ကပ်ပါပေ့ မြို့စားရယ် (၅)

အရှင်၊ ဖမ်းမိထားတဲ့ သူခိုးတစ်ယောက်ကို ကျွန်ုပ် ဘယ်လို စီရင်ပြီး ကျွန်ုပ်ရဲ့ ဝါဒအတွက် အထောက်အကူ ယူခဲ့တယ်လို့ အသင် ထင်ပါသလဲ။ အဲဒီ သူခိုးကို ဒဏ်ရာမပေါ်အောင် အရိုက်ခိုင်းပြီး အသက် ဘယ်က ထွက်လာလိမ့်မလဲလို့ ကျွန်ုပ်တို့ ဝိုင်းကြည့်ကြတယ်။ အဲဒီလူ အသက်ထွက်ခါနီးလောက်ပြီ ဆိုရင် ပက်လက် အလှန်ခိုင်းပြီး အသက်ထွက်ရာကို စောင့်ကြည့်ကြပေမယ့် တစ်ယောက်မှ မမြင်ပါ။ အဲဒီနောက် သူ့ကို မှောက်ခိုင်းပြီး ရိုက်တယ်။ ဘေးစောင်းထားပြီး ထုတယ်။ ဇောက်ထိုးဆွဲပြီး နှက်တယ်။ ဒဏ်ရာမပေါ်အောင် အမျိုးမျိုး နှိပ်စက်ပြီး အသက်ထွက်မှာကို ဂရုတစိုက် စောင့်ကြည့်ခဲ့ကြတယ်။ ကျွန်ုပ်လိုပဲ အသက်ထွက်သွားတာကို ဘယ်သူမှ မမြင်လိုက်ရ။ သူကတော့ ရိုက်နှက်ခံထားရတဲ့ ဒဏ်ချက်အောက်မှာ တုတ်တုတ်မျှတောင် လှုပ်ဖော်မရတော့။ မျက်စိရှိပေမယ့်လည်း မမြင်နိုင်တော့။ နားရှိပေမယ့်လည်း မကြားနိုင်တော့။ နှာခေါင်း ရှိပေမယ့်လည်း မနံနိုင်တော့။ ဒီ သာဓကကို ထောက်ချင့်ကြည့်ရင်ပဲ ကျွန်ုပ်ဝါဒဟာ ခိုင်မြဲနေပါလျက် ဘာကြောင့်မို့ ဒီဝါဒကို အကျွန်ုပ် လက်လွှတ်နိုင်ပါ့မလဲ။

အရှင်ကုမာရကဿပ အနေနဲ့ အဲဒီ သာဓကကို ခရုသင်းမှုတ်တဲ့ ယောက်ျားဥပမာနဲ့ ဖြေရှင်းလိုက်ပါတယ်။

အို .. ဒကာတော်၊ ရှေးက ခရုသင်း အမှုတ်ကောင်းတဲ့ ယောက်ျားတစ်ယောက်ဟာ တောရွာတစ်ရွာဆီ ရောက်သွားတယ်။ အဲဒီ ယောက်ျားဟာ ရွာလည်ခေါင်ကနေ ခရုသင်း မှုတ်လိုက်တယ်။ သာယာတဲ့အသံဟာ ရွာကို လွှမ်းပြီး ထွက်လာတယ်။ အဲဒီအခါ တစ်ရွာလုံး အုတ်အုတ်ကျွက်ကျွက် ဖြစ်သွားတယ်။ ဘာသံပါလိမ့်၊ တယ်လည်း သာယာလှတာပါလား ဆိုပြီး အဲဒီ ယောက်ျားဆီ ချဉ်းကပ်ပြီး မေးမြန်ကြကုန်တယ်။ ဒီတော့ အဲဒီယောက်ျားကလည်း မချွင်းမချန် အမှန်အတိုင်း ပြောပြလေတယ်။ အဆွေတို့၊ ဒီအရာကို ခရုသင်းလို့ ခေါ်ပါတယ်။ အသင်တို့ စွဲမက်မပြေအောင် ကြားလိုက်ရတဲ့ အသံဟာ ဒီခရုသင်းရဲ့ အသံ ဖြစ်ပါတယ် လို့ ရိုးရိုးသားသား ဖြေကြားတယ်။

အဲဒီအခါမှာတော့ ရွာသားတွေဟာ လုလင်လက်ကနေ ခရုသင်းကို ယူလိုက်ပြီး မြေကြီးပေါ် ချလိုက်တယ်။ နောက် ဟဲ့ ခရုသင်း၊ မြည်စမ်းဟ၊ မြည်လေကွာ လို့ ခရုသင်းကို ပုတ်ပြီး ခိုင်းကြတော့တယ်။ ခရုသင်းကတော့ မမြည်။ နောက်ထပ် ခရုသင်းကို ဘေးစောင်းထားပြီး တစ်မျိုး၊ မှောက်လျက်ထားပြီး တစ်ဖုံ၊ ထောက်လျက်ထားပြီး တစ်ခါ၊ ဇောက်ထိုးထားပြီး တစ်လှည့် ပုံစံအမျိုးမျိုးပြောင်းပြီး ခရုသင်း မြည်လေ၊ မြည်လေ လို့ တစ်ယောက်တစ်ပေါက် ဝိုင်းအုံ အမြည်ခိုင်းပေမယ့် ခရုသင်းကတော့ တုတ်တုတ်မျှ မလှုပ်။

ဖြစ်ရပ်အားလုံးကို မျက်စိဒေါက်ထောက် ကြည့်နေမိတော့ လုလင်ယောက်ျားက ဒီလို တွေးလိုက်မိတယ်။ အော် အတော်လည်း နုံအတဲ့၊ မိုက်မဲလှတဲ့ တော်သားတွေပါလား လို့ တွေးလိုက်မိပြီး ခရုသင်းကို ကောက်ယူကာ ရွာကနေ ထွက်သွားပါတော့တယ်။ တကယ်တမ်း ခရုသင်းဆိုတာ မှုတ်တဲ့သူ၊ မှုတ်ခြင်းလုံ့လ နဲ့ လေ ဒီသုံးမျိုး ဆက်စပ်မိမှ အသံဆိုတာ ဖြစ်နိုင်တာကိုး။

ဒကာတော်၊ ဒီလိုပါပဲ။ ကိုယ်ကာယဟာ အသက်ဇီဝှိန်နဲ့ ထိတွေ့ပေါင်းဆုံမိတဲ့ အခါမှ လှုပ်ရှားလာပြီး အရှေ့ဆီလည်း တက်တယ်။ အနောက်ဆီလည်း ဆုတ်တယ်။ ရပ်လည်း ရပ်တယ်။ ထိုင်လည်း ထိုင်တယ်။ အိပ်လည်း အိပ်တယ်။ မျက်စိနဲ့လည်း အဆင်းကို မြင်တယ်။ နားနဲ့လည်း အသံကို ကြားတယ်။ နှာခေါင်းနဲ့လည်း အနံ့ကို နံတယ်။ လျှာနဲ့လည်း အရသာကို ရတယ်။ ကိုယ်နဲ့လည်း အတွေ့ကို ထိသိတယ်။ စိတ်နဲ့လည်း အတွေး ရောက်တယ်။ အသက်ဇီဝှိန်နဲ့ ကင်းကွာသွားရင်ဖြင့် မတက်၊ မဆုတ်၊ မရပ်၊ မထိုင်၊ မအိပ်၊ မမြင်၊ မကြား၊ မနံ၊ မသိ ဖြစ်ကုန်တော့မှာပေါ့။

အို .. ဒကာတော်၊ ဒီဥပမာကို ထောက်ဆပြီး သင်ရဲ့ ဝါဒခံယူချက်ကို လက်လွှတ်ပြီး တမလွန်လောကဆိုတာ ရှိတယ် ဆိုတဲ့ အမှန်ဝါဒသစ်ကို လက်ခံလိုက်ပါတော့လား။

မမောမပန်းနိုင်၊ မငြီးမငြူနဲ့ မကျွတ်ကျွတ်အောင် ချွေချွတ်ဖို့ ကြိုးစားနေတဲ့ အရှင်သူမြတ်အပေါ် လေးစားရိုး အခံ ရှိပါလျက်နဲ့ ဇွတ်ပေတေပြီး အယူဝါဒဟောင်းကို လက်မလွှတ်နိုင် ဖြစ်နေပါတယ်။ ပါယာသိမြို့စားကြီးက အရှင်သူမြတ်ကို အမူအရာအနေနဲ့ အလေးအနက် ပြုပေမယ့် အယူဝါဒပိုင်းမှာတော့ တစ်ပြားသားမှ မလျှော့။ သူ အဖန်ဖန် သက်သေထူခဲ့တဲ့ အယူဝါဒဟောင်းရဲ့ သက်သေပြချက် ဥပမာတွေကို မမောနိုင် မပန်းနိုင် တစ်ခုပြီး တစ်ခု ထုတ်အန် နေပါတော့တယ်။

ကပ်ပါပေ့ မြို့စားရယ် (၄)

ရှင်ကုမာရကဿပရဲ့ ခွင့်ပြုချက်ကို ရလျှင်ရချင်း ပြုံးနေတဲ့ မျက်နှာထား၊ တွေ့ကြသေးတာပေါ့ ဆိုတဲ့ စိတ်အကြံနဲ့ သူရဲ့ စိတ်ဝင်စားစရာ ကောင်းလှတဲ့ လက်တွေ့ သာဓက တစ်ခုကို တင်လျှောက်ပါတော့တယ်။

အိုအရှင် … တစ်နေ့မှာ အကျွန်ုပ်ရဲ့ မင်းမှုထမ်းတွေက သူခိုးတစ်ယောက် ဖမ်းမိလို့ ကျွန်ုပ်ဆီ လာအပ်ကြတယ်။ ဘယ်လို စီရင်ချက် ချမလဲလို့လည်း အမိန့် တောင်းခံလာတယ်။ အဲဒီလို တောင်းခံနေတုန်း ခေါင်းထဲ အတွေးတစ်ခု ဝင်လာတယ်။ ငါရဲ့ ဝါဒ ခိုင်မာမှုအတွက် ဒီလူကို အသုံးချပြီး အမြတ်ထုတ်ရင် ကောင်းမှာပါပဲလို့ စိတ်ကူးရလိုက်တယ်။ ဒါနဲ့ မင်းချင်းတွေကို ဒီလို အမိန့် ချမှတ်ပေးခဲ့တယ်။ အဲဒီ သူခိုးကို အရှင်လတ်လတ် မြေအိုးကြီး တစ်လုံးမှာ ထည့်ပြီး အိုးဝကို အလုံပိတ်ခိုင်းထားတယ်။ နောက်ပြီး မြေသရွတ်တွေနဲ့ အိုးတစ်လုံးလုံးကို အထပ်ထပ် လိမ်းကျံ မံခိုင်းလိုက်တယ်။ နောက်တော့ အဲဒီအိုးကို မီးပြင်းထိုးပြီး အဖုတ်ခိုင်းတယ်။

မင်းချင်းတွေလည်း အကျွန်ုပ်ရဲ့ အမိန့်အတိုင်း အဲဒီအိုးကို မီးဖုတ်ကြတယ်။ အိုးတွင်းက သူခိုး သေလောက်ပြီ ထင်ရတဲ့အခါ ကျွန်ုပ်နဲ့အတူ အားလုံး အဲဒီ အိုးကို ဝိုင်းရံထားပြီး ရွှံ့သရွတ်တွေကို ခွာခိုင်းတယ်။ အိုးအဖုံးကို ဖွင့်လိုက်တဲ့အခါ သူခိုးရဲ့ အသက် ဘယ်နားက ထွက်လေမလဲဆိုတာကို မျက်လုံးပေါင်း ရာထောင်နဲ့ ဝိုင်းကြည့်နေကြတယ်။ အဲဒီလို မျက်လုံးပေါင်း တစ်ထောင်နဲ့ ဂရုတစိုက် စောင့်ကြည့်ပေမယ့် သူရဲ့ အသက်ကို မြင်တဲ့သူ တစ်ယောက်မှ မရှိလိုက်ဘူး။ အကျွန်ုပ်လည်း မမြင်လိုက်သလို၊ တခြား ဘယ်သူမှလည်း မမြင်လိုက်ပါဘူး။ ဒီ အသက်ကောင်လေးဟာ ဘယ်ကိုမှ ထွက်မသွားတာကို ထောက်ဆခြင်းအားဖြင့် တမလွန်လောက နောက်ဘဝဆိုတာ မရှိဘူးလို့ ဆုံးဖြတ်လို့ ရနေပါတယ်။ ဒါကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒသာ မှန်ကန်သင့်မြတ်ကြောင်း ပေါ်လွင် ထင်ရှားနေပါပြီ ဘုရား။ ဒီလို လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေရဲ့ ခိုင်မာလှတဲ့ အဖြေကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒကို နည်းနည်းလေးမှ အတိမ်းပါး မခံနိုင်ပါဘူး။

အရှင် ကုမာရကဿပ အနေနဲ့လည်း မြို့စားကြီးရဲ့ အဲဒီဥပမာသာဓကကို ပြန်လှန် ချေပနိုင်ဖို့ သင့်တင့် လျောက်ပတ်တဲ့ ဖြေဆေးတစ်မျိုး ရှာရပြန်တယ်။ ဆေး ဆိုတာလည်း ဝန်နဲ့အား လေးနဲ့မြား ဆိုသလို သင့်တင့် ညီမျှတဲ့ ဆေးဖြစ်ပေမှ ဆီလျော်ပါလိမ့်မယ်။ ဒီတော့ မြို့စားကြီးရဲ့ သာဓကနဲ့ လိုက်ဖက်ညီမယ့် ဥပမာတစ်မျိုးကို ဖြေဆေးအဖြစ်နဲ့ မြို့စားကြီးရဲ့ မာန်စွယ်ကို ချိုးတော်မူရတော့တယ်။

အို .. ဒကာတော်၊ သင် နေ့အခါများ အိပ်ဖူးပါသလား၊ အိပ်တဲ့အခါမှာ အိပ်မက်တွေကော မက်ဖူးပါသလား။
အရှင် အိပ်ဖူးရုံတင်မက အိပ်မက်များပင် ခဏခဏ မက်ဖူးပါတယ်။
အို .. ဒကာတော်၊ သင် အိပ်လို့ အိပ်မက် မက်နေတဲ့ အချိန်တွေမှာ သင့်ဘေးပတ်လည်မှာ မောင်းမမိဿံအခြွေအရံ အစောင့်အရှောက်တွေ ရှိပါသလား။
ရှိတာပေါ့ အရှင်
အို .. ဒကာတော်၊ အဲဒီ မောင်းမတွေဟာ သင်ရဲ့ ထွက်သက်ကိုပဲ ဖြစ်ဖြစ်၊ ဝင်သက်ကိုပဲ ဖြစ်ဖြစ် မြင်မိကြပါသလား။
မမြင်ကြပါ အရှင်
ကောင်းပြီ ဒကာ။ အသက်ထင်ရှား ရှိနေတဲ့ သင်ရဲ့ ထွက်သက်ကိုလည်းကောင်း၊ ဝင်သက်ကိုလည်းကောင်း မမြင်ကြရပါလျက်နဲ့ သေသူရဲ့ ဝင်သက်၊ ထွက်သက်ကို ဘယ်လိုလုပ် မြင်ရပါ့မလဲ။ ဒီဥပမာကို ထောက်ချင့်ပြီး တမလွန်လောကဆိုတာ တကယ် ရှိတာမို့ သင်ရဲ့ အယူဆဟောင်းကို စွန့်လွှတ်ဖို့ အချိန်တန်ပါပြီ ဒကာ။

အချက်ပိုင်လှတဲ့ အရှင်သူမြတ်ရဲ့ ချေပချက်ကြောင့် မြို့စားရဲ့ ဘက်တော်သားတွေတောင် ဟုတ်ပါရဲ့ ဆိုတဲ့ အသံတွေနဲ့ ယိမ်းယိုင်စ ပြုလာကြတယ်။ ပါယာသိမြို့စားကြီးမှာ ယိုင်ဖို့ဝေးလို့ နဲ့ရုံမျှ နဲ့လာတဲ့ အမူအရာကို မတွေ့ရဘဲ နောက်ထပ် သာဓက တစ်ခုနဲ့ ထိုးစစ်ဆင်လာပြန်တော့တယ်။

အရှင်ရဲ့ တည်ကြည်လှတဲ့ သိက္ခာနဲ့ သမာဓိကို လေးစားပါတယ်၊ ရိုသေပါတယ်။ ဒါပေမယ့် နောက်ဆုတ်ပြီး အကျွန်ုပ်ရဲ့ ကျကျနန အဏုစိပ် လေ့လာခဲ့တဲ့ အယူဝါဒကိုတော့ မချေဖျက်နိုင်ပါ။ ယုတ္တိမတန်၊ သာမန်ကာ လျှံကာ အပေါစား ဝါဒမျိုး ဆိုရင်တော့ ဒီလောက် ကျားကုတ်ကျားခဲ သဘောမျိုး ကျွန်ုပ် ဆုတ်ကိုင်ထားမှာ မဟုတ်ပါဘူး။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ မှတ်ကျောက်တင်ထားတာမို့ အရှင့်အနေနဲ့ ဝန်မလေးရင် နောက်သာဓကတစ်ခု တင်ပြပါရစေ။

တစ်နေ့မှာ မင်းချင်းတွေက သူခိုးတစ်ယောက်ကို ဖမ်းမိပြီး အကျွန်ုပ်ကို လာအပ်ပါတယ်။ အကျွန်ုပ်ရဲ့ ဝါဒ ခိုင်မာကြောင်း သက်သေပြုဖို့ အထောက်အကူဖြစ်အောင် အကျွန်ုပ် ဒီလို စီရင်လိုက်တယ်။ အရှင်လတ်လတ် ချိန်ခွင်ထဲထည့်ချိန်ပြီး အလေးချိန်ကို မှတ်ထားခိုင်းပါတယ်။ အဲဒီနောက် ထွက်သက် မရှိရအောင် လည်မျိုကို လွန်ကြိုးတွေနဲ့ အတင်း ဖျစ်ညှပ်ပြီး အစ်သတ်ပစ်လိုက်တယ်။ ဒီလိုနဲ့ သေသွားတော့ သူ့အလောင်းကို ချိန်ခွင်ထဲ ထည့်ပြီး ထပ်ချိန်ခိုင်းတယ်။ အသက်ရှင်နေတုန်းကထက် အလေးချိန် ပိုများနေတာကိုသာ တွေ့ရပါတယ်။ ဒီလို လေးနေတာကို ကြည့်ရုံနဲ့ သူရဲ့ အသက်ဟာ ပြင်ပလောကတစ်ခုဆီ ထွက်မသွားဘဲ သူ့ ကိုယ်ထဲမှာပဲ ရှိနေတယ်ဆိုတာ ထင်ရှားပါတယ်။

အို … အရှင်၊ ဒီ သာဓကကို ကြည့်ရင်ပဲ တမလွန်လောကဆို မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာသတ္တဝါမှ မဖြစ်တော့ကြောင်း ကောင်းကောင်းကြီး ထင်ရှားနေပါပြီ။ ဒီလောက် လက်တွေ့ကျကျ စမ်းသပ်ပြီးခါမှ ကျွန်ုပ်ဝါဒကို ဘယ်လိုနည်းနဲ့ စွန့်လွှတ်နိုင်ပါတော့မလဲ။

ဒကာတော်၊ သင်ရဲ့ သာဓကကို ချင့်ချိန် စဉ်းစားနိုင်ဖို့ ဥပမာတစ်ခု ထုတ်ပြပါရစေ။ သံတုံးကြီးတစ်တုံးကို မီးဖုတ်လိုက်သည် ဆိုကြပါစို့။ အပူရှိန် ပြင်းထန်တာကြောင့် အဲဒီ သံတုံးကြီးဟာ မကြာခင်မှာပဲ ရဲတက်လာတယ်။ ဒီတော့ အဲဒီ သံတုံးကြီးကို မီးပူထဲက ဆယ်ယူပြီး ချိန်ခွင်မှာ ထည့်ချိန်လိုက်တယ်။ ချိန်ပြီးတာနဲ့ သံပူခဲကြီးကို အအေးခံထားတယ်။ အေးသွားတဲ့အခါ အဲဒီ သံတုံးကို ထပ်ပြီး ချိန်ခိုင်းကြည့်တယ်။ သံတုံးကြီးကတော့ တစ်ခုတည်းပါပဲ။ အဲဒီလို ချိန်ခွင့်မှာ ချိန်ကြည့်လိုက်တဲ့ အခါ အဲဒီ သံတုံးကြီးက ပူတဲ့အခါနဲ့ အေးတဲ့အခါ ဘယ်အချိန်မှာ ပိုပြီး ပေါ့ပါသလဲ၊ ပိုပြီး ပျော့ပျောင်းပါသလဲ၊ ပိုပြီး လိုရာ ပြုပြင်ရလွယ်ပါသလဲ။ ပူတဲ့အခါ ပိုလေးသလား၊ အေးတဲ့အခါ ပိုလေးသလားဆိုတာ မြို့စားကြီး သင့်သလို အဖြေပေးပါ။

ပူတဲ့အခါ ပိုပေါ့ပါတယ် အရှင်။
ကောင်းပြီ။ ဘာကြောင့်များပါလိမ့်။

အရှင်၊ အပြင် တေဇော(အပူ)ဓါတ်နဲ့ အတွင်း ဝါယော(လေ)ဓါတ်တို့ တွေ့ဆုံကြတဲ့အခါ အခိုးအငွေ့တွေ ထွက်လာပါတယ်။ အဲဒီ ဓါတ်နှစ်ခု တွန်းကန်တဲ့ အရှိန်ကြောင့် ရဲရဲတောက် ပူနေတဲ့အချိန်မှာ သံတုံးက အရင်ကထက် ပိုလည်း ပေါ့၊ ပိုလည်း ပျော့ပြီး၊ ပိုလည်း လိုသလို ပြုပြင်ရ လွယ်ကူနေပါတယ်။ အေးသွားတဲ့အခါမှာတော့ တေဇောဓါတ်နဲ့ ဝါယောဓါတ်တွေ မရှိတော့တာကြောင့် ပိုလည်း မာပြီး ပြုရပြင်ရ ပိုလည်း ခက်သွားပါတယ်။

မှန်လိုက်တာ ဒကာ။ ဒီ ကိုယ်ကာယကြီးဟာ သံတုံးကြီးနဲ့ အတော်ကို ဆင်တူပါတယ်။ အသက်ဇီဝှိန်နဲ့ ထိတွေ့နေတဲ့ အခိုက်မှာ ပိုပြီး ပေါ့လည်း ပေါ့တယ်။ ပိုပြီး ပျော့လည်း ပျော့ပျောင်းနေတယ်။ ပိုပြီး အပြုအပြင်လည်း ခံတယ်။ အဲဒီလို မဟုတ်ဘဲ အသက်ဇီဝှိန်နဲ့ ကင်းကွာနေတဲ့ အချိန်မှာတော့ (သေသွားတဲ့အခါ) ပိုပြီး လေးလည်းလေး၊ မာလည်းမာ၊ ပြုပြင်ဖို့လည်း မလွယ်ကူတော့ပါဘူး။

