ပညာရေး ရှုမြင်ကွင်း (၂)

ကျနော်တို့အားလုံး လူငယ်ဘဝမှာ အိမ်မက် ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြတာပါ။ အဲဒီ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်အောင် သူနေတဲ့ တိုင်းပြည်က ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ။ ဒါ တော်တော်လေး အရေးကြီးလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ 
  • ရည်မှန်းချက် ကြီးတဲ့ လူငယ်တွေ ဘယ်လောက်များများ ရှိသလဲ၊ 
  • သူတို့ရဲ့ ရည်မှန်းချက်ကို နိုင်ငံရဲ့ ပညာရေးက ဘယ်လောက်အထိ အရောင်တင်ပေးနိုင်သလဲ၊
  • သူတို့ရဲ့ ရည်မှန်းချက်ကို အဲဒီနိုင်ငံမှာ ဘယ်လောက် အတိုင်းအတာအထိ လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်ခွင့်ရှိသလဲ၊
  • အဲဒီ နိုင်ငံမှာ ရှိတဲ့ သူတွေရဲ့ ရည်မှန်းချက်နဲ့ သူတို့ရဲ့ ဘဝဟာ ဘယ်လောက်အထိ ထပ်တူ ကျသလဲ၊

ဒီအချက် လေးချက်ကို ကြည့်ပြီး အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်း တွက်ချက် နိုင်မယ်လို့ ကျနော်ကတော့ ယူဆတယ်။
ကျနော် မှတ်မိနေသေးတယ်။ နင်ကြီးလာရင် ဘာလုပ်မလဲလို့ ကျနော်ကို ငယ်ငယ်က မေးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ဖြေလေ့ရှိတယ်။ တခြား သူငယ်ချင်းတွေကို မေးရင်လည်း တချို့က ဆရာဝန် ဖြစ်ချင်ကြတယ်။ တချို့က ဆရာမ လုပ်မယ်ပေါ့။ ကျနော် ထင်တယ်။ ဘယ်ကလေးမှတော့ ကြီးလာရင် သူတောင်းစား လုပ်မယ်၊ သူခိုးလုပ်မယ်လို့တော့ စိတ်ကူးယဉ်ကြလိမ့်မယ် မထင်။ မြို့ပေါ်က ကလေးအများစုဟာ ရည်မှန်းချက်ကြီးကြီး ရှိကြတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ကျေးလက်မှာ နေတဲ့ ကလေးအတော် များများကို ကျနော် မေးကြည့်ဖူးတယ်။ နင်တို့ ကြီးလာရင် ဘာလုပ်မလဲပေါ့။ အများစုက တောင်သူ လုပ်မယ်လို့ပဲ ဖြေကြတယ်။ တချို့ကလေးက ဝက်မွေးမယ်၊ နွားမွေးမယ်လို့ ဖြေကြတယ်။ ဟင့်အင်း ဘာမှ မလုပ်ဘူး လို့ ဖြေတဲ့ ကလေးတွေကလည်း ရှိလေရဲ့။ အဲဒီလို အဖြေတွေ ကြားရတော့ “အော် အဲဒါ မြန်မာနိုင်ငံပဲ” လို့တောင် ဟင်ချမိတယ်။ အဲဒါ တို့နိုင်ငံရဲ့ အနာဂတ်ပဲလေ။
ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုကို ခံပြီး ကြီးပြင်းလာရတာချည်းပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာရယ်မှန်း မသိတဲ့ မိဘနှစ်ပါးရဲ့ အရိပ်အောက် ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ ဘာရည်မှန်းချက်မှ မရှိတာ မဆန်းပါဘူး။ ကျနော်ရဲ့ အဘွားတောင်မှ ကျနော့အစ်မ ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်ထားဖို့ သဘောမတူခဲ့ဘူး။ သူပေးတဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ တစ်နေ့ အိမ်ထောင်ပြု ယောက်ျားယူတော့ မီးဖိုချောင်ထဲပဲ နေရမှာပဲတဲ့။ မီးဖိုချောင်ထဲ နေဖို့ ဘွဲ့ မလိုပါဘူးတဲ့လေ။ ကျနော့အဖေက အတင်း မရမက ပြောမှ ကျနော့အစ်မ တက္ကသိုလ် ဆက်တက်ခဲ့ရတယ်။ ကျနော် ပြောချင်တာက လူကြီးတွေရဲ့ အမြော်အမြင်ပါ။ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်စွမ်း မရှိသေးတဲ့ လူငယ်တွေရဲ့ ဘဝကို အဓိက ပဲ့ကိုင်နေတာ သူတို့ကို အုပ်ထိန်းတဲ့ လူကြီးတွေပါ။ အဲဒီ လူကြီးတွေ အတွေးတိမ်လေလေ၊ အမြော်အမြင် နည်းလေလေ၊ သူတို့ရဲ့ အုပ်ချုပ်ခံ လူငယ်တွေရဲ့ ဘဝက နစ်မွန်းလေလေပဲ။
ကျနော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါရစေ။
တစ်နေ့က ကျနော် ဘက်စ်ကား စီးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြို့ထဲကို ပြန်လာခဲ့တယ်။ ကမ္ဘာအေး ဘုရားနားမှာ ကျောင်းဝတ်စုံနဲ့ ကလေးတစ်ယောက် ဘတ်စ်ကားပေါ် တက်လာတယ်။ ကျောင်းဝတ်စုံ ခပ်နွမ်းနွမ်းလေးပါ။ ကျနော်က အပေါက်ဝတည့်တည့်က ထိုင်ခုံမှာ ထိုင်နေတာဆိုတော့ သူတက်လာတာကို ကျနော် သတိထားမိလိုက်တယ်။ ကျောင်းပိတ်ချိန်ဆိုတော့ လွယ်အိတ်တွေ ဘာတွေ မပါဘူးပေါ့။ ကလေးကို ကြည့်ရတာ အလွန်ဆုံးရှိမှ (၈) တန်းပါ။ နေ့လည်ခင်းဆိုတော့ ဘတ်စ်ကားက မကျပ်ပါဘူး။ အဲဒီကလေးဟာ ဘတ်စ်ကား အနောက်ထဲထိ ဝင်သွားတယ်။ နည်းနည်းကြာလို့ ကျနော် လှမ်းကြည့်လိုက်တော့ အဲဒီကလေးက ဘတ်စ်ကားပေါ်မှာ ပိုက်ဆံတောင်းနေတာ တွေ့လိုက်ရတယ်။ အင်း … မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမြင်ကွင်းက မဆန်းတော့ပါဘူးလေ။ ဒါနဲ့ ကျနော်လည်း သူကို ဂရုမစိုက်ဖြစ်တော့ပါဘူး။ 
အဲဒီ ဘတ်စ်ကားက ရွှေဂုံတိုင်မီးပွိုင့် လွန်လာတော့ စောန ကလေးက ဆင်းတော့မလို့ ထင်ပါရဲ့။ အပေါက်ဝနား ကပ်လာတယ်။ ကျနော့ ဘေးနားမှာ မတ်တပ်လာရပ်နေတယ်။ သူ့ လက်ထဲမှာလည်း ပိုက်ဆံ လက်တစ်ဆုတ် နဲ့။ ခဏကြာတော့ သူ့ အင်္ကျီအတွင်းထဲကို လက်နှိုက်ပြီး တစ်ခုခု ဆွဲထုတ်နေတယ်။ ကျနော့်အရှေ့မှာ ဆိုတော့ ကျနော် မသိသလို သိသလိုနဲ့ စိတ်ဝင်တစား ကြည့်နေမိတယ်။ သူ့ ရင်ဘက်ထဲက ပိုက်ဆံ နောက်ထပ် တစ်ထုပ် ထပ်ထွက်လာတယ်။ အဲဒီ ပိုက်ဆံတွေကို ပေါင်းလိုက်ပြီး သူ ရေတွက်နေလေရဲ့။ သူ ရေတွက်နေတော့မှ သူ့လက်ထဲမှာ ပိုက်ဆံ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာ သတိထားမိတယ်။ အားပါးပါး။ သူကိုင်ထားတဲ့ လက်တစ်ဆုတ်စာ ပိုက်ဆံထဲမှာ တစ်ထောင်တန်တွေလည်း မနည်းမနောပဲ။ အားလုံးစုစုပေါင်း ဆိုရင် တစ်သောင်းခွဲ (၁၅၀၀၀) တော့ အနည်းဆုံး ရှိမယ်။ ဟိုက် သူကတောင် ဝင်ငွေ ပိုဖြောင့်နေပါလားလို့ ရုတ်တရက် တွေးလိုက်မိတယ်။ အဲဒီ အတွေးရဲ့ နောက်ကွယ်မှာ အင်မတန် ကြေကွဲဖို့ ကောင်းတဲ့ မေးခွန်းတစ်ခုကို ကျနော် စဉ်းစားလိုက်မိတယ်။
ဒီကလေးဟာ ဒီလောက် ဝင်ငွေရှိတဲ့ တောင်းစားရတဲ့ ဘဝကို ကျေနပ်နေမိပြီလား။
