စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု <> နိုင်ငံရေး မတည်ငြိမ်မှု

တိုင်းပြည်တွေအတွက် စီးပွားရေး တိုးတက်ဖို့ အဟန့်အတားတွေက ဘာတွေ ဖြစ်မလဲ။ ဘောဂဗေဒ ပညာရှင်တွေ အနေနဲ့ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖို့အတွက် ဖြတ်လမ်းနည်း၊ ဂါထာ မန္တန်တွေ ရှာမတွေ့သေးပါဘူး။ ဒီ အဆင့် ၁၊ ၂၊ ၃ ကို အစီအစဉ်တိုင်း လိုက်လုပ်ရင် ကြီးပွားတိုးတက်မယ်၊ မလုပ်ရင် မဖွံ့ဖြိုးဘူးလို့ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး။ လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး ပြဿနာတွေက နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးရေး စီမံကိန်းတွေအတွက် အဟန့်အတားပါ။ အဲဒါတွေက သီးခြားစီ လေ့လာလို့ မရနိုင်အောင်ကို တစ်ခုနဲ့တစ်ခု ယှက်တင်ပြီး ဆက်စပ်နေပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အများစုမှာ အစိုးရအဖွဲ့အစည်းတွေဟာ နေ့ချင်းညချင်းဆိုသလိုပဲ နောက်အစိုးရအသစ်ရဲ့ အစားထိုးခြင်းကို ခံနေကြရတယ်။ အာဏာသိမ်းခံလိုက်ရရင် ချက်ချင်းဆိုသလိုပဲ အစိုးရအသစ်ပြောင်းသွားပြီး ဥပဒေ စနစ်တွေကအစ လမ်းကြောင်း ပြောင်းသွားတယ်။ အဲဒီလို နိုင်ငံမျိုးတွေမှာ စီးပွားရေး လုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက်တော့ ဒုက္ခတွေပါပဲ။ စဉ်းစားကြည့်ပါ။ တကယ်လို့ အပတ်တိုင်း ဆရာမအသစ်တစ်ယောက် ပြောင်းပြီး သင်ရိုးညွှန်းတမ်းကအစ လိုက်ပြောင်းနေရင် ကျောင်းသားတွေအတွက် ဘယ်လောက် ဒုက္ခရောက်လိုက်မလဲ။ သေချာတာတော့ ဘယ်တော့မှ စာမတတ်တော့ပါဘူး။ သူတို့ရဲ့ သင်ရိုးညွှန်းတမ်း ဘယ်လောက်ကောင်းကောင်းပါ။ ကုမ္ပဏီတွေ ကြုံတွေ့ရတဲ့ အခက်အခဲကလည်း အဲဒါလိုပါပဲ။

“ဖွံ့ဖြိုး တိုးတက်ဖို့ ဒါတွေ အစီအစဉ်တကျ လုပ်သွားပါ” လို့ အကြံဉာဏ် မပေးနိုင်ပေမယ့် ဘောဂဗေဒ ပညာရှင်တွေအနေနဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေအတွက် တိုးတက်ဖို့ အဟန့်အတားတွေကို တင်ပြထားတယ်။ အဲဒီအထဲက နိုင်ငံရေး မတည်ငြိမ်မှု ကြောင့် ဖြစ်လာရတဲ့ အဟန့်အတားအကြောင်း နည်းနည်းလေး ဆွေးနွေးချင်ပါတယ်။ နိုင်ငံရေး တည်ငြိမ်မှု မဖော်ဆောင်နိုင်တဲ့ နိုင်ငံတစ်နိုင်ငံဟာ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဘယ်တော့မှ မရနိုင်ပါဘူး။ နိုင်ငံရေး တည်ငြိမ်ဖို့ ဆိုတာ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်ကို လက်ခံကျင့်သုံးဖို့လည်း လိုပါတယ်။ မတည်ငြိမ်ဘူးဆိုတာ အပြောင်းအလဲများခြင်းကို ဆိုလိုတာပါ။ အစိုးရအဖွဲ့ အမျိုးမျိုး ပြောင်းတာလဲ မတည်ငြိမ်တာ ဖြစ်သလို၊ အစိုးရအဖွဲ့တစ်ဖွဲ့တည်းကပဲ ဟောတစ်မျိုး၊ ဟောတစ်မျိုး ဥပဒေတွေ ပြောင်းနေတာလည်း မတည်ငြိမ်တာပါပဲ။ နောက်ပြီး ဥပဒေတွေ မပြောင်းဘဲ လုပ်ထုံးလုပ်နည်းတွေ မကြာမကြာ ပြောင်းနေတတ်တာလည်း မတည်ငြိမ်တာပါပဲ။ ဒါတွေ အားလုံးဟာ အုပ်ချုပ်မှုယန္တရား မတည်ငြိမ်မှုထဲမှာ ပါပါတယ်။

ဖွံ့ဖြိုးတိုးတက်ဖို့ ဘယ်လို နည်းဗျူဟာတွေပဲ ချချ တည်ငြိမ်တဲ့ အစိုးရအဖွဲ့အစည်း ရှိဖို့က အင်မတန် အရေးကြီးပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံအများစုမှာ အဲဒီလို တည်ငြိမ်မှုမျိုး လိုအပ်နေပါတယ်။ တိကျတဲ့ ဥပဒေ၊ အဆင်ပြေတဲ့ လုပ်ထုံးလုပ်နည်းတွေကို အစိုးရအနေနဲ့ မချမှတ်နိုင်ခဲ့ပါဘူး။ လက်ရှိ အစိုးရအပေါ် အာဏာသိမ်းမှုတွေ၊ ဆန္ဒပြမှုတွေဟာ အဲဒီလို နိုင်ငံမျိုးတွေမှာ အမြဲလိုလို ကြုံတွေ့နေရပါတယ်။ ဥပမာတစ်ခုက ဆိုမာလီးယား နိုင်ငံပါ။ ၁၉၉၀ ကတည်းက နိုင်ငံတွင်း အုပ်စုတွေရဲ့ ပြည်တွင်းစစ်တွေကြောင့် နိုင်ငံဖွံ့ဖြိုးဖို့ ဘက်ကိုတောင် ခြေဦး မလှည့်နိုင်သေးပါဘူး။ တည်ငြိမ်တဲ့ အစိုးရ ဖွဲ့စည်းနိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်အတွက် ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့နဲ့ အမေရိကန်နိုင်ငံက စစ်တပ်တွေ စေလွတ်ခဲ့ပေမယ့် ပြဿနာတွေက ပို ဆိုးသထက် ဆိုးလာခဲ့ပါတယ်။ ဒါကြောင့်လည်း ၁၉၉၅ ခုနစ်မှာ အမေရိကန်နိုင်ငံဟာ သူ့ရဲ့ စစ်တပ်ကို ပြန် ရုတ်သိမ်းခဲ့တယ်။ ဆိုမာလီးယားအတွက် တစ်ခုတည်းသော ဗဟိုအစိုးရ အခုထိကိုပဲ မရှိသေးပါဘူး။ နိုင်ငံရေး မတည်ငြိမ်မှုကို ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ တွေ့ရပြီး အာဖရိကနိုင်ငံတွေမှာ အများဆုံး တွေ့ရပါတယ်။

မတည်ငြိမ်မှုတွေဟာ အစိုးရအဖွဲ့အစည်းအတွက် လက်ရှိအာဏာကို စွန့်လွတ်ရလောက်အောင် မချိန်းခြောက်နိုင်ဘူးပဲ ထားဦး။ အဲဒီ ပြဿနာတွေကြောင့် တစ်ဦးချင်းစီရဲ့ စီးပွားရေး လုပ်ငန်းဆောင်တာတွေကို တစ်နည်းမဟုတ် တစ်နည်း အခက်ခဲဖြစ်စေတာ အမှန်ပါ။ တကယ်တမ်း အလုပ်ဖြစ်ဖို့ ဆိုရင် နိုင်ငံ့စီးပွားရေးအတွက် တာရှည်ခံမယ့် စည်းမျဉ်း ဥပဒေတွေ လိုအပ်ပါတယ်။

နိုင်ငံတွင်းက လူမှုရေး၊ ယဉ်ကျေးမှု မတူတဲ့ အုပ်စုတွေကြောင့်လည်း မတည်ငြိမ်မှုတွေ ဖြစ်တတ်ပါတယ်။ တိုင်းပြည်နယ်နိမိတ် သက်မှတ်ချက် အများစုဟာ ကိုယ့်ကို ကျွန်ပြုခဲ့တဲ့ နိုင်ငံရဲ့ မူလသက်မှတ်ချက်တွေကို အခြေခံထားကြတာ များတယ်။ သက်ဆိုင်ရာ ယဉ်ကျေးမှုနဲ့ မတူတဲ့ လူမျိုးစု တွေရဲ့ နေထိုင်ရာ နယ်နိမိတ်အရ ပိုင်းခြားကြတာ မဟုတ်တော့ မတူတဲ့ ယဉ်ကျေးမှု နှစ်ခုကို တစ်နေရာတည်း ပေါင်းစပ်မိတာတို့၊ မတည့်တဲ့ လူမျိုးစုတွေ ပေါင်းစပ် ဖွဲ့စည်းထားတဲ့ နိုင်ငံတွေ ဖြစ်နေတတ်ပါတယ်။ ဒါနဲ့ပဲ အဖွဲ့တွေကွဲပြီး နိုင်ငံတွင်း သူပုန်ထမှုတွေ၊ ပုန်ကန်မှုတွေ ဖြစ်လာရတော့တယ်။ ဥပမာအနေနဲ့ ပြောရရင် နိုင်ဂျီးရီးယား နိုင်ငံဟာ ဗြိတိန်ရဲ့ ကိုလိုနီ ဥပဒေအရ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စု တစ်ခုပါ။ မတူညီတဲ့ လူမျိုးစု သုံးခုနဲ့ ဖွဲ့စည်းထားတယ်။ မြောက်ပိုင်း Hausa Fulan ဒေသ၊ အနောက်ပိုင်း Yoruba ဒေသ နဲ့ အရှေ့ပိုင်း Ibo ဒေသပါ။ အဲဒီ ဒေသ သုံးခုလုံးဟာ ယဉ်ကျေးမှုပိုင်း သိသာထင်ရှားအောင် ကွာခြားနေတော့ နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေ အမြဲလိုလို ဖြစ်တယ်။ ဒါကြောင့်လည်း စစ်တပ် အာဏာသိမ်းမှုတွေ အဆက်မပျက် ဖြစ်နေပါတယ်။ ဒေသ သုံးခုဟာ သီးခြား ရပ်တည်ခွင့် ရမယ်ဆိုရင် တိုးတက်မှု အလားအလာတွေ ရှိပေမယ့် အခုဆိုရင် ဗြိတိန်ရဲ့ စနက်ကြောင့် ဒေသတွေ အားလုံး စုစည်းပြီး နိုင်ငံတစ်ခုတည်းအနေနဲ့ သက်မှတ်ထားတာကြောင့် စီးပွားရေး တိုးတက်မှုဆိုတာ ဘယ်လိုမှ မျှော်မှန်းလို့ မရတော့ဘူး။

နိုင်ငံရေး မတည်ငြိမ်မှုက စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ဘယ်လိုများ သက်ရောက်မှု ရှိမလဲလို့ သိချင်ပါလိမ့်မယ်။ ဖွံ့ဖြိုး တိုးတက်မှု စီမံကိန်းတိုင်းအတွက် ငွေကြေးရင်းနှီးမြှုပ်နှံမှုက လိုကို လိုအပ်မှာပါ။ ပြည်ပ ရင်းနှီးမြှုပ်နှံမှု လိုအပ်သလို ပြည်တွင်း ရင်းနှီးမြှုပ်နှံမှု လည်း လိုပါလိမ့်မယ်။ ရင်းနှီးမြှုပ်နှံမယ့် လုပ်ငန်းရှင်တွေအတွက် နိုင်ငံတစ်နိုင်ငံရဲ့ နိုင်ငံရေး တည်ငြိမ်မှု ရှိမရှိဆိုတာ ထည့်ကို စဉ်းစားရမယ့် အချက်ပါ။ ဖွံ့ဖြိုးဆဲ နိုင်ငံမှာ ရင်းနှီးမြှုပ်နှံဖို့အတွက် ပြည်ပ ကုမ္ပဏီအနေနဲ့ နိုင်ငံရေးပညာရှင်တွေ ငှားရမ်းပြီး သက်ရောက်နိုင့်မယ့် အန္တရာယ် အတိုင်းအထွာကို လေ့လာကြမှာပါ။ တကယ်လို့ အန္တရာယ် တအား ကြီးမယ်ဆိုရင် အဖြေက ရှင်းရှင်းလေးပါ။ ဘယ်တော့မှ လာပြီး မမြှုပ်နှံတော့ပါဘူး။

