တံခါးခေါက်သံများ (၄)

ဆရာဝန်နဲ့ အေးဆေး စကားပြောဖြစ်တော့ (၇) ရက် စောင့်ရတဲ့ အကြောင်းအရင်းကို မေးကြည့်ဖြစ်တယ်။ ဆရာဝန်ကလည်း အသေအချာ ရှင်းပြပါတယ်။ ဘာလို့လဲဆို ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံး ရောဂါတွေ ထဲမှာ ခွေးရူးပြန်ရောဂါလည်း တစ်ခု ပါဝင်နေလို့ပါ။ ခွေးရူးရောဂါပိုးဟာ အရေပြား အပေါက်အပြဲကနေ တဆင့် ခန္ဓာကိုယ်ထဲကို ရောက်နေတတ်ပါတယ်။ အဓိက သယ်ဆောင်လာပေးတဲ့ ကြားခံဟာ ခွေးသွားရေပါ။ အဓိက ကူးစက်စေတဲ့ သတ္တဝါဟာ ခွေးဖြစ်တာမို့ ခွေးရူးပြန်ရောဂါလို့ ကင်းပွန်းတပ်တာ ဖြစ်ပါလိမ့်မယ်။ ဆရာဝန်ရဲ့ ပြောပြချက်အရဆိုရင် ခွေးတိုင်းမှာ ခွေးရူးပြန်ရောဂါပိုး ရှိနေတတ်ပါတယ်။ ကာကွယ်ဆေး ထိုးမထားတဲ့ ခွေးတိုင်းမှာပေါ့။ တစ်ခါတလေ အိမ်မွေးခွေး တချို့က ကိုယ်ရဲ့ သခင်ကို ချစ်စနိုးနဲ့ လက်ကိုဖြစ်ဖြစ်၊ ခြေကိုဖြစ်ဖြစ် ခဲထားတတ်ပါတယ်။ ခွေးသွားရေမှာ ပိုးပါဝင်နိုင်မှုဟာ ကစားသလို စော့သလို ကိုက်တာထက် ကြောက်အားလန့်အား ကိုက်လိုက်တဲ့အခါမျိုးမှာ ဖြစ်နိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။ ကျနော် သတိမထားမိတာ တစ်ခုက ခွေးရူးပြန်ရောဂါဟာ ကြောင်ကုတ်တာ၊ ကိုက်တာ ခံရလို့လည်း ကူးစက်တတ်ပါတယ်။ ဘာလို့လဲဆို ကိုက်တဲ့ ကြောင် ကိုယ်နှိုက်က ခွေးကိုက်ခံထားရလို့ပါ။ အဲဒီလို ခွေးကိုက်ခံထားရတဲ့ ကြောင်က လူကို ကုတ်ရင် ကိုက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါ သတိထားရမှာပါ။ နောက်ပြီး ကုတ်တာ၊ ကိုက်တာအပြင် အရေပြား အပေါက်အပြဲ တစ်နေရာရာကို အဲဒီကြောင်က လျှာနဲ့ လျက်ရင်လည်း ကူးစက်ပြန်ပါတယ်။ အဲဒါကို အင်မတန်မှ သတိထားသင့်ပါတယ်။ အိမ်မွေးကြောင်တွေကို ချစ်တယ်ဆိုပြီး ပိုင်ရှင်တွေက လျှက်တာ ခံလေ့ရှိပါတယ်။ အရေပြား အပေါက်အပြဲဆိုတာ လူတိုင်းလိုလိုမှာ တစ်နေရာမဟုတ် တစ်နေရာတော့ ရှိနေတတ်ပါတယ်။ လက်နဲ့ ကုတ်မိတယ် ဆိုရင်ပဲ အရေပြားက ခြစ်ရာကြောင့် ပေါက်သွားပါပြီ။ အဲလို နေရာမျိုးကို ခွေးကိုက်ခံထားရတဲ့ ကြောင်က လျှာနဲ့ လျက်လိုက်တယ် ဆိုရင်ပဲ သူ့ခန္ဓာကိုယ်မှာ ရှိတဲ့ ခွေးရူးရောဂါပိုးဟာ လူဆီကို ကူးစက်သွားပါတယ်။ ဒါက လူသိနည်းပြီး ကူးစက်နိုင်ခြေ အများဆုံး ကူးစက်နည်းပါ။ ဒါကြောင့် ကိုယ်ရဲ့ အိမ်မွေးတိရစ္ဆာန် ခွေးကိုက်ခံရပြီ ဆိုရင်လည်း ကာကွယ်ဆေး အမြန်သွား ထိုးသင့်ပါတယ်။ သူ့ကို ကာကွယ်ရင်း ကိုယ့်ကိုယ်ကိုလည်း ကာကွယ်ရာ ရောက်ပါတယ်။

ခွေးရူး ရောဂါပိုးဟာ အသက်အန္တရာယ်ကို ပေးစေတဲ့ အကြောင်းအရင်းကို ဦးနှောက်ကို ရောက်သွားလို့ပါ။ ဦးနှောက်ကို ရောက်ပြီး (၇) ရက်အတွင်းမှာ ဦးနှောက်ရဲ့ အလုပ်တွေ အားလုံးကို Shut down လုပ်ပစ်ပါတယ်။ ဒါကြောင့်လည်း သဘောအရဆို ခွေးရူးပြန် ရောဂါမှန်ရင် (၇) ရက်အတွင်း သေပါတယ်။ ကြောက်စရာ အကောင်းဆုံး ရောဂါ ဖြစ်ရတဲ့ အကြောင်းအရင်း တစ်ခုပါ။ နောက်ပြီး ခွေးရူးပြန်ရောဂါပိုးဟာ ဦးနှောက်ကို မရောက်မချင်း သူရဲ့ လက္ခဏာတွေကို ပြလေ့ မရှိပါဘူး။ ပြပြီ ဆိုပြန်တော့လည်း (၇) ရက်အတွင်း သေပွဲဝင်ရတော့တယ်။ ခွေးရူးပြန်ရောဂါဟာ မြုံနေတတ်တာကြောင့် ကိုက်ခံရပြီး ဘယ်နှရက်အတွင်း ဦးနှောက်ကို ရောက်သလဲ ဆိုတာကိုတော့ အတိအကျ ပြောလို့ မရပြန်ပါဘူး။ ဒါကြောင့်လည်း သူငယ်ချင်းက ကိုက်ခံရပြီး ရှစ်လလောက်နေမှ ရောဂါ ထတာပါ။ ကိုယ်ခံအား ကောင်းနေတဲ့ အချိန်မို့ အသွင်ပြောင်းဖို့ အခွင့်မသာခဲ့တာ ဖြစ်ပါလိမ့်မယ်။ ဆက်တိုက် မိုးမိပြီး အဖျားကြီးတာဟာ ရောဂါပိုးအတွက် အန္တရာယ်ပေးဖို့ အခွင့်ကောင်း ရသွားခဲ့တာပါ။ နောက်ထပ် ကြောက်စရာ ကောင်းတဲ့ အချက်တစ်ခုက အခုအချိန်ထိ ကာကွယ်လို့ပဲ ရပါတယ်။ ကုသလို့ မရသေးပါဘူး။ သဘောက ကာကွယ်ဆေးအနေနဲ့ပဲ ရှိနေပြီး ဖြစ်လာပြီဆိုရင် ကုသနိုင်တဲ့ ဆေးဝါး အခုအချိန်ထိ မပေါ်သေးတာပါ။ ကျနော်သိသလောက်ပေါ့။ မှားရင်လည်း ပြောပေးကြပါ။ ကုသနိုင်တဲ့ အနေအထား မရှိမှတော့ သေရဖို့ သေချာနေပြီပဲ။ အခြေအနေ ထူးမထူး (၇) ရက်ပြည့်အောင် ဘာလို့ စောင့်နေရသေးတာလဲ လို့ မေးစရာ ရှိပါတယ်။ ဆရာဝန် စောင့်ကြည့်ရတဲ့ အကြောင်းအရင်းက လူနာဟာ ရောဂါလက္ခဏာကို အံတုနေနိုင်တာကြောင့်ပါ။ လုံးဝ အံတုနိုင်လိုက်လို့ ရောဂါပိုးဟာ ဦးနှောက်ကနေ ဈာန်လျှောသွားရရင် ငသက်အတွက် မနက်ဖြန် များစွာ ရှိနေဦးမှာပေါ့။

မျှော်လင့်ချက် ဆိုတာ မဖြစ်မြောက်သေးတဲ့ အရာလို့ ပြောလို့ရသလိုပဲ၊ မဖြစ်မြောက်တော့ပေမယ့် ဖြစ်စေချင်လွန်းတဲ့ အရာ လို့လည်း သက်မှတ်လို့ရနေတယ်။ အကောင်းဆုံးကို မျှော်လင့်ခဲ့ကြပေမယ့် ငသက်အတွက် မနက်ဖြန် များစွာ မရှိတော့ပါဘူး။ ကျနော် နံနက်စောစော သူ့ဆီ ရောက်တဲ့အချိန်မှာ သူ သတိမေ့မျော နေပါပြီ။ ၈ နာရီထိုး ဆရာဝန် လာတဲ့အချိန်မှာ ဆရာဝန်က အသက်ကယ်ဆေး စပြီး ထိုးသွင်းနေပါပြီ။ နေ့ခင်း (၁၁) နာရီ ဆရာဝန် ထပ်လာပြီး စစ်ဆေးတဲ့အခါမှာ အခြေအနေ မကောင်းတာကြောင့် လက်နှစ်ဘက်၊ ခြေနှစ်ဘက်ကနေ အသက်ကယ်ဆေး စုစုပေါင်း (၄) လုံး တစ်ပြိုင်တည်း သွင်းနေပေမယ့် Blood Pressure က လုံးဝ ပြန်ကို မတက်တော့ပါဘူး။ ညနေ (၈) နာရီထိုး ဆရာဝန် ပြန်လာခဲ့အခါမှာ လူတစ်ယောက်အနေနဲ့ ကြောက်စရာ အကောင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ချခိုင်းပါတော့တယ်။ ဆရာဝန်ပြောတဲ့ စကားအတိုင်း ပြန်ပြောရရင်
“လူနာက မနက်ကတည်း သတိလစ်သွားတာဆိုတော့ သူ့ကို ကောင်းလာနိုးနိုး ကျနော်တို့ အသက်ကယ်ဆေး သွင်းခဲ့တာပါ။ အခုဆို အသက်ကယ်ဆေး သွင်းလာတာ (၁၂) နာရီ ကျော်ပါပြီ။ အခြေအနေက မထူးခြားတဲ့အပြင် BP က လုံးဝကျနေပါတယ်။ ပြန်ကို မတက်တော့ပေမယ့် နှလုံးခုန်နေတယ်။ သဘောက အခု ကျန်နေတာ အသက်ကယ်ဆေးရဲ့ အသက်ပါပဲ။ အသက်ကယ်ဆေး ပေးတာ ရပ်လိုက်တာနဲ့ နှလုံးခုန် ရပ်သွားမှာပါ။ ကိုယ်ပိုင် အသက် မရှိတော့တဲ့အတွက်၊ နောက်ထပ် ထပ်သွင်းနေလည်း ထူးခြား မလာနိုင်တော့တာကြောင့် လူနာရှင်ရဲ့ ဆန္ဒကို သိချင်ပါတယ်။ ဒီအတိုင်း ဆက်သွင်းနေဦးမယ်ဆိုရင် လည်း လူနာအနေနဲ့ ပိုပင်းပန်းပါလိမ့်မယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်ပြီး သူ သွားရမယ့်လမ်းကို အေးအေးသာသာ သွားစေချင်ပါတယ်။”

“သူ့လမ်းသူ အေးအေးသာသာ သွားပါစေတော့” ဆိုတဲ့ သေခွင့်ကို အမေတစ်ယောက်အနေနဲ့ ချဖို့ မပြောနဲ့။ ကျနော်တို့လို သွေးမတော် သားမစပ် သူငယ်ချင်းတွေ အနေနဲ့တောင် မပြောရက်ပါဘူး။ မလုပ်ရက်ပါဘူး။ အမေတစ်ယောက် အနေနဲ့ ဘယ်လိုစိတ် ထားပြီး ခေါင်းညိတ်လိုက်ရမလဲ။ သားတစ်ယောက် ဝေဒနာတွေ ထပ် မခံစားရပါစေနဲ့တော့ ဆိုတဲ့ ကရုဏာကြီးကို ရှေ့တန်းတင်ပြီး မျက်ရည်တွေနဲ့ လေးလံနေတဲ့ ခေါင်းကို အနိုင်နိုင် ညိတ်လိုက်တဲ့ မိခင်ရဲ့ မေတ္တာနဲ့ ဝေဒနာဟာ ကျနော်တို့ကိုပါ ကူးစက်နေပါတော့တယ်။ အသက်ကယ်ဆေး သွင်းတာ ရပ်လိုက်တာနဲ့ (၆) နာရီအတွင်း ဒီလူနာဟာ သေရတော့မယ်။ လုံးဝ ငြိမ်သက်ပြီး သေဖို့ အားယူနေတဲ့ လူတစ်ယောက်ဘေးမှာ ထိုင်ကြည့်နေမိတယ်။ အိမ်မှာပဲ ရှိနေတာဆိုတော့ နှလုံးခုန်နှုန်း တိုင်းတဲ့ ကိရိယာက မရှိတော့ သူနာပြု ဆရာမ တစ်ယောက်ကပဲ ၁၅ မိနစ်ခြားတစ်ခါ စမ်းသပ်ပေးပါတယ်။ ခပ်ပါးပါးလေး လှုပ်ခါနေတဲ့ သူရဲ့ ဝမ်းဗိုက်ကိုပဲ အားလုံး ဝိုင်းကြည့်နေမိကြတယ်။ ခန္ဓာကိုယ်က တစ်ချက်တစ်ချက် ဆက်ခနဲ တုန်တုန်သွားတတ်တာကြောင့် သူရဲ့ အသက်ရှင်နေမှုကို ကျနော်တို့ အနေနဲ့ မြင်သာတာပေါ့။ သူ့လိုပဲ ကျနော်တို့ရဲ့ ရှင်သန်နေထိုင်ခြင်းရဲ့ သင်္ကေတက လှုပ်ရှားနေနိုင်ခြင်းပဲလား။ ဒါဆို မေ့မျောနေသူနဲ့ ဘာမှ သိပ်မထူးသလိုဘဲနော်။ လူတစ်ယောက်ရဲ့ နှုတ်ဆက်ချိန်ရောက်ပြီမို့ သူနဲ့ ပတ်သက်ဖူးတဲ့ လူတွေ အားလုံးလည်း စုံသင့်သလောက် စုံပါပြီ။ နှုတ်ဆက်ဖို့လောက်သာ လူတွေ စိတ်ထဲ အရေးထားနေကြတာ မြင်ရတော့ ငသက်အစား ဝမ်းနည်းမိတယ်။

