မိမိကိုယ်ကို အလွဲသုံးစားလုပ်ခြင်း

ကျွန်တော်တို့တတွေဟာ ဘဝဆိုတာကို စတင်ပိုင်ဆိုင်ရကတည်းက နောက်ဆုံး စွန့်လွှတ်ရတဲ့အချိန်အထိ စက္ကန့်မပြတ် အလုပ်တွေ လုပ်နေကြရတယ်။ အလုပ်တွေ၊ အလုပ်တွေ။ စက္ကန့်တိုင်း ပြတ်တယ်ရယ်လို့ တကယ်ကို မရှိခဲ့ပါဘူး။ သေချာပြန်စဉ်းစားကြည့်တော့ ဘဝတစ်ခုရဲ့ အစအဦးဆုံး လုပ်ခဲ့ရတဲ့အလုပ် ဘာဖြစ်မလဲ။ ဘဝတစ်ခုဆိုတာ မိခင်ဝမ်းတွင်းကနေ အပြင်ရောက်တဲ့ အချိန်ကို စ ရေမယ်ပေါ့ဗျာ။ ကျွန်တော်တို့ ပထမဆုံး ဘာလုပ်ခဲ့သလဲ။ ကိုယ်ကိုယ်တိုင် ပထမဆုံး စလုပ်တဲ့ အလုပ်ကတော့ အသက်ရှူခြင်းပဲ ဖြစ်မယ်ထင်တယ်။ ဒါဆို ဘဝရဲ့ နိဂုံး နောက်ဆုံးမှာကော ဘာနဲ့ အဆုံးသတ်ကြမလဲ။ ဒါလည်း အသက်ရှူခြင်းပဲ ဖြစ်လိမ့်မယ်။ ဒါဆို အသက်ရှူတာနဲ့ စပြီး အသက်ရှူတာနဲ့ပဲ အဆုံးသတ်ရမယ့် ကျွန်တော်ဘဝတို့ရဲ့ ကြားကာလတွေမှာ အသက်ရှူကြရမှာတော့ တူညီနေကြပေမယ့်၊ အသက်ရှူရင်း ဘာတွေလုပ်ကြသလဲ ဆိုတာက အဲဒီလူကို အသက်ရှူချောင်အောင် လုပ်ပေးနိုင်သလို၊ အသက်ရှူကြပ်သွားအောင်လည်း လုပ်ပစ်လိုက်နိုင်တယ်။ ကျွန်တော်တို့ ဘာတွေ လုပ်ခဲ့ကြသလဲ။
ကျွန်တော်တို့တွေဟာ ပတ်ဝန်းကျင်ဆိုတဲ့ အသိုင်းအဝိုင်းကြားမှာ ရှင်သန်ကြီးထွားရတော့ အဲဒီ ပြဋ္ဌာန်းချက်ကြီးက ကျွန်တော်တို့ရဲ့ ဘဝကို ပုံသွင်းလာခဲ့တယ်။ တချို့ကတော့ ပုံပျက်သွားပြီး တချို့ကတော့ အရောင်တက်လာတယ်။ တကယ်တမ်းတော့ ပြဋ္ဌာန်းချက်ဆိုတာ ကန့်သတ်ချက်ပါပဲ။ Condition ပေါ့။ အဲဒီ ကန့်သတ်ချက်တွေနဲ့ အသားကျသွားတဲ့ လူတွေကတော့ အဲဒီကန့်သတ်ချက်တွေကိုက သူတို့ဘဝရဲ့ ရွှေစည်းမျဉ်း ဖြစ်လာတယ်။ ဘဝပေး ကန့်သတ်ချက်တွေကို လက်မခံနိုင်တဲ့ လူတွေကတော့ ပိုပြီး အဆင်ပြေနိုင်မယ့် ကန့်သတ်ချက်တစ်ခုကို ရှာဖွေကြတယ်။ မတူညီတဲ့ ကန့်သတ်ချက်နဲ့ ကန့်သတ်ချက်အပေါ်ထားတဲ့ မတူညီတဲ့ နားလည်မှုတွေကြောင့် လူတစ်ယောက်နဲ့တစ်ယောက် ကွဲပြားကုန်ကြတယ်လို့ ယူဆမိတယ်။ အဲဒီ ကန့်သတ်ချက်တွေထဲမှာ လူတွေကို အလွှမ်းမိုးနိုင်ဆုံး (ပုံအသွင်းနိုင်ဆုံး နဲ့ အယုံအသွင်းနိုင်ဆုံး) ကန့်သတ်ချက်ဟာ ဘာသာရေးပဲ ဖြစ်လိမ့်မယ် ထင်တယ်။
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေဟာ အယူသီးတဲ့ လူမျိုးတွေ မဟုတ်ကြပေမယ့် အတ္တကြီးတဲ့ လူမျိုးတွေ ဖြစ်နေကြတာတော့ ဝမ်းနည်းစရာပါ။ တကယ်တမ်းတော့ အယူသီးတာနဲ့ အတ္တကြီးတာရဲ့ ရလဒ်ဆိုးကျိုးတွေဟာ သိပ်တော့ မကွာခြားပါဘူး။ လူအများကို ထိခိုက်စေနိုင်တာချည်းပဲ။ အတ္တကြီးတဲ့လူမျိုးလို့ ပြောလို့ မနာလိုက်ပါနဲ့။ ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ။ ဗုဒ္ဓဘာသာဝင်တွေ ကိုယ့်ဖာသာကိုယ် ဖြေကြည့်ပါ။ ကျွန်တော်တို့၊ ခင်ဗျားတို့ အလှူတစ်ခုလုပ်တယ်။ အဲဒီအလှူဟာ ဘယ်သူ့အတွက် လုပ်ပါသလဲ။ ဘယ်သူအရင်ရဖို့ လုပ်ပါသလဲ။ ကိုယ် ကုသိုလ်ရဖို့က အရင်လုပ်ကြတာ များပါတယ်။ ကိုယ့်ရဲ့ နောက်ဘဝ ကောင်းစားဖို့ လုပ်ကြတာ များပါတယ်။ ကိုယ့်ရဲ့ မိသားစု၊ ကိုယ့်ရဲ့ ဆွေမျိုး၊ စသဖြင့်ပေါ့။ အစာရေစာ ရှားပါးတဲ့လူတွေကို လှူတဲ့လူနဲ့ ဘုရားစေတီမှာ လှူတဲ့လူ ဘယ်ဒင်းက များသလဲ။ ဘာလို့ များသလဲ။ ရှင်းပါတယ်ဗျာ။ ဘုရားစေတီမှာ ကိုယ်ရဲ့ နောက်ဘဝကောင်းစားဖို့ လှူနေကြတာကတော့ တစ်ပုံတစ်ပင်ပဲ။ အများစုက ယူချင်လို့ ပေးနေကြတယ်။ ပေးချင်လို့ ပေးနေတယ်ဆိုတဲ့ စိတ်ဓါတ်မျိုး ဘာဖြစ်လို့ မမွေးနိုင်ကြသလဲ။ ကျွန်တော် အဲဒီမေးခွန်းကို တော်တော်ကြီး စဉ်းစားဖြစ်တယ်။
ဗုဒ္ဓဘာသာဝင်ဖြစ်တဲ့ ကျွန်တော်တို့အတွက် ကန့်သတ်ချက်ကောင်းတွေ အများကြီး ပိုင်ဆိုင်ထားပါတယ်။ အဲဒီ အခြေအနေကောင်းတွေကို သိအောင် ကြိုးစားစေချင်တယ်။ သိမှ မြင်နိုင်မယ်။ သိမြင်မှ တန်ဖိုးထားမယ်။ တန်ဖိုးထားမှ လုပ်မယ်။ အဲဒီလို အလုပ်မျိုးမှ တန်ဖိုးရှိနိုင်တယ်။ အခု လူအများစုက လုပ်တော့ လုပ်ပါတယ်။ ဒါပေမယ့် ဂဃနဏ မသိဘူး။ ဒီတော့ လုပ်သမျှက တန်ဖိုးမရှိတဲ့ အလုပ်တွေ ဖြစ်နေတယ်။ ရလဒ်အနေနဲ့ကတော့ ရှိမှာပေါ့။ တန်ဖိုးရှိတဲ့ ရလဒ်တစ်ခု ဖြစ်မလာဘူး။ ရလဒ်အပေါ် တန်ဖိုးမထားနိုင်ရင် အဲဒီအလုပ်ကိုလုပ်တဲ့ ကိုယ့်ကိုယ်ကိုကော တန်ဖိုးထားနိုင်ပါဦးမလား။ ဘာသာရေးဆိုတာ ကျွန်တော်တို့အတွက် ကိုးကွယ်ရာပါ။ “ကိုး” ဆိုတာ ယုံကြည်ကိုးစားဖို့နဲ့ “ကွယ်” ဆိုတာက အကာအကွယ်ပါ။ ကျွန်တော်တို့ ကိုးကွယ်တဲ့ ဘာသာဟာ ကျွန်တော်တို့ ယုံကြည်ကိုးစားနိုင်တဲ့ ဘာသာတစ်ခု ဖြစ်ရမယ့်အပြင် ဘဝဒုက္ခကနေ အကာအကွယ်ပေးနိုင်တဲ့ ဘာသာတစ်ခုလည်း ဖြစ်ရမယ်။ ကိုယ်လိုချင်သလို “ကိုး” ကားပြီး ကိုယ့်ကို “ကွယ်” ဖုံးနေမယ့် ဘာသာရေးမျိုးတော့ မဖြစ်သင့်ပါဘူး။ မဖြစ်စေချင်ဘူး။ အဲဒီလိုဆိုရင် ကိုယ့်ကိုယ်ကို အလွဲသုံးစား လုပ်နေတာနဲ့ အတူတူပဲပေါ့။

ကပ်ပါပေ့ မြို့စားရယ် (၅)

အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွန်ုပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွန်ုပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ နားရှိပေမယ့်လည်း မကြားနိုင်တော့။ နှာခေါင်း ရှိပေမယ့်လည်း မနံနိုင်တော့။ ဒီ သာဓကကို ထောက်ချင့်ကြည့်ရင်ပဲ ကျွန်ုပ်ဝါဒဟာ ခိုင်မြဲနေပါလျက် ဘာကြောင့်မို့ ဒီဝါဒကို အကျွန်ုပ် လက်လွှတ်နိုင်ပါ့မလဲ။

အရှင်ကုမာရကဿပ အနေနဲ့ အဲဒီ သာဓကကို ခရုသင်းမှုတ်တဲ့ ယောက်ျားဥပမာနဲ့ ဖြေရှင်းလိုက်ပါတယ်။

အို .. ဒကာတော်၊ ရှေးက ခရုသင်း အမှုတ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ဟာ တောရွာတစ်ရွာဆီ ရောက်သွားတယ်။ အဲဒီ ယောက်ျားဟာ ရွာလည်ခေါင်ကနေ ခရုသင်း မှုတ်လိုက်တယ်။ သာယာတဲ့အသံဟာ ရွာကို လွှမ်းပြီး ထွက်လာတယ်။ အဲဒီအခါ တစ်ရွာလုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားတယ်။ ဘာသံပါလိမ့်၊ တယ်လည်း သာယာလှတာပါလား ဆိုပြီး အဲဒီ ယောက်ျားဆီ ချဉ်းကပ်ပြီး မေးမြန်ကြကုန်တယ်။ ဒီတော့ အဲဒီယောက်ျားကလည်း မချွင်းမချန် အမှန်အတိုင်း ပြောပြလေတယ်။ အဆွေတို့၊ ဒီအရာကို ခရုသင်းလို့ ခေါ်ပါတယ်။ အသင်တို့ စွဲမက်မပြေအောင် ကြားလိုက်ရတဲ့ အသံဟာ ဒီခရုသင်းရဲ့ အသံ ဖြစ်ပါတယ် လို့ ရိုးရိုးသားသား ဖြေကြားတယ်။

အဲဒီအခါမှာတော့ ရွာသားတွေဟာ လုလင်လက်ကနေ ခရုသင်းကို ယူလိုက်ပြီး မြေကြီးပေါ် ချလိုက်တယ်။ နောက် ဟဲ့ ခရုသင်း၊ မြည်စမ်းဟ၊ မြည်လေကွာ လို့ ခရုသင်းကို ပုတ်ပြီး ခိုင်းကြတော့တယ်။ ခရုသင်းကတော့ မမြည်။ နောက်ထပ် ခရုသင်းကို ဘေးစောင်းထားပြီး တစ်မျိုး၊ မှောက်လျက်ထားပြီး တစ်ဖုံ၊ ထောက်လျက်ထားပြီး တစ်ခါ၊ ဇောက်ထိုးထားပြီး တစ်လှည့် ပုံစံအမျိုးမျိုးပြောင်းပြီး ခရုသင်း မြည်လေ၊ မြည်လေ လို့ တစ်ယောက်တစ်ပေါက် ဝိုင်းအုံ အမြည်ခိုင်းပေမယ့် ခရုသင်းကတော့ တုတ်တုတ်မျှ မလှုပ်။

ဖြစ်ရပ်အားလုံးကို မျက်စိဒေါက်ထောက် ကြည့်နေမိတော့ လုလင်ယောက်ျားက ဒီလို တွေးလိုက်မိတယ်။ အော် အတော်လည်း နုံအတဲ့၊ မိုက်မဲလှတဲ့ တော်သားတွေပါလား လို့ တွေးလိုက်မိပြီး ခရုသင်းကို ကောက်ယူကာ ရွာကနေ ထွက်သွားပါတော့တယ်။ တကယ်တမ်း ခရုသင်းဆိုတာ မှုတ်တဲ့သူ၊ မှုတ်ခြင်းလုံ့လ နဲ့ လေ ဒီသုံးမျိုး ဆက်စပ်မိမှ အသံဆိုတာ ဖြစ်နိုင်တာကိုး။

ဒကာတော်၊ ဒီလိုပါပဲ။ ကိုယ်ကာယဟာ အသက်ဇီဝှိန်နဲ့ ထိတွေ့ပေါင်းဆုံမိတဲ့ အခါမှ လှုပ်ရှားလာပြီး အရှေ့ဆီလည်း တက်တယ်။ အနောက်ဆီလည်း ဆုတ်တယ်။ ရပ်လည်း ရပ်တယ်။ ထိုင်လည်း ထိုင်တယ်။ အိပ်လည်း အိပ်တယ်။ မျက်စိနဲ့လည်း အဆင်းကို မြင်တယ်။ နားနဲ့လည်း အသံကို ကြားတယ်။ နှာခေါင်းနဲ့လည်း အနံ့ကို နံတယ်။ လျှာနဲ့လည်း အရသာကို ရတယ်။ ကိုယ်နဲ့လည်း အတွေ့ကို ထိသိတယ်။ စိတ်နဲ့လည်း အတွေး ရောက်တယ်။ အသက်ဇီဝှိန်နဲ့ ကင်းကွာသွားရင်ဖြင့် မတက်၊ မဆုတ်၊ မရပ်၊ မထိုင်၊ မအိပ်၊ မမြင်၊ မကြား၊ မနံ၊ မသိ ဖြစ်ကုန်တော့မှာပေါ့။

အို .. ဒကာတော်၊ ဒီဥပမာကို ထောက်ဆပြီး သင်ရဲ့ ဝါဒခံယူချက်ကို လက်လွှတ်ပြီး တမလွန်လောကဆိုတာ ရှိတယ် ဆိုတဲ့ အမှန်ဝါဒသစ်ကို လက်ခံလိုက်ပါတော့လား။

မမောမပန်းနိုင်၊ မငြီးမငြူနဲ့ မကျွတ်ကျွတ်အောင် ချွေချွတ်ဖို့ ကြိုးစားနေတဲ့ အရှင်သူမြတ်အပေါ် လေးစားရိုး အခံ ရှိပါလျက်နဲ့ ဇွတ်ပေတေပြီး အယူဝါဒဟောင်းကို လက်မလွှတ်နိုင် ဖြစ်နေပါတယ်။ ပါယာသိမြို့စားကြီးက အရှင်သူမြတ်ကို အမူအရာအနေနဲ့ အလေးအနက် ပြုပေမယ့် အယူဝါဒပိုင်းမှာတော့ တစ်ပြားသားမှ မလျှော့။ သူ အဖန်ဖန် သက်သေထူခဲ့တဲ့ အယူဝါဒဟောင်းရဲ့ သက်သေပြချက် ဥပမာတွေကို မမောနိုင် မပန်းနိုင် တစ်ခုပြီး တစ်ခု ထုတ်အန် နေပါတော့တယ်။

တံခါးခေါက်သံများ (၇)

လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ သူကလည်း ဖုန်းမဆက်၊ ကျနော်ကလည်း အသံကြားရင် ပိုဆိုးနေလိမ့်မယ်ဆိုပြီး အစိမ်းဖြတ် ဖြတ်ထားလိုက်တယ်။ ကြာတော့လည်း မေ့သွားတာပေါ့။ ၈လ ဆိုတဲ့ အချိန်က ကောင်းကောင်း ကုစားနိုင်ခဲ့လို့ ပျော်နေခဲ့မိတာ အမှန်ပါ။ အဲဒီလို ကြိတ်ပျော်ခဲ့တဲ့ အပျော်တွေက တစ်နေ့နေ့မှာ “နောင်တ” အသွင် ပြောင်းသွားလိမ့်မယ်လို့ ဘယ်သိခဲ့မှာတုန်း။

စာဖတ်သူအနေနဲ့ ရုပ်ရှင်ထဲမှာ မြင်ဖူးမယ်ထင်တယ်။ လင်လုပ်တဲ့သူ တစ်ခုခု ဖြစ်ရင် ဇနီးသည်က အင်္ကျီချုပ်ရင်း အပ်စူးတဲ့ အခန်းကို ကြည့်ဖူးကြမယ်ထင်တယ်။ ဒါမှမဟုတ် သန့်ရှင်းရေး လုပ်ရင်းနဲ့ အနီးနားမှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို တိုက်မိပြီး ပြုတ်ကျ ကွဲတာကို ရိုက်ပြတတ်တယ်။ အဲဒီလို သက်ဆိုင်ရာ လူတစ်ယောက်ယောက်ကို ပုံစံတစ်မျိုးမျိုးနဲ့ အသိပေးတတ်တာ ကြုံဖူးကြမလား မသိဘူး။ သိပ္ပံပညာအရ အဓိပ္ပာယ် ရှိကောင်းမှ ရှိမှာပေါ့လေ။ ဒါကြောင့်လည်း တချို့က မယုံချင်ကြဘူး။ ကိုယ်တိုင် ကြုံမတွေ့ရတော့လည်း ယုံရခက်သားပါ။ တစ်ယောက်ယောက်က လှမ်းပြီး နှိုးဆော် အသိပေးသလို ဖြစ်နေတာကိုး။ ကျနော်ကိုတော့ ဘယ်သူကမှ လာပြီး မနှိုးဆော်ပါဘူး။ ဒါပေမယ့် အဲဒီလို အလားတူ ထူးဆန်းတဲ့ ဖြစ်ရပ်နဲ့ လာကြုံရတယ်။

