ဒိုင်ယာရီများ၏ မှတ်စု (၃)

“ဟေ့ကောင် ပြုံးချို၊ မင်း မျက်နှာလည်း မကောင်းပါလား။ ဘာတုန်း ကိုထွန်းမောင် နေမကောင်းလို့လား”
“မဟုတ်ပါဘူးကွာ နေမကောင်းတာက ငါ”
“မနေ့ကမှ အကောင်းကြီးပါ ဘယ်လို ဖြစ်တာတုန်း”
“လူမဟုတ်ဘူး၊ စိတ် စိတ်၊ စိတ် နေမကောင်း ဖြစ်နေတာ”
“ဘယ်လို ဖြစ်လာရ ပြန်တာတုန်းကွ”
“နောက်မှ ပြောမယ်ကွာ၊ မင်း အလုပ်တွေ ပြီးရင် ငါတို့ တီး သွားဆွဲရအောင်”
“အေး သွားတာပေါ့။ ပေးရှန့် (Patient) လည်း မရှိတော့ဘူး။ ငါ ပစ္စည်းတွေ သိမ်းလိုက်ဦးမယ်၊ ခဏစောင့်”
ဟု ပြောပြီး အောင်ကျော်သည် ပစ္စည်းများကို သိမ်းဆည်းနေလေသည်။ ကျွန်တော်သည် သူ့ကိုပဲ ကြည့်နေမိသလား၊ ဘာကို ကြည့်နေသနည်း ဆိုသည်ကို ကိုယ့်ကိုယ်ကို မဝေခွဲနိုင်ဘဲ ဖြစ်နေရာ လက်ဘက်ရည်ဆိုင်တွင် လက်ဘက်ရည်လာချသော ချာတိတ်ကို မြင်မှ သတိဝင်လာတော့သည်။

“အောင်ကျော်၊ ငါ ဒီနေ့ လက်ဘက်ရည် မသောက်ချင်ဘူး၊ ဘာလို့ မှာလိုက်တာတုန်း”
“ငါ မမှာပါဘူး၊ မင်း ဖာသာ ကောင်လေးကို မှာလိုက်ပြီးတော့”
“ရော၊ ငါ မှာရင် ငါ သိရမှာပေါ့”
“အင်း … ၊ အဲဒါကြောင့် မင်းရဲ့ ငယ်နာမည်က ဂေါက် ဖြစ်နေတာကိုး”
“အာ … ၊ မဆိုင်တာ။ ဒါနဲ့ ငါ တကယ် မှာလိုက်တာလား။”
“…. ….”
“အင်း၊ ဒါဆိုလည်း သောက်ရတော့မှာပေါ့”
“နေဦး၊ ကိုယ့်ဖာသာ မှာလိုက်တာကို မသိရအောင် မင်း စိတ်တွေ ဘယ်ရောက်နေတာတုန်း”
“Auto-suggestion နည်းအရ ပြောရရင် လုပ်ရိုးလုပ်စဉ်မို့ သူ့ဖာသာ ခိုင်းသွားတာ ဖြစ်မယ်”
“ရူးကြောင်မူးကြောင် လျှောက်ပြောမနေနဲ့။ ကဲ ပြော ဘာတွေ ဖြစ်လာတာတုန်း”
“ရော့၊ ဒီမှာကြည့်”
“အဲ့ စာအုပ်တွေက ဘာလုပ်ဖို့တုန်း”
“ဖတ်ဖို့လေ”
“ဟ၊ ဖတ်ဖို့ကတော့ ငါလည်း သိတာပေါ့ကွ၊ ဘယ်သူက ချီးကုန်းဖို့ ဒါမျိုးတွေ ပေးမတုန်း”
“အဲဒါ ပေသီးရဲ့ ဒိုင်ယာရီစာအုပ်တွေ”
“ဒါနဲ့၊ စာအုပ်နဲ့ မင်း စိတ်လေနေတာနဲ့ ဘာဆိုင်လဲ”
“သက်မဲ့ကတော့ စိတ်လေအောင် ဘယ်လုပ်လို့ ရမလဲကွ၊ စာအုပ်ထဲမှာ ပါတဲ့ စာတွေကို တွေးမိပြီး လေ နေတာ”
“မင်းက ဖတ်ပြီးပြီမို့လား”
“ဟင့်အင်း”
“ဟ … ၊ မဖတ်ရသေးဘဲနဲ့များကွာ။ ကြိုပြီး လေ နေရတယ်လို့”
“ဒေစီကလည်း စာအုပ်တွေ ပေးထားတယ်ကွာ၊ ဟော အခု လာပြန်ပြီ နောက်တစ်ယောက်။ ပေသီးကလည်း ပေးပြန်ပြီ။ ငါက ဒါတွေကို ဘာလုပ်ရမှာတုန်း။”
“အဲ၊ ငါ့ကို ပြန်လာမေးနေပြန်ပြီ။ ဖတ်ပေါ့ကွ၊ မင်းကို ဖတ်ဖို့ သူတို့က ပေးထားတာ မဟုတ်လား။”
“ငါ မဖတ်ချင်ဘူး အောင်ကျော်။ ဘဝဆိုတာ နောက်ပြန်ဆုတ်လို့ရတဲ့ ရုပ်ရှင်တစ်ကားမှ မဟုတ်ဘဲ။ သိတော့ကော၊ မသိတော့ကော။”
“ဖတ်လိုက်လို့ ဘာမှ အသစ်တွေ ဖြစ်မလာနိုင်တော့ပေမယ့် အဟောင်းတွေကိုတော့ သိထားသင့်တယ်”
“ဝဒနာအသစ်တွေ ဖြစ်လာမယ် ဆိုရင်ကော”
“အဲဒီ ဝေဒနာက နောင်တကြောင့် ဆိုရင်တော့ ငါလည်း မတတ်နိုင်ဘူးပေါ့ကွာ”
“ငါ မဖတ်ချင်ဘူးကွာ၊ အမှန်အတိုင်း ပြောရရင် မဖတ်ရဲတာလည်း ပါတယ်”
“အင်း … ၊ ဘာပဲ ဖြစ်ဖြစ် မင်း အဲဒီလောက် ပေခံနေတာကိုတော့ ငါ တော်တော် စိတ်ဝင်စားတယ်”
“ဘယ်လို”
“ဟုတ်တယ်လေကွာ၊ တွေ့သမျှစာအုပ် ဘယ်စာအုပ်မှ မရှောင် အကုန် လိုက်ဖတ်တဲ့ကောင်က ရည်စားဟောင်းရဲ့ ဒိုင်ယာရီစာအုပ်ကျ မဖတ်ရဲဘူးဆိုတော့ စိတ်ဝင်စားစရာ မကောင်းဘူးလား။ ရယ်စရာလည်း ကောင်းနေသလိုပဲ”
“ချစ်သူဟောင်းပါကွ၊ ငါနဲ့ ရည်စားမှ မဖြစ်တာ”
“ကိုထွန်းမောင် ဘယ်လိုလူလည်း ဆိုတာတော့ ငါ မသိဘူး။ ဒါပေမယ့် မင်းက စက်ရုပ်လိုကောင်၊ စက်ရုပ်တောင်မှ ဂေါက်နေတဲ့ စက်ရုပ်ဆိုတော့ ရည်းစားမရတာ သိပ်မဆန်းပါဘူး။ ဟား ဟား … “
“ဟေ့ကောင်၊ ငါ ညစ်နေတာနော်။ ညစ်နေတဲ့ကြားထဲ ငါ့ကို မင်းက စော်ကားလိုက်သေးတယ်။ သေတော့မယ် မင်းတော့”
“စတာပါကွာ၊ မင်း ရုပ်ကြီးက ချီးပုံထဲက ဗူးသီးအပုတ်ကြီး လှည်းနင်းခံထားရတဲ့ ရုပ်ဖြစ်နေလို့ နည်းနည်းလေး ရွှင်သွားမလား ဆိုပြီး”
“တော် တော်၊ မင်းဟာက ပြောလေဆိုးလေ ဖြစ်လာပြီ။ ဒါနဲ့ မင်းပြောသလိုပါပဲ ဒေစီလည်း ငါ့ကို တစ်ခါ ပြောဖူးတယ်”
“ဟုတ်လား၊ ဘယ်လိုတုန်း”
” ‘နင် အဲ့လိုတာ လုပ်နေရင် တစ်သက်လုံး မိန်းမ ရမှာမဟုတ်ဘူး’ တဲ့လေ”
“မင်း ဘာသွားလုပ်လို့တုန်း”
“ဘာမှ မလုပ်လို့လေ။ အေးတိအေးစက်ကြီး နေနေလို့ ဖြစ်မှာပေါ့”
“အေး ဟုတ်တာပဲ။ ဒါဆို ဒေစီက မင်းအတွက် အစောကြီးကတည်းက ကြို နိမိတ်ဖတ်ပေးလိုက်တာပဲ။ ဒါနဲ့ အဲ့စကားကို ဘယ်တုန်းက ပြောတာတုန်း”
“ငါနဲ့သူနဲ့ နှစ်ယောက်တည်း ချိန်းတွေ့တုန်းက”
“ဟုတ်ပါ့မလားကွာ”
“ဟုတ်ပါတယ်။ ဒါပေမယ့် ရည်စားစကား ပြောဖို့တော့မဟုတ်ဘူး”
“ဘယ်လိုကြီးတုန်း မင်းဟာက၊ တစ်ဖက် မိန်းကလေးက သူ့ကို ရည်စားစကား ပြောမလို့ပါလို့ ထင်နေရင် ဘယ်နှယ့်လုပ်မတုန်း”
“အဲဒီလို ထင်ခဲ့လို့ပဲ ပြဿနာတွေ ပိုကြီး ကုန်တာပေါ့။ ဒါပေမယ့် အဲဒီတုန်းက ငါ သတိမထားမိဘူးလေ”
“နေဦး၊ မင်းက သူ့ကို ဘယ်လို ပြောပြီး ချိန်းတာတုန်း”
“နင့်ကိုငါ ပြောစရာရှိလို့ အေးအေးဆေးဆေး ပြောရအောင် မနက်ဖြန် အအေးဆိုင်မှာ ဆုံရအောင်လို့ ချိန်းတာလေ”
“သေလိုက်ပါတော့ ငါ့ကောင်ရာ၊ မင်း အဲဒီ စကားကို နူးနူးညံ့ညံ့လေးပဲ ပြောလိုက်တယ် မဟုတ်လား”
“အေးပေါ့၊ ငါ စကားပြောတာ ဘယ်တုန်းက မာရည်ကျောရည် ပြောဖူးလို့တုန်း”
“အေးပါ အေးပါ၊ အဲဒါကြောင့်လည်း ဟိုက သူ့ကို ရည်စားစကား ပြောတော့မယ်လို့ ထင်တာ နေမှာပေါ့။ အဲဒီတုန်းက သူ ညတောင် အိပ်ပျော်ရဲ့လား မသိဘူး”
“ငါလည်း အိမ်ပြန်ရောက်တော့မှ မှားမှန်းသိတာကွ။ ငါတို့ စကားစပြောတဲ့အချိန် သူ ရှက်နေတာကိုတော့ ငါ သတိထားမိတယ်၊ ဒါပေမယ့် သူ အဲဒီလို ယူဆလိမ့်မယ်လို့ မထင်မိခဲ့ဘူး”
“အေး … ၊ ဒါဆို ဒေစီ မမှားဘူးကွ။ ဘယ်တော့မှ မိန်းမရမှာ မဟုတ်ဘူးဆိုတဲ့ စကား ပြောထိုက်တယ်”
“အဲဒါကြောင့်လည်း ပြောတာနေမှာပေါ့”
“ဒါနဲ့ နေပါဦး။ ဒါဆို အဲဒီနေ့က မင်း သူ့ကို ဘာပြောဖို့ ချိန်းတာတုန်း”
“ပေသီးနဲ့ ပတ်သက်ပြီး ပြောစရာ ရှိလို့”
“ဘာတွေ ပြောတာတုန်း”
“ငါတို့ အဲဒီနေ့က အအေးသောက်ရင်း ဟိုဟိုဒီဒီ စကားလျှောက်ပြောပြီး ငါက စကားစတယ်လေ။ ‘ဒေစီ ပေသီးက နင့်ကို ကြိုက်နေတယ်ဆိုတာ နင်သိလား’ လို့ ငါက စမေးလိုက်တယ်လေ။ အဲ့တော့ သူက ‘သိတယ်’ တဲ့။ ဒီတော့ ငါက ‘ဒါဆို နင်ကကော သူ့ကို ကြိုက်နေလား’ လို့ မေးလိုက်တယ်”
“ဟိုး … ၊ နေဦး နေဦး။ မင်းက ပေသီးအတွက် အောင်သွယ်ပေးနေတာလား”
“မဟုတ်ဘူး။ ငါက … “
“ဒါနဲ့များ မင်းက ဘာကြောင့် သူများအကြောင်း လျှောက်ပြောနေရတာတုန်း”
“ငါ ပြောတာလဲ ဆုံးအောင် နားထောင်စမ်းပါဦး .. “
“အေး ပြောကွာ မြန်မြန်ပြော၊ အဲ့တော့ သူက မကြိုက်ဘူးတဲ့လား”
“အင်း၊ သူက ခေါင်းခါတယ်။ ဒီတော့ ငါက ‘နင် သူ့ကို မကြိုက်ဘူးဆိုရင်တော့ ငါတို့ တစ်ခုခု လုပ်မှ ဖြစ်မယ်’ လို့ ပြောလိုက်တော့ ‘နင်က ဘာလုပ်ချင်တုန်း’ တဲ့။ ဒါနဲ့ ပေသီးအနေနဲ့ ဒေစီအပေါ် စိတ်ကုန်သွားအောင် အကွက်ဆင်ဖို့ စီစဉ်လိုက်ကြတယ်”
“ဟ … ဒါ မင်း သူများကိစ္စကို ဝင်ပြီး ဖျက်လိုဖျက်ဆီး လုပ်တာပဲ”
“ငါ အဲဒီတုန်းက စေတနာလို့ ထင်ခဲ့တာလေ။ အဲဒီ စေတနာက ငါ့ကိုယ်ငါ ထားတဲ့ စေတနာလို့တော ဘယ်သိမတုန်း”
“အော် အော် သဘောပေါက်ပြီ၊ ဒါကြောင့် ကိုထွန်းမောင်နဲ့ မင်းနဲ့ ထိုးမယ်ကြိတ်မယ် ဖြစ်တာ ထင်တယ်”
“ဟုတ်တယ်၊ အဲဒါကြောင့်ပဲ”
“အဲဒါတော့ မင်းလွန်တာ ပြုံးချို”
“အင်း … ၊ ငါ သိပါတယ်။ ငါ အမှားနှစ်ခုကို တပြိုက်နက်တည်း ကျူးလွန်လိုက်တာ”
“နောက်တစ်ခုက”
“ငါ ဒေစီရဲ့ ခံစားချက်ကို ထည့်မတွက်ဘဲ လုပ်ချင်ရာ လျှောက် လုပ်ခဲ့တာလေ”
“ဒါနဲ့ နေပါဦး၊ မင်းတို့ နှစ်ယောက်တည်း သိတဲ့ကိစ္စကို ကိုထွန်းမောင်က ဘယ်လိုလုပ် သိသွားတာလဲ”
“မင်းကကော ဘယ်လိုထင်လဲ”
“ဒေစီ ပြောလိုက်တာပဲ နေမှာပေါ့”
“ငါလည်း အဲ့လို ထင်တာပဲ”
“ဒါ မင်းတို့ နှစ်ယောက်ကို တမင် ရန်တိုက်ပေးရာ ကျမနေဘူးလား”
“အင်း … ၊ သူ့ ခံစားချက်နဲ့သူ ရှိမှာပေါ့ကွာ”
“ဘယ်လို ခံစားချက်ပဲ ဖြစ်ဖြစ်လေကွာ၊ ကိုယ့်ကို ချစ်နေတဲ့ ယောက်ျားနှစ်ယောက်ကိုတော့ ရန်တိုက်ပေးဖို့ မသင့်ဘူး။ ငါတောင် ဒေစီရဲ့ ဒိုင်ယာရီ စာအုပ်ကို ဖတ်ချင်လာပြီ”
“ဘာလုပ်ဖို့တုန်း”
“အဲဒီအချိန်က ဖြစ်နေမယ့် သူရဲ့ ခံစားချက်ကို သိချင်လို့ပေါ့ကွ၊ ငါ့ကို ငှားပေးပါလား၊ အဲ့ဒီ နားလေးပဲ ဖတ်ချင်တာ”
“ငါ့ဆီမှာ မရှိဘူး”
“မင်းပဲ ပြောတော့ မင်းကို ပေးထားတယ်ဆို”
“အင်း ပေးတော့ ပေးထားတယ်၊ သွားမယူရသေးဘူး”
“ဘယ်သွားယူရမှာလဲ၊ အခု သွားယူရအောင်”
“ဟ မင်းဟာက ဇွတ်ပါလားကွာ၊ ဖြစ်မယ့်ဖြစ် ငါက ဖြစ်ရမှာပါကွ”
“မင်းက မဖတ်ချင်ဘူး ပြောတာလေ၊ ငါက ဖတ်ချင်နေပြီ၊ မင်း မဖတ်လည်း နေပေါ့၊ ငါ ဖတ်မယ်၊ ဘယ်သွားယူရမှာလဲ ပြော”
“သူ့ ယောက်ျားအိမ်မှာ၊ မရမ်းကုန်းဘက် Junction 8 နောက်ကျော”
“လာလာ ထ၊ အခုသွားမယ်”
ဟု အတင်းဇွတ်ဆွဲခေါ်၍ မလိုက်ချင် လိုက်ချင်ဖြင့် ကျွန်တော်တို့ကားမှာ ယခု မရမ်းကုန်း ရှစ်မိုင်သို့ ဦးတည် မောင်းနှင်နေလေပြီ။

