လောကမှာ ကတ်သီးကတ်သပ် ဖြစ်နေတာတွေ အများကြီးပါ။ တကယ်တမ်း ကျွန်တော်က ကပ်တာ မဟုတ်ပါဘူး။ စဉ်းစားကြည့်လေ၊ ပီကေက သူ့ဖာသာ မကပ်ပါဘူး။ သူ့ကို တစ်ခုခုက လာကပ်လို့ နေမှာပေါ့။

သာဓုခေါ်ကြောင်း ကောင်းမှုမင်္ဂလာ (၂)

10 May 2012


ကျနော်တို့ ပတ်ဝန်းကျင်မှာ ကျင်လည်နေကြတဲ့ ဒုက္ခိတ မကျွတ်မလွတ်သေးတဲ့ သတ္တဝါတွေကို ဘဝကောင်းစားရေးအတွက် ပေးချင်တယ် ကမ်းချင်တယ်ဆိုရင်၊ တစ်နည်းပဲ ရှိပါတယ်။ အဲဒါ သူတို့အတွက် အမျှဝေပြီး သာဓုခေါ်ခိုင်းဖို့ပါ။ သူတို့ သာဓု မခေါ်ခဲ့ဘူးဆိုရင် အဲဒီ အမျှက မရပါဘူး။ အဲဒါနဲ့ ပတ်သက်ပြီးတော့ မဟာဂန္ဓာရုံဆရာတော်ကြီး အရှင် ဇနကာဘိဝံသ ဟောတဲ့ အခြေပြုပဋ္ဌာန်းထဲမှာ ပါပါတယ်။ ကျောင်းအမကြီး တစ်ယောက်အကြောင်း (နာမည် မေ့နေပါပြီ)။ အဲဒီ ကျောင်းအမကြီးက သူ့ဘဝမှာ ကောင်းမှုကုသိုလ်တွေ အများကြီး လုပ်ခဲ့ပေမယ့် အရေးအကြီးဆုံး အချိန်ဖြစ်တဲ့ သေခါနီးမှာ အကုသိုလ်နိမိတ် ထင်သွားတာကြောင့် သူဟာ နတ်ပြည်နတ်ဘုံကို ရောက်ရမယ့် အစား ပြိတ္တာသွားဖြစ်တယ်။ (ကုသိုလ် ဧရာမ ကြီးကြီးမားမားတွေ ဘယ်လောက်များများ လုပ်ထားလျက်ပါနဲ့ မကောင်းတဲ့ဘုံတွေကို ရောက်တတ်တယ်၊ ရောက်ရတဲ့အကြောင်းကို အလျဉ်းသင့်ရင် ရေးပါဦးမယ်။) အဲဒီ ကျောင်းအမကြီးရဲ့ ရက်လည်မှာပဲ သူ့မိသားစုဝင်တွေက ဆရာတော် သံဃာတော်တွေကို ပင့်ပြီး ဆွမ်းကပ်၊ ရေစက်ချ၊ အမျှဝေတယ်။ ကျောင်းအမကြီးကို ရည်စူးပြီးတော့ပေါ့။ ဒါပေမယ့် ကျောင်းအမကြီး မရရှာဘူး။ ညရောက်တော့ အသိလာပေးရှာတယ်။ သူ မရတဲ့အကြောင်း၊ အကြောင်းရင်းက သူ သူငယ်ချင်းတွေနဲ့  ခရီးထွက်နေလို့တဲ့။ ပြိတ္တာတွေလည်း လျှောက်လည်တာပဲနော်။ နောက်တစ်ခါ ထပ် လုပ်ပေးပါ ဆိုတာနဲ့ နောက်တစ်ရက် မဟာဂန္ဓာရုံက သံဃာတော်တွေ ပင့်ပြီး ဆွမ်းကပ် အမျှဝေပြန်တယ်။ ဆရာတော်တွေ အပြန် ဦးပိန်တံတားပေါ်မှာ ကိုယ်ထင်ပြပြီး ဆရာတော်ကို လျှောက်ရှာတယ်။ သူ အမျှဝေတာ ရပါပြီတဲ့။ နောက်ပြီး သူ့မကောင်းမှုကြောင့် ခံစားရမယ့် ပြိတ္တာသက်တမ်းလည်း ကုန်ပြီမို့ ခဏနေရင် ----- နတ်ဘုံကို သူ သွားရတော့ပါမယ်၊ ဆရာတော်များကို ဦးတင်ရှိခိုးပါတယ် ဆိုပြီး နှုတ်ဆက် ပျောက်ကွယ်သွားတယ်။

