ကပ်ပါပေ့ မြို့စားရယ် (၅)

အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွန်ုပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွန်ုပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ နားရှိပေမယ့်လည်း မကြားနိုင်တော့။ နှာခေါင်း ရှိပေမယ့်လည်း မနံနိုင်တော့။ ဒီ သာဓကကို ထောက်ချင့်ကြည့်ရင်ပဲ ကျွန်ုပ်ဝါဒဟာ ခိုင်မြဲနေပါလျက် ဘာကြောင့်မို့ ဒီဝါဒကို အကျွန်ုပ် လက်လွှတ်နိုင်ပါ့မလဲ။

အရှင်ကုမာရကဿပ အနေနဲ့ အဲဒီ သာဓကကို ခရုသင်းမှုတ်တဲ့ ယောက်ျားဥပမာနဲ့ ဖြေရှင်းလိုက်ပါတယ်။

အို .. ဒကာတော်၊ ရှေးက ခရုသင်း အမှုတ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ဟာ တောရွာတစ်ရွာဆီ ရောက်သွားတယ်။ အဲဒီ ယောက်ျားဟာ ရွာလည်ခေါင်ကနေ ခရုသင်း မှုတ်လိုက်တယ်။ သာယာတဲ့အသံဟာ ရွာကို လွှမ်းပြီး ထွက်လာတယ်။ အဲဒီအခါ တစ်ရွာလုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားတယ်။ ဘာသံပါလိမ့်၊ တယ်လည်း သာယာလှတာပါလား ဆိုပြီး အဲဒီ ယောက်ျားဆီ ချဉ်းကပ်ပြီး မေးမြန်ကြကုန်တယ်။ ဒီတော့ အဲဒီယောက်ျားကလည်း မချွင်းမချန် အမှန်အတိုင်း ပြောပြလေတယ်။ အဆွေတို့၊ ဒီအရာကို ခရုသင်းလို့ ခေါ်ပါတယ်။ အသင်တို့ စွဲမက်မပြေအောင် ကြားလိုက်ရတဲ့ အသံဟာ ဒီခရုသင်းရဲ့ အသံ ဖြစ်ပါတယ် လို့ ရိုးရိုးသားသား ဖြေကြားတယ်။

အဲဒီအခါမှာတော့ ရွာသားတွေဟာ လုလင်လက်ကနေ ခရုသင်းကို ယူလိုက်ပြီး မြေကြီးပေါ် ချလိုက်တယ်။ နောက် ဟဲ့ ခရုသင်း၊ မြည်စမ်းဟ၊ မြည်လေကွာ လို့ ခရုသင်းကို ပုတ်ပြီး ခိုင်းကြတော့တယ်။ ခရုသင်းကတော့ မမြည်။ နောက်ထပ် ခရုသင်းကို ဘေးစောင်းထားပြီး တစ်မျိုး၊ မှောက်လျက်ထားပြီး တစ်ဖုံ၊ ထောက်လျက်ထားပြီး တစ်ခါ၊ ဇောက်ထိုးထားပြီး တစ်လှည့် ပုံစံအမျိုးမျိုးပြောင်းပြီး ခရုသင်း မြည်လေ၊ မြည်လေ လို့ တစ်ယောက်တစ်ပေါက် ဝိုင်းအုံ အမြည်ခိုင်းပေမယ့် ခရုသင်းကတော့ တုတ်တုတ်မျှ မလှုပ်။

ဖြစ်ရပ်အားလုံးကို မျက်စိဒေါက်ထောက် ကြည့်နေမိတော့ လုလင်ယောက်ျားက ဒီလို တွေးလိုက်မိတယ်။ အော် အတော်လည်း နုံအတဲ့၊ မိုက်မဲလှတဲ့ တော်သားတွေပါလား လို့ တွေးလိုက်မိပြီး ခရုသင်းကို ကောက်ယူကာ ရွာကနေ ထွက်သွားပါတော့တယ်။ တကယ်တမ်း ခရုသင်းဆိုတာ မှုတ်တဲ့သူ၊ မှုတ်ခြင်းလုံ့လ နဲ့ လေ ဒီသုံးမျိုး ဆက်စပ်မိမှ အသံဆိုတာ ဖြစ်နိုင်တာကိုး။

