လူ့စရိုက်နှင့် စိတ်နေသဘောထား (၁)

လူဆိုးတစ်ယောက်ဟာ လူကောင်းဖြစ်လာဖို့ ခက်သလောက်၊ အချိန်ပေးရသလောက်
လူကောင်းတစ်ယောက်ဟာ လူဆိုးဖြစ်သွားဖို့ မခက်ဘူး၊ အချိန်ပေးစရာ မလိုပါဘူး။

အဲသလိုပဲ …
လူကောင်းတစ်ယောက်ဟာ မဟုတ်တာ လုပ်ရင် ယုံဖို့ တော်တော်ကြီး ခက်သလို
လူဆိုးတစ်ယောက်ဟာ ဟုတ်တာတွေ လုပ်နေရင် လက်ခံပေးဖို့ တော်တော်ကြီး ခက်နေကြတယ်။
ကျနော် လူငယ်လေးတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ အခုဆို သူက အသက် (၂၀) ကျော်လောက် ရှိရောပေါ့။ သူ့အကြောင်း ဆိုတာက သူ့ ဆယ်ကျော်သက်အရွယ်ရဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။ သူ စကား မပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်က အကြောင်းပါ။ အဲဒီ အရွယ်ဟာ ဘဝမှာ အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ထူးဆန်းတာကလေ၊ သူ့မှာ အဲဒီ အရွယ်က မရိုးသားဆုံး အပြုအမူတစ်ခုကို သူ လုပ်တတ်နေတယ်။ ဘယ်သူကမှလည်း သင်မပေးရဘဲ အတုယူတာလဲ မဟုတ်ဘဲ သူ အဲဒါကို လုပ်တတ်နေတယ်။ သူရဲ့ မိဘတွေက ကျိကျိတက် ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။ ဟင်းသီးဟင်းရွက် ဝယ်တာတောင် Supermarket ကြီးတွေမှာပဲ ဝယ်တယ်။ ငယ်ငယ်က သူဟာ စူပါမားကတ်တွေ သွားရင် အမြဲ ပါပါတယ်။ အစပိုင်းကတော့ သတိမထားမိကြဘူးပေါ့။ ကံဆိုးချင်တော့ (ကံကောင်းတယ်လို့လည်း ယူလို့ရပါတယ်) တစ်ခေါက်မှာ စူပါမားကတ် ဝန်ထမ်းတစ်ယောက်က သတိထားမိသွားတယ်။ ဒါကြောင့် ငွေရှင်းကောင်တာက ဝန်ထမ်းကို သတင်းပို့ထားတယ်။ ဟိုရောက်တော့ ကလေးကို သေသေချာချာ စစ်ကြည့်လိုက်တော့ ခဲဖျက်လေးသုံးတုံး ကလေးရဲ့ အိတ်ကပ်ထဲမှာ တွေ့ရတယ်။ အမေလုပ်တဲ့သူက စိတ်တိုလိုက်တာ မပြောနဲ့တော့။ ရှက်လည်း တအား ရှက်သွားတာကိုး။ သူတို့မှာ သုံးမကုန် ဖြုန်းမကုန် ရှိပါလျက် သူခိုးလို့ စွပ်စွဲခံရတဲ့ အကြည့်တွေကို အမေလုပ်သူက ဘယ်ရင်ဆိုင်နိုင်ပါ့မလဲ။ ကလေးကို ဆူရအောင် ဆဲရအောင်ကလည်း ၃ နှစ်တောင် မပြည့်တတ်သေးဘူး။ ဒါပေမယ့် အရှက်ပြေတော့ ကလေးကို ဟောက်တာပေါ့။ ကလေးက ဘယ်သိမလဲ၊ အမေကဟောက်တော့ အားရပါးရ ငိုသတဲ့။ နောက်တော့ အမေက စိတ်ဖြေလိုက်ပါတယ်။ ကလေးက ဘာသိမှာလဲ၊ လှလို့ ယူလာတာဖြစ်မယ်၊ ခိုးလိုစိတ် ဘယ်ရှိပါ့မလဲ ဆိုပြီး ဝန်ထမ်းတွေကို အားနာကြောင်း ပြောပြီး ပြန်လာရတာပေါ့။ အဲဒီ စူပါမားကတ်ကလည်း အမြဲတမ်း ဝယ်ဖြစ်နေတဲ့ ဆိုင်ဆိုတော့လည်း ဝန်းထမ်းတွေနဲ့လည်း မျက်မှန်းတန်းမိ ရှိနေတော့ အသာတကြည်ပဲ ကိစ္စပြီးသွားတယ်။
လူတွေ လူတွေမှာ မွေးကတည်းက ပါလာကြတဲ့ (သင်စရာ မလိုတဲ့) စရိုက်သဘာဝလေးတွေ ရှိပါတယ်။ ဒါကိုပဲ ဗီဇစရိုက်လို့ ခေါ်ကြတယ်။ အဲဒီကနေ နည်းနည်းလေး သိတတ်လာတော့ ပတ်ဝန်းကျင်ကို စပြီး လေ့လာတတ်လာတယ်။ မှတ်သားတတ်လာတယ်။ သင်ယူတတ်လာတယ်။ အဲဒီတော့ ဗီဇစရိုက်ကနေ နောက်ထပ် သင်ယူထားတဲ့ စရိုက် လက္ခဏာတွေ ထပ်တိုးလာတယ်။ လူအများစုဟာ ဗီဇစရိုက်အရ ဆိုးခဲပါတယ်။ လူကောင်း သူကောင်းလေးတွေပဲ များတယ်။ မွေးရာပါပေါ့လေ။ ကောင်းတယ်ဆိုတဲ့အနေမှာ ကလေးဆိုး ဆိုးတတ်တဲ့ စရိုက်လက္ခဏာတွေ တော်တော်များများ တွေ့ရပေမယ့် တစ်ဖက်သားကို ဒုက္ခရောက်သွားအောင် လုပ်ချင်တဲ့ စရိုက်မျိုး မရှိတာကို အဓိက ဆိုလိုတာပါ။ ဥပမာ တိရစ္ဆာန်တွေကို သတ်ချင်တဲ့ စရိုက်၊ ခိုးဆိုးချင်တဲ့ စရိုက်တွေဟာ သင်ယူမှုကြောင့် အလိုက်သင့်ပြောင်းလဲလာတဲ့ စရိုက်တွေ ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါဆို ခိုးဆိုးချင်တဲ့ စရိုက်တွေက လူတိုင်းမှာ မွေးကတည်းက ပါမလာတော့ဘူးလားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက မသိတတ်တဲ့ အရွယ်ကတည်းက ခိုးချင်တဲ့၊ ခိုးတတ်တဲ့ သူတချို့ (တော်တော်ကို ရှားပါးတဲ့ တချို့ပါ) လည်း ရှိနေတတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကလေးက ဥပမာပေါ့။ သူ့ မိဘတွေက အင်မတန်မှ ချမ်းသာတယ်။ ဒါပေမယ့် အဲဒီ ကလေးရဲ့ ဉာဉ်က တစ်ခုခုဆို လူမသိအောင် ယူချင်တဲ့ စရိုက်ကလေး ရှိနေတယ်။
