တစ်ကလုတ် တစ်ကလုတ်


ခွေးထက်မိုက်တဲ့ကောင် ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲဆိုရေရွတ်နေသော ဆရာသမား၏ အနီးသို့ မျက်နှာငယ်လေးနှင့် ချဉ်းကပ်ရင်း “ဆရာ၊ ကျော်ဘာမှားလုပ်မိလို့လဲ ဆရာရယ်” ဟု မပွင့်တပွင့် မေးလိုက်သည်။ ဒေါက်စိုးက ခေါင်းမော့ကြည့်ရင်း”မင့်း ပြောတာ မဟုတ်ပါဘူးကွာ” ဟု နှစ်သိမ့်၏။ “ဒါဆို ဆရာက ဘယ်သူ့ကို မကျေမနပ် ဖြစ်နေရတာလဲ” ဟူသော အမေးကို “ကိုယ့်ကိုယ်ကိုယ်ပါကွာ” ဟု ဖြေရင်း ဒေါက်စိုးတစ်ယောက် စားပွဲပေါ်မှ စာအုပ်များကို စူးစူးရဲရဲ ကြည့်နေလေတော့သည်။

ဆေးရုံတစ်ရုံတွင် ဖြစ်သည်။ ဆရာဝန်ကြီး round လှည့်နေ၍ ဆေးရုံထဲ လူများ ရှင်းလင်းနေ၏။ အမှန်ဆိုရသော် ထိုဆေးရုံမျိုးသည် ဆရာဝန်ကြီး round လှည့်သည်ဖြစ်စေ မလှည့်သည် ဖြစ်စေ ပုံမှန်အားဖြင့် ဧည့်သည် မရှိသလောက်ပင်။ ဆရာဝန်ကြီး ရောက်တော့မည် ဖြစ်၍ ကိုဆွေတစ်ယောက် ရေးလက်စ စာကို ရပ်ထားပြီး ကုတင်ပေါ်တွင် လှဲလျက် အသင့်စောင့်နေတော့သည်။ ခဏနေ ဆရာဝန်ကြီး ရောက်လာ၍

“ဗျို့ ကိုဆွေ၊ ဘယ်လိုလဲ ဒီနေ့ နေသာထိုင်သာ ရှိရဲ့လား။”
“ရှိပါကောလား ဆရာရယ်။ ကျန်းမာရေး ကောင်းတာနဲ့ အားနေတဲ့ အချိန်တွေ စာထိုင်ရေးနေတာ ဆြာ။”
“ဟေ ဟုတ်လှပါလား။ ဘာများ ရေးသတုန်းဗျ။”
“ဝတ္ထုရှည်တစ်ပုဒ် ဆိုပါတော့ ဆြာ”
ကိုယ့်လူနာအကြောင်း ကိုယ်သိ၍ ဘာမှ မထူးဆန်းသော မျက်နှာပေးနှင့်
“တယ် ဟုတ်ပါလား။ ဘာအကြောင်းတုန်းဗျ။”
“ဗိဿနိုးက ပန်ထွာဘုရင်မကြီးနဲ့ မွန်ဂိုဘုရင် ဂူဗလိုင်ခမ်တို့ အယုဒ္ဓယမှာ စစ်ခင်းကြတုန်းက ဘုရင်မကြီးရဲ့ ကိုယ်ရံတော်တပ်က သူရဲကောင်း ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်း ရေးနေ …”
ပြောသော စကားပင် မဆုံးသေး။ “အေး ကောင်းတယ် ကောင်းတယ်” ဟု ဖြတ်ပြောရင်း ဆရာဝန်ငယ်များကို လိုအပ်သည်များ မှာကြားပြီး တခြား ကုတင်သို့ ကူးသွားလေတော့သည်။

နောက်တစ်လအကြာတွင်လည်း စာရေးမပြတ်သော ကိုဆွေအား မြင်ရသောအခါ
“ကိုဆွေ၊ ခင်ဗျား ဝတ္ထုက မပြီးသေးဘူးလား။”
“ဒါ နောက်တစ်အုပ် ဆရာ။ အရင် ဗိုလ်ချုပ် အယ်လ်ဗထူးအကြောင်းက ပြီးပြီ။”
“အော် အေးအေး၊ အခုကော ဘာအကြောင်း ရေးသတုန်း” ဟု မေးရင်း လူနာကို စမ်းသပ်မှု ပြုလုပ်နေ၏။
“ပင်းယမင်းခေါင်နဲ့ နောင်တလင်းရတနာသိုက် အကြောင်း ရေးနေတာ ဆြာ”
ဒီလိုနဲ့ နှစ်တွေ ချီလာတယ်။ ကိုဆွေကတော့ စာရေးမပြတ်။ သူ့စားပွဲပေါ်လည်း ဗလာစာအုပ်ပုံကြီး ဟီးလို့။ တာဝန်ကျ သူနာပြုကို မေးကြည့်တော့လည်း တစ်နေ မြင်လိုက်တိုင်း စာရေးနေတာပဲ ဆရာတဲ့။ ကျမတို့တောင် သူ့ကို ဘောပင်အသစ် ဝယ်ဝယ်ပေးနေတာ ငါးခါ ရှိပြီတဲ့။

ဒီလိုနဲ့ ဇွဲကောင်းကောင်းနဲ့ စာရေးနေတဲ့ ကိုဆွေကို ဒေါက်စိုးတစ်ယောက် အတော် စိတ်ဝင်စားသွားတယ်။ အခု ရေးနေတာ (၇) အုပ်မြောက် လုံးချင်း ဝတ္ထု ဆိုပဲ။ စားပွဲပေါ် ပုံထားတဲ့ ဗလာစာအုပ်တွေပဲ အအုပ် (၃၀) လောက် ရှိမယ်။ ဒါနဲ့ မသင်္ကာနဲ့ တစ်ရက်တော့ စားပွဲပေါ်က စာအုပ်တစ်အုပ် ဆွဲကောက်ယူကြည့်လိုက်တယ်။ အချိန်မရတာနဲ့ ပထမ စာမျက်နှာ ဖတ်ကြည့်ပြီး နောက်စာမျက်နှာတွေကော စာပါ မပါ အမြန်ပဲ လှန်လှော ကြည့်လိုက်တော့ တစ်အုပ်လုံးမှာ စာအပြည့် တွေ့လိုက်ရတော့ အတော်ကြီး အံ့အားသင့်သွားတယ်။ လူတစ်ယောက်ကို အထင်သေးလိုက်မိတာ ဆိုပေမယ့် သူ့လူနာအကြောင်း သူအသိဆုံးကိုး။ ဒါနဲ့ပဲ သေချာအောင် “မင်းဝတ္ထုတွေ ငါ ဖတ်ချင်လို့ကွာ ခဏငှားအုံး” ဆိုပြီး ရေးလက်စ တစ်အုပ်ကလွဲလို့ အကုန် မ လာခဲ့တော့တယ်။

အဲဒီ စာအုပ်တွေ လှန်လှောကြည့်ရင်းနဲ့ ကိုယ့်နဖူးကိုယ် ရိုက်ပြီး “ခွေးထက် မိုက်တဲ့ကောင် ခွေးထက် မိုက်တဲ့ကောင်” လို့ ရေရွတ်နေတော့တာပေါ့။ တပည့်ကျော်ကတော့ ဘာကြောင့် ကိုယ့်ကိုယ်ကိုယ် ပြန်ဆဲနေသလဲ အခုထိ နားမရှင်းသေးဘူး။ ကိုယ့်ဆရာ ဖတ်နေတဲ့ စာအုပ်တွေကို လှန်းကြည့်လိုက်တော့ ခေါင်းစဉ်တွေက အလန်းစားတွေ။ အယ်လ်-ခမ် တိုက်ပွဲနှင့် ချစ်ပန်ထွာ၊ နောင်တလင်းသိုက်မှာ ခရီးတစ်ထောက်၊ ခရိုန်မှ အာဘင်သို့၊ လင်းတစ်လှည့် ယုန်တစ်လှည့် စသဖြင့် စသဖြင့်။ တပည့်ကျော်က စာအုပ်တွေကြည့်ရင်း “ဘယ်သူ ရေးထားတာလဲ ဆရာ” ဟု မေးလိုက်သည်။ “ငါ့လူနာ ကိုဆွေလေ” ဟူသော အဖြေ ကြားရ၍ ဒေါက်စိုးကို မျက်လုံးပြူးထွက်မတတ် ကြည့်ရင်း “အထဲမှာ ဘာတွေ ရေးထားတာလဲ ဆရာ”။ ဒေါက်စိုးသည် အယ်လ်-ခမ် တိုက်ပွဲ စာအုပ်ကို ကောက်ကိုင်ပြီး ပထမ စာမျက်နှာကို ကြည့်ရင်း အကျဉ်းချုပ် ရှင်းပြနေတော့သည်။

“ဝတ္ထု အစမှာကကွာ ပန်ထွာဘုရင်မကြီးကို မွန်ဂိုဘုရင် ဂူဗလိုင်ခမ်က စစ်ကြေငြာပြီး အယုဒ္ဓယကို လာဖို့ ခေါ်သတဲ့။ ဒါနဲ့ ပန်ထွာက သူရဲ့ လက်ရုံး သူရဲကောင်း ဖြစ်တဲ့ အယ်လ်ဗထူးကို သူတို့ သွေးမကြောင်ကြောင်း ပြဖို့ သွားတိုက်ချေ ဆိုပြီး အမိန့်ပေး စေလွှတ်သတဲ့။ ဒီတော့ အယ်လ်ဗထူးက တပ်ထွက်မိန့်ခွန်းတွေ အားရပါးရ ပြောပြီး ပြည်သူအပေါင်းရဲ့ အားပေးထောက်ခံမှု အပြည့်နဲ့ စစ်ချီတယ်ပေါ့ကွာ။ ဘုရင်မကြီး ကိုယ်တိုင် ထွက်ပြီး နှုတ်ဆက်တာဆိုတော့ အင်မတန် ခန်းနားကြီးကျယ်တာပေါ့”

“ဟာ ဆရာ့အရူးက တယ် ဟုတ်ပါလား။ ဘာတွေ ဆက်ဖြစ်သေးတုန်း ဆရာ”
” အင်း …. မပြောပါရစေနဲ့တော့ကွာ” ဟု စိတ်ပျက်လက်ပျက် ပြောရင်း စာအုပ်အကုန်လုံးအား တပည့်ကျော်အား ထိုးပေးလေသည်။
“မင်း ငပြူးအိမ်ကို သိတယ်မလား”
“ဆရာ့ ငယ်သူငယ်ချင်း ဟို လွှတ်တော်အမတ်ကို ပြောတာမလား ဆရာ။ သိတာပေါ့”
“အေးကွာ ဒီစာအုပ်တွေ သူ့ကို သွားပေးလိုက်။ ပြီးရင် ငါမှာတာကို ပြော။ ဒီစာအုပ်အကုန်လုံး ပြီးအောင်ဖတ်လို့ ပြောလိုက်။ မင်းတို့ သင်ခန်းစာ ယူစရာတွေ အများကြီးပါတယ် လို့ ပြောလိုက်”
“ဟာ ဆရာကလည်း ကျော်လည်း ဖတ်ချင်တာပေါ့။ မဖတ်ရတောင် ဇာတ်လမ်း အကျဉ်းလေး ပြောပြပေါ့ ဆရာရယ်”
“ကဲ မရှည်နဲ့ကွာ။ အခု သွားပေးလိုက်။ လမ်းရောက်မှ ကိုယ့်ဖာသာ ဖတ်ကြည့်။”

