ဝါကျ၌ စကားလုံး မြှုပ်ရေးခြင်း

စကားလုံး မြှုပ်ရေးတဲ့ ၀ါကျ ဖွဲ့စည်းပုံမျိုးက နေ့စဉ်သုံး ပြောစကားတွေမှာ မရှိမဖြစ်တဲ့ လက္ခဏာတွေ ဖြစ်တယ်။ အဲဒါတွေရဲ့ စည်းမျဉ်းသက်မှတ်ချက်၊ ဆက်နွယ်လေ့လာမှုတွေဟာ နည်းပါးနေသေးတယ်။ စကားလုံးမြှုပ်ရေးခြင်းကို တစ်ခါတစ်ရံမှာ `လျှော့ချခြင်း´၊ `အကျဉ်းချုံးခြင်း´ နှင့် `အစ စကားလုံး ဖွဲ့စည်းခြင်း´ တွေနဲ့လည်း ဆက်စပ် လေ့လာနိုင်တယ်။

စကားလုံး လျှော့ချ ဖွဲ့စည်းခြင်း (Reduction) ဆိုတာ `ဥဒေါင်း´ ကို `ဒေါင်း´ လို့ ပြောကြသလို ၊ `သရက်အပင်´ ကို `သရက်ပင်´ လို့ ပြောကြတယ်။
အကျဉ်းချုံခြင်း (Contraction) ဆိုတာ ညွှန်ကြားရေးမှူးချုပ်ကို `ညွှန်ချုပ်´ လို့ ပြောကြသလို၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာနကို `စီးပွားကူးသန်း´ လို့ ပြောကြသလို၊ ပြည်ထောင်စု ကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းကို `ပြည်ခိုင်ဖြိုး´ လို့ ပြောကြတယ်။
အစ စကားလုံး ဖွဲ့စည်းခြင်း (Abbreviation) ဆိုတာ အစ စကားလုံးတွေကို ယူပြီး ဖွဲ့စည်းခြင်းကို ခေါ်တယ်။ မြန်မာမီးရထားကို `မမ´ လို့ ခေါ်ကြသလို လူဝင်မှု ကြီးကြပ်ရေး ကို `လ၀က´ လို့ ပြောကြသလိုမျိုး ပါ။

သဒ္ဒါ အစိတ်အပိုင်း မြှုပ်ရေးခြင်းဟာ သတင်း အချက်အလက် ပေးတဲ့ အခါမျိုးမှာ အရေးကြီး အချက်အလက် အပေါ် ဗဟိုပြု ရေးရတယ်။ ဒါကြောင့် ပြောချင်တာကို အတတ်နိုင်ဆုံး တိုတိုတောင်းတောင်းနဲ့ ထိထိမိမိ ဖော်ပြနိုင်ဖို့ အထောက်အကူ ပြုလေ့ရှိတယ်။ မှတ်စုလိုက်ရေးခြင်း၊ သတင်းစာကြေငြာ ရေးနည်းရေးဟန်၊ ကြေးနန်း အရေးအသား၊ သတိပေး တားမြစ်ချက် စတဲ့ နေရာတွေမှာ စကားလုံး မြှုပ်ရေးခြင်းကို အများဆုံး တွေ့ရတယ်။ စကား မြှုပ်ရေးတဲ့ဟန်က အရေးထက် အပြောမှာ ပိုပြီး ထူးထူးခြားခြား သုံးတာကို တွေ့ရတယ်။ အပြန်အလှန် ပြောစကားတွေ များတာကြောင့် မလိုအပ်ဘဲ ထပ်တလဲလဲ ပြောနေရမှာကို ရှောင်ချင်တဲ့အတွက် သုံးကြတယ်။

မြန်မာဘာသာ စကားရဲ့ ၀ါကျတွေမှာ သဒ္ဒါ အစိတ်အပိုင်း မြှုပ်ပြီး ရေးဟန် (၄) မျိုး ရှိပါတယ်။ (၁) ၀ိဘက်မြှုပ်ရေးဟန်၊ (၂) နာမ်မြှုပ်ရေးဟန်၊ (၃) ကြိယာမြှုပ်ရေးဟန် နဲ့ (၄) ၀ါကျခွဲမြှုပ်ရေးဟန် တွေ ဖြစ်တယ်။

ဝိဘတ်မြှုပ်ရေးဟန် မြန်မာ ဘာသာစကားဟာ ၀ိဘတ်ကို အခြေပြုပြီး ပြောဆို ရေးသားရတဲ့ ဘာသာစကား ဖြစ်တယ်။ နာမ်ဝိဘတ်တွေ၊ ကြိယာဝိဘတ်တွေဟာ နာမ်၊ ကြိယာတွေရဲ့ တာဝန်ကို ဝေဖန် ပိုင်းခြားပြတဲ့ စကားလုံး ဖြစ်တယ်။

(က) ကတ္တားဝိဘတ် (က၊ သည်) ကို မြှုပ်၍ ရေးခြင်း

  • သူကလည်း ကျွန်တော့်ကို ကူညီတယ်။
  • သူ(–)လည်း ကျွန်တော့်ကို ကူညီတယ်။
  • သူသည်ပြေးသည်။
  • သူ(–)ပြေးသည်။

(ခ) ကံဝိဘတ် (ကို) ကို မြှုပ်၍ ရေးခြင်း

  • ဖေဖေက သတင်းစာကို ဖတ်နေတယ်။
  • ဖေဖေက သတင်းစာ(–) ဖတ်နေတယ်။
  • ပန်းကို မခူးရ။
  • ပန်း(–) မခူးရ။
  • လမ်းကို ပြင်နေသည်။
  • လမ်း(–) ပြင်နေသည်။

(ဂ) ရှေးရှုရာပြ ၀ိဘတ် (သို့) ကို မြှုပ်၍ ရေးခြင်း

  • မနက်ဖြန် တောင်ကြီးသို့ သွားမည်။
  • မနက်ဖြန် တောင်ကြီး(–) သွားမည်။

(ဃ) ၀ါကျ အဆုံးသတ် ၀ိဘတ်များ ဖြစ်တဲ့ ကြိယာဝိဘတ် (သည်၊ တယ်) ကို မြှုပ်၍ ရေးခြင်း
သိပ္ပံမောင်ဝရဲ့ စကားပြေတွေမှာ အများဆုံး တွေ့ရတယ်။

  • ရွာသူကြီး သင်္ဘောဆိုက်ရာသို့ ပြေး၍ ဆင်းသွား(–)။
  • အတွင်းသို့ ၀င်ကြည့်ကြ(–)။

နာမ်မြှုပ်ရေးဟန် နာမ်ပုဒ်တွေကို မြှုပ်ထားပေမယ့် မူလ အဓိပ္ပါယ် မပျက်၊ ရှင်းလင်းမှုလည်း ရှိတယ်။ နာမ်ပုဒ် မြှုပ်တဲ့နေရာမှာ ဦးဆောင်နာမ်ပုဒ်၊ ကတ္တားပုဒ်နဲ့ ကံပုဒ်တွေကို မြှုပ်ရေးလေ့ ရှိတယ်။

(က) ဦးဆောင်နာမ်ပုဒ်ကို မြှုပ်၍ ရေးခြင်း
ပါဝါမျက်မှန်ပဲ လုပ်လုပ်၊ နေကာမျက်မှန်ပဲ လုပ်လုပ်။
ပါဝါ (—) ပဲ လုပ်လုပ်၊ နေကာ (—) ပဲ လုပ်လုပ်။

(ခ) ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း

  • (–) အ၀တ်ကို ကန်ပေါင်ပေါ်၌ မလျှော်ရ။
  • (–) သွားကြစို့။
  • (–) ဘယ်မှာ နေသလဲ။

(ဂ) အမှီဝါကျခွဲနှင့် အမှီခံဝါကျတို့၌ ကတ္တားပုဒ်နှင့် ကံပုဒ်တို့ကို မြှုပ်၍ ရေးခြင်း

  • (ကားသမားတို့သည်) ကားကိုရပ်ကာ ကားသမားတို့သည် ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
  • ကားသမားတို့သည် ကားကိုရပ်ကာ (ကားသမားတို့သည်) ဆိုင်၌ ထမင်း ၀င်စားကြသည်။ (အမှီခံ ၀ါကျခွဲ ကတ္တား မြှုပ်ခြင်း)
  • ဆရာက (ကျောင်းသားများကို) ဂရုတစိုက် သင်သဖြင့် ကျောင်းသားများ အားလုံး စာမေးပွဲ အောင်ကြသည်။ (အမှီ ၀ါကျခွဲ ကံမြှုပ်ခြင်း)

(ဃ) စကားစဉ် ပြောဆိုရာ၌ လည်းကောင်း၊ အမေးအဖြေ ပြုရာ၌ လည်းကောင်း ကတ္တားပုဒ်ကို မြှုပ်၍ ရေးခြင်း

  • ကျွန်တော့် ကလေးတွေက အားကစား မျိုးစုံ ကစားကြတယ်လေ။ (—) နှစ်ယောက်စလုံး သိပ် သန်မာတာပဲ။
  • မင်း ဘယ်မှာ နေသလဲ။ (—) ရန်ကုန်မှာပဲ နေတယ်။

ကြိယာပုဒ် မြှုပ်ရေးဟန်

(က) `ဖြစ်သည်´ ဟူသော ကြိယာကို မြှုပ်၍ ရေးခြင်း

  • သူက ဆရာဝန် (—) ပေါ့။
  • မင်းက ဘယ်သူ (—) လဲ။

(ခ) နေရာကို ဖော်ပြရာ၌ ကြိယာကို မြှုပ်၍ ရေးခြင်း

  • မင်းက အခု ဘယ်မှာနေလဲ။ ကျွန်တော်အခု ရန်ကုန်မှာ (—) ပါ။
  • ဘယ်သွားမလို့လဲ။ မြို့ကို (—) ပါ။

(ဂ) မေးခွန်းများကို ဖြေသည့်အခါ၌ လိုရင်းပုဒ်ကိုသာ ထည့်၍ ကြိယာ မြှုပ်ရေးခြင်း

  • စားပြီးပြီလားဟေ့။ ဟုတ်ကဲ့ (—) ပြီးပါပြီ။
  • ဘာလို့ နောက်ကျနေတာလဲ။ မိုးကြောင့် (—) ပေါ့။

ဝါကျခွဲမြှုပ်ရေးဟန် ၀ါကျရောကို ဖွဲ့စည်းတဲ့အခါမှာ အမှီဝါကျခွဲတွေနဲ့ အမှီခံ ၀ါကျခွဲတွေကို ၀ါကျခွဲ အဆက်တွေနဲ့ ပေါင်းစပ်ဖွဲ့စည်း ထားပါတယ်။ စကားစဉ် ဆက်စပ်မှုနဲ့ အပြန်အလှန် ပြောစကားတွေမှာ ကြိုတင် သက်ရောက်မှုတွေ ရှိတဲ့အတွက် ၀ါကျရောတွေမှာ `အမှီ ၀ါကျခွဲ´ တွေကို မြှုပ်လေ့ရှိတယ်။

ဥပမာ – ဘာလို့ သုံးယောက်စာပဲ ချက်ထားရတာလဲ။ မောင်မောင်လည်း ညစာစားမှာပဲ မဟုတ်လား။
အဟုတ်လား။ (—–) သူ ကျွန်တော့်ကို ပြောမထားဘူး။
(မောင်မောင်လည်း ညစာစားမယ်လို့) ဆိုတဲ့ အမှီ ၀ါကျခွဲကို မြှုပ်ပြီး ပြောထားတာပါ။

အပေါ်မှာ ရှိတဲ့ စာပိုဒ်တွေဟာ စိုးနိုင် (ကထိက၊ ဒေါက်တာ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) ရဲ့ စာတမ်းဖြစ်တဲ့ `မြန်မာ ဘာသာစကားရှိ ၀ါကျတွင်း သဒ္ဒါ အစိတ်အပိုင်းများ မြှုပ်ရေးဟန်´ ကို အရေးကြီးတဲ့ အပိုင်းပဲ ဖြတ်ပြီး တင်ပြထားတာပါ။ သိသင့် သိထိုက်တဲ့ မြန်မာဘာသာ စကားဆိုင်ရာ ဗဟုသုတ တွေမို့ အားလုံးကို သိစေချင်တဲ့ စေတနာနဲ့ တင်ပြလိုက်ပါတယ်။ နောက်ပြီး မှတ်တမ်းတင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ အကျိုးရှိမယ်လို့လည်း မျှော်လင့်ပါတယ်။


Zoom In Your Life

အကယ်၍ မမြင်ရဘူး ဆိုရင်ဖြင့် ဒီလင့်ခ်လေးကို နှိပ်ပြီး ကြည့်နိုင်ပါတယ်။

Human beings are such small creatures, aren’t they ?
So don’t be too calculative on everything,
Treasure every moment, do what you wish to do ….
Broaden your view, broaden your mind,
Don’t worry on something bothering you,
Do treasure your life, live safely and peacefully,
Always be happy to welcome the coming of the new day ….. look at the sun shines …


လိမ်တယ် ညာတယ်

ပြီးခဲ့တဲ့ ပို့စ်ထဲမှာ ညာတာနဲ့ လိမ်တာ ပြောရင်းနဲ့ ဒီ ပို့စ်လေးကို ရေးမယ်လို့ မနေ့ကတည်းက ကျိန်းထားတာ။ လိမ်တယ်၊ ညာတယ်၊ ပွေလိမ်ရှုပ်တယ် ဆိုတာကို စဉ်းစားမိတော့ ဖတ်ခဲ့ဖူးတဲ့ စာအုပ် နှစ်အုပ်ကို သွားသတိရတယ်။ ဒါနဲ့ မနက်က အဲဒီ စာအုပ်တွေ ပြန်မွှေရှာလိုက်ပြီး ပြန်ဖတ်လိုက်တယ်။ စာအုပ်က စိတ်ပညာအကြောင်း ရေးထားတာ။ သာမန် အသိပညာ ရှိတဲ့လူတွေ ဖတ်နိုင်အောင် ရေးထားတယ်။ အဲဒီ အထဲမှာ လိမ်တာ ညာတာနဲ့ ပတ်သက်ပြီး ဆောင်းပါး တစ်ပုဒ် အနေနဲ့ ရေးထားတယ်။ အဲဒီ ဆောင်းပါးကို ကျနော် ပြန် ကိုးကားပြီး နည်းနည်းလေး တင်ပြချင်လို့ပါ။

