အသစ်၊ အဟောင်း နှင့် မပြောင်းလဲသော …

မနှစ်က ဒီလို အချိန်လောက်မှာပဲ ကျနော့ဆီ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။ သူ ကျနော်နဲ့ အတူ အချိန် အတော်လေးကြာကြာ ရှိနေခဲ့တယ်။ သူရောက်လာမယ်ဆိုတော့ ကြိုတင် အသိမပေးရပေမယ့် သိနေနှင့်တယ်လေ။ သူ့တစ်ယောက်စာအတွက် ကျနော့်မှာ ဝန်မပိုပါဘူး။ အခု ပြန်တော့မယ်ဆိုတော့မှ သေချာပြန်ကြည့်လိုက်မိတယ်။ အော် … သူရောက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပါ ပကောလား လို့ တွေးမိတယ်။ သူရှိနေတဲ့ အချိန်တွေကို တန်ဖိုး မထားခဲ့တာ မဟုတ်ပေမယ့် ဂရုမပြုမိတာတော့ အမှန်ပဲလေ။ သူ ဘေးနား ရှိနေတဲ့ အတောအတွင်းမှာ ပိုင်ဆိုင်လာခဲ့တာတွေ ရှိသလို ဆုံးရှုံးသွားတာ တချို့လည်း ရှိတယ်။ အခု ပြန်တော့မယ် ဆိုတော့လည်း မျက်ရည်မကျမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ တစ်နှစ်လုံးလုံး လက်ပွန်းတတီး ရှိနေခဲ့တဲ့ ဧည့်သည်တစ်ယောက် ပြန်သွားခဲ့ရင် လူတိုင်း အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်မိမယ်။ မဖြစ်ရင်တော့ ရင်ထဲ ဟာတာတာတော့ ဖြစ်သွားကြတယ်။ အခုတော့ ဒီ ဧည့်သည်ပြန်မယ် ဆိုတာကို သိကြတော့ ဝမ်းမနည်းကြတဲ့အပြင် ပျော်ပွဲရွှင်ပွဲတောင် လုပ်လိုက်သေး။ အော် … လူ၊ လူ။ အသစ်ကို ကြိုဆိုချင်လို့ အဟောင်းကို မေ့ချင်ယောင် ဆောင်လိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့လည်း ဘယ်မေ့နိုင်ပါ့မလဲ။

တစ်နှစ်ဆိုတဲ့ အတိုင်းအတာနဲ့ လူတစ်ယောက် သမ္မတ ဖြစ်မသွားနိုင်ပေမယ့် ဒီတစ်နှစ်ဆိုတဲ့ အပိုင်းအခြားထဲမှာတော့ လူတစ်ယောက်မက သမ္မတ ဖြစ်နေပါတယ်။ ကျနော့်ရဲ့ ဧည့်သည်က သူ ဒီနေ့ ပြန်ပါတော့မယ်လို့ မနှုတ်ဆက်ပေမယ့် ကျနော် သိနှင့်နေတယ်။ သေချာတာ သူ ဘယ်သူ့ကိုမှ နှုတ်ဆက်သွားမှာ မဟုတ်ပါဘူး။ အားလုံးကလည်း နောက်လာမယ့် ဧည့်သည်ကိုပဲ မျှော်နေကြမှာလေ။ သူ သိလေတော့ ဆိတ်ဆိတ်လေးပဲ ထွက်ခွာသွားတော့မယ့် ပုံပါ။ ဒါပေမယ့် သူ နောက်ဆုံး စက္ကန့်ပိုင်းအထိတော့ ကျနော်တို့ အနားမှာ သူ ရှိသွားနိုင်ခဲ့တယ်။ သူ့တာဝန် မလစ်ဟင်းခဲ့ပေမယ့် ကျနော်တို့ သူ့ကို လစ်လျူရှုမိခဲ့တယ်။ ပြန်ခါနီးမှ အော် ပြန်တော့မှာပါလားလို့ သိတဲ့လူတွေ ရှိသလို သိတောင် မသိလိုက်တဲ့သူတွေ ဘယ်လောက် များလိုက်မလဲနော်။ ထားပါ။ အနည်းဆုံး ကျနော်ကတော့ သူ့ကို နှုတ်ဆက်လိုက်ချင်တယ်။

ကျနော် သိသလောက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး လူ သုံးမျိုး ရှိပါတယ်။ တချို့က အသစ်ကို ကြိုဆိုပြီး အဟောင်းကို မေ့လိုက်တယ် (အတင်းအကျပ်လည်း ဖြစ်ချင်ဖြစ်မယ်)။ တချို့က အဟောင်းမှာ တဝဲဝဲ လည်နေပေမယ့် အသစ်ကိုလည်း ကြိုဆိုလိုက်တယ် (ဝတ်ကျေတမ်းကျေလည်း ဖြစ်ကောင်းဖြစ်မယ်)။ အများစုကတော့ ကုန်သွားတဲ့ အဟောင်းကို တစိမ့်စိမ့်ကြည့်ရင်း အသစ်လာမှန်းတောင် မသိလိုက်ဘူး။ ကျနော်က ဘယ်လို လူမျိုး ဖြစ်မယ်ထင်လဲ။ တကယ်တော့ ကျနော်ဟာ ဘီယာရယ်၊ အချိုရည်ရယ် နဲ့ အမြည်းရယ် သုံးခု ရောယှက်ထားတဲ့ ယမကာဝိုင်းလေးပါ။ သောက်နေကျ ဘီယာကလွဲလို့ တခြား ဘယ်ဘီယာမှ မပြောင်းချင်ပေမယ့် အချိုရည်ကိုတော့ ဆိုဒါ မရရင် ကိုလာ၊ ကိုလာ မရရင် ပါဝါ၊ ပါဝါ မရရင် လိမ္မော် ဆိုပြီး အဆင်ပြေသလို သုံးဆောင်နေမိတယ်။ အမြည်းကတော့ ဘားဂျက်ပေါ်မှာ မူတည်သလို၊ သုံးချင်စိတ်ပေါ်မှာလည်း မူတည်တာပေါ့။ မလျှံရင်တော့ ကန်စွန်းရွက်ကြော်လေးပေါ့။ ဒီထက်မှ အခြေအနေဆိုးရင်လည်း မြေပဲစေ့နဲ့တင် အဆုံးစီရင်လိုက်တယ်။ လျှံပြီ ဆိုရင်တော့လည်း ငုံးကင်လား၊ ယုန်ကြော်လားပေါ့။ ကျနော်ရဲ့ အယူအဆက အဲ့ဒီ ယမကာဝိုင်းလေးအတိုင်းပါ။

ကဲ … သူပြန်တော့မယ် ဆိုတော့ မပြန်ခင် သူနဲ့ စာရင်း ရှင်းမှ ဖြစ်မယ်။ အချုပ်စာရင်းကို မရှုပ်မရှင်း အထုပ်ခင်းပြရရင် …

ကျနော် နှင့် အလုပ်
တကယ်ကို အလုပ်များတဲ့ နှစ်တစ်နှစ် ဆိုပေမယ့် အလုပ်တော့ တအား ရှုပ်နေပါဘူး။ တစ်ခါတလေတော့လည်း အရှုပ်လုပ်ရင်း အလုပ်ရှုပ်သွားတတ်တယ်။ အလုပ်ဆိုတဲ့ နေရာမှာ အလုပ် သုံးခု ခွဲပြောပါ့မယ်။ လူတစ်ယောက်က တစ်နေ့တာအတွင်းမှာ အလုပ်သုံးခုထဲက တစ်ခုခု အလုပ်ဖြစ်ဖို့ လိုအပ်တယ်တဲ့။ ပညာရတဲ့အလုပ်၊ ဥစ္စာရတဲ့အလုပ်နဲ့ ကုသိုလ်ရတဲ့အလုပ်၊ အဲဒီအထဲက တစ်ခုခု လုပ်ဖြစ်မှ အဲဒီနေ့အတွက် တန်ဖိုးရှိမယ်တဲ့။ ပညာရတဲ့ အလုပ်အနေနဲ့တော့ စာများများ ဖတ်ဖြစ်ပါတယ်။ အရင် စံချိန်ကို မမီပေမယ့် မနှစ်ကထက် စာရင်တော့ အတော်လေး ဖတ်ဖြစ်တယ်။ မနှစ်က ဘလော့ဂ်များများ ဖတ်ဖြစ်ပေမယ့် ဒီနှစ် စာအုပ်များများ ဖတ်ဖြစ်တယ်။ မျက်စိနာမကျန်း၍ လည်း ပါပါတယ်။ ဥစ္စာရတဲ့ အလုပ်ကတော့ ရုံးအလုပ်ပေါ့ဗျာ။ ပုံမှန်လည်ပတ်နေတဲ့ ဝင်ငွေကလွဲလို့ တခြား အပိုစာသား ဘာမှ မရခဲ့ပေမယ့် ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ ကုသိုလ်ရမယ့် အလုပ်ကတော့ ထင်သလောက် မှန်းသလောက် မလုပ်ဖြစ်နေဘူး။ ကုသိုလ်တချို့ စရံသတ်ထားတာတော့ ရှိပါတယ်။ ၂၀၀၉ ခုနစ်အတွင်းမှာ ပညာလိုအပ်တဲ့ လူတွေကို တတ်နိုင်တဲ့ ဘာသာရပ်ကနေ ပေးနိုင်တဲ့ အချိန်နဲ့ သင်နိုင်သလောက် သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ အစီအစဉ်တချို့လည်း စိတ်ကူးနဲ့ ဆွဲကြည့်နေတယ်။ ပဏာမ လေ့လာမှုတချို့လည်း လုပ်နေပါတယ်။ ကျနော့်ကို ကုသိုလ်တွေ လက်ဆောင်ပေးချင်သူများ ဆက်သွယ်နိုင်ပါတယ်။ ကျနော်ဘက်က ပညာနဲ့ ပြန်လည် ပေးဆပ်ပါ့မယ်။ တစ်ခါတလေကို ကုသိုလ်ပေးဖို့ ဆိုတာ ငွေ လိုတယ်မဟုတ်လား။ ပေးသူနဲ့ ယူသူ လမ်းကြောင်းဖြောင့်ဖို့ တစ်ခါတလေတော့လည်း ငွေခင်းနေရသေးတယ်။ ငွေ ငွေ ငွေ ဆိုတာလည်း ထည့်စဉ်းစားနေရတော့ အစီအစဉ်က မသွက်လပ်။ ပညာ့အလှူအနေနဲ့ သင်ပေးချင်တဲ့ သူ တချို့ ရှိသလို ပညာ့အလှူ ခံယူချင်တဲ့ လူတွေလည်း ရှိနေတာ သိရတယ်။ ပေးသူနဲ့ ယူသူကို သွယ်တန်းဖို့ဆိုတာ ငွေကလည်း အခရာ ကျနေပါတယ်။ ဒီတော့ ငွေအလှူ ဆိုတာလည်း ထပ်လိုလာတာပေါ့။ သေချာတာ တစ်ခုကတော့ ပတ်ဝန်းကျင် လှပဖို့ ဆိုတာ တစ်ယောက်တည်း ကောင်းလို့ မရဘူး ဆိုတာပါပဲ။ ပတ်ဝန်းကျင်လှဖို့ တစ်ဖက်တစ်လမ်းက ကျနော်လည်း ပါဝင်လှုပ်ရှားဖို့ လုပ်နေပါတယ်။

ကျနော် နှင့် မေတ္တာစက်ဝန်း
ရွှေဧည့်သည် ကျနော့်အနားမှာ ရှိနေခဲ့ပြီး ၁၃ ရက် (ဇန္နဝါရီလ ၁၃ ရက်) အကြာမှာ ကျနော်ရဲ့ ညာဘက်လက်ကလေး နွေးကနဲ ဖြစ်သွားခဲ့တယ်။ အခုထိလည်း နွေးထွေးနေဆဲပါ။ ဒါပေမယ့်လည်းလေ ၅၆ ရက် (ဖေဖော်ဝါရီလ ၂၅ ရက်) အကြာမှာတော့ ကျနော်ရဲ့ ဘယ်ဘက် ရင်ဘတ်တစ်ခြမ်း ဟာကနဲ ဖြစ်သွားပြန်တယ်။ လူတစ်ယောက် သူ့ရဲ့ ဘဝမှာ အရာရာဟာ မျှခြေ ဖြစ်နေရမယ်၊ မျှခြေ ဖြစ်အောင်လည်း သဘာဝက အလိုအလျောက် ထိန်းညှိတတ်တယ်လို့ ကျနော် နားလည် ထားပြီးသားပါ။ ဒါပေမယ့် ကျနော်ရဲ့ မေတ္တာစက်ဝန်းမှာ မျှခြေညီဖို့ Balance ဖြစ်ဖို့အတွက် ဝင်လာတဲ့တစ်ယောက်အစား ရှိပြီးသား တစ်ယောက်ကို နုတ်သွားတယ်ဆိုတာတော့ ဘယ်လို တရားနဲ့ ဖြေရပါ့။ အင်းး မဖြေတော့ပါဘူး။ အဖြေမှ မရှိဘဲ။ နောက်ပြီးတော့ ဒီတစ်နှစ် အတွင်းမှာပဲ ကျနော်ရဲ့ အခင်ဆုံးသူငယ်ချင်း သုံးယောက်၊ ကျနော်ရဲ့ ဟိုးး အဝေး … မမြင်နိုင်တဲ့ တစ်နေရာကို ရောက်သွားကြတယ်။ ( သေတာ မဟုတ်ဘူးနော်၊ စလုံးကို ရောက်သွားတာ ;P) အော် ….. ရောက်ရာအရပ်မှာ ပျော်နိုင်ပါစေသောဝ်။

ကျနော် နှင့် သူငယ်ချင်း
လူတချို့က ရည်းစားတွေ ထည်လဲတွဲပေမယ့် ကျနော်ကတော့ သူငယ်ချင်းတွေ ထည်လဲထားတတ်ပါတယ်။ ဟောတစ်ယောက် ဟောတစ်ယောက်ပေါ့။ ဒါပေမယ့် အလုပ်ဝင်ပြီးကတည်းက သူငယ်ချင်းဦးရေက နှစ်စဉ် အနုတ်ပြနေပါတယ်။ မခင်လို့ ထွက်သွားကြတာ မဟုတ်ပေမယ့် ကျနော်နဲ့ အဝေးတစ်နေရာကို ရောက်သွားကြတော့ အနုတ်ပြသလို ခံစားလိုက်ရတယ်။ မန်းမှာ နှာချေးသုတ်ဖက် ငယ်သူငယ်ချင်းတွေ ရှိပေမယ့် ကိုယ်က ရောက်နေတာ ရန်ကုန်ဆိုတော့ ဖုန်းနဲ့ပဲ ဆက်သွယ်ဖြစ်တော့တယ်။ မုံရွာမှာ ကျောင်းတက်တုန်းက ခင်ခဲ့ရတဲ့ ဖဲရိုက်ဖော် ရိုက်ဖက်တွေနဲ့လည်း အဆက်အသွယ်က မရှိသလို ရှိသလို။ ရန်ကုန်က ဝါးဖော်စားဖက်တွေကလည်း အသီးသီး အသကာ့ အသကာ့ မမြင်ကွယ်ရာမှာ ဘာတွေ လုပ်နေကြလဲ မသိ။ မမီတော့ ဒီစာဖတ်ပြီး ဂျိုပေးနေလောက်ပြီ :)။ ၂၀၀၈ ဆိုတဲ့ ဂဏန်း ပြောင်းတော့မယ်ဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်တချို့ကို မျက်လုံးထဲ ပြန်မြင်ယောင်လာမိတယ်။ ကတိ ဆိုတာကနေ အမှတ်တရ အဖြစ် ပြောင်းသွားတယ်လို့ပဲ ယူဆလိုက်ပါတယ်။ ကိုယ့်လမ်းကိုယ် လျှောက်နေကြရင်းနဲ့ ဆုံဖြစ်ဖူးတဲ့ ဇရပ်အိုမှာ ပြန်လာစုဖို့ ဆိုတာ တကယ်တော့ ကလေးအတွေးပါလေ။ လမ်းကြောင်း မလွဲချင်လို့ လှည့်မလာနိုင်သူ ရှိသလို လမ်းကြောင်းပျောက်နေလို့ လှည့်မပြန်နိုင်တဲ့ သူတွေလည်း ရှိကောင်းရဲ့ လို့ပဲ တွေးလိုက်မိပါရဲ့။