ဆရာဖြစ်သူက ကိုယ့်နဖူးကိုယ်ရိုက်ပြီး ခွေးထက်မိုက်တဲ့ကောင် ဟု ဆဲရလောက်အောင် ဒီစာအုပ်က ဘာရေးထားလို့လဲ။ ဗိုလ်ချုပ် အယ်လ်ဗထူးက ဗိဿနိုးကနေ စစ်ချီပြီး ဘာတွေ ဆက်ဖြစ်ကုန်ပါလိမ့်။ ဘယ်လိုများ ရေးထားမှာပါလိမ့်။ အရူးရေးထားတဲ့ စာအုပ် အအုပ် (၃၀) ကျော်ကို သင်ခန်းစာယူရအောင် ဆိုပြီး အမတ်မင်းတစ်ယောက်ကို ဖတ်ကြည့်ခိုင်းတယ် ဆိုတော့ ဘာတွေ ပါလို့တုန်း။ ဒီလိုနဲ့ပဲ အံ့အားသင့်စွာနဲ့ပဲ မနေနိုင်တဲ့ အဆုံး စာအုပ်များကို လမ်းမှာပင် လှန်လှော ဖတ်ရှုပြီး သတ်သေချင်စိတ်တောင် ပေါ်သွားတော့သည်။ အကြောင်းမှာ စာအုပ်ခေါင်းစဉ်မှာ တခမ်းတနား မည်သို့ပင် ရှိစေ ဗိုလ်ချုပ် အယ်လ်ဗထူး မြို့က ထွက်ပြီး နောက်စာမျက်နှာမှ စ၍ စာအုပ်ဆုံးသည်အထိ တစ်ကလုတ် တစ်ကလုတ် ဟုသာ ရေးထား၍ပင်။

မှတ်ချက် ။ ယခင် ဖတ်ဖူးသော ဟာသအား အနည်းငယ် မွန်းမံထားသည်။

လင်ယောက်ျား အရောင်းဆိုင်

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက “သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်” တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

ဝိုးးးးးး” ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။

(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ

ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား” လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က

(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က

(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။ အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင် ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့ သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့် ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။ ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့ ဆိုပါတယ်။

ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော် ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။ ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့ သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့ အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊ လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့ အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက် ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က ဘာလဲဆိုတော့

မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း

တဲ့။

Sharing critical information

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်
လို့ ကမ်းလှမ်းလိုက်တယ်။

ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က “အောက်က ဘယ်သူလဲ” လို့ လှမ်းမေးလိုက်တယ်။ “တစ်အိမ်ကျော်က မောင်ဇော်ပါ” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
ဟေ … ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ” တဲ့။

ဒီပုံပြင်လေး ဖတ်အပြီးမှာ မပြုံးဘဲ မနေနိုင်ပါဘူး။ အဲဒါ ဖတ်ပြီးတော့ ကျနော် တွေးလိုက်မိတာက လူတွေရဲ့ “လျှို” တတ်တဲ့ အကျင့်ပါ။ ကိုယ့်မှာ ရှိနေတဲ့၊ ကိုယ်သိတဲ့ သတင်းအချက်အလက်ကို သူများကို မပြောချင်ဘူး။ သူစိမ်းကို မပြောချင်တာ သိပ်မဆန်းပေမယ့် ကိုယ့်ရဲ့ ပါတနာ (partner) – သူငယ်ချင်းအရင်းလည်း ဖြစ်နိုင်တယ်၊ အိမ်ထောင်ဖက်လည်း ဖြစ်နိုင်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်၊ စီးပွားဖက်လည်း ဖြစ်နိုင်တယ် – ကို လျှို့ဝှက်တယ်ဆိုတာ အမြဲ ကောင်းကျိုး ရပါ့မလားလို့ စဉ်းစားမိတယ်။ ဒီပုံပြင်နဲ့ ပြောရရင်တော့ ဟိုကောင် မောင်ဇော် အချောင်နှိုက်ပြီး အမြတ်ထုတ်သွားတယ်။ တကယ်တမ်းဆိုရင် ကျနော်တို့မှာ ရှိတဲ့ အရေးကြီးတယ်လို့ ယူဆရတဲ့ အကြောင်းအချက်တွေကို အနည်းဆုံး ကျနော်တို့ရဲ့ မိတ်ဖက် ပါတနာကို ပြောပြထားသင့်ပါတယ်။ ဒါမှ ရှောင်လွှဲလို့ရနိုင်တဲ့ အန္တရာယ်ကို ကြိုမြင်နိုင်မှာပါ။

မဟောသဓာ ဇာတ်ထဲက မေးခွန်းတစ်ခုကို သွားသတိရမိတယ်။
လျှို့ဝှက်အပ်သော အမှုကို မည်သူ့အား ပြောသင့်သနည်း
တဲ့။ အမတ်ကြီးလေးယောက်က အဟော်သဓာကို ချောက်တွန်းပြီး မေးတဲ့ မေးခွန်းလေးပါ။ ကျနော် အမြင်နဲ့ ဖြေရရင်တော့ ယုံကြည်စိတ်ချရသူကို ပြောသင့်တယ်လို့ ထင်တယ်။ ဘယ်သူ့ကိုမှ မယုံဘူး ဆိုရင်တော့ ဘယ်သူမှ မပြောနဲ့ပေါ့။ မဟော်သဓာကတော့ ဘယ်သူ့ကိုမှ မပြောသင့်ဘူး လို့ ဆိုပါတယ်။ အပေါ် ပုံပြင်အရဆိုရင် ခင်ပွန်းသည်အနေနဲ့ သူ့ မိန်းမ အဲလို ဒုက္ခ ရောက်သွားမယ်လို့ သူ ဘယ်ထင်မလဲ။ ဒါပေမယ့် တကယ်လို့ သူသာ သူ့ မိန်းမကို ငွေချေးထားတဲ့ အကြောင်း ပြောထားမယ်ဆိုရင် မောင်ဇော်ရဲ့ လုပ်ကွက်ကနေ လွတ်နိုင်မှာတော့ သေချာပါတယ်။

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။

ချစ်သား

အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။

ချစ်တဲ့
အဖေ

များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။

“ဟာ … အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သား အဲဒီအောက်မှာ သေနပ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ “

နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနပ်မှ မတွေ့လို့ ပြန်သွားလေရဲ့။

အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။

သားလုပ်သူ စာပြန်လိုက်တာက

“အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သား အတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။”

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။

အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်

တစ်ညနေ ယောက်ျား အိမ်ပြန်ရောက်တော့ အိမ်ထဲမှာလည်း ပွစလန်းခတ်လို့။ ရှုပ်ပွ ပေတူးနေတယ်။ ဟိုနေရာကြည့်လည်း အမှိုက်တွေ မွစာကြဲ၊ ဒီနေရာကြည့်လည်း ဗြုတ်စဗျင်းနောင်းနဲ့ အိမ်တစ်လုံးလုံး ရစရာကို မရှိဘူး။ သူ့ ကလေးသုံးယောက်ကို ကြည့်ပြန်တော့လည်း အိမ်ရှေ့မှာ။ ညအိပ်ဝတ်စုံတောင် မလဲနိုင်ဘဲ ရွံ့ဗွက်တွေထဲ ပေတူးလန်အောင် ဆော့နေလေရဲ့။ စားထားပြီးသား မုန့်အိတ်အခွံတွေကလည်း မြေကြီးပေါ်မှာ စည်းမဲ့ကမ်းမဲ့နဲ့ ထိုးထိုးထောင်ထောင်။ အိမ်ရှေ့ ဧည့်ခန်းထဲ ဝင်လာတာ အမှိုက်ပုံထဲ ရောက်သွားသလား အောက်မေ့ရတယ်။ မိန်းမကားရဲ့ တံခါးတစ်ဘက်ကလည်း ပွင့်လို့။ ဘာထူးလို့တုန်း အိမ်တံခါးတွေ ပွင့်လျက်သား။ တစ်ရပ်ကွက်လုံး ဥဒဟို ဝင်ထွက် သွားလာနေတောင် သိမှာ မဟုတ်ဘူး။

အဲ စာကြည့်ခန်း မီးအိမ်ကလည်း လဲလို့။ ကလေးတွေ ဆော့ထားတဲ့ ဘောလုံးကလည်း မီးအိမ်အောက်မှာ အခန့်သား။ တီဗွီက လူသာ မရှိတာ ကာတွန်းကားကို အသံဂိတ်ဆုံး ဖွင့်ထားတယ်။ ထမင်းစားခန်းထဲ ဝင်သွားကြည့်ပြန်တော့လည်း အရုပ်တွေ အရုပ်တွေများ စစ်မြေပြင်မှာ အတုံးအရုန်း လဲနေတဲ့ အလောင်းတွေ ကျနေတာပဲ။ ခြေချစရာ နေရာကို မရှိအောင်ပဲ။ ချွတ်ထားတဲ့ အဝတ်အစားတွေကလည်း ဟိုနားတစ်စ ဒီနားတစ်စနဲ့ ရှုပ်နေတာမှ ဘယ်လို ပြောရမှန်းကို မသိတော့ဘူး။ မြင်ကြည့်ကြည့်လိုက်လေ။ စားပွဲပေါ်မှာလည်း စားထားပြီးသား မဆေးရသေးတဲ့ ပန်းကန်ပြားတွေက ကိုးယို့ကားယား၊ အစားအစာတွေက မြေကြီးပေါ် ပြန်ကျဲလို့။ ကွဲထားတဲ့ ဖန်ခွက်တောင် စားပွဲအောက်မှာ ဒီအတိုင်း အေးဆေး။ ဘာကြောင့် ဒီလောက် ဖြစ်ပျက်နေတာလဲ သိရအောင် မိန်းမကို ရှာပြီး မေးရတော့မယ်။

သူ အပေါ်ထပ်ကို ခပ်မြန်မြန်လေး တက်သွားတယ်။ လှေကားထစ်တွေမှာ အရုပ်တွေနဲ့မို့ ခုန်ပျံကျော်လွှား သိုင်းကစားလိုက်ရသေးတယ်။ မိန်းမ နေမကောင်းလို့များလား၊ ဒါမှမဟုတ် ဘာတွေ ဖြစ်ကုန်ပြီလဲ မသိဘူး ဆိုပြီး တွေးလိုက်တော့ တအားစိတ်ပူသွားတယ်။ အိပ်ခန်းထဲ ဝင်သွားလိုက်တော့ သူ့မိန်းမကို ကုတင်ပေါ်မှာ ညအိပ် ဝတ်စုံနဲ့ လှဲနေတာ တွေ့လိုက်ရတယ်။ ဝတ္ထုလေးတစ်အုပ် ဖတ်ရင်းနဲ့ပေါ့။ ယောက်ျားကိုလည်း မြင်ရော ခပ်ပြုံးပြုံးလေးနဲ့ “ဒီနေ့ အလုပ်အကိုင် အဆင်ပြေရဲ့လား” လို့ လှမ်းမေးလိုက်တယ်။ ဘာမှ မဖြစ်သလို မျက်နှာပေးနဲ့ သူ့မိန်းမကို တအံ့တသြ ကြည့်ပြီး ဘာတွေ ဖြစ်ပျက်နေသလဲ ဆိုတာ မိန်းမကို မေးခွန်း ထုတ်လိုက်တဲ့ အခါ …
ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ
မိန်းမက နောက်တစ်ခါ ထပ်ပြုံးလိုက်ပြီး အေးအေးဆေးဆေးပဲ ဖြေလိုက်တယ်။
ရှင် ညနေ အလုပ်က ပြန်လာတိုင်း ကျမကို မေးတယ်လေ။ ဒီနေ့ အိမ်မှာ ကျမ ဘာများ ကြီးကြီးကျယ်ကျယ် လုပ်စရာ ရှိလို့တုန်း လို့ ရှင် အမြဲ မေးလေ့ရှိတယ်မလား။
အေး … အဲဒါ ဘာဖြစ်လဲ
ဟုတ်ပြီလေ။ ကျမ ဒီနေ့ အဲဒါတွေ မလုပ်ဖြစ်ဘူး

ဘုရားသခင်သို့ ပေးစာ

စာတိုက်မှာ အလုပ်လုပ်ပြီး အင်မတန်မှ သနားတတ်၊ ကြင်နာတတ်တဲ့ လူတစ်ယောက်ရှိတယ်။ သူ့အလုပ်က တစ်နေ့တစ်နေ့ ပို့ထားတဲ့ စာတွေရဲ့ လိပ်စာကို သေချာစစ်ဆေးပြီး လိပ်စာ အမှားတွေ၊ မပြည့်စုံတာတွေကို မူလ စာရှင်ဆီ ပြန်ပို့ပေးရတယ်။ တစ်နေ့ သူ စစ်ဆေးနေတုန်း တုန်ချိနေတဲ့ လက်ရေးနဲ့ လိပ်စာ ရေးထားတဲ့ စာတစ်စောင် သွားတွေ့တယ်။ လိပ်မူထားတာက ဘုရားသခင်ဆီသို့ တဲ့။ ဒီစာကို သူ ဖောက်ဖတ်ကြည့်မှ ဖြစ်မယ်လို့ သူ ဆုံးဖြတ်လိုက်တယ်။ သူ ဖောက်ဖတ်လိုက်တော့ အထဲမှာ ရေးထားတာက