ဒကာတော်၊ ဒီလိုပါပဲ။ ကိုယ်ကာယဟာ အသက်ဇီဝှိန်နဲ့ ထိတွေ့ပေါင်းဆုံမိတဲ့ အခါမှ လှုပ်ရှားလာပြီး အရှေ့ဆီလည်း တက်တယ်။ အနောက်ဆီလည်း ဆုတ်တယ်။ ရပ်လည်း ရပ်တယ်။ ထိုင်လည်း ထိုင်တယ်။ အိပ်လည်း အိပ်တယ်။ မျက်စိနဲ့လည်း အဆင်းကို မြင်တယ်။ နားနဲ့လည်း အသံကို ကြားတယ်။ နှာခေါင်းနဲ့လည်း အနံ့ကို နံတယ်။ လျှာနဲ့လည်း အရသာကို ရတယ်။ ကိုယ်နဲ့လည်း အတွေ့ကို ထိသိတယ်။ စိတ်နဲ့လည်း အတွေး ရောက်တယ်။ အသက်ဇီဝှိန်နဲ့ ကင်းကွာသွားရင်ဖြင့် မတက်၊ မဆုတ်၊ မရပ်၊ မထိုင်၊ မအိပ်၊ မမြင်၊ မကြား၊ မနံ၊ မသိ ဖြစ်ကုန်တော့မှာပေါ့။

အို .. ဒကာတော်၊ ဒီဥပမာကို ထောက်ဆပြီး သင်ရဲ့ ဝါဒခံယူချက်ကို လက်လွှတ်ပြီး တမလွန်လောကဆိုတာ ရှိတယ် ဆိုတဲ့ အမှန်ဝါဒသစ်ကို လက်ခံလိုက်ပါတော့လား။

မမောမပန်းနိုင်၊ မငြီးမငြူနဲ့ မကျွတ်ကျွတ်အောင် ချွေချွတ်ဖို့ ကြိုးစားနေတဲ့ အရှင်သူမြတ်အပေါ် လေးစားရိုး အခံ ရှိပါလျက်နဲ့ ဇွတ်ပေတေပြီး အယူဝါဒဟောင်းကို လက်မလွှတ်နိုင် ဖြစ်နေပါတယ်။ ပါယာသိမြို့စားကြီးက အရှင်သူမြတ်ကို အမူအရာအနေနဲ့ အလေးအနက် ပြုပေမယ့် အယူဝါဒပိုင်းမှာတော့ တစ်ပြားသားမှ မလျှော့။ သူ အဖန်ဖန် သက်သေထူခဲ့တဲ့ အယူဝါဒဟောင်းရဲ့ သက်သေပြချက် ဥပမာတွေကို မမောနိုင် မပန်းနိုင် တစ်ခုပြီး တစ်ခု ထုတ်အန် နေပါတော့တယ်။

7 Replies to “ကပ်ပါပေ့ မြို့စားရယ် (၅)”

  1. ဘ၀ရဲ့ အဆိုးဝါးဆုံးရိုက်ချက်ဆိုတာ 20ရက်နေ့ကစလို့ သိလိုက်ရတာ။ နောင်တတွေနဲ့ စောင့်နေမိတယ်

  2. ဖတ်ပြီး တော်တော်လေးစိတ်မကောင်းဖြစ်ရသလို
    ကိုယ်ချင်းလည်းစာမိပါတယ်ခင်ဗျာ..
    ပြီးတော့ခေါင်းထဲမှာစဉ်းစားစရာအတွေးတွေ တန်းစီပြီး
    ပေါ်လာတယ်..
    အချိန်ဆိုတာခဏလေးရယ်…
    ကျွန်တော်လည်း အဲ့သလိုမျိုး ကြုံခဲ့ ခံစားခဲ့ရဖူးတော့
    တကယ်ကို ကိုယ်ချင်းစာနားလည်မိပါတယ်..
    ဆုံနိုင်ခွင့်ရတဲ့ အချိန်လေးမှာ အချစ်တရား အေးမြမေတ္တာတရားတွေ နဲ့ နေနိုင်ကြရင်တော့ အကောင်းဆုံးပေါ့ခင်ဗျာ….
    အေးမြသယယာရှိပါစေခင်ဗျာ
    လေးစားစွာ

  3. တစ်ခုခုကို ဆုပ်ကိုင်ပြီးရင် လက်လွှတ်လိုက်ဖို့ဆိုတာ တော်တော်ခက်သားလားဗျာ… နော်…

Leave a Reply

Your email address will not be published. Required fields are marked *