စိတ်ဟူသော ကန်ရေပြင်

credit to: voyeur33.blogspot.com

ကန်ရေပြင်ဟာ ငြိမ်သက်နေမယ်ဆိုရင် ရွံ့နွံ့စတဲ့ အနောက်အကျိတွေ ကင်းပြီး ကြည်လင်လာတယ်။ ရေပြင်ဟာ ကြည်လင်လာပြီ ဆိုတာနဲ့ ကန်အောက်ခြေကို အနှောက်အယှက်မရှိ ရှင်းရှင်းကြီး မြင်ရပါပြီ။ အောက်ခြေမှာ ညစ်ပတ်နေလည်း အတိုင်းသား မြင်ရတယ်။ သန့်ရှင်းနေရင်လည်း အထင်းသား မြင်နေရတယ်။

အဲဒီလိုပါပဲ။ ကန်ရေပြင်နဲ့ တူတဲ့ စိတ်ဟာလည်း အနှောက်အယှက်ကင်းအောင် ထားနိုင်ရင် တည်ငြိမ်လာပါမယ်။ တည်ငြိမ်လာတာနဲ့ တစ်ပြိုင်နက် ကိလေသာနဲ့ တူနဲ့ ရွံ့နွံတွေ ကင်းစင်ပြီး စိတ်ဟာ ကြည်လင်လာမယ်။ စိတ်ကလေး ကြည်လာတာနဲ့ တစ်ပြိုင်နက်တည်းမှာပဲ ကန်ရဲ့ အခြေကို မြင်ရသလို စိတ်ရဲ့ အနက်ရှိုင်းဆုံးမှာ ရှိတဲ့ အစစ်အမှန်ပညာ ကိုလည်း 
ရှင်းရှင်းလင်းလင်း မြင်လာရမယ်။ နောက်ပြီး ကိုယ့်ရဲ့ အတွင်းထဲမှာ ခိုအောင်းနေတတ်တဲ့ မကောင်းတဲ့ ဉာဉ်တွေကိုလည်း ထင်ထင်ကြီး မြင်လာရမယ်။ အပြစ်ဆိုတာ မြင်ရမှ ပြင်လို့ရတာ မဟုတ်လား။ မြင်လာပြီဆိုရင် ပြင်နိုင်တဲ့အဆင့် ရောက်ပြီပေါ့။
ကျနော်တို့ မကြာခဏ စိတ်ဆိုးစိတ်ညစ် ဖူးပါတယ်။ အဲဒီလို စိတ်ဆိုးနေတဲ့အချိန်မှာ ချလိုက်တဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်တုန်းက မှန်ခဲ့ဖူးလို့လဲ။ နောက်ပြီး ကျောင်းသားတွေ အနေနဲ့ စိတ်တိုနေတဲ့ အချိန်မှာ စာကျက်ကြည့်ပါလား။ ဘာတစ်လုံးမှ ရမှာ မဟုတ်ဘူး။ စိတ်တိုနေရင်၊ စိတ်ညစ်နေရင် ရထားပြီးသား သင်္ချာပုစ္ဆာတောင် ပြန်တွက်လို့ မရတော့တာတွေ ခဏခဏ ကြုံဖူးမှာပါ။ အဲဒါ ဘာကြောင့်မို့လဲလို့ အရင်းစစ်ကြည့်ရင် စိတ်တွေ နောက်ကျိနေလို့ပါ။ စိတ်တွေ နောက်ကျိနေတော့ ကိုယ်ရဲ့ အသိတွေ အမြင်တွေ ပညာတွေဟာ ဝေဝါးသွားပြီး ဝေဝါးနေတဲ့ အသိအမြင်နဲ့ လုပ်သမျှ ဆုံးဖြတ်သမျှဟာ မှားဖို့က သေချာသလောက်ပဲ။ ဒါကြောင့် ဆုံးဖြတ်ချက်တွေ မှန်ချင်ရင်၊ ကိုယ့်ရဲ့ လုပ်ရပ်တွေ မှန်ကန်ချင်ရင် စိတ်ကို ကြည်နေအောင် ထားပါ။
