မွေးနေ့လက်ဆောင် ”ပီကေကပ်သော အတွေးစုများ” pdf

ဒီနေ့ဟာ ကျနော်ရဲ့ မွေးနေ့ပါ။ သူများတွေ မွေးနေ့ဆိုရင် မှတ်မှတ်ရရလေးတွေ လုပ်တတ်ကြတယ်။ တတ်နိုင်တဲ့သူက တတ်နိုင်တဲ့အလျောက်ပေါ့။ ပါတီပွဲတွေ လုပ်ပြီး တချို့တော့လည်း ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ စားကြသောက်ကြ ပျော်ကြပါးကြနဲ့ ပျော်ပွဲရွှင်ပွဲ လုပ်တတ်ကြပါတယ်။ ဘလော့ဂ်မှာ ဆိုရင်လည်း ဖွယ်ဖွယ်ရာရာ စားကောင်း သောက်ဖွယ်တွေကို စားချင့်စဖွယ် ပုံနဲ့တကွ တင်ပြီး ဘလော့ဂ် သူငယ်ချင်းတွေကို ဖိတ်ခေါ် ကျွေးမွေးတတ်တဲ့ အလေ့အကျင့်ကလည်း ရှိနေတယ်။

ကျနော်အနေနဲ့ ဒီနှစ်မှာ ထူးထူးခြားခြား အစီအစဉ်တစ်ခု လုပ်မယ်လို့ စိတ်ကူးပေမယ့် စိတ်သာရှိတယ်။ အချိန်မရတာကြောင့် လုပ်မှ လုပ်နိုင်ပါ့မလားလို့ အတွေးနဲ့ စိုးရိမ်နေမိတယ်။ ဒါပေမယ့် လုပ်ချင်ဇောကြောင့် အတင်းကို မရမက မဖြစ်ဖြစ်အောင် လုပ်မယ်လို့ စိတ်ပိုင်း ဖြတ်ပြီး မနေ့ညပိုင်းက စပြီး အကောင်အထည် ဖော်မိတယ်။ သူများတွေ ခန္ဓာကိုယ်ကို အဟာရ ဖြစ်စေဖို့ စားဖွယ်သောက်ဖွယ်နဲ့ တည်းခင်း ဧည့်ခံနေကြသလို ကျနော် အနေနဲ့လည်း ဒီလို နေ့မျိုးမှာ အဟာရဖြစ်စေမယ့် အရာတွေနဲ့ (အနည်းဆုံး တစ်ခုခုပေါ့) ဖွယ်ဖွယ် ရာရာ စီစဉ်ပေးချင်တယ်။ ဒါကြောင့် သူများတွေ ကိုယ်ခန္ဓာကို ခွန်အားတိုးဖို့ ကြံဆောင်နေချိန်မှာ ကျနော်ကတော့ စိတ်နှလုံးကို အားပြည့် ဖွံ့ဖြိုးစေတဲ့၊ ကြည်နူး ရွှင်လန်းစေတဲ့၊ တောင့်တင်း ခိုင်မာစေတဲ့၊ ပီတိ ဖြာဝေစေတဲ့ အတွေးတွေ၊ အမြင်တွေနဲ့ ဧည့်ခံပါရစေ။

ကျနော်ရဲ့ အဲဒီ ရည်ရွယ်ချင်နဲ့ပဲ ဒီနှစ် မွေးနေ့မှာ အမှတ်တရအနေနဲ့ ကျနော် ရေးခဲ့သမျှထဲက နှလုံးသား အဟာရ ဖြစ်စေမယ့် စာစဉ် (၂၄) ပုဒ်ကို ရွေးထုတ်ပြီး အီးဘွတ်အနေနဲ့ ဖန်တီးလိုက်ပါတယ်။ ဖန်တီးပြီး တကာလ ကျနော် သိထားတဲ့ မိတ်ဆွေတွေရဲ့ အီးမေးလ်တွေ ကနေ တဆင့် အဲဒီ အီးဘွတ်ကို ပညာဒါန အနေနဲ့ အခမဲ့ ဖြန့်ဝေပေးလိုက်ပါတယ်။ နောက်ပြီး ဘလော့ဂ်မှာလည်း ပို့စ်တစ်ခုအနေနဲ့ ဖော်ပြပြီး မည်သူမဆို ဖတ်ရှု မျှဝေနိုင်အောင် ဆွဲချ သိမ်းဆည်းနိုင်မယ့် လင့်ခ်ကိုလည်း ဖော်ပြပေးလိုက်ပါတယ်။ အခု ဒီအီးဘွတ်ကို ကြိုက် နှစ်သက်မယ် ဆိုရင် တခြား မည်သူ့ကိုမဆို စီးပွားရေး အကျိုးအမြတ် အရ မဟုတ်ဘဲ အခမဲ့ ဖြန့်ဝေ သွားနိုင်ပါတယ်။

ပထမဆုံးအနေနဲ့ ကျေးဇူးတင်ရမယ့်သူကတော့ ကျနော်ရဲ့ မွေးသမိခင်နဲ့ မွေးသဖခင်ပါပဲ။ အစစ အရာရာ လိုလေသေးမရှိအောင် တတ်နိုင်တဲ့ဘက်က အစွမ်းကုန် ကြိုးစားပြီး ဖြည့် စွမ်းပေးခဲ့တဲ့ မေမေ့ကို အထူး ကျေးဇူးတင်သလိုလည်းပဲ တွေးတတ် ခေါ်တတ်အောင် လမ်းပြပေးရင်း တရားမှတ်တတ်တဲ့ အလေ့အထလေးကို ပြုစုပေးခဲ့တဲ့ ကွယ်လွန်သူ ဖေဖေ့ ကို ကျေးဇူးတင်လို့ မဆုံးပါဘူး။ ဒီအသက်အရွယ်နဲ့ ကိုယ်ပိုင် လမ်းကြောင်းတစ်ခုမှာ ပိုင်ပိုင်နိုင်နိုင် လျှောက်နိုင်နေတာ ဖေဖေရဲ့ အမျှော်အမြင် ကြီးမားမှုကြောင့်ဆိုတာ ကျနော် အသက်ကြီးလာလေလေ ပိုပြီး သိလာလေလေပါ။

မိဘပြီးရင် ကျနော် ကျေးဇူးတင်ရမယ့် သူတွေက သင်ဆရာတွေပါ။ မြန်မာစာ အခြေခံ ကောင်းတွေကို ပျိုးထောင်ပေးခဲ့တဲ့ ဆရာမ ဒေါ်သန်းထွေးနဲ့ အမျိုးမျိုး လှည့်တွေးတတ် အောင် သင်ပေးခဲ့တဲ့ သင်္ချာ ပါမောက္ခဟောင်း ဦးအောင်စိန် တို့ကို ဒီတစ်သက် မမေ့ပါဘူး။ မြင်ဆရာထဲက ဆိုရင်တော့ ”ပုဆိုးဝတ်တာလို့ပဲ လူတိုင်းသိတယ်။ ပုဆိုးထဲ လူဝင်တယ်လို့ ဘယ်သူမှ မတွေးမိကြဘူး” လို့ ပြောခဲ့တဲ့ ဆရာ ဦးအောင်သင်းရဲ့ စာတွေ ဖတ်ခဲ့ပြီး ပညာအများကြီး ရခဲ့တာပါ။ တခြားတခြား မြင်ဆရာတွေကတော့ အများကြီးပါ။ ကျနော် ဖတ်ဖူးသမျှ စာအုပ်တွေကို ရေးသားတဲ့ ဆရာတိုင်းဟာ ကျနော်ရဲ့ မြင်ဆရာချည်းပါပဲ။

