မြန်မာတို့၏ အချိန်ဝေါဟာရများ

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ – အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် အများသူငါ ဗဟုသုတရအောင်၊ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းပြီးသား ဖြစ်အောင် စက်နာရီအချိန်နဲ့ မြန်မာဝေါဟာရ တွဲပြီး တင်ပြပေးလိုက်ပါတယ်။
သတိထားရမှာ တစ်ခုက အရုဏ်တက်ချိန်ဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလွဲ ရှိပါတယ်။ အခု တင်ပြမယ့် ဥပမာမှာ အရုဏ်တက်ချိန် နံနက် ၅ နာရီ ကို မူတည်ပြီး တွက်ချက်သွားမှာပါ။ အရုဏ်တက်ချိန်ဟာ အကြမ်းဖျင်းအားဖြင့် ၃ ရက်ကို တစ်မိနစ် အတိုးအလျော့ ရှိပါတယ်။ ဒါကြောင့် အရုဏ်အချိန်ပေါ်မူတည်ပြီး တခြားအချိန်တွေလည်း အပြောင်းအလဲ ရှိပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ စက်နာရီ မပေါ်ခင် နေနာရီကို သုံးကတည်းက ရှိနေခဲ့တဲ့ ဝေါဟာရတွေ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စက်နာရီနဲ့ ယှဉ်တွဲဖော်ပြတဲ့အခါမှာ အတိအကျ ရဖို့ကတော့ မလွယ်ဘူး။ အနီးစပ်ဆုံး အကြမ်းဖျင်း မှတ်သားထားရုံသက်သက်သာ တင်ပြလိုက်ပါတယ်။
 နံနက် ၀၄:၃၀ – ရောင်နီပေါ်ချိန်
နံနက် ၀၅:၂၀ – ဝေလီဝေလင်း၊ ကျီးမနိုးတနိုး

နံနက် ၀၅:၂၄ – နေထွက်ချိန်
နံနက် ၀၅:၃၀ – လင်းအားကြီး
နံနက် ၀၅:၄၀ – နေထွက်တပြူ
နံနက် ၀၆:၀၀ – မိုးစင်စင်လင်း
နံနက် ၀၉:၀၀ – နေထန်းတစ်ဖျား
နံနက် ၀၉:၃၀ – ဆွမ်းခံပြန်
နံနက် ၁၀:၃၀ – ဆွမ်းစားချိန်
နံနက် ၁၁:၀၀ – နေမွန်းလပ်
နေ့ ၁၂:၀၀ – နေမွန်းတည့်
နေ့ ၀၁:၀၀ – နေမွန်းတိမ်း
နေ့ ဝ၁:၃၀ – နေမွန်းလွဲ
ညနေ ၀၃:၃၀ – ညနေစောင်း
ညနေ ၀၄:၃၀ – ညနေအေး
ညနေ ၀၅:၀၀ – နေဝင်ဆည်းဆာ
ညနေ ၀၅:၂၀ – နေဝင်ဖြိုးဖျ
ညနေ ၀၅:၃၀ – နေဝင်ရီတရော
ညနေ ၀၅:၄၀ – နွားရိုင်းသွင်းချိန်
ညနေ ၀၅:၅၀ – ညီအကို မသိတသိ
ညနေ ၀၆:၀၀ – နေဝင်မိုးချုပ်
ညနေ ၀၆:၃၀ – ညချမ်း
ည ၀၇:၃၀ – သူငယ်အိပ်စက်
ည ၀၉:၀၀ – သက်ကြီးခေါင်းချ
ည ၁၀:၃၀ – ညဉ့်ဦးတွန်ချိန်
ည ၁၁:၀၀ – လုလင်ပြန်
ည ၁၂:၀၀ – သန်းခေါင်ယံ၊ သန်းခေါင်ကြက်တွန်
ည ၁၂:၃၀ – ကြယ်မြီးတောင်
ည ၀၃:၀၀ – ကြက်ဦးတွန်
နံနက် ၀၄:၀၀ – လင်းကြက်ဆော်ချိန်
နံနက် ၀၅:၀၀ – အရုဏ်တက်

မြန်မာ့ရာဇဝင်မှ သာသနာဖျက် မင်းများ (၁)

မြန်မာနိုင်ငံတော်ရယ်လို့ ဖြစ်လာတဲ့ ပုဂံခေတ်ကနေ စပြီး ဗုဒ္ဓဘာသာ နိုင်ငံပါလို့ လက်မ ထောင်ခဲ့ကြတယ်။ ခေတ်အဆက်ဆက် မင်းအဆက်ဆက် ဗုဒ္ဓဘာသာမင်းတွေ ဖြစ်ကြပြီး ဗုဒ္ဓဘာသာကို အထူး ဦးစားပေး ကိုးကွယ်လာခဲ့ကြတာ မြန်မာတွေ အားလုံး အသိပါပဲ။ ဗုဒ္ဓဘာသာ ဆိုတာထက် အထူးသဖြင့် ထေရဝါဒ ဗုဒ္ဓဘာသာပေါ့။ ပုဂံခေတ်ကမှ မဟုတ်ပါဘူး ပုဂံခေတ်ထက် စောတဲ့ ပျူခေတ် ရာမညခေတ်၊ (မွန်မင်းဆက်)၊ ရခိုင်မင်းဆက်၊ စော်ဘွားအဆက်ဆက် တွေမှာလည်း ဗုဒ္ဓဘာသာကိုပဲ အများဆုံး ကိုးကွယ်ခဲ့ကြတာပါပဲ။ ဒါပေမယ့် မဟာယနနဲ့ ဗြဟ္မဏဝါဒတွေလည်း ပြန့်နှံ့နေတာပါ။ အရည်းကြီးဝါဒ နဲ့ နတ်ကိုးကွယ်မှုတွေလည်း ရှိတော့ ရှိကြတယ်။ ဒါပေမယ့် တိုင်းပြည်အုပ်ချုပ်တဲ့ မင်းတွေ ကိုယ်နှိုက်က ဗုဒ္ဓဘာသာပါလို့ ခံယူကြတော့ ဗုဒ္ဓဘာသာက ခေတ်အဆက်ဆက် ပိုပြီး ထွန်းကားအောင်မြင် လာခဲ့တယ်။ ဒါပေမယ့် ဘယ်သို့သော လမ်းခရီးမှ အစဉ် မဖြောင့်ဖြူးပါဘူး။ မြန်မာရာဇဝင်ကို ပြန်ကြည့်ရင်လည်း ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ခဲ့ပေမယ့်၊ ပြည်သူ အများစု ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ကြပေမယ့် တချို့သော မင်းဆိုးမင်းညစ်တွေရဲ့ ကိုယ့်အာဏာတည်မြဲရေးအတွက် သာသနာကို ဖျက်ဆီးခဲ့တဲ့ အထောက်အထားတွေလည်း ရှိခဲ့ပြန်တယ်။ မြန်မာ့ရာဇဝင်မှာ သာသနာ ဖျက်ခဲ့တဲ့ အဆိုးဝါးဆုံး မင်း သုံးပါး ရှိတယ်။ အဲဒီထဲက တစ်ယောက်ကိုတော့ အများစု သိကြပါတယ်။ သန်လျင်မှာ မင်းအဖြစ်နဲ့ ကြီးစိုးခဲ့တဲ့ ပေါ်တူဂီသား ဒီဘရစ်တို ခေါ် ငစင်ကာ။
ငစင်ကာက မြန်မာလူမျိုးမှ မဟုတ်ဘဲ။ ဘာလို့ ဒီစာရင်းထဲ ထည့်သလဲလို့ မေးစရာ ရှိတယ်။ ငစင်ကာက မြန်မာလူမျိုးမဟုတ်ပေမယ့် မြန်မာ့မြေပေါ်မှာ (၆) နှစ်ကျော် အုပ်ချုပ်ခဲ့တယ်။ နောက်ပြီး သူအုပ်ချုပ်ခဲ့တဲ့ နယ်မြေက အခုခေတ်ခေါ် ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်း ဒေသအတော်များများပဲ။ ရခိုင်ဘုရင်ကလည်း အသိအမှတ်ပြုရတယ်။ တောင်ငူဘုရင်နဲ့ မုတ္တမဘုရင်ခံကလည်း သူ့ကို ဘုရင်အဖြစ်နဲ့ အသိအမှတ် ပြုခဲ့ရတယ်။ ဒီတော့ မြန်မာ့ရာဇာဝင်မှာ မြန်မာမဟုတ်တဲ့ တစ်ဦးတည်းသော လူမျိုးခြားဘုရင်ပေါ့။ သူက ခရစ်ယာန်ဘာသာ ရှေးခေတ်အခေါ် ဘရင်ဂျီဘာသာ ကိုးကွယ်လို့ ဗုဒ္ဓဘာသာကို အားမပေးတာက သိပ်ရင်နာစရာ မကောင်းပါဘူး။ မြန်မာ့သမိုင်းမှာ ဗုဒ္ဓဘာသာ ဖြစ်လျက်နဲ့ ရဟန်းကိုဖျက် ဘုန်းကြီးကိုသတ်၊ ပိဋကတ်မီးရှို့ပြီး ဘုရားစေတီတွေ ဖြိုဖျက်ခဲ့တဲ့ မင်း (၂) ပါး ရှိသေးတယ်။ တစ်ပါးက ပုဂံခေတ်က၊ နောက်တစ်ပါးက အင်းဝခေတ်နှောင်း။ ပုဂံခေတ်ဘုရင်က မြန်မာစစ်စစ်။ အင်းဝခေတ် ဘုရင်ကတော့ ရှမ်းစော်ဘွားမျိုး။ အဲဒီ သာသနာဖျက်ခဲ့တဲ့ မင်းညစ် (၃) ပါး အကြောင်းကို မှတ်တမ်းရှိသလောက် တစ်ပါးချင်းစီ တင်ပြပေးသွားပါ့မယ်။
ခေတ်ကာလအရ ခွဲလိုက်ရင် ပထမဆုံး ပေါ်ပေါက်ခဲ့တဲ့ သာသနာဖျက်မင်းကတော့ ပုဂံခေတ်က ကုလားကျမင်းပါ။ နာမည်ရင်းက နရသူရ။ ပုဂံ အလောင်းစည်သူမင်းရဲ့ သားတော် တစ်ပါးပဲ။ ကုလားကျမင်းဟာ ဘယ်လို ဘယ်ပုံနဲ့ သာသနာဖျက်မင်း ဖြစ်ခဲ့ရသလဲ ဆိုတာကို သူ နန်းတက်ပုံကနေ စပြီး ရှင်းပြမှ ဇာတ်ရည်လည်မယ်။ ဒါကြောင့် နန်းတက်လာပုံလေး အရင် ရှင်းပြပါရစေ။ သမိုင်းကြောင်း နောက်ခံလေးပေါ့။ အနော်ရထာမင်းဟာ ထေရဝါဒ သာသနာကို ပုဂံမှာ ပြန့်နှံ့အောင် ကြိုးစားခဲ့ပုံလေးကို အများစု သိကြပြီး ဖြစ်မှာပါ။ ထေရဝါဒ သာသနာပြန့်ပွားဖို့ ကြိုးစားတဲ့အခါမှာ မပါမဖြစ်တာက ရဟန္တာ ရှင်အရဟံပါ။ ရှင်အရဟံကို အနော်ရထာမင်းက အစ သာသနာပိုင်အဖြစ်နဲ့ အပ်နှင်းပြီး ကိုးကွယ်လာတာ အလောင်းစည်သူမင်း လက်ထက်အထိပါပဲ။ အလောင်းစည်သူမင်း လက်ထက်အရောက် ရှင်အရဟံ သက်တော် (၈၁) နှစ်မှာ ပရိနိဗ္ဗာန် စံတော်မူတယ်။ ဒီတော့ သာသနာပိုင်အဖြစ်နဲ့ ပံ့သကူမဟာထေရ်ကို ခန့်အပ်တော်မူတယ်။ ပံ့သကူမဟာထေရ်ကို ရာဇဝင်ကျမ်း၊ သာသနာဝင်ကျမ်းအချို့မှာ နာမည်အမျိုးမျိုး ခေါ်တာ တွေ့ရတယ်။ ငစွယ်ရှင်မဟာထေရ်၊ စိမ့်ညက်မင်းသားတော် မဟာထေရ် စသဖြင့် ခေါ်ဝေါ်ကြတယ်။ အလောင်းစည်သူ နတ်ရွာစံပြီး ကုလားကျမင်း နန်းတက်လာတော့ လက်ရှိသာသနာပိုင်ဖြစ်တဲ့ ပံသကူမဟာထေရ်နဲ့ အဆင်မပြေ ဖြစ်လာတယ်။ အဆင်မပြေ ဖြစ်ရတဲ့ အကြောင်းအရင်းက ဒီလိုပါ။
အလောင်းစည်သူမင်းမှာ သားတော်ကြီးတစ်ပါး ရှိတယ်။ မင်းရှင်စောတဲ့။ အလောင်းစည်သူမင်း နန်းစံစဉ်အတွင်းမှာ မင်းရှင်စောဟာ အခုခေတ် မန္တလေးနယ်ဘက်ကို ကြွလာပြီး ဒေသတိုးတက် ဖွံ့ဖြိုးရေးတွေ လုပ်နေတယ်။ မန္တလေး အောင်ပင်လယ်ကန်ဟာ သူ တူးခဲ့တဲ့ ကန်ပေါ့။ အဲဒီခေတ်တုန်းကတော့ မန္တလေးဆိုတာ ဘယ်ရှိဦးမလဲ။ အောင်ပင်လယ်ကန်အပြင် နန္ဒာကန်၊ ကုလားမတောင်ဆည်၊ ကြူဝန်း နဲ့ ကျွန်းလှဆည်တွေဟာလည်း မင်းရှင်စောရဲ့ အားထုတ်မှုတွေပါပဲ။ အဲဒီဒေသမှာ ဖွံ့ဖြိုးရေးတွေ လုပ်နေတုန်း ဖခမည်းတော်ဖြစ်တဲ့ အလောင်းစည်သူ နတ်ရွာစံတယ်။ ဒီသတင်းလည်း ကြားရော မင်းရှင်စောဟာ ထီးနန်းသိမ်းရအောင် ကျည်းကြောင်း ရေကြောင်းနဲ့ ပုဂံကို အပြင်း ချီလာတယ်။ ဒါကို ဘယ်သူက သတင်းကြားလဲဆိုတော့ ညီတော်နရသူရ။ သူက အရည်အချင်း မရှိတော့ နောင်တော်ကို ခံတိုက်ဖို့က မလွယ်ဘူး။ နောက်ပြီး ပြည်သူတွေကလည်း နောင်တော်ကြီးကို ပိုပြီး ကြည်ညိုလေးစားကြတယ်။ ဒီတော့ နန်းရဖို့အတွက် ကုလားကျမင်း ဆင်ကြံကြံတော့တယ်။
