တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် သူ့ကို လွမ်းသလို၊ သူ့ကို သတိရသလို သူနဲ့ ကျောင်းနေဖက် အတန်းသူ အတန်းသား အားလုံးကလည်း ကျနော်နဲ့ ထပ်တူ သတိရကြလို့ အဲဒီ ဆုံးတဲ့နေ့ (၃၁ မေ) ပြီး နောက်တစ်ရက်မှာ သူတို့ ကဗျာတစ်ပုဒ် ဝိုင်းရေးကြတယ်။ အဲဒီကဗျာနဲ့ သူတို့ချစ်တဲ့ သူငယ်ချင်း သက်နိုင်ဦးကို ဖော်ကြူးခဲ့ကြတယ်။ အဲဒီ ကဗျာစာရွက်လေးကို သူတို့တွေ တစ်ကျောင်းလုံး ဝေငှလိုက်ကြပြီး သူငယ်ချင်းရဲ့ နောက်ဆုံးခရီးစဉ်ကို သူတို့ ဘတ်စ်ကားကြီး လေးစင်းနဲ့ လိုက်ပို့ကြပါတယ်။

(၁၂) နှစ်မြောက်တဲ့ ဒီနေ့မှာ အဲဒီ ဝေခဲ့ဖူးတဲ့ စာရွက်ကို အမှတ်တရ ပြန်ကြည့်မိပြီး သတိတရ ရှိတာနဲ့ ပို့စ် တင်ပေးလိုက်ပါတယ်။ ဒီကဗျာကို စီစဉ်တဲ့သူတွေကို ကျနော် မသိတော့ပါဘူး။ (၂၀၀၀) ခုနှစ်က မန္တလေးကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်စုလို့ပဲ သိတော့တာပါ။ သူတို့ရဲ့ ကဗျာစာသားတွေကို ဖတ်ရင်း ကျနော်လည်း တစိမ့်စိမ့် သတိရမိနေတာနဲ့ တင်လိုက်ပါတယ်ဗျာ။

ဇွဲကလောင်ကိုင်ဆွဲရင်း ကြိုးစားသည့် …
အားပေးရင်းနှစ်သိမ့်တဲ့ မိဘတတွေ
ဆက်လက်လို့ ကြိုးစား (၉၉ ကုန်တော့) တွေ့ကြသည်
တို့တတွေသည် … ယခုတော့
သဲထဲရေသွန် ကွယ်ပျောက်ပြီ။

မိဘကဆွေး၊ တို့တတွေကလွမ်း
မင်းထားခဲ့အလွမ်း၊ တို့ရင်မှာစွဲကျန်သည် …
တစ်သက်မမေ့ပြီ …

သွား၊ လာ၊ စား၊ ကစားရင်း အတူ
မင်းရဲ့ရုပ်ပုံတွေ၊ ရင်တွင်းကစကားတွေ
ပြန်မြင်ယောင်ထင်ဟပ်မိတယ် ကျောင်းဆရာရယ် …

မင်းကနေမကောင်း၊ ခုံနံပါတ်ခိုးထိုး (မင်းအတွက်)
ဒါတွေက မင်းအတွက်စေတနာ
အခြင်းအရာ မသိတဲ့တို့ဆရာ
‘မလာတဲ့သူ နောက်အခါဘယ်တော့မှမလာနဲ့’ တဲ့
စိတ်ထဲမှာထင့် ငါ့ရင်မှာမင်းအတွက် ပူလောင်မိတယ်

အဝေးတစ်နေရာ ပြေးထွက်သွားတဲ့ ………………… မင်း
တို့ရင်မှာနေရာယူခဲ့တဲ့ ……………………………….. မင်း
တစ်တန်းလုံးအတွက် အနစ်နာခံခဲ့တဲ့ ………………. မင်း
တာဝန်ကျေခဲ့တဲ့ကျောင်းသား ………………………. မင်း
မိဘတွေသိပ်ချစ်ခဲ့တဲ့ ………………………………… မင်း
ငါတို့အရမ်းသတိရနေတဲ့ ……………………………. မင်း

အရာရာမင်းကို သတိရနေတဲ့ ငါတို့ကတော့
မင်းနေရာဘယ်သူမှ မဝင်လာစေရကွာ

မင်းရဲ့ပုံဟန်
လွယ်အိတ်ကိုဘေးလွယ်
ပွင့်လင်းတဲ့စကား
ချိုသာတဲ့အပြုံး
အားပေးတဲ့စကားတွေနဲ့ မင်းကိုသတိရနေတယ်

မင်းအခုတော့ ဘဝအလင်းကို ကြိုတင်ရွေးခဲ့ပေါ့ …
ဒို့မင်းအတွက်

ရင်နင့်စွာ ကြေကွဲရင်း အထက်(ဘဝဂ်) မင်းပျော်ရွှင်စေ
ဆုတောင်းပေးတဲ့ တို့တတွေလည်း
မင်းနဲ့တစ်နေ့ဆုံတွေ့မှာပါဘဲ

သံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ ခွဲခွာခဲ့တဲ့
မင်းအတွက် အံကိုခဲရင်း
ဝေးသွားတာကို ဆွေးမိတယ် …
‘စိန်’ ဟာ ‘မှန်’ မရွေးဘူးဆိုသလို
‘သေခြင်း’ ဟာလည်း ‘လူ’ မရွေးပါဘူးဆိုတာ ဒို့သိပါတယ်
သွားရတာတော့ သွားတာပေါ့
ဒါပေမယ့် မင်းသွားတာ စောလွန်းတယ်
မင်းဖျားနာတာ တို့တတွေတွေ့တော့
အသည်းနှလုံးဆွဲထုတ် နှလုံးသွေးဖောက်သောက်ခံရသလို
အရိုးကြေမွ မျက်လုံးတွေပြာတောက်လာတယ်
တစ်ကိုယ်လုံးတုန်လာတယ်
မင်းကိုအရမ်းစိုးရိမ်ရင်းနဲ့ ကြွေခဲ့တဲ့မင်းကို
ကြွေလင့်တဲ့အသည်းတွေနဲ့ ငါတို့ စိတ်ဓာတ်တွေ မခိုင်တော့ဘူး
မင်းကိုလွမ်းတယ်ကွာ …. ။

မင်းတစ်ယောက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးမြစေသား …
ဘဝဂ်ဘုံမှာ ကောင်းရာသုဂတိလားစေသား … ။

ပထမနှစ် ကွန်ပျူတာတက္ကသိုလ်

အစေ့ဥပဒေသ


နျူတန်ဆိုတာနဲ့ မသိတဲ့သူ မရှိသလောက်ပါပဲ။ သိပ္ပံပညာကို တစ်ခေတ်ဆန်းစေခဲ့သူ၊ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ သူရဲ့ တွေ့ရှိချက်တွေထဲက လူသိများတာကတော့ ကမ္ဘာမြေရဲ့ ဆွဲအားကို တွေ့ရှိခြင်းပါပဲ။ တွေ့တာက ပန်းသီးပင်အောက်မှာ ထိုင်ရင်းနဲ့ ဆိုတာလည်း အားလုံးသိကြတယ်။ ကျနော် ငယ်ငယ်က သရက်ပင်အောက် ခဏခဏ ရောက်ဖြစ်တယ်။ သရက်သီး သွားဆွတ်တာပေါ့။ သူ့ဖာသာ ကြွေကျရင်လည်း ကောက်လိုက်တယ်၊ မကြွေကျရင် တမင် ချွေချတယ်။ သရက်သီးတွေ အလုံး အရာအထောင် ကောက်ခဲ့ဖူးတယ်၊ သူ့လို ဘာလို့ အသီးဟာ ကြွေရင် ဘာလို့ အောက်ကိုပဲဆင်းပြီး အပေါ် ပြန်တက်မသွားတာလဲ လို့တော့ တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီ စဉ်းစားဖော်ရတာ နျူတန်ရဲ့ ထူးခြားချက်ပေါ့။ နေ့စဉ်တော့ တွေ့နေတာပဲ သတိမမူမိဘူး။ ဒါပေမယ့် ကျနော်က အဲဒီလို မစဉ်းမိတဲ့ လူတွေထက်တော့ နည်းနည်းသာတယ်။
နျူတန် ပန်းသီးကြွေကျတာကို ကြည့်ပြီး ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကို တွေ့ရှိတယ်တဲ့။ ပန်းသီးပင်အောက်မှာ ထိုင်ရင်း ပန်းသီးကြွေကျတာ ကြည့်ရင်းတဲ့။ အဲဒီလို စာထဲမှာ သင်ရတော့ ကျနော် စဉ်းစားမိတယ်။ ဘယ်အချိန်မှာ စဉ်းစားမိသလဲ ဆိုတော့ အိမ်သာတက်ရင်း။ ကျနော်လည်း အားကျမခံပေါ့။ နျူတန်ဟာ ပန်းသီးကြွေကျတာကိုတော့ စဉ်းစားမိပြီး ဘာဖြစ်လို့ အိမ်သာတက်တိုင်း ချီးတစ်တုံးပြီးတစ်တုံး ပြုတ်ကျကျနေတာကို ဘာလို့ သတိမထားမိလဲ။ ပန်းသီးပင်အောက်က နေ့တိုင်းသွားချင်မှ သွားမှာ။ အိမ်သာကတော့ နေ့တိုင်းလိုလို ရောက်ရတယ်လေ။ တကယ်ဆို အိမ်သာတက်ကတည်းက ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အားကို တွေ့သင့်တယ်လို့ ကျနော်လည်း အားကျမခံ တွေးဖူးပါတယ်။ ကဲ ထားပါတော့။ ကျနော် ပြောချင်တာက နျူတန်အကြောင်း မဟုတ်ပါဘူး။ ပန်းသီးပင်အကြောင်းပါ။
ပန်းသီးပင်တစ်ပင်ဟာ အသီးသီးပြီဆိုရင် အလုံး ရာ ဂဏန်း သီးလေ့ရှိတယ်။ အလုံး (၅၀၀) အထိကို သီးတတ်တယ်။ အဲဒီ ပန်းသီးတွေ တစ်လုံးတစ်လုံးစီမှာ အစေ့ (၁၀) စေ့ပဲ ပါတယ် ဆိုကြပါစို့။ ပန်းသီး အလုံး (၅၀၀) ဆိုရင်ကိုပဲ အစေ့ပေါင်း (၅၀၀၀) ဖြစ်နေပါပြီ။ နည်းတာမှ မဟုတ်ဘဲ။ ဒါပေမယ့် ကျနော်တို့ ပြန်တွေးကြည့်တော့ အဲဒီအစေ့တွေကြောင့် ပန်းသီးပင် ဘယ်နှပင်လောက်များ အပင်ပေါက်လာပါ့မလဲ။
ပန်းသီးပင် အပင်ပေါက် အနည်းငယ်အတွက် အဲဒီ အစေ့ ငါးထောင်ကျော်က လိုကောလိုအပ်လို့လား။
ဒီမှာ ကျနော်တို့ သဘာဝကနေ သင်ယူစရာလေး တစ်ခု ရှိပါတယ်။
အစေ့အတော်များများက အပင်မပေါက်ပါဘူး
ဒါကြောင့် ကျနော်တို့ တစ်ခုခုကို အလုပ်ဖြစ်ချင်ရင် ကျနော်တို့ တစ်ကြိမ်ထက်မက ကြိုးစားရမယ် ဆိုတာပါပဲ။
လူတစ်ယောက်ဟာ ကျောက်တုံးကြီးတစ်တုံးကို သံတူနဲ့ ထုခွဲနေတယ်။ အချက် တစ်ထောင် တင်းတင်း ပြည့်တဲ့ အချိန်မှာပဲ ကျောက်တုံးကြီး ဟက်တက် ကွဲသွားတယ်။ အဲဒီ ကျောက်တုံးကြီး ကွဲသွားတာဟာ အားပြင်းပြင်းနဲ့ ထုလိုက်တဲ့ အချက်တစ်ထောင်မြောက် ရိုက်ချက်ကြောင့်ပါလို့ သင်ထင်ရင် မှားသွားမှာပေါ့။ တကယ်တော့ အကြိမ် တစ်ထောင်တိတိ သူကြိုးစားခဲ့တဲ့ ရလာဒ်ပါ။
  • ကျနော်တို့ အလုပ်တစ်ခု ရဖို့အတွက် အင်တာဗျူး (လူတွေ့စစ်ဆေးခြင်း) အကြိမ် (၂၀) လောက် ဝင်ကောင်း ဝင်ရမယ်။
  • ကျနော်တို့ အလုပ်မှာ ဝန်ထမ်းကောင်းတစ်ယောက် ရဖို့အတွက် အင်တာဗျူး အခါ (၄၀) မက ထိုင်ချင် ထိုင်ရလိမ့်မယ်။
  • ကိုယ့်ကုန်ပစ္စည်း ရောင်းရဖို့အတွက် လူအယောက် (၅၀) နဲ့လည်း စကားပြောချင် ပြောရမယ်။
  • သူငယ်ချင်းကောင်းတစ်ယောက် ရှာတွေ့နိုင်ဖို့ လူ အယောက် (၁၀၀) နဲ့ ဆက်ဆံကြည့်ကောင်း ဆက်ဆံကြည့်ရမယ်။

အစေ့ဥပဒေသကို သင် နားလည်သွားမယ်ဆိုရင်တော့ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ မရှိတော့ပါဘူး။ တစ်ခါတလေ ပန်းသီး အစေ့ (၅၀၀၀) မှာ အပင်တစ်ပင်မှ မပေါက်တဲ့ နှစ်တွေတောင် ရှိသေးတာပဲ။ ဒါပေမယ့် အဲဒီ ပန်းသီးပင်ကြီးကတော့ နောက်နှစ်လည်း သီးမြဲ သီးတုန်းပါ။ သဘာဝရဲ့ ဥပဒေသတွေကို ကျနော်တို့ နားလည်သဘောပေါက် သွားပြီ ဆိုရင်တော့ ကျနော်တို့အတွက် အလုပ်ဖြစ်သွားနိုင်ပါတယ်။ နျူတန်လိုပေါ့။ ပန်းသီးက သူ့သဘာဝအရ ကြွေချိန်တန် ကြွေနေတာပါပဲ။ ကြွေခြင်းသဘောကို နားလည်လိုက်တော့ ကမ္ဘာမြေဆွဲအားကို သဘောပေါက်သွားခဲ့တယ်။
အောင်မြင်တဲ့လူတွေဟာ မကြာခဏ ဆိုသလို အရှုံးတွေနဲ့ ရင်ဆိုင်ကြရတယ်။ ဒါပေမယ့် သူတို့ အစေ့များများ စိုက်ထားကြလေရဲ့။

