါတယ်။ အရမ်းကို သင့်လျော်လွန်းလှပါတယ်။ ဒါပေမယ့် တပည့်တော်ရဲ့ အယူဝါဒဟာ မှန်မြဲ မှန်နေတုန်းပါ။ ဘယ်လောက်မှန်သလဲ ဆိုတာလည်း အထောက်အထား အခိုင်အမာ တည်ရှိနေပြီးသားပါ။

ဘာ အထောက်အထားပါလိမ့်။ ပြောပါဦး ဒကာ။

(ဆက်ရန်)

လက်ကိုင်ဖုန်းနဲ့ ဘလော့ဂ် ဖတ်လို့ရအောင် (Mobile Blogging)

ဘလော့ဂင်းနဲ့ ပတ်သက်ပြီး ပို့စ်တွေ မရေးဖြစ်တာလည်း အတော်လေးကို ကြာသွားပါပြီ။ အဓိက အကြောင်းအရင်းကတော့ ကျနော် စာမဖတ်နိုင်တဲ့ ပြဿနာပါ။ ဒီမနက် နည်းနည်း အားနေတာနဲ့ နိုင်ငံခြား ဘလော့ဂ်တွေ လိုက်ဖတ် လိုက်လေ့လာရင်း လုပ်ချင်တာလေး တစ်ခု သွားတွေ့လို့ စမ်းသပ်ရင်း ပို့စ်တင်မယ်လို့ စိတ်ကူးရသွားပါတယ်။ အဲဒါ ကျနော်တို့ရဲ့ ဘလော့ဂ်ပို့စ်တွေကို လက်ကိုင်ဖုန်းကနေ ဖတ်လို့ ရအောင် လုပ်ခြင်းပါ။ လက်ရှိ ဘလော့ဂ် စာမျက်နှာအတိုင်း ဆိုရင် လက်ကိုင်ဖုန်းကနေ ဖတ်လို့ မရပါဘူး။ ဒါကြောင့် မျက်နှာပြင်ကျဉ်းတဲ့ လက်ကိုင်ဖုန်းကနေ ဖတ်လို့ရအောင် လုပ်ပေးဖို့ လိုပါတယ်။ ဟို အရင်ကတော့ အဲဒီလို လုပ်ဖို့အတွက် သီးသန့် တစ်ခုချင်းစီ ပြန်ပြင်ရမယ်လို့ ထင်ထားခဲ့တာပါ။ ဒီနေ့ Tech Dreams ရဲ့ ပို့စ်တစ်ပုဒ်ကို ဖတ်ပြီးမှ အတော်လေး လွယ်ကူမှန်း သိလိုက်ရတယ်။ ကျနော် အနေနဲ့ အရင်တုန်းက အခြေအနေနဲ့ဆို အခုလို Mobile Blog လုပ်ဖို့ စိတ်ကူး ရှိမှာ မဟုတ်ပါဘူး။ အခုတော့ Zawgyi နဲ့ တခြား Unicode Font တချို့ကို လက်ကိုင်ဖုန်းတွေမှာ ထည့်သွင်းလို့ ရလာတာ တွေ့ရတော့ ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ ဖတ်လို့ရရင် ကောင်းလေစွလို့ ဆန္ဒ ဖြစ်မိတာကြောင့် အကောင်အထည် ဖော်လိုက်ပါတယ်။ ဒါပေမယ့် တကယ်တမ်းဆို ကျနော်တို့ မြန်မာနိုင်ငံကနေ လက်ကိုင်ဖုန်းနဲ့ အင်တာနက် သုံးလို့ မရသေးတာကြောင့် အခုလို Mobile Blog က အသုံးမတည့်ပေမယ့် နိုင်ငံခြားရောက် မြန်မာတွေအတွက် လွယ်လင့်တကူ ဖတ်ရှုနိုင်အောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို Mobile friendly Blog လုပ်နည်းကို တင်ပြပေးလိုက်ပါတယ်။ ကဲဗျာ ကျနော်တို့ စပြီး လေ့လာလိုက်ရအောင်။

Mofuse အကြောင်း
Mofuse ဆိုတာ ကျနော်တို့ရဲ့ ဘလော့ဂ် (သို့မဟုတ်) တခြား ဝက်ဆိုဒ်တွေကို လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်လို့ရအောင် ပြုပြင်ပေးတဲ့ ဝန်ဆောင်မှုကို အခမဲ့ လုပ်ဆောင်ပေးနေတဲ့ Web service တစ်ခုပါ။ Mofuse ကို အသုံးပြုပြီး iPhone (သို့) တခြား လက်ကိုင်ဖုန်းမှာ အဆင်ပြေပြေ ဖတ်နိုင်မယ့် အင်တာနက် စာမျက်နှာအဖြစ် ပြောင်းလဲပေးပါတယ်။ နာမည်ကျော်ကြားနေတဲ့ Digital Inspiration, LiveSide နဲ့ ReadWriteWeb တို့လို ဘလော့ဂ်တွေကတောင် ဒီဝန်ဆောင်မှုကို သုံးပြီး သူတို့ကိုယ်တိုင် ညွှန်းထားတာဆိုတော့ မကောင်းဘဲ ဘယ်နေမလဲဗျာ။ အကောင်းတကာ့ အကောင်းဆုံးကတော့ အလကားရလို့ဗျ။

Mobile Blog ဖန်တီးခြင်း
လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်ကို အဆင့်တွေနဲ့ ခွဲခြား တင်ပြသွားပါ့မယ်။

၁။ www.mofuse.com ကို ဝင်ပြီး Account အသစ်တစ်ခု ဖန်တီးလိုက်ပါ။ အီးမေးလ် လိပ်စာနဲ့ စကားဝှက်တစ်ခု တောင်းပြီး အလွယ်တကူနဲ့ ပြီးစီးသွားပါလိမ့်မယ်။ အကောင့်အသစ် လုပ်ပြီးတာနဲ့ တပြိုင်နက်တည်း Login အလိုအလျောက် လုပ်သွားပါလိမ့်မယ်။

