နောင်တကို စမြုံ့ပြန်ခြင်း

၂၀၀၈ ခုနစ်၊ မတ်လ၊ ၃၁ ရက် (တနင်္လာနေ့)

ပထမတော့ ပြဿနာတစ်ခုခု ဖြစ်လာရင် သူတပါးကို အပြစ်တင်တယ်။
နောက်ပိုင်းကျတော့ ကိုယ့်ဖာသာကိုယ်ပဲ အပြစ်တင်မိတော့တယ်။
အခုတော့ ဘယ်သူ့ကိုမှ အပြစ်မတင်တတ်တော့ဘူး။

မနေ့က ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်အတွက် နောင်တရမိတယ်။ “ဒီလိုမှန်း သိရင်” ဆိုတဲ့ အသုံးအနှုန်းတွေနဲ့ ဒေါသထွက်တယ်။ လောကဓံက ငါ့ကို မျက်နှာသာ မပေးဘူး။ ပတ်ဝန်းကျင်က ငါ့ကို မကြည်ဖြူဘူး။ လူတွေက အကောင်းမမြင်ဘူး။ သူတို့က ငါ့စေတနာကို နားမလည်ဘူး။ ငါ့မျှော်လင့်ချက်ကို သဘောမပေါက်ဘူး။ ငါ့ရဲ့ ရည်မှန်းချက်ကို အားမပေးဘူး။ ငါ့ရဲ့ ဆန္ဒကို မလိုက်လျောနိုင်ကြဘူး။ ငါ့ဆို မကောင်းချည်း ပြောနေကြတယ်။

ဒီလို ၀မ်းနည်းကြေကွဲမှုတွေရဲ့ အဆုံးသတ်မှာ ငါတွေနဲ့ ၀န်းရံနေတဲ့ အတွေးတွေဟာ အတ္တရဲ့ ပုံဆောင်ခဲတွေလို့ နားလည်သဘောပေါက်လာတယ်။ လူတစ်ယောက်မှာ ရှိတဲ့ အတ္တရဲ့ အရာရောက်တဲ့ ဦးဆောင်မှုနဲ့ ညွှန်ကြားမှုတွေကို မြင်တွေ့လာတယ်။ သိရှိလာတယ်။ အတ္တရဲ့ ကြိုးကိုင်မှုအောက်မှာ ပြားပြားဝပ်နေတဲ့ လူတွေကို သနားတတ်လာတယ်။ ကိုယ့်ကိုယ်ကိုလည်း သနားလာမိတယ်။

ဒါနဲ့ နောက်တော့ ပြဿနာဖြစ်လာရင် ကိုယ့်ကိုယ်ကို အရင် ကြည့်မိတော့တယ်။ ဂျစ်ကန်ကန် ပြောတတ်တဲ့ လူတွေကြားမှာ ငါဆိုရင်ကော အဲဒီလို ပြောမလားလို့ တွေးလာမိတယ်။ အပြစ်လုပ်တတ်တဲ့ လူတွေကြားက လူတစ်ယောက် အနေနဲ့ အပြစ်လုပ်သူချင်း ကိုယ်ချင်းစာတတ်လာတယ်။ ငါဆိုလည်း ဆဲမိမယ်၊ လုပ်မိမယ်ပေါ့။ အပြစ်ကင်းစင်တဲ့ လူ၊ အသိပညာ အတတ်ပညာ ပြီးပြည့်စုံတဲ့ လူ ဆိုတာ မရှိပါဘူး။ လူဆိုရင် မှားတတ်မယ်။ ဒီပြဿနာမှာ ငါ့လုပ်လိုက်မိလို့ များလား။ ငါ့ ပရောဂကော ကင်းရဲ့လား။ ငါ လုပ်မိလို့များ ဒီလို ဖြစ်သွားတာလား။ ငါသာ ၀င်မပါမိရင် ဒီလောက် ဖြစ်မယ် မထင်ဘူး။ ဒီလိုနဲ့ ကိုယ့်ဖာသာ ကြည့်ပြန်တော့ အပြစ်တွေ တစ်ပုံကြီးနဲ့ပေါ့။ ကိုယ့်ကိုယ်ကို ကြိတ်ပြီး ဆဲဆိုလို့ မဆုံးတော့ဘူး။ ငါ့ကြောင့်၊ ငါ့ကြောင့်နဲ့ပဲ ပူဆွေးလို့ မဆုံးတော့ဘူး။ သူတပါးကို အပြစ်မြင်တာထက် ကိုယ့်ကိုယ်ကို အပြစ်တင်မိရင် ပိုခံစားရတယ်။

ကြာတော့ အတိတ်ကို နောက်ကြောင်းပြန်နေသရွေ့ ဘယ်တော့မှ မတိုးတက်ဘူး ဆိုတာ နားလည်လာတယ်။ နောင်တရတာ၊ ပူဆွေးတာ၊ ကြေကွဲတာ ဒါတွေဟာ အတိတ်ကို စားမြုံ့ပြန်တာပဲ။ အမှားတစ်ခုရဲ့ နောက်ကွယ်မှာ အမှန်တရား ရှိပါတယ်။ အဲဒီ အမှားဆိုတာကြီးနဲ့ပဲ လုံးချာလည်လိုက်နေရင် အမှန်ဆီကို မရောက်တော့ဘူး။ အမှန်တရားဟာ အမှားတွေရှိမှ ပိုပီပြင်တယ်။ အမှားတွေကို တန်ဖိုးထားတတ်မှ အမှန်တရားရဲ့ တန်ဖိုးကို နားလည်မယ်။ ဘာလို့လဲဆိုတော့ အမှားတွေနဲ့ တန်ရာတန်ကြေး ပေးဆပ်လိုက်ရတဲ့ တန်ဖိုးဟာ အမှန်တရားရဲ့ တန်ဖိုးပဲ။ ကျန်းမာရေးရဲ့ တန်းဖိုးကို နာမကျန်းဖြစ်မှ နားလည်နိုင်မယ်။ လက်နှစ်ဖက် ရှိခြင်းရဲ့ တန်ဖိုးကို လက်တစ်ဖက် ပြတ်သွားမှ နားလည်မယ်။ သွားတွေ စုံစုံလင်လင် ရှိတဲ့ အကျိုးကျေးဇူးကို အသက်တွေကြီးပြီး သွားတွေ ကျွတ်ကုန်တဲ့ အခါမှ ကောင်းကောင်း နားလည်သွားတယ်။ မှားဖူးမှ အမှန်ကို နားလည်လာမယ်။ အမှန်ကို တန်ဖိုးထားမယ်။ အမှန်ကို ခံစားတတ်မယ်။