လက်ရှိ သာသနာပိုင် ဖြစ်တဲ့ ပံသကူမဟာထေရ်ဆီကို ချဉ်းကပ်ပြီး ဒီလို လျှောက်ထားတယ်။ “ဆရာတော်ဘုရား၊ နောင်တော်ကြီး မင်းရှင်စောဟာ ဖခမည်းတော် လွန်ပြီဆိုတာ သိလို့ ကျည်းကြောင်း ရေကြောင်းနဲ့ ပုဂံကို အပြင်း ချီလာပါတယ်ဘုရား။ တပည့်တော် နန်းလုမှာ စိုးလို့ ထင်ပါရဲ့ ဘုရား။ တိုင်းပြည်မှာ တစ်ရက်တစ်နေ့တောင် မင်းမရှိလို့ မတင့်တယ်တဲ့ အတွက်ကြောင့် နောင်တော်ကြီးကို မြင်းတစ်စီး ဓားတစ်လက်နဲ့ အလျင်ဦးအောင် ကြွလာပြီး နန်းတက်တော်မူမည့်အကြောင်း ခေါ်တော်မူပေးပါရန် လျှောက်ထားပါသည် ဘုရား။ စစ်တပ်နှင့်အတူဆိုလျှင် ကြန့်ကြာနေပါမည် ဘုရား။” ဒီတော့ ပံ့သကူမဟာထေရ်ကလည်း စဉ်းစားတယ်။ သူသွားပြီး အကြောင်းကြားရင် မင်းရှင်စောကလည်း ဂရုဂါရဝနဲ့ ဆရာတော်ရင်းမို့ လိုက်လာပေမှာပဲ။ ဒီရောက်မှ နရသူရက ကတိပျက်ရင် ခက်ချေရဲ့လို့ တွေးတယ်။ ဒီတော့ မင်းရှင်စော ပုဂံကို ပြန်ရောက်လာရင် နန်းတင်ရမယ်လို့ နရသူရကို သစ္စာဆိုခိုင်းတယ်။ နရသူရကလည်း နောင်တော်ကြီး ဓားကို ထမ်းပြီး နန်းတင်ပါ့မယ်လို့ သစ္စာဆိုလိုက်တယ်။ ဒီတော့မှ ပံ့သကူမဟာထေရ်ဟာ ရွှေလှော်ကားတစ်စင်းနဲ့ မင်းရှင်စောကို သွားကြိုတယ်။ 
ပုဂံရောက်တော့ နရသူရကလည်း သူ့ကတိအတိုင်း နောင်တော် မင်းရှင်စောကို သူကိုယ်တိုင် သန်လျက်ထမ်းပြီး နန်းတင်လိုက်တယ်။ ဒါပေမယ့် အဲဒီညမှာပဲ အစာထဲ အဆိပ်ခတ်ပြီး သတ်ပစ်လိုက်တာ မင်းရှင်စော နတ်ရွာစံရတယ်။ မကြာခင်မှာပဲ နရသူရ ထီးနန်းဆက်ခံတယ်။ မင်းရှင်စော နတ်ရွာစံတာ နရသူရ လက်ချက်ပဲဆိုတာ သိတော့ ပံ့သကူမဟာထေရ်ဟာ နရသူရဆီ ကြွပြီး ဒီလို ခက်ပြင်းပြင်း ဝေဖန်လိုက်တယ်။ “ဟယ် မင်းဆိုးမင်းညစ်၊ မင်းဟာ သံသရာမှာ ခံရဦးမယ့် မကောင်းမှုကိုမှ မကြောက်၊ ဒီစည်းစိမ်တွေ ရရင်ကော မင်းခန္ဓာကြီးက မအို မနာ မသေတော့ဘူးများ မှတ်နေလား။ လောကမှာ မင်းလောက် ပျက်တဲ့မင်း မရှိတော့ဘူး။” နရသူရကလည်း မျက်နှာပြောင်တယ်။ မဟာထေရ်ကို ဒီလို ပြန်လျှောက်တယ်။ “တပည့်တော်ရဲ့ ကတိအတိုင်း နောင်တော်ရဲ့ ဓားကို ထမ်းပြီး ကိုယ်တိုင် နန်းတင်ပေးခဲ့တာပဲလေ” တဲ့။ အဲဒီနောက် သာသနာပိုင်နဲ့ မင်း အစေးမကပ်တော့ဘူး။ ပံ့သကူမဟာထေရ်ဟာ မင်းရှင်စောသေတာ သူ့ ပယောဂမကင်းဘူးလို့ ခံစားရတာရော၊ ကတိမတည်တဲ့ မင်းဆိုးမင်းညစ်ဆီမှာ မနေချင်တာရောကြောင့် သီဟိုဠ် (ဒီခေတ် သီရိလင်္ကာနိုင်ငံ) ကို ကြွတော်မူတယ်။ မပြန်သော သွားခြင်းပဲ။ ဒီကိစ္စတွေဟာ သံဃာထုကြားမှာ တော်တော်လေး ရိုက်ခတ်နေမှာပဲ။ ဒီအထိက နရသူရ နန်းတက်ခါစ အချိန်ရဲ့ နောက်ခံ သမိုင်းကြောင်းပေါ့။
သာသနာပိုင်ဟာ သီဟိုဠ်ကို ကြွသွားတော့ မြို့ရွာတွေမှာ သံဃာထုဟာ မငြိမ်မသက် ဖြစ်လာတယ်။ သပိတ်မှောက်ကြ၊ ဆန္ဒပြကြပေါ့။ ပြည်သူလူထုကလည်း ရဟန်းတွေဘက်က ပါတော့ အင်အားက တော်တော် ကြီးတယ်။ ဒီတော့ နရသူရရဲ့ ထီးရေးနန်းရာအတွက်က အန္တရာယ်ကြီး တစ်ခု ဖြစ်လာတယ်။ အဲဒီခေတ်ကတည်းက ရဟန်းသံဃာရဲ့ အရေအတွက် ပမာဏက အတော်များတာကိုး။ နရသူရက စဉ်းစားတယ်။ “မတော်တစ်နေ့ ရဟန်းသံဃာတွေ ငါ့ကို ပုန်ကန်ရင် ဘယ်လိုလုပ်မလဲ” တဲ့။ သေချာတာက လူထုကလည်း ရဟန်းတွေဘက်က ပါကြမှာ။ ဒီတော့ နရသူရက လက်ဦးမှုရအောင် ကြံရတော့တယ်။ ဒီတော့ ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ လွှတ်တော်မှာ အမတ်တွေနဲ့ တိုင်ပင်တော့တယ်။ ရဟန်းများရင် တိုင်းပြည်အတွက် အကျိုးယုတ်ပုံကို နည်းမျိုးစုံနဲ့ ပရိယာယ်ဆင်ပြီး ဘုန်းကြီးတွေကို လူထွက်ခိုင်းဖို့ အမိန့်ထုတ်ချင်နေတယ်။ တချို့ မှူးမတ်တွေကတော့ သာသနာကို မဖျက်သင့်ကြောင်း လျှောက်တာပေါ့။ အဲဒီလို လျှောက်တဲ့ မှူးမတ်တွေကို နရသူရက ဒီလို ဆင်ခြေပေးတယ်။ “ရဟန်းသံဃာက အင်အားတောင့်တယ်။ သူတို့ ပုန်ကန်ရင် ခုခံရ ခက်လိမ့်မယ်။ နောက်ပြီး ရဟန်းတွေဆိုတာ ငါတို့ သက်မှတ်တဲ့ ဓမ္မသတ်အတိုင်း မနေကြဘူး။ သူတို့ရဲ့ ဝိနည်းဆိုတာနဲ့ပဲ နေတယ်။ သူတို့ဖာသာ သူတို့ သီးခြားအုပ်ချုပ်ပြီး နေကြတာ။ ငါတို့ရဲ့ ဥပဒေအောက်မှာ မရှိဘူး။ ငါတို့ရဲ့ ဥပဒေကိုလည်း မနာခံဘူး။ ဒီထက် ရဟန်းသံဃာဆိုတာ နိုင်ငံတော်ရဲ့ ဘဏ္ဍာတွေကို ထိုင်စားနေတဲ့ သူတွေ။ သူတို့တွေ များရင် နိုင်ငံတော်အတွက် ဝန်ပိလိမ့်မယ်။” စသဖြင့် ပါးစပ်ထဲ တွေ့ကရာ လျှောက်ပြောပြီး ဘုန်းကြီးတွေကို ရှင်းပစ်ဖို့ပဲ အဓိကထား စည်းရုံးတော့တယ်။
သိဒ္ဓိကာ ဆိုတဲ့ မင်းတိုင်ပင် ပညာရှိအမတ်ကြီးက ဒီလို အကြံပေးသတဲ့။ “သာသနာကို တိုက်ရိုက် ဖျက်ရင် ရဟန်းတွေက မပုန်ကန်မီ ပြည်သူလူထုက စပြီး ပုန်ကန်ပါလိမ့်မယ် ဘုရား။ ဒါကြောင့် ပြည်သူလူထုလည်း စိတ်မဆိုးရလေအောင်၊ အရှင်မင်းကြီးရဲ့ အကြံတော်လည်း အောင်ရလေအောင် ရဟန်းများကို တစ်စတစ်စ လူထွက်အောင် ကြံမှ တော်ပါမည် ဘုရား။ ရဟန်းတွေ ဆိုတာလည်း အာသဝေါ ကုန်ခန်းသေးတာမှ မဟုတ်ကြသေးဘဲ ဘုရား။ ကိလေသာအညှီ ရှိနေသေးတာမို့ အာရုံခြောက်ပါးနဲ့ မြှားပြီး ဖျက်ဆီးရရင် ပျက်စီးမှာ အမှန်ဖြစ်ကြောင်းပါ ဘုရား။” လို့ သံတော်ဦးတင်တယ်။ ဒါဆို ဘယ်လို လုပ်ရမလဲလို့ အမတ်မင်းကို မေးတော့ “တိုင်းပြည်မှာ ရှိတဲ့ မိန်းမတွေကို အရင်လို လုံလုံခြုံခြုံ မဝတ်စေဘဲ အင်္ကျီကိုလည်း ရှေ့ခွဲ၊ ထမီကိုလည်း ရှေ့ခွဲ မလုံမခြုံ ဝတ်စေပြီး ကျောင်းဝင်းတွေထဲမှာ ပျော်ပွဲရွှင်ပွဲ မပြတ်အောင် ကျင်းပပေးပါ ဘုရား။ (မှတ်ချက် ။    ။ အင်္ကျီ ရင်ကွဲ၊ ထမီ ရှေ့ကွဲ ဝတ်ခြင်းသည် ပုဂံခေတ်ကတည်းက ရှိခဲ့ဖူးသည်) ဒါမျိုးသာ နေ့ညမပြတ် ပွဲလမ်းလုပ်ပေးရင် ရဟန်းတွေ လူထွက်ကုန်မှာပါ ဘုရား။ ဒီလိုသာ လူထွက်ကုန်ရင် ရဟန်းအရေအတွက် နည်းသွားမှာမို့ အရှင်မင်းကြီးအား ဘယ်ရဟန်းကမှ ရန်မဆောင်ဝံ့တော့ပါဘုရား” တဲ့။ အမတ်မင်းရဲ့ အကြံကောင်း ဉာဏ်ကောင်းအတိုင်း မင်းညစ်ပီပီ လုပ်လိုက်တာ ထွက်တော့ ထွက်ပါရဲ့။ သူထင်သလောက် အများကြီး လူမထွက်တော့ ဘယ်သူနဲ့မှ တိုင်ပင်မနေတော့ဘဲ သူ့သဘောနဲ့ အမိန့်တစ်ခု ထုတ်ပြန်ပါတော့တယ်။
လူထွက်မလား၊ အသေခံမလားပေါ့။ ရဟန်းတွေ တွေ့ရင် ဖမ်း၊ ဖမ်းပြီးရင် အတင်း အဓမ္မ လူထွက်ခိုင်းတော့တယ်။ ဘယ်လိုမှ ပြောမရရင် လည်ပင်းကို ဓားမိုးပြီး လူထွက်ခိုင်းတယ်။ တချို့ ရဟန်းများကလည်း အသေသာခံသွားတယ်။ လူမထွက်ကြဘူး။ တချို့ကြတော့ အဖမ်းမခံရအောင် ထွက်ပြေးကြရတာပေါ့။ တောထဲ တောင်ထဲကို ပြေးပုန်းတဲ့သူက ပြေးပုန်း။ တချို့ဆိုလည်း သီဟိုဠ်ဘက်ကို ပြေးကြရတယ်။ ဒီလို ဒီလိုနဲ့ ပုဂံမှာ ရဟန်းသံဃာ ပျောက်ခြင်းမလှ ပျောက်သွားရတယ်။ နရသူရဟာ သူရဲ့ ထိုင်ခုံကို ရဟန်းသံဃာထုက လာလှုပ်နေတယ်လို့ အထင်ရောက်တာနဲ့ ရဟန်းသံဃာကို ခေါင်းဖြတ်သတ်ရဲတဲ့ မြန်မာ့ရာဇဝင်က ပထမဆုံး မင်းတစ်ပါးပဲ ပြောရမယ်။ ဒါတောင် သူဟာ ဗုဒ္ဓဘာသာ မိဘ၊ ဗုဒ္ဓဘာသာ အသိုင်းအဝန်းမှာ ကြီးပြင်းလာတဲ့ ဗုဒ္ဓဘာသာတစ်ယောက်ပါပဲ။ ဗုဒ္ဓဘာသာ ဟုတ်မဟုတ် ဆိုတာထက် အာဏာရူးလာတော့လည်း ရန်သူမှန်သမျှ အကုန် ရှင်းတော့မှာကိုး။ ရဟန်းသံဃာတွေကိုတောင် ဒီလောက် ရက်ရက်စက်စက် လုပ်ရဲရင် သာမာန် ပြည်သူတွေဆို ဘယ်လောက် ခါးစည်းခံရမလဲ။ နရသူရဟာ ကိုယ့်အာဏာ တည်တံ့ရေးအတွက် ချိန်းခြောက်လာတဲ့သူ ဘယ်သူ့ကိုမဆို (ရဟန်းသံဃာတောင် မချန်) အပြတ် ရှင်းခဲ့ပေမယ့် ဒီလို အကုသိုလ်တွေကြောင့် သူရဲ့ နိဂုံးကလည်း မလှခဲ့ပါဘူး။ မြန်မာ့ရာဇဝင် မြန်မာ့သမိုင်းမှာ ကုလားကျမင်းရယ်လို့ စာတင်ခဲ့တဲ့ ဘဝနိဂုံးနဲ့ပါ။
ကျမ်းကိုး – မြန်မာမင်းအုပ်ချုပ်ပုံစာတမ်း၊ တတိယပိုင်း။

(၄) နှစ်ပြည့် ဧရာဝတီအလွမ်း