နောက်ဆုံးအနေနဲ့ ကျေးဇူးတင်ရမှာက ကျနော် ဘလော့ဂ်ကို အစဉ်တစိုက် ဖတ်ရှုနေတဲ့ သူငယ်ချင်းတွေ၊ စာဖတ်သူတွေပါပဲ။ သူတို့ရဲ့ အားပေးမှု မရှိရင် ကျနော် ဒီလောက်ရေး ဖြစ်နေမှာ မဟုတ်ပါဘူး။ ဘလော့ဂ်မှာ မြင်တွေ့နေရတဲ့ နှုတ်ခွန်းဆက်သမှုတွေ၊ ကွန်းမန့် တွေဟာ ကျနော်အတွက် မရေးမဖြစ် ရေးချင်စိတ် ပေါ်လာအောင် အဓိက လှုံဆော်ပေးနေတဲ့ တွန်းအားတွေပါ။ သူတို့ရဲ့ အားပေးမှုတွေကြောင့် နေ့စဉ် မဟုတ်တောင် မပြတ် ရေးနေခဲ့မိတယ်။ အစဉ်တစိုက် အားပေးနေကြတဲ့ စာဖတ်သူ သူငယ်ချင်းတွေကြောင့်လည်း စာတွေ ပိုဖတ်ဖြစ်လာသလို၊ ပိုလည်း တွေးဖြစ်လာတယ်။ ပိုလည်း ရေးဖြစ်လာတယ်။ ဒါကြောင့် သူတို့ရဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ ဒီထက်ဒီ အဓိပ္ပာယ် ပိုပြည့်စုံတဲ့၊ အနှစ်သာရ ပိုပြည့်ဝတဲ့ စာစုတွေကို ပိုမိုရေးသားနိုင်အောင် ကြိုးစား အားထုတ်သွားပါမယ်လို့ ကတိပြုပါတယ်။

ပီကေကပ်သော အတွေးစုများ” ကို ဒေါင်းလု ဆွဲချ ချင်ရင်တော့ ဒီမှာ ရယူနိုင်ပါတယ်။

အဲဒီ PDF ထဲမှာ ဖော်ပြထားတဲ့ ပို့စ်တွေကတော့

၁။ အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း
၂။ Sharing critical information
၃။ ကူညီချင်စိတ်
၎။ တပါးသူအား ကူညီတတ်ခြင်း
၅။ အန္တရာယ်နှင့် ရင်ဆိုင်ရသောအခါ
၆။ အချစ်ကို နားလည်သော
၇။ အိမ်ရှင်မတစ်ယောက်ရဲ့ အလုပ်
၈။ မြဲမြံစွာ ဆုတ်ကိုင်ထားသော
၉။ တစ်နာရီ နှစ်ထောင်
၁၀။ ဘုရားသခင်သို့ ပေးစာ
၁၁။ ဘဝ၌ ရပ်ကြည့်မိသောအခါ
၁၂။ ကမ္ဘာကြီးကို ပြောင်းလဲကြည့်မလား
၁၃။ ပြည့်ဝနိုင်သော အချစ်
၁၄။ နှုတ်ဆိတ်နေသော အချစ်
၁၅။ ကြွက်ထောင်ချောက်
၁၆။ ဇာတ်လမ်းက ဒီလောက်နဲ့တင် မဆုံးသေးပါဘူး
၁၇။ ခဲတံတစ်ချောင်း၏ ကိုယ်ကျင့်တရား
၁၈။ ဘဝဟူသော အိမ်
၁၉။ ဘဝဆိုတာ ….
၂၀။ သစ်သားဇလုံလေး
၂၁။ နောက် ငါးမိနစ်လောက်
၂၂။ ပြောဖို့ခက်ပါတယ်
၂၃။ အမေ့ကိုယ်စား
၂၄။ အချစ်ဆိုတာ

အကောင်းမြင် အတွေး

ကျနော် မေးခွန်းတစ်ခု မေးပါ့မယ်။ ကျနော် ပြောရဲတယ်။ အဲဒီ မေးခွန်းကို ဘယ်သူမှ မှန်အောင် ဖြေနိုင်မှာ မဟုတ်ဘူးလို့ အာမခံရဲတယ်။ အောက်က စာပိုဒ်လေး ဖတ်ကြည့်ပြီး မေးခွန်းကို ကြိုးစား ဖြေကြည့်ပါဦး။

အင်မတန် ချစ်ကြတဲ့ လင်မယားနှစ်ယောက်ဟာ ခရီးအတူထွက်ခဲ့ကြတယ်။ သူတို့ စီးလာတဲ့ လိုင်းကားဟာ တောင်ကုန်းတောင်မြင့် ထူပြောတဲ့ နေရာ အတော်များများကို ဖြတ်သန်းရတယ်။ တောင်ကြားလမ်း မရောက်ခင် တစ်နေရာမှာ သူတို့ ဇနီးမောင်နှံက ကားပေါ်က ဆင်းနေခဲ့ပြီး ဆုံးဖြတ်လိုက်ပြီး ကားကို ရပ်ခိုင်းလိုက်တယ်။ သူတို့ တောင်းဆိုတဲ့ နေရာ အရောက်မှာ ကားဆရာက ကားကို ရပ်ပေးလိုက်တော့ သူတို့ ကားပေါ်က ဆင်းလိုက်ကြတယ်။ သူတို့ ဆင်းပြီး ခဏအကြာမှာပဲ ကားက မောင်းထွက်သွားလိုက်တယ်။ အရှေ့ တောင်ကြား အရောက်မှာ တောင်ပေါ်က ကျောက်တုံးတွေ လှိမ့်ကြလာပြီး ကားကြီး တစ်စင်းလုံး ရစရာ မရှိအောင်ကို ပြားချပ်သွားပြီး ကားပေါ်မှာ ပါသမျှသူ အကုန် သေကြတယ်။ အဲဒီ အဖြစ်အပျက်တွေ အားလုံးကို မြင်နေရတဲ့ ဇနီးမောင်နှံခမျာ အတော်လေး စိတ်မကောင်း ဖြစ်ကြရှာတယ်။ အဲဒီ စိတ်မကောင်းစရာ အဖြစ်အပျက်ကို မြင်ရတော့ နှစ်ယောက်စလုံးရဲ့ နှုတ်ကနေ ရေရွတ်တဲ့ စကားတစ်ခွန်း တပြိုင်တည်း ထွက်လာတယ်။

ငါတို့ အဲဒီကားပေါ် ပါသွားရင် သိပ်ကောင်းမှာပဲ

အဲဒီလိုစကား ဘာကြောင့် ပြောတာလို့ သင်ထင်ပါသလဲ။

အဲဒီမေးခွန်းရဲ့ အဖြေက အူကြောင်ကြောင် အဖြေမျိုး မဟုတ်ပါဘူး။ တကယ်ကို ယုတ္တိတန်တဲ့ အဖြေမျိုးပါ။ စဉ်းစားကြည့်ပါဦး။ သေသေချာချာ စဉ်းစားကြည့်စေချင်တယ်။ ကိုယ်စီက ထွက်တဲ့ အဖြေက ကိုယ်ရဲ့ အမူအကျင့်ကို ကိုယ်စားပြုပါလိမ့်မယ်။ ပြဿနာတွေ ဖြေရှင်းတဲ့အခါမှာ အဆိုးကနေ စ စဉ်းစားတတ်လား။ အကောင်းဘက်ကနေ စ တွေးကြမလား။ တစ်ခါတလေမှာ အကောင်းဘက်က တွေးချင်ပေမယ့် ဘယ်လိုမှ အကောင်းမမြင်နိုင်တဲ့ အခြေအနေတွေလည်း ရှိတတ်တယ်။ အကောင်းမမြင်တာ အကောင်းမရှိဘူးလို့ မဆိုလိုပါဘူး။ ကြည့်တဲ့သူက မြင်အောင် မကြည့်လို့ပါ။ ကဲ အထက်က မေးခွန်းလေးကို တွေးကြည့်ပါဦး။ တွေးလို့ရပြီဆိုရင် အောက်က လင့်ခ်လေးကို နှိပ်ပြီး အဖြေ ကြည့်ကြည့်ပါ။ ဖြစ်နိုင်လို့ရှိရင် အဖြေမရမချင်း စဉ်းစားစေချင်ပါတယ်။