မျက်မြင်ကိုယ်တွေ့ ကျနော့အနေနဲ့ ဖြေရမယ်ဆိုရင်တော့ ဒီကလေး သဘောကျကျေနပ်နေတယ်လို့ ဖြေရမှာပဲ။ သူ့ဘဝကို သူ သာယာ နေပုံပဲ။ သူဟာ ရှစ်တန်း ကျောင်းသားတစ်ယောက်ပဲ ထားဦး။ သူတက်နေတဲ့ အတန်းပညာဟာ တောင်းစားတာလောက် ဝင်ငွေ မရပါဘူးကွာလို့ သူ မြင်သွားရင် ဘယ်နှယ်လုပ်မလဲ လို့ ကျနော့်ရင်ထဲမှာ စိုးရိမ်စိတ်တွေ တဖွားဖွား ပေါ်လာမိတယ်။ “အမလေး … မိဘတွေကလည်း ခိုင်းရက်လေခြင်း” လို့သာ အော်ပြီး ငိုလိုက်ချင်တော့တယ်။ အဲဒီ ကလေးနေရာကနေ ကျနော် ဝင်ပြီး စဉ်းစားကြည့်တယ်။ ငါ အခု ရှစ်တန်း တက်နေတယ်။ အဲဒါ ဘာလုပ်ဖို့တုန်း။ ဆယ်တန်းအောင် တစ်ယောက်ဖြစ်ရင်ကော တစ်နေ့တစ်နေ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ ကဲ တက္ကသိုလ် ဆက်တက်ပါပြီတဲ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ သူ ဒီလိုတွေ တွေးလာရင်တော့ ခက်ရချည်ရဲ့နော်။ ကျနော် တွေးရင်း ရင်လေးလာတယ်။ မြန်မာနိုင်ငံမှာ ဒီလို ကလေးတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ အဲဒီလို ခိုင်းရက်တဲ့ မိဘတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ မတွေးဝံ့ပါ။
ကျနော် စာဖတ်သူတွေကို မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ ကိုယ့်ဖာသာပဲ လွတ်လွတ်လပ်လပ် ဖြေကြည့်ပါ။ 
“တကယ်လို့ ကိုယ်သင်ထားတဲ့ ပညာဟာ ကိုယ့်ဘဝ အသက်မွေးဖို့အတွက် အထောက်အကူ မဖြစ်ပါဘူးလို့ ယူဆသွားမယ်ဆိုရင် အဲဒီလို လူတွေနေတဲ့ တိုင်းပြည်ဟာ ဘာဖြစ်သွားမလဲ။”
စာဖတ်သူတွေထဲမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ ပါမယ်ဆိုရင် အဲဒီမေးခွန်းကို မဖြစ်မနေ ရဲရဲကြီး ဖြေကြည့်ပါ။ အော် … ကျနော်ရဲ့ အဖြေကို သိချင်တာလား။ ကျနော်ကတော့ ဖြေပြီးသားပါ။ စောနက ပြောခဲ့တဲ့ ကလေးမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်လာတော့မယ် ထင်တယ်။

မြန်မာစာလုံးပေါင်း သတ်ပုံကျမ်းအား အဆင့်မြှင့်တင်ခြင်း

မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုပြီး ၂၀၀၈ ခုနှစ်မှာ ဘလော့ဂ်တစ်ခု တည်ဆောက်ခဲ့ပါတယ်။ အဓိက ရည်ရွယ်ချက်ကတော့ သတ်ပုံကျမ်းစာအုပ် အလွယ်တကူ မရနိုင်တဲ့ နိုင်ငံခြားရောက် မြန်မာတွေအတွက် ရည်ရွယ်တာပါ။ Web Programming လည်း ကောင်းကောင်း နားမလည်တော့ ကိုယ် နားလည်တတ်ကျွမ်းတဲ့ Blogging နဲ့ပဲ အဲဒီ သတ်ပုံကျမ်း Website ကို ဖန်တီးခဲ့တာပါ။ အခုအချိန်ထိဆို Page View ပေါင်း တစ်သိန်းကျော် ရှိတာကို တွေ့ရတော့ အများအတွက် အသုံးတည့်နေတယ်လို့ ယူဆမိတယ်။ ဝမ်းသာပီတိလည်း ဖြစ်မိပါတယ်။ တကယ်တမ်းတော့ ဒီဆိုဒ်လေးဟာ ဘလော့ဂ် မဟုတ်ဘူးဆိုရင် ပိုကောင်းလိမ့်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲဆိုတော့ အခုအတိုင်းဆိုရင် စာလုံးတစ်လုံး ရှာရတာ နည်းနည်း ခက်နေသလိုပဲ။ ဘလော့ဂ်ဆိုတော့လည်း ဘလော့ဂ်နဲ့ တူအောင် ကန့်သတ်ချက်တွေ ရှိနေတာကိုး။