ကျနော် ငယ်ငယ်ကတည်းက ကိုယ့်ကို လာညာရင် သိပ်မုန်းပါတယ်။ ဒါပေမယ့် လူ့ဘ၀ လမ်းခရီးမှာ ဘယ်သူတွေ မညာဘဲ လမ်းခရီးကို သွားနိုင်ကြသလဲလို့ မေးလာရင် ဘယ်သူမှ မရှိပါဘူး .. နော်။ ဒါကြောင့်လည်း ကျနော် မညာတတ်ပေမယ့် အလိမ်အခေါက် ကလေးကတော့ အတော် ကျွမ်းသား။ တစ်ခါတစ်လေမှာ အမှန်ကို ပြောလို့ အဆင်မပြေတဲ့ အချိန်မှာ အဲဒီ အမှန်ကို မပြောတော့ဘဲ တစ်ခြားဆင်တူ မှန်တာ တစ်ခုကို အစားထိုး ပြောရတယ်။ ဥပမာ ကျနော် ၁၀ တန်း ကျောင်းသားဘ၀က အတန်းထဲက ကောင်မလေး တစ်ယောက်အိမ်ရှေ့ သွားဝိုက်ချင်တယ်။ အပြင်ထွက်တော့ အမေက ဘယ်သွားမလဲလို့ မေးတယ်။ ကျနော် ဒီကိစ္စမှာ အမှန်အတိုင်း ဘယ်ပြောပြလို့ ဖြစ်မလဲနော်။ ဒါပေမယ့် ကျနော် မညာချင်ဘူးလေ။ ဒီတော့ ကျနော် သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကို အလွဲသုံးစား လုပ်ရတယ်။ မြတ်ကိုဆီ သွားမလို့ပါလို့ အမေ့ကို ပြောရတယ်။ ဒါနဲ့ ကျနော် ညာပြောတယ် မဖြစ်အောင် အရင်ဆုံး မြတ်ကို ဆီကို သွားတယ်။ အဲဒီမှာ ၁၅ မိနစ်လောက် နေပြီးမှ ကောင်မလေးအိမ်ဘက် သွားတယ်။ ကဲ … အခုကိစ္စမှာ ကျနော် ညာခဲ့တယ်လို့ ပြောမလား။ လိမ်ခဲ့တယ်လို့ ပြောမလား။ တကယ်တမ်း ကျနော် အမေ့ကို အမှန်အတိုင်း ပြောခဲ့တာပါ။ ဒါပေမယ့် ဒီထက် မှန်တာတစ်ခုကို ပြောဖို့ ချန်ခဲ့တယ်လေ။ ကျနော် အမေ့ကို မညာခဲ့ဖူးဘူး။ ဒါပေမယ့် ဒီလို လုပ်ခဲ့တာတွေတော့ အပုံလိုက်ကြီးပါ။

အခု လူ့လောကထဲ ရုံးကန်လာရတော့ ပိုဆိုးလာတယ်။ အမှန်အတိုင်း ပြောလို့ မဖြစ်တဲ့ အခြေအနေတွေ ပိုများလာတယ်။ အဆိုးဆုံးက ကိုယ့်ကို ညာတဲ့လူတွေ ပိုများလာတယ်။ ဒီထက် ပိုဆိုးတာက ငယ်ငယ်က ညာရင် အများဆုံး ကိုယ့်အကျိုး အတွက်ပဲ။ အခုတော့ သူများ အကျိုး ပျက်စီးကြောင်းတွေပါ ပါလာတယ်။ ကျနော်တို့ ကိုယ့်နားကပ်ပြီး ပြောနေတဲ့ စကားတွေ ထဲမှာ ဘယ်ဟာတွေက အမှန်တွေ ဘယ်ဟာတွေက အမှားတွေ ဆိုတာကို ကျနော်တို့ ဘယ်လိုလုပ် သိနိုင်မလဲ။ လူတစ်ယောက် ညာနေတယ် ဆိုတာကိုကော ဘာတွေကို ကြည့်ပြီး သိအောင်လုပ်မလဲ။ ဒီ ဆောင်းပါး အတိုလေးကို ဖတ်ကြည့်လိုက်ပါ။ ဒါဆို အနည်းဆုံး ညာနေတဲ့ အချိန်မှာ လူတွေ ဘာလုပ်တတ်သလဲ ဆိုတာ အကြမ်းဖျင်းတော့ သိနိုင်မယ်။ ကဲ ဖတ်ကြည့်ပါဦး။

ပထမဆုံး အနေနဲ့ Microexpression ဆိုတဲ့ အချက်ကို သတိပြုရပါလိမ့်မယ်။ Microexpression ဆိုတာကတော့ လူတစ်ယောက်ရဲ့ တစ်ဒင်္ဂ မျက်နှာ အမူအရာဟာ တစ်စက္ကန့်လေး (တစ်စက္ကန့်ရဲ့ ဆယ်ပုံပုံ တစ်ပုံမျှလောက်) ပဲ ကြာတယ်ဆိုတဲ့ အချက်ပါပဲ။ လူတစ်ဦးဟာ စိတ်လှုပ်ရှား သွားပြီးတဲ့နောက် သူ့မျက်နှာမှာ လျင်မြန်တဲ့ ပြောင်းလဲမှုတစ်ခု ဖြစ်သွားတတ်ပြီး ဒါကို ဖုံးကွယ်ဖို့ အတော်လေး ခက်တတ်ပါတယ်။ ဒီရလဒ်ကြောင့် ကျွန်တော်တို့ အနေနဲ့ ပါးနပ်စွာ အကဲခတ်တတ်ရင် အဲဒီပုဂ္ဂိုလ်မှာ စိတ်လှုပ်ရှာ ခံစားမှုတစ်ခုကို ခံစားနေပြီဆိုတာ သူ့ရဲ့ မျက်နှာကို ဖျတ်ခနဲကြည့်ပြီး သိနိုင်ပါလိမ့်မယ်။

ဒုတိယ အချက်ကတော့ Interchannel discrepancies ဖြစ်မဖြစ် စုံစမ်းဖို့ပါပဲ။ ဆိုလိုတာက လိမ်ညာပြောနေတဲ့ သူတွေမှာ တစ်ခြားသူတွေကို ဖော်ပြနေတဲ့ သူတို့ရဲ့ အမူအရာတွေဟာ တစ်ခုနဲ့ တစ်ခု ကိုက်ညီမှု မရှိဘဲ ကွဲပြား ခြားနားတတ်ခြင်းပါပဲ။ လူတစ်ယောက်ဟာ မျက်နှာအမူအရာ၊ မျက်လုံးအကြည့်၊ ခန္ဓာကိုယ် လှုပ်ရှားမှု၊ စကားသံ အနိမ့်အမြင့်၊ ခြေဟန်လက်ဟန် စတဲ့ အရာများစွာကို တစ်ပြိုင်တည်းနဲ့ ညီညွတ်အောင် ထိန်းချုပ်ဖို့ ခက်တတ်ပါတယ်။ ဥပမာ ၀ယ်သူကို အယုံသွင်းဖို့ ကြံစည်နေတဲ့ ပွဲစားတစ်ယောက်ဟာ သူ့မျက်နှာကို ရိုးသားဟန် ဖော်ပြထားပေမယ့် မျက်လုံးအကြည့်ကိုတော့ တပြိုင်နက် ထိမ်းချုပ်ဖို့ ခက်ကောင်း ခက်နေပါလိမ့်မယ်။ သို့မဟုတ် မျက်နှာက ရိုးသားတည်ကြည်ဟန် လုပ်ထားပေမယ့် ခန္ဓာကိုယ် လှုပ်ရှားမှု၊ ကိုယ်ဟန် အနေအထားတွေဟာ ပြောင်းလဲကောင်း ပြောင်းလဲနေတာ ကျွန်တော်တို့ သတိထားမိကောင်း ထားမိပါလိမ့်မယ်။

နောက် တတိယ အချက်ကတော့ စကားပြောပုံ ပါပဲ။ လူတွေဟာ လိမ်ညာဖို့ ကြိုးစားရချိန်မှာ သူတို့ရဲ့ စကားသံဟာ သာမန်ထက် အသံ မြင့်သွားတတ်ပါတယ်။ ဒါ့အပြင် ပြောတဲ့ စကားပြောနှုန်းဟာလည်း နှေးသွားတတ်ပြီး စကားကြွယ်ဝမှုလည်း ရုတ်တရက် နည်းသွားတတ်ပါတယ်။ စကားတွေဟာ အမှားမှား အယွင်းယွင်း ဖြစ်တတ်ပြီး မကြာခဏ ၀ါကျတွေကို ပြန်ပြန် ပြင်ပြောနေတတ်ပါတယ်။ ၀ါကျတွေကို စလိုက်၊ ဖျက်လိုက်၊ ပြင်ပြောလိုက် ရှိတတ်ပါတယ်။

နောက်ဆုံး ကျွန်တော်တို့ အနေနဲ့ တစ်ဖက်လူ မုသား ပြောမပြော သတိထားနိုင်တဲ့ အချက်ကတော့ သူ့ရဲ့ မျက်လုံး အကြည့်ပါပဲ။ မုသားပြောသူဟာ မကြာခဏ ဆိုသလို မျက်တောင်ကို ပုတ်ခတ် ပုတ်ခတ်၊ မျက်စိ ပေကလပ် ပေကလပ် လုပ်တတ်ပါတယ်။ စကားပြောနေစဉ်မှာလည်း မျက်လုံး သူငယ်အိမ်ကို ပြူးထားတတ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ ရိုးသား ဟန်ဆောင်တဲ့အနေနဲ့ တစ်ဖက်လူရဲ့ မျက်လုံးကို တမင် မဆုံဆုံအောင် ကြည့်တတ်ပါတယ်။

အပေါ်က ရေးထားတဲ့ လေးချက်က ဒေါက်တာမြင့်လွင် (စိတ်ပညာ) ရေးထားတဲ့ အပြောင်းအလဲ နှင့် ပုံသေစိတ်အစွဲ ဆိုတဲ့ စာအုပ်ထဲက ကောက်နှုတ် ထားတာပါ။

ကျနော်ရဲ့ အတွေ့အကြုံနဲ့လည်း တစ်ချက်လောက်တော့ ထပ်ဖြည့်ချင်ပါတယ်။ မုသားဆိုတာ ဘယ်တော့မှ တစ်ခုတည်း မလာပါဘူး။ ဥပမာ ဘယ်သွားမလို့လဲ လို့ မေးလိုက်တဲ့ မေးခွန်းတစ်ခုကို ညာမယ်ဆိုရင် မုသားဖြစ်တဲ့ ဘယ်ကို သွားမလို့ ဆိုတာနဲ့အတူ ဘာကြောင့် ဆိုတဲ့ အကြောင်းအရင်းကိုပါ ပြောတတ်ကြတယ်။ ညာမှန်း မသိအောင် ခိုင်လုံအောင် ဆိုပြီး လူတတ်ကြီးလုပ်ပြီး နောက်တစ်ခု ထပ်ဖြည့်လိုက်တယ်။ အဲဒီမှာ ပြဿနာ စတယ်။ ပထမ ညာတဲ့ အချက် မှန်ကန်ဖို့ ဒုတိယတစ်ချက်နဲ့ ကာကွယ်ရတယ်။ နောက်တော့ ဒုတိယအချက် မှန်ကန်ပါတယ် ဆိုတာကို ကာကွယ်ဖို့ တတိယအချက် ထပ်လိုလာတယ်။ ဒီလိုနဲ့ ဇာတ်လမ်းတစ်ခုကို ရုတ်ချည်း အပြေးအလွှား ဆင်ရတော့ တစ်နေရာမဟုတ် တစ်နေရာ ဟာသွားမယ်။ ဒါကို ကျိုးကြောင်းချင့်ချိန်နိုင်တဲ့ လူတစ်ယောက်ဟာ အဲဒီ ဇာတ်လမ်းကို သေချာလေ့လာလိုက်ရင် ဟာကွက်က ထွက်လာပြီး အစကနေ အဆုံး ညာထားတယ်ဆိုတာ တောက်လျှောက် ပေါ်လာလိမ့်မယ်။ ဘယ်လောက် တော်တဲ့လူဖြစ်ဖြစ် စက္ကန့်ပိုင်းလေး အတွင်းမှာ ဇာတ်တစ်ခုကို ရုတ်ချည်း အကွက်ဆင်ဖို့ ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း ညာနေတဲ့ လူတစ်ယောက်ဟာ မေးခွန်းများများ အမေး မခံနိုင်ဘူး။ အများများ မပေးရဲဘူး။ ဘာလို့လဲ ဆိုတော့ တစ်ခု ပေါ်တာနဲ့ တိုးယိုပေါက် အကုန် ပေါ်သွားမယ်။

တချို့က ရှိတယ်။ အမေးကို မဖြေရဲတော့ အမေးနဲ့ ပြန်ဖြေတယ်။ ဥပမာ ဟုတ်လို့လား ဆိုတာကို မဟုတ်ဘူးလို့ ဖြေရင် ညာရာ ရောက်မယ်လေ။ ဟုတ်တယ် လို့လည်း ၀န်မခံနိုင်ဘူး။ ဒီတော့ သူက ဘယ်လိုဖြေလဲ ဆိုတော့ မင်း ငါ့ကို ဒီလောက်တောင် မယုံဘူးလား လို့ ပြန်မေးတတ်တယ်။ ဒါမှ မဟုတ် ဒီလိုလည်း ဖြေနိုင်တယ်။ မင်းက ဟုတ်လို့ ထင်လို့လား လို့ ပြန်မေးတတ်တယ်။ ဒါမျိုး ပြန်မေးတာဟာ တစ်ဖက်လူကို အခက်တွေ့အောင် လုပ်ပြီး လိမ်တာပါ။ သေချာတာကတော့ သူဟာ အမှန်ကို ၀န်မခံရဲဘဲ ဝေ့လည်ကြောင်ပတ် လုပ်နေတယ်။ အဲဒီလို လူမျိုးကို စေ့စေ့ ပေါက်ပေါက် မေးကြည့်လိုက်ပါ။ ထ ရန်မဖြစ်ရင် ကျနော့် ကြိုက်သလောက် ပြောပါ။ ဒီလို မေးခွန်းနဲ့ ပြန်ဖြေနေပြီ ဆိုရင်လည်း အမှန်တရားတစ်ခုကို ဖုံးကွယ်ဖို့ ကြိုးစားနေပြီ ဆိုတာ သေချာနေပြီလေ။

