အမေ့ကိုယ်စား

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃၀ ရက် (ဗုဒ္ဓဟူးနေ့)

ကျနော့် အမေမှာ မျက်လုံးတစ်လုံးတည်း ပါတာဗျ။ ကျန်တဲ့ တစ်ဖက်က ချိုင့်ပြီး မျက်လုံး ဟောက်ပတ်ကြီး ဖြစ်နေတယ်။ အီး …. ဘယ်လောက် ရှက်စရာ ကောင်းသလဲဗျာ။ ကြောက်လည်း ကြောက်စရာကြီး။ ကျနော် သူ့ကို မုန်းတယ်။ သူက ကျနော်နေတဲ့ မူလတန်းကျောင်းမှာ အလုပ်လုပ်တယ်ဗျ။ ကျောင်းက ကျောင်းသားတွေနဲ့ ဆရာတွေအတွက် ထမင်းဟင်း ချက်ပေးရတယ်။

မူလတန်း ကျောင်းသား ဘ၀တုန်းကပေါ့။ တစ်နေ့ အမေ ကျနော့် အခန်းလာပြီး ကျနော့်ကို လာနှုတ်ဆက်တယ်။ ကျနော် ရှက်လိုက်တာဗျာ။ သူ ဘာလို့ ဒီလို လုပ်ရတာလဲ ဆိုတာ ကျနော် စဉ်းစားမရဘူး။ ကျနော် စူးစူးရဲရဲကြီး ကြည့်ပြီး မျက်စောင်း ထိုးပစ်လိုက်တယ်။ နောက် မသိချင်ယောင်ဆောင်ပြီး ကျနော် သူမရှိတဲ့နေရာမှာ သွားပုန်းနေလိုက်တယ်။ နောက်နေ့ အတန်းထဲမှာ သူငယ်ချင်းတစ်ယောက်က ပြောတယ်။
“အီး ….. မင်းအမေရဲ့ မျက်လုံးက တစ်ဘက်တည်း”

ကိုယ့်ကိုယ်ကို သတ်သာ သေလိုက်ချင်တော့တယ်ဗျာ။ နောက်ပြီး အမေ့ကို ကျနော့် မြင်ကွင်းထဲက ပျောက်ကို သွားစေချင်တယ်။ အဲဒီနေ့က သူ့ကို ကျနော် တွေ့ပြီးတော့ သူ့ကို ပြောခဲ့တယ်။
“ကျနော့်ကို အမြဲ ပျော်ရွှင် ရယ်မောနေတဲ့ ကလေးတစ်ယောက် အနေနဲ့ မြင်ချင်ရင် ခင်ဗျားကြီး တစ်နေရာမှာ သွားသေလိုက်ပါလားဗျာ”

အမေ ကျနော့်ကို ဘယ်လိုမှ မတုန့်ပြန်ခဲ့ပါဘူး။ ကျနော့်မှာ ဒေါသဖြစ်လွန်းလို့ ကျနော် ပြောခဲ့တာတွေကို စက္ကန့်မလပ် ပြန်ပြန်ပြီး စဉ်းစားနေမိတယ်။ အဲဒီလို ပြောလိုက်လို့ သူ ဘာဖြစ်သွားသလဲ ကျနော် သတိမထားနိုင်တော့ဘူး။

မြင်တိုင်း ရှက်မိနေတော့ အိမ်မှာ နေစရာ အကြောင်းကလည်း မရှိတော့ဘူး။ နေလည်း မနေချင်ဘူး။ သူငယ်ချင်း အိမ်မှာပဲ ကျောင်းစာ အသည်းအသန် လုပ်ဖြစ်တော့ နိုင်ငံခြားမှာ ပညာသွားသင်ဖို့ အခွင့်အရေး ရလာခဲ့တယ်။

နောက်တော့ ကျနော် အိမ်ထောင် ကျခဲ့တယ်။ ကိုယ်ပိုင် အိမ်လေးတစ်လုံး ၀ယ်နိုင်လာပြီး သားသမီး ရတနာတွေနဲ့လည်း စည်ကားလို့ပေါ့။ အခု လက်ရှိအနေအထားမှာ သားသမီးတွေနဲ့ ကျနော့်ဘ၀လေးကို ပျော်နေခဲ့တယ်။

တစ်နေ့ အမေ ကျနော့်ဆီ လာလည်တယ်။ ကျနော်နဲ့ မတွေ့တာလည်း နှစ်တွေ အတော်ကြာပြီ။ သူ့ မြေးတွေကိုဆို မြင်တောင် မမြင်ဖူးဘူးလေ။ သူ အိမ်တံခါးရှေ့ လာရပ်တော့ ကျနော့် ကလေးတွေက လှောင်ပြောင်နေကြတယ်။ သရဲမကြီး၊ သရဲမကြီးပေါ့။ မဖိတ်ဘဲ လာတဲ့ သူ့ကို ကျနော် ငေါက်လွှတ်လိုက်တယ်။
“ခင်ဗျားကြီး ကျုပ်အိမ်ကို လာပြီး ကျုပ်ကလေးတွေကို လာခြောက်နေတာလား။ သွား … အခုချက်ချင်း ထွက်သွား။”

အဲဒီလို ပြောသံလည်း ကြားလိုက်ရော အမေက ဖြေးဖြေးလေး ပြန်ပြောပြီး လှည့်ထွက်သွားပါတယ်။
“အော် တောင်းပန်ပါတယ်ကွယ်။ အမေ လိပ်စာ မှားဝင်လာမိလို့ပါ။”

တစ်နေ့ အိမ်ကို စာတစ်စောင် ရောက်လာတယ်။ ကျနော် ငယ်ငယ်က နေခဲ့တဲ့ ကျောင်းရဲ့ ကျောင်းသားဟောင်း စုံညီပွဲအတွက် ဖိတ်စာပါ။ အဲဒီမှာ အမေ ရှိနေမှာတော့ သေချာတယ်။ ဒါကြောင့် ကျနော့် ဇနီးကို အလုပ်ကိစ္စအတွက် ခရီးထွက်ဖို့လို့ ညာလိုက်ရတယ်။

စုံညီပွဲပြီးတော့ ကျနော်ငယ်ငယ်က နေခဲ့တဲ့ အိမ်အိုလေးဆီ သွားခဲ့တယ်။ အံ့သြလွန်းလို့ပါ။ ကျနော် ရောက်တော့ အိမ်နီးနားချင်းတွေက အမေ ဆုံးသွားပြီ ဆိုတဲ့ အကြောင်း ပြောပါတယ်။ အော် … ကျနော် မျက်ရည် တစ်စက်တောင် မကျပါလား။
ကျနော် ဖတ်ဖို့ အမေ စာတစ်စောင် ထားခဲ့ပါတယ်။ ဒီစာကို ဖတ် အပြီးမှာတော့ …..