ကဲ ဒါဆို စိတ်မကြည်အောင် နှောက်ယှက်နေတဲ့ အနှောက်အယှက်က ဘာတွေ ဖြစ်မလဲ။ ရေကန်နဲ့​ ဥပမာကြည့်ရင်တော့ ရေကန်ထဲကို ခဲလုံးတွေ ပစ်ပစ်ချရင် ရေဟာ နောက်လာတာပဲ။ ကန်သေးရင် နည်းနည်း ပစ်ရုံနဲ့ နောက်ပေမယ့် ကန်ကြီးရင်တော့ များများ ပစ်ရတာပေါ့။ ရေကန်ဟာ အသေးအကြီးပေါ် မူတည်ပြီး ရေနောက်အောင် ပစ်ရတဲ့ ကျောက်ခဲပမာဏ ကွဲသွားပေမယ့် စိတ်ကတော့ သေးသေးလေးနဲ့လည်း နောက်ကျိသွားနိုင်တာပဲ။ ဒါဆို စိတ်ကို တုန်လှုပ်သွားအောင် လှုပ်ခတ်နိုင်စွမ်း ရှိတဲ့ အရာတွေက ဘာတွေလဲ။ အာရုံတွေပါ။
အဆင်းကြောင့်လည်း လှုပ်ခတ် သွားနိုင်တာပဲ။ လှရင်လည်း လှလို့ လှုပ်ခတ်သွားပြီး လောဘဆိုတဲ့ ကိလေသာ အနည်တွေကို ထသွားစေတယ်။ ရုပ်ဆိုးရင်၊ ကြည့်မကောင်းရင်လည်း စိတ်ကို လှုပ်သွားစေပြီး ဒေါသဆိုတဲ့ ကိလေသာအနည်တွေကို ထသွားစေတယ်။ ဟော … အသံကလည်း စိတ်ကို ဆွဲလှုပ်နိုင်တာပဲ။ နာပျော်ဖွယ်ကောင်းတဲ့အသံက လောဘ၊ မခံသာတဲ့အသံက ဒေါသ။ အနံ့လည်း ဒီအတိုင်းပဲ။ ရေမွှေးလို အနံ့ကောင်းလေးဆို လောဘကို လှုပ်နှိုးပြီး၊ အနံ့ဆိုးရတာနဲ့ ဒေါသကို လှုပ်နှိုးပြန်တယ်။ အစာကောင်းကို စားရတော့ လောဘတက်ပြီး ပျော်မိပြန်ရော။ မကြိုက်တာ စားမိရင်တော့ ဒေါသထွက်ပြီး စိတ်တိုပြန်တယ်။ နူးနူးညံ့ညံ့ ကိုင်ထိနေရရင် ဇိမ်ကို ကျလို့၊ လောဘတွေ ဖြစ်နေလိုက်တာ။ အစူးဆူးတာတို့၊ ကြမ်းကြမ်းတမ်းတမ်းနဲ့ ထိမိရင်တော့ မျက်နှာရှုံ့မဲ့ပြီး ဒေါသတွေ အချောင်းချောင်း ထွက်နေတယ်။ တခါတလေမှာ အတိတ်မှာ ပျော်စရာလေးတွေ ပြန်တွေးမိတိုင်း ကြည်နူးပြီး နောက်တစ်ခေါက် ပြန်လိုချင် ပြန်ရချင်လိုက်တာ ဆိုတဲ့ လောဘနဲ့ မရနိုင်မှန်းသိရင် စိတ်မကောင်းတွေ ဖြစ်ပြီး ဒေါသတွေ ပေါ်လာရော။ ကဲ နေ့စဉ်နေ့စဉ်၊ စက္ကန့်နဲ့အမျှ လူတကာရဲ့ စိတ်ကို အဲဒီ အာရုံတွေဟာ တွန်းထိုးပြီး မလှုပ်လှုပ်အောင် ယမ်းခါနေကြတယ်။ ဒီတော့ ဘယ်မှာ လာပြီး တည်ငြိမ်နိုင်တော့မလဲ။
တစ်ခါတလေတော့လည်း အပြင်အာရုံတွေကို ကြံ့ကြံ့ခံနိုင်လို့ ကန်ရေပြင်ဟာ တည်ငြိမ်နေသလို စိတ်ဟာ တည်ငြိမ်နေပေမယ့် မကြည်လင်နိုင်တဲ့ အခါတွေလည်း ရှိနေနိုင်သေးတယ်။ ဥပမာ ပြောရရင် ကန်တစ်ကန်ကို ဘယ်သူကမှ ခဲနဲ့ မပစ်မပေါက် မလှုပ်မခတ်ပေမယ့် နောက်နေတတ်သေးတယ်။ ဘာလို့လည်းဆိုတော့ မှော်တွေ ဒိုက်တွေ ရေညှိတွေ တက်နေလို့ပေါ့။ အဲဒီလိုပဲ လူရဲ့ စိတ်ဟာ အပြင်အာရုံရဲ့ လှုပ်ခတ်မှုကို ခံနိုင်ရည် ရှိတယ်ပဲ ထားဦး။ စိတ်အတွင်းကနေ ဖြစ်လာတတ်တဲ့ ရွှံ့နွံတွေနဲ့ တူတဲ့ အညစ်အကြေးတွေကို မဖယ်ရှားနိုင်ပြန်ရင်လည်း နောက်ကျိမြဲ နောက်ကျိနေဦးမှာပဲ။
