တို့စိတ်တွေ လေနေတဲ့ မေ (၃၁)

မနက်ဖြန်ဆိုရင် သူ ထွက်ခွာသွားတာ (၁၂) နှစ် တင်းတင်းပြည့်သွားပါပြီ။ သူနဲ့ ပတ်သက်တဲ့အကြောင်းကို ကျနော် တံခါးခေါက်သံများ ဆိုပြီး အပိုင်း (၂၊ ၃၊ ၄) မှာ ရေးခဲ့ဖူးပါတယ်။ ကျနော်တို့ အင်မတန်မှ ခင်မင်ရတဲ့ ခင်မင်ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်၊ သူငယ်ချင်း အားလုံးအပေါ်မှာ အနွံတာ ခံနိုင်တဲ့ ညီအကိုတစ်ယောက်၊ အမေကို အစွမ်းကုန် စိတ်ချမ်းသာစေချင်တဲ့ သားကောင်း တစ်ယောက်။ အဝေမွှေးပေမယ့် အကြွေစောခဲ့တဲ့ သူငယ်ချင်း။ တကယ် ပြန်တွက်ကြည့်ရင် သူ့အသက်က (၂၁)၊ တစ်ချိန်မှာ အင်မတန်မှ မှည့်ဝင်းရွှန်းစိုမယ့် အသီးတစ်လုံးလို့ အားလုံးက မျှော်လင့်ထားခဲ့ပေမယ့် နုနုနယ်နယ်နဲ့ပဲ အကြွေ စောခဲ့ရတယ်။ သူ အဲဒီတုန်းက ကွန်ပြူတာတက္ကသိုလ် ပထမနှစ် ကျောင်းသား၊ ကျနော် သူ့ကို လွမ်းသလို၊ သူ့ကို သတိရသလို သူနဲ့ ကျောင်းနေဖက် အတန်းသူ အတန်းသား အားလုံးကလည်း ကျနော်နဲ့ ထပ်တူ သတိရကြလို့ အဲဒီ ဆုံးတဲ့နေ့ (၃၁ မေ) ပြီး နောက်တစ်ရက်မှာ သူတို့ ကဗျာတစ်ပုဒ် ဝိုင်းရေးကြတယ်။ အဲဒီကဗျာနဲ့ သူတို့ချစ်တဲ့ သူငယ်ချင်း သက်နိုင်ဦးကို ဖော်ကြူးခဲ့ကြတယ်။ အဲဒီ ကဗျာစာရွက်လေးကို သူတို့တွေ တစ်ကျောင်းလုံး ဝေငှလိုက်ကြပြီး သူငယ်ချင်းရဲ့ နောက်ဆုံးခရီးစဉ်ကို သူတို့ ဘတ်စ်ကားကြီး လေးစင်းနဲ့ လိုက်ပို့ကြပါတယ်။

(၁၂) နှစ်မြောက်တဲ့ ဒီနေ့မှာ အဲဒီ ဝေခဲ့ဖူးတဲ့ စာရွက်ကို အမှတ်တရ ပြန်ကြည့်မိပြီး သတိတရ ရှိတာနဲ့ ပို့စ် တင်ပေးလိုက်ပါတယ်။ ဒီကဗျာကို စီစဉ်တဲ့သူတွေကို ကျနော် မသိတော့ပါဘူး။ (၂၀၀၀) ခုနှစ်က မန္တလေးကွန်ပြူတာတက္ကသိုလ် ကျောင်းသားတစ်စုလို့ပဲ သိတော့တာပါ။ သူတို့ရဲ့ ကဗျာစာသားတွေကို ဖတ်ရင်း ကျနော်လည်း တစိမ့်စိမ့် သတိရမိနေတာနဲ့ တင်လိုက်ပါတယ်ဗျာ။

ဇွဲကလောင်ကိုင်ဆွဲရင်း ကြိုးစားသည့် …
အားပေးရင်းနှစ်သိမ့်တဲ့ မိဘတတွေ
ဆက်လက်လို့ ကြိုးစား (၉၉ ကုန်တော့) တွေ့ကြသည်
တို့တတွေသည် … ယခုတော့
သဲထဲရေသွန် ကွယ်ပျောက်ပြီ။

မိဘကဆွေး၊ တို့တတွေကလွမ်း
မင်းထားခဲ့အလွမ်း၊ တို့ရင်မှာစွဲကျန်သည် …
တစ်သက်မမေ့ပြီ …

သွား၊ လာ၊ စား၊ ကစားရင်း အတူ
မင်းရဲ့ရုပ်ပုံတွေ၊ ရင်တွင်းကစကားတွေ
ပြန်မြင်ယောင်ထင်ဟပ်မိတယ် ကျောင်းဆရာရယ် …

မင်းကနေမကောင်း၊ ခုံနံပါတ်ခိုးထိုး (မင်းအတွက်)
ဒါတွေက မင်းအတွက်စေတနာ
အခြင်းအရာ မသိတဲ့တို့ဆရာ
‘မလာတဲ့သူ နောက်အခါဘယ်တော့မှမလာနဲ့’ တဲ့
စိတ်ထဲမှာထင့် ငါ့ရင်မှာမင်းအတွက် ပူလောင်မိတယ်

