ငရဲခွေးကြီး လွတ်နေပြီ

ပုံ – အိုးဝေမဂ္ဂဇင်း စာတည်းအဖွဲ့ (၁၉၃၆)

ပုံ – ကျောင်းသားသမဂ္ဂ အလုပ်အမှုဆောင်များ (၁၉၃၆)

၁၉၃၆ ခုနစ် ဇန္နဝါရီလထုတ် အိုးဝေမဂ္ဂဇင်းမှာ ရေးသားပုံနှိပ်ခဲ့တဲ့ ငရဲခွေးကြီး လွတ်နေပြီ ဆိုတဲ့ ပေးစာတစ်စောင်နဲ့ ပတ်သက်ပြီး မူရင်းရေးသားသူ (ညိုမြ) ရဲ့ နာမည်ကို မဖော်ထုတ်ပေးတဲ့အတွက် ၁၉၃၆ ခုနစ် ဖေဖော်ဝါရီလမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူ ဦးနုကိုပါ တက္ကသိုလ်ကနေ ထုတ်ပယ်ပစ်လိုက်တယ်။ အိုးဝေမဂ္ဂဇင်းဟာ တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့က ထုတ်ဝေတဲ့ မဂ္ဂဇင်း တစ်စောင်ဖြစ်တယ်။ နောက်ပြီး ဗိုလ်ချုပ်အောင်ဆန်းဟာ တက္ကသိုလ်ကျောင်းသား သမဂ္ဂအဖွဲ့ရဲ့ အတွင်းရေးမှူးလည်းဖြစ်၊ အိုးဝေမဂ္ဂဇင်းရဲ့ အယ်ဒီတာလည်း ဖြစ်တာကြောင့် သူ့မှာ အဓိက တာဝန်ရှိတယ်ဆိုပြီး သူတို့ကို ကျောင်းထုတ်ပစ်ခဲ့ပါတယ်။ အဲဒီလို ကျောင်းထုတ်ပစ်လိုက်လို့ ဆိုပြီး တက္ကသိုလ်ကျောင်းသားတွေ ဝိုင်းဝန်း ဆန္ဒပြရာက ဒုတိယကျောင်းသား သပိတ်ပေါ်ပေါက်လာတယ်။ အဲဒီလို မြန်မာသမိုင်းမှာ အင်မတန်မှ အရေးပါတဲ့ စာတစ်ပုဒ်ကို ရေးသားခဲ့တဲ့ နဂိုမူအတိုင်း ပြန်လည်ခံစားနိုင်စေဖို့ မျှဝေပေးလိုက်ပါတယ်။ အပျောက်မပျက် ထိန်းသိမ်းထားတဲ့ သဘောလည်း ပါပါတယ်။ အခုခေတ် လူငယ် အများစုဟာ ဒီစာကို ဖတ်ဖူးကြတော့မှာ မဟုတ်ပါဘူး။ အင်္ဂလိပ်လို မူရင်း အရေးအသားနဲ့ မျှဝေပေးလိုက်ပါတယ်။
The Hell-Hound at Large

Escaped from Awizi, a devil in the form of a black dog. Had been during his brief span on earth a base object of universal odium and execration, sentenced to Eternal Damnation for Treachery, Theft, Presumption, Intrigue, Pettifogging, Sadism, Churlishness, Vulgarity, etc. A pimping knave with avuncular pretensions to some cheap wiggling wenches from a well-known Hostel, he was also a hectic popularity-hunter, shamming interest in Games, Concerts, Associations, etc., menacing the public placed with his unwanted presence though generally welcomed everywhere as small-pox. His only distinguishing marks have been the abominable V.D. ulcers on his neck and buboes due to copulation with his own wife.

Will finder please kick him back to Hell?

Yamamin

From: “Oway” or The Voice of Peacock, Voice of the RUSU, Jan. 1936; Vol 5, No. 1, p. 56. Points from Letters.

အမေနေ့ အမှတ်တရ

ဒီနေ့ဟာ ကျနော်တို့ မြန်မာတိုင်းရင်းသားတွေရဲ့ အမေနေ့ ဖြစ်ပါတယ်။ ဒီတော့ ဒီလိုနေ့မျိုးမှာ အမေနဲ့ ပတ်သက်တဲ့ ပို့စ်လေး တစ်ပုဒ်လောက် အမှတ်တရ ရေးမလား စိတ်ကူးမိပေမယ့် ခေါင်းထဲက ထွက်မလာဘူး။ ကျနော် ဟိုးအရင်ကတော့ အမေမေတ္တာနဲ့ ပတ်သက်တဲ့ ပို့စ် (၂)ပုဒ် ရေးဖူးပါတယ်။ Mom’s Love ခေါင်းစဉ်နဲ့ နိုင်ငံခြား ကဗျာ တစ်ပုဒ်ကို ပြန်ဝေမျှ ဖူးသလို အမေ့ကိုယ်စား ဆိုတဲ့ ဘာသာပြန် ပို့စ်တစ်ပုဒ်လည်း တင်ခဲ့ဖူးပါတယ်။ ကျနော် အခု အမေနေ့ အမှတ်တရ ပို့စ်တစ်ပုဒ် တင်မယ်ဆိုတော့ ဟိုး လွန်ခဲ့တဲ့ ငါးနှစ်လောက်က အမေနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရေးထားတဲ့ ဆောင်းပါးတစ်ပုဒ်ကို သွားသတိရတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာက အမေ ဆိုတဲ့ ဝေါဟာရ အကြောင်းပါ။ ကမ္ဘာအရပ်ရပ်က သုံးနေတဲ့ “အမေ” ဆိုတဲ့ ဝေါဟာရ အတော်များများဟာ ထူးဆန်း အံ့သြဖို့ ကောင်းလောက်အောင် လာဆင်နေပါတယ်။ ကမ္ဘာပေါ်မှာ အသံထွက်အနေနဲ့ အဆင်ဆုံး ဝေါဟာရလို့ သက်မှတ်နိုင်ပါတယ်။ အဲဒီ ဆောင်းပါးထဲမှာ တင်ပြထားတာတော့ ပါဠိ ဝေါဟာရ ဖြစ်တဲ့ “မာတာ” ဆိုတဲ့ စကားလုံးနဲ့ လက်တင် ဝေါဟာရ “Mother” နဲ့ဟာ အသံထွက်အားဖြင့် လုံးဝ ချွတ်စွတ် တူနေတာကို အံ့သြဖွယ် တွေ့ရမှာပါ။ လက်တင်ဘာသာမှာ သွားတူနေတာကြောင့် လက်တင်ဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေမှာ လာတူနေတဲ့ အပြင် ပါဠိဘာသာကနေ ဆင်းသက်တဲ့ တခြား ဘာသာစကားတွေ အားလုံးမှာလည်း အသံထွက်တူတဲ့ ကိုယ်ပိုင် ဘာသာစကားနဲ့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ ဒါကြောင့်လည်း ကမ္ဘာပေါ်မှာ ဆင်တူအများဆုံး ဝေါဟာရ အနေနဲ့ “အမေ” ဆိုတာ ပညာရှင်အားလုံး အကန့်အကွက် မရှိ သဘောတူထားကြတယ်။ ဝေါဟာရချင်းပဲ တူသလားဆိုတော့ အမေကို ချစ်ကြတာချင်းလည်း အတူတူပါပဲ။

ကျနော် အဲဒီ ဆောင်းပါးကို သေချာ မစုဆောင်းလိုက်ရတော့ အခု ပြန်လိုချင်တဲ့အချိန် အခက်တွေ့ရတာပေါ့။ ဒါကြောင့် အခု တင်ပြချင်တာတောင် မူရင်း ဆောင်းပါးထဲကလို ပြည့်ပြည့်စုံစုံ မတင်ပြနိုင်တော့ပါဘူး။ ကျနော် တွေ့ရှိထားသလောက်ပဲ မျှဝေလိုက်ရပါတယ်။ အင်္ဂလိပ်တွေ သုံးတဲ့ “Mother” ဆိုတဲ့ စကားလုံးဟာ ပါဠိမှာ “မာတာ” လို့ သုံးကြောင်း တင်ပြပြီးပါပြီ။ နောက်ဆက်ပြီး တင်ပြချင်သေးတာက
  • mom, mommy ကို မြောက်အမေရိက နိုင်ငံ အများစု (အထူးသဖြင့် အမေရိကန်ပြည်ထောင်စု) မှာ သုံးပါတယ်။ ဗြိတိန်နိုင်ငံ West Midlands မှာလည်း ကျယ်ကျယ်ပြန့်ပြန့် သုံးတာ တွေ့ရတယ်။
  • mum, mummy ကို ဗြိတိန်၊ နယ်သာလန်၊ သြစတေးလျ နဲ့ နယူးဇီလန် နိုင်ငံတွေမှာ သုံးပါတယ်။
  • Ma, Mam, Mammy ကို အိုင်ယာလန် နိုင်ငံမှာ သုံးပြီး ဗြိတိန် နဲ့ အမေရိကန် ပြည်ထောင်စုမှာလည်း ရံဖန်ရံခါ သုံးလေ့ ရှိပါတယ်။
  • Maa, Amaa, Maataa ကို အိန္ဒိယနိုင်ငံနဲ့ အိမ်နီးချင်း နိုင်ငံမှာ သုံးပါတယ်။ မြန်မာနိုင်ငံမှာ တချို့ တိုင်းရင်းသား လူမျိုးစုတွေမှာ သုံးတာ တွေ့ရပါတယ်။
  • Mama ကို နိုင်ငံ အတော်များများမှာ သုံးပြီး အထူးသဖြင့် စပိန် ကိုလိုနီ ကျရောက်ဖူးတဲ့ နိုင်ငံတွေမှာ အများဆုံး သုံးပါတယ်။