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၂)


ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြတဲ့ ဒုက္ခိတ မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေကို ဘဝကောင်းစားရေးအတွက် ပေးချင်တယ် ကမ်းချင်တယ်ဆိုရင်၊ တစ်နည်းပဲ ရှိပါတယ်။ အဲဒါ သူတို့အတွက် အမျှဝေပြီး သာဓုခေါ်ခိုင်းဖို့ပါ။ သူတို့ သာဓု မခေါ်ခဲ့ဘူးဆိုရင် အဲဒီ အမျှက မရပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ဟောတဲ့ အခြေပြုပဋ္ဌာန်းထဲမှာ ပါပါတယ်။ ကျောင်းအမကြီး တစ်ယောက်အကြောင်း (နာမည် မေ့နေပါပြီ)။ အဲဒီ ကျောင်းအမကြီးက သူ့ဘဝမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့ပေမယ့် အရေးအကြီးဆုံး အချိန်ဖြစ်တဲ့ သေခါနီးမှာ အကုသိုလ်နိမိတ် ထင်သွားတာကြောင့် သူဟာ နတ်ပြည်နတ်ဘုံကို ရောက်ရမယ့် အစား ပြိတ္တာသွားဖြစ်တယ်။ (ကုသိုလ် ဧရာမ ကြီးကြီးမားမားတွေ ဘယ်လောက်များများ လုပ်ထားလျက်ပါနဲ့ မကောင်းတဲ့ဘုံတွေကို ရောက်တတ်တယ်၊ ရောက်ရတဲ့အကြောင်းကို အလျဉ်းသင့်ရင် ရေးပါဦးမယ်။) အဲဒီ ကျောင်းအမကြီးရဲ့ ရက်လည်မှာပဲ သူ့မိသားစုဝင်တွေက ဆရာတော် သံဃာတော်တွေကို ပင့်ပြီး ဆွမ်းကပ်၊ ရေစက်ချ၊ အမျှဝေတယ်။ ကျောင်းအမကြီးကို ရည်စူးပြီးတော့ပေါ့။ ဒါပေမယ့် ကျောင်းအမကြီး မရရှာဘူး။ ညရောက်တော့ အသိလာပေးရှာတယ်။ သူ မရတဲ့အကြောင်း၊ အကြောင်းရင်းက သူ သူငယ်ချင်းတွေနဲ့  ခရီးထွက်နေလို့တဲ့။ ပြိတ္တာတွေလည်း လျှောက်လည်တာပဲနော်။ နောက်တစ်ခါ ထပ် လုပ်ပေးပါ ဆိုတာနဲ့ နောက်တစ်ရက် မဟာဂန္ဓာရုံက သံဃာတော်တွေ ပင့်ပြီး ဆွမ်းကပ် အမျှဝေပြန်တယ်။ ဆရာတော်တွေ အပြန် ဦးပိန်တံတားပေါ်မှာ ကိုယ်ထင်ပြပြီး ဆရာတော်ကို လျှောက်ရှာတယ်။ သူ အမျှဝေတာ ရပါပြီတဲ့။ နောက်ပြီး သူ့မကောင်းမှုကြောင့် ခံစားရမယ့် ပြိတ္တာသက်တမ်းလည်း ကုန်ပြီမို့ ခဏနေရင် —– နတ်ဘုံကို သူ သွားရတော့ပါမယ်၊ ဆရာတော်များကို ဦးတင်ရှိခိုးပါတယ် ဆိုပြီး နှုတ်ဆက် ပျောက်ကွယ်သွားတယ်။
ဒါ ဆရာတော်ကြီး ကိုယ်တိုင် တရားထဲ ထည့်ဟောထားတာ ဆိုတော့ အဟုတ်အမှန်လို့ ယူဆတယ်။ အထက်က အကြောင်းအရာကို ကြည့်မယ်ဆိုရင် ကိုယ် အမျှဝေ ပေးမယ့်သူက အနီးအနားမှာ သာဓု မခေါ်နိုင်ရင် အဲဒီ အမျှကို မရဘူးဆိုတဲ့ သဘောပဲ။ နောက်တစ်ခု ကျနော် ငယ်ငယ်က ဘဝင်မကျတာ တစ်ခုရှိတယ်။ အမျှဝေတဲ့ အခါမှာ အများစုက ဘယ်လို ရွတ်သလဲဆိုတော့ “အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်” အဲသလို။ ကျနော် ငယ်ငယ်က စဉ်းစားတယ်။ “ကြားကြားသမျှ ဆိုတော့ မကြားတဲ့သူကို မပေးတော့ဘူးပေါ့။ ဒါ မတရားဘူး။ အဲဒီ အမျှယူမယ့်သူက နားပင်းနေရင် ဘယ်နှယ့်လုပ်မလဲ” ဆိုပြီး ကျနော် ကြားကြားသမျှ ဆိုတဲ့ စကားစုကို ဖြုတ်ပြီး ရွတ်ပါတယ်။ ဒါပေမယ့် ကြီးလာတော့ စာတွေ ဖတ်လာတဲ့အခါမှာ အမျှဝေရင် အကျိုးရဖို့အတွက် အင်္ဂါ (၃) ပါးလိုကြောင်း သိလာရတယ်။ 
(၁) အမျှဝေဖို့ အတွက် အလှူလုပ်ရာမှာ အလှူခံပုဂ္ဂိုလ်ဟာ သီလဝန္တဖြစ်ရမယ်။ ဆိုလိုတာက သီလရှိတဲ့သူ ဖြစ်ရမယ်။ သူမှာ ရှိတဲ့ သီလပေါ် မူတည်ပြီး အကျိုးဘယ်လောက် ကြီးမလဲဆိုတာ ဆုံးဖြတ်ပါတယ်။
(၂) သေသူကို ရည်ညွှန်းပြီး အမျှဝေရမယ်။ ဦးဘယ်သူ ဒေါ်ဘယ်သူ ကြားရာအရပ်က သာဓုခေါ်ပါဆိုပြီး နာမည်နဲ့ ညွှန်းရမယ်။ ဒါမှမဟုတ် အနီးအနားမှာ ရှိကြတဲ့ မကျွတ်မလွတ်သေးသူ အပေါင်းအား အမျှပေးဝေပါတယ် စသဖြင့် တစ်ခုခုကို ရည်ညွှန်းပြီးတော့ အမျှပေးဝေရမယ်။ အမျှဝေရာမှာ သေသူကိုပဲ ဝေလို့ရတယ်။ ရှင်နေသေးတဲ့သူကို အမျှဝေလို့ မရဘူး။ နောက်ပြီး အဝေခံ ပုဂ္ဂိုလ်ကလည်း လူ့ဘုံထက် မြင့်တဲ့ နတ်ဘုံ ဗြဟ္မာ့ဘုံမှာ ရှိနေရင်လည်း အမျှ ယူလို့ မရဘူး။ လူ့ထက် နိမ့်ကျတဲ့ ဘုံတွေထဲမှာတောင် အပါယ်လေးဘုံထဲက ပြိဿာဘုံက သတ္တဝါတွေကိုပဲ အမျှဝေလို့ ရပါတယ်။ အဲဒီ ပြိတ္တာတွေထဲမှာမှ ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာမျိုး ဆိုရင်တော့ အမျှဝေတဲ့ ကုသိုလ်ကို ချက်ချင်း ခံစားကြရတယ်။ ပရဒတ္တုပ ဇီဝိတ ပြိတ္တာဆိုတာ သူများ ပေးစာကမ်းစာနဲ့ အသက်ရှင်ကြရတဲ့ ပြိတ္တာမျိုးပါ။ 
(၃) နံပါတ်သုံး အင်္ဂါကတော့ အမျှအဝေခံရတဲ့ ကာယကံရှင် ကိုယ်တိုင်က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ်။ မခေါ်မိရင်လည်း မရပါဘူး။
ဒါဆို မကြားရင် ဘယ်လို လုပ်မလဲလို့ မေးစရာ ရှိပါတယ်။ မရပါဘူး။ စောနက တင်ပြခဲ့တဲ့ ကျောင်းအမကြီးလိုပေါ့၊ ခရီးထွက်နေလို့ မသိလိုက်ဘူး၊ သာဓု မခေါ်လိုက်ရဘူး။ ဒါဆို မရပါဘူး။ ဒါဆို အမျှဝေတော့မယ်ဆိုရင် သက်ဆိုင်ရာ ဒုက္ခိတသတ္တဝါက အနီးအနားမှာ ရှိဖို့ကို လိုနေပါတယ်။ ရှိမရှိ ဘယ်လို သိမလဲ။ လူသာမန်အနေနဲ့ မသိနိုင်တာတော့ အမှန်ပဲ။ ဒါကြောင့် ရှေးရှေးက ဆရာတော်ကြီးတွေက အလှူလုပ်တော့မယ်ဆိုရင် ကြိုကြိုတင်တင် ပင့်ဖိတ်တဲ့ အလေ့အထလေး လုပ်ကြပါတယ်။ ဆိုပါတော့ ကိုယ်ရဲ့ ကွယ်လွန်ပြီး အမိအဖအတွက် အမျှဝေချင်တယ်ဆိုပြီး အလှူမလုပ်ခင် ရက်အနည်းငယ်ကတည်းက တင်ကြိုပြီး ပင့်ဖိတ်ထားရပါတယ်။ “ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ ဘယ်ဘုန်းကြီးကျောင်းမှာဖြင့်၊ အဖေအတွက်၊ အမေအတွက် ရည်စူးပြီး အလှူအတန်း လုပ်မှာမို့ အဲဒီကို လာပြီး သာဓု အနုမောဒနာ ခေါ်ဆိုဖို့ ကြွရောက်ကြပါ။ တကယ်လို့ အဝေးတစ်နေရာ ရောက်နေမယ်ဆိုလည်း ကြားသိကြတဲ့ နတ်ဗြဟ္မာများ၊ အပေါင်းအဖော်များက တဆင့်တဆင့် လက်ဆင့်ကမ်းပြီး ပြောပေးကြပါ။ အလှူအတန်း လုပ်တဲ့နေ့မှာ သက်ဆိုင်ရာနေရာကို လာနိုင်အောင်လို့လည်း သက်ဆိုင်ရာနတ်များ အစောင့်အကြပ်များက ခွင့်ပြုတော် မူကြပါ” ဆိုပြီး ကြို ဖိတ်ထားရင်တော့ အကောင်းဆုံးပဲပေါ့။ ဘုရားဟော အပါဒါန်ပါဠိတော်မှာ ဘုရားရှင် စကြာဝတေးမင်း ဖြစ်တုန်းက နတ်ဗြဟ္မာတွေကနေ တဆင့် ပင့်ဖိတ်ဖူးကြောင်း ဟောထားပါတယ်။ ဒါကြောင့်လည်း ဆရာတော်ကြီးတွေက ကြိုတင် ပင့်ဖိတ်ဖို့ ပြောခဲ့ဟောခဲ့တာပါ။
အခုခေတ်မှာဆိုရင် လုပ်ရိုးလုပ်စဉ် တစ်ခုလိုကို ဖြစ်နေပါပြီ။ သေသွားပြီဆိုတာနဲ့ အဲဒီ သေသွားတဲ့လူအတွက် ရည်စူးပြီး အလှူလုပ်တယ်၊ အမျှဝေတယ်။ ဗုဒ္ဓစာပေတွေထဲမှာ သာဓုခေါ်နိုင်တဲ့ သတ္တဝါဆိုလို့ ပြိတ္တာဘုံ တစ်ဘုံပဲ ရှိပါတယ်။ သဘောက သေလွန်သူက နတ်ဖြစ်သွားရင် သို့မဟုတ် အဝီစိငရဲကို ဇောက်ထိုးကျသွားရင် သူ့ကို အမျှဝေဖို့ မဖြစ်နိုင်တော့ဘူး။ ပြိတ္တာမဖြစ်ဘဲနဲ့တော့ ဝေတဲ့ အမျှအတမ်းဟာ ကာယကံရှင်အတွက် မရမှာ သေချာပါတယ်။ ဒါဆို အဲဒီ အလှူအတန်းက အလဟသတ် ဖြစ်သွားပြီလား။ မဖြစ်ပါဘူး။ တကယ်တော့ လှူတာက ကိုယ့်အတွက်၊ ဝေတာက သူ့အတွက်ပါ။ လှူလိုက်လို့ ရတဲ့ ကိုယ့်ကုသိုလ်တွေကို ပြိတ္တာဘဝက သတ္တဝါတွေ ချမ်းသာပါစေတော့ ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ အမျှဝေလိုက်တာပါ။ တကယ်တော့ ကိုယ်ရဲ့ ကုသိုလ်က ရနှင့်နေပြီးသား။ တကယ်လို့ သေလွန်သူက ပြိတ္တာဘဝ ရောက်မနေရင် ဘယ်နှယ်လုပ်မလဲ။ ဒါကြောင့်လည်း ဆရာတော်တွေဟာ အမျှဝေရင် ဘယ်တော့မှ တစ်ဦးတစ်ယောက်တည်းအတွက်ပဲ ဝေလေ့ မရှိပါဘူး။ မကျွတ်မလွတ်သေးသော ဒုက္ခိတသတ္တဝါ အပေါင်းတို့အား လည်ကောင်း ဆိုပြီးတော့ တခြားသူတွေအတွက်လည်း ညွှန်းပြီးမှ အမျှဝေတတ်တယ်။ 
အမျှဝေတဲ့အခါမှာလည်း ငါ့ နဂိုရှိတဲ့ ကုသိုလ်များ လျှော့သွားမလားဆိုတဲ့ တွန့်တိုစိတ် မဖြစ်ပါနဲ့။ အဲဒီလို တွန့်တိုနေမယ်ဆိုရင် ပါးစပ်ကသာ အမျှ အမျှ၊ စိတ်ကတော့ မပေးချင်ဘူး။ အဲဒီလို မပေးချင်ဘဲ အမျှ ဝေနေရင်လည်း ပါးစပ်က ရွတ်ရွတ်ပါဘဲ။ မရနိုင်ဘူး။ ဘာလို့လဲဆို သူ့မှာ ပေးချင်တဲ့ စိတ်စေတနာမှ မပါဘဲ။ တကယ်တမ်းတော့ အမျှဝေတယ်ဆိုတာ မူလရှိရင်းစွဲ ကုသိုလ်ကို လျှော့မသွားစေဘူး။ အဲဒီ လျှော့မသွားကြောင်းကို ဟောထားတဲ့ ဝတ္ထုရှိတယ်။ ဝတ္ထုထဲမှာ ဆင်းရဲသားတစ်ယောက်ဟာ သူရဲ့ မရှိမယ့်ရှိမယ့် ပစ္စည်းတွေနဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဆွမ်းလှူလိုက်ပါတယ်။ အဲဒီ ဆွမ်းအလှူအတွက် အမျှဝေပေးဖို့ သူဌေးကြီးတစ်ယောက်က တောင်းဆိုပါတယ်။ အလကားတောင်းတာ မဟုတ်ပါဘူး။ အသပြာ ၁၀၀၀ နဲ့ ရောင်းပါတဲ့။ ဒီတော့ ဆင်းရဲသားခမျာ ပိုက်ဆံကလည်း လိုချင်၊ သူ့ ရပြီးသား ကုသိုလ်လေးကို အဆုံးအရှုံး မခံနိုင်။ သူက အမျှဝေလိုက်ရင် သူ့ကုသိုလ်တွေ လျှော့သွားမယ် ထင်တာကိုး။ သူက ဆုံးဖြတ်လို့မရတော့ စောနက ပစ္စေကဗုဒ္ဓါနောက် အပြေးလိုက်ပြီး မေးလျှောက်တော့တယ်။ အမျှဝေလိုက်ရင် သူ့ရှိရင်းစွဲ ကုသိုလ်တွေ လျှော့သွားမလားပေါ့။ ပစ္စေကဗုဒ္ဓါက မလျှော့ကြောင်းကို ဥပမာတစ်ခုနဲ့ ရှင်းပြပါတယ်။ မီးထွန်းထားတဲ့ ရေနံဆီမီးခွက်ကနေ တခြားသူ တစ်ဦးတစ်ယောက်က မီးလိုချင်လို့ လာညှိယူမယ်ဆိုရင် မူလရှိတဲ့ မီးက လျှော့မသွားသလိုပါပဲတဲ့။
တကယ်တမ်းတော့ အမျှဝေလို်က်ရင် လျှော့မသွားတဲ့ အပြင် ကုသိုလ်တွေ တိုးတောင် လာပါသေးတယ်။ ဘာဖြစ်လို့လဲဆို အလှူလုပ်လို့ ရတဲ့ ကုသိုလ်က ဒါနကုသိုလ်ပါ။ အဲဒီ ဒါနကုသိုလ်ကို စိတ်ပါလက်ပါ အမျှဝေလိုက်မယ်ဆိုရင် နောက်ထပ် ကုသိုလ်တစ်မျိုးဖြစ်တဲ့ ပတ္တိဒါနကုသိုလ် ဆိုတာ ရပါတယ်။ တကယ်လို့ သူများဝေတဲ့ အမျှကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်မယ် ဆိုရင် ပတ္တာနုမောဒနာကုသိုလ် ဆိုတာ ရပါတယ်။ အများ ဗဟုသုတ ရအောင် ကုသိုလ် (၁၀) မျိုးကို ချရေးပြပါ့မယ်။ အဲဒီ ကုသိုလ် (၁၀) မျိုးက ရိုးရိုးကုသိုလ်မျိုး မဟုတ်ပါဘူး။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သော ကုသိုလ် (၁၀) မျိုးတဲ့။
(၁) ဒါန – သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊ 
(၂) သီလ – ကာယဝစီ ထိုနှစ်လီသော ဒုစရိုက်ကိုမလိုက် ပယ်ကြဉ်ရခြင်း၊ 
(၃) ဘာဝနာ – သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊ 
(၄) အပစာယန – ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊ 
(၅) ဝေယျာဝစ္စ – ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကို သယ်ပိုးဆောင်ရွက်ရခြင်း၊ 
(၆) ပတ္တိဒါန – မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊ 
(၇) ပတ္တာနုမောဒန – သူတပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊ 
(၈) ဓမ္မသဝန – ဘုရားစကား မြတ်တရားကို ကြားနာရခြင်း၊ 
(၉) ဓမ္မဒေသနာ – ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊ 
(၁ဝ) ဒိဋ္ဌိဇုကမ္မ – နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။
(ဆက်ရန်)

