အရှေ့သို့လားသော် (၃)

ပြီးခဲ့ပို့စ် အပိုင်း (၂) မှာ လေးရောင်ခြယ် အဝေးပြေး လမ်းမကြီးအကြောင်း ရှင်းပြခဲ့ပေမယ့် အနက်ရောင်ကုန်စည်ကို ကျနော် မပြောဘဲ တမင် ချန်ထားခဲ့တယ်။ အဲဒီ အနက်ရောင် ကုန်စည်ဟာ ဘာလဲ ဆိုတာ ကျနော့်ကို မေးတုန်းကလည်း ကျနော် မဖြေနိုင်ခဲ့ပါဘူး။ ဒါကြောင့် ကျနော်လည်း လက်စားချေတဲ့အနေနဲ့ ပြန်မေးကြည့်တာ ;P ။ အစိမ်းရောင်က ကျောက်စိမ်းကို ကိုယ်စားပြုတယ်။ အဝါရောင်က ရွှေကို ကိုယ်စားပြုတယ်။ အဖြူရောင်က ဘိန်းဖြူကို ကိုယ်စားပြုပြီး အနက်ရောက်ကတော့ တရားမဝင် ကုန်စည်တစ်ခုကို ကိုယ်စားပြုနေပြန်တယ်။ အဲဒီ ပစ္စည်းက မြန်မာနိုင်ငံအနေနဲ့ သွင်းခွင့် မပြုတဲ့အပြင် အများပြည်သူတွေ အနေနဲ့လည်း သုံးစွဲခွင့် မပြုပြန်ဘူး။ ဒါပေမယ့် အစိုးရအနေနဲ့ လူတန်းစားတစ်ရပ်ကို တရားဝင် ခွင့်ပြုထားပြန်တယ်။ အဖြူရောင် ဘိန်းဖြူဆိုရင် ဘယ်သို့သော သူကိုမှ တရားဝင် ခွင့်မပြုပေမယ့် အနက်ရောင်ကုန်ကိုတော့ အစိုးရ အဖွဲ့အစည်း တချို့ကို သုံးစွဲခွင့် ပြုထားပြန်တယ်။ ကဲ … ဒီလောက်ဆို သဲလွန်စ ရလောက်ရောပေါ့။ လက်နက် ခဲ ယမ်း မီးကျောက်ပါ။ ယမ်းအရောင်ကို မူတည်ပြီး အနက်ရောင် ကုန်စည်လို့ အရောင်တပ်ထားပါတယ်။ မြန်မာနိုင်ငံအနေနဲ့ တရုတ်က လက်နက်တွေ သွင်းပါ့မလားလို့ မေးချင်စရာ ဖြစ်လာပါတယ်။

တရုတ်နိုင်ငံ မန်ချူးဘုရင် အာဏာစက် ယုတ်လျော့စဉ်ကတည်းက ယူနန်ပြည်နယ်မှာ လက်နက်ထုတ်တဲ့ ရွာတစ်ရွာ ရှိခဲ့ဖူးတယ်။ တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားတိုင်းက ယမ်းကို ကောင်းကောင်း ကိုင်တွယ်တတ်ပြီး လက်နက်တွေ ကိုယ်တိုင် လုပ်တတ်ကြတယ်။ ရွာက ထုတ်တဲ့ လက်နက်တွေ ဖြစ်တာကြောင့် ဈေးပေါတယ်။ ဒီတော့ ရွာနီးစပ်တွေက ကျူးကျော်သူတွေကို တော်လှန်ဖို့အတွက် လက်နက်တွေ ဝယ်ကြတယ်။ ကွန်မြူနစ် အစိုးရ တက်တဲ့ အချိန်အထိ ဆိုပါတော့။ ကွန်မြူနစ် အစိုးရ အာဏာရလာတဲ့ အခါမှာ ကူမင်တန် တပ်တွေ ခွေးပြေးဝက်ပြေး ပြေးရတော့ စစ်ကြောင်းတစ်ခုက ယူနန်ပြည်နယ်ကို တပ်ဆွဲပါတယ်။ ကွန်မြူနစ်တပ်ရဲ့ အတင်း ထိုးဖောက် တိုက်ခိုက်တာကြောင့် ကူမင်တန်တပ်တွေ ကျနော်တို့ မြန်မာနိုင်ငံ နယ်နိမိတ်ကို ကျော်ပြီးတော့ကို ဝင်ရောက် ကျူးကျော်ခဲ့ဖူးတယ်။ နောက်ဆုံး မြန်မာတပ်နဲ့ တရုတ် ကွန်မြူနစ်တပ်ရဲ့ ညှပ်ပူးသတ် တိုက်ခိုက်မှုဒဏ်ကို မခံနိုင်တဲ့အဆုံး ရွှေတြိဂံနယ်မြေမှာ ရှိတဲ့ တပ်ကအပ အားလုံး လက်နက်ချ အရှုံးပေးခဲ့ရတယ်။ အဲဒီလို ကွန်မြူနစ်တွေနဲ့ တိုက်ခိုက်နေတဲ့ ကာလတလျှောက်လုံး အဓိက လက်နက်ထောက်ပံ့နေတဲ့ နေရာက ခုနကျနော် ပြောတဲ့ ရွာပဲဖြစ်တယ်။ ဒါကြောင့် မော်စီတုန်း ကွန်မြူနစ်အစိုးရက ရန်သူတွေကို အမြစ်ပြတ်အောင် ဆိုပြီး ခုနက တစ်ရွာလုံးမှာ ရှိတဲ့ ယောက်ျားသား မှန်သမျှကို အကုန် သတ်ပစ်ခဲ့တယ်။ အဲဒီမှလည်း ယူနန်မှာ လက်နက်ကိုင်အဖွဲ့ အတော်လေး လျှော့ပါးသွားတယ်။

အဲဒီ အချိန်ကတည်းက မြန်မာနိုင်ငံကို သောင်းကျန်းသူတွေ အတွက် လက်နက်တွေ သွင်းတဲ့အခါမှာ ဒီ ယူနန် အဝေးပြေးလမ်းမကိုပဲ သုံးခဲ့တယ်။ အခုနောက်ပိုင်း တရုတ်ပြည်ထောင်စု ပြန်လည်ထူထောင်ပြီး အေးချမ်းနေတဲ့ အချိန်၊ မြန်မာနိုင်ငံ စစ်အစိုးရ လက်ထပ်မှာလည်း ခေတ်မီလက်နက်တွေကို တရုတ်အစိုးရဆီက ဝယ်ရင်လည်း ဒီလမ်းအတိုင်းပဲ ကုန်းလမ်းက ဆင်းတယ်လို့ ပြောကြတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ လက်နက်တင်သွင်းမှု နည်းသထက် နည်းလာတာကြောင့် ခေတ်သစ်အမြင်နဲ့ အနက်ရောင်ကို လက်ဘက်ခြောက်လို့ ပြောင်းပြောတဲ့သူလည်း ရှိလာပါတယ်။ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံဟာ လက်ဘက်ခြောက် ရှယ်ထွက်တဲ့ နိုင်ငံတစ်နိုင်ငံပဲ မဟုတ်ပါလား။

ကျနော့်အနေနဲ့ ဆက်ပြီး ခရီးဆက်ရမယ့် မြို့က နန်လင်မြို့ပဲ ဖြစ်တယ်။ ကွမ်ရှီးပြည်နယ်ရဲ့ မြို့တော်ပါ။ ယူနန်ပြည်နယ်နဲ့ အရှေ့ဘက် ကပ်လျက်မှာ ရှိတယ်။ နန်လင်မြို့ အကြောင်း မပြောခင်မှာ လေယာဉ်လက်မှတ် ဝယ်တဲ့အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ ကျနော်တို့ ကူမင်းရောက်တဲ့ ညမှာပဲ နောက်ခရီးစဉ်တွေအတွက် လက်မှတ် ဝယ်ရတော့တယ်။ ကူမင်းမြို့မှာကိုပဲ Ticketing Agency တွေက ပေါမှပေါပဲ။ မနက်ဖြန် မနက် စီးမယ့် လေယာဉ်လက်မှတ်ကို အခုမှ သွားဝယ်တော့ သေချာတယ် လျှော့ဈေး ဘယ်ရတော့မလဲ။ နဂို ပြဌာန်းထားတဲ့ ဈေးအတိုင်းပဲ ဝယ်ရတယ်။ ဈေးနှုန်း သက်မှတ်တဲ့ နေရာမှာလည်း စိတ်ဝင်စားစရာ တစ်ခု ရှိတယ်။ မြို့တစ်မြို့ကနေ တစ်မြို့ သွားဖို့ ရွေးစရာ လမ်းသုံးလမ်း ရှိမယ် ဆိုကြပါစို့။ ကားနဲ့ သွားမလား။ ရထားစီးမလား။ လေယာဉ်စီးမလားပေါ့။ ကားစီးလို့ တစ်ဆယ်ကျမယ် ဆိုရင် ရထားလက်မှတ်ခက (၁၅) ကျပ်နဲ့ (၂၀) ကျပ် ကြား ရှိမှာ သေချာတယ်။ လေယာဉ်လက်မှတ်ခကတော့ (၃၀) ကျပ်လောက် ပေးရမယ်။ လေယာဉ် လက်မှတ်ကို ၂ ပတ်နဲ့ အထက် ကြိုမှာလို့ ရှိရင် (၂၀) နဲ့ (၂၅) ကျပ်ကြား ရနိုင်တာမို့ ရထားခလောက်ပဲ ကျန်တော့တယ်။ ဒါ သူတို့ရဲ့ ယေဘုယျ သက်မှတ်ချက်လို့ ကျနော် လေ့လာမိပါတယ်။

နောက်တစ်ခုက တရုတ်နိုင်ငံ အနေနဲ့ ကားလက်မှတ်၊ ရထားလက်မှတ်၊ လေယာဉ်လက်မှတ်တွေ အပေါ်မှာ မဖြုန်းတော့တာ တွေ့ရတယ်။ အဝေးပြေး ကားလက်မှတ်တွေဆို မြန်မာနိုင်ငံက အဓိပတိဘတ်စ်ကား လက်မှတ်သာသာ ရှိတဲ့ စက္ကူတွေကိုပဲ သုံးတော့တယ်။ ရထားလက်မှတ် ဆိုလည်း ထို့အတူပဲ။ လေယာဉ်လက်မှတ်တွေတောင် A4 စက္ကူ အလတ်စားကို လေးပိုင်းပိုင်းပြီး လက်မှတ်လုပ်တယ်။ အခုဆို သူတို့ရဲ့ လက်မှတ်ကို E Ticket လို့ ခေါ်တယ်။ စက္ကူပေါ်မှာ သွားမယ့်သူရဲ့ သတင်းအချက်အလက်ပါမယ်။ ခရီးစဉ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် ပါမယ်။ ဒါပဲ။ မြန်မာနိုင်ငံလို Art Card နဲ့ Carbon paper တွေ သုံးပြီး မဖြုန်းတော့ဘူး။ မြန်မာနိုင်ငံရဲ့ လေယာဉ်လက်မှတ် အရင်းက (၁၀၀) ကျပ် ကျမယ်ဆိုရင် သူတို့ရဲ့ လက်မှတ် အရင်းက (၁) ကျပ်လောက်ပဲ ကျတော့မယ် ထင်တယ်။ တစ်နေ့တစ်နေ့ သန်းနဲ့ ချီပြီး လက်မှတ်တွေ ရောင်းနေရတော့ တစ်စောင်ကို ၉၉ ကျပ် သက်သာရင် သန်းနဲ့ ချီတဲ့ လက်မှတ်ဖိုးအတွက် တွက်သာကြည့်ပေတော့။ ၂၀၀၈ ခုနစ် သြဂုတ်လ ကစပြီး တရုတ်အစိုးရက E Ticket ကို စပြီး အသုံးပြုစေတယ်။ ဒီတော့ အွန်လိုင်းကနေ လက်မှတ်ဝယ်လို့ရတော့ ဘာစာရွက်စာတမ်းမှ မလိုဘဲ ETicket No နဲ့တင် Boarding Pass ထုတ်လို့ ရနေပါပြီ။ ဒါဆို အရင်းက တစ်ကျပ်တောင် မရှိတော့ဘူးပေါ့။

