မြန်မာ့ရာဇဝင်မှ သာသနာဖျက် မင်းများ (၁)

မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်လာတဲ့ ပုဂံခေတ်ကနေ စပြီး ဗုဒ္ဓဘာသာ နိုင်ငံပါလို့ လက်မ ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက် ဗုဒ္ဓဘာသာမင်းတွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာကို အထူး ဦးစားပေး ကိုးကွယ်လာခဲ့ကြတာ မြန်မာတွေ အားလုံး အသိပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာထက် အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာပေါ့။ ပုဂံခေတ်ကမှ မဟုတ်ပါဘူး ပုဂံခေတ်ထက် စောတဲ့ ပျူခေတ် ရာမညခေတ်၊ (မွန်မင်းဆက်)၊ ရခိုင်မင်းဆက်၊ စော်ဘွားအဆက်ဆက် တွေမှာလည်း ဗုဒ္ဓဘာသာကိုပဲ အများဆုံး ကိုးကွယ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် မဟာယနနဲ့ ဗြဟ္မဏဝါဒတွေလည်း ပြန့်နှံ့နေတာပါ။ အရည်းကြီးဝါဒ နဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိတော့ ရှိကြတယ်။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ ကိုယ်နှိုက်က ဗုဒ္ဓဘာသာပါလို့ ခံယူကြတော့ ဗုဒ္ဓဘာသာက ခေတ်အဆက်ဆက် ပိုပြီး ထွန်းကားအောင်မြင် လာခဲ့တယ်။ ဒါပေမယ့် ဘယ်သို့သော လမ်းခရီးမှ အစဉ် မဖြောင့်ဖြူးပါဘူး။ မြန်မာရာဇဝင်ကို ပြန်ကြည့်ရင်လည်း ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခဲ့ပေမယ့်၊ ပြည်သူ အများစု ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပေမယ့် တချို့သော မင်းဆိုးမင်းညစ်တွေရဲ့ ကိုယ့်အာဏာတည်မြဲရေးအတွက် သာသနာကို ဖျက်ဆီးခဲ့တဲ့ အထောက်အထားတွေလည်း ရှိခဲ့ပြန်တယ်။ မြန်မာ့ရာဇဝင်မှာ သာသနာ ဖျက်ခဲ့တဲ့ အဆိုးဝါးဆုံး မင်း သုံးပါး ရှိတယ်။ အဲဒီထဲက တစ်ယောက်ကိုတော့ အများစု သိကြပါတယ်။ သန်လျင်မှာ မင်းအဖြစ်နဲ့ ကြီးစိုးခဲ့တဲ့ ပေါ်တူဂီသား ဒီဘရစ်တို ခေါ် ငစင်ကာ။
