Sharing critical information

ဇနီးသည် ရေချိုးပြီးလျှင် ပြီးချင်း ခင်ပွန်းသည်ဟာ ရေချိုးဖို့ အခန်းထဲ ဝင်သွားတယ်။ အဲဒီအချိန် လူခေါ် ခေါင်းလောင်း မြည်လာတာကြောင့် ဇနီးသည်ဟာ ခန္ဓာကိုယ်ကို တဘက်နဲ့ပတ်ပြီး အောက်ထပ်ကို ပြေးဆင်းသွားတယ်။ သူ တံခါးဖွင့်လိုက်တော့ ဟိုဘက်အိမ်က မောင်ဇော်ကို မတ်တပ်ကြီး မြင်လိုက်ရတယ်။ သူ ဘာမှ စ မပြောခင်မှာပဲ မောင်ဇော်က
ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ရင် အခု ပါလာတဲ့ ဒေါ်လာ ၈၀၀ ပေးမယ်
လို့ ကမ်းလှမ်းလိုက်တယ်။

ခဏတာ စဉ်းစားလိုက်ပြီး အမျိုးသမီးဟာ ပတ်ထားတဲ့ တဘက်ကို ချွတ်ချလိုက်ပြီး ကိုယ်ဗလာနဲ့ မောင်ဇော်အရှေ့မှာ ရပ်နေလိုက်တယ်။ နည်းနည်းကြာမှ မောင်ဇော်က သူ့မှာ ပါလာတဲ့ ဒေါ်လာ ၈၀၀ကို လှမ်းပေးလိုက်ပြီး အိမ်ပြန်သွားတယ်။ အမျိုးသမီးဟာ ကြမ်းပြင်ပေါ်က တဘက်ကို ပြန်ကောက်ပတ်လိုက်ပြီး အိမ်ပေါ် ပြန်တက်လာတယ်။ သူ အခန်းထဲ ရောက်တော့ သူ့ ခင်ပွန်းသည်က “အောက်က ဘယ်သူလဲ” လို့ လှမ်းမေးလိုက်တယ်။ “တစ်အိမ်ကျော်က မောင်ဇော်ပါ” လို့ ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ခင်ပွန်းသည်က အားရဝမ်းသာနဲ့ ပြောလိုက်တာက
ဟေ … ဟုတ်လား။ ငါ့ကို ပေးစရာရှိတဲ့ ဒေါ်လာ ၈၀၀ နဲ့ပတ်သက်ပြီး ဘာပြောသွားသေးလဲ” တဲ့။

ဒီပုံပြင်လေး ဖတ်အပြီးမှာ မပြုံးဘဲ မနေနိုင်ပါဘူး။ အဲဒါ ဖတ်ပြီးတော့ ကျနော် တွေးလိုက်မိတာက လူတွေရဲ့ “လျှို” တတ်တဲ့ အကျင့်ပါ။ ကိုယ့်မှာ ရှိနေတဲ့၊ ကိုယ်သိတဲ့ သတင်းအချက်အလက်ကို သူများကို မပြောချင်ဘူး။ သူစိမ်းကို မပြောချင်တာ သိပ်မဆန်းပေမယ့် ကိုယ့်ရဲ့ ပါတနာ (partner) – သူငယ်ချင်းအရင်းလည်း ဖြစ်နိုင်တယ်၊ အိမ်ထောင်ဖက်လည်း ဖြစ်နိုင်တယ်၊ လုပ်ဖော်ကိုင်ဖက်လည်း ဖြစ်ချင်ဖြစ်မယ်၊ စီးပွားဖက်လည်း ဖြစ်နိုင်တယ် – ကို လျှို့ဝှက်တယ်ဆိုတာ အမြဲ ကောင်းကျိုး ရပါ့မလားလို့ စဉ်းစားမိတယ်။ ဒီပုံပြင်နဲ့ ပြောရရင်တော့ ဟိုကောင် မောင်ဇော် အချောင်နှိုက်ပြီး အမြတ်ထုတ်သွားတယ်။ တကယ်တမ်းဆိုရင် ကျနော်တို့မှာ ရှိတဲ့ အရေးကြီးတယ်လို့ ယူဆရတဲ့ အကြောင်းအချက်တွေကို အနည်းဆုံး ကျနော်တို့ရဲ့ မိတ်ဖက် ပါတနာကို ပြောပြထားသင့်ပါတယ်။ ဒါမှ ရှောင်လွှဲလို့ရနိုင်တဲ့ အန္တရာယ်ကို ကြိုမြင်နိုင်မှာပါ။

မဟောသဓာ ဇာတ်ထဲက မေးခွန်းတစ်ခုကို သွားသတိရမိတယ်။
လျှို့ဝှက်အပ်သော အမှုကို မည်သူ့အား ပြောသင့်သနည်း
တဲ့။ အမတ်ကြီးလေးယောက်က အဟော်သဓာကို ချောက်တွန်းပြီး မေးတဲ့ မေးခွန်းလေးပါ။ ကျနော် အမြင်နဲ့ ဖြေရရင်တော့ ယုံကြည်စိတ်ချရသူကို ပြောသင့်တယ်လို့ ထင်တယ်။ ဘယ်သူ့ကိုမှ မယုံဘူး ဆိုရင်တော့ ဘယ်သူမှ မပြောနဲ့ပေါ့။ မဟော်သဓာကတော့ ဘယ်သူ့ကိုမှ မပြောသင့်ဘူး လို့ ဆိုပါတယ်။ အပေါ် ပုံပြင်အရဆိုရင် ခင်ပွန်းသည်အနေနဲ့ သူ့ မိန်းမ အဲလို ဒုက္ခ ရောက်သွားမယ်လို့ သူ ဘယ်ထင်မလဲ။ ဒါပေမယ့် တကယ်လို့ သူသာ သူ့ မိန်းမကို ငွေချေးထားတဲ့ အကြောင်း ပြောထားမယ်ဆိုရင် မောင်ဇော်ရဲ့ လုပ်ကွက်ကနေ လွတ်နိုင်မှာတော့ သေချာပါတယ်။

စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု <> နိုင်ငံရေး မတည်ငြိမ်မှု

တိုင်းပြည်တွေအတွက် စီးပွားရေး တိုးတက်ဖို့ အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲ။ ဘောဂဗေဒ ပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ဖြတ်လမ်းနည်း၊ ဂါထာ မန္တန်တွေ ရှာမတွေ့သေးပါဘူး။ ဒီ အဆင့် ၁၊ ၂၊ ၃ ကို အစီအစဉ်တိုင်း လိုက်လုပ်ရင် ကြီးပွားတိုးတက်မယ်၊ မလုပ်ရင် မဖွံ့ဖြိုးဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အဟန့်အတားပါ။ အဲဒါတွေက သီးခြားစီ လေ့လာလို့ မရနိုင်အောင်ကို တစ်ခုနဲ့တစ်ခု ယှက်တင်ပြီး ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှာ အစိုးရအဖွဲ့အစည်းတွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ နောက်အစိုးရအသစ်ရဲ့ အစားထိုးခြင်းကို ခံနေကြရတယ်။ အာဏာသိမ်းခံလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အစိုးရအသစ်ပြောင်းသွားပြီး ဥပဒေ စနစ်တွေကအစ လမ်းကြောင်း ပြောင်းသွားတယ်။ အဲဒီလို နိုင်ငံမျိုးတွေမှာ စီးပွားရေး လုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက်တော့ ဒုက္ခတွေပါပဲ။ စဉ်းစားကြည့်ပါ။ တကယ်လို့ အပတ်တိုင်း ဆရာမအသစ်တစ်ယောက် ပြောင်းပြီး သင်ရိုးညွှန်းတမ်းကအစ လိုက်ပြောင်းနေရင် ကျောင်းသားတွေအတွက် ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ။ သေချာတာတော့ ဘယ်တော့မှ စာမတတ်တော့ပါဘူး။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်း ဘယ်လောက်ကောင်းကောင်းပါ။ ကုမ္ပဏီတွေ ကြုံတွေ့ရတဲ့ အခက်အခဲကလည်း အဲဒါလိုပါပဲ။

“ဖွံ့ဖြိုး တိုးတက်ဖို့ ဒါတွေ အစီအစဉ်တကျ လုပ်သွားပါ” လို့ အကြံဉာဏ် မပေးနိုင်ပေမယ့် ဘောဂဗေဒ ပညာရှင်တွေအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် တိုးတက်ဖို့ အဟန့်အတားတွေကို တင်ပြထားတယ်။ အဲဒီအထဲက နိုင်ငံရေး မတည်ငြိမ်မှု ကြောင့် ဖြစ်လာရတဲ့ အဟန့်အတားအကြောင်း နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှု မဖော်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ နိုင်ငံရေး တည်ငြိမ်ဖို့ ဆိုတာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို လက်ခံကျင့်သုံးဖို့လည်း လိုပါတယ်။ မတည်ငြိမ်ဘူးဆိုတာ အပြောင်းအလဲများခြင်းကို ဆိုလိုတာပါ။ အစိုးရအဖွဲ့ အမျိုးမျိုး ပြောင်းတာလဲ မတည်ငြိမ်တာ ဖြစ်သလို၊ အစိုးရအဖွဲ့တစ်ဖွဲ့တည်းကပဲ ဟောတစ်မျိုး၊ ဟောတစ်မျိုး ဥပဒေတွေ ပြောင်းနေတာလည်း မတည်ငြိမ်တာပါပဲ။ နောက်ပြီး ဥပဒေတွေ မပြောင်းဘဲ လုပ်ထုံးလုပ်နည်းတွေ မကြာမကြာ ပြောင်းနေတတ်တာလည်း မတည်ငြိမ်တာပါပဲ။ ဒါတွေ အားလုံးဟာ အုပ်ချုပ်မှုယန္တရား မတည်ငြိမ်မှုထဲမှာ ပါပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လို နည်းဗျူဟာတွေပဲ ချချ တည်ငြိမ်တဲ့ အစိုးရအဖွဲ့အစည်း ရှိဖို့က အင်မတန် အရေးကြီးပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ အဲဒီလို တည်ငြိမ်မှုမျိုး လိုအပ်နေပါတယ်။ တိကျတဲ့ ဥပဒေ၊ အဆင်ပြေတဲ့ လုပ်ထုံးလုပ်နည်းတွေကို အစိုးရအနေနဲ့ မချမှတ်နိုင်ခဲ့ပါဘူး။ လက်ရှိ အစိုးရအပေါ် အာဏာသိမ်းမှုတွေ၊ ဆန္ဒပြမှုတွေဟာ အဲဒီလို နိုင်ငံမျိုးတွေမှာ အမြဲလိုလို ကြုံတွေ့နေရပါတယ်။ ဥပမာတစ်ခုက ဆိုမာလီးယား နိုင်ငံပါ။ ၁၉၉၀ ကတည်းက နိုင်ငံတွင်း အုပ်စုတွေရဲ့ ပြည်တွင်းစစ်တွေကြောင့် နိုင်ငံဖွံ့ဖြိုးဖို့ ဘက်ကိုတောင် ခြေဦး မလှည့်နိုင်သေးပါဘူး။ တည်ငြိမ်တဲ့ အစိုးရ ဖွဲ့စည်းနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ အမေရိကန်နိုင်ငံက စစ်တပ်တွေ စေလွတ်ခဲ့ပေမယ့် ပြဿနာတွေက ပို ဆိုးသထက် ဆိုးလာခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၉၅ ခုနစ်မှာ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ စစ်တပ်ကို ပြန် ရုတ်သိမ်းခဲ့တယ်။ ဆိုမာလီးယားအတွက် တစ်ခုတည်းသော ဗဟိုအစိုးရ အခုထိကိုပဲ မရှိသေးပါဘူး။ နိုင်ငံရေး မတည်ငြိမ်မှုကို ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ တွေ့ရပြီး အာဖရိကနိုင်ငံတွေမှာ အများဆုံး တွေ့ရပါတယ်။