ကွမ်ရှီးပြည်နယ်က ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ပြည်နယ်တစ်ခုပါ။ သီးခြားယဉ်ကျေးမှုနဲ့ လူမျိုးစုတွေ နေထိုင်တဲ့ ပြည်နယ်မို့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပေးထားတယ် ထင်ပါ့။ အဲဒီ ပြည်နယ်မှာ ရှိတဲ့ တိုင်းရင်းသား လူမျိုးစု အများစုက ခမာနွယ်ဝင်တွေ ဖြစ်မယ်။ ဗီယက်နမ်နိုင်ငံရဲ့ တံခါးဖွင့် စီးပွားရေးစနစ်ကို အများဆုံး လက်တွေ့ အကျိုးခံစားရတဲ့ အိမ်နီးချင်းကို ပြပါဆိုရင် တရုတ်ပြည်ရဲ့ ကွမ်ရှီးပြည်နယ်ကို လက်ညိုးထိုးရတော့မှာပဲ။ အရင် ဖုတ်လှိုက်ဖုတ်လှိုက်နဲ့ သွားနေတဲ့ ပြည်နယ် စီးပွားရေး အခြေအနေဟာ ဗီယက်နမ်ရဲ့ တံခါးဖွင့် ကြိုဆိုမှုကြောင့် တရုတ်ကုန်စည်တွေ ဒလဟော စီးဆင်းတဲ့ ရေစီးကြောင့် အင်မတန်မှ ခေါင်းထောင်လာတယ်။ အခုဆိုရင် စီးပွားရေး တိုးတက်မှုဟာ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝအဖြစ် ဖော်ဆောင်နိုင်တာ တွေ့ရတယ်။ မြန်မာ၊ လာအို နဲ့ ထိုင်းနိုင်ငံ စတဲ့ နိုင်ငံသုံးခုနဲ့ ထိဆက်နေတဲ့ ယူနန်ပြည်နယ်ကို ကျော်တက်ပြီး အာဆီယံရဲ့ ဂိတ်ဝသဖွယ် ရပ်တည်နိုင်တဲ့ ကွမ်ရှီး ပြည်နယ်ကို ချီးကျူးရမှာပါ။ ဒါ ဗီယက်နမ်ရဲ့ တိုးတက်မှု ရေစီးကြောင်းကို ပါးနပ်စွာ အသုံးချတတ်တဲ့ ကွမ်ရှီးပြည်နယ် အုပ်ချုပ်ရေးမှူးရဲ့ အရည်အချင်းလို့လည်း ဆိုနိုင်ပါတယ်။

မြို့ကြီးပြကြီး အဆင့်ကို မြှင့်တင်ဖို့ ကြိုးစားတာ ၅ နှစ်ကျော်ပဲ ရှိသေးတယ် ဆိုတော့ မြို့ပြ အနေအထားအရ နန်လင်မြို့ဟာ ကူမင်းမြို့ကို မမီသေးတာတော့ အမှန်ပါ။ လေယာဉ်ကွင်းကနေ မြို့ပြနေရာကို ရောက်ဖို့ အတွက် ကီလိုမီတာ (၂၀) ကွာဝေးပါတယ်။ အထပ်မြင့်တိုက်တွေ ကျို့တို့ကျဲတဲပဲ ရှိသေးတယ်။ Construction Sites ဆောက်လုပ်ဆဲ မြေနေရာတွေ နေရာအတော်များများမှာ တွေ့ရတယ်။ ကျနော် နန်လင်မြို့ကို ရောက်တဲ့ အချိန်က တရုတ်အာဆီယံ ကုန်စည်ပြပွဲ ကျင်းပဖို့ တစ်ပတ်ပဲ လိုတော့တာဆိုတော့ မြို့အနှံ့ အလှအပတွေနဲ့ ပြင်ဆင်ထားတာ တွေ့ရတယ်။ နေရာတကာမှာ ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်တွေ မြင်နေရတယ်။ ကျနော် နန်လင်မြို့ကို ပထမဆုံး ရောက်ဖူးခြင်းပါ။ နောက်ပြီး ကျနော် နန်လင်ကို မနက်ရောက်ပြီး ညနေပဲ လေယာဉ်နဲ့ ကွမ်ကျိုး (GuangZhou) မြို့ကို ထွက်ခွာရပါတယ်။ ကျနော် မြို့ထဲမှာ နေရတဲ့ အချိန်က စုစုပေါင်းမှ လေးနာရီ မပြည့်တာကြောင့် နန်လင်အကြောင်း များများစားစား မသိခဲ့ရပါဘူး။ တိုက် ခပ်ကျဲကျဲနဲ့ တည်ဆောက်ဆဲ မြို့တစ်မြို့ လို့ပဲ မှတ်ချက် ချနိုင်လိုက်ပါတယ်။

(ဆက်ရန်)

အရှေ့သို့လားသော် (၂)

အပိုင်း (၁) မဖတ်ရသေးသူများ အတွက် ဒီမှာ ကလစ်နှိပ်ပြီး ဖတ်ပါ။

လေယာဉ်လက်မှတ်အတွက် စီစဉ်ပြီးပြီ ဆိုတော့ လုပ်စရာ နှစ်ခု ကျန်နေတာက VISA နဲ့ D-Form လျှောက်ဖို့ပါ။ D-Form က အခု အွန်လိုင်း D-Form ဆိုတော့ အရင်ထပ် အများကြီး လွယ်ကူသွားပါပြီ။ တစ်ခါတစ်လေ D-Form က အချိန်ကြာတတ်တော့ ကျနော်တို့အနေနဲ့ VISA ကို အရင်မလုပ်ဘဲ D-Form ကို လျှောက်လိုက်ပါတယ်။ D-Form ထဲမှာ VISA No ဆိုတာ ထည့်ဖို့နေရာ ပါပေမယ့် မထည့်ဘဲလည်း ရပါတယ်။ အဲတော့ ကျနော်တို့ VISA မရသေးဘဲ D-Form အရင် လျှောက်လိုက်တော့တယ်။ D-Form Program က တခါတခါ ကြောင်နေတော့ Blank Sheet ချည်းပဲ အီးမေးလ်ပို့လာတယ်။ ဒါကြောင့် ဖောင်ပြန်ဖြည့်ပြီး သုံးခါလောက် ကြိုးစားလိုက်မှ D-Form Email ကို ရတော့တယ်။ စောင့်ရတာလည်း မကြာလိုက်ပါဘူး။ တစ်ညနေတည်းပါ။ VISA အတွက် တရုတ်သံရုံးကို သွားတော့ ကျနော်လို လျှောက်ချင်တဲ့လူက အယောက် (၄၀) လောက် ရှိတယ်။ တစ်နေ့ခင်းလောက် တန်းစီလိုက်ရတယ်။ သတိထားမိသလောက် အားလုံးလိုလို Canton Fair ကို သွားဖို့ပဲ။ အဲဒီလို မြင်ရတာ ဝမ်းသာစရာပါ။ ကျနော်တို့ မြန်မာကုန်သည်တွေ Source ကို တကယ်သိပြီလို့ တွေ့လိုက်လို့ပါ။ အရင်ကဆို ကုန်သည် သုံးလေးယောက်က ပွဲစားလုပ်ပေးပြီး အားလုံး ကိုယ်စား တရုတ်ပစ္စည်းတွေ သွင်းပေးနေရာကနေ အခုဆို ကုန်သည်အတော်များများ ကွမ်ကျိုးကို ကိုယ်တိုင် သွားဝယ်နိုင်တယ်ဆိုတဲ့ အမြင်ကြောင့် ကုန်ပစ္စည်းတွေ ဈေးနှုန်း အများကြီး သက်သာလာပါတယ်။

သူငယ်ချင်းတစ်ယောက်ရဲ့ ပြောပြချက်အရ အခုဆိုရင် တရုတ်ဗီဇာ လျှောက်ဖို့ အသွားအပြန် လေယာဉ်လက်မှတ်၊ ကုမ္ပဏီ ဖိတ်ခေါ်စာနဲ့ ဟိုတယ် ဘွတ်ကင်လုပ်ထားတဲ့ ဘောက်ချာ လိုတယ်လို့ ပြောတယ်။ ဒါပေမယ့် ကျနော် သွားလျှောက်လိုက်တော့ ဘာစာရွတ်စာတမ်းမှ မလိုပါဘူး။ သူတို့စီမှာ ထားပေးထားတဲ့ ဖောင်ကို ဖြည့်ပြီး ဓါတ်ပုံတစ်ပုံကပ်လိုက်ရုံပါ။ ဗီဇာကြေးက ပုံမှန် တစ်ခါဝင်ထွက် ဆိုရင် (၂၅) ဒေါ်လာ ကျပါတယ်။ တကယ်လို့ အမြန်ကြေး ဆိုရင်တော့ ဒေါ်လာ (၄၀) ကျမယ်။ ညနေ (သို့) နောက်နေ့မနက် ဗီဇာ တန်းရပါတယ်။ ပုံမှန်ကတော့ 3 Working Days ကြာပါတယ်။ အရင်က ၇ ကြိမ်၊ ၈ ကြိမ်လောက် ရောက်ဖူးထားတာမို့ ဘာစာရွတ်စာတမ်းမှ မလိုတာလည်း ဖြစ်နိုင်ပါတယ်။ လူအတော်များများကတော့ စာရွတ်တွေ တစ်ပုံကြီးနဲ့ တင်နေတာ တွေ့ရတယ်။ ဟောင်ကောင်ကနေ ပတ်သွားမယ် ဆိုရင်တော့လည်း ဟောင်ကောင်ဗီဇာပါ တစ်ခါတည်း လျှောက်ရမယ်။ နောက်ပြီး ဟောင်ကောင်ကို Multi-entries VISA လျှောက်ရမယ်။ သဘောက လေယာဉ်နဲ့ ရောက်ရောက်ချင်း တစ်ခါဝင်မယ်။ နောက်ပြီး ကားနဲ့ (သို့မဟုတ် ရထားနဲ့) တရုတ်ပြည်ထဲ ဝင်မယ်ဆိုရင် ဟောင်ကောင်ကို အထွက်ပြရတယ်။ နောက်မှ တရုတ် ပြန်ဝင်ပေါ့။ လည်ပတ်ပြီးလို့ မြန်မာပြည် ပြန်တော့မယ် ဆိုရင်တော့လည်း တရုတ်ပြည်ကထွက်ပြီး ဟောင်ကောင်ကို နောက်တစ်ကြိမ် ပြန်ဝင်ရမယ်။ ဒါမှ လေယာဉ်စီးလို့ ရမှာကိုး။ ပြီး လေယာဉ်ကွင်းရောက်မှ မြန်မာပြည်ပြန်တဲ့ လေယာဉ်စီးဖို့ ဟောင်ကောင် အထွက် ပြန်ပြရတယ်။ ဒါကြောင့် ဟောင်ကောင်ဘက်က ပတ်သွားမယ် ဆိုရင်တော့ Immigration ခဏခဏ ဝင်ရတယ်။