ဒေစီ၏ အမျိုးသား ဦးဇော်ထက်မှာ နေမကောင်းနေသဖြင့် ကျွန်တော်တို့ သူ၏ အိပ်ခန်းထဲတွင် ဝင်တွေ့ရသည်။ သူ၏ နားဘေးတွင်လည်း အနီးကပ်ပြုစုရန် ငှားရမ်းထားသော သူနာပြုဆရာမ တစ်ယောက် ရှိနေသည်။ နှာခေါင်းတွင်လည်း အောက်စီဂျင်ပိုက် တန်းလန်းနှင့် တွေ့ရသောအခါ စာအုပ်များ တောင်းရမည်ကိုပင် ဝန်လေးသွားသည်။ မြင်ကွင်းများကြောင့် အားနာစရာ ဖြစ်နေသည်။ လူနာမြင်လျှင် အငြိမ်မနေနိုင်သော အောင်ကျော်တစ်ယောက် လူနာကို အကဲခတ်၍ အတွေးများနေပုံရသည်။ ကျွန်တော်တို့ ထိုင်ခုံပေါ် ထိုင်ပြီး ခဏမှာပင် ဦးဇော်ထက်မျက်လုံး ဖွင့်ကြည့်၍ ကျွန်တော်တို့ကို မမှတ်မိသလို ကြည့်နေသည်။ ထိုနောက် အတန်ကြာမှ သတိရလာသော အပြုံးဖြင့်
“အော် ကိုပြုံးချိုတို့ ပါလား၊ ဆရာမ အိမ်မှာ ဘယ်သူမှ မရှိကြဘူးလား။ ဖျော်ရည်လေးတစ်ခုခု လုပ်ခိုင်းပေးပါဦး”
“ရတယ် အကို၊ အကို နေမကောင်းဖြစ်နေတာ ကြာပြီလား”
“အင်း … ၊ ကြာဆို ကုတင်ပေါ် လှဲနေရတာကို လေးနှစ်လောက် ရှိပြီပဲ”
“ဆရာဝန်က ဘာဖြစ်တာတဲ့တုန်း အကို”
“အသည်းက သိပ်အလုပ်မလုပ်တော့တာလို့ ပြောတယ်”
“ကျွန်တော်လည်း ဒေစီဆုံးပြီးကတည်းက မရောက်ဖြစ်တော့တာပဲ။ နိုင်ငံခြား ခရီးတွေလည်း ထွက်နေတော့ မလာနိုင်ဘူး။ အကို ဒီလို ဖြစ်နေတာကို မသိတာပါ”
“အင်းလေ၊ ညီတို့နဲ့ အဆက်အသွယ်ကလည်း ပြတ်နေတာဆိုတော့ ဘယ်သိမလဲ။ ဒါနဲ့ ဒေစီက မင်းရဲ့ ပစ္စည်းဆိုပြီး အထုပ်တစ်ထုပ် ပေးခိုင်းထားတာ။ အကိုလည်း နေမကောင်းတော့”
“ရပါတယ် အကို၊ ကျွန်တော်က လာယူရမှာပါ။ ကျွန်တော်လည်း ခရီးလွန်နေတာနဲ့ မယူဖြစ်ဘူး”
“အခု ကြုံတာပဲ၊ ယူသွားလိုက်ပေါ့။ နောက်တစ်ခါဆို မသေချာတော့ဘူးလေ”
“ဗျာ … ၊ ဟုတ် ဟုတ်ကဲ့။ ယူသွားလိုက်ပါ့မယ်”