ကဲ ဒကာတော်၊ ဒီသံတုံးကြီး ဥပမာကို ထောက်ချင့်စဉ်းစားပြီး သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါတော့လား မြို့စား။

အရှင်ရဲ့ စကားမှာ အသံသြဇာဟာ ပျားသကာလို ချိုမြနေပေမယ့်လည်း အနှစ်သာရ အနေနဲ့တော့ ကျွန်ုပ်အဖို့ရာ ခါးသက်လွန်းနေပါတယ်။ ကျွန်ုပ် လက်မခံနိုင်လောက်တဲ့ အထောက်အထား သာဓကတစ်ခု တင်ပြပါရစေဦး။

(ဆက်ရန်)

ကပ်ပါပေ့ မြို့စားရယ် (၃)

ဒီလိုပါ အရှင် …
ဆိုတဲ့ မြို့စားကြီးရဲ့ အသံ ထွက်လာတာနဲ့ ကျွတ်စိကျွတ်စိ ဖြစ်နေတဲ့ ပရိသတ်ရဲ့ အသံဟာ အလိုအလျောက် ကြက်ပျောက်ငှက်ပျောက် ပျောက်ကွယ်သွားတယ်။ ဒီလူကြီး ဘယ်လိုများ ကပ်ဦးမှာလဲမသိ ဆိုတဲ့ မျက်နှာပေးနဲ့ မလိုသူ ရွာသားတွေရဲ့ အကြည့်၊ ငါတို့ မြို့စားကြီး ဘယ်လိုများ အပိုင်ဂိုးကို ရှူးဦးမလဲဟ ဆိုတဲ့ မျှော်လင့်ချက်နဲ့ အလိုတော်ရိတွေက တစ်မျိုးပေါ့။ အားလုံးရဲ့ အမြင်အာရုံဟာ မြို့စားကြီးရဲ့ နှုတ်ခမ်းဖျားလေးမှာ ကျက်စားနေကြတယ်။ တည်ငြိမ်တဲ့ အသွင်၊ အေးချမ်းတဲ့ မျက်နှာထားနဲ့ ကုမာရ ကဿပ မထေရ်ကတော့ မျက်လွှာလေး အသာချပြီး နောက်ထပ် ထွက်ကျလာမယ့် စကားလုံးတွေကို အိနြေ္ဒရရ ငံ့လင့်နေလေရဲ့။ အားလုံးရဲ့ အကြည့်တွေကို ထိုးဖောက်ပြီး ထွက်လာတာကတော့

သီလ၊ သမာဓိ၊ အကျင့်သိက္ခာနဲ့ ပြည့်စုံကြတဲ့ သူတော်စင် ရဟန်း၊ ရသေ့ စတဲ့ ပုဂ္ဂိုလ်တွေကိုလည်း အကျွန်ုပ် မြင်ဖူးပါတယ်။ ဂုဏ်သိက္ခာ၊ အကျင့်စာရိတ္တနဲ့ ပြည့်စုံကြတဲ့ လူပုဂ္ဂိုလ်တွေကိုလည်း မြင်ဖူးတာ မနည်းလှပါဘူး။ အဲဒီ ပုဂ္ဂိုလ်တွေ အားလုံးဟာ ဆင်းရဲဒုက္ခ ရောက်ကြရမှာလည်း ထိတ်လန့်ကြတယ်။ မမာမကျန်း ဖြစ်မှာကိုလည်း စိုးရိမ်ကြတယ်။ အိုရမှာကိုလည်း ကြောက်ကြတယ်။ သေရမှာကိုလည်း တွေးပြီး လန့်ကြတယ်။ အားလုံးက ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အသက်ရှည်ရှည် နေချင်ကြတဲ့ သူတွေချည်းပါပဲ။ သူတို့ အဲဒီလို နေချင်ကြမယ် ဆိုတာကိုလည်း အကျွန်ုပ် ရိပ်စား သတိထားမိပါတယ်။

အရှင်၊ သူတို့ကို ကြည့်ပြီး အကျွန်ုပ်မှာ ဒီလို အကြံဖြစ်မိပါတယ်။ ငါတို့ဟာ ဒီဘဝကနေ သေခဲ့ရင် ဒီထက် မြတ်တဲ့ ဘုံဘဝမှာ ဖြစ်မယ်၊ နတ်ပြည် နတ်ရွာမှာ နတ်စည်းစိမ်အပြည့် ခံစား စံစားရမယ်ဆိုတာကို သူတို့ တကယ်တမ်း သိခဲ့မယ်ဆိုရင် လက်ရှိ ခက်ခဲ ကြမ်းတမ်းတဲ့ဘဝကို ဘာတပ်မက်စရာ လိုပါတော့မလဲ။ တမလွန်လောကရဲ့ စည်းစိမ်ချမ်းသာကို မျှော်မှန်းပြီး သူတို့ရဲ့ လက်ရှိဘဝ လက်ရှိအသက်ကို အဆိပ်ခက်ပြီးတော့ပဲ ဖြစ်ဖြစ်၊ ကြိုးဆွဲချပြီးတော့ ဖြစ်ဖြစ်၊ ရေထဲ ဆင်းပြီးတော့ပဲ ဖြစ်ဖြစ်၊ ချောက်ကမ်းပါးကနေ ခုန်ချပြီးတော့ပဲ ဖြစ်ဖြစ်၊ သေနည်းအမျိုးမျိုးနဲ့ သက်ဆုံးစီရင်ကြတော့မှာပါ။ လက်တွေ့မှာကျ အဲဒီလိုမျိုး ဘယ်သူမှ မလုပ်ကြဘဲ လက်ရှိ သူ့ဘဝကိုပဲ တွယ်ကပ်ပြီး နေနေကြတာကို တပည့်တော် တွေ့ရပါတယ်။

အို .. အရှင်၊ ဒီလို လက်ရှိဘဝမှာ ဖက်တွယ်နေကြတာကို ကြည့်ရင် တမလွန်လောက ဆိုတာ မရှိ။ သေခြင်းရဲ့ အခြားမဲ့မှာ သတ္တဝါတွေ ပြန်ပြီး မဖြစ်။ ကုသိုလ်ကံ၊ အကုသိုလ်ကံရဲ့ အကျိုးဝိပါက် တွေလည်း လုံးဝ အဓိပ္ပာယ်မရှိဘူး ဆိုတာ ထင်ရှားပါတယ်။ ဒါကြောင့် အကျွန်ုပ်ရဲ့ အယူဝါဒသာ အမှန်ဖြစ်ပါတယ်” လို့ မဆုတ်မနစ် လျှောက်ပါတော့တယ်။

ဝါဒလွန်ဆွဲပွဲဟာ အတော်လေးကို အကျိတ်အနယ် ဖြစ်လာပါပြီ။ ကပ်သီးကပ်ဖဲ့ တွေးတဲ့၊ ပြောတဲ့နေရာမှာ အတော် ပိုင်နိုင်ကျွမ်းကျင်တဲ့ ပါယာသိမြို့စားကလည်း မလျှော့စတမ်း။ စကားအရာ ပရိယာယ် ကြွယ်ကြွယ်ဝဝနဲ့ ပြောတဲ့ ဟောတဲ့နေရာမှာ ဧတဒဂ်ရထားတဲ့ ကုမာရကဿပ မထေရ်ကလည်း ဘယ်မှာ လက်လျှော့ပါလိမ့်မလဲ။ အိနြေ္ဒတစ်ချက်မှ မငြိမစွန်းဘဲ တည်ကြည် ပြတ်သားလှတဲ့ အသံနဲ့ ပရိသတ်အားလုံးကို ဖမ်းစားလိုက်တယ်။

အို .. ဒကာမြို့စား၊ သင့်ကို ဥပမာတစ်ခု ငါ ပြပါဦးမယ်။ ဒီဥပမာဟာ အကျိုးများလှပါတယ်။ အသိဓါတ်ခံ ကောင်းသူတွေအနေနဲ့ ဒီဥပမာကို ကြားရုံ၊ နာရုံနဲ့ ဆိုလိုချက် အဓိပ္ပာယ်ကို သိလွယ်၊ နားလည်လွယ်ပါလိမ့်မယ်။

ရှေးတုန်းက ပုဏ္ဏားတစ်ယောက်မှာ မယားနှစ်ယောက် ရှိလေသတဲ့။ မယားတစ်ယောက်မှာ (၁၂) နှစ်အရွယ် သားတစ်ယောက် ရှိပြီး နောက် မယားတစ်ယောက်ကတော့ ကိုယ်လေးလက်ဝန်နဲ့ မီးဖွားခါနီးအချိန်မှာပါ။ တစ်နေ့တော့ အဲဒီ မယားနှစ်ယောက်ရဲ့ ခင်ပွန်းယောက်ျားဖြစ်တဲ့ ပုဏ္ဏားကြီး ရုတ်တရက် သေဆုံးသွားတယ်။ ဒီတော့ (၁၂) နှစ်အရွယ် သားဟာ သူရဲ့ မိထွေးတော်စပ်တဲ့ ကိုယ်ဝန်ဆောင် မယားနဲ့ အမွေလုပါလေရော။
အို အမိ၊ ဖခင် ချန်သွားတဲ့ ပစ္စည်းမှန်သမျှ အားလုံးဟာ အကျွန်ုပ်နဲ့သာ သက်ဆိုင်ပါတယ်။ သင်နဲ့ ဘယ်လိုနည်းနဲ့မှ မဆိုင်။ ဒီတော့ သင့်လက်ဝယ်မှာ ရှိနေတဲ့ ပစ္စည်းအားလုံး ကျွန်ုပ်ကို အပ်ပါ
လို့ ပြောလာတယ်။ အဲဒီအခါ မိထွေးက
အမောင်၊ ငါ မွေးဖွားပြီးအောင် စောင့်ပါဦး။ တကယ်လို့ သားယောက်ျားလေး မွေးမယ်ဆိုရင် ကျန်ရှိပစ္စည်းရဲ့ တစ်ဝက်ကို ငါ့သားအနေနဲ့ ပိုင်ဆိုင်ခွင့် ရှိပါတယ်။ တကယ်လို့ သမီးမွေးမယ်ဆိုရင်တော့ သင်ရဲ့ အလုပ်အကျွေး ဖြစ်ပါစေ
လို့ ပြန်တောင်းဆိုတယ်။ သုံးခါတိတိ တောင်းပြီး တောင်းတဲ့အခါတိုင်း သုံးခါလုံး ဒီအတိုင်းပဲ ပြောလွှတ်လိုက်တယ်။

ဘယ်လို ပြောပြော မရပါဘူး။ အဲဒီသားက ခဏခဏ တောင်းနေတော့တာပဲ။ မိထွေးလုပ်သူက ကြံရာမရ ဖြစ်နေတယ်။ ပစ္စည်းတွေကိုလည်း မပေးရက်၊ လက်လွတ်မခံနိုင်။ ကလေးကလည်း မမွေးသေးတော့ ခက်ပါဘိသနဲ့။ နောက်တော့ ‘ ငါ့လင်ပစ္စည်း ဒင်းလက်ထဲ ဘယ်နည်းနဲ့မှ မအပ်နိုင်ဘူး ‘လို့ ကြိမ်းဝါးပြီး အခန်းထဲကို ဓါးတစ်ချောင်းနဲ့ ဝင်သွားလေရဲ့။ ‘ သားမွေးမွေး၊ သမီးမွေးမွေး၊ ငါ့အတွက်တော့ အမြတ်ချည်းပဲ ‘ ဆိုပြီး သူ့ဗိုက်ကြီးကို ဓါးနဲ့ထိုးစိုက်ပြီး ခွဲချလိုက်တယ်။ ပစ္စည်းအတွက် လောဘရမ္မက် အားကြီးလွန်းလှတဲ့ မိန်းမမိုက်ဟာ ကိုယ့်လက်ချက်နဲ့ ကိုယ်ပဲ အသက်လည်းသေ၊ သားသန္ဓေလည်း သေ၊ ပစ္စည်းလည်းဆုံးပြီး အလုံးစုံ ပျက်စီးခြင်းကို စိုက်ရောက်ရတော့တယ်။

အို .. ဒကာမြို့စား၊ ဒီလိုပါပဲ။ ဆင်ခြင်တုံတရား နည်းနည်းမှ မရှိဘဲ ပရလောကကို ရှာဖွေနေတဲ့ အသင်ဟာလည်း ရှာရင်းနဲ့ပဲ အဲဒီ မိန်းမလို ပျက်စီးခြင်း ရောက်ရလိမ့်မယ်။ အခု ငါဆိုခဲ့တဲ့ ဥပမာကို ထောက်ထားပြီး ရွဲ့စောင်းနေတဲ့ သင်ရဲ့ အယူဝါဒဟောင်းကို စွန့်ပယ်လိုက်ပါ။ ‘တမလွန်လောကဆိုတာ ရှိတယ်။ သတ္တဝါတွေ သေပြီးနောက်မှာ ဘဝသစ် နောက်တစ်ခါ ထပ်ဖြစ်တယ်။ ကုသိုလ်၊ အကုသိုလ်တွေရဲ့ အကျိုးဝိပါက်ဆိုတာလည်း အမှန်စင်စစ် ရှိတယ်‘ ဆိုတဲ့ ဝါဒအသစ်ကို လက်ခံပါတော့လား ဒကာ။

ကုမာရကဿပ မထေရ်ဟာ စိတ်ရှည်လက်ရှည်နဲ့ ပါယာသိမြို့စားကို အမြင်မှန် ဝါဒဟောင်းကို စွန့်နိုင်ဖို့ ဘယ်လိုပဲ ကြိုးစားကြိုးစား မြို့စားကြီးကတော့ ပေကပ်ကပ်နဲ့ အကျောက်အကန် ငြင်းဆန် ရုန်းကန်နေတုန်းပါပဲ။

အို .. အရှင်၊ သင့်စကားတွေက နားထောင်လို့တော့ အတော်ကောင်းသား။ ဒါပေမယ့် အကျွန်ုပ်ကို သာယာအောင်၊ ကျေနပ်အောင်တော့ မစွမ်းဆောင်နိုင်သေးပါဘူး။ ဒီလောက်လေး ပြောရုံ ဆိုရုံလောက်နဲ့ ကျွန်ုပ်ရဲ့ ဝါဒကို ချိုးနှိမ်လို့ မရပါဘူး။ ဒီလောက်နဲ့တော့ အသင့်ရဲ့အောက်ကို တိုးလျှိုးလာလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ ကျွန်ုပ်ရဲ့ ဝါဒဟာ သံမှိုနဲ့ ဆွဲတာထက်ကို မြဲပါတယ်။ အင်မတန် ခိုင်မာတဲ့ လက်တွေ့ သာဓကတွေလည်း ကျွန်ုပ်မှာ အများကြီး ရှိတယ်။ သင့်မှာ ဥပမာတွေ ပေါများသလိုပဲ အကျွန်ုပ်မှာလည်း ယုံကြည်နိုင်လောက်တဲ့ အကိုးအထောက် အတွေ့အကြုံတွေ အများကြီး ရှိပါတယ်။ အရှင် ဝန်မလေးဘူး ဆိုရင် အကျွန်ုပ် တင်ပြလိုပါသေးတယ်။ ဘယ်လို သဘောရပါသလဲ အရှင်

အို .. ဒကာမြို့စား၊ ငါ့မှာ နည်းနည်းလေးမှ ဝန်မလေးပါဘူး။ သင် တတ်နိုင်သလောက် ငါ့ကို တင်ပြပါတော့။

ကပ်ပါပေ့ မြို့စားရယ် (၂)

အဲဒီနေ့မှာ သေတဗျမြို့ တစ်မြို့လုံး နံနက် မိုးလေး လင်းတာနဲ့ ကျွက်ကျွက်ညံနေလေရဲ့။ ဟိုနေရာလည်း ရုံးစုရုံးစု ဒီနေရာလည်း ရုံးစုရုံးစုနဲ့ လူတွေ ဟိုနားတစ်အုပ်၊ ဒီနားတစ်အုပ် စုပြီး ကျွတ်ထိုးနေကြတယ်။ နောက်တော့ လူစုလိုက်ကြီး မြောက်စူးစူးကို အကုန် ဦးတည်သွားနေကြတယ်။ ဦးတည်ဆို မြောက်ဘက်စူးစူးက ယင်းတိုက်တောထဲမှာ ရဟန္တာတစ်ပါးဟာ နောက်ပါ ရဟန်း (၅၀၀) နဲ့အတူ ရောက်ရှိနေတယ်လို့ သတင်းကြားကြလို့ပါပဲ။ မဇ္ဈိမဒေသမှာ ဗုဒ္ဓမြတ်စွာဘုရား ပွင့်တော်မူပြီလို့ သတင်းကြားကတည်းက နာမည်သတင်း မွှေးလာခဲ့တဲ့ ဗုဒ္ဓသားတော် ရဟန်းသံဃာတွေရဲ့ ဂုဏ်သတင်းကြောင့် မြို့ရွာအသီးသီးက လူတွေဟာ ဖူးချင် တွေ့ချင် မြင်ချင်နေကြတာ တစ်ပိုင်းကို သေလို့။ အခု တကယ် ကြွလာပြီ ဆိုတော့ ရတဲ့အခွင့်အရေး ဘယ်လက်လွှတ်ခံကြမလဲ။ အပြေးအလွှားကို သွားဖူးဖို့ စုရုံးနေကြပြီလေ။ ကြွမယ့် ကြွလာတော့လည်း မယ်မယ်ရရ ပုဂ္ဂိုလ် မဟုတ်ပြန်ဘူး။ စကားအရာမှာ၊ စာအရာမှာ၊ ပရိယာယ်အရာမှာ အင်မတန်မှ ကျွမ်းကျင် လိမ္မာတယ်လို့ နာမည်ကြီးတဲ့ ကုမာရကဿပ မထေရ်ပါပဲ။

နံနက်စောစော ပါယာသိမြို့စားကြီး လေသာဆောင် ပြတင်းကနေ လှမ်းကြည့်လိုက်တော့ တစ်မြို့လုံး ရုတ်ရုတ်ကျွက်ကျွက် ဖြစ်နေတာ တွေ့သွားတယ်။ ဒါနဲ့ သူရဲ့ မင်းစေ (စကေရီတယ်ရီ) ကို ခေါ်မေးတယ်။ ဒီတော့ မင်းစေကလည်း သူသိသလောက် မချွင်းမချန် လျှောက်တော့တာပေါ့။ ဒီတော့ မြို့စားကြီးက စဉ်းစားတယ်။
အင်း … ငါ့ကောင်တွေတော့ ဒုက္ခပဲ။ ဟိုဘုန်းကြီးက စကားတတ်မှတတ်နဲ့။ ငါ့လူတွေကလည်း ဝေးလေးဝါးလားဆို သိပ်ဖြစ်။ အခုလည်း ဘာရယ်မဟုတ်ဘူး။ လူစည်တော့ ပျော်ပြီး လိုက်ကုန်ကြပြီ။ ဟိုဘုန်းကြီး တစ်ခွန်းနှစ်ခွန်း ပြောလိုက်တာနဲ့ ငါ့လူတွေက ကြွေပြီး အယူဝါဒတွေ လွဲမှားကုန်တော့မယ်။ အစကတည်းက ဝါဒက မခိုင့်တခိုင်။ မဖြစ်ချေဘူး။ ငါမှ မကယ်ရင် အားလုံး အယူတွေ တလွဲရောက်ကုန်ပြီး ဒုက္ခတွေ့ကုန်တော့မယ်။
ပထမ သူ့မြို့သူမြို့သားတွေ အပေါ် ကရုဏာ သက်မိတယ်။ နောက်တော့ ဟို ဘုန်းကြီးကို ဒေါသ ထွက်မိတယ်။ သူ အသေအချာ ပြန်စဉ်းစားလိုက်တော့ ဒေါသရဲ့ အရင်းခံက မနာလိုမှု ဣဿာ ဖြစ်နေတာ သူ တွေ့လိုက်ရတယ်။ ဘာပဲ ဖြစ်ဖြစ်လေ “ငါ တားမှ တော်ရာ ကျတော့မယ်” ဆိုတဲ့ အတွေးနဲ့အတူ မြို့ထဲက လူတွေကို မင်းစေကနေတဆင့် စကား သွားပါးခိုင်းလိုက်တယ်။ မြို့စားကြီးလည်း အတူတကွ လိုက်မှာမို့ အားလုံး မသွားကြသေးဘဲ မြို့စားအလာကို စောင့်ပေးကြပါလို့ သွားပြောခိုင်းလိုက်တယ်။ မသွားနဲ့ ဆိုပြီး တားလို့ ဘယ်ဖြစ်မလဲ။ ဒီတော့ အချိန်ဆွဲရုံပဲ ရှိမှာပေါ့။ လူတွေ ယင်းတိုက်တောထဲ မသွားခင် မြို့စားကြီးက ဖျောင်းဖျပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ စိတ်ကူးနဲ့ပေါ့။

မြို့စားကြီးပါ လိုက်မယ်ဆိုတော့ အားလုံးက စောင့်နေကြရပြီပေါ့။ အမောတကောနဲ့ ပြေးလာတဲ့ မြို့စားကြီးကို အားလုံးက အံ့အား သင့်နေကြတယ်။ ကိုယ်ပိုင် အယူဝါဒတစ်ခုနဲ့ မာန်တက်နေတဲ့ လူတစ်ယောက်က တခြား ဝါဒရှင်တစ်ယောက်ကို တွေ့ဖို့ အဲဒီလောက်ပဲ စိုင်းပြင်းနေရသလား ဆိုတဲ့ အတွေးတွေကို သူ့ကို ကြည့်နေကြတယ်။ မြို့စားကြီးကလည်း သူ့အကြံနဲ့ သူကိုး။ အားလုံးကို စည်းရုံးပြီး အိမ်ပြန်ခိုင်းမယ် ဆိုတဲ့ အတွေးနဲ့ပေါ့။ ဒါပေမယ့် အဲဒီ အတွေးက လမ်းမှာ ပြေးလာရင်း တဖြည်းဖြည်းနဲ့ ပြေလျော့လာတယ်။ ဟိုအရင်ကတည်းက ဗုဒ္ဓရဲ့ ဂုဏ်သတင်းနဲ့ အရှိန်အဝါ၊ တရားတော်ရဲ့ ခိုင်မာမှု နဲ့ ပြတ်သားမှု တွေကို ကြားသိဖူးပြီးသား ဖြစ်တဲ့ မြို့စားကြီး အနေနဲ့ အခုလို ကြုံတောင့်ကြုံခိုက်မှာ ဟိုဘုန်းကြီးရဲ့ အမြင်နဲ့ ဖလှယ်ရရင် ကောင်းမှာပဲ ဆိုတဲ့ အတွေးတွေ တဖွားဖွား ပေါ်လာနေတယ်။ “ကျွန်တော်မျိုးတို့ ဗုဒ္ဓရဲ့ သားတော် ကုမာရကဿပ မထေရ်ကို ဖူးချင်လို့ စောင့်နေတာ ကြာပါပြီ မြို့စားကြီး။ မြို့စားကြီးလည်း လိုက်မယ်ဆိုတော့ အရှေ့ကနေ ဦးဆောင်ပြီး ကြွတော်မူပါ” ဆိုတဲ့ ဖိတ်ခေါ်သံကို ရောက်ရောက်ချင်း ကြားလိုက်ရတော့ ဘာမှတောင် မပြောလိုက်ရတော့ဘဲ ရှေ့ဆုံးကနေ ဦးဆောင်ပြီး ယင်းတိုက်တောဆီကို လူစုလိုက် ချီတက်ကြပါတော့တယ်။

