အရှေ့သို့လားသော် (၃)

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ အဖြူရောင် ဘိန်းဖြူဆိုရင် ဘယ်သို့သော သူကိုမှ တရားဝင် ခွင့်မပြုပေမယ့် အနက်ရောင်ကုန်ကိုတော့ အစိုးရ အဖွဲ့အစည်း တချို့ကို သုံးစွဲခွင့် ပြုထားပြန်တယ်။ ကဲ … ဒီလောက်ဆို သဲလွန်စ ရလောက်ရောပေါ့။ လက်နက် ခဲ ယမ်း မီးကျောက်ပါ။ ယမ်းအရောင်ကို မူတည်ပြီး အနက်ရောင် ကုန်စည်လို့ အရောင်တပ်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်က လက်နက်တွေ သွင်းပါ့မလားလို့ မေးချင်စရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံ မန်ချူးဘုရင် အာဏာစက် ယုတ်လျော့စဉ်ကတည်းက ယူနန်ပြည်နယ်မှာ လက်နက်ထုတ်တဲ့ ရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားတိုင်းက ယမ်းကို ကောင်းကောင်း ကိုင်တွယ်တတ်ပြီး လက်နက်တွေ ကိုယ်တိုင် လုပ်တတ်ကြတယ်။ ရွာက ထုတ်တဲ့ လက်နက်တွေ ဖြစ်တာကြောင့် ဈေးပေါတယ်။ ဒီတော့ ရွာနီးစပ်တွေက ကျူးကျော်သူတွေကို တော်လှန်ဖို့အတွက် လက်နက်တွေ ဝယ်ကြတယ်။ ကွန်မြူနစ် အစိုးရ တက်တဲ့ အချိန်အထိ ဆိုပါတော့။ ကွန်မြူနစ် အစိုးရ အာဏာရလာတဲ့ အခါမှာ ကူမင်တန် တပ်တွေ ခွေးပြေးဝက်ပြေး ပြေးရတော့ စစ်ကြောင်းတစ်ခုက ယူနန်ပြည်နယ်ကို တပ်ဆွဲပါတယ်။ ကွန်မြူနစ်တပ်ရဲ့ အတင်း ထိုးဖောက် တိုက်ခိုက်တာကြောင့် ကူမင်တန်တပ်တွေ ကျနော်တို့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်ပြီးတော့ကို ဝင်ရောက် ကျူးကျော်ခဲ့ဖူးတယ်။ နောက်ဆုံး မြန်မာတပ်နဲ့ တရုတ် ကွန်မြူနစ်တပ်ရဲ့ ညှပ်ပူးသတ် တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး ရွှေတြိဂံနယ်မြေမှာ ရှိတဲ့ တပ်ကအပ အားလုံး လက်နက်ချ အရှုံးပေးခဲ့ရတယ်။ အဲဒီလို ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကာလတလျှောက်လုံး အဓိက လက်နက်ထောက်ပံ့နေတဲ့ နေရာက ခုနကျနော် ပြောတဲ့ ရွာပဲဖြစ်တယ်။ ဒါကြောင့် မော်စီတုန်း ကွန်မြူနစ်အစိုးရက ရန်သူတွေကို အမြစ်ပြတ်အောင် ဆိုပြီး ခုနက တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားသား မှန်သမျှကို အကုန် သတ်ပစ်ခဲ့တယ်။ အဲဒီမှလည်း ယူနန်မှာ လက်နက်ကိုင်အဖွဲ့ အတော်လေး လျှော့ပါးသွားတယ်။

အဲဒီ အချိန်ကတည်းက မြန်မာနိုင်ငံကို သောင်းကျန်းသူတွေ အတွက် လက်နက်တွေ သွင်းတဲ့အခါမှာ ဒီ ယူနန် အဝေးပြေးလမ်းမကိုပဲ သုံးခဲ့တယ်။ အခုနောက်ပိုင်း တရုတ်ပြည်ထောင်စု ပြန်လည်ထူထောင်ပြီး အေးချမ်းနေတဲ့ အချိန်၊ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထပ်မှာလည်း ခေတ်မီလက်နက်တွေကို တရုတ်အစိုးရဆီက ဝယ်ရင်လည်း ဒီလမ်းအတိုင်းပဲ ကုန်းလမ်းက ဆင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်နက်တင်သွင်းမှု နည်းသထက် နည်းလာတာကြောင့် ခေတ်သစ်အမြင်နဲ့ အနက်ရောင်ကို လက်ဘက်ခြောက်လို့ ပြောင်းပြောတဲ့သူလည်း ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ လက်ဘက်ခြောက် ရှယ်ထွက်တဲ့ နိုင်ငံတစ်နိုင်ငံပဲ မဟုတ်ပါလား။

ကျနော့်အနေနဲ့ ဆက်ပြီး ခရီးဆက်ရမယ့် မြို့က နန်လင်မြို့ပဲ ဖြစ်တယ်။ ကွမ်ရှီးပြည်နယ်ရဲ့ မြို့တော်ပါ။ ယူနန်ပြည်နယ်နဲ့ အရှေ့ဘက် ကပ်လျက်မှာ ရှိတယ်။ နန်လင်မြို့ အကြောင်း မပြောခင်မှာ လေယာဉ်လက်မှတ် ဝယ်တဲ့အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ ကျနော်တို့ ကူမင်းရောက်တဲ့ ညမှာပဲ နောက်ခရီးစဉ်တွေအတွက် လက်မှတ် ဝယ်ရတော့တယ်။ ကူမင်းမြို့မှာကိုပဲ Ticketing Agency တွေက ပေါမှပေါပဲ။ မနက်ဖြန် မနက် စီးမယ့် လေယာဉ်လက်မှတ်ကို အခုမှ သွားဝယ်တော့ သေချာတယ် လျှော့ဈေး ဘယ်ရတော့မလဲ။ နဂို ပြဌာန်းထားတဲ့ ဈေးအတိုင်းပဲ ဝယ်ရတယ်။ ဈေးနှုန်း သက်မှတ်တဲ့ နေရာမှာလည်း စိတ်ဝင်စားစရာ တစ်ခု ရှိတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ သွားဖို့ ရွေးစရာ လမ်းသုံးလမ်း ရှိမယ် ဆိုကြပါစို့။ ကားနဲ့ သွားမလား။ ရထားစီးမလား။ လေယာဉ်စီးမလားပေါ့။ ကားစီးလို့ တစ်ဆယ်ကျမယ် ဆိုရင် ရထားလက်မှတ်ခက (၁၅) ကျပ်နဲ့ (၂၀) ကျပ် ကြား ရှိမှာ သေချာတယ်။ လေယာဉ်လက်မှတ်ခကတော့ (၃၀) ကျပ်လောက် ပေးရမယ်။ လေယာဉ် လက်မှတ်ကို ၂ ပတ်နဲ့ အထက် ကြိုမှာလို့ ရှိရင် (၂၀) နဲ့ (၂၅) ကျပ်ကြား ရနိုင်တာမို့ ရထားခလောက်ပဲ ကျန်တော့တယ်။ ဒါ သူတို့ရဲ့ ယေဘုယျ သက်မှတ်ချက်လို့ ကျနော် လေ့လာမိပါတယ်။

နောက်တစ်ခုက တရုတ်နိုင်ငံ အနေနဲ့ ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ အပေါ်မှာ မဖြုန်းတော့တာ တွေ့ရတယ်။ အဝေးပြေး ကားလက်မှတ်တွေဆို မြန်မာနိုင်ငံက အဓိပတိဘတ်စ်ကား လက်မှတ်သာသာ ရှိတဲ့ စက္ကူတွေကိုပဲ သုံးတော့တယ်။ ရထားလက်မှတ် ဆိုလည်း ထို့အတူပဲ။ လေယာဉ်လက်မှတ်တွေတောင် A4 စက္ကူ အလတ်စားကို လေးပိုင်းပိုင်းပြီး လက်မှတ်လုပ်တယ်။ အခုဆို သူတို့ရဲ့ လက်မှတ်ကို E Ticket လို့ ခေါ်တယ်။ စက္ကူပေါ်မှာ သွားမယ့်သူရဲ့ သတင်းအချက်အလက်ပါမယ်။ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပါမယ်။ ဒါပဲ။ မြန်မာနိုင်ငံလို Art Card နဲ့ Carbon paper တွေ သုံးပြီး မဖြုန်းတော့ဘူး။ မြန်မာနိုင်ငံရဲ့ လေယာဉ်လက်မှတ် အရင်းက (၁၀၀) ကျပ် ကျမယ်ဆိုရင် သူတို့ရဲ့ လက်မှတ် အရင်းက (၁) ကျပ်လောက်ပဲ ကျတော့မယ် ထင်တယ်။ တစ်နေ့တစ်နေ့ သန်းနဲ့ ချီပြီး လက်မှတ်တွေ ရောင်းနေရတော့ တစ်စောင်ကို ၉၉ ကျပ် သက်သာရင် သန်းနဲ့ ချီတဲ့ လက်မှတ်ဖိုးအတွက် တွက်သာကြည့်ပေတော့။ ၂၀၀၈ ခုနစ် သြဂုတ်လ ကစပြီး တရုတ်အစိုးရက E Ticket ကို စပြီး အသုံးပြုစေတယ်။ ဒီတော့ အွန်လိုင်းကနေ လက်မှတ်ဝယ်လို့ရတော့ ဘာစာရွက်စာတမ်းမှ မလိုဘဲ ETicket No နဲ့တင် Boarding Pass ထုတ်လို့ ရနေပါပြီ။ ဒါဆို အရင်းက တစ်ကျပ်တောင် မရှိတော့ဘူးပေါ့။

ကွမ်ရှီးပြည်နယ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုပါ။ သီးခြားယဉ်ကျေးမှုနဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ပြည်နယ်မို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတယ် ထင်ပါ့။ အဲဒီ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အများစုက ခမာနွယ်ဝင်တွေ ဖြစ်မယ်။ ဗီယက်နမ်နိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကို အများဆုံး လက်တွေ့ အကျိုးခံစားရတဲ့ အိမ်နီးချင်းကို ပြပါဆိုရင် တရုတ်ပြည်ရဲ့ ကွမ်ရှီးပြည်နယ်ကို လက်ညိုးထိုးရတော့မှာပဲ။ အရင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သွားနေတဲ့ ပြည်နယ် စီးပွားရေး အခြေအနေဟာ ဗီယက်နမ်ရဲ့ တံခါးဖွင့် ကြိုဆိုမှုကြောင့် တရုတ်ကုန်စည်တွေ ဒလဟော စီးဆင်းတဲ့ ရေစီးကြောင့် အင်မတန်မှ ခေါင်းထောင်လာတယ်။ အခုဆိုရင် စီးပွားရေး တိုးတက်မှုဟာ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝအဖြစ် ဖော်ဆောင်နိုင်တာ တွေ့ရတယ်။ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံသုံးခုနဲ့ ထိဆက်နေတဲ့ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝသဖွယ် ရပ်တည်နိုင်တဲ့ ကွမ်ရှီး ပြည်နယ်ကို ချီးကျူးရမှာပါ။ ဒါ ဗီယက်နမ်ရဲ့ တိုးတက်မှု ရေစီးကြောင်းကို ပါးနပ်စွာ အသုံးချတတ်တဲ့ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အရည်အချင်းလို့လည်း ဆိုနိုင်ပါတယ်။

မြို့ကြီးပြကြီး အဆင့်ကို မြှင့်တင်ဖို့ ကြိုးစားတာ ၅ နှစ်ကျော်ပဲ ရှိသေးတယ် ဆိုတော့ မြို့ပြ အနေအထားအရ နန်လင်မြို့ဟာ ကူမင်းမြို့ကို မမီသေးတာတော့ အမှန်ပါ။ လေယာဉ်ကွင်းကနေ မြို့ပြနေရာကို ရောက်ဖို့ အတွက် ကီလိုမီတာ (၂၀) ကွာဝေးပါတယ်။ အထပ်မြင့်တိုက်တွေ ကျို့တို့ကျဲတဲပဲ ရှိသေးတယ်။ Construction Sites ဆောက်လုပ်ဆဲ မြေနေရာတွေ နေရာအတော်များများမှာ တွေ့ရတယ်။ ကျနော် နန်လင်မြို့ကို ရောက်တဲ့ အချိန်က တရုတ်အာဆီယံ ကုန်စည်ပြပွဲ ကျင်းပဖို့ တစ်ပတ်ပဲ လိုတော့တာဆိုတော့ မြို့အနှံ့ အလှအပတွေနဲ့ ပြင်ဆင်ထားတာ တွေ့ရတယ်။ နေရာတကာမှာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။ ကျနော် နန်လင်မြို့ကို ပထမဆုံး ရောက်ဖူးခြင်းပါ။ နောက်ပြီး ကျနော် နန်လင်ကို မနက်ရောက်ပြီး ညနေပဲ လေယာဉ်နဲ့ ကွမ်ကျိုး (GuangZhou) မြို့ကို ထွက်ခွာရပါတယ်။ ကျနော် မြို့ထဲမှာ နေရတဲ့ အချိန်က စုစုပေါင်းမှ လေးနာရီ မပြည့်တာကြောင့် နန်လင်အကြောင်း များများစားစား မသိခဲ့ရပါဘူး။ တိုက် ခပ်ကျဲကျဲနဲ့ တည်ဆောက်ဆဲ မြို့တစ်မြို့ လို့ပဲ မှတ်ချက် ချနိုင်လိုက်ပါတယ်။