၂။ စာမျက်နှာရဲ့ ဘယ်ဘက် Sidebar မှာ Launch a Mobile Site ဆိုတဲ့ လင့်ခ်ကို ကလစ်နှိပ်ပေးပါ။ Launch a New Mobile Site ဆိုတဲ့ ခေါင်းစဉ်နဲ့ စာမျက်နှာ တက်လာပါလိမ့်မယ်။


၃။ အထက်ပုံကအတိုင်း အဆင့် (၁) မှာ ဆိုရင်
Site Name => ကိုယ် ကြိုက်နှစ်သက်တဲ့ နာမည်ကို ပေးလို့ရပါတယ်။
Site ID (URL) => ကိုယ် ကြိုက်နှစ်သက်ရာ လိပ်စာ တစ်ခု ရွေးပေးပါ။ ကိုယ်ပေးတဲ့ လိပ်စာ လုပ်ထားပြီးသား မရှိရင် Site ID is good ဆိုတာ ပေါ်လာပါလိမ့်မယ်။ တကယ်လို့ မပေါ်ရင် အသစ်ပြန်ရွေးရမှာပေါ့။
Category မှာတော့ ဘလော့ဂ်အမျိုးအစား ရွေးပေးရုံပါ။


၎။ အထက်ပုံက အတိုင်း အဆင့် (၂) မှာ ဆိုရင်
RSS Feed Title => ဒါကတော့ ထုံးစံအတိုင်း နာမည်တစ်ခု ပေးရုံပါ။
RSS Feed URL => ကိုယ့် ဘလော့ဂ်ရဲ့ RSS feed လိပ်စာကို ထည့်ပေးရမယ်။ ကျနော် နမူနာထည့်ပြထားတာက ကျနော်ရဲ့ ဘလော့ဂ် Feed ပါ။ http://pikay.myanmarbloggers.org/feeds/posts/default ဆိုတဲ့ အထဲက pikay.myanmarbloggers.org မှာ ကိုယ်ရဲ့ ဘလော့ဂ် လိပ်စာ ထည့်လိုက်ရင်ကို အဆင်ပြေပါပြီ။ လိပ်စာ မှန်ရင် RSS Feed URL is Valid လို့ ပေါ်လာပါလိမ့်မယ်။ မပေါ်ရင်တော့ တစ်ခုခု မှားနေပြီပေါ့။ တချို့ကျ FeedBurner လို ဝန်ဆောင်မှုမျိုး သုံးပြီး Feeding လုပ်ကြပါတယ်။ ဒါဆိုလည်း သူပေးထားတဲ့ လိပ်စာကို ထည့်လို့ရပါတယ်။

၅။ အဆင့် (၃) မှာ သူတို့ရဲ့ သဘောတူညီချက်ကို ထောက်ခံတဲ့အနေနဲ့ အမှန်ခြစ် ခြစ်ပေးရမှာ ဖြစ်ပါတယ်။ ပြီးရင် Launch Your Mobile Site ဆိုတဲ့ ခလုတ်ကို နှိပ်လိုက်ရင် အားလုံး ပြီးဆုံး သွားပါပြီ။ ဘယ်လို ပုံစံ ပေါ်မလဲဆိုတာ နမူနာ ကြည့်ကြည့်ချင်ရင်တော့ အဆင့် (၁) မှာ တုန်းက ပေးထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) ကို Browser မှာ ရိုက်ထည့်ပြီး စမ်းကြည့်နိုင်ပါတယ်။

ကိုယ်ပိုင် ဒိုမိန်းအဖြစ် ပြောင်းလဲခြင်း
အခုဆိုရင် လက်ကိုင်ဖုန်းကနေ ကျနော်တို့ရဲ့ ဘလော့ဂ်ကို ခေါ်ပြီး ဖတ်ရှုလို့ရပါပြီ။ ဖတ်ချင်တဲ့ သူက အင်တာနက် လိပ်စာ အဖြစ် အဆင့် (၁) မှာ ကိုယ့်ဖာသာ ဖြည့်ထည့်ထားတဲ့ လိပ်စာ (ဥပမာ http://pkmobile.mofuse.mobi) နဲ့ ဖတ်လို့ ရပါပြီ။ mofuse.mobi ဆိုတဲ့ ဒိုမိန်းက Mofuse ရဲ့ ကိုယ်ပိုင်ဒိုမိန်းပါ။ တကယ်လို့ ကျနော်တို့မှာ ကိုယ်ပိုင် ဒိုမိန်းတစ်ခု ရှိရင် လိပ်စာကိုလည်း ကိုယ်ပိုင် ဒိုမိန်းနဲ့ ဖြစ်ချင်သပါ့ ဆိုရင်လည်း လုပ်လို့ရအောင် Mofuse ရဲ့ ဝန်ဆောင်မှု အဖြစ် ထည့်ပေးထားတယ်။ ဒါကြောင့်လည်း လွယ်လင့်တကူ ကိုယ်ပိုင် ဒိုမိန်းနဲ့ လိပ်စာကို ပိုင်ဆိုင်နိုင်ပါတယ်။ အဆင့် ၂ ဆင့်တည်းနဲ့ လွယ်လွယ်ကူကူ ပြောင်းလို့ ရပါတယ်။ ဥပမာ ကျနော်အနေနဲ့ လိပ်စာကို http://pkmobile.mofuse.mobi အစား http://mobi.pikay.org ဖြစ်ချင်တယ် ဆိုကြပါစို့။

၁။ MoFuse.com စာမျက်နှာရဲ့ ညာဘက်မှာ Custom Domain ဆိုတဲ့ လင့်ခ် ရှိပါတယ်။ အဲဒါကို ကလစ်နှိပ်ပြီး ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းလိပ်စာ ပြောင်းကြရအောင်။