ကုမာရကဿပ မထေရ်ရဲ့ ကြည်ညိုဖွယ် ရုပ်အဆင်းနဲ့ သပ္ပာယ်လှတဲ့ အသွင်သဏ္ဍာန်ကြောင့် မြင်လိုက်ရုံနဲ့ပဲ အားလုံးလိုလိုဟာ ကြည်ညိုသဒ္ဓါပွားပြီး ထိုင်ရှိခိုးကြတော့တယ်။ ပါယာသိမြို့စားကတော့ အရှေ့ဆုံး သင့်လျော်တဲ့ တစ်နေရာမှာ ထိုင်နေရင်း နှုတ်ဆက်စကားနဲ့ အတူ အလ္လာပ၊ သလ္လပ စကားတချို့ ပြောပြီး သံဃာတွေကို ကြည့်လိုက်၊ သူ့ ပရိသတ်ကို အကဲခတ်လိုက်နဲ့ပဲ ခပ်ဆိတ်ဆိတ် နေနေတယ်။ တချို့သော ပရိသတ်က ကိုယ်ရဲ့ အမည်နာမ၊ မျိုးရိုးဇာတိကို ထုတ်ဖော်ပြောပြီး ကိုယ့်ဖာသာ မိတ်ဆပ်ရင်း စကားစမြည် ပြောနေကြတယ်။ တချို့ကတော့ အေးအေးသာကြည် သူများ ပြောတဲ့ စကားကိုပဲ နားထောင်နေကြတယ်။ မြို့စားကြီးမှာတော့ “ငါ့ကောင်တွေတော့ ပါသွားတော့မှာပဲ” ဆိုတဲ့ အတွေးနဲ့ စကားပြောနေကြတဲ့ သူတွေကို စိတ်ထဲကနေ ငြူစူနေမိတယ်။ စိတ်ထဲက စိုးရိမ်တကြီးနဲ့ ဖြစ်နေတဲ့ ကြားထဲက ဝါဒပြိုင်ချင်တဲ့ မာနလေးက ထောင်ထောင်ပြီး ထွက်လာတယ်။
ဒီကိုယ်တော် နာမည်ကတော့ ကြီးပါ့။ တကယ်ကော တော်မှာမို့လား။ တကယ်တော်မတော်၊ တတ်မတတ် စမ်းကြည့်မှ သိမယ်။ ဟုတ်တိုင်းကျော်၊ ကျော်တိုင်းဟုတ် မဟုတ် ငါ့ဝါဒကို တင်ပြပြီး ဆန်းစစ်ကြည့်မယ်။ အသားလွတ် နာမည်ကြီးတာ ဆိုရင်လည်း ငါ့ဝါဒဟာ ခိုင်မာသထက် ခိုင်မာလာပြီး ယုံကြည်သူလည်း တိုးလာတာပေါ့”
ဆိုတဲ့ အတွေးကြောင့် နှုတ်က စကားလုံးတွေ ပွင့်အန် ထွက်လာတယ်။
အရှင်၊ အရှင်ခွင့်ပြုမယ်ဆိုရင် စကားနည်းနည်း ပြောချင်ပါတယ်။
ဒကာ မြို့စား၊ ပြောနိုင်ပါတယ်။ ပြောပါ။

ဘုန်းကြီးဆီက ခွင့်ပြုချက် ရတယ် ဆိုရင်ပဲ မြို့စားကြီးဟာ သူရဲ့ စမ်းသပ်ချက်တွေ၊ ယုံကြည်မှုတွေ၊ အယူဝါဒတွေကို တစ်ခုပြီးတစ်ခု ခင်းကျင်းပြသပါတော့တယ်။ မြို့စားရဲ့ စကား အဆုံးမှာ ပြောလိုက်တဲ့ မထေရ်ရဲ့ စကားကြောင့် မြို့စားကြီးက ကြောင်စီစီနဲ့ ကြည့်နေမိတယ်။
ဒကာ မြို့စား၊ အဲဒီလို ပြောလေ့ရှိတဲ့ လူကို ငါ မြင်လည်း မမြင်ဖူးဘူး။ ကြားလည်း မကြားဖူးပါဘူး။ အသင် ပြောလို့သာ ဒါ ပထမဆုံး ကြားဖူးခြင်းပါ။ အသင်ရဲ့ အယူဝါဒက ထူးဆန်းလိုက်တာ
မထေရ်ရဲ့ စကားကို ကြားပြီး ကြောင်အန်းအန်း ဖြစ်နေတုန်းမှာပဲ မထေရ်က ဆက်ပြောပါတယ်။
ဒကာ မြို့စား၊ တမလွန်လောက မရှိဘူးလို့ သင် ပြောခဲ့တယ်။ အဲဒီ အယူနဲ့ ပတ်သက်ပြီး ခိုင်မာပြီး အားကိုးလောက်တဲ့ အထောက်အထားများ ရှိပါရဲ့လား
ဒီလိုများ မေးမှ မေးလာပါ့မလားလို့ တွေးနေမိတဲ့ မြို့စားတစ်ယောက် မျက်လုံးတွေ လက်ခနဲ ဖြစ်သွားတယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေနဲ့ ကိုယ်တော်ကို မလှုပ်နိုင်အောင် ဖိပစ်လိုက်မယ် ဆိုတဲ့ စိတ်ကူးပီတိနဲ့
ဘာပြောကောင်းမလဲ၊ သိပ်ရှိတာပေါ့” လို့ အားရပါးရ ဖြေလိုက်တယ်။
ကဲ ရှိရင် လျှောက်စမ်းပါဦး။ တကယ်ပဲ ဘယ်လောက်တောင် ခိုင်မာသလဲဆိုတာ ငါ သိချင်တယ်
မထေရ်ရဲ့ ဖိတ်ခေါ်မှုကြောင့် ဝမ်းပမ်းတသာ ရှိလှတဲ့ မြို့စားကြီးဟာ သူရဲ့ သုတေသန တစ်စိတ်တစ်ပိုင်းကို စပြီး ပြောပြပါတော့တယ်။ ငရဲကို အမှန်တကယ် ရောက်နိုင်မယ့် ငမိုက်သား လူရမ်းကားတွေကို ငရဲရောက်ရင် သူ့ကို အကြောင်းကြားဖို့ မှာလိုက်တဲ့ အကြောင်းနဲ့ ငရဲပြည်က သတင်းတစ်စွန်းတစ်စ ရလိမ့်နိုးနိုး အမျှော်ကြီး မျှော်ခဲ့ရပုံတွေကို လျှောက်တင်လိုက်ပြီး
အရှင်၊ အခုလို ငရဲသားတွေဆီကနေ နည်းနည်းလေးတောင်မှ သတင်း ပြန်မကြားရတာကို ကြည့်လိုက်ရင်ကိုပဲ ပရလောက ဆိုတာ တကယ် မရှိကြောင်း၊ သေပြီးတဲ့နောက် ဘာမှ ပြန်မဖြစ်ဘူးဆိုတာ ထင်ရှားနေပါပြီ။ ဒီလောက် ခိုင်မာနေတဲ့ အထောက်အထားတွေ ရှိနေပါလျက်နဲ့ ဘယ်လိုအကြောင်းပြချက်နဲ့ လက်ရှိ အယူဝါဒကို စွန့်လွှတ်နိုင်ပါ့မလဲ ဘုရား

လျှောက်ထားအပြီးမှာ ငါကွ ဆိုတဲ့ မျက်နှာပေးနဲ့ ခန့်ခန့်ကြီး ထိုင်နေလိုက်တယ်။ မြို့စားကြီးရဲ့ အလိုတော်ရိတွေကတော့ အားရကျေနပ်လှတဲ့ အမူအရာနဲ့ ထောက်ခံတဲ့ သဘောဆောင်ပြီး ခေါင်းတညိတ်ညိတ် လုပ်နေကြတယ်။ အယူနုံ့ရှာတဲ့ သူတွေကတော့ ရဟန္တာ ကိုယ်တော်မြတ်ကို ကြည့်လိုက်၊ သူတို့ မြို့စားကြီးရဲ့ အမူအရာကို ကြည့်လိုက်နဲ့ပဲ ထိုင်နေကြတယ်။ ကြားနေ သမားတွေကတော့ ခပ်ငြိမ်ငြိမ်ပဲ ဘာတွေ ဖြစ်လာဦးမလဲ ဆိုတဲ့ အတွေးတွေနဲ့ မထေရ်ရဲ့ နှုတ်ထွက်စကားကို ငံ့လင့်နေကြတယ်။
အို ဒကာ …..”
ဆိုတဲ့ ကြည်လင်အေးမြပြီး ပရိသတ်ကို လွှမ်းမိုးနိုင်စွမ်းတဲ့ အသံထွက်လာတော့ အားလုံးရဲ့ အကြည့်ဟာ အသံရှင် မထေရ်မြတ်ကြီးဆီမှာ ဆုံဆည်းသွားကြတယ်။

အို ဒကာမြို့စား၊ ဒါဆို သင့်ကို ငါ ပြန်ပြီး မေးရပါဦးမယ်။ သင် သိသလို၊ အဆင်ပြေသလို ဖြေနိုင်ပါတယ်။ သူခိုးတစ်ယောက်ကို ဖမ်းမိလို့ မင်းချင်းတွေက သင့်ကို လာဆက်သကြပြီ။ ခိုးသူကို ပြစ်ဒါဏ် ဘယ်လို စီရင်မလဲလို့ သင့်ကို အမိန့် တောင်းခံလာရင် သင်က ဒီလို အမိန့်ထုတ်ပြန်လိမ့်မယ်။ အဲဒီ သူခိုးကို ခေါင်းတုံးရိတ်၊ လက်ပြန်ကြိုး တုပ်ကြပြီး “ဒီလူဟာ သူခိုးပါ” လို့ လမ်းဆုံလမ်းဂွ တိုင်းမှာ မောင်းခတ်ကြေငြာရမယ်။ ဒီနောက် သင်္ချိုင်းထုတ်ပြီး ခေါင်းဖြတ် သတ်လိုက်ကြတော့လို့ အသင့်အနေနဲ့ ပြစ်ဒါဏ်ကို ဒီလို စီရင်လိမ့်မယ်။
အာဏာသားတွေ အနေနဲ့လည်း ချမှတ်ထားတဲ့ အမိန့်တော်အတိုင်း လုပ်ဆောင်ဖို့ သုသာန်ကို အခေါ်အထုတ် သင်္ချိုင်းအရောက်မှာ သူခိုးက ဒီလို တောင်းပန်လိမ့်မယ်။

“”အကိုကြီးတို့ရယ်၊ ကျနော်က သေရတော့မယ့်သူပါ။ မသင်ခင်လေး ကျနော့် မျက်နှာကို မိဘ၊ သားမယားကို သွားပြပါရစေလား။ ပြီးတော့ ကျနော် ဖွက်ထားတဲ့ ပစ္စည်းတွေရဲ့ နေရာကိုလည်း သူတို့ကို ပြောပြခဲ့ချင်ပါတယ်။ ကျနော် မှာစရာ ရှိတာတွေ မှာပြီးပြီးချင်း ဆက်ဆက်ပြန်လာခဲ့ပါ့မယ်။ ကျနော့်ကို သနားသောအားဖြင့် ဒီ နောက်ဆုံး ဆန္ဒလေးကို ခွင့်ပြုပေးဖို့ မေတ္တာရပ်ခံပါတယ်။” လို့ တောင်းပန်လာခဲ့ရင် အဲဒီ သူခိုးကို မြို့စားအနေနဲ့ သွားခွင့်ပေးမလား။ ဒါမှမဟုတ် တကြော်ကြော် အော်ဟစ်တောင်းခံနေတာကို လစ်လျူရှုပြီး သူခိုးကို သတ်ပစ်လိုက်ကြမလား။ ဘယ်လို သဘောရသလဲ ဒကာမြို့စား။

အို အရှင်၊ ပြစ်မှုကျူးလွန်ထားတဲ့ အဲဒီ သူခိုးကို ဘာကြောင့် သွားခွင့်ပြုနိုင်မလဲ။ ဘယ်လိုနည်းနဲ့မှ ခွင့်ပြုစရာ အကြောင်းမရှိပါဘူး အရှင်။ သတ်ပစ်ဖို့သာ ရှိပါတယ် ဘုရား။

ဒကာမြို့စား၊ သင် အသေအချာ စဉ်းစားကြည့်ပါ။ သူခိုးဟာ လူသားတစ်ယောက်ပါ။ သူ့ကို သတ်မယ်ဆိုတဲ့ အာဏာသားဟာလည်း လူသားတစ်ယောက်ပါပဲ။ လူသားအချင်းချင်းတောင် ပြစ်မှုအရ ကျခံနေရတဲ့ ဒီ ရာဇဝတ်ကောင် သူခိုးကို သွားခွင့် မပြုနိုင်တာကို ထောက်ချင့်ပြီး သင်ရဲ့ ဒုစရိုက် ငမိုက်သားတွေဟာ သင့်ဆီ ပြန်လာပြီး အကြောင်းကြားဖို့ ဘယ်လိုနည်းနဲ့ ခွင့်ပြုချက် ရနိုင်ပါ့မလဲ။

ဒကာမြို့စား၊ သင့် ငရဲသား ဥပမာတစ်ခုတည်းနဲ့ သင်ရဲ့ အယူအဆဖြစ်တဲ့ တမလွန်ဘဝ မရှိဆိုတဲ့ ဝါဒကို စွန့်လွှတ်သင့်ပါပြီ။ စွန့်လွှတ်ပါတော့။

အင်မတန်မှ စိတ်ဝင်စားစရာကောင်းတဲ့ ဥပမာကြောင့် မထေရ်မြတ်ရဲ့ အမေးကို ပါယာသိမြို့စား ဘယ်လိုများ ပြန်ဖြေမလဲ ဆိုပြီး ပရိသတ် အားလုံးက စိတ်ဝင်တစား မျှော်လင့်နေကြတယ်။ မြို့စားရဲ့ အလိုတော်ရိတချို့က မျက်နှာငယ်လေးတွေနဲ့ မြို့စားရဲ့ ချေပချက် နှုတ်ထွက်စကားကို မျှော်လင့်လင့်နဲ့ မြို့စားကြီးကို ကြည့်နေကြတယ်။ ဒီအချိန်မှာ ပါးပြင်းထောင်နေတဲ့ မြွေဟောက်တစ်ကောင်လို မာန်နည်းနည်းမှ မလျှော့ဘဲ ပြတ်ပြတ်သားသားပဲ ပြန်လည် ဖြေကြားလိုက်တယ်။

အရှင်၊ အရှင်ရဲ့ ဥပမာဟာ သိပ်ကို ပိရိလွန်းပါတယ်။ အရမ်းကို သင့်လျော်လွန်းလှပါတယ်။ ဒါပေမယ့် တပည့်တော်ရဲ့ အယူဝါဒဟာ မှန်မြဲ မှန်နေတုန်းပါ။ ဘယ်လောက်မှန်သလဲ ဆိုတာလည်း အထောက်အထား အခိုင်အမာ တည်ရှိနေပြီးသားပါ။

ဘာ အထောက်အထားပါလိမ့်။ ပြောပါဦး ဒကာ။

(ဆက်ရန်)

ကပ်ပါပေ့ မြို့စားရယ်

ကျနော်တို့တွေ အားလုံးဟာ အယူသီးတဲ့လူ၊ တစ်ယူသန်တဲ့ လူတွေချည်းပါပဲ။ တစ်နည်းမဟုတ် တစ်နည်းပေါ့။ အနည်းနဲ့အများ ဆိုသလိုပါ။ ကိုယ်ခံယူထားတာ မှန်တယ်လို့ ယုံကြည်ထားတာကြောင့် တစ်ယူသန်ကြတယ်။ တချို့လည်း အတင်းကို မျက်စိမှိတ်ပြီး မှန်ပစ်လိုက်ကြတယ်။ တချို့ကျတော့လည်း ကိုယ့်အယူအဆနဲ့ ကိုယ့်ဖာသာ သက်သေတည်ပြီး မှန်ပစ်လိုက်ကြတယ်။ ဒါပေမယ့် ကိုယ်ရဲ့ အယူအဆကို အခိုင်အမာ ယုံကြည်ထားတဲ့ လူတိုင်းကိုတော့ တယူသန်တယ်လို့ မခေါ်ပါဘူး။ မတူညီတဲ့ အယူဝါဒနှစ်ခု အားပြိုင်လာတဲ့အခါမှာ ကိုယ်ရဲ့ ခံယူချက်ကို မယိုင်လဲအောင်၊ မဖုံးလွှမ်းနိုင်အောင် အတင်းကို မျက်စိစုံမှိတ်ပြီး အကာအကွယ်ယူတဲ့အပြင် တစ်ဖက်လူရဲ့ အယူဝါဒကို မှန်လေမလားလို့ မဆန်းစစ်တတ်တဲ့ သူကို တစ်ယူသန်တဲ့သူလို့ ခေါ်ပါတယ်။ ပညာမတတ်တဲ့သူနဲ့ ပညာတတ်တဲ့သူနဲ့ ဘယ်သူက ပို တစ်ယူသန်သလဲလို့ ဆန်းစစ်ကြည့်ရင် ပညာတတ်တဲ့သူက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တိတိကျကျ ပြောရရင် ကိုယ့်ကိုယ်ကို ပညာတတ်လို့ ခံယူထားတဲ့ သူတွေက ပိုပြီး တစ်ယူသန်တယ်။ ဒီထက်ကို ပိုပြီး တိတိကျကျ ပြောရရင် စကားပြောကောင်းတဲ့ ပညာတတ်တွေက ပိုပြီး တစ်ယူသန်ပါတယ်။ ဒီထက် ပို တစ်ယူသန်တာက စကားကို ကပ်ဖဲ့ ပြောတတ်တဲ့သူပေါ့။ ကျနော် အခု ပြောပြချင်တာက အထက်က အင်္ဂါရပ်တွေနဲ့ ညီညွတ်တဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀၀ ကျော်က မြို့စားတစ်ယောက် အကြောင်းပါ။

အိန္ဒိယနိုင်ငံ ကောသလတိုင်း သေတဗျမြို့ကို အပိုင်စားတဲ့ ပါယာသိ ဆိုတဲ့ မြို့စားတစ်ယောက် ရှိတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့ ကောသလမင်းကြီးက ဘာသာရေး လွတ်လပ်ခွင့် ပေးထားတော့ ကြိုက်တဲ့ဘာသာကို ကိုးကွယ်ယုံကြည် ပိုင်ခွင့်ရှိသလို စွမ်းတဲ့သူက စွမ်းသလို၊ တတ်တဲ့သူက တတ်သလို ဘာသာအသစ်တွေ၊ အယူဝါဒ အသစ်တွေ၊ ဂိုဏ်းဂဏ အသစ်တွေ ဖွဲ့စည်းလည်း မင်းကြီး သတိရှိရှိ လေ့လာတာက လွဲလို့ ဘာမှ မပြောဘူး။ ဒါကြောင့်လည်း ပါယာသိ ဟာ သူကိုယ်တိုင်လည်း လက်ခံနိုင်အောင်၊ သူ့ နောက်လိုက်တွေလည်း လက်ခံလာနိုင်အောင် သူရဲ့ ကိုယ်ပိုင် ခံယူချက်၊ ယုံကြည်ချက်ကို သက်သေများစွာ စိုက်ထူခဲ့တယ်။ သူရဲ့ ခံယူချက်ဟာ ခိုင်မာလွန်းအားကြီးတာက တစ်ကြောင်း၊ သူ့လို စကားတတ်သူ ရှားပါးတာက တစ်ကြောင်း၊ လက်တွေ့ကျကျ လေ့လာထားတာက တစ်ကြောင်းကြောင့် အဲဒီ ဒေသ တစ်ဝိုက်မှာ ဝါဒသစ် တီထွင် ဖန်တီးရှင် တစ်ယောက်အနေနဲ့ ကို နာမည်ကြီးလာတယ်။ မြို့စားကြီး ဆိုတာထက် ဂိုဏ်းခေါင်းဆောင်အနေနဲ့ကို ထင်ရှားတယ်။ သူ့အယူအဆကို လက်ခံလို့ မရပေမယ့် သူ့လောက် စကားမတတ်တဲ့သူကျ ခပ်ဆိတ်ဆိတ်ပဲ နေနေကြရတယ်။ ဒီတော့ သူ့နယ်တစ်ဝိုက်မှာ သူ့ကို တွန်းလှန်နိုင်သူ မရှိ ဖြစ်လာတော့ ပိုပြီး ပိုပြီး ထောင်လွှားလာတာပေါ့။