အဝေးတစ်နေရာ ပြေးထွက်သွားတဲ့ ………………… မင်း
တို့ရင်မှာနေရာယူခဲ့တဲ့ ……………………………….. မင်း
တစ်တန်းလုံးအတွက် အနစ်နာခံခဲ့တဲ့ ………………. မင်း
တာဝန်ကျေခဲ့တဲ့ကျောင်းသား ………………………. မင်း
မိဘတွေသိပ်ချစ်ခဲ့တဲ့ ………………………………… မင်း
ငါတို့အရမ်းသတိရနေတဲ့ ……………………………. မင်း

အရာရာမင်းကို သတိရနေတဲ့ ငါတို့ကတော့
မင်းနေရာဘယ်သူမှ မဝင်လာစေရကွာ

မင်းရဲ့ပုံဟန်
လွယ်အိတ်ကိုဘေးလွယ်
ပွင့်လင်းတဲ့စကား
ချိုသာတဲ့အပြုံး
အားပေးတဲ့စကားတွေနဲ့ မင်းကိုသတိရနေတယ်

မင်းအခုတော့ ဘဝအလင်းကို ကြိုတင်ရွေးခဲ့ပေါ့ …
ဒို့မင်းအတွက်

ရင်နင့်စွာ ကြေကွဲရင်း အထက်(ဘဝဂ်) မင်းပျော်ရွှင်စေ
ဆုတောင်းပေးတဲ့ တို့တတွေလည်း
မင်းနဲ့တစ်နေ့ဆုံတွေ့မှာပါဘဲ

သံသရာတစ်ကွေ့ ဘဝတစ်ကွေ့မှာ ခွဲခွာခဲ့တဲ့
မင်းအတွက် အံကိုခဲရင်း
ဝေးသွားတာကို ဆွေးမိတယ် …
‘စိန်’ ဟာ ‘မှန်’ မရွေးဘူးဆိုသလို
‘သေခြင်း’ ဟာလည်း ‘လူ’ မရွေးပါဘူးဆိုတာ ဒို့သိပါတယ်
သွားရတာတော့ သွားတာပေါ့
ဒါပေမယ့် မင်းသွားတာ စောလွန်းတယ်
မင်းဖျားနာတာ တို့တတွေတွေ့တော့
အသည်းနှလုံးဆွဲထုတ် နှလုံးသွေးဖောက်သောက်ခံရသလို
အရိုးကြေမွ မျက်လုံးတွေပြာတောက်လာတယ်
တစ်ကိုယ်လုံးတုန်လာတယ်
မင်းကိုအရမ်းစိုးရိမ်ရင်းနဲ့ ကြွေခဲ့တဲ့မင်းကို
ကြွေလင့်တဲ့အသည်းတွေနဲ့ ငါတို့ စိတ်ဓာတ်တွေ မခိုင်တော့ဘူး
မင်းကိုလွမ်းတယ်ကွာ …. ။

မင်းတစ်ယောက် ဗုဒ္ဓရဲ့အရိပ်အောက်မှာ အေးမြစေသား …
ဘဝဂ်ဘုံမှာ ကောင်းရာသုဂတိလားစေသား … ။

