နောက်ကျသွားသော အပြုံး (၄)

<- အပိုင်း (၃) သို့

ကောင်မလေးက နှင်းကို တစ်ချက် မော့ကြည့်လိုက်၊ ကို့ကို တစ်ချက် လှမ်းကြည့်လိုက် လုပ်ပြီး မတ်တပ် ထရပ်လိုက်တယ်။ သူ ထွက်သွားမယ် အလုပ်မှာ ကိုက သူ့လက်ကို လှမ်းဖမ်းထားလိုက်ပြီး ပြန်ထိုင်ဖို့ အချက်ပေးလိုက်တာ နှင်း သတိထားမိလိုက်တယ်။ နောက်တော့ ကိုဟာ စိန်ခေါ်တဲ့ အနေနဲ့ စူးစူးရှရှကြီး နှင်းကို ပြန်ကြည့်လာတယ်။ အဲဒီအချိန်မှာ နှင်း ကြားနေရတာက တစ်ချက်ချင်း ခုန်နေတဲ့ နှင်းရဲ့ ရင်ခုန်သံပါပဲ။ သေခါနီး လူနာတစ်ယောက်လို လေးလေးပင်ပင်ကြီး ခုန်နေလေရဲ့။ နည်းနည်း ကြာကြာသာ ဆက်ရပ်နေမယ်ဆိုရင် နှင်းရဲ့ ဒေါသကြောင့် ကလေးရော နှင်းပါ ဒုက္ခရောက်သွားနိုင်တယ် ဆိုတဲ့ အသိလေး ၀င်လာချိန်မှာ ကိုယ့်ဖာသာကိုယ်ပဲ စားသောက်ဆိုင်ထဲက ထွက်လာလိုက်တော့တယ်။ အဲဒီနေ့ ညက သူ အိမ်ပြန်မအိပ်ဘူး။ ဒီလိုပါပဲ။ ဒီနည်းနဲ့ အမေရဲ့ သေဆုံးမှုကို ဆန္ဒပြလေ့ရှိတယ်။ တကယ်တော့ အမေတင် ဆုံးသွားတာ မဟုတ်ပါဘူး။ နှင်းတို့ရဲ့ အချစ်တွေဟာလည်း အဲဒီနေ့မှာပဲ သေဆုံးသွားကြရှာပြီ။

အဲဒီနောက် သူ အိမ်ပြန်လာတာကို နှင်း မတွေ့တော့ပါဘူး။ ဒါပေမယ့် နှင်း ပြောနိုင်တာ တစ်ခုတော့ ရှိတယ်။ တစ်ခါတလေ နှင်းအလုပ်က ပြန်လာရင် ဘီဒို အံဆွဲတွေကို တစ်ယောက်ယောက် တို့ထိသွားတယ် ဆိုတာပါပဲ။ သူ ပစ္စည်းတစ်ခုခု လာယူသွားတာပဲ ဖြစ်မယ်။ သူ့ကို နှင်း ခေါ်လည်း မခေါ်ချင်တော့ဘူး။ ပြောချင်စိတ်လည်း မရှိတော့ဘူူး။ သူ့ကို ဖွင့်ပြောချင်တဲ့ ဟိုးအရင်က အာသာဆန္ဒတွေလည်း ဘာဆိုဘာမှ မကျန်တော့ပါဘူး။ အခုဆိုရင် နှင်း တစ်ယောက်တည်းပဲ နေတယ်။ ဆေးရုံသွားပြီး ဆေးစစ်ရင်လည်း တစ်ယောက်တည်းပါပဲ။ ဒါပေမယ့်လေ တခြား ယောက်ျားတွေ သူတို့ ဇနီးမယားတွေကို ဂရုတစိုက်နဲ့ ဆေးခန်းပြပေး ဆေးစစ်ပေးနေတာ မြင်ရတိုင်း မြင်ရတိုင်း နှင်းရဲ့ အသည်းဟာ ကွဲလို့ကို မဆုံးတော့ပါဘူး။ သူငယ်ချင်း တချို့က ဒီကလေးကို ဖျက်ချပစ်ဖို့ အကြံပေးကြတယ်။ ဒီကလေးမှာ ဘာအပြစ်ရှိလို့လဲ။ ဟင့်အင်း နှင်း ကလေးကို ရအောင် မွေးမယ်။ ဘယ်လောက်ပဲ ခက်ခဲပါစေ။ အမေကို ကျေးဇူးဆပ်တဲ့အနေနဲ့ အမေတစ်ယောက်အဖြစ်နဲ့ ရအောင် နှင်း နေသွားမယ်။

တစ်ရက် နှင်း အိမ်ပြန်သွားတော့ ဧည့်ခန်းထဲက မွှန်ထူနေတဲ့ မီးခိုးတွေကြား ထိုင်နေတဲ့ သူ့ကို တွေ့လိုက်ရတယ်။ စားပွဲပေါ်မှာလည်း စာရွက်နှစ်ရွက် တင်ထားလို့။ ဘာစာရွက်တွေလဲ ဆိုတာ နှင်း အသေအချာ ကြည့်နေစရာတောင် မလိုပါဘူး။ နှင်း သိနှင့်နေပြီးပါပြီ။ အခု နှစ်ယောက်သား လျှောက်နေတဲ့ လမ်းရဲ့ ပန်းတိုင်က ဒါပဲ မဟုတ်လား။ အထီးကျန်စွာ နှစ်လကျော်ကျော် နေလာခဲ့တဲ့ နှင်းအတွက် ငြိမ်းချမ်းမှု ဆိုတာကို ကိုယ့်ရင်တွင်းမှာပဲ ရှာဖွေနေတတ်ပါပြီ။ နှင်း သူ့ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး `ကျမ လက်မှတ်ထိုးပေးပါ့မယ်´ လို့ပဲ ခပ်ပြတ်ပြတ် ပြောပစ်လိုက်တယ်။ သူရဲ့ မျက်လုံးတွေထဲမှာတော့ နှင်းလိုပဲ အတွေးတွေ ရှုပ်ထွေးနေတယ်။ အပေါ်၀တ် ကုတ်အင်္ကျီ ချွတ်နေတုန်းမှာ `ငါ မငိုရဘူး၊ ငါ မငိုရဘူး´ လို့ အံကြိတ်ပြီး ကိုယ့်ဖာသာ သတိပေးနေရတယ်။ ဒီမျက်ရည်တွေကို ကျခွင့် လုံး၀ မပေးနိုင်တော့ဘူး။ တကယ်တမ်း ကျပါ ဆိုရင်တောင် ကျစရာ မျက်ရည် မကျန်လောက်တော့ဘူး။ နှင်း သူ့ကို မကြည့်ပေမယ့် သူ နှင်းကို အသေအချာ စိုက်ကြည့်နေတာ သတိထားမိတယ်။ သူ့ပါးစပ်က တစ်ခုခု ပြောဖို့ တစ်ချက်တစ်ချက် ဟလာတာကိုလည်း သိပါရဲ့။ နှင်း သူဘာပြောမလဲ ဆိုတာကို သိဖို့ မလိုအပ်တော့သလို သိချင်စိတ်လည်း မရှိတာကြောင့် သူ့အပြောကို ဂရုစိုက်မနေတော့ဘဲ ထိုင်ခုံမှာ ထိုင်ပြီး နှင်း လက်မှတ်ထိုးချလိုက်တယ်။ သူ မေးလိုက်တဲ့ မေးခွန်းက `နှင်း မင်းကိုယ်၀န်ကြီးနဲ့လား´ တဲ့။ အမေဆုံးပြီးကတည်းက ဒီစကားဟာ သူရဲ့ ပထမဆုံး စကားပါ။ သူ့အသံကို ကြားလိုက်ရရင်ပဲ နှင်းရဲ့ မျက်လုံးတွေဟာ မိုးကြီး ရွာချသလို ထိန်းမနိုင်သိမ်းမရ မျက်ရည်တွေ တသွင်သွင် စီးချလာပါတော့တယ်။ မျက်ရည်တွေ ကျနေပေမယ့် နှင်းရဲ့ စိတ်ကတော့ မာဆဲပါ။
`ဟုတ်တယ်လေ။ ဒါပေမယ့် ပြဿနာ မရှိပါဘူး။ ရှင် ပြန်ချင် ပြန်လို့ရပြီ´

အမှောင်ထဲမှာ နှင်းတို့နှစ်ယောက် မျက်နှာချင်းဆိုင် ငုတ်တုတ် ထိုင်နေကြတယ်။ တစ်ခန်းလုံးလည်း တိတ်ဆိတ်လို့ပါ။ ခဏနေတော့ သူ နှင်းဘေးနား ကပ်လာတယ်။ သူ့မျက်ရည်ကြောင့် အင်္ကျီတွေ စိုရွှဲနေတာ အနားရောက်မှ သတိထားမိတယ်။ သူရဲ့ အသံအားလုံးဟာ နှင်းရဲ့ နှလုံးသားထဲမှာတော့ ဟိုးအ၀ေးက ငြီးတွားနေတဲ့ အသံလိုလိုပဲ ထင်ယောင်နေတော့တယ်။ နှင်းတို့ နှစ်ယောက်ရဲ့ နှလုံးသားတွေ အတော်ကြီး ၀ေးကွာနေပါပေါ့လား။ သူ့ပါးစပ်က ဆောရီးပါ ဆိုတဲ့ စကားလုံးတွေ မရေမတွက်နိုင်အောင် ကြားနေရပေမယ့် တစ်လုံးမှ နှလုံးသားကိုုု ရိုက်ခတ် မလာဘူး။ သူ့ကို နှင်း ခွင့်လွှတ်နိုင်လိမ့်မယ်လို့ နဂိုက တွေးထင်ထားခဲ့ပေမယ့် တကယ်တမ်းကျ ရင်ခုန်မခုန်တော့ပါဘူး။ စားသောက်ဆိုင်က ဟိုကောင်မလေးရဲ့ အရှေ့မှာ သူ ကြည့်ခဲ့တဲ့ အေးဆေးလွန်းတဲ့ အကြည့်တွေကို နှင်း တစ်သက် အခဲမကြေဘူး။ နှင်းတို့ နှစ်ယောက်လုံး အပြန်အလှန်ပဲ အသည်းနှလုံးကို ဓားနဲ့ မွှန်းခဲ့ကြတယ် မဟုတ်လား။ နှင်းက အဟုတ်အမှန် မရည်ရွယ်ခဲ့ပေမယ့် သူကတော့ ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာပဲလေ။
ဖြေရှင်းချက် ပေးနိုင်မယ့် တစ်နေ့ကို နှင်း စောင့်မျှော်ခဲ့တာ အမှန်ပါ။ ဒါပေမယ့် အခု နှင်း သဘောပေါက်လိုက်ပါပြီ။ 
အတိတ်မှာ ကုန်ဆုံးသွားတဲ့ အရာတွေဟာ ဘယ်တော့မှ ပြန်မရနိုင်တော့ဘူးလေ။

နှင်းရဲ့ နှလုံးသားကို နွေးထွေးစေတဲ့ ရင်သွေးလေးက လွဲလို့ တခြား ဘယ်တစ်ဦးတစ်ယောက်ကိုမှ မနွေးထွေးနိုင်တော့တာ အမှန်ပါ။ သူရဲ့ မချိပြုံးတွေကလည်း နှင်းကို မနွေးထွေးစေတဲ့အပြင် ပိုပြီးတော့တောင် အေးစက်သွားစေခဲ့တယ်။ သူ ၀ယ်လာသမျှ ဘာဆို ဘာမှ မစား မသောက်ခဲ့ဘူး။ သူ ၀ယ်ပေးသမျှ ဘာလက်ဆောင်မှလည်း လက်မခံချင်ဘူး။ ကုန်ကုန်ပြောရရင် သူ့ကို စကားပြောချင်စိတ်တောင် မရှိတော့ပါဘူး။ နှင်း လက်မှတ်ထိုးပြီးတဲ့ အချိန်အခိုက်အတန့်က စပြီး အိမ်ထောင်ရေးနဲ့ အချစ် ဆိုတာတွေကို နှင်းရဲ့ နှလုံးသားထဲက အပြီးအပိုင် ဆွဲထုတ်ပစ်လိုက်ပါပြီ။

တစ်ခါတလေ သူ အိပ်ခန်းထဲကို ၀င်လာတတ်ပါတယ်။ အဲဒီလိုဆိုရင် နှင်းက ဧည့်ခန်းဘက်ကို ထွက်သွားလိုက်တယ်။ ဒီတော့ သူ့မှာ အမေ့အခန်းမှာပဲ နေရုံ အခြား မရှိတော့ဘူးပေါ့။ ညည ဆို သူ့အခန်းဘက်က ချောင်းဆိုးသံ သဲ့သဲ့ ကြားကြားနေမိတယ်။ နှင်း မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ ဒါ သူ သပ်သပ် ဉာဏ်ဆင်တာပဲ ဖြစ်မယ်။ ဟိုးအရင်က နှင်း သူ့ကို စိတ်ကောက်ပြီဆို သူက နေမကောင်းချင်ယောင် ဆောင်တတ်တယ်။ နှင်းက နောက်ဆုံး မနေနိုင်တော့ဘဲ သူ့နဖူးကို သွားစမ်းပြီဆိုရင် နှင်းကို ဖက်ပြီး အားရပါးရ ရယ်တော့တာပဲ။ အခုလည်း အရင်လိုပဲ သူ့ကို ဂရုစိုက်အောင် ဉာဏ်ဆင်တာပဲ ဖြစ်မယ်။ ဟိုးအရင်တစ်ချိန်က သူ ဒီလိုဖြစ်ရင် နှင်း ဂရုစိုက်တယ်၊ ပြုစုတယ်ဆိုတာ နှင်းတို့ နှစ်ယောက်အကြားမှာ မေတ္တာ ဆိုတာ ရှိလို့ပါ။ အဲဒါကို သူ မေ့နေပုံရတယ်။ အခု နှင်းတို့နှစ်ယောက်ကြားမှာ ဘာများ ရှိနေသေးလို့လဲ။

(ဆက်ရန်)

နောက်ကျသွားသော အပြုံး (၃)

<- အပိုင်း (၂) သို့
ကိုယ်ဖြစ်ချင်တဲ့ အရာတွေဟာ ဘာတစ်ခု ဖြစ်မလာခဲ့ပါလား လို့ စိတ်ပျက်အားငယ်စွာနဲ့ပဲ အငှားယာဉ်ပေါ်မှာ မျက်ရည်စိုစို ရွှဲခဲ့ရသေးတယ်။
`ဘာကြောင့်လဲ။ ငါတို့အချစ်ဟာ လောကဓံရဲ့ ရိုက်ချက်တစ်ချက်လေးတောင် ခံနိုင်ရည် မရှိခဲ့ပါလား။´
လို့ တွေးမိတိုင်း ၀မ်းနည်းလို့ မဆုံးဘူး။ အိမ်ပြန်ရောက်တော့လည်း ဘာမှ လုပ်ချင်စိတ် မရှိတာနဲ့ အိပ်ယာပေါ်ပဲ လှဲနေလိုက်တယ်။ မျက်စိမှိတ်လိုက်တိုင်း ကိုရဲ့ စူးရဲလွန်းတဲ့ သူစိမ်းဆန်လွန်းတဲ့ အကြည့်တွေပဲ ပြန်ပြန် မြင်ယောင်နေမိတယ်လေ။ နှင်း အားရပါးရ ငိုချပစ်လိုက်တယ်။ ညဉ့်နက်သန်းခေါင်ကျော်မှာ အံဆွဲ အဖွင့်အပိတ် အသံကြောင့် နှင်း လန့်နိုးလာခဲ့တယ်။ မီးဖွင့်ကြည့်လိုက်တော့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ တွင်တွင်စီးနေတဲ့ ကို့ကို မြင်လိုက်ရတယ်။ သူ ပိုက်ဆံတွေ ယူပြီး အိတ်ထဲ ထည့်နေလေရဲ့။ နှင်း ဘာမှ မပြောဘဲ မတ်တပ်လေး သူ့ကို စိုက်ကြည့်နေမိတယ်။ ကို နှင်းကို တစ်ချက်လေးတောင် လှည့်မကြည့်တော့ဘဲ ပိုက်ဆံတချို့နဲ့ ဘဏ်စာရင်းစာအုပ်ကို အိတ်ထဲထည့်ပြီး အိမ်ထဲက ထွက်သွားခဲ့တယ်။ အော် … ကို တကယ်ပဲ ပြတ်သားတော့မှာပေါ့လေ။ သူက အချစ်မှာ ပြတ်သားတာ မဟုတ်ဘူး။ ငွေရေးကြေးရေးပိုင်းတောင် တယ်ပဲ ပြတ်သားတာပဲနော်။ နှင်း သူ့အပြုအမူကို ကြည့်ပြီး ရယ်ချင်စိတ် ပေါက်လာတယ်။ နှင်းဟာ ခြောက်ကပ်ကပ်ကြီး ရယ်ချလိုက်ပေမယ့် နှင်းရဲ့ မျက်၀န်းတစ်စုံကတော့ စိုစိုရွှဲလို့ပါ။

နောက်တစ်နေ့ နှင်း အလုပ်ကို ခွင့်တိုင်လိုက်တယ်။ ဒီကိစ္စမှာ ကိုနဲ့ ပြတ်သားတဲ့ အဖြေတစ်ခု ရှိဖို့ လိုတယ်လေ။ နောက်ပြီး နှင်း စိတ်မလျှော့သေးဘူး။ ကိုနဲ့ အေးအေးဆေးဆေးလေး စကားပြောချင်သေးတယ်။ ကို အထင်လွဲတာ ရှိရင်လည်း နှင်း ရှင်းပြလိုက်ချင်ပါတယ်။ ဒီလိုနဲ့ နှင်း ကို့ရဲ့ ရုံးကို လိုက်သွားခဲ့တယ်။ ရုံးရောက်တော့ ကိုရဲ့ အတွင်းရေးမှူးမလေးက နှင်းကို ဇ၀ေဇ၀ါကြီး ကြည့်ပြီး `ဆရာ့အမေ ယာဉ်တိုက်မှု ဖြစ်လို့ ဆရာ ဆေးရုံကို သွားပါတယ်´ လို့ လှမ်းပြောလိုက်တယ်။ သူ့စကားကြောင့် နှင်း ရှော့ရသွားတယ်။ နောက်မှ သတိရပြီး ဆေးရုံကို အမြန်လိုက်သွားမိတယ်။ ဆေးရုံရောက်လို့ စိတ်ဓါတ် အင်မတန် ပျက်ပြားနေတဲ့ ကို့ကို မြင်ရချိန်မှာ အမေဟာ ဒီလောကကြီးထဲမှာ မရှိရှာတော့ဘူး။ ကိုကတော့ နှင်းကို အသိအမှတ်ပြုတဲ့အနေနဲ့ တစ်ချက်လေးတောင် လှည့်မကြည့်ပါဘူး။ သူ့မျက်နှာမှာလည်း ဘာခံစားချက်မှ မရှိတော့သလိုပဲ။ ဖြူဖက်ဖြူယော် ဖြစ်နေတဲ့ အမေရဲ့ မျက်နှာကို မြင်ရရင်ပဲ နှင်းရဲ့ မျက်ရည်တွေကို ဘယ်လိုမှ ထိန်းချုပ်လို့ မရတော့ပါဘူး။ `ဘာလို့ ဒီလောက်တောင် ဖြစ်ကုန်ရတာလဲ ရှင်´ လို့ပဲ အော်ပစ်လိုက်ချင်တော့တယ်။

အသုဘအခမ်းအနား တလျှောက်လုံး နှင်းကို ကို ဘာစကားတစ်ခွန်းမှ မဟခဲ့ပါဘူး။ ဒါပေမယ့် ရံဖန်ရံခါ ဆိုသလို နာကျည်းတဲ့ အကြည့်တွေနဲ့ လှမ်းတော့ ကြည့်တတ်ပါရဲ့။ အမေ ဘယ်လိုလုပ်ပြီး ယာဉ်တိုက်မှု ဖြစ်သလဲဆိုတာ သိပ်သိချင်တာကြောင့် တခြားသူတွေကို လိုက်မေးကြည့်ရတယ်။ အဲဒီနေ့ညက အမေ ရွာပြန်မယ် ဆိုပြီး ညကြီးမိုးချုပ် ကားမှတ်တိုင်ကို လမ်းလျှောက် ထွက်သွားခဲ့တယ်။ ကိုက လှမ်းမြင်လိုက်လို့ အမေ့နောက်ကို အမီလိုက်တော့ အမေကလည်း သူ့ကို လိုက်မှန်းသိလို့ အတင်းပြေးတော့တယ်။ နောက်တော့ လမ်းဖြတ်အကူး သတိမထားမိဘဲ တစ်ဘက်က လာတဲ့ ဘက်စ်ကားကြောင့် ဆုံးခဲ့ရရှာတယ်လေ။ အင်း … အခုတော့ နှင်း နားလည်လိုက်ပါပြီလေ။ ဒါကြောင့်လည်း ကိုက နှင်းကို အဲဒီလောက် နာကျည်းနေရတာကိုး။ တကယ်လို့ နှင်းဟာ ဟိုးအရင်တစ်ရက် အမေ့ရှေ့မှာ မပျို့မအန်ခဲ့ရင် … ၊ တကယ်လို့ နှင်းနဲ့ကိုဟာ အကြီးအကျယ် ရန်မဖြစ်ခဲ့ရင် … ၊ တကယ်လို့ … ။ နှင်းဟာ သွယ်၀ိုက်သော နည်းအားဖြင့် အမေကို သတ်ခဲ့တဲ့ လူသတ်တရားခံ ဖြစ်နေပါရော့လား။ ကို့အနေနဲ့ အဲဒီလိုပဲ ယူဆနေမှာပဲနော်။

ကိုဟာ အမေအရင်နေခဲ့တဲ့ အခန်းဘက်ကို ရွှေ့သွားခဲ့တယ်။ ညတိုင်းလည်း သူ ပြန်လာရင် အရက်နံ့ကို ထောင်းနေတာပဲ။ နှင်းမှာတော့ တစ်ယောက်တည်းပဲ ကိုယ့်ဖာသာ စီရင်ချက်ချပြီး ကိုယ့်ဖာသာ ကြိုးမိန့်ပေးရမယ့်သူလို အားငယ်စိတ်များစွာ၊ အထီးကျန်မှု များစွာနဲ့ ကို့ကို ဖြေရှင်းချက် ပေးနိုင်မယ့် တစ်ရက်၊ ကိုပြန် ခွင့်လွှတ်လာမယ့် တစ်ရက်ကို စောင့်မျှော်နေခဲ့မိတယ်။ ကိုနဲ့ နှင်းတို့ရဲ့ ရင်သွေးလေး မကြာခင်မှာ မွေးဖွားလာတော့မယ် ဆိုတာကိုလည်း ကို့ကို ပြောပြချင်လိုက်တာ။ မတော်တဆ သူနဲ့ မျက်နှာချင်းဆိုင် ဆုံမိရင်တောင် သူရဲ့ အေးစက်လွန်းတဲ့ အကြည့်တွေကြောင့် ပြောဖို့ ကြံရွယ်ထားတဲ့ စကားလုံးတွေက ပါးစပ်မဟခင်မှာပဲ အကုန် ပြန်၀င်သွားကြတယ်။

အခု ဖြစ်ခဲ့တာတွေ အားလုံးဟာ အကုန်လုံး နှင်းအပြစ် မဟုတ်ပေမယ့် အားလုံးအတွက် တောင်းပန်ဖို့ အဆင်သင့်ပါပဲ။ ကို အားရပါးရ ရိုက်ချင်လည်း ရိုက်ပါစေတော့။ ကို စိတ်ကျေနပ်တဲ့အထိပါ။ ဒါတွေ အားလုံး နှင်း ခံယူဖို့ အသင့်ပါ ကိုရယ်။ ဒါပေမယ့် အဲဒီလို အခွင့်အရေးလေးတောင် ကို နှင်းကို မပေးခဲ့ဘူး။ အိမ်ကြီးရဲ့ တိတ်ဆိတ်မှုဟာ ရက်တွေ လတွေ ကြာလာတာနဲ့ အမျှ ကိုဟာလည်း အိမ်ပြန်တာ နောက်ကျသတဲ့ နောက်ကျလာတယ်။ နှင်းတို့ နှစ်ယောက်ကြားမှာ ရှိတဲ့ ပြဿနာအထုံးကြီးကလည်း ရှုပ်မြဲရှုပ်ဆဲပါပဲ။ နှင်းတို့ နှစ်ယောက်ဟာ တစ်အိမ်တည်း အတူနေကြပေမယ့် လုံး၀ မမြင်ဖူး မသိဖူးကြတဲ့ သူစိမ်းတွေလိုပဲ။ နှင်းဟာ ကို့နှလုံးသားထဲက ဆူးတစ်ချောင်းများ ဖြစ်နေပြီလား ကို။

