တံခါးခေါက်သံများ (၇)

လူတစ်ယောက်ကို မေ့ဖို့ တမင်သက်သက် လုပ်ယူနေရသရွေ့ နှစ်ဆတိုးတဲ့ နှုန်းနဲ့ တိုးတိုးပြီး သတိရနေတတ်တယ်။ မေ့ဖို့ ကြိုးစားလေလေ မေ့မရလေပေါ့။ မမေ့လို့ အသားကို နာအောင် လုပ်မိခါမှ အသားနာတိုင်း သတိရနေမိတော့တယ်။ တကယ်တမ်း ကျနော် မန္တလေး ပြန်ရောက်ကတည်းက သူနဲ့ ကျနော် ဖုန်းအဆက်အသွယ်က လွဲလို့ ဘာမှ မရှိတော့ဘူး။ တစ်ခါတလေ သူက ဖုန်းဆက်လာတတ်တယ်။ အင်မတန် နည်းပါတယ်။ တစ်ခါတလေတော့ ကျနော် ခေါ်တယ်။ နှစ်ယောက်စလုံးကို အပြန်အလှန် ခင်တဲ့ သူငယ်ချင်းလည်း မရှိလေတော့ ကျနော် သူနဲ့ ပတ်သက်တဲ့ အကြောင်းတွေကို ဖုန်းဆက်မှ သိရတယ်။ အဲဒီလိုပါပဲ သူလည်း ကျနော်နဲ့ ပတ်သက်လို့ ဖုန်းအဆက်အသွယ် မရရင် ဘာမှ ကြားရမှာ မဟုတ်တော့ဘူး။ ဒီလိုနဲ့ သူကလည်း ဖုန်းမဆက်၊ ကျနော်ကလည်း အသံကြားရင် ပိုဆိုးနေလိမ့်မယ်ဆိုပြီး အစိမ်းဖြတ် ဖြတ်ထားလိုက်တယ်။ ကြာတော့လည်း မေ့သွားတာပေါ့။ ၈လ ဆိုတဲ့ အချိန်က ကောင်းကောင်း ကုစားနိုင်ခဲ့လို့ ပျော်နေခဲ့မိတာ အမှန်ပါ။ အဲဒီလို ကြိတ်ပျော်ခဲ့တဲ့ အပျော်တွေက တစ်နေ့နေ့မှာ “နောင်တ” အသွင် ပြောင်းသွားလိမ့်မယ်လို့ ဘယ်သိခဲ့မှာတုန်း။

စာဖတ်သူအနေနဲ့ ရုပ်ရှင်ထဲမှာ မြင်ဖူးမယ်ထင်တယ်။ လင်လုပ်တဲ့သူ တစ်ခုခု ဖြစ်ရင် ဇနီးသည်က အင်္ကျီချုပ်ရင်း အပ်စူးတဲ့ အခန်းကို ကြည့်ဖူးကြမယ်ထင်တယ်။ ဒါမှမဟုတ် သန့်ရှင်းရေး လုပ်ရင်းနဲ့ အနီးနားမှာ ရှိတဲ့ ပစ္စည်းတစ်ခုခုကို တိုက်မိပြီး ပြုတ်ကျ ကွဲတာကို ရိုက်ပြတတ်တယ်။ အဲဒီလို သက်ဆိုင်ရာ လူတစ်ယောက်ယောက်ကို ပုံစံတစ်မျိုးမျိုးနဲ့ အသိပေးတတ်တာ ကြုံဖူးကြမလား မသိဘူး။ သိပ္ပံပညာအရ အဓိပ္ပာယ် ရှိကောင်းမှ ရှိမှာပေါ့လေ။ ဒါကြောင့်လည်း တချို့က မယုံချင်ကြဘူး။ ကိုယ်တိုင် ကြုံမတွေ့ရတော့လည်း ယုံရခက်သားပါ။ တစ်ယောက်ယောက်က လှမ်းပြီး နှိုးဆော် အသိပေးသလို ဖြစ်နေတာကိုး။ ကျနော်ကိုတော့ ဘယ်သူကမှ လာပြီး မနှိုးဆော်ပါဘူး။ ဒါပေမယ့် အဲဒီလို အလားတူ ထူးဆန်းတဲ့ ဖြစ်ရပ်နဲ့ လာကြုံရတယ်။