ကျနော်တို့ ဒုတိယကမ္ဘာစစ်ကို မမီလိုက်ပါ။ ကျနော်တို့ မျိုးဆက်မှာ ကံကောင်းသည်ဟု ပြောရမည်။ ဖက်ဆစ်တော်လှန်ရေး စစ်ကို မမီခဲ့သလို၊ ပြည်တွင်းစစ်နဲ့လည်း မကြုံခဲ့ပါ။ နယ်စပ်မှာ နေတာမဟုတ်တော့ နယ်စပ်မှာ ဖြစ်တဲ့ မဲသဝေါလို၊ အခုနောက်ပိုင်း ဖြစ်တဲ့ နယ်စပ်စစ်ပွဲတွေကိုလည်း မမြင်မတွေ့ဖူးပါ။ ဒါပေမယ့် နိုင်ငံခြားရုပ်ရှင်တွေ ကြည့်ရတော့ စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို မြင်ဖူးနေတယ်။ စာတွေထဲမှာ လူတွေ ဘယ်လောက် ဒုက္ခရောက်တယ်လို့ သင်ရတော့ စစ်ပွဲဆိုတာကို စက်ဆုပ်ရွံမုန်းမိတယ်။ အဲဒီ စစ်ပွဲတွေကြောင့် မဖြစ်ခင်မှာလည်း လူသားတွေ ကြောက်ရွံ့စိတ်နဲ့ စိတ်ဆင်းရဲရ၊ ဖြစ်နေတုန်းမှာလည်း ပြေးရလွှားရနဲ့ စိတ်ဆင်းရဲရ၊ ဖြစ်ပြီးသွားတဲ့အခါမှာလည်း စစ်ပွဲရဲ့ အကြွင်းအကျန် အနိဋ္ဌာရုံတွေနဲ့ စိတ်ဆင်းရဲရ။ ကိုယ်ရော၊ စိတ်ပါ နလန်ထူဖို့ကို အတော်လေး အချိန်ပေးရလိမ့်မယ်။ အဲဒီလို စစ်ပွဲရဲ့ အနိဋ္ဌာရုံတွေကို ကျနော်တို့ မျိုးဆက်ဟာ မမီလိုက်ရပေမယ့် သဘာဝကြီးက ဆင်နွှဲသွားတဲ့ စစ်ပွဲကြီးတစ်ပွဲကိုတော့ ကျနော်တို့ မြင်လိုက်ရဖူးတယ်။ ကြုံလိုက်ရဖူးတယ်။ ခံစားလိုက်ရဖူးပါတယ်။ အဲဒီ စစ်ပွဲကြီး ပြီးသွားတာ (၄) နှစ် တင်းတင်း ပြည့်သွားပြီဆိုပေမယ့် စစ်တလင်းပြင်ကြီးက အမာရွတ်တွေ အခုထိ ရှိနေတုန်းပါပဲ။ 
လွန်ခဲ့တဲ့ လေးနှစ်တင်းတင်းပြည့် အချိန်တုန်းကပေါ့။ အတိအကျပြောရရင် ၂၀၀၈ ခု၊ မေလ ၂ ရက်နေ့။ ကျနော် အဲဒီအချိန်က ရန်ကုန်က အလုံမြို့နယ်မှာ။ နေ့လည်အချိန်မှာ ရပ်ကွက်ထဲမှာ လူတွေ ပြောနေကြတယ်။ ဒီည မုန်တိုင်းရှိတယ်တဲ့။ အားလုံးကတော့ ပေါ့ပေါ့ပါးပါးပဲ။ မုန်တိုင်းသတင်း ရလိုရငြား ကျနော် အင်တာနက်ထဲ ဝင်မွှေကြည့်တယ်။ အဲဒီတုန်းက မြန်မာသတင်းကိုပဲ ဖတ်လိုက်ရတော့ မုန်တိုင်းက ကြီးလာနိုင်တာ သိတယ်။ အမှန်အတိုင်း ပြောရရင် မယုံဖူး။ ကျနော်လိုပဲ အများစု ဒီလိုပဲ ဖြစ်နေကြတာပါပဲ။ ဒါကြောင့် လူအများစုက အေးအေးဆေးဆေးပဲ။ ကျနော်ကတော့ မုန်တိုင်းကြီးလာရင် ဒုက္ခဆိုပြီး မှတ်မှတ်ရရ ယံယံခေါက်ဆွဲထုပ် (၅) ထုပ် သွားဝယ်ထားတယ်။ အခုမှ ပြန်စဉ်းစားတော့ ရယ်ချင်စရာ။ အိမ်မှာ တစ်ယောက်တည်းနေတာဆိုတော့ (၂) ရက်စာ ပေါ့လေ။ ရေချိုးကန်က ရေတွေ၊ ရေတိုင်ကီထဲက ရေတွေ အပြည့်ဖြည့်ထားလိုက်တယ်။ ဒါ ကျနော်ရဲ့ ကြိုတင် ပြင်ဆင်ထားမှုလေးပါ။ အစိုးရ ကြေငြာချက်အရ ညနေ ၆ နာရီ ၁၅ လောက် မုန်တိုင်း ဝင်မယ်ပေါ့။ (ဘယ်မြို့ကို ဝင်မယ့် အချိန်လည်း ကျနော် မသိ) ခြောက်နာရီခွဲတော့ ကျနော် ကောင်းကင်ကို လှမ်းကြည့်လိုက်တယ်။ သူကတော့ အေးဆေးပဲ။ ည ၈ နာရီထိုး လေလေး မဖြစ်စလောက် တိုက်လာပြီ။ ဒါပေမယ့် မိုးကောင်းကင်ကြီး နီနေတယ်။ ည ၁၀ နာရီထိုးတော့ ကျနော် အိပ်ချင်ပြီ။ တိုက်ခန်းအပြင်ကို လှမ်းကြည့်လိုက်တယ်။ မိုးနည်းနည်း စရွာနေပြီ။ မုန်တိုင်းက အာပလာပါ၊ အဖျား ခတ်ရုံခတ်တာ ဖြစ်မယ် ဆိုပြီး ကျနော် ဝင်အိပ်လိုက်ပါတယ်။
ကျနော် လန့်နိုးလာတဲ့ အချိန်က ည (၁၁) နာရီကျော်။ နိုးလည်းနိုးဦးမှ၊ တစ်ရပ်ကွက်လုံး ဆူညံပွက်လော ရိုက်နေပြီ။ အဲဒီအချိန်မှာ ကျနော့နားထဲ စူးစူးရှရှ ကြားနေရတာ လေချွန်သံ။ တရွှီရွှီနဲ့ပါ။  တော်တော်လေး ထူးဆန်းလို့ အသံလာရာကို သွားကြည့်တယ်။ ပြတင်းပေါက်ကြားက ထွက်နေတဲ့ အသံ။ အဲဒီကျမှ ကျနော် မျက်လုံးမျက်ဆံ ပြူးသွားတယ်။ အပြင်မှာ လေဘယ်လောက် တိုက်နေသလဲ မသိ။ ပိတ်ထားတဲ့ ပြတင်းပေါက် ကြားက ဝင်တဲ့ လေရဲ့ အသံတောင် လေချွန်သံ ဖြစ်နေပြီ။ ဒါနဲ့ ပြတင်းပေါက် ဖွင့်ကြည့်မှ အိမ်ဘေးက အုန်းပင်ကြီးရဲ့ အဖျားက မြေနဲ့ ထိတော့ မတက် ကွေးကွေးသွားတယ်။ ကျနော် ကြည့်နေတုန်းမှာပဲ လေသံက ခဏ ငြိမ်ကျသွားတယ်။ ခဏလေးနေတော့ အဝေးကနေ တစ်ဝုန်းဝုန်းနဲ့ အသံကြီး တဖြည်းဖြည်းနဲ့ ကျယ်ကျယ်လာတော့တယ်။ ဘုရားဟောပါဠိတော်တွေထဲမှာ ပါတဲ့ တော်လဲသံဆိုတာ ဒါပဲ နေမှာပါပဲ။ တဝုန်းဝုန်းနဲ့ အသံကြီးဟာ တစ်မိနစ်လောက် အော်အပြီးမှာတော့ ဝေါကနဲ လေတွေ အလုံးလိုက် အရင်းလိုက် ဝင်လာလိုက်တာ ပိတ်ထားတဲ့ ပြတင်းပေါက်တောင် ခဲနဲ့ ထုခံလိုက်ရသလိုပဲ။ ဒါနဲ့ ကျနော်လည်း ဖွင့်ထားတဲ့ တံခါးကို မြန်မြန်ပိတ်လိုက်ရတယ်။ မပိတ်ရင်တော့ မှန်ကွဲပြီး တံတားကျိုးတော့မယ်လေ။ အခန်းမှာ ရှိတဲ့ တံခါးတွေ အားလုံးကို ဂျက်တွေ လိုက်ထိုးပြီး ထိုင်နေလိုက်တယ်။ ခဏနေတော့ဗျာ … ပိတ်ထားတဲ့ တံခါးကို လူတွေ ဝိုင်းပြီးဆွဲဖွင့်နေကြသလို တံခါးရွက်တွေ တစ်ဂျောင်းဂျောင်းနဲ့ ကျယ်ကျယ်လောင်လောင်ကြီးကို ခါနေတော့တယ်။ တချို့တံခါးရွက်ဆို ဂျက်တွေ ပြုတ်ထွက်ကုန်လို့ ချည်ဖို့ ကြိုးလိုက်ရှာရလေရဲ့။ အိမ်ကလည်း ကြိုးမရှိလေတော့ နောက်ဆုံး အကြံကုန် ဂဠုန်ဆားချက် ဆိုသလို အိမ်မှာ ရှိတဲ့ Mouse အပျက် (၆) လုံးနဲ့ တံခါးရွက်တွေ အကုန် ပတ်ချည်ပစ်လိုက်တယ်။ ဆယ့်နှစ်နာရီ ခွဲလောက်ထိ မအိပ်ဘဲ အခြေအနေ ထိုင်ကြည့်နေတယ်။ စောနက ပြောတဲ့ လေလုံးကြီး အလာမှာပဲ မီးက လုံးဝ ပြတ်တောက်သွားတယ်။ မဲမဲမှောင်တဲ့ လောကကြီးထဲမှာ တစ်ရွှီရွှီ တစ်ဂျောင်းဂျောင်းနဲ့ ဆိုတော့ သီချင်းလေးတောင် ထဆိုလိုက်မိသေး။ ဒီလို သီချင်းဆိုနိုင်တဲ့အတွက် ကျနော် အဲဒီအချိန်က အစိုးရကို ကျေးဇူးတင်မိတာ အမှန်ပဲ။ ဒီလို မီးမရှိဘာမရှိ ဒုက္ခရောက်နေတဲ့ အချိန်မှာ နေတတ်ထိုင်တတ်အောင် ကျနော်တို့ကို ငယ်ငယ်လေးကတည်းက ထရိုင်နင်ပေးခဲ့တာ သူတို့ပဲ မဟုတ်လား။ ကျနော်တို့ မြန်မာနိုင်ငံသားတွေ နေရာမှာ ဥရောပသားတွေသာဆို အခုချိန် ဘယ်လောက်များ ပြာယာခတ်နေကြမလဲ။ ကျနော်ကတော့ မပြာပေါင်။ အေးဆေးပဲ။ အေးဆေးလွန်းအားကြီးတော့ အိပ်ချင်လာလို့ ည (၁၂) နာရီခွဲကျော်တော့ ဝင်အိပ်လိုက်တယ်။ လောကကြီး ဘယ်လို ဖြစ်ကုန်ပြီလဲ ကျနော် မသိချင်တော့။
မေလ (၃) ရက်နေ့ နံနက် (၆) နာရီ ကျော်ကျော်လောက် ကျနော် နိုးလာတယ်။ ရပ်ကွက်ထဲမှာ လမ်းတွေပေါ် ရေက ဒူးလောက် ရှိရဲ့။ မုန်တိုင်းစစ်ကြီး ပြီးဆုံးသွားပလား ကျနော် မသိ။ စစ်တလင်းပြင်မှာတော့ အတုံးအရုန်း။ သိပ်မကြာပါဘူး သတင်းတွေ ရောက်လာတယ်။ ဘယ်ရပ်ကွက်တာ မိုးရွာတုန်း သရက်သီး ဆင်းကောက်တာ သစ်ကိုင်းကျိုးကျပြီး သေလေရဲ့။ ဟိုရပ်ကွက်ကလေ သွပ်ပြားတွေ လွင့်လာလို့ လိုက်ကောက်ကြတာ လူတစ်ယောက်ရဲ့ လည်ပင်းကို သွပ်ပြားက လှီးပစ်လို့ သေလေရဲ့။ မဟာဓာတ်အားလိုင်းက ဓာတ်တိုင်တွေ လဲပြိုကုန်လို့ ဒီနေ့ကစပြီး အကန့်အသတ်မရှိ မီး တရားဝင် ပြတ်မယ်။ စတဲ့ စတဲ့ သတင်းတွေ။ အော် လူတွေလူတွေ သေရမှာမှန်း မသိတော့ ငတ်ကောင်းတုန်းပါလားလို့ သံဝေဂတောင် ရမိပါသေး။ မိုးတွေက ကျနေသေး၊ လေကလည်း တိုက်နေသေးတယ်။ မီးလာဖို့ကလည်း လချီပြီး ကြာဦးမှာ။ ရှိစုမဲ့စု ယံယံခေါက်ဆွဲထုပ် (၅) ထုပ်ကိုတော့ အမြော်အမြင် ရှိရှိ အသုံးချမှ လို့ ဆုံးဖြတ်ပြီး ခေါက်ဆွဲထုပ် တစ်ဝက်ချိုးပြီး နံနက်စာအဖြစ် ပြုတ်စားလိုက်တယ်။ မှတ်မှတ်ရရ နံနက် (၈) နာရီ ကျော်တဲ့အထိ မီးမလာပေမယ့် ဂျီဖုန်းတွေက ပြောလို့ရနေသေးတယ်။ လိုင်းဖုန်းကတော့ မနေ့ညကတည်းက ဒေါင်းပြီ။ မနက် ခပ်စောစောအထိ လေက နည်းနည်း ပြင်းသေးတော့ တစ်ရွှီရွှီ အသံက ကြားရတုန်း။ ဒါကြောင့် မန္တလေးက အမေ့ဖုန်း လာတော့ သူ့တောင် ဖုန်းထဲကနေ တရွှီရွှီ သံစဉ်ကို ပေးနားထောင်လိုက် သေးတယ်။ နေ့ခင်း (၁၂) နာရီ ကျော်တော့ ဒေါသတွေ အားလုံး ပြေပျောက်သွားပုံ ရပါတယ်။ လေငြိမ်သွားပြီ။ မိုး တိတ်သွားပြီ။ ဒါပေမယ့် ရပ်ကွက်ထဲမှာတော့ ကောလဟာဟတွေ မတိတ်သေးဘူး။ မုန်တိုင်းက မပြီးသေးဘူး လာဦးမှာတဲ့။ အင်း … ဒီအတိုင်းသာ ထပ်လာဦးမယ်ဆိုရင်တော့ ခေါက်ဆွဲ (၄) ထုပ်ခွဲနဲ့ မလောက်တော့ဘူးလို့လည်း တွေးလိုက်တာ မှတ်မိသေးတယ်။