လေးစားကြည်ညို အားကိုးရပါသော ဘုရားသခင်ရှင့်
ကျမဟာ အခုဆိုရင် အသက် (၈၃) နှစ် ရှိတဲ့ မုဆိုးမကြီး တစ်ယောက်ပါ။ အင်မတန် နည်းလှတဲ့ ပင်စင်လစာနဲ့ တစ်လတစ်လ အသက်ဆက်နေရပါတယ်။ မနေ့က ကျမရဲ့ ပိုက်ဆံအိတ် ခါးပိုက် နှိုက်ခံလိုက်ရပါတယ်။ အထဲမှာ ထည့်ထားတဲ့ ဒေါ်လာတစ်ရာဟာ ကျမမှာ ရှိတဲ့ ဥစ္စာ အကုန်ပါပဲ။ နောက်တစ်လ ပင်စင်လစာ မထုတ်မချင်း ကျမမှာ သုံးစရာ ပိုက်ဆံ မရှိတော့ပါဘူး။
လာမယ့် တနင်္ဂနွေနေ့ဟာ အမေများနေ့ပါ။ ကျမရဲ့ လက်ကျန် သူငယ်ချင်း နှစ်ယောက်ကို အဲဒီနေ့မှာ ညစာ ထမင်းလာစားဖို့ ဖိတ်ထားပြီးပါပြီ။ ဒီပိုက်ဆံမှ မရှိလေတော့ ကျမမှာ ဘာစားစရာမှ ဝယ်လို့ မရတော့ပါဘူး။ တခြား အားကိုးစရာ ဘာ အဆွေအမျိုးမှလည်း မရှိလေတော့ ဘုရားသခင်ကိုပဲ အားကိုးရတော့မှာပါ။ ကျမကို ကူညီပါဦး။

ဒီစာကို ဖတ်ပြီး အတော်လေး သနားသွားတယ်။ ဒါနဲ့ လုပ်ဖော်ကိုင်ဖက်တွေကို စာလိုက်ပြပြီး တတ်နိုင်သမျှ ပိုက်ဆံလိုက်စုတော့တယ်။ အားလုံးကလည်း သနားကြလေတော့ အိတ်ကပ်ထဲမှာ ပါတဲ့ ပိုက်ဆံအကြွေတွေကို ထုတ်ပေးရှာတယ်။ ဒီလိုနဲ့ စုလိုက်တာ အားလုံးပေါင်း ၉၆ ဒေါ်လာ ရတယ်။ အားလုံးရဲ့ စေတနာပေါ့။ ဒါနဲ့ အဲ့ဒီ ပိုက်ဆံကို စာအိတ်လေးနဲ့ ပြန်ပိတ်ပြီး စောနက စာပိုင်ရှင် အဖွားအိုဆီ ပြန်ပို့ပေးလိုက်တယ်။

စာတိုက်က ဝန်ထမ်းတွေက သူတို့ လုပ်လိုက်တဲ့ ကောင်းမှုအတွက် ဝမ်းသာ ကြည်နူးလို့ မဆုံးဘူး။ အမေနေ့လည်း နီးနေတော့ ကိုယ့်အမေအရွယ် အဘွားအိုတစ်ယောက်ကို ဒါနပြုလိုက်ရတာ အတော်လေးလည်း ကျေနပ်နေကြတယ်။ ဒီလိုနဲ့ အမေနေ့လည်း ကျော်ပြီး ရက်အနည်းငယ်ကြာတော့ အဖွားအိုရဲ့ ဘုရားသခင်ဆီ ပြန်စာ ရောက်လာတယ်။ သူက ဘုရားသခင်က ပို့တယ်ပဲ ထင်တာကိုး။ အဖွားအိုရဲ့ ကျေးဇူးတင်စကားကို ပီတိအပြည့်နဲ့ ခံစားမယ်ဆိုတဲ့ အတွေးနဲ့ အားလုံး ဝိုင်းအုံလာပြီး ရောက်လာကြတယ်။ စာထဲမှာ ရေးထားတာက …

လေးစားရပါသော ဘုရားသခင်
အရှင်ဘုရားရဲ့ အခုလို ရက်ရောမှုကို ကျမအနေနဲ့ ဘယ်လို ကျေးဇူးတင်ရမှန်းကို မသိတော့ပါဘူး။ အရှင်ဘုရားရဲ့ ပေးကမ်းစွန့်ကြဲမှုကြောင့် ကျမ လက်လွှတ်လိုက်ရပြီ ထင်ထားတဲ့ ပျော်မွေ့ဖွယ် ညစာစားပွဲလေးက ပြန်ပြီး အသက်ဝင်လာပါတယ်။ ကျမအနေနဲ့ ဘဝမှာ အင်မတန် ပျော်စရာ ကောင်းတဲ့ နေ့တစ်နေ့ကို ပိုင်ဆိုင်ခဲ့ရပြီး ဘုရားသခင်ရဲ့ သဘောထား ကြီးမားတဲ့ လက်ဆောင်အကြောင်းလည်း သူငယ်ချင်းတွေကို ပြောပြလိုက်တယ်။ အော် ဒါနဲ့ စကားမစပ်၊ စာတိုက်မှာ သူခိုးတွေ ရှိနေတာတော့ သေချာနေပြီ။ ဘုရားသခင် ပေးတဲ့အထဲက လေးဒေါ်လာ ရော့နေလို့။

xxxx oooo xxxx
ဟာသ ပုံပြင်လေး ဆိုပေမယ့် စေတနာမှန်ရင် အကျိုးပေးပါတယ် ဆိုတဲ့ လောကဓမ္မတာကို နည်းနည်း ပြောင်ထားသလိုပဲ။ မဖြစ်နိုင်ဘူးလို့ ပြောလို့ မရပါဘူး။ အဖွားအိုနေရာမှာ ကျနော် ရှိနေရင်လည်း ဘာလို့ လေးဒေါ်လာ ရော့နေသလဲ ဆိုပြီး သံသယ ဝင်မိမှာတော့ အမှန်ပဲလေ။ တစ်ဘက်ကလည်း စာတိုက်က လူတွေအနေနဲ့ ပေးလည်း ပေးရသေးတယ်၊ ငါတို့ကို စော်ကားလိုက်သေးလို့ တွေးမိမှာပဲ။ ဒါလည်း သဘာဝကျတယ်။ ဒါက လောကဓမ္မတာဆိုတဲ့ သဘာဝကို ဖီဆန်သွားတာ မဟုတ်ပါဘူး။ အမြီးအမောက် မတည့်တတ်တဲ့ သဘာဝကြီးမှာ အစီအစဉ် မကျတဲ့ စေတနာတွေ အလစ်သုတ်ခံလိုက်ရတာ ဖြစ်မယ်

A man worked in a post office. His job was to process all mail that had illegible addresses. One day a letter came to his desk, addressed in shaky handwriting to God. He thought, “I better open this one and see what it’s all about.” So he opened it and it read: “Dear God, I am a 83 year old widow living on a very small pension. Yesterday someone stole my purse. It had a hundred dollars in it which was all the money I had until my next pension check.”

“Next Sunday is Mother’s Day, and I had invited my last two friends over for dinner. Without that money, I have nothing to buy food with.” “I have no family to turn to, and you are my only hope. Can you please help me?” The postal worker was touched, and went around showing the letter to all the others. Each of them dug into his wallet and came up with a few dollars. By the time he made the rounds, he had collected 96 dollars, which they put into an envelope and sent over to her.

The rest of the day, all the workers felt a warm glow thinking of the nice thing they had done. Mother’s Day came and went, and a few days later came another letter from the old lady to God. All the workers gathered around while the letter was opened. It read, “Dear God, How can I ever thank you enough for what you did for me?” “Because of your generosity, I was able to fix a lovely dinner for my friends. We had a very nice day, and I told my friends of your wonderful gift. ” “By the way, there was 4 dollars missing. It was no doubt those thieving bastards at the post office!!!!!!

ဘတ်စ် စီး မှတ်တမ်း

ကျနော် ရေးတဲ့ ပို့စ်တွေ အတော်များများ ဖတ်ထားရင် ကျနော် မန်းက လာတယ်ဆိုတာ သိနှင့်ပြီး ဖြစ်မှာပါ။ ဆယ်တန်းဖြေပြီးတော့ အဖေက ရန်ကုန်မှာ ကွန်ပူတာ သွားတတ်ချေ လို့ အမိန့်တော် ချတာနဲ့ ကျွန်တော်မျိုး ကျေးတော်မျိုး သားတော်မောင်လေးခမျာ မျက်လုံးကလည် နားသူငယ်နဲ့ ဘာမှန်း မသိတဲ့ ကွန်ပူတာကြီးကို တွေးကြောက်ရင်း အမျက်မာန် ရှမှာလည်း စိုးလှတာမို့ ရန်ကုန်ရွှေမြို့တော်သို့ အပြေးလေး ရောက်လာခဲ့ရတယ်။ အဖေကို မေးမိတယ်။ “အဖေ ကွန်ပူတာက ဘာလို့ ဖို့တုန်း၊ ဘာကြီးတုန်း” လို့ မေးလိုက်မိတယ်။ မေးရမယ်လေ။ လွန်ခဲ့တဲ့ ၁၅ နှစ်လောက်က မန်းမှာ ကွန်ပူတာဆိုလို့ ဓါတ်ပုံတောင် မရှိဘူး။ အဖေက ဖြေတယ်။ ကွန်ပူတာနဲ့ အိမ်သာတက် (အင်တာနက်တက်) လို့ရတယ်တဲ့။ ဟိုက် ရှားပါ။ အိမ်သာတက်ဖို့အရေး ရန်ကုန်အထိတောင် ပြေးပြီး ကွန်ပူတာနဲ့ တက်ရဦးမတဲ့။ ဘာကောင်ကြီးပါလိမ့်။ ဒါနဲ့ပဲ ကျနော် ရန်ကုန် ရောက်လာပါတယ်။

ငယ်ငယ်က ရန်ကုန်ကို အမေတို့နဲ့ ခဏခဏ ရောက်ဖူးပေမယ့် ဒီတစ်ခါမှပဲ တကယ်ကို နှာဖူးတွေ့ ဒူးတွေ့ တင်မကဘဲ ခေါင်းနဲ့ပါ တွေ့တော့တယ်။ ဟုတ်တယ်လေ။ ဘတ်စ်ကားတွေက ပုတယ်ဗျ။ ၃၃ လို ဘတ်စ်ကား အကြီးတချို့မှာတောင် အမိုးက လေသာပြတင်းမှာ ခေါင်းထုတ်ထားရတယ်။ အဲ့တော့ မကြာခဏ ဆိုသလိုပဲ အမိုးကို ခေါင်းလောင်းလုပ်ပြီး ခေါင်းနဲ့ တိုက်နေရတယ်။ ကျနော် ရန်ကုန် စရောက်တဲ့ နေ့ပဲ ဦးလေးကို မြို့ထဲသွားမလို့ လိုက်မလားတဲ့။ သေချာတယ် သူက ဘတ်စ်ကားပဲ စီးမှာ။ အင်မတန်မှ ကပ်စေးနည်းတာကိုး။ ကဲပါ ဘတ်စ်ကား စ စီးကြည့်မယ်လို့ ဆုံးဖြတ်ချက် ချပြီး သူနဲ့ လိုက်သွားတယ်။ ရန်ကုန်မှာ ဘတ်စ်ကားတွေ အများကြီး ရှိတယ်ဆိုတာ သိထားတော့ ကိုယ့်လမ်းထိပ်ကို ဘာကားရောက်လဲ သိရင် ပြန်လို့ ရပြီလို့ တွေးထားတယ်။ ဒါနဲ့ လမ်းထိပ်မှတ်တိုင်ကို ဘာကားတွေ ရောက်လဲ စာအုပ်နဲ့ မှတ်ယူမယ်ပေါ့။ အဲဒီ အချိန်က အလုံ ကြည့်မြင်တိုင် လမ်းမပေါ်က ဖြတ်တဲ့ ကားဆိုလို့ အားရပါးရ ရေ၊ နှစ်စီး ရှိတယ်။ ၃၄ ဟိုင်းလက်နဲ့ ၃၃ ဒေဝူးတွေ။ သွားတာက ဦးလေးနဲ့ ကျနော် နှစ်ယောက်တည်း။ ကျနော်တို့ စောင့်နေတုန်း ၃၃ ကားကြီး ရောက်လာတယ်။ ချောင်တယ် မြင့်တယ် မိုက်တယ်ပေါ့။ တက်မလားလို့ ဦးလေးကို မျက်စိ ပစ်ပြတော့ သူက ခေါင်းပြန်ခါတယ်။ ဒါနဲ့ အငြိမ်လေး ထပ်စောင့်နေလိုက်တယ်။ ၃၄ ဟိုင်းလက်လာမှ တက်မယ်တက်မယ်ဆိုပြီး ပြေးတက်သွားတယ်။ အမယ်လေး အဲဒီမှာ စပြီး ဒူးတွေ့တော့တာပဲ။ အရှည်ရှည် ဒူးရှည်ရှည်နဲ့ ဟိုထိုးဒီထိုးကြောင့် ကိုယ်ကပဲ စပြီး အားနာနေမိတယ်။ တခါတလေ သူများ ခါးကို ဒူးနဲ့ ညပ်ထားမိနေတယ်။ သူငယ်ချင်းတွေက မှာလိုက်တယ်။ မင်း ရန်ကုန်ရောက်ရင် တိုးတက်ပြီသာ မှတ်တဲ့။ မှန်လိုက်တာ သယ်ရင်းရယ်။ ဒါနဲ့ ကျနော်က စပ်စပ်စုစု ဘာလို့ ခုန ၃၃ ကို မစီးတာလဲ၊ မရောက်လို့လား လို့ မေးလိုက်မိတော့ ပြန်ဖြေတဲ့ အဖြေက ကျနော် တစ်သက် မမေ့တော့ဘူး။ “ရောက်တော့ရောက်တယ်။ ဒီကောင်က ၂ ကျပ်၊ ဟိုကောင် စီးရင် ၃ ကျပ်မို့ မတက်တာ” တဲ့။