တစ်ရက် အနောက်တိုင်း စားသောက်ဆိုင်အရှေ့ကို ဖြတ်လျှောက်တော့ အမှတ်မထင် ဆိုင်ထဲမှာ ကို့ကို တွေ့လိုက်ရတယ်။ ဒါပေမယ့် ကို တစ်ယောက်တည်း မဟုတ်ဘူး။ မျက်နှာချင်းဆိုင်မှာ ကောင်မလေးတစ်ယောက်နဲ့။ နောက်ပြီး အဲဒီ ကောင်မလေးရဲ့ ဆံပင်ကို ကို က အသာအယာ ပွတ်သပ်ပေးနေလေရဲ့။ ဒါ ဘာဆိုလိုသလဲ ဆိုတာ နှင်း သိတာပေါ့။ ခြောက်ခြားသွားတဲ့ စိတ်ကို တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး နှင်း ကိုရှိရာကို ဦးတည်လိုက်တယ်။ ကို့အရှေ့တည့်တည့်မှာ ရပ်လိုက်ပြီး ကို့ကို ခပ်ပြင်းပြင်းလေး ကြည့်ပစ်လိုက်တယ်။ မျက်၀န်းထဲမှာတော့ မျက်ရည်တွေ ခမ်းလို့။ ကို့ကို ဘာမှ ပြောစရာ မရှိသလိုပဲ။ တကယ်တမ်းတော့ ဘာမှလည်း ပြောနေစရာ မလိုတော့ပါဘူးလေ။

နောက်ကျသွားသော အပြုံး (၂)

<- font="">

ဒီအိမ်မှာ ပြေးကြည့်လို့မှ သားအမိလေး သုံးယောက်ရှိပါတယ်။ တစ်ယောက်က တမင်သက်သက် အပြင်မှာ ထွက်စားနေတယ်ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါကို နှင်းသိပါတယ်။ ဒါပေမယ့် နှင်းကြောင့် အမေနဲ့နှင်းအကြားမှာ ကို အနေမခက်စေချင်ဘူးလေ။ ကို့အနေနဲ့ သားကောင်းတစ်ယောက်ရဲ့ တာ၀န်နဲ့အတူ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ချင်သေးတာ မဟုတ်လား။ ကို နေရခက်အောင် နှင်း မလုပ်ချင်လို့ မလုပ်ရက်လို့ နှင်း အပြင်မှာ ထွက်စားခဲ့တာပါ။ နှင်းမှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး ကို။ အခုတော့ ကိုက နှင်းကို အထင်လွဲနေပြီ ထင်တယ်။ ရပါတယ် ကိုရယ်။ ကို့သဘောအတိုင်း နှင်း ကိုတို့နဲ့အတူ နံနက်စာ စားမှာပေါ့။ ကို အနေမခက်စေပါဘူး။ နှင်း ကြိုးစားပါ့မယ်။ ကိုပြောခဲ့သလိုပဲ ကို့အတွက်ပါ။ နှင်း အိမ်မှာပဲ နံနက်စာ စားပါတော့မယ်။

နောက်တစ်နေ့ နံနက်ပေါ့။ အမေက နံနက်စာ ကြက်သားဆန်ပြုတ် စီစဉ်ပေးထားတယ်လေ။ တကယ်တော့ ဒီစားပွဲ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူတဲ့ စားပွဲလေးတစ်ပွဲ ဖြစ်ရမှာပါ။ ဒါပေမယ့် … ။ နှင်း အမေချက်ထားတဲ့ ဆန်ပြုတ်ကို တစ်ဇွန်း နှစ်ဇွန်းလောက် သောက်ပြီးပြီးချင်းမှာပဲ ဗိုက်ထဲမှာ အော်ဂလီဆန်သလို အီလည်လည်ကြီး ဖြစ်လာတယ်။ နှင်း ထိန်းပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရတဲ့အဆုံး အမေတို့ ရှေ့မှာပဲ ပျို့တက်လာပြီး လက်ထဲက ပန်းကန်လုံးကို ပစ်ချ၊ လက်ဆေးဘေဇင်ရှိရာ အမြန်ပြေးရတော့တယ်။ ဘေဇင်ရှေ့ ရောက်ရောက်ချင်းပဲ ထိုးအန်တော့တာပေါ့။ နှင်းလေ ကိုယ်နေမကောင်း ဖြစ်နေတာထက် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။ ကိုနဲ့ အမေ ဘယ်လိုများ တွေးထင်သွားမလဲ။

တအောင့်နေ အမေနဲ့ ကို့ကို လှည့်ကြည့်လိုက်မိတယ်။ ကိုက မျက်စိမျက်နှာတွေ ပျက်လို့လေ။ နှင်းကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။ နှင်း အသနားခံတဲ့ မျက်၀န်းတစ်စုံကို အမေ့ကို လှမ်းကြည့်လိုက်မိပါတယ်။ အမေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ဒလဟော စီးကျနေတော့တယ်လေ။ နှင်းမှာဖြင့် အသက်တောင် ၀၀ မရှုရသေးခင်မှာ ပထမဆုံး ကြားလိုက်ရတာတော့ အမေရဲ့ အော်ဟစ်ငိုယိုနေတဲ့ အသံပါပဲ။ နှင်း တကယ် မရည်ရွယ်ပါဘူး ကို။ ဒီအခြေအနေမျိုးမှာ ကို့ကို ဘယ်လိုမှ နှင်း ရှင်းပြလို့ မရတော့ဘူး ဆိုတာ နှင်းသိပါတယ်။ ဒါဟာ နှင်းရဲ့ အပြစ်ပဲ မဟုတ်လား။ ဒါပေမယ့် ဒီလိုဖြစ်အောင် နှင်း တမင် လုပ်လိုက်တာ မဟုတ်ပါဘူး ကိုရယ်။ ဒါပေမယ့်လေ ကိုက မီးဖိုချောင် တံခါး၀မှာ ခါးထောက်ပြီး နှင်းကို စူးစူးရဲရဲကြီး ကြည့်နေလေရဲ့။ နင် ဘာမှ လာရှင်းပြမနေနဲ့တော့။ ဒါ နင် အမေ့ကို လက်စားချေတာလား လို့ မေးနေသလား အောက်မေ့ရတဲ့ ကို့ရဲ့ အကြည့်တွေကို နှင်း ဘယ်လိုသတ္တိနဲ့ ရင်ဆိုင်နိုင်မလဲ ကို။

နှင်းလေ ရှင်းပြဖို့ ပါးစပ်က ဟလိုက်ပေမယ့် တကယ်တမ်း ခံတွင်းက ဘာစကားမှ ထွက်မလာတော့ဘူး။ နှင်းရဲ့ မျက်၀န်းအစုံလည်း မျက်ရည်တွေနဲ့ ဖုံးပိတ်နေတယ်။ နှင်း ရှင်းလို့မှ မရတော့ဘဲလေ။ ကိုရဲ့ စူးရဲတဲ့ အကြည့်ကို ရင်မဆိုင်နိုင်ပေမယ့် အသနားခံဖို့ ကို့အနားကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါတယ်။ ကိုကတော့ ကျောက်ရုပ်ကြီးအလား တံခါး၀မှာ မလှုပ်မရှက်။ အမေ အားရပါးရ ငိုကြွေးပြီး အခန်းပြင်ကို ထွက်သွားတဲ့အထိ ကို နှင်းကို စိုက်ကြည့်နေတယ်။ သူ့ မျက်၀န်းဟာ မီးဟုန်းဟုန်းတောက်နေပြီ။ အမေ့ကို သူ တစ်ချက် လှည့်ကြည့်လိုက်ပြီး အသံခပ်မာမာနဲ့ နှင်းကို စကား စပြောပါတယ်။ နှင်းတို့ အိမ်ထောင်သက်မှာ အကြီးကျယ်ဆုံး ရန်ပွဲကို ပြောပါဆိုရင် အဲဒီနေ့က ရန်ပွဲကို ပြောရတော့မှာပဲ။ နှင်း ရှင်းပြနေတာကို ကိုက ဘယ်လိုမှ လက်မခံဘဲ အတင်း စွပ်စွဲနေတော့ နှင်းရင်ထဲက မခံချင်စိတ်တွေက အလျှိုးလျှိုး ထွက်လာပြီး ပွဲက ပြင်းထန်သတဲ့ ပြင်းထန်လာတော့တယ်လေ။ ဒီပွဲဟာ ကို့အတွက် သားကောင်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့ ပွဲပဲလေ။ ကို ခွင့်မလွှတ်နိုင်တော့လည်း ဘာတတ်နိုင်မလဲ။ နှင်း တမင်လုပ်တာမှ မဟုတ်တာပဲ။ နောက်တော့ ကိုလည်း နှင်းကို ကျောခိုင်းပြီး ထမင်းစားခန်းထဲမှာ နှင်းတစ်ယောက်တည်း ငိုနေလိုက်တယ်လေ။

နှင်းလေ ချွေးမတစ်ယောက်အနေနဲ့ ဆိုတာထက် သမီးတစ်ယောက်အဖြစ်နဲ့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေအပေါ်မှာ ဘယ်လိုမှ မပြစ်မှားမိအောင် နေထိုင်ပြုမူခဲ့တယ်။ နောက်ဆုံး အခြေအတင် ဖြစ်လာတောင် နှင်းကပဲ လူငယ်တစ်ယောက်အနေနဲ့ လျှော့ပေးခဲ့တာပါပဲ။ ဒီတစ်ခါတော့ နှင်းကြောင့် ဖြစ်တာ ဆိုပေမယ့် နှင်း အမေချက်တာကို ရွံလို့မှ မဟုတ်ဘဲ။ တကယ့်ကို နေလို့ မကောင်းလို့ပါ။ ဒါပေမယ့် ကိုက နှင်းကို နားလည်မပေးဘူး။ အဲဒီ ရန်ဖြစ်တဲ့နေ့က စပြီး ကို အိမ်ကို သုံးရက်တိတိ ပြန်မလာဘူး။ ဖုန်းလေးတောင် ဆက်ဖော် မရဘူးလေ။ နှင်းမှာ စိတ်မကောင်းဖြစ်ရလွန်းလို့လား၊ စိတ်ပူရလွန်းလို့လား မသိဘူး။ အစားလည်း ကောင်းကောင်း စားချင်စိတ် မရှိ။ ကောင်းကောင်းလည်း အိပ်မပျော်ခဲ့ဘူး။ အမေကလည်း နှင်းနဲ့ မျက်နှာချင်း မဆိုင်ရအောင် ရှောင်ရှောင်နေတော့ အိမ်မှာ နှင်းတစ်ယောက်တည်း အထီးကျန်နေခဲ့တယ်။ နှင်းဘ၀ရဲ့ အားအငယ်ဆုံး နေ့ရက်လေးတွေပါ ကို။

နှင်း နေထိုင်မကောင်း ဖြစ်နေတာ သတိထားမိတဲ့ နှင်းရဲ့ လုပ်ဖော်ကိုင်ဖက်က နှင်းကို ဆရာ၀န်သွားပြကြည့်ဖို့ အတင်း တိုက်တွန်းတယ်။ စိတ်ဆင်းရဲလို့ ဖြစ်တာပဲလေ။ ဆရာ၀န်က ဘယ်လိုလုပ် ကုပေးနိုင်ပါ့မလဲ။ ဒါပေမယ့် အဲဒီ အမကြီးက အတင်း တိုက်တွန်းနေတာနဲ့ နောက်တစ်နေ့တော့ ဆရာ၀န်ဆီ သွားတွေ့လိုက်ပါတယ်။ ဆေးစစ်ပြီးတဲ့အဆုံး ဆရာ၀န်ဆီက ဘယ်လိုမှ မျှော်လင့်မထားတဲ့ အဖြေတစ်ခု ရလာခဲ့တယ်။ နှင်းမှာ ရင်သွေးလေး ရှိနေပြီတဲ့။ ပျော်လိုက်တာရှင်။ အရင် ရက်တွေက စိတ်ဆင်းရဲခဲ့သမျှ ဘယ်ကို ရောက်သွားမှန်းကို မသိပါဘူး။ ဒီထက် ပိုပျော်မိတာကလေ။ ဟိုတစ်နေ့ နံနက် ထမင်းစား၀ိုင်းမှာ နှင်း အန်ခဲ့ရတဲ့ အကြောင်းအရင်းကို သိလိုက်လို့ရပါပဲ။ ဒါ နှင်း တမင်လုပ်တာမဟုတ်ဘူး ဆိုတဲ့ သက်သေပဲလေ။ ဒါပေမယ့်လေ အမေဟာ အတွေ့အကြုံရှိပြီးသား လူကြီးတစ်ယောက်ပဲ။ ပျို့တယ် အန်တယ်ဆိုတာ ကိုယ်၀န်ရှိလို့ မဖြစ်နိုင်ဘူးလားလို့ သူတို့ ဘာလို့ တွေးမပေးနိုင်ကြတာလဲ။ အော် သူတို့ နှင်းကို အပြစ်ပဲ မြင်နေကြလို့လားဟင်။ ကိုကကော … ။

ရုတ်တရက် ဆေးရုံအပေါက်၀မှာ ကို့ကို မြင်လိုက်ရတယ်။ ကိုနဲ့ သုံးရက်တည်း မတွေ့ဖြစ်ကြတာပါ။ ဒါပေမယ့် ကို အတော်ကြီးကို ပိန်ချုန်းသွားတယ်။ တကယ်ဆို သူမသိအောင် လှည့်ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် ကို့ မျက်နှာကို မြင်ရတဲ့ခဏမှာ နှင်းနှလုံးသားဟာ အရည်ပျော် ကျသွားတယ်။ နှင်းရဲ့ နှုတ်ခမ်းကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ ကို့နာမည်ကို ခေါ်မိလျက်သား ဖြစ်သွားတယ်။ ကိုဟာ အသံကြားတဲ့ဘက်ကို လှည့်ကြည့်ရင်း နှင်းကို မြင်သွားတော့ တခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ တစ်ချက်ကလေး ကြည့်ပြီး ပြန်လှည့်သွားတယ်လေ။ ကို့ မျက်၀န်းထဲက ထွက်ပေါ်လာတဲ့ စိတ်ပျက်နေတဲ့ အကြည့်ကိုတော့ နှင်း ရလိုက်ပါတယ်။ အဲဒီ အကြည့်ဟာ ဓားထက်ထက်တစ်ချောင်းလို နှင်းရဲ့ နှလုံးသားကို ခွဲပစ်လိုက်ပါပြီ။ ကို့ကို နောက်ထပ် လှမ်းမကြည့်ဖို့ လုံး၀ ဆုံးဖြတ်ချက်ချပြီး ဆေးရုံထဲက နှင်း ထွက်လာခဲ့တယ်။
`ကို့အတွက် နှင်းတို့မှာ ရင်သွေးလေးတစ်ယောက် ရှိနေပြီ ကိုရဲ့´
လို့ အော်ပြီး ပြောလိုက်ချင်တဲ့ နှင်းရဲ့ မဟာဆန္ဒကို မျိုသိပ်ထားရုံမှတပါး ဘာရှိဦးမလဲ။ အဲဒီလို ကို့ကို ပြောလိုက်ရင် ကိုက ပျော်လွန်းအားကြီးလို့ နှင်းကို အရင်ကလို မချီပြီး ၀ှေ့ရမ်းနေတော့မှာပဲလို့ မျက်ရည်တွေစို့နေတဲ့ကြားက စိတ်ကူးယဉ်လိုက်မိသေးရဲ့။

နောက်ကျသွားသော အပြုံး (၁)

နှင်းတို့ အိမ်ထောင်ပြုပြီး နှစ်နှစ်ကျော်လာတဲ့အခါမှာ ကိုဟာ သူ့အမေကို နှင်းတို့နဲ့အတူ အိမ်မှာခေါ်ထားဖို့ အဆိုပြုလာတယ်။ ကို့အမေဆိုတာ နှင်းအမေပဲ မဟုတ်လား။ နှင်းဟာ ကို့လို ကံကောင်းတဲ့သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ အခုချိန် ကို့မှာ လုပ်ကျွေးစရာ အမေဆိုတာ ရှိပေမယ့် နှင်းမှာက မိဘမပြောနဲ့ ဆွေမျိုးသားချင်းတောင် မရှိတဲ့ တစ်ကောင်ကြွက်ပါ။ ဒါကြောင့်မို့လည်း ကိုဟာ နှင်းရဲ့ တစ်ခုတည်းသော ကမ္ဘာပါပဲ။ အခု ကိုက အမေ့ကို အိမ်မှာ ခေါ်ထားမယ်ဆိုတော့ နှင်းအနေနဲ့ ကန့်ကွက်စရာ မရှိတဲ့အပြင် ကိုးကွယ်စရာ အမေတစ်ယောက် ရလိုက်တာကြောင့် အင်မတန် ဝမ်းသာရပါတယ်။ စိုးရိမ်မိတာ တစ်ခုပဲ ရှိပါတယ်။ ကိုကော နှင်းကောက အလုပ်ကိုယ်စီနဲ့ မဟုတ်လား။ နှင်းအနေနဲ့ ချွေးမတစ်ယောက်ရဲ့ တာဝန်၊ သမီးတစ်ယောက်ရဲ့ ဝတ္တရား မကျေပွန်မှာကိုပဲ စိုးရိမ်နေမိတယ်။

ကို့ငယ်ဘဝကို ပြန်စဉ်းစားကြည့်ရင်လည်း အင်မတန် သနားစရာ ကောင်းလှပါတယ်ရှင်။ ကိုငယ်ငယ်ကတည်းက အဖေနဲ့အတူ မနေခဲ့ရရှာဘူး။ ဟိုးငယ်ငယ်လေးကတည်းက အမေကပဲ ပြုစုစောင့်ရှောက်ခဲ့ရတယ်။ ကိုတို့ဟာ တောသူတောင်သားတွေပါ။ ဒါပေမယ့် ကို့အမေဟာ သူ့သားကို မြို့ပေါ် ကျောင်းထားနိုင်အောင် ဆိုပြီး နည်းမျိုးစုံ ကြိုးပမ်းခဲ့တာပါ။ နောက်ဆုံး ကို အင်ဂျင်နီယာ ဘွဲ့ရတဲ့အထိပဲ ဆိုပါတော့လေ။ အမျိုးသမီးတစ်ယောက်အနေနဲ့ သားတစ်ယောက်အတွက် ဒီလို ခေတ်ကြီးမှာ အင်ဂျင်နီယာဘွဲ့ ရအောင် ဘယ်လောက် ရုန်းကန်ရမယ်၊ ဘယ်လောက် ပင်ပန်းခက်ခဲခဲ့မယ်ဆိုတာ ပြောပြနေဖို့တောင် မလိုအပ်ပါဘူး။ ဒီလို မိခင်တစ်ယောက်ကို သားတစ်ယောက်က ကျေးဇူးသိသိနဲ့ သူ့အနီးနား ထားပြီး ပြုစုလုပ်ကျွေးချင်တာ နှင်းအနေနဲ့ ဘာကြောင့် ငြင်းနေရက်ဦးမှာလဲရှင်။ ဒီနေ့ နှင်းရဲ့ကိုဟာ အမေရဲ့ ကျေးဇူးကြောင့် ရလာခဲ့တာပဲ မဟုတ်လား။

ချက်ချင်းဆိုသလိုပဲ ခေါင်းညိတ်လိုက်ပြီး အမေနေဖို့ အခန်းတစ်ခန်း အမြန် ပြင်ဆင်လိုက်တယ်။ အမေ့အတွက် ၀ရံတာ သီးသန်းပါတဲ့ အခန်းလေးကို ရည်ရွယ်ထားလိုက်တယ်။ အဲဒီအခန်းလေးက အရှေ့ဘက် မျက်နှာစာမှာမို့ အမေနံနက်စောစောဆို အာရုဏ်တက် နေရောင်ခြည်ကို တစ်၀ကြီး ခံစားခွင့် ရအောင်လို့ပါ။ နောက်ပြီး ၀ရံတာကနေ ထွက်ကြည့်လိုက်ရင် ပန်းပေါင်းစုံ စိုက်ထားတဲ့ ပန်းခြံလေးကိုလည်း မြင်ရတော့ အိပ်ယာက ထတာနဲ့ စိတ်ကြည်နူးရတာပေါ့။ နှင်း ပြင်ဆင်ထားတာကို ကိုက ကြည့်ပြီး ပြုံးစိစိလုပ်နေတယ်။ နောက်ပြီး ဘာမပြောညာမပြောနဲ့လေ နှင်းကို ဆွဲမြောက်ထည့်ပြီး လှည့်ပစ်လိုက်တာ ချာချာလည် မူးသွားတာပဲ။ အဲဒီလို သူလုပ်ပြီဆိုရင် နှင်းက ကလေးလေးတစ်ယောက်လို အမြဲပဲ ကို့ကို တောင်းပန်ရတယ်လေ။ နှင်းကို အောက်ချပေးပါတော့ ဆိုပြီးပေါ့။

ကိုက အရပ်မြင့်မြင့် ဒေါင်ကောင်းကောင်း၊ ဗလတောင့်တောင့်ဆိုတော့ နှင်းကို ချီရတာ ကလေးတစ်ယောက် ချီရသလောက်ပဲ သဘောထားပုံပဲ။ ကို နှင်းကို ဆွဲမြောက်ထားတဲ့ ခဏမှာ နှင်းဟာကိုရဲ့ ကလေးလေးတစ်ယောက် ဖြစ်သွားသလို ခံစားလိုက်ရတယ်။ သူဟာ နှင်းကို အချိန်မရွေး အိတ်ကပ်ထဲ ထည့်ထားလို့ ရတယ်လို့လည်း ခံစားလိုက်မိတယ်။ နှင်းဘ၀မှာ ကလေးဆိုးလို ဆိုးလို့ရတာ ဆိုးခွင့်ရှိတာလည်း ကိုတစ်ယောက်တည်း ရှိခဲ့တာပဲ မဟုတ်လား။ နှင်းတို့ အခန့်မသင့် စကားအခြေအတင် ဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက် မာန်မချတော့ဘူး ဆိုရင် ကိုက နှင်းကို ချီလိုက်ပြီး နှစ်ပတ်သုံးပတ် ၀ေ့ရမ်းပစ်လိုက်တယ်။ နောက်ပြီး အရှုံးပေးပြီလားလို့ မေးပြီး မဖြေမချင်း ချမပေးတော့ဘူးလေ။ အဲဒီလို လုပ်လိုက်တိုင်း နှင်းမှာ စိတ်ကောက်နေတာတောင် ဘယ်ပျောက်သွားမှန်း မသိဘူးလေ။ နှင်းက တောင်းပန်ပါတယ်ဆိုမှ သူက အောက်ကို ချပေးတာ။ နှင်းမှာလေ ကိုအဲဒီလို ၀ေ့ရမ်းလိုက်တာကိုပဲ အသည်းစွဲဖြစ်နေမိတယ်။ ကိုကလည်း ဒါကို ပိုင်ပိုင်နိုင်နိုင် အသုံးချလေ့ ရှိတယ်လေ။

အမေဟာ နှင်းတို့နဲ့ အတူနေရတာ ပျော်နေပုံပဲ။ အင်း .. ပျော်မှာပေါ့လေ။ ကိုယ့်သားနဲ့ အတူနေရတာ ဘယ်သူ မပျော်ဘဲ ရှိမလဲ။ အရင်ဆို တောရွာမှာ ဆင်းဆင်းရဲရဲ ဖြစ်သလို နေရရှာတာပါ။ နှင်းတို့လည်း နှစ်နှစ်ဆိုတဲ့ အချိန်အတွင်းမှာ ကြိုးစားပမ်းစား စုထားတဲ့ ငွေကလေး ရှိတော့ ဘာပဲဖြစ်ဖြစ် အမေ့ကို မျက်နှာမငယ်အောင် ထားနိုင်ပါပြီ။ တောရွာမှာလို အမေ ပင်ပန်းစရာ မလိုတော့ပါဘူး။ ဒါပေမယ့်လေ ဘ၀နဲ့စရိုက် မတူခဲ့ကြတဲ့ နှင်းတို့တတွေဟာ သဘောထားကွဲလွဲတာလေးတွေ တစ်ခုပြီးတစ်ခု ပေါ်ပေါ်လာတော့တယ်။ ဘယ်လိုပဲ ပြောပြော ဘယ်လောက်ပဲ ပြောပြော နှင်းသိပ်ချစ်တဲ့ ကို့ကို လောကထဲ လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပေးခဲ့တဲ့ ကျေးဇူးရှင်ပဲ။ နှင်းရဲ့ ကျေးဇူးရှင်ဆိုလည်း မမှားဘူး ဆိုတဲ့ စိတ်နဲ့ အားလုံးကို အပြုံးမပြတ် တုန့်ပြန်ခဲ့ပါတယ်။ အမေဟာ တောရွာမှာပဲ နေခဲ့ရတော့ တောစရိုက်ရွာစရိုက်တွေဟာ နှင်းတို့အိမ်အထိ ပါလာတယ်လေ။

ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်ပေါ့။ နှင်းအနေနဲ့ ဈေးကနေ အမြဲလိုလို ဧည့်ခန်းထဲ အလှဆင်ဖို့ဆိုပြီး အလှထိုးပန်းတွေ ၀ယ်၀ယ်လာတတ်တယ်။ ဘုရားခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနဲ့ အိပ်ခန်းတွေပါမကျန် ပန်းအိုးထိုးတတ်တဲ့ နှင်းရဲ့ အကျင့်ကို ကိုကတော့ နားလည်ပေးပြီးသားပါ။ ဒါပေမယ့် အမေကတော့ ကြည့်လို့ရပုံ မပေါ်ဘူးလေ။ တစ်နေ့တော့ အမေက
`နင်တို့ အခုခေတ် လူငယ်တွေကလေ ပိုက်ဆံကို ရှာကြံပြီး ဖြုန်းကြတယ်။ ဘာကြောင့် ပန်းတွေ ဒီလောက် အများကြီး ၀ယ်လာရတာတုန်း။ ဘာတုန်း အဲဒါတွေကို စားမလို့လား´
လို့ ဆူတော့ နှင်းက ခပ်ပြုံးပြုံးနဲ့

