လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အဖက်တင်၍ ကျန်ခဲ့သည် (၁)

05 April 2016

နေ့ခင်းနေ့လယ် ပူလွန်းအားကြီးသောကြောင့် အပူသက်သာအောင် တံခါးပေါက်များ ပိတ်ထားရာမှ တံခါးခေါက်သံကြား၍ ထ ဖွင့်လိုက်သည်။ တံခါးခေါက်သူက ဦးဇင်းတစ်ပါး။ အထဲသို့ ကြွဖို့ ဖိတ်ခေါ်လိုက်သည်။ ရဟန်းတို့၏ လောကဝတ်အရ ဝါအကြီးအငယ်သိအောင် စ မေးပြီး ပဋိသန္ဓာရစကားဖြင့် ဧည့်ခံနေရသည်။
နုပ် ။    ။ အရှင်ဘုရား၊ ဘယ်နှဝါရပါပြီလဲ ဘုရား။
ဧည့် ။    ။ တပည့်တော် တစ်ဝါပဲ ရပါသေးတယ်။
နုပ် ။    ။ မှန်ပါ။ အရှင်ဘုရား ဘယ်ကျောင်းကပါလဲ ဘုရား။
ဧည့် ။    ။ တပည့်တော် အောက်ကျောင်းကပါ။ ဆရာတော်ကို လျှောက်ပြီး ဒီမှာ သီတင်းသုံးမလို့ နေရာလာကြည့်တာ ဘုရား။
အောက်ကျောင်းဆိုသည်မှာ ဤကျောင်းနှင့် ၁၅ မိနစ်လောက် လျှောက်ရသော အကွာအဝေးမှာ တည်ရှိသော ကျောင်းတစ်ကျောင်း။ လက်ရှိကျောင်းထိုင်ဆရာတော်၏ ဆရာသမားကျောင်းလည်း ဖြစ်သည်။ အောက်ကျောင်းဟု ခေါ်ရခြင်းမှာ ထိုကျောင်းသည် တောင်အောက်တွင် ရှိ၍ စာရေးသူ နေထိုင်သော ကျောင်းမှာ တောင်ပေါ်တွင် တည်ရှိသောကြောင့်တည်း။ အောက်ကျောင်း ဆရာတော်မှာ ကိုယ့်ဆရာသမားလည်း ဖြစ်သောကြောင့် ကြွလာသော ဧည့်သည် ဦးဇင်းအား အလိုက်သင့်ပင်
နုပ် ။    ။ ဆရာတော်ခွင့်ပြုရင်တော့ သီတင်းသုံးလို့ ရပါတယ်ဘုရား။ အရှင်ဘုရား ကျောင်းကို လေ့လာချင် လေ့လာဦးပေါ့။
ဧည့် ။    ။ မှန်ပါ။ တပည့်တော် လျှောက်ကြည့်လိုက်ပါဦးမယ် ဘုရား။
နုပ် ။    ။ ဟော ဟိုဘက်ကျောင်းမှာ ဆရာတော်တစ်ပါး ရှိတယ် ဘုရား။ သွား နှုတ်ဆက် ဂါရဝ ပြုလိုက်ပါဦး။
ဟု ညွှန်လိုက်သောကြောင့် ထိုဦးဇင်းမှာ ဆရာတော်ရှိရာသို့ ကြွသွားတော့သည်။
ဒီလိုနှင့် နောက်နှစ်ရက် ကြာတော့ ထိုဦးဇင်းလေး ပြောင်းလာခဲ့သည်။ သူနှင့် စာရေးသူမှာ အသက်အားဖြင့် မကွာလှသောကြောင့် မကြာခင်မှာပင် ရင်းနှီးခင်မင်၍ ပြောမနာဆိုမနာ သူငယ်ချင်းများ ဖြစ်သွားကြလေသည်။ မိမိတို့ကျောင်းနှင့် အနီးကပ်ဆုံး ရှိနေသော ရွာမှာ ထန်းတပင်ရွာ ဖြစ်သည်။ နောက်မှ သိလိုက်ရသည်ကား ထိုဦးဇင်းသည် ထိုရွာသား ဖြစ်သည်။ ဘွဲ့နာမည်ကား ဦးဉာဏိန္ဒ။ သူ့ကို လွယ်လွယ် ဦးဉာဏိန် ဟုပင် ခေါ်ကြသည်။