လေယာဉ်စီးဖို့ လေယာဉ်ကွင်းကို ရောက်တယ် ဆိုရင်ပဲ အင်မတန်မှ သဘာဝကျပြီး အဓိပ္ပာယ်ရှိလှတဲ့ ဆိုင်းဘုတ်တစ်ခုကို တွေ့ရတော့တယ်။ “ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကြီးဆီသို့” တဲ့။ စိတ်ထဲမှာလည်း ကြိတ်ပြီးပြောလိုက်ပါတယ်။ “အင်းပါ အင်းပါ အခု အဲဒီလို သွားမလို့ပဲ” လို့။ ဆိုင်းဘုတ်တင်တဲ့ သူက သိပုံရတယ်။ မြန်မာနိုင်ငံကနေ ထွက်လိုက်တာနဲ့ ဘယ်နိုင်ငံရောက်ရောက် ခေတ်မီဖွံ့ဖြိုးတာ ချည်းပဲလေ။ ဒါကြောင့် အထွက်ဝမှာ ခေတ်မီ ဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော် သစ်ကြီးဆီသို့ လို့ တပ်ထားတာ ဖြစ်မယ်။

ကျနော်တို့ တရုတ်ပြည်ကို ပထမဆုံး စရောက်တဲ့မြို့က ကူမင်းမြို့ပါ။ Kunming လို့ အင်္ဂလိပ်လိုရေးပြီး တရုတ်လို ခွင်းမင်း လို့ အသံထွက်တယ်။ ကူမင်းဟာဆိုရင် သူတို့ တရုတ်တွေ အခေါ်အရဆို ပန်းမြို့တော်ပါ။ နောက်ပြီး Spring City လို့လည်း ခေါ်တယ်။ တစ်နှစ်လုံးရဲ့ ပျမ်းမျှ အပူချိန်ဟာ 22ံ C မှာပဲ ရှိတာကြောင့် အတော်လေး နေလို့ ကောင်းတယ်။ အဲဒီ အပူချိန်နဲ့ တောင်ပေါ်မြို့လေး ဖြစ်တာကြောင့် ပန်းပေါင်းစုံ ဖူးပွင့်ရာ နေရာဖြစ်နေတာပေါ့။ လွန်ခဲ့တဲ့ ဆယ်နှစ် (၁၉၉၈) မတိုင်ခင်ကဆို ကူမင်းမြို့ဟာ နယ်စပ်ပြည်နယ် မြို့တော်တွေထဲမှာ အတော်လေးကို စည်ကားတဲ့ မြို့တစ်မြို့ပါ။ အံ့သြဖို့ ကောင်းတာကလည်း ကူမင်းမြို့ရဲ့ အဓိက စီးပွားဖက်နိုင်ငံကလည်း မြန်မာနိုင်ငံပါပဲ။ အခုအချိန် ကူမင်းမြို့ စီးပွားရေး အဆင်မပြေ ဖြစ်နေတာလည်း အဲဒီ အကြောင်းအရင်းပဲ ဖြစ်မယ်ထင်တယ်။ ၁၉၉၄ လောက်ကနေ ၁၉၉၇ လောက်အထိ မြန်မာနိုင်ငံရဲ့ စီးပွားရေးကလည်း အတက်ချည်းပြနေတော့ ကူမင်းမြို့ကလည်း စီးပွားရေး အတော်လေး ကောင်းနေခဲ့တယ်။ ၁၉၉၇ အာရှစီးပွားရေး ဂယက်နဲ့ အတူပဲ သူလည်း မြုပ်သွားတော့တယ်။ ဒါပေမယ့် ကူမင်းမြို့ဟာလည်း တရုတ်ပြည်ရဲ့ Mega City ထဲက တစ်မြို့ပါပဲ။ လူဦးရေ ခြောက်သန်းကျော် ရှိတယ် ဆိုပဲ။ တရုတ်ပြည်ရဲ့ ၁၆ မြို့မြောက် လူဦးရေ အများဆုံး မြို့တစ်မြို့ပါ။

ယူနန်ပြည်နယ်ဟာ ရှမ်းကုန်းပြင်မြင့်နဲ့ တိဘက်ကုန်းပြင်မြင့်ကို ဆက်ပေးတဲ့ ကုန်းပြင်မြင့်တစ်ခု ဖြစ်တာကြောင့် ပြည်နယ်ရဲ့ ၉၈ ရာခိုင်နှုန်းက တောင်ကုန်းတွေပါ။ ၂ ရာခိုင်နှုန်းပဲ မြေပြန့်ရှိတယ်။ ကူမင်းမြို့ကို ဖြတ်သွားတဲ့ ဟိုင်းဝေးလမ်းမကြီးကို သူတို့က လေးရောင်ခြယ်လမ်းလို့လည်း ခေါ်သတဲ့။ မြန်မာပြည် နယ်စပ်နဲ့ အဓိက ကုန်သွယ်ရာ လမ်းမကြီးပေါ့။ ဘာလို့ လေးရောင်ခြယ်လမ်းလို့ ခေါ်သလဲဆိုတော့ အဲဒီ လမ်းမပေါ်မှာ အရောင်တစ်မျိုးစီနဲ့ ကုန်ပစ္စည်းလေးမျိုး ကူးသန်းနေလို့တဲ့။ အဲဒီ အရောင်လေးမျိုးက အစိမ်း၊ အဝါ၊ အဖြူ နဲ့ အမဲ။ ကဲ စဉ်းစားကြည့်ကြပါဦး။ ဘာ ကုန်ပစ္စည်းတွေ ဖြစ်မလဲလို့။ နှစ်မျိုးက တရားဝင် ကူးသန်းပြီး နောက်နှစ်မျိုးကတော့ တရားမဝင် ကူးသန်းတယ်တဲ့။ နှစ်မျိုးက မြန်မာပြည်က ဝင်ပြီး တစ်မျိုးက တရုတ်ပြည်က ထွက်တယ်။ နောက်တစ်မျိုးကတော့ အဝင်လည်း ရှိသလို အထွက်လည်း ရှိတယ်တဲ့။ စဉ်းစားလို့ ရပြီလား လုပ်ပါဦး။ ကဲ အဖြူကနေ စပြောရအောင်။ ကျနော်တို့ မြန်မာနိုင်ငံက ထွက်တယ်။ နောက်ပြီး တရားမဝင်ဘူး။ အဲလောက်ဆို သိပြီထင်တယ်။ ကမ္ဘာကျော် အဖြူရောင် ကုန်ပစ္စည်းပဲလေ။ ဟုတ်တာပေါ့။ ဘိန်းဖြူ။ အဝါရောင်ကကော။ မြန်မာနိုင်ငံကပဲ သွားတယ်။ ဒါပေမယ့် တရားဝင်။ ရွှေပါ။ ဒါဆို အစိမ်းရောင်လည်း မှန်းစရတာ လွယ်သွားလောက်ပြီ။ ဟုတ်ပါတယ် ကျောက်စိမ်းပါ။ သူက မြန်မာနိုင်ငံကနေ ကျောက်ကြမ်းအနေနဲ့ ထွက်သွားပြီး Finished Good အနေနဲ့ ထွင်းထုပြီး မြန်မာပြည် တချို့တစ်ဝက် ပြန်ဝင်ပါတယ်။ ကဲ လုပ်ပါဦး။ အမဲရောင်ကတော့ ဘယ်လိုနည်းနဲ့မှ စဉ်းစားလို့ မရနိုင်ဘူး ထင်တယ်။ ဖြေနိုင်ရင် မုန့်ဝယ်ကျွေးမယ်ဗျာ။ ဘယ်လိုလဲ။ ဟင်း (Hint) နည်းနည်းတော့ ပေးမယ်။ သူက တရုတ်ပြည်က ထွက်တယ်။ ဒါပေမယ့် တရားမဝင် မြန်မာပြည်ကို ဝင်တယ်။ ဘာဖြစ်မလဲ။ အဲဒီ လေးရောင်လုံးက တန်ဖိုးကြီး ပစ္စည်းတွေချည်းပါ။ တန်ဖိုးကြီးတယ်ဆိုတာ ခပ်သေးသေးနဲ့ ဈေးများများ ပေးရလို့လေ။

အပိုင်း (၃) မှပဲ အဖြေပြောတော့မယ်။ ;P

(ဆက်ရန်)

အရှေ့သို့လားသော်

ကျနော် ဒီခရီးကို စ မထွက်ခင်ကတည်းက မှတ်တမ်း ရေးမယ် မရေးဘူး စဉ်းစားနေမိတယ်။ နောက် ပြန်စဉ်းစားကြည့်တော့ တစ်လနီးပါးလောက် ဘလော့ဂ်မရေးဘဲ ပျောက်နေတာ၊ ဒီကာလတွေအတွင်း ပို့စ်အနေနဲ့ ဘလော့ဂ်ပေါ် မရောက်တောင် အတွေးတွေ၊ ကုန်ကြမ်းတွေ အနေနဲ့ ရှိနေသင့်တယ်၊ အနည်းဆုံး သိသလောက် ပြန်ပြီး ဝေမျှသင့်တယ်လို့ ယူဆမိတာကြောင့် ရေးမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်ပြီး အင်ဖော်မေးရှင်း ခေတ်ကြီးမှာ သတင်းနဲ့ လုပ်စားနေကြတဲ့ သူတွေ အများကြီး ရှိနေကြပေမယ့် ကိုယ့်နိုင်ငံသား အချင်းချင်း လုပ်စားတာ မဟုတ်ဘဲ ဝေမျှနိုင်ရင် ပိုကောင်းမယ်လို့ ခံယူမိတာကြောင့် ခရီးသွား မှတ်တမ်း တစ်ပုဒ် အနေနဲ့ ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

ဒီ ခရီးသွား မှတ်တမ်းကို မရေးခင်မှာ နိဒါန်းအနေနဲ့ ပြောစရာ ရှိပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ အနေနဲ့ တရုတ်နိုင်ငံအပေါ်မှာ အထင်သေး အမြင်သေးတွေ ရှိနေပါတယ်။ စီးပွားရေး အပိုင်းမှာလည်း အထင်သေးတယ်။ ကိုယ်ကတော့ ဘာမှ မဟုတ်ဘူး။ ဒါပေမယ့် အထင်သေးတယ်။ တရုတ်ပစ္စည်းဆို နှာခေါင်းရှုံ့ချင်ကြတယ်။ တရုတ်စက် တစ်ရက်စုတ် ဆိုတဲ့ ဆိုစကားတောင် ရှိသေးရဲ့။ နိုင်ငံရေး အပိုင်းမှာလည်း တရုတ်နိုင်ငံကို အမြင်စောင်းကြတယ်။ ထားပါ။ ကျနော် အဲဒါတွေကို ဆွေးနွေးဖို့ မဟုတ်ပါဘူး။ တရုတ်နိုင်ငံက အခုဆိုရင် စီးပွားရေး အင်အား တောင့်တင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်ဖို့ တစ်နေ့ထက်တစ်နေ့ အာမခံချက်တွေ အပြည့် ရှိနေပါပြီ။ နိုင်ငံရေးပိုင်းမှာလည်း သြဇာညောင်းတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရပ်တည်နိုင်ဖို့ ကြိုးစားနေတာပါပဲ။ ကမ္ဘာ့ စူပါ ပါဝါ နေရာကို ရောက်ဖို့လည်း တာဆူနေလေရဲ့။ အခုအချိန် အနောက်နိုင်ငံနဲ့ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး ပျက်ကပ်ကို ပညာသားပါပါ အသုံးချသွားနိုင်မယ် ဆိုရင် တစ်နေ့မှာ ကမ္ဘာ့ စူပါ ပါဝါ ဖြစ်မလာနိုင်ဘူးလို့ ငြင်းမရနိုင်အောင် ဖြစ်နေပါပြီ။ အမေရိကန်တောင် ဒီအန္တရာယ်ကြောင့် မျက်စိထောင့်ထောက် ကြည့်နေရပါပြီ။ အခုဆိုရင် တောင်အမေရိကနဲ့ အာဖရိကနိုင်ငံတွေ အပေါ် တရုတ်က သြဇာ ထိုက်သင့်သလောက် ညောင်းနေပြီကိုး။

