လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

နောက်ကျသွားသော အပြုံး (၂)

18 March 2013

<- font="">

ဒီအိမ်မှာ ပြေးကြည့်လို့မှ သားအမိလေး သုံးယောက်ရှိပါတယ်။ တစ်ယောက်က တမင်သက်သက် အပြင်မှာ ထွက်စားနေတယ်ဆိုတော့ ဘယ်ကောင်းမလဲ။ ဒါကို နှင်းသိပါတယ်။ ဒါပေမယ့် နှင်းကြောင့် အမေနဲ့နှင်းအကြားမှာ ကို အနေမခက်စေချင်ဘူးလေ။ ကို့အနေနဲ့ သားကောင်းတစ်ယောက်ရဲ့ တာ၀န်နဲ့အတူ ခင်ပွန်းကောင်းတစ်ယောက်လည်း ဖြစ်ချင်သေးတာ မဟုတ်လား။ ကို နေရခက်အောင် နှင်း မလုပ်ချင်လို့ မလုပ်ရက်လို့ နှင်း အပြင်မှာ ထွက်စားခဲ့တာပါ။ နှင်းမှာ တခြား ဘာရည်ရွယ်ချက်မှ မရှိပါဘူး ကို။ အခုတော့ ကိုက နှင်းကို အထင်လွဲနေပြီ ထင်တယ်။ ရပါတယ် ကိုရယ်။ ကို့သဘောအတိုင်း နှင်း ကိုတို့နဲ့အတူ နံနက်စာ စားမှာပေါ့။ ကို အနေမခက်စေပါဘူး။ နှင်း ကြိုးစားပါ့မယ်။ ကိုပြောခဲ့သလိုပဲ ကို့အတွက်ပါ။ နှင်း အိမ်မှာပဲ နံနက်စာ စားပါတော့မယ်။

နောက်တစ်နေ့ နံနက်ပေါ့။ အမေက နံနက်စာ ကြက်သားဆန်ပြုတ် စီစဉ်ပေးထားတယ်လေ။ တကယ်တော့ ဒီစားပွဲ နှစ်ဦးနှစ်ဖက် ငြိမ်းချမ်းရေးယူတဲ့ စားပွဲလေးတစ်ပွဲ ဖြစ်ရမှာပါ။ ဒါပေမယ့် ... ။ နှင်း အမေချက်ထားတဲ့ ဆန်ပြုတ်ကို တစ်ဇွန်း နှစ်ဇွန်းလောက် သောက်ပြီးပြီးချင်းမှာပဲ ဗိုက်ထဲမှာ အော်ဂလီဆန်သလို အီလည်လည်ကြီး ဖြစ်လာတယ်။ နှင်း ထိန်းပါသေးတယ်။ ဒါပေမယ့် ဘယ်လိုမှ ထိန်းမရတဲ့အဆုံး အမေတို့ ရှေ့မှာပဲ ပျို့တက်လာပြီး လက်ထဲက ပန်းကန်လုံးကို ပစ်ချ၊ လက်ဆေးဘေဇင်ရှိရာ အမြန်ပြေးရတော့တယ်။ ဘေဇင်ရှေ့ ရောက်ရောက်ချင်းပဲ ထိုးအန်တော့တာပေါ့။ နှင်းလေ ကိုယ်နေမကောင်း ဖြစ်နေတာထက် ပိုပြီး စိတ်မကောင်းဖြစ်သွားမိတယ်။ ကိုနဲ့ အမေ ဘယ်လိုများ တွေးထင်သွားမလဲ။

တအောင့်နေ အမေနဲ့ ကို့ကို လှည့်ကြည့်လိုက်မိတယ်။ ကိုက မျက်စိမျက်နှာတွေ ပျက်လို့လေ။ နှင်းကို မျက်ထောင့်နီကြီးနဲ့ ကြည့်နေတယ်။ နှင်း အသနားခံတဲ့ မျက်၀န်းတစ်စုံကို အမေ့ကို လှမ်းကြည့်လိုက်မိပါတယ်။ အမေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေ ဒလဟော စီးကျနေတော့တယ်လေ။ နှင်းမှာဖြင့် အသက်တောင် ၀၀ မရှုရသေးခင်မှာ ပထမဆုံး ကြားလိုက်ရတာတော့ အမေရဲ့ အော်ဟစ်ငိုယိုနေတဲ့ အသံပါပဲ။ နှင်း တကယ် မရည်ရွယ်ပါဘူး ကို။ ဒီအခြေအနေမျိုးမှာ ကို့ကို ဘယ်လိုမှ နှင်း ရှင်းပြလို့ မရတော့ဘူး ဆိုတာ နှင်းသိပါတယ်။ ဒါဟာ နှင်းရဲ့ အပြစ်ပဲ မဟုတ်လား။ ဒါပေမယ့် ဒီလိုဖြစ်အောင် နှင်း တမင် လုပ်လိုက်တာ မဟုတ်ပါဘူး ကိုရယ်။ ဒါပေမယ့်လေ ကိုက မီးဖိုချောင် တံခါး၀မှာ ခါးထောက်ပြီး နှင်းကို စူးစူးရဲရဲကြီး ကြည့်နေလေရဲ့။ နင် ဘာမှ လာရှင်းပြမနေနဲ့တော့။ ဒါ နင် အမေ့ကို လက်စားချေတာလား လို့ မေးနေသလား အောက်မေ့ရတဲ့ ကို့ရဲ့ အကြည့်တွေကို နှင်း ဘယ်လိုသတ္တိနဲ့ ရင်ဆိုင်နိုင်မလဲ ကို။

