လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

လူ့စရိုက်နှင့် စိတ်နေသဘောထား (၁)

22 October 2012

လူဆိုးတစ်ယောက်ဟာ လူကောင်းဖြစ်လာဖို့ ခက်သလောက်၊ အချိန်ပေးရသလောက်
လူကောင်းတစ်ယောက်ဟာ လူဆိုးဖြစ်သွားဖို့ မခက်ဘူး၊ အချိန်ပေးစရာ မလိုပါဘူး။

အဲသလိုပဲ ...
လူကောင်းတစ်ယောက်ဟာ မဟုတ်တာ လုပ်ရင် ယုံဖို့ တော်တော်ကြီး ခက်သလို
လူဆိုးတစ်ယောက်ဟာ ဟုတ်တာတွေ လုပ်နေရင် လက်ခံပေးဖို့ တော်တော်ကြီး ခက်နေကြတယ်။

ကျနော် လူငယ်လေးတစ်ယောက် အကြောင်း ပြောပြချင်ပါတယ်။ အခုဆို သူက အသက် (၂၀) ကျော်လောက် ရှိရောပေါ့။ သူ့အကြောင်း ဆိုတာက သူ့ ဆယ်ကျော်သက်အရွယ်ရဲ့ အဖြစ်အပျက် မဟုတ်ပါဘူး။ သူ စကား မပီကလာ ပီကလာ ပြောတတ်တဲ့ အရွယ်က အကြောင်းပါ။ အဲဒီ အရွယ်ဟာ ဘဝမှာ အရိုးရှင်းဆုံးနဲ့ အရိုးသားဆုံးပဲလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် ထူးဆန်းတာကလေ၊ သူ့မှာ အဲဒီ အရွယ်က မရိုးသားဆုံး အပြုအမူတစ်ခုကို သူ လုပ်တတ်နေတယ်။ ဘယ်သူကမှလည်း သင်မပေးရဘဲ အတုယူတာလဲ မဟုတ်ဘဲ သူ အဲဒါကို လုပ်တတ်နေတယ်။ သူရဲ့ မိဘတွေက ကျိကျိတက် ချမ်းသာတယ်လို့ ပြောလို့ရပါတယ်။ ဟင်းသီးဟင်းရွက် ဝယ်တာတောင် Supermarket ကြီးတွေမှာပဲ ဝယ်တယ်။ ငယ်ငယ်က သူဟာ စူပါမားကတ်တွေ သွားရင် အမြဲ ပါပါတယ်။ အစပိုင်းကတော့ သတိမထားမိကြဘူးပေါ့။ ကံဆိုးချင်တော့ (ကံကောင်းတယ်လို့လည်း ယူလို့ရပါတယ်) တစ်ခေါက်မှာ စူပါမားကတ် ဝန်ထမ်းတစ်ယောက်က သတိထားမိသွားတယ်။ ဒါကြောင့် ငွေရှင်းကောင်တာက ဝန်ထမ်းကို သတင်းပို့ထားတယ်။ ဟိုရောက်တော့ ကလေးကို သေသေချာချာ စစ်ကြည့်လိုက်တော့ ခဲဖျက်လေးသုံးတုံး ကလေးရဲ့ အိတ်ကပ်ထဲမှာ တွေ့ရတယ်။ အမေလုပ်တဲ့သူက စိတ်တိုလိုက်တာ မပြောနဲ့တော့။ ရှက်လည်း တအား ရှက်သွားတာကိုး။ သူတို့မှာ သုံးမကုန် ဖြုန်းမကုန် ရှိပါလျက် သူခိုးလို့ စွပ်စွဲခံရတဲ့ အကြည့်တွေကို