ငါ ဘယ်သူလဲ

တချို့ သိတယ်။
တချို့ မသိဘူး။
တချို့ သိချင် သိမယ်။
တချို့ သိချင်မှလည်း သိမယ်။
တချို့ သိချင်မှ သိချင်မယ်။
တချို့ သိချင်မှလည်း သိချင်မယ်။
တချို့ သိချင်လား မသိဘူး။
တချို့ သိချင်လား သိတယ်။
တချို့ သိချင်လား သိချင်မယ်။
တချို့ သိချင်လား သိချင်မှ သိမယ်။
တချို့ သိချင်လား သိချင်မှလည်း သိမယ်။
တချို့ မသိချင်ဘူးဆိုတာ သိတယ်။
တချို့ မသိချင်ဘူးဆိုတာ သိချင်မှ သိမယ်။
တချို့ မသိချင်ဘူးဆိုတာ သိချင်မှလည်း သိမယ်။
တချို့ သိချင်လား၊ မသိချင်လား ဆိုတာ သိတယ်။
တချို့ သိချင်လား မသိချင်လား ဆိုတာ မသိဘူး။
တချို့ သိချင်လား မသိချင်လား ဆိုတာ သိချင်တယ်။
တချို့ သိချင်လား မသိချင်လား ဆိုတာ မသိချင်တော့ဘူး။
တချို့ သိချင်ချင် မသိချင်ချင် သိတယ်။
တချို့ သိချင်ချင် မသိချင်ချင် မသိဘူး။
တချို့ သိသိမသိသိ သိချင်တယ်။
တချို့ သိသိမသိသိ မသိချင်ဘူး။
တချို့ သိတာလည်းမဟုတ်၊ မသိတာလည်းမဟုတ်။
တချို့ သိချင်တာလည်းမဟုတ်၊ မသိချင်တာလည်း မဟုတ်။
တချို့တော့ ဒီစာတွေ ဖတ်ပြီး ဘာမှကို သိချင်မှာ မဟုတ်တော့ဘူး။
သိလား မသိလား မသိချင်တော့သလို၊ သိချင်လား မသိချင်လားလည်း မသိတော့ဘူး။

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ မေးလ်လာစစ်တိုင်းလည်း ပေးထားတဲ့ ကွန်းမန့်တွေ ဖတ်ရတော့ အားတက်မိသလိုပဲ၊ လာလည်ပြီး အတွေးဗလာ ပြန်သွားရတဲ့ စာဖတ်သူတွေကိုလည်း အားနာမိတယ်။ ဒါကြောင့်လည်း အခု စာပြန်ရေးမယ် ဆိုတော့ ဘာမှ နိဒါန်း ပျိုးမနေတော့ဘဲ ပုံမှန် စာစရေးရင် ကောင်းမလား စဉ်းစားမိပြန်တော့ တစ်မျိုးကြီး ခံစားရတာနဲ့ ကျေးဇူးတင်ကြောင်း၊ အားနာကြောင်း၊ စာ စရေးတော့မှာ ဖြစ်ကြောင်း ရေးပြီး အရှိန်ယူလိုက်ဦးမယ်လို့ စိတ်ကူးမိတာကြောင့် ဒီပို့စ်ကို ရေးလိုက်ရပါတယ်။

ဒီ (၁၅) ရက် ခရီးစဉ်မှာ မကွေး၊ မန္တလေးနဲ့ မုံရွာ မြို့ သုံးမြို့ကို ရောက်ဖြစ်ပြီး မန္တလေးမှာ အချိန် အကြာဆုံး နေဖြစ်ခဲ့ပါတယ်။ (၂၁) ရက်နေ့မှာ မကွေးကို သွားပြီး (၂၄) ရက်နေ့ ညကြီးမိုးချုပ် မန်းကို ပြန်ရောက်ပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်စောစော မုံရွာကို သွားခဲ့ပြီး (၂) ရက်နေ့မှာ ရန်ကုန် ပြန်ဆင်းလာခဲ့တယ်။ မန်းမှာ နေနေတုန်း ကာလအတွင်း ဦးဇင်း ဦးကောဝိဒနဲ့ ဆက်သွယ်ပြီး သူရဲ့ အခမဲ့ အင်တာနက် သင်တန်း ကျောင်းလေးမှာ သွားရောက်ပြီး (၄) ရက်တာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ စစ်ကိုင်းမှာလည်း လိုက်သင်ပေးဖို့ ဦးဇင်းကို ကတိပေးထားပေမယ့် အချိန်ကြပ်တာကြောင့် ရက်ရွှေ့ပြီး ရန်ကုန် ပြန်လာခဲ့ရတယ်။ သင်တန်း အတွေ့အကြုံကိုတော့ နောက်မှ သီးသန့် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပြဖို့ စီစဉ်ထားပါတယ်။

ဒီတစ်ခေါက် မန်း ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်။ ကျနော်အတွက် ထူးဆန်းတာပေါ့နော်။ စာဖတ်သူ အနေနဲ့ ဆိုင်ကယ်မောင်း ပြိုင်ပွဲတွေ ရုပ်သံမှာ ကြည့်ဖူးလား မသိဘူး။ မကြည့်ဖူးလည်း ကျနော် နည်းနည်း ပြောပြမယ်ဗျ။ တာထွက်တဲ့ စည်းကို နင်းပြီး ဆိုင်ကယ်တွေ တန်းစီထားကြတယ်။ အားလုံးက ပြိုင်ပွဲဝင်ဖို့ တာဆူနေကြတယ်။ ဆိုင်ကယ်စက်နှိုးပြီး လီဗာ တဗျူးဗျူး တဗျင်းဗျင်းနဲ့ မီးပွိုင့် အလွတ်ကို ခေါင်းကလေး တမော့မော့နဲ့ စောင့်မျှော်နေကြတယ်။ ဘရိတ်အုပ်လျက် လီဗာ ပုတ်နေတာ ဆိုတော့ ဆိုင်ကယ်က ကြိုးချည်လျက် ပြေးဖို့ ကြိုးစားနေတဲ့ ခွေးတစ်ကောင်လို ရှေ့တိုးနောက်ငင်နဲ့ အတင်းကို မောင်းထွက်ဖို့ အားယူနေတယ်။ ဒိုင်လူကြီး အချက်ပြလို့ မီးပွိုင့်က စိမ်းပြီး ဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် မောင်းထွက်ကြပါတော့တယ်။ အဲဒီ မြင်ကွင်းကို မြင်ချင်ရင် ကျနော်တို့ မန်းမြို့ရဲ့ လမ်းမတွေပေါ်မှာ ကြည့်နိုင်ပါတယ်။ မီးပွိုင့်က စိမ်းမယ်မှ မကြံသေးဘူး တဗျူးဗျူး တဗျဲဗျဲနဲ့ ထွက်ဖို့ အတင်း တာဆူနေတယ်။ စိမ်းပြီ ဆိုတာနဲ့ တာလွှတ်လိုက်တဲ့ ဆိုင်ကယ်တွေလို အလုအယက် သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့ပြီး မောင်းထွက်ကြတယ်။ ယာဉ်ကလည်း များတော့ အဓိက လမ်းစုံတွေဆိုရင် နေ့ခင်းဘက် ယာဉ်ကြော ပြတ်တယ်ရယ်လို့ မရှိပါဘူး။ မီးပွိုင့် စိမ်းရာကနေ နီဖို့ မီးဝါလည်း လင်းရော အလှူမဏ္ဍပ် ပိတ်တော့မှာမို့ အတင်း တိုးဝင်နေတဲ့ လူတွေအတိုင်း မီးဝါကို မရမက ဖြတ်မောင်းတော့တယ်။ အဲဒီအချိန် လမ်းတစ်ဘက်ကလည်း မီးနီရာကနေ စိမ်းတော့မှာမို့ ဗျူးဗျဲနေတဲ့ ဆိုင်ကယ်တွေနဲ့ လမ်းလည်ခေါင်မှာ ထိပ်တိုက်တွေ့ကြပါရော။ ဒါ မန်းမြို့မှာ နေ့စဉ်နီးပါး မြင်တွေ့နေရတဲ့ မြင်ကွင်းပါ။ ဒါပေမယ့် ထူးဆန်းတာက ဘာဖြစ်လို့လဲ မသိဘူး။ ဒီတစ်ခေါက် မန်း ပြန်ရောက်တော့ မီးပွိုင့်က မီးစိမ်းလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီဆိုတာနဲ့ ကိုယ်တော်ချော ဆိုင်ကယ်တွေက မီးအဝါကိုတောင် ဖြတ်မကူးတော့ဘဲ လမ်းထိပ်အရောက် တုန့်ခနဲ ရပ်လိုက်ကြတယ်။ အလွန် ထူးဆန်းတဲ့ မြင်ကွင်းပါတကား လို့ ကောက်ချက်ချမိတယ်။ မန်းလေးမှာ မီးဝါကို အတင်း ဖြတ်ကူးရင်း လမ်းတစ်ဘက်က ယာဉ်တွေ ခဏခဏ ပြဿနာတက်ကြတယ်။ အခုတော့ လမ်းဆုံတွေမှာ မီးပွိုင့်နဲ့ အသားကျနေတဲ့ မန်းသားတွေ မြင်ရတော့ အတော်လေး ဝမ်းသာမိပါတယ်။

မြန်မာနိုင်ငံရဲ့ စက်ဘီး မြို့တော်လို့ တချိန်က တင်စားခေါ်ဝေါ်ခဲ့တဲ့ မန္တလေးမြို့ဟာ အခုဆိုရင် နောက်ထပ် ဘွဲ့တစ်ခုဖြစ်တဲ့ ဆိုင်ကယ်မြို့တော် ဆိုတဲ့ ဘွဲ့ကို ထပ်မံ ဆွတ်ခူးလိုက်သလိုပဲ မန်းမြို့ လမ်းမတွေပေါ် ဆိုင်ကယ်တွေ ပလူပျံလို့ပါပဲ။ မန်းလေး တစ်မြို့တည်းကို ဆိုင်ကယ် အစီးရေ (၃၅၀၀၀၀) သုံးသိန်းခွဲ နီးပါး ရှိမယ်လို့ ယူဆမိပါတယ်။ တကယ်တမ်း ယာဉ်အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင် မန်းမြို့ဟာ ရန်ကုန်ထက် ယာဉ်အစီးရေ ပိုပါတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ရှုပ်ထွေးမှု ခဏခဏ ဖြစ်တာကြောင့် ကိုယ်ပိုင် အသိစိတ်နဲ့ပဲ လမ်းစည်းကမ်းတချို့ကို လိုက်နာဖို့ အသားကျနေပါပြီ။ အခု ဒီတစ်ခေါက် မန်းမြို့ ပြန်တော့ မန်းသားတွေအနေနဲ့ အသားကျနေတာ မြင်ရတော့ အတော်လေး ကျေနပ်မိတယ်။ စည်းကမ်းဆိုတာ ပြဌာန်းဖို့ ထားတာ မဟုတ်သလို၊ ဒါဏ်ခတ်ဖို့ ထားတာလည်း မဟုတ်ပါဘူး။ ကိုယ်ပိုင် အသိစိတ်နဲ့ လိုက်နာမှသာ စည်းကမ်းဆိုတာ အသက်ဝင်မှာပါ။

ကဲဗျာ ကျနော်လည်း ရောက်တတ်ရာရာ လျှောက်ပြောနေတာ ပို့စ်တောင် အတော်ရှည်နေပြီ။ ဒါနဲ့ စကားမစပ် ကျနော် ဒီလ (၁၂) ရက်နေ့ မန်းမြို့ကို ပြန်ဖြစ်ဦးမယ်။ ဒီတစ်ခေါက်ကတော့ အဖေဆုံးတာ တစ်နှစ်ပြည့်အတွက် ဆွမ်းကပ်ဖို့ စီစဉ်စရာ ရှိလို့ပါ။ နောက်တစ်ခေါက် ပြန်ဖြစ်ရင်လည်း (၁၅) ရက်လောက်တော့ ကြာဦးမယ်ထင်တယ်။ ကျနော် ဘလော့ဂ်ကိုတော့ ခွဲမသွားချင်ဘူး။ မန်းမြို့ကနေ ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်။ ကျနော် မနက်ဖြန်ကနေ စပြီး တန်ဖိုးရှိမယ့် ပို့စ်တွေကို စပြီး တင်တော့မယ်ဆိုတဲ့အကြောင်းလေး ပြောရင်း အရှိန်ယူတာလေး ရပ်လိုက်တော့မယ်။ အတော်လေးလည်း အရှိန်ရနေပြီ။ အဟတ် 😛

လမ်းပေါ်မှ တရားများ

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ “ဟေ့ကောင်၊ မင်းက ယာဉ်တွေ အဲဒီလောက် ရှုပ်နေတာ လမ်းမရှင်းဘဲ ဘာချောင်ခိုနေတာလဲ” လို့ သူ့ကို ပြောလိုက်တော့ သူက ပြန်ပြောတယ်။ “မင်းကလဲကွာ သိရဲ့သားနဲ့။ သူဖာသာ သွားနေတာ အကောင်းသား။ ငါ ဝင်ပြလိုက်ရင် ပိုရှုပ်ကုန်မှာပေါ့။ ငါ ဝင်မပါတာ ငါ့ရဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေတာပဲကွ” လို့ ဆောဒက တက်တာကို မှတ်သားဖူးတယ်။ မှန်ပါတယ်။ မန်းမြို့ရဲ့ လမ်းတွေပေါ်မှာ ပုလိပ်တွေ လမ်းမပြရင် ယာဉ်ပိတ်ဆို့မှု မဖြစ်ဘူးဗျ။

ရန်ကုန်ကနေ လာတဲ့သူတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “မင်းတို့ မန်းကကောင်တွေ စည်းကမ်းကို မရှိဘူး။ ဆိုင်ကယ်ကို မောင်းချင်သလိုမောင်း၊ စက်ဘီးကို နင်းချင်သလိုနင်းနဲ့။ မျက်စိကိုနောက်နေတာပဲ။ ကားတောင် မမောင်းရဲဘူး” တဲ့။ အဲဒီလို ပြောခံရရင် ကျနော်တို့ မန္တလေးသားတွေ ပြန်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ “ငါတို့ မန္တလေးမှာ နားလည်မှုရှိမှ မောင်းလို့ရတာကွ” ။ ဒီစကားပြောရင် သူတို့ နားကြားပြင်းကပ်ကြတယ်။ သူတို့ မမောင်းတတ်တာပဲ နားလည်မှု မရှိသလိုလို။ ရန်ကုန်သားတွေ အနေနဲ့ နားလည်မှု ဆိုတဲ့ စကားကို သဘောပေါက်မယ် မထင်ဘူး။ ကျနော်တို့တွေ လမ်းစုံကို ကူးတော့မယ်ဆိုရင် တခြားဘက်က ယာဉ်တွေရဲ့ အရိပ်အခြေကို ကြည့်လိုက်တယ်။ မလွတ်ဘူးဆိုရင် ကျနော်တို့ ရပ်လိုက်တယ်။ လွတ်ရင် ကူးတယ်။ အဝေးက လာတဲ့ယာဉ်ရဲ့ အရှိန်နဲ့ ဦးတည်ရာကို ခန့်မှန်းပြီး ကျနော်တို့ လွတ်မလွတ် ဆုံးဖြတ်တယ်။ တစ်ခါတလေ တစ်ယောက်ကိုတစ်ယောက် မျက်နှာရိပ် မျက်နှာခြေပြပြီး သူ့ကူးမလား၊ ကိုယ်ကူးမလား အပေးအယူလုပ်ပြီးမှ လမ်းဖြတ်ကူးတယ်။ အဲဒါ ကျနော်တို့ခေါ်တဲ့ နားလည်မှုပါ။ မန္တလေးမှာ နေချင်တယ်ဆိုရင်တော့ အဲဒီ နားလည်မှုကို တတ်မှ ဖြစ်မယ်။ ယာဉ်ရှင်းမှ ကူးမယ် ဆိုရင်တော့ တစ်သက်လုံး လမ်းမကူးပါနဲ့တော့။ ကျနော်တို့ မန္တလေးသားတွေပဲ သူတို့ သက်မှတ်တဲ့ ဖရိုဖရဲတွေကြားမှာ အသားကျနေသလားတော့ မသိ။

လမ်းဘေး ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့လား၊ ဈေးရောင်းဖို့လား ဆိုတဲ့ မေးခွန်းကို ကျနော် စဉ်းစားနေတာ အတော်ကြာပြီ။ မန္တလေးမှာ ပလက်ဖောင်းဆိုတာ မရှိဘူးလို့ကို ပြောလို့ရတော့ ဒီမေးခွန်းကို ကျနော် ရန်ကုန်ရောက်မှ စဉ်းစားမိတာပါ။ အရင်ခေါ် ဖရေဇာ၊ အခုခေါ် အနော်ရထာလမ်းပေါ်မှာ လမ်းလျှောက်ဖြစ်ရင် ဒါမှမဟုတ် သိမ်ကြီးဈေးနား လမ်းလျှောက်ဖြစ်ရင် အမြဲ စဉ်းစားမိတယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားက လူကို ရှောင်ရတယ်။ ရှောင်ဆို လူတွေက ကားလမ်းပေါ် တက်လျှောက်နေတာကိုး။ ပလက်ဖောင်းပေါ် မလျှောက်ရ ကောင်းလားလို့လည်း အပြစ်တင် မစောပါနဲ့ဦး။ ပလက်ဖောင်းပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကို ရှောင်ရလို့သာ လူတွေက လမ်းပေါ်ရောက်လာတာလေ။ အင်း …. ပလက်ဖောင်းပေါ်က ဆိုင်တွေကလည်း စည်ပင်ကို ရှောင်ရတယ်ဗျ။ တောင်းသလောက် မပေးနိုင်လို့လေ။ ဒီလိုနဲ့ပဲ ရန်ကုန်မြို့ကြီးက စည်ကားတာလား၊ ရှုပ်တာလား မသိနိုင်လောက်အောင်ကို ကားတွေ၊ လူတွေ၊ ဆိုင်တွေနဲ့ ရှုပ်ပွနေတယ်။ ကျနော်လည်း ရန်ကုန်မှာ ကိုးယိုးကားယားနဲ့ အသားကျနေပါပြီ။