ချစ်သား
အမေ သားကို အချိန်တိုင်း သတိရနေတာပါ။ ဟိုတစ်နေ့က သားရဲ့အိမ်ကို လာတော့ အမေ့မြေးလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားတာ အမေ စိတ်မကောင်းပါဘူး။ သား စုံညီပွဲကို လာတက်မယ်ဆိုတာ သိလိုက်ရတော့ အမေ အတိုင်းမသိ ၀မ်းသာသွားတယ်။ ဒါပေမယ့် သားကို တွေ့ဖို့ အိပ်ယာကနေတောင် အမေ မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာတဲ့ ကာလတလျှောက်လုံး သားကို အရှက်ရအောင် အမြဲလိုလို လုပ်နေမိတဲ့အတွက် အမေ စိတ်မကောင်းပါဘူး။ သား ဟိုး ငယ့်ငယ်အရွယ်တုန်းက ထိခိုက်ဒဏ်ရာ ရပြီး မျက်လုံးတစ်လုံး ကွယ်သွားခဲ့တယ်။ အဲဒါ သား ဘယ် မှတ်မိတော့မလဲ။ မျက်လုံးတစ်လုံးတည်းနဲ့ ကြီးပြင်းရမယ့် သားတစ်ယောက်ကို အမေတစ်ယောက်အနေနဲ့ ဘယ်လို ခွန်အား အစွမ်းသတ္တိနဲ့ ကြည့်နေရက်မှာလဲ သားရယ်။ ဒီတော့ အမေ့ မျက်လုံး သားကို ပေးခဲ့တယ်လေ။ အမေ သိပ် ဂုဏ်ယူပါတယ်။ အခုဆို အမေ့သားကြီး ကမ္ဘာလောကတစ်ခုလုံးကို၊ သားရဲ့ ဘ၀လေးကို ကောင်းကောင်းကြီး ရှုမြင်နေနိုင်ပြီ။ အဲဒီ မျက်လုံးကြီးနဲ့လေ။ အမေ့နေရာကနေပေါ့။

အလုံးစုံသော ချစ်ခြင်းမေတ္တာဖြင့်
မင်းရဲ့ အမေ

သူငယ်ချင်းတစ်ယောက် ပို့လာသော Forward Mail တစ်စောင်အား စီလျှော်သလို ဘာသာပြန်ထားသည်။


ရောင်စဉ်ခြယ် ဝေါဟာရ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၈ ရက် (တနင်္လာနေ့)

အရောင်တွေကို လူတွေက ဘယ်လို သတ်မှတ်ကြသလဲ။
လူမျိုးတစ်မျိုးနဲ့ တစ်မျိုးကော အရောင် သတ်မှတ်ပုံချင်း တူနိုင်ပါ့မလား။
လူတစ်ယောက် မြင်နေတဲ့ အရောင်ကို နောက်တစ်ယောက်ကကော အဲဒီ အရောင်ပါလို့ သဘောတူနိုင်ပါ့မလား။ ဥပမာ လူတစ်ယောက်က အစိမ်းရောင်လို့ မြင်နေတဲ့ အရာကို တခြား လူတစ်ယောက်က အမည်းရောင်ပါဗျာလို့ ပြောလာခဲ့ရင်ကော၊ ဒီလူ အမြင်အာရုံ ချွတ်ယွင်းနေတယ်လို့ သတ်မှတ်မလား။
ကာလာဘလိုင်း (Color Blind) ဆိုတာ ရှိပါတယ်။ ပတ်ဝန်းကျင်မှာ ရှိတဲ့ အရောင်တွေကို သဲသဲကွဲကွဲ မသတ်မှတ်နိုင်တာ။ ကာလာဘလိုင်း မဟုတ်ပါဘဲနဲ့ လောကကြီးမှာ အရောင်နှစ်ရောင်တည်း ရှိတာပါလို့ ပြောလာရင်ကော သူ့ကို ဘယ်လို မြင်မလဲ။

လူမျိုးတစ်မျိုးချင်းစီရဲ့ ဘာသာစကား တစ်ခုစီမှာ အရောင်ရဲ့ ဝေါဟာရ သတ်မှတ်ပုံချင်း ကွဲပြားကြပါတယ်။ ရောင်စဉ်တစ်ခု (Spectrum) မှာ ပါတဲ့ အရောင်တွေဟာ အရောင် တစ်ရောင်နဲ့ တစ်ရောင်ကြားမှာ ကွာဟနေတဲ့ နယ်နိမိတ် အပိုင်းအခြား မရှိပါဘူး။ အရောင်တွေက တစ်ဆက်တည်း ပြောင်းလဲသွားတာပါ။ ဒီရောင်စဉ်တန်းကို ကြည့်ပြီး လူတွေက ကိုယ့်အမြင်နဲ့ကိုယ် ပိုင်းကန့်ခွဲခြားပြီး အရောင်တစ်ခုစီ သတ်မှတ်တာပဲ ဖြစ်တယ်။


လိုက်ဘေးရီးယားက ဘက်ဆာဆိုတဲ့ ဘာသာစကားမှာ အရောင် ဝေါဟာရနှစ်ခုပဲရှိတယ်။ အနီးစပ်ဆုံး ပြောရရင် ခရမ်း၊ အပြာ၊ အစိမ်း တွေကို တစ်ရောင်တည်းမြင်ပြီး အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ အနီ၊ လိမ္မော်၊ အ၀ါ တွေကို အရောင်ဝေါဟာရ တစ်ခုနဲ့ ခေါ်တယ်။ သူတို့ဟာ အမြင်အာရုံ ချွတ်ယွင်းလို့ မဟုတ်ဘဲ အရောင်နှစ်ရောင်တည်း ရှိတဲ့ လောကကြီးအနေနဲ့ ရှုမြင်နေလို့သာ ဝေါဟာရ နှစ်ခုတည်း သတ်မှတ်ထားတယ်။
ရိုဒီးရှားက ရှိုနာဆိုတဲ့ ဘာသာစကားမှာတော့ အရောင် ဝေါဟာရ သုံးမျိုးရှိတယ်။ အနီနဲ့ ခရမ်းကို တစ်ရောင်၊ အပြာ၊ အစိမ်းနဲ့ အမည်းကို တစ်ရောင်၊ အ၀ါ၊ လိမ္မော်နဲ့ အဖြူကို တစ်ရောင် လို့ ခွဲခြားထားတယ်။
နဗဟိုဆိုတဲ့ ဘာသာစကားမှာ အပြာနဲ့ အစိမ်းကို ဝေါဟာရတစ်ခုတည်း အနေနဲ့ အတူတူ သုံးထားပေမယ့် အမည်းကိုကျတော့ “အမှောင်မည်း” နဲ့ “မီးသွေးမည်း” ဆိုပြီး နှစ်မျိုးခွဲထားတယ်။
ဖိလစ်ပိုင်က ဟနူနူးဘာသာမှာ အနီနဲ့ အစိမ်း ခွဲခြားပုံက ထူးဆန်းတယ်။ အသက်ရှင်နေတဲ့ အပင်အားလုံးကို အစိမ်းရောင်လို့ သတ်မှတ်လို့ အညိုနုရောင်ရှိတဲ့ ၀ါးပင်ပေါက် (မျှစ်စို့)ကို အစိမ်းရောင်လို့ သတ်မှတ်တယ်။ သေပြီးသား ၀ါးပင်ကိုတော့ အနီရောင်လို့ သတ်မှတ်တယ်။
ဒီခွဲခြားပုံတွေကို ကြည့်ပြီး အရောင်ခွဲခြားတဲ့ စနစ်ဟာ အရောင်ရဲ့ ရုပ်ဝတ္ထုပေါ်မှာပဲ မတည်မှီဘဲ သက်ဆိုင်ရာ လူ့အဖွဲ့အစည်းရဲ့ လိုအပ်ချက်ပေါ်မှာလည်း တည်ကြောင်း ပညာရှင်တွေက ကောက်ချက်ချတယ်။