ဒီလိုနဲ့ ဒီလိုနဲ့ ပေါ့။ ရန်ကုန်မြို့ကြီးကတော့ နလန်ထတာ တော်တော် မြန်ပါတယ်။ ထင်တောင် မထင်မိဘူး။ တစ်လ ကြာမယ်ဆိုတဲ့ လျှပ်စစ်မီးက ရက် (၂၀) ကျော်တော့ ကျနော်တို့ အလုံမှာ စ ရတယ်။ မီးလာတော့ သိပ်မကြာဘူး ဂျီဖုန်းတွေ လိုင်းပြန်ရတယ်။ တယ်လီဖုန်း ကြိုးလိုင်းကတော့ ကြိုးတွေ အစအဆုံး ပြန်ဆင်ရတာ ဆိုတော့ တစ်လ ကျော်ကျော် ကြာပါတယ်။ လမ်းပေါ် အတုံးအရုန်း လဲနေတဲ့ သစ်ပင်တွေ အများစု တစ်ပတ်အတွင်း ရှင်းလင်းပြီး ဖြစ်သွားတယ်။ မေလ (၃) ရက်နေ့ မိုးလေတွေ ကုန်တော့ နေ့ခင်းပိုင်း ကျနော်နဲ့ သူငယ်ချင်းနဲ့ နှစ်ယောက်သား ရန်ကုန်မြို့ကို တိုင်းခမ်းလှည့်လည်ပါတယ်။ စည်ပင်ထက်တောင် စောတယ် ဆိုပါတော့။ အဲဒီအချိန်မှာ စည်းလုံးခြင်းသည် အင်အားဆိုတာကို လက်တွေ့ မျက်တွေ့ တွေ့လိုက်ရတယ်။ ရပ်ကွက်ထဲက လူတွေ ရဟန်းတော်တွေ လဲနေတဲ့ သစ်ပင်ကြီးတွေပေါ် ခွတက်ပြီး လွှတွေ ဓါးတွေနဲ့ ရှင်းနေလိုက်ကြတာ။ ဘယ်သွားသွား အဲဒီ မြင်ကွင်းက မြင်နေရတယ်။ ထူးဆန်းတာက အဲဒီလို ဝင်လုပ်နေတဲ့ လူတွေထဲမှာ အစိုးရအဖွဲ့အစည်းက တစ်ကောင်တစ်မြီးမှ မပါဘူး။ အော် .. ဆောရီး မှားသွားလို့ ထူးဆန်းတာက မဟုတ်ပါဘူး။ ထူးမှ မထူးဆန်းဘဲ၊ ပြည်သူတွေ ကိုယ့်အားကိုယ်ကိုးတာ မြင်နေရတော့ ဝမ်းသာစရာပါ။ တစ်ပတ်လောက်နေတော့ စည်ပင်က လူတွေ အလုပ်စလုပ်တာ တွေ့ရတယ်။ တောကြောင်တွေကတော့ ဟိုနားဒီနား ကားခ တစ်ထောင်နဲ့ လိုင်းကားတွေ ပြေးဆွဲနေလေရဲ့။ တစ်မြို့လုံးကို ဝရုန်းသုန်းကားပါ။ အမှန်အတိုင်း ပြောရရင် အဲဒီအချိန်အထိ ကိုယ့်အနားကိုပဲ ဂရုစိုက်နေမိတယ်။ ကျနော် ဧရာဝတီကို မေ့နေခဲ့တယ်။ အဲဒီအချိန်မှာတော့ ဧရာဝတီရဲ့ ခြေထောက်တွေ ကျိုးကျေနေလေပြီ။
ဧရာဝတီအတွက် ဘာလုပ်ပေးနိုင်မလဲလို့ အားကျိုးမာန်တက် စဉ်းစားတဲ့အချိန်က မေလ ကုန်ပိုင်းမှ။ သက်ထူး၊ ညီလင်းဆက် စတဲ့ သူငယ်ချင်းတွေကတော့ အုပ်စုဖွဲ့ပြီး နိုင်ငံခြားက ငွေတွေ လက်ခံတဲ့သူက လက်ခံ၊ ဧရာဝတီကို သွားပြီး အိမ်တွေ ဆောက်ပေးတဲ့သူက ဆောက်ပေးနဲ့။ အလုပ်တွေ များနေကြတယ်။ နောက် သူငယ်ချင်းတစ်ယောက်ကတော့ Max ဦးဇော်ဇော်တို့ အဖွဲ့မှာ ဝင်ကူနေလေရဲ့။ နောက်ထပ် သူငယ်ချင်းတစ်ယောက်က INGO တစ်ဖွဲ့ရဲ့ စေလွှတ်ချက်အရ ဧရာဝတီမှာ နေပြီး ကျန်းမာရေးအကူအညီတွေ ပေးနေလေရဲ့။ သူတို့ဆီက ဒေသခံ သတင်းတွေ ကြားနေရတော့ စိတ်မကောင်း။ ကျနော်ကော ဘာလုပ်ပေးနိုင်မလဲ။ ဘယ်နိုင်ငံကတော့ဖြင့် ဘာကူညီမှာ စတဲ့ သတင်းကောင်းတွေ၊ အစိုးရဘက်က အဟန့်အတား သတင်းဆိုးတွေ၊ မင်္ဂလာဒုံဈေးထဲမှာ နိုင်ငံခြားဖြစ် ပစ္စည်းတွေ ဝယ်လို့ရတယ် ဆိုတဲ့ သတင်းတွေ၊ သွားလှူတာတော့ ဟုတ်ပါပြီ တစ်ခါတစ်ခါ သွားရင် ခရီးစရိတ် သိန်းက ဆယ်ဂဏန်းအောက်ထစ်ကုန်တာ စတဲ့ သတင်းတွေ။ အဲဒီ သတင်းတွေကြောင့် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ။ လပွတ္တာမှာ ကယ်ဆယ်ရေး လုပ်နေတဲ့ သူငယ်ချင်းက တစ်နေ့ ဖုန်းဆက်လာတယ်။ ဒုက္ခသည်တွေမှာ အဝတ်အစား မရှိဘူး၊ ခြုံစရာ စောင်မရှိဘူး ကူညီပါဦးတဲ့။ ဒါနဲ့ ကျနော်လည်း စွမ်းနိုင်သလောက် မုံရွာက သူငယ်ချင်းတွေဆီ ဖုန်းဆက်ပြီး စောင်စက်ရုံတွေရဲ့ လက်ကျန်တွေ လိုက်သိမ်းရတယ်။ ခက်တာက စောင်လှောင်ချိန် ဆိုတော့ စောင်တွေက စက်ရုံတွေမှာ မရှိသလောက်၊ ကုန်သည်တွေစီမှာပဲ များနေတယ်။ နောက်သိမ်းလိုက်တာ အထည် (၁၅၀၀) ရတယ်။ အဝတ်အစားတွေလည်း လိုသေးတော့ သူငယ်ချင်းတွေဆီ ဆော်ဩလိုက်တာ (၅) ပေလောက် မြင့်တဲ့ ပီနံအိတ်ကြီးနဲ့ အဝတ်အစားတွေ စုစုပေါင်း (၁၉) လုံး ရတယ်။ အဲဒါတွေ အားလုံးကို ကျနော်က ရန်ကုန်ကနေ လက်ခံယူတယ်။ ဆေးပစ္စည်းတွေကော လှူကြတယ်ပေါ့။
ကျနော် ဦးနှောက်စားရတဲ့ အပိုင်း ရောက်လာတယ်။ ဒီပစ္စည်းတွေ ဘယ်လို ပို့မလဲ။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ ကိုယ်တိုင် သွားဝေချင်တယ်။ ကိုယ်ထိလက်ရောက်ပေါ့။ ပစ္စည်းသယ်ဖို့ ကားခ မေးကြည့်တော့ အသွားအပြန် (၅) သိန်းလောက် ကျမယ်။ အဲဒါ တစ်စီး ဈေးပါ။ ပစ္စည်းကများတော့ တစ်စီးနဲ့ ဘယ်ရမလဲ။ ဒါကြောင့် ခရီးစရိတ်ချည်း တွက်ကြည့်တော့ (၁၅) သိန်းလောက်က အောက်ထစ်ပဲ။ ဒါနဲ့ ကိုယ်တိုင် သွားချင်တဲ့ စိတ်ကလေးကို မျိုသိမ့်ပြီး လူကြုံထည့်ဖို့ ဆုံးဖြတ်ကြတယ်။ အစိုးရဆီ အပ်မလား။ အမှန်အတိုင်း ပြောရရင် ကျနော်တို့ စိတ်မချဘူး။ ဦးဇော်ဇော်အဖွဲ့ရန်ကုန်ကနေ  နေ့စဉ် ကားနှစ်စီး ထွက်တယ်လို့ သတင်းရတယ်။ သူတို့နဲ့ ထည့်မလား။ ဒါလည်း သတင်းက သိုးသိုးသန့်သန့်နဲ့ ဆိုတော့ အားမပေးချင်။ နောက်ဆုံး ဆရာတော် ဦးဉာဏိဿရကို သတိရသွားတယ်။ ဒါနဲ့ မြောက်ဒဂုံက သီတဂူကျောင်းကိုပဲ စောင်နဲ့ အဝတ်အထည်တွေ သွားလှူလိုက်တော့တယ်။ ဆေးပစ္စည်း ဘာလို့ ထည့်မပေးသလဲဆိုတော့ သွားမလှူခင်လေးတင်မှာပဲ INGO က သူငယ်ချင်း ဖုန်းဆက်လာတယ်။ ငါတို့ နယ်လှည့်ပြီး ဆေးကုဖို့ သင်္ဘောတစ်စင်း ငှားထားတယ်။ မင်းတို့ လိုက်ချင်ရင် ပုသိမ်ကို ဘယ်ရက် အရောက်လာခဲ့တဲ့။ ဒါကြောင့် ကျနော်တို့ ဆေးသင်္ဘောနဲ့ လိုက်ဖို့ ဆေးသေတ္တာကိုတော့ ချန်ထားလိုက်ကြတယ်။ ဒီလိုနဲ့ ကျနော်တို့ ငပုတောကို ရောက်သွားတယ် ဆိုပါတော့။
ကျနော် မမှတ်မိတော့လို့ မလေးရှားနိုင်ငံက ထင်ပါရဲ့။ ဒေါ်လာသန်းချီ တန်ဖိုးရှိတဲ့ ဆေးတွေ ပို့ပေးလိုက်ပြီး အစိုးရကို ဒီပရောဂျက် မအပ်ချင်လို့ INGO တစ်ဖွဲ့ကို ထိုးပေးလိုက်တယ်။ ဒီတော့ သူတို့က ဆရာဝန်ငှား သင်္ဘောပေါ်တင်ပြီး အုပ်ချုပ်ရေးအဖွဲ့နဲ့ ဧရာဝတီကို စုန်ဆန်ပြီး ကျေးရွာတွေအထိ ဆေးလိုက်ကုပေးတယ်။ ကျနော်တို့ အဲဒီ သင်္ဘောနဲ့ ပါသွားတယ်။ လှူတဲ့သူက လှူပါရဲ့ အလှူခံပုဂ္ဂိုလ်က ခပ်ယဲ့ယဲ့ ဆိုသလိုပါပဲ။ အားလုံး သိတဲ့အတိုင်းပဲ နာဂစ်မုန်တိုင်းရဲ့ ဒဏ်ကို အဆိုးဆုံး ခံရတာက လပွတ္တာမြို့နယ်နဲ့ မော်ကျွန်းပါ။ ဒါပေမယ့် အဲဒီ အဖွဲ့ကို အစိုးရက တရားဝင် ဆေးကုသခွင့် ပေးထားတာက ငပုတောမြို့နယ်။ အသေအပျောက် မရှိသလောက်ပါပဲ။ အပျက်အစီးကတော့ ထိုက်သင့်သလောက်ရှိတယ်။ ကျနော်တို့ လိုက်ပါတဲ့ သင်္ဘောက နိုင်ငံခြားသားတွေ စီးတဲ့ အပျော်စီးသင်္ဘောကြီး။ သူက ရေတိမ်ပိုင်း မသွားနိုင်တော့ အဆင်ပြေတဲ့ တစ်နေရာမှာ ထားပြီး စက်လှေနဲ့ ကျနော်တို့ ရွာကို ခရီးဆက်ရတယ်။ အဖွဲ့က စက်လှေ အပြတ်ငှားထားတော့ အဆင်ပြေတယ်။ ကျနော်တို့လည်း သူတို့အဖွဲ့နဲ့ လိုက်နေတော့ အလကားလိုက်တာ မဖြစ်ရအောင် ကျနော်တို့ကိုလည်း အလုပ်ပေးပါလို့ တောင်းလိုက်တယ်။ ကျနော့သူငယ်ချင်းက အဖွဲ့ခေါင်းဆောင်ဆိုပေမယ့် ကျနော်တို့ အလကား မလိုက်ချင်ဘူး။ ရောက်လာမှတော့ တစ်ခုခု လုပ်ပေးချင်တယ်။ ဒီတော့ သူငယ်ချင်းက ကျနော်တို့ကို တာဝန်တစ်ခုပေးတယ်။ ကျနော်တို့အဖွဲ့ငယ်က သူတို့ မရောက်ရသေးတဲ့ ရွာအသစ်တွေကို သွားရမယ်။ ရွာကို လေ့လာရမယ်။ အခြေအနေတွေ စစ်တမ်းကောက်ပြီး အဲဒီရွာကို သွားပြီး ဆေးကုဖို့ လိုမလို မှတ်ချက်ရေးရတယ်ပေါ့။ တကယ်တော့ ကျနော်တို့ မှတ်ချက် မရေးရပါဘူး။ သူငယ်ချင်းက သူပဲ ဆုံးဖြတ်ပေးပါတယ်။
ကျနော်တို့ ရွာတွေကို လိုက်ပြီး လေ့လာကြတယ်။ အင်တာဗျူးကြတယ်။ ရွာအခြေအနေကို အကဲခတ်တယ်။ ကျနော်တို့ ရောက်ခဲ့တဲ့ ရွာတိုင်းလိုလိုက အသေအပျောက် မရှိသလောက်ပဲ။ တချို့ရွာကတော့ တစ်ခြမ်းနီးပါး ပျက်စီးနေတယ်၊ ဒါပေမယ့် အသေအပျောက် မရှိဘူး။ နောက်ပိုင်းမှ သတိထားဖြစ်တာက လူတွေ သေတာ လေကြောင့် မဟုတ်ဘူး။ လေနောက်က ပါတဲ့ ရေကြောင့်ပါ။ ဆိုလိုတာက လေတိုက်ပြီးရင် ရေတွေ တအား တက်တယ်။ တချို့ရွာတွေ ပေ (၂၀) ကျော် တက်တယ်။ တောင်ကုန်းခပ်မြင့်မြင့် ရှိတဲ့ ရွာတွေက ခံသာတယ်။ ကျနော်တို့ သွားခဲ့တဲ့ ရွာတွေ ရေမတက်တာ မဟုတ်ဘူး၊ တက်တယ်။ ဒါပေမယ့် ဒူးလောက် ရင်လောက် ဆိုတော့ အန္တရာယ် မပေးနိုင်ဘူး။ ဒါပေမယ့် အိမ်တွေ ပြိုကုန်တယ်။ လယ်တွေ ပျက်ကုန်တယ်။ ကန်တွေ ရေတွင်းတွေ ပျက်စီးကုန်တယ်။ ရေငန်တွေ ဝင်တာကိုး။ အသေအပျောက်မရှိတော့ တော်သေးတာပေါ့။ အိမ်တွေ ပျက်ကုန်ရုံ၊ တွင်းတွေ ပျက်ရုံတင် မကပါဘူး။ စိတ်ဓာတ်တွေပါ ပျက်ကုန်ကြတာ တွေ့ရတော့ အင်မတန် ဝမ်းနည်းမိတယ်။ ကျနော် ရွာတွေ သွားတော့ ရွာတိုင်းလိုလိုက ကျနော်တို့ကို ပြောလိုက်တဲ့ စကားတစ်ခွန်း ရှိတယ်။ ရွာအားလုံးလိုလို ပြောတဲ့စကား မတူပေမယ့် သဘောသွားကတော့ အတူတူပဲ။ 
” ဆရာတို့က ဘယ်အဖွဲ့ကလဲ။ —– ရွာကိုတော့ ဟိုတစ်နေ့က ထောက်ပံ့ရေးအဖွဲ့ လာသွားတယ်။ ဘာတွေ ညာတွေ ဝေသွားကြတယ်။ ကျွန်တော်/ ကျွန်မတို့ဆီကျ ဘယ်သူမှ မလာကြဘူး။ ဘာဖြစ်တယ် ညာဖြစ်တယ် “