တစ်နေ့ မထသက စီမံချက်တစ်ခု ချတယ်။ ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတွေ ကျောက်ချပြီး ထိုင်နေတာကြောင့် ဘတ်စ်ကားတွေ တစ်ပြီး လမ်းပိတ်တယ်။ ဒီတော့ လမ်းတလျှောက်လုံး ဘတ်စ်ကားတွေနဲ့ ပိတ်ပြီး ကိုယ်ပိုင်ကားတွေလည်း မသွားနိုင်ဘဲ ဖြစ်ရတယ်။ အဆိုးဆုံးကတော့ မဟာဗန္ဓုလလမ်းပေါ်က ကုန်ဈေးတန်း မှတ်တိုင်ပေါ့။ သိမ်ကြီးဈေးကလည်း အနီးနားမှာ ရှိတော့ အဲဒီလမ်း အမြဲလိုလို ကြပ်နေတတ်ပါတယ်။ နောက်ပြီး ကုန်ဈေးတန်းမှာ ကျောက်ချတဲ့ ဘတ်စ်ကားကလည်း များတော့ လမ်းအမြဲ ပိတ်တတ်တယ်။ အဲဒီလို လမ်းမပိတ်အောင်လို့ ဆိုပြီး ဘတ်စ်ကားတွေ ကျောက်ချလို့ မရအောင် ယာဉ်ထိန်းရဲတွေက လိုအပ်ရင် ဖမ်းဆီးဖို့ စီမံချက်နဲ့ အရေးယူပါတယ်။ တစ်နေ့က ကျနော် ဘတ်စ်ကားစီးရင်းနဲ့ ကုန်ဈေးတန်း မှတ်တိုင် မရောက်ခင် မီးပွိုင့်မှာ ပိတ်မိနေတာ နာရီဝက်လောက် ကြာပါတယ်။ သေချာ သတိထားကြည့်လိုက်မှ မီးပွိုင့် ပျက်နေမှန်းသိတယ်။ ရန်ကုန်မြို့က လမ်းတွေမှာ မီးပွိုင့်ပျက်ရင် သိတဲ့အတိုင်းပဲ။ ဟိုဘက်ကားနဲ့ ဒီဘက်ကား အလုအယက်မောင်းကြရင်း သူလည်း သွားလို့မရ ကိုယ်လည်း သွားလို့မရဖြစ်ပြီး လုံးဝ လမ်းပိတ်သွားတယ်။ လမ်းရှင်းပေးမယ့် ယာဉ်ထိန်းရဲက ဘယ်ရောက်နေလဲဆိုတော့ မှတ်တိုင်မှာ ကျောက်ချနေတဲ့ ဘတ်စ်ကားတွေကို ဖမ်းနေလေရဲ့။ အော် အော်။ တာဝန်ကျေပါပေတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းမပိတ်ရေး စီမံချက်ကို တတက်တအား ကူညီနေလိုက်တာ မီးပွိုင့်မှာ လမ်းပိတ်နေတာတောင် ဂရုမစိုက်အားပါလား။ တစ်ချိန်က မြန်မာစာ ပညာရှင်တွေ မြန်မာမှု ပြုထားတဲ့ “ယာဉ်ထိန်းရဲ” ဆိုတဲ့ ဝေါဟာရကို “ယာဉ်ဖမ်းရဲ” လို့ ပြောင်းပေးရင် ကောင်းမလား စဉ်းစားမိတယ်။

မိုးကုန်ပြီဆိုရင် ကျောက်ပေါက်ခွက် ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးမှာ ကားမောင်းရတာ အတော် စိတ်ညစ်စရာပါ။ ချိုင့်ခွက်တွေနဲ့ ပြည့်နေတဲ့ လမ်းမတွေပေါ် သွားလာနေရတဲ့ ကားတွေအတွက်လည်း သနားစရာ။ စည်ပင်သာယာအဖွဲ့ အနေနဲ့ မိုးကုန်ရင် လမ်းတွေ ပြန်ပြင်လေ့ရှိပါတယ်။ ဒါ သူတို့အနေနဲ့ နှစ်စဉ် လုပ်ရမြဲ လုပ်ငန်းစဉ် တစ်ခုပေါ့။ သူတို့ရဲ့ လုပ်ငန်းခွင်နား ရောက်သွားတိုင်း ကျနော်တို့ အမြဲ မြင်ရတတ်တဲ့ ဆိုင်းဘုတ်တစ်ခု ရှိပါတယ်။ “သတိ လမ်းပြင်နေသည်” တဲ့။ အဲဒီ ဆိုင်းဘုတ်ကို မြင်တိုင်း ကျနော် ဝေါဟာရ တစ်ခုကို သတိရမိတယ်။ “မပြန့်ပြူးခြင်း၊ မညီညာခြင်း” ဆိုတာပါ။ လမ်းတစ်လမ်းရဲ့ ကောင်းခြင်း အင်္ဂါရပ်ထဲမှာ ညီညာပြန့်ပြူးခြင်း ဆိုတာ ပါပါတယ်။ လမ်းတစ်လမ်းက ညီညာပြန့်ပြူးဖို့ လိုပါတယ်။ ဒါ လူတိုင်း နားလည်ပြီးသားပါ။ မညီညာတဲ့ အကြောင်းအရင်းထဲမှာ ချိုင့်နေတာ ဖြစ်နိုင်သလို၊ ဖောင်းနေ မို့မောက်နေရင်လည်း မညီညာတာပဲလေ။ ဘာဖြစ်လို့ ချိုင့်နေတဲ့ နေရာတွေကို မို့မောက်နေအောင် ပြင်ခင်းရသလဲ ဆိုတာ ကျနော် အခုထိ နားမလည်နိုင်သေးပါဘူး။ သူတို့ လမ်းတွေကို ညီညာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာကော ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဝင်မိတယ်။ ဒါဆိုလည်း “သတိ လမ်းပြင်နေသည်” ဆိုတဲ့ ဆိုင်းဘုတ်အစား “သတိ လမ်းဖာနေသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းသုံးစေချင်ပါတယ်။

ကျနော် ဘာတွေရေးနေမှန်း မသိဘူး၊ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့လို့ တချို့ ဖတ်ရင်း တွေးနေလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံ အခြေအနေကို သိချင်ရင် ပညာရှင်ရဲ့ ကောက်ချက်၊ သုံးသပ်ချက်တွေ လေ့လာ ဖတ်ရှုမှ မဟုတ်ပါဘူး။ လမ်းမပေါ်မှာ သွားရင်း လာရင်းနဲ့ကို အဲဒီ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ၊ ကျင့်သုံးနေတဲ့ စနစ်ရဲ့ ဟာကွက်တွေ နဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းရဲ့ လစ်ဟင်းချက်၊ အားနည်းချက်တွေကို သိနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ စာတွေက မြန်မာနိုင်ငံရဲ့ လမ်းမပေါ်မှာ မြင်သာနေတဲ့ အမှန်တရားတွေပဲ မဟုတ်လား။ အဲဒါတွေဟာ အခြေအနေ အတော်များများကို ထင်ဟတ်နေမယ်လို့ ယူမိပါတယ်။

အသစ်၊ အဟောင်း နှင့် မပြောင်းလဲသော …

မနှစ်က ဒီလို အချိန်လောက်မှာပဲ ကျနော့ဆီ ဧည့်သည်တစ်ယောက် ရောက်လာခဲ့တယ်။ သူ ကျနော်နဲ့ အတူ အချိန် အတော်လေးကြာကြာ ရှိနေခဲ့တယ်။ သူရောက်လာမယ်ဆိုတော့ ကြိုတင် အသိမပေးရပေမယ့် သိနေနှင့်တယ်လေ။ သူ့တစ်ယောက်စာအတွက် ကျနော့်မှာ ဝန်မပိုပါဘူး။ အခု ပြန်တော့မယ်ဆိုတော့မှ သေချာပြန်ကြည့်လိုက်မိတယ်။ အော် … သူရောက်ခဲ့တာ တစ်နှစ်တောင် ရှိသွားပါ ပကောလား လို့ တွေးမိတယ်။ သူရှိနေတဲ့ အချိန်တွေကို တန်ဖိုး မထားခဲ့တာ မဟုတ်ပေမယ့် ဂရုမပြုမိတာတော့ အမှန်ပဲလေ။ သူ ဘေးနား ရှိနေတဲ့ အတောအတွင်းမှာ ပိုင်ဆိုင်လာခဲ့တာတွေ ရှိသလို ဆုံးရှုံးသွားတာ တချို့လည်း ရှိတယ်။ အခု ပြန်တော့မယ် ဆိုတော့လည်း မျက်ရည်မကျမိတာ အမှန်ပါပဲ။ ကိုယ်နဲ့ တစ်နှစ်လုံးလုံး လက်ပွန်းတတီး ရှိနေခဲ့တဲ့ ဧည့်သည်တစ်ယောက် ပြန်သွားခဲ့ရင် လူတိုင်း အနည်းနဲ့အများတော့ စိတ်မကောင်းဖြစ်မိမယ်။ မဖြစ်ရင်တော့ ရင်ထဲ ဟာတာတာတော့ ဖြစ်သွားကြတယ်။ အခုတော့ ဒီ ဧည့်သည်ပြန်မယ် ဆိုတာကို သိကြတော့ ဝမ်းမနည်းကြတဲ့အပြင် ပျော်ပွဲရွှင်ပွဲတောင် လုပ်လိုက်သေး။ အော် … လူ၊ လူ။ အသစ်ကို ကြိုဆိုချင်လို့ အဟောင်းကို မေ့ချင်ယောင် ဆောင်လိုက်ကြတာ ဖြစ်ပါလိမ့်မယ်။ တကယ်တော့လည်း ဘယ်မေ့နိုင်ပါ့မလဲ။

တစ်နှစ်ဆိုတဲ့ အတိုင်းအတာနဲ့ လူတစ်ယောက် သမ္မတ ဖြစ်မသွားနိုင်ပေမယ့် ဒီတစ်နှစ်ဆိုတဲ့ အပိုင်းအခြားထဲမှာတော့ လူတစ်ယောက်မက သမ္မတ ဖြစ်နေပါတယ်။ ကျနော့်ရဲ့ ဧည့်သည်က သူ ဒီနေ့ ပြန်ပါတော့မယ်လို့ မနှုတ်ဆက်ပေမယ့် ကျနော် သိနှင့်နေတယ်။ သေချာတာ သူ ဘယ်သူ့ကိုမှ နှုတ်ဆက်သွားမှာ မဟုတ်ပါဘူး။ အားလုံးကလည်း နောက်လာမယ့် ဧည့်သည်ကိုပဲ မျှော်နေကြမှာလေ။ သူ သိလေတော့ ဆိတ်ဆိတ်လေးပဲ ထွက်ခွာသွားတော့မယ့် ပုံပါ။ ဒါပေမယ့် သူ နောက်ဆုံး စက္ကန့်ပိုင်းအထိတော့ ကျနော်တို့ အနားမှာ သူ ရှိသွားနိုင်ခဲ့တယ်။ သူ့တာဝန် မလစ်ဟင်းခဲ့ပေမယ့် ကျနော်တို့ သူ့ကို လစ်လျူရှုမိခဲ့တယ်။ ပြန်ခါနီးမှ အော် ပြန်တော့မှာပါလားလို့ သိတဲ့လူတွေ ရှိသလို သိတောင် မသိလိုက်တဲ့သူတွေ ဘယ်လောက် များလိုက်မလဲနော်။ ထားပါ။ အနည်းဆုံး ကျနော်ကတော့ သူ့ကို နှုတ်ဆက်လိုက်ချင်တယ်။

ကျနော် သိသလောက် အပြောင်းအလဲနဲ့ ပတ်သက်ပြီး လူ သုံးမျိုး ရှိပါတယ်။ တချို့က အသစ်ကို ကြိုဆိုပြီး အဟောင်းကို မေ့လိုက်တယ် (အတင်းအကျပ်လည်း ဖြစ်ချင်ဖြစ်မယ်)။ တချို့က အဟောင်းမှာ တဝဲဝဲ လည်နေပေမယ့် အသစ်ကိုလည်း ကြိုဆိုလိုက်တယ် (ဝတ်ကျေတမ်းကျေလည်း ဖြစ်ကောင်းဖြစ်မယ်)။ အများစုကတော့ ကုန်သွားတဲ့ အဟောင်းကို တစိမ့်စိမ့်ကြည့်ရင်း အသစ်လာမှန်းတောင် မသိလိုက်ဘူး။ ကျနော်က ဘယ်လို လူမျိုး ဖြစ်မယ်ထင်လဲ။ တကယ်တော့ ကျနော်ဟာ ဘီယာရယ်၊ အချိုရည်ရယ် နဲ့ အမြည်းရယ် သုံးခု ရောယှက်ထားတဲ့ ယမကာဝိုင်းလေးပါ။ သောက်နေကျ ဘီယာကလွဲလို့ တခြား ဘယ်ဘီယာမှ မပြောင်းချင်ပေမယ့် အချိုရည်ကိုတော့ ဆိုဒါ မရရင် ကိုလာ၊ ကိုလာ မရရင် ပါဝါ၊ ပါဝါ မရရင် လိမ္မော် ဆိုပြီး အဆင်ပြေသလို သုံးဆောင်နေမိတယ်။ အမြည်းကတော့ ဘားဂျက်ပေါ်မှာ မူတည်သလို၊ သုံးချင်စိတ်ပေါ်မှာလည်း မူတည်တာပေါ့။ မလျှံရင်တော့ ကန်စွန်းရွက်ကြော်လေးပေါ့။ ဒီထက်မှ အခြေအနေဆိုးရင်လည်း မြေပဲစေ့နဲ့တင် အဆုံးစီရင်လိုက်တယ်။ လျှံပြီ ဆိုရင်တော့လည်း ငုံးကင်လား၊ ယုန်ကြော်လားပေါ့။ ကျနော်ရဲ့ အယူအဆက အဲ့ဒီ ယမကာဝိုင်းလေးအတိုင်းပါ။

ကဲ … သူပြန်တော့မယ် ဆိုတော့ မပြန်ခင် သူနဲ့ စာရင်း ရှင်းမှ ဖြစ်မယ်။ အချုပ်စာရင်းကို မရှုပ်မရှင်း အထုပ်ခင်းပြရရင် …

ကျနော် နှင့် အလုပ်
တကယ်ကို အလုပ်များတဲ့ နှစ်တစ်နှစ် ဆိုပေမယ့် အလုပ်တော့ တအား ရှုပ်နေပါဘူး။ တစ်ခါတလေတော့လည်း အရှုပ်လုပ်ရင်း အလုပ်ရှုပ်သွားတတ်တယ်။ အလုပ်ဆိုတဲ့ နေရာမှာ အလုပ် သုံးခု ခွဲပြောပါ့မယ်။ လူတစ်ယောက်က တစ်နေ့တာအတွင်းမှာ အလုပ်သုံးခုထဲက တစ်ခုခု အလုပ်ဖြစ်ဖို့ လိုအပ်တယ်တဲ့။ ပညာရတဲ့အလုပ်၊ ဥစ္စာရတဲ့အလုပ်နဲ့ ကုသိုလ်ရတဲ့အလုပ်၊ အဲဒီအထဲက တစ်ခုခု လုပ်ဖြစ်မှ အဲဒီနေ့အတွက် တန်ဖိုးရှိမယ်တဲ့။ ပညာရတဲ့ အလုပ်အနေနဲ့တော့ စာများများ ဖတ်ဖြစ်ပါတယ်။ အရင် စံချိန်ကို မမီပေမယ့် မနှစ်ကထက် စာရင်တော့ အတော်လေး ဖတ်ဖြစ်တယ်။ မနှစ်က ဘလော့ဂ်များများ ဖတ်ဖြစ်ပေမယ့် ဒီနှစ် စာအုပ်များများ ဖတ်ဖြစ်တယ်။ မျက်စိနာမကျန်း၍ လည်း ပါပါတယ်။ ဥစ္စာရတဲ့ အလုပ်ကတော့ ရုံးအလုပ်ပေါ့ဗျာ။ ပုံမှန်လည်ပတ်နေတဲ့ ဝင်ငွေကလွဲလို့ တခြား အပိုစာသား ဘာမှ မရခဲ့ပေမယ့် ဆုံးရှုံးမှုတော့ မရှိခဲ့ပါဘူး။ ကုသိုလ်ရမယ့် အလုပ်ကတော့ ထင်သလောက် မှန်းသလောက် မလုပ်ဖြစ်နေဘူး။ ကုသိုလ်တချို့ စရံသတ်ထားတာတော့ ရှိပါတယ်။ ၂၀၀၉ ခုနစ်အတွင်းမှာ ပညာလိုအပ်တဲ့ လူတွေကို တတ်နိုင်တဲ့ ဘာသာရပ်ကနေ ပေးနိုင်တဲ့ အချိန်နဲ့ သင်နိုင်သလောက် သင်ပေးမယ်လို့ စိတ်ကူးထားပါတယ်။ အစီအစဉ်တချို့လည်း စိတ်ကူးနဲ့ ဆွဲကြည့်နေတယ်။ ပဏာမ လေ့လာမှုတချို့လည်း လုပ်နေပါတယ်။ ကျနော့်ကို ကုသိုလ်တွေ လက်ဆောင်ပေးချင်သူများ ဆက်သွယ်နိုင်ပါတယ်။ ကျနော်ဘက်က ပညာနဲ့ ပြန်လည် ပေးဆပ်ပါ့မယ်။ တစ်ခါတလေကို ကုသိုလ်ပေးဖို့ ဆိုတာ ငွေ လိုတယ်မဟုတ်လား။ ပေးသူနဲ့ ယူသူ လမ်းကြောင်းဖြောင့်ဖို့ တစ်ခါတလေတော့လည်း ငွေခင်းနေရသေးတယ်။ ငွေ ငွေ ငွေ ဆိုတာလည်း ထည့်စဉ်းစားနေရတော့ အစီအစဉ်က မသွက်လပ်။ ပညာ့အလှူအနေနဲ့ သင်ပေးချင်တဲ့ သူ တချို့ ရှိသလို ပညာ့အလှူ ခံယူချင်တဲ့ လူတွေလည်း ရှိနေတာ သိရတယ်။ ပေးသူနဲ့ ယူသူကို သွယ်တန်းဖို့ဆိုတာ ငွေကလည်း အခရာ ကျနေပါတယ်။ ဒီတော့ ငွေအလှူ ဆိုတာလည်း ထပ်လိုလာတာပေါ့။ သေချာတာ တစ်ခုကတော့ ပတ်ဝန်းကျင် လှပဖို့ ဆိုတာ တစ်ယောက်တည်း ကောင်းလို့ မရဘူး ဆိုတာပါပဲ။ ပတ်ဝန်းကျင်လှဖို့ တစ်ဖက်တစ်လမ်းက ကျနော်လည်း ပါဝင်လှုပ်ရှားဖို့ လုပ်နေပါတယ်။

ကျနော် နှင့် မေတ္တာစက်ဝန်း
ရွှေဧည့်သည် ကျနော့်အနားမှာ ရှိနေခဲ့ပြီး ၁၃ ရက် (ဇန္နဝါရီလ ၁၃ ရက်) အကြာမှာ ကျနော်ရဲ့ ညာဘက်လက်ကလေး နွေးကနဲ ဖြစ်သွားခဲ့တယ်။ အခုထိလည်း နွေးထွေးနေဆဲပါ။ ဒါပေမယ့်လည်းလေ ၅၆ ရက် (ဖေဖော်ဝါရီလ ၂၅ ရက်) အကြာမှာတော့ ကျနော်ရဲ့ ဘယ်ဘက် ရင်ဘတ်တစ်ခြမ်း ဟာကနဲ ဖြစ်သွားပြန်တယ်။ လူတစ်ယောက် သူ့ရဲ့ ဘဝမှာ အရာရာဟာ မျှခြေ ဖြစ်နေရမယ်၊ မျှခြေ ဖြစ်အောင်လည်း သဘာဝက အလိုအလျောက် ထိန်းညှိတတ်တယ်လို့ ကျနော် နားလည် ထားပြီးသားပါ။ ဒါပေမယ့် ကျနော်ရဲ့ မေတ္တာစက်ဝန်းမှာ မျှခြေညီဖို့ Balance ဖြစ်ဖို့အတွက် ဝင်လာတဲ့တစ်ယောက်အစား ရှိပြီးသား တစ်ယောက်ကို နုတ်သွားတယ်ဆိုတာတော့ ဘယ်လို တရားနဲ့ ဖြေရပါ့။ အင်းး မဖြေတော့ပါဘူး။ အဖြေမှ မရှိဘဲ။ နောက်ပြီးတော့ ဒီတစ်နှစ် အတွင်းမှာပဲ ကျနော်ရဲ့ အခင်ဆုံးသူငယ်ချင်း သုံးယောက်၊ ကျနော်ရဲ့ ဟိုးး အဝေး … မမြင်နိုင်တဲ့ တစ်နေရာကို ရောက်သွားကြတယ်။ ( သေတာ မဟုတ်ဘူးနော်၊ စလုံးကို ရောက်သွားတာ ;P) အော် ….. ရောက်ရာအရပ်မှာ ပျော်နိုင်ပါစေသောဝ်။