အမေလုပ်သူက ဘယ်ရင်ဆိုင်နိုင်ပါ့မလဲ။ ကလေးကို ဆူရအောင် ဆဲရအောင်ကလည်း ၃ နှစ်တောင် မပြည့်တတ်သေးဘူး။ ဒါပေမယ့် အရှက်ပြေတော့ ကလေးကို ဟောက်တာပေါ့။ ကလေးက ဘယ်သိမလဲ၊ အမေကဟောက်တော့ အားရပါးရ ငိုသတဲ့။ နောက်တော့ အမေက စိတ်ဖြေလိုက်ပါတယ်။ ကလေးက ဘာသိမှာလဲ၊ လှလို့ ယူလာတာဖြစ်မယ်၊ ခိုးလိုစိတ် ဘယ်ရှိပါ့မလဲ ဆိုပြီး ဝန်ထမ်းတွေကို အားနာကြောင်း ပြောပြီး ပြန်လာရတာပေါ့။ အဲဒီ စူပါမားကတ်ကလည်း အမြဲတမ်း ဝယ်ဖြစ်နေတဲ့ ဆိုင်ဆိုတော့လည်း ဝန်းထမ်းတွေနဲ့လည်း မျက်မှန်းတန်းမိ ရှိနေတော့ အသာတကြည်ပဲ ကိစ္စပြီးသွားတယ်။

လူတွေ လူတွေမှာ မွေးကတည်းက ပါလာကြတဲ့ (သင်စရာ မလိုတဲ့) စရိုက်သဘာဝလေးတွေ ရှိပါတယ်။ ဒါကိုပဲ ဗီဇစရိုက်လို့ ခေါ်ကြတယ်။ အဲဒီကနေ နည်းနည်းလေး သိတတ်လာတော့ ပတ်ဝန်းကျင်ကို စပြီး လေ့လာတတ်လာတယ်။ မှတ်သားတတ်လာတယ်။ သင်ယူတတ်လာတယ်။ အဲဒီတော့ ဗီဇစရိုက်ကနေ နောက်ထပ် သင်ယူထားတဲ့ စရိုက် လက္ခဏာတွေ ထပ်တိုးလာတယ်။ လူအများစုဟာ ဗီဇစရိုက်အရ ဆိုးခဲပါတယ်။ လူကောင်း သူကောင်းလေးတွေပဲ များတယ်။ မွေးရာပါပေါ့လေ။ ကောင်းတယ်ဆိုတဲ့အနေမှာ ကလေးဆိုး ဆိုးတတ်တဲ့ စရိုက်လက္ခဏာတွေ တော်တော်များများ တွေ့ရပေမယ့် တစ်ဖက်သားကို ဒုက္ခရောက်သွားအောင် လုပ်ချင်တဲ့ စရိုက်မျိုး မရှိတာကို အဓိက ဆိုလိုတာပါ။ ဥပမာ တိရစ္ဆာန်တွေကို သတ်ချင်တဲ့ စရိုက်၊ ခိုးဆိုးချင်တဲ့ စရိုက်တွေဟာ သင်ယူမှုကြောင့် အလိုက်သင့်ပြောင်းလဲလာတဲ့ စရိုက်တွေ ဖြစ်မယ်လို့ ယုံကြည်တယ်။ ဒါဆို ခိုးဆိုးချင်တဲ့ စရိုက်တွေက လူတိုင်းမှာ မွေးကတည်းက ပါမလာတော့ဘူးလားဆိုတော့ အဲလိုလည်း မဟုတ်ပါဘူး။ ငယ်ငယ်ကတည်းက မသိတတ်တဲ့ အရွယ်ကတည်းက ခိုးချင်တဲ့၊ ခိုးတတ်တဲ့ သူတချို့ (တော်တော်ကို ရှားပါးတဲ့ တချို့ပါ) လည်း ရှိနေတတ်ပါတယ်။ အထက်မှာ ဖော်ပြခဲ့တဲ့ ကလေးက ဥပမာပေါ့။ သူ့ မိဘတွေက အင်မတန်မှ ချမ်းသာတယ်။ ဒါပေမယ့် အဲဒီ ကလေးရဲ့ ဉာဉ်က တစ်ခုခုဆို လူမသိအောင် ယူချင်တဲ့ စရိုက်ကလေး ရှိနေတယ်။

