ခွက် ခွက် ခွက်ဋီကာ

ငယ်ငယ်က သမိန်ပေါသွပ်တို့လို ကာတွန်းတွေ ဖတ်ရင် ခွက် ခွက် စာလုံးကို မြင်တာနဲ့ တစ်ဦးက တစ်ဦးကို ထိုးနေပြီလို့ လူတိုင်း သိကြတယ်။ ခွက် ဆိုတဲ့ မြည်သံက မျက်နှာကို လက်သီးလို့ ထိုးလိုက်ရင် မျက်နှာပြင်နဲ့ လက်သီးနဲ့ ထိလို့ မြည်တဲ့အသံကို ကိုးစားပြုခဲ့တယ်။ တုတ်နဲ့ ရိုက်ရင်လည်း ဒီအတိုင်းပေါ့။ ခွက် ဆိုတာနဲ့ တုတ်နဲ့ ဆော်ပလော်တီးခံလိုက်ရပြီလို့ နားလည်သွားကြတယ်။ ခွက် ဆိုတာ တခြားဘာအဓိပ္ပါယ်မှ မရောရှက်တဲ့ မြည်သံပေါ့။ နောက်ထပ် တစ်ခု။ ခွက် ဆိုတဲ့ စကားလုံးကို လူတွေ ရင်းရင်းနှီးနှီး ရှိခဲ့ကြတယ်။ အရည်တစ်မျိုးမျိုး၊ အဖတ်တစ်မျိုးမျိုးကို ထည့်စရာ။ အိုးခွက်ပန်းကန်ပန်းကန်ခွက်ယောက် ရေခွက် စသဖြင့်ပေါ့။ လွယ်လွယ်ပြောရရင်တော့ ထည့်စရာပစ္စည်း။ ရွှေနဲ့ လုပ်ထားတော့ ရွှေခွက်၊ ကြေးနဲ့လုပ်ထားတော့ ကြေးခွက်၊ ကြွေနဲ့ လုပ်ထားတော့ ကြွေခွက်၊ အုန်းမှုတ်နဲ့ လုပ်တော့ အုန်းမှုတ်ခွက်၊ ရေထည့်သုံးတော့ ရေခွက်၊ အစာထည့်တော့ စားခွက်၊ စသည် စသည်။ ထည့်စရာကို ဘာကြောင့် ခွက်လို့ ခေါ်သလဲ ကောက်ချက်မချခင် ခွက်ရဲ့ မူလအဓိပ္ပါယ်ကို ကြည့်ကြည့်ရအောင်။ မြန်မာအဘိဓာန် စာမျက်နှာ (၇၁) မှာ ခွက် – နဝိ၊ မျက်နှာပြင် ချိုင့်ဝှမ်းသော။ န – ၁၊ ချိုင့်ဝှမ်းသောနေရာ။ ဒါကို ကြည့်ခြင်းအားဖြင့် ခွက် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်မှာ ချိုင့်တယ် ဆိုတဲ့ အနက် ပါနေတယ်။ ဒါကြောင့် ချိုင့်ဝှမ်းနေသော ထည့်စရာကိုလည်း ခွက် လို့ ခေါ်ရသတဲ့။

ခွက်ပုန်းချသည်၊ ခွက်ပုန်းသောက်သည် ဆိုတဲ့ ဝေါဟာရက အများမသိအောင် ခိုးလုပ်တဲ့ သဘော။ အရက်သမား ဝေါဟာရက ဆင်းသက်လာတာပေါ့။ ကိုယ်အရက်သောက်တာ သူများ မသိစေချင်တော့ ရေနွေးခရားအိုးထဲ ရေနွေးကြမ်း မထည့်ဘဲ အရက်ထည့်ထားတယ်။ အများရှေ့မှာတော့ ရေနွေးအိုး ငှဲ့ပြီး အိန္ဒြေရရ သောက်နေတာပေါ့။ အများက ရေနွေးကြမ်းလို့ ထင်တယ်။ တကယ်သောက်နေတာက အရက်။ အဲဒီလို လုပ်ရပ်ကို ခွက်ပုန်းချတယ်၊ ခွက်ပုန်းသောက်တယ် လို့ ခေါ်တယ်။ နောက်ပိုင်းတော့ သူများမသိအောင် ခိုးလုပ်ရင်ပဲ ခွက်ပုန်းချတယ်၊ ခွက်ပုန်းသမား၊ အဲ့သလို သုံးလာကြတော့တယ်။

ခွက်စောင်းခုတ်တယ် ဆိုတာကျတော့ ဘာခွက်လဲ စဉ်းစားကြည့်မိတယ်။ အတူတူနဲ့ အနူနူ၊ ဘဝတူချင်းကို ပြဿနာလာရှာတယ် ဆိုတဲ့ အနက်မျိုး။ ဒါက သူတောင်းစား ဝေါဟာရ။ သူတောင်းစားအချင်းချင်း လုရာကနေ ပြဿနာတက်တော့ တစ်ယောက်နဲ့တစ်ယောက် ပြန်ချစရာ လက်နက်က ကိုယ်တောင်းစားနေရတဲ့ ခွက်ပဲ ရှိတာကိုး။ ဒီတော့ သူတို့ချင်း သူတို့ ရန်ဖြစ်ရင် ခွက်စောင်းနဲ့ ခုတ်ကြတယ်၊ ခေါက်ကြတယ်။ ဒါကြောင့် ခွက်စောင်းခုတ်တယ် ဆိုတာက သူတောင်းစားအချင်းချင်း ရန်ဖြစ်တာကို ခေါ်တာပါ။ နောက်ပိုင်းတော့ အကျင့်မကောင်းတဲ့ သူအချင်းချင်း ရန်ဖြစ်ရင် ပြဿနာတက်ရင် ခွက်စောင်းခုတ်တယ်လို့ သုံးလာကြတော့တယ်။ အဆင့်မရှိတဲ့သူ နိမ့်ကျတဲ့သူ သီလမရှိတဲ့သူ အချင်းချင်း ရန်ဖြစ်မှ သုံးနှုန်းတာပါ။ ဒီထက် ရင့်ရင့်သီးသီး ပြောချင်ရင်တော့ စားမာန်ခုတ်တယ်၊ စားခွက်လုတယ် စသဖြင့် ခွေးနဲ့ နှိုင်းပြောကြတယ်။ နောက်နောက်ပိုင်းတော့ သူတောင်းစားလို့ ဆဲချင်ရင် ခွက်ခုတ် လို့ ဆဲလာကြတယ်။ ဆံပင်တွေ ဖိုသီဖတ်သီ ကိုးယိုးကားယားနဲ့ ဆိုရင် ခွက်ခုတ်ကေလို့ သုံးကြတယ်။ သူတောင်းစားကေ ပေါ့။