ကျနော် နှင့် သူငယ်ချင်း
လူတချို့က ရည်းစားတွေ ထည်လဲတွဲပေမယ့် ကျနော်ကတော့ သူငယ်ချင်းတွေ ထည်လဲထားတတ်ပါတယ်။ ဟောတစ်ယောက် ဟောတစ်ယောက်ပေါ့။ ဒါပေမယ့် အလုပ်ဝင်ပြီးကတည်းက သူငယ်ချင်းဦးရေက နှစ်စဉ် အနုတ်ပြနေပါတယ်။ မခင်လို့ ထွက်သွားကြတာ မဟုတ်ပေမယ့် ကျနော်နဲ့ အဝေးတစ်နေရာကို ရောက်သွားကြတော့ အနုတ်ပြသလို ခံစားလိုက်ရတယ်။ မန်းမှာ နှာချေးသုတ်ဖက် ငယ်သူငယ်ချင်းတွေ ရှိပေမယ့် ကိုယ်က ရောက်နေတာ ရန်ကုန်ဆိုတော့ ဖုန်းနဲ့ပဲ ဆက်သွယ်ဖြစ်တော့တယ်။ မုံရွာမှာ ကျောင်းတက်တုန်းက ခင်ခဲ့ရတဲ့ ဖဲရိုက်ဖော် ရိုက်ဖက်တွေနဲ့လည်း အဆက်အသွယ်က မရှိသလို ရှိသလို။ ရန်ကုန်က ဝါးဖော်စားဖက်တွေကလည်း အသီးသီး အသကာ့ အသကာ့ မမြင်ကွယ်ရာမှာ ဘာတွေ လုပ်နေကြလဲ မသိ။ မမီတော့ ဒီစာဖတ်ပြီး ဂျိုပေးနေလောက်ပြီ :)။ ၂၀၀၈ ဆိုတဲ့ ဂဏန်း ပြောင်းတော့မယ်ဆိုတော့ လွန်ခဲ့တဲ့ ဆယ်နှစ်က အဖြစ်အပျက်တချို့ကို မျက်လုံးထဲ ပြန်မြင်ယောင်လာမိတယ်။ ကတိ ဆိုတာကနေ အမှတ်တရ အဖြစ် ပြောင်းသွားတယ်လို့ပဲ ယူဆလိုက်ပါတယ်။ ကိုယ့်လမ်းကိုယ် လျှောက်နေကြရင်းနဲ့ ဆုံဖြစ်ဖူးတဲ့ ဇရပ်အိုမှာ ပြန်လာစုဖို့ ဆိုတာ တကယ်တော့ ကလေးအတွေးပါလေ။ လမ်းကြောင်း မလွဲချင်လို့ လှည့်မလာနိုင်သူ ရှိသလို လမ်းကြောင်းပျောက်နေလို့ လှည့်မပြန်နိုင်တဲ့ သူတွေလည်း ရှိကောင်းရဲ့ လို့ပဲ တွေးလိုက်မိပါရဲ့။

ကျနော် နှင့် ဘလော့ဂ်
ကျနော်ကိုယ်တိုင် မရေးနိုင်၊ မလည်ဖြစ် မဖတ်အားလေတော့ ဘလော့ဂ်က ပထမ ခြောက်လမှာ ခြောက်ကပ်နေတယ်။ နာဂစ်အလွန် မီးတွေ ပြန်လာမှ ဘလော့ဂ်ဘက်လည်း ပြန်လှည့်နိုင်တော့တယ်။ ဒီတစ်နှစ်လုံး အနေနဲ့ ကျနော် ပို့စ်ပေါင်း (၇၄) ပို့စ်ပဲ တင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျနော် ကိုယ့်ကိုယ်ကို အတော်လေး အားရမိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီ ပို့စ်တွေ အထဲမှာ ကျနော် ပေါ့ပေါ့တန်တန် ရေးထားတဲ့ ပို့စ် တစ်ပုဒ်မှ မပါလို့ပါ။ မြန်မာစာနဲ့ ပတ်သက်တဲ့ ပို့စ် (၁၄) ပုဒ် ရေးဖြစ်ခဲ့သလို ကျနော် သိပ်ဝါသနာပါတဲ့ တွေးခေါ်ခြင်း အတွက် ဦးနှောက်အစာ တွေးစရာ ပို့စ်ပေါင်း (၂၃) ပုဒ် တင်ပြခွင့် ရခဲ့ပါတယ်။ ကျနော် ရေးတဲ့ စာတွေကို မငြီးမငြူ လာဖတ်ပေးကြတဲ့ စာဖတ်သူတွေကိုလည်း အရမ်းအရမ်းကို ကျေးဇူးတင်ပါတယ်။ ကျေးဇူးတင်လွန်းလို့လည်း ကျနော်အနေနဲ့ တစ်ခုတည်းသော ကျေးဇူးဆပ်နိုင်တဲ့ နည်းလမ်းအရ ပို့စ်ကောင်းတွေ တင်ပေးဖို့ပဲ အမြဲ ရည်ရွယ်ပါတယ်။ တချို့ ပို့စ်တွေကို ရေးတော့မယ်ဆိုရင် ပြင်ဆင်တဲ့ အနေနဲ့ ကျနော် စာအုပ်အတော်များများကို ရှာဖတ်ရပါတယ်။ အထူးသဖြင့် သမိုင်းနဲ့ ဆိုင်တဲ့ ပို့စ်နဲ့ မြန်မာစာပေနဲ့ ဆိုင်တဲ့ ပို့စ်မျိုးတွေပါ။ ကိုယ်က ဝေမျှ ပေးကမ်းသူ ဆိုတော့ ပေးတဲ့အရာထဲမှာ အနာမပါစေချင်သလို အပုတ်လည်း ပါမသွားစေချင်ဘူး။ ဒီတော့ စာအုပ်ခပ်များများ စီစစ် ဖတ်ရှုပြီးမှ တင်ဖြစ်တယ်။ ဒီပို့စ်နဲ့ အတူ ကျနော်အတွက်လည်း များများ ကျန်သွားပါတယ်။ ကျနော် ခံယူထားတာ တစ်ခုရှိပါတယ်။ ကျနော် စိတ်ပါလက်ပါ ဖတ်လျက်နဲ့ စာကို နားမလည်ဘူးဆိုရင် အဲဒီစာကို ရေးတဲ့သူ ကိုယ်တိုင်က ကောင်းကောင်း နားမလည်လို့ လို့ ယူဆထားပါတယ်။ အဲဒီအယူနဲ့ အတူပဲ စာဖတ်သူတွေ နားလည်လွယ်အောင် ကျနော် ရေးတဲ့သူ ကိုယ်တိုင် ကောင်းကောင်း၊ ဂဃနဏ နားလည်အောင် ကြိုးစားပြီးမှ ရေးလေ့ရှိပါတယ်။ ကျနော် နားမလည်သေးတဲ့စာဆို မရေးပါဘူး။ ဖတ်ရတဲ့သူလည်း ဖတ်ပြီး နားလည်မှာ မဟုတ်မှန်း ကြိုသိနေလို့ပါ။ နားမလည်နိုင်တဲ့ စာကို ဖတ်ပြီး အချိန်တွေ အချီးနှီး ကုန်အောင် လုပ်လိုက်မိမှာလည်း တအား စိုးရိမ်မိတယ်။

ဒီတစ်နှစ်အတွင်း ကျနော် ရေးထားသမျှထဲက အားအရဆုံး ပို့စ်တွေကို ပြောပါ ဆိုရင်တော့
ဘာသာပြန်ထဲက ကြွက်ထောင်ချောက် နဲ့ သစ်သားဇလုံလေး
ကိုယ်တိုင်ရေးထဲက စည်းကမ်းမှသည် … ဥပဒေဆီသို့
ဟာသထဲက ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်
အချစ်အကြောင်းထဲက My Other Half နဲ့ နှုတ်ဆိတ်နေသော အချစ်
သမိုင်းအကြောင်းအရာထဲက မြန်မာအစ ???
ခရီးသွားမှတ်တမ်းထဲက အရှေ့သို့လားသော် (၁)(၂)(၃)

ဒီနှစ်ထဲမှာ pikay.myanmarbloggers.org အပြင် နောက် ဘလော့အသစ် သုံးခုလည်း လုပ်ဖြစ်ပါသေးတယ်။ နှစ်ခုက ကျနော် တစ်ယောက်တည်းကနေ အကောင်အထည်ဖော်ပြီး လုပ်နေပေမယ့် ကျန်တစ်ခုကတော့ အားလုံးရဲ့ တတက်တအား ပါဝင်မှုနဲ့ တည်ဆောက်ထားတာပါ။

  • ဘလော့ဂ်နဲ့ ပတ်သက်တဲ့ လုပ်နည်း လုပ်ဟန်၊ တည်ဆောက်ပုံတွေကို ရှင်းပြထားပေးတဲ့ How to BLOG !!! မှာ Blogger.com အတွက်ကိုပဲ အဓိက ရည်ရွယ်ပြီး တင်ပြပေးထားပါတယ်။
  • စာရေးသူတွေအတွက် မရှိမဖြစ် အရေးပါတဲ့ စာလုံးပေါင်း သတ်ပုံကျမ်းကို ဘလော့ဂ်တစ်ခုအနေနဲ့ အွန်လိုင်းကနေ ဖတ်ရှုလို့ရအောင် စီစဉ်ဖြစ်ခဲ့ပါတယ်။ လိပ်စာက http://myanmarwords.pikay.org ပါ။ Myanmar Orthography လို့ မခေါ်ဘဲ Myanmar Words လို့ သုံးထားရတဲ့ အကြောင်းအရင်းက (၁) မှတ်ရလွယ်လို့ နဲ့ (၂) အဘိဓာန် အဆင့်အထိ ရောက်အောင် သွားဖို့ စိတ်ကူးထားလို့ပါ။
  • ဘလော့ဂါမှန်သမျှ တက်ခံရဖူးသလို တက်ဖြေဖူးကြမှာပါ။ အဲဒီ တက်ပို့စ်တွေ အားလုံးကို တစ်စုတစ်စည်းတည်း ဖတ်လို့ ရအောင် ဆိုတဲ့ စိတ်ကူးနဲ့ http://tags.pikay.org မှာ TAGs Blog တစ်ခု ဖန်တီးခဲ့ပါတယ်။ တချို့က ကိုယ်ပိုင် ဘလော့ဂ်မှာ တက်ပို့စ် တင်ရင် အလွတ်တန်း စာဖတ်သူကို ထိခိုက်တယ်လို့ ယူဆသူတွေအတွက် မိတ်လည်း မပျက်ရအောင် ကိုယ့်ခံယူချက်လည်း မထိခိုက်အောင် TAGs Blog မှာ လာတင်လို့ ရပါတယ်။ ဘလော့ဂါ မှန်သမျှ ဘယ်သူမဆို လာတင်နိုင်ပါတယ်။

ကိုင်တွယ်ခဲ့မိသော ကျနော်
ဒီတစ်နှစ် ကျနော်အတွက် မှတ်လောက်သားလောက်တဲ့ ဝေါဟာရကတော့ “ကိုင်တွယ်” ဆိုတဲ့ စကားလုံးပါပဲ။ ကျနော်ပဲ အသုံးမှားသလား ဆိုပြီး အဘိဓါန်ထဲ သွားကြည့်မိပါတယ်။ ကိုင်တွယ် – စီမံဆောင်ရွက်သည် လို့ အဓိပ္ပာယ်ရကြောင်း ရှင်းပြထားတယ်။ ကိုင်ပြီး တွယ်မှာ မဟုတ်တာတော့ သေချာတယ်။ ဒါပေမယ့် ဒီစကားလုံးကို အတော်လေး နာကျည်းခဲ့ကြတယ်။ ဒါကို ဘာသာဗေဒပညာရှင်တွေက ဘာသာစကားရဲ့ အားနည်းချက်လို့ ဆိုပါတယ်။ စကားလုံးတစ်လုံးစီဟာ ခံစားမှု နဲ့ အရည်အသွေးကို တင်ပြနိုင်ဖို့ ကြိုးစားရင်းနဲ့ မူလရည်ရွယ်ညွှန်း အဓိပ္ပာယ်နဲ့ သွေဖည်သွားပါတယ်။ ဥပမာ ကျနော် ပြောပြမယ်။ “ကောင်းတယ်” လို့ ရေးထားတဲ့ စကားလုံး တစ်လုံးဟာ မူလအဓိပ္ပာယ် ကောင်းခြင်းကို ကိုယ်စားပြုနိုင်သလို မကောင်းခြင်းကိုလည်း ကိုယ်စားပြုသွားတာ တွေ့ရတယ်။ စိတ်ကြည်လင်နေတဲ့ လူတစ်ယောက်က “ကောင်းတယ်” လို့ ပြောတာ ကောင်းခြင်းကို ရည်ညွှန်းပေမယ့် မကြည်လင်သူ တစ်ယောက် ပြောတဲ့ “ကောင်းတယ်” ဆိုတာ မကောင်းခြင်း အဓိပ္ပာယ် သက်ရောက်သွားတတ်တယ်။ ကိုင်တွယ် ဆိုတဲ့ စကားလုံးဟာ ကျနော့်အတွက် Word of the year ပါ။

ကျနော် နှင့် ဘလော့ဂ် သုံးသပ်ချက်
၂၀၀၈ ဆိုတဲ့ ကာလအတွင်းမှာ တိုးလာတဲ့ ဘလော့ဂ် အရေအတွက်ဟာ အရင် ရှိနှင့်ပြီး အရေအတွက်ထက် နှစ်ဆ ရှိမယ်လို့ ခန့်မှန်းမိပါတယ်။ ဒါ ကောင်းတဲ့ လက္ခဏာလို့ ပြောမလား။ ကောင်းရာကို ဦးတည်နေတာပဲဆိုတော့ ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ နှစ်ဆ တိုးတယ် ဆိုတာထက် ပိုပြီး နှစ်ထောင်းအားရ ဖြစ်မိတာက Professional Blog တိုးပွားလာခြင်းပါ။ ကောင်းတဲ့ profession ပညာရပ်နဲ့ ရပ်တည်တဲ့သူ ရှိသလို ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တဲ့ ဘလော့ဂ်တချို့ ပေါ်လာတာလည်း တွေ့ရတယ်။ ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တာနဲ့ မကောင်းဘူးလို့တော့ ကျနော် မယူဆဘူး။ သူ့ရဲ့ Intension (ဦးတည်ရာ) ကိုပဲ ကျနော် ကြည့်ချင်တယ်။ ဥပမာ Porn Blog ဆိုပါတော့။ ဟိုဖော်ဒီဖော် ပုံတွေကို တင်ထားတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ပညာပေး တွေပါ တင်ပေးနိုင်ရင် ဒီဘလော့ဂ်ကို ကျနော်တို့ အသိအမှတ် ပြုရမယ်။ နောက်ပြီး အသုံးအဆောင်၊ ဆေးဝါး ဒါမျိုးတွေကို ဖော်ထုတ် တင်ပြပေးနိုင်ရင် ဒါ ပညာပေးလို့ပဲ ယူဆတယ်။ အရိယာမဟုတ်တဲ့ လူတွေက ဘယ်သူကကော လိင်ပိုင်းဆိုင်ရာ လွတ်ကင်းနိုင်မှာလဲ။ ကျနော် ဒါမျိုးဘလော့ဂ်တွေ လုပ်ဖို့ အားမပေးပါဘူး။ ဒါပေမယ့် မကန့်ကွက်ဘူး။ ဘာလို့လဲဆိုတော့ ရှိသင့်တယ်လို့ ယူဆမိလို့ပါ။ ပညာပေးမယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဆိုရင်ပေါ့။ ဒါပေမယ့်လည်း ဒါမျိုးဘလော့ဂ်က ရှားသားဗျ။ မျက်စိအစာကျွေးရုံ သက်သက် ဆိုရင်တော့ အပင်ပန်းခံပြီး ပုံတွေ၊ ရုပ်ရှင်တွေ Upload လုပ်မနေပါနဲ့ လို့ပဲ တောင်းဆိုပါရစေ။

ကျနော် မြင်သလောက် နောက်တစ်ခု ပြောရရင် ဘလော့ဂ်အတော်များများမှာ ကဗျာပို့စ်တွေကို လူအများဆုံး လည်တာ တွေ့ရတယ်။ ပညာရပ်ဆန်လေလေ ဖတ်မယ့်သူ မရှိလေလေပါပဲ။ ဒါ အင်မတန် ဝမ်းနည်းဖို့ ကောင်းတဲ့ တွေ့ရှိချက်ပါ။ အငှားရဆုံး မဂ္ဂဇင်းဟာ ဂမ္ဘီရဆိုင်ရာ မဂ္ဂဇင်းတွေလို့ သိလိုက်ရရင် ဖြစ်ပေါ်လာတဲ့ ခံစားမှုအတိုင်းပါပဲ။ ကဗျာဖတ်တာ မကောင်းဘူးလို့ ပြောတာ မဟုတ်ပါဘူး။ Emotion နဲ့ Intelligence နှစ်မျိုးလုံး ဘက်မျှနိုင်မှ တိုးတက်မှု ရနိုင်မယ်လို့ ယူဆမိလို့ပါ။ ပညာပေးပို့စ်တွေထက် ခံစားမှုဆိုင်ရာ ပို့စ်တွေမှာ လူတွေဟာ အများဆုံး အချိန်ပေးနေတာ တွေ့ရလို့ပါ။

နောက်ပြီး ဘလော့ဂ်တွေမှာ မသမာမှု တချို့ တွေ့ရပါတယ်။ မသမာမှုဆိုတာ ကျင့်ဝတ်ပိုင်းဆိုင်ရာ ဖောက်ပြန်တဲ့ အပြုအမူပေါ့။ သူများ ရေးထားတာတဲ့ စာကို ကိုယ်ရေးထားသယောင်ယောင် တချို့ တင်ကြပါတယ်။ မြင်လို့ သိတဲ့သူ သွားပြောတော့လည်း မသိချင်ယောင် ဆောင်တတ်ကြသေးတယ်။ နောက်ပြီး ဆက်စပ်နေတာက Forward Mail တွေ။ စပို့တဲ့ သူတွေက ဘယ်သူဘယ်ဝါ ရေးတယ်လို့ မရေးထားတော့ ဟိုရောက်ဒီရောက်နဲ့ တဖြည်းဖြည်း ကြာလာတော့ Anonymous ဖြစ်သွားတယ်။ အမည်မသိ ခေတ်စာဆိုပေါ့။ တချို့ ကောင်းတယ်ဆိုပြီး ပို့စ်မှာ ကောက်တင်တယ်။ တင်တဲ့သူကတော့ ဝေမျှချင်တဲ့ ဆန္ဒ သက်သက်လို့ ယုံကြည်မိပါတယ်။ ဒါပေမယ့် ပြဿနာတချို့ တက်တာ တွေ့ရတယ်။ အခုလို ဖြစ်တာ မေးလ်စပို့တဲ့ သူတွေမှာ အဓိက တာဝန်ရှိပါတယ်။ နောက်တစ်ခု မသမာဘူးလို့ ထင်ရတာ Hit Count ၊ ဘလော့ဂ်စရေးတာမှ မကြာသေးဘူး။ Hit Count က တစ်သိန်း ကျော်နေပြီ။ တစ်ခါတလေ ဝင်ကြည့်တိုင်း Online User တစ်ယောက်တည်း ရှိတဲ့ လူတစ်ယောက် အနေနဲ့ လာကြည့်တဲ့ Page အရေအတွက် တစ်သိန်း ကျော်တယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ ယူဆမိတယ်။ ရိုးသားမှုက လုပ်ယူရတာ မဟုတ်ပေမယ့် မရိုးသားမှုကတော့ အတင်း လုပ်ယူရင်း ဖြစ်သွားတာပါ။