အထက်က ပုံအတိုင်း ပေါ်လာပြီ ဆိုရင် ကွက်လပ် နေရာမှာ ကျနော်တို့ လိုချင်တဲ့ ပြောင်းချင်တဲ့ လိပ်စာလေး ( ဥပမာ mobi.pikay.org ) ရိုက်ထည့်ပေးပါ။ ပြီးရင် Save ခလုတ် နှိပ်လိုက်ရင် pkmobile.mofuse.mobi ကနေ mobi.pikay.org အဖြစ် ပြောင်းလဲသွားပါပြီ။ ဒါပေမယ့် တကယ် အလုပ်လုပ်နိုင်ဖို့ ဒုတိယအဆင့်ကိုလည်း ဆက်လုပ်ရပါဦးမယ်။

၂။ ဒီအဆင့်မှာက ကျနော်တို့ လိုချင်တဲ့ ဒိုမိန်းရဲ့ DNS Setting ကို ဝင်ပြင်ပေးရပါမယ်။ ကျနော်တို့ ဒိုမိန်းကို ဝယ်တဲ့နေရာ မတူတာကြောင့် ဘယ်ပုံ ဘယ်နည်း သွင်းရမလဲဆိုတာ တစ်ခုနဲ့ တစ်ခု မတူနိုင်ပါဘူး။ Domain Controller Service တွေဖြစ်တဲ့ Enom, GoDaddy, Dreamhost စတာတွေရဲ့ WebSite အပြင်အဆင်ပေါ် မူတည်ပြီး ကွဲပြား သွားပါတယ်။ ဒါပေမယ့် ထည့်သွင်းရမှာကတော့ CName Record တစ်ခု အသစ်ထည့်ပေးဖို့ပါပဲ။ ကျနော်ရဲ့ ဒိုမိန်းက pikay.org ပါ။ ဝယ်ထားတာ Enom ဆီက။ ကျနော် အသစ်ထည့်ချင်တဲ့ subdomain နာမည်က mobi ပါ။ ဒါကြောင့် CName Record အသစ်တစ်ခု တည်ဆောက်ပြီး mobi နာမည်နဲ့ pkmobile.mofuse.mobi. ဆီကို ညွှန်လိုက်ရင် အိုကေပါပြီ။

mobi <===> CNAME <===> pkmobile.mofuse.mobi.
ကိုယ်ပိုင် ဒိုမိန်းကို Setting မပြင်ဖူးတဲ့ သူအနေနဲ့ အတော်လေး အခက်တွေ့မယ် ထင်ပါတယ်။ မမြင်ဖူးလို့ မူးမြစ်ထင်တာပါ။ တကယ်တမ်း လုပ်ကြည့်လိုက်ရင် လွယ်လွယ်လေး ဆိုတာ တွေ့ပါလိမ့်မယ်။ မလုပ်တတ်ရင်လည်း ပြဿနာ မရှိပါဘူး။ သူ နဂိုပေးထားတဲ့ လိပ်စာ ဖြစ်တဲ့ http://pkmobile.mofuse.mobi နဲ့ သုံးလည်း အဆင်ပြေနေတာပါပဲ။ ကိုယ်ပိုင် ဒိုမိန်းနဲ့ ဆိုတော့ ကြည့်ရတာ ပသာဒ ဖြစ်တာပေါ့။ ဒါပါပဲ။ သူများကို လိပ်စာပေးရင် အဆင်ပြေတာပေါ့။ http://mobi.pikay.org ဆိုတော့ မှတ်လို့ လွယ်သလားပဲ။ ကိုယ်ပိုင် ဒိုမိန်းအဖြစ်နဲ့ ပြောင်းတာ နာမည်လေး ပြောင်းသွားရုံထက် ဘာမှ မပိုပါဘူး။

အိုကေဗျာ။ ဒီလောက်ဆိုရင် ကိုယ်ရဲ့ ဘလော့ဂ်ကို လက်ကိုင်ဖုန်းနဲ့ အဆင်ပြေပြေ ဖတ်နိုင်ဖို့ လုပ်တဲ့ အဆင့်တွေ ပြီးသွားပါပြီ။ ဒီမှာ ပြောစရာ နည်းနည်း ရှိလာပါတယ်။

