သံပေါက်ကဗျာ စပ်နည်း

တီးခြင်းအစ၊ လက်ခုပ်က
ကခြင်းအစ၊ လက်မြှောက်က
သီချင်းအစ၊ သံပေါက်က

ဆိုတဲ့အတိုင်း သီချင်း၊ ကဗျာကို လေ့လာချင်သူတွေအတွက် ပထမဆုံးအနေနဲ့ သံပေါက်ကဗျာစပ်နည်းကို စပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သီချင်းနဲ့ ကဗျာကို တစ်တွဲတည်း တွဲပြီး ဖော်ပြထားလို့ နည်းနည်းလေး ကြောင်အမ်းအမ်း ဖြစ်နေမယ် ထင်တယ်။ ကဗျာလင်္ကာ စပ်နည်းကို အခြေခံအားဖြင့် နှစ်မျိုး ခွဲထားပါတယ်။

  1. အက္ခရာ – ဂိုဏ်း၊ ဂရု – လဟု၊ ဒီဃ – ရဿ၊ အပိုဒ် – အပုဒ်၊ အအုပ် – အခံ၊ ကာရန် – အထား၊ လေသွား – လေယူ စတာတွေနဲ့ စီစစ်ဝေဖန်ပြီး ရေးစပ်ရတဲ့ ကဗျာစပ်နည်းတစ်မျိုး။
  2. နှဲမောင်း၊ ကြေးနင်း၊ ခွက်ခွင်းအစုံ၊ ဆိုင်းဗုံ၊ ပတ်ဗျော၊ တယော၊ စောင်းညှင်း၊ ဒုံမင်း၊ ပတ်သာ၊ လမ္ပရာ စတဲ့ တူရိယာအသံကို လိုက်ပြီး တီးလုံး၊ တီးကွက်၊ မှုတ်ချက်၊ မှုတ်နည်း၊ စည်းချက်၊ ဝါးချက်၊ ဒုံးချက်တွေနဲ့ ကိုက်ညီအောင် ရေးစပ်ရတဲ့ သီချင်းစပ်နည်းတစ်မျိုး။

သံပေါက်စပ်နည်း

(၁)အမည်ခေါ်တွင်ပုံ
(၂) အမျိုးအစား
(၃) အပိုဒ်အရေအတွက်
(၄) အက္ခရာ အလုံးအရေအတွက်
(၅) အစပ် ကာရန် ယူပုံ
(၆) လေပြင်း – လေလျှော့ (ဂရု – လဟု) ထည့်ပုံ
(၇) သတိထားသင့်သော အပြစ်များ
(၈) လေ့လာစရာ ဥပမာ သံပေါက်များ

(၁)အမည်ခေါ်တွင်ပုံ
သံပေါက်လို့ ခေါ်ရတဲ့ အကြောင်းက အသံကို ပေါက်အောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား စပ်ဆို သီကုံးထားလို့ ဖြစ်ပါတယ်။

(၂) အမျိုးအစား
သံပေါက်ကဗျာမှာ ငါးလုံးချသံပေါက် နဲ့ ခုနစ်လုံးချ သံပေါက် ဆိုပြီး နှစ်မျိုး ရှိပါတယ်။

(၃) အပိုဒ်အရေအတွက်
သံပေါက် နှစ်မျိုးစလုံးမှာ ပထမပိုဒ်၊ ဒုတိယပိုဒ်၊ တတိယပိုဒ် ဆိုပြီး ပေါင်း သုံး ပဒ၊ သုံးပိုဒ်စီ ရှိပါတယ်။

(၄) အက္ခရာ အလုံးအရေအတွက်
ငါးလုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
  • ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
  • တတိယပိုဒ်မှာ အက္ခရာ ငါး (၅) လုံး

နဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း အက္ခရာ (၁၂) လုံး အတိအကျ ထားရှိရပါတယ်။

ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
  • ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
  • တတိယပိုဒ်မှာ အက္ခရာ ခုနစ် (၇) လုံး

နဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း အက္ခရာ (၁၄) လုံး အတိအကျ ထားရှိရပါတယ်။

(၅) အစပ် ကာရန် ယူပုံ
ငါးလုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ စတုတ္ထ အက္ခရာ နဲ့
  • ဒုတိယပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ တတိယ အက္ခရာ နဲ့
  • တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊

အဲဒီ အက္ခရာ သုံးလုံးဟာ အစပ်ကာရန် တစ်မျိုးတည်း ထပ်ဟပ်နေစေရမယ်။ သဘောက

ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ ဝ ဝ

ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်ရဲ့ စတုတ္ထ အက္ခရာ နဲ့
  • ဒုတိယပိုဒ်ရဲ့ တတိယ အက္ခရာ နဲ့
  • တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊

အဲဒီ အက္ခရာ သုံးလုံးဟာ အစပ်ကာရန် တစ်မျိုးတည်း ထပ်ဟပ်နေစေရမယ်။ အဲဒီအပြင် တတိယပိုဒ်ရဲ့ စတုတ္ထ အက္ခရာ နဲ့ အဆုံးဖြစ်တဲ့ သတ္တမ အက္ခရာ နှစ်နေရာမှာလည်း အစပ်ကာရန် တစ်မျိုးတည်း တစ်ချက် ထပ်ပြီး ထပ်မိနေရမယ်။ သဘောက

ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ v ဝ ဝ v

အဲဒီလို အစပ်ကာရန်တွေ မှန်ကန်အောင် ဖွဲ့စပ်ထားတဲ့ အပိုဒ် သုံး ပိုဒ်ကို တစ်ပုဒ် အဖြစ်နဲ့ သက်မှတ်ပြီး သံပေါက်ကို တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးလေးပုဒ် ကိုယ် ကြိုက်သလို ရေးဖွဲ့နိုင်ပါတယ်။ တကယ်လို့ အပုဒ် အများကြီး ရေးသားမယ် ဆိုရင်တော့ ပထမအပုဒ်ရဲ့ အဆုံး ကာရန်နဲ့ ဒုတိယအပုဒ်ရဲ့ အဆုံးကာရံ စသဖြင့် အပုဒ်တိုင်းရဲ့ အဆုံးကာရန်က တစ်မျိုးတည်း ထပ်မိနေရပါဦးမယ်။

(၆) လေပြင်း – လေလျှော့ (ဂရု – လဟု) ထည့်ပုံ
သံပေါက် နှစ်မျိုးစလုံးမှာ ဘယ်နေရာ ဘယ်အက္ခရာမှာ လေပြင်း (သို့) လေလျှော့ ဖြစ်ရမယ်လို့ သက်မှတ်ထားချက် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေပြင်း (သို့) လေလျှော့ကို ဘယ်အက္ခရာ နေရာမှာပဲ ထားထား ရွတ်ဖတ်တဲ့အခါ ချောမော ပြေပြစ်နေတုန်းပဲ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သံပေါက် တစ်ပုဒ် တစ်ပုဒ်စီမှာ လေပြင်းချည်း သက်သက်၊ လေလျှော့ချည်း သက်သက် ထားပြီး မရေးသင့်ပါဘူး။ အဲဒီလို ရေးရင် ရွတ်ဖတ်လို့ မကောင်းတော့ပါဘူး။

(၇) သတိထားသင့်သော အပြစ်များ
သံပေါက်မှာ သတိထားစရာ အပြစ်နှစ်ခုက ဝဂ်နင်းအပြစ်နဲ့ ခွာထောက်အပြစ်ပါ။ အဲဒီ အပြစ်နှစ်ခုကို အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။

  • ဝဂ်နင်းအပြစ်ဆိုတာ ကာရန်ယူတဲ့ အခါမှာ နီးနီးကပ်ကပ် ရှိနေတဲ့ အပိုဒ် နှစ်ပိုဒ်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ အဓိပ္ပာယ်က ကပ်လျက် အပိုဒ်နှစ်ခုမှာ အက္ခရာတူ ပြန်သုံးထားတဲ့ အပြစ်ပါ။ ရှေ့တစ်ပိုဒ်မှာ “ထန်” ကာရန်ကို ယူထားပြီး နောက်တစ်ပိုဒ်မှာလည်း “ထန်” ကာရန်ကို ပြန်ယူထားမယ်ဆိုရင် ဝဂ်နင်းအပြစ် သင့်ပါတယ်။
  • ခွာထောက်အပြစ် ဆိုတာကတော့ တစ်ပိုဒ်ကျော်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ ပထမပိုဒ်မှာ “ထန်” ကာရန် ယူထားပြီး တတိယအပိုဒ်မှာလည်း “ထန်” ကာရန်ကိုပဲ ပြန်ယူထားရင် ခွာထောက်အပြစ် သင့်ပါတယ်။

ဒီသဘောတရားတွေက ကဗျာ စပ်သူတိုင်း သိပြီးသားလိုလို ဖြစ်ပေမယ့် သူရဲ့ terms အခေါ်အဝေါ်ကို သိစေချင်လို့ ပြန်တင်ပြလိုက်တာပါ။

(၈) လေ့လာစရာ ဥပမာ သံပေါက်များ
အပေါ်မှာ တင်ပြခဲ့တာကို ခြုံငုံကြည့်လို့ရအောင် ဥပမာတချို့ကို တင်ပြလိုက်ပါတယ်။

ငါးလုံးချသံပေါက်

နန္ဒမာလိနီ၊ ကျမ်းအဆီ၊ညီကြိုင်သင်းထုံ
ဟာသသညာ၊ စီကုံးရာ၊ ကဗျာညွန့်ပေါင်းစုံ
မှတ်ကြောင်းမှတ်အပ်၊ ဤနှစ်ရပ်၊ ရောစပ်သီကုံးခြုံ
ကဗျုပဒေ၊ သူ့အခြေ၊ ရှုလေနည်းဖုံဖုံ
သံပေါက်စပ်ဝယ်၊ တတ်အလွယ်၊ မှတ်ဖွယ်ဥဒါဟရုဏ်
သူ့နည်းစပ်မူ၊ ထပ်အတူ၊ မှတ်ယူကြံလင့်ကုန်

ခုနစ်လုံးချသံပေါက်

သံပေါက်စပ်ဖွယ်၊ အဓိပ္ပာယ်၊ အကျယ်ဖော်ပြ ယင်းသို့
အပိုဒ်ထုံးစံ၊ ထားရပြန်၊ ဧကန်ရှုကြ သုံးပ
စ ပိုဒ်လေးလုံး၊ လယ် ပိုဒ်သုံး၊ အဆုံး ငါးချခွန်လည်း
ပ စ ဒု သုံး၊ တ ဒု လုံး၊ ခွန်ဆုံး တုတ ကာရ န
ဤသည့်နမူ၊ သင်မှတ်ယူ၊ တဆူနေ ကဝိန

ချွင်းချက်သံပေါက်တချို့

ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း။
သုံးဆယ့်သုံးသွယ်၊ ဗျည်းကကျယ်၊ ဘယ်သူ ဘယ်ဗျည်း စပ်သနည်း။
ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့၊ နွဲ့လျှင်ကားသတ် ဘယ်ကြောင့်နည်း။
မှ – ရှင်နန္ဒဓဇဆို စွယ်စုံကျော်ထင်ကျမ်း

နွယ်ပန်း-ပန်းခွာညို၊ နှင်းစိုစို၊ ပြာသို ဆောင်းလရက်။
ပွင့်ခက်-ခက်လှစံ၊ မြချပ်ရံ၊ ဝတ်ဆံကြိုင်နံ့မျက်။
ရွှေချက်-ချက်မြှုပ်ရာ၊ မင်းဝံချာ၊ သီတာပတ်ရစ်လျက်။
မှ – လေခဝု​ဍ္ဎိကျမ်း

ဓါးသငယ် ရွှေခွေး၊ လက်တော်နွေး၊ မကွေးတောသီးယှက်၊ ရှလေ မင်းကြီးလက်။
မြင်းစိုင်းမြို့ရွှေနန်း၊ သာယာဆန်း၊ ရစ်သန်းသင်းတွဲမြောင်း၊ မြင့်မြတ် တောင်သာလျောင်း။
မှ – လေခဝု​ဍ္ဎိကျမ်း

ကိုးကားကျမ်းများ

  1. ကဗျာစွယ်စုံကျမ်းကြီး – ဓမ္မာစရိယ ဦးထွန်းရွှေ
  2. ကဗျာဖွဲ့နည်းနိသျည်း – ဒဂုန်ဦးစန်းငွေ
  3. အထက်တန်း မြန်မာကဗျာဖွဲ့နည်းကျမ်း – ဖိုးစိန်

မြန်မာစာပေ ကောက်ကြောင်းများ (၂)

ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ စက်တင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။

ဒီတစ်ပတ် ပြောချင်တာကတော့ “စာရင်း” ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ အမှတ်အသားကို ခေါ်တာပါ။ မြန်မာအဘိဓာန်မှာလည်း “အမျိုးအမည်၊ အရေအတွက် တို့ကို ရေးမှတ်ထားချက်” လို့ အနက်ဖွင့်ပါတယ်။ ဒါပေမယ့် ခေတ်ဘန်းစကားမှာ ရှိတဲ့ “စာရင်းရှုပ်” ဆိုတဲ့ စကားလုံးကျ မူရင်းအဓိပ္ပာယ်ကို သွေဖယ်သွားတယ်။ “ဇယားရှုပ်” ဆိုတဲ့ စာလုံးနဲ့ အဓိပ္ပာယ် တူပါတယ်။ ခပ်လွယ်လွယ် ပြောရရင် “အလုပ်ရှုပ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ “ပြဿာနရှာတယ်”ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တတ်ပါတယ်။ ဒီအဓိပ္ပာယ်ကို လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ မူလရင်းမြစ် အဓိပ္ပာယ်ကို မေးမယ်ဆိုရင် သိတဲ့သူ အတော်လေး နည်းနေပါလိမ့်မယ်။ မူလရင်းမြစ် အဓိပ္ပာယ်ကို ပြန်လှန်နိုင်ဖို့ ရှင်မဟာသီလဝံသရဲ့ “တိုင်းပြည်စည်ကားကြောင်း တရားခုနစ်ပါး” ထဲက စာသားတချို့ကို ပြန်ကောက်ပါရစေ။

ရှေးကလာသော မင်းစဉ်စာရင်းအလျောက် ကျင့်ပေးခြင်းသည်ကား ပြည်ထဲက အစီးအပွား အလို့ငှာပေတည်းဟု နှစ်လိုဝမ်းသာ ဖြစ်ကြလေကုန်ရာ၏