ကျနော် နှင့် စကားတစ်ခွန်း
ကျနော် ဘာကောင်မှ မဟုတ်ပေမယ့် သာမာန်လူတစ်ယောက် အနေနဲ့ စကားတစ်ခွန်း ပြောပါရစေ။

ဘလော့ဂါများ အားလုံး စည်းလုံးကြပါ။ စည်းရုံးကြပါ။

လောကမှာ တစ်ယောက်တည်း လုပ်လို့ရတဲ့ အလုပ်ဆိုတာ သိပ်မရှိပါဘူး။ ထမင်းစားတာ၊ အိပ်တာ တစ်ယောက်တည်း လုပ်လို့ရတာပဲလို့ စောဒက တက်စရာ ရှိပါတယ်။ ဒါပေမယ့် ပြန်စဉ်းစားကြည့်ပါ။ ရန်သူတွေ ကြားမှာ တစ်ယောက်တည်း ထမင်းစားဖို့ စိတ်ဖြောင့်ပါလား။ နောက်ပြီး တောထဲမှာ တစ်ယောက်တည်း အိပ်ဖို့ ဆိုတာ မဖြစ်နိုင်သလို၊ လူအများကြားမှာ ဆူညံနေရင်လည်း အိပ်မရပါဘူး။ စကားကပ်ပြောတယ် မထင်ပါနဲ့။ အမှန်တရားပါ။ ကဲဗျာ ရေးတာလည်း အတော်လေး ရှည်နေပြီ။ ကျနော်နဲ့ တစ်နှစ်တာ အတူတကွ ကျော်ဖြတ်ပေးခဲ့တဲ့ ၂၀၀၈ ကိုလည်း နှုတ်ဆက်လိုက်ပါတယ်။ အသင်နဲ့ နေရာလဲမယ့် ၂၀၀၉ နဲ့လည်း တည့်အောင်ပေါင်းပါ့မယ်လို့ ကတိပေးတယ်ဗျာ။ ဟုတ်ပြီလား။

ဘင်္ဂလားပင်လယ်အော် – လေးဖြူ

ကျနော် သိပ်ကြိုက်တဲ့ ကိုလေးဖြူ အခွေအသစ်ထွက်တော့ ကျနော် ဝယ်နားထောင်လိုက်တယ်။ အားလုံးကိုလည်း မျှဝေမယ် ဆိုတဲ့ စိတ်ကူးနဲ့ Upload လုပ်တာ အတော်လေးတာ ပင်ပန်းသွားတယ်။ အဖြေက နိုး။ တင်လို့ကို မရဘူး။ ကိုးနက်ရှင်ရဲ့ ကောင်းမှုပေါ့ဗျာ။ ဒါနဲ့ ကျနော် အင်တာနက်ထဲ တစ်ပတ် ပတ်ပြီး ရှာပုံတော် ဖွင့်လိုက်ပြီး တကာလ Myanmar MP3 Album မှာ လေးဖြူ သီချင်းခွေ အသစ် “ဘင်္ဂလားပင်လယ်အော်” ကို တွေ့တာနဲ့ စာသားပါ ရိုက်ပြီး ဝေမျှပေးလိုက်ပါတယ်။ တကယ်တမ်းတော့ သီချင်း ဒေါင်းချင်တဲ့ သူတွေကို တောင်းဆိုချင်တာ တစ်ခုက တတ်နိုင်ရင်တော့ အော်ခွေပဲ ဝယ်စေချင်ပါတယ်။ ဒီမှာ ကျနော် လင့်ခ်ထည့်ပေးတယ် ဆိုတာကလည်း သူခိုးနည်းပြ မဖြစ်စေချင်ဘူး။ ဘာပဲဖြစ်ဖြစ် နိုင်ငံရပ်ခြား ရောက်နေတဲ့ လူတွေကို ရည်ရွယ်ပြီး တင်ပေးလိုက်ပါတယ်။ ပြည်တွင်းက သူငယ်ချင်းများကို တောင်းဆိုချင်တာ ကိုလေးဖြူရဲ့ လုံ့လ အနုပညာကို လေးစားတဲ့ အနေနဲ့ အားပေးတဲ့ အနေနဲ့ အော်ခွေပဲ ဝယ်သုံးကြပါလို့ တောင်းဆိုချင်တယ်။ မတတ်နိုင်တဲ့ သူလည်း ရှိမှာပေါ့ဗျာ။ ဒါတော့ ကျနော်လည်း မတတ်နိုင်ဘူး။ ကျနော်က လေးဖြူ ခရေဇီဆိုတော့ ၁၉၀၀ ကျပ် ဆိုတဲ့ ငွေကိုတော့ ကျန်တာလျှော့သုံးပြီး ဝယ်လိုက်သဗျာ။ ကြွားတယ်လို့တော့ မထင်နဲ့။ ကြုံလို့ပါ။ ;P

Download from MediaFire
Download from ZShare

စီးရီးနာမည် – ဘင်္ဂလားပင်လယ်အော်
၀၁။ တစ်ယောက်တည်းနဲ့ (ရေး – နောနော်)
၀၂။ ငါရဲ့လမင်း (ရေး – ရယ်ဂျီ)
၀၃။ ၀ိရောဓိ (ရေး – မောင်မောင်ဇော်လတ်)
၀၄။ အလဲအကွဲ (ရေး – လင်းလင်း)
၀၅။ ကစဥ့်ကလျားသီအိုသီ (ရေး – မောင်မောင်ဇော်လတ်)
၀၆။ ပြန်ခဲ့ပါ (ရေး – လင်းလင်း)
၀၇။ သံယောဇဉ် (ရေး – မောင်မောင်ဇော်လတ်)
၀၈။ မိုးတိမ်ထဲဝဲ (ရေး – လင်းလင်း)
၀၉။ မလုပ်နဲ့ (ရေး – နောနော်)
၁၀။ အရင်လိုပါပဲ (ရေး – လင်းလင်း)
၁၁။ အလွမ်း (ရေး – လင်းလင်း)
၁၂။ ဒါလီနေ့ (ရေး – မောင်မောင်ဇော်လတ်)
၁၃။ စာမျက်နှာတစ်ဆယ့်ငါး (ရေး – မောင်မောင်ဇော်လတ်)

တစ်ယောက်တည်းနဲ့
ရေး – နောနော်

ဒီလို ယုတ္တိ မရှိတဲ့ အဖြစ်ကို ယုတ္တိရှိဖို့ မွမ်းမံနေရင်း
သေချာအောင် အသေးစိတ် ခွဲခြမ်းကြည့်တော့
ငါလုပ်တဲ့ အလုပ်က အဓိပ္ပာယ် မရှိဘဲ
တစ်ယောက်တည်း မဖြစ်တော့ ဒီအတိုင်း …
နှုတ်ပိတ် .. တိတ်ဆိတ်မှုနဲ့ ပေါင်းဖက်ကာ
နှုတ်ပိတ် .. ဆွံအမှုတို့ ကြားထဲမှာ
နှုတ်ပိတ် .. ခါးသည်းမှုတို့ စားသုံးကာ
နှုတ်ပိတ် .. နှုတ်ပိတ် ..
ဘယ်သူ ငါ အားကိုးပြီး ရှေ့ဆက်မလဲ
မင်းမရှိတော့ ငါ အားအင်တွေ မဲ့
လူယုံတွေ သတ်တဲ့ ငါ့ရဲ့ နေ့တွေ
ဘာတစ်ခုမှ မင်း မသိနိုင်တော့ဘူး
တစ်ယောက်တည်း မဖြစ်တော့ ဒီအတိုင်း

ငါ့ရဲ့ လမင်း
ရေး – ရယ်ဂျီ

အရှုံးတွေထဲ ငါလဲပြိုရင်း အတိတ်တို့ထဲ ငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ် ငါ့အနာဂတ်တို့ မှေးမှိန် ငါဟာ ကျဆုံးချိန်
ငါရဲ့ နားဘေးကို မင်း ဝင်လာပြီး လဲပြိုကျသူ ငါ့ကို ထူပြီး
အဆီအငေါ်မတည့်တဲ့ ငါ့ရဲ့ စကားတွေ နင်ဟာ ခွင့်လွှတ် သည်းခံရင်း
တန်ဖိုးများ မရှိတော့ဘူးလို့ ငါ ထင်နေတဲ့ ဘဝ
မင်းရဲ့လက်မှာ ငါ တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကို ဆယ်ရင်း
ပျော်ရွှင်ခြင်းကို ငါ့ရင်ဘတ်မှာ တံဆိပ်လို ကပ်ရင်း
နင်ဟာ ငါ့အတွက်တော့ နင်ဟာ ငါ့အတွက်တော့ ငွေလမင်း …
ငါ့အိပ်မက်တွေ ခြောက်ကပ်ရင်း လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေ မရှိတော့ပါ နင် ဖန်ဆင်းတဲ့ ငါ့ဘဝမှာ အားငယ်စိတ်တွေ မရှိဘူး
ဘဝရဲ့ ပန်းတိုင် ငါ တွေ့ပြီ နင်ဟာ လမ်းပြတယ် နင်ဟာ ငါ့ရဲ့ နတ်သမီး

ဝိရောဓိ
ရေး – မောင်မောင်ဇော်လတ်

ဒီအတိုင်း ကြိတ်မှိတ် လူးလှိမ့်လို့ မနက် မိုးသောက်မယ့်ည
သက်ပြင်း ပင့်သက် ရှိုက်လို့သာ ကုန်ဆုံးဖို့ ကြိုးစား
တစ်ယောက်တည်း စိတ္တဇ အခန်းထဲမှာ
ပြာနှမ်းလွန်းတဲ့ လရိပ်မှာ ပြန်လွမ်းဆွတ် တမ်းတ
အပ်ကြောင်း အထပ်ထပ် ဇာတ်ထုပ်ကို
တစ်ခေါက်ပြီး တစ်ခေါက် ဖွင့်ကာ ကြည့်ရင်း ငါ့မှာ စိတ္တဇ
ငါ့စိတ် ပျံ့လွင့်နေတယ် နိမ့်ဆင်းလိုက် ပြန်မြင့်တက်လိုက်နဲ့
ငါ့စိတ် ပျံ့လွင့်နေတယ် မြန်သွားလိုက် ပြန်နှေးလိုက်နဲ့ စိတ္တဇ
မြင်ကွင်းမှာ ဝေဝါးလိုက် ပြန်ပြီး ကြည်လင်သွားလိုက်
ပေါ့ပါးစွာ ပျံဝဲလိုက် ပြန်လေးလံ ထုံထိုင်းလိုက်

အလဲအကွဲ
ရေး – လင်းလင်း

မင်းအတွက် ငါ့မှာ အချိန်နဲ့အမျှ အသက်ထွက်လု ငါ ခံစားရ
တစ်ဘဝအတွက် တစ်ယောက် ရည်ရွယ်ခဲ့တာ ခုတော့ ငါးပါးမှောက်ကာ
ဒူးထောက်ထားတယ် ဆိုတော့မှ ခေါင်းငုံ့ခိုင်းတဲ့ အဖြစ်မျိုးလား
နှစ်ဦးသား သဘောတူ ရပ်ဆိုင်းကာ အလိုလိုသာ ခွဲကြစို့ကွာ
တစ္ဆေသရဲများ တွေ့သလို ပြန်တွေးတိုင်း ငါ့မှာ
အို … သွေးပျက်မတတ် တုန်နေရင်း ငါ
ဘာထူးလဲ အခုအခါ ဘာထူးလဲ ဘဝမှာ
ဘာထူးလဲ အခု ငါ တစ်ယောက်တည်းပါ
အသည်းကွဲပြီး ကျန်ခဲ့တာ
ဘာထူးလဲ အခုအခါ ဘာထူးလဲ ဘဝမှာ
ဘာထူးလဲ အခု ငါ အရင်အတိုင်းပါ ရင်ကွဲပက်လက် ကျန်ခဲ့တာ
တံတားခင်းထားတယ် ဆိုတော့မှ တွန်းချခံရတဲ့ အဖြစ်မျိုးလား
တို့နှစ်ယောက် အကြောင်းတွေ ပြန်တွေးရင် အလိုလို သွေးခဲသွားတယ်
ညဘက် အိပ်ရာဝင်တိုင်းလည်း ထပ်မတွေ့ဖို့ ငါ ဆုတောင်းဆဲ
ဒီဘဝအတွက် ဒီမျှနဲ့ ကျေနပ်ပါ နောင် ဆယ်ကမ္ဘာ ဝေးကြစို့ကွာ

ကစင့်ကလျားသီအိုရီ
ရေး – မောင်မောင်ဇော်လတ်

ကမ္ဘာကြီးရဲ့ အခြားတစ်ဖက်မှာ လိပ်ပြာလေး အတောင်တစ်ချက် ခတ်ခြင်းက
အစပြုသတဲ့ လေပွေမုန်တိုင်းများ
ဒီကမ္ဘာတစ်ဖက်ခြမ်းမှာ ကစဥ့်ကလျားနဲ့ ဖြစ်လာ
မျက်ဝန်းနက် မိန်းကလေးရယ် မင်းနဲ့ အကြည့်တစ်ချက် ဆုံးခြင်းက
အစပြုလို့ ဒီလူ ဘဝကြီးက
အရည်တွေ ပျော်လို့သွား ကစဥ့်ကလျားနဲ့ အချစ်မှာ
ရီဝေ မူးယစ် မျောပါခဲ့ အရှိန်အဟုန် ပြင်းတဲ့ ဝဲဂယက်ထဲ
ဧဒင်ဥယျာဉ်ကြီးထဲမှာ ရောင်စုံ ဝိုးတဝါး အသိတွေနဲ့
အာရုံ ကပ်ငြိ လိုက်ပါဆဲ ဧဒင်ဥယျာဉ်ကြီးဆီမှာ

ပြန်ခဲ့ပါ
ရေး – လင်းလင်း

ညိုမွဲနေတဲ့ တိမ်တွေဟာလေ အရင်အတိုင်းပဲ မျောလွင့်ဆဲဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
ပြာနှမ်းနေတဲ့ ပင်လယ်ရေတွေ အရင်အတိုင်းပဲ စီးဆင်းဆဲဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
တကယ့်အဖြစ်တို့ မပြောင်းလဲသေးပါကွယ် မထူးဆန်းဘူး
ငါ့ရဲ့ အချစ်တွေလည်း မပြောင်းလဲပါကွယ်
လည်ပတ်နေတဲ့ ရာသီခွင်တွေ အရင်အတိုင်းပဲ ရပ်တန့်မရတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
ခြောက်ခမ်းနေတဲ့ ကန္တာပြင်တွေ အရင်အတိုင်းပဲ မစိမ်းလန်းဘူးဆိုတာ
နင် သိနေဖို့ ငါ လိုအပ်တယ်
တကယ့်အဖြစ်တို့ မဟောင်းနွမ်းသေးပါကွယ်
မထူးဆန်းတဲ့ ငါ့ရဲ့ အချစ်တွေလည်း မဟောင်းသေးပါကွယ်
(နင်လေ ပြန်စဉ်းစား နင် အမြန် ပြန်ခဲ့လိုက် ငါ့ဆီကို
နင်လေ ပြန်စဉ်းစား နင် အမြန် ပြန်ခဲ့လိုက်ပါ) ၂
နင် ယုံကြည်ထားလိုက်ကွယ် ဒီရင်ဟာ ပူနွေးဆဲပါ
ရေး … ရေး … ရေ

သံယောဇဉ်
ရေး – မောင်မောင်ဇော်လတ်

မတွေးချင်လည်း ပြန်တွေးနေမိ မေ့ရင်လည်း ပြန် သတိရပြီး
အမှတ်မရှိသေးဘူး ငါ လွမ်းဆွတ်
မဖြစ်ချင်တာတွေ ဖြစ်ကုန်ပြီ မှားနေလည်း ငါ ဆက်မှားပြီး
ဒုက္ခများကုန်ပြီ
ရုန်းထွက်ရင်းနဲ့ ဆက်ဆက် / ထပ်ထပ် နစ်ခဲ့
ဖြတ်တောက်တိုင်းလည်း ပိုဖြတ်ဖို့ခက်တဲ့
သံယောဇဉ် … သံယောဇဉ် … သံယောဇဉ်
ငါလေ အပျက်ပျက်နဲ့ သွေးထွက်ခဲ့တယ်
သံယောဇဉ် … သံယောဇဉ် …
လူကို အရူးတစ်ပိုင်း ဖြစ်စေတဲ့
သံယောဇဉ် … သံယောဇဉ် …
နေမြင့်လို့ အရူးရင့်ခဲ့တယ်
ဒီ သံယောဇဉ် … ဒီ သံယောဇဉ် …
သံယောဇဉ်
မကြားချင်ဘဲ ငါ ကြားယောင်မိ မသွားချင်လည်း ငါ ဆက်သွားပြီး
အစိုးမရတဲ့ စိတ်ကြောင့် ငါ ခက်ပြီ
မမွှေးသင့်ဘဲ ငါ မွှေးတဲ့ မီး မတိုးချင်လဲ ငါ ဆက်တိုးပြီး
ငါ့ဘဝ ကျွမ်းလောင်ပြီ

မိုးတိမ်ထဲ ဝဲ
ရေး – လင်းလင်း

အမည်မဖော်နိုင်တဲ့ သောကများ ဒီ အရှိုက်ထဲထိ
မင်ကြောင်စုတ်ထိုး အပ်နဲ့ပေါက်သလို စူးနစ်ပြီ
အဝတ်စုတ် တစ်ခုလို ငါ့အတွေးတွေ စွန်းပေနွမ်းခဲ့
အရိပ်တွေ တစ်ခုစီ ငါ့ရင်ဘတ်ထဲ ထည့်ကာ
ကြယ်ရင်ပြင်ထက် မိုးညွန့်များ ငါ ခုန်လွှားရင်း
ဗျာပွေနေတဲ့ ငါ့ရဲ့စိတ်တွေ လွှတ်ချရင်း
ငယ်ဘဝ အတိတ်တွေ လက်ထဲ ငါ အန်ထုတ်ကာ ထားရင်း
တစ်ခုစီ တစ်ခုစီ ငါ့အိပ်မက်ထဲ ထည့်ကာ
ငါဟာ မိုးတိမ်တွေထဲ ဝဲ ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ နောက်ချန်ပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်တွေထဲ ဝဲ ငါဟာ မိုးတိမ်တွေထဲ ဝဲ
လေနေတဲ့ အခုချိန် ခဏ အတိတ်မေ့ပြီး ခဏ မေ့နေပြီး ခဏ မေ့နေပြီး
ငါဟာ မိုးတိမ်ထဲ ဝဲ
ကြယ်တွေလိုပဲ တငွေ့ငွေ့ ကျွမ်းလောင် လှိုက်စားပြီး
စကြာဝဠာရဲ့ အစွန်းဆုံး တစ်ဖက်ကို ခရီးဆက်ရင်း
အလင်းနှစ်တွေကြား ငါ မျောလွင့်သွားရင်း
ဟင်းလင်းပြင်ကြီးမှာ ရွက်လွင့်သွားရင်း
ညဂြိုလ်ပြင်ထဲ ငါ အဝေးဆီ အဝေးဆီ မျောရင်း