နှင်းလေ ရှင်းပြဖို့ ပါးစပ်က ဟလိုက်ပေမယ့် တကယ်တမ်း ခံတွင်းက ဘာစကားမှ ထွက်မလာတော့ဘူး။ နှင်းရဲ့ မျက်၀န်းအစုံလည်း မျက်ရည်တွေနဲ့ ဖုံးပိတ်နေတယ်။ နှင်း ရှင်းလို့မှ မရတော့ဘဲလေ။ ကိုရဲ့ စူးရဲတဲ့ အကြည့်ကို ရင်မဆိုင်နိုင်ပေမယ့် အသနားခံဖို့ ကို့အနားကို ဖြည်းဖြည်းချင်း လျှောက်လာခဲ့ပါတယ်။ ကိုကတော့ ကျောက်ရုပ်ကြီးအလား တံခါး၀မှာ မလှုပ်မရှက်။ အမေ အားရပါးရ ငိုကြွေးပြီး အခန်းပြင်ကို ထွက်သွားတဲ့အထိ ကို နှင်းကို စိုက်ကြည့်နေတယ်။ သူ့ မျက်၀န်းဟာ မီးဟုန်းဟုန်းတောက်နေပြီ။ အမေ့ကို သူ တစ်ချက် လှည့်ကြည့်လိုက်ပြီး အသံခပ်မာမာနဲ့ နှင်းကို စကား စပြောပါတယ်။ နှင်းတို့ အိမ်ထောင်သက်မှာ အကြီးကျယ်ဆုံး ရန်ပွဲကို ပြောပါဆိုရင် အဲဒီနေ့က ရန်ပွဲကို ပြောရတော့မှာပဲ။ နှင်း ရှင်းပြနေတာကို ကိုက ဘယ်လိုမှ လက်မခံဘဲ အတင်း စွပ်စွဲနေတော့ နှင်းရင်ထဲက မခံချင်စိတ်တွေက အလျှိုးလျှိုး ထွက်လာပြီး ပွဲက ပြင်းထန်သတဲ့ ပြင်းထန်လာတော့တယ်လေ။ ဒီပွဲဟာ ကို့အတွက် သားကောင်းတစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတဲ့ ပွဲပဲလေ။ ကို ခွင့်မလွှတ်နိုင်တော့လည်း ဘာတတ်နိုင်မလဲ။ နှင်း တမင်လုပ်တာမှ မဟုတ်တာပဲ။ နောက်တော့ ကိုလည်း နှင်းကို ကျောခိုင်းပြီး ထမင်းစားခန်းထဲမှာ နှင်းတစ်ယောက်တည်း ငိုနေလိုက်တယ်လေ။

နှင်းလေ ချွေးမတစ်ယောက်အနေနဲ့ ဆိုတာထက် သမီးတစ်ယောက်အဖြစ်နဲ့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အမေအပေါ်မှာ ဘယ်လိုမှ မပြစ်မှားမိအောင် နေထိုင်ပြုမူခဲ့တယ်။ နောက်ဆုံး အခြေအတင် ဖြစ်လာတောင် နှင်းကပဲ လူငယ်တစ်ယောက်အနေနဲ့ လျှော့ပေးခဲ့တာပါပဲ။ ဒီတစ်ခါတော့ နှင်းကြောင့် ဖြစ်တာ ဆိုပေမယ့် နှင်း အမေချက်တာကို ရွံလို့မှ မဟုတ်ဘဲ။ တကယ့်ကို နေလို့ မကောင်းလို့ပါ။ ဒါပေမယ့် ကိုက နှင်းကို နားလည်မပေးဘူး။ အဲဒီ ရန်ဖြစ်တဲ့နေ့က စပြီး ကို အိမ်ကို သုံးရက်တိတိ ပြန်မလာဘူး။ ဖုန်းလေးတောင် ဆက်ဖော် မရဘူးလေ။ နှင်းမှာ စိတ်မကောင်းဖြစ်ရလွန်းလို့လား၊ စိတ်ပူရလွန်းလို့လား မသိဘူး။ အစားလည်း ကောင်းကောင်း စားချင်စိတ် မရှိ။ ကောင်းကောင်းလည်း အိပ်မပျော်ခဲ့ဘူး။ အမေကလည်း နှင်းနဲ့ မျက်နှာချင်း မဆိုင်ရအောင် ရှောင်ရှောင်နေတော့ အိမ်မှာ နှင်းတစ်ယောက်တည်း အထီးကျန်နေခဲ့တယ်။ နှင်းဘ၀ရဲ့ အားအငယ်ဆုံး နေ့ရက်လေးတွေပါ ကို။

