တုတ်နှောင်ထားသော ကြိုးတစ်ချောင်း

ဦးထွန်းအောင်သည် အလုပ်ကိစ္စတစ်ခုဖြင့် ခရီးထွက်ရင်း တစ်နေ့ ရေတာရှည်မြို့နယ် အတွင်းရှိ ဆင်များ ထိန်းသိမ်းလေ့ကျင့်ရာ ဖိုးကျားဆင်စခန်းသို့ အလည်အပတ် ရောက်ရှိခဲ့သည်။ ထိုဆင်စခန်းတွင် အသစ်ဖမ်းဆီးရမိသော ဆင်များ၊ ဆင်ပေါက်ကလေးများအား လေ့ကျင့်သင်ကြားပေးသကဲ့သို့ အရွယ်ရောက်ပြီး ဆင်များကိုလည်း သစ်ဆွဲရာတွင် လက်တွေ့ အသုံးချလျက် ရှိသည်။ ထိုသို့ လေ့ကျင့် သင်ကြားနေသည်ကို ကြည့်ရှုရင်း စိတ်ဝင်စားဖွယ် အကြောင်းရပ်တစ်ခုကို သတိထားမိလေသည်။ ၎င်းမှာ ဆင်အကောင်ကြီးများအား ချည်နှောင်ထားသော ကြိုးသည် ဆင်၏ ခွန်အား ဗလနှင့် နှိုင်းစာလျှင် သေးငယ်နေလေသည်။ အမှန်တကယ်ဆိုလျှင် ထိုဆင်ကြီးသည် အလွယ်တကူပင် မိမိအား ချည်ထားသော ကြိုးကို ဆွဲဖြတ်ပစ်လိုက်နိုင်သည်။ သို့သော် ထိုဆင်ကြီးမှာ မည်သို့မျှ ရုန်းထွက်ဖို့ မကြိုးစားသကဲ့သို့ သူ့မှာ ရုန်းထွက်ချင်စိတ်လည်း ရှိပုံမရ။ ထိုအချက်ကို သတိထားမိသော ဦးထွန်းအောင်မှာ ဆင်ငယ်ကလေးများကော မည်သို့ ရှိမည်နည်းဟု သိချင်လာသောကြောင့် ဆင်ပေါက်ကလေးများ ထားရာ စခန်းသို့ သွားရောက် ကြည့်ရှုလေတော့သည်။ ထိုဆင်ပေါက်ကလေးများအား ချည်နှောင်ထားသော ကြိုးမှာ ဆင်ကြီးများ ချည်နှောင်ထားသော ကြိုးနှင့် အရွယ်အစား အတူတူပင် ဖြစ်လေသည်။ အဘယ်ကြောင့် ဆင်ကြီးနှင့် ဆင်ငယ်တို့အား ချည်ထားသော ကြိုးသည် ရွယ်တူ ဖြစ်ရပါသနည်း။ အဘယ်ကြောင့် ဆင်ကြီးများသည် ထိုတုတ်နှောင်ထားသော ကြိုးကို အလွယ်တကူ ဆွဲဖြတ်၍ ထွက်ပြေးနိုင်ပါလျက် အဘယ်ကြောင့် ထွက်မပြေးကြသနည်း။ ဤမေးခွန်းများကို ကြံစည်၍ မတတ်နိုင်သည့်အဆုံး ဆင်ထိန်းရှိရာသွား၍ မေးမြန်းကြည့်လေတော့သည်။
ဆင်ပေါက်ကလေးတွေက ကလေးပီပီ စူးစမ်းချင်တယ်။ စမ်းသပ်ချင်တယ်။ ကြိုးစားချင်စိတ် အပြည့်ရှိတယ်ဗျ။ လူလိုပဲလေ။ ဒီတော့ သူဟာ လွတ်မြောက်ဖို့အတွက် သူတို့ကို ချည်နှောင်ထားတဲ့ ကြိုးကို ဆွဲဖြတ်လို့ ပြတ်မပြတ်ဆိုတာ အမြဲ ကြိုးစားကြည့်တတ်ကြတယ်။ ဒါကြောင့် ကျနော်တို့က သူတို့ အားနဲ့ မမျှတဲ့၊ သူတို့ မဖြတ်နိုင်လောက်တဲ့ ကြိုးတုတ်တုတ်ကို စီစဉ်ထားရတယ်။ သူတို့ဟာ တော်တော် အရွယ်ရောက်တဲ့ အထိကို ဆွဲဖြတ်ကြည့်ကြတယ်။ မရတော့ဘူးဆိုပြီး ဆုံးဖြတ်ချက် ချပြီး အဆုံးမှာတော့ သူတို့ ဘယ်တော့မှ မကြိုးစားကြတော့ဘူးလေ။ အဲဒီဆင်တွေ ကြီးလာတဲ့အခါမှာ ငယ်ငယ်ကထက် ခွန်အားတွေ အဆတစ်ရာမက ကြီးထွားလာပေမယ့် သူတို့ ငယ်ငယ်က သိထားတဲ့ ‘မရပါဘူးကွာ’ ဆိုတဲ့ အသိအရ ကြိုးစားမကြည့်တော့ဘူး။ ဒါကြောင့် ဆင်ကြီးတွေကို ငယ်ငယ်က ကြိုးသေးသေးလေးတွေ ချည်ထားရုံနဲ့ လုံလောက်ပါတယ်။ သူတို့ ထွက်မပြေးပါဘူး။
ထို စကားကို ကြားရသောအခါ ဦးထွန်းအောင်သည် သူ၏ ပထမတန်း ကျောင်းသားဘဝကို မျက်လုံးထဲ မြင်ယောင်လာမိတော့သည်။ တစ်နေ့ ကျောင်းတွင် သင်္ချာအချိန်၌ ဆရာမက ကျောင်းသားများကို တစ်ယောက်ချင်း စာမေးလေသည်။ ကျောက်သင်ပုန်းပေါ်တွင် ၃ + ၄ ဟု ရေးထားပြီး အဖြေဘယ်လောက်လဲဟု မေးခြင်း ဖြစ်သည်။ ဆရာမက ကျောင်းသားများထဲမှ တစ်ယောက်ကို ရွေးချယ်လိုက်ရာ ထိုသူငယ်မှာ မောင်ထွန်းအောင်လေးပင် ဖြစ်သည်။ မောင်ထွန်းအောင်သည် ကြောက်ကြောက်နှင့် တုန်ချိချိ မတ်တပ် ထရပ်လိုက်သည်။ သူ၏ ခေါင်းကို မိုးကြိုးပစ်သလို ခံစားလိုက်ရပြီး မျက်ရည်များပင် ဝဲတက်လာသည်။ တကယ်တော့ မောင်ထွန်းအောင်လေးသည် ဂဏန်းသင်္ချာနှင့် ပတ်သက်လျှင် အလွန် အားနည်းပေသည်။ ကလေးလည်း ဖြစ်သောကြောင့် ကြောက်စိတ်ဖြင့် မွှန်ထူနေပြီး မျက်ရည်များနှင့် ငိုသာ ငိုနေတော့သည်။ ဘယ်လိုမှ မေး၍မရသော ဆရာမက ဒီလောက်မှ ညံ့ရလားဟုဆိုကာ မောင်ထွန်းအောင်လေးကို ရိုက်ပါတော့သည်။ အိမ်ပြန်အရောက် ငိုထားသော မျက်နှာကို မြင်ရသော မိခင်ဖြစ်သူက အကျိုးအကြောင်း မေးလေသည်။ သားငယ်၏ ပြောစကားအဆုံးတွင်
‘သား ဘာမှ အားမငယ်နဲ့ သိလား။ မေမေတို့ မျိုးရိုးမှာ ဂဏန်းသင်္ချာ ပိုင်နိုင်တဲ့သူ တစ်ယောက်မှ မရှိဘူး’
ထိုစကားကို ကြားရသော မောင်ထွန်းအောင်လေးမှာ အားတက်သွားပြီး ‘ငါတစ်ယောက်တည်းမှ မဟုတ်တာ။ ငါတို့ တစ်မျိုးလုံး ငါ့အတိုင်းပဲ။ ငါ သင်္ချာမရတာ ဘာအရေးလဲ။‘ ဟူသော ခံယူချက်ကို မြဲမြဲ ချမှတ်လိုက်လေတော့သည်။