သူတို့ ကားပေါ်က ဆင်းဖို့ မဆုံးဖြတ်ခဲ့ဘူး ဆိုရင် သူတို့ ကားပေါ်မှာ ရှိနေခဲ့မှာပါ။ အဲဒီလို မဆင်းခဲ့ရင် စောနက တောင်ကြားကို ဖြတ်မယ့် အချိန်က ပိုစောသွားပါ့မယ်။ ဆင်းဖို့ အချိန်သာ မပေးခဲ့ရဘူးဆိုရင် တောင်ကြားကို ခပ်စောစော ဖြတ်နိုင်မှာပေါ့။ ဒါကြောင့် အချိန် နည်းနည်း စောသွားတာကြောင့် ကျောက်ခဲတွေ ပြုတ်ကျမယ်ဆိုလည်း အဲဒီကား ဖြတ်ပြီး နည်းနည်းကြာမှ ပြုတ်ကျမှာပါ။ ဒါဆို ကားပေါ်က လူတွေလည်း သေစရာ အကြောင်း မရှိတော့ဘူးလေ။

ကျနော်တို့ကော ပြဿနာ တစ်ခု ဖြစ်လာရင် ဒီလိုဆိုရင် ဒီလိုတော့ ဖြစ်ကောင်းရဲ့ ဆိုပြီး အတွေးမျိုးတွေ တွေးတတ်ရဲ့လား။ တွေးခဲ့ရဲ့လား။
အောင်မြင်မှုရဲ့ ဆက်ကျင်ဘက်က ဆုံးရှုံးခြင်း မဟုတ်ပါဘူး။ နှုတ်ထွက်ခြင်းပါ။

အရေးကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း

ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းကို အဖြေ မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။

ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့ ထင်ခဲ့တာ။ “မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား” လို့ အဖြေပေးခဲ့ဖူးတယ်။ မေမေက ပြန်ပြောတယ်။
မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာ ထပ် စဉ်းစားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်

နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။

ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက “မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန် အရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လောကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့” လို့ ပြန်ပြောသွားတယ်။

ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျနော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်းကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့ဘူး။
မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်တတ်လာတာပဲ

တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အားလုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိတာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။

အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အမေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။
အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား

ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရတော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခုပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်မိတဲ့ မေမေက
ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေသလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်များများကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပမာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့ မှတ်ကို မှတ်သားမှ ဖြစ်မယ်။

မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာတယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိတယ်။
သား … မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံးတွေပဲ

ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ
မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့် ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အခါ ပုခုံးမှီပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်းပေးနေပါတယ်

သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။

လင်ယောက်ျား အရောင်းဆိုင်

လင်ယောက်ျား အရောင်းဆိုင်တစ်ဆိုင် နယူးယောက်မြို့ ပေါ်မှာ ဖွင့်လှစ်လိုက်ပါတယ်။ အမျိုးသမီးတွေ အနေနဲ့ အဲဒီ ဆိုင်ထဲမှာ ကိုယ့်စိတ်ကြိုက် ယောက်ျားမျိုးကို ရွေးပြီး ဝယ်နိုင်ပါတယ်။ စတိုးဆိုင်ရဲ့ အလုပ်လုပ်ပုံကို အဝင်ဝတွေမှာ လမ်းညွှန် ဆိုင်းဘုတ်တွေနဲ့ ရေးပေးထားတယ်။ အဆောက်အဦရဲ့ အဝင်ဝမှာတော့ ရေးထားတာက “သင် တစ်ကြိမ်သာ လာရောက်ခွင့် ရှိသည်” တဲ့။

စတိုးဆိုင်က အထပ် ခြောက်ထပ် ရှိပါတယ်။ အထပ်မြင့်သွားလေလေ အရောင်းကုန် ယောက်ျားလေးတွေရဲ့ အရည်အသွေးက မြင့်လေလေပေါ့။ ဆုံးဖြတ်ချက် ချပြီးပြီ ဆိုရင်တော့ အထပ် တစ်ထပ်က ယောက်ျား တစ်ယောက်ကို ရွေးချယ် ဝယ်ယူနိုင်သလို မကြိုက်သေးရင်တော့ နောက်တစ်ထပ် တက်ပြီး လေ့လာနိုင်တာပေါ့။ ဒါပေမယ့် အထပ်တစ်ထပ် တက်ပြီး သွားတာနဲ့ အောက်ထပ်က ရောင်းကုန် ယောက်ျားလေးကို ရွေးပိုင်ခွင့် မရှိတော့ဘူး။ စတိုးဆိုင်ထဲက ပြန်ထွက်မယ် ဆိုမှပဲ အောက်ဆင်းပိုင်ခွင့် ရှိတော့တယ်။ ဒါတွေက ဒီ စတိုးဆိုင်ရဲ့ စည်းမျဉ်း စည်းကမ်းတွေပေါ့။

အမျိုးသမီး တစ်ယောက် ဆိုင်ထဲကို ဝင်လာတယ်။ သူ့အတွက် လိုက်ဖက်ညီမယ့် ခင်ပွန်းလောင်း၊ လင်ယောက်ျား တစ်ယောက် ဝယ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ပေါ့။

ပထမထပ်ရဲ့ အဝင်တံခါးမှာ ချိပ်ထားတဲ့ ဆိုင်းဘုတ်ကို ဖတ်ကြည့်လိုက်တယ်။

(၁) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသော အမျိုးသားများ

ဒုတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၂) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်သော အမျိုးသားများ

တတိယထပ်ရဲ့ ဆိုင်းဘုတ်က

(၃) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ရုပ်ရည် အထူးသန့်ပြန်သော အမျိုးသားများ

ဝိုးးးးးး” ဆိုတဲ့ အာမေဋိတ်သံ ထွက်လာပေမယ့် နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ ဆုံးဖြတ်လိုက်တယ်။

အမျိုးသမီးဟာ စတုတ္ထထပ်ကို တက်သွားပြီး စတုတ္ထထပ်ရဲ့ ဆိုင်းဘုတ်ကို ဖတ်လိုက်တယ်။

(၄) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သော အမျိုးသားများ

ဟိုက် ရှားပါး၊ ကြွေစမ်း။ ငါ ခြေထောက်တွေ မခိုင်တော့ပါလား” လို့ ရေရွတ်နေမိတယ်။

နောက်တစ်ထပ်ကို ဆက်တက်ဖို့ပဲ အားသန်နေတယ်။ ဒီထက် ကောင်းတာတွေ အပေါ်ထပ်မှာ ရှိနိုင်တယ်လေ။ ပဉ္စမထပ်ရဲ့ ဆိုင်းဘုတ်က

(၅) လွှာ >> အလုပ်အကိုင်ရှိ၍ ဘာသာရေး ကိုင်းရှိုင်းသည့်အပြင် ကလေးလည်း ချစ်တတ်ပြီး ကြွေလောက်အောင် သန့်ပြန့်ရုံမက အိမ်မှုကိစ္စများကိုပါ ဝိုင်းကူလုပ်ပေးတတ်သလို အင်မတန် ချစ်တတ်၊ ကြင်နာတတ်သော အမျိုးသားများ

ဒီထက်ကောင်းတယ်ဆိုတာတောင် ဒီလောက်ကောင်းတော့မယ် မထင်။ သူရဲ့ အာရုံတွေက ဒီအလွှာမှာပဲ တစ်ဝဲဝဲ လည်နေတော့တယ်။ ဒါပေမယ့် သူရဲ့ ခြေလှမ်းတွေက နောက်တစ်ထပ် တက်ဖို့ လှေကားဘက်ကိုပဲ ဆက်ပြီး ချီတက်နေတော့တယ်။ ဆဋ္ဌမထပ်က ရွေးချယ်မှုက ပိုကောင်းနိုင်သေးတာပေါ့။

