ချစ်သူ့လက်ဆောင် (100th Post)

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၃၁ ရက် (ကြာသပတေးနေ့)

ပို့စ်အသစ် မရေးတာလည်း အတော်လေး ကြားသွားပြီ။ အခု ရေးမှာက တစ်ရာမြောက် ပို့စ်ပါ။ ထူးထူးခြားခြားလေး ရေးမလား စိတ်ကူးမိပြန်တော့ အကြောင်းအရာ ရှာရင်းပဲ အချိန်ကြာသွားပြန်တယ်။ ရေးမယ်လို့ စိတ်ကူးလိုက်တော့ ရေးချင်တာက ကဗျာ၊ ထွက်လာတာက ခပ်တောင့်တောင့် စာသားတွေနဲ့ ဗြောင်ကျကျ စကားလုံးတွေပဲ။ ဘယ်လိုမှ နုကြည့်လို့ မရတဲ့ အဆုံးတော့ လက်လျှော့လိုက်ရတယ်။ တင်ချင်တဲ့ ကဗျာကို တင်နိုင်ရမယ်ဆိုတဲ့ ဇွဲနဲ့ တင်ဖြစ်အောင်တော့ တင်မယ်။ ဒါပေမယ့် ကျနော်ရေးထားတဲ့ ကဗျာတော့ မဟုတ်ဘူး။ ကျနော် သိပ်သဘောကျမိတဲ့ ကဗျာလေးတွေပါ။ အင်တာနက် တစ်နေရာကနေ တွေ့လို့ သိမ်းထားတာ။ အဲ့ဒီ ကဗျာလေးတွေ ခံစားကြည့်ပါဦး။ ပထမတော့ ဘာသာပြန်လိုက်မယ်လို့ စိတ်ကူးမိပေမယ့် မူရင်း ကဗျာရဲ့ အရသာကို ညစ်နွမ်းသွားမှာ စိုးလို့ ဘာသာ မပြန်လိုက်တော့ဘူး။ တစ်ပုဒ်က သူနားလည်မိလိုက်တဲ့ အချစ်ရဲ့ အဓိပ္ပါယ်ကို ရေးဖွဲ့ထားတယ်။ နောက်တစ်ပုဒ်က လောကဓံ အထွေထွေမှာ နှစ်ယောက် လက်တွဲပြီး ဖြတ်ကျော်ဖို့ လက်မလျှော့ကြေး ဆိုတဲ့ အကြောင်းလေး ရေးထားတယ်။ ခံစားကြည့်ပါဦး။

The Meaning of LOVE

To love is to share life together
to build special plans just for two
to work side by side
and then smile with pride
as one by one, dreams all come true.

To love is to help and encourage
with smiles and sincere words of praise
to take time to share
to listen and care
in tender, affectionate ways.

To love is to have someone special
one who you can always depend
to be there through the years
sharing laughter and tears
as a partner, a lover, a friend.

To love is to make special memories
of moments you love to recall
of all the good things
that sharing life brings
love is the greatest of all.

I’ve learned the full meaning
of sharing and caring
and having my dreams all come true;
I’ve learned the full meaning
of being in love
by being and loving with you.

– Kellie Spehn –

x-x-x-x-x-x-x-x-x-x-x-x-x-x-x

Don’t Give Up !

In this world that surrounds us
We sometimes break down and fall
Those who stand above us
Can make us seem so small

We tremble under the weight
Of the problems that hold us down
And when we start to collapse
There seems to be no one around

We try to fight in this world
That always seems to fight back
Sometimes were not strong enough though
There are too many things we lack

We’ll hide away in corners
Put upon ourselves pain
But there’s no escape from this life
We all must suffer the same

But although we may struggle
And yes we all do fall
I’ll stand by your side
I’ll stay with you through it all

And if you start to tremble
Or even break down
I’m your shoulder to cry on
I’ll always be around

We all have our faults
Are up and are downs
We cant always smile all the time
Everyone has to frown

No, no ones perfect
And no one is the same
Were in this world together
We all play the same game

If we stick together
No matter whats to come
With a little faith and hope
Anything can be done

We all get those bad times
Each and every one of us
But I promise it will get better
Just don’t you give up

But when you feel like you want too
Please just remember this
You can die at any time
But it takes a strong person to live.

ကြည်နူးခြင်း တခဏတာ ကုန်လွန်တော့
လွမ်းရင်းနဲ့ မောလာရတယ်
နာကျင်အောင် မရည်ရွယ်ကြပေမယ့်
လွမ်းဆွတ်တဲ့ဒဏ်ကို ကြိတ်မှိတ်ခံနိုင်ဖို့ အတော်လေး ကြိုးစားရမယ်။
ကျေကွဲခြင်းကို အံတုပြီး ကြည်နူးရဲတဲ့ သတ္တိကို အချစ်လို့ ခေါ်မလား။

ကြည်နူးမှုနဲ့ အရာအားလုံးကို
နှစ်သိမ့်ပေးနိုင်တော့
ဒုက္ခဆိုတာကိုလည်း လျစ်လျူရှုတတ်လာတယ်။
နာကျင်မှုတွေ လာစမ်းပါစေ။
ကြံ့ကြံ့ခံနိုင်ဖို့ လုံလောက်တဲ့ အချစ်တွေ ရှိနေပြီလေ။
ဒီအချစ်တွေကို နားလည်ခွင့်ပေးတဲ့ သူမကိုလည်း ………………… ။

သူမရဲ့ အကြောင်းလေး သိချင်လား။ ဒီကဗျာလေး ဆက်ဖတ်ကြည့်ပါဦး။

When I know your LOVE

I feel as if we’ve come to possess a little of part of each other,
Though we are far from one another.

Whenever I’m caught on the horns of dilemma,
You help me out and lead me with your kind behavior.

At times, I feel blue, sad, hopeless and helpless,
And I can always withstand cos of your love and kindness.


စာပိုဒ်ထဲက ဦးဆောင်ဝါကျ

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၂၅ ရက် (သောကြာနေ့)

စာပိုဒ်ဖွဲ့ရာတွင် စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ထင်ထင်ရှားရှား ဖော်ပြနေသော ၀ါကျတစ်ခုပါလေ့ ရှိပါသည်။ ထိုဝါကျဖြင့် ဖော်ပြသောဆိုလိုချက်ကို ပေါ်လွင် ထင်ရှားလာအောင် ကျန်ဝါကျများက အသေးစိတ် အချက်အလက်များဖြင့် ၀ိုင်းဝန်း ထောက်ကူလေ့ရှိကြပါသည်။ စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ဖော်ပြသည့် ၀ါကျသည် စာပိုဒ်ကို ဦးဆောင်နေသည့်အတွက် ထိုဝါကျကို “ဦးဆောင်ဝါကျ” ဟု ခေါ်လေ့ရှိပါသည်။

ဦးဆောင်ဝါကျတွင်ပါသော အဓိက အချက်ကို ကျန်ဝါကျများက အသေးစိတ် ရှင်းလင်း ချဲ့ထွင်ခြင်းဖြင့် စာပိုဒ်တစ်ပိုဒ် ပုံပေါ်လာခြင်း ဖြစ်ပါသည်။ သာဓက ဆောင်ပါမည်။
ဦးလတ်သည် ၁၉၁၂ ခုနစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၇ နှစ်အတွင်းတွင် ကာလပေါ် ၀တ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စံပယ်ပင်ဝတ္ထုကို ရေးသည်။ ထို့နောက် ရွှေပြည်စိုး၊ ထို့နောက် သုံးဘုံ၊ ထို့နောက် တစ်နန်းပျော်ရင်သွေးတော်ကို ရေးသည်။ စံပယ်ပင်ကို ၁၉၁၂ ခုနစ်တွင် ထုတ်ဝေသည်။ ရွှေပြည်စိုးကို ၁၉၁၄ ခုနစ်တွင် ထုတ်ဝေသည်။ သုံးဘုံကို အစိုးရထုတ် တိုင်းကျိုးသတင်းစာ၌ ၁၉၁၄ ခုနစ်မှစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ စာတစ်အုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ချေ။ တစ်နန်းပျော်ရင်သွေးတော်ကို ပြည်မြို့ထုတ် ပျော်တော်ဆက်မဂ္ဂဇင်းတွင် ၁၉၂၀ ပြည့် နှစ်ဦးလောက်ကစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ ထိုဝတ္ထုကို ရေးစဉ်တွင် ဦးလတ် အနိစ္စရောက်သည်။
ထိုစာပိုဒ်၏ အဓိက ဆိုလိုချက်သည် ဦးလတ်ရေးခဲ့သော ၀တ္ထုများအကြောင်းပင် ဖြစ်သည်။

ထိုအကြောင်းကို ခြုံ၍ဖော်ပြသော ပထမဆုံး ၀ါကျသည် စာပိုဒ်၏ ဦးဆောင်ဝါကျ ဖြစ်သည်။ ဦးဆောင်ဝါကျတွင် ဖော်ပြသော အဓိကအချက်ကို နောက်က ၀ါကျ ခုနစ်ခုဖြင့် အသေးစိတ် ရှင်းလင်း ဖော်ပြကာ အဓိက အချက်ကို ထင်ရှားစေသည်။ (နောက်ဆုံး ၀ါကျမှာမူ ရှေ့က ပြောခဲ့သော အချက်များကို နိဂုံးချုပ်လိုက်သော ၀ါကျဖြစ်သည့်အတွက် ထိုဝါကျကို “နိဂုံးဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ နိဂုံးဝါကျအကြောင်း သီးသန့် ဆွေးနွေးပါဦးမည်။) အောက်ပါ စာပိုဒ်ကို ကြည့်ပါဦး။

ယနေ့ ပညာရပ်ကို အကြမ်းအားဖြင့် အနုပညာနှင့် သိပ္ပံပညာဟူ၍ ခွဲခြားကြသည်။ အနုပညာသည် စိတ်ကူးပညာဖြစ်၍ ၀တ္ထု၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ သဘင် စသော တီထွင် ဆန်းသစ်သည့် ပညာရပ်များ ပါဝင်လာသည်။ သိပ္ပံပညာသည်ကား လက်တွေ့ စူးစမ်း တွေ့ရှိချက်များ ဖွဲ့စည်း၍ ဖြစ်ပေါ်လာသော ပညာရပ်ဖြစ်သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘူမိဗေဒ၊ ဇီဝဗေဒ၊ စက်မှုအတတ် စသည်ဖြင့် များမြောင်လှပေသည်။ အနုပညာနှင့် သိပ္ပံပညာတို့သည် သဘာဝအားဖြင့် ခြားနားခြင်း ရှိကြသည်။ အနုပညာသည် စိတ်ကူးမှုကို အခြေခံ၍ သိပ္ပံပညာသည် လေ့လာမှုကို အခြေခံပေသည်။ သို့သော် အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်ခြင်းများလည်း ရှိပေသည်။

အနုပညာနှင့် သိပ္ပံပညာဟူသော ပညာရပ် နှစ်မျိုး၏ အကြောင်းကို အဓိက ဖော်ပြသော ဤစာပိုဒ်တွင် ပထမ၀ါကျသည် ဦးဆောင်ဝါကျဖြစ်သည်။ ကျန်ဝါကျသည် ဦးဆောင်ဝါကျ၌ ဖော်ပြသော အချက်ကို အသေးစိတ် ရှင်းလင်းပြထားသည်။ (နောက်ဆုံး ၀ါကျမှာမူ စာပိုဒ်ကို အဆုံးသတ် နိဂုံးချုပ်ရုံမက “အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်မှု” ဟူသော အချက်ကို နောက်အပိုဒ်တွင် ဖော်ပြရန် အရှိန်ယူ လမ်းခင်းပေးရာလည်း ရောက်ပါသည်။ ဤစာပိုဒ်ကို နောက်လာမည့် စာပိုဒ်နှင့် ဆက်စပ်ပေးသည့်ဝါကျ ဖြစ်ပါသည်။)

ကျောင်းသားများသည် စကားပြေ အရေးအသား လေ့ကျင့်ရာတွင် စနစ်တကျ စာပိုဒ်ဖွဲ့တတ်စေရန်အတွက် ၀ါကျတစ်ခုပေးထားပြီး ထိုဝါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့ခိုင်းခြင်းဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ “ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်” ဟူသော ၀ါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့မည် ဆိုပါစို့။

ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်။ ဆရာသည် ကဗျာသင်ရာတွင် ကဗျာစာဆို၏ ဘ၀ဖြစ်ရပ်ကို ကဗျာနှင့် ဆက်စပ်ပြကာ နိဒါန်းချီသည်။ ထို့နောက် ကဗျာကို ဌာန်ကရိုဏ်း ကျစွာ ရွတ်ဖတ်ပြသည်။ ထို့နောက် ကဗျာ့ အဓိပ္ပါယ်ကို အသေးစိတ် ရှင်းပြသည်။ အဘယ်ကြောင့် ကဗျာကောင်း တစ်ပုဒ် ဖြစ်ရကြောင်းလည်း အကျိုးအကြောင်း ဆက်စပ် ရှင်းလင်းပြသည်။ ကျွန်တော်တို့၏ ရင်ထဲတွင် စွဲငြိသွားစေနိုင်လောက်သည့် အဖွဲ့အနွဲ့ ကောင်းများကိုလည်း ဖော်ထုတ်ပြသည်။ ဆရာ စကားပြေသင်ပြီ ဆိုလျှင်လည်း ထိုနည်းတူ စိတ်ဝင်စားဖွယ် ကောင်းသည်ပင်ဖြစ်သည်။ စကားပြေ အရေးအသား ကောင်းပုံများကို ကျွန်တော်တို့ မြင်သာအောင် ထောက်ပြသည်။ ဆရာသည် အသံသြဇာနှင့်လည်း ပြည့်စုံသည်။ အာဝဇ္ဇန်းလည်း ကောင်းသည်။ စာပေလည်း နှံ့စပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ စိတ်သည် ဆရာ့ သင်ပြမှုနောက်သို့ လိုက်ပါ နစ်မျော သွားသည်အထိ စိတ်ဝင်စားကြမြဲ ဖြစ်ပါသည်။

ကျောင်းသားက ဤပုံ ဤနည်းအတိုင်း ဆရာအသင်အပြ ကောင်းပုံကို အသေးစိတ် ရှင်းလင်းကာ စာပိုဒ် ဖွဲ့နိုင်ပါသည်။ ကိုယ်စိတ်ကူးရသလို ရေးမည် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အသေးစိတ် အချက်အလက်ချင်း ကွာခြားမည်ပင် ဖြစ်သည်။ သို့သော် “ဆရာလှ၏ အသင်အပြကောင်းပုံ” ဟူသော အဓိက ဆိုလိုချက်သို့မူ ရောက်မည်ချည်းပင်။

ယခု ပြခဲ့သော သာဓကများတွင် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ပထမဆုံး ၀ါကျချည်း ဖြစ်နေပါသည်။ ဦးဆောင်ဝါကျသည် စာပိုဒ်၏ နောက်ဆုံးဝါကျလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော်တို့အိမ်သည် ရွာထိပ်က တောင်ကုန်းကလေးပေါ်တွင် ရှိသည်။ မြွေလိမ်မြွေကောက် ဖောက်ထားသော လမ်းကလေးအတိုင်း တက်လာလျှင် ကျွန်တော်တို့ အိမ်သို့ ရောက်မည်ဖြစ်သည်။ အိမ်ပတ်ဝန်းကျင်တွင် အလှစိုက်ထားသော ပန်းမျိုးစုံတို့သည် ဝေေ၀ဆာဆာ ပွင့်လျက်ရှိသည်။ သာသာကလေး တိုက်ခတ်လျက်ရှိသော လေပြည်လေညင်း၏ အထိအတွေ့ နှင့်အတူ လေထဲတွင် ပါလာသော ပန်းရနံ့များကို ရှူရှိုက်ရသည်မှာ စိတ်ကြည်လင် လန်းဆန်းဖွယ် ဖြစ်သည်။ လမ်းကလေးအတိုင်း တဖြည်းဖြည်း တက်လာပြီး လှမ်းကြည့်လိုက်မည် ဆိုလျှင် အပြာနုရောင် ဆေးသုတ်ထားသော အိမ်ကလေးကို တွေ့မြင်ရမည် ဖြစ်သည်။ ကျွန်တော်တို့ အိမ်ကလေးကား သာယာအေးချမ်းလှသော အိမ်ဂေဟာကလေး ဖြစ်ပါသည်။

ဤစာပိုဒ်တွင် နောက်ဆုံးဝါကျသည် ဦးဆောင်ဝါကျ ဖြစ်ပါသည်။ အိမ်ကလေး သာယာ အေးချမ်းပုံဟူသော အဓိက ဆိုလိုချက်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ရှေ့ဝါကျများမှာ ထို အဓိက ဆိုလိုချက်ကို အသေးစိတ် ပုံဖော်သော ၀ါကျများ ဖြစ်ပါသည်။

ဦးဆောင်ဝါကျသည် စာပိုဒ်၏ အထိန်းအကွပ် သဖွယ် ဖြစ်သည့်အတွက် ဦးဆောင်ဝါကျကို မူတည်ပြီး စာပိုဒ်ဖွဲ့လျှင် ပို၍ မြင်သာပါသည်။ စနစ်လည်း ကျပါသည်။

သို့သော် စာပိုဒ်တိုင်း ဦးဆောင်ဝါကို ပါရမည်ဟု ပုံသေ မမှတ်ယူနိုင်ပါ။ များသောအားဖြင့် ဦးဆောင်ဝါကျ ပါသည်ကား မှန်ပါ၏။ သို့သော် စာပိုဒ်၏ ဆိုလိုချက်ကို ၀ါကျအားလုံးက တစ်ပြေးညီ ၀ိုင်းဝန်း ထောက်ကူသည့်အခါတွင်မူ ဦးဆောင်ဝါကျ မပါဘဲ နေတတ်ပါသည်။ ကြည့်ပါ။

လူငယ်သည် တက်ကြွ၏။ ရွှင်လန်း၏။ အများအကျိုး ဆောင်ရွက်လိုစိတ် ထက်သန်၏။ စွန့်စားချင်တတ်၏။ စူးစမ်း ရှာဖွေရန် စိတ်ဝင်စား၏။ အစုအဝေး အသင်းအဖွဲ့နှင့် ဆောင်ရွက်ရခြင်းကို နှစ်သက်၏။ အမှန်တရားကို မြတ်နိုး၏။ စိတ်ကူးလည်း ယဉ်တတ်၏။

ဤစာပိုဒ်တွင် လူငယ်၏ သဘောဘဘာဝကို အဓိက ဖော်ပြထားသည်။ ထိုအဓိက ဆိုလိုချက် ထင်ရှားအောင် ၀ါကျအသီးသီးက ၀ိုင်းဝန်း ထောက်ကူပေးသည်။ လူငယ်၏ သဘာဝကို ဖော်ပြသော အချက်တစ်ချက်စီကို ၀ါကျတစ်ခုစီဖြင့် ဖော်ပြသည်။ ၀ါကျအားလုံး တန်းတူရည်တူ သဘောဆောင်သည်။ ထို့ကြောင့် ဦးဆောင်ဝါကျဟူ၍ သီးသီးသန့်သန့် မပါဝင်ကြောင်း တွေ့နိုင်ပါသည်။

ဦးဆောင်ဝါကျသည် စာပိုဒ်၏ အစတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ အဆုံးတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်လျှင် စာပိုဒ်၏ အလယ်တွင်ကော ဦးဆောင်ဝါကျ မရှိနိုင်ဘူးလားဟု မေးစရာရှိပါသည်။ အလယ်မှာ ထားလျှင်လည်း ရပါလိမ့်မည်။ သို့သော် ရှေ့ဆုံး၊ နောက်ဆုံးလောက် မထင်ရှားပါ။ အဓိက ဆိုလိုချက်ကို အရင်ဆုံး ပြောချင်လျှင် ဦးဆောင်ဝါကျက ရှေ့ဆုံးမှာ ရှိပါလိမ့်မည်။ အဓိက ဆိုလိုချက်ကို နောက်ဆုံးပြောချင်လျှင် ဦးဆောင်ဝါကျက နောက်ဆုံးမှာ ရှိပါလိမ့်မည်။ ဤ နှစ်နေရာသည် ဦးဆောင်ဝါကျ ထားလေ့ရှိသည့် နေရာများ ဖြစ်ပါသည်။

အချုပ်အားဖြင့် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ဆိုလိုချက်ကို ဖော်ပြသော ၀ါကျဖြစ်ကြောင်း၊ ဤ ၀ါကျများသည် ဦးဆောင်ဝါကျတွင် ပါဝင်သည့်အချက်ကို အကျယ်ချဲ့၍ ရှင်းလင်းသော ၀ါကျများဖြစ်ကြောင်း မှတ်သားရန် ဖြစ်ပါသည်။

ဤပို့စ်ကို ငယ်ပေါင်းကြီးဖော် မြန်မာစာ နှင့် အရေးအသားပြဿနာများ – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

ထပ်မံ ဖတ်ရှုစေလိုသော ပို့စ်များ
စာပိုဒ်ဖွဲ့ခြင်း
– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ
– ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်


စာပိုဒ်ဖွဲ့ခြင်း

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)

အရင်တစ်နေ့က ဂျီတော့မှာ ညီမ မွန်က မြန်မာစာရေးတဲ့အခါမှာ စာပိုဒ်ခွဲတာနဲ့ ပတ်သက်ပြီး သိချင်တယ်လို့ ပြောလာတာကြောင့် မြန်မာစာ ရေးသားနည်းအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ပြန်မွှေရင်း ဒီစာအုပ်ကလေးကို ပြန်တွေ့တယ်။ စာအုပ်နာမည်က မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ ဖြစ်ပါတယ်။ အခု ဒီစာအုပ်ထဲမှာ စာပိုဒ်ခွဲနည်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတို လေးပုဒ် ခွဲပြီး တင်ပြထားပါတယ်။ ကျနော်လည်း အဲဒီလေးပုဒ်ကို ပို့စ်လေးခု အနေနဲ့ ခွဲပြီး စာအုပ်ထဲက အတိုင်း ပြန်ရိုက်ပြီး အသိပညာ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

စာတစ်မျက်နှာလုံး တစ်ပြင်ကြီးရေးလျှင် ကြည့်မကောင်းသည့်အတွက် အမြင်ရှင်းအောင် ၀ါကျလေးခုတစ်ပိုဒ်၊ ငါးခုတစ်ပိုဒ် စသည်ဖြင့် စာပိုဒ်ခွဲသည့် အလေ့ကို အချို့က ကျင့်သုံးကြသည်။ အချို့လည်း ရေးသည့်အကြောင်းအရာအရ မဟုတ်ဘဲ ရေးရင်းရေးရင်း ရှည်သွားပြီဟု ထင်သည့်နေရာတွင် “ဒီနေရာတော့ စာပိုဒ်ခွဲမှပဲ” ဟူသော စိတ်ကူးဖြင့် စာပိုဒ်ခွဲလိုက်သည့် အလေ့မျိုးကို ကျင့်သုံးကြသည်။ ကျောင်းသားလောကတွင် သာမက ယနေ့ ပုံနှိပ်ထုတ်ဝေနေသော စာအုပ်စာတမ်းများတွင်လည်း ထိုအလေ့မျိုးကို တွေ့ရတတ်ပါသည်။

စာပိုဒ်ခွဲခြင်းသည် ကြည့်မကောင်းမှာစိုး၍ ကြည့်ကောင်းအောင် ခွဲခြမ်းလည်း မဟုတ်။ ရှည်မှာစိုး၍ မရှည်အောင် ခွဲခြင်းလည်း မဟုတ်။ “ဆိုလိုချက် တစ်ချက်လျှင် စာတစ်ပိုဒ် ခွဲသည်” ဟူသော စနစ်ဖြင့် အဓိပ္ပာယ်ရှိရှိ ခွဲခြင်းသာဖြစ်သည်ဟူသော အသိတရားကို ကျောင်းသားဘ၀ကတည်းက စွဲမြဲစွာ မှတ်သားပြီး လိုက်နာ ဆောင်ရွက်မည် ဆိုပါက စနစ်တကျ စာပိုဒ်ခွဲ ရေးတတ်သည့် အလေ့အကျင့်မျိုး တစ်သက်လုံး စွဲမြဲသွားမည် ဖြစ်ပါသည်။

ဤနေရာတွင် အဓိက အရေးကြီးသော အချက်တစ်ချက်ကို ဖော်ပြလိုပါသည်။ စာပိုဒ်တစ်ပိုဒ်မှာ ပါရမည့် ဆိုလိုချက်တစ်ချက်ဆိုသည်မှာ အဘယ်နည်း။ သာဓကအဖြစ် အောက်ပါစာပိုဒ်ကို ပြလိုပါသည်။

ထန်းပင်သည် လူတို့အတွက် အသုံးဝင်သော အပင်တစ်မျိုး ဖြစ်ပေသည်။ ထန်းရည်ကို သောက်နိုင်သည်။ ထန်းလျက် ချက်နိုင်သည်။ ထန်းသီးကို စားနိုင်သည်။ မုန့် လုပ်နိုင်သည်။ ထန်းရွက်ကို အမိုးအကာ လုပ်နိုင်သည်။ ပေ၊ ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ် လုပ်နိုင်သည်။ ထန်းလက်ကို ကြိုးလုပ်နိုင်သည်။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်တို့ လုပ်နိုင်သည်။ အိမ်တစ်ဆောင် ဆောက်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတစ်ပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။

ဤစာပိုဒ်ကို ဖတ်ကြည့်လျှင် အဓိက ဆိုလိုချက် တစ်ချက်သာ ပါဝင်ကြောင်း တွေ့နိုင်ပါသည်။ ထိုအချက်သည် ထင်ရှားသိသာမှုလည်း ရှိပါသည်။ “ထန်းပင်သည် လူတို့အတွက် အသုံးဝင်သောအပင် ဖြစ်သည်” ဟူသော အချက်ဖြစ်သည်။ ဤစာပိုဒ်က မည်သည့်ဆိုလိုချက်ကို ဖော်ပြသနည်းဟု မေးလျှင် ထန်းပင်၏ အသုံးဝင်မှုကို ဖော်ပြသည်ဟု ဖြေရပါလိမ့်မည်။ ဤစာပိုဒ်တွင် ပါဝင်သော ၀ါကျအားလုံးက ဤဆိုလိုချက်ကို ဦးတည်ဖော်ပြနေကြောင်း တွေ့နိုင်ပါသည်။ ဤစာပိုဒ်ကို အောက်ပါအတိုင်း ဆက်ရေးသည် ဆိုပါစို့။

