အယူသီးခြင်း

၂၀၀၈ ခုနစ်၊ မေလ၊ ၂ ရက် (သောကြာနေ့)

အယူသီးတယ် ဆိုတာ ဘယ်လို အခြေအနေမျိုးကို ပြောတာလဲ။
အယူသီးတဲ့ လူတစ်ယောက်အဖြစ်နဲ့ သတ်မှတ်ခံရတဲ့ လူရဲ့ အပြုအမူကကော ဘယ်လိုပုံစံမျိုး ဖြစ်နေမလဲ။

လူတစ်ဦးတစ်ယောက်ဟာ အယူသီးတဲ့လူလို့ သူ့ပတ်ဝန်းကျင်က သတ်မှတ်ထားရင် အဲဒီလူရဲ့ အပြုအမူဟာ ဘယ်လိုပုံစံ ဖြစ်နေမလဲ ဆိုတာ ကျနော်တို့ အကြမ်းအားဖြင့် နားလည်နိုင်ပါတယ်။ သူ့အပြုအမူဟာ အခြားလူတွေနဲ့ မတူဘဲ တစ်မူ ထူးခြားနေမှာတော့ အမှန်ပဲ။ ဒါပေမယ့် အယူသီးခြင်းရဲ့ အနက်အဓိပ္ပာယ် အတိအကျကို သတ်မှတ်ဖို့ ဆိုရင်တော့ အတော်လေး ခက်လိမ့်မယ်ထင်တယ်။

အယူသီးခြင်းဟူသည် လွန်လွန်ကဲကဲ ပြင်းပြင်းထန်ထန် စွဲမှတ်ယုံကြည်ခြင်း ဖြစ်သည်” လို့ မြန်မာ အဘိဓာန်အကျဉ်းက ပြဆိုထားတယ်။ ဒါဆို နိုင်ငံရေး အယူဝါဒ တစ်ရပ်ကို ပြင်းပြင်းထန်ထန် ယုံကြည်ထားတဲ့ ၀ါဒစွဲ နိုင်ငံရေးသမား တစ်ယောက်ကို အယူသီးတဲ့သူလို့ သတ်မှတ်လို့ ရပါ့မလား။ တကယ်တမ်းတော့ အဘိဓာန်က ယေဘုယျသဘောကို ပြဆိုထားတာ ဖြစ်ပါလိမ့်မယ်။ အင်္ဂလိပ်အဘိဓာန် တစ်ခုကတော့ “မည်သည့် ယုံကြည်မှုမဆို သိရှိပြီးဖြစ်သည့် သိပ္ပံဥပဒေသများနှင့် မကိုက်ညီပါက ဤယုံကြည်မှုသည် အယူသီးမှုဖြစ်သည်” လို့ ဆိုထားပြန်တယ်။ ဒါဆို ကမ္ဘာကြီးလုံးတာကို မယုံ၊ ပြားပါတယ်လို့ ယုံကြည်ထားကြတဲ့ လူတွေကို အယူသီးတဲ့လူ လို့ သတ်မှတ်နိုင်မလား။