ပထမနှစ် ကွန်ပျူတာတက္ကသိုလ်

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ စစ်ပွဲကြီး ပြီးသွားတာ (၄) နှစ် တင်းတင်း ပြည့်သွားပြီဆိုပေမယ့် စစ်တလင်းပြင်ကြီးက အမာရွတ်တွေ အခုထိ ရှိနေတုန်းပါပဲ။ 
လွန်ခဲ့တဲ့ လေးနှစ်တင်းတင်းပြည့် အချိန်တုန်းကပေါ့။ အတိအကျပြောရရင် ၂၀၀၈ ခု၊ မေလ ၂ ရက်နေ့။ ကျနော် အဲဒီအချိန်က ရန်ကုန်က အလုံမြို့နယ်မှာ။ နေ့လည်အချိန်မှာ ရပ်ကွက်ထဲမှာ လူတွေ ပြောနေကြတယ်။ ဒီည မုန်တိုင်းရှိတယ်တဲ့။ အားလုံးကတော့ ပေါ့ပေါ့ပါးပါးပဲ။ မုန်တိုင်းသတင်း ရလိုရငြား ကျနော် အင်တာနက်ထဲ ဝင်မွှေကြည့်တယ်။ အဲဒီတုန်းက မြန်မာသတင်းကိုပဲ ဖတ်လိုက်ရတော့ မုန်တိုင်းက ကြီးလာနိုင်တာ သိတယ်။ အမှန်အတိုင်း ပြောရရင် မယုံဖူး။ ကျနော်လိုပဲ အများစု ဒီလိုပဲ ဖြစ်နေကြတာပါပဲ။ ဒါကြောင့် လူအများစုက အေးအေးဆေးဆေးပဲ။ ကျနော်ကတော့ မုန်တိုင်းကြီးလာရင် ဒုက္ခဆိုပြီး မှတ်မှတ်ရရ ယံယံခေါက်ဆွဲထုပ် (၅) ထုပ် သွားဝယ်ထားတယ်။ အခုမှ ပြန်စဉ်းစားတော့ ရယ်ချင်စရာ။ အိမ်မှာ တစ်ယောက်တည်းနေတာဆိုတော့ (၂) ရက်စာ ပေါ့လေ။ ရေချိုးကန်က ရေတွေ၊ ရေတိုင်ကီထဲက ရေတွေ အပြည့်ဖြည့်ထားလိုက်တယ်။ ဒါ ကျနော်ရဲ့ ကြိုတင် ပြင်ဆင်ထားမှုလေးပါ။ အစိုးရ ကြေငြာချက်အရ ညနေ ၆ နာရီ ၁၅ လောက် မုန်တိုင်း ဝင်မယ်ပေါ့။ (ဘယ်မြို့ကို ဝင်မယ့် အချိန်လည်း ကျနော် မသိ) ခြောက်နာရီခွဲတော့ ကျနော် ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။ သူကတော့ အေးဆေးပဲ။ ည ၈ နာရီထိုး လေလေး မဖြစ်စလောက် တိုက်လာပြီ။ ဒါပေမယ့် မိုးကောင်းကင်ကြီး နီနေတယ်။ ည ၁၀ နာရီထိုးတော့ ကျနော် အိပ်ချင်ပြီ။ တိုက်ခန်းအပြင်ကို လှမ်းကြည့်လိုက်တယ်။ မိုးနည်းနည်း စရွာနေပြီ။ မုန်တိုင်းက အာပလာပါ၊ အဖျား ခတ်ရုံခတ်တာ ဖြစ်မယ် ဆိုပြီး ကျနော် ဝင်အိပ်လိုက်ပါတယ်။
ကျနော် လန့်နိုးလာတဲ့ အချိန်က ည (၁၁) နာရီကျော်။ နိုးလည်းနိုးဦးမှ၊ တစ်ရပ်ကွက်လုံး ဆူညံပွက်လော ရိုက်နေပြီ။ အဲဒီအချိန်မှာ ကျနော့နားထဲ စူးစူးရှရှ ကြားနေရတာ လေချွန်သံ။ တရွှီရွှီနဲ့ပါ။  တော်တော်လေး ထူးဆန်းလို့ အသံလာရာကို သွားကြည့်တယ်။ ပြတင်းပေါက်ကြားက ထွက်နေတဲ့ အသံ။ အဲဒီကျမှ ကျနော် မျက်လုံးမျက်ဆံ ပြူးသွားတယ်။ အပြင်မှာ လေဘယ်လောက် တိုက်နေသလဲ မသိ။ ပိတ်ထားတဲ့ ပြတင်းပေါက် ကြားက ဝင်တဲ့ လေရဲ့ အသံတောင် လေချွန်သံ ဖြစ်နေပြီ။ ဒါနဲ့ ပြတင်းပေါက် ဖွင့်ကြည့်မှ အိမ်ဘေးက အုန်းပင်ကြီးရဲ့ အဖျားက မြေနဲ့ ထိတော့ မတက် ကွေးကွေးသွားတယ်။ ကျနော် ကြည့်နေတုန်းမှာပဲ လေသံက ခဏ ငြိမ်ကျသွားတယ်။ ခဏလေးနေတော့ အဝေးကနေ တစ်ဝုန်းဝုန်းနဲ့ အသံကြီး တဖြည်းဖြည်းနဲ့ ကျယ်ကျယ်လာတော့တယ်။ ဘုရားဟောပါဠိတော်တွေထဲမှာ ပါတဲ့ တော်လဲသံဆိုတာ ဒါပဲ နေမှာပါပဲ။ တဝုန်းဝုန်းနဲ့ အသံကြီးဟာ တစ်မိနစ်လောက် အော်အပြီးမှာတော့ ဝေါကနဲ လေတွေ အလုံးလိုက် အရင်းလိုက် ဝင်လာလိုက်တာ ပိတ်ထားတဲ့ ပြတင်းပေါက်တောင် ခဲနဲ့ ထုခံလိုက်ရသလိုပဲ။ ဒါနဲ့ ကျနော်လည်း ဖွင့်ထားတဲ့ တံခါးကို မြန်မြန်ပိတ်လိုက်ရတယ်။ မပိတ်ရင်တော့ မှန်ကွဲပြီး တံတားကျိုးတော့မယ်လေ။ အခန်းမှာ ရှိတဲ့ တံခါးတွေ အားလုံးကို ဂျက်တွေ လိုက်ထိုးပြီး ထိုင်နေလိုက်တယ်။ ခဏနေတော့ဗျာ … ပိတ်ထားတဲ့ တံခါးကို လူတွေ ဝိုင်းပြီးဆွဲဖွင့်နေကြသလို တံခါးရွက်တွေ တစ်ဂျောင်းဂျောင်းနဲ့ ကျယ်ကျယ်လောင်လောင်ကြီးကို ခါနေတော့တယ်။ တချို့တံခါးရွက်ဆို ဂျက်တွေ ပြုတ်ထွက်ကုန်လို့ ချည်ဖို့ ကြိုးလိုက်ရှာရလေရဲ့။ အိမ်ကလည်း ကြိုးမရှိလေတော့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် ဆိုသလို အိမ်မှာ ရှိတဲ့ Mouse အပျက် (၆) လုံးနဲ့ တံခါးရွက်တွေ အကုန် ပတ်ချည်ပစ်လိုက်တယ်။ ဆယ့်နှစ်နာရီ ခွဲလောက်ထိ မအိပ်ဘဲ အခြေအနေ ထိုင်ကြည့်နေတယ်။ စောနက ပြောတဲ့ လေလုံးကြီး အလာမှာပဲ မီးက လုံးဝ ပြတ်တောက်သွားတယ်။ မဲမဲမှောင်တဲ့ လောကကြီးထဲမှာ တစ်ရွှီရွှီ တစ်ဂျောင်းဂျောင်းနဲ့ ဆိုတော့ သီချင်းလေးတောင် ထဆိုလိုက်မိသေး။ ဒီလို သီချင်းဆိုနိုင်တဲ့အတွက် ကျနော် အဲဒီအချိန်က အစိုးရကို ကျေးဇူးတင်မိတာ အမှန်ပဲ။ ဒီလို မီးမရှိဘာမရှိ ဒုက္ခရောက်နေတဲ့ အချိန်မှာ နေတတ်ထိုင်တတ်အောင် ကျနော်တို့ကို ငယ်ငယ်လေးကတည်းက ထရိုင်နင်ပေးခဲ့တာ သူတို့ပဲ မဟုတ်လား။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ နေရာမှာ ဥရောပသားတွေသာဆို အခုချိန် ဘယ်လောက်များ ပြာယာခတ်နေကြမလဲ။ ကျနော်ကတော့ မပြာပေါင်။ အေးဆေးပဲ။ အေးဆေးလွန်းအားကြီးတော့ အိပ်ချင်လာလို့ ည (၁၂) နာရီခွဲကျော်တော့ ဝင်အိပ်လိုက်တယ်။ လောကကြီး ဘယ်လို ဖြစ်ကုန်ပြီလဲ ကျနော် မသိချင်တော့။
မေလ (၃) ရက်နေ့ နံနက် (၆) နာရီ ကျော်ကျော်လောက် ကျနော် နိုးလာတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေပေါ် ရေက ဒူးလောက် ရှိရဲ့။ မုန်တိုင်းစစ်ကြီး ပြီးဆုံးသွားပလား ကျနော် မသိ။ စစ်တလင်းပြင်မှာတော့ အတုံးအရုန်း။ သိပ်မကြာပါဘူး သတင်းတွေ ရောက်လာတယ်။ ဘယ်ရပ်ကွက်တာ မိုးရွာတုန်း သရက်သီး ဆင်းကောက်တာ သစ်ကိုင်းကျိုးကျပြီး သေလေရဲ့။ ဟိုရပ်ကွက်ကလေ သွပ်ပြားတွေ လွင့်လာလို့ လိုက်ကောက်ကြတာ လူတစ်ယောက်ရဲ့ လည်ပင်းကို သွပ်ပြားက လှီးပစ်လို့ သေလေရဲ့။ မဟာဓာတ်အားလိုင်းက ဓာတ်တိုင်တွေ လဲပြိုကုန်လို့ ဒီနေ့ကစပြီး အကန့်အသတ်မရှိ မီး တရားဝင် ပြတ်မယ်။ စတဲ့ စတဲ့ သတင်းတွေ။ အော် လူတွေလူတွေ သေရမှာမှန်း မသိတော့ ငတ်ကောင်းတုန်းပါလားလို့ သံဝေဂတောင် ရမိပါသေး။ မိုးတွေက ကျနေသေး၊ လေကလည်း တိုက်နေသေးတယ်။ မီးလာဖို့ကလည်း လချီပြီး ကြာဦးမှာ။ ရှိစုမဲ့စု ယံယံခေါက်ဆွဲထုပ် (၅) ထုပ်ကိုတော့ အမြော်အမြင် ရှိရှိ အသုံးချမှ လို့ ဆုံးဖြတ်ပြီး ခေါက်ဆွဲထုပ် တစ်ဝက်ချိုးပြီး နံနက်စာအဖြစ် ပြုတ်စားလိုက်တယ်။ မှတ်မှတ်ရရ နံနက် (၈) နာရီ ကျော်တဲ့အထိ မီးမလာပေမယ့် ဂျီဖုန်းတွေက ပြောလို့ရနေသေးတယ်။ လိုင်းဖုန်းကတော့ မနေ့ညကတည်းက ဒေါင်းပြီ။ မနက် ခပ်စောစောအထိ လေက နည်းနည်း ပြင်းသေးတော့ တစ်ရွှီရွှီ အသံက ကြားရတုန်း။ ဒါကြောင့် မန္တလေးက အမေ့ဖုန်း လာတော့ သူ့တောင် ဖုန်းထဲကနေ တရွှီရွှီ သံစဉ်ကို ပေးနားထောင်လိုက် သေးတယ်။ နေ့ခင်း (၁၂) နာရီ ကျော်တော့ ဒေါသတွေ အားလုံး ပြေပျောက်သွားပုံ ရပါတယ်။ လေငြိမ်သွားပြီ။ မိုး တိတ်သွားပြီ။ ဒါပေမယ့် ရပ်ကွက်ထဲမှာတော့ ကောလဟာဟတွေ မတိတ်သေးဘူး။ မုန်တိုင်းက မပြီးသေးဘူး လာဦးမှာတဲ့။ အင်း … ဒီအတိုင်းသာ ထပ်လာဦးမယ်ဆိုရင်တော့ ခေါက်ဆွဲ (၄) ထုပ်ခွဲနဲ့ မလောက်တော့ဘူးလို့လည်း တွေးလိုက်တာ မှတ်မိသေးတယ်။
ဒီလိုနဲ့ ဒီလိုနဲ့ ပေါ့။ ရန်ကုန်မြို့ကြီးကတော့ နလန်ထတာ တော်တော် မြန်ပါတယ်။ ထင်တောင် မထင်မိဘူး။ တစ်လ ကြာမယ်ဆိုတဲ့ လျှပ်စစ်မီးက ရက် (၂၀) ကျော်တော့ ကျနော်တို့ အလုံမှာ စ ရတယ်။ မီးလာတော့ သိပ်မကြာဘူး ဂျီဖုန်းတွေ လိုင်းပြန်ရတယ်။ တယ်လီဖုန်း ကြိုးလိုင်းကတော့ ကြိုးတွေ အစအဆုံး ပြန်ဆင်ရတာ ဆိုတော့ တစ်လ ကျော်ကျော် ကြာပါတယ်။ လမ်းပေါ် အတုံးအရုန်း လဲနေတဲ့ သစ်ပင်တွေ အများစု တစ်ပတ်အတွင်း ရှင်းလင်းပြီး ဖြစ်သွားတယ်။ မေလ (၃) ရက်နေ့ မိုးလေတွေ ကုန်တော့ နေ့ခင်းပိုင်း ကျနော်နဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ရန်ကုန်မြို့ကို တိုင်းခမ်းလှည့်လည်ပါတယ်။ စည်ပင်ထက်တောင် စောတယ် ဆိုပါတော့။ အဲဒီအချိန်မှာ စည်းလုံးခြင်းသည် အင်အားဆိုတာကို လက်တွေ့ မျက်တွေ့ တွေ့လိုက်ရတယ်။ ရပ်ကွက်ထဲက လူတွေ ရဟန်းတော်တွေ လဲနေတဲ့ သစ်ပင်ကြီးတွေပေါ် ခွတက်ပြီး လွှတွေ ဓါးတွေနဲ့ ရှင်းနေလိုက်ကြတာ။ ဘယ်သွားသွား အဲဒီ မြင်ကွင်းက မြင်နေရတယ်။ ထူးဆန်းတာက အဲဒီလို ဝင်လုပ်နေတဲ့ လူတွေထဲမှာ အစိုးရအဖွဲ့အစည်းက တစ်ကောင်တစ်မြီးမှ မပါဘူး။ အော် .. ဆောရီး မှားသွားလို့ ထူးဆန်းတာက မဟုတ်ပါဘူး။ ထူးမှ မထူးဆန်းဘဲ၊ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးတာ မြင်နေရတော့ ဝမ်းသာစရာပါ။ တစ်ပတ်လောက်နေတော့ စည်ပင်က လူတွေ အလုပ်စလုပ်တာ တွေ့ရတယ်။ တောကြောင်တွေကတော့ ဟိုနားဒီနား ကားခ တစ်ထောင်နဲ့ လိုင်းကားတွေ ပြေးဆွဲနေလေရဲ့။ တစ်မြို့လုံးကို ဝရုန်းသုန်းကားပါ။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်အထိ ကိုယ့်အနားကိုပဲ ဂရုစိုက်နေမိတယ်။ ကျနော် ဧရာဝတီကို မေ့နေခဲ့တယ်။ အဲဒီအချိန်မှာတော့ ဧရာဝတီရဲ့ ခြေထောက်တွေ ကျိုးကျေနေလေပြီ။