တစ်နေ့ စကားထိုင်ပြောကြရင်း သူ၏ ရဟန်းဝတ်ရသည့် အကြောင်းအရင်းကို မေးလိုက်မိသည်။ သူကတော့ ခပ်အေးအေးပင် ပြန်ဖြေသည်မှာ သူ့အဖိုးက မိန်းမပေးစားမည်ဟု ဆိုသောကြောင့် ဘုန်းကြီးဝတ်ခဲ့သည် ဟု။ သူ့အဖိုးကိုလည်း မငြင်းသာ။ မိန်းမလည်း မလိုချင်။ ထိုကြောင့် ပရိယာယ်ဖြင့် မိန်းမမယူခင် ဒုလ္လဘရဟန်းခံဦးမည်ဟု ပြော၍ ထွက်လာခြင်း ဖြစ်သည်။ ရဟန်းဝတ်ပြီး များမကြာမီ သဒ္ဓါတရားဖြစ်၍ အပြီးတိုင် ဝတ်တော့မည်ဟု ဆုံးဖြတ်ကာ မော်လမြိုင် ဖားအောက်ရိပ်သာသို့ ထွက်သွားတော့သည်။ ယခု စာရေးသူနှင့် စတွေ့သောအချိန်သည် ဖားအောက်ရိပ်သာမှ ပြန်လာခါစ ဖြစ်သည်။ ဦးဉာဏိန်မှာ ငယ်စဉ်က အတန်းကျောင်း လေးတန်းအထိသာ နေဖူးသောကြောင့် ပါဠိစာများ ဖတ်ဖို့ သင်ဖို့ ခက်ခဲနေသည်။ ပရိတ်ကြီး (၁၁) သုတ်ပင် အလွတ်ရရန် သူ့အတွက် မလွယ်လှ။ သို့သော် ဝီရိယကြီးသူ ဖြစ်၍ နေ့တိုင်းနေ့တိုင်း တစ်နေ့ လေးကြောင်းလောက်စီ အရ ကျက်မှတ်သောကြောင့် ပရိတ်ကြီး (၁၁) သုတ်ကို အာဂုံဆောင်နိုင်ခဲ့ပြီ။ အခြေခံမကောင်းသည့်အပြင် ဉာဏ်လည်း နုံ့နှေးသောကြောင့် သာမာန်သူကဲ့သို့ ခရီးမတွင်လှ။ ပရိတ်ကြီး ရပြီးသောအခါ စာသင်တိုက်သွားမည်ဟု အားခဲပြီး သဒ္ဒါကြီး သုတ်စဉ်ကို ကြိုးစား၍ ကျက်မှတ်တော့သည်။ စာရေးသူမှာ သူ၏ ကြိုးစားအားထုတ်မှုကို အင်မတန် လေးစားမိသည်။ ခရုငယ်ကဲ့သို့ တစ်ရွေ့ရွေ့ပင် ဖြစ်လင့်ကစား တစ်ရက်ကလေးမှ မခိုမကပ်။ တအိအိပင် ရှေ့သို့ ချီနေခဲ့၏။