စိတ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ စကင်နာရဲ့ ခိုတွေနဲ့ လုပ်ထားတဲ့ စမ်းသပ်ချက် တစ်ခုကို တင်ပြချင်ပါတယ်။ အ၀ိုင်းပုံသဏ္ဌာန်နဲ့ တြိဂံပုံသဏ္ဌာန် ပုံနှစ်ခုမှာ တြိဂံပုံကို နှုတ်သီးနဲ့ ခေါက်တတ်အောင် ခိုတွေကို သင်ပေးချင်တယ်။ ဒါနဲ့ ခိုကလေး တြိဂံပုံဘက် ခေါင်းလည့်ရင်၊ ဒါမှမဟုတ် အနားနား ကပ်သွားရင် သူ့ကို အစားကျွေးတယ်။ အ၀ိုင်းဘက် ခေါင်းလှည့်ရင်၊ ဒါမှမဟုတ် အနားနား ကပ်သွားရင်တော့ ဘာအစာမှ မကျွေးဘူး။ အဲဒီလို ခိုကို ဆက်တိုက် အစာကျွေးလိုက်တဲ့အခါမှာ နောက်ဆုံးတော့ ခိုဟာ တြိဂံပုံကိုမှ ရွေးပြီး နှုတ်သီးနဲ့ ခေါက်တဲ့ အပြုအမူကို တတ်လာတယ်။ နောက်တော့ စကင်နာက စိတ်ကူးတစ်မျိုး ရလာပြန်တယ်။ တစ်နေ့တော့ ခိုလေးတစ်ကောင်ကို လှောင်ချိုင့်ထဲ ထည့်ပြီး သူ ဘယ်လို ပုံစံပဲ လုပ်နေလုပ်နေ ၁၅ စက္ကန့်ကြားတစ်ခါ အစာကျွေးပေးနေတယ်။ အဲဒီလို ပုံမှန်ကျွေးပေးနေလိုက်တော့ အဲဒီခိုဟာ ထူးခြားတဲ့ အပြုအမူတစ်ခု ပေါ်လာတယ်။ နောက်ဆုံး အဲဒီ ခိုကလေးဟာ လက်ဝဲရစ် ပတ်ချာလှည့်နေတဲ့ ခိုတစ်ကောင် ဖြစ်လာတယ်။ အဲဒီလိုပဲ ခိုအများကြီးကို စမ်းသပ်လိုက်တဲ့အခါမှာ အပြုအမူအမျိုးမျိုးနဲ့ ခိုတွေ တွေ့လာရတယ်။ တချို့က လှောင်အိမ်ထောင့်ကို ခေါင်းနဲ့ ချိန်ရွယ်ထားတယ်။ တချို့က ခေါင်းကို နိမ့်ချည်မြင့်ချည် လုပ်နေတယ်။ တချို့က ကြမ်းပြင်ကို အတောင်နဲ့ ပွတ်ပြီး သွားနေတယ်။

ဒီလို အပြုအမူ ထူးထူးဆန်းဆန်းတွေ ပေါ်ပေါက်လာရတဲ့ အကြောင်းကို စကင်နာက ဒီလို ရှင်းပြပါတယ်။ “ခိုကလေးကို စပြီး အစာကျွေးတဲ့ အချိန်မှာ အဲဒီခိုဟာ အပြုအမူတစ်ခုခုကို လုပ်နေပါလိမ့်မယ်။ ခိုကလေးတစ်ကောင်ဟာ လှောင်အိမ်ထောင့်ကို မျှော်ကြည့်နေတဲ့ အချိန်မှာ အစာစားရတယ် ဆိုပါစို့။ အကယ်၍ နောက်တစ်ကြိမ် အစာရချိန်ဟာ လှောင်အိမ်ထောင့် မျှော်ကြည့်နေချိန်နဲ့ ကြုံကြိုက်သွားတဲ့ အခါ အဲဒီအပြုအမူဟာ အစာရခြင်းကို အားဖြည့်သလို ဖြစ်သွားတယ်။ ဒါကြောင့် နောက်အကြိမ်တွေမှာ အစာရဖို့အတွက် မျှော်ကြည့်ဖို့ အလားအလာက ပိုများသွားတယ်။” စကင်နာက ခိုကလေးရဲ့ အပြုအမူကို “အယူသီးတဲ့ အပြုအမူ” လို့ သုံးလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင် ကြုံကြိုက်လာတဲ့ အားဖြည့်မှုကြောင့် ခိုကလေးတွေမှာ အယူသီးတဲ့ အပြုအမူတွေ ပေါ်လာရတယ်လို့ စကင်နာက ရှင်းပြတယ်။ အစာရမှုနဲ့ အပြုအမူနဲ့ နီးနီးကပ်ကပ် ပေါ်ပေါက်လာတာကြောင့် အဲဒီအပြုအမူက အစာရမှုအတွက် အကြောင်းတရားလို့ ယူဆဖွယ်ရာ ဖြစ်လာတယ်။