ထိုကြိုးသည် ယခုအချိန်ထိ ဦးထွန်းအောင်အား ချည်နှောင်ထားဆဲပင်။ ယခု အသက် (၅၀) ကျော် အရွယ်အထိပင် ဦးထွန်းအောင်မှာ ဂဏန်းတွက်စက်မှ မရှိလျှင် မတွက်တတ်။ စာရင်းအင်းဆိုလည်း ဝေးဝေးမှ ရှောင်သည်။ ဂဏန်းသင်္ချာ အပေါင်းအနုတ် လုပ်ရမည်ကို သေမလောက် ကြောက်သည်။ အဘယ်ကြောင့်နည်း။ ဦးထွန်းအောင် ထိုမေးခွန်း၏ အဖြေကို ယခုမှ ကောင်းကောင်း နားလည်သွားပေပြီ။ သူ့အား ငယ်ငယ်က ကြောက်ရွံ့မှု ဟူသော ကြိုးတစ်ချောင်းက ရာသက်ပန် ချည်နှောင်ထားခဲ့လေပြီ။ ပထမတန်း ကျောင်းသားဘဝက ခဏတာ ရုန်းထွက်ဖို့ ကြိုးစားခဲ့သော နှောင်ကြိုးတစ်ချောင်း။ ကြိုးစားပြီး ခဏမှာပင် ရုန်းထွက်ရန် စွန့်လွှတ်ခဲ့သော ဆုံးဖြတ်ချက်။ ထိုဆုံးဖြတ်ချက်ကြောင့် အသက်ကြီးပြင်းလာသည်အထိ ဆက်လက် တုတ်နှောင်နေဆဲ ကြိုးတစ်ချောင်း။ ထိုကြိုးတန်းလန်းနှင့်ပင် ဦးထွန်းအောင် သေသည်အထိ အသက်ဆက် နေရပေတော့မည်။ 
xxx ooooo xxx
ကြိုးချည်ခံထားသော တိရစ္ဆာန်တစ်ကောင်သည် သနားစရာ ကောင်းသည်မှာ အမှန်ပင်။ သူတို့လည်း လွတ်လွတ်လပ်လပ် သွားလာချင်ပေလိမ့်မည်။ နွားဖားကြိုး ထိုးထားသော နွားများ၊ ကကြိုးဆင်ထားသော မြင်းများ၊ သစ်ဆွဲနေသော ဆင်ကြီးများ၊ လည်ပင်းမှ ကြိုးတန်းလန်းနှင့် ခွေးများ ကြောင်များ၊ ထိုထိုသော တိရစ္ဆာန်များကို မြင်ရသောအခါ ကျနော် သနားစိတ်ဝင်မိသည်။ ရေငတ်လျှင်ပင် သူတို့မှာ စိတ်ကြိုက်သွား၍ မသောက်နိုင်။ ကြိုးဆွဲရာ ကကြရသော ရုပ်သေးရုပ်များသာ။ သူတို့က လူတွေကို မျက်နှာငယ်ဖြင့် ကြည့်တတ်ကြသည်။ သနားစဖွယ် တောင်းခံနေသော မျက်နှာထားဖြင့် ကြည့်တတ်ကြသည်။ သူတို့တွေ ကျနော်တို့ လူသားများကို အားကျနေမည်မှာ အမှန်ပင်။ သို့သော် …. ။ သူတို့ အားကျသလို ကျနော်တို့ လူသားတွေကရော အတုတ်အနှောင်မှ လွတ်ပါ၏လော။ ဤ မေးခွန်းများကို ဖြေကြည့်ပါ။ သင်၏ လည်ပင်းတွင် တုတ်နှောင်ထားသော ကြိုးရှိမရှိ သင် သိလာပါလိမ့်မည်။
၁။ သင် တစ်နေ့တာအတွင်း အစားအသောက် တစ်ခုခုကို ဒါလေးဖြင့် စားချင်လိုက်တာ၊ သောက်ချင်လိုက်တာဟု အာသာပြင်းပြင်း တောင့်တဖူးပါသလား။