ကျနော် မုံရွာ စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကမ္ဘာ့ဖလား ဘော်လုံးပွဲကို ကြည့်ချင်တာနဲ့ ကျောင်းလစ်ပြီး မန္တလေးမှာ ရောက်နေတဲ့ အချိန်ပါပဲ။ ရက်စွဲ အတိအကျနဲ့ဆိုရင် ဘော်လုံးပွဲ အပြီး နှစ်ရက် အကြာ ၂ သြဂုတ် ၂၀၀၂ ခုနစ်။ နေ့ခင်းပိုင်းအချိန်မှာ ဖုန်းတစ်ကော ဝင်လာတယ်။ ခေါ်လာတဲ့ သူက ကျနော် နှမပါ။ အဖေ၊ အမေနဲ့ ဖုန်းပြောပြီး ကျနော်နဲ့ ပြောချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်။ ကျနော် ဖုန်းသွားကိုင်တော့ သူက ထူးထူးဆန်းဆန်း မေးခွန်း တစ်ခု မေးလာတယ်။ “အကို အိစုလှိုင် ကို သိလား” တဲ့။ ကျနော် အူကြောင်ကြောင် ဖြစ်သွားတယ်။ သူ ဘယ်လိုလုပ် အဲဒီ နာမည် သိသလဲပေါ့။ “အင်း သိတယ်လေ၊ ဘာဖြစ်လို့တုန်း” လို့ ပြန်ပြောလိုက်တော့ “အကို့ သူငယ်ချင်းလား” တဲ့ ကျနော့်ကို ပြန်မေးတယ်။ “အေး” လို့ပဲ ပြန်ဖြေရတော့တာပေါ့။ ဒီဇာတ်လမ်းကို ကျနော့် နှမ မသိတာတော့ သေချာတယ်။ တခြားလူတစ်ယောက်က အိစုလှိုင် ဆိုတဲ့ နာမည်ကို ခေါ်တာ ကျနော် နားထဲမှာ ပြန်ကြားရတာ တစ်နှစ်လောက်အတွင်းမှာ ဒါ ပထမဆုံး အကြိမ်ပါ။ အဲဒီလို နာမည်ခေါ်တာ ပြန်ကြားရတော့ အတော်တောင် ပြန်လွမ်းသွားသလိုပဲ။ လွမ်းဆိုလည်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူ့ကို အတော်လေးကို သတိရနေမိတာ။ အော် ရှစ်လတောင် ရှိသွားပါပေါ့လား ဆိုပြီးတောင် ကြိမ်းဝါးနေခဲ့မိသေးတယ်။

အေး လို့ ပြန်ထူးလိုက်တော့ ကျနော့် နှမက အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး “အကို့ သူငယ်ချင်း ဆုံးပြီလို့ ကြားတယ်” လို့ မရဲတရဲ လှမ်းပြောလိုက်တယ်။ ကျနော် ပါးစပ်က “ဟေ” ဆိုတဲ့ စကားလုံးတစ်လုံးက လွဲပြီး ဘာမှ ထွက်ကျမလာတော့။ ကိုယ့်ကိုယ်ကို သတိပြန်ဝင်လာတော့ သေချာ ပြန်စဉ်းစားကြည့်မိတယ်။ နောက်ပြီး သူ့ကို မေးခွန်းတွေပဲ ဆက်တိုက် မေးနေမိတော့တယ်။

နေပါဦး၊ နင့်ကို ဘယ်သူက ပြောတာလဲ။
သူငယ်ချင်းတစ်ယောက်ပဲ။
သူက ဘယ်လိုလုပ်သိတာလဲ။
ကြားတာပဲတဲ့။
နင့်ဟာကလဲ။ ဟုတ်ကော ဟုတ်ရဲ့လား။ ဘယ်လိုကြီးတုန်း။
မသိဘူးလေ။ သတင်းက ဘယ်ကလာလဲတော့ မသိဘူး။ သူများတွေ ပြောနေတာကို ကျမ သူငယ်ချင်းက ကြားလို့ ကျမကို လာပြောတာပဲ။ အကို့နာမည်ကို သူတို့က သိလို့ လာပြောတာ။
အဲဒီ ပြောတဲ့ လူတွေက ဘယ်လို ပြောနေလို့တုန်း။
ဒီတက္ကသိုလ်မှာ ကိုပီကေ (နာမည်အရင်း ဖျောက်ထားသည်) ဆိုတဲ့လူကို သိလားတဲ့။ သူ့ သူငယ်ချင်း အိစုလှိုင်က ဒီမှာ ရှိတယ်လို့ ပြောဖူးလို့တဲ့။ အခု အဲဒီ အိစုလှိုင်ဆိုတဲ့ ကိုပီကေရဲ့ သူငယ်ချင်း ဆုံးသွားလို့ သူ့ကို အသိပေးချင်လို့တဲ့။ အဲလို ပြောနေကြတာပဲ။
အဲဒီ ပြောတဲ့လူကကော ဘယ်ကတုန်း။
သိဘူး။
နင့်ဟာက မသိတာတွေချည်းပဲ။

ဒီလိုနဲ့ ကျနော် ဖုန်းချလိုက်တော့တယ်။ ဘာမှလည်း ထပ်မေးလို့ မရတော့။ ကြားရတဲ့ သတင်းကတော့ မခိုင်လုံ။ ဒီတော့ ကျနော့်မှာ ယုံရခက်ခက်။ တကယ်တမ်းတော့ မသိစိတ်က မယုံချင်တာ ဖြစ်ပါလိမ့်မယ်။ သိချင်ရင်တော့ လွယ်လွယ်လေးပါ။ သတင်းစာ ပြန်ရှာဖတ်ရင်ဖတ်၊ မဖတ်ချင်ရင် သူ့အိမ် ဖုန်းဆက်ရုံပေါ့။ ကျနော် သိသလောက် သူ့မှာ ဘာရောဂါမှ မရှိဘူး။ ဖျားခဲ၊ နာခဲတယ်။ အခု ဆုံးပြီဆိုတော့ ကျနော်ကတော့ ဘယ်လိုမှ မယုံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ဆုံးတာဆိုတော့ ပြန်တွက်ကြည့်လိုက်တော့ ကျနော် တအားကို သတိရနေတဲ့နေ့။ ဒီတော့ သတင်းစာ ပြန်လှန်ရှာလိုက်တယ်။ နာရေးကြေငြာမှာ သူ့နာမည် တွေ့လိုက်ရတော့ ကျနော်ရဲ့ ကမ္ဘာလောကကြီးက ၁၀ မိနစ်လောက် အမှောင်ကျသွားသလိုပဲ။ ဒီလိုနဲ့ ကျနော် သူ့အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးရတော့တယ်။ သူ့အမေကတော့ ငိုယိုပြီး ရှင်းပြရှာတာပေါ့။

ရောဂါရဲ့ အစကလည်း အဲဒီ လွန်ခဲ့တဲ့ ရှစ်လပါပဲ။ သူရဲ့ သွားတစ်ချောင်း သွားနှုတ်ပြီး နှစ်ရက်ကြာတဲ့အထိ သွေးမတိတ်လို့ ဆေးစစ်ကြည့်လိုက်မှ သွေးကင်ဆာ ဖြစ်မှန်း သိလိုက်ရတယ်။ ကင်ဆာမှန်းသိလို့ ဓါတ်ကင်၊ ဆေးသွင်း စတဲ့ ကုသမှုတွေ ပထမဆုံး အကြိမ် ခံယူအပြီး ဆံပင်မွှေးတွေ အားလုံး ကျွတ်ကုန်လို့ စိတ်ဓါတ်ကျကျနဲ့ အိမ်မှာပဲ နေတော့တယ်။ သူ့ဆီ ဆက်သွယ်လာတဲ့ သူငယ်ချင်းက လွဲလို့ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တော့ဘူးတဲ့လေ။ အဲဒီလို တစ်လတစ်ခါ ဆေးသွင်း၊ဓါတ်ကင် လုပ်ရင်းနဲ့ပဲ ရှစ်လအကြာမှာ ၃၁၊ ဇူလိုင်လ ၂၀၀၂ မှာ သူ ဆုံးရှာတယ်။ သွေးကင်ဆာက လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါဖြစ်လို့ ရှည်ရှည်ဝေးဝေးတော့ ရှင်းမနေတော့ပါဘူ။ ဒါပေမယ့် သိထားသင့်တာက ကင်ဆာ ရောဂါသည်တွေအတွက် အဆိုးဝါးဆုံး ဝေဒနာဟာ အားငယ်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းပဲ။ ရောဂါရဲ့ ဝေဒနာထက် ကုသမှုကြောင့် ဖြစ်လာတဲ့ တန်ပြန် သက်ရောက်မှုတွေကို အတော်လေး ကြံ့ကြံ့ခိုင် ခံကြရတယ်။ အဲဒီလို အချိန် ဘေးမှာ အားပေး နှစ်သိမ့်မယ်သူ ရှိနေမယ်ဆိုရင်တော့ ရဲရဲ ရင်ဆိုင်ဖို့က အားရှိနေမှာပါ။ အဲဒီလို မဟုတ်ဘဲ အထီးကျန် ဆန်ဆန်နဲ့ အားငယ်နေရမယ် ဆိုရင်တော့ဖြင့် အဲဒီ ဝေဒနာကို ဘယ်ဆေးနဲ့မှ ကုစားလို့ ရမှာ မဟုတ်ပါဘူး။ အထီးကျန် ဆန်တာနဲ့ပဲ သူ့ဖာသာ လောကအပြင်ဘက် ရောက်သွားသလိုလို ခံစားရပြီး စိတ်ဓါတ်တွေက ကျပြီးရင်း ကျလာတော့မှာပါ။

အဲဒီ သတင်းတွေ ကြားအပြီးမှာ ကိုယ့်ကိုယ်ကို မေးခွန်း တစ်ခု မေးလိုက်မိတယ်။

ကိုယ့်ပါးစပ်က ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွ ပြောနေခဲ့တဲ့ လူတစ်ယောက်ရဲ့ အလိုအပ်ဆုံး အချိန်တွေမှာ ငါ ဘာလုပ်နေသလဲ

ဒီမေးခွန်းကို ကိုယ့်ဖာသာ ဖြေမကြည့်ခင်မှာပဲ ကျနော် မျက်ရည်တွေ ဝဲလာတယ်။ အဲဒီ မျက်ရည်တွေဟာ နောင်တကြောင့် ကျလာတဲ့ မျက်ရည်တွေပါ။ ဟိုအရင် နေ့တွေက ကျနော် ခိုးပျော်ခဲ့တဲ့ အပျော်တွေဟာ အင်မတန်မှ ရွံစရာကောင်းတဲ့ အကျည်းတန်တဲ့ အပိုင်းအစတွေ ဖြစ်နေပြီ။ ကိုယ့်ဖာသာတော့ မေ့နိုင်ပြီကွဆိုပြီး မာန်တွေ တက်လို့။ အဲဒီ ရှစ်လအတွင်းမှာ သူ့ဆီ ဖုန်းလှမ်းခေါ်ပြီး အားမပေးနိုင်ခဲ့မိတာ အခုအချိန်ထိ နောင်တရလို့ မဆုံးဘူး။ ပစ်ထားရက်လေခြင်း ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးဘူး။ သူ အလိုအပ်ဆုံး အချိန်တွေမှာ ကျနော် အားပေးနေဖို့ သင့်တယ်လေ။ အခုတော့ အားမပေးတဲ့အပြင် အဆက်အသွယ် ဖျက်လိုက်နိုင်တာကိုပဲ ဂုဏ်ယူနေခဲ့မိတဲ့ ငါ့ဘဝ။ ကိုယ့်ကို ပြန်မချစ်လို့ သေသေဆိုပြီး ပစ်ထားလိုက်မိတာ အချစ်လား။ အခုအချိန်မှာ သက်ပြင်းချလိုက်ရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

အခု ပြန်ရေးနေတဲ့ အတောအတွင်းမှာကို ကျနော် စိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ ဒါကြောင့် ကျနော် စာတွေလည်း ကစဥ့်ကလျား ဖြစ်နေမယ်ဆိုရင် တောင်းပန်ပါတယ်။ မှတ်မှတ်ရရ ကျနော်ရဲ့ အခြေအနေ ပုံမှန် ပြန်ဖြစ်ဖို့အတွက် ၆ လကျော် အချိန်ယူလိုက်ရတယ်။ အဲဒီ ခြောက်လအတွင်းမှာ အစားအသောက် မမှန်တဲ့အပြင် ညတိုင်းလိုလို သန်းခေါင် (၁၂) နာရီ ကျော်တဲ့အထိ အရိပ်တစ်ခုခုကို စောင့်နေတတ်တယ်။ မကောင်းဆိုးဝါး ဖြစ်စေတော့လို့ ရည်ရွယ်တာ မဟုတ်ပေမယ့် ဖြစ်ခဲ့ရင် ဆိုတဲ့အတွေးနဲ့ လာတွေ့လှည့်ပါဦးလို့ ပါးစပ်က တဖွဖွ ပြောနေမိတယ်။ တောင့်တနေမိတယ်။ သူရဲ့ ဘဝဟာ ရှစ်လပဲ ကျန်တော့မယ်ဆိုတာ သိခဲ့ရင် ငါ အဲဒီလို ဘယ်လုပ်ရက်မှာတုန်း ဆိုတဲ့ နောင်တအတွေးတွေကလည်း နေ့တိုင်းလိုလို နှိပ်စက်လွန်းလို့ ဆိုင်ကယ်မောင်းရင်း မှောက်ပြီးသေ အေးတာပဲ လို့တောင် အတွေးရောက်ခဲ့ဖူးတယ်။ ဒါတွေဟာ ဦးနှောက် မကြည်လင်ခင်မှာ ရူးရူးမိုက်မိုက် တွေးခဲ့တဲ့ အတွေးတွေမို့ အမှန်အတိုင်း ဝန်ခံရတာပါ။

ကျနော်ရဲ့ ဘဝ ပုံမှန် ပြန်ဖြစ်လာပြီ ဆိုတဲ့ အချိန်မှာ ပထမဆုံး စတွေးလိုက်မိတာ၊ ထူးဆန်းမိတာက သူဆုံးပြီဆိုတဲ့သတင်း ရောက်လာတဲ့ ကိစ္စ။ ပြောတဲ့သူ ဘယ်သူလည်း ဆိုတာ ကျနော် မသိဘူး။ သူ ကိုယ်တိုင်လည်း ကျနော်ကို သိပုံ မရဘူး။ ဒါကြောင့်လည်း ရမ်းတန်းမှန်းစမ်းပြီး လူတကာ လိုက်မေးနေတာ။ ကျောင်းသားပေါင်း ထောင်ဂဏန်းရှိတာကို ကျနော့်နားထဲ ရောက်ဖြစ်အောင် ရောက်လာတယ်ဆိုတာတော့ အတော့်ကို ထူးဆန်းမိတယ်။ အတွေးတွေ ပုံမှန် ပြန်တွေးလာနိုင်တဲ့အခါမှာ ဒီတစ်ခါကိုလည်း တံခါးခေါက်သံအဖြစ်နဲ့ ကောင်းကောင်းကြီး မြင်ယောင်လာတယ်။

“ကျနော် ချစ်တဲ့သူတွေဟာ ကျနော်နားကနေ အချိန်မရွေး ထွက်ခွာသွားနိုင်တယ်။ ကျနော်ကလည်း သူတို့နားက အချိန်မရွေး ထွက်ခွာသွားရနိုင်တယ်။”

သူ့ကို လုံးဝဥဿုံ မေ့နိုင်ပြီလို့ ကျနော် အထင်ရောက်ခဲ့တယ်။ သူ ဆုံးပြီလို့ သိလိုက်ရတဲ့ နေ့ကနေ ၆လအတွင်း ကယောက်ကယက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အဲဒီအဆိုကို ပယ်ချပြီးသား ဖြစ်သွားပါပြီ။ သေချာပါတယ်။ ကျနော် သူ့ကို အခုအချိန်ထိ မေ့ပျောက်လို့ မရသေးပါဘူး။ ရလိုက်တဲ့ သင်ခန်းစာက “ကျနော် ချစ်ခဲ့ဖူး၊ ခင်ခဲ့ဖူးတဲ့ လူတွေကို ဘယ်လိုနည်းနဲ့မှ မေ့ပျောက်ပစ်လို့ မရဘူး။ ကျနော့်ဘဝထဲက ဘယ်လိုနည်းနဲ့မှ ထုတ်ဖယ်ပစ်လို့ မရဘူး” ဆိုတာပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း ကတိတစ်ခု ပေးလိုက်မိပါတယ်။

ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်ချစ်ခဲ့ဖူးတဲ့၊ ခင်ခဲ့ဖူးတဲ့ သူတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်ဘူး

တံခါးခေါက်သံများ (၆)

သေနတ်ကို ကျည်အပြည့်နဲ့ ချိန်ထားပြီးခါမှ မပစ်ရတော့တဲ့ ဖီလင်၊ မေတ္တာကို ခူးဆွတ်ဖို့ ခြင်းတောင်း အသင့်နဲ့ လက်လှမ်းပြီးခါမှ ပြန်ရုတ်လိုက်ရတဲ့ ဖီလင်၊ ပါးစပ်ထဲကို လှမ်းထည့်လိုက်တဲ့ မုန့်တစ်တုံး ချော်ပြီး မြေကြီးပေါ် ကျသွားလို့ ခံစားလိုက်ရတာတွေဟာ အတူတူပဲ နှိုင်းယှဉ်လို့ ရပါ့မလား။ အဲဒီ ကတိကို ပေးလိုက်တဲ့ အချိန်မှာ ကျနော် မြင်ယောင်မိတာ တစ်ယောက်တည်း။ အဲဒါ အမေပါ။ ဖုန်းချပြီးတော့မှ ဆက်တိုက်ဆိုသလို လူတွေ အများကြီး တစ်ယောက်ပြီးတစ်ယောက် မြင်ယောင်လာပြီး အတွေးတွေ အားလုံး ထွေနေတော့တယ်။ ပထမဆုံး တွေးလိုက်မိတာက သူ့အကြောင်း။ ဟုတ်တယ်။ အိစုအကြောင်းပါ။ ကျနော် ဘာဆက်လုပ်ရမလဲ ဆိုတာ ဆက်စပ် တွေးလိုက်တဲ့အခါမှာ မျက်နှာပူလာတယ်။ မျက်လုံးထဲမှာ ဝိုင်းလှော်ပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကို မြင်ယောင်လာတယ်။ ကျနော် ဘာဆက်လုပ်မရ။ တကယ်ကို မသိတော့ပါဘူး။ ငုတ်တုတ်ထိုင်ရင်း “ရှေ့ဆက်ပြီး ဘာဆက်လုပ်ရမလဲ၊ မင်းနဲ့လည်း ခွဲမနေချင်ဘူးကွယ်” ဆိုတဲ့ သီချင်းစာသားကို ဆိုနေရုံပါ့။