ဦးဇော်ထက်နှင့် နောက်ထက် ၁၅ မိနစ်ခန့် စကားပြောပြီး ကျွန်တော်တို့ နှုတ်ဆက်၍ ပြန်ခဲ့ပါသည်။ တစ်လမ်းလုံး အောင်ကျော်မှာ စကားတစ်လုံးမှ မပြောသဖြင့် ကျွန်တော် ထူးဆန်းနေသည်။
“ဟေ့ကောင် ငြိမ်ချက်သား ကောင်းနေပါလား”
“အင်း၊ စဉ်းစားနေတာကွ”
“ဘာတွေများ အဲ့လောက် စဉ်းစားနေတာတုန်း”
“အဲဒီ ဦးဇော်ထက်ရယ်၊ ဒေစီရယ်၊ ကိုထွန်းမောင်ရယ်။ သူတို့ သုံးယောက်အကြောင်း ဆက်စပ် စဉ်းစားနေတာ”
“သူတို့သုံးယောက်ကို ဆက်စပ်ပြီး ဘာများ စဉ်းစားစရာ ရှိလို့တုန်း”
“ငါ မနေ့က မေးခွန်း ပြန်မေးဦးမယ်၊ ကိုထွန်းမောင်ရဲ့ စာရိတ္တကို မင်း တကယ်ပဲ ယုံသလား”
“ဘာလို့ ဒီမေးခွန်း မေးလာရ ပြန်တာတုန်း”
“အေး မင်းသိအောင် ပြောရရင် ငါ တွက်တာ မမှားရင်ပေါ့ကွာ၊ ဦးဇော်ထက်မှာလည်း အေ့ဒ်စ် ရှိနေတယ်”

ဒိုင်ယာရီများ၏ မှတ်စု (၂)

“ပေသီး၊ မင်းကို ကြည့်ရတာ ဒီနေ့ နည်းနည်း လန်းနေတယ်။ နေလို့ ထိုင်လို့ ကောင်းတယ် ထင်တယ်”

“မဆိုးပါဘူး ဂေါက်ရာ၊ အရင်ထက်စာရင်ပေါ့။ မင်း ဒီနေ့ လာတာ စောသားပဲ။ ဘာစားပြီးပြီလဲ။ မနေ့က မင်းသူငယ်ချင်းကော မပါပါလား”

“အေး ဟုတ်တယ်။ ဒီနေ့ သူ့လူနာက အရေးတကြီး ဖုန်းဆက်ခေါ်လို့ မလိုက်နိုင်တော့တာ။ ပထမတော့ လိုက်မလို့ပဲ”

“အော် … သူက ဆရာဝန်လား”

ပေသီး မေးလိုက်သော လေသံနှင့် မေးခွန်းကို ကျွန်တော် သင်္ကာမကင်း ဖြစ်သွားသည်။ သူ့ရောဂါ အခြေအနေကို သိသွားသလားဆိုတဲ့ သံသယတွေ သူဝင်နေပြီလို့ ကျွန်တော် နားလည်လိုက်သည်။ ဒီလိုဆိုရင် သူ့ကိုယ်သူ အေ့ဒ်စ် ဖြစ်နေတယ်ဆိုတာ သိတဲ့သဘောပေါ့။ ကျွန်တော့ အတွေးတွေကို ခပ်မြန်မြန် ဖြတ်လိုက်ပြီး

“မင်းအတွက်ငါ အာလူးကတ်သလိပ် ဝယ်လာတယ်။ ငါလည်း မနက်စာ မစားခဲ့သေးဘူးကွ။ မင်းနဲ့အတူ စားရအောင် ပါဆယ် ထုတ်လာတယ်။ မင်းလည်း မစားရသေးဘူးမလား”

ဒီမေးခွန်းကို ကြားလိုက်တော့ ပေသီးက မလတ်ကို တစ်ချက် လှမ်းကြည့်လိုက်သည်။ ပါမစ် တောင်းနေပုံရသည်။ ဒီတော့ မလတ်က ချက်ချင်းပဲ

“ကိုထွန်းက မနက်ခပ်စောစောက နည်းနည်း စားထားတယ်။ သူ စားနိုင်သေးရင် ထပ်စားပေါ့။ ပြင်လိုက်မယ်လေ ကိုထွန်း”

“အေးကွာ သိပ်မဆာပေမယ့် အာလူးကြော်ဆိုတော့ စိတ်ဝင်စားသွားတယ်၊ နည်းနည်းတော့ စားမယ်ကွာ နော် မိန်းမ”

“ရှင်က ဒါမျိုးကျ ခွင့်ပြုချက်တောင်းတယ်နော်၊ မပြောလိုက်ချင်ဘူး။ စားပါလို့ ပြောနေမှပဲကို”

“ကဲပါဗျာ။ မလတ်အတွက်ပါ ပါပါတယ်။ အားလုံး အတူတူ စားကြတာပေါ့။ နောက်ပြီး ဒီမှာ မင်း ကြိုက်တတ်တဲ့ လက်ဘက်ရည် ဖန်စိမ့်။ သိတဲ့အတိုင်း မင်းတို့ ရန်ကုန်က လက်ဘက်ရည်ကောင်းကောင်းက ရှားတော့ ငါ့မှာ အဝေးကြီး တကူးတက သွားဝယ်လာရတာ”

“ဟေ့ကောင် ဂေါက်၊ ကျေးဇူးလို့တော့ ပြောမနေတော့ဘူးကွာ၊ ကျေးဇူးဆပ်တဲ့အနေနဲ့ အသားကုန် ဆွဲပေးမယ်”

“များများစား ငါ့ကောင်၊ မင်း များများစားမှ အားရှိမှာ”

“ဟ ကောင်းလိုက်တာကွာ၊ စားရင်းနဲ့ မောတောင် မောတယ်”

“ကိုထွန်း ဖြည်းဖြည်းစားပါ ရှင်ရယ်”

“ဂေါက် မင်း မျက်နှာမြင်လို့လား မသိဘူး၊ ငါ ပို စားဝင်သလိုပဲ”

“တယ် ဆိုပါလား။ မင်း များများစားလေ ငါ ဝမ်းသာလေပါကွာ”

“မင်း မှတ်မိလား၊ ငါတို့ ကျောင်းတက်တုန်းကလေ၊ မုန့်စားကျောင်းဆင်းချိန်ဆို မင်းနဲ့ငါ ကျန်ကျောင်း ကြွပ်ကြွပ်အိတ်တစ်လုံးစာလောက် မုန့်တွေ ဝယ်လာပြီး ကုက္ကိုလ်ပင်ကြီးအောက်မှာ အပြိုင်အဆိုင် စားကြတာလေ”

“မှတ်မိတာပေါ့ကွ၊ အာလူးကြော်နဲ့ ရာပြည့်ကြော်တွေ အများဆုံးပဲ။ ဝေလွင်တို့ စိုးမြင့်တို့လည်း ပါတယ်လေ။ အပင်ကြီးအောက်က စားပွဲခုံပေါ် ကိုယ်ဝယ်လာတဲ့ မုန့်တွေ အကုန်တင်ပြီး ဝိုင်းဆွဲကြတာ၊ တွေးကြည့်ရုံနဲ့ ပျော်စရာ ကြီးပါကွာ”

ပေသီး၏ အတွေးများသည် ငယ်ဘဝကို ရောက်သွားပြီး ပြုံးပျော်နေရာမှ ချက်ချင်း ပြန်ငြှိုးကျသွားသည်။

“ဂေါက် ငါ မင်းကို တောင်းပန်စရာရှိတယ်။ ငါ့ကို ခွင့်လွတ်ပါကွာ နော်”

ရုတ်တရက်ဆိုတော့ ကျွန်တော် ကြောင်အန်းအန်း ဖြစ်သွားသည်။

“မင်းနဲ့ငါနဲ့ ကြားမှာ တောင်းပန်စရာ မလိုပါဘူးကွ။ တောင်းပန်စရာလည်း ရှိမှ မရှိဘဲ”

“ရှိတယ်လေကွာ …” ဟုပြောရင်း ပေသီး သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။ ထိုနောက် ဆက်၍

“ဒေစီနဲ့ ပတ်သက်ပြီး မင်းကိုငါ ဆွဲထိုးမိတော့ မလို့လေ၊ မမှတ်မိဘူးလား”

“အော် ဒါလား။ မင်းကကွာ၊ အခုဆို အနှစ် (၂၀) လောက်တောင် ရှိရောပေါ့၊ ငါ စိတ်ထဲ မထားပါဘူးကွာ။ အဲဒီတုန်းကတည်းက မင်းနဲ့ငါ စာရင်း ရှင်းပြီးပြီပဲ”

“ဟုတ်ပါတယ်။ အဲဒီတုန်းက မင်းပြောတဲ့စကား ငါ မှတ်မိသေးတယ်။ မိန်းမတစ်ယောက်အတွက်နဲ့ မင်းနဲ့ငါ ရန်မဖြစ်ချင်ဘူး ဆိုပြီး မင်းပြောခဲ့တယ်လေ”