စောန ကလေးအကြောင်း ဆက်ပြောကြတာပေါ့။ အဲဒီလိုနဲ့ စူပါမားကတ်မှာ ဒုတိယအကြိမ် ထပ်မိပြန်တယ်။ ဒီတော့ အမေလုပ်တဲ့သူက အတော်လေး အရှက်ကွဲနေပြီ။ နောက်ပိုင်း “သားလိုချင်တာ မာမီ့ကိုပြော၊ မာမီ မတတ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး။ ဝယ်ပေးမှာပေါ့ သားရယ်” လို့ ချော့မော့ ပြောထားလည်း နှစ်ကြိမ်ကနေ သုံးကြိမ်၊ သုံးကြိမ်ကနေ လေးကြိမ်၊ အဲဒီလိုပဲ ခဏခဏ ခိုးလာတာ တွေ့နေရတယ်။ “ယူထားတဲ့ ပစ္စည်းဆိုတာ ဒီခြင်းထဲ ထည့်ရတယ်၊ ဒါမှ မာမီက ပိုက်ဆံရှင်းလို့ ရမှာပေါ့” လို့ ရှင်းပြလည်း သူလိုချင်တဲ့ ပစ္စည်းတော်တော်များ ခြင်းထဲ ထည့်ပေမယ့် ခဲဖျက် မြင်ရင်တော့ သူ့အိတ်ထဲပဲ ထည့်တယ်။ နောက်တော့လည်း ဝန်းထမ်းတွေက သူ့အမေကို အားနာလာတာလည်း ပါမှာပေါ့လေ။ နောက်ပြီး ကလေးက ၄ နှစ်သားလောက်၊ မရှိလို့ ခိုးတာလည်း မဟုတ်တော့ မငြိုငြင်ရက်ဘူးပဲ ဆိုပါတော့။ နောက်တော့ သူတို့ သားအမိ လာပြီဆိုရင် ဝန်းထမ်းတစ်ယောက်က ကလေးကို လက်ဆွဲပြီး ကလေးထိန်းသလိုနဲ့ အနောက်က တစ်ကောက်ကောက် လိုက်နေတယ်။ ကလေးကို သူ ယူချင်ရာယူပါစေ၊ ဘာမှ မပြောဘူးဆိုပြီး ပစ်ထားတယ်။ အသာလေးပဲ ကြည့်နေလိုက်တယ်။ ငွေရှင်းကောင်တာရောက်မှ အဲဒီဝန်ထမ်းက ဘာတွေ ဘာတွေ ယူထားပါတယ်လို့ ကလေးအမေကိုလည်း ပြောတယ်၊ ငွေကိုင်စာရေးကိုလည်း ပြောတယ်။ ဟိုဝန်ထမ်းက ဘာပြောပြော သူ့သားကို ထုတ်ပြခိုင်းမနေတော့ဘူး။ သူ့အမေက ပိုက်ဆံတစ်ခါတည်း ထည့်ရှင်းပေးလိုက်တာပါပဲလေ။ ဒီတော့ ဘယ်သူ့ ဘယ်သူမှ မျက်နှာပူစရာ မလိုတော့ဘူးပေါ့။
အဲဒီကလေးက ပစ္စည်းယူရင် ပိုက်ဆံရှင်းရမယ် ဆိုတာ မသိလို့ မဟုတ်ပါဘူး။ သူ သိတယ်။ အဲဒီ ပစ္စည်းရဲ့ တန်ဖိုးကို မရှင်းနိုင်လို့လည်း မဟုတ်ပြန်ဘူး။ သူ့ အမေက အတော်လေး ချမ်းသာတယ်။ အမေ မသိအောင်၊ အမေ ဝယ်မပေးလို့ ခိုးလုပ်ရတယ်လို့ ပြောရအောင်လည်း အမေက သားကို တအားချစ်တော့ ဘာယူယူ ဝယ်ပေးမယ်လို့ ပြောထားပြီးသား။ နောက်ပြီး သူ ယူတဲ့ ပစ္စည်းရဲ့ တန်ဖိုးကလည်း ဘာမှ ရှိတာ မဟုတ်ဘူး။ အထူးဆန်းဆုံးက သူ ခိုးရင် ခဲဖျက်ပဲ ခိုးတယ်။ တစ်ခါရောက်ရင် တစ်ခါခိုးတယ်။ နေ့တိုင်းရောက်ရင် နေ့တိုင်း ခိုးတယ်။ သူတို့အိမ်မှာ သူ့အမေ ပိုက်ဆံရှင်းလိုက်ရတဲ့ ခဲဖျက်တွေကို မနည်းဘူး။ အိမ်ရောက်တော့လည်း ကလေးက ခဲဖျက်ကို ဒီအတိုင်း ပစ်ထားလိုက်တာပဲ။ တန်ဖိုးထားလို့ရယ်လည်း မဟုတ်ပြန်ဘူး။ ဒါ အင်မတန်မှ ထူးဆန်းတဲ့ တွေ့ရခဲတဲ့ ဗီဇစရိုက်လေး တစ်ခုပါ။ ဝေဒကျမ်း၊ ဗေဒင်ကျမ်းအလို ပြောရရင် စောရနက္ခတ်နဲ့ ယှဉ်မွေးတယ်လို့ ပြောရမယ် ထင်တယ်။ ဒါပေမယ့် ခက်တာက သူ ခဲဖျက်ပဲ ခိုးဖို့ စိတ်ဝင်စားတယ်။ အဲ … အဲဒီနောက်တော့ ကျနော် သူနဲ့ အဆက်အသွယ် နည်းနည်း ပြတ်သွားပြီး အဲဒီ ကလေး (၁၄) နှစ်သားလောက်ရောက်မှ ပြန်တွေ့လို့ သူ့မိဘတွေကို မေးကြည့်မိတယ်။ သူ အရင်လို ခိုးသေးသလားပေါ့။ ထူးဆန်းတာက အခု အဲဒီကလေးမှာ သူ့ မူလဗီဇစရိုက် မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။