တရုတ်မှာ စကားတစ်ခွန်း ရှိပါတယ်။ ပိုက်ဆံတစ်ကျပ် ကုန်တစ်ကျပ်တဲ့။ အဓိပ္ပာယ်က ကုန်ပစ္စည်းတစ်ခုကို တစ်ကျပ်တန် လိုချင်လား တစ်ထောင်တန် လိုချင်လား ကြိုက်သလို ပြောလို့ရတယ်။ ဒါကြောင့် သူတို့ဆီမှာ ဈေးစကား သိပ်ပြောလို့မကောင်းဘူး။ ဈေးသွားဆစ်ရင် လျှော့ပေးလိုက်မယ်။ ဒါပေမယ့် အရည်အသွေးပါ လျှော့ပစ်မှာ။ တစ်ကျပ်ပေးရင် တစ်ကျပ်တန်ရမယ်။ တစ်ထောင်ပေးရင် တစ်ထောင်တန် ရမယ်ပေါ့။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူငယ်ချင်းတစ်ယောက်က ဂဏန်းတွက်စက် CASIO တံဆိပ် scientific calculator တွေ သွင်းချင်တယ်ဆိုလို့ ဈေးတစ်ခါ စုံစမ်းပေးဖူးတယ်။ တရုတ်ကိုယ်စားလှယ် CASIO ကုမ္ပဏီနဲ့ ဆက်သွယ် မေးကြည့်တော့ တစ်လုံးကို မြန်မာငွေ နှစ်သောင်းနီးပါး ရှိနေတယ်။ ဒါ သယ်ယူစားရိတ်နဲ့ အခွန်တွေ မပါသေးဘူး။ သေချာတယ်။ တွက်ခြေ မကိုက်ဘူး။ သူ့ကို ပြောပြတော့ သူငယ်ချင်းက ပြန်ပြောတယ်။ ဝယ်ဈေး မြန်မာငွေ တစ်ထောင်လောက်နဲ့ ရရင် လိုချင်တယ်တဲ့။ ဟိုက် ရှားပါး။ ကြည့်ကြည့်ပါဦး။ နှစ်သောင်းတန်ကို တစ်ထောင်နဲ့ ရောင်းပေးရမလားပဲ။ မြန်မာပြည်မှာ ဒီလောက်နဲ့ ရောင်းနိုင်မှတော့ ဒီ ဈေးကွက် ရှိလို့ပဲပေါ့။ နယ်စပ်က ကုန်သည်တွေနဲ့ ချိတ်ဆက်ကြည့်လိုက်မှ အိုကေသွားတယ်။ ကျနော့်အနေနဲ့ မန္တလေးအရောက် တစ်ထောင်ကျပ်နဲ့ ရောင်းနိုင်တဲ့ ပစ္စည်းတစ်ခုဟာ အရင်း ဘယ်လောက် များနိုင်မှာတဲ့လဲ။ နောက်ပြီး သူ့ရဲ့ အရည်အသွေးကကော။

တစ်ထောင်တန် ပစ္စည်းတစ်ခုကို ပြပြီး တစ်ဆယ်လောက်နဲ့ ရအောင် လုပ်ပေးပါဆိုရင် တရုတ်က လုပ်ပေးမှာပဲ။ ဒါကို Business Ethic မရှိဘူးလို့ တရုတ်ကို အော်ကြတဲ့သူတွေ ရှိတယ်။ ဒါဆို ကျနော် တစ်ခု မေးချင်တယ်။ တစ်ဆယ်တန်ကို တစ်ဆယ်နဲ့ လုပ်ရောင်းတဲ့သူနဲ့ တစ်ဆယ်တန်ဝယ်ပြီး တစ်ထောင်နဲ့ ရောင်းနေတဲ့သူ ဘယ်သူက ပိုပြီး Business Ethic မရှိသလဲ။ မြန်မာနိုင်ငံရဲ့ နယ်စပ်မြို့ သုံးမြို့နဲ့ ယှဉ်ကြည့်ကြည့်ပါ။ အိန္ဒိယ – မြန်မာ နယ်စပ် တမူးမြို့မှာ အိန္ဒိယကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ ထိုင်း – မြန်မာ နယ်စပ် တာချီလိတ်မြို့မှာ ယိုးဒယားကို re-Export လုပ်ဖို့ တရုတ်ပစ္စည်းတွေ ရှိပါတယ်။ တရုတ် – မြန်မာ နယ်စပ် မူဆယ်မြို့မှာ မြန်မာနိုင်ငံမှာ သုံးဖို့ သွင်းလာတဲ့ ကုန်ပစ္စည်းတွေ ရှိပါတယ်။ နယ်သုံးနယ်မှာ ရှိတဲ့ တရုတ်ပစ္စည်းတွေကို ယှဉ်ကြည့်လိုက်ရင် အရည်အသွေးတွေ ကွာတယ်ဆိုတာ သိနိုင်ပါတယ်။ တစ်ကျပ်တန်သွင်းတဲ့ နိုင်ငံ၊ တစ်ဆယ်တန် သွင်းတဲ့ နိုင်ငံနဲ့ တစ်ရာတန် သွင်းတဲ့ နိုင်ငံ ကွာသလိုပေါ့။ မြန်မာနိုင်ငံအနေနဲ့ ဒုတိယအများဆုံး ကုန်ပစ္စည်း သွင်းတဲ့ နိုင်ငံက ထိုင်းနိုင်ငံပါ။ ကျနော် သိထားတာက ထိုင်းနိုင်ငံ ထုတ်ကုန်ရဲ့ ၈၀% ဟာ ကုန်ကြမ်းကို တရုတ်ကနေ သွင်းပြီး အဆင့်မြှင့် ထုပ်ပိုးထားခြင်းပဲ ဖြစ်ပါတယ်။ ဒါ ထိုင်းနိုင်ငံ အနေနဲ့ တရုတ်ရဲ့ ကုန်ထုတ်လုပ် တိုးတက်မှု ရေစီးကြောင်းကို အကျိုးရှိရှိ မျှောပါနေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ၂၀၀၀ ခုနစ် WTO ကို တရုတ်ဝင်ပြီး ကတည်းက ထိုင်းရဲ့ အိပ်မက်ဟာ လှိုင်းလုံးထဲမှာတင် လုံးချာလည်ရမ်းပြီး ဆုံးဆုံးမြှုပ်သွားရှာတယ်။

စီးပွားရေး တောင့်တင်းလာတဲ့ မိသားစုတွေမှာ သားသမီးတွေဟာ အပြောအဆို ခက်ထန်လာတာ သဘာဝပါပဲ။ ချမ်းသာလာတဲ့ နိုင်ငံအနေနဲ့လည်း အပြောအဆို အရင်လို မညက်ညောတော့ဘူး။ အဲဒီလို ဖြစ်နေတာက သူဌေးမဟုတ်ဘဲ သူဌေးသားတွေ များတယ်။ နိုင်ငံ တစ်နိုင်ငံ အနေနဲ့ ကြည့်မယ်ဆိုရင် စီးပွားရေး တောင့်တင်းဖို့ ကြိုးစားတဲ့ မျိုးဆက်မဟုတ်ဘဲနဲ့ အသီးအပွင့်တွေ ခံစားတဲ့ နောက်မျိုးဆက်ပေါ့။ တရုတ်နိုင်ငံအနေနဲ့ ပြောရရင် အသက် ၂၅ ဝန်းကျင် ရှိတဲ့ တရုတ်ပြည်သူ ပြည်သားတွေပေါ့။ ရုတ်တရက် ချမ်းသာလာတဲ့ မိသားစုတွေက ပိုပြီး ခက်ထန်တတ်တဲ့ သဘာဝ ရှိပါတယ်။ ဆယ်နှစ်အတွင်းမှာ အရှိန်ဟုန်မြင့်မြင့် ပြည့်စုံလာတဲ့ တရုတ်နိုင်ငံ အနေနဲ့ လူငယ်တွေမှာ မာန်တက်လာတာကို မြင်နေရတယ်။ ဘယ်လိုရောင်းရောင်း ကိုယ့်ပစ္စည်းက ရောင်းလို့ ကုန်နေရင် ဈေးဝယ်သူကို အလေးမထားတတ်တော့ဘူး။ မင်းမဝယ်လည်း နောက်တစ်ယောက် ဝယ်လိမ့်မယ်ဆိုတဲ့ အတွေး။ နည်းနည်း ဝယ်မယ့်သူကို အဖက်မလုပ်ချင်တော့ဘူး။ များများဝယ်မယ့်သူကိုပဲ ဦးစားပေးတော့မယ်။ ဒါ သဘာဝကျတဲ့ အပြောင်းအလဲတွေ ဆိုပေမယ့် အဆင်းကို ဘီးတပ်ပေးမယ့် တွန်းအားတွေပါ။ တရုတ်အနေနဲ့ စီးပွားရေးကို အဓိကထားတဲ့ ပေါ်လစီကနေ၊ ပညာရေး နဲ့ သုသေတနကို အားပေးတဲ့ ပေါ်လစီကို ပြင်ဆင် သုံးစွဲနေတော့ နောက်နှစ်ပိုင်းတွေမှာ ပညာနဲ့ ပြန်ထိန်းသွားနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ကဲ .. ကျနော် ပေရှည်နေတာနဲ့ ခရီးက အခုထိ မစရသေးဘူး။ တရုတ်နိုင်ငံမှာ တစ်နှစ်ကို နှစ်ကြိမ်လုပ်လေ့ရှိတဲ့ China Export-Import Fair ရှိပါတယ်။ တရုတ်နိုင်ငံရဲ့ အကြီးဆုံး ပြပွဲကြီးပေါ့။ အမြဲတမ်း ဧပြီလ (သင်္ကြန်တွင်း) နဲ့ အောက်တိုဘာလမှာ လုပ်လေ့ရှိတယ်။ GuangZhou (ကွမ်ကျိုး) မြို့မှာ လုပ်ပါတယ်။ အဲဒီ နှစ်လအတွင်းမှာ ဆိုရင် လေယာဉ်လက်မှတ်က ခက်လေ့ရှိတယ်။ တစ်လလောက် ကြိုတင်ပြီး မှာထားမှ လက်မှတ်က ရတယ်။ တရုတ်နိုင်ငံကို ရောက်တဲ့ နိုင်ငံတကာ လေကြောင်းလိုင်းတွေ အားလုံး လက်မှတ်ခက်လေ့ရှိတယ်။ မြန်မာနိုင်ငံကနေ သွားမယ်ဆိုရင် အများဆုံး စီးကြတာက Thai Airway (TG) ပါ။ ဈေးနှုန်းနဲ့ ထိုက်သင့်တဲ့ ဝန်ဆောင်မှုကို ပေးနိုင်ပါတယ်။ ဒီနှစ်အတွင်း လေယာဉ်ဆီဈေး တက်တာကြောင့် လေယာဉ်လက်မှတ်တွေ ၃၀% အထိ ဈေးတက်သွားပါတယ်။ တကယ်လို့ TG စီးမယ်ဆိုရင် Bangkok ကနေတဆင့် GuangZhou ကို သွားပါတယ်။ Bangkok – GaungZhou အပိုင်းက လက်မှတ်ခက်တာပါ။ တကယ်လို့ GuangZhou လက်မှတ် မရဘူးဆိုရင်တော့ Hongkong ကနေ ပတ်သွားလေ့ရှိပါတယ်။ Yangon – Bangkok – Hongkong ပေါ့။ Hongkong နဲ့ GuangZhou က ကားစီးရင် နှစ်နာရီစာပဲ ဝေးပါတယ်။ တိုက်ရိုက် ရထားစီးရင် ပိုတောင် မြန်ပါသေးတယ်။ ဒါကြောင့် နောက် option တစ်ခုအနေနဲ့ Bangkok – GuangZhou လက်မှတ်မရရင် Bangkok – Hongkong ခရီးကို စီးကြတယ်။ ဒါပေမယ့် တရုတ်သံရုံးမှာ ဟောင်ကောင်ဗီစာ လျှောက်တဲ့အခါ စာရွတ်စာတမ်းတွေ အများကြီး လိုပါတယ်။ Bank Statement တွေက အစ လိုပါတယ်။ အတိအကျတော့ မမှတ်မိတော့ဘူး။ တရုတ်ဗီစာ ဆိုရင်တော့ လျှောက်လွှာတစ်ရွက်နဲ့တင် အဆင်ပြေတယ်။