ပေးထားတဲ့ ကတိကိုတော့ ဖျက်လို့ မဖြစ်။ အမေ ပြောတဲ့အထဲမှာ စကားလုံးတစ်လုံးပါ။ တစ်နှစ်တည်းပါ တဲ့။ ဒီတော့ ကျနော် စိတ်ဒုန်းဒုန်း ချလိုက်တယ်။ ၁၉၉၉ မရောက်မချင်း ရှောင်နေလိုက်ရုံ။ ကျနော် သူနဲ့ ထိပ်တိုက် ရင်မဆိုင်ရဲပါ။ ကြောက်လို့တော့ မဟုတ်ပေမယ့် မျက်ဝန်းအဆုံမှာ ပေးထားတဲ့ ကတိ မေ့သွားမှာ စိုးလို့။ ဒီတော့ ကျနော် လုပ်နိုင်တာ တစ်ခုပဲ ရှိတော့တယ်။ ရှောင်စေတဲ့ ရှားစေ။ အသားလွတ် ရှောင်နေဖို့ မသင့်တာကြောင့် ရှောင်နိုင်ဖို့ အကြောင်း ဖန်ရတော့တယ်။ ကျနော်တို့ အတန်းချိန်က နေ့ခင်း ၁၂း၃၀ ကနေ ညနေ ၅း၀၀ အထိ။ အရင်က ၁၂ နာရီ မထိုးခင် ရောက်နှင့်နေပြီး အခွင့်ကောင်းရင် ကောင်းသလို၊ လက်ဘက်ရည်ဆိုင်၊ မုန့်ဆိုင် အတူသွားနေကြ။ သူငယ်ချင်းတွေ အလှော်ကောင်းတာလဲ ပါတယ်။ ဒီတော့ အခုဆိုရင် ၁၂ နာရီ မခွဲမချင်း ကျောင်းကို ရောက်လို့ မဖြစ်။ အစီအစဉ်တစ်ခု ဖန်တီးရတော့တယ်။ ကျနော် လှည်းတန်းမှာ သင်တန်း တစ်ခု တက်လိုက်တယ်။ အဲဒီ သင်တန်းက နံနက် ၈း၃၀ ကနေ နေ့လယ် ၁၂း၀၀ အထိ ဆိုတော့ လှည်းတန်းကနေ ဆိပ်ကမ်းသာလမ်းက သင်တန်းလာဖို့ အနည်းဆုံး နာရီဝက် အချိန်ပေးရမယ်။ ဒီတော့ သင်တန်းတက်တာနဲ့ တပြိုင်နက် ၁၂း၃၀ မရောက်တောင် အတန်း နောက်ကျဖို့က များနေပြီ။ ဒီလိုနဲ့ သင်တန်းတွေကို ဆက်တိုက် အပေါက်အကြားမရှိ စီစဉ်လိုက်တော့ သူနဲ့ တွေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး။ ကျနော်မှာ နေ့တိုင်း နေ့လယ်စာ ထမင်းစားချိန်တောင် မရလို့ နေ့တိုင်း ဘက်စ်ကားပေါ်မှာပဲ ပေါင်မုန့် နှစ်လုံးကို နေ့လယ်စာအဖြစ် သက်မှတ်ပြီး နှစ်ပါးသွားနေရတယ်။

ဖြေရှင်းခွင့်လည်း မရှိ။ ဖြေရှင်းစရာလည်း မရှိတော့ အားလုံးကို ရှောင်နေရုံ သက်သက်နဲ့ ၁၉၉၈ ခုနစ် တစ်နှစ်လုံးကို ဖြတ်သန်းလာရတယ်။ မဟာအခွင့်အရေးလို့ ထင်ထားတဲ့ ၁၉၉၈ ခုနစ်ကြီးဟာ မဟာအလွမ်းအဆွေးနဲ့ပဲ မွန်းကြပ်နေမိတော့တယ်။ သူငယ်ချင်းတွေ အမြင်စောင်းလည်း မတတ်နိုင်တော့ဘူး။ ကိုယ်ချစ်တဲ့သူက မကြည်ဖြူလည်း ဘာတတ်နိုင်မှာလဲ။ ကိုယ်ကိုက သားလိမ္မာတစ်ယောက် လုပ်ချင်ခဲ့တာကိုး။ အဲဒီလို ဥပေက္ခာ အပြုခံလိုက်ရတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ခံစားချက်ကို နားလည်နိုင်ခဲ့မယ် ဆိုရင် ရှေ့ဆက်ပြီး ဘယ်မှားရက်ပါတော့မလဲ။ ဘယ်သူမှ မရည်ရွယ်ဘဲ ဖြစ်လာတာကြောင့် ဘဝပေး လို့ ခေါ်ကြတာပေါ့။ သူရဲ့ မျက်နှာကို မမြင်မိအောင် အတန်းကို အမြဲတမ်း နောက်ကျမှ ဝင်ပြီး အားလုံးထက် စောစောထွက်နေတဲ့ ကျနော်ဟာ တစ်ရက်မှ သူ့ကို မေ့မရခဲ့ပါဘူး။ မေ့မရလေ၊ မေ့ချင်လေ၊ မေ့ချင်လေ၊ မေ့မရလေနဲ့ လုံးချာလယ်လိုက်နေတယ်။ ဒီတော့ မဖြစ်ဖြစ်အောင် မေ့မှ ရမယ်ဆိုပြီး မမေ့မချင်း ကိုယ့်ကိုယ်ကို ဒဏ်ခတ်မိနေတော့တယ်။ တစ်ခါ သတိရမိတိုင်း ကိုယ့်ပါးကိုယ် တစ်ချက် ရိုက်နေမိတယ်။ ဒီလိုနဲ့ နေ့စဉ်ရက်ဆက် အကြိမ်ကြိမ် ကိုယ့်ပါးကိုယ် ရိုက်နေမိတဲ့ အချက်ရေကို ရေတွက်ရင်းနဲ့ ၁၉၉၉ ခုနစ် ဆိုတာ ရောက်လာတယ်။

“အချိန်နှင့် ဒီရေသည် လူကိုမစောင့်” ဆိုတဲ့ စကားပုံကို ကျနော် ထည့်ဖြည့်လိုက်ချင်တယ်။ “အချိန်၊ ဒီရေနှင့် အချစ်သည် လူကို မစောင့်” လို့ ပြင်ပစ်လိုက်ချင်ပါတယ်။ နဂိုကတော့ ၁၉၉၉ ဟာ ကျနော်ရဲ့ အချစ်တွေ ပြန်ပြီး လန်းဆန်း နလန်ထူလာမယ်လို့ ထင်ခဲ့မိတာလေ။ ဥပေက္ခာပြုခဲ့မိတဲ့ ကျနော်ရဲ့ အပြစ်တွေအတွက် လျော်ကြေးပေးခွင့် ရလိမ့်မယ်လို့ တွေးခဲ့မိတာ။ ဘုန်းကြီး ခေါင်းခေါက်ပြီးမှ တောင်းပန်ချင်တဲ့ ကျနော်အဖြစ်ကို တစ်ရက်ထက်တစ်ရက် ပိုပိုပြီး သတိထားလာမိတယ်။ ဥပေက္ခာပြုခဲ့တာလည်း … ငါ၊ ဒဏ်ရာ ပေးခဲ့တာလည်း … ငါ၊ အေးခဲစေခဲ့တာလည်း … ငါ၊ တစ်နှစ်အကြာမှ ပြန်ပေါင်းထုပ်ချင်တဲ့ ငါ ပါလားလို့ တစ်နေ့တစ်ခြား ဆင်ခြင်လာမိတယ်။ ဒီတစ်ခါတော့ သူ မျက်နှာလွှဲအလှည့် ရောက်ပြီပေါ့။ သူငယ်ချင်းထက်ကို ဘာမှ အပိုမခံတဲ့ သူနဲ့ အဆစ်လိုက်တောင်းနေတဲ့ ကျနော် နေ့စဉ်ရက်ဆက် မျက်နှာချင်း ဆုံရတာတောင် ပင်ပန်းလာတယ်။ ၁၉၉၉ နှစ်ဆန်းပိုင်းမှာမှ ဖြစ်သွားကြတဲ့ သူ့ချစ်သူနဲ့ မိတ်ဆက်ပေးလာတော့ ခပ်ပြုံးပြုံးလေး နေတတ်အောင် ကြိုးစားခဲ့ရတယ်။ ဒီလိုနဲ့ ၁၉၉၉ ခုနစ်မှာလည်း ကိုယ့်ပါးကိုယ် ထပ်ရိုက်နေရပြန်ပြီပေါ့။ ကျနော် ဘယ်သူ့ကို အပြစ်တင်ရမလဲ။ သတိရတတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်ပြီး ကိုယ့်ဖာသာပဲ ရိုက်နေမိတော့တယ်။ သိပ်ချစ်မိတဲ့ ကိုယ့်ကိုယ်ကိုပဲ မုန်းနေမိတယ်။ သူ့မှာ ဘာအပြစ်မှ မရှိပါဘူး။

၂၀၀၀ နှစ်ဆန်းပိုင်းမှာ သူ သင်တန်း ဆက်မတက်တော့ဘဲ ထွက်သွားတယ်။ ကျနော်လည်း သင်တန်းတွေ ပြီးတော့ မန္တလေးပြန်လာခဲ့တယ်။ သူ့ကိုတော့ သတိရလျက်၊ လွမ်းလျက်၊ ဆွေးလျက်ပေါ့။ “ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့” ဆိုတဲ့ စကားပုံ အတိုင်းပါပဲ။ ကျနော်အပေါ်မှာ သေနေပြီဖြစ်တဲ့ သူရဲ့ စိတ်ကြောင့် ကြာတော့လည်း တဖြေးဖြေး မေ့လာပြီပေါ့။ မှတ်မှတ်ရရ ၂၀၀၁ ခုနစ်မှာ ကျနော် သူနဲ့ ဖုန်း နှစ်ခါပဲ ပြောဖြစ်တော့တယ်။ နောက်ဆုံး သူ့အကြောင်းကို မတွေးမိသလောက် ဖြစ်လာတော့မှ ငါ သူ့ကို လုံးဝ မေ့နိုင်သွားပြီပဲလို့ ဂုဏ်ယူနေမိတယ်။ ကျေနပ်နေမိတယ်။ အဲဒီလို တကယ်ပဲ ဂုဏ်နေဖို့ သင့်ရဲ့လား။ ကျေနပ်စရာကော ဟုတ်ရဲ့လား။ စာဖတ်သူအနေနဲ့ ဘာမှမဟုတ်တဲ့ ကိစ္စလို့ ထင်နေမယ်နော်။ ကျနော်အတွက်တော့ မဟာအောင်မြင်မှုကြီးပဲ။ တစ်ခါ သတိရတိုင်း ပါးတစ်ချက် အရိုက်ခံရလို့ မျက်နှာ နီရဲနေတဲ့ ကျနော်။ တစ်နေ့ကို ဆယ်ချက်မက ကိုယ့်ဖာသာ ခိုးခိုး ရိုက်နေမိတဲ့ ကျနော်။ အခုတော့ လုံးဝ အရိုက်မခံရတာ လနဲ့ချီ ကြာသွားပြီဆိုတော့ ဒါ ဝမ်းသာစရာ မဟုတ်ဘူးလား။ ကျနော် ဝမ်းသာမိတာတော့ အမှန်ပါ။ သူ့ကို မုန်းသွားလို့ မဟုတ်ပါဘူး။ အတိတ်ကို အတိတ်မှာပဲ ထားခဲ့လိုက်နိုင်လို့ပါ။

ဒါဆို ကျနော် အောင်နိုင်သူကြီးပေါ့။ ကျနော် သူ့ကို ပြန်သတိရတဲ့ အချိန်မှာ ပြန်တွက်ကြည့်လိုက်တော့ သူနဲ့ အဆက်အသွယ် မရခဲ့တာ ၈ လတိတိ ရှိသွားပြီ။ ကျနော် သိပ်ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်၊ နေ့တိုင်း သတိမရဘဲ မနေနိုင်ခဲ့တဲ့ လူတစ်ယောက်ကို ၈လတိတိ မေ့ထားလိုက်နိုင်တာ ဝမ်းသာစရာများလား။ ဒါပေမယ့် ကျနော် ကျေနပ်နေမိတာတော့ အမှန်ပါ။
” လူတစ်ယောက်ကို မုန်းဖို့ သတ္တိလိုတယ်။ ချစ်ဖို့ ရေစက်လိုတယ်။ မေ့ဖို့ အချိန်လိုတယ် ” တဲ့။
နောက်ဆုံးတော့လည်း ဘယ်သူမှ အရှုံး မရှိလိုက်သလိုပဲ။ ကျနော် ရလိုက်တာ ဇာတ်လမ်းတစ်ပုဒ်၊ သူ ရလိုက်တာ သူငယ်ချင်းတစ်ယောက်။ ဒါပေမယ့် ဆွေးနေတဲ့ သူငယ်ချင်းပေါ့။ အခုတော့ အဲဒီ သူငယ်ချင်းက ပျော်နေနိုင်ပါပြီ။ ဘာမှကို သတိမရတော့ဘဲ ၂၀၀၂ ခုနစ် ကမ္ဘာ့ဖလား ဘော်လုံးပွဲကို ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့။ ဘော်လုံးပွဲ ပြီးလို့ နှစ်ရက်အကြာ ၂၀၀၂ ခုနစ် ဇူလိုင်လ ၂ ရက်နေ့ နေ့ခင်းမှာ ဖုန်းတစ်ကော ဝင်လာတယ်။ အဲဒီ တစ်ကောကြောင့်ပဲ ကျနော်ရဲ့ ဘဝကြီးတစ်ခုလုံး ဗြောင်းဆန်သွားတော့တယ်။

(ဆက်ရန်)

တံခါးခေါက်သံများ (၅)

တံခါးခေါက်သံများ ခေါင်းစဉ်နဲ့ လွန်ခဲ့တဲ့ ခြောက်လလောက်က ()၊ ()၊ ()၊ () ဆိုပြီး အပိုင်း(လေး) အထိ ရေးပြီး ဆက်မရေးဖြစ်တော့ဘူး။ ကျနော် ဘဝရဲ့ ကောက်ကြောင်းတချို့ကို ချရေးတာဆိုတော့ အပိုင်းတွေ အများကြီး အများကြီး ထပ်ရေးလို့ ရနေသေးတာပေါ့။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ အတော်ကို ကြွေကျလုမတက် ဆွေးမြေ့လာတယ်။ ဖတ်နေတဲ့လူတော့ မပြောတတ်ဘူး။ အေးပေါ့လေ။ ကျနော်က တကယ် အဖြစ်မှန်နဲ့ ကြုံတွေ့ခဲ့ရတဲ့ သူဆိုတော့ ပြန်တွေးမိတိုင်း အဟောင်းတွေ အသစ်အသစ် ဖြစ်ဖြစ်လာတာတော့ အမှန်ပဲ။ ဒီ အပိုင်း (၅) ကို ဆက်ရေးရတော့မယ် ဆိုရင် ပိုပြီးတော့ကို စိတ်ထိခိုက်စေမယ့် လူတစ်ယောက်အကြောင်း ဖြစ်နေလို့ ကျနော် လွန်ခဲ့တဲ့ ခြောက်လကတည်းက ရေးဖို့ လက်တွန့်ခဲ့တယ်။ တံခါးခေါက်သံများ ပို့စ်ကို ရေးလို့ တစ်ပိုင်းပြီးတိုင်း ပြီးတိုင်းမှာ ကျနော်ရဲ့ ဦးနှောက်မှာ အတိတ်က ပုံရိပ်တွေနဲ့၊ မျက်ဝန်းမှာတော့ မိုးရွာတော့မယ်။ အပိုင်း (၄) ကိုပြီးလို့ နောက်တစ်ပိုင်း ဆက်ရတော့မယ် ဆိုရင် နောက်ထပ် လူတစ်ယောက်ရဲ့ အကြောင်းကို ကျနော် ရေးရတော့မယ်။ အဲဒီ အကြောင်းကို ရေးဖို့ စဉ်းစားရမှာတောင် ကျနော် ရင်လေးနေမိတယ်။ အဲဒီ အတိတ်ကို မတူးဆွချင်တော့လို့ပါ။ ကျနော်အနေနဲ့ ဆက်မရေးချင်တဲ့ အကြောင်းအရင်း (၃) ခု ရှိတယ်။

သူဟာ ကျနော့်ဘဝမှာ သိပ်အရေးကြီးတဲ့ လူတစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ အဲဒီလို သိပ်အရေးကြီးခဲ့တဲ့ လူတစ်ယောက်ကို ဆုံးရှုံးခဲ့ရလို့ ကြားလိုက်ရတဲ့ တံခါးခေါက်သံဟာ အခုထိကို ကြားယောင်နေဆဲပါ။ အခုထိကို မမေ့မပျောက် လွမ်းဆွတ်နေမိလို့ ကျနော် ဆက်မရေးဖြစ်တာပါ။ ကိုယ့်အကြောင်းကိုယ် ပြန်ရေးလိုက်တိုင်း အတိတ်ရဲ့ အကြောင်းကို သေသေချာချာ ပြန်စဉ်းစားမိလိုက်တိုင်း ဝမ်းနည်းစရာတွေ ထပ်ထပ် ပေါ်လာတော့ ဆက်ရေးဖို့ကို မရဲတော့ဘူး။ သူက ကျနော် ပထမဆုံး ချစ်ခဲ့ဖူးတဲ့ လူတစ်ယောက်ပါ။ ဒီလောက်ဆို အခြေအနေကို သိလောက်ပြီ ထင်ပါတယ်။ သူရဲ့ အကြောင်းကြောင့် ကြားခဲ့ရတဲ့ တံခါးခေါက်သံကို မပြောခင်မှာ သူအကြောင်း အနည်းအကျဉ်းတော့ ပြန်ပြောသင့်မယ် ထင်တယ်။ အဲဒီအကြောင်း ပြန်ပြောကြေး ဆိုရင်တော့ ကိုယ့်ပေါင်ကိုယ် လှန်ထောင်ရမှာမို့ ပိုလို့တောင် မရေးချင်တော့ဘူး။ နောက်ပြီး အရင်ချစ်သူအကြောင်း အကျယ်တဝံ့ ရေးနေဖို့ မသင့်ဘူးလို့ ယူဆမိလို့လည်း အပိုင်း (၄) ပြီးတာနဲ့ ဆက်မရေးဖြစ်တော့ဘူး။ ဒါပေမယ့် ကျနော် အခု ဆက်ရေးနေပါပြီ။ ဘာလို့လဲ ဆိုတာ သိချင်ကြပါလိမ့်မယ်။ ရှင်းရှင်းလေးပါ။ ကျနော် ရခဲ့တဲ့ သင်ခန်းစာ၊ အတွေ့အကြုံကို တစ်ယောက်စာအတွက်ပဲ သိမ်းမထားချင်လို့ပါ။ ရယ်ချင်လည်း ရယ်ကြပါတော့၊ ဟားချင်လည်း ဟားကြပါတော့၊ ဆွေးချင်လည်း ဆွေးကြပါတော့၊ ငိုချင်လည်း ငိုကြပါတော့။ သေချာတာကတော့ ဘဝဆိုတာ သင်ခန်းစာတွေကို နေရာမလပ် ဆက်တိုက် ရေးမှတ်ထားတဲ့ သင်ရိုးညွှန်းတမ်းတစ်အုပ်လို့ မြင်နိုင်ပြီဆိုရင် ကျနော် ရေးပျော်ပါပြီ။