၁။ အပွင့်လင်းဆုံး ပြောရရင် ကျနော် လုပ်တာ လုပ်ထားကြည့်တယ်။ တကယ်တမ်း ဖုန်းနဲ့ ဖတ်လို့ ရမရ ကိုယ်တိုင် မစမ်းကြည့်ရသေးပါဘူး။ အဆင်ပြေမယ်လို့ ယူဆလို့ တင်ပြလိုက်တာပါ။
၂။ လက်ကိုင်ဖုန်းမှာ ဖတ်လို့ရတယ် ဆိုပေမယ့် ဖုန်းပေါ်မှာ ပေါ်တဲ့ အပြင်အဆင်ကိုတော့ ခံတွင်းမတွေ့ပါဘူး။ ရိုးရိုးရှင်းရှင်းကြီး ဖြစ်နေတယ်။ ဒီထက် အပြင်အဆင် ကောင်းတဲ့ လုပ်နည်း တွေ့လာရင် ထပ်ပြီး ဝေမျှ ပေးပါဦးမယ်။
၃။ အခု MoFuse.com ရဲ့ လုပ်ဆောင်ချက်မှာ အခရာ ကျတာက RSS Feeds ပါ။ ဒါကြောင့် RSS Feeds ထွက်တဲ့ ဘယ်လို WebSite မျိုးမဆို MoFuse ကို သုံးပြီး ပြောင်းလို့ ရပါတယ်။ RSS Feeds က အခရာ ကျတဲ့ အတွက်ကြောင့်လည်း တကယ်လို့ တချို့ ဘလော့ဂ်တွေမှာ RSS ကို ပိတ်ထားမယ်ဆိုရင် ပြောင်းလို့ရမှာ မဟုတ်ပါဘူး။ Blogger.com မှာ Site Feed ကို သုံးမျိုးရွေးချယ်လို့ ရပါတယ်။ None, Short, Full ဆိုပြီး သုံးမျိုး ရှိတဲ့ အထဲကမှ Site Feed => Full ကို ရွေးထားတဲ့ ဘလော့ဂ်တွေမှ လက်ကိုင်ဖုန်းနဲ့ စာအကုန် ဖတ်လို့ရပါလိမ့်မယ်။
၎။ ဘလော့ဂ်တွေ ရေးကြတဲ့ အခါမှာ Blogger.com နဲ့ WordPress.org အသုံးများတာ လူတိုင်း သိပြီးမှာပါ။ အဲဒီ နှစ်ခုမှာ WordPress.org အားသာတဲ့ အချက် တစ်ချက် ရှိပါတယ်။ ကွန်ပြူတာနဲ့ ဖတ်နေကြ ဘလော့ဂ် လိပ်စာကို လက်ကိုင်ဖုန်းနဲ့ ခေါ်ကြည့်မယ်ဆိုရင် Blogger.com သမားတွေအတွက် အဆင်ပြေမှာ မဟုတ်ပါဘူး။ အထက်က နည်းအတိုင်း ပြောင်းထားတဲ့ လိပ်စာနဲ့ ခေါ်မှ အဆင်ပြေပါလိမ့်မယ်။ ဒါပေမယ့် WordPress သမားတွေ အတွက်တော့ လိပ်စာကို အဟောင်းနဲ့ပဲ ခေါ်ပေမယ့် PC နဲ့ ကြည့်ရင် PC Version ဖွင့်ပေးပြီး Mobile နဲ့ ဆိုရင် Mobile Version အနေနဲ့ သူ့ အလိုအလျောက် သင့်လျော်ရာ Web Site ကို ပြောင်းလဲပေးပါတယ်။

အဆင်ပြေကြမယ်လို့ မျှော်လင့်ပါတယ်။ မရှင်းတာရှိလဲ အားမနာတမ်း မန့်ခဲ့ကြပါဦး။

ကပ်ပါပေ့ မြို့စားရယ်

ကျနော်တို့တွေ အားလုံးဟာ အယူသီးတဲ့လူ၊ တစ်ယူသန်တဲ့ လူတွေချည်းပါပဲ။ တစ်နည်းမဟုတ် တစ်နည်းပေါ့။ အနည်းနဲ့အများ ဆိုသလိုပါ။ ကိုယ်ခံယူထားတာ မှန်တယ်လို့ ယုံကြည်ထားတာကြောင့် တစ်ယူသန်ကြတယ်။ တချို့လည်း အတင်းကို မျက်စိမှိတ်ပြီး မှန်ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်အယူအဆနဲ့ ကိုယ့်ဖာသာ သက်သေတည်ပြီး မှန်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အယူအဆကို အခိုင်အမာ ယုံကြည်ထားတဲ့ လူတိုင်းကိုတော့ တယူသန်တယ်လို့ မခေါ်ပါဘူး။ မတူညီတဲ့ အယူဝါဒနှစ်ခု အားပြိုင်လာတဲ့အခါမှာ ကိုယ်ရဲ့ ခံယူချက်ကို မယိုင်လဲအောင်၊ မဖုံးလွှမ်းနိုင်အောင် အတင်းကို မျက်စိစုံမှိတ်ပြီး အကာအကွယ်ယူတဲ့အပြင် တစ်ဖက်လူရဲ့ အယူဝါဒကို မှန်လေမလားလို့ မဆန်းစစ်တတ်တဲ့ သူကို တစ်ယူသန်တဲ့သူလို့ ခေါ်ပါတယ်။ ပညာမတတ်တဲ့သူနဲ့ ပညာတတ်တဲ့သူနဲ့ ဘယ်သူက ပို တစ်ယူသန်သလဲလို့ ဆန်းစစ်ကြည့်ရင် ပညာတတ်တဲ့သူက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တိတိကျကျ ပြောရရင် ကိုယ့်ကိုယ်ကို ပညာတတ်လို့ ခံယူထားတဲ့ သူတွေက ပိုပြီး တစ်ယူသန်တယ်။ ဒီထက်ကို ပိုပြီး တိတိကျကျ ပြောရရင် စကားပြောကောင်းတဲ့ ပညာတတ်တွေက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တစ်ယူသန်တာက စကားကို ကပ်ဖဲ့ ပြောတတ်တဲ့သူပေါ့။ ကျနော် အခု ပြောပြချင်တာက အထက်က အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြို့စားတစ်ယောက် အကြောင်းပါ။