ဘယ်သူမှ ဟန်ဆောင် မကောင်းကြပါဘူး။ ရေရှည် ဘယ်သူမှ ဟန်မဆောင်နိုင်ပါဘူး။ အမှန်တရား ဆိုတာ စိတ်ကွယ်ရာမှ မရှိဘဲ။ ဒါပေမယ့် ကျနော်တို့ရဲ့ နောက်ကျောမှာ ကပ်နေတတ်ပါတယ်။ စိတ်ကွယ်ရာ မရှိပေမယ့် သေချာတော့ ကြည့်ရမယ်။ မကြည့်ရင် မမြင်ဘူးလေ။ ညာတတ်တဲ့လူ၊ လိမ်တတ်တဲ့လူတွေဟာ အဲဒီလို ပြုမူနေတဲ့ အချိန်တွေမှာ အမြဲ ခါတိုင်းထက် ထူးခြားနေပါတယ်။ ခါတိုင်းနဲ့ တူမတူ ဆိုတာတော့ ရေရှည် အကဲခတ်ရမယ် ထင်တယ်။ ဒီနေ့မှ တွေ့ဖူးတဲ့လူကို ညာနေ လိမ်နေလား ဆိုတာကိုတော့ အကဲခတ်ဖို့ အတော် ခက်လိမ့်မယ် ထင်တယ်။ ဒါပေမယ့် ညာနေတယ်လို့ သံသယ ရှိတဲ့လူတွေကိုတော့ အပေါ်က ပြောခဲ့တဲ့ ပေတံတွေနဲ့ တိုင်းကြည့်ပြီး ဘာညာနေလဲ မသိတောင် ညာနေတယ် ဆိုတာကိုတော့ အနည်းဆုံး အကဲခတ် နိုင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ အားလုံး အတွက် အသုံးကျမယ့် ပို့စ်လေး ဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဒါတွေကို လက်တွေ့ အသုံးချနိုင်ပြီး လူလိမ်လူညာတွေရဲ့ အဝေးမှာ သောက ကင်းရှင်းစွာနဲ့ နေနိုင်ပါစေလို့ ဆုတောင်းရင်းးးးးး


မိမိကိုယ်ကို အတင်းတုတ်ခြင်း

ကျနော့်ကို သူများအကြောင်းချည်း ပြောနေတယ် ဆိုပြီး လာအော်တယ်ဗျ။ ကိုယ့်အကြောင်းလည်း ပြောပါဦးပေါ့။ နောက် ညီမလေး မေပျိုကလည်း လာတက်ထားတယ်လေ။ ဒီတော့ ကျနော် သိသလောက်တော့ ပြောပြမယ်။ ကျနော်က တစ်ခါတစ်လေကျ ကိုယ့်ကိုယ်ကိုတောင် ဘာလုပ်လို့ လုပ်နေမှန်း သိပ်မသိချင်ဘူး။ ဒါကြောင့် ကျနော် သိသလောက် ရေးမယ်လို့ ပြောလိုက်တာပါ။ ကိုယ့်အကြောင်းကို ပြောရမယ် ဆိုရင် သေမလောက် ကြောက်ပါတယ်။ ဒါပေမယ့် ရင်းရင်းနှီးနှီး ခင်ရတော့မယ်လို့ ထင်လိုက်မိရင်တော့ အဲဒီလူကို သိထားသင့်သလောက် ကျနော် အမြဲ ပြောပြတတ်ပါတယ်။

ကျနော်က လူတစ်ယောက်ကို ခင်တော့မယ်ဆိုရင် အဲဒီလူကို အရင် အကဲခတ်တတ်ပါတယ်။ အဓိကက သူ့ရဲ့ စိတ်ဓါတ်ပါ။ နောက် အပြုအမူပေါ့။ နောက်ပြီး အကျင့်။ ဒီ သုံးခုကို လေ့လာပြီးမှ အဲဒီလူကို ပစ်ပစ်နှစ်နှစ် ခင်တတ်တာများတယ်။ ကျနော့ကိုလည်း တစ်ဖက်လူက အဲဒီလို စူးစမ်းနေတယ်လို့ အမြဲ ခံစားရပါတယ်။ ကျနော် ထင်ထားတဲ့ လူတစ်ယောက်ရဲ့ အချက်အလက်တွေဟာ မှားနေရင် အဲဒီလူအပေါ် အမြင်စောင်းတော့မယ်။ ဒါကြောင့် ပုဂ္ဂလဓိဋ္ဌာန်တွေ ဘေးဖယ်ပြီး လူတစ်ယောက်ကို ကျနော်တို့ လေ့လာနိုင်ရင် အကောင်းဆုံးပါပဲ။ အဓိက အမုန်း၊ အငြိုး၊ အာဃာသ၊ ဒေါသ၊ လောဘ နဲ့ တက်မက်မှုတွေကို ခဏ ဘေးဖယ်ပြီး လေ့လာနိုင်ရင်တော့ အတိကျဆုံး အဖြေ ထွက်လာမယ်လို့ ယူဆပါတယ်။ ဒါပေမယ့် ကျနော်တို့က ကိလေသာ မကင်းတဲ့ လူတွေပဲလေ။ တစ်ခုမဟုတ် တစ်ခုတော့ ညှိနေဦးမှာပဲ။ ကျနော်နဲ့ စတွေ့စလူတွေက ကျနော့ကို ခန့်မှန်းကျရင် အမြဲမမှန်ကြဘူး။ ဒါကြောင့် သူတို့ ကျနော့်အပေါ်မှာ ထားကြတဲ့ မှတ်ချက်တွေ (ဒီလိုကောင်ကြီးပဲ ဆိုတာတွေ) အမြဲ လွဲတတ်တယ်။ ဒါကြောင့် ဆက်ဆံရေးဟာ တိုးတက်သင့်သလောက် မတိုးတက်ဘူး။ ဒါကြောင့် ကျနော်ဟာ လူတချို့ဆိုရင် ကျနော့်ရဲ့ အမူအကျင့်နဲ့ စိတ်ဓါတ် တချို့ကို ပြောပြလေ့ ရှိပါတယ်။ ဒါတွေကို အခြေခံပြီး လေ့လာမယ်ဆိုရင် သိပ်မခက်တော့ဘူးပေါ့။

ပထမဆုံးနဲ့ အရေးကြီးဆုံး ပြောရမယ့် အချက်ကတော့ ကျတော် မညာတတ်ဘူး ဆိုတဲ့ အချက်ပါ။ ကျနော် မဟုတ်မမှန်တဲ့ အကြောင်းအရာ တစ်ခုကို ပြောမနေတတ်ဘူး။ ဒါပေမယ့် ဟုတ်တယ် မှန်တယ် ဆိုရုံနဲ့လည်း မပြောတတ်ပြန်ဘူး။ ညာတယ်ဆို အမှားကိုပြောတာ။ လိမ်တယ်ဆိုတာ အမှန်ကို မပြောတာပါ။ အင်္ဂလိပ်လိုတော့ Lie နဲ့ Deceive ပေါ့။ ကျနော် လုံးဝ မညာတတ်ပါဘူး။ ဒါပေမယ့် တစ်ခါတစ်လေ မှာတော့ လိမ်မိတယ်။ မုသားမပါ လင်္ကာမချော ဆိုတာကို လက်မခံတဲ့ လူထဲက တစ်ယောက်ပါ။

နောက်တစ်ခု ပြောကို ပြောရမယ့် အချက်က ကျနော် သိပ် ကပ်စေးနည်းတယ် ဆိုတာပါပဲ။ ဒါပေမယ့် မတွက်ကပ်ပါဘူး။ သူငယ်ချင်းတွေရဲ့ အမြင်မှာ ကျနော်ဟာ သိပ်ကို ကပ်စေးနည်းတယ်တဲ့။ ဒါသူတို့ အမြင်ပါ။ ကိုယ့်ဖာသာတော့ သိပ်လက်ဖွာတယ် ထင်တာပဲ။ ကျနော်က ပိုက်ဆံရှိတယ်လို့ ထင်ရတဲ့ လူကို ပိုက်ဆံ တစ်ပြားတစ်ချပ်မှ မပေးဘူး။ ဒါပေမယ့် လိုအပ်နေတယ်လို့ ယူဆရင်တော့ ဘယ်တော့မှ လက်မနှေးဘူး။ ဒါကြောင့် သူငယ်ချင်းတွေကို မုန့်ဝယ်ကျွေးခဲတယ်။ ဒါကြောင့် သူတို့က ကပ်စေးနဲ ကော်တရာလို့ ခေါ်တယ်။ ခေါ်ပါ့စေလေ။ မကျွေးရရင် ပြီးရော။

နောက်ပြီး သိပ်စိတ်မရှည်ဘူး။ မေးခွန်းတစ်ခုတည်းကို သုံးခါဆက်တိုက် မေးလာရင် ဒေါသက ချက်ချင်း တစ်ချောင်းချောင်း ထွက်လာတယ်။ နားမလည်လို့ ဆိုရင်တော့ လာထား။ အမြှုပ်ထွက်အောင် ရှင်းပြမယ်။ လာရစ်ရင်တော့လား၊ ဘုပြောလွှတ်တယ်။ ဘာပဲဖြစ်ဖြစ် သုံးခါထပ် ပိုမမေးရင် အားလုံး အဆင်ပြေတယ်။ စိတ်မဆပ်ဘူး။ စိတ်မတိုတတ်ဘူး။ ဒါပေမယ့် အဲဒီလို ၃ ခါ မမေးနဲ့ သည်းမခံဘူး။ ဘာကြောင့်မှန်းမသိဘူး။ ကိုယ့်ဖာသာကိုယ် မသိလိုက်ခင်မှာပဲ စိတ်က တိုနှင့်နေပြီလေ။ ပုံမှန်အားဖြင့်တော့ စိတ်ရှည်တာ များပါတယ်။

နောက်တစ်ခုက ဘုပြောတတ်တယ်လို့ ပြောကြတယ်။ စကားပြောရင်း စိတ်အခန့် မသင့်ရင် မကြည်လင်တော့ဘူး။ ဒါဆို ကျနော် စိတ်မတိုခင် ကိုယ့်ဖာသာ ထိန်းရတော့တယ်။ ကျနော့်ရဲ့ စိတ်မတိုအောင် ထိန်းတဲ့ နည်းက စကားလျှော့ပြောခြင်း ပါ။ စကားဆက်ပြောရင် ဘုပြောမိတော့မယ်။ ဒါကို သူငယ်ချင်းတွေကို ပြောပြထားရတယ်။ စကားမပြောချင်လို့ အင်တင်တင် ဖြစ်နေရင် ဆက်မပြောပါနဲ့လို့။ ပြောရင်း မတ်တပ် စကားနည်းသွားရင် အကြောင်းရင်းက နှစ်ခုပဲ ရှိတယ်။ တစ်ခုက စဉ်းစားနေလို့။ နောက်တစ်ခုကတော့ စိတ်တိုနေလို့ပဲ။

ကျနော်နဲ့ စကားပြောရင် လက်ပေါက်ကပ်တယ်လို့ သူငယ်ချင်းတွေက မှတ်ချက် ပေးကြတယ်။ ကျနော့်အကျင့်က ကိုယ်သိချင်တာကို မရမက မေးတတ်တယ်။ ကိုယ်ပြောချင်တာကို လက်ခံလာအောင် ပြောတတ်တယ်။ သူတို့နဲ့ စကားရည် လုတယ်ပေါ့။ အဲဒါ သူတို့က မနိုင်တော့ ကပ်သပ်တယ် ဖြစ်ရောလေ။ ကျနော်က ကပ်မပြောပါဘူး။ မှန်တာတွေပဲ ရွေးပြောတတ်လို့ပါ။ အမှန်တရားက တစ်ခါတစ်လေမှာ နားခါးတယ် မဟုတ်လား။ အမှန်တရားနဲ့ မမွေ့လျော်တတ်တဲ့ လူတွေ အတွက်တော့ ခါးသပေါ့ဗျာ။ ကျနော်က အမှန်တရားအတွက် အတင်းအကျပ် ပြောတတ်တယ်ဗျ။

နောက်ပြီးတော့ ကြောက်စရာ ကောင်းလောက်အောင် ဥပက္ခာ ပြုတတ်တယ်။ ဘာကိုမှ ဂရုမစိုက်တတ်ဘူး။ ဘာကိုမှလည်း မကြောက်တတ်ဘူး။ လုပ်ချင်တာ တစ်ခုကိုလည်း ဘယ်သူ့ကိုမှ ဂရုမစိုက်ဘဲ လုပ်တတ်တယ်။ ကိုယ် မှန်တယ်လို့ ယုံကြည်ပြီး ဒါလုပ်လိုက်လို့ ဘယ်တော့မှ နောင်တ မရပါဘူးလို့ ကိုယ့်ဖာသာ ကတိပေးနိုင်ရင် လုပ်ပစ်လိုက်တယ်။ မဟုတ်တာတွေ လုပ်နေလို့ တားမရဘူး ဆိုရင်တော့ ကိုယ့်အရှေ့မှာ ဒုက္ခ ရောက်နေတောင် လက်ပိုက်ပြီး ကြည့်နေတတ်တယ်။ အမြင်မတော်ရင်တော့ ဘယ်လိုအခြေအနေမျိုးမှာ မဆို လိုက်ပြီး ကူညီပေးမယ်။ လိုက်ပြီး ဖြေရှင်း ပေးမယ်။ အစွမ်းကုန် ကူညီတတ်တယ်။ ဒါပေမယ့် ပိုက်ဆံတော့ လာမချေးနဲ့။ ဟဲဟဲ။