ဒီအကြောင်းကို စရေးတော့မယ် ဆိုရင် သူနဲ့ ပတ်သက်ခဲ့တဲ့ အတိတ်ရဲ့ ရက်စွဲတွေကို ပြန်လှန်ရတော့မယ်။ အင်း … ကိုယ့်ဟာကိုယ် ပြန်လှန်ရာတောင် ကျနေမလား မသိဘူး။ သူ့နာမည်က အိစုလှိုင်ပါ။ ကျနော်တို့က အိစုလို့ ခေါ်ပါတယ်။ အိစုဆိုတာ ဂျပန်လိုတော့ ထိုင်ခုံပေါ့။ ၁၉၉၇ ခုနစ် ဇူလိုင်လ၊ ကောင်းကင်ကြီး မျက်ရည် ဖြိုင်ဖြိုင်ကျတဲ့ မိုးရာသီမှာ ကျနော်တို့ သိခွင့်၊ ခင်ခွင့်ရခဲ့တယ်။ မိုးရာသီရဲ့ အစဟာ မျက်ရည်မိုးနဲ့ပဲ ဆုံးရလိမ့်မယ်လို့ အဲဒီတုန်း ဘယ်လိုလုပ် သိခဲ့ပါ့မလဲ။ ပျော်လို့ မော်လို့ပေါ့။ စာမေးပွဲ ဖြေဖို့ စာအတူတူ လုပ်ကြရင်း ကျနော်တို့ ခင်မင်ခွင့်ရခဲ့တယ်။ ဒါပေမယ့် (၁၅) ရက်တည်း ဆုံဆည်းခွင့် ရခဲ့တယ်။ နောက်တော့ တစ်တန်းပြီး ကျောင်းတွေ ပိတ်လို့ ကိုယ်စီကိုယ်စီ အိမ်မှာပဲ နေကြတော့ ကျနော်တို့ ဝေးသွားပြန်ရော။ ဒီရက်ပိုင်းတွေ အတွင်း သူပတ်သက်ပြီး ကျနော် သိလိုက်တာက ဘာမှ မများ။ နာမည်က အိစုလှိုင်၊ အင်းစိန်က နိဗ္ဗာန်လမ်း (ပြင်ထားပါသည်) မှာ နေတယ်။ အိမ်နံပါတ် မသိ။ အိမ်မှာ ဖုန်းရှိတယ်။ ဒါပေမယ့် နံပါတ်မသိ။ အဖေနာမည်မှာ “အောင်” တစ်လုံး ပါတယ်။ ကျန်တာ ဘာမှ မသိ။ ကျနော် သူနဲ့ တအား တွေ့ချင်တယ်။ သူ့ကို မြင်ချင်တယ်။ လိပ်စာကမသိတော့ သွားလို့မရ။ သူနဲ့ ခင်တဲ့ တခြား ယောက်ျားလေး သူငယ်ချင်းတော့ ရှိတယ်။ လိပ်စာသိ၊ ဖုန်းနံပါတ်သိပေ့မယ် ကျနော် မမေးချင်။ မာနကြီးတဲ့ လူတစ်ယောက်လို့ ကိုယ့်ကိုယ်ကိုလည်း မြင်မိတယ်။ ကိုယ့်ဖာသာ သိအောင် လုပ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်နဲ့ ပထမဆုံး ဖုန်းနံပါတ်ကို ရအောင် ရှာပါတော့တယ်။ ဒီလိုနဲ့ လူတစ်သန်းမှာ တစ်ယောက်တောင် လုပ်ဖူးချင်မှ လုပ်ဖူးမယ့် ရူးရူးမိုက်မိုက် အလုပ်ကို လုပ်မိတော့တယ်။ ဖုန်းနံပါတ် ရအောင် ဘာလုပ်မယ် ထင်လဲ။

သူနဲ့ ပတ်သက်ပြီး ကျနော် သိတာ သိပ်မများဘူး။ ဖုန်းနံပါတ်ရဖို့ ဆိုရင် ရှာလို့ရတာ ဖုန်းစာအုပ်ပဲ ရှိတော့တယ်လေ။ ဒီတော့ ကျနော် Yangon Directory စာအုပ်ကို ချပြီး လှန်ရှာပါတော့တယ်။ အဖေနာမည် သိလား ဆိုတော့ မသိဘူး။ လိပ်စာ ဆိုပြန်တော့လည်း အင်းစိန်၊ နိဗ္ဗာန်လမ်းလို့ပဲ သိတယ်။ ဒီတော့ ကျနော်မှာ လုပ်စရာ တစ်နည်းပဲ ရှိပါတော့တယ်။ စာမျက်နှာ တစ်ထောင်ကျော်ပါတဲ့ Yangon Directory စာအုပ်ကို တစ်မျက်နှာချင်းစီ လှန်ပြီး အင်းစိန်၊ နိဗ္ဗာန်လမ်းလို့ လိပ်စာတပ်ထားတဲ့ ဖုန်းနံပါတ် မှန်သမျှ ကူးရေးပစ်လိုက်တယ်။ Data ပေါင်း သိန်းဂဏန်း၊ စာမျက်နှာ တစ်ထောင်ကျော် ရှိတဲ့ “ဘာပဲလိုလို” စာအုပ်ကို တစ်ခုမကျန် တစ်ရွက်ချင်း လှန်လိုက်တာ (၃) ရက်လောက် အချိန် ယူလိုက်ရတယ်။ မျက်လုံးလည်း အတော် ညောင်းသွားပြီ။ ဘာမှ မရလိုက်တာနဲ့ စာရင်တော့ ဖုန်းနံပါတ် (၇) ခု ရလိုက်တာ အမြတ်ပဲ။ ဒီတော့ အဲဒီ ဖုန်းနံပါတ်တွေကို တစ်လုံးချင်းဆီ ခေါ်ပြီး ခပ်တည်တည်နဲ့ “အိစုလှိုင် ရှိပါသလားခင်ဗျာ” လို့ မေးပစ်လိုက်တယ်။ ကဲ … နောက်ဆုံးတော့ ကျနော်ရဲ့ စွန့်စားမှုက အလဟသတ် မဖြစ်လိုက်ပါဘူး။ ဖုန်းနံပါတ် ရတဲ့အပြင် အိမ်လိပ်စာပါ သိလိုက်ရပြီ။ သူ ဖုန်းထဲမှာ ကျနော်ကို မေးပါတယ်။ “ဒီ ဖုန်းနံပါတ် ဘယ်လိုလုပ် ရတာလဲ” တဲ့။ “ဒီလိုပဲပေါ့၊ မရရအောင် ရှာရမှာပဲ” လို့ပဲ ပြန်ဖြေလိုက်မိတယ်။ အထက်ကပြောသလို စာအုပ်လှန်ရှာတာပါလို့ ပြောရမှာ ရှက်နေမိခဲ့တယ်။ အော် မာန၊ မာန၊ လုံးဝကို မချနိုင်ခဲ့ဘူး။ အင်း … သူ သေသွားပေမယ့် သူ့ဖုန်းနံပါတ်ကို အခုလို ရှာပြီး ရခဲ့တယ်ဆိုတာတောင် မသိရှာလိုက်ဘူး။

ဒီလို ဒီလိုနဲ့ လိပ်စာလည်း သိရော ရှေးထုံးမပယ်ဘဲ အကြောင်းမရှိ အကြောင်းရှာပြီး ချောင်းပေါက်အောင် သွားနေဖြစ်တယ်။ ၁၉၉၈ ခုနစ် သင်တန်းတွေ ပြန်ဖွင့်တော့ ကျနော်တို့နှစ်ယောက် တစ်ခန်းတည်း လာကျတယ်။ ဒါ အခွင့်ကောင်းပဲ။ ဒီထက်ကောင်းတာတောင် ဒီလောက် မကောင်းနိုင်ဘူး။ ကျနော်ရဲ့ မလှုပ်တလှုပ်၊ မရဲတရဲ ဖြစ်နေတာကို အားမလို အားမရ ဖြစ်နေတဲ့ လူတွေ ရှိတယ်။ မမီတို့၊ နန်းအိတို့ သူငယ်ချင်း တစ်စုပေါ့။ သူငယ်ချင်းတို့ရဲ့ ထုံးစံအတိုင်း အားရပါးရ ဝိုင်းလှော်ကြပါတော့တယ်။ ဒီတစ်ခါမှ ရည်စားမရလည်း တစ်သက်လုံး ရမှာ မဟုတ်တော့ဘူး ဆိုတဲ့ ဘုရင့်နောင် ဖောင်ဖျက် စိတ်ဓါတ်နဲ့ အတင်းကို ဝင်လုံးပစ်လိုက်တယ်။ “ရာသီဥတုက အခုဆို ကိုယ့်ဘက်ပါတယ်” ဆိုတဲ့ အေးချမ်းမေ သီချင်းလိုပဲ အခြေအနေတွေ အလိုကျ ဖြစ်လာပြီး ကံကြမ္မာက လက်ဖျောက်တီး အချက်ပေးလာလို့ အောပစ်လိုက်တော့မယ် ဆိုကာမှ ဘဝကြီးက ကုလားဖန် အထိုးခံလိုက်ရတယ်။ ဘယ်သူ့အပြစ်လို့ မဆိုသာခဲ့ပါဘူး။ ဒါပေမယ့် သူ့အတွက်တော့ ကျနော်ဟာ အပြစ်အကြီးဆုံး လူတစ်ယောက်ပါ။

၁၉၉၈ ခုနစ်၊ ဖေဖော်ဝါရီလရဲ့ မနက်ပိုင်း တစ်ခုမှာ မန္တလေးက အမေနဲ့ ဖုန်းပြောဖြစ်တယ်။ အမေပြောခဲ့တဲ့ စကားကို အနှစ်ချုပ် ပြောရရင် “သား၊ ဒီနှစ်ထဲမှာ မိန်းမရကိန်း ရှိတယ်တဲ့။ ဒီတော့ ဒီတစ်နှစ်လုံး မိန်းကလေးတွေကို ခပ်ဝေးဝေးနေပါ” တဲ့။ အသက် (၂၀) မပြည့်သေးတဲ့ သားတစ်ယောက်ကို စိတ်ပူတာ သဘာဝကျပေမယ့် စိတ်ပူတဲ့ အကြောင်းအရင်းက သဘာဝ ကျမနေဘူး။ ဒီတော့ ဘယ်လိုလုပ် ကျေနပ်နိုင်ပါ့မလဲ။ “အမေ့ကို ဘယ်သူ ပြောတာလဲ” လို့ မေးလိုက်တော့ ဗေဒင်မေးတာတဲ့လေ။ ကျနော့်ဘဝမှာ အယုံအကြည် မရှိဆုံးလူတွေထဲမှာ ဗေဒင်ဆရာ အပါအဝင်ပဲ။ ဒီတော့ အမေရဲ့ စကားကိုလည်း ကြားရော ကျနော် ဟားတိုက်ပြီး ကျယ်ကျယ်လောင်လောင် အော်ရယ်ပစ်လိုက်တယ်။ ကျနော် ရယ်သံရဲ့ အဆုံးမှာ ထွက်လာတဲ့ အမေရဲ့ အသံတွေဟာ ကရုဏာစိတ်ကြောင့် အတော်ကို တုန်ခါနေပါပြီ။ “သားရယ်၊ မဟုတ်ရင်တော့ အကောင်းဆုံးပေါ့။ မိန်းမရလို့ ဒီမိန်းကလေးဟာ သားအတွက် အကျိုးများမယ်ဆိုရင် အမေကိုယ်တိုင် လာတောင်းပေးမှာပါ။ အခုတော့ သားအတွက် ဘယ်လိုမှ မကောင်းဘူး ပြောလို့ အမေက တားနေရတာပေါ့” ဆိုတဲ့ အမေရဲ့ ငိုမဲ့မဲ့ အသံကြောင့် ကျနော် ဘယ်လိုမှ မရယ်နိုင်၊ မပြုံးနိုင်တော့ပါ။ ဒီလိုနဲ့ ကျနော် အမေ့ကို ကတိတစ်ခု ပေးလိုက်ရတော့တယ်။
“ကြည်ဖြူတာပဲ ဖြစ်ဖြစ်၊ မကြည်ဖြူတာပဲ ဖြစ်ဖြစ် မိန်းကလေးမှန်သမျှကို သတိရှိရှိ ဝေးဝေးက ရှောင်ပါ့မယ် မေမေ”

(ဆက်ရန်)

ကပ်ပါပေ့ မြို့စားရယ် (၄)

ရှင်ကုမာရကဿပရဲ့ ခွင့်ပြုချက်ကို ရလျှင်ရချင်း ပြုံးနေတဲ့ မျက်နှာထား၊ တွေ့ကြသေးတာပေါ့ ဆိုတဲ့ စိတ်အကြံနဲ့ သူရဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လက်တွေ့ သာဓက တစ်ခုကို တင်လျှောက်ပါတော့တယ်။

အိုအရှင် … တစ်နေ့မှာ အကျွန်ုပ်ရဲ့ မင်းမှုထမ်းတွေက သူခိုးတစ်ယောက် ဖမ်းမိလို့ ကျွန်ုပ်ဆီ လာအပ်ကြတယ်။ ဘယ်လို စီရင်ချက် ချမလဲလို့လည်း အမိန့် တောင်းခံလာတယ်။ အဲဒီလို တောင်းခံနေတုန်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ငါရဲ့ ဝါဒ ခိုင်မာမှုအတွက် ဒီလူကို အသုံးချပြီး အမြတ်ထုတ်ရင် ကောင်းမှာပါပဲလို့ စိတ်ကူးရလိုက်တယ်။ ဒါနဲ့ မင်းချင်းတွေကို ဒီလို အမိန့် ချမှတ်ပေးခဲ့တယ်။ အဲဒီ သူခိုးကို အရှင်လတ်လတ် မြေအိုးကြီး တစ်လုံးမှာ ထည့်ပြီး အိုးဝကို အလုံပိတ်ခိုင်းထားတယ်။ နောက်ပြီး မြေသရွတ်တွေနဲ့ အိုးတစ်လုံးလုံးကို အထပ်ထပ် လိမ်းကျံ မံခိုင်းလိုက်တယ်။ နောက်တော့ အဲဒီအိုးကို မီးပြင်းထိုးပြီး အဖုတ်ခိုင်းတယ်။

မင်းချင်းတွေလည်း အကျွန်ုပ်ရဲ့ အမိန့်အတိုင်း အဲဒီအိုးကို မီးဖုတ်ကြတယ်။ အိုးတွင်းက သူခိုး သေလောက်ပြီ ထင်ရတဲ့အခါ ကျွန်ုပ်နဲ့အတူ အားလုံး အဲဒီ အိုးကို ဝိုင်းရံထားပြီး ရွှံ့သရွတ်တွေကို ခွာခိုင်းတယ်။ အိုးအဖုံးကို ဖွင့်လိုက်တဲ့အခါ သူခိုးရဲ့ အသက် ဘယ်နားက ထွက်လေမလဲဆိုတာကို မျက်လုံးပေါင်း ရာထောင်နဲ့ ဝိုင်းကြည့်နေကြတယ်။ အဲဒီလို မျက်လုံးပေါင်း တစ်ထောင်နဲ့ ဂရုတစိုက် စောင့်ကြည့်ပေမယ့် သူရဲ့ အသက်ကို မြင်တဲ့သူ တစ်ယောက်မှ မရှိလိုက်ဘူး။ အကျွန်ုပ်လည်း မမြင်လိုက်သလို၊ တခြား ဘယ်သူမှလည်း မမြင်လိုက်ပါဘူး။ ဒီ အသက်ကောင်လေးဟာ ဘယ်ကိုမှ ထွက်မသွားတာကို ထောက်ဆခြင်းအားဖြင့် တမလွန်လောက နောက်ဘဝဆိုတာ မရှိဘူးလို့ ဆုံးဖြတ်လို့ ရနေပါတယ်။ ဒါကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒသာ မှန်ကန်သင့်မြတ်ကြောင်း ပေါ်လွင် ထင်ရှားနေပါပြီ ဘုရား။ ဒီလို လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေရဲ့ ခိုင်မာလှတဲ့ အဖြေကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒကို နည်းနည်းလေးမှ အတိမ်းပါး မခံနိုင်ပါဘူး။

အရှင် ကုမာရကဿပ အနေနဲ့လည်း မြို့စားကြီးရဲ့ အဲဒီဥပမာသာဓကကို ပြန်လှန် ချေပနိုင်ဖို့ သင့်တင့် လျောက်ပတ်တဲ့ ဖြေဆေးတစ်မျိုး ရှာရပြန်တယ်။ ဆေး ဆိုတာလည်း ဝန်နဲ့အား လေးနဲ့မြား ဆိုသလို သင့်တင့် ညီမျှတဲ့ ဆေးဖြစ်ပေမှ ဆီလျော်ပါလိမ့်မယ်။ ဒီတော့ မြို့စားကြီးရဲ့ သာဓကနဲ့ လိုက်ဖက်ညီမယ့် ဥပမာတစ်မျိုးကို ဖြေဆေးအဖြစ်နဲ့ မြို့စားကြီးရဲ့ မာန်စွယ်ကို ချိုးတော်မူရတော့တယ်။