ပေါ့။ ကျနော်တို့က ရှင်းပြရတယ်။ ကျနော်တို့က ရိက္ခာဝေတဲ့ အဖွဲ့ မဟုတ်တဲ့အကြောင်း လှည့်လည်ပြီး ဆေးကုပေးတာ ဖြစ်တဲ့အကြောင်း အတော်လေး ရှင်းပြရတယ်။ အဲဒါ ရွာတိုင်းမှာ ကြုံရတာ။ သူတို့ဆီမှာ နာဂစ်ဖြစ်ပြီးမှ ဘယ်သူတွေ ကျန်းမာရေး ချို့တဲ့နေသလဲ ကျနော်တို့ စာရှင်းကောက်ရတယ်။ အဲ့ဒီတော့ သံဆူးတဲ့လူကအစ ထွက်လာကြတယ်။ ကျနော်တို့ အဓိက ဦးတည်ချင်တာ ကူးစက်ရောဂါပေါ့။ သဘာဝ ပတ်ဝန်းကျင် ပျက်စီးတာကြောင့် ဖြစ်လာတတ်တဲ့ ရောဂါမျိုးတွေပေါ့။ ဝမ်းလျှော၊ ဝမ်းရောင်၊ ယားနာ စတဲ့ စတဲ့ ရောဂါဝေဒနာတွေပါ။ ကိုယ့်ဆီ လာတဲ့ လူတွေဆီကနေ လက်ဖြန့်တောင်းချင်တဲ့ စိ်တ်ရောဂါကိုတော့ ကျနော်တို့ ကုမပေးနိုင်ဘူးလေ။ ဒါကြောင့်လည်း နိုင်ငံခြားက ပညာရှင်တွေက ပြောကြပါတယ်။
ခင်ဗျားတို့တတွေ စားနပ်ရိက္ခာ များများ ထောက်ပံ့လေလေ အဲဒီလူက သူတောင်းစားစိတ် ပေါက်လေလေပဲ။ ခင်ဗျားတို့ လုပ်ပေးရမှာက အလုပ်အကိုင် အခွင့်အလမ်းနဲ့ မွေးပေးရမှာက လုပ်ချင်ကိုင်ချင်စိတ် ပါ။ ပိုက်ဆံတွေ၊ ရိက္ခာတွေ ပေးနေတာ အရှုပ်ကို မရှင်းစေဘူး။ အရှင်းကို ရှုပ်စေတယ်။
အဲဒီစကားကို ကျနော် အားရပါးရကြီး ထောက်ခံပါတယ်။ မျက်မြင်ကိုယ်တွေ့ကိုး။ ကြားနေရတာလည်း တစ်ပုံတစ်ပင်ပဲ။ ကွမ်းခြံကုန်း၊ ဒေးဒရဲ ဘက်သွားတဲ့ လမ်းတလျှောက် ပေးစာကမ်းစာ မျှော်နေတဲ့သူတွေ တစ်ပုံတစ်ပင်ပဲ တဲ့။ အလုပ်အကိုင်ရအောင် မြို့ပေါ်တက်ပြီး အလုပ်ရှာမှဆိုပြီး မြို့တွေပေါ် တက်လာတဲ့သူ ဘယ်နှယောက်များ ရှိနိုင်ပါလိမ့်။
“လောကဓံသည် လူကို ကြံ့ခိုင်စေ၏”
ဒီအဆိုအမိန့်လေး မှတ်သားဖူးတယ်။ အင်း … ကျနော်တို့ နိုင်ငံအတွက် “လောကဓံသည် လူကို သူတောင်းစား ဖြစ်စေ၏” လို့ ဖြစ်သွားမလားတောင် စိုးရိမ်မိတယ်။ ဒီ လေးနှစ်တာ ကာလအတွင်းမှာ ဧရာဝတီရဲ့ သတင်းဆိုးတွေ မကြားရတော့ ကောင်းကောင်းကြီး နလန်ထပြီးသွားပြီလို့ ယူဆပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ စပါးကျီက စပါးတွေ အရင်လို အားကောင်းမောင်းသန် ထွက်နေပြီဆိုတာ သိရတော့ ဧရာဝတီသားတို့အတွက် ဝမ်းသာဂုဏ်ယူမိပါကြောင်း။
မှတ်ချက် ။   ။ မည်သူ့ကိုမျှ စော်ကားလိုစိတ် မရှိပါ။ တကယ့်ကို ရင်နာမိသောကြောင့် အပြုသဘော ရေးသားခြင်းသာ ဖြစ်ပါသည်။

ပညာရေး ရှုမြင်ကွင်း (၃)

အရွယ်ရောက်နေတဲ့ သားသမီးတွေကို အိမ်ပြန်လာခွင့်ပေးတဲ့ သတ္တဝါဆိုလို့ လောကမှာ လူ တစ်မျိုးပဲ ရှိတယ်။
ဆိုတဲ့ နိုင်ငံခြား အဆိုအမိန့်လေးတစ်ခု ကျနော် ဖတ်ဖူးတယ်။ ဒါက ဘာကို အဓိက ရည်ညွှန်းချင်သလဲ ဆိုတော့ လူတွေမှာ ရှိတဲ့ မိဘရဲ့ မေတ္တာပေါ့။ မိဘရဲ့ မေတ္တာ ကြီးမားပုံ၊ အကန့်အသတ်မဲ့ပုံကို တခြား သတ္တဝါတွေနဲ့ နှိုင်းပြလိုက်တယ်လို့ နားလည်မိတယ်။ ကျနော့အနေနဲ့ ပြောရရင် မိဘမေတ္တာ အင်မတန်မှ ကြီးမားပါတယ် ဆိုတာကို နည်းနည်းလေးမှ သံသယ မရှိပါဘူး။ မိဘတွေ သားသမီးတွေအပေါ်မှာ ထားတဲ့ ချစ်ခြင်းကို ဘယ်တုန်းကမှ ပေါ့ပေါ့တန်တန် မတွက်ခဲ့ဖူးဘူး။ ဒါပေမယ့် ကျနော် သံသယရှိနေတာက မိဘတွေဟာ ကိုယ့်သားသမီးကို ချစ်ပါတယ်လို့ အားရပါးရ ခံယူထားကြပေမယ့် တကယ်ကော ချစ်တတ်ရဲ့လား ဆိုတာကို အင်မတန် သံသယ ရှိပါတယ်။ အထူးသဖြင့် ကျနော်တို့ နိုင်ငံမှာ နေထိုင်ကြတဲ့ မြန်မာမိဘတွေပေါ့။ သူတို့ တကယ်ကော သားသမီးအပေါ်မှာ ချစ်တတ်ရဲ့လား။ တစ်ခါတလေ သူတို့ ချစ်တယ်ဆိုတာက ကိုယ့်ကိုယ်ကို ချစ်တာ နည်းနည်း ပိုနေသလားလို့ပဲ။ ကျနော် အဲဒီလို ပြောရတာ အကြောင်း ရှိပါတယ်။ ကိုယ်တွေ့လေးပေါ့။
၂၀၁၂ ခု မတ်လ ကုန်ပိုင်းက ကျနော်ဟာ အင်မတန်မှ ခေါင်တဲ့ ရွာတစ်ရွာကို ရောက်ခဲ့ပါတယ်။ အဲဒီရွာမှာ ဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာသင်တန်း ဖွင့်တာကြောင့် ကူညီပေးဖို့ ရောက်ခဲ့ခြင်းပါ။ အဲဒီရွာက မန္တလေးတိုင်း၊ ပဲခူးတိုင်း နဲ့ မကွေးတိုင်း တိုင်းသုံးတိုင်း ဆုံတဲ့ နေရာနားမှာ ရှိပါတယ်။ ခေါင်ဆို လွန်ခဲ့တဲ့ ငါးနှစ်လောက်ကမှ ရွာကလူတွေ မော်တော်ကားကို မြင်ဖူးကြတယ်ဆိုပဲ။ ရွာမှာ မူလွန်ကျောင်းတစ်ကျောင်း ရှိတယ်။ ရွာကလူကြီး ပြောပြချက်အရ သူတို့ မူလွန်ကနေ အလယ်တန်းကျောင်း ဖြစ်ဖို့ ကြိုးပမ်းကြပေမယ့် ကျောင်းအုပ်ဆရာက သဘောမတူလို့ မအောင်မြင်ဘူးတဲ့။ သူတို့ ကြိုးစားခဲ့တာ လွန်ခဲ့တဲ့ (၇) နှစ်ကပေါ့။ ဒီတော့ ရွာက ကလေးတွေက ကိုယ့်ရွာမှာ ကိုယ် ကျောင်းတက်ပြီး အတန်းကုန်ရင်တော့ ရွာမှာပဲ လယ်လုပ် နွားကျောင်းနဲ့ အချိန် ကုန်ကြရတယ်ပေါ့။ ပိုက်ဆံ တတ်နိုင်တဲ့ မိဘတချို့ကတော့ အနီးနားမှာ ရှိတဲ့ ရွာကြီးမှာ ကျောင်းသွား ထားကြတယ်။ အဲဒီ ရွာကြီးက စောနရွာထက် မဝေးလွန်းပေမယ့် နွေလမ်းပဲ ရှိတယ်။ မိုးကျလို့ လမ်းလျှောက်ရရင် ရွံ့ထဲ နွံထဲ (၂) နာရီ လောက်သွားရတော့ အထက်တန်းကျောင်းရှိတဲ့ ရွာမှာပဲ ညအိပ်ညနေ ကျောင်းတက်ကြရတယ်။ ဒီတော့ တော်တန်ရုံပဲ တတ်နိုင်တဲ့ မိဘတွေဆို ကျောင်း ဘယ်ထားနိုင်မလဲ။ ဒါနဲ့ သူတို့ လူကြီးကို မေးကြည့်မိတယ်။ နေပါဦး ခင်ဗျားတို့ ကျောင်းအုပ်က ဘာလို့ သဘောမတူတာလဲ လို့ မေးလိုက်တယ်။ အခု လက်ရှိ ကျောင်းအုပ်က ပညာအရည်အချင်း အများကြီး မရှိတော့ အစိုးရ သက်မှတ်ချက်အရ အလယ်တန်းကျောင်းအုပ် လုပ်လို့ မရဘူးတဲ့။ သဘောက တကယ်လို့ အလယ်တန်းကျောင်း ဖြစ်သွားပြီဆိုရင် လက်ရှိကျောင်းအုပ်က ကျောင်းဆရာ လုပ်ချင်လုပ်၊ မလုပ်ချင်ရင် တခြား မူလတန်းကျောင်းတစ်ကျောင်းမှာ ကျောင်းအုပ်သွားလုပ်ပေါ့။ ဒါကြောင့်လည်း အဲဒီ ကျောင်းအုပ်က သူ့စီးပွားရေး တုတ်နဲ့ ထိုးခံနေရတော့ လွယ်လွယ်နဲ့ လက်သင့်မခံဘူး။ တကယ်တော့ သူလက်သင့်မခံပေမယ့်လည်း ရွာအနေနဲ့ လုပ်ချင် လုပ်လို့တော့ ရပါတယ်။ ဒါပေမယ့် ရွာက အရိုးခံတွေဆိုတော့ တခြားသူ တစ်ဦးတစ်ယောက်ကိုလည်း မထိခိုက်စေချင်တာတစ်ကြောင်း၊ ကျေးဇူးရှင် ဖြစ်နေတာက တစ်ကြောင်းမို့ အတင်းအကြပ် မတောင်းဆိုကြတော့ဘူး။ ဒါပေမယ့် ရွာအတွက် ကံကောင်းတယ် ပြောရမှာပါ။ ကျောင်းအုပ်ဆရာကြီးက အခုတော့ စိတ်ကောင်းဝင်လာပြီး အလယ်တန်းကျောင်း လျှောက်ပေးလိုက်တာ လာမယ့်စာသင်နှစ်ကစပြီး အလယ်တန်းကျောင်း ဖြစ်တော့မယ်လို့ သိရတော့ အဲဒီ ကျောင်းအုပ်ကြီးကို သာဓုခေါ်မိပါတယ်။ အများအကျိုးကို သူ ဦးစားပေးလာနိုင်တဲ့ သတ္တိကြောင့်ပါ။
အဲဒီရွာရဲ့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ ဝမ်းနည်းစရာတွေကလည်း ရှိနေသေးရဲ့။ ယဉ်ကျေးလိမ္မာ ဗုဒ္ဓစာပေ အခြေခံလေးတွေ သင်ပေးတာဆိုတော့ ကလေးတွေ တအား ငယ်နေလို့လည်း မတော်ဘူးလေ။ ဒီတော့ (၅) တန်း တက်မယ့် ကလေးတွေကို အောက်ထစ်ထားပြီး သင်ပေးရတယ်။ လာတက်တဲ့ ကလေးတွေက စုစုပေါင်း (၁၁၃) ယောက် ရှိတယ်။ သင်တန်းက စုစုပေါင်း (၁၀) ရက်မှာ (၈) ရက်သင်ပြီး (၂) ရက်က စာမေးပွဲ စစ်တယ်။ သင်တာက (၈) ဘာသာလောက် ခွဲသင်ပြီး စာမေးပွဲစစ်တော့ (၄) ခါ စစ်ပေးတယ်။ စာမေးပွဲ စစ်တယ်ဆိုတာလည်း မလေးမစား သဘောထားကြမှာ စိုးလို့ စစ်တဲ့ သဘောပါ။ တကယ်တော့ (၈) ရက်တည်း သင်တာကို စာမေးပွဲ စစ်တယ်ဆိုတော့ ကလေးတွေအတွက်လည်း မချောင်ဘူး။ ဒါပေမယ့် ကလေးတွေလည်း ကြိုးစားကြရှာပါတယ်။ စာတွေ ကျက်ကြတယ်။ မှတ်ကြတယ်။ သူတို့တွေ ဗုဒ္ဓစာပေတွေ ကျက်မှတ်နေတဲ့ အသံကြားနေရတာလည်း ကျက်သရေ တစ်မျိုးပါပဲ။ ဒီလိုနဲ့ စာမေးပွဲကြီး ရောက်လာတော့ သူသူကိုယ်ကိုယ် ကြောက်ကြတာပဲ။ လူကြီးတွေက ဖြေဆိုလို့တာ ဖြေကြရတယ်။ မရတဲ့ သူတွေက အများကြီး။ ကျနော်တို့လည်း ကလေးတွေ စာမရတာကို အပြစ်မမြင်ပါဘူး။ ပြောပြီးပြီပဲ … သူတို့မှာ ၈ ရက်တည်းသင်ပြီး တန်း စာမေးပွဲ ဖြေကြရတာလေ။ အဲဒီမှာ ဝမ်းနည်းစရာ တစ်ခု တွေ့ရတာက စာကို အာဂုံဆောင် အလွတ်ကျက်ကြရတော့ ထုံးစံအတိုင်း မိန်းကလေးတွေက စာရကြတယ်။ ခက်တာက စာဆိုတာ ရနေရုံနဲ့ မပြီးသေးဘူးလေ။ ရေးတတ်ဦးမှကိုး။ အဲဒီမှာ ကလေးတချို့က စာတော့ ကျက်ထားတာ မွတ်လို့။ ဒါပေမယ့် သူတို့ မရေးတတ်ကြဘူး။ အဲဒီတော့ ကျနော်တို့မှာ ဘာလုပ်ရသလဲဆို အဲဒီ ကလေးတွေနားမှာ လူကြီး တစ်ယောက်ဆီ ထားပေးပြီး သူတို့ နှုတ်က ဆိုပြသမျှကို စာလုံးပေါင်းပေးရတယ်။ သ ရေး သ၊ ရ ကောက်ရေး ရ၊ ဏကြီးရေး ဏ၊ ဂငယ် သေးသေးငင် တစ်ချောင်းငင် ဂုံ၊ သရဏဂုံ ။ အဲဒီလိုမျိုး ဘေးကလူက ရွတ်ပေးရတယ်။ အင်း …. ။ ခက်တာက ဗျာ။ အဲဒီ ငါးတန်းအောင် ဆိုတဲ့ ကလေးတွေက ဘေးကနေ စာလုံးပေါင်း ရွတ်ပြနေတာတောင် မရေးတတ်ဘူးဗျို့။ ဒါနဲ့ နောက်ဆုံးတော့ အဲဒီ လူကြီးတွေက “ကဲ ပေးပေး၊ ငါတို့ပဲ ရေးပေးမယ်၊ နင်တို့ ငါ့ကို ရွတ်ပြ” ဆိုပြီး သူတို့ဖာသာ အစအဆုံး ရေးပေးလိုက်ရတယ်။ အဲဒီ ကလေးတွေအတွက် စာဖြေတော် သီးသန့် ခန့်ပေးလိုက်ရတာပေါ့ဗျာ။ ကဲ စဉ်းစားကြည့်ပါဦး။ အဲဒီ ကလေးတွေ စာလုံးပေါင်း ခက်ခက်တွေ မရေးတတ်တာဆို ထားဦး။ ဘေးက စာလုံးပေါင်းပြတာကိုတောင် မရေးတတ်တဲ့ ငါးတန်းကျောင်းသားတွေ။ တစ်ယောက်တည်း မဟုတ်ဘူးနော်။ လေး ငါးယောက် ရှိတယ်။ ကဲ ဘာတွေ မှားနေသလဲ။ အဲဒီ ကလေးတွေရဲ့ အမှားလား။ ကျနော်တို့ အဲဒီလို မသက်မှတ်ချင်ဘူး။ ဒါဆို လူကြီးတွေရဲ့ အမှားတွေပဲလား။