`မေမေကလည်း၊ အခန်းထဲမှာ ပန်းတွေ မြင်နေရတော့ စိတ်ထဲပိုပြီး လန်းဆန်းတာပေါ့။ ပိုပြီးလည်း အေးချမ်းသလို ခံစားရတယ်လေ။´ လို့ပဲ ပြန်ဖြေလိုက်တယ်။ ဒါပေမယ့် အမေကတော့ အပြောမပြတ်၊ အဆူမပြတ်ဘူး။ နောက်ဆုံး ကိုလည်း မနေနိုင်တော့ အမေကို ၀င်ရှင်းပြရတော့တယ်။
`မေမေ၊ ဒါ မြို့သူမြို့သားတွေရဲ့ ဘ၀စတိုင်ပါ။ မေမေ မကြာခင်ဘဲ တဖြည်းဖြည်းနဲ့ ယဉ်ပါးသွားမှာပါ။´

အဲဒီနောက်တော့ ဒီပန်းနဲ့ ပတ်သက်ပြီး အမေ ဘာမှ မပြောတော့ဘူး။ ဆူလည်း မဆူတော့ပါဘူး။ ဒါပေမယ့်လေ နှင်း ပန်းတွေပွေ့ပြီး ဈေးကနေ ပြန်လာတာ မြင်ရင် ဒီပန်းတွေ ဘယ်လောက်ပေးခဲ့ရသလဲလို့ အမြဲ မေးလေ့ရှိတယ်။ နှင်းက ဒီလောက်ဒီလောက် ကျပါတယ်လို့ ပြောလိုက်ရင်ပဲ အမေက နှာခေါင်းတရှုံ့ရှုံ့ ခေါင်းတခါခါနဲ့ စိတ်ပျက်တဲ့ အမူအရာပြပြီး လှည့်ထွက်သွားတော့တယ်။ တစ်ခါတလေ နှင်း စူပါမားကက်က ဈေး၀ယ်ပြီး အထုပ်အပိုးတွေနဲ့ ပြန်လာရင်လည်း အမေ အနားနား ရောက်လာတတ်ပြီး တစ်ခုချင်းစီကို လက်ညှိုးထိုး၊ ဘယ်လောက်ကျသလဲ မေးတော့တာပဲ။ နှင်းအနေနဲ့ ရိုးရိုးသားသားပဲ အမှန်အတိုင်း ပြောတော့ အဲဒီအမှန်တရားကပဲ သူ့ကို ပိုပို စိတ်ပျက်အောင် လုပ်နေမိသလိုပဲ။ အဲဒီအကြောင်း ကို့ကို ပြောပြတော့ ကိုက နှင်းနှာခေါင်းကို ဆွဲပြီး
`အရူးမလေး၊ နင်မို့လို့ အမှန်အတိုင်း ပြောပြနေတယ်။ နည်းနည်းပါးပါးလေး လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်ပေါ့´
လို့ ကိုကပါ နှင်းကို ဆူတယ်လေ။ အမှန်တော့ ကိုက ဆူတာ မဟုတ်ပါဘူး။ နှင်းနဲ့ အမေ့ကြား ပဋိပက္ခနည်းအောင်လို့ စေတနာနဲ့ ပြောတာလို့ နှင်း နားလည်ပါတယ်။

အမေအနေနဲ့ နှင်းကို ဘယ်လိုမှ ကြည့်လို့မရတာ အမြင်မကြည်တာ တစ်ခု ရှိသေးတယ်။ အမေ အမုန်းဆုံးက သူ့သား မနက်စောစောထပြီး နံနက်စာ ပြင်ဆင်နေတာကို မြင်ရခြင်းပဲလေ။ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ပြီး သူ့မိန်းမအတွက်များ ထမင်းဟင်း ချက်ပေးနေရတယ်လို့ ဆိုပြီး အတော်ကြီးကို မကျေမချမ်း ဖြစ်နေတာ။ နံနက်စာစားချိန် စားပွဲမှာ ဆုံကြတိုင်း အမေရဲ့ မျက်နှာဟာ သည်းကြီးမဲကြီး ရွာချတော့မယ့် မိုးတိမ်တောင်ကြီးလို ညိုမဲနေလေ့ရှိတယ်။ ဒါကို နှင်းအနေနဲ့ မသိကျိုးကျွံပဲ နေလိုက်ပါတယ်။ အဲဒီလို နေပြန်တော့လည်း အမေတွေနဲ့ အသံပေါင်းစုံပေးပြီး ပါးစပ်ပိတ် ဆန္ဒပြနေလေ့ ရှိတယ်လေ။ နှင်းအနေနဲ့ အလုပ်ချင်လို့ အပျင်းကြီးလို့ နံနက်စာ မချက်တာမှ မဟုတ်ဘဲ။ နှင်းက ဂိုက်ဆရာမပါ။ ကလေးတွေကို ကျူရှင်ပြတယ်လေ။ ကလေးအများစုက ညပိုင်းပဲ အားကြတော့ နှင်းအနေနဲ့ အတန်းတွေကိုလည်း ညမှာပဲ သွားပြရတယ်။ ဆယ်တန်းကလေးတွေလည်း ပါတော့ ညဉ့်နက်တဲ့အထိပဲ စာသင်ရတယ်။ ဒီတော့ နံနက်စောစော ထပြီး အစားအသောက် မလုပ်နိုင်တော့ဘူး။ ဟိုးအရင် ကိုနဲ့နှစ်ယောက်တည်း နေစဉ်က ကိုနဲ့နှစ်ဦးသဘောတူ ကျေကျေနပ်နပ် ကျေကျေလည်လည် ရှိခဲ့ပေမယ့် အခု အမေတစ်ယောက်တိုးလာပြီလေ။ နောက်ပြီး သူ့သားက မီးဖိုချောင်၀င်နေတဲ့အချိန်မှာ မိန်းမလုပ်တဲ့သူက အိပ်ယာထဲမှာဆိုတော့ အမေ့အနေနဲ့ သားကိုပဲ ပိုသနားမိမှာပေါ့။ ဒါကို နားလည်ပေးလို့ ရပါတယ်။ ဒါပေမယ့် နှင်းအနေနဲ့လည်း ပင်ပန်းလွန်းတာကြောင့် နံနက်စောစောလည်း မထနိုင်တော့ အမေ ဆန္ဒပြနေတာတွေကို နားလေးချင်ယောင် ဆောင်ပြီးတော့ပဲ မသိဖာသာ နေနေလိုက်တော့တယ်။

နောက်တော့ အမေက အေးဆေး မနေနိုင်တော့ဘဲ အိမ်မှုကိစ္စတွေ ၀င်ကူလုပ်တော့တယ်။ သူက အိမ်ကိစ္စတွေ ၀င်ကူလုပ်တာ ဆိုပေမယ့် ကြာတော့ လုပ်နေပေးနေတာကိုက ရှုပ်နေသလို ဖြစ်လာတော့တယ်။ ဥပမာ ပြောရရင်ပေါ့။ အမေက အမှိုက်တွေ သန့်ရှင်းရေး လုပ်တိုင်း ပလပ်စတစ်ဗူးခွံတွေ စက္ကူဗူးခွံတွေနဲ့ ပလပ်စတစ် အိတ်ခွံတွေကို သိမ်းသိမ်းထားလေ့ရှိတယ်။ နည်းနည်း များများစားစားရလာရင် ရောင်းစားရအောင်ပေါ့။ ကြာတော့ အိမ်လည်း အမှိုက်တွေနဲ့ ဗူးခွံတွေနဲ့ ပြည့်လို့ပါပဲ။ နောက်ပြီး အမေက အစစအရာရာ သိပ်ချွေတာတယ်။ ဆပ်ပြာမှုန့်ဆိုလည်း ချွေတာပြီး သုံးလွန်းလို့ နှင်းမှာဖြင့် သူ့ကွယ်ရာမှာ ပန်းကန်တွေကို ပြန်ဆေးနေရတယ်။ တစ်နေ့က ညပိုင်း နှင်း ပန်းကန်တွေ ပြန်ဆေးနေတာကို အမေ မြင်သွားတယ်။ ဒုန်းကနဲ သူ့အိပ်ခန်းတံခါးကို ဆောင့်ပိတ်ပစ်လိုက်ပြီး သူ့အခန်းထဲမှာ အားလုံးကြားလောက်အောင် အော်ငိုနေတော့တယ်။

ကိုလည်း တော်တော် စိတ်ဆင်းရဲသွားပုံရတယ်။ နှင်းကို တစ်ညလုံး စကားမပြောတော့ဘူးလေ။  နှင်းက ဘာမှ မသိတဲ့ ကလေးလေးတစ်ယောက်လို ရူးချင်ယောင်ဆောင်ပေမယ့် ကို နှင်းကို ဥပေက္ခာပြုထားခဲ့တယ်။ နှင်း ရူးသွတ်မတတ် ခံစားရလို့ `နှင်း ဘာများမှားနေလို့လဲ´ လို့ ကို့ကို မေးလိုက်မိတယ်။ ကို နှင်းကို စူးစူးကြီး ကြည့်ပြီး
`နှင်း အမေ့ကို တစ်ခေါက်လောက်လေး စိတ်ချမ်းသာအောင် ထားပေးလို့ မရဘူးလား။ ပန်းကန်တွေ မသန့်ဘူးပဲ ထားဦး။ အဲဒီ မသန့်တာတွေ သုံးလို့ ကိုတို့ သေမသွားလောက်ပါဘူး။´
လို့ နှင်းကို ဆူပါတော့တယ်။ အဲဒီလို ဖြစ်ပြီးကတည်းက အမေဟာ နှင်းကို လုံး၀ စကားမပြောတော့ပါဘူး။ နှင်းက သူ့ကို ရွံလို့ ပန်းကန်ပြန်ဆေးပါတယ်လို့ အမေ ထင်သွားပုံရတယ်လေ။ နှင်း အမေနဲ့ မျက်နှာချင်းဆိုင်ရင် ဘယ်လောက် အနေရခက်နေမယ်ဆိုတာ စဉ်းစားတာ ကြည့်လိုက်ပါတော့ရှင်။ ဒီစစ်အေးတိုက်ပွဲကြီးအတွင်းမှာ ကို့အနေနဲ့ နေရအခက်ဆုံး ဖြစ်မယ် ထင်ပါတယ်။ အမေနဲ့ ဇနီးသည်အကြား ဘယ်သူ့ကို စိတ်ကျေနပ်အောင် ထားရပါ့ဆိုတဲ့ အတွေးကို ကို့ကို နှိပ်စက်နေမှာ အမှန်ပဲလေ။

အမေဟာ သူ့သားကို ထမင်းစားခန်းထဲမှာ နံနက်စာ မိန့်မိန့်ကြီး ထိုင်စားနေတာပဲ မြင်ချင်တဲ့သူကိုး။ ဒီတော့ ကို အေးအေးဆေးဆေး ထိုင်စားနိုင်အောင် မီးဖိုချောင် မ၀င်ရအောင် ဆိုပြီး နံနက်စာကို သူကိုယ်တိုင် ပြင်ဆင်ချက်ပြုတ်တော့တယ်။ စားပွဲမှာ သူ့သားကို နံနက်စာ စားတာကို ပြုံးပြုံးလေး ထိုင်ကြည့်နေပေမယ့် နှင်းကိုတော့ `အပျင်းကြီးတဲ့မိန်းမ၊ သူများချက်ထားတာ ထိုင်စားနေတယ်။ အရှက်မရှိဘူးလား။´ ဆိုတဲ့ မျက်နှာပေးမျိုးနဲ့ မကြာခဏ လှမ်းလှမ်း ကြည့်တတ်ပါတယ်။ အမေ့ကို အနှောက်အယှက် မပေးချင်တာက တစ်ကြောင်း၊ အဲဒီလို ထိုင်စားနေတာကိုပဲ ရှက်စရာကောင်းတယ်လို့ ထင်မိတာက တစ်ကြောင်းမို့ အိမ်မှာ နံနက်စာ မစားတော့ဘဲ ရုံးသွားရင်းနဲ့ပဲ လမ်းမှာ နံနက်စာကို ၀ယ်စားလိုက်တော့တယ်။ အဲဒီည အိပ်ယာ၀င်တော့ ကိုက နှင်းကို ကြည့်ပြီး အနည်းငယ် စိတ်ပျက်တဲ့ မျက်နှာနဲ့ မေးလာတယ်။
`ကို့အမေ ချက်တာ မသန့်ဘူးလို့ နှင်း ယူဆလို့ နံနက်စာ အိမ်မှာ မစားတော့တာလား။´
အဲဒီလို မေးမေးပြီးချင်းပဲ အဖြေကိုတောင် မစောင့်တော့ဘူး။ ကို တစ်ဘက်ကိုလှည့်ပြီး နှင်းကို ကျောပေးထားလိုက်တော့တယ်။ ကို နှင်းကို မျက်ရည်တွေနဲ့အတူ အထီးကျန်စွာ ပစ်ထားခဲ့ပြီ။ လုံး၀လုံး၀ မတရားဘူး။ နှင်းကိုတောင် ဖြေခွင့် သူ မပေးချင်တော့ဘူးလေ။ တော်တော်လေး ကြာမှ ကိုရဲ့ သက်ပြင်းချသံနဲ့အတူ လေသံ တိုးတိုးလေးကို ကြားလိုက်ရတယ်။
`ကို့အတွက်လို့ သဘောထားပြီး အိမ်မှာပဲ နံနက်စာ စားပေးပါလား နှင်း´
နှင်း ဘယ်လို ပြန်ပြီး ငြင်းနိုင်ဦးမှာလဲ ကိုရယ်။
 

သရုပ်ပြ မာတိကာကျမ်း မိတ်ဆက်

ကျနော် ကွန်ပျူတာရှေ့ ထိုင်ပြီး အင်တာနက် သုံးတိုင်း မြန်မာနိုင်ငံရဲ့ အင်တာနက်လောကနဲ့ ပတ်သက်ပြီး ဘယ်လိုမှ စိတ်တိုင်းမကျတဲ့ အရာတစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ မြန်မာနိုင်ငံ၊ မြန်မာစာနဲ့ ပတ်သက်တာ ဘာပဲ ရှာရှာ၊ အင်တာနက်မှာ ရှာမတွေ့ဘူး။ ဒါ အရင်တုန်းကတော့။ အခုတော့ အထိုက်အလျောက် ရှာလို့ ရလာပါပြီ။ ဟိုးအရင် ၅ နှစ်၊ ၆ နှစ်ကဆိုရင် မြန်မာသီချင်းကိုတောင် အင်တာနက်မှာ ရှာဖို့ သိပ်မလွယ်ဘူး။ အင်မတန် နာမည်ကြီးတဲ့ သီချင်းလောက်ပဲ ရှိတယ်။ ဂူဂယ်လင်း လုပ်ပြီး ရှာလိုက်တိုင်း မတွေ့တာချည်းပဲ။ သူများနိုင်ငံမှာဆို (အဓိကတော့ အမေရိကားပေါ့) သီချင်းစာသားယူမလား၊ ရုပ်ရှင်ကားထဲက စကားပြော Dialogue ယူမလား။ အကုန် အွန်းလိုင်းမှာ ရှိတယ်။ ဥပမာ ဂူဂဲလ်မှာ “When I need you, just close my eyes and I wish you” ဆိုတဲ့ စာကြောင်း ရိုက်ထည့်လိုက်။ Celine Dion ရဲ့ When I Need You သီချင်း၊ ဘယ်ကားရဲ့ ဇာတ်ဝင်သီချင်း စသဖြင့်ပေါ့ အကုန် စုံစုံလင်လင် ဖော်ပြပေးနိုင်တဲ့ ဒေတာအချက်အလက် အပြည့်အစုံ ရှိတယ်။ ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့တော့ ဘာမှကို မရှိသလောက်ပဲ။ စိုင်းထီးဆိုင် သီချင်း တစ်ပိုင်းတစ်စလောက် ရလို့ ရှာချင်လည်း မဖြစ်နိုင်ဘူးလေ။
အဲဒီလို အားမရတာတွေ ရှိနေတာကြောင့် ကျနော်လည်း အထိုက်အလျောက် ကိုယ်တတ်နိုင်သလောက် လုပ်ဦးမှပဲ ဆိုပြီး ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါနဲ့ ပထမဆုံးအနေနဲ့ အသုံးလည်းဝင်၊ အကျိုးလည်း ရှိမယ့်
ကို ၂၀၀၈ ခုနှစ်မှာ အပြီးသတ် တင်ပေးနိုင်ခဲ့တယ်။ အဲဒါ လုပ်နေရင်းနဲ့ပဲ ကျနော် ငယ်ငယ်ကတည်းက ဝါသနာအရ စုဆောင်းထားခဲ့တဲ့ သီချင်းစာအုပ်တွေကို စကန်ဖတ်လို့ ရလျက်နဲ့ မဖတ်ပြီး တစ်ပုဒ်ချင်းစီ တိုက်ပင်ရိုက်ပြီး သိမ်းလာခဲ့တယ်။ နောက်တော့ အပုဒ် (၄၀၀) ကျော်လောက် ရတော့
ဆိုပြီး သီချင်းစာသားတွေ တင်ပေးတဲ့ ဆိုဒ်တစ်ခု လုပ်ဖြစ်ခဲ့တယ်။ ငယ်ငယ်ကတည်းက စုလာခဲ့တာဆိုတော့ သီချင်းစာအုပ်တွေက အများကြီးရှိပေမယ့် စာရိုက်ဖို့ အချိန်က လုရတာကြောင့် အပုဒ် (၄၀၀) ကျော်ပဲ တင်ပေးနိုင်သေးတယ်။ စကန်ဖတ်ပြီး တင်လို့ ရလျက်နဲ့ ဘာလို့ မတင်သလဲ ဆိုတော့ အရှေ့က ပြောခဲ့သလို ရှာလို့ လွယ်ချင်တယ်၊ ရှာလို့ ရချင်တယ်။ Google လို Search Engine မှာ ရိုက်ထည့်ပြီး အလွယ်တကူ ရှာနိုင်အောင် ဆိုပြီး အပင်ပန်းခံပြီး ရိုက်ထည့်ခဲ့ပါတယ်။ နောက်ပြီး အင်မတန်မှ ရှာပါးနေပြီ ဖြစ်တဲ့ ၁၉၃၀ ကျော်လောက်က မိုနို၊ စတူဒီယို အကူအပြောင်းခေတ် (ဓါတ်ပြားခေတ်) က သီချင်းပေါင်း (၁၀၀၀) ကျော်လောက် ပါတဲ့ ရှားပါးစာအုပ် ကျနော်ဆီမှာ ရှိနေပေမယ့် မရိုက်အားပေးတာကြောင့် မရိုက်ဖြစ်သေးပါဘူး။ နောက် အချိန်ရရင် ရသလို ဒီ မြန်မာသံစဉ်စာသားများ ဆိုတဲ့ ဆိုဒ်မှာ ခေတ်ဟောင်း ခေတ်သစ် သီချင်းစာသားတွေ တင်သွားပေးဖို့ အစီအစဉ် ရှိပါတယ်။ စာဖတ်သူ အနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီချင်ရင်လည်း ကျနော်ကို ဆက်သွယ်ပေးပါဦး။ အမှန်အတိုင်း ပြောရရင် ကျနော် တစ်ယောက်တည်း (များသောအားဖြင့်ပေါ့) ရိုက်နေရတော့ အများကြီးလည်း မပြီးပါဘူး။
နောက်ပြီး ရှေးရှေးက ရေးစပ်တဲ့ ကဗျာလေးတစ်ပုဒ် ရှာချင်တော့ အခက်တကာ့ အခက်ဆုံးပဲလို့ ထင်တယ်။ ဦးပုည ကဗျာတချို့ လိုချင်တာ အွန်လိုင်းမှာ ဘယ်ရှာလို့ ရှာရမှန်းကို မသိအောင်ပါပဲ။ ဒါလည်း မြန်မာစာပေအတွက် အားနည်းချက်ကြီးတစ်ခုလို့ မြင်တယ်။ ဒါကြောင့် ကျနော် ရှေးခေတ် ပျို့ ရတု စတဲ့ ကဗျာတွေကို စုစည်းပြီး ရိုက်ထားတာ အပုဒ် (၁၀၀) ကျော်လောက်တော့ ရှိပြီ။ ဒါလည်း တော်တော်လေး များများစားစား ရပြီဆိုရင်တော့ ကဗျာတွေချည်း စုထားတဲ့ ဆိုဒ်တစ်ခု လုပ်ပါ့မယ်။ ပညာရှင်တွေ အနေနဲ့ ကဗျာတစ်ပုဒ် ကိုးကားချင်လို့ ဘယ်နားဘယ်လို သွားရှာရမှန်း မသိတဲ့ ပြဿနာတွေကို တတ်နိုင်သလောက် ဖြေရှင်းသွားချင်တာပါ။ နိုင်ငံခြားမှာ Term Paper တို့ Thesis Paper တို့ ကိုယ်တိုင် ရေးမရေး၊ သူများဆီက ခိုးချထားလား သိချင်ရင် သူတို့ မသင်္ကာတဲ့ စာကြောင်းကို Googling လုပ်လိုက်ရုံပါပဲ။ ကိုယ်တိုင် ရေးထားတာပါလို့ ကြီးကြီးကျယ်ကျယ် ပြောလို့မရအောင်ကို အွန်လိုင်းမှာ အကုန် ရှာလို့ ရနေပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ရင်လည်း အဲဒီလိုမျိုး ဖြစ်ချင်တာ ကျနော်ရဲ့ ဆန္ဒပါ။ ဘယ်သူတွေ လုပ်လုပ် မလုပ်လုပ်၊ ကျနော်ကတော့ နည်းနည်း နည်းနည်းစီ လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတာပါပဲ။
စာအုပ်တွေ ဖတ်ရင်း တစ်ခါတလေမှာ ဝေဒနာ ဘယ်နှမျိုး ရှိလဲမသိဘူး၊ ဘာတွေပါလိမ့်လို့ သိချင်စိတ် ပေါ်လာရင် သုခမှတ်စု ကို လှန်ရှာလိုက်တယ်။ များသောအားဖြင့် ရှာလို့ တွေ့ပေမယ့် ရှာလို့ မတွေ့တဲ့ အခါတွေလည်း ရှိလာတော့ တစ်ခြား ကိုးကားစရာ ကျမ်းလိုလာတယ်။ ကံကောင်းချင်တော့ စိန္တာမဏိ ဦးချစ်မောင်ရဲ့ မာတိကာကျမ်း ဆိုတဲ့ စာအုပ် ရလာတယ်။ ဒီတော့ သုခမှတ်စုထဲ မရှိရင် မာတိကာကျမ်းထဲမှာ ရှာလိုက်တယ်။ နောက်ပိုင်း ဖျာပုံဆရာတော်ရဲ့ သရုပ်ပြအဘိဓာန်ဆိုတာပါ ရလာတော့ ပိုပြီး စုံစုံစိစိ ကြည့်လို့ရလာတယ်။ ဒါပေမယ့် စိတ်ထဲမှာ အားမရတာက ဘာဖြစ်လို့ တစ်ခုခု ရှာချင်ရင် တစ်အုပ်တည်းနဲ့ မပြီးဘဲ ဟိုစာအုပ်လှန်ရ ဒီစာအုပ်လှန်ရ ဖြစ်နေတာလဲ ဆိုပြီး သိပ်တော့ ဘဝင်မကျဘူး။ ဒါနဲ့ တစ်နေ့တော့ကွာ၊ အဲဒီ စာအုပ်တွေက တူတာတွေဖယ်၊ မတူတာတွေစုပြီး အပြည့်စုံဆုံး စာအုပ်တစ်အုပ်တော့ ဖြစ်အောင် လုပ်မယ်ကွာလို့ စိတ်ကူး ရှိခဲ့တယ်။ အဲဒီ စိတ်ကူးက ဘယ်မှာ အကောင်အထည် ဖော်ဖြစ်သလဲဆိုတော့ နေပြည်တော်မှာ။ တပည့်လေးတွေက သူတို့လည်း ကူမယ် ဆိုတာနဲ့ (ကျနော်အပါအဝင် စုစုပေါင်း ၆ ယောက်) စာတွေ ဝိုင်းရိုက်လိုက်ကြတယ်။ ဒါတောင် သုခမှတ်စုနဲ့ မာတိကာကျမ်း နှစ်အုပ်ပဲ ရိုက်ပြီးခဲ့ပါတယ်။
သူတို့တွေ ရိုက်ပြီးသွားတာနဲ့ Entry ပေါင်း (၁၆၀၀) ကျော်ကို သုံးပြီး ဆိုဒ်တစ်ခု လုပ်ဖို့ ကြံရပါတော့တယ်။ ဘာကိုသုံးပြီး ဆိုဒ်တစ်ခု လုပ်မလဲလို့ စိတ်ကူးတဲ့အခါမှာ ခေါင်းထဲ Tools သုံးခု ဝင်လာတယ်။ နံပါတ်တစ်က ဝီကီ (wiki) – Interactive မျိုးဆို အဆင်ပြေနိုင်ပေမယ့် သိပ်သဘောမကျလှဘူး။ ဒါနဲ့ ဒုတိယ ရွေးစရာ CMS တွေကို လေ့လာကြည့်မိတယ်။ WordPress, Drupal နဲ့ Joomla ဒီသုံးခုလုံးနဲ့ နည်းနည်း စမ်းလုပ်ကြည့်တယ်။ Customization စိတ်ကြိုက်ပြင်ဖို့ လွယ်ပေမယ့် လုပ်ရတာ တပင်တပန်းကြီး ဖြစ်နေတယ်။ နောက်ပြီး ကျနော်က PHP နဲ့ သိပ်မရင်းနှီးတော့ PHP ကို ပြန်လေ့လာရမလိုတောင် ဖြစ်လာတယ်။ ဒါလည်း သိပ်တော့ အဆင်မပြေဘူး။ ဒါနဲ့ပဲ လည်ရင်းလည်ရင်း Blogger ပဲ ပြန်ရောက်လာတယ်။ Blogger နဲ့ မလုပ်ချင်လို့မှ ပတ်ရှာနေတာ။ အဆင်မပြေတော့လည်း သူပဲ ရှိတော့တာပေါ့။ ပို့စ်ပေါင်း (၁၆၀၀) ကျော်ကို ဖြည့်ဖို့ အဆင်မပြေလွန်းလို့ ပတ်ရှာနေခဲ့တာပါ။ Blogger က တစ်နေ့ကို အများဆုံး Post ၅၀ ပဲ ပေးတင်တယ်။ ၅၀ ကျော်လာရင် စပန်းလို့ ယူဆတာကြောင့် လူလို့သေချာအောင် ဂဏန်းတွေ လျှောက်ရိုက်ထည့်ခိုင်းတော့တာပါ။ စက်မပြောနဲ့ လူတောင် တစ်ခါတလေ ဖတ်ရတာ အဆင်မပြေလွန်းလို့ အင်မတန် ပင်ပန်းတာကြောင့် ရှောင်နေခဲ့တာ။
အခုတော့ မရပါဘူး။ ဘလော့ဂါနဲ့ပဲ နှစ်ပါးသွားခဲ့ရတယ်။ ပို့စ် (၁၆၀၀) ကျော်ကို ဖြည့်ရတာ ပင်ပန်းလို့ တော်ပြီကွာဆိုပြီး စဉ်းစားမိတာလည်း အကြိမ်ကြိမ်ပဲ။ ပြီးစီးသွားရင် အားလုံးအတွက် အကျိုးများမှာပါ လို့ပဲ ကိုယ့်ကိုယ်ကို ပြန်ဖြောင့်ဖြပြီး စိတ်ရှည်ရှည်နဲ့ ပြီးအောင် လုပ်ခဲ့ရတယ်။ “စာ ကူရိုက်ပေးတဲ့သူက သူတို့အလုပ် သူတို့ ပြီးသွားပြီ။ ငါက တင်ဖို့ ဘာကြောင့် နောက်တွန့်နေရတာလဲ” လို့လည်း ကိုယ့်ကိုယ်ကို ကျိန်းမောင်းပြီး တင်လိုက်တာ ဒီနေ့တော့ အားလုံး အပြီးသတ် ပြီးစီးခြင်းကို ရောက်ပါတယ်။
သရုပ်ပြ မာတိကာကျမ်း လို့ နာမည်ပေးထားတဲ့ ဒီဆိုဒ်မှာ ပုံစံနှစ်မျိုးနဲ့ အချက်အလက်တွေကို ရှာလို့ ရပါတယ်။ အက္ခရာဝလိနဲ့ ရှာချင်တယ် ဆိုရင်တော့ ခေါင်းစဉ်ရဲ့ အောက်က က – အ နေရာကနေ စိတ်ကြိုက် နှိပ်ရှာနိုင်ပါတယ်။ တကယ်လို့ အကြောင်းအရာက ဘယ်နှပါး ရှိသလဲလို့ သိရင်တော့ ညာဘက်ဘေးမှာ အပါးစုတွေ တန်းစီပြီး ရေးထားပါတယ်။ အဲဒီကနေလည်း သွားရှာလို့ ရပါတယ်။ ဘလော့ဂါရဲ့ အဓိက အားနည်းချက်ဖြစ်တဲ့ လင့်ခ်တွေကို အလိုအလျောက် မချိတ်ပေးတာကြောင့် ကျနော်ကပဲ လင့်ခ်တွေ ရှာပြီး စုထားရပါတယ်။ ဒါကြောင့် မှားနိုင်ပါတယ်။ တကယ်လို့ အမှား ရှိခဲ့ပြီဆိုရင် အပေါ်ဆုံး Menu Bar မှာ ရှိတဲ့ Discussion မှာ ဝင်ပြောပေးခဲ့ပါဦး။ နောက်ပြီး ဆိုဒ်မှာ လိုနေတာ၊ အားနည်းနေတာ၊ ပြင်စရာရှိတာတွေကိုလည်း ဝိုင်းဝန်းပြီး ဝေဖန်အကြံပေးကြပါဦးလို့ တောင်းဆိုချင်ပါတယ်။ ဒီဆိုဒ်ဟာ မြန်မာစာပေနဲ့ မကင်းတဲ့သူ၊ ဘာသာရေးနဲ့ မကင်းတဲ့သူ၊ မြန်မာစာပေကို စိတ်ဝင်စားတဲ့သူနဲ့ သုတေသနပညာရှင်တွေ အတွက် အမှန်တကယ် အသုံးဝင်နိုင်တယ်ဆိုတာ သိလို့လည်း ကျနော် မရမက (ကိုယ့်ကိုယ်ကို အားပေးပြီး) ပြီးအောင် လုပ်ခဲ့တာ ဒီနေ့ (၂ ရက်၊ နိုဝင်ဘာလ၊ ၂၀၁၂ ခု) မှာ နိဋ္ဌိတံ ပြီးဆုံးပါပြီ။ ပြီးတယ်ဆိုတာ ဆိုဒ်တစ်ခု ဖြစ်မြောက်တာကို ပြောတာပါ။ ဒေတာတွေက ထည့်လို့ မကုန်နိုင်သေးပါဘူး။ ကျနော် အခု ဖျာပုံဆရာတော်ရဲ့ သရုပ်ပြအဘိဓာန်ကို စိစစ်နေပါပြီ။ လိုနေတာတွေ ရှိရင် နည်းနည်းစီ ဖြည့်စွက်သွားဦးမှာပါ။ အသုံးပြုသူတွေ အနေနဲ့ ရှာမတွေ့တဲ့ အချက်အလက်တွေ ရှိရင်လည်း အသိပေးခဲ့ပါဦးလို့ တောင်းဆိုလိုက်ပါတယ်ဗျာ။
လိပ်စာ – http://martikar.pikay.org

