ကျိုက်ထီးရိုးသွား တောလား …..


၂၆ရက် အောက်တိုဘာလ ၂၀၀၇။ ည ၁၀း၁၅

လက်မှတ်ဝယ်ထားတဲ့ကားက ည ၉း၃၀ မှာ စထွက်မယ်လို့ ပြောထားပေမယ့် အခုမှထွက်ဖြစ်တယ်။
တစ်လမ်းလုံး သီချင်းနားထောင် ဗီဒီယိုကားကြည့်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။

၂၇ရက် အောက်တိုဘာလ ၂၀၀၇။ နံနက် ၄ နာရီလောက်
ကျိုက်ထီးရိုးတောင်တက်လမ်း တောင်ခြေဖြစ်တဲ့ ကင်ပွန်းစခန်းကို ရောက်ပါတယ်။ ထမင်းဆိုင်တစ်ဆိုင်မှာ ရပ်ပေးတော့ အဲဒီဆိုင်မှာရှိတဲ့ ကွတ်ပစ်မှာ တစ်ရေးအိပ်ခွင့်ရတယ်။

နံနက် ၆ နာရီ
ကားမောင်းသံ၊ ခရီးသည်ခေါ်သံ ကြားရတော့ လန့်နိုးလာတယ်။ တောင်တက်ကားပေါ်တက်ဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ကတော့ ကွေးကောင်းတုန်း။ ဒါနဲ့ မျက်နှာသစ်၊ နံနက်စာစားပြီး တောင်ပေါ်တက်မယ့်ကားရှိရာ ကားဝင်းကို ရောက်လာခဲ့တယ်။

နံနက် ၇ နာရီ
ဒီလို ကားမျိုးတွေနဲ့ တောင်ပေါ်တက်ကြရတယ်လေ။ ကားနောက်ခန်းမှာ လူထိုင်ဖို့ တန်းလေးတွေ လုပ်ပေးထားတယ်။ ရန်ကုန်မှာလိုပဲ တစ်တန်းကို ၆ ယောက်ပြည့်အောင် ထိုင်ရတယ်။ ဘာဖြစ်ဖြစ် လူပြည့်အောင် ထည့်တယ်။ (တစ်နိုင်ငံလုံးမှာရှိတဲ့ စပယ်ယာတွေ ဒီအတိုင်းပဲထင်ပါတယ်) အနောက်မှာ သံခြင်းလေးလုပ်ပေးထားတယ်။ ပစ္စည်းထည့်ဖို့ပါ။ တစ်ယောက်ကို ယာဉ်စီးခ ၂၅၀၀ကျပ် ပေးရပါတယ်။ ရင်ပြင်တော်အရောက်မို့ပါ။ အထမ်းသမားတွေ အဲဒီနောက်ကနေ အခမဲ့လိုက်ကြတယ်။ တစ်တန်းကို လူခြောက်ယောက်ပြည့်မပြည့် စစ်ပြီးရင်တော့ တောင်ပေါ်ကို စတက်ပါပြီ။
တက်ခါစမှာ စစ်ဆေးရေးဂိတ်ရှိတယ်။ ပိုက်ဆံပိုတောင်းလား စစ်တယ်။ သက်မှတ်လူထက် ပိုတင်လား စစ်တယ်။ တောင်ပေါ်စတက်ပါပြီ။ ကွေ့လိုက်ကောက်လိုက်နဲ့ အတက်ချည်းပါပဲ။ အတက်တော်တော်များများဟာ စောက် ၃၀ံအထက်ချည်း ရှိမယ်ထင်တယ်။


နံနက် ဂ နာရီ ၁၀ မိနစ်
ရသေ့တောင် ယာဉ်ရပ်နားစခန်းကို ရောက်ပါပြီ။ အဲဒီမှာ သတင်းပို့ပြီး ခဏစောင့်ရပါတယ်။ ၁၅ မိနစ်လောက်ကြာမှ တက်ခွင့်ရပါတယ်။ ကားအတော်များများက ရသေ့တောင်စခန်းမှာပဲ ခရီးဆုံးပါတယ်။ ရင်ပြင်အထိဆက်တက်ချင်ရင် ရင်ပြင်တော်တက်တဲ့ကား သက်သက်ရှိပါတယ်။ အဲဒီကား ပြောင်းစီးရတယ်။ ကျနော်တို့ အဆင်ပြေသွားတယ်။ အများစုကတော့ ရသေ့တောင်ကနေ လမ်းလျှောက်ကြတာများတယ်။ ၁ မိုင်ကျော်ပဲ ကျန်တော့တာကိုး။ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ပေါ့။


နံနက် ၉ နာရီ
ဒီမုဒ်ဦးဟာ ရင်ပြင်တော်ကို ၀င်ဖို့ ပထမဆုံးဖြတ်ရတဲ့ မုဒ်ဦးပါ။ လူတွေ အတော်စည်ကားနေပါတယ်။ ရင်ပြင်ကိုသွားမယ့်လူတွေမှာ ကိုယ့်ရင် ၀န်စည်စလယ် ပစ္စည်းတွေကို စောင့်တဲ့လူကစောင့်၊ အဖွဲ့ဝင်တွေ မရောက်သေးလို့ စောင့်တဲ့လူက စောင့်ပေါ့။ အဲဒီကနေ ၀င်ခါနီးမှာ အမျိုးသမီးများ အ၀တ်လဲခန်းဆိုတာ တွေ့ပါလိမ့်မယ်။ မိန်းကလေးတွေကို ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ စကတ်တို၊ စကတ်ရှည်၊ လယ်ဟိုက်၊ ကိုယ်ကျပ်တွေ ၀တ်ခွင့်ပေးမထားဘူး။ ၀တ်ခွင့်ပေးမထားဘူး ဆိုတာထက် အဲဒီနေရာကနေ ၀င်ခွင့်မပေးဘူးဆို ပိုမှန်မယ်။ သူတို့ ခေါင်းစဉ်တပ်တာက သရုပ်ပျက်ယဉ်ကျေးမှုတဲ့။


ပစ္စည်းတွေချပြီး မုဒ်ဦးအတိုင်း လျှောက်လာလို့ရှိရင် ပထမဆုံးတွေ့ရမယ့်စေတီက လွမ်းစေတီပါ။ နောက်ပြီးတော့ ကျောက်သမ္ဗာန်စေတီ(ပုံ)ပေါ့။ နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတာက ကျိုက်ထီးရိုးစေတီသမိုင်းရဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ရွှေနန်းကျင်နတ်နန်းပါပဲ။


အ၀င်လမ်းအတိုင်းလျှောက်လာလိုက်ရင် ဓမ္မာရုံတွေကို ဖြတ်လာပြီး စေတီရင်ပြင်တော်ကြီးကို တွေ့ရပါမယ်။ လူစည်းကားတဲ့ ညတွေမှာဆို အဲဒီလောက် ကျယ်ပြောတဲ့ရင်ပြင်မှာ လူတွေဖျာခင်းအိပ်ကြတာ နေရာတောင်မလောက်ပါဘူး။ ဒီလောက်ကျယ်တဲ့ ရင်ပြင်ကိုတော့ ကလေးတွေ အတော်သဘောကျကြတယ်။ ညနေဆို ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ အပြည့်ပဲ။


ရင်ပြင်ကို ရောက်ရောက်ချင်းမှာပဲ ပထမဆုံးစေတီကို သွားကန်တော့ပါတယ်။ ဘယ်ဘက်အခြမ်းမှာ ဆီမီး၊ အမွှေးတိုင်တွေ ထွန်းညှိပူဇော်ကြပြီး ညာဘက်မှာတော့ အုန်းပွဲငှက်ပျောပွဲတွေ တင်ကြပါတယ်။ ပန်းတွေ ကပ်လှူကြတယ်။ အလယ်ခေါင်မှာ စေတီဆီကိုကူးဖို့ သံတံတားလေးရှိပါတယ်။ အဲဒီကနေစပြီး မိန်းကလေးမ၀င်ရပါဘူး။ ရွှေသင်္ကန်းကပ်ချင်ရင်တော့ အဲဒီတံတားကနေဖြတ်ပြီး သွားရပါတယ်။


ဦးချပြီးပြီဆိုတော့ ၀မ်းရေးကို ဖြေရှင်းရတော့မယ်လေ။ ဒါနဲ့ မုဆိုးတောင်လမ်းအတိုင်း လျှောက်လာခဲ့တယ်။ အဲဒီ လမ်းတလျှောက်လုံးက ဆိုင်တွေချည်းပါပဲ။ မုန့်ဆိုင်၊ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ပုဂ္ဂလိကတည်းခိုခန်း နဲ့ အိပ်သာ၊ ရေချိုးခန်းတွေ ရှိတယ်။ တစ်ခုခုစားချင်ရင် မုဆိုးတောင်လမ်းကို လာကြရတာပါ။ အတော်စည်တဲ့ လမ်းမပါပဲ။ အဲဒီမှာပဲ အဆာပြေ လက်ဖက်ရည်ဆိုင် ၀င်တီးလိုက်တယ်။


နောက်ထပ် ထပ်သွားဦးမယ်လို့ စိတ်ကူးမိတာက ကျောက်ထပ်ကြီးစေတီပါ။ ရင်ပြင်ကနေ ၁ မိုင်ခွဲလောက် ဝေးပါတယ်။ တက်လိုက်ဆင်းလိုက်နဲ့၊ ပြေးလိုက် ဒရွတ်တိုက်ဆွဲသွားလိုက်နဲ့၊ နားလိုက် အိပ်လိုက်နဲ့ ၁ နာရီကျော် လျှောက်ပြီးသကာလ ကျောက်ထပ်ကြီးစေတီကို ရောက်လာပါတော့တယ်။ ဒီပုံက ကျောက်ထပ်ကြီးစေတီပေါ်တက်တဲ့ အ၀င်လမ်းလေးပါ။ အတော်စိမ်းလန်းတဲ့ လမ်းအိုလေးပါ။


ကျောက်ထပ်ကြီးစေတီမှာ ထူးခြားတာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ရွှေချချင်တဲ့ အလှူ့ရှင်တွေအတွက် ရွှေတက်ချပေးတဲ့ အစီအစဉ်ပါ။ တစ်ပေပတ်လည်း ရွှေဆိုင်းလေး အလှူခံလို့ ရပြီဆိုရင် ကြိုးမင်းသားလေး (သူတို့အခေါ်) က ကောင်းကင်ကြိုးနဲ့တက်ပြီး သူကိုယ်တိုင် ရွှေသင်္ကန်းကပ်တာကို ဖူးမျှော်ရမှာပါ။ အတော် အန္တရာယ်များတဲ့ အလုပ်ပါ။ ဒါကို စီးပွားရေးအမြင်အရ ပရိုမိုရှင်းပရိုဂရမ်တစ်ခုလို့ မြင်မိပါတယ်။ တစ်ပေပတ်လည်ရမှ တက်ကပ်ပေးပါတယ်။ ပုံမှာ အပေါ်ဆုံးက ပန်းချီကားပါ။ အောက်ဘက်သုံးပုံက တကယ့်အတက်အဆင်းလုပ်တာကို ရိုက်ထားတာပါ။ ကျပ်စိလောက်လုံးပတ်ရှိတဲ့ ကြိမ်လုံးနဲ့ အဆက်အသွယ်လုပ်ထားတယ်။ အဲဒီပေါ်ကနေ သွားနေတာပါ။ ဆင်းလာတော့လဲ လက်လွှတ်ပြီး ကြိုးပေါ်ကနေ လျှောကနဲ ဆင်းလာတာပါ။ သူ့ရဲ့သတ္တိ၊ အစွမ်းနဲ့ လုံ့လကို ချီးမွမ်းစရာပါ။ အခုလိုရက်မျိုးတွေမှာ တစ်နေ့အခါ ၃၀ မက အတက်အဆင်း လုပ်ရတယ်လို့ သူကပြောပါတယ်။


၁၁ နာရီခွဲ
အတော်လေးဗိုက်ဆာနေပါပြီ။ ဒါပေမယ့် ကျီးကန်းပါးစပ်ရောက်မှ စားမယ်လို့ ဆုံးဖြတ်ထားတော့ ဒီအကြော်တဲမှာပဲ ၀င်ဆွဲလိုက်ကြတယ်။ `ဗူးသီးကြော် ငါးပွဲဗျို့၊ မြန်မြန်လေး။´
မုဆိုးတောင်အထိ အရောက်လာပြီးမှ ကျီးကန်းပါးစပ်ကို လမ်းပြန်ခွဲတယ်။ ဆက်တိုက် အဆင်းချည်းပဲ။

၁ နာရီ ၂၀ မိနစ်
နတ်ရေကန်ကိုအရင်ဆုံးရောက်တယ်။ ပုံပြင်တွေထဲမှာ နတ်ရေကန်က အဖိုးအိုစိမ်လိုက်ရင် လူပျိုလေးဖြစ်သွားတယ် ဆိုပဲ။ ဒီမှာက ရေရှားတော့ စိမ်စရာကန် သိပ်မရှိဘူး။ ဒီနတ်ရေကန်က ရေသောက်ဖို့ပဲထားတယ်။ ဒီနတ်ရေကန်ကရေကို နာနာဖိသောက်ပေးတဲ့။ ဆီးကောင်းတယ်ဆိုပဲ။ ဆီးရောဂါရှိတဲ့လူတွေအတွက်တော့ သတင်းကောင်းပဲ။ အဲဒီကနေ တစ်ပြလောက် ဆက်သွားလိုက်ရင် ကျီးကန်းပါးစပ်ရောက်တယ်။ စားသောက်ဆိုင်တွေ့လို့ ထမင်းအရင် ၀င်တွယ်ကြတယ်။ ယုန်သားဆိုတာ မြို့မှာ ရှာရခက်သား။ ယုန်သားတစ်ပွဲ မှာပစ်လိုက်တယ်။ အောက်မလေး ပိုက်ဆံရှင်းမှ ယုန်သားက တက်စာမှန်းသိတော့တယ်။ တစ်ပွဲ လေးထောင်တဲ့လေ။ (တက်စာ – ဈေးကြီး၍ လူကို တက်စေနိုင်သော အစာ)


ကျီးကန်းပါးစပ်လိုဖြစ်နေတဲ့ ကျောက်ဆောင်ရဲ့အောက်နားမှာ လိုဏ်ဂူလေးရှိတယ်။ ကျိုက်ထီးရိုးစေတီသမိုင်းမှာ ဇော်ဂျီနဲ့ နဂါးမတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ အဲဒီဂူကနေ စစ်တောင်းမြို့ ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်း ဇေယျပဗ္ဗတကျောက်တောင်အထိ တောက်လျှောက်ပေါက်တယ်လို့ ပြောကြတယ်။ အခုတော့ သွားမရလောက်တော့ပါဘူး။ အဲဒီမှာ ထူးဆန်းတာက ဘုရားသခင်ဆီကို မတ်စိပို့လို့ ရတယ်လေ။ မတ်စိ လေးစေ့ကို ကျပ် (၁၀၀) နဲ့ ပေးဝယ်ကြရတယ်။ ၀ယ်တယ်လို့လဲ ဘယ်ခေါ်မလဲနော်။ ငှားတယ်ပဲ ပြောရမလား။ ခဏငှားပြီး ကျောက်ဖျာပေါ် ဆုတောင်းပြီး ပစ်ကြတယ်လေ။ ဆုတောင်းပြည့်မယ်ဆိုရင် အပေါ်မှာတင်ပါစေပေါ့။ ဒါပေမယ့် ပစ်နေလိုက်ကြတာ မတင်မချင်းပါပဲ … အဟိ။ မတင်ရင်ပြန်ကျ၊ ပြန်ကျတော့ ပြန်ကောက်၊ ပြီးတော့ ပြန်ပစ်ပေါ့။ ဆုတောင်းတွေ အတော်ပြည့်ချင်ကြတာကိုး။ တင်တော့ ဘာထူးလဲဆိုတော့ ပြန်မကောက်ရတော့ဘူးပေါ့။ အဲဒါထူးတယ်။ နောက်ပြီး ဂေါပကလူတွေက ကျောက်ဖျာပေါ် မတ်စိ တက်ကြုံးပြီး အဲဒါနဲ့ ပြန်ရောင်းကြတာပါပဲ။ အော် … ကိုယ့်ရဲ့ဆန္ဒတွေကို ငွေတစ်ရာနဲ့ အာသာဖြေနေကြသကိုး။