နိုင်ငံရေး မတည်ငြိမ်မှုဟာ ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကိုပါ ကန့်သတ်ပစ်နိုင်ပါတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံ အတော်များများမှာ ဝင်ငွေဖြန့်ဝေမှု အချိုးဟာ အလွန်ကိုပဲ ကွာဟလှတယ်။ အင်မတန်မှ ချမ်းသာလှတဲ့ လူနည်းစု ရှိသလို အစပေါင်း များစွာ များပြားလှတဲ့ ဆင်းရဲသားတွေလည်း ရှိနေပါတယ်။ ဒါပေမယ့် လူလတ်တန်းစား အတော်လေး နည်းတယ်။ ဖွံ့ဖြိုးဆဲ နိုင်ငံက လူကုံထံ လူ့ဘော်ကျော့ သူဌေးတွေအတွက် ဝင်ငွေအပိုအလျှံတွေ ရှိနေတာကြောင့် အဲဒီ ငွေတွေဟာ နိုင်ငံအတွက် မြှုပ်နှံဖို့ အလားအလာ ရှိတဲ့ ငွေကြေး၊ စုဆောင်းငွေတွေပါ။ နိုင်ငံရေး မတည်ငြိမ်မှုကြောင့် သူတို့ရဲ့ ငွေကြေးတွေ ဆုံးရှုံးမှာ ကြောက်တာနဲ့ပဲ ထပ်ဆင့် ရင်းနှီးမြှုပ်နှံဖို့ လက်တွန့်ကြပါလိမ့်မယ်။ နိုင်ငံရေး အခြေအနေ အပြောင်းအလဲ ဖြစ်တောင် အေးဆေး နေနိုင်ဖို့အတွက် တချို့သူတွေက ဖွံ့ဖြိုးပြီး နိုင်ငံတွေ ဖြစ်တဲ့ အနောက်နိုင်ငံတွေမှာ သွားပြီး မြှုပ်နှံကြပါတော့တယ်။ ကိုယ့် နိုင်ငံမှာ ရှိသင့်တဲ့ ငွေကြေး၊ ပိုင်ဆိုင်မှုဟာ တခြား နိုင်ငံရဲ့ လက်ထဲကို ကျရောက်သွားတာကြောင့် ကိုယ့်နိုင်ငံဟာ ဆင်းရဲမြဲ ဆင်းရဲ နေရဦးမှာပါ။

ဖွံ့ဖြိုးဆဲ နိုင်ငံတွေမှာ ဝင်ငွေ ဖြန့်ဝေမှုအချိုး ကွာဟလွန်းတာကလည်း နိုင်ငံရေး မတည်ငြိမ်မှုကို ဦးတည်သွားစေနိုင်ပါတယ်။ ဆင်းရဲသား အများစုအနေနဲ့ လက်ရှိ နိုင်ငံရေး စနစ်နဲ့ အခြေအနေအပေါ် နည်းနည်းလေးမှ ယုံကြည်မှု မရှိတော့ဘဲ ထိန်းသိမ်း မြှင့်တင်ဖို့အတွက်လည်း ဆန္ဒ မရှိကြတော့ပါဘူး။ တော်လှန် ပုန်ကန်မလား။ မလုပ်နိုင်စရာ အကြောင်းမရှိဘူးလေ။ သူတို့ ဒီထက် ဘာမှ ဆုံးရှုံးစရာမှ မရှိဘဲ။ ဒါကြောင့်လည်း စနစ်သစ်အတွက် အာမခံချက် ပေးထားတဲ့ အတိုက်အခံ အဖွဲ့အစည်းတွေ အပေါ်မှာ သူတို့ရဲ့ ဘဝနဲ့ ယုံကြည်ချက်ကို အပြည့်အဝ ပုံအပ်ပြီး လက်ရှိစနစ်ကို တွန်းလှန်ဖို့ တိုက်ပွဲ ဝင်နေတာကြောင့် ရလဒ်ဟာ မတည်ငြိမ်မှုကိုပဲ ပြန်ဦးတည်သွားပါတယ်။ မတည်ငြိမ်မှုရဲ့ အကျိုးကြောင့် ဖွံ့ဖြိုးတိုးတက်မှုဟာလည်း ဘယ်လိုမှ အကောင်အထည် မပေါ်နိုင်တော့ပါဘူး။

မလျော်မကန် ပြုမူတတ်ခြင်း

ရည်ရွယ်ချက် ။ ။ လူငယ်နဲ့ လူကြီး အကြား (အထူးသဖြင့် မိဘနဲ့ သားသမီး၊ ဆရာနဲ့ ကျောင်းသား အကြား) မှာ ရှိနေတတ်တဲ့ ပဋိပက္ခတွေကို မီးမောင်း ထိုးပြချင်ပါတယ်။
ကိုးကား ။ ။ အပြုသဘောဆောင်သော စည်းကမ်း – ဒေါက်တာသိန်းလွင်

အပြုအမူတိုင်းရဲ့ နောက်ကွယ်မှာ ယုံကြည်ချက် တစ်ခုစီတော့ ရှိကြပါတယ်။ အများအားဖြင့် လူကြီးတွေက လူငယ်တွေရဲ့ အပြုအမူကိုပဲ ကိုင်တွယ်တတ်ပြီး နောက်ကွယ်မှာ ရှိနေတဲ့ ကလေးရဲ့ ခံယူချက်ကို နားလည်ဖို့ မကြိုးစားမိကြဘူး။ ဘာကြောင့် လုပ်ရသလဲ ဆိုပြီး ဆက်စပ် မစဉ်းစားဘဲ ကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားရင် ကျိုးကြောင်းစီလျော်တဲ့ ရလဒ်တစ်ခု ရလာမှာ မဟုတ်ပါဘူး။ စိတ်အထူးကု ဆရာဝန်ကြီး Rudof Dreikurs က “မဆီမလျော် ပြုမူတဲ့ ကလေးဟာ နှိမ်ချခြင်း ခံရတဲ့ ကလေးပဲ” လို့ မှတ်ချက်ပေးဖူးပါတယ်။ ဘယ်လိုပုံစံနဲ့ပဲ နှိမ်ချ ခံရပါစေ အဲဒီ နှိမ်ချ ခံရတယ် ဆိုတဲ့ အတွေးက ကလေးရဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတယ်။ သူဟာ အရေးမပါဘူး။ သူ့ကို လူရာမသွင်းဘူး။ ဒါကြောင့် အနှိမ်ခံရတယ်လို့ ကလေးက ယူဆတတ်ပါတယ်။

မစ္စတာ Dreikurs ရဲ့ ကလေးသဘာဝ လေ့လာတွေ့ရှိချက်က ကလေးတွေဟာ မသင့်လျော်တဲ့ သူတို့ရဲ့ အပြုအမူတွေအတွက် မသင့်မလျော် မှားယွင်းတဲ့ ရည်ရွယ်ချက် ၄ ခု ချမှတ်ထားတယ်လို့ လေ့လာတင်ပြထားပါတယ်။ မှားယွင်းတဲ့ ယုံကြည်မှုအပေါ်မှာ အခြေခံနေတာကြောင့် မှားယွင်းတဲ့ ရည်ရွယ်ချက်လို့ နာမည် ပေးထားပါတယ်။ အဲဒီ အချက်တွေက

  1. လိုအပ်တာထက် ပိုပြီး အရေးပေးခံလိုမှု
  2. အစွမ်းအင်အား ပြသလိုမှု
  3. ကလဲ့စားချေလိုမှု နဲ့
  4. မိမိကိုယ်ကို မစွမ်းမပြည့်စုံလို့ ယူဆနေမှု တို့ပဲ ဖြစ်ပါတယ်။

လိုအပ်သည်ထက် ပို၍ အရေးပေးခံလိုမှု

အရေးပေးခံလိုစိတ် ပြင်းပြနေတဲ့ ကလေးဟာ “ခင်ဗျားတို့ ကျနော့်ကို အမြဲ ဂရုစိုက်နေမှ ကျနော်ဟာ အရေးပေးခံရတယ်” လို့ မှားယွင်းစွာ ခံယူထားပါတယ်။ လူတိုင်း အရေးပေးခံချင်ကြတယ်။ ဒါပေမယ့် အရေးပေးခံယူချင်တယ် ဆိုတာနဲ့ အရေးပေးခံဖို့ လိုအပ်နေတယ် ဆိုတာ အများကြီး ကွာခြားပါတယ်။ အရေးပေးခံရအောင် လုပ်တဲ့ နည်းတွေ အမျိုးမျိုး ရှိတဲ့ အထဲက တချို့က အပြုသဘော ဆောင်ပေမယ့် တချို့ကတော့ အသုံးမတည့်ဘဲ စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ တစ်ခါတလေ လူကြီးမိဘကို စိတ်အနှောက်အယှက် ဖြစ်အောင် လုပ်လိုက်လို့ လူကြီးတွေက အရေးတယူ လုပ်တာကိုပဲ ဂရုပြုတယ်လို့ မှားယွင်းပြီး ယုံကြည်မိတတ်ပါတယ်။ ဒါဆို လူကြီးတွေ အရေးတယူ ရှိအောင် အမြဲပဲ နှောက်ယှက်နေတော့မယ်။

အဲဒီလိုတွေ ဖြစ်လာပြီဆိုရင် ကိုင်တွယ်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုက ကလေးကို ဂရုစိုက် အသိအမှတ် ပြုပေးခြင်းပါ။ ကလေးကို လုပ်ငန်း တာဝန်တွေ ပေးပါ။ သူ ကြုံရတဲ့ အတွေ့အကြုံတွေကို တခြားသူတွေကို မျှဝေခိုင်းပါ။ နောက်ပြီး တခြားလူတွေကို နည်းပေးလမ်းပြ လုပ်ဖို့ တာဝန်ပေးပါ။ အဲဒီလို မျှဝေ ပြောပြခိုင်းတဲ့ အချိန်မှာပဲ မသင့်တော်တဲ့ အပြုအမူတွေ လုပ်နိုင်ပါသေးတယ်။ အဲဒါကို ခေတ္တ ဥပေက္ခာပြုထားပါ။ ဒါပေမယ့် လူကြီးတွေအနေနဲ့ သတိထားမိတဲ့အကြောင်း အသိပေးတဲ့ အနေနဲ့ မျက်စိမှိတ်ပြတာတို့၊ ခေါင်းခါပြတာတို့၊ ပုခုံးကို အသာပုတ်ပြီး သိကြောင်း လုပ်ပြသင့်ပါတယ်။ ဒါမှ ကလေးကို ဂရုစိုက်ကြောင်း ပြသရာလည်း ရောက်ပါမယ်။ ကြင်ကြင်နာနာ ဆက်ဆံမှုနဲ့ ခိုင်ခိုင်မာမာ ပြောဆိုမှုကို ယှဉ်တွဲ သုံးခြင်းက ထိရောက်တဲ့ အတွဲဖြစ်ပါတယ်။ ခေတ်စကားနဲ့ ပြောရရင် “ချစ်တော့ချစ်တယ်၊ အလိုမလိုက်ဘူး” ဆိုတဲ့ သဘောပါပဲ။

အစွမ်းအင်အား ပြသလိုမှု

လူတိုင်း အစွမ်းအင်အား လိုကြပါတယ်။ ရှိတယ်လို့ ယူဆတဲ့ ကလေးအနေနဲ့လည်း ထုတ်ပြချင်တယ်။ အင်အားပြလိုမှု စိတ်ဆန္ဒ ပြင်းပြနေတဲ့ ကလေးရဲ့ အပြုအမူကို နားလည်ပေးရမယ့်အစား လူကြီးက မကျေမနပ် တုံ့ပြန်တဲ့အခါ သူတို့ဟာ ဒေါသထွက်ကြတယ်။ စိန်ခေါ်ခံရသလို ခံစားကြရတယ်။ ခြိမ်းခြောက်ခံရသလို ခံစားရပါတယ်။ ဒါမှမဟုတ် အလဲထိုးခံလိုက်ရသလို ဖြစ်သွားတယ်။ လူကြီးတွေ အနေနဲ့ ပြန်လည် တိုက်ခိုက်လာပြီး သူတို့ မှန်ကန်ကြောင်း သက်သေပြဖို့ ကြိုးစားရင်း ကလေးကိုလည်း ထိန်းချုပ်ဖို့ ပိုကြိုးစားလာပါတယ်။ အဲဒီအခါမှာ ကလေးအနေနဲ့ အနှိမ်ခံရတဲ့ အပြုအမူကို ပိုပြီး ပြင်းပြင်းထန်ထန် ပြဖို့ ကြိုးစားအားထုတ် လာတော့တယ်။ ဒါမှမဟုတ် ဆိတ်ဆိတ်နေပေမယ့်လည်း ပိုပြီး ရန်လိုလာတော့တယ်။