အို .. ဒကာတော်၊ သင် နေ့အခါများ အိပ်ဖူးပါသလား၊ အိပ်တဲ့အခါမှာ အိပ်မက်တွေကော မက်ဖူးပါသလား။
အရှင် အိပ်ဖူးရုံတင်မက အိပ်မက်များပင် ခဏခဏ မက်ဖူးပါတယ်။
အို .. ဒကာတော်၊ သင် အိပ်လို့ အိပ်မက် မက်နေတဲ့ အချိန်တွေမှာ သင့်ဘေးပတ်လည်မှာ မောင်းမမိဿံအခြွေအရံ အစောင့်အရှောက်တွေ ရှိပါသလား။
ရှိတာပေါ့ အရှင်
အို .. ဒကာတော်၊ အဲဒီ မောင်းမတွေဟာ သင်ရဲ့ ထွက်သက်ကိုပဲ ဖြစ်ဖြစ်၊ ဝင်သက်ကိုပဲ ဖြစ်ဖြစ် မြင်မိကြပါသလား။
မမြင်ကြပါ အရှင်
ကောင်းပြီ ဒကာ။ အသက်ထင်ရှား ရှိနေတဲ့ သင်ရဲ့ ထွက်သက်ကိုလည်းကောင်း၊ ဝင်သက်ကိုလည်းကောင်း မမြင်ကြရပါလျက်နဲ့ သေသူရဲ့ ဝင်သက်၊ ထွက်သက်ကို ဘယ်လိုလုပ် မြင်ရပါ့မလဲ။ ဒီဥပမာကို ထောက်ချင့်ပြီး တမလွန်လောကဆိုတာ တကယ် ရှိတာမို့ သင်ရဲ့ အယူဆဟောင်းကို စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ ဒကာ။

အချက်ပိုင်လှတဲ့ အရှင်သူမြတ်ရဲ့ ချေပချက်ကြောင့် မြို့စားရဲ့ ဘက်တော်သားတွေတောင် ဟုတ်ပါရဲ့ ဆိုတဲ့ အသံတွေနဲ့ ယိမ်းယိုင်စ ပြုလာကြတယ်။ ပါယာသိမြို့စားကြီးမှာ ယိုင်ဖို့ဝေးလို့ နဲ့ရုံမျှ နဲ့လာတဲ့ အမူအရာကို မတွေ့ရဘဲ နောက်ထပ် သာဓက တစ်ခုနဲ့ ထိုးစစ်ဆင်လာပြန်တော့တယ်။

အရှင်ရဲ့ တည်ကြည်လှတဲ့ သိက္ခာနဲ့ သမာဓိကို လေးစားပါတယ်၊ ရိုသေပါတယ်။ ဒါပေမယ့် နောက်ဆုတ်ပြီး အကျွန်ုပ်ရဲ့ ကျကျနန အဏုစိပ် လေ့လာခဲ့တဲ့ အယူဝါဒကိုတော့ မချေဖျက်နိုင်ပါ။ ယုတ္တိမတန်၊ သာမန်ကာ လျှံကာ အပေါစား ဝါဒမျိုး ဆိုရင်တော့ ဒီလောက် ကျားကုတ်ကျားခဲ သဘောမျိုး ကျွန်ုပ် ဆုတ်ကိုင်ထားမှာ မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ မှတ်ကျောက်တင်ထားတာမို့ အရှင့်အနေနဲ့ ဝန်မလေးရင် နောက်သာဓကတစ်ခု တင်ပြပါရစေ။

တစ်နေ့မှာ မင်းချင်းတွေက သူခိုးတစ်ယောက်ကို ဖမ်းမိပြီး အကျွန်ုပ်ကို လာအပ်ပါတယ်။ အကျွန်ုပ်ရဲ့ ဝါဒ ခိုင်မာကြောင်း သက်သေပြုဖို့ အထောက်အကူဖြစ်အောင် အကျွန်ုပ် ဒီလို စီရင်လိုက်တယ်။ အရှင်လတ်လတ် ချိန်ခွင်ထဲထည့်ချိန်ပြီး အလေးချိန်ကို မှတ်ထားခိုင်းပါတယ်။ အဲဒီနောက် ထွက်သက် မရှိရအောင် လည်မျိုကို လွန်ကြိုးတွေနဲ့ အတင်း ဖျစ်ညှပ်ပြီး အစ်သတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ သေသွားတော့ သူ့အလောင်းကို ချိန်ခွင်ထဲ ထည့်ပြီး ထပ်ချိန်ခိုင်းတယ်။ အသက်ရှင်နေတုန်းကထက် အလေးချိန် ပိုများနေတာကိုသာ တွေ့ရပါတယ်။ ဒီလို လေးနေတာကို ကြည့်ရုံနဲ့ သူရဲ့ အသက်ဟာ ပြင်ပလောကတစ်ခုဆီ ထွက်မသွားဘဲ သူ့ ကိုယ်ထဲမှာပဲ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

အို … အရှင်၊ ဒီ သာဓကကို ကြည့်ရင်ပဲ တမလွန်လောကဆို မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာသတ္တဝါမှ မဖြစ်တော့ကြောင်း ကောင်းကောင်းကြီး ထင်ရှားနေပါပြီ။ ဒီလောက် လက်တွေ့ကျကျ စမ်းသပ်ပြီးခါမှ ကျွန်ုပ်ဝါဒကို ဘယ်လိုနည်းနဲ့ စွန့်လွှတ်နိုင်ပါတော့မလဲ။

ဒကာတော်၊ သင်ရဲ့ သာဓကကို ချင့်ချိန် စဉ်းစားနိုင်ဖို့ ဥပမာတစ်ခု ထုတ်ပြပါရစေ။ သံတုံးကြီးတစ်တုံးကို မီးဖုတ်လိုက်သည် ဆိုကြပါစို့။ အပူရှိန် ပြင်းထန်တာကြောင့် အဲဒီ သံတုံးကြီးဟာ မကြာခင်မှာပဲ ရဲတက်လာတယ်။ ဒီတော့ အဲဒီ သံတုံးကြီးကို မီးပူထဲက ဆယ်ယူပြီး ချိန်ခွင်မှာ ထည့်ချိန်လိုက်တယ်။ ချိန်ပြီးတာနဲ့ သံပူခဲကြီးကို အအေးခံထားတယ်။ အေးသွားတဲ့အခါ အဲဒီ သံတုံးကို ထပ်ပြီး ချိန်ခိုင်းကြည့်တယ်။ သံတုံးကြီးကတော့ တစ်ခုတည်းပါပဲ။ အဲဒီလို ချိန်ခွင့်မှာ ချိန်ကြည့်လိုက်တဲ့ အခါ အဲဒီ သံတုံးကြီးက ပူတဲ့အခါနဲ့ အေးတဲ့အခါ ဘယ်အချိန်မှာ ပိုပြီး ပေါ့ပါသလဲ၊ ပိုပြီး ပျော့ပျောင်းပါသလဲ၊ ပိုပြီး လိုရာ ပြုပြင်ရလွယ်ပါသလဲ။ ပူတဲ့အခါ ပိုလေးသလား၊ အေးတဲ့အခါ ပိုလေးသလားဆိုတာ မြို့စားကြီး သင့်သလို အဖြေပေးပါ။

ပူတဲ့အခါ ပိုပေါ့ပါတယ် အရှင်။
ကောင်းပြီ။ ဘာကြောင့်များပါလိမ့်။

အရှင်၊ အပြင် တေဇော(အပူ)ဓါတ်နဲ့ အတွင်း ဝါယော(လေ)ဓါတ်တို့ တွေ့ဆုံကြတဲ့အခါ အခိုးအငွေ့တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်နှစ်ခု တွန်းကန်တဲ့ အရှိန်ကြောင့် ရဲရဲတောက် ပူနေတဲ့အချိန်မှာ သံတုံးက အရင်ကထက် ပိုလည်း ပေါ့၊ ပိုလည်း ပျော့ပြီး၊ ပိုလည်း လိုသလို ပြုပြင်ရ လွယ်ကူနေပါတယ်။ အေးသွားတဲ့အခါမှာတော့ တေဇောဓါတ်နဲ့ ဝါယောဓါတ်တွေ မရှိတော့တာကြောင့် ပိုလည်း မာပြီး ပြုရပြင်ရ ပိုလည်း ခက်သွားပါတယ်။

မှန်လိုက်တာ ဒကာ။ ဒီ ကိုယ်ကာယကြီးဟာ သံတုံးကြီးနဲ့ အတော်ကို ဆင်တူပါတယ်။ အသက်ဇီဝှိန်နဲ့ ထိတွေ့နေတဲ့ အခိုက်မှာ ပိုပြီး ပေါ့လည်း ပေါ့တယ်။ ပိုပြီး ပျော့လည်း ပျော့ပျောင်းနေတယ်။ ပိုပြီး အပြုအပြင်လည်း ခံတယ်။ အဲဒီလို မဟုတ်ဘဲ အသက်ဇီဝှိန်နဲ့ ကင်းကွာနေတဲ့ အချိန်မှာတော့ (သေသွားတဲ့အခါ) ပိုပြီး လေးလည်းလေး၊ မာလည်းမာ၊ ပြုပြင်ဖို့လည်း မလွယ်ကူတော့ပါဘူး။

ကဲ ဒကာတော်၊ ဒီသံတုံးကြီး ဥပမာကို ထောက်ချင့်စဉ်းစားပြီး သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါတော့လား မြို့စား။

အရှင်ရဲ့ စကားမှာ အသံသြဇာဟာ ပျားသကာလို ချိုမြနေပေမယ့်လည်း အနှစ်သာရ အနေနဲ့တော့ ကျွန်ုပ်အဖို့ရာ ခါးသက်လွန်းနေပါတယ်။ ကျွန်ုပ် လက်မခံနိုင်လောက်တဲ့ အထောက်အထား သာဓကတစ်ခု တင်ပြပါရစေဦး။

(ဆက်ရန်)

ကောက်ချက်

တစ်ချိန်တုန်းက ပုံပြောဆရာတစ်ယောက် ရှိခဲ့ဖူးတယ်။ အဲဒီ ပုံပြောဆရာဟာ တစ်နေ့တစ်နေ့ ဒီပုံပြင် အဟောင်းတွေပဲ ပြောပြီး တစ်ဝဲဝဲလည်နေတော့ စိတ်ပျက် ငြီးငွေ့လာတယ်။ ဒါနဲ့ တစ်ထောင့်တစ်ည အိပ်ယာဝင် ပုံပြင်တွေကို ဆက်ပြောနေမယ့်အစား တကယ့် လက်တွေ့ကျမယ့် ဘဝရဲ့ ဇာတ်လမ်း အစစ်အမှန်တွေကို ရှာဖွေဖို့ စိတ်ဆုံးဖြတ်လိုက်တယ်။ ဒါနဲ့ သူရဲ့ အရင်နေတဲ့ အိမ်ကနေ ထွက်လာပြီး သူရဲ့ ဇာတ်လမ်း ရှာပုံတော် ခရီးစဉ်ကြီး စတင်တော့တယ်။

ဒီလိုနဲ့ သူ ရွာတစ်ရွာကို ရောက်သွားတော့ အဲဒီ ရွာမှာ တဲအိမ်လေးတစ်လုံး ငှားနေတော့တယ်။ ဒီလိုနဲ့ ရွာထဲကို မွှေနှောက် လျှောက်သွားပြီး ကုန်ကြမ်းဇာတ်လမ်းတွေ ရလိုရငှား လှည့်ပတ်နေတော့တယ်။ အချိန်က လချီပြီး ကြာလာပေမယ့် သူလိုချင်တဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းက မတွေ့တော့ စိတ်ပျက်စ ပြုလာပြီ။ ဒီလိုနဲ့ ရှာမတွေ့တော့ စိတ်ပျက်လက်ပျက်နဲ့ သူရဲ့ ရှာပုံတော်လုပ်ငန်းစဉ်ကြီးကို ရပ်တန်းက ရပ်လိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

နောက်တစ်နေ့ ရောက်တော့ သူရဲ့ တဲအိမ်ထဲမှာ လက်မှိုင်ချပြီး ထိုင်နေတုန်း ရုတ်တရက် အသံတစ်သံ ကြားလိုက်ရတယ်။ မိန်းမကြီးတစ်ယောက်က တစ်ယောက်ယောက်ကို အာပြဲလျှာပြဲနဲ့ ဆူငေါက် အော်ဆဲနေတဲ့ အသံ။ အသံဟာ သူ့အိမ် အနောက်ဘက် ဝင်းထရံ ဟိုဘက်ကလာမှန်း သိလိုက်တော့ သူ ဝင်းထရံနား ကပ်ပြီး သူတို့ရဲ့ ပြောစကားတွေကို အသေအချာ နားထောင်နေတော့တယ်။ စကား အသွားအလာကို ခန့်မှန်း ကြည့်ရတာတော့ ချွေးမတစ်ယောက်ကို နှိပ်စက်နေတဲ့ လေသံပဲ။ ဘယ်လိုမှ နားမခံသာပေမယ့် သူ့အတွက် ဇာတ်တစ်ပုဒ် ရပြီဆိုပြီး ပျော်နေမိတယ်။

ဒီလိုနဲ့ နေ့တိုင်းနေ့တိုင်း သူတို့ရဲ့ စကား အပြောအဆိုတွေကို အကဲခတ် လေ့လာပြီး သူရဲ့ ဇာတ်ကွက်ထဲမှာ ဖြည့်ဖြည့်ပြီး ရေးသွားလိုက်တယ်။ ကာယကံရှင်တွေကို လုံးဝ မမြင်ဖူးပေမယ့် ဟို ယောက်ခမ ဆိုတဲ့ မိန်းမကြီးကို တဖြည်းဖြည်းနဲ့ မုန်းတီးလာတယ်။ အဲဒီ မိန်းမကြီးက အမြဲတမ်း နိုင်ထက်စီးနင်းနဲ့ မောက်မောက်မာမာ ရိုင်းရိုင်းစိုင်းစိုင်း အော်ဟစ် ပြောဆို ကြိမ်းမောင်းနေပေမယ့် ချွေးမလုပ်သူခမျာ ဘာအသံမှ မထွက်ရှာဘူး။ ဒီလို တစ်ဖက်သတ် အနိုင်ကျင့်ရာရောက်တော့ မျက်နှာမမြင်ရဘဲ အသံကြားရရုံနဲ့ မိန်းမကြီးကို မုန်းတီးတဲ့စိတ်၊ ကြည့်မရတဲ့စိတ်က တစ်နေ့တခြား တိုးပွားနေတယ်။

ဒီလိုနဲ့ အချိန်တော်တော်ကြာ ဇာတ်ကွက်တွေ ရေးပြီး ဇာတ်လမ်းကို အဆုံးသတ်ဖို့ အချိန်တန်ပြီလို့ ဆုံးဖြတ်လိုက်တယ်။ သေချာပါတယ်။ ဇာတ်လမ်းထဲမှာ ယောက်ခမ လုပ်တဲ့သူကတော့ မုဆိုးတစ်ပိုင်း မိန်းမရိုင်းကြီးပေါ့။ အနှိပ်စက်ခံ ဘဝနဲ့ အင်မတန်မှ သနားစရာကောင်းတဲ့ ချွေးမရဲ့ ဘဝကို ဇာတ်နာအောင် ရေးထားမယ့် အိမ်တွင်းရေး ဇာတ်လမ်းကြီးတစ်ပုဒ် ဖြစ်တော့မှာပါ။ ဇာတ်လမ်းရဲ့ အဆုံးသတ်ကို ချရေးပြီးတဲ့နောက်မှာ သူ့ဇာတ်အိမ်မှာ ပါတဲ့ ဇာတ်ကောင်တွေရဲ့ မျက်နှာကို မြင်ဖူးလိုက်ချင်တယ် ဆိုတဲ့ အာသာတ ပေါ်လာတယ်။ ဒါနဲ့ သူဟာ နောက်ဘေး ဝင်းထရံကို ကျော်ခွ တက်ပြီး သူ့ဇာတ်ကောင်တွေရဲ့ အသွင်အပြင်ကို အကဲခတ်လေတော့တယ်။

လှမ်းကြည့်လိုက်တဲ့ အချိန် မြင်လိုက်ရတာက Wheelchair နဲ့ မိန်းမကြီးတစ်ယောက်။ လေဖြတ်ထားလို့ ကိုယ်လက် မသန်မစွမ်းတော့တဲ့ ပုံစံနဲ့။ သူနဲ့ ခပ် မနီးမဝေးမှာတော့ မိန်းမငယ် တစ်ယောက် ထိုင်နေတယ်။

မိန်းမကြီးနဲ့ မလှမ်းမကမ်းမှာ ရှိတဲ့ စားပွဲပေါ်က အစားအသောက်ကို မမီမကမ်းနဲ့ လှမ်းယူနေတဲ့ မိန်းမကြီးကို အမူအရာတွေ အားလုံးကို သေချာ ကြည့်နေမိတယ်။ ဒါပေမယ့် မသန်မစွမ်းနဲ့မို့ စားပွဲပေါ်က စားသောက်ပန်းကန်ကို ယူလို့ မရဘဲ အခက်တွေ့နေတဲ့ မိန်းမကြီးကို ကြည့်ပြီး ကျေနပ်ကြည်နူးနေတဲ့ မိန်းမငယ်ရဲ့ အမူအရာကိုလည်း သတိထားနေမိတယ်။ အခုလို မိန်းမကြီး ခိုကိုးရာမဲ့နေတာကို မိန်းမငယ်လေး သဘောကျနေတယ်ဆိုတာ အင်မတန်မှ ထင်ရှားပါတယ်။

မမီမကမ်းနဲ့ လှမ်းအဆွဲမှာ ရုတ်တရက် ထိုင်ခုံပေါ်မှာ ပြုတ်ကျလေရဲ့။ အဲဒီတော့ မိန်းမကြီးက မိန်းမငယ်လေးကို ပတ်ပတ်စက်စက် ဆဲပါလေရော။

အဲဒီ အဖြစ်အပျက်တွေ မြင်လိုက်ရတော့ ပုံပြောဆရာဟာ ချက်ချင်းပဲ တဲထဲ ပြေးဝင်ပြီး သူရဲ့ ဇာတ်လမ်းဇာတ်ကွက် အသွားအလာတွေကို ပြင်ဆင်ရပါတော့တယ်။ သူထင်ထားသလို ဇာတ်သိမ်းလို့မှ မရတော့ဘဲ။ သူ နဂိုက ထင်ထားတဲ့ အယူအဆတွေနဲ့ အတော်ကြီးကို ကွာခြားသွားပြီကိုး။ သူအနေနဲ့ တကယ်ကို စစ်မှန်တဲ့ ဇာတ်လမ်းတစ်ပုဒ် ရလိုက်သလိုပဲ သင်ခန်းစာတစ်ပုဒ်လည်း ရလိုက်ပါတယ်။

အကြောင်းအချက်တွေ အားလုံးကို သေချာ မသိသေးဘဲ အခြေအနေကို ကောက်ချက်မချလိုက်ပါနဲ့။
တစ်ခါတလေမှာ ကျနော်တို့ အမှန်တရားနဲ့ ဘယ်လောက် ကွာဝေးနေသေးလဲ ဆိုတာ ခန့်မှန်းကြည့်လို့ မသိနိုင်ပါဘူး။

ကပ်ပါပေ့ မြို့စားရယ် (၃)