လူ့စရိုက်နှင့် စိတ်နေသဘောထား (၁)

လူဆိုးတစ်ယောက်ဟာ လူကောင်းဖြစ်လာဖို့ ခက်သလောက်၊ အချိန်ပေးရသလောက်
လူကောင်းတစ်ယောက်ဟာ လူဆိုးဖြစ်သွားဖို့ မခက်ဘူး၊ အချိန်ပေးစရာ မလိုပါဘူး။

အဲသလိုပဲ …
လူကောင်းတစ်ယောက်ဟာ မဟုတ်တာ လုပ်ရင် ယုံဖို့ တော်တော်ကြီး ခက်သလို
လူဆိုးတစ်ယောက်ဟာ ဟုတ်တာတွေ လုပ်နေရင် လက်ခံပေးဖို့ တော်တော်ကြီး ခက်နေကြတယ်။
ကျနော် လူငယ်လေးတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ အခုဆို သူက အသက် (၂၀) ကျော်လောက် ရှိရောပေါ့။ သူ့အကြောင်း ဆိုတာက သူ့ ဆယ်ကျော်သက်အရွယ်ရဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။ သူ စကား မပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်က အကြောင်းပါ။ အဲဒီ အရွယ်ဟာ ဘဝမှာ အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ထူးဆန်းတာကလေ၊ သူ့မှာ အဲဒီ အရွယ်က မရိုးသားဆုံး အပြုအမူတစ်ခုကို သူ လုပ်တတ်နေတယ်။ ဘယ်သူကမှလည်း သင်မပေးရဘဲ အတုယူတာလဲ မဟုတ်ဘဲ သူ အဲဒါကို လုပ်တတ်နေတယ်။ သူရဲ့ မိဘတွေက ကျိကျိတက် ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။ ဟင်းသီးဟင်းရွက် ဝယ်တာတောင် Supermarket ကြီးတွေမှာပဲ ဝယ်တယ်။ ငယ်ငယ်က သူဟာ စူပါမားကတ်တွေ သွားရင် အမြဲ ပါပါတယ်။ အစပိုင်းကတော့ သတိမထားမိကြဘူးပေါ့။ ကံဆိုးချင်တော့ (ကံကောင်းတယ်လို့လည်း ယူလို့ရပါတယ်) တစ်ခေါက်မှာ စူပါမားကတ် ဝန်ထမ်းတစ်ယောက်က သတိထားမိသွားတယ်။ ဒါကြောင့် ငွေရှင်းကောင်တာက ဝန်ထမ်းကို သတင်းပို့ထားတယ်။ ဟိုရောက်တော့ ကလေးကို သေသေချာချာ စစ်ကြည့်လိုက်တော့ ခဲဖျက်လေးသုံးတုံး ကလေးရဲ့ အိတ်ကပ်ထဲမှာ တွေ့ရတယ်။ အမေလုပ်တဲ့သူက စိတ်တိုလိုက်တာ မပြောနဲ့တော့။ ရှက်လည်း တအား ရှက်သွားတာကိုး။ သူတို့မှာ သုံးမကုန် ဖြုန်းမကုန် ရှိပါလျက် သူခိုးလို့ စွပ်စွဲခံရတဲ့ အကြည့်တွေကို အမေလုပ်သူက ဘယ်ရင်ဆိုင်နိုင်ပါ့မလဲ။ ကလေးကို ဆူရအောင် ဆဲရအောင်ကလည်း ၃ နှစ်တောင် မပြည့်တတ်သေးဘူး။ ဒါပေမယ့် အရှက်ပြေတော့ ကလေးကို ဟောက်တာပေါ့။ ကလေးက ဘယ်သိမလဲ၊ အမေကဟောက်တော့ အားရပါးရ ငိုသတဲ့။ နောက်တော့ အမေက စိတ်ဖြေလိုက်ပါတယ်။ ကလေးက ဘာသိမှာလဲ၊ လှလို့ ယူလာတာဖြစ်မယ်၊ ခိုးလိုစိတ် ဘယ်ရှိပါ့မလဲ ဆိုပြီး ဝန်ထမ်းတွေကို အားနာကြောင်း ပြောပြီး ပြန်လာရတာပေါ့။ အဲဒီ စူပါမားကတ်ကလည်း အမြဲတမ်း ဝယ်ဖြစ်နေတဲ့ ဆိုင်ဆိုတော့လည်း ဝန်းထမ်းတွေနဲ့လည်း မျက်မှန်းတန်းမိ ရှိနေတော့ အသာတကြည်ပဲ ကိစ္စပြီးသွားတယ်။
လူတွေ လူတွေမှာ မွေးကတည်းက ပါလာကြတဲ့ (သင်စရာ မလိုတဲ့) စရိုက်သဘာဝလေးတွေ ရှိပါတယ်။ ဒါကိုပဲ ဗီဇစရိုက်လို့ ခေါ်ကြတယ်။ အဲဒီကနေ နည်းနည်းလေး သိတတ်လာတော့ ပတ်ဝန်းကျင်ကို စပြီး လေ့လာတတ်လာတယ်။ မှတ်သားတတ်လာတယ်။ သင်ယူတတ်လာတယ်။ အဲဒီတော့ ဗီဇစရိုက်ကနေ နောက်ထပ် သင်ယူထားတဲ့ စရိုက် လက္ခဏာတွေ ထပ်တိုးလာတယ်။ လူအများစုဟာ ဗီဇစရိုက်အရ ဆိုးခဲပါတယ်။ လူကောင်း သူကောင်းလေးတွေပဲ များတယ်။ မွေးရာပါပေါ့လေ။ ကောင်းတယ်ဆိုတဲ့အနေမှာ ကလေးဆိုး ဆိုးတတ်တဲ့ စရိုက်လက္ခဏာတွေ တော်တော်များများ တွေ့ရပေမယ့် တစ်ဖက်သားကို ဒုက္ခရောက်သွားအောင် လုပ်ချင်တဲ့ စရိုက်မျိုး မရှိတာကို အဓိက ဆိုလိုတာပါ။ ဥပမာ တိရစ္ဆာန်တွေကို သတ်ချင်တဲ့ စရိုက်၊ ခိုးဆိုးချင်တဲ့ စရိုက်တွေဟာ သင်ယူမှုကြောင့် အလိုက်သင့်ပြောင်းလဲလာတဲ့ စရိုက်တွေ ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါဆို ခိုးဆိုးချင်တဲ့ စရိုက်တွေက လူတိုင်းမှာ မွေးကတည်းက ပါမလာတော့ဘူးလားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက မသိတတ်တဲ့ အရွယ်ကတည်းက ခိုးချင်တဲ့၊ ခိုးတတ်တဲ့ သူတချို့ (တော်တော်ကို ရှားပါးတဲ့ တချို့ပါ) လည်း ရှိနေတတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကလေးက ဥပမာပေါ့။ သူ့ မိဘတွေက အင်မတန်မှ ချမ်းသာတယ်။ ဒါပေမယ့် အဲဒီ ကလေးရဲ့ ဉာဉ်က တစ်ခုခုဆို လူမသိအောင် ယူချင်တဲ့ စရိုက်ကလေး ရှိနေတယ်။
စောန ကလေးအကြောင်း ဆက်ပြောကြတာပေါ့။ အဲဒီလိုနဲ့ စူပါမားကတ်မှာ ဒုတိယအကြိမ် ထပ်မိပြန်တယ်။ ဒီတော့ အမေလုပ်တဲ့သူက အတော်လေး အရှက်ကွဲနေပြီ။ နောက်ပိုင်း “သားလိုချင်တာ မာမီ့ကိုပြော၊ မာမီ မတတ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး။ ဝယ်ပေးမှာပေါ့ သားရယ်” လို့ ချော့မော့ ပြောထားလည်း နှစ်ကြိမ်ကနေ သုံးကြိမ်၊ သုံးကြိမ်ကနေ လေးကြိမ်၊ အဲဒီလိုပဲ ခဏခဏ ခိုးလာတာ တွေ့နေရတယ်။ “ယူထားတဲ့ ပစ္စည်းဆိုတာ ဒီခြင်းထဲ ထည့်ရတယ်၊ ဒါမှ မာမီက ပိုက်ဆံရှင်းလို့ ရမှာပေါ့” လို့ ရှင်းပြလည်း သူလိုချင်တဲ့ ပစ္စည်းတော်တော်များ ခြင်းထဲ ထည့်ပေမယ့် ခဲဖျက် မြင်ရင်တော့ သူ့အိတ်ထဲပဲ ထည့်တယ်။ နောက်တော့လည်း ဝန်းထမ်းတွေက သူ့အမေကို အားနာလာတာလည်း ပါမှာပေါ့လေ။ နောက်ပြီး ကလေးက ၄ နှစ်သားလောက်၊ မရှိလို့ ခိုးတာလည်း မဟုတ်တော့ မငြိုငြင်ရက်ဘူးပဲ ဆိုပါတော့။ နောက်တော့ သူတို့ သားအမိ လာပြီဆိုရင် ဝန်းထမ်းတစ်ယောက်က ကလေးကို လက်ဆွဲပြီး ကလေးထိန်းသလိုနဲ့ အနောက်က တစ်ကောက်ကောက် လိုက်နေတယ်။ ကလေးကို သူ ယူချင်ရာယူပါစေ၊ ဘာမှ မပြောဘူးဆိုပြီး ပစ်ထားတယ်။ အသာလေးပဲ ကြည့်နေလိုက်တယ်။ ငွေရှင်းကောင်တာရောက်မှ အဲဒီဝန်ထမ်းက ဘာတွေ ဘာတွေ ယူထားပါတယ်လို့ ကလေးအမေကိုလည်း ပြောတယ်၊ ငွေကိုင်စာရေးကိုလည်း ပြောတယ်။ ဟိုဝန်ထမ်းက ဘာပြောပြော သူ့သားကို ထုတ်ပြခိုင်းမနေတော့ဘူး။ သူ့အမေက ပိုက်ဆံတစ်ခါတည်း ထည့်ရှင်းပေးလိုက်တာပါပဲလေ။ ဒီတော့ ဘယ်သူ့ ဘယ်သူမှ မျက်နှာပူစရာ မလိုတော့ဘူးပေါ့။
အဲဒီကလေးက ပစ္စည်းယူရင် ပိုက်ဆံရှင်းရမယ် ဆိုတာ မသိလို့ မဟုတ်ပါဘူး။ သူ သိတယ်။ အဲဒီ ပစ္စည်းရဲ့ တန်ဖိုးကို မရှင်းနိုင်လို့လည်း မဟုတ်ပြန်ဘူး။ သူ့ အမေက အတော်လေး ချမ်းသာတယ်။ အမေ မသိအောင်၊ အမေ ဝယ်မပေးလို့ ခိုးလုပ်ရတယ်လို့ ပြောရအောင်လည်း အမေက သားကို တအားချစ်တော့ ဘာယူယူ ဝယ်ပေးမယ်လို့ ပြောထားပြီးသား။ နောက်ပြီး သူ ယူတဲ့ ပစ္စည်းရဲ့ တန်ဖိုးကလည်း ဘာမှ ရှိတာ မဟုတ်ဘူး။ အထူးဆန်းဆုံးက သူ ခိုးရင် ခဲဖျက်ပဲ ခိုးတယ်။ တစ်ခါရောက်ရင် တစ်ခါခိုးတယ်။ နေ့တိုင်းရောက်ရင် နေ့တိုင်း ခိုးတယ်။ သူတို့အိမ်မှာ သူ့အမေ ပိုက်ဆံရှင်းလိုက်ရတဲ့ ခဲဖျက်တွေကို မနည်းဘူး။ အိမ်ရောက်တော့လည်း ကလေးက ခဲဖျက်ကို ဒီအတိုင်း ပစ်ထားလိုက်တာပဲ။ တန်ဖိုးထားလို့ရယ်လည်း မဟုတ်ပြန်ဘူး။ ဒါ အင်မတန်မှ ထူးဆန်းတဲ့ တွေ့ရခဲတဲ့ ဗီဇစရိုက်လေး တစ်ခုပါ။ ဝေဒကျမ်း၊ ဗေဒင်ကျမ်းအလို ပြောရရင် စောရနက္ခတ်နဲ့ ယှဉ်မွေးတယ်လို့ ပြောရမယ် ထင်တယ်။ ဒါပေမယ့် ခက်တာက သူ ခဲဖျက်ပဲ ခိုးဖို့ စိတ်ဝင်စားတယ်။ အဲ … အဲဒီနောက်တော့ ကျနော် သူနဲ့ အဆက်အသွယ် နည်းနည်း ပြတ်သွားပြီး အဲဒီ ကလေး (၁၄) နှစ်သားလောက်ရောက်မှ ပြန်တွေ့လို့ သူ့မိဘတွေကို မေးကြည့်မိတယ်။ သူ အရင်လို ခိုးသေးသလားပေါ့။ ထူးဆန်းတာက အခု အဲဒီကလေးမှာ သူ့ မူလဗီဇစရိုက် မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။
တချို့ စရိုက်တွေဟာ မွေးရာပါ ပါလာတာ ဆိုပေမယ့် တစ်နေ့ပြီးတစ်နေ့ သင်ယူရင်း မှတ်သားရင်းရဲ့ သူရဲ့ မှတ်ဉာဏ်ထဲမှာ (သို့) အသိတရား ဒိုင်ယာရီထဲမှာ ကောင်းတဲ့အပြုအမူနဲ့ မကောင်းတဲ့အပြုအမူ ဆိုတာတွေကို သူ ခွဲခြားသက်မှတ်နိုင်လာတယ်။ အဲဒီ အပြုအမူတွေထဲကမှ ဘယ်ဟာတွေကိုတော့ ထုတ်သုံးသင့်တယ်၊ ဘယ်ဟာတွေကိုတော့ အသုံးမချသင့်ဘူး ဆိုတာလည်း အလိုအလျောက် သက်မှတ်နိုင်လာတယ်။ ဒီတော့ သူရဲ့ ပင်ကိုစရိုက်တွေဟာ တချို့တွေ ပိုအားကောင်းသထက် ကောင်းလာပြီး တချို့ မှေးမှိန်သထက် မှေးမှိန်သွားကြတယ်။ စောန ကလေးကလည်း ခိုးတယ်ဆိုတဲ့ သူရဲ့ ဗီဇစရိုက်ဟာ မကောင်းဘူး၊ ရှက်စရာကောင်းတဲ့အလုပ်၊ ရှောင်ရမယ့် အလုပ်ဆိုတာကို နားလည်သဘောပေါက်သွားပုံ ရတယ်။ သဘောက ဂုဏ်နဲ့ ဒြပ်နဲ့ မဟပ်ဘူးပေါ့။ ဘယ်နှယ့် သူဌေးသားက ခဲဖျက်ခိုးရတယ်လို့ ဆိုတဲ့ စကားမျိုးတွေ သူ အပြောမခံနိုင်တော့ တဖြည်းဖြည်း ပြုပြင်လာပုံ ရပါတယ်။ အသိတရားကလည်း ပိုပိုပြီး ရှိလာတာကိုး။ အဲဒီလို မကောင်းတဲ့ စရိုက်တွေကို ကောင်းတဲ့ စရိုက်တွေနဲ့ အစားထိုးသွားနိုင်တဲ့ သူတွေဟာ ကြာလာလေ တန်ဖိုးရှိလာလေပဲ။ Grow Old နဲ့ အတူ Grown Up ဖြစ်တဲ့ လူမျိုးတွေပေါ့။ ရင့်ရော်မှုနဲ့အတူ ရင့်ကျက်မှု ပါလာတဲ့ သဘောပါ။ ဒါက မကောင်းတဲ့ ဗီဇစရိုက်ကနေ ကောင်းတဲ့ကိုယ်ကျင့်စရိုက်ကို ပြောင်းလဲပြုပြင်ယူတဲ့ ဥပမာတစ်ခုပေါ့။ ဒါဟာ အင်မတန်မှ ရှားတဲ့ ဥပမာပါပဲ။
ဖြူစင်တဲ့စိတ်အခံ၊ ဗီဇစရိုက်နဲ့ မွေးဖွားလာရပေမယ့် ကြီးလာမှ ခိုးဆိုးသောင်းကျန်းနေတဲ့ လူငယ်တွေ လူကြီးတွေကလည်း အများကြီးပါ။ ဒါကလည်း ဘဝခရီးမှာ တစ်နေ့တစ်နေ့ သင်ယူရင်း မှတ်သားရင်းနဲ့ အလိုက်သင့် ပြောင်းလာရတဲ့ စရိုက်တွေကြောင့်ပဲလို့ ပြောရမယ်။ ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်တယ်။ အဲဒီ သူငယ်ချင်းဟာ ဟိုးငယ်ငယ်က အင်မတန်မှ ရိုးသားပြီး အေးဆေး သဘောကောင်းလွန်းလို့ မိဘတွေက “ငါ့သားတော့ ဒီအတိုင်းဆို ရောင်းစားခံရတော့မှာပဲ” လို့ စိတ်ပူပင်ရတဲ့ အဆင့်မှာပါ။ သူငယ်ချင်းတွေ အနိုင်ကျင့်လည်း အေးဆေးပဲ။ တစ်ခါတလေ မိဘတွေကတောင် ဘေးကနေပြီး မခံချင်လောက်အောင်ကို စနေကြပေမယ့် သူကတော့ အေးဆေးပဲ။ ဒါနဲ့ မိဘတွေက စဉ်းစားတယ်။ ဒီကောင်က ကြောက်လို့ ပြန်မချတာလား မသိဘူးပေါ့။ ဒါနဲ့ပဲ သူ့ကို ကရာတေးသင်တန်း ပို့ပေးလိုက်ကြတယ်။ ဒါနဲ့ အဲဒီသူငယ်ချင်းက (၁၃) နှစ်သားလောက်နဲ့ကို ကရာတေး ခါးပတ်နက် ဖြစ်နေပြီ။ သင်တန်းမှာဆို Demonstrator သရုပ်ပြတဲ့သူအနေနဲ့ သူက လုပ်ပေးရတယ်။ သူက ခါးပတ်နက်ဆိုတော့လည်း အရင် အနိုင်ကျင့်နေတဲ့ သူငယ်ချင်းတွေကတော့ သူ့ကို ကြောက်နေရပြီ။ အဲ … အဲဒီမှာ ထူးခြားလာတာက သူရဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ စရိုက်ပဲ။
သည်းခံစရာ မလိုပါဘူးလို့ပဲ တွေးလာလို့လား၊ ပညာတော့ ပေးဦးမှပဲလို့ ခံယူထားလို့လား မသိဘူး။ နဂို ပျော့ပျောင်းတဲ့ သူရဲ့ ဆက်ဆံမှုဟာ နည်းနည်း ဘောက်ဆတ်ဆတ် ဖြစ်လာတယ်။ တစ်ခွန်းနှစ်ခွန်းလောက် စကားများတာနဲ့ ထထိုးတော့တာပဲ။ အရင်လို စိတ်မရှည်တော့ဘူး။ သည်းမခံတော့ဘူး။ အင်မတန်မှ ကြောက်စရာကောင်းတာ တစ်ခုက ရန်ဖြစ်ပြီ ဆိုရင်လည်း သွေးမထွက်မချင်း မရပ်တော့ဘူး။ ကိုယ်က သွေးထွက်ရင်ထွက်၊ တစ်ဖက်လူက သွေးထွက်သံယို ဖြစ်ရင် ဖြစ်ပဲ။ အဲလိုမှ မဟုတ်ရင် အဲဒီ ရန်ပွဲက မပြီးတော့ဘူး။ တဗျောင်းဗျောင်းနဲ့ ချနေတော့တာပဲ။ ငယ်ဗီဇစရိုက်ကနေ ပြောင်းလာလိုက်တာ ဘယ်လောက် ကြောက်စရာ ကောင်းလဲနော်။ အင်မတန်မှ ခင်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတော့ သူ့ကို ပြောပြပါတယ်။ အဲဒီလိုကြီး ဖြစ်နေတာ မကောင်းဘူးဆိုတာ သူ့ကို ထောက်ပြတယ်။ သူကလည်း လက်ခံတယ်၊ သဘောတူတယ်။ ဒါပေမယ့် တစ်ခုခုဆို သူစိတ်တိုလာရင် စိတ်ကို လွှတ်လိုက်တာနဲ့၊ စိတ် လွတ်သွားတာနဲ့ သွားတော့တာပဲတဲ့။ တစ်ခါကဆို တစ်ဖက်သူရဲ့ ခေါင်းကို ဓါးနဲ့ ခုတ်ထည့်လိုက်တာ ဟိုလူက လက်နဲ့ လှမ်းခံလိုက်လို့ တော်သေးတာပေါ့။ တော်သေးတာပေါ့လို့ ဆိုပေမယ့် လက်တော့ ဟက်တက်ကွဲသွားတယ်။ အဲဒီလို သွေးတွေ ဖြန်းခနဲ မြင်ရမှ သူ့စိတ်မိုက်က နေသာထိုင်သာ ရှိသွားပြီး အာသာပြေသွားပုံရတယ်။ ဖြစ်ပြီးရင်လည်း သူက စပြီး တောင်းပန်တာ များပါတယ်။ သူ စိတ်ကို မထိန်းနိုင်လို့ ဖြစ်ရပါတယ်ပေါ့။ တစ်ခေါက်ကဆိုရင် သူ့အမေနဲ့ စကားများကြတယ်။ သူ့ရင်ထဲမှာ ဒေါသ ဒီဂရီက တဖြည်းဖြည်း တက်လာတယ်။ ဒါကို သူ သိနေတယ်။ သူစိတ်တအား တိုနေပေမယ့် သူ့အသိစိတ်မှာ ငါ့အမေ၊ လုပ်လို့မဖြစ်ဘူး ဆိုတာကလည်း တရစပ် သတိပေးနေတယ်။ နောက်ဆုံး သူ့စိတ်ကို တော်တော်ကြီး ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သိလိုက်တော့ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ရတော့မယ်။ သူစိတ်တိုနေပေမယ့် တစ်ဖက်သူက သူ့ကျေးဇူးရှင် မွေးမိခင် ဆိုတာ သိနေတယ်။ သူ့စိတ်ကို လွှတ်လိုက်ရင် မကျိုးမကန်းတောင် အကွဲအပြဲတော့ ဖြစ်မှာ သေချာတယ်။ ဒီစိတ်ကြီး ပြေသွားအောင်တော့ သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီတော့ သူ စိတ်တအား တိုနေပေမယ့် သူ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူ ချနိုင်လိုက်ပါတယ်။ 
သူနဲ့ သူ့အမေ ရန်မဖြစ်ခင်ကတည်းက ကျနော်တို့ သူနဲ့ အတူရှိနေတယ်။ သူ့ အိမ်မှာပေါ့။ သူနဲ့ သူ့အမေ စကားစများတော့ ကျနော်နဲ့ တခြား သူငယ်ချင်းနဲ့ မကောင်းတတ်လို့ အောက်ထပ်ကို ဆင်းနေလိုက်ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အရှိန်တွေ တဖြည်းဖြည်း တက်နေတာလည်း သတိထားမိပါရဲ့။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံးကလည်း စိုးရိမ်နေတာ အမှန်ပဲ။ အောက်ထပ်က ဆန်ဂိုထောင် လုပ်ထားတော့ ဆန်အိတ်တွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ရန်ပွဲအပြီးကို စောင့်နေလိုက်ကြတယ်။ ရုတ်တရက် “ဂွမ်း” ဆိုပြီး အသံကြားလိုက်ရတော့ ကျနော်တို့ နှစ်ယောက် အပေါ်ကို အတင်းပြေးတက်သွားတယ်။ အပေါ်ရောက်တော့ တစ်ယောက်က ကြက်သေသေလို့။ နောက်တစ်ယောက်က ကြမ်းပြင်ပေါ်မှာ သွေးသံတရဲရဲနဲ့ ခြေပစ်လက်ပစ် ပဲ။ အမေလုပ်တဲ့သူကို သတိထားကြည့်တော့ ကြောင်အမ်းအမ်း ဖြစ်နေတယ်။ ငုတ်တုတ်မေ့သွားတယ်ပေါ့။ မတ်တတ်မေ့နေတယ် ပြောရင် ပိုမှန်မယ်။ ပထမတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ နားမလည်နိုင်အောင်ပဲ။ ဘယ်သူက ဘယ်သူ့ကို ဘာလုပ်လိုက်သလဲ နားလည်ရ ခက်သွားတယ်။ နောက်မှ ချိန်ဆ စဉ်းစားကြည့်တာ၊ သူ့အမေ နောက်ကျောမှီထားတဲ့ တရုတ်ကပ်မှန်ကို လက်သီးနဲ့ တအား ပစ်ထိုးလိုက်ပုံရတယ်။ ကွဲထွက်သွားတဲ့ မှန်က သူငယ်ချင်း လက်ကောက်ဝတ်ရဲ့ သွေးလွှတ်ကြောကို လှီးလိုက်သလို ဖြစ်သွားတော့ သွေးတွေ ဒလဟော ထွက်နေတယ်။ ကြမ်းပြင်တစ်ခုလုံးကို ရဲလို့ပါပဲ။ ကျနော်လည်း အစတော့ နည်းနည်း ကြောင်သွားတယ်။ နောက်တော့ ပုဆိုးစုတ် အမြန်ရှာပြီး သူ့ လက်ကောက်ဝတ်ကို စည်းပေးရတယ်။ သွေးတိတ်အောင်ပေါ့။ ထိုးလိုက်တဲ့ သူငယ်ချင်းကတော့ သူ့ထုံးစံအတိုင်း သွေးမြင်သွားတော့ စောနက စိတ်ရိုင်းတွေလည်း မရှိတော့ဘူး။ သူ့အမေကိုလည်း ပြန်တောင်းပန်လိုက်တယ်။ သူ့အမေလည်း သတိပြန်ဝင်လာပြီး သူ့ကို ဆေးခန်းလိုက်ပို့ပြီး ဆရာဝန်ကို ချုပ်ခိုင်းရတော့တယ်။
အလုပ်တစ်ခုဟာ လုပ်ဖန်များလာတဲ့အခါမှာ အကျင့်အနေနဲ့ ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းနေရာယူလာတော့တယ်။ အဲဒီ အကျင့်ကြီးဟာ လုပ်လို လုပ်နေမှန်း မသိလောက်အောင် အလိုအလျောက် တုန့်ပြန်တတ်လာပြီ ဆိုရင်တော့ အဲဒါ စရိုက်အသွင် ပြောင်းသွားပြီလို့ နားလည်ရမယ်။ ကိုယ် ကိုယ်နှိုက်က သဘောတူလို့ လုပ်တာလည်း ရှိမယ်၊ သဘောမတူပေမယ့် လုပ်ကြည့်တာလည်း ရှိမယ်၊ သဘောမတူတာတောင်မှ မလုပ်ချင်ဘဲ လုပ်ရတာလည်း ရှိမယ်။ ဘာလို့ပဲ လုပ်လုပ်၊ လုပ်ဖန်များလာရင် အဲဒါ အကျင့်ဖြစ်လာတယ်။ စိတ်က လုပ်ချင်နေတယ်။ လုပ်တတ်နေတယ်။ နောက်တော့ လုပ်ချင်သလား မလုပ်ချင်သလားလို့တောင် စဉ်းစားချိန် မရခင်မှာပဲ လုပ်ဖြစ်သွားတော့တယ်။ အကြောင်းပြချက် မရှိဘဲ လုပ်မိလာတယ်။ အဲဒါ စရိုက်အသွင် ဆောင်လာတာပဲ။ အကျင့်ဟာ ဖျောက်ဖို့ လွယ်ချင်လွယ်မယ်၊ ဒါပေမယ့် အဲဒီအကျင့်ဟာ မသိစိတ်အသွင် ဆောင်ပြီး စရိုက်အဖြစ် ပြောင်းသွားပြီ ဆိုရင်တော့ တစ်ခါတလေ လုပ်ပြီးတာတောင် သတိထားမိချင်မှ သတိထားမိတော့တယ်။ စောနက ပြောခဲ့သလိုပဲ။ သဘောတူတူ မတူတူ ဆိုတော့ ပတ်ဝန်းကျင် လိုတယ်ဆိုတဲ့ သဘောပေါ့။ ဟုတ်ပါတယ်။ အလုပ်တစ်ခုဟာ အကျင့်တစ်ခု ဖြစ်ဖို့အတွက် ပတ်ဝန်းကျင်လိုပါတယ်။ အမြဲတမ်းလိုလို၊ မကြာခဏလိုလို လုပ်နိုင်မယ့် ပတ်ဝန်းကျင်ပေါ့။ ဒါဆို အဲဒီ ပတ်ဝန်းကျင်မှာ အကျင့်ဖြစ်လာအောင် မလုပ်မဖြစ် လုပ်စေတဲ့ တွန်းအားက ဘာဖြစ်လေမလဲ။ အဲဒါ ပတ်ဝန်းကျင်နဲ့ အများနဲ့ ဆက်ဆံ (Dealing လုပ်) ရာမှာ သိပ်အရေးပါတဲ့ ကိုယ်ရဲ့ စိတ်နေသဘောထား (Attitude) ပါပဲ။
ပီကေ
ဆက်ရန်