ကျနော် မုံရွာ စီးပွားရေး တက္ကသိုလ်မှာ ကျောင်းတက်နေတဲ့ အချိန်ပေါ့။ ဒါပေမယ့် ကမ္ဘာ့ဖလား ဘော်လုံးပွဲကို ကြည့်ချင်တာနဲ့ ကျောင်းလစ်ပြီး မန္တလေးမှာ ရောက်နေတဲ့ အချိန်ပါပဲ။ ရက်စွဲ အတိအကျနဲ့ဆိုရင် ဘော်လုံးပွဲ အပြီး နှစ်ရက် အကြာ ၂ သြဂုတ် ၂၀၀၂ ခုနစ်။ နေ့ခင်းပိုင်းအချိန်မှာ ဖုန်းတစ်ကော ဝင်လာတယ်။ ခေါ်လာတဲ့ သူက ကျနော် နှမပါ။ အဖေ၊ အမေနဲ့ ဖုန်းပြောပြီး ကျနော်နဲ့ ပြောချင်တယ်ဆိုပြီး ခေါ်ခိုင်းတယ်။ ကျနော် ဖုန်းသွားကိုင်တော့ သူက ထူးထူးဆန်းဆန်း မေးခွန်း တစ်ခု မေးလာတယ်။ “အကို အိစုလှိုင် ကို သိလား” တဲ့။ ကျနော် အူကြောင်ကြောင် ဖြစ်သွားတယ်။ သူ ဘယ်လိုလုပ် အဲဒီ နာမည် သိသလဲပေါ့။ “အင်း သိတယ်လေ၊ ဘာဖြစ်လို့တုန်း” လို့ ပြန်ပြောလိုက်တော့ “အကို့ သူငယ်ချင်းလား” တဲ့ ကျနော့်ကို ပြန်မေးတယ်။ “အေး” လို့ပဲ ပြန်ဖြေရတော့တာပေါ့။ ဒီဇာတ်လမ်းကို ကျနော့် နှမ မသိတာတော့ သေချာတယ်။ တခြားလူတစ်ယောက်က အိစုလှိုင် ဆိုတဲ့ နာမည်ကို ခေါ်တာ ကျနော် နားထဲမှာ ပြန်ကြားရတာ တစ်နှစ်လောက်အတွင်းမှာ ဒါ ပထမဆုံး အကြိမ်ပါ။ အဲဒီလို နာမည်ခေါ်တာ ပြန်ကြားရတော့ အတော်တောင် ပြန်လွမ်းသွားသလိုပဲ။ လွမ်းဆိုလည်း လွန်ခဲ့တဲ့ နှစ်ရက်ကမှ သူ့ကို အတော်လေးကို သတိရနေမိတာ။ အော် ရှစ်လတောင် ရှိသွားပါပေါ့လား ဆိုပြီးတောင် ကြိမ်းဝါးနေခဲ့မိသေးတယ်။

အေး လို့ ပြန်ထူးလိုက်တော့ ကျနော့် နှမက အသက်တစ်ချက် ပြင်းပြင်းရှူလိုက်ပြီး “အကို့ သူငယ်ချင်း ဆုံးပြီလို့ ကြားတယ်” လို့ မရဲတရဲ လှမ်းပြောလိုက်တယ်။ ကျနော် ပါးစပ်က “ဟေ” ဆိုတဲ့ စကားလုံးတစ်လုံးက လွဲပြီး ဘာမှ ထွက်ကျမလာတော့။ ကိုယ့်ကိုယ်ကို သတိပြန်ဝင်လာတော့ သေချာ ပြန်စဉ်းစားကြည့်မိတယ်။ နောက်ပြီး သူ့ကို မေးခွန်းတွေပဲ ဆက်တိုက် မေးနေမိတော့တယ်။