တခြား ဘာသာစကားတွေမှာလည်း အသံထွက် တူတာ၊ ဆင်တူတာတွေ ရှိပါသေးတယ်။

  • mama ကို ပိုလန် နဲ့ ဆလိုဗက်ကီးယား နိုင်ငံတွေမှာ သုံးတယ်။
  • māma ကို တရုတ်ဘာသာစကားမှာ သုံးတယ်။
  • máma ကို ချက်နိုင်ငံမှာ သုံးတယ်။
  • maman ကို ပြင်သစ်နဲ့ ပါရှန်း ဘာသာစကားမှာ သုံးတယ်။
  • mamma ကို အီတလီနိုင်ငံမှာ သုံးပါတယ်။
  • mãe ကိုတော့ ပေါ်တူဂီတွေ သုံးတယ်။
  • Ami ကို ပန်ဂျက် ဘာသာစကားမှာ သုံးပါတယ်။
  • mama ကို ဆွာဟီလီ ဘာသာစကားမှာ သုံးပါတယ်။
  • eema (אמא) ကို ဟီဘရူး ဘာသာစကားမှာ သုံးပါတယ်။
  • umma (엄마) ကိုတော့ ကိုရီးယား ဘာသာစကားမှာ သုံးပါတယ်။
  • Mama ကို ဂျပန်နိုင်ငံမှာတော့ အင်္ဂလိပ်တွေဆီက ငှားရမ်း သုံးစွဲပါတယ်။
  • တောင်အာရှ တစ်ကျောမှာ ရှိတဲ့ နိုင်ငံတွေ၊ အရှေ့အလယ်ပိုင်းက နိုင်ငံတွေမှာ အမေကို amma (သို့) oma (သို့) ammi (သို့) ummi တို့အပြင် တခြား သံတူကြောင်းကွဲ ခေါ်ဝေါ်ကြတာတွေ အများကြီး ရှိပါတယ်။

ဘာသာစကားဆိုတာ ပင်မ ရိုးတံ တစ်ခုကနေ အများကြီး အများကြီး ဖြာဆင်းတာ ဆိုပေမယ့် နှစ်ပေါင်း ထောင်နဲ့ချီ ကြာလာတဲ့အခါမှာ ရာသီဥတု၊ အစားအသောက်၊ ရေခံမြေခံ ပေါ်မူတည်ပြီး အာတွေလျှာတွေ ကွာသွားတာကြောင့် အသံထွက် ဝေါဟာရတွေ ရွေ့လျားပြီး လာလိုက်တာ အခုဆိုရင် ဘာသာစကားပေါင်း ပင်မ (၇၃၀၀) မျိုး နဲ့ အခွဲ (၃၉၄၉၁) မျိုး ရှိသွားပါပြီ။ ဒါပေမယ့် အံ့သြစရာ ကောင်းတာက ဘာသာစကားတွေ တစ်ခုကနေတစ်ခု ဘယ်လိုပဲ ရွေ့လျားရွေ့လျား ဘာသာစကားရဲ့ ထက်ဝက်မကတဲ့ အရေအတွက်မှာ “အမေ” ဆိုတဲ့ အသံထွက်နဲ့ အသုံးဟာ တူနေဆဲဆိုတာ ဘာကို ဆိုလိုနိုင်ပါသလဲ။ ကျနော် ထင်တာကတော့ ဘယ်လူမျိုး၊ ဘယ်နိုင်ငံ၊ ဘယ်ဘာသာတရား နဲ့ ဘယ်ခေတ်မှာမဆို မိဘမေတ္တာ အားလုံးဟာ တူညီကြပြီး ဘယ်တော့မှ မပျောက်မပျက် မယုတ်မလျော့ ပဲ ထာဝရ တည်နေနိုင်လို့ ပဲလို့ ယူဆမိပါတော့တယ်။

Friendship “A to Z “

Acepts you as you are
Believes in “you”
Calls you just to say “HI”
Doesn’t give up on you
Envisions the whole of you (even the unfinished parts)
Forgives your mistakes
Gives unconditionally
Helps you
Invites you over
Just “be” with you
Keeps you close at heart
Loves you for who you are
Makes a difference in your life
Never Judges
Offer support
Picks you up
Quiets your fears
Raises your spirits
Says nice things about you
Tells you the truth when you need to hear it
Understands you
Values you
Walks beside you
X-plains thing you don’t understand
Yells when you won’t listen and
Zaps you back to reality

============================

Life is an opportunity, benefit from it.
Life is a beauty, admire it.
Life is a dream, realize it.
Life is a challenge meet it.
Life is a duty, complete it.
Life is a game, play it.
Life is a promise fulfill it.
Life is sorrow, overcome it.
Life is a song, sing it.
Life is a struggle, accept it.
Life is a tragedy confront it.
Life is an adventure, dare it.
Life is luck, make it.
Life is life, fight for it.

Thanks to NNW for sharing it.


အသတ်များအား အသံထွက်၍ ရွတ်သော် …

မြန်မာစာကို ဖတ်တဲ့နေရာမှာ ပါဌ်ဆင့်နဲ့ အသတ်တွေကို အသံထွက်တဲ့ အခါမှာ အတော်ကလေး မှားကြတာကို တွေ့ရပါတယ်။ ဒါကြောင့် ကျနော် ဖတ်ဖူးထားတဲ့ ဗဟုသုတလေး တချို့ကို ပြန်လည် ဖြန့်ဝေ ပေးချင်ပါတယ်။ ဒါကို ဝေါဟာရတ္ထပကာသနီကျမ်း မှာ ဖော်ပြထားတယ် ဆိုပေမယ့် ကျနော်က ဦးထွန်းမြင့်ပြုစုထားတဲ့ ပါဠိသက် ဝေါဟာရ အဘိဓါန် စာအုပ်ထဲက မှတ်သားထားတာပါ။

  • က် – ဣ (အိ) ကသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ကြိုးကြာကရ၀ိက်၊ တောလုံးထိတ်မျှ၊ ညိတ်ညိတ်တွန်ထူး၊ …။´ `စေတသိက်၊ ဘိသိက်၊ လောကန္တရိက်၊ … ´ စသဖြင့်လည်း အတူတူပါပဲ။
  • ခ် – ဥ (အု) ခသတ်ကို `တ´သတ် အသံအတိုင်း ဖတ်ရတယ်။ `ဗလ၀ါမုခ်၊ ခံတွင်းနှုတ်သို့၊ အနုတ္တရည်း၊ …။ ´ ဣ (အိ) ခသတ်ကို `န´သတ် အသံအတိုင်း ဖတ်ရတယ်။ ဥပမာ ပဉ္စသိခ် မှာ ပဉ္စသိန် လို့ ဖတ်ရမယ်။
  • ဂ် – အ ဂငယ်သတ်ကို `က´သတ် သံလိုပဲ ဖတ်ရမယ်။ `မိုးမြေအောက်ထက်၊ ဘ၀ဂ်တိုင်တန်း၊ သက်သေညွှန်းလျက်၊ … ။´ ဥ (အု) ဂငယ်သတ်ကို `တ´သတ်သံ ဖတ်ရတယ်။ `မဆီဆုတ်ယုတ်၊ ကလိယုဂ်ဖြင့်၊ ရုတ်ရုတ်ယောင်ခါ၊ … ။´
  • င် – ဣ (အိ) ငသတ်၊ ဥ (အု) ငသတ်တို့ကို `န´သတ်သံ ဖတ်ရတယ်။ ဥပမာ သိင်္ခသူ ကို သိန်ခသူ ဟု လည်းကောင်း၊ ကုင်္ကုမံ ကို ကုန်ကုမံဟု လည်းကောင်း ဖတ်ရတယ်။
  • စ် – ဣ (အိ) စသတ်၊ ဥ (အု) စသတ်တို့ကို `တ´သတ်သံ ဖတ်ရတယ်။ ဥပမာ အနိစ္စ ကို အနိတ်စ ဟု လည်းကောင်း၊ ပရိယာယ်ေ၀၀ုစ် ကိုေ၀၀ုတ် ဟု လည်းကောင်း ဖတ်ရတယ်။
  • ဇ် – ဇသတ်က `စ´သတ်နဲ့ တူတယ်။ ဥပမာ ၀ိဇ္ဇာ ကို ၀ိစ်ဇာ လို့ ဖတ်ရတယ်။ အို ဇ သတ်ကို `အိုက်´သံ ထွက်ရတယ်။ ဥပမာ ပရိဗိုဇ် ကို ပရိပိုက် လို့ အသံထွက်ရမယ်။
  • ဋ် – ဋသံလျှင်းချိတ်သတ်က `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဆဋ္ဌ – ဆဋ် ဌ (ဆတ်ဌ)၊ အဋ္ဌ – အဋ် ဌ (အတ်ဌ)၊ ၀ိသိဋ္ဌ – ၀ိသိဋ်ဌ (၀ိသိတ်ဌ) လို့ ဖတ်ရမယ်။
  • ဍ် – ဍရင်ကောက်သတ်ကလည်း `တ´သတ်နဲ့ တူတယ်။ ဥပမာ ဂုဏ၀ုဍ္ဎိ – ဂုဏ၀ုဍ်ဎိ (ဂုဏ၀ုတ်ဎိ) လို့ အသံ ထွက်ပါတယ်။
  • ထ် – ထဆင်တူးသတ်ကလည်း `တ´ သတ်နဲ့ တူတယ်။ ဥပမာ ဣရိယာပုထ် ကို အိရိယာပုတ် လို့ အသံ ထွက်ပါတယ်။
  • ဒ် – ဒဒွေးသတ်ကလည်း `တ´ သတ်နဲ့ တူပါတယ်။ ဥပမာ ဥပဒ် ကို ဥပတ်၊ ဥပိုဒ် ကို ဥပိုတ်လို့ အသံ ထွက်ပါတယ်။
  • ဏ် – ဏကြီးသတ်က `န´သတ်နဲ့ တူတယ်။ အို ဏ သတ်ဖြစ်ရင်တော့ `င´ သတ်အသံနဲ့ ဖတ်ရပါတယ်။ ဥပမာ လိုဏ် ကို လိုင်၊ တုရိုဏ်တိုင် ကို တုရိုင်တိုင် လို့ ဖတ်ရပါတယ်။ ချွင်းချက်အနေနဲ့ ကြိုဏ် ကို ကြို လို့ပဲ ဖတ်ပါတယ်။
  • ဗ် – ဗထက်ချိုင့်သတ်က `ပ´သတ်နဲ့ တူတယ်။ ဥပမာ ဒြဗ် ဆိုတဲ့ စကားလုံးကို ဒြပ်လို့ အသံထွက်တယ်။
  • ဘ် – ဘကုန်းသတ်ကလည်း `ပ´သတ်နဲ့ တူတယ်။ ဥပမာ လာဘ် ကို လပ် လို့ အသံထွက်တယ်။
  • ယ် – အ၊ အာ ကို ယသတ်ရင် `အယ်´သံ ထွက်တယ်။ ဥပမာ ကြယ်၊ နိကာယ်။ ဥ (အု) ကို ယသတ်ရင်တော့ `န´သတ်သံ ထွက်တယ်။ ဥပမာ ယေဘုယျ – ယေဘုယ်ယ (ယေဘုန်ယ)၊ ဥယျောဇဉ် – ဥယ်ယောဇဉ် (အုန်ယောဇင်) လို့ ဖတ်တယ်။ ချွင်းချက် အနေနဲ့ ဥယျာဉ် (ဥယ်ယာဉ်) ကို အုန်ယာဉ် လို့ မဖတ်ဘဲ ဥယာဉ်လို့ပဲ ဖတ်ပါတယ်။
  • ရ် – ဧ (အေ) ရကောက်သတ်ကို `ည´သတ်သံ ကဲ့သို့ ဖတ်ရတယ်။ ဥပမာ ထေရ် ကို ထည် လို့ ဖတ်ရပါတယ်။ `ဥဒါယီထေရ်၊ ရှေးရိုးတည်လျက်၊ ထွက်သည်နေ့က၊ ထိုနှစ်လလျှင်၊ … ´ အို ကို ရကောက်သတ်လျှင် အသတ်သံ အထူးမထွက်။ ဥပမာ နဂိုရ် ကို နဂို လို့ပဲ ဖတ်ရမယ်။
  • လ် – လသတ်ဟာ `န´သတ်နဲ့ အသံတူတယ်။ ဥပမာ ပန်းမာလ် ဆိုရင် ပန်းမာန် လို့ အသံထွက်ရမယ်။ မိလ္လာ ကို မိန်လာ၊ ပုလ္လိင် ကို ပုန်းလိင် လို့ အသံထွက်ရမယ်။ အိုကို လသတ်မယ် ဆိုရင်တော့ အသတ်သံ ထွက်စရာ မလိုဘူး။ ဥပမာ ကုသိုလ် ကို ကုသို လို့ပဲ ဖတ်တယ်။
  • ၀် – ၀သတ်ဟာ အသတ်သံ ထူးထူးထွေထွေ မထွက်ဘူး။ ဒါကြောင့် မြန်မာစာမှာ ၀သတ်ကို မသုံးတော့ဘူး။ ဒါပေမယ့် သြဘာစာမှာ `သောဝ်´ ဆိုတာ တွေ့ရမယ်။ သူ့ကို ဖတ်ရင် `သော´ကို အသံရှည်ရှည် ဆွဲဖတ်ရတယ်။
  • သ် – သသတ်ဟာ `တ´သတ်နဲ့ တူတယ်။ ဥပမာ မိဿ – မိသ်သ (မိတ်သ)၊ ဥပုသ် ကို ဥပုတ်လို့ ဖတ်ရမယ်။
  • ဟ် – ဟသတ်က `န´သတ်နဲ့ တူတယ်။ ဥပမာ သိဟ်ရာသီ မှာ သိန်ရာသီ၊ ဂိမှာန် – ဂိဟ်မာန် (ဂိန်မန်) လို့ ဖတ်ရမယ်။