ဒါ ဆရာတော်ကြီး ကိုယ်တိုင် တရားထဲ ထည့်ဟောထားတာ ဆိုတော့ အဟုတ်အမှန်လို့ ယူဆတယ်။ အထက်က အကြောင်းအရာကို ကြည့်မယ်ဆိုရင် ကိုယ် အမျှဝေ ပေးမယ့်သူက အနီးအနားမှာ သာဓု မခေါ်နိုင်ရင် အဲဒီ အမျှကို မရဘူးဆိုတဲ့ သဘောပဲ။ နောက်တစ်ခု ကျနော် ငယ်ငယ်က ဘဝင်မကျတာ တစ်ခုရှိတယ်။ အမျှဝေတဲ့ အခါမှာ အများစုက ဘယ်လို ရွတ်သလဲဆိုတော့ "အားလုံး ကြားကြားသမျှ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော်" အဲသလို။ ကျနော် ငယ်ငယ်က စဉ်းစားတယ်။ "ကြားကြားသမျှ ဆိုတော့ မကြားတဲ့သူကို မပေးတော့ဘူးပေါ့။ ဒါ မတရားဘူး။ အဲဒီ အမျှယူမယ့်သူက နားပင်းနေရင် ဘယ်နှယ့်လုပ်မလဲ" ဆိုပြီး ကျနော် ကြားကြားသမျှ ဆိုတဲ့ စကားစုကို ဖြုတ်ပြီး ရွတ်ပါတယ်။ ဒါပေမယ့် ကြီးလာတော့ စာတွေ ဖတ်လာတဲ့အခါမှာ အမျှဝေရင် အကျိုးရဖို့အတွက် အင်္ဂါ (၃) ပါးလိုကြောင်း သိလာရတယ်။ 
(၁) အမျှဝေဖို့ အတွက် အလှူလုပ်ရာမှာ အလှူခံပုဂ္ဂိုလ်ဟာ သီလဝန္တဖြစ်ရမယ်။ ဆိုလိုတာက သီလရှိတဲ့သူ ဖြစ်ရမယ်။ သူမှာ ရှိတဲ့ သီလပေါ် မူတည်ပြီး အကျိုးဘယ်လောက် ကြီးမလဲဆိုတာ ဆုံးဖြတ်ပါတယ်။
(၂) သေသူကို ရည်ညွှန်းပြီး အမျှဝေရမယ်။ ဦးဘယ်သူ ဒေါ်ဘယ်သူ ကြားရာအရပ်က သာဓုခေါ်ပါဆိုပြီး နာမည်နဲ့ ညွှန်းရမယ်။ ဒါမှမဟုတ် အနီးအနားမှာ ရှိကြတဲ့ မကျွတ်မလွတ်သေးသူ အပေါင်းအား အမျှပေးဝေပါတယ် စသဖြင့် တစ်ခုခုကို ရည်ညွှန်းပြီးတော့ အမျှပေးဝေရမယ်။ အမျှဝေရာမှာ သေသူကိုပဲ ဝေလို့ရတယ်။ ရှင်နေသေးတဲ့သူကို အမျှဝေလို့ မရဘူး။ နောက်ပြီး အဝေခံ ပုဂ္ဂိုလ်ကလည်း လူ့ဘုံထက် မြင့်တဲ့ နတ်ဘုံ ဗြဟ္မာ့ဘုံမှာ ရှိနေရင်လည်း အမျှ ယူလို့ မရဘူး။ လူ့ထက် နိမ့်ကျတဲ့ ဘုံတွေထဲမှာတောင် အပါယ်လေးဘုံထဲက ပြိဿာဘုံက သတ္တဝါတွေကိုပဲ အမျှဝေလို့ ရပါတယ်။ အဲဒီ ပြိတ္တာတွေထဲမှာမှ ပရ ဒတ္တုပ ဇီဝိတ ပြိတ္တာမျိုး ဆိုရင်တော့ အမျှဝေတဲ့ ကုသိုလ်ကို ချက်ချင်း ခံစားကြရတယ်။ ပရဒတ္တုပ ဇီဝိတ ပြိတ္တာဆိုတာ သူများ ပေးစာကမ်းစာနဲ့ အသက်ရှင်ကြရတဲ့ ပြိတ္တာမျိုးပါ။ 
(၃) နံပါတ်သုံး အင်္ဂါကတော့ အမျှအဝေခံရတဲ့ ကာယကံရှင် ကိုယ်တိုင်က ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ရမယ်။ မခေါ်မိရင်လည်း မရပါဘူး။