အိမ်တစ်ဆောင် ဆောက်လုပ်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။ ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာတစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်။ ထို အစားအစာကား ထန်းလျက်ပင်ဖြစ်သည်။ ထန်းလျက်ကို ထန်းရည်မှ ရရှိသည်။ ထန်းရည်အချိုနှင့် ထန်းရည်အခါးဟူ၍ နှစ်မျိုးရှိသည်။ ထန်းရည်အချိုကို ကျိုချက်ပါက ထန်းလျက်ကို ရရှိသည်။ ထန်းလျက်သည် မြန်မာတို့ နှစ်သက်စွာ စားသုံးလေ့ရှိသော သရေစာတစ်မျိုးဖြစ်သည်။

ဤစာပိုဒ်တွင် ဆိုလိုချက်သည် နောက်တစ်မျိုး ပြောင်းသွားကြောင်း သတိပြုမိနိုင်ပါသည်။ ထန်းပင်တစ်ပင်လုံး အသုံးဝင်ပုံကို ပြောနေရာမှ ထန်းလျက်အကြောင်းသို့ ပြောင်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် “ဆိုလိုချက်တစ်ချက်လျှင် စာပိုဒ်တစ်ပိုဒ် ခွဲရေးရမည်” ဟူသော စနစ်အရ ထန်းလျက်အကြောင်း အစချီသော “ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာ တစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်” ဟူသော ၀ါကျမှစ၍ စာပိုဒ်အသစ် ခွဲရေးရမည် ဖြစ်သည်။ ထန်းလျက်အကြောင်း ရေးပြီး ထန်းသီးမုန့်အကြောင်း၊ ထန်းရွက်ယပ်တောင် အကြောင်း၊ ထန်းသားရေတံလျှောက်အကြောင်း စသည် စသည်ဖြင့် ဆိုလိုချက်တစ်ခုစီကို သီးခြားစာတစ်ပိုဒ်စီခွဲကာ ပြီးဆုံးသည်အထိ စနစ်တကျ ရေးသွားနိုင်ပါသည်။ အောက်ပါ စာပိုဒ်ကိုလည်း ကြည့်ပါဦး။

သိမ်မွေ့သောသူသည် ဣနြေ္ဒသိက္ခာရှိ၏။ ၀င့်ဝါခြင်း ကင်း၏။ ကျေးဇူးပြုတတ်၏။ သူတစ်ပါးကို စော်ကားမော်ကား မပြောတတ်။ အကျအန မကောက်တတ်။ လွယ်ကူစွာလည်း စိတ်မဆိုးတတ်။ မိမိ အလိုဆန္ဒများ၌ ကျူးလွန်ခြင်း မရှိ။ စကားနှင့်စိတ်ကို ချုပ်တည်းသိမ်းဆည်းတတ်၏။ အခြား လူများကိုလည်း လူကောင်းဟူ၍ မှတ်ထင်တတ်လေသည်။

ဤစာပိုဒ်၏ ဆိုလိုချက်သည် အဘယ်နည်း။ ရှင်းပါသည်။ “သိမ့်မွေ့သူ၏ အရည်အသွေးများ” ပင် ဖြစ်ပါသည်။ သိမ်မွေ့သူ၏ အရည်အသွေးများကို စာပိုဒ်တစ်ပိုဒ်ဖြင့် စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့အတူ …
ယနေ့ဆိုလျှင် စာအုပ်စာတမ်း အမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွက်နေသည်။ လစဉ်ထုတ် စာနယ်ဇင်းများ၊ လုံးချင်းဝတ္ထုများ၊ ပညာပေးစာအုပ်များ အများအပြား တွေ့ရသည်။ စာဖတ်သူ ဦးရေလည်း တိုးပွားနေသည်။ စာအုပ် အငှားဆိုင်များ၊ စာကြည့်တိုက်များတွင် လက်မလည်နိုင်အောင် ငှားရမ်းနေရသည်။ စာပေ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများတွင်လည်း ပရိသတ် စည်ကားလျက်ရှိသည်။ အလေးအနက် နားထောင် မှတ်သားကြသည်။ စိတ်ဝင်တစား ဆွေးနွေးကြသည်။ ထိုအချက်များသည် မြန်မာစာပေလောက၏ တိုးတက်မှုကို အထင်အရှားဖော်ပြနေသော သက်သေများဖြစ်သည် ဟူသော စာပိုဒ်တွင် မြန်မာစာပေလောက၏ တိုးတက်မှုကို ဖော်ပြနေသော သက်သေများသည် စာပိုဒ်၏ အဓိကဆိုလိုချက်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ၀ါကျအားလုံးက ထိုအချက်ကို ဦးတည်ဖော်ပြလျက် ရှိကြောင်းလည်း တွေ့နိုင်ပါသည်။ ဤမျှဆိုလျှင် စာပိုဒ်၏သဘော ထင်ရှားလောက်ပါပြီ။

စာပိုဒ်တစ်ပိုဒ်တွင် ၀ါကျအရေအတွက် ဘယ်လောက်ပါရမည် ဟူ၍ ပုံသေသက်မှတ်ချက် မရှိကြောင်းကိုလည်း ဂရုပြုရန် ဖြစ်ပါသည်။ ဆိုလိုချက်တစ်ချက် ပြီးဆုံးပြီဆိုလျှင် ၀ါကျနှစ်ခု၊ သုံးခုနှင့်လည်း စာတစ်ပိုဒ် ဖြစ်နိုင်ပါသည်။ ဆိုလိုချက် ပြီးဆုံးအောင် ၀ါကျဆယ်ခုဖြင့် ဖော်ပြရန်လိုလျှင်လည်း ၀ါကျဆယ်ခုဖြင့် ဖော်ပြရပါလိမ့်မည်။ စာပိုဒ်၏ အတွင်းသားဖြစ်သော ဆိုလိုချက်က အဓိကကျပါသည်။

ကျောင်းသားများသည် မိမိတို့ ဖတ်ရှုနေသော ပြဋ္ဌာန်းစာများမှလည်းကောင်း၊ ပြင်ပစာပေများမှလည်းကောင်း စာပိုဒ်များကို ဂရုပြုလေ့လာခြင်းဖြင့် စာပိုဒ်၏ သဘောကို နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။

ဆက်လက်တင်ပြမည့် ခေါင်းစဉ်များ
စာပိုဒ်ထဲက ဦးဆောင်ဝါကျ
– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ
– ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်


မြန်မာည နှင့် ပါဠိည

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၂၀ ရက် (တနင်္ဂနွေနေ့)

ညအက္ခရာ အရေးအသားနဲ့ စပ်ပြီး မြန်မာညနဲ့ ပါဠိညကို ခွဲခြားသင့်ပါတယ်။ ညအခါ၊ အညာအကြေ၊ ကြေညာ၊ သည်၊ တည်း စတာတွေမှာ ပါတဲ့ ညဟာ မြန်မာအက္ခရာ ဖြစ်တယ်။ ဦးခေါင်းနှစ်လုံး ပါပေမယ့် ညဗျည်းတစ်လုံးသာ ဖြစ်တယ်။ ဉ လို့ မရေးဘဲ ဦးခေါင်းအညွန့်တပ်ပြီး ည လို့ ရေးရတဲ့ အကြောင်းက တင့်တယ်စေချင်လို့ လို့ဆိုပါတယ်။ ညနှစ်လုံးဆင့် သံယုတ်အက္ခရာ မဟုတ်ပါဘူး။ ဝေါဟာရတ္တ မကာသနီ ၁၁၇ မှာ “ယင်းသို့လျှင် သတ်သောဉ ဗျည်းနှိုက်ပင်သော်လည်း ဦးခေါင်းထုတ်ရအံ့ ဟူသည်ကိုထောက်၍ ဦးခေါင်းထုတ်ရေးသော်လည်း မြမ္မာမှုနှိုက် သံယုတ်ဒွေးဘော်မဆိုရ။ သာရုပ္ပမင်္ဂလာ ဖြစ်လို၍သာ ဦးခေါင်းအညွန့် တပ်ပါသည်ဟူ၍ ယူသင့်၏။” လို့ မိန့်ဆိုထားပါတယ်။

ဒါ့ကြောင့် ကညသည်၊ ကည၀တ္တ၊ ကညစ်၊ တညတလေ၊ အညာဒေသ စတာတွေမှာ ညအက္ခရာ တစ်လုံးတည်းဖြစ်တဲ့ မြန်မာညဖြစ်လို့ ကဉ် ည (ကင်ည)ကဉ် ညစ်တဉ် ညတလေအဉ် ညာဒေသလို့ ဉ လေးသတ်သံ (ဉ သံယုတ်သံ) နဲ့ မဖတ်ရဘဲ၊ ကသံ ညသံအတိုင်း ကညကညစ်တညအညာ လို့ အသတ်သံမဲ့ ဖတ်ရတယ်။

ဉာတကာ၊ ဉာတိ၊ ကညာ၊ ပညာ၊ အရည၀ါသီ၊ အညမည စတာတွေမှာ ပါတဲ့ ဉ ၊ ည တွေက ပါဠိဉ ဖြစ်တယ်။ ပါဠိဉ ဟာ ဦးခေါင်းအညွန့် တစ်လုံးတည်းသာ ပါရှိရတယ်။ ဥသရလိုပဲ အမြီးရှည်ရှည်ဆွဲပြီး ရေးသားရတယ်။ ကညာ၊ ပညာ စတာတွေမှာ ဦးခေါင်းနှစ်လုံး ပါနေရတဲ့ အကြောင်းက ဉ နှစ်လုံးကို ဆက်စပ်ထားတဲ့ သံယုတ်ညဖြစ်လို့ ခေါင်းနှစ်ခု ဖြစ်နေတာပါ။ အဲဒါဟာ ဉ နှစ်လုံးဆင့် သံယုတ်ည အက္ခရာဖြစ်လို့ ကညာကို ကဉ်ဉာ၊ ပညာကို ပဉ်ဉာ၊ အရည၀ါသီ ကို အရဉ်ဉ ၀ါသီ၊ အညမညကို အဉ်ဉ မဉ်ဉ လို့ ဉ သတ်သံယုတ်အသံ ထုတ်ပြီး ရွတ်ဆိုရတယ်။
ပန်းတိစုံဖြိုး၊ ရိပ်ထက်မိုးသား၊ တောင်ရိုးတောင်စဉ်၊ အရညကင်၊ ဤတောတွင်ကား။
အဲဒီမှာ တောင်စဉ်ဆိုတဲ့ ဉ လေးသတ်နဲ့ စပ်အပ်ပြုပြီး ရေးသားထားတာကို ထောက်လို့ မြန်မာညလို အရညလို့ မဖတ်ရဘူး။ အရဉ်ဉ လို့ ဉ လေးသတ် (အဉ်) သံနဲ့ ဖတ်ရမယ်လို့ သိနိုင်တယ်။ ကညာ၊ ပညာ၊ အညမည၊ အပ္ပမညာ၊ အညတ္တရ၊ ၀ိညာဉ်၊ အဘိညာဉ် စတာတွေမှာလည်း ဒီနည်းအတိုင်း ကဉ်ဉာပဉ်ဉာအဉ်ညမဉ်ညအပ္ပမဉ်ဉာအဉ်ညတ္တရ၀ိဉ် (၀ိန်) ဉာဉ်အဘိဉ် (ဘိန်) ဉာဉ် လို့ ဖတ်ရပါမယ်။

ပါဠိသက်ဝေါဟာရ အဘိဓာန် – ဦးထွန်းမြင့် မှ ကောက်နုတ်တင်ပြသည်။

My Other Half

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၁၂ ရက် (စနေနေ့)

ဂရိဒဏ္ဍာရီတစ်ပုဒ် ပြောပြမယ်။

ကမ္ဘာဦးလူဟာ မျက်နှာနှစ်ခု၊ လက်လေးဘက်၊ ခြေလေးချောင်းရှိတဲ့ သတ္တ၀ါဖြစ်တယ်တဲ့ဗျ။
အဲသည်လူရဲ့ ခန္ဓာကိုယ်က မတ်မတ်ရှိတယ်။ လုံးတယ်။ မျက်နှာတွေက အချင်းချင်းဆိုင်နေတယ်။ မျက်နှာချင်းဆိုင် ရှိတယ်ပေါ့ဗျာ။
လမ်းလျှောက်တဲ့အခါ လူဟာ မတ်မတ်လျှောက်ပေမယ့် ပြေးတဲ့အခါ လက်လေးဘက်ကို ထောက်ထောက်ပြီး သစ်တုံးလိမ့်သလို ပြေးတယ်။
အဲသည်လူဟာဗျာ ခွန်အားကြီးသလောက် အလိုရမ္မက်လည်း ကြီးတယ်။ နတ်တွေနေတဲ့ နေရာတက်ပြီး ထိုးစစ်ဆင်ဖို့လည်း ကြိုးစားတယ်။
အဲသည်လိုဆိုတော့ …..
နတ်တွေရဲ့ အကြီးအမှူးဖြစ်တဲ့ ဇု (Zeus) နတ်မင်းကြီးနဲ့ တခြားနတ်ဒေ၀ါတွေက လူကို ထိတ်လန့်ကြတယ်။ ကြောက်ကြတယ်။