(ဆက်ရန်)

စနည်းနာခြင်း

စနည်း / စနီး၊ စနဲ / နာမ် – ရှေ့ပြေးနိမိတ်အနေဖြင့် ကြားရသောအသံ။
စနည်းနာ / စနဲနာ / ကြိယာ – လူအများ ပြောသံဆိုသံကို ထောက်လှမ်းသည်။

ဒါ မြန်မာစာဌာနက ထုတ်တဲ့ မြန်မာအဘိဓာန်မှာ ဖော်ပြထားချက်ပါ။ ကျနော်တို့ စနည်းနာတယ်လို့ သုံးလေ့ရှိတယ်။ မလုပ်ခင် ထောက်လှမ်းတယ်လို့ ကျနော်တို့ နားလည်ထားကြတယ်။ အဓိပ္ပာယ်ကို ပိုပြီး ရှင်းလင်း နားလည်ချင်တာနဲ့ အဘိဓာန်စာအုပ်ကို လှန်ပြီး ဖတ်ကြည့်မိတယ်။ အဲဒီစာအုပ်နဲ့ အတူ တခြား စာအုပ်တစ်အုပ်ကိုလည်း သွားသတိရမိတယ်။ စနည်းနာခြင်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ တင်ပြထားတဲ့ သမိုင်းစာအုပ်ပါ။ စနည်းနာတာနဲ့ သမိုင်းနဲ့ ဘာပတ်သက်သလဲလို့ တွေးမိပါလိမ့်မယ်။ ဘယ်လို ပတ်သက်သလဲ ဆိုတာသိရအောင် ဆက်ဖတ်ကြည့်စေချင်တယ်။ အခု တင်ပြမယ့် စိတ်ဝင်စားစရာ အချက်အလက်တွေကို အဓိကအားဖြင့် ဆရာ ဒေါက်တာသန်းထွန်း ရေးတဲ့ မြန်မာထွေထွေရာရာသမိုင်း ဆိုတဲ့ စာအုပ်ထဲက မြန်မာသမိုင်းတွင် လောကီပညာ အရေးပါပုံ (စာ – ၄၈) စာတမ်းမှ ညွှန်းဆိုလိုပါတယ်။

ကျနော်တို့ မြန်မာနိုင်ငံကို အုပ်ချုပ် မင်းလုပ်ခဲ့တဲ့ ခေတ်အဆက်ဆက်က ရှင်ဘုရင်တွေဟာ တိုင်းပြည်အုပ်ချုပ်တဲ့ အခါမှာ ဘယ်သူမှ (လို့ ပြောလို့ရပါတယ်) လောကီပညာနဲ့ မလွတ်ကင်းကြပါဘူး။ မှော်ပညာလို့ အလွယ်တကူ ခေါ်တဲ့ မြန်မာတွေရဲ့ လောကီပညာဆိုတာ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင်ယတြာဆိုတာတွေ အားလုံး ပါပါတယ်။ ရန်သူ (သို့) အချစ်မနှစ်သက်သူရဲ့ ရန်ကို အကာအကွယ်ယူဖို့ အင်း၊ အိုင်၊ ခလဲ့၊ လက်ဖွဲ့၊ ဂါထာ နဲ့ မန္တန်ကို အသုံးပြုကြတယ်။ ဗေဒင်မေးပြီး ကျရောက်လာမယ့် အန္တရာယ်ကို ကြိုတင် ကာကွယ်နိုင်ဖို့ ဘယ်လိုနေပါ၊ ဘာတွေဆောင်ပါ၊ ဘာတွေ ကြိုတင်လုပ်ထားပါ ဆိုတဲ့ ယတြာဟာ အကာအကွယ်ကို တကယ်ဖြစ်စေတယ်လို့လည်း ယုံကြသေးတယ်။ ဗေဒင်မေးပြီး ယတြာချေတာအပြင် အားကိုးစရာတွေ ရှိနေပါသေးတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို နားထောင်ရတယ်။ အဓိပ္ပာယ်ဖော်ပြီး အန္တရာယ်ကို ရင်ဆိုင်ဖို့ ပြင်ဆင်ရတယ်။ အတိတ်ကဖြစ်တာ၊ အခု ဖြစ်တာတွေဟာ နောင်အခါ ဖြစ်ဖို့ရှိတယ်လို့ သတိပေးတာ ဖြစ်တယ်လို့ စွဲယူမှတ်သားထားတယ်။ နိမိတ်ဆိုတာကတော့ မကြာခင် ကျရောက်မယ့် ဘေးအန္တရာယ်ကြီးကြီးကို အခု ထင်သာမြင်သာအောင် (အခု ခလုတ်တိုက်တယ် ဆိုသလို) အခက်အခဲတစ်ခုကို ကြုံရတာမျိုး ဖြစ်တယ်။ တဘောင်က နောင် မကြာခင်ကျရောက်မယ့် ဘေးအန္တရာယ်ကို လူအများက ကြိုပြီး ပြောနေတတ်တယ်လို့ ယုံတယ်။ ဘဝေါက သိပ်ကြီးကျယ်တဲ့ ဒုက္ခ တွေ့ရတော့မယ်လို့ ကြောက်လန့်စိတ်ပေါ်အောင် မဖြစ်စဖူး ဖြတ်တဲ့ ကိစ္စဖြစ်ပါတယ်။

ပဒုံမင်း (၁၇၈၂ – ၁၈၁၉) လက်ထက်မှာ ပေါ်ခဲ့တဲ့ စနည်းတွေကို စိတ်ဝင်စားစရာကောင်းလို့ နည်းနည်း တင်ပြလိုပါတယ်။ ဘာလို့ ပဒုံမင်းကိုမှ ရွေးပြီး တင်ပြရသလဲဆိုရင် ပဒုံမင်းလက်ထက်မှာ လောကီအစီအမံတွေနဲ့ အုပ်ချုပ်တဲ့ အလေ့အထဟာ အထွတ်အထိပ်ကို ရောက်နေလို့ပါ။ နောက်ပိုင်း ပဒုံမင်း လက်ထက်မှာပဲ အိန္ဒိယပြည်ကနေ ကူးယူခဲ့တဲ့ လောကီကျမ်းပေါင်း (၂၅၃) ကျမ်းရှိကြောင်း အထောက်အထားနဲ့တကွ တွေ့ရပါတယ်။ ပဒုံမင်းဟာ တိုင်းပြည် အရေးအရာတွေကို ဆုံးဖြတ်တဲ့အခါမှာ စနည်းနာလေ့ ရှိကြောင်း တွေ့ရပါတယ်။ ဒီနေရာမှာ မပြောမဖြစ်တဲ့ လူတစ်ယောက်ရှိပါတယ်။ သူ့နာမည်က အယူတော်မင်္ဂလာတဲ့။ ၁၆ ဇွန် ၁၇၆၂ ခုနစ်၊ ဒီပဲယင်းမြို့နယ် ကိုးသန်းတိုက်နယ် အရှမ်းကြခပ်ရွာမှာ မွေးပါတယ်။ အဖ ဦးရွှေညို၊ အမိ ဒေါ်မင်းလှ ဖြစ်ပြီး ငယ်နာမည် မောင်နိုးလို့ ခေါ်တယ်။ ၁၇၈၂ ပဒုံမင်း နန်းတက်တော့ အမှာတော်ရေးအဖြစ် ခန့်အပ်ခံရတယ်။ တဘောင်တွေ အဓိပ္ပာယ်ကောက်တာ တော်တယ်လို့ နာမည်ရလာတော့ ပဒုံမင်းဟာ အယူတော်မင်္ဂလာဘွဲ့ ချီးမြှင့်ပြီး အပါးတော်မှာ ခစားစေတယ်။ အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်း၊ ဘဝေါတွေကို သဘောအဓိပ္ပာယ် ကောက်တဲ့နေရာမှာ အယူတော်မင်္ဂလာကို မီတဲ့သူ မရှိပါဘူး။ ကဲ ကျနော်တို့ စနည်းနာလိုက်ကြရအောင်။

မိုးတားစား သတိုးမင်းကြီး မင်းထင်ကျော်သူဟာ လွှတ်တော်တရားသူကြီး ဖြစ်တယ်။ အလွန်အမင်း လာဘ်စားတဲ့အတွက် နာမည်ပျက်ပြီး လူအပေါင်းဟာ အဲဒီတရားသူကြီး နှိပ်စက်သမျှကို ကြောက်ရွံ့ပြီး ခံနေကြရပါတယ်။ ပဒုံမင်းက ဒီကိစ္စကို ထိထိရောက်ရောက် အရေးယူနိုင်ဖို့ အယူတော်မင်္ဂလာကို စနည်းနာစေတယ်။ အယူတော်မင်္ဂလာ နာခဲ့ရတဲ့ စနည်းက ဒီလိုပါ။ အမေက သမီးကို ဆန်ဝယ်သွားတာ ငွေစကို တစ်မူးလည်းမဟုတ်၊ တစ်မတ်လည်း မဟုတ်လေတော့ တစ်ပြည်ပဲ ရတော့တယ်လို့ ကြိမ်းတယ်။ ဒီလိုသာ ဆက်ပြီးလုပ်ရင် နင့်ကို ပြည်တောင်းမှောက်ပြီး ဆန်ချင်ပေးလိ့မ်မယ်လို့ ပြောပြန်တယ်။ ဒီအခြင်းအရာကို စကားတစ်ဆက်တည်း ပြောရင် မူးမဟုတ် မတ်မဟုတ်လို့ ပြည်မှောက်တယ်လို့ ဆိုလိုပါတယ်။ တရားသူကြီးကို ရာထူးက ဖြုတ်လိုက်ပါတယ်။

၁၃ မတ် ၁၈၁၀ နေ့မှာ တရုတ် ငရွှေကြည် အိမ်က စပြီး မီးကြီးလောင်လိုက်တာ နန်းတော်၊ ရွှေတိုက်နဲ့ တစ်မြို့လုံးနီးပါး လောင်ကျွမ်းသွားတယ် အဲဒီ အချိန်မှာပဲ တရုတ်သံအဖွဲ့ဟာ ဝန်တင်လား ခုနစ်ထောင်နဲ့ ငွေရှစ်သိန်းကိုင်ပြီး ကုန်ဝယ်ဖို့ အမရပူရကို ရောက်လာတယ်။ တစ်ည စစ်ကိုင်းမင်းသားရဲ့ လူတွေက တရုတ်သံအဖွဲ့ကို ဓါးပြဝင်တိုက်တယ်။ တရုတ်က ငွေကို ပြန်ပေးပြီး အပြစ်ရှိသူတွေကို ထိုက်သင့်တဲ့ဒဏ် ပေးဖို့ တောင်းဆိုတယ်။ ပဒုံမင်းက မီးထဲ ရွှေတိုက်ပါသွားလို့ ငွေကလည်း မဆပ်နိုင်၊ မြေးတော် စစ်ကိုင်းမင်းသားကိုလည်း ဒဏ်က မပေးချင် ဖြစ်နေတယ်။ ဒါနဲ့ နှုတ်သွက်လျှာသွက်တဲ့ ဦးပေါ်ဦးကို တရုတ်သံနဲ့ ဝင်တွေ့ပြီး ညှိနှိုင်းစေတယ်။ တရုတ် ငရွှေကြည်ရဲ့ မီးကြောင့် ငွေသိန်းသန်းကုဋေ တန်းဖိုးရှိတဲ့ ပစ္စည်းတွေ ဆုံးရှုံးရလို့ တရုတ်တွေဆီက ပြန်တောင်းဆိုတယ်။ ဒီလို တန်ပြန်လုပ်တာ အောင်မြင်ပါ့မလား သိချင်လို့ စနည်းနာစေတယ်။ တရုတ်စကား မိဘများ လက်သုပ်လည်း စားကိန်းဖြစ်လာ။ ကျေးသားစစ်ပွဲအောင် ပြည်ထောင်လွမ်းခြင်းအေး ကျင်စွမ်လူ့ပဂေး တဲ့။ မင်းမိဖုရားက ယတြာဖြစ်တဲ့ တရုတ်စကားရွက်ကို လက်သုပ်ပြီး ပွဲတော်တည်လို့ ဦးပေါ်ဦး စကားစစ်နိုင်ပြီး တရုတ်တို့ အသာတကြည် ပြန်သွားရတယ်လို့ အယုံအကြည် ရှိပါတယ်။

