အဖက်တင်၍ ကျန်ခဲ့သည် (၂)

ဦးဇင်းလေး၏ မွေးရပ်ရွာသည် ကျောင်းနဲ့ နီးသောကြောင့် မိဘများ ဝင်၍ထွက်၍။ တစ်ပတ်လျှင် တစ်ခါမျှ လာလည်ကြသည်။ လာတွေ့ကြသည်။ တစ်ခါတစ်ရံ ဆွမ်းချိုင့် လာပို့ကြသည်။ တစ်ခါတစ်ရံ သန့်ရှင်းရေး ဝေယျာဝစ္စ လာလုပ်ပေးကြသည်။ မိဘများကလည်း ကိုယ့်သားလေး ရဟန်းဘဝမို့ ဂုဏ်ယူကြသည်။ မကျေမချမ်း ဖြစ်နေသူမှာ အဘိုးတစ်ဦးတည်းသာ။ အဘိုးဖြစ်သူကလည်း အသက်ကြီးပြီမို့ မြစ်ကို မြင်ချင်လှသည်။ ဦးဇင်းလေးကလည်း မြေးဦး။ မိန်းမယူခိုင်းကာမှ ဘုန်းကြီးဝတ်သွားသည်။ သာသနာ့ဘောင်မှာ ပျော်နေပြီ ဆိုတော့လည်း မတားရက် မဆွယ်ရက်။ လူထွက်တရား မဟောချင်။ ရပ်ဆွေရပ်မျိုး ရွာသားတချို့ကလည်း ကျောင်းသို့ မကြာခဏ ဝင်ထွက်၍ လိုအပ်သည်များ ကူညီပေးကြသည်။ သူတို့ရောက်တော့လည်း ဧည့်ခံရသည်က အမော။ ဒီလိုနှင့် ကာလတွေ ရှည်ကြာလာတော့ ဧည့်သည်စကား နားထောင်ရသည်ကပင် ဝတ္တရားတစ်ခု ဖြစ်လာသည်။ သူတို့ ပြောကြလျှင်လည်း ရပ်အကြောင်း ရွာအကြောင်း။ တရားဓမ္မဘက် ယောင်လို့မှ မလှည့်။ အထူးသဖြင့် ဟစ် (hit) ဖြစ်နေသော ခေါင်းစဉ်မှာ ရွာဖျက်၍ ရပ်ကွက်တည်မည့် ကိစ္စ။ နေပြည်တော်ဟူသော ပရဝုဏ်အတွင်းတွင် ထန်းတပင်ရွာလည်း ပါနေသည်။ ထန်းတပင်ရွာနှင့် အနီးဆုံး ရွာများဖြစ်သော ကြာပင်ရွာသည် ရွှေကြာပင်ရပ်ကွက်ကြီး ဖြစ်သွားပြီး ကျွန်းတက်ပဲ့ရွာမှာ ဟိုတယ်ဇုံကြီး ဖြစ်သွားခဲ့လေပြီ။ အလယ်ခေါင်တွင် ရှိနေသော ထန်းတပင်ရွာသာ ရွာအဖြစ်ဖြင့် ကျန်ရှိနေသေး၏။ ထိုကြောင့် မျှော်လင့်ချက်က မဝေးတော့ပြီ။