ဧရာဝတီအတွက် ဘာလုပ်ပေးနိုင်မလဲလို့ အားကျိုးမာန်တက် စဉ်းစားတဲ့အချိန်က မေလ ကုန်ပိုင်းမှ။ သက်ထူး၊ ညီလင်းဆက် စတဲ့ သူငယ်ချင်းတွေကတော့ အုပ်စုဖွဲ့ပြီး နိုင်ငံခြားက ငွေတွေ လက်ခံတဲ့သူက လက်ခံ၊ ဧရာဝတီကို သွားပြီး အိမ်တွေ ဆောက်ပေးတဲ့သူက ဆောက်ပေးနဲ့။ အလုပ်တွေ များနေကြတယ်။ နောက် သူငယ်ချင်းတစ်ယောက်ကတော့ Max ဦးဇော်ဇော်တို့ အဖွဲ့မှာ ဝင်ကူနေလေရဲ့။ နောက်ထပ် သူငယ်ချင်းတစ်ယောက်က INGO တစ်ဖွဲ့ရဲ့ စေလွှတ်ချက်အရ ဧရာဝတီမှာ နေပြီး ကျန်းမာရေးအကူအညီတွေ ပေးနေလေရဲ့။ သူတို့ဆီက ဒေသခံ သတင်းတွေ ကြားနေရတော့ စိတ်မကောင်း။ ကျနော်ကော ဘာလုပ်ပေးနိုင်မလဲ။ ဘယ်နိုင်ငံကတော့ဖြင့် ဘာကူညီမှာ စတဲ့ သတင်းကောင်းတွေ၊ အစိုးရဘက်က အဟန့်အတား သတင်းဆိုးတွေ၊ မင်္ဂလာဒုံဈေးထဲမှာ နိုင်ငံခြားဖြစ် ပစ္စည်းတွေ ဝယ်လို့ရတယ် ဆိုတဲ့ သတင်းတွေ၊ သွားလှူတာတော့ ဟုတ်ပါပြီ တစ်ခါတစ်ခါ သွားရင် ခရီးစရိတ် သိန်းက ဆယ်ဂဏန်းအောက်ထစ်ကုန်တာ စတဲ့ သတင်းတွေ။ အဲဒီ သတင်းတွေကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ လပွတ္တာမှာ ကယ်ဆယ်ရေး လုပ်နေတဲ့ သူငယ်ချင်းက တစ်နေ့ ဖုန်းဆက်လာတယ်။ ဒုက္ခသည်တွေမှာ အဝတ်အစား မရှိဘူး၊ ခြုံစရာ စောင်မရှိဘူး ကူညီပါဦးတဲ့။ ဒါနဲ့ ကျနော်လည်း စွမ်းနိုင်သလောက် မုံရွာက သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး စောင်စက်ရုံတွေရဲ့ လက်ကျန်တွေ လိုက်သိမ်းရတယ်။ ခက်တာက စောင်လှောင်ချိန် ဆိုတော့ စောင်တွေက စက်ရုံတွေမှာ မရှိသလောက်၊ ကုန်သည်တွေစီမှာပဲ များနေတယ်။ နောက်သိမ်းလိုက်တာ အထည် (၁၅၀၀) ရတယ်။ အဝတ်အစားတွေလည်း လိုသေးတော့ သူငယ်ချင်းတွေဆီ ဆော်ဩလိုက်တာ (၅) ပေလောက် မြင့်တဲ့ ပီနံအိတ်ကြီးနဲ့ အဝတ်အစားတွေ စုစုပေါင်း (၁၉) လုံး ရတယ်။ အဲဒါတွေ အားလုံးကို ကျနော်က ရန်ကုန်ကနေ လက်ခံယူတယ်။ ဆေးပစ္စည်းတွေကော လှူကြတယ်ပေါ့။
ကျနော် ဦးနှောက်စားရတဲ့ အပိုင်း ရောက်လာတယ်။ ဒီပစ္စည်းတွေ ဘယ်လို ပို့မလဲ။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ ကိုယ်တိုင် သွားဝေချင်တယ်။ ကိုယ်ထိလက်ရောက်ပေါ့။ ပစ္စည်းသယ်ဖို့ ကားခ မေးကြည့်တော့ အသွားအပြန် (၅) သိန်းလောက် ကျမယ်။ အဲဒါ တစ်စီး ဈေးပါ။ ပစ္စည်းကများတော့ တစ်စီးနဲ့ ဘယ်ရမလဲ။ ဒါကြောင့် ခရီးစရိတ်ချည်း တွက်ကြည့်တော့ (၁၅) သိန်းလောက်က အောက်ထစ်ပဲ။ ဒါနဲ့ ကိုယ်တိုင် သွားချင်တဲ့ စိတ်ကလေးကို မျိုသိမ့်ပြီး လူကြုံထည့်ဖို့ ဆုံးဖြတ်ကြတယ်။ အစိုးရဆီ အပ်မလား။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ စိတ်မချဘူး။ ဦးဇော်ဇော်အဖွဲ့ရန်ကုန်ကနေ  နေ့စဉ် ကားနှစ်စီး ထွက်တယ်လို့ သတင်းရတယ်။ သူတို့နဲ့ ထည့်မလား။ ဒါလည်း သတင်းက သိုးသိုးသန့်သန့်နဲ့ ဆိုတော့ အားမပေးချင်။ နောက်ဆုံး ဆရာတော် ဦးဉာဏိဿရကို သတိရသွားတယ်။ ဒါနဲ့ မြောက်ဒဂုံက သီတဂူကျောင်းကိုပဲ စောင်နဲ့ အဝတ်အထည်တွေ သွားလှူလိုက်တော့တယ်။ ဆေးပစ္စည်း ဘာလို့ ထည့်မပေးသလဲဆိုတော့ သွားမလှူခင်လေးတင်မှာပဲ INGO က သူငယ်ချင်း ဖုန်းဆက်လာတယ်။ ငါတို့ နယ်လှည့်ပြီး ဆေးကုဖို့ သင်္ဘောတစ်စင်း ငှားထားတယ်။ မင်းတို့ လိုက်ချင်ရင် ပုသိမ်ကို ဘယ်ရက် အရောက်လာခဲ့တဲ့။ ဒါကြောင့် ကျနော်တို့ ဆေးသင်္ဘောနဲ့ လိုက်ဖို့ ဆေးသေတ္တာကိုတော့ ချန်ထားလိုက်ကြတယ်။ ဒီလိုနဲ့ ကျနော်တို့ ငပုတောကို ရောက်သွားတယ် ဆိုပါတော့။