တချို့ စရိုက်တွေဟာ မွေးရာပါ ပါလာတာ ဆိုပေမယ့် တစ်နေ့ပြီးတစ်နေ့ သင်ယူရင်း မှတ်သားရင်းရဲ့ သူရဲ့ မှတ်ဉာဏ်ထဲမှာ (သို့) အသိတရား ဒိုင်ယာရီထဲမှာ ကောင်းတဲ့အပြုအမူနဲ့ မကောင်းတဲ့အပြုအမူ ဆိုတာတွေကို သူ ခွဲခြားသက်မှတ်နိုင်လာတယ်။ အဲဒီ အပြုအမူတွေထဲကမှ ဘယ်ဟာတွေကိုတော့ ထုတ်သုံးသင့်တယ်၊ ဘယ်ဟာတွေကိုတော့ အသုံးမချသင့်ဘူး ဆိုတာလည်း အလိုအလျောက် သက်မှတ်နိုင်လာတယ်။ ဒီတော့ သူရဲ့ ပင်ကိုစရိုက်တွေဟာ တချို့တွေ ပိုအားကောင်းသထက် ကောင်းလာပြီး တချို့ မှေးမှိန်သထက် မှေးမှိန်သွားကြတယ်။ စောန ကလေးကလည်း ခိုးတယ်ဆိုတဲ့ သူရဲ့ ဗီဇစရိုက်ဟာ မကောင်းဘူး၊ ရှက်စရာကောင်းတဲ့အလုပ်၊ ရှောင်ရမယ့် အလုပ်ဆိုတာကို နားလည်သဘောပေါက်သွားပုံ ရတယ်။ သဘောက ဂုဏ်နဲ့ ဒြပ်နဲ့ မဟပ်ဘူးပေါ့။ ဘယ်နှယ့် သူဌေးသားက ခဲဖျက်ခိုးရတယ်လို့ ဆိုတဲ့ စကားမျိုးတွေ သူ အပြောမခံနိုင်တော့ တဖြည်းဖြည်း ပြုပြင်လာပုံ ရပါတယ်။ အသိတရားကလည်း ပိုပိုပြီး ရှိလာတာကိုး။ အဲဒီလို မကောင်းတဲ့ စရိုက်တွေကို ကောင်းတဲ့ စရိုက်တွေနဲ့ အစားထိုးသွားနိုင်တဲ့ သူတွေဟာ ကြာလာလေ တန်ဖိုးရှိလာလေပဲ။ Grow Old နဲ့ အတူ Grown Up ဖြစ်တဲ့ လူမျိုးတွေပေါ့။ ရင့်ရော်မှုနဲ့အတူ ရင့်ကျက်မှု ပါလာတဲ့ သဘောပါ။ ဒါက မကောင်းတဲ့ ဗီဇစရိုက်ကနေ ကောင်းတဲ့ကိုယ်ကျင့်စရိုက်ကို ပြောင်းလဲပြုပြင်ယူတဲ့ ဥပမာတစ်ခုပေါ့။ ဒါဟာ အင်မတန်မှ ရှားတဲ့ ဥပမာပါပဲ။
ဖြူစင်တဲ့စိတ်အခံ၊ ဗီဇစရိုက်နဲ့ မွေးဖွားလာရပေမယ့် ကြီးလာမှ ခိုးဆိုးသောင်းကျန်းနေတဲ့ လူငယ်တွေ လူကြီးတွေကလည်း အများကြီးပါ။ ဒါကလည်း ဘဝခရီးမှာ တစ်နေ့တစ်နေ့ သင်ယူရင်း မှတ်သားရင်းနဲ့ အလိုက်သင့် ပြောင်းလာရတဲ့ စရိုက်တွေကြောင့်ပဲလို့ ပြောရမယ်။ ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်တယ်။ အဲဒီ သူငယ်ချင်းဟာ ဟိုးငယ်ငယ်က အင်မတန်မှ ရိုးသားပြီး အေးဆေး သဘောကောင်းလွန်းလို့ မိဘတွေက “ငါ့သားတော့ ဒီအတိုင်းဆို ရောင်းစားခံရတော့မှာပဲ” လို့ စိတ်ပူပင်ရတဲ့ အဆင့်မှာပါ။ သူငယ်ချင်းတွေ အနိုင်ကျင့်လည်း အေးဆေးပဲ။ တစ်ခါတလေ မိဘတွေကတောင် ဘေးကနေပြီး မခံချင်လောက်အောင်ကို စနေကြပေမယ့် သူကတော့ အေးဆေးပဲ။ ဒါနဲ့ မိဘတွေက စဉ်းစားတယ်။ ဒီကောင်က ကြောက်လို့ ပြန်မချတာလား မသိဘူးပေါ့။ ဒါနဲ့ပဲ သူ့ကို ကရာတေးသင်တန်း ပို့ပေးလိုက်ကြတယ်။ ဒါနဲ့ အဲဒီသူငယ်ချင်းက (၁၃) နှစ်သားလောက်နဲ့ကို ကရာတေး ခါးပတ်နက် ဖြစ်နေပြီ။ သင်တန်းမှာဆို Demonstrator သရုပ်ပြတဲ့သူအနေနဲ့ သူက လုပ်ပေးရတယ်။ သူက ခါးပတ်နက်ဆိုတော့လည်း အရင် အနိုင်ကျင့်နေတဲ့ သူငယ်ချင်းတွေကတော့ သူ့ကို ကြောက်နေရပြီ။ အဲ … အဲဒီမှာ ထူးခြားလာတာက သူရဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ စရိုက်ပဲ။
သည်းခံစရာ မလိုပါဘူးလို့ပဲ တွေးလာလို့လား၊ ပညာတော့ ပေးဦးမှပဲလို့ ခံယူထားလို့လား မသိဘူး။ နဂို ပျော့ပျောင်းတဲ့ သူရဲ့ ဆက်ဆံမှုဟာ နည်းနည်း ဘောက်ဆတ်ဆတ် ဖြစ်လာတယ်။ တစ်ခွန်းနှစ်ခွန်းလောက် စကားများတာနဲ့ ထထိုးတော့တာပဲ။ အရင်လို စိတ်မရှည်တော့ဘူး။ သည်းမခံတော့ဘူး။ အင်မတန်မှ ကြောက်စရာကောင်းတာ တစ်ခုက ရန်ဖြစ်ပြီ ဆိုရင်လည်း သွေးမထွက်မချင်း မရပ်တော့ဘူး။ ကိုယ်က သွေးထွက်ရင်ထွက်၊ တစ်ဖက်လူက သွေးထွက်သံယို ဖြစ်ရင် ဖြစ်ပဲ။ အဲလိုမှ မဟုတ်ရင် အဲဒီ ရန်ပွဲက မပြီးတော့ဘူး။ တဗျောင်းဗျောင်းနဲ့ ချနေတော့တာပဲ။ ငယ်ဗီဇစရိုက်ကနေ ပြောင်းလာလိုက်တာ ဘယ်လောက် ကြောက်စရာ ကောင်းလဲနော်။ အင်မတန်မှ ခင်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတော့ သူ့ကို ပြောပြပါတယ်။ အဲဒီလိုကြီး ဖြစ်နေတာ မကောင်းဘူးဆိုတာ သူ့ကို ထောက်ပြတယ်။ သူကလည်း လက်ခံတယ်၊ သဘောတူတယ်။ ဒါပေမယ့် တစ်ခုခုဆို သူစိတ်တိုလာရင် စိတ်ကို လွှတ်လိုက်တာနဲ့၊ စိတ် လွတ်သွားတာနဲ့ သွားတော့တာပဲတဲ့။ တစ်ခါကဆို တစ်ဖက်သူရဲ့ ခေါင်းကို ဓါးနဲ့ ခုတ်ထည့်လိုက်တာ ဟိုလူက လက်နဲ့ လှမ်းခံလိုက်လို့ တော်သေးတာပေါ့။ တော်သေးတာပေါ့လို့ ဆိုပေမယ့် လက်တော့ ဟက်တက်ကွဲသွားတယ်။ အဲဒီလို သွေးတွေ ဖြန်းခနဲ မြင်ရမှ သူ့စိတ်မိုက်က နေသာထိုင်သာ ရှိသွားပြီး အာသာပြေသွားပုံရတယ်။ ဖြစ်ပြီးရင်လည်း သူက စပြီး တောင်းပန်တာ များပါတယ်။ သူ စိတ်ကို မထိန်းနိုင်လို့ ဖြစ်ရပါတယ်ပေါ့။ တစ်ခေါက်ကဆိုရင် သူ့အမေနဲ့ စကားများကြတယ်။ သူ့ရင်ထဲမှာ ဒေါသ ဒီဂရီက တဖြည်းဖြည်း တက်လာတယ်။ ဒါကို သူ သိနေတယ်။ သူစိတ်တအား တိုနေပေမယ့် သူ့အသိစိတ်မှာ ငါ့အမေ၊ လုပ်လို့မဖြစ်ဘူး ဆိုတာကလည်း တရစပ် သတိပေးနေတယ်။ နောက်ဆုံး သူ့စိတ်ကို တော်တော်ကြီး ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သိလိုက်တော့ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ရတော့မယ်။ သူစိတ်တိုနေပေမယ့် တစ်ဖက်သူက သူ့ကျေးဇူးရှင် မွေးမိခင် ဆိုတာ သိနေတယ်။ သူ့စိတ်ကို လွှတ်လိုက်ရင် မကျိုးမကန်းတောင် အကွဲအပြဲတော့ ဖြစ်မှာ သေချာတယ်။ ဒီစိတ်ကြီး ပြေသွားအောင်တော့ သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီတော့ သူ စိတ်တအား တိုနေပေမယ့် သူ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူ ချနိုင်လိုက်ပါတယ်။ 
သူနဲ့ သူ့အမေ ရန်မဖြစ်ခင်ကတည်းက ကျနော်တို့ သူနဲ့ အတူရှိနေတယ်။ သူ့ အိမ်မှာပေါ့။ သူနဲ့ သူ့အမေ စကားစများတော့ ကျနော်နဲ့ တခြား သူငယ်ချင်းနဲ့ မကောင်းတတ်လို့ အောက်ထပ်ကို ဆင်းနေလိုက်ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အရှိန်တွေ တဖြည်းဖြည်း တက်နေတာလည်း သတိထားမိပါရဲ့။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံးကလည်း စိုးရိမ်နေတာ အမှန်ပဲ။ အောက်ထပ်က ဆန်ဂိုထောင် လုပ်ထားတော့ ဆန်အိတ်တွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ရန်ပွဲအပြီးကို စောင့်နေလိုက်ကြတယ်။ ရုတ်တရက် “ဂွမ်း” ဆိုပြီး အသံကြားလိုက်ရတော့ ကျနော်တို့ နှစ်ယောက် အပေါ်ကို အတင်းပြေးတက်သွားတယ်။ အပေါ်ရောက်တော့ တစ်ယောက်က ကြက်သေသေလို့။ နောက်တစ်ယောက်က ကြမ်းပြင်ပေါ်မှာ သွေးသံတရဲရဲနဲ့ ခြေပစ်လက်ပစ် ပဲ။ အမေလုပ်တဲ့သူကို သတိထားကြည့်တော့ ကြောင်အမ်းအမ်း ဖြစ်နေတယ်။ ငုတ်တုတ်မေ့သွားတယ်ပေါ့။ မတ်တတ်မေ့နေတယ် ပြောရင် ပိုမှန်မယ်။ ပထမတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ နားမလည်နိုင်အောင်ပဲ။ ဘယ်သူက ဘယ်သူ့ကို ဘာလုပ်လိုက်သလဲ နားလည်ရ ခက်သွားတယ်။ နောက်မှ ချိန်ဆ စဉ်းစားကြည့်တာ၊ သူ့အမေ နောက်ကျောမှီထားတဲ့ တရုတ်ကပ်မှန်ကို လက်သီးနဲ့ တအား ပစ်ထိုးလိုက်ပုံရတယ်။ ကွဲထွက်သွားတဲ့ မှန်က သူငယ်ချင်း လက်ကောက်ဝတ်ရဲ့ သွေးလွှတ်ကြောကို လှီးလိုက်သလို ဖြစ်သွားတော့ သွေးတွေ ဒလဟော ထွက်နေတယ်။ ကြမ်းပြင်တစ်ခုလုံးကို ရဲလို့ပါပဲ။ ကျနော်လည်း အစတော့ နည်းနည်း ကြောင်သွားတယ်။ နောက်တော့ ပုဆိုးစုတ် အမြန်ရှာပြီး သူ့ လက်ကောက်ဝတ်ကို စည်းပေးရတယ်။ သွေးတိတ်အောင်ပေါ့။ ထိုးလိုက်တဲ့ သူငယ်ချင်းကတော့ သူ့ထုံးစံအတိုင်း သွေးမြင်သွားတော့ စောနက စိတ်ရိုင်းတွေလည်း မရှိတော့ဘူး။ သူ့အမေကိုလည်း ပြန်တောင်းပန်လိုက်တယ်။ သူ့အမေလည်း သတိပြန်ဝင်လာပြီး သူ့ကို ဆေးခန်းလိုက်ပို့ပြီး ဆရာဝန်ကို ချုပ်ခိုင်းရတော့တယ်။
အလုပ်တစ်ခုဟာ လုပ်ဖန်များလာတဲ့အခါမှာ အကျင့်အနေနဲ့ ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းနေရာယူလာတော့တယ်။ အဲဒီ အကျင့်ကြီးဟာ လုပ်လို လုပ်နေမှန်း မသိလောက်အောင် အလိုအလျောက် တုန့်ပြန်တတ်လာပြီ ဆိုရင်တော့ အဲဒါ စရိုက်အသွင် ပြောင်းသွားပြီလို့ နားလည်ရမယ်။ ကိုယ် ကိုယ်နှိုက်က သဘောတူလို့ လုပ်တာလည်း ရှိမယ်၊ သဘောမတူပေမယ့် လုပ်ကြည့်တာလည်း ရှိမယ်၊ သဘောမတူတာတောင်မှ မလုပ်ချင်ဘဲ လုပ်ရတာလည်း ရှိမယ်။ ဘာလို့ပဲ လုပ်လုပ်၊ လုပ်ဖန်များလာရင် အဲဒါ အကျင့်ဖြစ်လာတယ်။ စိတ်က လုပ်ချင်နေတယ်။ လုပ်တတ်နေတယ်။ နောက်တော့ လုပ်ချင်သလား မလုပ်ချင်သလားလို့တောင် စဉ်းစားချိန် မရခင်မှာပဲ လုပ်ဖြစ်သွားတော့တယ်။ အကြောင်းပြချက် မရှိဘဲ လုပ်မိလာတယ်။ အဲဒါ စရိုက်အသွင် ဆောင်လာတာပဲ။ အကျင့်ဟာ ဖျောက်ဖို့ လွယ်ချင်လွယ်မယ်၊ ဒါပေမယ့် အဲဒီအကျင့်ဟာ မသိစိတ်အသွင် ဆောင်ပြီး စရိုက်အဖြစ် ပြောင်းသွားပြီ ဆိုရင်တော့ တစ်ခါတလေ လုပ်ပြီးတာတောင် သတိထားမိချင်မှ သတိထားမိတော့တယ်။ စောနက ပြောခဲ့သလိုပဲ။ သဘောတူတူ မတူတူ ဆိုတော့ ပတ်ဝန်းကျင် လိုတယ်ဆိုတဲ့ သဘောပေါ့။ ဟုတ်ပါတယ်။ အလုပ်တစ်ခုဟာ အကျင့်တစ်ခု ဖြစ်ဖို့အတွက် ပတ်ဝန်းကျင်လိုပါတယ်။ အမြဲတမ်းလိုလို၊ မကြာခဏလိုလို လုပ်နိုင်မယ့် ပတ်ဝန်းကျင်ပေါ့။ ဒါဆို အဲဒီ ပတ်ဝန်းကျင်မှာ အကျင့်ဖြစ်လာအောင် မလုပ်မဖြစ် လုပ်စေတဲ့ တွန်းအားက ဘာဖြစ်လေမလဲ။ အဲဒါ ပတ်ဝန်းကျင်နဲ့ အများနဲ့ ဆက်ဆံ (Dealing လုပ်) ရာမှာ သိပ်အရေးပါတဲ့ ကိုယ်ရဲ့ စိတ်နေသဘောထား (Attitude) ပါပဲ။
ပီကေ
ဆက်ရန်

အတော်ခွကျသော ယောက်ျားနှင့် လက်ျာဆိုသော စကားလုံးများ

မြန်မာလူမျိုးအတော်များများဟာ ယောက်ျား ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ ယောက်ကျား ဆိုပြီး ဘယ်သူမဆို အသံထွက်တတ်ကြပါတယ်။ လက်ျာ ဆိုတဲ့ စကားလုံးကို မြင်ရင်လည်း လက်ယာ လို့ အတော်များများ ဖတ်တတ်နေကြတယ်။ ဒီစာလုံးနှစ်လုံးက ဘာတွေ ထူးခြားနေတယ် ဆိုတာကိုတော့ စဉ်းစားမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကျနော်က ငယ်ငယ်ကတည်းက အတော်ခွ (ဂွ) ကျတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက ဒီစကားလုံး နှစ်လုံးကို မျက်စိ ဆံပင်မွှေး ဆူးနေခဲ့တယ်။ ဟိုးငယ်ငယ်က မှတ်မိသေးတယ်။ ကျောင်းဖတ်စာထဲမှာ လက်ျာ ဆိုတဲ့ စကားလုံးပါလာတော့ ကျနော်က လက်ကျာ ဆိုပြီး အော်ကြီးဟစ်ကျယ် ဖတ်ပစ်လိုက်တယ်။ ဆရာမက ငေါက်တယ်။ လက်ယာ လို့ ဖတ်ပါဟဲ့ တဲ့။ အဲ့တော့ သူပြောတဲ့အတိုင်း လက်ယာ လို့ ပြောင်းဖတ်လိုက်ရတာပေါ့။ နည်းနည်းလေး ကြီးလာတော့ (အတွန့်ကလည်း ပိုပို တက်တတ်လာပြီဆိုတော့) လက်ျာ ကို လက်ယာလို့ အသံထွက်ပြီး ဘာလို့ ယောက်ျားကို ယောက်ယား လို့ အသံမထွက်သလဲ စဉ်းစားလာပြီ။ ဟုတ်တယ်လေ။ ယောက်ျား ဆိုတဲ့ စကားလုံးကို ယောက်ကျားလို့ ဖတ်မယ်ဆိုလည်း လက်ျာ ဆိုတဲ့ စကားလုံးကို လက်ကျာလို့ ဖတ်ရမှာပေါ့။ အဲ့တော့ ဆရာမကို သွားလည်း မေးဖြစ်တယ်။ ဆရာမကတော့ ဝေ့လည်ကြောင်ပတ်နဲ့ လုပ်လွှတ်လိုက်တော့ အဖြေမရခဲ့ဘူး။ ဒါပေမယ့်လည်း ကလေးဆိုတော့လည်း လူကြီး ပြောသမျှ ယုံရတာပဲ မဟုတ်လား။ လက်ျာ ကို လက်ယာလို့ ဖတ်လိုက်တယ်။ ယောက်ျား ကိုတော့ သူတို့ ပြောတဲ့အတိုင်း ယောက်ကျား လို့ ဖတ်ရတော့တယ်။ ဆယ်တန်းပြီးတဲ့နောက်ပိုင်း မြန်မာစာကို ကျကျနန လေ့လာဖြစ်ပြီဆိုတော့မှပဲ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့့ စကားလုံး နှစ်လုံးက မြန်မာစကာလုံး ဖွဲ့စည်းပုံစနစ်ရော၊ ပါဠိ စကားလုံး ဖွဲ့စည်းပုံစနစ် နှစ်မျိုးစလုံးကို ဖီဆန်ပြီး အတော်ခွကျတဲ့ စကားလုံး နှစ်လုံးဆိုတာ မှတ်သားလာမိတယ်။ ငယ်ငယ်က မှတ်မိနေသေးတယ်။ ယောက်ျား လို့ ရေးသလိုပဲ စကြာ (စက်ကြာ) ကို စကြ်ာလို့ ရေးခဲ့မိသေးတယ်။ အဲလို ရေးလို့ ဆရာမရဲ့ အဆူလည်း ခံခဲ့သေးတယ်။ (စက်ကြာ) ကျတော့ စကြာလို့ ရေးရမယ်တဲ့။ သူတို့ပဲ အမျိုးမျိုး တတ်ပဲ တတ်နိုင်လွန်းတယ်လို့တောင် စိတ်ထဲ တွေးမိသေး။ နောက်ပိုင်းမှ အော် … ဒါ ပါဠိစာဖွဲ့စည်းပုံအရ ရေးရတာပါလားလို့ သိလာတယ်။ လက်ျာဆိုတဲ့ စကားလုံးက အခုခေတ် အတော်လေး အသုံးနည်းသွားပါပြီ။ ဟိုးအရင်ကတော့ လက်ယာဘက် ကို လက်ျာဘက် လို့ ရေးတယ်။ အခုတော့ အဲဒီ အရေးမရှိတော့ သလောက်ပဲ။ အဲ ဒါပေမယ့် ပြင်လို့မရတာကတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ နာမည်ပဲ။ သူက အဲဒီလို ရေးခဲ့တော့လည်း နောက်လူတွေက အဲဒီလို လိုက်မှတ်ရသပေါ့ဗျာ။ 