ယခင်က ကြာပင်ရွာကို မြို့ပြစနစ်ပြုစဉ်က ရွာတွင်းနေသူ တစ်အိမ်ထောင်လျှင် မြေကွက်တစ်ကွက် ပြန်ပေးခဲ့သည်။ မူလရှိခဲ့သော ရွာကြီးကို မြေလှန် ဖျက်ပစ်ခါ စနစ်ကျအောင် ပေ ၄၀ × ၆၀ အကွက်များ ပုံဖော်၍ တစ်အိမ်ထောင်တစ်ကွက်နှုန်း လျှော်ပေးခဲ့ခြင်း ဖြစ်သည်။ တည်နေရာကိုတော့ အားလုံး မဲနှိုက်ကြရသည်။ တစ်နှစ်ကြာသောအခါ လမ်းမကြီးဘေး ဝဲယာရှိ မြေကွက်များသည် သိန်းထောင်ချီတန်သည်အထိ ဈေးကောင်းလာတော့သည်။ ထိုအဖြစ်ကို မြင်၍ ကြား၍ အားကျနေကြသူများမှာ ထန်းတပင်သားများပင်။ သူတို့မြေများ အကွက်ဖော်လျှင် မည်သို့ မည်မျှ ရကြမည်ဟု မြိန်ရည်ရှပ်ရည် ပြောနေကြတော့သည်။ အိမ်ထောင်တစ်စုလျှင် မြေတစ်ကွက် ရခဲ့သည်ဆိုသောထုံး ရှိသောကြောင့်ပင် ယခင်က အိမ်ထောင်စု တစ်ရာမပြည့်သော ထန်းတပင်ရွာသည် ယခုအခါ အိမ်ထောင်စု ၄၅၀ ပင် ကျော်ချေပြီ။ ယခင်က အိမ်ခြေ ၁၅၀ မပြည့်သော ရွာသည် ယခုအခါ အိမ်လေးပေါင်း ၄၀၀ ကျော် ရှိလာသည်။ နေထိုင်၍ ရခြင်း မရခြင်းကို အပထားကာ အိမ်ဟု သမုတ်လို့ ရသလောက်သာ ဆောက်လုပ်ထားကြသည်။ အစိုးရအား အိမ်ဟု စာရင်းတင်ရန် အားခဲထားကြတော့သည်။ ထိုသတင်းများ အားလုံးသည် ဦးဇင်းလေး၏ နားအတွင်း မဆံ့အောင်ပင် အမြဲလိုလို ကြားနေရတော့သည်။ သူလည်း ထန်းတပင်သားတစ်ဦးမို့ စိတ်ဝင်တစား ရှိခဲ့သည်အမှန်။

သူ၏ မိဘများမှာ ဆင်းရဲကြသော တောင်သူများ ဖြစ်သည်။ ဘိုးဘွားလက်ငုတ်လက်ရင်း မြေတချို့ ရှိ၍သာ ခံသာသည်။ သို့သော် မြေတချို့ဆို၍ လယ်မြေဧကများစွာဟု မယူဆစေချင်။ ရွာမှ မိနစ် (၃၀)၊ (၄၅) မိနစ်လောက်သွားမှ ရောက်နိုင်သောနေရာ။ နေအိမ်နှင့် နီးနီးနားနားရှိ မြေများမှာ ငှားစိုက်ဖို့ပင် မတတ်နိုင်ကြသူများ။ သူသည် ရဟန်းမဝတ်ခင်ကပင် မိဘကို လုပ်ကျွေးပြုစုလိုသူတစ်ဦး ဖြစ်သည်။ တတ်နိုင်သလောက်လည်း ရှာကျွေးခဲ့သည်။ ယခုလို ရွာမှ မြို့ဖြစ်တော့မည် ဆိုတော့ သူ့မိဘတွေလည်း တင့်တောင်းတင့်တယ် ဖြစ်စေချင်လှသည်မှာ သားတစ်ယောက်၏ စေတနာ။ မိဘများမှာ ကိုယ့်သားရဟန်း လူထွက်မည်စိုး၍ တွေ့တိုင်း အဆင်ပြေကြောင်း ပြောသည်။ စိတ်မပူရန် ပြောသည်။ အပြင်ပန်း စိတ်ပူမပူတော့ မသိ။ စာကျက်သော အကြိမ် လျော့လာသည်။ ငိုင်မှိုင်နေသောအချိန် တိုးလာသည်။ ရွာမှသူများနှင့် စကားလက်စုံ ကျသောအချိန်လည်း လိုသည်ထက် ပိုလာသည်။ ယခင်က နားထောင်ရုံသက်သက်မှ ယခုအခါ သူ သိချင်သည်များကိုပါ မေးမြန်းစုံစမ်းလာသည်။ ရွာထဲမှ ရွယ်တူသူငယ်ချင်းများလည်း တစ်ယောက်ပြီးတစ်ယောက် မင်္ဂလာဆောင်ကြတော့သည်။ အိမ်ထောင်တစ်စုတိုးလျှင် မြေတစ်ကွက်ရမည်ဟူသော မျှော်လင့်ချက်ဖြင့် တွက်ခြေကိုက်သည်ဟု ယူဆကြသည်။ တချို့မှာ ယာယီ အိမ်ထောင်ပြုကြသည်ဟုပင် ကြားနေရပြီ။