စိတ်ဟာ (အပေါ်ယံအထင် အရ) တည်ငြိမ်လွန်းအားကြီးရင် ကိုယ့်အထင်အရ ပျင်းစရာကောင်းသလိုလို ဖြစ်လာတယ်။ ဖြစ်မှာပေါ့။ က ချည်း က နေရတဲ့ လူတစ်ယောက်ကို မလှုပ်မယှက်ရအောင် ကြိုးတုတ်ထားကြည့်ပါလား သူ ပျင်းလာတော့မှာပဲ။ အဲဒီလိုပဲ လှုပ်ခတ်နေကျ (လှုပ်နေတာကို သဘာဝပဲလို့ ထင်သွားတဲ့) လူတစ်ယောက်ဟာ မလှုပ်မယှက် နေရပြီဆိုရင် သိပ်မကြာပါဘူး ပျင်းလာတယ်၊ အိပ်ချင်လာတယ်။ နောက်တော့ အိပ်ချင်မူးတူး ဆိုသလိုပဲ စိတ်တွေ နောက်ကျိသွားတာပါပဲ။ နောက်ပြီး ဟိုဟာမလုပ်မိလေခြင်း၊ ဒီဟာ လုပ်ခဲ့မိနေခြင်း ဆိုတဲ့ နောင်တတွေဟာကို စိတ်ကို ညစ်နွမ်းစေနိုင်တဲ့ ရွှံ့နွံတွေပါပဲ။ ရွှံ့နွံတွေဟာ ရေထဲမှာဖြစ်ပြီး ရေကို ပြန်ပြီး ညစ်ပတ်စေနိုင်သလိုပဲ စောနက ပြောခဲ့တဲ့ ဥဒ္ဒစ္စ၊ ကုက္ကုစ္စ ဟာလည်း စိတ်ထဲမှာပဲ ဖြစ်ပြီး စိတ်ကို ပြန်ပြီး ညစ်နွမ်းစေတယ်။
အဲဒီလို အတွင်းအပြင် အနှောက်အယှက်တွေကို ကင်းအောင် ဘယ်လို လုပ်လို့ရမလဲ။ ရေကန်ဥပမာနဲ့ ကြည့်ရင် ဘယ်သူမှ ခဲပစ်လို့ မရအောင် အကာအကွယ် လုပ်ထားမယ်။ နောက်ပြီး ရေထဲက တက်လာတဲ့ ရှိနေတဲ့ ရေမှော်တွေ၊ ရေညှိတွေကို ပုံမှန် ဆည်ပေးမယ်ဆိုရင် ဒီကန်ဟာ အမြဲ ကြည်လင်သန့်ရှင်းနေမှာ အမှန်ပါပဲ။ ကဲ ကိုယ်စိတ်ကိုကော ဘယ်လိုလို့ လုပ်ရမလဲ။ တစ်နည်းတည်းပါ။ သတိ ဆိုတဲ့ ပိုက်ကွန်လေး ဆောင်ထားရုံပဲ။ စိတ်ကို သတိဆိုတဲ့ ပိုက်ကွန်လေးနဲ့ ခြုံထားပေးလိုက်ပါ။ အာရုံတစ်ခု လာတိုက်တယ်။ သတိလေးနဲ့ သိလိုက်။ ဖယ်ပစ်နေဖို့တောင် ကြိုးစားစရာ မလိုပါဘူး။ အစပိုင်းတော့ စိတ်ကို လှုပ်ပစ်လိုက်ပြီးမှ သိတာများတယ်။ ကိစ္စ မရှိဘူး။ ဝင်လာရင် နောက်ကျမှ သိချင် သိပါစေ။ သိဖို့ အရေးကြီးတယ်။ နောက်ပိုင်း ကျင့်သားရလာရင် စိတ်ကို လာမတိုက်ခင်ကတည်းက သိသွားလိမ့်မယ်။ ဒါဆို ရေပြင်ကို မထိခင် ခဲလုံးကို မိလိုက်တဲ့ သဘောပဲ။ ဒါဆို စိတ်ကို လှုပ်ခတ်နိုင်စွမ်း ဘယ်လိုမှ မရှိတော့ဘူး။ ဒါက အပြင်အာရုံကို ဖမ်းတဲ့ နည်းပါ။
