လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

နောက်ကျသွားသော အပြုံး (၅)

24 March 2013

<- အပိုင်း (၄) သို့

နေ့တိုင်းလိုလိုပါပဲ။ သူ ကလေးအတွက် ဆိုပြီး ပစ္စည်းတွေ တစ်မျိုးပြီးတစ်မျိုး ၀ယ်၀ယ်လာတယ်။ ကလေးအ၀တ်အစားတွေ၊ ကလေးအသုံးအဆောင်တွေ၊ ကစားစရာတွေနဲ့ ကလေးတွေ ကြိုက်မယ့် စာအုပ်တွေက အစပေါ့။ သူ့အခန်း ပြည့်မတက် နေ့တိုင်း အထုပ်ကြီး အထုပ်ငယ်နဲ့ ၀ယ်၀ယ်လာတတ်တယ်။ နှင်းကတော့ နည်းနည်းလေးမှကို ဂရုစိုက်မနေပါဘူး။ မသိချင်ယောင်ပဲ ဆောင်နေလိုက်တယ်။ သူရဲ့ မျော့ကွင်းထဲ အမိခံလို့ ဘယ်ဖြစ်မလဲ။ နှင်းက နည်းနည်းလေးမှ မျက်နှာသာ မပေးတော့ အချိန်ရှိတိုင်း အခန်းထဲမှာပဲ အောင်းနေတော့တယ်။ သူ့အခန်းထဲက ကီးဘုတ်နှိပ်တဲ့အသံ တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက် ကြားနေရတယ်။ အော် သူ ချက်တင်ထိုင်ပြီး အင်တာနက် စွဲနေပြီ ထင်တယ်လို့ တွေးမိရုံက အပ နှင်းအပူ တစ်ပြားသားမှ မပါတော့ဘူးလေ။ ဒီလိုနဲ့ နေ့တွေ ရက်တွေ လတွေ ကုန်လာလိုက်တာ။

ညတစ်ညမှာ နှင်း ရုတ်တရက် ဗိုက်နာလာလို့ ထအော်လိုက်မိတယ်။ အော်လိုက်တယ် ဆိုရင်ပဲ သူ အခန်းတံခါးကို ဒုန်းခနဲ စောင့်တွန်းပြီး ပြေး၀င်လာတယ်။ သူ့ကြည့်ရတာ ဒီအချိန်ကို စောင့်နေသလိုပဲ။ နှင်းကို ပွေ့ချီပြီး လှေကားအတိုင်း ပြေးဆင်းလိုက်တာ ကားနား ရောက်တဲ့အထိပါပဲ။ စီးဖို့ ကားကိုတောင် အဆင်သင့် သူ ပြင်ထားပုံရတယ်။ ဆေးရုံကို သွားတဲ့ လမ်းတစ်လျှောက် သူ နှင်းကို ဘာစကားမှ မပြောပေမယ့် လက်တစ်ဖက်ကတော့ နှင်းရဲ့ လက်ကို မြဲမြဲပါအောင် ဆုတ်ကိုင်ထားတယ်။ ဘာရယ် မဟုတ်ပေမယ့် နှင်းရဲ့ စိတ်ထဲမှာ အားငယ်စိတ်တွေ မရှိတော့သလိုပါပဲ။ သူရဲ့ အရိုးပြိုင်းပြိုင်း ထနေတဲ့ ပုခုံးပေါ်မှာ ခေါင်းကလေး မှီရင်း ဆေးရုံက မီးဖွားခန်းထဲအထိ သူ နှင်းကို ပွေ့ချီလာခဲ့တယ်။ သူရဲ့ နွေးထွေးတဲ့ ကိုယ်ဓာတ်ကို ရတဲ့ အခိုက်အတန့်မှာ နှင်းရဲ့ နှလုံးသားကို ဦးနှောက်က တံခါးလာခေါက်တယ်။
`လောကမှာ ကို့လောက် နှင်းကို ချစ်နိုင်မယ့်သူ ဘယ်သူ ရှိဦးမှာလဲ။´