ချွင်းချက်အနေနဲ့
စကြ၀ဠာ – စက်ကြာဝဠာ လို့ ဖတ်တယ်။
တိရစ္ဆာန် – တိရစ်ဆန်လို့ ဖတ်ရမှာပါ။ ဒါပေမယ့် တရိတ်ဆန်လို့ ဖတ်ကြတယ်။
ပဋိသန္ဓေ – ပဋိတ်သဓေ လို့ ဖတ်ကြတယ်။
ပရိသတ် – ပရိတ်သတ် လို့ ဖတ်တယ်။
ပြာသာဒ် – ပြတ်သာဒ် လို့ ဖတ်တယ်။
ဗိမာန် – ဗိတ်မှန် လို့ ဖတ်တယ်။
မေတ္တာ – မစ်တာ လို့ ဖတ်တယ်။ ဧ (အေ) တသတ်ဟာ `စ´သတ် (အစ်) သံထွက်ရတယ်။ မေတ္တာ – မစ်တာ၊ ခေတ် – ခစ် လို့ အသံထွက်တယ်။
ဝါကျ – ၀က်ကျ လို့ ဖတ်တယ်။
သုသာန် – သုတ်သာန် လို့ ဖတ်တယ်။

စကားလုံးတွေ ကျန်နေပါဦးမယ်။ ကျနော် သိသလောက် ဥပမာအနေနဲ့ ဖော်ပြလိုက်တာပါ။

အသေးစိတ် သဒ္ဒါနည်း အပြည့်အစုံနဲ့ မှတ်သားချင်ရင်တော့ ဦးထွန်းမြင့် ရေးသားထားတဲ့ ပါဠိသက်ဝေါဟာရ အဘိဓာန် စာအုပ်မှာ လေ့လာဖတ်ရှု နိုင်ပါတယ်။


ငြိုးမာန်ဖွဲ့ ဒေါသ

လောကမှာ ရုပ်ဝတ္ထုတွေ တိုးတက်လာတာနဲ့ အမျှ ပိုင်ဆိုင်ချင်လာတဲ့ လောဘတွေ ဟာလည်း အတော်ကလေးကို တိုးပွားလာကြတယ်။ ပိုင်ဆိုင်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ယုံကြည်မှုတွေ အတွက် အငြင်းပွားလာကြတယ်။ ဒါကလည်း ပိုင်ဆိုင်မှု အတွက်ပဲလေ။ ယုံကြည်မှုဆိုတာ ကိုယ်ပိုင်ဆိုင် ထားတဲ့ အသိတရားလေ။ ကိုယ့်မှာ ရှိနေတာတွေအတွက် စိုးရိမ်တတ်လာတယ်။ ကိုယ့်မှာ မရှိရင်လည်း သောကတွေ ရောက်လာတယ်။ ကိုယ်က လိုချင်တာကိုး။ ကိုယ် မကျေနပ်တဲ့သူမှာ ရှိနေရင် သာ ဆိုးသေး။ ကိုယ် မရှိရင်၊ မရရင် သူများလည်း မရှိစေချင်ဘူး။ မရစေချင်ဘူး။ ဒါနဲ့ပဲ ကုန်းတိုက်တတ်လာကြတယ်။ စိတ်ထဲကနေ မကျေနပ်ရာက လက်တွေ့ဖျက်ဆီးဖို့ ကြိုးစားလာတယ်။ မနောကံ အကုသိုလ်ကနေ ၀စီကံကို ကူးလာတယ်။ မနာလို ၀န်တိုရာကနေ ကုန်းတိုက်လာတယ်။ ပျက်စီးအောင်လို့လေ။

ဒါ ဒေါသစရိုက် ရှိတဲ့လူတွေ ဖြစ်လေ့ ဖြစ်ထရှိတဲ့ အပြုအမူတွေပါ။ နောက်တစ်ခုရှိသေးတယ်။ ငိုကြွေးခြင်းပါ။ ကိုယ် ဖြစ်ချင်တာတွေ မဖြစ်လာတဲ့ အခါမှာ ဒေါသဆိုတာ ထွက်ကြစမြဲပါ။ အဲဒီဒေါသဟာ မနောကံကနေ ၀စီကံမြောက်၊ ကာယကံမြောက် ပုံစံအမျိုးမျိုးနဲ့ အပြုအမူအဖြစ် ပြောင်းသွားတယ်။ ဆဲပစ်လိုက်တယ်။ ထ ထိုးတယ်။ ဒါ ၀စီကံမြောက် ဒေါသနဲ့၊ ကာယကံမြောက် ဒေါသတွေလေ။ လူတွေ အသိနည်းတဲ့ ကာယကံမြောက် ဒေါသတစ်မျိုးက ငိုကြွေးခြင်းပဲ။ အားမသန် မာန်လျှော့လေ။ မမျိုသိပ်နိုင်တဲ့ ဒေါသဟာ မနောကံကနေ အသွင်ပြောင်းဖို့ ကြိုးစားတဲ့နေရာမှာ ၀စီကံမြောက် မဆဲရေးဘူး။ ကုန်းမတိုက်ချင်ဘူး။ ကာယကံမြောက် ဘာမှ မလုပ်ရဲဘူး။ ဒီတော့ အဲဒီ ဒေါသတွေဟာ မျက်ရည် အဖြစ်နဲ့ အသွင်ပြောင်းသွားတယ်။ ငိုကြွေးတဲ့လူဟာ အမြဲတမ်း ပူဆွေးရတယ်။ ပူဆွေးရတာ ဒေါသကြောင့်ပေါ့။ ကိုယ်ချစ်တဲ့ ခင်တဲ့ လူတစ်ယောက် သေရင်ပဲဖြစ်ဖြစ် ကျနော်တို့ ငိုကြွေးကြတယ်။ ဒါလည်း ဒေါသရဲ့ ထွက်ပေါက်တစ်ခုလေ။ ဘာကိုမှ အပြစ်တင်လို့ မရဘဲကိုး။