၂၀၀၈ ခုနှစ်က ဒီဆိုဒ်လေးကို မြန်မာစာလုံးပေါင်းသတ်ပုံကျမ်း ဆိုတဲ့ မြန်မာစာဌာနက ထုတ်တဲ့ စာအုပ်ကို အခြေခံပြီး လုပ်ထားခဲ့တာပါ။ တကယ်တမ်း သုံးကြည့်လိုက်တော့ ကိုယ်လိုချင်တဲ့ စာလုံးတွေ မပါလာတာ အများကြီး တွေ့ရတယ်။ ဒါကြောင့် တတ်နိုင်သလောက်တော့ ဖြည့်သွားမယ်လို့ စိတ်ကူးခဲ့တာ အမှန်ပါ။ ဒါပေမယ့် စိတ်ပဲ ကူးနိုင်ပါတယ်။ လက်တွေ့ အကောင်အထည် မဖော်နိုင်ခဲ့ဘူး။ နောက်ပိုင်း မြန်မာစာလုံးပေါင်း သတ်ပုံကျမ်း နှင့် ခွဲထား ဆိုတဲ့ စာအုပ် ရလာတော့ ခွဲထား အပိုင်းကို ထပ်ထည့်မယ်လို့ ရည်ရွယ်ခဲ့တာ အခုတော့ စပြီး အကောင်အထည် ဖော်ဖြစ်နေပါပြီ။ ကျွန်တော်လည်း အားရင် အားသလို စာရိုက်နေတာဆိုတော့ အများကြီး မပြီးသေးပါဘူး။ အတိအကျ ပြောရရင် အခုမှ ကကြီး ပဲ ပြီးသေးတယ်။
ဒီ သတ်ပုံကျမ်းကို စာလုံးတွေ စုံနိုင်သထက် စုံအောင်၊ ရှာဖွေရ လွယ်ကူသထက် လွယ်ကူအောင် ဘယ်လို လုပ်ရမလဲလို့လည်း အတော်လေး စဉ်းစားလိုက်ရတယ်။ ပုံစံကို ဘယ်လို ချရမလဲပေါ့။ အခု လက်ရှိ ချထားတဲ့ ပုံစံဟာ အဆင်ပြေလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ တကယ်လို့ ဒီထက်ကောင်းမယ့် အပြင်အဆင် ရှိမယ်ဆိုရင်လည်း အားလုံး ဝိုင်းဝန်းအကြံပေးကြပါဦး။ အခုဆိုရင် ကကြီးမှာ ဝင်ရှာမယ်ဆိုရင် ကကြီးနဲ့ စတဲ့ စာလုံးတွေကို မြင်ရသလိုပဲ၊ အစစာလုံး ကကြီး မဟုတ်ဘဲ ကကြီးပါတဲ့ တခြား စာလုံးတွေကိုလည်း ကကြီး အုပ်စုထဲမှာ ရှာလို့ ရအောင် အသစ် ဖြည့်ထည့်ထားပါတယ်။ ဥပမာ ကုတ် ဆိုတဲ့ အုပ်စုထဲမှာ အရင်က ကုတ်နဲ့ စတဲ့ ကုတ်ဖဲ့ ၊ ကုတ်အင်္ကျီ စတာတွေပဲ ပါခဲ့တယ်။ အခုဆို ကုတ်နဲ့ မစပေမယ့် ကုတ်ဆိုတဲ့ စာလုံးပါတဲ့ ကျားကုတ်ကျားခဲ၊ မိုးကုတ်ပတ္တမြား စတာတွေကိုပါ ရှာနိုင်အောင် ထည့်ထားပါတယ်။ နောက်ပြီး မှားရေးတတ်တာကိုလည်း အမှားမှန်းသိအောင် ထည့်သွင်းပေးထားတယ်။ ဥပမာ မိုးကုတ်စက်ဝန်း လို့ရေးရင် မှားမယ်၊ မိုးကုပ်စက်ဝန်း ဖြစ်ရမယ် ဆိုတာကို မိုးကုတ်ကုပ်စက်ဝန်း ဆိုပြီး ပြထားပေးတယ်။ နောက်ပြီး ကုတ် နဲ့ အသံထွက်တူတဲ့ ကုက်၊ ကုဋ်၊ ကုပ် စတဲ့ စာလုံးတွေ ပြောင်းရှာလို့ လွယ်အောင်လည်း လင့်ခ် တစ်ခါတည်း ထည့်ပေးထားလိုက်တယ်။ ပြီးတော့ ကန်စွန်းရွက် ဆိုတဲ့ စာလုံးကို တချို့က ကဇွန်းရွက် လို့ ထင်တတ်တာမို့ ကဇွန်းရွက် ဆိုတာကိုလည်း သတ်ပုံကျမ်းထဲ ထည့်ထားပေးပြီး ကဇွန်းရွက် (ကန်စွန်းရွက်) ဆိုပြီး ပြထားပေးပါတယ်။ အခုလို လုပ်ပေးထားခြင်းဟာ အသုံးပြုရတာ အတော်လေး အဆင်ပြေလာမယ်လို့ ယုံကြည်မိပါတယ်။ အောက်ပုံကို ကြည့်ပါ။