ငသက်ကို ထိုင်ကြည့်နေရင်းကနေ ကျနော်ဆီကို အတွေးတစ်ခု ရောက်လာတယ်။

“လူတစ်ယောက် သေဖို့အတွက် ဘယ်လို အခြေအနေတွေ ကိုက်ညီဖို့ လိုသလဲ။”

ခပ်ရှင်းရှင်း ပြောရရင် လူတစ်ယောက် သေဖို့အတွက် ဘာလိုသလဲပေါ့။ အသက်အရွယ် ဖြစ်မလား။ ကျနော် ငယ်ငယ်က ထင်ခဲ့တာက လူဆိုတာ အသက်ကြီးမှ သေမယ်ပေါ့။ အသက်ကြီးတယ်ဆိုတာ အသက် (၇၀) ကျော်လို့ မြင်မိတယ်။ ဒါကြောင့်လည်း အသက် (၂၂) နှစ် မပြည့်သေးတဲ့ ငသက် ဆိုတဲ့ သူငယ်ချင်းတစ်ယောက် သေရတော့မယ် ဆိုတာ သိလိုက်ရတဲ့အချိန်မှာ လောကကြီးကို၊ ကံကြမ္မာကြီးကို မတရားပါလားလို့ တွေးနေခဲ့မိတယ်။ အသက် (၇၀) မှ မပြည့်သေးဘဲ သေဖို့ မဖြစ်နိုင်သေးပါဘူး လို့လည်း စိတ်ထဲမှာ မဲတင်းထားတယ်။ ဒါကြောင့်လည်း ည (၁၁း၄၅) မှာ ဆရာဝန်ပြောတဲ့ “ကိုသက်နိုင်ဦး ဆုံးပြီ” ဆိုတဲ့ စကားလုံးကို ကျနော်ရဲ့ အသိဉာဏ်က အလိုလို ငြင်းပယ်ပစ်လိုက်တယ်။ အဲဒီလောက် သန်စွမ်းပြီး၊ မဖျားမနာခဲ့ဖူးတဲ့ သူတစ်ယောက် ကိုယ့်ထက် စောသေသွားတယ် ဆိုတဲ့ ဖြစ်ရပ်ကိုလည်း ဘယ်လိုမှ လက်မခံနိုင်ခဲ့ဘူး။ လူမှုရေး၊ ဘာသာရေး နဲ့ မိဘကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်ရဲ့ လက်ရှိကံဟာ အဲလောက်ပဲ ဆိုးနေပါ့မလား ဆိုတဲ့ အတွေးတွေကြောင့် ဆရာဝန်ရဲ့ ကောက်ချက် အပြီးမှာတောင် ထလာဦးမလားလို့ ထိုင်ကြည့်နေမိတယ်။ လက်ဖဝါး တစ်ဖက်ကို ရင်ဘက်ပေါ် တင်ထားပြီး နှလုံးပြန် ခုန်အလာကို စောင့်နေခဲ့မိတယ်။

နာရေးအတွက် ပြင်ဆင်နေကြချိန်မှာလည်း ကျနော် ကုတင်ဘေးက မခွာနိုင်သေးဘူး။ သူ လှုပ်လာမှာကို လူတွေ မသိလိုက်မှာ စိုးရိမ်နေခဲ့မိလို့။ အဲဒီလို သေခြင်းတရားကို လက်မခံနိုင်တဲ့ စိတ်ဟာ ဘယ်အထိ ရှိနေခဲ့သလဲ ဆိုရင် မီးသင်္ဂြိုလ်စက်နား ရောက်တဲ့ အချိန် အထိပါပဲ။ သူ့ကို အခေါင်းထဲ သွင်းလိုက်ကြပြီ။ ဒါကြောင့် ကျနော် အခေါင်းဘေးကနေ ခွာလို့ မဖြစ်ပြန်ဘူး။ အခေါင်းနံရံကို ခေါက်တဲ့ အသံများ ကြားရလေမလားလို့ မျှော်နေခဲ့မိတယ်။ ကျနော် ကြိုးစားနိုင်တဲ့ နောက်ဆုံး အဆင့်ကို ရောက်လာပါပြီ။ သူတို့ အခေါင်းကို မပြီး မီးသင်္ဂြိုလ်စက်ထဲ ထည့်ဖို့ ပြင်ဆင်နေကြပြီ။ ဒါနဲ့ ကျနော် အခေါင်းရဲ့ ခေါင်းရင်းကို ပြေးကိုင်လိုက်တယ်။ ခေါင်းရင်းဆိုတာ သူ့အသံကို ကြားရမယ့် အနီးနေရာပဲ မဟုတ်လား။ စက်ထဲ အခေါင်းကြီး တစ်ခုလုံး ရောက်သွားလို့ “ဂျုန်း” တံခါးပိတ်သံ ကြားရပေမယ့် ကျနော် အတွေးထဲမှာ၊ အသိဉာဏ်ထဲမှာ သူ မသေသေးပါ။ မီးသင်္ဂြိုလ်စက် တံခါးကို အတင်းထုပြီး ဖွင့်ခိုင်းနိုင်သေးတယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော် (၁၀) မိနစ်ကြာမျှ ရပ်ကြည့်နေမိတယ်။ ကျနော် သူ့ကို တကယ် စွန့်ခွာ သွားရတော့မှာလား။ သူ တကယ်ပဲ သေသွားပြီလား ဆိုတဲ့ အတွေးတွေက ကျနော်ကို စပြီး နှိပ်စက်ပါတော့တယ်။ အဲဒီ အချိန်မှာပဲ ကျနော် ပုခုံးကို လက်တစ်စုံနဲ့အတူ ငိုရှိုက်သံကြောင့် စိတ်ကို ဘယ်လိုမှ ထိန်းထားနိုင်စွမ်း မရှိတော့ပါဘူး။ ငိုကျွေးပူဆွေးလို့ အတော်ကြာကြာမှာ ဆရာဝန်ရဲ့ စကားတချို့ နားထဲ ပြန်ဝင်လာတာကြောင့် သက်သာရာ ရမိပါတော့တယ်။

“ခင်ဗျား သူငယ်ချင်း အင်မတန် ကံကောင်းပါတယ်။ အတိတ်ဘဝ ကုသိုလ်ကံပဲ ဆိုရမှာပေါ့။ တကယ်တမ်းဆိုရင် ခွေးရူးပြန် ရောဂါရှင်တိုင်းဟာ သူတို့နဲ့ နောက်ဆုံး အချိန်တွေမှာ မြင်ရသူ မကြည့်ရက်နိုင်အောင်ကို မချိမဆန့် ခံစားရပြီးမှ သေကြရတာ များပါတယ်။ ဦးနှောက်ကို ရောက်နေတဲ့ ရောဂါပိုးကြောင့် ဦးနှောက်ဟာ မူမမှန်တော့ဘဲ ခန္ဓာကိုယ် တစ်ခုလုံးမှာ ရှိတဲ့ အာရုံကြောတွေ အားလုံးကို ဆွဲချုံ့ ပစ်လိုက်တယ်။ အဲဒါကြောင့် အင်မတန် ပြင်းထန်တဲ့ ဒုက္ခဝေဒနာဖြစ်ပြီး မချိမဆန့်နဲ့ပဲ ကွယ်လွန်ကြရတယ်။ ခင်ဗျားတို့ရဲ့ သူငယ်ချင်းကို ကြည့်ရတာ ဝေဒနာ လုံးဝ မခံစားရတဲ့ ပုံတော့ မဟုတ်ပါဘူး။ တစ်ချက်ချက် ဆပ်ခနဲ တုန်နေတာကို ကြည့်ခြင်းအားဖြင့် သူ ဝေဒနာကို အထိုက်အလျောက် ခံစားနေရမှာပါ။ သူကြည့်ရတာ စိတ်မာတော့ သူ့ဆွေမျိုး သားချင်းတွေ မမြင်ရအောင် ကြိတ်ခံသွားပုံလည်း ရပါတယ်။ ဘာပဲဖြစ်ဖြစ်လေ တခြား ကြုံခဲ့ဖူးတဲ့ ရောဂါဝေဒနာရှင်တွေ ထက်တော့ သက်သက်သာသာ နှုတ်ဆက်သွားနိုင်တယ်လို့ ကောက်ချက်ချရမှာပါ။”

မှတ်ချက် ။ ။
(၁) ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်လာတဲ့ အသက်အန္တရာယ်တွေမှာ အသိဉာဏ်၊ အသိတရားမရနိုင်မှုကို မြင်စေချင်တာကြောင့် တင်ပြလိုက်တာပါ။
(၂) ကျနော်ဟာ လူနာကို အနီးကပ်ပြုစုခဲ့တဲ့ အတွက် ကာကွယ်ဆေးကို မဖြစ်မနေ ထိုးခဲ့ရပါတယ်။ ကူးစက်ဖို့ ရာနှုန်းပြည့် ရှိပါတယ်။

တံခါးခေါက်သံများ (၃)

ကာကွယ်ဆေး ထိုးဖို့ ငွေ (၃၀၀၀၀) ကျပ် သူ့အတွက် မတတ်နိုင်ဘူး ဆိုတာ သူ့ဆီမှာ မရှိဘူးလို့ ပြောတာ မဟုတ်ပါဘူး။ သူ့ဆီမှာ အဲဒီ ငွေ ပမာဏ အဲဒီ အချိန်က သူ့လက်ထဲမှာ ရှိနေပါတယ်။ ဒါဆို ဘာလို့ သွားမထိုးတာလဲလို့ စာဖတ်သူ အနေနဲ့ မေးချင်လိမ့်မယ်။ ကျနော်လည်း အဲဒီ အချိန်က မေးဖြစ်ခဲ့တယ်။ အရှင်းဆုံး ပြောရရင် သူ ခွေးရူးကိုက်တဲ့ ဒါဏ်ရာကြောင့် သေရလိမ့်မယ်လို့ သိမထားလို့ပေါ့။ နောက်တစ်ချက်က အဲဒီ ငွေ သုံးသောင်းကို သူ နှမြောတယ်။ လွန်ခဲ့တဲ့ ၉ နှစ်က သုံးသောင်းဆိုတဲ့ ပမာဏက သူ မပြောပါနဲ့၊ တော်ရုံ လူတစ်ယောက် အနေနဲ့တောင် မတတ်နိုင်ပါဘူး။ မသုံးရက်ဘူးလို့ ပြောရင် ပိုမှန်လိမ့်မယ်။ သူအနေနဲ့ ရှိလျက်နဲ့ ဘာလို့ မသုံးရက်တာလဲလို့ မေးစရာ ရှိလာတယ်။ သူရဲ့ အမေက နာတာရှည် ရောဂါသည်လို့ ပြောရင် မများပါဘူး။ ငသက်ခမျာ တစ်နေ့တစ်နေ့ သူ့အမေအတွက် ဆေးဖိုး၊ သမားခ ရှာဖွေနေရတာ။ သူ့ အမေ မတော် အသည်းအသန် ဖြစ်ခဲ့ရင် လိုရမယ်ရ ဆိုတဲ့ အတွေးနဲ့ ငွေပိုစုထားတယ်။ ခုနက ငွေ သုံးသောင်း ဆိုတာလည်း အဲဒီအတွက် သူ လျာထားတဲ့ ငွေပါ။ ဒါကြောင့် သူ ဘယ်လို နည်းနဲ့မှ မသုံးရက်ဘဲ ခွေးကိုပဲ အရိပ်တကြည့်ကြည့် လုပ်နေခဲ့တယ်။ သူ့အမေအတွက် ငွေ လျာထားတာကြောင့် ဆေးမထိုးခဲ့ဘူးဆိုတာ သိသိချင်း ဘာမှ သိပ်မခံစားခဲ့ရပေမယ့် အသက်နဲ့ လဲလိုက်ရတဲ့အချိန်မှာ ပြန်တွေးမိလိုက်တော့ ရင်ထဲ နင့်နေအောင် ခံစားလိုက်ရတယ်။

သူ့မှာ ကိုယ်ပိုင် အလုပ်ဆိုတာ မယ်မယ်ရရ မရှိပါဘူး။ မိဘတွေကလည်း နယ်ကနေ လာနေကြတာ ဆိုတော့ မြို့ပေါ်မှာ သူ့အတွက် လက်ငုတ်လက်ရင်း အလုပ်ဆိုတာလည်း မရှိဘူး။ အရည်အချင်း အရလည်း ဆယ်တန်းအောင် တက္ကသိုလ် တက်နေတဲ့ လူတစ်ယောက်အနေနဲ့ ကုမ္ပဏီမှာ အလုပ်ရဖို့ ဆိုတာလည်း ခက်နေပြန်တယ်။ လွန်ခဲ့တဲ့ (၉) နှစ် မန်းမြို့ရဲ့ အနေအထားနဲ့ စဉ်းစားကြည့်မယ်ဆိုရင် အတော်လေး ခက်ခဲမယ်ဆိုတာ တွေ့ပါလိမ့်မယ်။ ဒါပေမယ့် သူ့လက်ထဲမှာ ဆုထားတဲ့ငွေ (၃၀၀၀၀) ကျော် ရှိနေတော့ ဘယ်ကရသလဲလို့ တွေးမိခဲ့ဖူးတယ်။ ကျနော်တို့ အထင်က သူ ပိုက်ဆံမရှိလို့ ကာကွယ်ဆေး ထိုးဖို့ ငြင်းဆန်နေတယ်ပေါ့။ သူငယ်ချင်းနဲ့ တခြား အမျိုးတွေက ထောက်ပံ့ပြီး ဆေးထိုးပါ ဆိုတော့လည်း တခြားသူရဲ့ ငွေရေးကြေးရေး အကူအညီ မယူတတ်တဲ့ ခေါင်းမာတဲ့ သူက ငြင်းခဲ့တယ်။ ငွေ (၃၀၀၀၀) ကျော် ရှိတယ်ဆိုတာ သိရတော့ ဘယ်က ရသလဲ မေးကြည့်မိတယ်။ သူ တောက်တိုမယ်ရ လျှောက်လုပ်လို့ ရမှန်း နောက်မှ သိခဲ့ရတယ်။ စက်ဘီးနဲ့ ပစ္စည်းပို့၊ ထင်းမီးသွေး ဝယ်ရောင်း အပြင် လမ်းကြိတ်စက် မောင်း၊ ဆိုက်ကားနင်းတဲ့အထိ ရသမျှ အလုပ်ကို မရှက်မကြောက် လုပ်မှန်း သိရတဲ့ အချိန်မှာ ကျနော်တို့ သူ့ကို အတော်လေး လေးစားသွားမိတယ်။ ကျနော်တို့သာဆို ရှက်လို့ လုပ်ရဲမှာ မဟုတ်ဘူး။