ဒေါသစရိုက်ရှိတဲ့ လူတွေမှာ ထင်ရှားတဲ့ အပြုအမူ (၈) မျိုးရှိပါတယ်။

(၁) ခိုက်ရန်ဖြစ်ခြင်း
ဒါက မြင်သာပါတယ်။ ရင်ထဲက ဒေါသကို ကာယကံမြောက် အပြင်းထန်ဆုံး ဖွင့်ထုတ်တတ်တဲ့ လူအတော်များများမှာ မြင်ရတယ်။ ကိုယ်ထိလက်ရောက် လုပ်လိုက်ရင် ခိုက်ရန်ဖြစ်တယ်လို့ ခေါ်ရမှာပေါ့။
(၂) ငြင်းခုံခြင်း
ကိုယ် လက်ကိုင်ထားတဲ့ (ပိုင်ဆိုင်ထားတဲ့) တရားတွေကို တခြားလူက ထိပါးလာရင် တုန့်ပြန်တက်တဲ့ ဒေါသပါ။ အသိပညာနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ယုံကြည်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး အငြင်းပွားတယ်။ ဒါဟာ ၀စီကံပါ။ စကားနဲ့ ထိုးစစ်ဆင်ကြတာပေါ့။ ဒါနဲ့မှ မကျေနပ်တော့ရင် နောက်တစ်ဆင့်တက်ပြီး ခိုက်ရန် ဖြစ်လာနိုင်တယ်။ နိုင်ငံတကာမှာ ပုံစံမျိုးစုံနဲ့ အငြင်းပွားနေကြတယ်။ လူတန်းစားပေါင်းစုံ ငြင်းခုံနေကြတယ်။ Debate လုပ်တယ်ပေါ့။ ဒါ အတ္တနဲ့လည်း သက်ဆိုင်မယ်။ ကိုယ့်ဟာမှ မှန်တယ်လို့ ယုံကြည်ထားတဲ့ အတ္တ။ ငါ့ဟာ မထိနဲ့ နည်းနည်းမှ မလျှော့ဘူးဆိုတဲ့ မာန။ အထင်ရှားဆုံးကတော့ ခက်ထန်နေတဲ့ ဒေါသပါ။
(၃) ပရိဒေ၀ – ငိုကြွေးခြင်း
ဒါကို အပေါ်မှာ နည်းနည်း ရှင်းပြထားပါတယ်။ ငိုကြွေးခြင်းဟာ ကာယကံမြောက် ဒေါသထဲမှာ အနူးညံ့ဆုံးနဲ့ အပြစ်အကင်းဆုံးပါ။ ဒါပေမယ့် နောက်ဆုံးတော့လည်း ခံစားကြရတာ ကာယကံရှင်ပဲလေ။
(၄) သောက – စိုးရိမ်ပူဆွေးခြင်း
ဒီ (၂) မျိုးက ဒေါသရှိတဲ့ သူတွေနဲ့ ဆိုင်တယ်။ ဆွေမျိုးတွေ သေကြေ ပျက်စီးတာတွေ တွေ့ရတဲ့အခါ ဒေါသနဲ့ သည်းမခံနိုင်လို့ စိုးရိမ်ပူဆွေး ငိုကြွေးရတာပဲ။ စိုးရိမ်တယ် ပူဆွေးတယ် ဆိုတာ ရင်ထဲမှာ ကြိတ်မွေးထားတဲ့ အပူမီးနဲ့ တူတယ်။ ရင်ထဲမှာ လှိုက်လောင်နေတယ်။ တစ်ယောက်တည်း ပူနေတယ်။ တချို့ဆို ဘယ်လောက်ပူလဲ ဆိုတော့ မျက်နှာကြီးကို နီရဲနေအောင် ပူတယ်။ စာထဲမှာ တစ်ခါ ဖတ်ဖူးတာက ပူဆွေးသောကရောက်ပြီး ခန္ဓာကိုယ် မီးလောင်ပြီး သေသွားတယ်လေ။ ရင်ထဲက အပူတွေက အရေပြားကိုတောင် စွဲလောင်သွားတယ်။
(၅) မစ္ဆရိယ – ၀န်တိုခြင်း
ကိုယ့်မှာ ရှိတဲ့၊ ကိုယ်နဲ့ ဆိုင်တာတွေ တခြားလူတစ်ယောက်နဲ့ သက်ဆိုင်သွားမှာ၊ သူ့လက်ထဲ ရောက်သွားမှာကို သည်းမခံနိုင်လို့ ဖြစ်ရတဲ့ ဒေါသပါ။ ဒီလို ဖြစ်လာပြီဆိုရင် သူများလက်ထဲ ရောက်မသွားအောင် တနည်းနည်းနဲ့ ကြံစည်တော့မယ်။ ဒါဟာ ပျက်စီးခြင်းရဲ့ လမ်းစပါပဲ။ သူ အကုသိုလ် တစ်ခုခု လုပ်မိတော့မယ်လေ။
(၆) မာန်ထောင်လွှားခြင်း၊ မာနကြီးခြင်း
ကိုယ်ပိုင်ထားတာလေးတွေ၊ ကိုယ်သိထားတာလေးတွေကို အဟုတ်လုပ်ပြီး ပြိုင်ဆိုင်ချင် လာတယ်။ ငါသာ တကော လုပ်လာတယ်။ ကိုယ့်ဟာထက် ပိုကောင်းတာ လောကမှာ မရှိဘူးလို့ နားထင် သွေးရောက်နေတယ်။ အားလုံးနဲ့ ယှဉ်လိုက်မယ် ဆိုတဲ့ ဒေါသကလေးက စိတ်မှာ ကပ်လာတယ်။ ကိုယ့်ကိုယ်ကို အဟုတ်မှတ်နေပြီ ဆိုတော့ ဘယ်သူပြိုင်လို့ ရပါတော့နိုင်ပေါ့လေ။
(၇) မိမိကိုယ်ကို အထင်ကြီးပြီး သူတစ်ပါးကို အထင်သေးခြင်း
ဒီ (၂) ခုက လောဘနဲ့ ယှဉ်တဲ့ တရားတွေ။ ဒါပေမယ့် ဒေါသကြီးတဲ့ လူမှာမှ ထင်ရှားတာ။ လူက မာနကြီးလာရင် သူများကို လွယ်လွယ်နဲ့ အထင်သေးလာတယ်။ ကိုယ့်ဟာ အကောင်းဆုံးလို့ ထင်တဲ့လူဟာ သူများဟာတွေ အကုန်လုံး မကောင်းဘူးလို့ ထင်မှာတော့ သေချာတယ်။ ကိုယ့်ဖာသာ သိပ်အထင်ကြီးတဲ့ လူတွေဟာ တခြားလူတွေကို အထင်သေးမှာပဲ။ ဒါသေချာတယ်။ အထင်ကြီးခြင်း၊ အထင်သေးခြင်းက ပိုင်ဆိုင်မှုအပေါ် အခြေတည်ပြီး ဖြစ်လာမို့ လောဘနဲ့ ပိုဆိုင်တယ်။ ဒါပေမယ့် ဒေါသကြီးတဲ့လူတွေရဲ့ အပြုအမူက ပိုပြီး ထင်ရှားတယ်။
(၈) ကုန်းတိုက်ခြင်း
ဝန်တိုတတ်တဲ့သူဟာ မနောကံကနေ တစ်ဆင့်တက်ပြီး ၀စီကံအနေနဲ့ ကုန်းတိုက်လာကြတယ်။ ကုန်းတိုက်တယ်ဆိုတာ ၀စီကံမြောက် ဖျက်ဆီးခြင်းပါ။ သူတပါးရဲ့ ပျက်စီးရာ ပျက်စီးကြောင်းကို လိုလားတဲ့အတွက် မဟုတ်မမှန်တဲ့စကား၊ အကျိုးမဲ့တဲ့စကား နဲ့ မနှစ်လိုဖွယ် စကားကို ဆိုခြင်းဟာ ကုန်းတိုက်ခြင်း မည်ပါတယ်။ ဒါကြောင့် နှုတ်ဖြင့် ဖျက်ဆီးခြင်းလို့ ခေါ်တာပါ။ ဒီလို ကုန်းတိုက်လိုက်လို့ အငြင်းပွားမှုတွေ ဖြစ်လာမယ်။ အငြင်းပွားပြီး ဒေါသတွေ ဖြစ်လာတယ်။ ဒါနဲ့ ဒေါသတွေ အဆင့်ဆင့် တက်လာပြီး နောက်ဆုံး ပျက်စီးခြင်းမှာ ဆုံးပါတယ်။

နောက်တစ်ခု ဆွေးနွေးချင်တာက ရန်ငြိုးတွေ အကြောင်းပါ။ ဒီ ရန်ငြိုးတွေကြောင့်လည်း ဒေါသတွေ အဆင့်ဆင့်တက်ပြီး တစ်ယောက်နဲ့ တစ်ယောက် ပျက်စီးရာ ပျက်စီးကြောင်းတွေ ကြံစည်လာကြတယ်။ လူတွေအတော်များများ ပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။ ငါ့ကို ရန်လာစရင်တော့ မခံဘူး ဆိုတာပါ။ တကယ်တမ်း ရန်တို့ ဒေါသတို့ ဆိုတာ ဘယ်ကနေ ဘယ်လို စသလဲ ဆိုတာကို လူအတော်များများ သတိ မထားမိကြပါဘူး။ ဒေါသတွေ တချောင်းချောင်း ထွက်နေပြီ ဆိုမှ သိကြတဲ့ လူတချို့ ရှိသလို ဒေါသကြောင့် တန်ပြန်တုံ့ပြန်ပြီးမှ သတိရတဲ့ လူတွေလည်း အများကြီးပါ။ ရန်ငြိုးတွေ ဘယ်ကဘယ်လို စမှန်း မသိလိုက်ခင်မှာပဲ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် လက်စားချေနေကြပြီလေ။ နှစ်ဖက်လုံး ကြိုက်တဲ့ဘက်ကို မေးလိုက်ပါ။ သူကငါ့ကို ဒီလိုလုပ်လို့ ငါပြန်လုပ်တာ လို့ ဖြေကြမှာပါ။ ဒီလိုပဲ လက်စားချေနေကြရင် ဘယ်တော့မှ မပြီးတော့ပါဘူး။

ရန်ငြိုးတွေ ဖြစ်ရတဲ့ အကြောင်းအရင်း (၉) ခု ရှိပါတယ်။ ဒီကိုးခုကို အခြေပြုပြီး ရန်ငြိုးတွေ ဖြစ်လာကြပါတယ်။
(၁) ဒီလူဟာ ငါ့ရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။
(၂) အခုလည်း လုပ်နေတုန်းပဲ။
(၃) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ကိုယ့်ကိုယ်ကို အကြောင်းပြုတဲ့ သုံးပါး။
(၄) ဒီလူဟာ ငါ့မိတ်ဆွေရဲ့ အကျိုးမဲ့ကို ပြုခဲ့ဖူးတယ်။
(၅) အခုလည်း လုပ်နေတုန်းပဲ။
(၆) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ မိတ်ဆွေကို အကြောင်းပြုတဲ့ သုံးပါး။
(၇) ဒီလူဟာ ငါ့ရန်သူရဲ့ အကျိုးစီးပွားကို ပြုခဲ့ဖူးတယ်။
(၈) အခုလည်း လုပ်နေတုန်းပဲ။
(၉) နောင်လည်း လုပ်နေဦးမှာပဲ ဆိုတဲ့ ရန်သူကို အကြောင်းပြုတဲ့ သုံးပါး။