ကျနော့် သင်တန်းက ဆိပ်ကမ်းသာလမ်း အောက်ဘလောက်မှာပါ။ အိမ်ကနေဆို ၃၈ ဟိုင်းလက် စီးရင် အဆင်ပြေဆုံးပဲ။ အမျိုးသမီးဆေးရုံက ဂိတ်စတယ်။ ထိုင်စီးလို့ရတယ်။ သင်တန်း သွားရတာ အဆင်ပြေပေမယ့် စီးရတာ တကယ်ကို စိတ်မချမ်းသာဘူး။ နီတာရဲ ကလေးလေးတွေ ချီပြီး အတင်းတိုးစီးနေရတဲ့ ဘတ်စ်ကားကို စီးမိရင်ဖြင့် စိတ်ထဲ ဘယ်လို ဖြစ်သွားမှန်းကို မသိဘူး။ အော် အမေ .. အမေ .. လို့ တလိုက်မိသလိုပဲ အော် ဒုက္ခ .. ဒုက္ခ လို့လည်း တွေးလိုက်မိတယ်။ ပုံစံကြည့်ရတာ အခုမှ ကလေးမွေးပြီးလို့ ဆေးရုံဆင်းလာပုံ ရတယ်။ သူတို့တွေ ကြည့်ပြီး ကျနော် တရားရနေမိတယ်။ တခါတလေတော့လည်း ဘတ်စ်ကားစီးရင်း ဖြစ်တဲ့ အဖြစ်အပျက်တွေကလည်း ဘဝ အမောတော့ ပြေသား (ကြီးကြီးကျယ်ကျယ် ဘဝအမောတဲ့၊ သင်တန်းလေး တက်ရတာကိုပဲ)။ အခုအချိန်ထိ တွေးမိတိုင်း ရယ်ချင်တဲ့ အဖြစ်အပျက် သုံးခု ဖောက်သည်ချဦးမယ်။

တစ်နေ့ ကျနော် သင်တန်းသွားတော့ ၃၈ ဘတ်စ်ပဲ စီးမြဲ စီးလာခဲ့တယ်။ ကျနော်က ဂိတ်စက စီးတော့ ဘေးခုံမှာ မိန့်မိန့်ကြီး ထိုင်ရုံပါ့။ တစ်မှတ်တိုင် တစ်မှတ်တိုင်မှာ တက်လိုက်ကြ၊ ဆင်းလိုက်ကြနဲ့ သူတို့တွေ အလုပ်ရှုပ်နေကြပေမယ့် ကျနော်ကလည်း ကိုယ့်အတွေးနဲ့ကိုယ်ပဲ။ မှတ်တိုင်တစ်ခု အရောက်မှာ ကားပေါ် တရုတ်ရုတ်နဲ့ ဆူသံ ကြားရမှ သူတို့ကို သတိထားမိတယ်။ ကားစပယ်ယာနဲ့ ခရီးသည်တစ်ယောက် ရန်ဖြစ်နေကြတယ်။ ခရီးသည်တစ်ယောက်က ဟိုင်းလက် ကားတွေမှာ အလယ်ခုံအနေနဲ့ ထားတဲ့ ခွေးခြေခုံ (အခုတော့ ဘက်ထရီအိုး အခွံ) တစ်ခုံကို ရင်ဝယ် ပိုက်ထားလေရဲ့။ အဲဒါကို မြင်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ ခရီးသည်လက်ကနေ ထိုင်ခုံကို ဆောင့်ဆောင့် ဆွဲနေတဲ့ စပယ်ယာ။ အခြေအနေက ခရီးသည်နဲ့ စပယ်ယာ ခုံကို ဟိုဘက်ဆွဲလိုက်၊ ဒီဘက် ဆွဲလိုက်။ လွန်ဆွဲနေကြသလိုပဲ။ အဲဒီအချိန်မှာ ကျန် ခရီးသည်တွေကို စောန ခုံကိုင်ထားတဲ့ ခရီးသည်ကို မျက်စောင်း ထိုးနေကြပြီ။ ဟုတ်တော့ ဟုတ်ပါတယ်။ သူများ ထိုင်မယ့် ခုံကို သူလည်း မထိုင်ဘဲ ကိုင်များ ထားရသလားလို့။ စကားပုံအရ ခပ်ရိုင်းရိုင်း ပြောရရင်တော့ နွားစားခွက်ထဲက ဟောင်တဲ့ ခွေးလိုပေါ့။ စပယ်ယာ အနေနဲ့ နောက်တက်လာတဲ့ ခရီးသည်ကို ထိုင်ဖို့ နေရာ ပေးချင်တယ်။ ဒါပေမယ့် ထိုင်ခုံက ခုနလူ ပိုက်ထားလို့ လုနေရတယ်။ လုရင်း လုရင်း တဖြည်းဖြည်း စိတ်က မရှည်တော့ဘူး။ ဟိုလူ့ခမျာလည်း ဘာလို့များ ဒီခုံကို သူလည်း မထိုင်ဘဲ ဘာလို့ အတင်း ပိုက်ပြီး ရုန်းနေရသလဲ ဆိုတာလည်း တွေးရခက်သား။ ဘေးလူတွေ မျက်စောင်း အတင်း ထိုးလာတဲ့ အဆုံး ခရီးသည်ရဲ့ နှုတ်က စကားတစ်ခွန်း ထွက်ကျလာတယ်။ ဒီစကားအဆုံးမှာ စပယ်ယာလည်း အူကြောင်ကြောင်နဲ့ ခေါင်းကုတ်ပြီး ဘာလုပ်ရမှန်းတောင် မသိဖြစ်သွားပြီး ခရီးသည်အားလုံး တဝါးဝါးနဲ့ ပွဲကျသွားတယ်။ ခရီးသည် ပြောလိုက်တာက ဒီလိုဗျ။ အခု ရေးရင်းတောင် ရယ်နေမိတယ်။
ဒီခုံက အခုလေးတင် ကျနော် ဈေးက ဝယ်လာတာပါဗျာ။ ခင်ဗျားတို့ခုံက အောက်မှာ ရှိမှာပေါ့” တဲ့လေ။

နောက် အဖြစ်အပျက် တစ်ခုက ၃၈ ဘတ်စ် ပေါ်မှာပါပဲ။ ကားက အမြဲ လူပြည့်တတ်တော့ အတွယ်စီးရတဲ့ သူတွေက များသား။ ရုံးတက်ချိန် ဆိုတော့လည်း အားလုံးလိုလိုက အိတ်တွေ၊ ထမင်းချိုင့်တွေ ကိုယ်စီနဲ့ပဲ။ ဘတ်စ်ကား စီးတိုင်းလည်း အများစုက စာနာထောက်ထားစွာနဲ့ မိန်းကလေးတွေကို ထိုင်ခုံပေးကြပြီး ယောက်ျားလေးတွေက အပြင်ကနေ တွယ်လေ့ရှိကြတယ်။ မှတ်တိုင်တစ်ခုမှာ မိန်းကလေး တစ်ယောက် တက်လာတာကြောင့် အပေါက်ဝမှာ ရှိတဲ့ ကောင်လေးက နေရာဖယ်ပေးပြီး ကောင်မလေးကို ပေးထိုင်လိုက်တယ်။ ဒါနဲ့ ကောင်လေးက ထမင်းချိုင့်တစ်ဖက်နဲ့ ကားအပြင်မှာ တွယ်စီးလာတယ်။ လမ်းတစ်နေရာ အရောက်မှာ စောနက ကောင်လေးက ကောင်မလေးကို စကားတစ်ခွန်း လှမ်းပြောလိုက်တယ်။ “အမ၊ ကန်တော့နော်။ ကျနော် ပုဆိုးကျွတ်တော့မှာမို့ ခါးပုံစလေး ခဏ ကိုင်ထားပေးလို့ ရမလား” ဆိုတော့ ကောင်မလေးခမျာ ရှက်ပေမယ့် သူများရဲ့ အရှက်ကို ကာကွယ်ပေးကောင်းရဲ့ ဆိုပြီး လက်တစ်ဖက်နဲ့ ကိုင်ပေးထားလိုက်တယ်။ ခဏလေးနေတော့ ကောင်လေး ထပ်ပြောလိုက်တဲ့ စကားတစ်ခွန်းကြောင့် တစ်ကားလုံး ဝါးခနဲ ပွဲကျသွားပြီး ကောင်မလေးခမျာ မျက်နှာကြီး နီရဲနေအောင် ရှက်နေပြီး ဆက်ကိုင်ထားရအခက်၊ လွှတ်ချရအခက် ဖြစ်သွားတယ်။ အစကတည်းက မပြောဘဲ နေပါတော့လား။ အခုလို ပြောလိုက်တော့ မျက်နှာဘယ်လို သွားထားရတော့မလဲ။ ကောင်လေး ပြောလိုက်တာက
အမ ခါးပုံစကို သေချာ ကိုင်ပေးထားပါနော်။ အတွင်းခံ ဘောင်းဘီ မဝတ်ထားလို့ ကျွတ်ကျရင် ကျနော် အရှက်ကွဲမှာဗျ

