မြန်မာစာပေ ကောက်ကြောင်းများ (၁)

ကျနော် မန်းကို ပြန်တုန်းက အိမ်မှာ ဟိုးအရင်က ၀ယ်ထားတဲ့ စာအုပ်တစ်အုပ်ကို ပြန်ဖတ်ရအောင် ဆိုပြီး ရန်ကုန်ကို ယူလာခဲ့လိုက်တယ်။ ဆရာမောင်သာနိုး ရေးတဲ့ မြန်မာ့စကားနဲ့ စာပေ ဆိုတဲ့ စာအုပ်ပါ။ ပြန်ဖတ်ကြည့်လိုက်တော့ ဝေမျှပေးချင်တာတွေ တအား များနေတယ်။ အဲဒီအထဲကမှ မြန်မာစာကို ချစ်တဲ့ လူတိုင်း သိထားသင့်တဲ့ ဗဟုသုတတွေကို မျှဝေပေးမယ်လို့ အခု ဒီခေါင်းစဉ်နဲ့ အခန်းဆက်ဆောင်းပါး ရေးမယ်လို့ စိတ်ကူးလိုက်မိတယ်။ စိတ်ဝင်စားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ ကျနော့်အတွက်တော့ အနည်းဆုံး မပျောက်မပျက်အောင် ထိန်းသိမ်းပေးလိုက် နိုင်တာပေါ့ဗျာ။ ဆရာမောင်သာနိုးရဲ့ အာဘော်နဲ့ နီးနီးစပ်စပ် ဖြစ်အောင် ကောက်နှုတ် တင်ပြလိုက်ရပါတယ်။

သင်္ကြန်ပွဲတော်နား နီးလာပြီ ဆိုရင်ပဲ အမြို့မြို့ အနယ်နယ်မှာ သင်္ကြန်သီချင်းတွေ ဖွင့်လာကြတယ်။ အခုခေတ်ပေါ် ဟစ်ဟော့ သီချင်းတွေနဲ့ အတူ ရော့ခ်သီချင်းတွေလည်း ဖွင့်ကြသပေါ့ဗျာ။ ဘယ်လောက်ပဲ ခေတ်ရှေ့ရောက်ရောက် အခုချိန်ထိ မရိုးမအီနိုင်အောင် ဖွင့်မြဲဖြစ်တဲ့ ခေတ်ဟောင်းသီချင်း တစ်ပုဒ်ကတော့ ကြားနေရတုန်းပါ။ ကြားရပုံကတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်း တော့ ရွှေမန်းတောင်ရိပ် တူတူခိုသူ ပျိုဖြူတွေရယ်” တဲ့။ “တော့” ဆိုတဲ့ မြန်မာစကားလုံးရဲ့ အဓိပ္ပာယ်က အချိန်အခါ ဖြစ်တယ်။ တဲ့အခါ နဲ့ အတူတူပါပဲ။ “မိုးကုန်တော့ ဆောင်းဝင်လာတယ်” ဆိုတာ “မိုးကုန်တဲ့အခါ ဆောင်းဝင်လာတယ်” လို့ ပြောတာပါပဲ။ ဒါဖြင့် “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတော့” ဆိုတော့ “မြနန္ဒာ ရေညိုညို ရစ်ကာသန်းတဲ့အခါ” လို့ အဓိပ္ပာယ် ထွက်သွားတော့မှာပေါ့။ “ရေညိုညို ရစ်ကာ သန်းတဲ့အချိန်ခါမှ ရွှေမန်းတောင်ရိပ် ခိုတယ်” ဆိုတော့ ဘာကို ပြောချင်တာလဲ။ မန်းတောင်ကို ရေညိုညိုက အမြဲ ရစ်ကာသန်းနေတာပဲ။ ရစ်ကာသန်းတဲ့ အခါမှ တောင်ရိပ်ခိုရမယ် ဆိုတာ အဓိပ္ပာယ် သိပ်မရှိလှဘူး။ တကယ် ဖြစ်ရမှာက “ရေညိုညို ရစ်ကာသန်း တဲ့ ရွှေမန်းတောင်ရိပ် …” သာ ဖြစ်တယ်။


အတိတ်တဘောင် ရှိတာက

အသက်ကလေးရယ်တဲ့ ရှည်စေလို
မြနန္ဒာ ရေညိုသန်းတဲ့ မန်းတောင်ရိပ်ခို

ဖြစ်လို့ ဆရာမြို့မငြိမ်းကလည်း “ရေညိုညို ရစ်ကာသန်းတဲ့” လို့ ဖွဲ့ခဲ့တာပါ။ ကိုအံ့ကြီး ဆိုတုန်းကလည်း အဲဒီအတိုင်းပဲ ဆိုခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းနောက်ပိုင်း အဆိုတော် အသစ်တွေ လက်ထဲ ရောက်သွားတော့ အခြေအမြစ်ကို နားမလည်၊ မသိဘဲ ကိုယ်ထင်ရာ “ရစ်ကာသန်းတော့” လို့ ပြင်ချလိုက်တော့ အဓိပ္ပာယ်ပျောက်ရော။ သဒ္ဒါနည်းနဲ့ ပြောရရင် နာမ၀ိသေသန ပုဒ်စုကို အူတီးအူကြောင်နဲ့ ကြိယာဝိသေသန ပုဒ်စု လုပ်ပစ်လိုက်တဲ့ အမှားပါ။