ဒီရန်ငြိုးတွေကို လက်စားချေမယ့် အစား ဘယ်လို ဖြေဖျောက်လို့ရမလဲ။ ဖြေလို့ ရတဲ့နည်း (၁၀) ခု ရှိပါတယ်။ အောက်မှာ ပြထားတဲ့ (၁၀)ခုထဲက တစ်ခုခုကို နှလုံးသွင်းနိုင်ရင် ရန်ငြိုးတွေ ပြေပျောက်သွားနိုင်ပါတယ်။
(၁) ရန်သူသည် ငါ့ကိုသာ ဒုက္ခပေးနိုင်သည်။ ငါ့စိတ်ကို ဒုက္ခမပေးနိုင်။ စိတ်ဆင်းရဲ ရတယ်ဆိုတာ ငါ့စိတ်ကသာ ငါ့ကို ညှင်းနေတာပဲ။ သူက ငါ့ကို စိတ်ဆင်းရဲ ပါစေလို့ လုပ်တာကို ငါမဆင်းရဲဘူး ဆိုရင် သူဘာတတ်နိုင်မှာလဲ။
(၂) ချစ်ခင်သော ဆွေမျိုးတို့ကို စွန့်၍ ရဟန်းပြုနိုင်လျက် ဒေါသကို မစွန့်နိုင်လျှင် ဒေါသမက်သောငါ ဖြစ်ရာ၏။
(၃) ဒေါသဆိုသည် သီလ၏ အမြစ်၊ သီလ၏ အမျိုး၊ ဟီရိသြတ္တပ္ပကို ဖျက်ချိုးတတ်တာ ငါက ဘာဖြစ်လို့ လက်ခံရမှာလဲ။
(၄) ယုတ်မာတဲ့ ရန်သူကို အမျက်ထွက်လျှင် သူနဲ့ငါ ယုတ်မာမှု ပြိုင်သလို ဖြစ်မှာပေါ့။
(၅) ငါစိတ်ဆိုးအောင် သူကပြုတာ ငါစိတ်ဆိုးလျှင် သူ့အလို ပြည့်သွားမှာပေါ့။
(၆) ငါ၏ ဒေါသသည် ရန်သူအား ဒုက္ခ ပေးချင်မှ ပေးမည်။ ငါကတော့ စိတ်ပင်ပန်း ကြီးစွာဖြစ်မည်။
(၇) ရန်သူသည် ဒေါသကြောင့် အပါယ်ခရီး လမ်းမှားနေပြီ။ အရှည်မြင်သူသည် လမ်းမှားသို့ မလိုက်။ အမြင်တိုသူသာ လမ်းမှားကို တကောက်ကောက် လိုက်၏။
(၈) ရန်သူသည် ငါ့ကိုယ်၌ ရှိသော ဒေါသကို အားကိုးအားထား ပြု၍ စိတ်ဆိုး၏။ ထိုဒေါသကို ငါပယ်လိုက်လျှင် ရန်သူကျွန်မျိုး အားကိုး ပြုတ်လတ္တံ့။
(၉) ငါ့အား စော်ကားသော ရုပ်နာမ် ခန္ဓာတို့သည် လွန်ကုန်ပြီ၊ ချုပ်ကုန်ပြီ။ ယခုရှိသော သူ၏ ရုပ်ခန္ဓာတို့ကို ငါအာရုံပြုလျှင် ဆန်ခိုးမမိ၊ ဖွဲခိုးမိ၊ ခုတ်ရာတပါး၊ ရှရာတခြား မသင့်လွန်းလေစွ။
(၁၀) မီးခတ်နှင့်ကျောက် နှစ်ခုပေါင်းမှ မီးတောက်သည်။ မီးခတ် သက်သက်ကြောင့် မီးမတောက်။ ကျောက်၌လည်း သတ္တိထူး ရှိ၏။

အထက်ပါ စာများကို တုဝဋကသုတ်မှ၎င်း၊ မှတ်သားထားသော ဒိုင်ယာရီ အဟောင်းများမှ၎င်း ထုတ်နှုတ် တင်ပြပါသည်။ စာဖတ်သူအားလုံး လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ပါသည်။


အက္ခရာ နှစ်လုံး ဆင့်ခြင်း

မြန်မာစာပေ အရေးအသားပိုင်းကို စိတ်ဝင်တစားနဲ့ လေ့လာခဲ့တာတော့ မကြာသေးပါဘူး။ ဒါပေမယ့် အပြောအဆိုပိုင်းတော့ ငယ်ငယ်ကတည်းက အတော်လေး စိတ်ဝင်စားလို့ စကားကြွယ်နည်း စာအုပ်တွေ တွေ့တိုင်း ၀ယ်ဖတ်ဖြစ်တယ်။ သူငယ်ချင်းတွေ ကြားမှာ အမြဲ ငြင်းနေရတော့ ကိုယ်က တော်ကီကောင်းမှ သူတို့ထက် နှာတစ်ဖျား သာမယ်လေ။ ဥပမာ ဥပမေယျ တွေက ချည်ပြီး တုတ်ပြီး ပြောမှ သူငယ်ချင်းတွေက လက်ခံကြတာ ဆိုတော့ သူတို့ကို ငြင်းဖို့ဆို အချက်အလက် အတော် ရှာရတယ်။ သူတို့နဲ့ နှစ်ပေါင်း နှစ်ဆယ်နီးပါး ငြင်းလာကြတာ ဆိုတော့ တဖြည်းဖြည်းနဲ့ လက်ရည်တက်လာတာ ပေါ့ဗျာ။ ကျနော် မြန်မာစာနဲ့ ပတ်သက်ပြီး သိချင်ပေမယ့် စာအကိုးအကားနဲ့ မတွေ့လို့ လိုက်ရှာနေတဲ့ အကြောင်းအရာ တချို့ ရှိတယ်ဗျ။ အဲဒီထဲက တစ်ခုကတော့ အက္ခရာ နှစ်ထပ်ဆင့်တွေ အကြောင်းပါ။ ကမ္ဘာမှာရှိတဲ့ တိုင်းရင်းအက္ခရာ အမျိုးအစား အများကြီးထဲမှာ အက္ခရာကို နှစ်လုံးဆင့်ပြီး ရေးတတ်တဲ့ လူမျိုး မရှိသလောက် ရှားပဲ။ ဒီအက္ခရာတွေ နှစ်လုံး ဆင့်ကြတဲ့ အခါ ဘယ်လို ဥပဒေသနဲ့ ဆင့်ကြသလဲ ဆိုတာ ကျနော် လိုက်ရှာနေတာ အတော်ကြာသွားပါပြီ။ မြန်မာစာ ဌာနက ထုတ်တဲ့ စာအုပ်တွေ လက်လှမ်းမီသလောက် ၀ယ်ဖတ်တာလည်း မတွေ့။ ဆောင်းပါးတွေ ကြုံရင် ဖတ်ကြည့်တာလည်း မမြင်ဖြစ်နေတယ်။ ဒါပေမယ့် ကံကောင်း ထောက်မချင်တော့ စိန္တာမဏိ ဦးချစ်မောင် ပြုစုထားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း မှာ သွားတွေ့တော့ ကျနော် အတော် ပျော်သွားတယ်။ ဒါကြောင့် တခြား စိတ်ဝင်တစား ရှာနေတဲ့လူရော၊ မရှာပေမယ့် မြန်မာစာကို ချစ်မြတ်နိုးတဲ့ လူရော၊ မမြတ်နိုးတတ်ပေမယ့် အသုံးချနေကြရတဲ့ လူတွေရော လေ့လာနိုင်အောင် ကျနော် နားလည်သလို စီကုံးပြီး တင်ပြပေးလိုက်ပါတယ်။

မြန်မာ အက္ခရာမှာ ဗျဉ္ဇန ခေါ် ဗျည်း ၃၃ လုံး ရှိတာ လူတိုင်း သိပါတယ်။ အဲဒီ အက္ခရာတွေကို အုပ်စု ခေါ် ၀ဂ် အနေနဲ့ အုပ်စု ခွဲလိုက်ရင်
`က´ ၀ဂ် အနေနဲ့ က၊ ခ၊ ဂ၊ ဃ၊ င
`စ´ ၀ဂ် အနေနဲ့ စ၊ ဆ၊ ဇ၊ ဈ၊ ည
`ဋ´ ၀ဂ် အနေနဲ့ ဋ၊ ဌ၊ ဍ၊ ဎ၊ ဏ
`တ´ ၀ဂ် အနေနဲ့ တ၊ ထ၊ ဒ၊ ဓ၊ န
`ပ´ ၀ဂ် အနေနဲ့ ပ၊ ဖ၊ ဗ၊ ဘ၊ မ
* ဒါတွေကို အသံဖြစ်ပေါ်ရာ ဌာနနဲ့ မူတည်ပြီး ဌာန်ငါးပါးဆိုပြီး ထပ်ခွဲပြပါတယ်။
`အ´ ၀ဂ် အနေနဲ့ ယ၊ ရ၊ လ၊ ၀၊ သ၊ ဟ၊ ဠ၊ အ

အပေါ်ကဟာတွေကို ရှင်းရှင်းလင်းလင်း မြန်မာလို ခေါ်ရင် `က´ အုပ်စု၊ `စ´ အုပ်စု၊ `ဋ´ အုပ်စု၊ `တ´ အုပ်စု နဲ့ `ပ´ အုပ်စု လို့ ခေါ်လို့ရတယ်။ ကျန်တဲ့ ဗျည်း ရှစ်လုံးကတော့ တစ်လုံးနဲ့ တစ်လုံး အသံဖြစ်တဲ့နေရာ မတူကြလို့ ပါဠိလိုတော့ အ၀ဂ်၊ မြန်မာလိုတော့ အုပ်စုမဟုတ်သော ဗျည်းများလို့ ခေါ်တယ်။ ဒါတွေက ကျောင်းက သဒ္ဒါထဲမှာ ပျင်းနေအောင် သင်ခဲ့ရပါတယ်။

အခုဆက်ပြောမှာ အဲဒီ စာအုပ်တွေထဲ မပါပါဘူး။ (ကျနော် အဲဒီနေ့က ကျောင်းမတက်တာလည်း ဖြစ်နိုင်ပါတယ်။)
အဲဒီ ဗျည်း ၃၃ လုံးကို အထီး အမ ခွဲထားတယ်။ အဖို အမ ခွဲပုံက ဒီလိုပါ။ ခုန ငါးလုံးတွဲ အုပ်စုရဲ့ အစ စာလုံးတွေက အဖိုတွေ ပေါ့။ နောက် အဲဒီ အစအက္ခရာတွေရဲ့ တစ်လုံးကျော်မှာ ရှိတဲ့ အက္ခရာတွေကို အဖိုဗျည်းလို့ သက်မှတ်တယ်။ ကြားထဲမှာ ကျန်ရစ်ခဲ့တဲ့ အက္ခရာတွေကတော့ အမဗျည်းတွေပေါ့။ ဒါဆို စာရင်း ချကြည့်တာပေါ့။
အဖိုဗျည်းများ – က၊ ဂ၊ င၊ စ၊ ဇ၊ ည၊ ဋ၊ ဍ၊ ဏ၊ တ၊ ဒ၊ န၊ ပ၊ ဗ၊ မ စတဲ့ (၁၅) လုံး။
အမဗျည်းများ – ခ၊ ဃ၊ ဆ၊ ဈ၊ ဌ၊ ဎ၊ ထ၊ ဓ၊ ဖ၊ ဘ စတဲ့ (၁၀) လုံး။