အစွမ်းပြလိုတဲ့ ကလေးတစ်ယောက်ကို ကူညီပေးနိုင်တဲ့ နည်းလမ်းတစ်ခုကတော့ သူ့ဆီက အကူအညီ တောင်းခံဖို့ပါပဲ။ အဲဒီလို အကူအညီ တောင်းတာဟာ အစွမ်းပြလိုတဲ့ ကလေးအတွက် ဘယ်လောက်တောင် ကျေနပ်မှု ရတယ်ဆိုတာကို လျှော့မတွက်ပါနဲ့။ လူကြီးအနေနဲ့ ကလေးကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တာကို ဝန်ခံပါ။ နောင်မလုပ်မိဖို့ ကတိပေးပါ။ အစွမ်းပြချင်တဲ့ ကလေးတွေအတွက် ရွေးချယ်စရာ များများ ဖန်တီးပေးပါ။ စည်းကမ်း၊ လမ်းညွှန်ချက်၊ မူဘောင်တွေ ရေးဆွဲတဲ့အခါမှာ ပူပေါင်း ဆောင်ရွက်ခွင့် ပေးပါ။ ကြင်ကြင်နာနာ ဆက်ဆံလိုက်ရင် “လေးစားထိုက်တဲ့ မင်းရဲ့ အစွမ်းတွေကို အားပေးပါတယ်” ဆိုတဲ့ သဘော သက်ရောက်သွားပါတယ်။ နောက်ပြီး ခိုင်ခိုင်မာမာ ပြောဆိုမယ်ဆိုရင် “မင်းရဲ့ စွမ်းအားတွေကို တခြား လူတွေအပေါ် နှိမ်ဖို့ ချုပ်ကိုင်ဖို့အတွက် သုံးခွင့်ပေးမှာ မဟုတ်ဘူး” ဆိုတဲ့ သဘော သက်ရောက်သွားစေတယ်။ အခြား လူတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် အင်အားအစွမ်းသုံးမှုဟာ လက်ခံနိုင်စရာ မရှိကြောင်း ကလေးတွေကို မသင်ပြခင်မှာပဲ လူကြီးတွေ ကိုယ်တိုင်က ကိုယ်ရဲ့ စွမ်းအားကို ကလေးတွေအပေါ် နှိမ်ဖို့၊ ချုပ်ကိုင်ဖို့အတွက် မသုံးမိဖို့ သိပ်အရေးကြီးပါတယ်။

ကလဲ့စားချေမှု

ကလဲ့စားချေချင်တဲ့ ကလေးရဲ့ စိတ်ထဲမှာ “ငါ့ကို ဝိုင်းပယ်ထားကြတယ်။ ငါ့ကို ကြဉ်ထားတော့ ငါ သိပ်ခံစားရတယ်။ ငါ ခံစားရသလို မင်းတို့ ခံစားရရင် ကျေတယ်” ဆိုပြီး ယုံကြည်နေကြတယ်။ လူတွေဟာ သူတို့ နာနာကျင်ကျင် ခံရရင် လက်တုံ့ပြန်ပြီး တခြားသူကို ကိုယ့်လို ခံရစေလိုတဲ့ စိတ် ရှိပါတယ်။ ထူးဆန်းတာက ကလေးတွေကို နာကျင်စေတဲ့ ရည်ရွယ်ချက် မပါဘဲ လုပ်တဲ့ လုပ်ရပ်တချို့မှာကို သူတို့ စိတ်ထဲမှာ နာနာကျင်ကျင် ခံစားနေရတတ်တယ်။ ဥပမာ မွေးစားခံထားရတဲ့ ကလေးဟာ မိဘတွေ ပစ်ပယ်သွားတယ် ဆိုတဲ့ ခံစားမှုမျိုး ဖြစ်ပေါ်နေပါတယ်။ ကလေးတွေရဲ့ နာကျင်တဲ့ သဘော နောက်ခံကို နားမလည်တဲ့အခါ လူကြီးတွေ အနေနဲ့ သူတို့ရဲ့ အပြုအမူကိုကြည့်ပြီး နာကျင်ခံစားရတယ်။ စိတ်ပျက်မိတယ်။ မယုံကြည်တဲ့စိတ် ပိုဖြစ်လာတယ်။ မကြည်ဖြူတဲ့ စိတ်တွေ ဖြစ်လာပါတယ်။ အဲလို အခြေအနေမျိုးမှာ လူကြီးတွေ တုံ့ပြန်လေ့ ရှိတာက ကလေးကို အပြစ်ပေးခြင်းပါ။ “မင်းမို့ ဒါမျိုး လုပ်ရက်ပလေ” ဆိုတဲ့ အပြစ်ဖို့သံနဲ့ ကလေးစိတ်ထဲမှာ အပြစ်ရှိတယ်လို့ မြင်လာအောင် ပြောတာတွေ ရှိပါတယ်။ ကလေးရဲ့ တုံ့ပြန်မှုကတော့ လူကြီးကို နာကျင်အောင် ပြန်လုပ်တယ်။ တခြားသူကို လုပ်တယ်။ ပစ္စည်းတွေကို ပေါက်ခွဲဖျက်ဆီးတယ်။

အဲဒီလို ကလေးတွေကို အကောင်းဆုံး ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကတော့ သူတို့လေးတွေရဲ့ နာကျင်ခံစားမှုကို နားလည်ပေးဖို့ပါပဲ။ လူကြီးတွေ အနေနဲ့ ကိုယ်ချင်းစာ နားလည်ပေးရမယ်။ “ငါ ငယ်ငယ်တုန်းက ဘာဖြစ်ခဲ့လို့ စိတ်ထဲမှာ တော်တော် နာကျင်ခဲ့သလဲ” ဆိုပြီး အခြေအနေ အတော်များများကို ကိုယ်နဲ့ နှိုင်းချိန်ပြီး နားလည်နိုင်အောင် ကြိုးစားပေးရမယ်။ ဘာကြောင့် နာကျင်စေသလဲ ဆိုတာ ကလေးကို အသာတကြည် မေးပါ။ သူ ပြောသမျှကိုလည်း ဆင်ခြင်ရင်း နားထောင်တဲ့ ပုံစံနဲ့ နားထောင်ပါ။ ဂရုတစိုက် နားထောင်ပါ။ ကလေးရဲ့ ခံစားမှု၊ နာကျင်မှုတွေကို ကိုယ်နားလည်လိုက်တဲ့ ပုံစံနဲ့ ကလေးကို ပြန်ပြောပြီး ကိုယ် နားလည် ထားတာ မှန်သလားလို့ ကလေးကို ပြန်မေးကြည့်ပါ။ သူတို့ရဲ့ နာကျင်မှုက ကိုယ့်ကြောင့်ပဲ ဖြစ်ဖြစ်၊ ကိုယ်က တစ်နေရာရာက ပါတာပဲ ဖြစ်ဖြစ် ပြုပြင်ပြီး ဂရုစိုက်ကြောင်း ပြပေးပါ။ အခြားလူတွေကြောင့် ကိုယ် ခံစားခဲ့ရဖူးတဲ့ အတွေ့အကြုံတွေကိုလည်း ကလေးကို အချိန်ယူပြီး ရှင်းပြပေးပါ။

မိမိကိုယ်ကို မပြည့်စုံဟု ယူဆနေမှု

ကလေးတစ်ယောက်ဟာ သူ့ဖာသာ အခြားကလေးနဲ့ မတူ၊ မပြည့်စုံသူလို့ ယူဆနေခဲ့ရင် အခြားကလေးတွေလို မလုပ်ဆောင်နိုင်တော့ပါဘူး။ မိဘဆရာရဲ့ မျှော်လင့်ချက် ပြည့်အောင် မလုပ်နိုင်ဘူးလို့ ယူဆနေတတ်ပါတယ်။ ဒီလိုကလေးက စိတ်အားတက်ကြွမှု မရှိတော့ပါဘူး။ ကြိုးစား အားထုတ်ချင်စိတ်လည်း ကုန်နေပါပြီ။ သူတို့ စိတ်ထဲမှာ “ငါ ဘယ်မှာမှ ပါလို့မရဘူး။ ဘာမှ မလုပ်ဘဲ တစ်ယောက်တည်း ငိုင်နေဖို့ပဲ ရှိတော့တယ်” လို့ တွေးနေတတ်ပါတယ်။ လိုအပ်တာထက် ပိုပြီး အာရုံစိုက်မှု လိုတဲ့ ကလေးတွေလို ပြုမူတတ်ပေမယ့် သူတို့ကို တစ်ယောက်တည်း ချန်ထားတာမျိုး မကြိုက်ပါဘူး။ အဲဒါက အဓိက ထူးခြားချက်ပါ။ စိတ်ပျက်နေတဲ့ ကလေးရဲ့ စိတ်အခြေခံကို လူကြီးတွေအနေနဲ့ နားမလည်ဘူး ဆိုရင် သူတို့ရဲ့ စိတ်ထဲမှာ မျှော်လင့်ချက် ကင်းမဲ့သလို၊ ကူညီမယ့်သူ မရှိသလို၊ ပိုပိုပြီး မပြည့်စုံသလို ခံစားလာရတတ်တယ်။ လူကြီးတွေအနေနဲ့ လက်လျှော့ အရှုံးပေးသလို တုံ့ပြန်လာပါတယ်။ ဒါမှမဟုတ် ကလေးတစ်ယောက်လို လိုအပ်တာထက် ပိုပြီး ကူညီတာတို့ လုပ်တတ်ပါတယ်။ အဲဒီလို လုပ်လေ ကလေးက ပိုပြီး နောက်တွန့်လေ ဖြစ်ပြီး နောက်ဆုံးတော့ လုံးဝ နှုတ်ဆိတ်ပြီး မတုံ့ပြန်တော့တာ တွေ့ရတယ်။

ဘာမှ ကြိုးစားချင်စိတ် မရှိတော့တဲ့ ကလေးကို မျှော်မှန်းထားတဲ့ အဆင့်ရောက်အောင် နည်းနည်းချင်း ကြိုးစားလာအောင် တိုက်တွန်းပေးဖို့ လိုပါတယ်။ မရတော့ဘူးဆိုပြီး ပစ်မထားပါနဲ့။ လက်မမြှောက်လိုက်ပါနဲ့။ ဇွဲရှိရှိ ကြိုးစားပါ။ ဒီလိုကလေးတွေဟာ သူ့ကို တစ်ယောက်တည်း ချန်ထားအောင် တစ်ခုခုကို တမင်လုပ်ပြတတ်ပါတယ်။ ကြိုးစား လုပ်လာတော့ အောင်မြင်မှု ကြုံတွေ့လာရပြီဆိုရင် စိတ်ဓာတ် ပြန်ပြီး တက်ကြွ လာပါလိမ့်မယ်။ ပြစ်တင် ဝေဖန်တာတွေကို ရပ်ပါ။ သနားနေတဲ့ စိတ်မျိုးကိုလည်း ရှောင်ပါ။ လုပ်ပေးနိုင်တာကိုသာ ကောင်အောင်လုပ်ဖို့ အာရုံစိုက်ပါ။ ကလေးရဲ့ စိတ်ဝင်စားမှုကို မူတည်ပြီး အားပေးတိုက်တွန်းမှုကို အကောင်အတည် ဖော်ပါ။ နားလည်ပေးနိုင်မယ့် ကြင်ကြင်နာနာ ဆက်ဆံမှုလည်း လိုအပ်ပါတယ်။ နောက်ပြီး “မင်းဖာသာ လုပ်နိုင်တာ ငါသိတယ်။ နည်းနည်းချင်း ကြိုးစားကြည့်ပါ။ မင်း အောင်မြင်မှု ရတဲ့အထိ ငါ ဝိုင်းကူညီပေးမယ်” ဆိုတဲ့ သဘောနဲ့ သူဘေးနားမှာ အခိုင်အမာ ရပ်တည်ပေးပါ။

1.618 (The Golden Number)