အထက်က စာပိုဒ်မှာ သုံးထားတဲ့ “မင်းစဉ်စာရင်း” ကို ကျနော်တို့ ခေတ်သဘောနဲ့ နားလည်ကြည့်မယ် ဆိုရင် မင်းတွေရဲ့ နာမည်ကို အစဉ်အတိုင်း စီတန်းပြီး ချရေးထားတဲ့ ရေးမှတ်ချက်လို့ ယူဆမိမှာပါ။ တကယ်လို့ သူ့ အပေါ်စာပိုဒ်ရဲ့ စကားသွားကို အသေအချာ နားလည်မယ်ဆိုရင် အဲဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ဘွင်းဘွင်းကြီး ပေါ်လာပါလိမ့်မယ်။ ဆရာတော်က တိုင်းပြည်တစ်ပြည် စည်းကားဖို့ အကြောင်းအရင်းထဲမှာ အတုတ်၊ အခွန် ကင်းခ တွေကို ရှေးယခင် မင်းတွေ ပြဌာန်းထားတဲ့ ပုံစံအတိုင်း ကောက်ခံရမယ်၊ ပိုမတောင်းရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒီတော့ စာရင်းဆိုတာ “စာအရင်း၊ ရင်းမြစ်မူလက” ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။

အညာ လူကြီးတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “လူချင်းချစ်ရင် သက္ကရာဇ် နာနာကန်” တဲ့။ အထူးသဖြင့် ငွေကြေး အချေးအငှား လုပ်ကြတဲ့အခါ ချေးငွေဆပ်ငွေ စတာတွေကို ရက်စွဲနဲ့တကွ မှတ်ကြတဲ့ အခါမျိုးမှာ သုံးလေ့ ရှိပါတယ်။ အထက်က စာကြောင်းမှာ “ကန်” ရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်တော့ “ရေးတာမှတ်တာ” လို့ ဆိုကြပါတယ်။ “စာရင်းလုပ်သည်” သက္ကရာဇ်ကန်သည်” လို့ သုံးတတ်ကြတယ်။ လူတစ်ယောက်က ငွေတစ်သောင်း ချေးပြီး မကြာခင်မှာ ခြောက်ထောင် ပြန်ဆပ်တယ်။ နောက်ပြီး ငွေလေးထောင် ထပ်ချေးပြန်တယ်။ နောက်ပြီး ငွေသုံးထောင် ပြန်ဆပ်တယ်။ အဲဒီလို အချေးအဆပ်တွေ ရှုပ်လာတဲ့အခါ မှတ်တမ်း အတိအကျ မရှိရင် ငြင်းကြခုံကြနဲ့ အခင်အမင်တွေ ပျက်ပြီး လူချင်း မုန်းတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ချစ်ခင်နေကြတဲ့သူတွေ မုန်းမသွားရအောင် ဆပ်ငွေချေးငွေ ပမာဏ၊ နေ့စွဲ အတိအကျကို မှတ်တမ်းတင်ကြဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ နောက်ပိုင်း သတိမေ့ ပေါ့လျော့ အငြင်းပွားလာကြရင် ကိုယ် မှတ်ထားတဲ့ “မူရင်းစာ” “စာအရင်း” (စာရင်း) ကို ပြန်ပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာတော် ရှင်မဟာသီလဝံသရဲ့ “မင်းစဉ်စာရင်း” ဆိုတာ ရှေးမင်းတွေ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ မှတ်တမ်းမူရင်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီကနေ့ခေတ် ကျနော်တို့ သုံးနေကြတဲ့ “စာရင်း” ရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ဝေါဟာရတွေရဲ့ အနက်ရွေ့လျောတတ်ပုံကို သတိပြုမိလိမ့်မယ်လို့ ယူဆမိပါတယ်။

ဆက်နွယ်ပို့စ်များ – မြန်မာစာပေ ကောက်ကြောင်းများ (၁)

မြှော်လင့် မြော်တွေး၊ မျှော်ငေးရင်းသာ

မြန်မာစာ ပညာရှင်တွေက မြန်မာစာမှာ စကားလုံးတိုင်းဟာ အပိုအလိုမရှိ ပိပိရိရိကို ဖွဲ့စည်းထားတယ်လို့ ဆိုပါတယ်။ တချို့ စကားလုံးတွေဆို အသံထွက်တူပြီး စာလုံး ကွဲတာကြောင့် နှစ်မျိုးကို တစ်မျိုးပေါင်းပစ်ဖို့ အကြံပေးကြတာလည်း ရှိပါတယ်။ တကယ်လို့ စကားလုံးတစ်လုံးချင်းစီရဲ့ အဓိပ္ပာယ်၊ အတ္ထုပ္ပတ္တိနဲ့ သမိုင်းကို နားလည်ထားမယ်ဆိုရင်၊ ခြေခြေမြစ်မြစ် သိထားမယ်ဆိုရင် ပေါင်းစပ်ဖို့ မဖြစ်နိုင်ဘူး ဆိုတာ သဘောပေါက်သွားမှာပါ။ ဥပမာ ပြောရရင် တချို့ စာလုံးတွေက ယပင့်နဲ့ ပေါင်းထားတာ ရှိသလို အဲဒီ စကားလုံးကိုပဲ ရရစ်နဲ့ ပေါင်းထားတာ ရှိပြန်တော့ ဒီစကားလုံး နှစ်လုံးကို ပေါင်းပြီး တစ်မျိုးပဲ သုံးပါလားလို့ အကြံပေးကြတာ ရှိတယ်။ စာလုံးအနေနဲ့ ထုတ်ပြရရင် မျှော် နဲ့ မြှော် ပေါ့။ မြန်မာစာမှာ ဒီလို အသံတူပြီး အကြောင်းကွဲတဲ့ စကားလုံးတွေ အများကြီး ရှိလို့လဲ ခဏခဏ မှားကြပါတယ်။ တခါတခါ မှန်သလား၊ မှားသလား ဝေခွဲမရတဲ့ အကြိမ်တွေလည်း အများကြီး ဖြစ်မှာပါ။ အရင်ကတော့ စာအုပ်လှန်စစ်တယ်။ အခုတော့ အွန်လိုင်း စာလုံးပေါင်းသတ်ပုံကျမ်း ရှိလို့ အလွယ်တကူ သွားစစ်ဆေး နိုင်ပါပြီ။

အစာမကြေရင် ဝမ်းကို တစ်ခါတလေ ဒုက္ခပေးတတ်တယ်။ စာမကျေရင် ဦးနှောက်ကို တစ်သက်လုံး ဒုက္ခ ပေးတတ်တယ်တဲ့။ သတ်ပုံမှားတယ် ဆိုတာ စာမကျေတဲ့ သဘောပါပဲ။ ဒါကြောင့် အစာချေပေးတဲ့ အနေနဲ့ အခု မျှော်၊ မြှော် နဲ့ မြော် အသုံး ဘယ်လိုကွဲသလဲ ဆိုတာ တင်ပြပါရစေ။

မျှော် ဆိုတာ
အဝေးကြည့်၊ အနီးကြည့်၊ မနီးမဝေးကြည့် ဆိုတဲ့ ကြည့်ခြင်းသဘောကို ပြပါတယ်။ အမှတ်မထင် မြင်တဲ့ အကြည့်မျိုးမဟုတ်ပါဘူး။ တစ်စုံတစ်ခုကို ရယူလိုတဲ့ လောဘဇော၊ တွေ့လို မြင်လို သိလိုတဲ့ ဆန္ဒ ပြင်းပြင်းပြပြ ဖြစ်ပေါ်တဲ့အခါမှာ အနီးကပ် စူးစူးစိုက်စိုက် ကြည့်ခြင်းကို “မျှော်တယ်” လို့ ခေါ်ပါတယ်။ မျက်စိတစ်ဆုံး မြင်နိုင်သလောက် အဝေးကို လှမ်းပြီး စိန်းစိန်းကြီး ကြည့်နေတာကိုလည်း “မျှော်တယ်” လို့ ခေါ်ပါသေးတယ်။

ဥပမာနဲ့ ပြရရင် “ဟေ့ကောင် ငညို၊ သူတကာစားနေတာ ဘာလို့ မျှော်နေရတာလဲ” ဆိုတဲ့ စကားရပ်မှာ မောင်ညိုဟာ တခြားသူတစ်ယောက် စားနေတာကို တွေ့ပြီး သူလည်း စားချင်တာကြောင့် ပါးစပ်တပြင်ပြင်နဲ့ အနားနားကနေ ကြည့်နေတာကို “မျှော်” နဲ့ သုံးထားတာ တွေ့ရပါလိမ့်မယ်။ နောက် ဥပမာ တစ်ခု ထပ်ပြပါဦးမယ်။ ခွေးသည် သားတစ်မှတ်၍ စားချင်စိတ် အာသာငမ်းငမ်းဖြင့် ပေါက်ပွင့်ကို မျှော်သည်။ ဒီဥပမာ နှစ်ခုစလုံးမှာ တူညီနေတာက မျက်လုံးကို အသုံးချပြီး အရာဝတ္ထုတစ်ခုခုကို လှမ်းကြည့်နေခြင်းကို “မျှော်” ဆိုတဲ့ စကားလုံးနဲ့ သုံးထားတာ တွေ့ရပါတယ်။

မြှော် ဆိုတာ
စောင့်စားခြင်း၊ ငံ့လင်းခြင်း အဓိပ္ပာယ် ရပါတယ်။ စိတ်ကို အာရုံတစ်ခုခုမှာ ဇောကပ်ပြီး နေခြင်း၊ မက်မက်မောမော တောင့်တနေခြင်းကို “မြှော်သည်” လို့ သုံးပါတယ်။ ယပင့် မျှော် နဲ့ ရရစ် မြှော်ရဲ့ ခြားနားချက်ကို နားလည်လွယ်အောင် ဘောလုံးပွဲ ဥပမာနဲ့ ပြပါတယ်။ ဘောလုံးပွဲ မစခင် ဘောလုံး ဝါသနာအိုးတွေက “ငါတို့တော့ ပွဲကြီးပွဲကောင်း ကြည့်ရတော့မှာပဲ” လို့ အာရုံဇောကပ်ပြီး စောင့်စားနေတာက ရရစ် မြှော်။ ဘောလုံးသမားတွေ ကွင်းထဲ ဆင်းလာတာက စပြီး ကစားပွဲကို ကြည့်နေတာက ယပင့် မျှော် ဖြစ်ပါတယ်။ ဒါကြောင့် မြှော်ဟာ ပကတိမျက်လုံးရဲ့ မြင်ကွင်း မဟုတ်ပါဘူး။ အတွင်းမနော လူ့စိတ်ဆန္ဒကနေ ပေါက်ဖွားလာတာ ဖြစ်ပါတယ်။

နောက်ထပ် ဥပမာ စာကြောင်း အနည်းငယ်နဲ့ ပြရရင်
ငါ မင်းကို လူကောင်းတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ မြှော်လင့်တယ်။
ခရီးသည်များသည် မီးရထားအလာကို မြှော်နေကြသည်။
ဆီတိုင်တွင် ဆီပြတ်သွားသဖြင့် ဘောက်စာကားအလာကို မြှော်နေကြသည်။
အာရုံတစ်ခုခုကို စိတ်နဲ့ စောင့်စားငံ့လင့်ခြင်း အနက် ပြချင်ရင် ဟထိုး ရရစ် မြှော် ကိုပဲ သုံးရပါမယ်။

မြော် ဆိုတာ
ဉာဏ်ပညာ မျက်စိနဲ့ ကြည့်ပြီး တွေးတောခြင်း၊ ကြံစည်ခြင်း၊ စိတ်ကူးခြင်း အနက်ကို ဆောင်ပါတယ်။ အကြောင်းအရာ တစ်စုံတစ်ခု၊ လူ တစ်ဦးတစ်ယောက်ရဲ့ အဖြစ်အပျက်ကို အလေးအနက်ထားပြီး စိတ်နဲ့ တွေးခြင်းကို “မြော်တယ်” လို့ ခေါ်ပါတယ်။ ဒီနေရာမှာ မြှော် နဲ့ မြော် နှစ်မျိုးစလုံးက စိတ်မှာ အရင်းခံတယ် ဆိုပေမယ့် ခြားနားချက် ရှိပါသေးတယ်။ ကိုယ့်ကိုယ်ကို မဟုတ်ဘဲ အဝေးရောက် အာရုံတစ်ခုခုကို ကိုယ့်စီ ဆွဲယူ သိမ်းသွင်းခဲ့ရင် ဟထိုး မြှော် ကို သုံးပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ကိုယ့်ရဲ့ ဉာဏ်ကို ထုတ်သုံးပြီး တွေးတော ကြံစည် စိတ်ကူးမယ်ဆိုရင် ရိုးရိုး ရရစ် မြော် နဲ့ သုံးရပါတယ်။

ဥပမာ အနေနဲ့ ပြောရရင်
ရှေ့မြော် နောက်မြင်၊ ပညာရှင်တို့၊ လျှောက်တင်ရေးရာ၊ ….” (မဃဒေဝ၊ ၁၉၁)
ဝိဓူရသည် အမြော်အမြင် ကြီးသော ပညာရှိ သုခမိန် ဖြစ်သည်။
ကြာရိုးကို မြော်ထောက်၍ ရေတိမ်၊ ရေနက်ကို သိရာ၏။
မြော်တွေးသော်လည်း ရေးရေးမျှ မပေါ်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့သည် ရွှေတိဂုံစေတီတော်မြတ်ကို ဖူးမြော်သွားသည်။

အချုပ်ဆိုရသော် …
မျှော် – အာရုံတစ်ခုခုကို ပကတိ မျက်စိဖြင့် အနီးကပ် စူးစိုက်စွာ ကြည့်သည်။
မြှော် – အဝေးအာရုံ တစ်ခုကို စိတ်ဖြင့် မှန်းဆ၍ တောင့်တသည်။
မြော် – အကြောင်းအရာ ဖြစ်ရပ်တစ်ခုခုကို ဝမ်းတွင်း ဓာတ်ခံ ပင်ကိုယ်ဉာဏ်ဖြင့် နက်နဲစွာ တွေးခေါ်သည်။

မှတ်ချက် ။ ။ ယခု မြန်မာစာဌာနမှ နောက်ဆုံး ထုတ်ဝေသော မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နှင့် မြန်မာအဘိဓာန် စာအုပ်တို့တွင် ရရစ် ဟထိုး မြှော် ဟူသော စကားလုံးအား ထုတ်ပယ်၍ ထိုစကားလုံး အစား ယပင့်ဟထိုး မျှော်ကိုသာ အသုံးပြုထားသည်။ ထိုကြောင့် ခေတ်သစ် မြန်မာဝေါဟာရတွင် ရရစ်ဟထိုးဖြင့် ပေါင်းသော မြှော် ဟူသော စကားလုံး မရှိတော့ပါ။

သဒ္ဒါအမြင် စာအမြင် – ဒဂုန်ဦးစန်းငွေ” စာအုပ်မှ ကောက်နုတ် တင်ပြသည်။

ကဗျာ၌ သင့်သော ဒေါသ (၂)

ဝါကျဒေါသဆိုတာ ပုဒ်တစ်ပုဒ်တည်းကိုပဲ ငြိစွန်းတတ်တဲ့ ဒေါသမျိုးမဟုတ်ဘဲ ဝါကျတစ်ခုလုံးမှာ သက်ရောက်သွားစေတဲ့ ဒေါသမျိုး အပြစ်မျိုးကို ဝါကျဒေါသလို့ ခေါ်ပါတယ်။ စုစုပေါင်း (၉) ပါးရှိတယ်။