အရင်လိုပါပဲ
ရေး – လင်းလင်း

စိတ်ကူးပေါက်ရာ လျှောက်တွေးရင်း ငါ
အိမ်ပြတင်းပေါက်ကို မှီထားရင်း အပြင်ဘက် ခဏ ဟိုဒီ ငေးကြည့်တော့
လေယာဉ်များလည်း အို ပျံသန်းဆဲပါ အရိပ်များလည်း အို ရှုပ်ထွေးဆဲ
လူ ပုံများလည်း ဟို အရင်အတိုင်းပဲပေါ့
ဒီကမ္ဘာမှာ ငါ့အတွက်သာ ထင်မှတ်သမျှဟာ
နောက်ဆုံးမှာ သူ့ အလိုအတိုင်းသာ လွင့်ပြယ်ပျောက်ကာ သွားရင်း
ကမ္ဘာမှာ ငါ့အတွက်သာ မျှော်လင့်သမျှဟာ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ သူ့ အလိုအတိုင်း အို ခရီးဆက်နေဆဲပါ
အရင်လိုပါပဲ … အရင်လိုပါပဲ …
အလိုလို ဒီအတိုင်း ဘဝထက်မှာ ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ သူ့ အလိုအတိုင်းပါ လွင့်ပြယ်ပျောက်ကာ သွားရင်း
အရင်လိုပဲ … အရင်လိုပါပဲ …
အလိုလို ဒီအတိုင်း ဘဝထက်မှာ ဒီအတိုင်း မျောဆဲပါ
နောက်ဆုံးမှာ လွင့်ပြယ်ပျောက်ကာ သူ့ အလိုအတိုင်း အို ခရီးဆက်နေဆဲပါ
နေ့ခင်းဘက်မှာ နေမင်းကြီးဟာ စိတ်ကူးတည့်ရာ ပူလောင်ကောင်းဆဲ
ငှက်များလည်းလေ ပျံသန်းဆဲပေါ့
အပေါ်မော့ကြည့်တော့ တိမ်တိုက်များလည်းလေ ဖြူသွားလိုက် ပြာနှမ်းသွားလိုက်
ပြန်ကြည့်တော့ အို မှောင်မည်းသွားလိုက်

မလုပ်နဲ့
ရေး – နောနော်

မထင်ထားတဲ့ ထောင့်ချိုးက ငါ့ကို ကြိုဆိုရင်း
ဘယ်တော့မှ ဘယ်တော့မှ ငါ သတိမပြုမိခဲ့တာ
မလုံသေးတဲ့ နောက်ကျောက ငါ့ကို ကျီစယ်ရင်း
သက်ပြင်းတို့ ထည်လဲချ ချွတ်ယွင်းချက်များနဲ့ ငါ
အိပ်လို့ ကောင်းနေတုန်း အတင်း လှုပ်နှိုးသလိုမျိုး
စိတ် အမာရွတ်တွေက ဦးနှောက်ကို နင်းချေ
မလုပ်နဲ့ … မလုပ်နဲ့ … လက်နက် ငါ ချပြီးသား
မလုပ်နဲ့ … မလုပ်နဲ့ … ငါ့ကို အသေမသတ်နဲ့

အလွမ်း
ရေး – လင်းလင်း

ဒီအတိုင်းပဲ တစ်မြေစီ မမြင်နိုင်တဲ့ ဘဝတွေမှာ
ထင်ရာစိုင်း လျှောက်လှမ်းမယ်ဆို တို့တွေ ကြာရင် ဝေးသွားနိုင်တယ်
အရင်အတိုင်းပဲ ကြယ်တွေ မမြင်သာတဲ့ ညတွေဆို ငါ
ဘယ်သူများ ဖန်ဆင်းလေတဲ့ အိပ်မက်တွေ ဂယောင်ခြောက်ခြား မက်ကာရယ်
မင်း … ပြန်ဖို့တောင် စဉ်းစားရ ခက်မယ်ဆို
မင်း … ခဏလေး ပြန်တွေ့ကြဖို့ ခက်နေရင်
ကြာရင် အိပ်မက်ဆိုးတွေ မက်ကာ မိုးမြေလို ကွာဝေးနိုင်တယ်လေ / ကွယ်
မင်း … ဒီအတိုင်း တို့အဖြစ်တို့ မေ့တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း … ဒီအတိုင်း အလွယ်တကူ မေ့ပစ်တော့မလား
ဒီအတိုင်း တို့အဖြစ်တို့ သွေးအေးထားမှာလား ငါ့စိတ်တွေ အလိုလို ထိုင်းမှိုင်းနေတယ်
မင်း … ပြန်လာဖို့ စဉ်းစားလို့ပေးပါကွယ်
ကြာရင် အိပ်မက်ဆိုးတွေ ကြားမှာ ငါ့ရဲ့ အသက် ရပ်တန့်လို့သွားနိုင်တယ်
ခေါ်သံများလား သန်းခေါင်ယံ အမှောင်ထုများ နောက်ကွယ်မှာ
နင်တစ်ယောက်များ ပြန်ခဲ့တာလား ငါ့မှာ မျှော်ကာ စိတ္တဇပါကွယ်
အာရုံများလည်း နွံရေတွေလို နောက်ကျိကာရယ်
နင်ပြုစား လူကို ရူးစေသလား ငါ့မှာ အိပ်မက်ဆိုးများစွာ အလယ်

ဒါလီနေ့
ရေး – မောင်မောင်ဇော်လတ်

ငါ့လက်က လွတ်ကျသွားတဲ့ မျက်ရည်တွေ ဂစ်တာပေါ် စီးဆင်းကာနေ
အလွမ်းဖြစ်သွားတဲ့ သစ်ပင်တွေ နေရောင်ခြည်နဲ့ ဝေးနေချိန် ဟူး … ဟူး …
အခန်းထဲက တောက်ပလွန်းတဲ့ လရောင်တွေ နံရံပေါ် ဖိတ်ကျကာနေ
အဆိပ်ဖြစ်သွားတဲ့ တေးသံတွေ ကြင်နာသူနဲ့ ဝေးနေချိန် ဟူး … ဟူး …
ကြာပြီလေ နာရီတွေ ဒါလီရေ အမြဲတမ်း ခြောက်လှန့်ဦး
ငါ ဒီမှာ သိမ်ငယ်စွာ ရင်ခုန်ကာ ကြိုးစားမေ့ပစ်တုန်း
ဟူး … ငိုပြီးနေ ဟူး … ငါ ကြေကွဲနေ ဟူး … တစ်ယောက်တည်းနေ / နင်မရှိတဲ့နေ့
မင်းစိတ်နဲ့ ဆုံးပါးသွားတဲ့ မနက်ဖြန်တွေ ဖြူရော်ကာ ရင့်မှည့်ကာနေ
အရှုံးဖြစ်သွားတဲ့ ညနေတွေ အိမ်ပြန်ချင်စိတ် ဝေးနေချိန် ဟူး … ဟူး …
ပင်လယ်မှာ ရယ်သံတွေ ဒါလီရေ ဘဝက နစ်မြှုပ်တုန်း
ကယ်တင်ပါ သိမ်ငယ်စွာ ဒီလူမှာ ကြိုးစား ကူးခတ်တုန်း

စာမျက်နှာတစ်ဆယ့်ငါး
ရေး – မောင်မောင်ဇော်လတ်

အတိတ်တွေက မှုန်ဝါးပေမယ့်
ငါတို့နှစ်ဦး ဇာတ်လမ်းမှာ တချို့နေရာက အကောင်းအတိုင်း ရှိနေဆဲပါပဲ
ဟိုတစ်ကွက် ဒီတစ်ကွက် ပိတ်သားထက် အရင်လို ကြည့်မကောင်းပေမယ့် မြင်ရတယ်
အဓိပ္ပာယ် မရှိတာ သိပေမယ့် တစ်ခါတလေ တိုက်ဆိုင်မှုတွေ ရှိလာတော့လည်း
အမှတ်တမဲ့ မင်းကို လွမ်းပါတယ်
အပေါ်ယံ ရှပ်ထိသော ဒဏ်ရာ မဟုတ်တော့ လွယ်ကူစွာနဲ့ / လွယ်လွယ် ငါ မေ့မရဘူးကွယ်
တွေ့ရင် မှတ်မိဦးမယ် ထင်ပါတယ်
နှစ်တွေ လတွေက အတော်ကြာပြီပဲ ဘယ်ဆီကို မင်း ရောက်နေမလဲ
ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ်
တွေးမိပါတယ် ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ သတိရပါတယ်
ဘာတွေကို မင်း လုပ်နေမလဲ ဘယ်သူနဲ့ မင်း ရှိနေမယ် တွေးမိပါတယ်
ပြန်လွမ်းမောရင်းနဲ့ ပြန်စဉ်းစားရင်းနဲ့ တစ်ခါတလေ ငါ သတိရပါတယ်

ဘတ်စ် စီး မှတ်တမ်း

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ “အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း” လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) လို့ရတယ်တဲ့။ ဟိုက် ရှားပါ။ အိမ်သာတက်ဖို့အရေး ရန်ကုန်အထိတောင် ပြေးပြီး ကွန်ပူတာနဲ့ တက်ရဦးမတဲ့။ ဘာကောင်ကြီးပါလိမ့်။ ဒါနဲ့ပဲ ကျနော် ရန်ကုန် ရောက်လာပါတယ်။

ငယ်ငယ်က ရန်ကုန်ကို အမေတို့နဲ့ ခဏခဏ ရောက်ဖူးပေမယ့် ဒီတစ်ခါမှပဲ တကယ်ကို နှာဖူးတွေ့ ဒူးတွေ့ တင်မကဘဲ ခေါင်းနဲ့ပါ တွေ့တော့တယ်။ ဟုတ်တယ်လေ။ ဘတ်စ်ကားတွေက ပုတယ်ဗျ။ ၃၃ လို ဘတ်စ်ကား အကြီးတချို့မှာတောင် အမိုးက လေသာပြတင်းမှာ ခေါင်းထုတ်ထားရတယ်။ အဲ့တော့ မကြာခဏ ဆိုသလိုပဲ အမိုးကို ခေါင်းလောင်းလုပ်ပြီး ခေါင်းနဲ့ တိုက်နေရတယ်။ ကျနော် ရန်ကုန် စရောက်တဲ့ နေ့ပဲ ဦးလေးကို မြို့ထဲသွားမလို့ လိုက်မလားတဲ့။ သေချာတယ် သူက ဘတ်စ်ကားပဲ စီးမှာ။ အင်မတန်မှ ကပ်စေးနည်းတာကိုး။ ကဲပါ ဘတ်စ်ကား စ စီးကြည့်မယ်လို့ ဆုံးဖြတ်ချက် ချပြီး သူနဲ့ လိုက်သွားတယ်။ ရန်ကုန်မှာ ဘတ်စ်ကားတွေ အများကြီး ရှိတယ်ဆိုတာ သိထားတော့ ကိုယ့်လမ်းထိပ်ကို ဘာကားရောက်လဲ သိရင် ပြန်လို့ ရပြီလို့ တွေးထားတယ်။ ဒါနဲ့ လမ်းထိပ်မှတ်တိုင်ကို ဘာကားတွေ ရောက်လဲ စာအုပ်နဲ့ မှတ်ယူမယ်ပေါ့။ အဲဒီ အချိန်က အလုံ ကြည့်မြင်တိုင် လမ်းမပေါ်က ဖြတ်တဲ့ ကားဆိုလို့ အားရပါးရ ရေ၊ နှစ်စီး ရှိတယ်။ ၃၄ ဟိုင်းလက်နဲ့ ၃၃ ဒေဝူးတွေ။ သွားတာက ဦးလေးနဲ့ ကျနော် နှစ်ယောက်တည်း။ ကျနော်တို့ စောင့်နေတုန်း ၃၃ ကားကြီး ရောက်လာတယ်။ ချောင်တယ် မြင့်တယ် မိုက်တယ်ပေါ့။ တက်မလားလို့ ဦးလေးကို မျက်စိ ပစ်ပြတော့ သူက ခေါင်းပြန်ခါတယ်။ ဒါနဲ့ အငြိမ်လေး ထပ်စောင့်နေလိုက်တယ်။ ၃၄ ဟိုင်းလက်လာမှ တက်မယ်တက်မယ်ဆိုပြီး ပြေးတက်သွားတယ်။ အမယ်လေး အဲဒီမှာ စပြီး ဒူးတွေ့တော့တာပဲ။ အရှည်ရှည် ဒူးရှည်ရှည်နဲ့ ဟိုထိုးဒီထိုးကြောင့် ကိုယ်ကပဲ စပြီး အားနာနေမိတယ်။ တခါတလေ သူများ ခါးကို ဒူးနဲ့ ညပ်ထားမိနေတယ်။ သူငယ်ချင်းတွေက မှာလိုက်တယ်။ မင်း ရန်ကုန်ရောက်ရင် တိုးတက်ပြီသာ မှတ်တဲ့။ မှန်လိုက်တာ သယ်ရင်းရယ်။ ဒါနဲ့ ကျနော်က စပ်စပ်စုစု ဘာလို့ ခုန ၃၃ ကို မစီးတာလဲ၊ မရောက်လို့လား လို့ မေးလိုက်မိတော့ ပြန်ဖြေတဲ့ အဖြေက ကျနော် တစ်သက် မမေ့တော့ဘူး။ “ရောက်တော့ရောက်တယ်။ ဒီကောင်က ၂ ကျပ်၊ ဟိုကောင် စီးရင် ၃ ကျပ်မို့ မတက်တာ” တဲ့။

ကျနော့် သင်တန်းက ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာပါ။ အိမ်ကနေဆို ၃၈ ဟိုင်းလက် စီးရင် အဆင်ပြေဆုံးပဲ။ အမျိုးသမီးဆေးရုံက ဂိတ်စတယ်။ ထိုင်စီးလို့ရတယ်။ သင်တန်း သွားရတာ အဆင်ပြေပေမယ့် စီးရတာ တကယ်ကို စိတ်မချမ်းသာဘူး။ နီတာရဲ ကလေးလေးတွေ ချီပြီး အတင်းတိုးစီးနေရတဲ့ ဘတ်စ်ကားကို စီးမိရင်ဖြင့် စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ အော် အမေ .. အမေ .. လို့ တလိုက်မိသလိုပဲ အော် ဒုက္ခ .. ဒုက္ခ လို့လည်း တွေးလိုက်မိတယ်။ ပုံစံကြည့်ရတာ အခုမှ ကလေးမွေးပြီးလို့ ဆေးရုံဆင်းလာပုံ ရတယ်။ သူတို့တွေ ကြည့်ပြီး ကျနော် တရားရနေမိတယ်။ တခါတလေတော့လည်း ဘတ်စ်ကားစီးရင်း ဖြစ်တဲ့ အဖြစ်အပျက်တွေကလည်း ဘဝ အမောတော့ ပြေသား (ကြီးကြီးကျယ်ကျယ် ဘဝအမောတဲ့၊ သင်တန်းလေး တက်ရတာကိုပဲ)။ အခုအချိန်ထိ တွေးမိတိုင်း ရယ်ချင်တဲ့ အဖြစ်အပျက် သုံးခု ဖောက်သည်ချဦးမယ်။

တစ်နေ့ ကျနော် သင်တန်းသွားတော့ ၃၈ ဘတ်စ်ပဲ စီးမြဲ စီးလာခဲ့တယ်။ ကျနော်က ဂိတ်စက စီးတော့ ဘေးခုံမှာ မိန့်မိန့်ကြီး ထိုင်ရုံပါ့။ တစ်မှတ်တိုင် တစ်မှတ်တိုင်မှာ တက်လိုက်ကြ၊ ဆင်းလိုက်ကြနဲ့ သူတို့တွေ အလုပ်ရှုပ်နေကြပေမယ့် ကျနော်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပဲ။ မှတ်တိုင်တစ်ခု အရောက်မှာ ကားပေါ် တရုတ်ရုတ်နဲ့ ဆူသံ ကြားရမှ သူတို့ကို သတိထားမိတယ်။ ကားစပယ်ယာနဲ့ ခရီးသည်တစ်ယောက် ရန်ဖြစ်နေကြတယ်။ ခရီးသည်တစ်ယောက်က ဟိုင်းလက် ကားတွေမှာ အလယ်ခုံအနေနဲ့ ထားတဲ့ ခွေးခြေခုံ (အခုတော့ ဘက်ထရီအိုး အခွံ) တစ်ခုံကို ရင်ဝယ် ပိုက်ထားလေရဲ့။ အဲဒါကို မြင်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ ခရီးသည်လက်ကနေ ထိုင်ခုံကို ဆောင့်ဆောင့် ဆွဲနေတဲ့ စပယ်ယာ။ အခြေအနေက ခရီးသည်နဲ့ စပယ်ယာ ခုံကို ဟိုဘက်ဆွဲလိုက်၊ ဒီဘက် ဆွဲလိုက်။ လွန်ဆွဲနေကြသလိုပဲ။ အဲဒီအချိန်မှာ ကျန် ခရီးသည်တွေကို စောန ခုံကိုင်ထားတဲ့ ခရီးသည်ကို မျက်စောင်း ထိုးနေကြပြီ။ ဟုတ်တော့ ဟုတ်ပါတယ်။ သူများ ထိုင်မယ့် ခုံကို သူလည်း မထိုင်ဘဲ ကိုင်များ ထားရသလားလို့။ စကားပုံအရ ခပ်ရိုင်းရိုင်း ပြောရရင်တော့ နွားစားခွက်ထဲက ဟောင်တဲ့ ခွေးလိုပေါ့။ စပယ်ယာ အနေနဲ့ နောက်တက်လာတဲ့ ခရီးသည်ကို ထိုင်ဖို့ နေရာ ပေးချင်တယ်။ ဒါပေမယ့် ထိုင်ခုံက ခုနလူ ပိုက်ထားလို့ လုနေရတယ်။ လုရင်း လုရင်း တဖြည်းဖြည်း စိတ်က မရှည်တော့ဘူး။ ဟိုလူ့ခမျာလည်း ဘာလို့များ ဒီခုံကို သူလည်း မထိုင်ဘဲ ဘာလို့ အတင်း ပိုက်ပြီး ရုန်းနေရသလဲ ဆိုတာလည်း တွေးရခက်သား။ ဘေးလူတွေ မျက်စောင်း အတင်း ထိုးလာတဲ့ အဆုံး ခရီးသည်ရဲ့ နှုတ်က စကားတစ်ခွန်း ထွက်ကျလာတယ်။ ဒီစကားအဆုံးမှာ စပယ်ယာလည်း အူကြောင်ကြောင်နဲ့ ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းတောင် မသိဖြစ်သွားပြီး ခရီးသည်အားလုံး တဝါးဝါးနဲ့ ပွဲကျသွားတယ်။ ခရီးသည် ပြောလိုက်တာက ဒီလိုဗျ။ အခု ရေးရင်းတောင် ရယ်နေမိတယ်။
ဒီခုံက အခုလေးတင် ကျနော် ဈေးက ဝယ်လာတာပါဗျာ။ ခင်ဗျားတို့ခုံက အောက်မှာ ရှိမှာပေါ့” တဲ့လေ။