ငစင်ကာက မြန်မာလူမျိုးမှ မဟုတ်ဘဲ။ ဘာလို့ ဒီစာရင်းထဲ ထည့်သလဲလို့ မေးစရာ ရှိတယ်။ ငစင်ကာက မြန်မာလူမျိုးမဟုတ်ပေမယ့် မြန်မာ့မြေပေါ်မှာ (၆) နှစ်ကျော် အုပ်ချုပ်ခဲ့တယ်။ နောက်ပြီး သူအုပ်ချုပ်ခဲ့တဲ့ နယ်မြေက အခုခေတ်ခေါ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဒေသအတော်များများပဲ။ ရခိုင်ဘုရင်ကလည်း အသိအမှတ်ပြုရတယ်။ တောင်ငူဘုရင်နဲ့ မုတ္တမဘုရင်ခံကလည်း သူ့ကို ဘုရင်အဖြစ်နဲ့ အသိအမှတ် ပြုခဲ့ရတယ်။ ဒီတော့ မြန်မာ့ရာဇာဝင်မှာ မြန်မာမဟုတ်တဲ့ တစ်ဦးတည်းသော လူမျိုးခြားဘုရင်ပေါ့။ သူက ခရစ်ယာန်ဘာသာ ရှေးခေတ်အခေါ် ဘရင်ဂျီဘာသာ ကိုးကွယ်လို့ ဗုဒ္ဓဘာသာကို အားမပေးတာက သိပ်ရင်နာစရာ မကောင်းပါဘူး။ မြန်မာ့သမိုင်းမှာ ဗုဒ္ဓဘာသာ ဖြစ်လျက်နဲ့ ရဟန်းကိုဖျက် ဘုန်းကြီးကိုသတ်၊ ပိဋကတ်မီးရှို့ပြီး ဘုရားစေတီတွေ ဖြိုဖျက်ခဲ့တဲ့ မင်း (၂) ပါး ရှိသေးတယ်။ တစ်ပါးက ပုဂံခေတ်က၊ နောက်တစ်ပါးက အင်းဝခေတ်နှောင်း။ ပုဂံခေတ်ဘုရင်က မြန်မာစစ်စစ်။ အင်းဝခေတ် ဘုရင်ကတော့ ရှမ်းစော်ဘွားမျိုး။ အဲဒီ သာသနာဖျက်ခဲ့တဲ့ မင်းညစ် (၃) ပါး အကြောင်းကို မှတ်တမ်းရှိသလောက် တစ်ပါးချင်းစီ တင်ပြပေးသွားပါ့မယ်။
ခေတ်ကာလအရ ခွဲလိုက်ရင် ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ သာသနာဖျက်မင်းကတော့ ပုဂံခေတ်က ကုလားကျမင်းပါ။ နာမည်ရင်းက နရသူရ။ ပုဂံ အလောင်းစည်သူမင်းရဲ့ သားတော် တစ်ပါးပဲ။ ကုလားကျမင်းဟာ ဘယ်လို ဘယ်ပုံနဲ့ သာသနာဖျက်မင်း ဖြစ်ခဲ့ရသလဲ ဆိုတာကို သူ နန်းတက်ပုံကနေ စပြီး ရှင်းပြမှ ဇာတ်ရည်လည်မယ်။ ဒါကြောင့် နန်းတက်လာပုံလေး အရင် ရှင်းပြပါရစေ။ သမိုင်းကြောင်း နောက်ခံလေးပေါ့။ အနော်ရထာမင်းဟာ ထေရဝါဒ သာသနာကို ပုဂံမှာ ပြန့်နှံ့အောင် ကြိုးစားခဲ့ပုံလေးကို အများစု သိကြပြီး ဖြစ်မှာပါ။ ထေရဝါဒ သာသနာပြန့်ပွားဖို့ ကြိုးစားတဲ့အခါမှာ မပါမဖြစ်တာက ရဟန္တာ ရှင်အရဟံပါ။ ရှင်အရဟံကို အနော်ရထာမင်းက အစ သာသနာပိုင်အဖြစ်နဲ့ အပ်နှင်းပြီး ကိုးကွယ်လာတာ အလောင်းစည်သူမင်း လက်ထက်အထိပါပဲ။ အလောင်းစည်သူမင်း လက်ထက်အရောက် ရှင်အရဟံ သက်တော် (၈၁) နှစ်မှာ ပရိနိဗ္ဗာန် စံတော်မူတယ်။ ဒီတော့ သာသနာပိုင်အဖြစ်နဲ့ ပံ့သကူမဟာထေရ်ကို ခန့်အပ်တော်မူတယ်။ ပံ့သကူမဟာထေရ်ကို ရာဇဝင်ကျမ်း၊ သာသနာဝင်ကျမ်းအချို့မှာ နာမည်အမျိုးမျိုး ခေါ်တာ တွေ့ရတယ်။ ငစွယ်ရှင်မဟာထေရ်၊ စိမ့်ညက်မင်းသားတော် မဟာထေရ် စသဖြင့် ခေါ်ဝေါ်ကြတယ်။ အလောင်းစည်သူ နတ်ရွာစံပြီး ကုလားကျမင်း နန်းတက်လာတော့ လက်ရှိသာသနာပိုင်ဖြစ်တဲ့ ပံသကူမဟာထေရ်နဲ့ အဆင်မပြေ ဖြစ်လာတယ်။ အဆင်မပြေ ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီလိုပါ။