နေပါဦး၊ နင့်ကို ဘယ်သူက ပြောတာလဲ။
သူငယ်ချင်းတစ်ယောက်ပဲ။
သူက ဘယ်လိုလုပ်သိတာလဲ။
ကြားတာပဲတဲ့။
နင့်ဟာကလဲ။ ဟုတ်ကော ဟုတ်ရဲ့လား။ ဘယ်လိုကြီးတုန်း။
မသိဘူးလေ။ သတင်းက ဘယ်ကလာလဲတော့ မသိဘူး။ သူများတွေ ပြောနေတာကို ကျမ သူငယ်ချင်းက ကြားလို့ ကျမကို လာပြောတာပဲ။ အကို့နာမည်ကို သူတို့က သိလို့ လာပြောတာ။
အဲဒီ ပြောတဲ့ လူတွေက ဘယ်လို ပြောနေလို့တုန်း။
ဒီတက္ကသိုလ်မှာ ကိုပီကေ (နာမည်အရင်း ဖျောက်ထားသည်) ဆိုတဲ့လူကို သိလားတဲ့။ သူ့ သူငယ်ချင်း အိစုလှိုင်က ဒီမှာ ရှိတယ်လို့ ပြောဖူးလို့တဲ့။ အခု အဲဒီ အိစုလှိုင်ဆိုတဲ့ ကိုပီကေရဲ့ သူငယ်ချင်း ဆုံးသွားလို့ သူ့ကို အသိပေးချင်လို့တဲ့။ အဲလို ပြောနေကြတာပဲ။
အဲဒီ ပြောတဲ့လူကကော ဘယ်ကတုန်း။
သိဘူး။
နင့်ဟာက မသိတာတွေချည်းပဲ။

ဒီလိုနဲ့ ကျနော် ဖုန်းချလိုက်တော့တယ်။ ဘာမှလည်း ထပ်မေးလို့ မရတော့။ ကြားရတဲ့ သတင်းကတော့ မခိုင်လုံ။ ဒီတော့ ကျနော့်မှာ ယုံရခက်ခက်။ တကယ်တမ်းတော့ မသိစိတ်က မယုံချင်တာ ဖြစ်ပါလိမ့်မယ်။ သိချင်ရင်တော့ လွယ်လွယ်လေးပါ။ သတင်းစာ ပြန်ရှာဖတ်ရင်ဖတ်၊ မဖတ်ချင်ရင် သူ့အိမ် ဖုန်းဆက်ရုံပေါ့။ ကျနော် သိသလောက် သူ့မှာ ဘာရောဂါမှ မရှိဘူး။ ဖျားခဲ၊ နာခဲတယ်။ အခု ဆုံးပြီဆိုတော့ ကျနော်ကတော့ ဘယ်လိုမှ မယုံနိုင်ဘူး။ လွန်ခဲ့တဲ့ နှစ်ရက်က ဆုံးတာဆိုတော့ ပြန်တွက်ကြည့်လိုက်တော့ ကျနော် တအားကို သတိရနေတဲ့နေ့။ ဒီတော့ သတင်းစာ ပြန်လှန်ရှာလိုက်တယ်။ နာရေးကြေငြာမှာ သူ့နာမည် တွေ့လိုက်ရတော့ ကျနော်ရဲ့ ကမ္ဘာလောကကြီးက ၁၀ မိနစ်လောက် အမှောင်ကျသွားသလိုပဲ။ ဒီလိုနဲ့ ကျနော် သူ့အိမ်ကို ဖုန်းဆက်ပြီး အကျိုးအကြောင်း မေးရတော့တယ်။ သူ့အမေကတော့ ငိုယိုပြီး ရှင်းပြရှာတာပေါ့။