ဒီလိုပါ အရှင် …
ဆိုတဲ့ မြို့စားကြီးရဲ့ အသံ ထွက်လာတာနဲ့ ကျွတ်စိကျွတ်စိ ဖြစ်နေတဲ့ ပရိသတ်ရဲ့ အသံဟာ အလိုအလျောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ဒီလူကြီး ဘယ်လိုများ ကပ်ဦးမှာလဲမသိ ဆိုတဲ့ မျက်နှာပေးနဲ့ မလိုသူ ရွာသားတွေရဲ့ အကြည့်၊ ငါတို့ မြို့စားကြီး ဘယ်လိုများ အပိုင်ဂိုးကို ရှူးဦးမလဲဟ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလိုတော်ရိတွေက တစ်မျိုးပေါ့။ အားလုံးရဲ့ အမြင်အာရုံဟာ မြို့စားကြီးရဲ့ နှုတ်ခမ်းဖျားလေးမှာ ကျက်စားနေကြတယ်။ တည်ငြိမ်တဲ့ အသွင်၊ အေးချမ်းတဲ့ မျက်နှာထားနဲ့ ကုမာရ ကဿပ မထေရ်ကတော့ မျက်လွှာလေး အသာချပြီး နောက်ထပ် ထွက်ကျလာမယ့် စကားလုံးတွေကို အိနြေ္ဒရရ ငံ့လင့်နေလေရဲ့။ အားလုံးရဲ့ အကြည့်တွေကို ထိုးဖောက်ပြီး ထွက်လာတာကတော့

သီလ၊ သမာဓိ၊ အကျင့်သိက္ခာနဲ့ ပြည့်စုံကြတဲ့ သူတော်စင် ရဟန်း၊ ရသေ့ စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အကျွန်ုပ် မြင်ဖူးပါတယ်။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနဲ့ ပြည့်စုံကြတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း မြင်ဖူးတာ မနည်းလှပါဘူး။ အဲဒီ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆင်းရဲဒုက္ခ ရောက်ကြရမှာလည်း ထိတ်လန့်ကြတယ်။ မမာမကျန်း ဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်။ အိုရမှာကိုလည်း ကြောက်ကြတယ်။ သေရမှာကိုလည်း တွေးပြီး လန့်ကြတယ်။ အားလုံးက ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေချင်ကြတဲ့ သူတွေချည်းပါပဲ။ သူတို့ အဲဒီလို နေချင်ကြမယ် ဆိုတာကိုလည်း အကျွန်ုပ် ရိပ်စား သတိထားမိပါတယ်။

အရှင်၊ သူတို့ကို ကြည့်ပြီး အကျွန်ုပ်မှာ ဒီလို အကြံဖြစ်မိပါတယ်။ ငါတို့ဟာ ဒီဘဝကနေ သေခဲ့ရင် ဒီထက် မြတ်တဲ့ ဘုံဘဝမှာ ဖြစ်မယ်၊ နတ်ပြည် နတ်ရွာမှာ နတ်စည်းစိမ်အပြည့် ခံစား စံစားရမယ်ဆိုတာကို သူတို့ တကယ်တမ်း သိခဲ့မယ်ဆိုရင် လက်ရှိ ခက်ခဲ ကြမ်းတမ်းတဲ့ဘဝကို ဘာတပ်မက်စရာ လိုပါတော့မလဲ။ တမလွန်လောကရဲ့ စည်းစိမ်ချမ်းသာကို မျှော်မှန်းပြီး သူတို့ရဲ့ လက်ရှိဘဝ လက်ရှိအသက်ကို အဆိပ်ခက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ကြိုးဆွဲချပြီးတော့ ဖြစ်ဖြစ်၊ ရေထဲ ဆင်းပြီးတော့ပဲ ဖြစ်ဖြစ်၊ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့ပဲ ဖြစ်ဖြစ်၊ သေနည်းအမျိုးမျိုးနဲ့ သက်ဆုံးစီရင်ကြတော့မှာပါ။ လက်တွေ့မှာကျ အဲဒီလိုမျိုး ဘယ်သူမှ မလုပ်ကြဘဲ လက်ရှိ သူ့ဘဝကိုပဲ တွယ်ကပ်ပြီး နေနေကြတာကို တပည့်တော် တွေ့ရပါတယ်။

အို .. အရှင်၊ ဒီလို လက်ရှိဘဝမှာ ဖက်တွယ်နေကြတာကို ကြည့်ရင် တမလွန်လောက ဆိုတာ မရှိ။ သေခြင်းရဲ့ အခြားမဲ့မှာ သတ္တဝါတွေ ပြန်ပြီး မဖြစ်။ ကုသိုလ်ကံ၊ အကုသိုလ်ကံရဲ့ အကျိုးဝိပါက် တွေလည်း လုံးဝ အဓိပ္ပာယ်မရှိဘူး ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒသာ အမှန်ဖြစ်ပါတယ်” လို့ မဆုတ်မနစ် လျှောက်ပါတော့တယ်။

ဝါဒလွန်ဆွဲပွဲဟာ အတော်လေးကို အကျိတ်အနယ် ဖြစ်လာပါပြီ။ ကပ်သီးကပ်ဖဲ့ တွေးတဲ့၊ ပြောတဲ့နေရာမှာ အတော် ပိုင်နိုင်ကျွမ်းကျင်တဲ့ ပါယာသိမြို့စားကလည်း မလျှော့စတမ်း။ စကားအရာ ပရိယာယ် ကြွယ်ကြွယ်ဝဝနဲ့ ပြောတဲ့ ဟောတဲ့နေရာမှာ ဧတဒဂ်ရထားတဲ့ ကုမာရကဿပ မထေရ်ကလည်း ဘယ်မှာ လက်လျှော့ပါလိမ့်မလဲ။ အိနြေ္ဒတစ်ချက်မှ မငြိမစွန်းဘဲ တည်ကြည် ပြတ်သားလှတဲ့ အသံနဲ့ ပရိသတ်အားလုံးကို ဖမ်းစားလိုက်တယ်။

အို .. ဒကာမြို့စား၊ သင့်ကို ဥပမာတစ်ခု ငါ ပြပါဦးမယ်။ ဒီဥပမာဟာ အကျိုးများလှပါတယ်။ အသိဓါတ်ခံ ကောင်းသူတွေအနေနဲ့ ဒီဥပမာကို ကြားရုံ၊ နာရုံနဲ့ ဆိုလိုချက် အဓိပ္ပာယ်ကို သိလွယ်၊ နားလည်လွယ်ပါလိမ့်မယ်။

ရှေးတုန်းက ပုဏ္ဏားတစ်ယောက်မှာ မယားနှစ်ယောက် ရှိလေသတဲ့။ မယားတစ်ယောက်မှာ (၁၂) နှစ်အရွယ် သားတစ်ယောက် ရှိပြီး နောက် မယားတစ်ယောက်ကတော့ ကိုယ်လေးလက်ဝန်နဲ့ မီးဖွားခါနီးအချိန်မှာပါ။ တစ်နေ့တော့ အဲဒီ မယားနှစ်ယောက်ရဲ့ ခင်ပွန်းယောက်ျားဖြစ်တဲ့ ပုဏ္ဏားကြီး ရုတ်တရက် သေဆုံးသွားတယ်။ ဒီတော့ (၁၂) နှစ်အရွယ် သားဟာ သူရဲ့ မိထွေးတော်စပ်တဲ့ ကိုယ်ဝန်ဆောင် မယားနဲ့ အမွေလုပါလေရော။
အို အမိ၊ ဖခင် ချန်သွားတဲ့ ပစ္စည်းမှန်သမျှ အားလုံးဟာ အကျွန်ုပ်နဲ့သာ သက်ဆိုင်ပါတယ်။ သင်နဲ့ ဘယ်လိုနည်းနဲ့မှ မဆိုင်။ ဒီတော့ သင့်လက်ဝယ်မှာ ရှိနေတဲ့ ပစ္စည်းအားလုံး ကျွန်ုပ်ကို အပ်ပါ
လို့ ပြောလာတယ်။ အဲဒီအခါ မိထွေးက
အမောင်၊ ငါ မွေးဖွားပြီးအောင် စောင့်ပါဦး။ တကယ်လို့ သားယောက်ျားလေး မွေးမယ်ဆိုရင် ကျန်ရှိပစ္စည်းရဲ့ တစ်ဝက်ကို ငါ့သားအနေနဲ့ ပိုင်ဆိုင်ခွင့် ရှိပါတယ်။ တကယ်လို့ သမီးမွေးမယ်ဆိုရင်တော့ သင်ရဲ့ အလုပ်အကျွေး ဖြစ်ပါစေ
လို့ ပြန်တောင်းဆိုတယ်။ သုံးခါတိတိ တောင်းပြီး တောင်းတဲ့အခါတိုင်း သုံးခါလုံး ဒီအတိုင်းပဲ ပြောလွှတ်လိုက်တယ်။

ဘယ်လို ပြောပြော မရပါဘူး။ အဲဒီသားက ခဏခဏ တောင်းနေတော့တာပဲ။ မိထွေးလုပ်သူက ကြံရာမရ ဖြစ်နေတယ်။ ပစ္စည်းတွေကိုလည်း မပေးရက်၊ လက်လွတ်မခံနိုင်။ ကလေးကလည်း မမွေးသေးတော့ ခက်ပါဘိသနဲ့။ နောက်တော့ ‘ ငါ့လင်ပစ္စည်း ဒင်းလက်ထဲ ဘယ်နည်းနဲ့မှ မအပ်နိုင်ဘူး ‘လို့ ကြိမ်းဝါးပြီး အခန်းထဲကို ဓါးတစ်ချောင်းနဲ့ ဝင်သွားလေရဲ့။ ‘ သားမွေးမွေး၊ သမီးမွေးမွေး၊ ငါ့အတွက်တော့ အမြတ်ချည်းပဲ ‘ ဆိုပြီး သူ့ဗိုက်ကြီးကို ဓါးနဲ့ထိုးစိုက်ပြီး ခွဲချလိုက်တယ်။ ပစ္စည်းအတွက် လောဘရမ္မက် အားကြီးလွန်းလှတဲ့ မိန်းမမိုက်ဟာ ကိုယ့်လက်ချက်နဲ့ ကိုယ်ပဲ အသက်လည်းသေ၊ သားသန္ဓေလည်း သေ၊ ပစ္စည်းလည်းဆုံးပြီး အလုံးစုံ ပျက်စီးခြင်းကို စိုက်ရောက်ရတော့တယ်။

အို .. ဒကာမြို့စား၊ ဒီလိုပါပဲ။ ဆင်ခြင်တုံတရား နည်းနည်းမှ မရှိဘဲ ပရလောကကို ရှာဖွေနေတဲ့ အသင်ဟာလည်း ရှာရင်းနဲ့ပဲ အဲဒီ မိန်းမလို ပျက်စီးခြင်း ရောက်ရလိမ့်မယ်။ အခု ငါဆိုခဲ့တဲ့ ဥပမာကို ထောက်ထားပြီး ရွဲ့စောင်းနေတဲ့ သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါ။ ‘တမလွန်လောကဆိုတာ ရှိတယ်။ သတ္တဝါတွေ သေပြီးနောက်မှာ ဘဝသစ် နောက်တစ်ခါ ထပ်ဖြစ်တယ်။ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အကျိုးဝိပါက်ဆိုတာလည်း အမှန်စင်စစ် ရှိတယ်‘ ဆိုတဲ့ ဝါဒအသစ်ကို လက်ခံပါတော့လား ဒကာ။

ကုမာရကဿပ မထေရ်ဟာ စိတ်ရှည်လက်ရှည်နဲ့ ပါယာသိမြို့စားကို အမြင်မှန် ဝါဒဟောင်းကို စွန့်နိုင်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မြို့စားကြီးကတော့ ပေကပ်ကပ်နဲ့ အကျောက်အကန် ငြင်းဆန် ရုန်းကန်နေတုန်းပါပဲ။

အို .. အရှင်၊ သင့်စကားတွေက နားထောင်လို့တော့ အတော်ကောင်းသား။ ဒါပေမယ့် အကျွန်ုပ်ကို သာယာအောင်၊ ကျေနပ်အောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဒီလောက်လေး ပြောရုံ ဆိုရုံလောက်နဲ့ ကျွန်ုပ်ရဲ့ ဝါဒကို ချိုးနှိမ်လို့ မရပါဘူး။ ဒီလောက်နဲ့တော့ အသင့်ရဲ့အောက်ကို တိုးလျှိုးလာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကျွန်ုပ်ရဲ့ ဝါဒဟာ သံမှိုနဲ့ ဆွဲတာထက်ကို မြဲပါတယ်။ အင်မတန် ခိုင်မာတဲ့ လက်တွေ့ သာဓကတွေလည်း ကျွန်ုပ်မှာ အများကြီး ရှိတယ်။ သင့်မှာ ဥပမာတွေ ပေါများသလိုပဲ အကျွန်ုပ်မှာလည်း ယုံကြည်နိုင်လောက်တဲ့ အကိုးအထောက် အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ အရှင် ဝန်မလေးဘူး ဆိုရင် အကျွန်ုပ် တင်ပြလိုပါသေးတယ်။ ဘယ်လို သဘောရပါသလဲ အရှင်

အို .. ဒကာမြို့စား၊ ငါ့မှာ နည်းနည်းလေးမှ ဝန်မလေးပါဘူး။ သင် တတ်နိုင်သလောက် ငါ့ကို တင်ပြပါတော့။

ကပ်ပါပေ့ မြို့စားရယ် (၂)

အဲဒီနေ့မှာ သေတဗျမြို့ တစ်မြို့လုံး နံနက် မိုးလေး လင်းတာနဲ့ ကျွက်ကျွက်ညံနေလေရဲ့။ ဟိုနေရာလည်း ရုံးစုရုံးစု ဒီနေရာလည်း ရုံးစုရုံးစုနဲ့ လူတွေ ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် စုပြီး ကျွတ်ထိုးနေကြတယ်။ နောက်တော့ လူစုလိုက်ကြီး မြောက်စူးစူးကို အကုန် ဦးတည်သွားနေကြတယ်။ ဦးတည်ဆို မြောက်ဘက်စူးစူးက ယင်းတိုက်တောထဲမှာ ရဟန္တာတစ်ပါးဟာ နောက်ပါ ရဟန်း (၅၀၀) နဲ့အတူ ရောက်ရှိနေတယ်လို့ သတင်းကြားကြလို့ပါပဲ။ မဇ္ဈိမဒေသမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီလို့ သတင်းကြားကတည်းက နာမည်သတင်း မွှေးလာခဲ့တဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေရဲ့ ဂုဏ်သတင်းကြောင့် မြို့ရွာအသီးသီးက လူတွေဟာ ဖူးချင် တွေ့ချင် မြင်ချင်နေကြတာ တစ်ပိုင်းကို သေလို့။ အခု တကယ် ကြွလာပြီ ဆိုတော့ ရတဲ့အခွင့်အရေး ဘယ်လက်လွှတ်ခံကြမလဲ။ အပြေးအလွှားကို သွားဖူးဖို့ စုရုံးနေကြပြီလေ။ ကြွမယ့် ကြွလာတော့လည်း မယ်မယ်ရရ ပုဂ္ဂိုလ် မဟုတ်ပြန်ဘူး။ စကားအရာမှာ၊ စာအရာမှာ၊ ပရိယာယ်အရာမှာ အင်မတန်မှ ကျွမ်းကျင် လိမ္မာတယ်လို့ နာမည်ကြီးတဲ့ ကုမာရကဿပ မထေရ်ပါပဲ။

နံနက်စောစော ပါယာသိမြို့စားကြီး လေသာဆောင် ပြတင်းကနေ လှမ်းကြည့်လိုက်တော့ တစ်မြို့လုံး ရုတ်ရုတ်ကျွက်ကျွက် ဖြစ်နေတာ တွေ့သွားတယ်။ ဒါနဲ့ သူရဲ့ မင်းစေ (စကေရီတယ်ရီ) ကို ခေါ်မေးတယ်။ ဒီတော့ မင်းစေကလည်း သူသိသလောက် မချွင်းမချန် လျှောက်တော့တာပေါ့။ ဒီတော့ မြို့စားကြီးက စဉ်းစားတယ်။
အင်း … ငါ့ကောင်တွေတော့ ဒုက္ခပဲ။ ဟိုဘုန်းကြီးက စကားတတ်မှတတ်နဲ့။ ငါ့လူတွေကလည်း ဝေးလေးဝါးလားဆို သိပ်ဖြစ်။ အခုလည်း ဘာရယ်မဟုတ်ဘူး။ လူစည်တော့ ပျော်ပြီး လိုက်ကုန်ကြပြီ။ ဟိုဘုန်းကြီး တစ်ခွန်းနှစ်ခွန်း ပြောလိုက်တာနဲ့ ငါ့လူတွေက ကြွေပြီး အယူဝါဒတွေ လွဲမှားကုန်တော့မယ်။ အစကတည်းက ဝါဒက မခိုင့်တခိုင်။ မဖြစ်ချေဘူး။ ငါမှ မကယ်ရင် အားလုံး အယူတွေ တလွဲရောက်ကုန်ပြီး ဒုက္ခတွေ့ကုန်တော့မယ်။
ပထမ သူ့မြို့သူမြို့သားတွေ အပေါ် ကရုဏာ သက်မိတယ်။ နောက်တော့ ဟို ဘုန်းကြီးကို ဒေါသ ထွက်မိတယ်။ သူ အသေအချာ ပြန်စဉ်းစားလိုက်တော့ ဒေါသရဲ့ အရင်းခံက မနာလိုမှု ဣဿာ ဖြစ်နေတာ သူ တွေ့လိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ်လေ “ငါ တားမှ တော်ရာ ကျတော့မယ်” ဆိုတဲ့ အတွေးနဲ့အတူ မြို့ထဲက လူတွေကို မင်းစေကနေတဆင့် စကား သွားပါးခိုင်းလိုက်တယ်။ မြို့စားကြီးလည်း အတူတကွ လိုက်မှာမို့ အားလုံး မသွားကြသေးဘဲ မြို့စားအလာကို စောင့်ပေးကြပါလို့ သွားပြောခိုင်းလိုက်တယ်။ မသွားနဲ့ ဆိုပြီး တားလို့ ဘယ်ဖြစ်မလဲ။ ဒီတော့ အချိန်ဆွဲရုံပဲ ရှိမှာပေါ့။ လူတွေ ယင်းတိုက်တောထဲ မသွားခင် မြို့စားကြီးက ဖျောင်းဖျပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