ရက်အနည်းငယ် ကြာသောအခါ ဦးဇင်းလေး မရိုးမရွ ဖြစ်နေလေပြီ။ စာမကျက်တော့။ ယခင် ရှိခဲ့သော သဒ္ဓါတရားများ ကြက်ပျောက်ငှက်ပျောက် ပျောက်ချေတော့မည်။ သူအား ထောက်လှမ်းစုံစမ်းကြည့်ရာ လူထွက်ချင်စိတ်များက ကဲနေသည်။ သို့သော် သူသည် စဉ်းစားချင့်ချိန်တတ်သူ ပီပီ ဝေခွဲမရဘဲ ဖြစ်နေသည်။ လူထွက်ရုံသက်သက်ဖြင့် မြေကွက်မရနိုင်သည်မှာ သေချာသည်။ မိဘရမည့် မြေကွက်ကို မက်မောနေစရာလည်း အကြောင်းမရှိ။ မိဘများမှာ ငယ်သေးသည်။ သူတစ်ပါး မြေကွက်ရတော့မည် ဆို၍သာ ဂဏာမငြိမ်ဖြစ်ရသည်။ ကိုယ်ကိုယ်တိုင်ကျ မသေချာ။ မသေချာသည် မဟုတ်။ လုံးဝ မဖြစ်နိုင်။ အိမ်ထောင်ခွဲမှ ရမည်။ အိမ်ထောင်ခွဲဖို့ ဆိုသည်မှာ အိမ်ထောင်ပြုမှ အိမ်ထောင်ခွဲနိုင်မည် မဟုတ်လော။ ထိုကြောင့် သူလုပ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အိမ်ထောင်ပြုရန်ပင် ဖြစ်သည်။ အိမ်ထောင်မပြုချင်၍ ရဟန်းဝတ်လာသော လူတစ်ယောက်သည် မိန်းမလိုချင်၍ လူထွက်သည်ဟုလည်း အပြောမခံနိုင်။ မာနက ခံနေသည်။ မူလက ယူမည်ဟု ကမ်းလှမ်းထားသော မိန်းကလေးသည်လည်း ပြန်လက်ခံလိမ့်မည် မဟုတ်။ မည်သို့ လုပ်ရမည်နည်း။ မိန်းမယူမည်ဟု ပြောရန် အပြောသာ လွယ်၏။ ဘယ်နေရာမှ ရှာရမည်နည်း သူမသိ။ သို့နှင့် လအနည်းငယ် ကြာသွားပြန်သည်။

တစ်နှစ်ခွဲသာ ကုန်လွန်ခဲ့သည်။ ရွာကလည်း မြို့မဖြစ်သေး။ ရွာသားများ၏ မျှော်လင့်ချက်ကလည်း မခန်းသေးပေ။ ထိုအတူပင် ဦးဇင်းလေး၏ စိတ်ထဲတွင် မျှော်လင့်ချက်ရှိသေး၏ ဟု စွဲမြဲ ယုံကြည်ထားပုံရသည်။ ထို့ကြောင့်ပင် လုံးဝအောင့်မထားတော့ဘဲ ဆရာတော်အား သွားရောက်လျှောက်ထားတော့သည်။ ဆရာတော်မှ ခွင့်မပြုပေ။ မာန်မဲလွှတ်လိုက်သောကြောင့် အောင့်သက်သက်ဖြင့် ပြန်လာရသည်။ လက်ကတော့ မလျှော့ချင်။ သို့နှင့် ဒုတိယအကြိမ် တတိယအကြိမ် သွားလျှောက်ပြန်တော့သည်။ ဆရာတော်အား ချစ်ကြောက်ရိုသေသောကြောင့် စကားအပိုလည်း မပြောရဲ။ စောဒကလည်း မတက်ရဲပေ။ တစ်နေ့တော့ ဆရာတော်က ဘာကြောင့် လူထွက်ချင်ရတာလဲ ဟု မေးရာ အမှန်အတိုင်းကလည်း မဖြေရဲပေ။ ကြောက်ကြောက်နှင့် “အီကြာကွေး စားချင်လို့ပါ ဘုရား” ဟု ပြန်ဖြေသောကြောင့် ဝါးလုံးကွဲ ဝိုင်းရယ်လိုက်ကြသေးသည်။ ဆရာတော်ကို လျှောက်နေလျှင် လူထွက်ရတော့မည် မဟုတ်ကြောင်း သူ နားလည်သွားသော အချိန်တွင် ဆုံးဖြတ်ချက်ကို ပိုင်ပိုင်နိုင်နိုင် ချ၍ သူ့ဦးလေးကို ဖုန်းဆက်ခေါ်လိုက်သည်။ ရတဲ့ အင်္ကျီတစ်ထည် လုံချည်တစ်ထည် ယူပြီး ကျောင်းကို လာခဲ့ပါ ဟူ၍။