ကျီးကန်းပါးစပ်ကနေ ပြန်ကြတော့ ခြေထောက်ကလည်း အတော် နာနေပြီ။ လမ်းမှာ ဆေးအလကားလိမ်းလို့ ရတယ်ဆိုလို့ အများကြီး ၀င်လိမ်းပစ်လိုက်တယ်။ အဲဒီဆေးမြစ်နဲ့ ဖော်ထားတဲ့ဆေးတွေက အတော်ကောင်းပါတယ်။ ကိုယ်တွေ့ပါ။ ကျနော် ကျိုက်ထီးရိုးရောက်တိုင်း အလကားဝင်လိမ်းနေကျမို့ အာမအပြည့်ခံနိုင်ပါတယ်။

၂ နာရီ ၄၀ မိနစ်
ရုတ်တရက် အမှောင်က၀င်လာတယ်။ မြူတွေဆိုင်းလာတယ်။ အအေးဓါတ်ကလေးလည်း အတူပါလာတယ်။ ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာ တီးဝင်ကိုင်ကြတယ်။ တစ်မနက်လုံး ကျောပိုးအိတ်ထမ်းပြီး လျှောက်သွားနေတာဆိုတော့ ခြေလက်လေ့ကျင့်ခန်းက အပြည့်ပဲ။ အခု လက်ဖက်ရည်ဆိုင်မှာ ဇက်လေ့ကျင့်ခန်း စလုပ်ကြတယ်။ လမ်းမပေါ်မှာ ဖြတ်သွားတဲ့ ကောင်မလေးတွေကို ညာဘက်ယိမ်းကြည့်လိုက် ဘယ်ဘက်ယိမ်းကြည့်လိုက်နဲ့ပေါ့။ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပြောင်းထိုင်တယ်။ ဂျကာ မကောင်းလို့။

၆ နာရီ ၁၅ မိနစ်
အခုထိ အိပ်စရာနေရာ မရှာရသေးဘူး။ ဒီနှစ်က ခါတိုင်းထက်လူနည်းတော့ ရင်ပြင်မှာ မအိပ်ရကောင်းပါဘူးလို့ တွေးနေမိတယ်။ ဓမ္မာရုံသုံးခုလောက် ၀င်မေးတော့ အခန်းကုန်ပြီတဲ့။ အော် ဘာတတ်နိုင်မှာလဲ။ ဒီလိုပဲ ရင်ပြင်တော်မှာ ထိုင်ရင်း လောကကြီးအကြောင်း ကြီးကြီးကျယ်ကျယ် ဆွေးနွေးနေကြတယ်။

၈ နာရီ ခွဲ
အော် ၈နာရီခွဲပြီ။ ဘုရားရှိခိုးတော့မယ်ပေါ့။ ဒါနဲ့ ဘုရားအောက်ဘက်ပတ်လမ်းကို ဆင်းတဲ့ လှေကားနားမှာပဲ ထိုင်ပြီး ဘုရားရှိခိုးလိုက်တယ်။ ကျောပိုးအိတ်တွေ ကိုယ်စီ ဘေးမှာချပြီးပေါ့။ ပြီးတော့ သူငယ်ချင်းအားလုံး မျက်လုံးလေးတွေမှိတ်ပြီး ဘုရားကို အာရုံပြုကြတယ်ပေါ့ဗျာ။ မျက်စိမှိတ်လိုက်တော့ ပထမဆုံးမြင်ရတာ ကျနော့ရဲ့ဆီပုံးကြီးပဲ။ နောက် တစ်ခုပြီး တစ်ခုပေါ့ဗျာ။ ဘုရားကိုရောက်ဖို့ အတော်စောင့်လိုက်ရတယ်။ အတော်ကြာတော့ စကားပြောသံကြားလို့ လန့်ပြီးမျက်လုံး ဖွင့်ကြည့်လိုက်တယ်။ ပြောလိုက်တာက `အော် သူတို့က ဒီလိုအိပ်ကြရတာကိုး´ တဲ့။ ဒါနဲ့ ဘေးကကောင်တွေကို ကြည့်လိုက်တော့ အကုန်လုံး တင်ပလင်ခွေလျက်၊ ခေါင်းက ငိုက်စိုက် အောက်က ကျောက်ပြားထိလို့။ `ဟဲ့ကောင်တွေ ထ ထ´ဆိုပြီး ရင်ပြင်မှာ လေကွယ်ရာလိုက်ရှာကြတယ်။ နောက် ဖျာတစ်ချပ် ငှားခ ၄၀၀ အပေါင်ငွေ ၁၀၀၀ နဲ့ ဖျာတွေ ငှားကြတယ်။ ပါလာတဲ့ စောင်နဲ့ ကိုယ်ကို လုံအောင်ပတ်ပြီး အိပ်မယ်လို့ ပြင်နေတုန်းမှာပဲ လူတစ်ယောက်ရောက်လာပြီး `မင်းတို့တွေ ဒီမှာ အိပ်မလို့လား၊ ခဲကုန်မှာပေါ့။ လာ ငါနဲ့လိုက်ခဲ့။´ ဆိုပြီး ဓမ္မာရုံထဲ ခေါ်သွားတယ်။ ကံကောင်းတော့ လုံခြုံနွေးထွေးစွာနဲ့ပဲ နေ့တစ်နေ့ကို သတ်ပစ်လိုက်တယ်။

၂၈ ရက် အောက်တိုဘာလ ၂၀၀၇
နံနက် ၅ နာရီ (၅ မိနစ်လို)

အိပ်ယာက နှိုးလာတော့ သူတို့တွေ အိပ်နေတုန်း။ ဒါနဲ့ ကိုယ့်ဖာသာ မျက်နှာသွားသစ်တယ်။ ရေတစ်ခွက် ၅၀ ကျပ်ပေးပြီး ရေ ၂ ခွက်နဲ့ မျက်နှာသစ် သွားတိုက် အပြီးရှင်းတယ်။ ငွေ တစ်ရာနဲ့ အိုကေသွားတယ်။

နံနက် ၆ နာရီ ကျော် (နည်းနည်း)
အာရုံဆွမ်းကပ်မယ်ဆိုပြီး ဈေးသည်တွေ ဈေးသွားမေးတော့ ၄၀၀၀၊ ၂၅၀၀၊ နဲ့ ၁၅၀၀ သုံးမျိုးရှိတယ်တဲ့။ ကုသိုလ်ရဖို့တော့ ဓမြ အတိုက်မခံနိုင်ဘူး။ တန်လည်းတန်းဘူး။ ဒါနဲ့ အာရုံးဆွမ်းမကပ်တော့ဘဲ လျပ်စစ်မီးပဲ လှူပစ်လိုက်တယ်။

နံနက် ၈ နာရီ ၂၅ မိနစ်
လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုစားပြီး တောင်ခြေကို ခြေကျင် ဆင်းခဲ့ကြတယ်။


တချို့က ကိုယ့်ကိုယ်ကို မနိုင်တော့ ဒီလိုဆင်းကြသဗျ။ တစ်ယောက်ကို အတက် ၁၃၀၀၀ ကျပ်၊ အဆင်း ၁၂၀၀၀ ကျပ် တဲ့။ တချို့တော့ ကိုယ့် ပစ္စည်းလေးတွေပဲ အထမ်းနဲ့ တင်ပေးလိုက်တယ်။ အဲဒီလူတွေကို လေးစားတယ်ဗျာ။ ထမ်းနိုင်ပါပေ့။


ရသေ့တောင်ရောက်တော့ တက်မလားလို့ စိတ်ကူးနဲ့ အထစ် ၃၀ လောက် တက်သွားလိုက်သေးတယ်။ ပုံမှာ ကြည့်ပါလားဗျာ။ ကျနော် ဘယ်လို စိတ်ဓါတ်နဲ့ ဆက်တက်ရမလဲ။ ဒါပေမယ့်ကြည့်ပါဦး။ ကလေးလေး ရေထမ်းသွားလိုက်တာ ပေါ့ပေါ့လေးပါပဲ။

ကားခငွေ ၁၃၀၀ ကျပ်နဲ့ တောင်ခြေကို ရောက်ခဲ့ပါပြီဗျာ။ တောင်ခြေရောက်တော့ ထမင်းစားရတော့မယ်။ ခြင်္သေ့စိမ်းတွေက အကောင်ရေနည်းနေပြီ။ ဒါနဲ့ ထမင်းဆီဆမ်းနဲ့ ကြက်ဥကျော်ကလေးပဲ ကစ်ခဲ့ရတယ်။


ဘာလေးညာလေး ၀ယ်မလားပေါ့။ လက်ထဲမှာ ကျန်တာက စုစုပေါင်း ငွေလေး ၂၀၀၀။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ ဓါတ်ပုံလေးပြေးရိုက်လိုက်တယ်။ ကဲကဲ သယ်ရင်းတို့ရေ။ ယိုကျွေးမယ် လာကြလာကြ။ ကြိုက်ရာစားကြနော်။ ဟေ့ ကလေးတွေ ကြိုက်တဲ့သေနတ်ဖြစ်ဖြစ် ဓါးဖြစ်ဖြစ်၊ စက်ဘီးတွေကော၊ ကားတွေကော ကြိုက်တာရွေးယူကြ။

ကျနော် အပြန်လမ်းတစ်လျှောက် စဉ်းစားရင်း မကျေလည်တာလေး တချို့ရှိတယ်ဗျ။ သိရင် ကူပြီးဖြေပေးကြပါဦး။

၁။ သမိုင်းစာမှာ `ရသေ့ကြီးဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးပေါ်တွင် စေတီတည်ထားသည်ကို အစွဲပြု၍ စေတီကို ရသေ့ရွက်သောဘုရား “ကျိုက်ဣသိယို” (ကျိုက်ထီးရိုး) လို့ မွန်ဘာသာလိုခေါ်ပါတယ်တဲ့။ အဲဒီမှာ ညွှန်းထားတဲ့ ရသေ့ဆိုတာက တိဿရသေ့ပါ။ စေတီအောက်က ကျောက်လုံးတော်ကို ကြည့်ပြီး အတော်စဉ်းစားရကြပ်သွားတယ်။ ခေါင်းနဲ့မတူဘူးလေ။ ဒါဆို တိဿရသေ့ရဲ့ ခေါင်းက အဲဒီလိုနေမှာပေါ့ ဆိုပြီး ရသေ့ရဲ့ ပုံတူရုပ်တုကို လိုက်ရှာကြည့်တယ်။ တွေ့ပါတယ်။ ဒါပေမယ့် ကျောက်လုံးတော်နဲ့ မတူဘူး။ ဒါဆို ဘာလို့ ရသေ့ဦးခေါင်းလို့ ညွှန်းလဲ။ နောက်မှ အတွေးထဲ ၀င်လာတာက ဒီစေတီတည်တော့ ရသေ့ သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါဆို သူက လှဲနေရမှာပေါ့။ လှဲနေတဲ့ လူရဲ့ခေါင်းနဲ့ဆို အတော်တူသွားပြီလို့ ဖြေလို့ရသွားတယ်။

၂။ ရင်ပြင်တော်ဝင်ခါနီးမှာ ရွှေနန်းကျင်မိဖုရားရဲ့ ကျောက်ရုပ်ကို ဓမ္မာရုံဆောက်ပြီး ကိုးကွယ်ထားကြတာရှိတယ်။ အဲဒီ ရွှေနန်းကျင်မိဖုရားက သေပြီး အဲဒီနေရာမှာပဲ ကျောက်ရုပ်ဖြစ်သွားတယ်လို့ သမိုင်းရှိတယ်။ ရွှေနန်းကျင် ကျောက်ဖြစ်သွားတဲ့ ကိစ္စကို စောဒက မတက်ချင်ပါ။ ကျနော့အတွက် မရှင်းတာက ကျောက်ဖြစ်တုန်းက တစ်ယောက်တည်း။ ဘာလို့ နောက်ထပ် ကျောက်ရုပ်သုံးရုပ် အပိုထုပေးထားသလဲ။ တကယ်တမ်း ရွှေနန်းကျင် သေတော့ သူဘေးနားမှာ သုံးယောက်မကပါ။ သမိုင်းအရ အဖ ဖိုးကော်လွှတ်၊ အမိ နန်းကြာဟဲ၊ ငပန်းတင်၊ ရသေ့ဘိုးခွေးဖြူ အပြင် ဆွေမျိုးတွေ လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်သွားတဲ့ ကျောက်ရုပ်က တစ်ရုပ်၊ ပြထားတာက လေးရုပ်ပါ။

၃။ ပါးစပ်သမိုင်းအရ ကျိုက်ထီးရိုးစေတီအောက်ခြေတော် ကျောက်လုံးကြီးက သိကြားမင်း သမုဒ္ဒရာထဲက ဆည်ပြီး ရသေ့ကြီးကို ကြိုက်ရာ ရွေးခိုင်းထားတာလို့ သိထားပါတယ်။ ကျနော် ကျိုက်ထီးရိုးစေတီရောက်တော့ အဲဒီ ပတ်ပတ်လည်မှာ အဲဒီလောက်မကြီးတောင် အဲဒီလို ကျောက်တုံးမျိုး အတုံး ၅၀ မက ရှိပါတယ်။ ဒါဆို ဒါတွေ အားလုံးကော သိကြားမင်းက သမုဒ္ဒရာထဲက ဆည်ထားတာလားလို့ သံသယဖြစ်မိတယ်။ ကျနော်မြင်တာတင် အလုံး ၅၀ မကပါဘူး။ ဒီထက် အများကြီး ရှိနိုင်ပါတယ်။ အကုန်လုံး ဆည်ထားတယ်ဆိုတာ ဘယ်လိုသွားဖြစ်နိုင်မလဲ။ ဒါနဲ့ ကျနော် စာအုပ်လိုက်ရှာဖတ်ကြည့်တော့ ကျိုက်ထီးရိုးစေတီ ရှိတဲ့တောင်ကို `ဒိုးခမော့ခတွံဂလိုင်း´လို့ မွန်လို ခေါ်ပါတယ်။ ကျောက်အလုံးများ ပေါများသောတောင် လို့ အဓိပ္ပါယ်ရပါတယ်။ ရှေးမြန်မာတွေက `လုံးတင်တောင်´လို့ ခေါ်တယ်လို့ ဖတ်လိုက်ရမှ ကျနော် ဘ၀င်ကျသွားပါတယ်။

၎။ ကျိုက်ထီးရိုးတောင် ပတ်ဝန်းကျင်မှာ ရသေ့ အတော်များများတွေ့ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားနေပါလျက်၊ ဗုဒ္ဓသာသနာတော် ရှိနေပါလျက် ဘာကြောင့် သာသနာပြင်ပကလို ရသေ့ဝတ်နေကြသေးသလဲ ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ဗုဒ္ဓသာသနာ မရှိခင်က ရဟန်းဆိုတာ မရှိပါဘူး။ ရသေ့ပဲရှိပါတယ်။ အဲဒီရသေ့တွေဟာ သမထ ကျင့်စဉ်တွေနဲ့ ပွားများအားထုတ်တဲ့ တောထွက်ပုဂ္ဂိုလ်တွေပါ။ ဗုဒ္ဓကျမ်းဂန်တွေမှာ ရသေ့တွေ မြတ်စွာဘုရားရဲ့ တရားကိုနာပြီး ဗုဒ္ဓဘာသာကိုလက်ခံလိုက်ကြရင်ဖြင့် ရသေ့ကနေ ရဟန်းပြောင်းလိုက်ကြပါတယ်။ ဒီမှာ စဉ်းစားရကြပ်နေတာက တိဿရသေ့ဟာ မြတ်စွာဘုရားနဲ့ တွေ့ခဲ့ဖူးပါလျက်၊ တရားနာခဲ့ဖူးပါလျက် ဘာလို့ ရဟန်းဖြစ်မသွားသလဲဆိုတာပါ။ ဘုရားသမိုင်းထဲမှာ ရဟန္တာတချို့ရဲ့ အကြောင်းပါပါတယ်။ ဒါပေမယ့် တိဿရသေ့လို့ပဲရေးထားတော့ သူက ရသေ့အနေနဲ့ပဲ နေခဲ့လို့ပေါ့။ ဒါဆို ဗုဒ္ဓဘာသာကို မသက်ဝင်လို့လား။