နောက်ထပ် ရွေးချယ်စရာ တစ်ခုက တရုတ်ပြည်တွင်း လေကြောင်းလိုင်းပါ။ စုစုပေါင်း သုံးလိုင်း ရှိပါတယ်။ Air China, Southern China နဲ့ Eastern China ပါ။ Yangon – GaungZhou တိုက်ရိုက် ခရီးစဉ်ရှိတာက Southern China ပါ။ တိုက်ရိုက်ရောက်တာကြောင့် တစ်လလောက် စောပြီး လက်မှတ် ကုန်လေ့ရှိတယ်။ ကျန် လေကြောင်းလိုင်း နှစ်ခုလုံးက တရုတ်ပြည် Kunming (ကူမင်း) မြို့ကိုပဲ ရောက်တယ်။ နောက်မှ တဆင့် GuangZhou ကို ပြန်စီးရတယ်။ Air China က Yangon – Kunming သွားပြီး ဒေါ်လာ ၅၀၀ ကျော်တယ်။ Eastern China က Mandalay – Kunming ကို ဒေါ်လာ ၃၀၀ ကျော်နဲ့ သွားတယ်။ ကုန်သည် အများစုက ပြည်တွင်းကနေ တဆင့်ပြန်စီးရတဲ့ ကျန် လေကြောင်းလိုင်း နှစ်ခုကို ရွေးလေ့ မရှိပါဘူး။ ဘာလို့လည်း ဆိုတော့ တရုတ်ပြည်တွင်း လေကြောင်းလက်မှတ်ဖိုးက ဈေးအရမ်းကြီးလို့ပါ။ ဒါပေမယ့် အများစု သတိမထားမိတာက တကယ်လို့ နှစ်ပတ်လောက် ကြိုပြီး လက်မှတ်ဝယ်နိုင်မယ် ဆိုရင် ပြည်တွင်း လေကြောင်းလိုင်းတွေက discount ကို 80% အထိ ပေးတတ်ပါတယ်။ တကယ်လို့ ၅၀% အထိ လျှော့ဈေးရမယ်ဆိုရင် တွက်ခြေ ကိုက်ပါတယ်။ မန်းကို ကားစီးပြီးမှ ကူမင်းကို လေယာဉ်ပြန်စီးမယ် ဆိုရင် ငွေ နှစ်သိန်းလောက် သက်သာသွားမှာမို့ Eastern China ရဲ့ လက်မှတ်ကိုပဲ ဝယ်လိုက်ပါတယ်။ ပြန်မယ့်ရက် အတိအကျ မသိသေးတာကြောင့် အပြန်ရက် မသက်မှတ်သေးဘဲ Open date နဲ့ ဝယ်ခဲ့လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်လို့ ဒုက္ခရောက်သွားမယ်လို့ အစက ဘယ်သိခဲ့မှာလဲ။

(ဆက်ရန်)

ကျိုက်ထီးရိုးသွား တောလား …..


၂၆ရက် အောက်တိုဘာလ ၂၀၀၇။ ည ၁၀း၁၅

လက်မှတ်ဝယ်ထားတဲ့ကားက ည ၉း၃၀ မှာ စထွက်မယ်လို့ ပြောထားပေမယ့် အခုမှထွက်ဖြစ်တယ်။
တစ်လမ်းလုံး သီချင်းနားထောင် ဗီဒီယိုကားကြည့်ရင်းနဲ့ပဲ အချိန်ကုန်သွားတယ်။

၂၇ရက် အောက်တိုဘာလ ၂၀၀၇။ နံနက် ၄ နာရီလောက်
ကျိုက်ထီးရိုးတောင်တက်လမ်း တောင်ခြေဖြစ်တဲ့ ကင်ပွန်းစခန်းကို ရောက်ပါတယ်။ ထမင်းဆိုင်တစ်ဆိုင်မှာ ရပ်ပေးတော့ အဲဒီဆိုင်မှာရှိတဲ့ ကွတ်ပစ်မှာ တစ်ရေးအိပ်ခွင့်ရတယ်။

နံနက် ၆ နာရီ
ကားမောင်းသံ၊ ခရီးသည်ခေါ်သံ ကြားရတော့ လန့်နိုးလာတယ်။ တောင်တက်ကားပေါ်တက်ဖို့ ပြင်ဆင်နေကြပြီ။ ကျနော်တို့ကတော့ ကွေးကောင်းတုန်း။ ဒါနဲ့ မျက်နှာသစ်၊ နံနက်စာစားပြီး တောင်ပေါ်တက်မယ့်ကားရှိရာ ကားဝင်းကို ရောက်လာခဲ့တယ်။

နံနက် ၇ နာရီ
ဒီလို ကားမျိုးတွေနဲ့ တောင်ပေါ်တက်ကြရတယ်လေ။ ကားနောက်ခန်းမှာ လူထိုင်ဖို့ တန်းလေးတွေ လုပ်ပေးထားတယ်။ ရန်ကုန်မှာလိုပဲ တစ်တန်းကို ၆ ယောက်ပြည့်အောင် ထိုင်ရတယ်။ ဘာဖြစ်ဖြစ် လူပြည့်အောင် ထည့်တယ်။ (တစ်နိုင်ငံလုံးမှာရှိတဲ့ စပယ်ယာတွေ ဒီအတိုင်းပဲထင်ပါတယ်) အနောက်မှာ သံခြင်းလေးလုပ်ပေးထားတယ်။ ပစ္စည်းထည့်ဖို့ပါ။ တစ်ယောက်ကို ယာဉ်စီးခ ၂၅၀၀ကျပ် ပေးရပါတယ်။ ရင်ပြင်တော်အရောက်မို့ပါ။ အထမ်းသမားတွေ အဲဒီနောက်ကနေ အခမဲ့လိုက်ကြတယ်။ တစ်တန်းကို လူခြောက်ယောက်ပြည့်မပြည့် စစ်ပြီးရင်တော့ တောင်ပေါ်ကို စတက်ပါပြီ။
တက်ခါစမှာ စစ်ဆေးရေးဂိတ်ရှိတယ်။ ပိုက်ဆံပိုတောင်းလား စစ်တယ်။ သက်မှတ်လူထက် ပိုတင်လား စစ်တယ်။ တောင်ပေါ်စတက်ပါပြီ။ ကွေ့လိုက်ကောက်လိုက်နဲ့ အတက်ချည်းပါပဲ။ အတက်တော်တော်များများဟာ စောက် ၃၀ံအထက်ချည်း ရှိမယ်ထင်တယ်။


နံနက် ဂ နာရီ ၁၀ မိနစ်
ရသေ့တောင် ယာဉ်ရပ်နားစခန်းကို ရောက်ပါပြီ။ အဲဒီမှာ သတင်းပို့ပြီး ခဏစောင့်ရပါတယ်။ ၁၅ မိနစ်လောက်ကြာမှ တက်ခွင့်ရပါတယ်။ ကားအတော်များများက ရသေ့တောင်စခန်းမှာပဲ ခရီးဆုံးပါတယ်။ ရင်ပြင်အထိဆက်တက်ချင်ရင် ရင်ပြင်တော်တက်တဲ့ကား သက်သက်ရှိပါတယ်။ အဲဒီကား ပြောင်းစီးရတယ်။ ကျနော်တို့ အဆင်ပြေသွားတယ်။ အများစုကတော့ ရသေ့တောင်ကနေ လမ်းလျှောက်ကြတာများတယ်။ ၁ မိုင်ကျော်ပဲ ကျန်တော့တာကိုး။ လေ့ကျင့်ခန်းလုပ်တဲ့ အနေနဲ့ပေါ့။


နံနက် ၉ နာရီ
ဒီမုဒ်ဦးဟာ ရင်ပြင်တော်ကို ၀င်ဖို့ ပထမဆုံးဖြတ်ရတဲ့ မုဒ်ဦးပါ။ လူတွေ အတော်စည်ကားနေပါတယ်။ ရင်ပြင်ကိုသွားမယ့်လူတွေမှာ ကိုယ့်ရင် ၀န်စည်စလယ် ပစ္စည်းတွေကို စောင့်တဲ့လူကစောင့်၊ အဖွဲ့ဝင်တွေ မရောက်သေးလို့ စောင့်တဲ့လူက စောင့်ပေါ့။ အဲဒီကနေ ၀င်ခါနီးမှာ အမျိုးသမီးများ အ၀တ်လဲခန်းဆိုတာ တွေ့ပါလိမ့်မယ်။ မိန်းကလေးတွေကို ဘောင်းဘီရှည်၊ ဘောင်းဘီတို၊ စကတ်တို၊ စကတ်ရှည်၊ လယ်ဟိုက်၊ ကိုယ်ကျပ်တွေ ၀တ်ခွင့်ပေးမထားဘူး။ ၀တ်ခွင့်ပေးမထားဘူး ဆိုတာထက် အဲဒီနေရာကနေ ၀င်ခွင့်မပေးဘူးဆို ပိုမှန်မယ်။ သူတို့ ခေါင်းစဉ်တပ်တာက သရုပ်ပျက်ယဉ်ကျေးမှုတဲ့။


ပစ္စည်းတွေချပြီး မုဒ်ဦးအတိုင်း လျှောက်လာလို့ရှိရင် ပထမဆုံးတွေ့ရမယ့်စေတီက လွမ်းစေတီပါ။ နောက်ပြီးတော့ ကျောက်သမ္ဗာန်စေတီ(ပုံ)ပေါ့။ နောက်တစ်ခု စိတ်ဝင်စားစရာကောင်းတာက ကျိုက်ထီးရိုးစေတီသမိုင်းရဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ရွှေနန်းကျင်နတ်နန်းပါပဲ။