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၁)

ကျနော်ဟာ အင်မတန် ကံကောင်းတဲ့ လူတစ်ယောက်လို့ ကိုယ့်ဖာသာကိုယ် ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့ ကျနော်ရဲ့ မိဘအသိုင်းအဝိုင်းကြောင့် ကျနော်ဟာ ငယ်ငယ်ကတည်းက ဘာသာရေးနဲ့ မဝေးခဲ့လို့ပါ။ ကျနော်ရဲ့ မိသားစုကြီး (မိဘတင်မက အဘွား၊ ဦးလေးအဒေါ်ရဲ့ မိသားစုတွေ အားလုံးပေါင်းပြီး) ထဲမှာ တစ်နှစ်ကို အလှူကြီးတွေ သုံးလေးကြိမ်လောက်တော့ နှစ်စဉ် ကြုံကြရတယ်။ နှစ်ပတ်လည် ဆွမ်းကပ်ကြတာ အများဆုံးပဲပေါ့။ ဒီတော့ ကျနော်က ငယ်ငယ် ကတည်းက ဘာသာရေး လိုက်စားရတာ ဝါသနာပါလာခဲ့တယ်။ လူမှုရေးလည်း ကျနော် လိုက်စားပါတယ်။ ဘာလို့လဲဆိုတော့ ကျနော့် အဖေက စီးပွားရေးသမားဆိုတော့ ခရီး ခဏခဏ ထွက်တယ်။ ဒီတော့ အဖေ့နာမည်နဲ့ တပ်ပြီး အလှူ ဖိတ်တာတို့ မင်္ဂလာဆောင် ဖိတ်တာတို့ဆို ကျနော်ပဲ သွားရတယ်။ ဒီတော့ ကျနော်ဟာ မိဘရဲ့ ကျေးဇူးတော်ကြောင့် ငယ်ငယ်ကတည်းက ဘာသာရေးနဲ့ လူမှုရေး လိုက်စားတတ်တဲ့ အထုံ ဝါသနာလေး ပါလာတာပေါ့။ နာရေးကျတော့ ကျနော် သိပ်မသွားဘူး။ ကျနော်က မျက်နှာကို မွေးရာပါ ရှုံ့ထားလို့ မရတဲ့ လူတစ်ယောက်ပါ။ ဒါကြောင့် ကျနော်က အသုဘရှုဆို ဘယ်တော့မှ မသွားဘူး။ အမျိုးအိမ်က လွဲလို့။ (ဘာမှ ကောင်းကောင်းကန်းကန်း မကျွေးလို့လည်း ဖြစ်နိုင်တယ်နော်။) ရက်လည်တို့၊ နှစ်ပတ်လည်တို့တော့ မရောက်အရောက် သွားတယ်။ ဒီလိုပေါ့ဗျာ။ ကျနော်က အတွေးသမားမို့လို့ ထင်တယ်။ ဘယ်သွားသွား ဘာလုပ်လုပ်  တွေးစရာတွေ ရရ နေတတ်တယ်။
ဗုဒ္ဓဘာသာဝင်တွေ အားလုံးလိုလို သိကြပါတယ်။ ကျနော်တို့ အလှူလုပ်ပြီးတိုင်းမှာ ရေစက်ချကြတယ်။ ရေစက်ချပြီးရင် အမျှဝေတယ်။ အမျှဝေတော့ အားလုံးက လိုက်ပြီး သာဓု ခေါ်တယ်။ ငယ်ငယ်က “သာဓုခေါ်တာ ဘာလုပ်တာတုန်း” ၊ “အမျှဝေတယ်ဆိုတာကော ဘာလုပ်တာတုန်း” လို့ မေးကြည့်ဖူးတယ်။ လူကြီးမိဘတွေက ရှင်းပြပါတယ်။ “အမျှဝေတယ် ဆိုတာကွာ ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုကို ဝေလိုက်တဲ့ သဘောပေါ့။ သာဓု ခေါ်တာကျတော့ အဲဒီ ဝေထားတဲ့ အမျှကို လက်ခံယူလိုက်တဲ့ သဘောလေ” တဲ့။ လူကြီးတွေက ရှင်းတော့ရှင်းပါတယ်၊ ဒါပေမယ့် ကျနော်က မလင်း။ 
  1. ကိုယ်လုပ်ထားတဲ့ ကုသိုလ်ကောင်းမှုကို သူများဆီ ဒီအတိုင်း ဝေပစ်လိုက်လို့ ရသလား။
  2. ဝေလိုက်ရင်ကော ကိုယ့်ဆီကဟာ ကိုယ်ပိုင်ထားတဲ့ဟာက လျှော့မသွားဘူးလား။ (မုန့်ဝေသလိုပေါ့)
  3. တစ်ဘက်သူကကော သူများဝေတဲ့ ကုသိုလ်တွေကို “သာဓု သာဓု သာဓု” ခေါ်ပြီး လက်ခံတယ် ဆိုတော့ အဲဒီလို သာဓု သုံးကြိမ် ခေါ်လိုက်ရုံနဲ့ ရသွားသလား။
  4. ရတယ် ထားဦး။ တခြားသူက အဲဒီ ကုသိုလ်ကို ပင်ပင်ပန်းပန်း လုံ့လစိုက်ပြီး လုပ်ထားရတယ်။ ကိုယ်ကတော့ သာဓု သုံးကြိမ် ပေါ့ပေါ့ပါးပါး ခေါ်ပြီး ကုသိုလ်ရှင်နဲ့ ထပ်တူ ယူသွားတယ်ဆိုတော့ နည်းနည်းများ မတရားဘူးလား။ (သာဓုခေါ်လျှင် အမျှဝေသူ ကုသိုလ်ရှင်နှင့် ကုသိုလ် ထပ်တူရသည်)
…. လား၊ …. လား၊ လားပေါင်း များစွာနဲ့ ပေါ့။ ကျနော် ငယ်ငယ်က မေးခွန်း များများ မေးတတ်ပါတယ်။ ဒါကြောင့် အရစ်ရှည်တယ် ဆိုတဲ့ ဘွဲ့၊ လျှာရှည်တယ် ဆိုတဲ့ ဘွဲ့၊ အတွန့်တက်တယ် ဆိုတဲ့ ဘွဲ့တွေကို တစ်ဦးတည်း ပြိုင်ဘက်မရှိ ဆွတ်ခူးထားခဲ့တယ်။ သားသမီးတွေ၊ လူငယ်တွေ မေးတဲ့ မေးခွန်းတွေကို လူကြီးတွေ ဖြေနိုင်အောင် ကြိုးစားထားသင့်တယ်လို့ ကျနော်တော့ ထင်တယ်။ နောက်ပြီး မဖြေနိုင်ရင်လည်း ရှက်ရမ်းရမ်းပြီး ကလေးကို ပစ်ပစ်နှစ်နှစ် ပြောပစ်မယ့်အစား၊ မသိဘူးလို့ ဝန်ခံရဲတဲ့ သတ္တိတွေ၊ ငါလေ့လာရဦးမယ်ဆိုတဲ့ စိတ်နဲ့ အဖြေရှာချင်တဲ့ ဆန္ဒတွေလည်း ရှိဖို့ လိုအပ်လိမ့်မည်။ ကျနော် အခု လူကြီး ဖြစ်လာတော့ ဒါတွေ ပိုပြီး သတိထားမိလာတယ်။ ကိုယ် ငယ်ငယ်က ကိုယ့်ကိုယ်တွေ့အတိုင်း နောင်လာမယ့် လူငယ်တွေကို မဖြစ်စေချင်ဘူး။ သိသလောက် ပြောပြချင်တယ်။

ဒါတွေက ကျနော် ငယ်ငယ်က အတွေးတွေ၊ မေးခွန်းတွေပါ။ ကျနော့် ဘဝမှာ မေးခွန်းတွေ အတော်များများကို ဂလုဂလုနဲ့ မျိုချခဲ့ရပေါင်း မနည်းပါဘူး။ ဘယ်လောက်ပဲ မျိုချမျိုချ၊ ကျနော်ရဲ့ အတွင်း အဇ္ဈတ္တ မှတ်ဉာဏ်ထဲမှာ ကိန်းအောင်းနေတော့ စိတ်တိုင်းကျတဲ့ အဖြေကို မရမချင်း တစ်သက်လုံး အဖြေရှာနေဦးမှာပဲ။ ဒီမေးခွန်းတွေကိုလည်း ကျနော် မသိလိုက် မသိဖာသာ အဖြေရှာနေခဲ့မိတယ်။ ဘာသာရေး စာအုပ်တွေ အတော်များများ ဖတ်လာဖြစ်တော့ အဲဒီ မေးခွန်းရဲ့ အဖြေတွေကို အလိုအလျောက်ပဲ ရှာဖွေနေခဲ့တယ်။ သိလာတဲ့ အသိတွေကလည်း တဖြည်းဖြည်းနဲ့ နက်ရှိုင်းလာတော့ လိုချင်တဲ့ အဖြေအတွက်က ပိုပိုပြီး ပုံပေါ်လာတယ်။ ရေးရေးပေါ်လာတဲ့ အချိန်မှာ ကိုယ်သိသလောက် အားလုံးကို ဝေမျှချင်တဲ့ ဆန္ဒနဲ့ ဒီပို့စ်ကို ရေးပါတယ်။ တကယ်လို့ ကိုယ့်ထက် ပိုသိတဲ့သူ ရှိရင်လည်း ဝေမျှပေးပါ။