အက္ခရာ နှစ်ထပ်ဆင့် ရေးကြတဲ့အခါမှာ ဥပဒေသ တချို့ရှိတယ်။
၁။ အဖို အဖိုချင်း ထပ်ရေးလို့ ရတယ်။
ဥပမာ ။ သက္က၊ မဂ္ဂ၊ ကိစ္စ၊ ၀ဇ္ဇ၊ ၀ဏ္ဏ၊ သတ္တ၊ သဒ္ဒ၊ ပန္န၊ သိပ္ပ၊ သဗ္ဗ၊ ဓမ္မ စသဖြင့်ပေါ့။
၂။ အမ အမချင်း ထပ်ရေးလေ့ မရှိဘူး။
ဥပမာ ။ ခ္ခ၊ ဃ္ဃ၊ ဆ္ဆ၊ ထ္ထ၊ ဓ္ဓ၊ ဖ္ဖ၊ ဘ္ဘ စသဖြင့် ရေးလို့ မရပါဘူး။
၃။ အဖိုနဲ့ အမ ထပ်လို့ ရတယ်။ ဒါပေမယ့် အဖိုက အပေါ်က၊ အမက အောက်က နေရမယ်။
ဥပမာ ။ ယက္ခ၊ အဂ္ဃ၊ အစ္ဆ၊ အဇ္ဈ၊ အတ္ထ၊ ဗုဒ္ဓ၊ ပုပ္ဖ၊ လဗ္ဘတိ စသဖြင့် ရေးလို့ရတယ်။
၎။ ကျန်တဲ့ ဗျည်း (၈) လုံး အတွက်က အ၀ဂ္ဂေါ၊ နပုံသကော တဲ့။ အဓိပ္ပါယ်က အုပ်စုမဟုတ်တဲ့ ဗျည်း (၈) လုံးက အဖိုလည်းမဟုတ်၊ အမလည်းမဟုတ်တဲ့ နပုံဗျည်းများ ဖြစ်တယ်တဲ့။ အခြောက်ဗျည်းပေါ့ဗျာ။ ဒါကြောင့် သူတို့က ဆင့်ချင်သလို ဆင့်လို့ ရသတဲ့။
ဥပမာ ။ ဗြဟ္မာ နဲ့ ဂိမှာနံ ( ဂိမှာနံ မှာပါတဲ့ `မှ´ ရဲ့ မူလ စာရေးပုံက မ နဲ့ ဟ ကို အထက်အောက် ဆင့်ထားလို့ `မှ´ ဆိုတဲ့ စကားလုံး ရတာပါ။ ဒါကြောင့် `-ှ´ ကို ဟထိုးလို့ မြန်မာလို အသံထွက်ပါတယ်။ အလျင်းသင့်ရင် ပင့်ရစ်စွဲထိုး အကြောင်း ပြောပြချင်ပါသေးတယ်။)
၅။ ယ၊ လ၊ သ၊ ဠ ဆိုတဲ့ အ၀ဂ်ဗျည်းတွေက သူ့ ဖာသာသူ ပြန်ထပ်ရလို့ အဖိုဗျည်းလို့လည်း ထည့်တွက်ကြပါသေးတယ်။
ဥပမာ ။ ပေယျာလ၊ ဒုလ္လဘ၊ နမောတဿ၊ ၀ိရုဠက (ဇော်ဂျီတွင် ဠကြီး နှစ်လုံးဆင့် မရှိ၍)။
* ယျာ ရဲ့ မူလ ရေးသားပုံက `ယ´ အက္ခရာ နှစ်လုံးဆင့် ထားတာပါ။ ဒါကြောင့် `-ျ´ ကို ယပင့်လို့ အသံထွက်ပါတယ်။
* ဿ က `သ´ အက္ခရာ နှစ်လုံးဆင့် ထားတယ်လို့ လူအများ သိပြီး ဖြစ်ပါလိမ့်မယ်။
၆။ ရ၊ ၀၊ ဟ၊ အ ဆိုတဲ့ အ၀ဂ်ဗျည်းတွေကတော့ အချင်းချင်း ပြန်ထပ်တာ မတွေ့ရတော့ သူတို့ကို အမ စာရင်းထဲ ထည့်တွက်ကြတယ်လေ။

ဒါဆို ဗျည်း (၃၃) လုံးမှာ အဖိုဗျည်း (၁၉) လုံး နဲ့ အမဗျည်း (၁၄) လုံး ရှိတယ်လို့ ယူဆလို့လည်း ရပါတယ်။

ကျနော် အခု ရေးထားတာကို အချို့လည်း စိတ်ဝင်စားလိမ့်မယ်။ အချို့လည်း စိတ်မ၀င်စားလောက်ဘူး။ ဒီပို့စ်ကို တင်ရတဲ့ ကျနော်ရဲ့ အဓိက ရည်ရွယ်ချက် နှစ်ခုရှိပါတယ်။ နံပါတ်တစ်က မြန်မာစာကို စိတ်ဝင်စားတဲ့လူ လေ့လာမှတ်သားလို့ ရအောင်ပါ။ ဒုတိယက ဒီဥပဒေသတွေ လူသိနည်းလာပြီး မှတ်တမ်းအနေနဲ့ မပျောက်မပျက်အောင် တစ်ဖက်တစ်လမ်းက ကူညီပြီး မှတ်တမ်းတင်ပေးတဲ့ သဘောပါ။
အကျိုးရှိမယ်လို့ ယုံကြည်မိပါတယ်။

ဘ၀မှ သင်ခန်းစာ ယူခြင်း

အလှောင်အပြောင်နဲ့ နေခဲ့ရတဲ့ ကလေးဟာ
ကြောက်ရွံ့ခြင်းကို တတ်မြောက်တယ်။
အပြစ်တင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာ
မဟုတ်တာလုပ်ဖို့ တတ်မြောက်တယ်။
ယုံကြည်မှု ကင်းမဲ့စွာနဲ့ နေခဲ့ရတဲ့ ကလေးဟာ
မမှန်တာလုပ်ဖို့ တတ်မြောက်တယ်။
အစော်ကားခံ ဘ၀နဲ့ နေခဲ့ရတဲ့ ကလေးဟာ
ရိုင်းပြခြင်းကို တတ်မြောက်တယ်။
မေတ္တာနဲ့ နေခဲ့ရတဲ့ ကလေးဟာ
ချစ်ဖို့ရာ တတ်မြောက်တယ်။
အားပေးသူတွေနဲ့ နေခဲ့ရတဲ့ ကလေးဟာ
ယုံကြည်မှုတွေ ထားတတ်လာတယ်။
အမှန်တရားနဲ့ နေခဲ့ရတဲ့ ကလေးဟာ
တရားမျှတခြင်းတွေ တတ်မြောက်လာတယ်။
ချီးမွမ်းခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာ
တန်ဖိုးထား တတ်လာတယ်။
မျှဝေခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာ
ညှာတာခြင်းတွေ တတ်မြောက်လာတယ်။
သုတပညာနဲ့ နေခဲ့ရတဲ့ ကလေးဟာ
ဉာဏ်ပညာတွေ ရှိလာတယ်။
သည်းခံခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာ
စောင့်ဆိုင်းနိုင်ခြင်းကို တတ်မြောက်လာတယ်။
ပျော်ရွှင်ခြင်းနဲ့ နေခဲ့ရတဲ့ ကလေးဟာ
အချစ်နဲ့ အလှကို ဖွေရှာ တွေ့မှာ ဖြစ်တယ်။

Lesson From Life

A child that lives with ridicule, learns to be timid.
A child that lives with criticism, learns to be condemn.
A child that lives with distrust, learns to be deceitful.
A child that lives with antagonism, learns to be hostile.
A child that lives with affection, learns to love.
A child that lives with encouragement, learns confidence.
A child that lives with truth, learns justice.
A child that lives with praise, learns to be appreciate.
A child that lives with sharing, learns to be considerate.
A child that lives with knowledge, learns wisdom.
A child that lives with patience, learns to be tolerant.
A child that lives with happiness, will find loves and beauty.

By Ronald Russell

Fashion Image Magazine ( August 2002) မှ ကူးယူ ဖော်ပြသည်။

အကိုကြီး အယ်ဗင် ညွှန်ပေးလို့ အပေါ်က ကဗျာနဲ့ ဆင်တူ ကဗျာလေး ထပ်ပြီး သိခွင့်ရခဲ့ပါတယ်။ ဒါကြောင့် အားလုံးခံစားနိုင်အောင် ထပ်တင်ပေးလိုက်ပါတယ်။ အကိုကြီးရေ ကျေးဇူးပါဗျာ။

Children Learn What They Live (1998)

If children live with criticism, they learn to condemn.
If children live with hostility, they learn to fight.
If children live with fear, they learn to be apprehensive.
If children live with pity, they learn to feel sorry for themselves.
If children live with ridicule, they learn to feel shy.
If children live with jealousy, they learn to feel envy.
If children live with shame, they learn to feel guilty.
If children live with encouragement, they learn confidence.
If children live with tolerance, they learn patience.
If children live with praise, they learn appreciation.
If children live with acceptance, they learn to love.
If children live with approval, they learn to like themselves.
If children live with recognition, they learn it is good to have a goal.
If children live with sharing, they learn generosity.
If children live with honesty, they learn truthfulness.
If children live with fairness, they learn justice.
If children live with kindness and consideration, they learn respect.
If children live with security, they learn to have faith in themselves and in those about them.
If children live with friendliness, they learn the world is a nice place in which to live.

by Dorothy Law Nolte (1924 – 2005)

မေတ္တာဟူသည် …


မူကြိုကျောင်းတစ်ကျောင်းမှာရှိတဲ့ ဆရာမတစ်ယောက်ဟာ သူ့အတန်းထဲက ကလေးတွေနဲ့ ဂိမ်းတစ်ခုဆော့ဖို့ စီစဉ်ခဲ့တယ်။ အတန်းထဲမှာရှိတဲ့ ကလေးတိုင်းဟာ ကျောင်းကိုလာတိုင်း အာလူးထည့်ထားတဲ့ အိတ်တစ်လုံးစီ ယူလာရမယ်လို့ ဆရာမကပြောတယ်။ အာလူးတစ်လုံးစီမှာ သူတို့သိပ်မုန်းတယ်ဆိုတဲ့လူရဲ့ နာမည်ကိုရေးရမယ်။ ဒါကြောင့် သူတို့တစ်ယောက်စီရဲ့အိတ်မှာပါမယ့် အာလူးအရေအတွက်ဟာ သူတို့ လူဘယ်နှယ်ယောက်လောက်မုန်းသလဲ ဆိုတာပေါ်မှာ မူတည်နေတယ်။