နောက် အဖြစ်အပျက် တစ်ခုက ၃၈ ဘတ်စ် ပေါ်မှာပါပဲ။ ကားက အမြဲ လူပြည့်တတ်တော့ အတွယ်စီးရတဲ့ သူတွေက များသား။ ရုံးတက်ချိန် ဆိုတော့လည်း အားလုံးလိုလိုက အိတ်တွေ၊ ထမင်းချိုင့်တွေ ကိုယ်စီနဲ့ပဲ။ ဘတ်စ်ကား စီးတိုင်းလည်း အများစုက စာနာထောက်ထားစွာနဲ့ မိန်းကလေးတွေကို ထိုင်ခုံပေးကြပြီး ယောက်ျားလေးတွေက အပြင်ကနေ တွယ်လေ့ရှိကြတယ်။ မှတ်တိုင်တစ်ခုမှာ မိန်းကလေး တစ်ယောက် တက်လာတာကြောင့် အပေါက်ဝမှာ ရှိတဲ့ ကောင်လေးက နေရာဖယ်ပေးပြီး ကောင်မလေးကို ပေးထိုင်လိုက်တယ်။ ဒါနဲ့ ကောင်လေးက ထမင်းချိုင့်တစ်ဖက်နဲ့ ကားအပြင်မှာ တွယ်စီးလာတယ်။ လမ်းတစ်နေရာ အရောက်မှာ စောနက ကောင်လေးက ကောင်မလေးကို စကားတစ်ခွန်း လှမ်းပြောလိုက်တယ်။ “အမ၊ ကန်တော့နော်။ ကျနော် ပုဆိုးကျွတ်တော့မှာမို့ ခါးပုံစလေး ခဏ ကိုင်ထားပေးလို့ ရမလား” ဆိုတော့ ကောင်မလေးခမျာ ရှက်ပေမယ့် သူများရဲ့ အရှက်ကို ကာကွယ်ပေးကောင်းရဲ့ ဆိုပြီး လက်တစ်ဖက်နဲ့ ကိုင်ပေးထားလိုက်တယ်။ ခဏလေးနေတော့ ကောင်လေး ထပ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ကားလုံး ဝါးခနဲ ပွဲကျသွားပြီး ကောင်မလေးခမျာ မျက်နှာကြီး နီရဲနေအောင် ရှက်နေပြီး ဆက်ကိုင်ထားရအခက်၊ လွှတ်ချရအခက် ဖြစ်သွားတယ်။ အစကတည်းက မပြောဘဲ နေပါတော့လား။ အခုလို ပြောလိုက်တော့ မျက်နှာဘယ်လို သွားထားရတော့မလဲ။ ကောင်လေး ပြောလိုက်တာက
အမ ခါးပုံစကို သေချာ ကိုင်ပေးထားပါနော်။ အတွင်းခံ ဘောင်းဘီ မဝတ်ထားလို့ ကျွတ်ကျရင် ကျနော် အရှက်ကွဲမှာဗျ

နောက်တစ်ခုကတော့ စပယ်ယာနဲ့ ခရီးသည်နဲ့ ဖြစ်တဲ့ ပြဿနာ။ ပြဿနာလို့ ဆိုပေမယ့်လည်း ရယ်စရာ မောစရာ အဖြစ်နဲ့ပဲ အဆုံးသတ်သွားရတယ်။ အမြဲလိုလိုပဲ ကားကျပ်နေတတ်တော့ တွယ်စီးတဲ့လူကလည်း မှတ်တိုင်တိုင်းမှာ အပြည့်ပဲ။ တကယ်တော့ အသက်နဲ့ လဲပြီး ရုံးတက်နေရတယ် လို့တောင် ပြောလို့ရမယ်ထင်တယ်။ ဟိုင်းလတ် နောက် ခြေတင်ခုံမှာ အတွယ်နဲ့ လိုက်စီးတာ အများဆုံး ကျနော် လူ (၁၄) ယောက် စီးဖူးတယ်။ ကားတစ်စီးတည်း အတွယ် (၁၄) ယောက်ပေါ့။ စဉ်းစားသာ ကြည့်တော့။ နောက်အဖြစ်အပျက် တစ်ခုကလည်း မနက်ခင်း ရုံးတက်ချိန်ပါပဲ။ အကုန်လုံးက အချိန်မီ ပြေးကြရတာ ဆိုတော့ ရရာကား ချေးမများတန်း စီးနေရတယ်။ ယောက်ျားလေးတွေ ကားမရွေးဘဲ တွယ်စီးလိုက်ကြတယ်။ ကားလည်း ရှားတော့ မရွေးအားဘူးလေ။ အဲဒီလို အသက်လုပြီး တွယ်စီးတဲ့ အခါမှာ ခြေချော်လက်ချော် ဆိုတာ ရှိစမြဲပါ။ တစ်နေရာအရောက် တွယ်နေတဲ့ ခရီးသည်တစ်ယောက် လက်မခိုင်လို့ လွတ်သွားတယ်။ မောင်းနေရင်း နောက်ပြန်လန်သွားတော့ စပယ်ယာ ပြာပြီပေါ့။ ဒါနဲ့ သူ့ခမျာ အသက်တစ်ချောင်း ကယ်ဖို့အရေး ဖျက်လတ်တဲ့ လက်တစ်စုံနဲ့ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး တစ်နေရာကို အမှီ လှမ်းဆွဲရတော့တာပေါ့။ သူ့ရဲ့ ရွေးချယ်မှုကို ခါးပုံစ။ ပက်လက်လန်သွားတဲ့ လူတစ်ယောက်အတွက် ထိုးထွက်နေတဲ့ နေရာဆိုလို့ ခါးပုံစပဲ ရှိတာကိုး။ စပယ်ယာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ ဒါပေမယ့် အဆုံးဖြတ်နဲ့ လုပ်ရပ် လွဲသွားတာကြောင့် ကောက်ချက်ကလည်း သောက်တလွဲ ဖြစ်သွားတယ်။ ခါးမှာ ထိုးထွက်နေတာ ခါးပုံစပဲပေါ့။ ဟုတ်တယ်။ ထိုးထွက်နေတဲ့ နေရာကို သူလှမ်းဆွဲလိုက်တာ မှန်ပေမယ့် ခါးပုံစ မဟုတ်မှန်း ပစ္စည်း လက်ဝယ်ရောက်မှ သူသိလိုက်ရတယ်။ ဟိုက် … လွှတ်ချလိုက်ရမလား။ ဟိုကောင် ပက်လက်လန်ပြီး မာလကီးယား ဖြစ်သွားမယ်။ ကဲ မတတ်နိုင်ဘူး။ ကားဆရာကို အမြန်ဆုံး ရပ်ခိုင်းပြီး မရပ်မချင်းတော့ အဲဒါကြီး ဆွဲထားရုံပဲပေါ့။ ဘယ်တတ်နိုင်မလဲ။ စပယ်ယာရဲ့ မအီမလည် ဖြစ်နေတဲ့မျက်နှာ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ခရီးသည်ရဲ့ မျက်နှာကို မြင်နေရတော့ အသက်ဘေးဆိုတာတောင် မေ့ပျောက်ကုန်ပြီး အားလုံး တဝါးဝါးနဲ့ ရယ်ချပစ်လိုက်တော့တယ်။ ဘာကြီး ကိုင်မိသလဲဆိုတာ မပြောဘူးနော်။ ဆင်ဆာ။

ရောင်စဉ်ခြယ် ဝေါဟာရ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၈ ရက် (တနင်္လာနေ့)

အရောင်တွေကို လူတွေက ဘယ်လို သတ်မှတ်ကြသလဲ။
လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကော အရောင် သတ်မှတ်ပုံချင်း တူနိုင်ပါ့မလား။
လူတစ်ယောက် မြင်နေတဲ့ အရောင်ကို နောက်တစ်ယောက်ကကော အဲဒီ အရောင်ပါလို့ သဘောတူနိုင်ပါ့မလား။ ဥပမာ လူတစ်ယောက်က အစိမ်းရောင်လို့ မြင်နေတဲ့ အရာကို တခြား လူတစ်ယောက်က အမည်းရောင်ပါဗျာလို့ ပြောလာခဲ့ရင်ကော၊ ဒီလူ အမြင်အာရုံ ချွတ်ယွင်းနေတယ်လို့ သတ်မှတ်မလား။
ကာလာဘလိုင်း (Color Blind) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရောင်တွေကို သဲသဲကွဲကွဲ မသတ်မှတ်နိုင်တာ။ ကာလာဘလိုင်း မဟုတ်ပါဘဲနဲ့ လောကကြီးမှာ အရောင်နှစ်ရောင်တည်း ရှိတာပါလို့ ပြောလာရင်ကော သူ့ကို ဘယ်လို မြင်မလဲ။

လူမျိုးတစ်မျိုးချင်းစီရဲ့ ဘာသာစကား တစ်ခုစီမှာ အရောင်ရဲ့ ဝေါဟာရ သတ်မှတ်ပုံချင်း ကွဲပြားကြပါတယ်။ ရောင်စဉ်တစ်ခု (Spectrum) မှာ ပါတဲ့ အရောင်တွေဟာ အရောင် တစ်ရောင်နဲ့ တစ်ရောင်ကြားမှာ ကွာဟနေတဲ့ နယ်နိမိတ် အပိုင်းအခြား မရှိပါဘူး။ အရောင်တွေက တစ်ဆက်တည်း ပြောင်းလဲသွားတာပါ။ ဒီရောင်စဉ်တန်းကို ကြည့်ပြီး လူတွေက ကိုယ့်အမြင်နဲ့ကိုယ် ပိုင်းကန့်ခွဲခြားပြီး အရောင်တစ်ခုစီ သတ်မှတ်တာပဲ ဖြစ်တယ်။


လိုက်ဘေးရီးယားက ဘက်ဆာဆိုတဲ့ ဘာသာစကားမှာ အရောင် ဝေါဟာရနှစ်ခုပဲရှိတယ်။ အနီးစပ်ဆုံး ပြောရရင် ခရမ်း၊ အပြာ၊ အစိမ်း တွေကို တစ်ရောင်တည်းမြင်ပြီး အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ အနီ၊ လိမ္မော်၊ အ၀ါ တွေကို အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ သူတို့ဟာ အမြင်အာရုံ ချွတ်ယွင်းလို့ မဟုတ်ဘဲ အရောင်နှစ်ရောင်တည်း ရှိတဲ့ လောကကြီးအနေနဲ့ ရှုမြင်နေလို့သာ ဝေါဟာရ နှစ်ခုတည်း သတ်မှတ်ထားတယ်။
ရိုဒီးရှားက ရှိုနာဆိုတဲ့ ဘာသာစကားမှာတော့ အရောင် ဝေါဟာရ သုံးမျိုးရှိတယ်။ အနီနဲ့ ခရမ်းကို တစ်ရောင်၊ အပြာ၊ အစိမ်းနဲ့ အမည်းကို တစ်ရောင်၊ အ၀ါ၊ လိမ္မော်နဲ့ အဖြူကို တစ်ရောင် လို့ ခွဲခြားထားတယ်။
နဗဟိုဆိုတဲ့ ဘာသာစကားမှာ အပြာနဲ့ အစိမ်းကို ဝေါဟာရတစ်ခုတည်း အနေနဲ့ အတူတူ သုံးထားပေမယ့် အမည်းကိုကျတော့ “အမှောင်မည်း” နဲ့ “မီးသွေးမည်း” ဆိုပြီး နှစ်မျိုးခွဲထားတယ်။
ဖိလစ်ပိုင်က ဟနူနူးဘာသာမှာ အနီနဲ့ အစိမ်း ခွဲခြားပုံက ထူးဆန်းတယ်။ အသက်ရှင်နေတဲ့ အပင်အားလုံးကို အစိမ်းရောင်လို့ သတ်မှတ်လို့ အညိုနုရောင်ရှိတဲ့ ၀ါးပင်ပေါက် (မျှစ်စို့)ကို အစိမ်းရောင်လို့ သတ်မှတ်တယ်။ သေပြီးသား ၀ါးပင်ကိုတော့ အနီရောင်လို့ သတ်မှတ်တယ်။
ဒီခွဲခြားပုံတွေကို ကြည့်ပြီး အရောင်ခွဲခြားတဲ့ စနစ်ဟာ အရောင်ရဲ့ ရုပ်ဝတ္ထုပေါ်မှာပဲ မတည်မှီဘဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ပေါ်မှာလည်း တည်ကြောင်း ပညာရှင်တွေက ကောက်ချက်ချတယ်။

ခုနကပြောသလို ကိုယ့်မူကိုယ့်ဟန်နဲ့ အရောင်တွေကို သတ်မှတ်ပါတယ် ဆိုတာကို သံသယရှိတဲ့ ပညာရှင် နှစ်ယောက်ရဲ့ သုတေသနစာတမ်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာသာစကား (၇၈) ခုရဲ့ အရောင်ဝေါဟာရတွေကို သုတေသနာပြုပြီး အခြေခံအရောင် သတ်မှတ်ပုံနဲ့ အခြေခံအရောင်ပေါ် မူတည်ပြီး အရောင် သတ်မှတ်ပုံကို အခိုင်အမာ တင်ပြထားပါတယ်။

အခြေခံအရောင် ဝေါဟာရ နှစ်ခုပဲ ရှိတဲ့ ဘာသာစကားတွေမှာ အဲဒီဝေါဟာရဟာ “ဖြူ” နဲ့ “မည်း” ဖြစ်တယ်။ သုံးခု ရှိတဲ့ ဘာသာစကားမှာတော့ တတိယ အရောင်ဝေါဟာရဟာ “နီ” ဖြစ်တယ်။ လေးခု ရှိရင်တော့ စတုတ္ထမြောက်ဟာ “စိမ်း” သို့မဟုတ် “၀ါ” ဖြစ်တယ်။ ငါးခု ရှိတယ်ဆိုရင်တော့ စတုတ္ထနဲ့ ပဉ္စမ အရောင်ဝေါဟာရက “စိမ်း” နဲ့ “၀ါ” ဖြစ်တယ်။ ခြောက်ခုကနေ (၁၁) ခု အထိ ရှိရင် “ပြာ”၊ “ညို”၊ “ခရမ်း”၊ “ပန်း”၊ “လိမ္မော်”၊ “မီးခိုး” ဆိုပြီး အသီးသီး သတ်မှတ်ကြတယ်။

အခြေခံအရောင်အဖြစ် ဘယ်လို သတ်မှတ်ပါသလဲ။ အခြေခံအရောင် ဝေါဟာရတွေဟာ ဒီလို အချက်တွေနဲ့ ညီညွတ်ရပါမယ်။ ကျနော်တို့ရဲ့ ဘာသာစကားနဲ့ ဥပမာပြသွားပါမယ်။ “ဖြူ၊ နီ၊ ပြာ၊ ၀ါ” တွေလို လုံးချင်းဝေါဟာရ ဖြစ်ရမယ်။ နီညို၊ နက်ပြာ တို့လို လုံးတွဲတွေ မဖြစ်ရဘူး။ “ရေညှိရောင်” (အစိမ်းရောင်ရဲ့ မျိုးကွဲ) လို အရောင်ဝေါဟာရတစ်ခုရဲ့ မျိုးကွဲလည်း မဖြစ်ရဘူး။ “ဖောင်းဝတ်” လို မြင်းရဲ့အရောင်ကိုပဲ ညွှန်းတဲ့ နယ်ကျဉ်းတဲ့ ဝေါဟာရလည်း မဖြစ်ရဘူး။ “ပန်းရောင်”၊ “လိမ္မော်ရောင်”၊ “ခရမ်းရောင်” တို့လို အရာဝတ္ထုတစ်ခုရဲ့ အရောင်ကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ ဝေါဟာရမျိုးလည်း မဖြစ်ရဘူး။ ဘာသာစကားတစ်ခုကနေ မွေးစားယူတဲ့ “မဟော်ဂနီ”၊ “ကာကီ” တို့လို မွေးစား စကားလုံးတွေလည်း မဖြစ်ရဘူး။

အခုလို မှတ်ကျောက်တင်လိုက်ရင် မြန်မာဘာသာစကားမှာ အခြေခံအရောင်အနေနဲ့ ခုနစ်ရောင် ရှိပါတယ်။ “စိမ်း၊ ညို၊ နီ၊ ပြာ၊ ဖြူ၊ မည်း (နက်)၊ ၀ါ” တွေပါ။ “နီညို၊ နက်ပြာ၊ စိမ်းပြာ၊ ပန်းခရမ်း၊ ကြည်ပြာ” စတဲ့ လုံးတွဲ အရောင်ဝေါဟာရတွေ၊ “အုန်းခွံရောင်၊ ပယင်းရောင်၊ မြင်းချေးရောင်၊ ကြက်သွေးရောင်၊ ရွှေဖလားရောင်၊ ထုံးခြောက်ရောင်၊ မရမ်းစေ့ရောင်” စတဲ့ အရာဝတ္ထုတစ်ခုခုကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ အရောင်ဝေါဟာရတွေကို တစ်ဆင့်ခံ အရောင်ဝေါဟာရတွေလို့ ခေါ်နိုင်ပါတယ်။ တစ်ဆင့်ခံ အရောင်ဝေါဟာရတွေကို ဘာကြောင့် အဲသလို ခေါ်သလဲလို့ ရှင်းပြနိုင်ပေမယ့် အခြေခံအရောင် ဝေါဟာရတွေကိုတော့ ရှင်းမပြနိုင်ပါဘူး။ နောက်ပြီး အသစ်ပေါ်လာတဲ့ အရာဝတ္ထုတွေကို အစွဲပြုပြီး တစ်ဆင့်ခံ အရောင်ဝေါဟာရတွေ အသစ်အသစ် ပေါ်လာနိုင်ပါတယ်။ အခြေခံ အရောင်ဝေါဟာရကတော့ အသစ် မပေါ်နိုင်တော့ပါဘူး။

ဘာသာစကားတွေမှာ အခြေခံအရောင် ဝေါဟာရ (၂) ခုကနေ (၁၁) ခုအထိ ကွဲပြားနေရတာက လူမှုဝန်းကျင် အခြေအနေပေါ် အများကြီး တည်ပါတယ်။ အာဖရိကတိုက် တောနက်ထဲက ယဉ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ လူမျိုးတစ်မျိုးရဲ့ ဘာသာစကားမှာ အခြေခံဝေါဟာရ ၂ ခုရှိရင် လုံလောက်တဲ့အတွက် ၂ ခုပဲ ရှိတာပါ။ အခြေခံအရောင်ဝေါဟာရ ၁၁ ခု ရှိဖို့ လိုအပ်တဲ့ ဘာသာစကားတွေကတော့ ယဉ်ကျေးမှုအဆင့် ဖွံ့ဖြိုးတဲ့ ဘာသာစကားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အခြေခံအရောင် ဝေါဟာရ (၈) ခုကနေ (၁၁) ခုအထိ ရှိတဲ့ ဘာသာစကားတွေမှာ အာရဗီ၊ ဘဟာဆာ၊ အင်ဒိုနီးရှား၊ ဘူးလ်ဂေးရီးယား၊ ကန်တုံ၊ အင်္ဂလိပ်၊ ဟီးဘရူး၊ ဟန်ဂေရီ၊ ဂျပန်၊ ကိုရီးယား၊ မလေး၊ ရုရှ၊ စပိန်၊ ထိုင်း၊ အူရ်ဒူ၊ ဗီယက်နမ် ဘာသာတွေ ပါဝင်တဲ့အကြောင်း ဖတ်မှတ်ခဲ့ရလို့ ဗဟုသုတ ပြန်လည် ဖြန့်ဝေလိုက်ရပါတယ်။

အထက်ပါ ပို့စ်အား မိန်းမယောက်ျား ထိုစကား – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ကောက်နုတ် တင်ပြလိုက်ပါသည်။


အိန္ဒိယ နှင့် တရုတ်တို့၏ ပညာရေး တူရှုချက်

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၈ ရက် (အင်္ဂါနေ့)

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။

အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အတူ ပညာခေတ်ကို အပြည့်အ၀ အသုံးချပြီး ဆင်းရဲတွင်းက တက်ဖို့ ပညာရေးဟာ အဓိက ရောင်ခြည်တစ်မျှင် ဖြစ်တော့တယ်။ ဒီသဘောကို တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးက ကောင်းကောင်း သဘောပေါက်ထားပုံ ရတယ်။ ပညာက အရင်းနဲ့ လုပ်အားကို သိသိသာသာ ဖြတ်ကျော်တက်နေတဲ့ ကာလ ဖြစ်တဲ့အလျောက် ပညာသာ ပိုင်မယ်ဆိုရင် အမီလိုက်နိုင်ရုံမက ဖြတ်ကျော်တက်သွားနိုင်စရာ အခွင့်အရေးကောင်းတွေ ရှိနေတယ်။ ဒါကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးပြောင်းလဲမှုမှာ ပညာရေးဟာ အခြေခံ အကျဆုံးနဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကြီး ဖြစ်လာတော့တယ်။