တကယ်လို့ စာလုံးပေါင်းသတ်ပုံကျမ်းထဲမှာ စာလုံးပေါင်း မှားရိုက်မိထားတာ ရှိရင်လည်း ကျနော်ကို အကြောင်းကြားပေးပါ။ အရင် ဆိုဒ်ထဲမှာ ဂန္ထဝင် ကို ဂန္တဝင် လို့ မှားရိုက်ထားတာကို ထောက်ပြခဲ့တဲ့ မပန်ဒိုရာ ကိုလည်း အထူး ကျေးဇူးတင်ပါတယ်။ စာလုံးပေါင်းသတ်ပုံကျမ်းလို့ နာမည်ပေးထားပြီး စာလုံးပေါင်းတွေ မှားနေဖို့ မသင့်ပါဘူး။ ဒါကြောင့် ကျနော်လည်း သတိရှိရှိတော့ ရိုက်ခဲ့ပါတယ်။ လူဆိုတာ အမှားမကင်းနိုင်တော့ အမှားကို ထောက်ပြလာမယ့်သူ အားလုံးကို ဝမ်းပန်းတသာ ကြိုဆိုပါတယ်။ နောက်ပြီး ဒီဘလော့ဂ်ကို ပိုမို ပြင်ဆင်ရင် အသုံးပြုသူအတွက် အဆင်ပြေဆုံး ဖြစ်မလဲ ဆိုတာကိုလည်း အကြံပြုနိုင်ပါတယ်။ နောက်ပြီး Web Programmer တစ်ယောက်ယောက်က သတ်ပုံကျမ်းမှာ Web Apps တစ်ခုအနေနဲ့ အားလုံးအတွက် အခမဲ့ တည်ဆောက်ချင်တယ်ဆိုရင်လည်း ကျနော်အနေနဲ့ ရိုက်ထားသမျှ စာအားလုံးကို ပို့ပေးပါ့မယ်၊ လှူပါ့မယ်။ 
အားတဲ့အချိန်ကနေ ဖဲ့ဖဲ့ပြီး လုပ်နေတာဆိုတော့ ကကြီးကနေ အ အထိ ပြီးဖို့ အချိန်ယူရဦးမှာပါ။ အမြန်ဆုံးပြီးအောင်တော့ ကြိုးစားသွားပါ့မယ်။ ဒီနေ့ (၂၃ ဧပြီ ၂၀၁၂) အထိတော့ ကကြီး အပိုင်းကို ပြင်ဆင်ဖြည့်စွက်ပြီးပါပြီ။ မူလကျမ်းစာအုပ်မှာ မပါတဲ့ တချို့ စာလုံးတွေကိုလည်း ကျနော်ဖာသာ ဖြည့်စွက်ထားတာ ရှိပါတယ်။ စာဖတ်သူအနေနဲ့ ကိုယ်သိတဲ့စာလုံး မပါသေးရင်လည်း အကြံပြုလို့ ရပါတယ်။ ဖြစ်နိုင်ရင် ဒေသအလိုက် ဘန်းစာလုံးတွေကိုလည်း လိုချင်ပါတယ်။ Page View ပေါင်း တစ်သိန်းကျော်အောင် အားပေး အသုံးပြုသူများ အားလုံးကိုလည်း အထူးကျေးဇူးတင်လျက်
ပီကေ

ပညာရေး ရှုမြင်ကွင်း (၁)

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ အံတုဖို့ မလွယ်တဲ့ မဟာအင်အားကြီး နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်လာနိုင်တာ နှစ်ပေါင်း (၁၀၀) တစ်ရာစု ပြည့်ပါတော့မယ်။ ဘာဖြစ်လို့ ရပ်တည်နေနိုင်တာလဲ။ အဓိက အကြောင်းအရင်းကတော့ သူတို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်နေတဲ့ သိပ္ပံပညာကြောင့်ပါ။ “ သိပ္ပံပညာရှင် လူငယ်တစ်ယောက်ဟာ ဝါရင့်နိုင်ငံရေးဂုရု အယောက် (၂၀) ထက် တန်ဖိုး ပိုရှိပါတယ် ” ဆိုတာ သူတို့နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးမှာ ရှိတဲ့ နိုင်ငံငယ်လေး စင်္ကာပူကိုပဲ ကြည့်မလား။ အခုဆို စင်္ကာပူဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုအရ ထိပ်ဆုံးက ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သဘာဝ သယံဇာတ အရင်းအမြစ် ဘာမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့အလည်မှာ ဝံ့ဝံ့ကြွားကြွား ရပ်တည်နိုင်ဖို့ဆိုရင် ပညာသာ အားကိုးစရာ ရှိတယ်လို့ လီကွမ်ယု အစိုးရဟာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က တံငါရွာကြီးဟာ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး ကုန်တင်ဆိပ်ကမ်းမြို့ထဲမှာ တစ်မြို့ အပါအဝင် ဖြစ်လာပါပြီ။ ကမ္ဘာ့အကြီးဆုံး out-sourcing လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပါပြီ။ ကမ္ဘာပေါ်မှာ Software ထုပ်ကုန်တွေ အများဆုံး ထွက်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါပြီ။ အဲဒီလို ဖြစ်ဖို့ ဘာတွေကို အခြေခံခဲ့တာလဲ။ ပညာရေး ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) က ပိုက်ကွန်တွေ ကိုင်ခဲ့တဲ့ သူတွေဟာ အခုဆိုရင် အိုင်တီပစ္စည်းတွေကို ပြောင်းကိုင်နေကြပြီ။
ကျွန်တော်တို့အတွက် လေ့လာစရာ နောက်ထပ် တစ်နိုင်ငံ ရှိပါသေးတယ်။ တရုတ်ပြည်ပါ။ တစ်ချိန်က အတုမှန်သမျှ ထွက်တဲ့ တရုတ်ပြည်။ တစ်ရက်စုတ် တရုတ်စက် လို့ နာမည်ကောင်း ရခဲ့တဲ့ တရုတ်ပြည်ပါ။ စု တု ပြု ဆိုတဲ့ မြန်မာစကားလေး တစ်ခွန်း ရှိပါတယ်။ စုပြီး တုနိုင်ရမယ်၊ တုပြီး အသစ်ပြုလုပ်နိုင်ရမယ်။ ဒါမှ တိုးတက်မယ် ဆိုတဲ့ သဘောပါ။ တကယ်လို့ တရုတ်ပြည်ဟာ တုဆိုတဲ့ အဆင့်၊ အတုတွေပဲ လိုက်လုပ်နေတဲ့ အဆင့်မှာပဲ သာယာနေမယ်ဆိုရင်တော့ ခိုင်းဖက်ဘဝကနေ ဘယ်တော့မှာ တက်မှာ မဟုတ်တော့ဘူး။ အမျှော်အမြင် ရှိတဲ့ တရုတ်အစိုးရတွေကြောင့် လွန်ခဲ့တဲ့ နှစ် အစိပ် (၂၅) လောက်ကတည်းက “ပြုတဲ့ အဆင့်ကို တစ်နေ့ တက်ရမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားပညာတော်သင်တွေ နှစ်စဉ် ပို့ပေးနေခဲ့တယ်။ ထူးချွန်တဲ့ တရုတ်ပညာရှင်တွေကို ပြည်တွင်း ပြန်ခေါ်ပြီး ပြည်သူတွေရဲ့ ပညာအဆင့်ကို ဆွဲတင်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) တုန်းက ဂျပန်တွေဟာ အမေရိကန်တွေကို အန်တုပြီး ပြုတဲ့ အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တယ်။ အခုအချိန်မှာလည်း တရုတ်ပြည်ဟာ ပြုတဲ့ အဆင့်ကို ရောက်ပြီလို့ ပြောလို့ မရပေမယ့် ပြုတဲ့အဆင့်ဆီကို ဝင်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အဲဒီလို ဖြစ်ဖို့ တရုတ်အစိုးရဟာ ပညာရေးကဏ္ဍအတွက် နှစ်စဉ်နှစ်စဉ် အသုံးစားရိတ်တွေ တိုးတိုးပြီး ချပေးနေတယ်။ အထူးသဖြင့် သုတေသနပိုင်းကို ဦးစားပေးပြီး ဘဏ္ဍာငွေ သုံးစွဲတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့ သုတေသနစာတမ်း စုစုပေါင်းရဲ့ ထက်ဝက်နည်းပါးဟာ တရုတ်ပြည်က ပြုစုခဲ့တယ်လို့ အွန်လိုင်းတစ်နေရာမှာ ဖတ်လိုက်ရတယ်။ တရုတ်ပြည်ဟာ စီးပွားရေးကို ဦးစားပေးတဲ့ နိုင်ငံ ဖြစ်ပါလျက်နဲ့ ဘာလို့ ပညာရေးကို မဲတင်းနေရတာလဲ။ သူတို့ နိုင်ငံ့စီးပွားရေးရဲ့ အနာဂတ်ဟာ ပညာရေးကဏ္ဍမှာ တည်မှီနေတယ်လို့ သူတို့ တစ်ထစ်ချ လက်ခံ ယုံကြည်ထားလို့ပါပဲ။ အစောပိုင်း တင်ပြခဲ့သလို တုနေတဲ့ အဆင့်မှာတင် ထိုင်မနေဘဲ ပြုနိုင်တဲ့ အဆင့်ကို တက်လှမ်းပါမှ ကမ္ဘာ့အလယ်မှာ ကောင်းကောင်း ရပ်တည်နိုင်မယ်လို့ သူတို့ ကောင်းကောင်း သဘောပေါက်ကြတယ်။