၅။ ရင်ပြင်မုဒ်ဦးအ၀င်မှာ သရုပ်ပျက်ယဉ်ကျေးမှုကို ကာကွယ်ဖို့ဆိုပြီး ထမီနဲ့ဘဲဝင်ခိုင်းတယ်။ ရည်ရွယ်ချက်တော့ကောင်းပါတယ်။ မြန်မာမိန်းကလေးတွေ သရုပ်မပျက်အောင်ပေါ့။ ဒါပေမယ့် ၀င်လို့ရအောင်ဆိုပြီး အတွင်းက ဂျင်းဘောင်းဘီကို မချွတ်ဘဲ အပေါ်က ထမီထပ်ဝတ်ထားတဲ့ မိန်းကလေးတွေရဲ့ သရုပ်က အတော်ပဲ ကြည့်လို့ကောင်းသလားလို့ ကျနော် စဉ်းစားနေမိတယ်။

၆။ ဆိုင်းဘုတ်တစ်ခု စေတီတော် ခြေရင်းကိုဝင်တဲ့ တံတားအ၀မှာ ထောင်ထားတယ်။ ဘောင်းဘီတို၊ ခြေအိတ်၊ စွတ်ကျယ် ၀တ်တဲ့သူ မ၀င်ရဆိုတာ နားလည်လို့ရတယ်။ ဘာလို့ နားကွင်းဝတ်သူများ၊ ဆံပင်ရှည်ထားသူများ မ၀င်ရလို့ ရေးထားသလဲ ကျနော်မသိ။ ဆိုင်းဘုတ်ကို ဒီစေတီတည်ခဲ့တဲ့ တိဿဓမ္မသီဟရာဇာမင်းကြီး မြင်ရတော့ အဲဒီရေးတဲ့လူ ခေါင်းအဖြတ်ခံရတော့မယ်။ သူက ဆံပင်ရှည်၊ နားတောင်းကြီးနဲ့ကိုးဗျ။ ခင်ဗျားတို့က ဘာလို့ သူ့ကို ပေးမ၀င်ချင်ရတာလဲ။

အော် ….. ဆောင်း၊ ဆောင်း

`ဆောင်း´ ဆိုတဲ့ စကားလုံးကိုကြားရင် မအေးတတ်တဲ့ ရန်ကုန်ကို ကျနော်မုန်းပါတယ်။ မန္တလေး မှာ မွေးပြီး အဲဒီမှာပဲ ကြီးပြင်းလာတော့ အေးတယ်ဆိုတာကို ကောင်းကောင်းသိနေပါတယ်။ ရန်ကုန်ရောက်တော့ ဆောင်းတွင်းဆိုတာကို လိုက်ရှာနေမိတယ်။ ကျနော်ငယ်ငယ်က ဆောင်းတွင်းဆို သိပ်သဘောကျတယ်။ အိပ်ရတဲ့အချိန် ပိုများလာလို့လေ။ ညတာရှည်လာတာကိုး။ နည်းနည်းမှောင်တာနဲ့ မေမေညရောက်ပြီ အိပ်တော့မယ်ဆိုပြီး ၀င်အိပ်တာပဲ။ နောက် ဆောင်းတွင်းမှာ အေးလွန်းလို့ဆိုပြီး အင်္ကျီ (၇)ထပ်ထိ ၀တ်ဖူးတယ်။ အဲဒီလိုဝတ်ရင် အပေါ်ဆုံးအထပ်က အဖေ့အင်္ကျီကို ၀တ်ရတယ်။ အလယ်ထပ်က အကို့အင်္ကျီပေါ့။ ဖြစ်နေမယ့်ပုံစံကို မှန်းကြည့်ပါလား။ အဟိ၊ ရွှေငါးကို လေမှုတ်ထားသလို ဖြစ်နေတာ။ သေးသေးလုံးလုံးလေး။
ရန်ကုန်သား၊ ရန်ကုန်သူတွေကို ကျနော် အမှန်သနားမိပါတယ်။ မိမိ ၀ယ်ထားတဲ့ စွယ်တာအင်္ကျီတွေ၊ ခေါင်းစွတ်တွေ၊ မာဖလာတွေကို ကျိုက်ထီးရိုးမှာမှ အဲဒီလောက်မအေးပါဘဲ ထုတ်ဝတ်နေကြရတယ်။ ရန်ကုန်မြို့မှာ ၀တ်ဖို့ အခွင့်အရေးမှ မရှိနိုင်ဘဲကိုး။

အေးတာကို ကြိုက်တယ်ဆိုပေမယ့် ဆောင်းတွင်းချမ်းအေးအေးကြီးနဲ့ မလုပ်ချင်တဲ့အလုပ် နှစ်ခုရှိတယ်ဗျ။ တစ်ခုကရေချိုးတာ။ ဒါလူတိုင်းခံစားမိမယ်ထင်တယ်။ အတော်အေးတာဗျ။ လေးဘက်လေးတန်ကနေ လေအေးအေးတွေ တိုက်နေတဲ့အချိန်မှာ ရေခဲပျော်ရည်လိုရေမျိုးနဲ့ ဘယ်လိုရေချိုးရမလဲ။ အမြဲတမ်းရေချိုးခါနီး ပထမဆုံးရေခွက်ကိုလောင်းဖို့ တစ် နှစ် သုံး ရေရတယ်။ တစ်ကနေရေတာ တစ်ရာကိုသာရောက်တယ်။ မလောင်းဖြစ်ဘူး။ ဒါဆို အမေက အမြင်ကပ်ပြီး ကျနော်မသိအောင် ရေနဲ့ ပက်တယ်။ အားလို့ ကုန်းအော်ပြီး ကိုယ့်ဖာသာ ရေစလောင်းဖြစ်တယ်။ ဒါကို တစ်ရပ်ကွက်လုံးကြားတယ်လေ။ ကျနော်က ခရီးထွက်တာများတော့ အိမ်မှာရှိခဲတယ်။ အဲဒီ အားဆိုတဲ့အသံကြားရရင် ကျနော်ပြန်ရောက်ပြီဆိုတာ တစ်ရပ်ကွက်လုံးသိသွားပြီ။ ဒါဆို စာမေးချင်တဲ့ကလေးတွေ ရောက်လာကြတယ်။ အားဆိုတဲ့ အသံကိုကြားလို့လာတာတဲ့။ ဆောင်းတွင်းမှာ အမြဲတမ်း ဂဏန်းရေတယ်။ အမြဲတမ်း `အား´အော်တယ်။ ဒါ ပီကေရဲ့ သင်္ကေတတစ်ခုပဲ။
ဆောင်းတွင်းရေချိုးတာနဲ့ ပတ်သက်ပြီး ကျနော့်သူငယ်ချင်းတွေကို သတိသွားရတယ်။ ၂၀၀၂ ခုနစ်က သူငယ်ချင်း(၁၀)ယောက် လည်ရင်းလည်ရင်းနဲ့ ဗန်မော်ရောက်သွားတယ်။ ဇန္န၀ါရီလဆိုတော့ အတော်အေးတယ်ဗျ။ မနက်မိုးလင်းလာရင် အရှေ့ရေကန်ထဲမှာ အပေါ်မျက်နှာပြင်ရေခဲနေပြီ။ အပေါ်ယံ ထုခွဲပြီး မျက်နှာသစ်ရတယ်။ ကျနော်တို့ တည်းခိုခန်းမှာတည်းတော့ တည်းခိုခန်းကအန်တီကြီးက ရေချိုးချင်ရင် ရေနွေး များများကြိုပေးမယ်လို့ပြောတော့ မိန်းကလေးတွေက စိတ်ဝင်စားနေကြတယ်။ မနေ့က ခရီးကြမ်းနှင်လာတာဆိုတော့ လူတွေလည်း မျောက်နီတွေ ဖြစ်နေကြတယ်။ ခဏနေ ထွက်လည်အုံးမှာဆိုတော့ ရှိုးကလေးနဲ့ သွားချင်ကြသပေါ့ဗျာ။ အလည်သွားမယ့်နေရာတွေကို ကျနော်နဲ့သူငယ်ချင်းတစ်ယောက်က စီစဉ်တာဆိုတော့ ကျနော်တို့က အစီအစဉ်ကို ဦးအောင်သိနေပြီး သူတို့ကိုပြောမပြဘူး။ မိန်းကလေး (၇) ယောက်ပါတယ်။ သူတို့ကို ရေမြန်မြန်ချိုးပေါ့။ ပြီးရင်ကျနော်တို့ ချိုးမယ်ဆိုပြီး အရင်ချိုးခိုင်းတယ်။ သူတို့လည်းပြီးရော မချိုးတော့ပါဘူးဆိုပြီး ဗန်းမော်မြို့ထဲ လျှောက်လည်ကြတယ်။ လျှောက်လည်တဲ့နေရာလည်း ရောက်ရော ကျနော်တို့နှစ်ယောက်ကို ၀ိုင်းပြီး မေတ္တာပို့ကြပါလေရော။ ကျနော်တို့ သွားတဲ့နေရာက ရေပူစမ်းလေ။
နောက်တစ်ခု သတိရမိတာကတော့ ဆောင်းတွင်းနဲ့ မဆိုင်ပါဘူး။ ဒါပေမယ့် ဗန်းမော်ခရီးစဉ်နဲ့ အဆက်အစပ်မို့ပါ။ ဗန်းမော်မှာ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် လမ်းလျှောက်ကြတယ်။ မြစ်နှုတ်ခမ်းမှာ ၁နှစ်သားအရွယ်ကလေးတစ်ယောက်ရဲ့ ခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲတွေ အများကြီးပဲ။ မြစ်ဘေးမှာ ကျောက်စရစ်ခဲတွေချည်းပဲ။ အတော်လှတာဗျ။ ကျနော်တို့အထဲမှာ တော်တော်အူတဲ့ မိန်းကလေးသူငယ်ချင်း တစ်ယောက်ရှိတယ်။ သူဘယ်လောက်အူသလဲ ပြောပြမယ်။ သူက မြစ်ဘေးမှာလမ်းလျှောက်တော့ ကျောပိုးအိတ်လွယ်ထားတယ်။ ကျနော်နဲ့ နောက်သူငယ်ချင်းနဲ့ သူ့အနောက် ဘယ်ညာနေပြီး လမ်းလျှောက်ရင်း စကားပြောလိုက်လာတယ်။ ဒါအကြံကြီးနဲ့ပါ။ ဟိုသူငယ်ချင်းက စကားပြောရင်း သူမသိအောင် ကျောပိုးအိတ် ကလေး အလိုက်သင့် မ,ပေးထားတယ်။ ကျနော်ကလည်း စကားပြောမပျက် သူ့ကျောပိုးအိတ်ထဲကို ခုနကပြောတဲ့ ကလေးခေါင်းလောက်ရှိတဲ့ ကျောက်စရစ်ခဲထည့်နေတယ်။ ကျနော်တို့ သူမသိအောင် ထည့်လို့ရသွားတယ်။ သူ တည်းခိုခန်းပြန်ရောက်ပြီး လွယ်အိတ်ဖွင့်ကြည့်မှ သိရတယ်လေ။ ဘယ်လောက်အူလဲ တွေ့လား။ သူကပြောသေးတယ်။ `ဒါကြောင့် လမ်းလျှောက်ရင်းလေးလေးလာတယ် အောက်မေ့တာ။ ဘယ်ကောင်စုတ်က လာထည့် …….´။ ဘာညာကွိကွပေါ့ဗျာ။ ကျနော်တို့ကို သံသယရှိပေမယ့် သက်သေမရှိတော့ သူမျက်စောင်းပဲထိုးနိုင်တယ်။ ကျနော်တို့လည်း အပိုင်ပဲပေါ့လို့ အောက်မေ့နေတာ။ ပြန်လည်းရောက်ရော ဓါတ်ပုံတွေကူးကြတော့ သူကပြေးလာပြီး `ဟေ့ကောင်တွေ ဒီမှာလက်ပူးလက်ကြတ်မိပြီ။ ဘာချင်သေးလဲ။´ဆိုပြီး ဓါတ်ပုံထိုးပေးတော့ ကြည့်လိုက်မိတယ်။ ဟုတ်ပါ့ဗျာ။ တစ်ယောက်က ကျောပိုးအိတ်ကိုင်ပြီး ကျနော်က ခဲလုံးကြီးကိုင်လို့ အိတ်ထဲရောက်လုရောက်ခင် ပုံထဲမှာ ကွက်ကွက်ကွင်းကွင်းကြီး မြင်နေရတယ်။ ကျိန်ဆဲလိုက်တာ နှစ်ရက်လောက် တရားတော်နာလိုက်ရတယ်။