နောက်ခံအခြေအနေ
တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လက်ရှိ ပညာရေး ရေခံမြေခံက ကောင်းလှတယ်လို့တော့ မဆိုနိုင်ဘူး။ ခေတ်ကာလက တောင်းဆိုနေတဲ့ လိုအပ်ချက်တွေကို ပြည့်မီနိုင်အောင် အတော်လေး ကြိုးစားအားထုတ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အိန္ဒိယ ပညာရေးလောကဟာ အင်္ဂလိပ်ပညာရေးစနစ်ရဲ့ ကောင်းမွေရော ဆိုးမွေပါ ဆက်ခံခဲ့ရတယ်။ စင်စစ် အင်္ဂလိပ်ပညာရေးမှာ ပျံ့နှံ့ရေးထက် မြင့်တက်ရေးကို ဦးစားပေးတဲ့ စနစ်ဖြစ်တယ်။ တော်သူကို တော်တာထက် တော်စေဖို့ ရည်ရွယ်ထားတဲ့ `အီလစ်ပညာရေး´ လို့ ဆိုနိုင်တယ်။ အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာရေးပိုင်းမှာ ကမ္ဘာနဲ့ အလိုက်သင့် ရင်ပေါင်တန်းနိုင်ခဲ့ပေမယ့် အခြေခံ ပညာပိုင်းမှာတော့ လူဦးရေတစ်ခုလုံးရဲ့ ၅၉.၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ပညာမဲ့တွေနဲ့ ခေတ်မီနိုင်ငံတော် တည်ဆောက်လို့ မရနိုင်တာကို အိန္ဒိယ ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ကြပါတယ်။ ဒါကြောင့် အိန္ဒိယပညာရေး ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက ဖိုးကပ်စ်ဟာ အခြေခံ ပညာအဆင့် ဖြစ်လာရတယ်။

တရုတ်ပြည်ကတော့ အိန္ဒိယရဲ့ ပြောင်းပြန်လို့ ပြောလို့ရတယ်။ တရုတ်တွေ ယုံယုံကြည်ကြည် အကောင်အထည် ဖော်ခဲ့ကြတဲ့ ဆိုရှယ်လစ် ပညာရေး စနစ်က မြှင့်တင်ရေးထက် ပျံ့နှံ့ရေးကို ဦးစားပေးတယ်။ လူတိုင်းအတွက် ပညာလို့ ကြွေးကြော်တယ်။ လက်ရှိ တရုတ်ပြည်ရဲ့ စာတတ်မြောက်မှုနှုန်း ၈၆ ရာခိုင်နှုန်း ရှိနေတာက ဆိုရှယ်လစ် ပညာရေးရဲ့ ကျေးဇူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် လူတိုင်း ပညာတတ်ရေး ဆိုတဲ့ ကြွေးကြော်ချက်အောက်မှာ ဘွဲ့ရပညာတတ်တွေကို စက်နဲ့ လှည့်ထုတ်ခဲ့သလို ဖြစ်တဲ့အတွက် `ပညာမတတ်သော ပညာတတ်တွေ´ (Uneducated Intellectual) ကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ (အဲဒီ စကားလုံးကို မြင်တော့ မြန်မာ စာပေပညာရှင် တစ်ယောက်ပြောတဲ့ `ဘွဲ့ရ ပညာမတတ်သူ ပပျောက်ရေး´ ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်။ )အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာပိုင်းမှာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ဆိုးဆိုးရွားရွား အဆက်ပြတ် ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် တရုတ်ပညာရေး ပြုပြင်ပြောင်းလဲရေးရဲ့ ဖိုးကပ်စ်ဟာ အဆင့်မြင့် ပညာပိုင်း ဖြစ်လာရတယ်။

အိန္ဒိယရဲ့ ရေဆန်ခရီး
မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က မိုက်ကယ်ခရီမာရဲ့ လေ့လာရေး အစီရင်ခံစာအရ အိန္ဒိယအစိုးရ မူလတန်းကျောင်းတွေက ဆရာလေးယောက်မှာ တစ်ယောက်နှုန်းလောက် ကျောင်းမှန်မှန်မတက်ကြဘူးလို့ သိရတယ်။ ကျောင်းတက်တဲ့ ဆရာ နှစ်ယောက်မှာလည်း တစ်ယောက်က စာမသင်ဘဲ နေတယ်လို့ ဆိုတယ်။ မွန်ဘိုင်း မူလတန်းကျောင်းတွေကို သွားရောက်လေ့လာခဲ့ရာမှာလည်း လေးတန်းကျောင်းသားတွေရဲ့ တစ်ဝက်လောက်မှာ ပထမတန်းသင်ရိုးထဲက သင်္ချာပုစ္ဆာလောက်ကိုပဲ တွက်တတ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်ဦးရေ အများဆုံး တိုင်းပြည်တစ်ခုဖြစ်တယ်။ အသက် ၁၉ နှစ်အောက် လူငယ်ပေါင်း သန်းငါးရာနီးပါးလောက် ရှိတယ်။ အခြေခံပညာ အဆင့်တစ်ခုတည်းမှာပဲ ပညာသင်ပေးစရာ ကျောင်းသားပေါင်း ၂၀၂ သန်း ရှိတယ်။ သူတို့အတွက် ကျောင်းပေါင်း တစ်သန်းနဲ့ ဆရာပေါင်း ၅.၅သန်းလောက် ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ပညာရည်အဆင့်ဟာ အလွန်နိမ့်တယ်။ အိန္ဒိယရဲ့အကြီးဆုံး အမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ `ပရာသမ်´ ပညာရေးဝန်ဆောင်မှု အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယကျောင်းသား ၃၅ ရာခိုင်နှုန်းဟာ ငါးတန်းရောက်တာတောင် စာကောင်းကောင်း ရေးတတ်ဖတ်တတ်ခြင်း မရှိဘူးလို့ သိရတယ်။ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားထဲက ၁၅ ရာခိုင်နှုန်းလောက်ပဲ အထက်တန်းအဆင့် ဆက်တက်နိုင်တယ်လို့ ဆိုပါတယ်။ ခုနစ် ရာခိုင်နှုန်းလောက်ပဲ နောက်ဆုံးဘွဲ့ရတဲ့အထိ ပညာရေး ဆုံးခန်းတိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို မှောက်လှန်ပစ်နိုင်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ ၂၀၀၀ ပြည့်နှစ်က စပြီး စီမံကိန်းချ လုံးပန်းလာကြတယ်။ ၂၀၀၁ ခုနစ်မှာပဲ `လူတိုင်း အခြေခံပညာ မသင်မနေရဥပဒေ´ ကို ပြဌာန်းခဲ့တယ်။ ဒီဥပဒေ လက်တွေ့ အထောက်အကူပြုနိုင်ဖို့ `ဆာဗာရှီစဟာအဘယံ´ ခေါ် ပရိုဂရမ်တစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ ဒီအစီအစဉ်အရ ကျောင်းသားတိုင်းကို နေ့လယ်စာ အခမဲ့ ထမင်းကျွေးတယ်။ စာအုပ်စာတမ်းစတဲ့ စာရေးကိရိယာတွေ ထောက်ပံပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူပေးတယ်။ `စာမလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူရေး စာသင်ခန်း´ (Remedial Classes) တွေလည်း ဖွင့်ပေးတယ်။ ဒီအတွက် အစိုးရပညာရေးဌာနက နှစ်စဉ် ဒေါ်လာ သန်း ၂၄၀၀ ထောက်ပံ့တယ်။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ၂၀၀၇ ခုနစ်အထိ သုံးနှစ်စာ ဒေါ်လာ သန်း ၅၀၀ ကူညီထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အခြေခံပညာအဆင့်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက အဓိကကျတဲ့ အခက်အခဲ သုံးရပ် ရှိပါတယ်။

  • ပထမဆုံးအခက်အခဲက ဆရာ မလုံလောက်မှုနဲ့ ဆရာတွေရဲ့ အရည်အချင်း အဆင့်မမီသေးခြင်းပဲ ဖြစ်တယ်။ အစိုးရ ကျောင်းဆရာတွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ သုံးရာလောက်ရှိတော့ ပုဂ္ဂလိက ကျောင်းဆရာတွေထက် လေးဆ ပိုပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှု မပေးနိုင်တဲ့ အတွက် အရည်အချင်းပြည့် ဆရာတွေ ဖြစ်မလာဘူးလို့ ဆိုပါတယ်။ ဒီ့ထက် ရွေးကောက်ပွဲလို သင်ကြားရေးနဲ့ မဆိုင်တဲ့ လုပ်ငန်းတွေမှာပါ မကြာခဏဆိုသလို ပါနေရပြန်တယ်။ တိုးပွားလာတဲ့ ကျောင်းသားဦးရေနဲ့ လိုက်လျောညီထွေရှိမယ့် ဆရာအရေအတွက်ကို မခန့်နိုင်တဲ့အပြင် သင်ကြားရေးနဲ့ မဆိုင်တာတွေမှာပါ ပါဝင်လှုပ်ရှားနေရတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်နေရတော့တယ်။
  • ဒုတိယအခက်အခဲက ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ မလုံလောက်မှုပဲ ဖြစ်တယ်။ ပညာရေး အသုံးစရိတ်တစ်ခုလုံး တိုးလာပေမယ့် ကျောင်းအဆောက်အအုံကအစ ပရိဘောဂအဆုံး အားလုံး မလုံမလောက် ဖြစ်နေဆဲပါပဲ။
  • တတိယအခက်အခဲက ပညာရေးနဲ့ နိုင်ငံရေး ခွဲခြား မကျင့်သုံးနိုင်ခြင်း ဖြစ်တယ်။ ဒီအချက်က သင်ရိုးညွှန်းတမ်းတွေကို ကမောက်ကမ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဘာရာတီယာဂျာနတာပါတီ (ဘီဂျေပီ) အာဏာရစဉ်က ကျောင်းသုံးစာအုပ်တွေကို ဘီဂျေပီအာဘော်နဲ့အညီ ရေးခဲ့တယ်။ နောက် ကွန်ဂရက်ပါတီ အာဏာရလာတဲ့အခါ နောက်တစ်မျိုးပြင်ပြန်တယ်။ အကျိုးဆက်က ဆရာကော ကျောင်းသားအတွက်ပါ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ရတော့တယ်။

ဒီအခက်အခဲတွေကြောင့် အစိုးရကျောင်းတွေအပေါ် ယုံကြည်မှု နည်းပါးလာပြီး ပုဂ္ဂလိကကျောင်းတွေ အလျှိုလျှို ပေါ်ထွက်လာတယ်။ အစိုးရကျောင်းတွေထက် ထိထိရောက်ရောက် သင်ကြားနိုင်ပေမယ့် နာမည်ကြီး ပုဂ္ဂလိကကျောင်း တချို့ဆိုရင် ကျောင်းသားတစ်ဦး တစ်နှစ်ပညာသင်စရိတ်ဟာ ဒေါ်လာ တစ်သောင်းခွဲလောက်အထိ ရှိတယ်။ အိန္ဒိယရဲ့ နာမည်ကြီး NIIT စင်တာဆိုရင် တစ်နိုင်ငံလုံးအနှံ့ ပညာရေးစင်တာပေါင်း ၄၀၀၀ လောက် ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း သန်းချီ ပညာသင်ကြားနေတယ်။ NIIT ကျောင်းသား အင်အားစုဟာ အိန္ဒိယ အိုင်တီတော်လှန်ရေးကို အဓိက အားဖြည့်ပေးနေသူတွေ ဖြစ်ပေမယ့်လည်း NIIT ဟာ အခုချိန်ထိ အစိုးရအသိအမှတ်ပြုကျောင်း ဖြစ်မလာသေးဘူးလို့ သိရတယ်။ ဒီလို ပညာရေးမှာ ကမောက်ကမတွေ ရှိနေပေမယ့် ကိုယ့်ထူးကိုယ်ချွန် လူငယ်တွေရဲ့ အင်အားကြောင့် အခုဆိုရင် နည်းပညာပိုင်းမှာ အိန္ဒိယဟာ ရှေ့တန်းကို ရောက်နေပါပြီ။

တရုတ်တို့ရဲ့ ကမ္ဘာလုံးချီ အိပ်မက်
စင်စစ် ရှန်တန်ဟာ အစိုးရတက္ကသိုလ် တစ်ခု ဖြစ်ပေမယ့် အဓိက ရန်ပုံငွေ ထောက်ပံ့သူက ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် ဟောင်ကောင်ကုဋေကြွယ် သူဌေးကြီး လီကာရှင်းဖြစ်တယ်။ ဒါကလည်း တရုတ်တက္ကသိုလ်တွေ ခေတ်မီရေးအတွက် ပုဂ္ဂလိကပိုင်းက အကူအညီကို အသုံးချသွားရန် ဆိုတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီအရ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဘက်က မီးစိမ်းပြလိုက်တာနဲ့ `လီ´ က ဘာကလေမှ ပါမောက္ခဂျူလီယာ ရှီယိုကို ဖိတ်ခေါ်လိုက်ပါတယ်။ ပါမောက္ခ ဂျူလီယာဟာ ပင်လယ်ရပ်ခြား တရုတ်အမျိုးသမီးတစ်ဦးပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)မှာ ဒုတိယ အဓိပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခ ဂျူလီယာက တစ်ခါ အဝေးရောက် တရုတ်ပညာတတ်တွေကို စုစည်းလိုက်တယ်။ နာမည်ကြီး နိုင်ငံတကာတက္ကသိုလ် အသီးသီးမှာ ပညာဆည်းပူးခွင့်ရတဲ့ သူတို့တစ်တွေ စုပေါင်းပြီး အမိတိုင်းပြည်ကြီးကို ခေတ်မီရေး လမ်းကြောင်းပေါ်ရောက်အောင် ဆွဲတင်ကြတော့တယ်။

သူတို့အုပ်စုက တရုတ်ပြည် ပညာရေးမှာ အရိုးစွဲနေတဲ့ သင်ကြားရေးပုံစံကို ပြောင်းပစ်တယ်။ ဒီပုံစံဟောင်းဟာ ဟန်မင်းဆက်ကတည်းက ဧကရာဇ်အတွက် မင်မှုထမ်းကောင်းတွေ မွေးထုတ်ဖို့ ရည်ရွယ်တဲ့ ပညာရေးဖြစ်ပြီး ဓမ္မသတ်၊ ရာဇသတ်တွေကို အလွတ်ကျက် အာဂုံဆောင်နိုင်အောင် သင်ပေးတယ်။ ခွဲခြမ်းစိတ်ဖြာစရာ မလို၊ စောဒကတက်စရာ မလို၊ တီထွင်ဖန်တီးစရာ မလို။ အမိန့်နာခံတတ်ဖို့နဲ့ သစ္စာမြဲဖို့ကသာ အဓိကဖြစ်တယ်။ တရုတ်တွေက ဒီပုံစံဟောင်းကို `တီယန်ယာစနစ်´ (Tianya) သို့ ဘဲအစာကျွေးနည်း လို့ ခေါ်တယ်။ ခေတ်သစ်နဲ့ ဘယ်လိုမှ မအပ်စပ်တော့လို့ ပါမောက္ခဂျူလီယာတို့က ပယ်လိုက်တယ်။

ဒုတိယခြေလှမ်း အနေနဲ့ နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ သင်ရိုးညွှန်းတမ်းဟောင်းတွေကို အနောက်တိုင်း တက္ကသိုလ်ကြီးတွေနဲ့ တစ်ပြေးညီဖြစ်အောင် ပြန်ရေးတယ်။ ဒီအလုပ်က လက်ဝင်လှသလို အချိန်လည်း ပေးရတယ်။ လေးနှစ်လောက် ကြာအောင် အစဉ်အလာ စာမေးပွဲပုံစံကို ခေတ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲယူရတယ်။ စာမေးပွဲ စနစ်အဟောင်းအရ အလွတ်ကျက်ထားသမျှကို သတ်မှတ်ချိန်အတွင်း ပြန်ချရေးနိုင်ရင် စာမေးပွဲ အောင်ရုံတင်မက ဂုဏ်ထူးတောင် ထွက်နိုင်တယ်။ စာမေးပွဲခန်းက ထွက်လို့ မေ့သွားလည်း ပြဿနာ မရှိဘူး။ အခု စာမေးပွဲ ပုံစံအသစ်က ပြဿနာတစ်ရပ်ကို ချပြပြီး ဘက်ပေါင်းစုံက ဆွေးနွေးခိုင်းတယ်။ ဖြစ်နိုင်သမျှ ဖြေရှင်းနည်းတွေကို ရှာဖွေခိုင်းတယ်။ မှတ်ဉာဏ်ကို စစ်တာမဟုတ်ဘူး။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ဆန်းစစ်မှု၊ တီထွင်ဖန်တီးမှုတွေကို ဦးတည်တာဖြစ်တယ်။

ဒီနေ့ခေတ် တရုတ်ပြည်မှာ အလားအလာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ပညာရေး ၀န်ဆောင်မှုလုပ်ငန်းတွေလို့ ပြောနိုင်တယ်။ ၂၀၀၁ ခုနစ်မှာ တရုတ်တက္ကသိုလ်တွေက အင်ဂျင်နီယာ နဲ့ နည်းပညာကျွမ်းကျင်သူ တစ်သန်း မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီ အရေအတွက်ဟာ ၂၀၀၃ ခုနစ်မှာ နှစ်သန်းဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ပြည်က အနောက်တိုင်းတက္ကသိုလ်တွေ (အထူးသဖြင့် အမေရိကန် တက္ကသိုလ်တွေ) ဆီ သွားရောက် ပညာသင်ယူတဲ့ အရေအတွက်ဟာလည်း တောက်လျှောက် ဆိုသလို အတက်ပြလျက် ရှိနေတယ်။ အိန္ဒိယရဲ့ အားသာချက်က အဆင့်မြင့်ပညာ အားကောင်းခြင်းနဲ့ လွတ်လွတ်လပ်လပ် တီထွင်ဖန်တီးနိုင်ခွင့် ရှိနေခြင်းလို့ ဆိုနိုင်တယ်။ အိန္ဒိယကို အမီလိုက်နိုင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ တရုတ်ပြည်အနေနဲ့ အဆိုပါ အားသာချက်တွေကို ကျော်လွှားနိုင်ဖို့ ကွန်ပြူတာ သိပ္ပံဆိုင်ရာ အင်ဂျင်နီယာတွေ နှစ်စဉ် (၃၂၅၀၀၀) လောက် မွေးထုတ်ပေးနေပြီး အိုင်တီကဏ္ဍနှင့် ပတ်သက်လျှင် ထိန်းချုပ်ရေးဥပဒေ အတော်များများကို လျှော့ပေါ့ပေးထားတယ်ဟု သိရတယ်။

အခုဆိုရင် ရှန်တန်ကနေ နိုင်ငံတကာအဆင့်မီ တရုတ်လူငယ် ပညာတတ် ရှစ်ထောင်ကျော်ကို မွေးထုတ်နိုင်ခဲ့ပါပြီ။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုတာဟာ နေ့ချင်းညချင်း ပဒေသာပင်ပေါက် နိုင်သလို မဟုတ်ဘူးလေ။ ကြားကာလအတွင်းမှာ တရုတ်ကျောင်းသားတွေကို နိုင်ငံခြား (အထူးသဖြင့်) အမေရိကန်တက္ကသိုလ်တွေကို ပညာသင် စေလွှတ်ခဲ့တယ်။ အဲဒီ ကျောင်းသားတွေ ပြည်တော်ပြန်တော့မှ သူတို့ရဲ့ အားနဲ့ တရုတ်ပညာရေးကို အဆင့်မြင့်စေခဲ့တယ်။ နောက်ပိုင်း မျှော်လင့်သလောက် ခရီးမပေါက်တော့မှ ပုဂ္ဂလိကပိုင်း အကူအညီကိုယူပြီး ရှန်တန်လို နယ်တက္ကသိုလ်တွေဘက်ကို ဦးလှည့်လာခဲ့ခြင်း ဖြစ်တယ်။ အခုဆိုရင် ရှန်တုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို ရှေ့ဆောင်လမ်းပြ အနေနဲ့ ထားပြီး တရုတ်ပြည် တစ်ဝန်းလုံးက တက္ကသိုလ်အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပါတော့တယ်။