နောက် စနည်းတစ်ခုနဲ့ သာသနာရေး အငြင်းအခုံတစ်ခုကို ဖြေရှင်းခဲ့ပါသေးတယ်။ ၁၈ ရာစု နှစ်ဦးကစပြီး သံဃာတော်တွေ မညီမညွတ် ရှိခဲ့ကြတယ်။ အပေါ်ဝတ်ရုံကို အလုံခြုံသင့်၊ ပုခုံးတစ်ဖက် လှပ်သင့်ဆိုတဲ့ ငြင်းခုံပွဲ ဖြစ်ပါတယ်။ ပုခုံးတစ်ဖက်ပဲ ဖုံးအုပ်လိုတဲ့ သံဃာကို အတင် (ဧကံသိက)၊ ပုခုံးနှစ်ဖက်လုံး ဖုံးရင် အရုံ (ပရုပဏ) လို့ လွယ်လွယ် ခေါ်လေ့ရှိတယ်။ ၁၈၁၄ ခုနစ်မှာ အဲဒီ အချေအတင်ပွဲကို ပြီးပြတ်စေဖို့ ပဒုံမင်းဟာ ဆွေးနွေးပွဲကြီး ကျင်းပစေပြီး အပြိုင်အဆိုင် ပြောဆိုစေတယ်။ အတုလဆရာတော် (မောင်ပန်းထွေး) ရဲ့ ဧကံသိကအဆို ရှုံးပါတယ်။ အယူတော် မင်္ဂလာ ရထားတဲ့ စနည်းက
ဦးပြည်းယောက်ျား လဘက်စားသည် တိုင်းကားပြည်ရွာ ဆူလတ္တံ့။
ဦးပြည်းမိုးကြိုး ပစ်ခတ်ချိုးက အရိုးနေလ မှိန်လတ္တံ့။
ဦးပြည်းလူမော် ရေကြောင်းပျော်သည် လှေပေါ်တောင်းမှောက် ဖြစ်လတ္တံ့။
ထိုရောအခါ သာသနာသည် ရောင်ဝါနေသို့ ထွန်းလတ္တံ့။
ဒီစနည်းကို ရှင်ဘုရင်က သဘောကျပြီး စနည်းထဲက ပါတဲ့အတိုင်း အတုလ လူထွက် မောင်ပန်းထွေးကို အဝတ်မပါ ဗလာ လှောင်အိမ်ထဲ ထည့်ပြီး ဧရာဝတီမြစ်ကြောင်းအတိုင်း သရက်အထိ မျှောချလိုက်တော့တယ်။

ဒီပုံစံအတိုင်းပဲ အင်္ဂလိပ်တွေ တွဲဖက်ရုံးဆောက်ဖို့ မြေတောင်းတဲ့အခါ အယူတော်မင်္ဂလာရဲ့ စနည်းအတိုင်း တောင်းဆိုချက်ကို ငြင်းဆန်ခဲ့တယ်။ နောက်တစ်ကြိမ် အင်္ဂလိပ်တွေက ပုသိမ်မှာ ကုန်တိုက်ဆောက်ဖို့ မြေတောင်းတော့လည်း စနည်းအတိုင်း ပြေပြေလည်လည် ဆက်ဆံ၊ ငွေပေးပြီး ပြန်လွှတ်လိုက်တယ်။ ၁၈၀၆ ခု နန်းသစ်ဆောက်ဆဲ အဆောင်မိုးမှာ လင်းတနားတော့ အများစုက နိမိတ်မကောင်းဘူးလို့ ယူကြတယ်။ ဒါပေမယ့် အယူတော်မင်္ဂလာရဲ့ အမြင်က တမူထူးနေတယ်။ ဂဏန်းဗေဒင်အရ လင်းတဟာ (၄ + ၇) ၁၁ ဖြစ်လို့ ပဒေသရာဇ် မင်းတစ်ပါးပါးက လက်အောက်ခံလိုပါတယ် ဆိုပြီး သမီးကညာဆက်ဖို့ တစ်ဆယ့်တစ်ရက်အတွင်း ရောက်လာလိမ့်မယ်လို့ ဟောတယ်။ အမှန်တကယ်ပဲ တိုလျားစော်ကဲက သမီးကညာ ဆက်တယ်။ ဆန္ဒြကန္တသိင်္ဃကလည်း သမီးကညာ ဆက်လာတယ်။ လောကီပညာကို အသုံးချတဲ့ နေရာမှာ အသုံးများတာက အတိတ်၊ နိမိတ်၊ တဘောင်၊ စနည်းဖြစ်ပြီး အရေးပါတဲ့ သမိုင်းဝင် ကိစ္စတွေမှာ စနည်းနာပြီးမှ လုပ်လေ့ရှိတာကို တွေ့ရပါတယ်။ စနည်းရဲ့ သဘောက အချင်းချင်း (တခြားလူ မကြားဘူး အထင်နဲ့) မျက်မြင် ကြုံတွေ့နေရတဲ့ ကိစ္စတွေကို ကောင်းမကောင်း ရဲရဲ ပြောကြပုံကို ချောင်းနားထောင်ပြီး ဝေဖန်ချက်ကို အရေးယူ ဆောင်ရွက်ခြင်းပဲ ဖြစ်ပါတော့တယ်။

Yahoo Pipe ဖြင့် Blog list တစ်ခု ဖန်တီးခြင်း

Acknowledgement :

တစ်နေ့က မျက်လုံးနဲ့ လက်ဘက်ရည်ဆိုင် ထိုင်ကြရင်း ဘလော့ဂ်အကြောင်း ပြောကြရင်းနဲ့က Blog List အကြောင်း ရောက်သွားခဲ့တယ်။ ကျနော် Blogger ရဲ့ Blog List လုပ်ရတာ သိပ်ဘဝင်မကျတဲ့အကြောင်း ပြောပြတော့ မျက်လုံးက Blog List ကို စိတ်တိုင်းကျ လုပ်ချင်သလို လုပ်လို့ရကြောင်း နည်းလမ်း ဖတ်ဖူးကြောင်း ပြောတော့ ကျနော် အရမ်း ဝမ်းသာသွားတယ်။ ဒါနဲ့ သူ့ကို မေးကြည့်တော့ အတိအကျတော့ သူလည်း မေ့နေပြီ။ WeSheMe ရေးထားတာကို DeGoLar က ပြန်ညွှန်းရေးထားတာတော့ မှတ်မိတယ်လို့ ပြောပါတယ်။ WeSheMe ရေးထားတာတော့ ကြာပြီ။ DeGoLar ရေးထားတာတော့ နှစ်လလောက်ပဲ ရှိသေးတယ်တဲ့။ ဒါနဲ့ ကျနော်လည်း အိမ်ပြန်ရောက်တာနဲ့ DeGoLar ရဲ့ ဘလော့ဂ်ကို ပြေးပြီး အဲဒီပို့စ်ကို ရှာဖတ်ပါတော့တယ်။ သူ့ပို့စ်မှာ အတိအကျ ရှင်းမပြထားတာကြောင့် သူပြန်ညွှန်းထားတဲ့ WeSheMe ရဲ့ ပို့စ်ကို ထပ်ပြေးဖတ်လိုက်မိတယ်။ ကျနော် စမ်းကြည့်လိုက်တော့ အတော်လေး အဆင်ပြေပြီး လုပ်ချင်သလို လုပ်လို့ရတာ တွေ့ရတော့ အတော်လေး ဝမ်းသာသွားတယ်။ ဒါပေမယ့် ဘာလို့ ဘလော့ဂ်တွေမှာ မတွေ့ရတာလဲလို့ ပြန်တွေးမိပြီး လုပ်နည်း ပြန်တင်လိုက်ဦးမယ်လို့ စိတ်ကူးလိုက်မိတယ်။ ဒီပို့စ်ဖြစ်မြောက်ဖို့ အဓိက WeSheMe နဲ့ DeGoLar ကို ကျေးဇူးတင်သလိုပဲ ညွှန်ပြပေးတဲ့ သယ်ရင်း မျက်လုံးကိုလည်း အထူးအထူး ကျေးဇူးတင်ကြောင်း …..

Yahoo Pipe ရဲ့ အားသာချက်က ကျနော်တို့ ထည့်ချင်သလောက် Feed အရေအတွက် ထည့်လို့ရပါတယ်။ နောက်ပြီး တစ်ဘလော့ဂ်ကို တစ်ပို့စ်ပဲ ပေါ်ချင်တယ်။ ဒါမှမဟုတ် ၅ ပို့စ် ပြချင်တယ် ဆိုပြီး ကြိုက်သလို စီမံလို့ရသလိုပဲ၊ ကြီးစဉ်ငယ်လိုက်လား ငယ်စဉ်ကြီးလိုက်လား အဆင်ပြေသလို စီလို့ရတယ်။ ရက်စွဲနဲ့ စီမလား၊ ခေါင်းစဉ်နဲ့ စီမလား၊ ဘလော့ဂါနာမည်နဲ့ စီမလား ကြိုက်သလို ကြီးစဉ်ငယ်လိုက် စီလို့ ရသဗျာ။ နောက်ပြီး Programming အနည်းအကျဉ်း နားလည်တဲ့သူအတွက် အတော်လေး ကလိလို့ကောင်းကြောင်း ထောက်ခံပါရစေ။ အဓိက ကြိုက်တဲ့အချက်က Idea ကွန့်မြူးရင် ကွန့်မြူးသလောက် လုပ်နိုင်တယ်လို့ ပြောရင်း ဘယ်လို လုပ်ရမလဲ ဆိုတာကို စပြောကြရအောင်။

ကျနော် ထုံးစံအတိုင်း လေ့ကျင့်ခန်း တစ်ခုနဲ့ ရှင်းပြချင်ပါတယ်။ မရှင်းပြခင် သိထားသင့်တာ တချို့က

  1. အခု ရှင်းပြမယ့် URL တွေက Blogspot ကိုပဲ ရည်ညွှန်းပါတယ်။ WordPress ဆိုရင် feed က တစ်မျိုးဖြစ်နိုင်ပါတယ်။
  2. အရိုးရှင်းဆုံးနဲ့ အခြေခံကို မြင်သာအောင် ပြချင်တာကြောင့် Function များများစားစား မထည့်တော့ပါဘူး။ အခြေခံလောက်ပေါ့။ ကျန်တာ ကိုယ့်ဖာသာ ဆက်ပြီး ကလိပါလေ။
  3. Yahoo Pipe ဟာ Flow Chart ဆွဲသလို Diagram ပုံနဲ့ Program တစ်ပုဒ် ဖန်တီးခြင်းပါ။ လိုချင်တဲ့ Function ကို Drag & Drop ဆွဲယူပြီး ထည့်ပေးရပါမယ်။
  4. Yahoo Pipe မှာ Diagram ပုံတစ်ပုံ ဖန်တီးယူပြီး အဲဒီ Diagram ရဲ့ result ကို Javascript နဲ့ Blogger မှာ ယူသုံးပါ့မယ်။

မရှင်းဘူးလား။ ကိစ္စ မရှိပါဘူး။ အောက်မှာ ပြောမယ့် လေ့ကျင့်ခန်းကို တစ်ဆင့်ချင်း လိုက်လုပ်ကြည့်ပါ။

Yahoo Pipe တွင် Diagram တစ်ခု တည်ဆောက်ခြင်း


အရင်ဆုံး Yahoo Pipe ကို ခေါ်ပါ့မယ်။ သိပ်သေချာတာပေါ့။ ကျနော်တို့ အကောင့်တစ်ခု လုပ်ရမယ်။ တကယ်လို့ Yahoo Account ရှိပြီးသားသူ ဆိုရင်တော့ အဲ့အကောင့်နဲ့ ဝင်လိုက်ပါ။ Log In လုပ်ပြီးပြီဆိုရင် အပေါ်ဆုံး Menu မှာ Create a pipe ဆိုတာ ရှိပါတယ်။ ဝင်လိုက်ပါ။ ဒါဆို Diagram Editor ကျလာပါမယ်။ ဘယ်ဘက်အခြမ်းကို ကြည့်လိုက်ပါ။ Sources ရဲ့ အောက်မှာ အပေါင်းလက္ခဏာနဲ့ အများကြီး တွေ့ရပါမယ်။ ကျနော်ရဲ့ လေ့ကျင့်ခန်းအရ Fetch Feed ကို ရွေးပြီး ညဘက်က Editor ထဲ ဆွဲထည့်လိုက်ပါ။ ဒါမှမဟုတ် အပေါင်းလက္ခဏာ နှိပ်လိုက်ပါ။ ကျန်တာတွေက ဘာလဲလို့ မေးလာရင် ပွင့်ပွင့်လင်းလင်း ပြောပါ့မယ်။ ကျနော်လည်း မသိသေးပါဘူး။ အိုကေ Fetch Feed နာမည်နဲ့ Box တစ်ခု ကျလာပြီး အောက်မှာ + URL ဆိုတာတွေ့ပါမယ်။ သူ့အောက်မှာတော့ အနုတ်လက္ခဏာနဲ့ ဘေးမှာ Text Box တစ်ခု ရှိပါမယ်။ အဲဒီ Text Box ထဲမှာ URL (Blog Address) ထည့်ပေးရမယ်။ ထည့်ထားတာ ဖျက်ပစ်ချင်ရင်တော့ ဘေးနားက အနုတ်ကို နှိပ်လိုက်ပါ။