ကို မီးဖွားခန်း တံခါးကို ဖွင့်ပေးပြီး နှင်းအထဲ ၀င်သွားတာကို မမှိတ်မသုန် ကြည့်နေရစ်ခဲ့တယ်။ နှင်းမှာ နာကျင်တဲ့ ၀ေဒနာကို ခံစားနေရပေမယ့် ကိုရဲ့ နွေးထွေးလွန်းလှတဲ့ အကြည့်တွေကြောင့် နှင်းရဲ့ နှလုံးသားနဲ့အတူ မျက်နှာက အပြုံးနဲ့ ကို့ကို တစ်ချက် လှမ်းကြည့်လိုက်မိတယ်။ ဘယ်လောက်ပဲ နာကျင်နာကျင်၊ နှင်းမှာ ရင်ဆိုင်ရဲတဲ့ ခွန်အားတွေ ပိုလို့တောင် ရှိလာပါပြီ။ အရင်ကတော့ ကိုယ့်အတွက်ပဲ ဆိုတဲ့စိတ်နဲ့ ဒီရင်သွေးလေးကို ပြုစုခဲ့ပေမယ့် အခုဆိုရင် နှင်းတစ်ယောက်တည်းအတွက် ရယ်လို့ မဟုတ်တော့ပါဘူး ကိုရယ်။ ကို့အတွက် ဆိုတဲ့ စိတ်ဟာ နှင်းကို ပိုပြီး အားရှိစေသလား မသိဘူးနော်။ နှင်းလေ အရမ်းပျော်တာပဲ။ ကိုနဲ့ ချွတ်စွပ်တူတဲ့ သားလေးတစ်ယောက် ကို့ကို လက်ဆောင် ပေးနိုင်ခဲ့ပြီလေ။


အခန်းတံခါး ဖွင့်လိုက်တယ် ဆိုရင်ပဲ ကိုရဲ့ မျက်နှာကို ဘွားကနဲ စမြင်ရတာပဲ။ ကို အပြင်မှာ ဘယ်လောက် ပျာယာခပ်နေမလဲ ပြောစရာတောင် မလိုလောက်ပါဘူး။ နှင်း ကိုယ်၀န်ရှိတယ်လို့ သိကတည်းက အိမ်မှာ သန့်ရှင်းရေးတွေကို နှင်း လုပ်စရာမလိုအောင် ကိုကပဲ အကုန် အပြီး လုပ်ထားလေ့ ရှိတာပါ။ အော် .. ကို့ခမျာ နှင်းရဲ့ အသိအမှတ်ပြုတဲ့ အကြည့်လေးတစ်ချက်တောင် မရရှာဘဲ မမျှော်လင့်ရှာဘဲ နေ့စဉ်နေ့တိုင်း အပင်ပန်းခံခဲ့တာပဲ။  အရင်နေ့တွေကတည်းက နှင်းပင်ပန်းနိုင်မယ့် အလုပ်မှန်သမျှ ကိုကပဲ ဦးအောင် ပျာပျာသလဲ လုပ်နေခဲ့တာလေ။ နှင်း မသိအောင်လည်း ကို့ခမျာ ခိုးလုပ်ရသေးတယ်။ ကို ပင်ပန်းခဲ့သလောက် မျက်နှာကောင်းလည်း မရခဲ့ရှာဘူးလေ။ အခု အခန်းကထွက်တော့ ကို့မျက်နှာကို တွေ့လို့ အဲဒါတွေ တွေးမိပြီး ကို့အပေါ် မတရားခဲ့မိလေခြင်း ဆိုပြီး မျက်ရည်တွေတောင် ၀ဲလာမိတယ်။ ကိုရယ် ... နှင်းကို ခွင့်လွှတ်ပါနော် ဆိုတဲ့ အပြုံးနဲ့ပဲ အသိအမှတ်ပြုဖိို့ နှင်းမှာ အားရှိတော့လို့ပါ ကို။