ကျနော် နှင့် ဘလော့ဂ်
ကျနော်ကိုယ်တိုင် မရေးနိုင်၊ မလည်ဖြစ် မဖတ်အားလေတော့ ဘလော့ဂ်က ပထမ ခြောက်လမှာ ခြောက်ကပ်နေတယ်။ နာဂစ်အလွန် မီးတွေ ပြန်လာမှ ဘလော့ဂ်ဘက်လည်း ပြန်လှည့်နိုင်တော့တယ်။ ဒီတစ်နှစ်လုံး အနေနဲ့ ကျနော် ပို့စ်ပေါင်း (၇၄) ပို့စ်ပဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ကိုယ့်ကိုယ်ကို အတော်လေး အားရမိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ပို့စ်တွေ အထဲမှာ ကျနော် ပေါ့ပေါ့တန်တန် ရေးထားတဲ့ ပို့စ် တစ်ပုဒ်မှ မပါလို့ပါ။ မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ် (၁၄) ပုဒ် ရေးဖြစ်ခဲ့သလို ကျနော် သိပ်ဝါသနာပါတဲ့ တွေးခေါ်ခြင်း အတွက် ဦးနှောက်အစာ တွေးစရာ ပို့စ်ပေါင်း (၂၃) ပုဒ် တင်ပြခွင့် ရခဲ့ပါတယ်။ ကျနော် ရေးတဲ့ စာတွေကို မငြီးမငြူ လာဖတ်ပေးကြတဲ့ စာဖတ်သူတွေကိုလည်း အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်လွန်းလို့လည်း ကျနော်အနေနဲ့ တစ်ခုတည်းသော ကျေးဇူးဆပ်နိုင်တဲ့ နည်းလမ်းအရ ပို့စ်ကောင်းတွေ တင်ပေးဖို့ပဲ အမြဲ ရည်ရွယ်ပါတယ်။ တချို့ ပို့စ်တွေကို ရေးတော့မယ်ဆိုရင် ပြင်ဆင်တဲ့ အနေနဲ့ ကျနော် စာအုပ်အတော်များများကို ရှာဖတ်ရပါတယ်။ အထူးသဖြင့် သမိုင်းနဲ့ ဆိုင်တဲ့ ပို့စ်နဲ့ မြန်မာစာပေနဲ့ ဆိုင်တဲ့ ပို့စ်မျိုးတွေပါ။ ကိုယ်က ဝေမျှ ပေးကမ်းသူ ဆိုတော့ ပေးတဲ့အရာထဲမှာ အနာမပါစေချင်သလို အပုတ်လည်း ပါမသွားစေချင်ဘူး။ ဒီတော့ စာအုပ်ခပ်များများ စီစစ် ဖတ်ရှုပြီးမှ တင်ဖြစ်တယ်။ ဒီပို့စ်နဲ့ အတူ ကျနော်အတွက်လည်း များများ ကျန်သွားပါတယ်။ ကျနော် ခံယူထားတာ တစ်ခုရှိပါတယ်။ ကျနော် စိတ်ပါလက်ပါ ဖတ်လျက်နဲ့ စာကို နားမလည်ဘူးဆိုရင် အဲဒီစာကို ရေးတဲ့သူ ကိုယ်တိုင်က ကောင်းကောင်း နားမလည်လို့ လို့ ယူဆထားပါတယ်။ အဲဒီအယူနဲ့ အတူပဲ စာဖတ်သူတွေ နားလည်လွယ်အောင် ကျနော် ရေးတဲ့သူ ကိုယ်တိုင် ကောင်းကောင်း၊ ဂဃနဏ နားလည်အောင် ကြိုးစားပြီးမှ ရေးလေ့ရှိပါတယ်။ ကျနော် နားမလည်သေးတဲ့စာဆို မရေးပါဘူး။ ဖတ်ရတဲ့သူလည်း ဖတ်ပြီး နားလည်မှာ မဟုတ်မှန်း ကြိုသိနေလို့ပါ။ နားမလည်နိုင်တဲ့ စာကို ဖတ်ပြီး အချိန်တွေ အချီးနှီး ကုန်အောင် လုပ်လိုက်မိမှာလည်း တအား စိုးရိမ်မိတယ်။

ဒီတစ်နှစ်အတွင်း ကျနော် ရေးထားသမျှထဲက အားအရဆုံး ပို့စ်တွေကို ပြောပါ ဆိုရင်တော့
ဘာသာပြန်ထဲက ကြွက်ထောင်ချောက် နဲ့ သစ်သားဇလုံလေး
ကိုယ်တိုင်ရေးထဲက စည်းကမ်းမှသည် … ဥပဒေဆီသို့
ဟာသထဲက ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်
အချစ်အကြောင်းထဲက My Other Half နဲ့ နှုတ်ဆိတ်နေသော အချစ်
သမိုင်းအကြောင်းအရာထဲက မြန်မာအစ ???
ခရီးသွားမှတ်တမ်းထဲက အရှေ့သို့လားသော် (၁)(၂)(၃)

ဒီနှစ်ထဲမှာ pikay.myanmarbloggers.org အပြင် နောက် ဘလော့အသစ် သုံးခုလည်း လုပ်ဖြစ်ပါသေးတယ်။ နှစ်ခုက ကျနော် တစ်ယောက်တည်းကနေ အကောင်အထည်ဖော်ပြီး လုပ်နေပေမယ့် ကျန်တစ်ခုကတော့ အားလုံးရဲ့ တတက်တအား ပါဝင်မှုနဲ့ တည်ဆောက်ထားတာပါ။

  • ဘလော့ဂ်နဲ့ ပတ်သက်တဲ့ လုပ်နည်း လုပ်ဟန်၊ တည်ဆောက်ပုံတွေကို ရှင်းပြထားပေးတဲ့ How to BLOG !!! မှာ Blogger.com အတွက်ကိုပဲ အဓိက ရည်ရွယ်ပြီး တင်ပြပေးထားပါတယ်။
  • စာရေးသူတွေအတွက် မရှိမဖြစ် အရေးပါတဲ့ စာလုံးပေါင်း သတ်ပုံကျမ်းကို ဘလော့ဂ်တစ်ခုအနေနဲ့ အွန်လိုင်းကနေ ဖတ်ရှုလို့ရအောင် စီစဉ်ဖြစ်ခဲ့ပါတယ်။ လိပ်စာက http://myanmarwords.pikay.org ပါ။ Myanmar Orthography လို့ မခေါ်ဘဲ Myanmar Words လို့ သုံးထားရတဲ့ အကြောင်းအရင်းက (၁) မှတ်ရလွယ်လို့ နဲ့ (၂) အဘိဓာန် အဆင့်အထိ ရောက်အောင် သွားဖို့ စိတ်ကူးထားလို့ပါ။
  • ဘလော့ဂါမှန်သမျှ တက်ခံရဖူးသလို တက်ဖြေဖူးကြမှာပါ။ အဲဒီ တက်ပို့စ်တွေ အားလုံးကို တစ်စုတစ်စည်းတည်း ဖတ်လို့ ရအောင် ဆိုတဲ့ စိတ်ကူးနဲ့ http://tags.pikay.org မှာ TAGs Blog တစ်ခု ဖန်တီးခဲ့ပါတယ်။ တချို့က ကိုယ်ပိုင် ဘလော့ဂ်မှာ တက်ပို့စ် တင်ရင် အလွတ်တန်း စာဖတ်သူကို ထိခိုက်တယ်လို့ ယူဆသူတွေအတွက် မိတ်လည်း မပျက်ရအောင် ကိုယ့်ခံယူချက်လည်း မထိခိုက်အောင် TAGs Blog မှာ လာတင်လို့ ရပါတယ်။ ဘလော့ဂါ မှန်သမျှ ဘယ်သူမဆို လာတင်နိုင်ပါတယ်။

ကိုင်တွယ်ခဲ့မိသော ကျနော်
ဒီတစ်နှစ် ကျနော်အတွက် မှတ်လောက်သားလောက်တဲ့ ဝေါဟာရကတော့ “ကိုင်တွယ်” ဆိုတဲ့ စကားလုံးပါပဲ။ ကျနော်ပဲ အသုံးမှားသလား ဆိုပြီး အဘိဓါန်ထဲ သွားကြည့်မိပါတယ်။ ကိုင်တွယ် – စီမံဆောင်ရွက်သည် လို့ အဓိပ္ပာယ်ရကြောင်း ရှင်းပြထားတယ်။ ကိုင်ပြီး တွယ်မှာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမယ့် ဒီစကားလုံးကို အတော်လေး နာကျည်းခဲ့ကြတယ်။ ဒါကို ဘာသာဗေဒပညာရှင်တွေက ဘာသာစကားရဲ့ အားနည်းချက်လို့ ဆိုပါတယ်။ စကားလုံးတစ်လုံးစီဟာ ခံစားမှု နဲ့ အရည်အသွေးကို တင်ပြနိုင်ဖို့ ကြိုးစားရင်းနဲ့ မူလရည်ရွယ်ညွှန်း အဓိပ္ပာယ်နဲ့ သွေဖည်သွားပါတယ်။ ဥပမာ ကျနော် ပြောပြမယ်။ “ကောင်းတယ်” လို့ ရေးထားတဲ့ စကားလုံး တစ်လုံးဟာ မူလအဓိပ္ပာယ် ကောင်းခြင်းကို ကိုယ်စားပြုနိုင်သလို မကောင်းခြင်းကိုလည်း ကိုယ်စားပြုသွားတာ တွေ့ရတယ်။ စိတ်ကြည်လင်နေတဲ့ လူတစ်ယောက်က “ကောင်းတယ်” လို့ ပြောတာ ကောင်းခြင်းကို ရည်ညွှန်းပေမယ့် မကြည်လင်သူ တစ်ယောက် ပြောတဲ့ “ကောင်းတယ်” ဆိုတာ မကောင်းခြင်း အဓိပ္ပာယ် သက်ရောက်သွားတတ်တယ်။ ကိုင်တွယ် ဆိုတဲ့ စကားလုံးဟာ ကျနော့်အတွက် Word of the year ပါ။

ကျနော် နှင့် ဘလော့ဂ် သုံးသပ်ချက်
၂၀၀၈ ဆိုတဲ့ ကာလအတွင်းမှာ တိုးလာတဲ့ ဘလော့ဂ် အရေအတွက်ဟာ အရင် ရှိနှင့်ပြီး အရေအတွက်ထက် နှစ်ဆ ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါ ကောင်းတဲ့ လက္ခဏာလို့ ပြောမလား။ ကောင်းရာကို ဦးတည်နေတာပဲဆိုတော့ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ နှစ်ဆ တိုးတယ် ဆိုတာထက် ပိုပြီး နှစ်ထောင်းအားရ ဖြစ်မိတာက Professional Blog တိုးပွားလာခြင်းပါ။ ကောင်းတဲ့ profession ပညာရပ်နဲ့ ရပ်တည်တဲ့သူ ရှိသလို ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဘလော့ဂ်တချို့ ပေါ်လာတာလည်း တွေ့ရတယ်။ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာနဲ့ မကောင်းဘူးလို့တော့ ကျနော် မယူဆဘူး။ သူ့ရဲ့ Intension (ဦးတည်ရာ) ကိုပဲ ကျနော် ကြည့်ချင်တယ်။ ဥပမာ Porn Blog ဆိုပါတော့။ ဟိုဖော်ဒီဖော် ပုံတွေကို တင်ထားတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ပညာပေး တွေပါ တင်ပေးနိုင်ရင် ဒီဘလော့ဂ်ကို ကျနော်တို့ အသိအမှတ် ပြုရမယ်။ နောက်ပြီး အသုံးအဆောင်၊ ဆေးဝါး ဒါမျိုးတွေကို ဖော်ထုတ် တင်ပြပေးနိုင်ရင် ဒါ ပညာပေးလို့ပဲ ယူဆတယ်။ အရိယာမဟုတ်တဲ့ လူတွေက ဘယ်သူကကော လိင်ပိုင်းဆိုင်ရာ လွတ်ကင်းနိုင်မှာလဲ။ ကျနော် ဒါမျိုးဘလော့ဂ်တွေ လုပ်ဖို့ အားမပေးပါဘူး။ ဒါပေမယ့် မကန့်ကွက်ဘူး။ ဘာလို့လဲဆိုတော့ ရှိသင့်တယ်လို့ ယူဆမိလို့ပါ။ ပညာပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်ပေါ့။ ဒါပေမယ့်လည်း ဒါမျိုးဘလော့ဂ်က ရှားသားဗျ။ မျက်စိအစာကျွေးရုံ သက်သက် ဆိုရင်တော့ အပင်ပန်းခံပြီး ပုံတွေ၊ ရုပ်ရှင်တွေ Upload လုပ်မနေပါနဲ့ လို့ပဲ တောင်းဆိုပါရစေ။

ကျနော် မြင်သလောက် နောက်တစ်ခု ပြောရရင် ဘလော့ဂ်အတော်များများမှာ ကဗျာပို့စ်တွေကို လူအများဆုံး လည်တာ တွေ့ရတယ်။ ပညာရပ်ဆန်လေလေ ဖတ်မယ့်သူ မရှိလေလေပါပဲ။ ဒါ အင်မတန် ဝမ်းနည်းဖို့ ကောင်းတဲ့ တွေ့ရှိချက်ပါ။ အငှားရဆုံး မဂ္ဂဇင်းဟာ ဂမ္ဘီရဆိုင်ရာ မဂ္ဂဇင်းတွေလို့ သိလိုက်ရရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုအတိုင်းပါပဲ။ ကဗျာဖတ်တာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ Emotion နဲ့ Intelligence နှစ်မျိုးလုံး ဘက်မျှနိုင်မှ တိုးတက်မှု ရနိုင်မယ်လို့ ယူဆမိလို့ပါ။ ပညာပေးပို့စ်တွေထက် ခံစားမှုဆိုင်ရာ ပို့စ်တွေမှာ လူတွေဟာ အများဆုံး အချိန်ပေးနေတာ တွေ့ရလို့ပါ။

နောက်ပြီး ဘလော့ဂ်တွေမှာ မသမာမှု တချို့ တွေ့ရပါတယ်။ မသမာမှုဆိုတာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူပေါ့။ သူများ ရေးထားတာတဲ့ စာကို ကိုယ်ရေးထားသယောင်ယောင် တချို့ တင်ကြပါတယ်။ မြင်လို့ သိတဲ့သူ သွားပြောတော့လည်း မသိချင်ယောင် ဆောင်တတ်ကြသေးတယ်။ နောက်ပြီး ဆက်စပ်နေတာက Forward Mail တွေ။ စပို့တဲ့ သူတွေက ဘယ်သူဘယ်ဝါ ရေးတယ်လို့ မရေးထားတော့ ဟိုရောက်ဒီရောက်နဲ့ တဖြည်းဖြည်း ကြာလာတော့ Anonymous ဖြစ်သွားတယ်။ အမည်မသိ ခေတ်စာဆိုပေါ့။ တချို့ ကောင်းတယ်ဆိုပြီး ပို့စ်မှာ ကောက်တင်တယ်။ တင်တဲ့သူကတော့ ဝေမျှချင်တဲ့ ဆန္ဒ သက်သက်လို့ ယုံကြည်မိပါတယ်။ ဒါပေမယ့် ပြဿနာတချို့ တက်တာ တွေ့ရတယ်။ အခုလို ဖြစ်တာ မေးလ်စပို့တဲ့ သူတွေမှာ အဓိက တာဝန်ရှိပါတယ်။ နောက်တစ်ခု မသမာဘူးလို့ ထင်ရတာ Hit Count ၊ ဘလော့ဂ်စရေးတာမှ မကြာသေးဘူး။ Hit Count က တစ်သိန်း ကျော်နေပြီ။ တစ်ခါတလေ ဝင်ကြည့်တိုင်း Online User တစ်ယောက်တည်း ရှိတဲ့ လူတစ်ယောက် အနေနဲ့ လာကြည့်တဲ့ Page အရေအတွက် တစ်သိန်း ကျော်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ယူဆမိတယ်။ ရိုးသားမှုက လုပ်ယူရတာ မဟုတ်ပေမယ့် မရိုးသားမှုကတော့ အတင်း လုပ်ယူရင်း ဖြစ်သွားတာပါ။

ကျနော် နှင့် စကားတစ်ခွန်း
ကျနော် ဘာကောင်မှ မဟုတ်ပေမယ့် သာမာန်လူတစ်ယောက် အနေနဲ့ စကားတစ်ခွန်း ပြောပါရစေ။

ဘလော့ဂါများ အားလုံး စည်းလုံးကြပါ။ စည်းရုံးကြပါ။

လောကမှာ တစ်ယောက်တည်း လုပ်လို့ရတဲ့ အလုပ်ဆိုတာ သိပ်မရှိပါဘူး။ ထမင်းစားတာ၊ အိပ်တာ တစ်ယောက်တည်း လုပ်လို့ရတာပဲလို့ စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ပါ။ ရန်သူတွေ ကြားမှာ တစ်ယောက်တည်း ထမင်းစားဖို့ စိတ်ဖြောင့်ပါလား။ နောက်ပြီး တောထဲမှာ တစ်ယောက်တည်း အိပ်ဖို့ ဆိုတာ မဖြစ်နိုင်သလို၊ လူအများကြားမှာ ဆူညံနေရင်လည်း အိပ်မရပါဘူး။ စကားကပ်ပြောတယ် မထင်ပါနဲ့။ အမှန်တရားပါ။ ကဲဗျာ ရေးတာလည်း အတော်လေး ရှည်နေပြီ။ ကျနော်နဲ့ တစ်နှစ်တာ အတူတကွ ကျော်ဖြတ်ပေးခဲ့တဲ့ ၂၀၀၈ ကိုလည်း နှုတ်ဆက်လိုက်ပါတယ်။ အသင်နဲ့ နေရာလဲမယ့် ၂၀၀၉ နဲ့လည်း တည့်အောင်ပေါင်းပါ့မယ်လို့ ကတိပေးတယ်ဗျာ။ ဟုတ်ပြီလား။

မလျော်မကန် ပြုမူတတ်ခြင်း

ရည်ရွယ်ချက် ။ ။ လူငယ်နဲ့ လူကြီး အကြား (အထူးသဖြင့် မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသား အကြား) မှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို မီးမောင်း ထိုးပြချင်ပါတယ်။
ကိုးကား ။ ။ အပြုသဘောဆောင်သော စည်းကမ်း – ဒေါက်တာသိန်းလွင်

အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် တစ်ခုစီတော့ ရှိကြပါတယ်။ အများအားဖြင့် လူကြီးတွေက လူငယ်တွေရဲ့ အပြုအမူကိုပဲ ကိုင်တွယ်တတ်ပြီး နောက်ကွယ်မှာ ရှိနေတဲ့ ကလေးရဲ့ ခံယူချက်ကို နားလည်ဖို့ မကြိုးစားမိကြဘူး။ ဘာကြောင့် လုပ်ရသလဲ ဆိုပြီး ဆက်စပ် မစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် ကျိုးကြောင်းစီလျော်တဲ့ ရလဒ်တစ်ခု ရလာမှာ မဟုတ်ပါဘူး။ စိတ်အထူးကု ဆရာဝန်ကြီး Rudof Dreikurs က “မဆီမလျော် ပြုမူတဲ့ ကလေးဟာ နှိမ်ချခြင်း ခံရတဲ့ ကလေးပဲ” လို့ မှတ်ချက်ပေးဖူးပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ နှိမ်ချ ခံရပါစေ အဲဒီ နှိမ်ချ ခံရတယ် ဆိုတဲ့ အတွေးက ကလေးရဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတယ်။ သူဟာ အရေးမပါဘူး။ သူ့ကို လူရာမသွင်းဘူး။ ဒါကြောင့် အနှိမ်ခံရတယ်လို့ ကလေးက ယူဆတတ်ပါတယ်။