ရန်သူကို အနိုင်ယူတဲ့ ကျနော့်ရဲ့ လက်သုံး အပြင်းထန်ဆုံး လက်နက်နှစ်ခုက ခွင့်လွှတ်ခြင်းနဲ့ အပြုံးပါ။ ကျနော့်ကို စိတ်ဓါတ်ကျအောင်၊ စိတ်ဆင်းရဲအောင် လုပ်နိုင်တဲ့လူ တစ်မျိုးတည်း ရှိပါတယ်။ အဲဒါက ကျနော် ချစ်တဲ့လူတွေပါ။ လက်ချိုးပြီး ရေကြည့်ရင် (၃) ယောက်တည်း ရှိမယ် ထင်တယ်။ ကျန်တဲ့လူတွေက ကျနော့်ကို ခေတ္တခဏ စိတ်အခန့် မသင့်အောင်တော့ လုပ်လို့ ရလိမ့်မယ်။ ဒါပေမယ့် ဒေါသထွက်ပြီး တနုတ်နုတ် ဖြစ်နေရအောင်တော့ ဘယ်သူမှ မလုပ်နိုင်ပါဘူး။ လူတိုင်းမှာ အားနည်းချက်နဲ့ အပြစ်ကိုယ်စီနဲ့ အမှားကို အချိန်မရွေး လုပ်တတ်ကြတယ်။ ဒါကို နားလည်နိုင်ရင် ခွင့်လွှတ်လာနိုင်မယ် ထင်တယ်။ အားလုံးကို အပြုံးနဲ့ ခွင့်လွှတ်ဖို့ ကြိုးစားနေပါတယ်။

ကျနော့်ရဲ့ အကြီးမားဆုံး အားသာချက်နဲ့ ကြောက်စရာ အကောင်းဆုံး အားနည်းချက်ကတော့ လူမရွေးဘဲ ကူညီတတ်ခြင်းပါ။ အကူအညီလိုရင် နောက်ပြီး ကူညီနိုင်ရင် အာလုံးကို ကူညီလိုက်မယ်။ တစ်ခါတစ်လေတော့ ကိုယ့်ဆီ ပြန်ပြန်ပတ်လို့ အရှောင်အတိမ်းလေး လုပ်ရတယ်လေ။

သြော် ကျနော် ပြောဖို့ တစ်ခုမေ့နေတယ်။ ကျနော်က အတော် မေ့တတ်တာ။ မေ့တယ်လို့ ပြောဖို့တောင် မေ့နေလို့ ထပ်ဖြည့်ရတယ်။ ပေးစရာဆို ပိုပြီး မေ့တတ်တယ်လေ။ ရစရာဆို ဒီလောက် မမေ့ဘူး။ တစ်ခါတစ်ခါ ခရီးထွက်လို့ အိပ်ယာက နိုးရင် ငါအခုဘယ်မှာလဲ ဆိုတာကို အတော် စဉ်းစားယူရတယ်။ မိန်းမရလို့ ဘေးမှာ အိပ်နေတဲ့လူကို ဒါ ဘယ်ကလူလဲ မသိဘူး ဆိုပြီး မေ့နေရင် ဒုက္ခပဲနော်။

အခု ပြောပြီးသလောက်က ကျနော့်ရဲ့ စိတ်ဓါတ်ပေါ့။ ကိုယ့်ကိုယ်ကို သိသလောက်ပါ။ ရုပ်ရည် ရူပကာကတော့ သိပ်ပြောစရာ မလိုဘူး ထင်တယ်။ တစ်ခါတစ်ခါ မှန်ကြည့်ပြီး ကိုယ့်ဖာသာကိုယ် ကြိတ်ကြွေနေတာ။ ကြည်ညိုလွန်းလို့လေ။ အရပ်က ခပ်မြင့်မြင့်ဆိုပါတော့။ လူကတော့ ကြည့်လိုက်ရင် ခပ်ပိန်ပိန်ပဲ။ ဒါပေမယ့် မပိန်ဘူးဗျ။ ပေါင် (၁၅၀) နီးပါးရှိတယ်။ တစ်ခုချင်းစီ ဖြုတ်မချိန်ဖူးတော့ ဘယ်နားက လေးလို လေးနေမှန်း မသိပါဘူး။ မျက်မှန်နဲ့ဆိုပေမယ့် အမြင် မကျဉ်းပါဘူး။ လူရဲ့ အကျင့်က ဆံပင်မှာ ပေါ်တယ်လေ။ ထောင်ထောင် ထောင်ထောင်နဲ့။ စဉ်းစားသလားတော့ မမေးနဲ့ ခေါင်းပေါ်က ဆံပင်ဖြူတာ ရေကြည့်ပေတော့။ အခုတလော အပျင်းကြီးလို့ မစဉ်းစားတော့တာ ဆံပင်တွေတောင် အတော် ပြန်မဲသွားတယ်။ ရုပ်ကတော့ ဗမာနဲ့ မတူတာ အမှန်ပဲ။ ရှမ်းလိုလိုပဲ။ အသားကဖြူတော့ ဂျပန်နဲ့ လူမှားခံရတယ်။ ဂျပန်တွေက `အိချိနော ကုကု ကဲ့ကဲ့´ ဆိုပြီး လာလာပြောလို့ အိုင်ဒုန့်နိုး လို့ ငြင်းငြင်းလွှတ်ရတယ်။ တစ်ခါက ရွှေတိဂုံဘုရားပေါ်မှာ တိုးတစ် ထင်လို့ ဘုရားလူကြီးတွေ အနောက်က လိုက်ချောင်းတာ ခံရဖူးတယ်။ ရင်ဘတ်မှာ တံဆိပ်မကပ်တော့ ပိုက်ဆံကောက်မလို့ လိုက်ချောင်းတာနေမှာ။

ကဲကဲ။ ဒီလောက်ဆို ပီကေရဲ့ မူကြမ်းလေးတော့ ပေါ်လောက်ရောပေါ့။ ရုပ်အတိအကျ သိချင်ရင်တော့ အီးမေးပို့ပေးလိုက်မယ်။ အီးမေးရတဲ့ နေ့ကစပြီး စက်ထဲမှာ ရှိတဲ့ ဗိုင်းရပ်စစ်တဲ့ ပရိုဂရမ်တွေ ဖြုတ်ပစ်လိုက်တော့။ မလိုတော့ဘူး။ သူတို့ထက် ဆိုးတဲ့ အကောင် ရောက်နေပြီလေ။

ကဲ ကျနော့်ကို တက် (TAG) လိုက်တဲ့ ညီမလေး မေပျိုရေ။ ဒီလောက်နဲ့ ကျေနပ်ရဲ့လား။ မကျေနပ်လည်း ဒီထက်တော့ ပို မရေးတတ်တော့ဘူးကွယ်။ ကျေနပ်လိုက်တော့။


ရှေးခေတ် ဓာတုဗေဒ ပညာရပ်

မြန်မာနိုင်ငံမှာ ဓာတုဗေဒ ဓာတ်ဆေး (Chemicals) တွေကို ပုဂံခေတ် ကတည်းက စပြီး သုံးတတ်တဲ့ အလေ့အဓ ရှိနေပြီလို့ ကျောက်စာ အထောက်အထား အရ သိရပါတယ်။ ပုဂံမြို့ဟောင်း စောလှဝန်းဘုရား အနီး အမတ် အသ၀တ် ဓမ္မာမယား ကျောက်စာမှာ တွေ့နိုင်ပါတယ်။ ကျမ်းကိုး ကျမ်းကားနဲ့ စပြီး တွေ့ရတာကတော့ ၁၇၅၉ ခုနစ်က သင်္ဘောဆေးစာ အမည်ရှိတဲ့ ပေစာမူအရ သိရတယ်။ ကုန်းဘောင်ခေတ်အစ အလောင်းမင်းတရား လက်ထက်မှာ ရေးမှတ်ထားခဲ့တဲ့ သင်္ဘောဆေးစာ ဆိုတဲ့ ပေမူဟာ ဓာတုဗေဒကျမ်း တစ်ဆူပါပဲ။ အထဲမှာ ပါတဲ့ စာသားတချို့အရ အဲဒီကျမ်းဟာ မြန်မာနိုင်ငံနဲ့ အဲဒီအချိန်က အဆက်အသွယ် ရှိနေတဲ့ ပေါ်တူဂီတွေ ဆီကနေ ကူးယူထားတယ်လို့ သိရတယ်။
မူရင်းကျမ်းမှာ ထုတ်လုပ်နည်းပေါင်း ၁၀၀ ကျော် ဖော်ပြထားတယ်။ အဲဒါတွေကို မျိုးတူမျိုးတူ အစုပဲ ဒီအတိုင်း အဆင်ပြေသလို ပြထားတော့ အားလုံးဟာ ပြန့်လျားကြီး ဖြစ်နေတယ်။ ဒါကို တူရာတူရာ စုစည်းပြီး အုပ်စုဖွဲ့လိုက်ရင် အုပ်စု (၃၀) ရလာတယ်။ အဲဒါကို အကျဉ်းချုပ်မျှ ဖော်ပြချင်ပါတယ်။

  1. ဆင်စွယ်လုပ်ငန်း – အစိမ်းဆိုးနည်း၊ ဆင်စွယ်ပျော့နည်း။
  2. သင်္ဘောဆေးနှင့် ငွေမင်လုပ်နည်း (၃) နည်း။
  3. အရိုး အနက်ဆိုးနည်း၊ အရိုးပျော့နည်း။
  4. ပုလဲတု လုပ်နည်း။
  5. ရွှေလုပ်ငန်း – ရွှေရေး ရွှေချနည်း၊ သံပေါ် ရွှေရေးနည်း၊ ရွှေချနည်း (၂) နည်း၊ ရွှေပင် ငွေပင် စိုက်နည်း (၄) နည်း၊ ရွှေမှုန့် စားဆေးဖော်နည်း (၂) နည်း၊ သံ ရွှေရောင်တင်နည်း၊ ရွှေရောင်ရေးနည်း (၂) နည်း ရွှေ အတုချက်နည်း။
  6. ကြေးနီလုပ်ငန်း – ကြေးနီဖြူနည်း (၂) နည်း၊ ကြေးဝါ ကြေးနီ ဖော်နည်း၊ သံကြေးနီလုပ်နည်း။
  7. ရေပြင်း (Acid) လုပ်နည်း (၅) နည်း။
  8. မီးစုံး (Phosphorus) ချက်နည်း (၂) နည်း။
  9. သတ္ထု အရည်ပျော် အကူပစ္စည်း (Flux) လုပ်နည်း (၅) နည်း။
  10. ဒုတ္ထာ ဆီချက်နည်း (၃) နည်း။
  11. သန္ဓာ၊ ဥဿဘုရား နှင့် ကျောက်မျက် ရတနာ အတုလုပ်နည်း။
  12. သံပင် စိုက်နည်း။
  13. လောင်မီး ဖော်နည်း (၃) နည်း။
  14. ဖန်ချက်နည်း (၁၁) နည်း။
  15. သစ်ပင်ဆား (Potassium Carbonate) ထုတ်လုပ်နည်း။
  16. မိန်လာ မျိုးစုံ လုပ်နည်း (၁၂) နည်း။
  17. သစ်သား အရောင်တင်ဆီ လုပ်နည်း (၃) နည်း။
  18. သစ်သီး၊ သစ်စေ့၊ ကြက်ဥတို့မှ အဆီထုတ်နည်း
  19. ပြဒါး သန့်စင်နည်း။
  20. လက်ချား ပြုလုပ်နည်း။
  21. ကန်ပွင့် ချက်နည်း။
  22. မှန်ပြဒါးတင်နည်း၊ ဆေးရေးနည်း။
  23. တရုတ် ပန်းကန် လုပ်နည်း။
  24. ချည် အ၀တ်ဆိုးဆေး လုပ်နည်း (၆) နည်း။ ချုပ်ဆေး ဖော်နည်း။
  25. သစ်သီးများ တာရှည်ခံအောင် ထားသိုနည်း။
  26. သံလိုက်အိမ်မြှောင် လုပ်နည်း။
  27. တဏှာကျွဆေး ဖော်နည်း (၂) နည်း။
  28. သံဂုဏ်ဂမ္မံ အားဆေးဖော်နည်း (၂) နည်း။
  29. ဆံပင် မဖြူအောင် လုပ်နည်း
  30. ၀က်ခြံပျောက်ဆေး ဖော်နည်း။

အပေါ်မှာ ပြထားတဲ့ နည်းတွေကို အခြေခံ ဓာတုကုန်ထုတ် ပညာနည်းစဉ်တွေ ဖြစ်တဲ့ ကျိုချက်ခြင်း၊ အငွေ့ပြန်ခြင်း (Evaporation) ၊ ပေါင်းခံခြင်း (Distillation) ၊ မီးဖြင့်လှော်ခြင်း၊ ပြုတ်ခြင်း၊ အပူတိုက်ခြင်း၊ မီးအုံးခြင်း၊ မီးကင်ခြင်း၊ မီးဖုတ်ခြင်း၊ အခြောက်ခံခြင်း၊ အအေးခံခြင်း၊ အမှုန့်ကြိတ်ခြင်း၊ စကာချခြင်း၊ မွှေခြင်း၊ နှဲခြင်း၊ အရည်စိမ်ခြင်း၊ အရည်ဖျော်ခြင်း၊ အနည်ထိုင် အကြည်ခံခြင်း၊ အရည်စစ်ခြင်း၊ ဓာတ်စွဲကပ်ခြင်း (Absorption)၊ အဆီထုတ်ခြင်း (Oil Extraction) စတဲ့ လုပ်ငန်းစဉ်တွေနဲ့ ဆောင်ရွက်တယ်။ အပူပေးတဲ့နေရာမှာ ထင်းမီး၊ မီးသွေးမီးကို သုံးတယ်။ တစ်ခါတစ်လေ တိုက်ရိုက် အပူပေးပြီး တစ်ခါတစ်ရံ ရေ၊ သဲ၊ ဖွဲ၊ နွားချေး၊ မြင်းချေးတွေနဲ့ ကြားခံထားပြီး အပူပေးလို့ မီးအရှိန်ကို လိုသလို ထိန်းချုပ်နိုင်တယ်။