ပို့စ်ခေါင်းစဉ်ကို ကြည့်ပြီး ကျနော့ကို ဂဏန်းပေးတယ် ထင်နေဦးမယ်။ လက်မှုပညာလို့ ခေါ်တဲ့ ပန်းချီ၊ ပန်းပုမှာ ဒီဂဏန်းကို မကင်းနိုင်သလိုပဲ၊ ဂီတ ဆိုပြန်ရင်လည်း မပါလို့ မဖြစ်ပြန်ဘူး။ ဒါတင်လား ဆိုတော့ ဗိသုကာ ပညာအပြင် အလှအပနဲ့ သက်ဆိုင်တဲ့ ပညာရပ်မှန်သမျှက အဲဒီ ဂဏန်းနဲ့ ကင်းမနေဘူး။ ဂဏန်းဆိုတာထက် တန်ဖိုးတစ်ခုလို့ ပြောရင် ပိုကောင်းလိမ့်မယ်။ အဲဒီလောက် အဖိုးတန်လှတဲ့ ဂဏန်းမို့ ပညာရှင်တွေက Golden Number တဲ့။ ရွှေရောင်ဂဏန်းပေါ့။ ဒီတန်ဖိုးတစ်ခုက ကြီးကြီးကျယ်ကျယ် ဘာဖြစ်လို့များ အဲဒီလောက် အရာရောက်နေတာလည်း ဆိုတာ စာဖတ်သူအနေနဲ့ အတော်လေး သိချင်နေပြီထင်တယ်။ ခပ်ရှင်းရှင်း ပြောရရင်တော့ ဒီဂဏန်းရဲ့ တန်ဖိုးဟာ အချိုးအစား ကျနခြင်းရဲ့ သင်္ကေတပါ။ ကဲ ခပ်ရှင်းရှင်းနဲ့ နားမလည်ရင် ခပ်ရှုပ်ရှုပ် ပြောကြစို့။

ကျနော်တို့ အလှတရားကို စာဖွဲ့ကြရအောင်။ ကျနော် မေးခွန်းတစ်ခု အရင်မေးမယ်။ ကျနော်တို့ လူတစ်ယောက်ကို သယ်လှပါလားလို့ ချီးကျူးမိခဲ့ရင် ပြန်စဉ်းစားကြည့်ပါ။ ဘာကြောင့် အဲဒီလို ချီးကျူးမိပါလိမ့်လို့။ ဘာတွေကို ကြည့်ပြီး လှတယ်လို့ ပြောတာလဲ။ ကျနော်တို့ လူတစ်ယောက်ကနေပဲ စပြီး ချဉ်းကပ်ကြည့်ရအောင်။ ကဲ … သေချာ စဉ်းစားကြည့်စေချင်တယ်။ သယ်ချော ၊ သယ်လှ ဆိုတဲ့ လူတစ်ယောက်ကို ဘာကြောင့် အဲဒီလို သက်မှတ်လိုက်တာလဲ။ အသားအရေ ပြေပြစ်လို့၊ ဝင်းဝါလို့၊ အရိုးအဆစ် ပြေပြစ်လို့၊ ဘော်ဒီ မိုက်လို့၊ စသဖြင့် စသဖြင့်ပေါ့။ အဖြေတွေ ပေါင်းစုံနေမယ် ထင်တယ်။ အတွေးခေါ် ပညာရှင်တွေက အဲဒီ အဖြေပေါင်းစုံကို စီစစ်ပြီး ယေဘုယျ အကျဆုံး အချက်နှစ်ချက်ကို ဆွဲထုတ်ပြတယ်။ လှပခြင်းရဲ့ သဘောတရားပေါ့။ အကြောင်းရပ် (၁) က ဘက်ညီ (Symmetry) လို့တဲ့။ ဥပမာ ကျနော်တို့ လူတစ်ယောက်ရဲ့ မျက်နှာကို နှာခေါင်းတလျှောက် စိတ်မှန်းနဲ့ ဒေါင်လိုက် ဖြတ်ချပြီး ဘယ်ဘက်မျက်နှာနဲ့ ညာဘက်မျက်နှာ ထပ်ခေါက်ကြည့်ပါ။ ထပ်တူညီနေမယ်ဆိုရင် အဲဒီမျက်နှာက လှတယ်တဲ့။ သဘောက မျက်လုံးတစ်ပေါက်က ကျယ်ပြီး နောက်တစ်ပေါက်က ကျဉ်းနေရင် ထပ်တူမကျလို့ သေချာတယ် လုံးဝ ကြည့်လို့ မလှဘူး။ လုံးဝ ထပ်တူညီဖို့ ဆိုတာ မဖြစ်နိုင်ပေမယ့် ထပ်တူညီလေ ကြည့်လို့ ကောင်းလေပဲတဲ့။ အသားအရေ ချောမွတ်ခြင်းကလည်း ဘက်ညီမှု ရှိနေတာကြောင့်လို့ ဆိုပါတယ်။ အလှတရားကို ဒီတစ်ချက်နဲ့တင် စာတင်လို့ ရသလားဆိုတော့ မရပြန်ဘူး။ ဘက်ညီရုံနဲ့ လှပဖို့ဆိုတာ မလုံလောက်ဘူး။ အချိုးအစား ကျရဦးမယ်။ ဒါ ဒုတိယ အချက်။ မျက်နှာ နှစ်ဖက်လုံးမှာ ပါးစောင်းရိုးမောက်နေတာ ဘက်ညီတယ်လို့ ပြောလို့ရပေမယ့် အဲလို မျက်နှာပိုင်ရှင်မျိုးကို လှတယ်လို့ မခေါ်နိုင်တာ အချိုးအစား မကျလို့ပါပဲ။ ဒါဆို ကျနော်တို့ သိဖို့ လိုလာတာက ဘယ်လို အနေအထားမျိုးဆို အချိုးစား ကျတယ်ခေါ်မလဲ။ အဲဒီ အဖြေကို ရဖို့အတွက် စောနက ဂဏန်းကို ကျနော်တို့ ပြန်ပြောရတော့မယ်။

ပုံမှာ မြင်ရတဲ့ စတုဂံဟာ

AB / AP = AB / AD = AP / PB = 1.618

ဆိုရင် အဲဒီ စတုဂံဟာ အင်မတန် အချိုးကျတဲ့ စတုဂံလို့ ပညာရှင်တွေက လက်ခံယုံကြည်ကြတယ်။ အဲဒီ တန်ဖိုး ဘယ်လို ရသလဲ ဆိုတာ တွက်ကြည့်ချင်တဲ့ သင်္ချာဝါသနာရှင်အတွက် လမ်းစလေး တစ်ခု ပေးလိုက်ပါမယ်။ တကယ်လို့ AB = 1 လို့ ယူပြီး PB = x အဖြစ်နဲ့ ယူလိုက်ရင် အဖြေရလာပါလိမ့်မယ်။ အဲဒီ အချိုးအစားကို အသုံးချ ဆောက်ထားပြီး အစောဆုံး မြင်နိုင်တဲ့ အဆောက်အဦးကတော့ အီဂျစ်တွေရဲ့ ပိရမစ်ပါ။ ဘယ်လို ကြည့်ကြည့် အချိုးကျနေတာ ဒီအချိုးကို သုံးထားလို့ပေါ့။ နောက်ပိုင်း Phidias (500 BC – 432 BC) ဆိုတဲ့ ဂရိ ဆောက်လုပ်ရေး နဲ့ သင်္ချာပညာရှင်ဟာ ပြန်လည်တွေ့ရှိပြီး အေသင်မြို့ အက်ခရိုပိုလစ်တောင်ကုန်းမှာ ပါသီနွန် Parthenon ဆိုတဲ့ အဆောက်အဦးကို ဆောက်လုပ်ခဲ့ပါတယ်။ အောက်က ပုံကို လေ့လာကြည့်ပါ။


အဲဒီ အချိုးအစအတိုင်း မျဉ်းကြောင်း တစ်ကြောင်းကို အပိုင်းနှစ်ခု အနေနဲ့ ဖြတ်ထားမယ် ဆိုရင်လည်း အဲဒီ အပိုင်းနှစ်ပိုင်းရဲ့ အကွာအဝေးဟာ အင်မတန်မှ အချိုးကျနေပါတယ်။ အဲဒီလို အပိုင်းကို Golden Section ရွှေဖြတ်စလို့ တင်စား ခေါ်ဝေါ်ကြတယ်။ အောက်မှာ ပြထားတဲ့ ပုံကို ကြည့်ကြည့်ပါ။

ဒီ အချိုးအစားနဲ့ အကွားအဝေးတွေကို နှိုင်းယှဉ်တွက်ချက်ပြီး နေရာချထားတဲ့ ပစ္စည်းတွေ မျက်စိပသာရ သင့်မသင့် ချင့်ချိန်ကြည့်လို့ ရပါတယ်။

ကဲ ကျနော်တို့ အဲဒီ ဂဏန်းနဲ့ လူတစ်ယောက်က အလှအပနဲ့ အချိုးကျမှုနဲ့ ဘယ်လို ပတ်သက်သလဲဆိုတာ ပြန်ကောက်ကြရအောင်။ လူ့မျက်နှာကို အရင် စဆွေးနွေးမယ်။ လူ့မျက်နှာမှာ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ်ပေါက် ဆိုတဲ့ အင်္ဂါတွေ ပါပါတယ်။ အဲဒီ အစိတ်အပိုင်းတွေ သူ့နေရာနဲ့ သူ ရှိမှ ကြည့်သူရဲ့ မျက်စိထဲမှာ အချိုးကျတယ်လို့ မြင်မယ်။ ဒါမှလည်း လှတယ်လို့ ယူဆလိုက်ကြတယ်။ အချိုးကျတယ် ဆိုတဲ့ မျက်နှာပိုင်ရှင်တွေရဲ့ အင်္ဂါအစိတ်အပိုင်း အသီးသီးက အထက်က တင်ပြခဲ့တဲ့ အချိုးကျတဲ့ အကွားအဝေး ရှိနေရမယ်။ အချိုးရှာလိုက်ရင် 1.618 ရှိရမယ်ပေါ့။ နီးစပ်လေ ကြည့်လို့ကောင်းလေပါ။ အောက်က ပုံကို ကြည့်ပါ။ အချိုးကျတဲ့ မျက်နှာပိုင်ရှင်ရဲ့ မျက်နှာကို ကျနော် တိုင်းတာပြပါမယ်။

၁။ မျက်နှာရဲ့ အမြင့် နဲ့ ခွင်အကျယ်ဟာ အချိုးအဆ ၁.၆၁၈ …. ရှိရမယ်။
၂။ မျက်နှာရဲ့ အမြင့် နဲ့ မေးစေ့ကနေ မျက်ခုံးအထိ အမြင့်
၃။ မေးစေ့ကနေ မျက်လုံးအထိ အကွာအဝေး နဲ့ နှာခေါင်းအထိ အကွာအဝေး
၎။ မျက်စိကနေ မေးစေ့အထိ အကွာအဝေး နဲ့ နှုတ်ခမ်းအထိ အကွာအဝေး
၅။ မေးစေ့ကနေ ပါးစပ်အထိ အကွာအဝေး နဲ့ မေးစေ့အဆုံးအထိ အကွာအဝေး

ကဲ … အချိုးအစားကျတဲ့ မျက်နှာပိုင်ရှင် ဟုတ်မဟုတ်ဆိုတာ ကိုယ့်ဖာသာပဲ တိုင်းကြည့်ပေတော့။

နေဦး။ အချိုးအစားကျတဲ့ ခန္ဓာကိုယ် ပိုင်ရှင်အကြောင်း ဆက်ပြောကြဦးစို့။ အချိုးစားကျတဲ့ ခန္ဓာကိုယ်ပိုင်ရှင် ဟုတ်မဟုတ် ဆိုတာလည်း အောက်မှာ ပြထားတဲ့ အကွာအဝေး အချိုးတွေဟာ ၁.၆၁၈ နဲ့ နီးစပ်လေလေ အချိုးကျလေလေပါတဲ့။ လက်တံရှည်နေလို့၊ ဂွတိုနေလို့၊ လည်ပင်းရှည်နေလို့ ဆိုတဲ့ အကြောင်းပြချက်တွေကို ခဏ ဖယ်ထားပြီး သိပ္ပံနည်းကျတဲ့ အကြောင်းပြချက်ဖြစ်တဲ့ ၁.၆၁၈ အချိုး မရှိလို့ ဆိုတဲ့ အကြောင်းရင်းနဲ့ ကိုင်ပြီး ပြောလို့ ရအောင် ဆက်လေ့လာကြည့်ပါဦး။ ပုံနဲ့တကွ ရှင်းပြလိုက်ပါတယ်။

၁။ လူရဲ့ အရပ် နဲ့ ခေါင်းကနေ ပေါင်ဂွကြား အကွာအဝေးဟာ အချိုးအဆ ၁.၆၁၈ … ရှိရမယ်။
၂။ ငယ်ထိပ်ကနေ ပေါင်ဂွကြားအထိ အကွာအဝေး နဲ့ ချက်အထိ အကွာအဝေး
၃။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ ရင်ညွှန့်အထိ အကွာအဝေး
၎။ ငယ်ထိပ်ကနေ ရင်ညွှန့်အထိ အကွာအဝေး နဲ့ မေးစိထိပ်အထိ အကွာအဝေး
၅။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ ပုခုံးထိပ်နှစ်ဖက် အကွာအဝေး
၆။ ငယ်ထိပ်ကနေ ချက်အထိ အကွာအဝေး နဲ့ တဒေါင်ဆစ်ကနေ လက်ဖျားထိပ် အကွာအဝေး
၇။ ပုခုံးအကျယ် နဲ့ ခါးအကျယ်