ခွက်နေတဲ့အရာ ချိုင့်နေတဲ့အရာ မဟုတ်ပေမယ့် ခွက်နဲ့ သဏ္ဌာန်တူလို့ ခွက်နဲ့ ယှဉ်တွဲ သုံးတာလည်း ရှိသေးတယ်။ ဥပမာ ကြာခွက်။ ချိုင့်နေတာတော့ မဟုတ်ဘူး။ ကြာပွင့်ကနေ အသီးသီးလာတော့ ကြာသီးလို့ မခေါ်ဘဲ ခွက်နဲ့ တူတာကြောင့် ကြာခွက်လို့ သုံးတယ်။ နောက်တစ်ခုက အုတ်ခွက်ဘုရား။ ခွက်နဲ့ တူသလားဆိုတော့ မတူဘူး။ ထည့်လို့ရလောက်အောင် အလွန်ပဲ ချိုင့်နေသလား ဆိုတော့လည်း အဲ့သလောက်လည်း မချိုင့်ဘူး။ ဒါပေမယ့် ရွှံ့ကို ချိုင့်ခွက်အောင် လုပ်ပြီး ဘုရားပုံ ဖော်ထားလို့ အုတ်ခွက်ဘုရားလို့ သုံးနှုန်းပြန်တယ်။

ခွက်နဲ့စတဲ့ ကြိယာဝိသေသနတချို့ရဲ့ မူလအရင်းအမြစ်ကို အခုထိ နားလည်လို့ မရဘူး။ ဥပမာ ခွက်ခွက်လန်။ အများဆုံး သုံးတာကတော့ ခွက်ခွက်လန်ရှုံးတယ် လို့ သုံးကြတယ်။ ခွက်ခွက်လန်နိုင်တယ် ဆိုတဲ့ အသုံးတော့ မတွေ့ဖူးဘူး။ ခွက်ခွက်လန်မှားတယ်ပဲ ရှိတယ်၊ ခွက်ခွက်လန်မှန်တယ်လို့ မရှိဘူး။ ခွက်ခွက်လန် ဆိုတာ အလွန်အကွျံ နဲ့ အနက်အတူတူပဲ။ ဒါပေမယ့် ခွက်ခွက်လန်ကို မကောင်းတဲ့ဘက်မှာပဲ သုံးတာ တွေ့ရတယ်။ ခွက်ခွက်လန် ဆိုတဲ့ ဝေါဟာရမှာ ပါတဲ့ ခွက်ရဲ့ ဆိုလိုရင်းက ဘာဖြစ်မလဲ။ ကျနော် မသိတာ အမှန်ပဲ။ နောက်ထပ် မသိတဲ့ တစ်လုံးက ခွက်ထိုးခွက်လန်။ သူလည်းပဲ အဓိပ္ပါယ်က ခွက်ခွက်လန်နဲ့ မကွာလှဘူး။ အလွန်အမင်း၊ အလွန်အကွျံလို့ အနက်ရတယ်။ ဒါပေမယ့် ခွက်ထိုးခွက်လန် ရှုံးတယ်လို့ အသုံးမရှိဘူး။ ခွက်ထိုးခွက်လန် ရယ်တယ် လို့ပဲ သုံးကြတယ်။ ခွက်ထိုး နဲ့ ခွက်လန်၊ နှစ်လုံး ခွဲကြည့်ရင် ခွက်ဆိုတာ ရေခွက်လို ဟာမျိုးကို ဆိုမလား။ တစ်လုံးက ထိုးတယ်၊ ထိုးလိုက်တော့ လန်တယ်။ အားရပါးရ ရယ်တယ်ဆိုတဲ့ သဘောပဲ။ ခန္ဓာကိုယ်ကို ယိုင်ထိုးပြီး လဲကျမတက် ရယ်ရင် ခွက်ထိုးခွက်လန်ရယ်တယ် လို့ သုံးကြတယ်။ အဲ့ဒီမှာ ပါတဲ့ ခွက် ဆိုတာ ထည့်စရာကို ဆိုလိုသလား။ စဉ်းစားစရာပါပဲ။

ဒီနှစ်ပေါင်း ငါးဆယ်ကျော်လောက် အတွင်းမှာမှ ခေတ်စားလာတဲ့ ဝေါဟာရတစ်ခုက ခွက်ထိုးခွက်လန်တရား တဲ့။ ဘာဖြစ်မယ် ထင်လဲ။ ဘယ်သူ့ကိုမှ စော်ကားလိုစိတ်နဲ့ ရေးတာ မဟုတ်ပါဘူး။ သမိုင်းမှတ်တမ်းတစ်ခုအနေနဲ့ လူတွေ သုံးတဲ့ ဝေါဟာရကို စာရေးမှတ်သားတဲ့ သဘောပါ။ မြန်မာနိုင်ငံရဲ့ ဝိပဿနာ သမိုင်းမှာ အင်မတန်နှိုင်းယှဉ်ဖို့ခက်အောင် ကျော်ကြားခဲ့တဲ့ ဆရာတော်ကြီးတစ်ပါး။ အခုလက်ရှိအထိပဲ သူ့ရဲ့ နည်းနာနိဿယနဲ့ တစ်နိုင်ငံလုံးမက၊ တစ်ကမ္ဘာလုံးကို ဖြန့်ဖြူးနေတဲ့ ဝိပဿနာဆရာတော်ကြီးပါ။ အဲ့ဒီ ဆရာတော်ကြီးရဲ့ တရားကို မလိုသူတချို့က ခွက်ထိုးခွက်လန်တရား လို့ ကွယ်ရာမှာ ကင်ပွန်းတပ်ကြသတဲ့။ မြင်လောက်ပြီလားမသိ။ ဆရာတော်ကြီးရဲ့ တပည့်သားမြေးတွေက