ပါယာသိမြို့စားကြီးရဲ့ ထူးခြားချက်က သူရဲ့ အယူဝါဒကို ပေါ့ပေါ့တန်တန် လက်ခံခဲ့တာ မဟုတ်ဘဲ သူကိုယ်တိုင် ဆန်းစစ်မှုတွေ၊ စမ်းသပ်ချက်တွေ မျိုးစုံ လုပ်ပြီးမှ နောက်ဆုံး ကောက်ချက်ကို ဆွဲခဲ့တာပါ။ လုပ်ခဲ့သမျှကလည်း သူ ဉာဏ်မီသလောက်ပေါ့။ သူရဲ့ တွေ့ရှိချက်တွေကြောင့် သူ့ကိုယ်သူတော့ သိပ်အထင်ကြီးတာပေါ့။ အဲဒီခေတ် အဲဒီအခါက သိပ်ကို ငြင်းလို့ ခုန်လို့ ကောင်းတဲ့ ဘာသာရေး ပြဿနာတွေ ရှိပါတယ်။ အဲဒါတွေက
  1. တမလွန်လောက ရှိ၊ မရှိ။ သတ္တဝါတွေ သေပြီးနောက် ပြန် ဖြစ်၊ မဖြစ်။
  2. ကုသိုလ်လုပ်၍ ကောင်းကျိုး ရ၊ မရ။
  3. အကုသိုလ်လုပ်၍ အပြစ်ဒါဏ် သင့်၊ မသင့်။
  4. ကုသိုလ်၊ အကုသိုလ်ကို လုပ်လုပ်၊ မလုပ်လုပ် ဘာမှမဖြစ်။
အဲဒီခေတ်မှာ ဝါဒရှင် အမျိုးမျိုးက အယူအဆ အမျိုးမျိုးကို ဖြန့်ချီနေတော့ ဘယ်သူ့ကို ယုံလို ယုံရမှန်း မသိအောင်ကို ဖြစ်ကြရတယ်။ အများစုလို ပါးစပ်ပြောနဲ့တင် ဒါက ဒီလိုရှိတယ်လို့ ပြောနေမယ့်အစား မြို့စားကြီးကတော့ သူ ကိုယ်တိုင် သုသေတနတွေ လုပ်ပြီး လက်တွေ့ကျကျ လေ့လာနိုင်ခဲ့တာကြောင့် နာမည်ကြီးရတာပါ။ အထက်မေးခွန်းတွေက အတော်ကို ရေပန်းစားတဲ့ မေးခွန်းတွေပါ။ သေပြီးနောက် ဘာဖြစ်သလဲ။ ဒါ လူတိုင်း သိချင်ကြမယ်။ တချို့က လူပဲ ပြန်ဖြစ်တယ် ပြောတယ်။ တချို့က ဘာမှကို မဖြစ်ဘူးလို့ ဟောတယ်။ တချို့ကျပြန်တော့ ကောင်းတာလုပ်ရင် နတ်ပြည်ရောက်မယ်၊ မကောင်းတာ လုပ်ရင် ငရဲပြည် ရောက်မယ်လို့ ယုံကြပြန်တယ်။ ဒီယူဆချက်ကို အများစုက လက်ခံထားကြတယ်။ အဖြေမှန်ကို သိပ်သိချင်တဲ့ သူတွေထဲမှာ မြို့စားကြီးက တစ်ယောက် အပါအဝင်ပေါ့။ မြို့စားကြီး အနေနဲ့ သူများ ပြောသမျှကို အလွတ်ယုံလိုက်မယ့်အစား သူကိုယ်တိုင် လက်တွေ့ မှန်မမှန် စမ်းသပ်ကြည့်သေးတာ။ ဒါ သူရဲ့ ဆွဲဆောင်မှု အကောင်းဆုံး အဓိက အချက် ဖြစ်သွားတယ်။

လူတစ်ယောက်ဟာ ကံငါးပါး (ငါးပါးသီလ) ကို လုံခြုံအောင် စောင့်စည်းပြီး ဒါန၊ သီလ စတဲ့ ကောင်းမှု ကုသိုလ်တွေကို တတ်နိုင်သလောက် လုပ်မယ်။ ဒီလူဟာ သေသွားတဲ့အခါ နတ်ရွာသုဂတိကို လားရောက်ရမယ်။
ဒါမှမဟုတ်
လူတစ်ယောက်ဟာ ကံငါးပါးကို ကျူးလွန်မယ်။ ဒါန၊ သီလ စတဲ့ ကောင်းမှုကုသိုလ်တွေကို မပြုလုပ်ဘူး ဆိုရင် သူ သေသွားတဲ့အခါ အပါယ်လေးပါး ကျရောက်ရမယ်။
ဒါဟာ ရှေးရှေးကတည်းက ဆရာကြီးတွေ ဟောပြော ဆုံးမခဲ့တဲ့ သြဝါဒတွေပါ။ ဒါကို လက်ခံသင့် မခံသင့် သူကိုယ်တိုင် သုသေတန လုပ်ကြည့်တယ်။ အဲဒီလို သုသေတန လုပ်နိုင်ဖို့အတွက် အင်မတန်မှ မိုက်ပေ့ ဆိုးပေ့ ဆိုတဲ့ ဒုစရိုက်ကောင်တွေနဲ့ အများ လေးစားရတဲ့ သုစရိုက် ကုသိုလ်ရှင်တွေကို သူရဲ့ လက်တွေ့ အစမ်းသပ်ခံ ဇာတ်ကောင်အဖြစ်နဲ့ ရွေးချယ်လိုက်တယ်။ အထက်က ဝါဒအရ ဆိုရင် အကုသိုလ်ရှင် (လူမိုက်) တွေဟာ အပါယ်လေးဘုံကို ကျကို ကျရမှာ ဖြစ်ပြီး၊ ကုသိုလ်ရှင် (လူလိမ္မာ) တွေဟာ နတ်ပြည်ကို တက်ကို တက်ရမယ့် သူတွေပေါ့။ သူတို့ကို မူတည်ပြီး လေ့လာမယ်ဆိုရင် သေပြီး ဖြစ်မဖြစ်၊ ကုသိုလ် အကုသိုလ်ရဲ့ အကျိုး စတာတွေကို သိနိုင်တယ်လို့ ယုံကြည်ထားတဲ့ မြို့စားကြီးဟာ သူရဲ့ သုသေတန လုပ်ငန်းကို စတင်ပါတော့တယ်။ သူရဲ့ သုသေတန လုပ်ထုံးက ရိုးရိုးလေးရဲ့ စိတ်ဝင်စားဖို့ ကောင်းလှပါတယ်။

ပထမဆုံး အနေနဲ့ သူလေ့လာမယ့် လူလိမ္မာ နဲ့ လူမိုက် စာရင်းကို အရင် ထုတ်ပါတယ်။ ရှေးအဆိုအမိန့် အရဆိုရင် နတ်ပြည်၊ ငရဲပြည် ရောက်ကို ရောက်နိုင်မယ့် လူမျိုးတွေပေါ့။ အဲဒီ လူတွေ သေခါနီး အချိန်မှာ သူ ကိုယ်တိုင် သွားပြီး အမှာစကား ပါးလေ့ရှိတယ်။ ကုသိုလ်ကောင်းမှု အထပ်ထပ် လုပ်နေတဲ့ လူတွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

အသင်တို့ ကွယ်လွန်သွားတဲ့အခါ သမဏ၊ ဗြဟ္မဏ၊ ဆရာကြီးတွေရဲ့ အဆိုအရ နတ်ရွာသုဂတိကို လားရမှာ သေချာပါတယ်။ နတ်ပြည် ရောက်သွားပြီ ဆိုရင် ကျနော်၊ ကျမ ဖြင့် ဘယ်နတ်ဘုံမှာ၊ ဘယ်လို နာမည်ရှိတဲ့ နတ်သား၊ နတ်သမီး ဖြစ်နေပါတယ်လို့ ကျနော်ကို လာပြောပေးလှည့်ပါဦး။

အကုသိုလ် မကောင်းမှုတွေကို မဟားဒယား အတုံးလိုက် အတစ်လိုက် လုပ်ခဲ့တဲ့ လူမိုက်တွေကို ပါးလိုက်တဲ့ သူရဲ့ အမှာက ဒီလိုပါ။

မင်းတို့ သေသွားတဲ့အခါမှာ အပါယ်လေးပါး အစာဖြစ်ပြီး ငရဲရဲ့ ဘေး လွတ်နိုင်မှာ မဟုတ်ဘူး။ ဒီတော့ ငရဲပြည်ရောက်သွားရင် ဘယ်ငရဲမှာ ဘယ်လို ဒုက္ခမျိုးတွေ ခံစားနေရတယ်ဆိုတာ အကျွနုပ်ကို လာလျှောက်လှည့်ပါဦး။

သူရဲ့ အပေါင်းအသင်း သူငယ်ချင်းတွေကို သေရင် ဘယ်နေရာမှာ ဘာဖြစ်နေသလဲဆိုတာ လာပြောလှည့်ပါဦးလို့ အကူအညီ ကြိုကြိုတင်တင် တောင်းထားလေရဲ့။ အဲဒီလူတွေကလည်း “ဟုတ်ကဲ့ပါ၊ လာရောက် အကြောင်းပြန်ပါမယ်၊ သတင်းပို့ပါမယ်လို့ အားလုံးက တရိုတသေပဲ ကတိခံကြတယ်။”

ဒီလိုနဲ့ အချိန်တွေ ကုန်ဆုံးလာပေမယ့် ဟိုလူဆီက သတင်း ကြားရနိုးနိုး၊ ဒီလူဆီက ကြားရနိုးနိုးနဲ့ စောင့်မျှော်နေလာလိုက်တာ သူ ထင်သလို ဘယ်သူကမှ လာမပြောကြဘူး။ နတ်ပြည်ကလည်း သတင်းမရောက်၊ ငရဲပြည်ကလည်း သတင်းမရောက်။ ဘယ်သူဆို ဘယ်သူကမှ သတင်းလာမပို့တော့ သူရဲ့ သုသေတနဟာ အဖြေတစ်ခု ကောက်ချက်တစ်ခု ရလာတယ်။ လူတစ်ယောက်ဟာ သေပြီးနောက် တစ်နေရာရာသာ ရောက်ခဲ့မယ်ဆိုရင် အနည်းနည်း တစ်ယောက်ယောက်ကတော့ သူ့ဆီ အကြောင်းပြန်သင့်တာပေါ့။ လူမှာလိုက်တဲ့ လူတွေ အဲလောက် အများကြီးထဲကမှ တစ်ယောက်တလေတော့ လာပြောသင့်တယ်လို့ သူ ယူဆတယ်။ လာပြောဖို့ အဆင်မပြေဘူးပဲ ထားဦး။ တစ်ယောက်လောက်တော့ အဆင်ပြေသင့်တာပေါ့ လို့လည်း သူ ခံယူထားတယ်။ အခု ဘယ်သူမှ လာမပြောပုံထောက်တော့ သေပြီးနောက် ဘာမှ မဖြစ်လို့ပဲ ဆိုတဲ့ ကောက်ချက်က ဘွားခနဲ ပေါ်လာတယ်။ ဒါမှ သူရဲ့ သုတေသန အများကြီးထဲက တစ်ခုပါ။ နောက်ပိုင်း အလျင်းသင့်သလို တင်ပြသွားပါ့မယ်။ ဒါနဲ့ သူရဲ့ သုတေသန လုပ်သမျှ အားလုံးဟာ တူညီတဲ့ အဖြေတစ်ခုတည်းကိုပဲ ထပ်ခါထပ်ခါ အတည်ပြုရာ ရောက်နေတဲ့အဆုံး သူရဲ့ အယူဝါဒဟာ ပြတ်သားသထက် ပြတ်သားလာတယ်။ ခိုင်မာသတဲ့ ခိုင်မာလာတော့တယ်။ သူရဲ့ လက်တွေ့ကျတဲ့ သုတေသနတွေကြောင့် နောက်လိုက် အခြံအရံကလည်း များသတဲ့ များလာတော့တယ်။ နောက်ဆုံးတော့ သူဟာ နိုင်ငံကျော် ဝါဒရှင် မြို့စားကြီး အနေနဲ့ ထင်ပေါ်လာတယ်။

သူရဲ့ ဝါဒလမ်းစဉ်က ဒီလိုပါ။
တမလွန်လောက တကယ်ရှိတယ်ဆိုတာ မဟုတ်ပါ။ လုပ်ကြံ ဇာတ်ခင်း သက်သက်မျှပဲ။ အမှန်တကယ် ရှိမယ်ဆိုရင် အကျွနုပ်ဆီ တစ်ယောက်မဟုတ် တစ်ယောက်တော့ အကြောင်းပြန်သင့်တာပေါ့။ သတ္တဝါတွေ အနေနဲ့ သေပြီးတဲ့နောက် ဘာမှ ထပ်မဖြစ်တော့လို့သာ မလာတာ ဖြစ်မယ်။ ကုသိုလ်၊ အကုသိုလ်ရဲ့ အကျိုးပေး ဆိုတာလည်း တကယ်တမ်းတော့ အာပလာပဲ။ လက်တွေ့ စစ်ကြည့်လိုက်တော့ အပြောသက်သက်ပဲ။ ကောင်းတာကိုပဲ လုပ်လုပ်၊ မကောင်းတာကိုပဲ လုပ်လုပ် လုပ်လိုက်တဲ့အတွက် အကျိုးလည်း မဖြစ်၊ အပြစ်လည်း မဖြစ်။ ဒါကြောင့် ကောင်းကျိုးကို မျှော်လင့်ပြီး ကုသိုလ်ကောင်းမှုလည်း လုပ်စရာ မလိုတော့ပြီ။ အပါယ်လားမှာ တွေးကြောက်ပြီး ဒုစရိုက် မကောင်းမှုကို လုပ်ရမှာ ရှိုးတိုး ရှန့်တန့်လည်း ဖြစ်စရာ အကြောင်းမရှိတော့။

ကဲ … ဘယ်လောက် ကြောက်စရာ ကောင်းလိုက်တဲ့ ဝါဒလဲ။ သူရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်တွေ၊ ဆန်းစစ်မှုတွေကြောင့် နောက်လိုက်တွေ၊ သူ့ကို ယုံကြည်သူတွေ များလာတာနဲ့ အမျှ လက်မခံနိုင်သေးတဲ့ သူတွေကလည်း ဘာမှ မပြောသာတော့ဘူး။ လူအင်အား တောင့်တင်းတာက တစ်ကြောင်း၊ သူနဲ့ စကား ယှဉ်မပြောနိုင်တာက တစ်ကြောင်း၊ သူ့ထက်သာတဲ့ သက်သေ မတင်ပြနိုင်တာက တစ်ကြောင်းကြောင့် သူ့ကို ယှဉ်ရဲတဲ့သူ ဘယ်မှာလာ ရှိတော့မှာတုန်း။ တစ်တောင်ပေါ် တစ်တောင်ဆင့်ပြီး မြင့်သထက် မြင့်တဲ့ တောင်ဆိုတာတော့ ရှိစမြဲပါ။ သုတေသန ပေါင်းစုံ လုပ်ပြီး ကိုယ့်ကိုယ်ကို ဟုတ်လှပြီလို့ အထင်ရောက်နေတဲ့ မြို့စားကြီးရဲ့ အထင်ကတော့ သူလိုလူ ဇမ္ဗူမှာ ရှာမှရှားပေါ့။ သူတို့ခေတ် သူတို့ အခါကလည်း ဝါဒပြိုင်ပွဲတွေက များမှများ။ တရုတ်ကားတွေထဲမှာ သိုင်းလိုက်ပြိုင်သလို အိန္ဒိယမှာလည်း ဝါဒလိုက်ပြိုင်တဲ့ သူတွေကလည်း ပေါပါဘိသနဲ့။ ဘယ်သူ ပြိုင်ပြိုင် မယိုင်မလဲ အမြဲပဲ နိုင်နေတဲ့ ပါယာသိအနေနဲ့ ဝါဒက ခိုင်မြဲသထက် ခိုင်မြဲ လာပြီပေါ့။ ဒီလိုနဲ့ နေလာလိုက်တာ တစ်နေ့တော့ တုပြိုင်စံရှား ထောင်လွှားနေတဲ့ မြို့စားကြီး အဖို့ ဝါဒကိုအုတုပြီး ရန်ပြုဖို့ ရွှေဧည့်သည်တစ်ယောက် သေတဗျမြို့ပေါ် ရောက်လာချေပြီ။

ရည်ရွယ်ချက် ။ ။ စာဖတ်သူ အများစုဟာ ဗုဒ္ဓဘာသာဝင်တွေ ဖြစ်သလို အဲဒီအထဲက အများစုကလည်း မိရိုးဖလာတွေပါ။ အဲဒီလို မိရိုးဖလာ ဖာသိဖာသာ ဗုဒ္ဓဘာသာဝင်တွေ အခုလို မြို့စားကြီးနဲ့ တွေ့ရင် ဒုက္ခရောက်ကြတော့မှာ အမှန်ပါ။ လက်တွေ့ကျတဲ့ စမ်းသပ်ချက်တွေနဲ့ အခြေတည်ထားတဲ့ မြို့စားကြီးရဲ့ သုတေသန လုပ်ဆောင်ချက်တွေကို သိစေချင်တဲ့ ဆန္ဒနဲ့အတူ မြို့စားကြီးကို ဘယ်လိုများ စကားရည်လုပြီး အမှန်တရားဘက် စွဲဆောင်နိုင်သလဲဆိုတာကိုလည်း သင်ခန်းစာ ယူစေချင်ပါတယ်။ လေ့လာ မှတ်သားစေချင်ပါတယ်။ စာဖတ်သူ အနေနဲ့ နောက်ဆက်တွဲကို မဖတ်ခင် အခုလို မြို့စားကြီးရဲ့ လက်တွေ့ကျတဲ့ တင်ပြချက်ကို ဘယ်လိုများ ချေပရင် ကောင်းပါလိမ့်မလဲ ဆိုတာ စဉ်းစားကြည့်စေချင်တယ်။ ဒါမှလည်း အယူဝါဒတစ်ခုကို စုံမှိတ် အဟုတ်ထင်တတ်တဲ့ ဉာဏ်ကန်းဗုဒ္ဓဘာသာဝင် မဖြစ်မှာပါ။

ကိုးကား – ဒီဃနိကာယ်၊ သုတ်မဟာဝါပါဠိတော်၊ ပါရာသိရာဇသုတ်

(ဆက်ရန်)

ဟိုးတစ်ခေတ်က ကြေးနန်းရုံများ

၁၉ ရာစု ဝင်လာတယ် ဆိုတာနဲ့ ကမ္ဘာအရပ်ရပ်မှာ သိပ္ပံပညာဟာ အံ့မခန်း တိုးတက်လာလိုက်တာ အရှိန်က အခုထိ မသေသေးပါဘူး။ အထူးသဖြင့်တော့ အနောက်နိုင်ငံမှာပေါ့။ အဲဒီအထဲမှာ အံ့သြစရာ အကောင်းဆုံးနဲ့ လူဆိုတဲ့ ဂုဏ်ဒြပ်ကို ဆွဲတင်ပေးနိုင်ခဲ့တဲ့ တီထွင်မှုကတော့ ဆက်သွယ်ရေးပိုင်းပေါ့။ ဆက်သွယ်ရေးတွေ တဖြည်းဖြည်း ကောင်းလာလို့ သိပ္ပံပညာရဲ့ ကျက်စားရာကလည်း အနောက်နိုင်ငံကနေ ဘက်ပေါင်းစုံကို ပျံ့နှံ့ပြီး ပညာရေးစီးမှာ မျှောလိုက်နေကြတယ်။ တစ်နေရာဆီက တီထွင်မှုဟာ တခြားတစ်နေရာကို အချိန်တိုလေးအတွင်းမှာ ရောက်နိုင်ခဲ့လို့ တီထွင်မှုရဲ့ အကျိုးရလဒ်ကို တစ်ကမ္ဘာလုံးနီးပါး ခံစားကြရတယ်။ ဆက်သွယ်ရေး ကောင်းတာနဲ့အမျှ စီးပွားရေးမှာလည်း သွက်လက်မြန်ဆန်တဲ့ ရောင်းဝယ် ဖောက်ကားမှုတွေနဲ့အတူ ငွေကြေးလည်ပတ်မှုက ကမ္ဘာနိုင်ငံ အသီးသီးကို ဖြတ်သန်းစီးဆင်း နိုင်လာတယ်။ နိုင်ငံ အုပ်ချုပ်ရေးအပိုင်းက ကြည့်ရင်လည်း သတင်းအချက်အလက် သွက်လပ်မှုရဲ့ အသီးအပွင့်တွေကြောင့် အချိန်နဲ့လုပြီး အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လာတယ်။ ဒါတွေကို ကျနော် မြင်သလို ၁၈၇၀ ခုနစ်လောက် ကတည်းက မြန်မာနိုင်ငံက ကနောင်မင်းသားနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင် ခေါင်းဆောင်တဲ့ သိပ္ပံပညာရှင် အဖွဲ့က မမြင်ဘဲကို မနေပါဘူး။ ဒါကြောင့်လည်း ၁၈၇၇ ခုနစ်အထိ စာရင်းအရ မြို့ကြီး အသီးသီးမှာ ဆောက်လုပ်ထားတဲ့ ကြေးနန်းရုံပေါင်း (၁၇) ရုံထက် မနည်း ရှိနေပါတယ်။ အတိအကျ မပြောနိုင်တဲ့ အကြောင်းအရင်းကို အောက်မှာ ရှင်းပြပေးပါ့မယ်။ အဲဒီခေတ် အဲဒီအခါမှ ကမ္ဘာမှာ ခေတ်အမှီဆုံး ဆက်သွယ်ရေး ကိရိယာက ကြေးနန်းပဲလေ။ အဲဒီခေတ်က မြန်မာတွေ ဘယ်လောက် ခေတ်မီသလဲဆိုတာ သိနိုင်ဖို့ ကမ္ဘာ့ကြေးနန်းသမိုင်းကို ပြန်လှန်ကြည့်ရင် ပိုသိသာနိုင်ပါတယ်။ အကျဉ်းချုပ်လေး တင်ပြပါရစေ။