ဒါဆို မကြားရင် ဘယ်လို လုပ်မလဲလို့ မေးစရာ ရှိပါတယ်။ မရပါဘူး။ စောနက တင်ပြခဲ့တဲ့ ကျောင်းအမကြီးလိုပေါ့၊ ခရီးထွက်နေလို့ မသိလိုက်ဘူး၊ သာဓု မခေါ်လိုက်ရဘူး။ ဒါဆို မရပါဘူး။ ဒါဆို အမျှဝေတော့မယ်ဆိုရင် သက်ဆိုင်ရာ ဒုက္ခိတသတ္တဝါက အနီးအနားမှာ ရှိဖို့ကို လိုနေပါတယ်။ ရှိမရှိ ဘယ်လို သိမလဲ။ လူသာမန်အနေနဲ့ မသိနိုင်တာတော့ အမှန်ပဲ။ ဒါကြောင့် ရှေးရှေးက ဆရာတော်ကြီးတွေက အလှူလုပ်တော့မယ်ဆိုရင် ကြိုကြိုတင်တင် ပင့်ဖိတ်တဲ့ အလေ့အထလေး လုပ်ကြပါတယ်။ ဆိုပါတော့ ကိုယ်ရဲ့ ကွယ်လွန်ပြီး အမိအဖအတွက် အမျှဝေချင်တယ်ဆိုပြီး အလှူမလုပ်ခင် ရက်အနည်းငယ်ကတည်းက တင်ကြိုပြီး ပင့်ဖိတ်ထားရပါတယ်။ "ဘယ်နေ့ ဘယ်ရက် ဘယ်အချိန်မှာ ဘယ်ဘုန်းကြီးကျောင်းမှာဖြင့်၊ အဖေအတွက်၊ အမေအတွက် ရည်စူးပြီး အလှူအတန်း လုပ်မှာမို့ အဲဒီကို လာပြီး သာဓု အနုမောဒနာ ခေါ်ဆိုဖို့ ကြွရောက်ကြပါ။ တကယ်လို့ အဝေးတစ်နေရာ ရောက်နေမယ်ဆိုလည်း ကြားသိကြတဲ့ နတ်ဗြဟ္မာများ၊ အပေါင်းအဖော်များက တဆင့်တဆင့် လက်ဆင့်ကမ်းပြီး ပြောပေးကြပါ။ အလှူအတန်း လုပ်တဲ့နေ့မှာ သက်ဆိုင်ရာနေရာကို လာနိုင်အောင်လို့လည်း သက်ဆိုင်ရာနတ်များ အစောင့်အကြပ်များက ခွင့်ပြုတော် မူကြပါ" ဆိုပြီး ကြို ဖိတ်ထားရင်တော့ အကောင်းဆုံးပဲပေါ့။ ဘုရားဟော အပါဒါန်ပါဠိတော်မှာ ဘုရားရှင် စကြာဝတေးမင်း ဖြစ်တုန်းက နတ်ဗြဟ္မာတွေကနေ တဆင့် ပင့်ဖိတ်ဖူးကြောင်း ဟောထားပါတယ်။ ဒါကြောင့်လည်း ဆရာတော်ကြီးတွေက ကြိုတင် ပင့်ဖိတ်ဖို့ ပြောခဲ့ဟောခဲ့တာပါ။