ကိုလေ နှင်းနဲ့ သားလေးကို ကြည့်ပြီး ယောက်ျားကြီးတန်မဲ့ မျက်ရည်တွေ ၀ိုင်းနေတာ တွေ့လိုက်ရတယ်။ ဒါပေမယ့် ပီတိမျက်ရည်တွေ ဆိုတာ နှင်း ရဲရဲကြီး အာမခံရဲပါတယ်။ ကို ဒီနေ့ အကြီးမားဆုံး ဆုလာဒ်ကြီး နှစ်ခု ရလိုက်တာကိုးနော်။ နှင်းတို့ရဲ့ သားလေးနဲ့ နှင်းရဲ့ အကြင်နာတွေပေါ့ ကိုရယ်။ မျက်ရည်တွေနဲ့ ပြုံးနေတဲ့ ကိုရဲ့ လက်ဖ၀ါးကို ဖမ်းဆုတ်လိုက်ပြီး `ကို နှင်းကို ခွင့်လွှတ်ပါနော်´ လို့ ပြောဖို့ ကြိုးစားနေဆဲမှာ ... ။ ကို့ရဲ့ လက်ဖ၀ါးဟာ နှင်းရဲ့ လက်ကနေ လွတ်ထွက်သွားပြီး ဗုန်း ဆိုတဲ့ အသံနဲ့အတူ ကို ကြမ်းပြင်ပေါ် ခွေလဲကျသွားတော့ အသံထွက်ဖို့တောင် အားမရှိတော့တဲ့ နှင်းဟာ ရှိတဲ့အသံနဲ့ ခြစ်ကုတ်ပြီး အော် လိုက်မိတယ်။ နှင်း လက်တွန်းကုတင်ကနေ အတင်း ကုန်းရုန်းထပြီး ကို့ကို လှမ်းကြည့်တော့ ကို ဟာ နှင်းကို တစ်ချက် ပြုံးပြလိုက်တယ်။ ကိုရဲ့ မျက်လုံးတွေကတော့ မှိတ်လျက်။ ကိုရဲ့ ပင်ပန်းလွန်း အားကြီးနေတဲ့ မျက်လုံးတစ်စုံကတော့ မှိတ်လျက် ...

စားသောက်ဆိုင်မှာ ကိုနဲ့ နောက်ဆုံး  ဆုံပြီးကတည်းက `ဒီယောက်ျားအတွက် ဘယ်တော့မှ မျက်ရည်မကျစေရဘူး´ လို့ ဆုံးဖြတ်ချက် ချခဲ့တာပါ။ ကို့ကြောင့် နှင်း ဘယ်တော့မှ မျက်ရည်မကျတော့ဘူးလို့ ခပ်မာမာ သန္နိဋ္ဌာန် ချခဲ့ဖူးပေမယ့် လက်တွေ့မှာတော့ ဦးနှောက်က မသိလိုက်ခင်မှာပဲ မျက်ရည်တွေက ၀ိုင်းလို့ပါ ကို။ ဒီနေ့ဟာ နှင်းရဲ့ နှလုံးသားကို အပိုင်းပိုင်း လှီးဖြတ်ပစ်ခဲ့တဲ့ နေ့တစ်နေ့ဆို မမှားနိုင်ပါဘူး။ ပထမတော့ ကိုဟာ နှင်းအတွက် ပင်ပန်းလွန်း အားကြီးလို့ ဖြစ်တာပဲလို့ ယူဆခဲ့ပေမယ့် ဆရာ၀န်တွေ လက်မှိုင်ချတဲ့ အဆင့်အထိ ရောက်သွားတော့ နှင်း ဘယ်လိုမှ နားမလည်နိုင်အောင်ပဲ။ ဒီ၀ေဒနာကို ဘယ်တုန်းကတည်းက ကြိတ်ပြီး ခံစားနေခဲ့တာလဲ ကိုရယ်။