URL ထည့်တဲ့ အခါမှာ http://pikay.myanmarbloggers.org ဆိုပြီး ခပ်ရှင်းရှင်း ထည့်လိုက်လို့ရပါတယ်။ ကျနော်က ဒီ ဥပမာမှာ နည်းနည်းလေး ကွန်ချင်တယ်။

  1. ပို့စ်တွေကို ပြချင်တယ်။ /feeds/posts (တကယ်လို့ ကွန်းမန့်တွေပဲ ပြချင်ရင် /feeds/comments)
  2. နဂို သက်မှတ်ထားတဲ့အတိုင်း ပို့စ်ကို ပြမယ်။ /default
  3. အဲဒီ ဘလော့ကနေ နောက်ဆုံး နှစ်ပို့စ်ပဲ ပြမယ်။ ? max-results=2

ဒီတော့ http://pikay.myanmarbloggers.org/feeds/posts/default? max-results=2 ဖြစ်သွားတယ်။ အဲဒီစာအတိုင်း URL Text Box မှာ ထည့်ပေးပါ။
နောက် ဘလော့ဂ်တစ်ခု ထပ်ထည့်ချင်သေးရင် URL ဘေးက + ကို နှိပ်လိုက်ပါ။ အိုကေ .. ကျနော် ဒီမှာ လင့်ခ် ငါးခု ထည့်ထားပါတယ်။

ကျနော် လုပ်ချင်တာက ခုနက ကျနော် ထည့်ထားတဲ့ ဘလော့ဂ် ငါးခုကြောင့် ပို့စ် ၁၀ ပုဒ် ရလာမယ်။ အဲဒီ ပို့စ် ဆယ်ပုဒ်ကို တင်တဲ့နေ့ပေါ် မူတည်ပြီး စီချင်တယ်။ နောက်ဆုံးတင်ထားတဲ့ ပို့စ်ကို အရင်ဆုံး မြင်ချင်တယ်။ ဒီတော့ Sorting လုပ်ရမယ်။
ဘယ်ဘက်က တတိယ တြိဂံတုံးဘေးမှာ Operators ဆိုတာ မြင်ရမယ် ထင်တယ်။ နှိပ်လိုက်ပါ။ ကျလာတဲ့ အထဲက ရှစ်ခုမြောက်မှာ Sort ရှိပါတယ်။ ကလစ်ဖိပြီး Editor ထဲ ဆွဲသွင်းလိုက်ပါ။ စာဖတ်သူတွေ သတိထားမိမလား မသိဘူး။ ခုနက ပြောတဲ့ Fetch Feed ဆိုတဲ့ Box ရဲ့ အောက်ဘက် အလယ်နားမှာ အလုံးလေး တစ်လုံး ရှိပါတယ်။ အခု ထည့်ထားတဲ့ Sort ဆိုတဲ့ Box ရဲ့ အပေါ်နဲ့ အောက်၊ အလယ်မှာလည်း အလုံးလေး တစ်လုံးစီ ရှိပါတယ်။ Pipe Output ဆိုတာရဲ့ အပေါ်ပိုင်း အလယ်မှာလည်း အလုံး တစ်လုံး ရှိပါတယ်။ Fetch Feed, Sort, Pipe Output ဆိုပြီး အထပ်အောက် စီပေးပါ။ နောက်ပြီး Fetch Feed အောက်က အလုံးကို ကလစ်ဖိပြီး မလွတ်ဘဲ ဆွဲလိုက်ရင် ပိုက်လိုင်းတစ်လိုင်း ပါလာပါလိမ့်မယ်။ အဲဒီ ပိုက်ကို မလွတ်တမ်း Sort ရဲ့ အပေါ်နားက အလုံးထိ ရောက်အောင် ဆွဲပြီးမှ လွတ်လိုက်ပါ။ ဒါဆို Fetch Feed နဲ့ Sort နဲ့ ဆက်သွားတာ တွေ့လိမ့်မယ်။ အဲဒီလိုပဲ Sort နဲ့ Pipe Output နဲ့ ဆက်ပေးပါ။ အဲဒီလို ဆက်ပြီးတာနဲ့ Sort Box အထဲမှာ စာတွေ ပေါ်လာပါလိမ့်မယ်။ + Sort by ရဲ့ အောက်မှာ အနုတ်လက္ခဏာနဲ့ Combo Box ရှိပါတယ်။ ဘေးနားက မြားကို နှိပ်ပြီး item.published ကို ရွေးပေးပါ။ တင်ထားတဲ့ ရက်ကို လိုချင်လို့ပါ။ နောက်ပြီး Order ကို descending ရွေးပါ။ ကြီးစဉ်ငယ်လိုက် စီချင်လို့။

အိုကေ ဒီလောက် ဆိုရင် ပိုက်ဆက်လို့ ပြီးသွားပါပြီ။ အလုပ်ဖြစ်မဖြစ် အကြမ်း သိချင်ရင် ပုံရဲ့ အောက်ဘက်မှာ Refresh ဆိုတာ ရှိတယ်။ နှိပ်လိုက်လို့ ပို့စ်ခေါင်းစဉ်တွေ ပေါ်လာရင် အလုပ်ဖြစ်ပါပြီ။ ဒါဆို ညာဘက် အပေါ်က Save ကို နှိပ်လိုက်ပါ။ အဆင်ပြေတဲ့ နာမည်ပေးလိုက်ပါ။ Save ပြီးသွားရင်တော့ အပေါ်ဘက် အလယ်မှာ Run Pipe ဆိုတဲ့ လင့်ခ်ကို နှိပ်ပြီး ရလဒ်ကို ကြည့်လို့ရပါတယ်။ ရလဒ်ကို ကြည့်ပြီး Pipe ပြင်ချင်သေးတယ် ဆိုရင်တော့ ဘယ်ဘက် အောက်မှာ Edit Source ဆိုတာ နှိပ်ပြီး ဝင်ပြင်နိုင်ပါတယ်။ Browser ရဲ့ Address Bar ကို ကြည့်လိုက်ပါ။ http://pipes.yahoo.com နဲ့ စပြီး နောက်နားမှာ ?_id= ဆိုပြီး အက္ခရာ (၂၂) လုံး တွေ့ပါလိမ့်မယ်။ အဲဒါ Diagram ID ပါ။ မှတ်ထားပေးပါ။ အိုကေ … ဒါဆို ဘလော့ဂ်ပေါ် ဘယ်လို တင်မလဲဆိုတာ ဆက်ကြည့်လိုက်ရအောင်။

Blog တွင် Yahoo Pipe ထည့်ခြင်း

ပထမဆုံး အနေနဲ့ Javascript Function တွေ သုံးဖို့အတွက် အရင် ကြေငြာပေးရပါမယ်။ Layout >> Edit HTML ကို သွားပြီး </head> ရဲ့ အပေါ်နားမှာ အောက်က စာကြောင်း နှစ်ကြောင်း ထည့်ပေးပါ။

<script src=’http://h1.ripway.com/phyoekyaw/FeedPeek.js’ type=’text/javascript’/>
<script src=’http://h1.ripway.com/phyoekyaw/Library.js’ type=’text/javascript’/>

နောက်ပြီး Layout >> Page Elements မှာ Add a Gadget ကို နှိပ်ပြီး HTML/Javascript ကို ရွေးပေးပါ။ နောက်ပြီး အောက်က စာကြောင်းကို ကူးထည့်ပေးပါ။

<script src=”http://pipes.yahoo.com/pipes/pipe.run?_id=Mg4ZUoO13RGkz43cbbsjiw&_render=json&_callback=feedPeek”></script>

မှတ်ချက် …. အနီရောက်နေရာမှာ အထက်က မှတ်ခိုင်းထားတဲ့ ကိုယ့်ရဲ့ Diagram ID ကို ထည့်ပေးပါ။ Save လိုက်ပြီး Blog ကို ဖွင့်ကြည့်လိုက်ပါ။ အားလုံး အာသီသ ဆန္ဒ အလို တောင့်တ နေတဲ့ Blog List တစ်ခု ရလာပါလိမ့်မယ်။

Function တစ်ခုချင်းစီ ရှင်းမပြတော့တာ ကျနော် မစမ်းကြည့်ရသေးတာလည်း ပါသလို အဲလောက် ရှင်းပြနေစရာ မလိုတဲ့ ဦးနှောက်ပိုင်ရှင်တွေလို့ ယုံကြည်ထားလို့ပါ။ (အဟီး … မရေးချင်တော့တာနဲ့ မြှောက်ပစ်လိုက်ပြီ) ကိုယ့်ဖာသာပဲ တစ်ခုချင်းစီ အားရပါးရ စမ်းကြည့်ကြပေတော့လို့ပဲ အားပေးပါရစေ။

အဆင်ပြေပါစေဗျာ။

အရှေ့သို့လားသော် (၂)

အပိုင်း (၁) မဖတ်ရသေးသူများ အတွက် ဒီမှာ ကလစ်နှိပ်ပြီး ဖတ်ပါ။

လေယာဉ်လက်မှတ်အတွက် စီစဉ်ပြီးပြီ ဆိုတော့ လုပ်စရာ နှစ်ခု ကျန်နေတာက VISA နဲ့ D-Form လျှောက်ဖို့ပါ။ D-Form က အခု အွန်လိုင်း D-Form ဆိုတော့ အရင်ထပ် အများကြီး လွယ်ကူသွားပါပြီ။ တစ်ခါတစ်လေ D-Form က အချိန်ကြာတတ်တော့ ကျနော်တို့အနေနဲ့ VISA ကို အရင်မလုပ်ဘဲ D-Form ကို လျှောက်လိုက်ပါတယ်။ D-Form ထဲမှာ VISA No ဆိုတာ ထည့်ဖို့နေရာ ပါပေမယ့် မထည့်ဘဲလည်း ရပါတယ်။ အဲတော့ ကျနော်တို့ VISA မရသေးဘဲ D-Form အရင် လျှောက်လိုက်တော့တယ်။ D-Form Program က တခါတခါ ကြောင်နေတော့ Blank Sheet ချည်းပဲ အီးမေးလ်ပို့လာတယ်။ ဒါကြောင့် ဖောင်ပြန်ဖြည့်ပြီး သုံးခါလောက် ကြိုးစားလိုက်မှ D-Form Email ကို ရတော့တယ်။ စောင့်ရတာလည်း မကြာလိုက်ပါဘူး။ တစ်ညနေတည်းပါ။ VISA အတွက် တရုတ်သံရုံးကို သွားတော့ ကျနော်လို လျှောက်ချင်တဲ့လူက အယောက် (၄၀) လောက် ရှိတယ်။ တစ်နေ့ခင်းလောက် တန်းစီလိုက်ရတယ်။ သတိထားမိသလောက် အားလုံးလိုလို Canton Fair ကို သွားဖို့ပဲ။ အဲဒီလို မြင်ရတာ ဝမ်းသာစရာပါ။ ကျနော်တို့ မြန်မာကုန်သည်တွေ Source ကို တကယ်သိပြီလို့ တွေ့လိုက်လို့ပါ။ အရင်ကဆို ကုန်သည် သုံးလေးယောက်က ပွဲစားလုပ်ပေးပြီး အားလုံး ကိုယ်စား တရုတ်ပစ္စည်းတွေ သွင်းပေးနေရာကနေ အခုဆို ကုန်သည်အတော်များများ ကွမ်ကျိုးကို ကိုယ်တိုင် သွားဝယ်နိုင်တယ်ဆိုတဲ့ အမြင်ကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်း အများကြီး သက်သာလာပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ အခုဆိုရင် တရုတ်ဗီဇာ လျှောက်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ကုမ္ပဏီ ဖိတ်ခေါ်စာနဲ့ ဟိုတယ် ဘွတ်ကင်လုပ်ထားတဲ့ ဘောက်ချာ လိုတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော် သွားလျှောက်လိုက်တော့ ဘာစာရွတ်စာတမ်းမှ မလိုပါဘူး။ သူတို့စီမှာ ထားပေးထားတဲ့ ဖောင်ကို ဖြည့်ပြီး ဓါတ်ပုံတစ်ပုံကပ်လိုက်ရုံပါ။ ဗီဇာကြေးက ပုံမှန် တစ်ခါဝင်ထွက် ဆိုရင် (၂၅) ဒေါ်လာ ကျပါတယ်။ တကယ်လို့ အမြန်ကြေး ဆိုရင်တော့ ဒေါ်လာ (၄၀) ကျမယ်။ ညနေ (သို့) နောက်နေ့မနက် ဗီဇာ တန်းရပါတယ်။ ပုံမှန်ကတော့ 3 Working Days ကြာပါတယ်။ အရင်က ၇ ကြိမ်၊ ၈ ကြိမ်လောက် ရောက်ဖူးထားတာမို့ ဘာစာရွတ်စာတမ်းမှ မလိုတာလည်း ဖြစ်နိုင်ပါတယ်။ လူအတော်များများကတော့ စာရွတ်တွေ တစ်ပုံကြီးနဲ့ တင်နေတာ တွေ့ရတယ်။ ဟောင်ကောင်ကနေ ပတ်သွားမယ် ဆိုရင်တော့လည်း ဟောင်ကောင်ဗီဇာပါ တစ်ခါတည်း လျှောက်ရမယ်။ နောက်ပြီး ဟောင်ကောင်ကို Multi-entries VISA လျှောက်ရမယ်။ သဘောက လေယာဉ်နဲ့ ရောက်ရောက်ချင်း တစ်ခါဝင်မယ်။ နောက်ပြီး ကားနဲ့ (သို့မဟုတ် ရထားနဲ့) တရုတ်ပြည်ထဲ ဝင်မယ်ဆိုရင် ဟောင်ကောင်ကို အထွက်ပြရတယ်။ နောက်မှ တရုတ် ပြန်ဝင်ပေါ့။ လည်ပတ်ပြီးလို့ မြန်မာပြည် ပြန်တော့မယ် ဆိုရင်တော့လည်း တရုတ်ပြည်ကထွက်ပြီး ဟောင်ကောင်ကို နောက်တစ်ကြိမ် ပြန်ဝင်ရမယ်။ ဒါမှ လေယာဉ်စီးလို့ ရမှာကိုး။ ပြီး လေယာဉ်ကွင်းရောက်မှ မြန်မာပြည်ပြန်တဲ့ လေယာဉ်စီးဖို့ ဟောင်ကောင် အထွက် ပြန်ပြရတယ်။ ဒါကြောင့် ဟောင်ကောင်ဘက်က ပတ်သွားမယ် ဆိုရင်တော့ Immigration ခဏခဏ ဝင်ရတယ်။