ရောဂါရဲ့ အစကလည်း အဲဒီ လွန်ခဲ့တဲ့ ရှစ်လပါပဲ။ သူရဲ့ သွားတစ်ချောင်း သွားနှုတ်ပြီး နှစ်ရက်ကြာတဲ့အထိ သွေးမတိတ်လို့ ဆေးစစ်ကြည့်လိုက်မှ သွေးကင်ဆာ ဖြစ်မှန်း သိလိုက်ရတယ်။ ကင်ဆာမှန်းသိလို့ ဓါတ်ကင်၊ ဆေးသွင်း စတဲ့ ကုသမှုတွေ ပထမဆုံး အကြိမ် ခံယူအပြီး ဆံပင်မွှေးတွေ အားလုံး ကျွတ်ကုန်လို့ စိတ်ဓါတ်ကျကျနဲ့ အိမ်မှာပဲ နေတော့တယ်။ သူ့ဆီ ဆက်သွယ်လာတဲ့ သူငယ်ချင်းက လွဲလို့ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်တော့ဘူးတဲ့လေ။ အဲဒီလို တစ်လတစ်ခါ ဆေးသွင်း၊ဓါတ်ကင် လုပ်ရင်းနဲ့ပဲ ရှစ်လအကြာမှာ ၃၁၊ ဇူလိုင်လ ၂၀၀၂ မှာ သူ ဆုံးရှာတယ်။ သွေးကင်ဆာက လူတွေနဲ့ ရင်းနှီးပြီးသား ရောဂါဖြစ်လို့ ရှည်ရှည်ဝေးဝေးတော့ ရှင်းမနေတော့ပါဘူ။ ဒါပေမယ့် သိထားသင့်တာက ကင်ဆာ ရောဂါသည်တွေအတွက် အဆိုးဝါးဆုံး ဝေဒနာဟာ အားငယ်ခြင်းနဲ့ စိတ်ဓါတ်ကျခြင်းပဲ။ ရောဂါရဲ့ ဝေဒနာထက် ကုသမှုကြောင့် ဖြစ်လာတဲ့ တန်ပြန် သက်ရောက်မှုတွေကို အတော်လေး ကြံ့ကြံ့ခိုင် ခံကြရတယ်။ အဲဒီလို အချိန် ဘေးမှာ အားပေး နှစ်သိမ့်မယ်သူ ရှိနေမယ်ဆိုရင်တော့ ရဲရဲ ရင်ဆိုင်ဖို့က အားရှိနေမှာပါ။ အဲဒီလို မဟုတ်ဘဲ အထီးကျန် ဆန်ဆန်နဲ့ အားငယ်နေရမယ် ဆိုရင်တော့ဖြင့် အဲဒီ ဝေဒနာကို ဘယ်ဆေးနဲ့မှ ကုစားလို့ ရမှာ မဟုတ်ပါဘူး။ အထီးကျန် ဆန်တာနဲ့ပဲ သူ့ဖာသာ လောကအပြင်ဘက် ရောက်သွားသလိုလို ခံစားရပြီး စိတ်ဓါတ်တွေက ကျပြီးရင်း ကျလာတော့မှာပါ။

အဲဒီ သတင်းတွေ ကြားအပြီးမှာ ကိုယ့်ကိုယ်ကို မေးခွန်း တစ်ခု မေးလိုက်မိတယ်။

ကိုယ့်ပါးစပ်က ချစ်ပါတယ် ချစ်ပါတယ်လို့ တဖွဖွ ပြောနေခဲ့တဲ့ လူတစ်ယောက်ရဲ့ အလိုအပ်ဆုံး အချိန်တွေမှာ ငါ ဘာလုပ်နေသလဲ

ဒီမေးခွန်းကို ကိုယ့်ဖာသာ ဖြေမကြည့်ခင်မှာပဲ ကျနော် မျက်ရည်တွေ ဝဲလာတယ်။ အဲဒီ မျက်ရည်တွေဟာ နောင်တကြောင့် ကျလာတဲ့ မျက်ရည်တွေပါ။ ဟိုအရင် နေ့တွေက ကျနော် ခိုးပျော်ခဲ့တဲ့ အပျော်တွေဟာ အင်မတန်မှ ရွံစရာကောင်းတဲ့ အကျည်းတန်တဲ့ အပိုင်းအစတွေ ဖြစ်နေပြီ။ ကိုယ့်ဖာသာတော့ မေ့နိုင်ပြီကွဆိုပြီး မာန်တွေ တက်လို့။ အဲဒီ ရှစ်လအတွင်းမှာ သူ့ဆီ ဖုန်းလှမ်းခေါ်ပြီး အားမပေးနိုင်ခဲ့မိတာ အခုအချိန်ထိ နောင်တရလို့ မဆုံးဘူး။ ပစ်ထားရက်လေခြင်း ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်တင်လို့လည်း မဆုံးဘူး။ သူ အလိုအပ်ဆုံး အချိန်တွေမှာ ကျနော် အားပေးနေဖို့ သင့်တယ်လေ။ အခုတော့ အားမပေးတဲ့အပြင် အဆက်အသွယ် ဖျက်လိုက်နိုင်တာကိုပဲ ဂုဏ်ယူနေခဲ့မိတဲ့ ငါ့ဘဝ။ ကိုယ့်ကို ပြန်မချစ်လို့ သေသေဆိုပြီး ပစ်ထားလိုက်မိတာ အချစ်လား။ အခုအချိန်မှာ သက်ပြင်းချလိုက်ရုံက လွဲလို့ ဘာမှ မတတ်နိုင်တော့ပါဘူး။