မိတ်ဆက်ပွဲလေးတစ်ပွဲ

ကြွရောက် အားပေးကြသူ အားလုံးကို မင်္ဂလာ အပေါင်းနဲ့ ခညောင်းကြပါစေလို့ ပထမဦးစွာ မေတ္တာ ပို့သလိုက်ရပါတယ်။

အခမ်းအနားမှူးအနေနဲ့ ကျနော် ပီကေကနေ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဒီအခမ်းအနားက မိတ်ဆက်ပွဲလေး ဆိုတော့ ပရိသတ်အနေနဲ့ ဘာကို မိတ်ဆက်မှာလဲ ဆိုတာကို အတော်လေး စိတ်ဝင်နေကြမှာပါ။ ဘာကို မိတ်ဆက်မလဲလို့ မပြောခင်မှာ အခမ်းအနား အစီအစဉ်လေး တစ်ချက်လောက်တော့ ပြောပါရစေ။ ဒီအခမ်းအနာမှာ ဘလော့ဂ်တစ်ခုနဲ့ မိတ်ဆက်ပေးမှာပါ။ မိတ်ဆက်ရင်းနဲ့ပဲ ပေါ်လာပုံလေးရယ်၊ ရည်ရွယ်ချက်ကလေးရယ်၊ ရှေ့ဆက်လျှောက်မယ့် ခရီးစဉ်ရယ်၊ ချမှတ်ထားတဲ့ အစီအစဉ်အတွက် အကြံဉာဏ်ကိုပါ တစ်ပါတည်း တောင်းခံသွားမှာ ဖြစ်ပါတယ်။ အခု အခမ်းအနား အစီအစဉ် တစ် အရ မိတ်ဆက်ပွဲလေး စတင်ပါပြီ ခင်ဗျာ။

ကျနော် အခု အားလုံးနဲ့ မိတ်ဆက်ပေးချင်တာကတော့ မြန်မာသံစဉ်စားသားများလို့ နာမည်ရတဲ့ ဘလော့ဂ်လေး ဖြစ်ပါတယ်။ ဒီဘလော့ဂ်ရဲ့ လိပ်စာကတော့ http://lyric.pikay.org ပါ။ ဒီဘလော့ဂ်မှာ အဓိကထားပြီး တင်ပြထားတာကတော့ မြန်မာ့သီချင်းတွေရဲ့ စာသားကို အသားပေးထားပါတယ်။ ခေတ်ပေါ်သီချင်းလို့ မပြောဘဲ မြန်မာ့သီချင်းများလို့ နာမည်ကို သိမ်းကျုံးပြီး ပြောထားပါတယ်။ အကြောင်းက မြန်မာသီချင်းမှန်လျှင် ဒီမှာ ရှာပါ ဆိုတဲ့ ရည်ရွယ်ချက်ပါ။

ဟိုးအရင်ကတည်းက ကျနော့်အနေနဲ့ ကိုယ်ပိုင် ဒိုမိန်းလေး ၀ယ်ထားရတဲ့ ရည်ရွယ်ချက်ထဲမှာ ဒီစာသားတွေ တင်ဖို့က တစ်ခု အပါအ၀င်ပါ။ ဘာလို့လဲ ဆိုတော့ ကျနော် နိုင်ငံအတော်များများရဲ့ သီချင်းစာသားတင်ထားတဲ့ ဆိုဒ်တွေကို ရောက်ဖူးပါတယ်။ ဒါပေမယ့် မြန်မာသီချင်းအတွက် သီးသန့် ရှိတယ်လို့ မကြားမိပါဘူး။ ဒါလေး လိုအပ်နေတယ်လို့ ယုံကြည်မိတဲ့ နောက်ပိုင်းမှာ လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ စီစဉ်ခဲ့ပါတယ်။ ဒါပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ၀ါသနာပါရုံ သက်သက်နဲ့ဆိုရင် ငွေရေးကြေးရေးအရ အခက်အခဲ အများကြီး ရှိနေပါတယ်။ ဒါကြောင့် မအောင်မြင်ပါဘူး။ နောက်ပိုင်း ဘလော့ဂ်နဲ့ ရင်းနှီးလာပြန်တော့လည်း html နဲ့ script တွေကို သိပ်နားမလည်တော့ အခက်တွေ့ပြန်ပါတယ်။ ဒါပေမယ့် အနည်းအကျဉ်း လေ့လာဖူးတာကြောင့် ကိုယ်ပိုင် ၀က်ဘ်ဆိုဒ်တစ်ခုလောက်တော့ မခက်ခဲပါဘူး။ ဒါကြောင့်လည်း အခု http://lyric.pikay.org ဆိုတဲ့ ဘလော့ဂ်လေး အကောင်အထည် ပေါ်လာပါတယ်။

နောက် ပြဿနာ တစ်ခု ရှိနိုင်တာက သီချင်းစာသား စုဆောင်းဖို့ပါ။ ဒါလည်း ကျနော့်အတွက် သိပ်တော့ မခက်ခဲပါဘူး။ ဘာလို့လည်း ဆိုတော့ ကျနော်ဟာ စာအုပ်စုတာ ဘယ်လောက် ၀ါသနာ ပါလဲ ဆိုရင် သီချင်းစာအုပ်တောင် ၀ယ်စုပါတယ်။ ဒါကြောင့် ကျနော့်ဆီမှာ ရှိတာနဲ့ ဆိုရင် သီချင်းကြီး၊ သီချင်းဟောင်း နဲ့ ခေတ်သီချင်း အပါအ၀င် အနည်းဆုံး အပုဒ် (၂၀၀၀) လောက်တော့ တင်နိုင်မှာပါ။ အသစ်အသစ် ထွက်နေတဲ့ သီချင်းစာအုပ် အသစ်တွေကိုလည်း ရည်ရွယ်ချက် ရှိရှိနဲ့ ၀ယ်ပြီး စုနေပါတယ်။ သီချင်းအဟောင်းအနေနဲ့ ၁၉၂၀ ခုနစ် ပတ်ဝန်းကျင်က သီချင်းစာသားတွေက အစ စုဆောင်းထားပါတယ်။ စုံတယ်လို့တော့ ပြောလို့မရသေးဘူး။ ခေတ်သီချင်းတွေ အနေနဲ့လည်း အများကြီး ကျန်သေးတာတော့ သေချာပါတယ်။

တတိယ အခက်အခဲကတော့ ကျနော် တစ်ယောက်တည်းနဲ့ ဒါစာသားတွေကို ခပ်မြန်မြန်နဲ့ မတင်နိုင်တဲ့ ပြဿနာပါ။ ဒီအတွက် အကူအညီပေးနေတဲ့ ညီငယ် ညီမငယ် တချို့ ရှိပါတယ်။ ကျနော် ကိုယ်တိုင်လည်း အားရင် အားသလို ရိုက်ပြီး တင်နေပါတယ်။ အခု မိတ်ဆက်ပွဲ လုပ်နေချိန်မှာပဲ သီချင်း အပုဒ်ရေ (၂၅၀) မက တင်ထားပြီးပါပြီ။ သေချာတာကတော့ ကျနော်တစ်ယောက်အားနဲ့ သွားနေရင်တော့ အတော်လေး ကြာနိုင်ပါတယ်။ ဒါကြောင့်လည်း ကူညီပေးတဲ့ ညီငယ် ညီမငယ်တွေကို အထူးကျေးဇူးတင်မိပါတယ်။ သီချင်းစာသားတွေကို အကုန်လုံး တပြိုင်တည်း မတင်နိုင်တဲ့ အတွက် ကိုယ်လာလည်တဲ့ အချိန်မှာ ကိုယ်ရှာချင်တဲ့ စာသား မရှိတာလည်း ဖြစ်နိုင်ပါတယ်။ အကယ်၍ လာလည်လို့ လိုချင်တဲ့ သီချင်း တင်မထားရင် အားမနာပါနဲ့။ အော်သွားပေးပါ။ CBOX ထဲမှာ အော်ထားတဲ့ သီချင်းကို ဦးစားပေးပြီး အရင် တင်ပေးပါ့မယ်။ ကျနော် CBOX ထားရတဲ့ ရည်ရွယ်ချက်က ဒါပါ။ အကုန်လုံး မတင်နိုင်သေးတောင် လိုအပ်တဲ့ သီချင်းလေးတွေ တင်နိုင်ရင်ဖြင့် ကျေနပ်လှပါပြီ။ တောင်းဆိုထားတာ တင်ပြီးပြီ ဆိုရင်လည်း ချန်ခဲ့တဲ့ လိပ်စာ (အီးမေးလ်၊ ဘလော့ဂ်) အတိုင်း ပြန်အကြောင်းကြားပေးပါ့မယ်။

အကယ်၍သာ ကိုယ့်မှာ ရိုက်ထားပြီးသား သီချင်းစာသားတွေ ဒီဘလော့ဂ်မှာ တင်မထားရသေးလို့ ဝေမျှပေးချင်တယ် ဆိုရင်လည်း ကျနော်တို့က အတိုင်းထက် အလွန် ၀မ်းသာမိမှာပါ။ အဲဒီလို စိတ်စေတနာရှိလို့ ပို့ပေးချင်ရင်ဖြင့် mmlyrics@gmail.com ကို အီးမေးလ် ပို့ပေးပါလို့ တောင်းဆိုချင်ပါတယ်။ လောကကြီးမှာ ဘယ်နေရာမဆို တစ်ယောက်ကောင်းနဲ့တော့ အဆင်မပြေနိုင်တာ အမှန်ပါ။ အားလုံးရဲ့ ၀ိုင်းဝန်းကူညီ ပံ့ပိုးမှု ရှိမှသာ လုပ်ငန်းတစ်ခုဟာ ချောချောမွေ့မွေ့ လည်ပတ်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဒါကြောင့်လည်း ဒီဘလော့ဂ်လေး အဓွန့်ရှည်ဖို့ အားဖြည့်ပေးတဲ့လူတွေကော၊ အားပေးတဲ့ လူတွေကော၊ အကြံပေးတဲ့လူတွေကိုပါ ကြိုတင်ပြီး ကျေးဇူးတင်ထားပါတယ်။

ဘလော့ဂ်တစ်ခု အသက်ဝင်နေဖို့ ဆိုတာ အတော်လေး ခဲယဉ်းတဲ့ ကိစ္စတစ်ခုပါ။ ဒါကို ဘလော့ဂါ မောင်နှမတွေ အားလုံး သိနှင့်ပြီး ဖြစ်ပါလိမ့်မယ်။ အခုတလော ဒီ သီချင်းစာသားဘလော့ဂ်ဘက်ကို အားရောက်နေတော့ ပီကေ ဘလော့ဂ်မှာ အားနည်းသွားရင် ခွင့်လွှတ်ပါလို့ ပြောချင်တာပါ။ ဒါပေမယ့် ပီကေ ဘလော့ဂ်ကိုလည်း အမြဲ အသက်ဝင်နေအောင် ကြိုးပမ်းသွားမှာပါ။ ဒီ မြန်မာသံစဉ်စာသားများ ဘလော့ဂ်ကို အသက်ဝင်နေဖို့ဆိုရင် up to date ဖြစ်ဖို့ လိုအပ်ပါတယ်။ ဒီတစ်ပတ် ဘာသီချင်းခွေ အသစ်ထွက်သလဲ။ အဲဒီသီချင်းစာသားတွေ ဒီဘလော့ဂ်မှာ တင်ထားတယ် ဆိုမှ up to date ဖြစ်တယ်လို့ ပြောနိုင်မှာပါ။ အဲဒီလို ဖြစ်အောင်တော့ ကျနော်တို့ ဘက်က ကြိုးစားသွားရမယ့် တာဝန်ရှိနေပါတယ်။ ဒါ အိမ်ရှင့် တာဝန်ပေါ့။ လာလည်တဲ့ ဧည့်သည်အတွက် ၀တ္တရား ကျေပွန်ရမယ်လို့ ယူဆမိပါတယ်။

နောက်တစ်ခုအနေနဲ့ ကျနော် ပြောချင်တာက စီမံကိန်းပါ။ ဒီဘလော့ဂ်ရဲ့ စီမံကိန်း ပထမ အဆင့်အနေနဲ့ ကျနော့်ဆီမှာ ရှိသမျှ သီချင်းစာသားတွေ တင်ဖို့ပါ။ အဲဒီအတွက်ကို အချိန်အတော်လေး ယူရပါမယ်။

ဒီအဆင့် ပြီးသွားရင်တော့ ဒုတိယအဆင့် အနေနဲ့ ဂီတာ တီးသူတွေအတွက် အဆင်ပြေနိုင်ဖို့ ကော့ဒ် (Chords) ထည့်ပေးဖို့ပါ။ အရင်က ကော့ဒ် ထည့်ကြည့်တော့ အခက်အခဲ အနည်းငယ် ကြုံနေရပါတယ်။ အဲဒါက စပေ့စ် ပြဿနာပါ။ ကော့ဒ် တစ်ခုနဲ့ တစ်ခု ကြားမှာ ခြားထားတဲ့ (စပေ့စ်) ကွက်လပ်ဟာ မတင်ခင်က တစ်မျိုး တင်ပြီးတော့ တစ်မျိုး ဖြစ်နေပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ ကြိုးစားနေတုန်းပါ။ အကယ်၍ ဖြေရှင်းနည်းလေး သိရင် အကြံပေးခဲ့ပါဦးလို့ တောင်းဆိုချင်ပါတယ်။ စားသားတွေ အားလုံးနီးပါး တင်ပြီးပြီ ဆိုရင်တော့ ကော့ဒ်တွေ ထည့်ဖို့ စတင်လှုပ်ရှားမှာ ဖြစ်ပါတယ်။

တတိယမြောက် စီမံကိန်းကတော့ ရောက်ဖို့ အတော်ကြာပါလိမ့်ဦးမယ်။ နောက်ဆုံးမှာ ထားရခြင်း အကြောင်းက သိပ်အရေးမပါလို့ပါ။ အရေးမပါဘူး ဆိုတာကတော့ ဒီဘလော့ဂ်မှာ မပါလည်း ဘာမှ အကြောင်းမထူးဘူးလို့ ဆိုလိုတာပါ။ ပါမယ် ဆိုရင်တော့ ပိုကောင်းသွားမယ် ထင်တယ်။ တတိယမြောက် စီမံကိန်းက အဲဒီ သီချင်း တစ်ပုဒ်ချင်းစီရဲ့ ဒေါင်းလုတ် ဆွဲချနိုင်တဲ့ လင့်ခ်လေးတွေ ထည့်ပေးခြင်းပါပဲ။ ကျနော် သိသလောက် ပြောရရင် သီချင်း အတော်များများဟာ အခုအချိန် ဆာဗာအများကြီးမှာ အသီးသီး တင်ထားတယ်လို့ ယုံကြည်ပါတယ်။ ဆာဗာမှာ တင်ထားတာ မရှိတဲ့ သီချင်း အတော်လေး ရှားပါလိမ့်မယ်။ မသိလို့သာ ဖြစ်ပါလိမ့်မယ်။ နောက်တစ်ခုက စုစုစည်းစည်း မရှိလို့ပါ။ ကျနော့်အနေနဲ့ ကိုယ့်ဖာသာ ထပ်တင်နေမယ့် အစား တင်ပြီးသားလေးတွေ ရှာပြီး လင့်ခ်လုပ်ပေးနိုင်ရင်ဖြင့် အတော်လေး အသုံးတည့်မယ်လို့ ယူဆမိပါတယ်။ ဒါလည်း ကျနော် တစ်ယောက်တည်းနဲ့ လုံးဝ မစွမ်းသာတဲ့ ကိစ္စတစ်ခုပါ။ အများရဲ့ အကူအညီ အပြည့်အ၀ လိုပါတယ်။ သိတဲ့လူက ဒီသီချင်းခွေကို ဒီမှာ ဒေါင်းလုတ် ယူလို့ ရပါတယ် ဆိုတာလေး လာအော်ပေးရင်ဖြင့် ဒီဘလော့ဂ်မှာ လင့်ခ်လေး ထည့်ပေးလိုက်ရုံပါပဲ။ အဲဒီလိုလေး အားလုံးကို မျှဝေပေးချင်ပါတယ်။

အားလုံးကို အဆင်ပြေစေချင်တဲ့ ရည်ရွယ်ချက်နဲ့ ခရီးဆက်လျှောက်နေတာ ဖြစ်တဲ့အတွက် အကူအညီတောင်းရမှာ ၀န်မလေးသလိုပဲ အကူအညီပေးရမှာလည်း ဖင်မလေးပါဘူး။ အားလုံးရဲ့ အကူအညီကိုလည်း အမြဲ ကြိုဆိုနေသလိုပဲ အကူအညီလိုသူတွေကိုလည်း လက်ကမ်းလျက်ပါလို့ ပြောကြားရင်းနဲ့ နိဂုံးချုပ် အပ်ပါတယ် ခင်ဗျားးးး

အစားအသောက် အစီအစဉ်အနေဖြင့် ကော်ဖီ နဲ့ ကိတ် တည်ခင်း ဧည့်ခံထားပါသည်။
အော် တစ်ခုတော့ သတိပေးပါရစေ။ မြန်မာစာကားပုံ တစ်ခုရှိပါတယ်။ သိသူကျော်သွား မသိသူဖော်စား တဲ့ ခင်ဗျ။


ကိတ်မုန့်လေး သုံးဆောင်သွားပါဦး

ခရစ္စမတ် အကြိုအနေနဲ့ကော ခရစ္စမတ်နေ့ အတွက်ပါ ကျနော့်ဆီ လာလည်ကြတဲ့ သူငယ်ချင်းတွေ အားလုံးကို ကိတ်မုန့် လှလှလေးတွေနဲ့ ဧည့်ခံလိုက်ပါတယ်။ ကျနော့်မှာ ကိတ်မုန့်လေးတွေ လှလွန်းလို့ မစားရက်ဘဲ ဖြစ်နေတယ်ဗျာ။ ပထမဆုံး ကိုယ့်သူငယ်ချင်းတွေကို သတိရမိလို့ အားလုံးကို ဖိတ်ခေါ်ပြီး ကျွေးလိုက်ပါတယ်။ ကိတ်မုန့်က စုစုပေါင်း ၄၂ လုံးတောင် ဆိုတော့ လုစားစရာ မလိုဘူးပေါ့ဗျာ။ နောက်ပြီး အဲဒီ ကိတ်မုန့်မှာ ပါတဲ့ ပစ္စည်းတွေ အားလုံးက တစ်ခုမကျန် စားလို့ ရတယ်နော်။ မစားဘဲ လွှင့်မပစ်နဲ့ဦး။ အကုန်စားသွားနော်။ မသိသေးတဲ့ သူငယ်ချင်းတွေကော လမ်းကြုံရင် ပြောပေးပါဦး။ ကိုယ်စားလေး ဖိတ်ပေးပါဦးနော်။

အကယ်၍ မမြင်ရဘူး ဆိုရင် ဒီမှာ ကလစ်နှိပ်ပြီး သုံးဆောင်ကြပါဗျာ။