မြို့စားကြီးပါ လိုက်မယ်ဆိုတော့ အားလုံးက စောင့်နေကြရပြီပေါ့။ အမောတကောနဲ့ ပြေးလာတဲ့ မြို့စားကြီးကို အားလုံးက အံ့အား သင့်နေကြတယ်။ ကိုယ်ပိုင် အယူဝါဒတစ်ခုနဲ့ မာန်တက်နေတဲ့ လူတစ်ယောက်က တခြား ဝါဒရှင်တစ်ယောက်ကို တွေ့ဖို့ အဲဒီလောက်ပဲ စိုင်းပြင်းနေရသလား ဆိုတဲ့ အတွေးတွေကို သူ့ကို ကြည့်နေကြတယ်။ မြို့စားကြီးကလည်း သူ့အကြံနဲ့ သူကိုး။ အားလုံးကို စည်းရုံးပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမယ့် အဲဒီ အတွေးက လမ်းမှာ ပြေးလာရင်း တဖြည်းဖြည်းနဲ့ ပြေလျော့လာတယ်။ ဟိုအရင်ကတည်းက ဗုဒ္ဓရဲ့ ဂုဏ်သတင်းနဲ့ အရှိန်အဝါ၊ တရားတော်ရဲ့ ခိုင်မာမှု နဲ့ ပြတ်သားမှု တွေကို ကြားသိဖူးပြီးသား ဖြစ်တဲ့ မြို့စားကြီး အနေနဲ့ အခုလို ကြုံတောင့်ကြုံခိုက်မှာ ဟိုဘုန်းကြီးရဲ့ အမြင်နဲ့ ဖလှယ်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေ တဖွားဖွား ပေါ်လာနေတယ်။ “ကျွန်တော်မျိုးတို့ ဗုဒ္ဓရဲ့ သားတော် ကုမာရကဿပ မထေရ်ကို ဖူးချင်လို့ စောင့်နေတာ ကြာပါပြီ မြို့စားကြီး။ မြို့စားကြီးလည်း လိုက်မယ်ဆိုတော့ အရှေ့ကနေ ဦးဆောင်ပြီး ကြွတော်မူပါ” ဆိုတဲ့ ဖိတ်ခေါ်သံကို ရောက်ရောက်ချင်း ကြားလိုက်ရတော့ ဘာမှတောင် မပြောလိုက်ရတော့ဘဲ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ယင်းတိုက်တောဆီကို လူစုလိုက် ချီတက်ကြပါတော့တယ်။

ကုမာရကဿပ မထေရ်ရဲ့ ကြည်ညိုဖွယ် ရုပ်အဆင်းနဲ့ သပ္ပာယ်လှတဲ့ အသွင်သဏ္ဍာန်ကြောင့် မြင်လိုက်ရုံနဲ့ပဲ အားလုံးလိုလိုဟာ ကြည်ညိုသဒ္ဓါပွားပြီး ထိုင်ရှိခိုးကြတော့တယ်။ ပါယာသိမြို့စားကတော့ အရှေ့ဆုံး သင့်လျော်တဲ့ တစ်နေရာမှာ ထိုင်နေရင်း နှုတ်ဆက်စကားနဲ့ အတူ အလ္လာပ၊ သလ္လပ စကားတချို့ ပြောပြီး သံဃာတွေကို ကြည့်လိုက်၊ သူ့ ပရိသတ်ကို အကဲခတ်လိုက်နဲ့ပဲ ခပ်ဆိတ်ဆိတ် နေနေတယ်။ တချို့သော ပရိသတ်က ကိုယ်ရဲ့ အမည်နာမ၊ မျိုးရိုးဇာတိကို ထုတ်ဖော်ပြောပြီး ကိုယ့်ဖာသာ မိတ်ဆပ်ရင်း စကားစမြည် ပြောနေကြတယ်။ တချို့ကတော့ အေးအေးသာကြည် သူများ ပြောတဲ့ စကားကိုပဲ နားထောင်နေကြတယ်။ မြို့စားကြီးမှာတော့ “ငါ့ကောင်တွေတော့ ပါသွားတော့မှာပဲ” ဆိုတဲ့ အတွေးနဲ့ စကားပြောနေကြတဲ့ သူတွေကို စိတ်ထဲကနေ ငြူစူနေမိတယ်။ စိတ်ထဲက စိုးရိမ်တကြီးနဲ့ ဖြစ်နေတဲ့ ကြားထဲက ဝါဒပြိုင်ချင်တဲ့ မာနလေးက ထောင်ထောင်ပြီး ထွက်လာတယ်။
ဒီကိုယ်တော် နာမည်ကတော့ ကြီးပါ့။ တကယ်ကော တော်မှာမို့လား။ တကယ်တော်မတော်၊ တတ်မတတ် စမ်းကြည့်မှ သိမယ်။ ဟုတ်တိုင်းကျော်၊ ကျော်တိုင်းဟုတ် မဟုတ် ငါ့ဝါဒကို တင်ပြပြီး ဆန်းစစ်ကြည့်မယ်။ အသားလွတ် နာမည်ကြီးတာ ဆိုရင်လည်း ငါ့ဝါဒဟာ ခိုင်မာသထက် ခိုင်မာလာပြီး ယုံကြည်သူလည်း တိုးလာတာပေါ့”
ဆိုတဲ့ အတွေးကြောင့် နှုတ်က စကားလုံးတွေ ပွင့်အန် ထွက်လာတယ်။
အရှင်၊ အရှင်ခွင့်ပြုမယ်ဆိုရင် စကားနည်းနည်း ပြောချင်ပါတယ်။
ဒကာ မြို့စား၊ ပြောနိုင်ပါတယ်။ ပြောပါ။

ဘုန်းကြီးဆီက ခွင့်ပြုချက် ရတယ် ဆိုရင်ပဲ မြို့စားကြီးဟာ သူရဲ့ စမ်းသပ်ချက်တွေ၊ ယုံကြည်မှုတွေ၊ အယူဝါဒတွေကို တစ်ခုပြီးတစ်ခု ခင်းကျင်းပြသပါတော့တယ်။ မြို့စားရဲ့ စကား အဆုံးမှာ ပြောလိုက်တဲ့ မထေရ်ရဲ့ စကားကြောင့် မြို့စားကြီးက ကြောင်စီစီနဲ့ ကြည့်နေမိတယ်။
ဒကာ မြို့စား၊ အဲဒီလို ပြောလေ့ရှိတဲ့ လူကို ငါ မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးပါဘူး။ အသင် ပြောလို့သာ ဒါ ပထမဆုံး ကြားဖူးခြင်းပါ။ အသင်ရဲ့ အယူဝါဒက ထူးဆန်းလိုက်တာ
မထေရ်ရဲ့ စကားကို ကြားပြီး ကြောင်အန်းအန်း ဖြစ်နေတုန်းမှာပဲ မထေရ်က ဆက်ပြောပါတယ်။
ဒကာ မြို့စား၊ တမလွန်လောက မရှိဘူးလို့ သင် ပြောခဲ့တယ်။ အဲဒီ အယူနဲ့ ပတ်သက်ပြီး ခိုင်မာပြီး အားကိုးလောက်တဲ့ အထောက်အထားများ ရှိပါရဲ့လား
ဒီလိုများ မေးမှ မေးလာပါ့မလားလို့ တွေးနေမိတဲ့ မြို့စားတစ်ယောက် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေနဲ့ ကိုယ်တော်ကို မလှုပ်နိုင်အောင် ဖိပစ်လိုက်မယ် ဆိုတဲ့ စိတ်ကူးပီတိနဲ့
ဘာပြောကောင်းမလဲ၊ သိပ်ရှိတာပေါ့” လို့ အားရပါးရ ဖြေလိုက်တယ်။
ကဲ ရှိရင် လျှောက်စမ်းပါဦး။ တကယ်ပဲ ဘယ်လောက်တောင် ခိုင်မာသလဲဆိုတာ ငါ သိချင်တယ်
မထေရ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဝမ်းပမ်းတသာ ရှိလှတဲ့ မြို့စားကြီးဟာ သူရဲ့ သုတေသန တစ်စိတ်တစ်ပိုင်းကို စပြီး ပြောပြပါတော့တယ်။ ငရဲကို အမှန်တကယ် ရောက်နိုင်မယ့် ငမိုက်သား လူရမ်းကားတွေကို ငရဲရောက်ရင် သူ့ကို အကြောင်းကြားဖို့ မှာလိုက်တဲ့ အကြောင်းနဲ့ ငရဲပြည်က သတင်းတစ်စွန်းတစ်စ ရလိမ့်နိုးနိုး အမျှော်ကြီး မျှော်ခဲ့ရပုံတွေကို လျှောက်တင်လိုက်ပြီး
အရှင်၊ အခုလို ငရဲသားတွေဆီကနေ နည်းနည်းလေးတောင်မှ သတင်း ပြန်မကြားရတာကို ကြည့်လိုက်ရင်ကိုပဲ ပရလောက ဆိုတာ တကယ် မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒီလောက် ခိုင်မာနေတဲ့ အထောက်အထားတွေ ရှိနေပါလျက်နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ လက်ရှိ အယူဝါဒကို စွန့်လွှတ်နိုင်ပါ့မလဲ ဘုရား

လျှောက်ထားအပြီးမှာ ငါကွ ဆိုတဲ့ မျက်နှာပေးနဲ့ ခန့်ခန့်ကြီး ထိုင်နေလိုက်တယ်။ မြို့စားကြီးရဲ့ အလိုတော်ရိတွေကတော့ အားရကျေနပ်လှတဲ့ အမူအရာနဲ့ ထောက်ခံတဲ့ သဘောဆောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။ အယူနုံ့ရှာတဲ့ သူတွေကတော့ ရဟန္တာ ကိုယ်တော်မြတ်ကို ကြည့်လိုက်၊ သူတို့ မြို့စားကြီးရဲ့ အမူအရာကို ကြည့်လိုက်နဲ့ပဲ ထိုင်နေကြတယ်။ ကြားနေ သမားတွေကတော့ ခပ်ငြိမ်ငြိမ်ပဲ ဘာတွေ ဖြစ်လာဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ မထေရ်ရဲ့ နှုတ်ထွက်စကားကို ငံ့လင့်နေကြတယ်။
အို ဒကာ …..”
ဆိုတဲ့ ကြည်လင်အေးမြပြီး ပရိသတ်ကို လွှမ်းမိုးနိုင်စွမ်းတဲ့ အသံထွက်လာတော့ အားလုံးရဲ့ အကြည့်ဟာ အသံရှင် မထေရ်မြတ်ကြီးဆီမှာ ဆုံဆည်းသွားကြတယ်။

အို ဒကာမြို့စား၊ ဒါဆို သင့်ကို ငါ ပြန်ပြီး မေးရပါဦးမယ်။ သင် သိသလို၊ အဆင်ပြေသလို ဖြေနိုင်ပါတယ်။ သူခိုးတစ်ယောက်ကို ဖမ်းမိလို့ မင်းချင်းတွေက သင့်ကို လာဆက်သကြပြီ။ ခိုးသူကို ပြစ်ဒါဏ် ဘယ်လို စီရင်မလဲလို့ သင့်ကို အမိန့် တောင်းခံလာရင် သင်က ဒီလို အမိန့်ထုတ်ပြန်လိမ့်မယ်။ အဲဒီ သူခိုးကို ခေါင်းတုံးရိတ်၊ လက်ပြန်ကြိုး တုပ်ကြပြီး “ဒီလူဟာ သူခိုးပါ” လို့ လမ်းဆုံလမ်းဂွ တိုင်းမှာ မောင်းခတ်ကြေငြာရမယ်။ ဒီနောက် သင်္ချိုင်းထုတ်ပြီး ခေါင်းဖြတ် သတ်လိုက်ကြတော့လို့ အသင့်အနေနဲ့ ပြစ်ဒါဏ်ကို ဒီလို စီရင်လိမ့်မယ်။
အာဏာသားတွေ အနေနဲ့လည်း ချမှတ်ထားတဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ဖို့ သုသာန်ကို အခေါ်အထုတ် သင်္ချိုင်းအရောက်မှာ သူခိုးက ဒီလို တောင်းပန်လိမ့်မယ်။

“”အကိုကြီးတို့ရယ်၊ ကျနော်က သေရတော့မယ့်သူပါ။ မသင်ခင်လေး ကျနော့် မျက်နှာကို မိဘ၊ သားမယားကို သွားပြပါရစေလား။ ပြီးတော့ ကျနော် ဖွက်ထားတဲ့ ပစ္စည်းတွေရဲ့ နေရာကိုလည်း သူတို့ကို ပြောပြခဲ့ချင်ပါတယ်။ ကျနော် မှာစရာ ရှိတာတွေ မှာပြီးပြီးချင်း ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ ကျနော့်ကို သနားသောအားဖြင့် ဒီ နောက်ဆုံး ဆန္ဒလေးကို ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။” လို့ တောင်းပန်လာခဲ့ရင် အဲဒီ သူခိုးကို မြို့စားအနေနဲ့ သွားခွင့်ပေးမလား။ ဒါမှမဟုတ် တကြော်ကြော် အော်ဟစ်တောင်းခံနေတာကို လစ်လျူရှုပြီး သူခိုးကို သတ်ပစ်လိုက်ကြမလား။ ဘယ်လို သဘောရသလဲ ဒကာမြို့စား။

အို အရှင်၊ ပြစ်မှုကျူးလွန်ထားတဲ့ အဲဒီ သူခိုးကို ဘာကြောင့် သွားခွင့်ပြုနိုင်မလဲ။ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိပါဘူး အရှင်။ သတ်ပစ်ဖို့သာ ရှိပါတယ် ဘုရား။

ဒကာမြို့စား၊ သင် အသေအချာ စဉ်းစားကြည့်ပါ။ သူခိုးဟာ လူသားတစ်ယောက်ပါ။ သူ့ကို သတ်မယ်ဆိုတဲ့ အာဏာသားဟာလည်း လူသားတစ်ယောက်ပါပဲ။ လူသားအချင်းချင်းတောင် ပြစ်မှုအရ ကျခံနေရတဲ့ ဒီ ရာဇဝတ်ကောင် သူခိုးကို သွားခွင့် မပြုနိုင်တာကို ထောက်ချင့်ပြီး သင်ရဲ့ ဒုစရိုက် ငမိုက်သားတွေဟာ သင့်ဆီ ပြန်လာပြီး အကြောင်းကြားဖို့ ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရနိုင်ပါ့မလဲ။

ဒကာမြို့စား၊ သင့် ငရဲသား ဥပမာတစ်ခုတည်းနဲ့ သင်ရဲ့ အယူအဆဖြစ်တဲ့ တမလွန်ဘဝ မရှိဆိုတဲ့ ဝါဒကို စွန့်လွှတ်သင့်ပါပြီ။ စွန့်လွှတ်ပါတော့။

အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာကြောင့် မထေရ်မြတ်ရဲ့ အမေးကို ပါယာသိမြို့စား ဘယ်လိုများ ပြန်ဖြေမလဲ ဆိုပြီး ပရိသတ် အားလုံးက စိတ်ဝင်တစား မျှော်လင့်နေကြတယ်။ မြို့စားရဲ့ အလိုတော်ရိတချို့က မျက်နှာငယ်လေးတွေနဲ့ မြို့စားရဲ့ ချေပချက် နှုတ်ထွက်စကားကို မျှော်လင့်လင့်နဲ့ မြို့စားကြီးကို ကြည့်နေကြတယ်။ ဒီအချိန်မှာ ပါးပြင်းထောင်နေတဲ့ မြွေဟောက်တစ်ကောင်လို မာန်နည်းနည်းမှ မလျှော့ဘဲ ပြတ်ပြတ်သားသားပဲ ပြန်လည် ဖြေကြားလိုက်တယ်။

အရှင်၊ အရှင်ရဲ့ ဥပမာဟာ သိပ်ကို ပိရိလွန်းပါတယ်။ အရမ်းကို သင့်လျော်လွန်းလှပါတယ်။ ဒါပေမယ့် တပည့်တော်ရဲ့ အယူဝါဒဟာ မှန်မြဲ မှန်နေတုန်းပါ။ ဘယ်လောက်မှန်သလဲ ဆိုတာလည်း အထောက်အထား အခိုင်အမာ တည်ရှိနေပြီးသားပါ။

ဘာ အထောက်အထားပါလိမ့်။ ပြောပါဦး ဒကာ။

(ဆက်ရန်)

ကပ်ပါပေ့ မြို့စားရယ်

ကျနော်တို့တွေ အားလုံးဟာ အယူသီးတဲ့လူ၊ တစ်ယူသန်တဲ့ လူတွေချည်းပါပဲ။ တစ်နည်းမဟုတ် တစ်နည်းပေါ့။ အနည်းနဲ့အများ ဆိုသလိုပါ။ ကိုယ်ခံယူထားတာ မှန်တယ်လို့ ယုံကြည်ထားတာကြောင့် တစ်ယူသန်ကြတယ်။ တချို့လည်း အတင်းကို မျက်စိမှိတ်ပြီး မှန်ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်အယူအဆနဲ့ ကိုယ့်ဖာသာ သက်သေတည်ပြီး မှန်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အယူအဆကို အခိုင်အမာ ယုံကြည်ထားတဲ့ လူတိုင်းကိုတော့ တယူသန်တယ်လို့ မခေါ်ပါဘူး။ မတူညီတဲ့ အယူဝါဒနှစ်ခု အားပြိုင်လာတဲ့အခါမှာ ကိုယ်ရဲ့ ခံယူချက်ကို မယိုင်လဲအောင်၊ မဖုံးလွှမ်းနိုင်အောင် အတင်းကို မျက်စိစုံမှိတ်ပြီး အကာအကွယ်ယူတဲ့အပြင် တစ်ဖက်လူရဲ့ အယူဝါဒကို မှန်လေမလားလို့ မဆန်းစစ်တတ်တဲ့ သူကို တစ်ယူသန်တဲ့သူလို့ ခေါ်ပါတယ်။ ပညာမတတ်တဲ့သူနဲ့ ပညာတတ်တဲ့သူနဲ့ ဘယ်သူက ပို တစ်ယူသန်သလဲလို့ ဆန်းစစ်ကြည့်ရင် ပညာတတ်တဲ့သူက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တိတိကျကျ ပြောရရင် ကိုယ့်ကိုယ်ကို ပညာတတ်လို့ ခံယူထားတဲ့ သူတွေက ပိုပြီး တစ်ယူသန်တယ်။ ဒီထက်ကို ပိုပြီး တိတိကျကျ ပြောရရင် စကားပြောကောင်းတဲ့ ပညာတတ်တွေက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တစ်ယူသန်တာက စကားကို ကပ်ဖဲ့ ပြောတတ်တဲ့သူပေါ့။ ကျနော် အခု ပြောပြချင်တာက အထက်က အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြို့စားတစ်ယောက် အကြောင်းပါ။