ခုနကပြောသလို ကိုယ့်မူကိုယ့်ဟန်နဲ့ အရောင်တွေကို သတ်မှတ်ပါတယ် ဆိုတာကို သံသယရှိတဲ့ ပညာရှင် နှစ်ယောက်ရဲ့ သုတေသနစာတမ်းကလည်း စိတ်ဝင်စားဖို့ကောင်းတယ်။ ဘာသာစကား (၇၈) ခုရဲ့ အရောင်ဝေါဟာရတွေကို သုတေသနာပြုပြီး အခြေခံအရောင် သတ်မှတ်ပုံနဲ့ အခြေခံအရောင်ပေါ် မူတည်ပြီး အရောင် သတ်မှတ်ပုံကို အခိုင်အမာ တင်ပြထားပါတယ်။

အခြေခံအရောင် ဝေါဟာရ နှစ်ခုပဲ ရှိတဲ့ ဘာသာစကားတွေမှာ အဲဒီဝေါဟာရဟာ “ဖြူ” နဲ့ “မည်း” ဖြစ်တယ်။ သုံးခု ရှိတဲ့ ဘာသာစကားမှာတော့ တတိယ အရောင်ဝေါဟာရဟာ “နီ” ဖြစ်တယ်။ လေးခု ရှိရင်တော့ စတုတ္ထမြောက်ဟာ “စိမ်း” သို့မဟုတ် “၀ါ” ဖြစ်တယ်။ ငါးခု ရှိတယ်ဆိုရင်တော့ စတုတ္ထနဲ့ ပဉ္စမ အရောင်ဝေါဟာရက “စိမ်း” နဲ့ “၀ါ” ဖြစ်တယ်။ ခြောက်ခုကနေ (၁၁) ခု အထိ ရှိရင် “ပြာ”၊ “ညို”၊ “ခရမ်း”၊ “ပန်း”၊ “လိမ္မော်”၊ “မီးခိုး” ဆိုပြီး အသီးသီး သတ်မှတ်ကြတယ်။

အခြေခံအရောင်အဖြစ် ဘယ်လို သတ်မှတ်ပါသလဲ။ အခြေခံအရောင် ဝေါဟာရတွေဟာ ဒီလို အချက်တွေနဲ့ ညီညွတ်ရပါမယ်။ ကျနော်တို့ရဲ့ ဘာသာစကားနဲ့ ဥပမာပြသွားပါမယ်။ “ဖြူ၊ နီ၊ ပြာ၊ ၀ါ” တွေလို လုံးချင်းဝေါဟာရ ဖြစ်ရမယ်။ နီညို၊ နက်ပြာ တို့လို လုံးတွဲတွေ မဖြစ်ရဘူး။ “ရေညှိရောင်” (အစိမ်းရောင်ရဲ့ မျိုးကွဲ) လို အရောင်ဝေါဟာရတစ်ခုရဲ့ မျိုးကွဲလည်း မဖြစ်ရဘူး။ “ဖောင်းဝတ်” လို မြင်းရဲ့အရောင်ကိုပဲ ညွှန်းတဲ့ နယ်ကျဉ်းတဲ့ ဝေါဟာရလည်း မဖြစ်ရဘူး။ “ပန်းရောင်”၊ “လိမ္မော်ရောင်”၊ “ခရမ်းရောင်” တို့လို အရာဝတ္ထုတစ်ခုရဲ့ အရောင်ကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ ဝေါဟာရမျိုးလည်း မဖြစ်ရဘူး။ ဘာသာစကားတစ်ခုကနေ မွေးစားယူတဲ့ “မဟော်ဂနီ”၊ “ကာကီ” တို့လို မွေးစား စကားလုံးတွေလည်း မဖြစ်ရဘူး။

အခုလို မှတ်ကျောက်တင်လိုက်ရင် မြန်မာဘာသာစကားမှာ အခြေခံအရောင်အနေနဲ့ ခုနစ်ရောင် ရှိပါတယ်။ “စိမ်း၊ ညို၊ နီ၊ ပြာ၊ ဖြူ၊ မည်း (နက်)၊ ၀ါ” တွေပါ။ “နီညို၊ နက်ပြာ၊ စိမ်းပြာ၊ ပန်းခရမ်း၊ ကြည်ပြာ” စတဲ့ လုံးတွဲ အရောင်ဝေါဟာရတွေ၊ “အုန်းခွံရောင်၊ ပယင်းရောင်၊ မြင်းချေးရောင်၊ ကြက်သွေးရောင်၊ ရွှေဖလားရောင်၊ ထုံးခြောက်ရောင်၊ မရမ်းစေ့ရောင်” စတဲ့ အရာဝတ္ထုတစ်ခုခုကို အစွဲပြုပြီး ခေါ်ဝေါ်တဲ့ အရောင်ဝေါဟာရတွေကို တစ်ဆင့်ခံ အရောင်ဝေါဟာရတွေလို့ ခေါ်နိုင်ပါတယ်။ တစ်ဆင့်ခံ အရောင်ဝေါဟာရတွေကို ဘာကြောင့် အဲသလို ခေါ်သလဲလို့ ရှင်းပြနိုင်ပေမယ့် အခြေခံအရောင် ဝေါဟာရတွေကိုတော့ ရှင်းမပြနိုင်ပါဘူး။ နောက်ပြီး အသစ်ပေါ်လာတဲ့ အရာဝတ္ထုတွေကို အစွဲပြုပြီး တစ်ဆင့်ခံ အရောင်ဝေါဟာရတွေ အသစ်အသစ် ပေါ်လာနိုင်ပါတယ်။ အခြေခံ အရောင်ဝေါဟာရကတော့ အသစ် မပေါ်နိုင်တော့ပါဘူး။

ဘာသာစကားတွေမှာ အခြေခံအရောင် ဝေါဟာရ (၂) ခုကနေ (၁၁) ခုအထိ ကွဲပြားနေရတာက လူမှုဝန်းကျင် အခြေအနေပေါ် အများကြီး တည်ပါတယ်။ အာဖရိကတိုက် တောနက်ထဲက ယဉ်ကျေးမှု မဖွံ့ဖြိုးသေးတဲ့ လူမျိုးတစ်မျိုးရဲ့ ဘာသာစကားမှာ အခြေခံဝေါဟာရ ၂ ခုရှိရင် လုံလောက်တဲ့အတွက် ၂ ခုပဲ ရှိတာပါ။ အခြေခံအရောင်ဝေါဟာရ ၁၁ ခု ရှိဖို့ လိုအပ်တဲ့ ဘာသာစကားတွေကတော့ ယဉ်ကျေးမှုအဆင့် ဖွံ့ဖြိုးတဲ့ ဘာသာစကားမျိုးပဲ ဖြစ်ပါလိမ့်မယ်။ အခြေခံအရောင် ဝေါဟာရ (၈) ခုကနေ (၁၁) ခုအထိ ရှိတဲ့ ဘာသာစကားတွေမှာ အာရဗီ၊ ဘဟာဆာ၊ အင်ဒိုနီးရှား၊ ဘူးလ်ဂေးရီးယား၊ ကန်တုံ၊ အင်္ဂလိပ်၊ ဟီးဘရူး၊ ဟန်ဂေရီ၊ ဂျပန်၊ ကိုရီးယား၊ မလေး၊ ရုရှ၊ စပိန်၊ ထိုင်း၊ အူရ်ဒူ၊ ဗီယက်နမ် ဘာသာတွေ ပါဝင်တဲ့အကြောင်း ဖတ်မှတ်ခဲ့ရလို့ ဗဟုသုတ ပြန်လည် ဖြန့်ဝေလိုက်ရပါတယ်။