မတည်ငြိမ်မှုတွေဟာ အစိုးရအဖွဲ့အစည်းအတွက် လက်ရှိအာဏာကို စွန့်လွတ်ရလောက်အောင် မချိန်းခြောက်နိုင်ဘူးပဲ ထားဦး။ အဲဒီ ပြဿနာတွေကြောင့် တစ်ဦးချင်းစီရဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တစ်နည်းမဟုတ် တစ်နည်း အခက်ခဲဖြစ်စေတာ အမှန်ပါ။ တကယ်တမ်း အလုပ်ဖြစ်ဖို့ ဆိုရင် နိုင်ငံ့စီးပွားရေးအတွက် တာရှည်ခံမယ့် စည်းမျဉ်း ဥပဒေတွေ လိုအပ်ပါတယ်။

နိုင်ငံတွင်းက လူမှုရေး၊ ယဉ်ကျေးမှု မတူတဲ့ အုပ်စုတွေကြောင့်လည်း မတည်ငြိမ်မှုတွေ ဖြစ်တတ်ပါတယ်။ တိုင်းပြည်နယ်နိမိတ် သက်မှတ်ချက် အများစုဟာ ကိုယ့်ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံရဲ့ မူလသက်မှတ်ချက်တွေကို အခြေခံထားကြတာ များတယ်။ သက်ဆိုင်ရာ ယဉ်ကျေးမှုနဲ့ မတူတဲ့ လူမျိုးစု တွေရဲ့ နေထိုင်ရာ နယ်နိမိတ်အရ ပိုင်းခြားကြတာ မဟုတ်တော့ မတူတဲ့ ယဉ်ကျေးမှု နှစ်ခုကို တစ်နေရာတည်း ပေါင်းစပ်မိတာတို့၊ မတည့်တဲ့ လူမျိုးစုတွေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပဲ အဖွဲ့တွေကွဲပြီး နိုင်ငံတွင်း သူပုန်ထမှုတွေ၊ ပုန်ကန်မှုတွေ ဖြစ်လာရတော့တယ်။ ဥပမာအနေနဲ့ ပြောရရင် နိုင်ဂျီးရီးယား နိုင်ငံဟာ ဗြိတိန်ရဲ့ ကိုလိုနီ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တစ်ခုပါ။ မတူညီတဲ့ လူမျိုးစု သုံးခုနဲ့ ဖွဲ့စည်းထားတယ်။ မြောက်ပိုင်း Hausa Fulan ဒေသ၊ အနောက်ပိုင်း Yoruba ဒေသ နဲ့ အရှေ့ပိုင်း Ibo ဒေသပါ။ အဲဒီ ဒေသ သုံးခုလုံးဟာ ယဉ်ကျေးမှုပိုင်း သိသာထင်ရှားအောင် ကွာခြားနေတော့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ အမြဲလိုလို ဖြစ်တယ်။ ဒါကြောင့်လည်း စစ်တပ် အာဏာသိမ်းမှုတွေ အဆက်မပျက် ဖြစ်နေပါတယ်။ ဒေသ သုံးခုဟာ သီးခြား ရပ်တည်ခွင့် ရမယ်ဆိုရင် တိုးတက်မှု အလားအလာတွေ ရှိပေမယ့် အခုဆိုရင် ဗြိတိန်ရဲ့ စနက်ကြောင့် ဒေသတွေ အားလုံး စုစည်းပြီး နိုင်ငံတစ်ခုတည်းအနေနဲ့ သက်မှတ်ထားတာကြောင့် စီးပွားရေး တိုးတက်မှုဆိုတာ ဘယ်လိုမှ မျှော်မှန်းလို့ မရတော့ဘူး။

နိုင်ငံရေး မတည်ငြိမ်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိမလဲလို့ သိချင်ပါလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတိုင်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုက လိုကို လိုအပ်မှာပါ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လိုအပ်သလို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လည်း လိုပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှု ရှိမရှိဆိုတာ ထည့်ကို စဉ်းစားရမယ့် အချက်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးပညာရှင်တွေ ငှားရမ်းပြီး သက်ရောက်နိုင့်မယ့် အန္တရာယ် အတိုင်းအထွာကို လေ့လာကြမှာပါ။ တကယ်လို့ အန္တရာယ် တအား ကြီးမယ်ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ဘယ်တော့မှ လာပြီး မမြှုပ်နှံတော့ပါဘူး။

နိုင်ငံရေး မတည်ငြိမ်မှုဟာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကိုပါ ကန့်သတ်ပစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ ဝင်ငွေဖြန့်ဝေမှု အချိုးဟာ အလွန်ကိုပဲ ကွာဟလှတယ်။ အင်မတန်မှ ချမ်းသာလှတဲ့ လူနည်းစု ရှိသလို အစပေါင်း များစွာ များပြားလှတဲ့ ဆင်းရဲသားတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လူလတ်တန်းစား အတော်လေး နည်းတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံက လူကုံထံ လူ့ဘော်ကျော့ သူဌေးတွေအတွက် ဝင်ငွေအပိုအလျှံတွေ ရှိနေတာကြောင့် အဲဒီ ငွေတွေဟာ နိုင်ငံအတွက် မြှုပ်နှံဖို့ အလားအလာ ရှိတဲ့ ငွေကြေး၊ စုဆောင်းငွေတွေပါ။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သူတို့ရဲ့ ငွေကြေးတွေ ဆုံးရှုံးမှာ ကြောက်တာနဲ့ပဲ ထပ်ဆင့် ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်ကြပါလိမ့်မယ်။ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ဖြစ်တောင် အေးဆေး နေနိုင်ဖို့အတွက် တချို့သူတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ သွားပြီး မြှုပ်နှံကြပါတော့တယ်။ ကိုယ့် နိုင်ငံမှာ ရှိသင့်တဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုဟာ တခြား နိုင်ငံရဲ့ လက်ထဲကို ကျရောက်သွားတာကြောင့် ကိုယ့်နိုင်ငံဟာ ဆင်းရဲမြဲ ဆင်းရဲ နေရဦးမှာပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝင်ငွေ ဖြန့်ဝေမှုအချိုး ကွာဟလွန်းတာကလည်း နိုင်ငံရေး မတည်ငြိမ်မှုကို ဦးတည်သွားစေနိုင်ပါတယ်။ ဆင်းရဲသား အများစုအနေနဲ့ လက်ရှိ နိုင်ငံရေး စနစ်နဲ့ အခြေအနေအပေါ် နည်းနည်းလေးမှ ယုံကြည်မှု မရှိတော့ဘဲ ထိန်းသိမ်း မြှင့်တင်ဖို့အတွက်လည်း ဆန္ဒ မရှိကြတော့ပါဘူး။ တော်လှန် ပုန်ကန်မလား။ မလုပ်နိုင်စရာ အကြောင်းမရှိဘူးလေ။ သူတို့ ဒီထက် ဘာမှ ဆုံးရှုံးစရာမှ မရှိဘဲ။ ဒါကြောင့်လည်း စနစ်သစ်အတွက် အာမခံချက် ပေးထားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အပေါ်မှာ သူတို့ရဲ့ ဘဝနဲ့ ယုံကြည်ချက်ကို အပြည့်အဝ ပုံအပ်ပြီး လက်ရှိစနစ်ကို တွန်းလှန်ဖို့ တိုက်ပွဲ ဝင်နေတာကြောင့် ရလဒ်ဟာ မတည်ငြိမ်မှုကိုပဲ ပြန်ဦးတည်သွားပါတယ်။ မတည်ငြိမ်မှုရဲ့ အကျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ဘယ်လိုမှ အကောင်အထည် မပေါ်နိုင်တော့ပါဘူး။

လမ်းပေါ်မှ တရားများ

မနက် ၈ နာရီနဲ့ ညနေ ၆ နာရီ ဝန်းကျင် မန္တလေးမြို့ရဲ့ သိပ္ပံလမ်းမပေါ်မှာ ပြုံခဲအောင် သွားလာနေကြတဲ့ စက်ဘီးတွေ၊ ဆိုင်ကယ်တွေဟာ ကြက်ပျံမကျ များပြားလှတာ မန္တလေး ရောက်ဖူးသူတိုင်း သိပါလိမ့်မယ်။ မန္တလေးမြို့ဟာ လမ်းစုံလမ်းခွ များတဲ့ မြို့တစ်မြို့ ဖြစ်ပေမယ့် မီးပွိုင့် အင်မတန် နည်းပါတယ်။ မီးပွိုင့် နည်းရတဲ့အထဲ တကယ် အလုပ်လုပ်တဲ့ မီးပွိုင့်ဆိုတာ မန္တလေးမြို့မှာ ရှာမှရှားပေါ့။ မီးပွိုင့်မရှိတာနဲ့ အသားကျနေတဲ့ မန်းသူမန်းသားတွေကတော့ မီးပွိုင့်ရှိခြင်းကိုတောင် သတိ မထားမိတော့ပါဘူး။ ရပ်ကြည့်သွား ဆိုတဲ့ ဆောင်ပုဒ်ကို လိုက်နာတဲ့သူ ရှိသလို သွားကြည့်ရပ်ဆိုတဲ့ ခံယူချက်နဲ့ သွားလာနေတဲ့သူလည်း များသား။ တစ်ခါတုန်းက တာဝန်ကျနေတဲ့ သူငယ်ချင်း လမ်းပြပုလိပ်ကို တွေ့တော့ သူ့ကို လှမ်းနောက်ဖူးတယ်။ “ဟေ့ကောင်၊ မင်းက ယာဉ်တွေ အဲဒီလောက် ရှုပ်နေတာ လမ်းမရှင်းဘဲ ဘာချောင်ခိုနေတာလဲ” လို့ သူ့ကို ပြောလိုက်တော့ သူက ပြန်ပြောတယ်။ “မင်းကလဲကွာ သိရဲ့သားနဲ့။ သူဖာသာ သွားနေတာ အကောင်းသား။ ငါ ဝင်ပြလိုက်ရင် ပိုရှုပ်ကုန်မှာပေါ့။ ငါ ဝင်မပါတာ ငါ့ရဲ့တာဝန်ကို အကောင်းဆုံး ထမ်းဆောင်နေတာပဲကွ” လို့ ဆောဒက တက်တာကို မှတ်သားဖူးတယ်။ မှန်ပါတယ်။ မန်းမြို့ရဲ့ လမ်းတွေပေါ်မှာ ပုလိပ်တွေ လမ်းမပြရင် ယာဉ်ပိတ်ဆို့မှု မဖြစ်ဘူးဗျ။