မစ္စတာ Dreikurs ရဲ့ ကလေးသဘာဝ လေ့လာတွေ့ရှိချက်က ကလေးတွေဟာ မသင့်လျော်တဲ့ သူတို့ရဲ့ အပြုအမူတွေအတွက် မသင့်မလျော် မှားယွင်းတဲ့ ရည်ရွယ်ချက် ၄ ခု ချမှတ်ထားတယ်လို့ လေ့လာတင်ပြထားပါတယ်။ မှားယွင်းတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတာကြောင့် မှားယွင်းတဲ့ ရည်ရွယ်ချက်လို့ နာမည် ပေးထားပါတယ်။ အဲဒီ အချက်တွေက

  1. လိုအပ်တာထက် ပိုပြီး အရေးပေးခံလိုမှု
  2. အစွမ်းအင်အား ပြသလိုမှု
  3. ကလဲ့စားချေလိုမှု နဲ့
  4. မိမိကိုယ်ကို မစွမ်းမပြည့်စုံလို့ ယူဆနေမှု တို့ပဲ ဖြစ်ပါတယ်။

လိုအပ်သည်ထက် ပို၍ အရေးပေးခံလိုမှု

အရေးပေးခံလိုစိတ် ပြင်းပြနေတဲ့ ကလေးဟာ “ခင်ဗျားတို့ ကျနော့်ကို အမြဲ ဂရုစိုက်နေမှ ကျနော်ဟာ အရေးပေးခံရတယ်” လို့ မှားယွင်းစွာ ခံယူထားပါတယ်။ လူတိုင်း အရေးပေးခံချင်ကြတယ်။ ဒါပေမယ့် အရေးပေးခံယူချင်တယ် ဆိုတာနဲ့ အရေးပေးခံဖို့ လိုအပ်နေတယ် ဆိုတာ အများကြီး ကွာခြားပါတယ်။ အရေးပေးခံရအောင် လုပ်တဲ့ နည်းတွေ အမျိုးမျိုး ရှိတဲ့ အထဲက တချို့က အပြုသဘော ဆောင်ပေမယ့် တချို့ကတော့ အသုံးမတည့်ဘဲ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ တစ်ခါတလေ လူကြီးမိဘကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်လိုက်လို့ လူကြီးတွေက အရေးတယူ လုပ်တာကိုပဲ ဂရုပြုတယ်လို့ မှားယွင်းပြီး ယုံကြည်မိတတ်ပါတယ်။ ဒါဆို လူကြီးတွေ အရေးတယူ ရှိအောင် အမြဲပဲ နှောက်ယှက်နေတော့မယ်။

အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက ကလေးကို ဂရုစိုက် အသိအမှတ် ပြုပေးခြင်းပါ။ ကလေးကို လုပ်ငန်း တာဝန်တွေ ပေးပါ။ သူ ကြုံရတဲ့ အတွေ့အကြုံတွေကို တခြားသူတွေကို မျှဝေခိုင်းပါ။ နောက်ပြီး တခြားလူတွေကို နည်းပေးလမ်းပြ လုပ်ဖို့ တာဝန်ပေးပါ။ အဲဒီလို မျှဝေ ပြောပြခိုင်းတဲ့ အချိန်မှာပဲ မသင့်တော်တဲ့ အပြုအမူတွေ လုပ်နိုင်ပါသေးတယ်။ အဲဒါကို ခေတ္တ ဥပေက္ခာပြုထားပါ။ ဒါပေမယ့် လူကြီးတွေအနေနဲ့ သတိထားမိတဲ့အကြောင်း အသိပေးတဲ့ အနေနဲ့ မျက်စိမှိတ်ပြတာတို့၊ ခေါင်းခါပြတာတို့၊ ပုခုံးကို အသာပုတ်ပြီး သိကြောင်း လုပ်ပြသင့်ပါတယ်။ ဒါမှ ကလေးကို ဂရုစိုက်ကြောင်း ပြသရာလည်း ရောက်ပါမယ်။ ကြင်ကြင်နာနာ ဆက်ဆံမှုနဲ့ ခိုင်ခိုင်မာမာ ပြောဆိုမှုကို ယှဉ်တွဲ သုံးခြင်းက ထိရောက်တဲ့ အတွဲဖြစ်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် “ချစ်တော့ချစ်တယ်၊ အလိုမလိုက်ဘူး” ဆိုတဲ့ သဘောပါပဲ။

အစွမ်းအင်အား ပြသလိုမှု

လူတိုင်း အစွမ်းအင်အား လိုကြပါတယ်။ ရှိတယ်လို့ ယူဆတဲ့ ကလေးအနေနဲ့လည်း ထုတ်ပြချင်တယ်။ အင်အားပြလိုမှု စိတ်ဆန္ဒ ပြင်းပြနေတဲ့ ကလေးရဲ့ အပြုအမူကို နားလည်ပေးရမယ့်အစား လူကြီးက မကျေမနပ် တုံ့ပြန်တဲ့အခါ သူတို့ဟာ ဒေါသထွက်ကြတယ်။ စိန်ခေါ်ခံရသလို ခံစားကြရတယ်။ ခြိမ်းခြောက်ခံရသလို ခံစားရပါတယ်။ ဒါမှမဟုတ် အလဲထိုးခံလိုက်ရသလို ဖြစ်သွားတယ်။ လူကြီးတွေ အနေနဲ့ ပြန်လည် တိုက်ခိုက်လာပြီး သူတို့ မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားရင်း ကလေးကိုလည်း ထိန်းချုပ်ဖို့ ပိုကြိုးစားလာပါတယ်။ အဲဒီအခါမှာ ကလေးအနေနဲ့ အနှိမ်ခံရတဲ့ အပြုအမူကို ပိုပြီး ပြင်းပြင်းထန်ထန် ပြဖို့ ကြိုးစားအားထုတ် လာတော့တယ်။ ဒါမှမဟုတ် ဆိတ်ဆိတ်နေပေမယ့်လည်း ပိုပြီး ရန်လိုလာတော့တယ်။

အစွမ်းပြလိုတဲ့ ကလေးတစ်ယောက်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သူ့ဆီက အကူအညီ တောင်းခံဖို့ပါပဲ။ အဲဒီလို အကူအညီ တောင်းတာဟာ အစွမ်းပြလိုတဲ့ ကလေးအတွက် ဘယ်လောက်တောင် ကျေနပ်မှု ရတယ်ဆိုတာကို လျှော့မတွက်ပါနဲ့။ လူကြီးအနေနဲ့ ကလေးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကို ဝန်ခံပါ။ နောင်မလုပ်မိဖို့ ကတိပေးပါ။ အစွမ်းပြချင်တဲ့ ကလေးတွေအတွက် ရွေးချယ်စရာ များများ ဖန်တီးပေးပါ။ စည်းကမ်း၊ လမ်းညွှန်ချက်၊ မူဘောင်တွေ ရေးဆွဲတဲ့အခါမှာ ပူပေါင်း ဆောင်ရွက်ခွင့် ပေးပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်ရင် “လေးစားထိုက်တဲ့ မင်းရဲ့ အစွမ်းတွေကို အားပေးပါတယ်” ဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ နောက်ပြီး ခိုင်ခိုင်မာမာ ပြောဆိုမယ်ဆိုရင် “မင်းရဲ့ စွမ်းအားတွေကို တခြား လူတွေအပေါ် နှိမ်ဖို့ ချုပ်ကိုင်ဖို့အတွက် သုံးခွင့်ပေးမှာ မဟုတ်ဘူး” ဆိုတဲ့ သဘော သက်ရောက်သွားစေတယ်။ အခြား လူတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် အင်အားအစွမ်းသုံးမှုဟာ လက်ခံနိုင်စရာ မရှိကြောင်း ကလေးတွေကို မသင်ပြခင်မှာပဲ လူကြီးတွေ ကိုယ်တိုင်က ကိုယ်ရဲ့ စွမ်းအားကို ကလေးတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် မသုံးမိဖို့ သိပ်အရေးကြီးပါတယ်။

ကလဲ့စားချေမှု

ကလဲ့စားချေချင်တဲ့ ကလေးရဲ့ စိတ်ထဲမှာ “ငါ့ကို ဝိုင်းပယ်ထားကြတယ်။ ငါ့ကို ကြဉ်ထားတော့ ငါ သိပ်ခံစားရတယ်။ ငါ ခံစားရသလို မင်းတို့ ခံစားရရင် ကျေတယ်” ဆိုပြီး ယုံကြည်နေကြတယ်။ လူတွေဟာ သူတို့ နာနာကျင်ကျင် ခံရရင် လက်တုံ့ပြန်ပြီး တခြားသူကို ကိုယ့်လို ခံရစေလိုတဲ့ စိတ် ရှိပါတယ်။ ထူးဆန်းတာက ကလေးတွေကို နာကျင်စေတဲ့ ရည်ရွယ်ချက် မပါဘဲ လုပ်တဲ့ လုပ်ရပ်တချို့မှာကို သူတို့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားနေရတတ်တယ်။ ဥပမာ မွေးစားခံထားရတဲ့ ကလေးဟာ မိဘတွေ ပစ်ပယ်သွားတယ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်နေပါတယ်။ ကလေးတွေရဲ့ နာကျင်တဲ့ သဘော နောက်ခံကို နားမလည်တဲ့အခါ လူကြီးတွေ အနေနဲ့ သူတို့ရဲ့ အပြုအမူကိုကြည့်ပြီး နာကျင်ခံစားရတယ်။ စိတ်ပျက်မိတယ်။ မယုံကြည်တဲ့စိတ် ပိုဖြစ်လာတယ်။ မကြည်ဖြူတဲ့ စိတ်တွေ ဖြစ်လာပါတယ်။ အဲလို အခြေအနေမျိုးမှာ လူကြီးတွေ တုံ့ပြန်လေ့ ရှိတာက ကလေးကို အပြစ်ပေးခြင်းပါ။ “မင်းမို့ ဒါမျိုး လုပ်ရက်ပလေ” ဆိုတဲ့ အပြစ်ဖို့သံနဲ့ ကလေးစိတ်ထဲမှာ အပြစ်ရှိတယ်လို့ မြင်လာအောင် ပြောတာတွေ ရှိပါတယ်။ ကလေးရဲ့ တုံ့ပြန်မှုကတော့ လူကြီးကို နာကျင်အောင် ပြန်လုပ်တယ်။ တခြားသူကို လုပ်တယ်။ ပစ္စည်းတွေကို ပေါက်ခွဲဖျက်ဆီးတယ်။

အဲဒီလို ကလေးတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကတော့ သူတို့လေးတွေရဲ့ နာကျင်ခံစားမှုကို နားလည်ပေးဖို့ပါပဲ။ လူကြီးတွေ အနေနဲ့ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ “ငါ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လို့ စိတ်ထဲမှာ တော်တော် နာကျင်ခဲ့သလဲ” ဆိုပြီး အခြေအနေ အတော်များများကို ကိုယ်နဲ့ နှိုင်းချိန်ပြီး နားလည်နိုင်အောင် ကြိုးစားပေးရမယ်။ ဘာကြောင့် နာကျင်စေသလဲ ဆိုတာ ကလေးကို အသာတကြည် မေးပါ။ သူ ပြောသမျှကိုလည်း ဆင်ခြင်ရင်း နားထောင်တဲ့ ပုံစံနဲ့ နားထောင်ပါ။ ဂရုတစိုက် နားထောင်ပါ။ ကလေးရဲ့ ခံစားမှု၊ နာကျင်မှုတွေကို ကိုယ်နားလည်လိုက်တဲ့ ပုံစံနဲ့ ကလေးကို ပြန်ပြောပြီး ကိုယ် နားလည် ထားတာ မှန်သလားလို့ ကလေးကို ပြန်မေးကြည့်ပါ။ သူတို့ရဲ့ နာကျင်မှုက ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်က တစ်နေရာရာက ပါတာပဲ ဖြစ်ဖြစ် ပြုပြင်ပြီး ဂရုစိုက်ကြောင်း ပြပေးပါ။ အခြားလူတွေကြောင့် ကိုယ် ခံစားခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကိုလည်း ကလေးကို အချိန်ယူပြီး ရှင်းပြပေးပါ။

မိမိကိုယ်ကို မပြည့်စုံဟု ယူဆနေမှု

ကလေးတစ်ယောက်ဟာ သူ့ဖာသာ အခြားကလေးနဲ့ မတူ၊ မပြည့်စုံသူလို့ ယူဆနေခဲ့ရင် အခြားကလေးတွေလို မလုပ်ဆောင်နိုင်တော့ပါဘူး။ မိဘဆရာရဲ့ မျှော်လင့်ချက် ပြည့်အောင် မလုပ်နိုင်ဘူးလို့ ယူဆနေတတ်ပါတယ်။ ဒီလိုကလေးက စိတ်အားတက်ကြွမှု မရှိတော့ပါဘူး။ ကြိုးစား အားထုတ်ချင်စိတ်လည်း ကုန်နေပါပြီ။ သူတို့ စိတ်ထဲမှာ “ငါ ဘယ်မှာမှ ပါလို့မရဘူး။ ဘာမှ မလုပ်ဘဲ တစ်ယောက်တည်း ငိုင်နေဖို့ပဲ ရှိတော့တယ်” လို့ တွေးနေတတ်ပါတယ်။ လိုအပ်တာထက် ပိုပြီး အာရုံစိုက်မှု လိုတဲ့ ကလေးတွေလို ပြုမူတတ်ပေမယ့် သူတို့ကို တစ်ယောက်တည်း ချန်ထားတာမျိုး မကြိုက်ပါဘူး။ အဲဒါက အဓိက ထူးခြားချက်ပါ။ စိတ်ပျက်နေတဲ့ ကလေးရဲ့ စိတ်အခြေခံကို လူကြီးတွေအနေနဲ့ နားမလည်ဘူး ဆိုရင် သူတို့ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် ကင်းမဲ့သလို၊ ကူညီမယ့်သူ မရှိသလို၊ ပိုပိုပြီး မပြည့်စုံသလို ခံစားလာရတတ်တယ်။ လူကြီးတွေအနေနဲ့ လက်လျှော့ အရှုံးပေးသလို တုံ့ပြန်လာပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်လို လိုအပ်တာထက် ပိုပြီး ကူညီတာတို့ လုပ်တတ်ပါတယ်။ အဲဒီလို လုပ်လေ ကလေးက ပိုပြီး နောက်တွန့်လေ ဖြစ်ပြီး နောက်ဆုံးတော့ လုံးဝ နှုတ်ဆိတ်ပြီး မတုံ့ပြန်တော့တာ တွေ့ရတယ်။

ဘာမှ ကြိုးစားချင်စိတ် မရှိတော့တဲ့ ကလေးကို မျှော်မှန်းထားတဲ့ အဆင့်ရောက်အောင် နည်းနည်းချင်း ကြိုးစားလာအောင် တိုက်တွန်းပေးဖို့ လိုပါတယ်။ မရတော့ဘူးဆိုပြီး ပစ်မထားပါနဲ့။ လက်မမြှောက်လိုက်ပါနဲ့။ ဇွဲရှိရှိ ကြိုးစားပါ။ ဒီလိုကလေးတွေဟာ သူ့ကို တစ်ယောက်တည်း ချန်ထားအောင် တစ်ခုခုကို တမင်လုပ်ပြတတ်ပါတယ်။ ကြိုးစား လုပ်လာတော့ အောင်မြင်မှု ကြုံတွေ့လာရပြီဆိုရင် စိတ်ဓာတ် ပြန်ပြီး တက်ကြွ လာပါလိမ့်မယ်။ ပြစ်တင် ဝေဖန်တာတွေကို ရပ်ပါ။ သနားနေတဲ့ စိတ်မျိုးကိုလည်း ရှောင်ပါ။ လုပ်ပေးနိုင်တာကိုသာ ကောင်အောင်လုပ်ဖို့ အာရုံစိုက်ပါ။ ကလေးရဲ့ စိတ်ဝင်စားမှုကို မူတည်ပြီး အားပေးတိုက်တွန်းမှုကို အကောင်အတည် ဖော်ပါ။ နားလည်ပေးနိုင်မယ့် ကြင်ကြင်နာနာ ဆက်ဆံမှုလည်း လိုအပ်ပါတယ်။ နောက်ပြီး “မင်းဖာသာ လုပ်နိုင်တာ ငါသိတယ်။ နည်းနည်းချင်း ကြိုးစားကြည့်ပါ။ မင်း အောင်မြင်မှု ရတဲ့အထိ ငါ ဝိုင်းကူညီပေးမယ်” ဆိုတဲ့ သဘောနဲ့ သူဘေးနားမှာ အခိုင်အမာ ရပ်တည်ပေးပါ။

အချစ်ကို နားလည်သော …

ဟိုးတစ်ချိန်က ကျွန်းလေးတစ်ကျွန်းမှာ ခံစားချက်တွေ အားလုံး နေထိုင်ကြတယ်။ ပျော်ရွှင်မှု၊ ကြေကွဲမှု၊ ချမ်းသာခြင်း၊ အသိပညာ စသဖြင့်ပေါ့။ အချစ်လည်း နေပါတယ်။ တစ်နေ့တော့ သူတို့ စုပေါင်းနေကြတဲ့ ကျွန်းဟာ မကြာခင်မှာ ပင်လယ်ထဲကို မြုပ်တော့မယ်လို့ သတိပေးကြေငြာချက် ထွက်လာတယ်။ ဒါနဲ့ပဲ အားလုံးကိုယ်စီကိုယ်စီ လှေတွေ လုပ်ကြပြီး အဲဒီကျွန်းကနေ ထွက်ခွာသွားကြတော့တယ်။ အချစ်က လွဲလို့ပေါ့။

သူက နောက်ဆုံးအချိန်ထိ မျှော်လင့်ချင်သေးတယ်လေ။ ကျွန်းကြီးတစ်ခုလုံး မြုပ်ခါနီးပြီဆိုမှ အချစ်က သူ့ကိုလာကယ်ဖို့ အကူအညီ တောင်းမယ်လို့ ဆုံးဖြတ်လိုက်တယ်။

ချမ်းသာခြင်းကို လှေနဲ့ ဖြတ်သွားတာ မြင်လိုက်တော့ အချစ်က
ဗျို့ … ကိုချမ်းသာ၊ ကျနော့်ကို ခင်ဗျားနဲ့ အတူလိုက်ခွင့် ပေးပါလား။” လို့ လှမ်းအကူအညီ တောင်းလိုက်တယ်။ ဒီတော့ ချမ်းသာခြင်းက
ဝမ်းနည်းပါတယ် အချစ်ရာ။ လှေပေါ်မှာ တင်ထားတဲ့ ရွှေတွေ ငွေတွေနဲ့ ပြည့်နေတယ်။ မင်းအတွက် နေရာမရှိဘူး။” လို့ ငြင်းလိုက်တယ်။