အထက်ပါ ပို့စ်အား မိန်းမယောက်ျား ထိုစကား – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ကောက်နုတ် တင်ပြလိုက်ပါသည်။


စည်းကမ်းမှသည် … ဥပဒေဆီသို့

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၂၂ ရက် (အင်္ဂါနေ့)

ခေါင်းစဉ်က နည်းနည်းများ ကြီးကျယ်နေသလား မသိဘူးနော်။ တကယ်ဆိုရင် အဲဒီလောက် အမြင့်ကြီး ဆွေးနွေးဖို့ မရည်ရွယ်ပါဘူး။ ဘာလို့လည်း ဆိုတော့ ဥပဒေဆိုတဲ့ စကားလုံးက ကျနော်နဲ့ အတော်လေး မရင်းနှီးခဲ့ပါဘူး။ ငယ်ငယ်က ဥပဒေဆိုတာကို မြန်မာ့ရုပ်မြင်သံကြားမှာက လွဲလို့ ဘယ်မှာမှ မမြင်ဖူးဘူးလေ။ စည်းကမ်းဆိုတာကမှ မူလတန်း ကျောင်းသား ဘ၀ကတည်းက သိလာခဲ့တာ။ “စည်းကမ်းရှိမှ တိုးတက်မည်”၊ “စည်းကမ်းသည် လူ၏ တန်ဖိုး” စသဖြင့်ပေါ့။ ကြားဖူးနားဝ ရှိနေတော့ စည်းကမ်းဆိုတာနဲ့ လက်ပွန်သတီး ရှိနေတယ်။ နောက်တော့ စာစီစာကုံးတွေ ရေးရတော့ စည်းကမ်းနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်တွေက လွတ်ကို မလွတ်ဘူး။ ဥပဒေ ဆိုတာကတော့ ခပ်ဝေးဝေးပဲ။ အသက်ကြီးလာပြီး စာအုပ်တွေ ဖတ်တတ်လာတော့ ဥပဒေ ဆိုတာနဲ့ ပိုနီးစပ်လာတယ်။ ဥပဒေနဲ့ ဆိုင်တဲ့ စာအုပ်တွေ ဖတ်၊ မှတ်လို့ ဥပဒေအကြောင်း ပိုသိလာတာပဲလို့ မထင်လိုက်ပါနဲ့နော်။ စာအုပ်တွေ အတော်များများ ဖတ်လာတော့ စာအုပ်တွေရဲ့ ပထမဆုံး စာမျက်နှာတိုင်းဟာ ဥပဒေ ဆိုတဲ့ စာလုံးနဲ့ မကင်းဘူးလေ။ တရားဥပဒေ စိုးမိုးရေး …. ဘာဖြစ်တယ်၊ ညာဖြစ်တယ်ပေါ့။ ရေးထားတာတွေ အမြဲမြင်နေ၊ အမြဲ ကျော်ဖတ်နေရတော့ ငယ်ငယ်ကထက် ဥပဒေဆိုတဲ့ စကားလုံးကို ပိုရင်းနှီးလာတာပေါ့။ ငယ်ငယ်က စဉ်းစားမိတာ တစ်ခုရှိတယ်။ ဥပဒေဆိုတာ ဘာကောင်ကြီးလဲပေါ့။ စာရွက်ပေါ်မှာ ရေးထားတဲ့ စကားလုံးတွေကို ဥပဒေလို့ ခေါ်သလားပေါ့။ ဥပဒေဆိုတာ ရေးထားရုံ သက်သက်ပဲလား။

စည်းကမ်းဆိုတာ ဘာလဲလို့ ဆွေးနွေးနေစရာ မလိုအောင် လူအများစု ကြားဖူးနားဝ ရှိနေပြီးသားပါ။ ဒါပေမယ့် အကြမ်းဖျင်း နည်းနည်း ပြောကြည့်ချင်ပါတယ်။ ကန့်သတ်ချက်၊ သက်မှတ်ချက် နှင့် တောင်းဆိုချက် တစ်ချို့ကို အများအကျိုးငှာ ကာလဒေသအရ ပိုင်းခြားသတ်မှတ်၍ ချမှတ် ပြဌာန်းထားသော လိုက်နာဆောင်ရွက်ရန် စည်းမျဉ်းများကို စည်းကမ်းဟု ခေါ်သည်။ ဒါ ကျနော်ရဲ့ ထင်မြင်ချက်ပါ။ “စည်း” ဆိုတာ နယ်မြေပိုင်းခြားခြင်း၊ “ကမ်း” ဆိုတာ အနားသတ်ခြင်း တဲ့။ ဒီတော့ လုပ်အပ်၊ မလုပ်အပ် ဆိုတဲ့ အရာတွေကို ပိုင်းခြားသတ်မှတ်ထားတာကြောင့် စည်းကမ်းလို့ ခေါ်တာဖြစ်မယ် ထင်တယ်။ စည်းကမ်း ဆိုတာနဲ့ တပြိုင်တည်း လူတွေနဲ့ ပတ်သက်နေမယ်ဆိုတာ ပြောစရာမလိုအောင် အားလုံး သိပြီးသား ဖြစ်မှာပါ။ လူနည်းစုအတွက် ချမှတ်ထားတဲ့ စည်းကမ်း ရှိသလို၊ လူများစုအတွက် သက်မှတ်ထားတဲ့ စည်းကမ်းလည်း ရှိတယ်။ တချို့စည်းကမ်းချက်တွေက နယ်မြေကန့်သက်ချက်ပါတယ်။ တချို့မပါဘူး။ တချို့ အချိန် ကန့်သက်ချက်ပါတယ်။ အချို့မပါဘူး။ ဥပမာအနေနဲ့ ပြောရရင်
ကျောင်းသား၊ ကျောင်းသူများ အဖြူနှင့် အစိမ်း ၀တ်လာရမည်။” – ဒါ လူနည်းစု အတွက်။ ကျောင်းသား၊ ကျောင်းသူနဲ့ပဲ ပတ်သက်တယ်။ ဒီကျောင်းက ကျောင်းသား၊ ကျောင်းသူ အတွက်ပဲလည်း ဖြစ်နိုင်တယ်။ တချို့ကျောင်းက ကျောင်းသား၊ကျောင်းသူတွေ အဖြူအပြာ ၀တ်ချင်ဝတ်မယ်။
ဤနေရာတွင် အမှိုက်မပစ်ရ။” – ဒါ လူအားလုံးနဲ့ သက်ဆိုင်တယ်။ ဒီစည်းကမ်းချက်မှာ ဘယ်လိုလူက မပစ်ရလို့ မပါပါဘူး။ နောက်ပြီး ဒီမှာ နေရာကန့်သက်ချက်လေး ပါနေတယ်။ “ဤနေရာတွင်” တဲ့၊ ကပ်သီးကပ်သပ် တွေးမယ်ဆိုရင်တော့ သူဘေးနားမှာဆိုရင် ပစ်လို့ ရနိုင်တယ်ပေါ့။
ည ၁၀ နာရီထိုးလျှင် ၀င်းတံခါး ပိတ်မည်။” – အချိန်ကန့်သက်ချက် ပါနေတယ်။ ဘယ်လိုလူအတွက်မဆို သက်ဆိုင်ပေမယ့် ဒီစည်းကမ်းမှာ အချိန်ကို ဦးစားပေးထားတယ်။