ခိုကလေးတွေရဲ့ အပြုအမူဟာ လူတွေရဲ့ အပြုအမူနဲ့ ဘယ်လောက်များ ကွာခြားနိုင်မလဲ။ လူတွေသာဆိုရင် သူတို့ရဲ့ အပြုအမူကို လာဘ်ကောင်းစေတဲ့ အပြုအမူလို့ ခေါ်ကြလိမ့်မယ်။ “ငါတို့ ဒီလိုလုပ်လို့ အစာစားရတာ” လို့ ပြောကြဆိုကြလိမ့်မယ် ထင်တယ်။

မသိနိုင်ခြင်း၊ လျှို့ဝှက်နက်နဲခြင်း၊ အမှန်တကယ်မရှိဘဲ စိတ်အတွင်း၌သာ တည်ရှိနေသော အကြောင်းအရာတစ်ခုကို ဆင်ခြင်တွေးတောမှုမပါဘဲ ကြောက်ရွံ့ရိုသေခြင်းသည် အယူသီးမှုဖြစ်သည်” လို့ အဘိဓာန်တစ်ခုက အနက်ဖွင့်ထားပြန်တယ်။ တစ်နည်းပြောရရင် မသိနားမလည်မှုကို အခြေခံတဲ့ ကြောက်ရွံ့မှု (Fear of unknown) ကိုဆိုပါတယ်။ ဒါကြောင့် ကြောက်ရွံ့တာ၊ ထိတ်လန့်တာ၊ စိုးရိမ်တာ စတဲ့ စိတ်ခံစားမှုပါတဲ့ ယုံကြည်မှုကပဲ အယူသီးမှုလို့ ခေါ်လို့ ရလိမ့်မယ်။ ဒီအနက်ဖော်ချက်က ကျနော်တို့ နားလည်ထားတဲ့ အယူသီးမှုရဲ့ အဓိပ္ပာယ်နဲ့ နီးစပ်ပါတယ်။

ရွှေဘိုနယ်၊ ဇီးတောရွာမှာ နတ်ကွန်းတစ်ခုရှိတယ်။ အဲ့အနီးအနားတစ်ဝိုက် လူတွေက ဇီးတောနတ်ကွန်းလို့ သိကြတယ်။ အဲဒီက နယ်သူနယ်သားတွေ မင်္ဂလာဆောင်လုပ်ပြီးရင် နတ်ကွန်းကို လာဆက်သကြရတယ်။ သားသမီးတွေ ထွန်းကားလာရင်လည်း “ကျေးတော်မျိုး၊ ကျွန်တော်မျိုး” လာပြတဲ့အနေနဲ့ ကလေးကိုခေါ်ပြီး ငွေကြေး လာဆက်သကြရတယ်။ အဲဒီလို မလာရင် နတ်ကိုင်တတ်တယ်လို့ နတ်ကတော်တွေ၊ နတ်ကိုယုံတဲ့သူတွေက ပြောကြတယ်။ ဇီးတောနတ်ကွန်းက နတ်ကတော်တစ်ယောက်ရဲ့ ပြောပြချက်အရ တမန်သာရွာက ယောက်ျားတစ်ယောက် ဇီးတောနတ်ကွန်းဆီ နတ်ဆက်ဖို့ လာတယ်။ နတ်ကခေါ်လို့ လာတာလို့ ပြောတယ်။ ဒါပေမယ့် အချိန်နောက်ကျပြီး လာလို့ နတ်ကွန်းရောက်တဲ့အခါ နတ်က လက်မခံဘူးတဲ့။ အဲဒီလူ နတ်စင်ပေါ် မတက်နိုင်ဘဲ လှေကားရင်းမှာပဲ အမောဆို့ သွေးအန်ပြီး သေသွားတယ်။ ခေါ်တဲ့အချိန် မလာဘဲ နောက်ကျပြီး လာတာကြောင့် မရိုမသေလုပ်ရာရောက်လို့ အဲဒီလို သေတာဖြစ်တယ်လို့ လက်ခံယုံကြည်ကြတယ်။ နတ်ပွဲဆီ စိုးရိမ်စိတ်၊ ကြောက်ရွံ့စိတ်နဲ့ သွားပြီး နတ်ကို ဆက်သတဲ့သူတွေက အယူသီးတဲ့သူတွေပဲ။ နှစ်တိုင်း နတ်ပွဲ မသွားလိုက်ရရင် သူတို့ရဲ့ ကျန်းမာရေး၊ စီးပွားရေး တစ်ခုခု ပျက်စီးချွတ်ယွင်းလာလိမ့်မယ်လို့ ယူဆနေတဲ့သူတွေပဲ ဖြစ်တယ်။