၁၈၀၉ ခုနစ်မှာ Samuel Thomas von Sömmering ဆိုတဲ့ လူဟာ ပထမဆုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့ပါတယ်။ အဲဒီ ကြေးနန်းစက်က ဓါတုပစ္စည်းတွေ အသုံးပြုတဲ့ စက်မျိုးဖြစ်တယ်။
၁၈၃၂ ခုနစ်မှာ Baron Schilling ဟာ သံလိုက်စက်ကွင်းသုံး ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၁၈၃၃ ခုနစ် Göttingen မြို့မှာ လက်တွေ့ အသုံးပြုနိုင်တဲ့ ကြေးနန်းကိရိယာကို Carl Friedrich Gauss နဲ့ Wilhelm Weber က တီထွင်ခဲ့တယ်။
၉ ဧပြီ ၁၈၃၉ ခုနစ်မှာ ကြေးနန်းရုံတွေကို စီးပွားဖြစ် မြို့တွေ ဆက်သွယ်ပြီး ပထမဆုံး အသုံးပြုနိုင်တယ်။ UK ရဲ့ Paddington ဘူတာကနေ West Drayton မြို့အထိ စုစုပေါင်း ၁၃ မိုင် အကွာအဝေးကို Sir William Fothergill Cooke က ကြေးနန်းသွယ်တန်း ပေးခဲ့တယ်။
၁၈၃၇ ခုနစ် အမေရိကန်နိုင်ငံမှာလည်း Samuel F. B. Morse က သူ့ဖာသာ သီးခြား ကြေးနန်းကိရိယာကို တီထွင်ခဲ့တယ်။
၂၄ မေ ၁၈၄၄ ခုနစ်မှာ အမေရိကားရဲ့ ပထမဆုံး ကြေးနန်းစာကို Morse က ပို့နိုင်ခဲ့တယ်။
၁၈ ဂျူလိုင် ၁၈၆၆ ခုနစ်မှာ ပထမဆုံးအနေနဲ့ အတ္တလန္တိတ်သမုဒ္ဒရာကို ဖြတ်ပြီး ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၈၇၀ ခုနစ်မှာ UK ကနေ အိန္ဒိယနိုင်ငံကို ကြေးနန်းသွယ်တန်းနိုင်တယ်။ အဲဒီအချိန်မှာ အိန္ဒိယဟာ အင်္ဂလိပ်ရဲ့ ကိုလိုနီနိုင်ငံ ဖြစ်နေပါပြီ။
၁၈၇၀ ခုနစ်မှာပဲ ဥရောပကနေ တရုတ်၊ ဟောင်ကောင် နဲ့ ဂျပန်အထိကို ကြေးနန်းလိုင်း ဆက်သွယ်ပါတယ်။
အောက်တိုဘာ ၁၈၇၂ ခုနစ်မှာ သြစတေးလျနိုင်ငံကို ကြေးနန်း သွယ်တန်းနိုင်ခဲ့တယ်။
၁၉၀၂ ခုနစ်မှာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ပြီး သွယ်နိုင်ခဲ့တာကြောင့် ကြေးနန်းဆက်သွယ်ရေးဟာ ကမ္ဘာတစ်ပတ် သွယ်နိုင်သွားပါတယ်။
၁၈၅၀ ခုနစ် စာရင်းအရ အနောက်နိုင်ငံမှာ ကြေးနန်းသွယ်တန်း စရိတ်က ကြေးနန်းရုံ တစ်ရုံစာကို ဒေါ်လာ ၄၀၀၀၀၀ (လေးသိန်း) ကျပြီး ကြေးနန်းကြိုးအတွက်က တစ်မိုင်ကို ဒေါ်လာ ၆၀၀ (ခြောက်ရာ) ပေးရတယ်။
ကဲ … ဒီလောက်ဆို ကမ္ဘာအရပ်ရပ်က ခေတ်ပြိုင်အခြေအနေကို အကျဉ်းလောက် သိရောပေါ့။ ဒါဆို ကျနော်တို့ ခေတ်မီခဲ့ဖူးတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပြန်ပြောင်း အောက်မေ့ကြည့်ရအောင်။

၁၈၇၀ ခုနစ် နှစ်ဦးပိုင်းမှာ မြန်မာနိုင်ငံဟာ ကြေးနန်းလိုင်းတွေကို စတင်ပြီး သွယ်တန်းနေပါပြီ။ အဲဒီ အချိန်မှာပဲ အာရှရဲ့ အင်အားကြီး နိုင်ငံတွေ ဖြစ်တဲ့ ဂျပန်၊ တရုတ်နဲ့ အိန္ဒိယ နိုင်ငံတွေကို ဥရောပနဲ့ ကြေးနန်းသွယ် နေတာကို နှိုင်းယှဉ်ကြည့်ရင် မြန်မာတွေဟာ သိပ္ပံအမြင်နဲ့ ပညာမှာ ခေတ်နဲ့အညီ သွားနေတယ်လို့ ပြောနိုင်ပါတယ်။ ပြန်ကောက်ကြဦးစို့။ အဲဒီလို ကြေးနန်းသွယ်တန်းတဲ့ နေရာ၊ အခြေအနေ နဲ့ ကြေးနန်းရုံတွေရဲ့ အနေအထားတွေကို သက်ဆိုင်ရာ အရာရှိတွေက ပုရပိုက်တွေနဲ့ ရေးသား လျှောက်တင်ရတယ်။ စာရင်းအရ အစိုးရနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၇၅ ဆူနဲ့ အရပ်သားနဲ့ ဆိုင်တဲ့ ကြေးနန်းပုရပိုက် အဆူပေါင်း ၅၁ ဆူ ရှိကြောင်း သိရပါတယ်။ ကျနော် အနေနဲ့ ရှိသမျှ ပုရပိုက်တွေ အကုန်လုံးကို ဖတ်ရလို့ ဖတ်ဖူးလို့ ဒီစာကို ရေးတာ မဟုတ်ပါဘူး။ ဒေါက်တာ မျိုးသန့်တင် ရေးတဲ့ ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ ဆိုတဲ့ စာအုပ်မှာ ကြေးနန်းပုရပိုက် တစ်ဆူအကြောင်း ပါလို့ ဖတ်ရင်း “အော် … ငါတို့ မြန်မာတွေ အတော်လေး ခေတ်မီခဲ့တာပဲ” လို့ တွေးမိတာကြောင့် မျှဝေလိုက်တာပါ။ ဆရာရေးတဲ့ ဆောင်းပါးထဲမှာ ပုရပိုက် နှစ်ဆူ အကြောင်းပဲ ပါပါတယ်။ အဲဒီ နှစ်ဆူတည်းပဲ သိရရုံနဲ့တင် အတော်လေး အားရမိပြီး ကုန်းဘောင်ခေတ်က ပြည်သူတွေအစား ဂုဏ်ယူမိလိုက်တယ်။ ကျနော် ဖတ်ထားရသလောက် ဖောက်သည်ချပါရစေ။

အင်းဝမြို့ ကြေးနန်းရုံပြပုံ နှင့် တောင်တွင်းကြီး လမ်းခွဲပြ ပုရပိုက်ပုံ
ပုရပိုက် နှစ်ဆူအရ ကြေးနန်လိုင်း လေးလိုင်းကို သိမှတ်လိုက်ရတယ်။ တစ်လိုင်းက မန္တလေးနန်းတော် အတွင်းကနေ ဒဂုန်မော်အထိ သွယ်တန်းထားပါတယ်။ စုစုပေါင်း ကြေးနန်းရုံပေါင်း ၉ ရုံနဲ့ အကွာအဝေး တာပေါင်း ၁၀၃၃၄၅ (၂၁၁.၂ မိုင်ကျော်) ရှိပါတယ်။ လမ်းတစ်လျှောက် ကြေးနန်းရုံ ရှိတဲ့ မြို့တွေကို အစီအစဉ်လိုက် တင်ပြရရင်

  1. မန္တလေးနန်းတွင်းမှာ တစ်ရုံ၊
  2. မန္တလေးမြို့တွင်းမှာ တစ်ရုံ၊
  3. သပြေတန်းခံတပ်အနီးမှာ တစ်ရုံ၊
  4. အင်းဝမှာ တစ်ရုံ၊
  5. မြင်းခြံမှာ တစ်ရုံ၊
  6. ပုဂံမှာ တစ်ရုံ၊
  7. ရေနံချောင်းမှာ တစ်ရုံ၊
  8. တိုင်ပျောက်မှာ တစ်ရုံ၊
  9. ဒဂုန်မော်မှာ တစ်ရုံ

ရှေးရှေးက ကြေးနန်းရုံကို ကြေးနန်းဓါတ်ရုံလို့ သုံးနှုန်းပါတယ်။ မန်း-ဒဂုန်မော် လိုင်းကို ဖောက်တော့ မြစ်ချောင်းပေါင်း (၂၀) ကို ကျော်လွှား ဖောက်လုပ်ရတယ်လို့ မှတ်တမ်း တင်ထားပါတယ်။

နောက်ပြီး တိုင်ပျောက် ဓါတ်ရုံကနေ တောင်တွင်းကြီး ဘက်ကို လမ်းခွဲပြီး ကြေးနန်းလိုင်း တစ်လိုင်း ရှိသေးကြောင်း မြေပုံအရ သိရပေမယ့် တောင်တွင်းကြီးကြားက ဘယ်မြို့တွေမှာ ကြေးနန်းရုံတွေ ရှိသလဲ ဆိုတဲ့ စာရင်းအထောက်အထား မတွေ့ရသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁၄၀ လောက်က အခြေအနေနဲ့ မိုင် ၂၀၀ ကျော် ခရီးကို မြစ်ချောင်း (၂၀) ဖြတ်ပြီး ကြေးနန်းလိုင်း သွယ်ဖို့ ဆိုတာ ဘယ် လွယ်လိမ့်မလဲ။ နောက်ပြီး အဲဒီ ခေတ်မှာ နာမည်ကြီးတဲ့ ခံတပ်ရွာဖြစ်တဲ့ သပြေတန်းခံတပ် ကို ကြေးနန်းသွယ်ထားသလို ဂွေးချောင်းခံတပ်ကိုလည်း ကြေးနန်းသွယ်ထားကြောင်း ပုရပိုက် တစ်ဆူအရ သိရပါတယ်။ ပိုပြီး အံ့သြ ချီးကျူးဖို့ ကောင်းတာက အဲဒီ ဂွေးချောင်း ခံတပ်ကို မင်းလှဓါတ်ရုံကနေ သွယ်ထားပြီး ရေအောက် ကြေးနန်းကြိုးနဲ့ သွယ်ထားတယ်လို့ သိရတော့ ခေတ်မီလိုက်လေခြင်း လို့ မပြောဘဲကို မနေနိုင်တော့ပါဘူး။

နောက် ချီးကျူးဖို့ ကောင်းတာ ရှိပါသေးတယ်။ တောအထပ်ထပ် တောင်အထပ်ထပ်ကို ဖြတ်ကျော်ပြီး ရှမ်းပြည်နယ် မိုးနဲမြို့ နဲ့ မိုးဗြဲမြို့ ကို သွယ်ထားတဲ့ လိုင်းကို တွေ့လိုက်ရတော့ နောက်တချီ သြချလိုက်မိတယ်။ ပုရပိုက် အထောက်အထားအရ ကျောက်ဆည်မြို့ကနေ စပြီး မိုးနဲ မြို့အထိက တစ်လိုင်း၊ ကြားမြို့ ကျောက်ထပ်ကနေ လမ်းခွဲပြီး မိုးဗြဲမြို့ အထိက နောက်တစ်လိုင်း၊ နှစ်လိုင်းပေါင်း တာ ၁၀၀၆၇၀ (၂၀၅ မိုင်ကျော်) အကွာအဝေးကို သွယ်တန်းထားတယ်။ ဒီလိုင်း နှစ်ကြောင်းပေါ်မှာ ဓါတ်ရုံပေါင်း (၈) ရုံနဲ့ လမ်းမှာ ထောင်တဲ့ တိုင်ပေါင်း ၆၈၀၀ ရှိပါတယ်။

  1. ကျောက်ဆည်မှာ တစ်ရုံ၊
  2. ရွာငံမှာ တစ်ရုံ၊
  3. ကျောက်ထပ်မှာ တစ်ရုံ၊
  4. ညောင်ရွှေမှာ တစ်ရုံ၊
  5. နောင်မွန်မှာ တစ်ရုံ၊
  6. မိုးနဲမှာ တစ်ရုံ။

ကျောက်ထပ်ကနေ လမ်းခွဲပြီး

  1. ကြံ့ကုန်မှာ တစ်ရုံ
  2. မိုးဗြဲမှာ တစ်ရုံ

အထက်က ပြထားတဲ့ ရှမ်းပြည်နယ်ရောက် ကြေးနန်းလိုင်းဟာ ၁၈၇၇ ခုနစ်မှာ အပြီးသတ် သွယ်တန်းပြီးပြီ ဆိုတာ သိရပါတယ်။ သမိုင်းနောက်ခံအရ ပြန်ကြည့်ရမယ်ဆိုရင် မြန်မာပြည်ရဲ့ ထက်ဝက်ဖြစ်တဲ့ အောက်မြန်မာပြည်ကို ပိုင်ဆိုင်ပြီး ဖြစ်တဲ့ အင်္ဂလိပ်ရန်ဟာလည်း နေ့အလား ညအလား အန္တရာယ် ကျရောက်နိုင်ပါတယ်။ အဲဒီအချိန်မှာ မြန်မာပြည်နဲ့ ခေတ်ပြိုင် အင်အားတောင့်တင်းတာ ဆိုလို့ ရှမ်းပြည်ပဲ ရှိပါတယ်။ ရှမ်းစော်ဘွားတွေပေါ့။ အဲဒီအချိန်က ရှမ်းစော်ဘွားတွေက မြန်မာပြည်ကို မဟာမိတ်အနေနဲ့ ဆက်ဆံနေတဲ့ အစိုးရ အသေးစားလေးတွေပါ။ အခြေအနေအရ သိသင့်တဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ သိနိုင်အောင်လို့ ရှမ်းပြည်မြို့တွေနဲ့ ကြေးနန်း သွယ်တန်း ထားတယ်လို့ ယူဆရပါတယ်။ ဒါမှ အရေးကြုံလာရင် အပြန်အလှန် ထောက်ပံ့လို့ရမယ်လေ။ ရှမ်းပြည်အနေနဲ့ ကြေးနန်း သွယ်တန်းခွင့် ပြုခြင်းကလည်း မြန်မာဘုရင်သာ အင်္ဂလိပ်ကို လက်နက်ချလိုက်ရရင် သူ့အနေနဲ့ ဘယ်လိုမှ တောင့်မခံနိုင်ဘူးဆိုတာ သိထားပြီး ဖြစ်လို့ နေပါလိမ့်မယ်။

၁၈၇၇ ခုနစ်လောက်မှာ ဒီ ကြေးနန်းလိုင်း လေးလိုင်းထက်မက ရှိနေမယ်လို့ ကျနော် ယုံကြည်ပါတယ်။ ဘာလို့လဲဆိုတော့ မြန်မာနိုင်ငံရဲ့ ဆန်အိုးကြီးတွေကို တင်စားရတဲ့ မြစ်ကြီးနား-ဗန်းမော် နယ်နဲ့ ရွှေဘို-မုံရွာ-ဒီပဲယင်း နယ်တွေ မပါသေးလို့ပါ။ နောက်ပြီး အဲဒီခေတ်ကတည်းက ပြည်တန်တဲ့ ကျောက်မျက်တွေ တဖြိုင်ဖြိုင် ထွက်နေတဲ့ မိုးကုတ်နယ်ကိုလည်း သွယ်တန်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အုပ်ချုပ်ရေးပိုင်းအရ ကြည့်မယ်ဆိုရင် ကြေးနန်းရုံ တစ်ရုံစီမှာ အုပ်ချုပ်ဖို့ တစ်ယောက်စီ ထားထားတာ တွေ့ရပါတယ်။ နောက်ပြီး လမ်းပိုင်း တစ်ပိုင်းစီအတွက် ထိန်းသိမ်း စောင့်ရှောက်ဖို့ လူတွေ အသီးသီး ခန့်ထားတဲ့ အထောက်အထားလည်း တွေ့ရပါတယ်။ လမ်းက တိုင်တွေ ယိမ်းယိုင်လို့ ပြုပြင်ဖို့ အစီရင်ခံတဲ့ ပုရပိုက်တွေ တွေ့ရပါတယ်။ သဘောအရဆို ကြေးနန်းလိုင်း လမ်းကြောင်းတလျှောက် အမြဲ စောင့်ကြည့်နေတဲ့ လူတွေလည်း ရှိဖို့ လိုတာပေါ့။ ကြေးနန်းကြိုး သွယ်တန်းနိုင်ဖို့ တိုင်ထောင်တဲ့ နေရာမှာလည်း ကျွန်းတိုင်ကို မြေကြီးမှာ ခိုင်မြဲအောင် တွင်းတူးပြီး အင်္ဂတေမန်တာ သိရတော့ ရေရည်အတွက် စနစ်တကျ လုပ်တတ်ကြောင်း သိရပါတယ်။ တိုင်တစ်တိုင်အတွက် အဖိုးအခကလည်း မသေးလောက်ဘူး။ ကျနော် ဟိုအပေါ်က ဖော်ပြထားတဲ့ စရိတ်တွေနဲ့ တွက်ချက်ကြည့်မယ်ဆိုရင် ကြေးနန်းအတွက် ကုန်ကျမယ့် စရိတ်က အတော်လေး မသေးပါဘူး။ နောက်ပြီး ထိန်းသိမ်းစရိတ်လည်း မသေးလောက်ဘူး။ ဒါကို အကုန်အကျခံပြီး အမြော်အမြင် ရှိရှိ အကောင်အထည်ဖော်ခဲ့တဲ့ ကနောင်မင်းသားကြီးနဲ့ ယောအတွင်းဝန် ဦးဘိုးလှိုင်ကို မလေးစားဘဲကို မနေနိုင်လောက်အောင် ဖြစ်မိပါတယ်။

စာပိုဒ်ထဲက ဦးဆောင်ဝါကျ

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၂၅ ရက် (သောကြာနေ့)

စာပိုဒ်ဖွဲ့ရာတွင် စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ထင်ထင်ရှားရှား ဖော်ပြနေသော ၀ါကျတစ်ခုပါလေ့ ရှိပါသည်။ ထိုဝါကျဖြင့် ဖော်ပြသောဆိုလိုချက်ကို ပေါ်လွင် ထင်ရှားလာအောင် ကျန်ဝါကျများက အသေးစိတ် အချက်အလက်များဖြင့် ၀ိုင်းဝန်း ထောက်ကူလေ့ရှိကြပါသည်။ စာပိုဒ်တစ်ပိုဒ်လုံး၏ ဆိုလိုချက်ကို ဖော်ပြသည့် ၀ါကျသည် စာပိုဒ်ကို ဦးဆောင်နေသည့်အတွက် ထိုဝါကျကို “ဦးဆောင်ဝါကျ” ဟု ခေါ်လေ့ရှိပါသည်။

ဦးဆောင်ဝါကျတွင်ပါသော အဓိက အချက်ကို ကျန်ဝါကျများက အသေးစိတ် ရှင်းလင်း ချဲ့ထွင်ခြင်းဖြင့် စာပိုဒ်တစ်ပိုဒ် ပုံပေါ်လာခြင်း ဖြစ်ပါသည်။ သာဓက ဆောင်ပါမည်။
ဦးလတ်သည် ၁၉၁၂ ခုနစ်မှ ၁၉၂၀ ပြည့်နှစ်အထိ ၇ နှစ်အတွင်းတွင် ကာလပေါ် ၀တ္ထုလေးပုဒ် ရေးခဲ့သည်။ ရှေးဦးစွာ စံပယ်ပင်ဝတ္ထုကို ရေးသည်။ ထို့နောက် ရွှေပြည်စိုး၊ ထို့နောက် သုံးဘုံ၊ ထို့နောက် တစ်နန်းပျော်ရင်သွေးတော်ကို ရေးသည်။ စံပယ်ပင်ကို ၁၉၁၂ ခုနစ်တွင် ထုတ်ဝေသည်။ ရွှေပြည်စိုးကို ၁၉၁၄ ခုနစ်တွင် ထုတ်ဝေသည်။ သုံးဘုံကို အစိုးရထုတ် တိုင်းကျိုးသတင်းစာ၌ ၁၉၁၄ ခုနစ်မှစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ စာတစ်အုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခြင်း မပြုခဲ့ချေ။ တစ်နန်းပျော်ရင်သွေးတော်ကို ပြည်မြို့ထုတ် ပျော်တော်ဆက်မဂ္ဂဇင်းတွင် ၁၉၂၀ ပြည့် နှစ်ဦးလောက်ကစ၍ အပတ်စဉ် ထည့်သွင်းခဲ့သည်။ ထိုဝတ္ထုကို ရေးစဉ်တွင် ဦးလတ် အနိစ္စရောက်သည်။
ထိုစာပိုဒ်၏ အဓိက ဆိုလိုချက်သည် ဦးလတ်ရေးခဲ့သော ၀တ္ထုများအကြောင်းပင် ဖြစ်သည်။

ထိုအကြောင်းကို ခြုံ၍ဖော်ပြသော ပထမဆုံး ၀ါကျသည် စာပိုဒ်၏ ဦးဆောင်ဝါကျ ဖြစ်သည်။ ဦးဆောင်ဝါကျတွင် ဖော်ပြသော အဓိကအချက်ကို နောက်က ၀ါကျ ခုနစ်ခုဖြင့် အသေးစိတ် ရှင်းလင်း ဖော်ပြကာ အဓိက အချက်ကို ထင်ရှားစေသည်။ (နောက်ဆုံး ၀ါကျမှာမူ ရှေ့က ပြောခဲ့သော အချက်များကို နိဂုံးချုပ်လိုက်သော ၀ါကျဖြစ်သည့်အတွက် ထိုဝါကျကို “နိဂုံးဝါကျ” ဟု ခေါ်လေ့ရှိပါသည်။ နိဂုံးဝါကျအကြောင်း သီးသန့် ဆွေးနွေးပါဦးမည်။) အောက်ပါ စာပိုဒ်ကို ကြည့်ပါဦး။

ယနေ့ ပညာရပ်ကို အကြမ်းအားဖြင့် အနုပညာနှင့် သိပ္ပံပညာဟူ၍ ခွဲခြားကြသည်။ အနုပညာသည် စိတ်ကူးပညာဖြစ်၍ ၀တ္ထု၊ ကဗျာ၊ ဂီတ၊ ပန်းချီ၊ ပန်းပု၊ သဘင် စသော တီထွင် ဆန်းသစ်သည့် ပညာရပ်များ ပါဝင်လာသည်။ သိပ္ပံပညာသည်ကား လက်တွေ့ စူးစမ်း တွေ့ရှိချက်များ ဖွဲ့စည်း၍ ဖြစ်ပေါ်လာသော ပညာရပ်ဖြစ်သည်။ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ ဘူမိဗေဒ၊ ဇီဝဗေဒ၊ စက်မှုအတတ် စသည်ဖြင့် များမြောင်လှပေသည်။ အနုပညာနှင့် သိပ္ပံပညာတို့သည် သဘာဝအားဖြင့် ခြားနားခြင်း ရှိကြသည်။ အနုပညာသည် စိတ်ကူးမှုကို အခြေခံ၍ သိပ္ပံပညာသည် လေ့လာမှုကို အခြေခံပေသည်။ သို့သော် အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်ခြင်းများလည်း ရှိပေသည်။

အနုပညာနှင့် သိပ္ပံပညာဟူသော ပညာရပ် နှစ်မျိုး၏ အကြောင်းကို အဓိက ဖော်ပြသော ဤစာပိုဒ်တွင် ပထမ၀ါကျသည် ဦးဆောင်ဝါကျဖြစ်သည်။ ကျန်ဝါကျသည် ဦးဆောင်ဝါကျ၌ ဖော်ပြသော အချက်ကို အသေးစိတ် ရှင်းလင်းပြထားသည်။ (နောက်ဆုံး ၀ါကျမှာမူ စာပိုဒ်ကို အဆုံးသတ် နိဂုံးချုပ်ရုံမက “အနုပညာနှင့် သိပ္ပံပညာ ဆက်စပ်မှု” ဟူသော အချက်ကို နောက်အပိုဒ်တွင် ဖော်ပြရန် အရှိန်ယူ လမ်းခင်းပေးရာလည်း ရောက်ပါသည်။ ဤစာပိုဒ်ကို နောက်လာမည့် စာပိုဒ်နှင့် ဆက်စပ်ပေးသည့်ဝါကျ ဖြစ်ပါသည်။)