  1. ဧကတ္ထ ဒေါသ
  2. ဘဂ္ဂရီတိ ဒေါသ
  3. ဗျာကိဏ္ဏ ဒေါသ
  4. ဂါမ္မ ဒေါသာ
  5. ယတိဟီန ဒေါသ
  6. ကမစ္စုတ ဒေါသ
  7. အတိဝုတ္ထ ဒေါသ
  8. အပေတတ္ထ ဒေါသ
  9. သဗန္ဓဖရုသ ဒေါသ တို့ပဲ ဖြစ်တယ်။

ဧကတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ကြောင်းမှာ သဒ္ဒါ အနေနဲ့ ဒါမှမဟုတ် အဓိပ္ပာယ်အနေနဲ့ တူနေပါလျက်နဲ့ အကြိမ်ကြိမ် ခဏခဏ ဆိုသလို သုံးနှုန်းနေခြင်း
ဥပမာမိုးရေပေးတတ်၊ မိုးတိမ်ထပ်သည်၊
အကြောင်းအရင်း – မိုးတိမ်က ဆိုမှတော့ မိုးရေ ပေးမယ်ဆိုတာ သိလျက်နဲ့ “မိုး” ဆိုတဲ့ စာလုံးကို ထပ်ခါထပ်ခါ သုံးထားတယ်။
ဖြေနည်း – ကြောက်ခြင်း၊ အမျက်ထွက်ခြင်း၊ အံ့သြခြင်း စတာ တစ်ခုခုကြောင့် ဒီလို အကြိမ်ကြိမ် အာမေဍိတ် အနေနဲ့ သုံးမယ်ဆိုရင် ဒေါသက လွတ်ပါတယ်။

အာမေဍိတ် (၈) မျိုးရှိပါတယ်။
၁။ ဘယ – ကြောက်ခြင်း။ “သူခိုးသူခိုး၊ အော်လျက်နှိုး၏
၂။ ကောဓ – အမျက်ထွက်ခြင်း။ “ထိုးလော့ထိုးလော့၊ အားမလျော့နှင့်
၃။ ပသံသ – ချီးမွမ်းခြင်း။ “ကောင်းစွကောင်းစွ၊ လူ့ဘုံရခဲ
၎။ တုရိတ – အဆောတလျင်ပြုခြင်း။ “မြန်မြန်ယခု၊ အမောင်ပြုလော့
၅။ ကောတုဟလစ္ဆရ – အုတ်အုတ်ကျက်ကျက် ဖြစ်၍ အံ့သြခြင်း။ “အလိုဟောဟော၊ ဘယ်သဘောလိမ့်
၆။ ဟာသ – ရယ်ရွှင်ဝမ်းမြောက်ခြင်း။ “အလိုဟားဟား၊ ရွှင်ဖွယ်များလှ
၇။ သောက – စိုးရိမ်ခြင်း။ “သားလှသားလှ၊ ဘယ်နားကြွလိမ့်
၈။ ပသာဒ – ကြည်ညိုခြင်း။ “ဘုရားဘုရား၊ ကြည်ညိုများ၏

ဘဂ္ဂရီတိ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုမှာ စကား အသွားအလာအရ သုံးထားတဲ့ ဝိဘတ်ပုဒ် ကို ရှေ့ကလို သုံးရိုးသုံးစဉ် မဟုတ်ဘဲ ဖောက်ပြန် အသုံးပြုခြင်း
ဥပမာဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ ဟိုမှာဟိုလမ်း၊ ဟိုစခန်း၌၊
အကြောင်းအရင်း – “ဤ” အက္ခရာကို ဆက်တိုက် သုံးလာပြီးမှ နောက်ပိုင်း “ဟို” အက္ခရာကို ပြောင်းသုံးတယ်။
ဖြေနည်းဤတွင်ဤသို့၊ ဤမြို့ဤရွာ၊ဤမှာဤလမ်း၊ ဤစခန်း၌၊

ဗျာကိဏ္ဏ ဒေါသ
အဓိပ္ပာယ် – စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားဘဲ မစပ်သင့်တဲ့ ပုဒ်ချင်း အနီးကပ်ထားလို့ ဖြစ်လာတဲ့ ရောနှော ရှုပ်ထွေးမှု
ဥပမာဗုဒ္ဓမြတ်စွာ၊ ရှိပန်ထွာ၍၊ ရှစ်ဖြာဓမ္မ၊ ဦးညွတ်ခလျက်၊ ဆယ်ဝသံဃာ၊ ဤသုံးဖြာကို၊
အကြောင်းအရင်း – ဓမ္မ ဆယ်ပါး၊ သံဃာ ရှစ်ပါး ရှိတာကို ပုဒ်တွေ ရောယှက်နေတယ်။
ဖြေနည်းဗုဒ္ဓမြတ်စွာ၊ ဆယ်ဓမ္မာနှင့်၊ ရှစ်ဖြာသံဃ၊ ဤသုံးဝကို၊ နေ့ညရိုကျိုး၊ ရှိရှင်ခိုးလျက်၊

ဂါမ္မ ဒေါသ
အဓိပ္ပာယ် – ရိုင်းပြတဲ့ ညစ်ညမ်းတဲ့ စကားလုံးတွေကို စကား ပရိယာယ်စဉ်ပြီး မပြောဘဲ တည့်ထိုး ပြောဆိုရေးသားခြင်း
ဥပမာမယ့်ကိုလှိုက်လှိုက်၊ ချစ်ခါကြိုက်လို့၊ ပွေ့ပိုက်နှစ်ကိုယ်၊ ပေါင်းဖက်လို၏ (ဒီခေတ်ပိုင်းမှာတော့ ဒီစာဟာ သိပ်ရိုင်းလှတဲ့ စာတော့ မဟုတ်တော့ပါဘူး)
အကြောင်းအရင်း – ချစ်ကြိုက်၊ ပွေ့ပိုက်၊ ပေါင်းဖက် ဆိုတဲ့ စကားလုံးတွေကို တည့်ထိုး သုံးထားပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀) လောက်ကတော့ ဒါတွေကို ဒဲ့ပြောရင် ရိုင်းတယ်ပေါ့ဗျာ။ အခုခေတ်မှာတော့ သူ့ပစ္စည်း၊ ကိုယ့်ပစ္စည်းနဲ့ ကိုင်တုတ်တဲ့ ကဗျာစာပိုဒ်မျိုးတွေကို ဆိုလိုပါတယ်။
ဖြေနည်းမယ့်ကိုမြင်ရ၊ ယဉ်စစမို့၊ ဘဝမကွာ၊ ကြည်အေးစွာဖြင့်၊ မေတ္တာရေစင်၊ နှောလိုက်ချင်ဘိ။

နောက်တစ်နည်း

အဓိပ္ပာယ် – ဝါကျတစ်ခုမှာ ပုဒ်တွေကို ဖတ်တဲ့အခါ ဖြတ်သင့်ရာဖြတ်၊ ရပ်သင့်ရာ မရပ်ဘဲ မတွဲဖတ်သင့်တဲ့ ပုဒ်နှစ်ခုကို တွဲဆိုလိုက်မိရင် လည်း ဂါမ္မဒေါသ သင့်တတ်ပါတယ်။
ဥပမာလက်လေးသစ်အောက်၊ ကျဉ်းအပေါက်နှင့်၊ တွင်း-စောက်-ပတ်-လည်၊ လက်သစ်ညီအောင်၊
အကြောင်းအရင်း – အထက်က ကဗျာစာပိုဒ်မှာ စောက် နဲ့ ပတ် ကို စပ်ပြီး “တွင်း-စောက်ပတ်-လည်” လို့ ဖတ်မိရင် ဂါမ္မဒေါသ သင့်ပါတယ်။
ဖြေနည်း – အဲဒီလို ပုဒ်မျိုးကို သုံးဖို့ လုံးဝ ပိတ်ပင်ပါတယ်။

ယတိဟီန ဒေါသ
အဓိပ္ပာယ် – စကားလုံး တစ်လုံးနဲ့ တစ်လုံးကြား ရပ်သင့် ဖြတ်သင့်တဲ့ နေရာမှာ မရပ်မဖြတ်ဘဲ မဖြတ်သင့်တဲ့ နေရာမှာ ပုဒ်ဖြတ်ခြင်း။
ဥပမာကုသိုလ်ကိုပြု၊ ၍ထိုမှုကြောင့်၊ တောင်းဆုလိုရာ၊
အကြောင်းအရင်း – ပုဒ်မဖြတ်သင့်တဲ့ “ပြု” နဲ့ “၍” ကြားမှာ ပုဒ်ဖြတ်ထားပါတယ်။
ဖြေနည်းကုသိုလ်ပြု၍၊ ထိုမျိုးစေ့ကြောင့်၊ အပြည့်ဆုဆို၊

ကမစ္စုတ ဒေါသ
အဓိပ္ပာယ် – သုံးနေကျ၊ ဖြစ်နေကျ အစဉ်အလာကို ဖီလာဆန့်ကျင့်ပြီး ဖွဲ့ဆိုထားခြင်း။
ဥပမာလယ်မြေမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ မြို့ကိုမလော့၊
အကြောင်းအရင်း – သဘာဝအရ လယ်မြေထက် ရွာမြေက ဈေးပိုရမယ်။ ရွာမြေထက် မြို့မြေက ပိုတယ်။ သူများရဲ့ ပစ္စည်းကို တောင်းလို့ မပေးရင် အများကနေ တဖြည်းဖြည်းနဲ့ လျှော့တောင်းရတဲ့ သဘာဝပဲ ရှိတယ်။ အခု ဝါကျအရ လယ်မြေကိုတောင် တောင်းလို့ မရတာ ရွာမြေကို တောင်းမယ်၊ မရရင် မြို့မြေကို တောင်းမယ် ဆိုတော့ သဘာဝကို ဖီဆန်နေပါတယ်။
ဖြေနည်းမြို့ကိုမပေး၊ ရွာကိုပေးလော့၊ ရွာကျေးမရ၊ လယ်ကိုမလော့၊

အတိဝုတ္ထ ဒေါသ
အဓိပ္ပာယ် – ဖြစ်မြဲဖြစ်စဉ်ထက် ပိုပိုသာသာ အကြွားပိုပြီး ရေးဖွဲ့ထားခြင်း
ဥပမာသားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ ကျဉ်းအံ့ထင်၏။
အကြောင်းအရင်း – သားကို ဆွဲပြီးဖြန့်တာ ကောင်းကင်နဲ့တောင် မဆံ့လို့ ကျဉ်းတယ်လို့ ထင်မိကြောင်း လွန်လွန်ကျူးကျူး ရေးဖွဲ့ထားတယ်။
ဖြေနည်းသားမြတ်ဝင်းဖန့်၊ ဆွဲကာဖြန့်သော်၊ မဆံ့ကောင်းကင်၊ မဖြစ်လျှင်တည်း။
ကောင်းကင်မှာ မဆံ့ဘူးဆိုတာ မဖြစ်နိုင်ဘူး လို့ ရေးဖွဲ့တာကြောင့် ဒေါသလွတ်ပါတယ်။

အပေတတ္ထ ဒေါသ
အဓိပ္ပာယ် – ဝါကျတစ်ခုလုံး ခြုံငုံပြီး အဓိပ္ပာယ် ယူကြည့်လိုက်ရင် ဟိုလိုလို ဒီလိုလိုနဲ့ မရေမရာ အဓိပ္ပာယ်သက်ရောက်နေခြင်း။
ဥပမာနွားမသားငယ်၊ ခေါင်းပေါင်းဝယ်၍၊ ပင်လယ်ရေငန်၊ ချစ်နလန်ထ၊
အကြောင်းအရင်း – စကားတစ်ပိုဒ်ချင်းစီ အဓိပ္ပာယ် ရှိနေပေမယ့် ဝါကျတစ်ခုလုံး ပေါင်းစပ် ယူလိုက်တော့ ဘာ ဆိုလိုမှန်းကို မသိဘူး ဖြစ်သွားတယ်။
ဖြေနည်း – အဲဒီလို ရေးတာဟာ ကလေးစကား၊ အရူးစကားလို့ သိသာအောင် ဖော်ပြမယ်ဆိုရင် ဒေါသလွတ်ပါတယ်။

သဗန္ဓဖရုသ ဒေါသ
အဓိပ္ပာယ် – ဝါကျမှာ အသံကို ခပ်ပြင်းပြင် ရွတ်ဆိုရတဲ့ အက္ခရာတွေ ဖောဖောသီသီ သုံးထားတာကြောင့် ဖတ်ရတာ မာဆပ်ဆပ် ဖြစ်နေခြင်း။
ဥပမာမခေါ်ခင်များ၊ မယ်ကခါး၍၊ ဆွဲထားထပ်ခါ၊ တခါခါနှင့်၊
အကြောင်းအရင်း – ကြမ်းကြမ်းတမ်းတမ်း၊ ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ (ခ) အက္ခရာ နဲ့ (ထ) အက္ခရာတွေကို အများကြီး သုံးထားပါတယ်။
ဖြေနည်း – ဒီလို ဝါကျမျိုးကို ဖာထေးဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ အကောင်းဆုံးကတော့ အဲလို ခပ်ပြင်းပြင်း ရွတ်ဆိုရတဲ့ အက္ခရာတွေ လျှော့သုံးဖို့ပါပဲ။