အလောင်းစည်သူမင်းမှာ သားတော်ကြီးတစ်ပါး ရှိတယ်။ မင်းရှင်စောတဲ့။ အလောင်းစည်သူမင်း နန်းစံစဉ်အတွင်းမှာ မင်းရှင်စောဟာ အခုခေတ် မန္တလေးနယ်ဘက်ကို ကြွလာပြီး ဒေသတိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ မန္တလေး အောင်ပင်လယ်ကန်ဟာ သူ တူးခဲ့တဲ့ ကန်ပေါ့။ အဲဒီခေတ်တုန်းကတော့ မန္တလေးဆိုတာ ဘယ်ရှိဦးမလဲ။ အောင်ပင်လယ်ကန်အပြင် နန္ဒာကန်၊ ကုလားမတောင်ဆည်၊ ကြူဝန်း နဲ့ ကျွန်းလှဆည်တွေဟာလည်း မင်းရှင်စောရဲ့ အားထုတ်မှုတွေပါပဲ။ အဲဒီဒေသမှာ ဖွံ့ဖြိုးရေးတွေ လုပ်နေတုန်း ဖခမည်းတော်ဖြစ်တဲ့ အလောင်းစည်သူ နတ်ရွာစံတယ်။ ဒီသတင်းလည်း ကြားရော မင်းရှင်စောဟာ ထီးနန်းသိမ်းရအောင် ကျည်းကြောင်း ရေကြောင်းနဲ့ ပုဂံကို အပြင်း ချီလာတယ်။ ဒါကို ဘယ်သူက သတင်းကြားလဲဆိုတော့ ညီတော်နရသူရ။ သူက အရည်အချင်း မရှိတော့ နောင်တော်ကို ခံတိုက်ဖို့က မလွယ်ဘူး။ နောက်ပြီး ပြည်သူတွေကလည်း နောင်တော်ကြီးကို ပိုပြီး ကြည်ညိုလေးစားကြတယ်။ ဒီတော့ နန်းရဖို့အတွက် ကုလားကျမင်း ဆင်ကြံကြံတော့တယ်။
လက်ရှိ သာသနာပိုင် ဖြစ်တဲ့ ပံသကူမဟာထေရ်ဆီကို ချဉ်းကပ်ပြီး ဒီလို လျှောက်ထားတယ်။ “ဆရာတော်ဘုရား၊ နောင်တော်ကြီး မင်းရှင်စောဟာ ဖခမည်းတော် လွန်ပြီဆိုတာ သိလို့ ကျည်းကြောင်း ရေကြောင်းနဲ့ ပုဂံကို အပြင်း ချီလာပါတယ်ဘုရား။ တပည့်တော် နန်းလုမှာ စိုးလို့ ထင်ပါရဲ့ ဘုရား။ တိုင်းပြည်မှာ တစ်ရက်တစ်နေ့တောင် မင်းမရှိလို့ မတင့်တယ်တဲ့ အတွက်ကြောင့် နောင်တော်ကြီးကို မြင်းတစ်စီး ဓားတစ်လက်နဲ့ အလျင်ဦးအောင် ကြွလာပြီး နန်းတက်တော်မူမည့်အကြောင်း ခေါ်တော်မူပေးပါရန် လျှောက်ထားပါသည် ဘုရား။ စစ်တပ်နှင့်အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား။” ဒီတော့ ပံ့သကူမဟာထေရ်ကလည်း စဉ်းစားတယ်။ သူသွားပြီး အကြောင်းကြားရင် မင်းရှင်စောကလည်း ဂရုဂါရဝနဲ့ ဆရာတော်ရင်းမို့ လိုက်လာပေမှာပဲ။ ဒီရောက်မှ နရသူရက ကတိပျက်ရင် ခက်ချေရဲ့လို့ တွေးတယ်။ ဒီတော့ မင်းရှင်စော ပုဂံကို ပြန်ရောက်လာရင် နန်းတင်ရမယ်လို့ နရသူရကို သစ္စာဆိုခိုင်းတယ်။ နရသူရကလည်း နောင်တော်ကြီး ဓားကို ထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်တယ်။ ဒီတော့မှ ပံ့သကူမဟာထေရ်ဟာ ရွှေလှော်ကားတစ်စင်းနဲ့ မင်းရှင်စောကို သွားကြိုတယ်။ 