ကုသိုလ်ကောင်းမှုကို အမျှဝေတဲ့ ကိစ္စ ပြောမယ်ဆိုရင် မပြောမဖြစ်တဲ့ အကြောင်းက ကောသလမင်းကြီးရဲ့ အကြောင်းပါ။ ကျနော်တော့ ငယ်ငယ်က ကောသလမင်းကြီး ဆိုတာနဲ့ မျက်လုံးထဲ မြင်မြင်ယောင်လာတာက အစားအသောက်တွေကို သဖြဲနှဖြဲ စားနေတဲ့ လူဝကြီးတစ်ယောက်ပဲ။ အင်မတန်မှ အစားအသောက် သောင်းကျန်းတဲ့ ဘုရင်လို့ လူသိများကြတယ်။ နောက်ပိုင်း စာတွေဖတ်မှ သိလိုက်ရတာက အင်မတန်မှ သံသယကြီးတဲ့ ဘုရင်၊ ဘာသာရေးနဲ့ နိုင်ငံရေးအရ ကိုးကွယ်တဲ့ ဘုရင်။ (ဒါ ကျနော့် အမြင်ပါ) မြတ်စွာဘုရားကို အမေးအမြန်း အထူဆုံး ဘုရင်၊ ဒါကြောင့်လည်း ကောသလမင်းကြီးကို အကြောင်းပြုပြီး ဟောတဲ့ တရားတွေက အများဆုံးပဲ။ ဒါပေမယ့် အသိခေါက်ခက် အဝင်နက်တဲ့ ဘုရင်၊ မြတ်စွာဘုရားဆီ မကြာခဏ သွားပြီး တရားတော့ နာပါရဲ့ အိပ်ငိုက်နေတဲ့ အချိန်တွေကပဲ များနေတယ်။ စိတ်လိုလက်ရ မဟုတ်ဘဲ ဂုဏ်ပကာသန အရပဲ လှူတတ်တဲ့ ဘုရင်။ ဘုရားရှင် သက်ရှိထင်ရှား ရှိစဉ်မှာ အကြီးကျယ် အခမ်းနားဆုံး အလှူကို ကောသလမင်းကြီးက လုပ်ခဲ့တာ ဆိုပေမယ့် အားလုံးဟာ ဂုဏ်ပကာသနကို အရင်းခံတာ တွေ့ရတယ်။ ဘုရားရှင်ကို ကြည်ညိုလို့ ဆိုတာကတော့ ပါတာပေါ့လေ။ ပြောချင်တာက တရားသိလို့ လှူတာ မဟုတ်ဘူး၊ ကြွားချင်လို့ လှူတာပါ။ အဲဒီလို ဘုရင်။ ဒါပေမယ့်လည်း သူ့ ကျေးဇူးကြောင့် ကျနော်တို့တတွေ ဘုရားရှင်ရဲ့ တရားတော် အတော်များများကို ကြားနာခဲ့ရတာပါ။

ကျနော့်အထင် ပြောရရင် ကောသလမင်းကြီးရဲ့ သက်တမ်းတလျှောက်မှာ အလှူအတန်း လုပ်တာ အတော်လေး နည်းပုံရတယ်။ ဘုရင်တစ်ယောက်အနေနဲ့ ပြောတာပါ။ နောက်ပြီး အနာတပိဏ်တို့၊ ဝိသာခါတို့၊ ဗိမ္မိသာရမင်းတို့၊ အဇာတသတ်မင်းတို့နဲ့ ယှဉ်လိုက်ရင် ဘာမှ မပြောပလောက်တော့ဘူး။ ဘာလို့ အဲသလို ပြောသလဲဆို အကြောင်း ရှိပါတယ်။ ကောသလမင်းကြီး အလှူအတန်းလုပ်ပြီးတဲ့ ညကြီးတစ်ညမှာ မင်းကြီး အိပ်ပျော်ခိုက် သူ့နန်းဆောင်နားက ဆိုးဆိုးရွားရွား မကောင်းဆိုးဝါး အော်သံတွေ ကြားရလို့ လန့်နိုးပြီး အိပ်မရတော့ဘူး။ ဒါနဲ့ သူ ဘုရားရှင်ကို အဲဒီအကြောင်း မေးလျှောက်တယ်။ မြတ်စွာဘုရားက မိန့်တော်မူတယ်။ “အဲဒါ တခြားသူတွေ မဟုတ်ဘူး။ ဒကာတော်မင်းကြီးရဲ့ ဟိုးလွန်လေပြီးသောဘဝတစ်ခုက ဆွေမျိုးတွေပဲ။ သူတို့ရဲ့ မကောင်းမှုကံကြောင့် ပြိဿာဘဝ ဖြစ်နေခဲ့တာ ကြာပြီ။ သူတို့မှာ ဆင်းရဲ ပင်ပန်းလွန်းလို့၊ ကုသိုလ်တွေ ဝေမျှမယ့်သူ မရှိလို့ ခက်ခက်ခဲခဲ ရှင်သန်နေကြရတာ။ သူတို့မှာ မျှော်စရာ ဆိုလို့ သူများဝေမျှမယ့် ကုသိုလ်ပဲ ရှိတယ်။ နောက်ပြီး အဲဒီလို ဝေမျှပေးမယ့်သူ ဆိုလို့လည်း အသင် ဒကာတော်မင်းကြီးပဲ ရှိတယ်။ သူတို့မှာ ဘဝပေါင်း အရာအထောင်ချီပြီး ဒကာကြီးရဲ့ အမျှအတန်းကို မျှော်လင့်ခဲ့ကြရတာပါ။ ဒါပေမယ့် ဒကာတော်ကတော့ အမျှဝေဖို့ မေ့လျော့နေခဲ့တယ်။ ဒါကြောင့် သူတို့မှာ မျှော်လင့်တဲ့အတိုင်း မဖြစ်ခဲ့လို့ စိတ်ပျက်ငြီးငြူပြီး အော်ဟစ်နေကြတာပါ” လို့ မြတ်စွာဘုရားက မိန့်ကြားတော်မူတယ်။ ဒီစကားတွေကို ကြားတော့ ကောသလမင်းကြီးဟာ သူတို့ကို အမျှဝေပေးဖို့ ဆိုပြီး အလှူအတန်းကြီး တစ်ခု ထပ်လုပ်ပါတယ်။ နောက်ပြီး အဲဒီ ဆွေမျိုးပြိဿာတွေကို အမျှအတန်း ဝေပေးလိုက်တယ်။ သူုတို့ရသွားပုံပဲ။ ထပ် မအော်ကြတော့ဘူး။ ဒါက ဘုရားရှင် လက်ထက်တော်က အဖြစ်အပျက်လေးပါ။ သိပ်မကြာသေးခင်က ဖြစ်ပျက်ခဲ့တဲ့ ကိုယ်တွေ့ အဖြစ်အပျက်လေးကိုလည်း တင်ပြပါရစေ။

အချိန်ကတော့ နံနက် ၉ နာရီ ကျော်ကျော်လောက် ဖြစ်မယ်။ ဘုန်းကြီးကျောင်း တစ်ကျောင်းထဲကို လူငယ်သုံးယောက်နဲ့ လူကြီးနှစ်ယောက် ဝင်လာတယ်။ အဲဒီအထဲမှာ အမျိုးသမီး ငယ်လေးတစ်ယောက်ကို သူ့ဘေးနားက အမျိုးသမီး နှစ်ယောက်က တွဲခေါ်လာတယ်။ ကျနော်က ခပ်လှမ်းလှမ်းက ဆိုတော့ နေမကောင်းလို့ တွဲလာတယ် အောက်မေ့တာ။ အနီးနားရောက်လာမှ သတိထားကြည့်လိုက်တော့ စောန အမျိုးသမီးလေး ကြည့်ရတာ နုံးချိနေတဲ့ ပုံမျိုး။ နောက်ပြီး တစ်မျက်နှာလုံး ရွှဲစိုလို့ ငိုနေဆဲ။ ဒါပေမယ့် ထူးခြားတာက သူ့ မျက်လုံးတွေ၊ ငိုနေပေမယ့် အားငယ်တဲ့ပုံ မရဘဲ စူးစူးရဲရဲကြီး။ အလိုမကျ မကျေနပ်လို့ ဂြိုဟ်ပေးတဲ့ မျက်လုံး။ တရှုံ့ရှုံ့ငိုလိုက်၊ ပတ်ဝန်းကျင်ကို ဘုကြည့်ကြည့်လိုက်နဲ့။ အင်မတန်မှ ထူးဆန်းနေတော့ ကျနော်လည်း မလှမ်းမကမ်းကနေ ငြိမ်ကြည့်နေတယ်။ အခု လာတဲ့ လူတွေရဲ့ လက်ထဲမှာ ဘုန်းကြီးတွေကို လှူဖို့ မုန့်တွေလည်း ပါလာတယ်။ ဆရာတော်က အကျိုးအကြောင်း မေးကြည့်လိုက်တယ်။ အဖြစ်မှန်က ဒီလို။ စောနက ငိုယိုပြီး နေမကောင်းပုံ ပေါက်နေတဲ့ ကလေးမလေးက အဲဒီမနက် ရေချိုးဖို့ ဆိုပြီး ရေကန်ကို သွားတယ်။ ရေကန်ကနေ ပြန်ရောက်တော့ ပုံပန်းအမူအရာက ပြောင်းနေပြီ။ ဒါကြောင့်လည်း သူတို့ ဘုန်းကြီးကျောင်းကို ခေါ်လာခဲ့ကြတယ်။ တကယ်တော့ အဲဒီ ကလေးမကို မကောင်းဆိုးဝါးတစ်ကောင်က ဝင်ပူးထားနေပြီ။

ဆရာတော်အရှေ့ ရောက်တော့လည်း စောနက ကလေးမက အရှေ့မှာ ထိုင်ပြီး ငိုလိုက်၊ ဘုရှိုးရှိုးလိုက်၊ ငိုလိုက်နဲ့လေ။ သူ တစ်ချက် တစ်ချက် ကြည့်လိုက်ရင် ကြက်သီးထစရာ။ ဒါပေမယ့် ထူးဆန်းတာက အဲဒီ ကလေးမကို ဝင်ပူးနေတဲ့ မကောင်းဆိုးဝါး (ဗုဒ္ဓစာပေအရဆိုရင် ပြိဿာ ဒါမှမဟုတ် အညံ့စား နတ် ပေါ့) က ဒုက္ခပေးချင်တဲ့ အမူအရာတော့ မပြဘူး။ တကယ်တော့ သူက အကူအညီ တောင်းနေတာပါ။ သူ့ ပါးစပ်ကနေတောင်းတဲ့ အကူအညီက ဒီလို။ သူ့နာမည် အေးကြည်မတဲ့။ သူ အသက် ၅၃ နှစ် (အတိအကျ မမှတ်မိတော့) မှာ သေခဲ့တယ်။ သူ အဲဒီ ရေကန်နားမှာ နေနေတာ ဆယ်နှစ် မကတော့ဘူးတဲ့။ သူတို့ (ပြိဿာ) ဘဝတွေ အင်မတန်မှ ကြမ်းတမ်းပင်ပန်းပါတယ်တဲ့။ သူတို့ တစ်နေ့တစ်နေ့ အစားအသောက်လည်း ဝဝလင်လင် မစားရဘူး။ သူတို့ကို အုပ်ချုပ်တဲ့ ခေါင်းကလည်း အလုပ် တအားခိုင်းတယ်။ သူတို့မှာ အစားစားချိန်တောင် ကောင်းကောင်း မရပါဘူးတဲ့။ တစ်နေ့တော့ သူ သူ့ရဲ့ အလုပ်သမားခေါင်းကို ဘာတောင်းဆိုသလဲဆိုတော့ သူ အမဲသား စားချင်တယ်တဲ့။ သူရဲ့ ခေါင်းကလည်း တောင်းခွင့်ပြုလို့ ဖြစ်ပါလိမ့်မယ်။ ဒီတော့ သူ့ အလုပ်သမားခေါင်းက  ခွင့်ပြုပါတယ်။ တစ်နေ့တာ စားခွင့်ပေါ့။ သူစားဖို့ အမဲသားလည်း ရတယ်။ ဒါပေမယ့် သူ ပြုထားတဲ့ ကံပဲ ပေါ့။ သူ အဲဒီ အမဲသားကို စားလို့ မရဘူး။ သူ့ အလုပ်သမားခေါင်းက သူ့ကို ကောင်းမှုလုပ်ပြီးမှ စားလို့ ရမယ် ပြောတယ်။ ဒါကြောင့် သူက လူတစ်ယောက်ကို ဝင်ပူးပြီး ကောင်းမှု လာလုပ်တာပါတဲ့။ ဒီတော့ စဉ်းစားစရာက အဲဒီအပူးခံရတဲ့ သူက လုပ်တဲ့ ကုသိုလ်ကို ဝင်ပူးနေတဲ့ အေးကြည်မ က ဘယ်လိုလုပ်ပြီး ရမလဲ။

အေးကြည်မ ခမျာ အတိတ်က အကုသိုလ်ကံကြောင့် ပြိဿာဘဝ ရောက်ရပေမယ့် သူ ကံကောင်းတဲ့ အချက်က သူ ကုသိုလ်ဘယ်လို လုပ်လို့ရမလဲ သူ သိတယ်။ သူ့အနားမှာ ကုသိုလ်လုပ်စရာ အလှူခံ ပုဂ္ဂိုလ်တွေ ရှိနေတယ်။ အဓိက ကတော့ ဒီလို လုပ်ရကောင်းမှန်း သိတာပဲ။ သူရဲ့ အဖြစ်စုံကို ငိုယိုပြီး ဘုန်းကြီးကို လျှောက်ပါတယ်။ ဆရာတော်က မေးတယ်။ ဒါဆို နင်က ကုသိုလ်လိုချင်လို့ပေါ့ ဆိုတော့ မူလအသံ ပျောက်ပြီး အသံအောအော၊ အက်အက်ကြီးနဲ့ ဟုတ်တယ် ဟုတ်တယ် လို့ အားရပါးရ ပြန်ဖြေတဲ့ အသံကို အခုထိ ကြားယောင်နေမိတုန်းပဲ။ နောက်ပြီး သူက ဘုန်းကြီးကို လျှောက်တယ်။ “ငါက အဲဒီ ကုသိုလ်ရမှ အမဲသား စားလို့ရမှာလေ” ဆိုတာကလည်း ပါလိုက်သေးတယ်။ “ငါ အမဲသား စားမှာနော်၊ ငါ အမဲသား စားမှာနော်” လို့လည်း မကြာခဏ ရေရွတ်နေရဲ့။ ဒါနဲ့ ဘုန်းကြီးတွေက ပရိတ်ကလေးဘာလေး ရွတ်ဖတ်ပြီး ရေစက်ချ အမျှပေးဝေ လိုက်တယ်။ အေးကြည်မက အသာတကြည်ပဲ။ အပြင် လူခန္ဓာက ပရိတ်နာတယ်။ ရေစက်ချတယ်။ အမျှဝေတယ်။ နောက်ဆုံး အေးကြည်မက သာဓု ခေါ်လိမ့်မယ် ထင်တယ်။ အားလုံး ပြီးသွားတဲ့ အချိန်မှာ အဲဒီ ကလေးမလေးကို နင့်နာမည် ဘယ်လို ခေါ်သလဲလို့ မေးလိုက်တော့ ရောက်စက အေးကြည်မလို့ ဖြေရာကနေ အခုတော့ သူ့နာမည်အရင်းကို ဖြေရှာပါပြီ။ သဘောက အေးကြည်မ အမဲသားစားဖို့ ထွက်သွားပုံရတယ်။