အတွင်းက ဒိုက်မှော်တွေကိုကော ဘယ်လို ဆည်မလဲ။ သတိ ပိုက်ကွန်ကို ဖြန့်ခင်းထားရုံပါပဲ။ သူက ရေစစ်လို စစ်ထုတ်ပေးပါလိမ့်မယ်။ အဓိက က အညစ်အကြေးတွေ ထွက်လာရင်၊ တက်လာရင် သိဖို့ပဲ။ စ လေ့ကျင့်တဲ့အချိန်မှာ အကျင့်မရသေးတော့ အညစ်အကြေးက သေးငယ်နေရင် မမြင်တတ်ဘူး။ အပြုံလိုက် အပုံလိုက် တွေ့ရမှ သတိထားမိတတ်တယ်။ ကိစ္စ မရှိဘူး။ သေးသေးပဲ တွေ့တွေ့ ကြီးကြီးပဲ တွေ့တွေ့ သိအောင်သာ ကြိုးစားလိုက်ပါ။ နောက်ပိုင်း ကျင့်သားရသွားရင် အမှုန်သေးသေးလေးကအစ စစ်ထုတ်သွားနိုင်ရင် စိတ်ဟာ အင်မတန်မှ ကြည်လင် ပြတ်သားလာပါမယ်။ ဒိုက်တွေကို ဖယ်သလိုပေါ့။ အပြုံအခဲလိုက်ဆို ဖယ်ဖို့ရာ အင်မတန် ခက်ပေမယ့် တစ်ခုထွက်တာနဲ့ တစ်ခု ဖယ်လိုက်နိုင်ရင် လွယ်လည်း လွယ်မယ်၊ အမြဲလည်း သန့်ရှင်းနေတော့မှာပေါ့။
သံသရာဆိုတာကို ခဏမေ့ထားပြီး မွေးကတည်းက အခုအချိန်ထိ ရှင်သန်နေခဲ့ရတဲ့ အချိန်တွေကို ပြန်စဉ်းစားကြည့်ပေါ့။ ကိုယ့်စိတ်ဟာ စောနပြောခဲ့တဲ့ အညစ်အကြေးတွေနဲ့ ဘယ်လောက်များ ညစ်ပစ်နေမလဲလို့။ စိတ်အတွင်းက ညစ်ပတ်နေရုံတင် မကဘဲ နေ့စဉ်နဲ့အမျှ စက္ကန့်တိုင်း စက္ကန့်တိုင်း စိတ်ကို မလှုပ်လှုပ်အောင် အာရုံနဲ့ ထိုင်ပစ်နေကြတာလည်း လူတိုင်းလိုလိုပါပဲ။ ဒီတော့ ကိုယ့်စိတ်ဟာ ဘယ်မှာ လာပြီး ကြည်တော့မလဲ။ စိတ်မကြည်တော့ အမြင်မကြည်ဘူး။ အမြင်မကြည်တော့ အသိဉာဏ်တွေ ဝေဝါးမယ်။ အသိဉာဏ် ဝေဝါးတာနဲ့ ဆုံးဖြတ်ချက်တွေ၊ လုပ်ရပ်တွေဟာ အမှားမကင်းဘဲ မှားလိုက် စိတ်ညစ်လိုက်၊ ထပ်မှားလိုက် စိတ်ပိုညစ်လိုက်နဲ့ စိတ်ဟာ နောက်ပြီးရင်း နောက်ရင်း ဖြစ်နေကြတယ်။ နောက်ဆုံး စိတ်အနောက် လွန်သွားရင်တော့ ရူးသွားတော့တာပဲ။ ဒါကြောင့် ရူးတယ် ဆိုတာကို ကြားကောင်းအောင် စိတ်နောက်တယ်လို့ ခေါ်တာပေါ့။ 
ဒါကြောင့် အခု စာဖတ်သူတွေလည်း (မရူးသေးခင်) စိတ်မနောက်သေးခင် စိတ်ကို ကြည်လင်အောင် အမြဲ စစ်ဆေး၊ သန့်စင်နိုင်စေဖို့ သတိပေး ရေးသားလိုက်ပါတယ်။

အိုဘယ့်ရောင်ခြည် 

နံနက်မိုးသောက်၊ နေခြည်ရောက်သော်
ထွန်းတောက်ရွှန်းဖြာ၊ လင်းရောင်သာသည်
တိမ်လွှာဖောက်ထွင်း၊ လေဟုန်ခွင်း၍
အပြင်းနှင်ကာ လာချေပြီ။
နံနက်လေသွေး၊ နေနုအေးနှင့်