“အေး ဟုတ်တယ်လေ၊ မိန်းမတစ်ယောက်အတွက်နဲ့ ယောက်ျားနှစ်ယောက် ရန်ဖြစ်တယ်ဆိုတာ ကြားလို့မှ မတော်။ အမဲရိုးတစ်ချောင်းအတွက် ခွေးနှစ်ကောင် ကိုက်တာနဲ့ ဘာထူးလဲကွာ”

“အဲ့စကားကြောင့်ပဲ မင်းကို ငါ မထိုးဖြစ်တာပေါ့” ဟု ပေသီးက ခပ်ပြုံးပြုံးလေး ပြောလာသည်။ တင်းနေသော စိတ်များ ပြေလျော့သွားပုံ ရသည်။

“ဒါနဲ့ မင်း ငါ့ကို ပေးစရာ ရှိတယ်ဆို”

“အင်း …၊ ခင်လတ်၊ မနက်က ပါလာတဲ့ အထုတ်လေး ဂေါက်ကို ထုတ်ပေးလိုက်ပါလား”

အထုတ်ကို မြင်၍ ဇဝေဇဝါ ဖြစ်နေသော ကျွန်တော့်အား ပေသီးက ကြည့်နေရင်း

“ဂေါက် အဲဒါ ငါရဲ့ ဒိုင်ယာရီ စာအုပ်တွေပါ၊ မင်း ယူသွားလိုက်”

ပေသီး၏ စကားများသည် အတော်ပင် ထူးဆန်းနေသည်။ ကျွန်တော် မတွေးတတ်လောက်အောင်ပင်။ သူ ဘာကြောင့် သူ့ ဒိုင်ယာရီ စာအုပ်များကို ကျွန်တော့်အား ပေးပါသနည်း။ နားမလည်နိုင်အောင် ဖြစ်နေ၍ မေးမည်ဟု ပါးစပ်ပြင်လိုက်စဉ်မှာပင်

“မင်း ဖတ်ကြည့်ပေါ့၊ အဲဒီ စာအုပ်တွေထဲမှာ ငါနဲ့ ဒေစီအကြောင်းပဲ အဓိကထားပြီး ရေးထားတာပါ”

“နေဦး နေဦး။ စာအုပ်ထုတ်ကို ပေးတုန်းက ဘာလို့ ပေးသလဲလို့ ငါ ထူးဆန်းနေတာ၊ ဒိုင်ယာရီ စာအုပ်မှန်း သိတော့ ပိုပြီး ထူးဆန်းသွားတယ်။ အခု ဒေစီအကြောင်း ဒိုင်ယာရီ ဆိုတော့ ဘယ်လိုမှ နားမလည်နိုင်အောင်ပဲ”

“မင်းဆီမှာ ဒေစီရဲ့ ဒိုင်ယာရီစာအုပ်တွေ ရှိနေတယ် မဟုတ်လား”

ကျွန်တော် ဘယ်လိုမှ နားမလည်နိုင်တော့ပါ။

“ဒေစီ မင်းကို ပေးလိမ့်မယ်လို့ ငါ ကြိုသိထားတယ် ဂေါက်”

“အင်း ထားပါတော့။ ဒေစီရဲ့ စာအုပ်နဲ့ ဘယ်လို ပတ်သက်လဲ၊ ငါ နားမရှင်းဘူး”

“မင်း ဖတ်ရတာ ပို ပြည့်စုံ စေချင်လို့ပါ”

“မင်းတို့ နှစ်ယောက်အကြောင်းကိုလား”

“ဟင့်အင်း၊ ငါတို့ အားလုံးအကြောင်းကို”

“ဘယ်လို”

“လွန်ခဲ့တဲ့ အနှစ် (၂၀) က ငါ မင်းကို မေးခွန်းတစ်ခု မေးဖူးတယ်လေ မှတ်မိလား။ ငါတို့ နှစ်ယောက် အကြားမှာ မင်း အဲဒီလို ကပျက်ကယက် လုပ်ရအောင် မင်း ဒေစီကို ကြိုက်နေလို့လား၊ အေး … မင်း ကြိုက်နေတယ်ဆိုရင်တော့ ငါ နားလည်ပေးလို့ရတယ်၊ ဒါပေမယ့် ခွင့်တော့ မလွှတ်နိုင်ဘူး လို့ ငါ ပြောခဲ့တာ မင်း မှတ်မိသေးလား”

သူ၏ မေးခွန်းကြောင့် ကျွန်တော် တွေသွားသည်။ ပေသီး၏ မျက်နှာထားကိုလည်း တစ်ချက် လှမ်းကြည့်မိသည်။ သူ စိတ်တိုပြီး ပြောနေမှာကို ကျွန်တော် အလွန် စိုးရိမ်မိသည်။ သို့သော် သူကတော့ ပုံမှန် ပြောရိုးပြောစဉ် ပြောနေသလိုပင်။ ထိုနောက် အားတင်း၍ ဖြေလိုက်ပါသည်။

“အင်း … ၊ မှတ်မိပါတယ်”

“ဒေစီကို ကြိုက်နေတာ မဟုတ်ပါဘူးဆိုတာကို မင်း ဝေ့လည်ကြောင်ပတ် ဖြေသွားတယ်လေ”

“ဒါဆို မင်းက မယုံဘူးပေါ့”

ထိုအခါ ပေသီးသည် မချိပြုံး ပြုံး၍ ခေါင်းခါ ပြလိုက်ပြီး

“ဖြစ်မှ မဖြစ်နိုင်ဘဲ ဂေါက်ရာ၊ ဒါပေမယ့် ငါ စိတ်နည်းနည်း ပြေလာတော့ ပြဿနာ ဆက်မဖြစ်ချင်တာကြောင့်မို့ ဒီအတိုင်း ငြိမ်နေခဲ့တာပါ”

“အော် …” ဟုသာ ပါးစပ်အဟောင်းသားနှင့် တ မိတော့သည်။ ဟိုတုန်းက ကိုယ့်ကိုယ်ကို လည်လှပြီ အောက်မေ့မိသော

အဖြစ်ကို ပြန်မြင်ယောင်ပြီး ရှက်လာမိသည်။

“ဘာပဲဖြစ်ဖြစ်ပါ ဂေါက်ရာ၊ မင်းဟာ ငါတို့ နှစ်ယောက်လုံးအတွက် သူငယ်ချင်းကောင်းတစ်ယောက်ပါ”

သူ၏ ပါးစပ်မှ ထိုစကားကို ကြားရသောအခါ ကျွန်တော် ပို၍ပင် ရှက်သွားသည်။ကျွန်တော် ချစ်ခဲ့မိသော ဒေစီနှင့် ပေသီးကို အဆင်မပြေအောင် ကျွန်တော်ကိုယ်တိုင် နှောက်ယှက်ဖျက်ဆီးခဲ့ဖူးသည် မဟုတ်ပါလော။ ထိုအကြောင်းများ ခေါင်းထဲ တန်းစီပြီး ဝင်လာလေ ကျွန်တော် မျက်နှာကို ဘယ်လို ထားရမှန်း မသိလေ ဖြစ်လာသည်။

“ဒေစီက မင်းကို ပိုခင်ပါတယ်။ အစ်ကိုတစ်ယောက်လိုလည်း အားကိုးရှာတယ်လေ။ နောက်ပြီး … ”

ဟု စကား ရပ်လိုက်တော့ ရှက်၍ ငုံ့နေသော ကျွန်တော့်ခေါင်းမှာ အလိုလို ထောင်လာပြီး သူ့ကို မော့ကြည့်လိုက်သည်။

“မင်းအပေါ် ပိုပြီး သံယောဇဉ် ရှိရှာပါတယ်”

ဟု ပြောပြီး သူသည် ဒေစီနှင့် အတွေးထဲတွင် တွေ့ဆုံနေပုံရသည်။ မျက်လုံးစင်းနေပြီး မောနေပုံ ရှိသောကြောင့် ကျွန်တော်လည်း ဘာမှ မပြောတော့ဘဲ ငြိမ်နေလိုက်သည်။ သူတစ်ယောက်တည်း မဟုတ်ပါ။ ကျွန်တော်၏ အတွေးများသည်လည်း အတိတ်သို့ပင် နောက်ကြောင်းငင်၍ ဒေစီကို မြင်ယောင်နေမိသည်။ ဒေစီသည် တကယ်တမ်းတော့ မေတ္တာ ငတ်ခဲ့ပါသည်။ နည်းနည်း ရရှိသောအခါတွင်လည်း စိုးရိမ်စိတ်ကြောင့် ပို၍ ပို၍ တောင်းဆိုခဲ့သည်။ ငယ်ငယ်က ငတ်ခဲ့သော မိဘမေတ္တာ၊ ကြီးလာတော့ ငတ်ခဲ့သော သူငယ်ချင်းမေတ္တာ၊ အရွယ်ရောက်တော့ ငတ်ခဲ့သော ချစ်သူ့မေတ္တာ၊ အိမ်ထောင်ကျတော့ ငတ်ခဲ့သော လင်သားမေတ္တာ။ သူပဲ တောင်းဆိုတာ များလို့လား၊ ရတာကိုပဲ မယုံရဲလို့လား မသိ။ သူ အမှန်ပင် မေတ္တာ ငတ်ခဲ့သည်။ ကျွန်တော် သူ့ကို ချစ်ခဲ့သောကြောင့် ကျန် မိန်းမများအားလုံးကို မုန်းခဲ့ဖူးသည်။ အဘယ်ကြောင့်ဆိုသော် သူ ကျွန်တော့်ကို ပြန်မချစ်သောကြောင့်ပင်။ ချစ်ခြင်းနှင့် မုန်းခြင်း ရောလိုက်လျှင် အဆိပ်ဖြစ်သွားမည်ကို ကျွန်တော် သွေးအေးမှ သိလိုက်ရသည်။ ထိုအဆိပ်ကိုပင် စေတနာဟု ထင်ယောင်ခဲ့သောအခါ အဆိပ်မိသောသူသည် သူတို့ နှစ်ဦးတင် မကတော့ဘဲ ကျွန်တော်ပါ အဆစ်ပါသွားသည်။ ထိုကြောင့်လည်း ပေသီးသည် ဆွဲထိုးချင်လောက်အောင် ဒေါသထွက်ခဲ့ရသည်။ ဒါကိုလည်း ကျွန်တော်က ဝေ့လည်ကြောင်ပတ် ဖြေရှင်းချက်တွေ ပေးခဲ့ဖူးသည်။ သူငယ်ချင်းကောင်း တစ်ယောက်ပါဟု ပြောသော ပေသီး၏ စကားကို ထပ်ခါ ထပ်ခါ ကြားယောင်နေပြီး ပို၍ပို၍ ရှက်နေမိပြီ။