စောန ကလေးအကြောင်း ဆက်ပြောကြတာပေါ့။ အဲဒီလိုနဲ့ စူပါမားကတ်မှာ ဒုတိယအကြိမ် ထပ်မိပြန်တယ်။ ဒီတော့ အမေလုပ်တဲ့သူက အတော်လေး အရှက်ကွဲနေပြီ။ နောက်ပိုင်း "သားလိုချင်တာ မာမီ့ကိုပြော၊ မာမီ မတတ်နိုင်တာ ဘာတစ်ခုမှ မရှိဘူး။ ဝယ်ပေးမှာပေါ့ သားရယ်" လို့ ချော့မော့ ပြောထားလည်း နှစ်ကြိမ်ကနေ သုံးကြိမ်၊ သုံးကြိမ်ကနေ လေးကြိမ်၊ အဲဒီလိုပဲ ခဏခဏ ခိုးလာတာ တွေ့နေရတယ်။ "ယူထားတဲ့ ပစ္စည်းဆိုတာ ဒီခြင်းထဲ ထည့်ရတယ်၊ ဒါမှ မာမီက ပိုက်ဆံရှင်းလို့ ရမှာပေါ့" လို့ ရှင်းပြလည်း သူလိုချင်တဲ့ ပစ္စည်းတော်တော်များ ခြင်းထဲ ထည့်ပေမယ့် ခဲဖျက် မြင်ရင်တော့ သူ့အိတ်ထဲပဲ ထည့်တယ်။ နောက်တော့လည်း ဝန်းထမ်းတွေက သူ့အမေကို အားနာလာတာလည်း ပါမှာပေါ့လေ။ နောက်ပြီး ကလေးက ၄ နှစ်သားလောက်၊ မရှိလို့ ခိုးတာလည်း မဟုတ်တော့ မငြိုငြင်ရက်ဘူးပဲ ဆိုပါတော့။ နောက်တော့ သူတို့ သားအမိ လာပြီဆိုရင် ဝန်းထမ်းတစ်ယောက်က ကလေးကို လက်ဆွဲပြီး ကလေးထိန်းသလိုနဲ့ အနောက်က တစ်ကောက်ကောက် လိုက်နေတယ်။ ကလေးကို သူ ယူချင်ရာယူပါစေ၊ ဘာမှ မပြောဘူးဆိုပြီး ပစ်ထားတယ်။ အသာလေးပဲ ကြည့်နေလိုက်တယ်။ ငွေရှင်းကောင်တာရောက်မှ အဲဒီဝန်ထမ်းက ဘာတွေ ဘာတွေ ယူထားပါတယ်လို့ ကလေးအမေကိုလည်း ပြောတယ်၊ ငွေကိုင်စာရေးကိုလည်း ပြောတယ်။ ဟိုဝန်ထမ်းက ဘာပြောပြော သူ့သားကို ထုတ်ပြခိုင်းမနေတော့ဘူး။ သူ့အမေက ပိုက်ဆံတစ်ခါတည်း ထည့်ရှင်းပေးလိုက်တာပါပဲလေ။ ဒီတော့ ဘယ်သူ့ ဘယ်သူမှ မျက်နှာပူစရာ မလိုတော့ဘူးပေါ့။

အဲဒီကလေးက ပစ္စည်းယူရင် ပိုက်ဆံရှင်းရမယ် ဆိုတာ မသိလို့ မဟုတ်ပါဘူး။ သူ သိတယ်။ အဲဒီ ပစ္စည်းရဲ့ တန်ဖိုးကို မရှင်းနိုင်လို့လည်း မဟုတ်ပြန်ဘူး။ သူ့ အမေက အတော်လေး ချမ်းသာတယ်။ အမေ မသိအောင်၊ အမေ ဝယ်မပေးလို့ ခိုးလုပ်ရတယ်လို့ ပြောရအောင်လည်း အမေက သားကို