ကဗျာ၌ သင့်သော ဒေါသ

ဒေါသမကင်းသောစာ (၁)(၂) ကို တင်ပြပြီးကာမှ ကဗျာရေးတဲ့ သူတွေအတွက်လည်း အသုံးတည့်အောင် အခု ဒီပို့စ်ကို ရေးပြီး ဝေမျှလိုက်ပါတယ်။ တကယ်တမ်း ဆိုရင် ဒီလို အပြစ်အနာတွေက စာမှာဖြစ်ဖြစ်၊ ကဗျာမှာဖြစ်ဖြစ် အတူတူတွေချည်းပါ။ ပို့စ်တစ်ခုအနေနဲ့ သီးခြား ခွဲပြီး ဖော်ပြရတဲ့ အကြောင်းကတော့ ဥပမာ ဥပမေယျတွေ ပေးတာ မတူလို့ပါ။ စာမှာတော့ စာကြောင်း၊ ဝါကျတွေနဲ့ ဥပမာ ပေးပြီး အခု ဒီကဗျာမှာ ဆိုရင်လည်း ကဗျာလေးတွေကို ဥပမာပေးပြီး ရေးသွားမှာပါ။ ဒါဆို ကဗျာသမားတွေအတွက် ပိုပြီး သိသာထင်ရှား မြင်သာထင်သာ ဖြစ်သွားပါလိမ့်မယ်။ ဒေါသတွေရဲ့ နာမည်နဲ့ အဓိပ္ပာယ် သက်မှတ်ချက်တွေကတော့ အတူတူချည်းပါ။ ဒေါသ တစ်ခုချင်းစီအတွက် အဓိပ္ပာယ် သက်မှတ်ချက်၊ ဥပမာ ကဗျာစာပိုဒ်၊ အပြစ်သင့်ပုံ အကြောင်းအရင်း နဲ့ အပြစ်ဖြေပုံ ဆိုပြီး လေးပိုင်းစီ ခွဲပြသွားပါမယ်။ ထုံးစံအတိုင်း ပါဠိစကားလုံးတွေ ပါလာမှာမို့ အဲဒီစကားလုံးတွေကြောင့် ရှိန်ပြီး မဖတ်ချင် ဖြစ်သွားမှာလည်း စိုးပါတယ်။ ပါဠိစကားလုံးတွေကို ကျော်ပြီး ဖတ်သွားစေချင်တယ်။ မြန်မာစာရဲ့ ရေးနည်း၊ ဖွဲ့နည်း၊ သဒ္ဒါနည်းတွေဟာ ပါဠိကျမ်းစာတွေကနေ အများစု အတုယူး ရေးထားတာ ဖြစ်တာကြောင့် ပါဠိဝေါဟာရတွေနဲ့ ကင်းလို့ကို မရပါဘူး။ မြန်မာမှုပြုပြီး မြန်မာနာမည်တွေ ပေးထားတယ် ဆိုပေမယ့်လည်း မူရင်း ပါဠိနာမည်တွေလည်း မပျောက်ပျက်စေချင်တဲ့ သဘောနဲ့ ပါဠိဝေါဟာရတွေပါ ထည့်သွင်း တင်ပြပေးလိုက်ပါတယ်။ ဓမ္မာစရိယ ဦးထွန်းရွှေ ပြုစုထားတဲ့ ကဗျာစွယ်စုံကျမ်းကြီး ကို ကိုးကားတင်ပြမှာ ဖြစ်ပါတယ်။

ကဗျာမှာ သင့်နိုင်တဲ့ ဒေါသကို ဖွဲ့စည်းပုံအားဖြင့် သုံးပိုင်း ခွဲပြီး ပြောပါ့မယ်။
(၁) ပုဒ်တစ်ပုဒ် (တစ်ပဒ) ချင်းစီမှာ မှားတတ် ငြိစွန်းတတ်တဲ့ ဒေါသ – ပဒဒေါသ ရှစ်ပါး၊
(၂) ဝါကျတစ်ခုလုံးကို ငြိစွန်း ထိခိုက်စေတတ်တဲ့ ဒေါသ – ဝါကျဒေါသ ကိုးပါး နဲ့
(၃) ဝါကျတွေရဲ့ အနက်အဓိပ္ပာယ်ကို ငြိစွန်းလို့ သင့်တတ်တဲ့ ဒေါသ – ဝါကျတ္ထဒေါသ ခြောက်ပါး
စုစုပေါင်း – (၂၃) ပါး ကို ခွဲခြားဝေဖန် စီစစ်သုံးသပ် ပြဖို့ ရည်ရွယ်ထားပါတယ်။

ပဒဒေါသ (၈) ပါး ဆိုတာ

  1. ဝိရုဒ္ဓတ္ထန္တရ ဒေါသ
  2. အဓျတ္ထ ဒေါသ
  3. ကိလိဋ္ဌ ဒေါသ
  4. ဝိရောဓိ ဒေါသ
  5. နေယျ ဒေါသ
  6. ဝိသေသနပေက္ခ ဒေါသ
  7. ဟိနတ္ထက ဒေါသ
  8. နေတ္ထက ဒေါသ

ဝိရုဒ္ဓတ္ထန္တရ ဒေါသ
အဓိပ္ပာယ် – ကိုယ်သုံးထားတဲ့ စကားလုံးဟာ ကိုယ်လိုချင်တဲ့ အဓိပ္ပာယ်တင် မကဘဲ သူ့ရဲ့ ဆန့်ကျင်ဘက် အဓိပ္ပာယ်ပါ ထွက်နေခြင်း။
ဥပမာစိန်ကိုဝေပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။
အကြောင်းအရင်း – စိန် ဆိုတာ ရတနာစိန် ဖြစ်နိုင်သလို၊ အဆိပ်စိန်လည်း ဖြစ်နိုင်ပါတယ်။
ဖြေနည်းအမြတ်စိန်ပေး၊ ထိုသေဌေးကြောင့်၊ ကြည်အေးချမ်းသာ၊ ကြွယ်ဝရာ၏။

အဓျတ္ထ ဒေါသ
အဓိပ္ပာယ် – ထိုက်သင့်တဲ့ ရှိသင့်တဲ့ ဂုဏ်ထက် ပိုပြီး လွန်လွန်ကြူးကြူး ဖွဲ့ဆိုထားခြင်း။
ဥပမာဆယ်ရပ်ဒီသာ၊ ထွန်းလင်းဖြာလျက်၊ ရောင်ဝါကွန့်မြူး၊ ပိုးစုံးကြူးသည်၊
အကြောင်းအရင်း – ပိုးစုံးကြူးတစ်ကောင် ပေးနိုင်တဲ့ အလင်းထက် မတန်မရာ ဖွဲ့ဆိုထားပါတယ်။
ဖြေနည်း ပိုးစုံးကြူးငယ်၊ ရောင်တသွယ်ဖြင့်၊ ရပ်ဆယ်လုံးပိုင်၊ မလင်းနိုင်တည့်။

ကိလိဋ္ဌ ဒေါသ
အဓိပ္ပာယ် – အသိခက်တဲ့ နားလည်ရခက်တဲ့ ပုဒ်ကို အသုံးပြုထားခြင်း။
ဥပမာသုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ။
အကြောင်းအရင်း – သုံး အရ၊ လေး အရ၊ ငါး အရ အဓိပ္ပာယ်ကို သိဖို့ ခက်နေပါတယ်။
ဖြေနည်းသုံးပျောက်လို့ ငါးကွာ၊ လေးရွာသို့ရောက်မြဲ၊ ဤပုစ္ဆာ ပဟေဠိကို၊ ဖြေညှိဖို့ပဲ။
အသိခက်အောင် ပဟေဠိဆန်ဆန် ရေးပြီး ဖြေဖို့ တောင်းဆိုထားတာကြောင့် ဒေါသ လွတ်ပါတယ်။

ဝိရောဓိ ဒေါသ
အဓိပ္ပာယ် – ထုံးတမ်းစဉ်လာ၊ ကျင့်သုံးမြဲဖြစ်တဲ့ ဓမ္မတာ နဲ့ လောကသဘာဝ ဓမ္မတာတွေကို ဖီလာဆန့်ကျင့်ပြီး ရေးသားထားခြင်း။
ဥပမာတောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုမပူ၊ ချမ်းစွာ့ဟူ၏။
အကြောင်းအရင်း – ဖတ်ကြည့်ရင် နားလည်မှာပါ။ လောကဓမ္မတာ ဖြစ်ရိုးဖြစ်စဉ်တွေနဲ့ မကိုက်ညီတာကို တမင် ရေးဖွဲ့ထားပါတယ်။
ဖြေနည်းသုံးလူ့မြတ်ရိပ်၊ ဘုန်းဂုဏ်ဟိတ်ကြောင့်၊ တောင်ထိပ်ကြာပေါက်၊ အနောက်နေထွက်၊ ကွဲအက်မြင့်မိုရ်၊ မီးကိုသော်ပင်၊ ချမ်းစွာ့ထင်၏။
ဘုရားဘုန်းတော်၊ ဂုဏ်တော်ကြောင့် အဲဒီလို ထင်မိပါတယ်လို့ ရေးဖွဲ့ထားတာပါ။

နေယျ ဒေါသ
အဓိပ္ပာယ် – အနက်အဓိပ္ပာယ် မထင်မရှား ဖြစ်နေလောက်အောင် ပုဒ်တစ်ပုဒ် လိုနေခြင်း
ဥပမာဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။
အကြောင်းအရင်း – ညသန်းခေါင် အချိန်မှာ ဖွေးဖွေးဖြူတယ်လို့ ရေးဖွဲ့ထားပြီး အကြောင်းအရင်းမပါဘူး။
ဖြေနည်းဝိဇ္ဖူနွယ်သေး၊ လျပ်စစ်ရေးကြောင့်၊ ဖြူဖွေးအရောင်၊ ညဥ့်သန်းခေါင်၌၊ ပြောင်ပြောင်ဝင်းဝါ၊ တောက်ပစွာ၏။

ဝိသေသနပေက္ခ ဒေါသ
အဓိပ္ပာယ် – အထူးပြုသော ဝိသေသနပုဒ် လိုအပ်နေခြင်း
ဥပမာသူသည်မျက်စိ၊ စေ့စေ့ကြည့်၏။
အကြောင်းအရင်း – မျက်စိနဲ့ စေ့စေ့ကြည့်တယ် ဆိုပေမယ့် မုန်းလို့ ကြည့်တာလား၊ ချစ်လို့ ချစ်တာလား ဆိုတဲ့ ဝိသေသန လိုနေပါတယ်။
ဖြေနည်းကြည်လင်မျက်စိ၊ စေ့စေ့ကြည့်၏။
(ချစ်ခင်စွာ) စိတ်သဘောထား ကြည်လင်စွာနဲ့ ကြည့်တယ် ဆိုတဲ့ သဘောပါ။

ဟိနတ္ထက ဒေါသ
အဓိပ္ပာယ် – ဂုဏ်ကြီးမြင့်တဲ့ အရာဝတ္ထုတစ်ခုခုကို သေးသိမ်တဲ့ ပုဒ်နဲ့ ထပ်တူပြုထားခြင်း။
ဥပမာပိုးစုံးရောင်ကို၊ ကုန်အောင်ပယ်ခွင်း၊ ထိုနေမင်းသည်၊
အကြောင်းအရင်း – ညအမှောင်တစ်ခုလုံး၊ ကြယ်ရောင်၊ လရောင်တွေကိုပါ ဖယ်ခွင်းနိုင်တဲ့ နေမင်းကြီးကို ပိုးစုံးကြူးရဲ့ အရောင်ကို ဖယ်ခွင်းနိုင်တယ်လို့ မူလဂုဏ်ကို ညိုးငယ်အောင် ထပ်တူပြုထားတယ်။
ဖြေနည်းလရောင်ဖွေးဖွေး၊ ပယ်နိုင်သေး၏၊ ပိုးမြေးရောင်ဟူ၊ လေးမမူသည့်၊ တစ်ဆူနေမင်း၊

နေတ္ထက ဒေါသ
အဓိပ္ပာယ် – အနက်အဓိပ္ပာယ် သီးခြင်း မရှိဘဲ ကာရန်ဖြစ်ရုံ၊ ပြည့်ရုံ ထည့်ထားခြင်း
ဥပမာဘိုးစဉ်ဘောင်ဆက်၊ ဘေးလက်ထက်က၊
အကြောင်းအရင်း – “ဘောင်” ဆိုတဲ့ အက္ခရာဟာ သီးခြား အဓိပ္ပာယ် မရှိဘဲ ပုဒ်ကာရန် ပြည့်ရုံ ထည့်ထားတယ်။
ဖြေနည်းဘိုးမှစဉ်ဆက်၊ ဘေးလက်ထက်က၊
အထက်က ပြထားတဲ့ ပုဒ်မှာ “ဘောင်” ဆိုတဲ့ စကားလုံးကို ပဒ ပူရဏ လို့ခေါ်ပါတယ်။ ဝါစာသိလိဋ္ဌ လို့လည်း ခေါ်ပါတယ်။

ဒေါသမကင်းသော စာ (၂)

ပြီးခဲ့တဲ့ အပိုင်း (၁) မှာ ဒေါသ အမျိုးအစားထဲက အရေးအသား ရှင်းလင်းမှုနဲ့ ကျစ်လစ်မှုအပိုင်းကို ရှင်းပြခဲ့ပြီးပါပြီ။ မဖတ်ရသေးသူများ ဒီမှာ ပြန်ဖတ်ကြည့်နိုင်ပါတယ်။ စာတစ်စောင် ပေတစ်ပြောင် ငါဟဲ့ နင်ဟဲ့ ဆိုပြီး လက်ခမောင်းခပ် ရေးကြတော့မယ်ဆိုရင် ရှင်းလင်းတဲ့ ကျစ်လစ်တဲ့ အရေးအသားတွေ ဖြစ်ဖို့ဆိုတာ အင်မတန်မှ အရေးကြီးပါတယ်။ ဒါမှ စာဖတ်သူအနေနဲ့ ကိုယ်ပေးချင်တဲ့ အနှစ်သာရပိုင်းကို သိနိုင်မယ်။ တွေးနိုင်မယ်။ တချို့ကျတော့လည်း မရှုပ်ရှုပ်အောင် ရေးတတ်ကြတယ်။ သူများ နားမလည်အောင် ရေးနိုင်မှ အဆင့်မြင့်တယ်လို့ ထင်ကြတယ်။ တချို့ကျ အင်မတန် ရှည်လျား ရှုပ်ထွေးတဲ့ စာကြောင်းတွေနဲ့ ကိုယ့်ရဲ့ စာပေလက်ရာကို ကိုယ်ထင်ပြကြတယ်။ စာကြောင်းရေ ၅ ကြောင်းလောက် ဖတ်ပြီးမှ ဝါကျ တစ်ကြောင်းရတယ်။ ဒီတော့ စာဖတ်သူ အနေနဲ့ အဲဒီလောက် ရှည်တဲ့ ဝါကျရဲ့ အဓိပ္ပာယ်ကို နားလည်အောင် ဖွင့်ဆိုဖို့ဆိုတာ အတော်လေးကို ခဲယဉ်းသွားပြီ။ အရေးအသား ရှင်းလင်းရမယ့်အပြင် ပြေပြစ်ဖို့ပါ လိုလာပြီ။ ဆရာကြီး ရွှေဥဒေါင်းရဲ့ စာတွေလိုပေါ့။ စာကြောင်းရေ လေး၊ ငါး၊ ခြောက်ကြောင်းလောက် ပြီးမှ ဝါကျ တစ်ခု ရတယ်။ ဒါပေမယ့် သူရဲ့ စာကြောင်းကို အဆုံးထိ ဖတ်ပြီးတာနဲ့ ဘာဆိုလိုသလဲ ဆိုတာ တန်းသိနိုင်တယ်။ အဲဒီလို ရေးနိုင်ဖို့ ဆိုတာလည်း အတော်လေးကိုမှ မလွယ်ပဲကိုး။