တရားဟောတဲ့အခါမှ ခွက်တွေကို အသုံးပြုလေ့ရှိကြတယ်။ တရားဟောပလ္လင်ရဲ့ ရှေ့မှာ ခွက်တွေ မှောက်ထားတယ်။ ခွက်တွေကို တစ်လုံးချင်းစီ လက်ညိုးထိုး (သို့) တုတ်နဲ့ ထိုး ပြပြီး ဒါကို ရုပ်လို့မှတ်၊ ဒါကို သညာလို့ မှတ်၊ စသဖြင့်ပေါ့။ နောက်ပြီး ခွက်ကလေး လှန်လှန်ပြပြီး ဒါက ဘာတဲ့ ဒါက ဘာတဲ့၊ စသဖြင့် ပြောတော့ မလိုသူတချို့က ဆရာတော်ကြီးရဲ့ တရားကို ခွက်ထိုးခွက်လန်တရားတဲ့။ မှတ်ကရော။ ဟုတ်တယ်ဗျ။ မိုးကုတ်တရားပါတဲ့။

ချိုင့်နေတဲ့အရာတွေကို ခွက်လို့ အသုံးပြုတာထက် မခွက်ဘဲ မချိုင့်ဘဲနဲ့ ခွက်နဲ့ တွဲသုံးတဲ့ ဝေါဟာရကလည်း ရှိသေးရဲ့။ မျက်ခွက် တဲ့။ ဟုတ်တယ်၊ မျက်နှာကို ခပ်ရင့်ရင့် ပြောတော့ မျက်ခွက်လို့ ပြောတယ်။ မျက်ခွက်ကိုက ရှစ်ခေါက်ချိုးနဲ့ …. စသဖြင့်ပေါ့။ ရင့်ရင့်သီးသီး ပြောတာ။ အဲ့ဒီမှာ ထူးဆန်းတာက မချိုင့်တဲ့အပြင် ခုံးတောင် နေသေး။ ဘာလို့လား ခွက်နဲ့ တွဲသုံးကြသလဲ နားမလည်ဘူး။ ရှိစေတော့။ နောက်ပိုင်းနောက်ပိုင်း လူတွေက စကားပြောတာ ရင့်သတဲ့ ရင့်လာတော့ မျက် ဆိုတဲ့ စာလုံးတောင် မပါတော့ဘူး။ အခွက်ကိုက အချိုးမပြေဘူး ဆိုတဲ့ အသုံးမျိုးတွေ။ မျက်ခွက်ကနေ “မျက်” ပြုတ်ပြီး ခွက်ပဲ ကျန်တယ်။ အခွက်လာမပြောင်နဲ့နော် ဆိုတဲ့ စကားရပ်မှာလည်း အခွက် ဆိုတာ မျက်နှာကို ကိုယ်စားပြုလာတယ်။ နောက်တော့ ပိုပြီး ရင့်ရင့်သီးသီးနဲ့ စောက် ပါ ထည့်သုံးလာတယ်။ စောက်ခွက် တဲ့။ ကျောက်ပေါက်ရာ မျက်နှာနဲ့ သူကို ကျောက်ပေါက်ခွက် စဖြင့် သုံးလာတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ ခွက် ဆိုတာ ထည့်စရာတင် မကတော့ဘဲ မျက်နှာ ကိုပါ ကိုယ်စားပြုလာတယ်။

လူငယ်တွေ သုံးနေကြတာ ရှိသေးတယ်။ ငါ့လာပြီး ခွက်မကျနဲ့ ဆိုတာလို။ ဒီမှာ ခွက်က ဘယ်က ဆင်းသက်လာမှန်း မသိပေမယ့် ခွက်မကျနဲ့ ဆိုတာက အချောင်မနှိုက်နဲ့။ ဖျံမကျနဲ့ ဆိုတဲ့ သဘောလို့ ယူဆတယ်။ နောက်ဆုံးအနေနဲ့ ဆွေးနွေးကြည့်ချင်တာက ဖဲခွက်စား (ပဲခွက်စား ?) ဆိုတဲ့ ဝေါဟာရပါ။ ရှေးခေတ်က အနုပညာသည်တွေကို ဖဲခွက်စား (ပဲခွက်စား ?) ဟု ခေါ်ကြတယ်။ ဟိုးရှေးရှေးက ပဒေသရာဇ်စနစ် လက်ထက်က အနုပညာသည် (အထူးသဖြင့် သဘင်ပညာသည်) တွေကို နှိမ်ခဲ့ကြတယ်။ တချို့ခေတ်တွေမှာ သူတောင်းစားသာသာ ဆက်ဆံကြတာလည်း ရှိတယ်။ အနုပညာကြေးကို သူတောင်းစားပေး ပေးခဲ့ကြတော့ ပဲစေ့ (ပိုက်ဆံ) တွေပဲ ပြည့်နေတဲ့ ခွက်နဲ့ လုပ်စား (နေထိုင်စားသောက်) ကြရလို့ ပဲခွက်စားလို့ ခေါ်ခဲ့ကြတာ ဖြစ်မယ်။ နာမည်ကျော် ရုပ်ရှင်ဇာတ်ကားကြီး ဖြစ်တဲ့ အတွေ့ ဆိုတဲ့ ဇာတ်ကားမှာ သဘင်သည်တွေကို လူတွေက အထင်သေးကြောင်း လှစ်ပြထားတယ်။ ဖဲခွက်စား ဆိုတဲ့ ဝေါဟာရထက် ပဲခွက်စား ဆိုတာကို ပိုသဘောကျမိတယ်။ ဒါပေမယ့် အခုချိန်ထိ ဘယ်စာလုံး မှန်သလဲ၊ အရင်းအမြစ်ကဘာလဲ၊ အထောက်အထား ရှာမတွေ့ပါဘူး။ ကျနော် ဖတ်မှတ်ရသလောက် မတွေ့သေးတာပါ။ ထူးအိမ်သင်ရဲ့ သီချင်းတစ်ပုဒ်ထဲမှာလည်း ပါပါတယ်။ ပဲခွက်စား အကြောင်း။