သူ ဆေးရုံတက်ရတဲ့ အကြောင်းအရင်းက အပြင်းဖျားပြီး သတိလစ်သွားတာ။ (၁၀၄) ဒီဂရီအထိ ကိုယ်အပူချိန် တက်သွားမှတော့ သတိလစ်ပြီပေါ့။ ဖျားရုံသက်သက်လို့ ဆေးရုံက ကောက်ချက်ချတော့ အဖျားလည်း သက်သာရော ၃၊ ၄ ရက်နေတော့ ဆေးရုံဆင်းခွင့် ပြုလိုက်တယ်။ အိမ်ပြန်ရောက်တဲ့ နေ့မှာပဲ ကျနော် မန်း ပြန်ရောက်တာနဲ့ သူ့အိမ် သွားဖြစ်တယ်။ အဖျားက (၁၀၂) ဒီဂရီလောက်တော့ ရံဖန်ရံခါ ပြန်ပြန် တက်တော့ ဆရာဝန်ကတော့ ပုံမှန် လာကြည့်ပေးနေတယ်။ ဖျားရတဲ့ အကြောင်းအရင်းကို သူနဲ့ တွေ့မှ အကြောင်းစုံ မေးကြည့်မိတယ်။ သူတက်နေတဲ့ ကွန်ပြူတာ တက္ကသိုလ်က အတန်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ လုပ်တော့ သူတို့ အတန်းအဖွဲ့က Final အထိ တက်တယ်။ သူက အတန်းခေါင်းဆောင် ဆိုတော့ လေ့ကျင့်တဲ့ အချိန်ရော၊ ပြိုင်ပွဲအချိန်မှာပါ အားတက်သရော ကူလုပ်ပေးရှာတယ်။ မေလလယ် ဆိုတော့ မိုးတွေ စ သဲနေပြီ။ မိုးမရှောင် နေမရှောင် ကွင်းထဲမှာ လက်ယားလက်ယား လုပ်နေတဲ့ သူ့ကို မြင်ယောင်နေမိတယ်။ တစ်နေ့တစ်နေ့ နှစ်နာရီ၊ သုံးနာရီကြာ ဘောလုံးကွင်းထဲမှာ မိုးရေထဲ နေနေတော့ နောက်ဆုံး မခံနိုင်တော့ဘဲ ဖျားပါတော့တယ်။ သူ ဖျားတာ တစ်ပတ်လောက် ကြာတဲ့ အခါမှာ ရိုးရိုး အဖျားကနေ ငှက်ဖျားသဘောမျိုး ဖြစ်လာတယ်။ လေကလေး တစ်ချက် သွေးလိုက်ရင် ကိုယ်ခန္ဓာထဲက စိမ့်စိမ့်ပြီး ချမ်းတက်သွားတယ်လို့ သူက ပြောတယ်။ နေ့ခင်းတွေဆို လူကောင်းတစ်ယောက်လို ပြောနိုင်ဆိုနိုင်ပေမယ့် ညနေ ၆ နာရီ နောက်ပိုင်း ဆိုတာနဲ့ အဖျား စတက်တယ်။ ဒါနဲ့ ဆရာဝန်က ငှက်ဖျားဆိုပြီး ဆေးညွှန်းတွေ စပြောင်းပါတော့တယ်။

ငှက်ဖျားဆိုပြီးတော့ ကုလာလိုက်တာ တစ်ပတ်ကြာတဲ့အထိ ထူးထူးခြားခြား မသက်သာလာတဲ့အပြင် ပိုပြီးတော့ ချမ်းတတ်လာတယ်။ သူအနားမှာနေပြီး ယပ်တောင် မခတ်ရဲတော့ဘူး။ လေနည်းနည်း ထိတာနဲ့ တုန်တုန်တက်သွားတယ်။ နောက်နေ့ မျက်နှာတောင် မသစ်နိုင်တော့ဘူး။ ရေက အေးတော့ ရေထိတာနဲ့ တအား ချမ်းတဲ့ အမူအရာတွေ ပြလာတယ်။ ခွေးရူးရောဂါပိုး စဝင်လာပြီဆိုတာ အဲဒီအချိန်ကတော့ ဘယ်သိမလဲ။ ရေအေးလို့ မထိရဲတာ လို့ပဲ အားလုံးက ထင်နေကြတယ်။ ဘယ်အချိန်မှ စပြီး သတိထားမိသလဲဆိုရင် သူ သောက်ရေကိုတောင် မသောက်နိုင်တော့ဘူး။ ပါးစပ်ထဲ ရေတစ်ငုံ ဝင်သွားတာနဲ့ လည်ပင်းကြောတွေ ထောင်တက်လာပြီး တွန့်လိမ်သွားတယ်။ ဒါနဲ့ ရေလုံးဝ မသောက်နိုင်တော့ဘူး။ ဆရာဝန်က ရေ မသောက်ရင် အသက်အန္တရာယ် စိုးရိမ်ရတာကြောင့် နားကြပ်တံ (ထိပ်ပိုင်းအား ဝါဂွမ်းစွတ်ထားသော တုတ်ချောင်း) နဲ့ ရေစွတ်ပြီး နှုတ်ခမ်းကို တို့တို့ပေးရတယ်။ နှုတ်ခမ်းကို ရေထိတာတောင် တွန့်တွန့်သွားတဲ့ သူ့အနေနဲ့ မျက်နှာကို မသစ်နိုင်တော့ဘူး။ အခု အခြင်းအရာတွေကို မြင်နေရတဲ့ ဆရာဝန်အနေနဲ့ ခွေးရူးရောဂါမှန်း မသိဘဲတော့ မနေလောက်ပါဘူး။ လူနာရှင်တွေကို အသိမပေးသေးဘဲ သူ့ဖာသာ ကြိုးစား ကြည့်နေတာ ဖြစ်ပါလိမ့်မယ်။ အမှန်အတိုင်း ပြောပြလိုက်ရင် ဘာဖြစ်မလဲ။ ခွေးရူးရောဂါပိုးဟာ ကူးစက်လွယ်ပါတယ်။ လူနာရဲ့ ခန္ဓာကိုယ်က ထွက်သမျှ အရည်တွေဟာ တခြားသူရဲ့ အရေပြား အပေါက်အပြဲကနေတဆင့် ကူးစက်တတ်ပါတယ်။ ကူးစက်နိုင်တဲ့ ရာခိုင်းနှုန်းက ၁၀၀ အပြည့်ပါပဲ။ ဒါကြောင့်လည်း ခွေးရူးရောဂါမှန်း သေချာသွားတဲ့အခါမှာ အရင် ပြနေတဲ့ ဆရာဝန် မလာတော့ပါဘူး။ နောက်ဆရာဝန်တစ်ယောက် ပြောင်းခေါ်ရပါတော့တယ်။ ခွေးရူးရောဂါမှန်း သိကြရင် သူ့အနားမှာ ပြုစုနေတဲ့ သူတွေ အားလုံးလိုလို မကပ်ရဲတော့ဘဲ ဘယ်သူမှ မပြုစုတော့မှာကြောင့် မသေချာနိုင်သေးရင် ရောဂါအခြေအနေကို ပြောလေ့မရှိပါဘူး။

ကျနော်တို့ ထင်ထားတဲ့ အတိုင်းပါပဲ။ ခွေးရူး ရောဂါမှန်းလည်း သိသွားရော သူ အနားမှာ ရှိခဲ့ဖူးတဲ့သူတွေ အားလုံး ပျောက်သွားပြီ။ မလာတော့ပါဘူး။ သူအနားမှာ အချိန်ပြည့် ပြုစုမယ့်သူက နှစ်ယောက်ပဲ ကျန်ပါတော့တယ်။ ကျနော်နဲ့ သူရဲ့ ဝမ်းကွဲအစ်မပါ။ ငသက်ရဲ့ အမေဟာ သူ ကိုယ်တိုင် ရောဂါသည်ဆိုတော့ အစကတည်းက အနားကပ်ခွင့် သိပ်မပေးထားပါဘူး။ မနားမကပ်ရဲတဲ့၊ မကပ်ချင်တဲ့ သူတွေ အနေနဲ့လည်း အပြစ်တော့ မဟုတ်ပါဘူး။ ရောဂါ ကူးစက်ဖို့ ရာခိုင်နှုန်း အတော်များတာကိုး။ အင်မတန်မှ ခင်တဲ့ သူငယ်ချင်းတွေ ရှိပေမယ့် အခုလို အချိန်ကျတော့ အနားမှာ မရှိနိုင်တော့ဘူး။ တချို့က ကိုယ်တိုင် မကပ်ရဲတာ။ တချို့ကတော့ ကူးမှာကြောက်တာ။ တချို့ကတော့ ကပ်နေပေမယ့် ပြုစုပေးချင်ပေမယ့် မိဘက ခွင့်မပြုတာ။ သူငယ်ချင်း တချို့ ဆိုရင် လူနာ လာကြည့်ခွင့်တော့ မရကြတော့ဘူး။ မိဘတွေ ခွင့်မပြုလို့ပေါ့။ အဲဒီလို အဖြစ်အပျက်တွေကို မြင်နေရတဲ့ ကျနော်ဟာ ကာယကံရှင် မဟုတ်တာတောင် ရင်ချိအောင် နာမိပါတယ်။ ဒါပေမယ့် ကာယကံရှင် ဖြစ်တဲ့ ငသက်က သူ သတိရတဲ့အချိန်တွေမှာ သူ့ကို တချိန်က ခင်ပါတယ်၊ ချစ်ပါတယ် ဆိုတဲ့ သူငယ်ချင်းတွေကို မတွေ့ရတာတောင် သူတို့ ဘက်က ကိုယ်ချင်းစာ ပေးနေသေးတယ်။ သူရဲ့ စာနာတတ်တဲ့ စိတ်ကို လေးစားမိပါတယ်။ ငသက်ကို အနီးကပ် စောင့်ရှောက်ခွင့် ပေးခဲ့တဲ့ အမေ့ကိုလည်း ကျေးဇူးတင်မိပါတယ်။ အမေလည်း သူ့သားဆီ ကူးစက်မှာ မကြောက်ဘဲ ဘယ်နေပါ့မလဲ။ ဒါပေမယ့် ကျနော် အနီးကပ်စောင့်ရှောက်မယ် ဆိုတဲ့အချိန်မှာ အမေက နည်းနည်းလေးမှ မတားခဲ့တာကြောင့်လည်း ငသက်ရဲ့ သေခါနီး အချိန်တွေမှာ အတူတူ ရှိနေဖြစ်ခဲ့တယ်။

သူ့အနေနဲ့ သတိလည်လာပြီ။ ဘယ်သူ ဘယ်ဝါဆိုတာ သဲသဲကွဲကွဲ သိပေမယ့် ရေကို မြင်တာနဲ့ ကြောက်တဲ့ အမူအရာကတော့ လျှော့မသွားသေးပါဘူး။ ဘယ်လောက်အထိ ဆိုးသလဲဆိုရင် သူ ကုတင်ပေါ် လှဲနေတဲ့အချိန် သူ့ လက်ပေါ် ရေတစ်စက် မတော်တဆ ကျသွားတယ် ဆိုရင်ပဲ လန့်ပြီး အကြောတွေထောင်သွားလိုက်တာ၊ လှဲနေတဲ့သူတောင် ကုတင်ပေါ် ထိုင်လျက်သား ဖြစ်သွားတယ်။ သူ သတိ ရှိလာတဲ့ အချိန်မှာ သူ့အတွက် အဓိက ရန်သူဟာ ရေပဲ ဆိုတာ သူ သိလာတယ်။ ဆရာဝန်ကလည်း ပြောတယ်။ ရေကို ခုခံနိုင်ရင် အားလုံး အိုကေပြီပေါ့။ အဲဒီအချိန်မှာ သူရဲ့ သတ္တိကို စပြီး မြင်ရပါတော့တယ်။ နောက်နေ့ မနက် ထလာတော့ သူ မျက်နှာသစ်ချင်တယ်လို့ စပြောလာတယ်။ ရေတောင် မသောက်နိုင်၊ မထိနိုင်သေးတဲ့ သူက မျက်နှာ ဘယ်လို သစ်မလဲ။ ဒါပေမယ့် သူ့ကို ဝိုင်းချုပ်ပြီး မျက်နှာ သစ်ပေးပါလို့ သူ ကိုယ်တိုင်က တောင်းဆိုလာတယ်။ သူ သတ္တိရှိရှိ ရင်ဆိုင်မယ်ပေါ့။ ရေနဲ့ ထိလိုက်တိုင်း တွန့်လိမ်သွားပေမယ့် တင်းခံ၊ တောင့်ခံနေတဲ့ သူရဲ့ အဖြစ်အပျက်ကို မြင်ရတာ ကျနော်တို့တောင် မကြည့်ရက်ပါဘူး။ မျက်ရည်တောင် ဝဲပါတယ်။ ကျနော်တို့ဟာ လူတစ်ယောက်ကို ကျင်စက်နဲ့ ဝိုင်းတို့နေသလို ခံစားရလာမိလို့ပါ။ နောက်တစ်ရက် သူ ကိုယ်တိုင် မျက်နှာသစ်ကြည့်မယ်လို့ တောင်းဆိုလာတယ်။ ရေစွတ်ထားတဲ့ လက်ကိုင်ပုဝါကို သူ့လက်ထဲ ထည့်လိုက်တာတောင် သူ့ လက်ဖဝါးက ရုတ်တရက် လွှတ်ချပစ်တယ်။ နောက်တော့ သူကိုယ်တိုင် အနာခံပြီး လက်ကိုင်ပုဝါကို မရမက ကိုင်ပြီး မျက်နှာကို စသစ်ပါတော့တယ်။ နောက်နေ့ ကိုယ်တိုင် သွားတိုက်ပြီး၊ အာလုတ် ကျင်းပါတယ်။ ဒီလိုနဲ့ သတ္တိရှိရှိ အနာခံပြီး ရေကို မရမက ကိုင်ပြီး အကြီးမားဆုံး အခက်အခဲကို ရင်ဆိုင်နေတာ မြင်ရတော့ မချီးကျူးဘဲ မနေနိုင်သလို သူ ဖြစ်နေတာကို မြင်ရတိုင်း မျက်ရည်တောင် ဝဲကြရတယ်။