အမှန်အတွက် အမှားဟာ မရှိမဖြစ် လိုအပ်ချက်ပဲ။ အမှားတွေ တစီးတတန်းကြီး ဖြစ်နေတာ သိတဲ့အချိန် ဆင်ခြင်မိလိုက်တဲ့ အချိန်မှာ အမှန်တွေ တစီတတန်းကြီး လုပ်နိုင်လာလိမ့်မယ်။ ရှေးဆိုရိုးလေး တစ်ခု ရှိပါတယ်။
ငါ့နောက်ကို အလင်းတန်းကြီးတစ်ခု ထပ်ကြပ်မကွာ လိုက်လာလို့ ပြဿနာပဲ ဆိုပြီး ပြေးလိုက်ရတာ မောနေတာပဲ။ ခရီးလမ်းဆုံးခါနီးမှ ငါ့ကို လမ်းတစ်လျှောက် မီးမောင်းထိုးပေးနေတာပါလားလို့ သတိထားမိတော့တယ်။
ကိုယ်လုပ်ခဲ့ဖူးတဲ့ အမှားတွေကို အပြစ်တွေကို ဘ၀လမ်းတလျှောက် လမ်းပြပေးနိုင်မယ့် မီးမောင်းကြီးအနေနဲ့ အသုံးချနိုင်ခဲ့မယ်ဆိုရင် ရှေ့ဆက်လျှောက်ရမယ့် လမ်းဟာ ပိုပြီး လင်းလက်လာပါလိမ့်မယ်။

မြားဒါဏ်ရာနဲ့ အဆိပ်မိနေတဲ့ လူတစ်ယောက်အတွက် ဆေးကုသဖို့က အရေးကြီးဆုံးပါ။ ဒီမြား ဘယ်က လာသလဲ။ ဘယ်သူ ပစ်တာလဲ။ ဘာကြောင့် ပစ်တာလဲ ဆိုတာတွေက အနာပျောက်ကင်းရေးထက် ပိုအရေးကြီး နိုင်ဦးမလား။
အမှားတစ်ခုအတွက် အတိတ်ကို ကောက်ကြောင်း မလိုက်တတ်တော့ဘူး။ အတိတ်မှာ ရစ်မူးနေတာ မိုက်မဲမှုပဲ။ ဘယ်သူ့ကြောင့် အပြစ်ဖြစ်ရသလဲ ဆိုတာထက်၊ ဘယ်ကြောင့် အကျိုးပျက်ရသလဲ ဆိုတာထက်၊ လက်တလော ဖြစ်နေတဲ့ ပြဿနာရဲ့ ရှေ့ရေးက ပိုအရေးကြီးပါတယ်။ ဝေဒနာကို ဘယ်လိုကုစားမလဲ ဆိုတာကိုပဲ ကြိုးစားပြီး အဖြေရှာနေမိတော့တယ်။ ထပ်မဖြစ်အောင် ဘယ်လို ကာကွယ်မလဲ ဆိုတာကိုလည်း လေ့လာဖို့ မမေ့နဲ့ဦးပေါ့။


No Pain No Gain

၂၀၀၈ ခုနစ်၊ မတ်လ၊ ၁၂ ရက် (ဗုဒ္ဓဟူးနေ့)

ဟူး … ဒီပို့စ်တင်ဖို့ လုပ်နေတာ ၄ ရက်တောင် ရှိသွားပြီ။ ကိုးနတ်ရှင်က အဆင်မပြေတော့ အသည်းအသန် လုပ်လိုက်ရတယ်။ No Pain No Gain တဲ့။ သဘောက အနာခံမှ အသာစံရမယ်ပေါ့ဗျာ။