နောက်တစ်ခုကတော့ စပယ်ယာနဲ့ ခရီးသည်နဲ့ ဖြစ်တဲ့ ပြဿနာ။ ပြဿနာလို့ ဆိုပေမယ့်လည်း ရယ်စရာ မောစရာ အဖြစ်နဲ့ပဲ အဆုံးသတ်သွားရတယ်။ အမြဲလိုလိုပဲ ကားကျပ်နေတတ်တော့ တွယ်စီးတဲ့လူကလည်း မှတ်တိုင်တိုင်းမှာ အပြည့်ပဲ။ တကယ်တော့ အသက်နဲ့ လဲပြီး ရုံးတက်နေရတယ် လို့တောင် ပြောလို့ရမယ်ထင်တယ်။ ဟိုင်းလတ် နောက် ခြေတင်ခုံမှာ အတွယ်နဲ့ လိုက်စီးတာ အများဆုံး ကျနော် လူ (၁၄) ယောက် စီးဖူးတယ်။ ကားတစ်စီးတည်း အတွယ် (၁၄) ယောက်ပေါ့။ စဉ်းစားသာ ကြည့်တော့။ နောက်အဖြစ်အပျက် တစ်ခုကလည်း မနက်ခင်း ရုံးတက်ချိန်ပါပဲ။ အကုန်လုံးက အချိန်မီ ပြေးကြရတာ ဆိုတော့ ရရာကား ချေးမများတန်း စီးနေရတယ်။ ယောက်ျားလေးတွေ ကားမရွေးဘဲ တွယ်စီးလိုက်ကြတယ်။ ကားလည်း ရှားတော့ မရွေးအားဘူးလေ။ အဲဒီလို အသက်လုပြီး တွယ်စီးတဲ့ အခါမှာ ခြေချော်လက်ချော် ဆိုတာ ရှိစမြဲပါ။ တစ်နေရာအရောက် တွယ်နေတဲ့ ခရီးသည်တစ်ယောက် လက်မခိုင်လို့ လွတ်သွားတယ်။ မောင်းနေရင်း နောက်ပြန်လန်သွားတော့ စပယ်ယာ ပြာပြီပေါ့။ ဒါနဲ့ သူ့ခမျာ အသက်တစ်ချောင်း ကယ်ဖို့အရေး ဖျက်လတ်တဲ့ လက်တစ်စုံနဲ့ အမြန်ဆုံး ဆုံးဖြတ်ချက်ချပြီး တစ်နေရာကို အမှီ လှမ်းဆွဲရတော့တာပေါ့။ သူ့ရဲ့ ရွေးချယ်မှုကို ခါးပုံစ။ ပက်လက်လန်သွားတဲ့ လူတစ်ယောက်အတွက် ထိုးထွက်နေတဲ့ နေရာဆိုလို့ ခါးပုံစပဲ ရှိတာကိုး။ စပယ်ယာရဲ့ ဆုံးဖြတ်ချက် မှန်ကန်ပါတယ်။ ဒါပေမယ့် အဆုံးဖြတ်နဲ့ လုပ်ရပ် လွဲသွားတာကြောင့် ကောက်ချက်ကလည်း သောက်တလွဲ ဖြစ်သွားတယ်။ ခါးမှာ ထိုးထွက်နေတာ ခါးပုံစပဲပေါ့။ ဟုတ်တယ်။ ထိုးထွက်နေတဲ့ နေရာကို သူလှမ်းဆွဲလိုက်တာ မှန်ပေမယ့် ခါးပုံစ မဟုတ်မှန်း ပစ္စည်း လက်ဝယ်ရောက်မှ သူသိလိုက်ရတယ်။ ဟိုက် … လွှတ်ချလိုက်ရမလား။ ဟိုကောင် ပက်လက်လန်ပြီး မာလကီးယား ဖြစ်သွားမယ်။ ကဲ မတတ်နိုင်ဘူး။ ကားဆရာကို အမြန်ဆုံး ရပ်ခိုင်းပြီး မရပ်မချင်းတော့ အဲဒါကြီး ဆွဲထားရုံပဲပေါ့။ ဘယ်တတ်နိုင်မလဲ။ စပယ်ယာရဲ့ မအီမလည် ဖြစ်နေတဲ့မျက်နှာ၊ ရှက်ကိုးရှက်ကန်း ဖြစ်နေတဲ့ ခရီးသည်ရဲ့ မျက်နှာကို မြင်နေရတော့ အသက်ဘေးဆိုတာတောင် မေ့ပျောက်ကုန်ပြီး အားလုံး တဝါးဝါးနဲ့ ရယ်ချပစ်လိုက်တော့တယ်။ ဘာကြီး ကိုင်မိသလဲဆိုတာ မပြောဘူးနော်။ ဆင်ဆာ။

ဉာဏ်ကြီးရှင်ရဲ့ ပဲကြီးလှော်တစ်ဆုပ်

ကျနော် မန်းကို ပြန်တဲ့ တစ်ခေါက်ကပေါ့။ အောင်မင်္ဂလာကားကွင်းကို ညီက ကားနဲ့ လိုက်ပို့ပေးတယ်။ အချိန်စောနေသေးလို့ နှစ်ယောက်သား အအေးဆိုင် တစ်ဆိုင်မှာ ထိုင်ရင်း စကားပြောနေဖြစ်ကြတယ်။ သူနဲ့ စကားပြောနေရင်း ကျနော် စိတ်ဝင်စားနေတာ သူ့ရဲ့ တော်ကီ မဟုတ်ဘဲ သူ့ နောက်ကျော၊ ကျနော့် မျက်နှာချင်းဆိုင်က အဖြစ်အပျက်ကလေး ဖြစ်နေတယ်။ အထူးအဆန်းတော့ မဟုတ်ပေမယ့် သူတို့ ဘာလုပ်နေလဲ၊ ဘာလုပ်ဦးမလဲ၊ ဘယ်လိုများ လုပ်မလဲလို့ စိတ်ဝင်စားနေမိတယ်။ လေးဘီးကားလေး တစ်စီးပေါ်ကို လက်တွန်းလှည်း ဝိုင်းတင်နေကြတယ်။ တင်ဖို့ ကြိုးစားနေကြတာ လူသုံးယောက်။ အဆင်မပြေတော့ သူတို့ ခေါင်းခြောက်နေကြတယ်။ သိတဲ့ အတိုင်းပဲလေ။ လေးဘီးကားက အမိုးနဲ့ဆိုတော့ ခပ်ပုပု၊ အနံက ခပ်ကျဉ်းကျဉ်း။ တကယ်တန်း အရွယ်အစား တိုင်းကြည့်ရင်တော့ ခုနပြောတဲ့ လက်တွန်းလှည်းက သွင်းလို့ကို ရပါတယ်။ နည်းနည်း စောင်းသွင်းပေါ့။ ဒါပေမယ့် အဆင်မပြေဘူး။ ဘယ်ပြေမလဲလေ လှည်းဦးမှာ ၇ ပေလောက်မြင့်တဲ့ ဝါးလုံးတစ်ချောင်း ထောင်လျက် ချည်ထားတယ်။ ကြိုးနဲ့။ ဒီတော့ လှည်းက ကားထဲ သွင်းဖို့ ဝါးလုံးနဲ့တင် တစ်နေတာပေါ့။

သူတို့ အဲဒီလို လုပ်နေတာကို ကျနော် ထိုင်ကြည့်နေရင်းနဲ့ လှည်းကို ကားပေါ် တင်နိုင်ဖို့ ဘာဆက်လုပ်မလဲ ဆိုတာ ကျနော် တွေးကြည့်လို့ ရသွားပါပြီ။ စိတ်ဝင်စားစရာ ကောင်းတာက သုံးယောက်သား ခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြပုံပဲ။ ကျနော် အသံမကြားရတော့ ဘာတွေ ပြောနေလဲ မသိ။ ၁၅ မိနစ်ကြာ ငြင်းခုန်အပြီးမှာ သူတို့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်တစ်ခု ရလိုက်ပုံပဲ။ လူတစ်ယောက် ထွက်သွားပြီး ပြန်လာတော့ ဂွတွေ ပလာယာတွေ ပါလာတယ်။ အော် အော် … တိုင်က ကြေးနန်းကြိုးနဲ့ တုတ်ထားတာနေမယ်ပေါ့။ ကျနော် ညီနဲ့ စကားဆက်ပြောပြီး မိနစ် ၂၀ အကြာ သူတို့ကို ကြည့်လိုက်တော့ သူတို့ ကားပေါ် လှည်းတင်ဖို့ အတင်းကို ကြိုးစားနေကြပြီ။ ဘယ်ရမလဲဗျာ။ သူတို့ ဟိုဘက် ဒီဘက် လှည့်ပြီး သွင်းကြည့်နေကြတယ်။ ကျနော် အံ့အားသင့်သွားတယ်။ ဘာလို့ မရတာပါလိမ့်လို့။ သေချာကြည့်လိုက်မှ လှည်းထိပ်က ဝါးလုံးက မားမားမတ်မတ် ခပ်တန်းတန်း ရပ်နေလျက်။ ဒါဆို သူတို့ ဘာလုပ်လိုက်တာလဲ ဆိုတာ သေချာ စူးစမ်းလိုက်တော့ အောင်မလေး မှတ်သားလောက်တယ်ဗျာ။ သူတို့က လှည်းဘီးလေးလုံးကို ဖြုတ်ပစ်လိုက်တာကိုး။ သူတို့ ဘယ်လိုများ တွေးလိုက်မိလို့လဲ ဆိုတာကို ကျနော် ကြည့်ရင်း စဉ်းစားနေမိတယ်။ ကျနော့် ညီကို ပြောပြပြီး ဝါးခနဲ ထရယ်ပစ်လိုက်ကြတယ်။ နောက်ပြီး ညီက သူ ကျောင်းတက်စဉ် ကြားဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ကို ပြောပြတယ်။ မှတ်သားလောက်လို့ ကျနော် ပြန်ပြီး ဖောက်သည် ချလိုက်ပါတယ်။

ဝဝဝဝဝဝဝဝ xxx ဝဝဝဝဝဝဝဝ

သူတို့ တစ်ရွာလုံးက သူတို့ကိုယ် သူတို့ သိပ်အထင်ကြီးကြတာပေါ့။ တွေးတတ် ခေါ်တတ်တဲ့ ပညာရှင်ကြီးတွေပဲလို့လည်း အမြဲ ဂုဏ်ယူပြီး ပြောတတ်ကြတယ်။ အထူးသဖြင့် အဆိုးဆုံးက သူကြီးနဲ့ ရွာဦးကျောင်း ဘုန်းကြီးပေါ့။ တခြားရွာက လူတွေနဲ့ စကားပြောရင် သူတို့ကိုယ် သူတို့ လူတော်လူတတ်လို့ ကင်းမွန်းတပ်ပြီး အမြဲ ပြောလေ့ရှိတယ်လေ။ သူတို့ရဲ့ အတွေးအခေါ် ဘယ်လောက်ကောင်းသလဲ ဆိုတာ အဖြစ်အပျက်လေးတစ်ခုသာ ကြည့်ကြည့်ပေတော့။

ရွာမှာ ပဲကြီးလှော်လည်ရောင်းပြီး အသက်မွေးနေတဲ့ သားအမိ နှစ်ယောက်ရှိတယ်။ သားလေးက ပြေးလွှား ကစားတဲ့အရွယ် ဆိုတော့ အမေလုပ်သူက ပဲကြီးလှော် အရောင်းထွက်တိုင်း ခေါ်မသွားတော့ဘူး။ သူ့ အိမ်နီးချင်း ကလေးတွေနဲ့ ကစားပါစေ ဆိုပြီး အမြဲ ချန်ထားခဲ့တယ်။ ဒါပေမယ့် အမေလုပ်သူ ဈေးရောင်းမထွက်ခင် သားကို မုန့်စားဖို့ ဆိုပြီး ပဲကြီးလှော်တစ်ဆုပ် အမြဲ ပေးထားခဲ့တယ်။ သားကတော့ ပဲကြီးလှော် ဝါးရင်း ကစားရင်းပေါ့။ ပြန်ရောက်မှ သားအမိနှစ်ယောက် ထမင်းအတူ စားကြတယ်။ တစ်နေ့တော့ အမေ ဈေးရောင်းထွက်ခါနီး သားကို လိုက်ရှာတော့ သားက အပြင်မှာ သူ့သူငယ်ချင်းတွေနဲ့ ကစားနေပြီ။ ပဲကြီးလှော်ပေးဖို့ သားကို လိုက်ရှာတော့ ရွာဦးကျောင်းအောက်မှာ တိုင်ဖက်ပြီး ကစားနေလေရဲ့။ ဒါနဲ့ အမေလုပ်သူကလည်း ဈေးရောင်းဖို့ နေမြင့်နေပြီဆိုတော့ တိုင်ဖက်ပြီး ဆော့နေတဲ့ သားကို ဒီအတိုင်း လက်ဝါးဖြန့်ဆိုပြီး ပဲကြီးလှော် ထည့်ပေးလိုက်တယ်။ ကမန်းကတန်းပဲ ဈေးရောင်း ထွက်သွားလိုက်တယ်။