လူတွေမှာတင် ဒီအချိုးနဲ့ ရှိနေသလား ဆိုတော့ မဟုတ်ပါဘူးတဲ့။ သတ္တဝါတွေမှာလည်း ဒီလို အချိုးတွေနဲ့ ရှိနေပါတယ်။ အကုန် လျှောက်ပြောနေရင် ကျမ်းတစ်စောင်ရေးနေရတော့မယ်။ ထပ်ပြီး ဖတ်ချင်သူတွေအတွက် Web Site ညွှန်းပေးလိုက်ပါတယ်။ နောက်ပြီး ဒီအချိုးက မျဉ်းကွေးတွေ ဆွဲတဲ့နေရာမှာလည်း အတော်ကို အသုံးဝင်ပါတယ်။ ခရုခွံရဲ့ ကွေးပုံမျိုးဟာ ဘာကြောင့် ကြည့်လို့ လှနေသလဲဆိုတာက ဒီအချိုးနဲ့ ရှင်းပြလို့ ရပါတယ်။ အကြီးကျယ်ဆုံးအထိ ပြောရရင် စကြာဝဠာ တည်ဆောက်ပုံကအစ ဒီအချိုးနဲ့ ကင်းလို့ မရဘူးတဲ့။ ဝါသနာကြီးရင် ဆက်ပြီး ဖတ်ရှုကြည့်ပေတော့။ ကျနော်တို့ လှယဉ်ကျေးမယ်တွေရဲ့ ခန္ဓာ အချိုးအစားက ရင်၊ ခါး၊ တင် ၃၆၊ ၂၃၊ ၃၆ ရှိကြတာ များတယ်။ ကျနော်တို့ ကြည့်တဲ့သူအနေနဲ့ အိုကေမှ စိုပြေပဲ။ ကဲ သင်္ချာနည်းကျကျ ချတွက်ကြည့်လိုက်တော့ ရင် – ခါး အချိုးနဲ့ တင် – ခါး အချိုးက ၁.၅၆၅ ရှိနေတယ်။ ၁.၆၁၈ ဆိုတဲ့ ရွှေအချိုးနဲ့ အင်မတန်မှ နီးစပ်နေတော့ ရှုချင့်စဖွယ် ဖြစ်နေတာ မစမ်းပါဘူးဗျာ။

အော် မေ့လို့။ အဲဒီ တန်ဖိုးကို ဖိုင် (Phi) လို့ ခေါ်ပါတယ်။ သင်္ကေတကတော့ အာလူးတုတ်ထိုး နဲ့ တူတဲ့ အပေါ်ဆုံးပုံပါ။ ဒသမ ဆယ်နေရာနဲ့ ယူပြရရင် တန်ဖိုးက 1.6180339887 ရသဗျ။

Further Reading :

  1. အနုစိတ်သိသမျှ ရုပ်လောက – ဘိုးလှိုင်
  2. Golden Ratio (Wiki)
  3. GoldenNumber.Net

ပိုင်ဆိုင်မှု စားရိတ်

ကျနော်တို့ဟာ နေ့တိုင်း အလဲအထပ်လေးတွေ လုပ်နေကြရတာကို ကျနော်တို့ကိုယ်တိုင် သတိမထားမိကြဘူး။ ဆုံးဖြတ်ချက်တစ်ခုကို ချမယ်လုပ်တိုင်းမှာ ရွေးချယ်စရာ နည်းလမ်းတွေထဲက တစ်ခုချင်းစီရဲ့ ကောင်းကျိုးဆိုးပြစ်တွေကို ဝေဖန်ပိုင်းခြားတတ်မှ အန္တရာယ် အကင်းဆုံး ဆုံးဖြတ်ချက်တစ်ခုကို ရနိုင်မယ်။ ဒါပေမယ့် အခြေအနေ အတော်များများမှာ ဆုံးဖြတ်ချက်တစ်ခုရဲ့ စားရိတ် (Cost) ကို တွက်ထုတ်နိုင်ဖို့ အတော်လေး ခက်ပါတယ်။

ဥပမာတစ်ခုနဲ့ စဉ်းစားကြည့်ရအောင်။ ဆယ်တန်းအောင်ထားတဲ့ လူတစ်ယောက်ဟာ တက္ကသိုလ် ဆက်တက်သင့် မသင့် ဆုံးဖြတ်ချက် ချဖို့ ကြိုးစားနေတယ်။ တက္ကသိုလ် ဘွဲ့ရ တစ်ယောက်အတွက် ဘာတွေ ပို အကျိုးရှိလာမလဲ။ သေချာတာတစ်ခုကတော့ ဘွဲ့ရတစ်ယောက်နဲ့ ဆယ်တန်းအောင် တစ်ယောက်မှာ ဘွဲ့ရတစ်ယောက်ဟာ အလုပ်ရဖို့ ပိုသေချာနိုင်တယ်။ ဒါဆို စားရိတ်စားခ က ဘာတွေ ရှိမလဲ။ ဒါကိုတွက်ဖို့ ကျနော်တို့ ဘာတွေကို ထည့်ပေါင်းမလဲဆိုရင် ကျောင်းလခ၊ ကျူရှင်လခ၊ စာအုပ်ဖိုး၊ အဆောင်ခ၊ ဖယ်ရီကြေးတွေကို ထည့်တွက်ကြမှာ သေချာတယ်။ ဒါပေမယ့် ဒါတွေနဲ့တင် တက္ကသိုလ် တက်တဲ့ စားရိတ်က အတိအကျ တွက်လို့ ရပြီလား။ ကျောင်းဆက်တက်ဖို့အတွက် စွန့်လွှတ်လိုက်ရတာတွေကော ထည့်မတွက်တော့ဘူးလား။

ခုနက တွက်ထားတဲ့ စားရိတ်ထဲမှာ စဉ်းစားစရာလေးတွေ ပါနေတယ်။ ပထမအချက်က ကျနော်တို့ တက္ကသိုလ်တက်တဲ့ စားရိတ်ထဲမှာ အဆောင်ခတွေ အစားအသောက် စားရိတ်တွေ ထည့်တွက်ကြတယ်။ ဒါပေမယ့် ကျနော်တို့ တက္ကသိုလ် မတက်ရင်ကော နေထိုင်စားသောက် စားရိတ်က မကုန်တော့ဘူးလား။ ကျောင်းနားမှာ အဆောင်ငှားနေလို့ နေထိုင်စားသောက် စားရိတ်က ပိုသက်သာသွားတာ ဖြစ်နိုင်သလို၊ အပြင်မှာ ထွက်နေလိုက်မှ အိမ်မှာနေတာထက် စားရိတ်စားခတွေ အများကြီး ပိုတက်လာတာလည်း ဖြစ်နိုင်တယ်။

စဉ်းစားစရာ ဒုတိယတစ်ခုက ကျနော်တို့ရဲ့ စားရိတ်ထဲမှာ တန်ဖိုး အကြီးဆုံးဖြစ်တဲ့ အချိန်ဆိုတာကို ထည့်တွက်ဖို့ မေ့ထားကြတယ်။ အကယ်၍ တစ်နှစ်တာ ကျောင်းကိုပုံမှန် တက်နေမယ်ဆိုရင် အဲဒီကာလအတွင်းမှာ အလုပ်လုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ဒါဆိုရင် ကျောင်းတက်တဲ့ လူတစ်ယောက်ဟာ အဲဒီတစ်နှစ်အတွင်း အလုပ်လုပ်လို့ ရမယ့် ၀င်ငွေတွေ လက်လွှတ်ရမယ်။ အဲဒါကို အခွင့်အလမ်း စားရိတ်လို့ ခေါ်တယ်။ စာနဲ့ပေနဲ့ ပြောရရင် အခွင့်အလမ်းစားရိတ် ဆိုတာ တစ်ခုခုကို အရယူဖို့အတွက် စွန့်လွှတ်လိုက်ရတဲ့ တခြားတစ်ခုရဲ့ တန်ဖိုးကို ခေါ်တယ်။

ဥပမာ မြင်သာအောင် ကျနော်တို့ အိမ်ထောင်ပြုတဲ့ ကိစ္စနဲ့ စဉ်းစားကြည့်ကြရအောင်။ အိမ်ထောင်ပြုတာရဲ့ စားရိတ်ကို တွက်တဲ့အခါမှာ အများစုဟာ ခန်းမကြေး၊ ဧည့်ခံစားရိတ်၊ အ၀တ်အစားပြင်ဆင်စားရိတ်၊ ….. ဒါတွေကိုပဲ တွက်ကြမယ်ထင်တယ်။ ဒါပေမယ့် အရေးအကြီးဆုံး ဖြစ်တဲ့ အခွင့်အလမ်း စားရိတ်ကို တွက်ဖို့ အားလုံးလိုလို မေ့နေကြတယ်။ မိန်းကလေးတစ်ယောက် အနေနဲ့ စဉ်းစားကြည့်ကြစို့။ အိမ်ထောင်ပြုဖို့ ရွေးစရာ နှစ်ယောက် ရှိတယ်။ တစ်ယောက်က ဥစ္စာမဲ့ ပညာတတ်။ နောက်တစ်ယောက်က ပညာမဲ့ သူဌေး။ ဘယ်သူ့ကို ရွေးမလဲ ဆိုတဲ့ အဖြေကို ရဖို့အတွက် ဘယ်သူ့ကို ရွေးရင် ဘာတွေ အားသာပြီး ဘာတွေ အားနည်းမလဲ။ ဥစ္စာမဲ့ပညာတတ်လေးကို ရွေးချယ်မိမယ် ဆိုရင် အခွင့်အလမ်းစားရိတ်အနေနဲ့ ငွေကြေးဥစ္စာတွေ လက်ငင်း ပိုင်ဆိုင်နိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ရမယ်။ ငွေကြေးဥစ္စာ ပိုင်ဆိုင်မှုကို ရွေးမိရင်တော့ အခွင့်အလမ်းစားရိတ် အနေနဲ့ ပညာတတ်အသိုင်းအ၀ိုင်းနဲ့ ဝေးသွားနိုင်တယ်။ တစ်ခုကို လိုချင်ရင် တခြားတစ်ခုခုကို စွန့်လွှတ်ရတဲ့ သဘာဝကြောင့် ရမယ့်အရာနဲ့ စွန့်လွှတ်ရမယ့် အရာနဲ့ကို တန်၏ မတန်၏ ချင့်ချိန်ပြီး ဆုံးဖြတ်ချက်တွေကို ချသင့်ပါတယ်။

ဒီပို့စ်က ဘောဂဗေဒ၏ ဥပဒေများ ရဲ့ ဒုတိယ ခေါင်းစဉ်ပါ။ ဥပဒေသ (၁) ဖြစ်တဲ့ အလဲအထပ်ကို ရင်ဆိုင် ဖြေရှင်းခြင်း ကို ဒီမှာ ကလစ်နှိပ်ပြီး ပြန်ဖတ်နိုင်ပါတယ်။ ကျနော် ပြောဖို့ ကျန်နေတာက အခု ဒီပို့စ်တွေက ဘာသာပြန်တွေပါ။ Principles of Macroeconomics 3e, N. Gregory Mankiw (Harvard University) ဆိုတဲ့ စာအုပ်ထဲက အစိတ်အပိုင်း သေးသေးလေးကို ယူပြီး ဘာသာ ပြန်ထားတာပါ။ ကျနော် အရင်က Economics ဘာသာရပ်ကို စိတ်ဝင်စားပေမယ့် ဖတ်ဖို့ အတော်ပျင်းပါတယ်။ ဘာလို့လည်း ဆိုတော့ အဲဒီ ဘာသာရပ်က အတော်လေး လေးပါတယ်။ ဒါပေမယ့် ဒီစာအုပ်ကို တွေ့တော့မှ လေးလေးနက်နက် ဖတ်ဖြစ်တယ်။ ဒီစာအုပ်မှာ ရေးထားတာက အပြင်မှာ ဖြစ်ပျက်နေတာနဲ့ တိုက်ဆိုင်ပြီး ဥပမာတွေပေး ရေးထားတာ ဆိုတော့ အတော်လေး ဖတ်လို့ ကောင်းပါတယ်။ ဒါကြောင့် အားလုံးကို ဝေမျှတဲ့ သဘောနဲ့ ဘာသာပြန်ပေးလိုက်တာပါ။ စာက လေးတော့ စိတ်ဝင်စားသူ တချို့အတွက် အဓိက ရည်ရွယ်ထားပါတယ်။