သူများအကြောင်းတွေ လျှောက်စဉ်းစားပြီးတော့ ကျွန်တော့ ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူတွေကကော ပညာ ကို ဘယ်လို မြင်သလဲ။
အဲဒီ မေးခွန်းကို မဖြေခင် ကျွန်တော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါ့မယ်။ (၂၀၀၉) ခုနှစ်ကပါ။ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ ဘ.က ကျောင်း (ဘုန်းတော်ကြီး ပညာသင်ကျောင်း) တစ်ကျောင်းကို အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဟာ သက်တော် (၃၅) နှစ် သာသာ ရှိသေးတဲ့ ဆရာတော်လေး တစ်ပါးပါ။ ဆရာတော်ဟာ လူငယ်ပီပီ တက်ကြွတယ်၊ ရည်မှန်းချက်ကြီးတယ်၊ စေတနာကြီးတယ်၊ လူမျိုးအပေါ် မျှော်လင့်ချက်ကြီးတယ်။ သူ့ကျောင်းမှာ (၂၀၀၉) ခုနှစ်က ၈ တန်းအထိပဲ သင်ပေးခွင့် ရသေးတယ်။ ဒါကြောင့် တရားဝင်ခွင့်မပြုသေးတဲ့ ၉ တန်း နဲ့ ၁၀ တန်းကို မြို့ပေါ်က ဆရာတွေ ငှားပြီး ဝိုင်းပုံစံ သင်ကြားပေးတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က လာတက်နေတဲ့ ၁၀ တန်း ကျောင်းသား အယောက် (၁၀၀) ကျော် ရှိတယ်။ ကျောင်းကို အဆင့်မှီအောင်ဆိုပြီး အနီးနားမှာ ရှိတဲ့ ပညာတတ် လူကြီးတွေနဲ့ တိုင်ပင်ပြီး စည်းကမ်းတွေ ပြဋ္ဌာန်းချက်တွေ စီစဉ်တယ်။ ဆရာတော်က ဘ.က ကျောင်း ဖွင့်ထားတော့ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်တဲ့ ကလေးတိုင်းကို ကျောင်းတက်စေချင်တယ်။ အခမဲ့ သင်ပေးတာပါပဲ အကုန် လာတက်နိုင်ရမှာပေါ့ လို့ သူ တွေးထင်ထားတယ်။ ပညာသင်ပေးချင်လျက်နဲ့ ပိုက်ဆံ မရှိလို့ ပညာသင်မပေးနိုင်တဲ့ မိဘတွေအတွက် အတော် နေရာကျတာပဲလို့ တွေးခဲ့တယ်။ အဲဒီကျောင်းမှာ ပညာသွားသင်ဖို့ ပိုက်ဆံ တစ်ပြားမှ ကုန်စရာ မလိုဘူးလေ။ ဒီတော့ မိဘတွေ ထားကြမှာပဲပေါ့။ ဆရာတော်လည်း ဒီလို ထင်ခဲ့တာပဲတဲ့။
တကယ်တမ်း ကျောင်းဖွင့်တော့ ကျောင်းလာတက်တဲ့ ကလေးအရေအတွက်ဟာ အနီးနား ရပ်ကွက်မှာရှိတဲ့ ကလေးရဲ့ ၅၀% တောင် မပြည့်ဘူး။ နောက်ပြီး စတက်တဲ့ ကလေးရဲ့ ၃၀% လောက်ကလည်း နောက်တော့ ထွက်ကုန်ကြတယ်။ ဒီတော့ ဆရာတော်က မိဘတွေဆီ လိုက်ပြီး အခြေအနေ စုံစမ်းတော့တယ်။ နောက်ဆုံး မိဘတွေ အားလုံးနီးပါး ပေးလိုက်တဲ့ အဖြေက တစ်မျိုးတည်းပါပဲ။ သူတို့တွေ ဆင်းရဲကြတယ်။ ဘာဖြစ်လို့လဲ။ ပညာမတတ်လို့ ဆင်းရဲတာ မဟုတ်ပေမယ့် ပညာမတတ်တာကြောင့် ဆင်းရဲတွင်းက မထွက်နိုင်ကြဘူး။ ဆင်းရဲလို့ ပညာမသင်နိုင်၊ ပညာမတတ်လို့ ပိုဆင်းရဲ ဆိုတာမျိုး မဖြစ်ရအောင် ဘုန်းကြီးက ကြိုးစားပြီး လုပ်ပေးနေတာပဲ လို့ ဆရာတော်လေးက မိန့်ရှာတယ်။ ပညာကို အခမဲ့ ရအောင် သင်ပေးနေတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဆင်းရဲတွင်းထဲက ဆွဲထုတ်ဖို့။ ဒါပေမယ့် သူတို့တွေ ဖင်တရွတ်တိုက်ပြီး ပြန်လျှောဆင်းသွားကြတယ်။ ကလေးတွေကို သီးသန့် ခေါ်ပြီး ဆရာတော်က မေးကြည့်တယ်။ နင်တို့တွေ ပညာမသင်ချင်ဘူးလားလို့ မေးတော့ အမေက မလွှတ်ဘူး ဘုရား၊ အဖေက မလွှတ်ဘူး ဘုရား လို့ ဖြေကြတယ်။ မိဘတွေကကော ကလေးတွေကို တကယ်ပဲ ပညာမတတ်စေချင်တာလား။ ဒီလိုတော့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သေချာတာတော့ မိဘတွေ ကိုယ်နှိုက်က မလွှတ်ကြဘူး။ မိဘလုပ်တဲ့သူတွေက ဘာပြောသလဲဆိုတော့