ကျနော် စောစောပိုင်းက ယောက်ျား နဲ့ လက်ျားကို ရေးထုံးမှားနေတယ်လို့ ပြောခဲ့တယ်။ ဘယ်လို မှားနေသလဲ သိရအောင် မြန်မာစာလုံး ဖွဲ့စည်းပုံ နဲ့ ပါဠိစာလုံး ဖွဲ့စည်းပုံ၊ ဒီနှစ်ခုကို နည်းနည်း သိဖို့ လိုတယ်။ မြန်မာစာလုံး ဖွဲ့စည်းပုံကတော့ လူအများ သိနေနှင့်ပြီးသားပါ။ မြန်မာစာနဲ့ ပါဠိစာမှာ ထူးထူးခြားခြား ကွာခြားချက်တစ်ခုက အသတ်ပဲ။ ပါဠိစာမှာ က်၊ တ်၊ န် စတဲ့ အသတ်ဆိုတဲ့ အက္ခရာ သီးသန့် မရှိဘဲ အသတ်ကို ဖျောက်ပြီး သူ့နောက်က အက္ခရာနဲ့ ပေါင်းပစ်လိုက်တယ်။ ဒီတော့ ပါဌ်ဆင့် ဖြစ်သွားတာပေါ့။ ဥပမာ အတ္တ ဆိုပါတော့။ အတ်တ လို့ မရေးဘဲ နောက်က တဝမ်းပူကို ရှေ့က တ် အောက်ထဲ ထိုးထည့်လိုက်တယ်။ ဒီတော့ (–်) အသတ်က အလိုလို ပျောက်သွားတယ်။ ဆိုလိုတာက ပါဠိစာမှာ အသတ်မထားဘူး။ အသတ်ကို လိုချင်ရင် ပါဌ်ဆင့် လုပ်လိုက်တယ်။ မြန်မာစာမှာတော့ အသတ်လည်း ရှိတယ်။ ပါဌ်ဆင့်လည်း ရှိပြန်တယ်။ ဥပမာ မန္တလေး ဆိုတဲ့ စကားလုံး၊ အသတ်နဲ့ဆိုရင် မန်တလေး လို့ ဖြစ်မယ်။ ဒါပေမယ့် ဒါကို ပါဌ်ဆင့်အဖြစ်နဲ့ ထွင်ထားတယ်။ နောက်ပြီး မြန်မာအက္ခရာမှာ ဗျည်းတွဲဆိုတာ ရှိတယ်။ အတိုမှတ်ရင်တော့ ပင့်ရစ်ဆွဲထိုးပေါ့။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး အဲဒီ လေးလုံးပါ။ သူတို့ လေးလုံးကို အတွဲတွဲလိုက်ရင် (Combination ယူလိုက်ရင်) (၁၁) တွဲရတယ်။ မြန်မာစာ စည်းကမ်းအရ ဗျည်းတွဲတွေကို ဗျည်းနဲ့သရ အဆင်ပြေသလို ပေါင်းစပ်ခွင့် ရှိပေမယ့် အသတ်စဉ်ကို လာထည့်ခွင့် မရှိဘူး။ ဒါကြောင့် စကြ်ာ ဆိုတဲ့ အရေးအသားက မှားပါတယ်။ စကြာ လို့ပဲ ရှိသင့်တယ်။ ဒါဆို စကြာကို ဘာလို့ စ ကြာ လို့ မဖတ်ဘဲ စက်ကြာလို့ ဖတ်ရသလဲ။ ဒါကို သိဖို့ဆိုရင် ပါဠိစာလုံး ဖွဲ့စည်းပုံ စည်းကမ်းကို ဆက်လေ့လာရမယ်။
ပါဠိစာမှာ အသတ်ကို မသုံးဘဲ အသတ်ကိုယ်စား ပါဌ်ဆင့်တွေ သုံးတယ်လို့ အထက်မှာ တင်ပြခဲ့ပြီးပြီ။ ဒါကြောင့် ပါဌ်တွေ ဖတ်တဲ့အခါမှာ အသတ်အဖြစ်နဲ့ ပြောင်းပြီး ဖတ်ရတယ်။ အနန္တ ဆိုရင် အနန်တ လို့ ဖတ်ရတယ်။ ဒါဆို ပါဌ်ဆင့်တွေ အက္ခရာ တစ်လုံးနဲ့တစ်လုံး ဆင့်ချင်သလို ဆင့်ထားသလားလို့ မေးစရာ ရှိလာပါတယ်။ မဟုတ်ပါဘူး။ သူ့မှာလည်း စည်းကမ်းလေး ရှိပါတယ်။ အဲဒီစည်းကမ်းနဲ့ ပတ်သက်ပြီး အတိအကျကို ကျနော် အရင်က ရေးခဲ့ဖူးတဲ့ အက္ခရာနှစ်လုံးဆင့်ခြင်း ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ပြီး သီးသန့်တင်ထားတဲ့ ကျွန်တော်တို့၏မြန်မာစာ ဆိုတဲ့ ဘလော့ဂ်မှာလည်း ရှာဖတ်လို့ရတယ်။ ဒါပေမယ့် မဖတ်ရသေးတဲ့ သူတွေအတွက် အကျဉ်းလောက်တော့ ဒီမှာ ဖော်ပြပေးပါဦးမယ်။ အခြေခံလေးကနေ စပြောပါ့မယ်။ မြန်မာအက္ခရာမှာ ဝဂ် (၆) ဝဂ် ရှိတယ်။
ကဝဂ် –> က၊ ခ၊ ဂ၊ ဃ၊ င
စဝဂ် –> စ၊ ဆ၊ ဇ၊ ဈ၊ ည
ဋဝဂ် –> ဋ၊ ဌ၊ ဎ၊ ဍ၊ ဏ
တဝဂ် –> တ၊ ထ၊ ဒ၊ ဓ၊ န
ပဝဂ် –> ပ၊ ဖ၊ ဗ၊ ဘ၊ မ
အဝဂ်  –> ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ
အဲဒီအထဲက အဝဂ်ကို ခဏ မေ့ထားလိုက်ဗျာ။ ကျန်တဲ့ ဝဂ် ငါးဝဂ်မှာ တစ်ဝဂ်ကို ငါးလုံးစီ ရှိကြတယ်။ အဲဒါကို ကျနော်တို့ မှတ်လို့လွယ်အောင် အထီးအမ ခွဲရအောင်။ ဝဂ်တစ်ဝဂ်ဆီရဲ့ ပထမ အက္ခရာနဲ့ တတိယ အက္ခရာကို အထီးတွေလို့ မြင်လိုက်။ ဒုတိယ အက္ခရာနဲ့ စတုတ္ထ အက္ခရာကို အမတွေလို့ မြင်လိုက်။ ကျန်တဲ့ ပဉ္စမ အက္ခရာကတော့ ဂေး၊ အခြောက်ပေါ့ဗျာ။ ပြီးတော့ ဝဂ်တိုင်း ဝဂ်တိုင်းမှာ ပထမအက္ခရာနဲ့ ဒုတိယအက္ခရာက အတွဲဗျ။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာက အတွဲ။ အတွဲနှစ်တွဲက ကိုယ့်အတွဲကိုယ်ပဲ။ သူများအတွဲ သွားမလုဘူး။ ပဉ္စအက္ခရာကတော့ ကျန်တဲ့ အက္ခရာလေးလုံးနဲ့လည်း ဆက်ဆံတတ်တယ်။ ဒါ ကျနော် အဆိုပြုထားတာ မဟုတ်ဘူးနော်။ စိန္တာမဏိ ဦးချစ်မောင် ဆိုတဲ့ ပညာရှင်က “ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း” ဆိုတဲ့ သူ့စာအုပ်ထဲမှာ ထည့်ရေးထားတာ။ ကျနော်က အဲဒါလေးကို သဘောကျလို့ မှတ်ပြီး ပြန်ဝေမျှတာပါ။ ကဲဗျာ။ အထီးအမခွဲပြီးရင် ကျနော်တို့ အက္ခရာထပ်ပုံ (ပါဌ်ဆင့်ပုံ) စည်းမျဉ်းလေး ပြောကြစို့။ 