ကျနော် မမှတ်မိတော့လို့ မလေးရှားနိုင်ငံက ထင်ပါရဲ့။ ဒေါ်လာသန်းချီ တန်ဖိုးရှိတဲ့ ဆေးတွေ ပို့ပေးလိုက်ပြီး အစိုးရကို ဒီပရောဂျက် မအပ်ချင်လို့ INGO တစ်ဖွဲ့ကို ထိုးပေးလိုက်တယ်။ ဒီတော့ သူတို့က ဆရာဝန်ငှား သင်္ဘောပေါ်တင်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ဧရာဝတီကို စုန်ဆန်ပြီး ကျေးရွာတွေအထိ ဆေးလိုက်ကုပေးတယ်။ ကျနော်တို့ အဲဒီ သင်္ဘောနဲ့ ပါသွားတယ်။ လှူတဲ့သူက လှူပါရဲ့ အလှူခံပုဂ္ဂိုလ်က ခပ်ယဲ့ယဲ့ ဆိုသလိုပါပဲ။ အားလုံး သိတဲ့အတိုင်းပဲ နာဂစ်မုန်တိုင်းရဲ့ ဒဏ်ကို အဆိုးဆုံး ခံရတာက လပွတ္တာမြို့နယ်နဲ့ မော်ကျွန်းပါ။ ဒါပေမယ့် အဲဒီ အဖွဲ့ကို အစိုးရက တရားဝင် ဆေးကုသခွင့် ပေးထားတာက ငပုတောမြို့နယ်။ အသေအပျောက် မရှိသလောက်ပါပဲ။ အပျက်အစီးကတော့ ထိုက်သင့်သလောက်ရှိတယ်။ ကျနော်တို့ လိုက်ပါတဲ့ သင်္ဘောက နိုင်ငံခြားသားတွေ စီးတဲ့ အပျော်စီးသင်္ဘောကြီး။ သူက ရေတိမ်ပိုင်း မသွားနိုင်တော့ အဆင်ပြေတဲ့ တစ်နေရာမှာ ထားပြီး စက်လှေနဲ့ ကျနော်တို့ ရွာကို ခရီးဆက်ရတယ်။ အဖွဲ့က စက်လှေ အပြတ်ငှားထားတော့ အဆင်ပြေတယ်။ ကျနော်တို့လည်း သူတို့အဖွဲ့နဲ့ လိုက်နေတော့ အလကားလိုက်တာ မဖြစ်ရအောင် ကျနော်တို့ကိုလည်း အလုပ်ပေးပါလို့ တောင်းလိုက်တယ်။ ကျနော့သူငယ်ချင်းက အဖွဲ့ခေါင်းဆောင်ဆိုပေမယ့် ကျနော်တို့ အလကား မလိုက်ချင်ဘူး။ ရောက်လာမှတော့ တစ်ခုခု လုပ်ပေးချင်တယ်။ ဒီတော့ သူငယ်ချင်းက ကျနော်တို့ကို တာဝန်တစ်ခုပေးတယ်။ ကျနော်တို့အဖွဲ့ငယ်က သူတို့ မရောက်ရသေးတဲ့ ရွာအသစ်တွေကို သွားရမယ်။ ရွာကို လေ့လာရမယ်။ အခြေအနေတွေ စစ်တမ်းကောက်ပြီး အဲဒီရွာကို သွားပြီး ဆေးကုဖို့ လိုမလို မှတ်ချက်ရေးရတယ်ပေါ့။ တကယ်တော့ ကျနော်တို့ မှတ်ချက် မရေးရပါဘူး။ သူငယ်ချင်းက သူပဲ ဆုံးဖြတ်ပေးပါတယ်။
ကျနော်တို့ ရွာတွေကို လိုက်ပြီး လေ့လာကြတယ်။ အင်တာဗျူးကြတယ်။ ရွာအခြေအနေကို အကဲခတ်တယ်။ ကျနော်တို့ ရောက်ခဲ့တဲ့ ရွာတိုင်းလိုလိုက အသေအပျောက် မရှိသလောက်ပဲ။ တချို့ရွာကတော့ တစ်ခြမ်းနီးပါး ပျက်စီးနေတယ်၊ ဒါပေမယ့် အသေအပျောက် မရှိဘူး။ နောက်ပိုင်းမှ သတိထားဖြစ်တာက လူတွေ သေတာ လေကြောင့် မဟုတ်ဘူး။ လေနောက်က ပါတဲ့ ရေကြောင့်ပါ။ ဆိုလိုတာက လေတိုက်ပြီးရင် ရေတွေ တအား တက်တယ်။ တချို့ရွာတွေ ပေ (၂၀) ကျော် တက်တယ်။ တောင်ကုန်းခပ်မြင့်မြင့် ရှိတဲ့ ရွာတွေက ခံသာတယ်။ ကျနော်တို့ သွားခဲ့တဲ့ ရွာတွေ ရေမတက်တာ မဟုတ်ဘူး၊ တက်တယ်။ ဒါပေမယ့် ဒူးလောက် ရင်လောက် ဆိုတော့ အန္တရာယ် မပေးနိုင်ဘူး။ ဒါပေမယ့် အိမ်တွေ ပြိုကုန်တယ်။ လယ်တွေ ပျက်ကုန်တယ်။ ကန်တွေ ရေတွင်းတွေ ပျက်စီးကုန်တယ်။ ရေငန်တွေ ဝင်တာကိုး။ အသေအပျောက်မရှိတော့ တော်သေးတာပေါ့။ အိမ်တွေ ပျက်ကုန်ရုံ၊ တွင်းတွေ ပျက်ရုံတင် မကပါဘူး။ စိတ်ဓာတ်တွေပါ ပျက်ကုန်ကြတာ တွေ့ရတော့ အင်မတန် ဝမ်းနည်းမိတယ်။ ကျနော် ရွာတွေ သွားတော့ ရွာတိုင်းလိုလိုက ကျနော်တို့ကို ပြောလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။ ရွာအားလုံးလိုလို ပြောတဲ့စကား မတူပေမယ့် သဘောသွားကတော့ အတူတူပဲ။ 