ဆဋ္ဌမထပ်ရဲ့ ဆိုင်းဘုတ်က

(၆) လွှာ >> သင်ဟာ ဒီအထပ်ကို ရောက်လာတဲ့ (၄ ၅၈ ၇၅၇) ယောက်မြောက် ဧည့်သည်ပါ။ ဒီအလွှာမှာ ဘာ အမျိုးသားမှ မရှိပါဘူး။ မရောင့်ရဲနိုင်တဲ့ အမျိုးသမီးတွေအတွက် အထီးကျန်မှုတွေပဲ ရှိပါတယ်။ လင်ယောက်ျား စတိုးဆိုင်ကို ဈေးဝယ်လာတဲ့အတွက် ကျေးဇူးအထူး တင်ပါတယ်။ ဆိုင်ကနေ ထွက်တော့မယ်ဆိုရင် ပစ္စည်းများ မေ့မကျန်ရစ်အောင် အထူးသတိပြုပေးပါ။ အစစအရာရာ အဆင်ပြေပါစေလို့ ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်အရ အမျိုးသမီးတွေရဲ့ မရောင့်ရဲတတ်မှုကို ဖော်ကြူးထားတာပါ။ အင်္ဂလိပ်လိုကနေ ဘာသာပြန်ထားတာပါကြောင့် မူရင်းအနှစ်သာရ မပျက်အောင် ရေးထားတာ ဆိုပေမယ့် ကျနော်အတွက် ပြောစရာတွေ ရှိလာတယ်။ မရောင့်ရဲတတ်တာ လူသဘာဝမို့ အမျိုးသမီးတွေတင် မကဘဲ အမျိုးသားတွေကော ဒီပုံပြင်နဲ့ သက်ဆိုင်မယ်လို့ ထင်တယ်။ ကျနော် အနေနဲ့ ပြောရရင် အဲလိုသာ ရွေးချယ်ခွင့် ရှိမယ်ဆိုရင် ၆ လွှာအထိ ဒီအတိုင်း တက်သွားမယ့်အပြင် ခေါင်းမိုးပေါ်အထိ တက်သွားပြီး ဖွက်ထားဦးမလားလို့ တက်ကြည့်မိမှာ အမှန်ပဲဗျ။ ရွေးခွင့် ရှိတာကိုးဗျ။ ဒီတော့ စိတ်တိုင်းမကျမချင်း ဆက်ရွေးနေဦးမှာ သေချာတယ်။ ဒါကြောင့်လည်း တစ်ခါတလေ စဉ်းစားမိတယ်။ လူတစ်ယောက်ဟာ ကိစ္စအတော်များများမှာ ရွေးချယ်ခွင့် များများ မရှိသင့်ဘူး။ ရွေးချယ်ခွင့် များလေလေ ထွေပြီး ဘာယူရမှန်း မသိလေလေပဲလေ။ တစ်ခါတလေတော့လည်း ဘာမှ မရွေးရဘဲ တစ်ခုတည်းကို လက်ခံရတာ စိတ်ပင်ပန်း သက်သာသလားလို့ တွေးမိတယ်။ ဒဿနပညာရှင်တွေ ပြောတာကတော့ ရွေးချယ်ခွင့် များများ ရှိခြင်းက လွတ်လပ်ခြင်းရဲ့ သင်္ကေတတဲ့။ လွတ်လပ်တဲ့ လူတစ်ယောက်ဖြစ်ဖို့ အခွင့်အလမ်းတွေ အားလုံးက ပွင့်နေရမယ် လို့ ဆိုပါတယ်။

ရည်းစားများတဲ့ လူတွေက အိမ်ထောင်ကျ နောက်ကျတာ များတယ်။ ဒါ ကျနော် ပတ်ဝန်းကျင်မှာ တွေ့နေရတာ။ ရည်စားများတော့ ရွေးချယ်စရာ များတယ်။ ဟိုလူယူရနိုးနိုး၊ ဒီလူ ယူရနိုးနိုး အမြဲ ဖြစ်နေတတ်တယ်။ ကျနော် စာအုပ်တစ်အုပ်မှာ ဖတ်ဖူးတာကို ပြန်ပြီး ဝေမျှလိုက်ဦးမယ်။ ခေါင်းစဉ်နဲ့ သိပ်မဆိုင်လှပေမယ့် ကြုံလို့ ;P ။ လူတွေ အပျိုကြီး လူပျိုကြီး ဘာကြောင့် ဖြစ်ရသလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ သုတေသန ပြုကြတယ်။ တိုးတက်တဲ့ နိုင်ငံတွေမှာ အရွယ်ရောက်သူတွေ အိမ်ထောင်မပြုကြလို့ အတော်လေး ပြဿနာတက်နေတယ်။ မြင်သာ ထင်သာတဲ့ ပြဿနာက အလုပ်လုပ်နိုင်တဲ့ ဦးရေ (work force) နဲ့ အရွယ်ရောက်မယ့်သူ ဦးရေ (Potential work force) နည်းလာခြင်းပဲ။ သုတေသနရဲ့ တစ်စိတ်တစ်ပိုင်း အနေနဲ့ အသက်သုံးဆယ်ရဲ့ အထက် အပျိုကြီး၊ လူပျိုကြီးတွေကို အင်တာဗျူးထားတယ်။ သူတို့ရဲ့ အခြေခံ စိတ်ဓါတ်သဘောထားကို ကောက်ချက်ဆွဲပြီး တူတာတွေကို စုချလိုက်တဲ့အခါမှာ အာလုံးမှာ တူညီနေတဲ့ အချက်တစ်ချက် လာတွေ့တယ်။ အဲဒီအချက်က အတော်လေး စိတ်ဝင်စားစရာ ကောင်းတယ်။ ကျနော် ပတ်ဝန်းကျင်မှာ ရှိတဲ့ လူပျိုကြီး အပျိုကြီးတွေဆီမှာ အဲဒီ အချက် ရှိသလားလို့ လိုက်လေ့လာကြည့်တော့လဲ မလွဲဘူး၊ ရှိနေတယ်။ အဲဒီအချက်က ဘာလဲဆိုတော့

မိမိကိုယ်ကို အထင်ကြီးလွန်ခြင်း

တဲ့။

မျက်နှာများတဲ့လူ

မျက်နှာများတာ ကောင်းသလားလို့ ကျနော် မေးကြည့်ချင်တယ်။ မျက်နှာများတတ်တဲ့ ကာယကံရှင်တွေကတော့ ကောင်းတယ်လို့ ဖြေမလားပဲနော်။ ဒီပြင် အများစုကတော့ ဟင့်အင်း လို့ပဲ ဖြေမယ်ထင်တယ်။ လူတွေ အများစု သိထားတဲ့ မျက်နှာများတယ်ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပာယ်က ပွေတယ် ဆိုတာနဲ့ အတူတူပါပဲ။ ပွေတယ် ဆိုမှတော့ ဘယ်ကောင်းပါ့မလဲနော့။ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှုအရ တစ်လင်တစ်မယား စနစ်ပဲ ရှိပါတယ်။ လူတစ်ယောက်က တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ရည်စားတစ်ယောက်တည်း ထားရမယ်လို့ သက်မှတ်ချက် မရှိပါဘူး။ ဒါပေမယ့် သာမာန် ယောက်ျားလေး၊ မိန်းကလေးတွေအနေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ချစ်သူ၊ ရည်စား တစ်ယောက်တည်း ထားကြတာ များပါတယ်။ တချို့က စောဒက တက်ပါတယ်။ တစ်ယောက်တည်း ထားတာပါပဲ။ ဒါပေမယ့် ချစ်သူကတစ်ယောက်၊ ရည်စားကတစ်ယောက် လို့ ပြောလာတဲ့ သူတွေလည်း ရှိတယ်။ ဘယ်လို အဆင့်အတန်းမျိုးကို ချစ်သူခေါ်ပြီး၊ ဘယ်လို အဆင့်အတန်းမျိုးကို ရည်းစား ခေါ်သလဲဆိုတဲ့ သက်မှတ်ချက်ကို မဖွင့်ဆိုတော့ပါဘူး။ တကယ်လို့သာ လူတစ်ယောက်ဟာ ကိုယ့်ချစ်သူအပေါ်မှာ ထားတဲ့ မျက်နှာထား၊ အမူအရာမျိုး တခြားသူ တစ်ဦးတစ်ယောက် (သို့) အများအပေါ်မှာ ထားခဲ့မယ်၊ အဲဒီ မျက်နှာထားမျိုးနဲ့ ဆက်ဆံခဲ့မယ်ဆိုရင် အဲဒီလူကို မျက်နှာများတဲ့သူလို့ သက်မှတ်ကြပါတယ်။ ရည်စားအများကြီး တပြိုင်တည်း ထားမှ မျက်နှာများတယ်လို့ မခေါ်ပါဘူး။