အခက်အခဲတွေကို ကျနော်တို့က ဒုက္ခလို့ မှတ်ယူကြတယ်။ ဒါဆို နာကျင်မှုတွေပေါ့။ အဲဒီ နာကျင်မှုတွေကို ရဲရဲရင့်ရင့် လက်ခံနိုင်ဖို့၊ အဲဒီ အခက်အခဲတွေကို မပုန်းမရှောင် ရင်ဆိုင်ရဲဖို့ သတ္တိတွေတော့ လိုမယ်။ အဲဒီ အခက်အခဲတွေကို သတ္တိရှိရှိ လက်ခံလိုက်ပါ။ အနာဂါတ်ဟာ ပိုပြီး စိုပြေလာလိမ့်မယ်။ မယုံရင် ဟိုး အရင်က ကြုံခဲ့ဖူးတဲ့ အခက်အခဲတွေ၊ အံကြိတ်ပြီး ခံခဲ့ရတဲ့ ဒုက္ခတွေအကြောင်း ပြန်စဉ်းစားကြည့်ပါ။ အဲ့ဒီအချိန်က လည်စင်းပြီး ခံနေခဲ့ရတော့ ဘယ်ချိုမြိန်မလဲနော်။ ငိုတောင် ငိုခဲ့ရမယ်ထင်တယ်။ ဒါပေမယ့် အဲဒါတွေ အခု ပြန်စဉ်းစားတော့ ဘယ်လိုနေလဲ။ အခုတော့ ရယ်စရာတွေ ဖြစ်နေမလားပဲ။ ကြည်နူးစရာတွေ ဖြစ်နေတယ်။ လွမ်းဆွတ်စရာတွေ ဖြစ်သွားတယ်နော်။ အနည်းဆုံး အတွေ့အကြုံအဖြစ်နဲ့ သင်ယူလိုက်ရတယ်။ သင်ခန်းစာအဖြစ်နဲ့ နားလည်လိုက်ရတယ်။ ဒါတွေဟာ အနာဂါတ် လှပဖို့ အတွက်ပဲ မဟုတ်လား။ ကျနော်တို့ လုပ်နေရတဲ့ အလုပ်တွေ၊ လုပ်ရပ်တွေဟာ ဒုက္ခတွေပဲလို့ တစ်ထစ်ချ မတွေးထင်လိုက်ပါနဲ့။ မယူဆလိုက်ပါနဲ့ဦး။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ ဒုက္ခတွေ၊ နာကျင်မှုတွေ၊ အလုပ်တွေရဲ့ နောက်ကွယ်မှာ အကြောင်းအရင်းတွေ အမြဲ ရှိနေတတ်လို့ပါ။

ဒီကာတွန်းလေး ဆက်ခံစားကြည့်ပါဦး။ တစ်ခုခုတော့ ရလိုက်မယ် ထင်ပါတယ်။















Thanks to MOH, my best friend for sharing this amazing cartoon


အပြုံးခွန်အား ပေးသနားပါ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၇ရက် (သောကြာနေ့)

လူအတော်များများ ပြုံးဖို့ ခဲယဉ်းကြတယ်။ တစ်နေ့တာရဲ့ အချိန်တွေကို ရှုံ့မဲ့စွာနဲ့ ဖြုန်းတီးပစ်ကြတယ်။ ပြုံးဖို့ မေ့နေကြပုံပဲ။ လူတွေဟာ သောကရဲ့ ဖိစီးမှုအောက်မှာ ပြားပြားဝပ်နေကြသလို သောကကို တွန်းလှန်ဖို့ မေ့နေကြတယ်။ သောကဟာ လူတိုင်းမှာ ရှိနေတဲ့ အားလုံးရဲ့ ပိုင်ဆိုင်မှု တစ်ခုပါ။ သောကကင်းတဲ့ လူဆိုတာ မရှိပါဘူး။ အလိုမကျရင် သောကဆိုတာ ဖြစ်လာတာပါပဲ။ လောကမှာ အလိုမကျစရာ တစ်ပုံကြီးပါ။ အဲဒါကြောင့် သောကတွေ တစ်ပုံတစ်ပင်ကြီး ထမ်းထားရတယ်။ ပိုးထားရတယ်။

ဒါပေမယ့် တချို့လူတွေမှာ သောက မရှိဘူးလို့ ထင်ရတယ်။ အဲဒီလူတွေဟာ ဘယ်သူတွေလဲ။ ဘယ်လို လူမျိုးတွေလဲ။ ငွေကြေး၊ အာဏာ ပိုင်ဆိုင်ထားကြသူတွေလား။ မဟုတ်ဘူး၊ သူတို့တွေရဲ့ ပိုင်ဆိုင်မှုကို ဒီထပ် များများရဖို့ ကြောင့်ကြစိုက်နေရတယ်။ ရှိထားတဲ့ အရာတွေ ဆက်လက် ထိန်းသိမ်းဖို့ ပူပင်နေရတယ်။ တစ်နေကုန် မျက်မှောင်ကြီး ကြုံ့ပြီး သောကရောက်နေကြတယ်။ မျက်ထောင့်နီနီနဲ့ ဒေါသထွက်နေရတယ်။ ဒါဆို ဘယ်လိုလူတွေလို့ ထင်သလဲ။ ရယ်မောနေတဲ့သူ၊ ပြုံးနေတဲ့သူတွေပါ။ သူတို့က သောကကို ကျောခိုင်းနေတာ။ အံတုနေတာ။ သူတို့ဆီမှာ သောက မရှိတာမဟုတ်ဘူး။ ၀ှက်ထားတာလည်း မဟုတ်ဘူး။ မသိချင်ယောင် ဆောင်နေတာ။ ဂရုမစိုက်တာ။ ပြုံးနေတဲ့ လူတွေဟာ သောကကို အဓိပ္ပာယ်ရှိရှိ ဥပေက္ခာ ပြုထားကြတယ်။

အပြုံးဆိုတဲ့ နေရာမှာ အပြုံးက အမျိုးမျိုးရှိတော့ ဘယ်လို အပြုံးမျိုး ဖြစ်လေမလဲလို့ စဉ်းစားနေကြမယ်ထင်တယ်။ အပြုံး ဘယ်နှမျိုးလောက် ရှိမလဲ ဆိုတာ ဒီနေရာမှာ မဆွေးနွေးချင်ပါဘူး။ ပေါ့ပေါ့ပါးပါး ပြုံးတဲ့ အပြုံးမျိုးကို ဆိုလိုတာပါ။