အဲဒီ ကလေးတွေရဲ့ ကြားမှာမှ ထူးထူးခြားခြား ကလေးတစ်ယောက်ကို သွားတွေ့တယ်။ အဲဒီကလေးက ဒီနှစ် (၈) တန်း တက်ရမယ်။ အဖြေလွှာတွေ အားလုံးစစ်ပြီးတော့ အဲဒီ ကလေးက ပထမ ရတယ်။ ပထမက ရိုးရိုး ပထမ မဟုတ်ဘူးနော်။ ရှယ် ပထမ။ ဘာလို့ ရှယ်လို့ ပြောသလဲဆို သူဟာ လေးဘာသာလုံး တစ်မှတ်မှ မလျော့ဘဲ အမှတ်ပြည့်နဲ့ချည်း ပထမဆုကို ထိုက်ထိုက်တန်တန် ယူထားတယ်။ ကျနော် အဲဒီ ကောင်ကလေးကို စိတ်ဝင်စားလို့ သူ့ကို ခေါ်ပြီး စကားပြောကြည့်တယ်။ သားကြီးလာရင် ဘာလုပ်မလဲပေါ့။ သူက ဆရာဝန်ကြီး ဖြစ်ချင်တယ်တဲ့။ အင်း သူရဲ့ လက်ရှိ အရည်အချင်းကို အကောင်းဆုံး ဖြစ်အောင် မွမ်းမံပေးရင် ရနိုင်တာပေါ့။ ဒါနဲ့ ကျနော် စိတ်ဆုံးဖြတ်ချ ချပြီး “ကဲ သား၊ ဒါဆို မင်းရဲ့ ပညာရေးကို ဆရာဝန်ဖြစ်တဲ့အထိ အစအဆုံး တာဝန်ယူမယ်ဆိုရင်ကော” ဆိုတော့ ပေကလက် ပေကလက်နဲ့ ကျနော့်ကို ကြည့်နေတယ်။ “မင်းကို မန္တလေးမြို့ပေါ်မှာ စည်းကမ်းရှိတဲ့ ဘော်ဒါဆောင်တစ်ခုကို လိုက်အပ်ပေးမယ်။ ဆယ်တန်းအောင်ရင် မင်း မန္တလေးမှာပဲ ဆေးတက္ကသိုလ် ဆက်တက်နိုင်အောင် စီစဉ်ပေးမယ်။ ကဲ မင်း မန္တလေး သွားနေမယ်မလား” လို့ မေးလိုက်တော့ သူ တော်တော် ပျော်သွားပုံပဲ။ သူ သဘောတူကြောင်း ခေါင်းညိတ်တယ်။ ဒီတော့ ကျနော်က “ဒါဆိုကွာ သင်တန်းဆင်းပွဲနေ့ကျ မင်းမိဘတွေကို ခေါ်လိုက်။ လူကြီးတွေနဲ့ တိုင်ပင်ရအောင်။ သူတို့လည်း သဘောတူတယ်ဆိုရင် နောက်နှစ် (၈) တန်းကို မင်း မန္တလေးမှာ သွားတက်နိုင်အောင် စီစဉ်ပေးမယ်။” ဆိုတော့ သူက သူ့မိဘတွေကို လာဖို့ ခေါ်ထားလိုက်တယ်။ ကျနော်ရဲ့ အမြင်က ဒီကလေး ဒီရွာမှာပဲ ဆက်နေရင် (၁၀) တန်း ပြီးကောင်း ပြီးသွားမယ်။ ဒါပေမယ့် ဆေးကျောင်း ဝင်မဝင် မသေချာဘူး။ ဆေးကျောင်း ဝင်တယ်ပဲ ထားဦး။ မြို့သားတွေနဲ့ တန်းတူ အခြေခံ မကောင်းဖို့ သေချာတယ်။ ဒါကြောင့် ဒီကလေးကို ဆရာဝန်ဖြစ်တဲ့အထိ၊ ဆေးကျောင်းပြီးတဲ့အထိ အပြည့်အဝ ထောက်ပံ့ပေးမယ်လို့ စိတ်ကူးလိုက်တာ။ ဘယ်မိဘမဆို ကိုယ့်သားသမီး ကြီးမြင့်စေချင်ကြတယ်၊ အဆင့်အတန်း မြင့်စေချင် ကြတာပဲ မဟုတ်လား။ အဲဒီ ကလေးရဲ့ မိဘဆို ဝမ်းသာမဆုံး ဖြစ်တော့မပေါ့။
သင်တန်းဆင်းပွဲရက်မှာ ကလေးရဲ့ အမေ လိုက်လာပါတယ်။ အခမ်းအနားပြီးတော့ သူ့ အမေနဲ့ စကားပြောဖို့ ခေါ်လိုက်တော့ ကလေးခမျာ မျက်နှာငယ်လေး ဖြစ်နေတာ သတိထားမိတယ်။ မျက်နှာလေး ညှိုးလို့ပါ။ သူ့အမေနဲ့ စကားပြောကြည့်မှ သူ ဘာကြောင့် စိတ်မချမ်းမသာ ဖြစ်နေသလဲဆိုတာ သိတော့တယ်။ သူ့အမေ ထပ်တလဲလဲ ပြောနေတဲ့ စကားက တစ်ခွန်းတည်းပါ။ “ကျွန်မသားက အဖေအမေနဲ့ မခွဲနိုင်ဘူးလို့ ပြောနေတာကြောင့် ဒီရွာမှာပဲ ထားတော့မယ်” တဲ့။ ဒါ သားသမီးရဲ့ ရှေ့ရေးပါ၊ လို့ ဟိုဟိုဒီဒီ ပြောကြည့်ပေမယ့်လည်း သူ့အမေ ပါးစပ်က ထွက်လာတာ ဒီစကားလုံးတွေချည်းပဲ။ မိဘလုပ်တဲ့သူကတောင် လုပ်ရက်သေးတာပဲ ဆိုတဲ့ အတွေးနဲ့ပဲ ကျနော်တို့ လက်လျှော့ပြီး ပြန်ခဲ့ရပါတယ်။ ကဲ … မိဘတွေ ကိုယ့်သားသမီးကို တကယ် ချစ်တတ်ကြရဲ့လားဗျာ။  ကျနော် တော်တော်လေး သံသယ ရှိတယ်။ ဒီအဖြစ်အပျက်နဲ့ ဆက်စပ်ပြီး ကျနော် အလက်ဇန္ဒားဖလန်းမင်း (Alexander Fleming) ကို သွားသတိရမိတယ်။ ပင်နယ်စလင်ခေါ်တဲ့ ပဋိဇီဝဆေးကို ပထမဆုံး တွေ့ရှိခဲ့လို့ သန်းပေါင်း ထောင်ချီတဲ့ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့တဲ့ လူသားအားလုံးရဲ့ ကျေးဇူးရှင်တစ်ယောက်ဆိုလည်း မမှားပါဘူး။ သူဆိုရင်လည်း မိဘတွေက လယ်သမားတွေပါ။ အင်မတန်ခေါင်တဲ့ ဒေသမှာ နေကြတဲ့ လယ်သမားမိသားစုလေးပါ။ မြို့ပေါ်က လူကုံထံတစ်ယောက် ရွာကို လာလည်ရင်း သူ့သားလေး ဒုက္ခရောက်နေတာကို ဖလန်းမင်းရဲ့ အဖေက ကယ်တင်ပေးခဲ့ပါတယ်။ အဲဒီ ကယ်တင်ပေးတဲ့ ကျေးဇူးကို ဆပ်တဲ့အနေနဲ့ သားဖြစ်သူ အလက်ဇန္ဒား ဖလန်းမင်းကို မြို့ပေါ် ခေါ်သွားပြီး ကျောင်းထားပေးပါရစေလို့ ဖခင်ဖြစ်သူကို တောင်းခံပါတယ်။ ဖခင်ဖြစ်သူဟာ ဒီသားလေး သူနဲ့ နေရင် လယ်သမားပဲ ဖြစ်မှာပဲ။ ငါ့ထက် အဆင့်အတန်းမြင့်တဲ့ သူတစ်ယောက်ဖြစ်ဖို့ ပညာတတ်ဖို့လိုတယ်လို့ မျှော်မြင်နိုင်တာကြောင့် ဖလန်းမင်းလေးကို ထည့်ပေးလိုက်ပါတယ်။ ဒါနဲ့ ဆရာဝန်တွေဖြစ် သုတေသနတွေလုပ်ရင်း သူ့နိုင်ငံအတွက်ပါမက ကမ္ဘာပေါ်မှာရှိတဲ့ သက်ရှိအားလုံးအတွက် အကျိုးပြုတဲ့ လူသားကောင်းတစ်ယောက် ဖြစ်လာခဲ့တာပေါ့။ ကျနော်တို့ မြန်မာနိုင်ငံက စောန မိဘတွေနဲ့ ကျနော် နှိုင်းယှဉ်ကြည့်လိုက်မိမယ်။ ဖလန်းမင်းလေးရဲ့ အဖေသာ မခွဲနိုင်ပါဘူးကွာဆိုပြီး ဖလန်းမင်းလေးကို မြို့ပေါ် ထည့်မပေးခဲ့ဘူးဆိုရင် ….. ။ နောက်ဆုံးတော့လည်း ကျနော် ဖြေသိမ့်လိုက်ပါတယ်။ သူတို့နိုင်ငံမှာ ဖလန်းမင်းရဲ့ အဖေလို မိဘမျိုးတွေ များများရှိတော့ တိုင်းပြည်ကြီးက အစစအရာရာ တိုးတက်ပြီး ကျုပ်တို့ မြန်မာနိုင်ငံကလည်း စောနက မိဘမျိုးတွေ များများ ရှိလေတော့ တိုင်းပြည်ကြီးလည်း @#$$#@!*& ဖြစ်နေတာပေါ့ဗျာ။

ဆင်းရဲသားဘဝနဲ့ ကြီးပြင်းလာရတာ သင့်အပြစ် မဟုတ်ပါဘူး။
ဆင်းရဲသားဘဝနဲ့ သေသွားရတယ် ဆိုရင်တော့ အဲဒါ သင့်အပြစ်ပဲ။

ပညာရေး ရှုမြင်ကွင်း (၂)

ကျနော်တို့အားလုံး လူငယ်ဘဝမှာ အိမ်မက် ကိုယ်စီ၊ ရည်မှန်းချက် ကိုယ်စီ ရှိခဲ့ကြတာပါ။ အဲဒီ လူငယ်တွေရဲ့ ရည်မှန်းချက်တွေကို အကောင်အထည် ဖော်နိုင်အောင် သူနေတဲ့ တိုင်းပြည်က ဘယ်လောက် အထောက်အပံ့ ပေးနိုင်သလဲ။ ဒါ တော်တော်လေး အရေးကြီးလိမ့်မယ် ထင်တယ်။ နိုင်ငံတစ်နိုင်ငံမှာ 
  • ရည်မှန်းချက် ကြီးတဲ့ လူငယ်တွေ ဘယ်လောက်များများ ရှိသလဲ၊ 
  • သူတို့ရဲ့ ရည်မှန်းချက်ကို နိုင်ငံရဲ့ ပညာရေးက ဘယ်လောက်အထိ အရောင်တင်ပေးနိုင်သလဲ၊
  • သူတို့ရဲ့ ရည်မှန်းချက်ကို အဲဒီနိုင်ငံမှာ ဘယ်လောက် အတိုင်းအတာအထိ လွတ်လွတ်လပ်လပ် အကောင်အထည် ဖော်ခွင့်ရှိသလဲ၊
  • အဲဒီ နိုင်ငံမှာ ရှိတဲ့ သူတွေရဲ့ ရည်မှန်းချက်နဲ့ သူတို့ရဲ့ ဘဝဟာ ဘယ်လောက်အထိ ထပ်တူ ကျသလဲ၊

ဒီအချက် လေးချက်ကို ကြည့်ပြီး အဲဒီနိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်း တွက်ချက် နိုင်မယ်လို့ ကျနော်ကတော့ ယူဆတယ်။
ကျနော် မှတ်မိနေသေးတယ်။ နင်ကြီးလာရင် ဘာလုပ်မလဲလို့ ကျနော်ကို ငယ်ငယ်က မေးလာရင် အင်ဂျင်နီယာလုပ်မယ်လို့ ဖြေလေ့ရှိတယ်။ တခြား သူငယ်ချင်းတွေကို မေးရင်လည်း တချို့က ဆရာဝန် ဖြစ်ချင်ကြတယ်။ တချို့က ဆရာမ လုပ်မယ်ပေါ့။ ကျနော် ထင်တယ်။ ဘယ်ကလေးမှတော့ ကြီးလာရင် သူတောင်းစား လုပ်မယ်၊ သူခိုးလုပ်မယ်လို့တော့ စိတ်ကူးယဉ်ကြလိမ့်မယ် မထင်။ မြို့ပေါ်က ကလေးအများစုဟာ ရည်မှန်းချက်ကြီးကြီး ရှိကြတာ ဝမ်းသာစရာပါပဲ။ ဒါပေမယ့် ကျေးလက်မှာ နေတဲ့ ကလေးအတော် များများကို ကျနော် မေးကြည့်ဖူးတယ်။ နင်တို့ ကြီးလာရင် ဘာလုပ်မလဲပေါ့။ အများစုက တောင်သူ လုပ်မယ်လို့ပဲ ဖြေကြတယ်။ တချို့ကလေးက ဝက်မွေးမယ်၊ နွားမွေးမယ်လို့ ဖြေကြတယ်။ ဟင့်အင်း ဘာမှ မလုပ်ဘူး လို့ ဖြေတဲ့ ကလေးတွေကလည်း ရှိလေရဲ့။ အဲဒီလို အဖြေတွေ ကြားရတော့ “အော် အဲဒါ မြန်မာနိုင်ငံပဲ” လို့တောင် ဟင်ချမိတယ်။ အဲဒါ တို့နိုင်ငံရဲ့ အနာဂတ်ပဲလေ။