နောက်တစ်ခု ဆောင်းတွင်းအေးအေးမှာ မလုပ်ချင်ဆုံးအလုပ်ကတော့ အိမ်သာတက်တာပဲ။ ဒါကိုတော့ အတော်စဉ်းစားရ ခက်မယ်ထင်တယ်။ စဉ်းစားကြည့်လေဗျာ။ အေးလို့ တစ်ကိုယ်လုံး လုံလုံခြုံခြုံ ၀တ်ထားခါမှ အိမ်သာတက်ဖို့ ချွတ်ရတော့မယ်။ အဲဒီအချိန်များ လေကလေးတစ်ချက် ဝေ့လိုက်ရင်ဖြင့် `အောင်မလေး ကျောချမ်းစရာကြီး´ မဟုတ်တော့ဘူး အင်း …..။ တောမြို့တစ်မြို့မှာများဆို ပိုဆိုးသေး။ အောက်ကဟောင်းလောင်းလေ။ ထရံကြားက လေကတိုးသေး။ လေမဟတ်အောင် ဘယ်လိုကာမလဲ စဉ်းစားလို့ကို မရဘူးလေ။ ဒါတွေက ရှောင်လွှဲလို့မရတဲ့ လောကဓံတွေလား မသိဘူးဗျာ။ ရေချိုးတာနဲ့ အိမ်သာတက်တာ ဆောင်းတွင်းမို့ မလုပ်ပါရစေနဲ့လို့ ပြောပြန်ရင်လည်း ကိုယ့်ဒုက္ခ ကိုယ်ရှာသလို ဖြစ်နေတော့ မယ်။
အော် .. ဒါနဲ့ သတိရလို့ အဖြစ်အပျက်တစ်ခု ပြောပြရအုံးမယ်။ တစ်နေ့မနက် သူငယ်ချင်းတစ်ယောက် ရေးကြီးသုက်ပြာနဲ့ အိမ်ကိုရောက်လာတယ်။ လက်ထဲမှာလည်း A4 စာရွက်နှစ်ရွက်ကိုင်လို့။ ကျနော့်ကိုတွေ့တော့ `ဟဲ့ကောင်၊ ဒီမှာလက်မှတ်ထိုး´လို့ပြောပြီး စာရွက်တွေထိုးပေးတယ်။ ကျနော်က မဖတ်သေးဘဲ `ဘာတွေလဲကွ´ လို့မေးတော့ `ငါ သီအိုရီတစ်ခု ထုတ်ထားတယ်။ ဒါကို မင်း ထောက်ခံတဲ့အနေနဲ့ လက်မှတ်ထိုးပေးရမယ်။ လျှာရှည်မနေနဲ့။ ကျန်တဲ့ကောင်တွေရဲ့ လက်မှတ်တွေ ငါယူပြီးပြီ။ မင်းပဲကျန်တော့တာ။ မြန်မြန်ထိုး။´လို့ ကျနော့်ကို ဟောက်တယ်။ ဒါနဲ့ ကျနော်လည်း ဘာများလဲလို့ သူ့ရဲ့ခေါင်းစဉ်ကိုအရင် ဖတ်ကြည့်လိုက်တယ်။ ဖတ်ပြီး ရယ်ချပစ်လိုက်တယ်။ ဒါကြောင့် `ဟဲကောင်၊ မင်းက ငါရေးတာ မှားနေတယ်ဆိုပြီး ပြောင်တာလား။ အောက်မှာ ဖတ်ကြည့်။ သက်သေ သက္ကာရတွေ အများကြီးပါတယ်။´ လို့ ရှုတီတီနဲ့ ကျနော့်ကိုပြောတယ်။ ကျနော်လည်း လက်မှတ်ထိုးပေးရခက်၊ မထိုးပေးရခက်ဖြစ်နေတယ်။ အဲဒီအချိန်မှာ `ဟဲကောင် မြန်မြန်လုပ်။ ငါ သူများကို သွားပေးရဦးမှာ။´ လို့သူကပြောတော့ ကျနော်လန့်သွားတယ်။ လက်မှတ်ထိုးရမယ့် သူငယ်ချင်းတွေလည်း သူ့စာရင်းထဲမှာ ကုန်နေပြီလေ။ ဒါကြောင့် စပ်စုပြီးမေးကြည့်တော့ သူကျိတ်ကြိုက်နေတဲ့ ကောင်မလေးကို သွားပေးမလို့တဲ့။ ဒါနဲ့ ကျနော်လည်း ထိန်းမထားနိုင်လောက်အောင် ဟားတိုက်ပစ်လိုက်တယ်။ သူလည်း ဒေါကြီးမောကြီးနဲ့ ထိုးမလားမထိုးဘူးလားလို့ မေးလာတော့ အားလုံးလည်းထိုးထားတာပဲ ကိုယ်လည်း ထိုးလိုက်တာကောင်းပါတယ်လေဆိုပြီး ထိုးပေးလိုက်တယ်။ အော် သူ အဲဒီကောင်မလေးကို အတော်သောက်မြင်ကပ်နေပါလားလို့ ကျနော်တွေးလိုက်မိတယ်။ လက်မှတ်ထိုးပြီး သူလုယူသွားလို့ ကျနော် သူ့စာအရှည်ကြီးကို မဖတ်လိုက်ရပါ။ သူ့ ပရိုပိုဇယ်၊ အဆိုပြုလွှာမှာ ပါတဲ့ခေါင်းစဉ်က `ဘယ်သို့သော ရုပ်ချော၊ ဥစ္စာပေါ၊ ပညာတတ်သော မိန်းမပင် ဖြစ်လင့်ကစား အိမ်သာတက်လျှင် အကုန်ထမီလှန်ကြရသည်ချည်းသာ´ တဲ့။ ကောင်းကြသေးရဲ့လားဗျာ။
မှတ်ချက် ။ ။ အထဲမှာ ရေးထားတဲ့ စာအရှည်ကြီးကို အတော်စိတ်ဝင်စားလို့ တောင်းကြည့်တော့ ကောင်မလေး ဆွဲစုတ်တာပြဲသွားပြီတဲ့။ အော် ပညာမရလိုက်ပါလားနော်။ ခွေးရူးကိုက်ခံရလို့ သေသွားတဲ့ အဲဒီသူငယ်ချင်းကို သတိရလို့ အမှတ်တရရေးလိုက်တာပါ။

ဒီပို့စ်လေးကို မိုးချစ်သူ က သူ့ရဲ့ ဆောင်းတွင်းအေးအေး ဆိုတဲ့ ပို့စ်ထဲမှာ Tag ထားလို့ ပြန်လည်ဖြေကြားလိုက်တာပါ။

ပြန်လည်ဆုံတွေ့ကြပါစို့

မင်္ဂလာပါဗျာ ….
ကျွန်တော် မနေ့က (၂၈.၁၀) ပြန်ရောက်ပါတယ်။ ပြန်ရောက်ရောက်ချင်းပဲ ဆီပုံးမှာ ဘာတွေ အော်ထားကြသလဲလို့ အပြေးအလွှား အရင်သွားကြည့်မိပါတယ်။ ပါးထားလိုက်တဲ့ အမှာစာ တွေကလည်း မနည်းပါလားနော်။ အစော့မက်တဲ့ ကလေးတွေက သေနတ်မှာကြသဗျာ။ အစားမက်တဲ့ကလေးတွေက မုန့်မှာကြသဗျာ။ စိတ်မပူပါနဲ့။ အားလုံးအတွက် လုံလုံ လောက်လောက် ၀ယ်ခြမ်းလာပါတယ်။ မနေ့ကပြန်ရောက်တော့ မောမော၊ ဆာဆာ၊ ညောင်းညောင်းနဲ့ပဲ သူငယ်ချင်းတချို့ဆီ သွားလည်တော့ Chaos ဆီရောက်တော့ သူက လက်နာနေလို့ မရေးနိုင်လို့ ခဏနားမယ်ဆိုတဲ့အကြောင်း တွေ့ရတယ်။ သူ့အတွက်လည်း ဆေးပါလာသဗျာ။
သူက လက်နာလို့ဆိုပြီး ပို့စ်အသစ်တင်ဖို့ ခဏနားတယ်လို့ပြောတော့ ကျနော်ကလည်း တောင်တက်လာရတာ ခြေထောက်တွေညောင်းနေလို့ တစ်ရက်နှစ်ရက်လောက် ခဏနားပါ ရစေလို့ ပြောရင်ကောင်းမလား စဉ်းစားနေတာ။ ကျနော့်မှာ ဘာနဲ့တူနေလဲဆိုတော့ အိမ်စာတွေမပြီးလို့ မျက်နှာငယ်လေးနဲ့ ဆရာမကို ရင်မဆိုင်ရဲတဲ့ ကလေးငယ်တစ်ယောက်လို ဖြစ်နေတယ်။ Tag ထားတာတွေ ဖြေဖို့ အကြွေးကလည်း ရှိနေသေးတယ်ဗျ။ ကျနော် ခရီးထွက်ခဲ့သမျှကို မှတ်တမ်းအနေနဲ့ ပို့စ်တင်ဖို့ စိတ်ကူးထားတာရှိတော့ ဒီကျိုက်ထီးရိုး ခရီးအတွက်လည်း ရေးဦးမယ်လို့ စိတ်ဆုံးဖြတ်ထားတော့ အင်း …. အကြွေးပါပဲ။ ကျနော် မျက်နှာငယ်နေပေမယ့် စိတ်မညစ်ပါဘူး။ အတော်ပျော်ပါတယ်။ ကျနော်က “ဘလော့နွံ” နစ်နေတဲ့ ကျွဲကြီးတစ်ကောင်လို့ပါပဲ။ နွံနစ်လို့ ဒုက္ခရောက်ရမယ့်အစား နွံထဲမှာနေရလို့ ပျော်တောင်ပျော်သေး။ နွံများလေ ကြိုက်လေပေါ့ဗျာ။

`အားလုံးအတွက် myanmarbloggers.org ဒိုမိန်း´ နဲ့ပတ်သက်လို့ ကျနော်ဖြေပေးရမယ့် မေးခွန်း (၃) ခုရှိနေပါတယ်။

၁။ `blogspot.com ရှိနေလျက်နဲ့ myanmarbloggers.org ဆိုတာ လိုသေးလို့လား´ တဲ့။
၂။ `ဒီ myanmarbloggers.org ကို ပြောင်းလိုက်ရင် နည်းပညာပိုင်းအရ ကောင်းကျိုးဆိုးကျိုး ပြောပေးပါ´ တဲ့။
၃။ `ကျနော် တစ်ခုခုကို ကြောက်နေသလိုပါပဲ´ တဲ့။

ဟုတ်ကဲ့ပါ။ ဒီနံပါတ်(၁)မေးခွန်းက နားလည်မှုလွဲလို့ မေးမိတဲ့မေးခွန်းတစ်ခုလို့ ယူဆပါတယ်။ blogspot.com က ပင်ရင်းမူလ ကျနော်တို့ဘလော့တွေကို လူအများမြင်ရအောင် အခမဲ့တင်ပေးနေတဲ့ ဒိုမိန်းတစ်ခုပါ။ ဒါကို နိုင်ငံရေးအမြင်အရ ပေါလစီပိုင်းဆိုင်ရာ ငြိတဲ့အတွက် လက်ရှိ ISP နှစ်ခုဖြစ်တဲ့ Myanmar Teleport နဲ့ MPT တို့က Blogger.com နဲ့ Blogspot.com ကို အသုံးပြုလို့ မရအောင် ပိတ်ထားပါတယ်။ အခု myanmarbloggers.org က blogspot.com တို့လောက် ကြီးကျယ်တဲ့ ၀န်ဆောင်မှုတွေ မပေးနိုင်ပါဘူး။ ကျနော်တို့လုပ်ပေးနိုင်တာ တစ်ခုပဲရှိပါတယ်။ အဲဒါက myanmarbloggers.org ဆိုတဲ့ ဒိုမိန်းကို အလကားသုံးစွဲခွင့်ပါပဲ။ blogspot.com ထဲမှာ မြင်ရမယ့် ကိုယ့်ရဲ့ ပို့စ်တွေအားလုံးကို myanmarbloggers.org ထဲကို ပွားပေးထားတော့ ဒီ .org နဲ့လည်းကြည့်လို့ ရနေမှာပါ။ ထူးခြားတာက blogspot.com ကို ဘန်းထားပေမယ့် myanmarbloggers.org ကို ဘန်းမထားတဲ့အတွက်ကြောင့် လွတ်လွတ်လပ်လပ် ကြည့်နိုင်ပါ့မယ်။ ဒီ .org ကို မဘန်းမ ချင်းပေါ့။
MPT ကနေ blogspot.com ကို ရွေးကောက်ပြီး ဘန်းထားတာဆိုတော့ အများစု ဘလော့ဂ်တွေကို MPTသုံးတဲ့လူတွေက ဒီအတိုင်း ကြည့်လို့ရနေတုန်းပါပဲ။ ဒါပေမယ့် BaganNet က blogspot.com တစ်ခုလုံးကို ပိတ်ထားတာဆိုတော့ ဘယ်ဘလော့ဂ်ကိုမဆို ဘန်းကျော်ပြီးမှ ကြည့်လို့ရပါ့မယ်။ ကျနော်က BaganNet သုံးတဲ့လူပါ။ အဲဒါကြောင့် ဒီဒုက္ခကို ကောင်းကောင်းသိပါတယ်။ ဒါကြောင့် ကျော်လွှားဖို့ နည်းလမ်းရှာရင်း ဒါလေးတွေ့တာနဲ့ အားလုံးကို ဝေမျှပေးလိုက်တာပါ။

ကျနော်ဟာ ကွန်ပြူတာကျွမ်းကျင်အဆင့် မဟုတ်ပါဘူး။ ဒါကြောင့် ကျနော် တတ်သလောက် မှတ်သလောက် ဖြေပါရစေ။ myanmarbloggers.org ကို custom domain အနေနဲ့ ယူလိုက်တဲ့အခါမှာ blogspot.com ထဲမှာ ပေါ်ရမယ့် အစား myanmarbloggers.org ကို လွှဲပေးလိုက်ပါတယ်။ လိပ်စာပဲ လွှဲပါတယ်။ ဒီ myanmarbloggers.org ထဲမှာ သိမ်းစရာနေရာ ယူမထားပါဘူး။ ရှိလည်းမရှိပါဘူး။ blogspot.com က သူ့ထဲမှာ သိမ်းထားတဲ့ ပို့စ်တွေကို .org ထဲ လာထည့်တာမဟုတ်တဲ့အတွက် .org ဒိုမိန်းကြီး ပျက်သွားရင် ဘယ်လိုလုပ်မလဲဆိုတဲ့ စိုးရိမ်အတွေးက အလိုလိုဖြေလို့ရသွားမှာပါ။ ဘာလို့လဲဆိုတော့ အပေါ်မှာပြောခဲ့သလိုပဲ myanmarbloggers.org ဆိုတဲ့ နာမည်ကိုပဲ ယူသုံးပါတယ်။ သူသိမ်းထားတဲ့ Server က google server ဖြစ်တဲ့ blogger.com မှာပါ။ blogger.com မပျက်မချင်း ဒီပို့စ်တွေအားလုံး ဟာရှိနေဦးမှာပါ။
ကျနော်အမြင်အရ အဓိက ကောင်းကျိုးကတော့ ဒီ myanmarbloggers.org ကို ဘန်းထားတာမရှိသေးတဲ့အတွက် ဒီ .org ကို သုံးထားတဲ့ ဘလော့ဂ်တွေ မှန်သမျှဟာ ဘန်းကျော်စရာမလိုဘဲ လွတ်လွတ်လပ်လပ် ဖတ်လို့ရနေဦးမှာပါ။ ကျနော် ဒီဘလော့ဂ်တွေကို စဖတ်ဖြစ်တဲ့ အကြောင်းရင်းထဲမှာ အလွယ်တကူ ဖတ်နိုင်လို့ဆိုတဲ့ အချက်ပါပါတယ်။ အကယ်၍ ကျနော် စဖတ်မယ်ဆိုကတည်းက ဘန်းကျော်ပြီးမှ ဖတ်ရမယ်ဆိုရင် ကျနော် ဘလော့ဂ်ကို ဒီတသက် တော့မိတော့မှာ မဟုတ်ဘူး။ အခုတောင် ဘန်းထားပြီးနောက်ပိုင်း အတော်အားမွေးပြီး ပြန်ကိုင်ရပါတယ်။ အလွယ်တကူ ဖတ်လို့မရရင် မဖတ်ဘူးကွာ ဆိုတဲ့လူတွေ အတော်များမှာပါ။ ကျနော့်လိုပေါ့။ ဒါကြောင့် စာဖတ်မယ့်လူ အဆင်ပြေသွားဖို့ ဒီအစီအစဉ်ကို အကောင်အထည်ဖော်ရတာပါ။
ဆိုးကျိုးက ဘာရှိမလဲဆိုတော့ ပုံမှန် blogspot.com ကို ၀င်တာထက်တော့ ပိုနှေးသွားပါမယ်။ ဒါပေမယ့် ဘန်းကျော်နေတာထက်တော့ အများကြီး ပိုမှန်ပါတယ်။ တခြားဖြစ်လာနိုင်မယ့် ဆိုးကျိုးတွေကိုတော့ ရှာဆဲပါ။ အခုဟာက .org ရဲ့ နာမည်သက်သက်ကိုပဲ ယူသုံးတာဆိုတော့ ဒီ .org ဟာ တစုံတရာ မတော်တဆ ဖြစ်ခဲ့ရင်တောင် ပို့စ်တွေအားလုံး setting တွေအားလုံးနဲ့ ဒီဘလော့ဂ်နဲ့ ပတ်သက်တာအားလုံးဟာ blogger.com ရဲ့ server ထဲမှာရှိတဲ့အတွက် ဘာမှ သက်ရောက်မှု မရှိနိုင်ပါဘူး။ အကယ်၍ ဒီဒိုမိန်းကို မလိုချင်တော့ဘူးဆိုရင် အလွယ်တကူပဲ Custom domain မှာ ၀င်ဖျက်လိုက်ယုံပါပဲ။ ဒါဆို ပုံမှန် blogspot.com ပြန်ဖြစ်သွားမှာပါ။