အပြုံးတစ်ခုဟာ သောကကို တွန်းလှန်ဖို့ ခွန်အားတွေ ဖြစ်စေတယ်။ လူဘ၀မှာ ပျော်ရွှင်မှုတွေ စိတ်ဆင်းရဲမှုတွေဟာ တဒင်္ဂ တခဏတာပဲ ဖြစ်ပေါ်နေတယ်။ လျှပ်စီးလျပ်သလိုပဲ။ ဖျက်ခနဲဆို ပြီးသွားပြီ။ ဒါပေမယ့် ဘာဖြစ်လို့ လူတွေရဲ့ မျက်နှာမှာ စိတ်ဆင်းရဲတာကို များများမြင်ရပြီး ပျော်ရွှင်ဖို့ဆို တခဏတာပဲ ပျော်ရွှင်နိုင်ကြတာလဲ။ ဘာလို့လဲ။ လူတွေဟာ စိတ်ဆင်းရဲမှုဆိုတာ မကောင်းမှန်းသိတယ်။ မကောင်းမှန်း သိကြပေမယ့် အဲဒီ မကောင်းတာကြီးကိုပဲ ဖက်တွယ်ထားကြတယ်။ တခဏတာ ရောက်လာတဲ့ စိတ်ဆင်းရဲမှုကို မစွန့်မပစ်ရက်နဲ့ ဖက်တွယ်ထားတယ်။ အဖန်တလဲလဲ စဉ်းစားခြင်းအားဖြင့် ဖက်တွယ်ထားကြတယ်။ ခဏခဏ စဉ်းစားနေလိုက်တော့ သောကကို ပျောက်ကွယ်မသွားအောင် အားသစ်လောင်းသလို ဖြစ်နေတယ်။ အဲဒီလို နားမလည်ကြတော့ သောကကို ခြေရာခံ လိုက်နေသလို ဖြစ်နေတယ်။ ဒါကြောင့်မို့ ရှာဖွေလေ တွေ့ရှိလေ ဖြစ်နေပြီ။ ဘယ်တော့မှ မဆုံးတော့ဘူး။ ဒါကို မနေတတ်ဘူးလို့ ပြောလို့ရတယ်။ သောကဟာ အနားမှာရှိနေတာ သိရင် သွားမကြည့်နဲ့။ လိုက်လာလိမ့်မယ်။ မရှိသလို နေလိုက်ရင် တဖြည်းဖြည်း ဝေးသွားမှာပါ။

သောကဟာ အပြုံးကို ချေဖျက်နိုင်သလို အပြန်အလှန်အားဖြင့် အပြုံးဟာလည်း သောကကို ကျေပျက်စေနိုင်ပါတယ်။ လူတွေဟာ လူ့ဘ၀ကို စတင်ကတည်းက ငိုပြီး မွေးဖွားခဲ့ရတယ်။ သေခါနီး စက္ကန့်ပိုင်းတွေမှာလည်း ပျော်ရွှင်တယ် ဆိုတာ မရှိကြဘူး။ ဘ၀ရဲ့ အလယ်မှာလည်း အရှုပ်တွေလုပ်ပြီး အလုပ်တွေ ရှုပ်နေကြတယ်။ လူတွေရဲ့ စိတ်တွေဟာ ပစ္စုပ္ပန် တည့်တည့်မှာ မရှိဘဲ အတိတ်နဲ့ အနာဂါတ်တွေမှာ ရောက်နေတယ်။ အတိတ်ကိုပဲ တ၀ဲဝဲလည်နေတဲ့ စိတ်ကြောင့် နောင်တတွေပဲ အဖန်တလဲလဲ ဖြစ်နေတယ်။ အနာဂါတ်မှာချည်း စိတ်ရောက်နေတော့ တွေဝေမှုတွေပဲ ထပ်ခါထပ်ခါ ဖြစ်နေတယ်။ မနေ့က မလုပ်မိလေခြင်း ဆိုပြီး နောင်တရမိတယ်။ မနက်ဖြန် ဟိုဟာလေး လုပ်ရင် ကောင်းမလားဆိုပြီး တွေဝေနေတယ်။ ဒီလိုနဲ့ အားလုံးဟာ သောကကို လက်လျက် ခေါ်နေကြတယ်။ ရှိနှင့်ပြီးသား သောကကို ဘယ်လို ဖြေရှင်းမလဲ မစဉ်းစားအားဘူး၊ မလုပ်အားဘူး။

တစ်နေ့လုံးနေလို့ တစ်ခါ မပြုံးတဲ့လူတွေ ကျနော် အပြင်မှာ အများကြီး မြင်ဖူးတယ်။ သူတို့ကို ကြည့်လိုက်ရင် အမြဲလိုလို မျက်မှောင် ကြုံ့ထားကြတယ်။ သူ့မျက်နှာ မြင်တာနဲ့ စိတ်ဖိစီးမှုဒဏ် ခံနေရတယ်ဆိုတာ သိသာတယ်။ သူတို့တွေ ပြုံးဖို့ မေ့နေကြတယ်။ ပြုံးကော ပြုံးတတ်သေးလား ဆိုတာတောင် သံသယ ရှိမိတယ်။ တချို့ ကျပြန်တော့လည်း ဘာသောကမှ မရှိဘူးလို့ ထင်ရအောင်ကို မျက်နှာက ပြုံးချိုနေတယ်။ သောက မရှိလို့ ပြုံးနေနိုင်တာလား။ ပြုံးနေနိုင်လို့ သောက မရှိဘူးလို့ ထင်ရတာလား။ ဒါ စဉ်းစားစရာပါ။ သေချာတာ တစ်ခုက လောကမှာ သောက မရှိတဲ့လူ ဆိုတာ မရှိနိုင်ပါဘူး။ ဒါကြောင့် သောကမရှိလို့ ပြုံးနေနိုင်တယ် ဆိုတာ မဖြစ်နိုင်တော့ဘူး။ နောက်ပြီး ပြုံးနေတဲ့ မျက်နှာဟာ ကျက်သရေ အင်မတန်ရှိပါတယ်။ ဒါကြောင့် ကျက်သရေ ရှိမယ့် အဆောင်တစ်ခုဆိုရင် အပြုံးကိုပဲ ညွှန်ချင်ပါတယ်။ အမြဲ ပြုံးနေတတ်တဲ့ အန်တီကြီး တစ်ယောက်ရဲ့ စကားဟာ အင်မတန် မှတ်သားဖို့ ကောင်းလို့ တင်ပြလိုက်ပါတယ်။
အန်တီကို ကြည့်လိုက်ရင် အမြဲ ပြုံးလို့ ကျက်သရေကို ရှိနေတာပဲနော်။
အော် … အန်တီတို့မှာ လူချစ်လူခင်ပေါအောင် တန်ဆာဆင်နိုင်တဲ့ ရတနာတွေ သူများလို မရှိတော့ ဒီအပြုံးလေးပဲ အမြဲ ဆောင်ထားရတာပေါ့ကွယ်။