နိဂုံးချုပ် ပြောရရင် မြန်မာစာမှာ ခွက် ဆိုတာ ချိုင်းဝှမ်းသော ထည့်စရာ၊ မျက်နှာ (ဘန်း) ဆိုတဲ့ အဓိပ္ပါယ်တွေ အပြင် ကျနော် မပြောဘဲ ချန်ထားခဲ့တာက အလေးချိန်နဲ့ ပမာဏကို ပြတဲ့ အနက်လည်း ရှိပါသေးတယ်။ အလေးချိန်ကို ပြရင် တစ်ခွက် ဆိုတာ တစ်ပိဿာ နဲ့ ညီမျှပါတယ်။ ပမာဏနဲ့ ပြမယ်ဆိုရင်တော့ တစ်ခွက် ဆိုတာ ပြည်ဝက်၊ နို့ဆီဗူး (၄) လုံးနဲ့ ညီမျှပါတယ်။ နှစ်ခွက်ကို တစ်ပြည်ပေါ့။ ချိန်ဝန် (အလေးချိန်) နဲ့ ချင့်ဝန် (ပမာဏ) လို့ သုံးပါတယ်။ ခေတ်တွေ ပြောင်းလာတာနဲ့ အမျှ စကားလုံးတွေရဲ့ အနက်အဓိပ္ပါယ်နဲ့ သက်ရောက်မှု နယ်ပယ်ကလည်း ကျယ်ပြန့်လာတော့တာပါပဲ။ အထက်မှာ တင်ပြခဲ့သလို မျက်ခွက် ဆိုတဲ့ ဝေါဟာရမှာ မျက် ဆိုတာ ပျောက်ပြီး ခွက် တစ်လုံးတည်းနဲ့ မျက်နှာကို ကိုယ်စားပြုလာတာမျိုးပေါ့။ စာလုံးအရင်းအမြစ် အဘိဓာန်အတွက် ကုန်ကြမ်းရလိုရငြား ရေးသား ဖော်ပြလိုက်ပါတယ်။

အတော်ခွကျသော ယောက်ျားနှင့် လက်ျာဆိုသော စကားလုံးများ

မြန်မာလူမျိုးအတော်များများဟာ ယောက်ျား ဆိုတဲ့ စကားလုံးကို မြင်တာနဲ့ ယောက်ကျား ဆိုပြီး ဘယ်သူမဆို အသံထွက်တတ်ကြပါတယ်။ လက်ျာ ဆိုတဲ့ စကားလုံးကို မြင်ရင်လည်း လက်ယာ လို့ အတော်များများ ဖတ်တတ်နေကြတယ်။ ဒီစာလုံးနှစ်လုံးက ဘာတွေ ထူးခြားနေတယ် ဆိုတာကိုတော့ စဉ်းစားမိတဲ့သူ အတော်နည်းမယ် ထင်တယ်။ ကျနော်က ငယ်ငယ်ကတည်းက အတော်ခွ (ဂွ) ကျတဲ့သူ ဆိုတော့ ငယ်ငယ်ကတည်းက ဒီစကားလုံး နှစ်လုံးကို မျက်စိ ဆံပင်မွှေး ဆူးနေခဲ့တယ်။ ဟိုးငယ်ငယ်က မှတ်မိသေးတယ်။ ကျောင်းဖတ်စာထဲမှာ လက်ျာ ဆိုတဲ့ စကားလုံးပါလာတော့ ကျနော်က လက်ကျာ ဆိုပြီး အော်ကြီးဟစ်ကျယ် ဖတ်ပစ်လိုက်တယ်။ ဆရာမက ငေါက်တယ်။ လက်ယာ လို့ ဖတ်ပါဟဲ့ တဲ့။ အဲ့တော့ သူပြောတဲ့အတိုင်း လက်ယာ လို့ ပြောင်းဖတ်လိုက်ရတာပေါ့။ နည်းနည်းလေး ကြီးလာတော့ (အတွန့်ကလည်း ပိုပို တက်တတ်လာပြီဆိုတော့) လက်ျာ ကို လက်ယာလို့ အသံထွက်ပြီး ဘာလို့ ယောက်ျားကို ယောက်ယား လို့ အသံမထွက်သလဲ စဉ်းစားလာပြီ။ ဟုတ်တယ်လေ။ ယောက်ျား ဆိုတဲ့ စကားလုံးကို ယောက်ကျားလို့ ဖတ်မယ်ဆိုလည်း လက်ျာ ဆိုတဲ့ စကားလုံးကို လက်ကျာလို့ ဖတ်ရမှာပေါ့။ အဲ့တော့ ဆရာမကို သွားလည်း မေးဖြစ်တယ်။ ဆရာမကတော့ ဝေ့လည်ကြောင်ပတ်နဲ့ လုပ်လွှတ်လိုက်တော့ အဖြေမရခဲ့ဘူး။ ဒါပေမယ့်လည်း ကလေးဆိုတော့လည်း လူကြီး ပြောသမျှ ယုံရတာပဲ မဟုတ်လား။ လက်ျာ ကို လက်ယာလို့ ဖတ်လိုက်တယ်။ ယောက်ျား ကိုတော့ သူတို့ ပြောတဲ့အတိုင်း ယောက်ကျား လို့ ဖတ်ရတော့တယ်။ ဆယ်တန်းပြီးတဲ့နောက်ပိုင်း မြန်မာစာကို ကျကျနန လေ့လာဖြစ်ပြီဆိုတော့မှပဲ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့့ စကားလုံး နှစ်လုံးက မြန်မာစကာလုံး ဖွဲ့စည်းပုံစနစ်ရော၊ ပါဠိ စကားလုံး ဖွဲ့စည်းပုံစနစ် နှစ်မျိုးစလုံးကို ဖီဆန်ပြီး အတော်ခွကျတဲ့ စကားလုံး နှစ်လုံးဆိုတာ မှတ်သားလာမိတယ်။ ငယ်ငယ်က မှတ်မိနေသေးတယ်။ ယောက်ျား လို့ ရေးသလိုပဲ စကြာ (စက်ကြာ) ကို စကြ်ာလို့ ရေးခဲ့မိသေးတယ်။ အဲလို ရေးလို့ ဆရာမရဲ့ အဆူလည်း