ပြေးလွှားဖက်ယှဉ်၊ ရွှန်းတောက်သွင်ဖြင့်
အားအင်ကိုဆောင်၊ နေရောင်ခြည်မှာ
လိုရာရောက်၍ ပျော်လေပြီ။
ကြည်လင်ရွှန်းစို၊ ရောင်ခြည်ကိုမှ
တောင့်တမျှော်မှန်း၊ ထိုထိုပန်းလည်း
တင့်လန်းရွှင်မြူး၊ စိမ်းဖန့်လူးသည်
ကြည်နူးဝမ်းမြောက် ပျော်ချေပြီ။
သို့သော် …
အားကြိုးမာန်ဆောင်၊ လင်းရောင်ခမျာ
ရေကန်သာသို့၊ ရောက်လာစဉ်ဝယ်
ရေပြင်ကျယ်အား၊ အလွယ်ထွင်းဖောက်၊ 
အခြေရောက်အောင်၊ မပေါက်ချည်းနှီး
ပိတ်ဆီးရင်ဆိုင်၊ မတွန်းနိုင်သည်
လက်မှိုင်ချပြီး ငြီးချေပြီ။
အိုဘယ့်ရောင်ခြည် …
သင်သည်ရွှန်းတောက်၊ အားမာန်မောက်လည်း
ဘယ်လောက်လုံ့လ၊ ထကြွနေလည်း
ဘယ်လောက်စည်းလုံး၊ ပေါင်းစုရုံးလည်း
အပြုံးမပျက်၊ ကန်ပြင်ထက်က
ယှဉ်ကပ်တည်နေ၊ ဒိုက်မှော်ရေညှိ၊ 
ထွေထွေညစ်ကြေး၊ ရှိနေသေးသည်
လူလေး သင့်အား မောစေမည်။
အိုဘယ့်ရောင်ခြည် …
သင်သည်မှန်းမျှော်၊ ကန်ပြင်ပေါ်မှ
ဖြတ်ကျော်ထွင်းဖောက်၊ ရေထဲရောက်အောင်
တောက်လျှောက်ထွင်းလျှို၊ သွားလိုပါမူ
သင့်ကိုပိတ်ထေး၊ အညစ်ကြေးကို
မနှေးအလျင် ဖယ်စေချင်။
အိုဘယ့်ရောင်ခြည် …
သင်သည်ဖယ်ခွင်း၊ ကန်ပြင်ရှင်းလည်း
အလျင်းအောက်ခြေ၊ မတိုးလေနှင့်။
ရွှံ့မြေနွံစေး၊ အညစ်ကြေးကြောင့်
ညစ်ထေးနောက်ကျိ၊ ပိတ်ဆို့မိသည်
သင်၏စွမ်းအား နည်းစေမည်။
အိုဘယ့်ရောင်ခြည် …
သင်၏ နီမြန်း၊ လင်းရောင်စွမ်းအား
ခြုံလွှမ်းလိုလျှင်၊ ကန်ရေပြင်အောက်
မမြင်လောက်အောင်၊ နောက်ကျိပိတ်ဆို့
ရွှံ့နွံတို့ကို၊ ထုတ်လို့ဖယ်ခွာ
ရှင်းလင်းပါမှ၊ ကြည်ပြာစိမ်းမြ
အလင်းရမည်၊ ထွန်းပရွှန်းစား
သင့်အားရွှင်ကြည် ပျော်စေမည်။
ရောင်ခြည်သစ္စာ၊ ထိုပမာသို့
သူငါအများ၊ လောကသားတို့
အားထားယုံကြည်၊ သစ္စာတည်လည်း
စိတ်မှီကြီးပွား၊ အမှိုက်များကို
ပေါက်ဖွားရှင်သန်၊ မရှင်းပြန်လျှင်
ပေကျံညစ်ထေး၊ ရွှံ့စေးနွံဒိုက်
မှောင်ပိန်းမိုက်သည်၊ အမှိုက်ရှိရာ
သစ္စာဘယ်သို့ လင်းမည်နည်း။
စိတ်၏ညစ်ကြေး၊ ရွှံ့နွံစေးကို
မရှေးအရင်၊ သိအောင်မြင်၍
အပြင်အာရုံ၊ ငိုက်မျဉ်းအုံမှိုင်း၊ 
ထုံထိုင်းတွေဝေ၊ နောင်တတွေကို
မသွေဖယ်ရှား၊ သတိထားသည်
ဘယ်များနောင်ခါ၊ သူမလာစေ
သစ္စာထိုသို့ လင်းစေသတည်း။