အိန္ဒိယနိုင်ငံ ကောသလတိုင်း သေတဗျမြို့ကို အပိုင်စားတဲ့ ပါယာသိ ဆိုတဲ့ မြို့စားတစ်ယောက် ရှိတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ကောသလမင်းကြီးက ဘာသာရေး လွတ်လပ်ခွင့် ပေးထားတော့ ကြိုက်တဲ့ဘာသာကို ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရှိသလို စွမ်းတဲ့သူက စွမ်းသလို၊ တတ်တဲ့သူက တတ်သလို ဘာသာအသစ်တွေ၊ အယူဝါဒ အသစ်တွေ၊ ဂိုဏ်းဂဏ အသစ်တွေ ဖွဲ့စည်းလည်း မင်းကြီး သတိရှိရှိ လေ့လာတာက လွဲလို့ ဘာမှ မပြောဘူး။ ဒါကြောင့်လည်း ပါယာသိ ဟာ သူကိုယ်တိုင်လည်း လက်ခံနိုင်အောင်၊ သူ့ နောက်လိုက်တွေလည်း လက်ခံလာနိုင်အောင် သူရဲ့ ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက်ကို သက်သေများစွာ စိုက်ထူခဲ့တယ်။ သူရဲ့ ခံယူချက်ဟာ ခိုင်မာလွန်းအားကြီးတာက တစ်ကြောင်း၊ သူ့လို စကားတတ်သူ ရှားပါးတာက တစ်ကြောင်း၊ လက်တွေ့ကျကျ လေ့လာထားတာက တစ်ကြောင်းကြောင့် အဲဒီ ဒေသ တစ်ဝိုက်မှာ ဝါဒသစ် တီထွင် ဖန်တီးရှင် တစ်ယောက်အနေနဲ့ ကို နာမည်ကြီးလာတယ်။ မြို့စားကြီး ဆိုတာထက် ဂိုဏ်းခေါင်းဆောင်အနေနဲ့ကို ထင်ရှားတယ်။ သူ့အယူအဆကို လက်ခံလို့ မရပေမယ့် သူ့လောက် စကားမတတ်တဲ့သူကျ ခပ်ဆိတ်ဆိတ်ပဲ နေနေကြရတယ်။ ဒီတော့ သူ့နယ်တစ်ဝိုက်မှာ သူ့ကို တွန်းလှန်နိုင်သူ မရှိ ဖြစ်လာတော့ ပိုပြီး ပိုပြီး ထောင်လွှားလာတာပေါ့။

ပါယာသိမြို့စားကြီးရဲ့ ထူးခြားချက်က သူရဲ့ အယူဝါဒကို ပေါ့ပေါ့တန်တန် လက်ခံခဲ့တာ မဟုတ်ဘဲ သူကိုယ်တိုင် ဆန်းစစ်မှုတွေ၊ စမ်းသပ်ချက်တွေ မျိုးစုံ လုပ်ပြီးမှ နောက်ဆုံး ကောက်ချက်ကို ဆွဲခဲ့တာပါ။ လုပ်ခဲ့သမျှကလည်း သူ ဉာဏ်မီသလောက်ပေါ့။ သူရဲ့ တွေ့ရှိချက်တွေကြောင့် သူ့ကိုယ်သူတော့ သိပ်အထင်ကြီးတာပေါ့။ အဲဒီခေတ် အဲဒီအခါက သိပ်ကို ငြင်းလို့ ခုန်လို့ ကောင်းတဲ့ ဘာသာရေး ပြဿနာတွေ ရှိပါတယ်။ အဲဒါတွေက
  1. တမလွန်လောက ရှိ၊ မရှိ။ သတ္တဝါတွေ သေပြီးနောက် ပြန် ဖြစ်၊ မဖြစ်။
  2. ကုသိုလ်လုပ်၍ ကောင်းကျိုး ရ၊ မရ။
  3. အကုသိုလ်လုပ်၍ အပြစ်ဒါဏ် သင့်၊ မသင့်။
  4. ကုသိုလ်၊ အကုသိုလ်ကို လုပ်လုပ်၊ မလုပ်လုပ် ဘာမှမဖြစ်။
အဲဒီခေတ်မှာ ဝါဒရှင် အမျိုးမျိုးက အယူအဆ အမျိုးမျိုးကို ဖြန့်ချီနေတော့ ဘယ်သူ့ကို ယုံလို ယုံရမှန်း မသိအောင်ကို ဖြစ်ကြရတယ်။ အများစုလို ပါးစပ်ပြောနဲ့တင် ဒါက ဒီလိုရှိတယ်လို့ ပြောနေမယ့်အစား မြို့စားကြီးကတော့ သူ ကိုယ်တိုင် သုသေတနတွေ လုပ်ပြီး လက်တွေ့ကျကျ လေ့လာနိုင်ခဲ့တာကြောင့် နာမည်ကြီးရတာပါ။ အထက်မေးခွန်းတွေက အတော်ကို ရေပန်းစားတဲ့ မေးခွန်းတွေပါ။ သေပြီးနောက် ဘာဖြစ်သလဲ။ ဒါ လူတိုင်း သိချင်ကြမယ်။ တချို့က လူပဲ ပြန်ဖြစ်တယ် ပြောတယ်။ တချို့က ဘာမှကို မဖြစ်ဘူးလို့ ဟောတယ်။ တချို့ကျပြန်တော့ ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာ လုပ်ရင် ငရဲပြည် ရောက်မယ်လို့ ယုံကြပြန်တယ်။ ဒီယူဆချက်ကို အများစုက လက်ခံထားကြတယ်။ အဖြေမှန်ကို သိပ်သိချင်တဲ့ သူတွေထဲမှာ မြို့စားကြီးက တစ်ယောက် အပါအဝင်ပေါ့။ မြို့စားကြီး အနေနဲ့ သူများ ပြောသမျှကို အလွတ်ယုံလိုက်မယ့်အစား သူကိုယ်တိုင် လက်တွေ့ မှန်မမှန် စမ်းသပ်ကြည့်သေးတာ။ ဒါ သူရဲ့ ဆွဲဆောင်မှု အကောင်းဆုံး အဓိက အချက် ဖြစ်သွားတယ်။