နောက်နေ့မှာ ကလေးတိုင်းဟာ နာမည်ရေးထားတဲ့ အားလူးတွေ ကိုယ်စီသယ်လာကြတယ်။ တချို့က(၂)လုံး၊ တချို့ကျ (၃)လုံး၊ (၅)လုံးထိယူလာတဲ့လူတောင် ရှိတယ်။ ဆရာမက အဲဒီအာလူးအိတ်ကို သူတို့ ဘယ်သွားသွား ကိုယ်နဲ့မကွာ ယူသွားရမယ်လို့ မှာတယ်။ အိမ်သာတက်ရင်လည်း မချန်ခဲ့ရဘူး။ တစ်ပတ်တိတိလုပ်ရမယ်တဲ့။

ရက်အနည်းငယ်ကြာတော့ ကလေးတချို့က စပြီး စောဒကတက်လာတယ်။ အာလုံးအပုတ်တွေကနေ အနံ့ထွက်လာပြီကိုး။ တချို့ကျ အာလူး (၅)လုံးတောင်သယ်ရတာဆိုတော့ လေးလံနေကြတာပေါ့။ တစ်ပတ်ပြည့်တော့ ဂိမ်းကပြီးပြီလေ။ ဒါကြောင့် ကလေးတွေလည်း စိတ်လက်ပေါ့ပါးသွားတာပေါ့။

ပြီးခဲ့တဲ့ တစ်ပတ်လုံးလုံး အာလူးအိတ်ကြီး သယ်ပြီးလျှောက်သွားနေတာ ဘယ်လိုခံစားရလဲ လို့ ဆရာမကမေးတော့ သူတို့ရဲ့ စိတ်ပျက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ပြောပြကြတယ်။ ဘယ်ကိုပဲသွားသွား အဲဒီ လေးလည်းလေး နံလည်းနံတဲ့ အားလူးအိတ်ကြီးကို ဘယ်သူက သယ်သွားချင်ကြမှာတုန်း။
ဒီတော့ ဆရာမက ဒီဂိမ်း ကစားရခြင်းရဲ့ ရည်ရွယ်ချက်ကို ရှင်းပြတယ်။ အခုမင်းတို့ ခံစားခဲ့ရတဲ့ အခြေအနေဟာ ဘာနဲ့တူသလဲဆိုတော့ လူတစ်ယောက်ပေါ်မှာထားတဲ့ အာဃာတ အမုန်းတွေကို သားတို့ရဲ့ နှလုံးသားထဲမှာထည့်ပြီး လျှောက်သွားနေတာနဲ့ တူတယ်။ အကယ်၍ အဲဒီ အာလူးပုတ်ရဲ့ အနံ့အသက်ကို တစ်ပတ်လေးတောင်မှ မခံနိုင်ဘူးဆိုရင် သားတို့ စဉ်းစားကြည့်စမ်း။ အမုန်းအာဃာတတွေကို မင်းတို့ရဲ့ နှလုံးသားထဲမှာ ဘ၀တလျှောက်လုံး သယ်သွားမယ်ဆိုရင် ဘယ်လိုနေမလဲ။

လူတွေအပေါ်မှာထားတဲ့ အမုန်းတွေကို လွှင့်ပစ်လိုက်ပါ။ ဘ၀တလျှောက်လုံး အဲဒီ ဒုက္ခကို သယ်မသွားပါနဲ့။ ခွင့်လွတ်ခြင်းဆိုတာ အမြင့်မြတ်ဆုံး စိတ်ဓါတ်ပါ။ မင်း မကြိုက်ဘူးဆိုတဲ့လူကိုတောင် မေတ္တာထားပါ။

မေတ္တာစစ် မေတ္တာမှန်ဆိုတာ ပြီးပြည့်စုံတဲ့လူကို ချစ်တာမဟုတ်ပါဘူး။ မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ ချစ်တာပါ။

အနာမျိုး (၉၆) ပါး

  1. မျက်စိအနာ
  2. နှာခေါင်း အတွင်းနာ
  3. နှာခေါင်းအနာ – ထိပ်ကပ်နှာရည်ယိုအနာ
  4. လျှာအနာ
  5. ကိုယ်အနာ – လက်သေသော အနာ၊ ခြေသေသောအနာ၊ ကိုယ်တခြမ်းသေသော အနာ၊ ထုံနာ၊ ကျင်နာ၊ ဖက်သကပ်အနာ၊ တက်သချာအနာ၊ ဘိန်းပြဲ ကိုယ်ရောင်အနာ၊ သွေးသာခ လေသာခအနာ၊ အရေကွဲပတ်သောအနာ၊ ပါဒရက် ခြေပူနာ၊ ခြေအေးနာ၊ ဤအနာကို ကာယရောဂါပုဒ်၌ သွင်း၍ တပါးတည်းသာ ရေတွက်ရာ၏။
  6. ဦးခေါင်းအနာ
  7. နားရွက်အနာ
  8. ခံတွင်းအနာ
  9. သွားအနာ
  10. ချောင်းဆိုးအနာ
  11. ရှူနာပန်းနာ
  12. နှာခေါင်း ဖွတ်သိုအနာ
  13. ဍာဟော ဟူသော ပုဒ်၏အရ၌ ကိုယ်လုံးပူသော အနာ၊ ရင်ပူရင်ကြပ်ရင်ပြည့် အနာ
  14. အပူဝင်အနာ ဟူ၍ (၂) ပါး ယူအပ်၏
  15. ဇရော ဟူသော ပုဒ်၏အရ၌ ပြတက်ဖျားအနာ
  16. ဒွေးဝန်းဖျားအနာ
  17. အဘိညာဏ်ဖျားအနာ
  18. မန်းဖျားအနာ
  19. ငန်းဖျားအနာ
  20. သန္နိပါတ်ဖျားအနာ ဟူ၍ (၆)ပါး ယူအပ်၏
  21. ၀မ်း၌ လေထိုးကျင်သောအနာ (တနည်း) အသည်းကြီး၊ အဆုတ်ကြီး၊ သရက်ရွက်ကြီး၊ အသည်းလန်၊ အဆုတ်လန်၊ သရက်ရွက်လန် ကာလနာ
  22. တမှိုင်မှိုင် တဝေေ၀ မိန်းမောသော အနာ
  23. ပက္ခန္ဒိက ဟူသောပုဒ်အရ ၀မ်းသွေးသွန်သောအနာ
  24. ၀မ်းသွေးစစ် ပိတ်ကိုက်သော အနာဟူ၍ (၂)ပါး ယူရ၏
  25. သူလာ ဟူသောပုဒ်အရ မျက်စိတံကျင်အနာ
  26. နားတံကျင်အနာ
  27. နှာခေါင်းတံကျင်အနာ
  28. သွားတံကျင်အနာ
  29. ဦးခေါင်းတံကျင်အနာ
  30. လည်ဂုတ်တံကျင်အနာ
  31. လက်ဖြန်ရိုးတံကျင်အနာ
  32. ကျောဆစ်ရိုးတံကျင်အနာ
  33. ခါးတံကျင်အနာ
  34. ရင်တံကျင်အနာ
  35. နံဘေးနံဒေါင်တံကျင်အနာ
  36. ဆီးစပ်ပေါင်ချန်တံကျင်အနာ
  37. ပုဆစ်တံကျင်အနာ
  38. မြင်းခေါင်းတံကျင်အနာ
  39. လက်မောင်းတံကျင်အနာ
  40. ဖ၀ါးတံကျင်အနာ ဟူ၍ (၁၆)ပါး ယူအပ်၏
  41. အပ်ဖြင့် ထိုးဆွသကဲ့သို့ ကိုက်ခဲသောအနာ
  42. ကုဋ္ဌံ ဟူသောပုဒ်အရ နူနီအနာ
  43. နူနက်အနာ
  44. နူဖြူအနာ
  45. သမင်ယက်အနာ ဟူ၍ (၄)ပါး ယူအပ်၏
  46. နွားနို့ကဲ့သို့ အထွတ်အထွတ် ပေါက်သောအနာ
  47. ကိလေသာ ဟူသောပုဒ်အရ ပဒုမ္မာကြာရွက်ကဲ့သို့ အကွက်နာ
  48. တင်းတိတ်အနာ
  49. ညှင်းအနာ ဟူ၍ (၃)ပါး ယူအပ်၏
  50. သောသော ဟူသောပုဒ်အရ ဆေးကု၍ မလွတ်နိုင်သော ဇာတိဖြစ်သော ကုတ်တီးအနာ
  51. သာနာယုတ်အနာ ဟူ၍ (၂)ပါး ယူအပ်၏
  52. အပမာရော ဟူသောပုဒ်အရ သည်းခြေပျက်၍ ရူးသောအနာ
  53. ဘီလူးဖမ်း၍ ရူးသောအနာ
  54. နတ်ဖမ်း၍ ရူးသောအနာ
  55. ၀က်ရူးအနာ
  56. ကြက်ရူးအနာ
  57. မိဘ၊ ဆွေမျိုး၊ သားသမီး၊ လင်မယား ဥစ္စာပျက် သောကအားကြီး၍ ရူးသောအနာ
  58. ပွေးအနာ
  59. ယားနာကြီးအနာ
  60. ၀ဲကြီးအနာ
  61. နခသာ ဟူသောပုဒ်အရ လက်သည်းခြေသည်းခြစ်မိ၍ ဖြစ်သောအနာ
  62. ခြေသည်းလက်သည်း ပုပ်သောအနာ ဟူ၍ (၂)ပါး ယူအပ်၏
  63. ၀ိတစ္ဆိကာ ဟူသောပုဒ်အရ မီးလောင်မာကဲ့သို့ အဖူးအဖူး ပေါက်သောအနာ
  64. အနာမီး အနာလျှံ
  65. တိမ်တက်အနာ ဟူ၍ (၃)ပါးယူအပ်၏
  66. လောဟိတံ ဟူသောပုဒ်အရ ခံတွင်းမှ သွေးအန်သောအနာ
  67. နှာခေါင်းမှ သွေးယိုသောအနာ ဟူ၍ (၂)ပါး ယူအပ်၏
  68. သည်းခြေဖျားအနာ
  69. မဓုမေဟော ဟူသောပုဒ်အရ သွေးဒူလာသရောအနာ
  70. လေဒူလာသရောအနာ
  71. ယောက်ျားကိုယ် အခါခပ်သိမ်း ခိုင်မာ၍နေသော ပတ္တဒူလာသရောအနာ
  72. သုက်ပြေးဒူလာသရောအနာ
  73. မုတ်သဒူလာသရောအနာ
  74. ပိတ္တဒူလာသရောအနာ
  75. ဗရင်ဂျီဒူလာသရောအနာ
  76. ဘင်ထွက်ဒူလာသရောအနာ ဟူ၍ (၈)ပါး ယူအပ်၏
  77. အံသာ ဟူသောပုဒ်အရ အဖူးအဖူးပေါက်သော ကျောက်အနာ
  78. ၀က်သက်အနာ
  79. ပဲသီတာအနာ ဟူ၍ (၃)ပါး ယူအပ်၏
  80. ပီဠကာ ဟူသောပုဒ်အရ ဆတ်ဆံရှိသော ထွတ်မြင်းအနာ
  81. ၀က်ခြံအနာ ဟူ၍ (၂)ပါး ယူအပ်၏
  82. ဘဂဏ္ဍလာ ဟူသောပုဒ်အရ သွေးမြင်းသရိုက်အနာ
  83. လေမြင်းသရိုက်အနာ
  84. သည်းခြေမြင်းသရိုက်အနာ
  85. သလိပ်မြင်းသရိုက်အနာ
  86. မျက်စိမြင်းသရိုက်အနာ
  87. နားမြင်းသရိုက်အနာ
  88. နှာခေါင်းမြင်းသရိုက်အနာ
  89. ရေစည်းကမ်းပြိုဟု ဆိုအပ်သော သွားမြင်းသရိုက်အနာ
  90. ကျင်ငယ်ချောင်းမြင်းသရိုက်နာ ဟူ၍ (၉)ပါး ယူအပ်၏။ (သည်းခြေကြောင့်ဖြစ်သော အနာ၊ သလိပ်ကြောင့်ဖြစ်သောအနာ၊ လေကြောင့်ဖြစ်သောအနာ၊ သန္နိပါတ်ဖြစ်သော အနာ၊ သီတ ဥဏှ ဥတုကြောင့် ဖောက်ပြန်၍ဖြစ်သောအနာ၊ မလျောက်ပတ်သော ဘောဇဉ်ကြောင့်ဖြစ်သောအနာ၊ ဤ (၆)ပါးသောအနာတို့က အသီးအခြား မရေတွက်ရပြီ၊ ဆိုအပ်ခဲ့ပြီးသောအနာ၊ ဆိုလတ္တံ့အနာတို့၌ လျော်စွာသွင်း၍ ရေတွက်အပ်ကုန်၏)
  91. သြပက္ကမိကာ အာဗာဓာ ဟူသောပုဒ်အရ စုန်းဖမ်း၊ နတ်ဖမ်း၊ ဘီလူးဖမ်း၊ ဖုတ်ဖမ်း၊ မြေဖမ်း၊ မြေဘီလူးဖမ်း၊ အင်းထား၊ အိုင်ထား၊ ဆေးဝါးမန္တရား၊ ယတြာယာယီ၊ ကျား၊ သစ်၊ ဆင်၊ မြင်း၊ မြွေ၊ ကင်း၊ သန်း၊ ရန်သူ အစရှိသော ဤအလုံးစုံသော သတ္တ၀ါတို့၏ လုံ့လပယောဂဖြစ်သော အနာတို့ကို ယူအပ်ကုန်၏။ (ကံကြောင့်ဖြစ်သော အနာတို့ကိုလည်း အသီးအခြား မရေတွက်ရပြီ၊ ဆိုအပ်ခဲ့ပြီးသော အနာတို့၌ လျော်စွာသွင်း၍ ရေတွက်အပ်ကုန်၏၊ ကံကြောင့်ဖြစ်သော အနာမှာ ဆေးမရှိ ဆေးကု၍မပျောက်။)
  92. အချမ်းနှိပ်စက်သော အနာ၊ အပူနှိပ်စက်သောအနာ
  93. ထမင်းငတ်သောအနာ၊ ရေငတ်သောအနာ
  94. ကျင်ကြီးနှိပ်စက်သောအနာ
  95. စမြင်းခံ၍ ကျင်ကြီးမသွားသောအနာ
  96. ကျင်ငယ်နှိပ်စက်သောအနာ၊ ကျင်ငယ်အောင့်၍ မသွားသောအနာ