ဒီအဖြစ်အပျက်ကို ကြည့်ပြီး ကျနော်အတွက် ပညာ ရစရာတွေ များပါတယ်။

  • ပြိဿာတွေဟာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်မှာ ရှိနေကြတာပါ။ ဒါပေမယ့် ကျနော်တို့ မမြင်နိုင်၊ မသိနိုင်ဘူး။
  • သံသရာကြီးတလျှောက်မှာ ကျနော်တို့ ဘဝပေါင်းများစွာ ဖြစ်ခဲ့ရပြီ။ အဖေပေါင်းများစွာ၊ အမေပေါင်း များစွာ၊ အမျိုးပေါင်းများစု တော်ခဲ့ရပြီ။ ဆက်ခဲ့ရပြီ။ အဲဒီလို တွေးလိုက်ရင် ကျနော်တို့ အနားမှာ နေနေတဲ့ ပြိဿာတွေဟာ ကျနော်တို့ရဲ့ အမျိုးတွေပဲပေါ့။ သူတို့ ဒုက္ခ ခံစားနေကြရတယ်။
  • အဲဒီ ပြိဿာတွေဟာ ဆင်းဆင်းရဲရဲနဲ့ သူတို့ရဲ့ ဘဝကို ဖြတ်သန်းနေကြရတယ်။ ပင်ပင်ပန်းပန်းပဲ။
  • သူတို့မှာ ကုသိုလ်ပြုချင်တာတောင် ကုသိုလ်ပြုစရာ မရှိ၊ ကုသိုလ်ပြုခွင့် မရှိတော့ လူတွေကို အားကိုးရတယ်။
  • မကောင်းဆိုးဝါး ဝင်ပူးရင် ကြောက်တာတော့ ကြောက်ကြမှာပဲ။ ဒါပေမယ့် အကူအညီ လိုနေတဲ့ သူတွေမို့ ကူညီပေးနိုင်ဖို့ ကျနော်တို့ ကြိုးစားသင့်တယ်။
  • အရေးအကြီးဆုံး အချက်က သူတို့မှာ ကောင်းမှုကို ရစရာ အခွင့်အလမ်းဆိုလို့ သာဓု ခေါ်ဖို့ပဲ ရှိတယ်။
  • ဒါကြောင့် ကျနော်တို့ ကုသိုလ်လုပ်ရင် မကျွတ်မလွတ်သေးတဲ့ ဒုက္ခိတ သတ္တဝါတွေကို ရည်ရွယ်ပြီး မမေ့မလျော့ အမျှဝေသင့်တယ်။
  • ကျနော်အတွက် ထွက်လာတဲ့ မေးခွန်းတစ်ခုက အဲဒီ အေးကြည်မဟာ လူသားတစ်ယောက် ဖြစ်တဲ့ စောနက ကလေးမလေးကို ဘယ်လို ထိန်းချုပ်ခဲ့သလဲ။ အဲဒါကို အများစုက ဝင်ပူးတယ်လို့ သုံးကြတယ်။ လောကအခေါ်အဝေါ်မို့ ကျနော်လည်း ဝင်ပူးတယ်လို့ပဲ သုံးခဲ့တယ်။ ဒါပေမယ့် ဗုဒ္ဓစာပေတွေ အထိုက်အလျောက် လေ့လာပြီးတဲ့နောက်မှာ ဝင်ပူးတယ်ဆိုတဲ့ ဝေါဟာရကို လက်ခံလို့ မရတော့ဘူး။ ရုပ်နဲ့ နာမ်၊ နှစ်ခုပဲ ရှိတဲ့ လူတစ်ယောက်အထဲကို နောက် နာမ်တစ်ခု ဝင်လာဖို့ ဆိုတာ မဖြစ်နိုင်သလို၊ နဂိုနာမ်ခန္ဓာကို မဆိုင်တဲ့ နာမ်ခန္ဓာတစ်ခုက အစားထိုး ဝင်ရောက်တယ်ဆိုတာလည်း လက်ခံလို့ မရဘူး။ လက်တလော လက်ခံထားတဲ့ အဖြစ်နိုင်ဆုံး အဖြေကတော့ ဝင်ပူးတယ်ဆိုတာ တခြား ရုပ်ခန္ဓာတစ်ခုကို အဝေးကနေ လှမ်းထိန်းချုပ်တာပဲ ဖြစ်မယ်။ ဘယ်လိုလုပ် ထိန်းချုပ်လို့ ရမလဲ။ ကျနော် မသိဘူး။ အဖြေရှာဆဲပဲ။ ဘဝင်ကျလှတဲ့ အဖြေတော့ မဟုတ်ပါဘူး။ 
(ဆက်ရန်)