လူတစ်ယောက်ဟာ ကံငါးပါး (ငါးပါးသီလ) ကို လုံခြုံအောင် စောင့်စည်းပြီး ဒါန၊ သီလ စတဲ့ ကောင်းမှု ကုသိုလ်တွေကို တတ်နိုင်သလောက် လုပ်မယ်။ ဒီလူဟာ သေသွားတဲ့အခါ နတ်ရွာသုဂတိကို လားရောက်ရမယ်။
ဒါမှမဟုတ်
လူတစ်ယောက်ဟာ ကံငါးပါးကို ကျူးလွန်မယ်။ ဒါန၊ သီလ စတဲ့ ကောင်းမှုကုသိုလ်တွေကို မပြုလုပ်ဘူး ဆိုရင် သူ သေသွားတဲ့အခါ အပါယ်လေးပါး ကျရောက်ရမယ်။
ဒါဟာ ရှေးရှေးကတည်းက ဆရာကြီးတွေ ဟောပြော ဆုံးမခဲ့တဲ့ သြဝါဒတွေပါ။ ဒါကို လက်ခံသင့် မခံသင့် သူကိုယ်တိုင် သုသေတန လုပ်ကြည့်တယ်။ အဲဒီလို သုသေတန လုပ်နိုင်ဖို့အတွက် အင်မတန်မှ မိုက်ပေ့ ဆိုးပေ့ ဆိုတဲ့ ဒုစရိုက်ကောင်တွေနဲ့ အများ လေးစားရတဲ့ သုစရိုက် ကုသိုလ်ရှင်တွေကို သူရဲ့ လက်တွေ့ အစမ်းသပ်ခံ ဇာတ်ကောင်အဖြစ်နဲ့ ရွေးချယ်လိုက်တယ်။ အထက်က ဝါဒအရ ဆိုရင် အကုသိုလ်ရှင် (လူမိုက်) တွေဟာ အပါယ်လေးဘုံကို ကျကို ကျရမှာ ဖြစ်ပြီး၊ ကုသိုလ်ရှင် (လူလိမ္မာ) တွေဟာ နတ်ပြည်ကို တက်ကို တက်ရမယ့် သူတွေပေါ့။ သူတို့ကို မူတည်ပြီး လေ့လာမယ်ဆိုရင် သေပြီး ဖြစ်မဖြစ်၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုး စတာတွေကို သိနိုင်တယ်လို့ ယုံကြည်ထားတဲ့ မြို့စားကြီးဟာ သူရဲ့ သုသေတန လုပ်ငန်းကို စတင်ပါတော့တယ်။ သူရဲ့ သုသေတန လုပ်ထုံးက ရိုးရိုးလေးရဲ့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ပထမဆုံး အနေနဲ့ သူလေ့လာမယ့် လူလိမ္မာ နဲ့ လူမိုက် စာရင်းကို အရင် ထုတ်ပါတယ်။ ရှေးအဆိုအမိန့် အရဆိုရင် နတ်ပြည်၊ ငရဲပြည် ရောက်ကို ရောက်နိုင်မယ့် လူမျိုးတွေပေါ့။ အဲဒီ လူတွေ သေခါနီး အချိန်မှာ သူ ကိုယ်တိုင် သွားပြီး အမှာစကား ပါးလေ့ရှိတယ်။ ကုသိုလ်ကောင်းမှု အထပ်ထပ် လုပ်နေတဲ့ လူတွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

အသင်တို့ ကွယ်လွန်သွားတဲ့အခါ သမဏ၊ ဗြဟ္မဏ၊ ဆရာကြီးတွေရဲ့ အဆိုအရ နတ်ရွာသုဂတိကို လားရမှာ သေချာပါတယ်။ နတ်ပြည် ရောက်သွားပြီ ဆိုရင် ကျနော်၊ ကျမ ဖြင့် ဘယ်နတ်ဘုံမှာ၊ ဘယ်လို နာမည်ရှိတဲ့ နတ်သား၊ နတ်သမီး ဖြစ်နေပါတယ်လို့ ကျနော်ကို လာပြောပေးလှည့်ပါဦး။

အကုသိုလ် မကောင်းမှုတွေကို မဟားဒယား အတုံးလိုက် အတစ်လိုက် လုပ်ခဲ့တဲ့ လူမိုက်တွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

မင်းတို့ သေသွားတဲ့အခါမှာ အပါယ်လေးပါး အစာဖြစ်ပြီး ငရဲရဲ့ ဘေး လွတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငရဲပြည်ရောက်သွားရင် ဘယ်ငရဲမှာ ဘယ်လို ဒုက္ခမျိုးတွေ ခံစားနေရတယ်ဆိုတာ အကျွနုပ်ကို လာလျှောက်လှည့်ပါဦး။

သူရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို သေရင် ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာ လာပြောလှည့်ပါဦးလို့ အကူအညီ ကြိုကြိုတင်တင် တောင်းထားလေရဲ့။ အဲဒီလူတွေကလည်း “ဟုတ်ကဲ့ပါ၊ လာရောက် အကြောင်းပြန်ပါမယ်၊ သတင်းပို့ပါမယ်လို့ အားလုံးက တရိုတသေပဲ ကတိခံကြတယ်။”

ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးလာပေမယ့် ဟိုလူဆီက သတင်း ကြားရနိုးနိုး၊ ဒီလူဆီက ကြားရနိုးနိုးနဲ့ စောင့်မျှော်နေလာလိုက်တာ သူ ထင်သလို ဘယ်သူကမှ လာမပြောကြဘူး။ နတ်ပြည်ကလည်း သတင်းမရောက်၊ ငရဲပြည်ကလည်း သတင်းမရောက်။ ဘယ်သူဆို ဘယ်သူကမှ သတင်းလာမပို့တော့ သူရဲ့ သုသေတနဟာ အဖြေတစ်ခု ကောက်ချက်တစ်ခု ရလာတယ်။ လူတစ်ယောက်ဟာ သေပြီးနောက် တစ်နေရာရာသာ ရောက်ခဲ့မယ်ဆိုရင် အနည်းနည်း တစ်ယောက်ယောက်ကတော့ သူ့ဆီ အကြောင်းပြန်သင့်တာပေါ့။ လူမှာလိုက်တဲ့ လူတွေ အဲလောက် အများကြီးထဲကမှ တစ်ယောက်တလေတော့ လာပြောသင့်တယ်လို့ သူ ယူဆတယ်။ လာပြောဖို့ အဆင်မပြေဘူးပဲ ထားဦး။ တစ်ယောက်လောက်တော့ အဆင်ပြေသင့်တာပေါ့ လို့လည်း သူ ခံယူထားတယ်။ အခု ဘယ်သူမှ လာမပြောပုံထောက်တော့ သေပြီးနောက် ဘာမှ မဖြစ်လို့ပဲ ဆိုတဲ့ ကောက်ချက်က ဘွားခနဲ ပေါ်လာတယ်။ ဒါမှ သူရဲ့ သုတေသန အများကြီးထဲက တစ်ခုပါ။ နောက်ပိုင်း အလျင်းသင့်သလို တင်ပြသွားပါ့မယ်။ ဒါနဲ့ သူရဲ့ သုတေသန လုပ်သမျှ အားလုံးဟာ တူညီတဲ့ အဖြေတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အတည်ပြုရာ ရောက်နေတဲ့အဆုံး သူရဲ့ အယူဝါဒဟာ ပြတ်သားသထက် ပြတ်သားလာတယ်။ ခိုင်မာသတဲ့ ခိုင်မာလာတော့တယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေကြောင့် နောက်လိုက် အခြံအရံကလည်း များသတဲ့ များလာတော့တယ်။ နောက်ဆုံးတော့ သူဟာ နိုင်ငံကျော် ဝါဒရှင် မြို့စားကြီး အနေနဲ့ ထင်ပေါ်လာတယ်။