၁။ အထီးတွေက အားကောင်းတဲ့အတွက်ကြောင့် အထီးတွေ အချင်းချင်း ထပ်ခွင့် ရှိသတဲ့ဗျာ။ ဥပမာ ပြောရရင် ကဝဂ်မှာ ‘က’ က ‘က’ နဲ့ ထပ်ခွင့်ရှိတယ် (က္က)။ ဒါပေမယ့် တခြားအတွဲက ‘ဂ’ နဲ့တော့ သွားတွဲလို့ မရဘူး။ ဒါကြောင့် (က္ဂ) ဆိုပြီး မရှိဘူး။ အဲဒီလိုပဲ ဒုတိယအတွဲက ‘ဂ’ ကလည်း သူ့ဖာသာသူ ပြန်ထပ်ခွင့် ရှိတယ်။ ဒါကြောင့် (ဂ္ဂ) ဆိုပြီး ရှိတယ်။ (  ဂ ္က) ရယ်လို့ ရေးလို့ မရဘူး။ ကျန်တဲ့ ဝဂ်တွေလည်း အဲဒီလို ယူသွားတယ်။ ဒါကြောင့် (က္က၊ ဂ္ဂ၊ စ္စ၊ ဇ္ဇ၊ ဋ္ဋ၊ ဍ္ဍ၊ တ္တ၊ ဒ္ဒ၊ ပ္ပ၊ ဗ္ဗ) ဆိုတာတွေ ဖြစ်လာတယ်။
၂။ အမတွေကတော့ သူ့ ဆိုင်ရာ အထီးတွေရဲ့ အောက်မှာပဲ နေတယ်။ ဥပမာ ပြောရရင် ကဝဂ် ပထမအတွဲက ‘ခ’ ဟာ သူ့အတွဲရဲ့ အထီးဖြစ်တဲ့ ‘က’ အောက်မှာပဲ နေခွင့်ရှိတယ် (က္ခ)။ တခြားအတွဲက ‘ဂ’ နဲ့ တွဲလို့ (ဂ္ခ) မရဘူး။ ဒါကြောင့်မို့ အားလုံးခြုံကြည့်လိုက်ရင် (က္ခ၊ ဂ္ဃ၊ စ္ဆ၊ ဇ္ဈ၊ ဋ္ဌ (ဋ်ဌ)၊ ဍ္ဎ၊ တ္ထ၊ ဒ္ဓ၊ ပ္ဖ၊ ဗ္ဘ) ဆိုတာတွေ ဖြစ်လာတယ်။
၃။ တစ်ဝဂ်တစ်ဝဂ်မှာ အခြောက်အက္ခရာ တစ်လုံးစီ ရှိတယ်။ သူတို့ကတော့ သူ့ရှေ့က အထီးနဲ့လည်း တွဲတယ်။ အမနဲ့လည်း တွဲတယ်။ စည်းကမ်းသိပ်မရှိဘူးပေါ့။ ဥပမာ ပြောရရင် ကဝဂ်မှာ အခြောက်အက္ခရာက ‘င’ ၊ ‘င’ က ပါဌ်ဆင့်လိုက်ရင် ကင်းစီး ဖြစ်သွားတယ်။ (-င်္-) ပေါ့။ အဲဒီ ‘င’ ဟာ သူ့အဖွဲ့ထဲက (က၊ ခ၊ ဂ၊ ဃ) လေးလုံးစလုံးနဲ့ တွဲလို့ရတယ်။ ဒါကြောင့် (င်္က၊ င်္ခ၊ င်္ဂ၊ င်္ဃ) ဆိုတာတွေ ဖြစ်လာတယ်။ ကျန်တဲ့ ဝဂ်လေးဝဂ်လည်း အဲ့ဒီအတိုင်း ယူပြီး ချရေးကြည့်လိုက်ပေါ့ဗျာ။
အဲ ပါဌ်ဆင့်မှာ ပြောစရာ ကျန်နေသေးတာက အဝဂ်။ အဓိကပြောချင်တာက အဲဒီ အဝဂ်ပဲ။ ကျန်တဲ့ ဝဂ်တွေ အရင်မပြောရင် နားမလည်မှာစိုးလို့ အင်ထရို ဝင်နေရတာ။ အဲဒီ အဝဂ်ထဲမှာ ထူးထူးခြားခြား အက္ခရာ လေးလုံး ရှိတယ်။ အဲဒါတွေက ယ၊ ရ၊ ဝ နဲ့ ဟ။ အဲဒီ လေးလုံးကလည်း ပါဌ်ဆင့်အနေနဲ့ သုံးလို့ ရပါတယ်သတဲ့။ ဒါပေမယ့် သူတို့တွေကို ပါဌ်ဆင့်လိုက်တဲ့အခါမှာ သူတို့ရဲ့ မူလပုံသဏ္ဌာန်တွေ ပြောင်းသွားပြီး ပုံစံအသစ်တွေ ဖြစ်ကုန်တယ်။ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး အဖြစ် ပြောင်းကုန်တယ်။ ဆိုလိုတာကဗျာ ကျ ဆိုတဲ့ စာလုံးမြင်ရင် က နဲ့ ယ နဲ့ ဆင့်ထားတယ်လို့ နားလည်ရမယ်။ ကြ ဆိုရင် က နဲ့ ရ နဲ့၊ ကွ ဆိုရင် က နဲ့ ဝ နဲ့၊ လှ ဆိုရင် လ နဲ့ ဟ နဲ့၊ အဲဒီလို အသီးသီး နားလည်ရမယ်။ အရှေ့က ဝဂ်ငါးဝဂ်နဲ့ မတူတာက သူတို့လေးလုံးဟာ ကျန်အက္ခရာ အတော်များများနဲ့ ဆက်ဆံလို့ရတယ်။ နောက်ထပ် မတူတဲ့ အချက်က အသံထွက်ပဲ။ ဒီအက္ခရာလေးလုံးဆင့်ထားတာကို မြန်မာသဒ္ဒါမှာ ဗျည်းတွဲလို့ ခေါ်လိုက်တယ်။ ပါဌ်ဆင့်လို့ မခေါ်ရတဲ့ အကြောင်းက သူတို့ဟာ အသတ်ကို ကိုယ်စားမပြုလို့ပါ။ ဆိုပါတော့ဗျာ။ ကျ ဆိုတဲ့ စကားလုံးက တကယ်လို့ ပါဌ်ဆင့်ကို ကိုယ်စားပြုရင် က်ယ ဆိုပြီး ဖြစ်သွားမယ်။ ကဲ သကျ ဆိုတဲ့ စကားလုံးကို ကြည့်ကြည့်။ ပါဌ်ဆင့်လိုသာ ဖတ်ရင် သက်ယ လို့ ဖတ်ရမယ်။ ဒါပေမယ့် အဲလို မဖတ်ဘူး။ သက်ကျ လို့ ဖတ်တယ်။ (သ ကျ လို့ မဖတ်ဘဲ သက်ကျလို့ ဖတ်ရတဲ့ အကြောင်း နောက်မှာ ရှင်းပြပါ့မယ်။) သက်ယ လို့ ဖတ်လို့မရတာကြောင့် သူတို့ဟာ ပါဌ်မဟုတ်ဘဲ။ ဗျည်းတွေ တွဲထားလို့ ဗျည်းတွဲလို့ သဒ္ဒါမှာ အမည်မှည့်ထားတယ်။ (ဒီအထိ ဖတ်လိုက်ရင်ပဲ လက်ျာ လို့ ရေးရေး၊ လကျာလို့ပဲ ရေးရေး၊ လက်ယာလို့ အသံမထွက်ဘူးဆိုတာ သိလောက်ပါပြီ။) ဒါကြောင့် ကွ ကိုလည်း ကဝ လို့ မဖတ်သလို၊ လှ ကိုလည်း လဟ လို့ မဖတ်ရဘူး။ သူတို့အတွက် သီးသန့်အသံတစ်ခု ဖြစ်လာတယ်။