အိန္ဒိယနိုင်ငံ ကောသလတိုင်း သေတဗျမြို့ကို အပိုင်စားတဲ့ ပါယာသိ ဆိုတဲ့ မြို့စားတစ်ယောက် ရှိတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ကောသလမင်းကြီးက ဘာသာရေး လွတ်လပ်ခွင့် ပေးထားတော့ ကြိုက်တဲ့ဘာသာကို ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရှိသလို စွမ်းတဲ့သူက စွမ်းသလို၊ တတ်တဲ့သူက တတ်သလို ဘာသာအသစ်တွေ၊ အယူဝါဒ အသစ်တွေ၊ ဂိုဏ်းဂဏ အသစ်တွေ ဖွဲ့စည်းလည်း မင်းကြီး သတိရှိရှိ လေ့လာတာက လွဲလို့ ဘာမှ မပြောဘူး။ ဒါကြောင့်လည်း ပါယာသိ ဟာ သူကိုယ်တိုင်လည်း လက်ခံနိုင်အောင်၊ သူ့ နောက်လိုက်တွေလည်း လက်ခံလာနိုင်အောင် သူရဲ့ ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက်ကို သက်သေများစွာ စိုက်ထူခဲ့တယ်။ သူရဲ့ ခံယူချက်ဟာ ခိုင်မာလွန်းအားကြီးတာက တစ်ကြောင်း၊ သူ့လို စကားတတ်သူ ရှားပါးတာက တစ်ကြောင်း၊ လက်တွေ့ကျကျ လေ့လာထားတာက တစ်ကြောင်းကြောင့် အဲဒီ ဒေသ တစ်ဝိုက်မှာ ဝါဒသစ် တီထွင် ဖန်တီးရှင် တစ်ယောက်အနေနဲ့ ကို နာမည်ကြီးလာတယ်။ မြို့စားကြီး ဆိုတာထက် ဂိုဏ်းခေါင်းဆောင်အနေနဲ့ကို ထင်ရှားတယ်။ သူ့အယူအဆကို လက်ခံလို့ မရပေမယ့် သူ့လောက် စကားမတတ်တဲ့သူကျ ခပ်ဆိတ်ဆိတ်ပဲ နေနေကြရတယ်။ ဒီတော့ သူ့နယ်တစ်ဝိုက်မှာ သူ့ကို တွန်းလှန်နိုင်သူ မရှိ ဖြစ်လာတော့ ပိုပြီး ပိုပြီး ထောင်လွှားလာတာပေါ့။

ပါယာသိမြို့စားကြီးရဲ့ ထူးခြားချက်က သူရဲ့ အယူဝါဒကို ပေါ့ပေါ့တန်တန် လက်ခံခဲ့တာ မဟုတ်ဘဲ သူကိုယ်တိုင် ဆန်းစစ်မှုတွေ၊ စမ်းသပ်ချက်တွေ မျိုးစုံ လုပ်ပြီးမှ နောက်ဆုံး ကောက်ချက်ကို ဆွဲခဲ့တာပါ။ လုပ်ခဲ့သမျှကလည်း သူ ဉာဏ်မီသလောက်ပေါ့။ သူရဲ့ တွေ့ရှိချက်တွေကြောင့် သူ့ကိုယ်သူတော့ သိပ်အထင်ကြီးတာပေါ့။ အဲဒီခေတ် အဲဒီအခါက သိပ်ကို ငြင်းလို့ ခုန်လို့ ကောင်းတဲ့ ဘာသာရေး ပြဿနာတွေ ရှိပါတယ်။ အဲဒါတွေက
  1. တမလွန်လောက ရှိ၊ မရှိ။ သတ္တဝါတွေ သေပြီးနောက် ပြန် ဖြစ်၊ မဖြစ်။
  2. ကုသိုလ်လုပ်၍ ကောင်းကျိုး ရ၊ မရ။
  3. အကုသိုလ်လုပ်၍ အပြစ်ဒါဏ် သင့်၊ မသင့်။
  4. ကုသိုလ်၊ အကုသိုလ်ကို လုပ်လုပ်၊ မလုပ်လုပ် ဘာမှမဖြစ်။
အဲဒီခေတ်မှာ ဝါဒရှင် အမျိုးမျိုးက အယူအဆ အမျိုးမျိုးကို ဖြန့်ချီနေတော့ ဘယ်သူ့ကို ယုံလို ယုံရမှန်း မသိအောင်ကို ဖြစ်ကြရတယ်။ အများစုလို ပါးစပ်ပြောနဲ့တင် ဒါက ဒီလိုရှိတယ်လို့ ပြောနေမယ့်အစား မြို့စားကြီးကတော့ သူ ကိုယ်တိုင် သုသေတနတွေ လုပ်ပြီး လက်တွေ့ကျကျ လေ့လာနိုင်ခဲ့တာကြောင့် နာမည်ကြီးရတာပါ။ အထက်မေးခွန်းတွေက အတော်ကို ရေပန်းစားတဲ့ မေးခွန်းတွေပါ။ သေပြီးနောက် ဘာဖြစ်သလဲ။ ဒါ လူတိုင်း သိချင်ကြမယ်။ တချို့က လူပဲ ပြန်ဖြစ်တယ် ပြောတယ်။ တချို့က ဘာမှကို မဖြစ်ဘူးလို့ ဟောတယ်။ တချို့ကျပြန်တော့ ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာ လုပ်ရင် ငရဲပြည် ရောက်မယ်လို့ ယုံကြပြန်တယ်။ ဒီယူဆချက်ကို အများစုက လက်ခံထားကြတယ်။ အဖြေမှန်ကို သိပ်သိချင်တဲ့ သူတွေထဲမှာ မြို့စားကြီးက တစ်ယောက် အပါအဝင်ပေါ့။ မြို့စားကြီး အနေနဲ့ သူများ ပြောသမျှကို အလွတ်ယုံလိုက်မယ့်အစား သူကိုယ်တိုင် လက်တွေ့ မှန်မမှန် စမ်းသပ်ကြည့်သေးတာ။ ဒါ သူရဲ့ ဆွဲဆောင်မှု အကောင်းဆုံး အဓိက အချက် ဖြစ်သွားတယ်။

လူတစ်ယောက်ဟာ ကံငါးပါး (ငါးပါးသီလ) ကို လုံခြုံအောင် စောင့်စည်းပြီး ဒါန၊ သီလ စတဲ့ ကောင်းမှု ကုသိုလ်တွေကို တတ်နိုင်သလောက် လုပ်မယ်။ ဒီလူဟာ သေသွားတဲ့အခါ နတ်ရွာသုဂတိကို လားရောက်ရမယ်။
ဒါမှမဟုတ်
လူတစ်ယောက်ဟာ ကံငါးပါးကို ကျူးလွန်မယ်။ ဒါန၊ သီလ စတဲ့ ကောင်းမှုကုသိုလ်တွေကို မပြုလုပ်ဘူး ဆိုရင် သူ သေသွားတဲ့အခါ အပါယ်လေးပါး ကျရောက်ရမယ်။
ဒါဟာ ရှေးရှေးကတည်းက ဆရာကြီးတွေ ဟောပြော ဆုံးမခဲ့တဲ့ သြဝါဒတွေပါ။ ဒါကို လက်ခံသင့် မခံသင့် သူကိုယ်တိုင် သုသေတန လုပ်ကြည့်တယ်။ အဲဒီလို သုသေတန လုပ်နိုင်ဖို့အတွက် အင်မတန်မှ မိုက်ပေ့ ဆိုးပေ့ ဆိုတဲ့ ဒုစရိုက်ကောင်တွေနဲ့ အများ လေးစားရတဲ့ သုစရိုက် ကုသိုလ်ရှင်တွေကို သူရဲ့ လက်တွေ့ အစမ်းသပ်ခံ ဇာတ်ကောင်အဖြစ်နဲ့ ရွေးချယ်လိုက်တယ်။ အထက်က ဝါဒအရ ဆိုရင် အကုသိုလ်ရှင် (လူမိုက်) တွေဟာ အပါယ်လေးဘုံကို ကျကို ကျရမှာ ဖြစ်ပြီး၊ ကုသိုလ်ရှင် (လူလိမ္မာ) တွေဟာ နတ်ပြည်ကို တက်ကို တက်ရမယ့် သူတွေပေါ့။ သူတို့ကို မူတည်ပြီး လေ့လာမယ်ဆိုရင် သေပြီး ဖြစ်မဖြစ်၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုး စတာတွေကို သိနိုင်တယ်လို့ ယုံကြည်ထားတဲ့ မြို့စားကြီးဟာ သူရဲ့ သုသေတန လုပ်ငန်းကို စတင်ပါတော့တယ်။ သူရဲ့ သုသေတန လုပ်ထုံးက ရိုးရိုးလေးရဲ့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ပထမဆုံး အနေနဲ့ သူလေ့လာမယ့် လူလိမ္မာ နဲ့ လူမိုက် စာရင်းကို အရင် ထုတ်ပါတယ်။ ရှေးအဆိုအမိန့် အရဆိုရင် နတ်ပြည်၊ ငရဲပြည် ရောက်ကို ရောက်နိုင်မယ့် လူမျိုးတွေပေါ့။ အဲဒီ လူတွေ သေခါနီး အချိန်မှာ သူ ကိုယ်တိုင် သွားပြီး အမှာစကား ပါးလေ့ရှိတယ်။ ကုသိုလ်ကောင်းမှု အထပ်ထပ် လုပ်နေတဲ့ လူတွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

အသင်တို့ ကွယ်လွန်သွားတဲ့အခါ သမဏ၊ ဗြဟ္မဏ၊ ဆရာကြီးတွေရဲ့ အဆိုအရ နတ်ရွာသုဂတိကို လားရမှာ သေချာပါတယ်။ နတ်ပြည် ရောက်သွားပြီ ဆိုရင် ကျနော်၊ ကျမ ဖြင့် ဘယ်နတ်ဘုံမှာ၊ ဘယ်လို နာမည်ရှိတဲ့ နတ်သား၊ နတ်သမီး ဖြစ်နေပါတယ်လို့ ကျနော်ကို လာပြောပေးလှည့်ပါဦး။

အကုသိုလ် မကောင်းမှုတွေကို မဟားဒယား အတုံးလိုက် အတစ်လိုက် လုပ်ခဲ့တဲ့ လူမိုက်တွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

မင်းတို့ သေသွားတဲ့အခါမှာ အပါယ်လေးပါး အစာဖြစ်ပြီး ငရဲရဲ့ ဘေး လွတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငရဲပြည်ရောက်သွားရင် ဘယ်ငရဲမှာ ဘယ်လို ဒုက္ခမျိုးတွေ ခံစားနေရတယ်ဆိုတာ အကျွနုပ်ကို လာလျှောက်လှည့်ပါဦး။

သူရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို သေရင် ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာ လာပြောလှည့်ပါဦးလို့ အကူအညီ ကြိုကြိုတင်တင် တောင်းထားလေရဲ့။ အဲဒီလူတွေကလည်း “ဟုတ်ကဲ့ပါ၊ လာရောက် အကြောင်းပြန်ပါမယ်၊ သတင်းပို့ပါမယ်လို့ အားလုံးက တရိုတသေပဲ ကတိခံကြတယ်။”

ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးလာပေမယ့် ဟိုလူဆီက သတင်း ကြားရနိုးနိုး၊ ဒီလူဆီက ကြားရနိုးနိုးနဲ့ စောင့်မျှော်နေလာလိုက်တာ သူ ထင်သလို ဘယ်သူကမှ လာမပြောကြဘူး။ နတ်ပြည်ကလည်း သတင်းမရောက်၊ ငရဲပြည်ကလည်း သတင်းမရောက်။ ဘယ်သူဆို ဘယ်သူကမှ သတင်းလာမပို့တော့ သူရဲ့ သုသေတနဟာ အဖြေတစ်ခု ကောက်ချက်တစ်ခု ရလာတယ်။ လူတစ်ယောက်ဟာ သေပြီးနောက် တစ်နေရာရာသာ ရောက်ခဲ့မယ်ဆိုရင် အနည်းနည်း တစ်ယောက်ယောက်ကတော့ သူ့ဆီ အကြောင်းပြန်သင့်တာပေါ့။ လူမှာလိုက်တဲ့ လူတွေ အဲလောက် အများကြီးထဲကမှ တစ်ယောက်တလေတော့ လာပြောသင့်တယ်လို့ သူ ယူဆတယ်။ လာပြောဖို့ အဆင်မပြေဘူးပဲ ထားဦး။ တစ်ယောက်လောက်တော့ အဆင်ပြေသင့်တာပေါ့ လို့လည်း သူ ခံယူထားတယ်။ အခု ဘယ်သူမှ လာမပြောပုံထောက်တော့ သေပြီးနောက် ဘာမှ မဖြစ်လို့ပဲ ဆိုတဲ့ ကောက်ချက်က ဘွားခနဲ ပေါ်လာတယ်။ ဒါမှ သူရဲ့ သုတေသန အများကြီးထဲက တစ်ခုပါ။ နောက်ပိုင်း အလျင်းသင့်သလို တင်ပြသွားပါ့မယ်။ ဒါနဲ့ သူရဲ့ သုတေသန လုပ်သမျှ အားလုံးဟာ တူညီတဲ့ အဖြေတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အတည်ပြုရာ ရောက်နေတဲ့အဆုံး သူရဲ့ အယူဝါဒဟာ ပြတ်သားသထက် ပြတ်သားလာတယ်။ ခိုင်မာသတဲ့ ခိုင်မာလာတော့တယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေကြောင့် နောက်လိုက် အခြံအရံကလည်း များသတဲ့ များလာတော့တယ်။ နောက်ဆုံးတော့ သူဟာ နိုင်ငံကျော် ဝါဒရှင် မြို့စားကြီး အနေနဲ့ ထင်ပေါ်လာတယ်။

သူရဲ့ ဝါဒလမ်းစဉ်က ဒီလိုပါ။
တမလွန်လောက တကယ်ရှိတယ်ဆိုတာ မဟုတ်ပါ။ လုပ်ကြံ ဇာတ်ခင်း သက်သက်မျှပဲ။ အမှန်တကယ် ရှိမယ်ဆိုရင် အကျွနုပ်ဆီ တစ်ယောက်မဟုတ် တစ်ယောက်တော့ အကြောင်းပြန်သင့်တာပေါ့။ သတ္တဝါတွေ အနေနဲ့ သေပြီးတဲ့နောက် ဘာမှ ထပ်မဖြစ်တော့လို့သာ မလာတာ ဖြစ်မယ်။ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးပေး ဆိုတာလည်း တကယ်တမ်းတော့ အာပလာပဲ။ လက်တွေ့ စစ်ကြည့်လိုက်တော့ အပြောသက်သက်ပဲ။ ကောင်းတာကိုပဲ လုပ်လုပ်၊ မကောင်းတာကိုပဲ လုပ်လုပ် လုပ်လိုက်တဲ့အတွက် အကျိုးလည်း မဖြစ်၊ အပြစ်လည်း မဖြစ်။ ဒါကြောင့် ကောင်းကျိုးကို မျှော်လင့်ပြီး ကုသိုလ်ကောင်းမှုလည်း လုပ်စရာ မလိုတော့ပြီ။ အပါယ်လားမှာ တွေးကြောက်ပြီး ဒုစရိုက် မကောင်းမှုကို လုပ်ရမှာ ရှိုးတိုး ရှန့်တန့်လည်း ဖြစ်စရာ အကြောင်းမရှိတော့။

ကဲ … ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဝါဒလဲ။ သူရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်တွေ၊ ဆန်းစစ်မှုတွေကြောင့် နောက်လိုက်တွေ၊ သူ့ကို ယုံကြည်သူတွေ များလာတာနဲ့ အမျှ လက်မခံနိုင်သေးတဲ့ သူတွေကလည်း ဘာမှ မပြောသာတော့ဘူး။ လူအင်အား တောင့်တင်းတာက တစ်ကြောင်း၊ သူနဲ့ စကား ယှဉ်မပြောနိုင်တာက တစ်ကြောင်း၊ သူ့ထက်သာတဲ့ သက်သေ မတင်ပြနိုင်တာက တစ်ကြောင်းကြောင့် သူ့ကို ယှဉ်ရဲတဲ့သူ ဘယ်မှာလာ ရှိတော့မှာတုန်း။ တစ်တောင်ပေါ် တစ်တောင်ဆင့်ပြီး မြင့်သထက် မြင့်တဲ့ တောင်ဆိုတာတော့ ရှိစမြဲပါ။ သုတေသန ပေါင်းစုံ လုပ်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အထင်ရောက်နေတဲ့ မြို့စားကြီးရဲ့ အထင်ကတော့ သူလိုလူ ဇမ္ဗူမှာ ရှာမှရှားပေါ့။ သူတို့ခေတ် သူတို့ အခါကလည်း ဝါဒပြိုင်ပွဲတွေက များမှများ။ တရုတ်ကားတွေထဲမှာ သိုင်းလိုက်ပြိုင်သလို အိန္ဒိယမှာလည်း ဝါဒလိုက်ပြိုင်တဲ့ သူတွေကလည်း ပေါပါဘိသနဲ့။ ဘယ်သူ ပြိုင်ပြိုင် မယိုင်မလဲ အမြဲပဲ နိုင်နေတဲ့ ပါယာသိအနေနဲ့ ဝါဒက ခိုင်မြဲသထက် ခိုင်မြဲ လာပြီပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ တုပြိုင်စံရှား ထောင်လွှားနေတဲ့ မြို့စားကြီး အဖို့ ဝါဒကိုအုတုပြီး ရန်ပြုဖို့ ရွှေဧည့်သည်တစ်ယောက် သေတဗျမြို့ပေါ် ရောက်လာချေပြီ။

ရည်ရွယ်ချက် ။ ။ စာဖတ်သူ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို အဲဒီအထဲက အများစုကလည်း မိရိုးဖလာတွေပါ။ အဲဒီလို မိရိုးဖလာ ဖာသိဖာသာ ဗုဒ္ဓဘာသာဝင်တွေ အခုလို မြို့စားကြီးနဲ့ တွေ့ရင် ဒုက္ခရောက်ကြတော့မှာ အမှန်ပါ။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ အခြေတည်ထားတဲ့ မြို့စားကြီးရဲ့ သုတေသန လုပ်ဆောင်ချက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့အတူ မြို့စားကြီးကို ဘယ်လိုများ စကားရည်လုပြီး အမှန်တရားဘက် စွဲဆောင်နိုင်သလဲဆိုတာကိုလည်း သင်ခန်းစာ ယူစေချင်ပါတယ်။ လေ့လာ မှတ်သားစေချင်ပါတယ်။ စာဖတ်သူ အနေနဲ့ နောက်ဆက်တွဲကို မဖတ်ခင် အခုလို မြို့စားကြီးရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်ကို ဘယ်လိုများ ချေပရင် ကောင်းပါလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဒါမှလည်း အယူဝါဒတစ်ခုကို စုံမှိတ် အဟုတ်ထင်တတ်တဲ့ ဉာဏ်ကန်းဗုဒ္ဓဘာသာဝင် မဖြစ်မှာပါ။

ကိုးကား – ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိတော်၊ ပါရာသိရာဇသုတ်

(ဆက်ရန်)