တအားချစ်တော့ ဘာယူယူ ဝယ်ပေးမယ်လို့ ပြောထားပြီးသား။ နောက်ပြီး သူ ယူတဲ့ ပစ္စည်းရဲ့ တန်ဖိုးကလည်း ဘာမှ ရှိတာ မဟုတ်ဘူး။ အထူးဆန်းဆုံးက သူ ခိုးရင် ခဲဖျက်ပဲ ခိုးတယ်။ တစ်ခါရောက်ရင် တစ်ခါခိုးတယ်။ နေ့တိုင်းရောက်ရင် နေ့တိုင်း ခိုးတယ်။ သူတို့အိမ်မှာ သူ့အမေ ပိုက်ဆံရှင်းလိုက်ရတဲ့ ခဲဖျက်တွေကို မနည်းဘူး။ အိမ်ရောက်တော့လည်း ကလေးက ခဲဖျက်ကို ဒီအတိုင်း ပစ်ထားလိုက်တာပဲ။ တန်ဖိုးထားလို့ရယ်လည်း မဟုတ်ပြန်ဘူး။ ဒါ အင်မတန်မှ ထူးဆန်းတဲ့ တွေ့ရခဲတဲ့ ဗီဇစရိုက်လေး တစ်ခုပါ။ ဝေဒကျမ်း၊ ဗေဒင်ကျမ်းအလို ပြောရရင် စောရနက္ခတ်နဲ့ ယှဉ်မွေးတယ်လို့ ပြောရမယ် ထင်တယ်။ ဒါပေမယ့် ခက်တာက သူ ခဲဖျက်ပဲ ခိုးဖို့ စိတ်ဝင်စားတယ်။ အဲ ... အဲဒီနောက်တော့ ကျနော် သူနဲ့ အဆက်အသွယ် နည်းနည်း ပြတ်သွားပြီး အဲဒီ ကလေး (၁၄) နှစ်သားလောက်ရောက်မှ ပြန်တွေ့လို့ သူ့မိဘတွေကို မေးကြည့်မိတယ်။ သူ အရင်လို ခိုးသေးသလားပေါ့။ ထူးဆန်းတာက အခု အဲဒီကလေးမှာ သူ့ မူလဗီဇစရိုက် မရှိတော့ဘူးဆိုတာ သိလိုက်ရတယ်။

တချို့ စရိုက်တွေဟာ မွေးရာပါ ပါလာတာ ဆိုပေမယ့် တစ်နေ့ပြီးတစ်နေ့ သင်ယူရင်း မှတ်သားရင်းရဲ့ သူရဲ့ မှတ်ဉာဏ်ထဲမှာ (သို့) အသိတရား ဒိုင်ယာရီထဲမှာ ကောင်းတဲ့အပြုအမူနဲ့ မကောင်းတဲ့အပြုအမူ ဆိုတာတွေကို သူ ခွဲခြားသက်မှတ်နိုင်လာတယ်။ အဲဒီ အပြုအမူတွေထဲကမှ ဘယ်ဟာတွေကိုတော့ ထုတ်သုံးသင့်တယ်၊ ဘယ်ဟာတွေကိုတော့ အသုံးမချသင့်ဘူး ဆိုတာလည်း အလိုအလျောက် သက်မှတ်နိုင်လာတယ်။ ဒီတော့ သူရဲ့ ပင်ကိုစရိုက်တွေဟာ တချို့တွေ ပိုအားကောင်းသထက် ကောင်းလာပြီး တချို့ မှေးမှိန်သထက် မှေးမှိန်သွားကြတယ်။ စောန ကလေးကလည်း ခိုးတယ်ဆိုတဲ့ သူရဲ့ ဗီဇစရိုက်ဟာ မကောင်းဘူး၊ ရှက်စရာကောင်းတဲ့အလုပ်၊ ရှောင်ရမယ့် အလုပ်ဆိုတာကို နားလည်သဘောပေါက်သွားပုံ ရတယ်။ သဘောက ဂုဏ်နဲ့ ဒြပ်နဲ့ မဟပ်ဘူးပေါ့။ ဘယ်နှယ့် သူဌေးသားက ခဲဖျက်ခိုးရတယ်လို့ ဆိုတဲ့ စကားမျိုးတွေ သူ အပြောမခံနိုင်တော့ တဖြည်းဖြည်း ပြုပြင်လာပုံ ရပါတယ်။ အသိတရားကလည်း ပိုပိုပြီး ရှိလာတာကိုး။ အဲဒီလို မကောင်းတဲ့ စရိုက်တွေကို ကောင်းတဲ့ စရိုက်တွေနဲ့ အစားထိုးသွားနိုင်တဲ့ သူတွေဟာ ကြာလာလေ တန်ဖိုးရှိလာလေပဲ။ Grow Old နဲ့ အတူ Grown Up ဖြစ်တဲ့ လူမျိုးတွေပေါ့။ ရင့်ရော်မှုနဲ့အတူ ရင့်ကျက်မှု ပါလာတဲ့ သဘောပါ။ ဒါက မကောင်းတဲ့ ဗီဇစရိုက်ကနေ ကောင်းတဲ့ကိုယ်ကျင့်စရိုက်ကို ပြောင်းလဲပြုပြင်ယူတဲ့ ဥပမာတစ်ခုပေါ့။ ဒါဟာ အင်မတန်မှ ရှားတဲ့ ဥပမာပါပဲ။

ဖြူစင်တဲ့စိတ်အခံ၊ ဗီဇစရိုက်နဲ့ မွေးဖွားလာရပေမယ့် ကြီးလာမှ ခိုးဆိုးသောင်းကျန်းနေတဲ့ လူငယ်တွေ လူကြီးတွေကလည်း အများကြီးပါ။ ဒါကလည်း ဘဝခရီးမှာ တစ်နေ့တစ်နေ့ သင်ယူရင်း မှတ်သားရင်းနဲ့ အလိုက်သင့် ပြောင်းလာရတဲ့ စရိုက်တွေကြောင့်ပဲလို့ ပြောရမယ်။ ဒါနဲ့ ပတ်သက်လို့ သူငယ်ချင်းတစ်ယောက်အကြောင်း ပြောပြချင်တယ်။ အဲဒီ သူငယ်ချင်းဟာ ဟိုးငယ်ငယ်က အင်မတန်မှ ရိုးသားပြီး အေးဆေး သဘောကောင်းလွန်းလို့ မိဘတွေက "ငါ့သားတော့ ဒီအတိုင်းဆို ရောင်းစားခံရတော့မှာပဲ" လို့ စိတ်ပူပင်ရတဲ့ အဆင့်မှာပါ။ သူငယ်ချင်းတွေ အနိုင်ကျင့်လည်း အေးဆေးပဲ။ တစ်ခါတလေ မိဘတွေကတောင် ဘေးကနေပြီး မခံချင်လောက်အောင်ကို စနေကြပေမယ့် သူကတော့ အေးဆေးပဲ။ ဒါနဲ့ မိဘတွေက စဉ်းစားတယ်။ ဒီကောင်က ကြောက်လို့ ပြန်မချတာလား မသိဘူးပေါ့။ ဒါနဲ့ပဲ သူ့ကို ကရာတေးသင်တန်း ပို့ပေးလိုက်ကြတယ်။ ဒါနဲ့ အဲဒီသူငယ်ချင်းက (၁၃) နှစ်သားလောက်နဲ့ကို ကရာတေး ခါးပတ်နက် ဖြစ်နေပြီ။ သင်တန်းမှာဆို Demonstrator သရုပ်ပြတဲ့သူအနေနဲ့ သူက လုပ်ပေးရတယ်။ သူက ခါးပတ်နက်ဆိုတော့လည်း အရင် အနိုင်ကျင့်နေတဲ့ သူငယ်ချင်းတွေကတော့ သူ့ကို ကြောက်နေရပြီ။ အဲ ... အဲဒီမှာ ထူးခြားလာတာက သူရဲ့ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ စရိုက်ပဲ။