ရန်ကုန်ကနေ လာတဲ့သူတွေ အမြဲပြောလေ့ရှိတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “မင်းတို့ မန်းကကောင်တွေ စည်းကမ်းကို မရှိဘူး။ ဆိုင်ကယ်ကို မောင်းချင်သလိုမောင်း၊ စက်ဘီးကို နင်းချင်သလိုနင်းနဲ့။ မျက်စိကိုနောက်နေတာပဲ။ ကားတောင် မမောင်းရဲဘူး” တဲ့။ အဲဒီလို ပြောခံရရင် ကျနော်တို့ မန္တလေးသားတွေ ပြန်ပြောလေ့ရှိတဲ့ စကားတစ်ခွန်းလည်း ရှိပါတယ်။ “ငါတို့ မန္တလေးမှာ နားလည်မှုရှိမှ မောင်းလို့ရတာကွ” ။ ဒီစကားပြောရင် သူတို့ နားကြားပြင်းကပ်ကြတယ်။ သူတို့ မမောင်းတတ်တာပဲ နားလည်မှု မရှိသလိုလို။ ရန်ကုန်သားတွေ အနေနဲ့ နားလည်မှု ဆိုတဲ့ စကားကို သဘောပေါက်မယ် မထင်ဘူး။ ကျနော်တို့တွေ လမ်းစုံကို ကူးတော့မယ်ဆိုရင် တခြားဘက်က ယာဉ်တွေရဲ့ အရိပ်အခြေကို ကြည့်လိုက်တယ်။ မလွတ်ဘူးဆိုရင် ကျနော်တို့ ရပ်လိုက်တယ်။ လွတ်ရင် ကူးတယ်။ အဝေးက လာတဲ့ယာဉ်ရဲ့ အရှိန်နဲ့ ဦးတည်ရာကို ခန့်မှန်းပြီး ကျနော်တို့ လွတ်မလွတ် ဆုံးဖြတ်တယ်။ တစ်ခါတလေ တစ်ယောက်ကိုတစ်ယောက် မျက်နှာရိပ် မျက်နှာခြေပြပြီး သူ့ကူးမလား၊ ကိုယ်ကူးမလား အပေးအယူလုပ်ပြီးမှ လမ်းဖြတ်ကူးတယ်။ အဲဒါ ကျနော်တို့ခေါ်တဲ့ နားလည်မှုပါ။ မန္တလေးမှာ နေချင်တယ်ဆိုရင်တော့ အဲဒီ နားလည်မှုကို တတ်မှ ဖြစ်မယ်။ ယာဉ်ရှင်းမှ ကူးမယ် ဆိုရင်တော့ တစ်သက်လုံး လမ်းမကူးပါနဲ့တော့။ ကျနော်တို့ မန္တလေးသားတွေပဲ သူတို့ သက်မှတ်တဲ့ ဖရိုဖရဲတွေကြားမှာ အသားကျနေသလားတော့ မသိ။

လမ်းဘေး ပလက်ဖောင်းဆိုတာ လူလျှောက်ဖို့လား၊ ဈေးရောင်းဖို့လား ဆိုတဲ့ မေးခွန်းကို ကျနော် စဉ်းစားနေတာ အတော်ကြာပြီ။ မန္တလေးမှာ ပလက်ဖောင်းဆိုတာ မရှိဘူးလို့ကို ပြောလို့ရတော့ ဒီမေးခွန်းကို ကျနော် ရန်ကုန်ရောက်မှ စဉ်းစားမိတာပါ။ အရင်ခေါ် ဖရေဇာ၊ အခုခေါ် အနော်ရထာလမ်းပေါ်မှာ လမ်းလျှောက်ဖြစ်ရင် ဒါမှမဟုတ် သိမ်ကြီးဈေးနား လမ်းလျှောက်ဖြစ်ရင် အမြဲ စဉ်းစားမိတယ်။ လမ်းပေါ်မှာ မောင်းနေတဲ့ ကားက လူကို ရှောင်ရတယ်။ ရှောင်ဆို လူတွေက ကားလမ်းပေါ် တက်လျှောက်နေတာကိုး။ ပလက်ဖောင်းပေါ် မလျှောက်ရ ကောင်းလားလို့လည်း အပြစ်တင် မစောပါနဲ့ဦး။ ပလက်ဖောင်းပေါ်မှာ ဖွင့်ထားတဲ့ ဆိုင်တွေကို ရှောင်ရလို့သာ လူတွေက လမ်းပေါ်ရောက်လာတာလေ။ အင်း …. ပလက်ဖောင်းပေါ်က ဆိုင်တွေကလည်း စည်ပင်ကို ရှောင်ရတယ်ဗျ။ တောင်းသလောက် မပေးနိုင်လို့လေ။ ဒီလိုနဲ့ပဲ ရန်ကုန်မြို့ကြီးက စည်ကားတာလား၊ ရှုပ်တာလား မသိနိုင်လောက်အောင်ကို ကားတွေ၊ လူတွေ၊ ဆိုင်တွေနဲ့ ရှုပ်ပွနေတယ်။ ကျနော်လည်း ရန်ကုန်မှာ ကိုးယိုးကားယားနဲ့ အသားကျနေပါပြီ။

တစ်နေ့ မထသက စီမံချက်တစ်ခု ချတယ်။ ကားမှတ်တိုင်တွေမှာ ဘတ်စ်ကားတွေ ကျောက်ချပြီး ထိုင်နေတာကြောင့် ဘတ်စ်ကားတွေ တစ်ပြီး လမ်းပိတ်တယ်။ ဒီတော့ လမ်းတလျှောက်လုံး ဘတ်စ်ကားတွေနဲ့ ပိတ်ပြီး ကိုယ်ပိုင်ကားတွေလည်း မသွားနိုင်ဘဲ ဖြစ်ရတယ်။ အဆိုးဆုံးကတော့ မဟာဗန္ဓုလလမ်းပေါ်က ကုန်ဈေးတန်း မှတ်တိုင်ပေါ့။ သိမ်ကြီးဈေးကလည်း အနီးနားမှာ ရှိတော့ အဲဒီလမ်း အမြဲလိုလို ကြပ်နေတတ်ပါတယ်။ နောက်ပြီး ကုန်ဈေးတန်းမှာ ကျောက်ချတဲ့ ဘတ်စ်ကားကလည်း များတော့ လမ်းအမြဲ ပိတ်တတ်တယ်။ အဲဒီလို လမ်းမပိတ်အောင်လို့ ဆိုပြီး ဘတ်စ်ကားတွေ ကျောက်ချလို့ မရအောင် ယာဉ်ထိန်းရဲတွေက လိုအပ်ရင် ဖမ်းဆီးဖို့ စီမံချက်နဲ့ အရေးယူပါတယ်။ တစ်နေ့က ကျနော် ဘတ်စ်ကားစီးရင်းနဲ့ ကုန်ဈေးတန်း မှတ်တိုင် မရောက်ခင် မီးပွိုင့်မှာ ပိတ်မိနေတာ နာရီဝက်လောက် ကြာပါတယ်။ သေချာ သတိထားကြည့်လိုက်မှ မီးပွိုင့် ပျက်နေမှန်းသိတယ်။ ရန်ကုန်မြို့က လမ်းတွေမှာ မီးပွိုင့်ပျက်ရင် သိတဲ့အတိုင်းပဲ။ ဟိုဘက်ကားနဲ့ ဒီဘက်ကား အလုအယက်မောင်းကြရင်း သူလည်း သွားလို့မရ ကိုယ်လည်း သွားလို့မရဖြစ်ပြီး လုံးဝ လမ်းပိတ်သွားတယ်။ လမ်းရှင်းပေးမယ့် ယာဉ်ထိန်းရဲက ဘယ်ရောက်နေလဲဆိုတော့ မှတ်တိုင်မှာ ကျောက်ချနေတဲ့ ဘတ်စ်ကားတွေကို ဖမ်းနေလေရဲ့။ အော် အော်။ တာဝန်ကျေပါပေတယ်။ နိုင်ငံတော်က ချမှတ်ထားတဲ့ လမ်းမပိတ်ရေး စီမံချက်ကို တတက်တအား ကူညီနေလိုက်တာ မီးပွိုင့်မှာ လမ်းပိတ်နေတာတောင် ဂရုမစိုက်အားပါလား။ တစ်ချိန်က မြန်မာစာ ပညာရှင်တွေ မြန်မာမှု ပြုထားတဲ့ “ယာဉ်ထိန်းရဲ” ဆိုတဲ့ ဝေါဟာရကို “ယာဉ်ဖမ်းရဲ” လို့ ပြောင်းပေးရင် ကောင်းမလား စဉ်းစားမိတယ်။

မိုးကုန်ပြီဆိုရင် ကျောက်ပေါက်ခွက် ဖြစ်နေတဲ့ ရန်ကုန်မြို့ကြီးမှာ ကားမောင်းရတာ အတော် စိတ်ညစ်စရာပါ။ ချိုင့်ခွက်တွေနဲ့ ပြည့်နေတဲ့ လမ်းမတွေပေါ် သွားလာနေရတဲ့ ကားတွေအတွက်လည်း သနားစရာ။ စည်ပင်သာယာအဖွဲ့ အနေနဲ့ မိုးကုန်ရင် လမ်းတွေ ပြန်ပြင်လေ့ရှိပါတယ်။ ဒါ သူတို့အနေနဲ့ နှစ်စဉ် လုပ်ရမြဲ လုပ်ငန်းစဉ် တစ်ခုပေါ့။ သူတို့ရဲ့ လုပ်ငန်းခွင်နား ရောက်သွားတိုင်း ကျနော်တို့ အမြဲ မြင်ရတတ်တဲ့ ဆိုင်းဘုတ်တစ်ခု ရှိပါတယ်။ “သတိ လမ်းပြင်နေသည်” တဲ့။ အဲဒီ ဆိုင်းဘုတ်ကို မြင်တိုင်း ကျနော် ဝေါဟာရ တစ်ခုကို သတိရမိတယ်။ “မပြန့်ပြူးခြင်း၊ မညီညာခြင်း” ဆိုတာပါ။ လမ်းတစ်လမ်းရဲ့ ကောင်းခြင်း အင်္ဂါရပ်ထဲမှာ ညီညာပြန့်ပြူးခြင်း ဆိုတာ ပါပါတယ်။ လမ်းတစ်လမ်းက ညီညာပြန့်ပြူးဖို့ လိုပါတယ်။ ဒါ လူတိုင်း နားလည်ပြီးသားပါ။ မညီညာတဲ့ အကြောင်းအရင်းထဲမှာ ချိုင့်နေတာ ဖြစ်နိုင်သလို၊ ဖောင်းနေ မို့မောက်နေရင်လည်း မညီညာတာပဲလေ။ ဘာဖြစ်လို့ ချိုင့်နေတဲ့ နေရာတွေကို မို့မောက်နေအောင် ပြင်ခင်းရသလဲ ဆိုတာ ကျနော် အခုထိ နားမလည်နိုင်သေးပါဘူး။ သူတို့ လမ်းတွေကို ညီညာအောင် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်နေတာကော ဟုတ်ရဲ့လား ဆိုတဲ့ သံသယ ဝင်မိတယ်။ ဒါဆိုလည်း “သတိ လမ်းပြင်နေသည်” ဆိုတဲ့ ဆိုင်းဘုတ်အစား “သတိ လမ်းဖာနေသည်” ဆိုတဲ့ ဆိုင်းဘုတ်ကို ပြောင်းသုံးစေချင်ပါတယ်။

ကျနော် ဘာတွေရေးနေမှန်း မသိဘူး၊ ဟိုရောက်လိုက် ဒီရောက်လိုက်နဲ့လို့ တချို့ ဖတ်ရင်း တွေးနေလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံ အခြေအနေကို သိချင်ရင် ပညာရှင်ရဲ့ ကောက်ချက်၊ သုံးသပ်ချက်တွေ လေ့လာ ဖတ်ရှုမှ မဟုတ်ပါဘူး။ လမ်းမပေါ်မှာ သွားရင်း လာရင်းနဲ့ကို အဲဒီ နိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေ၊ ကျင့်သုံးနေတဲ့ စနစ်ရဲ့ ဟာကွက်တွေ နဲ့ သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းရဲ့ လစ်ဟင်းချက်၊ အားနည်းချက်တွေကို သိနိုင်ပါတယ်။ အပေါ်မှာ ဖော်ပြထားတဲ့ စာတွေက မြန်မာနိုင်ငံရဲ့ လမ်းမပေါ်မှာ မြင်သာနေတဲ့ အမှန်တရားတွေပဲ မဟုတ်လား။ အဲဒါတွေဟာ အခြေအနေ အတော်များများကို ထင်ဟတ်နေမယ်လို့ ယူမိပါတယ်။

ဖြုန်းတီးခြင်း

အသိပညာ – အသုံးမချခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။
ကျနော်တို့ တစ်သက်လုံး ပညာတွေ သင်ပြီးရင်း သင်နေကြတယ်။ တချို့လည်း သင်ရင်းနဲ့ သေတော့မယ်၊ ထုတ်မသုံးဖြစ်သေးဘူး။ သူတို့ရဲ့ အဖြစ်က ဦးကပ်စေးနဲ့ တူနေတယ်။ ပိုက်ဆံတော့ ရှာတယ်။ မသုံးရက်ဘူး။ မသုံးဘဲ ရှာခြင်းက အချည်းနှီးပါ။ တစ်သက်လုံးပဲ ကျောင်းတက်စားတော့မလား ဆိုတာ မေးစရာ ဖြစ်နေတယ်။

လုပ်အား – သတိလက်လွတ် နေခြင်းဖြင့် ဖြုန်းတီးပစ်နေသည်။
တစ်နေ့တာ တစ်နေ့တာ လုပ်ခဲ့သမျှကို ပြန်ဆန်းစစ်ကြည့်ပါ။ ကိုယ် စိတ်ပါလို့ လုပ်လိုက်တဲ့ အလုပ် ဘယ်နှခု ရှိသလဲ။ မစိတ်ပါဘဲ လုပ်လိုက်မိတဲ့ အလုပ်တွေ ဘယ်နှခု ရှိလဲ။ လောဘ၊ ဒေါသ၊ မောဟ တွေနဲ့ စိတ်ခွန်အားတွေ ဖြုန်းတီးချင်တိုင်း ဖြုန်းတီးပြီး သတိလက်လွတ် လုပ်နေမိတဲ့ အလုပ်တွေ တစ်နေ့တာမှာ ဘယ်လောက် များနေသလဲ။

ပိုင်ဆိုင်မှု ဥစ္စာ – အကုသိုလ်ဖြင့် အလွဲသုံးစား လုပ်၍ ဖြုန်းတီးပစ်နေသည်။
ကျနော်တို့ရဲ့ ငွေကြေး၊ အဆင့်အတန်း၊ ရာထူး နဲ့ အာဏာတွေကို အာဃာတ၊ မာန၊ လက်စားချေမှု တွေအတွက် အပြည့်အဝ သုံးစွဲပြီး ကုသိုလ်ရေးအတွက် လက်နှေးနေကြတယ်။ လူအများစုဟာ လက်မောင်းဆန့်တန်းပြီး ဒေါသထွက်ဖို့ လွယ်သလောက် အခက်အခဲရှိသူကို လက်ကမ်းဖို့ကျ အတော်လေး ခက်ခဲတတ်ကြပါတယ်။

အချိန် – နောင်တ၊ တွေဝေမှု၊ သောကတို့ဖြင့် ဖြုန်းတီးပစ်နေသည်။
ပစ္စုပ္ပာန် အချိန်မှာ ဘယ်သူများ အချိန်ကြာကြာ နေဖူးကြပါသလဲ။ အတိတ်ကအကြောင်း စဉ်းစားချင် စဉ်းစား၊ မစဉ်းစားရင် အနာဂါတ်အကြောင်းနဲ့ အချိန်ကုန်နေကြတဲ့ လူတွေပဲ များမှာပါ။ လက်ရှိအချိန်တွေက နောင်တ နဲ့ တွေဝေမှုက စိုးမိုးထားတာ များတယ်။ အတိတ်က နောင်တအဖြစ်နဲ့ အသွင်းပြောင်းပြီး နေတယ်။ အနာဂါတ်က တွေဝေမှုအဖြစ် အသွင်ပြောင်းပြီး နေတယ်။ ဒီနှစ်ခုနဲ့ပဲ အများစုက ပစ္စုပ္ပာန်ကို အစားထိုး ထားကြတယ်။

သံပေါက်ကဗျာ စပ်နည်း

တီးခြင်းအစ၊ လက်ခုပ်က
ကခြင်းအစ၊ လက်မြှောက်က
သီချင်းအစ၊ သံပေါက်က

ဆိုတဲ့အတိုင်း သီချင်း၊ ကဗျာကို လေ့လာချင်သူတွေအတွက် ပထမဆုံးအနေနဲ့ သံပေါက်ကဗျာစပ်နည်းကို စပြီး နားလည်ဖို့ လိုအပ်ပါတယ်။ ဒီနေရာမှာ သီချင်းနဲ့ ကဗျာကို တစ်တွဲတည်း တွဲပြီး ဖော်ပြထားလို့ နည်းနည်းလေး ကြောင်အမ်းအမ်း ဖြစ်နေမယ် ထင်တယ်။ ကဗျာလင်္ကာ စပ်နည်းကို အခြေခံအားဖြင့် နှစ်မျိုး ခွဲထားပါတယ်။

  1. အက္ခရာ – ဂိုဏ်း၊ ဂရု – လဟု၊ ဒီဃ – ရဿ၊ အပိုဒ် – အပုဒ်၊ အအုပ် – အခံ၊ ကာရန် – အထား၊ လေသွား – လေယူ စတာတွေနဲ့ စီစစ်ဝေဖန်ပြီး ရေးစပ်ရတဲ့ ကဗျာစပ်နည်းတစ်မျိုး။
  2. နှဲမောင်း၊ ကြေးနင်း၊ ခွက်ခွင်းအစုံ၊ ဆိုင်းဗုံ၊ ပတ်ဗျော၊ တယော၊ စောင်းညှင်း၊ ဒုံမင်း၊ ပတ်သာ၊ လမ္ပရာ စတဲ့ တူရိယာအသံကို လိုက်ပြီး တီးလုံး၊ တီးကွက်၊ မှုတ်ချက်၊ မှုတ်နည်း၊ စည်းချက်၊ ဝါးချက်၊ ဒုံးချက်တွေနဲ့ ကိုက်ညီအောင် ရေးစပ်ရတဲ့ သီချင်းစပ်နည်းတစ်မျိုး။

သံပေါက်စပ်နည်း

(၁)အမည်ခေါ်တွင်ပုံ
(၂) အမျိုးအစား
(၃) အပိုဒ်အရေအတွက်
(၄) အက္ခရာ အလုံးအရေအတွက်
(၅) အစပ် ကာရန် ယူပုံ
(၆) လေပြင်း – လေလျှော့ (ဂရု – လဟု) ထည့်ပုံ
(၇) သတိထားသင့်သော အပြစ်များ
(၈) လေ့လာစရာ ဥပမာ သံပေါက်များ

(၁)အမည်ခေါ်တွင်ပုံ
သံပေါက်လို့ ခေါ်ရတဲ့ အကြောင်းက အသံကို ပေါက်အောင် ပေါ်ပေါ်လွင်လွင် ထင်ထင်ရှားရှား စပ်ဆို သီကုံးထားလို့ ဖြစ်ပါတယ်။

(၂) အမျိုးအစား
သံပေါက်ကဗျာမှာ ငါးလုံးချသံပေါက် နဲ့ ခုနစ်လုံးချ သံပေါက် ဆိုပြီး နှစ်မျိုး ရှိပါတယ်။

(၃) အပိုဒ်အရေအတွက်
သံပေါက် နှစ်မျိုးစလုံးမှာ ပထမပိုဒ်၊ ဒုတိယပိုဒ်၊ တတိယပိုဒ် ဆိုပြီး ပေါင်း သုံး ပဒ၊ သုံးပိုဒ်စီ ရှိပါတယ်။

(၄) အက္ခရာ အလုံးအရေအတွက်
ငါးလုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
  • ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
  • တတိယပိုဒ်မှာ အက္ခရာ ငါး (၅) လုံး

နဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း အက္ခရာ (၁၂) လုံး အတိအကျ ထားရှိရပါတယ်။

ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်မှာ အက္ခရာ လေး (၄) လုံး၊
  • ဒုတိယပိုဒ်မှာ အက္ခရာ သုံး (၃) လုံး၊
  • တတိယပိုဒ်မှာ အက္ခရာ ခုနစ် (၇) လုံး

နဲ့ ဖွဲ့စည်းထားပြီး စုစုပေါင်း အက္ခရာ (၁၄) လုံး အတိအကျ ထားရှိရပါတယ်။

(၅) အစပ် ကာရန် ယူပုံ
ငါးလုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ စတုတ္ထ အက္ခရာ နဲ့
  • ဒုတိယပိုဒ်ရဲ့ အဆုံးဖြစ်တဲ့ တတိယ အက္ခရာ နဲ့
  • တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊

အဲဒီ အက္ခရာ သုံးလုံးဟာ အစပ်ကာရန် တစ်မျိုးတည်း ထပ်ဟပ်နေစေရမယ်။ သဘောက

ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ ဝ ဝ

ခုနစ်လုံးချ သံပေါက်မှာ ဆိုရင်

  • ပထမပိုဒ်ရဲ့ စတုတ္ထ အက္ခရာ နဲ့
  • ဒုတိယပိုဒ်ရဲ့ တတိယ အက္ခရာ နဲ့
  • တတိယပိုဒ်ရဲ့ ဒုတိယ အက္ခရာ၊

အဲဒီ အက္ခရာ သုံးလုံးဟာ အစပ်ကာရန် တစ်မျိုးတည်း ထပ်ဟပ်နေစေရမယ်။ အဲဒီအပြင် တတိယပိုဒ်ရဲ့ စတုတ္ထ အက္ခရာ နဲ့ အဆုံးဖြစ်တဲ့ သတ္တမ အက္ခရာ နှစ်နေရာမှာလည်း အစပ်ကာရန် တစ်မျိုးတည်း တစ်ချက် ထပ်ပြီး ထပ်မိနေရမယ်။ သဘောက

ဝ ဝ ဝ x
ဝ ဝ x
ဝ x ဝ v ဝ ဝ v

အဲဒီလို အစပ်ကာရန်တွေ မှန်ကန်အောင် ဖွဲ့စပ်ထားတဲ့ အပိုဒ် သုံး ပိုဒ်ကို တစ်ပုဒ် အဖြစ်နဲ့ သက်မှတ်ပြီး သံပေါက်ကို တစ်ပုဒ်၊ နှစ်ပုဒ်၊ သုံးလေးပုဒ် ကိုယ် ကြိုက်သလို ရေးဖွဲ့နိုင်ပါတယ်။ တကယ်လို့ အပုဒ် အများကြီး ရေးသားမယ် ဆိုရင်တော့ ပထမအပုဒ်ရဲ့ အဆုံး ကာရန်နဲ့ ဒုတိယအပုဒ်ရဲ့ အဆုံးကာရံ စသဖြင့် အပုဒ်တိုင်းရဲ့ အဆုံးကာရန်က တစ်မျိုးတည်း ထပ်မိနေရပါဦးမယ်။