နေ့ခင်း ထမင်းစားချိန် အိမ်ပြန်ရောက်တော့ သူ့သားကို မတွေ့ဘူး။ ပြာပြာသလဲ လိုက်ရှာတော့ ရွာဦးကျောင်းအောက်မှာ အော်နေတာ တွေ့ရတော့တယ်။ အမယ်လေးလေး ဘာများဖြစ်လို့ပါလိမ့်ပေါ့။ ဝမ်းနည်းပက်လက် အော်ငိုနေတဲ့သားကို မြင်ရတော့ အမေခမျာလည်း မျက်ရည်တွေ ဝဲပြီး ဘာများ ဖြစ်လဲပေါ့ အတင်းကို မေးနေရှာတယ်။ ကလေးက အမေလည်းမြင်ရော ကီးကိုပစ်တင်ပြီး အသားကုန် အော်ငိုတော့တာပဲ။ အမေခမျာ မေးလို့လဲ မရတော့ ကြံရာမရ “ကယ်ကြပါဦးတော့၊ ကျမသားလေး ဘာဖြစ်နေလဲ မသိဘူး” လို့ အော်တော့တာပဲ။ ဒါနဲ့ ဆရာတော်ကော၊ တစ်ရွာလုံးပါ အပြေးလာကြတာပေါ့။ ကလေးကလည်း အော်တယ်။ သားသေရတော့မယ် အမေ ဆိုပြီး အော်ငိုတော့ ပိုစိတ်ပူသွားတာပေါ့။ ဒါနဲ့ တစ်ယောက်တစ်ပေါက် ဝိုင်းမေးကြတယ်။ ကလေးခမျာ ဖြစ်နေတာလည်း ကြည့်ကြည့်ပါဦး။ ကျောင်းအောက်က တိုင်လုံးကို ဖက်လျက်။ လက်ဖဝါး နှစ်ဖက်ကလည်း စုပြီး ပဲကြီးလှော်ကိုင်ထားရတော့ သူ့ခမျာ အိမ်ပြန်လို့လည်း မရ။ ဗိုက်ဆာလာတော့လည်း လက်ထဲက ပဲကြီးလှော်က စားလို့မရနဲ့ သနားစရာ အလွန် ကောင်းတာပါလား။ အမေခမျာ သူ့သားအဖြစ်ကို မြင်ပြီး ငိုကြီးချက်မနဲ့ ကယ်ကြပါဦး လို့ အားလုံးကို လှည့် တောင်းပန်နေရှာတယ်။

ဉာဏ်ကြီးရှင် ရွာသားတို့ သူတို့ရဲ့ ပညာခန်း ဖွင့်ပြရတော့မယ် ဆိုတော့ တပြုံးပြုံးပေါ့။ အဲဒီမှာ လူတစ်ယောက်က ထပြောတယ်။
ဘာတွေ အဲလောက်စဉ်းစားနေတာလဲ။ ဘယ်ခက်တာ လိုက်လို့ဗျာ။ ကလေးက တိုင်ကို လက်နဲ့ ဖက်ထားလို့ အိမ်ပြန်မရတာပဲ။ အသက်တစ်ချောင်း ကယ်ဖို့ပဲဗျာ။ လက်တစ်ဖက်လောက် ဖြတ်ပစ်လိုက်ပေါ့။
မင်း ပြောတာ အလုပ်တော့ ဖြစ်တယ်ကွ။ ဒါပေမယ့် အရင်းအနှီးကြီးတယ်။ ထပ်စဉ်းစားကြပါဦးကွာ။ လူတစ်ယောက်ရဲ့ လက်တစ်ဖက်ဆိုတာ ဘာနဲ့မှ ပြန်ဝယ်လို့ မရဘူးကွ။” ရွာ့ မျက်နှာဖုံး လူကြီးတစ်ယောက် ဝင်ပြောလိုက်တော့ အားလုံး စဉ်းစားခန်း ပြန်ဝင်နေကြတယ်။ တခဏမှာပဲ သူကြီးရဲ့ မျက်နှာမှာ အပြုံးတစ်ချက်နဲ့ ဝင်းခနဲ မြင်လိုက်ရတော့ သေချာပြီ သူ အကြံကောင်း ရသွားလို့နေမယ်။
အင်း … ဦးထွန်းပြောတာ မှန်တယ်ဗျ။ လက်တစ်ဖက်လေ။ တန်ဖိုးက ကြီးပါဘိသနဲ့။ ဒီလိုလုပ်ဗျာ။ ဘာဖြစ်လို့ လက်ကို ဖြတ်မလဲ ဗျာ။ ကျနော်တို့ ကျောင်း တိုင်လုံးကို အထက်အောက် ဖြတ်ပြီး ကလေးကို ဆွဲထုတ်လို့ ရတာပဲ မဟုတ်လား။” ဒါလည်း အကြံကောင်းတစ်ခု။ ဒါပေမယ့် ကျောင်းတိုင်ကို ဖြတ်မယ်ဆိုတဲ့ အသံ ကြားလိုက်တာနဲ့ မျက်နှာ ရဲခနဲ ဖြစ်သွားတာက ကျောင်းထိုင် ဆရာတော်။ အင်းလေ။ သူ့ တိုင်ကိုမှ သွားဖြတ်ရမယ်လို့။ ရာရာစစ။ ဒီတော့ ဆရာတော်ကြီး ပါရလေပြီ။
ဒကာကြီးရယ် ကြည့်လည်း လုပ်ပါဦး။ တိုင်ကို ဖြတ်လိုက်မှတော့ ကျောင်းဆောင်က ပြိုတော့မပေါ့ကွယ်။ သက်တမ်းကလည်း ကြာပြီဆိုတော့ ဒီရှေးဟောင်းပစ္စည်းတော့ ချမ်းသာပေးပါဦး။ နောက်ပြီး ပြန်ဆောက်ဖို့ ဆိုတာလည်း လက်တလော အခြေအနေအရ ရွာအနေနဲ့လည်း မတတ်နိုင်ဘူးလေ။ ဒီလိုလုပ်ပါလား။ သူငယ့်လက်လည်း မဖြတ်ရအောင်၊ ကျောင်းတိုင်လည်း မဖြတ်ရလေအောင်၊ ဦးဇင်းတို့ ကျောင်းကြမ်းပြင်ကို ခွာပြီး သူငယ်ကို တိုင်က ဆွဲထုတ်ကြရင်ကောကွာ။ ဒါဆို ဆွဲထုတ်ပြီးရင် ကြမ်းပြန် ရိုက်လိုက်ရုံပဲ။ အဲလိုဆို စရိတ်လည်း ပိုသက်သာတာပေါ့။

ဒီအကြံ မဆိုးဘူး။ တွက်ခြေကိုက်တယ်။ ကလေးလည်း မထိခိုက်ဘူး။ စရိတ်လည်း အများကြီး မကုန်ဘူးပေါ့။ ဒါနဲ့ ခေါင်းချင်းဆိုင် ဆုံးဖြတ်တော့မယ့် ဆဲဆဲ ရွာထဲမှာ အိမ်ဆောက်ရင် အမြဲ ပါတတ်တဲ့ ကာလသားခေါင်းတစ်ယောက် ဝင်ပြောလာတယ်။
အရှင်ဘုရား၊ အဆင်မပြေလောက်ပါဘူးဘုရား။ ဘာလို့လဲ ဆိုတော့ တပည့်တော်တို့ ကြမ်းကို ခွာရုံတင် မကဘဲ အမိုးပါ ဖွင့်ရလိမ့်မယ် ဘုရား။ အရှင်ဘုရားတို့ ကျောင်းဆောင်ရဲ့ တိုင်လုံးတွေက ရှေးရှေးက ဆောက်လုပ်ထားတာ ဖြစ်လို့ ဟိုး ခေါင်အထိ တစ်ဆက်တည်းတွေပါ ဘုရား
ကာလသားခေါင်းရဲ့ စကားကိုလည်း ကြားလိုက်ရော တစ်အုပ်လုံး တိတ်ဆိတ်ပြီး ဘာပြောလို့ ပြောရမှန်းမသိ အကြံကုန်လို့ ခြေကုန်လက်ပန်းကျသလို ဖြစ်သွားကြတယ်။ ဒီတော့ သူကြီး လုပ်သူက ဝင်ပြောရပြီ။
ကဲ .. ကဲ .. ။ ဒီကိစ္စက ကလေးတစ်ယောက်ရဲ့ အသက်တစ်ချောင်းနဲ့ အများကြီး ပတ်သက်နေတော့ ငါတို့တတွေ ပစ္စလက်ခက် ဆုံးဖြတ်လို့တော့ မဖြစ်ဘူး။ ငါတို့ လူကြီးတွေ သေချာ တိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ဆုံးဖြတ်ရမယ်။ ငါတို့ လူကြီး ငါးယောက်နဲ့ ဆရာတော်ကြီးနဲ့ တိုင်ပင်ပြီး လုပ်ထားလိုက်မယ်။ အခု ဒီမှာ တရုန်းရုန်းနဲ့ ဖြစ်နေတာ မျက်စိလည်း နောက်တယ်။ အလုပ်လည်း ပျက်တယ်။ ကဲ မဆိုင်တဲ့ သူတွေ ပြန်ကြတော့။ အော် ဒါနဲ့ ကာလသား ၅ ယောက်လောက် နေခဲ့။ လိုအပ်တာ လုပ်ရအောင်။ ငါတို့ရဲ့ အဆင့်မြင့်တဲ့ ဆုံးဖြတ်ချက်တွေ တွေ့ချင်ရင် နောက် နာရီဝက်လောက်မှ ပြန်လာကြည့်ကြ။ ကဲ ကဲ ပြန်ကြတော့” ဆိုပြီး လူစု ခွဲခိုင်းလိုက်တော့တယ်။

သူတို့ ခြောက်ယောက် ခေါင်းချင်းဆိုင်ပြီး တကာလ ၁၀ မိနစ်လောက်ကြာတော့ ပြုံးစိပြုံးစိနဲ့ သမ္မတ ဘုခ်ျ အီရတ်ကို သိမ်းလိုက်နိုင်တဲ့ ရုပ်နဲ့ ကာလသားတွေကို ခေါ်ပြီး စတင် လှုပ်ရှားခိုင်းတော့တယ်။ ဟုတ်ပါတယ်။ အခု သူတို့ရဲ့ ဆုံးဖြတ်ချက်က အတော်လေးကို ကောင်းတယ်။ လက်တစ်ဖက် ဖြတ်စရာ မလိုတော့ဘူး။ တိုင်တစ်လုံး ဖြုတ်စရာ မလိုတော့ဘူး။ ကြမ်းတွေ အမိုးတွေ ခွာစရာ မလိုတော့ဘူး။ စရိတ်လည်း မထောင်းတဲ့ အပြင် အန္တရာယ်လည်း အကင်းဆုံးပေါ့။ ကလေးအတွက် အန္တရာယ်ကင်းသလို ကျောင်းဆောင်အတွက်လည်း ဆရာတော် မျက်ခုံး မလှုပ်ရတော့ဘူး။ ဉာဏ်ကြီးရှင်တွေရဲ့ ဆုံးဖြတ်ချက်က တကယ်ကို ထိရောက်တော့ သူတို့ရဲ့ ရွာသမိုင်းအတွက် သမိုင်းတင်ထိုက်သွားပါပြီ။ ရွာသား ငါးယောက်ကတော့ မြေကြီး တူးနေလေရဲ့။ တိုင်လုံး ပတ်ပတ်လည်ပေါ့။ အကြံကတော့ မြေကြီးတူးပြီး တိုင်လုံးအောက်ကနေ ကလေးကို ဆွဲထုတ်မယ် ဆိုပဲဗျ။

ဝဝဝဝဝဝဝဝ xxx ဝဝဝဝဝဝဝဝ

စာဖတ်သူ ပြုံးစိစိနဲ့ ဖြစ်နေကြပြီထင်တယ်။ အရယ် မစောနဲ့ဦး။ ကိုယ့်ဘဝတစ်လျှောက်လုံး လုပ်ခဲ့သမျှ လုပ်ရပ်တွေ သေချာ ပြန်စဉ်းစားကြည့်ပါလား။ ကျနော်တို့ ဖက်တွယ်ထားတဲ့ အရာတွေအတွက် အိမ်တွေ ဖြိုခဲ့ဖူးလား။ တိုင်တွေ လှဲခဲ့လေသလား။ ကိုယ်ရပ်နေတဲ့ မြေကြီးကိုကော တူးဆွမိဖူးလား။ ကိုယ့်လက်ကိုကော ဖြတ်ပစ်ဖို့အထိ ဆုံးဖြတ်မိကြသေးလား။