သူရဲ့ ဝါဒလမ်းစဉ်က ဒီလိုပါ။
တမလွန်လောက တကယ်ရှိတယ်ဆိုတာ မဟုတ်ပါ။ လုပ်ကြံ ဇာတ်ခင်း သက်သက်မျှပဲ။ အမှန်တကယ် ရှိမယ်ဆိုရင် အကျွနုပ်ဆီ တစ်ယောက်မဟုတ် တစ်ယောက်တော့ အကြောင်းပြန်သင့်တာပေါ့။ သတ္တဝါတွေ အနေနဲ့ သေပြီးတဲ့နောက် ဘာမှ ထပ်မဖြစ်တော့လို့သာ မလာတာ ဖြစ်မယ်။ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးပေး ဆိုတာလည်း တကယ်တမ်းတော့ အာပလာပဲ။ လက်တွေ့ စစ်ကြည့်လိုက်တော့ အပြောသက်သက်ပဲ။ ကောင်းတာကိုပဲ လုပ်လုပ်၊ မကောင်းတာကိုပဲ လုပ်လုပ် လုပ်လိုက်တဲ့အတွက် အကျိုးလည်း မဖြစ်၊ အပြစ်လည်း မဖြစ်။ ဒါကြောင့် ကောင်းကျိုးကို မျှော်လင့်ပြီး ကုသိုလ်ကောင်းမှုလည်း လုပ်စရာ မလိုတော့ပြီ။ အပါယ်လားမှာ တွေးကြောက်ပြီး ဒုစရိုက် မကောင်းမှုကို လုပ်ရမှာ ရှိုးတိုး ရှန့်တန့်လည်း ဖြစ်စရာ အကြောင်းမရှိတော့။

ကဲ … ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဝါဒလဲ။ သူရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်တွေ၊ ဆန်းစစ်မှုတွေကြောင့် နောက်လိုက်တွေ၊ သူ့ကို ယုံကြည်သူတွေ များလာတာနဲ့ အမျှ လက်မခံနိုင်သေးတဲ့ သူတွေကလည်း ဘာမှ မပြောသာတော့ဘူး။ လူအင်အား တောင့်တင်းတာက တစ်ကြောင်း၊ သူနဲ့ စကား ယှဉ်မပြောနိုင်တာက တစ်ကြောင်း၊ သူ့ထက်သာတဲ့ သက်သေ မတင်ပြနိုင်တာက တစ်ကြောင်းကြောင့် သူ့ကို ယှဉ်ရဲတဲ့သူ ဘယ်မှာလာ ရှိတော့မှာတုန်း။ တစ်တောင်ပေါ် တစ်တောင်ဆင့်ပြီး မြင့်သထက် မြင့်တဲ့ တောင်ဆိုတာတော့ ရှိစမြဲပါ။ သုတေသန ပေါင်းစုံ လုပ်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အထင်ရောက်နေတဲ့ မြို့စားကြီးရဲ့ အထင်ကတော့ သူလိုလူ ဇမ္ဗူမှာ ရှာမှရှားပေါ့။ သူတို့ခေတ် သူတို့ အခါကလည်း ဝါဒပြိုင်ပွဲတွေက များမှများ။ တရုတ်ကားတွေထဲမှာ သိုင်းလိုက်ပြိုင်သလို အိန္ဒိယမှာလည်း ဝါဒလိုက်ပြိုင်တဲ့ သူတွေကလည်း ပေါပါဘိသနဲ့။ ဘယ်သူ ပြိုင်ပြိုင် မယိုင်မလဲ အမြဲပဲ နိုင်နေတဲ့ ပါယာသိအနေနဲ့ ဝါဒက ခိုင်မြဲသထက် ခိုင်မြဲ လာပြီပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ တုပြိုင်စံရှား ထောင်လွှားနေတဲ့ မြို့စားကြီး အဖို့ ဝါဒကိုအုတုပြီး ရန်ပြုဖို့ ရွှေဧည့်သည်တစ်ယောက် သေတဗျမြို့ပေါ် ရောက်လာချေပြီ။

