လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

အစေ့ဥပဒေသ

27 May 2012


နျူတန်ဆိုတာနဲ့ မသိတဲ့သူ မရှိသလောက်ပါပဲ။ သိပ္ပံပညာကို တစ်ခေတ်ဆန်းစေခဲ့သူ၊ မဟာပုဂ္ဂိုလ်ကြီးတစ်ယောက် ဆိုရင်လည်း မမှားပါဘူး။ သူရဲ့ တွေ့ရှိချက်တွေထဲက လူသိများတာကတော့ ကမ္ဘာမြေရဲ့ ဆွဲအားကို တွေ့ရှိခြင်းပါပဲ။ တွေ့တာက ပန်းသီးပင်အောက်မှာ ထိုင်ရင်းနဲ့ ဆိုတာလည်း အားလုံးသိကြတယ်။ ကျနော် ငယ်ငယ်က သရက်ပင်အောက် ခဏခဏ ရောက်ဖြစ်တယ်။ သရက်သီး သွားဆွတ်တာပေါ့။ သူ့ဖာသာ ကြွေကျရင်လည်း ကောက်လိုက်တယ်၊ မကြွေကျရင် တမင် ချွေချတယ်။ သရက်သီးတွေ အလုံး အရာအထောင် ကောက်ခဲ့ဖူးတယ်၊ သူ့လို ဘာလို့ အသီးဟာ ကြွေရင် ဘာလို့ အောက်ကိုပဲဆင်းပြီး အပေါ် ပြန်တက်မသွားတာလဲ လို့တော့ တစ်ခါမှ မစဉ်းစားဖူးဘူး။ အဲဒီ စဉ်းစားဖော်ရတာ နျူတန်ရဲ့ ထူးခြားချက်ပေါ့။ နေ့စဉ်တော့ တွေ့နေတာပဲ သတိမမူမိဘူး။ ဒါပေမယ့် ကျနော်က အဲဒီလို မစဉ်းမိတဲ့ လူတွေထက်တော့ နည်းနည်းသာတယ်။

နျူတန် ပန်းသီးကြွေကျတာကို ကြည့်ပြီး ကမ္ဘာမြေပြင်ရဲ့ ဆွဲအားကို တွေ့ရှိတယ်တဲ့။ ပန်းသီးပင်အောက်မှာ ထိုင်ရင်း ပန်းသီးကြွေကျတာ ကြည့်ရင်းတဲ့။ အဲဒီလို စာထဲမှာ သင်ရတော့ ကျနော် စဉ်းစားမိတယ်။ ဘယ်အချိန်မှာ စဉ်းစားမိသလဲ ဆိုတော့ အိမ်သာတက်ရင်း။ ကျနော်လည်း အားကျမခံပေါ့။ နျူတန်ဟာ ပန်းသီးကြွေကျတာကိုတော့ စဉ်းစားမိပြီး ဘာဖြစ်လို့ အိမ်သာတက်တိုင်း ချီးတစ်တုံးပြီးတစ်တုံး ပြုတ်ကျကျနေတာကို ဘာလို့ သတိမထားမိလဲ။ ပန်းသီးပင်အောက်က နေ့တိုင်းသွားချင်မှ သွားမှာ။ အိမ်သာကတော့ နေ့တိုင်းလိုလို ရောက်ရတယ်လေ။ တကယ်ဆို အိမ်သာတက်ကတည်းက ကမ္ဘာမြေပြင်ရဲ့ ဆွဲငင်အားကို တွေ့သင့်တယ်လို့ ကျနော်လည်း အားကျမခံ တွေးဖူးပါတယ်။ ကဲ ထားပါတော့။ ကျနော် ပြောချင်တာက နျူတန်အကြောင်း မဟုတ်ပါဘူး။ ပန်းသီးပင်အကြောင်းပါ။

ပန်းသီးပင်တစ်ပင်ဟာ အသီးသီးပြီဆိုရင် အလုံး ရာ ဂဏန်း သီးလေ့ရှိတယ်။ အလုံး (၅၀၀) အထိကို သီးတတ်တယ်။ အဲဒီ ပန်းသီးတွေ တစ်လုံးတစ်လုံးစီမှာ အစေ့ (၁၀) စေ့ပဲ ပါတယ် ဆိုကြပါစို့။ ပန်းသီး အလုံး (၅၀၀) ဆိုရင်ကိုပဲ အစေ့ပေါင်း (၅၀၀၀) ဖြစ်နေပါပြီ။ နည်းတာမှ မဟုတ်ဘဲ။ ဒါပေမယ့် ကျနော်တို့ ပြန်တွေးကြည့်တော့ အဲဒီအစေ့တွေကြောင့် ပန်းသီးပင် ဘယ်နှပင်လောက်များ အပင်ပေါက်လာပါ့မလဲ။
ပန်းသီးပင် အပင်ပေါက် အနည်းငယ်အတွက် အဲဒီ အစေ့ ငါးထောင်ကျော်က လိုကောလိုအပ်လို့လား။