သေချာတာကတော့ ပဲကြီးလှော်တစ်ဆုပ်အတွက် နှစ်ပေါင်း ၁၀၀၀ ကျော်ကြာ သွေးချွေးနဲ့ ဆောက်ခဲ့တဲ့ အိမ်ကြီးကို ကျွန်းတိုင်ကြီးတွေလည်း လှဲ၊ ကျောက်စီထားတဲ့ အမိုးတွေမှ မချန်၊ ကိုယ့်ကို ထောက်ကန်ပေးထားတဲ့ မြေကြီးကို အားမနာလျှာမကျိုး တူးဆွပစ်နေတဲ့ လူတစ်စုတော့ ရှိသဗျ။ အဲ သူတို့က သူကြီးတွေနော်။ သွားမလုပ်နဲ့ နှစ်လုံးပြူးစာ မိမယ်။ ;P

ဂျစ် ဂျစ် ဘူ

လမင်းလေးက မသာတသာနဲ့ ဆိုတော့ ညအမှောင်က သိပ်မပီပြင်ဘူး ဖြစ်နေတယ်လေ။ ခပ်မှုန်မှုန်လေးမှာ အလင်းလေး ဖျဖျနဲ့ လမ်းလျှောက်ရတာ အတော်ကောင်းပဲ။ ဒီအချိန်မှာပဲ ရွာက ကာလသားတွေ လူပျိုလှည့်ကြတယ်လေ။ ခေတ်အခေါ် စော်ထွက် ၀ိုက်တယ်ပေါ့ဗျာ။ ဒီလို ညမျိုးလေးကျတော့ သိပ်ကို Romantic ဆန်တယ်လေ။ ဒါကြောင့် လူပျိုတွေက ဒီလို အချိန်မျိုး ရွေးပြီး ရွာထဲက ကွမ်းတောင်ကိုင် မချောတွေဆီ အလည်သွားပြီ ပလီပလာ သွားလုပ်ကြတာပေါ့။ ခေတ်အခေါ် အီတယ်ပေါ့ဗျာ။ ကျနော်တို့ ရွာက လူပျိုကြီး ထွန်းဇော်က ရွာထိပ်က ကွမ်းတောင်ကိုင် အုန်းမြိုင်ဆီကို သွားဖို့ ပြင်ဆင်နေလေရဲ့။ ထွန်းဇော်က ရွာမှာ ရှက်တတ်တဲ့ နေရာမှာ နှစ်ယောက် မရှိဘူးလေ။ အုန်းမြိုင်ဆီကိုတောင် ငယ်သူငယ်ချင်းတွေမို့ သွားရဲတာ။ ဟိုတစ်ယောက်ကလည်း ငယ်သူငယ်ချင်းတွေလို လက်ခံ စကားပြောပေးတယ် ဆိုတော့ အရှက်ကွဲပြီး ပြန်လာစရာ အကြောင်း မရှိဘူးလေ။ ဒါပေမယ့် အလိုက်ကန်းဆိုး မသိတာ အတော် ခက်တယ်ဗျ။ သူက Shadow နဲ့ Base ကို နားမလည်းဘူးလေ။ အရိပ်အခြေ ကိုပြောတာ။
လူပျိုသိုးကြီး ဆိုတော့ ကြောက်ကလည်းကြောက်၊ ရှက်ကလည်းရှက်၊ အရေးထဲ ပြောမယ့်စာတွေကလည်း အလွတ်ကျက်ရသေးတယ် ဆိုတော့ လုပ်သမျှ အချွတ်အချော်တွေ ချည်းပဲလေ။

အုန်းမြိုင်ဆီ ရောက်တော့ ဟိုက ရွာဓလေ့ အကြမ်းအိုးလေးချ၊ ထန်းလျက်နဲ့ ပဲကြီးလှော်နဲ့ ဧည့်ခံတယ်လေ။ ထွန်းဇော်ကတော့ ပဲကြီးလှော်လေးဝါး၊ အာလူးဖုတ်ပေါ့။ အုန်းမြိုင်က ဆီးမီးလေးနဲ့ ဗိုင်းငင်ရင်း အင်းအဲ လိုက်လုပ်ပေးနေရတာပေါ့။ ဟိုကောင်ကလည်း ကျက်လာတဲ့ စာလေး မမေ့ခင် တရစပ် မနားတမ်း ပြောနေတော့တာ။ ဒါနဲ့ အချိန်ကလေး လင့်လာတော့ ပြန်စေချင်ပြီလေ။ အတော်လည်း မှောင်နေပြီလေ။ ဟိုကောင်ကလဲ အလိုက်ကန်းဆိုး မသိဘူး။ ပြန်ဖို့ စကားကျောင်းလည်း သူပြောချင်ရာပဲ ဆက်ပြောနေတော့တယ်။ ပြန်တော့လို့ ပြောရမှာလည်း အားနာတော့ မပြောချင်ဘူး။ အဲဒီလို ပြောနေရင်းနဲ့ပဲ နှစ်ခြံကျော်က ကြက်ဖက ထတွန်ပါလေရော။ ဒါနဲ့ အုန်းမြိုင်လည်း စကားဖျက်ပြီး မေးလိုက်တယ်။ ကြက်ဖတောင် တွန်ပြီ၊ ပြန်တော့ပေါ့။ ဒီလို နားလည်စေချင်တာလေ။ ဟိုက ဘာပြန်ဖြေလဲ ဆိုတော့ ….
ဟဲ့ … ထွန်းဇော်၊ အဲဒါ ဘာအသံလဲ။
အော် … ကြက်ဖတွန်တာလေ။
အယ် … ဘာကြက်လဲ မေးနေတာ။
ဒါလား။ စစ်တကောင်းကြက်လေ။
အချိန်ကို မေးနေတာ ဟဲ့။ အချိန်ကို။
အုန်းမြိုင်ရယ် တစ်ပိဿာခွဲလောက်တော့ ရှိမှာပေါ့။ ဒါနဲ့ … @#!%&^#*@!$ …
ဆိုပြီး သူပြောချင်တာ ဆက်ပြောနေတော့တာ။
ဒါနဲ့ အုန်းမြိုင်လည်း နှင်ထုတ်ရခက် ဖြစ်နေတယ်လေ။ အဲဒီအချိန်မှာ ထွန်းဇော်တစ်ယောက် ပဲကြီးလှော်တွေ အစားကောင်းတော့ ဗိုက်ထဲမှာ တစ်ဂွီဂွီနဲ့ အစွမ်း စပြပြီလေ။ လေလည်ချင်နေပြီ။ ရှင်းရှင်းပြောရရင် ချီးပေါက်ချင်တယ် ပေါ့ဗျာ။ ဒါပေမယ့် ကိုယ်ကြိုက်တဲ့ လူအနားမှာ ဘယ်လို မျက်နှာနဲ့ ထုတ်မလဲနော်။ ဒါနဲ့ အကြံထုတ်ရတော့တယ်။ ထွက်တော့မယ်လေ။ ထွန်းဇော်မျက်နှာက အဲဒီအချိန်မှာ ချီးမှန်တဲ့ မျက်နှာ မဟုတ်ဘူး။ ချီးတစ်တဲ့ မျက်နှာ ဖြစ်နေပြီ။ သူ အကြံရလိုက်တာက လေလည်တဲ့ အသံကို မကြားရအောင် နှောက်ယှက်မယ်ပေါ့။ ဒါနဲ့ သူက အကြောင်းမဲ့ လေသံကို နည်းနည်း မြှင့်လိုက်တယ်။ နောက်ပြီး အိမ်ကြမ်းပြင်ကြီးကို လက်သည်းနဲ့ ဂျစ်ဂျစ် ဆိုပြီး ခြစ်နေလေရဲ့။ ဟိုက မစပ်စုကလည်း ထူးခြားနေတော့ မသိမသာလေး အကဲခတ်နေတာပေါ့။ ဘာလို့ပါလိမ့်လို့လေ။ ထွန်းဇော်တစ်ယောက် သူရဲ့ လေကို ထိန်းထိန်းသိမ်းသိမ်းလေး လွှတ်ရတော့တာပေါ့။ တဂျစ်ဂျစ်နဲ့၊ တစ်ဖက်က တရှူးရှူးနဲ့ပေါ့။ ဒါပေမယ့် တစ်ချက်မှာတော့ သတိလက်လွှတ်နဲ့ ပစ်ထည့်လိုက်တာ။ ဂျစ် .. ဂျစ် .. ဘူ ဆိုပြီး ထွက်သွားလေရဲ့။ ဒီလောက် ပေါ်တင်ကျနေမှတော့ ဟိုက သိပြီလေ။ ဒါနဲ့ပဲ အုန်းမြိုင်က စိတ်မထိန်းနိုင်တော့ဘဲ တစ်ခစ်ခစ်နဲ့ ရယ်တော့တာပေါ့။
ဒါနဲ့ပဲ လူပျိုကြီး ရှက်လိုက်တာ ပြောမနေနဲ့တော့။ ချက်ချင်းကို ထပြီး ပြေးတော့တာလေ။ မျက်နှာကြီးကို နီရဲနေတာပဲ။ သူ့ချစ်သူရှေ့မှာမှ ထွက်ရက်တယ် အီးရယ် ဆိုပြီး စိတ်ထဲမှာ တစ်ငွေ့ငွေ့ အိမ်အောက် တန်းပြေးတော့တာ။ ဒါနဲ့ အုန်းမြိုင်လည်း အိမ်ရှင်ဆိုတော့ ဧည့်သည်ကို အ၀ထိ လိုက်ပို့ရမယ့် တာဝန် ရှိတယ်လေ။ ဆီမီးလေး ကိုင်ပြီး ထွက်လာတာပေါ့။ လှေကားအောက်မှာ ထွန်းဇော်တစ်ယောက် ဘာရှာနေမှန်း မသိဘူးလေ။ အင်း လရောင်မှောင်မှောင်ထဲမှာ တစ်ခုခု ရှာနေတယ်ပေါ့။ အမှန်က ဘိနပ်ရှာနေတာလေ။ ဒါနဲ့ အုန်းမြိုင်လည်း `ဘာရှာနေတာလဲ၊ ရော့ … ဆီမီးနဲ့ ရှာ´ ဆိုပြီး ဆီမီး လှမ်းပေးလိုက်တယ်။ ဟိုကောင် ထွန်းဇော်က မျက်နှာတွေပူ၊ ခုနက အဖြစ်အပျက်ကို ပြန်ပြန်တွေးပြီး မျက်နှာတောင် တည့်တည့်မကြည့်ရဲဘူး။ မျက်နှာကို မကြည့်ဘဲ လှမ်းဖြေလိုက်တယ်လေ။ သူ့အဖြေကိုလည်း ကြားလိုက်ရော အုန်းမြိုင်တစ်ယောက် မထိန်းနိုင်တော့ဘဲ ဟားတိုက်ပြီး ရယ်ပစ်လိုက်တာ ဘိနပ်တောင် မပါဘဲ ပြေးလိုက်တာ တန်းနေတာပဲလေ။
သူဖြေလိုက်တာက `အီး တစ်ဖက် ပျောက်နေလို့´ တဲ့။

ရှေးရှေးက ဟာသလေး တစ်ခုကို အခြေခံပြီး ပြန်လည် ရေးဖွဲ့ထားတာပါ။ ၀င်းဦး (ဦး) သီချင်းထဲမှာတောင် ပါတယ်လို့ ပြောကြပါတယ်။


ဘာကြောက်သလဲ တဲ့။

အခုတစ်လော ဘလော့ဂ်တွေမှာ ကြောက်နေလိုက်ကြတာ အကောင်တွေ။ ထူးထူးဆန်းဆန်း မေပျိုကတော့ လူကြောက်သတဲ့။ အင်း ညီမရယ် လူဆိုတာ ၀ါးမစားတတ်ပါဘူးကွယ်၊ ၀ါးပဲ ချတတ်တာပါ။ သူတို့ ကြောက်တာကြည့်ပြီး ကိုယ်တောင် ဘာကြောက်လို ကြောက်ရမှန်း မသိတော့ဘူး။