ဒါနဲ့ နတ်သဘင် အစည်းအဝေးခေါ်ပြီး `လူ´ ကိစ္စကို ဆွေးနွေးပွဲ ကျင်းပကြတယ်။ အဲသည် အစည်းအဝေးမှာ နတ်အများအပြားက ဘယ်လို အကြံပြုသလဲ ဆိုတော့ လူသတ္တ၀ါတွေကို နတ်လက်နက်နဲ့ ပစ်သတ်ဖြိုခွင်းမယ်လို့ အကြံပြုကြတယ်။ တချို့ကတော့လည်း ဟာ … ဘယ်သတ်ပစ်လို့ ဖြစ်မှာလဲ။ လူတွေကို အကုန်သတ်မစ်လိုက်ရင် နတ်ဒေ၀ါ ကျုပ်တို့ကို ပူဇော်ပသမယ့်သူတွေ မရှိကြတော့တဲ့ အဖြစ်ကို ရောက်သွားနိုင်တယ်။ ဒါကြောင့် အကုန်ပစ်သတ် ဖြိုခွင်းလို့တော့ မဖြစ်သေးဘူးလို့ဆိုတော့ …
ဇု (Zeus) နတ်မင်းကြီးနဲ့တကွ နတ်တွေက အပြန်ပြန်အလှန်လှန် တိုင်ပင်ဆွေးနွေးကြပြန်တယ်။ နောက်ဆုံးမှာ ဇုနတ်မင်းကြီးက ဘာပြောသလဲဆိုတော့ …
နတ်အပေါင်းတို့ ငါတို့သည် လူသတ္တ၀ါတွေကို သတ်ဖို့မလို။ လူကိုအားနည်းအောင် ပြုလုပ်နိုင်လျှင် ငါတို့ကို အနှောင့်အယှက် ပေးနိုင်ကြမည်မဟုတ်။ လူကို အားနည်းသွားအောင် မည်သို့ ပြုလုပ်ရမည်နည်း ဆိုလျှင် …
ခြေလေးချောင်း၊ မျက်နှာနှစ်ခု၊ လက်လေးဘက် ရှိနေသော လူ၏ ခန္ဓာကိုယ်ကို ထက်ခြမ်း ခွဲလိုက်ရန်သာ ဖြစ်သည်။
ထိုသို့ပြုလျှင် လူသတ္တ၀ါတွေလည်း မပျက်မစီးဖြစ်မည်။ ငါတို့လည်း အေးချမ်းမည်။ ထိုမျှသာမကသေး လူဦးရေလည်း တိုးလာနိုင်မည်ဖြစ်သောကြောင့် ငါတို့သည် ယခင်ကထက်ပင် ပို၍ အပူဇော်အပသကို ခံကြရလိမ့်မည်။
လူသတ္တ၀ါတို့သည် ယခင်က ခြေလေးချောင်းထောက်၍ လမ်းလျှောက်နိုင်လျှင် ယခုအခါတွင် ခြေနှစ်ချောင်းသာ ထောက်၍ လမ်းလျှောက်စေရမည်။
နတ်မင်းကြီး ဇု (Zeus) က အဲသည်လို ပြောဆို မိန့်မြွက်ပြီးတော့ လူသတ္တ၀ါတွေရဲ့ ခန္ဓာကိုယ်ကို ထက်ခြမ်းခွဲလိုက်တယ်။ ခွဲပစ်လိုက်တော့ လူဟာ အခုလို ခြေနှစ်ချောင်း၊ လက်နှစ်ချောင်း မျက်နှာတစ်ခုနဲ့ လူဖြစ်လာတာ …။
လူတွေကို ထက်ခြမ်းခွဲလိုက်တော့ လူတွေလည်း များသွားမှာပေါ့ဗျာ။
လူဟာ သူ့ဘ၀ သူ့ခန္ဓာကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို သိပ်တွေ့ချင်တယ်။ တွေ့ဖို့ သိပ်တောင့်တတယ်။ ဒါကြောင့် သူ့ကိုယ်က အခွဲခံလိုက်ရတဲ့ အခြမ်းကို အမြဲလိုက်လံရှာဖွေနေတယ်။ ဟုတ်မှာပေါ့။ အခွဲခံလိုက်ရတဲ့ အခြမ်းကလည်း သူဆီက အခွဲခံရတဲ့ အခြမ်းကို ပြန်ပြီးတွေ့ချင်၊ ဆုံချင် မြင်ချင်မှာပေါ့။ သည်တော့ တစ်ဖက်က အခြမ်းကလည်း သူ့ဆီက အခွဲခံရတဲ့ အခြမ်းကို တွေ့အောင်ရှာနေမှာပါပဲ။ အမြဲရှာနေမှာပါပဲ။
ရှာလို့ တွေ့ကြတဲ့ အခါမှာ တစ်ခြမ်းက အခြားတစ်ခြမ်းကို မခွဲနိုင်မခွာရက် ပွေ့ဖက်ထားကြတယ်။ ဒါကို ချစ်ခြင်းမေတ္တာလို့ ဆိုရမလားပဲ။

`စိတ်တူကိုယ်တူ´ ဆိုတဲ့ စကားလုံးကို အားလုံး ကြားဖူးကြမှာပါ။ ဆွေမတော် မျိုးမဆက်ဘဲ တစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဆက်နေကြတယ် ဆိုရင်ကော ယုံလို့ရနိုင်မလား။ ကိုယ်က ဒီလို တွေးနေတဲ့ အချိန်မှာ သူကလည်း ကိုယ့်လို လိုက်တွေးနေတယ် ဆိုတာကော ယုံတမ်းစကားများ ဖြစ်နေမလား။ ကိုယ်က ကြိုက်နှစ်သက်တဲ့ အရာဝတ္ထု အတော်များများဟာ တခြားလူတစ်ယောက်နဲ့ ဆင်တူနေတယ် ဆိုတာကော ဖြစ်နိုင်ပါ့မလား။ ကိုယ့်ရဲ့ စိတ်ဓါတ် တစ်စိတ်တစ်ဒေသဟာ သူနဲ့ အတော်လေး ဆင်နေတယ် ဆိုရင်ကော အံသြကြမလား။ တကယ်လို့ လူနှစ်ယောက်ဟာ အဲဒီလောက် အဆင်တူနေမယ်၊ အတွေးတူနေမယ်၊ အမြင်တူနေမယ်၊ ယုံကြည်ချက်တူနေမယ်၊ အကြိုက်တူနေမယ်၊ မျှော်လင့်ချက်တူနေမယ် ဆိုရင် သိပ္ပံပညာရပ်နဲ့ ဘယ်လို သက်သေပြမလဲ။ ဘယ်လို သက်သေပြမလဲလို့ စဉ်းစားမိတဲ့ အချိန်တိုင်းမှာ ကျနော် သတိရလိုက်တာ ခုနက ဂရိဒဏ္ဍာရီလေးပါ။ အကယ်၍ `သူမ´ ဟာ ကျနော်နဲ့ အဲဒီလို လာတူနေမယ်ဆိုရင် ကျနော် နားလည်လိုက်တာက အဲဒီ `သူမ´ ဟာ ကျနော့် `အခြားတစ်ဖက်ခြမ်း´ ပါ။ My other half ပေါ့။ မြန်မာလို ရိုးရိုးရှင်းရှင်း ပြောရရင် ပါရမီဖြည့်ဖက်ပေါ့။ လူသန်းပေါင်း ခြောက်ထောင်ကျော်ထဲက ခဲရခဲဆစ် ရှာတွေ့ခဲ့တဲ့ အဲဒီ `သူမ´ ကို ကျနော် တန်ဖိုးမထားဘဲ ဘယ်နေနိုင်မလဲဗျာ။

အားလုံးအတွက် ဆုတောင်းပေးလိုက်ပါတယ်။ မိမိရဲ့ `အခြားတစ်ဖက်ခြမ်း´ နဲ့ အမြန်ဆုံး ဆုံဆည်းနိုင်ပါစေလို့ ………
This post is dedicated to My other half, HER.


အိန္ဒိယ နှင့် တရုတ်တို့၏ ပညာရေး တူရှုချက်

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၈ ရက် (အင်္ဂါနေ့)

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။

အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အတူ ပညာခေတ်ကို အပြည့်အ၀ အသုံးချပြီး ဆင်းရဲတွင်းက တက်ဖို့ ပညာရေးဟာ အဓိက ရောင်ခြည်တစ်မျှင် ဖြစ်တော့တယ်။ ဒီသဘောကို တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးက ကောင်းကောင်း သဘောပေါက်ထားပုံ ရတယ်။ ပညာက အရင်းနဲ့ လုပ်အားကို သိသိသာသာ ဖြတ်ကျော်တက်နေတဲ့ ကာလ ဖြစ်တဲ့အလျောက် ပညာသာ ပိုင်မယ်ဆိုရင် အမီလိုက်နိုင်ရုံမက ဖြတ်ကျော်တက်သွားနိုင်စရာ အခွင့်အရေးကောင်းတွေ ရှိနေတယ်။ ဒါကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးပြောင်းလဲမှုမှာ ပညာရေးဟာ အခြေခံ အကျဆုံးနဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကြီး ဖြစ်လာတော့တယ်။

နောက်ခံအခြေအနေ
တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လက်ရှိ ပညာရေး ရေခံမြေခံက ကောင်းလှတယ်လို့တော့ မဆိုနိုင်ဘူး။ ခေတ်ကာလက တောင်းဆိုနေတဲ့ လိုအပ်ချက်တွေကို ပြည့်မီနိုင်အောင် အတော်လေး ကြိုးစားအားထုတ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အိန္ဒိယ ပညာရေးလောကဟာ အင်္ဂလိပ်ပညာရေးစနစ်ရဲ့ ကောင်းမွေရော ဆိုးမွေပါ ဆက်ခံခဲ့ရတယ်။ စင်စစ် အင်္ဂလိပ်ပညာရေးမှာ ပျံ့နှံ့ရေးထက် မြင့်တက်ရေးကို ဦးစားပေးတဲ့ စနစ်ဖြစ်တယ်။ တော်သူကို တော်တာထက် တော်စေဖို့ ရည်ရွယ်ထားတဲ့ `အီလစ်ပညာရေး´ လို့ ဆိုနိုင်တယ်။ အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာရေးပိုင်းမှာ ကမ္ဘာနဲ့ အလိုက်သင့် ရင်ပေါင်တန်းနိုင်ခဲ့ပေမယ့် အခြေခံ ပညာပိုင်းမှာတော့ လူဦးရေတစ်ခုလုံးရဲ့ ၅၉.၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ပညာမဲ့တွေနဲ့ ခေတ်မီနိုင်ငံတော် တည်ဆောက်လို့ မရနိုင်တာကို အိန္ဒိယ ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ကြပါတယ်။ ဒါကြောင့် အိန္ဒိယပညာရေး ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက ဖိုးကပ်စ်ဟာ အခြေခံ ပညာအဆင့် ဖြစ်လာရတယ်။

တရုတ်ပြည်ကတော့ အိန္ဒိယရဲ့ ပြောင်းပြန်လို့ ပြောလို့ရတယ်။ တရုတ်တွေ ယုံယုံကြည်ကြည် အကောင်အထည် ဖော်ခဲ့ကြတဲ့ ဆိုရှယ်လစ် ပညာရေး စနစ်က မြှင့်တင်ရေးထက် ပျံ့နှံ့ရေးကို ဦးစားပေးတယ်။ လူတိုင်းအတွက် ပညာလို့ ကြွေးကြော်တယ်။ လက်ရှိ တရုတ်ပြည်ရဲ့ စာတတ်မြောက်မှုနှုန်း ၈၆ ရာခိုင်နှုန်း ရှိနေတာက ဆိုရှယ်လစ် ပညာရေးရဲ့ ကျေးဇူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် လူတိုင်း ပညာတတ်ရေး ဆိုတဲ့ ကြွေးကြော်ချက်အောက်မှာ ဘွဲ့ရပညာတတ်တွေကို စက်နဲ့ လှည့်ထုတ်ခဲ့သလို ဖြစ်တဲ့အတွက် `ပညာမတတ်သော ပညာတတ်တွေ´ (Uneducated Intellectual) ကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ (အဲဒီ စကားလုံးကို မြင်တော့ မြန်မာ စာပေပညာရှင် တစ်ယောက်ပြောတဲ့ `ဘွဲ့ရ ပညာမတတ်သူ ပပျောက်ရေး´ ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်။ )အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာပိုင်းမှာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ဆိုးဆိုးရွားရွား အဆက်ပြတ် ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် တရုတ်ပညာရေး ပြုပြင်ပြောင်းလဲရေးရဲ့ ဖိုးကပ်စ်ဟာ အဆင့်မြင့် ပညာပိုင်း ဖြစ်လာရတယ်။