စည်းကမ်းတိုင်း စည်းကမ်းတိုင်းမှာ ပါဝင်ပတ်သက်တဲ့ လူတန်းစား သုံးရပ် ရှိတယ်။ အဲဒါတွေက
၁။ စည်းကမ်းချမှတ်သူ
၂။ စည်းကမ်းလိုက်နာရမည့်သူ နဲ့
၃။ စည်းကမ်းကြပ်မတ်သူ တွေဖြစ်တယ်။

စည်းကမ်းချမှတ်သူ – စည်းကမ်းချမှတ်သူ ဆိုတာ ရှင်းရှင်းပြောရရင် စည်းကမ်းရေးဆွဲတဲ့သူပေါ့။ နောက်ပြီး ရေးဆွဲဖို့ ညွန်ကြားတဲ့သူလည်း ပါတယ်။ သူတို့တွေဟာ အမြဲတမ်း လူအဖွဲ့အစည်းရဲ့ အထက်တန်းလွှာမှာ ရှိနေကြတယ်။ ဥပမာ အိမ်တစ်အိမ်မှာ စည်းကမ်းထုတ်တဲ့သူဟာ အိမ်ထောင်ဦးစီးပဲ များပါတယ်။ အိမ်ထောင်ဦးစီး ဆိုတဲ့နေရာမှာ ယောက်ျားဖြစ်ရင်ဖြစ် မဖြစ်ရင် အဲဒီယောက်ျားကိုနိုင်တဲ့ မိန်းမလည်း ဖြစ်နေတတ်ပါတယ်။ ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးတွေပေါ့။ ဒါကြောင့် စည်းကမ်းချမှတ်သူတွေဟာ အဲဒီ အဖွဲ့အစည်းရဲ့ အမြင့်ဆုံး အလွှာမှာ ရှိနေကြတယ်။ သူတို့ထက် ကြီးတဲ့သူ၊ သူတို့ကို ကျော်ရဲတဲ့သူ မရှိဘူး။ ဒီတော့ တခါတလေမှာ ထင်တိုင်းကြဲတော့တာပေါ့။ ကျောင်းချိန်အတွင်းမှာ ကျောင်းအုပ်ဆရာကြီးက အဖြူအစိမ်း မ၀တ်လို့ ဆိုပြီး သူ့ကို ပြစ်ဒဏ်ပေးမယ့်သူ မရှိပါဘူး။
စည်းကမ်းလိုက်နာရမည့်သူ – စည်းကမ်းဆိုတာ ရှိလာရင် လိုက်နာရမယ့်သူ ဆိုတာလည်း ရှိရမယ်။ ဘယ်သူမှ မလိုက်နာတဲ့ စည်းကမ်းတစ်ခုဟာ ဘာမှ အကျိုးမရှိဘူး။ ဒါကြောင့် လိုက်နာမယ့်သူ လိုတယ်။ သူတို့တွေဟာ အမြဲတမ်း အောက်ဆုံးအလွှာက လူတွေပဲ များတယ်။ ဥပမာ ကျောင်းတစ်ကျောင်းမှာ ဆိုရင် ကျောင်းသားတွေပေါ့။ “ကျောင်းဝင်းအတွင်း ဆေးလိပ်မသောက်ရ” ဆိုတဲ့ စည်းကမ်းအတွက် အများဆုံး ဖိအားပေးခံရတာ ကျောင်းသားတွေပဲ ဖြစ်နေတတ်တယ်။ တကယ်ဆို ဆရာတွေနဲ့လည်း သက်ဆိုင်နေတာပဲလေ။ နောက်ပြီး အိမ်တစ်အိမ်မှာဆိုရင် မိဘတွေ ထုတ်တဲ့ စည်းကမ်းဟာ သားသမီးတွေအပေါ် သက်ရောက်တာပဲ များတယ်။ ဥပမာ “ည ၁၀ နာရီ မထိုးခင် အိမ်ပြန်ရမယ်” ဆိုတာလိုပေါ့။ မိဘတွေ နောက်ကျခဲ့ရင် ငါက အလုပ်လုပ်နေတာ၊ နောက်ကျတော့ ဘာဖြစ်လဲလို့ ဆင်ခြင် ပေးတတ်ကြတယ်။ ဒီတော့ စည်းကမ်းကို လိုက်နာဖို့ ဖိအား အများဆုံး အပေးခံရတာ အောက်ဆုံးအလွှာက လူတွေပဲ ဖြစ်ဖြစ်နေတတ်တယ်။
စည်းကမ်းကြပ်မတ်သူ – စည်းကမ်းချတဲ့သူ ရှိမယ်၊ လိုက်နာရမယ့်သူ ရှိလာရင် စည်းကမ်းတကယ် လိုက်နာ မလိုက်နာ ဆိုတာကို စောင့်ကြပ် ထိန်းသိမ်းမယ့်သူဆိုတာ ရှိလာတယ်၊ လိုလာတယ်။ အဲဒီလူတန်းစားဟာ လိုက်နာမှု ရှိမရှိကို စောင့်ကြည့်ရသလိုပဲ မလိုက်နာရင် သက်မှတ်ထားတဲ့ ပြစ်ဒဏ်တွေ ချမှတ်ကြရတယ်။ များသောအားဖြင့် စည်းကမ်းချမှတ်တဲ့ သူတွေကပဲ စောင့်ကြပ်ကြတယ်။ တခါတလေမှာတော့ စည်းကမ်းကြပ်မတ်တဲ့သူ သက်သက် သက်မှတ်ထားတယ်။ ဥပမာ ကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်က စည်းကမ်း ချမှတ်ပေမယ့် ဆရာ/ဆရာမတွေက စည်းကမ်းကြပ်မတ်ရတယ်။ ဒါပေမယ့် ရပ်ကွက်မှာတော့ ရပ်ကွက်လူကြီးကပဲ ချမှတ်ပြီး သူကပဲ စီရင်တာများတယ်။ စည်းကမ်းချမှတ်သူနဲ့ ကြပ်မတ်သူ တစ်ယောက်တည်း ဖြစ်နေရင် ဘာဖြစ်သလဲဆိုတော့ “ငါချထားတဲ့ စည်းကမ်းကို မလိုက်နာရကောင်းလား” ဆိုပြီး ဒေါသတွေ ပိုနေတတ်တယ်။ အကယ်၍ တသီးတခြားစီ ဆိုရင်တော့ စည်းကမ်းကြပ်မတ်သူဟာ ကြားနေဖြစ်နိုင်တယ်။ ဆိုလိုတာက စည်းကမ်းနဲ့ လူနဲ့ ပူးကပ်မထားဘဲ ဘက်လိုက်မှု ပိုကင်းနိုင်တယ်။

စည်းကမ်းတစ်ခုမှာ နယ်မြေကန့်သတ်ချက်ပါနိုင်တယ်။ ဒီတော့ ကျောင်းမှာ မလုပ်ရတာက အိမ်မှာ လုပ်လို့ ရကောင်းရမယ်။ နောက်ပြီး အချိန်ကန့်သက်ချက်လည်း ပါနိုင်တယ်။ နောက် လူတန်းစား ကန့်သက်ချက်လည်း ရှိနိုင်တယ်။ ကျောင်းသား၊ ကျောင်းသူတွေအတွက် ထုတ်ထားတဲ့ စည်းကမ်းတွေ ရှိနိုင်သလို၊ စာမေးပွဲခန်းစောင့်မယ့် ဆရာ၊ဆရာမတွေအတွက် စည်းကမ်းလည်း ရှိနိုင်တယ်။
ဒါဆိုရင် ဥပဒေ ဆိုတာကရော ….