အဲဒီလို ထုတ်လုပ်တဲ့နေရာမှာ သုံးတဲ့ ကိရိယာတွေ၊ ကုန်ကြမ်းတွေ ( ဓာတုပစ္စည်းများ၊ သစ်ပင်ထွက် ပစ္စည်းများ နဲ့ လူ တိရိစ္ဆာန်ရဲ့ ပစ္စည်းများ ) ကို ကြည့်ပြီး အဲဒီခေတ်က သိပ္ပံပညာ အဆင့်အတန်းကို လေ့လာနိုင်တယ်။

ထုတ်လုပ်မှု ကိရိယာများ
အငွေ့ပြန် ပေါင်းခံရန် လံဘိကာပ (Alembic) ပေါင်းချောင်၊ စဥ့်သုတ်အိုးကောက်၊ ခံအိုး (Condenser Receiver)၊ ဖန်ခံအိုး၊ ခဲမဖြူ ပွတ်ခံအိုး၊ အလိုက်ကလိုက်။
အရည်ကျိုရန်၊ ပြုတ်ရန်၊ လှော်ရန် မြေအိုး၊ ကြေးအိုး၊ သံအိုး၊ ဖန်အိုး၊ သမ္ပရာပိုင်း။
မီးပြင်းတိုက်၍ ကျိုရန် လုံ၊ မိုက်၊ မိုက်လုံ၊ မိုက်ခွက်၊ စဥ့်သုတ်မိုက်၊ စဥ့်ဖြူသုတ်မိုက်၊ စဥ့်ဖြူလိမ်းမိုက်၊ ဖန်ဖြူ အတွင်းပြီးမိုက်၊ မိုက်စောက်၊ စလောင်းပါမိုက်။
အရည်စိမ်၊ အရည်ဖျော်၊ အနည်ထိုင်ရန် စဥ့်အိုး၊ ကြွေအိုး၊ အင်တုံ၊ မြေပုံး၊ ဖန်ဖလား၊ ဖန်အိုးလက်ရှည်၊ ပုလင်းကြီး၊ ညောင်ရေအိုး အ၀ကျယ်။
မွှေရန် သံဇွန်း၊ သံယောင်းမ။
အမှုန့်ကြိတ်ရန် ကြေးဆုံ၊ ကျောက်ပြင်။
စကာချရန် အ၀တ်၊ ပုဆိုး။
ဆီထုတ်ရန် အရည်စစ်သားရေအိတ်၊ အိတ်ကို ညစ်ယူရန် အပူပေးနိုင်သည့် ကြေးညှပ်၊ သံပြားညှပ်။
ပုဂံကြွေရည်သုတ် ရာတွင် ညှိပေးသည့် ယုန်မွှေးစုတ်တံ၊ နွားမွှေးစုတ်တံ။
အထွေထွေသုံးရန် ဖန်ခွက်၊ ပန်းကန်ပြား၊ ဖန်လုံး၊ မှန်ပြား၊ စက္ကူဖြူ၊ ရေပြင်းချက်ဖို၊ အိုးထိန်းစက်။

ဓာတုဗေဒ ပစ္စည်းများ
ရေပြင်း၊ ငရဲမီး (Acid) ၊ ပုံးရည်ပြင်း၊ သုံးခါပြန် ပုံးရည်၊ ထန်းရည်ပုံးရည် (Acetic Acid) ၊ အသစ်ညှစ် သံပုရာရည် (Citirc Acid) ၊ အိန္ဒနံပုံးရည် (Lead monoxide) ၊ အာဂေါ်ရေဆီ၊ ရေဘုရင် (တော်ဝင် အက်ဆစ်၊ Aqua regia) ၊ ကက္ကူကမည်း (Benzonic Acid) ၊ ပြဒါး၊ ဟင်္သပဒါး၊ အမာလာဂမာ (Amalgam) ၊ ရွှေဆိုင်း၊ စိန်ဖြူ (Arsenic) ၊ ဆေးဒါန်း၊ ကန့်၊ ခဲမ၊ ခဲမပုတ်၊ ခဲပြာ၊ ခဲမပြာ၊ ခဲမနက် (Graphite) ၊ ဝှော်ဆ၀ရော၊ လောင်မီး (Phosphorus) ၊ ခဲမဖြူ (ဘင်၊ သလွဲဖြူ၊ Pewter) ၊ ခနောက်စိမ်း (Antimony) ၊ ဘော် (Silver) ၊ ရွက်နီဘော်၊ ဂျွတ် (Bismuth) ၊ မီးသွေး၊ ကျပ်ခိုး၊ သံ၊ သံမှုန့်၊ သံတစဉ်းစာ၊ သံပြာ၊ သံမဏိပြာ၊ သံဂုံဂမံ (Ferric oxide) ၊ ကြေးနီ၊ ကြေးဝါ၊ ဒုတ္ထာ၊ ဒုတ္ထာဆီ၊ ဒုတ္ထာရည် (Blue vitorial, Copper sulphate) ၊ ယမ်း၊ ယမ်းပြန်ပြီး၊ ယမ်းစိမ်း၊ တာတရု၊ တာတဂူ၊ တာတလူ (Nitre, Salpeter, Potassium nitrate) ၊ ဇ၀က်သာ (Salammoniac, Ammonia chloride) ၊ လက်ချား (Borax, Sodium Pyroborate) ၊ သစ်ရွက်ပြာ၊ စဖိုပြာ (Potassium carbonate) ၊ မဖောက်ထုံး၊ မြေဖြူ၊ အာရုဒါ၊ အာရုဝါ (အရက်ဆား)၊ ကျောက်ချဉ်၊ ဆား (Sodium chloride) ၊ သဲ၊ အုတ်မှုန့်၊ အုတ်နီခဲ၊ မြေအိုးမှုန့်၊ အရက်နီ၊ ဘရံအရက် (Brandy) ၊ အာရကော် (Alcohol) ၊ သင်းတွဲစိမ်းမှုန့်၊ သန္ဓောဆား၊ တရေမင်တီနာဆီ၊ ရောဘာရဘူ (ထင်းရှူးဆီ)၊ အိန္ဒနံကျောက်၊ နှင်းရည်၊ ပရုပ်၊ ရေနံဆီ၊ ကတ္တရာဆီ၊ မြေဖယောင်း၊ နိပဆေး၊ သေနတ်ကျောက်၊ အင်ကြင်းကျောက်၊ သံလိုက်ကျောက်၊ ကျောက်သလင်း၊ ကျောက်စစ်။

အပင်ထွက် ပစ္စည်းများ
ဖုံးမသိမ်ရွက်၊ သမင်စမ၊ သမင်စဖို၊ ငှက်ပျော၊ လိပ်စရွေ၊ မဲကြီးရွက်၊ ထနောင်းကြူ၊ သက်ကယ်၊ အမှော်နရကူစေ့၊ ရှားပေါက်စေ့၊ သရက်ပွင့်၊ သရက်စေ့၊ အုတ်ရှစ်စေ့၊ အုတ်ရှစ်ဆီ၊ ပေါင်ပဲစေ့ (မာလတိ) ၊ ပေါင်ပဲ့ဆီ၊ ပိုက်ဆံစေ့၊ ပိုက်ဆံဆီ၊ ချဉ်သီးစေ့၊ ငရုတ်ကောင်း၊ ဖာလာ၊ ဇီယာ၊ စမုံမျိုးငါးပါး၊ ပဉ္စကနီသီး၊ ကညင်သီး၊ သပြေစေ့၊ သပြေသား၊ သပြေဆီ၊ ရုံးပတီသီး (ပဉ္စငါးပါး)၊ ကျစုသီး၊ လင်းနေဆီ၊ သင်းတွဲကညင်ဆီ၊ အုန်းဆီ၊ ရှားဆေးအဆီ၊ ဘိန်း၊ သစ်ကျပိုး၊ တောရပ်ခေါက်၊ ဇာတိပ္ဖိုလ်ပွင့်၊ လေးညှင်းပွင့်၊ သစ္စေး၊ ချိပ်၊ ရှိန်းခို၊ ကနခို၊ ကြောင်ပန်း၊ မုတ်၊ ရှောက်ခွံ၊ ချင်းခြောက်၊ ဟင်းနုနွယ်၊ ပိန္နဲနွယ်၊ နနွင်းတက်၊ ထန်းနို့၊ မဲနယ်၊ သကြားပွင့်၊ ဂျုံမှုန့်၊ တိန်းညက်၊ ထန်းလျက်။

လူတိရိစ္ဆာန်တို့၏ ပစ္စည်းများ
လူ့အံဘတ်၊ လူ့ကျင်ကြီး၊ လူ့ကျင်ငယ် (Urine phosphate) ၊ မြင်းချေး၊ နွားချေး၊ ထောပတ်၊ ၀က်ဆီ၊ ဆိတ်ဆီ၊ နွားဆီ၊ ကျွဲဆီ၊ ခွေးဆီ၊ ၀မ်းဘဲဆီ၊ ကင်းပုစွန်ဆီ၊ ခွေးမနို့၊ ခွာအမျိုးမျိုး၊ သမင်ဂျို၊ ဂျိုအမျိုးမျိုး၊ အမဲရိုး၊ အမွှေးအတောင် အမျိုးမျိုး၊ ကြက်ဥအကာ၊ ပရွက်ကောင်၊ ခါချဉ်ကောင်။

ကျမ်းကြီး တစ်စောင်လုံးမှာ အရေးအသားပိုင်း အံသြရလောက်အောင် တိကျမှုရှိတယ်။ စနစ်ကျတယ်။ ရေပြင်းချက်တဲ့ဖို တည်ဆောက်ပုံ ဖော်ပြတဲ့နေရာမှာ ဟာကွက် မရှိအောင် အသေးစိတ် ဖော်ပြထားပုံက နှစ်လိုဖွယ်ကောင်းတယ်။ မီးပေးမီးယူ ထုတ်လုပ်မှု ထိန်းချုပ်ပုံ စနစ်ကလည်း အလွန် သိပ္ပံနည်း ကျလှတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ရာနဲ့ချီတဲ့ အချိန်ကတည်းက ပြုစုထားတဲ့ မြန်မာတို့ရဲ့ ဓာတုဗေဒ ထုတ်လုပ်ရေးတစ်ရပ် ဖြစ်ပေမယ့် အခုခေတ် အဆင့်နဲ့ ချိန်ထိုးကြည့်ရင် ရေးသားပုံက ရေပက်မ၀င်အောင် ရှိနေလို့ ဂုဏ်ယူစရာ သိပ်ကောင်းတယ်။
ဓာတုဗေဒ ပညာရပ် ပိုင်းက သုံးသပ်ရင်လည်း ဓာတုပညာရပ်ကို စခဲ့တဲ့ ရှေးခေတ် အဂ္ဂိရတ် ဆရာကြီးတွေရဲ့ ယမ်းငရဲမီး၊ ကန့်ငရဲမီး၊ ဆားငရဲမီး နဲ့ ရွှေစား ငရဲမီး ထုတ်လုပ်ပုံ နည်းစနစ်တွေနဲ့ ပုံစံတူတာ တွေ့ရတယ်။ ဒါကြောင့် မြန်မာတွေဟာ အဲဒီ အချိန်ကတည်းက မှန်ကန်တဲ့ ဓာတုဗေဒ ပညာ လမ်းကြောင်းပေါ်ကို ခြေချမိနေပြီ ဆိုတာ သိသာ ထင်ရှားပါတယ်။ ဒါတွေကို ကြည့်ပြီး ရှေးခေတ် ဓာတုဗေဒ ပညာရပ်ဟာ ရွှေဖြစ် ငွေဖြစ် စိတ်ကူးယဉ်ဆန်တဲ့ ၀ိဇ္ဇာ ပညာရပ်ချည်း မဟုတ်ဘဲ သိပ္ပံပညာရပ်တွေလည်း ရှိသေးတယ်ဆိုတာ မြင်သာထင်သာအောင် တင်ပြလိုက်ပါတယ်။

ဤပို့စ်ကို ရှေးခေတ်မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာမျိုးသန့်တင် မှ နားလည်သလို ပြန်လည် ကောက်နှုတ် ကိုးကား၍ ဖော်ပြလိုက်ပါသည်။


ကျနော်၏ ကျေးဇူးရှင်ကြီးများ (စာပေ)

ရေးမယ် ရေးမယ်နဲ့ ချိန်ရင်းနဲ့ပဲ အကြွေးကလည်း တစ်နေ့တစ်ခြား ပုံလအော် တိုက်လာပြီ။ တစ်ခုချင်းဆီ အမြန်ဆပ်မှ ဖြစ်မယ်လေ။ တော်ကြာ နောင်ဘ၀ကျ ဆပ်နေရမယ်။ ကျနော် အရင်ဆုံးနဲ့ အပြောချင်ဆုံး ကတော့ စာအုပ်တွေ နဲ့ သူတို့ရဲ့ စာရေးသူတွေ အကြောင်းပါ။ ကျနော့်ကို တက် (TAG) ထားတာကတော့ အကြိုက်ဆုံး စာရေးဆရာတွေကို ပြောဖို့ပါပဲ။ ဒါပေမယ့် သူတို့တွေ ရေးတဲ့ စာအုပ်ထဲက အကြိုက်ဆုံး စာအုပ်တချို့ကိုလည်း ထုတ်ပြချင်သေးတယ်။ အခု ကောင်းတယ်ဆိုတဲ့ အမြင်တွေက ကျနော် အမြင်ပဲ ဖြစ်လို့ မှားကောင်းမှားပါမယ်။ အနည်းဆုံး ကျနော် ဘာကို ကြိုက်သလဲ ဆိုတာတော့ စာဖတ်သူတွေ ရိပ်စားမိသွားမှာပါ။