အားပေးစကား ပြောကြားကြသော သူငယ်ချင်းများ အားလုံး ကျေးဇူးပါ

၂၀၀၈ ခုနစ်၊ မတ်လ၊ ၄ ရက် (အင်္ဂါနေ့)

အားလုံး မင်္ဂလာပါဗျာ။ ကျနော် ၁၈ ရက် ဖေဖော်ဝါရီလမှာ ပို့စ်တစ်ခုတင်ပြီး ကတည်းက ပျောက်ခြင်းမလှ ပျောက်နေလို့ လာအော် လာခေါ် နေကြတဲ့ သူငယ်ချင်းတွေ ရှိကြသလိုပဲ ပျောက်နေရတဲ့ အကြောင်းသိကြလို့ လာရောက် အားပေးကြတဲ့ သူငယ်ချင်းများလည်း ရှိကြပါတယ်။ လာရောက် အားပေးနှစ်သိမ့်စကား ပြောကြားပေးကြတဲ့ သူငယ်ချင်းရောင်းရင်းတွေကိုလည်း ကျေးဇူးအထူးတင်ပါတယ်။ ၁၉ ရက်နေ့ မနက်ကို အဖေ ဆေးရုံတင်ရလို့ ရရာနဲ့ မန်းကို လစ်လိုက်ရတာ သူငယ်ချင်းတွေကိုတောင် အကြောင်းမကြားလိုက်ရဘဲ အမြန် ပြန်လိုက်ရတယ်။ အဖေ ဆုံးတဲ့ ၂၅ရက် နေ့က မှတ်လို့ သားလို့ ကောင်းအောင် မန်းက ရတနာပုံဈေးကလည်း မီးအကြီးအကျယ် လောင်လိုက်တယ်လေ။ အဖေဆုံးတာ နံနက် ၁း၃၀ လောက်ပါ။ သူငယ်ချင်းတွေကို အကြောင်းကြားမယ်လို့ နံနက် ၇း၃၀ လောက် လုပ်တော့ ရတနာပုံဈေးက မီးညွှန့်အတော်တက်နေပြီ။ ဒါနဲ့ ဖုန်းတွေလည်း တအားကြပ်နေပြီ။ ခေါ်ရခက်တာနဲ့ ဘယ်သူဆီမှ အကြောင်းမကြားဖြစ်တော့ဘူး။ ဂျီကိုင်ထားတဲ့ သူတွေဆီပဲ မက်စိ (Message) ပို့လိုက်တော့တယ်။ သူငယ်ချင်းတွေလည်း နာရေးမေးဖို့ ဖုန်းဆက်ကြမယ် ထင်ပါတယ်။ ဖုန်းလိုင်း တအားကြပ်လို့ သူတို့လည်း လက်လျှော့လိုက်တယ် ထင်ပါ့။ ဘာပဲဖြစ်ဖြစ်ပါ။ စီဗုံးထဲမှာ အားပေးစကား လာပြောသွားကြတဲ့ အပေါင်းအသင်း ရောင်းရင်းများ အားလုံး တကယ့်ကို ကျေးဇူးတင်ပါတယ်။ ဒီစီဗုံးလေး ၀င်ကြည့်လိုက်တော့ တကယ့်ကို အားတက်မိပါတယ်။ အော် … နောက်ပြီး အဖေဆုံးတဲ့ သတင်းကို စီဗုံးထဲမှာ အားလုံးကို အကြောင်းကြားပေးတဲ့ ကိုhms ကိုလည်း ကျေးဇူးတင်ပါတယ်။ နောက်ပြီး ဖုန်းနဲ့ တစ်ဖုံ၊ မက်စိနဲ့ တစ်မျိုး အားပေးစကားပြောကြတဲ့ သယ်ရင်းတွေကိုလည်း ကျေးဇူးပါ။