ကျနော့်အထင်တော့ ဥပဒေ ဆိုတာက စည်းကမ်းနဲ့ သိပ်ကွာမယ် မထင်ပါဘူး။ ဥပဒေမှာ နယ်မြေကန့်သတ်ချက် ရှိတယ် ဆိုပေမယ့် ဥပဒေ အများစုဟာ နိုင်ငံတစ်နိုင်ငံရဲ့ နယ်နိမိတ်အတွင်းမှာ သက်ရောက်မှု ရှိနေတယ်။ လူတန်းစား ကန့်သတ်ချက် အနေနဲ့လည်း ဥပဒေ အများစုဟာ ဒီနိုင်ငံမှာ မှီတင်းနေထိုင်တဲ့ တိုင်းရင်းသားအားလုံးနဲ့ သက်ဆိုင်နေတယ်။ အချိန်အနေနဲ့ ကန့်သက်ချက်ကတော့ မရှိသလောက် ဆိုပေမယ့် တွေ့ရှိက အရေးယူမည်တဲ့။ ဒါဆို ကျနော်တို့ “စည်းကမ်း” တုန်းကလို ပါဝင်ပတ်သက်မယ့် လူတန်းစား သုံးရပ်ကို ခွဲခြမ်းကြည့်ရအောင်။
ဥပဒေရေးဆွဲသူ – နိုင်ငံအတော်များများမှာ ဥပဒေပြု လွှတ်တော်ဆိုပြီး သက်သက် ခွဲထားပြီး သူတို့ နိုင်ငံသားတွေအတွက် ဥပဒေကို ရေးဆွဲပေးကြရတယ်။ ပြီးမှ နိုင်ငံတော် သမ္မတ၊ ၀န်ကြီးချုပ် နဲ့ ၀န်ကြီး တွေက ချမှတ်ထားတဲ့ ဥပဒေတွေကို အသီးသီး အတည်ပြုပေးရတယ်။
ဥပဒေလိုက်နာရမည့်သူ – ဒါကတော့ အဲဒီ နိုင်ငံမှာ မှီတင်းနေထိုင်သူ အားလုံးလို့ အကြမ်းအားဖြင့် ဆိုလို့ရပါတယ်။
ဥပဒေကြပ်မတ်သူ – နိုင်ငံအတော်များများမှာ တရားစီရင်ရေး နဲ့ ထိန်းသိမ်းရေး အဖွဲ့အနေနဲ့ ပြည်သူ့ရဲ၊ ရှေ့နေ၊ တရားသူကြီး စသဖြင့် ဖွဲ့စည်းထားတတ်ပါတယ်။

ဒီနေရာမှာ ဥပဒေကို ရေးဆွဲသူနဲ့ ကြပ်မတ်သူ ဆိုပြီး သက်သက် ခွဲထားပေမယ့် သူတို့နှစ်ဖွဲ့စလုံးဟာ လိုက်နာရမယ့် သူတွေလည်း ဖြစ်တယ်။ တကယ့်လက်တွေ့မှာ ဖြစ်သလားလို့ ပြန်စဉ်းစားကြည့်ရင် မဖြစ်ပါဘူး။ နိုင်ငံအတော်များများမှာ ဥပဒေကို ရေးဆွဲတဲ့သူတွေဟာ အထက်တန်းလွှာ လူတန်းစားတစ်ရပ်အနေနဲ့ ရှိနေပြီး ထင်တိုင်းကြဲနေတတ်ကြတယ်။ “ငါရေးတာ မင်းတို့ လိုက်နာဖို့” ဆိုတာလို ဖြစ်နေတယ်။ တကယ်ဆို ဘယ်ဥပဒေမှာမှ “ထိုဥပဒေ ရေးဆွဲသူများ လိုက်နာရန်မလို” ဆိုတဲ့စာကြောင်း မပါပါဘူး။ အဲဒီလို ထင်တိုင်းကြဲတော့ ဘာတွေ ဖြစ်လာသလဲဆိုရင် လာဘ်စားမှုတွေ ဖြစ်လာတယ်။ “ဟိုလူကြီးနဲ့ ပေါင်းရင် မင်း လုပ်ချင်တာ လုပ်လို့ရပြီ” တဲ့။ “မင်း ပြဿနာ မတက်ချင်ရင် ဒီလူကြီးနဲ့ နည်းနည်းပေါင်းထား၊ သူက ပိုင်တယ်ကွ” ဆိုတဲ့ စကားလုံးတွေ ပလူပျံအောင် ကြားနေရတော့မယ်။

ဥပဒေရေးဆွဲသူကမှ ထင်ရာစိုင်းနေရင် ကြပ်မတ်သူက ဘက်လိုက်တာ မစမ်းပါဘူး။ ပြစ်ဒဏ်ချတော့မယ်ဆိုရင် ဘယ်လူကြီးနဲ့ ပတ်သက်နေမလဲလို့ စောင့်ကြည့်ရတာ အမော။ “ဒီကေ့စ် (Case) သွားမထိနဲ့၊ ကွိသွားမယ်။ အေးအေးဆေးဆေး နေစမ်းပါကွာ” ဆိုတဲ့ စကားသံတွေ ကြားလာရမယ်။ ဒီတော့ ကြပ်မတ်သူဘက်က ထိန်းသိမ်းမှုအပိုင်း လျော့ရဲလာမယ်။ တဖြည်းဖြည်းနဲ့ သူတို့လည်း ထင်ရာစိုင်းလာမယ်။ နောက်ဆုံးတော့ ခံရတာက အဲဒီနိုင်ငံရဲ့ အောက်ဆုံးအလွှာက လူတန်းစားတွေပါပဲ။ ရေးဆွဲသူက လာဘ်စား၊ ကြပ်မတ်သူက ဘက်လိုက်တော့ လိုက်နာရမယ့်သူတွေက ခံလိုက်ပေါ့။