ကျနော် စာဖတ်လာတဲ့ သက်တမ်းက အတော် နုပါသေးတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကမှ စပြီး အသည်းအသန် ဖတ်ဖြစ်တာပါ။ အဖတ်ဖြစ်ဆုံး အချိန်က ၂၀၀၀-၂၀၀၃ ကြားပါ။ ရွာမှာ ကျောင်းသွားတတ်ရတော့ အဆောင်နေရတဲ့ အချိန်ပါ။ ရွာဆိုတော့ ထုံးစံအတိုင်း လည်စရာက မရှိ။ ပိုက်ဆံရှိလို့ သုံးချင်ရင်တောင် သုံးစရာ နေရာ မရှိဘူးလေ။ ဒါကြောင့် အားအားရှိ အဆောင်မှာပဲ စာဖတ်နေဖြစ်တယ်။ စာဖတ်တာလည်း သိပ်မကြာသေးတော့ စာဖတ်တအား နှေးတယ်။ နောက်ပြီး စာတစ်ကြောင်းကို နားမလည်ရင် အရှေ့ဆက် မဖတ်ဘဲ စာအုပ်ဘေးချပြီး စဉ်းစားတတ်တဲ့ အကျင့်ကြောင့်လည်း စာအုပ်တစ်အုပ်ဆို တော်တော်နဲ့ မပြီးတော့ဘူးလေ။ နောက်ပြီး ဖတ်လိုက်ရင် စဉ်းစားရမယ့် စာအုပ်မှ ဖတ်တော့ တမေ့တမျှော ဖတ်ရတယ်။

ငယ်ငယ်က ၀တ္ထုဆိုရင် သိပ်မုန်းတာ။ အဒေါ်တွေက ၀တ္ထုသိပ်ဖတ်တယ်။ ဒါကြောင့် အိမ်မှာ အဖွားနဲ့ နှောင်ချိန်ပလေး ရတယ်လေ။ သူတို့က ၀တ္ထု လက်ထဲ ရောက်ပြီဆိုရင် အလုပ်မလုပ်တော့ဘူး။ အဲဒီ ကတည်းက ကျနော် ၀တ္ထုကို မုန်းတယ်။ လူတွေကို ပျင်းအောင် လုပ်တယ်လို့ ခံယူထားတယ်။ အမတွေလည်း ကြီးလာတော့ သူတို့လည်း ၀တ္ထု ဖတ်တတ်လာတယ်။ သူတို့လည်း ရောဂါကူးပြီး ပျင်းတတ်လာရောပဲ။ ဒါနဲ့ ကျနော် ကိုးတန်း အရွယ်လောက် ရောက်တော့ ဘာလို့ လူတွေ ဒီလောက် ၀တ္ထု စွဲသလဲ ဆိုတာကို စိတ်ဝင်စားလာတယ်။ ဒါနဲ့ပဲ ငါလည်း ဖတ်ကြည့်မှ သိမှာပေါ့ ဆိုတဲ့ အတွေး ၀င်လာတယ်။ ဒါပေမယ့် အကျင့်က လက်တစ်လုံးလောက် ထူတဲ့ စာအုပ် ကိုင်မိရင်ကို သန်းတတ်တဲ့ အကျင့်က ရှိတော့ ဒီလောက် ထူတဲ့ ၀တ္ထုကို ဘယ်လို ဖတ်ရပါ့လို့ အကြံထုတ်တယ်။

အချစ်ဝတ္ထု ဆိုရင်တော့ အတော် ပျင်းဖို့ကောင်းမယ်။ အဲဒီတုန်းက တရုတ်သိုင်းကားတွေ ကြည့်နေတာဆိုတော့ သိုင်းဝတ္ထု ဆိုရင် ကိုယ်နဲ့ နည်းနည်း အဆင်ပြေမယ် ဆိုပြီး သိုင်းဝတ္ထု တစ်အုပ် ငှားပြီး ဖတ်တယ်။ နာမည်တော့ အခု မမှတ်မိတော့ဘူး။ စဖတ်တော့ သင်္ချီုင်းကုန်း အကြောင်း စပြောတယ်။ ဘယ်လို အနိဋ္ဌာရုံ ဖြစ်နေသလဲ ဆိုတာကို ဖွဲ့နွဲ့လိုက်တာ (၉) မျက်နှာသာ ကုန်သွားတယ်။ သင်္ချီုင်းကုန်းက မထွက်သေးဘူး။ ဒါနဲ့ ဖတ်ရင်း အိပ်ပျော်သွားတာ နံနက်ရောက်တော့ ကြည့်လိုက်တာ ဆယ်မျက်နှာပဲ ပြီးသေးတယ်။ အဲဒီ ဆယ်မျက်နှာကို ဖတ်လိုက်တာ အနည်းဆုံး ၂ နာရီ ကြာမယ်။ ကဲ ဘယ့်နှယ့် ပြီးအောင် ဖတ်ကြမလဲဗျာ။ ဒါနဲ့ပဲ နောက်နေ့ အဲဒီစာအုပ်ကို ပြန်အပ်လိုက်တယ်။ ဘယ်တော့မှ မဖတ်တော့ဘူး လို့လည်း ဆုံးဖြတ်လိုက်တယ်။

ဆရာတော်ကြီးတွေ ဟောတဲ့ (သို့) ရေးတဲ့ တရား စာအုပ်တွေကို ၁၉၉၈ ခုနစ်မှ စဖတ်ဖြစ်တယ်။ ရန်ကုန် စရောက်တော့ ဦးလေးက စာအုပ် တစ်အုပ် လာပေးတယ်။ အဲဒီ စာအုပ်ကို ဖတ်ခိုင်းတယ်။ ပြီးရင် အဲဒီ အထဲက ဘုရားစာကို ကျက်ခိုင်းတယ်။ ဦးလေးကို ကြောက်တော့ ဟုတ်ကဲ့ ဆိုပြီး ယူထားတယ်။ ပြီးတော့ ခေါင်းအုံး အိပ်တယ်လေ။ သူ့ဆီမှာ နေတဲ့ တစ်နှစ်ကျော်လုံးလုံး လုံးဝ မဖတ်၊ မလှန်ဘဲ ပြန်ခါနီး ပြန်ပေးလိုက်တယ်။ အဲဒီ စာအုပ်နာမည်က မေတ္တသုတ်တဲ့။ ဦးသုခ ရေးတာ။ သိပ်ကောင်းတဲ့ စာအုပ်တစ်အုပ် မှန်း နောက်မှ သိတယ်။ ၁၉၉၈ ခုနစ် စိတ်ဓါတ်တွေ အဆုံးထိ ပြုတ်ကျပြီး ဘယ်ခွေးမှ လူမထင်တဲ့ အချိန်မှာ စာအုပ်တစ်အုပ် ကျနော်ဆီ မျက်စိလည် လမ်းမှားပြီး ရောက်လာတယ်။ သူငယ်ချင်း အမကြီး တစ်ယောက်က ဖတ်ကြည့် ဆိုပြီး ထည့်ပေးလိုက်တာ။
အဲဒီ ၁၉၉၈ ခုနစ် ဆိုတာ ကျနော်ဘ၀ရဲ့ အတွေးအခေါ် တစ်ဆစ်ချိုး ကာလ တစ်ခုပါ။ နှစ်ဦးပိုင်းမှာ လူက စိတ်သိပ်ညစ်နေတယ်။ ဘယ်လူနဲ့မှလည်း စကား မပြောချင်ဘူး။ ကျောင်းသွားလို့ အိမ်ပြန်ရောက်ရင် အစာစားပြီး အိပ်တယ်။ အိပ်ပြီး ထစားတယ်။ ဒါပဲ လုပ်တယ်။ ဘာမှ လုပ်စရာ မရှိရင် ကုတင်မှာ ခွေနေတယ်။ အစာစားချိန် ထစားတယ်။ ဒါပဲ။ အဲဒီလောက် ဘယ်သူနဲ့မှ စကား မပြောချင်လောက်အောင် စိတ်တိုနေတယ်။ စိတ်ညစ်နေတယ်။ ဘာလို့ အဲဒီလို ဖြစ်ရသလဲ ဆိုရင် လောကကြီးကို မကျေနပ်လို့။ ကိုယ်ထားတဲ့ မေတ္တာအတိုင်း တန်ပြန် တုန့်ပြန်ဖို့ နေနေသာ အမုန်းတွေရဲ့ ဘက်ကစ်တွေပဲ ခံနေရတယ်။ အများသဘောတူ ၀ိုင်းပြီး နှိပ်စက်နေတယ်လို့ ခံစားနေရတော့ ပုံလို့ရတဲ့ လောကကြီးကိုပဲ မတရားဘူးကွာလို့ အပြစ်တင် နေမိတော့တယ်။ လူတွေက ငါပေးတဲ့ မေတ္တာနဲ့ မတန်ဘူး ဆိုပြီး လူတွေနဲ့ စကားမပြော ချင်တော့ဘူး။

ငါ တန်ဖိုးထားတဲ့ မေတ္တာကို လူတွေ တန်ဖိုး မထားတတ်ကြဘူးလို့ တွေးလာတယ်။ ဒါပေမယ့် အဲဒီ အတွေးဟာ စာအုပ်တစ်အုပ်ကို ဖတ်ပြီး သွားတဲ့ အချိန်မှာ ဘ၀ အသစ်တစ်ခုကို ရောက်သွားသလို ခံစားလိုက်ရတယ်။ ငါ နားလည်ထားတဲ့ မေတ္တာဆိုတဲ့ အရာဟာ မေတ္တာမှ မဟုတ်ဘဲ။ ဒီတော့ မဟုတ်မှန်တဲ့ မေတ္တာနဲ့ ဆက်ဆံခံရတဲ့ လူတွေဆီက တန်ပြန်လာတဲ့ ရိုက်ချက်တွေဟာ ငါ ခံသင့်လို့ ခံရတာပဲလို့ လုံးဝ နားလည်သွားတယ်။ အဲဒီစာအုပ်ဟာ မေတ္တာအကြောင်း ကျနော်ကို အနားလည်ဆုံး ရှင်းပြပေးနိုင်တဲ့ ဆရာတော် ဦးဇောတိက ရဲ့ မေတ္တာတရား ဆိုတဲ့ စာအုပ်ကလေးပါ။ အစစ်မှန် တစ်ခုကို သိရှိနားလည်သွားတဲ့ လူတစ်ယောက်ဟာ အတုတွေကြားက ရုန်းထွက်ဖို့ ကြိုးစားမှာ အမှန်ပါပဲ။ အဲဒီလိုပဲ ကျနော်ဟာလည်း ဆရာတော်ရဲ့ ကျေးဇူးကြောင့် မေတ္တာအစစ် ဆိုတာနဲ့ မွေ့လျော်တတ်လာတယ်။ မေတ္တာနဲ့ ဆက်ဆံတတ်လာတော့ လောကကြီးက စိုပြေလာတယ်။

၂၀၀၀ ခုနစ်နဲ့ နေ့တစ်နေ့မှာ ငယ်သူငယ်ချင်းဟောင်း နှစ်ယောက်နဲ့ လက်ဘက်ရည်ဆိုင် ထိုင်ရင်း ပြောဖြစ်တဲ့ ကိုမြတ်ရဲ့ စာတချို့ဟာ အခုထိ နားထဲမှာ ထင်ကျန်တုန်းပဲ။ သူဟာ ကျနော့်ကို ရသဦးစားပေး ၀တ္တုတွေကို ဖတ်ဖို့ တိုက်တွန်းခဲ့တယ်။ ခံစားမှုပိုင်း အလေ့အကျင့် အားနည်းတဲ့ လူတွေဟာ ထိပ်တိုက် တိုးလာပြီ ဆိုရင် ကိုယ့်ဖာသာ အကြီးအကျယ် ခံစားရတယ် ထင်ပြီး ရှော့ခ် (Shock) ၀င်တတ်တယ်။ ခံစားမှုပိုင်းဆိုင်ရာ အကောင်းဆုံး လေ့ကျင့်ခန်းကတော့ ရသဦးစားပေး စာပေတွေကို ဖတ်ရှုခြင်းပဲ တဲ့။ ဒါသူငယ်ချင်းရဲ့ စကား ကောက်နှုတ်ချက်ပါ။ သူ့စကားကို အဲဒီအချိန်က မှန်တယ်လို့ လက်မခံပေမယ့် မမှားဘူးလို့တော့ ယုံကြည်တယ်။ ဒါကြောင့် ကျနော် ရသဦးစားပေး ၀တ္ထုတွေကို ဖတ်ဖို့ ကြိုးစားလာတယ်။ ပထမဆုံး ဖတ်ဖြစ်ပြီး အခုထိလည်း ခဏခဏ ပြန်ပြန် ဖတ်ဖြစ်နေတဲ့ ၀တ္ထုတစ်ပုဒ်ကတော့ မောင်ထွန်းသူ ဘာသာပြန်ထားတဲ့ ကင်မီလီ ဆိုတဲ့ အချစ်ဝတ္ထုပါ။

ကျနော်တို့ လူမှုပတ်ဝန်းကျင်ရဲ့ သက်မှတ်ချက်အရ အသက်မွေး ၀မ်းကျောင်းမှုထဲမှာ ပြည့်တန်ဆာ အလုပ်က အနိမ့်ကျဆုံးပါ။ ယဉ်ယဉ်ကျေးကျေး ခေါ်ရင်တော့ လိင်လုပ်သား (Sex Worker) ပေါ့။ ပြည့်တန်ဆာမ ဆိုရင် လူအတော်များများဟာ နှာခေါင်းရှုံ့ပြီး လူရာ မသွင်းချင်ကြပါဘူး။ သူတို့ကိုလည်း အယုံအကြည် သိပ်မရှိကြဘူး။ အချစ်ဆိုတာနဲ့ ပတ်သက်လာရင်တောင် သူတို့ကို အပေါစား ခံစားချက်တွေလို့ လူတွေက ထင်မြင်ကြတယ်။ ကင်မီလီ ၀တ္ထုဟာ ပြည့်တန်ဆာမ တစ်ယောက်နဲ့ ရိုးရိုးသာမန် အရပ်သားလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကို ဖွဲ့နွဲ့ထားတယ်။ သူတို့ ပြဿနာတက်ကြ၊ ကွဲကြ၊ ပြန်ပေါင်းကြနဲ့ အချစ်ဝတ္ထုရဲ့ ထုံးစံအတိုင်း သွားပေမယ့် မတူညီတဲ့ အချက်က ၀တ္ထုပြီးသွားတဲ့ အခါမှာ ကင်မီလီလို့ ခေါ်တဲ့ မာဂရက်ကို ကျနော် အတော် သနားသွားတယ်။ သူ့ရဲ့ အချစ်ကို ကောင်းကောင်း နားလည်သွားတယ်။ ကျနော် အထင်သေးတဲ့ လူတန်းစားတစ်ရပ်ကို သနားပြီး လေးစားလာအောင် ရေးဖွဲ့ထားနိုင်တဲ့ ဘာသာပြန် အချစ်ဝတ္ထုတစ်အုပ်ပါ။ အခုချိန်ထိလည်း မကြာခဏဆိုသလို ပြန်ပြန် ဖတ်ဖြစ်တယ်။