အတိုချုပ်ပြောရလျှင် ဆရာတော် မသိအောင် သူ လူထွက်လိုက်လေပြီ။ လူမထွက်ခင် သုံးရက်လောက်အလိုမှ စ၍ တခြားသူတို့အား စကားသိပ်မပြောတော့ပေ။ သူနှင့် စကားပြောလျှင် သူ့ကို ဖြောင်းဖြမည် စိုး၍လား မသိ။ သူ့ဦးလေး ကျောင်းလာသည်သာ သိလိုက်ရသည်။ ဖုန်းဆက်ခေါ်သည်ကိုပင် မသိ။ ခဏကြာတော့ ပုဆိုးစွပ်ကြယ်ဖြင့် လာကန်တော့မှ လူထွက်ပြီဖြစ်ကြောင်း သိတော့၏။ တားမြစ်ချိန်ပင် မပေးတော့ချေ။ သူလိုလူမျိုးသည် လူကောင်းတစ်ယောက်ဖြစ်သည်။ လူ့လောကအလယ်လည်း ဖြောင့်ဖြောင့်မှန်မှန် သွားနိုင်လိမ့်မည်ဟု မြဲမြဲမြံမြံ ယုံကြည်မိသောကြောင့် ထွေထွေထူးထူး ပြောမနေတော့ပါ။ ကိုယ်ရွေးတဲ့လမ်းကို ဘယ်လိုပဲဖြစ်ဖြစ် သတ္တိရှိရှိ ဆက်လျှောက်ရဲရန်သာ လိုကြောင်း ဆုံးမရုံသက်သက်သာ။ သာသနာတော်အတွက်ကား ဆုံးရှုံးမှုကြီး တစ်ခုပင်။ ပုထုဇဉ်တို့၏ သဒ္ဓါတရားသည် မမြဲကြောင်း အမှန်လက်တွေ့ မြင်တွေ့ရလေပြီ။ ရဟန်းသီလကို အင်မတန် မြတ်နိုး၍ သေသေဟု စောင့်ထိန်းခဲ့ဖူးသော သူတစ်ဦးသည် ယခုအခါ စွပ်ကြယ်ပုဆိုးစုတ်ဖြင့် မိမိအား ကန်တော့နေလေသည်။ မည်သည့်အရာများက သူ၏ ရဟန်းဘဝကို ဖျက်ဆီးလိုက်ကြပါသနည်း။ အနှစ်ချုပ်ရလျှင် လောဘ ဦးစီးသော ကိလေသာများပင် မဟုတ်ပါလော။