ဒါ နိုင်ငံတိုင်း ဖြစ်နေတာလားလို့ မေးစရာ ရှိပါတယ်။ အနည်းနဲ့ အများတော့ ရှိကြမယ် ထင်ပါတယ်။ မရှိသလောက် နည်းတဲ့ နိုင်ငံတချို့လည်း ရှိပါတယ်။ ဒီနေရာမှာ ဒီမိုကရေစီ ဆိုတဲ့ စကားလုံးလေးကို နည်းနည်းဆွေးနွေးချင်ပါတယ်။ “စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ” ဆိုတဲ့ အသုံးအနှုန်းကို မြန်မာနိုင်ငံမှာ သုံးထားတာ တွေ့ရပါတယ်။ ကျနော်ရဲ့ အမြင်ကတော့ ဒီမိုကရေစီဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပါယ်ထဲမှာ စည်းကမ်းပြည့်ဝမှုဆိုတာ ပါနေပြီးသားလို့ ယူဆပါတယ်။ ဒီမိုကရေစီ ထွန်းကားတဲ့ လူအဖွဲ့အစည်းတစ်ရပ်မှာ စည်းကမ်းတွေကို ချမှတ်သူ၊ ကြပ်မတ်သူနဲ့ လိုက်နာသူတွေဟာ တသားတည်း ကျနေပါတယ်။ ချမှတ်ထားတဲ့ စည်းကမ်းကို သက်ဆိုင်သူတွေ အားလုံး (ချမှတ်သူ၊ ကြပ်မတ်သူပါမကျန်) က လိုက်နာမယ်။ နောက်ပြီး အဲဒီ သက်ဆိုင်သူတွေကို အမှန်တကယ် ကိုယ်စားပြုတဲ့သူတွေက စည်းကမ်းတွေ ချမှတ်မယ်ဆိုရင် တသားတည်းကျတယ်လို့ ယူဆပါတယ်။ ဒါမှ လူများစုကို ကိုယ်စားပြုတဲ့ အများလိုက်နာနိုင်မယ့် စည်းကမ်းတွေ ထုတ်ပြန်နိုင်မယ်လို့ ယုံကြည်ရပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ “ငါပြောသလိုလုပ်၊ ငါလုပ်သလို မလုပ်နဲ့” ဆိုတဲ့ စနစ်ကြီးနဲ့ ကျင့်သုံးနေတာ ဒီမိုကရေစီလို့ ဆိုနိုင်ပါ့မလား။
နိုင်ငံတစ်နိုင်ငံအနေနဲ့ ဆိုလည်း ဒီလိုပါပဲ။ ဥပဒေရေးဆွဲသူ၊ ကြပ်မတ်သူနဲ့ လိုက်နာသူတွေဟာ တသားတည်း ကျနေဖို့ လိုပါတယ်။ အဲဒီလိုမှ မဟုတ်ဘဲ ငါရေးချင်လို့ ရေးတယ်ကွာ၊ ငါရေးချင်သလို ရေးတယ်ကွာ၊ ငါလုပ်ချင်သလို လုပ်တယ်ကွာ ဆိုရင်တော့ ရေးဆွဲသူ၊ ကြပ်မတ်သူ နဲ့ လိုက်နာသူတွေဟာ လူတန်းစား သုံးရပ်အနေနဲ့ တသီးတခြားစီ တည်နေပြီး “စည်းကမ်းပြည့်ဝတဲ့” ဆိုတဲ့ စကားလုံးနဲ့ ဝေးသတဲ့ ဝေးနေမှာတော့ အမှန်ပါပဲ။

မြန်မာ့သမိုင်းဖတ်စာမှာ မှတ်သားဖူးတဲ့ စကားပုံတစ်ခု ရှိပါတယ်။ “စည်းကမ်းဖောက်ရင် ထီးနန်းပျောက်မယ်” တဲ့။ အခုထိလည်း ဖောက်နေကြတုန်းပဲလို့ ကျနော် ထင်မြင်မိပါတယ်။


သူ နဲ့ သူမ

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၈ ရက် (အင်္ဂါနေ့)

တစ်စုံတစ်ယောက်ကို နာမ်စားအဖြစ်နဲ့ ရည်ညွှန်းသုံးရာမှာ ယောက်ျားကို “သူ”၊ မိန်းမကို “သူမ” လို့ ခွဲသုံးတာမျိုးကို စာအုပ်စာတမ်းတွေမှာ မကြာခဏ တွေ့ရပါတယ်။ ၀တ္ထုတွေထဲ မိန်းကလေးတစ်ယောက်အကြောင်းကို ရေးဖွဲ့ရာမှာ “သူမ၏ အမည်မှာ လှလှချော ဖြစ်သည်။ သူမသည် အမည်နှင့်လိုက်အောင် လှလည်း လှ၊ ချောလည်း ချောသူ ဖြစ်သည်” ဆိုတဲ့ ရေးဖွဲ့ပုံမျိုးကို တွေ့ရတတ်ပါတယ်။ စင်စစ် “သူမ” ဟာ မြန်မာသုံး မဟုတ်ပါဘူး။ မြန်မာစကားမှာ “သူမ” ဆိုတဲ့ အသုံးအနှုန်း မရှိပါဘူး။ မြန်မာစကားမှာ ယောက်ျားကိုဖြစ်ဖြစ်၊ မိန်းမကိုဖြစ်ဖြစ် နာမ်စားသုံးရင် “သူ” လို့ပဲ သုံးပါတယ်။ ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက် စကားပြောပုံကို သတိထားကြည့်ပါဦး။ “ဆွေဆွေတော့ သူ့ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူ နေမကောင်းလို့ မလာတော့ဘူးလို့ ပြောတယ်” လို့ပဲ ပြောရိုးပြောစဉ် ဖြစ်ပါတယ်။ “ဆွေဆွေတော့ သူမ အမေခေါ်လို့ ပြန်လိုက်သွားပြီ။ လှလှက ဒီနေ့ သူမ နေမကောင်းလို့ မလာတော့ဘူး ပြောတယ်” လို့ ဘယ်သူ ပြောပါသလဲ။

စာထဲ ပေထဲ ပြန်ကြည့်ရင်လည်း ရှေးစာဖြစ်ဖြစ်၊ ခေတ်စာဖြစ်ဖြစ် လေးစားလောက်တဲ့စာ မှန်သမျှမှာ “သူမ” အသုံး မရှိပါဘူး။ အဲဒီလို ဆိုပေမယ့် ဘာကြောင့် “သူမ” အသုံး တွင်နေရပါသလဲ။

သူမ” အသုံး ပေါ်လာပုံကတော့ အင်္ဂလိပ်သဒ္ဒါကို မြန်မာဘာသာ ပြန်ရာက စတင်ခဲ့တယ်လို့ သိရပါတယ်။ ကိုလိုနီခေတ်မှာ ထင်ရှားတဲ့ အင်္ဂလိပ်သဒ္ဒါစာအုပ်ကို ပုဂ္ဂိုလ်ကြီးတစ်ယောက်က မြန်မာဘာသာ ပြန်ဆိုပါတယ်။ အဲဒီလို ပြန်ဆိုရာမှာ Pronoun (နာမ်စား) တွေကို ဘာသာပြန်ရာ He, She ဆိုတဲ့ နာမ်စားနှစ်ခုကို မြန်မာလို ဘယ်လို ဖော်ပြရပါလိမ့် ဆိုတဲ့ ပြဿနာ ပေါ်လာပါတယ်။ မြန်မာမှာ အဲဒီလို အသုံး မကွဲပါဘူး။ ယောက်ျားဖြစ်ဖြစ်၊ မိန်းမဖြစ်ဖြစ် “သူ” လို့ပဲ သုံးရိုးရှိတာကို အဲဒီ ပုဂ္ဂိုလ်ကြီး ကောင်းကောင်းသိပါတယ်။ ဒါကြောင့် He နဲ့ She ကို ဘာသာပြန်ရာမှာ He ကို “သူ”၊ She ကို “သူ(မ)” လို့ ကွဲပြားအောင် ခွဲပြလိုက်ပါတယ်။ She ဟာ မြန်မာလို “သူ” ပဲ ဖြစ်တယ်။ ဒါပေမယ့် အမျိုးသမီးကို ရည်ညွှန်းတယ်ဆိုတဲ့ အဓိပ္ပါယ်နဲ့ နောက်က (မ) လို့ ကွင်းစကွင်းပိတ်နဲ့ ပြလိုက်ခြင်း ဖြစ်ပါတယ်။ ဒါပေမယ့် အများက ဒီအသုံးအနှုန်းကို “သူမ” လို့ ထင်မှတ်ပြီး “သူမ” လို့ သုံးကြတာဖြစ်တယ်လို့ မှတ်သားဖူးပါတယ်။