ဒီပို့စ်ထဲမှာ ကျနော် အနေနဲ့ စာပေ အရေးအသားမှာ လိုအပ်တဲ့ ပြေပြစ်မှုအပိုင်းနဲ့ လိုက်ဖက်ညီမှု အပိုင်းနဲ့ ဆိုင်တဲ့ အပြစ်အနာတွေကို ဝေဖန် ခွဲပြချင်ပါတယ်။ အရေးအဖွဲ့ ပြေပြစ်မှု ဆိုတာ အဖုအထစ် အကွေ့အကောက် မရှိဘဲ ချောချောမွေ့မွေ့ ရှိခြင်းကို ဆိုလိုတာပါ။ ဝါကျ တစ်ခုကို ဖတ်လိုက်တဲ့အခါ စာဖတ်သူရဲ့ စိတ်ထဲမှာ ထောင့်မနေဘဲ ရှောရှောရှူရှူ ဝါကျဆုံးတဲ့အထိ ရောက်သွားရင် အရေးအဖွဲ့ ပြေပြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အရေးအဖွဲ့ လိုက်ဖက်မှု ဆိုတာကတော့ ဝါကျမှာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာနဲ့ ကိုယ်သုံးနှုန်းထားတဲ့ စကားလုံးတွေ လိုက်လျောညီရှိခြင်းကို ခေါ်ပါတယ်။ ဥပမာ ရှင်ဘုရင်ရဲ့ ပြောစကားတွေဟာ နန်းတွင်းသုံးစကား၊ ကြီးကျယ်မြင့်မြတ်တဲ့ စကားမျိုးတွေ ဖြစ်မှ သင့်လျော်သလို ပုဂံခေတ်အကြောင်း ပြောနေကာမှ အင်တာနက်ကြီး ပါလာပြန်ရင်လည်း နေရာမကျပြန်ဘူး။ အဲဒီလို အကြောင်းအရာနဲ့ အသုံးအနှုန်း လိုက်လျောညီထွေမှု မရှိလို့ ဖြစ်လာရတဲ့ အပြစ်အနာ ဒေါသတွေကိုလည်း ဆွေးနွေးသွားမှာပါ။

ကဲ ကျနော်တို့ အရေးအသား ပြေပြစ်မှုနဲ့ သက်ဆိုင်တဲ့ ဒေါသတွေ အကြောင်း အရင် ကြည့်ကြရအောင်။

အရေးအဖွဲ့ ပြေပြစ်အောင် ဖွဲ့တဲ့အခါမှာ ရှေ့နောက် စကားစဉ် လိုက်ဖက်အောင် ဖွဲ့ခြင်းဟာလည်း လိုအပ်ချက်တစ်ခုပဲ ဖြစ်တယ်။ ဥပမာ အနေနဲ့ ပြောရရင် “ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ထိုရဟန်းတို့” ဆိုတဲ့ အဖွဲ့ကို ကြည့်ကြည့်ပါ။ ထို … ထို … ထို ဆိုတဲ့ စကားစဉ်မပျက်အောင် သုံးထားတာကြောင့် ပြေပြစ်မှု ရှိနေပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ “ထိုရောကာလ၊ ထိုခဏ၌၊ ထိုမျှရပ်ဝန်း၊ ဤရဟန်းတို့” လို့ ရေးလိုက်ရင်တော့ စကားစဉ် ပျက်သွားတာကြောင့် အစဉ်ပျက်အပြစ် – ဝါကျ ဘဂ္ဂရီတိ ဒေါသ သင့်တယ်လို့ ဆိုရပါလိမ့်မယ်။

အဲဒီလိုပဲ ဝါကျဖွဲ့ရာမှာ ဝိဘတ်တွေ အစဉ်ညီညွတ်အောင် ဖွဲ့တာကလည်း ပြေပြစ်မှုအတွက် အရေးပါတဲ့ အချက်တစ်ချက် ပါပဲ။ ဝါကျတစ်ခုထဲမှာ “အမိ၌ အဖ၌ ဘိုးဘွား၌” လို့ ဝိဘတ်စဉ် ညီညွတ်အောင် ဖွဲ့ရင် ပြေပြေပြစ်ပြစ် ရှိနေပေမယ့် “အမိ၌ အဖအား ဘိုးဘွားကို” လို့ ဝိဘတ်အစဉ်ဖျက်ပြီး ဖွဲ့ရင်တော့ မညီညွတ်တော့ဘဲ ဝိဘတ်အစဉ်ပျက်သော အပြစ် – ဝါကျတ္ထဘဂ္ဂရီတိဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အောက်က ဝါကျနှစ်ကြောင်းကို ယှဉ်ကြည့်ပါ။
၁။ ဆရာသည် ရှည်သွယ်သော အရပ်၊ ညိုမောင်းသော အသားအရေ၊ ရွှင်ချိုသော မျက်နှာတို့ဖြင့် ကျက်သရေ ရှိလှသည်။
၂။ ဆရာသည် အရပ်ရှည်ရှည် ညိုမောင်းသည့် အသားအရေနှင့် မျက်နှာကလည်း ရွှင်ချိုပြီး ကျက်သရေ ရှိလှသည်။
ဒီ ဝါကျနှစ်ခုဟာ အကြောင်းအရာချင်း အတူတူ ဖြစ်ပေမယ့် ပထမ ဝါကျက ပိုပြီး ပြေပြစ်တယ်ဆိုတာ ထင်ရှာပါတယ်။

အရေးအဖွဲ့ ပြေပြစ်ဖို့အတွက် နားဝင်မချိုတဲ့ အသံကြမ်းတွေကို ရှောင်ဖို့လည်း အလင်္ကာကျမ်းများက ညွှန်းဆိုထားပါသေးတယ်။ အရွတ်အဖတ်ခက်တဲ့ အသံကြမ်းတွေပါရင် အသံကြမ်းအပြစ် – ဗန္ဓဖရုသဒေါသ သင့်တယ်လို့ ဆိုပါတယ်။ “ခက်ခက်ခဲခဲ တွက်ချက်၍ ကုတ်ကုတ်ခြစ်ခြစ် လုပ်လျက်” ဆိုတဲ့ အရေးအသားမျိုးမှာ အရွတ်အဖတ် ခက်တဲ့ အပြေပြစ်တဲ့ သဘောကို တွေ့ပါလိမ့်မယ်။

အကြောင်းအရပ် တစ်ခုကို အထူးပြုဖို့ လုပ်မယ်ဆိုရင်လည်း အဲဒီ အကြောင်းအရာနဲ့ လိုက်ဖက်တဲ့ ဝိသေသနမျိုး ဖြစ်ဖို့ လိုပါတယ်။ “အရပ် ဆယ်မျက်နှာလုံး ထွန်းလင်းတောက်ပသော ဆီးမီးခွက်ငယ်” မှာလို ဆီးမီးခွက်ငယ်မှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ပိုလွန်ပြီး ဖွဲ့ရင် ဂုဏ်လွန်အပြစ် – အဓျတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။

အဲဒီလိုပဲ၊ “ကကြီး ခခွေး မှန်အောင် ရေးတတ်သော ပညာရှိကြီး” မှာလို ပညာရှိကြီးမှာ ရှိသင့်တဲ့ ဂုဏ်ထက် အများကြီး ယုတ်နိမ့်အောင် ဖွဲ့ထားရင်လည်း ဂုဏ်ယုတ်အပြစ် – ဟီနတ္ထကဒေါသ သင့်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဝိသေသန ပြုခံရတဲ့ အရာထက် မမြင့်လွန်း မနိမ့်လွန်းတဲ့ လိုက်ဖက်တဲ့ အထူးပြုမှုမျိုးသာ သင့်လျော်ပါလိမ့်မယ်။

လှည်းဦး၌ ပစ်ထားသော ရွှေဖရုံသီးဖတ်ကို ကျီးချီသွားရာ လှည်းပါ ကပ်ပါသွားသည်” မှာလို အလွန်အကျွံ ရေးဖွဲ့ရင်လည်း စကားလွန်အပြစ် – အတိဝုတ္ထဒေါသ သင့်တယ်လို့ ဆိုပါတယ်။ အကြောင်းအရာနဲ့ လိုက်ဖက်ရုံလောက်ပဲ ဖွဲ့ဖို့ တောင်းဆိုထားပါတယ်။

နောက်ပြီး “အနောက်က နေထွက်၏” လို နေရာဒေသ ဆန့်ကျင်မှု၊ “ဆောင်းတွင်းမှာ တောင်လေလာ၏” လို အချိန်ကာလ ဆန့်ကျင်မှု၊ “သားကို အဖေက ရိုသေရမည်” လို လောကဆန့်ကျင်မှု၊ “မီးသည် အေး၏” လို ယုတ္တိမရှိမှု၊ “ဒါနသီလပြုရင် ကုသိုလ်မရ” လို စာပေကျမ်းဂန်နဲ့ ဆန့်ကျင်မှုတွေ ပါလာခဲ့ရင် ဖြစ်ရိုးဆန့်ကျင်အပြစ် – ဝိရောဓိဒေါသ သင့်ပါတယ်။

ရိုင်းပျသော အပြောအဆို အရေးအသားတွေ ဖွဲ့ဆို ရေးသားထားရင် စကားရိုင်းအပြစ် – ဝါကျကမ္မဒေါသ သင့်ပါတယ်။

ရှေးသီချင်းကြီး တစ်ပုဒ်မှာ “ဥသျှောင်ကျင်-ငယ်လေး” လို့ ဆိုရမယ့်အစား “ဥသျှောင်-ကျင်ငယ်လေး” လို့ ဆိုမိတဲ့အတွက် “ကျင်ငယ်” ဆိုတဲ့ အနက်ရိုင်း ထွက်တာကြောင့် အနက်ရိုင်းအပြစ် – ဝါကျတ္ထ ကမ္မဒေါသ သင့်တယ်လို့ ဆိုပါတယ်။

ဘုရား၊ တရား၊ သံဃာ” လို့ ဆိုရမယ့်အစား “ဘုရား၊ သံဃာ၊ တရား” လို့ ဆိုရိုးဆိုစဉ် ဖျက်ပြီး ဆိုခဲ့ရင် ဆိုရိုးဆိုစဉ်ပျက်အပြစ် – ကမစ္စုတဒေါသ သင့်ပါတယ်။

အသက်ကိုပင် စွန့်ရန် ဝန်မလေးပါလျက် သူခိုး ခိုးခံရ၍ တုန်လှုပ်သည်” မှာလို ရှေ့နောက် မညီမညွတ် ဖွဲ့ရင် ယုတ္တိမဲ့အပြစ် – သြစိတျဟီနဒေါသ သင့်တယ်လို့ ဆိုပါသေးတယ်။

အထက်မှာ ဖော်ပြပေးထားတဲ့ အပြစ်အနာ ဒေါသတွေကို လေ့လာပြီး သဘောပေါက် ရှောင်နိုင်ရှားနိုင် ဂရုစိုက်နိုင်မယ် ဆိုရင် မိမိရဲ့ အရေးအသား အဖွဲ့အနွဲ့တိုင်းဟာ ရှင်းလင်းမှု၊ ကျစ်လစ်မှု၊ ပြေပြစ်မှု၊ လိုက်ဖက်မှု ဆိုတဲ့ လက္ခဏာကောင်းတွေ ပြည့်စုံတဲ့ အသီးအပွင့် ရလဒ်ကောင်းတွေကို ခံစားနိုင်မှာ ဖြစ်တယ်။ တခြားသူ ရေးထားတဲ့ စာတွေကို အကဲဖြတ်တဲ့ နေရာမှာလည်း ဒီနည်းနာတွေဟာ တနည်းတဖုံ အထောက်အပံ့ ဖြစ်နိုင်ပါလိမ့်မယ်။ အထက်က ဖော်ပြထားတဲ့ ဒေါသအပြစ်တွေကို ရှောင်ရှားပြီး လက်တွေ့ကျကျ အသုံးချနိုင်ဖို့ ဒီပို့စ်လေးဟာ အဖိုးတန် လမ်းညွှန်ချက်တွေ ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။

ဒေါသမကင်းသော စာ

ဒေါသ ဆိုတာ အပြစ်အနာကို ခေါ်ပါတယ်။ ဒေါသသင့်တဲ့ စာ ဆိုတာကတော့ အပြစ်အနာ မကင်းတဲ့ စာပေါ့။ အပြစ်အနာကို သိလို့ ဖြေဖျောက်နိုင်မယ်၊ ရှောင်ရှားနိုင်မယ် ဆိုရင် ဒေါသကင်းတဲ့ စာ ရလာပါလိမ့်မယ်။ ဒါဆို ကျနော်တို့အနေနဲ့ ဒေါသတွေက ဘာတွေလဲဆိုတာကို သိဖို့ လိုလာတာပေါ့။ ဒေါသတွေအကြောင်းကို အလင်္ကာကျမ်းတွေမှာ အကျယ်တဝံ့ ရေးထားပါတယ်။ အလင်္ကာကျမ်း အများစုရဲ့ မြစ်ဖျားခံရာ မူလဘူတ ကျမ်းကတော့ သီဟိုဠ်ကျွန်း (သီရိလင်္ကာနိုင်ငံ) က အရှင်သင်္ဃရက္ခိတမဟာသာမိမထေရ် ပါဠိလို ရေးဖွဲ့ထားတဲ့ သုဗောဓာလင်္ကာရကျမ်းပဲ ဖြစ်ပါတယ်။ အဲဒီကျမ်းဟာ ပုဂံခေတ်လောက်ကတည်းက မြန်မာနိုင်ငံကို ရောက်ရှိလာပြီး မြန်မာဘာသာနဲ့ ခေတ်အဆက်ဆက်က ပြန်ဆိုရေးသားခဲ့ကြတယ်။

စာဖတ်သူ တချို့ဟာ မြန်မာစာပေနဲ့ ပတ်သက်တဲ့ ပို့စ်တွေကို ဖတ်ရမှာ အင်မတန်မှ ပျင်းရိကြတာ ကျနော် နားလည်ပါတယ်။ ဒါပေမယ့် ကျနော် ဒီပို့စ်ကို ရေးမှ ဖြစ်မယ်။ ဘာကြောင့် ရေးကိုရေးရသလဲ ဆိုတာ သိရအောင် ကျနော်ရဲ့ ရည်ရွယ်ချက်ကို ချပြမှ ဖြစ်မယ်။ အကြီးမားဆုံး ရည်ရွယ်ချက်ကတော့ စာရေးသူတွေ အပြစ်ကင်းတဲ့ စာဖြစ်ဖို့ အပြစ်တွေကို သိစေချင်တယ်။ နောက်ရည်ရွယ်ချက်က စာဖတ်သူတွေ အတွက်ပါ။ ဒီစာကို ဖတ်ရတာ ထောက်နေတယ်လို့ သိတယ်။ အပြစ်အနာ ရှိနေတယ်။ ဒါပေမယ့် ဘာကြောင့် ထောက်နေသလဲ မဝေခွဲတတ်ဘူး။ အနာမသိ ဆေးမရှိပါဘူး။ ဒီတော့ အနာသိမှ ဖြစ်မယ်။ ဒီပို့စ်ကို ဖတ်ပြီး အပြစ်အနာတွေ ရှာတတ်လာစေချင်တယ်။ ဒါမှ ဝေဖန်နိုင်မယ်။ အကြံပြုနိုင်မယ်။ ဝေဖန်၊ အကြံပြုနိုင်မှ စာကောင်းတွေ ထွက်လာမယ်။ တိုးတက်တဲ့ အရေးအသားတွေ ဖြစ်လာမယ်။ ရေးတဲ့သူကော၊ ဖတ်တဲ့သူပါ အကျိုးရှိစေချင်တယ်။ စာဖတ်သူဟာ ကိုယ်တိုင်လည်း စာရေးတယ် ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။ အကျိုးရှိမယ်လို့ မျှော်လင့်မိပါတယ်။ ကျနော် တတ်လို့ ရေးတာ မဟုတ်ပါဘူး။ သိတော့ တာဝန်ရှိတယ်လို့ ယူဆမိလို့ ရေးသားမျှဝေတာ ဖြစ်ပါတယ်။ ကြိုတင် ပြောစရာ ရှိတာက ပါဠိနာမည်တွေကြောင့် အခက်မတွေ့စေချင်ပါဘူး။ ကျော်ဖတ်သွားလည်း ဖြစ်နေပါတယ်။