အဖေက အဆုတ်ကင်ဆာနဲ့ ဆုံးတာပါ။ အဆုတ်ထဲမှာ အကျိတ်လေးတစ်လုံးကို ဟိုး ၂၀၀၂ ဇွန်လ ကတည်းက တွေ့လို့ ခွဲထုတ်ပြီး အသားစစစ်ဖို့ လုပ်လိုက်တာ ၂၀၀၃ ဇန်န၀ါရီလမှပဲ ခွဲဖြစ်ပါတယ်။ အသားစကို ယူစစ်ကြည့်တော့ Cancer ဖြစ်နေပြီး အဆိုးဆုံး အမျိုးအစားဖြစ်တဲ့ Small Cell ဖြစ်တယ်လို့ ပြောပါတယ်။ သူများတွေ ဆိုရင်တော့ ကင်ဆာမှန်း သိပြီး ၆ လလောက်ပဲ ခံမယ်လို့ ပြောတော့ ကျနော်တို့ တစ်မိသားစုလုံး ၀မ်းနည်းလို့ ငိုလိုက်ရပါသေးတယ်။ အဆုတ်ကို ခွဲစိတ်ပေးတဲ့ ဆရာဝန်က အစပထမ အဲ့ဒီ အကျိတ်ကလေးပဲ ထုတ်ပေးမလို့ဟာကို အဆုတ်ကို ကြည့်လိုက်တော့ ဘယ်ဘက်အခြမ်းက လုံးဝနည်းပါး သုံးစားလို့ မရတော့လို့ ထားလည်း အပိုပဲဆိုပြီး အကုန်လုံးနီးပါး ဖြတ်ထုတ်ပစ်လိုက်တယ်။ နောက်ပြီး ဆေးသွင်း၊ ဓါတ်ကင်နဲ့ ၂၀၀၃ တစ်နှစ်လုံးနီးပါး ဆေးရုံမှာပဲ အချိန်တွေ ကုန်သွားတယ်။
အဖေက ဘယ်ဘက် အဆုတ်တစ်ခြမ်းလုံး ပျက်စီးနေအောင် မကောင်းရတဲ့ အကြောင်းက သူက ဆေးလိပ် အင်မတန် သောက်တဲ့သူပါ။ အသက် ၁၅ နှစ်ကတည်းက သောက်ခဲ့တယ်လို့ ပြောတယ်။ ခွဲစိတ်တဲ့ အချိန်မှာ ၅၉ နှစ်ပါ။ အဲဒီအချိန်တော့ ဆေးလိပ်ပြတ်ပြီ။ မပြတ်လို့လည်း မရဘူးလေ။ ဆရာဝန်က ဆေးလိပ်မဖျက်ရင် ခွဲမပေးဘူး ပြောတာကိုး။ အဖေ ဆေးလိပ်သောက်ချက်ကတော့ လွန်ရောပဲ။ ဆေးလိပ်လျှော့သောက်ပြီ ဆိုတဲ့ အချိန်မှာ တစ်နေ့ကို လန်ဒန် စီးကရက် နှစ်ဘူးကုန်တယ်။ နောက်ပြီး တစ်ပတ်ကို ဖက်ကြမ်း တစ်စီးက တွဲဖက်ကုန်တယ်။ Heavy Smoker ပေါ့။ အရင်က ဆေးလိပ် ဖြတ်ဖို့ နှစ်ခါ ကြိုးစားသေးတယ်။ ဟိုဟာနဲ့ အစားထိုး ဒီဟာနဲ့ အစားထိုးနဲ့ နောက်ဆုံးတော့ တစ်ပတ်လည်ပြီး ဆေးလိပ်ပဲ ပြန်ရောက်သွားတယ်။ နောက်ဆုံး ဆရာဝန်က အသက်နဲ့ ဆေးလိပ်နဲ့ တစ်ခုယူဆိုမှ ဘာနဲ့မှ အစားမထိုးရဘဲ ဒုန်းတိကြီး ပြတ်သွားတယ်။
ဒါနဲ့ ခွဲစိတ်အပြီး ၂၀၀၄ လောက်က စပြီး လူကောင်းတစ်ယောက်လို ပြန်နေနိုင်လာတယ်။ အမောမခံနိုင်တာက လွဲလို့ပေါ့။ ၂၀၀၄ အောက်တိုဘာမှာ ကျနော်တို့နဲ့ အတူ တရုတ်ပြည်က ရေခဲတောင်ကိုတောင် တက်လိုက်သေးတယ်။ ၂၀၀၄ ကျမှ ခင်တဲ့ လူတွေက သူ့ကို ရောဂါဝေဒနာရှင်တစ်ယောက်လို့ကို မထင်ကြဘူး။ တောက်လျှောက် ကောင်းလာလိုက်တာ ၂၀၀၇ နှစ်ဆန်းပိုင်းလောက်မှာ စပြီး အသံလုံးဝ ပျောက်သွားတယ်။ စကားပြောရင် လေသံပဲ ထွက်တော့တယ်။ နားလည်တဲ့ ဆရာဝန်တွေ ပြောတာတော့ ကင်ဆာဆဲလ်ဟာ ပြန်ပြီးနိုးထလာပြီး အသံအိုးမှာ လာပွားနေပြီလို့ ပြောပါတယ်။ အဲဒီလို သိလိုက်ကတည်းက သိပ်မကြာတော့ဘူးဆိုတာ နားလည်လိုက်ပါပြီ။ ဒါပေမယ့် လူပဲလေ၊ မျှော်လင့်ချက်ဆိုတာ ရှိနေသေးသရွေ့ ကြိုးစားနေဦးမှာပေါ့။ ဒီလိုနဲ့ ဧပြီလ သင်္ကြန်အပြီးကနေစပြီး ဆေးသွင်းဖို့ လုံးပန်းရပါတော့တယ်။ အသက်လည်း ကြီးလာပြီဖြစ်တော့ တအားပြင်းတဲ့ ဆေးတွေကို အဖေ ခံနိုင်ရည် မရှိတဲ့ အဆုံးမှာ စက်တင်ဘာလထဲမှာပဲ ဆေးဆက်သွင်းဖို့ ဆရာဝန်က ပယ်ဖျက်လိုက်တယ်။ ဒီလိုနဲ့ ဆရာဝန်က မှေးကုလာလိုက်တာ ၂၀၀၈ ဇန်န၀ါရီရောက်တော့ အဖေက မန်းပြန်ချင်တယ်ဆိုတာနဲ့ ဆရာဝန်က ခွင့်ပြုလိုက်တယ်။ နောက်ဆရာဝန်က နေသာသလောက် နေပါတဲ့။ ဒီလောက်ဆို ကျနော်တို့လည်း သဘောပေါက်ပါတယ်။ ဒါပေမယ့် မယုံချင်သေးဘူးလေ။