နှင်း နေထိုင်မကောင်း ဖြစ်နေတာ သတိထားမိတဲ့ နှင်းရဲ့ လုပ်ဖော်ကိုင်ဖက်က နှင်းကို ဆရာ၀န်သွားပြကြည့်ဖို့ အတင်း တိုက်တွန်းတယ်။ စိတ်ဆင်းရဲလို့ ဖြစ်တာပဲလေ။ ဆရာ၀န်က ဘယ်လိုလုပ် ကုပေးနိုင်ပါ့မလဲ။ ဒါပေမယ့် အဲဒီ အမကြီးက အတင်း တိုက်တွန်းနေတာနဲ့ နောက်တစ်နေ့တော့ ဆရာ၀န်ဆီ သွားတွေ့လိုက်ပါတယ်။ ဆေးစစ်ပြီးတဲ့အဆုံး ဆရာ၀န်ဆီက ဘယ်လိုမှ မျှော်လင့်မထားတဲ့ အဖြေတစ်ခု ရလာခဲ့တယ်။ နှင်းမှာ ရင်သွေးလေး ရှိနေပြီတဲ့။ ပျော်လိုက်တာရှင်။ အရင် ရက်တွေက စိတ်ဆင်းရဲခဲ့သမျှ ဘယ်ကို ရောက်သွားမှန်းကို မသိပါဘူး။ ဒီထက် ပိုပျော်မိတာကလေ။ ဟိုတစ်နေ့ နံနက် ထမင်းစား၀ိုင်းမှာ နှင်း အန်ခဲ့ရတဲ့ အကြောင်းအရင်းကို သိလိုက်လို့ရပါပဲ။ ဒါ နှင်း တမင်လုပ်တာမဟုတ်ဘူး ဆိုတဲ့ သက်သေပဲလေ။ ဒါပေမယ့်လေ အမေဟာ အတွေ့အကြုံရှိပြီးသား လူကြီးတစ်ယောက်ပဲ။ ပျို့တယ် အန်တယ်ဆိုတာ ကိုယ်၀န်ရှိလို့ မဖြစ်နိုင်ဘူးလားလို့ သူတို့ ဘာလို့ တွေးမပေးနိုင်ကြတာလဲ။ အော် သူတို့ နှင်းကို အပြစ်ပဲ မြင်နေကြလို့လားဟင်။ ကိုကကော ... ။

ရုတ်တရက် ဆေးရုံအပေါက်၀မှာ ကို့ကို မြင်လိုက်ရတယ်။ ကိုနဲ့ သုံးရက်တည်း မတွေ့ဖြစ်ကြတာပါ။ ဒါပေမယ့် ကို အတော်ကြီးကို ပိန်ချုန်းသွားတယ်။ တကယ်ဆို သူမသိအောင် လှည့်ထွက်သွားဖို့ ဆုံးဖြတ်ထားပြီးသားပါ။ ဒါပေမယ့် ကို့ မျက်နှာကို မြင်ရတဲ့ခဏမှာ နှင်းနှလုံးသားဟာ အရည်ပျော် ကျသွားတယ်။ နှင်းရဲ့ နှုတ်ခမ်းကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ဘဲ ကို့နာမည်ကို ခေါ်မိလျက်သား ဖြစ်သွားတယ်။ ကိုဟာ အသံကြားတဲ့ဘက်ကို လှည့်ကြည့်ရင်း နှင်းကို မြင်သွားတော့ တခါမှ မမြင်ဘူးတဲ့ လူတစ်ယောက်ကို ကြည့်တဲ့ အကြည့်မျိုးနဲ့ တစ်ချက်ကလေး ကြည့်ပြီး ပြန်လှည့်သွားတယ်လေ။ ကို့ မျက်၀န်းထဲက ထွက်ပေါ်လာတဲ့ စိတ်ပျက်နေတဲ့ အကြည့်ကိုတော့ နှင်း ရလိုက်ပါတယ်။ အဲဒီ အကြည့်ဟာ ဓားထက်ထက်တစ်ချောင်းလို နှင်းရဲ့ နှလုံးသားကို ခွဲပစ်လိုက်ပါပြီ။ ကို့ကို နောက်ထပ် လှမ်းမကြည့်ဖို့ လုံး၀ ဆုံးဖြတ်ချက်ချပြီး ဆေးရုံထဲက နှင်း ထွက်လာခဲ့တယ်။
`ကို့အတွက် နှင်းတို့မှာ ရင်သွေးလေးတစ်ယောက် ရှိနေပြီ ကိုရဲ့´
လို့ အော်ပြီး ပြောလိုက်ချင်တဲ့ နှင်းရဲ့ မဟာဆန္ဒကို မျိုသိပ်ထားရုံမှတပါး ဘာရှိဦးမလဲ။ အဲဒီလို ကို့ကို ပြောလိုက်ရင် ကိုက ပျော်လွန်းအားကြီးလို့ နှင်းကို အရင်ကလို မချီပြီး ၀ှေ့ရမ်းနေတော့မှာပဲလို့ မျက်ရည်တွေစို့နေတဲ့ကြားက စိတ်ကူးယဉ်လိုက်မိသေးရဲ့။