အ၀င်လမ်းအတိုင်းလျှောက်လာလိုက်ရင် ဓမ္မာရုံတွေကို ဖြတ်လာပြီး စေတီရင်ပြင်တော်ကြီးကို တွေ့ရပါမယ်။ လူစည်းကားတဲ့ ညတွေမှာဆို အဲဒီလောက် ကျယ်ပြောတဲ့ရင်ပြင်မှာ လူတွေဖျာခင်းအိပ်ကြတာ နေရာတောင်မလောက်ပါဘူး။ ဒီလောက်ကျယ်တဲ့ ရင်ပြင်ကိုတော့ ကလေးတွေ အတော်သဘောကျကြတယ်။ ညနေဆို ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ အပြည့်ပဲ။


ရင်ပြင်ကို ရောက်ရောက်ချင်းမှာပဲ ပထမဆုံးစေတီကို သွားကန်တော့ပါတယ်။ ဘယ်ဘက်အခြမ်းမှာ ဆီမီး၊ အမွှေးတိုင်တွေ ထွန်းညှိပူဇော်ကြပြီး ညာဘက်မှာတော့ အုန်းပွဲငှက်ပျောပွဲတွေ တင်ကြပါတယ်။ ပန်းတွေ ကပ်လှူကြတယ်။ အလယ်ခေါင်မှာ စေတီဆီကိုကူးဖို့ သံတံတားလေးရှိပါတယ်။ အဲဒီကနေစပြီး မိန်းကလေးမ၀င်ရပါဘူး။ ရွှေသင်္ကန်းကပ်ချင်ရင်တော့ အဲဒီတံတားကနေဖြတ်ပြီး သွားရပါတယ်။


ဦးချပြီးပြီဆိုတော့ ၀မ်းရေးကို ဖြေရှင်းရတော့မယ်လေ။ ဒါနဲ့ မုဆိုးတောင်လမ်းအတိုင်း လျှောက်လာခဲ့တယ်။ အဲဒီ လမ်းတလျှောက်လုံးက ဆိုင်တွေချည်းပါပဲ။ မုန့်ဆိုင်၊ စတိုးဆိုင်၊ လက်ဖက်ရည်ဆိုင်၊ စားသောက်ဆိုင်၊ ပုဂ္ဂလိကတည်းခိုခန်း နဲ့ အိပ်သာ၊ ရေချိုးခန်းတွေ ရှိတယ်။ တစ်ခုခုစားချင်ရင် မုဆိုးတောင်လမ်းကို လာကြရတာပါ။ အတော်စည်တဲ့ လမ်းမပါပဲ။ အဲဒီမှာပဲ အဆာပြေ လက်ဖက်ရည်ဆိုင် ၀င်တီးလိုက်တယ်။


နောက်ထပ် ထပ်သွားဦးမယ်လို့ စိတ်ကူးမိတာက ကျောက်ထပ်ကြီးစေတီပါ။ ရင်ပြင်ကနေ ၁ မိုင်ခွဲလောက် ဝေးပါတယ်။ တက်လိုက်ဆင်းလိုက်နဲ့၊ ပြေးလိုက် ဒရွတ်တိုက်ဆွဲသွားလိုက်နဲ့၊ နားလိုက် အိပ်လိုက်နဲ့ ၁ နာရီကျော် လျှောက်ပြီးသကာလ ကျောက်ထပ်ကြီးစေတီကို ရောက်လာပါတော့တယ်။ ဒီပုံက ကျောက်ထပ်ကြီးစေတီပေါ်တက်တဲ့ အ၀င်လမ်းလေးပါ။ အတော်စိမ်းလန်းတဲ့ လမ်းအိုလေးပါ။


ကျောက်ထပ်ကြီးစေတီမှာ ထူးခြားတာလေးတစ်ခုရှိပါတယ်။ ဘာလဲဆိုတော့ ရွှေချချင်တဲ့ အလှူ့ရှင်တွေအတွက် ရွှေတက်ချပေးတဲ့ အစီအစဉ်ပါ။ တစ်ပေပတ်လည်း ရွှေဆိုင်းလေး အလှူခံလို့ ရပြီဆိုရင် ကြိုးမင်းသားလေး (သူတို့အခေါ်) က ကောင်းကင်ကြိုးနဲ့တက်ပြီး သူကိုယ်တိုင် ရွှေသင်္ကန်းကပ်တာကို ဖူးမျှော်ရမှာပါ။ အတော် အန္တရာယ်များတဲ့ အလုပ်ပါ။ ဒါကို စီးပွားရေးအမြင်အရ ပရိုမိုရှင်းပရိုဂရမ်တစ်ခုလို့ မြင်မိပါတယ်။ တစ်ပေပတ်လည်ရမှ တက်ကပ်ပေးပါတယ်။ ပုံမှာ အပေါ်ဆုံးက ပန်းချီကားပါ။ အောက်ဘက်သုံးပုံက တကယ့်အတက်အဆင်းလုပ်တာကို ရိုက်ထားတာပါ။ ကျပ်စိလောက်လုံးပတ်ရှိတဲ့ ကြိမ်လုံးနဲ့ အဆက်အသွယ်လုပ်ထားတယ်။ အဲဒီပေါ်ကနေ သွားနေတာပါ။ ဆင်းလာတော့လဲ လက်လွှတ်ပြီး ကြိုးပေါ်ကနေ လျှောကနဲ ဆင်းလာတာပါ။ သူ့ရဲ့သတ္တိ၊ အစွမ်းနဲ့ လုံ့လကို ချီးမွမ်းစရာပါ။ အခုလိုရက်မျိုးတွေမှာ တစ်နေ့အခါ ၃၀ မက အတက်အဆင်း လုပ်ရတယ်လို့ သူကပြောပါတယ်။


၁၁ နာရီခွဲ
အတော်လေးဗိုက်ဆာနေပါပြီ။ ဒါပေမယ့် ကျီးကန်းပါးစပ်ရောက်မှ စားမယ်လို့ ဆုံးဖြတ်ထားတော့ ဒီအကြော်တဲမှာပဲ ၀င်ဆွဲလိုက်ကြတယ်။ `ဗူးသီးကြော် ငါးပွဲဗျို့၊ မြန်မြန်လေး။´
မုဆိုးတောင်အထိ အရောက်လာပြီးမှ ကျီးကန်းပါးစပ်ကို လမ်းပြန်ခွဲတယ်။ ဆက်တိုက် အဆင်းချည်းပဲ။

၁ နာရီ ၂၀ မိနစ်
နတ်ရေကန်ကိုအရင်ဆုံးရောက်တယ်။ ပုံပြင်တွေထဲမှာ နတ်ရေကန်က အဖိုးအိုစိမ်လိုက်ရင် လူပျိုလေးဖြစ်သွားတယ် ဆိုပဲ။ ဒီမှာက ရေရှားတော့ စိမ်စရာကန် သိပ်မရှိဘူး။ ဒီနတ်ရေကန်က ရေသောက်ဖို့ပဲထားတယ်။ ဒီနတ်ရေကန်ကရေကို နာနာဖိသောက်ပေးတဲ့။ ဆီးကောင်းတယ်ဆိုပဲ။ ဆီးရောဂါရှိတဲ့လူတွေအတွက်တော့ သတင်းကောင်းပဲ။ အဲဒီကနေ တစ်ပြလောက် ဆက်သွားလိုက်ရင် ကျီးကန်းပါးစပ်ရောက်တယ်။ စားသောက်ဆိုင်တွေ့လို့ ထမင်းအရင် ၀င်တွယ်ကြတယ်။ ယုန်သားဆိုတာ မြို့မှာ ရှာရခက်သား။ ယုန်သားတစ်ပွဲ မှာပစ်လိုက်တယ်။ အောက်မလေး ပိုက်ဆံရှင်းမှ ယုန်သားက တက်စာမှန်းသိတော့တယ်။ တစ်ပွဲ လေးထောင်တဲ့လေ။ (တက်စာ – ဈေးကြီး၍ လူကို တက်စေနိုင်သော အစာ)


ကျီးကန်းပါးစပ်လိုဖြစ်နေတဲ့ ကျောက်ဆောင်ရဲ့အောက်နားမှာ လိုဏ်ဂူလေးရှိတယ်။ ကျိုက်ထီးရိုးစေတီသမိုင်းမှာ ဇော်ဂျီနဲ့ နဂါးမတို့ရဲ့ ဆုံဆည်းရာလေးပေါ့။ အဲဒီဂူကနေ စစ်တောင်းမြို့ ပေါင်းလောင်းမြစ်အရှေ့ဘက်ကမ်း ဇေယျပဗ္ဗတကျောက်တောင်အထိ တောက်လျှောက်ပေါက်တယ်လို့ ပြောကြတယ်။ အခုတော့ သွားမရလောက်တော့ပါဘူး။ အဲဒီမှာ ထူးဆန်းတာက ဘုရားသခင်ဆီကို မတ်စိပို့လို့ ရတယ်လေ။ မတ်စိ လေးစေ့ကို ကျပ် (၁၀၀) နဲ့ ပေးဝယ်ကြရတယ်။ ၀ယ်တယ်လို့လဲ ဘယ်ခေါ်မလဲနော်။ ငှားတယ်ပဲ ပြောရမလား။ ခဏငှားပြီး ကျောက်ဖျာပေါ် ဆုတောင်းပြီး ပစ်ကြတယ်လေ။ ဆုတောင်းပြည့်မယ်ဆိုရင် အပေါ်မှာတင်ပါစေပေါ့။ ဒါပေမယ့် ပစ်နေလိုက်ကြတာ မတင်မချင်းပါပဲ … အဟိ။ မတင်ရင်ပြန်ကျ၊ ပြန်ကျတော့ ပြန်ကောက်၊ ပြီးတော့ ပြန်ပစ်ပေါ့။ ဆုတောင်းတွေ အတော်ပြည့်ချင်ကြတာကိုး။ တင်တော့ ဘာထူးလဲဆိုတော့ ပြန်မကောက်ရတော့ဘူးပေါ့။ အဲဒါထူးတယ်။ နောက်ပြီး ဂေါပကလူတွေက ကျောက်ဖျာပေါ် မတ်စိ တက်ကြုံးပြီး အဲဒါနဲ့ ပြန်ရောင်းကြတာပါပဲ။ အော် … ကိုယ့်ရဲ့ဆန္ဒတွေကို ငွေတစ်ရာနဲ့ အာသာဖြေနေကြသကိုး။


ကျီးကန်းပါးစပ်ကနေ ပြန်ကြတော့ ခြေထောက်ကလည်း အတော် နာနေပြီ။ လမ်းမှာ ဆေးအလကားလိမ်းလို့ ရတယ်ဆိုလို့ အများကြီး ၀င်လိမ်းပစ်လိုက်တယ်။ အဲဒီဆေးမြစ်နဲ့ ဖော်ထားတဲ့ဆေးတွေက အတော်ကောင်းပါတယ်။ ကိုယ်တွေ့ပါ။ ကျနော် ကျိုက်ထီးရိုးရောက်တိုင်း အလကားဝင်လိမ်းနေကျမို့ အာမအပြည့်ခံနိုင်ပါတယ်။