စကားစပ်မိ၍ ဖားအောက်ရိပ်သာမှ ပြန်ခဲ့ရသော အကြောင်းအရင်းကို မေးမိရာ ကံကြမ္မာ၏ ကျီစားမှု၊ ကိလေသာ၏ ရိုက်ပုတ်မှုကို နားလည်သဘောပေါက်မိ၍ ဓမ္မသံဝေဂ ရလိုက်သည်။ ဦးဉာဏိန်သည် ဖားအောက်ရိပ်သာတွင် နောက်ထပ် ၂ နှစ် ၃ နှစ်အထိ နေဦးမည်ဟု ဆုံးဖြတ်ထားသူ ဖြစ်သည်။ သမထ ဝိပဿနာ လုပ်ငန်းစဉ်များလည်း ထိုက်သင့်သလောက် အဆင်ပြေသောကြောင့်လည်း နေရတာ ပျော်သည်ဟု သူက ပြောသည်။ ထိုသော် အဆင်ပြေနေပါလျက် ဘာကြောင့် ပြန်လာရသနည်း။ ထိုအဖြေကို သူကပင် ဆက်ပြောသည်။ တစ်နေ့ ရိပ်သာရှိ သီတင်းသုံးဖော်ရဟန်းများ စု၍ ကျိုက်ထီးရိုးဘုရားဖူးသွားရန် စီစဉ်ကြသည်။ ထိုအစီအစဉ်တွင် သူလည်း လိုက်ပါမည့်သူ တစ်ဦးအနေဖြင့် စာရင်းသွင်းလိုက်သည်။ ဘယ်နေ့ ဘယ်အချိန် ဘယ်နေရာမှာ စုရပ်အဖြစ် ကြိုစောင့်နေကြရန် အဖွဲ့မှ သတင်းပို့ခဲ့သည်။ ထိုသွားမည့် နေ့ရက်တွင် ရိပ်သာမှ ငှားထားသော ပစ္စည်းပစ္စယများအပြင် အခန်းစသည်တို့ကိုပါ မနက်ခပ်စောစောကပင် ရိပ်သာအုပ်ချုပ်ရေး ရုံးခန်းသို့ ပြန်အပ်လိုက်သည်။ ထိုသို့ သပိတ်တစ်လုံး သင်္ကန်းသုံးထည်ဖြင့် ကျိုက်ထီးရိုးဘုရား ဖူးရတော့မည် ဟူသော မျှော်လင့်ချက်ကို ပိုက်လျက် စုရပ်သို့ အချိန်မီ အရောက်သွားခဲ့သည်။ သို့သော် မည်သူကပဲ လွဲသည်မသိ။ စုရပ်နေရာတွင် ကားလည်းမရှိ။ စောင့်သူလည်း မရှိ။ အသေအချာ စုံစမ်းကြည့်မှ ဘုရားဖူးသွားမည့်သူများအားလုံး လွန်ခဲ့သော နာရီဝက်ခန့်ကပင် ထွက်သွားခဲ့လေပြီ။ သူတစ်ယောက်တည်း မယောင်မလည် ကျန်ခဲ့၏။

သူ့ခမျာ ပြောရမည်လည်း ရှက်။ ရိပ်သာသို့ ပြန်ရမည်လည်း ရှက် နှင့် ဘာလုပ်ရမည်မသိ။ နောက်တော့ သူဆုံးဖြတ်လိုက်သည်။ ရိပ်သာကို ကျောခိုင်းလျက် မော်လမြိုင်ဘူတာကြီး ရှိရာအရပ်သို့သာ ဦးတည်ပြီး လမ်းလျှောက်ထွက်လာခဲ့တော့သည်။ ပိုက်ဆံလည်း မကိုင်သောကြောင့် တစ်ပြားမှ မပါ။ ဘူတာရောက်လျှင် ဘာဆက်လုပ်မည်နည်း။ သူ မတွေးရဲသေး။ နေပြည်တော်အထိ လမ်းလျှောက်သွားဖို့ကလည်း မလွယ်။ ဒီတော့ ဘူတာကြီးသို့သာ ဦးတည်ခဲ့ရသည်။ ဘူတာကြီး လက်မှတ်ရုံနား ရောက်လာတော့ သူ့ခမျာ ဝေ့ဝေ့လည်နှင့်။ ရဟန်းဟူသည် ပစ္စည်းလေးပါးဒါယကာထံမှ လွဲ၍ အခြားသူဆိုလျှင် ဘာလိုချင် ညာလိုချင်ဆိုတာလည်း ပြောပိုင်ခွင့်မရှိ။ လိုချင်တာကတော့ မော်လမြိုင်-နေပြည်တော် ရထားလက်မှတ်တစ်စောင်။ ကာလပေါက်ဈေးအရ ဈေးမကြီးသော်လည်း လှူမည့်သူမရှိ၊ ပိုက်ဆံက မကိုင်။ သို့နှင့် ကြံရာမရ၊ အရဲစွန့်ရုံသာ ရှိတော့၏။ လက်ထဲတွင် ပိုင်ဆိုင်မှုပြစရာ သပိတ်တစ်လုံးနှင့် သင်္ကန်းတစ်ထည်။ လက်မှတ်ရုံနှစ်ရုံ ရှိရာ ရုံအမှတ် (၁) တွင် သူသူကိုယ်ကိုယ် ဝင်ရောက်တန်းစီလိုက်သည်။ ပင်ကိုယ်ကပင် အရှက်အကြောက်ကြီးသောသူဖြစ်သောကြောင့် ပို၍ ကိုယ်ချင်းစာမိသည်။ ခေတ်အခါက ဘယ်နေရာဖြစ်ဖြစ် ငွေခင်း၍ လျှောက်ကြရသည် မဟုတ်လော။ သူ့အကြောင်းကို ပြောပြနေစဉ်မှာပင် အင်မတန် မျက်နှာငယ်နေမည့် သူ့ပုံစံကို မြင်ယောင်နေမိသည်။ တစ်လုံးသော သပိတ်ကို လွယ်လျက် တစ်ထည်တည်းသော သင်္ကန်းကို ပိုက်လျက်။

တန်းစီရင်းမှာပင် သူ့အလှည့် ရောက်လာတော့သည်။ လက်မှတ်စာရေးမှ ဘယ်ကို ကြွမလဲ ဘုရား ဟူသော အမေးကိုပင် နေပြည်တော်ဟု ဖြေရသည်မှာလည်း မရဲတရဲ။ ရဟန်းရက်ချုပ် ကတ်ပြားကို စာရေးအား ထိုးပေးလိုက်စဉ် စာရေးက "လေးထောင် ကျပါမယ်ဘုရား" ဟု ပြောပြီး ကတ်ပြားကို လှမ်းယူလေသည်။ "ဒကာကြီး" ဟု မပွင့်တပွင့် ခေါ်လိုက်သော စကားသံကြား၍ စာရေးကြီးက ခေါင်းမော့ကြည့်၏။ "ဦးဇင်းက ပိုက်ဆံမကိုင်တော့ ငွေလေးထောင်တော့ မရှိဘူး ဒကာကြီး။ လက်ထဲမှာတော့ သင်္ကန်းတစ်ထည်ရှိတယ်။" ဟု ပြောရင်း ထိုသင်္ကန်းကို စာရင်းကြီးအား ထိုးပေးလေတော့သည်။ "ဒီဘုန်းကြီး အလုပ်ရှုပ်ရတဲ့အထဲ" ဟု အတွေးရောက်သွား၍လား မသိ။ စိတ်ဆိုးမာန်ဆိုးဖြင့် "အရှင်ဘုရားသင်္ကန်းကို တပည့်တော်က ဘာလုပ်ရမှာလဲ" ဟု အော်ပြောပြီး ယူထားသော ကတ်ပြားကိုပါ ပြန်ထိုးပေးလိုက်သည်။ မျက်နှာပူလိုက်မည့် ဖြစ်ခြင်း။ ခေါင်းငိုက်စိုက်ချကာ စင်္ကြံပလက်ဖောင်းဘေးရှိ ခုံတန်းလျားပေါ်တွင် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်တော့သည်။ ဘာတတ်နိုင်မည်နည်း။ ကားဂိတ်သွားလျှင်လည်း ထိုသို့နှင်နှင် အဟောက်ခံရနိုင်သေးသည်။ တစ်နည်းသာ ရှိတော့သည်။ လမ်းလျှောက်ပြန်ရုံသာ။ အပြည့်ဖြည့်လာသော ရေဗူးမှ ရေ အဝသောက်ပြီး ထိုင်ခုံပေါ်တွင် အားမွေးနေသည်။ နေပြည်တော်သို့ လမ်းလျှောက်ပဲ ပြန်တော့မည် ဟုလည်း ဆုံးဖြတ်ချက်ချပြီးလေပြီ။