လေယာဉ်စီးဖို့ လေယာဉ်ကွင်းကို ရောက်တယ် ဆိုရင်ပဲ အင်မတန်မှ သဘာဝကျပြီး အဓိပ္ပာယ်ရှိလှတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတော့တယ်။ “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့” တဲ့။ စိတ်ထဲမှာလည်း ကြိတ်ပြီးပြောလိုက်ပါတယ်။ “အင်းပါ အင်းပါ အခု အဲဒီလို သွားမလို့ပဲ” လို့။ ဆိုင်းဘုတ်တင်တဲ့ သူက သိပုံရတယ်။ မြန်မာနိုင်ငံကနေ ထွက်လိုက်တာနဲ့ ဘယ်နိုင်ငံရောက်ရောက် ခေတ်မီဖွံ့ဖြိုးတာ ချည်းပဲလေ။ ဒါကြောင့် အထွက်ဝမှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ လို့ တပ်ထားတာ ဖြစ်မယ်။

ကျနော်တို့ တရုတ်ပြည်ကို ပထမဆုံး စရောက်တဲ့မြို့က ကူမင်းမြို့ပါ။ Kunming လို့ အင်္ဂလိပ်လိုရေးပြီး တရုတ်လို ခွင်းမင်း လို့ အသံထွက်တယ်။ ကူမင်းဟာဆိုရင် သူတို့ တရုတ်တွေ အခေါ်အရဆို ပန်းမြို့တော်ပါ။ နောက်ပြီး Spring City လို့လည်း ခေါ်တယ်။ တစ်နှစ်လုံးရဲ့ ပျမ်းမျှ အပူချိန်ဟာ 22ံ C မှာပဲ ရှိတာကြောင့် အတော်လေး နေလို့ ကောင်းတယ်။ အဲဒီ အပူချိန်နဲ့ တောင်ပေါ်မြို့လေး ဖြစ်တာကြောင့် ပန်းပေါင်းစုံ ဖူးပွင့်ရာ နေရာဖြစ်နေတာပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ် (၁၉၉၈) မတိုင်ခင်ကဆို ကူမင်းမြို့ဟာ နယ်စပ်ပြည်နယ် မြို့တော်တွေထဲမှာ အတော်လေးကို စည်ကားတဲ့ မြို့တစ်မြို့ပါ။ အံ့သြဖို့ ကောင်းတာကလည်း ကူမင်းမြို့ရဲ့ အဓိက စီးပွားဖက်နိုင်ငံကလည်း မြန်မာနိုင်ငံပါပဲ။ အခုအချိန် ကူမင်းမြို့ စီးပွားရေး အဆင်မပြေ ဖြစ်နေတာလည်း အဲဒီ အကြောင်းအရင်းပဲ ဖြစ်မယ်ထင်တယ်။ ၁၉၉၄ လောက်ကနေ ၁၉၉၇ လောက်အထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း အတက်ချည်းပြနေတော့ ကူမင်းမြို့ကလည်း စီးပွားရေး အတော်လေး ကောင်းနေခဲ့တယ်။ ၁၉၉၇ အာရှစီးပွားရေး ဂယက်နဲ့ အတူပဲ သူလည်း မြုပ်သွားတော့တယ်။ ဒါပေမယ့် ကူမင်းမြို့ဟာလည်း တရုတ်ပြည်ရဲ့ Mega City ထဲက တစ်မြို့ပါပဲ။ လူဦးရေ ခြောက်သန်းကျော် ရှိတယ် ဆိုပဲ။ တရုတ်ပြည်ရဲ့ ၁၆ မြို့မြောက် လူဦးရေ အများဆုံး မြို့တစ်မြို့ပါ။

ယူနန်ပြည်နယ်ဟာ ရှမ်းကုန်းပြင်မြင့်နဲ့ တိဘက်ကုန်းပြင်မြင့်ကို ဆက်ပေးတဲ့ ကုန်းပြင်မြင့်တစ်ခု ဖြစ်တာကြောင့် ပြည်နယ်ရဲ့ ၉၈ ရာခိုင်နှုန်းက တောင်ကုန်းတွေပါ။ ၂ ရာခိုင်နှုန်းပဲ မြေပြန့်ရှိတယ်။ ကူမင်းမြို့ကို ဖြတ်သွားတဲ့ ဟိုင်းဝေးလမ်းမကြီးကို သူတို့က လေးရောင်ခြယ်လမ်းလို့လည်း ခေါ်သတဲ့။ မြန်မာပြည် နယ်စပ်နဲ့ အဓိက ကုန်သွယ်ရာ လမ်းမကြီးပေါ့။ ဘာလို့ လေးရောင်ခြယ်လမ်းလို့ ခေါ်သလဲဆိုတော့ အဲဒီ လမ်းမပေါ်မှာ အရောင်တစ်မျိုးစီနဲ့ ကုန်ပစ္စည်းလေးမျိုး ကူးသန်းနေလို့တဲ့။ အဲဒီ အရောင်လေးမျိုးက အစိမ်း၊ အဝါ၊ အဖြူ နဲ့ အမဲ။ ကဲ စဉ်းစားကြည့်ကြပါဦး။ ဘာ ကုန်ပစ္စည်းတွေ ဖြစ်မလဲလို့။ နှစ်မျိုးက တရားဝင် ကူးသန်းပြီး နောက်နှစ်မျိုးကတော့ တရားမဝင် ကူးသန်းတယ်တဲ့။ နှစ်မျိုးက မြန်မာပြည်က ဝင်ပြီး တစ်မျိုးက တရုတ်ပြည်က ထွက်တယ်။ နောက်တစ်မျိုးကတော့ အဝင်လည်း ရှိသလို အထွက်လည်း ရှိတယ်တဲ့။ စဉ်းစားလို့ ရပြီလား လုပ်ပါဦး။ ကဲ အဖြူကနေ စပြောရအောင်။ ကျနော်တို့ မြန်မာနိုင်ငံက ထွက်တယ်။ နောက်ပြီး တရားမဝင်ဘူး။ အဲလောက်ဆို သိပြီထင်တယ်။ ကမ္ဘာကျော် အဖြူရောင် ကုန်ပစ္စည်းပဲလေ။ ဟုတ်တာပေါ့။ ဘိန်းဖြူ။ အဝါရောင်ကကော။ မြန်မာနိုင်ငံကပဲ သွားတယ်။ ဒါပေမယ့် တရားဝင်။ ရွှေပါ။ ဒါဆို အစိမ်းရောင်လည်း မှန်းစရတာ လွယ်သွားလောက်ပြီ။ ဟုတ်ပါတယ် ကျောက်စိမ်းပါ။ သူက မြန်မာနိုင်ငံကနေ ကျောက်ကြမ်းအနေနဲ့ ထွက်သွားပြီး Finished Good အနေနဲ့ ထွင်းထုပြီး မြန်မာပြည် တချို့တစ်ဝက် ပြန်ဝင်ပါတယ်။ ကဲ လုပ်ပါဦး။ အမဲရောင်ကတော့ ဘယ်လိုနည်းနဲ့မှ စဉ်းစားလို့ မရနိုင်ဘူး ထင်တယ်။ ဖြေနိုင်ရင် မုန့်ဝယ်ကျွေးမယ်ဗျာ။ ဘယ်လိုလဲ။ ဟင်း (Hint) နည်းနည်းတော့ ပေးမယ်။ သူက တရုတ်ပြည်က ထွက်တယ်။ ဒါပေမယ့် တရားမဝင် မြန်မာပြည်ကို ဝင်တယ်။ ဘာဖြစ်မလဲ။ အဲဒီ လေးရောင်လုံးက တန်ဖိုးကြီး ပစ္စည်းတွေချည်းပါ။ တန်ဖိုးကြီးတယ်ဆိုတာ ခပ်သေးသေးနဲ့ ဈေးများများ ပေးရလို့လေ။

အပိုင်း (၃) မှပဲ အဖြေပြောတော့မယ်။ ;P

(ဆက်ရန်)

Template Changed !!!

ဆောင်းဦး ဝင်တယ်ဆိုရင်ပဲ မိုးရာသီက တိုက်စား ခံလိုက်ရတဲ့ ဆေးရောင်တွေကို သစ်လွင်လာအောင် အိမ်တွေ တိုက်တွေ ဆေးအသစ် ပြန်သုတ်ကြတယ်။ အခု ဆောင်းဝင်ပြီ ဆိုတော့ ကျနော်ရဲ့ အိမ်လေးကိုလည်း ပြန်ရွှိုင်းချင်စိတ် ပေါက်လာပါတယ်။ နောက်ပြီး အခုတလော ကိုးနတ်ရှင်ရဲ့ နှိပ်စက်မှုကြောင့် ကျနော်ရဲ့ ဘလော့ဂ်လေးဟာ အတက်နှေးနေပါတယ်။ ကျနော် လျှောက်ကလိထားတဲ့ Widget တွေကလည်း မနည်းတော့ ကော်နက်ရှင် ကောင်းရင်တောင် နည်းနည်း ကြာပါတယ်။ အခုတော့ ပိုဆိုးပြီပေါ့။ နယ်က သယ်ရင်းတွေက တင်မရဘူးချည်း လှမ်းလှမ်း အော်ဆဲနေကြတယ်လေ။

ကျနော်ရဲ့ အရင် တန်းပလိတ်လေးကို တင်ခါစက အတော်လေး ရိုးရှင်းတယ်လို့ ထင်ထားပေမယ့် မြင်ပါများလို့လား မသိ။ ကြည့်ရင်းနဲ့ ရှုပ်ရှုပ်လာတယ်။ Sidebar မှာ ထည့်ထားတဲ့ Widget တွေကလည်း မနည်းတော့ မျက်စိထဲ ရှုပ်နေတယ်။ နောက်ပြီး ပို့စ်နေရာက ဖတ်ရတာ ကျဉ်းသလားလို့ ခံစားလာရတာနဲ့ တန်းပလိတ်ပြောင်းမယ် ဆိုပြီး လွန်ခဲ့တဲ့ နှစ်လကတည်းက တန်းပလိတ်အသစ်အတွက် ကြိုတင် စိတ်ကူးခဲ့တော့တယ်။ တန်းပလိတ်အသစ်မှာ ဘယ်လို အင်္ဂါရပ်တွေ လိုချင်သလဲဆိုရင် (၁) ရိုးရှင်းရမယ်။ (၂) ပို့စ်နေရာ ကျယ်ရမယ်။ (၃) Widget များများ ထည့်နိုင်ရမယ်။ (၄) တန်းပလိတ်က ကြည့်လိုက်ရင် မျက်စိ အေးရမယ်။

ဘလော့ တန်းပလိတ်ကို ပြင်ဖူးတဲ့ သူတိုင်း သိပါလိမ့်မယ်။ Sidebar မှာ widget များများ ထားရင် sidbar က ရှည်လာမယ်။ Sidebar ရှည်တော့ တစ်ခုတစ်ခု ရှာဖို့ဆို အောက်အထိ ဆင်းနေရတာလည်း တစ်ဒုက္ခ။ ဘလော့တွေ သွားလည်ရင် CBox လိုက်ရှာရတာလည်း အမော။ နောက်ပြီး Content Wrapper (Post နေရာ) နဲ့ Sidebar Wrapper နဲ့ အတိုအရှည် မညီရင်လည်း ကြည့်မကောင်းဘူး။ widget များလွန်းရင် Sidebar ရှည်တော့ ကြည့်လို့မကောင်းဘူး။ အဆင်မပြေဘူး။ Sidebar နှစ်ခု ထားပြန်တော့ Post နေရာ ကျဉ်းသွားမယ်။ နောက်ပြီး ကြည့်ရတာ မရှင်းတော့ဘူး။ ဒီတော့ အားလုံး အဆင်ပြေအောင် လုပ်နိုင်တာက Widget တွေ အားလုံးကို လိုချင်မှ ခေါ်ထုတ်လို့ရရင် ကောင်းမယ်လို့ စိတ်ကူးမိတယ်။