ခံခဲ့သေးတယ်။ (စက်ကြာ) ကျတော့ စကြာလို့ ရေးရမယ်တဲ့။ သူတို့ပဲ အမျိုးမျိုး တတ်ပဲ တတ်နိုင်လွန်းတယ်လို့တောင် စိတ်ထဲ တွေးမိသေး။ နောက်ပိုင်းမှ အော် … ဒါ ပါဠိစာဖွဲ့စည်းပုံအရ ရေးရတာပါလားလို့ သိလာတယ်။ လက်ျာဆိုတဲ့ စကားလုံးက အခုခေတ် အတော်လေး အသုံးနည်းသွားပါပြီ။ ဟိုးအရင်ကတော့ လက်ယာဘက် ကို လက်ျာဘက် လို့ ရေးတယ်။ အခုတော့ အဲဒီ အရေးမရှိတော့ သလောက်ပဲ။ အဲ ဒါပေမယ့် ပြင်လို့မရတာကတော့ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာရဲ့ နာမည်ပဲ။ သူက အဲဒီလို ရေးခဲ့တော့လည်း နောက်လူတွေက အဲဒီလို လိုက်မှတ်ရသပေါ့ဗျာ။ 

ကျနော် စောစောပိုင်းက ယောက်ျား နဲ့ လက်ျားကို ရေးထုံးမှားနေတယ်လို့ ပြောခဲ့တယ်။ ဘယ်လို မှားနေသလဲ သိရအောင် မြန်မာစာလုံး ဖွဲ့စည်းပုံ နဲ့ ပါဠိစာလုံး ဖွဲ့စည်းပုံ၊ ဒီနှစ်ခုကို နည်းနည်း သိဖို့ လိုတယ်။ မြန်မာစာလုံး ဖွဲ့စည်းပုံကတော့ လူအများ သိနေနှင့်ပြီးသားပါ။ မြန်မာစာနဲ့ ပါဠိစာမှာ ထူးထူးခြားခြား ကွာခြားချက်တစ်ခုက အသတ်ပဲ။ ပါဠိစာမှာ က်၊ တ်၊ န် စတဲ့ အသတ်ဆိုတဲ့ အက္ခရာ သီးသန့် မရှိဘဲ အသတ်ကို ဖျောက်ပြီး သူ့နောက်က အက္ခရာနဲ့ ပေါင်းပစ်လိုက်တယ်။ ဒီတော့ ပါဌ်ဆင့် ဖြစ်သွားတာပေါ့။ ဥပမာ အတ္တ ဆိုပါတော့။ အတ်တ လို့ မရေးဘဲ နောက်က တဝမ်းပူကို ရှေ့က တ် အောက်ထဲ ထိုးထည့်လိုက်တယ်။ ဒီတော့ (–်) အသတ်က အလိုလို ပျောက်သွားတယ်။ ဆိုလိုတာက ပါဠိစာမှာ အသတ်မထားဘူး။ အသတ်ကို လိုချင်ရင် ပါဌ်ဆင့် လုပ်လိုက်တယ်။ မြန်မာစာမှာတော့ အသတ်လည်း ရှိတယ်။ ပါဌ်ဆင့်လည်း ရှိပြန်တယ်။ ဥပမာ မန္တလေး ဆိုတဲ့ စကားလုံး၊ အသတ်နဲ့ဆိုရင် မန်တလေး လို့ ဖြစ်မယ်။ ဒါပေမယ့် ဒါကို ပါဌ်ဆင့်အဖြစ်နဲ့ ထွင်ထားတယ်။ နောက်ပြီး မြန်မာအက္ခရာမှာ ဗျည်းတွဲဆိုတာ ရှိတယ်။ အတိုမှတ်ရင်တော့ ပင့်ရစ်ဆွဲထိုးပေါ့။ ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး အဲဒီ လေးလုံးပါ။ သူတို့ လေးလုံးကို အတွဲတွဲလိုက်ရင် (Combination ယူလိုက်ရင်) (၁၁) တွဲရတယ်။ မြန်မာစာ စည်းကမ်းအရ ဗျည်းတွဲတွေကို ဗျည်းနဲ့သရ အဆင်ပြေသလို ပေါင်းစပ်ခွင့် ရှိပေမယ့် အသတ်စဉ်ကို လာထည့်ခွင့် မရှိဘူး။ ဒါကြောင့် စကြ်ာ ဆိုတဲ့ အရေးအသားက မှားပါတယ်။ စကြာ လို့ပဲ ရှိသင့်တယ်။ ဒါဆို စကြာကို ဘာလို့ စ ကြာ လို့ မဖတ်ဘဲ စက်ကြာလို့ ဖတ်ရသလဲ။ ဒါကို သိဖို့ဆိုရင် ပါဠိစာလုံး ဖွဲ့စည်းပုံ စည်းကမ်းကို ဆက်လေ့လာရမယ်။
ပါဠိစာမှာ အသတ်ကို မသုံးဘဲ အသတ်ကိုယ်စား ပါဌ်ဆင့်တွေ သုံးတယ်လို့ အထက်မှာ တင်ပြခဲ့ပြီးပြီ။ ဒါကြောင့် ပါဌ်တွေ ဖတ်တဲ့အခါမှာ အသတ်အဖြစ်နဲ့ ပြောင်းပြီး ဖတ်ရတယ်။ အနန္တ ဆိုရင် အနန်တ လို့ ဖတ်ရတယ်။ ဒါဆို ပါဌ်ဆင့်တွေ အက္ခရာ တစ်လုံးနဲ့တစ်လုံး ဆင့်ချင်သလို ဆင့်ထားသလားလို့ မေးစရာ ရှိလာပါတယ်။ မဟုတ်ပါဘူး။ သူ့မှာလည်း စည်းကမ်းလေး ရှိပါတယ်။ အဲဒီစည်းကမ်းနဲ့ ပတ်သက်ပြီး အတိအကျကို ကျနော် အရင်က ရေးခဲ့ဖူးတဲ့ အက္ခရာနှစ်လုံးဆင့်ခြင်း ပို့စ်မှာ ဖတ်ကြည့်လို့ရပါတယ်။ မြန်မာစာပေနဲ့ ပတ်သက်ပြီး သီးသန့်တင်ထားတဲ့ ကျွန်တော်တို့၏မြန်မာစာ ဆိုတဲ့ ဘလော့ဂ်မှာလည်း ရှာဖတ်လို့ရတယ်။ ဒါပေမယ့် မဖတ်ရသေးတဲ့ သူတွေအတွက် အကျဉ်းလောက်တော့ ဒီမှာ ဖော်ပြပေးပါဦးမယ်။ အခြေခံလေးကနေ စပြောပါ့မယ်။ မြန်မာအက္ခရာမှာ ဝဂ် (၆) ဝဂ် ရှိတယ်။