ဘေးနား ရောက်လာတဲ့ မာနကို လှမ်းအကူအညီတောင်းတော့လည်း အဖြေက မထူးဘူး။
ကိုယ် မင်းကို မကူညီနိုင်ဘူး အချစ်။ မင်း တစ်ကိုယ်လုံးလည်း ရွှဲလို့ ငါလှေ ပျက်သွားလိမ့်မယ်။ မဖြစ်ပါဘူး။

ကြေကွဲမှုကို လှမ်းမြင်လိုက်တော့ အော်ပြောလိုက်တယ်။ “ကြေကွဲမှု၊ ကျနော့်ကိုလည်း ခေါ်သွားပါဦး။
အို … အချစ်၊ ငါ တအား ဝမ်းနည်းနေလို့ပါကွာ။ တစ်ယောက်တည်းပဲ အေးဆေး နေပါရစေ။” လို့ ပူဆွေးနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်တယ်။

ပျော်ရွှင်မှု ဘေးနားက ဖြတ်သွားတာ မြင်တော့ လှမ်းခေါ်လိုက်ပေမယ့် သူ့ဖာသာ အပျော်လုံးနဲ့ စို့နေတော့ ခေါ်နေတာတောင် မကြားနိုင်တော့ဘူးလေ။

အဲဒီလို အားကိုးရာမဲ့လို့ အားငယ်နေချိန်မှာ ရုတ်တရက် ဆိုသလို “လာ အချစ်။ ငါနဲ့ လိုက်ခဲ့။” ဆိုတဲ့ အသံတစ်သံ ထွက်လာတယ်။ သူ့ကြည့်ရတာ အသက်တော်တော် ကြီးနေပါပြီ။ ဘာပဲ ဖြစ်ဖြစ်လေ။ အချစ်ခမျာ တအား ပျော်သွားပြီး လှေပေါ် ခုန်တက်လိုက်တယ်။ ကယ်တင်ရှင်တွေ့ပြီ ဆိုပြီး အပျော်လွန်လိုက်တာ အဘိုးအိုကို ဘယ်သွားမလို့လဲ ဆိုတာတောင် မမေးလိုက်မိဘူး။ နောက် ကမ်းခြေ တစ်နေရာလည်း ရောက်ရော အချစ်ကို ချပြီးပြီးချင်း ဘာမှ မပြောဘဲ လှေလှော်ပြီး ထွက်သွားလေရဲ့။

ကျေးဇူးတင်ချင်တာတောင် ဘယ်သူ့ တင်ရမှန်း မသိတဲ့ ဘဝ။ ဒါနဲ့ တခြားအဘိုးအို တစ်ယောက်ဖြစ်တဲ့ ဦးပညာကို သွားမေးတော့တယ်။
ကျနော်ကို ဘယ်သူ ကူညီသလဲဆိုတာ သိလား အဘ
အဲဒါ အချိန် ကွဲ့” လို့ အဘိုးအို ပြန်ဖြေတော့ “အချိန်” လို့ ပါးစပ်ကနေ ရေရွတ်ရင်း စဉ်းစားနေမိတယ်။ အချစ်ရဲ့ မျက်နှာ အမူအရာကို အကဲခတ်မိတဲ့ ဘိုးပညာက တစ်ချက်ပြုံးလိုက်ပြီး ပြန်ဖြေလိုက်တယ်။
အေးကွဲ့။ လောကမှာ အချစ်ရဲ့ တန်ဖိုးကို နားလည်နိုင်စွမ်းရှိတာ အချိန်ပဲ ရှိတယ်မဟုတ်လား အမောင်ရဲ့

xxxxxx ဝဝဝဝဝဝ xxxxxx
ဒီ ပုံပြင်လေး ဖတ်ပြီးသွားတော့ အတော်လေး တွေးနေဖြစ်တယ်။ လူတစ်ယောက် အချစ်နဲ့ ဒုက္ခပင်လယ် ဝေနေချိန်မှာ ဘာကမှ အဖော်မပြုနိုင်ဘူး ဆိုတာကို ကောင်းကောင်းကြီး သရုပ်ဖော်သွားပါတယ်။ ဒါပေမယ့် အဲဒီ ကျွန်းပေါ်မှာသာ သူ့လိုပဲ နောက်ထပ် အချစ် တစ်ယောက် ထပ်ရှိနေရင်ကောလို့ တွေးမိပြန်တယ်။ ဒါဆိုလည်း ဒီကျွန်းပေါ်မှာပဲ ရေနစ်ပြီး သေချင်သေပါစေလို့ ပြောင်းတွေးသွားမလား ဆိုတာလည်း စိတ်ဝင်စားစရာပဲနော်။ အချစ်အကြောင်းကို ဖတ်ရတိုင်း စဉ်းစားမိတိုင်း သူငယ်ချင်းတစ်ယောက် ပြောခဲ့တာကို အမှတ်သွားသွား ရနေမိတယ်။ သူ့ရဲ့ စကားလေးကို အတွေးပွားနိုင်ဖို့ တင်ပြရင်း …..
အချစ်ဆိုတာ ကြက်သွန် လှီးတဲ့အခါ ကျတဲ့ မျက်ရည်လိုပဲ။ လှီးနေတုန်းတော့ ကျနေမှာပေါ့ကွာ။ လှီးပြီးသွားတော့လည်း ဘယ်ကျတော့မလဲ။ လှီးပြီးတဲ့အချိန် မျက်ရည်ကျတဲ့ အကြောင်းကို ပြန်စဉ်းစားကြည့်ရင် ရယ်ချင်စရာကြီးကွ။ ထပ်လှီးကြည့် ထပ်ကျဦးမှာပဲ။ လုံးဝ မကျချင်ရင်တော့ မလှီးနဲ့ပေါ့ကွာ။

အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်

တစ်ညနေ ယောက်ျား အိမ်ပြန်ရောက်တော့ အိမ်ထဲမှာလည်း ပွစလန်းခတ်လို့။ ရှုပ်ပွ ပေတူးနေတယ်။ ဟိုနေရာကြည့်လည်း အမှိုက်တွေ မွစာကြဲ၊ ဒီနေရာကြည့်လည်း ဗြုတ်စဗျင်းနောင်းနဲ့ အိမ်တစ်လုံးလုံး ရစရာကို မရှိဘူး။ သူ့ ကလေးသုံးယောက်ကို ကြည့်ပြန်တော့လည်း အိမ်ရှေ့မှာ။ ညအိပ်ဝတ်စုံတောင် မလဲနိုင်ဘဲ ရွံ့ဗွက်တွေထဲ ပေတူးလန်အောင် ဆော့နေလေရဲ့။ စားထားပြီးသား မုန့်အိတ်အခွံတွေကလည်း မြေကြီးပေါ်မှာ စည်းမဲ့ကမ်းမဲ့နဲ့ ထိုးထိုးထောင်ထောင်။ အိမ်ရှေ့ ဧည့်ခန်းထဲ ဝင်လာတာ အမှိုက်ပုံထဲ ရောက်သွားသလား အောက်မေ့ရတယ်။ မိန်းမကားရဲ့ တံခါးတစ်ဘက်ကလည်း ပွင့်လို့။ ဘာထူးလို့တုန်း အိမ်တံခါးတွေ ပွင့်လျက်သား။ တစ်ရပ်ကွက်လုံး ဥဒဟို ဝင်ထွက် သွားလာနေတောင် သိမှာ မဟုတ်ဘူး။

အဲ စာကြည့်ခန်း မီးအိမ်ကလည်း လဲလို့။ ကလေးတွေ ဆော့ထားတဲ့ ဘောလုံးကလည်း မီးအိမ်အောက်မှာ အခန့်သား။ တီဗွီက လူသာ မရှိတာ ကာတွန်းကားကို အသံဂိတ်ဆုံး ဖွင့်ထားတယ်။ ထမင်းစားခန်းထဲ ဝင်သွားကြည့်ပြန်တော့လည်း အရုပ်တွေ အရုပ်တွေများ စစ်မြေပြင်မှာ အတုံးအရုန်း လဲနေတဲ့ အလောင်းတွေ ကျနေတာပဲ။ ခြေချစရာ နေရာကို မရှိအောင်ပဲ။ ချွတ်ထားတဲ့ အဝတ်အစားတွေကလည်း ဟိုနားတစ်စ ဒီနားတစ်စနဲ့ ရှုပ်နေတာမှ ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ မြင်ကြည့်ကြည့်လိုက်လေ။ စားပွဲပေါ်မှာလည်း စားထားပြီးသား မဆေးရသေးတဲ့ ပန်းကန်ပြားတွေက ကိုးယို့ကားယား၊ အစားအစာတွေက မြေကြီးပေါ် ပြန်ကျဲလို့။ ကွဲထားတဲ့ ဖန်ခွက်တောင် စားပွဲအောက်မှာ ဒီအတိုင်း အေးဆေး။ ဘာကြောင့် ဒီလောက် ဖြစ်ပျက်နေတာလဲ သိရအောင် မိန်းမကို ရှာပြီး မေးရတော့မယ်။

သူ အပေါ်ထပ်ကို ခပ်မြန်မြန်လေး တက်သွားတယ်။ လှေကားထစ်တွေမှာ အရုပ်တွေနဲ့မို့ ခုန်ပျံကျော်လွှား သိုင်းကစားလိုက်ရသေးတယ်။ မိန်းမ နေမကောင်းလို့များလား၊ ဒါမှမဟုတ် ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး ဆိုပြီး တွေးလိုက်တော့ တအားစိတ်ပူသွားတယ်။ အိပ်ခန်းထဲ ဝင်သွားလိုက်တော့ သူ့မိန်းမကို ကုတင်ပေါ်မှာ ညအိပ် ဝတ်စုံနဲ့ လှဲနေတာ တွေ့လိုက်ရတယ်။ ဝတ္ထုလေးတစ်အုပ် ဖတ်ရင်းနဲ့ပေါ့။ ယောက်ျားကိုလည်း မြင်ရော ခပ်ပြုံးပြုံးလေးနဲ့ “ဒီနေ့ အလုပ်အကိုင် အဆင်ပြေရဲ့လား” လို့ လှမ်းမေးလိုက်တယ်။ ဘာမှ မဖြစ်သလို မျက်နှာပေးနဲ့ သူ့မိန်းမကို တအံ့တသြ ကြည့်ပြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ မိန်းမကို မေးခွန်း ထုတ်လိုက်တဲ့ အခါ …
ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ
မိန်းမက နောက်တစ်ခါ ထပ်ပြုံးလိုက်ပြီး အေးအေးဆေးဆေးပဲ ဖြေလိုက်တယ်။
ရှင် ညနေ အလုပ်က ပြန်လာတိုင်း ကျမကို မေးတယ်လေ။ ဒီနေ့ အိမ်မှာ ကျမ ဘာများ ကြီးကြီးကျယ်ကျယ် လုပ်စရာ ရှိလို့တုန်း လို့ ရှင် အမြဲ မေးလေ့ရှိတယ်မလား။
အေး … အဲဒါ ဘာဖြစ်လဲ
ဟုတ်ပြီလေ။ ကျမ ဒီနေ့ အဲဒါတွေ မလုပ်ဖြစ်ဘူး

မြဲမြံစွာ ဆုပ်ကိုင်ထားသော …

ပါမောက္ခသည် သူ၏ စာသင်ခန်းထဲသို့ ဖန်ခွက်တစ်ခွက် ကိုင်၍ ဝင်လာသည်။ ဖန်ခွက်ထဲတွင် ရေ တစ်ဝက်ခန့် ထည့်ထားသည်။ ပါမောက္ခသည် ထို ရေခွက်ကို အများ မြင်သာအောင် ကိုင်မြှောက်လိုက်ပြီး မေးခွန်း မေးပါတော့သည်။
ဒီခွက် ဘယ်လောက် လေးမယ်လို့ မင်းတို့ ထင်သလဲကွ
၅၀ ဂရမ်” … “၁၀၀ ဂရမ်” … “၁၂၀ ဂရမ်” …
ကျောင်းသားများ၏ ပါးစပ်မှ အဖြေ မျိုးစုံအောင် ထွက်ကျလာတော့သည်။
ဒီခွက်ကို သေချာ မချိန်ကြည့်ဘဲနဲ့တော့ အလေးချိန် ဘယ်သိနိုင်ပါ့မလဲ
ပါမောက္ခ ဆက်ပြောမည့် စကားကို တစ်တန်းလုံး ငြိမ်၍ နားထောင်နေကြသည်။
ဆရာ အဓိက မေးချင်တာက ဒီခွက်ကို မိနစ်ပိုင်းလောက် ကိုင်ထားမယ်ဆိုရင် ဘာဖြစ်မလဲ
ဘာမှ မဖြစ်နိုင်ဘူးဆရာ” ကျောင်းသားတစ်ယောက် အော်ဖြေလိုက်သည်။
အေး … ဒါဆို တစ်နာရီလောက် ကိုင်ထားမယ် ဆိုရင်ကောကွာ” ပါမောက္ခ ထပ်မေးလိုက်သည်။
လက်ညောင်းလာမှာတော့ အမှန်ပဲ ဆရာ
အင်း … ဒါတော့ သေချာတယ်။ ဒါဖြင့် တစ်ရက်လုံး ကိုင်ပြီး မြှောက်ထားမယ်ကွာ။ ဘယ်လို နေမလဲ
ဒါဆိုရင်တော့ ဆရာရယ် လက်မောင်းပဲကြွက်တက်မလား၊ ဒါမှ မဟုတ် အံသေပြီး လှုပ်မရဘဲ ဖြစ်မလား၊ လက်တစ်ဖက်လုံး ကိုက်ခဲပြီး နာနေမလား၊ တစ်ခုခုပဲ။ သေချာတာတော့ ဆေးခန်းတော့ သွားပြရတော့မယ်” ဟု ကျောင်းသားတစ်ယောက်က ခပ်ရွှန်းရွှန်း ပြောလိုက်ရာ တစ်တန်းလုံး ပွဲကျသွားလေတော့သည်။
သိပ်ကောင်းတယ် တပည့်တို့။ ဒါနဲ့ အခုလို ကိုင်ထားတဲ့ အတောအတွင်း ဖန်ခွက်ရဲ့ အလေးချိန်က အပြောင်းအလဲ ရှိနေလား
မရှိပါဘူး ခင်ဗျ
ဒါဆို ဘာကြောင့် ကြွက်သားတွေ တင်းပြီး လက်တစ်ဖက်လုံး နာလာရတာတုန်း
ထိုမေးခွန်းကို စဉ်းစားရင်း ကျောင်းသားများ အားလုံး အတော် ခေါင်းစားနေကြသည်။ ထိုစဉ် ကျောင်းသားတစ်ယောက်မှ အော် ပြောလိုက်သည်။
ဖန်ခွက်ကို အောက်ချလိုက်ပေါ့
မှန်လိုက်လေ” ဟု ပါမောက္ခမှ ထောက်ခံလိုက်ပြီး
ဘဝမှာ ဖြစ်နေတဲ့ ပြဿနာတွေက ဒီပုံစံအတိုင်းပါပဲ။ မင်းတို့ရဲ့ ဦးနှောက်ထဲမှာ အဲဒါတွေကို မိနစ်အနည်းငယ်လောက် ထားထားရုံနဲ့ ဘာမှတော့ ထူးခြားလာမှာ မဟုတ်ဘူး။ အချိန်ကြာကြာ စဉ်းစားလာပြီ ဆိုရင်တော့ ခေါင်းကိုက်ရတော့မယ်။ ဒီထက် ပို ကြာကြာ ဆက်ပြီး ထိန်းထားဦးမယ် ဆိုရင်တော့ မင်းတို့ရဲ့ တွေးခေါ်မှုတွေ၊ ဆင်ခြင်နိုင်စွမ်းတွေကို အံသေအောင် လုပ်ပစ်တော့မယ်။ ဒီတော့ မင်းတို့ ဘာဆို ဘာမှ မလုပ်နိုင်တော့ဘူး။

ဘဝမှာ စိန်ခေါ်မှုတွေ ပြဿနာတွေကို စဉ်းစားတွေးတောဖို့ သိပ်အရေးကြီးပါတယ်။ ဒီထက်ပို အရေးပါတာက အတွေးအခေါ်တွေ အံသေသွားတဲ့အထိ မဖြစ်အောင် ပုံမှန်လေး အနားယူတတ်ဖို့ပါ။ ဦးနှောက်ထဲ ရောက်အောင် ကိုယ်ကိုယ်တိုင် ကောက်ထည့်လိုက်တယ်လို့ နားလည်နိုင်ရင် ခဏတာ အနားယူဖို့ ဖယ်ထားတတ်မှာပါ။ စိတ်ညစ်စရာတွေ အလိုအလျောက် ဝင်လာတာပါလို့ ဆင်ခြေပေးတဲ့ လူတချို့အတွက်တော့ အဲဒီ စိတ်ညစ်စရာတွေဟာ ဘယ်တော့မှ သူ့အလိုအလျောက် ထွက်မသွားဘူး ဆိုတာ သိစေချင်ပါတယ်။ ဘုရားကို အာရုံပြု၊ စိတ်ကို တည်ငြိမ်အောင်ထားပြီး အိပ်လိုက်နိုင်ရင်ဖြင့် နောက်တစ်နေ့ကို လန်းဆန်းစွာနဲ့ ထိတွေ့ခွင့် ရမှာပါ။ မနက်တိုင်းမှာ စိတ်ဟာ အသစ်ဖြစ်နေမှ နောက်ထပ် စိန်ခေါ်မှုတွေနဲ့အတူ ဘဝကြီးက လေးပင်မနေတော့မှာပါ။

အမြင်အကြား အာရုံတွေ ကြွက်တက်ပြီး အတွေးအခေါ်တွေ အံသေနေပြီဆိုရင် သတိရလိုက်ပါ။ ဦးနှောက်ထဲမှာ ကိုင်ဆုပ်ထားတဲ့ ခံစားချက်၊ ယူဆချက်၊ အဆိုပြုချက်တွေကို ခဏလောက် ချထားလိုက်ပါဦး။