 ကို့ကို ကြည့်နေကြလို့ ယူဆရတဲ့ ပါရဂူတစ်ယောက် ရောက်လာပြီး ကို့ကို စစ်ဆေးနေပြီး ပါရဂူရဲ့ သက်ပြင်းချသံကို နှင်း ကြားလိုက်ရတယ်။ နှင်းရဲ့ ခေါင်းပေါ် မိုးကြိုးပစ်ချလိုက်သလိုပါပဲ ကို။ 
`အတော်လေး ထူးဆန်းဖို့ ကောင်းပါတယ်ဗျာ။ ကျနော်ဆီကို လူနာ လာတွေ့တဲ့ အချိန်ကတည်းက ဒီလူနာရဲ့ အသည်းကင်ဆာဟာ နောက်ဆုံးအဆင့်ကို ရောက်နေပါပြီ။ တကယ်ဆို အလွန်ဆုံး နေရလည်း (၂) လပေါ့´
`ဒေါက်တာ ဒါဆို ကိုက ဒေါက်တာနဲ့ ပြခဲ့တာ ကြာပြီပေါ့နော်´
`ကြာပြီပေါ့။ လွန်ခဲ့တဲ့ (၇) လ လောက်က ဖြစ်မယ်။ ကျနော်တောင် ဒီလူလာ ဆုံးပြီလို့ ယူဆထားတာ။ အခု ပြန်တွေ့ရတော့ အတော်တောင် အံ့ဩမိတယ်။ ဒီလို (၇) လကျော် ကြာတဲ့အထိကို ထိန်းထိန်းသိမ်းသိမ်း နေလာနိုင်တာ အတော် အံ့ဩစရာပါ။ ကဲဗျာ လူနာရှင်တွေ အနေနဲ့ နာရေးကိစ္စ စီစဉ်ထားကြပါတော့´
`ဒါဆို ဟိုးအရင် ဆေးရုံမှာ ကိုနဲ့ ဆုံတုန်းက ........ ´

သူနာပြုတွေ တားနေတဲ့ကြားက နှင်း အိမ်ကို အတင်း ပြန်လာခဲ့တယ်။ ကို့အခန်းထဲကို ပြေး၀င်သွားပြီး ကို့ကွန်ပြူတာကို ဖွင့်လိုက်တယ်။ တကယ်ဆို ကိုဟာ သူသေမှာကို ကြိုသိထားတဲ့ လူတစ်ယောက်ပဲ။ ညစဉ် တစ်ဂျောက်ဂျောက် တစ်ဂျက်ဂျက်နဲ့ ရိုက်နေတာ ဘာတွေလဲ။ နှင်းနဲ့ စကားပြောခွင့် မရလို့ ကွန်ပြူတာမှာ ရိုက်သွားတာ ဖြစ်မယ်လေ။ ဒါဆို ညစဉ် ညစဉ် ကို ငြီးတွားနေတာတွေကကော အမှန်တွေပေါ့နော်။ နှင်း ကိုယ့်ကိုယ်ကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်လို့ ရတော့မလဲ ကိုရယ်။ နှင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ မာနတွေကြောင့် ကို့ကို အထင်လွဲမှားခဲ့တယ်။ ကိုဟာ နှင်း မပင်ပန်းအောင် ဆိုပြီး အစစအရာရာ နောက်ကွယ်ကနေ အကုန် လုပ်ပေးနေတာတွေဟာ သေခါနီး လူနာရှင် တစ်ယောက်က လုပ်ပေးသွားတာတွေပါလို့ နှင်း သိလိုက်ရတဲ့ အချိန်မှာ နှင်းကိုယ်နှင်း ဒေါသထွက်လို့ မဆုံးဘူး ကိုရယ်။ အဲဒီ အရင်နေ့တွေက မှတ်ပလား မှတ်ပလားလို့ ရင်ထဲက ကြိတ်ပြီး ကြိမ်းမောင်းခဲ့တာ အခုတော့ ကိုယ့်ကိုယ်ကို ပြန်ကြိမ်းနေရပြီ ကိုရယ်။ ကို ... နှင်းကို ခွင့်မလွှတ်ပါနဲ့တော့။

ကွန်ပြူတာ Desktop ပေါ်မှာ သားအတွက် စာတစ်စောင်နဲ့ နှင်းအတွက် စာတစ်စောင် စုစုပေါင်း ဖိုင်နှစ်ဖိုင် တင်ထားတာ တွေ့လိုက်ရတယ်။ ဒါနဲ့ သားအတွက် စာကို အရင် ဖွင့်ကြည့်လိုက်တော့ စာလုံးပေါင်း နှစ်သိန်းကျော်တောင် ရှိမလားပဲ။
`သား .. မင်းကို ကြီးတဲ့အထိ အဖေ မပြုစုနိုင်တော့ဘူး၊ မထိန်းကျောင်းနိုင်တော့ဘူး ဆိုတာ အဖေ သိနှင့်ပြီးသားပါ။ ဒါပေမယ့် သားရဲ့ မျက်နှာကို မမြင်ရဘဲနဲ့တော့ အဖေ ဒီလောကကြီးထဲက ထွက်မသွားနိုင်ဘူး သား။ သား တစ်မျက်နှာကို မြင်ရဖို့ အဖေ ကြိုးစားမှ ဖြစ်မယ်။ အဖေ လဲကျမသွားခင် သားရဲ့ မျက်နှာကို မြင်ရဖို့ဟာ အဖေရဲ့ အကြီးဆုံးနဲ့ တစ်ခုတည်းသော ဆန္ဒပါ။