ပေသီး နားနေသည်ကို မနှောက်ယှက်ချင်တော့ပါ။ သူ စိတ်လည်း ပင်ပန်းပြီ၊ လူလည်း ပင်ပန်းပြီ။ လူနာမပြောနှင့်၊ ကျွန်တော်ပင် အတွေးများကြောင့် မွန်းကြပ်ပြီး နေလို့ထိုင်လို့ပင် မကောင်းတော့။ ထိုကြောင့် မလတ်အား နှုတ်ဆက်၍ ပြန်တော့မည်ဟု အထတွင် ပေသီး မျက်လုံး ပွင့်လာသည်။

“မင်း ငါ့ကို အမှန်အတိုင်း ဖြေမလား ဂေါက်”

သူ ဘာမေးမည်ကို ကျွန်တော် သိနေသောကြောင့် အသက်ရှူများပင် ကြပ်လာသည်ဟု ထင်ရသည်။

“သိပြီးသား အကြောင်းအရာက ဖြေစရာ လိုသေးလို့လားကွာ”

“ငါက ကြားချင်တယ် ဆိုရင်ကော”

“ …. …. ”

“မင်းက မဖြေရဲတာလား၊ မဖြေချင်တာလား”

“အဖြေမရှိတာပါ”

“ရှိပါတယ်၊ မင်းမှာ ရှိကို ရှိတယ်။ ငယ်ငယ်ကလို မင်းနဲ့ငါ ရန်ဖြစ်ဖို့ ဒီမေးခွန်းကို မေးတာမဟုတ်ပါဘူး။ ငါ နောက်ဆုံးအနေနဲ့ …. ”

ဟု ပြောပြီး ငြိမ်နေလေသည်။ သူ့ဖာသာ ပြောသော နောက်ဆုံးအနေနဲ့ ဟူသော စကားကို သူ့နားဖြင့် ပြန်ကြားရပြီး စို့နင့်နေပုံ ရသည်။ သူမပြောနှင့် ကျွန်တော်၏ မျက်လုံးများပင် မျက်ရည်များဖြင့် မှုန်ဝါးနေလေပြီ။ အနည်းငယ်ကြာတော့ ပေသီးသည် အသက်ကို ခပ်ရှည်ရှည် ရှူသွင်းလိုက်ပြီး

“နောက်ဆုံးအနေနဲ့ပေါ့ကွာ၊ သိချင်တဲ့ သဘောသက်သက်ပါ”

အင်း ဟု ဖြေလိုက်ရန်မှာ ကျွန်တော်၏ လည်ချောင်းတွင် တစ်စို့နေသည်။ စိတ်ကူးဖြင့် အင်းလိုက်လျှင်ပင် ငိုသံက ပါနေသောကြောင့် ကျွန်တော် မျက်နှာလွှဲပြီး သူပေးသော စာအုပ်များကို အိတ်ထဲ သေချာထည့်နေလိုက်သည်။ အာရုံလွှဲနေခြင်း သက်သက်သာ။ သို့သော် သူ မြင်အောင် ကျွန်တော် ခေါင်းညိတ်ပြလိုက်သည်။

“ငါနဲ့ဒေစီ သမီးရည်းစားဖြစ်တဲ့နေ့ မင်း မှတ်မိလား”

“အင်း၊ မတ်လ ၁၃ ရက်နေ့”

“မှတ်မိသားပဲ၊ မင်း ဘာကြောင့် မှတ်မိနေသလဲဆိုတာ ငါ သိပါတယ်။ သူငါ့ဆီ ဖုန်းမဆက်ခင် မင်းဆီကို သူ လာသေးတယ်မဟုတ်လား”

“အေး၊ ငါ့ဆီက ပြန်သွားပြီး ချက်ချင်းပဲ မင်းတို့ သမီးရည်းစားဖြစ်သွားတယ်ဆိုတော့ ငါတောင် အတော် အံ့သြသွားတာ”

“တကယ် အံ့သြတာကော ဟုတ်ရဲ့လား ငါ့ကောင်ရာ၊ မင်း ဒီလို ဖြစ်လာလိမ့်မယ်လို့ ကြိုတွက်ထားလောက်မှာပါ။ ငါ သိချင်တာက အဲဒီတုန်းက မင်း ဘာလို့ ခေါင်းမညိတ်ခဲ့တာတုန်း”

“မင်းက ဘာကို ဆိုလိုတာတုန်း”

“ငါမေးတဲ့ မေးခွန်း မင်းသိပါတယ်၊ အဲဒီတုန်းကသာ မင်း ခေါင်းညိတ်ခဲ့ရင် သူ့ရည်းစားက ငါ မဟုတ်ဘူး။ မင်းပဲ။ ဘာဖြစ်လို့လဲ၊ ဘာလို့ ခေါင်းမညိတ်နိုင်ခဲ့တာလဲ၊ အဲဒါ အရမ်းကို သိချင်နေခဲ့တာ”

“ထောင်ချောက်ကို ထောင်ချောက်မှန်းသိလျက်နဲ့ ဇွတ်တိုးဖို့ ငါ့ဦးနှောက်က ခွင့်မပြုခဲ့ဘူး၊ ပေသီး”

“ထောင်ချောက် … ၊ အချစ်ကို ထောင်ချောက်လို့ မင်း မြင်တယ်ဆိုတော့၊ အဲဒါ အချစ်စစ်မှ မဟုတ်ဘဲ”

“ငါ အတ္တ နည်းနည်း ကြီးခဲ့တာတော့ အမှန်ပဲ၊ အဲဒါ အချစ်စစ် မစစ်နဲ့ မဆိုင်ပါဘူး။ အချစ်စစ်ကို ဆင်ခြင်ဉာဏ်နဲ့ ရောလိုက်ရင် စွန့်လွှတ်ခြင်းဆိုတဲ့ ရလဒ်တွေလည်း ထွက်လာတတ်တာပဲ မဟုတ်လား”

“အဲဒီ စွန့်လွှတ်ခြင်းကြောင့်ပဲ အချစ်ဆိုတဲ့ အရာတွေက အဆိပ်ဖြစ်ပြီး ဘေးလူတွေဆီပါ အဆိပ်ပျံ့သွားမယ်လို့ မင်း ထည့်မှ မတွက်ခဲ့ပဲ ဂေါက်ရာ”

“ဒါကြောင့် ငါ အတ္တ ကြီးခဲ့တယ်လို့ ကြို ဝန်ခံထားတာပေါ့။ တစ်ခုခု ဖြစ်လာမယ်လို့ ထင်တော့ ထင်တယ်။ ဒါပေမယ့် ငါ ဒေစီ့ကို လျှော့တွက်ထားခဲ့တာလေ”

“ဘာပဲ ဖြစ်ဖြစ် ဒေစီ မင်းကို ….. ….. ၊ အင်း … ၊ ကဲ ဂေါက်၊ ဒီနေ့ စကားတွေ အများကြီး ပြောလိုက်တာ တော်တော်လေးလည်း မောသွားပြီ။ ငါ နားဦးမယ်ကွာ။ မင်းလည်း ပြန်ချင် ပြန်လေ”

ဟုပြောကာ ပေသီးသည် မျက်ခွံနှစ်လွှာကို စုံမှိတ်၍ အနားယူနေသည်လော၊ အတိတ်ကို တူးဆွနေသလော ကျွန်တော် မဝေခွဲတတ်တော့ပါ။

ဒိုင်ယာရီများ၏ မှတ်စု (၁)

“ ဒေါက် ဒေါက် ”

အခန်းတံခါးကို ကျွန်တော် ညင်သာစွာ ခေါက်လိုက်သည်။ လူမှုရေးအလုပ်တွင် ကျွန်တော် မလုပ်ချင်ဆုံး အလုပ်သုံးခု ရှိသည်။ လူနာမေးခြင်း၊ အိမ်သို့ အသုဘရှုသွားခြင်းနှင့် အသုဘလိုက်ပို့ခြင်းတို့ ဖြစ်သည်။ ကျွန်တော်၏ ပင်ကိုစရိုက်အရ အမြဲ ပြုံးနေချင်သည်။ အမြဲလည်း ပြုံးနေတတ်သည်။ သို့သော် ထိုနေရာမျိုးတွင် ပြုံး၍ မဖြစ်တော့။ မျက်နှာကို မထားတတ်အောင် ဖြစ်နေမိသည်။ ယခု ကျွန်တော် လာမေးသော လူနာမှာ ကျွန်တော်၏ ငယ်သူငယ်ချင်းအဟောင်းကြီး ဖြစ်သည်။ ငယ်စဉ်က ကစားဖော် ကစားဖက်၊ ရည်စားလုဖော် လုဖက်လည်း ဖြစ်ခဲ့ဖူးသည်။ ဒီတစ်ချိန်တော့ ဝမ်းနည်းသော မျက်နှာထားကို အထူးလုပ်နေဖို့ မလိုပါ။ စိုးရိမ်စိတ်ကြောင့် အလိုလိုပင် စိတ်မကောင်း ဖြစ်နေမိသည်။ “ဝင်ခဲ့ပါရှင်” ဟူသော အတွင်းမှ စကားသံကြောင့် ကျွန်တော့ အတွေးစများ ပျောက်သွားသည်။ အသံ ကြားကြားချင်း ကျွန်တော်နှင့် အတူပါလာသူ သူငယ်ချင်း အောင်ကျော်က တံခါးကို ဆွဲဖွင့်လိုက်လေသည်။ မလတ်၏ ငြှိုးငယ်နေသော မျက်နှာကို မြင်ရသောအခါ ပို၍ပင် စိတ်မကောင်း ဖြစ်သွားမိသည်။ မလတ်ကို မြင်ရရုံဖြင့် ပေသီး၏ အခြေအနေကို ကျွန်တော် နားလည်လိုက်ပါပြီ။ ကုတင်ပေါ်တွင် ခပ်ယဲ့ယဲ့သာ ကျန်တော့သော ပေသီးကို ကြည့်နေရင်းပင် ကျွန်တော် မျက်ရည်များ စို့တက်လာသည်။ “ အော် … ငယ်စဉ်က သန်သန်မာမာ ထွားထွားကျိုင်းကျိုင်းနဲ့ ပေသီးဟာ အခုတော့ ” ဟု တွေးနေရင်းပင် မျက်ရည်တစ်ပေါက် ကျလာမိ၍ ကျွန်တော် မျက်နှာလွှဲလိုက်သည်။ အောင်ကျော်ကတော့ ကုတင်ခြေရင်းတွင် ချိပ်ထားသော လူနာမှတ်တမ်း စာရွက်များကို ယူ၍ ဂရုတစိုက် ဖတ်နေသည်။