အတော်ခွကျသော ယောက်ျားနှင့် လက်ျာဆိုသော စကားလုံးများ

မြန်မာလူမျိုးအတော်များများဟာ ယောက်ျား ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ ယောက်ကျား ဆိုပြီး ဘယ်သူမဆို အသံထွက်တတ်ကြပါတယ်။ လက်ျာ ဆိုတဲ့ စကားလုံးကို မြင်ရင်လည်း လက်ယာ လို့ အတော်များများ ဖတ်တတ်နေကြတယ်။ ဒီစာလုံးနှစ်လုံးက ဘာတွေ ထူးခြားနေတယ် ဆိုတာကိုတော့ စဉ်းစားမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကျနော်က ငယ်ငယ်ကတည်းက အတော်ခွ (ဂွ) ကျတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက ဒီစကားလုံး နှစ်လုံးကို မျက်စိ ဆံပင်မွှေး ဆူးနေခဲ့တယ်။ ဟိုးငယ်ငယ်က မှတ်မိသေးတယ်။ ကျောင်းဖတ်စာထဲမှာ လက်ျာ ဆိုတဲ့ စကားလုံးပါလာတော့ ကျနော်က လက်ကျာ ဆိုပြီး အော်ကြီးဟစ်ကျယ် ဖတ်ပစ်လိုက်တယ်။ ဆရာမက ငေါက်တယ်။ လက်ယာ လို့ ဖတ်ပါဟဲ့ တဲ့။ အဲ့တော့ သူပြောတဲ့အတိုင်း လက်ယာ လို့ ပြောင်းဖတ်လိုက်ရတာပေါ့။ နည်းနည်းလေး ကြီးလာတော့ (အတွန့်ကလည်း ပိုပို တက်တတ်လာပြီဆိုတော့) လက်ျာ ကို လက်ယာလို့ အသံထွက်ပြီး ဘာလို့ ယောက်ျားကို ယောက်ယား လို့ အသံမထွက်သလဲ စဉ်းစားလာပြီ။ ဟုတ်တယ်လေ။ ယောက်ျား ဆိုတဲ့ စကားလုံးကို ယောက်ကျားလို့ ဖတ်မယ်ဆိုလည်း လက်ျာ ဆိုတဲ့ စကားလုံးကို လက်ကျာလို့ ဖတ်ရမှာပေါ့။ အဲ့တော့ ဆရာမကို သွားလည်း မေးဖြစ်တယ်။ ဆရာမကတော့ ဝေ့လည်ကြောင်ပတ်နဲ့ လုပ်လွှတ်လိုက်တော့ အဖြေမရခဲ့ဘူး။ ဒါပေမယ့်လည်း ကလေးဆိုတော့လည်း လူကြီး ပြောသမျှ ယုံရတာပဲ မဟုတ်လား။ လက်ျာ ကို လက်ယာလို့ ဖတ်လိုက်တယ်။ ယောက်ျား ကိုတော့ သူတို့ ပြောတဲ့အတိုင်း ယောက်ကျား လို့ ဖတ်ရတော့တယ်။ ဆယ်တန်းပြီးတဲ့နောက်ပိုင်း မြန်မာစာကို ကျကျနန လေ့လာဖြစ်ပြီဆိုတော့မှပဲ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့့ စကားလုံး နှစ်လုံးက မြန်မာစကာလုံး ဖွဲ့စည်းပုံစနစ်ရော၊ ပါဠိ စကားလုံး ဖွဲ့စည်းပုံစနစ် နှစ်မျိုးစလုံးကို ဖီဆန်ပြီး အတော်ခွကျတဲ့ စကားလုံး နှစ်လုံးဆိုတာ မှတ်သားလာမိတယ်။ ငယ်ငယ်က မှတ်မိနေသေးတယ်။ ယောက်ျား လို့ ရေးသလိုပဲ စကြာ (စက်ကြာ) ကို စကြ်ာလို့ ရေးခဲ့မိသေးတယ်။ အဲလို ရေးလို့ ဆရာမရဲ့ အဆူလည်း ခံခဲ့သေးတယ်။ (စက်ကြာ) ကျတော့ စကြာလို့ ရေးရမယ်တဲ့။ သူတို့ပဲ အမျိုးမျိုး တတ်ပဲ တတ်နိုင်လွန်းတယ်လို့တောင် စိတ်ထဲ တွေးမိသေး။ နောက်ပိုင်းမှ အော် … ဒါ ပါဠိစာဖွဲ့စည်းပုံအရ ရေးရတာပါလားလို့ သိလာတယ်။ လက်ျာဆိုတဲ့ စကားလုံးက အခုခေတ် အတော်လေး အသုံးနည်းသွားပါပြီ။ ဟိုးအရင်ကတော့ လက်ယာဘက် ကို လက်ျာဘက် လို့ ရေးတယ်။ အခုတော့ အဲဒီ အရေးမရှိတော့ သလောက်ပဲ။ အဲ ဒါပေမယ့် ပြင်လို့မရတာကတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ နာမည်ပဲ။ သူက အဲဒီလို ရေးခဲ့တော့လည်း နောက်လူတွေက အဲဒီလို လိုက်မှတ်ရသပေါ့ဗျာ။ 