အိန္ဒိယရဲ့ ရေဆန်ခရီး
မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က မိုက်ကယ်ခရီမာရဲ့ လေ့လာရေး အစီရင်ခံစာအရ အိန္ဒိယအစိုးရ မူလတန်းကျောင်းတွေက ဆရာလေးယောက်မှာ တစ်ယောက်နှုန်းလောက် ကျောင်းမှန်မှန်မတက်ကြဘူးလို့ သိရတယ်။ ကျောင်းတက်တဲ့ ဆရာ နှစ်ယောက်မှာလည်း တစ်ယောက်က စာမသင်ဘဲ နေတယ်လို့ ဆိုတယ်။ မွန်ဘိုင်း မူလတန်းကျောင်းတွေကို သွားရောက်လေ့လာခဲ့ရာမှာလည်း လေးတန်းကျောင်းသားတွေရဲ့ တစ်ဝက်လောက်မှာ ပထမတန်းသင်ရိုးထဲက သင်္ချာပုစ္ဆာလောက်ကိုပဲ တွက်တတ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်ဦးရေ အများဆုံး တိုင်းပြည်တစ်ခုဖြစ်တယ်။ အသက် ၁၉ နှစ်အောက် လူငယ်ပေါင်း သန်းငါးရာနီးပါးလောက် ရှိတယ်။ အခြေခံပညာ အဆင့်တစ်ခုတည်းမှာပဲ ပညာသင်ပေးစရာ ကျောင်းသားပေါင်း ၂၀၂ သန်း ရှိတယ်။ သူတို့အတွက် ကျောင်းပေါင်း တစ်သန်းနဲ့ ဆရာပေါင်း ၅.၅သန်းလောက် ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ပညာရည်အဆင့်ဟာ အလွန်နိမ့်တယ်။ အိန္ဒိယရဲ့အကြီးဆုံး အမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ `ပရာသမ်´ ပညာရေးဝန်ဆောင်မှု အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယကျောင်းသား ၃၅ ရာခိုင်နှုန်းဟာ ငါးတန်းရောက်တာတောင် စာကောင်းကောင်း ရေးတတ်ဖတ်တတ်ခြင်း မရှိဘူးလို့ သိရတယ်။ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားထဲက ၁၅ ရာခိုင်နှုန်းလောက်ပဲ အထက်တန်းအဆင့် ဆက်တက်နိုင်တယ်လို့ ဆိုပါတယ်။ ခုနစ် ရာခိုင်နှုန်းလောက်ပဲ နောက်ဆုံးဘွဲ့ရတဲ့အထိ ပညာရေး ဆုံးခန်းတိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို မှောက်လှန်ပစ်နိုင်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ ၂၀၀၀ ပြည့်နှစ်က စပြီး စီမံကိန်းချ လုံးပန်းလာကြတယ်။ ၂၀၀၁ ခုနစ်မှာပဲ `လူတိုင်း အခြေခံပညာ မသင်မနေရဥပဒေ´ ကို ပြဌာန်းခဲ့တယ်။ ဒီဥပဒေ လက်တွေ့ အထောက်အကူပြုနိုင်ဖို့ `ဆာဗာရှီစဟာအဘယံ´ ခေါ် ပရိုဂရမ်တစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ ဒီအစီအစဉ်အရ ကျောင်းသားတိုင်းကို နေ့လယ်စာ အခမဲ့ ထမင်းကျွေးတယ်။ စာအုပ်စာတမ်းစတဲ့ စာရေးကိရိယာတွေ ထောက်ပံပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူပေးတယ်။ `စာမလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူရေး စာသင်ခန်း´ (Remedial Classes) တွေလည်း ဖွင့်ပေးတယ်။ ဒီအတွက် အစိုးရပညာရေးဌာနက နှစ်စဉ် ဒေါ်လာ သန်း ၂၄၀၀ ထောက်ပံ့တယ်။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ၂၀၀၇ ခုနစ်အထိ သုံးနှစ်စာ ဒေါ်လာ သန်း ၅၀၀ ကူညီထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အခြေခံပညာအဆင့်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက အဓိကကျတဲ့ အခက်အခဲ သုံးရပ် ရှိပါတယ်။

  • ပထမဆုံးအခက်အခဲက ဆရာ မလုံလောက်မှုနဲ့ ဆရာတွေရဲ့ အရည်အချင်း အဆင့်မမီသေးခြင်းပဲ ဖြစ်တယ်။ အစိုးရ ကျောင်းဆရာတွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ သုံးရာလောက်ရှိတော့ ပုဂ္ဂလိက ကျောင်းဆရာတွေထက် လေးဆ ပိုပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှု မပေးနိုင်တဲ့ အတွက် အရည်အချင်းပြည့် ဆရာတွေ ဖြစ်မလာဘူးလို့ ဆိုပါတယ်။ ဒီ့ထက် ရွေးကောက်ပွဲလို သင်ကြားရေးနဲ့ မဆိုင်တဲ့ လုပ်ငန်းတွေမှာပါ မကြာခဏဆိုသလို ပါနေရပြန်တယ်။ တိုးပွားလာတဲ့ ကျောင်းသားဦးရေနဲ့ လိုက်လျောညီထွေရှိမယ့် ဆရာအရေအတွက်ကို မခန့်နိုင်တဲ့အပြင် သင်ကြားရေးနဲ့ မဆိုင်တာတွေမှာပါ ပါဝင်လှုပ်ရှားနေရတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်နေရတော့တယ်။
  • ဒုတိယအခက်အခဲက ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ မလုံလောက်မှုပဲ ဖြစ်တယ်။ ပညာရေး အသုံးစရိတ်တစ်ခုလုံး တိုးလာပေမယ့် ကျောင်းအဆောက်အအုံကအစ ပရိဘောဂအဆုံး အားလုံး မလုံမလောက် ဖြစ်နေဆဲပါပဲ။
  • တတိယအခက်အခဲက ပညာရေးနဲ့ နိုင်ငံရေး ခွဲခြား မကျင့်သုံးနိုင်ခြင်း ဖြစ်တယ်။ ဒီအချက်က သင်ရိုးညွှန်းတမ်းတွေကို ကမောက်ကမ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဘာရာတီယာဂျာနတာပါတီ (ဘီဂျေပီ) အာဏာရစဉ်က ကျောင်းသုံးစာအုပ်တွေကို ဘီဂျေပီအာဘော်နဲ့အညီ ရေးခဲ့တယ်။ နောက် ကွန်ဂရက်ပါတီ အာဏာရလာတဲ့အခါ နောက်တစ်မျိုးပြင်ပြန်တယ်။ အကျိုးဆက်က ဆရာကော ကျောင်းသားအတွက်ပါ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ရတော့တယ်။

ဒီအခက်အခဲတွေကြောင့် အစိုးရကျောင်းတွေအပေါ် ယုံကြည်မှု နည်းပါးလာပြီး ပုဂ္ဂလိကကျောင်းတွေ အလျှိုလျှို ပေါ်ထွက်လာတယ်။ အစိုးရကျောင်းတွေထက် ထိထိရောက်ရောက် သင်ကြားနိုင်ပေမယ့် နာမည်ကြီး ပုဂ္ဂလိကကျောင်း တချို့ဆိုရင် ကျောင်းသားတစ်ဦး တစ်နှစ်ပညာသင်စရိတ်ဟာ ဒေါ်လာ တစ်သောင်းခွဲလောက်အထိ ရှိတယ်။ အိန္ဒိယရဲ့ နာမည်ကြီး NIIT စင်တာဆိုရင် တစ်နိုင်ငံလုံးအနှံ့ ပညာရေးစင်တာပေါင်း ၄၀၀၀ လောက် ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း သန်းချီ ပညာသင်ကြားနေတယ်။ NIIT ကျောင်းသား အင်အားစုဟာ အိန္ဒိယ အိုင်တီတော်လှန်ရေးကို အဓိက အားဖြည့်ပေးနေသူတွေ ဖြစ်ပေမယ့်လည်း NIIT ဟာ အခုချိန်ထိ အစိုးရအသိအမှတ်ပြုကျောင်း ဖြစ်မလာသေးဘူးလို့ သိရတယ်။ ဒီလို ပညာရေးမှာ ကမောက်ကမတွေ ရှိနေပေမယ့် ကိုယ့်ထူးကိုယ်ချွန် လူငယ်တွေရဲ့ အင်အားကြောင့် အခုဆိုရင် နည်းပညာပိုင်းမှာ အိန္ဒိယဟာ ရှေ့တန်းကို ရောက်နေပါပြီ။

တရုတ်တို့ရဲ့ ကမ္ဘာလုံးချီ အိပ်မက်
စင်စစ် ရှန်တန်ဟာ အစိုးရတက္ကသိုလ် တစ်ခု ဖြစ်ပေမယ့် အဓိက ရန်ပုံငွေ ထောက်ပံ့သူက ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် ဟောင်ကောင်ကုဋေကြွယ် သူဌေးကြီး လီကာရှင်းဖြစ်တယ်။ ဒါကလည်း တရုတ်တက္ကသိုလ်တွေ ခေတ်မီရေးအတွက် ပုဂ္ဂလိကပိုင်းက အကူအညီကို အသုံးချသွားရန် ဆိုတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီအရ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဘက်က မီးစိမ်းပြလိုက်တာနဲ့ `လီ´ က ဘာကလေမှ ပါမောက္ခဂျူလီယာ ရှီယိုကို ဖိတ်ခေါ်လိုက်ပါတယ်။ ပါမောက္ခ ဂျူလီယာဟာ ပင်လယ်ရပ်ခြား တရုတ်အမျိုးသမီးတစ်ဦးပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)မှာ ဒုတိယ အဓိပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခ ဂျူလီယာက တစ်ခါ အဝေးရောက် တရုတ်ပညာတတ်တွေကို စုစည်းလိုက်တယ်။ နာမည်ကြီး နိုင်ငံတကာတက္ကသိုလ် အသီးသီးမှာ ပညာဆည်းပူးခွင့်ရတဲ့ သူတို့တစ်တွေ စုပေါင်းပြီး အမိတိုင်းပြည်ကြီးကို ခေတ်မီရေး လမ်းကြောင်းပေါ်ရောက်အောင် ဆွဲတင်ကြတော့တယ်။

သူတို့အုပ်စုက တရုတ်ပြည် ပညာရေးမှာ အရိုးစွဲနေတဲ့ သင်ကြားရေးပုံစံကို ပြောင်းပစ်တယ်။ ဒီပုံစံဟောင်းဟာ ဟန်မင်းဆက်ကတည်းက ဧကရာဇ်အတွက် မင်မှုထမ်းကောင်းတွေ မွေးထုတ်ဖို့ ရည်ရွယ်တဲ့ ပညာရေးဖြစ်ပြီး ဓမ္မသတ်၊ ရာဇသတ်တွေကို အလွတ်ကျက် အာဂုံဆောင်နိုင်အောင် သင်ပေးတယ်။ ခွဲခြမ်းစိတ်ဖြာစရာ မလို၊ စောဒကတက်စရာ မလို၊ တီထွင်ဖန်တီးစရာ မလို။ အမိန့်နာခံတတ်ဖို့နဲ့ သစ္စာမြဲဖို့ကသာ အဓိကဖြစ်တယ်။ တရုတ်တွေက ဒီပုံစံဟောင်းကို `တီယန်ယာစနစ်´ (Tianya) သို့ ဘဲအစာကျွေးနည်း လို့ ခေါ်တယ်။ ခေတ်သစ်နဲ့ ဘယ်လိုမှ မအပ်စပ်တော့လို့ ပါမောက္ခဂျူလီယာတို့က ပယ်လိုက်တယ်။

ဒုတိယခြေလှမ်း အနေနဲ့ နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ သင်ရိုးညွှန်းတမ်းဟောင်းတွေကို အနောက်တိုင်း တက္ကသိုလ်ကြီးတွေနဲ့ တစ်ပြေးညီဖြစ်အောင် ပြန်ရေးတယ်။ ဒီအလုပ်က လက်ဝင်လှသလို အချိန်လည်း ပေးရတယ်။ လေးနှစ်လောက် ကြာအောင် အစဉ်အလာ စာမေးပွဲပုံစံကို ခေတ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲယူရတယ်။ စာမေးပွဲ စနစ်အဟောင်းအရ အလွတ်ကျက်ထားသမျှကို သတ်မှတ်ချိန်အတွင်း ပြန်ချရေးနိုင်ရင် စာမေးပွဲ အောင်ရုံတင်မက ဂုဏ်ထူးတောင် ထွက်နိုင်တယ်။ စာမေးပွဲခန်းက ထွက်လို့ မေ့သွားလည်း ပြဿနာ မရှိဘူး။ အခု စာမေးပွဲ ပုံစံအသစ်က ပြဿနာတစ်ရပ်ကို ချပြပြီး ဘက်ပေါင်းစုံက ဆွေးနွေးခိုင်းတယ်။ ဖြစ်နိုင်သမျှ ဖြေရှင်းနည်းတွေကို ရှာဖွေခိုင်းတယ်။ မှတ်ဉာဏ်ကို စစ်တာမဟုတ်ဘူး။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ဆန်းစစ်မှု၊ တီထွင်ဖန်တီးမှုတွေကို ဦးတည်တာဖြစ်တယ်။