ကျနော်ဟာ တွေးနေရတာကို အတော်လေး သဘောကျတယ်။ စာအုပ်ဖတ်ရင်လည်း စဉ်းစားရတာကိုပဲ ဦးစားပေး ဖတ်တယ်။ ဒါကြောင့် ဒဿန နဲ့ စိတ်ပညာ ဆိုင်ရာ စာအုပ်တွေကို အများဆုံးဖတ်ဖြစ်တယ်။ ဒါကြောင့်လည်း ဘာသာရေး ဆိုတာကို စိတ်ဝင်စား သွားတယ် ထင်ပါတယ်။ အဖတ်ဖြစ်ဆုံး စာရေးဆရာတွေက
၁။ နန္ဒသိန်းဇံ
၂။ ဒေါက်တာ ကျော်စိန်
၃။ ဦးအေးမောင် – ဗုဒ္ဓ နှင့် ဗုဒ္ဓ၀ါဒ
၎။ ဖေမြင့် – မူမှန်စိတ်၊ မူမှန်အတွေး၊ မူမှန်အကျင့်
၅။ ကိုတာ – ဉာဏ်များခြင်း
၆။ ဆန်းလွင်
၇။ ခင်မောင်သန်း (စိတ်ပညာ) – နတ်ကိုးကွယ်မှုနှင့် စိတ်ပညာရှုထောင့်
၈။ ဒေါက်တာ ခင်မောင်သန်း
၉။ အတ္တကျော်

သမိုင်းနဲ့ ပတ်သက်တာ လေ့လာချင်လို့ ဒေါက်တာ သန်းထွန်း ရဲ့ စာအုပ်တိုင်း လိုလိုကို ၀ယ်ဖတ်ဖြစ်ပါတယ်။

ဘာသာပြန်ဝတ္ထု အနေနဲ့တော့ မောင်ထွန်းသူမောင်မိုးသူ နဲ့ မြသန်းတင့် တို့ရဲ့ စာအုပ်တွေပဲ ဖတ်ဖြစ်တာ များတယ်။

ဘာသာစကားနဲ့ ပတ်သက်ရင်တော့ မောင်ခင်မင်(ဓနုဖြူ) နဲ့ မြန်စာအဖွဲ့က ထုတ်တဲ့ စာအုပ်တိုင်းလိုလိုကို ဖတ်ပါတယ်။

စီးပွားရေးနဲ့ ပတ်သက်တဲ့ စာအုပ်တွေကတော့ ကျော်ဝင်းခင်မောင်ညို (ဘောဂဗေဒ) နဲ့ မောင်စူးစမ်း တို့ ရေးတာတွေ ဖတ်ဖြစ်တယ်။

မြန်မာ ၀တ္ထုတွေ အနေနဲ့ ဖတ်ဖြစ်တဲ့ စာရေးဆရာတွေက မင်းခိုက်စိုးစန် (စာအုပ်တိုင်း)၊ နီကိုရဲ (လက်လှမ်းမီသလောက်)၊ ဂျူး (အညွှန်းကောင်းလျှင်)၊ မိုးမိုး (အင်းလျား)

ဟာသတွေ အနေနဲ့ ၀တ္ထုက ဇ၀နကံချွန် နဲ့ မောင်ကောင်းထိုက်။ ကာတွန်း အနေနဲ့ ၀ိဇ္ဇာဗျူးဆွေမင်း ဓနုဖြူ (တွတ်ပီ) နဲ့ ငွေကြည်

ဘာသာတရား အပေါ်မှာ ငယ်ငယ်ကတည်းက အတော်ကို သံသယ ကြီးကြီးနဲ့ နားလည်မှု လွဲခဲ့တယ်။ ကိုယ့်ရဲ့ ပတ်ဝန်းကျင်ကလည်း ဘာသာတရား ဆိုတာကို တလွဲ ဆံပင်ကောင်း ကျင့်သုံးနေကြတယ်။ ကျနော်ဟာ ငယ်ငယ်ကတည်းက မေးခွန်းတွေ အများကြီးနဲ့ ကြီးပြင်းလာခဲ့တယ်။ မေးခွန်းအများစုဟာ ဘာသာရေးနဲ့ ပတ်သက်တယ်။ ဘာသာရေး စာအုပ်တစ်အုပ်ကို ပထမဆုံး ကောက်ကိုင်ပြီး ဖတ်ဖြစ်တာက ၁၉၉၅ ခုနစ်မှာပါ။ ကျောင်းတွင်း အာစရိယ ပူဇော်ပွဲ တစ်ပွဲကို ဦးစီးပြီး လုပ်တော့ ကန်တော့ ပစ္စည်းအနေနဲ့ အမှတ်တရ ဖြစ်အောင် ဘာသာရေး စာအုပ် ပေးမယ်လို့ အတွေးရတော့ ဘာစာအုပ်ပေးမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ရှာမိတယ်။ အဲဒီတုန်းက ပေးဖြစ်လိုက်တဲ့ စာအုပ်က သာသနာရေး ၀န်ကြီးဌာန ကထုတ်တဲ့ ဗုဒ္ဓဘာသာကောင်း တစ်ယောက် ဆိုတဲ့ စာအုပ်ပါ။ ၁၉၉၈ နောက်ပိုင်းမှာ ဘာသာရေး စာအုပ်တွေကို ဦးစားပေး တစိုက်မတ်မတ် ဖတ်ဖြစ်လာတော့ ရင်ထဲက ကိန်းအောင်းလာတဲ့ သံသယ ဆိုတာတွေ မေးခွန်းတွေ တဖြည်းဖြည်းနဲ့ အဖြေတွေ ရလာတယ်။ လူလည်း တဖြည်းဖြည်းနဲ့ အေးချမ်းလာတယ်။ သံသယနဲ့ နေရတဲ့လူဟာ ပူလောင်ပါတယ်။ အခုဆိုရင် သံသယဆိုတာ မရှိတော့ သလောက်ပါပဲ။ ဒါကြောင့် ကိုယ့်ဖာသာ အတော် အေးချမ်းနေတယ်လို့ ယုံကြည်တယ်။
ထွက်သမျှ လိုလို၊ ရသမျှ စုဆောင်းပြီး ဖတ်ဖြစ်တဲ့ စာအုပ်တွေကတော့
၁။ လယ်တီဆရာတော်ကြီးရဲ့ လယ်တီ ဒီပနီပေါင်းချုပ် (၄ တွဲ)၊ ပုစ္ဆာအမေးအဖြေ ကျမ်းများ။
၂။ မဟာစည် ဆရာတော်ကြီးရဲ့ စာအုပ်တွေ (စုဆောင်းလို့ ရသမျှ)
၃။ ရှင် ဇနကာဘိဝံသ (မဟာဂန္ဓာရုံဆရာတော်) ရဲ့ စာအုပ်တွေ
၎။ ဆရာတော် ဦးဇောတိက ရဲ့ ထွက်သမျှ အကုန်။ – အကြိုက်ဆုံးကတော့ မေတ္တာတရား နဲ့ Snow In The Summer
၅။ ဦးရွှေအောင် – အတ္တမှ အနတ္တသို့
၆။ ပါရဂူ – အကြိုက်ဆုံးက ဗုဒ္ဓ ဒိုင်ယာရီ
၇။ ဦးမြင့်ဆွေ (လန်ဒန်) – ပဌာန်းမဟာ
၈။ ဦးသော်ဇင် – မိလိန္ဒပညှာ နဲ့ ၀ိသုဒ္ဓိမဂ်
၉။ ဦးသုခ – မေတ္တသုတ်
၁၀။ ငွေဥဒေါင်း – ဗုဒ္ဓ စာပန်းချီ

အပေါ်မှာ ရေးထားတာတွေကို ထွက်သမျှ ရှာပြီး ဖတ်လေ့ရှိတဲ့ (လေးစားမိတဲ့) စာရေးဆရာတွေပါ။ ဒါပေမယ့် ကြို့ကြား ကောင်းတယ်ဟေ့လို့ သူငယ်ချင်းတွေ ပြောရင် ဖတ်ဖြစ်တဲ့ စာအုပ်တွေလည်း ရှိပါတယ်။ တချို့ အတော်ကြိုက်ပေမယ့် တစ်အုပ်စ နှစ်အုပ်စ ကြိုက်လို့ နာမည် မရေးတော့ပါဘူး။ အကုန်ရေးရင် စာအုပ်ဆိုင် ဖွင့်သလား။ စာကြည့်တိုက်ထဲမှာ အိပ်သလား။ အမေးခံရမှာ စိုးလို့ အမြဲ ဖတ်တဲ့ စာရေးဆရာတွေပဲ ချပြီး စာရင်းပြုစု လိုက်တာပါ။ ဆုံးတဲ့အထိ စိတ်ရှည် လက်ရှည် ဖတ်ပေးတာ ကျေးဇူးတင်ပါတယ်။


ဂျစ် ဂျစ် ဘူ

လမင်းလေးက မသာတသာနဲ့ ဆိုတော့ ညအမှောင်က သိပ်မပီပြင်ဘူး ဖြစ်နေတယ်လေ။ ခပ်မှုန်မှုန်လေးမှာ အလင်းလေး ဖျဖျနဲ့ လမ်းလျှောက်ရတာ အတော်ကောင်းပဲ။ ဒီအချိန်မှာပဲ ရွာက ကာလသားတွေ လူပျိုလှည့်ကြတယ်လေ။ ခေတ်အခေါ် စော်ထွက် ၀ိုက်တယ်ပေါ့ဗျာ။ ဒီလို ညမျိုးလေးကျတော့ သိပ်ကို Romantic ဆန်တယ်လေ။ ဒါကြောင့် လူပျိုတွေက ဒီလို အချိန်မျိုး ရွေးပြီး ရွာထဲက ကွမ်းတောင်ကိုင် မချောတွေဆီ အလည်သွားပြီ ပလီပလာ သွားလုပ်ကြတာပေါ့။ ခေတ်အခေါ် အီတယ်ပေါ့ဗျာ။ ကျနော်တို့ ရွာက လူပျိုကြီး ထွန်းဇော်က ရွာထိပ်က ကွမ်းတောင်ကိုင် အုန်းမြိုင်ဆီကို သွားဖို့ ပြင်ဆင်နေလေရဲ့။ ထွန်းဇော်က ရွာမှာ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးလေ။ အုန်းမြိုင်ဆီကိုတောင် ငယ်သူငယ်ချင်းတွေမို့ သွားရဲတာ။ ဟိုတစ်ယောက်ကလည်း ငယ်သူငယ်ချင်းတွေလို လက်ခံ စကားပြောပေးတယ် ဆိုတော့ အရှက်ကွဲပြီး ပြန်လာစရာ အကြောင်း မရှိဘူးလေ။ ဒါပေမယ့် အလိုက်ကန်းဆိုး မသိတာ အတော် ခက်တယ်ဗျ။ သူက Shadow နဲ့ Base ကို နားမလည်းဘူးလေ။ အရိပ်အခြေ ကိုပြောတာ။
လူပျိုသိုးကြီး ဆိုတော့ ကြောက်ကလည်းကြောက်၊ ရှက်ကလည်းရှက်၊ အရေးထဲ ပြောမယ့်စာတွေကလည်း အလွတ်ကျက်ရသေးတယ် ဆိုတော့ လုပ်သမျှ အချွတ်အချော်တွေ ချည်းပဲလေ။