ဝါကျရဲ့ ဒေါသကို ပြတဲ့အခါမှာ နှစ်ပိုင်း ခွဲပြီး ဆွေးနွေးချင်ပါတယ်။
တစ်ပိုင်းက အရေးအဖွဲ့ ရှင်းလင်းမှုနဲ့ ကျစ်လစ်မှု အပိုင်း နဲ့
နောက်တစ်ပိုင်းက အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်း ပါ။

စကားသုံးနှုန်းတဲ့အခါမှာ ဆန့်ကျင်ဖက် အနက်နှစ်မျိုး ထွက်အောင် မသုံးရပါဘူး။ ဒီလိုဆို အဓိပ္ပာယ် ရှင်းရှင်းလင်းလင်း ဘယ်ထွက်တော့မလဲ။ “တောင်” ဆိုတဲ့ စကားလုံးဟာ တောင်အရပ်လို့ အဓိပ္ပာယ်ထွက်သလိုပဲ တောင်ကုန်းလို့လည်း ယူဆလို့ ရနေပါတယ်။ ဒါဆို “တောင်ဆီသို့ မျှော်ငေးနေမိပါသည်” ဆိုတဲ့ ဝါကျကို ဘယ်လို အဓိပ္ပာယ် ဖွင့်မလဲ။ စကား အဆက်အစပ် မပြည့်စုံရင် အဓိပ္ပာယ်လည်း ဝေဝါးသွားပါတယ်။ ဒီလို အဓိပ္ပာယ် နှစ်မျိုးထွက်တာကြောင့် ဆန့်ကျင်ဘက်အပြစ် – ဝိရုဒ္ဓတ္ထန္တရဒေါသ သင့်တယ်လို့ ဆိုပါတယ်။

အသိခက်တဲ့ စကားမျိုးကို သုံးရင်လည်း မရှင်းမလင်း ဖြစ်တာမို့ စကားခက်အပြစ် – ကိလိဠဒေါသ သင့်ပါတယ်။ “နေထွက်လုပြီ” လို့ ရေးရင် လူတိုင်း သိနိုင်ပေမယ့် “ပြဘင်္ကရု၊ ဖန်နေနန်းလည်း ပေါ်ထွန်းလုပြီ” လို့ ရေးလိုက်ခြင်း အားဖြင့် ဘာဆိုလိုမှန်း မသိဘဲ ဖြစ်သွားနိုင်ပါတယ်။

ထည့်သင့်တဲ့ အကြောင်းပြစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်ပါတယ်။ “ညအခါ အရပ်ဆယ်မျက်နှာလုံး ဖွေးဖွေးဖြူလျက် ရှိ၏” လို့ ရေးရင် ဘာကြောင့် ဖြူမှန်းမသိနိုင်တာကြောင့် မရှင်းမလင်း ဖြစ်ရတယ်။ စကားလိုအပြစ် – နေယျဒေါသ လို့ ခေါ်ပါတယ်။ “ညအခါ အရပ်ဆယ်မျက်နှာလုံး လရောင်ကြောင့် ဖွေးဖွေးဖြူလျက် ရှိ၏” လို့ ရေးရင် “လရောင်ကြောင့်” ဆိုတဲ့ အကြောင်းပြစကားကြောင့် ရှင်းရှင်းလင်းလင်း ဖြစ်သွားစေပါတယ်။

အဲဒီလိုပဲ ထည့်သင့်တဲ့ အထူးပြုစကားကို မထည့်ဘဲ ထားရင်လည်း မရှင်းမလင်း ဖြစ်တတ်တာကြောင့် ဂုဏ်ထူးလိုအပြစ် – ဝိသေသနပေက္ခဒေါသ သင့်ပါတယ်။ “မျက်စိဖြင့် ကြည့်၏” လို့ ရေးရင် ဘာမှ မထူးတဲ့အပြင် “မျက်စိဖြင့်” က ပိုနေသလိုပါပဲ။ “ချစ်သော မျက်စိဖြင့် ကြည့်၏” လို့ ရေးရင်တော့ “မျက်စိဖြင့်” က အပိုမဖြစ်တဲ့အပြင် “ချစ်သော” ဆိုတဲ့ အထူးပြုကြောင့် ဆိုလိုတဲ့ အဓိပ္ပာယ် ပိုရှင်းသွားတာ တွေ့ရပါလိမ့်မယ်။

သာယာ ပျော်မွေ့ဖွယ် ကောင်းသော မြို့၏ ဆင်ခြေဖုံးရပ်ကွက်တွင် ကျွန်တော် နေသည်” ဆိုတဲ့ ဝါကျမှာ မြို့က သာယာ ပျော်မွေ့ဖွယ် ကောင်းတာလား၊ ရပ်ကွက်က ပျော်မွေ့ဖွယ် ကောင်းတာလား။ အဲဒီလို ဝါကျဖွဲ့ရာမှာ စပ်သင့်တဲ့ ပုဒ်ချင်း နီးနီးကပ်ကပ် မထားရင် ပုဒ်ထားရှုပ်အပြစ် – ဗျာကိဏ္ဏဒေါသ သင့်ပါတယ်။

ဝါကျတွင်းပုဒ်တွေ ရှေ့နောက် ထားရာမှာလည်း အဆက်အစပ်မှန်မှန် ထားဖို့ အရေးကြီးပါတယ်။ “ခွေးနှင့်ဆိတ်သည် မြက်နှင့် အမဲသားကို အသီးသီး စားကြ၏” ဆိုတဲ့ ဝါကျမှာ ခွေးက မြက်ကိုစားပြီး ဆိတ်က အမဲသားကို စားတယ်ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်သွားပါတယ်။ အဲဒီလို အရှေ့အနောက် အစီအစဉ် အစပ်အဟပ် ပျက်ရင် ဟပ်စဉ်ပျက်အပြစ် – အပက္ကမဒေါသ လို့ ခေါ်ပါတယ်။

ဝါကျရဲ့ အနက်ကိုလည်း တစ်မျိုးထက် ပိုမထွက်အောင် ဖွဲ့ဖို့ လိုအပ်ပါတယ်။ “ခွေးဖြူ တော မတိုးဝံ့” ဆိုတဲ့ စကားပုံ ဝါကျကိုပဲ ကြည့်ပါ။ စကားတစ်လုံးချင်းစီ အနေနဲ့ ရှင်းပြစရာ မလိုပေမယ့် ဝါကျထဲ ထည့်လိုက်တဲ့အခါမှာ ခွေးက ဖြူ (ဆူးရှိတဲ့ အကောင်)တွေထဲ မတိုးဝံ့တာလား၊ ခွေးဖြူက တောထဲ မတိုးဝံ့တာလားလို့ တွေးစရာ ဖြစ်လာတယ်။ ဒီအဖြစ်မျိုးကို ယုံမှားဖွယ်ရှိအပြစ် – သ သံသယဒေါသ လို့ ခေါ်ပါတယ်။ ဒီပြဿနာမျိုးမှာ “ဖြူတောထဲ ခွေးမတိုးဝံ့” ဆိုသလို ပုဒ်အထားအသို ပြောင်းဖွဲ့လိုက်ရင်ပဲ အဓိပ္ပာယ် ရှင်းလင်းသွားပါတယ်။

လေဘောလုံးကို ကိုင်မြှောက်လျက်” ဆိုတဲ့ စကားမှာ “ဘောလုံး” ဟာ “လေ”မပါဘဲ သီးသန့် ရပ်တည်နိုင်တဲ့ အပြင် “လေ” နဲ့ တွဲသုံးလည်း ဘာမှ မထူးခြားတာကြောင့် အပိုစာလုံး ဖြစ်နေပါတယ်။ စကားသုံးနှုန်းရာမှာ အနက်အဓိပ္ပာယ် အထူးမရှိဘဲ အပိုထည့်ထားတဲ့ စကားမျိုးပါရင် အနက်မဲ့အပြစ် – အနတ္တဒေါသ လို့ ခေါ်ပါတယ်။ စကားပိုနေတဲ့အတွက် ကျစ်ကျစ်လစ်လစ် မရှိဘဲ ဖြစ်နေတတ်ပါတယ်။

ဝါကျဖွဲ့ရာမှာ စကားတူ၊ အနက်တူတွေ ထပ်နေရင်လည်း အနက်ထပ်အပြစ် – ဧကတ္ထဒေါသ လို့ ခေါ်ပါတယ်။ စကားထပ်နေတာကြောင့် ကျစ်လျစ်မှု မရှိဘဲ ဖြစ်နေတတ်တယ်။ “စာသင်ကြားရာ စာသင်ကျောင်း” မှာလို အနက်အဓိပ္ပာယ်တူ စကားတွေ ထပ်သုံးရင် ဒီ အပြစ် သင့်ပါတယ်။

ဒေါသ အပြစ်တွေကို မြင်ပြီး ရှောင်နိုင် ရှားနိုင်မယ်ဆိုရင် လိုက်နာ သီကုံးနိုင်ရင် ရိုးရှင်းကျစ်လျစ်ပြီး ဖတ်ရလွယ်ကူတဲ့ စာပေ အရေးအသားမျိုးတွေ ပိုင်ဆိုင်လာနိုင်ပါတယ်။ အလင်္ကာကျမ်းကြီးတွေမှာ ခန့်ခန့်ညားညား ရေးသားထားတာက တစ်ကြောင်း၊ ပါဠိနာမည်တွေ မြင်ရုံနဲ့ မဖတ်ချင်တာက တစ်ကြောင်းကြောင့် ဒီဒေါသတွေအကြောင်းကို နှံ့နှံ့စပ်စပ် သိဖို့ မလွယ်ကူခဲ့ပါဘူး။ ဆရာ မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ စကား၊ စာ၊ အလင်္ကာ ဆိုတဲ့ စာအုပ်ထဲမှာ ပုံမှန်လူတစ်ယောက် ဖတ်မှတ်နိုင်တဲ့ အရေးအသားနဲ့ ရှင်းပြထားတာ တွေ့ရလို့ ကျနော်အနေနဲ့ ပြန်လည် စီကုံးပြီး အသိပညာ မျှဝေခြင်းသာ ဖြစ်ပါတယ်။ ဒီနည်းနာတွေကို စနစ်တကျ လေ့လာပြီး လက်တွေ့ အသုံးချနိုင်မယ် ဆိုရင် စာ အရေးအသားပိုင်း နည်းလမ်းကောင်းတွေ အဖြစ်နဲ့ အများကြီး အသုံးတည့်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ နောက်မှ အရေးအဖွဲ့ ပြေပြစ်မှုနဲ့ လိုက်ဖက်မှု အပိုင်းကို ဆက်ဆွေးနွေးပါ့မယ်။

(ဆက်ရန်)

သူငယ်ချင်းကောင်း ယောက်ဖတို့ရေ …

ကျနော်တို့ သိပ်ကိုခင်တဲ့ သူငယ်ချင်း အချင်းချင်း ခေါ်ကြတဲ့အခါမှာ ယောက်ဖရေလို့ ခေါ်တယ်။ တချို့ကျ နှမချောလေး ရှိလို့ပေါ့။ တချို့ကျ မရှိပေမယ့် ခေါ်ရတာ ခံတွင်းတွေ့သလိုပဲ။ တကယ်တမ်း ပြန်စဉ်းစားကြည့်ရင် ကျနော်တို့ တစ်ယောက်ကိုတစ်ယောက် ခေါ်ကြပုံချင်း မတူကြဘူး။ တစ်ယောက်တည်းကိုပဲ တခြားသူတွေက တစ်မျိုးစီ ခေါ်ကြတယ်လေ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်ဆံရာမှာ “ဘယ်သူရေ”၊ “ဘယ်ဝါရေ” ဆိုပြီး ရည်ညွှန်းခေါ်တဲ့ စကားလုံး အသုံးအနှုန်းတွေ အများကြီး ရှိပါတယ်။ အဲဒီလို စကားလုံးတွေကို ပါဠိလို အာလပန လို့ ခေါ်တယ်။ အာလုပ်စကားလို့ မြန်မာမှု ပြုထားကြတယ်။ ဘာသာဗေဒက Address Term လို့ ခေါ်ပါတယ်။

လူတိုင်းလူတိုင်း နေ့တိုင်းလိုလို အာလုပ်စကားတွေ သုံးပြီး ဆက်ဆံနေကြတာကို မြင်နိုင်ပါတယ်။ လူတစ်ယောက်က နောက်တစ်ယောက်ကို ခေါ်တဲ့အခါမှာ သုံးတဲ့ အာလုပ်စကားကို ကြည့်ရင် နောက်ကွယ်မှာ အင်မတန် သိမ်မွေ့တဲ့ လူမှုဆက်ဆံရေး သဘောတရားတွေ ထင်ဟပ်နေတဲ့အတွက် အင်မတန်မှ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ စဉ်းစားကြည့်ကြည့်လိုက်လေ။ အဖေလုပ်တဲ့သူကို သားသမီးတွေက အဖေ၊ ဖေဖေ၊ ဒယ်ဒီ၊ ပါပါး၊ ဖေကြီး လို့ အမျိုးမျိုး ခေါ်ကြတယ်။ သူငယ်ချင်းနှစ်ယောက် စိတ်လိုလက်ရ စကားပြောရင် သယ်ရင်း ဆိုပြီးခေါ်တယ်။ စိတ်ဆိုးရင်တော့ ဟဲ့ကောင် တဲ့။ ဒီထက် ပိုတင်လာရင်တော့ သေနာ ဆိုပြီး အာလုပ်ခေါ်တယ်။ ဒီတော့ အာလုပ်ကို မူတည်ပြီး ပြောတဲ့လူရဲ့ စိတ်ခံစားမှုကို သိနိုင်သလို ပြောသူနှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာကိုလည်း မှန်းဆနိုင်တာပေါ့။