ဒီနေ့ခေတ် တရုတ်ပြည်မှာ အလားအလာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ပညာရေး ၀န်ဆောင်မှုလုပ်ငန်းတွေလို့ ပြောနိုင်တယ်။ ၂၀၀၁ ခုနစ်မှာ တရုတ်တက္ကသိုလ်တွေက အင်ဂျင်နီယာ နဲ့ နည်းပညာကျွမ်းကျင်သူ တစ်သန်း မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီ အရေအတွက်ဟာ ၂၀၀၃ ခုနစ်မှာ နှစ်သန်းဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ပြည်က အနောက်တိုင်းတက္ကသိုလ်တွေ (အထူးသဖြင့် အမေရိကန် တက္ကသိုလ်တွေ) ဆီ သွားရောက် ပညာသင်ယူတဲ့ အရေအတွက်ဟာလည်း တောက်လျှောက် ဆိုသလို အတက်ပြလျက် ရှိနေတယ်။ အိန္ဒိယရဲ့ အားသာချက်က အဆင့်မြင့်ပညာ အားကောင်းခြင်းနဲ့ လွတ်လွတ်လပ်လပ် တီထွင်ဖန်တီးနိုင်ခွင့် ရှိနေခြင်းလို့ ဆိုနိုင်တယ်။ အိန္ဒိယကို အမီလိုက်နိုင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ တရုတ်ပြည်အနေနဲ့ အဆိုပါ အားသာချက်တွေကို ကျော်လွှားနိုင်ဖို့ ကွန်ပြူတာ သိပ္ပံဆိုင်ရာ အင်ဂျင်နီယာတွေ နှစ်စဉ် (၃၂၅၀၀၀) လောက် မွေးထုတ်ပေးနေပြီး အိုင်တီကဏ္ဍနှင့် ပတ်သက်လျှင် ထိန်းချုပ်ရေးဥပဒေ အတော်များများကို လျှော့ပေါ့ပေးထားတယ်ဟု သိရတယ်။

အခုဆိုရင် ရှန်တန်ကနေ နိုင်ငံတကာအဆင့်မီ တရုတ်လူငယ် ပညာတတ် ရှစ်ထောင်ကျော်ကို မွေးထုတ်နိုင်ခဲ့ပါပြီ။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုတာဟာ နေ့ချင်းညချင်း ပဒေသာပင်ပေါက် နိုင်သလို မဟုတ်ဘူးလေ။ ကြားကာလအတွင်းမှာ တရုတ်ကျောင်းသားတွေကို နိုင်ငံခြား (အထူးသဖြင့်) အမေရိကန်တက္ကသိုလ်တွေကို ပညာသင် စေလွှတ်ခဲ့တယ်။ အဲဒီ ကျောင်းသားတွေ ပြည်တော်ပြန်တော့မှ သူတို့ရဲ့ အားနဲ့ တရုတ်ပညာရေးကို အဆင့်မြင့်စေခဲ့တယ်။ နောက်ပိုင်း မျှော်လင့်သလောက် ခရီးမပေါက်တော့မှ ပုဂ္ဂလိကပိုင်း အကူအညီကိုယူပြီး ရှန်တန်လို နယ်တက္ကသိုလ်တွေဘက်ကို ဦးလှည့်လာခဲ့ခြင်း ဖြစ်တယ်။ အခုဆိုရင် ရှန်တုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို ရှေ့ဆောင်လမ်းပြ အနေနဲ့ ထားပြီး တရုတ်ပြည် တစ်ဝန်းလုံးက တက္ကသိုလ်အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပါတော့တယ်။


မြန်မာ့ကြက်ခြေနီ ဖခင်ကြီး

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၅ ရက် (စနေနေ့)

ဒေါက်တာစံစီပိုးဟာ အမေရိကန်နိုင်ငံမှ ဆေးပညာပါရဂူ (MD) ဘွဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပုသိမ်မြို့မှာ အစိုးရအမှုကို ထမ်းဆောင်နေတယ်။ ရှေးဦးသူနာပြုခြင်း အတတ်ပညာရဲ့ ကျေးဇူးကြီးမားလှပုံကို သိတဲ့အလျောက် ရှေးဦးသူနာပြု အတတ်သင်တန်းတွေ ဖွင့်ပြီး ကိုယ်တိုင်ကိုယ်ကျပ် သင်ကြားပေးတယ်။ ဒါအပြင် ဒေါက်တာစံစီပိုးဟာ `ဒါဏ်ရာရှိသူနာတို့ကို ပဌမကုနည်း´ လို့နာမည်ရတဲ့ `ဂီလာနုပဌက´ ကိုလည်း ရှေးဦးသူနာပြု အတတ်ပညာကျမ်းတစ်စောင် အနေနဲ့ ရေးသားပြုစုခဲ့တယ်။ ၁၉၀၇ ခုနစ် မေလမှာ ပုသိမ်ပုံနှိပ်တိုက်ကနေ ပုံနှိပ်ထုတ်ဝေတယ်။ ကျမ်းစာဟာ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထားပြီး ထိုစဉ်က ပလိပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မို့ ပလိပ်ရောဂါအကြောင်းပါ ထည့်သွင်း ဖော်ပြပေးထားတယ်။

ကျမ်းစာအုပ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရိုးအဆစ်များ၊ အသားပြင်၊ အာရုံကြော၊ သွေးကြော၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြား၊ အစာသစ်အိမ်၊ နှလုံးသား၊ အသည်များအကြောင်း၊ သွေးထွက်ခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အရိုးအဆစ်လွဲခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အသားကြေခြင်းအကြောင်း၊ အဆိပ်ရှိတဲ့ ပိုးမွှားကိုက်ခြင်း၊ အပူလောင်ခြင်း၊ မျက်စိနှာခေါင်းအတွင်းသို့ အမှိုက်သရိုက်ဝင်ခြင်း၊ အဆိပ်သောက်ခြင်းတွေကို ပြုစုနည်း၊ ၀က်ရူးထခြင်း၊ အရက်မူးလွန်ခြင်း၊ တက်ခြင်းစတဲ့ သတိမေ့ခြင်းအကြောင်း၊ ရေနစ်ခြင်း၊ ဆွဲကြိုးချခြင်းတို့ကို ပြုစုနည်း၊ ပတ်တီးစည်းနည်း၊ လူနာသယ်နည်း၊ ကျန်းမာခြင်းဆိုင်ရာ ဥပဒေစည်းမျဉ်း၊ ပလိပ်ရောဂါ စတဲ့ အကြောင်းတွေကို အခန်းပေါင်း (၁၁) ခန်း ခွဲပြီး စေ့စေ့စုံစုံ ဖော်ပြထားတယ်။ ဒုတိယအကြိမ် ထပ်မံထုတ်ဝေတဲ့အခါမှာ ကျန်းမာရေး လေ့ကျင်းနည်း အခန်းတစ်ခန်း ပိုလာပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်း ဖော်ပြရာမှာ လူတိုင်း နားလည်လွယ်အောင် ၀ါကျတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ၊ မြန်မာစကားပြေ ရိုးရိုးနဲ့ ဥပမာလေးတွေ ညှပ်ပြီး ရေးသားထားတာ အင်မတန်မှ ကောင်းပါတယ်။ ဥပမာ အနေနဲ့ တချို့ကို ကောက်နုတ် တင်ပြလိုက်ပါတယ်။ နှလုံးအကြောင်းကို ဖော်ပြရာမှာ
နှလုံးသားသည် လူ၏ လက်သီးခန့်လောက်ကြီး၏။ သရက်သီးပုပုသဏ္ဌာန်ရှိ၏။ အဆင်းနီ၏။ …. နှလုံး၏ပြင်သားကား ချောမော၏။ အတွင်းသားကား အကြောတို့၏ ပေါင်းစုံရာဖြစ်၍ သပွတ်အူကဲ့သို့ ရှုပ်၏။ နှလုံးသား၏ အခေါင်းအတွင်း၌ ထူထဲ ခိုင်ခံ့သော အမြှေး၊ အပိုင်းအခြား၊ အကန့်ကြက်ခြေခပ်ရှိ၍ တွင်းငယ် ၄ ခု ဖြစ်၏။ ထိုတွင်းငယ်လေးခု၌ ကိုယ်အားလုံးကို သွားလာလျက်နေသော သွေးချိန် ( ၁၂ ကျပ် ၈ ပဲ ) သားခန့်ရှိ၏။ လက်ဝဲဘက်ခြမ်းအခန်း တွင်းငယ် ၂ ခုက တကိုယ်လုံးသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။ လက်ျာဘက်ခြမ်း အခန်း ၂ ခုက၊ အဆုတ်ထဲသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။
လို့ ရေးသားထားပြီး အဆုတ်အကြောင်းကို ဖော်ပြရာမှာ
အဆုတ်သည် ပင်လယ်ရေမြှုပ် ၂ ခု ပုံသဏ္ဌာန်ကဲ့သို့ ပျော့ပြောင်းသော အရာဖြစ်၍ နှစ်ခြမ်းပိုင်းခြားသည်။ အစဉ်အမြဲ အထည်းတွင်နေရှိ၍ အဆုတ်ထည်းသို့ လေသစ်ဝင်ရန် အသက်ရှူသောအခါ၊ အောက္ကဇီဂျင်ဂတ်စ် ခေါ်သော ဓာတ်ကောင်းအများ ပါဝင်သွားသောကြောင့် နှလုံးလက်ျားဘက်ခြမ်းမှ စီးဝင်လာသော ပြန်သွေးခေါ် သွေးဆိုး၊ သွေးပုတ်များနှင့် ပေါင်းဆုံမိသေအခါ ကာဘိုနစ်အက်စစ် ဂတ်စ်ခေါ် ဓာတ်ငွေ့ဆိုးများကို ထွက်သက် ရှူသောအခါတိုင်း ထုတ်ပစ်လိုက်၍ သွေးနီသွေးကောင်း ဖြစ်ပြီးလျှင် လက်ဝဲဘက် နှလုံးထည်းသို့ တကိုယ်လုံး သွေးပျံ့နှံ့ရန် အဆုတ်က သွင်းပေးပြန်သည်။
လို့ ရေးသားထားတယ်။

တဖန် ရှေးဦးသူနာပြုစုရာမှာ ကြိုတင်သိရှိသင့်တဲ့ အကြောင်းခြင်းရာတွေကို ဖော်ပြရာမှာလည်း ကွက်ကွက်ကွင်းကွင်း ထင်းကနဲ မြင်အောင် ဖော်ပြနိုင်စွမ်းရှိကြောင်း အောက်ပါ ဥပမာအရ သိနိုင်တယ်။
သွေးထွက်ခြင်း သုံးမျိုးရှိသည့်အနက်၊ မည်သည့်အကြောမျိုးက ထွက်လာသည်ဟု ပိုင်းဖြတ်၍ သိခြင်းသည် အလွန်ကျေးဇူးများ၏။

  1. သွေးနီကြောကထွက်သော သွေးသည် တသမတ်တည်းမထွက်။ တငေါက်ငေါက် ပန်း၍ထွက်၏။ အရောင်အဆင်းလည်း ခြင်းခြင်းနီ၏။ နှလုံးခုံချက်နှင့် တပြိုင်တည်း ပန်းထွက်၏။
  2. နှလုံးသို့ ပြန်၍၀င်သော၊ သွေးပုတ်ကြောကထွက်သည့် သွေးမှာ တရှိန်တည်းထွက်၍ အဆင်းရောင်နီညို့ညို့၊ ညစ်ပုတ်ပုတ်ဖြစ်၏။
  3. ကပီကရီ (Capillary) ခေါ် သွေးကြောတို့ကထွက်သော သွေးမှာ အနည်းငယ် တစိမ့်စိမ့်ထွက်၍ နေ၏။