သူရဲ့ အကြီးမားဆုံး အခက်အခဲ ဖြစ်တဲ့ “ရေ”ကို ရဲရဲ ရင်ဆိုင်ပြီး လေးရက် အကြာမှာ ကုတင်ပေါ် ငုတ်တုတ် ထိုင်ပြီး ကျနော်နဲ့ စကားပြောနေနိုင်ပါပြီ။ အရင်အရင်က နှောင်းဖြစ်တွေ ပြောရင်း ရယ်ကြမောကြရင်း တစ်နေ့တာ ကုန်ဆုံးသွားခဲ့တယ်။ သူရဲ့ သွက်လက်တဲ့ အမူအရာတွေ ပြန်မြင်ကြရတော့ ကျနော်တို့ရဲ့ ဝမ်းသာမှုဟာ မပြောပြနိုင်လောက်အောင် ပျော်ရွှင်ခဲ့ကြတယ်။ ဆရာဝန် လာစစ်ဆေးကြည့်တော့လည်း ဆရာဝန်က အခြေအနေကောင်းကြောင်း ပြောသွားတယ်။ ဒါပေမယ့် ဆရာဝန်ကတော့ ပြောပါတယ်။ (၇) ရက်တိတိ စောင့်ကြည့်ရမှာဆိုတော့ မနက်ဖြန်မှ အခုအခြေအနေ အတိုင်း ရှိနေသေးတယ် ဆိုရင် စိတ်ချရပါပြီတဲ့။ ကျနော်တို့ အားလုံး မနက်ဖြန်ဆိုတဲ့ တစ်ရက်တာကို စာရွက်လှန်သလို ကျော်ပစ်လိုက်ချင်နေကြပြီ။

(ဆက်ရန်)

တံခါးခေါက်သံများ (၂)

ကျနော်ဘဝမှာ အင်မတန်မှ ချစ်ရတဲ့ သူငယ်ချင်းတစ်ယောက် ရှိခဲ့ပါတယ်။ အခုအချိန်ထိလည်း ချစ်နေရတဲ့ သူငယ်ချင်းပါ။ ဒါပေမယ့် သူ မရှိရှာတော့ဘူး။ သူနဲ့ ပတ်သက်ပြီး သူငယ်ချင်းတစ်ယောက်ထံမှ ဆိုတဲ့ ပို့စ်မှာ အနည်းအကျဉ်း ရေးဖူးပါတယ်။ ကျနော်အကြောင်း ရေးတဲ့ ပို့စ်မှန်သမျှမှာလည်း သူ့အကြောင်း မပါတဲ့ ပို့စ် မရှိသလောက်အောင် ချစ်ခဲ့ကြတယ်။ ကျနော်တို့ အရမ်း ချစ်ခဲ့ကြသလို ကျနော်တို့ နှိပ်စက်တာကိုလည်း အတော် ခံခဲ့ရတာပါ။ သူရဲ့ သူငယ်ချင်းအပေါ် ယုံလွယ်တဲ့ စိတ်နဲ့တင်ကို ခဏခဏ အနိုင်ကျင့် ခံခဲ့ရတယ်။ အရိုးခံစိတ်နဲ့ ကျနော်တို့ကို ပေါင်းတာဆိုတော့ ကျနော်တို့ လှိမ့်သမျှလည်း ခံနေရတာပေါ့။ အဲလောက်တုံး၊ အဲလောက် အ ပါလားလို့ အပြစ်တင် မစောပါနဲ့။ ကျနော်တို့ သူငယ်ချင်း (၈) ယောက်ထဲမှာ သူက စာ အတော်ဆုံးပါ။ တစ်ကျောင်းလုံးမှာ ပထမ ရထားတဲ့ သူတစ်ယောက်ပါ။ မြန်မာစာ အရေးအသားပိုင်းမှာလည်း စာစီစာကုံး ပြိုင်ပွဲတိုင်း ပထမ ရနေကျလေ။ ကပ်သီးကပ်ဖဲ့ ပြောကြကြေးဆို သူ့ကို ဘယ်တော့မှ မနိုင်ဘူး။ ကျောင်းက လုပ်တဲ့ ကျဘန်းစကားပြော ပြိုင်ပွဲတိုင်းမှာ သူက ပထမ ရနေကျကိုး။ ကျနော် ကျောင်းတက်ရင် ဖျားလို့ နာလို့ ခဏခဏ ခွင့်ယူတတ်ပေမယ့် သူ တစ်ခါမှ ကျောင်းမပျက်ဖူးဘူး။ ကျန်းမာရေးကလည်း ဒေါင်ဒေါင်မြည်။ ခန္ဓာကိုယ်ကလည်း ထွားထွားကြိုင်းကြိုင်းနဲ့ လေ။ ရံဖန်ရံခါတောင် ဖျားလေ့မရှိတဲ့ သူ့ကို ကျနော်တို့ အားကျမိတာ အမှန်ပါ။ ဆယ်တန်း စာမေးပွဲဖြေအပြီး တက္ကသိုလ် မတက်ခင် လေးနှစ်အကြား ရရာအလုပ်ကို အယုတ်အမြတ် မရွေးဘဲ အမေကို လုပ်ကျွေးနေတဲ့ သားတစ်ယောက်၊ သူငယ်ချင်းတစ်ယောက်ကို မုန့်ဖိုး လက်ဖြန့်တောင်းပြီး ထိုင်စားနေတဲ့ ကျနော်တို့က လေးစားလျက်ပါပဲ။ ဒီလောက်တောင် လူတော်လူကောင်းလို့ ပြောလို့ရတဲ့သူ တစ်ယောက်ကို လာခေါ်တဲ့ တံခါးခေါက်သံ ကြားလိုက်ရတာတောင်၊ ထွက်သွားတာ မြင်နေရတာတောင် ကျနော်တို့တွေ မယုံနိုင်ခဲ့ဘူး။ အဖြစ်မှန်ကို လက်မခံနိုင်ခဲ့ဘူး။

ကျနော် ရန်ကုန်ကနေ ရထားစီးလို့ အိမ်ရောက်ရောက်ချင်း အမေကပြောတယ်။ “ငသက် နေမကောင်းလို့ ဆေးရုံတက်နေတာ သုံးရက်ရှိပြီ။ ဒီနေ့ ဆေးရုံဆင်းမယ် ပြောတယ်။ မင်း သွားကြည့်လိုက်ဦး။ သက်သာပြီထင်တယ်” ဆိုတဲ့ စကားကို ကြားလိုက်တော့ ကျနော် ဘယ်လိုမှ မနေမိပါဘူး။ ဒီလောက် ကျန်းမာတဲ့သူတစ်ယောက် ဘယ်လောက် ကြီးကြီးကျယ်ကျယ် ဖြစ်မှာမို့လဲပေါ့။ ဒါပေမယ့် ရုတ်တရက် ခေါင်းထဲ အတွေးတစ်ခု ဝင်လာလို့ စိုးရိမ်သွားမိတယ်။ ဒါကြောင့် အမေကို “ဘာဖြစ်လို့လဲ” လို့ အသည်းအသန် မေးလိုက်မိတယ်။ “ရိုးရိုးဖျားတယ်လို့ ပြောတာပဲ” ဆိုတဲ့ အဖြေ ကြားလိုက်မှ သက်မ ချနိုင်တော့တယ်။ ခွေးရူးပြန်ရောဂါများလား လို့ ကျနော် တွေးလိုက်မိလို့ပါ။ ဘာကြောင့် အဲလို တွေးမိရသလဲ ဆို လွန်ခဲ့တဲ့ ရှစ်လကအကြောင်းကို ပြန်ပြောရလိမ့်မယ်။

လွန်ခဲ့တဲ့ ရှစ်လက အကြောင်းကို မပြောခင် ကျနော်တို့ သူငယ်ချင်းတွေရဲ့ အလေ့အကျင့် တစ်ခုအကြောင်း အရင် ပြောပြရဦးမယ်။ ကျနော်တို့တွေ နေ့ခင်းနေ့လယ် စုမိကြပြီ ဆိုရင် တစ်ခုခု သွားစားတတ်ကြတယ်။ ယောက်ျားလေး သူငယ်ချင်း (၅) ယောက် စုစားကြတာ ဆိုတော့ စားပြီးရင် ရှင်းရမယ့် ပိုက်ဆံကလည်း မနည်းဘူး။ တစ်ယောက်တည်းက ဒိုင်ခံရှင်းဖို့ ဆိုတာလည်း ရေရည်မလွယ်ဘူး။ အလှည့်ကျ ရှင်းဖို့ ဆိုတာလည်း လက်တွေ့တော့ သိပ်အဆင်မပြေဘူး။ ငါ ဒီတစ်ခေါက် ပိုက်ဆံမပါလို့ မင်းရှင်းလိုက်ကွာ ဆိုပြီး အလှည့်ကျော်တတ်ကြလို့လေ။ ဒီတော့ မုန့်စားဖို့ ပိုက်ဆံလည်းရ၊ ဒကာလည်း အလွန်တကူ ရှာလို့ အဆင်ပြေအောင် ကျနော်တို့ လုပ်လေ့ရှိတဲ့ အလေ့အကျင့် တစ်ခုက ဖဲ စုရိုက်ကြတယ်။ မုန့်စားဖို့အတွက် သက်မှတ်ငွေက (၁၀၀၀) ကျပ် ဆိုပါစို့။ ဒါဆို တစ်ယောက်ချင်းစီရဲ့ နိုင်တဲ့ငွေ စုစုပေါင်းက (၁၀၀၀) ကျပ် ပြည့်ရင် ပွဲကို နားပြီး မုန့်ဆိုင် ဒိုးကြတယ်။ ဒါမှ မျှတမှာပေါ့။ အဲဒီမှာ ကျနော် လူလည် လုပ်ထားတာ တစ်ကွက်ရှိတယ်။ မမျှတမှန်း သိပေမယ့် သူတို့ ကျနော်ကို ဘာမှ မတတ်နိုင်တော့ ဒီအတိုင်း အလျှော့ပေးရတယ်။ သူတို့ ဖဲကစားတိုင်း ဘယ်တော့မှ ကျနော် ပါလေ့မရှိဘူး။ ဘာလို့လဲဆို ပိုက်ဆံနဲ့ ကစားတဲ့ ပွဲ မှန်သမျှ အရင်ကတည်း ကျနော် ဝင်ကစားလေ့ မရှိလို့ပါ။ အရင်ကတည်းက မကစားခဲ့တာ ဆိုတော့ သူတို့လည်း ဘာမှ မတတ်နိုင်ဘူး။ မုန့်သွားစားမယ် ဆိုလိုက်တိုင်း ကျန်တဲ့ လေးယောက်ကပဲ တစ်လှည့်စီ ရှုံးပြီး ကျနော်ကတော့ အမြဲ အနိုင်နဲ့ ပိုင်းပြီး မုန့် အသားလွတ် စားရတယ်။ မိုက်တယ်မလား။ အဲဒီ နည်းနဲ့ မုန့် ဒကာ ရှာတာ မျှတပါတယ်။ ဘာလို့လဲဆို လေးယောက်ဆော့ရင် များသောအားဖြင့် တစ်ယောက်တည်းကပဲ ဒိုင်ခံနိုင်ပြီး ကျန်တဲ့ သုံးယောက်က အနည်းနဲ့အများတော့ ရှုံးရတာချည်းပါ။ အင်မတိ အင်မတန် ကံဆိုးမှ တစ်ယောက်တည်းက ဒိုင်ခံ ရှုံးတတ်တာပါ။ အဲဒီနေ့က ငသက် တစ်ယောက်တည်း ဒိုင်ခံ ရှုံးတယ်။

ကျနော်တို့ ပိုက်ဆံ တစ်ထောင်ရလို့ မုန့်သွားစားမယ် ဆိုတော့ သူက လက်ခါပြတယ်။ “ခဏနေဦး။ ငါ့အမေအတွက် ဆေး သွားဝယ်ပေးလိုက်ဦးမယ်။ ခဏစောင့် အမြန်ပြန်လာခဲ့မယ်” လို့ ပြောပြီး သူ့ဆိုင်ကယ်မောင်းပြီး ထွက်သွားတော့တယ်။ ကျနော်တို့ ဗွီဒီယိုခွေ ကြည့်ပြီး ထိုင်စောင့်ရင်းက ရောက်သင့်တဲ့အချိန် ပြန်မရောက်တော့ ဒီကောင် လစ်ပြေးပြီလား မသိဘူးလို့ အားလုံး ဝိုင်းပြောမိကြတယ်။ နည်းနည်း ကြာတော့ လောလော လောလောနဲ့ ပြန်ရောက်လာတယ်။ ပြီးတော့ “ဟဲ့ကောင်တွေ ငါ့ကို ခွေးကိုက်လို့ကွ” လို့ ပြောတော့ သူ့ ခြေထောက်ကို ဝိုင်းကြည့်ကြတယ်။ ခြေထောက်များ အကိုက်ခံရလားပေါ့။ သူက မျက်မှောင်ကျုံ့ပြီး “#@$&#!*$#!” နဲ့ ဆဲပါတော့တယ်။ ဆဲလို့ အားရမှ “လက်ကို ကိုက်တာကွ လက်ကို” လို့ ပြောပြီး လက်ညိုးထောင်ပြမယ်။ သူ့ လက်ညိုးကို ကြည့်ပြီး ကျနော်တို့ ဝိုင်းဟားကြပါတော့တယ်။ ဟားဆို လက်ညိုး တံခါးညပ်ခံရတဲ့ အနာကမှ သူ့ထက် ကြီးဦးမယ်။ ကိုက်ခံရတယ် ဆိုတဲ့ သူ့အနာကို ကြည့်လိုက်လို့ ငြောင့်စူးရုံလောက်သာသာ။ အနာကို ဝိုင်းကြည့်နေကြရင်း သူငယ်ချင်းတစ်ယောက်က ရုတ်တရက်
“နေစမ်းပါဦး။ မင်းဟာက ထူးထူးဆန်းဆန်း။ ခွေးကိုက်တယ်လည်း ပြောသေး။ ကိုက်ခံရတော့လည်း သူများလို ခြေထောက်တို့၊ လက်မောင်းတို့ မဟုတ်ဘဲ ရှာရှာပေါက်ပေါက် လက်ညိုးမှ အကိုက်ခံရတယ်လို့ကွာ” လို့ ထဖောက်ပါတော့တယ်။ အဲဒီအခါ နောက်တစ်ယောက်ကလည်း ဝင်ဆော်တယ်။
“ထူးတော့ ထူးဆန်းတယ်ကွ။ ဘယ်ပြောနိုင်မလဲကွာ။ ဒီကောင်က ခွေးကို လက်ညိုးနဲ့ ဘာသွားလုပ်မှန်းမှ မသိတာ။ သေချာပြောစမ်း။ ခွေးက အမမှ ဟုတ်ရဲ့လား”