အုန်းမြိုင်ဆီ ရောက်တော့ ဟိုက ရွာဓလေ့ အကြမ်းအိုးလေးချ၊ ထန်းလျက်နဲ့ ပဲကြီးလှော်နဲ့ ဧည့်ခံတယ်လေ။ ထွန်းဇော်ကတော့ ပဲကြီးလှော်လေးဝါး၊ အာလူးဖုတ်ပေါ့။ အုန်းမြိုင်က ဆီးမီးလေးနဲ့ ဗိုင်းငင်ရင်း အင်းအဲ လိုက်လုပ်ပေးနေရတာပေါ့။ ဟိုကောင်ကလည်း ကျက်လာတဲ့ စာလေး မမေ့ခင် တရစပ် မနားတမ်း ပြောနေတော့တာ။ ဒါနဲ့ အချိန်ကလေး လင့်လာတော့ ပြန်စေချင်ပြီလေ။ အတော်လည်း မှောင်နေပြီလေ။ ဟိုကောင်ကလဲ အလိုက်ကန်းဆိုး မသိဘူး။ ပြန်ဖို့ စကားကျောင်းလည်း သူပြောချင်ရာပဲ ဆက်ပြောနေတော့တယ်။ ပြန်တော့လို့ ပြောရမှာလည်း အားနာတော့ မပြောချင်ဘူး။ အဲဒီလို ပြောနေရင်းနဲ့ပဲ နှစ်ခြံကျော်က ကြက်ဖက ထတွန်ပါလေရော။ ဒါနဲ့ အုန်းမြိုင်လည်း စကားဖျက်ပြီး မေးလိုက်တယ်။ ကြက်ဖတောင် တွန်ပြီ၊ ပြန်တော့ပေါ့။ ဒီလို နားလည်စေချင်တာလေ။ ဟိုက ဘာပြန်ဖြေလဲ ဆိုတော့ ….
ဟဲ့ … ထွန်းဇော်၊ အဲဒါ ဘာအသံလဲ။
အော် … ကြက်ဖတွန်တာလေ။
အယ် … ဘာကြက်လဲ မေးနေတာ။
ဒါလား။ စစ်တကောင်းကြက်လေ။
အချိန်ကို မေးနေတာ ဟဲ့။ အချိန်ကို။
အုန်းမြိုင်ရယ် တစ်ပိဿာခွဲလောက်တော့ ရှိမှာပေါ့။ ဒါနဲ့ … @#!%&^#*@!$ …
ဆိုပြီး သူပြောချင်တာ ဆက်ပြောနေတော့တာ။
ဒါနဲ့ အုန်းမြိုင်လည်း နှင်ထုတ်ရခက် ဖြစ်နေတယ်လေ။ အဲဒီအချိန်မှာ ထွန်းဇော်တစ်ယောက် ပဲကြီးလှော်တွေ အစားကောင်းတော့ ဗိုက်ထဲမှာ တစ်ဂွီဂွီနဲ့ အစွမ်း စပြပြီလေ။ လေလည်ချင်နေပြီ။ ရှင်းရှင်းပြောရရင် ချီးပေါက်ချင်တယ် ပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ လူအနားမှာ ဘယ်လို မျက်နှာနဲ့ ထုတ်မလဲနော်။ ဒါနဲ့ အကြံထုတ်ရတော့တယ်။ ထွက်တော့မယ်လေ။ ထွန်းဇော်မျက်နှာက အဲဒီအချိန်မှာ ချီးမှန်တဲ့ မျက်နှာ မဟုတ်ဘူး။ ချီးတစ်တဲ့ မျက်နှာ ဖြစ်နေပြီ။ သူ အကြံရလိုက်တာက လေလည်တဲ့ အသံကို မကြားရအောင် နှောက်ယှက်မယ်ပေါ့။ ဒါနဲ့ သူက အကြောင်းမဲ့ လေသံကို နည်းနည်း မြှင့်လိုက်တယ်။ နောက်ပြီး အိမ်ကြမ်းပြင်ကြီးကို လက်သည်းနဲ့ ဂျစ်ဂျစ် ဆိုပြီး ခြစ်နေလေရဲ့။ ဟိုက မစပ်စုကလည်း ထူးခြားနေတော့ မသိမသာလေး အကဲခတ်နေတာပေါ့။ ဘာလို့ပါလိမ့်လို့လေ။ ထွန်းဇော်တစ်ယောက် သူရဲ့ လေကို ထိန်းထိန်းသိမ်းသိမ်းလေး လွှတ်ရတော့တာပေါ့။ တဂျစ်ဂျစ်နဲ့၊ တစ်ဖက်က တရှူးရှူးနဲ့ပေါ့။ ဒါပေမယ့် တစ်ချက်မှာတော့ သတိလက်လွှတ်နဲ့ ပစ်ထည့်လိုက်တာ။ ဂျစ် .. ဂျစ် .. ဘူ ဆိုပြီး ထွက်သွားလေရဲ့။ ဒီလောက် ပေါ်တင်ကျနေမှတော့ ဟိုက သိပြီလေ။ ဒါနဲ့ပဲ အုန်းမြိုင်က စိတ်မထိန်းနိုင်တော့ဘဲ တစ်ခစ်ခစ်နဲ့ ရယ်တော့တာပေါ့။
ဒါနဲ့ပဲ လူပျိုကြီး ရှက်လိုက်တာ ပြောမနေနဲ့တော့။ ချက်ချင်းကို ထပြီး ပြေးတော့တာလေ။ မျက်နှာကြီးကို နီရဲနေတာပဲ။ သူ့ချစ်သူရှေ့မှာမှ ထွက်ရက်တယ် အီးရယ် ဆိုပြီး စိတ်ထဲမှာ တစ်ငွေ့ငွေ့ အိမ်အောက် တန်းပြေးတော့တာ။ ဒါနဲ့ အုန်းမြိုင်လည်း အိမ်ရှင်ဆိုတော့ ဧည့်သည်ကို အ၀ထိ လိုက်ပို့ရမယ့် တာဝန် ရှိတယ်လေ။ ဆီမီးလေး ကိုင်ပြီး ထွက်လာတာပေါ့။ လှေကားအောက်မှာ ထွန်းဇော်တစ်ယောက် ဘာရှာနေမှန်း မသိဘူးလေ။ အင်း လရောင်မှောင်မှောင်ထဲမှာ တစ်ခုခု ရှာနေတယ်ပေါ့။ အမှန်က ဘိနပ်ရှာနေတာလေ။ ဒါနဲ့ အုန်းမြိုင်လည်း `ဘာရှာနေတာလဲ၊ ရော့ … ဆီမီးနဲ့ ရှာ´ ဆိုပြီး ဆီမီး လှမ်းပေးလိုက်တယ်။ ဟိုကောင် ထွန်းဇော်က မျက်နှာတွေပူ၊ ခုနက အဖြစ်အပျက်ကို ပြန်ပြန်တွေးပြီး မျက်နှာတောင် တည့်တည့်မကြည့်ရဲဘူး။ မျက်နှာကို မကြည့်ဘဲ လှမ်းဖြေလိုက်တယ်လေ။ သူ့အဖြေကိုလည်း ကြားလိုက်ရော အုန်းမြိုင်တစ်ယောက် မထိန်းနိုင်တော့ဘဲ ဟားတိုက်ပြီး ရယ်ပစ်လိုက်တာ ဘိနပ်တောင် မပါဘဲ ပြေးလိုက်တာ တန်းနေတာပဲလေ။
သူဖြေလိုက်တာက `အီး တစ်ဖက် ပျောက်နေလို့´ တဲ့။

ရှေးရှေးက ဟာသလေး တစ်ခုကို အခြေခံပြီး ပြန်လည် ရေးဖွဲ့ထားတာပါ။ ၀င်းဦး (ဦး) သီချင်းထဲမှာတောင် ပါတယ်လို့ ပြောကြပါတယ်။


ယောက်ယက်ခတ်နေသော ပုံရိပ်များ

ကျနော်တို့ တစ်ခါတစ်လေမှာ ဘယ်ရယ်မှန်းမသိ စိတ်လှုပ်ရှား နေတတ်ပါတယ်။ ဒေါသ ထွက်လို့ပဲ ဖြစ်ဖြစ်၊ နှစ်လိုဖွယ် တစ်ခုခုကို စိတ်ကူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြည်နူးနေလို့ပဲ ဖြစ်ဖြစ်၊ ကြောက်ရွံ့နေလို့ပဲ ဖြစ်ဖြစ် ကျနော်တို့ရဲ့ စိတ်တွေက ယောက်ယက်ခတ်နေပါတယ်။ တည်ငြိမ်နိုင်စွမ်း မရှိတဲ့ ဒီစိတ်ကလည်း ထိန်းရ အတော်ခက်တယ်မလား။ တစ်ခါတစ်လေတော့ ဖြစ်ချင်ရာဖြစ် ဆိုပြီးလည်း တချို့ လွှတ်ထားတတ်ကြတယ်လေ။ ခဲစင်တဲ့ ရေပြင်လို ပြာယာခတ်နေတဲ့ စိတ်ရဲ့ လှုပ်ရှားမှု အတိုင်းအတာကို ဘယ်လို တိုင်းတာမလဲ ဆိုတာဟာ သိပ္ပံပညာ အနေနဲ့ အတော်လေး စိတ်ခေါ်နေတဲ့ ခေါင်းစဉ်တစ်ခုပါ။ ဒါပေမယ့် အခု အောက်မှာ ပြထားတဲ့ ပုံတွေဟာ ကိုယ့်ရဲ့စိတ် ဘယ်လောက် ပြာယာခတ်နေသလဲ ဆိုတာကို ပြနိုင်တယ် ဆိုရင် ယုံကြပါ့မလားဗျာ။

ဒီပုံတွေကို ကျနော် ဟိုး အရင် ကတည်းက မြင်ဖူးနေတာပါ။ ဒါပေမယ့် ဒီပုံတွေကို (Optical Illusion) အမြင်အာရုံကို လှည့်စားတဲ့ပုံတွေ အနေနဲ့ပဲ သိထားခဲ့တာပါ။ တစ်နေ့က ၀က်ဆိုဒ် တစ်ခုမှာ ဒီပုံတွေရဲ့ အသုံးဝင်ပုံကို ဖတ်လိုက်ရတော့ ကျနော် ပြန်လည် ဖြန့်ဝေပေးချင်စိတ် ပေါက်သွားတာနဲ့ ဒီပို့စ်လေးကို ရေးဖြစ်သွားပါတယ်။

ဒီပုံလေးဟာ ပန်းချီကားလေးတွေပါ။ ဒါကြောင့် ပန်းချီကားတွေရဲ့ သဘော သဘာဝ အတိုင်း ပါဝင်တဲ့ ရုပ်ဝတ္ထုတွေဟာ လှုပ်ရှားမှု မရှိပါဘူး။ ဒါပေမယ့် အသေချာ ကြည့်ကြည့်ပါ။ အားလုံးဟာ လှုပ်ရှားနေပါတယ်။ ကျနော် မညာပါဘူး။ ဒါဟာ ပုံသေ ပန်းချီကားပါ။ ဒါဆို ဘာကြောင့် ဒါတွေ လှုပ်နေသလဲ။ ဒီအဖြေကို ဖြေဖို့ သင်တို့ကို ကျနော် မေးခွန်း တစ်ခု ပြန်မေးရပါမယ်။ သင်တို့တွေ ဒီပုံကို ကြည့်နေတဲ့ အချိန်မှာ စိတ်တွေကော တည်ငြိမ်နေပါရဲ့လား။ အဖြေက ရှင်းပါတယ်။ ဘယ်သူကကော စိတ်တွေ တည်ငြိမ်နေကြမှာလဲ။ အနည်းနဲ့ အများတော့ အားလုံး လှုပ်ရှားနေကြ မှာပါ။ ဟုတ်ပါတယ်။ ဒီပုံလေးတွေရဲ့ ထူးခြားချက်က ဘာလဲ ဆိုတော့ သင်တို့ရဲ့ စိတ်လှုပ်ရှားမှု အတိုင်းအတာ အလျောက် ပုံအထဲက ၀တ္ထုတွေ လှုပ်ရှားနေပါမယ်။ သင်တို့တွေ စိတ်လှုပ်ရှားလေလေ အဲဒီ ၀တ္ထုတွေ လှုပ်ရှားလေလေ ပါပဲ။

သင် မယုံကြည်နိုင်ဘူးလား။ ကျနော် ပြောသလို စမ်းသပ်ကြည့်ပါ။ အသက်အောင့်လိုက်ပါ။ ပန်းချီကား တစ်ချပ်ကို အာရုံစိုက်လိုက်ပါ။ သင့်ရဲ့ အာရုံတွေ အဲဒီထဲက ၀တ္ထုတွေ အပေါ် စူးစိုက်လာတာနဲ့ အမျှ လှုပ်ရှားမှုတွေ တဖြည်းဖြည်း နှေးလာပါလိမ့်မယ်။ ရပ်သွားပြီလို့ ထင်ရပေမယ့် ဂျစ်ကန်ကန်နဲ့ ဆက်သွားနေဦးမယ်။ နောက်ဆုံးတော့ လှုပ်ရှားမှု လုံးဝ ရပ်သွားလိမ့်မယ်။ ဒီလို ရပ်သွားအောင် လုပ်နိုင်ရင် သင်ဟာ စိတ်ကို အချိန်ပိုင်းပဲ ဖြစ်စေ တည်ငြိမ်အောင် လုပ်နိုင်တဲ့ အစွမ်း ရှိနေပါပြီ။ ဒါ တော်တန်ရုံ လူတစ်ယောက် မလုပ်နိုင်ပါဘူး။ စမ်းကြည့်ပါဦး။ အဲဒီ အထဲက ၀တ္ထုတွေ ဘယ်လောက် ကြာကြာ ရပ်တန့်နေအောင် သင် အာရုံစိုက်နိုင်ပါသလဲ။ သင်ရဲ့ စိတ်တွေကော ဘယ်လောက် ယောက်ယက်ခတ်နေပါသလဲ။ ကြည့်ပြီးပြီဆိုရင် ကျနော့်ကိုလည်း အတွေ့အကြုံလေး မျှခဲ့ပါဦး။




အသတ်များအား အသံထွက်၍ ရွတ်သော် …

မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ဝေ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။

  • က် – ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရ၀ိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ …။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ … ´ စသဖြင့်လည်း အတူတူပါပဲ။
  • ခ် – ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလ၀ါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ …။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။
  • ဂ် – အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘ၀ဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ … ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ … ။´
  • င် – ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။
  • စ် – ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ်ေ၀၀ုစ် ကိုေ၀၀ုတ် ဟု လည်းကောင်း ဖတ်ရတယ်။
  • ဇ် – ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ၀ိဇ္ဇာ ကို ၀ိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။
  • ဋ် – ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ – ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ – အဋ် ဌ (အတ်ဌ)၊ ၀ိသိဋ္ဌ – ၀ိသိဋ်ဌ (၀ိသိတ်ဌ) လို့ ဖတ်ရမယ်။
  • ဍ် – ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏ၀ုဍ္ဎိ – ဂုဏ၀ုဍ်ဎိ (ဂုဏ၀ုတ်ဎိ) လို့ အသံ ထွက်ပါတယ်။
  • ထ် – ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။
  • ဒ် – ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။
  • ဏ် – ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။
  • ဗ် – ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။
  • ဘ် – ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။
  • ယ် – အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ – ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် – ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။
  • ရ် – ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ … ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။
  • လ် – လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။
  • ၀် – ၀သတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ၀သတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။
  • သ် – သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ – မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။
  • ဟ် – ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် – ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။

ချွင်းချက်အနေနဲ့
စကြ၀ဠာ – စက်ကြာဝဠာ လို့ ဖတ်တယ်။
တိရစ္ဆာန် – တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။
ပဋိသန္ဓေ – ပဋိတ်သဓေ လို့ ဖတ်ကြတယ်။
ပရိသတ် – ပရိတ်သတ် လို့ ဖတ်တယ်။
ပြာသာဒ် – ပြတ်သာဒ် လို့ ဖတ်တယ်။
ဗိမာန် – ဗိတ်မှန် လို့ ဖတ်တယ်။
မေတ္တာ – မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ `စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ – မစ်တာ၊ ခေတ် – ခစ် လို့ အသံထွက်တယ်။
ဝါကျ – ၀က်ကျ လို့ ဖတ်တယ်။
သုသာန် – သုတ်သာန် လို့ ဖတ်တယ်။

စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။

အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့ ဦးထွန်းမြင့် ရေးသားထားတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။