ဒီမှာ ကျနော်တို့ သဘာဝကနေ သင်ယူစရာလေး တစ်ခု ရှိပါတယ်။
အစေ့အတော်များများက အပင်မပေါက်ပါဘူး
ဒါကြောင့် ကျနော်တို့ တစ်ခုခုကို အလုပ်ဖြစ်ချင်ရင် ကျနော်တို့ တစ်ကြိမ်ထက်မက ကြိုးစားရမယ် ဆိုတာပါပဲ။

လူတစ်ယောက်ဟာ ကျောက်တုံးကြီးတစ်တုံးကို သံတူနဲ့ ထုခွဲနေတယ်။ အချက် တစ်ထောင် တင်းတင်း ပြည့်တဲ့ အချိန်မှာပဲ ကျောက်တုံးကြီး ဟက်တက် ကွဲသွားတယ်။ အဲဒီ ကျောက်တုံးကြီး ကွဲသွားတာဟာ အားပြင်းပြင်းနဲ့ ထုလိုက်တဲ့ အချက်တစ်ထောင်မြောက် ရိုက်ချက်ကြောင့်ပါလို့ သင်ထင်ရင် မှားသွားမှာပေါ့။ တကယ်တော့ အကြိမ် တစ်ထောင်တိတိ သူကြိုးစားခဲ့တဲ့ ရလာဒ်ပါ။
  • ကျနော်တို့ အလုပ်တစ်ခု ရဖို့အတွက် အင်တာဗျူး (လူတွေ့စစ်ဆေးခြင်း) အကြိမ် (၂၀) လောက် ဝင်ကောင်း ဝင်ရမယ်။
  • ကျနော်တို့ အလုပ်မှာ ဝန်ထမ်းကောင်းတစ်ယောက် ရဖို့အတွက် အင်တာဗျူး အခါ (၄၀) မက ထိုင်ချင် ထိုင်ရလိမ့်မယ်။
  • ကိုယ့်ကုန်ပစ္စည်း ရောင်းရဖို့အတွက် လူအယောက် (၅၀) နဲ့လည်း စကားပြောချင် ပြောရမယ်။
  • သူငယ်ချင်းကောင်းတစ်ယောက် ရှာတွေ့နိုင်ဖို့ လူ အယောက် (၁၀၀) နဲ့ ဆက်ဆံကြည့်ကောင်း ဆက်ဆံကြည့်ရမယ်။


အစေ့ဥပဒေသကို သင် နားလည်သွားမယ်ဆိုရင်တော့ စိတ်ပျက်စရာ၊ စိတ်ညစ်စရာ မရှိတော့ပါဘူး။ တစ်ခါတလေ ပန်းသီး အစေ့ (၅၀၀၀) မှာ အပင်တစ်ပင်မှ မပေါက်တဲ့ နှစ်တွေတောင် ရှိသေးတာပဲ။ ဒါပေမယ့် အဲဒီ ပန်းသီးပင်ကြီးကတော့ နောက်နှစ်လည်း သီးမြဲ သီးတုန်းပါ။ သဘာဝရဲ့ ဥပဒေသတွေကို ကျနော်တို့ နားလည်သဘောပေါက် သွားပြီ ဆိုရင်တော့ ကျနော်တို့အတွက် အလုပ်ဖြစ်သွားနိုင်ပါတယ်။ နျူတန်လိုပေါ့။ ပန်းသီးက သူ့သဘာဝအရ ကြွေချိန်တန် ကြွေနေတာပါပဲ။ ကြွေခြင်းသဘောကို နားလည်လိုက်တော့ ကမ္ဘာမြေဆွဲအားကို သဘောပေါက်သွားခဲ့တယ်။

အောင်မြင်တဲ့လူတွေဟာ မကြာခဏ ဆိုသလို အရှုံးတွေနဲ့ ရင်ဆိုင်ကြရတယ်။ ဒါပေမယ့် သူတို့ အစေ့များများ စိုက်ထားကြလေရဲ့။