အခု ပြန်ရေးနေတဲ့ အတောအတွင်းမှာကို ကျနော် စိတ်တွေ ယောက်ယက်ခတ်နေပါတယ်။ ဒါကြောင့် ကျနော် စာတွေလည်း ကစဥ့်ကလျား ဖြစ်နေမယ်ဆိုရင် တောင်းပန်ပါတယ်။ မှတ်မှတ်ရရ ကျနော်ရဲ့ အခြေအနေ ပုံမှန် ပြန်ဖြစ်ဖို့အတွက် ၆ လကျော် အချိန်ယူလိုက်ရတယ်။ အဲဒီ ခြောက်လအတွင်းမှာ အစားအသောက် မမှန်တဲ့အပြင် ညတိုင်းလိုလို သန်းခေါင် (၁၂) နာရီ ကျော်တဲ့အထိ အရိပ်တစ်ခုခုကို စောင့်နေတတ်တယ်။ မကောင်းဆိုးဝါး ဖြစ်စေတော့လို့ ရည်ရွယ်တာ မဟုတ်ပေမယ့် ဖြစ်ခဲ့ရင် ဆိုတဲ့အတွေးနဲ့ လာတွေ့လှည့်ပါဦးလို့ ပါးစပ်က တဖွဖွ ပြောနေမိတယ်။ တောင့်တနေမိတယ်။ သူရဲ့ ဘဝဟာ ရှစ်လပဲ ကျန်တော့မယ်ဆိုတာ သိခဲ့ရင် ငါ အဲဒီလို ဘယ်လုပ်ရက်မှာတုန်း ဆိုတဲ့ နောင်တအတွေးတွေကလည်း နေ့တိုင်းလိုလို နှိပ်စက်လွန်းလို့ ဆိုင်ကယ်မောင်းရင်း မှောက်ပြီးသေ အေးတာပဲ လို့တောင် အတွေးရောက်ခဲ့ဖူးတယ်။ ဒါတွေဟာ ဦးနှောက် မကြည်လင်ခင်မှာ ရူးရူးမိုက်မိုက် တွေးခဲ့တဲ့ အတွေးတွေမို့ အမှန်အတိုင်း ဝန်ခံရတာပါ။

ကျနော်ရဲ့ ဘဝ ပုံမှန် ပြန်ဖြစ်လာပြီ ဆိုတဲ့ အချိန်မှာ ပထမဆုံး စတွေးလိုက်မိတာ၊ ထူးဆန်းမိတာက သူဆုံးပြီဆိုတဲ့သတင်း ရောက်လာတဲ့ ကိစ္စ။ ပြောတဲ့သူ ဘယ်သူလည်း ဆိုတာ ကျနော် မသိဘူး။ သူ ကိုယ်တိုင်လည်း ကျနော်ကို သိပုံ မရဘူး။ ဒါကြောင့်လည်း ရမ်းတန်းမှန်းစမ်းပြီး လူတကာ လိုက်မေးနေတာ။ ကျောင်းသားပေါင်း ထောင်ဂဏန်းရှိတာကို ကျနော့်နားထဲ ရောက်ဖြစ်အောင် ရောက်လာတယ်ဆိုတာတော့ အတော့်ကို ထူးဆန်းမိတယ်။ အတွေးတွေ ပုံမှန် ပြန်တွေးလာနိုင်တဲ့အခါမှာ ဒီတစ်ခါကိုလည်း တံခါးခေါက်သံအဖြစ်နဲ့ ကောင်းကောင်းကြီး မြင်ယောင်လာတယ်။

“ကျနော် ချစ်တဲ့သူတွေဟာ ကျနော်နားကနေ အချိန်မရွေး ထွက်ခွာသွားနိုင်တယ်။ ကျနော်ကလည်း သူတို့နားက အချိန်မရွေး ထွက်ခွာသွားရနိုင်တယ်။”