၁၇၇၄ ခုနစ်မှ ရှေးမြန်မာ့ သင်္ချာကျမ်းကြီး

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်း ( ၁၇၇၄ )

မြန်မာ့သိပ္ပံပညာဆိုင်ရာ ကျမ်းတွေ စာပေတွေဟာ ဗဒုံမင်း (ဘိုးတော်ဘုရား) လက်ထက် (၁၇၈၂ – ၁၈၁၉) မှာ အခြေတကျ စပြီး ထွန်းကားလာတယ်လို့ ပညာရှင်အများက လက်ခံ ယုံကြည်ထားကြတယ်။ အဲဒီလို လက်ခံရတဲ့ အကြောင်းကတော့ ဗဒုံမင်းဟာ အိန္ဒိယနိုင်ငံနဲ့ သီဟိုဠ်နိုင်ငံကနေ ကျမ်းပေါင်း (၂၀၀) ကျော်ကို မြန်မာနိုင်ငံသို့ ယူဆောင်စေခဲ့တယ်။ အဲဒီလို ယူလာတဲ့ ကျမ်းတွေရဲ့ မြန်မာပြန်မူတွေကို အခုအချိန်အထိ လက်ဆုတ်လက်ကိုင် ပြနိုင်သေးတယ်။

မြန်မာ့သင်္ချာ ပညာသမိုင်းကြောင်းနဲ့ ပတ်သက်ပြီး ကျမ်းပြုသူ အစောဆုံး ခြေရာကောက်မိတဲ့ သင်္ချာကျမ်းကတော့ သင်္ချာပကာသက အမည်ရှိတဲ့ ကျမ်းဖြစ်တယ်။ အဲဒီကျမ်းက ၁၄ ရာစု နှစ်ဦးပိုင်းကတည်းက ယိုးဒယားနိုင်ငံက တဆင့် မြန်မာနိုင်ငံကို ရောက်လာတဲ့ ကျမ်းဖြစ်တယ်။ ကျမ်းရဲ့ မူလ စာကိုယ်ကို ပြုစုတဲ့သူက ယိုးဒယားနိုင်ငံ ဇင်းမယ်မြို့က ရှင်ညာဏ၀ိလာသ ဖြစ်တယ်။ အဲဒီကျမ်းကို အခြေခံပြီး ၁၅၂၀ မှာ မြစ်ငယ်တောင်ဘက် ပလိပ်ရွာ အရှေ့ရှိ မြို့သစ်မြို့နေ ရှင်သိရိမင်္ဂလက သင်္ချာပကာသကဋီကာကို ထပ်မံပြုစုပြီး တတိယ ညောင်ကန်ဆရာတော် ရှင်က၀ိန္ဒရဲ့ တပည့် ရှင် မုနိန္ဒသာရက တဖန် သင်္ချာပကာသက စာကိုယ်နဿယကို ပြုစုခဲ့တယ်။

အခုအကျဉ်း တင်ပြချင်တဲ့ ကျမ်းက ၁၇၇၄ခုနစ်မှာ ရေးပြီး ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းလို့ နာမည်ရတယ်။ ဒီကျမ်းက မြန်မာ့သိပ္ပံ ပညာသမိုင်းအတွက် အရေးပါတဲ့ အထောက်အထားတစ်ခု ဖြစ်တဲ့အပြင် ကျနော်တို့ မြန်မာတွေ ဂုဏ်ယူဝင့်ကြွားထိုက်တဲ့ ကျမ်းတစ်ဆူလည်း ဖြစ်တယ်။ ဒါကြောင့် ဒီကျမ်းမှာ ပါတဲ့ အချက်အလက်တချို့ကို အကျဉ်းမျှလောက် ပြန်ပြီး ဖောက်သည်ချပေးလိုက်ပါတယ်။

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းဟာ အပိုင်းလေးပိုင်း ခွဲခြားပြီး ဥပမာပေး နမူနာ ပုစ္ဆာပေါင်း ၁၇၅ ပုဒ်ကို တွက်နည်း အဖြေနဲ့တကွ စုံစုံလင်လင် ပြုစုထားတယ်။

ပထမပိုင်းမှာ သင်္ချာပညာရပ်အတွက် အဓိကဖြစ်တဲ့ `ရေတွက်ခြင်း ဂဏန်းသင်္ချာ´ ခေါင်းစဉ်နဲ့ အလေးချိန်၊ အကွာအဝေး၊ ထုထည်၊ အချိန်နာရီ တွေကို တိုင်းတာတဲ့ ယူနစ်ကိန်းသင်္ချာ အကြောင်းနဲ့ ခု ကနေ အသင်္ချေ (တစ်နောက်က သုည အလုံး ၁၄၀) တိုင်အောင် ရေတွက်ခေါ်ဝေါ်ပုံ နည်းစနစ်ကို ဖော်ပြထားတယ်။

ဒုတိယပိုင်းမှာ `ဂဏန်းဆယ်ပါး´ ခေါင်းစဉ်နဲ့ စပါးတွက်၊ ဆန်တွက်၊ ရွှေတွက်၊ ငွေတွက်၊ ဆီမီးတွက်၊ ရထားတွက်၊ သစ်ပင်တွက်၊ လှေတွက်၊ သားရေတွက်၊ မြေတွက် ဆိုပြီး လုပ်ငန်းအလိုက် တိုင်းထွာတွက်ချက်နည်းကို ဥပမာ ပုစ္ဆာပေါင်း ၉၈ ပုဒ်နဲ့ ဖော်ပြထားတယ်။

စပါးတွက်နည်းမှာ ကျီတွက်နည်း၊ သရိုင် (ပုတ်) တွက်နည်း၊ စပါးပုံတွက်နည်း၊ လှေဝင်စပါးတွက်နည်း၊ စပါးကို ငှက်စားတဲ့ ပုစ္ဆာ၊ စပါး နှစ်ထပ်တိုးပေး တွက်နည်း အစရှိတဲ့ နမူနာပုစ္ဆာ ၂၁ ပုဒ်နဲ့ ဖော်ပြထားတယ်။

ဆန်ဂဏန်းတွက်နည်းမှာ စပါးနှစ်တင်းကို ထောင်းရင် ဆန်တစ်တင်းရပြီး ဆန်တစ်တင်းမှာ အစေ့ပေါင်း ၇၆၈၀၀၀ ရှိကြောင်း ဖော်ပြထားတယ်။ ဆန်ဂဏန်းမှာ အဓိက အရေးကြီးတဲ့ အပိုင်းက သင်္ချာပေါင်းပွားကိန်း (Arithmetic Progression) သဘောကို အခြေခံတဲ့ နည်းတွေ ဖြစ်တယ်။

ရွှေဂဏန်းကို ပြောတဲ့အခါမှာ ရွှေမျိုးပေါင်း (၂၀) ရှိတယ်လို့ ဖော်ပြထားတယ်။ တစ်ဆင့်ပြီးတစ်ဆင့် သန့်စင်အောင် လှော်ခတ်ပြီး အဆင့်လိုက် ရွှေလှော် (၁၂) မျိုးကိုလည်း ဖော်ပြထားတယ်။ အဲဒါတွေက နီဗလ၊ နာရဏီ၊ နာရဝေါ၊ နာလိကာ၊ နာလိမုတ္တာ၊ အဉ္စနီ၊ အဉ္စမုတ္တ၊ အဇာဝနိ၊ ဇာတရူပ၊ ဥတရနိတာ၊ သိင်္ဃနိတ် နဲ့ ဇမ္ဗူရဇ်တို့ ဖြစ်တယ်။ ရွှေကို သန့်စင်ဖို့ လုပ်တာ အင်မတန် အနုစိတ်ပြီး စနစ်ကျတာ တွေ့ရတယ်။ ဥပမာအနေနဲ့ ပြရရင် အသန့်စင်ဆုံး ဇမ္ဗူရဇ်ရွှေ အဆင့်ရအောင် သိင်္ဃနိတ်ရွှေကို ထပ်မံသန့်စင်တဲ့နည်းလေး ဖော်ပြပေးလိုက်တယ်။
`သိင်္ဃနိတ်ရွှေ ၄ိ ၂ံ ၂ ဆံ ၃ နှံ့ (နှမ်း) ၁ မုံညင်(း) ၆ သံခေါင် (သန်းခေါင်း) ၂ ကညစ်ချေကို ၃ိ ၃ူ ၁ဲ ၄ံ ၂ ဆံ ၂ နံ ၁ မုံညင် ၃ သံခေါင် ၂ ကညစ်ချေ တင်အောင် လှေ (လှော်) မှ ဇမ္ဗူရဇ်ရွှေ ဖြစ်၏။´

ရေဂဏန်းကို ဖော်ပြတဲ့နေရာမှာ ထုထည်ရှာပုံတွေ၊ ရေကန်ကနေ ရေထုတ်တဲ့အခါ ကြာမယ့် အချိန်နာရီ တွက်ပုံတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ပြထားတယ်။ စိတ်ဝင်စားစရာ ကောင်းတဲ့ ပုစ္ဆာတစ်ပုဒ်ကို တင်ပြပေးလိုက်ပါတယ်။
ပုစ္ဆာ။ ဖလားတလုံ(း)သဉ် အ၀န်(း) ခြောက်တောင် စောက် ၁င်္ (တောင်) ရေအပြဉ်ရှိ၏။ ထိုရေကို မုံဉင်စေ့ရှိ ဖောက်သော် ဘယ်မျှလောက်သောကာ(လ)မှ ရေကုံအံ့နဉ်။
အဖြေ။ ၃ လနှင့် ၂ ရက် ၉ နာရီ နှစ်ပါဒ် ၆၂ ဗီဇနာမှ ရေကုန်၏။

ဆီမီးဂဏန်း တွက်နည်းထဲမှာလည်း ထုထည်ရှာနည်းကို အခြေခံပြီး ဖယောင်းတုံးကြီးကနေ ဖယောင်းတိုင်တွေ ပြုလုပ်ရင် ရလာမယ့် ဖယောင်းတိုင် အရေအတွက်ကို ရှာတဲ့နည်းတွေ၊ ဖယောင်းတိုင်ကို မီးထွန်းရင် အချိန်ဘယ်လောက်ကြာမှ ကုန်မလဲလို့ တွက်တဲ့နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ ဖော်ပြထားတယ်။

သစ်ပင်ဂဏန်းမှာတော့ သစ်ခွဲစိတ်ဖြတ်တောက်တာနဲ့ ဆိုင်တဲ့ သစ်တွက်နည်းတွေ၊ သစ်လုံးကို ပါးပါးလွှာထုတ်တဲ့ တွက်နည်းတွေ အပြင် သစ်ပင်ကို အဝေးကကြည့်ပြီး အမြင့်ရှာနည်းတွေ အပါအ၀င် ပုစ္ဆာ ၇ ပုဒ်နဲ့ ဖော်ပြထားတယ်။ သစ်ပင်အမြင့်ရှာပုံက ဂျီသြမေတြီဘာသာရပ် (Geometry) ကို အခြေခံထားတယ်။

လှေဂဏန်းကို ပြရာမှာ သင်္ဘောနဲ့ ခရီးထွက်ရင် ကြာမြင့်ချိန်၊ ဆိုက်ရောက်ချိန် နေ့ရက်ကို တွက်တဲ့ ပုစ္ဆာတွေနဲ့ အက္ခရာသင်္ချာ (Algebra) သဘောပါတဲ့ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လှေနဲ့ တစ်ဖက်ကမ်းကို ကူးတဲ့ ပုစ္ဆာမျိုးတွေကို နမူနာပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ပြထားတယ်။

သားရေဂဏန်းမှာတော့ သားရေချပ်ကို လှီးဖြတ်ရာမှာ လေးထောင့်ပုံ၊ စက်ဝိုင်းပုံ စတဲ့ ပုံစံ အမျိုးမျိုးရဲ့ ဧရိယာနဲ့ အ၀န်းတွက်နည်းတွေကို ပုစ္ဆာ ၅ ပုဒ်နဲ့ တွက်ချက်ပြထားတယ်။

မြေဂဏန်းမှာ မြေကြီးကနေ အုတ်ထုတ်ရာမှာ ထွက်ရှိမယ့် အုတ်ချပ်ရေ ခန့်မှန်းပုံ၊ မြို့ရိုး တိုက်တာ အိုးအိမ် တည်ဆောက်ရာမှာ အုတ်လိုအပ်မှု လယ်ယာမြေကွက် ပုံစံအမျိုးမျိုး ပယ်ဖွဲ့နည်းတွေကို ဥပမာ ပုစ္ဆာပေါင်း ၃၀ နဲ့ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားတယ်။