“အာ … မင်းတို့ကလဲကွာ။ ဖဲ့မယ်ဆိုတာချည်းပဲ။ အဖြစ်အပျက်က ဒီလိုကွ” ဆိုပြီး ဖြစ်ရပ်မှန်ကို ပြောပြပါတော့တယ်။ ကားလမ်းပေါ်မှာ သူ့ ဆိုင်ကယ်ကို အရှိန်နဲ့ မောင်းနေခဲ့တယ်။ သူ့အရှေ့က လှုပ်ပဲ့လှုပ်ပဲ့ မောင်းနေတဲ့ လိုင်းကားကို ကျော်ပစ်မယ်လို့ ဆုံးဖြတ်အပြီး ကားရဲ့ ဘယ်ကနေ ကျော်တက်ပါတော့တယ်။ လိုင်းကားကို ကျော်တက်နေတုန်း ကားခေါင်းနား အရောက်မှာ ခွေးတစ်ကောင် ရုတ်တရက် ဘွားခနဲ ပေါ်လာပါတော့တယ်။ အဲဒီခွေးကလည်း လိပ်လို သွားနေတဲ့ လိုင်းကားကို စိတ်တော် မရှည်လို့ မစောင့်တော့ဘဲ ရှေ့က ဖြတ်ကူးတာ ဖြစ်မယ်။ ရုတ်တရက် ပေါ်လာတဲ့ ခွေးကို မတိုက်မိဖို့ ဖရိတ် အုပ်လိုက်ပေမယ့် ဘယ်လိုမှ ဆိုင်ကယ် မထိန်းနိုင်တော့တဲ့အခါ ဝင်တိုက်ပစ်ဖို့တာ ရှိပါတော့တယ်။ ဘယ်လို ဘယ်လို ဖြစ်သွားသလဲ မသိလိုက်ပေမယ့် သတိရတဲ့အချိန်မှာ ကိုယ်တော်ချော ငသက်က ခွေးကို ဖက်လျက်သား။ အဲဒီအချိန်မှာပဲ အထိတ်တလန့် ဖြစ်သွားတဲ့ ခွေးက သူ့ရှေ့နား အခန့်သင့် ရှိနေတဲ့ ငသက်ရဲ့ လက်ဖဝါးကို အလန့်တကြား ဟပ်ပြီး ထွက်ပြေးသွားပါတော့တယ်။

ခွေးရူးပြန် ရောဂါနဲ့ ပတ်သက်ပြီး ဆေးပညာ ဗဟုသုတ ရှိနေတဲ့ သူ့အနေနဲ့ ကာကွယ်ဆေး ထိုးရတော့မယ်ဆိုတာ တန်းပြီး တွေးမိမှာပါ။ ချက်ကို ဆေးထိုးရတဲ့ ခေတ် မဟုတ်တော့ပေမယ့် လက်မောင်းကို ထိုးရမယ့် ဆေးဟာ တစ်စုံစာအနေနဲ့ (၃၀၀၀၀) ကျပ်လောက် ကျနိုင်တာကြောင့် သူ မတတ်နိုင်တာ အမှန်ပဲ။ သူရဲ့ ဗဟုသုတနဲ့ ဆေးပညာအသိက သူ့ကို နောက်တစ်ခု သတိပေးနေပြန်တယ်။ တကယ်တန်း လူကို ကိုက်တဲ့ ခွေးဟာ တစ်လအတွင်း ရူးပြီး မသေခဲ့ဘူးဆိုရင် ကိုက်ခံရသူရဲ့ ဒါဏ်ရာဟာ ခွေးရူးရောဂါကို မဖြစ်စေတော့ပါဘူး။ အဲဒီ အသိကြောင့် ဆေးဖိုးပိုက်ဆံ မတတ်နိုင်တာကို ချက်ချင်း တွက်ဆမိပြီးတဲ့နောက် ခွေးကို နောက်ယောင်ခံ လိုက်ပါတော့တယ်။ ဘယ်အိမ်က ခွေးလည်း သိရအောင် လိုက်ကြည့်နေတာကြောင့် သူ နောက်ကျသွားတဲ့အကြောင်း ကျနော်တို့ကို ပြောပြတယ်။ သူ အကြောင်းစုံ ပြောပြအပြီး လူငယ်ပီပီ မေ့မေ့ပျောက်ပျောက်ပဲ တဟီးဟီး တဟားဟားနဲ့ မုန့်ဆိုင်ကို ရောက်သွားပါတော့တယ်။ သူ့ခမျာ တစ်လလုံးလုံး နှစ်ရက်ခြား တစ်ခါ ခွေးကို သွားသွား ရှာနေရတော့တယ်။ ခွေးကြည့်ပြီးရင်လည်း ကျနော်အိမ် အမြဲ ဝင်လာလေ့ရှိတယ်။ သူ ဝင်လာတိုင်း “မင်းစော်နဲ့ တွေ့ခဲ့လား” လို့ သူ့ကို အမြဲ စလေ့ရှိတာ မှတ်မိနေတယ်။

(ဆက်ရန်)

တံခါးခေါက်သံများ

“ဒေါက်၊ ဒေါက်၊ ဒေါက်” ဆိုတဲ့ အသံ ကိုယ်ရဲ့ တံခါးက မြည်နေပြီဆိုရင် ဧည့်သည် တစ်ယောက်ယောက် ကိုယ့်အိမ်ရှေ့ ရောက်နေတယ်လို့ လူတိုင်း ယူဆလိုက်ကြတယ်။ ကိုယ့်တံခါးက ခေါက်သံမြည်မှတော့ ကိုယ့်အိမ် ဧည့်သည်လာတာပေါ့၊ ဒါ ဘာထူးဆန်းသလဲလို့ မေးချင်တဲ့သူတွေ ရှိပါလိမ့်မယ်။ ကျနော် ဆက်စပ်ပြီး တွေးလိုက်မိတာက တံခါးခေါက်သံ ကြားပြီး မကြာခင်မှာ အိမ်ထဲကို လူတချို့ ဝင်လာတော့မယ် ဆိုတာ သေချာသလောက်ပဲ။ တစ်ခါတလေတော့ တံခါးခေါက်တဲ့သူက အိမ်ထဲမဝင်တော့ဘဲ အိမ်ထဲကသူကို အိမ်ပြင် ခေါ်ထုတ်သွားတတ်တယ်။ ဥပမာ သူငယ်ချင်းတွေပေါ့။ သူတို့ လာရင် လက်ဘက်ရည်ဆိုင် သွားရအောင်ဆိုပြီး ခေါ်သွားလေ့ရှိတယ်။ နေ့တိုင်းလိုလို လူတိုင်းနီးပါး တံခါးခေါက်သံကို ကြားနေကြရမှာပါ။ ဒါပေမယ့် ရည်ရွယ်သူသာ ကြားရတဲ့ တံခါးခေါက်သံမျိုး ကြားဖူးကြလား မသိဘူး။ အဲဒီလို ခေါက်တတ်တဲ့သူကလည်း ဘယ်တော့မှ အထဲ မဝင်တတ်ဘူး။ အထဲကသူကိုပဲ အမြဲ ခေါ်သွားတတ်တယ်။ မှတ်မှတ်ရရ ကျနော် ဘဝမှာ အဲဒီလို တံခါးခေါက်သံမျိုး (၆) ကြိမ်တိတိ ကြားဖူးခဲ့တယ်။ ကျနော်ကို ရည်ရွယ်တာ မဟုတ်ခဲ့ပေမယ့် ပဲ့တင်သံကို သဲ့သဲ့လေး ကြားခဲ့ရတယ်။ တံခါးခေါက်သံနဲ့အတူ လူတစ်ယောက် အမြဲ ပါသွားပေမယ့် ကျနော်အတွက် တစ်ဘဝလုံး မမေ့နိုင်တဲ့ စွမ်းအားတွေကို ချန်သွားခဲ့တယ်။ (၆) ကြိမ်လုံးလုံး တံခါးခေါက်ခဲ့သူက တခြားသူ မဟုတ်ပါဘူး။ ကျနော်တို့နဲ့ အမြဲ ရင်းနှီးနေတဲ့ သေမင်းပါ။

ပထမဆုံး သေခြင်းရဲ့ တံခါးခေါက်သံကို ကြားရတော့ ကျနော် အသက် (၂၁) နှစ် ရှိပါပြီ။ သေခြင်းတရားနဲ့ ပထမဆုံး ရင်းနှီးခွင့် ရခဲ့ခြင်းပါပဲ။ ကျနော် ရန်ကုန်မှာ ကျောင်းတက်နေတုန်း မန်းအိမ်က ဖုန်းတစ်ကော ဝင်လာတာက ကျနော့အဘွား ဆုံးပြီတဲ့။ ဖုန်းချပြီး တခဏမှာပဲ ကျနော်ဟာ ရှော့ရိုက်ခံထားရတဲ့ လူတစ်ယောက်လို အားအင်တွေ ချိနဲ့ပြီး ဘာမှ လုပ်ချင် ကိုင်ချင်စိတ် မရှိတော့ပါဘူး။ အကြောင်းအရင်းက အဘွား ဆုံးသွားလို့ပေါ့။ သိပ်ချစ်လို့လို့ မထင်လိုက်ကြပါနဲ့။ ကျနော်ဘဝမှာ အမုန်းဆုံးလူကို ပြပါ ဆိုရင် အဲဒီ အဘွားကို လက်ညိုးထိုးပြရမှာပါ။ ဒါပေမယ့် ဒီနေ့ဒီအချိန် ကိုယ့်အားကိုယ်ကိုးပြီး ဒီအဆင့်အတန်း ရောက်နေလို့ ကျေးဇူးတင်ရမယ့်သူကို ပြပါဆိုရင်လည်း သူ့ကိုပဲ ညွှန်ရမှာပါ။ မိဘ ပြီးရင်ပေါ့။ ဘာကြောင့် အဲဒီလောက် မုန်းခဲ့ရသလဲ ဆိုတာကို အခွင့်သင့်ရင် ပို့စ်အနေနဲ့ ရေးပါဦးမယ်။ ကျနော် သူ့ကို သိပ်မုန်းခဲ့လို့ တစ်နေ့နေ့ တစ်ချိန်ချိန် ကလဲ့စားပြန်ချေဖို့ ကျနော် ကြိုးစားခဲ့တာပါ။ ကျနော် အသက် (၂၁) နှစ် ပြည့်တဲ့အချိန်အထိ ကျနော် ကြိုးစားခဲ့သမျှရဲ့ အကြီးမားဆုံး အကြောင်းအရင်းက သူ့ကို လက်စားချေဖို့ပါ။ သူ ကျနော်အပေါ် ပြုမူခဲ့သမျှ ဆတူ သူ ပြန်ခံစားစေရမယ် ဆိုတဲ့ အာဃာတ တွေနဲ့ပေါ့။ အခွင့်သင့်တာနဲ့ နာပြီ မှတ်လို့ တေးနေခဲ့တာ အချိန်တိုင်းပဲ။ အဲဒီအဘွားက ကျနော်နဲ့ မွေးကတည်းက အတူနေလာပြီး အသက် (၁၆) နှစ်သား အရွယ်မှ အိမ်ခွဲသွားခဲ့တယ်။ ကျနော်ရဲ့ ငယ်ဘဝ စိတ်အနာတရ အများဆုံးဟာ သူကြောင့် ဖြစ်ခဲ့တာပါ။ ဒါကြောင့်လည်း ကျနော် အဲဒီလောက် ငြှိုးနေခဲ့တာပေါ့။ ဒေါသတွေ အာဃာတတွေဟာ ဘယ်လောက် ပူလောင်သလဲဆိုတာကို ဖြစ်နေတုန်းတော့ ဘယ်လိုလုပ် သွားသိနိုင်မှာလဲ။ ဘယ်လောက်အထိ ပူလောင်နေမယ်ဆိုတာ မှန်းဆလို့ ရလောက်ပါတယ်။