ကျနော် စောစောပိုင်းက ယောက်ျား နဲ့ လက်ျားကို ရေးထုံးမှားနေတယ်လို့ ပြောခဲ့တယ်။ ဘယ်လို မှားနေသလဲ သိရအောင် မြန်မာစာလုံး ဖွဲ့စည်းပုံ နဲ့ ပါဠိစာလုံး ဖွဲ့စည်းပုံ၊ ဒီနှစ်ခုကို နည်းနည်း သိဖို့ လိုတယ်။ မြန်မာစာလုံး ဖွဲ့စည်းပုံကတော့ လူအများ သိနေနှင့်ပြီးသားပါ။ မြန်မာစာနဲ့ ပါဠိစာမှာ ထူးထူးခြားခြား ကွာခြားချက်တစ်ခုက အသတ်ပဲ။ ပါဠိစာမှာ က်၊ တ်၊ န် စတဲ့ အသတ်ဆိုတဲ့ အက္ခရာ သီးသန့် မရှိဘဲ အသတ်ကို ဖျောက်ပြီး သူ့နောက်က အက္ခရာနဲ့ ပေါင်းပစ်လိုက်တယ်။ ဒီတော့ ပါဌ်ဆင့် ဖြစ်သွားတာပေါ့။ ဥပမာ အတ္တ ဆိုပါတော့။ အတ်တ လို့ မရေးဘဲ နောက်က တဝမ်းပူကို ရှေ့က တ် အောက်ထဲ ထိုးထည့်လိုက်တယ်။ ဒီတော့ (–်) အသတ်က အလိုလို ပျောက်သွားတယ်။ ဆိုလိုတာက ပါဠိစာမှာ အသတ်မထားဘူး။ အသတ်ကို လိုချင်ရင် ပါဌ်ဆင့် လုပ်လိုက်တယ်။ မြန်မာစာမှာတော့ အသတ်လည်း ရှိတယ်။ ပါဌ်ဆင့်လည်း ရှိပြန်တယ်။ ဥပမာ မန္တလေး ဆိုတဲ့ စကားလုံး၊ အသတ်နဲ့ဆိုရင် မန်တလေး လို့ ဖြစ်မယ်။ ဒါပေမယ့် ဒါကို ပါဌ်ဆင့်အဖြစ်နဲ့ ထွင်ထားတယ်။ နောက်ပြီး မြန်မာအက္ခရာမှာ ဗျည်းတွဲဆိုတာ ရှိတယ်။ အတိုမှတ်ရင်တော့ ပင့်ရစ်ဆွဲထိုးပေါ့။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး အဲဒီ လေးလုံးပါ။ သူတို့ လေးလုံးကို အတွဲတွဲလိုက်ရင် (Combination ယူလိုက်ရင်) (၁၁) တွဲရတယ်။ မြန်မာစာ စည်းကမ်းအရ ဗျည်းတွဲတွေကို ဗျည်းနဲ့သရ အဆင်ပြေသလို ပေါင်းစပ်ခွင့် ရှိပေမယ့် အသတ်စဉ်ကို လာထည့်ခွင့် မရှိဘူး။ ဒါကြောင့် စကြ်ာ ဆိုတဲ့ အရေးအသားက မှားပါတယ်။ စကြာ လို့ပဲ ရှိသင့်တယ်။ ဒါဆို စကြာကို ဘာလို့ စ ကြာ လို့ မဖတ်ဘဲ စက်ကြာလို့ ဖတ်ရသလဲ။ ဒါကို သိဖို့ဆိုရင် ပါဠိစာလုံး ဖွဲ့စည်းပုံ စည်းကမ်းကို ဆက်လေ့လာရမယ်။
ပါဠိစာမှာ အသတ်ကို မသုံးဘဲ အသတ်ကိုယ်စား ပါဌ်ဆင့်တွေ သုံးတယ်လို့ အထက်မှာ တင်ပြခဲ့ပြီးပြီ။ ဒါကြောင့် ပါဌ်တွေ ဖတ်တဲ့အခါမှာ အသတ်အဖြစ်နဲ့ ပြောင်းပြီး ဖတ်ရတယ်။ အနန္တ ဆိုရင် အနန်တ လို့ ဖတ်ရတယ်။ ဒါဆို ပါဌ်ဆင့်တွေ အက္ခရာ တစ်လုံးနဲ့တစ်လုံး ဆင့်ချင်သလို ဆင့်ထားသလားလို့ မေးစရာ ရှိလာပါတယ်။ မဟုတ်ပါဘူး။ သူ့မှာလည်း စည်းကမ်းလေး ရှိပါတယ်။ အဲဒီစည်းကမ်းနဲ့ ပတ်သက်ပြီး အတိအကျကို ကျနော် အရင်က ရေးခဲ့ဖူးတဲ့ အက္ခရာနှစ်လုံးဆင့်ခြင်း ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ပြီး သီးသန့်တင်ထားတဲ့ ကျွန်တော်တို့၏မြန်မာစာ ဆိုတဲ့ ဘလော့ဂ်မှာလည်း ရှာဖတ်လို့ရတယ်။ ဒါပေမယ့် မဖတ်ရသေးတဲ့ သူတွေအတွက် အကျဉ်းလောက်တော့ ဒီမှာ ဖော်ပြပေးပါဦးမယ်။ အခြေခံလေးကနေ စပြောပါ့မယ်။ မြန်မာအက္ခရာမှာ ဝဂ် (၆) ဝဂ် ရှိတယ်။
ကဝဂ် –> က၊ ခ၊ ဂ၊ ဃ၊ င
စဝဂ် –> စ၊ ဆ၊ ဇ၊ ဈ၊ ည
ဋဝဂ် –> ဋ၊ ဌ၊ ဎ၊ ဍ၊ ဏ
တဝဂ် –> တ၊ ထ၊ ဒ၊ ဓ၊ န
ပဝဂ် –> ပ၊ ဖ၊ ဗ၊ ဘ၊ မ
အဝဂ်  –> ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ
အဲဒီအထဲက အဝဂ်ကို ခဏ မေ့ထားလိုက်ဗျာ။ ကျန်တဲ့ ဝဂ် ငါးဝဂ်မှာ တစ်ဝဂ်ကို ငါးလုံးစီ ရှိကြတယ်။ အဲဒါကို ကျနော်တို့ မှတ်လို့လွယ်အောင် အထီးအမ ခွဲရအောင်။ ဝဂ်တစ်ဝဂ်ဆီရဲ့ ပထမ အက္ခရာနဲ့ တတိယ အက္ခရာကို အထီးတွေလို့ မြင်လိုက်။ ဒုတိယ အက္ခရာနဲ့ စတုတ္ထ အက္ခရာကို အမတွေလို့ မြင်လိုက်။ ကျန်တဲ့ ပဉ္စမ အက္ခရာကတော့ ဂေး၊ အခြောက်ပေါ့ဗျာ။ ပြီးတော့ ဝဂ်တိုင်း ဝဂ်တိုင်းမှာ ပထမအက္ခရာနဲ့ ဒုတိယအက္ခရာက အတွဲဗျ။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာက အတွဲ။ အတွဲနှစ်တွဲက ကိုယ့်အတွဲကိုယ်ပဲ။ သူများအတွဲ သွားမလုဘူး။ ပဉ္စအက္ခရာကတော့ ကျန်တဲ့ အက္ခရာလေးလုံးနဲ့လည်း ဆက်ဆံတတ်တယ်။ ဒါ ကျနော် အဆိုပြုထားတာ မဟုတ်ဘူးနော်။ စိန္တာမဏိ ဦးချစ်မောင် ဆိုတဲ့ ပညာရှင်က “ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း” ဆိုတဲ့ သူ့စာအုပ်ထဲမှာ ထည့်ရေးထားတာ။ ကျနော်က အဲဒါလေးကို သဘောကျလို့ မှတ်ပြီး ပြန်ဝေမျှတာပါ။ ကဲဗျာ။ အထီးအမခွဲပြီးရင် ကျနော်တို့ အက္ခရာထပ်ပုံ (ပါဌ်ဆင့်ပုံ) စည်းမျဉ်းလေး ပြောကြစို့။ 
၁။ အထီးတွေက အားကောင်းတဲ့အတွက်ကြောင့် အထီးတွေ အချင်းချင်း ထပ်ခွင့် ရှိသတဲ့ဗျာ။ ဥပမာ ပြောရရင် ကဝဂ်မှာ ‘က’ က ‘က’ နဲ့ ထပ်ခွင့်ရှိတယ် (က္က)။ ဒါပေမယ့် တခြားအတွဲက ‘ဂ’ နဲ့တော့ သွားတွဲလို့ မရဘူး။ ဒါကြောင့် (က္ဂ) ဆိုပြီး မရှိဘူး။ အဲဒီလိုပဲ ဒုတိယအတွဲက ‘ဂ’ ကလည်း သူ့ဖာသာသူ ပြန်ထပ်ခွင့် ရှိတယ်။ ဒါကြောင့် (ဂ္ဂ) ဆိုပြီး ရှိတယ်။ (  ဂ ္က) ရယ်လို့ ရေးလို့ မရဘူး။ ကျန်တဲ့ ဝဂ်တွေလည်း အဲဒီလို ယူသွားတယ်။ ဒါကြောင့် (က္က၊ ဂ္ဂ၊ စ္စ၊ ဇ္ဇ၊ ဋ္ဋ၊ ဍ္ဍ၊ တ္တ၊ ဒ္ဒ၊ ပ္ပ၊ ဗ္ဗ) ဆိုတာတွေ ဖြစ်လာတယ်။
၂။ အမတွေကတော့ သူ့ ဆိုင်ရာ အထီးတွေရဲ့ အောက်မှာပဲ နေတယ်။ ဥပမာ ပြောရရင် ကဝဂ် ပထမအတွဲက ‘ခ’ ဟာ သူ့အတွဲရဲ့ အထီးဖြစ်တဲ့ ‘က’ အောက်မှာပဲ နေခွင့်ရှိတယ် (က္ခ)။ တခြားအတွဲက ‘ဂ’ နဲ့ တွဲလို့ (ဂ္ခ) မရဘူး။ ဒါကြောင့်မို့ အားလုံးခြုံကြည့်လိုက်ရင် (က္ခ၊ ဂ္ဃ၊ စ္ဆ၊ ဇ္ဈ၊ ဋ္ဌ (ဋ်ဌ)၊ ဍ္ဎ၊ တ္ထ၊ ဒ္ဓ၊ ပ္ဖ၊ ဗ္ဘ) ဆိုတာတွေ ဖြစ်လာတယ်။
၃။ တစ်ဝဂ်တစ်ဝဂ်မှာ အခြောက်အက္ခရာ တစ်လုံးစီ ရှိတယ်။ သူတို့ကတော့ သူ့ရှေ့က အထီးနဲ့လည်း တွဲတယ်။ အမနဲ့လည်း တွဲတယ်။ စည်းကမ်းသိပ်မရှိဘူးပေါ့။ ဥပမာ ပြောရရင် ကဝဂ်မှာ အခြောက်အက္ခရာက ‘င’ ၊ ‘င’ က ပါဌ်ဆင့်လိုက်ရင် ကင်းစီး ဖြစ်သွားတယ်။ (-င်္-) ပေါ့။ အဲဒီ ‘င’ ဟာ သူ့အဖွဲ့ထဲက (က၊ ခ၊ ဂ၊ ဃ) လေးလုံးစလုံးနဲ့ တွဲလို့ရတယ်။ ဒါကြောင့် (င်္က၊ င်္ခ၊ င်္ဂ၊ င်္ဃ) ဆိုတာတွေ ဖြစ်လာတယ်။ ကျန်တဲ့ ဝဂ်လေးဝဂ်လည်း အဲ့ဒီအတိုင်း ယူပြီး ချရေးကြည့်လိုက်ပေါ့ဗျာ။
အဲ ပါဌ်ဆင့်မှာ ပြောစရာ ကျန်နေသေးတာက အဝဂ်။ အဓိကပြောချင်တာက အဲဒီ အဝဂ်ပဲ။ ကျန်တဲ့ ဝဂ်တွေ အရင်မပြောရင် နားမလည်မှာစိုးလို့ အင်ထရို ဝင်နေရတာ။ အဲဒီ အဝဂ်ထဲမှာ ထူးထူးခြားခြား အက္ခရာ လေးလုံး ရှိတယ်။ အဲဒါတွေက ယ၊ ရ၊ ဝ နဲ့ ဟ။ အဲဒီ လေးလုံးကလည်း ပါဌ်ဆင့်အနေနဲ့ သုံးလို့ ရပါတယ်သတဲ့။ ဒါပေမယ့် သူတို့တွေကို ပါဌ်ဆင့်လိုက်တဲ့အခါမှာ သူတို့ရဲ့ မူလပုံသဏ္ဌာန်တွေ ပြောင်းသွားပြီး ပုံစံအသစ်တွေ ဖြစ်ကုန်တယ်။ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး အဖြစ် ပြောင်းကုန်တယ်။ ဆိုလိုတာကဗျာ ကျ ဆိုတဲ့ စာလုံးမြင်ရင် က နဲ့ ယ နဲ့ ဆင့်ထားတယ်လို့ နားလည်ရမယ်။ ကြ ဆိုရင် က နဲ့ ရ နဲ့၊ ကွ ဆိုရင် က နဲ့ ဝ နဲ့၊ လှ ဆိုရင် လ နဲ့ ဟ နဲ့၊ အဲဒီလို အသီးသီး နားလည်ရမယ်။ အရှေ့က ဝဂ်ငါးဝဂ်နဲ့ မတူတာက သူတို့လေးလုံးဟာ ကျန်အက္ခရာ အတော်များများနဲ့ ဆက်ဆံလို့ရတယ်။ နောက်ထပ် မတူတဲ့ အချက်က အသံထွက်ပဲ။ ဒီအက္ခရာလေးလုံးဆင့်ထားတာကို မြန်မာသဒ္ဒါမှာ ဗျည်းတွဲလို့ ခေါ်လိုက်တယ်။ ပါဌ်ဆင့်လို့ မခေါ်ရတဲ့ အကြောင်းက သူတို့ဟာ အသတ်ကို ကိုယ်စားမပြုလို့ပါ။ ဆိုပါတော့ဗျာ။ ကျ ဆိုတဲ့ စကားလုံးက တကယ်လို့ ပါဌ်ဆင့်ကို ကိုယ်စားပြုရင် က်ယ ဆိုပြီး ဖြစ်သွားမယ်။ ကဲ သကျ ဆိုတဲ့ စကားလုံးကို ကြည့်ကြည့်။ ပါဌ်ဆင့်လိုသာ ဖတ်ရင် သက်ယ လို့ ဖတ်ရမယ်။ ဒါပေမယ့် အဲလို မဖတ်ဘူး။ သက်ကျ လို့ ဖတ်တယ်။ (သ ကျ လို့ မဖတ်ဘဲ သက်ကျလို့ ဖတ်ရတဲ့ အကြောင်း နောက်မှာ ရှင်းပြပါ့မယ်။) သက်ယ လို့ ဖတ်လို့မရတာကြောင့် သူတို့ဟာ ပါဌ်မဟုတ်ဘဲ။ ဗျည်းတွေ တွဲထားလို့ ဗျည်းတွဲလို့ သဒ္ဒါမှာ အမည်မှည့်ထားတယ်။ (ဒီအထိ ဖတ်လိုက်ရင်ပဲ လက်ျာ လို့ ရေးရေး၊ လကျာလို့ပဲ ရေးရေး၊ လက်ယာလို့ အသံမထွက်ဘူးဆိုတာ သိလောက်ပါပြီ။) ဒါကြောင့် ကွ ကိုလည်း ကဝ လို့ မဖတ်သလို၊ လှ ကိုလည်း လဟ လို့ မဖတ်ရဘူး။ သူတို့အတွက် သီးသန့်အသံတစ်ခု ဖြစ်လာတယ်။
ဒါပေမယ့် ပါဠိသဒ္ဒါအနေနဲ့ ပြောရရင် ကျ ကို ကယ လို့ မဖတ်ဘဲ ကျ လို့ပဲ ဖတ်တယ် ဆိုပေမယ့် ‘သကျ’ လို စာလုံးကျတော့ သက်ကျလို့ ဖတ်ပြန်တယ်။ အရှေ့မှာ ‘က်’ လေးတစ်လုံး ပိုပါလာတယ်။ ဘာလို့ပါလိမ့်။ ဟုတ်ပါတယ်။ ဒီ (ယ၊ ရ၊ ဝ၊ ဟ) အက္ခရာလေးလုံး ဆင့်လိုက်ရင်၊ တနည်း ပင့်ရစ်ဆွဲထိုး ပါလာပြီဆိုရင် ပါဠိစာတွေမှာ အရှေ့အက္ခရာကို ရဿသံကနေ ဒီဃသံ ပြောင်းပေးရတယ်။ အသံတိုကနေ အသံရှည်ပြောင်းပေးရတယ်လို့ ဆိုလိုတယ်။ လွယ်လွယ် မှတ်ရင်တော့ (က်) သို့မဟုတ် (န်) ထည့်ပေးလိုက်တယ်ပေါ့ဗျာ။ ဥပမာ ကြည့်ရအောင်။ 
ယပင့်  –> သကျ ကို ဖတ်ရင် သက်ကျ လို့ ဖတ်ရမယ်။
ရရစ် –> စကြာ ကို ဖတ်ရင် စက်ကြာ လို့ ဖတ်ရမယ်
ဝဆွဲ –> ကတွာ ကို ဖတ်ရင် ကက်တွာ လို့ ဖတ်ရမယ်။
ဟထိုး –> အမှ ကို ဖတ်ရင် အန်မှ လို့ ဖတ်ရမယ်။
ဒီအပြောင်းအလဲတွေ အသံထွက်တွေက ပါဠိစာနဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ မြန်မာစာလုံးတွေမှာပဲ သက်ရောက်မှု ရှိတာပါ။ ဆိုလိုတာက ဒီစည်းကမ်းကို ပါဠိစာနဲ့ ပါဠိသက် မြန်မာစာလုံးတွေမှာပဲ သုံးတယ်။ ပါဠိမှာ အမှ ကို အန်မှ လို့ ဖတ်ရလို့ မြန်မာစာဖြစ်တဲ့ အမှာစာ ကို အန်မှာစာလို့ ဖတ်လို့ မရဘူး။ အဲဒါ သတိထားရမယ်။ ငယ်ငယ်က ယေဘုယျလို့ ရေးပြီး ယေဘုံယ လို့ ဖတ်ဖတ်နေရတာ နားကို မလည်ဘူး။ ဒါကြောင့်မို့လည်း အများစုက ယေဘုယျ ဆိုတဲ့ စာလုံးပေါင်းကို ယေဘုံယျ ဆိုပြီး မှားမှားရေးတတ်ကြတယ်။ တခြား ဥပမာတွေက မုချ – မုက်ချ၊ တုမှ – တုန်မှ ဆိုတာတွေပါ။ အဲ … အဲဒီထဲကမှ ထူးခြားတာ တစ်ခုက မုဒြာ ဆိုတဲ့ စကားလုံးပဲ။ မုက်ဒြာ လို့လည်း ဘယ်သူမှ မဖတ်ဘူး။ မုန်ဒြာလို့လည်း မဖတ်ကြဘူး။ မုဒြာ လို့ပဲ ဖတ်တာ ထူးဆန်းတယ်။
အဲဒီ အဝဂ်ထဲမှာ နောက်ထပ် ပြောစရာ ကျန်နေသေးတာက ‘သ’ အက္ခရာပဲ။ ငယ်ငယ်က တချို့ ရေးကြတာ မြင်ဖူးတယ်။ သားသ္မီး ဆိုတာလေ။ သားသမီးကို သားသ္မီးဆိုပြီး ထွင်ထားတယ်။ ဒီစာလုံးကို ဘယ်သူများ ရှာရှာပေါက်ပေါက် ထွင်သလဲ မသိဘူး။ အရင်ကတော့ ဘယ်လိုဘယ်လို ဖြစ်ပြီး ‘သ’ နဲ့ ‘မ’ နဲ့ ဆင့်ပစ်လိုက်ပါလိမ့်လို့ နားမလည်ခဲ့ဘူး။ နောက်ပိုင်း ပါဠိစာ လေ့လာမှ သွားတွေ့တယ်။ ပါဠိမှာက ‘သ’ ကို ‘မ’ အပေါ်မှာ ဆင့်ပြီး သုံးတာ တွေ့ရတယ်။ မြန်မာစာမှာတော့ အဲဒီ အရေးအသားမျိုး မရှိဘူး။ ပါဠိမှာ ‘ယသ္မာ’ ‘ယသ္မတော’ ‘ဣမသ္မိံ ‘ ဆိုပြီး ‘သ’ နဲ့ ‘မ’ ဆင့်ထားတာ တွေ့ရတယ်။ ဖတ်ပုံကတော့ ဗျည်းတွဲ ဖတ်ပုံနဲ့ နည်းနည်း ဆင်တယ်။ မတူတာက ယသ္မာ ကို ယက်သမာ လို့ ဖတ်တယ်။ ယသ္မတော ဆိုရင် ယက်သမတော၊ ဣမသ္မိံ ဆိုရင် ဣမက်သမိမ် (မိံ) လို့ ဖတ်ရပါတယ်။
ကဲ … အခုလောက် ရှင်းပြလို့ သဘောပေါက်သွားပြီဆိုရင် ယောက်ျား ဆိုတဲ့ စကားလုံးရယ်၊ လက်ျာ ဆိုတဲ့ စကားလုံးဟာ မြန်မာစာစံနဲ့ရော၊ ပါဠိစာစံနဲ့ရော ဘယ်စံနဲ့မှ အံမဝင်ဘူးဆိုတာ သတိထားမိလောက်ပါပြီ။ ဒါပေမယ့် အဲဒီ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့ စကားလုံး နှစ်လုံးကို ဘယ်သို့သော ပညာရှင်က ဘယ်သို့သော သဒ္ဒါစည်းကမ်းကို ထောက်ပြီး ထွင်သွားတယ် မသိဘူး။ အခုခေတ်တော့ ယောက်ျား ဆိုတာကို တွင်တွင်ကြီး သုံးနေကြတယ်။ ကိုယ်ပဲ ဉာဏ်မမီတာလားတော့ မပြောတတ်ဘူး။ လက်လှမ်းမီသလောက်တော့ စာလုံးဖွဲ့စည်းပုံ စည်းကမ်းတွေ လိုက်လေ့လာထားတာပါပဲ။ ဒါပေမယ့် မတွေ့ဘူး။ အများညီ ဤကို ကျွဲဖတ် ဆိုတဲ့ စကားပုံအတိုင်းပဲလို့ ပြောရမလား မသိပါဘူး။ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာတောင် ယောက်ျား ဆိုတဲ့ စာလုံးကို ထည့်ထားတယ်။ တကယ်လို့ ကိုယ်က လက်လှမ်းမမီတာ ဆိုရင်လည်း သိတဲ့သူများ ယောက်ျား ဆိုတဲ့ စာလုံးရဲ့ ဗျုပ္ပတ် ကိုလည်း ဝေမျှကြပါဦးလို့ စိတ်ရင်းနဲ့ တောင်းခံပါတယ်။ (* လက်ျာဆိုတဲ့ စကားလုံးကတော့ နောက်ဆုံးထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ မပါတော့ပါဘူး။)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ
၁။ မြန်မာစာပေနှင့်ဆိုင်သော သီးသန့်ဘလော့ဂ် – ကျွန်တော်တို့၏ မြန်မာစာ

စိတ်ဟူသော ကန်ရေပြင်

credit to: voyeur33.blogspot.com

ကန်ရေပြင်ဟာ ငြိမ်သက်နေမယ်ဆိုရင် ရွံ့နွံ့စတဲ့ အနောက်အကျိတွေ ကင်းပြီး ကြည်လင်လာတယ်။ ရေပြင်ဟာ ကြည်လင်လာပြီ ဆိုတာနဲ့ ကန်အောက်ခြေကို အနှောက်အယှက်မရှိ ရှင်းရှင်းကြီး မြင်ရပါပြီ။ အောက်ခြေမှာ ညစ်ပတ်နေလည်း အတိုင်းသား မြင်ရတယ်။ သန့်ရှင်းနေရင်လည်း အထင်းသား မြင်နေရတယ်။

အဲဒီလိုပါပဲ။ ကန်ရေပြင်နဲ့ တူတဲ့ စိတ်ဟာလည်း အနှောက်အယှက်ကင်းအောင် ထားနိုင်ရင် တည်ငြိမ်လာပါမယ်။ တည်ငြိမ်လာတာနဲ့ တစ်ပြိုင်နက် ကိလေသာနဲ့ တူနဲ့ ရွံ့နွံတွေ ကင်းစင်ပြီး စိတ်ဟာ ကြည်လင်လာမယ်။ စိတ်ကလေး ကြည်လာတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကန်ရဲ့ အခြေကို မြင်ရသလို စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ရှိတဲ့ အစစ်အမှန်ပညာ ကိုလည်း 
ရှင်းရှင်းလင်းလင်း မြင်လာရမယ်။ နောက်ပြီး ကိုယ့်ရဲ့ အတွင်းထဲမှာ ခိုအောင်းနေတတ်တဲ့ မကောင်းတဲ့ ဉာဉ်တွေကိုလည်း ထင်ထင်ကြီး မြင်လာရမယ်။ အပြစ်ဆိုတာ မြင်ရမှ ပြင်လို့ရတာ မဟုတ်လား။ မြင်လာပြီဆိုရင် ပြင်နိုင်တဲ့အဆင့် ရောက်ပြီပေါ့။
ကျနော်တို့ မကြာခဏ စိတ်ဆိုးစိတ်ညစ် ဖူးပါတယ်။ အဲဒီလို စိတ်ဆိုးနေတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်တုန်းက မှန်ခဲ့ဖူးလို့လဲ။ နောက်ပြီး ကျောင်းသားတွေ အနေနဲ့ စိတ်တိုနေတဲ့ အချိန်မှာ စာကျက်ကြည့်ပါလား။ ဘာတစ်လုံးမှ ရမှာ မဟုတ်ဘူး။ စိတ်တိုနေရင်၊ စိတ်ညစ်နေရင် ရထားပြီးသား သင်္ချာပုစ္ဆာတောင် ပြန်တွက်လို့ မရတော့တာတွေ ခဏခဏ ကြုံဖူးမှာပါ။ အဲဒါ ဘာကြောင့်မို့လဲလို့ အရင်းစစ်ကြည့်ရင် စိတ်တွေ နောက်ကျိနေလို့ပါ။ စိတ်တွေ နောက်ကျိနေတော့ ကိုယ်ရဲ့ အသိတွေ အမြင်တွေ ပညာတွေဟာ ဝေဝါးသွားပြီး ဝေဝါးနေတဲ့ အသိအမြင်နဲ့ လုပ်သမျှ ဆုံးဖြတ်သမျှဟာ မှားဖို့က သေချာသလောက်ပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်တွေ မှန်ချင်ရင်၊ ကိုယ့်ရဲ့ လုပ်ရပ်တွေ မှန်ကန်ချင်ရင် စိတ်ကို ကြည်နေအောင် ထားပါ။
ကဲ ဒါဆို စိတ်မကြည်အောင် နှောက်ယှက်နေတဲ့ အနှောက်အယှက်က ဘာတွေ ဖြစ်မလဲ။ ရေကန်နဲ့​ ဥပမာကြည့်ရင်တော့ ရေကန်ထဲကို ခဲလုံးတွေ ပစ်ပစ်ချရင် ရေဟာ နောက်လာတာပဲ။ ကန်သေးရင် နည်းနည်း ပစ်ရုံနဲ့ နောက်ပေမယ့် ကန်ကြီးရင်တော့ များများ ပစ်ရတာပေါ့။ ရေကန်ဟာ အသေးအကြီးပေါ် မူတည်ပြီး ရေနောက်အောင် ပစ်ရတဲ့ ကျောက်ခဲပမာဏ ကွဲသွားပေမယ့် စိတ်ကတော့ သေးသေးလေးနဲ့လည်း နောက်ကျိသွားနိုင်တာပဲ။ ဒါဆို စိတ်ကို တုန်လှုပ်သွားအောင် လှုပ်ခတ်နိုင်စွမ်း ရှိတဲ့ အရာတွေက ဘာတွေလဲ။ အာရုံတွေပါ။
အဆင်းကြောင့်လည်း လှုပ်ခတ် သွားနိုင်တာပဲ။ လှရင်လည်း လှလို့ လှုပ်ခတ်သွားပြီး လောဘဆိုတဲ့ ကိလေသာ အနည်တွေကို ထသွားစေတယ်။ ရုပ်ဆိုးရင်၊ ကြည့်မကောင်းရင်လည်း စိတ်ကို လှုပ်သွားစေပြီး ဒေါသဆိုတဲ့ ကိလေသာအနည်တွေကို ထသွားစေတယ်။ ဟော … အသံကလည်း စိတ်ကို ဆွဲလှုပ်နိုင်တာပဲ။ နာပျော်ဖွယ်ကောင်းတဲ့အသံက လောဘ၊ မခံသာတဲ့အသံက ဒေါသ။ အနံ့လည်း ဒီအတိုင်းပဲ။ ရေမွှေးလို အနံ့ကောင်းလေးဆို လောဘကို လှုပ်နှိုးပြီး၊ အနံ့ဆိုးရတာနဲ့ ဒေါသကို လှုပ်နှိုးပြန်တယ်။ အစာကောင်းကို စားရတော့ လောဘတက်ပြီး ပျော်မိပြန်ရော။ မကြိုက်တာ စားမိရင်တော့ ဒေါသထွက်ပြီး စိတ်တိုပြန်တယ်။ နူးနူးညံ့ညံ့ ကိုင်ထိနေရရင် ဇိမ်ကို ကျလို့၊ လောဘတွေ ဖြစ်နေလိုက်တာ။ အစူးဆူးတာတို့၊ ကြမ်းကြမ်းတမ်းတမ်းနဲ့ ထိမိရင်တော့ မျက်နှာရှုံ့မဲ့ပြီး ဒေါသတွေ အချောင်းချောင်း ထွက်နေတယ်။ တခါတလေမှာ အတိတ်မှာ ပျော်စရာလေးတွေ ပြန်တွေးမိတိုင်း ကြည်နူးပြီး နောက်တစ်ခေါက် ပြန်လိုချင် ပြန်ရချင်လိုက်တာ ဆိုတဲ့ လောဘနဲ့ မရနိုင်မှန်းသိရင် စိတ်မကောင်းတွေ ဖြစ်ပြီး ဒေါသတွေ ပေါ်လာရော။ ကဲ နေ့စဉ်နေ့စဉ်၊ စက္ကန့်နဲ့အမျှ လူတကာရဲ့ စိတ်ကို အဲဒီ အာရုံတွေဟာ တွန်းထိုးပြီး မလှုပ်လှုပ်အောင် ယမ်းခါနေကြတယ်။ ဒီတော့ ဘယ်မှာ လာပြီး တည်ငြိမ်နိုင်တော့မလဲ။
တစ်ခါတလေတော့လည်း အပြင်အာရုံတွေကို ကြံ့ကြံ့ခံနိုင်လို့ ကန်ရေပြင်ဟာ တည်ငြိမ်နေသလို စိတ်ဟာ တည်ငြိမ်နေပေမယ့် မကြည်လင်နိုင်တဲ့ အခါတွေလည်း ရှိနေနိုင်သေးတယ်။ ဥပမာ ပြောရရင် ကန်တစ်ကန်ကို ဘယ်သူကမှ ခဲနဲ့ မပစ်မပေါက် မလှုပ်မခတ်ပေမယ့် နောက်နေတတ်သေးတယ်။ ဘာလို့လည်းဆိုတော့ မှော်တွေ ဒိုက်တွေ ရေညှိတွေ တက်နေလို့ပေါ့။ အဲဒီလိုပဲ လူရဲ့ စိတ်ဟာ အပြင်အာရုံရဲ့ လှုပ်ခတ်မှုကို ခံနိုင်ရည် ရှိတယ်ပဲ ထားဦး။ စိတ်အတွင်းကနေ ဖြစ်လာတတ်တဲ့ ရွှံ့နွံတွေနဲ့ တူတဲ့ အညစ်အကြေးတွေကို မဖယ်ရှားနိုင်ပြန်ရင်လည်း နောက်ကျိမြဲ နောက်ကျိနေဦးမှာပဲ။
စိတ်ဟာ (အပေါ်ယံအထင် အရ) တည်ငြိမ်လွန်းအားကြီးရင် ကိုယ့်အထင်အရ ပျင်းစရာကောင်းသလိုလို ဖြစ်လာတယ်။ ဖြစ်မှာပေါ့။ က ချည်း က နေရတဲ့ လူတစ်ယောက်ကို မလှုပ်မယှက်ရအောင် ကြိုးတုတ်ထားကြည့်ပါလား သူ ပျင်းလာတော့မှာပဲ။ အဲဒီလိုပဲ လှုပ်ခတ်နေကျ (လှုပ်နေတာကို သဘာဝပဲလို့ ထင်သွားတဲ့) လူတစ်ယောက်ဟာ မလှုပ်မယှက် နေရပြီဆိုရင် သိပ်မကြာပါဘူး ပျင်းလာတယ်၊ အိပ်ချင်လာတယ်။ နောက်တော့ အိပ်ချင်မူးတူး ဆိုသလိုပဲ စိတ်တွေ နောက်ကျိသွားတာပါပဲ။ နောက်ပြီး ဟိုဟာမလုပ်မိလေခြင်း၊ ဒီဟာ လုပ်ခဲ့မိနေခြင်း ဆိုတဲ့ နောင်တတွေဟာကို စိတ်ကို ညစ်နွမ်းစေနိုင်တဲ့ ရွှံ့နွံတွေပါပဲ။ ရွှံ့နွံတွေဟာ ရေထဲမှာဖြစ်ပြီး ရေကို ပြန်ပြီး ညစ်ပတ်စေနိုင်သလိုပဲ စောနက ပြောခဲ့တဲ့ ဥဒ္ဒစ္စ၊ ကုက္ကုစ္စ ဟာလည်း စိတ်ထဲမှာပဲ ဖြစ်ပြီး စိတ်ကို ပြန်ပြီး ညစ်နွမ်းစေတယ်။
အဲဒီလို အတွင်းအပြင် အနှောက်အယှက်တွေကို ကင်းအောင် ဘယ်လို လုပ်လို့ရမလဲ။ ရေကန်ဥပမာနဲ့ ကြည့်ရင် ဘယ်သူမှ ခဲပစ်လို့ မရအောင် အကာအကွယ် လုပ်ထားမယ်။ နောက်ပြီး ရေထဲက တက်လာတဲ့ ရှိနေတဲ့ ရေမှော်တွေ၊ ရေညှိတွေကို ပုံမှန် ဆည်ပေးမယ်ဆိုရင် ဒီကန်ဟာ အမြဲ ကြည်လင်သန့်ရှင်းနေမှာ အမှန်ပါပဲ။ ကဲ ကိုယ်စိတ်ကိုကော ဘယ်လိုလို့ လုပ်ရမလဲ။ တစ်နည်းတည်းပါ။ သတိ ဆိုတဲ့ ပိုက်ကွန်လေး ဆောင်ထားရုံပဲ။ စိတ်ကို သတိဆိုတဲ့ ပိုက်ကွန်လေးနဲ့ ခြုံထားပေးလိုက်ပါ။ အာရုံတစ်ခု လာတိုက်တယ်။ သတိလေးနဲ့ သိလိုက်။ ဖယ်ပစ်နေဖို့တောင် ကြိုးစားစရာ မလိုပါဘူး။ အစပိုင်းတော့ စိတ်ကို လှုပ်ပစ်လိုက်ပြီးမှ သိတာများတယ်။ ကိစ္စ မရှိဘူး။ ဝင်လာရင် နောက်ကျမှ သိချင် သိပါစေ။ သိဖို့ အရေးကြီးတယ်။ နောက်ပိုင်း ကျင့်သားရလာရင် စိတ်ကို လာမတိုက်ခင်ကတည်းက သိသွားလိမ့်မယ်။ ဒါဆို ရေပြင်ကို မထိခင် ခဲလုံးကို မိလိုက်တဲ့ သဘောပဲ။ ဒါဆို စိတ်ကို လှုပ်ခတ်နိုင်စွမ်း ဘယ်လိုမှ မရှိတော့ဘူး။ ဒါက အပြင်အာရုံကို ဖမ်းတဲ့ နည်းပါ။
အတွင်းက ဒိုက်မှော်တွေကိုကော ဘယ်လို ဆည်မလဲ။ သတိ ပိုက်ကွန်ကို ဖြန့်ခင်းထားရုံပါပဲ။ သူက ရေစစ်လို စစ်ထုတ်ပေးပါလိမ့်မယ်။ အဓိက က အညစ်အကြေးတွေ ထွက်လာရင်၊ တက်လာရင် သိဖို့ပဲ။ စ လေ့ကျင့်တဲ့အချိန်မှာ အကျင့်မရသေးတော့ အညစ်အကြေးက သေးငယ်နေရင် မမြင်တတ်ဘူး။ အပြုံလိုက် အပုံလိုက် တွေ့ရမှ သတိထားမိတတ်တယ်။ ကိစ္စ မရှိဘူး။ သေးသေးပဲ တွေ့တွေ့ ကြီးကြီးပဲ တွေ့တွေ့ သိအောင်သာ ကြိုးစားလိုက်ပါ။ နောက်ပိုင်း ကျင့်သားရသွားရင် အမှုန်သေးသေးလေးကအစ စစ်ထုတ်သွားနိုင်ရင် စိတ်ဟာ အင်မတန်မှ ကြည်လင် ပြတ်သားလာပါမယ်။ ဒိုက်တွေကို ဖယ်သလိုပေါ့။ အပြုံအခဲလိုက်ဆို ဖယ်ဖို့ရာ အင်မတန် ခက်ပေမယ့် တစ်ခုထွက်တာနဲ့ တစ်ခု ဖယ်လိုက်နိုင်ရင် လွယ်လည်း လွယ်မယ်၊ အမြဲလည်း သန့်ရှင်းနေတော့မှာပေါ့။
သံသရာဆိုတာကို ခဏမေ့ထားပြီး မွေးကတည်းက အခုအချိန်ထိ ရှင်သန်နေခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ပေါ့။ ကိုယ့်စိတ်ဟာ စောနပြောခဲ့တဲ့ အညစ်အကြေးတွေနဲ့ ဘယ်လောက်များ ညစ်ပစ်နေမလဲလို့။ စိတ်အတွင်းက ညစ်ပတ်နေရုံတင် မကဘဲ နေ့စဉ်နဲ့အမျှ စက္ကန့်တိုင်း စက္ကန့်တိုင်း စိတ်ကို မလှုပ်လှုပ်အောင် အာရုံနဲ့ ထိုင်ပစ်နေကြတာလည်း လူတိုင်းလိုလိုပါပဲ။ ဒီတော့ ကိုယ့်စိတ်ဟာ ဘယ်မှာ လာပြီး ကြည်တော့မလဲ။ စိတ်မကြည်တော့ အမြင်မကြည်ဘူး။ အမြင်မကြည်တော့ အသိဉာဏ်တွေ ဝေဝါးမယ်။ အသိဉာဏ် ဝေဝါးတာနဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေဟာ အမှားမကင်းဘဲ မှားလိုက် စိတ်ညစ်လိုက်၊ ထပ်မှားလိုက် စိတ်ပိုညစ်လိုက်နဲ့ စိတ်ဟာ နောက်ပြီးရင်း နောက်ရင်း ဖြစ်နေကြတယ်။ နောက်ဆုံး စိတ်အနောက် လွန်သွားရင်တော့ ရူးသွားတော့တာပဲ။ ဒါကြောင့် ရူးတယ် ဆိုတာကို ကြားကောင်းအောင် စိတ်နောက်တယ်လို့ ခေါ်တာပေါ့။ 
ဒါကြောင့် အခု စာဖတ်သူတွေလည်း (မရူးသေးခင်) စိတ်မနောက်သေးခင် စိတ်ကို ကြည်လင်အောင် အမြဲ စစ်ဆေး၊ သန့်စင်နိုင်စေဖို့ သတိပေး ရေးသားလိုက်ပါတယ်။