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ စစ်ပွဲကြီး ပြီးသွားတာ (၄) နှစ် တင်းတင်း ပြည့်သွားပြီဆိုပေမယ့် စစ်တလင်းပြင်ကြီးက အမာရွတ်တွေ အခုထိ ရှိနေတုန်းပါပဲ။ 
လွန်ခဲ့တဲ့ လေးနှစ်တင်းတင်းပြည့် အချိန်တုန်းကပေါ့။ အတိအကျပြောရရင် ၂၀၀၈ ခု၊ မေလ ၂ ရက်နေ့။ ကျနော် အဲဒီအချိန်က ရန်ကုန်က အလုံမြို့နယ်မှာ။ နေ့လည်အချိန်မှာ ရပ်ကွက်ထဲမှာ လူတွေ ပြောနေကြတယ်။ ဒီည မုန်တိုင်းရှိတယ်တဲ့။ အားလုံးကတော့ ပေါ့ပေါ့ပါးပါးပဲ။ မုန်တိုင်းသတင်း ရလိုရငြား ကျနော် အင်တာနက်ထဲ ဝင်မွှေကြည့်တယ်။ အဲဒီတုန်းက မြန်မာသတင်းကိုပဲ ဖတ်လိုက်ရတော့ မုန်တိုင်းက ကြီးလာနိုင်တာ သိတယ်။ အမှန်အတိုင်း ပြောရရင် မယုံဖူး။ ကျနော်လိုပဲ အများစု ဒီလိုပဲ ဖြစ်နေကြတာပါပဲ။ ဒါကြောင့် လူအများစုက အေးအေးဆေးဆေးပဲ။ ကျနော်ကတော့ မုန်တိုင်းကြီးလာရင် ဒုက္ခဆိုပြီး မှတ်မှတ်ရရ ယံယံခေါက်ဆွဲထုပ် (၅) ထုပ် သွားဝယ်ထားတယ်။ အခုမှ ပြန်စဉ်းစားတော့ ရယ်ချင်စရာ။ အိမ်မှာ တစ်ယောက်တည်းနေတာဆိုတော့ (၂) ရက်စာ ပေါ့လေ။ ရေချိုးကန်က ရေတွေ၊ ရေတိုင်ကီထဲက ရေတွေ အပြည့်ဖြည့်ထားလိုက်တယ်။ ဒါ ကျနော်ရဲ့ ကြိုတင် ပြင်ဆင်ထားမှုလေးပါ။ အစိုးရ ကြေငြာချက်အရ ညနေ ၆ နာရီ ၁၅ လောက် မုန်တိုင်း ဝင်မယ်ပေါ့။ (ဘယ်မြို့ကို ဝင်မယ့် အချိန်လည်း ကျနော် မသိ) ခြောက်နာရီခွဲတော့ ကျနော် ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။ သူကတော့ အေးဆေးပဲ။ ည ၈ နာရီထိုး လေလေး မဖြစ်စလောက် တိုက်လာပြီ။ ဒါပေမယ့် မိုးကောင်းကင်ကြီး နီနေတယ်။ ည ၁၀ နာရီထိုးတော့ ကျနော် အိပ်ချင်ပြီ။ တိုက်ခန်းအပြင်ကို လှမ်းကြည့်လိုက်တယ်။ မိုးနည်းနည်း စရွာနေပြီ။ မုန်တိုင်းက အာပလာပါ၊ အဖျား ခတ်ရုံခတ်တာ ဖြစ်မယ် ဆိုပြီး ကျနော် ဝင်အိပ်လိုက်ပါတယ်။
ကျနော် လန့်နိုးလာတဲ့ အချိန်က ည (၁၁) နာရီကျော်။ နိုးလည်းနိုးဦးမှ၊ တစ်ရပ်ကွက်လုံး ဆူညံပွက်လော ရိုက်နေပြီ။ အဲဒီအချိန်မှာ ကျနော့နားထဲ စူးစူးရှရှ ကြားနေရတာ လေချွန်သံ။ တရွှီရွှီနဲ့ပါ။  တော်တော်လေး ထူးဆန်းလို့ အသံလာရာကို သွားကြည့်တယ်။ ပြတင်းပေါက်ကြားက ထွက်နေတဲ့ အသံ။ အဲဒီကျမှ ကျနော် မျက်လုံးမျက်ဆံ ပြူးသွားတယ်။ အပြင်မှာ လေဘယ်လောက် တိုက်နေသလဲ မသိ။ ပိတ်ထားတဲ့ ပြတင်းပေါက် ကြားက ဝင်တဲ့ လေရဲ့ အသံတောင် လေချွန်သံ ဖြစ်နေပြီ။ ဒါနဲ့ ပြတင်းပေါက် ဖွင့်ကြည့်မှ အိမ်ဘေးက အုန်းပင်ကြီးရဲ့ အဖျားက မြေနဲ့ ထိတော့ မတက် ကွေးကွေးသွားတယ်။ ကျနော် ကြည့်နေတုန်းမှာပဲ လေသံက ခဏ ငြိမ်ကျသွားတယ်။ ခဏလေးနေတော့ အဝေးကနေ တစ်ဝုန်းဝုန်းနဲ့ အသံကြီး တဖြည်းဖြည်းနဲ့ ကျယ်ကျယ်လာတော့တယ်။ ဘုရားဟောပါဠိတော်တွေထဲမှာ ပါတဲ့ တော်လဲသံဆိုတာ ဒါပဲ နေမှာပါပဲ။ တဝုန်းဝုန်းနဲ့ အသံကြီးဟာ တစ်မိနစ်လောက် အော်အပြီးမှာတော့ ဝေါကနဲ လေတွေ အလုံးလိုက် အရင်းလိုက် ဝင်လာလိုက်တာ ပိတ်ထားတဲ့ ပြတင်းပေါက်တောင် ခဲနဲ့ ထုခံလိုက်ရသလိုပဲ။ ဒါနဲ့ ကျနော်လည်း ဖွင့်ထားတဲ့ တံခါးကို မြန်မြန်ပိတ်လိုက်ရတယ်။ မပိတ်ရင်တော့ မှန်ကွဲပြီး တံတားကျိုးတော့မယ်လေ။ အခန်းမှာ ရှိတဲ့ တံခါးတွေ အားလုံးကို ဂျက်တွေ လိုက်ထိုးပြီး ထိုင်နေလိုက်တယ်။ ခဏနေတော့ဗျာ … ပိတ်ထားတဲ့ တံခါးကို လူတွေ ဝိုင်းပြီးဆွဲဖွင့်နေကြသလို တံခါးရွက်တွေ တစ်ဂျောင်းဂျောင်းနဲ့ ကျယ်ကျယ်လောင်လောင်ကြီးကို ခါနေတော့တယ်။ တချို့တံခါးရွက်ဆို ဂျက်တွေ ပြုတ်ထွက်ကုန်လို့ ချည်ဖို့ ကြိုးလိုက်ရှာရလေရဲ့။ အိမ်ကလည်း ကြိုးမရှိလေတော့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် ဆိုသလို အိမ်မှာ ရှိတဲ့ Mouse အပျက် (၆) လုံးနဲ့ တံခါးရွက်တွေ အကုန် ပတ်ချည်ပစ်လိုက်တယ်။ ဆယ့်နှစ်နာရီ ခွဲလောက်ထိ မအိပ်ဘဲ အခြေအနေ ထိုင်ကြည့်နေတယ်။ စောနက ပြောတဲ့ လေလုံးကြီး အလာမှာပဲ မီးက လုံးဝ ပြတ်တောက်သွားတယ်။ မဲမဲမှောင်တဲ့ လောကကြီးထဲမှာ တစ်ရွှီရွှီ တစ်ဂျောင်းဂျောင်းနဲ့ ဆိုတော့ သီချင်းလေးတောင် ထဆိုလိုက်မိသေး။ ဒီလို သီချင်းဆိုနိုင်တဲ့အတွက် ကျနော် အဲဒီအချိန်က အစိုးရကို ကျေးဇူးတင်မိတာ အမှန်ပဲ။ ဒီလို မီးမရှိဘာမရှိ ဒုက္ခရောက်နေတဲ့ အချိန်မှာ နေတတ်ထိုင်တတ်အောင် ကျနော်တို့ကို ငယ်ငယ်လေးကတည်းက ထရိုင်နင်ပေးခဲ့တာ သူတို့ပဲ မဟုတ်လား။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ နေရာမှာ ဥရောပသားတွေသာဆို အခုချိန် ဘယ်လောက်များ ပြာယာခတ်နေကြမလဲ။ ကျနော်ကတော့ မပြာပေါင်။ အေးဆေးပဲ။ အေးဆေးလွန်းအားကြီးတော့ အိပ်ချင်လာလို့ ည (၁၂) နာရီခွဲကျော်တော့ ဝင်အိပ်လိုက်တယ်။ လောကကြီး ဘယ်လို ဖြစ်ကုန်ပြီလဲ ကျနော် မသိချင်တော့။
မေလ (၃) ရက်နေ့ နံနက် (၆) နာရီ ကျော်ကျော်လောက် ကျနော် နိုးလာတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေပေါ် ရေက ဒူးလောက် ရှိရဲ့။ မုန်တိုင်းစစ်ကြီး ပြီးဆုံးသွားပလား ကျနော် မသိ။ စစ်တလင်းပြင်မှာတော့ အတုံးအရုန်း။ သိပ်မကြာပါဘူး သတင်းတွေ ရောက်လာတယ်။ ဘယ်ရပ်ကွက်တာ မိုးရွာတုန်း သရက်သီး ဆင်းကောက်တာ သစ်ကိုင်းကျိုးကျပြီး သေလေရဲ့။ ဟိုရပ်ကွက်ကလေ သွပ်ပြားတွေ လွင့်လာလို့ လိုက်ကောက်ကြတာ လူတစ်ယောက်ရဲ့ လည်ပင်းကို သွပ်ပြားက လှီးပစ်လို့ သေလေရဲ့။ မဟာဓာတ်အားလိုင်းက ဓာတ်တိုင်တွေ လဲပြိုကုန်လို့ ဒီနေ့ကစပြီး အကန့်အသတ်မရှိ မီး တရားဝင် ပြတ်မယ်။ စတဲ့ စတဲ့ သတင်းတွေ။ အော် လူတွေလူတွေ သေရမှာမှန်း မသိတော့ ငတ်ကောင်းတုန်းပါလားလို့ သံဝေဂတောင် ရမိပါသေး။ မိုးတွေက ကျနေသေး၊ လေကလည်း တိုက်နေသေးတယ်။ မီးလာဖို့ကလည်း လချီပြီး ကြာဦးမှာ။ ရှိစုမဲ့စု ယံယံခေါက်ဆွဲထုပ် (၅) ထုပ်ကိုတော့ အမြော်အမြင် ရှိရှိ အသုံးချမှ လို့ ဆုံးဖြတ်ပြီး ခေါက်ဆွဲထုပ် တစ်ဝက်ချိုးပြီး နံနက်စာအဖြစ် ပြုတ်စားလိုက်တယ်။ မှတ်မှတ်ရရ နံနက် (၈) နာရီ ကျော်တဲ့အထိ မီးမလာပေမယ့် ဂျီဖုန်းတွေက ပြောလို့ရနေသေးတယ်။ လိုင်းဖုန်းကတော့ မနေ့ညကတည်းက ဒေါင်းပြီ။ မနက် ခပ်စောစောအထိ လေက နည်းနည်း ပြင်းသေးတော့ တစ်ရွှီရွှီ အသံက ကြားရတုန်း။ ဒါကြောင့် မန္တလေးက အမေ့ဖုန်း လာတော့ သူ့တောင် ဖုန်းထဲကနေ တရွှီရွှီ သံစဉ်ကို ပေးနားထောင်လိုက် သေးတယ်။ နေ့ခင်း (၁၂) နာရီ ကျော်တော့ ဒေါသတွေ အားလုံး ပြေပျောက်သွားပုံ ရပါတယ်။ လေငြိမ်သွားပြီ။ မိုး တိတ်သွားပြီ။ ဒါပေမယ့် ရပ်ကွက်ထဲမှာတော့ ကောလဟာဟတွေ မတိတ်သေးဘူး။ မုန်တိုင်းက မပြီးသေးဘူး လာဦးမှာတဲ့။ အင်း … ဒီအတိုင်းသာ ထပ်လာဦးမယ်ဆိုရင်တော့ ခေါက်ဆွဲ (၄) ထုပ်ခွဲနဲ့ မလောက်တော့ဘူးလို့လည်း တွေးလိုက်တာ မှတ်မိသေးတယ်။
ဒီလိုနဲ့ ဒီလိုနဲ့ ပေါ့။ ရန်ကုန်မြို့ကြီးကတော့ နလန်ထတာ တော်တော် မြန်ပါတယ်။ ထင်တောင် မထင်မိဘူး။ တစ်လ ကြာမယ်ဆိုတဲ့ လျှပ်စစ်မီးက ရက် (၂၀) ကျော်တော့ ကျနော်တို့ အလုံမှာ စ ရတယ်။ မီးလာတော့ သိပ်မကြာဘူး ဂျီဖုန်းတွေ လိုင်းပြန်ရတယ်။ တယ်လီဖုန်း ကြိုးလိုင်းကတော့ ကြိုးတွေ အစအဆုံး ပြန်ဆင်ရတာ ဆိုတော့ တစ်လ ကျော်ကျော် ကြာပါတယ်။ လမ်းပေါ် အတုံးအရုန်း လဲနေတဲ့ သစ်ပင်တွေ အများစု တစ်ပတ်အတွင်း ရှင်းလင်းပြီး ဖြစ်သွားတယ်။ မေလ (၃) ရက်နေ့ မိုးလေတွေ ကုန်တော့ နေ့ခင်းပိုင်း ကျနော်နဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ရန်ကုန်မြို့ကို တိုင်းခမ်းလှည့်လည်ပါတယ်။ စည်ပင်ထက်တောင် စောတယ် ဆိုပါတော့။ အဲဒီအချိန်မှာ စည်းလုံးခြင်းသည် အင်အားဆိုတာကို လက်တွေ့ မျက်တွေ့ တွေ့လိုက်ရတယ်။ ရပ်ကွက်ထဲက လူတွေ ရဟန်းတော်တွေ လဲနေတဲ့ သစ်ပင်ကြီးတွေပေါ် ခွတက်ပြီး လွှတွေ ဓါးတွေနဲ့ ရှင်းနေလိုက်ကြတာ။ ဘယ်သွားသွား အဲဒီ မြင်ကွင်းက မြင်နေရတယ်။ ထူးဆန်းတာက အဲဒီလို ဝင်လုပ်နေတဲ့ လူတွေထဲမှာ အစိုးရအဖွဲ့အစည်းက တစ်ကောင်တစ်မြီးမှ မပါဘူး။ အော် .. ဆောရီး မှားသွားလို့ ထူးဆန်းတာက မဟုတ်ပါဘူး။ ထူးမှ မထူးဆန်းဘဲ၊ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးတာ မြင်နေရတော့ ဝမ်းသာစရာပါ။ တစ်ပတ်လောက်နေတော့ စည်ပင်က လူတွေ အလုပ်စလုပ်တာ တွေ့ရတယ်။ တောကြောင်တွေကတော့ ဟိုနားဒီနား ကားခ တစ်ထောင်နဲ့ လိုင်းကားတွေ ပြေးဆွဲနေလေရဲ့။ တစ်မြို့လုံးကို ဝရုန်းသုန်းကားပါ။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်အထိ ကိုယ့်အနားကိုပဲ ဂရုစိုက်နေမိတယ်။ ကျနော် ဧရာဝတီကို မေ့နေခဲ့တယ်။ အဲဒီအချိန်မှာတော့ ဧရာဝတီရဲ့ ခြေထောက်တွေ ကျိုးကျေနေလေပြီ။