ကလေးတွေဟာ ပတ်ဝန်းကျင်ရဲ့ အရောင်ဆိုးမှုကို ခံပြီး ကြီးပြင်းလာရတာချည်းပါပဲ။ ဒီတော့ ကိုယ့်ကိုယ်ကို ဘာရယ်မှန်း မသိတဲ့ မိဘနှစ်ပါးရဲ့ အရိပ်အောက် ကြီးပြင်းလာရတဲ့ ကလေးတစ်ယောက်ဟာ ဘာရည်မှန်းချက်မှ မရှိတာ မဆန်းပါဘူး။ ကျနော်ရဲ့ အဘွားတောင်မှ ကျနော့အစ်မ ဆယ်တန်းအောင်တော့ တက္ကသိုလ် ဆက်ထားဖို့ သဘောမတူခဲ့ဘူး။ သူပေးတဲ့ အကြောင်းပြချက်က ဘာလဲဆိုတော့ တစ်နေ့ အိမ်ထောင်ပြု ယောက်ျားယူတော့ မီးဖိုချောင်ထဲပဲ နေရမှာပဲတဲ့။ မီးဖိုချောင်ထဲ နေဖို့ ဘွဲ့ မလိုပါဘူးတဲ့လေ။ ကျနော့အဖေက အတင်း မရမက ပြောမှ ကျနော့အစ်မ တက္ကသိုလ် ဆက်တက်ခဲ့ရတယ်။ ကျနော် ပြောချင်တာက လူကြီးတွေရဲ့ အမြော်အမြင်ပါ။ ကိုယ်တိုင် ဆုံးဖြတ်ပိုင်ခွင့်၊ ဆုံးဖြတ်နိုင်စွမ်း မရှိသေးတဲ့ လူငယ်တွေရဲ့ ဘဝကို အဓိက ပဲ့ကိုင်နေတာ သူတို့ကို အုပ်ထိန်းတဲ့ လူကြီးတွေပါ။ အဲဒီ လူကြီးတွေ အတွေးတိမ်လေလေ၊ အမြော်အမြင် နည်းလေလေ၊ သူတို့ရဲ့ အုပ်ချုပ်ခံ လူငယ်တွေရဲ့ ဘဝက နစ်မွန်းလေလေပဲ။
ကျနော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါရစေ။
တစ်နေ့က ကျနော် ဘက်စ်ကား စီးပြီး ကမ္ဘာအေးဘုရားလမ်းအတိုင်း မြို့ထဲကို ပြန်လာခဲ့တယ်။ ကမ္ဘာအေး ဘုရားနားမှာ ကျောင်းဝတ်စုံနဲ့ ကလေးတစ်ယောက် ဘတ်စ်ကားပေါ် တက်လာတယ်။ ကျောင်းဝတ်စုံ ခပ်နွမ်းနွမ်းလေးပါ။ ကျနော်က အပေါက်ဝတည့်တည့်က ထိုင်ခုံမှာ ထိုင်နေတာဆိုတော့ သူတက်လာတာကို ကျနော် သတိထားမိလိုက်တယ်။ ကျောင်းပိတ်ချိန်ဆိုတော့ လွယ်အိတ်တွေ ဘာတွေ မပါဘူးပေါ့။ ကလေးကို ကြည့်ရတာ အလွန်ဆုံးရှိမှ (၈) တန်းပါ။ နေ့လည်ခင်းဆိုတော့ ဘတ်စ်ကားက မကျပ်ပါဘူး။ အဲဒီကလေးဟာ ဘတ်စ်ကား အနောက်ထဲထိ ဝင်သွားတယ်။ နည်းနည်းကြာလို့ ကျနော် လှမ်းကြည့်လိုက်တော့ အဲဒီကလေးက ဘတ်စ်ကားပေါ်မှာ ပိုက်ဆံတောင်းနေတာ တွေ့လိုက်ရတယ်။ အင်း … မြန်မာနိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမြင်ကွင်းက မဆန်းတော့ပါဘူးလေ။ ဒါနဲ့ ကျနော်လည်း သူကို ဂရုမစိုက်ဖြစ်တော့ပါဘူး။ 
အဲဒီ ဘတ်စ်ကားက ရွှေဂုံတိုင်မီးပွိုင့် လွန်လာတော့ စောန ကလေးက ဆင်းတော့မလို့ ထင်ပါရဲ့။ အပေါက်ဝနား ကပ်လာတယ်။ ကျနော့ ဘေးနားမှာ မတ်တပ်လာရပ်နေတယ်။ သူ့ လက်ထဲမှာလည်း ပိုက်ဆံ လက်တစ်ဆုတ် နဲ့။ ခဏကြာတော့ သူ့ အင်္ကျီအတွင်းထဲကို လက်နှိုက်ပြီး တစ်ခုခု ဆွဲထုတ်နေတယ်။ ကျနော့်အရှေ့မှာ ဆိုတော့ ကျနော် မသိသလို သိသလိုနဲ့ စိတ်ဝင်တစား ကြည့်နေမိတယ်။ သူ့ ရင်ဘက်ထဲက ပိုက်ဆံ နောက်ထပ် တစ်ထုပ် ထပ်ထွက်လာတယ်။ အဲဒီ ပိုက်ဆံတွေကို ပေါင်းလိုက်ပြီး သူ ရေတွက်နေလေရဲ့။ သူ ရေတွက်နေတော့မှ သူ့လက်ထဲမှာ ပိုက်ဆံ စုစုပေါင်း ဘယ်လောက်ရှိသလဲဆိုတာ သတိထားမိတယ်။ အားပါးပါး။ သူကိုင်ထားတဲ့ လက်တစ်ဆုတ်စာ ပိုက်ဆံထဲမှာ တစ်ထောင်တန်တွေလည်း မနည်းမနောပဲ။ အားလုံးစုစုပေါင်း ဆိုရင် တစ်သောင်းခွဲ (၁၅၀၀၀) တော့ အနည်းဆုံး ရှိမယ်။ ဟိုက် သူကတောင် ဝင်ငွေ ပိုဖြောင့်နေပါလားလို့ ရုတ်တရက် တွေးလိုက်မိတယ်။ အဲဒီ အတွေးရဲ့ နောက်ကွယ်မှာ အင်မတန် ကြေကွဲဖို့ ကောင်းတဲ့ မေးခွန်းတစ်ခုကို ကျနော် စဉ်းစားလိုက်မိတယ်။
ဒီကလေးဟာ ဒီလောက် ဝင်ငွေရှိတဲ့ တောင်းစားရတဲ့ ဘဝကို ကျေနပ်နေမိပြီလား။
မျက်မြင်ကိုယ်တွေ့ ကျနော့အနေနဲ့ ဖြေရမယ်ဆိုရင်တော့ ဒီကလေး သဘောကျကျေနပ်နေတယ်လို့ ဖြေရမှာပဲ။ သူ့ဘဝကို သူ သာယာ နေပုံပဲ။ သူဟာ ရှစ်တန်း ကျောင်းသားတစ်ယောက်ပဲ ထားဦး။ သူတက်နေတဲ့ အတန်းပညာဟာ တောင်းစားတာလောက် ဝင်ငွေ မရပါဘူးကွာလို့ သူ မြင်သွားရင် ဘယ်နှယ်လုပ်မလဲ လို့ ကျနော့်ရင်ထဲမှာ စိုးရိမ်စိတ်တွေ တဖွားဖွား ပေါ်လာမိတယ်။ “အမလေး … မိဘတွေကလည်း ခိုင်းရက်လေခြင်း” လို့သာ အော်ပြီး ငိုလိုက်ချင်တော့တယ်။ အဲဒီ ကလေးနေရာကနေ ကျနော် ဝင်ပြီး စဉ်းစားကြည့်တယ်။ ငါ အခု ရှစ်တန်း တက်နေတယ်။ အဲဒါ ဘာလုပ်ဖို့တုန်း။ ဆယ်တန်းအောင် တစ်ယောက်ဖြစ်ရင်ကော တစ်နေ့တစ်နေ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ ကဲ တက္ကသိုလ် ဆက်တက်ပါပြီတဲ့ ဒီလောက် ဝင်ငွေ ရနိုင်မလား။ သူ ဒီလိုတွေ တွေးလာရင်တော့ ခက်ရချည်ရဲ့နော်။ ကျနော် တွေးရင်း ရင်လေးလာတယ်။ မြန်မာနိုင်ငံမှာ ဒီလို ကလေးတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ အဲဒီလို ခိုင်းရက်တဲ့ မိဘတွေ ဘယ်လောက်များ များနေလိမ့်မလဲ။ မတွေးဝံ့ပါ။
ကျနော် စာဖတ်သူတွေကို မေးခွန်းလေးတစ်ခု မေးချင်ပါတယ်။ ကိုယ့်ဖာသာပဲ လွတ်လွတ်လပ်လပ် ဖြေကြည့်ပါ။ 
“တကယ်လို့ ကိုယ်သင်ထားတဲ့ ပညာဟာ ကိုယ့်ဘဝ အသက်မွေးဖို့အတွက် အထောက်အကူ မဖြစ်ပါဘူးလို့ ယူဆသွားမယ်ဆိုရင် အဲဒီလို လူတွေနေတဲ့ တိုင်းပြည်ဟာ ဘာဖြစ်သွားမလဲ။”
စာဖတ်သူတွေထဲမှာ ပညာရေးနဲ့ ပတ်သက်တဲ့ ပညာရေးဝန်ထမ်းတွေ၊ ဆရာ/ဆရာမတွေ ပါမယ်ဆိုရင် အဲဒီမေးခွန်းကို မဖြစ်မနေ ရဲရဲကြီး ဖြေကြည့်ပါ။ အော် … ကျနော်ရဲ့ အဖြေကို သိချင်တာလား။ ကျနော်ကတော့ ဖြေပြီးသားပါ။ စောနက ပြောခဲ့တဲ့ ကလေးမျိုးတွေ ကြီးစိုးတဲ့ နိုင်ငံတစ်နိုင်ငံပဲ ဖြစ်လာတော့မယ် ထင်တယ်။

ပညာရေး ရှုမြင်ကွင်း (၁)

နိုင်ငံတကာမှာ လူမျိုးတိုင်း၊ လူမျိုးတိုင်းဟာ ပညာရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အားလုံး အသိအမှတ် ပြုကြပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်ဖြစ်၊ ဖွံ့ဖြိုးဆဲ နိုင်ငံပဲ ဖြစ်ဖြစ် ကိုယ့်နိုင်ငံရဲ့ ရေရှည်တိုးတက် ဖွံ့ဖြိုးရေးဟာ ပြည်သူတွေရဲ့ ပညာရေး အဆင့်အတန်းပေါ်မှာ တည်မှီနေတယ်လို့ လူတိုင်း လက်ခံထားကြတယ်။ ကမ္ဘာပေါ်မှာ ရှိတဲ့ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ လူတန်းစား အားလုံး တပြိုင်နက် အတည်ပြုထားတဲ့ ယူဆချက်လည်း ဖြစ်ပါတယ်။ ဒီမှာ ပြည်သူဆိုတာ တိုင်းပြည်တစ်ပြည်အတွင်း မှီတင်းနေထိုင်တဲ့သူ အားလုံးကို ဆိုလိုပါတယ်။ နိုင်ငံတစ်နိုင်ငံဟာ ပညာရေးကဏ္ဍမှာ ဘယ်လောက် ရင်းနှီးမြှုပ်နှံထားသလဲ ဆိုတာနဲ့ ဘယ်လို စီမံချက်ချပြီး အကောင်အထည် ဖော်နေသလဲ ဆိုတာကို ကြည့်ပြီး အဲဒီ နိုင်ငံရဲ့ အနာဂတ်ကို ခန့်မှန်းကြတယ်။ အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘယ်သူမှ အံတုဖို့ မလွယ်တဲ့ မဟာအင်အားကြီး နိုင်ငံတစ်ခု အနေနဲ့ ရပ်တည်လာနိုင်တာ နှစ်ပေါင်း (၁၀၀) တစ်ရာစု ပြည့်ပါတော့မယ်။ ဘာဖြစ်လို့ ရပ်တည်နေနိုင်တာလဲ။ အဓိက အကြောင်းအရင်းကတော့ သူတို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်နေတဲ့ သိပ္ပံပညာကြောင့်ပါ။ “ သိပ္ပံပညာရှင် လူငယ်တစ်ယောက်ဟာ ဝါရင့်နိုင်ငံရေးဂုရု အယောက် (၂၀) ထက် တန်ဖိုး ပိုရှိပါတယ် ” ဆိုတာ သူတို့နိုင်ငံ့ခေါင်းဆောင်တွေရဲ့ အမြင်နဲ့ ခံယူချက်ပါ။ ကျွန်တော်တို့ နိုင်ငံနဲ့ အနီးမှာ ရှိတဲ့ နိုင်ငံငယ်လေး စင်္ကာပူကိုပဲ ကြည့်မလား။ အခုဆို စင်္ကာပူဟာ အရှေ့တောင်အာရှမှာ ဖွံ့ဖြိုးတိုးတက်မှုအရ ထိပ်ဆုံးက ရပ်တည်နေတဲ့ နိုင်ငံတစ်နိုင်ငံပါ။ သဘာဝ သယံဇာတ အရင်းအမြစ် ဘာမှ မရှိတဲ့ နိုင်ငံတစ်နိုင်ငံဟာ ကမ္ဘာ့အလည်မှာ ဝံ့ဝံ့ကြွားကြွား ရပ်တည်နိုင်ဖို့ဆိုရင် ပညာသာ အားကိုးစရာ ရှိတယ်လို့ လီကွမ်ယု အစိုးရဟာ ကောင်းကောင်းကြီး သဘောပေါက်ခဲ့တယ်။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ လောက်က တံငါရွာကြီးဟာ အခုဆိုရင် ကမ္ဘာ့အကြီးဆုံး ကုန်တင်ဆိပ်ကမ်းမြို့ထဲမှာ တစ်မြို့ အပါအဝင် ဖြစ်လာပါပြီ။ ကမ္ဘာ့အကြီးဆုံး out-sourcing လုပ်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်လာပါပြီ။ ကမ္ဘာပေါ်မှာ Software ထုပ်ကုန်တွေ အများဆုံး ထွက်တဲ့ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်ခဲ့ပါပြီ။ အဲဒီလို ဖြစ်ဖို့ ဘာတွေကို အခြေခံခဲ့တာလဲ။ ပညာရေး ပါ။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၆၀) က ပိုက်ကွန်တွေ ကိုင်ခဲ့တဲ့ သူတွေဟာ အခုဆိုရင် အိုင်တီပစ္စည်းတွေကို ပြောင်းကိုင်နေကြပြီ။