ကဝဂ် –> က၊ ခ၊ ဂ၊ ဃ၊ င
စဝဂ် –> စ၊ ဆ၊ ဇ၊ ဈ၊ ည
ဋဝဂ် –> ဋ၊ ဌ၊ ဎ၊ ဍ၊ ဏ
တဝဂ် –> တ၊ ထ၊ ဒ၊ ဓ၊ န
ပဝဂ် –> ပ၊ ဖ၊ ဗ၊ ဘ၊ မ
အဝဂ်  –> ယ၊ ရ၊ လ၊ ဝ၊ သ၊ ဟ၊ ဠ၊ အ
အဲဒီအထဲက အဝဂ်ကို ခဏ မေ့ထားလိုက်ဗျာ။ ကျန်တဲ့ ဝဂ် ငါးဝဂ်မှာ တစ်ဝဂ်ကို ငါးလုံးစီ ရှိကြတယ်။ အဲဒါကို ကျနော်တို့ မှတ်လို့လွယ်အောင် အထီးအမ ခွဲရအောင်။ ဝဂ်တစ်ဝဂ်ဆီရဲ့ ပထမ အက္ခရာနဲ့ တတိယ အက္ခရာကို အထီးတွေလို့ မြင်လိုက်။ ဒုတိယ အက္ခရာနဲ့ စတုတ္ထ အက္ခရာကို အမတွေလို့ မြင်လိုက်။ ကျန်တဲ့ ပဉ္စမ အက္ခရာကတော့ ဂေး၊ အခြောက်ပေါ့ဗျာ။ ပြီးတော့ ဝဂ်တိုင်း ဝဂ်တိုင်းမှာ ပထမအက္ခရာနဲ့ ဒုတိယအက္ခရာက အတွဲဗျ။ တတိယအက္ခရာနဲ့ စတုတ္ထအက္ခရာက အတွဲ။ အတွဲနှစ်တွဲက ကိုယ့်အတွဲကိုယ်ပဲ။ သူများအတွဲ သွားမလုဘူး။ ပဉ္စအက္ခရာကတော့ ကျန်တဲ့ အက္ခရာလေးလုံးနဲ့လည်း ဆက်ဆံတတ်တယ်။ ဒါ ကျနော် အဆိုပြုထားတာ မဟုတ်ဘူးနော်။ စိန္တာမဏိ ဦးချစ်မောင် ဆိုတဲ့ ပညာရှင်က “ဗုဒ္ဓဘာသာဆိုင်ရာ အထွေထွေ ဗဟုသုတ မာတိကာကျမ်း” ဆိုတဲ့ သူ့စာအုပ်ထဲမှာ ထည့်ရေးထားတာ။ ကျနော်က အဲဒါလေးကို သဘောကျလို့ မှတ်ပြီး ပြန်ဝေမျှတာပါ။ ကဲဗျာ။ အထီးအမခွဲပြီးရင် ကျနော်တို့ အက္ခရာထပ်ပုံ (ပါဌ်ဆင့်ပုံ) စည်းမျဉ်းလေး ပြောကြစို့။ 
၁။ အထီးတွေက အားကောင်းတဲ့အတွက်ကြောင့် အထီးတွေ အချင်းချင်း ထပ်ခွင့် ရှိသတဲ့ဗျာ။ ဥပမာ ပြောရရင် ကဝဂ်မှာ ‘က’ က ‘က’ နဲ့ ထပ်ခွင့်ရှိတယ် (က္က)။ ဒါပေမယ့် တခြားအတွဲက ‘ဂ’ နဲ့တော့ သွားတွဲလို့ မရဘူး။ ဒါကြောင့် (က္ဂ) ဆိုပြီး မရှိဘူး။ အဲဒီလိုပဲ ဒုတိယအတွဲက ‘ဂ’ ကလည်း သူ့ဖာသာသူ ပြန်ထပ်ခွင့် ရှိတယ်။ ဒါကြောင့် (ဂ္ဂ) ဆိုပြီး ရှိတယ်။ (  ဂ ္က) ရယ်လို့ ရေးလို့ မရဘူး။ ကျန်တဲ့ ဝဂ်တွေလည်း အဲဒီလို ယူသွားတယ်။ ဒါကြောင့် (က္က၊ ဂ္ဂ၊ စ္စ၊ ဇ္ဇ၊ ဋ္ဋ၊ ဍ္ဍ၊ တ္တ၊ ဒ္ဒ၊ ပ္ပ၊ ဗ္ဗ) ဆိုတာတွေ ဖြစ်လာတယ်။
၂။ အမတွေကတော့ သူ့ ဆိုင်ရာ အထီးတွေရဲ့ အောက်မှာပဲ နေတယ်။ ဥပမာ ပြောရရင် ကဝဂ် ပထမအတွဲက ‘ခ’ ဟာ သူ့အတွဲရဲ့ အထီးဖြစ်တဲ့ ‘က’ အောက်မှာပဲ နေခွင့်ရှိတယ် (က္ခ)။ တခြားအတွဲက ‘ဂ’ နဲ့ တွဲလို့ (ဂ္ခ) မရဘူး။ ဒါကြောင့်မို့ အားလုံးခြုံကြည့်လိုက်ရင် (က္ခ၊ ဂ္ဃ၊ စ္ဆ၊ ဇ္ဈ၊ ဋ္ဌ (ဋ်ဌ)၊ ဍ္ဎ၊ တ္ထ၊ ဒ္ဓ၊ ပ္ဖ၊ ဗ္ဘ) ဆိုတာတွေ ဖြစ်လာတယ်။
၃။ တစ်ဝဂ်တစ်ဝဂ်မှာ အခြောက်အက္ခရာ တစ်လုံးစီ ရှိတယ်။ သူတို့ကတော့ သူ့ရှေ့က အထီးနဲ့လည်း တွဲတယ်။ အမနဲ့လည်း တွဲတယ်။ စည်းကမ်းသိပ်မရှိဘူးပေါ့။ ဥပမာ ပြောရရင် ကဝဂ်မှာ အခြောက်အက္ခရာက ‘င’ ၊ ‘င’ က ပါဌ်ဆင့်လိုက်ရင် ကင်းစီး ဖြစ်သွားတယ်။ (-င်္-) ပေါ့။ အဲဒီ ‘င’ ဟာ သူ့အဖွဲ့ထဲက (က၊ ခ၊ ဂ၊ ဃ) လေးလုံးစလုံးနဲ့ တွဲလို့ရတယ်။ ဒါကြောင့် (င်္က၊ င်္ခ၊ င်္ဂ၊ င်္ဃ) ဆိုတာတွေ ဖြစ်လာတယ်။ ကျန်တဲ့ ဝဂ်လေးဝဂ်လည်း အဲ့ဒီအတိုင်း ယူပြီး ချရေးကြည့်လိုက်ပေါ့ဗျာ။