မြန်မာ့ကျား

ခေါင်းစဉ်ကို ဖတ်ပြီး မြန်မာ့ကျားဆိုလို့ အကောင်ကြီးကြီး အမြီးရှည်ရှည်နဲ့ သတ္တဝါကို ပြေးမြင်မိကြတော့မယ် ထင်တယ်။ ကျနော် ဆိုလိုချင်တာက အကောင်လည်း မကြီးဘူး၊ အမြီးလည်း မပါတဲ့ ကျားပါ။ ကျားကစားနည်းကို ဆိုလိုတာပါ။ ဒါဆို မျက်လုံးထဲ မြင်ပြီထင်တယ်။ အရောင်တစ်ကွက် ပြောင်တစ်ကွက်နဲ့ ကွက်ကြား ဆွဲထား ဘန်းပြားပေါ်မှာ ဇယ်တွေကို တဇောင်းလေး စောင်းငမ်းစောင်းငမ်း ရွှေ့ရတဲ့ ကစားနည်းပေါ့ဗျာ။ ဒီကစားနည်းက အားလုံး သိနေပြီးသားမို့ ဘာတွေများ ထပ်ရေးစရာ လိုပါလိမ့်မလဲလို့ တွေးနေမိလိမ့်မယ်။ ဟုတ်ပါတယ်။ ရေးစရာ မရှိပါဘူး။ အဲ ဒါပေမယ့် ကျနော် ခေါင်းစဉ်တပ်ထားတာ “မြန်မာ့ကျား” တဲ့။ အဓိပ္ပာယ်က မြန်မာ့ရိုးရာ ကျားကစားနည်းကို ဆိုလိုတာပါ။ ကျနော်တို့ အများစုက ခုနပြောတဲ့ စောင်းငမ်းစောင်းငမ်း သွားနေတဲ့ ကျားကို Made in Myanmar ထင်နေကြတာ။ တကယ်တော့ အဲဒါ သွင်းကုန်ကြီးဗျ။ အင်ပို့ လုပ်ထားတာ။ ဒါကြောင့် ကျနော်က ကျနော်တို့ရဲ့ မြန်မာ့ရိုးရာ ကျားကစားနည်းကို နည်းနည်း တင်ပြချင်ပါတယ်။

အပွင့်လင်းဆုံး ဝန်ခံရရင် ကျနော်လည်း ပြည်တွင်းဖြစ် ကျား ရှိမှန်း သိတာ မကြာသေးဘူးဗျ။ တစ်နေ့က စာအုပ်ပြပွဲ ရှိလို့ ကျနော် သွားကြည့်ဖြစ်တယ်။ နှင်းဆီကုန်း ဘိုးဘွားရိပ်သာမှာ လုပ်တာ။ ထုံးစံအတိုင်း စာအုပ်တွေကတော့ သားရေယိုစရာ ချည်းပါပဲဗျာ။ လိုချင်လိုက်တော့ ရှေးဟောင်းစာအုပ်၊ အော်လိုက်တဲ့ ဈေးကလည်း ပြဲလန်နေတာပဲ။ ဈေးတစ်ခါ ပြောလိုက်တိုင်း ကိုင်ထားတဲ့ စာအုပ်ကို လွတ်မကျအောင် မနည်း ဆုတ်ထားရတယ်။ ဒီတော့ ဝယ်မယ်ဆိုတာထက် မြည်းမယ်ဆိုတဲ့ အာသီသက ပိုပြင်းထန်သွားတယ်။ တတ်နိုင်တဲ့ ဈေးရအောင် ဆစ်ကြည့်တယ်။ ရရင် ဝယ်လိုက်တယ်။ မရရင်တော့ ကောက်မြည်းလိုက်တယ်ပေါ့။ မန်းလေးက ထိုးမုန့်တန်းလို မဝယ်ဘဲ အမြည်းစားလို့ရတယ်။ အဟက်။ ဟိုလျှောက်ကြည့် ဒီလျှောက်ကြည့်ရင်းနဲ့ ဦးသိန်းဇံ ပြုစုထားတဲ့ မြန်မာ့ယဉ်ကျေးမှု သုတပဒေသာ ဆိုတဲ့ စာအုပ်ကို သွားတွေ့တယ်။ နည်းနည်း မြည်းကြည့်လိုက်တာနဲ့ လက်က မချချင်တော့ဘူး။ အားပါးပါး ကျနော် ကြားတောင် မကြားဖူးတဲ့ အကြောင်းအရာတွေနဲ့ ကျနော် စနစ်တကျ သိချင်တဲ့ အကြောင်းအရာတွေ ရေးထားတော့ ဝယ်မယ်ဆိုပြီး ဈေးမေးလိုက်တာ ငုတ်တုတ်မေ့သွားတယ်။ အဲဒီအထဲမှာပဲ ကျနော် ကျားကစားနည်းအကြောင်းကို ဖတ်လိုက်ရတယ်။ ဝယ်က ဝယ်ချင်၊ ဈေးက မပေးချင်နဲ့ ဆိုင်ကနေ ထွက်ခဲ့လိုက်တယ်။ တစ်ဆိုင်ဝင် တစ်ဆိုင်ထွက်ရင်း နောက်တစ်နေရာမှာ သွားတွေ့လိုက်တော့ ကြိုက်ဈေး ဆစ်လို့ ရသွားတယ်။ ကျနော် ဒီထက် ပို စိတ်ဝင်စားတဲ့ စာအုပ်က ကျေးလက်ပျော်ရွှင်မှု ဆိုတဲ့ စာအုပ်ပါ။ အဲဒီ စာအုပ်ထဲမှာ ကျေးလက်ကစားနည်းတွေ အကြောင်းကို သုတေသန ပြုထားတယ်။ စာအုပ်ကို တွေ့ပေမယ့် ဈေးအော်လို့ မဝယ်ဖြစ်ခဲ့ပါဘူး။ အဲ … ပြောရင်းနဲ့ ဘယ်ရောက်သွားလဲ မသိဘူး။ အခု ကျနော် တင်ပြချင်တာက ဦးသိန်းဇံ ရေးသားထားတဲ့ မြန်မာ့ယဉ်ကျေးမှု သုတပဒေသာ ဆိုတဲ့ စာအုပ်ထဲကပါ။ စာရေးသူရဲ့ ရည်ရွယ်ချက်ကလည်း မြန်မာပြည်သူတွေ ကိုယ့်ရဲ့ ရိုးရာကျားကစားနည်းကို ရှိလေမှန်းတောင် မသိတော့လို့ ထုတ်ဖော်တင်ပြခြင်း ဖြစ်ပါတယ်တဲ့။ သူရဲ့ ရည်ရွယ်ချက်လေး ပိုပြီး အထမြောက်သွားအောင် ကျနော်ကလည်း ထပ်ပြီး ဖောက်သည်ချလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဘယ်အချိန်ကတည်းက စပြီး ကျားကစားသလဲ ဆိုတာကို သမိုင်းအထောက်အထားအရ သိရတာက ကျစွာမင်းကြီး လက်ထက်မှာ ဖြစ်ပါတယ်။ သူ့ထက် စောပြီးတော့ မှတ်တမ်းတွေမှာ မတွေ့ရပါဘူး။ မြန်မာ့ရိုးရာ ကျားကစားနည်း စုစုပေါင်း လေးနည်း ရှိပါတယ်။

  1. ရှစ်ကွက်ကျား
  2. လေးကွက်ကျား
  3. သုံးထပ်ကျား နဲ့
  4. လကျား (သို့) အိမ်သာကျား တို့ပဲ ဖြစ်ပါတယ်။

ကစားဘန်း အကွက် အရေအတွက် ကွဲပြားသလို၊ ဥပဒေသတွေလည်း ကွဲပြားကြပါတယ်။ ကစားနည်း လေးမျိုးစလုံးဟာ အခုချိန်ဆို ကွယ်ပျောက်သွားပြီလို့ ပြောလို့ရပါတယ်။ အင်မတန်မှ နှမြောစရာ ကောင်းပါတယ်။ ကစားနည်းတွေကို လေ့လာကြည့်မယ်ဆိုရင် လက်ရှိ အများ ကစားနေတဲ့ ကျားကစားနည်းထက် အများကြီး အဆင့်မြင့်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကဲ … ကျနော်တို့ ရှစ်ကွက်ကျားကနေ စ လေ့လာကြည့်ရအောင်ဗျာ။

<<<< ရှစ်ကွက်ကျား >>>>

ကျားဘန်း ဖွဲ့စည်းပုံ
နာမည်နဲ့ လိုက်အောင်ပဲ အလျားရှစ်ကွက် အနံရှစ်ကွက် ရှိတဲ့ အကွက်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျားဘန်းကို သုံးပြီး ဆော့ရပါတယ်။ ပုံမှန် ကစားနေတဲ့ ကျားဘန်းက အကွက်ရေ အတူတူပါပဲ။ ထူးတာက ရှစ်ကွက်ကျားမှာ တစ်ကွက်ခြားဆီ အရောင်ခြယ်စရာ မလိုပါဘူး။

ဇယ်များ နေရာချခြင်း
အကွက်အရေအတွက် တူပေမယ့် ကျား နေရာချပုံတော့ မတူပါဘူး။ စာဖတ်သူအားလုံး ပုံမှန် ကျားကစားနည်းနဲ့ ရင်းနှီးပြီးသားလို့ ယူဆမိလို့ အဲဒီနည်းနဲ့ နှိုင်းယှဉ်ပြီး ပြောသွားပါ့မယ်။ အဖြူအမဲ ကျားနှစ်ရောင် ရှိတယ် ဆိုပါစို့။ ကျနော် သိပြီးသား နည်းနဲ့ဆို ကျားကို တစ်ကွက်ခြားစီ သုံးတန်း ချရပါတယ်။ စုစုပေါင်း ကျား (၁၂) ကောင်ပေါ့။ အခု ရှစ်ကွက်ကျားက အဲလို မဟုတ်ဘူးဗျ။ စုစုပေါင်း (၁၈) ကောင် ရှိပါတယ်။ ပထမဆုံးတန်းမှာ ရှစ်ကွက်စလုံး ကျားတစ်ကောင်စီ ချရတယ်။ ဒုတိယတန်းလည်း ရှစ်ကောင်။ တတိယတန်းကျ ဘယ်ဘက် အစွန်းဆုံး အကွက်နဲ့ ညာဘက် အစွန်ဆုံး အကွက် နှစ်ကွက်ပဲမို့ နှစ်ကောင်။ တစ်ဘက်ဆီကို ကျား စုစုပေါင်း (၁၈) ကောင်စီနဲ့ ဆော့ရပါတယ်။ ပြောတာ မရှင်းရင် ပုံမှာ ကြည့်ကြည့်ပါ။

ဇယ်အကွက်ရွှေ့ပုံ
ကျနော်တို့ မြင်နေကျ ကစားနည်းက ကျားတွေကို ရွှေ့ချင်ရင် တစ်ဇောင်း သွားရပါတယ်။ ကျားတစ်ကောင်ရဲ့ သွားနိုင်တဲ့ ဦးတည်ရာက နှစ်ဖက်ပဲ ရှိပါတယ်။ ဘာလို့လဲဆို နောက်ပြန်ဆုတ်လို့ မရလို့ပါ။ ရှစ်ကွက်ကျားမှာတော့ အတော်လေး ပုံစံကွဲသွားပါတယ်။ တဇောင်းသွားလို့ မရတော့ဘဲ တည့်တည့်ပဲ သွားရပါမယ်။ နောက်ပြန်သွားလို့ ရတာကြောင့် ဦးတည်ရာက စုစုပေါင်း လေးဖက် ရှိပါတယ်။ ဘယ်၊ ညာ၊ အထက်၊ အောက် ကြိုက်သလို သွားလို့ရတဲ့အပြင် မြင်ဖူးနေကျ ကစားနည်းလို တစ်ကွက်ချင်း ရွေ့ရတာ မဟုတ်ဘဲ လိုအပ်ရင် သုံးလေးငါးကွက် ရွှေ့ပိုင်ခွင့် ရှိပါတယ်။ ဒါပေမယ့် အရှေ့မှာ အတားအဆီး မရှိရင်ပေါ့။ လွတ်နေတဲ့ အကွက်အထိ ရွှေ့နိုင်ပါတယ်။ ပုံမှာ ကြည့်ကြည့်ပါ။ အနီဘက်က စ ကစားမယ် ဆိုပါစို့။ ပထမဆုံး အနေနဲ့ အနီဘက်က C1 က ကျားဟာ E1 ဆီ နှစ်ကွက် ရွှေ့လိုက်တယ်။ ဒုတိယအနေနဲ့ အနက်ကလည်း F8 ကနေ D8 ဆီ နှစ်ကွက် လိုက်ရွှေ့တယ်။ တတိယအနေနဲ့ အနီက E1 ကနေ E8 ဆီ ညာဘက် ရှစ်ကွက် ရွှေ့လိုက်တယ်။

အကောင်စားခြင်း
အရင် ကစားနည်းက တစ်ဖက်က ကျားကို စားတော့မယ် ဆိုရင် ကျားတစ်ကောင် ခုန်အုပ်သလို စားရပါတယ်။ တစ်ဖက်လူ ကျားရဲ့ တစ်ကွက်ကျော်မှာ နေရာလွတ်ရှိရင် စားပိုင်ခွင့် ရှိတယ်။ ရှစ်ကွက်ကျားမှာတော့ ကျားစားနည်း နှစ်မျိုး ရှိပါတယ်။ တစ်မျိုးက ညှပ်စားနည်း နဲ့ နောက်တစ်မျိုးက ထိုးစားနည်းပါ။ ညှပ်စားနည်း ဆိုတဲ့ နာမည်အတိုင်းပဲ ကိုယ့်ကျားနှစ်ကောင်နဲ့ ညှပ်ပြီး စားရပါတယ်။ ထိုးစားနည်းကတော့ တစ်ဖက်လူရဲ့ ကျားနှစ်ကောင်ကြားထဲ ထိုးဝင်ပြီး စားလိုက်တာပါ။ အထက်က ပုံကို ကြည့်ကြည့်ပါ။ တတိယ ရွှေ့တဲ့အလှည့်မှာ အနီက E1 ကနေ E8 ကို ရွှေ့လိုက်တဲ့အတွက် D8 မှာ ရှိတဲ့ အနက်ကျားဟာ E8 ကျားနဲ့ C8 အနီကျားနှစ်ကောင်ရဲ့ အညှပ်ကို ခံလိုက်ရတာကြောင့် D8 ကျား သေပါတယ်။ သဘောက E8 ကျားနီက C8 ကျားနီရဲ့ အကူအညီနဲ့ D8 ကျားနက်ကို စားလိုက်တယ်။ အဲဒါကို ညှပ်စားနည်းလို့ ခေါ်ပါတယ်။

ထိုးစားနည်းကို နားလည်နိုင်ဖို့ အထက်က ပုံကို ကြည့်ကြည့်ပါဦး။ တကယ်လို့ ကျားနက်ဟာ G5 ကနေ B5 နေရာကို ရွှေ့လိုက်မယ်ဆိုရင် B4 ကျားနဲ့ B6 ကျား နှစ်ကောင်လုံး သေပါတယ်။ အဲဒါကို ထိုးစားတယ်လို့ ခေါ်ပါတယ်။ အဲဒီမှာ သတိပြုစရာ ရှိလာပါတယ်။ လက်ရှိအခြေအနေအရ xxxxox-x ဖြစ်နေလို့ o ရဲ့ ဘေးနှစ်ဘက် x နှစ်ကောင် အစားခံရတယ်။ တကယ်လို့ xxxoxx-x ဖြစ်နေရင်တော့ o ရဲ့ ဘယ်ဘက်က x နှစ်ကောင်နဲ့ ညာဘက်က x နှစ်ကောင်၊ စုစုပေါင်း လေးကောင် အစားခံရမယ်။ နောက် အခြေအနေတစ်ခုက xxxoxxxx ဆိုရင်တော့ ဘယ်ဘက်သုံးကောင်နဲ့ ညာဘက်သုံးကောင် စုစုပေါင်း ခြောက်ကောင် အစားခံရမယ်ဗျ။ တစ်ခု သတိထားရမှာက ကြားမှာ ကွက်လပ် ခြားနေရင် စားလို့ မရပါဘူး။ နောက်တစ်ခုက ထောင့်ကပ်နေတဲ့ အကောင်တွေကို ဘယ်လိုနည်းနဲ့မှ စားလို့ မရပါဘူး။

ပုံမှန်မြင်နေကျ ကျားကစားနည်းမှာ နှစ်ကောင်ရိုက်၊ သုံးကောင်ရိုက်၊ လေးကောင်ရိုက်တွေ ရှိသလို ရှစ်ကွက်ကျားမှာလည်း အစုလိုက် အပြုံလိုက် စားလို့ရပါတယ်။ ထူးခြားတာတစ်ခုက ရှစ်ကွက်ကျားက ရန်သူကျားတွေ ကပ်နေမှ စားလို့ရပြီး မြင်နေကျ ကစားနည်းကတော့ တစ်ကွက်စီခြားနေမှ စားလို့ရတာပါ။

အောင်ပွဲခံခြင်း
ထုံးစံအတိုင်း ကျားကုန်သွားရင် မကုန်တဲ့ဘက်က အနိုင်ရတာပေါ့။ ဒါတော့ အတူတူပါပဲ။ နောက်တစ်ခုက ကိုယ့်ကျားတွေ တစ်ခုမှ လှုပ်လို့ မရတော့ရင်လည်း ရှုံးပါတယ်။