၂။ ဒီကောင့်ကို တွေ့ရင်ဖြင့် စော်ပစ်ဦးမည် ဟု တစ်ဦးတစ်ယောက်အား အငြှိုးအတေး ထားဖူးပါသလား။
၃။ သူအခု ဘာများ လုပ်နေပါလိမ့်၊ ဘယ်များ ရောက်နေပါလိမ့် ဟု တစ်ဦးတစ်ယောက်အား သတိရဖူးပါသလား။
၄။ သူ့ကို တွေ့ရရင် ကောင်းမှာပဲ (သို့) ဒီကောင့်ကို တွေ့ကို မတွေ့ချင်ဘူးဟု မျှော်လင့်ဖူးပါသလား။
၅။ ဒီစာအုပ် ဖတ်ချင်လိုက်တာ၊ ဒီသီချင်း နားထောင်ချင်လိုက်တာ၊ ဒီရုပ်ရှင်ကား ကြည့်ချင်လိုက်တာဟု သင် တောင်းဆိုဖူးပါသလား။
၆။ သင် တစ်စုံတစ်ယောက်နှင့် ငြင်းခုံဖူးပါသလား။
၇။ သင့်ခံယူချက် (သို့) လုပ်ရပ်သည်သာ မှန်သည်ဟု သင် ယုံကြည်ဖူးပါသလား။ (ဘာသာတရား အပါအဝင်)
၈။ ငါ သီလရှိသလို သူတို့ကော သီလရှိရဲ့လား ဟု သင် သူတပါးအား တိုင်းထွာဖူးပါသလား။
၉။ မိမိကိုယ်ကို သူတစ်ပါးနှင့် နှိုင်းယှဉ် ကြည့်ဖူးပါသလော။
၁၀။ ဒီထက် မြင့်တဲ့ သာတဲ့ နတ်ဘုံ ဗြဟ္မာဘုံကို ရောက်ချင်လိုက်တာ၊ ရောက်အောင် လုပ်မည်ဟု သင် ခံယူဖူးပါသလား။
၁၁။ သူက ငါ့ကို တခြားသူလောက် မချစ်ဘူးဟု စောဒက တက်ဖူးပါသလား။ (မိဘနှင့်သားသမီး အပါအဝင်)
၁၂။ ဒီနေ့ ဘာမှ မလုပ်ချင်ဘူးကွာ ဟု သင် တွေးဖူးပါသလား။
၁၃။ ငါ့ကို ဒီလို လုပ်လို့ ဘယ်ရမလဲကွာ ဟု သင် ကျိန်းဝါးဖူးပါသလား။
၁၄။ ငါ့ဟာငါ မရှိတာ (သို့) မသိတာ သူနဲ့ ဘာဆိုင်လဲကွ ဟု မာန်ဆောင်ဖူးပါသလား။
၁၅။ သင် ကြားဖူးသော၊ သိဖူးသော၊ သင်ဖူးသော အရာများ၊ ပညာများကို ဂုဏ်ယူစွာ တင်ပြဖူးပါသလား။
၁၆။ သင် တိရစ္ဆာန် တစ်မျိုးမျိုးကို ကြည့်ရန် (သို့) တို့ထိရန် ကြောက်ပါသလော။ (တချို့ တီကောင်၊ တချို့ ခူယားကောင် ကြောက်သည်)
၁၇။ သင် ရွံတတ်ပါသလော။
အထက်ပါ မေးခွန်းများကို မညာတမ်း ဖြေကြည့်လျှင် သင့်လည်ပင်းတွင် တုတ်နှောင်ထားသော ကြိုးသည် တစ်ချောင်းမကကြောင်း သင် သတိထားမိလာပါလိမ့်မည်။ ထိုမေးခွန်း၏ အဖြေများကို ကျနော် မသိချင်ပါ။ သို့သော် သူကိုယ်တိုင် သိထားဖို့ လိုအပ်ပါသည်။ သို့မှသာ သင့်လည်ပင်းရှိ ကြိုးအရေအတွက်ကို သင် သိနိုင်ပေမည်။