အပေါ်က ဖော်ပြထားတာက နည်းပညာနဲ့ ပတ်သက်တဲ့ စိုးရိမ်မှုပါ။ ကျနော်တို့ဆီမှာ နောက်စိုးရိမ်စရာတစ်ခု ရှိနေပါသေးတယ်။ နိုင်ငံရေးအရ စိုးရိမ်မှုပေါ့။
ဒီ .org ကို စီစဉ်ရတဲ့ အကြောင်းရင်းနဲ့ စေတနာကို ကျနော် တရားဝင် ပို့စ်တစ်ခုအနေနဲ့ ကြေငြာပြီးပါပြီ။ ဒီလိုကြေငြာရတာဟာ သက်ဆိုင်ရာက ဖတ်ခဲ့မယ်ဆိုရင် ဒီစေတနာကို နားလည်စေချင်လို့ပါ။ လောကကြီးက ဒီလောက်မရိုးရှင်းဘူးလို့ ပြောချင်နေပါလိမ့်မယ်။ ဟုတ်ကဲ့ မရိုးရှင်းပါဘူး။ ဒါပေမယ့် ကျနော် ကြိုးစားကြည့်ချင်ပါတယ်။
တချို့အချက်တွေကို ထပ်ပြီး ရှင်းချင်ပါတယ်။ ဟိုအရင်တုန်းက မီတင်မှာ ဆွေးနွေးခဲ့ပြီး စီမီနာမှာ `မျက်လုံး´ပြောဖြစ်ခဲ့တဲ့ အိုင်ဒီယာလေးကို အကောင်ထည်ဖော်လိုက်ချင်တာ သက်သက်ပါ။ blogspot.com ဒိုမိန်းကို ပိတ်လိုက်ကြပြီ။ စာဖတ်သူတွေရော စီစဉ်တင်ဆက် ကြတဲ့ ဘလော့ဂ်ကာတွေရော အခတ်တွေ့ကြရတယ်။ ကျနော်တို့ ဘလော့ဂ်ကာတွေဆိုတာ ရေးချင်လွန်းလို့ကို ရေးနေတာ။ ဒီတော့ ဒီလိုပိတ်ရင် ဟိုလိုလုပ်မယ်။ ဟိုလိုပိတ်ရင် ဒီလိုထပ်လုပ်ကြည့်မယ်။ ပို့စ်အသစ်လေးတွေ တင်နိုင်အောင် ကြိုးစားနေကြဦးမှာ။ ဒါပေမယ့် စာဖတ်ကြမယ့် လူတွေကကော ဒီလောက်ထိ စိတ်ရှည်ကြပါ့မလား။ သူတို့အတွက် ဘာမှ ကျော်စရာမလိုဘဲ အလွယ်တကူ ဖတ်ခွင့်ရကြရင် မကောင်းဘူးလား။ ဒါလေးတွေ တွေးမိလို့ ဒီလိုစီစဉ်ခဲ့တာပါ။
စီမီနာမှာ မြန်မာဘလော့ဂ်ကာတွေအတွက် ပေါ်တယ်လုပ်ဖို့အထိတောင် ရည်ရွယ်ထားပါ တယ်လို့ မယ်လိုဒီမောင်က ပြောပါတယ်။ အဲဒီအဆင့်ရောက်ဖို့ ကြိုးစားနေကြတုန်းပါတဲ့။ စီမီနာမှာ ပြောခဲ့သလို ပေါ်တယ်လုပ်ဖို့ Hosting ကိစ္စက စနစ်တကျ အစီအစဉ်ချဖို့ လိုအပ်တာလေးတွေ ရှိနေပါသေးတယ်။ အနည်းဆုံး ကျနော်တို့ စည်းလုံးစုစည်းနေဖို့ လိုပါတယ်။ ဒီလို စုစည်းနိုင်မယ့် အခွင့်အရေးအရ ဒိုမိန်းတစ်ခုတည်းမှာ ဘလော့ဂ်တွေ များနိုင်သလောက်များအောင် လက်တွဲပြီး နေလိုက်ကြရင် မကောင်းဘူးလား။ ဘလော့ဂ်ရွာ လေးပေါ့။ myanmarbloggers.org မှာ ဘလော့ဂ်မောင်နှမတွေ အတူတကွ လက်တွဲပြီး နေကြတာပေါ့။ ဒီရွာလေးမှာ အဆင်မပြေတော့ရင် ဒီ myanmarbloggers.org ကို ဘန်းပြီဆိုရင်လည်း နောက်တစ်ရွာ နောက်ဒိုမိန်းတစ်ခုကို ပြောင်းကြတာပေါ့။
ဒီဒိုမိန်းအသစ်လေးကို စီမံခန့်ခွဲဖို့ ကျနော်၊ မယ်လိုဒီမောင်နဲ့ မျက်လုံး ကျနော်တို့ သုံးယောက်က တာဝန်ယူလုပ်ဆောင်ပေးသွားမှာပါ။ မျက်လုံးက သူသိတဲ့လူတွေကို လိပ်စာသစ် လုပ်ပေး သွားမယ်။ မယ်လိုဒီမောင်ကလည်း သူသိတဲ့လူတွေ ကျနော်ကလည်း ကျနော်သိတဲ့လူတွေကို အသီးသီး ဖြည့်ပေးသွားပါ့မယ်။ အမှန်အတိုင်းပြောရရင် ငယ်သူငယ်ချင်းဖြစ်တဲ့ မယ်လိုဒီမောင် နဲ့ မျက်လုံးကလွဲလို့ ဘယ်သူကိုမှ သိလည်းမသိပါဘူး။ မြင်လည်းမမြင်ဖူးပါဘူး။ ဒါပေမယ့် အီးသံယောဇဉ်လို့ပဲ ပြောရမလားပဲ။ အားလုံးကို ခင်မင်ပြီး သံယောဇဉ်လေး တန်းလန်းနဲ့ပါ။
တခြားအတွေးအမျိုးမျိုးနဲ့ ကြောက်လို့ မလုပ်ဖူးဆိုတဲ့ လူတွေလည်း အများကြီးရှိမှာပါ။ ဒီ .org ကို တစ်ယောက်တည်းကယူထားပြီး အဲဒီယူထားတဲ့ လူတစ်ယောက်ဟာ အဆင်ပြေနေ တယ်ဆိုရင်ပဲ ကျနော်ရဲ့ ဆန္ဒ အထမြောက်ပါပြီ။ စေတနာဟာ အများအတွက်ဆိုပေမယ့် နားလည်တဲ့လူတစ်ယောက် ပျော်ရွှင်နေမယ်ဆိုရင်ပဲ ကျေနပ်စရာပါ။

နောက်ပြီး setting ၀င်ပြင်ပြီးပြီ ဆိုရင် blogger.com ကနေ .org လှမ်းညွန်ဖို့ သူတို့ ပြောင်းစရာရှိတာ ပြောင်းရပါတယ်။ ဒါသူတို့ဖာသာ လုပ်မှာပါ။ ကျနော်တို့ဖက်က အချိန် စောင့်ယုံပါပဲ။ ကိုယ့် setting ပြောင်းပြီးပြီးချင်း မပေါ်လို့ဆိုပြီး ပြန်မပြင်လိုက်ပါနဲ့။ သူတို့ရဲ့ တရားဝင်ထုတ်ပြန်ချက်အရ ဒီကိစ္စကို စီစဉ်ဖို့အတွက် အများဆုံးကြာချိန်က ၄၈ နာရီပါ။ ဒါပေမယ့် တချို့ သူငယ်ချင်းတွေက ၅ မိနစ်တောင် မစောင့်လိုက်ရပါဘူး။ ကျနော်က တစ်နာရီ နီးပါးလောက် စောင့်လိုက်ရပါတယ်။ ဒီလို လွှဲနေတဲ့ အတောအတွင်းမှာ blogspot.com နဲ့ ဆက်ပြီး အလုပ်လုပ်ပေးထားပါတယ်။ ဒါကြောင့် .org ကို မပြောင်းခင်ဆက်ခြားမှာ blogspot.com နဲ့လဲ ၀င်လို့ရနေဦးမှာပါ။ .org ကိုလွှဲပြီးသွားပြီဆိုရင်တော့ blogspot.com နဲ့ ရိုက်ထည့်ပေမယ့် Address Bar မှာ myanmarbloggers.org နဲ့ ပေါ်နေမှာပါ။ ဒါဆိုရင် .org ကို လွှဲပြီးသွားပြီလို့ ယူဆလို့ရပါပြီ။

ဒီနေ့ကနေစပြီး မြို့ပြဘ၀ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ခုဖြစ်တဲ့ ဘလော့ဂ်ဖတ်ခြင်း၊ လည်လည်သွားခြင်း နဲ့ ပို့စ်အသစ်တင်ခြင်းတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားတော့ မှာပါဗျာ။
`မြို့ပြဘ၀ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာ´ ဆိုတာကို တချို့ ခံတွင်းတွေ့မယ် မထင်ဘူး။ ကျနော် ကျိုက်ထီးရိုးရောက်တော့ ဘလော့ဂ်တွေကို သတိရနေမိတယ်။ အတွေးထဲ ဘာဝင်လာလဲ ဆိုတော့ ဘလော့ဂ်ဆိုတာ ကျေးလက်နေသူတွေအတွက် ဘယ်သိပါ့မလဲနော်။ ကျနော်တို့ မြို့ပြမှာနေလို့သာ ဒီဘလော့ဂ်နဲ့ ရင်းနှီးပြီး သံယောဇဉ်တွယ်လို့ နိစ္စဓူဝ အလုပ်တစ်ခု ဖြစ်သွားတာပါ။ လူတစ်ယောက်ကိုမေးကြည့်ပါ `ဘလော့ဂ်ကို သိလား´လို့။ `သိဘူး၊ ဘာကြီးလဲ´လို့ ပြန်ဖြေရင် သူဟာ မြို့ပြနဲ့ မနီးစပ်တာ သေချာနေပါပြီ။ မြို့ပြတစ်ခုရဲ့ သင်္ကေတတွေထဲမှာ ခေတ်သစ်နည်းပညာများနဲ့ နီးစပ်ခြင်း ဆိုတာပါပါတယ်။ မြို့ပြမှာနေပြီး နည်းပညာနဲ့ လက်ပွန်းသတီး မရှိရင်တော့ မြို့ပြတောသားတွေ ဖြစ်နေတော့မှာပါ။ ဒါပေမယ့် ကျနော်တို့အားလုံးဟာ နိုင်ငံရပ်ခြားကို ရောက်သွားရင်ဖြင့် ချက်ချင်းဆိုသလိုပဲ `အော် ငါတို့ဟာ တောသားတွေပါလား´လို့ ကျနော်တို့အားလုံး ခံစားလိုက်ရပါတယ်။

အားလုံးအတွက် myanmarbloggers.org ဒိုမိန်း

ကျွန်တော် ဒီပို့စ်လေးကို ခရီးမထွက်ခင် အသည်းအသန်ရေးရလို့ အမှားပါရင် ကိုယ့်ဖာသာ ကိုယ် နားလည်မှုနဲ့ ပြင်လိုက်ကြပါဗျာ။

ဒီနေ့ပဲ ကုသိုလ်လည်းလုပ်တဲ့အနေနဲ့ အတွေးလေးထဲဝင်လာလို့ ထိရောက်တဲ့အလှူတစ်ခု လုပ်ချင်စိတ်ပေါ်လာပါတယ်။ ကျနော်တို့ ဘလော့ကာတွေအတွက် အနှောက်အယှက်တစ်ခု ဖြစ်တဲ့ ဘန်းကျော်ရတဲ့ဒုက္ခကို ကိုယ်ပိုင်ဒိုမိန်းတစ်ခုဆီကို လွှဲလိုက်ရင် ကြည့်တဲ့သူအားလုံး အတွက် အဆင်ပြေသွားပါတယ်။ ဒီကွက်လပ်ကလေးကို ဖြည့်ပေးချင်လိုက်တာပါ။ ဒါကြောင့် ဒီနေ့ပဲ myanmarbloggers.org ဆိုတဲ့ ဒိုမိန်းတစ်ခု ၀ယ်လိုက်ပါတယ်။ အဲဒီဒိုမိန်းမှာ မည်သည့်ဘလော့ကာကိုမဆို ကိုယ်ပိုင်ဆန္ဒအရ (subdomain) ဒိုမိန်းခွဲတစ်ခုစီ လုပ်ပေးချင် ပါတယ်။ ဒါဆိုလူတိုင်းရဲ့ ဘလော့ကိုကြည့်မယ့် ပရိသတ်တိုင်းဟာ အနှောက်ယှက်ကင်းကင်း ကြည့်နိုင်ကြပါလိမ့်မယ်။
ဒါကြောင့် စိတ်ဝင်စားတဲ့သူ မည်သူမဆို bloggers@myanmarbloggers.org ကို email ပို့ပြီး ကိုယ်နာမည် (nick name)ရယ်၊ ဘလော့လိပ်စာရယ်၊ လိုချင်တဲ့နာမည်ရယ် ကိုထည့်ရေး ပေးစေချင်ပါတယ်။ လိုချင်တဲ့နာမည်ဆိုတာ ဥပမာ http://pikay.myanmarbloggers.org ဆိုရင် pikay က ကျနော်ကြိုက်တဲ့နာမည်ပါ။ အဲဒီနာမည်ကို ကိုယ်တိုင်ရွေးစေချင်တာပါ။ အမှန်တော့ ဘလော့လိပ်စာက ဒိုမိန်းခွဲ လုပ်ဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် http://directory.myanmarbloggers.org လို့ရိုက်ထည့်လိုက်ရင် ဒီဒိုမိန်းကြီးထဲမှာ ထည့် ထားတဲ့ ဘလော့ဂ်တွေ အားလုံးရဲ့လိပ်စာနဲ့ နာမည်တွေကို ပြချင်လို့ တောင်းရတာပါ။
အခု အီးမေးပို့ပြီး နာမည်ပေးလို့ရှိရင် ကျနော့်ဘက်က ဒိုမိန်းမှာ သွားရပါမယ်။ အီးမေးပို့တဲ့ လိပ်စာပိုင်ရှင်ဘက်ကလည်း ဒီ Setting လေးတွေ ၀င်ပြင်ရပါဦးမယ်။ ဒါလေးတွေ ပြင်ပြီး ၁၅ မိနစ် ကနေ ၁ နာရီ အကြာမှာ http://yourname.myanmarbloggers.org လို့ ရိုက်ထည့်ပြီး စမ်းကြည့်လိုက်ပါ။ အရေးကြီးတာက ကျနော့်ဘက်က နာမည်ဖြည့်ပြီးပြီဆိုရင် ဖြည့်ပြီးတဲ့ အကြောင်းကို ပို့လာတဲ့အီးမေးနဲ့ ပြန်ပြီး အကြောင်းကြားပေးပါ့မယ်။ Blogger.com ထဲက Setting ကို အဲဒီ အီးမေးရမှ ပြင်စေချင်ပါတယ်။ အကြောင်းကြားစာရပြီဆိုရင် အောက်မှာ ပြထားတဲ့အတိုင်း ပြင်လိုက်ပါ။

Blogger.com မှာ Log in လုပ်လိုက်ပါ။
ကိုယ် နာမည်ပြောင်းချင်တဲ့ ဘလော့ဂ်ရဲ့ Setting ကို ၀င်လိုက်ပါ။


အပေါ်ပုံမှာ တွေ့တဲ့အတိုင်း Publishing ဆိုတဲ့ Tab ကိုရွေးပါ။ နောက်ပြီး အဲဒီအထဲမှာ Switch to: Custom Domain (Point your own …..) ကိုတွေ့အောင်ရှာပါ။ တွေ့ရင် Custom Domain ကို ကလစ်နှိုတ်ပါ။

အပေါ်ပုံရဲ့ ညာဘက်အောက်ထောင့်မှာ Already own a domain? Switch to Advanced settings ကို တွေ့ပါလိမ့်မယ်။ တကယ့် page မှာတော့ ညာဘက်အောက်ထောင့် မဟုတ်ပါ။ တွေ့ရင် Switch to advanced settings ကို ကလစ်နှိုတ်ပါ။

ဒါဆို အပေါ်ပုံကို တွေ့ရပါမယ်။ အဲဒီအထဲက Your Domain http:// ဆိုပြီး ကွက်လပ်တွေ့ပါလိမ့်မယ်။ အဲဒီကွက်လပ်မှာ ကျနော့ကို တောင်းဆိုထားတဲ့နာမည်နဲ့ ဒိုမိန်းနာမည်ကို ထည့်ပါ။ yourname.myanmarbloggers.org ပေါ့။

ကျနော့နာမည်နဲ့ဆိုရင် အဲဒီနေရာမှာ pikay.myanmarbloggers.org လို့ ထည့်ရမှာပါ။ ဒါဆိုပြီးပါပဲ။ သူတို့ (Blogger.com) လွှဲလို့ အပြီးကို စောင့်ရုံပါပဲ။ လုပ်ကြည့်ပါ။ အဆင်မပြေတာရှိရင် bloggers@myanmarbloggers.org ကို အီးမေးပို့ပြီး ပြောနိုင်ပါတယ်။
နောက်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အကူအညီတောင်းချင်ရင် ကျနော့်သူငယ်ချင်း မျက်လုံး နဲ့ မယ်လိုဒီမောင်ကိုလည်း ဆက်သွယ်နိုင်ပါတယ်။ ကျနော်ကိုလည်း အချိန်မရွေး မေးမြန်း နိုင်ပါတယ်။

ဒီလို ဘလော့ဂ်ကို blogspot.com မှ myanmarbloggers.org သို့ ပြောင်းလိုက်ရင် စာဖတ်သူတွေအတွက် အတော် အဆင်ပြေပါမယ်။ ဘလော့ဂ်ရေးတဲ့လူ အဖို့တော့ ကျော်လွှားပြီး ရေးနေရဦးမှာပါ။ ဒါပေမယ့် စာဖတ်သူအဆင်ပြေတာ ကျနော်တို့စာရေးသူ တွေကိုလည်း တဖက်တလမ်းက အဆင်ပြေစေပါတယ်။

အားလုံးကို အဆင်ပြေစေချင်တဲ့ ဆန္ဒအပြည့်နဲ့ဖြစ်လို့ အနှောက်အယှက်တစုံတရာ မဖြစ်ရလေအောင် ၀ိုင်းဝန်းပြီး ကူညီဖေးမ ပေးစေချင်ပါတယ်။ ဒီသတင်းကို စိတ်ဝင်စားသူ အားလုံးကို ဖြန့်ချီပေးပါ။ ကျနော့ ကူညီမှုဟာ အခမဲ့ပါ။ ဒါပေမယ့် တန်ဖိုးရှိမယ်လို့ ယုံကြည်ပါတယ်။

ဒီလို ….. ဒီလို

မီးလေးက Tag လုပ်ထားလို့ ရေးမယ်လို့ အန်ကျိတ်ပြီး Text editor ကို ဖွင့်လိုက်တယ်။ အတော်ကြာတဲ့အထိ ဘာမှ စဉ်းစားမရ။ ပေါ်လာတာက သူများအကြောင်းချည်း။ ဘာပဲဖြစ်ဖြစ် ရေးပစ်မယ်လို့ ကီးဘုတ်ပေါ်လက်တင်ပြီး ဂျောက်ဂျောက်ဂျက်ဂျက် လျှောက်ရိုက်လိုက်တော့မှ …………

ငယ်ငယ်က အသားအတော်ဖြူလို့ ရပ်ကွက်ထဲက ဖိုးဖြူလို့ ခေါ်ကြပါတယ်။ ရပ်ကွက်ထဲမှ အဖိုးကြီးအဖွားကြီးများက ကျနော်ကို ချစ်ကြလို့ အမြဲလာလာခေါ်ပါတယ်။ ညပိုင်းဆို ရပ်ကွက်ထဲကကွတ်ပြစ်မှာ အသက် ၆၀၊ ၇၀ ကျော် အဖိုးကြီး အဖွားကြီး (၁၀) ယောက်လောက်နဲ့ ၃ နှစ်သား ကလေးတစ်ယောက် အမြဲဝိုင်းဖွဲ့နေတတ်ကြပါတယ်။ အညာဓလေ့အတိုင်းပဲ လက်ဖက်သုတ်၊ ထန်းလျက်၊ ရေနွေးကြမ်းနဲ့ ကွမ်းအစ်ချပြီး ၀ိုင်းဖွဲ့စကားပြောနေကြတယ်။ သူတို့ပြောသမျှ မုန့်စားပြီး ထိုင်နားပေးနေတာ ပီကေပဲပေါ့။ သူတို့ရဲ့ Listening partner ပေါ့။ ဟဲဟဲ။ အဲဒါ (၁၃) နှစ်သားလောက်ထိပဲ။ ဒါကြောင့် လူကြီးတွေရဲ့ ကြီးကြီးကျယ်ကျယ်ပြောနည်းကို အတော်နားရည်ဝနေတာ ပါ။
ပါးကလေးက ပန်းရောင်သမ်းပြီး ဖောင်းကစ်နေတာဆိုတော့ တောင်ပေါ်သားလေးလိုဖြစ်နေပါတယ်။ အတော် ချစ်စရာကောင်းတာနော်။ (ဟေ့ ဟေ့ …. ကိုယ့်ဂုဏ်ကိုယ်ဖော် မသူတော်တဲ့နော်)။ မယုံကြဘူးထင်တယ်။ သက်သေပြစရာ အဖြစ်အပျက်တစ်ခုရှိပါတယ်။ ကျနော် သုံးတန်းကျောင်းသား အဖြစ်နဲ့ပေါ့။ ကျောင်းတက်နေတုန်း သူငယ်ချင်းမိဘတွေက ကျောင်းရောက်လာတယ်။ အဲဒီမှာ ကလေးလေးတစ်ယောက်ပါလာတယ်။ လမ်းမလျှောက်တတ်သေးဘူး။ ချစ်စရာလေးမို့ အဲဒီကလေးလေးကို ကျနော်က ယူချီလိုက်တယ်။ မချီတတ် ချီတတ်နဲ့ပေါ့။ ခဏနေကျ အဲဒီ ကလေးက ဘာမပြောညာမပြောနဲ့ ကျနော့ ပါးကို ကုန်းကိုက်တယ်ဗျ။ အားလို့အော်ထည့်လိုက်တော့ ဆရာမတွေ ပြေးလာပြီး ကလေးကိုဆွဲချီယူသွားတယ်။ အဲဒီမှာ ကလေးက အော်ငိုပြီး ဘာအော်တယ်မှတ်လဲ။ `သား မုန့် သား မုန့်´ တဲ့။ အောင်မလေးဗျ။ ပန်းသီးများ အောက်မေ့နေလား မသိဘူး။ တော်တော်အီသွားတာ။
ငယ်ငယ်က အလှပြင်ပေးရင် အင်မတန်မုန်းတာ။ ငယ်တုန်းက ငိုတယ်။ နည်းနည်းကြီးလာတော့ အော်တယ်။ ဒီထက် ကြီးလာတော့ ထွက်ပြေးတယ်။ သနပ်ခါးလိမ်းပေးရင်တောင် မကြိုက်ဘူး။ ဒါပေမယ့် သုံးတန်းမှာ ကဗျာလွတ်ပြိုင်ဖို့ ဆရာမက ကျွန်တော့နာမည်ကို တိတ်တဆိတ် စာရင်းသွင်းလိုက်တယ်။ အဲဒီပြိုင်မယ့်နေ့မှာ လှလှပပ လိမ်းခြယ်လာဖို့ အမေ့ကို မှာလိုက်တယ်။ ကျနော် မကြိုက်မှန်း အမေကသိပြီးသားဆိုတော့ အင်္ကျီအသစ်ပဲ ၀တ်ပေးလိုက်တယ်။ ဆရာမကလည်း နပ်ပြီးသား။ ကျောင်းရောက်တော့ မိတ်ကပ်ပုံးကြီးနဲ့ အသင့်စောင့်နေတယ်။ သေပြီ။ ကျောင်းကိုပတ်ပြေးလို့ လူသုံးယောက်လောက် ၀ိုင်းဖမ်းကြတယ်။ နောက် ချုပ်ထားပြီး မိတ်ကပ်လိမ်း၊ အလှပြင်ပေးတယ်။ ငိုတော့ မျက်ရည်နဲ့ မိတ်ကပ်တွေပျက်တယ်။ ပျက်တော့ ပြန်လိမ်းတယ်။ ဒီလို လေးခါလောက် လုပ်ပြီးတော့ ဆရာမက ကျနော့်ကို စည်းရုံးရေးဆင်းရတော့တယ်။ မိတ်ကပ်လိမ်းတာ လက်ခံဖို့ပေါ့။ နောက်ဆုံးသဘောတူညီချက် ရလိုက်တယ်။
ပါးနီတွေ၊ မျက်လုံးမှာခြယ်၊ နှုတ်ခမ်းနီဆိုး၊ ဆံပင်တွေဆီလိမ်း၊ နားကပ်တောင် ပါလိုက်သေး။ ကဗျာလွတ်ဝင်ပြိုင်တယ်။ တတိယဆုရတယ်။ ပြိုင်ပွဲလည်းပြီးရော အဲဒီ ဆေးဆိုးပန်းရိုက်မျက်နှာနဲ့ အိမ်ဘယ်လိုပြန်ရမလဲ အတော်အတွေးကြပ်သွားတယ်။ ကလေးပီပီ ဘာမှရှည်ရှည်ဝေးဝေးတွေးမနေတော့ဘဲ မျက်နှာကို လက်နဲ့ ပွတ်ချပစ်လိုက်တယ်။ ပုန်းနေတဲ့အခန်းရှေ့က ဖြတ်သွားတဲ့လူတိုင်း ရယ်ရယ်သွားကြတယ်။ သေပြီ။ ပိုဆိုးသွားပြီဆိုတာ သိလိုက်တယ်။ မျက်နှာတစ်ခုလုံး တရုတ်ပြဇာတ်ထဲကလို ရောင်စုံခြယ် ဖြစ်သွားပြီ။ ဘယ်လိုပြန်ရပါ့။ အိမ်ကို (မန္တလေးအခေါ် နှစ်ပြ) နှစ်ဘလောက်တော့ လမ်းလျှောက်ရမယ်။ စဉ်းစားရင်းနဲ့ ညနေ (၄)နာရီကျော်လာတယ်။ မပြန်ရဲဘူး။ (၅) နာရီလောက်ကျ အမေက စိတ်ပူပြီး လိုက်လာတယ်။ ကျနော် အခန်းထဲမှာ ပုန်းနေတုန်း။ ဒါနဲ့ အမေက အကြံတစ်ခုပေးတယ်။ အဲဒီအကြံတိုင်း လုပ်လိုက်မှ အိမ်ပြန်ရောက်တော့တယ်။ ဘာအကြံလဲ သိလား။ ပါလာတဲ့လွယ်အိတ်ခေါင်းမှာစွတ်၊ သူ့ကို လက်တွဲပြီး သူ့နောက်လိုက်ခဲ့တဲ့။
မနက်ဖြန် သီတင်းကျွတ်လပြည့်ဆိုတော့ သီတင်းကျွတ်နဲ့ဆိုင်တဲ့ အမေးအဖြေလေးတစ်ခု ပြောပြပါ့မယ်။ ကျနော် ငယ်ငယ်က သီတင်းကျွတ်လပြည့်မှာ ဘာလို့ဆီမီးထွန်းရသလဲလို့ မေးဖူးတယ်။ မြတ်စွာဘုရား ၀ါတွင်းသုံးလလုံးလုံး ဗြဟ္မာပြည်မှာ တရားဟောပြီး သီတင်းကျွတ်လပြည့်မှာ လူ့ပြည်ကို ဆင်းလာတယ်။ ဒါကို အဲဒီမြို့သားပြည်သူတွေက ကြိုဆိုတဲ့အနေနဲ့ ဆီမီးထွန်းပြီး ကြည်ညိုပူဇော်ကြတယ်။ ဒါရှင်းပါတယ်။ ဒီမေးခွန်းကို လူတော်တော်များများ အဖြေသိပြီးသားပါ။ ဒါပေမယ့် အဲဒီအဖြေကို ကျွန်တော် ဘ၀င်မကျခဲ့ဘူး။ ကျွန်တော် စောဒကတက်ခဲ့တယ်။ အဲဒီလို ပြောရမလားဆိုပြီး ကျနော် အရိုက်ခံရတယ်။ သီတင်းကျွတ်အမှတ် တရပေါ့။ ကျနော် စောဒက တက်လိုက်တာက ………..
`ပူဇော်ဖို့သက်သက်တော့ မဖြစ်နိုင်ဘူးထင်တယ်မေမေ။ ဒါဆို ဘာလို့ အမွေးတိုင်နဲ့ မပူဇော်ဘဲ ဆီမီးနဲ့ပဲ ပူဇော်တာလဲ။ မေမေ ညဘက် လေယာဉ်ပျံဆင်းတာ မြင်ဖူးလား။ လေယာဉ်ပျံကြီး လမ်းမချော်အောင်လို့ သူဆင်းမယ့်လမ်းတလျှောက် မီးထွန်းပေးရတယ်။ ဒါမှ မှောင်ကြီးမဲကြီးထဲ ဟိုးအပေါ်ကနေ သူဆင်းရမယ့် နေရာကိုမြင်ရပြီး နေရာမှန်ဆင်းနိုင်မှာပေါ့။ ဘာမှ မမြင်ရရင် မြေကြီးပေါ် ဘယ်ဆင်းလို့ရမလဲ။ အဲဒီလိုပဲနေမယ်ထင်တယ်။ မြတ်စွာဘုရားက မိုးကောင်းကင်ကနေ ညကြီးမိုးချုပ် ဆင်းလာမှာဆိုတော့ …….။´
စကားပင်မဆုံးလိုက်ပဲ ငရဲကြီးမယ်၊ ဘာညာ ကွိကွ ဆိုပြီး စော်ပလော်တီးပါတော့သည်။