“ ဂေါက် ” ဟု တုန်တုန်ရီရီ ခေါ်နေသော ပေသီး၏ အသံကြောင့် ကျွန်တော် သူ့ကုတင်ဘေးနား သွားထိုင်လိုက်သည်။ သူ့ကို ကျွန်တော် အားပေးရမည်။ ကျွန်တော် မျက်နှာထားကို ရအောင် ပြုံးပြီး စကား စလိုက်သည်။

“နေလို့ ကောင်းလား ပေသီး”

“ကောင်းပါတယ်၊ မလှုပ်ချင်တာနဲ့ အသက်ရှူကျပ်နေတာက လွဲလို့ အားလုံးကောင်းပါတယ်”

“မင်း အဲဒါ အားနည်းတာ ဖြစ်မယ်၊ အားရှိတဲ့ အစား များများစားပေါ့ကွာ”

မလတ်က ဘေးနားကပ်လာပြီး

“ကျွန်မက ရှင့်သူငယ်ချင်းကို အားရှိအောင် ကြက်ပေါင်းရည် ကိုယ်တိုင် ပေါင်းတိုက်ပါတယ်။ သူက မသောက်ချင်ဘူး ဇွတ်ငြင်းနေတာ။ အဲဒါ ကလေးတစ်ယောက်လို ချော့မော့ပြီး တိုက်နေရတယ်လေ”

“အော် မိန်းမရယ်၊ နင့် ကြက်ပေါင်းရည် သောက်နေရတာလည်း ၂ လ ကျော်ပြီလေ၊ ငါ အခု အနံ့ရရင်ကို အန်ချင်နေတာ”

“ဟုတ်မှာပေါ့ မလတ်ရယ်၊ သူလည်း အဲ့လောက် သောက်လာတာ ညှီရောပေါ့”

“မတတ်နိုင်ဘူး ကိုဂေါက်၊ ဆရာဝန်က အားရှိအောင် ကျွေးပါဆိုတော့ ကျွန်မလည်း မရမက တိုက်နေရတာ”

“အဲ့ကြောင့် ငါလည်း ကြိတ်မှိတ်ပြီး သောက်နေရတာပေါ့ မိန်းမရာ” ဟုပြောပြီး ပေသီးခမျာ အတော် မောနေပုံရသည်။

“ကဲကဲ ကိုထွန်း ရှင် မောနေပြီး ခဏ နားဦး၊ ကိုဂေါက်လည်း မပြန်သေးဘူးမလား၊ ခဏနေမှ ဆက်ပြောကြတာပေါ့။ သူက စကားကို အကြာကြီး မပြောနိုင်ဘူး။ မောမောနေတာ။ ဒီမှာ လာထိုင်ပြီး အအေးလေး သုံးဆောင်ပါဦး”

ဟု ပြောရင်းပင် ဖျော်ရည်နှစ်ခွက် ပြင်ဆင်နေသည်။

ထိုအခါ အောင်ကျော်က ကျွန်တော့်မျက်နှာ လှမ်းကြည့်ပြီး မျက်နှာရိပ်မျက်နှာကဲဖြင့် အပြင်ခဏ သွားလိုက်ဦးမယ်ဟု ပြောနေသည်။ ထိုနောက် သူဖတ်နေသော စာရွက်များကိုင်၍ အပြင်သို့ ထွက်သွားလေသည်။ ကျွန်တော်လည်း မလတ်လှမ်းပေးသော ဖျော်ရည်ခွက်ကို ကိုင်၍ တစ်ငုံလောက် မော့သောက်လိုက်သည်။ ထိုနောက် မလတ်နှင့် စကားစမြည် ပြောနေမိသည်။ ကျွန်တော် ပေသီးနှင့် ကွဲကွာသွားသော ငါးနှစ်တာအတွင်း ဘာတွေ ဖြစ်ကုန်သနည်း။ ကျွန်တော် သည်းသည်းကွဲကွဲ မသိ။ ကျွန်တော် ပြန်ဆက်သွယ်မိချိန်တွင် ပေသီးမှာ ကုတင်ပေါ်တွင် ပက်လက်၊ အရိုးပေါ် အရေတင်နှင့် ချိနဲ့နေပြီ။

“မလတ်၊ ကလေးတွေကော အခု ဘယ်မှာလဲ”

“သူတို့က ကျောင်းနဲ့ဆိုတော့ မလာနိုင်ကြဘူးလေ။ သူတို့ အဘိုးနဲ့ နယ်မှာပဲ ထားခဲ့ရတယ်။”

“အခုဆို အတော် ကြီးကြရောပေါ့၊ ဘယ်နှတန်း ရောက်ကုန်ကြပြီလဲ”

“အကြီးကောင်က Grade 4 အငယ်မလေးက Grade 2 ပါ”

“အဲ အတော်တောင် ကြီးကုန်ရောပဲ”

“အော် ကိုဂေါက်ကလည်း ကျွန်မတို့ အိမ်ထောင်သက်တောင် ၁၀ နှစ်ကျော်ပြီကိုး”

“အေးလေ၊ ငါတို့ အသက်ကပဲ လေးဆယ်နား ကပ်နေပြီပဲ”

“ဒါနဲ့ ကိုဂေါက်နဲ့ အတူ ပါလာတာက”

“အော် အဲဒါ ငါ့သူငယ်ချင်းပါ၊ ရှန်ဟိုင်းမှာ ငါနဲ့ အတူနေတာ။ ပေသီးရဲ့ ဗိုက်က ပိုက်ဖောက်ပြီး ပုလင်းလည်း ချိပ်ထားသေးတယ်။ ဘာဖြစ်လို့လဲ။”

သူ့ယောက်ျားအကြောင်း ရောက်လာလို့ ထင်ပါရဲ့။ မလတ်၏ မျက်နှာမှာ ချက်ချင်း ငြှိုးကျသွားပြန်သည်။ ထိုနောက် မချိပြုံး ပြုံးလိုက်ပြီး

“အဲဒါ အဆုတ်ထဲက အရည်တွေ ဖောက်ထုတ်ထားတာပါ၊ အဆုတ်ထဲမှာ အရည်တွေ ရှိနေတော့ သူ ခဏခဏ မောနေတယ်။ အရည်တွေ ထုတ်ပြီးရင်တော့ အမောသက်သာ သွားမယ်လို့ ပြောတယ်”

“ပုံစံကြည့်ရတာ ဖောက်ထားတာ မကြာသေးဘူး ထင်တယ်”

“ဟုတ်တယ်၊ မနေ့ ညနေကမှ ဖောက်ထားတာ”

“ဆရာဝန်က ဘာပြောလဲ၊ အခြေအနေပေါ့”

ကျွန်တော်၏ မေးခွန်းကြောင့် မလတ်၏ မျက်လုံးအစုံတွင် မျက်ရည်များ ချက်ချင်း လျှံတက်လာသည်ကို မြင်လိုက်ရသည်။ သူ အသက်ကို ခပ်ရှည်ရှည် ရှူသွင်းလိုက်ပြီး

“အဆုတ်မကောင်းဘူး ပြောတယ် ကိုဂေါက်”

“အဆုတ်မကောင်းတာဘဲ၊ အဲလောက်ကြီးလည်း စိတ်မကောင်း မဖြစ်ပါနဲ့”

“ကျွန်မ ဘယ်ကနေ ဘယ်လို စပြောရမှန်း မသိပါဘူး ကိုဂေါက်ရယ်”

ဟုပြောကာ မျက်နှာကို လက်နှင့်အုပ်ပြီး ရေချိုးခန်းထဲ ဝင်သွားလေတော့သည်။ ကျွန်တော်မှာ နားမလည်နိုင်အောင်ပင်။ အဆုတ်မကောင်းတာဘဲ၊ အဆုတ်ကင်ဆာမှ မဟုတ်တာ ဟုပင် ခပ်လွယ်လွယ် တွေးမိ၍ နားမလည်နိုင်တော့ပါ။ ထိုစဉ် ပေသီး၏ ခေါ်သံ သဲ့သဲ့ကို ကြားလိုက်မိသောကြောင့် ကျွန်တော် ပေသီးကုတင်ရှိရာသို့ သွားလိုက်သည်။

“ဂေါက်၊ မလတ်ကော”

“ရေချိုးခန်းထဲမှာ”

“မင်း မနက်ဖြန် ငါ့ဆီ လာခဲ့ပါဦးလား၊ ငါ မင်းကို ပေးစရာ ရှိလို့”

“အေး လာမယ်လေကွာ၊ မင်းနဲ့ မတွေ့တာလည်း ၅ နှစ်လောက် ရှိပြီ။ မင်း ဆေးရုံကနေ ဆင်းမှ ငါတို့ အေးဆေး စကားတွေ ပြောကြတာပေါ့။ မနက်ဖြန် ငါ လာဦးမှာပါ။ မင်းလည်း အားရှိအောင် နေဦး။”

“အေးပါ၊ ငါလည်း တတ်နိုင်သလောက် ကြိုးစားပြီး နေပါတယ်။ ကိုယ့်အတွက်နဲ့ သူများတွေ မပင်ပန်းစေချင်ဘူးကွာ”