CBox ကို မမြင်ချင် ဖျောက်ထားလို့ ရရမယ်။ ဘယ်လိုလုပ်ရင် ကောင်းမလဲ စဉ်းစားရင်းနဲ့ Peekaboo ရဲ့ ပို့စ်ခေါက်တဲ့ idea ကို သတိထားမိသွားတယ်။ ပို့စ်ခေါက်သလို Peekaboo ရဲ့ widget ခေါက်တဲ့နည်းတွေကို ရှာတွေ့သွားတယ်။ CSS မှာ display:none; နဲ့ display:inline; ဆိုတဲ့ code တွေကို သေချာ လေ့လာပြီး ပုံစံ ပြောင်းကြည့်လိုက်တော့ အခု ညာဘက်မှာ မြင်နေရတဲ့ ပုံစံ ထွက်လာပါတယ်။ ညာဘက် Menu ကနေ ကြိုက်ရာ နှိပ်လိုက်ရင် သက်ဆိုင်တဲ့ Widget ပေါ်လာမယ်။ နောက်ပြီး Widget တစ်ခုကို မရွေ့ဘဲ တစ်နေရာတည်းမှာပဲ ပုံသေ မြင်နေချင်တယ်။ အခု CBox ဟာဆိုရင် Scroll Bar နဲ့ အောက်ကို ဘယ်လောက် ဆင်းဆင်း အမြဲ မြင်နေရတယ်။ X Y Coordinate တစ်သက်မတ်တည်း ထားချင်တာပေါ့။ အဲဒီလို Scroll Bar နဲ့ ဘယ်လောက်ဆင်းဆင်း တစ်နေရာတည်းမှာပဲ အမြဲ ရပ်နေစေချင်ရင်တော့ position:fixed; ဆိုတဲ့ CSS code ကို သုံးရပါ့မယ်။

ကျနော် တန်းပလိတ် တစ်ခု ပြောင်းတိုင်းပြောင်းတိုင်းမှာ ကလိလို့ရတဲ့ အသစ်အဆန်းတွေ ထည့်ထားတတ်ပါတယ်။ ဒါကို မြင်တတ်တဲ့ ဘလော့ဂါတချို့က စိတ်ဝင်တစားနဲ့ ဘယ်လို လုပ်ရသလဲ မေးလာတတ်ကြတယ်။ သူတို့လို စိတ်ဝင်စားတဲ့သူတွေ လေ့လာချင်ရင် လေ့လာလို့ရအောင် ကျနော် နည်းနည်း ပြောပြနေတာပါ။ နောက်ပြီး လက်ရှိ တန်းပလိတ်ရဲ့ XML file ကိုလည်း လေ့လာနိုင်အောင် ထည့်ပေးလိုက်ပါ့မယ်။ ကျနော် နေ့ပေါင်းများစွာ တပင်တပန်း ရှာထားတာတွေကို သိပြီး ဒီလိုလုပ်လို့ ရပါလား ဆိုတဲ့ အာသီတတွေကို နှိုးဆွချင်တာလည်း ပါပါတယ်။ Idea အသစ်အဆန်းနဲ့ လုပ်ချင်တာလေးတွေ ရှိရင်လည်း ကျနော့်ကို ပြောပါ။ ကျနော်လည်း ကူ စဉ်းစားပေးပါ့မယ်။ နောက် တစ်ရက်ရက်မှာ ဘလော့ဂ်တစ်ခုအတွင်း အရောင်းရောစပ်ပုံကို ရှင်းပြပေးပါ့မယ်။ ဘယ်လို အရောင်တွေ ရောထားရင် ပိုပြီး အသက်ဝင်သွားသလဲ ဆိုတာ ပို့စ်အနေနဲ့ ရေးဖို့ စိတ်ကူးထားပါတယ်။

ဒီ တန်းပလိတ်ရဲ့ XML file ကို ဒီမှာ Download ယူပါ။ အဆင်ပြေပါစေဗျာ။

လောကကြီးကို ပြောင်းလဲကြည့်မလား

သားသားကြီးလာရင် ဘာလုပ်မလဲလို့ မိဘတိုင်းက ကိုယ့်သားသမီးကို မေးဖူးကြမယ်။ စဉ်းစားတတ်လာတဲ့ ၁၀ နှစ်သား လောက်မှာလည်း ကိုယ်ပိုင် အိပ်မက်လေးတွေ ကိုယ်စီ မက်ခဲ့ကြမယ်။ လူတိုင်းလူတိုင်းက ကိုယ်တန်ဖိုးထား ကိုးကွယ်နေတဲ့လူပဲ ဖြစ်ချင်ကြတာ။ ထူးဆန်းတာက ဘယ်ကလေးမှ သားကြီးလာရင် လူဆိုးကြီးလုပ်မယ်၊ လူသတ်သမားကြီး လုပ်မယ်လို့ မပြောခဲ့ကြပါဘူး။ တကယ်တမ်း စဉ်းစားတတ်လာတော့ ဘဝရဲ့ အပြစ်အနာအဆာတွေ မြင်တတ်လာပြီ။ ကောင်းခြင်းနဲ့ မကောင်းခြင်းကို ကိုယ်ပိုင် အဘိဓာန်နဲ့ သက်မှတ် တတ်လာပြီ။ ဒီလို ခွဲတတ်လာတာနဲ့ အမျှ ကလေးတွေဟာ ကယ်တင်ရှင်တွေ ဖြစ်ချင်လာကြတယ်။ ဆင်းရဲတဲ့ ကလေးတွေက “အမေ … သား ကြီးလာရင် အမေ့ကို လုပ်ကျွေးမယ်” ဆိုတဲ့ သူရဲ့ အိပ်မက်ကလည်း အမေကို ကယ်တင်ဖို့ ကြံစည်လိုက်ခြင်း ပါပဲ။ တချို့က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်ချင်တယ်။ နိုင်ငံတစ်ခုကို ကယ်တင်ဖို့ပေါ့။ ဆရာဝန်ကြီး ဖြစ်ချင်တယ် ဆိုတဲ့ ဆန္ဒကလည်း ကယ်တင်ဖို့ပဲ မဟုတ်လား။ ကယ်တင်ချင်တယ် ဆိုတဲ့ ဆန္ဒကို သေချာ စမ်းစစ်ကြည့်ရင် ကမ္ဘာကြီးကို ပြောင်းလဲချင်တဲ့ ဆန္ဒပါပဲ။

လူရယ်လို့ ဖြစ်လာကြရင် ပတ်ဝန်းကျင်ဆိုတာ ရှိလာမယ်။ အသက်တွေ ကြီးလာလေလေ၊ ပတ်ဝန်းကျင်ဆိုတာ ကျယ်ပြန့်လာလေလေပါ။ ပတ်ဝန်းကျင် ကျယ်ပြန့်လာတာနဲ့ အမျှ ရလာတဲ့ အတွေ့အကြုံကလည်း များများလာတယ်။ များများလာတဲ့ အတွေ့အကြုံနဲ့အတူ ကောင်းခြင်းနဲ့ ဆိုခြင်းနဲ့ ခွဲထားတဲ့ ဇယားထဲမှာ အမျိုးအမည် အသစ်တွေ တိုးတိုးလာတယ်။ တိုးလာတဲ့ အဆိုးတွေကို အကောင်းစာရင်းထဲ ထည့်နိုင်ဖို့အတွက် ပိုပိုပြီး ကြိုးစားလာကြတယ်။ တကယ်လို့ အမျိုးအမည် တစ်ခုတည်းကိုပဲ တစ်ဖွဲ့က အကောင်းထဲမှာ စာရင်းသွင်းပြီး နောက်တစ်ဖွဲ့က အဆိုးထဲမှာ စာရင်းသွင်းထားရင် ငြင်းခုန်မှုက အစ၊ ရန်ပွဲ တိုက်ပွဲတွေ ဆင်နွှဲကြတော့တယ်။ နှစ်ဘက်လုံးကတော့ ကမ္ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားကြတာပဲ။ ဘယ်အဖွဲ့က မှန်သလဲ။ အားလုံးဟာ ယုံကြည်ချက်အတွက် တိုက်ပွဲဝင်နေကြတာပါ။

စေတနာဆိုတာ စေ့ဆော်မှုလို့ ဖွင့်ဆိုပါတယ်။ ကောင်းတာ ဖြစ်စေချင်ရင် ကောင်းတဲ့ စေတနာလို့ သက်မှတ်ကြတယ်။ လူတိုင်းဟာ ကောင်းတဲ့စေတနာနဲ့ (သူတို့ရဲ့ ပြဌာန်းချက်အရ) ကိုယ့်ပတ်ဝန်းကျင်ကို ပြုပြင်ဖို့ ကြိုးစားတဲ့ လူတွေချည်းပါ။ ဒါပေမယ့် ကောင်းတဲ့ စေတနာတိုင်း ကောင်းတဲ့ လုပ်ဆောင်ချက် ဖြစ်မလား။ ၁၉၄၁ ကနေ ၁၉၄၅ ခုနစ်အထိ အာရှမှာ ဖက်ဆစ်စနစ်ရယ်လို့ ရှိခဲ့တယ်။ ခပ်ရှင်းရှင်း ပြောရင် ဂျပန်တွေရဲ့ ကျူးကျော်မှုပေါ့။ အဲဒီ ငါးနှစ်အတွင်းမှာ ဂျပန်တွေကြောင့် သေရကျေရတဲ့ လူ အရေအတွက်ဟာ သန်းကို ရာဂဏန်းရှိပါတယ်။ အခုအချိန်မှာ ဂျပန်တွေ မေးကြည့်လိုက်ပါ။ သူတို့ရဲ့ လုပ်ရပ်ကို ဘယ်လို ခေါင်းစဉ်တပ်မလဲလို့။ သူတို့နိုင်ငံ (ဂျပန်) လို ခေတ်မီ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံဖြစ်အောင် လက်တွဲ ခေါ်ယူဖို့ ကြိုးစားခြင်းပါလို့ သူတို့ ပြောလိမ့်မယ်။ စနစ်တစ်ခုကို ပြောင်းဖို့ ပြည်သူတွေ စတေးရတာလည်း မဆန်းပါဘူးလို့ သူတို့ ပြောပါလိမ့်ဦးမယ်။ ဒါ သူတို့ရဲ့ စေတနာ ဖြစ်ပါလိမ့်မယ်။ အော် ကောင်းလိုက်တဲ့ စေတနာဆိုပြီး ကျနော်တို့ ခပ်ပြုံးပြုံးလေး ကြည်နူးနေလို့ ရမလား။ ကျနော်တို့အနေနဲ့ ကြည့်ရင် ကောင်းတဲ့စေတနာလို့ကော မြင်လို့ရသလား။ ကျနော်တို့ အတွက်တော့ အဲဒီလုပ်ရပ်ဟာ အဆိုးကော်လံထဲမှာ စာရင်းသွင်းထားလိုက်တယ်။

ကျနော်တို့မှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ခံယူချက်တွေ ရှိကြတယ်။ ခံယူချက်ခြင်း ဆန့်ကျင်လာတဲ့ အခါမှာ တစ်ဘက်က နောက်တစ်ဘက်ကို လွှမ်းမိုးဖို့ ကြိုးစားလာတော့တယ်။ အဲဒီအချိန်မှာ နှစ်ဘက်စလုံးက ကိုယ့်ခံယူချက် ဘယ်လောက် မှန်ကန်ကြောင်း အထောက်အထားတွေ ရှာတော့တယ်။ မရင့်ကျက်တဲ့ လူတွေကျ ဆန့်ကျင်နေတဲ့ ခံယူချက်အတွက် အားနည်းချက်တွေ မရှိရှိတာ ဆွဲထုတ်တော့တာပဲ။ ငယ်ငယ်က သူငယ်ချင်း အချင်းချင်း သဘောထား မတိုက်ဆိုင်ရင် ငယ်ကျိုးငယ်နာ ဖော်ပြီး ရန်ဖြစ်ကြတော့တာပဲ။ ငယ်ငယ်က ကမ္ဘာကြီးကို ကိုင်လှုပ်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊ ကိုယ့်မြို့၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာမြေကြီး သာယာဝပြောဖို့ ဦးဆောင်နိုင်မယ့်သူ တစ်ယောက်အနေနဲ့ ဖြစ်ချင်ခဲ့တယ်။ မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ကောင်ကင်ပေါ်က သိကြားမင်းကို တုတ်နဲ့ ထိုးချဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ သူနေပါလားလို့ ကြီးမှ တွေးလာမိတယ်။ ကျနော်တို့ဟာ လူတစ်ယောက်နဲ့ သဘောထား မတိုက်ဆိုင်တိုင်း အဲဒီလူကို ပြင်ခိုင်းဖို့ပဲ အမြဲ ကြိုးစားနေမိတယ်။ တစ်ဘက်လူကလဲ အဲလိုပဲ စဉ်းစားနေတော့ သဘောတူညီမှုဆိုတာ ရလာနိုင်ပါ့မလား။ သဘောတူညီမှု မရရင်ကော ငြိမ်းချမ်းပါတော့မလား။ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ကြရင်ကော။ အိမ်နီးနားချင်း ရန်ဖြစ်ကြရင်ကော။ ခေါင်းဆောင်နှစ်ယောက် အာဏာလုကြရင်ကော။ နိုင်ငံအချင်းချင်း ပြဿနာ ဖြစ်ကြရင်ကော။ စနစ်နှစ်ခု တွန်းတိုက်မိကြရင်ကော။