ရှေးဦးသူနာပြုရာမှာ ရေမြေဒေသအလိုက် အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းများနဲ့ ဆောင်ရွက်နိုင်ပုံတွေကို ဦးစားပေး ဖော်ပြထားတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ နည်းတွေဖြစ်လို့ အလွန်အသုံးဝင်လှတယ်။ သွေးထွက်လွန်တဲ့ ဒဏ်ရာအတွက် သွေးကြောပိတ်အောင် ပြုစုတဲ့နည်းကို တင်ပြရာမှာ
ကျေးလက်တောရွာ၌ပင် ဖြစ်ငြားသော်လည်း အလွယ်တကူ တိုင်းသူပြည်သားတို့ အသုံးများသော ကျောက်ချဉ်ကို ကြိတ်၍ ဒဏ်ရာပေါ်မှာ အုံပြီးလျှင် အ၀တ်နှင့်စည်းထားရမည်။ ရှားစေး၊ ဘင်္ဂလားဆေးရွက်၊ ထုံး၊ ဤသုံးမျိုးကို အညက်ကြိတ်၍ ဒဏ်ရာထည်းကို သိပ်ပြီးလျှင် အ၀တ်နှင့် စည်းရမည်။ ရှားစေးမရလျှင် ဆေးရွက်နှင့် ထုံး နှစ်မျိုးဖြင့်လည်း … ပြုလုပ်နိုင်သည်။ … ပင့်ကူအိမ်ကို ခပ်များများယူ၍ လုံးပြီးလျှင် အနာပေါ်ကို ကြပ်ကြပ်သိပ်လျှင် (သွေး) ရပ်လိမ့်မည်။
လို့ ရေးသားထားပြီး အဆိပ်ရှိသော ပိုးမွှားကိုက်ရာမှာ ပြုစုရာတွင်လည်း
အစွယ်များ၊ အမြီးဆူးဖျားများ၊ အသားထည်းတွင် ကြွင်းကျန်လျှင် ဇာဂနာနှင့် ဆွဲနုတ်ရမည်။ … ဇ၀က်သာ၊ ထုံး ၂ ဦးကို ရေနှင့်ရော၍ဖြစ်စေ၊ ကြက်သွန်နီကို ဖြစ်စေ၊ အနာထဲသို့ဝင်အောင် ပွတ်၍သွင်းရမည်။
လို့ ရေးသားထားပြီး မီးလောင်၊ ရေနွေးပူ လောင်ခံရသူတွေကို ပြုစုရာမှာလည်း
မီးလောင်သော ဒဏ်ရာတွင် လေမ၀င်စေခြင်းငှာ၊ မြေဖြူမှုံ့၊ အာတာလွတ်ဥ ပေါင်ဒါမှုံ့၊ ဂျုံမှုံ့ တို့ကို ရရာဖြူးရမည်။ သို့မဟုတ် အ၀တ်စကို ထောပတ်ဖြစ်စေ၊ ဆီဖြစ်စေဆွပ်၍ အနာကို ကပ်ရမည်။ နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့် ထုံးကြက်တက်ရေကို ဆတူရောစပ် (၍)၊ … ၎င်းဆီကို သုတ်လိမ်းပြီးလျှင် ဂွမ်းနှင့် ဖုံးအုပ်စည်းထားရမည်။ ငှက်ပျောရွက်နုကို ဆီဆွတ်၍ အနာမှာ ကပ်ရမည်။ ၎င်းပြင် မီးလောင်၍ အလွန်ပူနေလျှင် ငှက်ပျောပင်ကို ခုတ်၍ ကြမ်းသောအခွံများကို ခွာပြီးလျှင် ခပ်နုနု ငှက်ပျောပတ်ရည်ကို အနာပေါ်သို့ ညှစ်ချရမည်။
လို့ ရေးသားဖော်ပြထားပါတယ်

ကြိုတင်ကာကွယ်ဆေး ထိုးတဲ့ ဓလေ့ကို အဲဒီအချိန်က မြန်မာတွေ လုပ်လေ့လုပ်ထ မရှိသေးလို့ ကာကွယ်ဆေးထိုးဖို့ ပညာပေးစည်းရုံးရာမှာ အလွန်ပဲ လက်ဝင်ခက်ခဲလှတဲ့ အချိန်ဖြစ်တယ်။ အထူးသဖြင့် ပလိပ်ရောဂါ ကာကွယ်ဆေး ထိုးသင့်ကြောင်းကို လက်တွေ့ဥပမာတွေနဲ့ အများပြည်သူ လက်ခံယုံကြည်လာအောင် ယထာဘူတကျကျ တင်ပြထားတာ အောက်ပါအတိုင်း တွေ့ရလိမ့်မယ်။
အိန္ဒိယတိုင်း၌ တိုင်းသူပြည်သားတို့ကို ပလိပ်ဆေးထိုးစေ၍ မထိုးသေးသောသူများနှင့် ပြိုင်ယှဉ်နှိုင်းစာလျှင် စာရင်း ကောက်ယူသောအခါ အများပင် ပလိတ်ရောဂါကို ကွယ်ကာနိုင်သောကြောင့် ပလိတ်ဆေးထိုးခြင်းသည် အလွန်အကြိုးကြီးကြောင်း သိမြင်ရသည်။ ကျွန်ုပ်တို့ ပုသိမ်မြို့မှာလည်း ၎င်းနည်းတူ ပလိတ်ဆေးထိုးစေ၍ စာရင်း ကောက်ယူရာ အလွန် ကာကွယ်နိုင်ကြောင်းကို တွေ့မြင်ရလေသည်။ … ကျွန်ုပ်ကိုယ်တိုင် ယုံကြည်စိတ်ချလျက် ပလိတ်ဆေး ထိုးခံပြီးလျှင် ကျွန်ုပ်၏ဇနီး၊ သားသမီး၊ ဆွေမျိုးညာတကာတို့ကို ပလိတ်ဆေးထိုးစေပြီးမှ တိုင်းသူပြည်သားတို့အား ထိုးပေးသည်ဖြစ်သောကြောင့် ပလိတ်ဆေးထိုးသည့်အတွက် ဘေးဥပဒ် အနည်းငယ်မျှ မရှိကြောင်း ၀ံခံနိုင်ပါသည်။

ဒေါက်တာစံစီပိုးရဲ့ `ဂီလနုပဌက´ ရှေးဦးသူနာပြုကျမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပြုစုခဲ့တဲ့ ကျမ်းဟောင်းတစ်ဆူ ဖြစ်ပေမယ့် ဒီနေ့အထိ ခေတ်မီပြီး အသုံးတည့်သေးတာကို တွေ့ရတယ်။ ရှေးဦးသူနာပြုကျမ်းလို့ ဆိုရပေမယ့် ခန္ဓာဗေဒဆိုင်ရာ ဆေးသိပ္ပံ အချက်အလက်များကိုလည်း ပြေပြစ်ချောမောတဲ့ မြန်မာစကားပြေ သက်သက်နဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါအပြင် ဒီဂီလာနုပဌကကျမ်းဟာ မြန်မာနိုင်ငံမှာ ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ စာပေတွေအထဲမှာ အစောဆုံးတွေ့ရတဲ့ အထောက်အထားတစ်ခု ဖြစ်လို့ မြန်မာ့ ကြက်ခြေနီသမိုင်းအတွက်လည်း လွန်စွာမှ တန်ဖိုးရှိလှပါတယ်။ ဒေါက်တာစံစီပိုးဟာ မြန်မာ့ကြက်ခြေနီဆိုင်ရာ ရှေးဦးသူနာပြုလုပ်ငန်းကို မျိုးစေ့ချခဲ့သူ ကြက်ခြေနီ ဖခင်ကြီးတစ်ဦး အဖြစ်နဲ့ ဂုဏ်ပြုထိုက်လှ ပါပေတော့တယ်။

ဤပို့စ်အား ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာမျိုးသန့်တင် စာအုပ်မှ ကိုးကား၍ ကောက်နုတ်တင်ပြအပ်ပါသည်။


မြန်မာအစ ???

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၁ ရက် (အင်္ဂါနေ့)

ပုဂံသမိုင်းကို ပြောရင် တုတ်ထမ်းပြီး ပြောရမယ်တဲ့။ ဒါပေမယ့် တကယ်တမ်းတော့ မြန်မာ့သမိုင်းကို တုတ်ထမ်းပြီး ပြောရမယ်ဆိုရင် ပိုမှန်လိမ့်မယ်။ ကျနော်တို့တွေ ငယ်ငယ်ကတည်းက သင်ရိုးညွှန်းတန်းနဲ့ သင်ထားခဲ့တဲ့ မြန်မာရဲ့ အစ သမိုင်းက ဘယ်လောက် မှန်ကန်မှု ရှိနေမလဲ။ ကျနော်တို့ အားလုံး ကြားဖူးကြမယ်။ `မြန်မာအစ တကောင်းက´ တဲ့။ ဒါကို မြန်မာသမိုင်းသုတေသန လောကမှာ ထိတ်ထိတ်ကြဲ ကျော်ကြားခဲ့တဲ့ ဆရာကြီးတွေက လက်မခံကြဘူး။ အခုခေတ် ကျနော်တို့နဲ့ လက်လှမ်းမီခဲ့တဲ့ ကွယ်လွန်သွားရှာပြီ ဖြစ်တဲ့ သမိုင်းဆရာကြီး ဒေါက်တာသန်းထွန်း ကိုယ်တိုင်ကလည်း ဒါကို လုံးဝ လက်မခံဘူး။ သူရဲ့ စကားလေးကို ကျနော် နားလည်သလို ပြန်ပြောပြပါ့မယ်။ ကျနော်တို့ဗျာ အိန္ဒိယနိုင်ငံသား တစ်ယောက်ကို ခေါ်မယ်။ တရုတ်နိုင်ငံသား တစ်ယောက်ကို ခေါ်မယ်။ ပြီးရင် ဗမာ တစ်ယောက်ကို ခေါ်မယ်။ သူတို့သုံးယောက်ကို ယှဉ်ရပ်ခိုင်းလိုက်။ ကမ္ဘာပေါ်မှာ ရှိတဲ့ ကြိုက်တဲ့လူကို ခေါ်မေးကြည့်။ ဗမာရဲ့ ရုပ်သွင်ပြင်ဟာ အိန္ဒိယနိုင်ငံသားနဲ့ ပိုဆင်လား၊ တရုတ်နိုင်ငံသားနဲ့ ပိုဆင်လား လို့။ ဒါ သိပ်သိသာတယ်။ တရုတ်လူမျိုးနဲ့ ပိုပြီး နီးစပ်တယ်လို့ ဘယ်သူမဆို ဖြေကြလိမ့်မယ်။

ဒါဆို ဘာလို့ `မြန်မာအစ တကောင်းက´ ဆိုတာ ပေါ်လာတာလဲ။ ကျနော် ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ရှိတယ်။ စာအုပ်နာမည်က `ဗုဒ္ဓသည် မြန်မာလူမျိုး´ တဲ့။ စာအုပ်က သုတေသန စာစောင် ဆန်ပေမယ့် လိုရာကို မရမက ဆွဲထားတယ်။ ဒီစာအုပ်နာမည်ကြောင့်ပဲ ထုတ်ဝေပြီး မကြာခင်မှာ ဖြန့်ဝေခွင့် ပိတ်ခံရတယ်။ အဲဒါ ကျနော်တို့ ငယ်ငယ်က ကိစ္စပါ။ နောက်တော့ အဲဒီ စာအုပ်ကိုပဲ နာမည်ပြောင်းထုတ်တယ်။ `ဗုဒ္ဓနှင့် မြန်မာလူမျိုး´ တဲ့။ အရင်စာအုပ်နဲ့ ဘာကွာသလဲ ဆိုတာတော့ ကျနော် ပြန် မဖတ်ကြည့်ရသေးဘူး။ ဒီစာအုပ်ကိုတော့ စာအုပ်ဆိုင်တွေမှာ အခု သွားလို့ ရနိုင်ပါတယ်။ စာအုပ်ရဲ့ အဓိက ရည်စူးချက်က မြန်မာတွေဟာ ဗုဒ္ဓ အနွယ်တော် သာကီဝင်တွေကနေ ဆင်းသက်တာပါလို့ သက်သေပြချင်တာပဲ။ နောက်တစ်ခုက ကျနော်တို့ ငယ်ငယ်ကတည်းက ကြားဖူးနေတဲ့ ကြွေးကျော်သံပါ။ `သာကီမျိုးဟဲ့ တို့ဗမာ´ ဆိုတာပါပဲ။ ဒီအတိုင်းသာဆို ကျနော်တို့ ဗမာ ဆိုတာဟာ အိန္ဒိယအနွယ်ဖွား တိုင်းရင်းသား တစ်စုပဲ ဖြစ်နေမှာပေါ့။