လူ အားလုံးလိုလိုဟာ ကိုယ်သာ မျက်နှာများချင်များမယ်၊ မျက်နှာများတဲ့ သူကိုတော့ သဘောကျမှာ မဟုတ်ပါဘူး။ ဒါကို ကြည့်ခြင်းအားဖြင့် မျက်နှာများတာကို မကောင်းတဲ့ အပြုအမူလို့ အားလုံးက သက်မှတ်ထားလို့ပေါ့။ တကယ်လို့ လူတစ်ယောက်ကသာ မျက်နှာများတာ ကောင်းတယ်လို့ ပြောလာခဲ့ရင် မေးခွန်းတစ်ခု မေးကြည့်ပါ။ “ဒါဆို ခင်ဗျားရဲ့ နှမ (သို့) ဆွေမျိုးသားချင်း တစ်ယောက်ယောက်ကို မျက်နှာများတဲ့သူနဲ့ ခပ်လွယ်လွယ် သဘောတူနိုင်ပါ့မလား” ဆိုတဲ့ မေးခွန်းရဲ့ အဖြေက ရှင်းရှင်းလေးပါ။ နိုးပဲ။ သဘောတူချင် တူမယ်၊ ဒါပေမယ့် အသေးစိတ် လေ့လာဦးမှာပါ။ အခု ကျနော် တင်ပြခဲ့သမျှဟာ မျက်နှာများခြင်းရဲ့ Dark Side ပါ။ မနှစ်လိုဖွယ် မျက်နှာစာပေါ့။ တကယ်လို့ ကျနော်က မျက်နှာများတတ်ခြင်းဟာ ကောင်းကွက်တွေ အများကြီး ရှိပါတယ်။ ကောင်းကျိုးတွေ ရှိပါတယ်လို့ ပြောလာခဲ့ရင်ကော။ အင်း …. ။ အခုကိုပဲ မျက်မှောင်ကျုံ့ပြီး ကြည့်နေပြီ ထင်တယ်။ ဆက်လေ့လာကြည့်ပါဦး။

ကျနော်ရဲ့ ဆရာတစ်ယောက်အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ သူဟာ ကျောင်းမှာ စာအသင်အပြကောင်းလို့၊ စည်းကမ်းကြီးလို့ နာမည်ရပေမယ့် အိမ်ထောင်ရေး အဆင်မပြေရှာပါဘူး။ ကျောင်းသားတွေအပေါ် စေတနာ ထက်သန်တဲ့ ဆရာဟာ ဇနီးမယားနဲ့ အမြဲ တကြပ်ကြပ် ရန်ဖြစ်ကြတယ်။ ကျောင်းဆရာဆိုတော့လည်း စရိုက်ပေါင်းစုံရှိတဲ့ ကျောင်းသားတွေကို ဆက်ဆံနေရတာပေါ့။ ဆရာဟာ စည်းကမ်းကကြီးတော့ ဆိုးပေ့ဆိုတဲ့ အတန်းကို အမြဲတမ်း ကိုင်ရတယ်။ ဒီတော့ ဆူဆဲကြိမ်းမောင်းသံက နေ့တိုင်းလိုလို ကြားနေရတာပေါ့။ တဖြောင်းဖြောင်း၊ တဖျန်းဖျန်နဲ့ ထုနှပ် ရိုက်ခတ်သံကလည်း ခဏတိုင်းလိုလို ကြားရတယ်။ ဆရာက အရိုက်ကြမ်းတယ်လို့လည်း နာမည်ရ သဗျ။ ဒါပေမယ့် ဆရာရဲ့ ထိန်းကွပ်မှုကြောင့် လမ်းမှန်ပေါ် တည့်တည့်မတ်မတ် လျှောက်သွားနိုင်တဲ့ ကျောင်းသားတွေကလည်း မနည်းပါဘူး။ ကျောင်းသားတွေ အားလုံးအတွက် ဆရာကောင်းအဖြစ် နာမည်ရတဲ့ ဆရာဟာ အိမ်မှာရှိတဲ့ သူ့ဇနီးအတွက်တော့ ခင်ပွန်းကောင်း ဖြစ်မနေရှာဘူး။ သူတို့ လင်မယားနှစ်ယောက် ရန်ဖြစ်ရင် အမြဲ ကြားရတဲ့ စကားတစ်ခွန်း ရှိပါတယ်။
“ကျမကို ရှင့်တပည့်များ မှတ်နေလား၊ ထစ်ခနဲဆို ကြိမ်းလား မောင်းလားနဲ့။ ဆရာလုပ်မယ်ဆိုတာချည်းပဲ။”

သူငယ်ချင်းတစ်ယောက် အကြောင်း ပြောပြရဦးမယ်။ သူက သူငယ်ချင်းတွေ ကြားမှာတော့ အပစား ပေးခံရတဲ့ သူပေါ့။ သူ့ကိုဆို သူငယ်ချင်းတွေ အားလုံးက ဦးစားပေးတယ်။ သူ့ရဲ့ မိသားစု မပြည့်စုံမှု အတွက်လည်း သူငယ်ချင်းတွေ အားလုံးက စာနာပြီး အစစ အရာရာမှာ သူ့ကို ကူညီကြတယ်။ ဒါကို အခွင့်ကောင်းယူပြီး အနိုင်ယူတတ်တဲ့ သူရဲ့ အကျင့်ကို အားလုံးက ဗွေမယူဘဲ သူငယ်ချင်းဆိုတဲ့ ဝိသေသ တစ်ခုတည်းနဲ့ပဲ အားလုံးကို သည်းခံပေးကြတယ်။ အဲဒီလို အလိုက်သင့် နေလာကြတော့ ကျနော်တို့ သူငယ်ချင်းတစ်သိုက်ရဲ့ နေ့စဉ်ဘဝက ပျော်စရာပါ။ ငယ်သူငယ်ချင်းကောင်းတွေ ပီပီ သည်းခံ ခွင့်လွတ်ရင်း သဘောထားကြီးစွာ နေလာကြတာကိုး။ ဒါပေမယ့် သူ့ခမျာ လုပ်ငန်းခွင်ထဲ ဝင်တော့ ခဏခဏ ပြဿနာတက်လို့ အလုပ်ပြောင်းရတာလည်း မနည်းတော့ဘူး။ ကျနော်တို့ တတွေ သူ့ကို အမြဲ ပြောဖြစ်တဲ့ စကားတစ်ခွန်း ရှိပါတယ်။
“ကိုယ့်ရဲ့ အထက်အရာရှိ၊ လက်ဖော်ကိုင်ဖက်ဆိုတာ ငယ်သူငယ်ချင်းတွေမှ မဟုတ်ကြဘဲ။ သူတို့ကတော့ သည်းခံ ခွင့်လွှတ်လိမ့်မယ် မထင်နဲ့။”

ကျနော်တို့ဟာ ဘဝဆိုတာကို လက်ခံရရှိပြီ ဆိုတာနဲ့ တာဝန်နဲ့ ဝတ္တရားတွေက အလိုလို အနောက်ကနေ ကပ်ပါ လာပါတယ်။ အူဝဲလို့ အော်နေတဲ့ ကလေးတစ်ယောက်ရဲ့ တာဝန်ဟာ သူပိုင်ဆိုင်လာတဲ့ အသက်တစ်ချောင်း ဆက်လက်တည်မြဲဖို့အတွက် အစာအဟာရ ဖြည့်တင်းပေးနေရတယ်။ အားလုံး သစ်နေတဲ့ ပတ်ဝန်းကျင်ကို အမြဲ မပြတ် လေ့လာနေရတယ်။ ဖေဖေ၊ မေမေ၊ ကိုကို၊ မမ၊ ဦးဦး၊ ဒေါ်ဒေါ် ဆိုတဲ့ ဆွေးမျိုးတွေနဲ့ ရင်းနှီးဖို့ ချိပ်ဆက် ယူနေရတယ်။ အသက်တွေ တဖြည်းဖြည်း ကြီးလာတာနဲ့ အမျှ သူရဲ့ အခန်းကဏ္ဍနဲ့ တာဝန်၊ ဝတ္တရားတွေက များသထက် များလာတယ်။ နှစ်အနည်းငယ်ကြာတော့ အလိုအလျောက် တခြားလူတစ်ယောက်ရဲ့ အစ်ကို (သို့) အစ်မ ဖြစ်လာတယ်။ ဒီတော့ အစ်ကိုတစ်ယောက်ရဲ့ တာဝန်အရ အငယ်ကို ထိန်းကောင်း ထိန်းရတော့မယ်။ ကျောင်းနေပြီ ဆိုတဲ့ အရွယ်မှာ တပည့်တစ်ယောက်ရဲ့ တာဝန်တွေကို စပြီး ထမ်းဆောင်ရတော့တယ်။ စာကျက်မယ်၊ အိမ်စာလုပ်မယ်၊ စာမေးပွဲ အောင်အောင် ဖြေမယ်ဆိုတဲ့ အလုပ်တာဝန်တွေ အပြင် ဆရာသမားကို ရိုသေရမယ်ဆိုတဲ့ အမူအကျင့် တာဝန်တွေပါ အလိုအလျောက် ယူလာရတယ်။