ကဲ … ကစားနည်း ဥပဒေကတော့ ဒါပဲဗျ။ အကောင်စားရတဲ့ ပုံစံ ဆန်းပြားတော့ အတော်လေး ပညာသားပါတယ်။ တရုတ်ကျားကစားနည်း တစ်မျိုး ဖြစ်တဲ့ ဝေချီ (GO) နဲ့ သွားဆင်ပါတယ်။ ဝေချီကလည်း ရန်သူကို စစ်တိုက်သလို ညှပ်ပူညှပ်ပိတ် ဖမ်းပြီး စားရတာပါ။ ကျနော်တို့ ကစားရိုး ကျားနဲ့ မတူတာက ရှစ်ကွက်ကျားမှာ ကင်းမရှိပါဘူး။ ကျားတစ်ကောင်ချင်းစီရဲ့ Rank အဆင့်အတန်းက အတူတူပါပဲ။ တဖက်က ညှပ်စားဖို့ ပြင်နေတဲ့ အကွက်ကို တန်ပြန်တိုက်စစ် ဆင်တဲ့အနေနဲ့ ထိုးစားပစ်လိုက်လို့ ရနေပါတယ်။ အပြန်အလှန် အနေနဲ့ ထိုးစားမယ့် စိတ်ကူးကို ညှပ်စားပြီး ဖျက်လို့ ရနေတော့ ဘတပြန် ကျားတပြန် တိုက်ခိုက်လို့ ရသလို ဖြစ်နေတယ်။ ဒါကြောင့် တစ်ဖက်လူ မခန့်မှန်းနိုင်တဲ့ တိုက်စစ်တွေနဲ့ ပုံစံချတတ်မှ အန္တရာယ်ကင်းတဲ့ ကစားကွက် ဖြစ်ပါလိမ့်မယ်။ အင်း ရေးရင်းနဲ့ ကစားချင်လာပြီ။ ကဲ ဗျာ။ စာဖတ်သူလည်း ကစားတတ်သွားပြီ ဆိုရင် ကျနော်တို့ တစ်ပွဲတစ်လမ်းလောက် ဆွဲလိုက်ကြရအောင်လား။

တစ်နာရီ နှစ်ထောင်

အဖေလုပ်သူဟာ အလုပ်ကနေ အိမ်ပြန်လာပြီဆို အမြဲ နောက်ကျပြီး၊ ပင်ပန်းနွမ်းချိနေတော့ သားတစ်ယောက်ရဲ့ တည်ရှိမှုကိုတောင် ဂရုမစိုက်နိုင်အားတော့ဘူး။ တစ်နေ့ သူ့ရဲ့ ငါးနှစ်အရွယ် ရှိတဲ့ သူ့ရဲ့သားက ဧည့်ခန်းမှာ ထိုင်ပြီး အဖေကိုတွေ့ဖို့ စောင့်နေလေရဲ့။ သူ့အဖေကို မြင်တယ်ဆိုရင်ပဲ
သား ။ ။ ဖေဖေ၊ မေးခွန်းတစ်ခုလောက် မေးလို့ ရမလား။
ဖေ ။ ။ ပြောပါသားရယ်၊ မေးလို့ရတာပေါ့။
သား ။ ။ ဖေဖေ အခုလို အလုပ်လုပ်တာ တစ်နာရီကို ဘယ်လောက်ရလဲဟင်။
ဖေ ။ ။ ကလေးက ကလေးနေရာ မနေဘူး။ ဒါ မင်းနဲ့ ဘာဆိုင်လို့လဲ။ ဘာလို့ ဒီမေးခွန်း မေးရတာလဲ။
စိတ်တိုတိုနဲ့ပဲ ဆူငေါက်လိုက်တယ်။
သား ။ ။ သား သိချင်လို့ပါ။ ပြောပြပါနော် ဖေဖေ။ တစ်နာရီ ဘယ်လောက်ရလဲ။
ဖေ ။ ။ အလုပ်က ပင်ပန်းရတဲ့အထဲကွာ။ မင်း သိချင်သပါ့ဆို ပြောပြမယ်။ တစ်နာရီ နှစ်ထောင်ရတယ်။
အိုး” လို့ နှုတ်က ရေရွတ်လိုက်ပြီး ကလေးခမျာ ခေါင်းလေး ငိုက်စိုက် ကျသွားတယ်။ ခဏကြာတော့ ခေါင်းလေး မော့လာပြီး သူ့အဖေကို
သားကို ပိုက်ဆံ တစ်ထောင်လောက် ချေးပါလား
အဖေလုပ်သူက မျက်နှာထားတင်းသွားပြီး
ဒီ ပိုက်ဆံတစ်ထောင် ချေးပြီး ဘာမဟုတ်တဲ့ အရုပ်တွေ လျှောက်ဝယ်မလို့ မလား။ သွား … မင်းအိပ်ခန်းကို အခုသွား။ အိပ်တော့။ မင်း ဘာလို့ အဲလောက် အတ္တဆန်ရသလဲ ဆိုတာ သေချာပြန်စဉ်းစားစမ်း။ ငါ့မှာ တစ်နေ့တစ်နေ့ ဒီလို ကလေးကလား အပြုအမူတွေအတွက် အလုပ်လုပ်နေရသလိုပဲ။
ကလေးခမျာ ဘာမှ ပြန်မပြောတော့ဘဲ တိတ်တိတ်ကလေး အခန်း ပြန်သွားတော့တယ်။

အဖေလုပ်သူက ထိုင်ခုံမှာ ထိုင်ပြီး တွေးလေ ဒေါသထွက်လေ ဖြစ်နေတော့တယ်။ ပိုက်ဆံလေးချေးဖို့ ကိစ္စများ ငါ့ကို ကြီးကြီးကျယ်ကျယ် ဘယ်လောက်ရသလဲလေး ဘာလေးနဲ့။ မေးရက်လိုက်တာ လို့ တွေးနေမိတယ်။ တစ်နာရီလောက်ကြာတော့ အဖေဖြစ်တဲ့ သူက တည်ငြိမ်စ ပြုလာပြီး ကလေးရဲ့ မေးခွန်းနဲ့ တောင်းဆိုချက်ကို သေချာ ပြန်စဉ်းစားမိတယ်။ သူ ငွေတစ်ထောင် ချေးတာဟာ တကယ်ပဲ တစ်ခုခု ဝယ်ဖို့ လိုအပ်နေလို့ ဖြစ်နိုင်တယ်။ ဒီကလေး အဲဒီလို အရင်က ချေးလေ့မရှိပါဘူးလို့ တွေးလိုက်မိတော့ ကောင်လေးရဲ့ အခန်းထဲကို ဝင်သွားပြီး ကောင်လေးနဲ့ စကားသွားပြောတယ်။

အိပ်ပြီလား၊ သား
သား မအိပ်သေးပါဘူး ဖေဖေ
ဖေဖေ ပြန်စဉ်းစားနေမိတယ်သား။ အဖေ ဆုံးဖြတ်ချက်ချတာ လောသွားတယ်။ တနေကုန်လုံး ပင်ပန်းထားတော့ သားအပေါ် ဒေါသတွေ စုပုံ ချမိသွားတယ်။ ရော့သား၊ သားလိုချင်တဲ့ ငွေတစ်ထောင်။
ကလေးက မတ်တပ်ထရပ်ပြီး ပြုံးရွှင်စွာနဲ့ပဲ ပြန်ပြောလိုက်တယ်။ “ကျေးဇူးပါ ဖေဖေရယ်
ကလေးက သူ့ ခေါင်းအုံးအောက်မှာ သိမ်းထားတဲ့ ပိုက်ဆံ အနွမ်းလေးတွေကို ထုတ်ရေလိုက်တယ်။ အဖေလုပ်သူက ဒီကောင် သူ့မှာလည်း ပိုက်ဆံ ရှိလျက်နဲ့ ငါ့ဆီက ထပ်တောင်းသေးတယ် ဆိုတဲ့ အတွေးနဲ့ ဒေါသက တစ်ချောင်းချောင်း ထပ်ထွက်နေပြီ။ ကလေးက သူ့ ပိုက်ဆံတွေကို အသေအချာ ရေကြည့်ပြီး သူ့အဖေကို မော့ကြည့်လိုက်တယ်။ အဖေလုပ်သူကလည်း ဒေါသတကြီးနဲ့
မင်းဆီမှာ ပိုက်ဆံတွေ ရှိနေရဲ့သားနဲ့ ဘာလို့ ထပ်တောင်းရတာတုန်း” လို့ အော်ဟောက်လိုက်တယ်။
သားလုပ်သူ မျက်နှာငယ်လေးနဲ့ ပြန်ဖြေလိုက်တာက
အဲဒီတုန်းက မပြည့်သေးလို့ပါ ဖေဖေ။ အခုတော့ ပြည့်သွားပြီ။
ဖေဖေ၊ သားမှာ အခု ငွေနှစ်ထောင် ရှိသွားပြီ။ ဖေဖေဆီက အချိန် တစ်နာရီစာ သားကို ရောင်းပေးပါလားဟင်။ မနက်ဖြန် ညနေ အိမ်ကို စောစော ပြန်ခဲ့လေ။ သားတို့ ညစာ အတူတူစားရအောင်လား။

xxxxx ဝဝဝဝဝဝ xxxxx

ပုံပြင်ကတော့ ဒါလေးပါပဲ။ ကြားဖူးတဲ့သူလည်း ရှိကောင်း ရှိပါလိမ့်မယ်။ ကျနော်တောင် ဖတ်ဖူးတာ အတော်လေး ကြာနေပါပြီ။ ဒါပေမယ့် အထပ်ထပ် အခါခါ ပြန်ဖတ်လည်း မရိုးနိုင်ဘူး ဖြစ်နေတယ်။ နောက်ပြီး ကိုယ့်ကိုယ်ကိုလည်း သတိပေးချင်လို့ပါ။ အဲလောက်ကြီး မအားတာ မဟုတ်ပေမယ့်လို့။ ပုံပြင်ရဲ့ အနှစ်သာရက အလုပ် သိပ်ကြိုးစားတယ် သိပ်လုပ်တယ် ဆိုတဲ့ လူတွေကို သတိပေးချင်တဲ့ ဆန္ဒပါ။ သူတို့အနေနဲ့ ပြန်စဉ်းစားကြည့်သင့်တာက ငါတို့ ဘာကြောင့် အလုပ်လုပ်နေသလဲ ဆိုတဲ့ မေးခွန်းပါ။ Rich Dad, Poor Dad စာအုပ်ထဲမှာ Poor Dad က ပိုက်ဆံရဖို့ အလုပ်လုပ်ပါတယ်တဲ့။ Rich Dad ကတော့ အလုပ်လုပ်ရင်း ပိုက်ဆံရှာတယ်တဲ့လေ။ အဓိပ္ပာယ်ကတော့ ဆင်သလိုလိုပဲ။ ဒါပေမယ့် မတူဘူးဗျ။ တစ်ယောက်က ပိုက်ဆံရဖို့ အလုပ်လုပ်တော့ အလုပ်လုပ်ရင်း ပိုက်ဆံရဲ့ ကျေးကျွန် ဖြစ်သွားတယ်။ ပိုက်ဆံရတဲ့ အလုပ် မှန်သမျှ လုပ်မယ်။ သူ့ ပန်းတိုင်က ပိုက်ဆံရဖို့။ ဒီတော့ တခြားဟာတွေကို စတေးဖို့ ဝန်မလေးတော့ဘူး။ ယုတ်စွအဆုံး မိသားစုအတွက် ရှာတယ်ဆိုတာတောင် မိသားစုရဲ့ ပျော်ရွှင်မှုကိုပါ ချစတေးလာတတ်တယ်။ နောက်တစ်ယောက်က အလုပ်လုပ်ရင်း ပိုက်ဆံရှာတယ်။ သူ့ရဲ့ ဦးတည်ချက်က အလုပ်လုပ်ဖို့။ ဒီတော့ အလုပ်ရွေးလာတတ်တယ်။ အလုပ်ရွေးတယ်ဆိုကတည်းက သူ့မှာ အကန့်အသတ်တွေ များလာတယ်။ သဘောက ညပိုင်းမလုပ်ဘူး၊ စာဖတ်ဖို့။ စနေတနင်္ဂနွေ မလုပ်ဘူး၊ အနားယူဖို့ စသဖြင့်ပေါ့။ အဲဒီလို မကန့်သတ်နိုင်ဘူး ဆိုရင် မိသားစုအတွက်လို့ ပါးစပ်က တဖွဖွ ပြောရင်းနဲ့ မိသားစုကို လစ်လျူရှုနေမိတတ်တယ်

ကုမ္ပဏီအတွက်၊ ရာထူးအတွက်၊ ဘဝရှေ့ရေးအတွက်၊ လစာအတွက်၊ မိသားစု တင့်တောင်းတင့်တယ် နေနိုင်ရေးအတွက် ဆိုပြီး အလုပ်လုပ်နေတဲ့သူတွေ အထူးသဖြင့် စပယ်ရှယ် အလုပ်ကြိုးစားနေတဲ့ သူတွေကို တစ်ခု ပြောပြချင်ပါတယ်။ ကျနော်တို့ မနက်ဖြန် သေသွားခဲ့မယ်ဆိုရင် ကျနော်တို့ အလုပ်လုပ်ပေးနေတဲ့ ကုမ္ပဏီက အချိန်တိုလေးအတွင်းမှာ ကျနော်တို့ နေရာကို နောက်တစ်ယောက် လူစားထိုးပစ်လိုက်မှာပါ။ ဒါပေမယ့် ကိုယ့်မိသားစုနဲ့ သူငယ်ချင်းတွေကတော့ လစ်လပ်နေတဲ့ ဒီနေရာကို ဒီအတိုင်းပဲ ထားပြီးတော့ တစ်သက်လုံး ဆုံးရှုံးမှုအတွက် ခံစားသွားကြမှာပါ။ ခင်ဗျားတို့ ပြန်စဉ်းစားကြည့်ကြပါဦး။ ချစ်တဲ့သူတွေကို ပစ်ပယ်ပြီး အလုပ်လုပ်နေတာဟာ တကယ်ကို ထိုက်တန်တဲ့ (သို့) အမြော်အမြင်ရှိတဲ့ ရင်းနှီးမြှုပ်နှံမှု ဟုတ်ပါ့မလား။

FAMILY ဆိုတဲ့ စကားလုံးရဲ့ အရှည်ကို သိကြရဲ့လား။
Father And Mother, I Love You

A man came home from work late, tired and irritated, to find his 5-year old son waiting for him at the door.
SON: “Daddy, may I ask you a question?”
DAD: “Yeah sure, what is it?” replied the man.
SON: “Daddy, how much do you make an hour?”
DAD: “That’s none of your business. Why do you ask such a thing?” the man said angrily.
SON: “I just want to know. Please tell me, how much do you make an hour?”
DAD: “If you must know, I make $20 an hour.”
“Oh,” the little boy replied, with his head down. Looking up, he said,
“Daddy, may I please borrow $10?”

The father was furious, “If the only reason you asked that is so you can borrow some money to buy a silly toy or some other nonsense, then you march yourself straight to your room and go to bed. Think about why you are being so selfish. I work hard everyday for such this childish behavior.”
The little boy quietly went to his room and shut the door. The man sat down and started to get even angrier about the little boy’s questions. How dare he ask such questions only to get some money?

After about an hour or so, the man had calmed down, and started to think: Maybe there was something he really needed to buy with that $10 and he really didn’t ask for money very often.

The man went to the door of the little boy’s room and opened the door.
“Are you asleep, son?” He asked. “No daddy, I’m awake,” replied the boy.
“I’ve been thinking, maybe I was too hard on you earlier,” said the man. “It’s been a long day and I took out my aggravation on you. Here’s the $10 you asked for.”
The little boy sat straight up, smiling. “Oh, thank you daddy!” He yelled.
Then, reaching under his pillow he pulled out some crumpled up bills.
The man, seeing that the boy already had money, started to get angry again.
The little boy slowly counted out his money, and then looked up at his father.
“Why do you want more money if you already have some?” the father grumbled.
“Because I didn’t have enough, but now I do,” the little boy replied.
“Daddy, I have $20 now. Can I buy an hour of your time? Please come home early tomorrow. I would like to have dinner with you.”

Share this story with someone you like…. But even better, share $20 worth of time with someone you love. It’s just a short reminder to all of you working so hard in life. We should not let time slip through our fingers without having spent some time with those who really matter to us, those close to our hearts.

If we die tomorrow, the company that we are working for could easily replace us in a matter of days.
But the family & friends we leave behind will feel the loss for the rest of their lives. And come to think of it, we pour ourselves more into work than to our family. An unwise investment indeed!