အဲ ပါဌ်ဆင့်မှာ ပြောစရာ ကျန်နေသေးတာက အဝဂ်။ အဓိကပြောချင်တာက အဲဒီ အဝဂ်ပဲ။ ကျန်တဲ့ ဝဂ်တွေ အရင်မပြောရင် နားမလည်မှာစိုးလို့ အင်ထရို ဝင်နေရတာ။ အဲဒီ အဝဂ်ထဲမှာ ထူးထူးခြားခြား အက္ခရာ လေးလုံး ရှိတယ်။ အဲဒါတွေက ယ၊ ရ၊ ဝ နဲ့ ဟ။ အဲဒီ လေးလုံးကလည်း ပါဌ်ဆင့်အနေနဲ့ သုံးလို့ ရပါတယ်သတဲ့။ ဒါပေမယ့် သူတို့တွေကို ပါဌ်ဆင့်လိုက်တဲ့အခါမှာ သူတို့ရဲ့ မူလပုံသဏ္ဌာန်တွေ ပြောင်းသွားပြီး ပုံစံအသစ်တွေ ဖြစ်ကုန်တယ်။ ဘယ်လိုပြောင်းသွားသလဲဆိုတော့ ယပင့်၊ ရရစ်၊ ဝဆွဲ နဲ့ ဟထိုး အဖြစ် ပြောင်းကုန်တယ်။ ဆိုလိုတာကဗျာ ကျ ဆိုတဲ့ စာလုံးမြင်ရင် က နဲ့ ယ နဲ့ ဆင့်ထားတယ်လို့ နားလည်ရမယ်။ ကြ ဆိုရင် က နဲ့ ရ နဲ့၊ ကွ ဆိုရင် က နဲ့ ဝ နဲ့၊ လှ ဆိုရင် လ နဲ့ ဟ နဲ့၊ အဲဒီလို အသီးသီး နားလည်ရမယ်။ အရှေ့က ဝဂ်ငါးဝဂ်နဲ့ မတူတာက သူတို့လေးလုံးဟာ ကျန်အက္ခရာ အတော်များများနဲ့ ဆက်ဆံလို့ရတယ်။ နောက်ထပ် မတူတဲ့ အချက်က အသံထွက်ပဲ။ ဒီအက္ခရာလေးလုံးဆင့်ထားတာကို မြန်မာသဒ္ဒါမှာ ဗျည်းတွဲလို့ ခေါ်လိုက်တယ်။ ပါဌ်ဆင့်လို့ မခေါ်ရတဲ့ အကြောင်းက သူတို့ဟာ အသတ်ကို ကိုယ်စားမပြုလို့ပါ။ ဆိုပါတော့ဗျာ။ ကျ ဆိုတဲ့ စကားလုံးက တကယ်လို့ ပါဌ်ဆင့်ကို ကိုယ်စားပြုရင် က်ယ ဆိုပြီး ဖြစ်သွားမယ်။ ကဲ သကျ ဆိုတဲ့ စကားလုံးကို ကြည့်ကြည့်။ ပါဌ်ဆင့်လိုသာ ဖတ်ရင် သက်ယ လို့ ဖတ်ရမယ်။ ဒါပေမယ့် အဲလို မဖတ်ဘူး။ သက်ကျ လို့ ဖတ်တယ်။ (သ ကျ လို့ မဖတ်ဘဲ သက်ကျလို့ ဖတ်ရတဲ့ အကြောင်း နောက်မှာ ရှင်းပြပါ့မယ်။) သက်ယ လို့ ဖတ်လို့မရတာကြောင့် သူတို့ဟာ ပါဌ်မဟုတ်ဘဲ။ ဗျည်းတွေ တွဲထားလို့ ဗျည်းတွဲလို့ သဒ္ဒါမှာ အမည်မှည့်ထားတယ်။ (ဒီအထိ ဖတ်လိုက်ရင်ပဲ လက်ျာ လို့ ရေးရေး၊ လကျာလို့ပဲ ရေးရေး၊ လက်ယာလို့ အသံမထွက်ဘူးဆိုတာ သိလောက်ပါပြီ။) ဒါကြောင့် ကွ ကိုလည်း ကဝ လို့ မဖတ်သလို၊ လှ ကိုလည်း လဟ လို့ မဖတ်ရဘူး။ သူတို့အတွက် သီးသန့်အသံတစ်ခု ဖြစ်လာတယ်။
ဒါပေမယ့် ပါဠိသဒ္ဒါအနေနဲ့ ပြောရရင် ကျ ကို ကယ လို့ မဖတ်ဘဲ ကျ လို့ပဲ ဖတ်တယ် ဆိုပေမယ့် ‘သကျ’ လို စာလုံးကျတော့ သက်ကျလို့ ဖတ်ပြန်တယ်။ အရှေ့မှာ ‘က်’ လေးတစ်လုံး ပိုပါလာတယ်။ ဘာလို့ပါလိမ့်။ ဟုတ်ပါတယ်။ ဒီ (ယ၊ ရ၊ ဝ၊ ဟ) အက္ခရာလေးလုံး ဆင့်လိုက်ရင်၊ တနည်း ပင့်ရစ်ဆွဲထိုး ပါလာပြီဆိုရင် ပါဠိစာတွေမှာ အရှေ့အက္ခရာကို ရဿသံကနေ ဒီဃသံ ပြောင်းပေးရတယ်။ အသံတိုကနေ အသံရှည်ပြောင်းပေးရတယ်လို့ ဆိုလိုတယ်။ လွယ်လွယ် မှတ်ရင်တော့ (က်) သို့မဟုတ် (န်) ထည့်ပေးလိုက်တယ်ပေါ့ဗျာ။ ဥပမာ ကြည့်ရအောင်။ 
ယပင့်  –> သကျ ကို ဖတ်ရင် သက်ကျ လို့ ဖတ်ရမယ်။
ရရစ် –> စကြာ ကို ဖတ်ရင် စက်ကြာ လို့ ဖတ်ရမယ်
ဝဆွဲ –> ကတွာ ကို ဖတ်ရင် ကက်တွာ လို့ ဖတ်ရမယ်။
ဟထိုး –> အမှ ကို ဖတ်ရင် အန်မှ လို့ ဖတ်ရမယ်။