ကိုယ်ပိုင် ဉာဏ်ပညာနဲ့ ဘ၀အတွေ့အကြုံကို အသုံးချပြီး ပေါ်ပေါက်လာတဲ့ အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်ခြင်း မလုပ်နိုင်တဲ့အခါ၊ ဒါမှမဟုတ် အားကိုးရာမဲ့ ဖြစ်လာတဲ့အခါ မခံမရပ်နိုင်ဖြစ်လာကြတယ်။ စိတ်ရဲ့ အေးချမ်းမှုကို မရတဲ့အခြေအနေ ဖြစ်လာတယ်။ မသေချာ မရေရာတဲ့ အခြေအနေနဲ့ လူသားတွေ ရင်ဆိုင်ရတဲ့အခါ သူတို့မှာ အားကိုးမဲ့စိတ်၊ အစွမ်းအစမရှိတဲ့စိတ်တွေ ပေါ်ပေါက်လာတယ်။ အကျိုးဆက်အနေနဲ့ စိုးရိမ်စိတ်၊ ဖိစီးစိတ်တွေ (Fear of uncertainty) ရှိလာမှာ ဖြစ်တယ်။ အခြေအနေက ဘယ်လိုရှိမလဲဆိုတာ မှန်းဆလို့ မရတာကြောင့် သူတို့ ဘာတွေ ဆက်လုပ်ရမလဲဆိုတာ ဆုံးဖြတ်မရနိုင် ဖြစ်လာတယ်။ အဲဒီ စိုးရိမ်စိတ် လျော့သွားစေဖို့အတွက် အပြုအမူ တစ်ခုခုကို ပြုလုပ်ကြတယ်။ အဲဒီ အပြုအမူက အများလက်ခံထားတဲ့ ကျိုးကြောင်းကျတဲ့ အပြုအမူ မဟုတ်ရင် အယူသီးတဲ့ အပြုအမူလို့ ခေါ်ကြမှာ ဖြစ်တယ်။

မနုဿဗေဒပညာရှင် မယ်လင်နေစကီးက ဒီလို ဆိုပါတယ်။
ပတ်ဝန်းကျင်အခြေအနေကို သူ့အသိပညာဖြင့် လိုသလို စီမံထိန်းသိမ်း၍ မရသောအခါ လူသားများတွင် အယူသီးသည့် အပြုအမူ ပေါ်ပေါက်လာသည်
လွန်ခဲ့တဲ့ အနှစ် ၂၅၀ လောက်က ဒတ်ခ်ျလူမျိုး ဒဿနပညာရှင် စပိုင်နိုဇာကလည်း ဒီလို ပြောခဲ့ပါတယ်။
လူသားများသည် သူ့ ပတ်ဝန်းကျင်အခြေအနေကို သူ့စိတ်တိုင်းကျ ပြုပြင်နိုင်မည် ဆိုပါက၊ သို့မဟုတ် အမြဲတစေ ကံကောင်းနေမည်ဆိုပါက အယူသီးသော လူသားဟူ၍ လောကတွင် ရှိလိမ့်မည် မဟုတ်ပေ