၂ နာရီ ၄၀ မိနစ်
ရုတ်တရက် အမှောင်က၀င်လာတယ်။ မြူတွေဆိုင်းလာတယ်။ အအေးဓါတ်ကလေးလည်း အတူပါလာတယ်။ ဒါနဲ့ လက်ဖက်ရည်ဆိုင်မှာ တီးဝင်ကိုင်ကြတယ်။ တစ်မနက်လုံး ကျောပိုးအိတ်ထမ်းပြီး လျှောက်သွားနေတာဆိုတော့ ခြေလက်လေ့ကျင့်ခန်းက အပြည့်ပဲ။ အခု လက်ဖက်ရည်ဆိုင်မှာ ဇက်လေ့ကျင့်ခန်း စလုပ်ကြတယ်။ လမ်းမပေါ်မှာ ဖြတ်သွားတဲ့ ကောင်မလေးတွေကို ညာဘက်ယိမ်းကြည့်လိုက် ဘယ်ဘက်ယိမ်းကြည့်လိုက်နဲ့ပေါ့။ လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ပြောင်းထိုင်တယ်။ ဂျကာ မကောင်းလို့။

၆ နာရီ ၁၅ မိနစ်
အခုထိ အိပ်စရာနေရာ မရှာရသေးဘူး။ ဒီနှစ်က ခါတိုင်းထက်လူနည်းတော့ ရင်ပြင်မှာ မအိပ်ရကောင်းပါဘူးလို့ တွေးနေမိတယ်။ ဓမ္မာရုံသုံးခုလောက် ၀င်မေးတော့ အခန်းကုန်ပြီတဲ့။ အော် ဘာတတ်နိုင်မှာလဲ။ ဒီလိုပဲ ရင်ပြင်တော်မှာ ထိုင်ရင်း လောကကြီးအကြောင်း ကြီးကြီးကျယ်ကျယ် ဆွေးနွေးနေကြတယ်။

၈ နာရီ ခွဲ
အော် ၈နာရီခွဲပြီ။ ဘုရားရှိခိုးတော့မယ်ပေါ့။ ဒါနဲ့ ဘုရားအောက်ဘက်ပတ်လမ်းကို ဆင်းတဲ့ လှေကားနားမှာပဲ ထိုင်ပြီး ဘုရားရှိခိုးလိုက်တယ်။ ကျောပိုးအိတ်တွေ ကိုယ်စီ ဘေးမှာချပြီးပေါ့။ ပြီးတော့ သူငယ်ချင်းအားလုံး မျက်လုံးလေးတွေမှိတ်ပြီး ဘုရားကို အာရုံပြုကြတယ်ပေါ့ဗျာ။ မျက်စိမှိတ်လိုက်တော့ ပထမဆုံးမြင်ရတာ ကျနော့ရဲ့ဆီပုံးကြီးပဲ။ နောက် တစ်ခုပြီး တစ်ခုပေါ့ဗျာ။ ဘုရားကိုရောက်ဖို့ အတော်စောင့်လိုက်ရတယ်။ အတော်ကြာတော့ စကားပြောသံကြားလို့ လန့်ပြီးမျက်လုံး ဖွင့်ကြည့်လိုက်တယ်။ ပြောလိုက်တာက `အော် သူတို့က ဒီလိုအိပ်ကြရတာကိုး´ တဲ့။ ဒါနဲ့ ဘေးကကောင်တွေကို ကြည့်လိုက်တော့ အကုန်လုံး တင်ပလင်ခွေလျက်၊ ခေါင်းက ငိုက်စိုက် အောက်က ကျောက်ပြားထိလို့။ `ဟဲ့ကောင်တွေ ထ ထ´ဆိုပြီး ရင်ပြင်မှာ လေကွယ်ရာလိုက်ရှာကြတယ်။ နောက် ဖျာတစ်ချပ် ငှားခ ၄၀၀ အပေါင်ငွေ ၁၀၀၀ နဲ့ ဖျာတွေ ငှားကြတယ်။ ပါလာတဲ့ စောင်နဲ့ ကိုယ်ကို လုံအောင်ပတ်ပြီး အိပ်မယ်လို့ ပြင်နေတုန်းမှာပဲ လူတစ်ယောက်ရောက်လာပြီး `မင်းတို့တွေ ဒီမှာ အိပ်မလို့လား၊ ခဲကုန်မှာပေါ့။ လာ ငါနဲ့လိုက်ခဲ့။´ ဆိုပြီး ဓမ္မာရုံထဲ ခေါ်သွားတယ်။ ကံကောင်းတော့ လုံခြုံနွေးထွေးစွာနဲ့ပဲ နေ့တစ်နေ့ကို သတ်ပစ်လိုက်တယ်။

၂၈ ရက် အောက်တိုဘာလ ၂၀၀၇
နံနက် ၅ နာရီ (၅ မိနစ်လို)

အိပ်ယာက နှိုးလာတော့ သူတို့တွေ အိပ်နေတုန်း။ ဒါနဲ့ ကိုယ့်ဖာသာ မျက်နှာသွားသစ်တယ်။ ရေတစ်ခွက် ၅၀ ကျပ်ပေးပြီး ရေ ၂ ခွက်နဲ့ မျက်နှာသစ် သွားတိုက် အပြီးရှင်းတယ်။ ငွေ တစ်ရာနဲ့ အိုကေသွားတယ်။

နံနက် ၆ နာရီ ကျော် (နည်းနည်း)
အာရုံဆွမ်းကပ်မယ်ဆိုပြီး ဈေးသည်တွေ ဈေးသွားမေးတော့ ၄၀၀၀၊ ၂၅၀၀၊ နဲ့ ၁၅၀၀ သုံးမျိုးရှိတယ်တဲ့။ ကုသိုလ်ရဖို့တော့ ဓမြ အတိုက်မခံနိုင်ဘူး။ တန်လည်းတန်းဘူး။ ဒါနဲ့ အာရုံးဆွမ်းမကပ်တော့ဘဲ လျပ်စစ်မီးပဲ လှူပစ်လိုက်တယ်။

နံနက် ၈ နာရီ ၂၅ မိနစ်
လက်ဖက်ရည်ဆိုင်မှာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် လုစားပြီး တောင်ခြေကို ခြေကျင် ဆင်းခဲ့ကြတယ်။


တချို့က ကိုယ့်ကိုယ်ကို မနိုင်တော့ ဒီလိုဆင်းကြသဗျ။ တစ်ယောက်ကို အတက် ၁၃၀၀၀ ကျပ်၊ အဆင်း ၁၂၀၀၀ ကျပ် တဲ့။ တချို့တော့ ကိုယ့် ပစ္စည်းလေးတွေပဲ အထမ်းနဲ့ တင်ပေးလိုက်တယ်။ အဲဒီလူတွေကို လေးစားတယ်ဗျာ။ ထမ်းနိုင်ပါပေ့။


ရသေ့တောင်ရောက်တော့ တက်မလားလို့ စိတ်ကူးနဲ့ အထစ် ၃၀ လောက် တက်သွားလိုက်သေးတယ်။ ပုံမှာ ကြည့်ပါလားဗျာ။ ကျနော် ဘယ်လို စိတ်ဓါတ်နဲ့ ဆက်တက်ရမလဲ။ ဒါပေမယ့်ကြည့်ပါဦး။ ကလေးလေး ရေထမ်းသွားလိုက်တာ ပေါ့ပေါ့လေးပါပဲ။

ကားခငွေ ၁၃၀၀ ကျပ်နဲ့ တောင်ခြေကို ရောက်ခဲ့ပါပြီဗျာ။ တောင်ခြေရောက်တော့ ထမင်းစားရတော့မယ်။ ခြင်္သေ့စိမ်းတွေက အကောင်ရေနည်းနေပြီ။ ဒါနဲ့ ထမင်းဆီဆမ်းနဲ့ ကြက်ဥကျော်ကလေးပဲ ကစ်ခဲ့ရတယ်။


ဘာလေးညာလေး ၀ယ်မလားပေါ့။ လက်ထဲမှာ ကျန်တာက စုစုပေါင်း ငွေလေး ၂၀၀၀။ ဒါနဲ့ပဲ ရသေ့စိတ်ဖြေ ဓါတ်ပုံလေးပြေးရိုက်လိုက်တယ်။ ကဲကဲ သယ်ရင်းတို့ရေ။ ယိုကျွေးမယ် လာကြလာကြ။ ကြိုက်ရာစားကြနော်။ ဟေ့ ကလေးတွေ ကြိုက်တဲ့သေနတ်ဖြစ်ဖြစ် ဓါးဖြစ်ဖြစ်၊ စက်ဘီးတွေကော၊ ကားတွေကော ကြိုက်တာရွေးယူကြ။

ကျနော် အပြန်လမ်းတစ်လျှောက် စဉ်းစားရင်း မကျေလည်တာလေး တချို့ရှိတယ်ဗျ။ သိရင် ကူပြီးဖြေပေးကြပါဦး။

၁။ သမိုင်းစာမှာ `ရသေ့ကြီးဦးခေါင်းနှင့်တူသော ကျောက်တုံးကြီးပေါ်တွင် စေတီတည်ထားသည်ကို အစွဲပြု၍ စေတီကို ရသေ့ရွက်သောဘုရား “ကျိုက်ဣသိယို” (ကျိုက်ထီးရိုး) လို့ မွန်ဘာသာလိုခေါ်ပါတယ်တဲ့။ အဲဒီမှာ ညွှန်းထားတဲ့ ရသေ့ဆိုတာက တိဿရသေ့ပါ။ စေတီအောက်က ကျောက်လုံးတော်ကို ကြည့်ပြီး အတော်စဉ်းစားရကြပ်သွားတယ်။ ခေါင်းနဲ့မတူဘူးလေ။ ဒါဆို တိဿရသေ့ရဲ့ ခေါင်းက အဲဒီလိုနေမှာပေါ့ ဆိုပြီး ရသေ့ရဲ့ ပုံတူရုပ်တုကို လိုက်ရှာကြည့်တယ်။ တွေ့ပါတယ်။ ဒါပေမယ့် ကျောက်လုံးတော်နဲ့ မတူဘူး။ ဒါဆို ဘာလို့ ရသေ့ဦးခေါင်းလို့ ညွှန်းလဲ။ နောက်မှ အတွေးထဲ ၀င်လာတာက ဒီစေတီတည်တော့ ရသေ့ သေအံ့ဆဲဆဲ ဖြစ်နေပြီ။ ဒါဆို သူက လှဲနေရမှာပေါ့။ လှဲနေတဲ့ လူရဲ့ခေါင်းနဲ့ဆို အတော်တူသွားပြီလို့ ဖြေလို့ရသွားတယ်။

၂။ ရင်ပြင်တော်ဝင်ခါနီးမှာ ရွှေနန်းကျင်မိဖုရားရဲ့ ကျောက်ရုပ်ကို ဓမ္မာရုံဆောက်ပြီး ကိုးကွယ်ထားကြတာရှိတယ်။ အဲဒီ ရွှေနန်းကျင်မိဖုရားက သေပြီး အဲဒီနေရာမှာပဲ ကျောက်ရုပ်ဖြစ်သွားတယ်လို့ သမိုင်းရှိတယ်။ ရွှေနန်းကျင် ကျောက်ဖြစ်သွားတဲ့ ကိစ္စကို စောဒက မတက်ချင်ပါ။ ကျနော့အတွက် မရှင်းတာက ကျောက်ဖြစ်တုန်းက တစ်ယောက်တည်း။ ဘာလို့ နောက်ထပ် ကျောက်ရုပ်သုံးရုပ် အပိုထုပေးထားသလဲ။ တကယ်တမ်း ရွှေနန်းကျင် သေတော့ သူဘေးနားမှာ သုံးယောက်မကပါ။ သမိုင်းအရ အဖ ဖိုးကော်လွှတ်၊ အမိ နန်းကြာဟဲ၊ ငပန်းတင်၊ ရသေ့ဘိုးခွေးဖြူ အပြင် ဆွေမျိုးတွေ လာကြတယ်လို့ ဖော်ပြထားပါတယ်။ ဖြစ်သွားတဲ့ ကျောက်ရုပ်က တစ်ရုပ်၊ ပြထားတာက လေးရုပ်ပါ။