သား ကြီးပြင်းလာတဲ့ ဘ၀လမ်း တစ်လျှောက်မှာ ပျော်စရာတွေ အများကြီးနဲ့ ကြုံရမှာ ဖြစ်သလို အခက်အခဲတွေနဲ့လည်း မလွဲမသွေ တွေ့ရဦးမှာလေ။ အဲဒီ ခရီးကြမ်းတွေကို ဖြတ်သန်းတဲ့ အခါမှာ အဖေ မင်းရဲ့ ဘေးနားမှာ အတူရှိနေရရင် ဘယ်လောက်များ ကောင်းလိုက်မလဲ သားရယ်။ ဒါပေမယ့် အဖေ သိပါတယ်။ အဖေ့ကို အဲဒီ အခွင့်အရေးကောင်း ပေးမထားခဲ့ဘူး။ သား လူလားမြောက်လို့ မျက်လုံးနှစ်လုံး ဖွင့်နိုင်တဲ့အချိန်မှာ အဖေ့ကို သား မြင်ရမှာ မဟုတ်တော့ဘူး။ ဒီတော့ သားကြီးလာရင် ဘ၀မှာ ကြုံရနိုင်တဲ့ အခက်အခဲတွေနဲ့ ဖြေရှင်းနည်းတွေကို အဖေ့အတွေ့အကြုံအရ အကုန် ဒီမှာ ရေးထားခဲ့ပါတယ်။  သားရဲ့ အနားမှာ နေပြီး အကြံဉာဏ်တွေ ပေးချင်ပေမယ့် အဖေ ဒီနည်းပဲ တတ်နိုင်တော့တယ် သား။ သား ဘ၀မှာ အခက်အခဲတွေနဲ့ ကြုံလာတိုင်း ဒီစာကို ဖတ်ပါ သား။ အဖေရဲ့ ဘ၀နဲ့ ရင်းပြီး ရလာတဲ့ ဖြေရှင်းနည်းတွေကို မချွင်းမချန် အောက်မှာ ရေးထားပါတယ်။

.
.
.

သား၊ ဒီစာတွေ အများကြီး ရေးပြီးတော့ အဖေဟာ သားဘ၀တစ်လျှောက်လုံးမှာ သားရဲ့ ဘေးနားနား အမြဲ ရှိနေတယ်လို့ အဖေ ခံစားရတယ်။ အဖေ တအား ပျော်တယ် သား။ အမေ့ကိုလည်း ဂရုစိုက်ပါ။ သူ့အနေနဲ့ စိတ်ဆင်းရဲစရာတွေ အများကြီး ကြုံခဲ့ရတာပါ။ ဒီလောကမှာ သားကို အချစ်ဆုံးသူဟာ သားရဲ့ အမေပါပဲ။ အဖေ့ကို အချစ်ဆုံးသူဟာလည်း မင့်အမေပါပဲ သား။ သားအမေလောက် ချစ်နိုင်တဲ့သူ ဒီလောကမှာ မရှိပါဘူး။´

ဒီစာကို နှင်း ဆုံးအောင် မဖတ်နိုင်တော့ပဲ နှင်းအတွက် လို့ ရေးထားတဲ့ ဖိုင်ကို ဖွင့်ဖတ်လိုက်မိတော့တယ်။