သူ့ကို လုံးဝဥဿုံ မေ့နိုင်ပြီလို့ ကျနော် အထင်ရောက်ခဲ့တယ်။ သူ ဆုံးပြီလို့ သိလိုက်ရတဲ့ နေ့ကနေ ၆လအတွင်း ကယောက်ကယက် ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေဟာ အဲဒီအဆိုကို ပယ်ချပြီးသား ဖြစ်သွားပါပြီ။ သေချာပါတယ်။ ကျနော် သူ့ကို အခုအချိန်ထိ မေ့ပျောက်လို့ မရသေးပါဘူး။ ရလိုက်တဲ့ သင်ခန်းစာက “ကျနော် ချစ်ခဲ့ဖူး၊ ခင်ခဲ့ဖူးတဲ့ လူတွေကို ဘယ်လိုနည်းနဲ့မှ မေ့ပျောက်ပစ်လို့ မရဘူး။ ကျနော့်ဘဝထဲက ဘယ်လိုနည်းနဲ့မှ ထုတ်ဖယ်ပစ်လို့ မရဘူး” ဆိုတာပါပဲ။ ကျနော့်ကိုယ် ကျနော်လည်း ကတိတစ်ခု ပေးလိုက်မိပါတယ်။

ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်ချစ်ခဲ့ဖူးတဲ့၊ ခင်ခဲ့ဖူးတဲ့ သူတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်ဘူး

12 Replies to “တံခါးခေါက်သံများ (၇)”

  1. အကို့ အတွေးလေးကို လက်ခံပါတယ်။ ဒါပေမယ့် သူက ကိုယ့်ကို မလိုအပ်တော့ဘူး ဆိုရင်ရော… ကိုယ်ကဆက်ချစ်နေပါတယ်… သူ့ဘက်က မချစ်တာ မဟုတ်တော့ပေမယ့် မလိုအပ်တော့ဘူး ဆိုရင် ဘယ်လိုလုပ်ရမလဲ?

  2. မမ………သူ့ဖက်က မဆက်သွယ်တာကတော့ ကင်ဆာဖြစ်နေတဲ့လူတစ်ယောက်အနေနဲ့ သူ့အတွက်ကြောင့် ကိုပီကေကို နောက်ဆံမငင်စေချင်တော့တာ ဖြစ်နိုင်ပါတယ်..။

    တကယ့်အဖြစ်အပျက်က ရုပ်ရှင်ထက် ရင်နင့်စရာတွေ အများကြီးရှိတယ်နော်…။

  3. ဖတ်ပြီးတော့ ဘယ်လိုကြီးဖြစ်သွားလဲမသိဘူး။ နောင်တ ဆိုတဲ့ အရသာက ခေါင်းကို ဒုန်းခနဲလာစောင့်လိုက်သလိုပဲ။

    ကိုပီကေပြောတာမှန်တယ်။ "ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်ချစ်ခဲ့ဖူးတဲ့၊ ခင်ခဲ့ဖူးတဲ့ သူတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်ဘူး" .. ။

  4. ဖတ်ပြီးတော့ ငိုချင်သွားတာပဲ သိတယ်..

    အကို ဒီအကြောင်းကို ရင်နာနာနဲ့ ပြန်ရေးပြရတဲ့ စေတနာကိုလဲ အဆုံးသတ်မှာ ပိုနားလည်သွားတယ်.. အဲဒါကြောင့် ဘ၀မှာ နောင်တ နည်းနိုင်သမျှ နည်းအောင် ကြိုးစားသွားမယ်လို့ တွေးမိတယ်..

    အကိုရဲ့ နောင်တနဲ့ ရင်းပြီး ရလိုက်တဲ့ အသိ.. "ဘယ်လို အကြောင်းအရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ကိုယ်ချစ်ခဲ့ဖူးတဲ့၊ ခင်ခဲ့ဖူးတဲ့ သူတွေကို ဘယ်တော့မှ အဆက်အသွယ် မဖြတ်ဘူး".. ဆိုတာကိုလဲ စိတ်ထဲမှာ စွဲမြဲနေအောင် မှတ်ထားလိုက်ပါတယ်..

    တံခါးခေါက်သံတွေ အတွက် ကျေးဇူးအထူးပါ အကို…။

  5.့ဖြစ်မှ ဖြစ်ရလေ ကိုပီကေရယ်..တို့ဆိုရင်လည်း ဖြေမဆည်နိုင်ဖြစ်မှာပဲ..သူငယ်ချင်းအနေနဲ့ဆိုရင်တောင် ဒီလိုအဖြစ်မျိုးကြုံခဲ့ရင် ကိုယ်သွားမတွေ့မိလေခြင်းဆိုပြီး နောင်တ ရမိမှာ..ခုတော့..။

    သူခမျာလည်း သူ့အဖြစ်ကို သိပြီးတော့ သူတွေ့ချင်ရင်တောင်မှ ထားခဲ့ရမှာကို သိလို့ မဆက်သွယ်တော့တာလည်း ဖြစ်ရှာမှာ.ဒါပေမယ့်လည်း သူ့စိတ်ထဲမှာ ကြိတ်ခံစားနေရရှာမှာပဲ..သနားပါတယ်..