(၆) လေပြင်း – လေလျှော့ (ဂရု – လဟု) ထည့်ပုံ
သံပေါက် နှစ်မျိုးစလုံးမှာ ဘယ်နေရာ ဘယ်အက္ခရာမှာ လေပြင်း (သို့) လေလျှော့ ဖြစ်ရမယ်လို့ သက်မှတ်ထားချက် မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လေပြင်း (သို့) လေလျှော့ကို ဘယ်အက္ခရာ နေရာမှာပဲ ထားထား ရွတ်ဖတ်တဲ့အခါ ချောမော ပြေပြစ်နေတုန်းပဲ ဆိုတာ တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် သံပေါက် တစ်ပုဒ် တစ်ပုဒ်စီမှာ လေပြင်းချည်း သက်သက်၊ လေလျှော့ချည်း သက်သက် ထားပြီး မရေးသင့်ပါဘူး။ အဲဒီလို ရေးရင် ရွတ်ဖတ်လို့ မကောင်းတော့ပါဘူး။

(၇) သတိထားသင့်သော အပြစ်များ
သံပေါက်မှာ သတိထားစရာ အပြစ်နှစ်ခုက ဝဂ်နင်းအပြစ်နဲ့ ခွာထောက်အပြစ်ပါ။ အဲဒီ အပြစ်နှစ်ခုကို အကြမ်းဖျဉ်း ရှင်းပြပါ့မယ်။

  • ဝဂ်နင်းအပြစ်ဆိုတာ ကာရန်ယူတဲ့ အခါမှာ နီးနီးကပ်ကပ် ရှိနေတဲ့ အပိုဒ် နှစ်ပိုဒ်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ အဓိပ္ပာယ်က ကပ်လျက် အပိုဒ်နှစ်ခုမှာ အက္ခရာတူ ပြန်သုံးထားတဲ့ အပြစ်ပါ။ ရှေ့တစ်ပိုဒ်မှာ “ထန်” ကာရန်ကို ယူထားပြီး နောက်တစ်ပိုဒ်မှာလည်း “ထန်” ကာရန်ကို ပြန်ယူထားမယ်ဆိုရင် ဝဂ်နင်းအပြစ် သင့်ပါတယ်။
  • ခွာထောက်အပြစ် ဆိုတာကတော့ တစ်ပိုဒ်ကျော်မှာ အက္ခရာတူ၊ အသတ်တူ၊ အသံတူ ပြန်ယူထားတာကို ခေါ်ပါတယ်။ ပထမပိုဒ်မှာ “ထန်” ကာရန် ယူထားပြီး တတိယအပိုဒ်မှာလည်း “ထန်” ကာရန်ကိုပဲ ပြန်ယူထားရင် ခွာထောက်အပြစ် သင့်ပါတယ်။

ဒီသဘောတရားတွေက ကဗျာ စပ်သူတိုင်း သိပြီးသားလိုလို ဖြစ်ပေမယ့် သူရဲ့ terms အခေါ်အဝေါ်ကို သိစေချင်လို့ ပြန်တင်ပြလိုက်တာပါ။

(၈) လေ့လာစရာ ဥပမာ သံပေါက်များ
အပေါ်မှာ တင်ပြခဲ့တာကို ခြုံငုံကြည့်လို့ရအောင် ဥပမာတချို့ကို တင်ပြလိုက်ပါတယ်။

ငါးလုံးချသံပေါက်

နန္ဒမာလိနီ၊ ကျမ်းအဆီ၊ညီကြိုင်သင်းထုံ
ဟာသသညာ၊ စီကုံးရာ၊ ကဗျာညွန့်ပေါင်းစုံ
မှတ်ကြောင်းမှတ်အပ်၊ ဤနှစ်ရပ်၊ ရောစပ်သီကုံးခြုံ
ကဗျုပဒေ၊ သူ့အခြေ၊ ရှုလေနည်းဖုံဖုံ
သံပေါက်စပ်ဝယ်၊ တတ်အလွယ်၊ မှတ်ဖွယ်ဥဒါဟရုဏ်
သူ့နည်းစပ်မူ၊ ထပ်အတူ၊ မှတ်ယူကြံလင့်ကုန်

ခုနစ်လုံးချသံပေါက်

သံပေါက်စပ်ဖွယ်၊ အဓိပ္ပာယ်၊ အကျယ်ဖော်ပြ ယင်းသို့
အပိုဒ်ထုံးစံ၊ ထားရပြန်၊ ဧကန်ရှုကြ သုံးပ
စ ပိုဒ်လေးလုံး၊ လယ် ပိုဒ်သုံး၊ အဆုံး ငါးချခွန်လည်း
ပ စ ဒု သုံး၊ တ ဒု လုံး၊ ခွန်ဆုံး တုတ ကာရ န
ဤသည့်နမူ၊ သင်မှတ်ယူ၊ တဆူနေ ကဝိန

ချွင်းချက်သံပေါက်တချို့

ကြိယာခြောက်ဆယ်၊ အသွယ်သွယ်၊ အဘယ်ကျမ်းက ထွက်သနည်း။
သုံးဆယ့်သုံးသွယ်၊ ဗျည်းကကျယ်၊ ဘယ်သူ ဘယ်ဗျည်း စပ်သနည်း။
ကျယ်လျှင်ကားချဲ့၊ ပဲ့လျှင်ဖဲ့၊ နွဲ့လျှင်ကားသတ် ဘယ်ကြောင့်နည်း။
မှ – ရှင်နန္ဒဓဇဆို စွယ်စုံကျော်ထင်ကျမ်း

နွယ်ပန်း-ပန်းခွာညို၊ နှင်းစိုစို၊ ပြာသို ဆောင်းလရက်။
ပွင့်ခက်-ခက်လှစံ၊ မြချပ်ရံ၊ ဝတ်ဆံကြိုင်နံ့မျက်။
ရွှေချက်-ချက်မြှုပ်ရာ၊ မင်းဝံချာ၊ သီတာပတ်ရစ်လျက်။
မှ – လေခဝု​ဍ္ဎိကျမ်း

ဓါးသငယ် ရွှေခွေး၊ လက်တော်နွေး၊ မကွေးတောသီးယှက်၊ ရှလေ မင်းကြီးလက်။
မြင်းစိုင်းမြို့ရွှေနန်း၊ သာယာဆန်း၊ ရစ်သန်းသင်းတွဲမြောင်း၊ မြင့်မြတ် တောင်သာလျောင်း။
မှ – လေခဝု​ဍ္ဎိကျမ်း

ကိုးကားကျမ်းများ

  1. ကဗျာစွယ်စုံကျမ်းကြီး – ဓမ္မာစရိယ ဦးထွန်းရွှေ
  2. ကဗျာဖွဲ့နည်းနိသျည်း – ဒဂုန်ဦးစန်းငွေ
  3. အထက်တန်း မြန်မာကဗျာဖွဲ့နည်းကျမ်း – ဖိုးစိန်

လှူဒါန်းနိုင်ကြရန် ဆော်သြလိုက်သည်

၂၀၀၈ ခုနစ် ခရစ္စမတ်နေ့ က ဘလာဂေါက်တို့ ဦးစီးပြီး လုပ်တဲ့ My Web My Style ပွဲလေးမှာ ဦးဇင်း ဦးကောဝိဒကို စပြီး ခင်မင်ခဲ့ရပါတယ်။ စကားလက်စုံ ကျရင်း ဦးဇင်းရဲ့ ပညာဒါန အလှူတွေအကြောင်း ပြောဖြစ်ခဲ့ပါတယ်။ ကျနော့အနေနဲ့ လေးစားမိတာက တစ်ကြောင်း၊ အားကျမိတာက တစ်ကြောင်း၊ ကူညီပေးချင်တာက တစ်ကြောင်းကြောင့် ကျနော်ရဲ့ ဘလော့ဂ်မှာ အများအနေနဲ့ မုဒိတာ ပွားနိုင်သလို၊ တတ်စွမ်းသလောက် ဝိုင်းဝန်းဖေးမပေးဖို့ ကုသိုလ်ယူရန် လက်တို့လိုက်ရပါတယ်။

ဦးဇင်း ဦးကောဝိဒဟာ မြန်မာနိုင်ငံရဲ့ သာသနာအထွန်းကားဆုံး မြို့တစ်မြို့ဖြစ်တဲ့ စစ်ကိုင်းမြို့မှာ သီတင်းသုံးပါတယ်။ စစ်ကိုင်းမြို့ဟာ ဆိုရင် မြန်မာနိုင်ငံမှာ သာသနာ အနွယ်ဝင် သံဃာတော် အများဆုံး သီတင်းသုံးတဲ့ မြို့တစ်မြို့ ဆိုတာလည်း လူတိုင်း သိမှာပါ။ စစ်ကိုင်းမြို့မှာ ဆိုရင် သံဃာတော်၊ သီလရှင်တွေ အတွက် ပရိယတ်အဖြစ် ဗုဒ္ဓစာပေ သင်ကြားရာ တက္ကသိုလ်၊ စာသင်ကျောင်းတွေ အများဆုံး ရှိတဲ့ မြို့တစ်မြို့ ဖြစ်သလိုပဲ ပဋိပတ်အဖြစ် ဝိပဿနာတရား အားထုတ်ရာ ရိပ်သာ၊ တရားစခန်း အများဆုံး ရှိတဲ့ မြို့တစ်မြို့လည်း ဖြစ်ပါတယ်။ ဗုဒ္ဓစာပေ အဓိက ဖြန့်ချီရာ ဒေသလည်း ဖြစ်တဲ့ စစ်ကိုင်းမြို့ကို အနယ်နယ် အရပ်က သံဃာတော်တွေ အနေနဲ့ လက်လွတ်မခံဘဲ လာရောက် ဆည်းပူးကြရပါတယ်။ ဒါကြောင့်လည်း သာသနာနွယ်ဝင် အများစု မှီတင်းရာ ဒေသအဖြစ် စစ်ကိုင်းမြို့ဟာ ကမ္ဘာမှာ ထင်ရှားတာ လူတိုင်း သိပြီးသားပါ။

၂၁ ရာစုမှာ လူသားအဖြစ်နဲ့ အသက်ရှင်တဲ့ လူတွေအတွက် ကွန်ပြူတာ၊ အင်တာနက် ဆိုတာ ခန္ဓာကိုယ် အစိတ်အပိုင်း တစ်ခုလို မရှိမဖြစ် ဖြစ်နေပါပြီ။ သံဃာတော်တွေ အတွက်လည်း ချွင်းချက် မဟုတ်ပါဘူး။ သာသနာ ပြန့်ပွားဖို့ ကြိုးပမ်းတဲ့ အခါမှာ ဟိုး ခေတ်ဦးပိုင်းက သံဃာတော်တွေ သက်ဆိုင်ရာ ဒေသ တစ်ခုကို ကိုယ်တိုင်​ ကြွရောက်ပြီး သာသနာပြုရပါတယ်။ ဒီထက် လမ်းပမ်းဆက်သွယ်ရေး ကောင်းလာတဲ့အခါမှာ စာပေတွေ ရေးသား ဖြန့်ဝေပြီး သာသနာပြုပါတယ်။ နည်းပညာ တိုးတက်လာတော့ လေလှိုင်းပေါ်ကနေ ဂြိုလ်တု၊ တီဗီ၊ ရေဒီယို ကတဆင့် တရားတော်တွေ ထုတ်လွှင့်ပြီး သာသနာ ပြုနိုင်ခဲ့တယ်။ အခု အင်တာနက် ခေတ် ရောက်လာတော့ နိုင်ငံတကာမှာ ရှိတဲ့ သံဃာတော်တွေ သာသနာတော် ပြန့်ပွားဖို့၊ တည်တန့်ဖို့ အွန်လိုင်းကို အသုံးချပြီး လုပ်ဆောင်နေကြတဲ့ အချိန်မှာ ကျနော်တို့ မြန်မာနိုင်ငံအနေနဲ့ အတော်လေးကို အားနည်းနေတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ သံဃာတော်တွေ အနေနဲ့ အင်တာနက်နဲ့ အထိအတွေ့ မပြောပါနဲ့ ကွန်ပြူတာကို ထိတွေ့ဖို့ဆိုတာတောင် အတော်လေး ခက်နေပါသေးတယ်။ မြို့ကြီးတွေ ဖြစ်တဲ့ ရန်ကုန် မန္တလေးမှာတောင် ခက်ခဲနေတာပါ။ စစ်ကိုင်းမြို့ဆိုရင်တော့ တွေးကြည့်စရာတောင် မလိုတော့ပါဘူး။