ကျွန်တော်တို့အတွက် လေ့လာစရာ နောက်ထပ် တစ်နိုင်ငံ ရှိပါသေးတယ်။ တရုတ်ပြည်ပါ။ တစ်ချိန်က အတုမှန်သမျှ ထွက်တဲ့ တရုတ်ပြည်။ တစ်ရက်စုတ် တရုတ်စက် လို့ နာမည်ကောင်း ရခဲ့တဲ့ တရုတ်ပြည်ပါ။ စု တု ပြု ဆိုတဲ့ မြန်မာစကားလေး တစ်ခွန်း ရှိပါတယ်။ စုပြီး တုနိုင်ရမယ်၊ တုပြီး အသစ်ပြုလုပ်နိုင်ရမယ်။ ဒါမှ တိုးတက်မယ် ဆိုတဲ့ သဘောပါ။ တကယ်လို့ တရုတ်ပြည်ဟာ တုဆိုတဲ့ အဆင့်၊ အတုတွေပဲ လိုက်လုပ်နေတဲ့ အဆင့်မှာပဲ သာယာနေမယ်ဆိုရင်တော့ ခိုင်းဖက်ဘဝကနေ ဘယ်တော့မှာ တက်မှာ မဟုတ်တော့ဘူး။ အမျှော်အမြင် ရှိတဲ့ တရုတ်အစိုးရတွေကြောင့် လွန်ခဲ့တဲ့ နှစ် အစိပ် (၂၅) လောက်ကတည်းက “ပြုတဲ့ အဆင့်ကို တစ်နေ့ တက်ရမယ်” ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နိုင်ငံခြားပညာတော်သင်တွေ နှစ်စဉ် ပို့ပေးနေခဲ့တယ်။ ထူးချွန်တဲ့ တရုတ်ပညာရှင်တွေကို ပြည်တွင်း ပြန်ခေါ်ပြီး ပြည်သူတွေရဲ့ ပညာအဆင့်ကို ဆွဲတင်နေကြတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀) တုန်းက ဂျပန်တွေဟာ အမေရိကန်တွေကို အန်တုပြီး ပြုတဲ့ အဆင့်ကို တက်လှမ်းလာနိုင်ခဲ့တယ်။ အခုအချိန်မှာလည်း တရုတ်ပြည်ဟာ ပြုတဲ့ အဆင့်ကို ရောက်ပြီလို့ ပြောလို့ မရပေမယ့် ပြုတဲ့အဆင့်ဆီကို ဝင်ရောက်လာပြီလို့ ပြောနိုင်ပါတယ်။ အဲဒီလို ဖြစ်ဖို့ တရုတ်အစိုးရဟာ ပညာရေးကဏ္ဍအတွက် နှစ်စဉ်နှစ်စဉ် အသုံးစားရိတ်တွေ တိုးတိုးပြီး ချပေးနေတယ်။ အထူးသဖြင့် သုတေသနပိုင်းကို ဦးစားပေးပြီး ဘဏ္ဍာငွေ သုံးစွဲတယ်။ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့ သုတေသနစာတမ်း စုစုပေါင်းရဲ့ ထက်ဝက်နည်းပါးဟာ တရုတ်ပြည်က ပြုစုခဲ့တယ်လို့ အွန်လိုင်းတစ်နေရာမှာ ဖတ်လိုက်ရတယ်။ တရုတ်ပြည်ဟာ စီးပွားရေးကို ဦးစားပေးတဲ့ နိုင်ငံ ဖြစ်ပါလျက်နဲ့ ဘာလို့ ပညာရေးကို မဲတင်းနေရတာလဲ။ သူတို့ နိုင်ငံ့စီးပွားရေးရဲ့ အနာဂတ်ဟာ ပညာရေးကဏ္ဍမှာ တည်မှီနေတယ်လို့ သူတို့ တစ်ထစ်ချ လက်ခံ ယုံကြည်ထားလို့ပါပဲ။ အစောပိုင်း တင်ပြခဲ့သလို တုနေတဲ့ အဆင့်မှာတင် ထိုင်မနေဘဲ ပြုနိုင်တဲ့ အဆင့်ကို တက်လှမ်းပါမှ ကမ္ဘာ့အလယ်မှာ ကောင်းကောင်း ရပ်တည်နိုင်မယ်လို့ သူတို့ ကောင်းကောင်း သဘောပေါက်ကြတယ်။
သူများအကြောင်းတွေ လျှောက်စဉ်းစားပြီးတော့ ကျွန်တော့ ခေါင်းထဲ မေးခွန်းတစ်ခု ဝင်လာတယ်။
ကျွန်တော်တို့ နိုင်ငံရဲ့ ပြည်သူတွေကကော ပညာ ကို ဘယ်လို မြင်သလဲ။
အဲဒီ မေးခွန်းကို မဖြေခင် ကျွန်တော်ရဲ့ ကိုယ်တွေ့လေးတစ်ခု တင်ပြပါ့မယ်။ (၂၀၀၉) ခုနှစ်ကပါ။ မင်္ဂလာဒုံမြို့နယ်မှာ ရှိတဲ့ ဘ.က ကျောင်း (ဘုန်းတော်ကြီး ပညာသင်ကျောင်း) တစ်ကျောင်းကို အလှူအတန်း ကိစ္စနဲ့ ရောက်သွားခဲ့ပါတယ်။ အဲဒီကျောင်းရဲ့ ကျောင်းထိုင်ဟာ သက်တော် (၃၅) နှစ် သာသာ ရှိသေးတဲ့ ဆရာတော်လေး တစ်ပါးပါ။ ဆရာတော်ဟာ လူငယ်ပီပီ တက်ကြွတယ်၊ ရည်မှန်းချက်ကြီးတယ်၊ စေတနာကြီးတယ်၊ လူမျိုးအပေါ် မျှော်လင့်ချက်ကြီးတယ်။ သူ့ကျောင်းမှာ (၂၀၀၉) ခုနှစ်က ၈ တန်းအထိပဲ သင်ပေးခွင့် ရသေးတယ်။ ဒါကြောင့် တရားဝင်ခွင့်မပြုသေးတဲ့ ၉ တန်း နဲ့ ၁၀ တန်းကို မြို့ပေါ်က ဆရာတွေ ငှားပြီး ဝိုင်းပုံစံ သင်ကြားပေးတယ်။ ကျွန်တော် ရောက်သွားတဲ့အချိန်က လာတက်နေတဲ့ ၁၀ တန်း ကျောင်းသား အယောက် (၁၀၀) ကျော် ရှိတယ်။ ကျောင်းကို အဆင့်မှီအောင်ဆိုပြီး အနီးနားမှာ ရှိတဲ့ ပညာတတ် လူကြီးတွေနဲ့ တိုင်ပင်ပြီး စည်းကမ်းတွေ ပြဋ္ဌာန်းချက်တွေ စီစဉ်တယ်။ ဆရာတော်က ဘ.က ကျောင်း ဖွင့်ထားတော့ အနီးပတ်ဝန်းကျင်မှာ ရှိတဲ့ အရွယ်ရောက်တဲ့ ကလေးတိုင်းကို ကျောင်းတက်စေချင်တယ်။ အခမဲ့ သင်ပေးတာပါပဲ အကုန် လာတက်နိုင်ရမှာပေါ့ လို့ သူ တွေးထင်ထားတယ်။ ပညာသင်ပေးချင်လျက်နဲ့ ပိုက်ဆံ မရှိလို့ ပညာသင်မပေးနိုင်တဲ့ မိဘတွေအတွက် အတော် နေရာကျတာပဲလို့ တွေးခဲ့တယ်။ အဲဒီကျောင်းမှာ ပညာသွားသင်ဖို့ ပိုက်ဆံ တစ်ပြားမှ ကုန်စရာ မလိုဘူးလေ။ ဒီတော့ မိဘတွေ ထားကြမှာပဲပေါ့။ ဆရာတော်လည်း ဒီလို ထင်ခဲ့တာပဲတဲ့။
တကယ်တမ်း ကျောင်းဖွင့်တော့ ကျောင်းလာတက်တဲ့ ကလေးအရေအတွက်ဟာ အနီးနား ရပ်ကွက်မှာရှိတဲ့ ကလေးရဲ့ ၅၀% တောင် မပြည့်ဘူး။ နောက်ပြီး စတက်တဲ့ ကလေးရဲ့ ၃၀% လောက်ကလည်း နောက်တော့ ထွက်ကုန်ကြတယ်။ ဒီတော့ ဆရာတော်က မိဘတွေဆီ လိုက်ပြီး အခြေအနေ စုံစမ်းတော့တယ်။ နောက်ဆုံး မိဘတွေ အားလုံးနီးပါး ပေးလိုက်တဲ့ အဖြေက တစ်မျိုးတည်းပါပဲ။ သူတို့တွေ ဆင်းရဲကြတယ်။ ဘာဖြစ်လို့လဲ။ ပညာမတတ်လို့ ဆင်းရဲတာ မဟုတ်ပေမယ့် ပညာမတတ်တာကြောင့် ဆင်းရဲတွင်းက မထွက်နိုင်ကြဘူး။ ဆင်းရဲလို့ ပညာမသင်နိုင်၊ ပညာမတတ်လို့ ပိုဆင်းရဲ ဆိုတာမျိုး မဖြစ်ရအောင် ဘုန်းကြီးက ကြိုးစားပြီး လုပ်ပေးနေတာပဲ လို့ ဆရာတော်လေးက မိန့်ရှာတယ်။ ပညာကို အခမဲ့ ရအောင် သင်ပေးနေတယ်။ ရည်ရွယ်ချက်က ဘာလဲဆိုတော့ ဆင်းရဲတွင်းထဲက ဆွဲထုတ်ဖို့။ ဒါပေမယ့် သူတို့တွေ ဖင်တရွတ်တိုက်ပြီး ပြန်လျှောဆင်းသွားကြတယ်။ ကလေးတွေကို သီးသန့် ခေါ်ပြီး ဆရာတော်က မေးကြည့်တယ်။ နင်တို့တွေ ပညာမသင်ချင်ဘူးလားလို့ မေးတော့ အမေက မလွှတ်ဘူး ဘုရား၊ အဖေက မလွှတ်ဘူး ဘုရား လို့ ဖြေကြတယ်။ မိဘတွေကကော ကလေးတွေကို တကယ်ပဲ ပညာမတတ်စေချင်တာလား။ ဒီလိုတော့လည်း မဖြစ်နိုင်ပါဘူး။ ဒါပေမယ့် သေချာတာတော့ မိဘတွေ ကိုယ်နှိုက်က မလွှတ်ကြဘူး။ မိဘလုပ်တဲ့သူတွေက ဘာပြောသလဲဆိုတော့
အရှင်ဘုရားတို့က အခမဲ့ သင်ပေးတာတော့ ဟုတ်ပါတယ်ဘုရား။ တပည့်တော်တို့မှာ ပညာသင်ဖို့ တစ်ပြားမှ ကုန်စရာ မလိုတာလည်း မှန်ပါတယ်။ ဒါပေမယ့်ဘုရား ကလေးတွေကို ကျောင်းပို့လိုက်ရင် တပည့်တော်တို့မှာ ဝင်ငွေ ထိခိုက်ပါတယ်ဘုရား။ ကလေးတွေ အလုပ်ထွက်လုပ်ရင် တစ်ရက်ကို နေ့စား (၂၀၀၀) လောက်တော့ အသာလေး ရတယ်ဘုရား
တဲ့။ ကဲ … အဲဒီလို ပြောတဲ့ မိဘတွေဟာ ကလေးတွေကို ပညာတတ်စေချင်တဲ့ မိဘတွေလို့ လက်ခံပေးဖို့ အတော် ခက်နေပါပြီ။ ကျောင်းတက်ချင်တဲ့ ကလေးတွေကို ပညာသင်မပေးတဲ့ မိဘတွေ များလာလေလေ အဲဒီနိုင်ငံကြီး ဆုတ်ယုတ်လာလေလေပါ။ ကျွန်တော်တို့ နိုင်ငံမှာ အဲဒီလို မိဘတွေ တစ်နေ့တခြား များလာနေတာ သိရတော့ အင်မတန် ဝမ်းနည်းမိတယ်။
ဆင်းရဲလို့ ပိုက်ဆံမရှိလို့ ပညာမသင်ရတာပါ ဆိုတဲ့ အကြောင်းပြချက်ဟာ အခုခေတ်နဲ့ဆို အံမဝင်တော့ပါဘူး။ အခုဆို နိုင်ငံတနှံ့တလျား အခမဲ့ သင်ပေးနေတဲ့ ဘ.က ကျောင်းလို ပညာသင်ကျောင်းတွေ အများကြီး ပေါ်လာပါပြီ။ ဘာသာခြားတွေအတွက်လည်း ခရစ်ယာန်သာသနာပြုကျောင်းလို နိုင်ငံအနှံ့ ရှိနေပြီးသားပါ။ ဒါကိုမှ ကျောင်းမထားပေးနိုင်တာ ဘယ်သူ့ အပြစ်လဲ။ ကျွန်တော်အမြင်ကတော့ လက်ရှိအခြေအနေမှာ မိဘတွေဟာ သားသမီးကို ခိုင်းစားချင်တဲ့ စိတ်လေးတွေ ဖျောက်ပြီး ကိုယ့်သားသမီးကို ပညာသင်ပေးဖို့ ငါ ပိုက်ဆံ ပိုရှာရမယ် ဆိုတဲ့ စိတ်လေးတွေ ပြောင်းမွေးသင့်ပြီ ထင်တာပဲ။ စောနက ဆရာတော်လေးကတော့ သူကျောင်းရဲ့ စီမံအဖွဲ့နဲ့ တိုင်ပင်ပြီး ကြေငြာချက်တစ်ခု ထုတ်ပြန်ပါတယ်။
ရပ်ကွက်အတွင်းမှာ ရှိတဲ့ မိဘများအနေနဲ့ ကလေးများကို ကျောင်းလာထားကြပါ။ ကျောင်းတက်တဲ့ ကလေးများအတွက် တစ်အိမ်ကို ငွေကျပ် (၂၅၀၀) ပေးပါ့မယ်
တဲ့ဗျာ။ ကဲ … ငယ်ငယ်က ဖတ်စာအုပ်ထဲမှာ သင်ခဲ့ရဖူးတဲ့ ဦးနာအောက် အသစ်တော့ ပေါ်လာပေပြီ။ ဟိုးအရင်က ဦးနာအောက်ကတော့ နိုင်ငံခြားသားအရင်းရှင်တွေကို အန်တုပြီး ဇာတိဂုဏ် မြှင့်တင်ဖို့ ကြိုးစားခဲ့တာပါ။ ဒီခေတ် ဦးနာအောက် တစ်ပါးက အဆင့်မရှိတဲ့ ကိုယ့်လူမျိုးကို ဇာတိဂုဏ် မြှင့်တင်ပေးဖို့ ကြိုးစားနေတာ မြင်ရတော့ ဝမ်းသာရမှာလား၊ ရင်နာရမှာလား ဆိုတာ စာဖတ်သူတွေသာ စဉ်းစားကြည့်ကြပါတော့။
(ဆက်ရန်)