မီးလေးနှင့်ပတ်ဝန်းကျင် တွင် မီးလေးမှ TAG လုပ်ထား၍ ပီကေမှ ပြန်လည်ဖြေကြားသည်။

အကြည့်

ရွှေရောင်လင်းလဲ့နေသော လမင်း၏အလင်းရောင် …..
ကျောက်တောင်တွေပေါ်သို့ လှိုင်းများပုတ်ပုတ်တင်နေသော သက်ရှိပင်လယ် …..
အုန်းလက်အရိပ်များ …..
သူခပ်တိုးတိုးပြောလိုက်သည်။
`ကိုယ့်ရင်ထဲမှာ စကားလုံးတွေ အများကြီးရှိပါတယ်။ ယမင်းကို ပြောချင်ပါတယ်။ ဒါပေမယ့် … ကိုယ်ကြောက်နေတယ် သိလား။ ကိုယ့်ရင်ထဲက စကားလုံးတွေ အားလုံးကို ပြောလို့ပြီးသွားတဲ့အချိန်မှာ အမြင်နိုင်တဲ့တစ်နေရာက တစ်စုံတစ်ယောက်က “Cut” လို့ လှမ်းအော်ပြီး အားလုံးပြီးဆုံးသွားလေမလားလို့ ကိုယ်ကြောက်နေတယ်။ တကယ့်ဘ၀ထဲအထိ ရုပ်ရှင်က၀င်လာပြီး ရိုက်နေမှာကို စိုးတာပါ။´
သူ ကောင်းကင်ကို ဖြည်းဖြည်းချင်းမော့ကြည့်ရင်း ဆက်ပြောသည်။
`ဘ၀ကိုအစစ်လို့ အကြီးအကျယ် ယုံစားထားပြီးကာမှ တို့အားလုံးကို ဖန်ဆင်းနေတဲ့ ဒါရိုက်တာက “Cut” လို့ လှမ်းအော်လိုက်တာနဲ့ တပြိုင်နက် လမင်းရဲ့အလင်းရောင်မှိန်သွားမှာ၊ ပင်လယ်ကြီးပျောက်သွားမှာကို ကိုယ် … မခံစားရဲဘူး။ ဘ၀ဆိုတဲ့ရှင်သန်မှုတွေ ခံစားချက်တွေအားလုံးဟာ နောက်ဆုံးကျရင် အဲဒီလို ပြီးဆုံးသွားပစ်လိုက်ရမှာလား။ ကိုယ့်ကို ရူးအောင်မလုပ်ပါနဲ့။ ကျေးဇူးပြုပြီး မင်းသိထားရင် ဖြေစမ်းပါ။ ဟောဒီလောကကြီးတစ်ခုလုံးဟာ ရုပ်ရှင်ကားတစ်ကားလား။´
ဆုယမင်းကျော်ထံမှ အဖြေကို သူမျှော်လင့်ချက်မထား။ သို့သော် …
`သမီး ဘာကိုမှ နားမလည်ခဲ့ပါဘူး ဦးဇောရယ်။ `ငါ´ ဟာ ငါကိုယ်တိုင်အစစ် ဟုတ်ရဲ့လားဆိုတာတောင် သမီးမသိတော့ပါဘူး။ ကိုယ့်ကိုယ်ကို ပျောက်ဆုံးနေတာ ကြာပါပြီ။ သမီးမှာ `ဘ၀´ဆိုတာ မရှိတော့ဘူးလေ။ ဘ၀တစ်လျှောက်လုံး သူများတွေရဲ့ စရိုက်တွေချည်း သရုပ်ဆောင်နေခဲ့ရတော့ ကိုယ့်ရဲ့စရိုက်အမှန်ဟာ ဘာလဲဆိုတာ မသိတော့ဘူး။ ဇာတ်ကောင်တွေရဲ့ ခံစားမှုအတိုင်းပဲ အမြဲငိုခဲ့ ရယ်ခဲ့ရတာဆိုတော့ ကိုယ့်ရဲ့ ခံစားချက်အစစ်က ဘယ်အခါမှာငိုပြီး ဘယ်အခါမှာ ရယ်သလဲဆိုတာ မသိတော့ဘူး။ သရုပ်ဆောင်ချက်တွေက သမီးရဲ့ဘ၀ကို အပိုင်သိမ်းသွားပြီ။ တကယ်တော့ သမီးဟာ တုံ့ပြန်လှုပ်တတ်တဲ့ စက်ရုပ်တစ်ရုပ်ပါပဲ။´
`နောက်ဆုံးအနေနဲ့ ကိုယ့်မျက်လုံးတွေထဲကို တစ်ချက်လောက် စူးစူးနစ်နစ် ကြည့်လိုက်ပါလား ယမင်း။ ရွိုင်ရယ်ဂါးဒင်းမှာ ဒင်နာကျွေးတုန်းက ကိုယ်ပြောခဲ့တဲ့ စကားလေးကို မှတ်မိသေးလား ယမင်း။´
`ကိုယ် မနက်စောစော လမ်းလျှောက်ထွက်တဲ့အခါတိုင်း သစ်ပင်တွေပေါ်ကနေ အသံပဲကြားရပြီး မမြင်ရတဲ့ ငှက်ကလေးအကြောင်းလေ။´
`အသံလေးကို ချစ်တယ်ဆိုရင် အသံကြားရယုံနဲ့ ကျေနပ်လိုက်တာ အကောင်းဆုံးပါပဲ။ ငှက်ကလေးကို ပိုင်ဆိုင်ခွင့်ရဖို့အထိ မတမ်းတကောင်းပါဘူး။ ဒီလိုပဲပေါ့ ယမင်းရယ် …. ။ ကိုယ်လည်း …..´
`ကိုယ့်အတွက် အချစ်ဆိုတာ အဲဒီ “အကြည့်” လေး တစ်ကြည့်စာလေးနဲ့တင် လုံလောက်ပါတယ်။´
…………
`ဒီနေ့မပြန်ခင် နောက်ဆုံးညမှာ ဟောဒီပင်လယ်၊ ဟောဒီလရောင်နဲ့ ဟောဒီလှိုင်းတွေ၊ သောင်ပြင်တွေကို နားလည်မှုတစ်ခုခု ပေးသွားချင်တယ်။ ပြီးတော့ သူတို့ဆီကနေ နားလည်မှုတစ်ခုခု ပြန်ယူသွားချင်တယ်။ နောက် ….. နောက်ပြီး´
`နောက်ပြီးတော့ကော ဘာဖြစ်သေးလဲ ယမင်း´
`နောက်ပြီး …. ဦးဇောဆီကလည်း နားလည်မှုတစ်ခုလောက် အပြန်အလှန် ဖလှယ်သွားချင်တယ်။ သမီးဆန္ဒက ဒါပါပဲ။ ဦးဇော ဘာပြောစရာရှိလဲ ပြောလေ။ သမီးနားထောင်နေမယ်။´

စိုမှာစိုး၍ မိုးမိတယ် – မင်းခိုက်စိုးစံ မှ ကောက်နှုတ်ဖော်ပြသည်။

ဦးသံလွင်ကျော်ဇော – အသက် (၄၀) ကျော် ထမင်းဆိုင်ပိုင်ရှင်။
ဆုယမင်းကျော် – အသက် (၂၀) ကျော် နာမည်ကြီး ရုပ်ရှင်မင်းသမီး။

ဒါလေးတွေ ဖြေကြည့်ပါ

စဉ်းစားပြီး ဒီမေးခွန်းတွေ ဖြေကြည့်ပါဦးဗျာ။

၁။ ကမ္ဘာပေါ်မှာ အချမ်းသာဆုံး လူ (၅) ယောက်ရဲ့ နာမည်
၂။ မယ်စင်္ကြာဝဠာ (၅) ယောက်ရဲ့ နာမည်
၃။ နိုဘယ်ဆုရှင် (၁၀) ယောက်ရဲ့ နာမည်
၎။ အော်စကာဆုရှင် သရုပ်ဆောင် (၁၀) ယောက်ရဲ့ နာမည်

မဖြေနိုင်ဘူးလား။ အခက်တွေ့နေတယ် မဟုတ်လား။
စိတ်ပူပါနဲ့။ ဒါတွေ အကုန်လုံးကို ဘယ်သူမှ မဖြေနိုင်ပါဘူး။

ချီးမွမ်း (၇) ရက်၊ ကဲ့ရဲ့ (၇) ရက်ပါ။
အောင်နိုင်သူတွေကို ကြာတော့လည်း မေ့သွားကြတာပါပဲ။

အခု ဒီမေးခွန်းတွေကို ထပ်ဖြေကြည့်ပါဦးလား။
၁။ မင်းရဲ့ ပညာရေးကို တစ်ဖက်တစ်လမ်းက အကူအညီပေးခဲ့တဲ့ ဆရာ/မ (၃) ယောက်ရဲ့ နာမည်
၂။ မင်းလိုအပ်တဲ့ အချိန်တိုင်းမှာ မင်းနဲ့ အတူရှိခဲ့ဖူးကြတဲ့ သူငယ်ချင်း (၃) ယောက်ရဲ့ နာမည်
၃။ မင်းဘ၀အတွက် အရေးပါတယ်လို့ မင်းယူဆတဲ့ လူတချို့ရဲ့ နာမည်
၎။ မင်းရဲ့အားလပ်တဲ့ အချိန်တွေကို အတူကုန်ဆုံးချင်တယ်ဆိုတဲ့ လူ (၅) ယောက်ရဲ့ နာမည်

ဘယ်လိုလဲ။ ခက်နေသေးလား။ အတော်လွယ်သွားပြီ မဟုတ်လား။
မင်းဘ၀အတွက် အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ လူတွေဟာ အတော်ဆုံးလို့ သက်မှတ်မခံထားရပါဘူး။ အချမ်းသာဆုံးလူတွေလည်း မဟုတ်ပါဘူး။ ကြီးကျယ်ခမ်းနားတဲ့ ဆုတံဆိပ်တွေလည်း မရရှိကြပါဘူး။
သူတို့တွေဟာ မင်းကို အထူးဂရုစိုက်တဲ့ လူတွေပါ။ မင်းကို စောင့်ရှောက်တဲ့ လူတွေပါ။ ဘယ်လိုအခြေအနေမျိုးမှာမဆို မင်းရဲ့ အနီးနားမှာ အတူတကွ နေပေးကြတဲ့လူတွေပါ။

ခဏလောက် စဉ်းစားကြည့်ပါဦး။
ဘ၀ဆိုတာ တိုတိုလေးပါ။ ဟိုဟာတွေ၊ ဒီဟာတွေနဲ့ ခေါင်းစဉ်တပ်ပြီး ယိုးမယ်ဖွဲ့မနေပါနဲ့။
မင်းရော ဘယ်စာရင်းထဲမှာ ပါချင်ပါသလဲ။ အပေါ်ကစာရင်းထဲကလား။ အောက်က စာရင်းထဲမှာလား။ စဉ်းစားလို့ ရမလား။

ကျွန်တော့ အနေနဲ့ပြောပါမယ်။
ကျွန်တော်ဟာ အကျော်ကြားဆုံးသူများ စာရင်းထဲမှာ မပါချင်ပါဘူး။ အောက်စာရင်းထဲက လူတချို့ မေတ္တာနဲ့ တန်းဖိုးထားခံရမယ့် ရိုးရှင်းတဲ့ လူတစ်ဦးပဲဖြစ်ချင်ပါတယ်။
ကိုယ့်အနေနဲ့လည်း အဲဒီလူကို စာရင်းထဲထည့်နိုင်ဖို့ ကြိုးစားရမှာပေါ့။ ကိုယ့်က သူများရဲ့စာရင်းထဲ ၀င်ချင်ရင်ပေါ့။

Lady First တဲ့လား … ။

Lady First ! ဆိုသောစကားကို ကျွန်တော် သိပ်မကြိုက်ပါ။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် ယောက်ျားတစ်ယောက်ဖြစ်၍ပင်။
ငယ်စဉ်က နယ်မှာနေသည်။ ကျနော့်စက်ဘီးပေါ်တွင် ထမီလာလွှားလျှင် အလွန်မုန်းသည်။ အဲဒီထမီကို တွေ့ကရာ လွှင့်ပစ်သည်။ အမေကဆဲလျှင် `မလွှင့်စေချင်ရင် ကျနော့ စက်ဘီးပေါ်မတင်နဲ့ပေါ့´ဟု ကျနော်ပြန်ပြောသည်။ ကျနော့်ထက် မည်မျှပင်အသက်ကြီးသော မိန်းမပင်ဖြစ်စေ ကျနော့်ခေါင်းကို ကိုင်လျှင်မကြိုက်။ လက်ကို ရိုက်ချသည်။ ထိုအပြုအမူသည် မည်သို့စွဲဝင်နေသည် ကျွန်တော် မမှတ်မိတော့။ မိန်းမမုန်း၍လည်း မဖြစ်နိုင်။ အဟိ .. ကျွန်တော် မိန်းမ မမုန်းတတ်ပါ။
ယောက်ျားကြီးဝါဒ စွဲကိုင်ထား၍ ဟုပြောချင်ပြောကြပါမည်။ ကျွန်တော် မငြင်းချင်ပါ။ အဘယ်ကြောင့်ဆိုသော် ထိုကိစ္စမျိုးမှာ ကိုယ့်ကိုယ်ကို မှတ်ချက်ပေးရသော ကိစ္စမျိုးမဟုတ်ပါ။ ပတ်ဝန်းကျင်မှ သင့်လျော်ရာ ကင်မွန်းတပ်ပါလိမ့်မည်။ သို့သော် Lady First ဆိုသော ကိစ္စမှာ တစ်ဖက်စောင်းနင်း ကျနေသည်။ အားနွဲ့သူမို့ ခွင့်ပြုပါဆိုလျှင် ကျွန်တော်မငြင်းပါ။ ဘယ်ကိစ္စကိုမဆို Lady First ဆိုလျှင် သူတို့ကို အရင်သေစေချင်ပါသည်။ နိုင်ငံတော်က အခွန်ကောက်လျှင်လည်း သူတို့ကို ဦးစားပေးစေချင်သည်။
အဆောင်နေတုန်းက အဆောင်နေသူငယ်ချင်းများနှင့် ဟိုဟာလု ဒီဟာလု လုပ်ကြရလျှင် ကျွန်တော်က အမြဲအလျှော့ပေး၍ ပြောလေ့ရှိသောစကားမှာ `Lady First ပဲ မင်းတို့အရင်လုပ်ကြပါ´ ဟူ၍။

ဒီကမ္ဘာမှာ ယောက်ျားနဲ့မိန်းမ နှစ်မျိုးရှိပါတယ်။ ဒါလူတိုင်းသိပြီးသားပါ။ ဂဃနဏမသိတာက ဘာလို့ နှစ်ခုကွဲနေသလဲ ဆိုတာပဲ။ ကျွန်တော်သိလို့ ပြောမလို့ မဟုတ်ပါ။ ကျနော်သိသလောက် တင်ပြချင်လို့ပါ။ ဒီထက်ပိုသိတဲ့လူတွေက အကြံပေးပေါ့။ မဟုတ်လား။ ဘုရားသခင်က တစ်စုံစာ ဖန်ဆင်းထားသည်ဟု ကျမ်းစာများကရေးသည်။ ကျွန်တော် မသိပါ။ အဲဒီတုန်းက ကျွန်တော် မမွေးသေးပါ။ တာအိုဝါဒကတော့ လောကကြီး ဖြစ်တည်ရပ်တည်ဖို့ ဆန့်ကျဘက်အင်အားစုတစ်စုံ အပြန်အလှန်ထောက်ကန်ရမည် လို့တင်ပြတယ်။ ဒါကို လက်ခံနိုင်တယ်။ အလင်းရှိလို့ အမှောင်ရှိတယ်။ အလင်းမရှိတော့ရင် အမှောင်ဟာ ယုတ္တိမရှိတော့ဘူး။ အမှောင်မရှိရင် အလင်းရဲ့ အနှစ်သာရ လုံးဝပျောက်ကွယ်သွားမယ်။ ဒီအတိုင်းပါပဲ ဆန့်ကျင်ဘက်သဘောဆောင်တဲ့ ယောက်ျားနဲ့မိန်းမဟာ အတူသကွ ယှဉ်တွဲနေထိုင်မှ အဓိပ္ပါယ်ရှိမယ်တဲ့။
အဲဒီမှာ စဉ်းစားစရာတစ်ခုပါလာတယ်။ `ဆန့်ကျင်ဘက်သဘောတရားဆောင်တဲ့ ယောက်ျားနဲ့မိန်းမ´ လို့ ပြောထားတယ်။ ဒီသဘောတရားကို တရုတ်လူမျိုးတွေ အပြည့်အ၀လက်ခံကြတယ်။ အိန္ဒိယမှာလည်း လက်ခံတယ်။ ဒါကြောင့်မို့ တရုတ်အသိုင်းအ၀ိုင်းမှာ မိန်းကလေးတွေဟာ လျစ်လစ်ရှုခံရတဲ့ နယ်ပယ်အတော်များတယ်။ တရုတ်နိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုပေမယ့် တာအိုဝါဒ နဲ့ ကွန်ဖြူးရှပ်ဝါဒ တွေကို ရင်းနှီးကြီးပြင်းလာရတော့ မိန်းကလေးတွေဟာ အပယ်ခံတွေ ဖြစ်ခဲ့ဖူးကြတယ်။ မော်စီတုန်းအာဏာရဖို့ ကြိုးစားတဲ့အချိန်ကစပြီး မော်က နိုင်ငံရေးအရရော အတွေးအခေါ်ခေတ်မီတာကြောင့်ရော မိန်းကလေးတွေကို အတော်နေရာပေးလာခဲ့တယ်။ ပဒေသရာဇ်ခေတ်က ညီလာခံကို မိန်းမ မ၀င်ရဘူး။
ယောက်ျားနဲ့မိန်းမဟာ ဆန့်ကျင်ဘက်လို့ ယုံကြည်တဲ့လူ အတော်များပါတယ်။ မိန်းမတွေက ကပ်စေး နည်းတယ်။ ယောက်ျားတွေက ကပ်စေးမနည်းဘူး။ ဒါပေမယ့် ယောက်ျားတွေက တွန့်တိုတယ်၊ မိန်းမတွေက လက်ဖွာတယ်။ ကပ်စေးနည်းတယ်လည်းပြောသေး လက်ဖွာတယ်လည်းပြောတယ်။ ဘယ်လိုကြီးလဲလို့ မတွေး လိုက်နဲ့ဦး။ ကပ်စေးနည်းတယ်ဆိုတာ သုံးသင့်တာကို မသုံးတာပါ။ လက်ဖွာတယ်ဆိုတာ သုံးသင့်တာထက် ပိုသုံးတာပါ။ ဒါကြောင့် မိန်းမတွေက သုံးသင့်တာကို မသုံးဘူး၊ မကုန်သင့်တာကို အသက်လွတ်အကုန်ခံတယ်လို့ ပြောတာ။ ဒါလူအများစုရဲ့ အတွေးပါ။ ကျနော်ရဲ့အတွေးမဟုတ်ပါဘူး။ ကျနော်က သူများပြောတိုင်း ယုံ တဲ့လူမဟုတ်ဘူး။ ဒါကို သိပ္ပံပညာရှင်တချို့က လေ့လာထားပါတယ်။ ယောက်ျားနဲ့မိန်းမ ဘာကွာလဲပေါ့။
အဖြေက `သေချာတဲ့အဖြေမရှိခြင်း´ ပါပဲ။ ဘာတွေကွာလည်းဆိုတာသိရအောင် စစ်တမ်းလိုက်ကောက်လိုက်တဲ့ အခါမှာ ကွာတယ်၊ မကွာဘူးဆိုတာထက် အဲဒီအဖြေကို ပြောဖို့ကို အဖြေမရပါဘူး။ ကွာသလား၊ မကွာဘူးလား ပြောလို့မရပါဘူး။ ဒါပေမယ့် မတူတာ တချို့ကို သူတို့တင်ပြထားပါတယ်။ ကိစ္စရပ်တစ်ခုတည်းကိုပဲ ယောက်ျားတွေက ဒီလိုမြင်ပေမယ့် မိန်းမတွေက ဟိုလိုမြင်ကြပါတယ်။ ဒါကို ဟုတ်မဟုတ် မှန်မမှန်လေ့လာ ကြည့်ကြပါ။ ကျွန်တော်က ယောက်ျားဆိုတဲ့ ယောက်ျားအတိုင်းပဲတွေးတတ်တာပါ။ မိန်းမတွေ ဘယ်လိုတွေး လဲ ကျွန်တော်မသိပါ။ စာဖတ်သူ မိန်းကလေးများ ဖတ်ပြီး မှတ်ချက်ပေးစေချင်လို့ပါ။