သိပ္ပံပညာထွန်းကားပြီး ခေတ်မီတိုးတက်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အမေရိကန်ပြည်ထောင်စုမှာတောင် သဘာဝလွန်နည်းလမ်းကို သုံးပြီး မြေအောက်ရေ၊ ဒါမှမဟုတ် ဓာတ်သတ္ထု ရှာဖွေတဲ့လူတွေ အခုခေတ်မှာ ရှိနေပါသေးတယ်။ အင်္ဂလိပ်စာလုံး Y ပုံသဏ္ဌာန် သစ်ကိုင်းခြောက်၊ ဒါမှမဟုတ် သတ္ထုနဲ့ လုပ်ထားတဲ့ပစ္စည်းကို မြေအောက်ရှာဖွေရာမှာ သုံးကြတယ်။ Y ရဲ့ အပေါ်ပိုင်း လက်တံနှစ်ခုကို လက်နှစ်ဖက်နဲ့ ကိုင်၊ အောက်ပိုင်းကို ရှေ့တည့်တည့်ထားပြီး လမ်းလျှောက်သွားရတယ်။ ရေရှိတဲ့နေရာကို ရောက်ရင် Y ရဲ့ ခြေထောက်ပိုင်းဟာ မြေကြီးဆီ စိုက်ကျသွားတယ်။ အဲဒီနေရာမှာ ရေတွင်းတူးရင် ရေရနိုင်မယ်။ ဒါမှမဟုတ် အဖိုးတန် ဓာတ်သတ္ထုတွေ ရမယ်လို့ ယုံကြတယ်။ သုတေသနတစ်ခုအရ တစ်နိုင်ငံလုံးမှာ အဲဒီနည်းကို သုံးနေတဲ့လူ နှစ်သောင်းခွဲလောက် ရှိမယ်လို့ သိရတယ်။ ဒီ အပြုအမူကို အဓိပ္ပာယ်မရှိတဲ့ အပြုအမူ၊ ကျိုးကြောင်းမကျတဲ့ အပြုအမူလို့ ခေါ်လို့ ရပါ့မလား။

ပြဿနာတစ်ခုခုနဲ့ ရင်ဆိုင်လာရတဲ့အခါ အဖြေရှာရမယ်။ အဖြေဟာ အမျိုးမျိုးဖြစ်နိုင်လို့ ဘယ်အဖြေက အမှန်ကန်ဆုံး ဖြစ်မလဲ။ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်က အသင့်လျော်ဆုံး ဖြစ်၊ မဖြစ် ဘယ်အချက်တွေပေါ်မှာ တည်ပြီး စဉ်းစားရပါ့မလဲ။ ကိုယ့်အတွက် အကျိုးအများဆုံး ဖြစ်ပေါ်စေတဲ့ ဆုံးဖြတ်ချက်ဟာ အမှန်ကန်ဆုံး ဖြစ်တယ်လို့ ဆိုရမှာပါပဲ။ အယူသီးတဲ့ လုပ်ရပ်လို့ ခေါ်နေကြတဲ့ အချို့ နည်းလမ်းတွေမှာ ကိုယ် မျှော်လင့်ထားတဲ့ အကျိုးရစေနိုင်မယ့် နည်းတွေ ပါဝင်နေတတ်ပါတယ်။ အဲဒီလို အပြုအမူတချို့က တစ်ခါတစ်လေမှာ လက်တွေ့ အသုံးတည့်နေတာကို တွေ့ရတယ်။ ဒါကြောင့်လည်းပဲ အချို့ အယူသီးမှုတွေဟာ အခုအချိန်ထိ ဆက်ပြီး တည်တံ့နေကြတာ ဖြစ်နိုင်ပါလိမ့်မယ်။

အယူသီးမှု၊ နတ်ကိုးကွယ်မှု နှင့် စိတ်ပညာရှုထောင့် – ခင်မောင်သန်း (စိတ်ပညာ)” စာအုပ်မှ ကိုးကားတင်ပြသည်။