ဒါဆိုဘာလို့ မြန်မာ့ သမိုင်းရေးဆရာတွေဟာ မြန်မာအစ တကောင်းက ဆိုတာမျိုးကို တွင်ပြီး မှတ်တမ်းတင်ခဲ့ကြသလဲ ဆိုတာနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွန်းရဲ့ အမြင်က ဒီလိုပါ။ ပထမ မြန်မာနိုင်ငံတော်ကို စတင်တည်ထောင်တယ်လို့ သက်မှတ်ခံခဲ့ရတဲ့ အနော်ရထာ မင်းဟာ ငါတပါးမင်းပါ။ ဆိုလိုတာက သူဟာ ထီးမွေနန်းမွေ ဆက်ခံတာ မဟုတ်ဘဲ ကိုယ်ပိုင် ရယူခဲ့ရတာ ဆိုတော့ တိုင်းပြည်ငြိမ်ဝပ်အောင် လုပ်တဲ့ အခါမှာ အမျိုးဂုဏ်ဆိုတာ လိုလာတယ်။ ဒီတော့ သူတို့ဟာ အဲဒီ အမျိုးဂုဏ်ကို ဖော်ဆောင်ဖို့အတွက် သူတို့ဟာ ဘယ်က ပေါက်ဖွားလာတာပါ၊ သိကြားမင်း ၀င်စားတာပါ စသဖြင့် မြှင့်တင်ဖို့ ကြိုးစားကြတယ်။ မြန်မာ့သမိုင်း ရာဇ၀င်ကျမ်းတွေကို ပြန်ဖတ်ကြည့်ရင် အဲဒီလို ငါတပါးမင်းတွေ ဖြစ်တဲ့ အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းမင်းတရား၊ စတဲ့ စတဲ့ မင်းတွေဟာ အမျိုးဂုဏ်မြှင့်တင်ဖို့ ဘယ်လို ကြီးမြတ်တဲ့ လူတွေ ၀င်စားတယ်၊ ဒါမှ မဟုတ် ဘယ်လို ထူးထူးဆန်းဆန်း ပေါက်ဖွားလာတယ်ဆိုတဲ့ လူတွေ အံ့ချီးဘနန်းဖြစ်မယ့် ဒဏ္ဍာရီတွေနဲ့ သမိုင်းကြောင်းကို ဖော်ပြထားတာ တွေ့ရလိမ့်မယ်။ အဲဒါတွေကို ကြည့်ရင် ဗုဒ္ဓဘာသာနိုင်ငံရဲ့ တန်ဖိုးအထားဆုံး လူပုဂ္ဂိုလ်ဖြစ်တဲ့ ဗုဒ္ဓဂေါတမနဲ့ အမျိုး ပြေးတော်လိုက်တာ ကတော့ သိပ်မဆန်းတော့ဘူး။ ဒါဟာ ရှင်ဘုရင် ကိုယ်တိုင် ခိုင်းစေတာ ဖြစ်နိုင်သလို၊ ရှင်ဘုရင် စိတ်ကြိုက် ရေးကြတာလည်း ဖြစ်နိုင်တယ်။ ဘာပဲ ဖြစ်ဖြစ် ဘုရင်အလိုကျ ဆိုတာတော့ ပြေးမလွတ်ပါဘူး။

သုတေသန တစ်ခုအနေနဲ့ အကြောင်းအရာတစ်ခုကို အတည်ပြုချင်ရင် အထောက်အထားတွေ လိုတယ်။ အခု မြန်မာရဲ့ အစနဲ့ ပတ်သက်ပြီး သုတေသန လုပ်ကြတဲ့အခါမှာ အထောက်အထားတွေအရ မြန်မာဟာ အိန္ဒိယနွယ်ဖွား မဟုတ်တာတော့ လုံးဝ သေချာတယ်။ ဒီသုတေသန စာတမ်းမှာ နာမည်ကြီးတဲ့ ပုဂ္ဂိုလ်ကတော့ ဒေါက်တာလုစ် ပါ။ သူ့ရဲ့ သုတေသန စာတမ်းကိုပဲ ဒေါက်တာသန်းထွန်းက ကိုးကားပြီး လေ့လာရတယ်။ အခု ကျနော် တင်ပြချင်တာက ဒေါက်တာသန်းထွန်းကတဆင့် သိရတဲ့ ဒေါက်တာလုစ်ရဲ့ စာတမ်းရဲ့ အစိတ်အပိုင်း သေးသေးလေးကို ကောက်နှုတ် ဖော်ပြချင်တာပါ။ စာလေးမှာ စိုးလို့ အထောက်အထား အတိအကျ ဆိုတာကြီးကို အခု စာရေးတဲ့ အခါမှာ ကျနော် ချန်ထားခဲ့ပါမယ်။ တကယ့်ကို စိတ်ဝင်စားလို့ (သို့) မယုံကြည်လို့ ဆိုရင်တော့ အသစ်မြင် မြန်မာ့သမိုင်း – ဒေါက်တာသန်းထွန်း စာအုပ်နဲ့ မြန်မာနိုင်ငံတော်သမိုင်း – ဗိုလ်ဘရှင် စာအုပ်မှာ အတိအကျ လေ့လာနိုင်ပါတယ်။

မြန်မာလူမျိုးတို့ရဲ့ မူလအစဟာ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း မွန်ဂိုကုန်းမြင့်အစွန်းမှာ ရှိတဲ့ ကန်စု ဒေသက ဖြစ်တယ်လို့ ဆိုပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင်လောက်ကတည်းက ကန်စုဒေသဟာ ယဉ်ကျေးမှုစံနှုန်းအရ တရုတ်ပြည်နဲ့ တန်းတူညီ တည်ရှိနေခဲ့တယ်။ ဒါပေမယ့် အဲဒီအချိန်က တရုတ်နိုင်ငံရဲ့ အင်ပါယာ ချဲ့ထွင်မှုကြောင့် ယဉ်ကျေးမှု ဆိုတာကို မေ့ထားပြီး တောင်ဘက်ပိုင်း စတင် ရွှေ့ပြောင်းလာခဲ့တာ အေဒီ ၂ ရာစု ကတည်းကပဲ။ အဲဒီလို တောင်ဘက်ပိုင်းကို ရွှေ့ပြောင်းလာရာမှာလည်း အခက်အခဲ ပေါင်းစုံနဲ့ ကြုံတွေ့ကြရတယ်။ အဲဒီအချိန်မှာ တိဗက်၊ တရုတ်နဲ့ နန်ကျောက်တွေဟာ အဆက်မပျက် စစ်တိုက်နေကြတယ်။ အဲဒီလို စစ်တိုက်တဲ့ အခါတိုင်းမှာလည်း မြင်းစီး လေးပစ်ကျွမ်းကျင်တဲ့ ခနဦးမြန်မာတွေကို ရှေ့တန်းကနေ တိုက်ခိုက်စေတာမို့ သူတို့ အားလုံးကို ရုန်းထွက်ဖို့ ကြိုးစားရင်းနဲ့ပဲ အဲဒီလူတစ်စုဟာ ၇ ရာစုမှာ ရှမ်းကုန်းပြင်မြင့်ကို ကျော်ပြီး ကျောက်ဆည်နယ်ကို ဆင်းသက်လာကြတယ်။ သူတို့ မရောက်ခင်ကတည်းက မွန်တွေဟာ အဲဒီနေရာမှာ ရှိနှင့်နေပြီးသားပါ။ သူတို့ရဲ့ ပင်ကိုယ် ကာယာဗလ ကောင်းမွန်ခြင်း၊ ရွှေ့ပြောင်းလာတဲ့ တလျှောက် တိုက်ရည်ခိုက်ရည် အတွေ့အကြုံများပြားခြင်း၊ မြင်းစီးအတတ် အထူး ကျွမ်းကျင်လိမ္မာခြင်း၊ တစိမ့်စိမ့်ဝင်လာတဲ့ လူတွေနဲ့ အင်အားတောင့်တင်းလာခြင်း စတာတွေကြောင့် မြန်မာနိုင်ငံအတွင်း ရောက်နှင့်ပြီး အခြေခိုင်နေပြီးဖြစ်တဲ့ မွန်-ပလောင်-၀ အနွယ်ဝင်တွေ၊ ပျူ နဲ့ သက် လူမျိုးတွေထက် အင်အားသာလွန်လာကြတယ်။

သက္ကရာဇ် (၈၃၂) ခုမှာ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ကြီးစိုးနေတဲ့ ပျူနိုင်ငံကြီးဟာ နန်ကျောက်တွေရဲ့ သိမ်းပိုက် ဖျက်ဆီးခြင်းကို ခံရတယ်။ နောက် ၉ ရာစု အကုန်ပိုင်းမှာ အရင်သြဇာ ကြီးနေတဲ့ နန်ကျောက်တွေ သြဇာကျလာတယ်။ ဒါကို အခွင့်ကောင်းယူပြီး ကနဦးမြန်မာတွေဟာ အင်အားချဲ့ထွင်လာခဲ့တယ်။ ပထမခြေကုတ်အနေနဲ့ မွန်တွေဆီကနေ ကျောက်ဆည်နယ်ကို လုယူနိုင်ခဲ့တယ်။ အဲဒီကနေ ဧရာဝတီ နဲ့ ရခိုင်ရိုးမအထိ ခြေဆန့်နိုင်ခဲ့တယ်။ ဒုတိယ ခြေကုတ်အနေနဲ့ မင်းဘူးနယ်ကို ပေလောင်နဲ့ စကြစ်တွေဆီကနေ လုယူခဲ့ကြဟန် တူတယ်။ အဲဒီလို ဒေသတစ်ခုစီ ခရိုန်တစ်ခုစီကို အုပ်ချုပ်တဲ့လူကို မင် လို့ ခေါ်တယ်။ ဒီတော့ အဲဒီအချိန်မှာ အဲဒီဒေသတွေမှာ မင်ပေါင်းများစွာ ရှိတယ်။ အဲဒီအထဲကမှ နောက်တော့ ခရိုန်တစ်ခုက မင်ဟာ သြဇာအာဏာကြီးမြင့်လာပြီး သူကို အားလုံးက အရိုအသေပေးရတော့ မင်ဂြီ (မင်းကြီး) ဖြစ်လာတယ်။ အဲဒီ ခရိုန်က အခုအချိန်မှာ ကျနော်တို့ သိကြတဲ့ ပုဂံပါပဲ။ အဲဒီခရိုန်ရဲ့ အကြီးအကဲဖြစ်တဲ့ မင်ဂြီ (မင်းကြီး) ကတော့ ကျနော်တို့ သိကြတဲ့ အနော်ရထာမင်း ခေါ် အနိရုဒ္ဓ ပါပဲ။ သက္ကရာဇ် အရတော့ အေဒီ ၁၀၄၄ ခုပေါ့။ ဒါဆို ကျနော်တို့ သိနှင့်ပြီးသား ရာဇ၀င်တွေနဲ့ ဆက်စပ်လို့ ရပြီထင်ပါတယ်။

အနော်ရထာမင်းလက်ထက် မြန်မာနိုင်ငံဆိုတဲ့ ပရ၀ုဏ်ထဲမှာ အများဆုံး ရှိတဲ့ လူမျိုးက မွန်ပါ။ နောက်ပြီး ပုဂံခေတ်ဦးမှာ မြန်မာနဲ့ မွန်တွေရဲ့ အားပြိုင်မှုတွေ နန်းတွင်းရေးအနေနဲ့ ရှိနေမယ်လို့ ခန့်မှန်းကြပါတယ်။ ကျန်စစ်မင်းဟာလည်း သူနန်းမတက်မီ ဒီ အဓိကရုဏ်းတွေကို နိမ့်နင်းနေရမယ်လို့ တွက်ဆထားကြတယ်။ အထောက်အထားအရတော့ မစုံလင်ပါဘူး။ နန်းတွင်းမှာတောင် မွန်ပညာရှိတစ်ဝက်နဲ့ မြန်မာပညာရှိ တစ်ဝက် ရှိတယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း ပုဂံခေတ် ယဉ်ကျေးမှုဟာ မွန်လက်ရာတွေနဲ့ ထုံမွှန်းနေတာ မဆန်းပါဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်က တရုတ်နဲ့ စင်ပြိုင် ယဉ်ကျေးမှုတစ်ခု ပိုင်ဆိုင်ခဲ့ပေမယ့် စစ်ပြေးအနေနဲ့ ရွှေ့ပြောင်းအိမ်ရာ တည်ထောင်ခဲ့ရလို့ နှစ်ပေါင်း ရာချီကြာတဲ့အခါမှာ နဂိုရှိရင်းစွဲ မြင့်မားလှတဲ့ ယဉ်ကျေးမှုဟာ လုံးဝနီးပါး ကွယ်ပျောက်သွားပါတယ်။ ဒါပေမယ့် မူလမြေပိုင်ရှင်တွေဖြစ်တဲ့ မွန်တွေစီကနေ လယ်ယာစိုက်ပျိုးမှု ပညာ၊ လက်မှုပညာ အပါအ၀င် တခြား ယဉ်ကျေးမှုတွေပါ လက်ဆင့်ကမ်း ဆက်ခံခဲ့တဲ့အတွက် ဆယ်စုနှစ် အတွင်းမှာပဲ ပတ်ဝန်းကျင်နိုင်ငံအခြားမှာ မြန်မာယဉ်ကျေးမှုရယ်လို့ ပြန်လည်ဦးမော့လာခဲ့ပါတယ်။

အနော်ရထာမင်းလက်ထက် နောက်ပိုင်း မြန်မာနိုင်ငံ အခြေအနေဟာ သင်ရိုးတန်းမှာရော၊ စာအုပ်စာတမ်းအရပါ စုံလင်လို့ ကျနော် ဆက်ပြီး မဆွေးနွေးလိုတော့ပါဘူး။ အထက်မှာ တင်ပြခဲ့တာကို လေ့လာပြီး မြန်မာဘယ်က စသလဲ ဆိုတာ အတိအကျ ခြေရာမကောက်နိုင်တောင် ဒီလိုလည်း ဖြစ်နိုင်တယ် ဆိုတာကိုတော့ အသိပေးချင်ပါတယ်။ ကျနော်တို့တွေ မျက်စိကြီးမှိတ်ပြီး `မြန်မာအစ တကောင်းက´ လို့ ယုံကြည်ခဲ့ဖူးပါတယ်။ အဲဒီ စာကြောင်းနဲ့ အဆိုကို လက်ခံသင့်မသင့် ပြန်လည် သုံးသပ်နိုင်အောင် ဒီပို့စ်လေးကို တင်ပေးလိုက်ပါတယ်။ ဆက်လက် အတွေးပွားနိုင်ကြပါစေ။