    တူမလေးဆုံးကာနီးတုန်းကလည်း သူတွေ့ချင်သွားတဲ့ သူ့အကိုဝမ်းကွဲက သူ့ကို အိပ်မက်လိုလို တွေ့လိုက်ရတာ..ဒါလည်း တကယ်ရှိနေတဲ့ ထူးဆန်းတဲ့ တိုက်ဆိုင်မှုတွေပဲလား။

    နောက်ဆုံးကျတော့ ကံကြမ္မာလို့ပဲ ပြောရမှာပါ…

  6. အဆုံးသတ်က ထင်ထားတာထက်ကို ဆိုးနေခဲ့တယ် …။ သံယောဇဉ်ဆိုတာ ဖြတ်တောက်ဖို့ခက်ပါတယ် ။ မရှိတော့ပေမယ့် အကောင်းဆုံးဖြစ်အောင် ဆုတောင်းပေးရုံကလွဲလို့……း( ။

  7. ဘာပဲဖြစ်ဖြစ် ကိုပီကေအတွေ့အကြုံရသွားတာပေါ့…နောက်ဘယ်သူကိုမှ အဲလိုအဆက်မဖြတ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တာလည်းကိုပီကေအတွက် အမြတ်လိုပဲသဘောထားပါ။ အခုလိုစာဖတ်သူတွေကို share လုပ်ပြီး နောက်မမှားအောင်ပြောပြနိုင်တာလည်း ကိုပီကေအတွက်အမြတ်တစ်ခုပါပဲ…. သွေးကင်ဆာ ရှိတယ်လို့သိခဲ့ရင် ကိုပီကေလည်း အဲလို ဘယ်လုပ်မလဲ။ သိမှမသိခဲ့ပဲကို …ဘယ်သူမှအပြစ်မရှိပါဘူး… တစ်ခါတစ်လေတော့လည်း ကံတရားကလည်းအဲလိုကိုလေ … ကိုပီကေ ကျန်းမာ..ချမ်းသာပါစေ။

  8. ဟုတ်ကဲ့ဗျာ .
    တကယ်ပါ ဖတ်လိုက်ရတာလည်း
    ကျင်ခနဲ နေသွားတယ်
    ဖြစ်တတ်တာတွေပဲလို့ စိတ်ထဲ မှတ်ထားလိုက်ပေါ့ ဗျာ
    “ဘ၀တစ်ခုဟာ ကံကြမ္မာ သတ်မှတ်လိုက်တဲ့ ကကြိုးအတိုင်း ပိရိတဲ့ ဇာတ်ကောင်ပမာ ဘ၀တစ်ခု အတွင်းမှာ လိုချင်မလိုချင် စားချင်မစားချင် လုပ်နေကိုင်နေရတာပါပဲ ”
    သူငယ်ချင်းအပေါင်းအသင်းများ နှစ်သက်ဖွယ် ဘ၀လေးတွေကို ဖန်တီးနိုင်ကြပါစေဗျာ

  9. ရုပ်ရှင် မဟုတ်တဲ့ ဒီလိုအဖြစ်အပျက်တွေ ဘယ်လောက်များများ ရှိနေမလည်း ဆိုတာမပြောနိုင်ပေမယ့်  စိတ်မကောင်းဖြစ်မိတာတော့ အမှန်ပဲ ..
    ဒါပေမယ့် ကိုကိုယ်တိုင် က အဲလိုဖြစ်လာခဲ့ရင်ကော ..?

  10. အေးဗျာ…ဖတ်ပြီးတော်တော်နင့်သွားတယ်။တခါတလေတော့လဲ သေသေချာချာ ဘက်စုံစိကနေမတွေးမိပဲ လုပ်လိုက်တဲ့အပြုအမူလေးတွေက အတိတ်တစ္ဆေလာ လာချောက်တတ်တယ်ဗျာ။ တံခါးလာခေါက်ပြီး ထပ်သတိပေးတာ ကျေးဇူးပါဗျာ…

Leave a Reply

Your email address will not be published. Required fields are marked *