`နှင်း နှင်းနဲ့ ဘ၀တစ်ခု တည်ထောင်ခွင့် ရတာ ကို့အတွက် အကြီးမားဆုံး ဆုလာဒ်တစ်ခုပါ။ ကိုဟာ တာ၀န်မကျေတဲ့ ခင်ပွန်းတစ်ယောက်ပါ နှင်း။ နှင်းကို နာကျင်မှုတွေ ပေးခဲ့တဲ့ ကို့ကို ခွင့်လွှတ်ပါနော်။ နောက်ပြီး ကို့မှာ ရောဂါရှိနေတယ် ဆိုတာ နှင်းကို မပြောခဲ့တာကိုလည်း ခွင့်လွှတ်ပေးပါ။ ကိုတို့ နှစ်ယောက်လုံးအတွက် ဆုလာဒ်ဖြစ်တဲ့ သားလေး မမွေးဖွားခင် နှင်း စိတ်ထိခိုက်မှာ စိတ်ဆင်းရဲမှာကို ကို မလိုလားလို့ပါ။ ဒါကြောင့်လည်း နှင်းကို ဖိအား မပေးဘဲ နှင်း ကျေနပ်အောင် ကို စကားမပြောဘဲ နေနေခဲ့တာပါ။ နှင်း ဒီစာကို ဖတ်နေတဲ့အချိန်မှာ နှင်း ငိုနေခဲ့မယ် ဆိုရင် ဒါ ကို့ကို ခွင့်လွှတ်တဲ့ သဘောလို့ ကို ယူဆပါတယ်။ အဲဒါကို မြင်ရင် ကို ပြုံးလိုက်မိမှာ အမှန်ပဲ။ ကို့ကို ချစ်တဲ့အတွက် ကျေးဇူးပါ နှင်း။ အခန်းထဲက လက်ဆောင်တွေလေ၊ ကို ကိုယ်တိုင် သားလေးကို မပေးနိုင်တော့တာ စိတ်မကောင်းဘူး။ နှစ်စဉ် နှစ်စဉ် နည်းနည်း နည်းနည်းစီ ကို့ကိုယ်စား သားလေးကို ပေးပေးပါလား နှင်း။ ဘယ်နေ့တွေမှာ ဘယ်ပစ္စည်းကို ပေးရမယ် ဆိုတာ ကို လက်ဆောင်ပစ္စည်းတွေရဲ့ အပေါ်မှာ အကုန်လုံး ရေးထားပါတယ်။

.... ´

နှင်း ကို့စာကို ဖတ်ပြီးပြီးချင်း ဆေးရုံကို အမြန် ပြန်သွားခဲ့တယ်။ ဆေးရုံပေါ်မှာ ကိုကတော့ သတိမရရှာသေးဘူး။ ဒါပေမယ့် ကို့ရဲ့ နှလုံးခုန်သံကိုတော့ ကြားနေရတုန်းပဲလေ။ သားလေးကို ချီပြီး ကို့ ရင်ခွင်ဘေးနားမှာ ချထားလိုက်တယ်။
`မျက်လုံး ဖွင့်ကြည့်ပါဦး ကို။ သားလေးက ကို့ရဲ့ နွေးထွေးမှု၊ ယုယမှုတွေ အများကြီး လိုအပ်ပါတယ် ကိုရယ်´
နှင်းရဲ့ အသံကို ကို ကောင်းကောင်း ကြားပုံ ရပါတယ်။ ကို သူရဲ့ မျက်လုံး အစုံကို ဖွင့်ဖို့ တအားကြိုးစားနေပုံပါပဲ။ မျက်လုံးအစုံဟာ ပွင့်မလာပေမယ့် ကိုရဲ့ အပြုံးကို မြင်လိုက်ရတဲ့ အချိန်မှာ ကိုနဲ့ သားလေးအတွက် အမှတ်တရ ဓါတ်ပုံလေးတစ်ပုံ ရိုက်ပေးနိုင်ခဲ့တယ်။ ကင်မရာရဲ့ ချက် ဆိုတဲ့ အသံရဲ့ အဆုံးမှာ ကို့မျက်၀န်းက စီးကျလာတဲ့ မျက်ရည်ပေါက်နဲ့ အတူ နှင်းရဲ့ ကမ္ဘာကြီးတစ်ခြမ်း ပြိုလဲကျသွားပါတော့တယ်။

နှင်းလို အဖြစ်ဆိုးနဲ့ အားလုံး ကင်း၀ေးနိုင်ကြပါစေ။