သည်းခံစရာ မလိုပါဘူးလို့ပဲ တွေးလာလို့လား၊ ပညာတော့ ပေးဦးမှပဲလို့ ခံယူထားလို့လား မသိဘူး။ နဂို ပျော့ပျောင်းတဲ့ သူရဲ့ ဆက်ဆံမှုဟာ နည်းနည်း ဘောက်ဆတ်ဆတ် ဖြစ်လာတယ်။ တစ်ခွန်းနှစ်ခွန်းလောက် စကားများတာနဲ့ ထထိုးတော့တာပဲ။ အရင်လို စိတ်မရှည်တော့ဘူး။ သည်းမခံတော့ဘူး။ အင်မတန်မှ ကြောက်စရာကောင်းတာ တစ်ခုက ရန်ဖြစ်ပြီ ဆိုရင်လည်း သွေးမထွက်မချင်း မရပ်တော့ဘူး။ ကိုယ်က သွေးထွက်ရင်ထွက်၊ တစ်ဖက်လူက သွေးထွက်သံယို ဖြစ်ရင် ဖြစ်ပဲ။ အဲလိုမှ မဟုတ်ရင် အဲဒီ ရန်ပွဲက မပြီးတော့ဘူး။ တဗျောင်းဗျောင်းနဲ့ ချနေတော့တာပဲ။ ငယ်ဗီဇစရိုက်ကနေ ပြောင်းလာလိုက်တာ ဘယ်လောက် ကြောက်စရာ ကောင်းလဲနော်။ အင်မတန်မှ ခင်ခဲ့တဲ့ သူငယ်ချင်းတွေဆိုတော့ သူ့ကို ပြောပြပါတယ်။ အဲဒီလိုကြီး ဖြစ်နေတာ မကောင်းဘူးဆိုတာ သူ့ကို ထောက်ပြတယ်။ သူကလည်း လက်ခံတယ်၊ သဘောတူတယ်။ ဒါပေမယ့် တစ်ခုခုဆို သူစိတ်တိုလာရင် စိတ်ကို လွှတ်လိုက်တာနဲ့၊ စိတ် လွတ်သွားတာနဲ့ သွားတော့တာပဲတဲ့။ တစ်ခါကဆို တစ်ဖက်သူရဲ့ ခေါင်းကို ဓါးနဲ့ ခုတ်ထည့်လိုက်တာ ဟိုလူက လက်နဲ့ လှမ်းခံလိုက်လို့ တော်သေးတာပေါ့။ တော်သေးတာပေါ့လို့ ဆိုပေမယ့် လက်တော့ ဟက်တက်ကွဲသွားတယ်။ အဲဒီလို သွေးတွေ ဖြန်းခနဲ မြင်ရမှ သူ့စိတ်မိုက်က နေသာထိုင်သာ ရှိသွားပြီး အာသာပြေသွားပုံရတယ်။ ဖြစ်ပြီးရင်လည်း သူက စပြီး တောင်းပန်တာ များပါတယ်။ သူ စိတ်ကို မထိန်းနိုင်လို့ ဖြစ်ရပါတယ်ပေါ့။ တစ်ခေါက်ကဆိုရင် သူ့အမေနဲ့ စကားများကြတယ်။ သူ့ရင်ထဲမှာ ဒေါသ ဒီဂရီက တဖြည်းဖြည်း တက်လာတယ်။ ဒါကို သူ သိနေတယ်။ သူစိတ်တအား တိုနေပေမယ့် သူ့အသိစိတ်မှာ ငါ့အမေ၊ လုပ်လို့မဖြစ်ဘူး ဆိုတာကလည်း တရစပ် သတိပေးနေတယ်။ နောက်ဆုံး သူ့စိတ်ကို တော်တော်ကြီး ထိန်းဖို့ မလွယ်တော့ဘူးဆိုတာ သိလိုက်တော့ သူ တစ်ခုခု လုပ်ဖို့ ဆုံးဖြတ်ရတော့မယ်။ သူစိတ်တိုနေပေမယ့် တစ်ဖက်သူက သူ့ကျေးဇူးရှင် မွေးမိခင် ဆိုတာ သိနေတယ်။ သူ့စိတ်ကို လွှတ်လိုက်ရင် မကျိုးမကန်းတောင် အကွဲအပြဲတော့ ဖြစ်မှာ သေချာတယ်။ ဒီစိတ်ကြီး ပြေသွားအောင်တော့ သူ တစ်ခုခု လုပ်မှ ဖြစ်တော့မယ်။ ဒီတော့ သူ စိတ်တအား တိုနေပေမယ့် သူ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုကို သူ ချနိုင်လိုက်ပါတယ်။ 

သူနဲ့ သူ့အမေ ရန်မဖြစ်ခင်ကတည်းက ကျနော်တို့ သူနဲ့ အတူရှိနေတယ်။ သူ့ အိမ်မှာပေါ့။ သူနဲ့ သူ့အမေ စကားစများတော့ ကျနော်နဲ့ တခြား သူငယ်ချင်းနဲ့ မကောင်းတတ်လို့ အောက်ထပ်ကို ဆင်းနေလိုက်ကြတယ်။ တစ်ဖက်နဲ့ တစ်ဖက် အရှိန်တွေ တဖြည်းဖြည်း တက်နေတာလည်း သတိထားမိပါရဲ့။ ကျနော်တို့ သူငယ်ချင်းနှစ်ယောက်လုံးကလည်း စိုးရိမ်နေတာ အမှန်ပဲ။ အောက်ထပ်က ဆန်ဂိုထောင် လုပ်ထားတော့ ဆန်အိတ်တွေပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ရန်ပွဲအပြီးကို စောင့်နေလိုက်ကြတယ်။ ရုတ်တရက် "ဂွမ်း" ဆိုပြီး အသံကြားလိုက်ရတော့ ကျနော်တို့ နှစ်ယောက် အပေါ်ကို အတင်းပြေးတက်သွားတယ်။ အပေါ်ရောက်တော့ တစ်ယောက်က ကြက်သေသေလို့။ နောက်တစ်ယောက်က ကြမ်းပြင်ပေါ်မှာ သွေးသံတရဲရဲနဲ့ ခြေပစ်လက်ပစ် ပဲ။ အမေလုပ်တဲ့သူကို သတိထားကြည့်တော့ ကြောင်အမ်းအမ်း ဖြစ်နေတယ်။ ငုတ်တုတ်မေ့သွားတယ်ပေါ့။ မတ်တတ်မေ့နေတယ် ပြောရင် ပိုမှန်မယ်။ ပထမတော့ ဘာတွေ ဖြစ်ကုန်ပြီလဲ နားမလည်နိုင်အောင်ပဲ။ ဘယ်သူက ဘယ်သူ့ကို ဘာလုပ်လိုက်သလဲ နားလည်ရ ခက်သွားတယ်။ နောက်မှ ချိန်ဆ စဉ်းစားကြည့်တာ၊ သူ့အမေ နောက်ကျောမှီထားတဲ့ တရုတ်ကပ်မှန်ကို လက်သီးနဲ့ တအား ပစ်ထိုးလိုက်ပုံရတယ်။ ကွဲထွက်သွားတဲ့ မှန်က သူငယ်ချင်း လက်ကောက်ဝတ်ရဲ့ သွေးလွှတ်ကြောကို လှီးလိုက်သလို ဖြစ်သွားတော့ သွေးတွေ ဒလဟော ထွက်နေတယ်။ ကြမ်းပြင်တစ်ခုလုံးကို ရဲလို့ပါပဲ။ ကျနော်လည်း အစတော့ နည်းနည်း ကြောင်သွားတယ်။ နောက်တော့ ပုဆိုးစုတ် အမြန်ရှာပြီး သူ့ လက်ကောက်ဝတ်ကို