ပုဂံရောက်တော့ နရသူရကလည်း သူ့ကတိအတိုင်း နောင်တော် မင်းရှင်စောကို သူကိုယ်တိုင် သန်လျက်ထမ်းပြီး နန်းတင်လိုက်တယ်။ ဒါပေမယ့် အဲဒီညမှာပဲ အစာထဲ အဆိပ်ခတ်ပြီး သတ်ပစ်လိုက်တာ မင်းရှင်စော နတ်ရွာစံရတယ်။ မကြာခင်မှာပဲ နရသူရ ထီးနန်းဆက်ခံတယ်။ မင်းရှင်စော နတ်ရွာစံတာ နရသူရ လက်ချက်ပဲဆိုတာ သိတော့ ပံ့သကူမဟာထေရ်ဟာ နရသူရဆီ ကြွပြီး ဒီလို ခက်ပြင်းပြင်း ဝေဖန်လိုက်တယ်။ “ဟယ် မင်းဆိုးမင်းညစ်၊ မင်းဟာ သံသရာမှာ ခံရဦးမယ့် မကောင်းမှုကိုမှ မကြောက်၊ ဒီစည်းစိမ်တွေ ရရင်ကော မင်းခန္ဓာကြီးက မအို မနာ မသေတော့ဘူးများ မှတ်နေလား။ လောကမှာ မင်းလောက် ပျက်တဲ့မင်း မရှိတော့ဘူး။” နရသူရကလည်း မျက်နှာပြောင်တယ်။ မဟာထေရ်ကို ဒီလို ပြန်လျှောက်တယ်။ “တပည့်တော်ရဲ့ ကတိအတိုင်း နောင်တော်ရဲ့ ဓားကို ထမ်းပြီး ကိုယ်တိုင် နန်းတင်ပေးခဲ့တာပဲလေ” တဲ့။ အဲဒီနောက် သာသနာပိုင်နဲ့ မင်း အစေးမကပ်တော့ဘူး။ ပံ့သကူမဟာထေရ်ဟာ မင်းရှင်စောသေတာ သူ့ ပယောဂမကင်းဘူးလို့ ခံစားရတာရော၊ ကတိမတည်တဲ့ မင်းဆိုးမင်းညစ်ဆီမှာ မနေချင်တာရောကြောင့် သီဟိုဠ် (ဒီခေတ် သီရိလင်္ကာနိုင်ငံ) ကို ကြွတော်မူတယ်။ မပြန်သော သွားခြင်းပဲ။ ဒီကိစ္စတွေဟာ သံဃာထုကြားမှာ တော်တော်လေး ရိုက်ခတ်နေမှာပဲ။ ဒီအထိက နရသူရ နန်းတက်ခါစ အချိန်ရဲ့ နောက်ခံ သမိုင်းကြောင်းပေါ့။
သာသနာပိုင်ဟာ သီဟိုဠ်ကို ကြွသွားတော့ မြို့ရွာတွေမှာ သံဃာထုဟာ မငြိမ်မသက် ဖြစ်လာတယ်။ သပိတ်မှောက်ကြ၊ ဆန္ဒပြကြပေါ့။ ပြည်သူလူထုကလည်း ရဟန်းတွေဘက်က ပါတော့ အင်အားက တော်တော် ကြီးတယ်။ ဒီတော့ နရသူရရဲ့ ထီးရေးနန်းရာအတွက်က အန္တရာယ်ကြီး တစ်ခု ဖြစ်လာတယ်။ အဲဒီခေတ်ကတည်းက ရဟန်းသံဃာရဲ့ အရေအတွက် ပမာဏက အတော်များတာကိုး။ နရသူရက စဉ်းစားတယ်။ “မတော်တစ်နေ့ ရဟန်းသံဃာတွေ ငါ့ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ” တဲ့။ သေချာတာက လူထုကလည်း ရဟန်းတွေဘက်က