အဲဒီ ခေတ်ရဲ့ ရေစီးနဲ့ အခက်အခဲကို သိတဲ့အပြင် ကူညီဖြေရှင်းဖို့ တတ်နိုင်တဲ့ဘက်က ကြိုးစား အားထုတ်နေသူကတော့ ဦးဇင်း ဦးကောဝိဒပါ။ ဦးဇင်းက စစ်ကိုင်းမြို့နဲ့ မန္တလေးမြို့မှာ တစ်လှည့်စီ ကွန်ပြူတာပညာရပ်တွေကို သူ တတ်သလောက် ပညာဒါနအနေနဲ့ ဖြန့်ဝေပေးနေတာပါ။ မန္တလေးမြို့ရဲ့ စေတနာအလှူရှင်ကြောင့် ဦးဇင်းအနေနဲ့ အွန်လိုင်း သင်ကြားခွင့်ရခဲ့ပါတယ်။ မန်းက အင်တာနက် ကဖေးတစ်ဆိုင်က ဦးဇင်းကို သင်ကြားဖို့ လှူဒါန်းတာကြောင့် မန်းက သံဃာတော်တချို့ကို ပညာဒါနအနေနဲ့ အင်တာနက်သင်တန်းအဖြစ် ဖွင့်လှစ် ပေးနိုင်ခဲ့ပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့မှာလည်း သင်တန်းခန်းမတစ်ဆောင် အနေနဲ့ သီးသန့် လုပ်ထားပြီး ကွန်ပြူတာအကြောင်းကို သင်တန်းအနေနဲ့ သံဃာတော်တွေအတွက် ပညာဒါန ဝေမျှ ပေးနိုင်ခဲ့ပါတယ်။ အဲဒီ သင်တန်းခန်းမရဲ့ ကြမ်းပြင်ကိုလည်း ညီလင်းဆက်ရဲ့ အကူအညီနဲ့ နိုင်ငံခြားမှ လှူဒါန်းငွေကြောင့် မကြာခင်က ကြမ်းခင်းထားပါပြီ။ သင်တန်းမှာ ကွန်ပြူတာ (၆) လုံးပဲ ရှိပါတယ်။ အဲဒီ ကွန်ပြူတာခြောက်လုံး နဲ့ပဲ အခု သင်တန်းသစ်တစ်ခု စတင်ဖို့ ကြံဆောင်နေတယ်လို့ ဦးဇင်းက မိန့်ပါတယ်။

သင်တန်းသစ်စမယ်လို့ သတင်းရတာနဲ့ စစ်ကိုင်းမြို့မှာ ရှိတဲ့ ကွန်ပြူတာ နည်းပညာ ငတ်မွတ်သူ၊ အင်တာနက် ငတ်မွတ်သူတွေ ဝိုင်းပြီး စာရင်း ပေးလိုက်တာ ကြေငြာပြီး မကြာခင်မှာပဲ လျှောက်လွှာတင်သူ ၅၀ ကျော်သွားလို့ ရပ်ဆိုင်းထားရပါတယ်။ ရပ်ဆိုင်းထားဆို ကွန်ပြူတာက (၆) လုံးတည်း ရှိတာဆိုတော့ စိတ်သွားတိုင်း ကိုယ်မပါတဲ့ ဦးဇင်းရဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိပါတယ်။ နောက်ပြီး စစ်ကိုင်းမြို့အနေနဲ့ လျှပ်စစ်မီး ကောင်းကောင်းရဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ လျှပ်စစ်မီး အချိန်များများ ရဖို့တောင် ဆုတောင်းဖို့ မလွယ်ပါ။ ဒါကြောင့် ကွန်ပြူတာရဲ့ အသက်ဖြစ်တဲ့ လျှပ်စစ်မီးက ရှိဖို့ အရေးကြီးနေပြန်ပါတယ်။ ဒါကြောင့် ဦးဇင်းအနေနဲ့လည်း မီးစက်ဝယ်ဖို့ စိုင်းပြင်းနေရပြန်တယ်။ ပညာဒါန အလှူလုပ်ဖို့ သင်ကြားတယ်ဆိုတော့ ပစ္စည်းပစ္စယ ဝယ်ဖို့ ငွေကြေးဆိုတာ အလှူရှင်ကိုပဲ အဓိက တည်မှီနေရတော့မှာပါ။ ဦးဇင်းကို မေးကြည့်တော့ မီးစက်ဝယ်ဖို့ ကျပ်ငွေ (၁၇) သိန်း လောက် လျာထားရမယ်လို့ မိန့်ပါတယ်။ နောက်ပြီး သင်တန်း အရှိန်ရဖို့ ကွန်ပြူတာ အလုံးရေ များဖို့ကလည်း အရေးကြီးပြန်တော့ ကွန်ပြူတာအလှူရှင်ကလည်း လိုအပ်နေပြန်ပါတယ်။

ဒီအခက်အခဲတွေ ကြားက ဘာကိုမှ မမှုဘဲ သူ့ရဲ့ ရည်ရွယ်ချက်နဲ့ စေတနာကို အကောင်အထည် ပေါ်ဖို့ပဲ အမြဲ ကြိုးစားနေတဲ့ ဦးဇင်းရဲ့ စိတ်ဓါတ်နဲ့ ဇွဲကို ကျနော် မလေးစားဘဲ မနေနိုင်ပါဘူး။ အားကျတယ်လို့လည်း ပြောလို့ရတယ်။ ဒါကြောင့် ဦးဇင်းရဲ့ ပညာဒါန သင်တန်းတွေ အမြဲ အဓွန့်ရှည် တည်တန့်စေနိုင်ဖို့ အလှူရှင်တွေ လိုအပ်နေတာ အမှန်ပါ။ ပြည်တွင်းမှာ ရှိတဲ့ သာမာန် ဝန်ထမ်းတစ်ယောက် အနေနဲ့ ငွေ တစ်သောင်း လှူဖို့ဆိုတာ အခက်အခဲ ရှိပေမယ့် ပြည်ပ ရောက်နေသူတွေအတွက် အခက်အခဲ သိပ်မရှိလောက်လို့ အကူအညီ တောင်းလိုက်ရပါတယ်။ တကယ်လို့ ပြည်တွင်းက လူတွေအနေနဲ့လည်း တတ်နိုင်သလောက် တစ်ထောင် နှစ်ထောင်ကအစ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ သင်တန်းကျောင်းအတွက် လက်တလော လိုအပ်နေတဲ့ ပစ္စည်းတွေကတော့

၁။ ကွန်ပြူတာ (လက်ရှိ ခြောက်လုံးသာ ရှိသည်)
၂။ သင်တန်းခန်းမ မျက်နှာကျက် (လုံးဝ မရှိသေးပါ)
၃။ ကြမ်းခင်းအုတ်ခင်း (ခန်းမ အရှေ့ပိုင်းကို ညီလင်းဆက်ကူညီသော အလှူနဲ့ အုတ်ခင်းပြီး)
၎။ ၁၀ ကီလိုဝပ်ထွက် မီးစက်တစ်လုံး (မီးမရှိလျှင် လုံးဝ သင်မရပါ။ လက်ရှိ လျှပ်စစ်မီးမှာ ပျက်တလှည့် မလာတလှည့်)
၅။ နည်းပညာပိုင်း ဆိုင်ရာ ပညာဒါန သင်ကြားပေးနိုင်သူ (မန်း သို့ စစ်ကိုင်းတွင် သင်ကြားပေးနိုင်သူ ဖြစ်ရန်လိုသည်)
၆။ အင်တနက် သင်တန်း သင်ကြားနိုင်ရန် အွန်လိုင်း သုံးစွဲခွင့် (အင်တာနက် ကဖေးဆိုင် တစ်ဆိုင်မှ သူ့ဆိုင်တွင် သင်ကြားနိုင်ရန် အချိန်ပိုင်း လှူဒါန်းထားသည်။ ထိုအလှူရှင်ကဲ့သို့ လှူဒါန်းနိုင်လျှင် ပိုကောင်းမည်။ သို့မဟုတ် တစ်နာရီ သုံးစွဲခ လျှော့ဈေးဖြင့် ညှိနှိုင်းပေးပါကလည်း အဆင်ပြေပါမည်။ သို့မဟုတ်ပါက အလှူငွေဖြင့် အင်တာနက် သုံးစွဲဖို့ စီမံရပါမည်)
၇။ ရေအေးစက် (အင်မတန်ပူသော စစ်ကိုင်းမြို့အတွက် လိုပါသည်)
၈။ အလှူငွေ (တခြား သင်တန်းအတွက် လိုအပ်ချက်များ စီမံဆောင်ရွက်ရန်)

လှူဒါန်းလိုသူများ ဆက်သွယ်ရန်
၁။ ဦးကောဝိဒ @mailto: kovida9@gmail.com
၂။ ပီကေ @mailto: pikay@myanmarbloggers.org
၃။ ညီလင်းဆက် @site: http://blog.nyilynnseck.com
၎။ မျက်လုံး @mailto: thethtoo@gmail.com
၅။ မင်းယွန်းသစ် @mailto: minnyoonthit@gmail.com
၆။ အရုပ်ကလေး @mailto: idulize@gmail.com

နိုင်ငံခြားမှ လှူဒါန်းလိုသူတွေအတွက် PayPal နှင့် UK Bank Account နှစ်မျိုးစလုံးနဲ့ လှူဒါန်းနိုင်ပါတယ်။ ဦးဇင်း ဦးကောဝိဒရဲ့ ကိုယ်ပိုင် ဘလော့ဂ်ကိုလည်း သွားရောက် လေ့လာနိုင်ပါတယ်။ ဦးဇင်း ဘလော့ဂ်မှာ ကျနော် အပေါ်မှာတင်ပြခဲ့တဲ့ ဦးဇင်းရဲ့ လှုပ်ရှားမှုတွေကို ဓါတ်ပုံနဲ့တကွ အသေးစိတ် ဖော်ပြထားပါတယ်။ သွားရောက်ကြည့်ရှု လေ့လာနိုင်ပါတယ်။ ကျနော်အနေနဲ့ တောင်းဆိုချင်တာက အလှူငွေမှ မဟုတ်ဘဲ ကူညီတဲ့အနေနဲ့ ဒီပို့စ်လေးကို တတ်နိုင်သလောက် ဖြန့်ဝေပေးစေချင်ပါတယ်။

အားလုံးကို လေးစားသောအားဖြင့်
ပီကေ

စက္ကန့်ပေါင်း (၃၁၆) သိန်းအတွက် ကျေးဇူးနော်

လွန်ခဲ့တဲ့ ၃၆၆ ရက်က ကျနော် သူ့ကို အဲဒါလေး ပေးလိုက်တယ်။ (မှတ်ချက် ။ ။ ၂၀၀၈ ခုနစ်သည် ရက်ထပ်နှစ် ဖြစ်သည်)

ဒီအတောအတွင်း တစ်ခါတစ်လေတော့လည်း အငြင်းအခုန်တော့ ဖြစ်ကြတာပေါ့။
ဘာပဲဖြစ်ဖြစ် ကုန်လွန်ခဲ့တဲ့ စက္ကန့်ပေါင်း (၃၁၆) သိန်း လိုလိုမှာ ကျနော်တို့ရဲ့ ဘဝဟာ ဒီလိုလေးပါ။


ဒါကြောင့် အဲဒီလို ဖန်တီးပေးတဲ့ သူ့အတွက် ကဗျာလေးတစ်ပုဒ်နဲ့ တင်စားလိုက်ပါတယ်။

ကျနော်တို့အတွက်ကတော့
ပါဗျာ။

This Post is dedicated to HER.