အာလုပ်စကားတစ်ခွန်းဟာ ခေါ်သူနဲ့ အခေါ်ခံသူတွေရဲ့ အသက်အရွယ် အနေအထား၊ လူမှုအဆင့်အတန်း အခြေအနေ၊ ရင်းနှီးမှု အတိုင်းအတာ၊ ကျားမ ကွဲပြားမှု၊ ခေါ်သူက အခေါ်ခံရသူ အပေါ် ထားတဲ့ သဘောထား စတာတွေကို သိမ်သိမ်မွေ့မွေ့လေး ထင်ဟပ်ပြနေပါတယ်။ မြန်မာတွေ နေ့စဉ် သုံးနေတဲ့ အာလုပ်စကားတွေကို လေ့လာကြည့်ရင် (၁) နာမည်၊ (၂) ဆွေးမျိုးစပ် အခေါ်အဝေါ် နှင့် (၃) အလုပ်အကိုင် ရာထူး အခေါ်အဝေါ်တွေမှာ မူတည်ပြီး အာလုပ်ပြုလေ့ရှိတယ် ဆိုတာ တွေ့ရတယ်။

အဖေ၊ အမေ၊ အစ်ကို၊ အစ်မ၊ ညီ၊ ညီမ၊ သား၊ သမီး၊ အဒေါ်၊ ဦးလေး၊ တူ၊ တူမ၊ အဘိုး၊ အဘွား၊ မြေး စသဖြင့် ဆွေမျိုးစပ် စကားတွေနဲ့ အာလုပ်ပြုပြီး ခေါ်လေ့ရှိတယ်။ ဖေဖေ၊ မေကြီး၊ ကိုကို၊ ညီညီ၊ မမ၊ သားသား၊ မီးမီး၊ ဦးဦး၊ ဒေါ်ဒေါ်၊ ဘိုးဘိုး၊ ဘွားဘွား၊ သားသားလေး၊ မီးကြီး၊ မီးငယ်၊ ကိုကိုကြီး စတဲ့ အသုံးအနှုန်းတွေကို ကြည့်ရင် ချစ်ခင် ရင်းနှီးတဲ့ အငွေ့အသက်တွေ အပြည့်အဝ ပါတဲ့ အာလုပ်စကားတွေလို့ လူတိုင်း ခံစားလို့ရမှာပါ။ အဖေနဲ့ သားက “ဖေဖေရေ” “သားရေ” လို့ အာလုပ်ပြုပေမယ့် ယောက္ခမနဲ့ သားမက်ကျတော့ “ယောက္ခမကြီးရေ” “သားမက်လေးရေ” လို့ သုံးတာ မတွေ့ရပါဘူး။ ကွယ်ရာတော့ ပြောကြမလား မသိဘူးနော်။ ဆွေမျိုး မတော်စပ်ကြပေမယ့် ခုနက ဆွေမျိုးစပ်စကားတွေကို သုံးပြီး အာလုပ်ပြုတတ်တဲ့ မြန်မာဓလေ့ကိုလည်း တွေ့နိုင်ပါတယ်။ အသက်အရွယ်ပေါ် မူတည်ပြီး အဘ၊ အဘိုး၊ အဘွား၊ ဦးလေး၊ အဒေါ်၊ အစ်ကို၊ အစ်မ၊ ညီလေး စတဲ့ အာလုပ်စကားတွေနဲ့ ရင်းနှီးတဲ့ သဘောကို ဆောင်ချင်လို့ သုံးကြတယ်။ ထူးဆန်းတာ တစ်ခုက အဘွားအရွယ်ကို “အဘွား”၊ အမေအရွယ်ကို “အမေ” လို့ ခေါ်တတ်ကြပေမယ့် အဖေအရွယ်ကို “အဖေ” လို့ ဘယ်သူမှ မခေါ်ကြဘူးလေ။

အလုပ်အကိုင် ရာထူး အခေါ်အဝေါ်နဲ့လည်း အာလုပ်ပြုပါသေးတယ်။ ဆရာ၊ ဆရာမ၊ ဒေါက်တာ၊ ဗိုလ်ကြီး၊ ရှေ့နေကြီး အပြင် ဒီဂျီ၊ အမ်ဒီ၊ ဂျီအမ်၊ ဘောစိ၊ မှူးကြီး စသဖြင့်လည်း အာလုပ်ပြုလေ့ရှိတယ်။ “တပည့်တော်” “ဆရာတော်ဘုရား” စတာတွေလည်း အကျုံးဝင်တာပေါ့။ အလုပ်အကိုင် အခေါ်အဝေါ်တွေကို နာမည်နဲ့တွဲပြီး “ဒေါက်တာလှရွှေ” “ဆရာကြီးဦးဖိုးကျား” “ဗိုလ်ကြီးကျော်လွင်” “သခင်မြ” စသဖြင့်လည်း အာလုပ်ပြု သုံးနှုန်းလေ့ရှိတယ်။ နာမည် တွဲဘက်လိုက်ရင်ပဲ အလုပ်သဘောထက် လူချင်း သိကျွမ်း ရင်းနှီးမှု သဘောကို ရွေ့လျားသွားတယ်လို့ ဆိုနိုင်ပါတယ်။

အာလုပ်စကားရဲ့ နောက်က တွဲလေ့ရှိတဲ့ ပစ္စည်းစကားတွေကလည်း စိတ်ဝင်စားဖို့ ကောင်းပါသေးတယ်။ “ရေ” “ရယ်” “ရာ” “ရ” တွေကို အသုံးများတယ်။ “မောင်မောင်ရေ” လို့ ခေါ်ရင် မောင်မောင်က ခပ်ဝေးဝေးမှာ ရောက်နေလို့ လှမ်းခေါ်မှန်း သိသာတယ်။ “ရယ်” ကတော့ တိုင်တည်တဲ့သဘော၊ တောင်းပန်တဲ့သဘော၊ ချော့မော့ ဖြေသိမ့်တဲ့ သဘောတွေ ပါဝင်ပါလိမ့်မယ်။ “ဟုတ်ပါတယ် ကိုကိုရယ်” ဆိုတဲ့ စကားမှာ တောင်းပန်၊ ချော့မော့၊ ဖြေသိမ့်တဲ့ လေသံ ပါနေပါတယ်။ “ရာ” ကတော့ ရင်းရင်းနှီးနှီး အားပါးတရ ပြောတဲ့ လေသံပါတယ်။ “ဟုတ်တာပေါ့ မောင်ရင်ရာ” “လိမ္မာစမ်းပါ ညီလေးရာ” ဆိုတဲ့ အသုံးတွေမှာ ရင်းနှီးတဲ့ အငွေ့အသက် အပြည့်အဝ ပါဝင်နေပါတယ်။ “ရ” ကလည်း အားနဲ့ မာန်နဲ့ တရင်းတနှီး ပြောတဲ့သဘော ပါပါတယ်။ “ဟုတ်တယ် ကိုရင်လေးရ” “လုပ်ပါ့မယ် မမရ” ဆိုတဲ့ စကားတွေမှာ ဒီသဘောတွေ ထင်ဟပ်နေပါတယ်။

နေ့တိုင်းလိုလို ပြောဆိုနေကျ စကားလုံးတွေ အကြောင်းအရာတွေ ဖြစ်နေတော့ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လူတိုင်း သိပြီးသား ကိစ္စလို့ ပြောလို့ရပေမယ့် စနစ်တကျ လေ့လာစူးစမ်းမှု မပြုဖြစ်ကြတဲ့ အကြောင်းတွေလည်း ဖြစ်ပါတယ်။ ဘာသာစကား တစ်ခုမှာ မရှိမဖြစ် မပါမဖြစ်တဲ့ အစိတ်အပိုင်း တစ်ခုလည်း ဖြစ်တာကြောင့် စနစ်တက် စူးစမ်းလေ့လာဖို့ သင့်တဲ့ နယ်ပယ်တစ်ခုလည်း ဖြစ်ပါတယ်။ ဘာသာဗေဒ ပညာရှင်တွေအတွက် တကယ့်ကို လေ့လာစရာတွေ ကျန်ရှိနေပါသေးတယ်။ အခုလို အာလုပ်စကားနဲ့ ပတ်သက်ပြီး စာအုပ်တစ်စောင် ကျမ်းတစ်စောင်အနေနဲ့ တစ်ခါမှ မမြင်ဖူး မဖတ်ဖူးပါဘူး။ ရှိတာ သိတဲ့သူ ရှိရင်လည်း ညွှန်ပြပေးပါဦးလို့ ပြောကြားရင်း …

မောင်ခင်မင် (ဓနုဖြူ) ၏ ‘မိန်းမယောက်ျား ထိုစကား’ စာအုပ်မှ ကိုးကားတင်ပြသည်။

သွားလာလှုပ်ရှား …

ကျနော်တို့ မြန်မာနိုင်ငံမှာ ကြီးပြင်းပြီး မြန်မာရေသောက်၊ မြန်မာစကား ပြောနေကြတော့ တချို့ အသုံးအနှုန်းတွေကို ဘာလို့ ဒီလိုသုံးတာလဲလို့ မေးလာရင် မဖြေတတ်တဲ့သူ များပါတယ်။ ခက်တာက မြန်မာအချင်းချင်း ဘာလို့ ဒီလိုသုံးတာလဲလို့ ဘယ်သူမှ မေးမှာ မဟုတ်ဘူး။ နိုင်ငံခြားသားတစ်ယောက် (သို့) မြန်မာစကားပြောနဲ့ စိမ်းနေတဲ့ သူတွေကပဲ မေးကြလိမ့်မယ်။ မေးလာရင်ကော တိတိကျကျ မဖြေနိုင်တဲ့ သူက များပါတယ်။ ‘သွား’ နဲ့ ‘လာ’ ဟာ မြန်မာစကားမှာ အခြေခံကျတဲ့ လှုပ်ရှားမှုပြ ကြိယာဖြစ်တယ်။ ဘယ်လိုအချိန်မှာ ‘သွား’ ကိုထည့်သုံးပြီး ဘယ်လိုအခြေအနေမှာ ‘လာ’ ဆိုတဲ့ စကားလုံးကို ထည့်သုံးမလဲလို့ အတိအကျ မေးလိုက်ရင် ပါးစပ်အဟောင်းသားနဲ့ ငေးငိုင်သွားမယ်။ ‘သွား’ နဲ့ ‘လာ’ ကို သုံးတာများ ဘာခက်လို့လဲ ဆိုပြီး ဥပမာတချို့ ရွတ်ပြကြလိမ့်မယ်။ ဒီနေရာမှာ ဘာလို့ ‘သွား’ ကို သုံးထားသလဲလို့ စေ့စေ့ပေါက်ပေါက် မေးလိုက်ရင်လည်း ငုတ်တုတ်မေ့သွားတယ်။ ငါတို့ကို အထင်သေးလှချည့်လား လို့ ထင်တဲ့လူတွေ ကျနော် အောက်မှာ ရေးပြမယ့် စာကြောင်းတွေ ဘာကွာလဲ စဉ်းစားကြည့်ကြပါ။ အရင် စဉ်းစားပြီးမှ နောက် အပိုဒ်တွေကို ဆက်ဖတ်စေချင်ပါတယ်။ ဖတ်ကြည့်ရင်တော့ လွယ်လွယ်လေးတွေပဲ။ လွယ်တယ်ဆိုတာ ကျနော်တို့ ကြီးပြင်းရာ ရေမြေရဲ့ မိခင်ဘာသာစကားမို့လို့ပါ။ လူမျိုးခြားတစ်ယောက်က သိချင်စိတ်နဲ့ ဘာလို့အဲဒီလို သုံးသလဲ မေးလာရင် တေမိဇာတ် ခင်းနေရဦးမယ်။ ဒါကြောင့် သိထားသင့် သိထားထိုက်တယ် ထင်လို့ ကျနော် ဖတ်မှတ်ထားရသမျှ ပြန်ပြီး ဝေမျှလိုက်ပါတယ်။ မောင်ခင်မင် (ဓနုဖြူ) – မိန်းမယောက်ျားထိုစကား စာအုပ်ကနေ ကိုးကားဖော်ပြ လိုက်ပါတယ်။ ကဲ … အောက်က စာကြောင်းတွေ ဘာကွာသလဲဆိုတာ စဉ်းစားကြည့်ပါဦး။ ဘယ်လို အခြေအနေမျိုးမှာ ဒီလို စာကြောင်းကို သုံးသလဲ ဆိုတာ သုံးသပ်ကြည့်ရင် အလွယ်ဆုံး ဖြစ်မယ်ထင်တယ်။

၁။ ကျနော် မောင်မောင်ဆီ လာမယ်။
၂။ ကျနော် မောင်မောင်ဆီ သွားမယ်။
၃။ မောင်မောင် ထမင်းစားလာတယ်။
၎။ မောင်မောင် ထမင်းစားသွားတယ်။
၅။ ညီမလေး ကြီးလာပြီ။
၆။ ညီမလေး ကြီးသွားပြီ။
( ဒီစာကြောင်းတွေ ဘာကြောင့်မှားသလဲ။ )
၇။ ကျနော် ခင်ဗျားအိမ် သွားပါရစေ။
၈။ ကျနော်ဆီ ခင်ဗျား သွားနိုင်မလား။
၉။ ခင်ဗျား သူငယ်ချင်းအိမ်ကို လာမလို့။

မြန်မာစကား ပြောတဲ့အခါမှာ ‘သွား’ နဲ့ ‘လာ’ ကို ကလေးကအစ မှန်အောင် သုံးတတ်ကြပါတယ်။ ဒါပေမယ့် ဝေဖန်ပြတတ်ဖို့ ခက်တယ်။ ‘သွား’ နဲ့ ‘လာ’ ဟာ လားရာဘက်ချင်း ဆန့်ကျင်တဲ့ သဘော ဆောင်တယ်လို့ ယေဘုယျ ပြောလို့ ရပေမယ့် အတိအကျတော့ မဟုတ်ပြန်ဘူး။ ဥပမာ ‘စားသွားတယ်’ နဲ့ ‘စားလာတယ်’ မှာ လားရာ ဆန့်ကျင်တဲ့ သဘော မပါပါဘူး။ ‘သွား’ နဲ့ ‘လာ’ ရဲ့ သဘောကို လေ့လာမယ်ဆိုရင် စာကြောင်းထဲမှာ ပါဝင် ပတ်သက်နေတဲ့ လူတွေကို ထည့်သွင်း စဉ်းစားရင် ဆက်စပ်လေ့လာရတာ ပိုအဆင်ပြေပါလိမ့်မယ်။ စကားပြောတဲ့အခါမှာ ပါဝင် ပတ်သက်တဲ့ သူတွေကို သုံးမျိုး ခွဲခြား သက်မှတ်လို့ ရတယ်။ ပြောသူ၊ နာသူ နဲ့ အခြားသူ ပေါ့။ မောင်မောင်က ဇော်ဇော်ကို ထွန်းထွန်းအကြောင်း ပြောနေတယ်ဆိုရင် မောင်မောင်က ပြောသူ၊ ဇော်ဇော်က နာသူ၊ ထွန်းထွန်းက အခြားသူပေါ့။ ‘သွား’ နဲ့ ‘လာ’ ရဲ့ အသုံးဟာ (ပြောသူ – နာသူ – အခြားသူ) ဆက်သွယ်မှုပေါ် အခြေတည်ပြီး ပြောင်းလဲသွားတယ်။