တတိယပိုင်းမှာ နည်းတဆယ့်ခြောက်ပါး ဆိုတဲ့ ခေါင်းစဉ်နဲ့ သင်္ချာနည်းပေါင်း ၁၆ နည်းကို ပုစ္ဆာပေါင်း ၇၆ ပုဒ်နဲ့ ဖော်ပြထားတယ်။ အဲဒီနည်းတွေကို အကျဉ်းချုပ် အနေနဲ့ ဖော်ပြရရင် နှစ်ထပ်တိုးတွက်နည်း၊ အချိုးတွက်နည်း၊ မရေမရာညီမျှခြင်း (Indeterminate equation) တွက်နည်း၊ သင်္ချာပေါင်းပွားကိန်း (Arithmetic progression) တွက်နည်း၊ သင်္ချာဆပွားကိန်း (Geometric progression) တွက်နည်း၊ အက္ခရာသင်္ချာ ညီမျှခြင်း (Algebra equation) တွက်နည်း၊ ဆခွဲကိန်း တွက်နည်း၊ ဘုံသုဉ်းကိန်း တွက်နည်း တို့ ဖြစ်ပါတယ်။

ဒီကျမ်းရဲ့ နောက်ဆုံးအပိုင်း စတုတ္ထပိုင်းမှာတော့ ရှေ့ပိုင်းက နည်းတွေကို အခြေခံပြီး ပုစ္ဆာပေါင်း ၃၀ ကို ထပ်ပြီး တွက်ပြထားပါတယ်။

ဂဏန်းသင်္ချာ ပညာဝဍ္ဎနကျမ်းကို ခြုံငုံကြည့်ရင် ရှေးမြန်မာတွေရဲ့ လယ်ယာအိုးအိမ် စတဲ့ စားဝတ်နေရေး လူနေမှုစနစ်ကို လက်တွေ့ အထောက်အကူပြုတဲ့ သင်္ချာတွက်နည်းတွေကို ဖော်ပြထားကြောင်း တွေ့ရတယ်။ ဒါ့အပြင် စက်ဝိုင်းတွေရဲ့ ဧရိယာ၊ စက်လုံး၊ ထုလုံး၊ ထုချွန်တွေရဲ့ ထုထည်ရှာပုံ၊ ဂဲသြမေတြီရဲ့ အခြေခံတွေ၊ သင်္ချာပေါင်းပွားကိန်း၊ ဆပွားကိန်း၊ အချိုးဆက်တွေ၊ အက္ခရာသင်္ချာတွက်နည်းတွေကိုပါ ထည့်သွင်း ဖော်ပြထားတာကို ထောက်ရှုမယ်ဆိုရင် အဲဒီအချိန်က မြန်မာတွေရဲ့ သင်္ချာအဆင့် မြင်းမားကြောင်း တွေ့ရတယ်။ ဗဒုံမင်း လက်ထက် မတိုင်မီကတည်းက မြန်မာ့ သင်္ချာပညာဟာ ပီပီပြင်ပြင် အဆင့်မြင့်မြင့် ရှိနေပြီ ဆိုတာကို ဒီ ၁၇၇၄ ခုနစ်က သင်္ချာကျမ်းနဲ့ လက်ဆုတ်လက်ကိုင် ပြပြီး သက်သေထူလိုက်ပါတော့တယ်။

ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာ မျိုးသန့်တင် စာအုပ်မှ ထုတ်နှုတ် တင်ပြပါသည်။

ဘောဂဗေဒ၏ ဥပဒေသ (၁၀)ခု – အပိုင်း (၁)

Economy ဆိုတာ ဂရိဘာသာရဲ့ စကားလုံး တစ်လုံးပါ။ အိမ်ထောင်စု တစ်ခုကို စီမံခန့်ခွဲသူလို့ အဓိပ္ပါယ်ရတယ်။ မြင်မြင်ချင်း ကျနော်တို့ ဒီမူရင်း အဓိပ္ပါယ်ကို နားလည်ရ အတော်ခက်ပါလိမ့်မယ်။ ဒါပေမယ့် တကယ်တမ်းတော့ အီကိုနော်မီ (Economy) နဲ့ အိမ်ထောင်စုတွေနဲ့ တူညီတဲ့ အချက်တွေ အများကြီးပါ။

အိမ်ထောင်စု တစ်ခုမှာ ဆုံးဖြတ်ချက်တွေ အများကြီး ချရတယ်။ အိမ်ထောင်စုထဲမှာ ပါတဲ့ ဘယ်သူတွေကတော့ဖြင့် ဘာတွေ လုပ်ကြမလဲ။ အဲဒီအလုပ်အတွက် ဘာတွေတော့ ပြန်ပေးမယ် ဆိုတာတွေကို ဆုံးဖြတ်ချက် ချရတယ်။ ဥပမာ အနေနဲ့ ညစာကို ဘယ်သူ ချက်မလဲ။ အ၀တ် ဘယ်သူ လျှော်မလဲ။ ဒီည ဘယ်လိုင်းက ရုပ်ရှင်ဇာတ်ကားကို ကြည့်မလဲ။ ဒါကို ဘယ်သူ ရွေးပိုင်ခွင့် ရှိမလဲ။ အဲဒီ ဆုံးဖြတ်ချက်တွေကို အမြဲ ချမှတ်နေရတယ်။ အတိုချုပ် ပြောရရင် အိမ်ထောင်စုတိုင်းမှာ ရှားပါးတဲ့ အရင်းအမြစ်တွေ ရှိမယ်။ အဲဒီ အရင်းအမြစ်တွေကို အဖွဲ့ဝင်တွေ အကြား ဘယ်လို ခွဲဝေကြမလဲ။ ဘယ်လို အစွမ်းအစ ရှိတဲ့ လူက ဘာတွေ လုပ်ကြမလဲ။ ဘယ်လို ဆန္ဒတွေနဲ့ အကောင်အထည် ဖော်ကြမလဲ။ အဲဒါတွေ အတွက် ဆုံးဖြတ်ရတော့မယ်။

အိမ်ထောင်စု တစ်ခုမှာ အမေလုပ်သူက ထမင်းဟင်း ချက်မယ်။ သမီးလုပ်သူက အ၀တ်လျှော်၊ မီးပူတိုက်မယ်။ အဖေလုပ်သူက စီးပွားရှာ အလုပ်လုပ်တယ်။ သားလုပ်သူက ငယ်သေးတော့ ပညာရှာ ကျောင်းတက်ရမယ်။ ဒါတစ်ယောက်ချင်းစီရဲ့ စွမ်းဆောင်ရည်နဲ့ နေရာ ချထားတယ်။ ညရောက်တော့ ရုပ်မြင်သံကြား အစီအစဉ်ကြည့်မယ်။ တီဗွီ တစ်လုံးတည်းရှိတယ်။ ဒါကို ငါဘာကြည့်မယ်။ သူဘာကြည့်ချင်တယ်နဲ့ လုရတော့မယ်။ တီဗွီတစ်လုံးတည်း ရှိတဲ့ အတွက် ဒါ ဒီအိမ်အတွက် ရှားပါးအရင်းအမြစ်ပဲ။ ဒီတော့ အဖေလုပ်သူက မျှတအောင် ဒီနေ့ သားကြိုက်တာကြည့်။ မနက်ဖြန် သမီး ကြိုက်တာကြည့် ဆိုတာမျိုး စီမံပေးရတယ်။ ကျေနပ်မှုရအောင် ညှိနှိုင်းပေးရတယ်။ အိမ်မှာ ရေချိုးခန်း တစ်ခုတည်း ရှိတယ်။ ဘယ်အချိန်မှာ ဘယ်သူ ရေချိုးမလဲ။ ဒီကိစ္စက ကျနော်တို့ နေတိုင်း ကြုံနေရလို့ ခပ်ပေါ့ပေါ့ပဲ တွေးမိတယ်။ ဒါလည်း ရှားပါး အရင်းအမြစ်ကို စီမံတာပဲ။ ငါပဲ ဒါကို သုံးမယ်။ မင်းတို့ တစ်ယောက်မှ မထိနဲ့လို့ လုပ်လို့ မရဘူး။ နောက်တစ်ခု ရှိသေးတယ်။ စီမံခန့်ခွဲမှု ညံ့တဲ့ ကိစ္စ။ အမေက ထမင်းမချက်ချင်တော့ ဘာမှ မတက်တဲ့ သမီးကို ချက်ခိုင်းမယ်။ အဲဒီတော့ ဘာတွေ ဖြစ်လာမလဲ။ ဒါလူတိုင်း စဉ်းစားလို့ ရမယ်။ စွမ်းဆောင်ရည် ရှိတဲ့လူကို သူကျွမ်းကျင်တဲ့ နေရာမှာ အသုံးချတတ်ဖို့ သိပ်အရေးကြီးတယ်။ ဒါ အိမ်ထောင်စု တစ်ခုအနေနဲ့ပါ။

ဒီလိုပါပဲ။ လူတွေ စုစည်းထားတဲ့ လူ့ အဖွဲ့အစည်း တစ်ခုအနေနဲ့လည်း ဆုံးဖြတ်ချက်တွေ အများကြီးကို ရင်ဆိုင် ဖြေရှင်းရတယ်။ အဖွဲ့အစည်း အနေနဲ့ ဘာအလုပ်တွေ လုပ်ကြမလဲ။ ဘယ်သူတွေ လုပ်ကြမလဲ ဆိုတာ ဆုံးဖြတ်ရမယ်။ အသီးအနှံတွေ စိုက်ပျိုးဖို့ လူတွေ လိုမယ်။ အ၀တ်အစားတွေ လုပ်ဖို့ လူတွေ လိုမယ်။ နောက် တချို့ကတော့ စက်ယန္တရားတွေ လုပ်ကြရမယ်။ လူ့အဖွဲ့အစည်းက လိုအပ်တဲ့နေရာမှာ လူတွေ (မြေတွေ၊ အဆောက်အဦတွေ၊ စက်တွေ) နေရာကျသွားရင် ရလာတဲ့ ထွက်ကုန်တွေနဲ့ လိုအပ်တဲ့ ၀န်ဆောင်မှုတွေ အတွက်ပါ နေရာချရတော့မယ်။ ဘယ်သူတွေ ထမင်းစားမလဲ။ ဘယ်သူတွေ ဂျုံစားကြမလဲ။ ဘယ်သူတွေ ကုန်တင်ကား မောင်းမလဲ။ ဘယ်သူတွေ ရထားမောင်းမလဲ။ ဒါတွေကို နေရာချဖို့ ဆုံးဖြတ်ချက်တွေ ချရမယ်။

လူ့အဖွဲ့အစည်းရဲ့ အရင်းအမြစ်တွေကို စီမံမှုဟာ သိပ်ကို အရေးကြီးတယ်။ ဘာလို့လဲဆိုတော့ အရင်းအမြစ်တွေဟာ ရှားပါးလို့ပါ။ ရှားပါးမှုဆိုတာ အရင်းအမြစ်တွေ အကန့်အသတ်နဲ့ ရနေခြင်းကို ဆိုလိုတာပါ။ ဒါကြောင့် လူထုက လိုချင်သလောက် ကုန်စည်နဲ့ ၀န်ဆောင်မှုကို မထုတ်လုပ်နိုင်ဘူး။ အိမ်ထောင်စု တစ်ခုလိုပဲပေါ့။ အိမ်ထောင်စုဝင် အားလုံး လိုချင်တာတွေ အကုန် ဖြည့်ဆီးဖို့ ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ။ လူအဖွဲ့အစည်း တစ်ရပ်အနေနဲ့လည်း တောင့်တတဲ့ အမြင့်ဆုံး လူနေမှု အဆင့်အတန်းကို လူတိုင်း ပေးဖို့ ဘယ်လိုလို့ ဖြစ်နိုင်မလဲ။