ငယ်ငယ်ကနေ စပြောမယ်။ ငယ်ငယ်က သက်ရှိထဲမှာ အကြောက်ဆုံးကတော့ အမေပဲ။ ကလေးအတော် များများကတော့ ဒုတ်ကြောက်တယ်ဗျ။ ကျနော်ကတော့ မကြောက်ပေါင်။ အမေက ကျနော်တို့ကို ဒုတ်နဲ့ သိပ်မရိုက်ဘူး။ သူ့သားသမီးတွေ အနာတရ ဖြစ်သွားမှာ စိုးရိမ်ရှာ သပေါ့ဗျာ။ အဲ ဒါပေမယ့် ကျနော်က အမေ့ကိုတော့ ကြောက်ရတယ်ဗျ။ ကျနော်က ကန်လန်ကဆန် သိပ်လုပ်တတ်တာ ဆိုတော့ အမေက သူ့နားဘေးကနေ ကျနော့်ကို တစ်ဖ၀ါးမှ မခွာစေရဘူးလေ။ အဲဒီလို ချစ်တာ။ ကျနော် စကားနား မထောင်ရင် ဒုတ်နဲ့ ရိုက်တာ သူနာကိုယ်နာလေ။ Lose-Lose Situation ပေါ့။ နောက်ပြီး အိနြေ္ဒပျက်တယ်လေ။ ဒါကြောင့် အမေက စိတ်ဆိုးရင် ထိပ်ထိုးတယ် ဆိုသလိုပဲ အပ်နဲ့ ထိုးတယ်ဗျ။ ငယ်ငယ်က အိမ်မှာ အင်္ကျီ ချုပ်တော့ အပ်က တယ်ပေါသကိုး။ ဖွက်လို့ကို မနိုင်ဘူး။
နောက်တစ်ခုက ဖျာ။ အတော် ထူးဆန်းနေမယ်နော်။ အင်းးးးး ဒါကလည်း အကြောင်းရှိသကိုး။ တစ်ခုသော ညမှာပေါ့ဗျာ …..။ ကျနော် အတော် ငယ်ပါသေးတယ်။ ဘယ်လောက် ငယ်လဲဆို ကိုယ့်ဖာသာကိုယ်တောင် မမြင်ရဘူး။ အဲ … ဟုတ်ဘူး။ နောက်တာနော်။ ည အိပ်တော့မယ် ဆိုပြီး အိမ်ပေါ် တက်အလာ အိပ်ခန်းထဲမှာ တအီးအီး တအားအား၊ တ၀ူးဝူး တ၀ါးဝါးနဲ့ အော်နေသံ ကြားရတော့ သွားကြည့်တယ်။ ဖျာလိပ်ကြီးက ကြမ်းပြင်ပေါ် လှိမ့်လို့လေ။ ၀ူးဝူးဝါးဝါးနဲ့ အော်နေလိုက်တာ။ ဒါနဲ့ ဘယ်ရမလဲ အားကနဲ အော်ပြီး တန်းပြေးတာပေါ့။ အဲဒီညက အပေါ်မှာ မအိပ်တော့ဘူး။ အမေနဲ့ပဲ အတူအိပ်တော့တယ်။ ကံကဆိုးချင်တော့ အဲဒီညပဲ အိပ်မက်ထဲမှာ အိမ်ပေါ်အတက် ဖျာလိပ်ကြီးလိုက်လို့ ပြေးရတာ ဖက်ဖက်ကိုမောလို့။ အိမ်အပေါ်ထပ် တက်တဲ့လှေကား ထိပ်မှာ အမြဲတမ်း ဖျာကိုလိပ်ပြီး ထောင်ထားတတ်တယ်။ အဲဒီညကစပြီး ညဆို တစ်ယောက်တည်း အပေါ် မတက်တော့ဘူးလေ။ အတော် ကြီးတဲ့ အထိပဲ။ နောက်မှ သိရတာက အကိုလေ၊ အဲဒီညက ဘယ်လို အိပ်လဲမသိဘူး။ အောက်မှာခင်းထားတဲ့ ဖျာနဲ့ လူနဲ့ ပတ်ပြီး လုံးချာလည် ရိုက်နေတာတဲ့။ မဟာသူရဲကောင်းနဲ့ တွေ့တော့ သူ့ခမျာ တစ်ညလုံး မွန်းနေရှာသတဲ့။ ဒီက လှည့်တောင် မကြည့်ဘူး တချိုးတည်း လစ်ပြေးတာပဲလေ။

အသက်ကလေးရလာတော့ (အဘိုးကြီးလေသံဖြင့်) ဘာမှ မကြောက်တတ်တော့ သလိုပါပဲ။
၂၀၀၀ ခုနစ်က သူငယ်ချင်းတစ်ယောက် ခွေးကိုက်လို့ ရူးပြီးသေတယ်လေ။ ခွေးရူးရောဂါ ပြောတာပါ။ သူသေသွားတော့ ခွေးဆို အတော်မုန်းသွားတယ်။ ရှင်းရှင်းပြောရရင် သောက်မြင်ကပ်တယ် ပေါ့ဗျာ။ ငယ်ငယ်ကတည်းက ခွေးဆို မကြောက်ပါဘူး။ ဒါပေမယ့် …. ။ တစ်နေ့ အပြင်သွားတော့ အံမယ် ခွေးတစ်ကောင် ဘာမဆိုင် ညာမဆိုင် ကိုယ့်လာပြီး မာန်ဖီနေတယ်။ တဂီဂီနဲ့ပေါ့။ ဒါနဲ့ ကျနော်လည်း သွားကြီးဖြဲပြီး ပြန်ပြီး ဂီးဂီးလုပ်ပစ်လိုက်တယ်။ သူနဲ့ ငါးမိနစ်လောက် ပြိုင်ဂီနေတာ။ အတော်ကြာတော့ သူက အီကနဲ့ အဂီရပ်သွားတယ်။ ကျနော်က အလယ် ဒီကောင် ငါ့ကြောက်လို့ ရပ်သွားပြီပေါ့။ အဲဒီကောင် ကျနော်ကို သေချာစိုက်ကြည့်တယ်။ ဒီသူတောင်းစား လေးဘက်မသွားဘဲ စတိုင်ထုတ်ပြီး မတ်တပ်သွားနေတယ် လို့များ စဉ်းစားနေလား မသိဘူး။ ခဏကြာတော့ သားရေ တများများနဲ့ လိုက်ဆွဲလို့ ပြေးလိုက်ရတာ တန်းနေတာပဲ။ သူငယ်ချင်း ခွေးရူးရောဂါနဲ့ သေတော့ ဆရာဝန်က ကျနော့်ကိုလည်း ကာကွယ်ဆေး ထိုးပေးတယ်လေ။ ပြီးတော့ ဆရာဝန်က အားပေးစကားပြောတယ်။ ငါကောင် မင်း သူတို့နဲ့ ပြိုင်ကိုက်လို့တောင် ရပြီ တဲ့။
သူငယ်ချင်း တစ်ယောက်အကြောင်း ပြောပြမယ်။ တစ်နေ့ သူငယ်ချင်းတွေ အတူတူ အပြင်က ပြန်လာပြီး သူ့အိမ်ပေါ်မှာ ခဏနားကြတယ်။ သူက အိမ်သာသွားတက်တယ်။ ခဏကြာတော့ ၀ုန်းဒိုင်း အား …. ဆိုပြီး အသံဗြဲကြီးနဲ့ ပြေးထွက်လာတယ်။ တန်းလန်းကြီး ပြေးလာတာ။ အင်း ရှုးပေါက်ရင်း တန်းလန်းပြောတာ။ အာ ရှုပ်ကုန်ပါပြီ။ တန်းလန်းပေါ့ဗျာ အဲဒီလိုပဲ မှတ်လိုက်။ အဲဒီလိုနဲ့ အိမ်ထဲ ပတ်ပြေးနေတာ။ ဟဲ့ကောင် မင်းလက်နက်တွေလည်း သိမ်းထားပါကွာ ဘာဖြစ်လို့တုန်းလို့ မေးကြည့်တော့ အိမ်သာတက်ရင်း ပိုးဟပ်တက် ကပ်လို့တဲ့ဗျား။ ပိုးဟပ်ကြောက်သူများ သတိထားကြနော်။
နောက်တစ်ယောက်ကတော့ နည်းနည်းဆန်းတယ်။ သူကကျ အိမ်သာထဲမှာတင် မေ့ရော။ အိမ်သာဖျက်ဝင်ပြီး ကယ်ရတယ်။ အိမ်သာတက်ရင်း သူ့ဖင်ကို လက်အေးကြီးနဲ့ လာကိုင်လို့တဲ့။ မေ့သွားတာ။ သူ့ကို သေချာကြည့်လိုက်မှ ဖင်မှာ ရေစိုနေတဲ့ တစ်သျှားစက္ကူကြီး ကပ်လို့နေ။ သရဲကြောက်တတ်ရင် သတိထားကြနော် … ။
အင်းးး နောက်တစ်ယောက်က မျော့ ကြောက်သဗျ။ ကြောက်ဆို ကြောက်စရာပဲကိုး။ ကိုယ်သာ ဆိုလည်း မတွေးဝံ့စရာပါ။ ဒဂုံတက္ကသိုလ်မှာ ပေါ့ဗျာ။ သူက အတန်းမရှိတုန်း သူငယ်ချင်းတွေနဲ့ ဟိုး လယ်ကွင်းထဲက ရေအိုင်ထဲမှာ ရေသွားကူးကြတယ်လေ။ ကျွဲလူးအိုင်ပေါ့။ တစ်ယောက်က ချန်နေခဲ့ပြီး ကျန်တဲ့လူတွေ အကုန်ကူးကြတယ်။ ကျန်တဲ့ တစ်ယောက်က အဲဒီ အင်္ကျီ၊ ပုဆိုးတွေ ပိုက်ပြီး စောင့်ပေးပေါ့။ ဒါနဲ့ ကူးရင်းကူးရင်း မဲမဲအုပ်ကြီးရောက်လာတယ်။ အပေါ်ကကောင်က မြင်တော့ ဘာကြီးလဲဆိုပြီး ကြည့်လိုက်တာ မျော့လည်းမြင်ရော ပိုက်ထားတဲ့ အ၀တ်အစားကိုတောင် မချအားတော့ဘူး တချိုးတည်း ပြေးတာတန်းနေတာပဲ။ အောက်မှာ ကျန်ခဲ့တဲ့ ကောင်တွေက ရေထဲမှာက မျော့တွေ ကုန်းပေါ်တက်ရအောင် ကလည်း တုံးလုံးကြီး။ ဒုက္ခနဲ့ လှလှ တွေ့ကြတာပေါ့။ အဲဒီ အထဲမှာ ကံအဆိုးဆုံး အကောင်ဆီကို မျော့ဝင်သွားသတဲ့။ ဘယ်ထဲလဲ သိလား။ အဟိ အရှင်းဆုံး ပြောရရင် ဖင်ထဲကို။ တော်သေးတယ်။ အ၀မှာတင် တစ်လစ်တစ်လစ်နဲ့ ကပ်နေလို့။ အတော် ဆွဲထုတ်လိုက်ကြ ရတယ်။ ကဲ ဘယ်လောက် ခံစားလိုက်ရမလဲ။ ကြောက်လဲ ကြောက်လောက်ပါပေတယ်။ ကဲ ဒဂုံတက္ကသိုလ်က ကျောင်းသားကျောင်းသူများ သတိနော်။ (ဒါ ညီငယ်တစ်ယောက်ရဲ့ ကိုယ်တွေ့ပါ)

အင်း သူများအကြောင်း လျှောက်ပြောရတာ ခံတွင်းတွေ့ပါ့။ ကိုယ့် အကြောင်းကျ ဘာပြောရမှန်း မသိဘူး။ အမှန်ကို ဘာမှ မကြောက်တာပါ။ မကြောက်ပေမယ့် သတိရှိရှိနဲ့ နေရတဲ့ သတ္တ၀ါတချို့တော့ ရှိတယ်။ မိန်းမလှလေးတွေလေ။ အဟဲ။ သူတို့ကျတော့ ကြောက်၊ ချစ်၊ ရိုသေပေါ့ဗျာ။
သတ္တ၀ါထဲကတော့ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ အကြောက်ဆုံး အရာ တစ်ခုတော့ ရှိတယ်။ သူငယ်ချင်းတွေ အားလုံးနဲ့ အဆက်အသွယ် ပျက်သွားမှာကိုပါ။ အားလုံးရဲ့ အဝေးမှာ မနေနိုင်ပါဘူး။ ဒါကတော့ အကြောက်ဆုံးပါပဲ။

ကဲ Rosy (နှင်းဆီနီနီ) ရေ ကျေနပ်လောက်ရောပေါ့။ လက်ကလေးနဲ့ (Gtalk မှ) မေးမေးနေတဲ့ မေပျို့ကိုပါ ဖြေပေးလိုက်တယ်နော်။