သွင်းယူပုံ။ ။ အော့နာဝမ်းကျနာ။ ကြို့ကြီးထိုးနာ တို့သည် လေငန်းအနာပင်ဖြစ်သည်။ ထို့ကြောင့် ငန်းအနာမျိုးတို့၌ သွင်း၍ရေတွက်အပ်ကုန်၏။ တောင်အူနာဟုခေါ်သော အနာကိုလည်း ခွေးဗရင်ဂျီအနာဟူ၍ ဆေးဆရာကြီးတို့ ဆိုကုန်၏။ ထို့ကြောင့် ဒူလာသရောအနာမျိုး၌ သွင်း၍ရေတွက်အပ်ကုန်၏။ ပဋိသန္ဓေဆံသောအနာကို လေနာမျိုး၌သွင်း၍ ရေတွက်အပ်၏။ မီးယပ်အနာကို သွေးနာ၊ လေနာ၌ သွင်း၍ရေတွက်အပ်၏။ သက်တန့်အနာကို တံကျင်အနာမျိုး၌ သွင်း၍ရေတွက်အပ်၏။ အသမာအနာ၊ ဆင်ခူလယ်ဖြတ်အနာ၊ ဆုံဆို့အနာ၊ ၀က်ခြံစွယ်ဖြူအနာ၊ ယုန်အမာအနာ၊ ဦးခေါင်း၌ခူအနာ၊ နှင်းခူကြီးအနာ၊ အနာ့ပဆုပ်၊ သွေးစုအနာ၊ အသားပွတ်အနာ၊ အရေကွဲပက်သောအနာ ဤသို့အစရှိသော အနာတို့ကို သွေး၊ လေ၊ သည်းခြေ၊ သလိပ်တို့ကြောင့်ဖြစ်သော အနာမျိုး၌ သွင်း၍ရေတွက်အပ်ကုန်၏။ ပါးရွဲ့သောအနာ၊ နှုတ်ခမ်းရွဲ့သောအနာ၊ မျက်စိပြဲသောအနာ၊ ဆွံ့သောအနာ ဤအနာတို့ကို လေသာခအနာ၌ သွင်း၍ရေတွက်ကုန်၏။

စလင်းကြီးဆရာတော် ပရိတ်ကြီးနိဿယ မှကောက်နှုတ်တင်ပြသည်။

အထီးကျန်ခြင်းအကြောင်းများ

  • လူလူချင်း ဆက်ဆံရေးမှာ ပွင့်လင်းမှု ရိုးသားမှု မရှိရင် အထီးကျန်ဖြစ်တယ်။
  • ဟန်လုပ်တာ များတဲ့သူဟာ အဖေါ်နည်းတဲ့သူ ဖြစ်မှာပဲ။
  • သူတပါးကို ပစ်ပယ်လေ့ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။
  • လူတွေကို မယုံကြည်တဲ့သူ၊ လူတွေကို သည်းမခံနိုင်တဲ့သူ ခွင့်မလွှတ်နိုင်တဲ့သူဟာလည်း အဖေါ်မဲ့တတ်တယ်။
  • သူများအကြောင်း မကောင်းပြောတတ်တဲ့သူဟာလည်း အဖေါ်မဲ့တယ်။
  • အပြစ်တင်တတ်တဲ့သူမှာ မိတ်ဆွေရှားတယ်။
  • မနာလိုစိတ်ရှိတဲ့သူဟာ အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။
  • ကိုယ့်ကိုယ်ကို အထင်သေးတဲ့သူ၊ သိမ်ငယ်စိတ်ရှိတဲ့သူလည်း အဖေါ်မဲ့ အထီးကျန်ဖြစ်မယ်။
  • သူတစ်ပါးကို ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း မပြောဆိုတတ်ဘူး၊ မဆက်ဆံတတ်ဘူး၊ မယုံကြည်ဘူး၊ စိတ်မချဘူးဆိုရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။
  • မာနသိပ်ကြီးသွားရင် ကိုယ့်မှာ အဖေါ်မရှိတော့ဘူး။
  • လူမသိအောင် ဖုံးရတာတွေ များရင်လည်း အဖေါ်မဲ့ အထီးကျန်ဖြစ်တယ်။
  • ဒေါသကြီးတဲ့သူလည်း အဖေါ်မဲ့နေတတ်တယ်။
  • ဂုဏ်တုဂုဏ်ပြိုင်စိတ်ကြောင့်၊ မနာလိုစိတ်ကြောင့် အဖေါ်မဲ့သွားတယ်။
  • ငါက အောက်ကျနောက်ကျ ဖြစ်နေတယ်ဆိုတဲ့ ခံစားချက်ကြောင့် အဖေါ်မဲ့သလို ခံစားရသလို၊ ငါက အထက်တန်းစားပါဆိုတဲ့ စိတ်ဝင်နေရင်လည်း အဖေါ်မဲ့နေဦးမှာပါပဲ။

  • အဖေါ်ကောင်း မိတ်ဆွေကောင်း လိုချင်ရင် ကိုယ်ကိုယ်တိုင်ကပဲ အဖေါ်ကောင်း မိတ်ဆွေကောင်း ဖြစ်အောင်နေလိုက်ပါ။
  • ချစ်တတ် ကိုယ်ချင်းစာတတ်တဲ့သူဟာ အဖေါ်မဲ့ အထီးကျန် ခံစားမှု ဖြစ်တာနည်းတယ်။
  • အထီးကျန်မဖြစ်ချင်ရင် ဘာလုပ်ရမလဲဆိုတော့ ကိုယ့်ကိုယ်ကို ချစ်ပါ၊ ကိုယ့်အလုပ်ကိုကိုယ် စိတ်ဝင်စားပါ၊ လူတွေကို တန်းတူရည်တူ ဆက်ဆံပါ၊ လူတွေကို စိတ်ဝင်စားပါ၊ လူတွေကို မေတ္တာပေးပါ၊ နားလည်မှုပေးပါ၊ သူ့အလိုအလျောက်ပေးလာတဲ့ ချစ်ခင်မှုကို တန်ဖိုးထားပါ။

တစိမ့်စိမ့်တွေးမယ် – ဆရာတော်ဦးဇောတိက (မဟာမြိုင်တောရ) မှ ကောက်နှုတ်တင်ပြသည်။