အိုဘယ့်ရောင်ခြည် 

နံနက်မိုးသောက်၊ နေခြည်ရောက်သော်
ထွန်းတောက်ရွှန်းဖြာ၊ လင်းရောင်သာသည်
တိမ်လွှာဖောက်ထွင်း၊ လေဟုန်ခွင်း၍
အပြင်းနှင်ကာ လာချေပြီ။
နံနက်လေသွေး၊ နေနုအေးနှင့်
ပြေးလွှားဖက်ယှဉ်၊ ရွှန်းတောက်သွင်ဖြင့်
အားအင်ကိုဆောင်၊ နေရောင်ခြည်မှာ
လိုရာရောက်၍ ပျော်လေပြီ။
ကြည်လင်ရွှန်းစို၊ ရောင်ခြည်ကိုမှ
တောင့်တမျှော်မှန်း၊ ထိုထိုပန်းလည်း
တင့်လန်းရွှင်မြူး၊ စိမ်းဖန့်လူးသည်
ကြည်နူးဝမ်းမြောက် ပျော်ချေပြီ။
သို့သော် …
အားကြိုးမာန်ဆောင်၊ လင်းရောင်ခမျာ
ရေကန်သာသို့၊ ရောက်လာစဉ်ဝယ်
ရေပြင်ကျယ်အား၊ အလွယ်ထွင်းဖောက်၊ 
အခြေရောက်အောင်၊ မပေါက်ချည်းနှီး
ပိတ်ဆီးရင်ဆိုင်၊ မတွန်းနိုင်သည်
လက်မှိုင်ချပြီး ငြီးချေပြီ။
အိုဘယ့်ရောင်ခြည် …
သင်သည်ရွှန်းတောက်၊ အားမာန်မောက်လည်း
ဘယ်လောက်လုံ့လ၊ ထကြွနေလည်း
ဘယ်လောက်စည်းလုံး၊ ပေါင်းစုရုံးလည်း
အပြုံးမပျက်၊ ကန်ပြင်ထက်က
ယှဉ်ကပ်တည်နေ၊ ဒိုက်မှော်ရေညှိ၊ 
ထွေထွေညစ်ကြေး၊ ရှိနေသေးသည်
လူလေး သင့်အား မောစေမည်။
အိုဘယ့်ရောင်ခြည် …
သင်သည်မှန်းမျှော်၊ ကန်ပြင်ပေါ်မှ
ဖြတ်ကျော်ထွင်းဖောက်၊ ရေထဲရောက်အောင်
တောက်လျှောက်ထွင်းလျှို၊ သွားလိုပါမူ
သင့်ကိုပိတ်ထေး၊ အညစ်ကြေးကို
မနှေးအလျင် ဖယ်စေချင်။
အိုဘယ့်ရောင်ခြည် …
သင်သည်ဖယ်ခွင်း၊ ကန်ပြင်ရှင်းလည်း
အလျင်းအောက်ခြေ၊ မတိုးလေနှင့်။
ရွှံ့မြေနွံစေး၊ အညစ်ကြေးကြောင့်
ညစ်ထေးနောက်ကျိ၊ ပိတ်ဆို့မိသည်
သင်၏စွမ်းအား နည်းစေမည်။
အိုဘယ့်ရောင်ခြည် …
သင်၏ နီမြန်း၊ လင်းရောင်စွမ်းအား
ခြုံလွှမ်းလိုလျှင်၊ ကန်ရေပြင်အောက်
မမြင်လောက်အောင်၊ နောက်ကျိပိတ်ဆို့
ရွှံ့နွံတို့ကို၊ ထုတ်လို့ဖယ်ခွာ
ရှင်းလင်းပါမှ၊ ကြည်ပြာစိမ်းမြ
အလင်းရမည်၊ ထွန်းပရွှန်းစား
သင့်အားရွှင်ကြည် ပျော်စေမည်။
ရောင်ခြည်သစ္စာ၊ ထိုပမာသို့
သူငါအများ၊ လောကသားတို့
အားထားယုံကြည်၊ သစ္စာတည်လည်း
စိတ်မှီကြီးပွား၊ အမှိုက်များကို
ပေါက်ဖွားရှင်သန်၊ မရှင်းပြန်လျှင်
ပေကျံညစ်ထေး၊ ရွှံ့စေးနွံဒိုက်
မှောင်ပိန်းမိုက်သည်၊ အမှိုက်ရှိရာ
သစ္စာဘယ်သို့ လင်းမည်နည်း။
စိတ်၏ညစ်ကြေး၊ ရွှံ့နွံစေးကို
မရှေးအရင်၊ သိအောင်မြင်၍
အပြင်အာရုံ၊ ငိုက်မျဉ်းအုံမှိုင်း၊ 
ထုံထိုင်းတွေဝေ၊ နောင်တတွေကို
မသွေဖယ်ရှား၊ သတိထားသည်
ဘယ်များနောင်ခါ၊ သူမလာစေ
သစ္စာထိုသို့ လင်းစေသတည်း။

သေမင်း၏ ခေါ်ရာသို့

အား … မဆွဲနဲ့၊ လွှတ် … လွှတ်
တီ တိ တီး တီ တီ …..
ဖုန်းမြည်သံလိုလို နားထဲ ကြားယောင်မိ၍ ကျမ ဇဝေဇဝါ ဖြစ်သွားသည်။ ကြောက်စိတ်ကြောင့် အားရပါးရ အော်နေမိရာမှ  တင်းတင်းကြပ်ကြပ် မှိတ်ထားမိသော မျက်စိကို အသာအယာ ဖွင့်ကြည့်လိုက်မိရာ မိုးစင်စင်လင်း၍ နေပေသည်။ ရုတ်တရက် မိမိ၏ ဘေးဘယ်ညာကို ဖျက်ကနဲ သတိထားကြည့်မိသည်။ အခုလေးတင် ကျမအား အတင်းဆွဲနေသော အရိပ်မဲကြီးလည်း မရှိမှန်း သိတော့မှ ကျမ သက်ပြင်းအရှည်ကြီး မှုတ်ထုတ်လိုက်မိသည်။ အော် … ကျမ နေ့ခင်းကြောင်တောင် အိပ်မက်နေတာကိုးဟု သက်ပြင်းချ၍ အခုမှ ရယ်နိုင်တော့သည်။ နောက်မှ ဖုန်းလာနေသည်ကို သတိရမိ၍ ဖုန်းရှိရာသို့ ပြေးရပါတော့သည်။ ‘ဟယ် အမေကြီး’ ဟု ရုတ်တရက် အော်လိုက်မိသော ကျမအသံကို ကြားရသောကြောင့်ဟု ထင်သည်။ မောင်လေးမှာ ဖုန်းရှိရာသို့ အတင်း ပြေးလာနေသည်။ အမေနှင့်အဖေ ခရီးထွက်သွားသည်မှာ တစ်လလောက်ရှိပြီ။ မောင်လေးမပြောနှင့် ကျမလည်း လွမ်းနေမိသည်။ ပို၍ သတိရနေသည်မှာ အဖေကြီး နေမကောင်း၍ ဖြစ်သည်။ မောင်လေးမှာ ဖုန်းကို အတင်းလုနေ၍ ကျမမှာ သူမမီအောင် ခြေဖျားထောက် ပြောနေရသည်။
မေကြီး၊ ဖေကြီး နေကောင်းလား
အင်း ……. သက်သာပါတယ်အေ၊ ဒါပေမယ့်
ဘာ ဒါပေမယ့်တုန်း မေကြီးရဲ့
ဒါပေမယ့် အခု သင်္ဘော ဆက်မထွက်ဘူးလေ၊ ရွာမှာ ကမ်းကပ်ပြီး နားနေတာ တစ်ပတ်ကျော်ပြီ
ကောင်းတာပေါ့ မေကြီးရယ်၊ ဖေကြီး အနားရတာပေါ့
အင်း နင့်အဖေလည်း ငါ နားချနေရတာ မောလှပြီကွယ်။ အခုတော့ သူလည်း နားချင်နေပုံရတယ်။ ဒါကြောင့် သင်္ဘောနောက် မလိုက်တော့ဘဲ ပြန်လာတော့မလားလို့
ကောင်းတယ် မေကြီး၊ ကျန်းမာရေးက ပိုအရေးကြီးပါတယ်
အရေးတော့ကြီးတာပေါ့ကွယ် ညီးအတွက်ကလည်း အရေးကြီးတယ်မဟုတ်လား
အိုး မေကြီးကလဲ၊ မေကြီးဖေကြီးတို့ထက် ဘာမှ ပိုအရေးမကြီးပါဘူး
အေးပါ ယောက်ျားမရခင်တော့ ဒါမျိုးတွေ ကြားရတာပါပဲ
ထားပါ မေကြီးရယ်၊ ဘယ်တော့ ပြန်လာမလဲ
ပြန်ချင်တယ် ဒါပေမယ့် နင့်အဖေ ကျန်းမာရေးက ကားကြမ်းစီးဖို့ မဖြစ်နိုင်သေးဘူး။ သူ အဲလောက် မမာသေးဘူးလေ၊ ဒါကြောင့် အနားယူဦးမယ်တဲ့
မေကြီးတို့ အခု ဘယ်မှာလဲဟင်
မော်ကျွန်းနားက တံငါရွာလေးတစ်ရွာမှာ
အင်း ရွာလေးဆိုတော့ အရေးရယ်အကြောင်းရယ် ဆေးဝါးကိရိယာ ဘယ်ရှိမလဲ မေကြီးရဲ့
အင်း လောလောဆယ် နင့်ဖေကြီးက ဆရာဝန်မတွေ့ချင်ဘူး၊ နင်တို့ကို မြင်ချင်နေတာတဲ့လေ၊ နောက်ပြီး သူ့ မြေးလေးကိုလည်း တဖွဖွ မေးနေတာ
မေကြီးတို့ အဲ့မှာ ကြာဦးမှာလားဟင်
၁၀ ရက် နှစ်ပတ်လောက်တော့ နားဦးမလားလို့၊ နင့်အဖေ နည်းနည်း မာမာချာချာ ရှိမှ ရန်ကုန် ပြန်လာမယ်
ဒါဆို သမီးတို့ အဲဒီကို လာခဲ့မယ်လေ
———————
ကျမ အဖေက တံငါသည် အကြီးစားပေါ့။ ငါးဖမ်းသင်္ဘော အလတ်စားတစ်စီးနဲ့ ပင်လယ်ရေလတ်ပိုင်းထဲ ငါးဖမ်းထွက်လေ့ ရှိတယ်။ ပိုပြီး ကြပ်မတ်နိုင်အောင် ဆိုပြီး သင်္ဘောထွက်တိုင်း ဖေကြီးကိုယ်တိုင်ပဲ ကြီးကြပ်ပြီး ထွက်လေ့ရှိတယ်။ ဖေကြီး ရန်ကုန်မှာကတည်းက ကျန်းမာရေး မကောင်းဖြစ်နေတာ။ ငါးဖမ်းချိန်လည်း ရောက်နေတာက တစ်ကြောင်း၊ နောက်ပြီး ကျမရဲ့ မင်္ဂလာပွဲအတွက် ပိုက်ဆံများများ ရှိထားချင်တာက တစ်ကြောင်းမို့ သူ့ ကျန်းမာရေးကို ပဓာန မထားတော့ဘဲ ထုံးစံအတိုင်း ပင်လယ်ထဲ ထွက်သွားခဲ့တယ်။ ဒါပေမယ့် မေကြီးက စိတ်မချတော့ တစ်ခုခုဖြစ်ရင် ပြုစုရအောင် ဆိုပြီး မေကြီးပါ သင်္ဘောပေါ် ပါသွားလေရဲ့။ အခု ပင်လယ်ထဲတောင် မရောက်သေးဘဲ မော်ကျွန်းမှာတင် သောင်တင်နေတယ်ဆိုတော့ ဖေကြီး တော်တော်လေး မကျန်းမာလို့ ဖြစ်မယ်။ ကျမ မောင်လေး အကြီးဆုံးက အိမ်ထောင်ကျပြီး သားလေးတစ်ယောက် မွေးထားတာ (၃) လတောင် မပြည့်သေးဘူး။ ဖေကြီးက သူ့မြေးလေးကိုလည်း တအားသတိရနေပုံပဲ။ ကိုယ့်အဖေလုပ်တဲ့သူက တွေ့ချင်နေမှတော့ သူ့ကိုလည်း အားပေးရင်း၊ အနီးကပ်ပြုစုဖို့ သွားတွေ့ကြတာပေါ့ ဟုဆုံးဖြတ်လိုက်ပြီး ကျမတို့ ဖေကြီးတို့ရှိရာ မော်ကျွန်းသို့ သွားဖို့ စီစဉ်လိုက်ပါတော့သည်။ ကျမတို့ ဆိုတာ အိမ်မှာ ကျန်ခဲ့တဲ့ မောင်လေးအကြီးကောင်ရယ်၊ သူ့မိန်းမရယ်၊ တူတော်မောင် ပုစိကွေးရယ်၊ မောင်ငယ်လေးရယ်၊ ကျမရယ် စုစုပေါင်း (၅) ယောက်ပေါ့။ ကျမတို့ တစ်မိသားစုလုံး သိုက်သိုက်ဝန်းဝန်းနဲ့ ရှိနေရင် ဖေကြီး ပျော်ပြီး မြန်မြန် ကျန်းမာလာမှာပါ။
ဖေကြီး ကျမတို့ကို မြင်တော့ လူမမာရုပ်တောင် မပေါက်တော့ပါဘူး၊ တအားကို ပျော်နေလိုက်တာ။ သူ့မြေးလေးကိုချီပြီး ပျော်လို့ မော်လို့။ ကျမတို့ ရောက်နေတာ တစ်ပတ်လောက် ရှိရင်ပဲ ဖေကြီး တော်တော် ကျန်းမာနေပြီ။ နောက် သုံးရက်နေရင် ရန်ကုန်ကို အားလုံး ပြန်ကြမယ်လို့ ဖေကြီးက အားရပါးရ ပြောနေပါပြီ။ အကြီးကောင်ကတောင် ဖေကြီးကို စ လိုက်သေးတယ်။ ဖေကြီးကလည်း အားလုံး မပြန်လို့ ဘယ်သူက နေခဲ့မှာမို့တုန်း ဆိုတော့ မင်း ဒီမှာ ပျော်ရင် မင်းနေခဲ့ပေါ့ကွ၊ ဟား ဟား ဟား ဟု ရယ်မောလိုက်စဉ် ကျမမှာ ချက်ချင်း လိုက်မရယ်နိုင်ခဲ့ပေ။ ထို စကားလုံးများက ကျမ၏ တစ်ကိုယ်လုံးကို တက်ဖိလိုက်သလို လေးလေးပင်ပင် ခံစားလိုက်ရတော့သည်။ နောက်မှ အားရပါးရ ရယ်မောနေကြသော ဖေကြီးနှင့်မောင်လေးကို ကြည့်နေရင်း နည်းနည်း ပေါ့ပါးသွားသည်။
တတွီတွီ တဂွီဂွီ နှင့် ကျွီကျွီ ကျွတ်ကျွတ် မြည်နေသော ရေဒီယိုကို ဖေကြီး အာရုံစိုက် နားထောင်နေစဉ် ကျမ ဖေကြီးဘေးနား ဝင်ထိုင်လိုက်သည်။
ဖေကြီး ရေဒီယိုကလည်း ကြွက်ဝင်နေတာကျနေတာပဲ နားထောင်လို့လည်း မရဘဲနဲ့
အော် သမီးရယ် ဒါလေး နားထောင်စရာ ရှိတာပဲကို၊ ဒါနဲ့ သမီးကို ဗဟုသုတ ပြောရဦးမယ်၊ ဒီဘက်ပိုင်းက လူတွေက ဒါကို ရေဒီယိုလို့ မခေါ်ဘူး၊ လေဒီယိုလို့ ခေါ်တယ်
ဟင် ဘာလို့တုန်း ဖေကြီးရဲ့၊ ထူးထူးဆန်းဆန်း
သူတို့ အကြောင်းပြချက်နဲ့တော့ ဟုတ်သား သမီးရဲ့၊ အသံတွေက ရေထဲက လာတာမှ မဟုတ်ဘဲ၊ လေထဲက လာတဲ့ဟာကို လေထဲက ယူဖမ်းမှတော့ လေဒီယိုပဲ ဖြစ်သင့်တာပေါ့၊ ရေဒီယို မဖြစ်နိုင်ဘူး ဆိုပြီး သူတို့က ဇွတ်ငြင်းကြတယ် သမီးရဲ့၊ ဟား ဟား ဟား
အဟိ သူတို့ တွေးတာလည်း မမှားဘဲနော့
အေးပေါ့ သူတို့မှ RADIO ရေဒီယိုဆိုတဲ့ အသံကို ယူထားတယ်လို့မှ မသိကြဘဲကိုကွယ်
ဟော ဟော ဖေကြီး သေချာ နားထောင်၊ နေ့ခင်းပိုင်း မုန်တိုင်းရှိတယ်တဲ့နော်
ခဏ ခဏ တိတ်တိတ်လေးနေ
….. ……
အိုး သမီးရယ် ပင်လယ်ထဲမှာ တစ်နာရီ မိုင် (၆၀) ဆိုတာ ဘာရှိမှာတုန်း။ ဖေကြီးတို့ အရင်က ဒီထက် ကြမ်းတာတွေတောင် ဖြတ်လာခဲ့ရတာပဲ
ဖေကြီးကတော့ ဟုတ်တာပေါ့၊ သမီးက အခု ဘယ်လေမှ မတိုက်တာတောင် မူးနောက်နေတာ။ တနေကုန် သင်္ဘောပေါ်မှာပဲဆိုတော့ ရောက်စထက်တော့ နေသားကျလာပါပြီ။
အင်း ဟုတ်တယ် သမီးတို့က အစိမ်းသက်သက်တွေဆိုတော့ မလွယ်ဘူး။ မိုင် (၆၀) နှုန်းက ဘာမှ မရှိဘူးဆိုပေမယ့် လှိုင်းတော့ တော်တော်လေး ထတယ်။ ဒီတော့ သင်္ဘောကတော့ အတော်လေး လူးလိမ့်မယ်။ လှိုင်းမူးတာ ကားမူးတာထက် ဆိုးတယ် သမီးရဲ့။ ကဲ ဖေကြီးကို ပဲ့ထိန်းဦးသာခေါင် သွားခေါ်ပေး
ဦးသာခေါင်မှာ ဖေကြီး၏ ညွှန်ကြားချက်ကြောင့် သင်္ဘောကို ကျောက်ချထားရာမှ ကမ်းနားသို့ ကပ်နိုင်သမျှ ကပ်နေလေသည်။ စိတ်တိုင်းကျပြီ ဆိုလျှင် ကမ်းပေါ်ရှိ လူနှစ်ဖက်လောက် ရှိသော သစ်ပင်၏ ပင်စည်တွင် သင်္ဘောကို အသေအချာ ကြိုးတုတ်ထားလိုက်သည်။
ကဲ သမီး၊ မေကြီးဆီသွား ဆေးသေတ္တာထဲမှာ အမူးအမော် ပျောက်ဆေးတွေ ဘာတွေ ရှိလဲ သေချာ စစ်ဆေးထားပါဦးလို့ သွားပြော၊ ပြီးရင် သမီးတို့ မောင်နှမတွေ မနက်ကတည်းက ဆေးကြိုသောက်ထားကြ၊ ကြားလား
ဟုတ် ဖေကြီး၊ အကြီးကောင်က seaman ဆိုတော့ သူက မမူးတတ်လောက်ပါဘူးနော့
အေး မလိုရင်လည်း မသောက်နဲ့ပေါ့ကွယ်။ အော် နောက်ပြီး life jacket တွေ၊ ဘောကွင်းတွေ အဆင်သင့်ရှာထား၊ ပြီးတော့ အလေးအပင် သေတ္တာတွေ၊ ပစ္စည်းတွေ၊ ဆီပေပါတွေ သင်္ဘောဝမ်းထဲ အခုကတည်းက ထည့်ထားခိုင်းလိုက်
ကဲ ဖေကြီး နားလိုက်ဦး၊ လိုအပ်တာတွေ မေကြီးကို စီစဉ်ခိုင်းလိုက်မယ်လေ နော်
အေး အေး သွား သွား
နေ့ခင်း ထမင်းစားပြီးချိန် အားလုံး ကိုယ့်အခန်းကိုယ် အနားယူနေချိန်တွင် လေသည် တဖြည်းဖြည်း ပြင်း၍ပြင်း၍ လာနေပြီ။ ထိုစဉ် တစ်ချက်လောက် ဆောင့်တိုက်လိုက်သော လေကြောင့် ကျမတို့ အိပ်နေရာမှ အားလုံး လန့်နိုးလာကြသည်။ အခန်းပြင် ထွက်ကြည့်လိုက်တော့ ဖေကြီးမှာ ခါးကြီးထောက်လျက် သူ့ လူများကို ဟိုဟာခိုင်း ဒီဟာခိုင်း ခိုင်းနေလေသည်။ တစ်ယောက်နှင့်တစ်ယောက်မှာ မဝေးကွာလှသော်လည်း လေကြောင့် တော်တော်လေး အော်ပြောမှ ကြားရတော့သည်။ ဖေကြီး ဘာတွေ ပြောနေလဲဟု နားစိုက်ထောင်နေရင်း ‘ဟ ဒီလေက တစ်နာရီ မိုင် (၆၀) ဘယ် က မတုန်းဟ’ ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရ၍ တုန်ကနဲ ဖြစ်သွားသည်။ ထိုနောက် ဖေကြီးက ကျမကို မြင်၍ ကျမအနားသို့ လှမ်းလာနေပြီး ‘ကဲ မင်းတို့ မောင်နှမတွေ အားလုံး လာကြ’ ဟု တစ်နေရာမှာ စုရန် လက်ဟန်ပြ၍ အော်ခေါ်လိုက်သည်။
ကဲ မေကြီးရေ၊ လေက ကြည့်ရတာ ဒီထက် ဆက်ပြင်းလာနိုင်တယ်။ လိုရမယ်ရ သားတို့ သမီးတို့ကို Life Jacket တွေ ဝတ်ပေးထားလိုက်ပါလား
အင်း ဝတ်ပေးတာတော့ ဟုတ်ပါပြီ၊ တကယ်တော့ (အသက်ကယ်) အင်္ကျီက နှစ်ထည်တည်း ရှိတာ
ဒါဆိုလည်းဟာ သမီး နှစ်ယောက်ကို ဝတ်ပေးထားလိုက်ပေါ့၊ အကြီးကောင် မင်းက အတွေ့အကြုံရှိတယ်။ ညီလေးကို မင်း တာဝန်ယူပြီး သေချာစောင့်ရှောက်ထား။ ကဲ သမီးတို့ ဝတ်ထားကြ။ ဘာမှ မစိုးရိမ်နဲ့၊ ပင်လယ်ထဲဆိုတာ ဒီလိုပဲ ဖြစ်တတ်တယ်။ သမီးတို့ အတွေ့အကြုံ ရတာပေါ့ ဟုတ်လား၊ ကြောက်မနေနဲ့။ ပင်လယ်ဆိုတာ မာန်တုန်း ခဏရယ်။ စိတ်အေးအေးထား ဟုတ်လား။
ဖေကြီးက ဘယ်လိုပဲ နှစ်သိမ့်နှစ်သိမ့် ကျမကတော့ တော်တော်လေး ကြောက်နေခဲ့ပြီ။ အကြီးကောင်က သူ့မိန်းမကို နှစ်သိမ့်အားပေးရင်း အင်္ကျီ ဝတ်ပေးနေသည်။ မေကြီးကတော့ ကျမကို ဝတ်ပေးရင်း အားပေးနေရှာသည်။ ထိုနောက် ကျမတို့ ခေါင်တိုင်တုတ်တုတ် ရှိရာသို့ ကပ်ပြီး တိုင်နားမှ မခွာဘဲ တိုင်ဖက်လျက် အသေအချာ နေရာယူထားကြပါပြီ။
ဖေကြီး ပြောသလိုပါပဲ။ လေမှာ ပြင်းသည်ထက် ပိုပို၍သာ ပြင်းလာပါသည်။ လေပြင်းများမှာ အဆက်မပြတ် တိုက်နေသည့်အပြင် တစ်ချက်တစ်ချက် ဆောင့်ဆောင့် ဝင်လာသော လေရူးများက သာ၍ပင် ဆိုးနေသည်။ အရပ်တစ်မျက်နှာတည်းမှ တိုက်နေခြင်း မဟုတ်ဘဲ တောင်ဘက်က ဆောင့်တိုက်လိုက်၊ အနောက်ဘက်မှ ဆောင့်တိုက်လိုက်နှင့် ကြောက်စိတ်ကြောင့် မျက်ရည်များပင် ဖြိုင်ဖြိုင်ကျနေပြီ။ သစ်ပင်တွင် ကြိုးနှင့်တုတ်ထားသော နွားရိုင်းကြီး နှောင်ကြိုးမှ လွတ်မြောက်ရန် အလူးအလဲ ရုန်းကန်နေသကဲ့သို့ သင်္ဘောကြီးမှာလည်း မမှောက်ရုံတမယ် လူးလွန့်နေတော့သည်။ ကျမတို့အားလုံး ကြမ်းပြင်ပေါ်တွင် ကောင်းကောင်း ရပ်တည်ရာ မရတော့ပေ။ လေလှိုင်းလုံးများအပြင် ရေလှိုင်းများပင် တလိမ့်လိမ့် တက်လာပြီဖြစ်သောကြောင့် လဲကျလိုက် ပြန်ထလိုက်ဖြင့် အသက်ပင် မနည်းဝအောင် အနိုင်နိုင် ရှူနေရသည်။ တိုင်ကို လက်ဖြင့် အတင်းဖက်တွယ်ထားသောကြောင့် ထင်သည်။ လက်မောင်းနှစ်ဘက်လုံးနှင့် ရင်ဘတ်မှာ အတော်လေး နာနေပြီ။ ထိုသို့ ကိုယ့်အသက်ကို မနည်းသတိထားနေရ၍ ပတ်ဝန်းကျင်ကို သတိမထားဖြစ်ခဲ့။ သတိရ၍ ခေါင်းမေ့ကြည့်ရာ ဖေကြီးမှာ ရေထဲလေထဲ သူ့တပည့်များနှင့် အလုပ်ရှုပ်နေသည်။ ကမ်းပေါ်ကို လှမ်းကြည့်လိုက်၊ လေထဲ လွှင့်ပါလာသော သစ်တိုသစ်စကို ရှောင်လိုက်၊ တပည့်များကို အော်ပြောလိုက်နှင့် အားလုံးကို ဝါးတားတားသာ မြင်ရတော့သည်။ ထိုစဉ် လေပြင်းပြင်းတစ်ချက် ပင့်တိုက်လိုက်ရာ ဂျုန်း … ဟူသော အသံ၏ အဆုံးတွင် ဖေကြီးလည်း ကြမ်းပြင်ပေါ် ညွတ်ခွေကျသွားသည်ကို မြင်လိုက်ရ၍ ကျမ သူ့ဆီ အတင်းမရမက လေးဖက်ထောက်ကာ အရောက်သွားလိုက်သည်။ ဖေကြီး ပါးစပ်မှ ‘သွားပြီ သွားပြီ’ ဟူသော အသံသာ မရေမရာ ကြားနေရသည်။ ဖေကြီးဆီ ရောက်ဖို့ လက်တကမ်းအလိုမှာပင် ကျမ၏ တစ်ဘဝလုံးကို လွှင့်ထွက်သွားအောင် ဆောင့်တိုက်ပစ်လိုက်သော လေပြင်းကြောင့် ဖေကြီးပြောသော ‘သွားပြီ’ ၏ အဓိပ္ပာယ်ကို ကျမ နားလည်သွားတော့သည်။
ကျမတို့ သင်္ဘောနှင့် ကြိုးချည်ထားသော လူနှစ်ဖက်လောက်ရှိသည့် သစ်ပင်ကြီး လေတိုက်၍ ကျိုးပျက်ယိုင်လဲသွားခဲ့လေပြီ။ ချည်ထားသော ကြိုးလည်း ပြေ၍ လေယူရာတိမ်း ယိမ်းထနေတော့သည်။ အထက်အောက်မှ ရိုက်ပုတ်နေကြသော ရေလှိုင်းလေလှိုင်းတို့၏ ဒဏ်ကို ဒီသင်္ဘော ဘယ်လောက်ကြာကြာ ခံနိုင်မှာတဲ့တုန်း။ နဂိုက ကျမတို့မှာ ဆန်ကောထဲ ဆီးဖြူသီးထည့်လှိမ့်သလိုသာ ရှိခဲ့ရာမှ ယခုအခါ ရေဗူးထဲ ထည့်၍ ခလောက်ခံနေရသလို။ ကျမ ဘာဆို ဘာမှ သဲသဲကွဲကွဲ မမြင်ရတော့၊ အံကျိတ်၍သာ အနားရှိ အရာတစ်ခုခုကို အတင်းအကျပ် ဖက်ထားမိသည်။ ထို ဖက်ထားသောအရာသည် မည်သည့်အရာနည်း။ ကျမ မသိတော့။ လူအများကြီးက ကျမကို ဝိုင်းရိုက်နေကြသကဲ့သို့ ကျမ တစ်ကိုယ်လုံးလည်း အတော်လေး နာကျင်နေပြီ။ ငါ သေလို့မဖြစ်ဘူး ဟူသော မာန်ကလွဲ၍ ကျမမှာ ဘာမှ မရှိတော့။ ထိုမာန်သည်ပင် တဖြည်းဖြည်းနှင့် ယုတ်လျော့နေပြီ။ ကျမ တစ်ခုတည်းသာ တွေးနေမိတော့သည်။ ကျမစိတ်ကို လွှတ်ချလိုက်လျှင် အားလုံးပြီးသွားမလား။ ဒါဆို ဒီနာကျင်မှုတွေ ဘယ်ရှိလောက်တော့မလဲဟု တွေးရင်း တင်းတင်းဖက်ထားသော လက်နှစ်ဖက်သည် သူ့အလိုလို တဖြည်းဖြည်း ပြေကျနေလေပြီ။ လွှတ်ချလိုက်သည် ဆိုလျှင်ပင် လေထဲ ဝဲကနဲဆိုသလို ရေလှိုင်း၏ ခေါ်ရာသို့ လွှင့်ပါသွားတော့သည်။ ကျမ ဘာမှ မသိချင်တော့ပါ။ ဘာမှလည်း မသိတော့ပါ။
(ဆက်ရန်)