“အဲလို မတွေးပါနဲ့ သူငယ်ချင်းရာ၊ လူဆိုတာ ဒီလိုပဲ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီပေါ့၊”

“အေးကွာ မင်းရဲ့ အဲဒီလို ဒဿနတွေ မကြားရတာလည်း ကြာပြီ၊ ငါကို ပစ်မထားပါနဲ့ကွာ၊ လာခဲ့ပါဦး”

အော် .. အရင်က သူများကို အောက်ကျို့ရမှာ အင်မတန်မှ ဝန်လေးတဲ့ ပေသီး၊ သူများကို တောင်းပန်ရမှာ အင်မတန်မှ လျှာလေးတဲ့ ပေသီး၊ သူ့မှာရှိတဲ့ ဥစ္စာ၊ ပညာ နဲ့ မာန်တက်ခဲ့ ပေသီး၊ အခုတော့ မျက်နှာငယ်နဲ့ သူ့ကို ပစ်မထားဖို့ ပြောနေပါလား။ အင်း သူလည်း ဒီလိုအချိန်မှာ အားငယ်နေရှာမှာပေါ့လေ။ သူ့အပေါ် ကျွန်တော် သနားလာမိတာ အမှန်ပင်။ တချိန်က ကျွန်တော်တို့ သူငယ်ချင်းအားလုံးထဲတွင် သူက မာန အကြီးဆုံး။ ကျွန်တော် သူ့အကြောင်း တွေးနေရင်းပင် အောင်ကျော် ဝင်လာ၍ အတွေးစများ ပြတ်သွားသည်။ ကျွန်တော် အောင်ကျော်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး

“ကဲ ပေသီး၊ မင်း ဘာမှ လျှောက်စဉ်းစားမနေနဲ့။ မင်းနဲ့ငါနဲ့က ငယ်သူငယ်ချင်းတွေလေကွာ။ ငါက ဘာလို့ ပစ်ထားရမှာလဲ။ ငါ မနက်ဖြန် လာခဲ့ဦးမယ်။ နောက်နေ့လည်း လာဦးမယ်။ ဟုတ်ပလား။ မင်းသာ ဘာမှ မစဉ်းစားဘဲ ကျန်းမာအောင်နေ၊ စိတ်လည်း ကျန်းမာအောင် နေဦးနော်။ အခုတော့ ငါ ပြန်ဦးမယ်။ မနက်ဖြန် မင်းကြိုက်တတ်တဲ့ အာလူးကြော် ယူလာခဲ့မယ်။ ဟုတ်ပလား”

“မနက်ဖြန်တော့ ဆက်ဆက် လာပါကွာ။ မင်းကို ငါ ပေးစရာလည်း ရှိလို့”

“ကဲ ကဲ၊ စကားတွေ အများကြီး ပြောမနေနဲ့ နားလိုက်ဦး။ မလတ်၊ ငါ ပြန်ဦးမယ်။ ငါ လုပ်ပေးလို့ရတာ ရှိရင် ပြော။ အားမနာနဲ့နော်။ လိုရင် အချိန်မရွေး ငါ့ဆီ ဖုန်းဆက်လိုက်”

“အထူးကုဆရာဝန်ကြီး ဘယ်နေ့ လာကြည့် (Round လှည့်) မယ်ပြောလဲ၊ မလတ်”

အောင်ကျော်၏ မေးခွန်းကြောင့် ကျွန်တော်ရော မလတ်ရဲ့ မျက်လုံးများ အောင်ကျော်အပေါ် ကျရောက်သွားသည်။

“တဘက်ခါ ညနေ ၅ နာရီ လောက် လာမယ် ပြောတယ်”

“ဟုတ်ကဲ့၊ ဒါဆို အဲ့ဒီနေ့ ကျွန်တော်လည်း ကိုပြုံးချိုနဲ့ အတူ လိုက်လာခဲ့ပါမယ်”

“ရှင် … အော် ဟုတ်ကဲ့ ဟုတ်ကဲ့ရှင့်”

မလတ်တို့က ကျွန်တော့ကို ငယ်နာမည် ဂေါက် ဟု ခေါ်နေကျ ဖြစ်၍ ပြုံးချိုဟူသော ကျောင်းနာမည်ကို ရုတ်တရက် မေ့သွားဟန် တူသည်။ ကျွန်တော်က တစ်ချက် ပြုံးလိုက်ပြီး

“ကဲ မလတ် ပြန်လိုက်ဦးမယ်၊ မနက်ဖြန်မှ ထပ် လာခဲ့ပါ့မယ်”

“ဟုတ် လာခဲ့ပါဦး၊ ကိုထွန်းကလည်း ရှင့်ကို ပေးစရာ ရှိလို့တဲ့လေ”

“အင်း” ဟု ပြောရင်း ကျွန်တော်တို့ ဆေးရုံမှ ပြန်လာကြသည်။

အပြန်လမ်းတလျှောက် အောင်ကျော်တစ်ယောက် ဘာစကားမှ မပြောဘဲ အတွေးနယ် ချဲ့နေပုံရသည်။ လမ်းတစ်ဝက်ရောက်တော့မှ

“ဟေ့ကောင် ပြုံးချို၊ ငါတို့ တစ်ခုခု သွားစားရအောင်”

“အေး ကောင်းတာပဲ၊ ငါလည်း ဗိုက်ဆာနေတာ”

“ငါ မင်းကို ပြောစရာ ရှိတယ်”

“အေး ငါလည်း မင်းကို မေးစရာရှိတယ်၊ အဲ့ရောက်မှ ပြောကြတာပေါ့ကွာ၊ ဘယ်မှာ သွားဝါးမလဲ”

“တော်ဝင်နှင်းဆီ”

“အိုကေ”

“မှာထားတာလည်း ကြာပြီ အခုထိ ရောက်မလာသေးပါလားကွာ၊ မင်းတောင် စားနေတာ ကုန်တော့မယ်”

“ဟ ငါမှာထားတာ ကော်ရည်ခေါက်ဆွဲလေကွာ၊ ငါ့လို မြန်တာ မှာမှပေါ့ကွာ”

“ငါ မစားရသေးခင် မင်းကို နှောက်ယှက်ရမယ်၊ ဒါနဲ့ မင်းပြောစရာ ရှိတယ်ဆိုကွာ”

“စားပြီးမှ ပြောမယ်ကွာ၊ စားရတာ ဖီးအောက်တယ်”

“အေး ဒါဆို မပြောချင်ရင် ငါမေးမယ်”

“ဘာထူးတုန်းကွ၊ ငါက ပြောရမှာက ပြောရမှာပဲ။ မေးကွာ မေး”

“ဟိုကောင် ပေသီး ဖြစ်နေတဲ့ ရောဂါကို ငါသိပ် မသင်္ကာဘူး။ မင်းကတော့ သိလိမ့်မယ်လို့ ငါထင်တယ်။ မင်း စာရွက်တွေ ကိုင်ပြီး floor in-charge နဲ့ စကား သွားပြောနေတယ်မလား”

“ဟ မင်းက တယ် ပါးပါလား”

“ပါးဆို ဘောင်းဘီတောင် ခပ်ပါးပါးပဲ ဝတ်တယ်”

“အပါးလွန်လို့ လက်နက်ကိုင်ဆောင်မှုနဲ့ ဆွဲစိ ခံနေရဦးမယ်”

“ဟာ … ။ မင်းက တစ်ခုခုဆို အဆုံးထိ တွေးတာပဲ။ ဒါနဲ့ စကားစက ဘယ်ရောက်သွားမှန်း မသိဘူး။ ပြောဦး ဘာတဲ့တုန်း အခြေအနေက”

“မဖြေခင် မင်းကို ပြန်မေးရဦးမယ်။”

“ဟေ့ကောင်၊ ပဟေဠိနန်းတော် အစီအစဉ် မဟုတ်ဘူးနော်”

“အေးပါကွ၊ ဒါက လူတစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့ သက်ဆိုင်နေလို့ပါ”

“ဟော ပဟေဠိက တစ်ခု ထပ်တိုးလာပြန်ပြီ။ နေပါဦးကွာ။ သူ ဘာရောဂါ ဖြစ်နေသလဲလို့ ဖြေရမှာ ဂုဏ်သိက္ခာနဲ့ ဘယ်လို ပတ်သက်သလဲ”

“ဘယ်လို ပတ်သက်သလဲ မင်း တဖြည်းဖြည်း သိလာလိမ့်မယ်။ ငါ မေးတာဖြေ”

“အေးပါကွာ၊ မင်းက ဆရာဝန်ဂိုက်နဲ့ မေးမှတော့ မေးသမျှ ဖြေရတော့မှာပေါ့။ ကဲ မေး”

“ကိုထွန်းမောင်က မင်းနဲ့ ငယ်သူငယ်ချင်းတွေ ဆိုတော့ မင်း သူ့အကြောင်း ကောင်းကောင်း သိမှာပေါ့”

“အေး သိတာပေါ့၊ ငယ်ငယ်က မိုက်ဖော်မိုက်ဖက်တွေလေ”

“ငါ ထူးဆန်းနေတာက …. ၊ မင်းတို့နှစ်ယောက်က ရည်းစားလုဖက်လည်း ပြောသေးတယ်၊ တစ်ယောက်နဲ့တစ်ယောက် အဲ့လောက် ခင်တယ်ဆိုတော့”

“ရည်းစားလုဖက်လေကွာ၊ စီးပွားလုဖက်မှ မဟုတ်တာ”

“ဘာ … ဘာ၊ ဘယ်လို ဘယ်လို”

“သူနဲ့ငါနဲ့က ရည်းစားပဲ လုကြတာလေ၊ စီးပွားမှ လုနေတာ မဟုတ်ဘဲလို့ ပြောတာ”

“နေဦး နေဦး၊ မင်းတို့ နှစ်ယောက်က ရည်စားကို ပိုက်ဆံလောက် သိပ်အလေးမထားတဲ့ ပုံပဲ”