စလေဦးပုညရဲ့ “မြတ်လေးရုံတော အစ” ချီ တေးထပ်ကို ဇာတ်မင်းသား တစ်ယောက်က သီဆိုသွားရာမှာ “လွမ်းမတတ် စကားဝါ အငူမှာ” အပိုဒ်ကို “လွမ်းစရာ့ စကားဝါ အငူမှာ” လုပ်သွားတာ အတော်လေး စိတ်ပျက်ဖို့ ကောင်းပါတယ်။ တကယ်လို့သာ နတ်ရှင်နောင်ရဲ့ ရတုတွေနဲ့ ရင်းနှီးတဲ့သူ ဖြစ်ခဲ့မယ်ဆိုရင် ဒီလို မမှားလောက်ပါဘူး။

ငှက်သွင်ပျံကြွ မတတ်သောဝ်။
ရောက်တိုင် တိမ်ထွတ် ပျံမတတ်တည့်။
ခြေတော်စက်သို့ တင်ဆက်မတတ်။
စိစစ်မတတ် ကြင်လေးမြတ်သည်။

စသဖြင့် နတ်ရှင်နောင်ဟာ “မတတ်” ဆိုတဲ့ အသုံးအနှုန်းကို သူ့ရတုတွေမှာ တော်တော် သုံးလေ့ရှိတယ်။ နတ်ရှင်နောင်ကို တော်တော် ကျေညက်ပုံရတဲ့ ဦးပုညက ဒီအသုံးကို နတ်ရှင်နောင်ဆီကို ယူလိုက်တယ်လို့ ယူမယ်ဆိုရင် ယူလို့ ရပါတယ်။ ဆန်းတာတော့ မဆန်းပါဘူး။ “လွမ်းမတတ်” ဆိုတာ ဘယ်လိုလွမ်းရမှန်းကို မတတ်စွမ်းတော့ဘူးလို့ ဆိုလိုတာပဲပေါ့။

ဆရာ မြို့မငြိမ်း ရေးဖွဲ့ထားတဲ့ နောက်ထပ် သီချင်းတစ်ပုဒ် ဖြစ်တဲ့ “ပျို့မှာတမ်း” ကို ကြားဖူးကြမယ် ထင်တယ်။ ဆရာ မြို့မငြိမ်းက “စားစား သွားသွား နေနေ မောင့်အပူ ပွေသူပါရှင်” လို့ ရေးစပ်ထားတယ်။ “ကျွန်မမှာ စားတဲ့အချိန်၊ သွားတဲ့အချိန်၊ နားနေတဲ့အချိန်၊ ဘယ်အချိန်မဆို မောင့်အတွက် ပူပန်နေရပါတယ်” လို့ အဓိပ္ပာယ်ရတယ်။ နောက်ပြီး နေ နဲ့ ပွေ ကိုလည်း ကာရံယူထားတယ်။

ဒါကိုပဲ အခုခေတ် လူတတ်တချို့က “စားစား သွားသွား နေနေ မောင့်အပေါ် ဗွေမယူပေါင်ရှင့်” လုပ်ပစ်လိုက်တယ်။ “မောင် ဘာစားစား၊ ဘယ်သွားသွား၊ ဘယ်နားနေနေ ကျွန်မကတော့ ဗွေမယူပါဘူး” လို့ ပြောချင်ပုံ ရတယ်။ ဒါပေမယ့် “စားစား သွားသွား နေနေ” ဆိုတာ သီဆိုသူက ကိုယ့်ကိုယ်ကို ပြန်ရည်ညွှန်းတာမို့ အဲ့ဒီလို သုံးတာ လုံးဝ လုံးဝ မှားပါတယ်။
ဒီသီချင်းမှာ မိန်းကလေးက သူ့အဖြစ်ကို ပြောနေတာ။ မိုးညိုရင်လည်း မောင့်ပဲ သတိရတယ်။ လသာရင်လည်း မောင့်ပဲ သတိရတယ်။ မောင့် မျက်နှာချည်း မြင်နေတယ်။ စားစား သွားသွား နေနေ မောင့်အတွက် ပူပန်နေရတယ်လို့ ပြောနေတာပါ။ စားသူ၊ သွားသူ၊ နေသူက မိန်းကလေး၊ မောင်မဟုတ်ဘူး ဆိုတာ အဆက်အစပ်အရ သိနိုင်တယ်။

နောက်ပြီး “ပွေ” ဆိုတဲ့ စကားလုံးက ဒီနေရာမှာ သောကပွေတယ် လို့ အဓိပ္ပာယ် ယူထားတယ်။ သဘောက ပူပန်တယ်ပေါ့။ စိုးနှောင့်ဗျာပွေ ဆိုတဲ့ သီချင်းစာသားလည်း ရှိပါတယ်။ ဒါကိုပဲ “ပွေ” ဆိုတဲ့ စကားလုံးကို ညှာပွေတယ် လို့ ယူဆသွားသလား မသိဘူး။ ခေတ်အခေါ် စော်ပွေတယ်ပေါ့ဗျာ။ မိန်းကလေးနဲ့ မသင့်လျော်ဘူး ဆိုပြီး ဉာဏ်ကြီးရှင်တို့က ပြင်လိုက်ပုံ ရတယ်။

(ဆက်ရန်)


One Reply to “မြန်မာစာပေ ကောက်ကြောင်းများ (၁)”

Leave a Reply

Your email address will not be published. Required fields are marked *