စိတ်ပျက်လက်ပျက်နှင့် တန်းလျားတွင် ထိုင်နေသည်မှာ ကြာလိုကြာမှန်းပင် သတိမထားမိတော့။ နာရီဝက်လောက် ကြာမည် ထင်သည်။ ထိုနာရီဝက်အတွင်း သူ့ကို အကဲခတ် သတိထားမိနေသူမှာ ရုံအမှတ် (၂) မှ စာရေးကြီးပင်။ လက်မှတ်ဝယ်သူများ ရှင်းသွားသောအခါ ထိုစာရေးကြီး အနားသို့ ချဉ်းကပ်လာသည်။ အနားရောက်သော် ကြမ်းပြင်ပေါ် ထိုင်ချလျက် ဦးချကန်တော့သည်။ ထိုနောက် လက်နှစ်ဘက် ကမ်းလျက် "နေပြည်တော်အသွား လက်မှတ်အတွက် တပည့်တော်ကို လှူခွင့်ပြုပါဘုရား" ဟု လျှောက်ထားပြီး ရထားလက်မှတ်ကို ဆက်ကပ်လေ၏။ ထိုအခါမှသာ ဦးဇင်းလေးမှာ တိတ်တခိုး ဟင်ချနိုင်ပြီး မျက်နှာလည်း ကြည်လင်လာတော့သည်။ သူ့အကြောင်း ပြောပြပြီး ခဏနားနေစဉ်မှာပင် စာရေးသူတွေ မေးစရာလေး ပေါ်လာသည်။ ၎င်းမှာ ဆွမ်းကိစ္စပင်။ သူ ဘူတာကို ခပ်စောစောရောက်သည်။ နေ့ဆွမ်းဘုဉ်းချိန်တွင် ရထားစီလျက်ပင်။ သူ ပြောပြသမျှ နားလည်ထားသည်မှာ သူ့လက်ထဲတွင် ရေဗူးတစ်ဗူးသာ ရှိသည်။ သပိတ်သည်လည်း ဗလာ။ စားစရာ မပါ။ ဆွမ်းကိစ္စ မည်သို့ စီစဉ်မည်နည်း။ အင်မတန် စိတ်ဝင်စားမိသည်။ သူ့ကို မေးကြည့်သောအခါ သူဖြေပုံမှာ အလွန် သတ္တိကောင်းလှသည်။ "တပည့်တော်က ရထားလက်မှတ်အတွက်ပဲ ပူတာပါ။ ဆွမ်းကိစ္စကို ခေါင်းထဲကို မထည့်ဘူး။ တစ်ရက်တလေ ဆွမ်းမစားရလို့ သေသွားမှာမှ မဟုတ်ဘဲ။ ရေဗူးကို ရေအပြည့်ထည့်ထားတယ်လေ။ ဗိုက်ဆာရင် ရေသောက်မှာပေါ့ဘုရား" တဲ့။ ကိုယ်သာဆိုရင် သူ့လောက် သတ္တိကောင်းနိုင်ပါ့မလားဟု တွေးမိရင်း သူ့ကို မချီးကျူးဘဲ မနေနိုင်။ သီလကို ရှေ့တန်းတင်ထားသော သူ၏ သတ္တိ၊ သီလ၏ တန်ခိုးကြောင့်ပင် လမ်းခရီး ရထားပေါ်တွင် ဆွမ်းကပ်မည့်သူနှင့် မကြောင့်ကြခဲ့ရပေ။

ဆရာတော်ကြီးတစ်ပါး၏ အဆုံးအမကို သတိရမိ၏။
ကိုယ်က သတ္တိရှိရှိနဲ့ သီလကို စောင့်ထိန်းဖို့ပဲ လိုတာပါ။
လိုအပ်ရင် ကိုယ်ရဲ့ သီလက ပြန်စောင့်ရှောက်ပါလိမ့်မယ်။
ဟူ၍

(ဆက်ရန်)