အမေနေ့ အမှတ်တရ

ဒီနေ့ဟာ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ အမေနေ့ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုနေ့မျိုးမှာ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ပုဒ်လောက် အမှတ်တရ ရေးမလား စိတ်ကူးမိပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ကျနော် ဟိုးအရင်ကတော့ အမေမေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ် (၂)ပုဒ် ရေးဖူးပါတယ်။ Mom’s Love ခေါင်းစဉ်နဲ့ နိုင်ငံခြား ကဗျာ တစ်ပုဒ်ကို ပြန်ဝေမျှ ဖူးသလို အမေ့ကိုယ်စား ဆိုတဲ့ ဘာသာပြန် ပို့စ်တစ်ပုဒ်လည်း တင်ခဲ့ဖူးပါတယ်။ ကျနော် အခု အမေနေ့ အမှတ်တရ ပို့စ်တစ်ပုဒ် တင်မယ်ဆိုတော့ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာက အမေ ဆိုတဲ့ ဝေါဟာရ အကြောင်းပါ။ ကမ္ဘာအရပ်ရပ်က သုံးနေတဲ့ “အမေ” ဆိုတဲ့ ဝေါဟာရ အတော်များများဟာ ထူးဆန်း အံ့သြဖို့ ကောင်းလောက်အောင် လာဆင်နေပါတယ်။ ကမ္ဘာပေါ်မှာ အသံထွက်အနေနဲ့ အဆင်ဆုံး ဝေါဟာရလို့ သက်မှတ်နိုင်ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာတော့ ပါဠိ ဝေါဟာရ ဖြစ်တဲ့ “မာတာ” ဆိုတဲ့ စကားလုံးနဲ့ လက်တင် ဝေါဟာရ “Mother” နဲ့ဟာ အသံထွက်အားဖြင့် လုံးဝ ချွတ်စွတ် တူနေတာကို အံ့သြဖွယ် တွေ့ရမှာပါ။ လက်တင်ဘာသာမှာ သွားတူနေတာကြောင့် လက်တင်ဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေမှာ လာတူနေတဲ့ အပြင် ပါဠိဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေ အားလုံးမှာလည်း အသံထွက်တူတဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်တူအများဆုံး ဝေါဟာရ အနေနဲ့ “အမေ” ဆိုတာ ပညာရှင်အားလုံး အကန့်အကွက် မရှိ သဘောတူထားကြတယ်။ ဝေါဟာရချင်းပဲ တူသလားဆိုတော့ အမေကို ချစ်ကြတာချင်းလည်း အတူတူပါပဲ။

ကျနော် အဲဒီ ဆောင်းပါးကို သေချာ မစုဆောင်းလိုက်ရတော့ အခု ပြန်လိုချင်တဲ့အချိန် အခက်တွေ့ရတာပေါ့။ ဒါကြောင့် အခု တင်ပြချင်တာတောင် မူရင်း ဆောင်းပါးထဲကလို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်တော့ပါဘူး။ ကျနော် တွေ့ရှိထားသလောက်ပဲ မျှဝေလိုက်ရပါတယ်။ အင်္ဂလိပ်တွေ သုံးတဲ့ “Mother” ဆိုတဲ့ စကားလုံးဟာ ပါဠိမှာ “မာတာ” လို့ သုံးကြောင်း တင်ပြပြီးပါပြီ။ နောက်ဆက်ပြီး တင်ပြချင်သေးတာက
  • mom, mommy ကို မြောက်အမေရိက နိုင်ငံ အများစု (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) မှာ သုံးပါတယ်။ ဗြိတိန်နိုင်ငံ West Midlands မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးတာ တွေ့ရတယ်။
  • mum, mummy ကို ဗြိတိန်၊ နယ်သာလန်၊ သြစတေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေမှာ သုံးပါတယ်။
  • Ma, Mam, Mammy ကို အိုင်ယာလန် နိုင်ငံမှာ သုံးပြီး ဗြိတိန် နဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရံဖန်ရံခါ သုံးလေ့ ရှိပါတယ်။
  • Maa, Amaa, Maataa ကို အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံမှာ သုံးပါတယ်။ မြန်မာနိုင်ငံမှာ တချို့ တိုင်းရင်းသား လူမျိုးစုတွေမှာ သုံးတာ တွေ့ရပါတယ်။
  • Mama ကို နိုင်ငံ အတော်များများမှာ သုံးပြီး အထူးသဖြင့် စပိန် ကိုလိုနီ ကျရောက်ဖူးတဲ့ နိုင်ငံတွေမှာ အများဆုံး သုံးပါတယ်။

တခြား ဘာသာစကားတွေမှာလည်း အသံထွက် တူတာ၊ ဆင်တူတာတွေ ရှိပါသေးတယ်။

  • mama ကို ပိုလန် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာ သုံးတယ်။
  • māma ကို တရုတ်ဘာသာစကားမှာ သုံးတယ်။
  • máma ကို ချက်နိုင်ငံမှာ သုံးတယ်။
  • maman ကို ပြင်သစ်နဲ့ ပါရှန်း ဘာသာစကားမှာ သုံးတယ်။
  • mamma ကို အီတလီနိုင်ငံမှာ သုံးပါတယ်။
  • mãe ကိုတော့ ပေါ်တူဂီတွေ သုံးတယ်။
  • Ami ကို ပန်ဂျက် ဘာသာစကားမှာ သုံးပါတယ်။
  • mama ကို ဆွာဟီလီ ဘာသာစကားမှာ သုံးပါတယ်။
  • eema (אמא) ကို ဟီဘရူး ဘာသာစကားမှာ သုံးပါတယ်။
  • umma (엄마) ကိုတော့ ကိုရီးယား ဘာသာစကားမှာ သုံးပါတယ်။
  • Mama ကို ဂျပန်နိုင်ငံမှာတော့ အင်္ဂလိပ်တွေဆီက ငှားရမ်း သုံးစွဲပါတယ်။
  • တောင်အာရှ တစ်ကျောမှာ ရှိတဲ့ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အမေကို amma (သို့) oma (သို့) ammi (သို့) ummi တို့အပြင် တခြား သံတူကြောင်းကွဲ ခေါ်ဝေါ်ကြတာတွေ အများကြီး ရှိပါတယ်။

ဘာသာစကားဆိုတာ ပင်မ ရိုးတံ တစ်ခုကနေ အများကြီး အများကြီး ဖြာဆင်းတာ ဆိုပေမယ့် နှစ်ပေါင်း ထောင်နဲ့ချီ ကြာလာတဲ့အခါမှာ ရာသီဥတု၊ အစားအသောက်၊ ရေခံမြေခံ ပေါ်မူတည်ပြီး အာတွေလျှာတွေ ကွာသွားတာကြောင့် အသံထွက် ဝေါဟာရတွေ ရွေ့လျားပြီး လာလိုက်တာ အခုဆိုရင် ဘာသာစကားပေါင်း ပင်မ (၇၃၀၀) မျိုး နဲ့ အခွဲ (၃၉၄၉၁) မျိုး ရှိသွားပါပြီ။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဘာသာစကားတွေ တစ်ခုကနေတစ်ခု ဘယ်လိုပဲ ရွေ့လျားရွေ့လျား ဘာသာစကားရဲ့ ထက်ဝက်မကတဲ့ အရေအတွက်မှာ “အမေ” ဆိုတဲ့ အသံထွက်နဲ့ အသုံးဟာ တူနေဆဲဆိုတာ ဘာကို ဆိုလိုနိုင်ပါသလဲ။ ကျနော် ထင်တာကတော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်ဘာသာတရား နဲ့ ဘယ်ခေတ်မှာမဆို မိဘမေတ္တာ အားလုံးဟာ တူညီကြပြီး ဘယ်တော့မှ မပျောက်မပျက် မယုတ်မလျော့ ပဲ ထာဝရ တည်နေနိုင်လို့ ပဲလို့ ယူဆမိပါတော့တယ်။

မြန်မာစာပေ ကောက်ကြောင်းများ (၂)

ကျနော် လွန်ခဲ့တဲ့ ၂၀၀၈ စက်တင်ဘာလတုန်းက မြန်မာစာပေ ကောက်ကြောင်းများ ဆိုတဲ့ နာမည်နဲ့ အပိုင်း (၁) ဆိုပြီး ရေးဖူးပါတယ်။ အပိုင်း (၁) လို့ စပြီး နာမည်တပ်လိုက်တာက ရေးစရာ အများကြီး ရှိမယ်ဆိုတာ သေချာနေတာကို။ အခုတော့ ဗဟုသုတ ရစရာ အနေနဲ့ ကျနော် အပိုင်း (၂) အဖြစ် ထပ်ပြီး မျှဝေ ပေးချင်ပါတယ်။ အခု တင်ပြမယ့် စာတွေက ဆရာ အောင်သင်းရဲ့ တိုလီမိုလီစာပေ ဆိုတဲ့ စာအုပ်ထဲက ထုတ်နုတ် ကိုးကားသွားမှာပါ။

ဒီတစ်ပတ် ပြောချင်တာကတော့ “စာရင်း” ဆိုတဲ့ စကားလုံးပါ။ စာရင်းဆိုတဲ့ စကားလုံးကို ကျနော်တို့ နားလည်ထားတာက အကြောင်းအရာ တစ်ခုခုနဲ့ ပတ်သက်ပြီး အစီအစဉ်တကျ မှတ်သားထားတဲ့ အမှတ်အသားကို ခေါ်တာပါ။ မြန်မာအဘိဓာန်မှာလည်း “အမျိုးအမည်၊ အရေအတွက် တို့ကို ရေးမှတ်ထားချက်” လို့ အနက်ဖွင့်ပါတယ်။ ဒါပေမယ့် ခေတ်ဘန်းစကားမှာ ရှိတဲ့ “စာရင်းရှုပ်” ဆိုတဲ့ စကားလုံးကျ မူရင်းအဓိပ္ပာယ်ကို သွေဖယ်သွားတယ်။ “ဇယားရှုပ်” ဆိုတဲ့ စာလုံးနဲ့ အဓိပ္ပာယ် တူပါတယ်။ ခပ်လွယ်လွယ် ပြောရရင် “အလုပ်ရှုပ်တယ်” ဆိုတဲ့ အဓိပ္ပာယ်ပါ။ “ပြဿာနရှာတယ်”ဆိုတဲ့ အဓိပ္ပာယ်လည်း သက်ရောက်တတ်ပါတယ်။ ဒီအဓိပ္ပာယ်ကို လူတိုင်းလိုလို နားလည်မှာပါ။ ဒါပေမယ့် ဒီစကားလုံးရဲ့ မူလရင်းမြစ် အဓိပ္ပာယ်ကို မေးမယ်ဆိုရင် သိတဲ့သူ အတော်လေး နည်းနေပါလိမ့်မယ်။ မူလရင်းမြစ် အဓိပ္ပာယ်ကို ပြန်လှန်နိုင်ဖို့ ရှင်မဟာသီလဝံသရဲ့ “တိုင်းပြည်စည်ကားကြောင်း တရားခုနစ်ပါး” ထဲက စာသားတချို့ကို ပြန်ကောက်ပါရစေ။