ရည်ရွယ်ချက် ။ ။ စာဖတ်သူ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို အဲဒီအထဲက အများစုကလည်း မိရိုးဖလာတွေပါ။ အဲဒီလို မိရိုးဖလာ ဖာသိဖာသာ ဗုဒ္ဓဘာသာဝင်တွေ အခုလို မြို့စားကြီးနဲ့ တွေ့ရင် ဒုက္ခရောက်ကြတော့မှာ အမှန်ပါ။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ အခြေတည်ထားတဲ့ မြို့စားကြီးရဲ့ သုတေသန လုပ်ဆောင်ချက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့အတူ မြို့စားကြီးကို ဘယ်လိုများ စကားရည်လုပြီး အမှန်တရားဘက် စွဲဆောင်နိုင်သလဲဆိုတာကိုလည်း သင်ခန်းစာ ယူစေချင်ပါတယ်။ လေ့လာ မှတ်သားစေချင်ပါတယ်။ စာဖတ်သူ အနေနဲ့ နောက်ဆက်တွဲကို မဖတ်ခင် အခုလို မြို့စားကြီးရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်ကို ဘယ်လိုများ ချေပရင် ကောင်းပါလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဒါမှလည်း အယူဝါဒတစ်ခုကို စုံမှိတ် အဟုတ်ထင်တတ်တဲ့ ဉာဏ်ကန်းဗုဒ္ဓဘာသာဝင် မဖြစ်မှာပါ။

ကိုးကား – ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိတော်၊ ပါရာသိရာဇသုတ်

(ဆက်ရန်)

လွယ်သလား၊ ခက်သလား

  • သူတပါးရဲ့ အမှားကို မြင်ဖို့ လွယ်ပေမယ့် ကိုယ်ပိုင်အမှားကို သိဖို့က ခက်ပါတယ်။
  • မစဉ်းစားဘဲ ပြောဖို့ လွယ်ပေမယ့် လျှာကို ထိန်းနိုင်ဖို့က ခက်ပါတယ်။
  • ကျနော်တို့ ချစ်တဲ့ သူတွေကို ထိခိုက်အောင် လုပ်ဖို့ လွယ်ပေမယ့် အဲဒီ ဒါဏ်ရာကို ဖြေဖျောက်ဖို့က ခက်ပါတယ်။
  • သူတပါးကို ခွင့်လွှတ်ဖို့ လွယ်ပေမယ့် ခွင့်လွတ်မှုကို တောင်းဆိုဖို့က ခက်ပါတယ်။
  • စည်းမျဉ်းတွေက ချမှတ်ဖို့ လွယ်ပေမယ့် လိုက်နာဖို့က ခက်ပါတယ်။
  • ညတိုင်း အိပ်မက်မက်ဖို့ လွယ်ပေမယ့် ကိုယ့်အိပ်မက်ကို အကောင်အထည် ဖော်ဖို့က ခက်ပါတယ်။
  • အောင်မြင်မှုကို ထုတ်ပြဖို့ လွယ်ပေမယ့် ဂုဏ်သိက္ခာရှိရှိ ရှုံးနိမ့်တယ်လို့ လက်ခံဖို့က ခက်ပါတယ်။
  • လပြည့်ညရဲ့ လရောင်ကို ခံစားဖို့ လွယ်ပေမယ့် လရဲ့ တခြားဘက်အခြမ်းကို မြင်ဖို့က ခက်ပါတယ်။
  • ခလုတ်တိုက် ချော်လဲဖို့ လွယ်ပေမယ့် ပြန်ထနိုင်ဖို့က ခက်ပါတယ်။
  • နေ့စဉ်ဘဝမှာ ခံစားပျော်ပါးဖို့ လွယ်ပေမယ့် စစ်မှန် တန်ဖိုးတစ်ခု ဖြစ်ဖို့က ခက်ပါတယ်။
  • တစ်စုံတစ်ယောက်ကို ကတိပေးဖို့ လွယ်ပေမယ့် အဲဒီကတိကို ဖြည့်ဆည်းပေးဖို့က ခက်ပါတယ်။
  • ချစ်တယ်လို့ ပြောဖို့ လွယ်ပေမယ့် အချိန်တိုင်း သက်သေပြနိုင်ဖို့က ခက်ပါတယ်။
  • ဝေဖန်ရှုံ့ချဖို့ လွယ်ပေမယ့် သူတစ်ဦးကို မြှင့်တင်ပေးဖို့က ခက်ပါတယ်။
  • အမှားလုပ်ဖို့ လွယ်ပေမယ့် အမှားကနေ သင်ခန်းစာယူဖို့က ခက်ပါတယ်။
  • ဆုံးရှုံးသွားတဲ့ အချစ်အတွက် ကြေကွဲဖို့ လွယ်ပေမယ့် လက်မလွတ်ရအောင် စောင့်ရှောက်ဖို့က ခက်ပါတယ်။
  • ကိုယ့်ဘဝ တိုးတက်ဖို့အတွက် တွေးတောစဉ်းစားရတာ လွယ်ပေမယ့် စိတ်ကူးယဉ်တာ အရှိန်သတ်ဖို့နဲ့ အကောင်အထည်ဖော်ဖို့က ခက်ပါတယ်။
  • လက်ခံဖို့ လွယ်ပေမယ့် ပေးဖို့က ခက်ပါတယ်။
  • ခင်မင်မှု၊ အပေါင်းအသင်း ဆိုတာကို တော်ကီနဲ့ ပွားဖို့ လွယ်ပေမယ့် သူရဲ့ အဓိပ္ပာယ်ကိုတော့ ထိန်းသိမ်းဖို့က ခက်လိမ့်မယ်။
  • သူတပါးရဲ့ အားနည်းချက်ကို မြင်ဖို့ လွယ်ပေမယ့် ကိုယ့်မှာကော ရှိလေမလားလို့ တွေးကြည့်မိဖို့က ခက်ပါတယ်။
  • အပြောလွယ်ပေမယ့် အလုပ်ခက်ပါတယ်။
  • အမြင်လွယ်ပေမယ့် အသိခက်ပါတယ်။
  • အသိလွယ်ပေမယ့် အကျင့်ခက်ပါတယ်။
  • ဒီစာတွေ ဖတ်လိုက်တာတော့ လွယ်လွယ်လေးနော်။ လိုက်နာဖို့ကတော့ အတော်ခက်သားဗျ။