သူငယ်ချင်းတွေ ရလာတဲ့အခါမှာ သူငယ်ချင်းတစ်ယောက်ရဲ့ အခန်းကဏ္ဍကနေ ဆက်ပြီး ကပြရတယ်။ ဒီလိုနဲ့ အငယ်တန်းတွေကို စာပြပေးရင် ဂိုက် (Guide) တစ်ယောက်အဖြစ်ကနေ တဖြည်းဖြည်း ဆရာတစ်ယောက်ရဲ့ တာဝန်တွေ ယူရကောင်း ယူရလိမ့်မယ်။ အိမ်မှာ နေရင်လည်း မိသားစုဝင်တစ်ယောက်ရဲ့ တာဝန်က ရှိဦးမယ်။ တံမြတ်စည်းလှည်း၊ ကြမ်းတိုက် စသဖြင့်ပေါ့။ နောက်ပိုင်း ချစ်သူတွေ ရလာတော့ ချစ်သူတစ်ယောက်အဖြစ်၊ အိမ်ထောင်ကျတော့ အိမ်ထောင်သည်တစ်ယောက် အဖြစ်၊ သားသမီး ထွန်းကားလာတော့ မိဘတစ်ယောက် အဖြစ်၊ ဆက်လက် ကပြနေရဦးမယ်။ အလုပ်မှာဆိုရင်လည်း ကိုယ့်အထက်အရာရှိနဲ့ဆိုရင် ကိုယ်က လက်အောက်ငယ်သားအဖြစ်၊ ကိုယ့်အောက် ရာထူးငယ်တဲ့သူနဲ့ဆိုရင် အထက်အရာရှိအဖြစ်ပေါ့၊ စတဲ့ နေရာကနေ ဘဝပြဇာတ်မှာ ဆက်လက် အသုံးတော်ခံနေရတယ်။ တူတွေ တူမတွေ ကြားမှာ ဦးဦး၊ ဒေါ်ဒေါ် ဖြစ်သွားမယ်။ တပည့်တပမ်းတွေနဲ့ ဆိုရင် ဆရာ၊ ဆရာမ ဖြစ်သွားမယ်။ ကိုယ်ဟာ သူများရဲ့ မြေး ဖြစ်နေနိုင်သလိုပဲ ဘိုးဘိုး၊ ဘွားဘွားလည်း ဖြစ်နေတတ်တယ်။

ဘဝဆိုတာကို ပြဇာတ်အဖြစ် ခိုင်းနှိုင်းပြီး ပြောမယ်ဆိုရင်တော့ အဲဒီ ပြဇာတ်က တစ်ခန်းရပ် ပြဇာတ် မဟုတ်သလို၊ မြန်မာကားတွေလို အစပိုင်း ကြည့်ရုံနဲ့ နားလည်သွားနိုင်မယ့် ပြဇာတ်မျိုးလည်း မဟုတ်ပြန်ဘူး။ ပြဇာတ်ပေါင်း များစွာကို ပိပိရိရိ တည်းဖြတ်ထားတဲ့ အဆုံးမရှိ ဇာတ်ကားရှည်ပဲ ဖြစ်ရမယ်။ ဒါကြောင့်လည်း ကျနော်တို့ဟာ တစ်ချိန်တည်း တပြိုင်တည်းမှာပဲ ဇာတ်ကောင်အများကြီးကို သရုပ်ဆောင်နေရတယ်။ ကျနော် အနေနဲ့ ဆိုရင် ဆရာအနေနဲ့ သရုပ်ဆောင် ဖူးသလို၊ တပည့်အနေနဲ့လည်း ခဏခဏ သရုပ်ဆောင်ဖူးတယ်။ နောက်ထပ် သရုပ်ဆောင်နေရတဲ့ ဇာတ်ကောင်တွေက သား၊ အစ်ကို၊ ညီ၊ မောင်၊ အချစ်ဆုံး သူငယ်ချင်း၊ ငယ်သူငယ်ချင်း၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်၊ အထက်အရာရှိ၊ ဝန်ထမ်း၊ တူ၊ မိတ်ဆွေ၊ ဘလော့ဂါ၊ ဆွေမျိုး၊ စသဖြင့် ပေါ့ဗျာ။ တကယ်လို့ တစ်နေရာမှာ ကျနော်နဲ့ နောက်ထပ် လူငါးယောက် ရှိမယ်ဆိုရင် အဲဒီ အချိန် အပိုင်းအခြားမှာ ကျနော်ဟာ အနည်းဆုံး ဇာတ်ကောင် ငါးမျိုးကို တပြိုင်တည်း သရုပ်ဆောင်ရမှာပါ။ ဆိုကြပါစို့။ အဲဒီလူ ငါးယောက်က ကျနော်ရဲ့ အဖေ၊ အစ်ကို၊ ဆရာ၊ သူငယ်ချင်းနဲ့ အဘွား ဆိုရင် ကျနော်ဟာ သား၊ ညီ၊ တပည့်၊ သူငယ်ချင်းနဲ့ မြေး အဖြစ် တလှည့်စီ ကပြနေရဦးမှာပါ။

အဲဒီလို တစ်ချိန်တည်း တပြိုင်တည်းမှာ လူတစ်ယောက်က ဇာတ်ကောင် တစ်ခုထက် ပိုပြီး သရုပ်ဆောင်ရတာကြောင့်လည်း ပြဿနာတွေ တက်လာပါတယ်။ ဥပမာအနေနဲ့ စဉ်းစားကြည့်ပါ။ မဖြစ်နိုင်မှန်း လူတိုင်း သိမှာပါ။ ဒါပေမယ့် ဥပမာအနေနဲ့ပဲ တွေးကြည့်ရအောင်။ ကျနော်တို့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင် ရင်းရင်းနှီးနှီးပဲ ဟေ့ကောင် လို့ သုံးနှုန်းတတ်ပါတယ်။ တကယ်လို့သာ ကျန်တဲ့သူ လေးယောက်ကိုသာ ဟေ့ကောင်လို့ ခေါ်ပြီး ဆက်ဆံမယ်ဆိုရင် ဘာတွေ ဖြစ်လာမလဲ။ အစ်ကို ဖြစ်တဲ့သူနဲ့ ပြဿနာ သိပ် မတက်နိုင်ပေမယ့် ကျန်တဲ့ သုံးယောက်နဲ့ကတော့ အကြီးအကျယ် ကွိုင်မှာ သေချာတယ်။ ဘာဖြစ်လို့လဲ။ ရုပ်ရှင်စကားနဲ့ ပြောရရင်တော့ Acting နဲ့ Dialogue လွဲသွားလို့ပေါ့။ ပိုချဲ့ပြီး ပြောရရင် ဇာတ်ကောင်မပြောင်းဘဲ သရုပ်ဆောင်မိလို့။ ဒီထက် ပိုရှင်းရရင် မျက်နှာပေး မပြောင်းနိုင်လို့ပေါ့။