ရှေးကလာသော မင်းစဉ်စာရင်းအလျောက် ကျင့်ပေးခြင်းသည်ကား ပြည်ထဲက အစီးအပွား အလို့ငှာပေတည်းဟု နှစ်လိုဝမ်းသာ ဖြစ်ကြလေကုန်ရာ၏

အထက်က စာပိုဒ်မှာ သုံးထားတဲ့ “မင်းစဉ်စာရင်း” ကို ကျနော်တို့ ခေတ်သဘောနဲ့ နားလည်ကြည့်မယ် ဆိုရင် မင်းတွေရဲ့ နာမည်ကို အစဉ်အတိုင်း စီတန်းပြီး ချရေးထားတဲ့ ရေးမှတ်ချက်လို့ ယူဆမိမှာပါ။ တကယ်လို့ သူ့ အပေါ်စာပိုဒ်ရဲ့ စကားသွားကို အသေအချာ နားလည်မယ်ဆိုရင် အဲဒီလို ဆိုလိုတာ မဟုတ်ဘူးလို့ ဘွင်းဘွင်းကြီး ပေါ်လာပါလိမ့်မယ်။ ဆရာတော်က တိုင်းပြည်တစ်ပြည် စည်းကားဖို့ အကြောင်းအရင်းထဲမှာ အတုတ်၊ အခွန် ကင်းခ တွေကို ရှေးယခင် မင်းတွေ ပြဌာန်းထားတဲ့ ပုံစံအတိုင်း ကောက်ခံရမယ်၊ ပိုမတောင်းရဘူး ဆိုတဲ့ အချက်ကို ထည့်သွင်းထားပါတယ်။ ဒီတော့ စာရင်းဆိုတာ “စာအရင်း၊ ရင်းမြစ်မူလက” ဆိုတဲ့ သဘောကို သက်ရောက်စေပါတယ်။

အညာ လူကြီးတွေ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “လူချင်းချစ်ရင် သက္ကရာဇ် နာနာကန်” တဲ့။ အထူးသဖြင့် ငွေကြေး အချေးအငှား လုပ်ကြတဲ့အခါ ချေးငွေဆပ်ငွေ စတာတွေကို ရက်စွဲနဲ့တကွ မှတ်ကြတဲ့ အခါမျိုးမှာ သုံးလေ့ ရှိပါတယ်။ အထက်က စာကြောင်းမှာ “ကန်” ရဲ့ အဓိပ္ပာယ်ကို ဆန်းစစ်ကြည့်တော့ “ရေးတာမှတ်တာ” လို့ ဆိုကြပါတယ်။ “စာရင်းလုပ်သည်” သက္ကရာဇ်ကန်သည်” လို့ သုံးတတ်ကြတယ်။ လူတစ်ယောက်က ငွေတစ်သောင်း ချေးပြီး မကြာခင်မှာ ခြောက်ထောင် ပြန်ဆပ်တယ်။ နောက်ပြီး ငွေလေးထောင် ထပ်ချေးပြန်တယ်။ နောက်ပြီး ငွေသုံးထောင် ပြန်ဆပ်တယ်။ အဲဒီလို အချေးအဆပ်တွေ ရှုပ်လာတဲ့အခါ မှတ်တမ်း အတိအကျ မရှိရင် ငြင်းကြခုံကြနဲ့ အခင်အမင်တွေ ပျက်ပြီး လူချင်း မုန်းတဲ့အထိ ဖြစ်တတ်ကြတယ်။ ဒါကြောင့် ချစ်ခင်နေကြတဲ့သူတွေ မုန်းမသွားရအောင် ဆပ်ငွေချေးငွေ ပမာဏ၊ နေ့စွဲ အတိအကျကို မှတ်တမ်းတင်ကြဖို့ သတိပေးထားတဲ့ စကားဖြစ်ပါတယ်။ နောက်ပိုင်း သတိမေ့ ပေါ့လျော့ အငြင်းပွားလာကြရင် ကိုယ် မှတ်ထားတဲ့ “မူရင်းစာ” “စာအရင်း” (စာရင်း) ကို ပြန်ပြီး ကြည့်ကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ဆရာတော် ရှင်မဟာသီလဝံသရဲ့ “မင်းစဉ်စာရင်း” ဆိုတာ ရှေးမင်းတွေ အစဉ်အဆက် ကျင့်သုံးခဲ့ကြတဲ့ မှတ်တမ်းမူရင်း ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်နေပါတယ်။ ဒီကနေ့ခေတ် ကျနော်တို့ သုံးနေကြတဲ့ “စာရင်း” ရဲ့ အဓိပ္ပာယ်နဲ့ နှိုင်းယှဉ်ကြည့်လိုက်မယ် ဆိုရင် ဝေါဟာရတွေရဲ့ အနက်ရွေ့လျောတတ်ပုံကို သတိပြုမိလိမ့်မယ်လို့ ယူဆမိပါတယ်။

ဆက်နွယ်ပို့စ်များ – မြန်မာစာပေ ကောက်ကြောင်းများ (၁)

ကူညီချင်စိတ်

အဖိုးအိုတစ်ယောက်ဟာ တောင်ပေါ် မြို့လေးတစ်မြို့မှာ အဖော်မရှိ တစ်ယောက်တည်း နေလေရဲ့။ သူ့မှာ စိုက်ခင်းတစ်ခင်း ရှိပေမယ့် ထွန်ယက်ဖို့တောင် ခွန်အား မရှိရှာဘူး။ သူ့အတွက်တော့ အင်မတန်မှ ခဲယဉ်းတဲ့ အလုပ် ဖြစ်နေတယ်။ သူ့ကို ကူညီနိုင်မယ့် တစ်ဦးတည်းသော သားကလည်း ထောင်နန်းစံနေလေတော့ မတတ်နိုင်တဲ့အဆုံး ငြီးတွားတဲ့ အနေနဲ့ပဲ အခြေအနေမှန်ကို သိရအောင် သူ့သားစီ စာတစ်စောင် ရေးလိုက်တယ်။

ချစ်သား

အဖေ အတော်လေး နေရခက်နေတယ်။ ဒီတစ်နှစ်တော့ စိုက်ခင်းမှာ ပန်းပင်တွေ မစိုက်နိုင်တော့ဘူး ထင်ပါတယ်။ ဒီလို မလုပ်နိုင်လို့ ကိုယ့်ကိုယ်ကို နားကျည်းမိတယ် သားရယ်။ ဘာလို့လဲဆိုတော့ မင်းမေမေ ဆိုရင် ဒါမျိုး သစ်ပင်ပြုစုရတဲ့ အချိန်လေးတွေကို သိပ်သဘောကျတာလေ။ ဒီစိုက်ခင်းမှာ မြေရှင်း၊ ပေါင်းသင် ထယ်ထိုးဖို့အတွက် ခွန်အားတွေ ဘယ်မှာ ရှိတော့မှာလဲ သားရယ်။ အဖေဟာ အသုံးမဝင်တော့တဲ့ လူအိုကြီး ဖြစ်နေပါပြီ။ လူလေးသာ ဒီမှာ ရှိနေမယ်ဆိုရင် အဖေ ဒါတွေ ဘယ်ပူရတော့မလဲနော်။ မင်းသာ ထောင်မကျခဲ့ရင် အဖေအစား ထယ်ထိုးပေးနေမှာ မြင်ယောင်မိပါတယ်။

ချစ်တဲ့
အဖေ

များမကြာခင်မှာပဲ အဖိုးအိုဆီကို ကြေးနန်းတစ်စောင် ရောက်လာတယ်။

“ဟာ … အဖေ၊ လျှောက်မလုပ်နဲ့နော်။ မြေကြီးတွေ လျှောက်မတူးနဲ့ဦး။ သား အဲဒီအောက်မှာ သေနပ်တွေ မြှုပ်ထားတာ။
နံနက် ၄ နာရီ “

နောက်နေ့ မနက်မှာပဲ စစ်တပ်နဲ့အတူ ရဲတွေ အများကြီး အဖိုးအိုဆီ ရောက်လာတယ်။ စိုက်ခင်းကြီး တစ်ခုလုံးကို မြေလှန်ပြီး ရှာလိုက်တာ ရစရာကို မရှိဘူးလေ။ ဒါပေမယ့် ဘာ သေနပ်မှ မတွေ့လို့ ပြန်သွားလေရဲ့။

အင်မတန် ခေါင်းရှုပ်သွားတဲ့ အဖိုးအိုက ဖြတ်ပျက်သမျှကို စာတစ်စောင် ရေးပြီး သူ့သားဆီ ပို့လိုက်တယ်။ ဘာဆက်လုပ်ရဦးမလဲ ဆိုတာလည်း မေးထားတယ်။

သားလုပ်သူ စာပြန်လိုက်တာက

“အားလုံး အဆင်ပြေသွားပြီပဲ အဖေ၊ ပျိုးပင်တွေ စ စိုက်လို့ရပြီပေါ့။ ဒါ သား အတတ်နိုင်ဆုံး ကူညီလိုက်တာပါ အဖေ။”

xxxxxx ဝဝဝဝဝဝ xxxxxx

ဒီပုံပြင်လေးကို ဖတ်လိုက်ရပြီး ကျနော် ပြုံးမိပါတယ်။ အရင်တစ်ခါက သူများကို ကူညီပေမယ့် မကောင်းပြောခံရတဲ့ အကြောင်း ရေးဖူးပါတယ်။ အခု ဒီပုံပြင်မှာ ဆိုရင် သားတစ်ယောက်အနေနဲ့ ထောင်ထဲကနေ ဘာကူညီနိုင်မှာလဲလို့ ပထမတော့ ကျနော်လည်း တွေးမိပါတယ်။ ကျနော်က ဒီအဖိုးအိုကို ကူညီဖို့ စိတ်မပြင်းပြတာလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့။ ထောင်နန်းစံ သားကတော့ သူ့အဖေကို အစွမ်းကုန် ကူညီချင် ရှာမှာပါ။ ဒါကြောင့်လည်း အစွမ်းကုန် အကြံဉာဏ် ထုတ်လိုက်တာ နေမှာပေါ့။ ဒီပုံပြင်လေးကို ဖတ်ပြီး ကျနော် သိလိုက်ရတာ တစ်ခုက ကျနော်တို့ ကမ္ဘာမြေကြီးရဲ့ ဘယ်ထောင့် ဘယ်နေရာမှာပဲ ကပ်နေပါစေ။ တစ်ခုခုကို လုပ်ဖို့ အူထဲ အသည်းထဲ နှလုံးသားထဲက တကယ် ဆုံးဖြတ်ထားရင် ကျနော်တို့ လုပ်ကို လုပ်နိုင်ပါတယ်။ ဘယ်သူတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ပဓာန မကျပါဘူး။ မဖြစ်နိုင်ခြင်းအတွက် အကြောင်းပြချက်တွေ ရှာနေမယ့်အစား ဖြစ်နိုင်ခြင်းအတွက် အကြောင်းရပ်တွေ ရှာကြံမယ်ဆိုရင် နည်းလမ်းဆိုတာ ရလာစမြဲလို့ ယုံကြည်မိပါတယ်။