အခုခေတ်မှာဆိုရင် လုပ်ရိုးလုပ်စဉ် တစ်ခုလိုကို ဖြစ်နေပါပြီ။ သေသွားပြီဆိုတာနဲ့ အဲဒီ သေသွားတဲ့လူအတွက် ရည်စူးပြီး အလှူလုပ်တယ်၊ အမျှဝေတယ်။ ဗုဒ္ဓစာပေတွေထဲမှာ သာဓုခေါ်နိုင်တဲ့ သတ္တဝါဆိုလို့ ပြိတ္တာဘုံ တစ်ဘုံပဲ ရှိပါတယ်။ သဘောက သေလွန်သူက နတ်ဖြစ်သွားရင် သို့မဟုတ် အဝီစိငရဲကို ဇောက်ထိုးကျသွားရင် သူ့ကို အမျှဝေဖို့ မဖြစ်နိုင်တော့ဘူး။ ပြိတ္တာမဖြစ်ဘဲနဲ့တော့ ဝေတဲ့ အမျှအတမ်းဟာ ကာယကံရှင်အတွက် မရမှာ သေချာပါတယ်။ ဒါဆို အဲဒီ အလှူအတန်းက အလဟသတ် ဖြစ်သွားပြီလား။ မဖြစ်ပါဘူး။ တကယ်တော့ လှူတာက ကိုယ့်အတွက်၊ ဝေတာက သူ့အတွက်ပါ။ လှူလိုက်လို့ ရတဲ့ ကိုယ့်ကုသိုလ်တွေကို ပြိတ္တာဘဝက သတ္တဝါတွေ ချမ်းသာပါစေတော့ ဆိုပြီး ကြည်ကြည်ဖြူဖြူနဲ့ အမျှဝေလိုက်တာပါ။ တကယ်တော့ ကိုယ်ရဲ့ ကုသိုလ်က ရနှင့်နေပြီးသား။ တကယ်လို့ သေလွန်သူက ပြိတ္တာဘဝ ရောက်မနေရင် ဘယ်နှယ်လုပ်မလဲ။ ဒါကြောင့်လည်း ဆရာတော်တွေဟာ အမျှဝေရင် ဘယ်တော့မှ တစ်ဦးတစ်ယောက်တည်းအတွက်ပဲ ဝေလေ့ မရှိပါဘူး။ မကျွတ်မလွတ်သေးသော ဒုက္ခိတသတ္တဝါ အပေါင်းတို့အား လည်ကောင်း ဆိုပြီးတော့ တခြားသူတွေအတွက်လည်း ညွှန်းပြီးမှ အမျှဝေတတ်တယ်။ 

အမျှဝေတဲ့အခါမှာလည်း ငါ့ နဂိုရှိတဲ့ ကုသိုလ်များ လျှော့သွားမလားဆိုတဲ့ တွန့်တိုစိတ် မဖြစ်ပါနဲ့။ အဲဒီလို တွန့်တိုနေမယ်ဆိုရင် ပါးစပ်ကသာ အမျှ အမျှ၊ စိတ်ကတော့ မပေးချင်ဘူး။ အဲဒီလို မပေးချင်ဘဲ အမျှ ဝေနေရင်လည်း ပါးစပ်က ရွတ်ရွတ်ပါဘဲ။ မရနိုင်ဘူး။ ဘာလို့လဲဆို သူ့မှာ ပေးချင်တဲ့ စိတ်စေတနာမှ မပါဘဲ။ တကယ်တမ်းတော့ အမျှဝေတယ်ဆိုတာ မူလရှိရင်းစွဲ ကုသိုလ်ကို လျှော့မသွားစေဘူး။ အဲဒီ လျှော့မသွားကြောင်းကို ဟောထားတဲ့ ဝတ္ထုရှိတယ်။ ဝတ္ထုထဲမှာ ဆင်းရဲသားတစ်ယောက်ဟာ သူရဲ့ မရှိမယ့်ရှိမယ့် ပစ္စည်းတွေနဲ့ ပစ္စေကဗုဒ္ဓတစ်ပါးကို ဆွမ်းလှူလိုက်ပါတယ်။ အဲဒီ ဆွမ်းအလှူအတွက် အမျှဝေပေးဖို့ သူဌေးကြီးတစ်ယောက်က တောင်းဆိုပါတယ်။ အလကားတောင်းတာ မဟုတ်ပါဘူး။ အသပြာ ၁၀၀၀ နဲ့ ရောင်းပါတဲ့။ ဒီတော့ ဆင်းရဲသားခမျာ ပိုက်ဆံကလည်း လိုချင်၊ သူ့ ရပြီးသား ကုသိုလ်လေးကို အဆုံးအရှုံး မခံနိုင်။ သူက အမျှဝေလိုက်ရင် သူ့ကုသိုလ်တွေ လျှော့သွားမယ် ထင်တာကိုး။ သူက ဆုံးဖြတ်လို့မရတော့ စောနက ပစ္စေကဗုဒ္ဓါနောက် အပြေးလိုက်ပြီး မေးလျှောက်တော့တယ်။ အမျှဝေလိုက်ရင် သူ့ရှိရင်းစွဲ ကုသိုလ်တွေ လျှော့သွားမလားပေါ့။ ပစ္စေကဗုဒ္ဓါက မလျှော့ကြောင်းကို ဥပမာတစ်ခုနဲ့ ရှင်းပြပါတယ်။ မီးထွန်းထားတဲ့ ရေနံဆီမီးခွက်ကနေ တခြားသူ တစ်ဦးတစ်ယောက်က မီးလိုချင်လို့ လာညှိယူမယ်ဆိုရင် မူလရှိတဲ့ မီးက လျှော့မသွားသလိုပါပဲတဲ့။