ဒါပေမယ့် ပါဠိသဒ္ဒါအနေနဲ့ ပြောရရင် ကျ ကို ကယ လို့ မဖတ်ဘဲ ကျ လို့ပဲ ဖတ်တယ် ဆိုပေမယ့် ‘သကျ’ လို စာလုံးကျတော့ သက်ကျလို့ ဖတ်ပြန်တယ်။ အရှေ့မှာ ‘က်’ လေးတစ်လုံး ပိုပါလာတယ်။ ဘာလို့ပါလိမ့်။ ဟုတ်ပါတယ်။ ဒီ (ယ၊ ရ၊ ဝ၊ ဟ) အက္ခရာလေးလုံး ဆင့်လိုက်ရင်၊ တနည်း ပင့်ရစ်ဆွဲထိုး ပါလာပြီဆိုရင် ပါဠိစာတွေမှာ အရှေ့အက္ခရာကို ရဿသံကနေ ဒီဃသံ ပြောင်းပေးရတယ်။ အသံတိုကနေ အသံရှည်ပြောင်းပေးရတယ်လို့ ဆိုလိုတယ်။ လွယ်လွယ် မှတ်ရင်တော့ (က်) သို့မဟုတ် (န်) ထည့်ပေးလိုက်တယ်ပေါ့ဗျာ။ ဥပမာ ကြည့်ရအောင်။ 
ယပင့်  –> သကျ ကို ဖတ်ရင် သက်ကျ လို့ ဖတ်ရမယ်။
ရရစ် –> စကြာ ကို ဖတ်ရင် စက်ကြာ လို့ ဖတ်ရမယ်
ဝဆွဲ –> ကတွာ ကို ဖတ်ရင် ကက်တွာ လို့ ဖတ်ရမယ်။
ဟထိုး –> အမှ ကို ဖတ်ရင် အန်မှ လို့ ဖတ်ရမယ်။
ဒီအပြောင်းအလဲတွေ အသံထွက်တွေက ပါဠိစာနဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ မြန်မာစာလုံးတွေမှာပဲ သက်ရောက်မှု ရှိတာပါ။ ဆိုလိုတာက ဒီစည်းကမ်းကို ပါဠိစာနဲ့ ပါဠိသက် မြန်မာစာလုံးတွေမှာပဲ သုံးတယ်။ ပါဠိမှာ အမှ ကို အန်မှ လို့ ဖတ်ရလို့ မြန်မာစာဖြစ်တဲ့ အမှာစာ ကို အန်မှာစာလို့ ဖတ်လို့ မရဘူး။ အဲဒါ သတိထားရမယ်။ ငယ်ငယ်က ယေဘုယျလို့ ရေးပြီး ယေဘုံယ လို့ ဖတ်ဖတ်နေရတာ နားကို မလည်ဘူး။ ဒါကြောင့်မို့လည်း အများစုက ယေဘုယျ ဆိုတဲ့ စာလုံးပေါင်းကို ယေဘုံယျ ဆိုပြီး မှားမှားရေးတတ်ကြတယ်။ တခြား ဥပမာတွေက မုချ – မုက်ချ၊ တုမှ – တုန်မှ ဆိုတာတွေပါ။ အဲ … အဲဒီထဲကမှ ထူးခြားတာ တစ်ခုက မုဒြာ ဆိုတဲ့ စကားလုံးပဲ။ မုက်ဒြာ လို့လည်း ဘယ်သူမှ မဖတ်ဘူး။ မုန်ဒြာလို့လည်း မဖတ်ကြဘူး။ မုဒြာ လို့ပဲ ဖတ်တာ ထူးဆန်းတယ်။
အဲဒီ အဝဂ်ထဲမှာ နောက်ထပ် ပြောစရာ ကျန်နေသေးတာက ‘သ’ အက္ခရာပဲ။ ငယ်ငယ်က တချို့ ရေးကြတာ မြင်ဖူးတယ်။ သားသ္မီး ဆိုတာလေ။ သားသမီးကို သားသ္မီးဆိုပြီး ထွင်ထားတယ်။ ဒီစာလုံးကို ဘယ်သူများ ရှာရှာပေါက်ပေါက် ထွင်သလဲ မသိဘူး။ အရင်ကတော့ ဘယ်လိုဘယ်လို ဖြစ်ပြီး ‘သ’ နဲ့ ‘မ’ နဲ့ ဆင့်ပစ်လိုက်ပါလိမ့်လို့ နားမလည်ခဲ့ဘူး။ နောက်ပိုင်း ပါဠိစာ လေ့လာမှ သွားတွေ့တယ်။ ပါဠိမှာက ‘သ’ ကို ‘မ’ အပေါ်မှာ ဆင့်ပြီး သုံးတာ တွေ့ရတယ်။ မြန်မာစာမှာတော့ အဲဒီ အရေးအသားမျိုး မရှိဘူး။ ပါဠိမှာ ‘ယသ္မာ’ ‘ယသ္မတော’ ‘ဣမသ္မိံ ‘ ဆိုပြီး ‘သ’ နဲ့ ‘မ’ ဆင့်ထားတာ တွေ့ရတယ်။ ဖတ်ပုံကတော့ ဗျည်းတွဲ ဖတ်ပုံနဲ့ နည်းနည်း ဆင်တယ်။ မတူတာက ယသ္မာ ကို ယက်သမာ လို့ ဖတ်တယ်။ ယသ္မတော ဆိုရင် ယက်သမတော၊ ဣမသ္မိံ ဆိုရင် ဣမက်သမိမ် (မိံ) လို့ ဖတ်ရပါတယ်။
ကဲ … အခုလောက် ရှင်းပြလို့ သဘောပေါက်သွားပြီဆိုရင် ယောက်ျား ဆိုတဲ့ စကားလုံးရယ်၊ လက်ျာ ဆိုတဲ့ စကားလုံးဟာ မြန်မာစာစံနဲ့ရော၊ ပါဠိစာစံနဲ့ရော ဘယ်စံနဲ့မှ အံမဝင်ဘူးဆိုတာ သတိထားမိလောက်ပါပြီ။ ဒါပေမယ့် အဲဒီ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့ စကားလုံး နှစ်လုံးကို ဘယ်သို့သော ပညာရှင်က ဘယ်သို့သော သဒ္ဒါစည်းကမ်းကို ထောက်ပြီး ထွင်သွားတယ် မသိဘူး။ အခုခေတ်တော့ ယောက်ျား ဆိုတာကို တွင်တွင်ကြီး သုံးနေကြတယ်။ ကိုယ်ပဲ ဉာဏ်မမီတာလားတော့ မပြောတတ်ဘူး။ လက်လှမ်းမီသလောက်တော့ စာလုံးဖွဲ့စည်းပုံ စည်းကမ်းတွေ လိုက်လေ့လာထားတာပါပဲ။ ဒါပေမယ့် မတွေ့ဘူး။ အများညီ ဤကို ကျွဲဖတ် ဆိုတဲ့ စကားပုံအတိုင်းပဲလို့ ပြောရမလား မသိပါဘူး။ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာတောင် ယောက်ျား ဆိုတဲ့ စာလုံးကို ထည့်ထားတယ်။ တကယ်လို့ ကိုယ်က လက်လှမ်းမမီတာ ဆိုရင်လည်း သိတဲ့သူများ ယောက်ျား ဆိုတဲ့ စာလုံးရဲ့ ဗျုပ္ပတ် ကိုလည်း ဝေမျှကြပါဦးလို့ စိတ်ရင်းနဲ့ တောင်းခံပါတယ်။ (* လက်ျာဆိုတဲ့ စကားလုံးကတော့ နောက်ဆုံးထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ မပါတော့ပါဘူး။)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ
၁။ မြန်မာစာပေနှင့်ဆိုင်သော သီးသန့်ဘလော့ဂ် – ကျွန်တော်တို့၏ မြန်မာစာ