ပါကြမှာ။ ဒီတော့ နရသူရက လက်ဦးမှုရအောင် ကြံရတော့တယ်။ ဒီတော့ ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ လွှတ်တော်မှာ အမတ်တွေနဲ့ တိုင်ပင်တော့တယ်။ ရဟန်းများရင် တိုင်းပြည်အတွက် အကျိုးယုတ်ပုံကို နည်းမျိုးစုံနဲ့ ပရိယာယ်ဆင်ပြီး ဘုန်းကြီးတွေကို လူထွက်ခိုင်းဖို့ အမိန့်ထုတ်ချင်နေတယ်။ တချို့ မှူးမတ်တွေကတော့ သာသနာကို မဖျက်သင့်ကြောင်း လျှောက်တာပေါ့။ အဲဒီလို လျှောက်တဲ့ မှူးမတ်တွေကို နရသူရက ဒီလို ဆင်ခြေပေးတယ်။ “ရဟန်းသံဃာက အင်အားတောင့်တယ်။ သူတို့ ပုန်ကန်ရင် ခုခံရ ခက်လိမ့်မယ်။ နောက်ပြီး ရဟန်းတွေဆိုတာ ငါတို့ သက်မှတ်တဲ့ ဓမ္မသတ်အတိုင်း မနေကြဘူး။ သူတို့ရဲ့ ဝိနည်းဆိုတာနဲ့ပဲ နေတယ်။ သူတို့ဖာသာ သူတို့ သီးခြားအုပ်ချုပ်ပြီး နေကြတာ။ ငါတို့ရဲ့ ဥပဒေအောက်မှာ မရှိဘူး။ ငါတို့ရဲ့ ဥပဒေကိုလည်း မနာခံဘူး။ ဒီထက် ရဟန်းသံဃာဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေကို ထိုင်စားနေတဲ့ သူတွေ။ သူတို့တွေ များရင် နိုင်ငံတော်အတွက် ဝန်ပိလိမ့်မယ်။” စသဖြင့် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောပြီး ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ပဲ အဓိကထား စည်းရုံးတော့တယ်။
သိဒ္ဓိကာ ဆိုတဲ့ မင်းတိုင်ပင် ပညာရှိအမတ်ကြီးက ဒီလို အကြံပေးသတဲ့။ “သာသနာကို တိုက်ရိုက် ဖျက်ရင် ရဟန်းတွေက မပုန်ကန်မီ ပြည်သူလူထုက စပြီး ပုန်ကန်ပါလိမ့်မယ် ဘုရား။ ဒါကြောင့် ပြည်သူလူထုလည်း စိတ်မဆိုးရလေအောင်၊ အရှင်မင်းကြီးရဲ့ အကြံတော်လည်း အောင်ရလေအောင် ရဟန်းများကို တစ်စတစ်စ လူထွက်အောင် ကြံမှ တော်ပါမည် ဘုရား။ ရဟန်းတွေ ဆိုတာလည်း အာသဝေါ ကုန်ခန်းသေးတာမှ မဟုတ်ကြသေးဘဲ ဘုရား။ ကိလေသာအညှီ ရှိနေသေးတာမို့ အာရုံခြောက်ပါးနဲ့ မြှားပြီး ဖျက်ဆီးရရင် ပျက်စီးမှာ အမှန်ဖြစ်ကြောင်းပါ ဘုရား။” လို့ သံတော်ဦးတင်တယ်။ ဒါဆို ဘယ်လို လုပ်ရမလဲလို့ အမတ်မင်းကို မေးတော့ “တိုင်းပြည်မှာ ရှိတဲ့ မိန်းမတွေကို အရင်လို လုံလုံခြုံခြုံ မဝတ်စေဘဲ အင်္ကျီကိုလည်း ရှေ့ခွဲ၊ ထမီကိုလည်း ရှေ့ခွဲ မလုံမခြုံ ဝတ်စေပြီး ကျောင်းဝင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲ မပြတ်အောင် ကျင်းပပေးပါ ဘုရား။ (မှတ်ချက် ။    ။ အင်္ကျီ ရင်ကွဲ၊ ထမီ ရှေ့ကွဲ ဝတ်ခြင်းသည် ပုဂံခေတ်ကတည်းက ရှိခဲ့ဖူးသည်) ဒါမျိုးသာ နေ့ညမပြတ် ပွဲလမ်းလုပ်ပေးရင် ရဟန်းတွေ လူထွက်ကုန်မှာပါ ဘုရား။ ဒီလိုသာ လူထွက်ကုန်ရင် ရဟန်းအရေအတွက် နည်းသွားမှာမို့ အရှင်မင်းကြီးအား ဘယ်ရဟန်းကမှ ရန်မဆောင်ဝံ့တော့ပါဘုရား” တဲ့။ အမတ်မင်းရဲ့ အကြံကောင်း ဉာဏ်ကောင်းအတိုင်း မင်းညစ်ပီပီ လုပ်လိုက်တာ ထွက်တော့ ထွက်ပါရဲ့။ သူထင်သလောက် အများကြီး လူမထွက်တော့ ဘယ်သူနဲ့မှ တိုင်ပင်မနေတော့ဘဲ သူ့သဘောနဲ့ အမိန့်တစ်ခု ထုတ်ပြန်ပါတော့တယ်။
လူထွက်မလား၊ အသေခံမလားပေါ့။ ရဟန်းတွေ တွေ့ရင် ဖမ်း၊ ဖမ်းပြီးရင် အတင်း အဓမ္မ လူထွက်ခိုင်းတော့တယ်။ ဘယ်လိုမှ ပြောမရရင် လည်ပင်းကို ဓားမိုးပြီး လူထွက်ခိုင်းတယ်။ တချို့ ရဟန်းများကလည်း အသေသာခံသွားတယ်။ လူမထွက်ကြဘူး။ တချို့ကြတော့ အဖမ်းမခံရအောင် ထွက်ပြေးကြရတာပေါ့။ တောထဲ တောင်ထဲကို ပြေးပုန်းတဲ့သူက ပြေးပုန်း။ တချို့ဆိုလည်း သီဟိုဠ်ဘက်ကို ပြေးကြရတယ်။ ဒီလို ဒီလိုနဲ့ ပုဂံမှာ ရဟန်းသံဃာ ပျောက်ခြင်းမလှ ပျောက်သွားရတယ်။ နရသူရဟာ သူရဲ့ ထိုင်ခုံကို ရဟန်းသံဃာထုက လာလှုပ်နေတယ်လို့ အထင်ရောက်တာနဲ့ ရဟန်းသံဃာကို ခေါင်းဖြတ်သတ်ရဲတဲ့ မြန်မာ့ရာဇဝင်က ပထမဆုံး မင်းတစ်ပါးပဲ ပြောရမယ်။ ဒါတောင် သူဟာ ဗုဒ္ဓဘာသာ မိဘ၊ ဗုဒ္ဓဘာသာ အသိုင်းအဝန်းမှာ ကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာတစ်ယောက်ပါပဲ။ ဗုဒ္ဓဘာသာ ဟုတ်မဟုတ် ဆိုတာထက် အာဏာရူးလာတော့လည်း ရန်သူမှန်သမျှ အကုန် ရှင်းတော့မှာကိုး။ ရဟန်းသံဃာတွေကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရဲရင် သာမာန် ပြည်သူတွေဆို ဘယ်လောက် ခါးစည်းခံရမလဲ။ နရသူရဟာ ကိုယ့်အာဏာ တည်တံ့ရေးအတွက် ချိန်းခြောက်လာတဲ့သူ ဘယ်သူ့ကိုမဆို (ရဟန်းသံဃာတောင် မချန်) အပြတ် ရှင်းခဲ့ပေမယ့် ဒီလို အကုသိုလ်တွေကြောင့် သူရဲ့ နိဂုံးကလည်း မလှခဲ့ပါဘူး။ မြန်မာ့ရာဇဝင် မြန်မာ့သမိုင်းမှာ ကုလားကျမင်းရယ်လို့ စာတင်ခဲ့တဲ့ ဘဝနိဂုံးနဲ့ပါ။
ကျမ်းကိုး – မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ တတိယပိုင်း။