တကယ်တမ်းတော့ အမျှဝေလို်က်ရင် လျှော့မသွားတဲ့ အပြင် ကုသိုလ်တွေ တိုးတောင် လာပါသေးတယ်။ ဘာဖြစ်လို့လဲဆို အလှူလုပ်လို့ ရတဲ့ ကုသိုလ်က ဒါနကုသိုလ်ပါ။ အဲဒီ ဒါနကုသိုလ်ကို စိတ်ပါလက်ပါ အမျှဝေလိုက်မယ်ဆိုရင် နောက်ထပ် ကုသိုလ်တစ်မျိုးဖြစ်တဲ့ ပတ္တိဒါနကုသိုလ် ဆိုတာ ရပါတယ်။ တကယ်လို့ သူများဝေတဲ့ အမျှကို ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်လိုက်မယ် ဆိုရင် ပတ္တာနုမောဒနာကုသိုလ် ဆိုတာ ရပါတယ်။ အများ ဗဟုသုတ ရအောင် ကုသိုလ် (၁၀) မျိုးကို ချရေးပြပါ့မယ်။ အဲဒီ ကုသိုလ် (၁၀) မျိုးက ရိုးရိုးကုသိုလ်မျိုး မဟုတ်ပါဘူး။ လူ၊ နတ်၊ နိဗ္ဗာန် သုံးတန်သော ချမ်းသာကို ပေးစွမ်းနိုင်သော ကုသိုလ် (၁၀) မျိုးတဲ့။

(၁) ဒါန - သဒ္ဓါကြည်ဖြူ ပေးလှူရခြင်း၊ 
(၂) သီလ - ကာယဝစီ ထိုနှစ်လီသော ဒုစရိုက်ကိုမလိုက် ပယ်ကြဉ်ရခြင်း၊ 
(၃) ဘာဝနာ - သမထ ဝိပဿနာ ထိုနှစ်ဖြာကို လေ့လာပွားများရခြင်း၊ 
(၄) အပစာယန - ရတနာသုံးပါး ဆရာ မိဘစသောသူများကို ရိုသေရခြင်း၊ 
(၅) ဝေယျာဝစ္စ - ကုသိုလ်ဖြစ်ဖွယ် ဝတ်ကြီးဝတ်ငယ်ကို သယ်ပိုးဆောင်ရွက်ရခြင်း၊ 
(၆) ပတ္တိဒါန - မိမိပြုရ ကုသလကို အမျှပေးဝေရခြင်း၊ 
(၇) ပတ္တာနုမောဒန - သူတပါးပြု မြတ်ကောင်းမှုကို သာဓုနုမော် ကောင်းချီးခေါ်ရခြင်း၊ 
(၈) ဓမ္မသဝန - ဘုရားစကား မြတ်တရားကို ကြားနာရခြင်း၊ 
(၉) ဓမ္မဒေသနာ - ဘုရားစကား မြတ်တရားကို ဟောကြားရခြင်း၊ 
(၁ဝ) ဒိဋ္ဌိဇုကမ္မ - နိဗ္ဗာန်ရောက်ကြောင်း ကောင်းသောအယူကို ဖြောင့်မှန်စွာယူရခြင်း။

(ဆက်ရန်)