အရှင်ဘုရားတို့က အခမဲ့ သင်ပေးတာတော့ ဟုတ်ပါတယ်ဘုရား။ တပည့်တော်တို့မှာ ပညာသင်ဖို့ တစ်ပြားမှ ကုန်စရာ မလိုတာလည်း မှန်ပါတယ်။ ဒါပေမယ့်ဘုရား ကလေးတွေကို ကျောင်းပို့လိုက်ရင် တပည့်တော်တို့မှာ ဝင်ငွေ ထိခိုက်ပါတယ်ဘုရား။ ကလေးတွေ အလုပ်ထွက်လုပ်ရင် တစ်ရက်ကို နေ့စား (၂၀၀၀) လောက်တော့ အသာလေး ရတယ်ဘုရား
တဲ့။ ကဲ … အဲဒီလို ပြောတဲ့ မိဘတွေဟာ ကလေးတွေကို ပညာတတ်စေချင်တဲ့ မိဘတွေလို့ လက်ခံပေးဖို့ အတော် ခက်နေပါပြီ။ ကျောင်းတက်ချင်တဲ့ ကလေးတွေကို ပညာသင်မပေးတဲ့ မိဘတွေ များလာလေလေ အဲဒီနိုင်ငံကြီး ဆုတ်ယုတ်လာလေလေပါ။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မိဘတွေ တစ်နေ့တခြား များလာနေတာ သိရတော့ အင်မတန် ဝမ်းနည်းမိတယ်။
ဆင်းရဲလို့ ပိုက်ဆံမရှိလို့ ပညာမသင်ရတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ အခုခေတ်နဲ့ဆို အံမဝင်တော့ပါဘူး။ အခုဆို နိုင်ငံတနှံ့တလျား အခမဲ့ သင်ပေးနေတဲ့ ဘ.က ကျောင်းလို ပညာသင်ကျောင်းတွေ အများကြီး ပေါ်လာပါပြီ။ ဘာသာခြားတွေအတွက်လည်း ခရစ်ယာန်သာသနာပြုကျောင်းလို နိုင်ငံအနှံ့ ရှိနေပြီးသားပါ။ ဒါကိုမှ ကျောင်းမထားပေးနိုင်တာ ဘယ်သူ့ အပြစ်လဲ။ ကျွန်တော်အမြင်ကတော့ လက်ရှိအခြေအနေမှာ မိဘတွေဟာ သားသမီးကို ခိုင်းစားချင်တဲ့ စိတ်လေးတွေ ဖျောက်ပြီး ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ ငါ ပိုက်ဆံ ပိုရှာရမယ် ဆိုတဲ့ စိတ်လေးတွေ ပြောင်းမွေးသင့်ပြီ ထင်တာပဲ။ စောနက ဆရာတော်လေးကတော့ သူကျောင်းရဲ့ စီမံအဖွဲ့နဲ့ တိုင်ပင်ပြီး ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်။
ရပ်ကွက်အတွင်းမှာ ရှိတဲ့ မိဘများအနေနဲ့ ကလေးများကို ကျောင်းလာထားကြပါ။ ကျောင်းတက်တဲ့ ကလေးများအတွက် တစ်အိမ်ကို ငွေကျပ် (၂၅၀၀) ပေးပါ့မယ်
တဲ့ဗျာ။ ကဲ … ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရဖူးတဲ့ ဦးနာအောက် အသစ်တော့ ပေါ်လာပေပြီ။ ဟိုးအရင်က ဦးနာအောက်ကတော့ နိုင်ငံခြားသားအရင်းရှင်တွေကို အန်တုပြီး ဇာတိဂုဏ် မြှင့်တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒီခေတ် ဦးနာအောက် တစ်ပါးက အဆင့်မရှိတဲ့ ကိုယ့်လူမျိုးကို ဇာတိဂုဏ် မြှင့်တင်ပေးဖို့ ကြိုးစားနေတာ မြင်ရတော့ ဝမ်းသာရမှာလား၊ ရင်နာရမှာလား ဆိုတာ စာဖတ်သူတွေသာ စဉ်းစားကြည့်ကြပါတော့။
(ဆက်ရန်)