ကျောင်းသားများသည် စကားပြေ အရေးအသား လေ့ကျင့်ရာတွင် စနစ်တကျ စာပိုဒ်ဖွဲ့တတ်စေရန်အတွက် ၀ါကျတစ်ခုပေးထားပြီး ထိုဝါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့ခိုင်းခြင်းဖြင့် လေ့ကျင့်ပေးနိုင်ပါသည်။ “ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်” ဟူသော ၀ါကျကို ဦးဆောင်ဝါကျအဖြစ် အသုံးပြုပြီး စာပိုဒ်ဖွဲ့မည် ဆိုပါစို့။

ဆရာလှသည် စာသင်ကောင်းသော မြန်မာစာ ဆရာတစ်ဦး ဖြစ်သည်။ ဆရာသည် ကဗျာသင်ရာတွင် ကဗျာစာဆို၏ ဘ၀ဖြစ်ရပ်ကို ကဗျာနှင့် ဆက်စပ်ပြကာ နိဒါန်းချီသည်။ ထို့နောက် ကဗျာကို ဌာန်ကရိုဏ်း ကျစွာ ရွတ်ဖတ်ပြသည်။ ထို့နောက် ကဗျာ့ အဓိပ္ပါယ်ကို အသေးစိတ် ရှင်းပြသည်။ အဘယ်ကြောင့် ကဗျာကောင်း တစ်ပုဒ် ဖြစ်ရကြောင်းလည်း အကျိုးအကြောင်း ဆက်စပ် ရှင်းလင်းပြသည်။ ကျွန်တော်တို့၏ ရင်ထဲတွင် စွဲငြိသွားစေနိုင်လောက်သည့် အဖွဲ့အနွဲ့ ကောင်းများကိုလည်း ဖော်ထုတ်ပြသည်။ ဆရာ စကားပြေသင်ပြီ ဆိုလျှင်လည်း ထိုနည်းတူ စိတ်ဝင်စားဖွယ် ကောင်းသည်ပင်ဖြစ်သည်။ စကားပြေ အရေးအသား ကောင်းပုံများကို ကျွန်တော်တို့ မြင်သာအောင် ထောက်ပြသည်။ ဆရာသည် အသံသြဇာနှင့်လည်း ပြည့်စုံသည်။ အာဝဇ္ဇန်းလည်း ကောင်းသည်။ စာပေလည်း နှံ့စပ်သည်။ ထို့ကြောင့် ကျွန်တော်တို့၏ စိတ်သည် ဆရာ့ သင်ပြမှုနောက်သို့ လိုက်ပါ နစ်မျော သွားသည်အထိ စိတ်ဝင်စားကြမြဲ ဖြစ်ပါသည်။

ကျောင်းသားက ဤပုံ ဤနည်းအတိုင်း ဆရာအသင်အပြ ကောင်းပုံကို အသေးစိတ် ရှင်းလင်းကာ စာပိုဒ် ဖွဲ့နိုင်ပါသည်။ ကိုယ်စိတ်ကူးရသလို ရေးမည် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် အသေးစိတ် အချက်အလက်ချင်း ကွာခြားမည်ပင် ဖြစ်သည်။ သို့သော် “ဆရာလှ၏ အသင်အပြကောင်းပုံ” ဟူသော အဓိက ဆိုလိုချက်သို့မူ ရောက်မည်ချည်းပင်။

ယခု ပြခဲ့သော သာဓကများတွင် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ပထမဆုံး ၀ါကျချည်း ဖြစ်နေပါသည်။ ဦးဆောင်ဝါကျသည် စာပိုဒ်၏ နောက်ဆုံးဝါကျလည်း ဖြစ်နိုင်ပါသည်။

ကျွန်တော်တို့အိမ်သည် ရွာထိပ်က တောင်ကုန်းကလေးပေါ်တွင် ရှိသည်။ မြွေလိမ်မြွေကောက် ဖောက်ထားသော လမ်းကလေးအတိုင်း တက်လာလျှင် ကျွန်တော်တို့ အိမ်သို့ ရောက်မည်ဖြစ်သည်။ အိမ်ပတ်ဝန်းကျင်တွင် အလှစိုက်ထားသော ပန်းမျိုးစုံတို့သည် ဝေေ၀ဆာဆာ ပွင့်လျက်ရှိသည်။ သာသာကလေး တိုက်ခတ်လျက်ရှိသော လေပြည်လေညင်း၏ အထိအတွေ့ နှင့်အတူ လေထဲတွင် ပါလာသော ပန်းရနံ့များကို ရှူရှိုက်ရသည်မှာ စိတ်ကြည်လင် လန်းဆန်းဖွယ် ဖြစ်သည်။ လမ်းကလေးအတိုင်း တဖြည်းဖြည်း တက်လာပြီး လှမ်းကြည့်လိုက်မည် ဆိုလျှင် အပြာနုရောင် ဆေးသုတ်ထားသော အိမ်ကလေးကို တွေ့မြင်ရမည် ဖြစ်သည်။ ကျွန်တော်တို့ အိမ်ကလေးကား သာယာအေးချမ်းလှသော အိမ်ဂေဟာကလေး ဖြစ်ပါသည်။

ဤစာပိုဒ်တွင် နောက်ဆုံးဝါကျသည် ဦးဆောင်ဝါကျ ဖြစ်ပါသည်။ အိမ်ကလေး သာယာ အေးချမ်းပုံဟူသော အဓိက ဆိုလိုချက်ကို ဖော်ပြသောကြောင့် ဖြစ်သည်။ ရှေ့ဝါကျများမှာ ထို အဓိက ဆိုလိုချက်ကို အသေးစိတ် ပုံဖော်သော ၀ါကျများ ဖြစ်ပါသည်။

ဦးဆောင်ဝါကျသည် စာပိုဒ်၏ အထိန်းအကွပ် သဖွယ် ဖြစ်သည့်အတွက် ဦးဆောင်ဝါကျကို မူတည်ပြီး စာပိုဒ်ဖွဲ့လျှင် ပို၍ မြင်သာပါသည်။ စနစ်လည်း ကျပါသည်။

သို့သော် စာပိုဒ်တိုင်း ဦးဆောင်ဝါကို ပါရမည်ဟု ပုံသေ မမှတ်ယူနိုင်ပါ။ များသောအားဖြင့် ဦးဆောင်ဝါကျ ပါသည်ကား မှန်ပါ၏။ သို့သော် စာပိုဒ်၏ ဆိုလိုချက်ကို ၀ါကျအားလုံးက တစ်ပြေးညီ ၀ိုင်းဝန်း ထောက်ကူသည့်အခါတွင်မူ ဦးဆောင်ဝါကျ မပါဘဲ နေတတ်ပါသည်။ ကြည့်ပါ။

လူငယ်သည် တက်ကြွ၏။ ရွှင်လန်း၏။ အများအကျိုး ဆောင်ရွက်လိုစိတ် ထက်သန်၏။ စွန့်စားချင်တတ်၏။ စူးစမ်း ရှာဖွေရန် စိတ်ဝင်စား၏။ အစုအဝေး အသင်းအဖွဲ့နှင့် ဆောင်ရွက်ရခြင်းကို နှစ်သက်၏။ အမှန်တရားကို မြတ်နိုး၏။ စိတ်ကူးလည်း ယဉ်တတ်၏။

ဤစာပိုဒ်တွင် လူငယ်၏ သဘောဘဘာဝကို အဓိက ဖော်ပြထားသည်။ ထိုအဓိက ဆိုလိုချက် ထင်ရှားအောင် ၀ါကျအသီးသီးက ၀ိုင်းဝန်း ထောက်ကူပေးသည်။ လူငယ်၏ သဘာဝကို ဖော်ပြသော အချက်တစ်ချက်စီကို ၀ါကျတစ်ခုစီဖြင့် ဖော်ပြသည်။ ၀ါကျအားလုံး တန်းတူရည်တူ သဘောဆောင်သည်။ ထို့ကြောင့် ဦးဆောင်ဝါကျဟူ၍ သီးသီးသန့်သန့် မပါဝင်ကြောင်း တွေ့နိုင်ပါသည်။

ဦးဆောင်ဝါကျသည် စာပိုဒ်၏ အစတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ အဆုံးတွင် ရှိနိုင်ကြောင်းလည်း ဖော်ပြခဲ့ပြီးပါပြီ။ သို့ဖြစ်လျှင် စာပိုဒ်၏ အလယ်တွင်ကော ဦးဆောင်ဝါကျ မရှိနိုင်ဘူးလားဟု မေးစရာရှိပါသည်။ အလယ်မှာ ထားလျှင်လည်း ရပါလိမ့်မည်။ သို့သော် ရှေ့ဆုံး၊ နောက်ဆုံးလောက် မထင်ရှားပါ။ အဓိက ဆိုလိုချက်ကို အရင်ဆုံး ပြောချင်လျှင် ဦးဆောင်ဝါကျက ရှေ့ဆုံးမှာ ရှိပါလိမ့်မည်။ အဓိက ဆိုလိုချက်ကို နောက်ဆုံးပြောချင်လျှင် ဦးဆောင်ဝါကျက နောက်ဆုံးမှာ ရှိပါလိမ့်မည်။ ဤ နှစ်နေရာသည် ဦးဆောင်ဝါကျ ထားလေ့ရှိသည့် နေရာများ ဖြစ်ပါသည်။

အချုပ်အားဖြင့် ဦးဆောင်ဝါကျသည် စာပိုဒ်၏ ဆိုလိုချက်ကို ဖော်ပြသော ၀ါကျဖြစ်ကြောင်း၊ ဤ ၀ါကျများသည် ဦးဆောင်ဝါကျတွင် ပါဝင်သည့်အချက်ကို အကျယ်ချဲ့၍ ရှင်းလင်းသော ၀ါကျများဖြစ်ကြောင်း မှတ်သားရန် ဖြစ်ပါသည်။

ဤပို့စ်ကို ငယ်ပေါင်းကြီးဖော် မြန်မာစာ နှင့် အရေးအသားပြဿနာများ – မောင်ခင်မင် (ဓနုဖြူ) စာအုပ်မှ ထုတ်နုတ် ဖော်ပြပါသည်။

ထပ်မံ ဖတ်ရှုစေလိုသော ပို့စ်များ
စာပိုဒ်ဖွဲ့ခြင်း
– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ
– ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်


စာပိုဒ်ဖွဲ့ခြင်း

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၂၃ ရက် (ဗုဒ္ဓဟူးနေ့)

အရင်တစ်နေ့က ဂျီတော့မှာ ညီမ မွန်က မြန်မာစာရေးတဲ့အခါမှာ စာပိုဒ်ခွဲတာနဲ့ ပတ်သက်ပြီး သိချင်တယ်လို့ ပြောလာတာကြောင့် မြန်မာစာ ရေးသားနည်းအကြောင်း ရေးထားတဲ့ စာအုပ်တွေကို ပြန်မွှေရင်း ဒီစာအုပ်ကလေးကို ပြန်တွေ့တယ်။ စာအုပ်နာမည်က မောင်ခင်မင် (ဓနုဖြူ) ရေးတဲ့ ငယ်ပေါင်းကြီးဖော် မြန်မာစာနှင့် အရေးအသား ပြဿနာများ ဖြစ်ပါတယ်။ အခု ဒီစာအုပ်ထဲမှာ စာပိုဒ်ခွဲနည်းနဲ့ ပတ်သက်ပြီး ဆောင်းပါးတို လေးပုဒ် ခွဲပြီး တင်ပြထားပါတယ်။ ကျနော်လည်း အဲဒီလေးပုဒ်ကို ပို့စ်လေးခု အနေနဲ့ ခွဲပြီး စာအုပ်ထဲက အတိုင်း ပြန်ရိုက်ပြီး အသိပညာ လက်ဆင့်ကမ်းပေးလိုက်ပါတယ်။

စာတစ်မျက်နှာလုံး တစ်ပြင်ကြီးရေးလျှင် ကြည့်မကောင်းသည့်အတွက် အမြင်ရှင်းအောင် ၀ါကျလေးခုတစ်ပိုဒ်၊ ငါးခုတစ်ပိုဒ် စသည်ဖြင့် စာပိုဒ်ခွဲသည့် အလေ့ကို အချို့က ကျင့်သုံးကြသည်။ အချို့လည်း ရေးသည့်အကြောင်းအရာအရ မဟုတ်ဘဲ ရေးရင်းရေးရင်း ရှည်သွားပြီဟု ထင်သည့်နေရာတွင် “ဒီနေရာတော့ စာပိုဒ်ခွဲမှပဲ” ဟူသော စိတ်ကူးဖြင့် စာပိုဒ်ခွဲလိုက်သည့် အလေ့မျိုးကို ကျင့်သုံးကြသည်။ ကျောင်းသားလောကတွင် သာမက ယနေ့ ပုံနှိပ်ထုတ်ဝေနေသော စာအုပ်စာတမ်းများတွင်လည်း ထိုအလေ့မျိုးကို တွေ့ရတတ်ပါသည်။

စာပိုဒ်ခွဲခြင်းသည် ကြည့်မကောင်းမှာစိုး၍ ကြည့်ကောင်းအောင် ခွဲခြမ်းလည်း မဟုတ်။ ရှည်မှာစိုး၍ မရှည်အောင် ခွဲခြင်းလည်း မဟုတ်။ “ဆိုလိုချက် တစ်ချက်လျှင် စာတစ်ပိုဒ် ခွဲသည်” ဟူသော စနစ်ဖြင့် အဓိပ္ပာယ်ရှိရှိ ခွဲခြင်းသာဖြစ်သည်ဟူသော အသိတရားကို ကျောင်းသားဘ၀ကတည်းက စွဲမြဲစွာ မှတ်သားပြီး လိုက်နာ ဆောင်ရွက်မည် ဆိုပါက စနစ်တကျ စာပိုဒ်ခွဲ ရေးတတ်သည့် အလေ့အကျင့်မျိုး တစ်သက်လုံး စွဲမြဲသွားမည် ဖြစ်ပါသည်။

ဤနေရာတွင် အဓိက အရေးကြီးသော အချက်တစ်ချက်ကို ဖော်ပြလိုပါသည်။ စာပိုဒ်တစ်ပိုဒ်မှာ ပါရမည့် ဆိုလိုချက်တစ်ချက်ဆိုသည်မှာ အဘယ်နည်း။ သာဓကအဖြစ် အောက်ပါစာပိုဒ်ကို ပြလိုပါသည်။

ထန်းပင်သည် လူတို့အတွက် အသုံးဝင်သော အပင်တစ်မျိုး ဖြစ်ပေသည်။ ထန်းရည်ကို သောက်နိုင်သည်။ ထန်းလျက် ချက်နိုင်သည်။ ထန်းသီးကို စားနိုင်သည်။ မုန့် လုပ်နိုင်သည်။ ထန်းရွက်ကို အမိုးအကာ လုပ်နိုင်သည်။ ပေ၊ ယပ်တောင်၊ ဖျာ၊ တောင်း၊ ပလုံး၊ ဦးထုပ် လုပ်နိုင်သည်။ ထန်းလက်ကို ကြိုးလုပ်နိုင်သည်။ ထန်းသားကို တိုင်၊ ရေတံလျှောက်၊ လှေ စသည်တို့ လုပ်နိုင်သည်။ အိမ်တစ်ဆောင် ဆောက်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတစ်ပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။

ဤစာပိုဒ်ကို ဖတ်ကြည့်လျှင် အဓိက ဆိုလိုချက် တစ်ချက်သာ ပါဝင်ကြောင်း တွေ့နိုင်ပါသည်။ ထိုအချက်သည် ထင်ရှားသိသာမှုလည်း ရှိပါသည်။ “ထန်းပင်သည် လူတို့အတွက် အသုံးဝင်သောအပင် ဖြစ်သည်” ဟူသော အချက်ဖြစ်သည်။ ဤစာပိုဒ်က မည်သည့်ဆိုလိုချက်ကို ဖော်ပြသနည်းဟု မေးလျှင် ထန်းပင်၏ အသုံးဝင်မှုကို ဖော်ပြသည်ဟု ဖြေရပါလိမ့်မည်။ ဤစာပိုဒ်တွင် ပါဝင်သော ၀ါကျအားလုံးက ဤဆိုလိုချက်ကို ဦးတည်ဖော်ပြနေကြောင်း တွေ့နိုင်ပါသည်။ ဤစာပိုဒ်ကို အောက်ပါအတိုင်း ဆက်ရေးသည် ဆိုပါစို့။

အိမ်တစ်ဆောင် ဆောက်လုပ်ရာ၌ အခြင်တန်းနှင့် ကြမ်းခင်းမှတပါး ကျန်ပစ္စည်းများကို ထန်းပင်မှရသော ပစ္စည်းများဖြင့် ပြုလုပ်နိုင်သည် ဟူ၍ပင် အဆိုရှိလေသည်။ ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာတစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်။ ထို အစားအစာကား ထန်းလျက်ပင်ဖြစ်သည်။ ထန်းလျက်ကို ထန်းရည်မှ ရရှိသည်။ ထန်းရည်အချိုနှင့် ထန်းရည်အခါးဟူ၍ နှစ်မျိုးရှိသည်။ ထန်းရည်အချိုကို ကျိုချက်ပါက ထန်းလျက်ကို ရရှိသည်။ ထန်းလျက်သည် မြန်မာတို့ နှစ်သက်စွာ စားသုံးလေ့ရှိသော သရေစာတစ်မျိုးဖြစ်သည်။

ဤစာပိုဒ်တွင် ဆိုလိုချက်သည် နောက်တစ်မျိုး ပြောင်းသွားကြောင်း သတိပြုမိနိုင်ပါသည်။ ထန်းပင်တစ်ပင်လုံး အသုံးဝင်ပုံကို ပြောနေရာမှ ထန်းလျက်အကြောင်းသို့ ပြောင်းသွားခြင်းဖြစ်သည်။ ထို့ကြောင့် “ဆိုလိုချက်တစ်ချက်လျှင် စာပိုဒ်တစ်ပိုဒ် ခွဲရေးရမည်” ဟူသော စနစ်အရ ထန်းလျက်အကြောင်း အစချီသော “ထိုမျှ အသုံးဝင်သော ထန်းပင်မှ မြန်မာ့ရိုးရာ အစားအစာ တစ်ခုကိုလည်း ထုတ်လုပ်နိုင်သည်” ဟူသော ၀ါကျမှစ၍ စာပိုဒ်အသစ် ခွဲရေးရမည် ဖြစ်သည်။ ထန်းလျက်အကြောင်း ရေးပြီး ထန်းသီးမုန့်အကြောင်း၊ ထန်းရွက်ယပ်တောင် အကြောင်း၊ ထန်းသားရေတံလျှောက်အကြောင်း စသည် စသည်ဖြင့် ဆိုလိုချက်တစ်ခုစီကို သီးခြားစာတစ်ပိုဒ်စီခွဲကာ ပြီးဆုံးသည်အထိ စနစ်တကျ ရေးသွားနိုင်ပါသည်။ အောက်ပါ စာပိုဒ်ကိုလည်း ကြည့်ပါဦး။

သိမ်မွေ့သောသူသည် ဣနြေ္ဒသိက္ခာရှိ၏။ ၀င့်ဝါခြင်း ကင်း၏။ ကျေးဇူးပြုတတ်၏။ သူတစ်ပါးကို စော်ကားမော်ကား မပြောတတ်။ အကျအန မကောက်တတ်။ လွယ်ကူစွာလည်း စိတ်မဆိုးတတ်။ မိမိ အလိုဆန္ဒများ၌ ကျူးလွန်ခြင်း မရှိ။ စကားနှင့်စိတ်ကို ချုပ်တည်းသိမ်းဆည်းတတ်၏။ အခြား လူများကိုလည်း လူကောင်းဟူ၍ မှတ်ထင်တတ်လေသည်။

ဤစာပိုဒ်၏ ဆိုလိုချက်သည် အဘယ်နည်း။ ရှင်းပါသည်။ “သိမ့်မွေ့သူ၏ အရည်အသွေးများ” ပင် ဖြစ်ပါသည်။ သိမ်မွေ့သူ၏ အရည်အသွေးများကို စာပိုဒ်တစ်ပိုဒ်ဖြင့် စုစည်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထို့အတူ …
ယနေ့ဆိုလျှင် စာအုပ်စာတမ်း အမျိုးမျိုး အင်နှင့်အားနှင့် ပေါ်ထွက်နေသည်။ လစဉ်ထုတ် စာနယ်ဇင်းများ၊ လုံးချင်းဝတ္ထုများ၊ ပညာပေးစာအုပ်များ အများအပြား တွေ့ရသည်။ စာဖတ်သူ ဦးရေလည်း တိုးပွားနေသည်။ စာအုပ် အငှားဆိုင်များ၊ စာကြည့်တိုက်များတွင် လက်မလည်နိုင်အောင် ငှားရမ်းနေရသည်။ စာပေ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများတွင်လည်း ပရိသတ် စည်ကားလျက်ရှိသည်။ အလေးအနက် နားထောင် မှတ်သားကြသည်။ စိတ်ဝင်တစား ဆွေးနွေးကြသည်။ ထိုအချက်များသည် မြန်မာစာပေလောက၏ တိုးတက်မှုကို အထင်အရှားဖော်ပြနေသော သက်သေများဖြစ်သည် ဟူသော စာပိုဒ်တွင် မြန်မာစာပေလောက၏ တိုးတက်မှုကို ဖော်ပြနေသော သက်သေများသည် စာပိုဒ်၏ အဓိကဆိုလိုချက်ဖြစ်ကြောင်း တွေ့နိုင်ပါသည်။ ၀ါကျအားလုံးက ထိုအချက်ကို ဦးတည်ဖော်ပြလျက် ရှိကြောင်းလည်း တွေ့နိုင်ပါသည်။ ဤမျှဆိုလျှင် စာပိုဒ်၏သဘော ထင်ရှားလောက်ပါပြီ။

စာပိုဒ်တစ်ပိုဒ်တွင် ၀ါကျအရေအတွက် ဘယ်လောက်ပါရမည် ဟူ၍ ပုံသေသက်မှတ်ချက် မရှိကြောင်းကိုလည်း ဂရုပြုရန် ဖြစ်ပါသည်။ ဆိုလိုချက်တစ်ချက် ပြီးဆုံးပြီဆိုလျှင် ၀ါကျနှစ်ခု၊ သုံးခုနှင့်လည်း စာတစ်ပိုဒ် ဖြစ်နိုင်ပါသည်။ ဆိုလိုချက် ပြီးဆုံးအောင် ၀ါကျဆယ်ခုဖြင့် ဖော်ပြရန်လိုလျှင်လည်း ၀ါကျဆယ်ခုဖြင့် ဖော်ပြရပါလိမ့်မည်။ စာပိုဒ်၏ အတွင်းသားဖြစ်သော ဆိုလိုချက်က အဓိကကျပါသည်။

ကျောင်းသားများသည် မိမိတို့ ဖတ်ရှုနေသော ပြဋ္ဌာန်းစာများမှလည်းကောင်း၊ ပြင်ပစာပေများမှလည်းကောင်း စာပိုဒ်များကို ဂရုပြုလေ့လာခြင်းဖြင့် စာပိုဒ်၏ သဘောကို နားလည်နိုင်လိမ့်မည်ဟု ယူဆပါသည်။

ဆက်လက်တင်ပြမည့် ခေါင်းစဉ်များ
စာပိုဒ်ထဲက ဦးဆောင်ဝါကျ
– စာပိုဒ်၏ ကိုယ်ထည်ပိုင်းနှင့် နိဂုံးဝါကျ
– ဆိုလိုချက်တစ်ချက် စာပိုဒ်တစ်ပိုဒ်


အိန္ဒိယ နှင့် တရုတ်တို့၏ ပညာရေး တူရှုချက်

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၈ ရက် (အင်္ဂါနေ့)

ဒီပို့စ်ကို ဖတ်ပြီးရင်တော့ အာရှ အင်အားကြီး နိုင်ငံနှစ်ခု ဖြစ်လာတဲ့ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ ပညာရေး အခြေအနေတချို့နဲ့ သူတို့ခေါင်းဆောင်တွေရဲ့ ပညာရေးရည်မှန်းချက်တွေကို သိလာပါလိမ့်မယ်။ ဒီပို့စ်ကို ဖတ်ပြီးရင် ကျနော်တို့ မြန်မာနိုင်ငံ အနေနဲ့ အစိုးရရဲ့ ပညာရေး ရည်မှန်းချက်က ဘာလဲ။ ဘာတွေကို ရည်ရွယ်ပြီးတော့ကော လုပ်နေတာလဲ ဆိုတာကို ချိန်ထိုးစဉ်းစားနိုင်အောင် တင်ပြပေးလိုက်ပါတယ်။ စာသားအတော်များများဟာ ကျနော် နားလည်သလို ပြန်ရေးထားတာ ဖြစ်ပြီး အချက်အလက်တွေကိုတော့ မဇ္ဈိမ၊ ဂန္ဓာလနှင့် ကမ္ဘာတစ်ခွင် – ကျော်ဝင်း စာအုပ်ကနေ ထုတ်နုတ် ဖော်ပြတာ ဖြစ်ပါတယ်။ ဖတ်ရှုပြီး ဆက်လက် အတွေးပွားနိုင်ကြပါစေ ….. ။

အကြောင်းအမျိုးမျိုးကြောင့် ဖွံ့ဖြိုးမှုမှာ နောက်ကျကျန်နေခဲ့တဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံတွေ အနေနဲ့ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အတူ ပညာခေတ်ကို အပြည့်အ၀ အသုံးချပြီး ဆင်းရဲတွင်းက တက်ဖို့ ပညာရေးဟာ အဓိက ရောင်ခြည်တစ်မျှင် ဖြစ်တော့တယ်။ ဒီသဘောကို တရုတ်နဲ့ အိန္ဒိယ နှစ်နိုင်ငံလုံးက ကောင်းကောင်း သဘောပေါက်ထားပုံ ရတယ်။ ပညာက အရင်းနဲ့ လုပ်အားကို သိသိသာသာ ဖြတ်ကျော်တက်နေတဲ့ ကာလ ဖြစ်တဲ့အလျောက် ပညာသာ ပိုင်မယ်ဆိုရင် အမီလိုက်နိုင်ရုံမက ဖြတ်ကျော်တက်သွားနိုင်စရာ အခွင့်အရေးကောင်းတွေ ရှိနေတယ်။ ဒါကြောင့် အာရှအင်အားကြီး နှစ်နိုင်ငံရဲ့ စီးပွားရေး ဖွံ့ဖြိုးပြောင်းလဲမှုမှာ ပညာရေးဟာ အခြေခံ အကျဆုံးနဲ့ နံပါတ်တစ် ဦးစားပေးလုပ်ငန်းကြီး ဖြစ်လာတော့တယ်။

နောက်ခံအခြေအနေ
တရုတ်နဲ့ အိန္ဒိယတို့ရဲ့ လက်ရှိ ပညာရေး ရေခံမြေခံက ကောင်းလှတယ်လို့တော့ မဆိုနိုင်ဘူး။ ခေတ်ကာလက တောင်းဆိုနေတဲ့ လိုအပ်ချက်တွေကို ပြည့်မီနိုင်အောင် အတော်လေး ကြိုးစားအားထုတ်ရမယ့် အခြေအနေမှာ ရှိနေပါတယ်။

အိန္ဒိယ ပညာရေးလောကဟာ အင်္ဂလိပ်ပညာရေးစနစ်ရဲ့ ကောင်းမွေရော ဆိုးမွေပါ ဆက်ခံခဲ့ရတယ်။ စင်စစ် အင်္ဂလိပ်ပညာရေးမှာ ပျံ့နှံ့ရေးထက် မြင့်တက်ရေးကို ဦးစားပေးတဲ့ စနစ်ဖြစ်တယ်။ တော်သူကို တော်တာထက် တော်စေဖို့ ရည်ရွယ်ထားတဲ့ `အီလစ်ပညာရေး´ လို့ ဆိုနိုင်တယ်။ အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာရေးပိုင်းမှာ ကမ္ဘာနဲ့ အလိုက်သင့် ရင်ပေါင်တန်းနိုင်ခဲ့ပေမယ့် အခြေခံ ပညာပိုင်းမှာတော့ လူဦးရေတစ်ခုလုံးရဲ့ ၅၉.၅ ရာခိုင်နှုန်းပဲ ရှိတယ်။ ပညာမဲ့တွေနဲ့ ခေတ်မီနိုင်ငံတော် တည်ဆောက်လို့ မရနိုင်တာကို အိန္ဒိယ ခေါင်းဆောင်တွေ ကောင်းကောင်း နားလည်ကြပါတယ်။ ဒါကြောင့် အိန္ဒိယပညာရေး ပြုပြင်ပြောင်းလဲမှုရဲ့ အဓိက ဖိုးကပ်စ်ဟာ အခြေခံ ပညာအဆင့် ဖြစ်လာရတယ်။

တရုတ်ပြည်ကတော့ အိန္ဒိယရဲ့ ပြောင်းပြန်လို့ ပြောလို့ရတယ်။ တရုတ်တွေ ယုံယုံကြည်ကြည် အကောင်အထည် ဖော်ခဲ့ကြတဲ့ ဆိုရှယ်လစ် ပညာရေး စနစ်က မြှင့်တင်ရေးထက် ပျံ့နှံ့ရေးကို ဦးစားပေးတယ်။ လူတိုင်းအတွက် ပညာလို့ ကြွေးကြော်တယ်။ လက်ရှိ တရုတ်ပြည်ရဲ့ စာတတ်မြောက်မှုနှုန်း ၈၆ ရာခိုင်နှုန်း ရှိနေတာက ဆိုရှယ်လစ် ပညာရေးရဲ့ ကျေးဇူးလို့ ပြောလို့ရတယ်။ ဒါပေမယ့် လူတိုင်း ပညာတတ်ရေး ဆိုတဲ့ ကြွေးကြော်ချက်အောက်မှာ ဘွဲ့ရပညာတတ်တွေကို စက်နဲ့ လှည့်ထုတ်ခဲ့သလို ဖြစ်တဲ့အတွက် `ပညာမတတ်သော ပညာတတ်တွေ´ (Uneducated Intellectual) ကိုပဲ မွေးထုတ်နိုင်ခဲ့တယ်။ (အဲဒီ စကားလုံးကို မြင်တော့ မြန်မာ စာပေပညာရှင် တစ်ယောက်ပြောတဲ့ `ဘွဲ့ရ ပညာမတတ်သူ ပပျောက်ရေး´ ဆိုတဲ့ စကားလုံးကို သွားသတိရမိတယ်။ )အကျိုးဆက်အနေနဲ့ အဆင့်မြင့် ပညာပိုင်းမှာ နိုင်ငံတကာနဲ့ ယှဉ်လိုက်ရင် ဆိုးဆိုးရွားရွား အဆက်ပြတ် ကျန်ရစ်ခဲ့တယ်။ ဒါကြောင့် တရုတ်ပညာရေး ပြုပြင်ပြောင်းလဲရေးရဲ့ ဖိုးကပ်စ်ဟာ အဆင့်မြင့် ပညာပိုင်း ဖြစ်လာရတယ်။

အိန္ဒိယရဲ့ ရေဆန်ခရီး
မကြာသေးမီက ထုတ်ပြန်ကြေငြာခဲ့တဲ့ ဟားဗတ်တက္ကသိုလ်က မိုက်ကယ်ခရီမာရဲ့ လေ့လာရေး အစီရင်ခံစာအရ အိန္ဒိယအစိုးရ မူလတန်းကျောင်းတွေက ဆရာလေးယောက်မှာ တစ်ယောက်နှုန်းလောက် ကျောင်းမှန်မှန်မတက်ကြဘူးလို့ သိရတယ်။ ကျောင်းတက်တဲ့ ဆရာ နှစ်ယောက်မှာလည်း တစ်ယောက်က စာမသင်ဘဲ နေတယ်လို့ ဆိုတယ်။ မွန်ဘိုင်း မူလတန်းကျောင်းတွေကို သွားရောက်လေ့လာခဲ့ရာမှာလည်း လေးတန်းကျောင်းသားတွေရဲ့ တစ်ဝက်လောက်မှာ ပထမတန်းသင်ရိုးထဲက သင်္ချာပုစ္ဆာလောက်ကိုပဲ တွက်တတ်တယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ကမ္ဘာပေါ်မှာ လူငယ်လူရွယ်ဦးရေ အများဆုံး တိုင်းပြည်တစ်ခုဖြစ်တယ်။ အသက် ၁၉ နှစ်အောက် လူငယ်ပေါင်း သန်းငါးရာနီးပါးလောက် ရှိတယ်။ အခြေခံပညာ အဆင့်တစ်ခုတည်းမှာပဲ ပညာသင်ပေးစရာ ကျောင်းသားပေါင်း ၂၀၂ သန်း ရှိတယ်။ သူတို့အတွက် ကျောင်းပေါင်း တစ်သန်းနဲ့ ဆရာပေါင်း ၅.၅သန်းလောက် ရှိတယ်။ ဒါပေမယ့် သူတို့ရဲ့ ပညာရည်အဆင့်ဟာ အလွန်နိမ့်တယ်။ အိန္ဒိယရဲ့အကြီးဆုံး အမြတ်အဓိကမထားတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ `ပရာသမ်´ ပညာရေးဝန်ဆောင်မှု အဖွဲ့ရဲ့ အဆိုအရ အိန္ဒိယကျောင်းသား ၃၅ ရာခိုင်နှုန်းဟာ ငါးတန်းရောက်တာတောင် စာကောင်းကောင်း ရေးတတ်ဖတ်တတ်ခြင်း မရှိဘူးလို့ သိရတယ်။ အခြေခံပညာ မူလတန်းနဲ့ အလယ်တန်းအဆင့်မှာ ပညာသင်ကြားနေတဲ့ ကျောင်းသားထဲက ၁၅ ရာခိုင်နှုန်းလောက်ပဲ အထက်တန်းအဆင့် ဆက်တက်နိုင်တယ်လို့ ဆိုပါတယ်။ ခုနစ် ရာခိုင်နှုန်းလောက်ပဲ နောက်ဆုံးဘွဲ့ရတဲ့အထိ ပညာရေး ဆုံးခန်းတိုင်တယ်လို့ ဆိုပါတယ်။

ဒီအခြေအနေကို မှောက်လှန်ပစ်နိုင်ဖို့ တာဝန်ရှိသူတွေ အနေနဲ့ ၂၀၀၀ ပြည့်နှစ်က စပြီး စီမံကိန်းချ လုံးပန်းလာကြတယ်။ ၂၀၀၁ ခုနစ်မှာပဲ `လူတိုင်း အခြေခံပညာ မသင်မနေရဥပဒေ´ ကို ပြဌာန်းခဲ့တယ်။ ဒီဥပဒေ လက်တွေ့ အထောက်အကူပြုနိုင်ဖို့ `ဆာဗာရှီစဟာအဘယံ´ ခေါ် ပရိုဂရမ်တစ်ရပ်ကိုလည်း ချမှတ် အကောင်အထည်ဖော်ခဲ့တယ်။ ဒီအစီအစဉ်အရ ကျောင်းသားတိုင်းကို နေ့လယ်စာ အခမဲ့ ထမင်းကျွေးတယ်။ စာအုပ်စာတမ်းစတဲ့ စာရေးကိရိယာတွေ ထောက်ပံပေးတယ်။ ကျန်းမာရေး စောင့်ရှောက်မှု တာဝန်ယူပေးတယ်။ `စာမလိုက်နိုင်တဲ့ ကျောင်းသားတွေအတွက် လက်တွဲခေါ်ယူရေး စာသင်ခန်း´ (Remedial Classes) တွေလည်း ဖွင့်ပေးတယ်။ ဒီအတွက် အစိုးရပညာရေးဌာနက နှစ်စဉ် ဒေါ်လာ သန်း ၂၄၀၀ ထောက်ပံ့တယ်။ ကမ္ဘာ့ဘဏ် အဖွဲ့ကြီးကလည်း ၂၀၀၇ ခုနစ်အထိ သုံးနှစ်စာ ဒေါ်လာ သန်း ၅၀၀ ကူညီထားပါတယ်။

အိန္ဒိယနိုင်ငံရဲ့ အခြေခံပညာအဆင့်မှာ ရင်ဆိုင် ကြုံတွေ့နေရတဲ့ အခက်အခဲတွေထဲက အဓိကကျတဲ့ အခက်အခဲ သုံးရပ် ရှိပါတယ်။

  • ပထမဆုံးအခက်အခဲက ဆရာ မလုံလောက်မှုနဲ့ ဆရာတွေရဲ့ အရည်အချင်း အဆင့်မမီသေးခြင်းပဲ ဖြစ်တယ်။ အစိုးရ ကျောင်းဆရာတွေရဲ့ လစာဟာ တစ်လကို အမေရိကန်ဒေါ်လာ သုံးရာလောက်ရှိတော့ ပုဂ္ဂလိက ကျောင်းဆရာတွေထက် လေးဆ ပိုပါတယ်။ ဒါပေမယ့် လုံလောက်တဲ့ လေ့ကျင့်သင်ကြားမှု မပေးနိုင်တဲ့ အတွက် အရည်အချင်းပြည့် ဆရာတွေ ဖြစ်မလာဘူးလို့ ဆိုပါတယ်။ ဒီ့ထက် ရွေးကောက်ပွဲလို သင်ကြားရေးနဲ့ မဆိုင်တဲ့ လုပ်ငန်းတွေမှာပါ မကြာခဏဆိုသလို ပါနေရပြန်တယ်။ တိုးပွားလာတဲ့ ကျောင်းသားဦးရေနဲ့ လိုက်လျောညီထွေရှိမယ့် ဆရာအရေအတွက်ကို မခန့်နိုင်တဲ့အပြင် သင်ကြားရေးနဲ့ မဆိုင်တာတွေမှာပါ ပါဝင်လှုပ်ရှားနေရတော့ ဘူးလေးရာ ဖရုံဆင့်ဆိုသလို ဖြစ်နေရတော့တယ်။
  • ဒုတိယအခက်အခဲက ပညာရေးဆိုင်ရာ အခြေခံ အဆောက်အအုံ မလုံလောက်မှုပဲ ဖြစ်တယ်။ ပညာရေး အသုံးစရိတ်တစ်ခုလုံး တိုးလာပေမယ့် ကျောင်းအဆောက်အအုံကအစ ပရိဘောဂအဆုံး အားလုံး မလုံမလောက် ဖြစ်နေဆဲပါပဲ။
  • တတိယအခက်အခဲက ပညာရေးနဲ့ နိုင်ငံရေး ခွဲခြား မကျင့်သုံးနိုင်ခြင်း ဖြစ်တယ်။ ဒီအချက်က သင်ရိုးညွှန်းတမ်းတွေကို ကမောက်ကမ ဖြစ်စေတယ်လို့ ဆိုပါတယ်။ ဥပမာ ဘာရာတီယာဂျာနတာပါတီ (ဘီဂျေပီ) အာဏာရစဉ်က ကျောင်းသုံးစာအုပ်တွေကို ဘီဂျေပီအာဘော်နဲ့အညီ ရေးခဲ့တယ်။ နောက် ကွန်ဂရက်ပါတီ အာဏာရလာတဲ့အခါ နောက်တစ်မျိုးပြင်ပြန်တယ်။ အကျိုးဆက်က ဆရာကော ကျောင်းသားအတွက်ပါ ရှုပ်ထွေးမှုတွေ ဖြစ်ကုန်ရတော့တယ်။

ဒီအခက်အခဲတွေကြောင့် အစိုးရကျောင်းတွေအပေါ် ယုံကြည်မှု နည်းပါးလာပြီး ပုဂ္ဂလိကကျောင်းတွေ အလျှိုလျှို ပေါ်ထွက်လာတယ်။ အစိုးရကျောင်းတွေထက် ထိထိရောက်ရောက် သင်ကြားနိုင်ပေမယ့် နာမည်ကြီး ပုဂ္ဂလိကကျောင်း တချို့ဆိုရင် ကျောင်းသားတစ်ဦး တစ်နှစ်ပညာသင်စရိတ်ဟာ ဒေါ်လာ တစ်သောင်းခွဲလောက်အထိ ရှိတယ်။ အိန္ဒိယရဲ့ နာမည်ကြီး NIIT စင်တာဆိုရင် တစ်နိုင်ငံလုံးအနှံ့ ပညာရေးစင်တာပေါင်း ၄၀၀၀ လောက် ဖွင့်လှစ်ထားပြီး ကျောင်းသားပေါင်း သန်းချီ ပညာသင်ကြားနေတယ်။ NIIT ကျောင်းသား အင်အားစုဟာ အိန္ဒိယ အိုင်တီတော်လှန်ရေးကို အဓိက အားဖြည့်ပေးနေသူတွေ ဖြစ်ပေမယ့်လည်း NIIT ဟာ အခုချိန်ထိ အစိုးရအသိအမှတ်ပြုကျောင်း ဖြစ်မလာသေးဘူးလို့ သိရတယ်။ ဒီလို ပညာရေးမှာ ကမောက်ကမတွေ ရှိနေပေမယ့် ကိုယ့်ထူးကိုယ်ချွန် လူငယ်တွေရဲ့ အင်အားကြောင့် အခုဆိုရင် နည်းပညာပိုင်းမှာ အိန္ဒိယဟာ ရှေ့တန်းကို ရောက်နေပါပြီ။

တရုတ်တို့ရဲ့ ကမ္ဘာလုံးချီ အိပ်မက်
စင်စစ် ရှန်တန်ဟာ အစိုးရတက္ကသိုလ် တစ်ခု ဖြစ်ပေမယ့် အဓိက ရန်ပုံငွေ ထောက်ပံ့သူက ကမ္ဘာအချမ်းသာဆုံး စာရင်းဝင် ဟောင်ကောင်ကုဋေကြွယ် သူဌေးကြီး လီကာရှင်းဖြစ်တယ်။ ဒါကလည်း တရုတ်တက္ကသိုလ်တွေ ခေတ်မီရေးအတွက် ပုဂ္ဂလိကပိုင်းက အကူအညီကို အသုံးချသွားရန် ဆိုတဲ့ တရုတ်အစိုးရရဲ့ ပေါ်လစီအရ ဖြစ်ပါတယ်။ တာဝန်ရှိသူတွေဘက်က မီးစိမ်းပြလိုက်တာနဲ့ `လီ´ က ဘာကလေမှ ပါမောက္ခဂျူလီယာ ရှီယိုကို ဖိတ်ခေါ်လိုက်ပါတယ်။ ပါမောက္ခ ဂျူလီယာဟာ ပင်လယ်ရပ်ခြား တရုတ်အမျိုးသမီးတစ်ဦးပါ။ အမေရိကန်ပြည်ထောင်စု ကာလီဖိုးနီးယားတက္ကသိုလ် (ဘာကလေ)မှာ ဒုတိယ အဓိပတိအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအချိန်မှာ ပါမောက္ခ ဂျူလီယာက တစ်ခါ အဝေးရောက် တရုတ်ပညာတတ်တွေကို စုစည်းလိုက်တယ်။ နာမည်ကြီး နိုင်ငံတကာတက္ကသိုလ် အသီးသီးမှာ ပညာဆည်းပူးခွင့်ရတဲ့ သူတို့တစ်တွေ စုပေါင်းပြီး အမိတိုင်းပြည်ကြီးကို ခေတ်မီရေး လမ်းကြောင်းပေါ်ရောက်အောင် ဆွဲတင်ကြတော့တယ်။

သူတို့အုပ်စုက တရုတ်ပြည် ပညာရေးမှာ အရိုးစွဲနေတဲ့ သင်ကြားရေးပုံစံကို ပြောင်းပစ်တယ်။ ဒီပုံစံဟောင်းဟာ ဟန်မင်းဆက်ကတည်းက ဧကရာဇ်အတွက် မင်မှုထမ်းကောင်းတွေ မွေးထုတ်ဖို့ ရည်ရွယ်တဲ့ ပညာရေးဖြစ်ပြီး ဓမ္မသတ်၊ ရာဇသတ်တွေကို အလွတ်ကျက် အာဂုံဆောင်နိုင်အောင် သင်ပေးတယ်။ ခွဲခြမ်းစိတ်ဖြာစရာ မလို၊ စောဒကတက်စရာ မလို၊ တီထွင်ဖန်တီးစရာ မလို။ အမိန့်နာခံတတ်ဖို့နဲ့ သစ္စာမြဲဖို့ကသာ အဓိကဖြစ်တယ်။ တရုတ်တွေက ဒီပုံစံဟောင်းကို `တီယန်ယာစနစ်´ (Tianya) သို့ ဘဲအစာကျွေးနည်း လို့ ခေါ်တယ်။ ခေတ်သစ်နဲ့ ဘယ်လိုမှ မအပ်စပ်တော့လို့ ပါမောက္ခဂျူလီယာတို့က ပယ်လိုက်တယ်။