ထိုသို့ လူထွက်ပြီး တစ်လပင် မကြာလိုက်ချေ။ မြေတစ်ကွက်ရရန် စီမံကိန်းအား အကောင်အထည် ဖော်သောအားဖြင့် အိမ်ထောင်ပြုလေသည်။ ယူသော မိန်းကလေးကို မြင်ဖူးတွေ့ဖူးသည်မှာ ၂ ပတ်ပင် မပြည့်သေး။ အိမ်ထောင်ပြုခြင်း ဆိုသည်မှာ ကံတူ၍ ဆုံကြခြင်းသာ ဖြစ်ချေသည်။ ထိုက်တန်ခြင်း မထိုက်တန်ခြင်း ဟူ၍ ပြောစရာမရှိ။ လောကအတန်းပညာလည်း အခြေခံမရှိသော မောင်စိုးမင်းသည် ဆိုင်ကယ် ကယ်ရီဆွဲ၍ အသက်မွေးဝမ်းကျောင်း၏။ အမျိုးသမီးမှာ အိမ်မှာနေ၍ ဓာတ်ဆီ ရောင်းကြောင်း ကြားသိရသည်။ အထိုက်အလျောက် အဆင်ပြေကြကြောင်း ကြားသိရသောအခါ ဝမ်းသာမိသည်မှာ အမှန်။ သို့သော် ရွာသည် မြို့ ဖြစ်မလာသေးပေ။ သူ လူထွက်ပြီး တစ်နှစ်ကျော် အကြာ ကျောင်းတွင် အလှူရှိ၍ သူရောက်လာခဲ့သည်။ ယခင်က ပြည့်ဖြိုးဖြူဖွေးနေသော သူ၏ ပုံပန်းသဏ္ဌာန်မှာ ယခုအခါ မဲကပ်၍ နေလေပြီ။ အဆင်ပြေလားဟု မေးလျှင်လည်း ရယ်ကျဲကျဲဖြင့် ခေါင်းညိတ်ပြရုံသာ။ သူနှင့် တွေ့လျှင် အင်မတန်မှ မေးချင်သော မေးခွန်းတစ်ခု ရှိနေခဲ့သည်။ လွန်ခဲ့သော တစ်နှစ်ကျော်က ဇွတ်တရွတ် လူထွက်ခဲ့ခြင်းအပေါ် မိမိဖာသာ မည်သို့ သုံးသပ်မည်နည်း ဟူ၍။ သို့သော် မမေးဖြစ်ခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် မမေးဘဲ သူ့ဖာသာ ဝန်ခံခဲ့သောကြောင့်ပင်။ တစ်ညက သူ အိမ်မက်ယောင်သည့်အကြောင်းကို ပြောပြသောအခါ သူ၏ဘေးတွင် ထိုင်နားထောင်နေကြသူများအားလုံး ဝါးကနဲ ဖြစ်သွားကြတော့သည်။

တပည့်တော် တစ်ညက အိပ်နေလျက်နဲ့ ပါးစပ်က ကယောင်ကတမ်း လျှောက်ပြောနေမိတာဘုရား၊ မိန်းမက ကြားတော့ တပည့်တော်ကို လည်ပင်းညှစ်ပြီး လှုပ်နှိုးတယ် ဘုရား။ နင် ငါ့ကို ဘာပြောတယ်၊ နင် ငါ့ကို ဘာပြောတယ် ဆိုပြီး ပွစိပွစိနဲ့ တပည့်တော်ကို မရမက နှိုးပါရော ဘုရား။ တပည့်တော်လည်း အိပ်ချင်မူးတူးနဲ့ ဘာဖြစ်နေတာလဲ လို့ ပြန်ဟောက်လိုက်သေးတယ်။ တပည့်တော် ဟောက်လိုက်မှ ဆဲနေရာကနေ မျက်ရည်တွေ ဖြိုင်ဖြိုင်ကျပြီး ငိုပါလေရော။ ငါ ဘာပြောမိလို့လဲဟာ ဆိုပြီး အတင်းမေးယူရတယ် ဘုရား။ သူ ပြောပြမှ ကိုယ့်ဖာသာ ယောင်နေတာ ကိုယ်သိရတယ်ဘုရား။ တပည့်တော်က တောက်ခေါက်ပြီး ပြောသတဲ့ ဘုရား။ တောက် … တစ်နှစ်ကျော်တောင် ရှိသွားပြီ။ မြေကွက်ကလည်း မရသေးဘူး။ အခုတော့ မိန်းမတစ်ယောက်ပဲ အဖတ်တင်နေပါရော့လား” ဟူ၍။

တောမီးကြီးဖြစ်ရန် မီးမှုန်းမီးမွှားမှ စတင်ရသကဲ့သို့
ငရဲမီးဖြစ်ရန်လည်း ကိလေသာ အမှုန်အမွှားမှပင် စတင်ကြရ၏။
အကုသိုလ်ကို သေးသည်ငယ်သည်ဟူ၍လည်း မပေါ့ဆသင့်။

Leave a Reply

Your email address will not be published. Required fields are marked *