ပြောစကားထဲက အကြောင်းအရာဟာ ပြောသူ နဲ့ နာသူ နှစ်ယောက်ရဲ့ လှုပ်ရှားမှုကို ပြောတယ်ဆိုရင် ‘လာ’ ကို သုံးပါတယ်။ ဥပမာ စာကြောင်း (၁) မှာ ကျနော်က မောင်မောင်နဲ့ စကားပြောနေတယ်လို့ သဘောသက်ရောက်ပါတယ်။ စာကြောင်း (၃) မှာလည်း မောင်မောင်နဲ့ စကားပြောနေတယ်လို့ နားလည်လိုက်ပါတယ်။ ပုံမှန်အားဖြင့်တော့ ‘ကျနော် ခင်ဗျားဆီ သွားမယ်’ ၊ ‘ခင်ဗျား ကျနော်ဆီ သွားမလား’ လို့ သုံးလေ့သုံးထ မရှိပါဘူး။

ပြောသူ၊ နာသူတို့က အခြားသူဆီ ရွေ့လျားသွားရင်တော့ ‘သွား’ ကို သုံးပါတယ်။ ‘ကျနော် ဆရာဝန်ဆီ သွားမလို့’ ၊ ‘ခင်ဗျားကော ခင်ဗျားဦးလေးဆီ မသွားဘူးလား’ ဆိုတဲ့ စာကြောင်းမှာ ဆရာဝန် နဲ့ ဦးလေးဟာ ပြောသူ မဟုတ်၊ နာသူ မဟုတ်ဘဲ အခြားသူ ဖြစ်နေတာ တွေ့နိုင်ပါတယ်။ ဥပမာ စာကြောင်း (၂) မှာ မောင်မောင်ဟာ နာသူ မဟုတ်ဘူးဆိုတာ ခန့်မှန်းလို့ ရပါတယ်။ စာကြောင်း (၄) က မောင်မောင်ဟာလည်း ပြောသူ၊ နာသူ မဟုတ်ဘူးလို့ သိနိုင်တယ်။

ဒါပေမယ့် အခြားသူက ပြောသူနဲ့ နာသူဆီ ရွေ့လျားလာရင်တော့ ‘လာ’ ကိုပဲ သုံးလေ့ ရှိပါတယ်။ ‘မောင်ရွှေ ကျနော်ဆီ လာလိမ့်မယ်’ ၊ ‘မူမူက ခင်ဗျားဆီ လာမယ်ပြောတယ်’ စသဖြင့် သုံးလေ့ ရှိပါတယ်။

ပြောသူ၊ နာသူနဲ့ အခြားသူရဲ့ တည်နေရာကို မူတည်ပြီးတော့လည်း ‘သွား’ နဲ့ ‘လာ’ ရဲ့ သုံးပုံက ကွဲသွားပြန်တယ်။ ပြောသူ မတည်ရှိတဲ့ နေရာဆီ ရွေ့လျားတဲ့သဘော ဆိုရင် ‘သွား’ ကို သုံးပါတယ်။ ‘ဒီနေ့ ရွှေရွှေ ကျောင်းမသွားဘူး’ လို့ ပြောရင် ပြောသူဟာ ကျောင်းမှာ ရှိမနေတာ သေချာတယ်။ တကယ်လို့ ပြောသူဟာ ကျောင်းမှာ ရှိနေရင် ‘ဒီနေ့ ရွှေရွှေ ကျောင်းမလာဘူး’ လို့ သုံးနှုန်းပါလိမ့်မယ်။ ပြောသူရဲ့ တည်နေရာကို ရှေ့ရှုလာရင် ‘လာ’ သုံးပြီး၊ အခြားဘက်ကို ရှေ့ရှုရင်တော့ ‘သွား’ ကို သုံးတာဖြစ်ပါတယ်။

‘ကျနော် ရန်ကုန်ကို လာမယ်’ နဲ့ ‘ကျနော် ရန်ကုန်ကို သွားမယ်’ ဆိုတဲ့ အသုံးနှစ်ခု ဘာကွာသလဲ စဉ်းစားကြည့်ပါဦး။ ကျနော် ရန်ကုန်ကို လာမယ်လို့ ပြောလိုက်ရင် နာသူဟာ ရန်ကုန်မှာ ရှိနေတယ်ဆိုတာ သိနိုင်ပါတယ်။ ကျနော် ရန်ကုန်ကို သွားမယ် လို့ သုံးလိုက်ခြင်းအားဖြင့် ပြောသူကော၊ နာသူပါ ရန်ကုန်မှာ မရှိတာ သေချာတယ်။ ပြောသူကော၊ နာသူပါ နေရာဒေသ တစ်ခုမှာ မရှိသေးပေမယ့် နောင်တစ်ချိန် သွားရောက်မယ့် အခြေအနေ ရှိရင်လည်း ‘လာ’ ကို သုံးနိုင်ပါတယ်။ ‘ရှေ့လကျရင် ကျနော် မြစ်ကြီးနားမှာ ရှိမယ်။ ခင်ဗျား လာခဲ့ပါလား’ ဆိုတဲ့ အသုံးမျိုးပါ။

အသုံးအရ အလေးပေးတဲ့သဘော ရိုးတိုးရိတ်တိတ် ကွာခြားပုံကလည်း စိတ်ဝင်စားစရာပါ။ ‘ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်’ လို့ သုံးရင် ခင်ဗျားဘက် ရှေ့ရှုတဲ့သဘောကို အလေးပေးသလို ဖြစ်သွားတယ်။ ‘ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်’ လို့ သုံးလိုက်ရင်တော့ ကျော်ကျော်ရဲ့ ရွေ့လျားမှုကို အလေးပေးလိုတဲ့ သဘော တွေ့ရတယ်။ တနည်းပြောရရင် ကျော်ကျော်နဲ့ ခင်ဗျား လူနှစ်ယောက်မှာ ခင်ဗျားကို မူတည်ပြီး ပြောတဲ့အခါ ‘ကျော်ကျော် ခင်ဗျားဆီ လာလိမ့်မယ်’ လို့ သုံးပြီး ကျော်ကျော်ကို မူတည်ပြီး ပြောရင်တော့ ‘ကျော်ကျော် ခင်ဗျားဆီ သွားလိမ့်မယ်’ လို့ ပြောင်းသုံးပါတယ်။

(ဆက်ရန်)

မြန်မာစာပေ ကောက်ကြောင်းများ (၁)

ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ၀ယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက်အောင် ထိန်းသိမ်းပေးလိုက် နိုင်တာပေါ့ဗျာ။ ဆရာမောင်သာနိုးရဲ့ အာဘော်နဲ့ နီးနီးစပ်စပ် ဖြစ်အောင် ကောက်နှုတ် တင်ပြလိုက်ရပါတယ်။

သင်္ကြန်ပွဲတော်နား နီးလာပြီ ဆိုရင်ပဲ အမြို့မြို့ အနယ်နယ်မှာ သင်္ကြန်သီချင်းတွေ ဖွင့်လာကြတယ်။ အခုခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေနဲ့ အတူ ရော့ခ်သီချင်းတွေလည်း ဖွင့်ကြသပေါ့ဗျာ။ ဘယ်လောက်ပဲ ခေတ်ရှေ့ရောက်ရောက် အခုချိန်ထိ မရိုးမအီနိုင်အောင် ဖွင့်မြဲဖြစ်တဲ့ ခေတ်ဟောင်းသီချင်း တစ်ပုဒ်ကတော့ ကြားနေရတုန်းပါ။ ကြားရပုံကတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်း တော့ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ်” တဲ့။ “တော့” ဆိုတဲ့ မြန်မာစကားလုံးရဲ့ အဓိပ္ပာယ်က အချိန်အခါ ဖြစ်တယ်။ တဲ့အခါ နဲ့ အတူတူပါပဲ။ “မိုးကုန်တော့ ဆောင်းဝင်လာတယ်” ဆိုတာ “မိုးကုန်တဲ့အခါ ဆောင်းဝင်လာတယ်” လို့ ပြောတာပါပဲ။ ဒါဖြင့် “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတော့” ဆိုတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့အခါ” လို့ အဓိပ္ပာယ် ထွက်သွားတော့မှာပေါ့။ “ရေညိုညို ရစ်ကာ သန်းတဲ့အချိန်ခါမှ ရွှေမန်းတောင်ရိပ် ခိုတယ်” ဆိုတော့ ဘာကို ပြောချင်တာလဲ။ မန်းတောင်ကို ရေညိုညိုက အမြဲ ရစ်ကာသန်းနေတာပဲ။ ရစ်ကာသန်းတဲ့ အခါမှ တောင်ရိပ်ခိုရမယ် ဆိုတာ အဓိပ္ပာယ် သိပ်မရှိလှဘူး။ တကယ် ဖြစ်ရမှာက “ရေညိုညို ရစ်ကာသန်း တဲ့ ရွှေမန်းတောင်ရိပ် …” သာ ဖြစ်တယ်။


အတိတ်တဘောင် ရှိတာက

အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတဲ့ မန်းတောင်ရိပ်ခို

ဖြစ်လို့ ဆရာမြို့မငြိမ်းကလည်း “ရေညိုညို ရစ်ကာသန်းတဲ့” လို့ ဖွဲ့ခဲ့တာပါ။ ကိုအံ့ကြီး ဆိုတုန်းကလည်း အဲဒီအတိုင်းပဲ ဆိုခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းနောက်ပိုင်း အဆိုတော် အသစ်တွေ လက်ထဲ ရောက်သွားတော့ အခြေအမြစ်ကို နားမလည်၊ မသိဘဲ ကိုယ်ထင်ရာ “ရစ်ကာသန်းတော့” လို့ ပြင်ချလိုက်တော့ အဓိပ္ပာယ်ပျောက်ရော။ သဒ္ဒါနည်းနဲ့ ပြောရရင် နာမ၀ိသေသန ပုဒ်စုကို အူတီးအူကြောင်နဲ့ ကြိယာဝိသေသန ပုဒ်စု လုပ်ပစ်လိုက်တဲ့ အမှားပါ။

စလေဦးပုညရဲ့ “မြတ်လေးရုံတော အစ” ချီ တေးထပ်ကို ဇာတ်မင်းသား တစ်ယောက်က သီဆိုသွားရာမှာ “လွမ်းမတတ် စကားဝါ အငူမှာ” အပိုဒ်ကို “လွမ်းစရာ့ စကားဝါ အငူမှာ” လုပ်သွားတာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ တကယ်လို့သာ နတ်ရှင်နောင်ရဲ့ ရတုတွေနဲ့ ရင်းနှီးတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို မမှားလောက်ပါဘူး။

ငှက်သွင်ပျံကြွ မတတ်သောဝ်။
ရောက်တိုင် တိမ်ထွတ် ပျံမတတ်တည့်။
ခြေတော်စက်သို့ တင်ဆက်မတတ်။
စိစစ်မတတ် ကြင်လေးမြတ်သည်။

စသဖြင့် နတ်ရှင်နောင်ဟာ “မတတ်” ဆိုတဲ့ အသုံးအနှုန်းကို သူ့ရတုတွေမှာ တော်တော် သုံးလေ့ရှိတယ်။ နတ်ရှင်နောင်ကို တော်တော် ကျေညက်ပုံရတဲ့ ဦးပုညက ဒီအသုံးကို နတ်ရှင်နောင်ဆီကို ယူလိုက်တယ်လို့ ယူမယ်ဆိုရင် ယူလို့ ရပါတယ်။ ဆန်းတာတော့ မဆန်းပါဘူး။ “လွမ်းမတတ်” ဆိုတာ ဘယ်လိုလွမ်းရမှန်းကို မတတ်စွမ်းတော့ဘူးလို့ ဆိုလိုတာပဲပေါ့။

ဆရာ မြို့မငြိမ်း ရေးဖွဲ့ထားတဲ့ နောက်ထပ် သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ပျို့မှာတမ်း” ကို ကြားဖူးကြမယ် ထင်တယ်။ ဆရာ မြို့မငြိမ်းက “စားစား သွားသွား နေနေ မောင့်အပူ ပွေသူပါရှင်” လို့ ရေးစပ်ထားတယ်။ “ကျွန်မမှာ စားတဲ့အချိန်၊ သွားတဲ့အချိန်၊ နားနေတဲ့အချိန်၊ ဘယ်အချိန်မဆို မောင့်အတွက် ပူပန်နေရပါတယ်” လို့ အဓိပ္ပာယ်ရတယ်။ နောက်ပြီး နေ နဲ့ ပွေ ကိုလည်း ကာရံယူထားတယ်။

ဒါကိုပဲ အခုခေတ် လူတတ်တချို့က “စားစား သွားသွား နေနေ မောင့်အပေါ် ဗွေမယူပေါင်ရှင့်” လုပ်ပစ်လိုက်တယ်။ “မောင် ဘာစားစား၊ ဘယ်သွားသွား၊ ဘယ်နားနေနေ ကျွန်မကတော့ ဗွေမယူပါဘူး” လို့ ပြောချင်ပုံ ရတယ်။ ဒါပေမယ့် “စားစား သွားသွား နေနေ” ဆိုတာ သီဆိုသူက ကိုယ့်ကိုယ်ကို ပြန်ရည်ညွှန်းတာမို့ အဲ့ဒီလို သုံးတာ လုံးဝ လုံးဝ မှားပါတယ်။
ဒီသီချင်းမှာ မိန်းကလေးက သူ့အဖြစ်ကို ပြောနေတာ။ မိုးညိုရင်လည်း မောင့်ပဲ သတိရတယ်။ လသာရင်လည်း မောင့်ပဲ သတိရတယ်။ မောင့် မျက်နှာချည်း မြင်နေတယ်။ စားစား သွားသွား နေနေ မောင့်အတွက် ပူပန်နေရတယ်လို့ ပြောနေတာပါ။ စားသူ၊ သွားသူ၊ နေသူက မိန်းကလေး၊ မောင်မဟုတ်ဘူး ဆိုတာ အဆက်အစပ်အရ သိနိုင်တယ်။

နောက်ပြီး “ပွေ” ဆိုတဲ့ စကားလုံးက ဒီနေရာမှာ သောကပွေတယ် လို့ အဓိပ္ပာယ် ယူထားတယ်။ သဘောက ပူပန်တယ်ပေါ့။ စိုးနှောင့်ဗျာပွေ ဆိုတဲ့ သီချင်းစာသားလည်း ရှိပါတယ်။ ဒါကိုပဲ “ပွေ” ဆိုတဲ့ စကားလုံးကို ညှာပွေတယ် လို့ ယူဆသွားသလား မသိဘူး။ ခေတ်အခေါ် စော်ပွေတယ်ပေါ့ဗျာ။ မိန်းကလေးနဲ့ မသင့်လျော်ဘူး ဆိုပြီး ဉာဏ်ကြီးရှင်တို့က ပြင်လိုက်ပုံ ရတယ်။

(ဆက်ရန်)