မြန်မာစကားရဲ့ သဘာဝနဲ့လည်း မကိုက်ညီ၊ ရှေးရိုးရေးစဉ်လည်း မရှိ၊ ပြောရိုးပြောစဉ်လည်း မရှိတဲ့ “သူမ” ကို မသုံးသင့်တဲ့အကြောင်း ပညာရှင်တွေက ထောက်ပြခဲ့ကြဖူးပါတယ်။ ဒါပေမယ့် သုံးတဲ့သူတွေကလည်း မှားသုံးနေကြဆဲပါပဲ။ တချို့က “သူ” လို့ သုံးရင် ယောက်ျား၊ မိန်းမ မကွဲမှာစိုးလို့ ခွဲသုံးသင့်တဲ့ အကြောင်း အကြောင်းပြချက် ပေးကြပါသေးတယ်။ စိုးရိမ်စရာ မရှိပါဘူး။ စကားသုံးနှုန်းတယ် ဆိုတဲ့နေရာမှာ ရှေ့နောက်စကား အဆက်အစပ်နဲ့ သုံးခြင်းသာ ဖြစ်ပါတယ်။ ရှေ့နောက် ဆက်စပ်ကြည့်ရင် ကျားမ ကွဲပြားပါလိမ့်မယ်။ ဒါကြောင့် အသုံးမှားဖြစ်တဲ့ “သူမ” ကို သတိထား ရှောင်ရှားကြဖို့ အသိပေးလိုက်ရပါတယ်။

အထက်ပါ ပို့စ်တွင် ဖော်ပြထားသော အကြောင်းအရာများကို ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ – မောင်ခင်မင် (ဓနုဖြူ) မှ ကောက်နုတ် တင်ပြလိုက်ပါသည်။

အချစ် နှင့် အိမ်ထောင်ရေး

၂၀၀၈ ခုနစ်၊ ဧပြီလ၊ ၃ ရက် (ကြာသပတေးနေ့)

အချစ်ဆိုတာ ဘာလဲ။

ဆရာက ပြောတယ်။
မင်းရဲ့ မေးခွန်းကို ဖြေဖို့အတွက် မင်း စပါးခင်းထဲကို သွားပါ။
အကြီးဆုံး စပါးနှံ (စပါးစေ့ ဆိုရင်လည်း ရမှာပါ။ မြင်သာအောင် စပါးနှံလို့ ပြောတာ) ရွေးယူပြီး ပြန်လာခဲ့လို့ မှာလိုက်တယ်။
ဒါပေမယ့် စည်းကမ်းက စပါးစိုက်ခင်းတန်းတစ်ခုကို တစ်ခါပဲ ဖြတ်ရမယ်။ ပြန်လှည့်ပြီး ကောက်ခွင့် မရှိဘူးတဲ့။
ဒါနဲ့ ကျောင်းသားက လယ်ကွင်းထဲ သွားတယ်။ ပထမတန်းကို ဖြတ်တဲ့အခါ စပါးနှံကြီး တစ်ခုကို မြင်တယ်။
ဒါပေမယ့် သူ ထင်တာ နောက်တစ်တန်းမှာ ဒီထက်ကြီးတာ တွေ့နိုင်သေးတယ်ပေါ့။
နောက်တော့ စပါးခင်း တစ်ဝက်လောက်မှာ သူ တွေ့သမျှ စပါးနှံတွေက ပထမ သူတွေ့ခဲ့တဲ့ စပါးနှံလောက် မကြီးဘူးဆိုတာ သူသိလာတဲ့အခါ သူ နောင်တ ရခဲ့တယ်။
နောက်ဆုံးမှာ လက်ဗလာနဲ့ ဆရာ့ဆီ ပြန်ခဲ့တယ်။
ဆရာ သူ့ကို ပြောတာက
အဲဒါ အချစ်ပဲ။ မင်းက နောက်ထပ် ဒီထက် ကောင်းတာတွေ့မလားဆိုပြီး ရှာခဲ့တယ်။ ဒါပေမယ့် ကောင်းတဲ့တစ်ယောက်ကို မင်း ဆုံးရှုံးခဲ့ပြီဆိုတာ နောက်တော့မှ မင်းသိလာမယ် တဲ့။

လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲ။

ကျောင်းသားက ထပ်မေးပြန်တယ်။ ဒါဆို လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာကော ဘာလဲတဲ့။
ဒီတော့ ဆရာက ပြောတယ်။
ဒီတစ်ခါ ပြောင်းဖူးခင်းထဲ သွားပါ။
အကြီးဆုံး ပြောင်းဖူးယူပြီး ပြန်လာပါလို့ ဆိုသတဲ့။ စည်းကမ်းကတော့ ပထမ စည်းကမ်းအတိုင်းပဲပေါ့။
ဒီတစ်ခါတော့ ကျောင်းသားက နပ်သွားပြီဆိုတော့ စောစောကလို မမှားဖို့ သေချာ ဂရုစိုက်ပြီပေါ့။
ပြောင်းခင်းအလယ်လောက်မှာတော့ အလယ်အလတ် ပြောင်းဖူးတစ်ဖူးကို သူ ကျေနပ်စွာ ကောက်ယူပြီး ဆရာ့ဆီ ပြန်လာခဲ့တယ်။
ဆရာ ပြောတာက
ဒီတစ်ခါတော့ မင်းပြောင်းဖူး တစ်ဖူး ယူလာနိုင်ပြီ။ မင်း စိတ်ထဲမှာ မင်းကောင်းတာ ရှာတွေ့တယ်၊ မင်း အကောင်းဆုံး ရခဲ့တယ် ဆိုတဲ့ ယုံကြည်စိတ်ချမှု ရှိနေတယ်။ တကယ်တော့ ဟုတ်ချင်မှ ဟုတ်မယ်။
လက်ထပ်ခြင်း (အိမ်ထောင်ရေး) ဆိုတာ အဲဒီလိုပါပဲ
တဲ့။

စိတ်ဝင်စားစရာ၊ မှတ်သားစရာ ကောင်း၍ သူငယ်ချင်းတစ်ယောက် ပို့ထားသော အီးမေးလ်မှ ပြန်လည်ကောက်နုတ် တင်ပြသည်။