ကျနော် ဆရာတစ်ယောက်အကြောင်းနဲ့ သူငယ်ချင်းတစ်ယောက်အကြောင်း အပေါ်မှာ ပြောခဲ့ပါတယ်။ ဆရာအနေနဲ့ သူ့ဇနီးနဲ့ အဆင်မပြေတဲ့ အကြောင်းအရင်းတွေ အများကြီး ရှိပါလိမ့်မယ်။ အဲဒီအထဲမှာ ဇနီးသည်ကို တစ်ခါတစ်ခါ တပည့်တစ်ယောက်အဖြစ်နဲ့ ဆက်ဆံမိတာကြောင့် ဖြစ်လာတဲ့ ပြဿနာတွေလည်း ပါနိုင်ပါတယ်။ နောက်ပြီး သူငယ်ချင်းအနေနဲ့လည်း အလုပ်မှာရှိတဲ့ လူတွေကို သူရဲ့ သူငယ်ချင်းတွေလို အနိုင်ယူ ဆက်ဆံနေလို့ ဒီပြဿနာ တက်ရတယ်လို့ပဲ ယူဆမိတယ်။ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောနေရင်း ကိုယ့်ရဲ့ အဖေနဲ့ စကားလှည့်ပြောတာနဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ ဇာတ်ကောင်အမူအရာကနေ၊ သားတစ်ယောက်ရဲ့ ဇာတ်ကောင် အမူအရာကို ချက်ချင်း ပြောင်းပစ်နိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ဒါ ကျနော် အမြင်ပါ။ သူငယ်ချင်းကို စကားပြောနေတဲ့ မျက်နှာထားတဲ့ ကိုယ်ရဲ့ အဖေကို ဆက်ဆံလို့ မဖြစ်နိုင်ပါဘူး။ ဒါကြောင့်လည်း လူတစ်ယောက်ဟာ တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ မျက်နှာအများကြီးကို နေရာတကျ လှည့်ပြီး အသုံးကျတတ်ဖို့ လိုတယ်လို့ ယူဆမိတယ်။

သူငယ်ချင်းကို ဆက်ဆံတဲ့ မျက်နှာနဲ့ အဖေကို ဆက်ဆံရင် စော်ပလော် တီးခံရမယ်။ တပည့်ကို ဆက်ဆံတဲ့ မျက်နှာနဲ့ ဇနီးသည်ကို ဆက်ဆံရင် နောင်ဂျိန် ပလေးရမယ်။ ကိုယ့်အောက် ဝန်ထမ်းကို ဆက်ဆံတဲ့ မျက်နှာနဲ့ အထက် အရာရှိကို ဆက်ဆံမိရင် မာလကီးယား ကြွသွားနိုင်တယ်။ အဘွားကို ချွဲတဲ့ မျက်နှာပေးနဲ့ အကြွေးရှင်ကို သွားဆက်ဆံရင် စောင့်ကန် ခံရမှာ သေချာတယ်။ ဒါကြောင့် ကျနော်တို့ မျက်နှာပေး များများ ထားတတ်ဖို့လိုတယ်။ ဒီထက် ပိုအရေးကြီးတာက သက်ဆိုင်ရာ မျက်နှာပေးကို စနစ်တကျ၊ နေရာတကျ သုံးတတ်ဖို့ပါ။ တပည့်ကို လှမ်းဟောက်နေပေမယ့် ဇနီးသည်ကို မြင်ရင် မျက်နှာချို သွေးကောင်း သွေးရမှာပေါ့။ တကယ်လို့သာ မျက်နှာထား တစ်ခုတည်းနဲ့ပဲ ဇာတ်ကောင် အားလုံးမှာ သရုပ်ဆောင်နေမယ်ဆိုရင်တော့ အဲဒီလူဟာ အမြဲတမ်းလိုလို ပြဿနာတွေနဲ့ပဲ ရင်ဆိုင်နေရမှာ သေချာပါတယ်။

ပို့စ် အသစ်ရေးရန် အရှိန်ယူခြင်း …

ဘလော့ဂ်နဲ့ တစ်ဆယ့်ငါးရက်လောက် အဆက်အသွယ် ပြတ်ပြီး တကာလ အခု စာပြန်ရေးမယ်ဆိုတော့ ဘယ်ကဘယ်လို စရေးရမလဲ စဉ်းစားရ ခက်နေတယ်။ ဇန္နဝါရီလ (၂၁) ရက်နေ့ စထွက်လိုက်တဲ့ ခရီးက မနေ့ မနက်မှ ရန်ကုန် ပြန်ရောက်တော့တယ်။ ဒီ ခရီးစဉ် (၁၅) ရက် ကာလအတွင်းမှာ စာ မရေးဖြစ်ပေမယ့် စာရေးဖို့ အတွက် ကုန်ကြမ်းတွေ အတော်များများ စုဆောင်းမိပါတယ်။ ဘလော့ဂ် မရေးဖြစ်ပေမယ့် သုံးရက်ခြား တစ်ခါလောက်တော့ ဘလော့ဂ်ကို သွားကြည့်မိတယ်၊ အီးမေးလ် စစ်ဖြစ်ပါတယ်။ ကျနော် စာ လုံးဝ မရေးဖြစ်တဲ့ (၁၅) ရက်တာ ကာလအတွင်းမှာ လာရောက် လည်ပတ်သူ မပြတ် တွေ့ရတော့ အတော်လေး ဝမ်းသာ ပီတိ ဖြစ်မိပါတယ်။ မေးလ်လာစစ်တိုင်းလည်း ပေးထားတဲ့ ကွန်းမန့်တွေ ဖတ်ရတော့ အားတက်မိသလိုပဲ၊ လာလည်ပြီး အတွေးဗလာ ပြန်သွားရတဲ့ စာဖတ်သူတွေကိုလည်း အားနာမိတယ်။ ဒါကြောင့်လည်း အခု စာပြန်ရေးမယ် ဆိုတော့ ဘာမှ နိဒါန်း ပျိုးမနေတော့ဘဲ ပုံမှန် စာစရေးရင် ကောင်းမလား စဉ်းစားမိပြန်တော့ တစ်မျိုးကြီး ခံစားရတာနဲ့ ကျေးဇူးတင်ကြောင်း၊ အားနာကြောင်း၊ စာ စရေးတော့မှာ ဖြစ်ကြောင်း ရေးပြီး အရှိန်ယူလိုက်ဦးမယ်လို့ စိတ်ကူးမိတာကြောင့် ဒီပို့စ်ကို ရေးလိုက်ရပါတယ်။

ဒီ (၁၅) ရက် ခရီးစဉ်မှာ မကွေး၊ မန္တလေးနဲ့ မုံရွာ မြို့ သုံးမြို့ကို ရောက်ဖြစ်ပြီး မန္တလေးမှာ အချိန် အကြာဆုံး နေဖြစ်ခဲ့ပါတယ်။ (၂၁) ရက်နေ့မှာ မကွေးကို သွားပြီး (၂၄) ရက်နေ့ ညကြီးမိုးချုပ် မန်းကို ပြန်ရောက်ပါတယ်။ ဖေဖော်ဝါရီလ (၁) ရက်နေ့ နံနက်စောစော မုံရွာကို သွားခဲ့ပြီး (၂) ရက်နေ့မှာ ရန်ကုန် ပြန်ဆင်းလာခဲ့တယ်။ မန်းမှာ နေနေတုန်း ကာလအတွင်း ဦးဇင်း ဦးကောဝိဒနဲ့ ဆက်သွယ်ပြီး သူရဲ့ အခမဲ့ အင်တာနက် သင်တန်း ကျောင်းလေးမှာ သွားရောက်ပြီး (၄) ရက်တာ သင်ကြားပေးနိုင်ခဲ့ပါတယ်။ စစ်ကိုင်းမှာလည်း လိုက်သင်ပေးဖို့ ဦးဇင်းကို ကတိပေးထားပေမယ့် အချိန်ကြပ်တာကြောင့် ရက်ရွှေ့ပြီး ရန်ကုန် ပြန်လာခဲ့ရတယ်။ သင်တန်း အတွေ့အကြုံကိုတော့ နောက်မှ သီးသန့် ပို့စ်တစ်ပုဒ်အနေနဲ့ တင်ပြဖို့ စီစဉ်ထားပါတယ်။