ကျနော် ဒီလောက် မုန်းတဲ့ အဘွား ဆုံးသွားပြီလို့ သိလိုက်ရတဲ့ အချိန်မှာ ဘယ်လို ခံစားသွားရမယ်လို့ ထင်သလဲ။ “ကောင်းကွာ၊ ငါရဲ့ မဟာ ရန်သူကြီး မရှိတော့ဘူး” ဆိုပြီး ပျော်နေမယ်လို့ ထင်မိပါသလား။ ကျနော် အဲဒီ သတင်းကို ရပြီး တခဏမှာ ခံစားရတဲ့ ခံစားချက်ကို တင်စားပြီး ပြောရမယ်ဆိုရင် လေးနဲ့မြားကို ပစ်ဖို့ အသင့်ပြင်ထားပြီး ချိန်ရွယ်နေတုန်း ပစ်မှန်း ပျောက်ပြီး ရှာလို့ကို မရတော့တဲ့ ခံစားချက်လိုပါပဲ။ ငယ်ငယ်က ကျနော်ကို ခဲသေးသေးနဲ့ ပေါက်ခဲ့လို့ ကျနော် သူ့ကို ခဲကြီးကြီးနဲ့ ပြန်ပေါက်ပစ်ချင်ခဲ့တယ်။ ဒါပေမယ့် ငယ်သေးတော့ ခဲကြီးကြီးကို မ နိုင်အောင် နေ့တိုင်း လေ့ကျင့်နေခဲ့တယ်။ နည်းနည်း လေးတာကို မ နိုင်ပြီဆိုရင် ဒီထက် လေးတာကို မ နိုင်အောင် ဆက်လေ့ကျင့်ခဲ့တယ်။ အခု အရွယ်ရောက်တော့ ကားကြီးလောက် ကြီးတဲ့ ကျောက်ခဲကို မ ပြီး ပေါက်ပစ်မယ် စိတ်ကူးကာမှ ပေါက်ရမယ့်သူ အနားမှာ မရှိတော့ဘူး။ ဘယ်နားမှာမှ မရှိနိုင်တော့ဘူး။ ဒီတော့ မနည်းကို မနိုင်မနင်း မ ထားတဲ့ ကျောက်ခဲကို ကျနော် ဘယ်လို လုပ်ရတော့မလဲ။ အရင်အရင်က များများ မ နိုင်အောင် အပင်ပန်းခံခဲ့တာတွေကကော ဘာအဓိပ္ပာယ် ရှိနေသေးလဲ။ ခက်တာက အဲဒီ ကျောက်ခဲကြီး မထားတာ ဘယ်သူမှ မမြင်ဘူး။ တစ်ယောက်တည်း မ ပြီး တစ်ယောက်တည်း ပင်ပန်းနေခဲ့မိတယ်။ ကာယကံရှင်ဖြစ်တဲ့ အဘွားတောင် သိသွားပါ့မလား မပြောတတ်ဘူး။ တကယ်တမ်းတော့ ရန်ငြိုးထားတတ်တဲ့သူဟာ ကျောက်ခဲကြီး ရွက်ပြီး ပစ်ဖို့ အခါအခွင့် စောင့်နေတဲ့သူနဲ့ တူမှန်း အဲဒီနေ့ကမှ သိခဲ့ရတယ်။ ရန်ငြိုးနဲ့ တူတဲ့ ကျောက်ခဲကြီးကို (၂၁) နှစ်လုံးလုံး ရွက်ပြီး သွားနေခဲ့မိတာ အဲဒီအချိန်မှ မျက်လုံးထဲ မြင်ယောင်လာမိတယ်။ ပစ်ချမယ်လို့ ဆုံးဖြတ်ပြန်တော့လည်း ပစ်ချင်တဲ့သူက မရှိပြန်တော့ဘူး။ ဒီအတိုင်း လွှတ်ချပစ်ရမှာလဲ စိတ်ထဲက မအီမသာ။ ဒီအတိုင်း ရွက်ထားဖို့ ဆိုတာကလည်း လေးမှလေး။ နောက်ဆုံးတော့ ရွက်ထားတဲ့ အာဃာတ အငြိုးတွေကို လွှတ်ချနိုင်လိုက်သလို အဲဒီအချိန်ကစပြီး ဘယ်တော့မှ ကျောက်ခဲ ထပ်မရွက်တော့ဘူးလို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တယ်။

ပထမဆုံး သေမင်းရဲ့ တံခါးခေါက်သံနဲ့ အတူ အဘွား လိုက်ပါသွားခဲ့သလို သူနဲ့အတူ အာဃာတ အငြိုးတွေပါ ထည့်ပေးလိုက် နိုင်ခဲ့တယ်။ အဲဒီ အချိန်ကစပြီး ဟန်မူရာဘီ ကိုဒ ဥပဒေလို မျက်လုံးတစ်ဖက် အတွက် မျက်လုံးတစ်ဖက် ပြန်ဖောက်ကြေး ဆိုတဲ့ ကလဲ့စား ချေမှုမျိုး၊ ရန်ငြိုးထားမှုမျိုး မရှိတော့ဘဲ အသွင်တစ်မျိုး ပြောင်းသွားပါတော့တယ်။ “ငါ့ကို မဲ့ပြတဲ့သူ ပြုံးလာအောင် လုပ်ပြမယ်” “ငါ့ကို မုန်းနေတဲ့သူ ချစ်လာအောင် နေပြမယ်” ဆိုတဲ့ ခံယူချက်နဲ့အတူ ဘဝကို ဆက်လက် ဖြတ်သန်းလာခဲ့ပါတယ်။

“ဒေါသကို မေတ္တာဖြင့်သာ အောင်နိုင်ရာ၏”

(ဆက်ရန်)

လက်ထပ်ခွင့် ပြုပါ

ပထမဆုံး အကြိမ် ကျနော် သူ့ကို လက်ထပ်ခွင့်တောင်းခဲ့တာ ခြောက်နှစ်သား အရွယ်ကပေါ့။
ငါ မင်း ယောက်ျား လုပ်မယ်။ ဒါဆို နင်က ငါ့ မိန်းမဖြစ်ပြီ။” လို့ ပြောတော့
ဟင့်အင်း” လို့ပဲ ရိုးရိုး ပြန်ငြင်းလိုက်တယ်။
ဟုတ်တယ်
ဟုတ်ဘူးပဲ” လို့ ပြောပြီး အိမ်ထဲက ပြေးထွက်သွားတယ်။
ခဏလေး ကြာတော့ ကျနော်လည်း ထွက်လာခဲ့လိုက်တယ်။ အိမ်ထဲမှာ တစ်ယောက်တည်း ကစားရတာ အတော် ပျင်းစရာ ကောင်းတာပါကလား။

ဒုတိယအကြိမ် လက်ထပ်ခွင့် တောင်းခဲ့တာ ကျနော်တို့ (၁၄) နှစ်သားလောက်ကပေါ့။ နှစ်စဉ် လုပ်နေကျဖြစ်တဲ့ ကျောင်း ကပွဲတစ်ပွဲမှာ ကျနော်တို့ နှစ်ယောက် တွဲ က ရတယ်လေ။ အ၀တ်လဲခန်းကနေ သူ ထွက်အလာကို ကျနော် စောင့်နေခဲ့တယ်။ အ၀တ်လဲခန်းကနေ ထွက်လာတော့ ပန်းရောင်ဝတ်စုံလေးနဲ့ သူ့ကို မြင်ရတော့ အသက်ရှူတောင် မ၀ချင်တော့ဘူး။ နတ်ပြည်ကနေ ဆင်းလာတဲ့ နတ်သမီးလေး အလား လှရက်လွန်းလို့ ပြောမယ့်စကားတွေတောင် ရှာမရဘဲ ပါးစပ်လေး အဟောင်းသားနဲ့ သူ့ကို ငေးနေမိတော့တယ်။
ဟေ့ … ဘာကြည့်နေတာလဲ” လို့ ကျနော်ကို ကြည့်ရင်း ပြုံးစိစိနဲ့ လှမ်းမေးတယ်။
ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ ကျနော် ရုတ်တရက် ပြောချလိုက်တော့ ပြုံးနေရာကနေ စပ်ဖြဲဖြဲလုပ်ပြီး ခဏကြာတော့ ရယ်ချပါတော့တယ်။ ကျနော် အပြစ်မယူပါဘူး။ သူ့မျက်လုံးတွေ လင်းလက်နေတာ ကျနော် မြင်နေရတာကိုး။ ရယ်ရင်းနဲ့ပဲ သူ ကျနော်လက်ကို ဆွဲရင်း ကပွဲစင်ပေါ် တက်သွားတော့တယ်။

တတိယအကြိမ် ကျနော် သူ့ကို လက်ထပ်ဖို့ ပြောခဲ့တာ သူ့ရဲ့ တစ်ဆယ့်ခြောက်နှစ်မြောက် မွေးနေ့မှာပါ။ ကျနော်တို့ အဲဒီနေ့က တခြား သူငယ်ချင်းတွေနဲ့ ပျော်ပွဲစား ထွက်ခဲ့ကြတယ်။ သူငယ်ချင်းတွေ ဘာဂိမ်း ထပ်ကစားရင် ကောင်းမလဲလို့ ငြင်းခုန်နေကြတဲ့ အချိန်မှာ ကျနော်နဲ့သူနဲ့ သစ်ပင်တစ်ပင်အောက်မှာ ထိုင်နေခဲ့ကြတယ်။ ငြင်းနေ ခုန်နေကြတာကို ကြည့်ရင်း ရယ်ရွှင်နေတဲ့ သူ့ကို ကျနော် ကြည့်လို့မဝ ဖြစ်နေခဲ့တယ်။ သူ့ရယ်သံဟာ ဆည်းလည်းသံလေးလို ချိုမြနေတယ်။ ကျနော် ဘေးနားမှာ ပေါက်နေတဲ့ ဂန္ဓမာပန်းပွင့်လေးကို ခူးလိုက်ပြီး သူ့ကို ကမ်းပေးလိုက်ရင်း
ငါရဲ့ ဘဝလက်တွဲဖော်အဖြစ် နေပေးပါလား
လို့ ပြောလိုက်တယ်။ သူ ပန်းပွင့်ကို ကြည့်ပြီး အားရပါးရ ထပ်ရယ်ပြန်တယ်။ ပန်းပွင့်ကို သူ လှမ်းယူလိုက်ပြီး သူငယ်ချင်းတွေ ရှိရာကို သူ ပြေးသွားတယ်။ ကျနော်လည်း အူတိအူကြောင်နဲ့ပဲ နောက်က လိုက်သွားခဲ့တယ်။

စတုတ္ထအကြိမ်ကတော့ အသက် (၁၈) နှစ်မှာပါ။ တက္ကသိုလ်ထဲက ကန်တင်းမှာ သောက်လက်စ လိမ္မော်ဖျော်ရည်ခွက်ကို ကိုင်ရင်း စကားပြောနေဖြစ်တယ်။ သူ နောက်ဆုံး ဖတ်ခဲ့တဲ့ ကဗျာတစ်ပုဒ်ဟာ ဘယ်လောက်ကောင်းသလဲ ဆိုတာ ကျနော်ကို ပြောပြနေတယ်။ အချိန်တော်တော်ကြာ မနားတမ်း စကားပြောပြီး သူ ရပ်သွားတယ်။
အဲ … နင် ဘာဖြစ်နေတာလဲ။ ဘာတစ်ခွန်းမှလည်း ပြန်မပြောပါလား” လို့ သူ ကျနော်ကို မေးလိုက်တယ်။ ကျနော် သူရဲ့ လှပလွန်းတဲ့ မျက်ဝန်းလေးတွေကို အသေအချာ ကြည့်လိုက်ပြီး
ငါဘဝရဲ့ အချိန်တွေ အားလုံးကို နင်နဲ့အတူပဲ ကုန်ဆုံးလိုက်ချင်တယ်။ ငါ့ကို လက်ထပ်ခွင့် ပြုပါလား” လို့ မေးလိုက်တော့ အရင်လိုပဲ ဟားတိုက်ပြီး ရယ်ပြန်တယ်။
ငါတို့တွေ အိမ်ထောင်ပြုဖို့ အရွယ်မှ မရောက်သေးဘဲ” လို့ ပြန်ဖြေပြီး သူ့ကဗျာတွေ အကြောင်းပဲ တရစပ် ပြောနေတော့တယ်။

ငါးကြိမ်မြောက် ခွင့်ပန်ခဲ့တာ ကျနော်တို့ ဘွဲ့ယူတဲ့နေ့မှာပါ။ ကျနော်တို့ နှစ်ယောက်လုံး အသက် နှစ်ဆယ့်တစ်နှစ် ရှိနေပါပြီ။ ကျနော် ဒူးတစ်ဘက် ဒေါက်၊ နှင်းဆီပန်းတစ်ပွင့် လက်ထဲမှာကိုင်ပြီး သူ့ကို မရဲတရဲ ဖွင့်ပြောခဲ့တယ်။
အခု နင်ရဲ့ ဘဝလက်တွဲဖော် အဖြစ် ခွင့်ပြုမယ်မလား
ဒီတစ်ကြိမ်တော့ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ဖြေတယ်။
နင် ကြည့်ရတာ အမြဲ အလောတကြီးနဲ့နော်။ ဘွဲလွန်သင်တန်းတွေ တက်ဦးမယ်လို့ နင် စိတ်ကူးထားတာ မဟုတ်လား
ကျနော် ဘာပြောလို ပြောရမှန်း မသိဖြစ်သွားတယ်။ မတ်တပ် ပြန်ရပ်လိုက်ပြီး ဘွဲ့နှင်းသဘင် ခန်းမထဲကို သူနဲ့အတူ လျှောက်ဝင်သွားလိုက်တယ်။

လေးနှစ်ကြာတော့ ကျနော် တက်ခဲ့တဲ့ မဟာဘွဲ့လည်း ရပြီ။ နိုင်ငံတကာ ကုမ္ပဏီတစ်ခုမှာလည်း အလုပ်ရပါပြီ။ သူ ချိန်းဆိုထားတဲ့ အအေးဆိုင်တစ်ဆိုင်မှာ ကျနော်တို့ နှစ်ယောက် ထိုင်ဖြစ်ကြတယ်။
ဒီလေးနှစ်အတွင်း နင် ငါ့ကို လက်ထပ်ခွင့် မတောင်းခဲ့ဘူးနော်။ ဘာဖြစ်လို့လဲ။ အေးပေါ့လေ။ လူဆိုတာကလည်း အပြောင်းအလဲ မြန်တတ်တာပဲ မဟုတ်လား” လို့ ခပ်ပြုံးပြုံးလေးနဲ့ သူ ကျနော်ကို ပြောလိုက်တယ်။
နင် ဘယ်လို ထင်လို့လဲ
ငါ နင့်ကို နောက်တစ်ခေါက် ထပ်ငြင်းမှာကို နင့်အနေနဲ့ ခံနိုင်ရည် မရှိတော့ဘူးလို့ ထင်တယ်
ဒါပေမယ့် ငါ မှတ်မိသလောက် နင် အခုချိန်ထိ တစ်ခါမှ ပြတ်ပြတ်သားသား မငြင်းဖူးဘူးလေ။ နင် ငါ့ကို နိုးလို့ တစ်ခါမှ မပြောဖူးသေးဘူး
ငါ ပြောဖူးပါတယ်။ အဲဒီတုန်းက ငါတို့ ခြောက်နှစ်ပဲ ရှိသေးတယ်
အော် သူ မှတ်မိသားပဲ” လို့ ကိုယ့်ဖာသာ ရေရွတ်လိုက်မိတယ်။ တခဏအတွင်း အတိတ်ကို ပြန်မြင်ယောင်လိုက်တော့ ပြုံးနေမိတယ်။
ကျနော် ရေခဲမုန့် တစ်ဇွန်း ခပ်လိုက်ပြီး သူစားဖို့ ထိုးပေးလိုက်တယ်။ နောက်ပြီး
အင်း ဟုတ်တာပေါ့။ နင် ငါ့ကို တစ်ခါ ငြင်းခဲ့ဖူးတာပဲ” လို့ ပြောလိုက်တော့
အဲဒီတော့ …. ” လို့ ပြောပြီး ကျနော် လှမ်းထားတဲ့ ရေခဲမုန့်ကို စားလိုက်တယ်။
အဲဒီတော့ ဘာမှ မဟုတ်ပါဘူး
သူ မပြုံးနိုင်တော့ဘဲ မျက်လုံးလေး ပေကလပ် ပေကလပ်လုပ်နေတယ်။
ကောင်းပြီလေ။ ငါ့စိတ်တွေ ပြောင်းသွားပြီလို့ နင် ထင်ထားတာလား