” ဆရာတို့က ဘယ်အဖွဲ့ကလဲ။ —– ရွာကိုတော့ ဟိုတစ်နေ့က ထောက်ပံ့ရေးအဖွဲ့ လာသွားတယ်။ ဘာတွေ ညာတွေ ဝေသွားကြတယ်။ ကျွန်တော်/ ကျွန်မတို့ဆီကျ ဘယ်သူမှ မလာကြဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ် “
ပေါ့။ ကျနော်တို့က ရှင်းပြရတယ်။ ကျနော်တို့က ရိက္ခာဝေတဲ့ အဖွဲ့ မဟုတ်တဲ့အကြောင်း လှည့်လည်ပြီး ဆေးကုပေးတာ ဖြစ်တဲ့အကြောင်း အတော်လေး ရှင်းပြရတယ်။ အဲဒါ ရွာတိုင်းမှာ ကြုံရတာ။ သူတို့ဆီမှာ နာဂစ်ဖြစ်ပြီးမှ ဘယ်သူတွေ ကျန်းမာရေး ချို့တဲ့နေသလဲ ကျနော်တို့ စာရှင်းကောက်ရတယ်။ အဲ့ဒီတော့ သံဆူးတဲ့လူကအစ ထွက်လာကြတယ်။ ကျနော်တို့ အဓိက ဦးတည်ချင်တာ ကူးစက်ရောဂါပေါ့။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကြောင့် ဖြစ်လာတတ်တဲ့ ရောဂါမျိုးတွေပေါ့။ ဝမ်းလျှော၊ ဝမ်းရောင်၊ ယားနာ စတဲ့ စတဲ့ ရောဂါဝေဒနာတွေပါ။ ကိုယ့်ဆီ လာတဲ့ လူတွေဆီကနေ လက်ဖြန့်တောင်းချင်တဲ့ စိ်တ်ရောဂါကိုတော့ ကျနော်တို့ ကုမပေးနိုင်ဘူးလေ။ ဒါကြောင့်လည်း နိုင်ငံခြားက ပညာရှင်တွေက ပြောကြပါတယ်။
ခင်ဗျားတို့တတွေ စားနပ်ရိက္ခာ များများ ထောက်ပံ့လေလေ အဲဒီလူက သူတောင်းစားစိတ် ပေါက်လေလေပဲ။ ခင်ဗျားတို့ လုပ်ပေးရမှာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ မွေးပေးရမှာက လုပ်ချင်ကိုင်ချင်စိတ် ပါ။ ပိုက်ဆံတွေ၊ ရိက္ခာတွေ ပေးနေတာ အရှုပ်ကို မရှင်းစေဘူး။ အရှင်းကို ရှုပ်စေတယ်။
အဲဒီစကားကို ကျနော် အားရပါးရကြီး ထောက်ခံပါတယ်။ မျက်မြင်ကိုယ်တွေ့ကိုး။ ကြားနေရတာလည်း တစ်ပုံတစ်ပင်ပဲ။ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်သွားတဲ့ လမ်းတလျှောက် ပေးစာကမ်းစာ မျှော်နေတဲ့သူတွေ တစ်ပုံတစ်ပင်ပဲ တဲ့။ အလုပ်အကိုင်ရအောင် မြို့ပေါ်တက်ပြီး အလုပ်ရှာမှဆိုပြီး မြို့တွေပေါ် တက်လာတဲ့သူ ဘယ်နှယောက်များ ရှိနိုင်ပါလိမ့်။
“လောကဓံသည် လူကို ကြံ့ခိုင်စေ၏”
ဒီအဆိုအမိန့်လေး မှတ်သားဖူးတယ်။ အင်း … ကျနော်တို့ နိုင်ငံအတွက် “လောကဓံသည် လူကို သူတောင်းစား ဖြစ်စေ၏” လို့ ဖြစ်သွားမလားတောင် စိုးရိမ်မိတယ်။ ဒီ လေးနှစ်တာ ကာလအတွင်းမှာ ဧရာဝတီရဲ့ သတင်းဆိုးတွေ မကြားရတော့ ကောင်းကောင်းကြီး နလန်ထပြီးသွားပြီလို့ ယူဆပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီက စပါးတွေ အရင်လို အားကောင်းမောင်းသန် ထွက်နေပြီဆိုတာ သိရတော့ ဧရာဝတီသားတို့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း။
မှတ်ချက် ။   ။ မည်သူ့ကိုမျှ စော်ကားလိုစိတ် မရှိပါ။ တကယ့်ကို ရင်နာမိသောကြောင့် အပြုသဘော ရေးသားခြင်းသာ ဖြစ်ပါသည်။