စည်းပေးရတယ်။ သွေးတိတ်အောင်ပေါ့။ ထိုးလိုက်တဲ့ သူငယ်ချင်းကတော့ သူ့ထုံးစံအတိုင်း သွေးမြင်သွားတော့ စောနက စိတ်ရိုင်းတွေလည်း မရှိတော့ဘူး။ သူ့အမေကိုလည်း ပြန်တောင်းပန်လိုက်တယ်။ သူ့အမေလည်း သတိပြန်ဝင်လာပြီး သူ့ကို ဆေးခန်းလိုက်ပို့ပြီး ဆရာဝန်ကို ချုပ်ခိုင်းရတော့တယ်။

အလုပ်တစ်ခုဟာ လုပ်ဖန်များလာတဲ့အခါမှာ အကျင့်အနေနဲ့ ကိုယ့်စိတ်ထဲမှာ ကိန်းအောင်းနေရာယူလာတော့တယ်။ အဲဒီ အကျင့်ကြီးဟာ လုပ်လို လုပ်နေမှန်း မသိလောက်အောင် အလိုအလျောက် တုန့်ပြန်တတ်လာပြီ ဆိုရင်တော့ အဲဒါ စရိုက်အသွင် ပြောင်းသွားပြီလို့ နားလည်ရမယ်။ ကိုယ် ကိုယ်နှိုက်က သဘောတူလို့ လုပ်တာလည်း ရှိမယ်၊ သဘောမတူပေမယ့် လုပ်ကြည့်တာလည်း ရှိမယ်၊ သဘောမတူတာတောင်မှ မလုပ်ချင်ဘဲ လုပ်ရတာလည်း ရှိမယ်။ ဘာလို့ပဲ လုပ်လုပ်၊ လုပ်ဖန်များလာရင် အဲဒါ အကျင့်ဖြစ်လာတယ်။ စိတ်က လုပ်ချင်နေတယ်။ လုပ်တတ်နေတယ်။ နောက်တော့ လုပ်ချင်သလား မလုပ်ချင်သလားလို့တောင် စဉ်းစားချိန် မရခင်မှာပဲ လုပ်ဖြစ်သွားတော့တယ်။ အကြောင်းပြချက် မရှိဘဲ လုပ်မိလာတယ်။ အဲဒါ စရိုက်အသွင် ဆောင်လာတာပဲ။ အကျင့်ဟာ ဖျောက်ဖို့ လွယ်ချင်လွယ်မယ်၊ ဒါပေမယ့် အဲဒီအကျင့်ဟာ မသိစိတ်အသွင် ဆောင်ပြီး စရိုက်အဖြစ် ပြောင်းသွားပြီ ဆိုရင်တော့ တစ်ခါတလေ လုပ်ပြီးတာတောင် သတိထားမိချင်မှ သတိထားမိတော့တယ်။ စောနက ပြောခဲ့သလိုပဲ။ သဘောတူတူ မတူတူ ဆိုတော့ ပတ်ဝန်းကျင် လိုတယ်ဆိုတဲ့ သဘောပေါ့။ ဟုတ်ပါတယ်။ အလုပ်တစ်ခုဟာ အကျင့်တစ်ခု ဖြစ်ဖို့အတွက် ပတ်ဝန်းကျင်လိုပါတယ်။ အမြဲတမ်းလိုလို၊ မကြာခဏလိုလို လုပ်နိုင်မယ့် ပတ်ဝန်းကျင်ပေါ့။ ဒါဆို အဲဒီ ပတ်ဝန်းကျင်မှာ အကျင့်ဖြစ်လာအောင် မလုပ်မဖြစ် လုပ်စေတဲ့ တွန်းအားက ဘာဖြစ်လေမလဲ။ အဲဒါ ပတ်ဝန်းကျင်နဲ့ အများနဲ့ ဆက်ဆံ (Dealing လုပ်) ရာမှာ သိပ်အရေးပါတဲ့ ကိုယ်ရဲ့ စိတ်နေသဘောထား (Attitude) ပါပဲ။

ပီကေ
ဆက်ရန်