၃။ ပါးစပ်သမိုင်းအရ ကျိုက်ထီးရိုးစေတီအောက်ခြေတော် ကျောက်လုံးကြီးက သိကြားမင်း သမုဒ္ဒရာထဲက ဆည်ပြီး ရသေ့ကြီးကို ကြိုက်ရာ ရွေးခိုင်းထားတာလို့ သိထားပါတယ်။ ကျနော် ကျိုက်ထီးရိုးစေတီရောက်တော့ အဲဒီ ပတ်ပတ်လည်မှာ အဲဒီလောက်မကြီးတောင် အဲဒီလို ကျောက်တုံးမျိုး အတုံး ၅၀ မက ရှိပါတယ်။ ဒါဆို ဒါတွေ အားလုံးကော သိကြားမင်းက သမုဒ္ဒရာထဲက ဆည်ထားတာလားလို့ သံသယဖြစ်မိတယ်။ ကျနော်မြင်တာတင် အလုံး ၅၀ မကပါဘူး။ ဒီထက် အများကြီး ရှိနိုင်ပါတယ်။ အကုန်လုံး ဆည်ထားတယ်ဆိုတာ ဘယ်လိုသွားဖြစ်နိုင်မလဲ။ ဒါနဲ့ ကျနော် စာအုပ်လိုက်ရှာဖတ်ကြည့်တော့ ကျိုက်ထီးရိုးစေတီ ရှိတဲ့တောင်ကို `ဒိုးခမော့ခတွံဂလိုင်း´လို့ မွန်လို ခေါ်ပါတယ်။ ကျောက်အလုံးများ ပေါများသောတောင် လို့ အဓိပ္ပါယ်ရပါတယ်။ ရှေးမြန်မာတွေက `လုံးတင်တောင်´လို့ ခေါ်တယ်လို့ ဖတ်လိုက်ရမှ ကျနော် ဘ၀င်ကျသွားပါတယ်။

၎။ ကျိုက်ထီးရိုးတောင် ပတ်ဝန်းကျင်မှာ ရသေ့ အတော်များများတွေ့ပါတယ်။ ဗုဒ္ဓသာသနာ ထွန်းကားနေပါလျက်၊ ဗုဒ္ဓသာသနာတော် ရှိနေပါလျက် ဘာကြောင့် သာသနာပြင်ပကလို ရသေ့ဝတ်နေကြသေးသလဲ ဆိုတာ မစဉ်းစားတတ်အောင်ပါပဲ။ ဗုဒ္ဓသာသနာ မရှိခင်က ရဟန်းဆိုတာ မရှိပါဘူး။ ရသေ့ပဲရှိပါတယ်။ အဲဒီရသေ့တွေဟာ သမထ ကျင့်စဉ်တွေနဲ့ ပွားများအားထုတ်တဲ့ တောထွက်ပုဂ္ဂိုလ်တွေပါ။ ဗုဒ္ဓကျမ်းဂန်တွေမှာ ရသေ့တွေ မြတ်စွာဘုရားရဲ့ တရားကိုနာပြီး ဗုဒ္ဓဘာသာကိုလက်ခံလိုက်ကြရင်ဖြင့် ရသေ့ကနေ ရဟန်းပြောင်းလိုက်ကြပါတယ်။ ဒီမှာ စဉ်းစားရကြပ်နေတာက တိဿရသေ့ဟာ မြတ်စွာဘုရားနဲ့ တွေ့ခဲ့ဖူးပါလျက်၊ တရားနာခဲ့ဖူးပါလျက် ဘာလို့ ရဟန်းဖြစ်မသွားသလဲဆိုတာပါ။ ဘုရားသမိုင်းထဲမှာ ရဟန္တာတချို့ရဲ့ အကြောင်းပါပါတယ်။ ဒါပေမယ့် တိဿရသေ့လို့ပဲရေးထားတော့ သူက ရသေ့အနေနဲ့ပဲ နေခဲ့လို့ပေါ့။ ဒါဆို ဗုဒ္ဓဘာသာကို မသက်ဝင်လို့လား။

၅။ ရင်ပြင်မုဒ်ဦးအ၀င်မှာ သရုပ်ပျက်ယဉ်ကျေးမှုကို ကာကွယ်ဖို့ဆိုပြီး ထမီနဲ့ဘဲဝင်ခိုင်းတယ်။ ရည်ရွယ်ချက်တော့ကောင်းပါတယ်။ မြန်မာမိန်းကလေးတွေ သရုပ်မပျက်အောင်ပေါ့။ ဒါပေမယ့် ၀င်လို့ရအောင်ဆိုပြီး အတွင်းက ဂျင်းဘောင်းဘီကို မချွတ်ဘဲ အပေါ်က ထမီထပ်ဝတ်ထားတဲ့ မိန်းကလေးတွေရဲ့ သရုပ်က အတော်ပဲ ကြည့်လို့ကောင်းသလားလို့ ကျနော် စဉ်းစားနေမိတယ်။

၆။ ဆိုင်းဘုတ်တစ်ခု စေတီတော် ခြေရင်းကိုဝင်တဲ့ တံတားအ၀မှာ ထောင်ထားတယ်။ ဘောင်းဘီတို၊ ခြေအိတ်၊ စွတ်ကျယ် ၀တ်တဲ့သူ မ၀င်ရဆိုတာ နားလည်လို့ရတယ်။ ဘာလို့ နားကွင်းဝတ်သူများ၊ ဆံပင်ရှည်ထားသူများ မ၀င်ရလို့ ရေးထားသလဲ ကျနော်မသိ။ ဆိုင်းဘုတ်ကို ဒီစေတီတည်ခဲ့တဲ့ တိဿဓမ္မသီဟရာဇာမင်းကြီး မြင်ရတော့ အဲဒီရေးတဲ့လူ ခေါင်းအဖြတ်ခံရတော့မယ်။ သူက ဆံပင်ရှည်၊ နားတောင်းကြီးနဲ့ကိုးဗျ။ ခင်ဗျားတို့က ဘာလို့ သူ့ကို ပေးမ၀င်ချင်ရတာလဲ။

ရက္ခပူရသို့ တစ်ခေါက် – ကိုးသောင်းပုထိုးတော်ကြီး

ကိုးသောင်းပုထိုးတော်ကြီးက မြောက်ဦးနန်းတော်ရဲ့ အရှေ့ဘက် တစ်မိုင်ခွဲလောက်အကွာ ရွာဟောင်းတောသွားလမ်းအနီးမှာ တည်ရှိတယ်။ သျှစ်သောင်းပုထိုးတော်ကြီးကို တည်ခဲ့တဲ့ ဒါယကာ မင်းဗာဘုရင်ရဲ့ သားတော်ကြီး မင်းတိက္ခာခေါ် မင်းဒီဃာ နဲ့ မိဖုရားစောသန္တာဒေ၀ီတို့က ကောဇာသက္ကရာဇ် ၉၁၅ (အေဒီ ၁၅၅၃) မှာ ဘုရားဆူရေ ကိုးသောင်းကိုဌာပနာပြီး တည်ထားခဲ့တာပါ။ မင်းတိက္ခာဟာ ဘုရားမတည်၊ ဗုဒ္ဓမကူ မလုပ်ခဲ့ရင် ခြောက်လအတွင်း သေ (နတ်ရွာစံ) မယ်လို့ ပုဏ္ဏားတွေက ဟောတော့ ဒီဘုရားကိုတည်ပြီး နန်းသက်သုံးနှစ်အထိ ရှည်ခဲ့တယ်လို့ ယုံကြည်ကြတယ်။

အနောက်ဘက်မျက်နှာရဲ့ အောက်ခြေက ပေ ၂၅၀ လောက်ရှိတယ်။ တောင်ဘက်နဲ့မြောက်ဘက် အောက်ခြေက ပေ ၂၃၀ ရှိတယ်။ အရှေ့ဘက်မျက်နှာရဲ့ အောက်ခြေက ၇၇ ပေ ရှိတယ်။ အောက်ခြေ ဖိနပ်တော်ကနေ ၅ ပေအမြင့်ကို သွပ်မိုးထားပြီး အပေါ်ပိုင်းကို လှေကားထစ်ပုံစံမျိုး ပစ္စယံငါးဆင့် လုပ်ထားတယ်။ အဲဒီနံရံတွေကို ၃ ပေ ၈ လက်မ အရွယ်ရှိတဲ့ အုတ်တွေနဲ့ ပြုလုပ်ထားတယ်။

ပထမရင်ပြင်ရဲ့ အနောက်ဘက်အလယ်တည့်တည့်မှာ ပင်မရင်ပြင်တော်ကို တက်ဖို့ လှေကားရှိတယ်။ ရင်ပြင်တော်ရဲ့အလယ်မှာ လုံးပိတ်ထူပါရုံစေတီတော်တစ်ဆူနဲ့ လေးမြို့ခေတ် ဘုရားတစ်ဆူကို တွေ့ရတယ်။


ပင်မရင်ပြင်ရဲ့ ၀ဲယာတစ်ဖက်တစ်ချက်စီမှာ ဒုတိယလိုဏ်ထပ် (အထက်လိုဏ်)ဆီ ၀င်ဖို့ မုခ်တံခါးပေါက်တွေ ရှိတယ်။ ပုထိုးတော်ရဲ့ ပထမလိုဏ်အထပ် (အောက်လိုဏ်အထပ်) အရှေ့မြောက်ထောင့်လိုဏ်ခန်းရဲ့ နံရံပေါ်မှာ ၉ လက်မလောက်ရှိတဲ့ ကျောက်ထွင်းရုပ်ကြွဘုရားတွေကို ခန်းလုံးပြည့် ကိုးန၀င်းကျေအနေနဲ့ တည်ထားတာကို တွေ့ရတယ်။

အနောက်ဘက်နံရံနဲ့ကပ်ပြီး ပလ္လင်နှစ်ခုပေါ်မှာ ၃ ပေခွဲ ရှိတဲ့ ဆင်းတုတော်တစ်ဆူကို နံရံကပ်ပြီး တည်ထားတယ်။ ဒုတိယလိုဏ်အထပ် (အထက်လိုဏ်)ရဲ့ အထက်ပိုင်းနံရံတလျှောက်လုံးမှာ လှေကားထစ်ပုံစံ ပစ္စယံအဆင့် သုံးဆင့်လုပ်ပြီး ကျောက်ဆင်းတုတော်တွေ စီတန်းပြီးတည်ထားတယ်။ မုခ်တံခါးပေါက်က၀င်သွားရင် ဒုတိယလိုဏ်ထပ် (အထက်လိုဏ်)ရဲ့နံရံမှာ တံခါးမှူးအဖြစ်နဲ့ ဒွါရပါလရုပ်ကို တံခါးပေါက်ဝဲယာမှာ ထုဆစ်ထားတယ်။