ဟိုးတစ်ခေတ်က ကြေးနန်းရုံများ

၁၉ ရာစု ဝင်လာတယ် ဆိုတာနဲ့ ကမ္ဘာအရပ်ရပ်မှာ သိပ္ပံပညာဟာ အံ့မခန်း တိုးတက်လာလိုက်တာ အရှိန်က အခုထိ မသေသေးပါဘူး။ အထူးသဖြင့်တော့ အနောက်နိုင်ငံမှာပေါ့။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးနဲ့ လူဆိုတဲ့ ဂုဏ်ဒြပ်ကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ တီထွင်မှုကတော့ ဆက်သွယ်ရေးပိုင်းပေါ့။ ဆက်သွယ်ရေးတွေ တဖြည်းဖြည်း ကောင်းလာလို့ သိပ္ပံပညာရဲ့ ကျက်စားရာကလည်း အနောက်နိုင်ငံကနေ ဘက်ပေါင်းစုံကို ပျံ့နှံ့ပြီး ပညာရေးစီးမှာ မျှောလိုက်နေကြတယ်။ တစ်နေရာဆီက တီထွင်မှုဟာ တခြားတစ်နေရာကို အချိန်တိုလေးအတွင်းမှာ ရောက်နိုင်ခဲ့လို့ တီထွင်မှုရဲ့ အကျိုးရလဒ်ကို တစ်ကမ္ဘာလုံးနီးပါး ခံစားကြရတယ်။ ဆက်သွယ်ရေး ကောင်းတာနဲ့အမျှ စီးပွားရေးမှာလည်း သွက်လက်မြန်ဆန်တဲ့ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေကြေးလည်ပတ်မှုက ကမ္ဘာနိုင်ငံ အသီးသီးကို ဖြတ်သန်းစီးဆင်း နိုင်လာတယ်။ နိုင်ငံ အုပ်ချုပ်ရေးအပိုင်းက ကြည့်ရင်လည်း သတင်းအချက်အလက် သွက်လပ်မှုရဲ့ အသီးအပွင့်တွေကြောင့် အချိန်နဲ့လုပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာတယ်။ ဒါတွေကို ကျနော် မြင်သလို ၁၈၇၀ ခုနစ်လောက် ကတည်းက မြန်မာနိုင်ငံက ကနောင်မင်းသားနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင် ခေါင်းဆောင်တဲ့ သိပ္ပံပညာရှင် အဖွဲ့က မမြင်ဘဲကို မနေပါဘူး။ ဒါကြောင့်လည်း ၁၈၇၇ ခုနစ်အထိ စာရင်းအရ မြို့ကြီး အသီးသီးမှာ ဆောက်လုပ်ထားတဲ့ ကြေးနန်းရုံပေါင်း (၁၇) ရုံထက် မနည်း ရှိနေပါတယ်။ အတိအကျ မပြောနိုင်တဲ့ အကြောင်းအရင်းကို အောက်မှာ ရှင်းပြပေးပါ့မယ်။ အဲဒီခေတ် အဲဒီအခါမှ ကမ္ဘာမှာ ခေတ်အမှီဆုံး ဆက်သွယ်ရေး ကိရိယာက ကြေးနန်းပဲလေ။ အဲဒီခေတ်က မြန်မာတွေ ဘယ်လောက် ခေတ်မီသလဲဆိုတာ သိနိုင်ဖို့ ကမ္ဘာ့ကြေးနန်းသမိုင်းကို ပြန်လှန်ကြည့်ရင် ပိုသိသာနိုင်ပါတယ်။ အကျဉ်းချုပ်လေး တင်ပြပါရစေ။

၁၈၀၉ ခုနစ်မှာ Samuel Thomas von Sömmering ဆိုတဲ့ လူဟာ ပထမဆုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့ပါတယ်။ အဲဒီ ကြေးနန်းစက်က ဓါတုပစ္စည်းတွေ အသုံးပြုတဲ့ စက်မျိုးဖြစ်တယ်။
၁၈၃၂ ခုနစ်မှာ Baron Schilling ဟာ သံလိုက်စက်ကွင်းသုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၁၈၃၃ ခုနစ် Göttingen မြို့မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ ကြေးနန်းကိရိယာကို Carl Friedrich Gauss နဲ့ Wilhelm Weber က တီထွင်ခဲ့တယ်။
၉ ဧပြီ ၁၈၃၉ ခုနစ်မှာ ကြေးနန်းရုံတွေကို စီးပွားဖြစ် မြို့တွေ ဆက်သွယ်ပြီး ပထမဆုံး အသုံးပြုနိုင်တယ်။ UK ရဲ့ Paddington ဘူတာကနေ West Drayton မြို့အထိ စုစုပေါင်း ၁၃ မိုင် အကွာအဝေးကို Sir William Fothergill Cooke က ကြေးနန်းသွယ်တန်း ပေးခဲ့တယ်။
၁၈၃၇ ခုနစ် အမေရိကန်နိုင်ငံမှာလည်း Samuel F. B. Morse က သူ့ဖာသာ သီးခြား ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၂၄ မေ ၁၈၄၄ ခုနစ်မှာ အမေရိကားရဲ့ ပထမဆုံး ကြေးနန်းစာကို Morse က ပို့နိုင်ခဲ့တယ်။
၁၈ ဂျူလိုင် ၁၈၆၆ ခုနစ်မှာ ပထမဆုံးအနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၈၇၀ ခုနစ်မှာ UK ကနေ အိန္ဒိယနိုင်ငံကို ကြေးနန်းသွယ်တန်းနိုင်တယ်။ အဲဒီအချိန်မှာ အိန္ဒိယဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်နေပါပြီ။
၁၈၇၀ ခုနစ်မှာပဲ ဥရောပကနေ တရုတ်၊ ဟောင်ကောင် နဲ့ ဂျပန်အထိကို ကြေးနန်းလိုင်း ဆက်သွယ်ပါတယ်။
အောက်တိုဘာ ၁၈၇၂ ခုနစ်မှာ သြစတေးလျနိုင်ငံကို ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၉၀၂ ခုနစ်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး သွယ်နိုင်ခဲ့တာကြောင့် ကြေးနန်းဆက်သွယ်ရေးဟာ ကမ္ဘာတစ်ပတ် သွယ်နိုင်သွားပါတယ်။
၁၈၅၀ ခုနစ် စာရင်းအရ အနောက်နိုင်ငံမှာ ကြေးနန်းသွယ်တန်း စရိတ်က ကြေးနန်းရုံ တစ်ရုံစာကို ဒေါ်လာ ၄၀၀၀၀၀ (လေးသိန်း) ကျပြီး ကြေးနန်းကြိုးအတွက်က တစ်မိုင်ကို ဒေါ်လာ ၆၀၀ (ခြောက်ရာ) ပေးရတယ်။
ကဲ … ဒီလောက်ဆို ကမ္ဘာအရပ်ရပ်က ခေတ်ပြိုင်အခြေအနေကို အကျဉ်းလောက် သိရောပေါ့။ ဒါဆို ကျနော်တို့ ခေတ်မီခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်း အောက်မေ့ကြည့်ရအောင်။

၁၈၇၀ ခုနစ် နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံဟာ ကြေးနန်းလိုင်းတွေကို စတင်ပြီး သွယ်တန်းနေပါပြီ။ အဲဒီ အချိန်မှာပဲ အာရှရဲ့ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ဥရောပနဲ့ ကြေးနန်းသွယ် နေတာကို နှိုင်းယှဉ်ကြည့်ရင် မြန်မာတွေဟာ သိပ္ပံအမြင်နဲ့ ပညာမှာ ခေတ်နဲ့အညီ သွားနေတယ်လို့ ပြောနိုင်ပါတယ်။ ပြန်ကောက်ကြဦးစို့။ အဲဒီလို ကြေးနန်းသွယ်တန်းတဲ့ နေရာ၊ အခြေအနေ နဲ့ ကြေးနန်းရုံတွေရဲ့ အနေအထားတွေကို သက်ဆိုင်ရာ အရာရှိတွေက ပုရပိုက်တွေနဲ့ ရေးသား လျှောက်တင်ရတယ်။ စာရင်းအရ အစိုးရနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၇၅ ဆူနဲ့ အရပ်သားနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၅၁ ဆူ ရှိကြောင်း သိရပါတယ်။ ကျနော် အနေနဲ့ ရှိသမျှ ပုရပိုက်တွေ အကုန်လုံးကို ဖတ်ရလို့ ဖတ်ဖူးလို့ ဒီစာကို ရေးတာ မဟုတ်ပါဘူး။ ဒေါက်တာ မျိုးသန့်တင် ရေးတဲ့ ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ ဆိုတဲ့ စာအုပ်မှာ ကြေးနန်းပုရပိုက် တစ်ဆူအကြောင်း ပါလို့ ဖတ်ရင်း “အော် … ငါတို့ မြန်မာတွေ အတော်လေး ခေတ်မီခဲ့တာပဲ” လို့ တွေးမိတာကြောင့် မျှဝေလိုက်တာပါ။ ဆရာရေးတဲ့ ဆောင်းပါးထဲမှာ ပုရပိုက် နှစ်ဆူ အကြောင်းပဲ ပါပါတယ်။ အဲဒီ နှစ်ဆူတည်းပဲ သိရရုံနဲ့တင် အတော်လေး အားရမိပြီး ကုန်းဘောင်ခေတ်က ပြည်သူတွေအစား ဂုဏ်ယူမိလိုက်တယ်။ ကျနော် ဖတ်ထားရသလောက် ဖောက်သည်ချပါရစေ။

အင်းဝမြို့ ကြေးနန်းရုံပြပုံ နှင့် တောင်တွင်းကြီး လမ်းခွဲပြ ပုရပိုက်ပုံ
ပုရပိုက် နှစ်ဆူအရ ကြေးနန်လိုင်း လေးလိုင်းကို သိမှတ်လိုက်ရတယ်။ တစ်လိုင်းက မန္တလေးနန်းတော် အတွင်းကနေ ဒဂုန်မော်အထိ သွယ်တန်းထားပါတယ်။ စုစုပေါင်း ကြေးနန်းရုံပေါင်း ၉ ရုံနဲ့ အကွာအဝေး တာပေါင်း ၁၀၃၃၄၅ (၂၁၁.၂ မိုင်ကျော်) ရှိပါတယ်။ လမ်းတစ်လျှောက် ကြေးနန်းရုံ ရှိတဲ့ မြို့တွေကို အစီအစဉ်လိုက် တင်ပြရရင်

  1. မန္တလေးနန်းတွင်းမှာ တစ်ရုံ၊
  2. မန္တလေးမြို့တွင်းမှာ တစ်ရုံ၊
  3. သပြေတန်းခံတပ်အနီးမှာ တစ်ရုံ၊
  4. အင်းဝမှာ တစ်ရုံ၊
  5. မြင်းခြံမှာ တစ်ရုံ၊
  6. ပုဂံမှာ တစ်ရုံ၊
  7. ရေနံချောင်းမှာ တစ်ရုံ၊
  8. တိုင်ပျောက်မှာ တစ်ရုံ၊
  9. ဒဂုန်မော်မှာ တစ်ရုံ

ရှေးရှေးက ကြေးနန်းရုံကို ကြေးနန်းဓါတ်ရုံလို့ သုံးနှုန်းပါတယ်။ မန်း-ဒဂုန်မော် လိုင်းကို ဖောက်တော့ မြစ်ချောင်းပေါင်း (၂၀) ကို ကျော်လွှား ဖောက်လုပ်ရတယ်လို့ မှတ်တမ်း တင်ထားပါတယ်။

နောက်ပြီး တိုင်ပျောက် ဓါတ်ရုံကနေ တောင်တွင်းကြီး ဘက်ကို လမ်းခွဲပြီး ကြေးနန်းလိုင်း တစ်လိုင်း ရှိသေးကြောင်း မြေပုံအရ သိရပေမယ့် တောင်တွင်းကြီးကြားက ဘယ်မြို့တွေမှာ ကြေးနန်းရုံတွေ ရှိသလဲ ဆိုတဲ့ စာရင်းအထောက်အထား မတွေ့ရသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၄၀ လောက်က အခြေအနေနဲ့ မိုင် ၂၀၀ ကျော် ခရီးကို မြစ်ချောင်း (၂၀) ဖြတ်ပြီး ကြေးနန်းလိုင်း သွယ်ဖို့ ဆိုတာ ဘယ် လွယ်လိမ့်မလဲ။ နောက်ပြီး အဲဒီ ခေတ်မှာ နာမည်ကြီးတဲ့ ခံတပ်ရွာဖြစ်တဲ့ သပြေတန်းခံတပ် ကို ကြေးနန်းသွယ်ထားသလို ဂွေးချောင်းခံတပ်ကိုလည်း ကြေးနန်းသွယ်ထားကြောင်း ပုရပိုက် တစ်ဆူအရ သိရပါတယ်။ ပိုပြီး အံ့သြ ချီးကျူးဖို့ ကောင်းတာက အဲဒီ ဂွေးချောင်း ခံတပ်ကို မင်းလှဓါတ်ရုံကနေ သွယ်ထားပြီး ရေအောက် ကြေးနန်းကြိုးနဲ့ သွယ်ထားတယ်လို့ သိရတော့ ခေတ်မီလိုက်လေခြင်း လို့ မပြောဘဲကို မနေနိုင်တော့ပါဘူး။

နောက် ချီးကျူးဖို့ ကောင်းတာ ရှိပါသေးတယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ် မိုးနဲမြို့ နဲ့ မိုးဗြဲမြို့ ကို သွယ်ထားတဲ့ လိုင်းကို တွေ့လိုက်ရတော့ နောက်တချီ သြချလိုက်မိတယ်။ ပုရပိုက် အထောက်အထားအရ ကျောက်ဆည်မြို့ကနေ စပြီး မိုးနဲ မြို့အထိက တစ်လိုင်း၊ ကြားမြို့ ကျောက်ထပ်ကနေ လမ်းခွဲပြီး မိုးဗြဲမြို့ အထိက နောက်တစ်လိုင်း၊ နှစ်လိုင်းပေါင်း တာ ၁၀၀၆၇၀ (၂၀၅ မိုင်ကျော်) အကွာအဝေးကို သွယ်တန်းထားတယ်။ ဒီလိုင်း နှစ်ကြောင်းပေါ်မှာ ဓါတ်ရုံပေါင်း (၈) ရုံနဲ့ လမ်းမှာ ထောင်တဲ့ တိုင်ပေါင်း ၆၈၀၀ ရှိပါတယ်။

  1. ကျောက်ဆည်မှာ တစ်ရုံ၊
  2. ရွာငံမှာ တစ်ရုံ၊
  3. ကျောက်ထပ်မှာ တစ်ရုံ၊
  4. ညောင်ရွှေမှာ တစ်ရုံ၊
  5. နောင်မွန်မှာ တစ်ရုံ၊
  6. မိုးနဲမှာ တစ်ရုံ။

ကျောက်ထပ်ကနေ လမ်းခွဲပြီး

  1. ကြံ့ကုန်မှာ တစ်ရုံ
  2. မိုးဗြဲမှာ တစ်ရုံ

အထက်က ပြထားတဲ့ ရှမ်းပြည်နယ်ရောက် ကြေးနန်းလိုင်းဟာ ၁၈၇၇ ခုနစ်မှာ အပြီးသတ် သွယ်တန်းပြီးပြီ ဆိုတာ သိရပါတယ်။ သမိုင်းနောက်ခံအရ ပြန်ကြည့်ရမယ်ဆိုရင် မြန်မာပြည်ရဲ့ ထက်ဝက်ဖြစ်တဲ့ အောက်မြန်မာပြည်ကို ပိုင်ဆိုင်ပြီး ဖြစ်တဲ့ အင်္ဂလိပ်ရန်ဟာလည်း နေ့အလား ညအလား အန္တရာယ် ကျရောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်နဲ့ ခေတ်ပြိုင် အင်အားတောင့်တင်းတာ ဆိုလို့ ရှမ်းပြည်ပဲ ရှိပါတယ်။ ရှမ်းစော်ဘွားတွေပေါ့။ အဲဒီအချိန်က ရှမ်းစော်ဘွားတွေက မြန်မာပြည်ကို မဟာမိတ်အနေနဲ့ ဆက်ဆံနေတဲ့ အစိုးရ အသေးစားလေးတွေပါ။ အခြေအနေအရ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ သိနိုင်အောင်လို့ ရှမ်းပြည်မြို့တွေနဲ့ ကြေးနန်း သွယ်တန်း ထားတယ်လို့ ယူဆရပါတယ်။ ဒါမှ အရေးကြုံလာရင် အပြန်အလှန် ထောက်ပံ့လို့ရမယ်လေ။ ရှမ်းပြည်အနေနဲ့ ကြေးနန်း သွယ်တန်းခွင့် ပြုခြင်းကလည်း မြန်မာဘုရင်သာ အင်္ဂလိပ်ကို လက်နက်ချလိုက်ရရင် သူ့အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်ဘူးဆိုတာ သိထားပြီး ဖြစ်လို့ နေပါလိမ့်မယ်။

၁၈၇၇ ခုနစ်လောက်မှာ ဒီ ကြေးနန်းလိုင်း လေးလိုင်းထက်မက ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးတွေကို တင်စားရတဲ့ မြစ်ကြီးနား-ဗန်းမော် နယ်နဲ့ ရွှေဘို-မုံရွာ-ဒီပဲယင်း နယ်တွေ မပါသေးလို့ပါ။ နောက်ပြီး အဲဒီခေတ်ကတည်းက ပြည်တန်တဲ့ ကျောက်မျက်တွေ တဖြိုင်ဖြိုင် ထွက်နေတဲ့ မိုးကုတ်နယ်ကိုလည်း သွယ်တန်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အုပ်ချုပ်ရေးပိုင်းအရ ကြည့်မယ်ဆိုရင် ကြေးနန်းရုံ တစ်ရုံစီမှာ အုပ်ချုပ်ဖို့ တစ်ယောက်စီ ထားထားတာ တွေ့ရပါတယ်။ နောက်ပြီး လမ်းပိုင်း တစ်ပိုင်းစီအတွက် ထိန်းသိမ်း စောင့်ရှောက်ဖို့ လူတွေ အသီးသီး ခန့်ထားတဲ့ အထောက်အထားလည်း တွေ့ရပါတယ်။ လမ်းက တိုင်တွေ ယိမ်းယိုင်လို့ ပြုပြင်ဖို့ အစီရင်ခံတဲ့ ပုရပိုက်တွေ တွေ့ရပါတယ်။ သဘောအရဆို ကြေးနန်းလိုင်း လမ်းကြောင်းတလျှောက် အမြဲ စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိဖို့ လိုတာပေါ့။ ကြေးနန်းကြိုး သွယ်တန်းနိုင်ဖို့ တိုင်ထောင်တဲ့ နေရာမှာလည်း ကျွန်းတိုင်ကို မြေကြီးမှာ ခိုင်မြဲအောင် တွင်းတူးပြီး အင်္ဂတေမန်တာ သိရတော့ ရေရည်အတွက် စနစ်တကျ လုပ်တတ်ကြောင်း သိရပါတယ်။ တိုင်တစ်တိုင်အတွက် အဖိုးအခကလည်း မသေးလောက်ဘူး။ ကျနော် ဟိုအပေါ်က ဖော်ပြထားတဲ့ စရိတ်တွေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ကြေးနန်းအတွက် ကုန်ကျမယ့် စရိတ်က အတော်လေး မသေးပါဘူး။ နောက်ပြီး ထိန်းသိမ်းစရိတ်လည်း မသေးလောက်ဘူး။ ဒါကို အကုန်အကျခံပြီး အမြော်အမြင် ရှိရှိ အကောင်အထည်ဖော်ခဲ့တဲ့ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကို မလေးစားဘဲကို မနေနိုင်လောက်အောင် ဖြစ်မိပါတယ်။

ဘုရားသခင်သို့ ပေးစာ

စာတိုက်မှာ အလုပ်လုပ်ပြီး အင်မတန်မှ သနားတတ်၊ ကြင်နာတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အလုပ်က တစ်နေ့တစ်နေ့ ပို့ထားတဲ့ စာတွေရဲ့ လိပ်စာကို သေချာစစ်ဆေးပြီး လိပ်စာ အမှားတွေ၊ မပြည့်စုံတာတွေကို မူလ စာရှင်ဆီ ပြန်ပို့ပေးရတယ်။ တစ်နေ့ သူ စစ်ဆေးနေတုန်း တုန်ချိနေတဲ့ လက်ရေးနဲ့ လိပ်စာ ရေးထားတဲ့ စာတစ်စောင် သွားတွေ့တယ်။ လိပ်မူထားတာက ဘုရားသခင်ဆီသို့ တဲ့။ ဒီစာကို သူ ဖောက်ဖတ်ကြည့်မှ ဖြစ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဖောက်ဖတ်လိုက်တော့ အထဲမှာ ရေးထားတာက