ဒုတိယခြေလှမ်း အနေနဲ့ နိုင်ငံတကာနဲ့ အဆက်ပြတ်နေတဲ့ သင်ရိုးညွှန်းတမ်းဟောင်းတွေကို အနောက်တိုင်း တက္ကသိုလ်ကြီးတွေနဲ့ တစ်ပြေးညီဖြစ်အောင် ပြန်ရေးတယ်။ ဒီအလုပ်က လက်ဝင်လှသလို အချိန်လည်း ပေးရတယ်။ လေးနှစ်လောက် ကြာအောင် အစဉ်အလာ စာမေးပွဲပုံစံကို ခေတ်သစ်နဲ့ အံဝင်ခွင်ကျဖြစ်အောင် ပြောင်းလဲယူရတယ်။ စာမေးပွဲ စနစ်အဟောင်းအရ အလွတ်ကျက်ထားသမျှကို သတ်မှတ်ချိန်အတွင်း ပြန်ချရေးနိုင်ရင် စာမေးပွဲ အောင်ရုံတင်မက ဂုဏ်ထူးတောင် ထွက်နိုင်တယ်။ စာမေးပွဲခန်းက ထွက်လို့ မေ့သွားလည်း ပြဿနာ မရှိဘူး။ အခု စာမေးပွဲ ပုံစံအသစ်က ပြဿနာတစ်ရပ်ကို ချပြပြီး ဘက်ပေါင်းစုံက ဆွေးနွေးခိုင်းတယ်။ ဖြစ်နိုင်သမျှ ဖြေရှင်းနည်းတွေကို ရှာဖွေခိုင်းတယ်။ မှတ်ဉာဏ်ကို စစ်တာမဟုတ်ဘူး။ ဆင်ခြင်တုံတရားနဲ့ ဝေဖန်ဆန်းစစ်မှု၊ တီထွင်ဖန်တီးမှုတွေကို ဦးတည်တာဖြစ်တယ်။

ဒီနေ့ခေတ် တရုတ်ပြည်မှာ အလားအလာ အကောင်းဆုံး စီးပွားရေးလုပ်ငန်းက ပညာရေး ၀န်ဆောင်မှုလုပ်ငန်းတွေလို့ ပြောနိုင်တယ်။ ၂၀၀၁ ခုနစ်မှာ တရုတ်တက္ကသိုလ်တွေက အင်ဂျင်နီယာ နဲ့ နည်းပညာကျွမ်းကျင်သူ တစ်သန်း မွေးထုတ်နိုင်ခဲ့တယ်။ အဲဒီ အရေအတွက်ဟာ ၂၀၀၃ ခုနစ်မှာ နှစ်သန်းဖြစ်လာတယ်။ တစ်ချိန်တည်းမှာပဲ တရုတ်ပြည်က အနောက်တိုင်းတက္ကသိုလ်တွေ (အထူးသဖြင့် အမေရိကန် တက္ကသိုလ်တွေ) ဆီ သွားရောက် ပညာသင်ယူတဲ့ အရေအတွက်ဟာလည်း တောက်လျှောက် ဆိုသလို အတက်ပြလျက် ရှိနေတယ်။ အိန္ဒိယရဲ့ အားသာချက်က အဆင့်မြင့်ပညာ အားကောင်းခြင်းနဲ့ လွတ်လွတ်လပ်လပ် တီထွင်ဖန်တီးနိုင်ခွင့် ရှိနေခြင်းလို့ ဆိုနိုင်တယ်။ အိန္ဒိယကို အမီလိုက်နိုင်ဖို့ ဆုံးဖြတ်ချက် ချထားတဲ့ တရုတ်ပြည်အနေနဲ့ အဆိုပါ အားသာချက်တွေကို ကျော်လွှားနိုင်ဖို့ ကွန်ပြူတာ သိပ္ပံဆိုင်ရာ အင်ဂျင်နီယာတွေ နှစ်စဉ် (၃၂၅၀၀၀) လောက် မွေးထုတ်ပေးနေပြီး အိုင်တီကဏ္ဍနှင့် ပတ်သက်လျှင် ထိန်းချုပ်ရေးဥပဒေ အတော်များများကို လျှော့ပေါ့ပေးထားတယ်ဟု သိရတယ်။

အခုဆိုရင် ရှန်တန်ကနေ နိုင်ငံတကာအဆင့်မီ တရုတ်လူငယ် ပညာတတ် ရှစ်ထောင်ကျော်ကို မွေးထုတ်နိုင်ခဲ့ပါပြီ။ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုတာဟာ နေ့ချင်းညချင်း ပဒေသာပင်ပေါက် နိုင်သလို မဟုတ်ဘူးလေ။ ကြားကာလအတွင်းမှာ တရုတ်ကျောင်းသားတွေကို နိုင်ငံခြား (အထူးသဖြင့်) အမေရိကန်တက္ကသိုလ်တွေကို ပညာသင် စေလွှတ်ခဲ့တယ်။ အဲဒီ ကျောင်းသားတွေ ပြည်တော်ပြန်တော့မှ သူတို့ရဲ့ အားနဲ့ တရုတ်ပညာရေးကို အဆင့်မြင့်စေခဲ့တယ်။ နောက်ပိုင်း မျှော်လင့်သလောက် ခရီးမပေါက်တော့မှ ပုဂ္ဂလိကပိုင်း အကူအညီကိုယူပြီး ရှန်တန်လို နယ်တက္ကသိုလ်တွေဘက်ကို ဦးလှည့်လာခဲ့ခြင်း ဖြစ်တယ်။ အခုဆိုရင် ရှန်တုန်တက္ကသိုလ်ရဲ့ အောင်မြင်မှုကို ရှေ့ဆောင်လမ်းပြ အနေနဲ့ ထားပြီး တရုတ်ပြည် တစ်ဝန်းလုံးက တက္ကသိုလ်အားလုံးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဆောင်လာပါတော့တယ်။


မြန်မာ့ကြက်ခြေနီ ဖခင်ကြီး

၂၀၀၈ ခုနစ်၊ ဇန္န၀ါရီလ၊ ၅ ရက် (စနေနေ့)

ဒေါက်တာစံစီပိုးဟာ အမေရိကန်နိုင်ငံမှ ဆေးပညာပါရဂူ (MD) ဘွဲ့ရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာပြီး ပုသိမ်မြို့မှာ အစိုးရအမှုကို ထမ်းဆောင်နေတယ်။ ရှေးဦးသူနာပြုခြင်း အတတ်ပညာရဲ့ ကျေးဇူးကြီးမားလှပုံကို သိတဲ့အလျောက် ရှေးဦးသူနာပြု အတတ်သင်တန်းတွေ ဖွင့်ပြီး ကိုယ်တိုင်ကိုယ်ကျပ် သင်ကြားပေးတယ်။ ဒါအပြင် ဒေါက်တာစံစီပိုးဟာ `ဒါဏ်ရာရှိသူနာတို့ကို ပဌမကုနည်း´ လို့နာမည်ရတဲ့ `ဂီလာနုပဌက´ ကိုလည်း ရှေးဦးသူနာပြု အတတ်ပညာကျမ်းတစ်စောင် အနေနဲ့ ရေးသားပြုစုခဲ့တယ်။ ၁၉၀၇ ခုနစ် မေလမှာ ပုသိမ်ပုံနှိပ်တိုက်ကနေ ပုံနှိပ်ထုတ်ဝေတယ်။ ကျမ်းစာဟာ ကိုယ်တွေ့ဖြစ်ရပ်များကို အခြေခံထားပြီး ထိုစဉ်က ပလိပ်ရောဂါ ဖြစ်ပွားနေတဲ့ အချိန်မို့ ပလိပ်ရောဂါအကြောင်းပါ ထည့်သွင်း ဖော်ပြပေးထားတယ်။

ကျမ်းစာအုပ်မှာ လူ့ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းများဖြစ်တဲ့ အရိုးအဆစ်များ၊ အသားပြင်၊ အာရုံကြော၊ သွေးကြော၊ အဆုတ်၊ ကျောက်ကပ်၊ အရေပြား၊ အစာသစ်အိမ်၊ နှလုံးသား၊ အသည်များအကြောင်း၊ သွေးထွက်ခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အရိုးအဆစ်လွဲခြင်းအကြောင်းနဲ့ ကုသနည်းတွေ၊ အသားကြေခြင်းအကြောင်း၊ အဆိပ်ရှိတဲ့ ပိုးမွှားကိုက်ခြင်း၊ အပူလောင်ခြင်း၊ မျက်စိနှာခေါင်းအတွင်းသို့ အမှိုက်သရိုက်ဝင်ခြင်း၊ အဆိပ်သောက်ခြင်းတွေကို ပြုစုနည်း၊ ၀က်ရူးထခြင်း၊ အရက်မူးလွန်ခြင်း၊ တက်ခြင်းစတဲ့ သတိမေ့ခြင်းအကြောင်း၊ ရေနစ်ခြင်း၊ ဆွဲကြိုးချခြင်းတို့ကို ပြုစုနည်း၊ ပတ်တီးစည်းနည်း၊ လူနာသယ်နည်း၊ ကျန်းမာခြင်းဆိုင်ရာ ဥပဒေစည်းမျဉ်း၊ ပလိပ်ရောဂါ စတဲ့ အကြောင်းတွေကို အခန်းပေါင်း (၁၁) ခန်း ခွဲပြီး စေ့စေ့စုံစုံ ဖော်ပြထားတယ်။ ဒုတိယအကြိမ် ထပ်မံထုတ်ဝေတဲ့အခါမှာ ကျန်းမာရေး လေ့ကျင်းနည်း အခန်းတစ်ခန်း ပိုလာပါတယ်။

ခန္ဓာကိုယ် အစိတ်အပိုင်းတွေအကြောင်း ဖော်ပြရာမှာ လူတိုင်း နားလည်လွယ်အောင် ၀ါကျတွေကို ရှင်းရှင်းလင်းလင်း တိတိကျကျ၊ မြန်မာစကားပြေ ရိုးရိုးနဲ့ ဥပမာလေးတွေ ညှပ်ပြီး ရေးသားထားတာ အင်မတန်မှ ကောင်းပါတယ်။ ဥပမာ အနေနဲ့ တချို့ကို ကောက်နုတ် တင်ပြလိုက်ပါတယ်။ နှလုံးအကြောင်းကို ဖော်ပြရာမှာ
နှလုံးသားသည် လူ၏ လက်သီးခန့်လောက်ကြီး၏။ သရက်သီးပုပုသဏ္ဌာန်ရှိ၏။ အဆင်းနီ၏။ …. နှလုံး၏ပြင်သားကား ချောမော၏။ အတွင်းသားကား အကြောတို့၏ ပေါင်းစုံရာဖြစ်၍ သပွတ်အူကဲ့သို့ ရှုပ်၏။ နှလုံးသား၏ အခေါင်းအတွင်း၌ ထူထဲ ခိုင်ခံ့သော အမြှေး၊ အပိုင်းအခြား၊ အကန့်ကြက်ခြေခပ်ရှိ၍ တွင်းငယ် ၄ ခု ဖြစ်၏။ ထိုတွင်းငယ်လေးခု၌ ကိုယ်အားလုံးကို သွားလာလျက်နေသော သွေးချိန် ( ၁၂ ကျပ် ၈ ပဲ ) သားခန့်ရှိ၏။ လက်ဝဲဘက်ခြမ်းအခန်း တွင်းငယ် ၂ ခုက တကိုယ်လုံးသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။ လက်ျာဘက်ခြမ်း အခန်း ၂ ခုက၊ အဆုတ်ထဲသို့ သွေးစီးသွန် ပျံ့နှံ့စေသည်။
လို့ ရေးသားထားပြီး အဆုတ်အကြောင်းကို ဖော်ပြရာမှာ
အဆုတ်သည် ပင်လယ်ရေမြှုပ် ၂ ခု ပုံသဏ္ဌာန်ကဲ့သို့ ပျော့ပြောင်းသော အရာဖြစ်၍ နှစ်ခြမ်းပိုင်းခြားသည်။ အစဉ်အမြဲ အထည်းတွင်နေရှိ၍ အဆုတ်ထည်းသို့ လေသစ်ဝင်ရန် အသက်ရှူသောအခါ၊ အောက္ကဇီဂျင်ဂတ်စ် ခေါ်သော ဓာတ်ကောင်းအများ ပါဝင်သွားသောကြောင့် နှလုံးလက်ျားဘက်ခြမ်းမှ စီးဝင်လာသော ပြန်သွေးခေါ် သွေးဆိုး၊ သွေးပုတ်များနှင့် ပေါင်းဆုံမိသေအခါ ကာဘိုနစ်အက်စစ် ဂတ်စ်ခေါ် ဓာတ်ငွေ့ဆိုးများကို ထွက်သက် ရှူသောအခါတိုင်း ထုတ်ပစ်လိုက်၍ သွေးနီသွေးကောင်း ဖြစ်ပြီးလျှင် လက်ဝဲဘက် နှလုံးထည်းသို့ တကိုယ်လုံး သွေးပျံ့နှံ့ရန် အဆုတ်က သွင်းပေးပြန်သည်။
လို့ ရေးသားထားတယ်။

တဖန် ရှေးဦးသူနာပြုစုရာမှာ ကြိုတင်သိရှိသင့်တဲ့ အကြောင်းခြင်းရာတွေကို ဖော်ပြရာမှာလည်း ကွက်ကွက်ကွင်းကွင်း ထင်းကနဲ မြင်အောင် ဖော်ပြနိုင်စွမ်းရှိကြောင်း အောက်ပါ ဥပမာအရ သိနိုင်တယ်။
သွေးထွက်ခြင်း သုံးမျိုးရှိသည့်အနက်၊ မည်သည့်အကြောမျိုးက ထွက်လာသည်ဟု ပိုင်းဖြတ်၍ သိခြင်းသည် အလွန်ကျေးဇူးများ၏။

  1. သွေးနီကြောကထွက်သော သွေးသည် တသမတ်တည်းမထွက်။ တငေါက်ငေါက် ပန်း၍ထွက်၏။ အရောင်အဆင်းလည်း ခြင်းခြင်းနီ၏။ နှလုံးခုံချက်နှင့် တပြိုင်တည်း ပန်းထွက်၏။
  2. နှလုံးသို့ ပြန်၍၀င်သော၊ သွေးပုတ်ကြောကထွက်သည့် သွေးမှာ တရှိန်တည်းထွက်၍ အဆင်းရောင်နီညို့ညို့၊ ညစ်ပုတ်ပုတ်ဖြစ်၏။
  3. ကပီကရီ (Capillary) ခေါ် သွေးကြောတို့ကထွက်သော သွေးမှာ အနည်းငယ် တစိမ့်စိမ့်ထွက်၍ နေ၏။

ရှေးဦးသူနာပြုရာမှာ ရေမြေဒေသအလိုက် အလွယ်တကူ ရရှိနိုင်တဲ့ ပစ္စည်းများနဲ့ ဆောင်ရွက်နိုင်ပုံတွေကို ဦးစားပေး ဖော်ပြထားတယ်။ လက်တွေ့အလုပ်ဖြစ်တဲ့ နည်းတွေဖြစ်လို့ အလွန်အသုံးဝင်လှတယ်။ သွေးထွက်လွန်တဲ့ ဒဏ်ရာအတွက် သွေးကြောပိတ်အောင် ပြုစုတဲ့နည်းကို တင်ပြရာမှာ
ကျေးလက်တောရွာ၌ပင် ဖြစ်ငြားသော်လည်း အလွယ်တကူ တိုင်းသူပြည်သားတို့ အသုံးများသော ကျောက်ချဉ်ကို ကြိတ်၍ ဒဏ်ရာပေါ်မှာ အုံပြီးလျှင် အ၀တ်နှင့်စည်းထားရမည်။ ရှားစေး၊ ဘင်္ဂလားဆေးရွက်၊ ထုံး၊ ဤသုံးမျိုးကို အညက်ကြိတ်၍ ဒဏ်ရာထည်းကို သိပ်ပြီးလျှင် အ၀တ်နှင့် စည်းရမည်။ ရှားစေးမရလျှင် ဆေးရွက်နှင့် ထုံး နှစ်မျိုးဖြင့်လည်း … ပြုလုပ်နိုင်သည်။ … ပင့်ကူအိမ်ကို ခပ်များများယူ၍ လုံးပြီးလျှင် အနာပေါ်ကို ကြပ်ကြပ်သိပ်လျှင် (သွေး) ရပ်လိမ့်မည်။
လို့ ရေးသားထားပြီး အဆိပ်ရှိသော ပိုးမွှားကိုက်ရာမှာ ပြုစုရာတွင်လည်း
အစွယ်များ၊ အမြီးဆူးဖျားများ၊ အသားထည်းတွင် ကြွင်းကျန်လျှင် ဇာဂနာနှင့် ဆွဲနုတ်ရမည်။ … ဇ၀က်သာ၊ ထုံး ၂ ဦးကို ရေနှင့်ရော၍ဖြစ်စေ၊ ကြက်သွန်နီကို ဖြစ်စေ၊ အနာထဲသို့ဝင်အောင် ပွတ်၍သွင်းရမည်။
လို့ ရေးသားထားပြီး မီးလောင်၊ ရေနွေးပူ လောင်ခံရသူတွေကို ပြုစုရာမှာလည်း
မီးလောင်သော ဒဏ်ရာတွင် လေမ၀င်စေခြင်းငှာ၊ မြေဖြူမှုံ့၊ အာတာလွတ်ဥ ပေါင်ဒါမှုံ့၊ ဂျုံမှုံ့ တို့ကို ရရာဖြူးရမည်။ သို့မဟုတ် အ၀တ်စကို ထောပတ်ဖြစ်စေ၊ ဆီဖြစ်စေဆွပ်၍ အနာကို ကပ်ရမည်။ နှမ်းဆီ သို့မဟုတ် အုန်းဆီနှင့် ထုံးကြက်တက်ရေကို ဆတူရောစပ် (၍)၊ … ၎င်းဆီကို သုတ်လိမ်းပြီးလျှင် ဂွမ်းနှင့် ဖုံးအုပ်စည်းထားရမည်။ ငှက်ပျောရွက်နုကို ဆီဆွတ်၍ အနာမှာ ကပ်ရမည်။ ၎င်းပြင် မီးလောင်၍ အလွန်ပူနေလျှင် ငှက်ပျောပင်ကို ခုတ်၍ ကြမ်းသောအခွံများကို ခွာပြီးလျှင် ခပ်နုနု ငှက်ပျောပတ်ရည်ကို အနာပေါ်သို့ ညှစ်ချရမည်။
လို့ ရေးသားဖော်ပြထားပါတယ်

ကြိုတင်ကာကွယ်ဆေး ထိုးတဲ့ ဓလေ့ကို အဲဒီအချိန်က မြန်မာတွေ လုပ်လေ့လုပ်ထ မရှိသေးလို့ ကာကွယ်ဆေးထိုးဖို့ ပညာပေးစည်းရုံးရာမှာ အလွန်ပဲ လက်ဝင်ခက်ခဲလှတဲ့ အချိန်ဖြစ်တယ်။ အထူးသဖြင့် ပလိပ်ရောဂါ ကာကွယ်ဆေး ထိုးသင့်ကြောင်းကို လက်တွေ့ဥပမာတွေနဲ့ အများပြည်သူ လက်ခံယုံကြည်လာအောင် ယထာဘူတကျကျ တင်ပြထားတာ အောက်ပါအတိုင်း တွေ့ရလိမ့်မယ်။
အိန္ဒိယတိုင်း၌ တိုင်းသူပြည်သားတို့ကို ပလိပ်ဆေးထိုးစေ၍ မထိုးသေးသောသူများနှင့် ပြိုင်ယှဉ်နှိုင်းစာလျှင် စာရင်း ကောက်ယူသောအခါ အများပင် ပလိတ်ရောဂါကို ကွယ်ကာနိုင်သောကြောင့် ပလိတ်ဆေးထိုးခြင်းသည် အလွန်အကြိုးကြီးကြောင်း သိမြင်ရသည်။ ကျွန်ုပ်တို့ ပုသိမ်မြို့မှာလည်း ၎င်းနည်းတူ ပလိတ်ဆေးထိုးစေ၍ စာရင်း ကောက်ယူရာ အလွန် ကာကွယ်နိုင်ကြောင်းကို တွေ့မြင်ရလေသည်။ … ကျွန်ုပ်ကိုယ်တိုင် ယုံကြည်စိတ်ချလျက် ပလိတ်ဆေး ထိုးခံပြီးလျှင် ကျွန်ုပ်၏ဇနီး၊ သားသမီး၊ ဆွေမျိုးညာတကာတို့ကို ပလိတ်ဆေးထိုးစေပြီးမှ တိုင်းသူပြည်သားတို့အား ထိုးပေးသည်ဖြစ်သောကြောင့် ပလိတ်ဆေးထိုးသည့်အတွက် ဘေးဥပဒ် အနည်းငယ်မျှ မရှိကြောင်း ၀ံခံနိုင်ပါသည်။

ဒေါက်တာစံစီပိုးရဲ့ `ဂီလနုပဌက´ ရှေးဦးသူနာပြုကျမ်းဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀ ကျော်က ပြုစုခဲ့တဲ့ ကျမ်းဟောင်းတစ်ဆူ ဖြစ်ပေမယ့် ဒီနေ့အထိ ခေတ်မီပြီး အသုံးတည့်သေးတာကို တွေ့ရတယ်။ ရှေးဦးသူနာပြုကျမ်းလို့ ဆိုရပေမယ့် ခန္ဓာဗေဒဆိုင်ရာ ဆေးသိပ္ပံ အချက်အလက်များကိုလည်း ပြေပြစ်ချောမောတဲ့ မြန်မာစကားပြေ သက်သက်နဲ့ ရှင်းရှင်းလင်းလင်း တိတိကျကျ ဖော်ပြထားပါတယ်။ ဒါအပြင် ဒီဂီလာနုပဌကကျမ်းဟာ မြန်မာနိုင်ငံမှာ ကြက်ခြေနီလုပ်ငန်းနဲ့ ပတ်သက်ပြီး ရေးသားဖော်ပြတဲ့ စာပေတွေအထဲမှာ အစောဆုံးတွေ့ရတဲ့ အထောက်အထားတစ်ခု ဖြစ်လို့ မြန်မာ့ ကြက်ခြေနီသမိုင်းအတွက်လည်း လွန်စွာမှ တန်ဖိုးရှိလှပါတယ်။ ဒေါက်တာစံစီပိုးဟာ မြန်မာ့ကြက်ခြေနီဆိုင်ရာ ရှေးဦးသူနာပြုလုပ်ငန်းကို မျိုးစေ့ချခဲ့သူ ကြက်ခြေနီ ဖခင်ကြီးတစ်ဦး အဖြစ်နဲ့ ဂုဏ်ပြုထိုက်လှ ပါပေတော့တယ်။

ဤပို့စ်အား ရှေးခေတ် မြန်မာသိပ္ပံကျမ်းများ – ဒေါက်တာမျိုးသန့်တင် စာအုပ်မှ ကိုးကား၍ ကောက်နုတ်တင်ပြအပ်ပါသည်။