“အေး အဲဒါကြောင့် ပြောတာ၊ မင်းက တွေးလိုက်ရင် အဆုံးထိပဲ။ အဲဒီလို သဘော မဟုတ်ပါဘူးကွ၊ အဲဒီတုန်းက ငါတို့ အသက် ၂၀ တောင် မပြည့်ကြသေးဘူး။ ငါတို့ နှစ်ယောက်လုံး ကောင်မလေးတစ်ယောက်တည်းကို ဝိုင်းကြိုက်ကြတယ်။ သူက ပေါ်တင်၊ ငါက အုံ့ပုန်း … အဟီး။ နောက်တော့ သူနဲ့ ရည်းစားဖြစ်သွားကြတယ်။ သူက လက်သွက်တာကိုး။ ငါတို့ ပြဿနာတွေ ဖြစ်ကြသေးတယ်။ နောက်တော့ ပြန်ပြေလည်သွားပါတယ်။ ဇာတ်လမ်းက ရှည်ပါတယ်ကွာ။ နောက် ကြုံမှ အေးဆေး ပြောပြမယ်။ ဒါနဲ့ နေပါဦး၊ မင်းမေးလို့သာ ဖြေနေရတာ။ အဲဒါ ရောဂါနဲ့ ဘာဆိုင်လို့တုန်းကွ”

“ဘာမှ မဆိုင်ဘူးလေ”

“ဟေ”

“မသက်ဆိုင်ပေမယ့် ပတ်သက်နေတယ်”

“အားလုံးကို ရှုပ်နေတာပဲ။ ရှင်းရှင်းပဲ ပြောကွာ၊ ရစ်မနေနဲ့။ ဘာရောဂါလဲ။”

“နေဦး နေဦး၊ ငါ မေးဦးမယ်”

“လုပ်ပြီကွာ မင်းက၊ ကဲ မေး မြန်မြန်”

“မင်း သူရဲ့ စာရိတ္တကို အာမခံနိုင်လား”

“ဘာ၊ ဘယ်လို”

“မင်းက ပါးမလိုလိုနဲ့ အတော် ဒုန်းဝေးတာပဲ။ ကိုထွန်းမောင် မိန်းမတွေနဲ့ ရှုပ်သလား မေးတာ”

“အဲလို မေးလိုက် ပြီးတာပဲကိုကွာ၊ ရစ်နေတာပဲ။ ဒီကောင်က စိတ်တော့ ကစားတယ်။ ငယ်ငယ်ကပေါ့ကွာ။ ကြီးလာတော့ အိမ်ထောင်နဲ့ဆိုတော့ စီးပွားရေးပဲ ဇောက်ချ လုပ်တာပါ။ မိန်းမတွေနဲ့ ရှုပ်ရှုပ်ရှပ်ရှပ်နေတာ မကြားမိဘူး။ ငါသိသလောက် သူ့ဘဝမှာ နာမည်ပျက်ဆိုလို့ သူ့ ငယ်ရည်းစားနဲ့ ပြန်ဆက်သွယ်လို့ မလတ်နဲ့ အကြီးအကျယ် ပြဿနာ တက်ဖူးတယ်။ ဒါပဲ ရှိတယ်”

“အင်း … အဲ့ဆိုရင်တော့ သူ့ ကံကြမ္မာ ပေါ့လေ”

“ရော၊ ဘာတုန်းကွ။ ပွင့်ပွင့်လင်းလင်း ပြောစမ်းပါ။”

“ဒီလိုကွာ၊ သူ့ မိန်းမ မလတ်က ကိုထွန်းမောင် ဘာရောဂါလို့ ပြောလဲ”

“အဆုတ်ရောင် လိုလားပဲ”

“မင်းကကော အဲဒီလောက်ပဲလို့ ထင်လား”

“ဟ … အဲဒီလောက် မကဘူးလို့ ထင်လို့ ဦးဦးဒေါက်တာအောင်ကျော်ကို မေးနေသဗျာ။ ဈေးမကိုင်နဲ့ မြန်မြန်ပြော”

အောင်ကျော်သည် ဆားပုလင်းနှင်းမောင်လို တစ်ချက်ပြုံးလိုက်ပြီး

“မင်း သူ့ အသားအရေတွေကို သတိထားမိလား”

“အေး သတိထားမိတယ်။ အဲဒါကို မသင်္ကာတာပဲ။ မျက်နှာဆိုလည်း မဲ ခြောက်နေတယ်။ လက်ခြေတွေလည်း အမဲကွက်တွေနဲ့ကွ။ သာမန်ကြည့်ရင်တော့ မသိရင် တင်းတိတ်လို့ ထင်ကြမှာ။ ငါက ငယ်ကတည်းက ပေါင်းလာတော့ မဟုတ်မှန်း သိတယ်”

“အေး၊ အဲဒါ လက္ခဏာတွေပဲ။ မင်းသူငယ်ချင်း လေးလုံးရောဂါ ဖြစ်နေပြီ”

“မနောက်ပါနဲ့ကွာ”

“မနောက်ပါဘူး၊ AIDS ပဲ”

“ဒါ … ဒါပေမယ့် … ၊ မဟုတ်ဘူးလေကွာ၊ မင်း သေချာလို့လား၊ အင်း …၊ မင်းက ဆရာဝန်ဆိုတော့ ငါက ပြိုင်ငြင်းလို့ ဘယ်ရမလဲ။ ငါ … ငါ သိသလောက် ဒီကောင် မိန်းမတွေနဲ့ ကင်းတယ်နော်”

“အဲဒါကြောင့် ဂုဏ်သိက္ခာနဲ့ ဆိုင်တယ်လို့ ပြောတာပေါ့။ ငါ မသေချာမှာမို့ ဆေးရုံက floor incharge ဆရာဝန်ကို သွားမေးကြည့်နေတာ။ သေချာပါတယ်။ ဒါပေမယ့် ငါ ထူးဆန်းနေတာက ဘယ်လိုလုပ်ပြီး အဲဒီ ရောဂါ ရသလဲ ဆိုတာပဲ။ လိင်ဆက်ဆံမှုကြောင့် မဟုတ်ရင် အကူးများတာက သွေးသွင်းလို့၊ အဓိက သွေးကြောင့် ကူးစက်နိုင်တယ်ပေါ့ကွာ”

“အင်း ဒါလည်း ဖြစ်နိုင်တာပဲ။ လွန်ခဲ့တဲ့ ငါးနှစ်က ငါ နိုင်ငံခြား မသွားခင် ဒီကောင် ဆေးရုံတက်ရသေးတယ်”

“ဘာ ကေ့စ် လဲ”

“Suicide”

“ဟေ သူက ဘာဖြစ်လို့ သတ်သေရတာတုန်း”

“သူ မဟုတ်ပါဘူး”

“မင်းဟာကလည်း ရှုပ်ကုန်ပါပြီ၊ သူက သတ်သေတာ မဟုတ်ဘဲ ဘာကြောင့် ဆေးရုံ တက်ရတာလဲ”

“အော် … အေး။ ငါ ပြောတာ နည်းနည်း ရှုပ်သွားတယ်။ ဒီလိုကွာ။ နောက်မှ အရှည်ပြောပြမယ်။ ပေသီး အဲ့ဒီတုန်းက လက်ကောက်ဝတ်သွေးကြော ပြတ်ပြီး သွေးလွန်သွားလို့ ဆေးရုံ တက်ခဲ့ရတယ်။ သူ့ ငယ်ရည်းစား၊ ငါနဲ့ လုခဲ့တဲ့ တစ်ယောက်ပေါ့၊ ဒေစီ ကတော့ ဆေးရုံမရောက်ခင် ဆုံးရှာတယ်”

“အင်း ဇာတ်လမ်းက ပြောရင်းနဲ့ကို ရှုပ်လာပြီ။ ထားဦး။ ဒါဆို အဲဒီတုန်းက သွေးသွင်းရလောက်တယ်။ အဲ … ။ ဒါနဲ့ ခဏနေဦးကွ။ ဆေးရုံတွေမှာက ရလာတဲ့ သွေးကို A B C ပိုးသုံးမျိုး ပါမပါ အမြဲ စစ်တယ်။ အဲဒီ သွင်းတဲ့ သွေးမှာတော့ ရောဂါပိုး မပါလောက်ဘူး။”

“အဲ ဒါဆို အတော်လေးတော့ စဉ်းစားစရာပဲ။”

“ဆေးရုံမှာ သွေးသွင်းရင်တော့ သွေးကြောင့် မဖြစ်နိုင်ဘူး။ မင်းသူငယ်ချင်း မင်းမသိတုန်း ထွက် ကဲတာ နေမယ်”

“အာ .. မဖြစ်နိုင်ပါဘူးကွ”

“ဟ အာမခံ ရဲလှချည့်လား”

“ရဲဆို ဓါတ်သိတွေကိုး ကွ”

“ဓါတ်သိတွေက ကပ်ဖိသွားမှဖြင့်”

“ဒီကောင့် စာရိတ္တ ငါ ယုံတယ်။ အဲဒီလိုတော့ မဖြစ်နိုင်ဘူး”

“အေးကွာ နောက်မှ ဆက်ပြောကြစို့၊ ချာတိတ်ရေ … ရှင်းမယ်ဟေ့”

အိမ်အပြန် ကားပေါ်တွင် အတွေးထုပ်ကြီး ဖြေရပေတော့မယ်။ အောင်ကျော်၏ စကားများက မမှားနိုင်။ သူလည်း ဆရာဝန်ပင် ဖြစ်သည်။ သို့သော် … ။ သူ ဘာကြောင့် အေ ကိုက်ခံရသနည်း။ အတော်ပင် တွေးရ ခက်နေလေပြီ။ ပွင့်ပွင့်လင်းလင်း မေးရအောင်ကလည်း အခက်။ မလတ်လည်း ဒါကြောင့် စကားစရ ခက်နေပုံ ရှိသည်။ အင်း … ။ ကျွန်တော် သက်ပြင်းရှည်ရှည် ချလိုက်ရုံမှအပ ဘာမျှ မတတ်နိုင်တော့။ သို့သော် မနက်ဖြန် ကျွန်တော် ပေသီးကို သွားတွေ့ဦးမယ်။ သူ ကျွန်တော့ကို ပေးစရာ ရှိသည်ဟု ပြောသည်။ ဘာဖြစ်လိမ့်မည်နည်းဟု ကျွန်တော် တစ်နေကုန် တွေးနေခဲ့မိသည်။

(ဆက်ရန်)