ငါ မသိဘူး” လို့ ပြန်ဖြေပြီး မှိုင်နေတော့တယ်။ သူ မှိုင်နေတာတောင် အင်မတန်မှ ချစ်စရာ ကောင်းနေပါလား။ သူ့ကို ခပ်ကြာကြာ စိုက်ကြည့်နေမိပြီး
ဒီတစ်ခါ နင့်ကို ငါက လက်ထပ်ယူဖို့ နင့်အနေနဲ့ ဘာလို့ မတောင်းဆိုရတာလဲ
ငါက ….” လို့ မျက်လုံး အပြူးသား အံ့သြနေတဲ့ မျက်နှာနဲ့ လှမ်းပြောလိုက်တယ်။
အင်းလေ။ ဘာဖြစ်လို့လေ။ ဘာမှားနေလို့လဲ
မဟုတ်သေးပါဘူး
နင် ငါ့ကို နောက်ထပ်တစ်ခါ ထပ်ငြင်းလိုက်တာလား
အာ … မဟုတ်ဘူး။ မဟုတ်ဘူး” လို့ ခပ်မြန်မြန် ဖြေလိုက်တယ်။
ဒါဆို လက်ခံလိုက်တာပေါ့ ဟုတ်လား

ကျနော် ဘယ်ခွင်ဆင်နေသလဲဆိုတာ သူ သိသွားတော့ ကျနော်ကို လျှာထုတ်ပြပြီး သူ့ ရေခဲမုန့်ပဲ သဲကြီးမဲကြီး စားနေတော့တယ်။
ဟေ့” ကျနော် သူ့လက်ကို ဖမ်းဆုတ်ထားလိုက်ပြီး ပြောလိုက်တယ်။
လက်ထပ်ခွင့် ပြုနော်
သူ နှာခေါင်းလေးကို ရှုံ့ပြီး ပြန်ပြောတယ်။
နင်က သေချာလို့လား
ကျနော် ခြောက်နှစ်သားကတည်းက သေချာနေခဲ့ပြီးပြီပဲ။ ကျနော် ခပ်ရိုးရိုးလေးပဲ ဖြေလိုက်တယ်။ “အင်း” လို့။ ကျနော် ဒီတစ်သက် မမေ့နိုင်တဲ့ အပြုံးတစ်ခုနဲ့ အတူ သူ ခေါင်းညိတ်ပြတာ မြင်လိုက်ရတယ်။

စနစ်တကျ တင်ပြခြင်း

ခံစားချက် ရှိတဲ့ လူသားတိုင်း ကိုယ်ရဲ့ ခံစားချက်ကို ကိုယ့်ကိုယ်ကို (သို့) တခြားသူ တစ်ဦးဦးကို အမြဲတမ်း ပြောလေ့ရှိပါတယ်။ အဲဒီလို ပြောပြ၊ ရှင်းပြ၊ တင်ပြတဲ့ အခါမှာ တစ်ဖက်သူက တစ်ခါတည်း နားလည်၊ နားရှင်းသွားတာ ရှိသလို ဘယ်လိုမှ သဘောမပေါက်နိုင်တာလည်း ဖြစ်နိုင်တယ်။ တစ်ယောက် ပြောတဲ့ စကားကို တခြားတစ်ဘက် နားထောင်သူက နားမလည်ရတဲ့ အကြောင်းအရင်း ( ၄ ) ခု ရှိပါတယ်။
၁။ ပြောသူဟာ ရှင်းလင်းအောင် မတင်ပြတတ်ခြင်း
၂။ နားထောင်သူ အာရုံ မစူးစိုက်ခြင်း
၃။ ပြောကြားသော အကြောင်းအရာ ကိုယ်နှိုက်က မရှင်းလင်းခြင်း
၎။ ပတ်ဝန်းကျင် မကောင်းခြင်း (ဆူညံသော၊ အာရုံမစူးစိုက်နိုင်သော ပတ်ဝန်ကျင်၌ ပြောကြားခြင်း) တို့ပဲ ဖြစ်ပါတယ်။ ပြောသူ ဘယ်သူမဆို ကိုယ်ပြောတဲ့ စကားကို နားလည်စေချင်လို့သာ ပြောခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ဘယ်သူမဆို နားလည်ဖို့ ရည်ရွယ်ပြီးတော့ပဲ ပြောပါလိမ့်မယ်။ ဒါပေမယ့် ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို တစ်ချက်တည်း သူတပါး နားဝင်အောင်၊ နားလည်အောင် ပြောနိုင်ဖို့ ဆိုတာ အင်မတန် ခက်ပါတယ်။ ဒီသဘောတရားဟာ လူတိုင်း ကြုံတွေ့နေကျမို့ အကျယ်တဝံ့ ရှင်းပြနေဖို့ မလိုလောက်ပါဘူး။ တစ်ဘက်သူ နားမလည်ရတဲ့ အကြောင်းအရင်း (၄) ရပ်ထဲမှာ နံပါတ် (၂) နဲ့ နံပါတ် (၄) နဲ့က ဆက်စပ်မှု ရှိနေပါတယ်။ အာရုံမစူးစိုက်ခြင်း ဆိုတာ စိတ်မဝင်စားခြင်းနဲ့ သဘောတရား အတူတူပါပဲ။ တစ်ဖက်သူ စိတ်မဝင်စားနိုင်တဲ့ အကြောင်းအရာကို ပြောနေရင်လည်း ပြောသူသာ မောမယ်။ နားထောင်သူဟာ သဘောပေါက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူး။ သဘောပေါက်ဖို့ ကြိုးစားပေမယ့် စိတ်ဝင်စားလို့ မရတဲ့ ပတ်ဝန်းကျင်မှာ ပြောမယ်ဆိုရင်လည်း နားလည်မှာ မဟုတ်ပါဘူး။ ကိုယ်ပြောတဲ့ သဘောတရားဟာ အင်မတန်မှ နက်နဲပြီး ရှုပ်ထွေးနေရင်လည်း နားလည်ဖို့ အင်မတန် ခဲယဉ်းပါလိမ့်မယ်။ အခု ဒီပို့စ်ဟာ နံပါတ် (၁) ဖြစ်တဲ့ “ပြောသူဟာ ရှင်းလင်းအောင် မတင်ပြတတ်ခြင်း” ရဲ့ အရေးပါမှုကို တင်ပြချင်လို့ပါ။ ဒါပေမယ့် ကျမ်းတစ်စောင်အနေနဲ့ တင်ပြဖို့ စိတ်ကူး မရှိတာကြောင့် ပေါ့ပေါ့ပါးပါးပဲ ရေးပါရစေ။ ခေါင်းစဉ်နာမည် ပေးထားတာ တအား လေးနေပါလိမ့်မယ်။ ဒါပေမယ့် ပြောမယ့် အကြောင်းအရာနဲ့ တိုက်ရိုက် ပတ်သက်နေတာကြောင့် ဒီခေါင်းစဉ်ကိုပဲ ရွေးချယ်လိုက်ပါတယ်။

ကျနော်တို့ အနေနဲ့ ကိုယ်ရဲ့ ခံစားချက် (သို့) အချက်အလက်ကို တင်ပြတော့မယ်ဆိုရင် ကိုယ်ကိုယ်တိုင်က အဲဒီ တင်ပြမယ့် အကြောင်းအရာကို ဂဃနဏ သိနေမှ ဖြစ်ပါမယ်။ ကျနော် အမြဲတမ်း ခံယူထားတဲ့ ခံယူချက် တစ်ခု ရှိပါတယ်။
အကြောင်းအရာတစ်ခုကို ဘယ်လောက် ရှင်းအောင် ရေးပြနိုင်သလဲဆိုတာကို ကြည့်ပြီး ရေးသူအနေနဲ့ အဲဒီ အကြောင်းအရာအပေါ် ဘယ်လောက် နားလည်သလဲဆိုတာ တွက်ဆနိုင်ပါတယ်။
ကျနော် ဘာသာရေး စာပေတွေကို ဖတ်တဲ့အခါမှာ အဲဒီ ပေတံနဲ့ အမြဲတမ်း တိုင်းတာပါတယ်။ လယ်တီဆရာတော်၊ မဟာစည်ဆရာတော်၊ မဟာဂန္ဓာရုံဆရာတော် တွေနဲ့ စာတွေကို ဖတ်ရတာ ဘယ်လောက် နက်နဲနက်နဲ ဖတ်တဲ့သူအနေနဲ့ ရှင်းရှင်းဘွင်းဘွင်း နားလည်နိုင်ပါတယ်။ ဒါပေမယ့် အဲဒီစာတွေကိုပဲ လူပုဂ္ဂိုလ်တချို့ ရေးတာကို ဖတ်တဲ့အခါ ဖတ်ရင်းနဲ့လည်ပြီး စာပိုဒ်သာ ဆုံးသွားတယ်၊ လိုရင်း ထွက်မလာဘူး။ အဲဒီလိုဆိုရင် ရေးသူဟာ သူကိုယ်တိုင် အဲဒီ သဘောတရားကို နားမလည်တာကြောင့် နားလည်အောင် မရေးနိုင်ဘူးလို့ ယူဆပါတယ်။ ဒါကြောင့် ကျနော်အမြင်က ကိုယ်တင်ပြချင်တာကို တဖက်သူ နားလည်စေချင်တယ်ဆိုရင် ကိုယ်ကိုယ်နှိုက်က နားလည်ဖို့ အရင် ကြိုးစားသင့်ပါတယ်။ ကြုံတုန်း အကြံကောင်းတစ်ခု ပေးချင်ပါတယ်။ စာအုပ်တွေ ဖတ်တဲ့အခါမှာ ကိုယ်နားလည်ရုံ ဖတ်တာထက် သူများ နားလည်အောင် ရှင်းပြဖို့ ရည်ရွယ်ပြီး ဖတ်သင့်ပါတယ်။ ဒီသဘောတရားကို သူများကို စာသင်ပေးမှ သဘောပေါက်လာတာပါ။ သင်္ချာ ပုစ္ဆာတစ်ပုဒ်ကို ကိုယ်တိုင် တွက်တတ်ရုံနဲ့ ပိုင်နိုင်ပြီလို့ မယူဆပါနဲ့။ သူများလည်း တွက်တတ်အောင် ရှင်းပြနိုင်မှ ပိုင်နိုင်တယ်လို့ ယူဆပါတယ်။ စမ်းကြည့်ပါ။ ကိုယ်နားလည်ရုံ ဖတ်တာနဲ့ သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်တဲ့ စာက ဘယ်ဟာ ကိုယ့်အတွက် ပို ကျန်မလဲဆိုတာ။ သေချာတာက သူများ နားလည်ဖို့ ရည်ရွယ်ပြီး ဖတ်မယ်ဆိုရင် သူတို့ မေးလာမယ့် မေးခွန်းတွေအတွက် ကျေနပ်လောက်မယ့် အဖြေပါ တပါတည်း စဉ်းစားရတာကြောင့် ပိုပြီးတော့လည်း ပင်ပန်းပါလိမ့်မယ်။ ကျနော် အမြဲ သူများအတွက်ပဲ စာဖတ်ပါတယ်။ သူများကို ပေးမယ့်သူက ကိုယ်တိုင်လည်း ရှိဦးမှကိုး။

လက်လွတ်စပယ် ပြောတဲ့ စကားနဲ့ အာမေဋိတ်က လွဲလို့ ဘယ် စကားမဆို ပြောရင်း ရည်ရွယ်ချက် ရှိပါလိမ့်မယ်။ အပြန်အလှန် အားဖြင့် ကိုယ်က စကားတစ်ခွန်း ပြောတော့မယ် (သို့) အကြောင်းတစ်ရပ် တင်ပြတော့မယ် ဆိုရင်လည်း ရည်ရွယ်ချက်ကို အရင် စဉ်းစားရပါမယ်။ လုပ်ငန်းရှင်ကို စီမံကိန်းတစ်ခု တင်ပြတယ်ဆိုရင်လည်း အဲဒီ စီမံကိန်းကို အတည်ပြုစေချင်တဲ့ ရည်ရွယ်ချက် ရှိသလိုပဲ အလှူရှင်တွေကို ခေါ်ယူတင်ပြရင်လည်း ဒီထက်ဒီ လှူချင်စိတ်ဖြစ်အောင်၊ သဒ္ဒါ ပွားအောင်ဆိုတဲ့ ရည်ရွယ်ချက် ရှိပါတယ်။ စကားပြောရင်လည်း ဒီအတိုင်းပါပဲ။ ဒါကြောင့် မတင်ပြခင်၊ မပြောခင် ရည်ရွယ်ချက် ပြတ်သားဖို့ လိုတယ်။ ရည်ရွယ်ချက်ကို သိမှ သတိထားဖို့တွေ နားလည်လာမယ်။ ဥပမာ လှူစေချင်လို့ ပြောတဲ့စကားထဲမှာ သဒ္ဒါပျက်စေတဲ့ အကြောင်းအရာတွေ ပါလို့ မဖြစ်ဘူး။ ရည်ရွယ်ချက်ကို သိမှလည်းပဲ အဲဒီ ရည်ရွယ်ချက်ကို အထမြောက်ဖို့ ဘယ်လို လမ်းကြောင်းမလဲ ဆိုတာ စဉ်းစားလို့ရမယ်။ ကျနော် ပုံပြင်လေး တစ်ပုဒ်နဲ့ ဥပမာ ပြပါရစေ။

xxxxxx ဝဝဝဝဝဝဝဝ xxxxxx

အင်မတန် သာယာတဲ့ နံနက်ခင်းလေး တစ်ခုမှာ အပူရှိန်ဟာ ပူလွန်းတယ်ဆိုလည်း မဟုတ်၊ အေးလွန်းတယ် ဆိုလည်း မဟုတ်။ နေလို့ ကောင်းတဲ့ အပူရှိန်ကြောင့် နေရောင်ခြည် အောက်မှာ လမ်းလျှောက်တဲ့သူ၊ အားကစား လုပ်နေတဲ့ သူနဲ့ ပန်းခြံထဲမှာ လူတွေ ပြည့်နေတယ်။ သစ်ပင် ပန်းမာန်တွေနဲ့ ထူထပ်နေပေမယ့် ပန်းခြံထဲက ကွင်းပြင်တစ်ခုလုံးဟာ စလိုက်မီးတွေ အမြောက်အမြား ထိုးထားတဲ့ ကဇာတ်ခုံနဲ့ တူနေပါတယ်။ မြူမှုန်တွေနဲ့ ခပ်ပြပြ ဖြစ်နေတဲ့ ကွင်းပြင်ကြီးမှာ ကခုန်နေတဲ့ ကလေးတွေရဲ့ ပျော်ပါး လွတ်လပ်တဲ့ အမူအရာတွေနဲ့ မြင်ရတာ ကြည်နူးစရာ ကောင်းပေမယ့် တစ်ဝမ်းတစ်ခါးအတွက် ကြိုးစားနေရရှာတဲ့ ကလေးမလေးအတွက်လည်း ကရုဏာ သက်စရာပါ။ ကလေးငယ်ရဲ့ ချစ်စဖွယ် မျက်နှာပေးကို သူ့ရဲ့ ချိုင့်ဝင်နေတဲ့ မျက်လုံးနှစ်ဘက်က မဖျက်ဆီးနိုင်ပါဘူး။ တခြား ကလေးငယ်တွေလို မပျော်ပါးနိုင်ဘဲ လမ်းဘေး မြတ်ခင်းပြင်လေးမှာ ဒူးလေးထောက်ပြီး ဝမ်းစာအတွက် ရှာကြံနေတဲ့ ကလေးမလေးကို သနားစာနာသူ တချို့တော့ တစ်ရာ နှစ်ရာ စွန့်ကြဲသွားကြတာပေါ့။ သူရဲ့ လည်ပင်းမှာ ချိတ်ထားတဲ့ စာက ဒီလို ရေးထားတယ်။