ငလျင်လှုပ်ရင် တိုက်တွေပြိုပြီး လူတွေသေကြလို့ တိုက်မဆောက်ဘဲ နေသင့်သလား။ နိုင်ငံ နှစ်နိုင်ငံက လက်နက်တွေ ဖျက်သိမ်းလိုက်လို့ အဲဒီ နှစ်နိုင်ငံ ခိုက်ရန် မဖြစ်ကြတော့ဘူးလား။ ကလေးတွေ နှစ်ယောက်ရှိရင် ရန်ဖြစ်လို့ဆိုပြီး ကလေးတစ်ယောက်တည်း နေခိုင်းထားသင့်သလား။ ညှိနှိုင်းမှုကို အဖြေရှာဖို့ တစ်ဘက်ဘက်က နုတ်ထွက်ပေးရမှာလား။ ခိုးဆိုး လုယက်မှုတွေအတွက် လူမိုက်တွေကို ဖမ်းဆီးသုတ်သင်ခြင်းက အဖြေလား။ အဲဒီ မေးခွန်းတွေကို ဖြေကြည့်ကြည့်ပါ။ မဖြေခင်ဆက်ကြားမှာ အောက်မှာဖော်ပြထားတဲ့ ပုံပြင်လေးကို အရင် ဖတ်ကြည့်လိုက်ပါ။ ပုံပြင်လေး ဖတ်ပြီးမှ ဆက်စဉ်းစားရတာ ပိုလို့တောင် ကောင်းသေး။

ဘုရင်ကြီးတစ်ပါးဟာ တိုင်းခန်းလှည့်လည်ဖို့အတွက် သူ့ မှူးမတ်တွေကို စီစဉ်ခိုင်းသတဲ့။ အေးအေးဆေးဆေးနဲ့ အသေအချာ လေ့လာလို့ရအောင် ရှင်ဘုရင်က ခြေလျင် လှည့်လည်ဖို့ ဆုံးဖြတ်ထားတယ်။ ပထမအဆင့်အနေနဲ့ သူ့ရဲ့ မြို့တော်အတွင်း လှည့်လည်ချင်တယ်။ နောက်မှ တိုင်းပြည်တနှံ့တလျား လှည့်လည်ဖို့ စီစဉ်ခိုင်းတယ်။ ဒါနဲ့ တစ်နေ့ ဘုရင်ကြီး မြို့တော်အတွင်းကို လှည့်လည်သွားပြီး အပြန် အတော်လေး ပင်ပန်းသွားရှာတယ်။ သူ တစ်သက်နဲ့တစ်ကိုယ် ဘယ်တုန်းကမှ အဲဒီလောက် လမ်းမလျှောက်ဖူးတော့ ခြေဖဝါးတော် နုနု သွေးခြေ ဥသပေါ့ဗျာ။ ဒီခရီးလေးတောင် ဒီလောက် ပင်ပန်းနေရင် တစ်တိုင်းပြည်လုံး ခြေလျင် လှည့်လည်ရရင်တော့ ဒုက္ခရောက်ရချည်ရဲ့။ သူရဲ့ အမိန့်ကိုလည်း မရုတ်သိမ်းချင်တော့ ဘုရင်ကြီးက အကြံထုတ်လေတော့တယ်။ ခပ်ထန်မာကျောတဲ့ မြေပြင်ပေါ် လျှောက်လှမ်းရတာမို့ ခြေထောက် ပေါက်ပြဲ ကွဲရှတာကြောင့် သူ တိုင်းခန်း မလှည့်လည်ခင် ခြေဖဝါးတော် နူးညံ့သွားအောင် လမ်းတလျှောက်လုံး သားရေတွေ ခင်းစေတော့တယ်။ စဉ်းစားကြည့်လေ။ တစ်တိုင်းပြည်လုံး လမ်းတလျှောက် သားရေခင်းမှတော့ သေလိုက်မယ့် တိရိစ္ဆာန်တွေ သောက်သောက်လဲ။ နူးနူးညံ့ညံ့ လမ်းလျှောက်ရတော့ ခြေထောက်က တော်ရုံနဲ့ မနာတော့ဘူးပေါ့။ ဒါပေမယ့် ထိုက်တန်ပါ့မလား။

ဘုရင်ကြီးရဲ့ အခိုင်းစေတစ်ယောက်က ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံလေရဲ့။ အကြီးအကဲတွေရဲ့ ဘေးမှာ နေတဲ့ အကြံပေးတွေဟာ ဉာဏ်အမျှော်အမြင်နဲ့ ပြည့်စုံရုံနဲ့ လုံလောက်ပါ့မလား။ ဘယ်လုံလောက်မလဲ။ သတ္တိရှိဖို့လည်း အရေးကြီးသဗျ။ ရှင်ဘုရင်ကြီးကို သတ္တိရှိရှိ လျှောက်တင်တော့တာပေါ့။ “အရှင်ဘုရား အခုလို ဘာလို့ မလိုအပ်ဘဲ ပိုက်ဆံတွေ အဲဒီလောက် ဖြုန်းပစ်ချင်ရတာလဲ။ သားရေ အပိုင်းအစ သေးသေးလေး ဖြတ်ပြီး အရှင်ဘုရားရဲ့ ခြေထောက်ကို ထုတ်ထားလိုက်ရင် မပြီးပေဘူးလား။” လို့ လျှောက်တင်လိုက်တယ်။ ဒါမှ ဘုရင်ကြီးက အခိုင်းစေရဲ့ အကြံကို လက်ခံပြီး ဘိနပ်အနေနဲ့ ချုပ်ဖို့ သဘောတူလိုက်လေတော့တယ်။

ဒီပုံပြင်လေးက ဘာ ရလိုက်ပါသလဲ။
ကျနော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးကို သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာတစ်ခုအဖြစ် ဖန်တီးချင်ကြတယ်။ တကယ်တမ်းက ကျနော်တို့ ကိုယ့်ကိုယ် အရင်ပြင်ဖို့ပါ။ ကျနော်တို့ရဲ့ နှလုံးသားကို။ လောကကြီးကို မဟုတ်ပါဘူး။

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ အထင်သေး အမြင်သေးတွေ ရှိနေပါတယ်။ စီးပွားရေး အပိုင်းမှာလည်း အထင်သေးတယ်။ ကိုယ်ကတော့ ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အထင်သေးတယ်။ တရုတ်ပစ္စည်းဆို နှာခေါင်းရှုံ့ချင်ကြတယ်။ တရုတ်စက် တစ်ရက်စုတ် ဆိုတဲ့ ဆိုစကားတောင် ရှိသေးရဲ့။ နိုင်ငံရေး အပိုင်းမှာလည်း တရုတ်နိုင်ငံကို အမြင်စောင်းကြတယ်။ ထားပါ။ ကျနော် အဲဒါတွေကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အခုဆိုရင် စီးပွားရေး အင်အား တောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ တစ်နေ့ထက်တစ်နေ့ အာမခံချက်တွေ အပြည့် ရှိနေပါပြီ။ နိုင်ငံရေးပိုင်းမှာလည်း သြဇာညောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပါပဲ။ ကမ္ဘာ့ စူပါ ပါဝါ နေရာကို ရောက်ဖို့လည်း တာဆူနေလေရဲ့။ အခုအချိန် အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပျက်ကပ်ကို ပညာသားပါပါ အသုံးချသွားနိုင်မယ် ဆိုရင် တစ်နေ့မှာ ကမ္ဘာ့ စူပါ ပါဝါ ဖြစ်မလာနိုင်ဘူးလို့ ငြင်းမရနိုင်အောင် ဖြစ်နေပါပြီ။ အမေရိကန်တောင် ဒီအန္တရာယ်ကြောင့် မျက်စိထောင့်ထောက် ကြည့်နေရပါပြီ။ အခုဆိုရင် တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေ အပေါ် တရုတ်က သြဇာ ထိုက်သင့်သလောက် ညောင်းနေပြီကိုး။

တရုတ်မှာ စကားတစ်ခွန်း ရှိပါတယ်။ ပိုက်ဆံတစ်ကျပ် ကုန်တစ်ကျပ်တဲ့။ အဓိပ္ပာယ်က ကုန်ပစ္စည်းတစ်ခုကို တစ်ကျပ်တန် လိုချင်လား တစ်ထောင်တန် လိုချင်လား ကြိုက်သလို ပြောလို့ရတယ်။ ဒါကြောင့် သူတို့ဆီမှာ ဈေးစကား သိပ်ပြောလို့မကောင်းဘူး။ ဈေးသွားဆစ်ရင် လျှော့ပေးလိုက်မယ်။ ဒါပေမယ့် အရည်အသွေးပါ လျှော့ပစ်မှာ။ တစ်ကျပ်ပေးရင် တစ်ကျပ်တန်ရမယ်။ တစ်ထောင်ပေးရင် တစ်ထောင်တန် ရမယ်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်က ဂဏန်းတွက်စက် CASIO တံဆိပ် scientific calculator တွေ သွင်းချင်တယ်ဆိုလို့ ဈေးတစ်ခါ စုံစမ်းပေးဖူးတယ်။ တရုတ်ကိုယ်စားလှယ် CASIO ကုမ္ပဏီနဲ့ ဆက်သွယ် မေးကြည့်တော့ တစ်လုံးကို မြန်မာငွေ နှစ်သောင်းနီးပါး ရှိနေတယ်။ ဒါ သယ်ယူစားရိတ်နဲ့ အခွန်တွေ မပါသေးဘူး။ သေချာတယ်။ တွက်ခြေ မကိုက်ဘူး။ သူ့ကို ပြောပြတော့ သူငယ်ချင်းက ပြန်ပြောတယ်။ ဝယ်ဈေး မြန်မာငွေ တစ်ထောင်လောက်နဲ့ ရရင် လိုချင်တယ်တဲ့။ ဟိုက် ရှားပါး။ ကြည့်ကြည့်ပါဦး။ နှစ်သောင်းတန်ကို တစ်ထောင်နဲ့ ရောင်းပေးရမလားပဲ။ မြန်မာပြည်မှာ ဒီလောက်နဲ့ ရောင်းနိုင်မှတော့ ဒီ ဈေးကွက် ရှိလို့ပဲပေါ့။ နယ်စပ်က ကုန်သည်တွေနဲ့ ချိတ်ဆက်ကြည့်လိုက်မှ အိုကေသွားတယ်။ ကျနော့်အနေနဲ့ မန္တလေးအရောက် တစ်ထောင်ကျပ်နဲ့ ရောင်းနိုင်တဲ့ ပစ္စည်းတစ်ခုဟာ အရင်း ဘယ်လောက် များနိုင်မှာတဲ့လဲ။ နောက်ပြီး သူ့ရဲ့ အရည်အသွေးကကော။

တစ်ထောင်တန် ပစ္စည်းတစ်ခုကို ပြပြီး တစ်ဆယ်လောက်နဲ့ ရအောင် လုပ်ပေးပါဆိုရင် တရုတ်က လုပ်ပေးမှာပဲ။ ဒါကို Business Ethic မရှိဘူးလို့ တရုတ်ကို အော်ကြတဲ့သူတွေ ရှိတယ်။ ဒါဆို ကျနော် တစ်ခု မေးချင်တယ်။ တစ်ဆယ်တန်ကို တစ်ဆယ်နဲ့ လုပ်ရောင်းတဲ့သူနဲ့ တစ်ဆယ်တန်ဝယ်ပြီး တစ်ထောင်နဲ့ ရောင်းနေတဲ့သူ ဘယ်သူက ပိုပြီး Business Ethic မရှိသလဲ။ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ သုံးမြို့နဲ့ ယှဉ်ကြည့်ကြည့်ပါ။ အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့မှာ အိန္ဒိယကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ယိုးဒယားကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ မြန်မာနိုင်ငံမှာ သုံးဖို့ သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ရှိပါတယ်။ နယ်သုံးနယ်မှာ ရှိတဲ့ တရုတ်ပစ္စည်းတွေကို ယှဉ်ကြည့်လိုက်ရင် အရည်အသွေးတွေ ကွာတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ကျပ်တန်သွင်းတဲ့ နိုင်ငံ၊ တစ်ဆယ်တန် သွင်းတဲ့ နိုင်ငံနဲ့ တစ်ရာတန် သွင်းတဲ့ နိုင်ငံ ကွာသလိုပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအများဆုံး ကုန်ပစ္စည်း သွင်းတဲ့ နိုင်ငံက ထိုင်းနိုင်ငံပါ။ ကျနော် သိထားတာက ထိုင်းနိုင်ငံ ထုတ်ကုန်ရဲ့ ၈၀% ဟာ ကုန်ကြမ်းကို တရုတ်ကနေ သွင်းပြီး အဆင့်မြှင့် ထုပ်ပိုးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ ထိုင်းနိုင်ငံ အနေနဲ့ တရုတ်ရဲ့ ကုန်ထုတ်လုပ် တိုးတက်မှု ရေစီးကြောင်းကို အကျိုးရှိရှိ မျှောပါနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနစ် WTO ကို တရုတ်ဝင်ပြီး ကတည်းက ထိုင်းရဲ့ အိပ်မက်ဟာ လှိုင်းလုံးထဲမှာတင် လုံးချာလည်ရမ်းပြီး ဆုံးဆုံးမြှုပ်သွားရှာတယ်။