ဒီတစ်ခေါက် မန်း ရောက်တော့ ထူးဆန်းတဲ့ မြင်ကွင်းတစ်ခုကို မြင်ခဲ့ရတယ်။ ကျနော်အတွက် ထူးဆန်းတာပေါ့နော်။ စာဖတ်သူ အနေနဲ့ ဆိုင်ကယ်မောင်း ပြိုင်ပွဲတွေ ရုပ်သံမှာ ကြည့်ဖူးလား မသိဘူး။ မကြည့်ဖူးလည်း ကျနော် နည်းနည်း ပြောပြမယ်ဗျ။ တာထွက်တဲ့ စည်းကို နင်းပြီး ဆိုင်ကယ်တွေ တန်းစီထားကြတယ်။ အားလုံးက ပြိုင်ပွဲဝင်ဖို့ တာဆူနေကြတယ်။ ဆိုင်ကယ်စက်နှိုးပြီး လီဗာ တဗျူးဗျူး တဗျင်းဗျင်းနဲ့ မီးပွိုင့် အလွတ်ကို ခေါင်းကလေး တမော့မော့နဲ့ စောင့်မျှော်နေကြတယ်။ ဘရိတ်အုပ်လျက် လီဗာ ပုတ်နေတာ ဆိုတော့ ဆိုင်ကယ်က ကြိုးချည်လျက် ပြေးဖို့ ကြိုးစားနေတဲ့ ခွေးတစ်ကောင်လို ရှေ့တိုးနောက်ငင်နဲ့ အတင်းကို မောင်းထွက်ဖို့ အားယူနေတယ်။ ဒိုင်လူကြီး အချက်ပြလို့ မီးပွိုင့်က စိမ်းပြီး ဆိုတာနဲ့ သူ့ထက်ငါ ဦးအောင် အပြိုင်အဆိုင် မောင်းထွက်ကြပါတော့တယ်။ အဲဒီ မြင်ကွင်းကို မြင်ချင်ရင် ကျနော်တို့ မန်းမြို့ရဲ့ လမ်းမတွေပေါ်မှာ ကြည့်နိုင်ပါတယ်။ မီးပွိုင့်က စိမ်းမယ်မှ မကြံသေးဘူး တဗျူးဗျူး တဗျဲဗျဲနဲ့ ထွက်ဖို့ အတင်း တာဆူနေတယ်။ စိမ်းပြီ ဆိုတာနဲ့ တာလွှတ်လိုက်တဲ့ ဆိုင်ကယ်တွေလို အလုအယက် သူ့ထက်ငါ အပြိုင်အဆိုင် တိုးဝှေ့ပြီး မောင်းထွက်ကြတယ်။ ယာဉ်ကလည်း များတော့ အဓိက လမ်းစုံတွေဆိုရင် နေ့ခင်းဘက် ယာဉ်ကြော ပြတ်တယ်ရယ်လို့ မရှိပါဘူး။ မီးပွိုင့် စိမ်းရာကနေ နီဖို့ မီးဝါလည်း လင်းရော အလှူမဏ္ဍပ် ပိတ်တော့မှာမို့ အတင်း တိုးဝင်နေတဲ့ လူတွေအတိုင်း မီးဝါကို မရမက ဖြတ်မောင်းတော့တယ်။ အဲဒီအချိန် လမ်းတစ်ဘက်ကလည်း မီးနီရာကနေ စိမ်းတော့မှာမို့ ဗျူးဗျဲနေတဲ့ ဆိုင်ကယ်တွေနဲ့ လမ်းလည်ခေါင်မှာ ထိပ်တိုက်တွေ့ကြပါရော။ ဒါ မန်းမြို့မှာ နေ့စဉ်နီးပါး မြင်တွေ့နေရတဲ့ မြင်ကွင်းပါ။ ဒါပေမယ့် ထူးဆန်းတာက ဘာဖြစ်လို့လဲ မသိဘူး။ ဒီတစ်ခေါက် မန်း ပြန်ရောက်တော့ မီးပွိုင့်က မီးစိမ်းလေး မှိတ်တုတ်မှိတ်တုတ် ဖြစ်ပြီဆိုတာနဲ့ ကိုယ်တော်ချော ဆိုင်ကယ်တွေက မီးအဝါကိုတောင် ဖြတ်မကူးတော့ဘဲ လမ်းထိပ်အရောက် တုန့်ခနဲ ရပ်လိုက်ကြတယ်။ အလွန် ထူးဆန်းတဲ့ မြင်ကွင်းပါတကား လို့ ကောက်ချက်ချမိတယ်။ မန်းလေးမှာ မီးဝါကို အတင်း ဖြတ်ကူးရင်း လမ်းတစ်ဘက်က ယာဉ်တွေ ခဏခဏ ပြဿနာတက်ကြတယ်။ အခုတော့ လမ်းဆုံတွေမှာ မီးပွိုင့်နဲ့ အသားကျနေတဲ့ မန်းသားတွေ မြင်ရတော့ အတော်လေး ဝမ်းသာမိပါတယ်။

မြန်မာနိုင်ငံရဲ့ စက်ဘီး မြို့တော်လို့ တချိန်က တင်စားခေါ်ဝေါ်ခဲ့တဲ့ မန္တလေးမြို့ဟာ အခုဆိုရင် နောက်ထပ် ဘွဲ့တစ်ခုဖြစ်တဲ့ ဆိုင်ကယ်မြို့တော် ဆိုတဲ့ ဘွဲ့ကို ထပ်မံ ဆွတ်ခူးလိုက်သလိုပဲ မန်းမြို့ လမ်းမတွေပေါ် ဆိုင်ကယ်တွေ ပလူပျံလို့ပါပဲ။ မန်းလေး တစ်မြို့တည်းကို ဆိုင်ကယ် အစီးရေ (၃၅၀၀၀၀) သုံးသိန်းခွဲ နီးပါး ရှိမယ်လို့ ယူဆမိပါတယ်။ တကယ်တမ်း ယာဉ်အရေအတွက်နဲ့ တိုင်းတာမယ်ဆိုရင် မန်းမြို့ဟာ ရန်ကုန်ထက် ယာဉ်အစီးရေ ပိုပါတယ်။ ရန်ကုန်မှာဆိုရင် ယာဉ်ရှုပ်ထွေးမှု ခဏခဏ ဖြစ်တာကြောင့် ကိုယ်ပိုင် အသိစိတ်နဲ့ပဲ လမ်းစည်းကမ်းတချို့ကို လိုက်နာဖို့ အသားကျနေပါပြီ။ အခု ဒီတစ်ခေါက် မန်းမြို့ ပြန်တော့ မန်းသားတွေအနေနဲ့ အသားကျနေတာ မြင်ရတော့ အတော်လေး ကျေနပ်မိတယ်။ စည်းကမ်းဆိုတာ ပြဌာန်းဖို့ ထားတာ မဟုတ်သလို၊ ဒါဏ်ခတ်ဖို့ ထားတာလည်း မဟုတ်ပါဘူး။ ကိုယ်ပိုင် အသိစိတ်နဲ့ လိုက်နာမှသာ စည်းကမ်းဆိုတာ အသက်ဝင်မှာပါ။

ကဲဗျာ ကျနော်လည်း ရောက်တတ်ရာရာ လျှောက်ပြောနေတာ ပို့စ်တောင် အတော်ရှည်နေပြီ။ ဒါနဲ့ စကားမစပ် ကျနော် ဒီလ (၁၂) ရက်နေ့ မန်းမြို့ကို ပြန်ဖြစ်ဦးမယ်။ ဒီတစ်ခေါက်ကတော့ အဖေဆုံးတာ တစ်နှစ်ပြည့်အတွက် ဆွမ်းကပ်ဖို့ စီစဉ်စရာ ရှိလို့ပါ။ နောက်တစ်ခေါက် ပြန်ဖြစ်ရင်လည်း (၁၅) ရက်လောက်တော့ ကြာဦးမယ်ထင်တယ်။ ကျနော် ဘလော့ဂ်ကိုတော့ ခွဲမသွားချင်ဘူး။ မန်းမြို့ကနေ ပို့စ်တင်နိုင်အောင် ကြိုးစားပါ့မယ်။ ကျနော် မနက်ဖြန်ကနေ စပြီး တန်ဖိုးရှိမယ့် ပို့စ်တွေကို စပြီး တင်တော့မယ်ဆိုတဲ့အကြောင်းလေး ပြောရင်း အရှိန်ယူတာလေး ရပ်လိုက်တော့မယ်။ အတော်လေးလည်း အရှိန်ရနေပြီ။ အဟတ် 😛