၁၉ ရက်နေ့မှာ အဖေ အသက်ရှူကြပ်လို့ မန်းက ပုဂ္ဂလိက ဆေးရုံတစ်ခုမှာ တင်လိုက်တယ်။ ဆရာဝန်က ပြောတယ်။ သူအခု ထိုးထားတဲ့ ဆေးက ၂၄ နာရီအတွင်းမှ ပြန်မကောင်းရင်တော့ မတတ်နိုင်တော့ဘူးတဲ့။ ဒါပေမယ့် နေ့လည်ခင်းရောက်တော့ ပြန်သက်သာလာတယ်။ ဒီလိုနဲ့ ညတိုင်းသူ ခဏမှေးရုံကလွဲပြီး မအိပ်နိုင်ဘူး။ အအိပ်ပြတ်တာကြာတော့ အစားပါပျက်လာတယ်။ ခန္ဓာကိုယ်ရဲ့ အရေးကြီးဆုံး မောင်းနှင်အား နှစ်ခုဖြစ်တဲ့ အိပ်စက်အနားယူခြင်းနဲ့ အဟာရ ဖြည့်ဆည်းခြင်းတွေ ချို့ယွင်းလာတော့ လူက အကျဘက်ကို ရောက်ရောက်လာတယ်။ အိပ်စက်နိုင်အောင် အိပ်ဆေးထိုးရုံက လွဲလို့ ဘာတတ်နိုင်မှာလဲ။ အိပ်ဆေးပေးလည်း မအိပ်နိုင်ဘူးလေ။ အဟာရအတွက် ဆေးပုလင်းချိတ်ဖို့ ဆိုတာကလည်း အဆင်မပြေပြန်ဘူး။ အမောဖောက်နေတဲ့ လူတစ်ယောက်အတွက် ဆေးပုလင်းချိတ်ရင် ပိုမောလာလိမ့်မယ်။ လူနာမခံနိုင်လောက်ဘူး။ လူတစ်ယောက် အိပ်ချင်လျက်နဲ့ မအိပ်ရလို့ ဖြစ်နေရတဲ့ ဝေဒနာကို မြင်နေရတဲ့ လူတောင် အနေရခက်ပါတယ်။ ၉၀ ဒီကရီထောင်ထားတဲ့ နောက်မှီကိုတောင် မှီလိုက်ရင် မောတယ် ဆိုတော့ သူ ငုတ်တုတ် ထိုင်နေရုံမှ တပါး အခြားမရှိဘူး။ အဖေ ဒီလိုပဲ သုံးလေးရက် ငုတ်တုတ်ထိုင်ပြီး နေသွားခဲ့တယ်။ သူ့ရင်ထဲမှာ ဘယ်လောက် နာကျင်နေမယ်၊ အခံရခက်နေမယ်ဆိုတာ ခန့်မှန်းကြည့်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် ချီးကျူးစရာကောင်းတာက သူ့ရဲ့ နာကျင်မှုကြောင့် တစ်ချက် မငြီးခဲ့ဘူး။ သူ ကျိတ်ခံသွားခဲ့တယ်။ သူ့ရဲ့ သတ္တိကို ကျနော်တို့ လိုက်မမီဘူး။ နောက် သူ ကျနော်တို့အပေါ်ထားတဲ့ စာနာမှု၊ လူနာငြီးရင် လူနာရှင် ဘယ်လောက် နေရခက်မယ်ဆိုတာ သူ ကိုယ်ချင်းစာပြီး ကျိတ်ခံသွားပုံရပါတယ်။ သူ ဒီလို အိပ်မရတဲ့ ဝေဒနာကို ခံစားနေရပေမယ့် ၂၄ ရက်နေ့ ည ၁၁း၃၀ ကျော်ကျော်မှာပဲ အဖေ စပြီး အိပ်ပျော်သွားပါတယ်။ နာရီဝက်လောက် အိပ်လိုက် တခဏလောက် မျက်လုံးလေး ဖွင့်ကြည့်လိုက်၊ ၄၅ မိနစ်လောက် အိပ်လိုက် ခဏ ထကြည့်လိုက်နဲ့၊ နောက်ဆုံး ထွက်သက်ကို အိပ်စက်ရင်းနဲ့ပဲ ညင်ညင်သာသာ ထုတ်သွားတာ ကျနော်တို့တောင် မသိလိုက်ပါဘူး။ သတိရလို့ ကြည့်လိုက်တော့ သူ ငြိမ်ကျသွားတာ တွေ့လိုက်မှ ဆရာဝန်တွေ အမြန်ခေါ်ပြီး စစ်ဆေးခိုင်းရပါတယ်။ နောက်ဆုံး အီးစီဂျီ ရိုက်ပြီး လူနာကွယ်လွန်ကြောင်း အတည်ယူပါတယ်။ အဖေဆုံးပြီလို့ သိလိုက်ရတဲ့ စက္ကန့်ပိုင်းမှာ အရာအားလုံး ပျောက်ကွယ်သွားပြီး လဟာပြင် ကွင်းပြင်ကျယ်ကျယ်ကြီးမှာ တစ်ယောက်တည်း မိုးတိုးမတ်တပ် ရပ်နေရတယ်လို့ ခံစားလိုက်မိပါတယ်။ မှီခို အားထားရာကြီးတစ်ခု၊ ယုံကြည် ကိုးစားရာကြီးတစ်ခု ရုတ်တရက် ပျောက်ကွယ်သွားပြီး အထီးကျန်သလို ခံစားလိုက်ရတယ်။
နောက် အိမ်ပြန်ရောက်တော့ လောက၀တ် ပြုကျင့်ရမယ့်အတိုင်း နာရေးအတွက် လောကီကိစ္စတွေဖြစ်တဲ့ ဖိတ်စာရိုက်၊ ကြေငြာစီစဉ်၊ မဏ္ဍပ်ထိုး၊ သင်္ချိုင်းမြေနေရာစီစဉ်နဲ့ ရှုပ်ရှက်ခပ်ပြီး အလုပ်တွေ များရပါတော့တယ်။ အဲ့အချိန်မှာလည်း ဟိုရှုပ်ဒီရှုပ်နဲ့ ဖုန်းလိုင်းတွေလည်း ခေါ်ရကြပ်နဲ့ အမျိုးတွေလောက်ပဲ အခုတ်တရ အကြောင်းကြားနိုင်တော့တယ်။ အဲဒီလို ရှုပ်လိုက်တာ ရက်လည်အထိပါပဲ။ သယ်ရင်းတချို့က သတင်းစာထဲ ၀မ်းနည်းကြောင်း ထည့်ကြတယ်။ အဲ့ဒီတုန်းက ဖတ်ဖို့တောင် အချိန်မရလို့ သူငယ်ချင်းတချို့ပြောမှ သိရတယ်။ နောက်နေ့မှ သတင်းစာအဟောင်း ပြန်ရှာဖတ်ရဦးမယ်။ နောက်ပြီး လွမ်းသူ့ပန်းခွေ၊ ပန်းခြင်း လာပို့ပေးတဲ့ သယ်ရင်းများကိုလည်း ကျေးဇူးတင်ပါတယ်။ အလုပ်များနေတော့ ဘယ်တုန်းက လာပို့သွားမှန်းတောင် မသိလိုက်ဘူး။ နောက် ပြင်ဆင်ပြီး တင်ထားမှ သတိထားမိလိုက်တယ်။ လူမှုရေး လစ်ဟင်းမှုတွေ ရှိရင် တောင်းပန်ပါတယ်နော်။