ဒီအပြောင်းအလဲတွေ အသံထွက်တွေက ပါဠိစာနဲ့ ပါဠိကနေ ဆင်းသက်လာတဲ့ မြန်မာစာလုံးတွေမှာပဲ သက်ရောက်မှု ရှိတာပါ။ ဆိုလိုတာက ဒီစည်းကမ်းကို ပါဠိစာနဲ့ ပါဠိသက် မြန်မာစာလုံးတွေမှာပဲ သုံးတယ်။ ပါဠိမှာ အမှ ကို အန်မှ လို့ ဖတ်ရလို့ မြန်မာစာဖြစ်တဲ့ အမှာစာ ကို အန်မှာစာလို့ ဖတ်လို့ မရဘူး။ အဲဒါ သတိထားရမယ်။ ငယ်ငယ်က ယေဘုယျလို့ ရေးပြီး ယေဘုံယ လို့ ဖတ်ဖတ်နေရတာ နားကို မလည်ဘူး။ ဒါကြောင့်မို့လည်း အများစုက ယေဘုယျ ဆိုတဲ့ စာလုံးပေါင်းကို ယေဘုံယျ ဆိုပြီး မှားမှားရေးတတ်ကြတယ်။ တခြား ဥပမာတွေက မုချ – မုက်ချ၊ တုမှ – တုန်မှ ဆိုတာတွေပါ။ အဲ … အဲဒီထဲကမှ ထူးခြားတာ တစ်ခုက မုဒြာ ဆိုတဲ့ စကားလုံးပဲ။ မုက်ဒြာ လို့လည်း ဘယ်သူမှ မဖတ်ဘူး။ မုန်ဒြာလို့လည်း မဖတ်ကြဘူး။ မုဒြာ လို့ပဲ ဖတ်တာ ထူးဆန်းတယ်။
အဲဒီ အဝဂ်ထဲမှာ နောက်ထပ် ပြောစရာ ကျန်နေသေးတာက ‘သ’ အက္ခရာပဲ။ ငယ်ငယ်က တချို့ ရေးကြတာ မြင်ဖူးတယ်။ သားသ္မီး ဆိုတာလေ။ သားသမီးကို သားသ္မီးဆိုပြီး ထွင်ထားတယ်။ ဒီစာလုံးကို ဘယ်သူများ ရှာရှာပေါက်ပေါက် ထွင်သလဲ မသိဘူး။ အရင်ကတော့ ဘယ်လိုဘယ်လို ဖြစ်ပြီး ‘သ’ နဲ့ ‘မ’ နဲ့ ဆင့်ပစ်လိုက်ပါလိမ့်လို့ နားမလည်ခဲ့ဘူး။ နောက်ပိုင်း ပါဠိစာ လေ့လာမှ သွားတွေ့တယ်။ ပါဠိမှာက ‘သ’ ကို ‘မ’ အပေါ်မှာ ဆင့်ပြီး သုံးတာ တွေ့ရတယ်။ မြန်မာစာမှာတော့ အဲဒီ အရေးအသားမျိုး မရှိဘူး။ ပါဠိမှာ ‘ယသ္မာ’ ‘ယသ္မတော’ ‘ဣမသ္မိံ ‘ ဆိုပြီး ‘သ’ နဲ့ ‘မ’ ဆင့်ထားတာ တွေ့ရတယ်။ ဖတ်ပုံကတော့ ဗျည်းတွဲ ဖတ်ပုံနဲ့ နည်းနည်း ဆင်တယ်။ မတူတာက ယသ္မာ ကို ယက်သမာ လို့ ဖတ်တယ်။ ယသ္မတော ဆိုရင် ယက်သမတော၊ ဣမသ္မိံ ဆိုရင် ဣမက်သမိမ် (မိံ) လို့ ဖတ်ရပါတယ်။
ကဲ … အခုလောက် ရှင်းပြလို့ သဘောပေါက်သွားပြီဆိုရင် ယောက်ျား ဆိုတဲ့ စကားလုံးရယ်၊ လက်ျာ ဆိုတဲ့ စကားလုံးဟာ မြန်မာစာစံနဲ့ရော၊ ပါဠိစာစံနဲ့ရော ဘယ်စံနဲ့မှ အံမဝင်ဘူးဆိုတာ သတိထားမိလောက်ပါပြီ။ ဒါပေမယ့် အဲဒီ ယောက်ျား နဲ့ လက်ျာ ဆိုတဲ့ စကားလုံး နှစ်လုံးကို ဘယ်သို့သော ပညာရှင်က ဘယ်သို့သော သဒ္ဒါစည်းကမ်းကို ထောက်ပြီး ထွင်သွားတယ် မသိဘူး။ အခုခေတ်တော့ ယောက်ျား ဆိုတာကို တွင်တွင်ကြီး သုံးနေကြတယ်။ ကိုယ်ပဲ ဉာဏ်မမီတာလားတော့ မပြောတတ်ဘူး။ လက်လှမ်းမီသလောက်တော့ စာလုံးဖွဲ့စည်းပုံ စည်းကမ်းတွေ လိုက်လေ့လာထားတာပါပဲ။ ဒါပေမယ့် မတွေ့ဘူး။ အများညီ ဤကို ကျွဲဖတ် ဆိုတဲ့ စကားပုံအတိုင်းပဲလို့ ပြောရမလား မသိပါဘူး။ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာစာ စာလုံးပေါင်း သတ်ပုံကျမ်းထဲမှာတောင် ယောက်ျား ဆိုတဲ့ စာလုံးကို ထည့်ထားတယ်။ တကယ်လို့ ကိုယ်က လက်လှမ်းမမီတာ ဆိုရင်လည်း သိတဲ့သူများ ယောက်ျား ဆိုတဲ့ စာလုံးရဲ့ ဗျုပ္ပတ် ကိုလည်း ဝေမျှကြပါဦးလို့ စိတ်ရင်းနဲ့ တောင်းခံပါတယ်။ (* လက်ျာဆိုတဲ့ စကားလုံးကတော့ နောက်ဆုံးထုတ် မြန်မာစာလုံးပေါင်းသတ်ပုံကျမ်းမှာ မပါတော့ပါဘူး။)
ရွှင်လန်းချမ်းမြေ့ကြပါစေ။
ပီကေ
၁။ မြန်မာစာပေနှင့်ဆိုင်သော သီးသန့်ဘလော့ဂ် – ကျွန်တော်တို့၏ မြန်မာစာ