တုတ်နှောင်ထားသော ကြိုးတစ်ချောင်း

ဦးထွန်းအောင်သည် အလုပ်ကိစ္စတစ်ခုဖြင့် ခရီးထွက်ရင်း တစ်နေ့ ရေတာရှည်မြို့နယ် အတွင်းရှိ ဆင်များ ထိန်းသိမ်းလေ့ကျင့်ရာ ဖိုးကျားဆင်စခန်းသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ထိုဆင်စခန်းတွင် အသစ်ဖမ်းဆီးရမိသော ဆင်များ၊ ဆင်ပေါက်ကလေးများအား လေ့ကျင့်သင်ကြားပေးသကဲ့သို့ အရွယ်ရောက်ပြီး ဆင်များကိုလည်း သစ်ဆွဲရာတွင် လက်တွေ့ အသုံးချလျက် ရှိသည်။ ထိုသို့ လေ့ကျင့် သင်ကြားနေသည်ကို ကြည့်ရှုရင်း စိတ်ဝင်စားဖွယ် အကြောင်းရပ်တစ်ခုကို သတိထားမိလေသည်။ ၎င်းမှာ ဆင်အကောင်ကြီးများအား ချည်နှောင်ထားသော ကြိုးသည် ဆင်၏ ခွန်အား ဗလနှင့် နှိုင်းစာလျှင် သေးငယ်နေလေသည်။ အမှန်တကယ်ဆိုလျှင် ထိုဆင်ကြီးသည် အလွယ်တကူပင် မိမိအား ချည်ထားသော ကြိုးကို ဆွဲဖြတ်ပစ်လိုက်နိုင်သည်။ သို့သော် ထိုဆင်ကြီးမှာ မည်သို့မျှ ရုန်းထွက်ဖို့ မကြိုးစားသကဲ့သို့ သူ့မှာ ရုန်းထွက်ချင်စိတ်လည်း ရှိပုံမရ။ ထိုအချက်ကို သတိထားမိသော ဦးထွန်းအောင်မှာ ဆင်ငယ်ကလေးများကော မည်သို့ ရှိမည်နည်းဟု သိချင်လာသောကြောင့် ဆင်ပေါက်ကလေးများ ထားရာ စခန်းသို့ သွားရောက် ကြည့်ရှုလေတော့သည်။ ထိုဆင်ပေါက်ကလေးများအား ချည်နှောင်ထားသော ကြိုးမှာ ဆင်ကြီးများ ချည်နှောင်ထားသော ကြိုးနှင့် အရွယ်အစား အတူတူပင် ဖြစ်လေသည်။ အဘယ်ကြောင့် ဆင်ကြီးနှင့် ဆင်ငယ်တို့အား ချည်ထားသော ကြိုးသည် ရွယ်တူ ဖြစ်ရပါသနည်း။ အဘယ်ကြောင့် ဆင်ကြီးများသည် ထိုတုတ်နှောင်ထားသော ကြိုးကို အလွယ်တကူ ဆွဲဖြတ်၍ ထွက်ပြေးနိုင်ပါလျက် အဘယ်ကြောင့် ထွက်မပြေးကြသနည်း။ ဤမေးခွန်းများကို ကြံစည်၍ မတတ်နိုင်သည့်အဆုံး ဆင်ထိန်းရှိရာသွား၍ မေးမြန်းကြည့်လေတော့သည်။
ဆင်ပေါက်ကလေးတွေက ကလေးပီပီ စူးစမ်းချင်တယ်။ စမ်းသပ်ချင်တယ်။ ကြိုးစားချင်စိတ် အပြည့်ရှိတယ်ဗျ။ လူလိုပဲလေ။ ဒီတော့ သူဟာ လွတ်မြောက်ဖို့အတွက် သူတို့ကို ချည်နှောင်ထားတဲ့ ကြိုးကို ဆွဲဖြတ်လို့ ပြတ်မပြတ်ဆိုတာ အမြဲ ကြိုးစားကြည့်တတ်ကြတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ အားနဲ့ မမျှတဲ့၊ သူတို့ မဖြတ်နိုင်လောက်တဲ့ ကြိုးတုတ်တုတ်ကို စီစဉ်ထားရတယ်။ သူတို့ဟာ တော်တော် အရွယ်ရောက်တဲ့ အထိကို ဆွဲဖြတ်ကြည့်ကြတယ်။ မရတော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချပြီး အဆုံးမှာတော့ သူတို့ ဘယ်တော့မှ မကြိုးစားကြတော့ဘူးလေ။ အဲဒီဆင်တွေ ကြီးလာတဲ့အခါမှာ ငယ်ငယ်ကထက် ခွန်အားတွေ အဆတစ်ရာမက ကြီးထွားလာပေမယ့် သူတို့ ငယ်ငယ်က သိထားတဲ့ ‘မရပါဘူးကွာ’ ဆိုတဲ့ အသိအရ ကြိုးစားမကြည့်တော့ဘူး။ ဒါကြောင့် ဆင်ကြီးတွေကို ငယ်ငယ်က ကြိုးသေးသေးလေးတွေ ချည်ထားရုံနဲ့ လုံလောက်ပါတယ်။ သူတို့ ထွက်မပြေးပါဘူး။
ထို စကားကို ကြားရသောအခါ ဦးထွန်းအောင်သည် သူ၏ ပထမတန်း ကျောင်းသားဘဝကို မျက်လုံးထဲ မြင်ယောင်လာမိတော့သည်။ တစ်နေ့ ကျောင်းတွင် သင်္ချာအချိန်၌ ဆရာမက ကျောင်းသားများကို တစ်ယောက်ချင်း စာမေးလေသည်။ ကျောက်သင်ပုန်းပေါ်တွင် ၃ + ၄ ဟု ရေးထားပြီး အဖြေဘယ်လောက်လဲဟု မေးခြင်း ဖြစ်သည်။ ဆရာမက ကျောင်းသားများထဲမှ တစ်ယောက်ကို ရွေးချယ်လိုက်ရာ ထိုသူငယ်မှာ မောင်ထွန်းအောင်လေးပင် ဖြစ်သည်။ မောင်ထွန်းအောင်သည် ကြောက်ကြောက်နှင့် တုန်ချိချိ မတ်တပ် ထရပ်လိုက်သည်။ သူ၏ ခေါင်းကို မိုးကြိုးပစ်သလို ခံစားလိုက်ရပြီး မျက်ရည်များပင် ဝဲတက်လာသည်။ တကယ်တော့ မောင်ထွန်းအောင်လေးသည် ဂဏန်းသင်္ချာနှင့် ပတ်သက်လျှင် အလွန် အားနည်းပေသည်။ ကလေးလည်း ဖြစ်သောကြောင့် ကြောက်စိတ်ဖြင့် မွှန်ထူနေပြီး မျက်ရည်များနှင့် ငိုသာ ငိုနေတော့သည်။ ဘယ်လိုမှ မေး၍မရသော ဆရာမက ဒီလောက်မှ ညံ့ရလားဟုဆိုကာ မောင်ထွန်းအောင်လေးကို ရိုက်ပါတော့သည်။ အိမ်ပြန်အရောက် ငိုထားသော မျက်နှာကို မြင်ရသော မိခင်ဖြစ်သူက အကျိုးအကြောင်း မေးလေသည်။ သားငယ်၏ ပြောစကားအဆုံးတွင်
‘သား ဘာမှ အားမငယ်နဲ့ သိလား။ မေမေတို့ မျိုးရိုးမှာ ဂဏန်းသင်္ချာ ပိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး’
ထိုစကားကို ကြားရသော မောင်ထွန်းအောင်လေးမှာ အားတက်သွားပြီး ‘ငါတစ်ယောက်တည်းမှ မဟုတ်တာ။ ငါတို့ တစ်မျိုးလုံး ငါ့အတိုင်းပဲ။ ငါ သင်္ချာမရတာ ဘာအရေးလဲ။‘ ဟူသော ခံယူချက်ကို မြဲမြဲ ချမှတ်လိုက်လေတော့သည်။
ထိုကြိုးသည် ယခုအချိန်ထိ ဦးထွန်းအောင်အား ချည်နှောင်ထားဆဲပင်။ ယခု အသက် (၅၀) ကျော် အရွယ်အထိပင် ဦးထွန်းအောင်မှာ ဂဏန်းတွက်စက်မှ မရှိလျှင် မတွက်တတ်။ စာရင်းအင်းဆိုလည်း ဝေးဝေးမှ ရှောင်သည်။ ဂဏန်းသင်္ချာ အပေါင်းအနုတ် လုပ်ရမည်ကို သေမလောက် ကြောက်သည်။ အဘယ်ကြောင့်နည်း။ ဦးထွန်းအောင် ထိုမေးခွန်း၏ အဖြေကို ယခုမှ ကောင်းကောင်း နားလည်သွားပေပြီ။ သူ့အား ငယ်ငယ်က ကြောက်ရွံ့မှု ဟူသော ကြိုးတစ်ချောင်းက ရာသက်ပန် ချည်နှောင်ထားခဲ့လေပြီ။ ပထမတန်း ကျောင်းသားဘဝက ခဏတာ ရုန်းထွက်ဖို့ ကြိုးစားခဲ့သော နှောင်ကြိုးတစ်ချောင်း။ ကြိုးစားပြီး ခဏမှာပင် ရုန်းထွက်ရန် စွန့်လွှတ်ခဲ့သော ဆုံးဖြတ်ချက်။ ထိုဆုံးဖြတ်ချက်ကြောင့် အသက်ကြီးပြင်းလာသည်အထိ ဆက်လက် တုတ်နှောင်နေဆဲ ကြိုးတစ်ချောင်း။ ထိုကြိုးတန်းလန်းနှင့်ပင် ဦးထွန်းအောင် သေသည်အထိ အသက်ဆက် နေရပေတော့မည်။ 
xxx ooooo xxx
ကြိုးချည်ခံထားသော တိရစ္ဆာန်တစ်ကောင်သည် သနားစရာ ကောင်းသည်မှာ အမှန်ပင်။ သူတို့လည်း လွတ်လွတ်လပ်လပ် သွားလာချင်ပေလိမ့်မည်။ နွားဖားကြိုး ထိုးထားသော နွားများ၊ ကကြိုးဆင်ထားသော မြင်းများ၊ သစ်ဆွဲနေသော ဆင်ကြီးများ၊ လည်ပင်းမှ ကြိုးတန်းလန်းနှင့် ခွေးများ ကြောင်များ၊ ထိုထိုသော တိရစ္ဆာန်များကို မြင်ရသောအခါ ကျနော် သနားစိတ်ဝင်မိသည်။ ရေငတ်လျှင်ပင် သူတို့မှာ စိတ်ကြိုက်သွား၍ မသောက်နိုင်။ ကြိုးဆွဲရာ ကကြရသော ရုပ်သေးရုပ်များသာ။ သူတို့က လူတွေကို မျက်နှာငယ်ဖြင့် ကြည့်တတ်ကြသည်။ သနားစဖွယ် တောင်းခံနေသော မျက်နှာထားဖြင့် ကြည့်တတ်ကြသည်။ သူတို့တွေ ကျနော်တို့ လူသားများကို အားကျနေမည်မှာ အမှန်ပင်။ သို့သော် …. ။ သူတို့ အားကျသလို ကျနော်တို့ လူသားတွေကရော အတုတ်အနှောင်မှ လွတ်ပါ၏လော။ ဤ မေးခွန်းများကို ဖြေကြည့်ပါ။ သင်၏ လည်ပင်းတွင် တုတ်နှောင်ထားသော ကြိုးရှိမရှိ သင် သိလာပါလိမ့်မည်။
၁။ သင် တစ်နေ့တာအတွင်း အစားအသောက် တစ်ခုခုကို ဒါလေးဖြင့် စားချင်လိုက်တာ၊ သောက်ချင်လိုက်တာဟု အာသာပြင်းပြင်း တောင့်တဖူးပါသလား။
၂။ ဒီကောင့်ကို တွေ့ရင်ဖြင့် စော်ပစ်ဦးမည် ဟု တစ်ဦးတစ်ယောက်အား အငြှိုးအတေး ထားဖူးပါသလား။
၃။ သူအခု ဘာများ လုပ်နေပါလိမ့်၊ ဘယ်များ ရောက်နေပါလိမ့် ဟု တစ်ဦးတစ်ယောက်အား သတိရဖူးပါသလား။
၄။ သူ့ကို တွေ့ရရင် ကောင်းမှာပဲ (သို့) ဒီကောင့်ကို တွေ့ကို မတွေ့ချင်ဘူးဟု မျှော်လင့်ဖူးပါသလား။
၅။ ဒီစာအုပ် ဖတ်ချင်လိုက်တာ၊ ဒီသီချင်း နားထောင်ချင်လိုက်တာ၊ ဒီရုပ်ရှင်ကား ကြည့်ချင်လိုက်တာဟု သင် တောင်းဆိုဖူးပါသလား။
၆။ သင် တစ်စုံတစ်ယောက်နှင့် ငြင်းခုံဖူးပါသလား။
၇။ သင့်ခံယူချက် (သို့) လုပ်ရပ်သည်သာ မှန်သည်ဟု သင် ယုံကြည်ဖူးပါသလား။ (ဘာသာတရား အပါအဝင်)
၈။ ငါ သီလရှိသလို သူတို့ကော သီလရှိရဲ့လား ဟု သင် သူတပါးအား တိုင်းထွာဖူးပါသလား။
၉။ မိမိကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ် ကြည့်ဖူးပါသလော။
၁၀။ ဒီထက် မြင့်တဲ့ သာတဲ့ နတ်ဘုံ ဗြဟ္မာဘုံကို ရောက်ချင်လိုက်တာ၊ ရောက်အောင် လုပ်မည်ဟု သင် ခံယူဖူးပါသလား။
၁၁။ သူက ငါ့ကို တခြားသူလောက် မချစ်ဘူးဟု စောဒက တက်ဖူးပါသလား။ (မိဘနှင့်သားသမီး အပါအဝင်)
၁၂။ ဒီနေ့ ဘာမှ မလုပ်ချင်ဘူးကွာ ဟု သင် တွေးဖူးပါသလား။
၁၃။ ငါ့ကို ဒီလို လုပ်လို့ ဘယ်ရမလဲကွာ ဟု သင် ကျိန်းဝါးဖူးပါသလား။
၁၄။ ငါ့ဟာငါ မရှိတာ (သို့) မသိတာ သူနဲ့ ဘာဆိုင်လဲကွ ဟု မာန်ဆောင်ဖူးပါသလား။
၁၅။ သင် ကြားဖူးသော၊ သိဖူးသော၊ သင်ဖူးသော အရာများ၊ ပညာများကို ဂုဏ်ယူစွာ တင်ပြဖူးပါသလား။
၁၆။ သင် တိရစ္ဆာန် တစ်မျိုးမျိုးကို ကြည့်ရန် (သို့) တို့ထိရန် ကြောက်ပါသလော။ (တချို့ တီကောင်၊ တချို့ ခူယားကောင် ကြောက်သည်)
၁၇။ သင် ရွံတတ်ပါသလော။
အထက်ပါ မေးခွန်းများကို မညာတမ်း ဖြေကြည့်လျှင် သင့်လည်ပင်းတွင် တုတ်နှောင်ထားသော ကြိုးသည် တစ်ချောင်းမကကြောင်း သင် သတိထားမိလာပါလိမ့်မည်။ ထိုမေးခွန်း၏ အဖြေများကို ကျနော် မသိချင်ပါ။ သို့သော် သူကိုယ်တိုင် သိထားဖို့ လိုအပ်ပါသည်။ သို့မှသာ သင့်လည်ပင်းရှိ ကြိုးအရေအတွက်ကို သင် သိနိုင်ပေမည်။