ဘောဂဗေဒဆိုတာ လူ့အဖွဲ့အစည်းရဲ့ ရှားပါးတဲ့ အရင်းအမြစ်ကို ဘယ်လို စီမံခန့်ခွဲမလဲ ဆိုတာ လေ့လာတဲ့ ပညာရပ်ပါ။ ဒါကြောင့် ဘောဂဗေဒ ပညာရှင်တွေဟာ လူတွေ ဘယ်လို ဆုံးဖြတ်ကြသလဲ ဆိုတာကို လေ့လာတယ်။ လူတွေ ဘယ်လောက် အလုပ်လုပ်ကြသလဲ။ သူတို့ ဘာဝယ်ကြသလဲ။ သူတို့ ဘယ်လောက် စုကြသလဲ။ သူတို့ရဲ့ စုဆောင်းငွေကနေ ဘယ်လောက် ပြန် ရင်းနှီးမြှုပ်နှံ ကြသလဲ။ နောက် ဘောဂဗေဒ ပညာရှင်တွေက လူတွေဘယ်လို အပြန်အလှန် သက်ရောက်မှု ရှိသလဲ ဆိုတာကိုလည်း လေ့လာတယ်။ ဥပမာ ရောင်းသူနဲ့ ၀ယ်သူဟာ နှစ်ဦးပူးပေါင်းပြီး ကုန်စည်တစ်ခုရဲ့ ဈေးနှုန်းကို ဘယ်လို သက်မှတ်သလဲ။ ကုန်အရေအတွက် ဘယ်လောက်ဆိုရင် ဈေးနှုန်း ဘယ်လို သက်မှတ်သလဲ။ နောက်ဆုံး နိုင်ငံတစ်ခုရဲ့ ဘောဂစနစ်ကို ဒါတွေက ဘယ်လို လာပြီး သက်ရောက်သလဲ ဆိုတာ ဘောဂဗေဒ ပညာရှင်တွေ လေ့လာကြတယ်။ ဥပမာ – ပျမ်းမျှဝင်ငွေရဲ့ တိုးတက်မှုနှုန်း၊ အလုပ်ရှာမရတဲ့ လူဦးရေရဲ့ အချိုး၊ ကုန်ဈေးနှုန်းတွေ တက်နေတဲ့နှုန်း၊ … ။

ဘောဂဗေဒကို လေ့လာရာမှာ မျက်နှာစာတွေ အများကြီး ရှိပေမယ့် အဓိက အရေးပါတဲ့ တွေးခေါ်ပုံနဲ့ အယူအဆတွေကတော့ ထပ်တူညီတာ အများကြီးပါ။ ဒါတွေ အားလုံးကို နားမလည်လို့လည်း ဘာမှ စိတ်မပူပါနဲ့။ အခု ဆက်ပြီးတော့ အင်မတန် ယေဘုယျ ကျတဲ့ ဥပဒေသ (၁၀)ခုကို တင်ပြပေးချင်ပါတယ်။ ဒါလေးတွေက လူတိုင်း နားလည်လွယ်တဲ့ သဘောတရားကို အခြေခံလို့ အလွယ်တကူနဲ့ သဘောပေါက်နိုင်ပါတယ်။

ဥပဒေသ (၁) ။ အလဲအထပ်ကို ရင်ဆိုင် ဖြေရှင်းခြင်း
`ဘယ်အရာမှ အလကားမရ´ ဆိုတာကို အားလုံး ကြားဖူးပါလိမ့်မယ်။ ကျနော်တို့ သဘောကျတဲ့ အရာ တစ်ခုခုကို လိုချင်တယ်ဆိုရင် ကျနော်တို့ ကြိုက်တဲ့ တခြား အရာ တစ်ခုခုနဲ့ လဲမှ ဖြစ်လိမ့်မယ်။ အဲဒီ ပစ္စည်းနှစ်ခုကို အလဲအထပ် လုပ်ဖို့ ကျနော်တို့ ဆုံးဖြတ်ချက် ချရတော့မယ်။

ကျနော်တို့ ကျောင်းသားတစ်ယောက် အနေနဲ့ စဉ်းစားကြည့်ရအောင်။ သူက သူ့ရဲ့ တန်ဖိုးရှိတဲ့ အရင်းအမြစ် (အချိန်) ကို နေရာတကျ စီမံ ခန့်ခွဲရတော့မယ်။ သူဟာ ဘောဂဗေဒကို လေ့လာဖို့ သူ့ရဲ့ အချိန်အားလုံးကို အသုံးချနိုင်တယ်။ သူ့ရဲ့ အချိန်အားလုံးကို စိတ်ပညာသင်ဖို့ အသုံးချနိုင်တယ်။ ဒါမှမဟုတ် နှစ်ခုစလုံးကို လေ့လာဖို့ အချိန်ကို အညီအမျှလည်း ခွဲနိုင်တယ်။ ဘာသာရပ်တစ်ခုကို လေ့လာသင်ယူနေတဲ့ နာရီတိုင်းမှာ တခြားဘာသာရပ်တွေကို လေ့လာဖို့ စွန့်လွှတ်ရမယ်။ ဆိုလိုတာက တစ်ဘာသာကို လေ့လာနေတဲ့ အချိန်မှာ တပြိုင်နက်တည်း တခြား ဘာသာရပ်တစ်ခု လေ့လာဖို့ ဆိုတာ မဖြစ်နိုင်ဘူး။ အဲဒီလိုပဲ စာလုပ်နေတဲ့ အချိန်မှာ တခြား တီဗွီကြည့်တာ၊ ကစားတာ၊ အားကစားလုပ်တာ၊ အလုပ်လုပ်တာတွေကို လုပ်မရလို့ အဲဒါတွေကို စွန့်လွှတ်ရမယ်။

ဒါမှမဟုတ် မိဘတစ်ယောက်အနေနဲ့ သူ့မိသားစု ၀င်ငွေကို ဘယ်လို သုံးမလဲ ဆိုတာ စဉ်းစားကြည့်ရအောင်။ သူတို့တွေ အ၀တ်အစားဝယ်နိုင်တယ်။ တခြား အစားအစာတွေ၊ ပရိဘောဂတွေ ၀ယ်နိုင်တယ်။ အပျော်ခရီးလည်း ထွက်လို့ရတယ်။ ဒါမှမဟုတ် ကျန်းမာရေးစရိတ် (သို့) ကျောင်းစရိတ် အနေနဲ့ တစ်စိတ်တစ်ပိုင်းကို စုလို့ ရတယ်။ သူတို့ ကုန်ပစ္စည်း တစ်ခုခုမှာ ငွေ တစ်ဒေါ်လာ ပိုသုံးဖို့ ဆုံးဖြတ်လိုက်တိုင်း နောက်ပစ္စည်းတွေ အတွက် တစ်ဒေါ်လာ လျှော့သုံးရသလို ဖြစ်သွားတယ်။

လူတွေဟာ အဖွဲ့အစည်းအနေနဲ့ စုစည်းမိတဲ့အခါ အလဲအထပ် ပုံစံ မျိုးစုံနဲ့ ရင်ဆိုင်ရတယ်။ နိုင်ငံတစ်ခုရဲ့ အခြေခံကျတဲ့ အလဲအထပ်က လက်နက်နဲ့ ထောပတ်ပဲ။ အချုပ်အခြာ အတွက် ကာကွယ်ရေး (လက်နက်) မှာ အသုံးစရိတ်တွေ များများသုံးလေ ပြည်သူတွေရဲ့ လူနေမှု အဆင့်အတန်း မြှင့်တင်ဖို့ လိုအပ်တဲ့ ကုန်စည်တွေ (ထောပတ်) မှာ အသုံးပြုဖို့ စရိတ် နည်းလေလေပါပဲ။ ခေတ်သစ် လူနေမှုဘ၀မှာ အရေးအကြီးဆုံး အလဲအထပ်ကတော့ သန့်ရှင်းတဲ့ ပတ်ဝန်းကျင်နဲ့ ၀င်ငွေမြင့်မားဖို့ပဲ။ လေထု၊ ရေထုကို ညစ်ညမ်းမှု လျှော့ချဖို့ ဥပဒေတွေနဲ့ ကုမ္ပဏီတွေကို ကန့်သတ်တော့ ကုန်ပစ္စည်းနဲ့ ၀န်ဆောင်မှုတွေရဲ့ စရိတ်တွေ တက်လာတယ်။ ဒီစရိတ်တွေ တက်တာကြောင့် အမြတ်အစွန်း နည်းသွားမှာမို့ လခတွေ လျှော့ပေးတော့မယ်၊ ကုန်ပစ္စည်း ဈေးနှုန်းတွေ တင်မယ်၊ ဒါမှ မဟုတ် သုံးခုစလုံး ဖြစ်နိုင်တယ်။ ပတ်ဝန်းကျင် သန့်ရှင်းဖို့ ဥပဒေတွေ ပြဌာန်းလိုက်တဲ့အတွက် လူတွေရဲ့ ကျန်းမာရေးနဲ့ လေထု၊ ရေထုတွေ သန့်ရှင်းသွားပေမယ့် ပိုင်ရှင်၊ အလုပ်သမားနဲ့ စားသုံးသူတွေရဲ့ ၀င်ငွေတွေ လျှော့သွားတယ်။

ဥပမာ စီးပွားရေး အကျိုးအမြတ်တွေကို ပြည်သူလုထု အားလုံးအကြား ပိုမိုညီမျှအောင် ဖြန့်ဝေမယ်လို့ ပေါ်လစီတစ်ခု အနေနဲ့ ချမှတ်မယ် ဆိုကြပါစို့။ ဒါဆို လူမှုဖူလုံရေး စီမံချက်တွေ ချမှတ်ရမယ်။ အလုပ်လက်မဲ့ နည်းပါးရေး စီမံချက်တွေ ချမှတ်ရမယ်။ အလုပ်အာမခံချက်တွေ စီစဉ်ရမယ်။ ဒီစီမံချက်တွေနဲ့ တကယ်လိုအပ်တဲ့ လူတွေဆီ ဖြည့်ဝေဖို့ အစီအစဉ်တွေ ချမှတ်ရမယ်။ နောက် ဒီစီမံချက်တွေ အပြည့်အ၀ အကောင်အထည် ဖော်နိုင်ဖို့ ဘဏ္ဍာရေးလိုအပ်ချက် အတွက် တခြား လူတွေဆီကနေ အခွန်ငွေ ကောက်ခံရမယ်။ ဒီပေါ်လစီအရ လူထုအနေနဲ့ အကျိုးအမြတ် အညီအမျှ ရရှိခံစားနိုင်ပေမယ့် အပြည့်အ၀ ရရှိရေးမှာ အားနည်းသွားမယ်။ အစိုးရအနေနဲ့ လူထုအကြား ၀င်ငွေ အညီအမျှ ဖြန့်ဝေနိုင်ဖို့ ချမ်းသာတဲ့ သူတွေဆီကနေ ဆင်းရဲတဲ့ သူတွေဆီကို ငွေကြေးတွေ စီးဆင်းအောင် စီမံရတယ်။ ဒီတော့ အလုပ်ကြိုးကြိုးစားစားနဲ့ ပိုလုပ်လည်း နောက်ဆုံးတော့ အခွန်ဆောင်တာနဲ့ ကုန်မယ်။ ကိုယ်ပိုလုပ်လည်း နောက်ဆုံး ဆင်းရဲသား လက်ထဲပဲ ရောက်မှတော့ ဘာလုပ်ဖို့ ပိုလုပ်ကြတော့မလဲ။ ဒီတော့ လူတွေရဲ့ ကုန်ထုတ်လုပ်မှုတွေ ကျဆင်းလာတယ်။ ထွက်ကုန်တွေ လျှော့နည်းလာတယ်။ တနည်းပြောရရင် အစိုးရ အနေနဲ့ စီးပွားရေး အဆောက်အဦ အကြီးကြီးကနေ အစိတ်စိတ် အပိုင်းပိုင်း ဖြတ်ပြီး အညီအမျှ ဖြန့်ဝေ လိုက်မယ်ဆိုရင် အဲဒီ အဆောက်အဦဟာ သေးသေးလေးတွေပဲ ကျန်တော့မယ်။

ကျောင်းသားတစ်ယောက်အနေနဲ့ ဘောဂဗေဒကို အချိန်များများ လေ့လာနိုင်အောင် ဆိုပြီး တခြား ဘာသာရပ် တစ်ခုခုကို လေ့လာဖို့ မစွန့်လွှတ်သင့်ဘူး။ နောက်ပြီး ပတ်ဝန်းကျင် သန့်ရှင်းဖို့ ချမှတ်တဲ့ ဥပဒေတွေကြောင့် ရုပ်ဝတ္ထု သုံးစွဲနိုင်တဲ့ အင်အား လျှော့နည်းတယ်ဆိုပြီး ပတ်ဝန်းကျင် ထိန်းသိမ်းဖို့ မစွန့်လွှတ်သင့်ဘူး။ လူတချို့ရဲ့ ၀င်ငွေကို ထိခိုက်စေလို့ ဆိုပြီးလည်း ဆင်းရဲသား ပပျောက်ဖို့ စီမံချက်ကို မစွန့်လွှတ်သင့်ဘူး။ ဘာပဲဖြစ်ဖြစ် ဘ၀မှာ အလဲအထပ်လုပ်ရတဲ့ ကိစ္စဟာ သိပ်ကို အရေးကြီးပါတယ်။ ဘာလို့လည်း ဆိုတော့ လူတွေဟာ သူ့တို့အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ကိုပဲ ချချင်ကြတယ်လေ။ ဒါပေမယ့် ဘာတွေနဲ့ အလဲအထပ် လုပ်လို့ရလဲ ဆိုတဲ့ ရွေးချယ်စရာတွေကို အားလုံး သိထားဖို့တော့ လိုအပ်ပါလိမ့်မယ်။