မ – ပြဿနာတွေအကြောင်း ပြောရမှာ ခံတွင်းတွေ့တယ်။
ကျား – ဖြေရှင်းချက်တွေကို ပေးဖို့ ပိုပြီး ဆန္ဒရှိတယ်။

ကျား – အချက်အလက်တွေကို နားထောင်တယ်။ ခံစားချက်တွေကို မေ့လျော့နေတတ်တယ်။
မ – ခံစားချက်ကို ဦးစားပေးတယ်။ အချက်အလက်တွေကို လျစ်လျူရှုထားတယ်။

မ – ဆုံးဖြတ်ချက်တစ်ခုချဖို့ အချိန်အများကြီး ယူမယ်။
ကျား – ခပ်မြန်မြန်ပဲ ဆုံးဖြတ်ပစ်လိုက်တယ်။

ကျား – ခံစားချက်တွေကို ဖုံးကွယ်ထားချင်တယ်။
မ – ခံစားချက်တွေကို အသားပေး ဖော်ထုတ်မယ်။

မ – တစ်ပြိုင်တည်းမှာ အလုပ်အများကြီး လုပ်ချင်တယ်။
ကျား – တစ်ခုချင်းစီပဲ ပြီးအောင်လုပ်သွားချင်တယ်။

ကျား – အရာဝတ္ထုတွေကို လူတွေထက် ပိုစိတ်ဝင်စားတယ်။
မ – အရာဝတ္ထုတွေထက် လူတွေကို ပိုစိတ်ဝင်စားတယ်။

မှန်မမှန် ကိုယ့်ဖာသာ စမ်းစစ်ကြည့်စေချင်ပါတယ်။

မိန်းမက ပိုတော်သလား ယောက်ျားက ပိုတော်သလားဆိုတာကို အဲဒီသုတေသနက အဖြေမပေးပါဘူး။ ဒါပေမယ့် အခြားသုတေသနစာစောင်တစ်ခုမှာတော့ ဘယ်သူပိုတော်သလဲဆိုတဲ့အဖြေထက် မှတ်သားဖို့ ဂဏန်းတချို့တင်ပြ ထားပါတယ်။ အမေရိကန်နိုင်ငံမှာ မနှစ်က မိန်းမနဲ့ယောက်ျား ဘွဲ့ရတဲ့အချိုးက ၁၃၃း ၁၀၀ ရှိပါတယ်။ သဘောက ယောက်ျား (၁၀၀) မှာ မိန်းမ (၁၃၃) ယောက် ဘွဲ့ရပါတယ်။ မိန်းမကပိုများနေပါတယ်။ ဒါဆို မိန်းမတွေက ပိုတော်လို့လား။
နောက်ပြီး အမေရိကန်မှာ လူ (၂၂၇၀၀၀၀) ယောက် ထောင်ကျနေပါတယ်။ အဲဒီအထဲက မိန်းမဟာ (၇) ရာခိုင်းနှုန်းပဲရှိပါတယ်တဲ့။ ဒါဆို ယောက်ျားတွေက မိန်းမတွေထက် ပိုဆိုးလို့ပေါ့ဟု ကောက်ချက်ချလို့ ရနေပါတယ်။ ဒါပေမယ့် ဖြစ်နိုင်ခြေနောက်တစ်ခု ရှိနိုင်သေးတယ်။ မိန်းမတွေက ယောက်ျားတွေထက် ပိုဆိုးကောင်း ဆိုးမယ်။ ဒါပေမယ့် ယောက်ျားတွေထက် ပိုလည်တော့ အရှောင်အတိမ်းပိုင်လို့ ထောင်မကျတာလည်း ဖြစ်နိုင်တယ်။ စာဖတ်သူကော ဘယ်လိုထင်လဲ။

စကားပုံတစ်ခုရှိတယ်။ `ကြက်မတွန်လို့ မိုးမလင်းပါ´ တဲ့။ အဓိပ္ပါယ်က မင်းတို့မိန်းမတွေ အရေးမပါ ပါဘူးကွာပေါ့။ ကြက်မ တွန်ရင် မိုးလင်းမလင်း ကျနော်မသိပါ။ ကြက်ဖတွန်လို့ ကျွန်တော် ဒုက္ခရောက်ခဲ့ဖူးပါတယ်။ ရန်ကုန်ရောက်စ တိုက်ခန်းမှာ အလုံပိတ်ပြီး နေ့ခင်းဖက် တစ်ရေးအိပ်ပါတယ်။ အိပ်ချင်မူးတူး တစ်ရေးနိုးတော့ ကြက်ဖတွန်သံကြားလိုက်ပါတယ်။ ငါအိပ်တာ တစ်ရက်တောင်ကျော်သွား ပါပကော ဆိုပြီး အလုပ်သွားဖို့ အသည်းအသန်ပြင်ဆင်လိုက်တယ်။ အခန်းပြင်ထွက်ဖို့ နာရီကြည့်မှ ညနေ ၅ နာရီပဲရှိသေးတာသိရတယ်။ နောက်နေ့ သတိထားကြည့်တော့မှ အဲဒီကြက်ဖက တစ်နေကုန် တွန်နေတာပဲ။ တို့အညာမှာ ကြက်ဖတွန်ရင် အာရုံတက်မိုးလင်းပြီလေ။ အော် မြို့ကြီးသားကြက်ဖက တွန်ချင်သလို တွန်တာ အဲဒီမှသိရတယ်။

လူ့သမိုင်းကြောင်းအရ မိန်းမတွေကို အနှိမ်ဆုံး အသိုင်းအ၀ိုင်းက နိုင်ငံရေးအသိုင်းအ၀ိုင်းပါပဲ။ မိန်းမဖျက်ရင် ပြည်ပျက်တယ် ဆိုတဲ့စကားပုံ ကြားဖူးမှာပါ။ နိုင်ငံရေးအသိုင်းအ၀ိုင်းက တတ်နိုင်သလောက် မိန်းမတွေကို အရာမသွင်းဘူး။ တရုတ် ထန်မင်းဆက်မှာ မိန်းမဘုရင်ပေါ်ခဲ့ဖူးတယ်။ Li Shi Ming ဆိုတဲ့ ဘုရင်လက်ထက်မှာ ဘုရင်မပေါ်မယ်လို့ သဘောင်ထွက်တယ်။ ဒါနဲ့ အဲဒီဘုရင်က ထုံးစံအတိုင်း ဗေဒင်တွက်တော့ နန်းတော်ထဲမှ ရှိနေတယ်ဆိုတာသိရတယ်။ ဒါနဲ့ စီစစ်လိုက်တော့ သူ့ရဲ့ မောင်းမထဲကဖြစ်နေတယ်။ ဒါကို ဘုရင်က ဘယ်သူ့ကိုမှ မပြောပြဘူး။ အဲဒီကောင်မလေးက ၁၆ နှစ်ပဲရှိသေးတယ်။ အဲဒီ မောင်းမကို သူ့နားဘေးနား ခေါ်ထားပြီး တိုင်းရေးပြည်ရာတွေ ယဉ်ပါးအောင် နည်းနည်းစီ သင်ပေးတယ်။ နောက်ထပ်ဘုရင်တစ်ပါး နန်းတက်ပြီး ခုနက ဘုရင်မကြီးနန်းတက်တယ်။ အသက် (၈၀) ကျော် သေခါနီး တစ်ရက်လိုမှ ထီးနန်းလွှဲ ပေးခဲ့တယ်။ ဒါ တရုတ်ပြည်ရဲ့ ပထမဆုံး ဘုရင်မကြီးလေ။ အဲဒီ ဘုရင်မကြီး နန်းရတော့ ဘာလုပ်လဲသိလား။ မင်းတို့ ယောက်ျားတွေ ဘုရင်ဖြစ်ရင် မိန်းမတွေ အများကြီးယူတယ်။ ငါလည်း ယူတယ်ကွာဆိုပြီး ယောက်ျားတွေ အများကြီးယူတယ်။ မောင်းမ အစား မောင်းထီး လို့ခေါ်ရမလား မသိဘူး။
အခုခေတ်မှာတော့ အခက်ဆုံး နယ်ပယ်ဖြစ်တဲ့ နိုင်ငံရေးနယ်ပယ်မှာ မိန်းမတွေ အတော်လေး နေရာယူလာနိုင်တယ်။ အမေရိကန်မှာလည်း အခုဆို ပထမဆုံး အမျိုးသမီးသမ္မတဖြစ်ဖို့ ဟယ်ရာရီကလင်တန်က အသည်းအသန် ကြိုးစားနေလေရဲ့။ ၂၀ ရာစုနောက်ပိုင်း ကမ္ဘာ့နိုင်ငံအသီးသီးမှာ နိုင်ငံတော်အကြီးအကဲ (သို့) သမ္မတ (သို့) ၀န်ကြီးချုပ်အဖြစ်နဲ့ နေရာယူလာတဲ့ အမျိုးသမီးတွေ အများကြီးရှိလာပြီ။ ကျွန်တော် ကြိုးစားပြီး စာရင်းပြုစုထားပါတယ်။ စုစုပေါင်း (၅၁) ယောက်ရှိပါတယ်။ တစ်ဦးချင်းစီရဲ့ အကြောင်းကို ဖတ်လို့ရအောင် လင့်ခ် လုပ်ပေးထားပါတယ်။ အကယ်၍ စာရင်းထဲမှာ လိုတာလေးရှိနေမယ် ဆိုရင် အသိပေးဖို့ မမေ့ပါနဲ့ဦး။ ဒီစာရင်းထဲမှာ ကမ္ဘာကျော် နာမည်ကြီးတဲ့လူတွေ အများကြီးပါပါတယ်။ ဒါကို ကြည့်ရင်ဖြင့် မိန်းမဆိုတာ အထင်သေးစရာ မဟုတ်ဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ Lady First မဟုတ်တောင် ကျနော်အမြင် ကတော့ အားလုံးဟာ တန်းတူပါပဲ။ အားလုံးဟာ လူတွေပဲ မဟုတ်လား။

Maria Estela Isabel Martinez do Peron, President of Argentine Republic from 1974 to 1976
Sirimavo Ratwatte Dias Bandaranaike, Prime Minister of Sri Lanka, 1960-1965, 1970-1977, 1994-2000
Indira Gandhi, Prime Minister of India, 1966-77, 1980-1984
Golda Meir, Prime Minister of Israel, 1969-1974
Elisabeth Domitien, Prime Minister of Central African Republic, 1975-1976
Maggie Thatcher, Prime Minister of United Kingdom from 1979 to 1990
Maria da Lourdes Pintasilgo, Prime Minister of Portugal, 1979-1980
Lidia Gueiler Tejada, President of Bolivia, 1979-1980
Dame Eugenia Charles, Prime Minister of Dominica, 1980-1995
Vigdis Finnbogadotir, President of Iceland, 1980-1996
Gro Harlem Brundtland, Prime Minister of Norway, 1981, 1986-1989, 1990-1996
Soong Ching-Ling, Honorary President of Peoples’ Republic of China, 1981
Milka Planinc, Federal Prime Minister of Yugoslavia, 1982-1986
Agatha Barbara, President of Malta, 1982-1987
Maria Liberia-Peters, Prime Minister of Netherlands Antilles, 1984-1986, 1988-1993
Corazon Aquino, President of Philippines, 1986-1992
Benazir Bhutto, Prime Minister of Pakistan, 1988-1990, 1993-1996
Kazimiera Danuta Prunskiene, Prime Minister of Lithuania, 1990-1991
Violeta Barrios de Chamorro, Prime Minister of Nicaragua, 1990-1996
Mary Robinson, President of Ireland (First Female President), 1990-1997
Ertha Pascal Trouillot, Interim President of Haiti, 1990-1991
Sabine Bergmann-Pohl, President of German Democratic Republic, 1990
Khaleda Zia, Prime Minister of Bangladesh, 1991-1996
Edith Cresson, Prime Minister of France, 1991-1992
Hanna Suchocka, Prime Minister of Poland, 1992-1993
Kim Campbell, Prime Minister of Canada, 1993
Sylvie Kinigi, Prime Minister of Burundi, 1993-1994
Agathe Unwilingiyimana, Prime Minister of Rwanda, 1993-1994
Susanne Camelia-Romer, Prime Minister of Netherlands Antilles, 1992, 1998-1999
Tansu Ciller, Prime Minister of Turkey, 1993-1995
Chandrika Bandaranaike Kumaratunge, Sri Lanka, Prime Minister, 1994, President, 1994-2005
Reneta Indzhova, Interim Prime Minister of Bulgaria, 1994-1995
Claudette Werleigh, Prime Minister of Haiti, 1995-1996
Sheikh Hasina Wajed, Prime Minister of Bangladesh, 1996-2001
Mary McAleese, President of Ireland (Present), since 1997
Janet Jagan, Guyana, Prime Minister ,1997, President, 1997-1999
Jenny Shipley, Prime Minister of New Zealand, 1997-1999
Ruth Dreifuss, President of Switzerland, 1999-2000
Jennifer Meredith Smith, Premier of Bermuda, 1998-2003
Nyam-Osoryn Tuyaa, Acting Prime Minister of Mongolia, 22-30 July 1999
Helen Clark, Prime Minister of New Zealand (Present), Since 1999
Mireya Elisa Moscoso de Arias, President of Panama, 1999-2004
Vaira Vike-Freiberga, President of Latvia, 1999-2007
Tarja Kaarina Halonen, President of Finland (Present), Since 2000
Gloria Macapagal-Arroyo, President of the Philippines (Present), Since 2001
Mame Madior Boye, Prime Minister of Senegal, 2001-2002
Megawati Sukarnoputri, President of Indonesia, 2001-2004
Angela Dorothea Merkel, Chancellor of Germany (Present), Since 2005
Michelle Bachelet Jeria, President of Chile (Present), Since 2006
Ellen Johnson-Sirleaf, President of Liberia (Present), Jan 2006
Micheline Calmy-Rey, President of the Swiss Confederation (Present), 2007