စီးပွားရေး တောင့်တင်းလာတဲ့ မိသားစုတွေမှာ သားသမီးတွေဟာ အပြောအဆို ခက်ထန်လာတာ သဘာဝပါပဲ။ ချမ်းသာလာတဲ့ နိုင်ငံအနေနဲ့လည်း အပြောအဆို အရင်လို မညက်ညောတော့ဘူး။ အဲဒီလို ဖြစ်နေတာက သူဌေးမဟုတ်ဘဲ သူဌေးသားတွေ များတယ်။ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး တောင့်တင်းဖို့ ကြိုးစားတဲ့ မျိုးဆက်မဟုတ်ဘဲနဲ့ အသီးအပွင့်တွေ ခံစားတဲ့ နောက်မျိုးဆက်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ ပြောရရင် အသက် ၂၅ ဝန်းကျင် ရှိတဲ့ တရုတ်ပြည်သူ ပြည်သားတွေပေါ့။ ရုတ်တရက် ချမ်းသာလာတဲ့ မိသားစုတွေက ပိုပြီး ခက်ထန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆယ်နှစ်အတွင်းမှာ အရှိန်ဟုန်မြင့်မြင့် ပြည့်စုံလာတဲ့ တရုတ်နိုင်ငံ အနေနဲ့ လူငယ်တွေမှာ မာန်တက်လာတာကို မြင်နေရတယ်။ ဘယ်လိုရောင်းရောင်း ကိုယ့်ပစ္စည်းက ရောင်းလို့ ကုန်နေရင် ဈေးဝယ်သူကို အလေးမထားတတ်တော့ဘူး။ မင်းမဝယ်လည်း နောက်တစ်ယောက် ဝယ်လိမ့်မယ်ဆိုတဲ့ အတွေး။ နည်းနည်း ဝယ်မယ့်သူကို အဖက်မလုပ်ချင်တော့ဘူး။ များများဝယ်မယ့်သူကိုပဲ ဦးစားပေးတော့မယ်။ ဒါ သဘာဝကျတဲ့ အပြောင်းအလဲတွေ ဆိုပေမယ့် အဆင်းကို ဘီးတပ်ပေးမယ့် တွန်းအားတွေပါ။ တရုတ်အနေနဲ့ စီးပွားရေးကို အဓိကထားတဲ့ ပေါ်လစီကနေ၊ ပညာရေး နဲ့ သုသေတနကို အားပေးတဲ့ ပေါ်လစီကို ပြင်ဆင် သုံးစွဲနေတော့ နောက်နှစ်ပိုင်းတွေမှာ ပညာနဲ့ ပြန်ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကဲ .. ကျနော် ပေရှည်နေတာနဲ့ ခရီးက အခုထိ မစရသေးဘူး။ တရုတ်နိုင်ငံမှာ တစ်နှစ်ကို နှစ်ကြိမ်လုပ်လေ့ရှိတဲ့ China Export-Import Fair ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြပွဲကြီးပေါ့။ အမြဲတမ်း ဧပြီလ (သင်္ကြန်တွင်း) နဲ့ အောက်တိုဘာလမှာ လုပ်လေ့ရှိတယ်။ GuangZhou (ကွမ်ကျိုး) မြို့မှာ လုပ်ပါတယ်။ အဲဒီ နှစ်လအတွင်းမှာ ဆိုရင် လေယာဉ်လက်မှတ်က ခက်လေ့ရှိတယ်။ တစ်လလောက် ကြိုတင်ပြီး မှာထားမှ လက်မှတ်က ရတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံး လက်မှတ်ခက်လေ့ရှိတယ်။ မြန်မာနိုင်ငံကနေ သွားမယ်ဆိုရင် အများဆုံး စီးကြတာက Thai Airway (TG) ပါ။ ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။ ဒီနှစ်အတွင်း လေယာဉ်ဆီဈေး တက်တာကြောင့် လေယာဉ်လက်မှတ်တွေ ၃၀% အထိ ဈေးတက်သွားပါတယ်။ တကယ်လို့ TG စီးမယ်ဆိုရင် Bangkok ကနေတဆင့် GuangZhou ကို သွားပါတယ်။ Bangkok – GaungZhou အပိုင်းက လက်မှတ်ခက်တာပါ။ တကယ်လို့ GuangZhou လက်မှတ် မရဘူးဆိုရင်တော့ Hongkong ကနေ ပတ်သွားလေ့ရှိပါတယ်။ Yangon – Bangkok – Hongkong ပေါ့။ Hongkong နဲ့ GuangZhou က ကားစီးရင် နှစ်နာရီစာပဲ ဝေးပါတယ်။ တိုက်ရိုက် ရထားစီးရင် ပိုတောင် မြန်ပါသေးတယ်။ ဒါကြောင့် နောက် option တစ်ခုအနေနဲ့ Bangkok – GuangZhou လက်မှတ်မရရင် Bangkok – Hongkong ခရီးကို စီးကြတယ်။ ဒါပေမယ့် တရုတ်သံရုံးမှာ ဟောင်ကောင်ဗီစာ လျှောက်တဲ့အခါ စာရွတ်စာတမ်းတွေ အများကြီး လိုပါတယ်။ Bank Statement တွေက အစ လိုပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ တရုတ်ဗီစာ ဆိုရင်တော့ လျှောက်လွှာတစ်ရွက်နဲ့တင် အဆင်ပြေတယ်။

နောက်ထပ် ရွေးချယ်စရာ တစ်ခုက တရုတ်ပြည်တွင်း လေကြောင်းလိုင်းပါ။ စုစုပေါင်း သုံးလိုင်း ရှိပါတယ်။ Air China, Southern China နဲ့ Eastern China ပါ။ Yangon – GaungZhou တိုက်ရိုက် ခရီးစဉ်ရှိတာက Southern China ပါ။ တိုက်ရိုက်ရောက်တာကြောင့် တစ်လလောက် စောပြီး လက်မှတ် ကုန်လေ့ရှိတယ်။ ကျန် လေကြောင်းလိုင်း နှစ်ခုလုံးက တရုတ်ပြည် Kunming (ကူမင်း) မြို့ကိုပဲ ရောက်တယ်။ နောက်မှ တဆင့် GuangZhou ကို ပြန်စီးရတယ်။ Air China က Yangon – Kunming သွားပြီး ဒေါ်လာ ၅၀၀ ကျော်တယ်။ Eastern China က Mandalay – Kunming ကို ဒေါ်လာ ၃၀၀ ကျော်နဲ့ သွားတယ်။ ကုန်သည် အများစုက ပြည်တွင်းကနေ တဆင့်ပြန်စီးရတဲ့ ကျန် လေကြောင်းလိုင်း နှစ်ခုကို ရွေးလေ့ မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ တရုတ်ပြည်တွင်း လေကြောင်းလက်မှတ်ဖိုးက ဈေးအရမ်းကြီးလို့ပါ။ ဒါပေမယ့် အများစု သတိမထားမိတာက တကယ်လို့ နှစ်ပတ်လောက် ကြိုပြီး လက်မှတ်ဝယ်နိုင်မယ် ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတွေက discount ကို 80% အထိ ပေးတတ်ပါတယ်။ တကယ်လို့ ၅၀% အထိ လျှော့ဈေးရမယ်ဆိုရင် တွက်ခြေ ကိုက်ပါတယ်။ မန်းကို ကားစီးပြီးမှ ကူမင်းကို လေယာဉ်ပြန်စီးမယ် ဆိုရင် ငွေ နှစ်သိန်းလောက် သက်သာသွားမှာမို့ Eastern China ရဲ့ လက်မှတ်ကိုပဲ ဝယ်လိုက်ပါတယ်။ ပြန်မယ့်ရက် အတိအကျ မသိသေးတာကြောင့် အပြန်ရက် မသက်မှတ်သေးဘဲ Open date နဲ့ ဝယ်ခဲ့လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်လို့ ဒုက္ခရောက်သွားမယ်လို့ အစက ဘယ်သိခဲ့မှာလဲ။

(ဆက်ရန်)

ကျနော် ပီကေ ခရီးမှ ပြန်ရောက်နေပြီ ဖြစ်ကြောင်း

ကျနော် ခရီးထွက်နေတာနဲ့ ဘလော့နဲ့ ကင်းကွာနေတာ ဒီနေ့ဆို တစ်လတင်းတင်း ပြည့်တာပါပဲ။ ဒီရက်ပိုင်းတွေမှာ ပို့စ်အသစ် ရှိမလား ဆိုပြီး လာလာချောင်းကြတဲ့ ဘော်ဘော်တွေကို အားလည်း နာပါတယ်။ စ မသွားခင်ကတည်း ခရီးထွက်နေတုန်း လာလည်တဲ့ လူတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်ရောက်ရင် သူတို့အတွက် အနှစ်သာရ ရှိတဲ့ ပို့စ်တွေ ပိုပိုပြီး ဖတ်ရအောင် ကုန်ကြမ်းရှာမယ်လို့ ဆုံးဖြတ်ထားခဲ့တယ်။

အခု တရုတ်ပြည် ခရီးစဉ်က စုစုပေါင်း ၂၃ ရက် ကြာပါတယ်။ ခရီးစဉ်အတွင်းမှာ သိခဲ့ မြင်ခဲ့ တွေးမိခဲ့တဲ့ အရာတွေကို ကျေးဇူးဆပ်တဲ့ အနေနဲ့ ပြန်လည်ပြီး ဖောက်သည်ချမယ်လို့ ဆုံးဖြတ်ထားပါတယ်။ ခရီးသွား မှတ်တမ်းလေး တစ်ခုပေါ့။ နောက်ပြီး လမ်းတလျှောက် အားတဲ့ အချိန်တွေမှာ ပို့စ် အသစ်အသစ်တွေ အတွက် ကြိုပြီး စဉ်းစား ထားတာတွေ ရှိပါတယ်။ ကိုယ် ဖတ်ဖူး မှတ်ဖူးသမျှတွေ မှတ်ဉာဏ်ထဲကနေ ပြန်လည် စုစည်းပြီး တင်ပြဖို့လည်း စိတ်ကူးထားပါတယ်။

ဒီလပိုင်းတွေ အတွင်းမှာ အလုပ်တွေ ရှုပ်နေတာနဲ့ ပို့စ်ရေးတာလည်း ကျဲသွားပါတယ်။ ကျနော့်ကို တက်ထားတာ နှစ်ပုဒ် ရှိပါတယ်။ ထူးထူးခြားခြား နာမည်တူ ဘလော့ဂါ နှစ်ယောက်ဖြစ်တဲ့ မီးလေးတို့ပါ။ သူတို့ တက်ထားတာကိုလည်း အမြန်ဆုံး ရေးပေးပါ့မယ်။ စိတ်တော် မညိုကြပါနဲ့ဦးနော်။ ပထမ ခရီးမထွက်ခင် ရေးသွားမယ်လို့ စိတ်ကူးထားပေမယ့် ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့အတိုင်း စိတ်သွားတိုင်း ကိုယ်မပါ ဖြစ်ခဲ့ရလို့ မရေးဖြစ်ခဲ့ပါဘူး။ အခု အဲဒီ အကြွေးတွေ အမြန်ဆုံး ချေပါ့မယ်။

ဆက်လက်ပြီး အားပေးကြလိမ့်ဦးမယ် လို့လည်း မျှော်လင့်မိပါတယ်။ ဒီတစ်လအတွင်း လာလည်သွားတဲ့ လူတွေကို အားနာ ကျေးဇူးဆပ်တဲ့ အနေနဲ့ တကယ့်ကို ကျေးဇူးများမယ့် အနှစ်သာရ ရှိမယ်လို့ ယုံကြည်တဲ့ ပို့စ်တွေ ရေးသွားပါ့မယ်လို့ ကတိပေးတဲ့အပြင် လာအားပေးပါဦးလို့လည်း ကြုံတုန်း ဖိတ်ခေါ်လိုက်ပါတယ်။
အစစ အရာရာ အဆင်ပြေပါစေဗျာ။