ဧရာဝတီအတွက် ဘာလုပ်ပေးနိုင်မလဲလို့ အားကျိုးမာန်တက် စဉ်းစားတဲ့အချိန်က မေလ ကုန်ပိုင်းမှ။ သက်ထူး၊ ညီလင်းဆက် စတဲ့ သူငယ်ချင်းတွေကတော့ အုပ်စုဖွဲ့ပြီး နိုင်ငံခြားက ငွေတွေ လက်ခံတဲ့သူက လက်ခံ၊ ဧရာဝတီကို သွားပြီး အိမ်တွေ ဆောက်ပေးတဲ့သူက ဆောက်ပေးနဲ့။ အလုပ်တွေ များနေကြတယ်။ နောက် သူငယ်ချင်းတစ်ယောက်ကတော့ Max ဦးဇော်ဇော်တို့ အဖွဲ့မှာ ဝင်ကူနေလေရဲ့။ နောက်ထပ် သူငယ်ချင်းတစ်ယောက်က INGO တစ်ဖွဲ့ရဲ့ စေလွှတ်ချက်အရ ဧရာဝတီမှာ နေပြီး ကျန်းမာရေးအကူအညီတွေ ပေးနေလေရဲ့။ သူတို့ဆီက ဒေသခံ သတင်းတွေ ကြားနေရတော့ စိတ်မကောင်း။ ကျနော်ကော ဘာလုပ်ပေးနိုင်မလဲ။ ဘယ်နိုင်ငံကတော့ဖြင့် ဘာကူညီမှာ စတဲ့ သတင်းကောင်းတွေ၊ အစိုးရဘက်က အဟန့်အတား သတင်းဆိုးတွေ၊ မင်္ဂလာဒုံဈေးထဲမှာ နိုင်ငံခြားဖြစ် ပစ္စည်းတွေ ဝယ်လို့ရတယ် ဆိုတဲ့ သတင်းတွေ၊ သွားလှူတာတော့ ဟုတ်ပါပြီ တစ်ခါတစ်ခါ သွားရင် ခရီးစရိတ် သိန်းက ဆယ်ဂဏန်းအောက်ထစ်ကုန်တာ စတဲ့ သတင်းတွေ။ အဲဒီ သတင်းတွေကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ လပွတ္တာမှာ ကယ်ဆယ်ရေး လုပ်နေတဲ့ သူငယ်ချင်းက တစ်နေ့ ဖုန်းဆက်လာတယ်။ ဒုက္ခသည်တွေမှာ အဝတ်အစား မရှိဘူး၊ ခြုံစရာ စောင်မရှိဘူး ကူညီပါဦးတဲ့။ ဒါနဲ့ ကျနော်လည်း စွမ်းနိုင်သလောက် မုံရွာက သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး စောင်စက်ရုံတွေရဲ့ လက်ကျန်တွေ လိုက်သိမ်းရတယ်။ ခက်တာက စောင်လှောင်ချိန် ဆိုတော့ စောင်တွေက စက်ရုံတွေမှာ မရှိသလောက်၊ ကုန်သည်တွေစီမှာပဲ များနေတယ်။ နောက်သိမ်းလိုက်တာ အထည် (၁၅၀၀) ရတယ်။ အဝတ်အစားတွေလည်း လိုသေးတော့ သူငယ်ချင်းတွေဆီ ဆော်ဩလိုက်တာ (၅) ပေလောက် မြင့်တဲ့ ပီနံအိတ်ကြီးနဲ့ အဝတ်အစားတွေ စုစုပေါင်း (၁၉) လုံး ရတယ်။ အဲဒါတွေ အားလုံးကို ကျနော်က ရန်ကုန်ကနေ လက်ခံယူတယ်။ ဆေးပစ္စည်းတွေကော လှူကြတယ်ပေါ့။
ကျနော် ဦးနှောက်စားရတဲ့ အပိုင်း ရောက်လာတယ်။ ဒီပစ္စည်းတွေ ဘယ်လို ပို့မလဲ။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ ကိုယ်တိုင် သွားဝေချင်တယ်။ ကိုယ်ထိလက်ရောက်ပေါ့။ ပစ္စည်းသယ်ဖို့ ကားခ မေးကြည့်တော့ အသွားအပြန် (၅) သိန်းလောက် ကျမယ်။ အဲဒါ တစ်စီး ဈေးပါ။ ပစ္စည်းကများတော့ တစ်စီးနဲ့ ဘယ်ရမလဲ။ ဒါကြောင့် ခရီးစရိတ်ချည်း တွက်ကြည့်တော့ (၁၅) သိန်းလောက်က အောက်ထစ်ပဲ။ ဒါနဲ့ ကိုယ်တိုင် သွားချင်တဲ့ စိတ်ကလေးကို မျိုသိမ့်ပြီး လူကြုံထည့်ဖို့ ဆုံးဖြတ်ကြတယ်။ အစိုးရဆီ အပ်မလား။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ စိတ်မချဘူး။ ဦးဇော်ဇော်အဖွဲ့ရန်ကုန်ကနေ  နေ့စဉ် ကားနှစ်စီး ထွက်တယ်လို့ သတင်းရတယ်။ သူတို့နဲ့ ထည့်မလား။ ဒါလည်း သတင်းက သိုးသိုးသန့်သန့်နဲ့ ဆိုတော့ အားမပေးချင်။ နောက်ဆုံး ဆရာတော် ဦးဉာဏိဿရကို သတိရသွားတယ်။ ဒါနဲ့ မြောက်ဒဂုံက သီတဂူကျောင်းကိုပဲ စောင်နဲ့ အဝတ်အထည်တွေ သွားလှူလိုက်တော့တယ်။ ဆေးပစ္စည်း ဘာလို့ ထည့်မပေးသလဲဆိုတော့ သွားမလှူခင်လေးတင်မှာပဲ INGO က သူငယ်ချင်း ဖုန်းဆက်လာတယ်။ ငါတို့ နယ်လှည့်ပြီး ဆေးကုဖို့ သင်္ဘောတစ်စင်း ငှားထားတယ်။ မင်းတို့ လိုက်ချင်ရင် ပုသိမ်ကို ဘယ်ရက် အရောက်လာခဲ့တဲ့။ ဒါကြောင့် ကျနော်တို့ ဆေးသင်္ဘောနဲ့ လိုက်ဖို့ ဆေးသေတ္တာကိုတော့ ချန်ထားလိုက်ကြတယ်။ ဒီလိုနဲ့ ကျနော်တို့ ငပုတောကို ရောက်သွားတယ် ဆိုပါတော့။
ကျနော် မမှတ်မိတော့လို့ မလေးရှားနိုင်ငံက ထင်ပါရဲ့။ ဒေါ်လာသန်းချီ တန်ဖိုးရှိတဲ့ ဆေးတွေ ပို့ပေးလိုက်ပြီး အစိုးရကို ဒီပရောဂျက် မအပ်ချင်လို့ INGO တစ်ဖွဲ့ကို ထိုးပေးလိုက်တယ်။ ဒီတော့ သူတို့က ဆရာဝန်ငှား သင်္ဘောပေါ်တင်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ဧရာဝတီကို စုန်ဆန်ပြီး ကျေးရွာတွေအထိ ဆေးလိုက်ကုပေးတယ်။ ကျနော်တို့ အဲဒီ သင်္ဘောနဲ့ ပါသွားတယ်။ လှူတဲ့သူက လှူပါရဲ့ အလှူခံပုဂ္ဂိုလ်က ခပ်ယဲ့ယဲ့ ဆိုသလိုပါပဲ။ အားလုံး သိတဲ့အတိုင်းပဲ နာဂစ်မုန်တိုင်းရဲ့ ဒဏ်ကို အဆိုးဆုံး ခံရတာက လပွတ္တာမြို့နယ်နဲ့ မော်ကျွန်းပါ။ ဒါပေမယ့် အဲဒီ အဖွဲ့ကို အစိုးရက တရားဝင် ဆေးကုသခွင့် ပေးထားတာက ငပုတောမြို့နယ်။ အသေအပျောက် မရှိသလောက်ပါပဲ။ အပျက်အစီးကတော့ ထိုက်သင့်သလောက်ရှိတယ်။ ကျနော်တို့ လိုက်ပါတဲ့ သင်္ဘောက နိုင်ငံခြားသားတွေ စီးတဲ့ အပျော်စီးသင်္ဘောကြီး။ သူက ရေတိမ်ပိုင်း မသွားနိုင်တော့ အဆင်ပြေတဲ့ တစ်နေရာမှာ ထားပြီး စက်လှေနဲ့ ကျနော်တို့ ရွာကို ခရီးဆက်ရတယ်။ အဖွဲ့က စက်လှေ အပြတ်ငှားထားတော့ အဆင်ပြေတယ်။ ကျနော်တို့လည်း သူတို့အဖွဲ့နဲ့ လိုက်နေတော့ အလကားလိုက်တာ မဖြစ်ရအောင် ကျနော်တို့ကိုလည်း အလုပ်ပေးပါလို့ တောင်းလိုက်တယ်။ ကျနော့သူငယ်ချင်းက အဖွဲ့ခေါင်းဆောင်ဆိုပေမယ့် ကျနော်တို့ အလကား မလိုက်ချင်ဘူး။ ရောက်လာမှတော့ တစ်ခုခု လုပ်ပေးချင်တယ်။ ဒီတော့ သူငယ်ချင်းက ကျနော်တို့ကို တာဝန်တစ်ခုပေးတယ်။ ကျနော်တို့အဖွဲ့ငယ်က သူတို့ မရောက်ရသေးတဲ့ ရွာအသစ်တွေကို သွားရမယ်။ ရွာကို လေ့လာရမယ်။ အခြေအနေတွေ စစ်တမ်းကောက်ပြီး အဲဒီရွာကို သွားပြီး ဆေးကုဖို့ လိုမလို မှတ်ချက်ရေးရတယ်ပေါ့။ တကယ်တော့ ကျနော်တို့ မှတ်ချက် မရေးရပါဘူး။ သူငယ်ချင်းက သူပဲ ဆုံးဖြတ်ပေးပါတယ်။
ကျနော်တို့ ရွာတွေကို လိုက်ပြီး လေ့လာကြတယ်။ အင်တာဗျူးကြတယ်။ ရွာအခြေအနေကို အကဲခတ်တယ်။ ကျနော်တို့ ရောက်ခဲ့တဲ့ ရွာတိုင်းလိုလိုက အသေအပျောက် မရှိသလောက်ပဲ။ တချို့ရွာကတော့ တစ်ခြမ်းနီးပါး ပျက်စီးနေတယ်၊ ဒါပေမယ့် အသေအပျောက် မရှိဘူး။ နောက်ပိုင်းမှ သတိထားဖြစ်တာက လူတွေ သေတာ လေကြောင့် မဟုတ်ဘူး။ လေနောက်က ပါတဲ့ ရေကြောင့်ပါ။ ဆိုလိုတာက လေတိုက်ပြီးရင် ရေတွေ တအား တက်တယ်။ တချို့ရွာတွေ ပေ (၂၀) ကျော် တက်တယ်။ တောင်ကုန်းခပ်မြင့်မြင့် ရှိတဲ့ ရွာတွေက ခံသာတယ်။ ကျနော်တို့ သွားခဲ့တဲ့ ရွာတွေ ရေမတက်တာ မဟုတ်ဘူး၊ တက်တယ်။ ဒါပေမယ့် ဒူးလောက် ရင်လောက် ဆိုတော့ အန္တရာယ် မပေးနိုင်ဘူး။ ဒါပေမယ့် အိမ်တွေ ပြိုကုန်တယ်။ လယ်တွေ ပျက်ကုန်တယ်။ ကန်တွေ ရေတွင်းတွေ ပျက်စီးကုန်တယ်။ ရေငန်တွေ ဝင်တာကိုး။ အသေအပျောက်မရှိတော့ တော်သေးတာပေါ့။ အိမ်တွေ ပျက်ကုန်ရုံ၊ တွင်းတွေ ပျက်ရုံတင် မကပါဘူး။ စိတ်ဓာတ်တွေပါ ပျက်ကုန်ကြတာ တွေ့ရတော့ အင်မတန် ဝမ်းနည်းမိတယ်။ ကျနော် ရွာတွေ သွားတော့ ရွာတိုင်းလိုလိုက ကျနော်တို့ကို ပြောလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။ ရွာအားလုံးလိုလို ပြောတဲ့စကား မတူပေမယ့် သဘောသွားကတော့ အတူတူပဲ။ 
” ဆရာတို့က ဘယ်အဖွဲ့ကလဲ။ —– ရွာကိုတော့ ဟိုတစ်နေ့က ထောက်ပံ့ရေးအဖွဲ့ လာသွားတယ်။ ဘာတွေ ညာတွေ ဝေသွားကြတယ်။ ကျွန်တော်/ ကျွန်မတို့ဆီကျ ဘယ်သူမှ မလာကြဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ် “
ပေါ့။ ကျနော်တို့က ရှင်းပြရတယ်။ ကျနော်တို့က ရိက္ခာဝေတဲ့ အဖွဲ့ မဟုတ်တဲ့အကြောင်း လှည့်လည်ပြီး ဆေးကုပေးတာ ဖြစ်တဲ့အကြောင်း အတော်လေး ရှင်းပြရတယ်။ အဲဒါ ရွာတိုင်းမှာ ကြုံရတာ။ သူတို့ဆီမှာ နာဂစ်ဖြစ်ပြီးမှ ဘယ်သူတွေ ကျန်းမာရေး ချို့တဲ့နေသလဲ ကျနော်တို့ စာရှင်းကောက်ရတယ်။ အဲ့ဒီတော့ သံဆူးတဲ့လူကအစ ထွက်လာကြတယ်။ ကျနော်တို့ အဓိက ဦးတည်ချင်တာ ကူးစက်ရောဂါပေါ့။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကြောင့် ဖြစ်လာတတ်တဲ့ ရောဂါမျိုးတွေပေါ့။ ဝမ်းလျှော၊ ဝမ်းရောင်၊ ယားနာ စတဲ့ စတဲ့ ရောဂါဝေဒနာတွေပါ။ ကိုယ့်ဆီ လာတဲ့ လူတွေဆီကနေ လက်ဖြန့်တောင်းချင်တဲ့ စိ်တ်ရောဂါကိုတော့ ကျနော်တို့ ကုမပေးနိုင်ဘူးလေ။ ဒါကြောင့်လည်း နိုင်ငံခြားက ပညာရှင်တွေက ပြောကြပါတယ်။
ခင်ဗျားတို့တတွေ စားနပ်ရိက္ခာ များများ ထောက်ပံ့လေလေ အဲဒီလူက သူတောင်းစားစိတ် ပေါက်လေလေပဲ။ ခင်ဗျားတို့ လုပ်ပေးရမှာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ မွေးပေးရမှာက လုပ်ချင်ကိုင်ချင်စိတ် ပါ။ ပိုက်ဆံတွေ၊ ရိက္ခာတွေ ပေးနေတာ အရှုပ်ကို မရှင်းစေဘူး။ အရှင်းကို ရှုပ်စေတယ်။
အဲဒီစကားကို ကျနော် အားရပါးရကြီး ထောက်ခံပါတယ်။ မျက်မြင်ကိုယ်တွေ့ကိုး။ ကြားနေရတာလည်း တစ်ပုံတစ်ပင်ပဲ။ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်သွားတဲ့ လမ်းတလျှောက် ပေးစာကမ်းစာ မျှော်နေတဲ့သူတွေ တစ်ပုံတစ်ပင်ပဲ တဲ့။ အလုပ်အကိုင်ရအောင် မြို့ပေါ်တက်ပြီး အလုပ်ရှာမှဆိုပြီး မြို့တွေပေါ် တက်လာတဲ့သူ ဘယ်နှယောက်များ ရှိနိုင်ပါလိမ့်။
“လောကဓံသည် လူကို ကြံ့ခိုင်စေ၏”
ဒီအဆိုအမိန့်လေး မှတ်သားဖူးတယ်။ အင်း … ကျနော်တို့ နိုင်ငံအတွက် “လောကဓံသည် လူကို သူတောင်းစား ဖြစ်စေ၏” လို့ ဖြစ်သွားမလားတောင် စိုးရိမ်မိတယ်။ ဒီ လေးနှစ်တာ ကာလအတွင်းမှာ ဧရာဝတီရဲ့ သတင်းဆိုးတွေ မကြားရတော့ ကောင်းကောင်းကြီး နလန်ထပြီးသွားပြီလို့ ယူဆပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီက စပါးတွေ အရင်လို အားကောင်းမောင်းသန် ထွက်နေပြီဆိုတာ သိရတော့ ဧရာဝတီသားတို့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း။
မှတ်ချက် ။   ။ မည်သူ့ကိုမျှ စော်ကားလိုစိတ် မရှိပါ။ တကယ့်ကို ရင်နာမိသောကြောင့် အပြုသဘော ရေးသားခြင်းသာ ဖြစ်ပါသည်။