ကျမ မျက်စိ မမြင်ရလို့ သနားကြပါ

တဲ့။

ကလေးမလေးရဲ့ တောင်းတဲ့ ပန်းကန်ထဲမှာ ပိုက်ဆံ အနည်းအကျဉ်း ရောက်နေပါပြီ။ အဲဒီအချိန်မှာ လူကြီးတစ်ယောက် ရောက်လာပြီး ငွေ နှစ်ရာ ထည့်လိုက်တယ်။ နောက်ပြီး ကလေးမဆီက ဆိုင်းဘုတ် ခဏတောင်းပြီး စာတချို့ ရေးလိုက်ပြီး လည်ပင်းမှာ ပြန်ချိတ်ပေးလိုက်တယ်။ ဘာမှ သိပ်မရှိသေးတဲ့ ပန်းကန်လုံးဟာ လူကြီး စာရေးပြီး နေ့ခင်း မရောက်ခင်မှာပဲ ပြည့်သွားတယ်။ ဘာစာများ ရေးသွားလို့ လူတွေက အဲဒီလောက် လှူချင်စိတ်တွေ ဖြစ်ပြီး ပိုက်ဆံ ထည့်သွားတာပါလိမ့်လို့ ကလေးမလေး သိချင်နေတယ်။ ခဏနေ လူကြီး ပြန်လာကြည့်တာကို ကလေးမလေးက မှတ်မိတော့ မေးတော့တာပေါ့။ ဒီတော့ လူကြီးပြန်ပြောတာက
“ဘာမှ ထွေထွေ ထူးထူး မဟုတ်ပါဘူး သမီးရယ်။ သမီး ရေးထားတဲ့ အကြောင်းအရာနဲ့ သိပ်မထူးပါဘူး။ ဒါပေမယ့် နည်းနည်း ပြောင်းရေးထားတယ်။ လူတွေရဲ့ ခံစားတတ်တဲ့ စိတ်ကို နည်းနည်း နှိုးဆွပေးထားတာပါ။ ဦးဦး ရေးထားတာက ရှင်းရှင်းလေးပါ။

နံနက်ခင်းက သိပ် သာယာမှာပဲနော်။ သမီးမှာ အဲဒါတွေကို ခံစားဖို့ မျက်စိအစုံ မရှိတော့ပါဘူး။

xxxxxx ဝဝဝဝဝဝဝဝ xxxxxx

စကားလေးမျိုး ရှိပါတယ်။ ပြောပြီးတဲ့အခါမှာ (၁) အကျိုးလည်းမရှိ၊ နှစ်လိုဖွယ်လည်းမရှိတဲ့ စကား၊ (၂) နှစ်လိုဖွယ် ရှိပေမယ့် အကျိုးမရှိတဲ့ စကား၊ (၃) အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား နဲ့ (၄) နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား ဆိုပြီး လေးမျိုး ရှိတယ်။ အဲဒီ အထဲမှာ နံပါတ် (၄) ဖြစ်တဲ့ “နှစ်လိုဖွယ်ရော အကျိုးပါ ရှိမယ့် စကား” ဟာ အပြောသင့်ဆုံး စကားပါ။ အပြစ် အကင်းဆုံး စကားပေါ့။ ဒုတိယ အပြောသင့်ဆုံး စကားကတော့ နံပါတ် (၃) ဖြစ်တဲ့ “အကျိုးရှိပေမယ့် နှစ်လိုဖွယ် မရှိတဲ့ စကား” ပါ။ ဒီစကားကို ပြောလိုက်လို့ ပြောသူအနေနဲ့ ဒါဏ်သင့်ချင် သင့်သွားမယ်။ အပြစ် ဖြစ်ရင် ဖြစ်သွားမယ်။ နားထောင်သူ အနေနဲ့ အကျိုးရှိမယ်ဆိုရင် ပြောသင့်တဲ့ စကားပါပဲ။ အများအားဖြင့် အဲဒီလို စကားမျိုးက နားဝင်မချိုတတ်ပါဘူး။ ဒါကြောင့် တတ်နိုင်သလောက် မပြောတာ၊ မတင်ပြတာ အကောင်းဆုံးပါပဲ။ ကျန် စကားနှစ်မျိုးကတော့ ပြောကို မပြောသင့်ပါဘူး။ ကျနော်တို့ဟာ အကျိုးရှိမှန်း သိလျက်နဲ့ နားဝင်မချိုလို့ မပြောတော့ဘူးလား။ အမှန်တရားဟာ ခါးသီးတယ်လို့ ပြောတတ်ကြပါတယ်။ အမှန်တရားက ခါးသီးတာ မဟုတ်ပါဘူး။ အမှန်တရားဟာ ဆေးခါးလို မျိုချဖို့၊ လက်ခံနိုင်ဖို့ ခဲယဉ်းတာပါ။ အကျိုးရှိတဲ့ စကားတချို့ဟာ ပြောလိုက်ရင် နားထောင်သူအတွက် အကျိုးရှိသလို မပြောလိုက်ရရင်လည်း နားထောင်မယ့်သူအတွက် အကျိုးယုတ်သွားနိုင်ပါတယ်။ အဲဒီလို မပြောမဖြစ် စကားမျိုးတွေကို ပြောရတော့မယ်ဆိုရင် ခါးသီးတဲ့ စကားကနေ နားဝင်ချိုမယ့် စကားမျိုး ပြောင်းပြောတတ်ဖို့ ပညာလိုပါလိမ့်မယ်။ အဲဒီလို ပြောင်းပြောတတ်ဖို့ အရေးပါပုံကို သိရအောင် ကာလီဒါသရဲ့ အဖြစ်အပျက် သေးသေးလေးကို ထုတ်နှုတ် ဖော်ပြပါရစေ။ ဗုဒ္ဓဘာသာ ကျမ်းဂန်စာပေမှာ မဟောသဓ ကို ပညာအရာ အဓိပတိလို့ သက်မှတ်ကြသလို ဟိန္ဒူဘာသာ ကျမ်းဂန်စာပေမှာလည်း ကာလီဒါသအမတ်ကြီးကို ပညာအဓိပတိလို့ သက်မှတ်ကြပါတယ်။

xxxxxx ဝဝဝဝဝဝဝဝ xxxxxx

တစ်နေ့တော့ ဘောဇဘုရင်ကြီးဟာ အိပ်မက်တစ်ခု မြင်မက်ပြီး အဲဒီ အိပ်မက်ရဲ့ နိမိတ်ပုံကို သိရအောင် အာရုံတက်တယ် ဆိုရင်ပဲ အယူတော်မင်္ဂလာကို ခေါ်ယူပြီး အဓိပ္ပာယ် တွက်ချက်စေတယ်။
ဘောဇဘုရင် – မောင်မင်း၊ ငါကိုယ်တော်မြတ် မနေ့ညက အိပ်မက် မြင်မက်တော်မူတယ်။ ငါ ကိုယ်တော်မြတ်ရဲ့ အောက်သွားတော်တွေ အကုန် ကျိုးပဲ့နေတာကို မြင်မက်တယ် မောင်မင်း။ အဲဒီ နိမိတ်ကို ကောင်း၏၊ ဆိုး၏ တွက်ချက်ပြီး ဟုတ်မှန်တိုင်း လျှောက်ထားစေ။
အယူတော်မင်္ဂလာ – အရှင်မင်းကြီး၊ အရှင်ဘုရားရဲ့ အိပ်မက်တော်အား အိပ်မက်တိတ္တုံကျမ်း အလိုအရ တွက်ချက်ပြီး ဟုတ်တိုင်းမှန်ရာ လျှောက်တင်ပါမည် ဘုရား။ ကျမ်းတော်လာအတိုင်း လျှောက်တင်ရမယ်ဆိုရင် နိမိတ် မကောင်းပါဘုရား။ အရှင်ဘုရား၏ သားတော်၊ သမီးတော်များ စောလျင်စွာ ကွယ်လွန် အနိစ္စ ရောက်မည့်အကြောင်း နိမိတ်ထင်ကြောင်းပါဘုရား။ ဒါပေမယ့် …..
ဘောဇဘုရင် – တယ်လည်း ရိုင်းသကိုး မောင်မင်း။ နံနက်စောစော ငါ ကိုယ်တော်မြတ် မင်္ဂလာ ယူရမယ့် အချိန်မှာ ပါးစပ်ပုတ်နဲ့ အမင်္ဂလာ စကားတွေ ပြောနေရသလား။ လာဘ်မရှိတဲ့ စကားတွေနဲ့ အကျိုးပိတ်အောင် လုပ်နေတဲ့ ဒီလူကို အခုပဲ ထုတ်၍ သုတ်သင်ကြစမ်း မင်းချင်းတို့။

အိပ်မက်အနက်ဖော်ကျမ်း အရ အယူတော်မင်္ဂလာ ပြောတာ မှန်ကောင်း မှန်ပါလိမ့်မယ်။ သူ့အနေနဲ့ အဖြစ်မှန်ကို တင်ပြပြီး လိုအပ်တဲ့ ယတြာတွေနဲ့ ပြန်လည် ဖာထေးဖို့ လျှောက်တင်လိုပေမယ့် သူ့ စကားမဆုံးခင်မှာပဲ အမျက်ဒေါသ တစ်ချောင်းချောင်း ထွက်နေတဲ့ ဘုရားကြီးကတော့ သူ့ကို ထုတ်သတ်ဖို့ အမိန့်ပေးလိုက်ပြီ။ မင်းချင်းတွေ အယူတော်မင်္ဂလာကို သတ်ဖို့ ဆွဲထုတ်သွားတဲ့ အချိန်မှာပဲ ကာလီဒါသ အမတ်ကြီး အခစားဝင်ဖို့ အလာနဲ့ ဆုံတော့ အဖြစ်အပျက် အားလုံးကို မေးမြန်းပါတော့တယ်။ ကာလီဒါသက မင်းကြီး ဒေါသထွက်တုန်း တခဏမို့ သေဒါဏ်ပေးတာဖြစ်လို့ သူ ပြန်အလာကို စောင့်ပြီးမှ သတ်ဖို့ မင်းချင်းတွေကို ပြောပြီး ဘုရင်ကြီးဆီ အခစား ဝင်ပါတော့တယ်။ ကာလီဒါသ ရောက်တယ် ဆိုရင်ပဲ ဘုရင်ကြီးက အိပ်မက်အကြောင်း မေးပါတော့တယ်။
ဘောဇဘုရင် – ငါ ကိုယ်တော်မြတ်ရဲ့ အိပ်မက် နိမိတ်ကို ဟောပါဦး မောင်မင်း။
ကာလီဒါသ – တင်ပါ့ဘုရား။ အိပ်မက်တိတ္တုံကျမ်းအရ တွက်ချက်မယ်ဆိုရင် အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုးတော်ကြောင့် အရှင်မင်းကြီးဟာ သားတော် သမီးတော်များထက် သက်တော်ရှည်မယ်လို့ နိမိတ် ထင်ပါတယ်ဘုရား။ သားတော်၊ သမီးတော်များအား သက်တမ်းရှည်ကြာ နေနိုင်ဖို့ အတွက် ………… ယတြာကို လုပ်ဆောင် ပေးနိုင်ပါတယ် ဘုရား။

ကာလီဒါသရဲ့ လျှောက်တင်ချက်ကို ဘုရင်ကြီးအနေနဲ့ အင်မတန် သဘောကျ ဝမ်းမြောက်တာကြောင့် ဆုတော်လဒ်တော် ပေးသနားတော် မူတယ်။ ကာလီဒါသရဲ့ တောင်းပန်ချက်အရလည်း အယူတော်မင်္ဂလာကို သေဒါဏ်မှ လွတ်ငြိမ်း ချမ်းသာခွင့် ပေးလိုက်တယ်။ အိပ်မက်က တစ်ခုတည်း။ အဖြေကလည်း တစ်မျိုးတည်း။ ဒါပေမယ့် လျှောက်တင်ပုံ မတူကြဘူး။ အဓိပ္ပာယ်ကတော့ တစ်ထပ်တည်းပဲ။ တစ်ယောက်က ခါးသီးတဲ့ အသုံးအနှုန်းကြောင့် သေဒါဏ်သင့်တယ်။ နောက်တစ်ယောက်တော့ နားဝင်ချိုအောင် ပြောနိုင်တာကြောင့် ဆုတော်လဒ်တော် တစ်သီကြီး ရသွားတယ်။

xxxxxx ဝဝဝဝဝဝဝဝ xxxxxx

စွမ်းပကားရှိသူ အတွက်
လေးလံသောတာဝန် ဟူသည် မရှိ။
ခရီးသွားကုန်သည် အတွက်
ဝေးလံသော အရပ်ဒေသ ဟူသည် မရှိ။
ပညာရှိသူအတွက်
(မိမိဒေသ မဟုတ်သော) အခြားအရပ် ဟူသည် မရှိ။
ချိုသာစွာ ပြောတတ်၊ တင်ပြတတ်သူ အတွက်
သူစိမ်းတစ်ရံဆံ ဟူသည် မရှိ။
(လောကနီတိ)