တကယ်တော့ သေခြင်းတရားဟာ လူတိုင်းနဲ့ မကင်းတဲ့ တရားတစ်ခုဆိုတာ လူတိုင်း မငြင်းကြပေမယ့် အတိအလင်း လက်ခံရဲတဲ့လူ အတော်ရှားပါတယ်။ အဖေဟာ ဒီရောဂါ ဝေဒနာတွေ ခံစားနေရလို့ လူသာမာန်တွေထက် စောလျင်စွာ သွားရမယ်ဆိုတာ သီအိုရီကျကျ လက်ခံထားမိပေမယ့် တကယ့်လက်တွေ့မှာတော့ မယုံကြည်နိုင်တာ ကိုယ်တွေ့ပါ။ အဖေ ငြိမ်ကျသွားတော့ ဆုံးသွားပြီလားမသိဘူးလို့ ပထမဆုံးဝင်လာတဲ့ အတွေးကို ခပ်မိုက်မိုက်ကြီး ပယ်ချပြီး လက်ဖျန်ရိုးက သွေးခုန်းနှုန်းကို စမ်းကြည့်ပါတယ်။ မခုန်တော့ဘူး။ နောက် ဗိုက်ကို လက်နဲ့ အသာဖိပြီး ဖောင်းပိန်ဖြစ်သေးလား စမ်းကြည့်ပါတယ်။ ဒါလည်း လက်မခံနိုင်သေးလို့ နှာခေါင်းဝကို လက်ထားပြီး ၀င်လေထွက်လေ စမ်းပါတယ်။ ဒါလည်း သိပ်လက်မခံချင်သေးလို့ နှလုံးခုန်မခုန် လက်ဝါးနဲ့ စမ်းကြည့်ပါတယ်။ ဒါတောင် လက်မခံချင်သေးဘူး။ ဆရာဝန်ပြေးခေါ်ပြီး စမ်းခိုင်းပါတယ်။ ဆရာဝန်လည်း လူနာရှင်နဲ့ အနေအထားကို သဘောပေါက်လို့ နောက်ဆုံး အီးစီဂျီစက်နဲ့ ယူစမ်းပြမှ ကျနော်ရဲ့ သိစိတ်ကော မသိစိတ်ကပါ ဒုန်းဒုန်ချ လက်ခံလိုက်မိတော့တယ်။ အခုဟာက ဒီလောက် မဆိုးပါဘူး။ ၂၀၀၀ ခုနစ်က ကျနော် သူငယ်ချင်း ဆုံးတော့ သူ့ရဲ့ အလောင်းကို ကိုယ်တိုင် မီးသဂြိုလ်စက်ထဲ ထည့်ပြီးတာတောင် ၀ူးဝါးအော်ပြီး ပြန်ထွက်လာမလားလို့ မျှော်လင့်ချက်နဲ့ အပေါက်ဝမှာ ၁၅ မိနစ်လောက် ရပ်စောင့်နေလိုက်မိသေးတယ်။ ဘယ်လောက် ရူးသလဲနော်။
အဖေနဲ့ ပတ်သက်ပြီး ဖြေသာတာ တစ်ခုရှိပါတယ်။ အဖေရဲ့ ရုပ်အလောင်းကို ကုတင်ပေါ်ခင်းထားတာကို စိမ့်စိမ့်ကြီး ထိုင်ကြည့်ရင်းနဲ့ ကျနော် ကြည်နူးမိတာ တစ်ခု ရှိပါတယ်။ သူ မဆုံးခင် ၈ ရက်လုံးလုံး ကုတင်ပေါ် ကျောခင်းပြီး မအိပ်နိုင်ရှာဘူးလေ။ အခုတော့ သူ ကျောခင်းပြီး အားရပါးရ အိပ်နေရပြီလို့ တွေးမိလောက်အောင် သူ ကုတင်ပေါ်မှာ ပြုံးပြုံးကြီး မှေးစက် အနားယူနေပါပြီလေ ….. ။

အဖေ ကောင်းရာ သုဂတိ လားနိုင်ပါစေ … ။