ပညာရေး ရှုမြင်ကွင်း (၃)

အရွယ်ရောက်နေတဲ့ သားသမီးတွေကို အိမ်ပြန်လာခွင့်ပေးတဲ့ သတ္တဝါဆိုလို့ လောကမှာ လူ တစ်မျိုးပဲ ရှိတယ်။
ဆိုတဲ့ နိုင်ငံခြား အဆိုအမိန့်လေးတစ်ခု ကျနော် ဖတ်ဖူးတယ်။ ဒါက ဘာကို အဓိက ရည်ညွှန်းချင်သလဲ ဆိုတော့ လူတွေမှာ ရှိတဲ့ မိဘရဲ့ မေတ္တာပေါ့။ မိဘရဲ့ မေတ္တာ ကြီးမားပုံ၊ အကန့်အသတ်မဲ့ပုံကို တခြား သတ္တဝါတွေနဲ့ နှိုင်းပြလိုက်တယ်လို့ နားလည်မိတယ်။ ကျနော့အနေနဲ့ ပြောရရင် မိဘမေတ္တာ အင်မတန်မှ ကြီးမားပါတယ် ဆိုတာကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မိဘတွေ သားသမီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းကို ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မတွက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် သံသယရှိနေတာက မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်ပါတယ်လို့ အားရပါးရ ခံယူထားကြပေမယ့် တကယ်ကော ချစ်တတ်ရဲ့လား ဆိုတာကို အင်မတန် သံသယ ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာမိဘတွေပေါ့။ သူတို့ တကယ်ကော သားသမီးအပေါ်မှာ ချစ်တတ်ရဲ့လား။ တစ်ခါတလေ သူတို့ ချစ်တယ်ဆိုတာက ကိုယ့်ကိုယ်ကို ချစ်တာ နည်းနည်း ပိုနေသလားလို့ပဲ။ ကျနော် အဲဒီလို ပြောရတာ အကြောင်း ရှိပါတယ်။ ကိုယ်တွေ့လေးပေါ့။
၂၀၁၂ ခု မတ်လ ကုန်ပိုင်းက ကျနော်ဟာ အင်မတန်မှ ခေါင်တဲ့ ရွာတစ်ရွာကို ရောက်ခဲ့ပါတယ်။ အဲဒီရွာမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တာကြောင့် ကူညီပေးဖို့ ရောက်ခဲ့ခြင်းပါ။ အဲဒီရွာက မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်း တိုင်းသုံးတိုင်း ဆုံတဲ့ နေရာနားမှာ ရှိပါတယ်။ ခေါင်ဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရွာကလူတွေ မော်တော်ကားကို မြင်ဖူးကြတယ်ဆိုပဲ။ ရွာမှာ မူလွန်ကျောင်းတစ်ကျောင်း ရှိတယ်။ ရွာကလူကြီး ပြောပြချက်အရ သူတို့ မူလွန်ကနေ အလယ်တန်းကျောင်း ဖြစ်ဖို့ ကြိုးပမ်းကြပေမယ့် ကျောင်းအုပ်ဆရာက သဘောမတူလို့ မအောင်မြင်ဘူးတဲ့။ သူတို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီတော့ ရွာက ကလေးတွေက ကိုယ့်ရွာမှာ ကိုယ် ကျောင်းတက်ပြီး အတန်းကုန်ရင်တော့ ရွာမှာပဲ လယ်လုပ် နွားကျောင်းနဲ့ အချိန် ကုန်ကြရတယ်ပေါ့။ ပိုက်ဆံ တတ်နိုင်တဲ့ မိဘတချို့ကတော့ အနီးနားမှာ ရှိတဲ့ ရွာကြီးမှာ ကျောင်းသွား ထားကြတယ်။ အဲဒီ ရွာကြီးက စောနရွာထက် မဝေးလွန်းပေမယ့် နွေလမ်းပဲ ရှိတယ်။ မိုးကျလို့ လမ်းလျှောက်ရရင် ရွံ့ထဲ နွံထဲ (၂) နာရီ လောက်သွားရတော့ အထက်တန်းကျောင်းရှိတဲ့ ရွာမှာပဲ ညအိပ်ညနေ ကျောင်းတက်ကြရတယ်။ ဒီတော့ တော်တန်ရုံပဲ တတ်နိုင်တဲ့ မိဘတွေဆို ကျောင်း ဘယ်ထားနိုင်မလဲ။ ဒါနဲ့ သူတို့ လူကြီးကို မေးကြည့်မိတယ်။ နေပါဦး ခင်ဗျားတို့ ကျောင်းအုပ်က ဘာလို့ သဘောမတူတာလဲ လို့ မေးလိုက်တယ်။ အခု လက်ရှိ ကျောင်းအုပ်က ပညာအရည်အချင်း အများကြီး မရှိတော့ အစိုးရ သက်မှတ်ချက်အရ အလယ်တန်းကျောင်းအုပ် လုပ်လို့ မရဘူးတဲ့။ သဘောက တကယ်လို့ အလယ်တန်းကျောင်း ဖြစ်သွားပြီဆိုရင် လက်ရှိကျောင်းအုပ်က ကျောင်းဆရာ လုပ်ချင်လုပ်၊ မလုပ်ချင်ရင် တခြား မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်သွားလုပ်ပေါ့။ ဒါကြောင့်လည်း အဲဒီ ကျောင်းအုပ်က သူ့စီးပွားရေး တုတ်နဲ့ ထိုးခံနေရတော့ လွယ်လွယ်နဲ့ လက်သင့်မခံဘူး။ တကယ်တော့ သူလက်သင့်မခံပေမယ့်လည်း ရွာအနေနဲ့ လုပ်ချင် လုပ်လို့တော့ ရပါတယ်။ ဒါပေမယ့် ရွာက အရိုးခံတွေဆိုတော့ တခြားသူ တစ်ဦးတစ်ယောက်ကိုလည်း မထိခိုက်စေချင်တာတစ်ကြောင်း၊ ကျေးဇူးရှင် ဖြစ်နေတာက တစ်ကြောင်းမို့ အတင်းအကြပ် မတောင်းဆိုကြတော့ဘူး။ ဒါပေမယ့် ရွာအတွက် ကံကောင်းတယ် ပြောရမှာပါ။ ကျောင်းအုပ်ဆရာကြီးက အခုတော့ စိတ်ကောင်းဝင်လာပြီး အလယ်တန်းကျောင်း လျှောက်ပေးလိုက်တာ လာမယ့်စာသင်နှစ်ကစပြီး အလယ်တန်းကျောင်း ဖြစ်တော့မယ်လို့ သိရတော့ အဲဒီ ကျောင်းအုပ်ကြီးကို သာဓုခေါ်မိပါတယ်။ အများအကျိုးကို သူ ဦးစားပေးလာနိုင်တဲ့ သတ္တိကြောင့်ပါ။
အဲဒီရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဝမ်းနည်းစရာတွေကလည်း ရှိနေသေးရဲ့။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓစာပေ အခြေခံလေးတွေ သင်ပေးတာဆိုတော့ ကလေးတွေ တအား ငယ်နေလို့လည်း မတော်ဘူးလေ။ ဒီတော့ (၅) တန်း တက်မယ့် ကလေးတွေကို အောက်ထစ်ထားပြီး သင်ပေးရတယ်။ လာတက်တဲ့ ကလေးတွေက စုစုပေါင်း (၁၁၃) ယောက် ရှိတယ်။ သင်တန်းက စုစုပေါင်း (၁၀) ရက်မှာ (၈) ရက်သင်ပြီး (၂) ရက်က စာမေးပွဲ စစ်တယ်။ သင်တာက (၈) ဘာသာလောက် ခွဲသင်ပြီး စာမေးပွဲစစ်တော့ (၄) ခါ စစ်ပေးတယ်။ စာမေးပွဲ စစ်တယ်ဆိုတာလည်း မလေးမစား သဘောထားကြမှာ စိုးလို့ စစ်တဲ့ သဘောပါ။ တကယ်တော့ (၈) ရက်တည်း သင်တာကို စာမေးပွဲ စစ်တယ်ဆိုတော့ ကလေးတွေအတွက်လည်း မချောင်ဘူး။ ဒါပေမယ့် ကလေးတွေလည်း ကြိုးစားကြရှာပါတယ်။ စာတွေ ကျက်ကြတယ်။ မှတ်ကြတယ်။ သူတို့တွေ ဗုဒ္ဓစာပေတွေ ကျက်မှတ်နေတဲ့ အသံကြားနေရတာလည်း ကျက်သရေ တစ်မျိုးပါပဲ။ ဒီလိုနဲ့ စာမေးပွဲကြီး ရောက်လာတော့ သူသူကိုယ်ကိုယ် ကြောက်ကြတာပဲ။ လူကြီးတွေက ဖြေဆိုလို့တာ ဖြေကြရတယ်။ မရတဲ့ သူတွေက အများကြီး။ ကျနော်တို့လည်း ကလေးတွေ စာမရတာကို အပြစ်မမြင်ပါဘူး။ ပြောပြီးပြီပဲ … သူတို့မှာ ၈ ရက်တည်းသင်ပြီး တန်း စာမေးပွဲ ဖြေကြရတာလေ။ အဲဒီမှာ ဝမ်းနည်းစရာ တစ်ခု တွေ့ရတာက စာကို အာဂုံဆောင် အလွတ်ကျက်ကြရတော့ ထုံးစံအတိုင်း မိန်းကလေးတွေက စာရကြတယ်။ ခက်တာက စာဆိုတာ ရနေရုံနဲ့ မပြီးသေးဘူးလေ။ ရေးတတ်ဦးမှကိုး။ အဲဒီမှာ ကလေးတချို့က စာတော့ ကျက်ထားတာ မွတ်လို့။ ဒါပေမယ့် သူတို့ မရေးတတ်ကြဘူး။ အဲဒီတော့ ကျနော်တို့မှာ ဘာလုပ်ရသလဲဆို အဲဒီ ကလေးတွေနားမှာ လူကြီး တစ်ယောက်ဆီ ထားပေးပြီး သူတို့ နှုတ်က ဆိုပြသမျှကို စာလုံးပေါင်းပေးရတယ်။ သ ရေး သ၊ ရ ကောက်ရေး ရ၊ ဏကြီးရေး ဏ၊ ဂငယ် သေးသေးငင် တစ်ချောင်းငင် ဂုံ၊ သရဏဂုံ ။ အဲဒီလိုမျိုး ဘေးကလူက ရွတ်ပေးရတယ်။ အင်း …. ။ ခက်တာက ဗျာ။ အဲဒီ ငါးတန်းအောင် ဆိုတဲ့ ကလေးတွေက ဘေးကနေ စာလုံးပေါင်း ရွတ်ပြနေတာတောင် မရေးတတ်ဘူးဗျို့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီ လူကြီးတွေက “ကဲ ပေးပေး၊ ငါတို့ပဲ ရေးပေးမယ်၊ နင်တို့ ငါ့ကို ရွတ်ပြ” ဆိုပြီး သူတို့ဖာသာ အစအဆုံး ရေးပေးလိုက်ရတယ်။ အဲဒီ ကလေးတွေအတွက် စာဖြေတော် သီးသန့် ခန့်ပေးလိုက်ရတာပေါ့ဗျာ။ ကဲ စဉ်းစားကြည့်ပါဦး။ အဲဒီ ကလေးတွေ စာလုံးပေါင်း ခက်ခက်တွေ မရေးတတ်တာဆို ထားဦး။ ဘေးက စာလုံးပေါင်းပြတာကိုတောင် မရေးတတ်တဲ့ ငါးတန်းကျောင်းသားတွေ။ တစ်ယောက်တည်း မဟုတ်ဘူးနော်။ လေး ငါးယောက် ရှိတယ်။ ကဲ ဘာတွေ မှားနေသလဲ။ အဲဒီ ကလေးတွေရဲ့ အမှားလား။ ကျနော်တို့ အဲဒီလို မသက်မှတ်ချင်ဘူး။ ဒါဆို လူကြီးတွေရဲ့ အမှားတွေပဲလား။
အဲဒီ ကလေးတွေရဲ့ ကြားမှာမှ ထူးထူးခြားခြား ကလေးတစ်ယောက်ကို သွားတွေ့တယ်။ အဲဒီကလေးက ဒီနှစ် (၈) တန်း တက်ရမယ်။ အဖြေလွှာတွေ အားလုံးစစ်ပြီးတော့ အဲဒီ ကလေးက ပထမ ရတယ်။ ပထမက ရိုးရိုး ပထမ မဟုတ်ဘူးနော်။ ရှယ် ပထမ။ ဘာလို့ ရှယ်လို့ ပြောသလဲဆို သူဟာ လေးဘာသာလုံး တစ်မှတ်မှ မလျော့ဘဲ အမှတ်ပြည့်နဲ့ချည်း ပထမဆုကို ထိုက်ထိုက်တန်တန် ယူထားတယ်။ ကျနော် အဲဒီ ကောင်ကလေးကို စိတ်ဝင်စားလို့ သူ့ကို ခေါ်ပြီး စကားပြောကြည့်တယ်။ သားကြီးလာရင် ဘာလုပ်မလဲပေါ့။ သူက ဆရာဝန်ကြီး ဖြစ်ချင်တယ်တဲ့။ အင်း သူရဲ့ လက်ရှိ အရည်အချင်းကို အကောင်းဆုံး ဖြစ်အောင် မွမ်းမံပေးရင် ရနိုင်တာပေါ့။ ဒါနဲ့ ကျနော် စိတ်ဆုံးဖြတ်ချ ချပြီး “ကဲ သား၊ ဒါဆို မင်းရဲ့ ပညာရေးကို ဆရာဝန်ဖြစ်တဲ့အထိ အစအဆုံး တာဝန်ယူမယ်ဆိုရင်ကော” ဆိုတော့ ပေကလက် ပေကလက်နဲ့ ကျနော့်ကို ကြည့်နေတယ်။ “မင်းကို မန္တလေးမြို့ပေါ်မှာ စည်းကမ်းရှိတဲ့ ဘော်ဒါဆောင်တစ်ခုကို လိုက်အပ်ပေးမယ်။ ဆယ်တန်းအောင်ရင် မင်း မန္တလေးမှာပဲ ဆေးတက္ကသိုလ် ဆက်တက်နိုင်အောင် စီစဉ်ပေးမယ်။ ကဲ မင်း မန္တလေး သွားနေမယ်မလား” လို့ မေးလိုက်တော့ သူ တော်တော် ပျော်သွားပုံပဲ။ သူ သဘောတူကြောင်း ခေါင်းညိတ်တယ်။ ဒီတော့ ကျနော်က “ဒါဆိုကွာ သင်တန်းဆင်းပွဲနေ့ကျ မင်းမိဘတွေကို ခေါ်လိုက်။ လူကြီးတွေနဲ့ တိုင်ပင်ရအောင်။ သူတို့လည်း သဘောတူတယ်ဆိုရင် နောက်နှစ် (၈) တန်းကို မင်း မန္တလေးမှာ သွားတက်နိုင်အောင် စီစဉ်ပေးမယ်။” ဆိုတော့ သူက သူ့မိဘတွေကို လာဖို့ ခေါ်ထားလိုက်တယ်။ ကျနော်ရဲ့ အမြင်က ဒီကလေး ဒီရွာမှာပဲ ဆက်နေရင် (၁၀) တန်း ပြီးကောင်း ပြီးသွားမယ်။ ဒါပေမယ့် ဆေးကျောင်း ဝင်မဝင် မသေချာဘူး။ ဆေးကျောင်း ဝင်တယ်ပဲ ထားဦး။ မြို့သားတွေနဲ့ တန်းတူ အခြေခံ မကောင်းဖို့ သေချာတယ်။ ဒါကြောင့် ဒီကလေးကို ဆရာဝန်ဖြစ်တဲ့အထိ၊ ဆေးကျောင်းပြီးတဲ့အထိ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ စိတ်ကူးလိုက်တာ။ ဘယ်မိဘမဆို ကိုယ့်သားသမီး ကြီးမြင့်စေချင်ကြတယ်၊ အဆင့်အတန်း မြင့်စေချင် ကြတာပဲ မဟုတ်လား။ အဲဒီ ကလေးရဲ့ မိဘဆို ဝမ်းသာမဆုံး ဖြစ်တော့မပေါ့။
သင်တန်းဆင်းပွဲရက်မှာ ကလေးရဲ့ အမေ လိုက်လာပါတယ်။ အခမ်းအနားပြီးတော့ သူ့ အမေနဲ့ စကားပြောဖို့ ခေါ်လိုက်တော့ ကလေးခမျာ မျက်နှာငယ်လေး ဖြစ်နေတာ သတိထားမိတယ်။ မျက်နှာလေး ညှိုးလို့ပါ။ သူ့အမေနဲ့ စကားပြောကြည့်မှ သူ ဘာကြောင့် စိတ်မချမ်းမသာ ဖြစ်နေသလဲဆိုတာ သိတော့တယ်။ သူ့အမေ ထပ်တလဲလဲ ပြောနေတဲ့ စကားက တစ်ခွန်းတည်းပါ။ “ကျွန်မသားက အဖေအမေနဲ့ မခွဲနိုင်ဘူးလို့ ပြောနေတာကြောင့် ဒီရွာမှာပဲ ထားတော့မယ်” တဲ့။ ဒါ သားသမီးရဲ့ ရှေ့ရေးပါ၊ လို့ ဟိုဟိုဒီဒီ ပြောကြည့်ပေမယ့်လည်း သူ့အမေ ပါးစပ်က ထွက်လာတာ ဒီစကားလုံးတွေချည်းပဲ။ မိဘလုပ်တဲ့သူကတောင် လုပ်ရက်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျနော်တို့ လက်လျှော့ပြီး ပြန်ခဲ့ရပါတယ်။ ကဲ … မိဘတွေ ကိုယ့်သားသမီးကို တကယ် ချစ်တတ်ကြရဲ့လားဗျာ။  ကျနော် တော်တော်လေး သံသယ ရှိတယ်။ ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး ကျနော် အလက်ဇန္ဒားဖလန်းမင်း (Alexander Fleming) ကို သွားသတိရမိတယ်။ ပင်နယ်စလင်ခေါ်တဲ့ ပဋိဇီဝဆေးကို ပထမဆုံး တွေ့ရှိခဲ့လို့ သန်းပေါင်း ထောင်ချီတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ လူသားအားလုံးရဲ့ ကျေးဇူးရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဆိုရင်လည်း မိဘတွေက လယ်သမားတွေပါ။ အင်မတန်ခေါင်တဲ့ ဒေသမှာ နေကြတဲ့ လယ်သမားမိသားစုလေးပါ။ မြို့ပေါ်က လူကုံထံတစ်ယောက် ရွာကို လာလည်ရင်း သူ့သားလေး ဒုက္ခရောက်နေတာကို ဖလန်းမင်းရဲ့ အဖေက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီ ကယ်တင်ပေးတဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သားဖြစ်သူ အလက်ဇန္ဒား ဖလန်းမင်းကို မြို့ပေါ် ခေါ်သွားပြီး ကျောင်းထားပေးပါရစေလို့ ဖခင်ဖြစ်သူကို တောင်းခံပါတယ်။ ဖခင်ဖြစ်သူဟာ ဒီသားလေး သူနဲ့ နေရင် လယ်သမားပဲ ဖြစ်မှာပဲ။ ငါ့ထက် အဆင့်အတန်းမြင့်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ပညာတတ်ဖို့လိုတယ်လို့ မျှော်မြင်နိုင်တာကြောင့် ဖလန်းမင်းလေးကို ထည့်ပေးလိုက်ပါတယ်။ ဒါနဲ့ ဆရာဝန်တွေဖြစ် သုတေသနတွေလုပ်ရင်း သူ့နိုင်ငံအတွက်ပါမက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် အကျိုးပြုတဲ့ လူသားကောင်းတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံက စောန မိဘတွေနဲ့ ကျနော် နှိုင်းယှဉ်ကြည့်လိုက်မိမယ်။ ဖလန်းမင်းလေးရဲ့ အဖေသာ မခွဲနိုင်ပါဘူးကွာဆိုပြီး ဖလန်းမင်းလေးကို မြို့ပေါ် ထည့်မပေးခဲ့ဘူးဆိုရင် ….. ။ နောက်ဆုံးတော့လည်း ကျနော် ဖြေသိမ့်လိုက်ပါတယ်။ သူတို့နိုင်ငံမှာ ဖလန်းမင်းရဲ့ အဖေလို မိဘမျိုးတွေ များများရှိတော့ တိုင်းပြည်ကြီးက အစစအရာရာ တိုးတက်ပြီး ကျုပ်တို့ မြန်မာနိုင်ငံကလည်း စောနက မိဘမျိုးတွေ များများ ရှိလေတော့ တိုင်းပြည်ကြီးလည်း @#$$#@!*& ဖြစ်နေတာပေါ့ဗျာ။

ဆင်းရဲသားဘဝနဲ့ ကြီးပြင်းလာရတာ သင့်အပြစ် မဟုတ်ပါဘူး။
ဆင်းရဲသားဘဝနဲ့ သေသွားရတယ် ဆိုရင်တော့ အဲဒါ သင့်အပြစ်ပဲ။