လေးစားကြည်ညို အားကိုးရပါသော ဘုရားသခင်ရှင့်
ကျမဟာ အခုဆိုရင် အသက် (၈၃) နှစ် ရှိတဲ့ မုဆိုးမကြီး တစ်ယောက်ပါ။ အင်မတန် နည်းလှတဲ့ ပင်စင်လစာနဲ့ တစ်လတစ်လ အသက်ဆက်နေရပါတယ်။ မနေ့က ကျမရဲ့ ပိုက်ဆံအိတ် ခါးပိုက် နှိုက်ခံလိုက်ရပါတယ်။ အထဲမှာ ထည့်ထားတဲ့ ဒေါ်လာတစ်ရာဟာ ကျမမှာ ရှိတဲ့ ဥစ္စာ အကုန်ပါပဲ။ နောက်တစ်လ ပင်စင်လစာ မထုတ်မချင်း ကျမမှာ သုံးစရာ ပိုက်ဆံ မရှိတော့ပါဘူး။
လာမယ့် တနင်္ဂနွေနေ့ဟာ အမေများနေ့ပါ။ ကျမရဲ့ လက်ကျန် သူငယ်ချင်း နှစ်ယောက်ကို အဲဒီနေ့မှာ ညစာ ထမင်းလာစားဖို့ ဖိတ်ထားပြီးပါပြီ။ ဒီပိုက်ဆံမှ မရှိလေတော့ ကျမမှာ ဘာစားစရာမှ ဝယ်လို့ မရတော့ပါဘူး။ တခြား အားကိုးစရာ ဘာ အဆွေအမျိုးမှလည်း မရှိလေတော့ ဘုရားသခင်ကိုပဲ အားကိုးရတော့မှာပါ။ ကျမကို ကူညီပါဦး။

ဒီစာကို ဖတ်ပြီး အတော်လေး သနားသွားတယ်။ ဒါနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စာလိုက်ပြပြီး တတ်နိုင်သမျှ ပိုက်ဆံလိုက်စုတော့တယ်။ အားလုံးကလည်း သနားကြလေတော့ အိတ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံအကြွေတွေကို ထုတ်ပေးရှာတယ်။ ဒီလိုနဲ့ စုလိုက်တာ အားလုံးပေါင်း ၉၆ ဒေါ်လာ ရတယ်။ အားလုံးရဲ့ စေတနာပေါ့။ ဒါနဲ့ အဲ့ဒီ ပိုက်ဆံကို စာအိတ်လေးနဲ့ ပြန်ပိတ်ပြီး စောနက စာပိုင်ရှင် အဖွားအိုဆီ ပြန်ပို့ပေးလိုက်တယ်။

စာတိုက်က ဝန်ထမ်းတွေက သူတို့ လုပ်လိုက်တဲ့ ကောင်းမှုအတွက် ဝမ်းသာ ကြည်နူးလို့ မဆုံးဘူး။ အမေနေ့လည်း နီးနေတော့ ကိုယ့်အမေအရွယ် အဘွားအိုတစ်ယောက်ကို ဒါနပြုလိုက်ရတာ အတော်လေးလည်း ကျေနပ်နေကြတယ်။ ဒီလိုနဲ့ အမေနေ့လည်း ကျော်ပြီး ရက်အနည်းငယ်ကြာတော့ အဖွားအိုရဲ့ ဘုရားသခင်ဆီ ပြန်စာ ရောက်လာတယ်။ သူက ဘုရားသခင်က ပို့တယ်ပဲ ထင်တာကိုး။ အဖွားအိုရဲ့ ကျေးဇူးတင်စကားကို ပီတိအပြည့်နဲ့ ခံစားမယ်ဆိုတဲ့ အတွေးနဲ့ အားလုံး ဝိုင်းအုံလာပြီး ရောက်လာကြတယ်။ စာထဲမှာ ရေးထားတာက …

လေးစားရပါသော ဘုရားသခင်
အရှင်ဘုရားရဲ့ အခုလို ရက်ရောမှုကို ကျမအနေနဲ့ ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး။ အရှင်ဘုရားရဲ့ ပေးကမ်းစွန့်ကြဲမှုကြောင့် ကျမ လက်လွှတ်လိုက်ရပြီ ထင်ထားတဲ့ ပျော်မွေ့ဖွယ် ညစာစားပွဲလေးက ပြန်ပြီး အသက်ဝင်လာပါတယ်။ ကျမအနေနဲ့ ဘဝမှာ အင်မတန် ပျော်စရာ ကောင်းတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ရပြီး ဘုရားသခင်ရဲ့ သဘောထား ကြီးမားတဲ့ လက်ဆောင်အကြောင်းလည်း သူငယ်ချင်းတွေကို ပြောပြလိုက်တယ်။ အော် ဒါနဲ့ စကားမစပ်၊ စာတိုက်မှာ သူခိုးတွေ ရှိနေတာတော့ သေချာနေပြီ။ ဘုရားသခင် ပေးတဲ့အထဲက လေးဒေါ်လာ ရော့နေလို့။

xxxx oooo xxxx
ဟာသ ပုံပြင်လေး ဆိုပေမယ့် စေတနာမှန်ရင် အကျိုးပေးပါတယ် ဆိုတဲ့ လောကဓမ္မတာကို နည်းနည်း ပြောင်ထားသလိုပဲ။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ အဖွားအိုနေရာမှာ ကျနော် ရှိနေရင်လည်း ဘာလို့ လေးဒေါ်လာ ရော့နေသလဲ ဆိုပြီး သံသယ ဝင်မိမှာတော့ အမှန်ပဲလေ။ တစ်ဘက်ကလည်း စာတိုက်က လူတွေအနေနဲ့ ပေးလည်း ပေးရသေးတယ်၊ ငါတို့ကို စော်ကားလိုက်သေးလို့ တွေးမိမှာပဲ။ ဒါလည်း သဘာဝကျတယ်။ ဒါက လောကဓမ္မတာဆိုတဲ့ သဘာဝကို ဖီဆန်သွားတာ မဟုတ်ပါဘူး။ အမြီးအမောက် မတည့်တတ်တဲ့ သဘာဝကြီးမှာ အစီအစဉ် မကျတဲ့ စေတနာတွေ အလစ်သုတ်ခံလိုက်ရတာ ဖြစ်မယ်

A man worked in a post office. His job was to process all mail that had illegible addresses. One day a letter came to his desk, addressed in shaky handwriting to God. He thought, “I better open this one and see what it’s all about.” So he opened it and it read: “Dear God, I am a 83 year old widow living on a very small pension. Yesterday someone stole my purse. It had a hundred dollars in it which was all the money I had until my next pension check.”

“Next Sunday is Mother’s Day, and I had invited my last two friends over for dinner. Without that money, I have nothing to buy food with.” “I have no family to turn to, and you are my only hope. Can you please help me?” The postal worker was touched, and went around showing the letter to all the others. Each of them dug into his wallet and came up with a few dollars. By the time he made the rounds, he had collected 96 dollars, which they put into an envelope and sent over to her.

The rest of the day, all the workers felt a warm glow thinking of the nice thing they had done. Mother’s Day came and went, and a few days later came another letter from the old lady to God. All the workers gathered around while the letter was opened. It read, “Dear God, How can I ever thank you enough for what you did for me?” “Because of your generosity, I was able to fix a lovely dinner for my friends. We had a very nice day, and I told my friends of your wonderful gift. ” “By the way, there was 4 dollars missing. It was no doubt those thieving bastards at the post office!!!!!!

ကဗျာ၌ သင့်သော ဒေါသ (၂)

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။

  1. ဧကတ္ထ ဒေါသ
  2. ဘဂ္ဂရီတိ ဒေါသ
  3. ဗျာကိဏ္ဏ ဒေါသ
  4. ဂါမ္မ ဒေါသာ
  5. ယတိဟီန ဒေါသ
  6. ကမစ္စုတ ဒေါသ
  7. အတိဝုတ္ထ ဒေါသ
  8. အပေတတ္ထ ဒေါသ
  9. သဗန္ဓဖရုသ ဒေါသ တို့ပဲ ဖြစ်တယ်။

ဧကတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်း
ဥပမာမိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊
အကြောင်းအရင်း – မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ “မိုး” ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။
ဖြေနည်း – ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။

အာမေဍိတ် (၈) မျိုးရှိပါတယ်။
၁။ ဘယ – ကြောက်ခြင်း။ “သူခိုးသူခိုး၊ အော်လျက်နှိုး၏
၂။ ကောဓ – အမျက်ထွက်ခြင်း။ “ထိုးလော့ထိုးလော့၊ အားမလျော့နှင့်
၃။ ပသံသ – ချီးမွမ်းခြင်း။ “ကောင်းစွကောင်းစွ၊ လူ့ဘုံရခဲ
၎။ တုရိတ – အဆောတလျင်ပြုခြင်း။ “မြန်မြန်ယခု၊ အမောင်ပြုလော့
၅။ ကောတုဟလစ္ဆရ – အုတ်အုတ်ကျက်ကျက် ဖြစ်၍ အံ့သြခြင်း။ “အလိုဟောဟော၊ ဘယ်သဘောလိမ့်
၆။ ဟာသ – ရယ်ရွှင်ဝမ်းမြောက်ခြင်း။ “အလိုဟားဟား၊ ရွှင်ဖွယ်များလှ
၇။ သောက – စိုးရိမ်ခြင်း။ “သားလှသားလှ၊ ဘယ်နားကြွလိမ့်
၈။ ပသာဒ – ကြည်ညိုခြင်း။ “ဘုရားဘုရား၊ ကြည်ညိုများ၏

ဘဂ္ဂရီတိ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုမှာ စကား အသွားအလာအရ သုံးထားတဲ့ ဝိဘတ်ပုဒ် ကို ရှေ့ကလို သုံးရိုးသုံးစဉ် မဟုတ်ဘဲ ဖောက်ပြန် အသုံးပြုခြင်း
ဥပမာဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ ဟိုမှာဟိုလမ်း၊ ဟိုစခန်း၌၊
အကြောင်းအရင်း – “ဤ” အက္ခရာကို ဆက်တိုက် သုံးလာပြီးမှ နောက်ပိုင်း “ဟို” အက္ခရာကို ပြောင်းသုံးတယ်။
ဖြေနည်းဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ဤမှာဤလမ်း၊ ဤစခန်း၌၊

ဗျာကိဏ္ဏ ဒေါသ
အဓိပ္ပာယ် – စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားဘဲ မစပ်သင့်တဲ့ ပုဒ်ချင်း အနီးကပ်ထားလို့ ဖြစ်လာတဲ့ ရောနှော ရှုပ်ထွေးမှု
ဥပမာဗုဒ္ဓမြတ်စွာ၊ ရှိပန်ထွာ၍၊ ရှစ်ဖြာဓမ္မ၊ ဦးညွတ်ခလျက်၊ ဆယ်ဝသံဃာ၊ ဤသုံးဖြာကို၊
အကြောင်းအရင်း – ဓမ္မ ဆယ်ပါး၊ သံဃာ ရှစ်ပါး ရှိတာကို ပုဒ်တွေ ရောယှက်နေတယ်။
ဖြေနည်းဗုဒ္ဓမြတ်စွာ၊ ဆယ်ဓမ္မာနှင့်၊ ရှစ်ဖြာသံဃ၊ ဤသုံးဝကို၊ နေ့ညရိုကျိုး၊ ရှိရှင်ခိုးလျက်၊

ဂါမ္မ ဒေါသ
အဓိပ္ပာယ် – ရိုင်းပြတဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို စကား ပရိယာယ်စဉ်ပြီး မပြောဘဲ တည့်ထိုး ပြောဆိုရေးသားခြင်း
ဥပမာမယ့်ကိုလှိုက်လှိုက်၊ ချစ်ခါကြိုက်လို့၊ ပွေ့ပိုက်နှစ်ကိုယ်၊ ပေါင်းဖက်လို၏ (ဒီခေတ်ပိုင်းမှာတော့ ဒီစာဟာ သိပ်ရိုင်းလှတဲ့ စာတော့ မဟုတ်တော့ပါဘူး)
အကြောင်းအရင်း – ချစ်ကြိုက်၊ ပွေ့ပိုက်၊ ပေါင်းဖက် ဆိုတဲ့ စကားလုံးတွေကို တည့်ထိုး သုံးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတော့ ဒါတွေကို ဒဲ့ပြောရင် ရိုင်းတယ်ပေါ့ဗျာ။ အခုခေတ်မှာတော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုင်တုတ်တဲ့ ကဗျာစာပိုဒ်မျိုးတွေကို ဆိုလိုပါတယ်။
ဖြေနည်းမယ့်ကိုမြင်ရ၊ ယဉ်စစမို့၊ ဘဝမကွာ၊ ကြည်အေးစွာဖြင့်၊ မေတ္တာရေစင်၊ နှောလိုက်ချင်ဘိ။

နောက်တစ်နည်း

အဓိပ္ပာယ် – ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။
ဥပမာလက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊
အကြောင်းအရင်း – အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး “တွင်း-စောက်ပတ်-လည်” လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။
ဖြေနည်း – အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။

ယတိဟီန ဒေါသ
အဓိပ္ပာယ် – စကားလုံး တစ်လုံးနဲ့ တစ်လုံးကြား ရပ်သင့် ဖြတ်သင့်တဲ့ နေရာမှာ မရပ်မဖြတ်ဘဲ မဖြတ်သင့်တဲ့ နေရာမှာ ပုဒ်ဖြတ်ခြင်း။
ဥပမာကုသိုလ်ကိုပြု၊ ၍ထိုမှုကြောင့်၊ တောင်းဆုလိုရာ၊
အကြောင်းအရင်း – ပုဒ်မဖြတ်သင့်တဲ့ “ပြု” နဲ့ “၍” ကြားမှာ ပုဒ်ဖြတ်ထားပါတယ်။
ဖြေနည်းကုသိုလ်ပြု၍၊ ထိုမျိုးစေ့ကြောင့်၊ အပြည့်ဆုဆို၊

ကမစ္စုတ ဒေါသ
အဓိပ္ပာယ် – သုံးနေကျ၊ ဖြစ်နေကျ အစဉ်အလာကို ဖီလာဆန့်ကျင့်ပြီး ဖွဲ့ဆိုထားခြင်း။
ဥပမာလယ်မြေမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ မြို့ကိုမလော့၊
အကြောင်းအရင်း – သဘာဝအရ လယ်မြေထက် ရွာမြေက ဈေးပိုရမယ်။ ရွာမြေထက် မြို့မြေက ပိုတယ်။ သူများရဲ့ ပစ္စည်းကို တောင်းလို့ မပေးရင် အများကနေ တဖြည်းဖြည်းနဲ့ လျှော့တောင်းရတဲ့ သဘာဝပဲ ရှိတယ်။ အခု ဝါကျအရ လယ်မြေကိုတောင် တောင်းလို့ မရတာ ရွာမြေကို တောင်းမယ်၊ မရရင် မြို့မြေကို တောင်းမယ် ဆိုတော့ သဘာဝကို ဖီဆန်နေပါတယ်။
ဖြေနည်းမြို့ကိုမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ လယ်ကိုမလော့၊

အတိဝုတ္ထ ဒေါသ
အဓိပ္ပာယ် – ဖြစ်မြဲဖြစ်စဉ်ထက် ပိုပိုသာသာ အကြွားပိုပြီး ရေးဖွဲ့ထားခြင်း
ဥပမာသားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ ကျဉ်းအံ့ထင်၏။
အကြောင်းအရင်း – သားကို ဆွဲပြီးဖြန့်တာ ကောင်းကင်နဲ့တောင် မဆံ့လို့ ကျဉ်းတယ်လို့ ထင်မိကြောင်း လွန်လွန်ကျူးကျူး ရေးဖွဲ့ထားတယ်။
ဖြေနည်းသားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ မဖြစ်လျှင်တည်း။
ကောင်းကင်မှာ မဆံ့ဘူးဆိုတာ မဖြစ်နိုင်ဘူး လို့ ရေးဖွဲ့တာကြောင့် ဒေါသလွတ်ပါတယ်။

အပေတတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုလုံး ခြုံငုံပြီး အဓိပ္ပာယ် ယူကြည့်လိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ အဓိပ္ပာယ်သက်ရောက်နေခြင်း။
ဥပမာနွားမသားငယ်၊ ခေါင်းပေါင်းဝယ်၍၊ ပင်လယ်ရေငန်၊ ချစ်နလန်ထ၊
အကြောင်းအရင်း – စကားတစ်ပိုဒ်ချင်းစီ အဓိပ္ပာယ် ရှိနေပေမယ့် ဝါကျတစ်ခုလုံး ပေါင်းစပ် ယူလိုက်တော့ ဘာ ဆိုလိုမှန်းကို မသိဘူး ဖြစ်သွားတယ်။
ဖြေနည်း – အဲဒီလို ရေးတာဟာ ကလေးစကား၊ အရူးစကားလို့ သိသာအောင် ဖော်ပြမယ်ဆိုရင် ဒေါသလွတ်ပါတယ်။

သဗန္ဓဖရုသ ဒေါသ
အဓိပ္ပာယ် – ဝါကျမှာ အသံကို ခပ်ပြင်းပြင် ရွတ်ဆိုရတဲ့ အက္ခရာတွေ ဖောဖောသီသီ သုံးထားတာကြောင့် ဖတ်ရတာ မာဆပ်ဆပ် ဖြစ်နေခြင်း။
ဥပမာမခေါ်ခင်များ၊ မယ်ကခါး၍၊ ဆွဲထားထပ်ခါ၊ တခါခါနှင့်၊
အကြောင်းအရင်း – ကြမ်းကြမ်းတမ်းတမ်း၊ ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ (ခ) အက္ခရာ နဲ့ (ထ) အက္ခရာတွေကို အများကြီး သုံးထားပါတယ်။
ဖြေနည်း – ဒီလို ဝါကျမျိုးကို ဖာထေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အဲလို ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ အက္ခရာတွေ လျှော့သုံးဖို့ပါပဲ။