လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

မြန်မာတို့၏ အချိန်ဝေါဟာရများ

01 April 2016

ယနေ့ခေတ်လို နာရီတွေ တွင်တွင်ကြီး မသုံးခင်ကတည်းက မြန်မာလူမျိုးတွေမှာ အချိန်နဲ့ ပတ်သက်ပြီး ဝေါဟာရတွေ ရှိနေခဲ့ပြီးသားပါ။ စက်နာရီတွေ သုံးလာတဲ့ ဒီဘက်ခေတ် ရောက်တဲ့အထိကိုပဲ ဝေါဟာရတချို့ဟာ ဆက်လက် ရှင်သန်နေဆဲပဲ။ ဥပမာ - အရုဏ်တက်ချိန်၊ မွန်းတည့်ချိန်၊ မွန်းလွဲချိန်၊ ညနေစောင်း၊ ညချမ်း၊ သန်းခေါင်။ ဒီဝေါဟာရတွေကို ဒေသအသီးသီးမှာ သုံးစွဲနေကြတုန်းပါ။ ဒါပေမယ့် ဝေါဟာရတွေကို သုံးသာ သုံးနေကြတယ်။ အဓိပ္ပါယ်သက်မှတ်ချက်ကို အတိအကျ သိလားဆိုတော့ မသိတဲ့သူက အများသား။ ဥပမာဗျာ၊ မွန်းတည့်ဆိုတာ နေ့ ၁၂ နာရီလို့ လူသိများပေမယ့် ညနေစောင်း လို့ ပြောရင် ဇဝေဇဝါ ဖြစ်ကြရတယ်။ ညနေ ၄ နာရီလား၊ ၅ နာရီလား မသိသူက ခက်များများ။ ဒါကြောင့် အများသူငါ ဗဟုသုတရအောင်၊ မှတ်တမ်းအနေနဲ့ ထိန်းသိမ်းပြီးသား ဖြစ်အောင် စက်နာရီအချိန်နဲ့ မြန်မာဝေါဟာရ တွဲပြီး တင်ပြပေးလိုက်ပါတယ်။

သတိထားရမှာ တစ်ခုက အရုဏ်တက်ချိန်ဟာ နေ့စဉ်နဲ့အမျှ အပြောင်းအလွဲ ရှိပါတယ်။ အခု တင်ပြမယ့် ဥပမာမှာ အရုဏ်တက်ချိန် နံနက် ၅ နာရီ ကို မူတည်ပြီး တွက်ချက်သွားမှာပါ။ အရုဏ်တက်ချိန်ဟာ အကြမ်းဖျင်းအားဖြင့် ၃ ရက်ကို တစ်မိနစ် အတိုးအလျော့ ရှိပါတယ်။ ဒါကြောင့် အရုဏ်အချိန်ပေါ်မူတည်ပြီး တခြားအချိန်တွေလည်း အပြောင်းအလဲ ရှိပါတယ်။ ဒီအခေါ်အဝေါ်တွေဟာ စက်နာရီ မပေါ်ခင် နေနာရီကို သုံးကတည်းက ရှိနေခဲ့တဲ့ ဝေါဟာရတွေ ဆိုတာ မမေ့ပါနဲ့။ ဒါကြောင့် စက်နာရီနဲ့ ယှဉ်တွဲဖော်ပြတဲ့အခါမှာ အတိအကျ ရဖို့ကတော့ မလွယ်ဘူး။ အနီးစပ်ဆုံး အကြမ်းဖျင်း မှတ်သားထားရုံသက်သက်သာ တင်ပြလိုက်ပါတယ်။

 နံနက် ၀၄:၃၀ - ရောင်နီပေါ်ချိန်
နံနက် ၀၅:၂၀ - ဝေလီဝေလင်း၊ ကျီးမနိုးတနိုး
နံနက် ၀၅:၂၄ - နေထွက်ချိန်
နံနက် ၀၅:၃၀ - လင်းအားကြီး
နံနက် ၀၅:၄၀ - နေထွက်တပြူ
နံနက် ၀၆:၀၀ - မိုးစင်စင်လင်း
နံနက် ၀၉:၀၀ - နေထန်းတစ်ဖျား
နံနက် ၀၉:၃၀ - ဆွမ်းခံပြန်
နံနက် ၁၀:၃၀ - ဆွမ်းစားချိန်
နံနက် ၁၁:၀၀ - နေမွန်းလပ်
နေ့ ၁၂:၀၀ - နေမွန်းတည့်
နေ့ ၀၁:၀၀ - နေမွန်းတိမ်း
နေ့ ဝ၁:၃၀ - နေမွန်းလွဲ
ညနေ ၀၃:၃၀ - ညနေစောင်း
ညနေ ၀၄:၃၀ - ညနေအေး
ညနေ ၀၅:၀၀ - နေဝင်ဆည်းဆာ
ညနေ ၀၅:၂၀ - နေဝင်ဖြိုးဖျ
ညနေ ၀၅:၃၀ - နေဝင်ရီတရော
ညနေ ၀၅:၄၀ - နွားရိုင်းသွင်းချိန်
ညနေ ၀၅:၅၀ - ညီအကို မသိတသိ
ညနေ ၀၆:၀၀ - နေဝင်မိုးချုပ်
ညနေ ၀၆:၃၀ - ညချမ်း
ည ၀၇:၃၀ - သူငယ်အိပ်စက်
ည ၀၉:၀၀ - သက်ကြီးခေါင်းချ
ည ၁၀:၃၀ - ညဉ့်ဦးတွန်ချိန်
ည ၁၁:၀၀ - လုလင်ပြန်
ည ၁၂:၀၀ - သန်းခေါင်ယံ၊ သန်းခေါင်ကြက်တွန်
ည ၁၂:၃၀ - ကြယ်မြီးတောင်
ည ၀၃:၀၀ - ကြက်ဦးတွန်
နံနက် ၀၄:၀၀ - လင်းကြက်ဆော်ချိန်
နံနက် ၀၅:၀၀ - အရုဏ်တက်